မဟာဗုဒ္ဓဝင်/အခန်း- ၁၉
၁၄၄
အခဏ်း-၁၉
သာကီဝင်မင်းသားတထောင်တို့ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုကြခြင်း
ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို အောက်ဖိုလ်သုံးပါး (သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်)၌ တည်စေပြီးနောက် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက် ကပိလဝတ်နေပြည်တော်မှ ထွက်ကြွ၍ ရာဇဂြိုဟ်ပြည်ဘက်သို့ ခရီးဒေသစာရီ ကြွချီတော်မူလာခဲ့ရာ လမ်းခရီးအကြား၌ မလ္လတိုင်း အနုပိယအမည်ရှိသော သရက်ပင်စဉ် ဥယျာဉ်တောသို့ ဆိုက်ရောက်တော်မူကာ ထို ဥယျာဉ်မှာပင် သီတင်းသုံးတော်မူလေ၏။
ထိုအခါ ကပိလ၀တ်နေပြည်တော်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သာကီဝင် မင်းအပေါင်းတို့ကို အညီအညွတ် အစည်းအဝေးခေါ်ယူ၍ ထိုအစည်းအဝေးကြီး၌-
“အို- သာကီဝင်မင်းအပေါင်းတို့.. ငါ၏ သားတော်မြတ်ဘုရားသည် အကယ်၍ ထီးနန်းအုပ်ချုပ် မင်းပြုလုပ်မြဲ ပြုလုပ်၍နေပါလျှင် ရတနာခုနစ်ပါး ဆိုက်ရောက်ကာ လေးကျွန်းသနင်း စကြာမင်းဖြစ်မည် ဧကန်ပင်၊ ငါ၏မြေးတော် ရာဟုလာမင်းသားမှာလည်း သားကြီး ပရိဏာယက ရတနာပီသစွာ မြေအပြင်တွင်ရှိကြသည့် ခတ္တိယနွယ်ကောင်း မင်းအပေါင်းတို့နှင့် အတူတကွ ထိုငါ၏သား စက္ကဝတ်မင်းတရားကို ဝန်းဝိုင်းခြံရံကာ စကြာလှည့်ရာ အုပ်ချုပ်လိုက်ပါလေရာ၏။ အသင် သာကီဝင် မင်းအပေါင်းတို့သည်လည်း ဤအကြောင်းကို ကောင်းစွာ သိကြပြီး ဖြစ်သည်။
ယခုအခါ၌ကား ငါ၏သားတော်မြတ်သည် သုံးလောကသင်းကျစ် ဘုရားဖြစ်တော်မူခဲ့လေ၏၊ ထိုငါ၏သားတော်အတွက် (မင်းမျိုးမှ
၁၄၅
ဘုရားဖြစ်သည်အားလျော်စွာ) မင်းသားများသာလျှင် အခြံအရံဖြစ်ကြပါကုန်စေ၊ အသင်သာကီဝင် မင်းအပေါင်းတို့သည် တအိမ်ထောင် တအိမ်ထောင်လျှင် မင်းသား တယောက်ကျ တယောက်ကျ ငါ့အား ပေးဆက်ကြကုန်လော့၊ (ထိုမင်းသားများကို ငါ၏ သားတော်မြတ်ဘုရားအထံ၌ ရှင်ရဟန်း ပြုလုပ်စေကြကုန်အံ့)”–
ဟု မိန့်ကြားပြောဆိုလေ၏။
ဤသို့ သုဒ္ဓေါဒနမင်းကြီး မိန့်ခွန်းစကား ပြောကြားအပ်သည်ရှိသော် “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ဝန်ခံစကား ပြောကြားကြပြီးလျှင် တပြိုင်နက်တည်းပင် သာကီဝင်မင်းသား (၁ဝဝဝ) တထောင်တို့သည် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ အနုပိယ သရက်ပင်စဉ် ဥယျာဉ်သို့ လိုက်ပါသွားရောက်ကြ၍ မြတ်စွာဘုရား၏ အထံတော်၌ ရှင်ရဟန်းပြုကြလေကုန်၏။
သာကီဝင်မင်းသားခြောက်ဦးနှင့် ဥပါလိဆေတ္တာသည်တို့ ရှင်ရဟန်းပြုကြခြင်း
မြတ်စွာဘုရား အလောင်းတော်ကို ဖွားမြင်ပြီးနောက် လက္ခဏာတော်ကိုဖတ်သော မင်္ဂလာပွဲနေ့၌ ဆွေတော်ရှစ်သောင်း အိမ်ထောင်စုံအပေါင်းမှ “စကြာမင်းဖြစ်လျှင်လည်း ဖြစ်ပါစေ၊ ဘုရားဖြစ်လျှင်လည်း ဖြစ်ပါစေ၊ မင်းသားအပေါင်း ခြံရံလျက်သာလျှင် လှည့်လည်ကျက်စား သွားရပါစေမည်”ဟူ၍ သာကီဝင်မင်းသားပေါင်း ရှစ်သောင်းတို့သည် ဝန်ခံအပ်ခဲ့ကြပြီး ဖြစ်ကြလေကုန်သည်။ ထိုသာကီဝင် မင်းသားတို့အနက်မှ များစွာသော သာကီဝင်မင်းသားတို့ ရဟန်းပြုကြကုန်လတ်သည်ရှိသော်-
(၁) ဘဒ္ဒိယမင်းသား (ထိုအချိန်၌ အလှည့်ကျ မင်းဖြစ်နေသူ)၊
(၂) အနုရုဒ္ဓမင်းသား၊
(၃) အာနန္ဒမင်းသား၊
(၄) ဘဂုမင်းသား၊
၁၄၆
(၅) ကိမိလမင်းသား၊
(၆) ဒေဝဒတ္တမင်းသား-
ဤမင်းသားခြောက်ဦးတို့ ရဟန်းမပြုကြပဲ နေသည်တို့ကို မြင်ကြ၍ သာကီဝင် မင်းမျိုးအပေါင်းတို့သည် “ငါတို့သည် မိမိတို့သားများကို ရှင်ရဟန်း ပြုစေခဲ့ကြကုန်၏၊ ဤသာကီဝင်မင်းသား ခြောက်ဦးတို့ကား ဆွေမျိုးမဟုတ်ကြလေယောင်တကား၊ အဘယ့်ကြောင့် ရဟန်းမပြုပဲ နေရဲကြကုန်ဘိသနည်း”ဟု ကဲ့ရဲ့စကား (= မေးငေါ့စကား) ပြောကြားကြကုန်၏။
ထိုအခါ မဟာနာမ သာကီဝင်မင်းသားသည် (မိမိ၏ ညီဖြစ်သူ) အနုရုဒ္ဓမင်းသားထံသို့ သွားရောက်ပြီး “ညီချစ် အနုရုဒ္ဓ.. ငါတို့၏အမျိုးထဲမှ ရဟန်းပြုသောသူဟူ၍ မရှိသေးချေ။ အသင် ချစ်ညီသော်မူလည်း ရဟန်းပြုစေချင်၏။ သို့မဟုတ် ချစ်ညီ ရဟန်းမပြုလိုလျှင် ငါသော်မူလည်း ရဟန်းပြုပေအံ့”ဟူ၍ တိုင်ပင်စကား ပြောကြားလေ၏။ အထူးအားဖြင့် အနုရုဒ္ဓမင်းသားသည် အလွန်သိမ်မွေ့သူ စည်းစိမ်ဥစ္စာနှင့်လည်း ပြည့်စုံသူ ဖြစ်၏။ ထိုအနုရုဒ္ဓမင်းသားသည် “မရှိ”ဟူသော စကားကိုပင် မကြားဘူးသူ နားမလည်သူ ဖြစ်ပေ၏။
အနုရုဒ္ဓမင်းသား “မရှိ”ဟူသော စကားကို နားမလည်ပုံ
ထိုအကြောင်းကို ချဲ့၍ပြဦးအံ့..၊ တနေ့သ၌ ထိုသာကီဝင်မင်းသား ခြောက်ဦးတို့သည် “ရှုံးသူက မုံကျွေးစတမ်း”ဟု ကတိကစကားထား၍ ဂုံညင်းကစားကြသည်ရှိသော် အနုရုဒ္ဓမင်းသားသည် ဂုံညင်းရှုံးသဖြင့် မူလကတိကစကားအတိုင်း မုံ့ယူရန် မိခင်ထံသို့ မင်းစေတယောက်ကို လွှတ်လိုက်လေ၏။ ထိုအခါ မိခင်သည် မုံ့များကိုစီမံ၍ သားတော် အနုရုဒ္ဓမင်းသားထံ ပို့စေလေ၏။
