2537မဟာဇနကဇာတ်တော်ကြီး — ဝတ္ထုနိဒါန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

နေမင်း၏အဆွေဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသလတိုင်း သာဝတ္ထိပြည်ကြီး၏အနောက်သို့ စဉ်းငယ်ယွန်းသော တောင်မျက်နှာ ကုလ ၄-တာ ၅၀၀-ခြားသောအရပ်၌ ဇေတမင်း၏ ဥယျာဉ်ကို ၅၄-ကုဋေသော ဥစ္စာတို့ဖြင့်ဝယ်၍ အနာထပိဏ်သူဌေးသည် ဆောက်လှူကိုးကွယ်အပ်သော ဇေတဝန်ကျောင်းတော်၌ နေတော်မူသောအခါ တစ်နေ့သ၌ တရားသဘင်ဝယ် ပရိသတ်အစည်းအဝေးဖြစ်ကြလတ်သော် ရဟန်းတို့သည် ဤသို့ နိက္ခမပါရမီတော်ကို ချီးမွမ်းကြကုန်၏။

“အရှင်တို့ လူ ၃-ဦးတို့၏ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် မဟာသမ္မတမင်းမှဆင်းသက်၍ ရွှေလက်ထက်တိုင် ထီးရိုးနန်းစဉ် မင်းဆက်မပြတ် သားမြေးအစဉ်အတိုင်း စိုးစံကြသော အသမ္ဘိန္နခတ္တိယ အနွယ်အမျိုးတော်၌ဖြစ်သော ဤအတုမရှိသောစည်းစိမ်တော်တွင် မင်းဆက်တကာတို့ မစံရဘူးသော ရွှေအိုးကြီး ၄-လုံးနှင့်တကွ ကာလရတု ဥတုရာသီနှင့်လျော်စွာ အချမ်း,အပူမျှစေတတ်သော နန်း ၃-ဆောင်တို့ဝယ် အလှယ်လှယ်အပြောင်းပြောင်း အသောင်းမက မင်းသမီးတို့၏အကြီးဖြစ်သော မြောက်သားတော်မင်းသမီးနှင့် အတူတကွစိုးစံတော်မူ၍ အလွန် ကာမဂုဏ်ချမ်းသာဖြင့် သိမ်မွေ့နူးညံ့သော ကိုယ်တော်, နှလုံးတော်ရှိသူဖြစ်လျက် နိမိတ် ၄-ပါးကိုမြင်ကာမျှဖြင့် ကာမဂုဏ်အနှောင်အဖွဲ့ကို ဖြတ်တော်မူ၍၊ အလွန်ကြင်နာလှစွာသော မြောက်သားတော်မင်းသမီးကိုမျှ မသိစေဘဲ ဆန္နအမတ်တစ်ယောက်ကိုသာ အဖော်ပြုတော်မူလျက် သဗ္ဗညုတဉာဏ်အလို့ငှာ မြင်းတော်နှင့် တောသို့ထွက်ကြွတော်မူ၍၊ ရဟန်းပြုတော်မူနိုင်လေသည်ကား အလွန်အံ့ဩဖွယ်ရှိပြီ”ဟု နိက္ခမပါရမီတော်ကို ချီးမွမ်း၍နေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဂန္ဓကုဋိ ဘုရားနေရာတော်၌ နေတော်မူလျက် တရားသဘင်၌ နိက္ခမပါရမီကိုချီးမွမ်းလျက် ရဟန်းတို့နေသောအကြောင်းကို သိတော်မူလျှင် “ဤအကြောင်းကိုမှီ၍ အတ္ထုပ္ပတ်ကိုဟောရသဖြင့် ဤမျှလောက်သောသတ္တဝါတို့သည် အကျွတ်တရားကို ရလတ္တံ့သည်”ဟု မြင်တော်မူသည်နှင့်လျော်စွာ ရဟန်းပရိသတ်ရှိရာ တရားသဘင်သို့ကြွတော်မူ၍ ခင်းအပ်သော ဘုရားနေရာ၌ နေတော်မူပြီးသော် “သံသရာဘေးကို ရှုလေ့ရှိသော ငါ၏ တပည့်သားတော်အပေါင်းတို့၊ ယခု ငါမရောက်မီတွင် သင်တို့ အဘယ်စကားကို ပြော၍နေကြသနည်း”ဟု မေးတော်မူ၏။ ရဟန်းတို့သည်လည်း “ဘုန်းတော်ကြီးလှသော အရှင်ဘုရား။ ယခု ကိုယ်တော်၏ နိက္ခမပါရမီတော်ကို အံ့သြချီးမွမ်း၍ နေကြပါသည်”ဟု လျှောက်ကြကုန်၏။

