2551မဟာဇနကဇာတ်တော်ကြီး — ၁၃။ ရဟန်းပြုရန် တောင့်တတော်မူခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုသို့ နေတော်မူ၍ ၄-လလွန်လတ်သော် ဘုရားလောင်းသည် ရဟန်းအဖြစ်သို့ညွတ်သော စိတ်အားကြီးတော်မူသည်ဖြစ်၍ ရွှေနန်းစည်းစိမ်ကို လောကန္တရိက်ငရဲကဲ့သို့ ထင်တော်မူလျက် ၃-ဘုံသောဘဝမီးသည် ညီးညီးပြောင်ပြောင် တောက်လောင်တော်မူလျှင် ဘေးမဲ့ရာသို့ လျင်စွာပြေးဝင်လိုသော နှလုံးတော်ရှိသဖြင့် “သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်ကဲ့သို့ တန်ဆာဆင်အပ်သော ဤမိထိလာပြည်ကိုစွန့်ပစ်၍ အဘယ်ကာလရောက်မှ ဟိမဝန္တာ၌ ရဟန်းပြုခွင့်ကို ရပါမည်နည်း”ဟု ကြံတော်မူလျက်-

“ကဒါဟံ မိထိလံ ဖီတံ၊ ဝိဘတ္တံ ဘာဂသော မိတံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မိထိလံ ဖိတံ၊ ဝိသာလံ သဗ္ဗတောပဘံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မိထိလံ ဖီတံ၊ ဗဟုပကာရတောရဏံ။

ပဟာယ ဗဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မိထိလံ ဖိတံ၊ ဒဠှမဋ္ဋာလ ကောဋ္ဌကံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မိထိလံ ဖီတံ၊ သုဝိဘတ္တံ မဟာပထံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မိထိလံ ဖီတံ၊ သုဝိဘတ္တန္တရာပဏံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မိထိလံ ဖီတံ၊ ဂဝဿရထပီဠိတံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မိထိလံ ဖီတံ၊ အာရာမ ဝနမာလိနိံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မိထိလံ ဖီတံ၊ ဥယျာနဝနမာလိနိံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မိထိလံ ဖီတံ၊ ပါသာဒဝနမာလိနိံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မိထိလံ ဖိတံ၊ တိပုရံ ရာဇဗန္ဓုနိံ။

မာပိတံ သောမနဿေန၊ ဝေဒေဟေန ယသဿိနာ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

ဟူသော ၁၁-ဂါထာခွဲတို့ဖြင့် နေပြည်တော်ကိုချီးမွမ်း၍ ရဟန်းပြုခွင့်ကို ရှာတော်မူ၏။

အဓိပ္ပာယ်ကား-

“ငါစံတော်မူရာ ဤ မိထိလာရာဇဌာနီ ပြည်ကြီးသည် ညချမ်းတိုင်း, နံနက်ချမ်းတိုင်း လမ်းမလမ်းငယ် အသွယ်သွယ်သော ဆိုင်စဉ်ခရီး၌ သွားလေကုန်သော အရွယ်ရှိမိန်းမ, ယောက်ျားတို့၏ ဝတ်ဆင်သော အဝတ်တန်ဆာရောင်၊ ဆင်မြင်းရထား စသည်တို့၌ဆင်သော တန်ဆာရောင်၊ ဈေးတန်းဆိုင်စဉ်တို့၌ မပြတ်ခင်းကျင်းကာထားသော အဝတ်တန်ဆာရောင်၊ မင်းပွဲစိုးပွဲ ထွက်ဝင် တက်သက်ကြကုန်သော မှူးမတ်, ပြည်သူပြည်သား, မင်းခယောက်ျားတို့၏ ဝတ်ဆင်ဆောင်ရွက်သော အဝတ်တန်ဆာရောင် စသည်တို့ဖြင့်လည်း အခါမလပ် ပွင့်လန်း၏။