ထိုမင်းသား ခြောက်ဦးတို့သည် တပျော်တပါး မုံ့ကိုစား၍ တဖန် ဂုံညင်းကစားကြပြန်ကုန်၏။ ကစားတိုင်း ကစားတိုင်းပင် အနုရုဒ္ဓမင်းသားချည်း ရှုံးလေသည်၊ အနုရုဒ္ဓမင်းသား ဂုံညင်းရှုံး၍ မိခင်ထံသို့ မုံ့ယူရန် မင်းစေကို စေလွှတ်တိုင်း စေလွှတ်တိုင်းပင်
၁၄၇
မိခင်သည်လည်း သုံးကြိမ်တိုင်တိုင် မုံ့များကို အပို့လွှတ်၍ စတုတ္ထ အကြိမ်မြောက် ရောက်လတ်သောအခါ၌ မိခင်သည် “ပုဝါ နတ္ထိ = မုံ့များ မရှိ”ဟု ပြန်ကြားလိုက်လေသည်။
အနုရုဒ္ဓမင်းသားသည် “မရှိ”ဟူသော စကားကို မကြားဘူးသူ နားမလည်သူ ဖြစ်သောကြောင့် “ဤ 'မရှိ'ဟူသည် မုံ့ထူးမုံ့ဆန်း တခုခု၏ အမည်သာ ဖြစ်လိမ့်မည်”ဟု အောက်မေ့မှတ်ထင်ကာ “ငါ့အတွက် မရှိမုံ့ကိုပင် ဆောင်ခဲ့ကြကုန်”ဟူ၍ ပြောဆိုပြီးလျှင် မင်းစေယောက်ျားကို တဖန် မိခင်ထံ စေလွှတ်လိုက်ပြန်လေ၏၊ မင်းစေယောက်ျားက အနုရုဒ္ဓမင်းသား၏ မိခင်ကို “အို မိခင်ကြီး.. မိခင်ကြီး၏ သားတော်က မရှိမုံ့ကိုပင် ပေးလိုက်ကြပါတဲ့”ဟူ၍ ပြန်ကြား ပြောဆိုလတ်သည်ရှိသော် အနုရုဒ္ဓမင်းသား၏ မိခင်သည် “ငါ၏သားကား 'မရှိ'ဟူသော စကားကို ကြားလည်း မကြားဘူး၊ နားလည်း မလည်သူဖြစ်သည်။ ဤဥပါယ် နည်းလမ်းဖြင့် ငါ၏သားကို ထို'မရှိ'ဟူသော စကား၏ အနက်အဓိပ္ပါယ်ကို နားလည် သိရှိစေရတော့မည်”ဟု ကြံစည်ပြီးလျှင် အချည်းနှီးသော (= မုံ့မပါသော) ရွှေခွက်တခုကို အခြားရွှေခွက်တခုဖြင့် ဖုံးအုပ်၍ သားအထံသို့ ပို့စေလေ၏။
ထိုအခါ မြို့စောင့်နတ်တို့သည် “ဤအနုရုဒ္ဓ သာကီဝင်မင်းသားကား အန္နဘာရမည်သော ဆင်းရဲသား ဖြစ်ခဲ့စဉ်ကာလက မိမိ၏ ဝေစုဖြစ်သော ထမင်းကို ဥပရိဋ္ဌမည်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ဆက်ကပ်လှူဒါန်း၍ 'အကျွန်ုပ်သည် မရှိဟူသော စကားကိုမျှ မကြားရသည့်ကိုယ် ဖြစ်ပါလို၏၊ ထမင်းဖြစ်ရာ အကြောင်းရင်းကိုမျှ မသိရသည့်ကိုယ် ဖြစ်ပါလို၏'ဟု ဆုတောင်းမှုကို ပြုခဲ့လေပြီ၊ အကယ်၍များ ဤအနုရုဒ္ဓမင်းသားသည် မုံ့မပါသောခွက်ကို မြင်သွားခဲ့သည်ရှိသော် ငါတို့သည် နတ်သဘင်အစည်းအဝေးကို ဝင်ခွင့်ရကြတော့မည် မဟုတ်ချေ၊ ငါတို့၏ ဦးခေါင်းလည်း ခုနစ်စိတ်ကွဲလေရာ၏”ဟူ၍ ကြံစည်ကြပြီးလျှင် ထိုမုံ့မပါသော ရွှေခွက်ကို နတ်၌ဖြစ်သော မုံ့တို့ဖြင့်ပြည့်အောင် ဖန်ဆင်းကြလေကုန်၏။
၁၄၈
ဂုံညင်းကစားဝိုင်း၌ ထိုနတ်မုံ့အပြည့်ပါသော ရွှေခွက်ကို ချထား၍ ဖွင့်လိုက်လျှင် ဖွင့်လိုက်ချင်း နတ်မုံ့တို့၏ မွှေးကြိုင်သော ရနံ့သည် တမြို့လုံး လွှမ်းဖုံး၍ သွားလေတော့၏၊ မုံ့ပိုင်းကလေးတခုကို ခံတွင်း၌ တင်ထားကာမျှ၌ပင် အနုရုဒ္ဓမင်းသား၏ အရသာကြောပေါင်း ခုနစ်ထောင်အနှံ့ ဩဇာပြန့်၍ သွားလေ၏။
ထိုအခါ အနုရုဒ္ဓမင်းသားသည် “ငါ၏မယ်တော်သည် ဤမျှ ကာလကြာမြင့်အောင် ဤ'မရှိ'မုံ့ကို ငါ့အား ကျော်ချက်၍ မပေးခဲ့ချေ၊ ငါ့ကို မယ်တော်သည် ချစ်ဟန်မတူချေ။ ငါသည် ယနေ့မှစ၍ အခြားမုံ့များကို မစားတော့၊ 'မရှိ'မုံ့ကိုသာလျှင် စားတော့မည်”ဟူ၍ ကြံစည်ပြီးလျှင် နန်းအိမ်သို့ရောက်လျှင်ပင် မယ်တော် ကို “အို မယ်တော်.. မယ်တော်တို့သည် ကျွန်ုပ်သားတော်ကို ချစ်ကြပါ၏လော၊ မချစ်ကြပါသလော”ဟု ပြောဆိုမေးမြန်းလေ၏။ ထိုအခါ မယ်တော်က “ချစ်သား အနုရုဒ္ဓ.. မျက်စိတလုံးသာ ရှိသောသူသည် ထို မျက်စိတလုံးကို အစွမ်းကုန် ချစ်ခင် မြတ်နိုးသကဲ့သို့၎င်း, နှလုံးသားကိုကဲ့သို့၎င်း သင်ချစ်သားကို မယ်တော်သည် အတိုင်းထက်အလွန် ချစ်အပ်ပေ၏”ဟု ဖြေကြားလတ်သော် အနုရုဒ္ဓမင်းသားက “အိုမယ်တော်.. ဤမျှ သားတော်ကို ချစ်ခင်မြတ်နိုးပါလျက် အဘယ့်ကြောင့် ဤမျှ ကာလကြာမြင့်အောင် သားတော်၏အတွက် ဤ'မရှိ'မုံ့ကို ကျော်ချက်၍ မပေးခဲ့ပါသနည်း”ဟူ၍ မေးမြန်းပြန်လေသည်။
အနုရုဒ္ဓမင်းသား၏ ထူးဆန်းသော အမေးစကားကို ကြားရလေသော် မယ်တော် မိဖုရားသည် မင်းစေလုလင်ငယ်ကို ခေါ်၍ “အမောင်.. ရွှေခွက်ထည်းမှာ တခုခုများ ပါရှိလေသလား”ဟူ၍ မေးလေ၏။ မင်းစေလုလင်ငယ်က “အို မိခင်ကြီး.. ရွှေခွက်ကြီးတခုလုံး မုံ့တို့ဖြင့် ပြည့်၍နေပါသည်၊ အကျွန်ုပ်သည် ဤသို့သဘောရှိသော မုံ့များကို ရှေးက မမြင်အပ်စဘူး”ဟူ၍ ပြန်ကြား ပြောဆိုလေသည်၊ ထိုအခါ မယ်တော် မိဖုရားသည် “ငါ၏သားကား ဘုန်းရှိသူ ကုသိုလ်ထူးကို ပြုခဲ့ဘူးသူ ဖြစ်ပေလိမ့်မည်၊ နတ်များက
၁၄၉
ရွှေခွက်အပြည့် မုံ့တို့ကိုထည့်၍ ပို့စေအပ်ကုန်သည် ဖြစ်ပေလိမ့်မည်”ဟု အမှန်အတိုင်း ကြံစည်စဉ်းစားမိလေသည်။
