ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၇၂။ မဟာပဒုမဇာတ် (၉)
2580ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၇၂။ မဟာပဒုမဇာတ် (၉)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ဒွါဒသကနိပါတ်

၉။ မဟာပဒုမဇာတ်

မကောင်းကြံသဖြင့် ဘေးရောက်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နာဒိဋ္ဌာ ပရတော ဒေါသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာပဒုမဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စိဉ္စမာဏဝိကာကို အကြောင်းပြု၍ ဟော

တော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့။ ပဌမဗောဓိအတွင်း သဗ္ဗညူ မြတ်စွာဘုရားအား များစွာကုန်သော သာဝကတို့သည်၎င်း၊ အတိုင်းအရှည် မရှိကုန်သောလူတို့သည်၎င်း၊ အရိယာ၏အရာသို့ သက်ကုန်သည်ရှိသော် ဂုဏ်ကျေးဇူးတော်အပေါင်းတို့သည် ပြန့်နှံ့ကုန်သည်ရှိသော် ပူဇော်သက္ကာရသည် ထင်ရှား၏။ တိတ္ထိတို့သည် နေထွက်သောအခါ ပိုးစုန်းကြူးကဲ့သို့ ဖြစ်ကုန်၏။ ထိုတိတ္ထိတို့သည် ပျက်စီးသော လာဘသက္ကာရ ရှိကုန်သည်ဖြစ်၍ ခရီးလမ်းမ၌ ရပ်၍ ရဟန်း ဂေါတမသည်သာ ဘုရားလော၊ ငါတို့သည်လည်း ဘုရားတို့တည်း၊ ရဟန်းဂေါတမအား လှူခြင်းသာလျှင် အကျိုးကြီးသလော၊ ငါတို့အား လှူခြင်းသည်လည်း အကျိုးကြီးသည်သာတည်း၊ ငါတို့အားလည်း လူကုန်လော့ဟု လူတို့ကို ဟောကုန်သော်လည်း လာဘ် ပူဇော်သက္ကာရကို မရကုန်လျှင် ဆိတ်ကွယ်ရာ၌ စည်းဝေးကုန်၍ အဘယ်အကြောင်းဖြင့် လူတို့၏အလယ်၌ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကိုပြု၍ ရဟန်းဂေါတမ၏ လာဘ်ပူဇော်သက္ကာရကို ဖျက်ဆီးနိုင်ကုန်အံ့နည်းဟု တိုင်ပင်ကုန်၏။

ထိုအခါ သာဝတ္ထိပြည်၌ စိဉ္စမာဏဝိကာမည်သော တယောက်သော ပရိဗိုင်မသည် မြတ်သောအဆင်းကို ဆောင်၏။ တင့်တယ်ခြင်းအစုသို့ ရောက်သည်ဖြစ်၍ နတ်သမီးနှင့် တူ၏။ ထိုစိဉ္စမာဏဝိကာမည်သော မိန်းမ၏ကိုယ်မှ အရောင်တို့သည် ထွက်လတ်ကုန်၏။ ထိုအခါ တယောက်သော ကြမ်းတန်းသော အတိုင်အပင်ရှိသော တိတို့သည် ဤသို့ဆို၏။ စိဉ္စမာဏဝိကကို စွဲ၍ ရဟန်းဂေါတမ၏ကျေးဇူးမဲ့ကို ဖြစ်စေ၍ လာဘသက္ကာရကို ဖျက်ဆီးကုန်အံ့ ဟု ဆို၏။ ထိုတိတ္ထိတို့သည် ဤအကြောင်းသည် ရှိ၏ဟု ဝန်ခံကြကုန်၏။ ထိုအခါ စိဉ္စမာဏဝိကာသည် တိတ္ထိတို့၏ကျောင်းသို့ သွားလျက် ရှိခိုး၍ ရပ်၏။ တိတ္ထိတို့သည် စိဉ္စမာဏဝိကာနှင့်တကွ စကားမပြောကြကုန်၊ အကျွန်ုပ်၏အပွဈသည် အဘယ်နည်း၊ သုံးကြိမ်မြောက်အောင် အရှင်ကောင်းတို့ကို ရှိခိုးပါ၏ ဟု ဆို၍ အဘယ့်ကြောင့် အကျွန်ုပ်နှင့်တကွ စကားပြောတော် မမူကုန်သနည်းဟု မေး၏။

နှမ-ငါတို့ကို နှိပ်စက်ညှဉ်းပန်းလျက် ပူဇော်သက္ကာရကို ဖျက်ဆီး၍ သွားလာသော ရဟန်းဂေါတမကို နှမ မသိသလော ဟု ဆိုကုန်၏။ အရှင်ကောင်းတို့ မသိပါ၊ ဤအရာ၌ အကျွန်ုပ်သည် အသို့ပြုရအံ့နည်း ဟု မေးသည်ရှိသော် နှမ သင်သည် ငါတို့၏ချမ်းသာကို အကယ်၍ အလိုရှိအံ့၊ မိမိကိုယ်ကိုစွဲ၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို ဖြစ်စေ၍ လာဘသက္ကာရကို ဖျက်ဆီးလော့ ဟု ဆိုကုန်၏။ ထိုစိဉ္စမာဏဝိကာသည် အရှင်ကောင်းတို့ ကောင်းပြီ၊ ထိုရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို ပြုခြင်း၌ အကျွန်ုပ်၏ တာဝန်တည်း၊ စိုးရိမ်တော် မမူကုန်လင့် ဟု ဆို၍ ဖဲလေ၏။

မိန်းမတို့၏ မာယာ၌ အလွန်လိမ်မာသည်၏ အဖြစ်ကြောင့် ထိုအခါမှစ၍ သာဝတ္ထိပြည်၌ နေကုန်သော သူတို့သည် မြတ်စွာဘုရားတရားတော်ကို နာ၍ ဇေတဝန် ကျောင်းတော်မှ ထွက်သောအခါ၌ ပိုးပရန်အဆင်းနှင့်တူသော အဝတ်ကိုခြုံ၍ ပန်းနံ့သာအစရှိသည်တို့ဖြင့် ဇေတဝန် ကျောင်းတော်သို့ ရှေးရှုသွား၏။ ဤအခါ၌ အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးသည်ရှိသော် သင်တို့အား ငါသွားရာအရပ်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ဆို၍ ဇေတဝန် ကျောင်းတော်၏ အနီးဖြစ်သော တိတ္ထိတို့၏ကျောင်း၌ နေ၍ နံနက်ကလျှင် ရှိခိုးကုန်အံ့ ဟု ထွက်ကုန်သော ဒါယကာတို့ကို ဇေတဝန်ကျောင်းတော်မှ လာသကဲ့သို့ပြု၍ မြို့သိုဝင်၏။ အဘယ်အရပ်မှ လာသနည်း ဟု ဆိုသည်ရှိသော် သင်တို့အား ငါလာရာအရပ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း ဟု ဆို၍ လေးလလွန်သဖြင့် မေးသည်ရှိသော် ဇေတဝန်ကျောင်းတော်၌ ရဟန်းဂေါတမနှင့်တကွ တခုတည်းသော ဂန္ဓကုဋိတိုက်၌ နေကုန်၏ ဟု ဆို၏။