“ဤအရပ်ကား ရွှေနန်းပြာသာဒ် တည်ထားရာ, ဤအရပ်ကား လွှတ်သဘင် တည်ထားရာ, ဤအရပ်ကား အန္တေပုရဟုဆိုအပ်သော အတွင်းနန်းတော်မြို့ တည်ထားရာ, ဤအရပ်ကား ပြင်မြို့ကြီး ၂-ထပ်တည်ထားရာ, ဤအရပ်ကား တံခါး မုခ် ဆိုင်စဉ် မင်းလမ်း ခိုနန်း တန်ဆောင်း တည်ထားရာ, ဤအရပ်ကား အိမ်ရှေ့မင်းနေရာ စစ်သူကြီးနေရာ ဆွေတော်မျိုးတော်တို့နေရာ မှူးမတ်တို့နေရာ စသည်ဖြင့် ရှေးပညာရှိတို့ ကောင်းစွာဝေဖန်စီမံခဲ့သည်ဖြစ်၍ ကြီးကျယ်တင့်တယ်စွာသော မြို့၏အခင်းအကျင်းနှင့်လည်း ပြည့်စုံ၏။ တံခါးမ, တံခါးငယ်, ပစ္စင်, ရင်တား, တံခါးမုခ်, ပြ, တန်ဆောင်း သူကောင်းသူမြတ်တို့၏ နေရာအခင်းအကျင်း ဝင်းပြာသာဒ်အဆောင်ဆောင်တို့ဖြင့်လည်း တင့်တယ်၏။ တံခါးလမ်းမတို့၌ မြင်းက,သောရထား, ဆိတ်က,သောရထား, နွားက,သောရထားတို့၏ ထွက်ဝင်သွားလာခြင်းဖြင့်လည်း ပြွမ်း၏။ မြို့ပတ်လည်ဝန်းကျင်တို့၌ ပန်းဥယျာဉ်, သစ်သီးဥယျာဉ်တို့ဖြင့်လည်း နှလုံးမွေ့လျော်ဖွယ် ခြံရံအပ်၏။ ရှေးဝိဒေဟရာဇ်တိုင်းကြီးကို အစိုးရသော ငါ၏ဘေးလောင်းတော် သောမနဿမင်းကြီးသည် တည်ထားစီမံတော်မူခဲ့သော ဤမိထိလာပြည်ကြီးသည် နန်းတော်ရံမြို့ငယ်နှင့်တကွ မြို့တံတိုင်း ၃-ထပ်, ကျုံး၃-ထပ်တို့ဖြင့် အလွန်တင့်တယ်၏။ မြို့ ၃-ထပ်တို့၏အတွင်း၌လည်း သားတော်, ညီတော်, ဦးရီးတော်စသော မင်းဆွေမင်းမျိုးတို့၏နေရာ ပြာသာဒ်တန်ဆောင်း, အိမ်ကောင်းအိမ်ကြီးတို့ဖြင့်လည်း ပြည့်၏။ ဤသို့စသောဂုဏ်တို့ဖြင့် နှလုံးမွေ့လျော်ဖွယ်ရှိသော ရာဇဌာနီ မင်းနေပြည်ကြီးစည်းစိမ်ကို အဘယ်အခါ စွန့်ခွာနိုင်၍ ငါရဟန်းပြုဖြစ်ပါအံ့နည်း”ဟု နေပြည်တော်ဂုဏ်ကို ချီးမွမ်း၍ ရဟန်းပြုခွင့်ကို တောင့်တတော်မူ၏။

ထို့နောက် ဝိဒေဟရာဇ်တိုင်းကို ချီးမွမ်းတော်မူလိုပြန်၍-

“ကဒါဟံ ဝေဒေဟေ ဖီတေ၊ နိစိတေ ဓမ္မရက္ခိတေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ ဝေဒေဟေ ဖီတေ၊ အဇေယျေ ဓမ္မရက္ခိတေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

ဟူသော ၂-ဂါထာတို့ဖြင့် မြွက်ဆိုတောင့်တတော်မူ၏။

အဓိပ္ပာယ်ကား-

“ငါ၏ ဘုန်းအာဏာတော် နှံ့ရာဖြစ်သော ဤဝိဒေဟရာဇ်တိုင်းကြီးသည် ဥစ္စာစပါး ပွားများပေါကြွယ်ခြင်းနှင့်လည်း ပြည့်စုံ၏။ ဥစ္စာစည်းစိမ်နှင့် ပြည့်စုံကုန်သော သူဌေး သူကြွယ်တို့နှင့်လည်း ပြည့်စုံ၏။ ရွာငယ် အစွန်းအမြိတ်မျှဖြစ်သော်လည်း တစ်ပါးပြည်ထောင်မင်းတို့သည် လုယက်ဖျက်ဆီးခြင်းငှာ မဝံ့ကုန်။ တိုင်းအတွင်း၌လည်း ခိုးသူ, ဓားပြစသော ရန်မရှိသည်ဖြစ်၍ အလွန်စည်ပင်သာယာ၏။ အမျိုး ၄-ပါးတို့သည်လည်း မိမိတို့နှင့်လျော်ရာ ငါဆုံးမတိုင်း တရားကို ကျင့်ကြကုန်သည်သာ ဖြစ်၏။ ဤသို့စသောဂုဏ်တို့ဖြင့် နှလုံးမွေ့လျော်ဖွယ်ရှိသော ဤဝိဒေဟရာဇ်တိုင်းကြီးကို အဘယ်အခါ စွန့်ခွာနိုင်၍ ငါ ရဟန်းပြုဖြစ်ပါအံ့နည်း”ဟု တိုင်းဦးဂုဏ်ကိုချီးမွမ်း၍ ရဟန်းပြုခွင့်ကို တောင့်တတော်မူ၏။

ထို့နော၌ နန်းတော်ရံအတွင်း မြို့ကိုချီးမွမ်းတော်မူလိုပြန်၍-

“ကဒါဟံ အန္တေပုရံ ရမ္မံ၊ ဝိဘတ္တံ ဘာဂသော မိတံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ အန္တေပုရံ ရမ္မံ၊ သုဓာမတ္တိကလေပနံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ အန္တေပုရံ ရမ္မံ၊ သုစိဂန္ဓံ မနောရမံ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