မြတ်စွာဘုရားသည်-

“ငါ၏ တပည့်သားတော်အပေါင်းတို့။ အဆက်ဆက်သော ပါရမီ အထွတ်အထိပ်ဖြစ်၍ သဗ္ဗညုတဉာဏ် လက်သို့ ရောက်လုနီးသော ယခုဘဝ၌ ငါဘုရား၏ မဟာဘိနိက္ခမဂုဏ်ကို မအံ့ဩလောက်သေး၊ ရှေးပါရမီနုစဉ်ကပင် ယခုကဲ့သို့သော မင်းစည်းစိမ်၌ ရာဟုလာမိခင်ကဲ့သို့ အလွန်မြတ်သောမင်းသမီးနှင့် ထီးနန်းစံလျက်လည်း ယခုမြင်သော နိမိတ် ၄-ပါးကဲ့သို့ သံဝေဂမထင်ရှားလောက်သေးသော နိမိတ်ကိုမြင်သဖြင့် မင်းစည်းစိမ်၌ငြီးငွေ့၍ နန်းတော်၌ တစ်စုံတစ်ယောက်ကိုမျှ မသိရစေဘဲ ရဟန်းအသွင်ကိုယူလျက် ယခုကဲ့သို့မျှ အဖော်မပါ တစ်ယောက်တည်းသာလျှင် ဟိမဝန္တာသို့ ရှေးရှုသွားစဉ် ယခုကဲ့သို့မျှ လွတ်လွတ်မသွားရ။ စည်းစိမ်ဖက် မင်းသမီးကြားသိသဖြင့် ငါ့နောက်သို့အစဉ်တစိုက် ဟိမဝန္တာတောဝနာတိုင်အောင်လိုက်လျက် နန်းသို့ပြန်မည့်အကြောင်းကို အသွယ်သွယ်အဖြာဖြာ များစွာသောပရိယာယ်ဖြင့် ခုံခုံမင်မင် ဖက်လဲတကင်း ဖြားယောင်းတောင်းပန်လျက်လည်း ထိုအလုံးစုံသောကာမဂုဏ်ချမ်းသာကို ခံတွင်းနှင့်ကင်းလေပြီးသော တံတွေးကဲ့သို့ ငဲ့ကွက်ခြင်းမရှိ။ သဗ္ဗညုတဉာဏ်တည်းဟူသော စည်းစိမ်တော်ကိုသာ တောင့်တခြင်းဖြင့် တောထွက်တော်မူဖူးလေပြီ”ဟု အရှည်ဆက်လို၍ အမြွက်မိန့်တော်မူပြီးလျှင် အရဟတ္တဖိုလ်စည်းစိမ်ခံစား၍ နေတော်မူလေ၏။

ထိုအခါ ရဟန်းတို့သည် “ဘုန်းတော်ကြီးလှသော တရားမင်းဘုရား။ ရှေး၌ တောထွက်တော်မူဖူးကြောင်းကို အကျယ်ဟောတော်မူပါမှ တပည့်သားတော်အပေါင်းတို့ သိမှတ်ရပါမည်”ဟု လျှောက်တောင်းပန်ကြလတ်သော်၊ မြတ်စွာဘုရားသည် တောင်းပန်ခြင်းနှင့်လျော်စွာ မဟာဇနကမင်းကြီးဖြစ်၍ မိဖုရားကြီးနှင့်စိုးစံခဲ့ပြီးမှ တောထွက်တော်မူကြောင်းတွင်ရွေ့သာ ဟောတော်မမူဘဲ မဟာသမုဒ္ဒရာ၌နစ်မွန်းလျက် ယောက်ျားတို့၏လုံ့လကို မလျှော့ခြင်းကြောင့် အကျိုးထူးကို ရဖူးကြောင်းနှင့်တကွ အရင်းအမြစ်ကစ၍ဟောရလျှင် အလွန်အံ့ဩဖွယ်ရှိသဖြင့် ကျွတ်ထိုက်သောဝေနေယျတို့လည်း ထိုကိုမှီ၍ အကျွတ်တရားရခြင်း, ပရိသတ်အပေါင်းတို့ မှတ်နာရသဖြင့်လည်း အလွန်ကျေးဇူးများခြင်း အကျိုးရှိသည်ဟု သိမြင်တော်မူသည်ဖြစ်၍ ဝေနေယျတို့၏အလိုအားလျော်စွာ အမြစ်အရင်းမကြွင်းစေ့စုံစွာ “ကောယံ မဇ္ဈေ သမုဒ္ဒသ္မိံ” အစရှိသောဂါထာတို့ဖြင့် တန်ဆာဆင်အပ်သော ဤမဟာဇနကဇာတ်တော်ကို ဟောတော်မူ၏။

