ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၇၃။ မိတ္တာမိတ္တဇာတ် (၁၀)
2777ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၇၃။ မိတ္တာမိတ္တဇာတ် (၁၀)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ဒွါဒသကနိပါတ်

၁၀။ မိတ္တာမိတ္တဇာတ်

မိတ်ဆွေနှင့် ရန်သူတို့၏ လက္ခဏာကို ပြခြင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ကာနိ ကမ္မာနိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိတ္တာမိတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ အကျိုးစီးပွားကို ကျင့်သော အမတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအမတ်သည် ကောသလမင်းအား များသော ကျေးဇူးရှိသည်ဖြစ်သတတ်၊ ထိုအခါ ထိုအမတ်အား ကောသလမင်းကြီးသည် အလွန် မြတ်နိုးခြင်းကို ပြု၏။ ကြွင်းကုန်သော အမတ်တို့သည် အရှင်မင်းကြီး ဤအမည်ရှိသော အမတ်သည် အရှင်မင်းကြီးတို့၏ အကျိုးမဲ့ကိုပြု၏ဟု ဖျက်ကုန်၏။ ကောသလ မင်းကြီးသည် စုံစမ်းသည်ရှိသော် တစုံတခုသောအပြစ်ကို မမြင်သောကြောင့် ငါသည် ဤအမတ်အား တစုံတခုသော အပြစ်ကိုမမြင်၊ အသို့လျှင် ငါသည် ဤအမတ်၏ အဆွေခင်ပွန်းအဖြစ်ကို၎င်း ရန်သူအဖြစ်ကို၎င်း သိခြင်းငှါ တတ်နိုင်အံ့နည်းဟု ကြံ၍ ဤပြဿနာကို ဘုရားသခင်ကိုထား၍ ဘုရားသခင်မှ တပါးသောသူသည် သိခြင်းငှါ မတတ်နိုင်လတ္တံ့၊ ထို့ကြောင့် သွား၍ မေးလျှောက်ကုန်အံ့ဟု နံနက်စာ စားပြီးသော် မြတ်စွာဘုရားသို့ကပ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား လူဖြစ်သောသူသည် မိမိ၏ အဆွေခင်ပွန်းကို၎င်း, ရန်သူကို၎င်း သိခြင်းငှါ အသို့လျှင်တတ်နိုင်ပါအံ့နည်းဟု မေးလျှောက်၏။ ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ရှေး၌လည်း ပညာရှိတို့သည် ဤပြဿနာကို ကြံ၍ ပညာရှိတို့ကို မေးလျှင် ထိုပညာရှိတို့သည် ဖြေဆိုသည်၏ အစွမ်းဖြင့်သိ၍ ရန်သူကို ကြဉ်ရှောင်လျက် အဆွေခင်ပွန်းတို့ကို မှီဝဲဘူးကုန်ပြီဟု မိန့်တော်မူ၍ ထိုကောသလမင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ် မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ ထိုအခါ ဗာရာဏသီမင်း၏ အကျိုးစီးပွားကိုကျင့်သော အမတ်တယောက်ကို ကြွင်းကုန်သော အမတ်တို့သည် ဖျက်ကုန်၏။ ဗြဟ္မဒတ်မင်းသည် ထိုအမတ်၏ အပြစ်ကိုမမြင်၍ အသို့လျှင် ထိုအဆွေခင်ပွန်းအဖြစ်ရန်သူအဖြစ်ကို သိခြင်းငှါ တတ်နိုင်အံ့နည်းဟု ဘုရားအလောင်းကို မေးလိုရကား-

၁၂၁။ ကာနိ ကမ္မာနိ ကုဗ္ဗာနံ၊ ကထံ ဝိညူ ပရက္ကမေ။
အမိတ္တံ ဇာနေယျ မေဓာဝီ၊ ဒိသွာ သုတွာစ ပဏ္ဍိတော။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၂၁။ ပဏ္ဍိတ၊ သုခမိန်။ ကုဗ္ဗာနံ၊ ပြုအပ်ကုန်သောသူတို့၏။ ကာနိ ကမ္မာနိ၊ အဘယ်အမှုတို့ကို။ ဒိသွာ စ၊ မြင်၍၎င်း။ သုတွာ စ၊ ကြား၍၎င်း။ မေဓာဝီ၊ ထိုးထွင်း၍သိသော။ ပဏ္ဍိတော၊ ပညာရှိသည်။ အမိတ္တံ၊ ရန်သူကို။ ဇာနေယျ၊ သိရာသနည်း။ ဝိညူ၊ ပညာရှိသည်။ ကထံ၊ အသို့လျှင်။ ပရက္ကမေ၊ လုံ့လပြုရာသနည်း။