ထိုအခါ မယ်တော် မိဖုရားကြီးကို သားတော်ဖြစ်သော အနုရုဒ္ဓမင်းသားသည် “အိုမိခင်..ကျွန်ုပ်သည် ဤအချိန်မှစ၍ တခြားမုံ့များကို မစားတော့ပြီ၊ ကျွန်ုပ်အတွက်ဆိုလျှင် 'မရှိ'မုံ့ကိုပင် ကျော်ချက်၍ ပေးပါလော့”ဟူ၍ ပြောဆိုလေ၏။ မယ်တော် မိဖုရားကြီးသည်လည်း ထိုအချိန်မှ အစပြု၍ အနုရုဒ္ဓမင်းသားအတွက် “မုံ့စားလိုပါသည်”ဟု မှာကြား ပြောဆိုခဲ့သော် မုံ့မပါသော ရွှေခွက်ကိုပင် အခြားရွှေခွက်တလုံးဖြင့် ဖုံးအုပ်၍ အနုရုဒ္ဓမင်းသားထံသို့ ပို့စေလေသည်၊ အနုရုဒ္ဓမင်းသား ရဟန်းမပြုသေးပဲ အိမ်ရာတည်ထောင် လူ့ဘောင်၌နေသမျှ ကာလပတ်လုံး အနုရုဒ္ဓမင်းသားအတွက် နတ်များကသာ မုံ့များကို ပို့စေလေသည်၊ 'မရှိ'ဟူသော စကားကို နားမလည်သော ထိုအနုရုဒ္ဓမင်းသားသည် ရှင်ရဟန်းအဖြစ် မည်သည်ကိုကား အဘယ်မှာလျှင် နားလည် သိရှိနိုင်တော့အံ့နည်း။
သို့ရကား အနုရုဒ္ဓမင်းသားသည် နောင်တော် မဟာနာမမင်းသားကို “အို နောင်တော်.. ယခု နောင်တော်ပြောမည့် ရှင်ရဟန်းပြုမှုဟူသည် အဘယ်အရာပါနည်း = ဘယ်လိုဟာမျိုးပါနည်း”ဟူ၍ မေးမြန်းလေသည်၊ မဟာနာမမင်းသားက “ညီချစ်အနုရုဒ္ဓ.. ရှင်ရဟန်းပြုသောသူသည် ဆံမုတ်ဆိတ်များကို ပယ်ရိတ်ပြီးလျှင် ဖန်ရည်တပ်စွန်းသော အဝတ်တို့ကို ဝတ်ရုံလျက် သစ်သားကြမ်းခင်း (= သစ်သားကွပ်ပျစ်)၌သော်၎င်း, ကြိမ်ခက်သော ညောင်စောင်း ဝါးနှီးတို့ဖြင့် ရက်အပ်သော ညောင်စောင်း၌သော်၎င်း အိပ်ပြီးလျှင် ဆွမ်းခံလှည့်လည်၍ နေရ၏၊ ဤသည်ပင် ရှင်ရဟန်းပြုမှုပေတည်း”ဟူ၍ ဖြေကြား ပြောဆိုလတ်သည်တွင် အနုရုဒ္ဓမင်းသားက တဖန် ဆက်၍ “အို နောင်တော်.. ကျွန်ုပ်ကား သိမ်မွေ့နူးညံ့သောသူတယောက် ဖြစ်ပါသည်။ ကျွန်ုပ်သည် ရဟန်းပြုခြင်းငှါ မစွမ်းနိုင်ပါ”ဟူ၍ ပြောဆိုလေ၏။
၁၅၀
ထိုအခါ နောင်တော် မဟာနာမမင်းသားက “ညီချစ်အနုရုဒ္ဓ.. ထိုသို့ဖြစ်လျှင် သင်ချစ်ညီသည် လူမှုအလုပ် ကိစ္စများကို နားလည်အောင် သင်ယူပြီးလျှင် အိမ်ထောင်ကို စိုးမိုးအုပ်ချုပ်၍ နေပါလော့၊ ငါတို့နောင်ညီ နှစ်ဦးသားတွင် တဦးဦးတော့ ရှင်ရဟန်းမပြုပဲ နေခြင်းငှါ မဖြစ်နိုင်တော့ပြီ”ဟု ပြောကြားလေလျှင် အနုရုဒ္ဓမင်းသားသည် နောင်တော် မဟာနာမမင်းသားကို “အို နောင်တော်.. ဤလူမှုအလုပ် ကိစ္စဟူသည် အဘယ်ပါနည်း”ဟူ၍ မေးမြန်းလေ၏။ ထမင်းဖြစ်ရာ မူလအကြောင်းရင်း ဌာနကိုမျှ နားမလည်သော အမျိုးကောင်းသား အနုရုဒ္ဓမင်းသားသည် လူမှုကိစ္စများကိုမူ အဘယ်မှာလျှင် နားလည်သိရှိနိုင်အံ့နည်း။
အနုရုဒ္ဓမင်းသားတို့ ထမင်းဘယ်မှဖြစ်သည်ကို မသိနားမလည်ကြပုံ
ထိုစကားကို ထင်ရှားစေအံ့..၊ တနေ့သ၌ ကိမိလမင်းသား, ဘဒ္ဒိယမင်းသား, အနုရုဒ္ဓမင်းသား ဤမင်းသားသုံးယောက်တို့၏ စကားဝိုင်း၌ “ထမင်းမည်သည် အဘယ်၌ ဖြစ်သနည်း”ဟူ၍ ဆွေးနွေးစကား ဖြစ်ပွါးခဲ့လေသည်။
ထိုစကား ဆွေးနွေးပွဲ၌ ကိမိလမင်းသားက “ထမင်းမည်သည် ကျီ၌ ဖြစ်၏”ဟူ၍ တင်ပြပြောဆိုလေ၏*။
ထိုအခါ ဘဒ္ဒိယမင်းသားက “သင်သည် ထမင်း၏ ဖြစ်ပေါ်ရာ မူလဌာနကို အတိအကျမသိပေ”ဟု ကိမိလမင်းသား၏ တင်ပြပြောဆိုချက်ကို ပယ်ဖျက်ပြီးလျှင်“ထမင်းမည်သည် ထမင်းအိုး၌ ဖြစ်၏”ဟူ၍ တင်ပြပြောဆိုလေ၏†။
* ထိုမင်းသားကား ထမင်းနှင့်ပတ်သက်၍ ဘုရင့်ကျီတော်မှ ဆန်စပါးများ ထုတ်ယူကြသည်လောက်ကိုသာ မြင်ဘူးသည်ဖြစ်၍ လယ်ခင်းများကို လုံးဝ မမြင်ဘူးဖြစ်သဖြင့် ထိုသို့ တင်ပြပြောဆိုခြင်း ဖြစ်သည်။
† ထိုမင်းသားကား ထမင်းနှင့်ပတ်သက်၍ ထမင်းအိုး၌ ထမင်းချက်ကြသည်လောက်ကိုသာ မြင်ဘူးသူဖြစ်၍ လယ်ခင်းများ ကျီကြမှ ဆန်စပါး ထုတ်ယူကြသည်များကိုပင် လုံးဝမမြင်ဘူးသူ ဖြစ်ရကား ထိုသို့ တင်ပြ ပြောဆိုခြင်း ဖြစ်လေသည်။
၁၅၁
ထိုအခါ အနုရုဒ္ဓမင်းသားက “အသင်တို့ နှစ်ဦးသားလုံးပင် ထမင်း၏ ဖြစ်ပေါ်ရာ မူလဌာနကို အတိအကျ သိကြသူများမဟုတ်ပေ”ဟု ထိုမင်းသားနှစ်ဦး၏ တင်ပြပြောဆိုချက်ကို ပယ်ဖျက်ပြီးလျှင် “ထမင်းမည်သည် ရတနာခုနစ်ပါး အဖူးအညွန့် တပ်ထားသည့် စားတော်ရွှေခွက်၌ ဖြစ်၏”ဟူ၍ တင်ပြပြောဆိုလေသည်*။
ဤသို့လျှင် ထိုမင်းသားသုံးဦးလုံးပင် ထမင်းဖြစ်ပေါ်ရာ မူလအကြောင်းဌာနကို မသိရှာကြကုန်၊ ထို့ကြောင့် အနုရုဒ္ဓမင်းသားသည် “အိုနောင်တော်.. ဤလူမှုအလုပ်ကိစ္စများဟူသည် အဘယ်အရာများပါနည်း”ဟူ၍ (တကယ်ပင် နားမလည်သဖြင့်) နောင်တော် မဟာနာမမင်းသားကို ရိုးသားစွာပင် မေးမြန်းလေသည်။
အနုရုဒ္ဓမင်းသား လူ့ဘောင်၌ ငြီးငွေ့ခြင်း
ထိုအခါ နောင်တော် မဟာနာမမင်းသားက “ညီချစ်အနုရုဒ္ဓ.. လာလော့၊ လူမှုကိစ္စအလုပ်များကို သင်ချစ်ညီအား သင်ကြားပြောဆိုပေအံ့-
(၁) မိုးဦးကျလျှင် ရှေးဦးစွာ လယ်ကို ထွန်ယက်စေရမည်။
(၂) ထွန်ယက်စေပြီးလျှင် ပျိုးကြဲစေရမည်။
(၃) ပျိုးကြဲစေပြီးလျှင် (အချိန်ကိုကြည့်၍) ရေသွင်းစေရမည်။
(၄) ရေသွင်းပြီးနောက် အချိန်ကိုကြည့်၍ ရေထုတ်စေရမည်။
