ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး တဏှာဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၃။ ဝိဗ္ဘန္တဘိက္ခုဝတ္ထု
3455ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး တဏှာဝဂ် — ၃။ ဝိဗ္ဘန္တဘိက္ခုဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၃။ လူထွက်သောရဟန်း ဝတ္ထု

ယော နိဗ္ဗနထောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ရဟန်းလူထွက်တစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မိတ်ကောင်းအကျိုး သူခိုးဈာန်ရခြင်း

ထိုရဟန်းလူထွက်သည် ရှင်မဟာကဿပမထေရ်၏ ဥပဇ္ဈာယ်ယူ အတူနေတပည့်ဖြစ်၍ ဈာန်လေးပါးတို့ကို ဖြစ်စေပြီးလျက်လည်း မိမိဦးရီးဖြစ်သော ရွှေပန်းထိမ်သည်၏ အိမ်၌ သဘောမတူသော ဝိသဘာဂအာရုံကို မြင်ရသဖြင့် ထိုအာရုံ၌ တပ်နှစ်သက်သောစိတ်ရှိသည် ဖြစ်ရကား လူထွက်လေသတတ်။ ထို့နောက်မှ လူတို့သည် ပျင်းသည်၏အဖြစ်အားဖြင့် အမှုကိုပြုလုပ်ခြင်းငှာ အလိုမရှိသော ထိုလူထွက်ကို အိမ်မှ နှင်ထုတ်ကြလေ၏။

ထိုလူထွက်သည် ယုတ်မာသော အဆွေခင်ပွန်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းကြောင့် ခိုးသူအမှုဖြင့် အသက်မွေးလျက် သွားလာလှည့်ပတ်လေ၏။ ထိုအခါ ထိုသူကို တစ်နေ့သ၌ ဖမ်း၍ လက်ပြန်ကြိုးဖြင့် မြဲမြံစွာချည်နှောင်ပြီးလျှင် လေးမြွှာ လေးမြွာရှိသော ခရီးလမ်ဆုံတိုင်း၌ ကြိမ်လုံးတို့ဖြင့် ရိုက်နှက်လျက် သင်္ချိုင်းသို့ဆောင်ကြလေကုန်၏။ ရှင်မဟာကဿပမထေရ်သည် ဆွမ်းအတွက် လှည့်လည်ခြင်းငှာ ကြွဝင်လတ်သည်ရှိသော် ထိုခိုးသူကို တောင်တံခါးဖြင့် ထုတ်ဆောင်လာသည်ကို မြင်ရလျှင် ဖွဲ့ ချည်ခြင်းကို လျှော့လျှော့ပြုလုပ်စေ၍ “ရှေး၌ သင်-လေ့ကျက်ဖူးသော ကမ္မဋ္ဌာန်းကို တစ်ဖန် ဆင်ခြင် နှလုံးသွင်းလော့”ဟု မိန့်ဆိုတော်မူလေ၏။ ထိုခိုးသူသည် ရှင်မဟာကဿပမထေရ်၏ အဆုံးအမပေးခြင်းဖြင့် သတိဖြစ်ပေါ်ခြင်းကို ရလတ်၍ တစ်ဖန် စတုတ္ထဈာန်ကို ဖြစ်စေလေ၏။ ထို့နောင်မှ ထိုခိုးသူကို သင်္ချိုင်းသို့ဆောင်၍ သတ်ကုန်အံ့ဟု တံကျင်တို့ကို မီးမြိုက်ကင်ခြင်းငှာ အားထုတ်ကြလေကုန်၏။ ထိုခိုးသူကား ကြောက်ခြင်းလည်းမရှိ၊ လန့်ခြင်းလည်း မရှိ၊ ထိုအခါ ထိုထိုအရပ်အဖို့၌ တည်ကြကုန်သော လူတို့သည် သန်လျက်, လှံမ, ခက်ရင်း အစရှိသောလက်နက်တို့ကို ချိန်ရွယ်မြှောက်ချီ၍သော်လည်း ထိုသူ၏ ထိုသို့ မကြောက်မလန့်နေခြင်းကိုသာ မြင်ရလျှင် “အချင်းတို့- ဤယောက်ျားကို ကြည့်ရှုကြပါကုန်လော့၊ လက်နက်လက်စွဲကုန်သော ယောက်ျားတို့၏အလယ်၌ ကြောက်လန့်ခြင်းလည်း မရှိ၊ တုန်လှုပ်ခြင်းလည်း မရှိ၊ အလွန်အံ့သြဖွယ် ရှိပေစွတကား”ဟု အံ့သြခြင်း ဖြစ်ကြကုန်သည်ဖြစ်၍ သည်းစွာသောအသံကို ကြွေးကြော်၍ လူတို့သည် ထိုအခြင်းအရာကို မြင်ရသောကြောင့် ဗိမ္ဗိသာရမင်းကြီးအား ထိုအကြောင်းကို လျှောက်ထားသံတော်ဦးတင်ကြလေကုန်၏။ မင်းကြီးသည် ထိုအကြောင်းကိုကြားရလျှင် “ခိုးသူကို လွှတ်ကြကုန်လော့”ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား၏ အထံတော်သို့လည်း သွား၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ရောင်ခြည်တော်ကို နှံ့စေလျက် ထိုသူအား တရားဟောတော်မူလိုသောကြောင့် ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၄၄] ယော နိဗ္ဗနထော ဝနာဓိမုတ္တော၊ ဝနမုတ္တော ဝနမေဝ ဓာဝတိ။
တံ ပုဂ္ဂလမေထ ပဿထ၊ မုတ္တော ဗန္ဓနမေဝ ဓာဝတိ။