ပုထုဇဉ်တို့အား ဤမိန်းမစကားသည် မှန်လေသလော၊ မမှန်လေသလောဟု ယုံမှားခြင်းကိုဖြစ်စေ၍ လေးလလွန်လျှင် ပုဆိုးနွမ်းဖြင့် ဝမ်းကိုရစ်၍ ကိုယ်ဝန်ဆောင်သောအသွင်ကို ပြ၍ အထက်၌ တဘက်ကိုရုံ၍ ရှင်ဂေါတမကိုစွဲ၍ ငါသည် ကိုယ်ဝန်ကိုရပြီဟု ဆို၏။ ဤသို့ လူမိုက်တို့ကို ယူစေ၍ ရှစ်လကိုးလလွန်သဖြင့် ဝမ်း၌ သစ်သားဖြင့်ပြုသော အဝန်းကိုထား၍ သစ်သား၏ အထက်၌ တဘက်ကိုရုံ၍ လက်ဖမိုး ခြေဖမိုးတို့ကို နွားမေးရိုးဖြင့်ရိုက်၍ ဖောရောင်သည်ကိုပြ၍ ညစ်နွမ်းသော ဣန္ဒြေရှိသည်ဖြစ်၍ ညချမ်းအခါ မြတ်စွာဘုရားသည် တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌နေ၍ တရားဟောတော်မူသည်ရှိသော် တရားသဘင်သို့သွား၍ ဘုရားသခင်ရှေ့တော်၌ ရပ်၍ ရဟန်းကြီး လူများအား တရားကိုဟော၏။ သင်၏အသံသည် သာယာပေ၏။ ကောင်းစွာထိသော သွားဖုံးနှုတ်ခမ်း ရှိပေ၏။ ငါမူကား သင်ရဟန်းကြီးကိုစွဲ၍ ကိုယ်ဝန်ရသဖြင့် ကိုယ်ဝန်ရင့်ပြီ၊ သားဖွားအိမ်ကို မဆောက်ပါ၊ ထောပတ်ဆီ အစရှိသည်တို့ကိုလည်း မပြုပါ၊ မိမိမပြုပါသည်ရှိသော် အလုပ်အကျွေးကို ခေါ်စေ၍ ကောသလမင်းကြီးကိုသော်၎င်း, မဟာအနာထပိဏ် သူဌေးကိုသော်၎င်း, ဝိသာခါဒါယိကာမကြီးကိုသော်၎င်း စိဉ္စမာဏဝိကာအား ပြုအပ်သောအမှုကို ပြုလော့ဟု သင်မဆို၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းငှာသာလျှင် သင်သိ၏ ဟု ကျင်ကြီးစိုင်ကိုကိုင်၍ လဝန်းကို ဖျက်ဆီးခြင်းငှာ လုံ့လပြုသကဲ့သို့ ပရိသတ်အလယ်၌ မြတ်စွာဘုရားကို စွပ်စွဲ၏။

မြတ်စွာဘုရားသည် တရားစကားကိုထား၍ ကေသရရာဇာ ခြင်္သေ့မင်းကဲ့သို့ စံပယ်တော်မူလျက် နှမ- သင်ဆိုတိုင်း ဖြစ်သည်ကို၎င်း, မဖြစ်သည်ကို၎င်း, ငါသည်၎င်း, သင်သည်၎င်း သိကုန်၏ ဟု မိန့်တော်မူသည်ရှိသော် ရှင်ရဟန်း ဪ-ဟုတ်၏။ သင်သည်၎င်း, ငါသည်၎င်း သိသည်၏ အဖြစ်ဖြင့် ဖြစ်၏ ဟု ဆိုသည်ရှိသော် ထိုခဏ၌ သိကြားမင်း၏ နေရာသည် ပူသောအခြင်းအရာကို ပြ၏။ ထိုသိကြားမင်းသည် ဆင်ခြင်လတ်သော် စိဉ္စမာဏဝိကာသည် သဗ္ဗညူမြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲ၏ဟု သိ၍ ဤအကြောင်းကို သုတ်သင်အံ့ဟု နတ်သား လေးယောက်တို့နှင့်တကွ လာ၏။ နတ်သားလေးယောက်တို့သည် ကြွက်ငယ်ဖြစ်ကုန်၍ သစ်သားဝန်းကို ဖွဲ့သော ကြိုးတို့ကိုတပြိုင်နက်လျှင် ဖြတ်ကုန်၏။ ရုံသောတဘက်ကို လေသည်လွှင့်၏။ သစ်သားဝန်းကျသည်ရှိသော် စိဉ္စမာဏဝိကာ၏ ခြေဖမိုး၌ ကျ၏။ ခြေဖျားနှစ်ဘက်တို့သည် ပြတ်ကုန်၏။

လူတို့သည် ထကုန်၍ ဟယ် အယုတ်မ- နင်သည် အဘယ့်ကြောင့် မြတ်စွာဘုရားကို စွပ်စွဲသနည်း ဟု ဦးခေါင်း၌ တံတွေးထွေး၍ အုတ်ခဲလှံတံ လက်စွဲကုန်လျက် ဇေတဝန်ကျောင်းတော်မှ နှင်ထုတ်ကုန်၏။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရား မျက်စိတော်ဖြင့် မြင်ရာအရပ်ကို လွန်သောအခါ၌ မြေကြီးသည်ကွဲ၍ အဝီစိမှ ငရဲမီးလျှံသည် ထ၏။ ထိုစိဉ္စမာဏဝိကာသည် အမျိုးပေးသော ကမ္ဗလာနီကို ရုံသကဲ့သို့ဖြစ်၍ အဝီစိငရဲ၌ ဖြစ်၏။ တိတ္ထိတို့အား လာဘ်ပူဇော်သက္ကာရသည် ယုတ်၏။ ဘုရားသခင်အား အတိုင်းထက်အလွန် လာဘ်ပူဇော် သက္ကာရသည် ပွား၏။ တနေ့သ၌ တရားသဘင်ဝယ် စကားကို ဖြစ်စေကုန်၏။ ငါ့သျှင်တို့- စိဉ္စမာဏဝိကသည် မြတ်သော ဂုဏ်တော်ရှိသော မြတ်သောအလှူခံ ဖြစ်တော်မူသော ဘုရားသခင်ကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲ၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်၏ ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာ မဟုတ်သေး၊ ရှေး၌လည်း ဤစိဉ္စမာဏဝိကာသည် ငါဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲသောကြောင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ဘူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို။ ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ပွင့်သောပဒုမာ၏ အသရေနှင့်တူသော မျက်နှာရှိသည်၏အဖြစ်ကြောင့် ထိုမင်းသားအား မဟာပဒုမ မင်းသားဟူသော အမည်ကို မှည့်ကုန်၏။ ထိုဘုရားလောင်းသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ အလုံးစုံသော အတတ်တို့ကို သင်ပြီးလျှင် လာခဲ့၏။ ထိုအခါ ဘုရားလောင်း၏ မယ်တော် မိဖုယားကြီးသည် နတ်ရွာစံတော်မူ၏။ ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် တပါးသော မင်းသ္မီးကို မိဖုယားကြီးအရာကိုပေး၍ သားတော် မဟာပဒုမ မင်းသားအား အိမ်ရှေ့အရာ နှင်းတော်မူ၏။