* ဤအနုရုဒ္ဓမင်းသားကား ကျီကြမှ စပါးများကို ထုတ်ယူ၍ ဆန်ကြိတ်ကြသည်ကိုလည်း မမြင်ဘူး၊ ထမင်းချက်ကြ ခူးကြသည်ကိုလည်း မမြင်ဘူး၊ သူမြင်ဘူးသည်ကား ခူးပြီးသားထမင်းကို ရွှေခွက်၌ထည့်ကာ မိမိရှေ့မှောက်၌ ချထားသည်ကိုသာ မြင်ဘူးသူဖြစ်ရကား “ထမင်းစားလိုသော အခါ၌ ထမင်းသည် ရွှေခွက်ထဲ၌ အလိုလို ဖြစ်ပေါ်လာသည်”ဟူ၍ အမှတ်ထားကာ ထိုသို့ တင်ပြပြောဆိုခြင်း ဖြစ်လေသည်။
၁၅၂
(၅) ရေထုတ်ပြီးနောက် ပေါင်းမြက်များကို သုတ်သင်စေရမည်။
(၆) ပေါင်းမြက်များကို အကြိမ်ကြိမ် သုတ်သင်ပြီးနောက် ကောက်စပါးကို မှည့်ရင့်သောအခါ ရိတ်သိမ်းစေရမည်။
(၇) ရိတ်သိမ်းစေပြီးနောက် ထိုရိတ်ပြီးသော ကောက်ပင်များကို လှည်းဖြင့် တိုက်ထုတ်စေရမည်။
(၈) လှည်းဖြင့် တိုက်ထုတ်ပြီးနောက် တလင်းသို့ ရောက်သောအခါ ကောက်ပြန့် ကောက်ပုံကို ပြုလုပ်စေရမည်။
(၉) ကောက်ပြန့် ပြုလုပ်စေပြီးနောက် နယ်စေရမည်။
(၁၀) နယ်စေပြီးနောက် ကောက်ရိုးများကို ထုတ်ယူစေရမည်။ (= ကောက်လှိုင်း ခါစေရမည်)။
(၁၁) ကောက်လှိုင်းခါစေပြီးနောက် စပါးဖျင်းများကို ထုတ်စေရမည်။
(၁၂) စပါးဖျင်းများကို ထုတ်စေပြီးနောက် စပါးလှေ့စေရမည်။
(၁၃) စပါးလှေ့စေပြီးနောက် ကျီကြသို့ တိုက်သွင်းစေရမည်။
(၁၄) ကျီကြသို့ တိုက်သွင်းစေပြီး နောက်တနှစ်၌လည်း ဤနည်းအတူပင် ပြုလုပ်ရမည်၊ နောက်နှစ် နောက်နှစ်များ၌လည်း ဤနည်းအတူပင် ပြုလုပ်ရမည်”–
ဟူ၍ ပြောဆိုသင်ကြားပေးလေသော် အနုရုဒ္ဓမင်းသားသည် “အို နောင်တော်.. ယင်းသို့ဖြစ်လျှင် လူမှုကိစ္စအလုပ်များကား မကုန်နိုင်ပါကုန်တကား၊ လူမှုကိစ္စအလုပ်များ၏ အဆုံးကား
၁၅၃
မထင်ပါတကား၊ အဘယ်အခါ၌ လူမှုကိစ္စအလုပ်များသည် ကုန်နိုင်ပါအံ့နည်း၊ အဘယ်အခါ၌ လူမှုကိစ္စအလုပ်များ၏ အဆုံးသည် ထင်နိုင်ပါအံ့နည်း၊ အကျွန်ုပ်တို့သည် အဘယ်အခါ၌ လူမှုကိစ္စ အဝဝဝယ် ကြောင့်ကြစိုက်ထုတ်ခြင်း မရှိကြပဲ အာရုံငါးပါး ကာမဂုဏ်တရားတို့ဖြင့် ပြည့်စုံလုံလောက်ကြကာ တင့်တယ်စမ္ပယ် ပျော်ရွှင်ကာ နေနိုင်ကြပါကုန်အံ့နည်း”ဟူ၍ ငြီးငွေ့စကား ပြောကြားလေ၏။
ထိုအခါ နောင်တော် မဟာနာမမင်းသားသည် “မှန်ပေသည် ညီချစ်အနုရုဒ္ဓ.. လူမှုကိစ္စ အလုပ်များကား မကုန်နိုင်ကုန်၊ လူမှုကိစ္စ အလုပ်များ၏ အဆုံးကား မထင်နိုင်၊ လူမှုကိစ္စ အလုပ်များ မကုန်မီ မဆုံးမီပင် ငါတို့၏ မိဖအဖိုးအဖွားတို့သည် ကွယ်လွန်ခဲ့ရှာကြပြီ”ဟူ၍ ပြောဆိုလေသော် အနုရုဒ္ဓမင်းသားက “အို နောင်တော်.. ထိုသို့ဖြစ်ခဲ့လျှင် နောင်တော်သည်ပင် လူမှုကိစ္စ အလုပ်များကို သိရှိနားလည်ကာ စီမံ၍ နေရစ်ပါလော့၊ အကျွန်ုပ်သည် အိမ်ရာတည်ထောင် လူ့ဘောင်မှထွက်၍ အိမ်ရာမထောင် ရဟန်းဘောင်သို့ ကပ်ရောက်ပါတော့အံ့”ဟု ရဟန်းပြုရန် ဝန်ခံစကား ပြောကြားလေတော့၏။
ထို့နောက် အနုရုဒ္ဓမင်းသားသည် မယ်တော် မိဖုရားကြီးထံသို့ သွားရောက်ပြီးလျှင် မယ်တော်မိဖုရားကြီးကို “အို မွေးမယ်တော်.. သားတော်သည် ရှင်ရဟန်းပြုလိုပါ၏၊ သားတော်ကို ရှင်ရဟန်းပြုရန် အခွင့်ပြုတော်မူပါ”ဟူ၍ ခွင့်ပန်စကား ပြောကြားလတ်သည်ရှိသော် မယ်တော်မိဖုရားကြီးက သားတော် အနုရုဒ္ဓမင်းသားကို “ချစ်သားအနုရုဒ္ဓ.. မယ်တော်သည် မောင်တို့ညီနောင်သား နှစ်ယောက်တို့ကို အလွန်ပင် ချစ်မြတ်နိုးအပ်ကုန်၏၊ သေမင်းခွဲ၍သော်မှလည်း အလိုမတူပဲ ကွဲရမည် ဖြစ်ချေသည်၊ မယ်တော်သည် အဘယ်မှာလျှင် သင်ချစ်သားနှစ်ယောက်တို့ကို အသက်ရှိနေစဉ် ရှင်ရဟန်းပြုလုပ်ရန် အခွင့်ပြုနိုင်အံ့နည်း၊ (မပြုနိုင်သည်သာတည်း)”ဟူ၍ ပြောဆိုလေသည်။ ဒုတိယအကြိမ်လည်း အနုရုဒ္ဓမင်းသားသည် ရှေးနည်းအတူ
၁၅၄
မယ်တော်မိဖုရားထံ ခွင့်ပန်စကား ပြောကြားပြန်ရာ မယ်တော် မိဖုရားကြီးကလည်း ရှေးနည်းအတူပင် ခွင့်မပြုနိုင်ကြောင်း ပြန်ကြားပြောဆိုလေသည်။ တဖန် သုံးကြိမ်မြောက်လည်း အနုရုဒ္ဓမင်းသားသည် မယ်တော်မိဖုရားကြီးကို “အို မွေးမယ်တော်.. သားတော်သည် ရဟန်းပြုလိုပါ၏၊ သားတော်ကို ရှင်ရဟန်းပြုရန် အခွင့်ပြုတော်မူပါ”ဟူ၍ ခွင့်ပန်စကား ပြောကြားပြန်လေသည်။
ထိုအချိန်၌ ဘဒ္ဒိယမည်သော သာကီဝင်မင်းသားသည် သာကီဝင်မင်းတို့၏အပေါ်၌ စီမံအုပ်ချုပ် မင်းပြုလုပ်နေဆဲဖြစ်၏။ (ထိုအချိန်မှာကား သုဒ္ဓေါဒနမင်းကြီးမှာ အသက်အရွယ် အနှစ် ၉၀-ခန့် ရှိပြီဖြစ်၍ နည်းညွှန်လမ်းပြလောက်သာ သာကီဝင်တို့အပေါ်၌ စီမံနိုင်သည့်အခြေမှာ ရှိလေသည်)။ ထိုဘဒ္ဒိယ သာကီဝင်မင်းသည် အနုရုဒ္ဓ သာကီဝင်မင်းသား၏ အလွန်နှီးရင်းသော သူငယ်ချင်းဖြစ်လေသည်၊ ထိုအခါ အနုရုဒ္ဓ သာကီဝင်မင်းသား၏ မယ်တော်မိဖုရားကြီးသည် “ယခုအခါ ငါ့သား အနုရုဒ္ဓသာကီဝင်၏ သူငယ်ချင်းဖြစ်သူ ဘဒ္ဒိယ သာကီဝင်မင်းသည် သာကီဝင်မင်းတို့၏အပေါ်၌ စီမံအုပ်ချုပ် မင်းပြုလုပ်နေဆဲဖြစ်၏၊ ထိုဘဒ္ဒိယ သာကီဝင်မင်းသည် ဘယ်နည်းနှင့်မှ ရှင်ရဟန်း ပြုနိုင်လိမ့်မည်မဟုတ်”ဟု ကြံစည်စဉ်းစားပြီးလျှင် သားတော် အနုရုဒ္ဓမင်းသားကို “ချစ်သားအနုရုဒ္ဓ.. အကယ်၍ သားတော်၏သူငယ်ချင်း ဘဒ္ဒိယသာကီဝင်မင်းသည် ရှင်ရဟန်းပြုခဲ့ပါလျှင် အမောင် သားတော်လည်း ရှင်ရဟန်းပြုပါလော့”ဟူ၍ ပြန်ကြားပြောဆိုလေသည်။
