ဗာလနက္ခတ္တသံဃုဋ္ဌဝတ္ထု
အပ္ပမာဒဝဂ်
၄။ ဗာလနက္ခတ်ပွဲ ကြွေးကြော်သော ဝတ္ထု
ပမာဒမနုယုဉ္ဇန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဗာလနက္ခတ်ပွဲကို အကြောင်းပြု၍ ဟောတော်မူလေ၏။
လူမိုက်နက္ခတ်ပွဲ ခုနစ်ရက်အတွင်း ဘုရားရှင် မြို့တွင်းသို့ မကြွခြင်း
တစ်ပါးသောအခါ သာဝတ္ထိပြည်၌ ဗာလနက္ခတ်ပွဲ မည်သည်ကို ကြွေးကြော်အပ်၏။ ထိုနက္ခတ်ပွဲ၌ အလွန်မိုက်မဲ တွေဝေကုန်သော လူတို့သည် ပြာဖြင့်လည်းကောင်း၊ နွားချေးဖြင့်လည်းကောင်း ကိုယ်ကို လိမ်းကျံ၍ ခုနစ်ရက်ပတ်လုံး ယုတ်မာညစ်ညမ်း ဆိုးသွမ်းငြူစူ မသူတော်တို့၏စကားကို ဟစ်အော်ကာ ဆိုကုန်လျက် သွားလာလှည့်လည်ကြကုန်၏။ ဆွေမျိုးတော်စပ် သိအပ်ချစ်ခင် အကျွမ်းဝင်သော သူကိုလည်းကောင်း၊ ရဟန်းတော် အရှင်မြတ်ကိုလည်းကောင်း မြင်သော်လည်း ရှက်တတ်သောသူမည်သည် မရှိ၊ တံခါးတိုင်း တံခါးတိုင်း၌ရပ်၍ မလျောက်ပတ် မတော်မသင့်သော စကားတို့ကိုသာ ဟစ်အော်ကာ ဆိုကြကုန်၏။ လူတို့သည် ထိုမလိမ္မာသူ လူမိုက်တို့၏ မလျောက်ပတ်သော စကားသံကို နားထောင်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အစွမ်းအားလျော်စွာ တစ်မတ်ကိုလည်းကောင်း၊ ငါးမူးကိုလည်းကောင်း၊ တစ်သပြာကိုလညကောင်း ပေးပို့စေကြရကုန်၏။ ထိုလူမိုက်တို့သည် ထိုထို ပြည်သူပြည်သားတို့၏ တံခါး၌ ရတိုင်းရတိုင်းသော ကြေးငွေကိုယူ၍ ဖဲသွားကြကုန်၏။
ထိုအခါ သာဝတ္ထိပြည်၌ နေကြသော ငါးကုဋေ အတိုင်းအရှည်ရှိကုန်သော ဘုရားတပည့်ဒကာ အရိယာပုဂ္ဂိုလ်တို့သည် “မြတ်စွာဘုရား- ဘုန်တော်ကြီးသော ဘုရားရှင်သည် ခုနစ်ရက်ပတ်လုံး ရဟန်းသံဃာနှင့်တကွ သာဝတ္ထိပြည်တွင်းသို့ ဝင်တော်မမူဘဲ ကျောင်းတော်၌သာ သီတင်းသုံးတော်မူပါဘုရား”ဟု မြတ်စွာဘုရားထံ သတင်းစကား (လျှောက်ကြားရန်) စေလွှတ်ကြကုန်၏။ ထိုခုနစ်ရက်ပတ်လုံး ရဟန်းသံဃာအား ကျောင်း၌သာလျှင် ယာဂုဆွမ်းစသည်တို့ကို ပြည့်စုံစေ၍ ပို့ကြရကုန်၏။ မိမိတို့ကိုယ်တိုင်လည်း အိမ်မှ မထွက်ကြလေကုန်။ နက္ခတ်ပွဲသဘင် ပြီးသဖြင့် ထိုဒါယကာတို့သည် ရှစ်ရက်မြောက် ရောက်သောနေ့၌ ဘုရားအမှူးရှိသော သံဃာတော်ကို ဆွမ်းဖိတ်၍ ပြည်တွင်းသို့ ဆွမ်းခံဝင်စေပြီးလျှင် အလှူကြီးကို ပေးလှူသဖြင့် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကုန်လျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်တို့အား