မဟာဇနကဇာတ်တော်ကြီး
by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁။ ညီနောင် ၂-ပါး စစ်တိုက်ခန်း
2539မဟာဇနကဇာတ်တော်ကြီး — ၁။ ညီနောင် ၂-ပါး စစ်တိုက်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

လွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်၌ မဟာဇနကအမည်ရှိသောမင်းသည် မင်းပြု၏။ ထိုမင်း၌ အရိဋ္ဌဇနကမင်းသား, ပေါလဇနကမင်းသားဟူ၍ သားတော် ၂-ပါးတို့တွင် သားတော်အကြီးဖြစ်သော အရိဋ္ဌဇနကမင်းသားအား အိမ်ရှေ့အရာကိုပေး၏။ သားတော်အငယ်ဖြစ်သော ပေါလဇနကမင်းသားအား စစ်ဘုရင် သေနာပတိအရာကိုပေး၏။

မဟာဇနကမင်းကြီးသည် ကာလရှည်လျားစွာမင်းပြု၍ ဘုန်းကံအာနုဘော်ကုန်သောအခါ ဘဝတစ်ပါးပြောင်းလဲလေ၏။ အိမ်ရှေ့မင်းဖြစ်သော အရိဋ္ဌဇနကမင်းသားသည် ခမည်းတော်အား ဖုတ်ကြည်းသင်္ဂြိုဟ်ခြင်းကိုပြုပြီးသော် မြို့ကို ဆေးသန့်သုတ်သင် တန်ဆာဆင်၍ အဘအရိပ်အရာဖြစ်သောထီးနန်းကို သိမ်းမြန်းလေ၏။ အရိဋ္ဌဇနကမင်းသား မင်းဖြစ်သောအခါ ညီတော် ပေါလဇနကမင်းသားအား အိမ်ရှေ့အရာကို ပေးလေ၏။ ထိုအခါ အိမ်ရှေ့မင်း၏ အတွင်းကျွန်ယုံဖြစ်သော အမတ်တစ်ယောက်သည် တစ်စုံတစ်ခုသောအခွင့်၌ ကိုယ့်အလိုအတိုင်းမပြည့်လျှင် မိမိအရှင်ဖြစ်သော အိမ်ရှေ့မင်းကို စိတ်တွင်အငြိုးထား၍ အရိဋ္ဌဇနကမင်းကြီးထံသို့ဝင်ပြီးသော်-

“အရှင်မင်းကြီး။ အရှင်မင်းကြီးညီတော် အိမ်ရှေ့မင်းသည် ကိုယ်တော်၏အသက်အန္တရာယ်, စည်းစိမ်တော်၏အန္တရာယ်ကို ပြုမည်ကြံဆောင်ခဲ့သည်။ မပြတ် သတိထားတော်မူပါ။ အကျွန်ုပ်မူကား ကိုယ်မှီခိုသည့်အရှင်ဖြစ်၍ အိမ်ရှေ့မင်း၏ အတိုင်းထက်အလွန် တင့်တယ်ခြင်းကို အလိုရှိငြားသော်လည်း အရှင်မင်းကြီး၏ ရာဇဝတ်တော်ကိုစောင့်ထိန်းလျက် နေရသူဖြစ်သည်နှင့်အညီ ကျေးဇူးသစ္စာတော်ရှိတိုင်း အရှင့်ရန်သူစစ်စစ်မှန်လျှင် အမှုကို မထိန်ဝှက်သာ၊ အလိုပါအလိုတူ မပြုသင့်ဖြစ်၍သာ လျှောက်ထားရခြင်းဖြစ်ပါသည်”ဟု ကုန်းတိုက်ချောစားလေ၏။

အမတ်စကားကိုကြားလျှင် အရိဋ္ဌဇနကမင်းကြီးသည် မည်သို့မျှမဆို။ “ငါ့ညီ ငါ့ကို မကောင်းကြံမည့်သူမဟုက်”ဟု နှလုံးမူကာသာ နေလေ၏။ ထိုအမတ်လည်း အခွင့်မသာ၍နေပြန်ပြီးလျှင် တစ်ဖန် အခွင့်သာသောကာလ၌ ရှေးနည်းအတူ လျှောက်ပြန်လေ၏။ မင်းကြီးလည်း မည်သို့မျှမဆို၊ နှလုံးမူကာသာ နေလိုက်၏။