ထိုအခါ အနုရုဒ္ဓ သာကီဝင်မင်းသားသည် ဘဒ္ဒိယသာကီဝင်မင်း သူငယ်ချင်းထံသို့ သွားရောက်ချဉ်းကပ်ပြီးလျှင် ဘဒ္ဒိယသာကီဝင်မင်းကို “အို အဆွေတော်ဘဒ္ဒိယ.. အကျွန်ုပ်၏ ရဟန်းအဖြစ်သည် အဆွေတော်နှင့် ဆက်စပ်၍နေပါသည်”ဟု ပြောကြားလေသော် ဘဒ္ဒိယ သာကီဝင်မင်းက အနုရုဒ္ဓမင်းသားကို “အို အဆွေတော် အနုရုဒ္ဓ.. အဆွေတော်၏ ရဟန်းအဖြစ်သည် ငါနှင့် အကယ်၍ ဆက်စပ်နေပါလျှင် ထိုရဟန်းအဖြစ်သည်
၁၅၅
အဆက်အစပ်မရှိသည် ဖြစ်ပါစေ။ ငါသည် သင်နှင့် (အတူတကွ ရဟန်းပြုပါမည်ဟူ၍ သူငယ်ချင်း၌ ချစ်ခြင်းဖြင့် အဆောတလျင် ပြောဆိုလိုပါလျက် မင်းစည်းစိမ်၌ တပ်မက်သော လောဘက စိတ်ကို ဆွဲငင်ထားရကား အပြည့်အစုံ မပြောနိုင်ပဲ “ငါသည် သင်နှင့်” ဤမျှသာ စကားကို တပိုင်းတစ ပြောပြီးလျှင်) သင်သည် အလိုရှိတိုင်း ချမ်းသာစွာ ရဟန်းပြုပါလော့”ဟူ၍ ပြောဆိုလေ၏။ အနုရုဒ္ဓမင်းသားက တဖန်ထပ်၍ “အိုအဆွေတော် ဘဒ္ဒိယ.. လာပါလော့၊ ငါတို့နှစ်ယောက်လုံးပင် ရဟန်းပြုကြပါကုန်စို့”ဟူ၍ ပြောပြန်လေသော် ဘဒ္ဒိယ သာကီဝင်မင်းက“အိုအဆွေတော် အနုရုဒ္ဓ.. ငါသည် ရှင်ရဟန်းပြုခြင်းငှာ မစွမ်းနိုင်ပါ၊ ရဟန်းပြုလုပ်ခြင်းမှတပါး အခြား ပြုလုပ်နိုင်မည့် သူငယ်ချင်း၏ မည်သည့်ကိစ္စကိုမဆို ပြုလုပ်ပေးပါမည်၊ (ရဟန်းပြုလုပ်ခြင်း ကိစ္စအတွက်ကတော့) သင်သာ ရဟန်းပြုပါလော့”ဟူ၍ ပွင့်လင်းစွာ ပြန်ကြား ပြောဆိုလေသည်။
ထိုအခါ အနုရုဒ္ဓမင်းသားက ဘဒ္ဒိယသာကီဝင်မင်းကို “အိုအဆွေတော်.. ငါ့ကို မယ်တော်က 'ချစ်သားအနုရုဒ္ဓ.. အကယ်၍ မောင့်သူငယ်ချင်း ဘဒ္ဒိယ သာကီဝင်မင်းသည် ရှင်ရဟန်းပြုခဲ့ပါလျှင် အမောင်သားတော်လည်း ရှင်ရဟန်းပြုပါလော့'ဟူ၍ ပြောလိုက်ပါသည်၊ အို အဆွေတော်ဘဒ္ဒိယ.. အဆွေတော်သည် 'အိုအဆွေတော် အနုရုဒ္ဓ.. အဆွေတော်၏ ရဟန်းအဖြစ်သည် ငါနှင့် အကယ်၍ ဆက်စပ်နေပါလျှင် ထိုရဟန်း အဖြစ်သည် အဆက်အစပ်မရှိသည် ဖြစ်ပါစေ၊ ငါသည် သင်နှင့်..၊ သင်သည် အလိုရှိတိုင်း ချမ်းသာစွာ ရဟန်းပြုပါလော့'ဟူ၍ (ငါ့အလိုသို့ လိုက်မည်ပြုပြီးမှ) လျှောချသောစကားကို သင် ပြောကြားခဲ့ပါပြီ၊ အို အဆွေတော်ဘဒ္ဒိယ.. လာ သွားကြပါစို့..၊ ငါတို့နှစ်ယောက်လုံးပင် ရဟန်းပြုကြပါကုန်စို့”ဟူ၍ အတင်းအကြပ် မငြင်းမဆန်သာအောင် ခေါ်ဝေါ်ပြောဆိုလေ၏။
(ထိုအချိန်၌ လူများသည် မှန်ကန်သောစကား ရှိကြကုန်၏၊ မှန်ကန်သောဝန်ခံခြင်း ရှိကြကုန်၏။ အမှန်အတိုင်း
၁၅၆
ပြောကြား၍ အမှန်အတိုင်း ဝန်ခံကြသောအခါ ဖြစ်လေသည်၊ မိမိပြောကြား ဝန်ခံမိသည့် စကားကို ဘယ်နည်းနှင့်မျှ မဖျက်ဆီးကြချေ၊ သို့ရကား)—
ဘဒ္ဒိယ သာကီဝင်မင်းသည် အနုရုဒ္ဓ သာကီဝင်မင်းသားကို “အိုအဆွေတော်အနုရုဒ္ဓ.. ခုနစ်နှစ်မျှ ဆိုင်းငံ့ပါဦးလော့၊ ခုနစ်နှစ် လွန်မြောက်သောအခါ ငါတို့သူငယ်ချင်း နှစ်ဦးလုံးပင် ရှင်ရဟန်းပြုကြကုန်အံ့”ဟု ပြောဆိုလေ၏။ ထိုအခါ အနုရုဒ္ဓမင်းသားက “အို အဆွေတော်ဘဒ္ဒိယ.. ခုနစ်နှစ်တို့မှာ အလွန်ကြာမြင့်လှပါသည်။ ငါသည် ခုနစ်နှစ်ကြာအောင် ဆိုင်းငံ့၍ မနေနိုင်ပါ”ဟူ၍ ပြောဆိုလေသော် ဘဒ္ဒိယ သာကီဝင်မင်းသည် “အိုအဆွေတော် အနုရုဒ္ဓ.. ခြောက်နှစ်မျှ ဆိုင်းငံ့ပါဦးလော့၊ (ပေယျာလ) ငါးနှစ်မျှ၊ လေးနှစ်၊ သုံးနှစ်မျှ၊ နှစ်နှစ်မျှ၊ တနှစ်မျှ ဆိုင်းငံ့ဦးလော့၊ တနှစ် လွန်မြောက်သောအခါ ငါတို့သူငယ်ချင်း နှစ်ဦးလုံးပင် ရှင်ရဟန်းပြုကြကုန်အံ့”ဟူ၍ အစဉ်သဖြင့် လျှော့ကာ လျှော့ကာ ပြောဆိုလေ၏၊ အနုရုဒ္ဓမင်းသားကလည်း “အိုအဆွေတော် ဘဒ္ဒိယ.. တနှစ်ဆိုသည်မှာ အလွန်ကြာမြင့်လှပါသည်။ ငါသည် တနှစ်ကြာအောင် ဆိုင်းငံ့၍ မနေနိုင်ပါ”ဟူ၍ အတင်းအကြပ်ပင် ပြောဆိုပြန်၏။
ထိုအခါ ဘဒ္ဒိယ သာကီဝင်မင်းသည် အနုရုဒ္ဓ သာကီဝင်မင်းသားကို “အိုအဆွေတော် အနုရုဒ္ဓ.. ခုနစ်လတို့မျှ ဆိုင်းငံ့ပါဦးလော့၊ ခုနစ်လ လွန်မြောက်သောအခါ ငါတို့သူငယ်ချင်း နှစ်ဦးလုံးပင် ရှင်ရဟန်းပြုကြကုန်အံ့”ဟု လျှော့၍ ပြောဆိုပြန်လေသော် အနုရုဒ္ဓမင်းသားက “အို အဆွေတော်ဘဒ္ဒိယ.. ခုနစ်လတို့ ဆိုသည်မှာ အလွန်ကြာမြင့်လှပါသည်၊ ခုနစ်လကြာအောင် ဆိုင်းငံ့၍ မနေနိုင်ပါ”ဟု တဖန်ထပ်၍ အကြပ်ကိုင်ပြန်လေရာ ဘဒ္ဒိယ သာကီဝင်မင်းသည် “အိုအဆွေတော် အနုရုဒ္ဓ.. ခြောက်လမျှ ဆိုင်းငံ့ပါဦးလော့၊ (ပေယျာလ) ငါးလမျှ၊ လေးလမျှ၊ သုံးလမျှ နှစ်လ၊ တလမျှ၊ ဆယ့်ငါးရက်မျှ ဆိုင်းငံ့ပါဦးလော့၊ တဆယ့်ငါးရက် လွန်မြောက်သောအခါ ငါတို့သူငယ်ချင်း နှစ်ဦးလုံးပင်
၁၅၇