နောက်အဘို့၌ ဗြဟ္မဒတ်မင်းသည် ပုန်ကန်သော ပစ္စန္တရစ်ကို ငြိမ်းအံ့သောငှါ မိဖုယားကြီးကို ဆို၏။ ရှင်မိဖုယားသည် ဤနန်းတော်၌လျှင် နေရစ်လော့၊ ငါသည် ပုန်ကန်သော ပစ္စန္တရစ်ကို ငြိမ်းအံ့သောငှါ သွားပါအံ့ဟု ဆိုသည်ရှိသော် အကျွန်ုပ်သည် ဤနန်းတော်၌ မနေရစ်လိုပါ၊ လိုက်ပါအံ့ ဟု တင်လျှောက်လတ်သော် စစ်ထိုးရာ၌ အပြစ်ကိုပြ၍ လာသည်တိုင်အောင် မငြီးငွေ့သည်ဖြစ်၍ နေရစ်လော့၊ ငါသည် မဟာပဒုမမင်းသားကို အကြင်အခြင်းဖြင့် စေသည်ရှိသော် ရှင်မိဖုယားအား ပြုအပ်သော ကိစ္စတို့၌ မမေ့မလျော့ဖြစ်အံ့၊ ထိုအခြင်းဖြင့်စေ၍ သွားအံ့ဟု ဆို၍ ထိုအခြင်းဖြင့်ပြု၍ ရန်သူတို့ကို ဆုံးမပြီးလျှင် ဇနပုဒ်ကို တည်ထားခဲ့၍ မြို့ပ၌ သစ်တပ်ကိုချ၍ နေတော်မူ၏။ ဘုရားလောင်းသည်လည်း ခမည်းတော် ဗြဟ္မဒတ်မင်းကြီး လာသောအဖြစ်ကို သိ၍ မြို့တော်ကို တန်ဆာဆင်စေပြီးလျှင် နန်းတော်ကို သုတ်သင်စေ၍ ကိုယ်တော်တပါးတည်း ထိုမိဖုယားကြီးအထံသို့ သွားလေ၏။

ထိုမိဖုယားကြီးသည်လည်း အဆင်း၏ တင့်တယ်ခြင်းအစုသို့ ရောက်တော်မူသော ဘုရားလောင်းကို မြင်လျှင် တပ်စွန်းသောစိတ်ရှိသည် ဖြစ်၏။ ဘုရားလောင်းသည် ထိုမိဖုယားကြီးကို ရှိခိုး၍ မိခင် အကျွန်ုပ်တို့သည် အဘယ်ကို ပြုရအံ့နည်းဟု မေး၏။ ထိုအခါ ဘုရားလောင်းကို အဘယ်သို့ ငါ့ကိုဆိုသနည်းဟု ထ၍ လက်၌ကိုင်၍ အိပ်ရာသို့ တက်လော့ဟု ဆို၏။ အဘယ့်အကြောင်းနည်းဟု ဆိုသည်ရှိသော် အကြင်မျှလောက် မင်းသည်မလာသေး၊ ထိုမျှလောက် နှစ်ယောက်ကုန်သော ငါတို့သည် ကိလေသာ၏ မွေ့လျော်ခြင်းဖြင့် မွေ့လျော်ကုန်အံ့ဟုဆို၏။ မိခင်- သင်မိခင်သည် အကျွန်ုပ်၏ အမိလည်းဖြစ်ခဲ့၏။ လင်ရှိမိန်းမလည်း ဖြစ်ခဲ့၏။ အကျွန်ုပ်သည်လည်း လင်ရှိမိန်းမမည်သည်ကို ကိလေသာ၏အစွမ်းဖြင့် ဣန္ဒြေတို့ကိုဖျက်၍ မကြည့်စဘူး၊ အဘယ့်ကြောင့်လျှင် သင်နှင့်တကွ ဤသို့သဘောရှိသော ညစ်နွမ်းသော အကျင့်ကို ကျင့်အံ့နည်းဟု ဆို၏။ ထိုမိဖုယားကြီးသည် နှစ်ကြိမ် သုံးကြိမ်ဆို၍ ဘုရားလောင်းသည် မိမိအလိုသို့ မလိုက်သည်ရှိသော် ငါ၏စကားကို မလိုက်နာအံ့လောဟု ဆို၏။ မလိုက်နာအံ့ဟု ဆိုလတ်သော် ထိုသို့တပြီးကား မင်းအားကြား၍ သင့်ဦးခေါင်းကို ဖြတ်စေအံ့ဟု ဆိုလေ၏။ ဘုရားလောင်းသည် သင်အလိုရှိတိုင်း ဆိုလော့ဟုဆို၍ မိဖုယားကြီးကို ရှက်စေ၍ သွားလေ၏။

ထိုမိဖုယားသည် ကြံ၏။ အိမ်ရှေ့မင်းသည် ရှေးဦးစွာ ခမည်းတော်မင်းကြီးအား အကယ်၍ ကြားအံ့၊ ငါ၏အသက်သည် မရှိပြီ၊ ငါသည်သာလျှင် ရှေးဦးစွာ မင်းကို ကြားလျှောက်အံ့ဟု ကြံ၏။ ကြံပြီး၍ ထမင်းစားပြီးလျှင် ညစ်နွမ်းသောအဝတ်ကို ဝတ်၍ ကိုယ်၌ လက်သည်းရာတို့ကို ပြ၍ မိဖုယားကြီး အဘယ်မှာနည်းဟု မင်းသည် မေးလတ်သောအခါ ဖျားနာ၏ဟု တင်လျှောက်ကြကုန်လော့ဟု ဆို၍ အလုပ်အကျွေး ကိုယ်လုပ်မောင်းမတို့အား အမှတ်ပေး၍ အိပ်၏။ ဗြဟ္မဒတ်မင်းကြီးသည်လည်း မြို့သို့ဝင်၍ နေရာသို့ တက်တော်မူ၍ မိဖုယားကြီးကို မမြင်လျှင် မိဖုယားကြီး အဘယ်မှာနည်းဟု မေးတော်မူ၍ ကြက်သရေရှိသော တိုက်ခန်းသို့ဝင်၍ ရှင်မိဖုယား အသို့နည်း၊ ရှင်မိဖုယားအား မချမ်းသာသလောဟု မေးတော်မူ၍ ထိုမိဖုယားသည် မင်း၏စကားကို မကြားသကဲ့သို့ပြု၍ သုံးကြိမ်မေးတော်မူသော်လည်း ဆိတ်ဆိတ်နေ၏။

