ကုမာရကဿပမာတုထေရီဝတ္ထု
အတ္တဝဂ်
၄။ ကုမာရကဿပမယ်တော် ထေရီမဝတ္ထု
အတ္တာဟိ အတ္တနော နာထောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ကုမာရကဿပ၏ မယ်တော်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သန္ဓေရှိသော ဘိက္ခုနီမနှင့် ဒေဝဒတ်၏ဖြတ်ထုံး
ထိုမထေရ်၏ မယ်တော်သည် ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးဖြစ်၍ သိကြားလိမ္မာသည့်အဖြစ်သို့ ရောက်သောအခါမှစ၍ မိဘတို့ထံ ရဟန်းအဖြစ်ကို တောင်းပန်လေသတတ်၊ အဖန်တလဲလဲ တောင်းပန်သော်လည်း မိခင်ဖခင်တို့၏အထံမှ ရဟန်းအဖြစ်ကို မရရှာသောကြောင့် အရွယ်သို့ ရောက်လတ်သည်ရှိသော် လင်ယောက်ျားအိမ်သို့ လိုက်ပါသွားရသဖြင့် လင်ကို အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေးခြင်းရှိသည်ဖြစ်၍ အိမ်ကိုအုပ်ချုပ်ကာ နေရလေ၏။ ထိုအခါ မကြာမြင့်မီ ထိုသူဌေးသမီး၏ဝမ်း၌ သားငယ်ကိုယ်ဝန် တည်လာလေ၏။ သူဌေးသမီးသည် ကိုယ်ဝန်တည်သည့်အဖြစ်ကို မသိမူ၍သာလျှင် အရှင်လင်ယောက်ျားကို နှစ်သိမ့်စေလျက် ရဟန်းအဖြစ်ကို တောင်းပန်ပြန်လေ၏။ ထိုအခါသူဌေးသမီးကို လင်ယောက်ျားသည် ကြီးစွာသော ပူဇော်သက္ကာရဖြင့် ရဟန်းမိန်းမတို့၏ကျောင်းသို့ ဆောင်ပြီးလျှင် အကြောင်းခြင်းရာ မသိခြင်းကြောင့် ဒေဝဒတ်၏ အသင်းအပင်းဖြစ်သော ရဟန်းမိန်းမတို့၏အထံ၌ ရဟန်းပြုစေလေ၏။ နောက်အဖို့ ဖြစ်သောအခါ၌ ရဟန်းမိန်းမတို့သည် ထိုသူဌေးသမီးဘိက္ခုနီမ၏ ကိုယ်ဝန်ရှိသောအဖြစ်ကို သိရလျှင် ထိုရဟန်းမိန်းမတို့သည် “ဤအမူအရာကား အဘယ်နည်း”ဟု မေးသည်ရှိသော် “ရှင်မတို့- တပည့်တော်မ မသိရပါ၊ အသို့နည်း၊ တပည့်တော်မ၏ ထိုရဟန်းသီလသည် စင်စစ် အပြစ်အနာကင်းသည်သာလျှင် ဖြစ်နိုင်ကောင်းပါအံ့လော”ဟု လျှောက်ကြားလေ၏။ ရဟန်းမိန်းမတို့သည် ထိုဘိက္ခုနီမကလေးကို ဒေဝဒတ်၏အထံသို့ ခေါ်ဆောင်၍ “ဤရဟန်းမိန်းမကား သာသနာကိုကြည်ညို၍ ရဟန်းပြုပါ၏၊ ဤရဟန်းမိန်းမ၏ ကိုယ်ဝန်တည်သောကာလကို တပည့်တော်မတို့ မသိကြရပါ၊ ယခု အဘယ်သို့သာလျှင် ပြုရပါမည်နည်းဘုရား”ဟု မေးလျှောက်ကြလေကုန်၏။ ဒေဝဒတ်သည် “ငါ့အဆုံးအမကို လိုက်နာလေ့ရှိကုန်သော ရဟန်းမိန်းမတို့အား အကျော်အစောမဲ့ မဖြစ်ပါစေလင့်”ဟု ဤမျှကိုသာ ကြံစည်ပြီးလျှင် “ထိုရဟန်းမိန်းမငယ်ကို လူထွက်စေကြရမည်”ဟု ဆုံးဖြတ်မိန့်ဆိုလေ၏။