ရှင်ရဟန်းပြုကြကုန်အံ့”ဟူ၍ အစဉ်သဖြင့် လျှော့ကာ လျှော့ကာ ပြောဆိုလေသော် အနုရုဒ္ဓမင်းသားကလည်း (အလျှော့မပေးပဲ) တဖန်ထပ်၍ “အဆွေတော်ဘဒ္ဒိယ.. တဆယ့်ငါးရက် ဆိုသည်မှာလည်း အလွန် ကြာမြင့်လှပါသေးသည်၊ ငါသည် တဆယ့်ငါးရက်ကြာအောင် ဆိုင်းငံ့၍ မနေနိုင်ပါ”ဟူ၍ ပြောဆိုပြန်လေသည်။
ထိုအခါ ဘဒ္ဒိယ သာကီဝင်မင်းသည် (နောက်ဆုံး တင်ပြခြင်းမျိုးအနေဖြင့်) “အို အဆွေတော်အနုရုဒ္ဓ.. ငါသည် သားတော် ညီတော် နောင်တော်များသို့ ပြည်ရေးကိစ္စ အဝဝကို အပ်နှင်းပါရစေဦး၊ ခုနစ်ရက်မျှလောက်တော့ ဆိုင်းငံ့ဦးလော့”ဟု ပြောဆိုလေသော် အနုရုဒ္ဓမင်းသားကလည်း “အို အဆွေတော်ဘဒ္ဒိယ.. ခုနစ်ရက်ဆိုသည်မှာ မကြာမြင့်လှပါ၊ ကျွန်ုပ် ဆိုင်းငံ့ပါမည်”ဟူ၍ သဘောတူလက်ခံ ကျေနပ်စကား ပြောကြားလေသည်။
သာကီဝင်မင်းသားခြောက်ဦးတို့ ဥပါလိ(ဆေတ္တာသည်)နှင့်တကွ တောထွက် ရဟန်းပြုကြခြင်း
ထို့နောက် (၁) ဘဒ္ဒိယသာကီဝင်မင်း (၂) အနုရုဒ္ဓမင်းသား (၃) အာနန္ဒာမင်းသား (၄) ဘဂုမင်းသား (၅) ကိမိလမင်းသား (၆) ဒေဝဒတ္တမင်းသား (= ယောက်ဖတော် ဒေဝဒတ်) ဤမင်းသား ခြောက်ဦးတို့သည် ဥပါလိ ဆေတ္တာသည်နှင့်တကွ ခုနစ်ဦးသားဖြစ်ကြ၍ နတ်၏စည်းစိမ်ကို ခံစားကြသည့် နတ်သားများပမာ ခုနစ်ရက်ကြာအောင် လူ၏စည်းစိမ်ကို ဝလင်မြိန်ရှက်စွာ ခံစားကြပြီးလျှင် အပျော်အပါး ဥယျာဉ်ကစား ထွက်ကြသည့်အသွင်ဖြင့် ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ် တည်းဟူသော အင်္ဂါလေးပါးရှိသည့် စစ်တပ်ကြီးဖြင့် နေပြည်တော်မှ ထွက်ခဲ့ကြ၍ တိုင်းတပါး(= နယ်စပ်သို့) ရောက်လတ်သောအခါ မင်းမိန့်အာဏာဖြင့် စစ်တပ်ကြီးကို ပြန်လွှတ်လိုက်ကြပြီးနောက် တိုင်းတပါး (= မလ္လတိုင်း)အတွင်းသို့ ဆိုက်ရောက်ကြလေကုန်၏။
၁၅၈
ထိုမလ္လတိုင်းအတွင်း၌ သာကီဝင်မင်းသား ခြောက်ဦးတို့သည် မိမိတို့၏ အဆင်တန်းဆာများကို ချွတ်ကြ၍ အပေါ်ရုံအဝတ်ဖြင့် အထုပ်ထုပ်ပြီးလျှင် ဥပါလိဆေတ္တာသည်ကို “ကိုင်း.. အချင်းဥပလိ.. သင်ပြန်တော့၊ သင့်အတွက်တာဆိုလျှင် ဤမျှသော ဥစ္စာသည် အသက်ရှည်စွာ သုံးဆောင်ခြင်းငှါ စွမ်းနိုင်လောက်ပြီ”ဟူ၍ ပြောဆိုကြကာ အဆင်တန်ဆာထုပ်များကို ဥပါလိဆေတ္တာသည်အား ဆုလာဘ်အဖြစ် ပေးသနားကြလေသည်။
ဥပါလိဆေတ္တာသည်သည် မင်းသားခြောက်ဦးတို့၏ ခြေရင်း၌ လူးလှိမ့်ငိုကြွေးပြီးလျှင် မင်းသားတို့၏အာဏာကို မလွန်ဆန်ဝံ့သဖြင့် လူးလှိမ့်ငိုကြွေးရာမှ ထပြီးလျှင် ထိုအဆင်တန်းဆာထုပ်များကို ယူဆောင်ကာ မင်းသားတို့နှင့် ခွဲခွါ ပြန်လည်လာခဲ့လေသည်၊ ထိုသာကီဝင်မင်းသား သခင်များနှင့် ဥပါလိဆေတ္တာသည် ကျွန်ယောက်ျားတို့ ခွဲခွါ၍လာသောအခါ (= ကွဲကွာသွားကြသောအခါ) တောအုပ်ကြီးသည် ငိုကြွေးမြည်တမ်းသကဲ့သို၎င်း, မဟာပထဝီမြေကြီးသည် ငလျင်တုန်လှုပ်ဘိသကဲ့သို့၎င်း သည်းထန်စွာ ကြောက်မက်ဖွယ်ရာ အသံကို မြည်ဟီးလေတော့သည်။
ဥပါလိဆေတ္တာသည်သည်လည်း အနည်းငယ်မျှ ခွဲခွါသွားပြီးလျှင် ရပ်တန့်၍ “သာကီဝင်မင်းတို့ကား ရက်စက်ကြမ်းကြုတ်ကုန်၏၊ 'ဤဥပါလိဆေတ္တာသည် မင်းသားခြောက်ယောက်တို့ကို ဖျောက်ဖျက်အပ်ကုန်ပြီ'ဟု အထင်မှား အမှတ်မှားကြကာ ငါ့ကို သတ်သော်မူလည်း သတ်စေကုန်လိမ့်မည်။ ဤသာကီဝင်မင်းသား ခြောက်ဦးတို့သော်မှ ဤမျှ ခမ်းနားကြီးကျယ်စွာသော မင်းစည်းစိမ်ကို ပယ်ကြလျက် အဖိုးအနဂ္ဃထိုက်တန်လှသော ဤအဆင်တန်းဆာများကို တံထွေးပေါက်ကဲ့သို့ စွန့်ပစ်ကြကာ ရှင်ရဟန်း ပြုနိုင်ကြတုံသေး၏။ ငါလို အောက်တန်းစား လူကမူကား အဘယ့်ကြောင့် ရှင်ရဟန်းမပြုနိုင်ပဲ ရှိအံ့နည်း၊ (ပြုနိုင်သည်သာ)”ဟူ၍ ကြံစည်စဉ်းစား အသိဉာဏ်ပွါးကာ မိမိယူဆောင်လာသော မင်းသားတို့၏ အဆင်တန်းဆာထုပ်ကိုဖြည်၍ ထိုအဆင်တန်းဆာများကို သစ်ပင်၌ ချိတ်ဆွဲပြီးလျှင် “ငါသည် ဤပစ္စည်းများကို
၁၅၉
စွန့်အပ်ပြီး ပေးလှူအပ်ပြီးသာ ဖြစ်လေသည်၊ ထိုပစ္စည်းများကို တွေ့မြင်သောသူသည် အလိုရှိတိုင်း ယူစေသတည်း” ဟု နှုတ်မြွက်ဆို စွန့်ထားခဲ့ပြီးလျှင် မင်းသားခြောက်ယောက်တို့ထံ တဖန်ပြန်၍ သွားလေ၏။
မင်းသားခြောက်ယောက်တို့သည် ဥပါလိဆေတ္တာသည်ကို အဝေးမှပင် မြင်လျှင် မြင်ချင်း “အချင်းဥပါလိ..သင်သည် အဘယ့်ကြောင့် ပြန်လာသနည်း”ဟူ၍ မေးမြန်းကြကုန်၏။ ထိုအခါ ဥပါလိဆေတ္တာသည်သည် မိမိအကြံအစည်ဖြစ်ပုံ ပြုလုပ်ခဲ့ပုံများကို အပြည့်အစုံ ပြန်ကြား ပြောဆိုလေသည်။ ထိုအခါ မင်းသားခြောက်ဦးတို့သည် ဥပါလိဆေတ္တာသည်ကို “အချင်းဥပါလိ.. တိုင်းတော် ပြည်တော်သို့ ပြန်မသွားခြင်းသည် (သီဟိုဠ်မူအလိုအားဖြင့် ငါတို့ထံ ယခုကဲ့သို့ ပြန်လာခြင်းသည်) ကောင်းလှစွာ၏။ (သင်ကြံစည်မိသည့်အတိုင်း) သာကီဝင်မင်းတို့ကား ရက်စက်ကြမ်းကြုတ်ကုန်၏၊ (အကယ်၍များ သင်ပြန်သွားလျှင်) 'ဤဆေတ္တာသည်သည် မင်းသားခြောက်ယောက်တို့ကို ဖျောက်ဖျက်အပ်ခဲ့ကုန်ပြီ'ဟု အထင်မှား အမှတ်မှားကြကာ သင့်ကို သတ်သော်မူလည်း သတ်စေကုန်လိမ့်မည်”ဟူ၍ ပြောဆိုကြကုန်၏။