ရှင်မိဖုယား အဘယ့်ကြောင့် စကားမဆို ဆိတ်ဆိတ်နေဘိသနည်းဟု မေးတော်မူသည်ရှိသော် မြတ်သောမင်းကြီး အသို့ဆိုတော်မူသနည်း၊ လင်ရှိသော မိန်းမမည်သည်ကား အကျွန်ုပ်ကဲ့သို့ မဖြစ်ကုန်ဟု ဆိုသည်ရှိသော် အဘယ်သူသည် ညှဉ်းဆဲသနည်း၊ လျင်စွာ ငါ့အား ကြားလော့၊ ထိုသူ၏ ဦးခေါင်းကို ဖြတ်အံ့ဟု ဆိုတော်မူလတ်သော် မြတ်သောမင်းကြီး အရှင်မင်းကြီးသည် အဘယ်သူကို မြို့၌ထား၍ သွားတော်မူသနည်းဟု ဆိုသည်ရှိသော် ငါ၏သားတော် အိမ်ရှေ့မင်း ပဒုမမင်းသားကိုထား၍ သွား၏ဟု ဆိုလေ၏။ ထိုပဒုမမင်းသားသည် အကျွန်ုပ်၏နရောသို့ လာလတ်၍ ဤသို့ပြု၏။ ငါသည် သင်၏မယ်တော်ဟု ဆိုပါသော်လည်း ငါ့ကိုထား၍ ငါ့မှတပါးသောမင်းသည် မရှိဟုဆို၍ ဤအိမ်ရှေ့မင်းသည် အကျွန်ုပ်ကိုကိုင်၍ ကိလေသာဟူသော မွေ့လျော်ခြင်းဖြင့် မွေ့လျော်အံ့ဟု အကျွန်ုပ်၏ဆံတို့ကို ဆွဲကိုင်၍ ထိုမှဤမှငင်လျက် မိမိစကားကို မလိုက်နာသော အကျွန်ုပ်ကိုလဲစေပြီးလျှင် ထောင်းသတ်ရိုက်ခတ်၍ သွား၏ဟု တင်လျှောက်၏။

မင်းသည် မစုံမစမ်းဘဲလျှင် လျင်သောအဆိပ်ရှိသော မြွေဟောက်ကဲ့သို့ အမျက်ထွက်တော်မူ၍ မင်းချင်းတို့ကို စေလေ၏။ သွားချေကုန်၊ အိမ်ရှေ့မင်းကိုနှောင်ဖွဲ့၍ ဆောင်ခဲ့ကုန်ဟု စေတော်မူ၏။ ထိုမင်းချင်းယောက်ျားတို့သည် မြို့အလုံးကို လွှမ်းမိုးသကဲ့သို့ ထိုအိမ်ရှေ့မင်း၏ အိမ်တော်သို့ သွားကုန်၍ အိမ်ရှေ့မင်းကို နှောင်ဖွဲ့၍ ပုတ်ခတ်သဖြင့် လက်ပြန်မြဲစွာဖွဲ့ပြီးလျှင် နီသောပန်းတို့ကို လည်၌စပ်၍ ဆောင်ခဲ့ကုန်၏။ ထိုအိမ်ရှေ့မင်းသည် ဤအမှုသည် မိဖုယားယုတ်၏ အမှုတည်းဟု သိတော်မူလျှင် အို-အချင်းတို့ ငါသည် ခမည်းတော်မင်းကြီး၏ အပြစ်ကိုမပြု၊ ငါသည် အပြစ်မရှိဟု မြည်တမ်းလျှက် လာ၏။ မြိုအလုံးသည် ချောက်ချား၏။ မင်းသည် မိန်းမ၏ စကားကို နာယူ၍ သားတော်အိမ်ရှေ့မင်း မဟာပဒုမမင်းသားကို သတ်စေသတတ်ဟု စည်းဝေးကုန်ပြီးလျှင် အိမ်ရှေ့မင်း၏ ခြေရင်း၌ဝပ်၍ အရှင်မင်းသား ဤအမှုသည် အရှင်မင်းသားတို့အား မလျောက်ပတ်ဟု ဆို၍ သည်းစွာသောအသံဖြင့် ငိုကြွေးကုန်၏။ ထိုအခါ အိမ်ရှေ့မင်းကိုဆောင်၍ ခမည်းတော်မင်းကြီး ပြကုန်၏။

ခမည်းတော် မင်းကြီးသည်လည်း မြင်လျှင် ဒေါသစိတကို သိမ်းအံ့သောငှာ မတတ်နိုင်၍ ဤမင်းသားသည် မင်း၏အသွင်ကို ပြု၏။ ငါ၏သားဖြစ်လျှက်လည်း မိဖုယားကြီး၌ ပြစ်မှား၏။ သွားချေကုန် ခိုးသူချရာ ကမ်းပါးပြတ်၌ ချ၍ ပျက်စီးခြင်းသို့ ရောက်စေကုန်လော့ဟု မိန့်တော်မူ၏။ ဘုရားလောင်းသည် ခမည်တော်ဘုရား အကျွန်ုပ်အား ဤသို့ သဘေရှိသောအပြစ်သည် မရှိပါ။ မိန်းမစကားကို ယူတော်မူ၍ မဖျက်ဆီးပါလင့်ဟု ခမည်းတော်ကို တောင်းပန်လေ၏။ ခမည်းတော်မင်းကြီးသည် သားတော်တင်လျှောက်သောစကားကို ယူတော်မမူ၊ ထို့နောင်မှ တသောင်း ခြောက်ထောင်ကုန်သော နန်းတွင်းသူအပေါင်းတို့သည် ချစ်သား မဟာပဒုမမင်းသား သင်ချစ်သားအား မလျောက်ပတ်သော ဤအမှုကို ရဘိ၏တကားဟု ဆိုကုန်၍ သည်းစွာသော ငိုကြွေးခြင်းကို ငိုကုန်၏။ အလုံးစုံသော ခတ္တိယမဟာသာလ အစရှိသော သူတို့သည်၎င်း, မှူးတော် မတ်တော် အပေါင်းတို့သည်၎င်း အရှင်မင်းကြီး သားတော် အိမ်ရှေ့မင်းမြတ်သည် သီလအကျင့် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ အမျိုးအနွယ်ကို စောင့်လတ္တံ့သော သူတည်း၊ တိုင်းပြည်အမွေခံတည်း၊ မိန်းမစကားကို ယူတော်မူ၍ မစီစစ်ဘဲ ဖျက်ဆီးတော် မမူပါလင့်၊ ပြည်ထဲအရှင်မင်းမည်သည်ကား စုံစမ်းဆင်ခြင်၍ ပြုလေ့ရှိသည် ဖြစ်ရာ၏ဟု ဆိုလို၍-