ရှင်ဥပါလိ၏ ဖြတ်ထုံး
ထိုစကားကိုကြားရလျှင် ဘိက္ခုနီမကလေးသည် “ရှင်မတို့- တပည့်တော်မကို မဖျက်ဆီးကြပါကုန်လင့်၊ တပည့်တော်မသည် ရှင်ဒေဝဒတ်ကိုရည်မှန်း၍ ရဟန်းပြုသည်မဟုတ်ပါ၊ ကြွလာကြပါ၊ တပည့်တော်မကို မြတ်စွာဘုရား၏အထံ ဇေတဝန်ကျောင်းတော်သို့ ဆောင်ပို့ကြပါကုန်လော့”ဟု ဆိုသောကြောင့် ထိုရဟန်းမိန်းမတို့သည် ရဟန်းမိန်းမငယ်ကိုခေါ်၍ ဇေတဝန်ကျောင်းတော်သို့ပို့ကာ မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “လူဖြစ်စဉ်အခါ၌ တည်သော သန္ဓေကိုယ်ဝန်ဖြစ်၏”ဟု သိတော်မူသော်လည်း သူတစ်ပါးတို့ ကဲ့ရဲ့ပြောဆိုခြင်းမှ လွတ်စေခြင်းငှာ ပသေနဒီ ကောသလမင်းကြီးကိုလည်းကောင်း၊ မဟာအနာထပိဏ် သူဌေးကြီးကိုလည်းကောင်း၊ စူဠအနာထပိဏ် သူဌေးကြီးကိုလည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးကိုလည်းကောင်း၊ ထိုမှတစ်ပါး ထင်ရှားကုန်သော အမျိုးကြီးတို့ကိုလည်းကောင်း ခေါ်စေပြီးလျှင် ဝိနည်းဆောင် ဧတဒဂ်ရ ဥပါလိမထေရ်ကို “ချစ်သားဥပါလိ- သွားချေ၊ ဤရဟန်းမိန်းမငယ်၏အမှုကို ပရိသတ်လေးပါးအလယ်၌ ရှင်းလင်း သုတ်သင်ချေလော့”ဟု စေခိုင်းတော်မူလေ၏။ ရှင်ဥပါလိမထေရ်သည် ပသေနဒီ ကောသလမင်းကြီး၏ရှေ့သို့ ဝိသာခါ ဒါယိကာမကိုခေါ်စေ၍ ထိုသူတို့အား ထိုအဓိကရုဏ်းကို လက်ခံစေတော်မူ၏။ ဝိသာခါသည် တင်းတိမ်ကန့်လန့်ကာကို ထက်ဝန်းကျင် ကာရံစေ၍ တင်းတိမ်ကန့်လန့်ကာ၏အတွင်း၌ ထိုရဟန်းမိန်းမငယ်၏ လက်, ခြေ, ချက်, ဝမ်းဗိုက်အဆုံး နေရာတို့ကို ကြည့်ရှုပြီးလျှင် လ,ရက်နေ့တို့ကို စိစစ်တွက်ချက်သဖြင့် “လူ့အဖြစ်၌ ဤရဟန်းမိန်းမငယ် ကိုယ်ဝန်ကို ရ၏”ဟု သိရ၍ အရှင်ဥပါလိမထေရ်အား ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုနောင်မှ ရှင်ဥပါလိမထေရ်သည် ပရိသတ်လေးပါးအလယ်၌ ထိုရဟန်းမိန်းမငယ်၏ စင်ကြယ်သည့်အဖြစ်ကို တည်စေတော်မူလေ၏။
ဘိက္ခုနီမ၏သားငယ်ကို ရှင်ဘုရင် မွေးမြူခြင်း