ထိုအခါ ထိုမင်းအား ရန်သူ့လက္ခဏာကို ပြောလိုရကား-

၁၂၂။ န နံ ဥမှယတေ ဒိသွာ၊ န စ နံ ပဋိနန္ဒတိ။
စက္ခုနိဿ န ဒဒါတိ၊ ပဋိလောမဉ္စ ဝတ္တတိ။
၁၂၃။ အမိတ္တ တဿ ဘဇတိ၊ မိတ္တေ တဿ န သေဝတိ။
ဝဏ္ဏကာမေ နိဝါရေတိ၊ အက္ကောသန္တေ ပသံသတိ။
၁၂၄။ ဂုယှဉ္စ တဿ နာက္ခာတိ၊ ဂုယှံ တဿ နဂူဟတိ။
ကမ္မံ တဿ န ဝဏ္ဏေတိ၊ ပညမဿ န ပသံသတိ။
၁၂၅။ အဘဝေ နန္ဒတိ တဿ၊ ဘဝေ တဿ န နန္ဒတိ။
အစ္ဆေရံ ဘောဇနံ လဒ္ဓါ၊ တဿ နုပ္ပဇ္ဇတေ သတိ။
တတော နံ နာနုကမ္ပတိ၊ အဟာသောပိ လဘေယျိတော။
၁၂၆။ ဣစ္စေတေ သောဠသာကာရာ၊ အမိတ္တသ္မိံ ပတိဋ္ဌိတာ။
ယေဟိ အမိတ္တံ ဇာနေယျ၊ ဒိသွာ သုတွာစ ပဏ္ဍိတော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၂၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ နံ၊ ထိုရန်ဘက်ဖြစ်သောသူကို။ ဒိသွာ၊ မြင်၍။ န ဥမှယတေ၊ မပြုံးမရွှင်။ နံ၊ ထိုရန်သူဖြစ်သောသူကို။ န စ ပဋိနန္ဒတိ၊ မနှစ်သက်။ အဿ၊ ထိုရန်ဘက်ဖြစ်သောသူအား။ စက္ခုနိ၊ မျက်စိတို့ကို။ န ဒဒါတိ၊ မပေးမူ၍ မျက်နှာလွှဲ၏။ ပဋိလောမဉ္စ၊ ဆန့်ကျင် ဘက်ကိုလည်း။ ဝတ္တတိ၊ ကျင့်၏။

၁၂၃။ တဿ၊ ထိုရန်ဘက်ဖြစ်သောသူ၏။ အမိတ္တေ၊ ရန်သူတို့ကို။ ဘဇတိ၊ မှီဝဲဆည်းကပ်၏။ တဿ၊ ထိုရန်ဘက်ဖြစ်သောသူ၏။ မိတ္တေ၊ အဆွေခင်ပွန်းကိုကို။ န သေဝတိ၊ မမှီဝဲ မဆည်းကပ်။ ဝဏ္ဏကာမေ၊ ချီးမွမ်းလိုသောသူတို့ကို။ နိဝါရေတိ၊ တားမြစ်၏။ အက္ကောသန္တေ၊ ဆဲရေးလိုသော သူတို့ကို။ ပသံသတိ၊ ချီးမွမ်း၏။