၁၀၆။ နာဒိဋ္ဌာ ပရတော ဒေါသံ၊ အဏုံထူလာနိ သဗ္ဗသော။
ဣဿရော ပဏယေ ဒဏ္ဍံ၊ သာမံ အပ္ပဋိဝေက္ခိယ။
၁၀၇။ ယော စ အပ္ပဋိဝေက္ခိတွာ၊ ဒဏ္ဍံ ကုဗ္ဗတိ ခတ္တိယော။
သကဏ္ဋကံ သော ဂိလတိ၊ ဇစ္စန္ဒောဝ သမက္ခိတံ။
၁၀၈။ အဒဏ္ဍိယံ ဒဏ္ဍယတိ၊ ဒဏ္ဍိယဉ္စ အဒဏ္ဍိယံ။
အန္ဓောဝ ဝိသမံ မဂ္ဂံ၊ န ဇာနာတိ သမာသမံ။
၁၀၉။ ယော စ ဧတာနိ ဌာနာနိ၊ အဏုံထူလာနိ သဗ္ဗသော။
သုဒိဋ္ဌ မနုသာသေယျ၊ သဝေ ကာရိတု မရဟတိ။
၁၁၀။ နေကန္တမုဒုနာ သက္ကာ၊ ဧကန္တတိခိဏေန ဝါ။
အတ္တံ မဟတ္တေ ထပေဘုံ၊ တသ္မာ ဥဘယမာစရေ။
၁၁၁။ ပရိဘူတော မုဒု ဟောတိ၊ အတိတိက္ခော စ ဝေရဝါ။
ဧတဉ္စ ဥဘယံ ဉတွာ၊ အနုမဇ္ဈံ သမာစရေ။
၁၁၂။ ဗဟုံပိ ရတ္တော ဘာသေယျ၊ ဒုဋ္ဌောပိ ဗဟုဘာသတိ။
န ဣတ္ထိကာရဏာ ရာဇ၊ ပုတ္တံ ဃာတေတုမရဟတိ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဆိုကုန်၏။

၁၀၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပရတော၊ သူတပါး၏။ ဒေါသံ၊ အပြစ်ကို။ အဒိဋ္ဌာ၊ မမြင်မူ၍။ သဗ္ဗသော၊ အလုံးစုံကုန်သော။ အဏုံထူလာနိ၊ ငယ်ငယ်ကြီးကြီးသောအပြစ်တို့ကို။ ဣဿရော၊ လူများသေဌ်နင်း ပြည့်ရှင်မင်းသည်။ သာမံ၊ ကိုယ်တော်တိုင်။ အပ္ပဋိဝေက္ခိယ၊ မစုံစမ်း မဆင်ခြင်မူ၍။ ဒဏ္ဍံ၊ မင်းဒဏ်ကို။ န ပဏယေ၊ မထားရာ။

၁၀၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယောစ ခတ္တိယော၊ အကြင် ရေမြေ့သေဌ်နင်း ပြည့်ရှင်မင်းသည်ကား။ အပ္ပဋိဝေက္ခိတွာ၊ မစုံစမ်းမဆင်ခြင်မူ၍။ ဒဏ္ဍံ၊ ဒဏ်ထားခြင်းကို။ ကုဗ္ဗတိ၊ ပြုအံ့။ ခတ္တိယော၊ မိမိ၏ အကျိုးစီးပွား ပျက်စီးကြောင်းကို ပြုတတ်သော ထိုမင်းသည်။ ဇစ္စန္ဒော၊ ပဋိသန္ဓေအားဖြင့် ကန်းသောသူသည်။ သမက္ခိကံ၊ ယင်ကောင်ရှိသော။ သကဏ္ဋကံ၊ အဆူးရှိသော။ ဘောဇနံ၊ ဘောဇဉ်ကို။ ဂိလတိ ဣဝ၊ မျိုသကဲ့သို့။ အနတ္ထံ၊ အကျိုးမဲ့ကို။ ကရောတိ၊ ပြုသည်မည်၏။

၁၀၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော စ၊ အကြင် ပြည့်ရှင်မင်းသည်ကား။ အဒဏ္ဍိယံ၊ ဒဏ်မပေးထိုက်သောသူကို။ ဒဏ္ဍယတိ၊ ဒဏ်ပေး၏။ ဒဏ္ဍိယဉ္စ၊ ဒဏ်ပေးထိုက်သော သူကိုလည်း။ အဒဏ္ဍိယံ၊ ဒဏ်မပေး။ သော၊ ထိုပြည့်ရှင်မင်းသည်။ အန္ဓော၊ သူကန်းသည်။ ဝိသမံ၊ မညီမညွတ်သော။ မဂ္ဂံ၊ ခရီးကို။ န ဇာနာတိဣဝ၊ မသိသကဲ့သို့။ သမာသမံ၊ ညီ မညီကို။ န ဇာနာ၊ မသိ။

၁၀၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော စ၊ အကြင်ပြည့်ရှင်မင်းသည်ကား။ သဗ္ဗသော၊ အလုံးစုံကုန်သော။ အဏုံထူလာနိ၊ အပြစ်ငယ် အပြစ်ကြီး ဖြစ်ကုန်သော။ ဧတာနိဌာနာနိ၊ ဤအကြောင်းတို့ကို။ သုဒိဋ္ဌံ၊ ကောင်းစွာမြင်သည်ဖြစ်၍။ အနုသာသေယျ၊ ဆုံးမရာ၏။ သော၊ ထိုပြည့်ရှင်မင်းသည်။ ဝေ၊ စင်စစ်။ ကာရိတုံ၊ မင်းပြုခြင်းငှာ။ အရဟတိ၊ ထိုက်၏။

၁၁၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧကန္တမုဒုနာ၊ စင်စစ်အားဖြင့် နူးညံ့သော ပြည့်ရှင်မင်းသည်။ အတ္တံ၊ မိမိကိုယ်ကို။ မဟတ္တေ၊ မြတ်သောအဖြစ်၌။ ထပေတုံ၊ ထားခြင်းငှါ။ န သက္ကာ၊ မတတ်နိုင်။ ဧကန္တတိခိဏေန၊ စင်စစ် ထက်လွန်းသော ပြည့်ရှင်မင်းသည်လည်း။ အတ္တံ၊ မိမိကိုယ်ကို။ မဟတ္တေ၊ မြတ်သောအဖြစ်၌။ ထပေတုံ၊ ထားခြင်းငှါ။ န သက္ကာ၊ မတတ်နိုင်။ တသ္မာ၊ ထို့ကြောင့်။ ဥဘယံ၊ အနု အထက် နှစ်ပါးစုံကို။ အာစရေ၊ ကျင့်ရာ၏။