အလွန်ဆင်းရဲခြင်းဖြင့် ထိုခုနစ်ရက်တို့သည် လွန်လေကုန်၏၊ ယုတ်မာညစ်ညမ်းကုန်သော သူမိုက်တို့၏ မလျောက်ပတ်သော စကားတို့ကို ကြားရကုန်သော ဘုရားတပည့်တော်တို့၏ နားတို့သည် ကွဲအံ့သော အခြင်းအရာသို့ ရောက်သကဲ့သို့ ဖြစ်ကြပါကုန်၏၊ တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ယောက်သောသူအား အရှက်မရှိပါ၊ ထို့ကြောင့် ဘုရားတပည့်တော်တို့သည် ရှင်တော်မြတ်ဘုရားတို့အား ပြည်တွင်းသို့ ဝင်ခြင်းငှာ မပေးကြပါ၊ ဘုရားတပည့်တော်တို့လည်း အိမ်မှ မထွက်ဝံ့ကြပါ”ဟု လျှောက်ကြာကြလေကုန်၏။ ဘုရားရှင်လည်း ထိုဒါယကာတို့၏ စကားကိုကြားလျှင် “ပညာမဲ့သော သူမိုက်တို့၏ ယုတ်မာသော အမူအရာမည်သည်ကား ဤသို့ သဘောရှိကုန်၏၊ ပညာရှိသော သူတို့သည်ကား မမေ့မလျော့ခြင်း အပ္ပမာဒတရားကို မြတ်သော ဥစ္စာနှစ်ကဲ့သို့ စောင့်ရှောက်၍ အမြိုက်နိဗ္ဗာန် ချမ်းသာကြီး၏ ပြည့်စုံခြင်းသို့ ရောက်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။
ဒေသနာတော်
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ဝိပုလံ သုခံ။
ဗာလာ၊ မိုက်မဲတွေဝေကုန်သော။ ဒုမ္မေဓိနော၊ ပညာမရှိကုန်သော။ ဇနာ၊ လူတို့သည်။ ပမာဒံ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။ အနုယုဉ္ဇန္တိ၊ အားထုတ်ကြကုန်၏။ မေဓာဝီ၊ ပညာရှိသောသူသည်။ သေဋ္ဌံ၊ မြတ်သော။ ဓနံဝ၊ ရတနာခုနစ်ပါး ဥစ္စာလားသို့။ အပ္ပမာဒဉ္စ၊ မမေ့မလျော့သော သတိကိုသာလျှင်။ ရက္ခတိ၊ စောင့်၏။
ပမာဒံ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။ မာ အနုယုဉ္ဇေထ၊ မယှဉ်စေကြကုန်လင့်။ ကာမရတိသန္ထဝံ၊ ဝတ္ထုကာမ ကိလေသာကာမတို့၌ နှစ်သက်မွေ့လျော်ခြင်းဟု ဆိုအပ်သော တဏှာသန္ထဝကို။ ဝါ၊ အရောဝင်သော တဏှာကို။ မာ အနုယုဉ္ဇေထ၊ လုံ့လပြု၍ မဖြစ်စေကြကုန်လင့်။ ဟိ၊ ထိုစကား သင့်စွ။ အပ္ပမတ္တော၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော။ ဈာယန္တော၊ အာရုံလက္ခဏာ နှစ်ဖြာမြင်မှု ကပ်ရှု ဆင်ခြင်လေ့ရှိသော ပုဂ္ဂိုလ်သည်။ ဝိပုလံ၊ ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာသို့။ ပပ္ပေါတိ၊ ရောက်၏။
ဒေသနာတော်၏ အကျိုး
ဂါထာ၏အဆုံး၌ များစွာသော သူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ များစွာသော လူအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။