ဟူသော ၃-ဂါထာတို့ဖြင့် မြွက်ဆိုတောင့်တတော်မူ၏။

အဓိပ္ပာယ်ကား-

“ငါ၏နန်းတော်အရံသည် ဤအရပ်၌ နန်းတော်ပြာသာဒ်မ၊ ဤအရပ်၌ ဆောင်သီး, ဆောင်သွယ်, ထားငယ်, လေသာ, စမုခ်၊ ဤအရပ်၌ အတွင်းသားတို့စည်းဝေးရာ အဆောင်၊ ဤအရပ်၌ လွှတ်သဘင်၊ ဤအရပ်၌ မှူးမတ်တို့ခ,စားရာ၊ ဤအရပ်၌ ဆင်တော်, မြင်းတော်, ရထားတော်, ယာဉ်တော်ထားရာ၊ ဤအရပ်၌ ပွဲသဘင်ပြုရာစသည်ဖြင့် ကောင်းစွာ တောင်တာကွက်မှတ်နှိုင်းယှဉ်၍ ဝေဖန်စီရင်အပ်သဖြင့် အလွန် နှလုံးမွေ့လျော်ဖွယ်ရှိ၏။ ဤနန်းတော်ဝန်းကျင် ရံသောမြို့၌ နရပတေ အင်္ဂတေတို့ဖြင့် အပြေအပြစ်ပြုအပ်သည်ဖြစ်၍လည်း အလွန်ရှုချင်ဖွယ် ရှိ၏။ နန်းတော်ပတ်လည်၌ မွှေးကြိုင်ပျံ့သင်းသောပန်းတောတို့မှ လေပြည်ဆောင်သွေး၍ မွှေးကြိုင်လှသော ပန်းရနံ့တို့ဖြင့်လည်းကောင်း, နန်းသားနန်းသူတို့ အသုံးအဆောင်ဖြစ်သော အမွှေးအထုံမျိုးတို့ဖြင့်လည်းကောင်း တစ်နန်းတော်လုံး တသင်းသင်းတပျံ့ပျံ့ သန့်စင်သောနံ့သာရနံ့အတိလှိုင်ကြူသဖြင့် အလွန်နှလုံးမွေ့လျော်ဖွယ်ရှိ၏။ ဤသို့စသော ဂုဏ်တို့ဖြင့် မခွာရက်နိုင်အောင်သော ဤနန်းတော်စည်းစိမ်ကို အဘယ်အခါမှ ခွာစွန့်ပစ်၍ ရဟန်းပြုဖြစ်နိုင်ပါအံ့နည်း”ဟု နန်းတော်အရံအတွင်း မြို့ကိုချီးမွမ်း၍ ရဟန်းအဖြစ်ကို တောင့်တတော်မူ၏။

ထို့နောက်တစ်ဖန် နန်းတော်ပြာသာဒ်ကို ချီးမွမ်းတော်မူလိုပြန်၍-

“ကဒါဟံ ကူဋာဂါရေ စ၊ ဝိဘတ္တေ ဘာဂသော မိတေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ ကူဋာဂါရေ စ၊ သုဓာမတ္တိကလေပနေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ ကူဋာဂါရေ စ၊ သုစိဂန္ဓေ မနောရမေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ ကူဋာဂါရေ စ၊ လိတ္တစန္ဒန ဖုသိတေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

ဟူသော ၄-ဂါထာတို့ဖြင့် တောင့်တမြွက်ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“ဤငါ၏ နန်းတော်ပြာသာဒ်ဆောင်တို့သည် စိန်ဖူး, စိန်ပွင့် စိန်ပျံ, မှန်ကင်း, တုရင်, စုလစ်အမွမ်း ထုပိကာတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍လည်း အလွန်တင့်တယ်၏။ ရွှေတိုက်, ငွေတိုက်, ကျက်သရေတိုက်စသည်တို့၌ နရပတေ အင်္ဂတေတို့ဖြင့် အပြေအပြစ်ပြုလျက် ရွှေ, ငွေစသော ရတနာတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍လည်း အလွန်တင့်တယ်၏။ လက်အမှု၌တတ်လှစွာသော ဗိသုကာဆရာကြီးတို့သည် ကောင်းစွာတမျဉ်းခင်းလျက် ဤအရပ်၌ ဤအဆောင် စသည်ဖြင့် သင့်ရာတော်ရာ ချထားစီမံ ဖန်ဆင်းအပ်သည်ဖြစ်၍ ဤ ၇၀၀-ကျော် အရေအတွက်ရှိကုန်သော နန်းပြာသာဒ်ဆောင်တို့သည်လည်း နတ်ဘုံဗိမာန် တစ်စုတည်းကျသကဲ့သို့ တစ်ဆောင်ကအရောင် တစ်ဆောင်ကိုကူးခတ်လျက် တလျှပ်လျှပ်ရောင်နွယ် ယှက်တွယ်ယိုဖိတ်၍ စိတ်နှလုံးမွေ့လျော်ဖွယ်လည်း ရှိကုန်၏။ နန်းတော်ပတ်လည်၌ စင်ကြယ်သန့်ရှင်း မွှေးသင်းသော ပန်းရနံ့တို့ဖြင့်လည်းကောင်း၊ အကျော်,စန္ဒကူးနီစသော အထုံအခိုး မွှေးမျိုးနံ့သာပျောင်းတို့၏ ရနံ့ဖြင့်လည်းကောင်း နန်းတော်ပြာသာဒ်ဆောင်တိုင်း တသင်းသင်းတကြိုင်ကြိုင် လှိုင်သည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ်လည်း ရှိကုန်၏။ ဤသို့စသော ဂုဏ်တို့ဖြင့် မခွာရက်နိုင်အောင်သော ဤရွှေနန်းပြာသာဒ်စည်းစိမ်ကို အဘယ်အခါမှ ခွာဖြစ်, စွန့်ဖြစ်ရှိ၍ ရဟန်းပြုနိုင်ပါအံ့နည်း”ဟု နန်းတော်ပြာသာဒ်ဆောင်တို့ကို ချီးမွမ်း၍ ရဟန်းအဖြစ်ကို တောင့်တတော်မူ၏။