၁၂၄။ တဿ၊ ထိုရန်ဘက်ဖြစ်သောသူအား။ ဂုယှံ၊ လျှို့ဝှက်အပ်သော မိမိစကားကို။ န အက္ခာတိ၊ မကြား။ တဿ၊ ထိုရန်ဘက်ဖြစ်သောသူ၏။ ဂုယှံ၊ လျှို့ဝှက်အပ်သော စကားကို။ န ဂူဟတိ၊ မလျှို့ဝှက်။ တဿ၊ ထိုရန်ဘက်ဖြစ်သောသူ၏။ ကမ္မံ၊ အမှုကို။ န ဝဏ္ဏတိ၊ မချီးမွမ်း။ အဿ၊ ထိုရန်ဘက်ဖြစ်သောသူ၏။ ပညံ၊ ပညာကို။ န ပသံသတိ၊ မချီးမွမ်း။

၁၂၅။ တဿ၊ ထိုရန်သူဖြစ်သောသူ၏။ အဘဝေ၊ စီးပွားချမ်းသာ မပွားခြင်း၌။ နန္ဒတိ၊ နှစ်သက်၏။ တဿ၊ ထိုရန်သူ၏။ ဘဝေ၊ စီးပွားချမ်းသာ ပွားများခြင်း၌။ န နန္ဒတိ၊ မနှစ်သက်။ အစ္ဆေရံ၊ ကောင်းမြတ်သော။ ဘောဇနံ၊ ဘောဇဉ်ကို။ လဒ္ဓါ၊ ရသည်ရှိသော်။ တဿ၊ ထိုရန်ဘက်ဖြစ်သောသူအား။ သတိ၊ ပေးအံ့ဟု အောက်မေ့ခြင်းသည်။ န ဥပ္ပဇ္ဇတေ၊ မဖြစ်။ ဣတော၊ ဤအကြောင်းကြောင့်။ အဟာသောပိ၊ မရွှင်ပျသည်ဖြစ်၍လည်း။ ဒုက္ခံ၊ ဆင်းရဲကို။ လဘေယျ၊ ရရာ၏။ တတော၊ ထိုအကြောင်းမှ။ နံ၊ ထိုရန်ဘက်ဖြစ်သောသူကို။ နာနုကမ္ပတိ၊ မစောင့်ရှောက်။

၁၂၆။ ဣစ္စေတေ သောဠသာကာရာ၊ ဤ တဆယ့်ခြောက်ပါးသော အကြောင်းတို့သည်။ အမိတ္တသ္မိံ၊ ရန်သူဖြစ်သောပုဂ္ဂိုလ်၌။ ပတိဋ္ဌိတာ၊ တည်ကုန်၏။ ယေဟိ၊ အကြင် တဆယ့်ခြောက်ပါးသော အကြောင်းတို့ဖြင့်။ ပတိဋ္ဌိတာ၊ တည်ကုန်၏။ တေဟိ၊ ထိုတဆယ့်ခြောက်ပါးသော အကြောင်းတို့ဖြင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ ဒိသွာ စ၊ မြင်၍၎င်း။ သုတွာ စ၊ ကြား၍၎င်း။ အမိတ္တံ၊ ရန်သူကို။ ဇာနေယျ၊ သိရာ၏။

ဤဂါထာတို့ဖြင့် ရန်သူ၏လက္ခဏာကို ဟောပြီး၍ တဖန် အဆွေခင်ပွန်း၏လက္ခဏာကို မေးမြန်းလိုသော မင်းသည်-

၁၂၇။ ကာနီ ကမ္မာနိ ကုဗ္ဗာနံ၊ ကထံ ဝိညူ ပရက္ကမေ။
မိတ္တံ ဇာနေယျ မေဓာဝီ၊ ဒိသွာ သုတ္တာ စ ပဏ္ဍိတော။

ဟူသော ဤဂါထာကို ဆို၏။

၁၂၇။ ပဏ္ဍိတ၊ သုခမိန်။ ကုဗ္ဗာနံ၊ ပြုအပ်ကုန်သောသူတို့၏။ ကာနိ ကမ္မာနိ၊ အဘယ်အမှုတို့ကို။ ဒိသွာ စ၊ မြင်၍၎င်း။ သုတွာ စ၊ ကြား၍၎င်း။ မေဓာဝီ၊ ထိုးထွင်း၍ သိသော။ ပဏ္ဍိတော၊ ပညာရှိသည်။ မိတ္တံ၊ အဆွေခင်ပွန်း၏အဖြစ်ကို။ ဇာနေယျ၊ သိရာသနည်း။ ကထံ၊ အဘယ်သို့လျှင်။ ဝိညူ၊ ပညာရှိသည်။ ပရက္ကမေ၊ လုံ့လပြုရာသနည်း။