ဤသို့သောနည်းဖြင့် ထိုအမတ်သည် အကြောင်းသင့်တိုင်း ထိုစကားကို လျှောက်ဖန်များလတ်သော် အရိဋ္ဌဇနကမင်းကြီးသည် “ဤအမတ်ကား ဤစကားကို တစ်ကြိမ်သာမဟုတ်။ ကြိမ်ဖန်များစွာ ငါ့အား လျှောက်ထား၏။ အမတ်လျှောက်တိုင်းပင် ငါ့ညီသည် ငါ့ကို မကောင်းကြံသည် ဖြစ်ရာ၏”ဟု အယူရှိသဖြင့် ညီတော်အား ချစ်ခြင်းကိုဖြတ်၍ “ဤပေါလဇနကမင်းသားသည် မိမိကျေးဇူး ငါ့တွင် တစ်စုံတစ်ခုမျှမရှိဘဲလျက် ညီ၏ချစ်ခြင်းဖြင့် ငါချစ်၍ သူကောင်းပြုတော်မူသည်ကို ငါ့ကျေးဇူးကိုမျှမသိ၊ ပြုရမည်လော”ဟု ရာဇမာန်ဖြင့် အမျက်ဝင်လေသော်-

“ကောဓော အတ္ထံ န ဇာနာတိ"ဟူသည်နှင့်အညီ မင်းတို့ ဆင်ခြင်စူးစမ်းရာသည့် အကြောင်းရှိပါလျက် ဆင်ခြင်စူးစမ်းတတ်သော နိသမ္မဉာဏ်ကို ထန်စွာသောဒေါသမီး ဆီးကာသဖြင့် ဆင်ခြင်စူးစမ်း မေးမြန်းစစ်ဆေးခြင်းကိုမပြုဘဲ တစ်ဘက်စကားနှင့်သာ “ယခုပင် ပေါလဇနကမင်းကို ဖမ်း။ အိမ်ရှေ့မင်းစည်းစိမ်မှရှုတ်ချ၍ သံခြေကျဉ်းအနှောင်အဖွဲ့ အစောင့်အရှောက်လုံခြုံစွာ အိမ်တစ်ခုခုမှာ ထား”ဟု မြို့ဝန်မြို့ကွပ်တို့ဆီသို့ မင်းမိန့်ထုတ်ပြန်လိုက်၏။

မြို့ဝန်မြို့ကွပ်တို့လည်း မင်းမိန့်ရှိတိုင်း အိမ်ရှေ့မင်းကိုဖမ်းယူ၍ နန်းတော်မှမနီးမဝေးဖြစ်သော အိမ်ဆိုးတစ်ခု၌ သံခြေကျဉ်းအနှောင်အဖွဲ့နှင့် အစောင့်အရှောက် လုံခြုံစွာထားလေ၏။

အိမ်ရှေ့မင်းသည် အနှောင်အဖွဲ့နှင့်နေရလေသော် “ငါကား ခမည်းတော်မရှိသည့်နောက် နောင်တော် ထီးနန်းကိုသိမ်းမြန်း၍ ငါ့ကို အိမ်ရှေ့အရာ၌ထားသည်မှ ယခုတိုင် နောင်တော်ကို ရန်သူနှလုံးထားသဖြင့် ပြစ်မှားမိသောအရာမည်သည် ဆံလွှာခန့်မျှ ငါ၌ မရှိ။ ထိုသို့လျက် ယခု ငါ့ကို အကျဉ်းအမြောင်းထားသည်မှာ ငါ့အား အခြားကိုးကွယ်ရာ မရှိပြီ။ သစ္စာသာလျှင် ကိုးကွယ်ရာဖြစ်တော့သည်”ဟု ကြံမိလျှင်-

