မဟာကာလဥပါသကဝတ္ထု
အတ္တဝဂ်
၅။ မဟာကာလ ဥပါသကာဝတ္ထု
အတ္တနာ ဟိ ကတံ ပါပံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မဟာကာလအမည်ရှိသော သောတာပန် ဥပါယကာတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သူခိုးဟု စွပ်စွဲကာ အသတ်ခံရသော ဥပုသ်သည်
ထိုမဟာကာလ ဥပါသကာသည် လ၏ ရှစ်ရက်မြောက်သောနေ့၌ ဥပုသ်စောင့်သုံးလျက် ကျောင်းတော်၌ ညဉ့်သုံးယာမ်ပတ်လုံး တရားစကားကို နာကြားနေသတတ်။ ထိုအခါ ညဉ့်၌ ခိုးသူတို့သည် တစ်ခုသောအိမ်၌ ခြံစပ်ကို ဖောက်၍ ဥစ္စာထုပ်ကိုယူပြီးလျှင် ကြေးအိုးကြေးခွက်တို့၏ အသံကြောင့် နိုးသော အိမ်ရှင်တို့သည် အစဉ်လိုက်ကြခြင်းကြောင့် ယူအပ်သောဘဏ္ဍာကို စွန့်ပစ်ကာ ပြေးကြလေကုန်၏။ ဥစ္စာရှင်တို့လည်း ခိုးသူတို့ကို လိုက်မြဲ လိုက်ကြကုန်သည်သာတည်း။ ခိုးသူတို့သည် အရပ် လေးမျက်နှာတို့သို့ ကစဉ့်ကရဲ ပြေးဝင်ကြကုန်ပြီးလျှင် တစ်ယောက်သော ခိုးသူသည်ကား ကျောင်းသို့သွားရာ လမ်းခရီးကို ယူသဖြင့် မဟာကာလ ဥပါသကာသည် ညဉ့်၌ တရားစကားကို နာကြား၍ နံနက်စောစော ရေကန်ကမ်းနား၌ မျက်နှာသစ်စဉ် ရှေ့၌ ဥစ္စာထုပ်ကို စွန့်ချထားခဲ့၍ ပြေးလေ၏။ ခိုးသူတို့ကို အစဉ်လိုက်လာသောလူတို့သည် ဥစ္စာထုပ်ကိုမြင်လျှင် “သင်သည် ငါတို့၏အိမ်၌ ခြံစပ်ကိုဖောက်၍ ဥစ္စာထုပ်ကို ခိုးယူလာပြီးမှ တရားနာနေသောသူအလား သွားလာလှည့်လည်ဘိ၏”ဟု ဆို၍ မဟာကာလသီတင်းသည်ကို ဆွဲငင်ဖမ်းဆီးသဖြင့် ထောင်းထုပုတ်ခတ် ရိုက်သတ်ကာ ပစ်ထားပြီးမှ သွားကြလေကုန်၏။ ထိုအခါ မဟာကာလ သီတင်းသည် အလောင်းကောင်ကို နံနက်စောစောကလျှင် ရေအိုးကိုယူ၍ သွားကြကုန်သော ရဟန်းငယ်နှင့် သာမဏေတို့ မြင်ကြရလျှင် “ကျောင်းတော်၌ တရားစကားကိုနာကြားကာ အိပ်သော ဒါယကာသည် မလျောက်ပတ်သော သေခြင်းကို ရရှာဘိ၏”ဟု ဆို၍ မြတ်စွာဘုရားကို လျှောက်ကြားကြလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤအတ္တဘော၌ ကာလမည်သော ဒါယကာသည် မလျောက်ပတ်သော သေခြင်းကို ရသောဟူသည် မှန်ပေ၏။ ရှေး၌ပြုအပ်သော ကံအားသော်ကား ထိုဒါယကာသည် လျောက်ပတ်သော သေခြင်းကိုသာလျှင် ရအပ်ပေ၏"ဟု မိန့်တော်မူသဖြင့် ထိုရဟန်းတို့ တောင်းပန်ခြင်းကြောင့် ထိုမဟာကာလဥပါသကာ၏ ရှေးမကောင်းမှုကံကို ဟောကြားတော်မူလေ၏။