၁၁၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မုဒု၊ နူးညံ့သော ပြည့်ရှင်မင်းသည်။ ပရိဘူတော၊ ပြည်သူတို့ နှိပ်စက်အပ်သည်။ ဟောတိ၊ ဖြစ်၏။ အတိတိက္ခော စ၊ အလွန် ထက်လွန်းသော ပြည့်ရှင်မင်းသည်လည်း။ ဝေရဝါ၊ ရန်များသည်။ ဟောတိ၊ ဖြစ်၏။ ဧတဉ္စ ဥဘယံ၊ ဤနှစ်ပါးစုံကိုလည်း။ ဉတွာ၊ သိ၍။ အနုမဇ္ဈံ၊ မနုလွန်း မထက်လွန်း အလတ်ဖြစ်သော အကျင့်ကို။ သမာစရေ၊ ကောင်းစွာ ကျင့်ရာ၏။

၁၁၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ရတ္တောပိ၊ တပ်စွန်းသည်ဖြစ်၍လည်း။ ဗဟုံ၊ များစွာ။ ဘာသေယျ၊ ပြောဆိုရာ၏။ ဒုဋ္ဌောပိ၊ အမျက် ထွက်သည်ဖြစ်၍လည်း။ ဗဟုံ၊ များစွာ။ ဘာသတိ၊ ဆဲရေးရာ၏။ ဣတ္ထိကာရဏာ၊ မိန်းမဟူသောအကြောင်းကြောင့်။ ပုတ္တံ၊ သားတော်ကို။ ဃာတေတုံ၊ သတ်ခြင်းငှါ။ န အရဟတိ၊ မထိုက်။

ဤသို့လျှင် အထူးထူးသော အကြောင်းတို့ဖြင့် တင်လျှောက်ကုန်သော်လည်း မှူးမတ်တို့သည် မိမိတို့၏စကားကို ယူစိမ့်သောငှါ မတတ်နိုင်ကုန်၊ ဘုရားလောင်းသည် တင်လျှောက် တောင်းပန်သော်လည်း မိမိစကားကို ယူစိမ့်သောငှါ မတတ်နိုင်၊ အလွန်မိုက်စွာသော မင်းသည်ကား သွားချေကုန်၊ ထိုမင်းသားကို ခိုးသူချရာ ကမ်းပါးပြတ်၌ ပစ်ချလေကုန်ဟု စေလိုရကား-

၁၁၃။ သဗ္ဗောဝ လောကော ဧကတော၊ ဣတ္ထီ စ အယမေကိကာ။
တေ နာဟံ ပဋိပဇ္ဇိဿံ၊ ဂစ္ဆ ပက္ခိပတေထ နံ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၃။ ဘော အမစ္စာ၊ အို-အမတ်တို့။ သဗ္ဗောဝ၊ အလုံးစုံသာလျှင်ဖြစ်သော။ လောကော၊ လူများသည်။ ဧကတော၊ တပေါင်းတည်း။ ကုမာရဿ၊ မင်းသား၏။ ပက္ခော၊ အပင်းအသင်းတည်း။ အယံ ဣတ္ထိ စ၊ ဤမိန်းမသည်ကား။ ဧကိကာ၊ တယောက်တည်းသာတည်း။ တေန၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ပဋိပဇ္ဇိဿံ၊ စီရင်အံ့။ ဂစ္ဆ၊ သွားချေ။ နံ၊ ထိုမင်းသားကို။ ပက္ခိပတေထ၊ ကမ်းပါးပြတ်၌ ချလေကုန်။

ဤသို့ဆိုသည်ရှိသော် တသောင်း ခြောက်ထောင်ကုန်သော နန်းသူအပေါင်းတို့တွင် တယောက်သောသူသည်လည်း မိမိကိုယ်အဖြစ်ဖြင့် တည်စိမ့်သောငှာ မတတ်နိုင်၊ အလုံးစုံသော ပြည်သူအပေါင်းတို့သည် လက်နှစ်ဖက်တို့ကို မြှောက်၍ ငိုကြွေးကြကုန်လျက် ဆံတို့ကို ကြဲကုန်လျက် ငိုကြွေးမြည်တမ်းကြကုန်၏။ မင်းသည် ဤမင်းသားအား ကမ်းပါးပြတ်၌ ချခြင်းကို တားမြစ်ကုန်ရာ၏ဟု အခြွေအရံနှင့်တကွ သွား၍ လူများငိုကြွေးစဉ် ခြေမိုးမျှော် ဦးခေါင်းစောက်ထိုးကိုင်စေ၍ ကမ်းပါးပြတ်၌ ချစေ၏။ ထိုအခါ ဘုရားလောင်း အိမ်ရှေ့မင်း၏ မေတ္တာတော် အာနုဘော်ကြောင့် တောင်စောင့်နတ်သည် မဟာပဒုမမင်းသား မကြောက်လဟုဆို၍ ထိုဘုရားလောင်းကို သက်သာရာရစေပြီးလျှင် လက်နှစ်ဖက်တို့ဖြင့်ယူ၍ ရင်ခွင်၌ထားလျက် နတ်၏အတွေ့ကို တွေ့စေသဖြင့် သက်သာစေ၍ တောင်ခြေရင်း၌တည်သော နဂါးမင်း၏ ပါးပျဉ်းတိုက်၌ထား၏။ နဂါးမင်းသည် ဘုရားလောင်းကို နဂါးပြည်သို့ ဆောင်ပြီးလျှင် မိမိစည်းစိမ်ကို အလယ်၌ ခွဲ၍ပေး၏။

ထိုဘုရားလောင်းသည် နဂါးပြည်၌ တနှစ်ပတ်လုံးနေ၍ မြတ်သောနဂါးမင်းကြီး လူ့ပြည်သို့သွားပါအံ့ဟု ဆိုသည်ရှိသော် အဘယ်မည်သောအရပ်သို့ သွားအံ့နည်းဟု ဆိုလတ်သော် ဟိမဝန္တာသို့ သွား၍ ရဟန်းပြုပါအံ့ဟု ဆို၍ နဂါးမင်းသည် ကောင်းပြီဟု ထိုဘုရားလောင်းကို လူ့ပြည်ခရီး၌ ထားပြီးလျှင် ရဟန်းပရိက္ခရာတို့ကို ပေးလှူခဲ့၍ မိမိနေရာနဂါးပြည်သို့လျှင် သွား၏။ ထိုဘုရားလောင်းသည်လည်း ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုပြီးလျှင် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ သစ်မြစ်သစ်သီးဟူသော အစာရှိသည်ဖြစ်၍ ဟိမဝန္တာ၌နေတော်မူ၏။ ထိုအခါ ဗာရာဏသီပြည်၌ နေသော မုဆိုးတယောက်သည် ထိုအရပ်သို့ရောက်၍။ ဘုရားလောင်းကိုမြင်လျှင် သိ၍ အရှင်မင်းသားသည် မဟာပဒုမမင်းသား မဟုတ်လောဟု ဆို၍ အချင်းမုဆိုး ဟုတ်၏ဟု ဆိုလတ်သော် ဘုရားလောင်းကိုရှိခိုး၍ ဘုရားလောင်းအထံ၌ နှစ်ရက်သုံးရက်နေပြီးလျှင် ဗာရာဏသီပြည်သို့သွား၍ ဗြဟ္မဒတ်မင်းကြီးအား ကြားလျှောက်၏။

