2550မဟာဇနကဇာတ်တော်ကြီး — ၁၂။ ဥယျာဉ်သို့ ထွက်တော်မူခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုအခါ တစ်နေ့သ၌ ဥယျာဉ်မှူးသည် ဥယျာဉ်တော်မှ အချို,အဆိမ့် အရသာရှိသော သစ်သီးကြီးငယ်တို့ကိုလည်းကောင်း၊ မွှေးပျံ့သင်းကြိုင်စွာ အဆင်းကျက်သရေရှိသော ပန်းမျိုး အထူးထူးအပြားပြားတို့ကိုလည်းကောင်း ယူခဲ့၍ မင်းကြီးအား ဆက်သလေ၏။ မဟာဇနကမင်းကြီးသည် ထို ပန်း,သစ်သီးတို့ကိုမြင်လျှင် အလွန်နှစ်သက်တော်မူသည်ဖြစ်၍ ဥယျာဉ်မှူးအား ဆုလာဘ်ထိုက်လျောက်ရာ ပေးချပြီးသော် “အချင်းဥယျာဉ်မှူး။ ငါ ဥယျာဉ်တော်ကို ကြည့်ရှုစံပယ်တော်မူလိုသည်။ နက်ဖြန်ခါ ဥယျာဉ်ကို တန်ဆာဆင်၍ ရှိနှင့်စေ”ဟု မိန့်တော်မူလိုက်၏။

ဥယျာဉ်မှူးလည်း မင်းကြီးအမိန့်တော်ရှိတိုင်း ဝန်ခံ၍ ဥယျာဉ်၌ မသင့်မတော်သည်များကို ရှင်းလင်းသုတ်သင်လျက် တင့်တယ်စွာခင်းကျင်းစီရင် တန်ဆာဆင်ပြီးသော် မင်းကြီးအား ပြီးကြောင်းကို လျှောက်စေ၏။

မဟာဇနကမင်းကြီးသည်လည်း နံနက်မိုးသောက်ရောက်သောအခါ ထီးဖြူစိုက်မိုးလျက် ရတနာမျိုးတို့ဖြင့် တန်ဆာဆင်အပ်သော မင်္ဂလာဆင်တော်ကိုစီး၍ များစွာသော ဗိုလ်ထုဗိုလ်ခြေ အခြွေအရံနှင့် ဥယျာဉ်တော်သို့ ထွက်စံတော်မူလေသော် ဥယျာဉ်တံခါးဝသို့ ရောက်တော်မူ၏။

ထိုဥယျာဉ်တော် တံခါးဝ၌ကား သရက်ပင် ၂-ပင် ရှိ၏။ ထို သရက်ပင် ၂-ပင်သည် မြရည်လိမ်းသကဲ့သို့ စိမ်းစိမ်းလတ်လတ် ညိုဖပ်သောခက်ရွက်တို့ဖြင့် တင့်တယ်၏။ တစ်ပင်ကား အသီးမသီး၊ တစ်ပင်ကား ချိုအေးသော အရသာနှင့်ပြည့်စုံစွာ အသီး,သီး၏။ ထို သရက်ပင်၏အသီးကိုကား မင်းကြီးအားလည်းကောင်း၊ အိမ်ရှေ့မင်းအားလည်းကောင်း ဆက်ပြီးမှသာလျှင် သူတစ်ပါးတို့ ဆွတ်ချူစားကြရကုန်မြဲတည်း။

ထိုအခါ၌ကား မင်းကြီးအား မဆက်ရသေးဖြစ်၍ တစ်စုံတစ်ယောက်မျှ မဆွတ်မဝံ့ကုန်။ မင်းကြီးသည် ထို အသီးနှင့်ပြည့်စုံသော သရက်ပင်ကိုမြင်လျှင် အပင်ရင်းသို့ ဆင်တော်ကိုယှဉ်စေလျက် သရက်သီးကို ဆင်တော်ကျောက်ကုန်းထက်က လှမ်းဆွတ်ကာ အရသာကိုသိလို၍ တစ်လုံးမျှတည်း စားတော်ခေါ်၏။ ထိုသရက်သီးအရသာ လျှာတော်ဖျားသို့ရောက်ကာမျှ၌ နတ်သုဓာဘုတ်ကဲ့သို့ ချိုအေးသောအရသာ ရှိသည်၏အဖြစ်ကိုသိလေသော် ရသတဏှာ၌ တပ်ငြိတော်မူသဖြင့် “ငါ ယခု ဥယျာဉ်စံပယ်တော်မူဦးမည်။ ဥယျာဉ်ကထွက်သောအခါမှ ဤသရက်သီးကို ဝအောင်စားတော်မူမည်”ဟု အကြံတော်အာလယနှင့် ဥယျာဉ်သို့ဝင်၍ စံပယ်တော်မူလေ၏။

အိမ်ရှေ့မင်းသည်လည်း မင်းကြီးကဲ့သို့ပင် တစ်လုံးမျှသာ ဆွတ်ချူစားပြီး၍ နောက်တော်သို့ လိုက်လေ၏။ မင်းကြီး, အိမ်ရှေ့မင်းမှ တစ်ပါးကုန်သော မှူးမတ်, ပရိသတ် ဗိုလ်ခြေတို့သည်လည်း “ဤသရက်သီးကို အရှင်တို့အား အဦးဆက်၍ပြီးပြီ”ဟု အလိုရှိတိုင်း တတ်အားသမျှ ဆွတ်ချူပစ်ခတ်၍ စားကြလေကုန်၏။ လူများ၍ သရက်သီးနည်းခြင်းကြောင့် ဆင်ထိန်း, မြင်းထိန်း, ဆိတ်ထိန်း အစရှိသော ကံကျွေးနောက်ပါလူစုတို့သည် ဘုန်းမရှိသဖြင့် နောက်ကျ၍ သရက်ပင်၌ အသီးကုန်မှ ရောက်ကြလတ်သော် လူမလိမ္မာတို့ဓလေ့အားလျော်စွာ “ငါတို့ သရက်သီးကို မစားရဘိလော”ဟု သရက်ပင်ကိုအမျက်ထွက်၍ ခဲ, အုတ်, တုတ်,လှံတံ စသည်တို့ဖြင့် အကိုင်း, အခက်, အရွက်တို့ကို ပစ်ခတ်ရိုက်နှက်ချိုးဖဲ့လျက် အရွက်ဟူသမျှပြုန်း၍ အရိုးအခက်မျှသာကျန်မှ မိမိတို့လိုရာသို့ သွားကြလေကုန်၏။

မင်းကြီးသည် ဥယျာဉ်တော်၌ အလိုရှိသမျှ လှည့်လည်စံပယ်တော်မူ၍ မြို့သို့ဝင်ချိန် အခါရောက်သဖြင့် ဥယျာဉ်တော်မှထွက်လေသော် ထိုသရက်ပင်ကိုမြင်လျှင် အမတ်တို့ကို “အချင်းတို့။ ဤသရက်ပင်ကား ငါ ဝင်တော်မူစကနှင့်မတူ။ ယခု အဘယ့်ကြောင့် ဤသို့ ရှိလေသနည်း”ဟု မေး၏။

အမတ်တို့လည်း “အရှင်မင်းကြီး။ ကိုယ်တော်အား အဦးဆက်၍ပြီးပြီဟု ဗိုလ်ပါရဲမက်တို့ လုယက်ဆွတ်ကြသဖြင့် သရက်ရှား၍ လက်များခြင်းကြောင့် အပင်တော်ခက်ရွက် ပွန်းရိပါသည်”ဟု လျှောက်ထားကြ၏။

မင်းကြီးလည်း “အချင်းတို့။ ယင်းသို့ဖြစ်လျှင် ဤအပင်သာ စနောင့်စနင်း အသို့ကြောင့် ရှိရသနည်း။ ထိုအပင်ကား ခက်ရွက် စနောင့်စနင်းမရှိတကား”ဟု မေးပြန်၏။

အမတ်တို့လည်း “အရှင်မင်းကြီး။ ထိုအပင်သည် ဤအပင်ကဲ့သို့ အသီးမသီးသောကြောင့် ခက်ရွက် မပွန်းမရိရှိပါသည်”ဟု လျှောက်ထားကြကုန်၏။

ထိုစကားကို ဘုရားလောင်း မဟာဇနကမင်းကြီးကြားလျှင် ဤသို့ သံဝေဂ ဖြစ်တော်မူ၏။

“ဤအပင်ကား အသီးမသီးသောကြောင့် စိမ်းစိမ်းလတ်လတ် ညိုဖပ်သောခက်ရွက်ဖြင့် နှစ်သက်ဖွယ် ပြကတေ့အတိုင်း ရှိ၏။ ဤအပင်ကား အသီးသီးခြင်းကြောင့် ဖျက်ဆီးတတ်သောသူနှင့် ဆက်ဆံသည်ဖြစ်၍ ပြကတေ့အတိုင်း မတည်ရ။ ဤပြည်စည်းစိမ်သည်လည်း ရန်သူနှင့်ဆက်ဆံခြင်းကြောင့် အသီးသီးသော သရက်ပင်နှင့် တူ၏။ ရန်သူနှင့်မဆက်ဆံသော စည်းစိမ်ကိုရှာလျှင် ရသေ့ရဟန်းအဖြစ်သည်သာ ရန်သူနှင့်မဆက်ဆံခြင်းကြောင့် အသီးမသီးသောသရက်ပင်နှင့် တူ၏။ စည်းစိမ်ဥစ္စာ, သား, မယား, ဆွေမျိုး စသည်တို့ကိုမှီ၍ ကြောင့်ကြခြင်းရှိသူသာလျှင် ဘေးများ၏။ ကြောင့်ကြမဲ့သောသူအား ဘေး မရှိ။ ယင်းသို့ဖြစ်သောကြောင့် ဤသရက်ပင် ၂-ပင်တွင် အသီးမသီးသောသရက်ပင်ကို ဥပမာထား၍ အလုံးစုံသောကြောင့်ကြကို ဖြတ်ပြီးလျှင် ငါ ရဟန်းပြုအံ့”ဟု နှလုံးတော်အမြဲ စွဲယူဆောက်တည်တော်မူလျက် မြို့သို့ဝင်ပြီးသော် နန်းတော်အရှေ့စမုခ် တံခါးဝ၌ရပ်တော်မူပြီးလျှင် စစ်သူကြီးကို ခေါ်တော်မူ၍-

“စစ်သူကြီး။ ပြည်ထဲရေးကိစ္စမှာ ငါ့သားတော်အိမ်ရှေ့မင်း ရှိပြီ။ သင်မူကား ငါ့အလိုတော်ကိုသာ လုံခြုံစွာ စောင့်ရှောက်ရမည်။ ငါသည် ယနေ့မှစ၍ အလိုရှိသမျှကာလပတ်လုံး နန်းတော်ပြာသာဒ် အထက်ဆင့်၌ တစ်ယောက်ထီးချင်း ရဟန်းတရားကို ပွားများစေလျက် ငြိမ်သက်တည်ကြည်စွာ နေတော်မူလိုသည်။ ငါ၏အလိုမပြည့်သမျှ ယနေ့မှစ၍ ငါ့ထံသို့ စားတော်အုပ် သွင်းဆက်သူ, ဒန်ပူ,မျက်နှာသစ်ရေ ဆက်ကပ်သူ, အလုပ်အကျွေးလက်ပါးစေ ယောက်ျားတို့ကိုသာ ဝင်စေ။ ဤမှတစ်ပါး မိဖုရားကြီးမှစ၍ အလုံးစုံသော နန်းတွင်းသူနန်းတွင်းသား ခစားသမျှ မှူးမတ်, ပရိသတ်အပေါင်းတို့ကို တစ်ယောက်မျှ ငါ့ထံ မဝင်စေနှင့်။ ကြပ်ကြပ်တည်းတည်း နိုင်နင်းအောင် ဆီးတား”ဟု နန်းတော်တွင်း၌ ကိစ္စကို စစ်သူကြီးအား လွှဲတော်မူပြီးလျှင်၊ တရားစီရင်ရာ လွှတ်သဘင်၌ တရားသူကြီးပြုသူ အမတ်ကြီးကို ခေါ်တော်မူပြန်၍ စစ်သူကြီးမှာကဲ့သို့ပင်အကြောင်းကို ပြောတော်မူပြီးလျှင်-

“အမတ်ကြီး။ ငါ ကြောင့်ကြမဲ့ နေတော်မူသည်ဟူ၍ တရားအဆုံးအဖြတ် မတိမ်းမယိမ်းစေနှင့်။ သတိ, ပညာစွဲကပ်လျက် ဖြောင့်မတ်ဟုတ်မှန်တိုင်း စီရင်။ အလုံးစုံသော မှူးမတ်, ပြည်သူတို့အားလည်း ပစ္စုပ္ပန်, သံသရာ အကျိုး ၂-ပါး ပြည့်စုံစေကြောင်း ကောင်းမြတ်သောအဆုံးအမကိုလည်း ပေး”ဟု မှာတော်မူပြီးသော် နန်းတော်ပြာသာဒ် အထက်ဘုံဆင့်သို့ တက်တော်မူ၍ တစ်ယောက်အထီးတည်း ရဟန်းတရားကိုပွားစေလျက် နေတော်မူ၏။

ထိုအခါ မင်းရင်ပြင်လျောင်းတော်ဦး၌ ခစားမြဲဖြစ်ကုန်သော မင်းခယောက်ျား အမှူးအမတ်ပရိသတ်တို့သည် ထိုလျောင်းတော်ဦး၌ မင်းကြီးကို မတွေ့မမြင်ရသဖြင့် စားတော်အုပ်သွင်းသူ, ဒန်ပူ,မျက်နှာသစ်ရေ ဆက်ကပ်သူတို့ကို သင့်ရာခေါ်၍ “အချင်းတို့။ သင်တို့သည် မင်းကြီးထံ မပြတ်ဝင်ကြရ၏။ မင်းကြီး အသို့နေတော်မူသနည်း။ သင်တို့နှင့် စကားပြောဟောခြင်းကို ပြုတော်မူ၏လော”ဟု မေးကြကုန်၏။

ထို အလုပ်အကျွေးမင်းချင်းတို့လည်း “အချင်းတို့။ အကျွန်ုပ်တို့ကား အချိန်ရောက်လျှင် ဒန်ပူ,မျက်နှာသစ်ရေ၊ စားတော်များကို ဆက်ကပ်၍သာ ထွက်ခဲ့ရသည်။ ကျွန်ုပ်တို့အား တစ်ခွန်းသောစကားကိုမျှ မေးမြန်းပြောဆိုတော် မမူ။ မလှုပ်မယှက် ငြိမ်သက်တည်ကြည်စွာ နေတော်မူသည်”ဟု ပြောဆိုကြကုန်၏။ ထိုစကားကိုကြားလျှင် မှူးမတ်, ပရိသတ်အပေါင်းတို့သည် “ငါတို့အရှင်မင်းကြီးကား ရှေးကနှင့် မတူ။ အသို့ ယခုရှိလေသနည်း”ဟုဆိုလျက် မြည်တမ်းကြလို၍-

“အပေါရာဏံ ဝတ ဘော ရာဇာ၊ သဗ္ဗဘုမ္မော ဒိသမ္ပတိ။

နာဇ္ဇ နစ္စေ နိသာမေတိ၊ န ဂီတေ ကုရုတေ မနော။”

“န မိဂေနပိ ဥယျာနေ၊ နပိ ဟံသေ ဥဒိက္ခတိ။

မူဂေါဝ တုဏှိမာသီနော၊ န အတ္ထမနုသာသတိ။”

ဟူသော ၂-ဂါထာတို့ဖြင့် ဆိုကြကုန်၏။

အဓိပ္ပာယ်ကား-

“အချင်းတို့။ အရပ်မျက်နှာတို့၏ ထီး, မြေကြီးသေဌ်နင်း ဖြစ်တော်မူသော ငါတို့အရှင်မင်းကြီးသည် ရှေး၌ကား အခါအခါနှင့်လျော်စွာ ရှင်မိဖုရား, မောင်းမ,ကိုယ်လုပ်တော်, ရွှေဖော်အပေါင်းတို့၌လည်းကောင်း၊ စောင်း, ငြင်း, ပတ်သာ, ခရာ, ဒုံမင်း စသော တီးမှုတ်ခြင်း, သီခြင်း, ကခြင်းသဘင်တော်၌လည်းကောင်း၊ ဆင်တိုက်ခြင်း, ဆိတ်တိုက်ခြင်းတို့၌လည်းကောင်း၊ ဥယျာဉ်သို့ထွက်စံတော်မူ၍ ကြာမျိုး ၅-ပါးဖြင့်ဖုံးလွှမ်းအပ်သော မင်္ဂလာရေကန်တော်၌ ဟင်္သာဖိုမတို့ ပျော်ဟန်, မြူးထူးဟန်များကိုလည်းကောင်း ကြည့်ရှုစံပယ်တော်မူမြဲဖြစ်လျက်၊ ယခုကား ထို ပျော်မှုပျော်ဖွယ်များကို လုံးလုံးပစ်ပယ်တော်မူ၍ ဆွံ့အသောသူကဲ့သို့ တစ်ယောက်သောသူကိုမျှ စကားမပြောဘဲ ပြည်သားပြည်သူ မှူးတော်မတ်တော်တို့အားလည်း အဆုံးအမမပေးဘဲ နေတော်မူဘိ၏တကား”ဟု တ,ယူပြောဆိုကြကုန်၏။

ဘုရားလောင်း မဟာဇနကမင်းကြီးသည် နန်းတော်ပြာသာဒ်အထက်ဘုံဆင့်၌ တစ်ယောက်အထီးတည်း နေတော်မူလျက် ကာမဂုဏ်၌မကပ်ငြိသော နှလုံးတော်ဖြင့် ဆရာဖြစ်သော အရှင်ပစ္စေကဗုဒ္ဓါတို့၏ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့တော်မူ၍-

“သုခကာမာ ရဟော သီလာ၊ ဝဓဗန္ဓာ ဥပါရတာ။

ကဿ နု အဇ္ဇ အာရာမေ၊ ဒဟရာ ဝုဒ္ဓါ စ အစ္ဆရေ။”

“အတိက္ကန္တဝနထာ ဓီရာ၊ နမော တေသံ မဟေသိနံ။

ယေ ဥဿုကမှိ လောကမှိ၊ ဝိဟရန္တိ အနုဿုကာ။”

“တေ ဆေတွာ မစ္စုနော ဇာလံ၊ တတံ မာယာဝိနော ဒဠှံ။

ဆိန္နာလယတ္တာ ဂစ္ဆန္တိ၊ ကော တေသံ ဂတိမာပယေ။”

ဟူသော ၃-ဂါထာတို့ဖြင့် ကျူးရင့်တော်မူ၏။

အဓိပ္ပာယ်ကား-

“ငါ၏နန်းတော်သို့ နေ့တိုင်းမပြတ် ဆွမ်းစားကြွတော်မူလာ၍ ငါ၏ဆရာ ဖြစ်တော်မူကုန်သော အရှင်ပစ္စေကဗုဒ္ဓါတို့သည် အရွယ်အားဖြင့် အငယ်, အလတ်, အကြီးဟု နိမ့်, မြင့် ရှိတော်မူကုန်၏။ ကျေးဇူးဂုဏ်အားဖြင့် တူမျှတော်မူကြသည်သာ ဖြစ်ကုန်၏။ ထိုအရှင်မြတ်တို့သည် နိဗ္ဗာန်ချမ်းသာကို အလိုရှိတော်မူကုန်သည်ဖြစ်၍ ဆိတ်ငြိမ်ရာအရပ်၌လည်း နေလေ့ရှိတော်မူကုန်၏။ ကိုယ်၌ထင်ရှားရှိသော သီလ, သမာဓိ ဂုဏ်ကိုလည်း သူတစ်ပါးတို့အား မပြဘဲ အလွန် လျှို့ဝှက်တော်မူကုန်၏။ သတ်ခြင်း, နှောင်ဖွဲ့ခြင်းအစရှိသော အကုသိုလ်ဒုစရိုက်တို့မှ ကင်းသည်ဖြစ်၍ ငြိမ်သက်သောနှလုံးလည်း ရှိတော်မူကုန်၏။ ထို ငါ့ဆရာဖြစ်သော အရှင်ပစ္စေကဗုဒ္ဓါတို့သည် ယခု အဘယ်သူ့ကျောင်းမှာ နေတော်မူလေကုန်ဘိသနည်း။