ထိုရဟန်းမိန်းမငယ်သည် ထို့နောက်မှ အခါတစ်ပါး၌ ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဆုတောင်းခြင်းရှိ၍ ကြီးသော အာနုဘော်ရှိသော သားကို ဖွားမြင်လေ၏။ ထို့နောက် တစ်နေ့သ၌ ကောသလမင်းကြီးသည် ရဟန်းမိန်းမတို့၏ ကျောင်းအနီးဖြစ်သော လမ်းခရီး၌ ဖြန့်မြန်းလတ်သည်ရှိသော် သူငယ်သံကိုကြားရလျှင် “ဤအသံကား အဘယ်အသံ ဖြစ်သနည်း”ဟု မေးသောကြောင့် “ဘဝရှင်မင်းကြီး- ရဟန်းမိန်းမ တစ်ယောက်အား သားဖွားမြင်ပါသည်၊ ဤအသံသည် ထိုသားငယ်၏အသံ ဖြစ်ပါသည်”ဟု သံတော်ဦး တင်လတ်သည်ရှိသော် ထိုသတို့သားကို မိမိ၏နန်းတော်အိမ်သို့ ဆောင်ယူ၍ နို့ထိန်းတို့အား ပေးလေ၏။ အမည်မှည့်အံ့သောနေ့၌ကား ကဿပဟူ၍ သူငယ်၏အမည်ကို မှည့်ပြီးလျှင် မင်းသားတို့၏ အဆောင်အရွက်ဖြင့် ကြီးပွားရသောကြောင့် ကုမာရကဿပဟူ၍ ကောင်းစွာ သိကြလေကုန်၏၊ ထိုကုမာရကဿပ သတို့သားသည် ကစားရာရုံအဝန်း၌ သူငယ်တို့ကို ပုတ်ခတ်ခြင်းကြောင့် “အမိမဲ့သား အဖမဲ့သားက ငါတို့ကို ပုတ်ခတ်ဘိသည်”ဟု ဆဲရေး ပြောဆိုလတ်သော် မင်းကြီးသို့ချဉ်းကပ်၍ “ခမည်းတော်ဘုရား- သားတော်ကို အမိမဲ့သား အဘမဲ့သားဟူ၍ ဆိုကြပါသည်။ သားတော်အား မယ်တော်ကို မိန့်ကြားတော်မူပါ”ဟု မေးလျှောက်သောကြောင့် ကောသလမင်းကြီးသည် နို့ထိန်းတို့ကိုပြ၍ “ဤနို့ထိန်းမောင်းမတို့သည် သင်ချစ်သား၏ မယ်တော်တို့ဖြစ်ကုန်၏”ဟု မိန့်တော်မူသည်ရှိသော် “သားတော်၏ မယ်တော်တို့သည် ဤမျှလောက် များပြားသည် မဖြစ်တန်ရာ၊ သားတော်၏မယ်တော်သည် တစ်ယောက်တည်းသာ ဖြစ်တန်ရာ၏၊ သားတော်အား ထိုမယ်တော်ရင်းကိုသာ မိန့်ကြားတော်မူပါ”ဟု လျှောက်တင်လေ၏။
ကုမာရကဿပ ရဟန္တာဖြစ်ခြင်း
ထိုကောသလမင်းကြီးသည် “ဤသတို့သားကို လှည့်ဖြားခြင်းငှာ မတတ်နိုင်ရာ”ဟု.ကြံ၍ “ချစ်သား- သင်၏မယ်တော်ကား ဘိက္ခုနီမ ဖြစ်သည်၊ သင်ချစ်သားကို ငါသည် ဘိက္ခုနီမကျောင်းမှ ဆောင်ယူခဲ့၏”ဟု မိန့်ဆိုလတ်သော် ထိုသတို့သားသည် ထိုမျှလောက်သော စကားဖြင့် ကောင်းစွာဖြစ်သော ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍ “ခမည်းတော်ဘုရား- သားတော်ကို