အရှင်မင်းကြီး အရှင်မင်းကြီးသားတော် အိမ်ရှေ့မင်းသည် ဟိမဝန္တာအရပ်၌ ရသေ့ရဟန်းပြု၍ သစ်ရွက်မိုးကျောင်း၌ နေ၏။ အကျွန်ုပ်သည် ထိုမင်းသားအထံ၌ နေ၍လာခဲ့၏ဟု လျှောက်၏။ ထိုစကားကိုကြား၍ ဗြဟ္မဒတ်မင်းကြီးသည် သင်သည် မျက်မှောက်မြင်၏လောဟု မေးသည်ရှိသော် အရှင်မင်းကြီး မျက်မှောက်မြင်သည် မှန်ပါ၏ဟု လျှောက်၏။ ဗြဟ္မဒတ်မင်းကြီးသည် ဗိုလ်ပါအပေါင်း ခြံရံလျက် ဟိမဝန္တာသို့ သွားပြီးလျှင် တောစွန်း၌ သစ်တပ်တည်၍ အမတ်အပေါင်း ခြံရံလျက် သစ်ရွက်မိုးကျောင်းသို့ သွား၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သစ်ရွက်မိုးသော ကျောင်းတံခါး၌ နေသော ဘုရားလောင်းကိုမြင်လျှင် ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေ၏။ မှူးမတ်တို့သည်လည်း ရှိခိုး၍ စကားပြောခြင်းကို ပြုလျက် နေကုန်၏။ ဘုရားလောင်းသည်လည်း ခမည်းတော်မင်းကြီးကို မေး၍ စကားပြောဟောခြင်းကို ပြုတော်မူ၏။ ထိုအခါ သားတော် ဘုရားလောင်းကို ခမည်းတော်မင်းကြီးသည် ချစ်သား သင်သည် အလွန်နက်သော ကမ်းပါးပြတ်၌ ပစ်ချစေလျက် အဘယ့်ကြောင့် သင်ချစ်သားသည် အသက်ရှင်သနည်းဟု မေးလိုရကား-

၁၁၄။ အနေကတာလေ နရကေ၊ ဂမ္ဘီရေ သုဒုရုတ္တရေ။
ပါတိတော ဂိရိ ဒုဂ္ဂသ္မိံ၊ ကေန တွံ တတ္ထ နာမရိ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၄။ တာတ၊ ချစ်သား။ အနေကတာလေ၊ များစွာသော ထန်းပင်ပမာဏရှိသော။ နရကေ၊ နရက်ချောက်ဟု ဆိုအပ်သော။ ဂမ္ဘီရေ၊ နက်စွာသော။ သုဒုရုတ္တရေ၊ အလွန်တက်နိုင်ခဲသော။ ဂိရိဒုဂ္ဂသ္မိံ၊ တောင်ကမ်းပါးပြတ်၌။ ပါတိတော၊ ချစေလျက်။ ကေန၊ အဘယ့်ကြောင့်။ တွံ၊ သင်သည်။ တတ္ထ၊ ထိုတောင်ကမ်းပါးပြတ်၌။ နာမရိ၊ မသေသနည်း။

ဘုရားလောင်းသည် မိမိ အသက်ရှင်သောအကြောင်းကို ခမည်းတော်မင်းကြီးအား ကြားလိုရကား-

၁၁၅။ နာဂေါ ဇာတဖဏော တတ္ထ၊ ထာမဝါ ဂိရိသာနုဇော။
ပစ္စဂ္ဂဟိ မံ ဘောဂေဟိ၊ တေနာဟံ တတ္ထ နာမရိ။

ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တတ္ထ၊ ထိုကမ်းပါးပြတ်၌။ ဇာတဖဏော၊ ပြန့်သောပါးပျဉ်းရှိသော။ ထာမဝါ၊ အားအစွမ်းရှိသော။ ဂိရိသာနုဇော၊ တောင်လျဉ်တောင်ဝှမ်း၌ဖြစ်သော။ နာဂေါ၊ နဂါးမင်းသည်။ ပတနံ၊ ကျသော။ မံ၊ ငါ့ကို။ ဘောဂေဟိ၊ အခွေတို့ဖြင့်။ ပစ္စဂ္ဂဟိ၊ ခံလင့်ပေ၏။ တေန၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ တတ္ထ၊ ထိုကမ်းပါးပြတ်၌။ နာမရိ၊ မသေသတည်း။

ထိုစကားကိုကြား၍ ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည်-

၁၁၆။ ဧဟိ တံ ပဋိနေဿာမိ၊ ရာဇပုတ္တ သကံ ဃရံ။
ရဇ္ဇံ ကာရေဟိ ဘဒ္ဒန္တေ၊ ကိံ အရညေ ကရိဿသိ။

ဟူသော တဆ့ယ်တခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၆။ ရာဇပုတ္တ၊ မင်းသား။ ဧဟိ၊ လာလှည့်။ တံ၊ သင်ချစ်သားကို။ သကံ ဃရံ၊ မိမိအိမ်သို့။ ပဋိနေဿာမိ၊ တဖန် ငါဆောင်အံ့။ တေ၊ သင်ချစ်သားအား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ရဇ္ဇံ၊ ပြည်ကို။ ကာရေဟိ၊ မင်းပြုလော့။ အရညေ၊ တော၌။ ကိံ ကရိဿသိ၊ အဘယ်ပြုအံ့နည်း။

ထိုနောက်မှ မင်းသားသည်-

၁၁၇။ ယထာ ဂိလိတွာ ဗဠိသံ၊ ဥဒ္ဓရေယျ သလောဟိတံ။
ဥဒ္ဓရိတွာ သုခီ အဿ၊ သုခံ ပဿာမိ အတ္တနိ။

ဟူသော ဤဂါထာကို ဆို၏။

၁၁၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဗဠိသံ၊ ငါးမျှားချိတ်ကို။ ဂိလိတွာ၊ မျို၍။ သလောဟိတံ၊ သွေးနှင့်တကွ။ ဥဒ္ဓရေယျ ယထာ၊ အန်သကဲ့သို့။ တထာ၊ ထို့အတူ။ ဥဒ္ဓရိတွာ၊ အန်သည်ရှိသော်။ သုခီ၊ ချမ်းသာခြင်းရှိသည်။ အဿ၊ ဖြစ်ရာ၏။ အတ္တနိ၊ မိမိ၌။ သုခံ၊ ချမ်းသာကို။ ပဿာမိ၊ မြင်၏။