ထို့နောက် သာကီဝင်မင်းသား ခြောက်ဦးတို့သည် ဥပါလိဆေတ္တာသည်ကို အတူတကွ ခေါ်ဆောင်ခဲ့ကြ၍ မြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူရာ အနုပိယမည်သော သရက်ပင်စဉ် ဥယျာဉ်တောသို့ သွားရောက်ကြပြီးလျှင် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးကြ၍ အပြစ်ခြောက်ပါး ကင်းလွတ်ရာအရပ်၌ ထိုင်နေကြပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့ သာကီဝင်များသည် ဇာတိမာန်ဖြင့် ခက်ထန် တင်းမာကြပါကုန်၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤဥပါလိ ဆေတ္တာသည်သည် ရှည်မြင့်စွာသော ကာလကပင် အကျွန်ုပ်တို့၏ကျေးကျွန် ဖြစ်ခဲ့ပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤဥပါလိ ဆေတ္တာသည်ကို ရှေးဦးစွာ ရဟန်းပြုပေးတော်မူစေချင်ပါသည်၊
၁၆၀
(ယင်းသို့ ဥပါလိကို ရှေးဦးစွာ ရဟန်းပြုပေးတော်မူသည်ရှိသော်) အကျွန်ုပ်တို့သည် ဤဥပါလိရဟန်းကို ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီခြင်း, အရိုအသေပြုခြင်း အမှုများကို ပြုလုပ်ကြရပါလိမ့်မည်၊ ဤသို့ ပြုလုပ်ကြရသည်ရှိသော် တပည့်တော်တို့ သာကီဝင်မင်းသား ရဟန်းများ၏ ကြီးမားခက်ထန် သာကီယဇာတိမာန်သည် ကျိုးနွံခြင်းသို့ ရောက်ပါလိမ့်မည်”ဟူ၍ လျှောက်ထားကြလေကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် (မင်းသားတို့ လျှောက်ထား တောင်းပန်သည့်အတိုင်း) ဥပါလိဆေတ္တာသည်ကို ရှေးဦးစွာ ရှင်ရဟန်း ပြုစေပြီးနောက်မှ သာကီဝင်မင်းသား ခြောက်ဦးကို ရှင်ရဟန်း ပြုစေတော်မူလေ၏*။
မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းသို့ ဒုတိယဝါကပ်ရန် ကြွတော်မူခြင်း
ထိုအခါ မြတ်စွာဘုရားသည် နောက်ပါ ရဟန်းပေါင်း နှစ်သောင်းကျော်တို့ ခြံရံလျက် မလ္လတိုင်း အနုပိယနိဂုံးအနီး အနုပိယအမည်ရှိသော သရက်ပင်စဉ် ဥယျာဉ်တောမှ ထွက်တော်မူ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းသို့ ကြွသွားတော်မူပြီးလျှင် ထိုဝေဠုဝန်ကျောင်းတိုက်၌ နောက်ပါရဟန်းတို့နှင့် အတူတကွ ဒုတိယဝါ ကပ်တော်မူလေ၏။
မြတ်စွာဘုရားရှင်၏ ဝါဆိုစဉ် ဝါဆိုရာဌာနများအကြောင်း
မြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသော် ပဌမဗောဓိ (ဘုရားဖြစ်ပြီးနောက် ပဌမအချိန်ပိုင်း) အတွင်း၌ ဝါတော် (၂၀) နှစ်ဆယ်မျှ ကာလပတ်လုံး ဝါဆို ဝါကပ်ရာ အမြဲနေရာဌာနဟူ၍ မရှိသေးပဲ ကျွတ်ထိုက်သော
* ထိုဥပါလိ ရဟန်းအကြောင်းနှင့် သာကီဝင်မင်းသား ရဟန်းခြောက်ပါးတို့၏ အကြောင်းအရာအကျယ်ကို အထက်ဖြစ်သော သံဃရတနာအခဏ်းသို့ရောက်မှ ရေးသားဖော်ပြပေအံ့။
၁၆၁
သတ္တဝါတို့ရှိရာ ထိုထိုအရပ်သို့ ကြွရောက်၍ ဝါကပ်တော်မူခဲ့လေသည်။ အနည်းငယ်ချဲ့၍ ဖော်ပြဦးအံ့..။
(၁) မြတ်စွာဘုရားသည် ဗာရာဏသီပြည် အနီး ဣသိပတန မိဂဒါဝုန်တော၌ ဓမ္မစကြာတရား ဟောကြားတော်မူ၍ ပဉ္စဝဂ္ဂီအဝင်အပါ အရှင်ကောဏ္ဍညမထေရ် အမှူးပြုသော ဗြဟ္မာပေါင်း (၁၈) တဆယ့်ရှစ်ကုဋေတို့ကို တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြီးလျှင် ဗာရာဏသီပြည်ကို အမှီဂေါစရဂံပြုကာ ထိုမိဂဒါဝုန်တော၌ ပဌမဝါ ကပ်ဆိုတော်မူ၏။
(၂) ထို့နောင် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂံ ပြု၍ ဝေဠုဝန်ကျောင်းတိုက်တော်၌ ဒုတိယဝါ ကပ်ဆိုတော်မူ၏။
(၃-၄) တတိယဝါ, စတုတ္ထဝါတို့ကိုလည်း ထိုဝေဠုဝန်ကျောင်းတိုက်တော်မှာပင် ကပ်ဆိုတော်မူလေသည်။
(၅) ထို့နောင် ဝေသာလီပြည်ကို အမှီဂေါစရဂံပြု၍ မဟာဝုန်တောအုပ်အတွင်းဝယ် စုလစ်မွန်ချွန် အထွတ်တပ်သော ကျောင်းတော်၌ ပဉ္စမဝါ ကပ်ဆိုတော်မူ၏။
(၆) ထို့နောင် မကုဠတောင် ချယားတောကျောင်းတိုက်၌ ဆဋ္ဌမဝါ ကပ်ဆိုတော်မူ၏။
(၇) ထို့နောင် တာဝတိံသာနတ်ပြည်ဝယ် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ အဘိဓမ္မာတရား ဟောကြားတော်မူကာ သတ္တမဝါ ကပ်ဆိုတော်မူ၏။
(၈) ထို့နောင် ဘဂ္ဂတိုင်း သုသုမာရဂိရပြည်ကို အမှီဂေါစရဂံပြု၍ သားတို့ကို ဘေးမဲ့ပေးရာ ပဲစင်းခုံတော (တနည်း = ဘေသကဠာမည်သော နတ်ဘီလူးမ စိုးအုပ်သည့် တောအုပ်)၌ အဋ္ဌမဝါ ကပ်ဆိုတော်မူ၏။
၁၆၂
(၉) ထို့နောင် ကောသမ္ဗီပြည်ကို အမှီဂေါစရဂံပြု၍ ဃောသိတာရုံကျောင်းတိုက်၌ နဝမဝါ ကပ်ဆိုတော်မူ၏။
(၁၀) ထို့နောင် ပါလိလေယျကတောအုပ် (ပလလဲတောအုပ်)ဝယ် ပလလဲဆင်မင်း ပြုစုလုပ်ကျွေးခြင်းကို ခံယူတော်မူကာ ဒသမ၀ါ ကပ်ဆိုတော်မူ၏။
(၁၁) ထို့နောင် နာဠအမည်ရှိသော ပုဏ္ဏားရွာကို အမှီဂေါစရဂံပြု၍ နာဠိကာရုံကျောင်းတိုက်၌ ဧကာဒသမ၀ါ ကပ်ဆိုတော်မူ၏။
(၁၂) ထို့နောင် ဝေရဉ္ဇာပြည်ကို အမှီဂေါစရဂံပြု၍ နဠေရုဘီလူး စိုးအုပ်အပ်သော တမာပင်အနီး၌ ဒွါဒသမ၀ါ ကပ်ဆိုတော်မူ၏။