ထို့နောက် နန်းမဆောင်၌ ထီးဖြူဖြန့်မိုးလျက်ခင်းအပ်သော ရတနာပလ္လင်အရှေ့ လျောင်းတော်ဦးစမုခ်ဝ ပြာသာဒ်ဆောင်၌ ကန်တော့ပူဇော်ခံရာ ရတနာပလ္လင်, နေရာထိုင်, ရွှေညောင်စောင်း, ရွှေသလွန်မှစ၍ အလုံးစုံသောပလ္လင်တော်တို့ကို ချီးမွမ်းတော်မူလိုပြန်၍-

“ကဒါဟံ သောဏ္ဏပလ္လင်္ကေ၊ ဂေါနကေ စိတ္တသန္ထတေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ မဏိပလ္လင်္ကေ၊ ဂေါနကေ စိတ္တသန္ထတေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝဿတိ။”

ဟူသော ၂-ဂါထာတို့ဖြင့် မြွက်ဆိုတောင့်တတော်မူ၏။

အဓိပ္ပာယ်ကား-

“ဤ နန်းမ, နန်းငယ် အသွယ်သွယ်သောအဆောင်တို့၌ ၇၀၀-သော ကျက်သရေတိုက်ဝယ် တစ်ခုစီခင်းအပ်သော ရတနာသလွန်တော်, ဤနန်းတော်အတွင်း၌ အသီးအသီး သင့်ရာတော်ရာ ခင်းအပ်သော နေရာထိုင်, အင်းပျဉ်, ရာဇပလ္လင်အပေါင်းတို့သည် အချို့ကား ရွှေဖြင့်ပြီးကုန်၏။ အချို့ကား မျက် ၉-ပါးဖြင့်ပြီးကုန်၏။ ထို သလွန်, ညောင်စောင်း, နေရာထိုင်, အင်းပျဉ်, ရာဇပလ္လင်တို့၌ သိမ်မွေ့ကောင်းမြတ် နုထွတ်ညံ့သက်သော သားမွေး, ငှက်မွေးတို့ဖြင့် လက် ၄-သစ်ကျော်အရှည် အထက်သို့တက်စေလျက် အထူးအဆန်းရက်အပ်သော ခင်းနှီးပြောက်တို့ဖြင့် ခင်းအပ်သည်ဖြစ်၍လည်း အလွန် နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏။ ထို ရတနာပလ္လင် စသည်တို့ကို အဘယ်အခါမှ စွန့်ခွာနိုင်၍ ရဟန်းပြုဖြစ်ပါအံ့နည်း”ဟု တောင့်တတော်မူ၏။

ထို့နောက် ဝတ်လဲတော်ပုဆိုးကို ချီးမွမ်းတော်မူလိုပြန်၍-

“ကဒါဟံ ကပ္ပါသ ကောသေယျံ၊ ခေါမကောဋုမ္ဗရာနိစ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

ဟူသောဂါထာဖြင့် တောင့်တ မြွက်ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“ငါ ယခုဝတ်ဆင်အပ်သော အင်္ကျီ စုလျား ဝတ်လဲတော်ပုဆိုးတို့သည် သိမ်မွေ့နူးညံ့စွာသော ဝါချည်ဖြင့် ရက်အပ်သည်ဖြစ်၍လည်းကောင်း၊ သိမ်မွေ့နူးညံ့စွာသော ပိုးချည်, သိမ်မွေ့နူးညံ့စွာသော ခေါမမည်သောချည်တို့ဖြင့် အထူးအဆန်း ရက်အပ်သည်ဖြစ်၍လည်းကောင်း၊ ကောဋုမ္ဗရာဇ် တိုင်းပြည်၌ဖြစ်သော ပုဆိုးတို့သည် အလွန်နူးညံ့သည်ဖြစ်၍လည်းကောင်း စိတ်၏ နှစ်သက်ခြင်းကို ဆောင်ကုန်၏။ ထို သိမ်မွေ့နူးညံ့ တင့်တယ်စွာသောပုဆိုးတို့ကို စွန့်ပစ်၍ အဘယ်အခါမှ လျော်တေသင်္ကန်း, သမန်းမြက်သင်္ကန်း, သစ်နက်ရေသင်္ကန်း, ရုန့်ကြမ်းသောအဝတ်တို့ကိုဝတ်၍ လွတ်လွတ်နေရပါအံ့နည်း”ဟု တောင့်တတော်မူ၏။

ထို့နောက် ရေကန်တော်ကို ချီးမွမ်းတော်မူပြန်လို၍-

“ကဒါဟံ ပေါက္ခရဏီ ရမ္မာ၊ စက္ကဝါက ပကူဇိတာ။

မန္ဒာလကေဟိ သဉ္ဆန္နာ၊ ပဒုမုပ္ပလကေဟိ စ။

ပဟာယ ပဗ္ဗဇိဿမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

ဟူသော ဂါထာဖြင့် မြွက်ဟ ချီးမွမ်းတော်မူ၏။

အဓိပ္ပာယ်ကား-

“ငါ ထွက်စံတော်မူရာဖြစ်သော မင်္ဂလာရေကန်တော်သည် ဟင်းရန့်, ကတောက်, မျောက်လှေကူးတို့ဖြင့်လည်းကောင်း၊ ဥပ္ပလမျိုးဖြစ်သော ကြာညို ကြာဖြူ ကြာနီ, ပုဏ္ဍရိကမျိုးဖြစ်သော ကြာတံဆိပ်, ပဒုမမျိုးဖြစ်သော ကြာခေါင်းလောင်း ဤ ကြာမျိုး ၅-ပါးတို့ဖြင့်လည်းကောင်း ဖုံးလွှမ်းအပ်လျက်၊ ဝမ်းဘဲ, ဟင်္သာ, စက္ကဝါက်စသော ရေကျေးရေငှက် လည်ယှက်မြူးပျံ မောင်နှံဖိုမတို့ ရွှင်ပျော်ကစားရာဖြစ်၍ အလွန်ရှုချင်ဖွယ်ရှိ၏။ ထိုရေကန်တော်ကို စွန့်ပစ်၍ အဘယ်အခါမှ ရဟန်း ပြုနိုင်ပါအံ့နည်း”ဟု တောင့်တတော်မူ၏။