ဘုရားလောင်းသည် ဤဂါထာဖြင့် အဆွေ ခင်ပွန်းကောင်း၏ လက္ခဏာကို မေးအပ်သော မင်းကြီးအား အဆွေခင်ပွန်းကောင်း၏ လက္ခဏာကို ပြောလိုရကား-

၁၂၈။ ပဝုဋ္ဌံ တဿ သရတိ၊ အာဂတံ အဘိနန္ဒဘိ။
တတော ကေလာယိကော ဟောတိ၊ ဝါစာယ ပဋိနန္ဒတိ။
၁၂၉။ မိတ္တေ တဿေဝ ဘဇတိ၊ အမိတ္တေ တဿ န သေဝတိ။
အက္ကောသန္တေ နိဝါရေတိ၊ ဝဏ္ဏကာမေ ပသံသတိ။
၁၃၀။ ဂုယှဉ္စ တဿ အက္ခာတိ၊ တဿ ဂုယှဉ္စ ဂူဟတိ။
ကမ္မဉ္စ တဿ ဝဏ္ဏေတိ၊ ပညမဿ ပသံသတိ။
၁၃၁။ ဘဝေ နန္ဒတိ တဿ စ၊ အဘဝေ တဿ န နန္ဒတိ။
အစ္ဆေရံ ဘောဇနံ လဒ္ဓါ၊ တဿ ဥပ္ပဇ္ဇတေ သတိ။
တတော နံ အနုကမ္ပတိ၊ ပဟာသောပိ လဘေယျိတော။
၁၃၂။ ဣစ္စေတေ သောဠသာကာရာ၊ မိတ္တသ္မိံ သုပတိဋ္ဌိတာ။
ယေဟိ မိတ္တံ သုဇာနေယျ၊ ဒိသွာ သုတွာ စ ပဏ္ဍိတာ။

ဟူသော ကြွင်းသော ဤဂါထာတို့ကို ဆို၏။

၁၂၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပဝုဋ္ဌံ၊ ကွေကွင်းလတ်သော်။ တဿ၊ ထိုအဆွေခင်ပွန်းအား။ သရတိ၊ အောက်မေ့၏။ အာဂတံ၊ လာလတ်သော အဆွေခင်ပွန်းကို။ အဘိနန္ဒတိ၊ အလွန်နှစ်သက်၏။ တတော၊ ထိုအဆွေခင်ပွန်းမှ။ ကေလာယိကော၊ ရွှင်လန်းသဖြင့် အလိုရှိသည်။ ဟောတိ၊ ဖြစ်၏။ ဝါစာယ၊ စကားဖြင့်။ ပဋိနန္ဒတိ၊ နှစ်သက်၏။

၁၂၉။ တဿ၊ ထိုအဆွေခင်ပွန်း၏။ မိတ္တေ ဧဝ၊ အဆွေခင်ပွန်းတို့ကိုသာလျှင်။ ဘဇတိ၊ မှီဝဲဆည်းကပ်၏။ တဿ၊ ထိုအဆွေခင်ပွန်း၏။ အမိတ္တေ၊ ရန်သူတို့ကို။ န သေဝတိ၊ မမှီဝဲ မဆည်းကပ်။ အက္ကောသန္တေ၊ အဆွေ ခင်ပွန်းအား ဆဲရေးသောသူတို့ကို။ နိဝါရေတိ၊ တားမြစ်၏။ ဝဏ္ဏကာမေ၊ အဆွေခင်ပွန်း၏ကျေးဇူးကို ဆိုသောသူတို့ကို။ ပသံသတိ၊ ချီးမွမ်း၏။

