ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး တဏှာဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၄။ ဗန္ဓနာဂါရဝတ္ထု
2267ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး တဏှာဝဂ် — ၄။ ဗန္ဓနာဂါရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၄။ နှောင်အိမ် ဝတ္ထု

န တံ ဒဠှံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် နှောင်အိမ် (အချုပ်ထောင်)ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အချုပ်ထောင်နှင့် ကိလေသာနှောင်အိမ်

တစ်ခုသော အခါကာလ၌ များစွာကုန်သော တိုက်နံရံခြုံစပ် ဖောက်ဖျက်တတ်သော ခိုးသူ၊ လမ်းခရီး၌ လုယက်ဖျက်ဆီးတတ်သော ခိုးသူ၊ လူကိုသတ်တတ်သော ခိုးသူတို့ကို ဆောင်၍ ကောသလမင်းကြီးအား ပြသကြလေကုန်သတတ်၊ ထိုခိုးသူတို့ကို မင်းကြီးသည် ထိတ်နှောင်ဖြင့် နှောင်ဖွဲ့ခြင်း၊ ကြိုးဖြင့်နှောင်ဖွဲ့ခြင်း၊ သံခြေချင်းဖြင့် နှောင်ဖွဲ့ခြင်းတို့ဖြင့် နှောင်ဖွဲ့စေလေ၏။ သုံးကျိပ်မျှလောက်ကုန်သော ဇနပုဒ်နေ ရဟန်းတို့သည်လည်း မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ အလိုရှိကြကုန်သောကြောင့် ကြွရောက်လာကြသဖြင့် တွေ့မြင်၍ ရှိခိုးကြပြီးလျှင် တစ်ဖန် မိုးသောက်သောနေ့၌ သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှာ လှည့်လည်ကြကုန်သည်ရှိသော် နှောင်အိမ်သို့ ရောက်သွားသဖြင့် ထိုခိုးသူတို့ကို မြင်ခဲ့ရ၍ ဆွမ်းခံရာအရပ်မှ ဖဲထွက်ကြပြီးလျှင် ညချမ်းသောအခါ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယနေ့ ဆွမ်းအလို့ငှာ လှည့်လည်ကုန်သော တပည့်တော်တို့သည် နှောင်အိမ်၌ များစွာသောခိုးသူတို့ကို ထိတ်နှောင်ဖြင့် နှောင်ဖွဲ့ခြင်း စသည်တို့ဖြင့် ဖွဲ့အပ်ကုန်သည်ဖြစ်၍ ကြီးစွာသော ဆင်းရဲကို ခံစားကြရသည်တို့ကို မြင်အပ်ပါကုန်၏။ ထိုခိုးသူတို့သည် ထိုနှောင်အဖွဲ့တို့ကို ဖြတ်၍ပြေးခြင်းငှာ မတတ်နိုင်ရှာကြကုန်၊ မြတ်စွာဘုရား- ထိုနှောင်ဖွဲ့ခြင်းတို့ထက် မြဲမြံလှစွာသော တစ်ပါးသော နှောင်ဖွဲ့ခြင်းမည်သည် ရှိပါဦးမည်လောဘုရား”ဟု မေးလျှောက်ကြလေကုန်၏။

မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤနှောင်အဖွဲ့ မည်သည်ကား အဘယ်မှာ အနှောင်အဖွဲ့မည်နိုင်ကုန်အံ့နည်း။ စင်စစ်သော်ကား ဥစ္စာစပါး သားမယား စသည်တို့၌ တဏှာဟုဆိုအပ်သော အကြင်ကိလေသာ အနှောင်အဖွဲ့ သည်ရှိ၏။ ဤကိလေသာအနှောင်အဖွဲ့သည် ထိုထိတ်နှောင် စသည်တို့ထက် အဆ အရာအားဖြင့်လည်းကောင်း၊ အဆ အထောင်အားဖြင့်လည်းကောင်း၊ အဆ အသိန်းအားဖြင့်လည်းကောင်း အလွန်မြဲမြံ ခိုင်ခံ့လှပေ၏။ ဤသို့ ကြီးကျယ်ခိုင်ခံ့သည်ဖြစ်သော်လည်း ဖြတ်နိုင်ခဲသော ထိုအနှောင်အဖွဲ့ကို ရှေးပညာရှိတို့သည် ဖြတ်၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် ရဟန်းပြုကြလေကုန်၏”ဟု မိန့်တော်မူ၍ လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