“ငါသည် နောင်တော်၏ ရန်သူစစ်စစ်မှန်လျှင် ဤ အိမ်တံခါး, အနှောင်အဖွဲ့ သံခြေကျဉ်းတို့သည်လည်း မပွင့်မလွတ်စေကုန်သတည်း။ နောင်တော်၏ ရန်သူစစ်စစ်မဟုတ်လျှင် ဤအိမ်တံခါး, အနှောင်အဖွဲ့ သံခြေကျဉ်းတို့သည် ယခုခဏချင်း ပွင့်စေ, လွတ်စေကုန်သတည်း”ဟု သစ္စာပြု၏။

ထိုအခါ ထက်လှစွာသော သန်လျက်ဖြင့်ဖြတ်၍မျှ တစ်ခဏချင်းပြတ်ခြင်းငှာ မစွမ်းနိုင်ကောင်းသော သံခြေကျဉ်းတို့သည်လည်း သစ္စာ၏အာနုဘော်ဖြင့် ခဏချင်း အပိုင်းပိုင်းပြတ်လေကုန်၏။ အိမ်တံခါးသည်လည်း ပွင့်လေ၏။ ထိုအခါ ပေါလဇနကမင်းသားသည် အနှောင်အဖွဲ့ မှလွတ်သော ဆင်ပြောင်မုန်ယစ်ကဲ့သို့ မင်းဖြစ်ထိုက်သောဘုန်းလက္ခဏာ ရှိသည်တစ်ကြောင်း, တော်ဖြောင့်သောနှလုံး ရှိသည်တစ်ကြောင်းဖြစ်၍ အစောင့်အရှောက်ပြုသူမှစ၍ တစ်စုံတစ်ယောက်မျှမဖမ်းဆီးဝံ့ဘဲ မြို့မှထွက်သွားသဖြင့် တစ်ခုသော ရပ်စွန်ရွာငယ်၌ နေလေ၏။ ပစ္စန္တရစ်ရွာသူရွာသားတို့လည်း အိမ်ရှေ့မင်းမှန်းကိုသိလျှင် ခစားကျိုးနွံကြလေကုန်၏။

အရိဋ္ဌဇနကမင်းလည်း အိမ်ရှေ့မင်းကို ဖမ်းယူခြင်းငှာ မတတ်နိုင်ဖြစ်လေ၏။

ပေါလဇနကမင်းသားသည်လည်း အစဉ်သဖြင့် ပစ္စန္တရစ်ရွာငယ်များကိုသိမ်းရုံး၍ လက်နက်ပြုပြီးသော် “ငါသည် အထက်ကမူကား နောင်တော်၏ရန်သူ မဟုတ်။ ယခုမူကား ရန်သူလုပ်ရတော့မည်”ဟုကြံလျက် များစွာသောအလုံးအရင်းနှင့် မိထိလာပြည်သို့ချီလာလတ်၍ မြို့ပြင်မနီးမဝေး၌ သစ်တပ်တည်ကာ နေလေ၏။ ပေါလဇနကမင်းထံ ခစားထမ်းရွက်ဖူးသူ အမှုထမ်း, အမတ်, သူရဲတို့သည်လည်းကောင်း၊ ထိုမှတစ်ပါး ပေါလဇနကမင်းကို မြတ်နိုးကုန်သော အမတ်, သူရဲတို့သည်လည်းကောင်း အိမ်ရှေ့မင်းချီလာကြောင်းကို ကြားလျှင်ပင် မိမိတို့၌ရှိသော ဆင်, မြင်း စသည့်လက်နက်နှင့်တကွ မြို့မှထွက်လာလတ်၍ ပေါလဇနကမင်းထံ ဝင်စားလာကြကုန်၏။ ထိုမှူးမတ်, သူရဲတို့ကိုအမှီပြု၍ အချို့သောပြည်သူပြည်သားတို့သည်လည်း ဝင်စားလာကြကုန်၏။ ပေါလဇနကမင်းသားသည် များစွာသော အလုံးအရင်းရှိပြီးသော် ထိုသစ်တပ်၌နေလျက် နောင်တော် အရိဋ္ဌဇနကမင်းကြီးထံ ဤသို့ စာနှင့်လွှတ်လိုက်၏။