ထို့နေဝက် ဆင်တော်, မြင်းတော်, ရထားတော်တို့ကိုချီးမွမ်း၍ ရဟန်းအဖြစ်ကို တောင့်တပြန်ခြင်းငှာ--

“ကဒါဟံ ဟတ္ထိဂုမ္ဗေစ”

အစရှိသော ၂၂-ဂါထာတို့ဖြင့် ချီးမွမ်းတောင့်တတော်မူပြန်၏။

အဓိပ္ပာယ်ကား-

“မာတင်္ဂမျိုးဖြစ်ကုန်သော ငါ၏ဆင်တော်အပေါင်းတို့သည် နှာမောင်းမှအမြီးတိုင်အောင်, ခြေထူးခံမှ မင်းစံရာကျောက်ကုန်းတိုင်အောင် အလုံးစုံသောကိုယ်အရပ်တို့၌ အထူးထူးအပြားပြား ဆန်းကြယ်စွာတန်ဆာဆင်လျက် ရွှေကြိုးဖြင့် ဖွဲ့သိုင်းအပ်သည်ဖြစ်၍လည်းကောင်း၊ ဦးကင်း၌လွှမ်းဆင်အပ်သော ရွှေကွန်ရက်အရောင်ဖြင့်လည်းကောင်း၊ လှံမ, ချွန်းတောင်း လက်နက်စွဲကိုင်လျက် တက်စီးသော ဆင်စီးသူရဲတို့၏ အစီးအနင်းလိမ္မာခြင်းဖြင့်လည်းကောင်း အလွန်တင့်တယ်ကုန်၏။

“ဇာတိအားဖြင့် ပြုရာသည်, မပြုရာသည်ကိုမျှ မသင်မပြဘဲ သိတတ်သော အာဇာနည်မျိုး၊ သိန္ဓောမျိုးဖြစ်ကုန်သော ငါ၏မြင်းတော်အပေါင်းတို့သည်လည်း ရတနာအတိပြီးသော ဦးခက်ဇက်သိုင်း အဆိုင်းအတွ ကြိုးကဖွဲ့သန်း တင်ရန်းခါးတောင်းတို့ဖြင့် တန်ဆာဆင်အပ်လျက် ရတနာလှင်တံ လေးလက်နက်စွဲကိုင်ကုန်သော မြင်းစီးသူရဲတို့၏ အစီးအနင်းလိမ္မာခြင်းဖြင့်လည်းကောင်း၊ မြင်းတို့၏ လျင်ခြင်းအားနှင့် ပြည့်စုံခြင်းဖြင့်လည်းကောင်း၊ အလွန်ရှုချင်ဖွယ် ရှိကုန်၏။ ဆန်းကြယ်စွာစီရင်အပ်ကုန်သော ငါ၏ရထားတော်အပေါင်းတို့သည် လက်တင်, စွယ်ရန်း, ခါးပန်း, ဝန်းလည်တို့၌ ရံကာအပ်သော ကျားရေ, သစ်ရေတို့ဖြင့်လည်းကောင်း၊ ရထားဦး, ရထားမြတ်တို့၌ စိုက်လွှားအပ်သော အလံရွှေရွက်တို့ဖြင့်လည်းကောင်း၊ နီစွာသောကမ္ဗလာခါးစည်းနှင့်တကွ မိန်ညို, ချပ်, ကာ ဝတ်ကုန်လျက် လေးလက်နက်စွဲကိုင်ကုန်သော ရထားစီးသူရဲတို့၏ အစီးအနင်းလိမ္မာခြင်းဖြင့်လည်းကောင်း အလုံးစုံသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ အလွန်တင့်တယ်ကုန်၏။ ထိုရထားတို့သည် အချို့ကား ငွေစင်ဖြင့် ပြီးကုန်၏။ အချို့ကား ရွှေစင်ဖြင့် ပြီးကုန်၏။ အချို့ကား မျက် ၉-ပါးတို့ဖြင့် စီခြယ်အပ်ကုန်၏။ ထို ရွှေငွေမျက်မျိုးဖြင့် ဆန်းကြယ်ကုန်သောရထားတို့သည် မြင်းက,သောရထား, ကုလားအုတ် က,သောရထား, ဥသဘ က,သောရထား, ဆိတ်မြန်မာ က,သောရထား, ဆိတ်ကုလားက,သောရထား, သမင် က,သောရထား, စိုင် က,သောရထားအားဖြင့် များသောအပြား ရှိကုန်၏။ ထိုရထားတို့ကိုစွန့်ပစ်၍ အဘယ်အခါမှ ငါ ရဟန်းပြုနိုင်ပါအံ့နည်း”ဟုတောင့်တတော်မူ၏။

