2549မဟာဇနကဇာတ်တော်ကြီး — ၁၁။ ဥဒါန်းကျူးတော်မူခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဤသို့ ပြည်စည်းစိမ်ကို ခံစားတော်မူရပြီးသော် ဘုရားလောင်း မဟာဇနကမင်းကြီးသည် ထီးဖြူဖြင့်ဖြန့်မိုးအပ်သော ဥကင်ရာဇပလ္လင်၌ များစွာသော မှူးမတ်, ပုရောဟိတ်, ပရိသတ်အပေါင်းခြံရံလျက် မင်း၏ကျက်သရေဖြင့် တင့်တယ်စံပယ်တော်မူသောအခါ အံ့ဩ၍မပြီးနိုင်သော စည်းစိမ်တော်ကိုရှကြည့်လျက် မဟာသမုဒ္ဒရာ၌ ဆင်းရဲတော်မူဖူးသည်ကို အောက်မေ့တော်မူ၏။

“ငါသည် မဟာသမုဒ္ဒရာ၌ နစ်မွန်းသောအခါ ၇၀၀-သော သင်္ဘောသားတို့ကဲ့သို့သာ လုံ့လမပြု နေချေအံ့။ ငါ့အမိကိုလည်း မတွေ့ရ၊ ဤသို့သော စည်းစိမ်ကိုလည်းမရဘဲ၊ ငါး, လိပ်, မကန်းတို့၏အစာသာ ဖြစ်လေရာ၏။ လုံ့လအာနုဘော်ကြောင့် ငါတောင့်တတိုင်း ဤသို့သောစည်းစိမ်ကိုလည်း ရ၏။ အမိကိုလည်း ဖူးမြင်ရ၏။ ထို့ကြောင့် “လုံ့လ”ဟူသည်ကို အလွန်ပြုအပ်လှ၏တကား”ဟု အဖန်တလဲလဲ အောက်မေ့တော်မူသော ဘုရားလောင်းအား ထိုလုံ့လလျှင်အာရုံရှိသော မဟာကုသိုလ် သောမနဿသဟဂုတ် ဇောစိတ္တုပ္ပါဒ်သည် ဘဝင်ကိုဖြတ်၍ အထပ်ထပ်ဖြစ်သဖြင့် နှစ်သက်ခြင်းဟု ဆိုအပ်သော ခဏိကာပီတိ, ခုဒ္ဒကာပီတိသည် ညံ့အိသောဝါဂွမ်းမှာ ဆီသွန်းသကဲ့သို့ မွမ်းမွမ်းစိမ့်မျှ နှစ်သိမ့်သောကိုယ်,စိတ်တော် ရှိသည်ဖြစ်၍ ထိုပီတိအဟုန်ဖြင့် နှလုံးတော်မဆံ့နိုင်ခြင်းကြောင့် ချိုပျံ့နှစ်သက် မိန့်မြွက်တော်မူလို၍-

“အာသီသေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။

ပဿာမိ ဝေါဟံ အတ္တာနံ၊ ယထာ ဣစ္ဆိံ တထာ အဟု။”

“အာသီသေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။

ပဿာမိ ဝေါဟံ အတ္တာနံ၊ ဥဒကာ ထလမုဗ္ဘတံ။”

“ဝါယမေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။

ပဿာမိ ဝေါဟံ အတ္တာနံ၊ ယထာ ဣစ္ဆိံ တထာ အဟု။”

“ဝါယမေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော။

ပဿာမိ ဝေါဟံ အတ္တာနံ၊ ဥဒကာ ထလမုဗ္ဘတံ။”

“ဒုက္ခူပနီတောပိ နရော သပညော၊ အာသံ န ဆိန္ဒေယျ သုခါဂမာယ။

ဗဟူ ဟိ ဖဿာ အဟိတာဟိတာ စ၊ အဝိတက္ကိတာ မစ္စုမုပဗ္ဗဇန္တိ။”

“အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ။

န ဟိ စိန္တာမယာ ဘောဂါ၊ ဣတ္ထိယာ ပုရိသဿ ဝါ။”