(၁၃) ထို့နောင် စာလီယပြည် ဇန္တုရွာကို အမှီဂေါစရဂံပြု၍ စာလီယတောင်ကျောင်း၌ တေရသမဝါ ကပ်ဆိုတော်မူ၏။
(၁၄) ထို့နောင် ကောသလတိုင်း သာဝတ္ထိပြည်ကို အမှီဂေါစရဂံပြု၍ ဇေတဝန်ကျောင်းတိုက်တော်၌ စုဒ္ဒသမ၀ါ ကပ်ဆိုတော်မူ၏။
(၁၅) ထို့နောင် သက္ကတိုင်း ကပိလဝတ်ပြည်ကို အမှီဂေါစရဂံပြု၍ နိဂြောဓာရုံကျောင်းတိုက်တော်၌ ပန္နရသမဝါ ကပ်ဆိုတော်မူ၏။
(၁၆) ထို့နောင် အာဠဝီပြည်ကို အမှီဂေါစရဂံပြု၍ အဂ္ဂါဠ၀နတ်ကွန်းကျောင်းတိုက်၌ သောဠသမဝါ ကပ်ဆိုတော်မူ၏။
(၁၇) ထို့နောင် မဂဓတိုင်း ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂံပြု၍ ဝေဠုဝန်ကျောင်းတိုက်တော်၌ သတ္တရသမဝါ ကပ်ဆိုတော်မူ၏။
(၁၈-၁၉) ထို့နောင် စာလီယပြည် ဇန္တုရွာကို အမှီဂေါစရဂံပြု၍ စာလီယတောင်ကျောင်း၌ပင် အဋ္ဌာရသမဝါ, ဧကူနဝီသတိမဝါ နှစ်ဝါဆက်၍ ကပ်ဆိုတော်မူ၏။
၁၆၃
(၂ဝ) ထို့နောင် မဂဓတိုင်း ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂံပြု၍ ဝေဠုဝန်ကျောင်းတိုက်တော်၌ ဝီသတိမ၀ါ ကပ်ဆိုတော်မူ၏။
(ဤကား ပဌမဗောဓိအတွင်း အနိဗဒ္ဓ ဝါဆိုတော်မူရာ ဌာနများ ဖြစ်လေသည်။)
(၂၁-၄၄) ထို့နောင် ဧကဝီသတိမဝါ(=၂၁-၀ါ)မှစ၍ စတုစတ္တာလီသမဝါ (=၄၄-၀ါ)တိုင်အောင် ကောသလတိုင်း သာဝတ္ထိပြည်ကို အမှီဂေါစရဂံပြု၍ ဇေတ၀န်ကျောင်းတိုက်တော်နှင့် ပုဗ္ဗာရုံကျောင်းတိုက်တော်၌ အမြဲသုံးဆောင်တော်မူသောအားဖြင့် ဝါကပ်ဆိုတော်မူ၏။
(ဗုဒ္ဓဝံသ အဋ္ဌကထာ၊ စာမျက်နှာ ၄-စသည်မှ။)
(၄၅) ထို့နောင် ပရိနိဗ္ဗာန် စံတော်မူခါနီး၌ ဝေသာလီပြည် ဝေဠု၀ရွာငယ်၌ နောက်ဆုံး ပဉ္စစတ္တာလီသမဝါ (=၄၅-၀ါမြောက်) ဝါကပ်ဆိုတော်မူ၏။
ဝါဆိုစဉ်လင်္ကာ
ဤမြတ်စွာဘုရားရှင်၏ ၀ါဆိုတော်မူရာ ဌာနများအကြောင်းနှင့်စပ်၍ သမန္တစက္ခုဒီပနီကျမ်း (ဒုတိယတွဲ) စာမျက်နှာ ၃၇၄-၌ မုံရွေးဇေတဝန် ဆရာတော်ဘုရား၏ ဆိုလတ္တံ့သောအတိုင်း လင်္ကာစပ်ဆိုထားခဲ့လေသည်-
တက်ထွန်းကြက်သရေ၊ ၊သုံးလူ့ဆွေကား၊ အောင်မြေသီရိ၊ ဗောဓိသမီပ၊ ရပ်ဌာန၌၊ နှစ်လမှန်ကယ်၊ ရက်ခြောက်ဆယ်ဖြင့်၊ သပ္ပါယ်မျှတ၊ နေပြီးမှလျှင်..။ (၁) ပဌမဝါ၊ ဗာရာဏသီ၊ မြိုင်တောမှီ၏။ ။(၂+၃+၄) နောက်ချီဒုတိယ၊ တတိယနှင့်၊ စတုတ္ထဝါ၊ ပြည်ရာဇဂြိုဟ်၊ ဝါးညိုကျောင်းလှ၊ ဝါကပ်မျှ၏။ ။(၅) ပဉ္စမဝါ၊ ပြည်ဝေသာလီ၊ လိစ္ဆဝီမင်းပေါင်း၊ ဆောက်တုံရှောင်းသည်၊ ကျောင်းမဟာဝန်။ ။(၆) တတန်ဆဋ္ဌ၊ မကုဠတောင်မှာ။ ။(၇) ခုနစ်ဝါသော်၊ တာဝတိံသာရောက်။ ။(၈) မြောက်တုံရှစ်ဝါ၊ ဘဂ္ဂါယန။ ။(၉) ကိုးဝါ ကျသော်၊ ဌာနပူရီ၊ ကောသမ္ဗီ၌၊ ဃောသီတာရုံ၊ ရွှေဘုံမှီကပ်။ ။
၁၆၄
(၁၀) ဆယ်ဝါရပ်ကား၊ မလျှပ်သိပ်သည်း၊ ပလလည်းသာမော၊ ဆင်မင်းတောဝယ်၊ ရှင်စောမှီကာ။ ။(၁၁) ဆဲ့တစ်ဝါကား၊ နာဠာထင်ရှား၊ ပုဏ္ဏားနေထ၊ ရပ်ဂါမတည့်။ ။(၁၂) ဒွါဒသယှဉ်၊ ဝေရဉ္ဇခေါ်။ ။(၁၃) ဆဲ့သုံးသော်ကား၊ တောင်ကျော်သာလှ၊ စာလီယ၌၊ ကပ်ထပြီးခါ။ ။(၁၄) ဆဲ့လေးဝါတွင်၊ သာဝတ္ထိတောင်စွန်၊ ဇေတဝန်ထင်ရှား၊ ရွှင်ပျော်ပါး၏။ ။(၁၅) ဆဲ့ငါးဝါမှ၊ ကပိလတွင်၊ စိမ်းမြရိပ်သာ၊ နိဂြောဓာဟု၊ ကျောင်းသာစံမြောက်။ ။(၁၆) ဆဲ့ခြောက်ဝါဆီ၊ အာဠဝီဟု၊ ပူရီဖက်မဲ့၊ ပျော်စံခဲ့၍။ ။(၁၇) ဆဲ့ခုနစ်ဝါ၊ ထိုသောခါလျှင်၊ ရာဇဂြိုဟ်ဌာန၊ သာလှဗိမာန်၊ နတ်ဌာန်တူလျော၊ ဝါးတောညိုလဲ့၊ အောင်ပွဲဖွဲ့၏။ ။(၁၈+၁၉) တဆဲ့ရှစ်ဝါ၊ ဆဲ့ကိုးဝါ၌၊ စာလီယရောက်၊ ဝါဆိုမြောက်၏။ ။(၂၀) ပယ်ဖျက်ရန်ကွာ၊ နှစ်ဆယ်ဝါကား၊ ရာဇဂြိုဟ်၎င်း၊ ရောက်ပြန်ရှောင်း၏။ ။နှစ်ပေါင်းဝီသ၊ ပဌမဗောဓိ၊ မုနိမြတ်စွာ၊ ဝါဆိုပါလည်း၊ မြဲစွာမရှိ။ ။နောက်ဗေဓိကား၊ (၂၁+၄၄) သာဝတ္ထိမှာ၊ ပုဗ္ဗာရုံမွန်၊ ဇေတဝန်ဟု၊ နှစ်တန်ကျောင်းမှာ၊ လူးလာမဝေး၊ နှစ်ဆဲ့လေးဝါ၊ နေပြီးခါမှ။ ။(၄၅) နိဗ္ဗာနသို့၊ ကြွအံ့လှုလှု၊ ဝါတခုကား၊ ဝေဠုဝရွာ၊ ကပ်မှီလာ၏၊ သင်္ချာမှတ်သား၊ ဆဲ့ငါးဌာန၊ ပဉ္စစတ္တာ၊ ဝါလေးဆဲ့ငါး၊ သက်ကားရှစ်ဆယ်၊ တိုင်ခါဝယ်၌၊ ဘုန်းကြွယ်ထွတ်ခေါင်၊ ခေမာသောင်သို့၊ ရွှေဖောင်တော်ယွန်း၊ စံသိမ်းမြန်းသည်၊ ၊သုံးခန်းလူတို့ မှန်ကူတည်း။
ထိုမှတပါးလည်း ဤဝါဆိုစဉ်နှင့်စပ်၍ ဆရာတော် ဦးဗုဓ်သည်လည်း ဝါဆိုစဉ် ဘုရားရှိခိုး ၅-ဂါထာကို၎င်း, ပင်းယမြို့ စတုရင်္ဂဗလ အမတ်သည်လည်း ဝါဆိုစဉ် ဘုရားရှိခိုး ၇-ဂါထာကို၎င်း, တောင်ခွင်သာသနာပိုင် ဆရာတော်ဘုရားသည်လည်း ဂုဠှတ္ထဝိနိစ္ဆယကျမ်း၌ ဝါဆိုစဉ် ဘုရားရှိခိုးလင်္ကာကို၎င်း အသီးအသီး ရေးသားတော်မူခဲ့ကြသည့်ပြင် ဇိနတ္ထပကာသနီကျမ်း၌လည်း ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးသည် ဝါဆိုစဉ် ဘုရားရှိခိုးလင်္ကာကို ရေးသားတော်မူခဲ့ကြပါသည်။ အလိုရှိသူ ပညာရှင်တို့ ထိုထိုဆိုင်ရာကျမ်းတို့မှ ထုတ်နုတ် မှတ်ယူကြကုန်ရာသည်။