ထို့နောက် ဆင်စီးသူရဲ, မြင်းစီးသူရဲ, လေးသည်တော်တို့ကို ချီးမွမ်းတော်မူလိုပြန်၍-

“ကဒါဟံ ဟတ္ထာရောဟေ စ၊ သတ္ထာလင်္ကာရဘူသိတေ။

နီလဝမ္မဓရေ သူရေ၊ တောမရင်္ကုသ ပါဏိနေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

ကဒါဟံ အဿာရောဟေ စ၊ သဗ္ဗာလင်္ကာရဘူသိတေ။

“နီလဝမ္မဓရေ သူရေ၊ ဣလ္လိယာ စာပဓာရိနေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိဿတိ။”

“ကဒါဟံ ဓနုဂ္ဂဟေ စ၊ သဗ္ဗာလင်္ကာရဘူသိတေ။

နီလဝမ္မိဓရေ သူရေ၊ စာပဟတ္ထေ ကလာပိနေ။

ပဟာယ ပဗ္ဗဇိဿာမိ၊ တံ ကုဒါဿု ဘဝိသတိ။”

ဟူသော ၃-ဂါထာတို့ဖြင့် ချီးမွမ်းတော်မူပြန်၏။

အဓိပ္ပာယ်ကား-

“ငါ၏ ဆင်းစီးသူရဲတို့သည် မိန်ညို, ချပ်,ကာတန်ဆာအပေါင်း ဝတ်ဆင်ကုန်သဖြင့် လှံမ,ချွန်းတောင်း လက်စွဲကုန်လျက် ရဲရင့်ခြင်းနှင့်ပြည့်စုံစွာ တင့်တယ်ကုန်၏။ ငါ၏ မြင်းစီးသူရဲတို့သည်လည်း ခါးစည်း၊ ဝတ်လုံစသော တန်ဆာတို့ဖြင့် တန်ဆာဆင်ကုန်သဖြင့် ရွှေကြိမ်လုံး, လေးလက်နက်စွဲကုန်လျက် ရဲရင့်ခြင်းနှင့် ပြည့်စုံစွာတင့်တယ်ကုန်၏။ ငါ၏ လေးသည်တော်တို့သည်လည်း မိန်ညို, ချပ်, ကာဝတ်ဆင်ကုန်သဖြင့် မြားတောင့်လွယ်ကာ ရွှေလေးလက်စွဲလျက် ရဲရင့်ခြင်းနှင့်ပြည့်စုံစွာ တင့်တယ်ကုန်၏။ ထို ဆင်စီးသူရဲ, မြင်းစီးသူရဲ, လေးသည်သူရဲတို့ကို စွန့်ပစ်၍ အဘယ်အခါမှ လွတ်လွတ် ရဟန်းပြုရပါအံ့နည်း”ဟု တောင့်တတော်မူ၏။

ထို့နောက် မင်းသားလုလင်ပျို ပုဏ္ဏားလုလင်ပျိုတို့ကို ချီးမွမ်းတော် မူလိုပြန်၍ “ကဒါဟံ ရာဇပုတ္တေ စ” အစရှိသော ဂါထာ, “ကဒါဟံ အရိယဂဏေ”အစရှိသောဂါထာ၊ ဤ ၂-ဂါထာတို့ဖြင့် ချီးမွမ်းတော်မူပြန်၏။

အဓိပ္ပာယ်ကား-

“ငါ၏ညီတော်, တူတော်, မြေးတော်ဖြစ်ကုန်သော အသောင်းမကသော မင်းသားအပေါင်းတို့သည် ရွှေချည်, ပိုးချည်, ခေါမချည်တို့ဖြင့် ဆန်းကြယ်စွာရက်အပ်သော ပုဆိုးဝတ်လုံတို့ကို ဝတ်ဆင်ကုန်၍ ရွှေလက်ကောက်, ရွှေနားတောင်း အစုံဆင်လျက် နတ်လုလင်ကဲ့သို့ အလွန်တင့်တယ်ကုန်၏။ ငါ၏ပုရောဟိတ် ပုဏ္ဏားတော်အပေါင်းတို့သည်လည်း အကျော်, စန္ဒကူး, အမွှေး, အထုံတို့ဖြင့် လိမ်းသပ်ပြင်ဆင် တန်ဆာဆင်၍ သန့်စင်နုထွတ် ဖြူဆွတ်သော ကာသိကရာဇ်တိုင်းဖြစ် ပုဆိုးတို့ကိုဝတ်ဆင်ကုန်လျက် အလွန်တင့်တယ်ကုန်၏။ ထို မင်းသားလုလင်ပျို ပုဏ္ဏားလုလင်ပျိုတို့ကို စွန့်ပစ်၍ အဘယ်အခါမှ ငါ လွတ်လွတ် ရဟန်းပြုရပါအံ့နည်း”ဟု တောင့်တတော်မူ၏။