နှောင်ကြိုးဖြတ်သော အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တစ်ယောက်သော သူဆင်းရဲအိမ်၌ ဖြစ်လေ၏။ ထိုဘုရားလောင်း အရွယ်သို့ ရောက်လတ်သည်ရှိသော် ဖခင်သည် စုတေမနေ သေလွန်ခြင်းကိုပြုလေ၏။ ဘုရားလောင်းသည် အခစားပြုလုပ်၍ မိခင်ကို လုပ်ကျွေးမွေးမြူရလေ၏။ ထိုအခါ ဘုရားလောင်း၏မိခင်သည် သားကို အလိုမရှိဘဲလျက်သာလျှင် အမျိုးသမီးတစ်ယောက်ကို ဆောင်ယူ၍ နောက်အဖို့၌ စုတေမနေ သေလွန်ခြင်းကိုပြုလေ၏။ ဘုရားလောင်း၏ မယား၏ဝမ်း၌လည်း ကိုယ်ဝန်တည်လေ၏။ ထိုဘုရားလောင်းသည် ကိုယ်ဝန်တည်ကြောင်းကို မသိခြင်းကြောင့် “ချစ်နှမ- သင်သည် အခစားပြုလုပ်၍ အသက်မွေးရစ်လော့၊ ငါကား ရဟန်းပြုတော့အံ့”ဟု ဆိုလေ၏။ “သခင်- ကျွန်မအား ကိုယ်ဝန်တည်နေပြီ မဟုတ်ပါလော။ ကျွန်မ ဖွားမြင်သည်ရှိသော် သားငယ်ကိုကြည့်၍ ရဟန်းပြုရပါလတ္တံ့”ဟု ဆိုလေ၏။ ဘုရားလောင်းလည်း “ကောင်းပြီ”ဟု ဝန်ခံပြီးလျှင် ထိုမယား ဖွားမြင်ပြီးသောအခါ “ချစ်နှမ- သင်သည် ချမ်းသာစွာ ဖွားမြင်ရလေပြီ၊ ယခုအခါ ငါသည် ရဟန်းပြုတော့အံ့”ဟု ပန်ကြားပြန်လေ၏။ ထိုအခါ ဘုရားလောင်းကို မယားသည် “သားငယ်၏ နို့စို့ခြင်းမှ နို့ကွာသည်တိုင်အောင် ဆိုင်းငံ့ပါဦးလော့”ဟု ဆို၍ တစ်ဖန် ကိုယ်ဝန်ကို ယူပြန်လေ၏။ ဘုရားလောင်းသည် “ဤမိန်းမကို ဝန်ခံစေ၍ သွားခြင်းငှာ မတတ်ကောင်း၊ ဤမယားကို မပန်ကြားမူ၍သာလျှင် ထွက်ပြေး၍ ရဟန်းပြုအံ့”ဟု ကြံလေ၏။ ဘုရားလောင်းသည် မယားအား မပန်ကြားမူ၍သာလျှင် ညဉ့်အဖို့၌ ထ၍ပြေးလေ၏။ ထိုအခါ ဘုရားလောင်းကို မြို့စောင့်တို့သည် ဖမ်းကြကုန်၏။ ဘုရားလောင်းသည် “အရှင်- အကျွန်ုပ်ကား မိခင်ကို လုပ်ကျွေးသောသူ မည်ပါသည်။ အကျွန်ုပ်ကို လွှတ်ကြပါလော့”ဟု မိမိကိုယ်ကို လွှတ်စေပြီးလျှင် တစ်ခုသောအရပ်၌နေ၍ ရသေ့ရဟန်းအဖြစ်ကိုပြုသဖြင့် အဘိညာဉ် သမာပတ်တို့ကို ရသည်ရှိသော် ဈာန်ကစားခြင်းဖြင့် ကစားလျက်နေ၏။ ထိုရသေ့သည် ထိုအရပ်၌နေလျက်သာလျှင် “ငါသည် ဤသို့သဘောရှိသည်လည်းဖြစ်သော ဖြတ်နိုင်ခဲသော သားမယား အနှောင်အဖွဲ့ဟု ဆိုအပ်သော ကိလေသာအနှောင်အဖွဲ့ မည်သည်ကို ဖြတ်ရလေပြီ”ဟု နှစ်သက်စွာ မြွက်ဆိုအပ်သောဥဒါန်းကို ကျူးရင့်လေ၏။ မြတ်စွာဘုရားသည် ဤအတိတ်ဖြစ်သောအကြောင်းကို ဆောင်တော်မူ၍ ထိုဘုရားလောင်းသည် ဝမ်းမြောက်စွာ ကျူးရင့်အပ်သောဥဒါန်းကို ထင်ရှားပြတော်မူလိုသည်ဖြစ်၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၄၅] န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ယဒါယသံ ဒါရုဇပဗ္ဗဇဉ္စ။
သာရတ္တရတ္တာ မဏိကုဏ္ဍလေသု။
ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။