ရှင်ရဟန်းပြုတော်မူပါလော့”ဟု လျှောက်တင်လေ၏။ ကောသလမင်းကြီးသည် “ချစ်သား- ကောင်းပြီ”ဟု ဆို၍ သတို့သားကို ကြီးစွာသော ပူဇော်သက္ကာရဖြင့် မြတ်စွာဘုရားထံတော်၌ ရှင်ရဟန်း ပြုပေးလေ၏။ ထိုသတို့သားသည် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် ကုမာရကဿပမထေရ်ဟူ၍ ထင်ရှား၏။ ထိုကုမာရကဿပမထေရ်သည် ဘုရားရှင်၏အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တောသို့ဝင်ပြီးလျှင် လုံ့လပြုသဖြင့် ဈာန်မဂ်ဖိုလ်အထူးကို ဖြစ်စေခြင်းငှာ မတတ်နိုင်ရကား “တစ်ဖန် ကမ္မဋ္ဌာန်းကို အထူးပြု၍ ယူဦးအံ့”ဟု ဘုရားရှင်အထံတော်သို့ သွားရောက်ပြီးလျှင် သူတော်ကောင်းတစ်ဦးကို ပြစ်မှားသော လူဆိုးတို့ မျက်စိကွယ်၍ နေရာဖြစ်သော မိုက်တော၌ နေတော်မူလေ၏၊ ထိုအခါ ထိုကုမာရကဿပမထေရ်ကို ကဿပမြတ်စွာဘုရားလက်ထက်တော်၌ အတူတကွ ရဟန်းတရားကို အားထုတ်၍ အနာဂါမိဖိုလ်သို့ ရောက်သဖြင့် ဗြဟ္မာပြည်၌ဖြစ်သော ရဟန်းဗြဟ္မာသည် ဗြဟ္မာပြည်မှလာခဲ့၍ မူလပဏ္ဏာသပါဠိတော် ဝမ္မိကသုတ်၌လာသော တစ်ဆယ့်ငါးပါးသော ပြဿနာတို့ကို မေးပြီးလျှင် “ဤပြဿနာတို့ကို ဘုရားရှင်ကိုထား၍ တစ်ပါးသော ဖြေစွမ်းနိုင်သောသူမည်သည် မရှိ၊ သွားချေ။ ဘုရားရှင်၏အထံတော်၌ ဤပြဿနာတို့၏အနက်ကို သင်ယူချေလော့”ဟု စေလွှတ်လိုက်လေ၏။ ထိုကုမာရကဿပမထေရ်သည် ထိုအနာဂါမ်ဗြဟ္မာဆိုတိုင်း ပြုသဖြင့် ပြဿနာကို ဖြေသည်၏အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုကုမာရကဿပမထေရ် တောထွက်သောနေ့မှစ၍ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး မယ်တော်ဖြစ်သော ဘိက္ခုနီမ၏ မျက်စိတို့မှ မျက်ရည်တို့သည် မပြတ်ဖြစ်ကုန်၏။
မယ်တော်ဘိက္ခုနီမ ရဟန္တာဖြစ်ခြင်း
ထိုဘိက္ခုနီမသည် သားနှင့်ကွေကွင်းခြင်းကြောင့် ဆင်းရဲခြင်းသို့ ရောက်သည်ဖြစ်၍ မျက်ရည်စိုစွတ်သော မျက်နှာဖြင့်သာလျှင် ဆွမ်းအလို့ငှါ လှည့်လည်စဉ် လမ်းခရီးအကြား၌ မထေရ်ကိုမြင်ရလျှင် မြင်ရချင်း “ချစ်သား- ချစ်သား”ဟု မြည်တမ်းလျက် မထေရ်ကို အမီရောက်စိမ့်သောငှာ ပြေးလိုက်သည်ရှိသော် ပြန်လည်၍ လဲကျလေ၏။ ထိုရဟန်းမိန်းမသည် သားမြတ်တို့မှ နို့ရည်ထွက်ကုန်သဖြင့် ထပြီးလျှင် စိုသော သင်္ကန်းရှိလျက် သွား၍ မထေရ်ကို ဆွဲကိုင်လေ၏။ မထေရ်သည် “ဤငါ့မယ်တော်ကား ငါ့အထံမှ အသာအယာဆိုသော စကားကို အကယ်၍ ရသည်ဖြစ်အံ့၊ ပျက်စီးရှာလတ္တံ့၊ ခက်ထန် တင်းမာသောစကားကိုသာပြု၍ ဤမယ်တော် ဘိက္ခုနီမနှင့်တကွ ပြောဆိုဦးအံ့”ဟု ကြံလေ၏။ ထို့နောင်မှ ထိုမယ်တော်ထေရီမကို “အဘယ်အမှုပြုလျက် လှည့်လည်နေဘိသနည်း၊ ချစ်ခင်ခြင်းမျှကိုလည်း ဖြတ်ခြင်းငှာ မတတ်နိုင်ဘိတကား”ဟု ဆိုလိုက်လေ၏။ ထိုထေရီမသည် “မထေရ်၏စကားကား အလွန်ခက်ထန်စွ၊ တင်းမာလေစွတကား”ဟု ကြံ၍ “ချစ်သား- အသို့ဆိုဘိသနည်း”ဟု ဆိုလျှင် တစ်ဖန်လည်း ရှေးနည်းအတူသာလျှင် ဆိုပြန်အပ်သည်ရှိသော် ဤသို့ကြံလေ၏။ “ငါကား ဤသား၏အကြောင်းကြောင့် တစ်ဆယ့်နှစ်နှစ်ပတ်လုံး မျက်ရည်တို့ကို ဆည်းခြင်းငှာ မတတ်နိုင်၊ ဤသားသည်ကား ဤသို့ ခက်ထန်တင်းမာသော စိတ်နှလုံးရှိဘိ၏။ ငါ့အား ဤသားဖြင့် အဘယ်အကျိုး ရှိအံ့နည်း”ဟု ကြံ၍ သား၌ဖြစ်သော ချစ်ခင်ခြင်းကို ဖြတ်လိုက်သည်ရှိသော် ထိုနေ့၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။
နိဂြောဓဇာတ်တော်ကို ဟောခြင်း
တစ်ပါးသောအခါ တရားသဘင်၌ “ငါ့ရှင်တို့- ဒေဝဒတ်သည် ဤသို့ ဥပနိဿယအကြောင်းနှင့် ပြည့်စုံသော ကုမာရကဿပကိုလည်းကောင်း၊ ထေရီမကိုလည်းကောင်း ဖျက်ဆီးဘိ၏။ မြတ်စွာဘုရားသည်ကား ထိုသူတို့၏ ကိုးကွယ်ရာဖြစ်တော်မူ၏။ ဘုရားရှင်တို့မည်သည်ကား အလွန်တရာ လူအပေါင်းကို အစဉ်မပြတ် သနားတော်မူကုန်စွတကား”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲအခါ၌ အဘယ်မည်သောစကားဖြင့် ပြောကြား စည်းဝေးနေကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် ဤမည်သောစကားဖြင့် ပြောကြားစည်းဝေးနေကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် ငါဘုရားသည် ဤသူတို့၏ အထောက်အပံ့ ထောက်တည်ရာ ဖြစ်သည်မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ထိုသူတို့၏ ထောက်တည်ရာဖြစ်ဖူးသည်သာတည်း”ဟု မိန့်တော်မူ၍-