(ဤအရာတွင် တစ်ပါးသောကာလ၌ ပုဏ္ဏားတို့ကို မာဂဓ ဘာသာအားဖြင့် “ဗြာဟ္မဏ”ဟု ခေါ်ဝေါ်ကုန်၏။ ထိုကာလ၌ကား ဘုရားလောင်းမင်းကြီးသည် အမျိုးတို့၏ကျင့်ရိုးရှိတိုင်း ကောင်းမြတ်သောအကျင့်ကို ကျင့်စေခြင်းငှာ ဆုံးမ စောင့်ရှောက်တော်မူသည်ဖြစ်၍လည်းကောင်း၊ ကာလအားလျော်စွာ ၎င်းပုဏ္ဏားတို့သည်လည်း ကောင်းမြတ်ဖြူစင်သောအကျင့်ကို ကျင့်ကြကုန်သောကြောင့်လည်းကောင်း-“အရိယဂဏေတိ ဗြဟ္မဏဂဏေ၊ တေ ကိရ သဒါ အရိယာစာရာ အဟေသုံ။”ဟူသော အဋ္ဌကထာနှင့်အညီ ထိုမဟာဇနကမင်းကြီး မင်းပြုတော်မူသောကာလ၌ ပုဏ္ဏားတို့ကို “အရိယာ”ဟု လူတို့ကို ခေါ်ဝေါ်စေကုန်၏။ ဤကား စကားချပ်တည်း။)

ထို့နောက် မိဖုရား ၇၀၀-တို့ကိုချီးမွမ်း၍ ရဟန်းအဖြစ်ကို တောင့်တပြန်ခြင်းငှာ “ကဒါဟံ သတ္တသတာ ဘရိယာ” အစရှိသော ၃-ဂါထာတို့ဖြင့် ကြံတော်မူပြန်၏။

အဓိပ္ပာယ်ကား-

“ဤ ငါ၏နန်းတော်၌ အသောင်းမကကုန်သော မိဖုရားကြီး, မိဖုရားငယ်, ကိုယ်လုပ်မောင်းမအပေါင်းတို့တွင် သီဝလိဒေဝီကဲ့သို့ တူမျှသောသဘောရှိလျက် ငါ၏နှလုံးကို ရွှင်ပြုံးနှစ်သက်စေတတ်သော မိဖုရားမြတ်တို့ကား ၇၀၀-အရေအတွက် ရှိကုန်၏။ ထို ငါ၏မိဖုရားကြီးနှင့်တကွ ၇၀၀-ကုန်သော မိဖုရားငယ်တို့သည် အဆင်းအရွယ်အားဖြင့်လည်း မယုတ်မလျော့ ပျော့ပျောင်းသောဣန္ဒြေ, သေခွေယဉ်ကျေးသောအသွင်အပြင်, ပြုံးရွှင်သောမျက်နှာ, သာယာသောစကားလည်း ရှိကုန်၏။ နန်းသုံးနန်းဝတ် နန်းတန်ဆာဖြင့် သုံးဆောင်ဝတ်ဆင်အပ်သည်ဖြစ်၍လည်း နတ်သမီးအဆင်းကဲ့သို့ တင့်တယ်ခြင်းနှင့် ပြည့်စုံကုန်၏။ စကားရိပ် မျက်နှာထားကို ကြားမြင်ကာမျှနှင့် လင်၏စိတ်အလိုကိုလည်း သိတတ်ကုန်၏။ တစ်စုံတစ်ခု မလျော်မသင့် အခွင့်မဆိုင်ဘဲ ငါဆိုမည်ပြုသော်လည်း နှလုံးသားစိတ်ခံ မာန်မူခြင်းမရှိ။ ရိုသေခံ့ညားခြင်းဖြင့် ဝပ်တွားကိုးကွယ် ချစ်ဖွယ်သောစကားကိုလည်း ဆိုတတ်ကုန်၏။ ခပ်သိမ်းသောအမှုတို့၌ လင်၏အလိုသို့သာလိုက်၍ ကျင့်တတ်ကုန်၏။ ထိုသို့သောဂုဏ်တို့ဖြင့် မခွာနိုင်အောင်ရှိသော ငါ၏မိဖုရားတို့ကို အဘယ်အခါမှ ပစ်ခွာနိုင်ပါအံ့နည်း”ဟု တောင့်တတော်မူ၏။

ထို့နောက် စားတော်ခေါ်မြဲဖြစ်သော ရွှေလင်ပန်းကို ချီးမွမ်းတော်မူလိုပြန်၍ “ကဒါဟံ သတပလံ ကံသံ” အစရှိသော ဂါထာဖြင့် ကြံတော်မူ၏။

အဓိပ္ပာယ်ကား-

“ငါ ခဲဖွယ်ဘောဇဉ်တို့ကို စားတော်ခေါ်ရာဖြစ်သော ရွှေလင်ပန်းသည် ရွှေစင်အချိန် ပိုလ်၁၀၀-ရှိ၏။ အနားရေး ၁၀၀-တို့ဖြင့် ဆန်းကြယ်စွာ လုပ်အပ်သည်ဖြစ်၍လည်း အလွန်တင့်တယ်၏။ ထိုရွှေလင်ပန်းကိုစွန့်ပစ်၍ အဘယ်အခါမှ ရဟန်းပြုနိုင်ပါအံ့နည်း”ဟု တောင့်တတော်မူ၏။


(ဤအရာ၌ ပိုလ်ဟူသည်ကား ၅-ကျပ်ဖြင့်ဖွဲ့သော ပိုလ်, ၂၅-ကျပ်ဖြင့်ဖွဲ့သော ပိုလ်, ၅၀-ဖြင့်ဖွဲ့သောပိုလ်, ၁၀၀-ဖြင့်ဖွဲ့သောပိုလ်ဟူ၍ ၄-သွယ် ၄-မျိုးပင်ရှိသည်တွင် အသက် ၁ သောင်းတမ်းကိုထောက်၍ ၂၅-ကျပ်ဖြင့်ဖွဲ့သော ပိုလ်လျှင် သင့်မည်ထင်၏။ ဤကား စကားချပ်တည်း။)