[၃၄၆] ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊
ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ။
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ၊
အနပေက္ခိနော ကာမသုခံ ပဟာယ။

အယသံ၊ သံဖြင့်ပြီးသော။ ယံ ဗန္ဓနံ စ၊ အကြင် သံခြေချင်း အဖွဲ့သည်လည်းကောင်း။ ဒါရုဇံ၊ သစ်သားဖြင့်ပြီးသော။ ယံ ဗန္ဓနံ စ၊ အကြင်ထိတ်တုံး အဖွဲ့သည်လည်းကောင်း။ ပဗ္ဗဇံ၊ ပြိန်းမြက်ဖြစ်သော။ ယံ ဗန္ဓနံ စ၊ အကြင်နှောင်ကြိုးအဖွဲ့ သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တံ သဗ္ဗံ၊ ထိုအလုံးစုံသောအဖွဲ့ကို။ ဒဠှံ၊ မြဲသောအဖွဲ့ဟူ၍။ ဓီရာ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ န အာဟု၊ မဆိုကြကုန်။

မဏိကုဏ္ဍလေသု၊ ပတ္တမြား နားတောင်းတို့၌။ ယေ၊ အကြင်သူတို့သည်။ သာရတ္တရတ္တာ၊ လွန်စွာတပ်နှစ်သက်ကြကုန်၏။ တေသံ၊ ထိုသူတို့၏။ သော ရာဂေါစ၊ ထိုရာဂသည်လည်း။ အတ္ထိ၊ ရှိ၏။ ပုတ္တေသု စ၊ သားသမီးတို့၌လည်းကောင်း။ ဒါရေသု စ၊ မယားတို့၌လည်းကောင်း။ ယာ အပေက္ခာ စ၊ အကြင် ငဲ့ကွက်ခြင်းတဏှာသည်လည်း။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ထိုကိလေသာဖြင့်ပြီးသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ မြဲမြံခိုင်ခံ့သော။ ဗန္ဓနံ၊ အနှောင်အဖွဲ့ဟူ၍။ ဓီရာ၊ ပညာရှိတို့သည်။ အာဟု၊ ဆိုကုန်၏။

ဩဟာရိနံ၊ အောက်အပါယ်သို့ ဆွဲငင်ဆောင်ယူတတ်သော။ သိထိလံ၊ လျော့သော။ ဒုပ္ပမုဉ္စံ၊ လွတ်စေနိုင်ခဲသော။ ဧတံပိ၊ ဤကိလေသာဟူသော အဖွဲ့ကိုလည်း။ ဆေတွာန၊ ဉာဏ်သန်လျက်ဖြင့်ဖြတ်၍။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်း မရှိကြသည်ဖြစ်၍။ ကာမသုခံ၊ ကာမဂုဏ်ချမ်းသာကို။ ပဟာယ၊ ပယ်စွန့်၍။ ပရိဗ္ဗဇန္တိ၊ ဖဲထွက်၍ ရဟန်းပြုကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

နှောင်အိမ်ဝတ္ထုပြီး၏။