(ဤစကား၌ “မဟာဘိနိက္ခမနံ ဝဏ္ဏယန္တာ နိသိဒိံသု”ဟု တရားသဘင်၌ တောထွက်တော်မူခြင်းကို ရဟန်းတို့ချီးမွမ်း၍ နေကြကုန်သည်ဟူ၍သာ သာမညဆိုသည်။ မည်သို့ချီးမွမ်းသည်ဟူ၍ မဆိုဘဲလျက် ထိုသို့ချီးမွမ်းကြောင်းကို ဆိုလိုက်သည်ကား “ဝန်းသောအရွက်ကို မြင်သဖြင့် ထိုအရွက်၏အစေ့သည်လည်း ဝန်းရာ၏”ဟု ဆနိုင်ရာသကဲ့သို့၊ မြတ်စွာဘုရားတို့မည်သည်လည်း အကြောင်းနှင့်လျော်စွာသော အကျိုးကိုဟောတော်မူသောကြောင့် အကျိုးဒေသနာတော်ဖြစ်သော “မဟာဇနက”ဝတ္ထုကိုထောက်သဖြင့် ထိုဒေသနာတော်၏ဟောကြောင်း နိဒါန်း ဖြစ်သော ရဟန်းတို့၏အချီးအမွမ်းစကားကိုလည်း ဝတ္ထုနှင့်လျော်စွာ “ဤသို့ ချီးမွမ်းသည်ဖြစ်ရာ၏”ဟု ဆီလျော်သင့်မြတ် လျောက်ပတ်တင့်တယ်အောင် စကားကိုတန်ဆာဆင်လိုက်သည်။

မြတ်စွာဘုရားသည် ရဟန်းတို့ချီးမွမ်းကြသည်ကို သိတော်မူလျက် မကြားမသိယောင်ကဲ့သို့ မေးတော်မူလေသည်ကား-

“ဇာနန္တာပိ တထာဂတာ ပုစ္ဆန္တိ၊ ဇာနန္တာပိ န ပုစ္ဆန္တိ”ဟူသော ပါဌ်နှင့်အညီ သိလျက်ပင်မေးတော်မူခြင်း၊ သိလျက်ပင် မသိယောင်ကဲ့သို့ မမေးနေတော်မူခြင်းသည် ဘုရားတို့ဓမ္မတာဖြစ်၍ သိလျက်ပင် မေးတော်မူသတည်း။ အဘယ်ကိုဆင်ခြင်တော်မူ၍ သိလျက်ပင် မေးတော်မူခြင်း၊ မမေးနေတော်မူခြင်းကို ပြုလေသနည်းဟူမူကား--

“ကာလံ ဝိဒိတွာ ပုစ္ဆန္တိ၊ ကာလံ ဝိဒိတွာ န ပုစ္ဆန္တိ”ဟူသော ပါဌ်နှင့်အညီ သိတော်မူသော်လည်း မေး၍ အကျိုးစီးပွားများမည့်အခါ, မေး၍ အကျိုးစီးပွားမရှိမည့်အခါကို မြော်တော်မူသဖြင့် အကျိုးစီးပွားများသည့်အခါဖြစ်လျှင် မေးတော်မူ၏။ အကျိုးစီးပွား မရှိမည့်အခါဖြစ်လျှင် မေးတော်မမူ။

မြတ်စွာဘုရားတို့ မေးတော်မူခြင်းအကြောင်းကား-

“တထာဂတာ ဒွီဟိ ကာရဏေဟိ ဗုဒ္ဓါ ဘဂဝန္တော ဘိက္ခူ ပဋိပုစ္ဆန္တိ ဓမ္မံ ဝါ ဒေသေဿာမ သာဝကနံ ဝါ သိက္ခာပဒံ ပညပေဿာမာတိ”ဟူသော ပါဠိတော်နှင့်အညီ ဇာတ်ဝတ္ထုစသော အတ္ထုပ္ပတ္တိကို ဟောတော်မူလိုသောကြောင့်လည်းကောင်း၊ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူလိုသောကြောင့်လည်းကောင်း ဤအကြောင်း ၂-ပါးတို့တွင် တစ်ခုခုသောအကြောင်းပေါ်ရှိ၍ မေးအပ်သောအခါကြိမ်လျှင် အခါကိုသိသည်နှင့်လျော်စွာ မေးတော်မူ၏။ အကြောင်းပင်ရှိသော်လည်း အခါမဟုတ်လျှင် မေးတော်မမူ။ ဤဇာတ်တော်ကို ဟောတော်မူသောအခါ၌ကား မေးအပ်သောအကြောင်း.. မေးအပ်သောကာလ ကြိမ်သည်ဖြစ်၍ သိတော်မူလျက်ပင် မေးတော်မူလေသတည်း။

ထိုတရားသဘင်၌ “ဘုရားကြွတော်မူလာမှ နေရာခင်းရလေသလော”ဟူမူကား- ဘုရားကြွတော်မူလာမှ ခင်းသည်မဟုတ်။ မည်သည့်အရပ်မှာမဆို ရဟန်းတို့သည် အစည်းအဝေးပြုသည်ဖြစ်စေ, တစ်ယောက်တည်းပင် နေသည်ဖြစ်စေ အကြောင်းပေါ်ရှိ၍ လျောက်ပတ်သောအခါဖြစ်လျှင် ထိုရဟန်းတို့ရှိရာသို့ ရှောင်တခင် ကြွလာတော်မူတတ်သောကြောင့် နေရာတော်ခင်း၍ အစဉ်ပင်ထားကြရသည်ဟု မှတ်အပ်၏။ ဤကား စကားချပ်တည်း။)