မဟာကာလ ဥပါသကာ၏ အတိတ်
လွန်လေပြီးသောအခါ ဗာရာဏသီမင်း၏နိုင်ငံတွင် တစ်ခုသော ပစ္စန္တရစ်ရွာ၏ တောအုပ်ဝ၌ ခိုးသား,ဓားပြတို့သည် ခရီးသွားသူတို့ကို ပုတ်ခတ်သတ်ဖြတ်ကြကုန်၏။ ဗာရာဏသီမင်းကြီးသည် တောအုပ်ဝ၌ မင်းခယောက်ျားတစ်ယောက်ကို ထားလေ၏။ ထိုမင်းခယောက်ျားသည် အခယူ၍ လူတို့ကို ဤမှာဘက်တောစခန်းမှ ထိုမှာဘက် တောစခန်းသို့ ပို့ဆောင်ရ၏။ ထိုမှာဘက် တောစခန်းမှ ဤမှာဘက် တောစခန်းသို့ ပို့ဆောင်ရ၏။ ထိုအခါ လူတစ်ယောက်သည် အလွန်အဆင်းလှသော မိမိ၏မယားကို လှည်းငယ်ထက်သို့တင်လျက် ထိုတောအုပ်သို့ ရောက်သွားလေ၏။ မင်းခယောက်ျားသည် ထိုမိန်းမကိုမြင်လျှင်မြင်ချင်း ချစ်ကြိုက်စုံမက် နှစ်သက်ခြင်းဖြစ်ရကား ထိုခရီးသွားသောယောက်ျားက “အရှင်- ကျွန်တော်တို့အား တောအုပ်ကို လွန်မြောက်ပါစေလော့၊ လွန်မြောက်အောင် လိုက်ပို့ပါလော့”ဟု ပြောဆိုသော်လည်း “ယခု အချိန်အခါ မဟုတ်ပြီ၊ မိုးချုပ်ပြီ၊ နံနက်စောစောကျမှသာလျှင် လွန်မြောက်စေအံ့”ဟု ဆိုလေ၏။ ထိုခရီးသွားယောက်ျားသည် “အရှင်- အချိန်အခါရှိပါသေးသည်၊ ယခုပင်လျှင် ကျွန်တော်တို့ကို ပို့ဆောင်ပါဦး”ဟု ဆိုလတ်သော် “အိုအချင်းယောက်ျား- ဆုတ်နစ်ရပ်ဆိုင်းပါဦးလော့၊ အကျွန်ုပ်တို့၏ အိမ်၌သာလျှင် ထမင်းအာဟာရသည်လည်းကောင်း၊ နေစရာ နေရာသည်လည်းကောင်း ဖြစ်ပါလတ္တံ့”ဟု ဆိုလေ၏။ ထိုခရီးသွားယောက်ျားသည် ဆုတ်နစ်ရပ်ဆိုင်းခြင်းငှာ အလိုမရှိသည်သာတည်း။ မင်းခယောက်ျားသည် ငယ်သားယောက်ျားတို့အား အမှတ်သညာပေး၍ လှည်းကို ဆုတ်နစ်စေပြီးလျှင် အလိုမရှိသည်သာဖြစ်သော ခရီးသွားယောက်ျားအား တံခါးမုခ်၌ နေရာပေးသဖြင့် ထမင်းအာဟာရကို စီရင်ချက်ပြုတ်စေလေ၏။
ပြစ်မှုဆင်၍ လင်အား ရိုက်သတ်ခြင်း
ထိုမင်းချင်းယောက်ျား၏ အိမ်၌ကား တစ်ခုသော ပတ္တမြားရတနာသည် ရှိ၏။ ထိုမင်းချင်းယောက်ျားသည် ပတ္တမြားရတနာကို လှည်းအတွင်း၌ ထည့်ထားစေ၍ နံနက်စောစောအချိန်ကာလ၌ ခိုးသူတို့ဝင်လာသောအသံကို ပြုစေလေ၏။ ထိုမင်းချင်းယောက်ျား၏ ငယ်သားယောက်ျားတို့သည် “အရှင်- ပတ္တမြားရတနာကို ခိုးသူတို့ ခိုးယူသွားပါပြီ”ဟု ပြောကြားကြလေကုန်၏။ မင်းခယောက်ျားသည် ရွာတံခါးတို့၌ အစောင့်အရှောက်ထားလျက် “ရွာတွင်းမှ ထွက်ကုန်သော သူတို့ကို စူးစမ်းရှာဖွေကြကုန်လော့”ဟု ဆိုလေ၏။ ခရီးသွားယောက်ျားသည်လည်း စောကသာလျှင် လှည်းယာဉ်ကိုက,၍ ထွက်သွားလေ၏။ ထိုအခါ ခရီးသွားယောက်ျား၏လှည်းကို သုတ်သင်ရှာဖွေကြသော သူတို့သည် မိမိတို့ကိုယ်တိုင် ထည့်ထားသော ပတ္တမြားရတနာကို မြင်ရလျှင် ခြိမ်းခြောက် မောင်းမဲကုန်လျက် “သင်ကား ပတ္တမြားကို ခိုးယူ၍ ထွက်ပြေးဘိ၏”ဟု ပုတ်ခတ်၍ “အရှင်- အကျွန်ုပ်တို့သည် ခိုးသူကို ဖမ်းမိပါပြီ”ဟု ဆို၍ ရွာစားအား ပြကြလေကုန်၏။ ရွာစားသည်လည်း “ငါ၏လက်အောက် အခစားယောက်ျား၏အိမ်၌ ရှေးဦးစွာ နေရာကိုပေး၍ ထမင်း ပေးအပ်,ကျွေးအပ်လျက် ပတ္တမြားကိုခိုးယူ၍ သွားဘိ၏။ ထိုယုတ်မာသော ယောက်ျားကို ဖမ်းယူခဲ့ကြကုန်လော့”ဟု ဆို၍ ရိုက်နှက်ပုတ်ခတ်ကာ သတ်ပြီးလျှင် စွန့်ပစ်စေလေ၏။ ဤသည်လျှင် မဟာကာလသီတင်းသည်၏ ရှေးမကောင်းမှုကံတည်း။ ထိုမင်းချင်းယောက်ျားသည် ထိုဘဝမှ စုတေသေလွန်သည်ရှိသော် အဝီစိငရဲ၌ဖြစ်၍ ထိုငရဲ၌ ရှည်လျားစွာသော နေ့ညဉ့်ပတ်လုံး ကျက်ပြီးမှ အကျိုးအကြွင်းအားဖြင့် အရာမျှသော ကိုယ်အဖြစ်၌ ထို့အတူသာလျှင် ပုတ်ခတ်ရိုက်နှက်အပ်သည်ဖြစ်၍ သေခြင်းသို့ ရောက်ရဖူးလေပြီ။ ဤသို့လျှင် ဘုရားရှင်သည် မဟာကာလ၏ ရှေးမကောင်းမှုကံကို ဟောပြတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ဤသို့လျှင် ဤသတ္တဝါတို့ကို မိမိပြုသော မကောင်းမှု အကုသိုလ်ကံသည်သာလျှင် အပါယ်လေးပါးတို့၌ နှိပ်စက် ဖျက်ဆီးဘိ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
အဘိမတ္ထတိ ဒုမ္မေဓံ၊ ဝဇိရံဝသ္မမယံ မဏိံ။
အသ္မမယံ၊ ကျောက်မှဖြစ်ပေါ်သော။ ဝဇိရံ၊ ဝဇီရစိန်သည်။ မဏိံ၊ ဖြစ်ပေါ်ရာဖြစ်သော ထိုကျောက်ကို။ အဘိမတ္ထတိ ဣဝ၊ စား၍ အပေါက်ပေါက် အပိုင်းပိုင်း ပြုသကဲ့သို့။ တထာ၊ ထို့အတူ။ အတ္တနာ၊ မိမိကိုယ်တိုင်။ ကတံ၊ ပြုအပ်သည်ဖြစ်၍။ အတ္တဇံ၊ မိမိကိုယ်၌ဖြစ်သော။ အတ္တသမ္ဘဝံ၊ မိမိကြောင့်ဖြစ်သော။ ပါပံ၊ မကောင်းမှု အကုသိုလ်ကံသည်။ ဒုမ္မေဓံ၊ မကောင်းမှုဖြစ်ရာ ထိုပညာမရှိသောသူကို။ အဘိမတ္တတိ၊ နှိပ်စက်ဖျက်ဆီး၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ ရောက်လာကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။