နိဂြောဓသ္မိံ မတံ သေယျော၊ ယံ ဝေ သာခသ္မိံ ဇီဝိတံ။
နိဂြောဓမေဝ၊ နိဂြောဓမည်သော ရွှေသမင်ကိုသာလျှင်။ သေဝေယျ၊ မှီဝဲဆည်းကပ်ရာ၏။ သာခံ၊ သာခမည်သော ရွှေသမင်ကို။ န ဥပသံဝသေ၊ မမှီဝဲရာ။ နိဂြောဓသ္မိံ၊ နိဂြောဓမည်သော ရွှေသမင်၏ခြေရင်း၌။ မတံ၊ သေရခြင်းသည်။ သေယျော၊ မြတ်သေး၏။ သာခသ္မိံ၊ သာခမည်သော ရွှေသမင်ထံ၌။ ဝေ၊ စင်စစ်။ ယံ ဇီဝိတံ၊ အကြင်အသက်ရှည်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ ဇီဝိတံ၊ ထိုအသက်ရှည်ခြင်းသည်။ န သေယျော၊ မမြတ်။
ဧကနိပါတ် သီလဝဂ်လာ ဤနိဂြောဓဇာတ်ကို အကျယ်အားဖြင့် ဟောတော်မူ၍ ထိုအခါ သာခမည်သော သမင်သည် ဒေဝဒတ်ဖြစ်လာ၏။ အခြံအရံ ပရိသတ်သည်လည်း ဒေဝဒတ်၏ အခြံအရံပရိသတ်ဖြစ်လာ၏။ သတ်ရန်အလှည့်သို့ ရောက်သော သမင်မသည် ထေရီမဖြစ်လာ၏။ သားသည် ကုမာရကဿပ ဖြစ်လာ၏။ ကိုယ်ဝန်ဆောင်သော သမင်မအတွက် အသက်ကိုစွန့်၍သွားသော နိဂြောဓမည်သော သမင်မင်းသည်ကား ငါဘုရားသာလျှင် ဖြစ်လာ၏ဟု ဇာတ် ပေါင်းတော်မူ၍ သား၌ဖြစ်သော ချစ်ခင်ခြင်းကို ဖြတ်သဖြင့် ထေရီမသည် မိမိသည်သာ မိမိ၏ကိုးကွယ်ရာ ပြုအပ်သည်အဖြစ်ကို ထင်ရှားစွာ ပြတော်မူလျက် “ချစ်သားရဟန်းတို့- အကြင်ကြောင့် မိမိ၌ တည်ရှိပြည့်စုံသော နတ်ပြည်လားခြင်းသည်လည်းကောင်း၊ မဂ်ရခြင်းသည်လည်းကောင်း သူတစ်ပါးအလို့ငှာ ဖြစ်ခြင်းငှာ မတတ်ကောင်း၊ ထို့ကြောင့် မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏။ သူတစ်ပါးသည်အဘယ်အမှုကို ပြုနိုင်အံ့နည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။
အတ္တာ ဟိ၊ မိမိသည်သာလျှင်။ အတ္တနော၊ မိမိ၏။ နာထော၊ ကိုးကွယ်ရာဖြစ်၏။ ဟိ၊ ထိုစကားသင့်စွ။ ပရော၊ မိမိမှ တစ်ပါးဖြစ်သော။ ကော၊ အဘယ်မည်သောသူသည်။ နာထော၊ အဘယ်သူ၏ ကိုးကွယ်ရာသည်။ သိယာ၊ ဖြစ်နိုင်ခြိမ့်အံ့နည်း။ အတ္တနာ ဟိ၊ မိမိသည်သာလျှင်။ ဝါ၊ မိမိကိုယ်တိုင်သာလျှင်။ သုဒန္တေန၊ ကောင်းစွာ ဣန္ဒြေကို ဆုံးမခြင်းဖြင့်။ ဒုလ္လဘံ၊ ရခဲသော။ နာထံ၊ အရဟတ္တဖိုလ်တည်းဟူသော မှီခိုရာကို။ လဘတိ၊ ရနိုင်၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။