ထိုနောက်မှ ခမည်းတော်မင်းကြီးသည်-

၁၁၈။ ကိံနု တွံ ဗဠိသံ ဗြူသိ၊ ကိံနု ဗြုသိ သလောဟိတံ။
ကိံနု တွံ ဥဗ္ဘတံ ဗြူသိ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤဂါထာကို ဆို၏။

၁၁၈။ တာတ၊ ချစ်သား။ တွံ၊ သင်ချစ်သားသည်။ ကိံ၊ အဘယ်ကို။ ဗဠိသံ၊ ငါးမျှားချိတ်ဟူ၍။ ဗြူသိ နု၊ ဆိုသနည်း။ ကိံ၊ အဘယ်ကို။ သလောဟိတံ၊ သွေးနှင့်တကွဟူ၍။ ဗြူ သိ နု၊ ဆိုသနည်း။ ကိံ၊ အဘယ်ကို။ တွံ၊ သင်ချစ်သားသည်။ ဥဗ္ဘတံ၊ နုတ်အန်အပ်၏ဟူ၍။ ဗြူသိ နု၊ ဆိုသနည်း။ ပုစ္ဆိတော၊ မေးအပ်သော သင်ချစ်သားသည်။ မေ၊ ငါခမည်းတော်မင်းအား။ အက္ခာဟိ၊ ကြားဘိလော့။

မင်းသားသည် ထိုအကြောင်းကို ဖြေကြားလိုရကား-

၁၁၉။ ကာမာဟံ ဗဠိသံ ဗြူမိ၊ ဟတ္ထိအဿံ သလောဟိတံ။
စတ္တာဟံ ဥဗ္ဘတံ ဗြူမိ၊ ဧဝံ ဇာနာဟိ ခတ္တိယ။

ဟူသော ဤ ဂါထာကို ဆို၏။

၁၁၉။ ခတ္တိယ၊ ရေမြေ့အရှင်။ ကာမေ၊ ကာမဂုဏ်တို့ကို။ ဗဠိသံ၊ ငါးမျှားချိတ်ဟူ၍။ အဟံ၊ ငါသည်။ ဗြူမိ၊ ဆို၏။ ဟတ္ထိအဿံ၊ ဆင်မြင်းကို။ သလောဟိတံ၊ သွေးနှင့်တကွဟူ၍။ ဗြူမိ၊ ဆို၏။ အဟံ၊ ငါသည်။ စတ္တံ၊ စွန့်ခြင်းကို။ ဥဗ္ဘတံ၊ နုတ်အန်ခြင်းဟူ၍။ ဗြူမိ၊ ဆို၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် သားတော် ဘုရားလောင်းစကားကို ကြားရလျှင် နှစ်လိုဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ ချစ်သား-ငါသည် အလွန် မိုက်မဲသောကြောင့် မိန်းမစကားကို နာယူ၍ ဤသို့ သဘောရှိသော အကျင့်သီလနှင့်ပြည့်စုံသော သင်ချစ်သား၌ ပြစ်မှားမိ၏။ ငါ့အား အပြစ်ကို သည်းခံပါလော့ဟု ဆို၍ သားတော်ခြေတို့၌ ဝပ်လျက် မြတ်သောမင်းကြီး ထတော်မူလော့၊ ရှင်မင်းကြီး၏ အပြစ်ကို ငါ သည်းခံ၏။ ဤယနေ့မှစ၍ မစုံမစမ်းပြုသည် မဖြစ်လေလင့်ဟု ဆိုသည်ရှိသော် ချစ်သား သင်ချစ်သားသည် အဖ၏ ဥစ္စာဖြစ်သော ထီးဖြူကိုဆောင်း၍ တိုင်းပြည်ကို ဆုံးမသည်ရှိသော် ငါ့အား သည်းခံသည်မည်၏ ဟု ဆို၏။ မြတ်သောမင်းကြီး ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိ၊ ခမည်းတော်မင်းကြီးသည် ရာဇဓံဆယ်ပါးကို မပျက်စေသဖြင့် အဂတိလေးပါးသို့ လိုက်ခြင်းကို စွန့်၍ တရားနှင့်အညီ မင်းပြုတော်မူလော့ဟု ဘုရားလောင်းသည် ခမည်းတော်မင်းကြီးအား အဆုံးအမကို ပေးတော်မူ၏။

ထိုခမည်းတော်မင်းကြီးသည် ငိုကြွေးမြည်တမ်း၍ နေပြည်တော်သို့ ပြန်သွားသည်ရှိသော် ခရီးအကြား၌ မှူးတော် မတ်တော်တို့ကို မေး၏။ ငါသည် အဘယ်သူကို မှီ၍ ဤသို့သဘောရှိသော အကျင့်သီလ ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော သားတော်နှင့် ကွေကွင်းခြင်းသို့ ရောက်တော်မူရသနည်းဟု မေးတော်မူသည်ရှိသော် မြတ်သောမင်းကြီး - မိဖုယားကြီးကိုမှီ၍ ဤသို့ သဘောရှိသော အကျင့်သီလ ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော သားတော်နှင့် ကွေကွင်းခြင်းသို့ ရောက်ရ၏ဟု တင်လျှောက်ကုန်၏။ ဗြဟ္မဒတ်မင်းကြီးသည် ထိုမိဖုယားကြီးကို မိုးမျှော်ကိုင်ယူစေ၍ ခိုးသူချရာ ကမ်းပါးပြတ်၌ ချစေပြီးလျှင် မြို့တော်သို့ဝင်၍ တရားနှင့်အညီ မင်းပြုတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ရှေး၌လည်း စိဉ္စမာဏဝိကာသည် ငါ့ကို စွပ်စွဲသောကြောင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ဘူးပြီဟု မိန့်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ စိဉ္စမာဏဝိကာသည် ထိုအခါ၌ မဟာပဒုမမင်းသား မိထွေးတော် မိဖုယားကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မဟာပဒုမ မင်းသား ခမည်းတော် ဗြဟ္မဒတ်မင်း ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာပညာရှိသည် ထိုအခါ နဂါးမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ တောင်စောင့်နတ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာပဒုမမင်းသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မကောင်းမှုမှ၊ အထူးပ၊ ရှောင်က မင်္ဂလာ

ကိုးခုမြောက်သော မဟာပဒုမဇာတ်သည် ပြီး၏။

*****