၁၃၀။ တဿ၊ ထိုအဆွေခင်ပွန်းအား။ ဂုယှဉ္စ၊ မိမိလျှို့ဝှက်အပ်သော စကားကိုလည်း။ အက္ခာတိ၊ ကြားလာ၏။ တသ၊ ထိုအဆွေခင်ပွန်း၏။ ဂုယှဉ္စ၊ လျှို့ဝှက်သော စကားကိုလည်း။ ဂူဟတိ၊ လျှို့ဝှက်၏။ တဿ၊ ထိုအဆွေခင်ပွန်း၏။ ကမ္မဉ္စ၊ အမှုကိုလည်း။ ဝဏ္ဏေတိ၊ ချီးမွမ်း၏။ တဿ၊ ထိုအဆွေခင်ပွန်း၏။ ပညံ၊ ဉာဏ်ပညာကို။ ပသံသတိ၊ ချီးမွမ်း၏။

၁၃၁။ တဿ၊ ထိုအဆွေခင်ပွန်း၏။ ဘဝေ စ၊ စီးပွားခြင်း၌လည်း။ နန္ဒတိ၊ နှစ်သက်၏။ တဿ၊ ထိုအဆွေခင်ပွန်း၏။ အဘဝေ၊ အစီးအပွားမဲ့၌။ န နန္ဒတိ၊ မနှစ်သက်။ အစ္ဆေရံ၊ ကောင်းမြတ်သော။ ဘောဇနံ၊ ဘောဇဉ်ကို။ လဒ္ဓါ၊ ရသည်ရှိသော်။ တဿ၊ ထိုအဆွေခင်ပွန်းအား။ သတိ၊ ပေးအံ့ဟု အောက်မေ့ခြင်းသည်။ ဥပ္ပဇ္ဇတေ၊ ဖြစ်၏။ ဣတော၊ ဤအကြောင်းကြောင့်။ ပဟာသောပိ၊ ရွှင်ခြင်းကိုလည်း။ လဘေယျ၊ ရရာ၏။ တတော၊ ထိုအကြောင်းမှ။ နံ၊ ထိုအဆွေခင်ပွန်းကို။ အနုကမ္ပတိ၊ စောင့်ရှောက်၏။

၁၃၂။ ဣစ္စေတေ သောဠသာကာရာ၊ ဤတဆယ့် ခြောက်ပါးသော အကြောင်းတို့သည်။ မိတ္တသ္မိံ၊ အဆွေခင်ပွန်းကောင်း၌။ သုပတိဋ္ဌိတာ၊ ကောင်းစွာ တည်ကုန်၏။ ယေဟိ၊ အကြင်တဆယ့်ခြောက်ပါးသော အကြောင်းတို့ဖြင့်။ သုပတိဋ္ဌိတာ၊ ကောင်းစွာတည်ကုန်၏။ တေဟိ၊ ထိုတဆယ့်ခြောက်ပါးသော အကြောင်းတို့ဖြင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ ဒိသွာ စ၊ မြင်၍၎င်း။ သုတွာ စ၊ ကြား၍၎င်း။ မိတ္တံ၊ အဆွေခင်ပွန်းကောင်းကို။ သုဇာနေယျ၊ ကောင်းစွာ သိရာ၏။

မင်းသည် ဘုရားလောင်း၏စကားဖြင့် ဝမ်းမြောက် ဝမ်းသာသောစိတ် ရှိသည်ဖြစ်၍ ဘုရားလောင်းအား များစွာသော စည်းစိမ်ချမ်းသာကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး ဤသို့လျှင် ရှေး၌လည်း ဤပြဿနာသည် ဖြစ်ဘူး၏။ ပညာရှိတို့သည်လည်း ဤပြဿနာကို ဖြေဘူးကုန်ပြီ၊ ဤနှစ်ပါးသော အကြောင်းတို့ဖြင့် အဆွေခင်ပွန်းစစ် ဖြစ်သောသူ ရန်သူဖြစ်သောသူတို့ကို သိအပ်၏ဟု မိန့်တော်မူ၍ မြတ်သောမင်းကြီး- ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်းကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာဏသီမင်း၏ ပညာရှိအမတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကျိုးမဲ့ပြုမှု ကိုယ့်ရန်သူ၊ ကျိုးမူလိုလား မိတ်ဆွေထား

ဆယ်ခုမြောက်သော မိတ္တာမိတ္တဇာတ်သည် ပြီး၏။

*****