ယော၊ အကြင်သူသည်။ နိဗ္ဗနထော၊ တော၌တည်သော သစ်ပင်ငယ်မရှိ။ ဝနာဓိမုတ္တော၊ တော၌ နှလုံးသွင်းခြင်း သက်ဝင်ခြင်းရှိ၏။ ဝနမုတ္တော၊ တောမှလွတ်လျက်။ ဝနမေဝ၊ တောသို့သာလျှင်။ ဓာဝတိ၊ ပြေးသွား၏။ ဧထ၊ လာကြကုန်လော့။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ပဿထ၊ ကြည့်ရှုကြကုန်လော့။ ဧသော၊ ဤသူသည်။ မုတ္တော၊ လွတ်ပြီးလျက်။ ဗန္ဓနမေဝ၊ အနှောင်အဖွဲ့သို့သာလျှင်။ ဓာဝတိ၊ ပြေးသွားဘိ၏။

(ဤကား၊ တင်စား၍ ဆိုအပ်သော လိုရင်းမဟုတ်သောအနက်)

ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ နိဗ္ဗနထော၊ သစ်ပင်ငယ်ဟူသော တွယ်တာ ငဲ့ကွက်ခြင်းမရှိ။

(လူအဖြစ်၌ တွယ်တာခြင်းဟု ဆိုအပ်သော သစ်ပင်ငယ် ချုံငယ်ကို စွန့်ပစ်ကာ ရဟန်းပြုသောကြောင့် ဟူလို။)

ဝနာဓိမုတ္တော၊ အကျင့်တော၌ နှလုံးသွင်းနိုင်၏။

(ဈာန်သမာပတ် ဒိဗ္ဗဝိဟာရဟု ဆိုအပ်သော အကျင့်တည်းဟူသော တောအုပ်၌ နှလုံးသွင်း၏ဟူလို။)

ဝနမုတ္တော၊ တဏှာတောမှ လွတ်ပြီးသောသူဖြစ်လျက်။ ဝနမေဝ၊ တဏှာတောသို့သာလျှင်။ ဓာဝတိ၊ ပြေးဝင်ပြန်၏။

(ဃရာဝါသ အနှောင်အဖွဲ့ဟု ဆိုအပ်သော တဏှာတောအုပ်မှ လွတ်ထွက်လာသည် ဖြစ်ပါလျက် တစ်ဖန် ဃရာဝါသ အနှောင်အဖွဲ့ဟူသော တဏှာတောအုပ်သို့သာ ပြေးဝင်ဘိ၏ဟူလို။)

ဧထ၊ လာကြကုန်လော့။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ပဿထ၊ ကြည့်ရှုကြကုန်လော့။ ဧသော၊ ဤပုဂ္ဂိုလ်သည်။ မုတ္တော၊ ဃရာဝါသ အနှောင်အဖွဲ့မှလွတ်ပြီးလျက်။ ဗန္ဓနမေဝ၊ ဃရာဝါသ အနှောင်အဖွဲ့သို့သာလျှင်။ ဓာဝတိ၊ ပြေးဝင်ဘိ၏။

(ဤကား တိုက်ရိုက်ဆိုအပ်သော လိုရင်းဖြစ်သောအနက်။)

ဒေသနာတော်၏ အကျိုး

ဤဒေသနာတော်ကို ကြားနာရလျှင် ထိုယောက်ျားသည် မင်းချင်းယောက်ျားတို့၏အလယ် တံကျင်ဖျား၌နေလျက်သာလျှင် ဥဒယဗ္ဗယကမ္မဋ္ဌာန်းကို ဖြစ်စေလျက်၊ ဝါ-စီးဖြန်းလျက် လက္ခဏာရေးသုံးပါးသို့တင်ပြီးလျှင် သင်္ခါရတရားတို့ကို သုံးသပ်ဆင်ခြင်လတ်သည်ရှိသော် သောတာပတ္တိဖိုလ်သို့ ရောက်သဖြင့် သမာပတ်ချမ်းသာခြင်းကို ခံစားလျက် ကောင်းကင်သို့ပျံတက်၍ ကောင်းကင်ခရီးဖြင့်သာလျှင် ဘုရားထံသို့သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ရဟန်းပြု၍ မင်းနှင့်တကွဖြစ်သော ပရိသတ်၏ အလယ်၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

လူထွက်သောရဟန်း ဝတ္ထုပြီး၏။