“ငါ့ဆရာဖြစ်ကုန်သော ထိုအရှင်မြတ်တို့သည် လေဝှေ့၍မတိမ်းနိုင်သော တစ်ခဲနက်ကျောက်တိုင်ကဲ့သို့ မြဲမြံသောပညာနှင့် ပြည့်စုံတော်မူကုန်လျက် သတ္တဝါအပေါင်းတို့၏နှလုံးကို ရုန်းရင်းခတ်မွှေနှောက်တတ်သော တဏှာအပြားမှလည်း ထွက်မြောက်တော်မူပြီးသဖြင့် ကြောင့်ကြစိုးရိမ်ခြင်းမကင်းနိုင်သော လူတို့၏ဘောင်၌ ကြောင့်ကြစိုးရိမ်ခြင်းကင်းသောအားဖြင့် နေတော်မူလေ့ ရှိကုန်၏။ မြတ်သော သီလက္ခန္ဓကျေးဇူးကို ရှာမှီးလေ့ရှိတော်မူကုန်သော ထိုအရှင်မြတ်တို့အား ရိုသေစွာ အကျွန်ုပ်ရှိခိုးပါ၏။ သေမင်းသည် သတ္တဝါတို့အား အသုဘနိမိတ်ကို သုဘနိမိတ်ဟုထင်မှားအောင် လှည့်စားတတ်သော တဏှာကွန်ရက်ဖြင့် ဖမ်းယူဖွဲ့ရစ်ခြင်းကို ပြုတတ်၏။ ထိုသေမင်း၏ကွန်ရက်ဖြစ်သော တဏှာအနှောင်အဖွဲ့ကို အကြွင်းမဲ့ဖြတ်ပယ်၍ ငါ၏ဆရာ အရှင်မြတ်တို့သည် နိဗ္ဗာန်သို့ ကြွတော်မူကြလေပြီ။ ထို ကိလေသာအာလယ ငြိမ်းပြီးသော ငါ၏ဆရာ အရှင်ပစ္စေကဗုဒ္ဓါတို့၏နေရာသို့ ယခု ငါ့ကို အဘယ်သူ ပို့ပါအံ့နည်း”ဟု

အရှင်ပစ္စေကဗုဒ္ဓါတို့၏ သီလ,သမာဓိအစရှိသော ကျေးဇူးဂုဏ်ကိုသာလျှင် အဖန်တလဲလဲ အောက်မေ့တော်မူသော ဘုရားလောင်းမင်းကြီးအား အလွန်နှစ်သက်ခြင်း ပီတိဖြစ်တော်မူ၍ ထက်ဝယ်ဖွဲ့ခွေ နေတော်မူရာမှ ရံခါရံခါ ထကြွတော်မူသဖြင့် မြောက်လေသာပြတင်းကို ဖွင့်လှစ်တော်မူပြီးလျှင်၊ ပြတင်းဝ၌စုံရပ်လျက် မြောက်ဟိမဝန္တာသို့ ရည်ရော်မျှော်ကြည့်ကာ လက်အုပ်ချီ၍ အရှင်ပစ္စေကဗုဒ္ဓါတို့ကိုရှိခိုးလျက် ယခင်ဆိုခဲ့ပြီးသည့် “အတိက္ကန္တဝနထာ” အစရှိသော ၂-ဂါထာတို့ဖြင့် အရှင်ပစ္စေကဗုဒ္ဓါတို့၏ ဂုဏ်ကို ထုတ်၍ ဥဒါန်းမြွက်ဆို ကြည်ညိုမြတ်လေး အဝေးကပူဇော်တော်မူခြင်းကိုလည်း ပြုတော်မူ၏။ ဤသို့သောနည်းဖြင့် ဘုရားလောင်းသည် ရဟန်းတရားကိုပွားစေလျက် ၄-လပတ်လုံး ကိုယ်တော်အထီးတည်း ပြာသာဒ်အထက်ဘုံဆင့်၌ နေတော်မူ၏။