ဟူသော ၆-ဂါထာတို့ဖြင့် ဥဒါန်းကျူးရင့်တော်မူ၏။

“ဘောန္တော၊ အမတ်တို့။ ပဏ္ဍိတော၊ ပစ္စုပ္ပန် သံသရာ အကျိုး ၂-ပါးကို မြင်တတ်ထသော။ ပုရိသော၊ ယောက်ျားသည်။ အာသီသေထ ဧဝ၊ မြတ်သောတောင့်တခြင်းကို ပြုရာသလျှင်ကတည်း။ န နိဗ္ဗိန္ဒေယျ၊ မပျင်းရိရာ။ အဟံ၊ ငါသည်။ အတ္တာနံ၊ ကိုယ်ကို။ ပဿာမိ၊ ရှု၏။ အဟံ၊ ငါသည်။ ယထာဣစ္ဆိံ၊ အကြင်မင်းအဖြစ်ကို အလိုရှိ၏။ တထာ၊ ထိုအလိုရှိတိုင်း။ အဟု၊ ဖြစ်ပြီ။

“ဘောန္တော၊ အမတ်တို့။ ပဏ္ဍိတော၊ သော။ ပုရိသော၊ သည်။ အာသီသေထ ဧဝ၊ တည်း။ န နိဗ္ဗိန္ဒေယျ၊ ရာ။ ဥဒကာ၊ ရေမှ။ ထလံ၊ ကြည်းသို့။ ဥဗ္ဗတံ၊ ကူးမြောက်ပြီးသော။ အတ္တာနံ၊ ကိုယ်ကို။ အဟံ၊ ငါသည်။ ပဿာမိ၊ မြင်ရ၏။

“ဘောန္တော၊ တို့။ ပဏ္ဍိတော၊ သော။ ပုရိသော၊ သည်။ ဝါယမေထ ဧဝ၊ လုံ့လပြုအပ်လှသည်သာတည်း။ န နိဗ္ဗိန္ဒေယျ၊ ရာ။ အဟံ၊ ငါသည်။ အတ္တာနံ၊ ကိုယ်ကို။ ပဿာမိ၊ ရှု၏။ အဟံ၊ သည်။ ယထာဣစ္ဆိံ၊ အကြင်ဝတ္ထုကို အလိုရှိ၏။ တထာ၊ ထိုအလိုရှိတိုင်း။ အဟု၊ ဖြစ်ပြီ။

“ဘောန္တော၊ တို့။ ပဏ္ဍိတော၊ သော။ ပုရိသော၊ သည်။ ဝါယမေထ ဧဝ၊ တည်း။ န နိဗ္ဗိန္ဒေယျ၊ ရာ။ ဥဒကာ၊ မှ။ ထလံ၊ သို့။ ဥဗ္ဗတံ၊ ကူးမြောက်ပြီးသော။ အတ္တာနံ၊ ကိုယ်ကို။ အဟံ၊ သည်။ ပဿာမိ၊ ၏။

“ဘောန္တာ၊ တို့။ သပညာ၊ ပညာရှိသော။ နရော၊ လူသည်။ ဒုက္ခူပနီတောပိ၊ ဆင်းရဲသို့ရောက်သော်လည်း။ သုခါဂမာယ၊ ချမ်းသာသို့ရောက်စိမ့်သောငှာ။ အာသံ၊ မြတ်သောတောင့်တခြင်းကို။ န ဆိန္ဒေယျ၊ မဖြတ်ရာ။ အဟိတာဟိတာ စ ဖဿာ၊ ဆင်းရဲတွေ့ခြင်း, ချမ်းသာတွေ့ခြင်းတို့သည်။ ဗဟူဟိ-ဗဟူဧဝ၊ များကုန်သလျှင်ကတည်း။ ဣတိ၊ ဤသို့။ အဝိတက္ကိတာ၊ ကြံစည်လေ့မရှိကုန်သော သူတို့သည်။ မစ္စုံ၊ ဆုံးရှုံးပျက်စီးခြင်းသို့။ ဥပဗ္ဗဇန္တိ၊ ရောက်ကုန်၏။

“ဘောန္တော၊ အမတ်တို့။ အစိန္တိတမ္ပိ၊ မကြံဘဲလည်း။ ဘဝတိ၊ ဖြစ်တတ်၏။ စိန္တိတမ္ပိ၊ ကြံလျက်လည်း။ ဝိနဿတိ၊ ပျက်စီးတတ်၏။ ဟိ ယုတ္တံ၊ ထိုစကား သင့်၏။ ဣတ္ထိယာ ဝါ၊ မိန်းမအားလည်းကောင်း။ ပုရိသဿ ဝါ၊ ယောက်ျားအားလည်းကောင်း။ ဘောဂါ၊ စည်းစိမ်တို့သည်။ စိန္တာမယာ၊ ကြံတိုင်း ပြီးကုန်သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။” (ဤကားအနက်။)

အဓိပ္ပာယ်ကား-

“အမတ်တို့။ ပစ္စုပ္ပန်, သံသရာ အကျိုးစီးပွား ၂-ပါးကို မြော်မြင်သောယောက်ျားတို့သည် ပျင်းရိခြင်းကို မဖြစ်စေဘဲ မိမိတို့တောင့်တအပ်သောအကျိုးကို ပြီးမြောက်စေခြင်းငှာ မြတ်သောလုံ့လကို အားထုတ်အပ်လှ၏။ လုံ့လသည်လျှင် အလိုရှိတိုင်း အကျိုးကို ပြီးစေနိုင်၏။

တစ်ပါးထုံးသက်သေကို မထောက်ဦးမူ၍ ကမ်းတစ်ဘက်ကို မမြင်သော မဟာသမုဒ္ဒရာ၌ နစ်မွန်းသည်ဖြစ်လျက် လိုအပ်သောအကျိုး ပြီးမြောက်စေခြင်းငှာ လုံ့လအားထုတ်သည်ဖြစ်၍ ထိုလုံ့လအစွမ်းကြောင့် မဟာ သမုဒ္ဒရာမှ ဤပြည်သို့ကူးမြောက်သဖြင့် တောင့်တတိုင်းပြီးလေသော ငါ့ကိုယ်ကိုပင် သက်သေထား၍ ငါဆိုသတည်း။

“အချင်းတို့၊ အကြင်သူသည် ပစ္စုပ္ပန် သံသရာ ၂-ဖြာသော အကျိုးစီးပွားကို မြော်မြင်နိုင်သော ပညာရှိ မှန်ပါအံ့။ ထိုသူသည် ကိုယ်ကိုမှီ၍ဖြစ်သော ဆင်းရဲ့ စိတ်ကိုမှီ၍ဖြစ်သော ဆင်းရဲတို့နှင့် တွေ့ကြိမ်လတ်သော်လည်း ငါ့အား ဆင်းရဲခြင်းပင် ရှိမည်မဟုတ်။ ကောင်းစွာအားထုတ်လျှင် ချမ်းသာခြင်းမည်သည် အနှေးနှင့်အမြန်သာ တောင့်တတိုင်း မပြီးမရှိရာဟု လုံ့လမလျှော့ဘဲ ဆင်းရဲကိုသည်းခံ၍ အားထုတ်ခြင်း၌ ယှဉ်လေရာ၏။ ထိုသို့သော ပညာရှိသည်လည်း ငါကဲ့သို့ပင် မိမိတောင့်တတိုင်း အကျိုးအပြီးသို့ ရောက်လေရာ၏။

“အကြင်သူသည် ပညာနည်းသဖြင့် ပျင်းရိခြင်းကိုသာ အလေးအမြတ်ပြုသည်ဖြစ်အံ့။ ထိုသူသည် မိမိ၌ တစ်စုံတစ်ခု ကိုယ်,စိတ်ဆင်းရဲတွေ့သောအခါ “ဤသို့သောဆင်းရဲကို ခံရသောငါ့အား ချမ်းသာကို အဘယ်မှာ ရနိုင်ပါတော့အံ့နည်း”ဟု ဆင်းရဲတစ်ခါ, ချမ်းသာတစ်လှည့် လောက၌ဖြစ်မြဲဓမ္မတာကို မယူစားမိဘဲ၊ ပျင်းရိခြင်းကို အစွဲပြု၍ လုံ့လကိုလျှော့လေ၏။ ထိုသို့သော ပျင်းရိခြင်းသဘောရှိသောသူသည် လုံ့လမပြုသဖြင့် မဟာသမုဒ္ဒရာ၌ ငါး,လိပ်တို့၏အစာဖြစ်လေသော သင်္ဘောသား ၇၀၀တို့ကဲ့သို့ တောင့်တအပ်သောအလိုလည်း မပြည့်ဘဲ ဆင်းရဲမှလည်း မလွတ်မကင်းနိုင်သည်သာ ဖြစ်လေရာ၏။

“အမတ်တို့။ ဤလောက၌ လူတို့၏ဆန္ဒသည် ကြံလျက်နှင့်လည်း ပျက်တတ်၏။ မကြံဘဲလည်း ဖြစ်တတ်၏။ ငါသည်လည်း ယခုကဲ့သို့ ဖုဿရထားဆိုက်၍ ပြည်စည်းစိမ်ကို အလွယ်တကူ သိမ်းယူစိုးမြန်းရမည်ဟု တစိုးတစိမျှ အကြံမရှိ။ “သုဝဏ္ဏဘူမိသို့သွား၍ ကုန်ပြုသဖြင့် ဥစ္စာပြန့်ပွား များမြင့်ကြီးကျယ်သောအခါ ဥစ္စာဖြင့် ဖြားယောင်း၍ တစ်ပြည်တစ်နိုင်ငံကို လက်နက်ပြုလျက် အလုံးအရင်းကြီးစွာနှင့်တိုက်ယူမှ ငါ့ခမည်းတော်ဥစ္စာဖြစ်သော ဤပြည်ကို သိမ်းမြန်းနိုင်အံ့သည်ဟူ၍သာ ငါ အကြံရှိသည်။ ထိုအကြံကားပျက်ခဲ့၍ မကြံဘဲနှင့် ပင်လယ်ထဲ၌နစ်ရာအရပ်မှ နတ်သမီးဆောင်ပို့သဖြင့် မြို့ဥယျာဉ်ကျောက်ဖျာ၌ ငါနုံးခွေမည်းညောင်း၍ လျောင်းစက်ရာတွင်းမှာ ဖုဿရထားဆိုက်လာလျှင် အကြိုက်သင့်လိုရင်းသို့ ခဏချင်းအလျင်အမြန် မကြံဘဲ ငါ ယခုရောက်၍ ပြီးမြောက်တော်မူသည်။ ငါသာလည်း မဟုတ်။ ဤလောက၌ အကြင်ယောက်ျားမိန်းမတို့သည် မင်းဖြစ်ခြင်းငှာ, မိဖုရားဖြစ်ခြင်းငှာ, သူဌေးသူကြွယ်ဖြစ်ခြင်းငှာ စသည်ဖြင့် မိမိတို့ဆန္ဒသွားရာ အသီးအသီး ကြံကြကုန်သည်ချည်းပင် ဖြစ်သည်။ ယင်းသို့ကြံကြသော်လည်း ကြံတိုင်းမမြောက်သည်သာ များရာ၏။ ထို့ကြောင့် လုံ့လဟူသည်ကို ကောင်းစွာ အားထုတ်အပ်လှ၏”ဟု အနုသာသန မိန့်ခွန်းနှင့်တကွ ဥဒါန်း ကျူးရင့်တော်မူ၏။


(ဤအရာ၌ ဘုရားလောင်းသည် မင်းဖြစ်ထိုက်သော ကုသိုလ်သမ္ဘာရနှင့် ပြည့်စုံတော်မူသည့် ကိုယ်တော်ဖြစ်၍၊ မချို့တဲ့သော ဣန္ဒြေဟုဆိုအပ်သော ဥပဓိသမ္ပတ္တိ, မင်းဖြစ်ခြင်းငှာ ကောင်းစွာအားထုတ်တော်မူခြင်းတည်းဟူသော ပယောဂသမ္ပတ္တိ, ဖုဿရထားဆိုက်ခြင်းငှာ ထိုက်ရာအရပ်နှင့် ပြည့်စုံခြင်းတည်းဟူသော ဒေသသမ္ပတ္တိ။ ထိုမိထိလာပြည်၌ မင်းမရှိ၍ မင်းကိုတောင့်တသောအခါနှင့် ကြိမ်ကြိုက်ခြင်းတည်းဟူသော ကာလသမ္ပတ္တိ။ ဤသို့ သမ္ပတ္တိ ၄-ပါးနှင့် ပြည့်စုံတော်မူသောကြောင့် တောင့်တသည်နှင့်လျော်စွာ မင်းအဖြစ်ကိုရလေသတည်း။ ထို့ကြောင့် အကြင်သူ၌ ကုသိုလ်ကံအားကြီးစွာပင် ရှိငြားသော်လည်း မချို့တဲ့သော ဥပဓိ, လျောက်ပတ်သော ဒေသ, လျောက်ပတ်သော ကာလ, ကောင်းမြတ်သော လုံ့လနှင့် မပြည့်စုံချေလျှင် ထိုကုသိုလ်ကံအစွမ်းရှိတိုင်း အားကြီးသောကောင်းကျိုးကို မပေး။ ကံအားနည်းသူပင်ဖြစ်သော်လည်း ဥပဓိ,ဒေသ,ကာလ,ပယောဂ၊ ဤ ၄-ပါးနှင့်ပြည့်စုံလျှင် ထိုအားနည်းသောကံအစွမ်းရှိတိုင်း ကောင်းကျိုးကို ပေးနိုင်ရာ၏ဟု မှတ်အပ်၏။ ဤကား စကားချပ်တည်း။)

ထိုသို့ မဟာဇနကမင်းကြီးသည် မင်းစည်းစိမ် အထွတ်အမြတ်ရောက်သည်မှ အနှစ် ၇၀၀၀-ပတ်လုံး ရာဇဓမ္မ ၁၀-ပါး, သင်္ဂဟ ၄-ပါး, နာယကဂုဏ် ၆-ပါးတို့ကို မပျက်စေရဘဲ တရားသဖြင့် သီဝလိဒေဝီ မိဖုရားကြီးနှင့်အတူတကွ မင်းပြုတော်မူ၏။ အရှင်ပစ္စေကဗုဒ္ဓါတို့အားလည်း အလုပ်အကျွေး ဒါယကာအဖြစ်ဖြင့်ဝန်ခံ၍ နန်းတော်၌ မပြတ်လျှင် ဆွမ်းကျွေးတော်မူ၏။ အလှူဇရပ် ၅-ဆောင်တို့၌လည်း တစ်နေ့မပြတ် မြတ်သောဥစ္စာနှစ်တို့ကို ထုတ်၍ အလှူပေးတော်မူ၏။

တစ်ရံရောအခါ သီဝလိဒေဝီ မိဖုရားကြီးသည် ကိုယ်ဝန်ဆောင်လတ်သဖြင့် ၁၀-လစေ့လျှင် ဘုန်းပညာ, လက္ခဏာနှင့်ပြည့်စုံစွာသော သတို့သားကို ဖွားမြင်လေ၏။ ထိုမင်းသားအား အမည်မှည့်အံ့သောနေ့၌ ဒီဃာဝုမင်းသား ဟူသောအမည်ကို မှည့်ကြကုန်၏။

ဒီဃာဝုမင်းသား ၁၆-နှစ်အရွယ်သို့ရောက်၍ မင်းသားတို့သင်အပ်သော အတတ်တို့ကိုသင်ကြားသဖြင့် တတ်မြောက်ပြီးသော် ခမည်းတော် မဟာဇနကမင်းကြီးသည် သားတော် ဒီဃာဝုမင်းသားအား အိမ်ရှေ့အရာ အပ်နှင်းလေ၏။