ဤသို့တောင့်တပြီးလျှင် ထို ဆင်တော် မြင်းတော်စသော အခြွေအရံပရိသတ်တို့သည် နောက်တော်သို့မလိုက်နေခြင်းကို တောင့်တတော်မူလိုပြန်၍ “ကဒါဿု မံ ဟတ္ထိဂုမ္ဗာ”အစရှိသော ဂါထာ ၃၀-တို့ဖြင့် တန်ဆာဆင်လျက် “ငါထွက်တော်မူတိုင်း ဝန်းရံကာလိုက်ကုန်သော ငါ၏ဆင်တော်, မြင်းတော်, ရွှေငွေ မျက် ၉-ပါးဖြင့်ပြီးသော မြင်းရထား, ကုလားအုတ်ရထား, ဥသဘရထား, ဆိတ်မြန်မာရထား, ဆိတ်ကုလားရထား, သမင်က,သောရထား, စိုင်က,သောရထား, ဆင်စီးသူရဲ, မြင်းစီးသူရဲ, ရထားစီးသူရဲ, လေးသည်ကျော်သူရဲ, နတ်လုလင်ကဲ့သို့ မင်းသားမျိုးအပေါင်း, ဆရာပုရောဟိတ်ဖြစ်ကုန်သော ပုဏ္ဏားအရိယာအပေါင်း, မိဖုရား ၇၀၀-အပေါင်း၊ ဤ ပရိသတ်အပေါင်းတို့သည် ငါသွားရာနောက်တော်သို့ အဘယ်အခါမှ မလိုက်ဘဲနေပါအံ့နည်း”ဟု တောင့်တတော်မူ၏။

ထို့နောက် ရဟန်းအသွင်ကို တောင့်တတော်မူလိုပြန်၍ “ကဒါဟံ ပတ္တံ ဂဟေတွာ” အစရှိသော ၇၀၀-ဂါထာတို့ဖြင့် တောင့်တတော်မူ၏။

အဓိပ္ပာယ်ကား-

“ငါသည် ဦးပြည်းရိတ်သဖြင့် ဖန်ရည်စွန်းသော ဒုကုဋ်သင်္ကန်းကိုရုံ၍ သပိတ်လက်စွဲလျက် အဘယ်အခါမှ ဆွမ်းခံ, ဆွမ်းစား သွားရပါအံ့နည်း။ ခရီးလမ်းမတို့၌ လူတို့ အသုံးမဝင်၍ စွန့်ပစ်လေပြီးသောအဝတ်တို့ကို ပံ့သုကူ ကောက်ယူသဖြင့် သင်္ကန်းဒုကုဋ်ချုပ်ဆိုး၍ အဘယ်အခါမှ ဝတ်ရုံရပါအံ့နည်း။ ရက်လည်နေ့စပ် မပြတ်ရွာသောမိုးကြီးထဲ၌ သင်္ကန်းစွတ်စိုလျက် အဘယ်အခါမှ ဆွမ်းခံရပါအံ့နည်း။ ငါသည် ထိုထိုသို့သောအရပ်တို့သို့ သွား၍ တစ်တောမှလျှင် တစ်တောဝင်လျက် သစ်တစ်ပင်နား ဝါးတစ်ရုံရိပ် စိတ်ကြောင့်ကြမဲ့ ငဲ့ကွက်လွတ်ရှင်း တစ်ကိုယ်ချင်းဖြင့် သီတင်းဖြူဆွစွာသော ဗြဟ္မစရိုက်ကို အလိုက်အဘယ်အခါမှ ဖြည့်ဆောင်ရပါအံ့နည်း။ ငါသည် ဟိမဝန္တာတော၌ တစ်ကုန်းပြောင်းတက် တစ်ကုန်းသက်၍ ကြောက်မက်ဖွယ်ရန် ဘေးဒဏ်မမြော် အဖော်မပါဘဲ အဘယ်အခါမှ သွားရပါအံ့နည်း။

“လိမ္မာတတ်ကျွမ်းလှစွာသော စောင်းသမားသည် ကောင်းလှစွာသောစောင်း၌ ၇-ချောင်းသောညှို့တို့ကို နှလုံးမွေ့လျော်ဖွယ် အညီအညွတ်ညှိသကဲ့သို့ ယခု ငါ၌ ကြောင့်ကြဖွယ်အသွယ်သွယ် နှောင့်ယှက်၍ စိတ်စက်မသာမအီ မညီမညွတ်ရှိသောနှလုံးကို ဖြုန်းဖြုန်းဖြတ်၍ ညီညွတ်ဖြောင့်မတ်စွာ အဘယ်အခါမှ တရည်တည်းကျနိုင်ပါအံ့နည်း။

“ဖိနပ်ခြေနင်းအလို့ငှာ သားရေနယ်သမားသည် ထက်လှစွာသောဆောက်ဝန်းဖြင့် သားရေနယ်ကို ညီညွတ်စွာ ပိုင်းပိုင်းဖြတ်လှီးသကဲ့သို့ လူ,နတ်တို့၏သန္တာန်၌ တန်တန်ရစ်မြှေး ဖွဲ့ယှက်ကာနေသော ကာမသံယောဇဉ်ကို လွင့်ကင်းပျောက်အောင် ဉာဏ်ဆောက်ဝန်းဖြင့် ပယ်တွန်းပိုင်းဖြတ်၍ မြတ်သောနေရာ၌ အဘယ်အခါမှ ငါ နေရပါအံ့နည်း”ဟု `တောင့်တတော်မူ၏။