“နောင်တော်အရိဋ္ဌမင်း။

အကျွန်ုပ်သည် နောင်တော်ထံ အိမ်ရှေ့စည်းစိမ်နှင့်နေသည့်ကာလ နောင်တော်အား ၃-ပါးသောကံဖြင့် ရန်သူနှလုံးထား ပြစ်မှားမိသောအရာ မရှိစဘူး။ ယခုမူကား အကျွန်ုပ်သည် ရန်သူမလုပ်လိုဘဲလျက် နောင်တော်ကလုပ်စေလိုသောကြောင့် ရန်သူပင် လုပ်ရတော့မည်။ ရွှေထီးရွှေနန်းကိုသော်လည်း ပေးအပ်မည်လော၊ စစ်ပွဲသော်လည်း ပြိုင်ဆိုင်မည်လော။ အချက်ကျကျသိရအောင် အမိန့်ရှိတော်မူလိုက်။ အကြာအရှည်နေ၍ ကျွန်တော်မျိုးများသာ ပင်ပန်းကြတော့မည်”ဟု စာနှင့် ရဲရင့်သောသူတို့ကို စေလိုက်၏။

ထိုစကားကို အရိဋ္ဌဇနကမင်းကြားလျှင် “ငါသို့သော မင်းကိုစင်လျက် ဤစကားကို ဆိုရမည်လော”ဟု မင်းမာန်ပေါက်၍-

“ပေါလဇနက။

ထီးနန်းနှင့် သင် ထိုက်တန်သလော။ ယခုပင် ငါ များစွာအလုံးအရင်းနှင့်ထွက်၍ သင့်ဦးခေါင်းကို ယူတော်မူမည်”ဟု ပြန်ဆိုလိုက်၏။

ထိုအခါကား ထို အရိဋ္ဌဇနကမင်း၏မိဖုရားကြီးဝမ်းတွင် ဘုရားလောင်း ပဋိသန္ဓေယူ၍ ကိုယ်ဝန်အရင့်အမာ ရှိသတည်း။

အရိဋ္ဌဇနကမင်းသည် ထိုစကားကို ဆိုလိုက်ပြီးလျှင် မိဖုရားကြီးခေါ်၍-

“အဘယ်။ စစ်ထိုးခြင်းမည်သည်ကား ရှုံးအံ့သည် နိုင်အံ့သည် မသိနိုင်ဖြစ်ချေသည်။ ယခု ငါစစ်ထိုး ထွက်ချီတော်မူရမည်ဖြစ်သောကြောင့် အခွင့်ကိုနားထောင်၍ ကိုယ်ဝန်ကို ကောင်းစွာ သင်စောင့်ရှောက်လေ”ဟု မှာထားပြီးသော် စစ်အခင်းအကျင်းအလုံးစုံကို ခန့်ထားစုရုံးစေ၍ လက်နက်စွဲ, သူရဲ, သူခက်, စစ်မှူး, စစ်ကြပ်, ဆင်, မြင်း, ရထားစသော များစွာသောအလုံးအရင်းနှင့်တကွ ထွက်ချီလေ၏။

ပေါလဇနကမင်းလည်း များစွာသောအလုံးအရင်းနှင့် အခိုင်အခံ့ခံ၍ ကျင်းပနှင့်လေ၏။

ထို မင်းညီနောင်တို့ စစ်မျက်နှာပြိုင်၍ထိုးကြလေသော် ပေါလဇနကမင်း၏ စစ်သည်များလက်နက်ဖြင့် အရိဋ္ဌဇနကမင်း အသက်ကုန်လေ၏။ ထိုအခါ အရိဋ္ဌဇနကမင်းကြီးဆုံးလေလျှင် စစ်မှူး, စစ်ကြပ်နှင့်တကွ လက်နက်စွဲ သူရဲအပေါင်းတို့ကို ပေါလဇနကမင်း သိမ်းယူလေ၏။ မိထိလာပြည်အလုံးလည်း “မင်းကြီး ဆုံးခဲ့ပြီ”ဟု အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏။