မဟာဗုဒ္ဓဝင်/အခန်း- ၂၀
၁၆၅
အခဏ်း-၂ဝ
မင်းသားရဟန်းခြောက်ဦးတို့ အသီးသီး တရားထူး ရရှိကြခြင်းအကြောင်း
မြတ်စွာဘုရားသခင်သည် (ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း) ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ ဒုတိယဝါကို ကပ်ဆိုတော်မူသည်။ ထိုဒုတိယဝါတွင်း၌ အရှင်ဘဒ္ဒိယမထေရ်*သည် ပုဗ္ဗေနိဝါသဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ် တည်းဟူသော (ပု၊ ဒိ၊ အာ) ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံတော်မူသည့် တေဝိဇ္ဇ ရဟန္တာသခင် ဖြစ်တော်မူလေသည်။
အရှင်အနုရုဒ္ဓါမထေရ်သည် ရဟန်းပြုပြီးနောက် ပဌမဝါတွင်း၌ပင် လောကီသမာပတ် ရှစ်ပါးတို့ကို ရရှိတော်မူပြီးလျှင် လောကဓာတ် စကြဝဠာတိုက်ပေါင်း (၁၀၀၀) တထောင်ကို မြင်စွမ်းနိုင်သော ဒိဗ္ဗစက္ခု အဘိညာဏ်ကို လေ့လာဖြစ်ပွါးစေတော်မူလေသည်။ ထိုအရှင်အနုရုဒ္ဓါမထေရ်သည် တနေ့သ၌ အရှင်သာရိပုတ္တရာထံသို့ သွားရောက်ပြီးလျှင် (အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ တတိယပဏ္ဏာသက၊ ၃-ကုသိနာရဝဂ်၊ ၈-ဒုတိယအနုရုဒ္ဓသုတ်၊ စာမျက်နှာ ၂၈၅-၌ လာသောအတိုင်း)–
(၁) ငါ့ရှင် သာရိပုတ္တရာ.. ငါသည် ဤဘုရားသာသနာတော်၌ ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် လောကဓာတ် စကြဝဠာတိုက်ပေါင်း (၁ဝဝဝ) တထောင်ကို ကြည့်မြင်နိုင်ပါ၏။
(၂) ငါ၏ဝီရိယကား အားသစ်လှ၏၊ ဆုတ်နစ်ခြင်း အလျှင်းမရှိ။ သတိလည်း ထင်လင်းစွဲမြဲလှ၏၊ မေ့ပျောက်ခြင်း အလျှင်းမရှိ။ ကိုယ်ကာယလည်း ငြိမ်းချမ်းလှ၏။ ပူပန်ခြင်း အလျှင်းမရှိ။ စိတ်သည်လည်း တည်ကြည်ပါ၏။ အာရုံတခုတည်း၌ စွဲမြဲလျက်ရှိပါ၏။
* ထိုမထေရ်၏ အကြောင်းအရာအကျယ်ကို ထေရာဝင် သံဃရတနာအခဏ်းသို့ရောက်မှ ဖော်ပြပေအံ့။
၁၆၆
(၃) ထိုသို့ဖြစ်ပါလျက် ငါ၏စိတ်သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲယူပဲ အာသဝတရားတို့မှ မလွတ်မြောက်ချေ (=ရဟန္တာမဖြစ်ချေ)-
ဟူ၍ ပြောဆိုလေသော် အရှင်သာရိပုတ္တရာ မထေရ်မြတ်က “ငါရှင်အနုရုဒ္ဓ.. သင်၏ စိတ်သန္တာန်ဝယ် (၁) အမှတ်ပါ အကြံဖြစ်နေခြင်းကား မာနတရား ဝင်ရောက်နေခြင်း ဖြစ်သည်၊ (၂) အမှတ်ပါ အကြံဖြစ်နေခြင်းကား စိတ်နေလွင့်ပါး ဥဒ္ဓစ္စတရား ဝင်ရောက်နေခြင်း ဖြစ်သည်၊ (၃) အမှတ်ပါ အကြံဖြစ်နေခြင်းကား သို့လောသို့လော တွေးတောစိတ်များ ပူပန်ခြင်း ကုက္ကုစ္စတရား ဝင်ရောက်နေခြင်းဖြစ်သည်။ ငါ တိုက်တွန်း တောင်းပန်လိုသည်မှာ အရှင်မြတ် အနုရုဒ္ဓသည် ဤမာန, ဥဒ္ဓစ္စ, ကုက္ကုစ္စတရား သုံးပါးတို့ကို ပယ်ရှား နှလုံးမထားပဲ အမြိုက်ဓာတ် နိဗ္ဗာန်တရားမြတ်အလို့ငှါသာ စိတ်ကို ထားစေချင် ဆောင်စေချင်ပါသည်”ဟူ၍ မိန့်ဆိုတော်မူကာ အရှင်အနုရုဒ္ဓါကို ကမ္မဋ္ဌာန်းတရား ဟောကြားတော်မူလေသည်။
အရှင်အနုရုဒ္ဓါသည် အရှင်သာရိပုတ္တရာအထံမှ ကမ္မဋ္ဌာန်းတရားကို ယူပြီးလျှင် မြတ်စွာဘုရားထံ ခွင့်ပန်စကား လျှောက်ထားပြီးသော် စေတိတိုင်းသို့ ကြွသွားကာ မြတ်စွာဘုရား သီတင်းသုံးတော်မူရာအရပ်မှ အရှေ့အရပ်၌တည်သော ဝါးတော၌ ရဟန်းတရား အားထုတ်လတ်သော် (၁၅) တဆယ့်ငါးရက် (=လဝက်)တိုင်တိုင် (မအိပ်မလျောင်းပဲ) စင်္ကြံသွားခြင်းဖြင့် အချိန်ကို ကုန်လွန်စေတော်မူပြီးနောက် ပဓာနအလုပ် အားထုတ်မှုဒဏ် ပြင်းထန်လှ၍ ကိုယ်ပင်ပန်း နွမ်းနယ်တော်မူရကား ဝါးရုံတခုအောက်၌ ထိုင်နေတော်မူကာ (အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ၃-ဂဟပတိဝဂ်၊ ၁ဝ-အနုရုဒ္ဓမဟာဝိတက္ကသုတ်၊ စာမျက်နှာ ၆၂-၌ လာရှိသည့်အတိုင်း) မဟာပုရိသဝိတက်ကြီး (= ယောက်ျားမြတ်တို့၏ အကြံကြီး) ရှစ်ပါးကို ကြံစည်စဉ်းစား ဆင်ခြင်တော်မူသည်တွင် ရှစ်ခုမြောက်သော မဟာပုရိသဝိတက်၌ ပင်ပန်းလတ်သည်ကို မြတ်စွာဘုရား သိမြင်တော်မူ၍ ထိုဝါးတောသို့
၁၆၇
ကိုယ်တော်တိုင် ကြွတော်မူပြီးလျှင် ရှစ်ခုမြောက်သော မဟာပုရိသဝိတက်ကို ဖြည့်စွက်ကာ အရိယဝံသတရား လေးပါးတို့နှင့်တကွ မဟာပုရိသဝိတက္ကသုတ္တန်ကို ဟောကြားတော်မူပြီးလျှင် ထိုဝါးတောအရပ်သည်ပင် အရှင်အနုရုဒ္ဓါအား အရဟတ္တဖိုလ်ရောက်အောင် အထောက်အပံ့ ဥပနိသျည်း ပစ္စည်းဖြစ်မည်ကို သိတော်မူ၍ “ချစ်သားအနုရုဒ္ဓါ.. သင်ချစ်သားသည် လာမည့်ဝါကိုလည်း ဤဝါးတောအရပ်၌ပင် ကပ်ဆိုလေလော့”ဟု မိန့်ကြားတော်မူခဲ့၍ ကိုယ်တော်တိုင်ကား ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် ကောင်းကင်ခရီးဖြင့် တခဏချင်း ကြွသွားတော်မူကာ ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာတောအုပ်သို့ ရောက်တော်မူလျှင် ထိုတောအုပ်အတွင်း နေထိုင်ကြသော ရဟန်းတို့အား တဖန် မဟာပုရိသဝိတက်ကြီး ရှစ်ပါးကို ဟောကြားတော်မူပြန်လေသည်။
အရှင်အနုရုဒ္ဓါမထေရ်သည် နောက်နှစ်ဝါကိုလည်း ထိုစေတိတိုင်း အရှေ့ဝါးတော၌ပင် မြတ်စွာဘုရား မိန့်မှာတော်မူခဲ့သည့်အတိုင်း ဝါကပ်ဆိုတော်မူကာ ရဟန်းတရား ပွါးများ အားထုတ်လတ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေသည်။
အရှင်အာနန္ဒာ
အရှင်အာနန္ဒာ မထေရ်မြတ်သည် မန္တာနီပုဏ္ဏေးမ၏သား အရှင်ပုဏ္ဏမထေရ်အထံမှ ကြည်လင်လှသော ကြေးမုံအပြင် ရေခွက်တို့ကို အစွဲပြုကာ မျက်နှာရိပ်ထင်လာသည်ကို ဥပမာပြု၍ ခန္ဓာငါးပါးကို အစပြုကာ ငါဟူသော မာန်မာနတရား ဖြစ်ကြောင်းနှင့်တကွ ထိုခန္ဓာငါးပါး၏ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာနှင့်စပ်သော တေပရိဝဋ္ဋ ဓမ္မဒေသနာကို ကြားနာနှလုံးသွင်းသဖြင့် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်တော်မူကာ သောတာပန် ဖြစ်တော်မူလေသည်။ (သံ၊ ၂၊ ၈၆+၈၇)။
၁၆၈
ဘဂုမထေရ်နှင့် ကိမိလမထေရ်
ဘဂုမထေရ်နှင့် ကိမိလမထေရ်တို့ကား ထိုမထေရ်တို့၏ နောက်အဖို့၌ ဝိပဿနာတရား ပွါးများအားထုတ်တော်မူကြသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြကာ ရဟန္တာ ဖြစ်တော်မူကြကုန်သည်။
ရှင်ဒေဝဒတ်
ရှင်ဒေဝဒတ်ကား လောကီသမာပတ် ရှစ်ပါးတို့ကို ဖြစ်စေကာ (အရိယာမဖြစ်ရှာပဲ) ပုထုဇဉ်တို့၏ တန်ခိုး ဣဒ္ဓိပါဒ်သို့သာ ရောက်လေသည်။ (တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော ပုထုဇဉ်ရဟန်းသာ ဖြစ်လေသည်ဟု ဆိုလိုသည်)။
အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ္တန်ကို ဟောတော်မူခြင်း
မြတ်စွာဘုရားသည် ရှင်ရာဟုလာအား များစွာသော တရားဒေသနာကို ဟောကြားတော်မူခဲ့လေသည်။ (၁) သာမဏေရပဉှာ၊ (၂) ရာဟုလသံယုတ်၊ (၃) အဘိဏှရာဟုလောဝါဒသုတ္တန်၊ (၄) မဟာရာဟုလောဝါဒသုတ္တန်၊ (၅) စူဠရာဟုလောဝါဒသုတ္တန်၊ (၆) ဤယခု အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်များကို ရှင်ရာဟုလာအား ဟောကြားတော်မူအပ်လေသည်။
ချဲ့ဦးအံ့.. မြတ်စွာဘုရားသည် သားတော်ရာဟုလာကို ရှင်ပြုပေးပြီးနောက် “အသက်အရွယ် နုနယ်သော သူငယ်တို့မည်သည် ယုတ္တိရှိရှိ မရှိရှိ သင့်,မသင့်သော စကားများကို ကြားတတ်ကုန်၏၊ (သို့ရကား) အသက်အရွယ် နုနယ်လှသေးသော ရာဟုလာအား ဩဝါဒပေးတော်မည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ ရှင်ရာဟုလာကို ခေါ်ယူ၍ “ချစ်သားရာဟုလာ.. ရှင်သာမဏေမည်သည် မဂ်ဖိုလ်၏ ဖီလာကန့်လန့်ဖြစ်သော (= မဂ်ဖိုလ်အား ကျေးဇူးမပြုနိုင်သော) စကားမျိုးကို မပြောဆိုသင့်၊ သင်ချစ်သားသည် စကားပြောဆိုလျှင် ဤသို့သဘောရှိသည့် တရားနှင့်စပ်သော စကားကိုသာ ပြောဆိုလေလော့”ဟု
၁၆၉
မိန့်တော်မူပြီးလျှင် ခပ်သိမ်းသော ဘုရားရှင်တို့ မစွန့်အပ်သော (တရားတပါးမှသည် တရားဆယ်ပါးတိုင်အောင် အစဉ်သဖြင့် မေးရာ ဖြေရာဖြစ်သော) “သာမဏေရပဉှာ” မည်သော တရားဒေသနာကို ဟောကြားတော်မူလေသည်။ (ခု၊ ၁၊ ၃)။
တဖန် “အသက်အရွယ် နုနယ်သော သူငယ်တို့မည်သည် မမှန်စကား မုသားစကား ပြောကြားရခြင်းကို နှစ်သက်တတ်ကုန်၏၊ မိမိမမြင်ပဲလျက် ငါတို့မြင်၏ ဟူ၍၎င်း, မြင်ပါလျက်လည်း ငါတို့ မမြင်ဟူ၍၎င်း ပြောဆိုတတ်ကြကုန်၏။ (သို့ရကား) အသက်အရွယ် နုနယ်လှသော ရာဟုလာအား မုသားစကား မပြောကြားရန် ဩဝါဒပေးမှ တော်မည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် မျက်စိဖြင့် ကြည့်၍လည်း သိနိုင်လောက်သော ရေခွက်ဥပမာ လေးပါး, စစ်ဆင်ကြီးဥပမာ နှစ်ပါး, ကြေးမုံ မှန်အပြင် ဥပမာတပါး ဤဥပမာများကို ဖော်ပြ၍ ယခု အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်ကို ဟောကြားတော်မူလေသည်။ (မ၊ ၂၊ ၇၇)။
ပစ္စည်းလေးပါးတို့၌ တဏှာကို နစ်စေပုံကို၎င်း, ကာမဂုဏ်ငါးပါးတို့၌ ဆန္ဒရာဂကို ပယ်ခြင်းကို၎င်း, ကလျာဏမိတ်ကောင်း ပေါင်းသင်းမိခြင်း၏ ဥပကာရကျေးဇူး အထူးကြီးမားပုံကို၎င်း ဖော်ပြတော်မူ၍ “အဘိဏှရာဟုလောဝါဒသုတ္တန်ကို ဟောကြားတော်မူလေသည်။ (ခု၊ ၁၊ ၃၂၈)။
ရောက်လေရာရာ ဌာန၌ ဘဝသုံးပါးဝယ် တွယ်တာတပ်မက်မှု ဆန္ဒရာဂကို မဖြစ်စေရဟူ၍ ပြဆိုတော်မူရန် “ရာဟုလသံယုတ်”မည်သော တရားဒေသနာအစုကို ဟောကြားတော်မူလေသည်။ (သံ၊ ၁၊ ၄၃၉)။
“ငါသည် တင့်တယ်လှ၏၊ ငါ၏အဆင်းကား သန့်ရှင်း ကြည်လင်လှပေ၏” ဤသို့ အစရှိသည်ဖြင့် ခန္ဓာကိုယ် အတ္တဘောကို အမှီပြုကာ “ဂေဟဿိတ ဆန္ဒရာဂ (=အာရုံငါးပါး၌မှီသော တဏှာလောဘ)ကို မပြုရ”ဟူ၍ ပြဆိုတော်မူရန် “မဟာရာဟုလောဝါဒ”သုတ္တန်ကို ဟောကြားတော်မူလေသည်။ (မ၊ ၃၊ ၈၃)။
၁၇၀
ရှင်ရာဟုလာ ရဟန်းဖြစ်ပြီးစ ဝါမရမီအချိန်တွင် အရဟတ္တဖိုလ်ပေါက် ချေချွတ် ဆုံးမတော်မူရန် “စူဠရာဟုလောဝါဒ”သုတ္တန်ကို ဟောကြားတော်မူသည်။ (မ၊ ၃၊ ၃၂၄) (သံ၊ ၂၊ ၃၂၄)။
ထိုသုတ္တန် တရားအပေါင်းတို့တွင် “အဘိဏှရာဟုလောဝါဒ”သုတ်ကို ဤမည်သောအခါ၌ ဟောကြားတော်မူအပ်၏ဟူ၍ အခါအတိအကျ သတ်မှတ်ပြောဆို၍ မရချေ။ မှန်၏– ထိုသုတ္တန်ကို မပြတ်မပြတ် ဆိုဆုံးမသောအနေဖြင့် ဟောကြားတော်မူအပ်လေသည်၊ သို့ရကား မြတ်စွာဘုရား ရောက်လေရာရာ ထိုထိုအရပ်ဒေသ၌ အခါအခွင့်ရတိုင်းပင် ထိုသုတ္တန်ကို ရှင်ရာဟုလာအား မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်ဟူ၍ မှတ်ယူရာ၏။
ရာဟုလသံယုတ်ကို ရှင်ရာဟုလာ (၇) ခုနစ်နှစ်အရွယ်မှစ၍ ရဟန်းဖြစ်စ ဝါမရမီ ကာလတိုင်အောင် ဤအတွင်းဝယ် ဟောကြားတော်မူအပ်၏။
မဟာရာဟုလောဝါဒသုတ်ကို ရှင်ရာဟုလာ (၁၈) တဆယ့်ရှစ်နှစ် သာမဏေအရွယ်တွင် ဟောကြားတော်မူအပ်၏။
စူဠရာဟုလောဝါဒသုတ်ကို ရှင်ရာဟုလာ ရဟန်းဖြစ်စ ဝါမရမီအချိန်၌ ဟောကြားတော်မူအပ်၏။
သာမဏေရပဉှာ (နှင့်) ဤအမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်တို့ကို ရှင်ရာဟုလာ (၇) ခုနစ်နှစ်အရွယ် သာမဏေငယ်အချိန်၌ ဟောကြားတော်မူအပ်၏။
ထိုတရားအပေါင်းတို့တွင် အဘိဏှရာဟုလောဝါဒသုတ်ကို အမြဲမပြတ် ဆုံးမတော်မူခြင်းငှါ ဟောကြားတော်မူအပ်၏။ ရာဟုလသံသုတ်ကို ရှင်ရာဟုလာမထေရ်၏ ဝိပဿနာဉာဏ်ပညာ တည်းဟူသော ကိုယ်ဝန်သားကို ယူခြင်းငှါ ဟောကြားတော်မူအပ်၏၊ မဟာရာဟုလောဝါဒသုတ်ကို ဂေဟဿိတ ဆန္ဒရာဂကို ပယ်ရှားခြင်းငှါ ဟောကြားတော်မူအပ်၏၊ စူဠရာဟုလောဝါဒသုတ်ကို ရှင်ရာဟုလာမထေရ်၏ ရဟန်းဖြစ်ပြီးစ ဝါမရသေးမီ ဝိမုတ္တိပရိပါစနိယတရား တဆယ့်ငါးပါးတို့
၁၇၁
ရင့်ကျက်သောအခါ၌ အရဟတ္တဖိုလ်ကို ရယူစေခြင်းငှါ ဟောကြားတော်မူအပ်၏။ သာမဏေရပဉှာကို မသင့်လျော်သောစကား (= မဂ်ဖိုလ်အား ကျေးဇူးမပြုမည့် စကား)ကို ပယ်ရှားရန် ဟောကြားတော်မူအပ်၏။ ဤယခု ဖော်ပြမည့် အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်ကို သိလျက် မုသားစကား ပြောကြားခြင်းအမှုကို မပြုရန် ဟောကြားတော်မူအပ်၏။ (မဋ္ဌ၊ ၃၊ ၈၈, ၈၉-မှ ထုတ်နုတ်ချက်များဖြစ်သည်)။
အချိန်အားဖြင့် မြတ်စွာဘုရားသခင် ဒုတိယဝါဆို၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူသောအခါ ဖြစ်သည်။ ထိုအခါ အရှင်ရာဟုလာ (=သာမဏေငယ်)သည် ဝေဠုဝန်ကျောင်းတိုက်၏ အစွန်အဖျား သရက်ပင်ပျို၏ အနီးဝယ် ဆောက်လုပ်အပ်သောကြောင့် “အမ္ဗလဋ္ဌိကာ”ဟူ၍ အမည်တွင်သော ကမ္မဋ္ဌာန်းကျောင်း ပြာသာဒ်၌ ဝိဝေကတရားကို ပွါးများအားထုတ်လျက် နေထိုင်တော်မူဆဲ ဖြစ်လေသည်။
(ဆူးသည် မည်သူတဦးတယောက်ကမျှ တမင်သက်သက် ထက်အောင် မပြုအပ်ပါပဲ ပေါက်သစ်စအချိန်ကပင်စ၍ သဘာဝအားဖြင့် ထက်မြက်၍ လာသကဲ့သို့၊ ဤအတူပင် ဤအရှင်ရာဟုလာသည်လည်း (၇) ခုနစ်နှစ်အရွယ် သာမဏေငယ်အခါ၌ပင်လျှင် မည်သူတဦးတယောက်ကမျှ တိုက်တွန်းနှိုးဆော်ရခြင်းမရှိပဲ ကာယဝိဝေက, စိတ္တဝိဝေက တရားနှစ်ပါးကို ပွါးများအားထုတ်လျက် နေတော်မူသည်)။
ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန်၌ ဖလသမာပတ်မှ ထတော်မူ၍ အမ္ဗလဋ္ဌိက ကမ္မဋ္ဌာန်းကျောင်း ရှင်ရာဟုလာရှိရာအရပ်သို့ ကြွတော်မူလေ၏၊ ရှင်ရာဟုလာသည် မြတ်စွာဘုရားသခင် ကြွလာတော်မူသည်ကို အဝေးမှပင် မြင်လတ်၍ (မြတ်စွာဘုရားအတွက်) နဂိုရ်ပကတိ ခင်းထားရင်းရှိသော နေရာတော်ကို ခါ၍ တဖန်ပြုပြင် ခင်းထားပြီးလျှင် ခြေဆေးရေကိုလည်း တည်ထားလေ၏၊ မြတ်စွာဘုရားသည် ရှင်ရာဟုလာ တဖန်ပြင်၍ ခင်းထားအပ်သော နေရာတော်၌ ထိုင်နေတော်မူပြီးလျှင် ခြေတော်တို့ကို ဆေးကြောတော်မူလေ၏၊ (ဤ၌ မြတ်စွာဘုရား၏ ခြေတော်ဝယ် မြူမှုန်ငြိကပ်သောကြောင့် ဆေးကြောခြင်းမဟုတ်၊
၁၇၂
စင်စစ်သော်ကား ဝတ်ပြုသော တပည့်သာဝက၏ ဝတ်ပြုမှုကို ခံယူတော်မူရန်အတွက်သာ ခြေတော်ကို ဆေးကြောခြင်းဖြစ်သည်)။ ရှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အပြစ်ခြောက်ပါး ကင်းလွတ်ရာအရပ်၌ ထိုင်နေလေ၏။
(၁) ထိုအခါ မြတ်စွာဘုရားသည် ခြေဆေးရေခွက်ငယ်၌ ရေအနည်းငယ်မျှကို ချန်ထားပြီးလျှင် ရှင်ရာဟုလာကို “ချစ်သားရာဟုလာ.. သင်ချစ်သားသည် ခြေဆေးရေခွက်ငယ်၌ ငါဘုရား ချန်ထားအပ်သည့် ရေအနည်းငယ်ကို မြင်၏မဟုတ်လော”ဟု မေးတော်မူလျှင် ရှင်ရာဟုလာသည် “မြင်ပါသည် မြတ်စွာဘုရား..”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရာဟုလာ.. သိလျက် မုသားစကား ပြောကြားမှုဝယ် အရှက်မရှိသော ပုဂ္ဂိုလ်တို့၏သန္တာန်၌ ဤရေခွက်ငယ်၌ အနည်းငယ်သော ရေအတူပင် ကိလေသာငြိမ်းကြောင်း ကောင်းမြတ်သော ရဟန်းတရား အလွန့်အလွန် နည်းပါးလှပေ၏”ဟူ၍ အဆုံးအမစကား မိန့်ကြားတော်မူလေ၏။
(၂) ထို့နောက် မြတ်စွာဘုရားသည် ထိုချန်ထားသည့် ရေအနည်းငယ်ကို စွန့်သွန်လိုက်ပြီးလျှင် “ချစ်သားရာဟုလာ.. သင်ချစ်သားသည် အနည်းငယ်မျှသော ရေကို ငါဘုရား စွန့်သွန်အပ်သည်ကို မြင်၏မဟုတ်လော”ဟု မေးတော်မူလျှင် ရှင်ရာဟုလာသည် “မြင်ပါသည် မြတ်စွာဘုရား..”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရာဟုလာ.. သိလျက် မုသားစကား ပြောကြားမှုဝယ် အရှက်မရှိသော ပုဂ္ဂိုလ်တို့၏သန္တာန်၌ ဤအနည်းငယ်မျှသော ရေကို ငါဘုရား စွန့်သွန်အပ်သည့်နည်းတူ ကိလေသာငြိမ်းကြောင်း ကောင်းမြတ်သော ရဟန်းတရားကို စွန့်သွန်အပ်ပြီးသား ဖြစ်လေတော့၏”ဟူ၍ ဒုတိယ အဆုံးအမစကား မိန့်ကြားတော်မူလေ၏။
(၃) ထို့နောက် တဖန် မြတ်စွာဘုရားသည် ထိုရေခွက်ငယ်ကို မှောက်ထားလိုက်ပြီးလျှင် ရှင်ရာဟုလာကို “ချစ်သားရာဟုလာ.. သင်ချစ်သားသည် ရေခွက်ငယ်ကို ငါဘုရား
၁၇၃
မှောက်၍ထားအပ်သည်ကို မြင်၏မဟုတ်လော”ဟု မေးတော်မူလျှင် ရှင်ရာဟုလာသည် “မြင်ပါသည် မြတ်စွာဘုရား..”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရာဟုလာ.. သိလျက် မုသားစကား ပြောကြားမှုဝယ် အရှက်မရှိသော ပုဂ္ဂိုလ်တို့၏သန္တာန်၌ ဤရေခွက်ငယ်ကို မှောက်ထားအပ်သည့်နည်းတူ ကိလေသာငြိမ်းကြောင်း ကောင်းမြတ်သော ရဟန်းတရားကို မှောက်ထားအပ်ပြီးသား ဖြစ်လေတော့၏”ဟူ၍ တတိယ အဆုံးအမစကား မိန့်ကြားတော်မူလေ၏။
(၄) ထို့နောက် တဖန် မြတ်စွာဘုရားသည် ထိုမှောက်ထားသော ရေခွက်ငယ် (= ရေဖလားငယ်)ကို လှန်လိုက်ပြီးလျှင် (ထိုအချိန်၌ ရေခွက်ငယ်တွင် ရေတစက်မျှ မရှိသည်ကို သတိပြုပါ) ရှင်ရာဟုလာကို “ချစ်သားရာဟုလာ.. သင်ချစ်သားသည် ရေတစက်မျှမရှိ၊ အချည်းနှီးဖြစ်နေသော ဤရေခွက်ငယ်ကို မြင်၏မဟုတ်လော”ဟု မေးတော်မူလေလျှင် ရှင်ရာဟုလာသည် “မြင်ပါသည် မြတ်စွာဘုရား..”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရာဟုလာ.. သိလျက် မုသားစကား ပြောကြားမှုဝယ် အရှက်မရှိသော ပုဂ္ဂိုလ်တို့၏သန္တာန်၌ ဤရေတစက်မျှမရှိ၊ အချည်းနှီးဖြစ်နေသော ရေခွက်ငယ်အတူ ကိလေသာငြိမ်းကြောင်း ကောင်းမြတ်သော ရဟန်းတရား တစက်မျှမရှိ၊ အချည်းနှီးသာဖြစ်၍ နေဘိ၏”ဟူ၍ စတုတ္ထ အဆုံးအမစကား မိန့်ကြားတော်မူလေ၏။
(၅-၆) ထို့နောက် ဆက်၍ မြတ်စွာဘုရားသည် ရှင်ရာဟုလာအား ဤဆိုလတ္တံ့သော ဩဝါဒကို ပေးတော်မူပြန်လေသည် “ချစ်သားရာဟုလာ.. လောက ဥပမာအားဖြင့် ပြည့်ရှင်မင်း၏ စစ်ဆင်ကြီးသည် စစ်မြေပြင်စစ်ပွဲဝယ် ရှေ့ခြေနှစ်ချောင်း (= ရှေ့လက်နှစ်ချောင်း)တို့ဖြင့်လည်း အလုပ်လုပ်၏၊ နောက်ခြေနှစ်ချောင်းတို့ဖြင့်လည်း အလုပ်လုပ်၏။ (မိမိ၏နယ်အတွင်း ရောက်လာ ရောက်လာတိုင်းသော ရန်သူတို့ကို
၁၇၄
ရှေ့လက်နှစ်ချောင်းတို့ဖြင့် ခုတ်၍၎င်း, နောက်ခြေနှစ်ချောင်းတို့ဖြင့် ကန်၍၎င်း ချေမှုန်း သတ်ဖြတ်၏ဟု ဆိုလိုသည်)။ ရှေ့ပိုင်းကိုယ်ဖြင့်၎င်း, နောက်ပိုင်းကိုယ်ဖြင့်၎င်း အလုပ်လုပ်၏ (ရှေ့ပိုင်းကိုယ်ဖြင့်၎င်း, နောက်ပိုင်းကိုယ်ဖြင့်၎င်း အခွင့်သင့်သလို ရန်သူစစ်တပ်၏ မိမိတို့ ကာကွယ်ရေးအတွက် ဆောက်လုပ်ထားအပ်သည့် ပျဉ်ချပ်ရုံ အထွတ်မပါ အမိုးသာ မိုးအပ်သည့် တံတိုင်းအရံအတား စသည်များကို ဖြိုဖျက်မှုကို ဆိုလိုသည်)။ ဦးကင်းဖြင့်လည်း အလုပ်ကို လုပ်၏။ (ဦးကင်းဖြင့် အလုပ်လုပ်မှု ဟူသည်မှာ.. ချိန်ရွယ်မှန်းထား၍ “ဤအရပ်ကို ငါနင်းနှိပ် ကြိတ်ချေအံ့”ဟု ကြံစည်ကာ နောက်ဆုတ်အားယူ၍ စူးစူးစိုက်စိုက် ကြည့်ခြင်းတည်း၊ ဤသို့ စစ်ဆင်ကြီး၏ စူးစူးစိုက်စိုက်ကြည့်ခြင်းကို မြင်လျှင်ပင် တဖက်စစ်သား အရာအထောင်တို့သည် ကြောက်စိတ်ဝင်ကာ နှစ်စုကွဲ၍ ရှဲကြရလေတော့သည်)။ နားရွက် နှစ်ဖက်တို့ဖြင့်လည်း အလုပ်ကို လုပ်၏။ (ရန်သူတဖက်မှ ပစ်လိုက်သော မြားတို့ကို နားရွက်ဖြင့် ပုတ်ခတ်၍ မြေသို့ကျစေ၏ဟု ဆိုလိုသည်)။ အစွယ်နှစ်ချောင်းတို့ဖြင့်လည်း အလုပ်ကိုလုပ်၏။ (ရန်သူစစ်တပ်ဖက်မှ ဆင်, မြင်း, ဆင်စီးသူရဲ, မြင်းစီးသူရဲတို့၏ ခြေစသည်ကို အစွယ်ဖြင့် တအားထိုးခြင်းကို ဆိုလိုသည်)။ အမြီးဖြင့်လည်း အလုပ်ကို လုပ်၏။ (အမြီးစ၌ ဖွဲ့ချည်အပ်သော နွယ်ရှည်တပ်သည့် ဓားငယ်, သံတင်းပုတ် စသည်ဖြင့် ရန်သူစစ်တပ်ကို ခုတ်ဖြတ် ဖျက်ဆီးမှုကို ဆိုလိုသည်)။ နှာမောင်းကိုကား ခံတွင်း (= ပစပ်တွင်း)သို့ သွင်းကာ စောင့်ရှောက်သေး၏။
ထိုသို့ စစ်ဆင်ကြီး ပြုမူရာ၌ ဆင်စီးသူရဲ၏ စိတ်သန္တာန်ဝယ် “ပြည့်ရှင်မင်း၏ ဤစစ်ဆင်ကြီးသည် စစ်မြေပြင် စစ်ပွဲဝယ် ရှေ့လက်နှစ်ချောင်းတို့ဖြင့်လည်း အလုပ်ကို လုပ်၏၊ နောက်ခြေနှစ်ချောင်းတို့ဖြင့်လည်း အလုပ်ကို လုပ်၏၊ ရှေ့ပိုင်းကိုဖြင့်လည်း အလုပ်ကို လုပ်၏။ နောက်ပိုင်းကိုယ်ဖြင့်လည်း အလုပ်ကို လုပ်၏။ ဦးကင်းဖြင့်လည်း အလုပ်ကို လုပ်၏။ နားရွက်နှစ်ဖက်တို့ဖြင့်လည်း အလုပ်ကို လုပ်၏၊ အစွယ်နှစ်ချောင်းတို့ဖြင့်လည်း အလုပ်ကို
၁၇၅
လုပ်၏၊ အမြီးဖြင့်လည်း အလုပ်ကို လုပ်၏၊ နှာမောင်းကိုကား ခံတွင်းသို့သွင်းကာ စောင့်ရှောက်ထားလေ၏၊ ပြည့်ရှင်မင်း၏ ဤစစ်ဆင်ကြီးသည် အသက်ကို မစွန့်အပ်သေး”ဟူ၍ အကြံအစည် ဖြစ်လေသည်။
ချစ်သားရာဟုလာ.. အကြင်အခါ၌ ပြည့်ရှင်မင်း၏ စစ်ဆင်ကြီးသည် စစ်မြေပြင် စစ်ပွဲဝယ် (ရှေး ဆိုအပ်ပြီးသည့်အတိုင်း) ရှေ့လက်နှစ်ချောင်းတို့ဖြင့်လည်း အလုပ်ကို လုပ်၏၊ နောက်ခြေနှစ်ချောင်းတို့ဖြင့်လည်း အလုပ်ကို လုပ်၏။ (ပေယျာလ) အမြီးဖြင့်လည်း အလုပ်ကို လုပ်၏။ နှာမောင်းဖြင့်လည်း (သံတင်းပုတ်ကိုဖြစ်စေ, ရှားနှစ်တင်းပုတ်ကိုဖြစ်စေ ပွေ့ချီကာ ထက်ဝန်းကျင် တဆယ့်ရှစ်တောင်ရှိသော အရပ်ဌာနကို ထုရိုက် ချေမှုန်းခြင်း) အလုပ်ကို လုပ်၏၊ ထိုသို့ စစ်ဆင်ကြီး ပြုမူရာ၌ ဆင်စီးသူရ၏ စိတ်သန္တာန်ဝယ် “ပြည့်ရှင်မင်း၏ ဤစစ်ဆင်ကြီးသည် စစ်မြေပြင် စစ်ပွဲဝယ် ရှေ့လက်နှစ်ချောင်းတို့ဖြင့်လည်း အလုပ်ကို လုပ်၏။ နောက်ခြေနှစ်ချောင်းတို့ဖြင့်လည်း အလုပ်ကို လုပ်၏။ (ပေယျာလ) အမြီးဖြင့်လည်း အလုပ်ကို လုပ်၏။ နှာမောင်းဖြင့်လည်း အလုပ်ကို လုပ်၏၊ ပြည့်ရှင်မင်း၏ ဤစစ်ဆင်ကြီးသည် မိမိအသက်ကို စွန့်အပ်လေပြီ၊ ယခုအခါ ပြည့်ရှင်မင်း၏ စစ်ဆင်ကြီးသည် တစုံတခု မပြုလုပ်အပ်သော အရာဟူ၍ မရှိတော့ပြီ”ဟူ၍ အကြံအစည် ဖြစ်လေသကဲ့သို့ ချစ်သားရာဟုလာ.. ဤနည်းအတူပင် သိလျက် မုသားစကား ပြောကြားမှုဝယ် အရှက်မရှိသော ပုဂ္ဂိုလ်အား တစုံတခု ချင်း(=သူ)မပြုဝံ့သော မကောင်းမှုဟူ၍ မရှိဟူ၍ ငါဘုရား ဟောကြား၏။
ထို့ကြောင့် ချစ်သားရာဟုလာ.. သင်ချစ်သားသည် “ငါကား ရယ်ရွှင်မြူးထူးမှု ပြုလိုသဖြင့်သော်လည်း မုသားစကားကို မပြောဆိုအံ့”ဟူ၍ နှလုံးပိုက်ကာ သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်”ဟူ၍ အလွန်လေးနက်သော ဩဝါဒစကားကို မိန့်ကြားတော်မူလေ၏။
၁၇၆
(၇) တဖန်ဆက်၍ မြတ်စွာဘုရားသည် ရှင်ရာဟုလာကို ချစ်သားရာဟုလာ.. ယခု ငါဘုရားမေးမည့်စကားကို သင်ချစ်သား မည်သို့မှတ်ထင် သဘောကျသနည်း (သဘောကျသည့်အတိုင်း ပြောဆိုနိုင်ခွင့်ရှိသည်)၊ ကြေးမုံမှန်သည် အဘယ်အကျိုး ရှိသနည်း”ဟူ၍ မေးမြန်းတော်မူပြန်လေလျှင် ရှင်ရာဟုလာက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ကြေးမုံမှန်သည် လူ့မျက်နှာဝယ် ထင်ရှားရှိသည့် မှဲ့မည်း ဝက်ခြံ အစရှိသော အပြစ်ကို ကြည့်ရှုဆင်ခြင် ပြင်ဆင်ရခြင်း အကျိုးရှိပါ၏”ဟူ၍ လျှောက်ထား ဖြေကြားလေသည်၊ ထိုအခါ မြတ်စွာဘုရားက “ချစ်သားရာဟုလာ.. ဤအတူပင်လျှင် ဉာဏ်ပညာမျက်စိဖြင့် ကြည့်ရှု ဆင်ခြင် ဆင်ခြင်ပြီးမှ ကာယကံမှုကို ပြုရမည်၊ ဉာဏ်ပညာမျက်စိဖြင့် ကြည့်ရှု ဆင်ခြင် ဆင်ခြင်ပြီးမှ ဝစီကံမှုကိုပြောဆိုရမည်။ ဉာဏ်ပညာမျက်စိဖြင့် ကြည့်ရှု ဆင်ခြင် ဆင်ခြင်ပြီးမှ မနောကံမှုကို ကြံစည်ရမည်”ဟူ၍ မာတိကာစကား အကျဉ်းထားပြီးလျှင် ဉာဏ်ပညာမျက်စိဖြင့် ကြည့်ရှု ဆင်ခြင် ဆင်ခြင်ပြီးမှ ကာယကံမှုပြုပုံ, ဝစီကံမှုပြောဆိုပုံ, မနောကံမှု ကြံစည်ပုံတို့ကို သုံးချက်စီဝေဘန်၍ အကျယ် ဟောကြားတော်မူလေသည်*။
အချုပ်အားဖြင့်ကား.. “ကာယကံမှု ပြုမည်ကြံလျှင် ဝစီကံမှု ပြောမည်ဆိုလျှင် မနောကံမှု ကြံစည်မည်ဆိုလျှင် မပြုမီ မပြောမီ မကြံစည်မီ ကြိုတင်၍ 'ယခု ငါပြုမည့် ပြောမည့် ကြံစည်မည့် ကာယကံမှု ၀စီကံမှု မနောကံမှုများသည် မိမိသူတပါး နှစ်ဦးသားတို့ ဆင်းရဲများ ဖြစ်မည်လော၊ ဒုက္ခတရားကို တိုးပွါးရင့်ကျက်စေမည့် အကုသိုလ်မှုများ ဖြစ်လေမည်လော'ဟူ၍ ဆင်ခြင် ကြည့်ရှုရမည်။ ယင်းသို့ ဆင်ခြင်ကြည့်ရှု၍ မိမိသူတပါး နှစ်ဦးသား ဆင်းရဲမည့် ကာယကံမှု ၀စီကံမှု မနောကံမှုမျိုး ဖြစ်ခဲ့လျှင် ဒုက္ခတရားကို တိုးပွားရင့်ကျက်စေမည့်
* ထိုအကျယ်ဟောကြားတော်မူပုံကို ပိဋကတ်တော်မြန်မာပြန်မှ ကြည့်ရှုမှတ်သားရာ၏။
၁၇၇
အကုသိုလ်မှုမျိုး ဖြစ်ခဲ့လျှင် ထိုသို့ သဘောရှိသော ကာယကံ ဝစီကံမှု မနောကံမှုများကို မပြုမိအောင် မပြောမိအောင် မကြံစည်မိအောင် ကြိုးစား၍ ရှောင်ကြဉ်ရမည်။ ယင်းသို့ ဆင်ခြင်ကြည့်ရှု၍ မိမိသူတပါး နှစ်ဦးသားတို့ မဆင်းရဲမည့် ကာယကံမှု ၀စီကံမှု မနောကံမှုမျိုး ဖြစ်ခဲ့လျှင် သုခတရားကို တိုးပွါးရင့်ကျက်စေမည့် ကုသိုလ်မှုမျိုး ဖြစ်ခဲ့လျှင် ထိုသို့သဘောရှိသော ကာယကံမှု ၀စီကံမှု မနောကံမှုများကို ပြုလုပ် ပြောဆို ကြံစည်ရမည်။
ကာယကံမှု ပြုလုပ်ဆဲ ဝစီကံမှု ပြောဆိုဆဲ မနောကံမှု ကြံစည်ဆဲမှာလည်း (ထိုနည်းအတူပင်) 'ငါ ယခု ပြုဆဲ ပြောဆိုဆဲ ကြံစည်ဆဲဖြစ်သော ကာယကံမှု ၀စီကံမှု မနောကံမှုများသည် မိမိသူတပါး နှစ်ဦးသားတို့ ဆင်းရဲပင်ပန်းဖို့ ဖြစ်သလော၊ ဒုက္ခတရားကို တိုးပွားရင့်ကျက်စေသည့် အကုသိုလ်မှုများ ဖြစ်သလော'ဟူ၍ ဆင်ခြင်ကြည့်ရှုရမည်။ ယင်းသို့ ဆင်ခြင်ကြည့်ရှု၍ မိမိသူတပါး နှစ်ဦးသားကို ဆင်းရဲပင်ပန်းစေသည့် ကာယကံမှု ၀စီကံမှု မနောကံမှုမျိုး ဖြစ်နေလျှင် ဒုက္ခတရားကို တိုးပွါးရင့်ကျက်စေသည့် အကုသိုလ်မှုမျိုးဖြစ်လျှင် ထိုသို့သဘောရှိသော ကာယကံမှု ဝစီကံမှု မနောကံမှုများကို (ရှေ့သို့ဆက်၍ မပြုပဲ မပြောပဲ မကြံစည်ပဲ) ဆုတ်နစ်ရပ်တန့်ရမည်၊ ယင်းသို့ ဆင်ခြင်ကြည့်ရှု၍ မိမိသူတပါး နှစ်ဦးသားတို့ မဆင်းရဲ မပင်ပန်းသည့် ကာယကံမှု ၀စီကံမှု မနောကံမှုမျိုး ဖြစ်ခဲ့လျှင် သုခတရားကို တိုးပွါးရင့်ကျက်စေသည့် ကုသိုလ်မှုမျိုး ဖြစ်ခဲ့လျှင် ထိုသို့သဘောရှိသော ကာယကံမှု ၀စီကံ မနောကံမှုများကို အားအဆင့်ပေးကာ အဖန်ဖန် ပြုလုပ်ရမည် ပြောဆိုရမည် ကြံစည်ရမည်။
ကာယကံမှု ပြုလုပ်ပြီး ဝစီကံမှု ပြောဆိုပြီး မနောကံမှု ကြံစည်ပြီးသော အခါမှာလည်း (ရှေးနည်းအတူပင်)
၁၇၈
ငါ ပြုပြီး ကြံစည်ပြီးသော ကာယကံမှု ၀စီကံ မနောကံမှုများသည် မိမိသူတပါး နှစ်ဦးသားတို့ ဆင်းရဲပင်ပန်းဖို့ရန် ဖြစ်လေပြီလော၊ ဒုက္ခတရားကို တိုးပွါးရင့်ကျက်စေသည့် အကုသိုလ်မှုများ ဖြစ်လေပြီလော”ဟူ၍ ဆင်ခြင် ကြည့်ရှုရမည်။ ယင်းသို့ ဆင်ခြင်ကြည့်ရှု၍ မိမိသူတပါး နှစ်ဦးသားတို့ကို ဆင်းရဲပင်ပန်းစေသည့် ကာယကံမှု ဝစီကံမှု မနောကံမှုမျိုး ဖြစ်နေပြီဆိုလျှင် ဒုက္ခတရားကို တိုးပွါးရင့်ကျက်စေသည့် အကုသိုလ်မှုမျိုး ဖြစ်နေပြီဆိုလျှင် ထိုသို့သဘောရှိသော ကာယကံမှုမျိုး ဝစီကံမှုမျိုးကို မြတ်စွာဘုရားထံတော်၌ဖြစ်စေ, သိကြားလိမ္မာသော သီတင်းသုံးဖော်တို့ အထံ၌ဖြစ်စေ ဤသို့သော ကာယကံမှုမှား ဝစီကံမှုမှားများကို ပြုမှားခဲ့မိကြောင်း ပြောမှားခဲ့မိကြောင်း ပွင့်ပွင့်လင်းလင်း ထင်ထင်ရှားရှား မကွယ်မဝှက် ပြောကြားရမည်၊ ထိုသို့ ပြောကြားပြီးလျှင် နောက်အခါ၌လည်း ထိုအမှားများကို မပြုမှား မပြောမှားမိအောင် စောင့်စည်း ထိန်းသိမ်းရမည်။ အကုသိုလ် မနောကံမှုမျိုး ဖြစ်နေပြီဆိုလျှင် ထိုသို့သော မနောကံမှုမျိုးကို ငြီးငွေ့ရမည်၊ ရှက်နိုးရမည်၊ စက်ဆုပ်ရမည်၊ ငြီးငွေ့ ရှက်နိုး စက်ဆုပ်ပြီးလျှင် နောက်အခါ၌လည်း ထိုမနောကံမှုမှားကို မကြံစည်မိအောင် စောင့်စည်းထိန်းသိမ်းရမည်။ ယင်းသို့ ဆင်ခြင်ကြည့်ရှု၍ မိမိသူတပါး နှစ်ဦးသားတို့ မဆင်းရဲ မပင်ပန်းစေသည့် ကာယကံမှု ၀စီကံမှု မနောကံမှုမျိုး ဖြစ်နေပြီဆိုလျှင်, သုခတရားကို တိုးပွါးရင့်ကျက်စေသည့် ကုသိုလ်မှုမျိုး ဖြစ်နေပြီဆိုလျှင် နေ့နေ့ညဉ့်ညဉ့် ထိုကုသိုလ်နှင့်ယှဉ်သော ပီတိပါမောဇ္ဇ = နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းဖြင့်ပင် သိက္ခာသုံးပါး ကုသိုလ်တရားတို့ကို ပွါးများကြိုးကုတ် အားထုတ်နေထိုင်ရမည်။
အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးတန်၌ ဖြစ်ပြီး, ဖြစ်လတ္တံ့, ဖြစ်ဆဲဖြစ်ကြသော ဘုရား ပစ္စေကဗုဒ္ဓါ
၁၇၉
အရိယာသာဝကတို့သည် ဤနည်းနှင်နှင် ဆင်ခြင် ကြည့်ရှု ကြည့်ရှုပြီးလျှင် ကာယကံမှု ၀စီကံမှု မနောကံမှုများကို စင်ကြယ်စေကြပြီး, စင်ကြယ်စေကြလတ္တံ့, စင်ကြယ်စေကြဆဲ ဖြစ်ကုန်သည်။
သို့ရကား “ချစ်သားရာဟုလာ.. သင်ချစ်သားသည် 'ငါကား ပစ္စဝေက္ခဏာတင် ဆင်ခြင် ကြည့်ရှု ကြည့်ရှုပြီးလျှင် ကာယကံမှုကို စင်ကြယ်စေမည်၊ ဝစီကံမှုကို စင်ကြယ်စေမည်၊ မနောကံမှုကို စင်ကြယ်စေမည်'ဟူ၍ နှလုံးပိုက်ကာ သိက္ခာသုံးပါး ကျင့်တရားကို ပွါးများကြိုးကုတ် အားထုတ်ရမည်”ဟူ၍ အဆုံးအမ ဩဝါဒစကား နိဂုံးချုပ် မိန့်ကြားတော်မူလေသည်။
[ဤ၌။ ။“အဘယ်မျှလောက်သော ဌာန၌ဖြစ်သည့် ကာယကံ ဝစီကံတို့ကို စင်ကြယ်စေအပ် သုတ်သင်အပ်ကုန်သနည်း၊ အဘယ်မျှလောက်သော ဌာန၌ဖြစ်သည့် မနောကံကို စင်ကြယ်စေအပ် သုတ်သင်အပ်သနည်း”ဟူ၍ မေးမြန်းစိစစ်ဖွယ် ရှိ၏။
အဖြေကား.. နံနက်ခင်းအချိန်၌ဖြစ်သော ကာယကံ ဝစီကံတို့ကို (အချိန်ဆွဲ၍မထားပဲ) ဆွမ်းကိစ္စပြီး၍ နေ့သန့်ရာအရပ်၌ ထိုင်နေလျှင်ပင် စင်ကြယ်စေအပ် သုတ်သင်အပ်ကုန်၏၊ ချဲ့ဦးအံ့.. ဆွမ်းကိစ္စပြီး၍ နေ့သန့်ရာအရပ်၌ ထိုင်နေသော ရဟန်းသည် “အရုဏ်တက်သည်မှစ၍ ဤယခုနေရာ၌ ထိုင်နေသည်တိုင်အောင် ဤအချိန်အတွင်း၌ သူတပါးတို့ မနှစ်မြို့နိုင်လောက်အောင် ငါ ပြုမှား ပြောမှားမိခဲ့သော ကာယကံမှုများ, ဝစီကံမှုများ ရှိလေသလော”ဟု ဆင်ခြင်ကြည့်ရှုရာ၏၊ အကယ်၍ ပြုမှား မှားမိခဲ့သော ကာယကံမှုများ, ဝစီကံမှုများ ရှိ၏ဟု ဆင်ခြင်စဉ်းစားမိလျှင် ဒေသနာကြားသင့်သော ကာယကံမှု, ဝစီကံမှုများကို ဒေသနာ ကြားရာ၏၊ ထင်စွာပြုသင့်သော ကာယကံမှု, ဝစီကံမှုများကို သီတင်းသုံးဖော်တို့ထံ၌ ထင်စွာပြုရာ၏၊ အကယ်၍ ပြုမှား ပြောမှားမိခဲ့သော ကာယကံမှုများ, ဝစီကံမှုများ မရှိခဲ့လျှင် (မိမိကိုယ်ရေးအတွက် နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ပေလိမ့်မည်)၊ ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်ပင် နေထိုင်ရာ၏။
မနောကံကိုကား ထိုဆွမ်းရှာမှီးရာဌာန၌ စင်ကြယ်စေအပ် သုတ်သင်အပ်၏၊ စင်ကြယ်စေပုံမှာ.. “ယနေ့ ငါ့မှာ
၁၈၀
ဆွမ်းရှာမှီးရာ အရပ်ဌာန၌ ရူပါရုံအစရှိသော အာရုံများဝယ် အားနည်းသောလောဘ, အားကြီးသော လောဘ, ပြစ်မှားသော ဒေါသ, တွေဝေသော မောဟများ ဖြစ်ပွါးခဲ့လေသလော”ဟူ၍ ဆင်ခြင်ကြည့်ရှုရာ၏၊ အကယ်၍ ဖြစ်ပွါးခဲ့၏ဟု ဆင်ခြင်စဉ်းစားမိခဲ့လျှင် “ငါသည် နောက်ထပ်တဖန် ဤသို့သော လောဘမှု, ဒေါသမှု, မောဟမှုများကို မပြုမှားစေတော့အံ့”ဟူ၍ စိတ်ဖြင့်ပင် ဆောက်တည်ရာ၏၊ အကယ်၍ မဖြစ်ပွါးခဲ့လျှင် (ယင်းသို့ မဖြစ်ပွါးသည်ကို အာရုံပြု၍ ကိုယ်ရေးအတွက် နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ပေလိမ့်မည်)၊ ထိုနှစ်သက် ဝမ်းမြောက်ခြင်းဖြင့်ပင် နေထိုင်ရာ၏၊ ဤကား အဖြေတည်း]။
အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ္တန်ကို
ဟောကြားတော်မူကြောင်း ပြီး၏။
**********
အနာထပိဏ်သူဌေးအကြောင်း
မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်အရပ်၌ ဒုတိယ၀ါ ကပ်တော်မူသော နှစ်မှာပင် ရဟန်းတော်များမှတဆင့် ရာဇဂြိုဟ်သူဌေး တောင်းပန်လျှောက်ထားသော အကြောင်းဝတ္ထု၌ ကျောင်းပစ္စည်းကို ရဟန်းတော်များအား မြတ်စွာဘုရား ခွင့်ပြုတော်မူလေသည်*။
ထိုရာဇဂြိုဟ်သူဌေးနှင့် သာဝတ္ထိပြည် အနာထပိဏ်သူဌေးတို့ကား အချင်းချင်း နှမ၏လင် ဖြစ်ကြကုန်၏ (= မောင်လယ် နှမလယ် တော်စပ်ကြကုန်၏)။ (သို့ရကား) ရာဇဂြိုဟ်ပြည်၌ ဖြစ်ပေါ်သော ကုန်ပစ္စည်းများ ရာဇဂြိုဟ်ပြည်၌ အဖိုးနည်း၍ သာဝတ္ထိပြည်၌ အဖိုးများစွာ တိုက်တန်သောအခါ ရာဇဂြိုဟ်သူဌေးသည် ထိုကုန် စ္စည်းများကို ဝယ်ယူကာ သာဝတ္ထိပြည်သို့ လှည်းငါးရာတို့ဖြင့် တင်ဆောင်သွားပြီးလျှင် သာဝတ္ထိပြည်သို့ မရောက်မီ တယူဇနာခရီးကပင် ကြိုတင်၍ မိမိလာရောက်ကြောင်းကို အနာထပိဏ်သူဌေးထံသို့ သတင်းစကား ပို့ရောက်စေလေသည်၊ အနာထပိဏ်သူဌေးသည် ခရီးဦးကြိုဆိုကာ
* အကြောင်းအရာအကျယ်ကို ဝိနည်း စူဠဝဂ္ဂ မြန်မာပြန် သေနာသနက္ခန္ဓက၌ ကြည့်ရှုရာ၏။
၁၈၁
ကြီးစွာသော ဧည့်ခံကျွေးမွေးမှု ပြုလုပ်ပြီးလျှင် ယာဉ်တစီးတည်းသို့ တင်ဆောင်၍ (နှစ်ဦးသား ယာဉ်တစီးတည်းစီးကာ) သာဝတ္ထိပြည်သို့ ဝင်လေ၏၊ ရာဇဂြိုဟ်သူဌေးသည် မိမိယူဆောင်လာသော ကုန်ပစ္စည်းများကို လျင်မြန်စွာ ရောင်းရလျှင်လည်း ရောင်းချ၏။ လျင်မြန်စွာ မရောင်းရလျှင်လည်း မိမိနှမ၏အိမ်မှာ ထားခဲ့၍ ပြန်သွားလေ့ရှိ၏၊ အနာထပိဏ်သူဌေးသည်လည်း ထိုနည်းအတူပင် ပြု၏။
မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်၌ ဒုတိယဝါ ကပ်ဆိုပြီးသော ထိုနှစ်မှာ အနာထပိဏ်သူဌေးသည် သာဝတ္ထိပြည်၌ ဖြစ်ပေါ်သော ကုန်ပစ္စည်းများကို လှည်းအစီး ငါးရာတို့ဖြင့် ဝယ်ယူတင်ဆောင်ကာ ရာဇဂြိုဟ်ပြည်သို့ ခရီးထွက်ခဲ့လေသော် ရာဇဂြိုဟ်ပြည်သို့ မရောက်မီ တယူဇနာကပင် ကြိုတင်၍ မိမိလာရောက် ကြောင်းကို ရာဇဂြိုဟ်သူဌေးထံသို့ (ရှေးရှေးက လာရောက်သည့် အခေါက်များနည်းတူ) သတင်းစကား သဝဏ်လွှာ ပို့ရောက်စေလေသည်။
ရာဇဂြိုဟ်သူဌေးသည် ထိုသတင်းစကား သဝဏ်လွှာကို နားမထောင်နိုင်ပဲ တရားနာရန် မြတ်စွာဘုရား သီတင်းသုံးတော်မူသည့် (သီတဝန)မည်သော တောရကျောင်းသို့ သွားရောက်ကာ တရားနာပြီးလျှင် ဘုရား အမှူးရှိသော ရဟန်းသံဃာကို နက်ဖြန်ခါအတွက် ဆွမ်းဘုဉ်းပေးကြွရောက်ရန် တောင်းပန်ပင့်ဖိတ်ခဲ့၍ မိမိ၏အိမ်၌ ခုံလောက်များကို တူးစေခြင်း, ထင်းခွဲစေခြင်းစသော ဝေယျာဝစ္စအမှုများကို စီမံခန့်ခွဲလျက်သာ နေလေသည်။
အနာထပိဏ် သူဌေးသည်လည်း ယခုပင်လျှင် ငါ့အား ခရီးဦးကြိုဆိုမှု ပြုပေလိမ့်မည်၊ ယခုပင် ပြုပေလိမ့်မည်ဟု ကြံစည်အောက်မေ့ကာ အစဉ်သဖြင့် ခရီးဆက်ခဲ့ရာ ရာဇဂြိုဟ်သူဌေးအိမ် တံခါးဝသို့ရောက်သော်မှ အကြိုကိုမတွေ့ရပဲ အိမ်တွင်းသို့ ဝင်မိသောအခါသော်မှလည်း နှုတ်ခွန်းဆက်စကား များများမရရှိပဲ “သူဌေးကြီး.. ကလေးများ ကျန်းမာကြပါ၏လား၊ လမ်းခရီးမှာ
၁၈၂
မပင်ပန်းပဲ ချမ်းသာခဲ့ပါ၏လား”ဟု ဤမျှသာ ရာဇဂြိုဟ်သူဌေးထံမှ နှုတ်ခွန်းဆက်စကားကို ရရှိလေသည်။
ရာဇဂြိုဟ်သူဌေးကြီးကား ဖော်ပြရာပါအတိုင်း အနာထပိဏ်သူဌေးကြီးကို နှုတ်ခွန်းဆက်စကား နှစ်ခွန်းမျှသာ ပြောကြားပြီးလျှင် မိမိ၏ ကျွန်များ အလုပ်သမားများကို “အချင်းတို့.. နက်ဖြန်နံနက် စောစောထပြီးလျှင် ယာဂုများကို ကျိုကြ, ထမင်းများကို ချက်ကြ, ဟင်းလျာများကို ပြည့်စုံအောင် စီမံကြ, လက်သုတ်ဟင်းလျာများကို ပြည့်စုံအောင် စီမံကြ” ဤသို့ စသည်ဖြင့် နက်ဖြန် ဆွမ်းကပ်ရန် ဝေယျာဝစ္စအမှုများကိုသာ ဦးစားပေး၍ စီမံနေလေသည်။
ထိုအခါ အနာထပိဏ်သူဌေး၏ စိတ်သန္တာန်ဝယ် “ဤသူဌေးသည် ရှေးအခါက ငါလာလျှင် အလုံးစုံသော ကိစ္စများကို ပယ်ရှားပြီးလျှင် ငါနှင့် အတူတကွသာ ဝမ်းမြောက်ဝမ်းသာစကား ပြောကြားပေ၏၊ ယခုအခါ၌ကား ဗျာပါရများကာ ကျွန်များ အလုပ်သမားများကို 'အချင်းတို့.. နက်ဖြန်နံနက် စောစောထပြီးလျှင် ယာဂုများကို ကျိုကြ, ထမင်းများကို ချက်ကြ, ဟင်းလျာများကို ပြည့်စုံအောင် စီမံကြ, လက်သုတ်ဟင်းလျာများကို ပြည့်စုံအောင် စီမံကြ' ဤသို့ စသည်ဖြင့် နက်ဖြန် ဆွမ်းကပ်ရန် ဝေယျာဝစ္စအမှုများကိုသာ ဦးစားပေး၍ စီမံနေလေသည်၊ ဤသူဌေးမှာ သူ့သမီးကို (မိမိသားအတွက်) ဆောင်ယူခြင်း (= အာဝါဟ)မင်္ဂလာပွဲပင် ဖြစ်လိမ့်မည်လော၊ မိမိသမီးကို (သူ့သားအတွက်) သူ့အိမ်သို့ပို့သခြင်း (= ဝိဝါဟ) မင်္ဂလာပွဲပင် ဖြစ်လိမ့်မည်လော၊ အလှူကြီးကိုပင် စီရင်အပ်လေသလော၊ ဗိမ္ဗိသာရမင်းကြီးကိုပင် စစ်သည်ဗိုလ်ပါနှင့်တကွ နက်ဖြန်ခါ ထမင်းစားရန် ဖိတ်မန္တကမှု ပြုအပ်လေသလော”ဟူ၍ အကြံအစည် ဖြစ်လေ၏။
ရာဇဂြိုဟ်သူဌေးကြီးသည် ကျေးကျွန် အလုပ်သမားများကို အစစ စီမံပြီးသော် အနာထပိဏ်သူဌေးထံမှောက်သို့ လာရောက်၍ ဝမ်းမြောက်ဝမ်းသာ စကားနှီးနှော ပြောဆိုလေသည်၊ ထိုအခါ အနာထပိဏ်သူဌေးက-
၁၈၃
“သူဌေးကြီး.. သင်သည် ရှေးအခါက ငါလာလျှင် အလုံးစုံသောကိစ္စများကို ပယ်ရှားပြီး ငါနှင့် အတူတကွသာ ဝမ်းမြောက်ဝမ်းသာစကား ပြောကြားပေ၏။ ယခုအခါ၌ကား သင်သည် ဗျာပါရ ကြောင့်ကြများကာ ကျွန်များ အလုပ်သမားများကို 'အချင်းတို့.. နက်ဖြန်နံနက် စောစောထပြီးလျှင် ယာဂုများကို ကျိုကြ, ထမင်းများကို ချက်ကြ, ဟင်းလျာများကို ပြည့်စုံအောင် စီမံကြ, လက်သုတ်ဟင်းလျာများကို ပြည့်စုံအောင် စီမံကြ' ဤသို့ စသည်ဖြင့် နက်ဖြန် ဆွမ်းကပ်ရန် ဝေယျာဝစ္စအမှုများကိုသာ ဦးစားပေး၍ စီမံနေလေသည်၊ သင်သူဌေးမှာ သူ့သမီးကို (မိမိသားအတွက်) ဆောင်ယူခြင်း (= အာဝါဟ)မင်္ဂလာပွဲပင် ဖြစ်လိမ့်မည်လော၊ မိမိသမီးကို (သူ့သားအတွက်) သူ့အိမ်သို့ပို့သခြင်း (= ဝိဝါဟ)မင်္ဂလာပွဲပင် ဖြစ်လိမ့်မည်လော၊ အလှူကြီးကိုပင် စီရင်အပ်လေသလော၊ ဗိမ္ဗိသာရမင်းကြီးကိုပင် စစ်သည်ဗိုလ်ပါနှင့်တကွ နက်ဖြန်ခါ ထမင်းစားရန် ဖိတ်မန္တကမှု ပြုအပ်လေသလော”–
ဟူ၍ မေးမြန်းလေ၏။ ထိုအခါ ရာဇဂြိုဟ်သူဌေးက-
“သူဌေးကြီး.. ကျွန်ုပ်မှာ အာဝါဟမင်္ဂလာပွဲလည်း ဖြစ်လိမ့်မည်မဟုတ်ပါ၊ ဝိဝါဟမင်္ဂလာပွဲလည်း ဖြစ်လိမ့်မည် မဟုတ်ပါ၊ ဗိမ္ဗိသာရမင်းကြီးကိုလည်း စစ်သည်ဗိုလ်ပါနှင့်တကွ နက်ဖြန်ခါ ထမင်းစားရန် ဖိတ်မန္တကမှု ပြုအပ်သည်မဟုတ်ပါ၊ စင်စစ်သော်ကား ကျွန်ုပ်သည် အလှူကြီးကို စီရင်နေအပ်ပါသည်၊ နက်ဖြန် ကောင်းမှုကုသိုလ်အတွက် မြတ်စွာဘုရား အမှူးရှိသော သံဃာတော်ကို ပင့်ဖိတ်အပ်ပြီး ဖြစ်ပါသည်”–
ဟူ၍ ပြန်ကြား ပြောဆိုလေသည်။
ရာဇဂြိုဟ်သူဌေးကြီး၏နှုတ်မှ အားပါးတရ မြွက်ဆိုလိုက်သည့် “မြတ်စွာဘုရား”ဟူသော အသံကို ကြားရလေလျှင်
၁၈၄
အနာထပိဏ်သူဌေးကြီးသည် ခုဒ္ဒိကာပီတိ, ခဏိကာပီတိ, ဩက္ကန္တိကာပီတိ, ဥဗ္ဗေဂါပီတိ, ဖရဏာပီတိဟူသော ပီတိငါးမျိုးကို ရရှိလေသည်။ ပီတိငါးမျိုးသည် အနာထပိဏ်သူဌေးကြီး၏ ဦးခေါင်းမှ အစဖြစ်၍ ခြေဖမိုးတိုင် လွှမ်းမိုးသွားလေသည်။ ခြေဖမိုးမှ အစဖြစ်၍ ဦးခေါင်းတိုင် လွှမ်းမိုးသွားလေသည်၊ နံပါးနှစ်ဖက်မှ အစဖြစ်၍ အလယ်တကိုယ်လုံး ပြန့်နှံ့သွားလေသည်၊ အလယ်မှ အစဖြစ်၍ နံပါးနှစ်ဖက်အနှံ့ ပြန့်၍သွားလေသည်၊ အနာထပိဏ်သူဌေးကြီးသည် ပီတိငါးမျိုးဖြင့် အကြားမလပ် တွေ့ထိအပ်သော ကိုယ်ရှိသည်ဖြစ်ရကား ရာဇဂြိုဟ်သူဌေးကြီးကို “သူဌေးကြီး.. သင်သည် 'မြတ်စွာဘုရား'ဟူ၍ ပြောဆိုလိုက်သလား”ဟု မေးမြန်းလေသည်၊ ရာဇဂြိုဟ်သူဌေးကလည်း “သူဌေးကြီး.. ကျွန်ုပ်သည် 'မြတ်စွာဘုရား'ဟူ၍ ပြောဆိုလိုက်ပါသည်”ဟု ဖြေကြားလေသည်။
ဤနည်းအတူ သုံးကြိမ်တိုင်တိုင် မေးဖြေပြီးလျှင် အနာထပိဏ် သူဌေးကြီးသည်-
“သူဌေးကြီး.. လောကမှာ 'မြတ်စွာဘုရား.. မြတ်စွာဘုရား'ဟူသော အသံကိုသော်လည်း ကြားရခဲ နာရခဲဘိ၏၊ သူဌေးကြီး ဤယခုအခါ၌ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ထိုမြတ်စွာဘုရားသခင်ကို ဖူးမြင်ရန် သွားရောက်ခြင်းငှါ တတ်နိုင်ပါသေး၏လော (= သွား၍ ဖြစ်နိုင်ပါသေး၏လော)”-
ဟူ၍ ရာဇဂြိုဟ်သူဌေးကြီးကို မေးမြန်းလေ၏။ ထိုအခါ ရာဇဂြိုဟ်သူဌေးကြီးသည် “ဘုရားရှင်တို့မည်သည် အဆိပ်ထန်ပြင်း မြွေမင်းကြီးများပမာ ချဉ်းကပ်နိုင်ခဲစွာကုန်၏၊ မြတ်စွာဘုရားသည်လည်း သုသာန်သင်းချိုင်း၏အနီး (သီတဝန တောရကျောင်း)၌ သီတင်းသုံး နေထိုင်တော်မူဆဲဖြစ်၏၊ ဤ(နေဝင်ခါနီး)အချိန်မှာ ဤအနာထပိဏ်သူဌေးကြီးသည် ထိုတောရကျောင်းသို့ သွားရောက်ခြင်းငှါ စွမ်းနိုင်မည် မဟုတ်ချေ”ဟု အောက်မေ့ဆင်ခြင်ကာ-
၁၈၅
“သူဌေးကြီး.. ဤယခုအချိန်၌ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ထိုမြတ်စွာဘုရားသခင်ကို ဖူးမြင်ရန် သွားရောက်ခြင်းငှါ အခါမဟုတ်တော့ပါ (= အချိန်မရှိတော့ပါ)၊ အသင်သူဌေးမင်းသည် ယခုတော့ နက်ဖြန်နံနက် စောစောအခါ၌သာ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ထိုမြတ်စွာဘုရားသခင်ကို ဖူးမြင်ရန် သွားရောက်နိုင်ပါတော့မည်”-
ဟူ၍ ဖြေကြား ပြောဆိုလေသည်၊ ထိုအခါ အနာထပိဏ်သူဌေးကြီးသည် “ငါကား ယခုတော့ နက်ဖြန်နံနက်စောစော အခါကျမှသာ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ထိုမြတ်စွာဘုရားသခင်ကို ဖူးမြင်ရန် သွားရောက်နိုင်တော့မည်”ဟု ကြံစည် အောက်မေ့ကာ (အာရုံတပါး မစဉ်းစားတော့ပဲ) မြတ်စွာဘုရားလျှင် အာရုံရှိသော သတိဖြင့် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ ထင်ရှားစေဦးအံ့.. “မြတ်စွာဘုရား”ဟူသော ကြားရခဲလှသော အသံကို ကြားရသဖြင့် ထိုနေ့အဖို့ရာ အနာထပိဏ်သူဌေးကြီးသည် မိမိယူဆောင်လာသည့် ဘဏ္ဍာလှည်းတို့၌၎င်း, မိမိ၏ အလုပ်အကျွေး လူများ၌၎င်း စိတ်မဝင်စားတော့ပဲ ညစာကိုလည်း မစားတော့ပဲ ဘုံခုနစ်ဆင့် (= ခုနစ်ထပ်)ရှိသော ပြာသာဒ်ထက်သို့ တက်၍ ကောင်းစွာ ခင်းထားအပ်သည့် တန်းဆာဆင်အပ်သော အိပ်ရာနေရာမြတ်၌ လျောင်းလျက် နှုတ်မှလည်း “မြတ်စွာဘုရား.. မြတ်စွာဘုရား”ဟူ၍ သရဇ္ဈာယ် ရွတ်ဆို ပွါးများရင်းပင် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။
အနာထပိဏ်သူဌေးကြီးသည် ညဉ့်ဦးယံ လွန်လတ်သော် လျောင်းစက်ရာမှထ၍ မြတ်စွာဘုရား၏ဂုဏ်ကို အဖန်တလဲလဲ ဆင်ခြင် အောက်မေ့လေသည်၊ ထိုအခါ အနာထပိဏ်သူဌေးကြီးအား မြတ်စွာဘုရား၌ အလွန်အားကြီးသော ကြည်ညိုခြင်း (= ဗလဝသဒ္ဓါ)တရားများ တဖွားဖွား ဖြစ်ပွါးလေသည်၊ ပီတိကြောင့်ဖြစ်သော အလင်းရောင်များ ပေါ်ထွက်လာကာ အမှောင်ဓာတ်များ ကင်းကွာသွားလေသည်၊ ဆီမီးအထောင်
၁၈၆
ညှိထွန်းသကဲ့သို၎င်း, လဝန်း နေဝန်းကြီးများ ပေါ်ထွန်း ထွက်ပြူလာသကဲ့သို့၎င်း ဖြစ်ရှိလေ၏၊ အနာထပိဏ်သူဌေးကြီးသည်“ဩ.. ငါသည် မေ့လျော့ခြင်းသို့ ရောက်နေစွာ့တကား၊ နေဝန်းကြီးပင် ပေါ်ထွန်းထွက်ပြူလာလေပြီ”ဟု ညည်းတွားပြောဆိုကာ နေရာမှထ၍ ကောင်းကင်၌ လဝန်းထွန်းပနေသည်ကို ကြည့်ရှု၍ “ညဉ့်ဦးယံသာ လွန်ပါသေးတကား၊ သန်းကောင်ယံနှင့် မိုးသောက်ယံ နှစ်ပါးတို့ အချိန်ကျန်ရှိပါသေးတကား”ဟု စဉ်းစားဆင်ခြင်မိကာ တဖန် အိပ်ရာတိုက်ခန်းသို့ ဝင်၍ လျောင်းစက်ပြန်လေသည်။
ထိုနည်းဖြင့်ပင် သန်းကောင်ယံအဆုံး၌၎င်း မိုးသောက်ယံအဆုံး၌၎င်း ဤသို့လျှင် သုံးကြိမ်တိုင်တိုင် အိပ်ရာမှ ထခဲ့လေသည်။ ပစ္ဆိမယံ၏ အဆုံး၌ကား မိုးသောက်အားကြီး လင်းခါနီး၌ပင် ထ၍ လသာဆောင် (=လက်ရန်း) အပြင်အတိုင်း လာလတ်သော် အဝင်တံခါးမကြီးအနီးသို့ ရောက်လေ၏၊ ဘုံခုနစ်ဆင့် (= ခုနစ်ထပ်)တို့၌ရှိသော အဝင်တံခါးမများသည် အလိုလိုသာ ပွင့်ပြီး ဖြစ်ရှိနေလေသည်။ အနာထပိဏ်သူဌေးကြီးသည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်မှ ဆင်းခဲ့၍ မြို့တွင်းလမ်းမအတိုင်း လျှောက်၍ လာခဲ့လေ၏။
အနာထပိဏ်သူဌေးကြီး သိဝကမည်သော တံခါးအနီးသို့ ရောက်ရှိလေလျှင် မြို့စောင့် (အရိယာ)နတ်တို့သည် “ဤအနာထပိဏ် သူဌေးကြီးကား မြတ်စွာဘုရားကို ပြုစုလုပ်ကျွေး ဆည်းကပ်ရန် သွားမည်ဟူသော အကြံဖြင့် ထွက်ခဲ့လေပြီ၊ ဤသူဌေးကြီးသည် မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးမြော်ရလျှင်ပင် သောတာပတ္တိဖိုလ်၌ တည်၍ ရတနာသုံးပါးတို့အား အသာဆုံး အမြတ်ဆုံး အလုပ်အကျွေး ဒါယကာတဦးဖြစ်ကာ အတုမရှိသော သံဃအရာမ် (= ကျောင်းတိုက်)ကြီးကို ဆောက်လုပ်ပြီးလျှင် အရပ်လေးမျက်နှာမှ လာလာသမျှသော အရိယာ သံဃာအပေါင်းအတွက် မပိတ်ဆို့အပ်သော တံခါးရှိသူ (= တံခါးဟင်းလင်း ဖွင့်၍ထားသူ) ဖြစ်ပေလိမ့်မည်၊ ဤသူဌေးကြီးအား
၁၈၇
တံခါးကို ပိတ်ထားခြင်းငှါ မသင့်လျော်”ဟု ကြံစည် အောက်မေ့ကြပြီးလျှင် ကြိုတင်၍ မြို့တံခါးကို ဖွင့်ထားနှင့်ကြလေကုန်၏။
ထိုအခါ အနာထပိဏ်သူဌေးကြီးအား မြို့မှ ထွက်မိလတ်သော် အလင်းရောင်များ ကွယ်ပျောက်၍ အမှောင်များ ရောက်လာလေသည်၊ ကြောက်ခြင်း ကိုယ်တုန်လှုပ်ခြင်း မွေးညှင်းရွှင်ပျ (= ကြက်သီးထ)ခြင်းများ ဖြစ်လာလေသည်၊ သို့ရကား အနာထပိဏ်သူဌေးကြီးသည် ထိုအရပ်မှပင် (ရှေ့သို့ဆက်၍ မသွားပဲ) ပြန်လည် ဆုတ်နစ်ခြင်းငှါ အလိုရှိလေသည်။ (ရာဇဂြိုဟ်ပြည်ကား လူမျိုးပေါင်းများစွာ ရောပြွမ်းစည်ပင်လှ၏။ မြို့တွင်း၌ ကိုးကုဋေ မြို့ပြင်၌ ကိုးကုဋေအားဖြင့် လူဦးရေ တဆယ့်ရှစ်ကုဋေတို့သည် ရာဇဂြိုဟ်ပြည်ကို မှီ၍ နေကြကုန်၏၊ အချိန်မတော် ညဉ့်အခါ၌ သေလွန်ကုန်သော လူများကို မြို့တံခါးမကြီး ပိတ်ထားသဖြင့် မြို့ပြင်သို့ ထုတ်ဆောင်သဂြိုဟ်ခြင်းငှါ မစွမ်းနိုင်ကုန်ရကား မြို့ရိုးပေါ်ရှိ ပြအိုး၌ ရပ်တည်ကြကာ မြို့တော်တံခါးမအပြင်ဘက်သို့ ပစ်ချကြရကုန်၏။ (သို့ရကား) အနာထပိဏ် သူဌေးကြီးသည် မြို့မှ အပြင်သို့ ထွက်လျှင်ပင် လောလောလတ်လတ် စွန့်ပစ်ပြီးစဖြစ်သော သူကောင်တခုကို နင်းမိလေတော့သည်၊ အခြား သူကောင်တခုကိုလည်း ခြေဖမိုးဖြင့် တိုက်မိလေတော့သည်၊ ထိုအခါ ယင်ကောင်များ ဝေါကနဲ ပျံသန်းရစ်ဝဲကြလေ၏။ သူကောင်မှ အပုပ်နံ့သည် သူဌေးကြီး၏ နှာခေါင်းတွင်းသို့ ထိုးဝင်လာလေတော့သည်၊ ထို့ကြောင့် သူဌေးကြီး၏ သန္တာန်၌ ဖြစ်ပွါးနေသော ဘုရားသခင်၌ ကြည်ညိုမှု ပသာဒသဒ္ဓါတရားသည် ပါး၍သွားလေတော့သည်။ သို့ရကား သူဌေးကြီး၏ကိုယ်မှ ထွက်နေသည့် ပီတိကြောင့်ဖြစ်သော အရောင်များ ကွယ်ပျောက်၍ အမိုက်မှောင်များ ရောက်လာလေသည်၊ ကြောက်ခြင်း ကိုယ်တုန်လှုပ်ခြင်း မွေးညှင်းရွှင်ပျ (= ကြက်သီးထ)ခြင်းများ ဖြစ်၍လာလေသည်။ သို့ရကား သူဌေးကြီးသည် ထိုအရပ်မှပင် ပြန်လည်ဆုတ်နစ်ခြင်းငှါ အလိုရှိလေသည်)။
၁၈၈
ထိုအခါ သိဝကနတ်ဘီလူးသည် ကိုယ်ထင်မပြပဲ “ငါသည် သူဌေးကြီးအား ရှေ့သို့ ဆက်သွားရန် လုံ့လကို ဖြစ်စေအံ့”ဟူ၍ ကြံစည်ကာ ရွှေဆည်းလည်း (ဆွဲလဲ)ကို လှုပ်သည့်ပမာ သာယာချိုမြိန်စွာသော အသံဖြင့်-
သတံ ဟတ္ထီ သတံ အဿာ၊
သတံ အဿတရီရထာ။
သတံ ကညာသဟဿာနိ၊
အာမုက္ကမဏိကုဏ္ဍလာ။
ဧကဿ ပဒဝီတိဟာရဿ၊
ကလံ နာဂ္ဃန္တိ သောဠသိံ။
(မဟာသေဋ္ဌိ = အနာထပိဏ် ဂုဏ်သိရ်လျှံညီး အို သူဌေးကြီး..)။ သတံ ဟတ္ထီ သဟဿာ နိ = မင်းထိုက်စိုးတန် အမျိုးမှန်သည့် အဖိုးတန်ရတနာ သင်္ချာတွက်ကိန်း ဆင်တသိန်းတို့သည်၎င်း။ သတံ အဿာ သဟဿာနိ = မင်းထိုက်စိုးတန် အမျိုးမှန်သည့် အဖိုးတန်ရတနာ သင်္ချာတွက်ကိန်း မြင်းတသိန်းတို့သည်၎င်း။ သတံ အဿတရီရထာ သဟဿာနိ = မင်းထိုက်စိုးတန် အမျိုးမှန်သည့် အဖိုးတန်ရတနာ သင်္ချာတွက်ကိန်း အဿတိုရ်မြင်းကသည့် ရထားတသိန်းတို့သည်၎င်း။ အာမုက္ကမဏိကုဏ္ဍလာ = ပတ္တမြားနားဍောင်း သွယ်ပျောင်းစုံလင် တန်းဆာဆင်အပ်ကုန်ပြီးသော။ သတံ ကညာသဟဿာနိ = မင်းထိုက်စိုးတန် အမျိုးမှန်သည့် အဖိုးတန်ရတနာ သင်္ချာတွက်ကိန်း သတို့သမီးကညာ တသိန်းတို့သည်၎င်း။ ဧကဿ ပဒဝီတိဟာရဿ = “မြတ်စွာဘုရားကို ဖူးမြော်မည်, တရားတော်ကို နာယူမည်, သံဃာတော်တို့ကို ပြုစုလုပ်ကျွေးမည်”ဟု ရွယ်ရည်မှန်းထား ကျောင်းတော်သို့ အရောက်သွားသည့် ယောက်ျားလူစွမ်း ခြေတလှမ်း၏။ (ဝါ) ခြေတလှမ်း၌ ဖြစ်ပွါးသော စေတနာ၏။ သောဠသိံ ကလံ = တဆယ့်ခြောက်စိတ်
၁၈၉
ဆယ့်ခြောက်ပြန်စိတ်၍ တစိတ်လောက်ကမျှ။ (ဝါ) နှစ်ရာ့ငါးဆယ့်ခြောက်စိတ် စိတ်၍ တစိတ်။ နာဂ္ဃန္တိ = အဖိုးမထိုက်တန်ကြကုန်။
အို အနာထပိဏ်သူဌေးကြီး.. ရှေ့သို့တက် ဆက်၍သာ သွားပါလော့၊ အို အနာထပိဏ်သူဌေးကြီး.. ရှေ့သို့တက် ဆက်၍သာ သွားပါလော့၊ သင်သူဌေးကြီးအဖို့ရာ ရှေ့သို့တက် ဆက်၍သွားခြင်းကသာ ချီးမွမ်းအပ် မြတ်လှပါသည်၊ နောက်သို့ ပြန်လည်ဆုတ်နစ်ခြင်းသည် မချီးမွမ်းအပ် မမြတ်ပါ”–
ဟူ၍ ပြောကြားလေသည်။
ထိုအခါ အနာထပိဏ်သူဌေးကြီးသည် “ငါကား တယောက်တည်းဟူ၍ မှတ်ထင်၏၊ ငါ၏နောက်လိုက် အဖော်သဟဲများလည်း ရှိကြ၏၊ အဘယ့်ကြောင့် ကြောက်ရမည်နည်း”ဟု ကြံစည် ဆင်ခြင်မိကာ ရဲရင့်၍ လာပြန်၏။ ထိုအခါ သူဌေးကြီးသန္တာန်၌ အားကြီးသော (မြတ်စွာဘုရား၌ ကြည်ညိုသည့်) သဒ္ဓါတရား ဖြစ်ပွါးလာပြန်၏၊ ထို့ကြောင့် အမှောင်ပျောက်၍ အလင်းရောင် ရောက်ပြီးလျှင် ကြောက်ခြင်း, ကိုယ်တုန်လှုပ်ခြင်း, ကြက်သီးမွေးညှင်း ထခြင်းတို့လည်း ငြိမ်းအေးသွားကုန်၏။
ထို့နောက် အနာထပိဏ်သူဌေးကြီးသည် ရှေ့သို့တက်၍ ခရီးဆက်ခဲ့ပြန်ရာ ကြောက်ဖွယ်ကောင်းသော သုသာန်လမ်းခရီးတလျောက်၌ အသုဘသူကောင် အမျိုးမျိုးတို့ကို မြင်ရပြန်၏။ ကြောက်ဖွယ်ကောင်းသည့် အိမ်ခွေး တောခွေး စသည်တို့၏ အသံကို ကြားရပြန်၏၊ ထို့ကြောင့် ကြောက်စိတ်များ ဝင်ရောက်ကာ ဒုတိယအကြိမ် ၎င်းရှေးနည်းအတိုင်း အလင်းရောင်ပျောက်၍ အမှောင်ရောက်ခြင်းစသည် ဖြစ်သောအခါ ရှေးနည်းအတူပင် သိဝကနတ်ဘီလူး အားပေးစကား ပြောကြားသဖြင့် အမှောင်ပျောက်၍ အလင်းရောင် ရောက်ခြင်း စသည်တို့ ရှေးနည်းအတူဖြစ်၍ ခရီးဆက်ပြန်သောအခါလည်း တတိယအကြိမ်မြောက်
၁၉၀
ရှေးနည်းအတူ အလင်းရောင် ပျောက်ခြင်းစသည် တွေ့ကြုံသမျှ ဘေးရန်အလုံးစုံကို အဖန်ဖန် မြတ်စွာဘုရား၌ ကြည်ညိုခြင်း ပသာဒတရားကို ပွါးများစေကာ ကျော်နင်း လွန်မြောက်လျက်သာ သွားလေ၏။
ထိုသို့ သွားသဖြင့် အနာထပိဏ်သူဌေးကြီးသည် အစဉ်သဖြင့် သီတဝနတောအုပ်သို့ ရောက်ဆိုက်လေ၏။ ထိုအချိန်၌ မြတ်စွာဘုရားသည် မိုးသောက်အားကြီး လင်းလုနီးကာလဝယ် ဟင်းလင်းအပြင် လွင်တီးခေါင်၌ လူးလာတုံ့ခေါက် စင်္ကြံတော်လျှောက်၍ နေတော်မူဆဲ ဖြစ်လေသည်။
အနာထပိဏ်သူဌေးကြီးသည် သွားရင်းပင် “ဤလောက၌ ပူရဏကဿပစသော တိတ္ထိဆရာကြီးတို့သည် 'ငါတို့ကား ဘုရားများဖြစ်ကြ၏။ ငါတို့ကား ဘုရားများဖြစ်ကြ၏'ဟု ပြောဆိုကြကုန်၏၊ ငါသည် ဘယ်ပုံဘယ်နည်းဖြင့် မြတ်စွာဘုရား၏ ဧကန်စင်စစ် ဘုရားဖြစ်ကြောင်းကို ကောင်းစွာ သိရပါမည်နည်း”ဟူ၍ ကြံစည်မိလေသည်။ ထိုအခါ အနာထပိဏ်သူဌေးကြီး၏ စိတ်သန္တာန်ဝယ် တဖန်ထပ်ဆင့်၍ “ကိုးကွယ်ရာမဲ့သူတို့အား အစာထမင်း ပေးကမ်းခြင်းတည်းဟူသော ဂုဏ်ကျေးဇူးကြောင့် ဖြစ်ပေါ်လာသည့် အနာထပိဏ်သူဌေးဟူသော ငါ၏အမည်ကို လူအများပင် သိကြ၏။ ငါ၏မိဖတို့ မှည့်ခေါ်ပေးအပ်သည့် (သုဒတ္တ ဟူသော) အမည်ကိုကား ငါ့အပြင် အခြားသူ တဦးတယောက်မျှ မသိချေ။ အကယ်၍ ဘုရားစင်စစ် ဖြစ်တော်မူလျှင် မြတ်စွာဘုရားသည် ငါ့ကို မိဖတို့ မှည့်ခေါ်ပေးအပ်သည့် (သုဒတ္တဟူသော) အမည်ဖြင့် ခေါ်တော်မူလိမ့်မည်”ဟု အကြံဖြစ်လေ၏။
မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကြီး လာလတ်သည်ကို အဝေးမှပင် မြင်တော်မူ၍ စင်္ကြံတော်မှ ဆင်းသက်ပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူပြီးကာ အနီးသို့ ရောက်ရှိလာသော အနာထပိဏ်သူဌေးကို (၎င်း၏အကြံကို ကြိုတင် သိရှိတော်မူပြီး ဖြစ်သည့်အတိုင်း)
၁၉၁
“ဧဟိ သုဒတ္တ = လာလော့ ချစ်သားသုဒတ္တ..”ဟူ၍ ခေါ်ဝေါ်တော်မူလေသည်။ ထိုအခါ အနာထပိဏ်သူဌေးကြီးသည် “ငါ့ကို မြတ်စွာဘုရားသည် မိဖတို့ မှည့်ခေါ်အပ်သော အမည်ရင်းဖြင့် ခေါ်တော်မူပေ၏”ဟု အောက်မေ့ကာ ဝမ်းမြောက်တက်ကြွသော စိတ်နှလုံးရှိပြီးလျှင် မြတ်စွာဘုရားထံမှောက်သို့ သွားရောက် ချဉ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်အစုံတို့၌ ဦးခေါင်းဝပ်လျှိုး ရှိခိုးဦးညွှတ်ပြီးသော် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်ပင်ဘုရားသည် ချမ်းသာစွာ ကျိန်းစက်တော်မူရပါ၏လော”ဟူ၍ လျှောက်ထား မေးမြန်းလေ၏။
ထိုအခါ မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကြီးကို–
သဗ္ဗဒါ ဝေ သုခံ သေတိ၊
ဗြာဟ္မဏော ပရိနိဗ္ဗုတော။
ယော န လိမ္ပတိ ကာမေသု၊
သီတိဘူတော နိရူပဓိ။
(ဂဟပတိ = ဒါယကာ အနာထပိဏ်သူဌေး..)။ ယော = အကြင်ရဟန္တာသခင် အရှင်မြတ်သည်။ ကာမေသု = ဝတ္ထုအာရုံ ကာမဂုဏ်တို့၌။ န လိမ္ပတိ = ကိလေသာညွန်တို့ဖြင့် လိမ်းကျံတော်မမူ။ သီတိဘူတော = ကိလေသာဟူ အပူကင်းဝေး ငြိမ်းအေးတော်မူသည်ဖြစ်၍။ နိရူပဓိ = ကိလေသာ, အဘိသင်္ခါရ, ကာမဂုဏ်အား သုံးထွေပြားသော ဥပဓိတရားတို့မှ ကင်းရှင်းတော်မူပြီး ဖြစ်ပေ၏။ ဗြာဟ္မဏော = မကောင်းမှုတို့မှ အပပြုပြီးသော။ ပရိနိဗ္ဗုတော = ကိလေသပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း အပူဇာတ်သိမ်းတော်မူပြီးသော။ သော = ထိုရဟန္တာသခင် အရှင်မြတ်သည်။ သဗ္ဗဒါ = နေ့ညဉ့်ဆက်ကာ ခပ်သိမ်းသောအခါ၌။ ဝေ-ဧကန္တေန = စင်စစ်ဧကန် အမှန်အားဖြင့်။ သုခံ = ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ။ သေတိ = အိပ်ရ နေရ၏။
၁၉၂
သဗ္ဗာ အာသတ္တိယော ဆေတွာ၊
ဝိနေယျ ဟဒယေ ဒရံ။
ဥပသန္တော သုခံ သေတိ၊
သန္တိံ ပပ္ပုယျ စေတသာ။
(ဂဟပတိ = ဒါယကာ အနာထပိဏ်သူဌေး..)။ သော = ထိုရဟန္တာသခင် အရှင်မြတ်သည်။ သဗ္ဗာ = အလုံးစုံကုန်သော။ အာသတ္တိယော = အာရုံငါးသွယ် ငြိတွယ်လိုက်စား တဏှာတရားတို့ကို။ ဆေတွာ = မဂ်ဉာဏ်လေးရပ်ဖြင့် အကြွင်းမဲ့ဖြတ်ပြီး၍။ ဟဒယေ = နှလုံး၌။ ဒရံ = ကိလေသာဟူ အပူခပ်သိမ်းကို။ ဝိနေယျ = ပယ်ဖျောက်ပြီး၍။ သန္တိံ = ကိလေသာခပ်သိမ်း ငြိမ်းရာ နိဗ္ဗာန်သို့။ စေတသာ = အရဟတ္တ ဖလသမာပတ် စိတ်တော်မြတ်ဖြင့်။ ပပ္ပုယျ = ကြိမ်ကြိမ်ဖန်ဖန် ပြန်ပြန်ထောက်ထောက် ဆိုက်ရောက်တော်မူ၍။ ဥပသန္တော = ကိလေသာဟူ အပူခပ်သိမ်း အေးငြိမ်းတော်မူပြီးဖြစ်၍။ သုခံ = ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ။ သေတိ = အိပ်ရ နေရ၏။
ဤကဲ့သို့ ကိုယ်တော်မြတ်မှာ ဣရိယာပုထ်လေးပါး၌ပင် ချမ်းသာစွာ နေထိုင်ရကြောင်း မိန့်ကြားတော်မူပြီးလျှင် မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကြီးအား (ရှေး၌ ဆိုအပ်ပြီးသော နည်းအတိုင်း) မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ၊ (၂) သီလကထာ၊ (၃) သဂ္ဂ ကထာ၊ (၄) မဂ္ဂကထာ, ကာမာနံအာဒီနဝ, နေက္ခမ္မေ အာနိသံသကထာ ဒေသနာအစဉ်အတိုင်း ဟောကြားတော်မူ၍ ထိုအနာထပိဏ်သူဌေးကြီး၏ ခံ့သော စိတ်ရှိ, နူးညံ့သော စိတ်ရှိ, ပိတ်ပင်ခြင်း နီဝရဏကင်းသော စိတ်ရှိ, တက်ကြွဝမ်းမြောက်သော စိတ်ရှိ, ကြည်လင်သော စိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကြီးအား သစ္စာလေး၀
၁၉၃
သာမုက္ကံသိက ဓမ္မဒေသနာကို ဟောကြား တော်မူလေလျှင် အနာထပိဏ်သူဌေးကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုအခါ အနာထပိဏ် သူဌေးကြီးသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အလွန် နှစ်သက်ဖွယ် ရှိပါပေစွာ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. လောက ဥပမာအားဖြင့် မှောက်၍ထားသောဝတ္ထုကို လှန်လိုက်ဘိသကဲ့သို့၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်ဘိသကဲ့သို့၎င်း, မျက်စိလည် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်သကဲ့သို့၎င်း, 'မျက်စိအမြင်ရှိသောသူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားဘိသကဲ့သို့၎င်း ထို့အတူပင် မြတ်စွာဘုရားသည် အကျွန်ုပ်အား များစွာသောအကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပြီ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ သိမှတ်ဆည်းကပ်ပါ၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာဟူ၍ မှတ်ယူတော်မူပါလော့”ဟူ၍ မြတ်စွာဘုရားအား လျှောက်ထားကာ လောကုတ္တရာသရဏဂုံ ခံယူပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ရဟန်းသံဃာတော်များနှင့်တကွ တပည့်တော်၏ဆွမ်းကို သည်းခံ သာယာတော်မူပါဘုရား”ဟူ၍ လျှောက်ထားကာ ဆွမ်းအလှူခံရန် ပင့်ဖိတ်လေ၏။
မြတ်စွာဘုရားသည်လည်း ဆိတ်ဆိတ်နေသဖြင့် အနာထပိဏ်သူဌေးကြီး၏ ဆွမ်းစားပင့်လျှောက်ချက်ကို လက်ခံ သာယာတော်မူလေ၏။ ထိုအခါ အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရား သည်းခံ သာယာတော်မူသည်ကို သိရှိကာ
၁၉၄
နေရာမှထ၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် လက်ျာရစ်လှည့်၍ မိမိ၏တည်းခိုရာ ရာဇဂြိုဟ်သူဌေးကြီးအိမ်သို့ ပြန်လေ၏။
ရာဇဂြိုဟ်သူဌေးကြီး, ကုန်သည်ကြီးအသင်းတို့နှင့် ဗိမ္ဗိသာရမင်းတရားတို့က ကူညီရန် ဖိတ်မန္တကပြုကြခြင်း
အနာထပိဏ်သူဌေးကြီးက ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းစားပင့်လျှင်ပင် ထိုသတင်းစကား တမုဟုတ်ချင်း ပြန့်နှံကာ ရာဇဂြိုဟ်သူဌေးကြီးသည် “မြတ်စွာဘုရားအမှူးရှိသော သံဃာတော်ကို အနာထပိဏ်သူဌေးကြီးက နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ဆွမ်းစားပင့်အပ်ပြီတဲ့”ဟူသော သတင်းစကားကို ကြားသိလေလျှင် အနာထပိဏ်သူဌေးကြီးကို “အို အနာထပိဏ်သူဌေးကြီး.. သင်သူဌေးကြီးသည် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်ကို နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ဆွမ်းစားပင့်အပ်ပြီဟူသော သတင်းစကားကို ကြားသိရပါသည်။ သင်သူဌေးကြီးမှာလည်း (ဤအရပ်မှာ) အာဂန္တုဧည့်သည် ဖြစ်နေပါသည်။ သင်သူဌေးကြီးအား လက်ခကံကျွေး အကူအညီပေးပါရစေ၊ ကျွန်ုပ်ပေးသော ယင်း လက်ခကံကျွေးဖြင့် သင်သူဌေးကြီးသည် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းပြုစုပါလော့”ဟူ၍ ဖိတ်မန်စကား ပြောကြားလေ၏။ ထိုအခါ အနာထပိဏ်သူဌေးကြီးက “အိုသူဌေးကြီး.. တော်ပါပြီ။ ကျွန်ုပ်မှာ လက်ခကံကျွေး ပေးစရာရှိပါ၏။ ကျွန်ုပ်မှာရှိသော ယင်း လက်ခကံကျွေးဖြင့် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အား ဆွမ်းပြုစုပါမည်”ဟူ၍ ပြန်ကြား ပြောဆိုလေသည်။
ရာဇဂြိုဟ်ပြည်၌နေသော ကုန်သည်ကြီးအသင်းဝင် သူကြွယ်အပေါင်းသည်လည်း ရာဇဂြိုဟ်သူဌေးကြီးနည်းတူပင် သတင်းစကား ကြားသိကြ၍ လက်ခကံကျွေး အကူအညီပေးလိုကြောင်း ဖိတ်မန်စကား ပြောကြားလေ၏။ ထိုအခါမှာလည်း ရှေးနည်းအတူပင် ပြန်ကြား ပြောဆိုလေသည်။
၁၉၅
ဗိမ္ဗိသာရမင်းတရားကြီးသည်လည်း ရာဇဂြိုဟ်သူဌေးကြီးနည်းတူပင် သတင်းစကား ကြားသိရ၍ လက်ခကံကျွေး အကူအညီပေးလိုကြောင်း ဖိတ်မန်စကား ပြောကြားလာ၏၊ ထိုအခါမှာလည်း အနာထပိဏ်သူဌေးကြီးသည် “အရှင်မင်းမြတ်.. တော်ပြီ၊ အကျွန်ုပ်မှာ လက်ခကံကျွေး ပေးစရာရှိပါ၏၊ အကျွန်ုပ်မှာရှိသော ယင်း လက်ခကံကျွေးဖြင့် မြတ်စွာဘုရား အမှူးရှိသော သံဃာတော်အား ဆွမ်းပြုစု လုပ်ကျွေးပါမည်”ဟူ၍ ပြန်ကြားပြောဆိုလေသည်။
နောက်တနေ့နံနက် ရောက်သောအခါ အနာထပိဏ်သူဌေးကြီးသည် ယောက်ဖတော် ရာဇဂြိုဟ်သူဌေး၏အိမ်၌ ဘုရားအမှူးရှိသော သံဃာတော်ကို မွန်မြတ်သော ဆွမ်းခဲဘွယ် ဘောဇဉ်ဖြင့် ဆက်ကပ်လုပ်ကျွေးပြီးလျှင် အပြစ်ခြောက်ပါးလွတ်၍ တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေကာ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် ရဟန်းတော်အပေါင်းနှင့်တကွ တပည့်တော်များ၏ သာဝတ္ထိပြည်အရပ်၌ ဝါဆိုသီတင်းသုံးရန် သည်းခံ သာယာတော်မူပါဘုရား”ဟူ၍ လျှောက်ထားလေလျှင် မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကြီးကို “ဒါယကာ အနာထပိဏ်သူဌေး.. မြတ်စွာဘုရားများသည် ဆိတ်ငြိမ်ရာအရပ်၌ ပျော်ပိုက်တော်မူကြကုန်၏”ဟူ၍ မိန့်ကြားလေသော် အနာထပိဏ်သူဌေးကြီးသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. (တပည့်တော်) သိပါပြီ၊ ကောင်းသောစကား မိန့်ကြားတော်မူသော မြတ်စွာဘုရား... (တပည့်တော်) သိပါပြီ”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏၊ ထိုအခါ မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကြီးကို တရားစကား ဟောကြားတော်မူပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။
ရာဇဂြိုဟ်နှင့် သာဝတ္ထိအကြား တယူဇနာ တယူဇနာလျှင် စံကျောင်းတော် တဆောင် တဆောင် ဆောက်လုပ်စေခြင်း
ထိုခေတ် ထိုအချိန်မှာ အနာထပိဏ်သူဌေးကြီးကား မိတ်ဆွေသူငယ်ချင်း အလွန်ပေါများသူဖြစ်၍ အနာထပိဏ်သူဌေးကြီး
၁၉၆
ပြောကြားသည့်စကားကို လူအများ ရိုသေစွာ နာယူသောအခါ ဖြစ်လေသည်၊ (သို့ရကား) အနာထပိဏ်သူဌေးကြီးသည် ရာဇဂြိုဟ်ပြည်၌ မိမိပြုလုပ်ဖွယ် ကုန်ရောင်းဝယ်မှုကိစ္စကို အလျင်အမြန် ပြီးဆုံးစေပြီးလျှင် သာဝတ္ထိပြည်သို့ ပြန်ခဲ့လေသည်။
ထိုအခါ အနာထပိဏ်သူဌေးကြီးသည် လမ်းခရီးအကြား၌ နေထိုင်ကြသော လူအများကို-
အမောင်တို့.. တည်းခိုနားနေရန် အရာမ်ဥယျာဉ်များ ပြုလုပ်ကြကုန်၊ ကျောင်းများ တည်ဆောက်ကြကုန်၊ အလှူဝတ်များ တည်ထားကြကုန်၊ လောကကြီး၌ မြတ်စွာဘုရားသခင် ပွင့်ထွန်း ဖြစ်ပေါ်တော်မူလာပြီ၊ ထိုမြတ်စွာဘုရားသည် ငါပင့်ဖိတ်ချက်အရ (အမောင်တို့နေရာ) ဤလမ်းအတိုင်း ကြွလာတော်မူပေလိမ့်မည်”–
ဟု တိုက်တွန်းနှိုးဆော်စကား ပြောကြားလေသည်။ ထိုအခါ လမ်းခရီးအကြားရှိ အနာထပိဏ်သူဌေးကြီး၏ မိတ်ဆွေသူငယ်ချင်းဖြစ်ကြသော ထိုလူများသည် မိမိကိုယ်တိုင်က ငွေကြေးတတ်နိုင်သူများဖြစ်လျှင် သူဌေးကြီး၏အကူအညီကို မယူကြပဲ မိမိငွေကြေးဖြင့်ပင် အရာမ်ဥယျာဉ်ကျောင်းများ ပြုလုပ်တည်ဆောက်၍ အလှူဝတ်များ တည်ထားကြလေသည်၊ ငွေကြေး နည်းပါးသောသူ, ငွေကြေး လုံးဝ မတတ်နိုင်သူတို့အားကား အနာထပိဏ်သူဌေးကြီးကပင် အကူအညီငွေကြေး ပေးလေသည်၊ ထိုလူများသည်လည်း ထိုငွေကြေးဖြင့် အရာမ်ဥယျာဉ်ကျောင်းများ ပြုလုပ် တည်ဆောက်ကြ၍ အလှူဝတ်များ တည်ထားကြလေသည်။
ဤသို့လျှင် အနာထပိဏ်သူဌေးကြီးသည် ငွေအသပြာတသိန်းနှင့် တသိန်းတန်သော သစ်ဝါး အဆောက်အဦ ဘဏ္ဍာများကို အကူအညီပေးပြီးလျှင် (ရာဇဂြိုဟ်နှင့် သာဝတ္တိပြည်အကြား) လေးဆယ့်ငါးယူဇနာ ဝေးကွာသော ခရီးဝယ် တယူဇနာ တယူဇနာလျှင် စံကျောင်းတော် တဆောင် တဆောင် တည်ဆောက် ပြီးလျှင် သာဝတ္ထိပြည်သို့ ဆိုက်ရောက်လေတော့သည်။
၁၉၇
အနာထပိဏ်သူဌေးကြီး ဇေတဝန်ကျောင်းတိုက်နေရာကို ရှာဖွေဝယ်ယူခြင်းအကြောင်း
ထိုအခါ အနာထပိဏ်သူဌေးကြီးသည် သာဝတ္ထိပြည်သို့ရောက်၍ သာဝတ္ထိပြည် ထက်ဝန်းကျင်၌ “မြို့ရွာနှင့် မဝေးလွန်းခြင်း, မြို့ရွာနှင့် မနီးကပ်လွန်းခြင်း, သွားလမ်း လာလမ်းနှင့် ပြည့်စုံခြင်း, လူတိုင်းလူတိုင်း အလိုရှိသောအခါ သွားလာရန် လွယ်ကူခြင်း, အာရုံငါးတန် မြို့သံ ရွာသံ လူသံတို့မှ ဆိတ်ခြင်းမှာ- ဖော်ပြရာပါ အင်္ဂါလေးချက်နှင့် ပြည့်စုံသည့် အဘယ်အရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံး စံနေတော်မူပါမည်နည်း”ဟု ဆင်ခြင်ကြည့်ရှု ဖွေရှာလတ်သည်တွင် ဖော်ပြရာပါ အင်္ဂါငါးချက်နှင့် ပြည့်စုံသည့် ဇေတမင်းသား၏ ဥယျာဉ်ကို တွေ့မြင်လေသော် ဇေတမင်းသားထံသို့ သွားရောက်၍ “အရှင့်သား.. ကျောင်းတိုက်အရာမ် ဆောက်လုပ်ရန် အရှင့်သား၏ဥယျာဉ်ကို အကျွန်ုပ်အား (အဖိုးပြတ်၍) ပေးစေချင်ပါသည်”ဟု အဝယ်စကား ပြောကြားလေ၏။ ထိုအခါ ဇေတမင်းသားသည် “သူဌေးကြီး.. ကျွန်ုပ်၏ဥယျာဉ်ကို အသပြာချင်း အစွန်းထိအောင် ခင်းသဖြင့်လည်း မပေးနိုင်ပါ”ဟူ၍ ပြန်ကြား ပြောဆိုလေသည်။
(ဤ၌။ ။ဇေတမင်းသားသည် “ကျွန်ုပ်၏ဥယျာဉ်ကို မပေးနိုင်ပါ”ဟူ၍ ပြောဆိုလျှင် ဥယျာဉ်၏ တန်ဖိုးဖြတ်သည့်စကား ပြောကြားသည် မမည်ချေ၊ ယခုမူ “ကျွန်ုပ်၏ဥယျာဉ်ကို အသပြာချင်း အစွန်းထိအောင် ခင်းသဖြင့်လည်း မပေးနိုင်ပါ”ဟူ၍ ပြောဆိုလိုက်သည့်အတွက် မိမိဥယျာဉ်၏ တန်ဖိုးကို ဖြတ်လိုက်သည် မည်ရုံမက တန်ဖိုးထက် ပို၍ပင် ပြောကြားလိုက်သည် မည်နေပုံကို သတိပြုရာ၏)။
ထိုအခါ အနာထပိဏ်သူဌေးကြီးသည် ဇေတမင်းသား၏ စကားကျ အဓိပ္ပါယ်ကို ကောက်ယူပြီးလျှင် “အရှင့်သား.. အရှင့်သားသည် ဇေတဥယျာဉ်ကို (ရောင်းဝယ်ရန်စကား ကမ်းလှမ်း) ပြောကြား ချုပ်ဆိုမိလေပြီ”ဟူ၍ အရေးဆိုလိုက်လေသည်။ ဇေတမင်းသားကလည်း “သူဌေးကြီး.. ငါသည် ငါ့ဥယျာဉ်ကို (ရောင်းဝယ်ရန် ကမ်းလှမ်းသည့်စကား) လားလားမျှ မပြောအပ်ပါတကား”ဟူ၍ ငြင်းဆိုလိုက်လေသည်။
၁၉၈
ဤနည်းဖြင့် အနာထပိဏ်သူဌေးကြီးကလည်း “အရှင့်သားသည် မိမိပိုင်ဥယျာဉ်ကို (ရောင်းဝယ်ရန် ကမ်းလှမ်းသည့်စကား) ပြောကြားချုပ်ဆိုမိလေ”ဟူ၍၎င်း, ဇေတမင်းသားကလည်း “ငါသည် ငါပိုင်ဥယျာဉ်ကို (ရောင်းဝယ်ရန် ကမ်းလှမ်းသည့်စကား) လားလားမျှ မပြောအပ်”ဟူ၍၎င်း တဖက်နှင့်တဖက် အငြင်းပွါးကာ တရားလွှတ်ရုံးသို့တက်၍ တရားသူကြီး အမတ်တို့ထံ အဆုံးအဖြတ်ခံကြသည်ရှိသော် တရားသူကြီး ဖြစ်သူ အမတ်များကလည်း “အရှင့်သား.. အရှင့်သားသည် အသပြာချင်း အစွန်းထိအောင် ခင်းသဖြင့်လည်းဟူ၍ (မတန်သည့်) အဖိုးပြတ်စကား ပြောကြားမိရကား အရှင့်သားပိုင်ဆိုင်သည့် ဥယျာဉ်ကို (ရောင်းဝယ်ရန် ကမ်းလှမ်းသည့်စကား) ပြောကြားချုပ်ဆိုမိလေပြီ”ဟူ၍ ဆုံးဖြတ်ချက် ချမှတ်ကြလေကုန်၏၊ (အလွန်သိမ်မွေ့သော လောကီစကားဖြစ်သည်၊ ဉာဏ်ပညာကြီးစွာဖြင့် စဉ်းစားဆင်ခြင်နိုင်မှ နားလည်ကျေနပ်ကြပေမည်)။
ထိုသို့ တရားလွှတ်ရုံးမှ အနိုင်ရလာသောအခါ အနာထပိဏ်သူဌေးကြီးသည် ရွှေဒင်္ဂါး (= ဒေါ်လာ)များကို လှည်းများဖြင့် တိုက်ထုတ်စေပြီးလျှင် ဇေတမင်းသား၏ ဥယျာဉ်မြေအပြင်ကို အသပြာချင်း (= ရွှေဒင်္ဂါး ဒေါ်လာချင်း) အစွန်းထိစပ်အောင် ခင်းစေလေတော့၏။ ထိုဥယျာဉ်အတွင်း၌ရှိသော ခင်း၍မဖြစ်နိုင်သည့် ရေကန်နေရာ သစ်ပင်နေရာတို့ အတွက်လည်း ထိုရေကန် သစ်ပင်တို့၏ အဝန်းအဝိုင်းပမာဏကို တိုင်းယူပြီးလျှင် အခြားတနေရာ၌ ထိုပမာဏနှင့်အညီ အသပြာ ရွှေဒင်္ဂါး (= ဒေါ်လာ)ချင်း အစွန်းထိစပ်အောင် ခင်း၍ ပေးလေသည်၊ ဤသို့လျှင် အနာထပိဏ်သူဌေးကြီး၏ အရေးရှိလျှင် သုံးစွဲရန် သိုမှီးသိမ်းဆည်း၍ထားသော ရွှေဒင်္ဂါး ဒေါ်လာပေါင်း (၁၈ဝဝဝဝဝဝဝ) ဆယ့်ရှစ်ကုဋေ (= သန်းပေါင်း တရာ့ရှစ်ဆယ်)သော ဥစ္စာများ ကျောင်းတိုက်နေရာ ဝယ်ယူရေးကိစ္စမှာပင် ကုန်ကျလေသည်။
အနာကပိဏ် သူဌေးကြီးသည် ထိုပဌမအကြိမ် လှည်းများဖြင့် တိုက်ထုတ်လာခဲ့သော အသပြာ (= ရွှေဒင်္ဂါးဒေါ်လာ)တို့ဖြင့်
၁၉၉
ဇေတဝန်ကျောင်းတိုက်နေရာကို အသပြာချင်း အစွန်းထိအောင် ခင်းစေရာ များစွာသော ကျောင်းတိုက်နေရာ မြေအပြင်ကို ခင်းမိ၍ တံခါးမုခ်နေရာ အနည်းငယ် မြေကွက်အတွက်သာ အသပြာ (= ရွှေဒင်္ဂါး ဒေါ်လာ)များ လိုနေလေသည်၊ ထိုအခါ သူဌေးကြီးသည် မိမိ၏လူများကို “အမောင်တို့.. သွားကြကုန်၊ ရွှေဒင်္ဂါး ဒေါ်လာများကို တိုက်ထုတ်ယူဆောင်ခဲ့ကြကုန်၊ ဤကျောင်းတိုက် မုခ်နေရာ မြေအပြင်ကို ခင်းကြကုန်အံ့”ဟူ၍ အမိန့်ပေးစကား ပြောကြားလေသည်။
ဇေတမင်းသား ကျောင်းတိုက်မုခ်ဦးပြာသာဒ်ကို လှူဒါန်းခြင်း
ထိုမျှ များပြားစွာသော ဥစ္စာကို စွန့်လွှတ်လှူဒါန်းသော အနာထပိဏ်သူဌေးကြီး၏ မျက်နှာမှာ တိုး၍တိုး၍သာလျှင် ကြည်လင်လျက် ရှိချေ၏၊ ထိုအခြင်းအရာကိုမြင်၍ ဇေတမင်းသား၏ စိတ်သန္တာန်ဝယ် “ဤအနာထပိဏ် သူဌေးကြီး ထိုမျှများပြားသော ရွှေဒင်္ဂါး ဒေါ်လာများကို မျက်နှာအဆင်း တိုး၍ တိုး၍ ကြည်လင်ကာ လှူဒါန်းစွန့်လွှတ်မှု ပြုလုပ်ခြင်းသည် ဧကန္တပင် မယုတ်ညံ့သော ကောင်းမှု ဖြစ်ပေလိမ့်မည်”ဟု ကြံစည် စဉ်းစားမိကာ ဇေတမင်းသားသည် အနာထပိဏ်သူဌေးကြီးကို “တော်ပါတော့ တန်ပါတော့ သူဌေးကြီး.. ထိုနေရာကို မခင်းပါစေနှင့်တော့၊ ဤနေရာကလေးကို ကျွန်ုပ်အား ပေးပါလော့၊ ဤနေရာကလေးသည် ကျွန်ုပ်၏ အလှူဒါန ဖြစ်ပါလိမ့်မည်”ဟူ၍ တောင်းပန်စကား ပြောကြားလေသည်၊ ထိုအခါ အနာထပိဏ်သူဌေးကြီးသည် “ဤဇေတမင်းသားကား ထင်ရှားကျော်စောသူ လူသိများသူ တယောက်ဖြစ်လေသည်၊ ဤဇေတမင်းသားတို့ကဲ့သို့ ကျော်စောထင်ရှား လူသိများသူတို့ တရားသဖြင့် ဆုံးမရာ ဤဘုရားသာသနာ၌ သဒ္ဓါကြည်ညိုခြင်းသည် အကျိုးကြီးလှပေ၏”ဟု ကြံစည်ပြီးလျှင် ထိုအရပ်ကို ဇေတမင်းသားအား ပေးလေ၏။
၂၀၀
ထိုအခါ ဇေတမင်းသားသည် ထိုမြေနေရာအရပ်၌ ဘုံခုနစ်ဆင့်ရှိသော ကျောင်းတိုက်မုခ်ဦး ပြာသာဒ်ကြီးကို တည်ဆောက် လှူဒါန်းလေ၏။
အနာထပိဏ်သူဌေး ဇေတဝန်ကျောင်းတိုက်ကြီး တည်ဆောက်ခြင်း
ထိုအခါ အနာထပိဏ်သူဌေးကြီးသည် အခြားအသပြာ (= ရွှေဒင်္ဂါး ဒေါ်လာ) သန်းပေါင်း (၁၈ဝဝဝဝဝဝဝ) တရာ့ရှစ်ဆယ် (= ဆယ့်ရှစ်ကုဋေ) အကုန်အကျခံ၍ ဇေတမင်းသား၏ ဥယျာဉ်အရာမ်၌ ပယ်သင့်သော သစ်ပင်များကို ပယ်၍၎င်း, ချန်သင့်သော သစ်ပင်များကို ကျောင်းတိုက်ကြီး၌ တင့်တယ်အေးမြရန် ချန်၍၎င်း, မြတ်စွာဘုရား သီတင်းသုံးတော်မူရန် ကျောင်းတော် (ဂန္ဓကုဋီ)နှင့်တကွ အရံကျောင်းတော်ကြီးများကို၎င်း, ခမ်းနားလှစွာသော ကျောင်းဦးမုခ် ပြသာဒ်ကြီးများကို၎င်း, သံဃာတော်များ ညီမူစည်းဝေးတော်မူကြရန် တန်ဆောင်းဝန်းကြီးများကို၎င်း, မီးတင်းကုပ်များကို၎င်း, ကပ္ပိယကုဋီ ကျောင်းများကို၎င်း, ဝစ္စကုဋီများကို၎င်း, မြေစင်္ကြံများကို၎င်း, ထိုမြေစင်္ကြံများ၏ အမိုးတန်းလျားများ အဆောက်အဦများကို၎င်း, ရေတွင်းများကို၎င်း, ထိုရေတွင်းများအပေါ်မှ အမိုးအဆောက်အဦများကို၎င်း, ရေချိုးဇရုံး (= ရေချိုးအုံ)များ, ချွေးဇရုံး (= ချွေးထုတ်အုံ)များ, ထိုဇရုံးအိမ်များ၏ အမိုးအကာ အဆောက်အဦများကို၎င်း, လေးထောင့် ရေကန်များကို၎င်း, မဏ္ဍပ်များကို၎င်း, လိုလေသေးမရှိအောင် သူ့နေရာနှင့်သူ နေ့သန့်ရာ ညဉ့်သန့်ရာ အဆောက်အဦများ အပြည့်အစုံ ကျောင်းတိုက်ကြီး ဖန်တီးတည်ဆောက်လေသည်၊ ထိုဇေတဝန်ကျောင်းတိုက် မြေနေရာ၏ အကျယ်အဝန်းကား ရှစ်မင်းပယ်ခန့် ပမာဏရှိလေသည်။
လက်မ နှစ်ဆယ့်လေး၊ ခေါ် ရေးသံတောင်။ ထိုနောင်လက်မ၊ နှစ်ဆယ်ကသော်၊ ရှစ်ခုကျော်မူ၊ ခေါ်ကြမှန်အောင်၊ ဆင်တိုင်းတောင်တည့်။ ထိုနောင်အဆုံး၊ သုံးဆယ်နှစ်လက်မ၊ ရှိပြန်ကမူ၊ ဌာနလူ့ဘောင်၊ လယ်ဖွဲ့တောင်တည့်။ ခုနစ်တောင်မှ၊ တတာရ၏။ မှန်လှနည်းသွယ်၊
၂၀၁
တာနှစ်ဆယ်ကို၊ တကြိုးဆိုလော့။ ထိုကြိုးလေးခန်း၊ စတုရန်းမူ၊ တာဝန်း ရှစ်ဆယ်၊ လယ်တပယ်တည့်။ ။(အလိုရှိက မှတ်ယူရန် ပယ်ဖွဲ့ ပေါရာဏလင်္ကာဖြစ်သည်။)
ဇေတဝန်ကျောင်းတော်နေရာ
ဤဇေတဝန်ကျောင်းတော် နေရာကား ဤဘုရားလက်ထက်၌သာ ကျောင်းတော်နေရာ ဖြစ်သည်မဟုတ်၊ ကဿပမြတ်စွာဘုရား အစရှိသော ရှေး နောင်တော့်နောင်တော် ဘုရားရှင်တို့၏ ကျောင်းတော်နေရာလည်း ဖြစ်ခဲ့ပေ၏၊ ထင်ရှားစေဦးအံ့-
(၁) ဝိပဿီမြတ်စွာဘုရား လက်ထက်တော်ကလည်း (ထိုဇေတဝန်ကျောင်းတော် နေရာမှာပင်) ပုနဗ္ဗသုမိတ္တမည်သော သူဌေးကြီးသည် ရွှေအုတ်ချပ်အစွန်းချင်း ထိစပ်အောင်ခင်း၍ ဝယ်ယူပြီးလျှင် တယူဇနာ ကျယ်ဝန်းသော သံဃအရာမ် (= ကျောင်းတိုက်)ကြီး ဆောက်လုပ်လှူဒါန်းခဲ့လေသည်။
(၂) သိခီမြတ်စွာဘုရား လက်ထက်တော်အခါ၌ သီရိဝဍ္ဎအမည်ရှိသော သူဌေးကြီးသည် (ဇာတ်အဋ္ဌကထာအလို) ရွှေထွန်သွားတုံး (ဝိနည်းအဋ္ဌကထာအလို) ရွှေတောင်ဝှေး = ရွှေချောင်းအစွန်းချင်း ထိစပ်အောင်ခင်း၍ ဝယ်ယူပြီးလျှင် ထိုနေရာမှာပင် သုံးဂါဝုတ်ကျယ်ဝန်းသော သံဃအရာမ် (= ကျောင်းတိုက်)ကြီး ဆောက်လုပ် လှူဒါန်းခဲ့လေသည်။
(၃) ဝေဿဘူမြတ်စွာဘုရား လက်ထက်တော်အခါ၌ သောတ္ထိဇအမည်ရှိသော သူဌေးကြီးသည် ဆင် ခြေသဏ္ဌာန် သွန်းလုပ်ထားသော ရွှေတုံးကြီးများ (ဤကား ဇာတ်အဋ္ဌကထာအလို) ရွှေထွန်သွားတုံး (ဤကား ဝိနည်းအဋ္ဌကထာအလို) အစွန်းချင်း ထိစပ်အောင်ခင်း၍ ဝယ်ယူပြီးလျှင် ထိုနေရာမှာပင် ယူဇနာဝက်
၂၀၂
(= နှစ်ဂါဝုတ်) ကျယ်ဝန်းသော သံဃအရာမ် (= ကျောင်းတိုက်ကြီး) ဆောက်လုပ် လှူဒါန်းခဲ့လေသည်။
(၄) ကကုသန်မြတ်စွာဘုရား လက်ထက်တော်အခါ၌ အစ္စုတအမည်ရှိသော သူဌေးကြီးသည် (ဇာတ်အဋ္ဌကထာ အလို) ရွှေအုတ်ချပ် (ဝိနည်း အဋ္ဌကထာအလို) ဆင်ခြေသဏ္ဌာန် သွန်းလုပ်ထားသော ရွှေတုံးကြီးများ အစွန်းချင်း ထိစပ်အောင်ခင်း၍ ဝယ်ယူပြီးလျှင် ထိုနေရာမှာပင် တဂါဝုတ်မျှ ကျယ်ဝန်းသော သံဃအရာမ် (= ကျောင်းတိုက်)ကြီး ဆောက်လုပ် လှူဒါန်းခဲ့လေသည်။
(၅) ကောဏာဂုံမြတ်စွာဘုရား လက်ထက်တော်အခါ၌ ဥဂ္ဂအမည်ရှိသော သူဌေးကြီးသည် (ဇာတ်အဋ္ဌကထာအလို) ရွှေလိပ်ရုပ် (ဝိနည်းအဋ္ဌကထာအလို) ရွှေအုတ်ချပ် အစွန်းချင်း ထိစပ်အောင်ခင်း၍ ဝယ်ယူပြီးလျှင် ထိုနေရာမှာပင် ဂါဝုတ်ဝက်ခန့် ကျယ်ဝန်းသော သံဃအရာမ် (= ကျောင်းတိုက်)ကြီး ဆောက်လုပ် လှူဒါန်းခဲ့လေသည်။
(၆) ကဿပမြတ်စွာဘုရား လက်ထက်တော်အခါ၌ သုမင်္ဂလအမည်ရှိသော သူဌေးကြီးသည် (ဇာတ်အဋ္ဌကထာအလို) ရွှေတုံး (= ရွှေကပ်ပဲ့) (ဝိနည်းအဋ္ဌကထာအလို) ရွှေလိပ်ရုပ် အစွန်းချင်း ထိစပ်အောင်ခင်း၍ ဝယ်ယူပြီးလျှင် ထိုနေရာမှာပင် (ဇာတ်အဋ္ဌကထာအလို) တဆယ့်ခြောက်ပယ် (ဝိနည်းအဋ္ဌကထာအလို) ဥသဘနှစ်ဆယ် ကျယ်ဝန်းသော သံဃအရာမ် (= ကျောင်းတိုက်)ကြီး ဆောက်လုပ် လှူဒါန်းခဲ့ လေသည်။
(၇) အကျွန်ုပ်တို့၏ ဂေါတမမြတ်စွာ လက်ထက်တော်အခါ၌ကား သုဒတ္တအမည်ရင်းရှိသော အနာထပိဏ်သူဌေးကြီးသည် အသပြာ (= ရွှေဒင်္ဂး ဒေါ်လာပြား) အစွန်းချင်း ထိစပ်အောင်ခင်း၍ ဝယ်ယူပြီးလျှင် ထိုနေရာမှာပင်
၂၀၃
ရှစ်ပယ်ခန့် အကျယ်အဝန်းရှိသော သံဃအရာမ် (= ဇေတဝန် ကျောင်းတိုက်)ကြီး ဆောက်လုပ် လှူဒါန်းလေသည်။
သံဝေဂယူဖွယ်
ဤ ခုနစ်ဆူသော ဘုရားရှင်တို့၏ ကျောင်းတော်နေရာ အကျယ်အဝန်း ကျောင်းတိုက်နေရာဝယ်ယူသော အဖိုးအခများကို လေးနက်စွာစဉ်းစား၍ “ဤသို့လျှင် သမ္ပတ္တိစည်းစိမ်တို့ကား အစဉ်သဖြင့် လျော့ပါး ဆုတ်ယုတ်ကုန်စွာ့တကား”ဟူ၍ သမ္ပတ္တိအမျိုးမျိုး (လောကီစည်းစိမ်)တို့၌ ငြီးငွေ့အားသန် တပ်ခြင်းကင်းရန် လွတ်မြောက်အောင် ကြိုးကုတ်အားထုတ်ရန် သင့်လျော် လျောက်ပတ်လှလေပြီ။
မြတ်စွာဘုရားသခင် သာဝတ္ထိပြည်သို့ ဒေသစာရီကြွချီတော်မူခြင်း
ဤသို့လျှင် အနာထပိဏ်သူဌေးကြီးသည် တဆယ့်ရှစ်ကုဋေသော ရွှေဒင်္ဂါး ဒေါ်လာ အသပြာများကို စွန့်လွှတ်သဖြင့် နှလုံးမွေ့လျော်ဖွယ်ရှိသော ဥယျာဉ်တော်ရာမြေအရပ်၌ နှလုံးမွေ့လျော်ဖွယ်ရှိသော ဇေတဝန်ကျောင်းတိုက်ကြီးကို တဆယ့်ရှစ်ကုဋေပင် အကုန်အကျခံကာ စီမံဖန်တီး ဆောက်လုပ်စေပြီးလျှင် မြတ်စွာဘုရားသခင် ကြွလာတော်မူပါရန် မြတ်စွာဘုရားအထံတော်သို့ တမန်တဦးကို ပင့်လျှောက်ရန် စေလွှတ်လိုက်လေ၏။ မြတ်စွာဘုရားသခင်သည် တမန်ဖြစ်သောသူ၏ ပင့်လျှောက်စကား ကြားသိတော်မူလေလျှင် (သာဝတ္ထိပြည်တွင် အရှည်သဖြင့် သီတင်းသုံး နေတော်မူရအံ့သည်လည်း တကြောင်း, မြားမြောင်လှစွာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ အကျွတ်တရားရရှိရာ သာသနာ့အောင်မြေ ဖြစ်ပေလိမ့်မည်လည်း တကြောင်း ဤအကြောင်းများကို ထောက်ထားဆင်ခြင် ကြည့်ရှုသိမြင်တော်မူကာ) နောက်ပါ ရဟန်းတော်မြတ်အပေါင်း ခြံရံလျက်
၂၀၄
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှ ထွက်ခဲ့၍ ခရီးလမ်းအကြား တယူဇနာ တယူဇနာဝယ် အနာထပိဏ်သူဌေးကြီး ကြိုတင်စီမံ ဆောက်လုပ်အပ်ပြီးသော စံကျောင်းတော်များ၌ တညဉ့်စီ တညဉ့်စီ တည်းခိုစံနေတော်မူကာ သာဝတ္ထိပြည်ဖက်သို့ အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူလေ၏။
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ ထွက်ကြွ၍ ဝေသာလီပြည်သို့ ရောက်တော်မူကာ မဟာဝုန်တော စုလစ်မွန်ချွန် အထွတ်တပ်သော ပြသာဒ်၌ သီတင်းသုံး စံနေတော်မူသောအခါ ဒါယကာတို့ ဆောက်လုပ်လှူဒါန်းအပ်သော ကျောင်းအတွက် နဝကမ္မ အဝဝကို စီမံခန့်ခွဲ စောင့်ရှောက်နိုင်သည့် ရဟန်းတပါးပါးအား ဉတ်ကမ္မဝါစာဖြင့် နဝကမ္မပေးအပ်ရန် သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့လေသည်*။
တဖန် မြတ်စွာဘုရားသည် ဝေသာလီပြည်မှ ထွက်ကြွ၍ သာဝတ္ထိပြည်ဖက်သို့ ခရီးဒေသစာရီ ကြွချီတော်မူလာခဲ့ရာ လမ်းခရီးအကြား၌ ဆဗ္ဗဂ္ဂီရဟန်းတို့၏ တပည့်များသည် ဘုရားအမှူးရှိသော သံဃာတော်၏ အလျင်ရှေးဦး သွားနှင့်ကြ၍ “ဤကျောင်း အိပ်ရာနေရာများသည် ငါတို့၏ ဥပဇ္ဈာယ်ဆရာများအတွက် နေထိုင်ရန် ဖြစ်လိမ့်မည်၊ ဤကျောင်း အိပ်ရာနေရာများသည် ငါတို့၏ နိသျည်းဆရာများအတွက် နေထိုင်ရန် ဖြစ်လိမ့်မည်”ဟု ပြောဆိုကာ ကျောင်းကောင်း အိပ်ရာနေရာကောင်းများကို ယူထားနှင့်ကြကုန်၏။
မြတ်စွာဘုရားသခင် တပည့်သံဃာတော်များနှင့် ခရီးဒေသစာရီ ကြွချီတော်မူသောအခါများ၌ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် “ငါကား လက်ျာရံ အဂ္ဂသာဝကကြီး ဖြစ်သည်”ဟု ကိုယ်လွတ်ရုန်းကာ တကိုယ်ကောင်းစိတ်ထားဖြင့် ဘုရား၏အနီးမှ လိုက်ပါနိုင်ခွင့် ရှိသော်လည်း ထိုသို့ ပြုလုပ်တော်မူလေ့မရှိပဲ
* အကြောင်းအရာ အကျယ်ကို ဝိနည်း စူဠဝါ သေနာသနက္ခန္ဓက ပိဋကတ်မြန်မာပြန်၌ ကြည့်ရှုမှတ်ယူရာ၏။
၂၀၅
မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူရာ နောက်မှ လိုက်ပါကြသော မမာမကျန်းသည့် (= ဂိလာန)ရဟန်း သက်ကြီးရွယ်အို ရဟန်းတို့၏ ချမ်းချမ်းသာသာ လိုက်ပါနိုင်ရေးအတွက် မိမိကိုယ်တိုင်ပင် စီမံစောင့်ရှောက် ချီးမြှောက်ကူညီ၍ လိုက်ပါတော်မူလေ့ရှိပေ၏။ သို့ရကား အရှင်သာရိပုတ္တရာ မထေရ်ကြီးသည် ဂိလာနရဟန်း, သက်ကြီးရွယ်အို ရဟန်းတို့ကို စောင့်ရှောက် ချီးမြှောက် ကူညီကာ မြတ်စွာဘုရား အမှူးရှိသော သံဃာတော်များ၏ နောက်ဆုံးမှ လိုက်ပါခဲ့ရ၍ ဆဗ္ဗဂ္ဂီရဟန်းတို့၏ တပည့်ရဟန်းများ ကျောင်း အိပ်ရာနေရာတို့ကို သိမ်းယူထားပြီးမှ နောက်ကျ၍ တည်းခိုရာဌာနသို့ ရောက်ရှိရကား မထေရ်မြတ်အတွက် အိပ်ရာနေရာကို မရရှိသဖြင့် တညဉ့်လုံးပင် သစ်ပင်ရင်း၌ နေထိုင်ရသော အကြောင်းဝတ္ထုဝယ် မြတ်စွာဘုရားသည် “ယခု ငါဘုရား အသက်ထင်ရှား ရှိနေစဉ်ပင် ရဟန်းများသည် အချင်းချင်း ရိုသေကျိုးနွံခြင်း မရှိကြပဲ နေထိုင်ကြလျှင် ငါဘုရား ပရိနိဗ္ဗာန်စံလတ်သော်ကား အဘယ်သို့ ပြုကုန်လိမ့် မည်နည်း”ဟု ဆင်ခြင်တော်မူကာ ဓမ္မသံဝေဂ ကြီးစွာ ရတော်မူ၍ နံနက်မိုးသောက် ရောက်လတ်သောအခါ ရဟန်းများကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ကို “ချစ်သားရဟန်းတို့.. ဆဗ္ဗဂ္ဂီဂိုဏ်းသား ရဟန်းများသည် အလျင်ရှေးဦး သွားနှင့်ကြ၍ နေရာကောင်းများကို မှတ်ယူကြပြီးလျှင် မထေရ်ကြီးရဟန်းတို့၏ အိပ်ရာနေရာများကို (မရအောင်) တားမြစ်ကြကုန်၏ဟူသည် မှန်၏လော”ဟူ၍ မေးမြန်းတော်မူသဖြင့် ရဟန်းများက မှန်ကန်ကြောင်း ပြန်ကြား လျှောက်ထားကြလေသော် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ရှုတ်ချ၍ တရားဓမ္မ ဟောပြပြီးလျှင် ရဟန်းများကို “ရဟန်းတို့.. အဘယ်ရဟန်းသည် နေရာဦး ရေဦး ဆွမ်းဦးကို ထိုက်တန်သနည်း”ဟု မေးမြန်းတော်မူလေ၏။
အချို့ရဟန်းများက “မင်းမျိုးမှ ရဟန်းပြုသော ရဟန်းသည် နေရာဦး ရေဦး ဆွမ်းဦးကို ထိုက်တန်ပါသည်”ဟု လျှောက်ထားကြကုန်၏၊ အချို့ရဟန်းများက “ပုဏ္ဏားမျိုးမှ ရဟန်းပြုသော ရဟန်းသည် နေရာဦး ရေဦး ဆွမ်းဦးကို ထိုက်တန်ပါသည်”ဟု
၂၀၆
လျှောက်ထားကြကုန်၏၊ အချို့ရဟန်းများက “သူဌေးမျိုး သူကြွယ်မျိုးမှ ရဟန်းပြုသော ရဟန်းသည် နေရာဦး ရေဦး ဆွမ်းဦးကို ထိုက်တန်ပါသည်”ဟု လျှောက်ထားကြကုန်၏၊ အချို့ရဟန်းများက “ဝိနည်းဓိုရ်ရဟန်းသည်, အချို့က ဓမ္မကထိကရဟန်းသည်, အချို့က ပဌမဈာန်ရသော ရဟန်းသည်, (ပ) ဒုတိယဈာန်ရသော ရဟန်း, တတိယဈာန်ရသော ရဟန်း, စတုတ္ထဈာန်ရသော ရဟန်းသည် နေရာဦး ရေဦး ဆွမ်းဦးကို ထိုက်တန်ပါသည်”ဟု လျှောက်ထားကြကုန်၏။ အချို့က “သောတာပန်ရဟန်းသည်, (ပ) သကဒါဂါမ်ရဟန်းသည်, အနာဂါမ်ရဟန်းသည်, သုက္ခဝိပဿက ရဟန္တာသည်, တေဝိဇ္ဇ ရဟန္တာသည်, ဆဠဘိည ရဟန္တာသည် နေရာဦး ရေဦး ဆွမ်းဦးကို ထိုက်တန်ပါသည်”ဟု ရဟန်းများက မိမိ မိမိတို့ သဘောကျအတိုင်း နေရာဦး စသည်ထိုက်သော ရဟန်းတို့ကို ဖြေကြား လျှောက်ထားသောအခါ မြတ်စွာဘုရား သည်—
“ချစ်သားရဟန်းတို့.. ငါဘုရား၏ သာသနာတော်၌ နေရာဦး စသည်တို့သို့ ရောက်လတ်သော် မင်းမျိုးရဟန်းသည်လည်း ပမာဏမဟုတ်၊ ပုဏ္ဏားမျိုးရဟန်း, သူဌေးမျိုး သူကြွယ်မျိုး ရဟန်း, ဝိနည်းဓိုရ်ရဟန်း, သုတ္တန်ဆောင်ရဟန်း, အဘိဓမ္မာဆောင်ရဟန်း, ပဌမဈာန် စသည်ရသော ရဟန်းများ, သောတာပန်ရဟန်း စသည်များသည်လည်း ပမာဏမဟုတ်၊ ချစ်သားတို့.. အမှန်စင်စစ်သော်ကား ဤငါဘုရား၏ သာသနာတော်၌ ထေရ်စဉ်ဝါလိုက် ရှိခိုးခြင်း, ခရီးဦး ကြိုဆိုခြင်း, လက်အုပ်ချီခြင်း, အရိုအသေပြုခြင်း အမှုများကို ပြုရမည်၊ ထေရ်စဉ်ဝါလိုက်အတိုင်းသာ နေရာဦး ရေဦး ဆွမ်းဦးကို ရခွင့်ရှိသည် ဤနေရာဦး စသည်၌ အသက်သိက္ခာကြီးခြင်းသည် ပမာဏဖြစ်ချေသည်၊ ထို့ကြောင့် သီတင်းကြီးဖြစ်သော ရဟန်းသည် ထိုနေရာဦး ရေဦး ဆွမ်းဦးတို့အား လျော်ကန် ထိုက်တန်သူဖြစ်သည်၊ ချစ်သားရဟန်းတို့.. ယခုအခါ၌ကား
၂၀၇
သာရိပုတ္တရာသည် ငါဘုရား၏ လက်ျာရံ အဂ္ဂသာဝက ဖြစ်၏။ ငါဘုရားဟောကြားသည့် ဓမ္မစက်ကို လည်စေနိုင်သည့် သားကြီးဩရသဖြစ်၏။ ငါဘုရား၏ အခြားမဲ့၌ နေရာကိုရခြင်းငှာ ထိုက်တန်သူဖြစ်၏။ ထိုသာရိပုတ္တရာသည် ဤ(လွန်ခဲ့သည့်) တညဉ့်ပတ်လုံး နေရာကို မရရှိပဲ သစ်ပင်ရင်း ၌သာ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် အချိန်ကို ကုန်လွန်စေခဲ့ရလေပြီ၊ ချစ်သားတို့သည် ယခု ငါဘုရား အသက်ထင်ရှားရှိစဉ်ပင် ဤသို့ မရိုသေကြ မကျိုးနွံကြလျှင် ရောက်လာ ရောက်လာမည့် နောက်အခါကာလ (ငါဘုရား ပရိနိဗ္ဗာန်ဝင်စံသော အခါသမယ)၌ ဘယ်သို့ပြု၍ နေကြကုန်မည်နည်း”ဟူ၍ မိန့်ဆိုတော်မူ၏။
ထို့နောက် မြတ်စွာဘုရားသည် ထိုရဟန်းတို့အား အဆုံးအမ ပေးတော်မူရန် “ရဟန်းတို့.. ရှေးအခါ၌ တိရစ္ဆာန်များပင်သော်လည်း ငါတို့သည် အချင်းချင်း မရိုသေကြ မကျိုးနွံကြပဲ နေသဖြင့် မသင့်လျော်၊ ငါတို့အနက် အသက်ကြီးသူကို သိအောင် စုံစမ်းလေ့လာ စိစစ်ပြီးလျှင် ထိုအသက်အကြီးဆုံးသူအား ရိုသေမြတ်နိုး ရှိခိုးခြင်းစသည်ကို ပြုကြကုန်အံ့ဟု တိုင်ပင်ကြကာ လေးလေးနက်နက် အသက်ကြီးသူကို စုံစမ်း စိစစ်ကြပြီးလျှင် “ဤသူသည် ငါတို့အနက် အသက်အကြီးဆုံးသူတည်း”ဟု သိရှိကြ၍ ထိုအသက် အကြီးဆုံးသူအား ရိုသေမြတ်နိုး ရှိခိုးခြင်းစသည်ကို ပြုလုပ်ကြ၍ နတ်ပြည်လမ်းကြောင်း ကောင်းမြတ်သော ဝုဍ္ဎာပစာယန (= အသက်ကြီးသူကို ရိုသေခြင်း) အကျင့်ကို ဖြည့်ကျင့်ကြလျက် နတ်ပြည်လောကသို့ သွားရောက်ကြလေပြီ”ဟု မိန့်ကြားတော်မူကာ (ဧကကနိပါတ်၊ ၄-ကုလာဝကဝဂ်၊ ၇-တိတ္တိရဇာတ်) အတိတ်ကဖြစ်ရပ်ကို ထုတ်ဆောင် ဟောကြားတော်မူလေသည်။
၂၀၈
မြတ်စွာဘုရားသည်-
ယေ ဝုဍ္ဎမပစာယန္တိ၊
နရာ ဓမ္မဿ ကောဝိဒါ။
ဒိဋ္ဌေ ဓမ္မေ စ ပါသံသာ၊
သမ္ပရာယေ စ သုဂ္ဂတိ။
ဓမ္မဿ = ဝုဍ္ဎာပစာယန နာမထင်ရှား ကြီးသူကို ရိုသေခြင်းတရား၌။ ကောဝိဒါ = ရေးခြားသိမြင် ကျွမ်းကျင် လိမ္မာကြကုန်သော။ ယေ နရာ = အကြင်သူတို့သည်။ ဝုဍ္ဎံ = ဇာတ်, ဂုဏ်, အရွယ် ကြီးမြတ်ခြင်းသုံးသွယ်တွင် အရွယ်နှင့်ဂုဏ် နှစ်ပါးစုံ ကြီးမြတ်သောသူကို။ အပစာယန္တိ = လေးမြတ်ကော်ရော် ပူဇော်ကြကုန်၏။ တေ = ထိုသူတို့သည်။ ဒိဋ္ဌေ ဓမ္မေ စ = မျက်မှောက်ဘဝ ပစ္စက္ခ၌လည်း။ ပါသံသာ = ချီးမွမ်းထိုက်ကုန်၏။ (တေသံ = ထိုသူတို့အား၊ ထည့်)၊ သမ္ပရာယေ စ = တမလွန်လောက ဟိုဘ၀၌လည်း။ သုဂ္ဂတိ = လူ့ရပ် နတ်ရွာ ကောင်းရာသုဂတိသည်။ ဟောတိ = ဖြစ်၏။- ဟူ၍ ဤတိတ္တိရဇာတ် တရားဒေသနာတော်မြတ်ကို ဟောကြားတော်မူပြီးလျှင်-
“ရဟန်းတို့.. ထိုမျောက်, ဆင်, ခါ သုံးဦးသော တိရစ္ဆာန်သတ္တဝါတို့သော်မှ အချင်းချင်း ရိုသေကျိုးနွံခြင်း ရှိကြကာ တူသောအသက်မွေးခြင်း ရှိကြလျက် နေကြကုန်သေး၏၊ သင်ချစ်သားတို့သည် တရားသဖြင့် ဆုံးမရာ ဤငါဘုရား သာသနာ၌ သဒ္ဓါပဗ္ဗဇိတ ရဟန်းများဖြစ်ကြလျက် အချင်းချင်း မရိုသေကြပဲ မကျိုးနွံကြပဲ တူသောအသက်မွေးမှု မရှိကြပဲ နေထိုင်ကြလျှင် ထိုသို့ နေထိုင်ခြင်းသည် တင့်တယ်နိုင်ပါမည်လော (= မတင့်တယ်နိုင်သည်သာ)။ ရဟန်းတို့.. ဤသို့ မရိုမသေ မကျိုးမနွံ နေထိုင်ကြခြင်းသည် (ဤသာသနာ၌) မကြည်ညိုသေးသော သူတို့၏ ကြည်ညိုရန်လည်း မဖြစ်နိုင်၊ (ပ)”-
၂၀၉
ဤသို့ အစရှိသည်ဖြင့် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ရှုတ်ချစကား မိန့်ကြားတော်မူ၍ အချင်းချင်း ရိုသေကျိုးနွံခြင်း၏ အကျိုးနှင့်စပ်သော တရားစကားကို အကျယ်တဝင့် ဟောကြားတော်မူပြီးလျှင်-
“ရဟန်းတို့.. ဝါစဉ်အတိုင်း ရှိခိုးခြင်းကို၎င်း (= ရှိခိုးရန်) ခရီးဦးကြိုဆိုခြင်းကို၎င်း (= ခရီးဦးကြိုဆိုရန်) လက်အုပ်ချီခြင်းကို၎င်း (= လက်အုပ်ချီရန်) အရိုအသေပြုခြင်းကို၎င်း (= အရိုအသေပြုရန်) နေရာဦး နေရာမြတ်ကို၎င်း (= နေရာဦး နေရာမြတ်ကို ပေးဖို့ရန်) ရေဦးကို၎င်း (= ရေဦးပေးရန်) ဆွမ်းဦးကို၎င်း (= ဆွမ်းဦးပေးရန်) ငါဘုရား ခွင့်ပြုတော်မူ၏။ ရဟန်းတို့.. သံဃိကကျောင်း အိပ်ရာနေရာ၌ ဝါစဉ်အလိုက် နေထိုင်ခြင်းကို မတားမြစ်ရ၊ တားမြစ်သောရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ”ဟူ၍ သိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။
ရှိမခိုးအပ်သောပုဂ္ဂိုလ် ဆယ်မျိုး
မြတ်စွာဘုရားသည် ဖော်ပြရာပါ ခွင့်ပြုသည့် (= အနုညာတ) သိက္ခာပုဒ်, ပယ်မြစ်သည့် (= ပဋိက္ခိတ္တ) သိက္ခာပုဒ် နှစ်ပါးတို့ကို ပညတ် ဟောကြားတော်မူပြီးလျှင် တဖန် ဆက်၍-
“ဒသယိမေ ဘိက္ခဝေ အဝန္ဒိယာ- အစရှိသည်ဖြင့် = ရဟန်းတို့.. ဤဆိုလတ္တံ့သော ပုဂ္ဂိုလ်ဆယ်မျိုးတို့ကို ရှိမခိုးအပ်ကုန်-
(၁) အလျင်ရှေးဦး ရဟန်းဖြစ်သောသူက နောက်မှ ရဟန်းဖြစ်သောသူကို ရှိမခိုးအပ်၊
(၂) ရဟန်းသည် ရဟန်းမဟုတ်သူကို ရှိမခိုးအပ်၊
(၃) ရဟန်းသည် ကံကြီးကံငယ်ဟူသော = သံဝါသ ကွဲပြားသည့် အဓမ္မဝါဒီရဟန်းကို ဝါကြီးသူပင် ဖြစ်လင့်ကစား ရှိမခိုးအပ်၊
၂၁၀
(၄) ရဟန်းသည် မာတုဂါမကို ရှိမခိုးအပ်၊
(၅) ရဟန်းသည် ပဏ္ဍုက်ဖြစ်သောသူကို ရှိမခိုးအပ်၊
(၆) ပကတတ်ရဟန်းသည် ပရိဝါသ် ကျင့်သုံးနေဆဲဖြစ်သည့် ဒဏ်သားရဟန်းကို ရှိမခိုးအပ်၊
(၇) ပကတတ်ရဟန်းသည် မူလာယ ပဋိကဿနာရဟ ဒဏ်သားရဟန်း (= ပရိဝါသ်နေစဉ်, ပရိဝါသ်နေပြီး၍ မာနတ်ကျင့်ရန်ထိုက်သော ပုဂ္ဂိုလ်ဖြစ်စဉ်, မာနတ်ကျင့်စဉ်, မာနတ်ကျင့်ပြီး၍ အဗ္ဘာန်သွင်းခြင်းငှါ ထိုက်တန်သော ရဟန်းဖြစ်နေစဉ် ဖုံးလွှမ်းအပ်သည့် အခြား သံဃာဒိသိသ် အာပတ်တမျိုးမျိုး သင့်ရောက်ပြန်သဖြင့် အရင်းမူလ ပရိဝါသ်သို့ တဖန်ပြန်၍ ငင်ထိုက်သော ဒဏ်သား ရဟန်း)ကို ရှိမခိုးအပ်၊
(၈) ပကတတ်ရဟန်းသည် မာနတ္တာရဟ ရဟန်း (= ပရိဝါသ်နေပြီး၍ မာနတ်ပေးထိုက်သော ဒဏ်သားရဟန်း)ကို ရှိမခိုးအပ်၊
(၉) ပကတတ်ရဟန်းသည် မာနတ်ကျင့်နေဆဲသော ဒဏ်သားရဟန်းကို ရှိမခိုးအပ်၊
(၁၀) ပကတတ်ရဟန်းသည် မာနတ်ကျင့်ပြီး၍ အဗ္ဘာန်သွင်းခြင်းငှါ ထိုက်သော ဒဏ်သားရဟန်းကို ရှိမခိုးအပ်”–
ဤကဲ့သို့ ရဟန်းတော်များ ရှိမခိုးအပ် ရှိမခိုးကောင်းသည့် ပုဂ္ဂိုလ်ဆယ်ပါးကို ဟောကြားတော်မူပြီးလျှင် တဖန်ဆက်၍-
ရှိခိုးအပ်သော ပုဂ္ဂိုလ်သုံးမျိုး
ရဟန်းတို့.. ဤဆိုလတ္တံ့သော ပုဂ္ဂိုလ်သုံးမျိုးတို့ကို ရဟန်းသည် ရှိခိုးအပ်ကုန်၏—
၂၁၁
(၁) နောက်မှ ရဟန်းဖြစ်သော ရဟန်းသည် မိမိအလျင် ရှေးဦးက ရဟန်းဖြစ်နှင့်ပြီးသော ရဟန်းကို ရှိခိုးအပ်၏။
(၂) ရဟန်းသည် ကံကြီး ကံငယ်ဟူသော = သံဝါသကွဲပြားသည့် ဝါကြီးသော ရဟန်းကို ဓမ္မဝါဒီရဟန်းကြီးဖြစ်လျှင် ရှိခိုးအပ်၏၊
(၃) ရဟန်းတို့.. နတ်ဗြဟ္မာနှင့် တကွသော သတ္တလောက၌ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးအပ်၏၊ ရဟန်းတို့.. ဤဆိုအပ်ပြီးသော ပုဂ္ဂိုလ်သုံးမျိုးတို့ကို ရှိခိုးအပ်ကုန်၏။
ဤကဲ့သို့ ရဟန်းတော်များ ရှိခိုးအပ် ရှိခိုးကောင်းသည့် ပုဂ္ဂိုလ်သုံးမျိုးကိုလည်း ဟောကြားတော်မူ၏။
သံဃာအား လှူဒါန်းအပ်ပြီးမဟုတ်စေကာမူ သံဃာကိုရည်ညွှန်း၍ ပြုအပ်သော မဏ္ဍပ်ကနားစသည်၌ မထေရ်ကြီး (=ဝါကြီးသောရဟန်း)တို့ကို နေရာဖြင့် မတားမြစ်ရန် တဖန် ပညတ်တော်မူခြင်း
ထိုသို့ မြတ်စွာဘုရားသခင် များစွာသော ရဟန်းတို့ခြံရံလျက် သာဝတ္ထိပြည်သို့ ခရီးဒေသစာရီ အစဉ်အတိုင်း ကြွချီတော်မူသောအခါ လမ်းခရီးအကြား၌ နေထိုင်ကြသော လူများသည် သံဃာတော်ကို ရည်ညွှန်း၍ မဏ္ဍပ်ကနားများ, အခင်းများ, သံဃာတော်တို့ ညီမူစုဝေးရာ အရပ်များကို ကြိုတင် စီမံထားရှိနှင့်ကြလေသည်။ ဆဗ္ဗဂ္ဂီရဟန်းတို့၏ တပည့်ရဟန်းများသည် ရှေးနည်းအတူ နေရာကို ဦးယူနှင့်ကြသဖြင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး ရှေးနည်းအတူ နောက်ကျ၍ နေရာကိုမရရှိပဲ သစ်ပင်ရင်း၌သာ တညဉ့်လုံး အချိန်ကို ကုန်စေရသော အကြောင်းဝတ္ထု၌ မြတ်စွာဘုရားသည် ဖြစ်ရပ်အမှန်ကို စစ်ဆေးမေးမြန်း၍ ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင်-
၂၁၂
“န ဘိက္ခဝေ ဥဒ္ဒိဿကတမ္ပိ ယထာဝုဍ္ဎံ ပဋိဗာဟိတဗ္ဗံ၊ ယော ပဋိဗာဟေယျ၊ အာပတ္တိ ဒုက္ကဋဿ = ရဟန်းတို့.. (သံဃာအား လှူဒါန်းအပ်ပြီး မဟုတ်သေးစေကာမူ) သံဃာကိုရည်ညွှန်း၍ ပြုလုပ်စီရင်အပ်သော မဏ္ဍပ်ကနားစသည်၌ ဝါစဉ်အတိုင်း နေထိုင်ခြင်းကို မတားမြစ်အပ်၊ တားမြစ်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ”–
ဟူ၍ သိက္ခာပုဒ် ပညတ်တော်မူလေသည်။
(ဤ၌။ ။ဆဗ္ဗဂ္ဂီရဟန်းများ၏ အကြောင်းဝတ္ထုနှင့်စပ်၍ ဝိနည်း ဝဇိရဗဒ္ဓိဋီကာ၌ “ဆဗ္ဗဂ္ဂီရဟန်းတို့ကား မြတ်စွာဘုရားသခင် ဝါတော် နှစ်ဆယ်လွန်မှ ဖြစ်ပေါ်ကြကြောင်းနှင့် (မ၊ ၁၊ ၁၇၅) “အာရာဓယိံသု မေ ဘိက္ခူ စိတ္တံ- စသည်ဖြင့် ပဌမဗောဓိခေါ် ဝါတော်နှစ်ဆယ်အတွင်း၌ ရဟန်းများသည် မြတ်စွာဘုရား၏ စိတ်နှလုံးကို အားရမ်းနှစ်သက်စေကာ ကောင်းစွာ နေထိုင်ခဲ့ကြကြောင်း ဟောကြားချက်ရှိသောကြောင့် ယခုအခါမှ တပါးသောအခါ၌ သာဝတ္ထိပြည်သို့ သွားသောအခါ ဖြစ်ပေါ်သည့် ဝတ္ထုကို ဤအရာ၌ အာပတ်ကို ပြဆိုရန် ယူဆောင်၍ ဆိုအပ်၏”ဟူ၍ ယူမှ သင့်လျော်မည်ကဲ့သို့ရှိကြောင်း စိစစ်စဉ်းစား၍ မှတ်ယူသင့်ကြောင်း အထူးဖွင့်ပြထားလေသည်)။
လူတို့၏ဥစ္စာကို ခွင့်ပြုတော်မူခြင်း
ထိုအခါ လူတို့သည် ရွာတွင်း ဆွမ်းစားကျောင်း၌ မြင့်လွန်းသောနေရာ, ပလ္လင်, မွေးရှည်ကော်ဇောကြီး, ဆန်းကြယ်သော သားမွေးအခင်း, ဖြူသော သားမွေးအခင်း, ပန်းပြောက်ချယ် သားမွေးအခင်း, လဲသွတ်သော အခင်း, ရုပ်ပုံချယ် သားမွေးအခင်း, နှစ်ဖက် အမွေးရှိသောအခင်း, တဖက် အမွေးရှိသောအခင်း, ရွှေချည်ထိုး အခင်း, ပိုးချည်အခင်း, သားမွေးခင်းကြီး, ဆင်ကုန်းနှီး, မြင်းကုန်းနှီး, ရထားခင်းနှီး, သစ်နက်ရေအခင်း, ဝံပိုင့်ရေအခင်း, မြတ်သော နီသော မျက်နှာကြက်နှင့် အုံးနီ (ခြေရင်း ခေါင်းရင်း) နှစ်ဖက်ရှိနေရာ ဤဖော်ပြရာပါ (ဥစ္စာသယန, မဟာသယန) မြင့်သောနေရာ, မြတ်သောနေရာတို့ကို ခင်းကြကုန်၏။ ရဟန်းတို့သည် မအပ်ဟူ၍ သံသယရှိကြသဖြင့် မထိုင်ဝံ့ကြပဲ ရှိကြကုန်၏။
၂၁၃
ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားသောအခါ မြတ်စွာဘုရားသည်-
“အနုဇာနာမိ ဘိက္ခဝေ ဌပေတွာ တီဏိ အာသန္ဒိံ ပလ္လင်္ကံ တူလိကံ- အစရှိသည်ဖြင့် ရဟန်းတို့.. မြင့်လွန်းသော အခြေရှိသော ညောင်စောင်းအင်းပျဉ် တည်းဟူသော မြင့်လွန်းသော နေရာ, ပလ္လင်, လဲသွတ်သောအခင်း ဤသုံးမျိုးကို ချန်လှပ်၍ လူတို့ဥစ္စာဖြစ်သော ဥစ္စာသယန, မဟာသယန အခင်းများကို ထိုင်ရန် ခွင့်ပြု၏။ အိပ်ရန်သော်ကား ခွင့်မပြု”—
ဟူ၍ သိက္ခာပုဒ် ပညတ်တော်မူလေသည်။
ထိုရွာတွင်း ဆွမ်းစားကျောင်း၌ပင် လူဒါယကများ လဲဖြင့်မြှေးယှက် ထက်အောက်ကြက်သည့် ညောင်စောင်းအင်းပျဉ်ကို ခင်း၍ပေးကြသဖြင့် ရဟန်းများ သံသယဖြစ်ကာ မထိုင်ဝံ့ကြသော အကြောင်းဝတ္ထု၌-
“အနုဇာနာမိ ဘိက္ခဝေ ဂိဟိဝိကတံ အဘိနိသီဒိတုံ၊ န တွေဝ အဘိနိပဇ္ဇိတုံ = ရဟန်းတို့.. လူတို့၏ ဥစ္စာဖြစ်သည့် လဲဖြင့်မြှေးယှက် ထက်အောက်ကြက်သည့် ညောင်စောင်းအင်းပျဉ်ကို ထိုင်ရန်ခွင့်ပြု၏၊ အိပ်ရန်သော်ကား ခွင့်မပြု”–
ဟူ၍ သိက္ခာပုဒ် ပညတ်တော်မူလေသည်။
အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရားသခင်ကို ကြီးစွာသော အခမ်းအနားဖြင့် ဇေတဝန်ကျောင်းတိုက်သို့ ပင့်ဆောင်ခြင်း
ရှေး၌ ဆိုအပ်ပြီးသောအတိုင်း မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ များစွာသော ရဟန်းအပေါင်းခြံရံလျက် သာဝတ္ထိပြည်ဖက်သို့ ခရီးဒေသစာရီ ကြွချီတော်မူခဲ့ရာ အစဉ်သဖြင့် သာဝတ္ထိပြည်နယ်အတွင်းသို့ ဆိုက်ရောက်လာတော်မူလေ၏။
၂၁၄
အနာထပိဏ် သူဌေးကြီးသည်လည်း ကျောင်းလွှတ်ရေစက်ချ ပူဇော်ပွဲကြီး ခမ်းနားကြီးကျယ်စွာ စီရင်ပြီးလျှင် မြတ်စွာဘုရားကို ဇေတဝန်ကျောင်းတိုက်သို့ ပင့်ဆောင်ရန် အခမ်းအနားများကို စီမံလေတော့သည်။ ထိုအခမ်းအနားများမှာ-
သုမနာမင်းသမီး
ပသေနဒီကောသလမင်းကြီးမှာ သုမနာမည်သော သမီးတော်တဦး ရှိလေသည်။ ထိုသုမနာမင်းသမီးကား လွန်ခဲ့သော (၉၁) ကိုးဆယ့်တကမ္ဘာထက်ကပင် ဝိပဿီမြတ်စွာဘုရားကို တိုင်းသားပြည်သူတို့ ပူဇော်လုပ်ကျွေးပြုစုခွင့် ရသောအခါ ဉာဏ်ပညာထက်မြက်သူ သူဌေးသမီး (သဒ္ဓါသုမန)ဖြစ်၍ အများပြည်သူတို့၏ အလျင်လက်ဦး မြတ်စွာဘုရားအမှူးပြုသော သံဃာတော်ကို ရေမရောသော နွားနို့ဃနာဆွမ်းကို ဆက်ကပ်လှူဒါန်းပြီးလျှင် “မြတ်စွာဘုရား.. ဘဝသံသရာ ဖြစ်လေရာဝယ် တပည့်တော်မအား တောင့်တောင့် တတ ပင်ပန်းဆင်းရဲစွာ အသက်မွေးရမှုမည်သည် မဖြစ်ပါစေသား၊ တပည့်တော်မ ယခုလှူဒါန်းသော မုလေးပန်းကုံးကဲ့သို ဖြစ်လေရာရာ သံသရာဘဝ၌ လူအများ ချစ်နှစ်သက်အပ်သော အမျိုးသမီးသာ ဖြစ်ရပါလို၏၊ အမည်အားဖြင့်လည်း သုမနာဟူ၍ အမည်ရှိသူသာ ဖြစ်ရပါလို၏”ဟူ၍ ဆုတောင်းခဲ့သဖြင့် ထိုဆုတောင်းပြည့်ဝကာ ကိုးဆယ့်တကမ္ဘာပတ်လုံး အပါယ်သို့ မလားရောက်ရပဲ လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်၍ ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝမှာပင် ဖွားမြင်သောအခါတိုင်း ပုဆစ်ဒူးဝန်း နစ်လုမျှသော မုလေးပန်းမိုး ဖြိုးဖြိုးရွာသွန်းသဖြင့် “သုမနာ.. သုမနာ..”ဟူ၍သာ အမည်တွင်ခဲ့လေသည်။ (ဝတ္ထုအကျယ်ကို အံဌ၊ ၃၊ စာမျက်နှာ ၁၃-မှစ၍ ကြည့်ရှုရာ၏)။
ထိုသုမနာသည် ယခုအခါ၌ ပသေနဒီကောသလမင်းကြီး၏ အဂ္ဂဒေဝီ မဟေသီ မိဖုရားကြီးမှ ဖွားမြင်သော သမီးတော်ဖြစ်လာကာ ဖွားသစ်စအခါကပင် ပုဆစ်ဒူးဝန်း နစ်လုမျှသော
၂၁၅
မုလေးပန်းမိုး ဖြိုးဖြိုးရွာသွန်းသဖြင့် မင်းကြီးက သုမနာဟူသော အမည်ကို မှည့်ဆို ခေါ်တွင်စေလေသည်။ ထိုသုမနာမင်းသမီးနှင့်အတူ ဖွားဖက်အမျိုးသမီး ငါးရာရှိလေသည်။ ပသေနဒီ ကောသလမင်းကြီးသည် ဖွားဖက်အမျိုးသမီး ငါးရာနှင့်တကွ သမီးတော် သုမနာမင်းသမီးကို ချမ်းသာစွာ ကြီးပြင်းစေပြီး သမီးတော် သုမနာမင်းသမီး၏ အဆောင်အယောင် အခမ်းအနားအဖြစ်ဖြင့် ရထားငါးရာ စီမံပေးအပ်၍ သုမနာမင်းသမီး ခရီးထွက်လျှင် ဖွားဖက်အမျိုးသမီးပေါင်း ငါးရာတို့လည်း ရထားကိုယ်စီဖြင့် လိုက်ပါကြရလေသည်။
ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ဖခမည်းတော်တို့အထံမှ ရထားငါးရာ ကိုယ်စီစီးသည့် သတို့သမီးငါးရာ အခြွေအရံ အဆောင်အယောင် အခမ်းအနားကို ရရှိသော အမျိုးသမီးတို့ကား (၁) ဗိမ္ဗိသာရမင်းကြီး၏ သမီးတော် စုန္ဒီမင်းသမီး၊ (၂) ဓနဉ္ဇယသူဌေး၏သမီး ဝိသာခါ (= နောက်အချိန်၌ ပုဗ္ဗာရုံကျောင်းအမကြီး) (၃) ယခုဖော်ပြရာပါ ပသေနဒီ ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီး ဤသုံးယောက်တို့ ဖြစ်လေသည်။
သုမနာမင်းသမီး အသက်ခုနစ်နှစ်အရွယ်တွင် မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတိုက်ကို အလှူခံရန် သာဝတ္ထိပြည်သို့ ယခု ရောက်ဆိုက်တော်မူလာခြင်း ဖြစ်သည်။ အနာထပိဏ်သူဌေးကြီးသည် ပသေနဒီကောသလမင်းကြီးထံသို့ သွားရောက်၍ “မြတ်သောမင်းကြီး.. မြတ်စွာဘုရားသခင် ဤအကျွန်ုပ်တို့နေရာ သာဝတ္ထိပြည်သို့ ကြွတော်မူလာခြင်းသည် အကျွန်ုပ်တို့အတွက်လည်း မင်္ဂလာကြီးတခု ဖြစ်ပါသည်၊ အရှင်မင်းကြီးတို့အတွက်လည်း မင်္ဂလာကြီးတခုပင် ဖြစ်ပါသည်၊ ထို့ကြောင့် အရှင်မင်းကြီး၏သမီးတော် သုမနာမင်းသမီးကို သတို့သမီးငါးရာတို့နှင့်တကွ ရေပြည့်အိုး နံ့သာပန်းမာလ် စသည်များကို စွဲကိုင်စေကာ မြတ်စွာဘုရားအား ကြိုဆိုပင့်ဆောင်ရန် လွှတ်တော်မူကြစေချင်ပါသည်”ဟူ၍ လျှောက်ထားလေ၏။ ပသေနဒီကောသလမင်းကြီးသည် “ကောင်းပြီ သူဌေးကြီး..”ဟူ၍ ဝန်ခံစကား
၂၁၆
ပြောကြားပြီးလျှင် အနာထပိဏ်သူဌေးကြီး လျှောက်ထားသည့်အတိုင်း ပြုလုပ် စီမံတော်မူလေ၏။
သုမနာမင်းသမီးသည်လည်း ခမည်းတော်မင်းကြီး မိန့်ဆိုတော်မူသည့်နည်းအတိုင်း မြတ်စွာဘုရား ထံတော်မှောက်သို့ အဆောင်အယောင် အခမ်းအနားဖြင့် သွားရောက် ကြိုဆိုပြီးလျှင် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး၍ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်ပြီးသော် သင့်လျော်လျောက်ပတ်ရာ အရပ်၌ ရပ်တည်လေ၏။ မြတ်စွာဘုရားသည် သုမနာမင်းသမီးအား တရားဟောတော်မူလေ၏။ သုမနာမင်းသမီးသည် အခြံအရံသတို့သမီး ငါးရာတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုမှတပါး အခြား သတို့သမီး ငါးရာတို့သည်၎င်း, မာတုဂါမအမျိုးသမီး မိန်းမကြီး ငါးရာတို့သည်၎င်း, ဥပါသကာ ဒါယကာ ငါးရာတို့သည်၎င်း (ထိုသို့ သုမနာမင်းသမီးအား တရားဟောသော အခါ၌ပင်) သောတာပတ္တိဖိုလ်သို့ ရောက်ကြလေကုန်သည်။
ဤသို့လျှင် မြတ်စွာဘုရားသခင် ဇေတဝန်ကျောင်းတိုက်တော်သို့ ရောက်ဆိုက်တော်မူမည့်နေ့မှာ လမ်းခရီးအကြား၌ပင် သောတာပန် အရိယာပေါင်း (၂၀၀၀) နှစ်ထောင် ဖြစ်ကြလေသည်။ (အံ ဌ၊ ၃၊ ၁၃+၁၄+၁၅-မှ)။
အနာထပိဏ်သူဌေးကြီး၏ အဆောင်အယောင်
အနာထပိဏ် သူဌေးကြီးသည် သုမနာမင်းသမီးကိုသာ ကောသလမင်းကြီးထံမှ တောင်းပန်၍ မြတ်စွာဘုရားကို ကြိုဆို ပင့်ဆောင်စေသည် မဟုတ်သေး၊ မိမိ၏ သားကိုလည်း အဆင်တန်းဆာ အပြည့်အစုံ ဆင်ယင်စေပြီးသော် ဝတ်စားစုံလင် တန်းဆာဆင်ပြီးသော သတို့သား (= သူဌေးသား) ငါးရာတို့နှင့်တကွ မြတ်စွာဘုရားကို ကြိုဆိုပင့်ဆောင်ရန် စေလွှတ်လေသည်။ အနာထပိဏ်သူဌေးကြီး၏ သားသည်လည်း ဖခင်သူဌေးကြီး၏ အစီအမံအတိုင်း မိမိ၏ အခြံအရံဖြစ်သော သူဌေးသား ငါးရာတို့နှင့်တကွ အဆင်းငါးမျိုးရှိသော
၂၁၇
အဝတ်တို့ဖြင့် တပြောင်ပြောင် တောက်ပသည့် တံခွန်ငါးရာတို့ကို ကိုယ်စီကိုယ်င ကိုင်ဆောင်ကြလျက် မြတ်စွာဘုရား၏ရှေ့မှ နေရာယူ၍ လိုက်ပါ ပင့်ဆောင်လေသည်။
ထိုသူဌေးသားတို့၏နောက်မှ အနာထပိဏ်သူဌေးကြီး၏ သမီးများဖြစ်ကြသည့် စူဠသုဘဒ္ဒါနှင့် မဟာသုဘဒ္ဒါတို့သည် အခြံအရံ သူဌေးသမီးပေါင်း ငါးရာတို့နှင့်တကွ ရေပြည့်အိုးများကို ရွက်ဆောင်သယ်ယူကာ လိုက်ပါ ပင့်ဆောင်ကြလေသည်။
ထိုသူဌေးသမီးတို့၏နောက်မှ အနာထပိဏ် သူဌေးကတော်ကြီး (ပုညလက္ခဏဒေဝီ)သည် အဆင်တန်းဆာ အပြည့်အစုံ တန်းဆာဆင်လျက် သူဌေးကတော် ငါးရာတို့နှင့်တကွ နံ့သာရေ စသည်တို့ဖြင့် ပြည့်သော ရွှေခွက် ငွေခွက်များကို လက်စွဲကြကာ လိုက်ပါ ပင့်ဆောင်ကြလေသည်။
အားလုံးတို့၏နောက်မှ အနာထပိဏ်သူဌေးကြီးသည် ကိုယ်တိုင်က အသစ်စက်စက် သူဌေးအဝတ်တို့ကို ဝတ်ဆင်ကာ အသစ်စက်စက်ဖြစ်သည့် သူဌေးဝတ်စုံကို ဝတ်ဆင်ကြသော သူဌေးပေါင်း ငါးရာတို့နှင့်တကွ မြတ်စွာဘုရားကို ခရီးဦးကြိုဆို ပင့်ဆောင်လေသည်။
မြတ်စွာဘုရားသည် ဤဖော်ပြရာပါ ဥပါသကာ ပရိသတ်ကို ရှေ့ကထား၍ များစွာသော ရဟန်းအပေါင်း ခြံရံလျက် ကိုယ်တော်မြတ်၏ ကိုယ်တော်ရောင်ဖြင့် တောအထူးတို့ကို ရွှေရည်ဖြင့် သွန်းလောင်းအပ်သော ဆေးဒန်းရွှေဝါအရောင်ကဲ့သို့ ရွှေရောင်အဆင်း ၀ါဝင်းတောက်ပြောင်စေလျက် အဆုံးအပိုင်းအခြားမရှိသော ဘုရား၏ တင့်တယ်ခြင်းဖြင့်၎င်း, အတုမရှိသော မြတ်စွာဘုရား၏ အသရေတော်ဖြင့်၎င်း ဇေတဝန်ကျောင်းတိုက်တော်သို့ ဝင်ကြွတော်မူလေ၏။
၂၁၈
ဇေတဝန်ကျောင်းတိုက်တော်ကို စတုဒ္ဒိသာသံဃိက ရေစက်ချ၍ လှူခြင်း
ထိုအခါ အနာထပိဏ် သူဌေးကြီးသည် ဘုရားအမှူးရှိသော သံဃာတော်ကို နောက်တနေ့နံနက် ဆွမ်းဘုဉ်းပေးရန် ရိုသေစွာ ပင့်လျှောက်ပြီးလျှင် နောက်တနေ့နံနက် ရောက်သောအခါ မိမိအိမ်၌ မွန်မြတ်သော ခဲဖွယ်ဆွမ်း ဘောဇဉ်ဆွမ်းများကို စီမံစေပြီးလျှင် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဆွမ်းစားချိန်တန်ပါပြီ၊ ဆွမ်းပြင်၍ ပြီးပါပြီ”ဟု အခါကာလကို ကြားလျှောက်စေလေသည်။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ ရဟန်းအပေါင်း ခြံရံလျက် အနာထပိဏ်သူဌေးအိမ်သို့ ကြွရောက်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ အနာထပိဏ်သူဌေးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို မွန်မြတ်သော ခဲဖွယ်ဆွမ်း ဘောဇဉ်ဆွမ်းများဖြင့် ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိကမြောက် လက်ရောက်ကြည်ဖြူ ကပ်လှူလုပ်ကျွေးပြီးသော် သင့်လျော်လျောက်ပတ်ရာ အရပ်၌ ထိုင်နေ၍ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ဇေတဝန်ကျောင်းတိုက်တော်ကို အဘယ်သို့ စီမံ လှူဒါန်းရပါမည်နည်း” (= အဘယ်သို့ ရေစက်ချ၍ လှူဒါန်းရပါမည်နည်း)ဟူ၍ လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားက အနာထပိဏ်သူဌေးကြီးကို “သို့တပြီးကား အနာထပိဏ်သူဌေး.. သင်သည် ဤဇေတဝန်ကျောင်းတိုက်ကို ရောက်ပြီး ရောက်ဆဲ ရောက်လတ္တံ့သော အရပ်လေးမျက်နှာ၌ ရှိနေသော ရဟန်းသံဃာအား တည်ထား (= ပူဇော်)လေလော့”ဟူ၍ မိန့်ဆိုတော်မူသောအခါ အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရား မိန့်ကြားတော်မူချက်အတိုင်း ဇေတဝန်ကျောင်းတိုက်တော်ကို အာဂတာနာဂတ စတုဒ္ဒိသာသံဃိက ရေစက်ချ၍ လှူဒါန်းလေသည်။
၂၁၉
ကျောင်းအနုမောဒနာ ၅-ဂါထာ
မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတိုက်တော်ကို အလှူခံတော်မူပြီးလျှင် ကျောင်းအနုမောဒနာတရား ဟောကြားတော်မူလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သော ၅-ဂါထာတို့ကို ဟောကြားတော်မူလေသည်-
(၁) သီတံ ဥဏှံ ပဋိဟန္တိ၊
တတော ဝါဠမိဂါနိ စ။
သရီသပေ စ မကသေ၊
သိသိရေ စာပိ ဝုဋ္ဌိယော။
(ဝိဟာရော = ငါတို့လှူဒါန်း ကျောင်းသင်္ခမ်းသည်၊ ထည့်)။ သီတဉ္စ = အဇ္ဈတ္တဓာတ် ချောက်ချား ဗဟိဒ္ဓဥတု ဖောက်ပြား၍ ဖြစ်ပွါးလာသော အအေးဒဏ်ကိုလည်း။ ပဋိဟန္တိ = ဥပနိဿယည်း ပစ္စည်းပံ့ထောက် ပယ်ဖျောက်နိုင်ပေ၏။ ဥဏှဉ္စ = တောမီးလောင်ခြင်း စသည်ကြောင့် ဖြစ်ပေါ်သည့် မီးပူဒဏ်ကိုလည်း။ ပဋိဟန္တိ = ဥပနိဿယည်း ပစ္စည်းပံ့ထောက် ပယ်ဖျောက်နိုင်ပေ၏။ တတော = ထိုမှတပါး။ ဝါဠမိဂါနိ စ = ခြင်္သေ့ သစ် ကျား စသည်ပြားသော သားရဲဘေးရန်တို့ကိုလည်း။ ပဋိဟန္တိ = ဥပနိဿယည်း ပစ္စည်းပံ့ထောက် ပယ်ဖျောက်နိုင်ပေ၏။ သရီသပေ စ = တရွေ့ရှားရှား သွားလာတတ်သော မြွေ, ကင်း, သန်းတို့ကိုလည်း။ ပဋိဟန္တိ = ဥပနိဿယည်း ပစ္စည်းပံ့ထောက် ပယ်ဖျောက်နိုင်ပေ၏။ မကသေ စ = သမာဓိပျက်အောင် နှိပ်စက် ကိုက်ခဲ မှက်, ခြင်, ယင်ရဲတို့ကိုလည်း။ ပဋိဟန္တိ = ဥပနိဿယည်း ပစ္စည်းပံ့ထောက် မလာရောက်အောင် ပယ်ဖျောက်နိုင်ပေ၏။ သိသိရေစာပိ = သိသိရရတုအခါ (ပြာသိုလပြည့်ကျော် ၁- ရက်မှ တပေါင်းလပြည့်အထိ ၂- လကို သိသိရရတုခေါ်၏), ခုနစ်ရက် မိုးစွေသောအခါ စသည်တို့၌ ဖြစ်လာတုံလေ့ အလွန်အေးမြသော အတွေ့တို့ကိုလည်း။ ပဋိဟန္တိ = ဥပနိဿယည်း ပစ္စည်းပံ့ထောက် မလာရောက်အောင် ပယ်ဖျောက် နိုင်ပေ၏။ ဝုဋ္ဌိယော စာပိ = ဟုတ်ဟုတ်ညားညား အခါများ၌ ဖြစ်ပွါးဝှန်ဖြိုး ရွာသွန်းသော
၂၂၀
မိုးတို့ကိုလည်း။ ပဋိဟန္တိ = ဥပနိဿယည်း ပစ္စည်းပံ့ထောက် မလာရောက်အောင် ပယ်ဖျောက်နိုင်ပေ၏။
(၂) တတော ဝါတာတပေါ ဃောရော၊
သဉ္ဇာတော ပဋိဟညတိ။
လေဏတ္ထဉ္စ သုခတ္ထဉ္စ၊
ဈာယိတုဉ္စ ဝိပဿိသိတုံ။
ဝိဟာရဒါနံ သံဃဿ၊
အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ။
တတော = ထိုမှတပါး။ (ဝိဟာရေန = ငါတို့လှူဒါန်း ကျောင်းသင်္ခမ်းသည်၊ ထည့်)။ သဉ္ဇာတော = ဥတုအလျောက် ပေါ်ပေါက်ဖြစ်ပွါး၍လာသော။ ဃောရော = အဟုန်ပြင်းထန် ကြောက်ရွံဘနန်း ကြမ်းတမ်းစွာသော။ ဝါတာတပေါ = လေပြင်းဒဏ် နေပြင်းဒဏ် အတန်တန်ကို။ ပဋိဟညတိ = ဥပနိဿယည်း ပစ္စည်းပံ့ထောက် မလာရောက်အောင် ပယ်ဖျောက်အပ်ပေ၏။ (ဤစကားရပ်တို့ဖြင့် မိမိလှူဒါန်းသည့် ကျောင်းသင်္ခမ်း၏ ရဟန်းတော်တို့အား ကျေးဇူးများပုံကို စဉ်းစားဆင်ခြင်ရန် ဖော်ပြသည်)။ လေဏတ္ထဉ္စ = အာရုံထွေပြား စိတ်မသွားပဲ တပါးတည်းကိန်းပျော် မွေ့လျော်ခြင်းငှါ၎င်း။ သုခတ္ထဉ္စ = ဘေးကင်းရန်ကွာ ချမ်းသာစွာ နေခြင်းငှါ၎င်း။ ဈာယိတုဉ္စ = အာရမ္မဏူပနိဇ္ဈာနဈာန်ကို အဖန်ဖန်ဝင်စား ရှုပွါးခြင်းငှါ၎င်း။ ဝိပဿိသိတုဉ္စ = ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းငှါ၎င်း။ (ဤလေးပုဒ်တို့ဖြင့်လည်း ကျောင်းလှူသူ ဒါယကာတို့ နှလုံးသွင်းရမည့် ကျောင်း၏အာနိသင်ကို ညွှန်ပြသည်)။ သံဃဿ = သံဃာတော်အား။ ဝိဟာရဒါနံ = ကျောင်းအလှူဒါနကို။ အဂ္ဂံ = မြတ်၏ဟူ၍။ ဗုဒ္ဓေန = အဆူဆူထွတ်ထား မြတ်ဘုရားသည်။ ဝဏ္ဏိတံ = ချီးမွမ်းတော်မူအပ်ပေ၏။
၂၂၁
တသ္မာ ဟိ = ထို့ကြောင့်သာလျှင်။ အတ္တနော = မိမိ၏။ အတ္ထံ = လူနတ်နိဗ္ဗာန် သုံးတန်ဖွံ့ဖြိုး များမြတ်သောအကျိုးကို။ သမ္ပဿံ-သမ္ပဿန္တော = ကောင်းစွာဆင်ခြင် မြော်သိမြင်သော။ ပဏ္ဍိတော ပေါသော = အမျိုးကောင်းသား ပညာရှိ မင်းယောက်ျားသည်။ ရမ္မေ = နေထိုင်ရန်ချမ်းသာ စိတ်မှာမွေ့လျော် ပျော်ဖွယ်ကောင်းကုန်သော။ ဝိဟာရေ = ဗိမာန်သာဆန်း ကျောင်းသင်္ခမ်းတို့ကို။ ကာရယေ– ကာရေယျ = ဆောက်လုပ်စေရာ၏။ ဧတ္ထ = ဤမိမိတို့ ဆောက်လုပ်ပြီးသော ကျောင်းသင်္ခမ်းတို့၌။ ဗဟုဿုတေ = အကြားအမြင် များဖြင်ကြွယ်ဝ သီလဝန္တခေါ်ဆို ကျောင်းထိုင်ပုဂ္ဂိုလ်တို့ကို။ ဝါသယေ- ဝါသေယျ = စိုးမိုးအုပ်ကာ နေထိုင်စေရာ၏။ (မိမိ ဆောက်လှူအပ်ပြီးသော ကျောင်း၌ “ဆယ်ဝပြည့်တင်း၊ ဝိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ နာမ်ရုပ်ပိုင်ပိုင်၊ ဟောစွမ်းနိုင်၊ ကျောင်းထိုင်ငါးအင်္ဂါ”ဟူသော ပရိသုပဋ္ဌာက = ကျောင်းထိုင်ဘုန်းကြီး၏အင်္ဂါ ဗဟုသုတငါးဖြာနှင့် ပြည့်စုံသည့် မထေရ်ကို ကျောင်းထိုင်ပုဂ္ဂိုလ် ခန့်အပ်တင်မြှောက်ရမည်ဟု ဆိုလိုသည်)။
ဥဇုဘူတေသု- ဥဇုဘူတာနံ = အာသယဓာတ် ဖြောင့်မတ်ဖြူစင်ကုန်သော။ တေသံ = ထိုဗဟုသုတ ပြည့်ဝစုံလင် ကျောင်းနေအရှင်တို့အား။ အန္နဉ္စ = ဆွမ်းကို၎င်း။ ပါနဉ္စ = အဖျော်ယမကာကို၎င်း။ ဝတ္ထသေနာသနာနိ စ = အဝတ်သင်္ကန်း အိပ်ရာနေရာတို့ကို၎င်း။ ဝိပ္ပသန္နေန စေတသာ = ရတနာသုံးပါး၏ ဂုဏ်, ကံနှင့် ကံ၏အကျိုးကို ကြည်ယုံသော စိတ်ဖြင့်။
၂၂၂
ဒဒေယျ = သဒ္ဓါဖွေးဖြူ ပေးလှူရာ၏။ (ဤဂါထာဖြင့် ဒါယကာတို့ဖက်မှ ပစ္စယာနုဂ္ဂဟဖြင့် ချီးမြှောက်ရန် ညွှန်ပြတော်မူသည်)။
တေ = ထိုဗဟုသုတ ပြည့်ဝစုံလင် ကျောင်းနေအရှင်တို့သည်။ တဿ = ထိုပစ္စည်းလေးရပ်ဖြင့် ဆည်းကပ်ပြုစုသူ ကျောင်းလှူသော ဒါယကာအား။ သဗ္ဗဒုက္ခာပနူဒနံ = အလုံးစုံသော ဝဋ်ဆင်းရဲကို ပယ်ဖျောက်ကြောင်းဖြစ်သော။ ဓမ္မံ = သူတော်ကောင်းတရားကို။ ဒေသန္တိ = ကရုဏာနှင့် မေတ္တာတရား ရှေးရှုထား၍ ဟောကြားကြကုန်၏။ (ဤစကားရပ်ဖြင့် ကျောင်းနေအရှင်တို့ဖက်မှ ဓမ္မာနုဂ္ဂဟဖြင့် ကျေးဇူးတုံ့ပြန် ချီးမြှောက်ရန်ကို ညွှန်ပြတော်မူသည်)။ သော = ထိုသဒ္ဓါကြည်ဖြူ ကျောင်းလှူသော ဒါယကာသည်။ ဣဓ = ဤအံ့ဖွယ်ရှစ်ဖြာ ငါဘုရား၏ သာသနာ၌။ ယံ ဓမ္မံ = ကျောင်းနေအရှင်တို့ ဟောကြား ယင်းသူတော်ကောင်းတရားကို။ အညာယ = လိုက်နာကျင့်ကြံသောအား ပိုင်းခြားကာသိ၍။ အနာသဝေါ = လေးဖြာအာသဝေါ ကွာလျှောကုန်ခန်း ရဟန္တာဖြစ်၍။ ပရိနိဗ္ဗာတိ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းရ၏။
မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကြီးကို ဤဝိဟာရာနိသံသ ဂါထာတို့ဖြင့် အနုမောဒနာတရား ဟောကြားတော်မူပြီးလျှင် ဇေတဝန်ကျောင်းတိုက်သို့ ပြန်ကြွ သီတင်းသုံးတော်မူ၏။
ကိုးလကြာသည့် ကျောင်းရေစက်ချ အောင်ပွဲကြီး
အနာထပိဏ်သူဌေးကြီးသည် ဒုတိယနေ့မှစ၍ ကျောင်းတိုက်ရေစက်ချ အောင်ပွဲကြီးကို စတင်ကျင်းပလေသည်။ ဝိသာခါ သူဌေးကတော်ကြီး၏ ပုဗ္ဗာရုံကျောင်းတိုက် ရေစက်ချ အောင်ပွဲကြီးသည် လေးလကြာမှ ပြီးစီးလေသည်။ အနာထပိဏ်သူဌေးကြီး၏ ဇေတဝန်ကျောင်းတိုက်တော် ရေစက်ချ အောင်ပွဲကြီးသည်ကား ကိုးလကြာမှ ပြီးစီးလေသည်။ ကျောင်းရေစက်ချ
၂၂၃
အောင်ပွဲကြီးသဘင် ယင်ရာ၌လည်း ရွှေဒင်္ဂါး ဒေါ်လာ တဆယ့်ရှစ်ကုဋေ (= သန်းပေါင်း တရာ့ရှစ်ဆယ်)ကို အကုန်အကျခံ၍ စွန့်ကြဲလှူဒါန်း ပေးကမ်းခဲ့လေသည်။
ဤသို့လျှင် ဇေတဝန်ကျောင်းတိုက်တော် တခုအတွက်ပင်လျှင် ကျောင်းတိုက်မြေရာအဖိုး တဆယ့်ရှစ်ကုဋေ, ကျောင်းတိုက် တည်ဆောက်ရာ၌ တဆယ့်ရှစ်ကုဋေ, ကျောင်းတိုက်ရေစက်ချ အောင်ပွဲသဘင် ယင်ရာ၌ တဆယ့်ရှစ်ကုဋေအားဖြင့် = ရွှေဒင်္ဂါး ဒေါ်လာပေါင်း ငါးဆယ့်လေးကုဋေ (= သန်းပေါင်း ငါးရာ့လေးဆယ်) အကုန်အကျခံ၍ သာသနာတော်၌ စွန့်ကြဲ လှူဒါန်းခဲ့လေသည်။
အနာထပိဏ်သူဌေးအကြောင်း ပြီး၏။
**********
ညီတော်နန္ဒရဟန်းကို နတ်သမီးအာရုံဖြင့်ဖလှယ်၍ အရဟတ္တဖိုလ်သို့ ရောက်စေတော်မူခြင်း
မြတ်စွာဘုရားသခင်သည် ဇေတဝန်ကျောင်းတိုက်တော်ကို အလှူခံပြီးလျှင် ထို ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် (ညီတော်) အရှင်နန္ဒရဟန်းသည် သာသနာတော်၌ မပျော်ပိုက်၍ အဖော်ရဟန်းတို့အား “ငါ့ရှင်တို့.. ငါသည် သာသနာတော်ဝယ် မမွေ့လျော် မပျော်ပိုက်ပဲ သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံ၍ နေရပါ၏။ ယင်း မြတ်သောအကျင့်ကို ဆက်လက်ထမ်းဆောင် ကျင့်ကြံခြင်းငှါ မစွမ်းနိုင်တော့ပါ၊ ရဟန်းသိက္ခာကို စွန့်ပစ်၍ (=သိက္ခာချ၍) လူ့ဘောင်သို့ ပြန်လည် လျှောကျပေတော့အံ့” (=လူထွက်တော့အံ့)ဟူ၍ မိမိ သာသနာ၌ မပျော်ပိုက်ကြောင်း လူထွက်တော့မည်ဖြစ်ကြောင်း ပြောကြားလေ၏။
မြတ်စွာဘုရားသည် ထိုသတင်းကိုကြား၍ အရှင်နန္ဒကို ရှေ့တော်မှောက်သို့ ခေါ်စေပြီးလျှင် “ငါရှင်တို့.. ငါသည် သာသနာတော်ဝယ် မမွေ့လျော် မပျော်ပိုက်ပဲ သုံးပါးသိက္ခာ
၂၂၄
သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံ၍ နေရပါ၏၊ ယင်း မြတ်သောအကျင့်ကို ဆက်လက်ထမ်းဆောင် ကျင့်ကြံခြင်းငှါ မစွမ်းနိုင်တော့ပါ၊ ရဟန်းသိက္ခာကို စွန့်ပစ်၍ လူ့ဘောင်သို့ ပြန်လည် လျှောကျပေတော့အံ့-ဟု များစွာသော အဖော်ရဟန်းတို့အား ပြောကြား၏ဟူသည် မှန်သလော”ဟူ၍ မေးတော်မူလေသော် အရှင်နန္ဒသည် “မှန်ပါသည် နောင်တော်ဘုရား..”ဟူ၍ ဝန်ခံစကား မကွယ်မထောင့် လျှောက်ထားပြန်ကြားလေ၏။
တဖန်ထပ်၍ မြတ်စွာဘုရားက “ချစ်ညီနန္ဒ.. သင်သည် အဘယ့်ကြောင့် သာသနာတော်ဝယ် မမွေ့လျော် မပျော်ပိုက်ပဲ သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံနေရသနည်း၊ အဘယ့်ကြောင့် ယင်း မြတ်သောအကျင့်ကို ဆက်လက်ထမ်းဆောင် ကျင့်ကြံခြင်းငှါ မစွမ်းနိုင်ရသနည်း၊ အဘယ့်ကြောင့် ရဟန်း သိက္ခာကို စွန့်ပစ်၍ လူ့ဘောင်သို့ ပြန်လည် လျှောကျလိုရသနည်း”ဟူ၍ မေးမြန်းတော်မူပြန်လျှင် အရှင်နန္ဒသည်-
“ဘုန်းတော်ကြီးသော နောင်တော်မြတ်ဘုရား.. ညီတော်သည် နောင်တော်ဘုရား၏ သပိတ်ကိုထမ်း၍ ရွှေနန်းတော်မှ ထွက်ခဲ့စဉ် ဇနပဒကလျာဏီ နှမတော် သာကီဝင်မင်းသမီးက ဆံပင်များ တဝက်တပြက်သာ ဖြီးရှင်းပြီးလျက် အဆောင်တော် လေသာပြူတင်းမှ လှမ်းမြော်၍ ညီတော်ကို 'အိုအရှင့်သား.. မြန်မြန်ကြီး ပြန်လာခဲ့ပါ'ဟု မှာကြားလိုက်ပါသည်။ နောင်တော်မြတ်ဘုရား.. ညီတော်သည် ထိုနှမတော် (ကြင်ယာလောင်း) ဇနပဒကလျာဏီ သာကီဝင်မင်းသမီး မှာကြားလိုက်သော စကားကို အဖန်ဖန် အောက်မေ့နေသည်ဖြစ်၍ သာသနာတော်ဝယ် မမွေ့လျော် မပျော်ပိုက်ပဲ သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံနေရပါသည်။ ယင်း မြတ်သောအကျင့်ကို ဆက်လက်ထမ်းဆောင် ကျင့်ကြံခြင်းငှါ မစွမ်းနိုင်တော့ပါ၊ ရဟန်းသိက္ခာကို
၂၂၅
စွန့်ပစ်၍ လူ့ဘောင်သို့ ပြန်လည် လျှောကျပါတော့မည် = လူထွက်ပါတော့မည်ဘုရား”–
ဟူ၍ ရိုးသားဖြောင့်မတ်စွာ လျှောက်ထားလေတော့၏။
ထိုအခါ မြတ်စွာဘုရားသည် အရှင်နန္ဒကို လက်ရုံး၌ ဆွဲကိုင်ကာ တာဝတိံသာသို့ ပို့လိုက်သကဲ့သို့ ကိုယ်တော်မြတ်၏ တန်ခိုးအစွမ်းဖြင့် တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်တော်မူလတ်သည်တွင် လမ်းခရီးအကြားဝယ် မီးလောင်ထားသော လယ်ကွက်တခုအတွင်း မီးသင့်ထားထာ သစ်ငုတ်ပေါ်၌ နားရွက် နှာခေါင်း အမြီးများ အစုတ်စုတ်အပြတ်ပြတ်ဖြစ်ကာ ထိုင်နေသော အင်္ဂါကြီးငယ် အသွယ်သွယ်ကို မီးလောင်ထားသည့် မျောက်အိုမကြီးတကောင်ကို ပြတော်မူပြီးနောက် တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်တော်မူလေ၏။ တာဝတိံသာနတ်ပြည်သို့ ရောက်ရှိသောအခါ သိကြားမင်းထံ ခစားပြုစုရန် လာရောက်ကြသည့် ခိုခြေအသွေး နီတွေးသော ခြေရောင်အဆင်းရှိကြသည့် နတ်သမီးငါးရာတို့ ကိုယ်တော်မြတ်ကို ရှိခိုး၍ ရပ်တည် နေကြသည်တို့ကို အရှင်နန္ဒအား ညွှန်ပြတော်မူ၍-
ချစ်ညီနန္ဒ.. သင်သည် ယခု ငါဘုရားမေးမည့်စကားကို မည်ကဲ့သို့ မှတ်ထင် (=သဘောကျ)သနည်း၊ သင်၏နှမ (=ကြင်ယာလောင်း) ဇနပဒကလျာဏီ သာကီဝင်မင်းသမီးနှင့် ဤခိုခြေအသွေး နီတွေးသော ခြေရောင်အဆင်းရှိကြသည့် နတ်သမီးငါးရာတို့ ရှိကြရာဝယ် အဘယ်သူက သာလွန်၍ ရုပ်အဆင်းတင့်တယ် ရှုချင်ဖွယ် ကြည်ညိုဖွယ် ရှိသနည်း”-
ဟူ၍ မေးတော်မူလေ၏။ ။(ဤ၌။ ။ထိုနတ်သမီး ငါးရာတို့သည် ကဿပမြတ်စွာဘုရား၏ တပည့်သံဃာတော်အား ခြေနယ်ဆီကို လှူခဲ့ဘူးသော ကောင်းမှုကြောင့် ခိုခြေအသွေး နီတွေးနူးညံ့သော ခြေရှိကြကုန်သည်)။
၂၂၆
(ဤ၌။ ။မြတ်စွာဘုရားသည် ရာဂကိလေသာမိုးဖြင့် စိုစွတ်သော စိတ်ရှိနေသည့် အရှင်နန္ဒကို အဘယ့်ကြောင့် ကိလေသာတရား တိုးပွါးသည်ထက် တိုးပွါးလာအောင် နတ်သမီးများကို ပြတော်မူရ (ကြည့်ရှုစေတော်မူရ) သနည်းဟူ၍ မေးဖွယ်ရှိ၏။ အဖြေကား.. အရှင်နန္ဒ၏ ကိလေသာတို့ကို အလွယ်ဖြင့်ပင် ပယ်ရှားနိုင်ဘို့ရန် ပြတော်မူ (ကြည့်ရှုစေတော်မူ)သည်။ ထင်ရှားစေဦးအံ့.. လိမ္မာလှစွာသော ဆေးဆရာသည် သလိပ်, သည်းခြေ, လေဒေါသများ တိုးပွါးနှိပ်စက်ခံနေရသည့် သူနာကို ဆေးကုလိုသည်ရှိသော် ဆီဆေးကို တိုက်ကျွေးခြင်း စသည်ဖြင့် ရှေးဦးစွာ ဒေါသများကို တိုးပွါးနူးနပ်စေပြီး နောက်မှ အန်ဆေး ဝမ်းလားဆေးတို့ဖြင့် ထိုဒေါသများကို အလွယ်တကူ ပယ်ရှားသကဲ့သို့ ဤအတူ ဝေနေယျတို့ကို ဆုံးမခြင်း၌ အတုမရှိ လိမ္မာတော်မူသော မြတ်စွာဘုရား ဆေးသမားကြီးသည် ရာဂကိလေသာ အပြစ်ဒေါသ တိုးပွါးနှိပ်စက်ခံနေရသည့် ရှင်နန္ဒတည်းဟူသော သူနာကို နတ်သမီးများကို ပြတော်မူ၍ ရာဂကိလေသာ အပြစ်ဒေါသကို ရှေးကထက်တိုးပွါး နူးနပ်စေတော်မူ၏၊ ထိုသို့ ပြုခြင်းမှာလည်း အရိယမဂ်တည်းဟူသော ကိလေသာအန်ဆေး ကိလေသာဝမ်းလားဆေးတို့ဖြင့် အကြွင်းအကျန်မရှိအောင် ကိလေသာ အပြစ်ဒေါသများကို ပယ်ရှားနှင်ထုတ်ရန် ပြုလုပ်တော်မူခြင်း ဖြစ်သည်)။
ထိုသို့ မြတ်စွာဘုရား မေးမြန်းတော်မူသောအခါ အရှင်နန္ဒမထေရ်သည်-
ဘုန်းတော်ကြီးသော နောင်တော် မြတ်ဘုရား.. (လမ်းခရီးအကြားဝယ် နောင်တော်ဘုရား ပြသခဲ့သည့်) နားရွက် နှာခေါင်း အမြီး အပြတ်ပြတ် အစုတ်စုတ်ဖြစ်ကာ အင်္ဂါကြီးငယ် အသွယ်သွယ်ကို မီးလောင်သည့် မျောက်အိုမကြီးသည် အလှစာရင်း မသွင်းသင့်သကဲ့သို့ ဤအတူပင် နှမတော် (ကြင်ယာလောင်း) ဇနပဒကလျာဏီ သာကီဝင်မင်းသမီးသည် ဤနတ်သမီးငါးရာတို့ကို ထောက်ဆလျှင် အလှစာရင်း မသွင်းသင့်တော့ပါဘုရား၊ စင်စစ်သော်ကား ဤနတ်သမီး ငါးရာတို့ကသာလျှင် သာလွန်၍ ရုပ်အဆင်းတင့်တယ် ရှုချင်ဖွယ် ကြည်ညိုဖွယ် ရှိကြပါကုန်သည်ဘုရား-
၂၂၇
ဟူ၍ လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသခင်က-
ချစ်ညီနန္ဒ.. သင်သည် သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်၌သာ မွေ့လျော်ပါလော့၊ ချစ်ညီနန္ဒ.. သင်သည် သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သော အကျင့်၌သာ မွေ့လျော်ပါလော့၊ (ယင်းသို့ မြတ်သောအကျင့်၌ မွေ့လျော်လျှင်) သင့်အတွက်တာ ငါဘုရားသည် ခိုခြေအသွေး နီတွေးသော ခြေရောင်အဆင်းရှိကြသည့် နတ်သမီးငါးရာတို့ကို ရဖို့ရန် အာမခံပေ၏-
ဟူ၍ အာမခံစကား မိန့်ကြားတော်မူသောအခါ အရှင်နန္ဒသည်-
ဘုန်းတော်ကြီးသော နောင်တော်မြတ်ဘုရား.. ညီတော်အတွက်တာ နောင်တော်ဘုရားက ခိုခြေအသွေး နီတွေးသော ခြေရောင်အဆင်းရှိကြသည့် နတ်သမီးငါးရာတို့ကိုရရန် အကယ်၍ အာမခံတော်မူပါလျှင် ညီတော်သည် နောင်တော်ဘုရား အထံတော်ဝယ် သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးမှု၌ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ပါတော့မည်ဘုရား-
ဟူ၍ ဝမ်းမြောက်စွာ ပြန်ကြား လျှောက်ထား ဝန်ခံလေသည်။
(ဤ၌။ ။မြတ်စွာဘုရားသည် ညီတော် အရှင်နန္ဒရဟန်းအတွက် သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးစေရန် အလိုတော်ရှိပါလျက် အဘယ့်ကြောင့် နတ်သမီးငါးရာကို့ကို ရရှိ သုံးဆောင်ခံစားမှု တည်းဟူသော အဗြဟ္မစရိယဝါသအတွက် အာမခံတော်မူရပါသနည်းဟူ၍ မေးမြန်းဖွယ်ရှိ၏။ အဖြေကား.. အရှင်နန္ဒ၏ ရာဂကား ဇနပဒကလျာဏီ သာကီဝင်မင်းသမီးအပေါ်၌ ပြင်းထန်စွာ ကျရောက်လျက်ရှိချေသည်၊ ထိုသို့ ဇနပဒကလျာဏီ သာကီဝင်မင်းသမီး အာရုံ၌ ပြင်းထန်စွာ ကျရောက်လျက်ရှိသော အရှင်နန္ဒ၏ရာဂကို အာဂန္တုကဖြစ်သော နတ်သမီးငါးရာအာရုံ၌ ပြောင်းရွှေ့ပြီးမှ ပယ်စွန့်စေဖို့ရန် အလွယ်တကူနှင့် စွမ်းနိုင်မည် ဖြစ်သောကြောင့် မြတ်စွာဘုရားသည်
၂၂၈
အဗြဟ္မစရိယဝါသအတွက် အာမခံချက် ပေးတော်မူခြင်း ဖြစ်သည်ဟူပေ)။
ထိုအခါ မြတ်စွာဘုရားသည် အရှင်နန္ဒကို ခေါ်ဆောင်ခဲ့၍ တာဝတိံသာနတ်ပြည်၌ ကိုယ်တော်ကို ကွယ်ခဲ့ပြီးလျှင် ဇေတဝန်ကျောင်းတော်၌သာ ထင်ရှားဖြစ်ပေါ်ခဲ့လေသည်။ ဇေတဝန်ကျောင်းတော်သို့ ရောက်လတ်သောအခါ အရှင်နန္ဒသည် မြတ်စွာဘုရား၌ ဝတ်ပြု၍ မိမိ၏ နေ့သန့်ရာအရပ်သို့ သွားလတ်သည်ရှိသော် မြတ်စွာဘုရားသည် ကိုယ်တော်ထံမှောက် ဆည်းကပ်ခစား တရားနာရန် လာရောက်ကြကုန်သော ရဟန်းတို့အား ထိုအကြောင်းကို ပြန်ပြောင်း မိန့်ကြားတော်မူပြီးလျှင် (လောကဥပမာအားဖြင့် လိမ္မာသောယောက်ျားသည် သစ်သားပျဉ်ချပ် တိုင်စသည်၌ ဝင်ရောက်ကာ အလွယ်နှင့်မထွက်နိုင်သော မယ်န (=အသားပုရစ်)ကို အခြားမယ်န (ပုရစ်)ငယ်တခုဖြင့် ထုနှက် ထုတ်ပြီးမှ ထိုမယ်န (=ပုရစ်)အသစ်ကို လက်စသည်ဖြင့် နှဲ့ကာ ဖယ်ရှား၍ပစ်သကဲ့သို့ ထို့အတူပင် အလေ့အကျက်များသော ဇနပဒကလျာဏီ သာကီဝင်မင်းသမီးအာရုံ၌ စူးဝင်၍နေသော အရှင်နန္ဒ၏ ရာဂတည်းဟူသော မယ်န(=ပုရစ်)ကို အာဂန္တုကအာရုံဖြစ်သည့် နတ်သမီးငါးရာတည်းဟူသော အခြားမယ်န (=ပုရစ်)ငယ်တခုဖြင့် ထုနှက်ထုတ်ပြီးမှ တဖန် ထို နတ်သမီးအာရုံကိုလည်း မြတ်သောအကျင့်၏လမ်းကြောင်း အကြောင်းဖြစ်အောင် ပြုလုပ်ပြီးလျှင် ပယ်ရှားစွန့်ပစ်တော်မူလိုရကား ရဟန်းတော်များကို-
ချစ်သားတို့.. သွားကြကုန်၊ သင်ချစ်သားတို့သည် နန္ဒရဟန်းကို “သူခစား”ဟူသော ပြောဆိုခြင်း, “အဝယ်တော်ကြီး”ဟူသော ပြောဆိုခြင်းဖြင့် ကဲ့ရဲ့စကား ပြောကြားကြကုန်လော့”-
ဟူ၍ စေခိုင်းတော်မူလေ၏။ ယင်းသို့ မြတ်စွာဘုရား မိန့်ကြား စေခိုင်းတော်မူချက်အရ များစွာသော ရဟန်းတို့သည် “မြတ်စွာဘုရား၏ မိထွေးတော် မဟာပဇာပတိဂေါတမီ၏သား
၂၂၉
(ဘုရား၏)ညီတော် နန္ဒရဟန်းသည် နတ်သမီးငါးရာတို့ကို ရလိုသောကြောင့် မြတ်သောအကျင့်ကို ကျင့်၍နေသတဲ့၊ မြတ်စွာဘုရားသည် အရှင်နန္ဒ၏အတွက် ခိုခြေအသွေး နီတွေးသော ခြေရောင်အဆင်းရှိကြသည့် နတ်သမီးငါးရာတို့ကို ရဖို့ရန် အာမခံတော်မူသတဲ့”ဟူသော သတင်းစကားကို အနှံ့အပြား ကြားသိ ကြလေကုန်၏။ ထိုအခါ အရှင်နန္ဒ၏ သူငယ်ချင်းရဟန်းတို့သည် အရှင်နန္ဒထံသို့ သွားရောက်ကြပြီးလျှင် အရှင်နန္ဒကို-
အရှင်နန္ဒသည် “သူခစားကြီး” ဆိုပါကလား၊ အရှင်နန္ဒသည် “အဝယ်တော်ကြီး” ဆိုပါကလား၊ နတ်သမီးငါးရာတို့ကို ရလိုသောကြောင့် မြတ်သောအကျင့်ကို ကျင့်သုံးနေသည် ဆိုပါကလား၊ မြတ်စွာဘုရားသည် အရှင်နန္ဒ၏အတွက် ခိုခြေအသွေး နီတွေးသော ခြေရောင်အဆင်း ရှိကြသည့် နတ်သမီးငါးရာတို့ကို ရရန် အာမခံတော်မူသည် ဆိုပါကလား-
ဟူ၍ “သူခစားကြီး”ဟူသော ပြောဆိုခြင်း, “အဝယ်တော်ကြီး”ဟူသော ပြောဆိုခြင်းဖြင့် ကဲ့ရဲ့ရှုတ်ချစကား ပြောကြားကြလေကုန်၏။
ထိုအခါ အရှင်နန္ဒသည် သူငယ်ချင်းရဟန်းတို့၏ “သူခစား ကြီး”ဟူသော ပြောဆိုချက် “အဝယ်တော်ကြီး”ဟူသော ပြောဆိုချက်ဖြင့် အခံရခက် ရှက်နိုး စက်ဆုပ်လှရကား တပါးတည်း ဆိတ်ငြိမ်ရာသို့ကပ်လျက် မမေ့မလျော့ မပေါ့သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်တော်မူလေလျှင် မကြာမြင့်မီပင် အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ဆိုက်ရောက် တော်မူလေ၏။ ယင်းသို့ အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ဆိုက်ရောက်တော်မူရကား အသီတိမဟာသာဝကကြီး ရှစ်ကျိပ်တွင် တပါးအပါအဝင် ဖြစ်တော်မူလေ၏။
၂၃၀
ထိုအခါ အာသဝေါကုန်ခန်း ရဟန္တာဗြဟ္မာကြီး တယောက်သည် သန်းကောင်ယံအခါ၌ မြတ်စွာဘုရား ထံတော်မှောက်သို့ လာရောက်ချဉ်းကပ် သင့်လျော်ရာက ရပ်ပြီးလျှင် အရှင်နန္ဒမထေရ် ရဟန္တာဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ လျှောက်ထား ပြောကြားလေသည်။ ယင်းသို့ ဗြဟ္မာကြီးလျှောက်ထားသည့် စကား၏ အခြားမဲ့၌ပင် “အဘယ်သို့နည်း”ဟု ဆင်ခြင် စဉ်းစားတော်မူသော မြတ်စွာဘုရား၏ သန္တာန်တော် ၌လည်း “နန္ဒရဟန်းသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်လေပြီ”ဟူ၍ သိသော သဗ္ဗညုတရွှေဉာဏ်တော် ဖြစ်ပွါးလေသည်။
အရှင်နန္ဒမထေရ် ဘုရားထံမှောက် လာရောက်လျှောက်ထားခြင်း
ရှေး၌ ပြဆိုအပ်ပြီးသောအတိုင်း အရှင်နန္ဒမထေရ်သည် သူငယ်ချင်းရဟန်းတို့က ပြက်ရယ်ပြောင်လှောင်မှု ပြုအပ်ရကား “ငါသည် ဤသို့ ကောင်းစွာ ဟောကြားအပ်သော ဓမ္မဝိနယသာသနာ၌ ရဟန်းပြုပြီးလျှင် နတ်သမီးတို့ကို ရရှိရန် မြတ်စွာဘုရားကို အာမခံသူဖြစ်အောင် ပြုခဲ့မိလေပြီ၊ (သို့ရကား) ငါသည် ဝန်လေးသောအမှုကို ပြုအပ်ခဲ့လေပြီ”ဟူ၍ သံဝေဂဖြစ်ရှိကာ ဟိရိဩတ္တပ္ပတရားကို ဖြစ်ပွါးစေလျက် မနေမနား အားထုတ်လတ်သော် အရဟတ္တဖိုလ်သို့ရောက်၍ “ငါသည် မြတ်စွာဘုရားကို ထိုအာမခံဝန်ခံချက်မှ လွတ်စေရပါမူ ကောင်းလေရာ့”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် ထိုညဉ့်လွန်မြောက် မိုးသောက်လတ်သောအခါ မြတ်စွာဘုရားထံမှောက်သို့ သွားရောက်ချဉ်းကပ်၍ မြတ်စွာဘုရားကို-
ဘုန်းတော်ကြီးသော နောင်တော်မြတ်ဘုရား.. နောင်တော်ဘုရားသည် ညီတော်အတွက် ခိုခြေအသွေး နီတွေးသော ခြေရောင်အဆင်းရှိကြသည့် နတ်သမီးငါးရာတို့ကို ရရှိဖို့ရန် အာမခံတော်မူခဲ့လေပြီ။ ဘုန်းတော်ကြီးသော နောင်တော်မြတ်ဘုရား.. နောင်တော်ဘုရားကို
၂၃၁
အကျွန်ုပ် (ညီတော်)သည် ထိုဝန်ခံချက် အာမခံချက်မှ လွှတ်ပါ၏”-
ဟူ၍ လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည်လည်း ညီတော် အရှင်နန္ဒမထေရ်ကို-
ချစ်ညီနန္ဒ.. ငါဘုရားသည်လည်း မိမိစိတ်ဖြင့် သင်၏စိတ်ကို ပိုင်းခြားဝေဘန်ကာ “နန္ဒရဟန်းသည် အရဟတ္တဖိုလ်သို့ ရောက်ခဲ့လေပြီ”ဟူ၍ သိမြင်ခဲ့လေပြီ၊ ရဟန္တာဗြဟ္မာကြီးကလည်း ငါဘုရားအား သင်ချစ်ညီ ရဟန္တာဖြစ်ကြောင်း လာရောက် လျှောက်ထားခဲ့လေပြီ၊ ချစ်ညီနန္ဒ.. အကြင်အခါ (အကြင်စိတ္တက္ခဏ)၌ သင်၏စိတ်သည် အာသဝေါတရားတို့မှ လွတ်လေပြီ၊ ထိုအခါ (ထိုစိတ္တက္ခဏ)၏ အခြားမဲ့မှာပင် ငါဘုရားသည် ထိုအာမခံ ဝန်ခံချက်မှ လွတ်ခဲ့လေပြီ”-
ဟူ၍ မိန့်ဆိုတော်မူပြီးလျှင် အလွန် နှစ်သက်အားရမ်း ဝမ်းမြောက်သောစိတ် ရှိတော်မူရကား-
ယဿ နိတ္တိဏ္ဏော ပင်္ကော၊
မဒ္ဒိတော ကာမကဏ္ဋကော။
မောဟက္ခယံ အနုပ္ပတ္တော၊
သုခဒုက္ခေသု န ဝေဓတီ သ ဘိက္ခု။
ယဿ = အကြင် အရိယာပုဂ္ဂိုလ်သည်။ ပင်္ကော = မိစ္ဆာအယူ တည်းဟူသော ညွန်ပျောင်းကို။ (ဝါ) သံသရာ တည်းဟူသော ညွန်ပျောင်းကို။ နိတ္တိဏ္ဏော = အရိယမဂ် တည်းဟူသော တံတားနင်းကြမ်းဖြင့် နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းရောက်အောင် ကူးမြောက်တော်မူအပ်လေပြီ။ ကာမကဏ္ဋကော = သတ္တဝါများဖြင် လူပုံယင်ကို စူး၀င်မှောင့်ရောင့် ကိလေသာကာမ တည်းဟူသော ဆူးငြောင့်ကို။ မဒ္ဒိတော = ပညာဉာဏ်စက် တုတ်လက်နက်ဖြင့် မှုန့်မှုန့်ညက်ပျက်စီးအောင် ဖျက်ဆီး
၂၃၂
ချေမှုန်းအပ်လေပြီ။ ယော = အကြင် အရိယာသခင် အရှင်သူမြတ်သည်။ မောဟက္ခယံ = မောဟ၏ကုန်ရာ အရဟတ္တဖိုလ် နိဗ္ဗာန်သို့။ အနုပ္ပတ္တော = မဂ်ဉာဏ်လေးထောက် အစဉ်လျှောက်၍ ရောက်တော်မူလေပြီ။ သ-သော ဘိက္ခု = ကိလေသာမိုက်မဲ မှောင်ထုခဲကို ဖြိုခွဲ ဖျက်ဆီးတော်မူပြီးသော ထိုရဟန္တာသခင် အရှင်သူမြတ်သည်။ သုခဒုက္ခေသု = ချမ်းသာဆင်းရဲ ဤနှစ်တွဲတို့ကြောင့်။ (၀ါ) ဣဋ္ဌာနိဋ္ဌံ လောကဓံရှစ်ရပ်တို့ကြောင့်။ န ဝေဓတိ = ဖောက်ပြန် တုန်လှုပ်တော်မမူ။ -
ဟူသော ဤဥဒါန်းဂါထာကို မြွက်ဆို ကျူးရင့်တော်မူလေ၏။
တနေ့သ၌ ရဟန်းတော်များသည် အရှင်နန္ဒမထေရ်ကို “ငါ့ရှင်နန္ဒ. သင်သည် ရှေးရှေးရက်များက သာသနာတော်ဝယ် မပျော်ပိုက်ဟူ၍ ပြောဆိုခဲ့လေပြီ၊ ယခုအခါ၌ သင်၏စိတ်သည် အဘယ်သို့ ဖြစ်လေသနည်း”ဟူ၍ မေးမြန်းကြသည်ရှိသော် အရှင်နန္ဒမထေရ်က “ငါ့ရှင်တို့.. ယခုအခါ ငါ့မှာ လူ့ဘောင်သို့ လျှောကျလိုသောစိတ် ပိတ်မရှိတော့ပြီ”ဟူ၍ ဖြေကြား ပြောဆိုလေသည်။
အရှင်နန္ဒဖြေကြားသည့် ထိုစကားကို ကြားကြရလျှင် ရဟန်းတော်တို့သည် “အရှင်နန္ဒသည် မဟုတ်မမှန်သောစကားကို ပြောကြားဘိ၏။ အရဟတ္တဖိုလ်ကို ဖြေကြားဘိ၏၊ လွန်ခဲ့သောနေ့တို့က ‘သာသနာတော်ဝယ် မပျော်ပိုက်’ဟူ၍ ပြောဆိုပြီးလျှင် ယခုအခါကျမှ ‘ငါ့မှာ လူ့ဘောင်သို့ လျှောကျလိုသော အလိုဆန္ဒ လုံးဝ မရှိတော့ပြီ’ဟု ပြောဆိုဘိ၏”ဟူ၍ ရှုတ်ချစကား ပြောကြားကြပြီးလျှင် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ကြ၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ထားကြလေကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့.. လွန်ခဲ့သောနေ့တို့က နန္ဒရဟန်း၏ ကိုယ်ခန္ဓာသည် မကောင်းသဖြင့်မိုးအပ်သော
၂၃၃
အိမ်နှင့်တူ၏။ ယခုအခါ၌မူ ကောင်းစွာမိုးအပ်သော အိမ်နှင့်တူ၏။ မှန်၏- ဤနန္ဒရဟန်းသည် နတ်သမီးတို့ကို မြင်ပြီးသောအခါမှစ၍ ရဟန်းကိစ္စ အထွတ်အထိပ်ရောက်အောင် ကျင့်ဆောင်ကြိုးကုတ် ရဟန်းတရားကို အားထုတ်လတ်ရကား ယခုအခါ ရဟန်းကိစ္စ အထွတ်အထိပ် (=အရဟတ္တဖိုလ်)သို့ ရောက်လေပြီ”ဟူ၍ မိန့်တော်မူပြီးလျှင်-
(၁) ယထာ အဂါရံ ဒုစ္ဆန္နံ၊
ဝုဋ္ဌီ သမတိဝိဇ္ဈတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊
ရာဂေါ သမတိဝိဇ္ဈတိ။
ဘိက္ခဝေ = ရဟန်းတို့..။ ဒုစ္ဆန္နံ = မကောင်းသဖြင့် မိုးအပ်သော။ အဂါရံ = အိမ်ကို။ ဝုဋ္ဌိ = မိုးရေသည်။ သမတိဝိဇ္ဈတိ ယထာ = ထိုးဖောက်လှစ်ထွင်း အတွင်းသို့ လွှမ်းမိုးဝင်သကဲ့သို့။ ဧဝံ = ဤအတူ။ အဘာဝိတံ = သမထ ဝိပဿနာ ဘာဝနာနှစ်ပါးတို့ဖြင့် မပွါးများအပ်သော။ စိတ္တံ = စိတ်ကို။ ရာဂေါ = ရာဂကိလေသာသည်။ (ဝါ) ရာဂ, ဒေါသ, မောဟ, မာနမှ စ၍များထွေ ကိလေသာတည်းဟူသော မိုးရေသည်။ သမတိဝိဇ္ဈတိ = ထိုးဖောက်လှစ်ထွင်း အတွင်းသို့ လွှမ်းမိုးဝင်လေတော့၏။
(၂) ယထာ အဂါရံ သုစ္ဆန္နံ၊
ဝုဋ္ဌီ န သမတိဝိဇ္ဈတိ။
ဧဝံ သုဘာဝိတံ စိတ္တံ၊
ရာဂေါ န သမတိဝိဇ္ဈတိ။
ဘိက္ခဝေ = ရဟန်းတို့..။ သုစ္ဆန္နံ = ကောင်းစွာ မိုးအပ်သော။ အဂါရံ = အိမ်ကို။ ဝုဋ္ဌိ = မိုးရေသည်။ န သမတိဝိဇ္ဈတိ ယထာ = ထိုးဖောက်လှစ်ထွင်း အတွင်းသို့ လွှမ်းမိုး၍ မဝင်နိုင်သကဲ့သို့။ ဧဝံ = ဤအတူ။ သုဘာဝိတံ = သမထ ဝိပဿနာ ဘာဝနာနှစ်ပါးတို့ဖြင့်
၂၃၄
ကောင်းစွာ ပွါးများအပ်သော။ စိတ္တံ = စိတ်ကို။ ရာဂေါ = ရာဂကိလေသာသည်။ (ဝါ) ရာဂ, ဒေါသ, မောဟ, မာနမှ စ၍များထွေ ကိလေသာတည်းဟူသော မိုးရေသည်။ န သမတိဝိဇ္ဈတိ = ထိုးဖောက်လှစ်ထွင်း အတွင်းသို့ လွှမ်းမိုးဝင်ခြင်းငှါ အလျှင်းပင် မတတ်နိုင်တော့ချေ။ -
ဟူသော ဤတရား ၂-ဂါထာတို့ကို ဟောကြားတော်မူလေ၏။ ဂါထာအဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ဆိုက်ကြလေကုန်၏။ (သို့ရကား) ဤတရားဒေသနာသည် များစွာသော လူအပေါင်းအား အကျိုးကျေးဇူး များစွာရှိသော တရားဒေသနာ ဖြစ်လေသတည်း။
ကပ္ပဋဇာတ်ကို ဟောကြားတော်မူခြင်း
ထိုမှ နောက်အခါ၌ ရဟန်းတို့သည် တရားစကား ဟောကြားဆွေးနွေးရာ ဓမ္မာရုံကျောင်းဆောင်၌ “ငါ့ရှင်တို့.. ဘုရားတို့မည်သည် အလွန်တရာ လက်ဖျစ်တီး၍ အံ့ချီးထိုက်တော်မူပါကုန်၏။ ဇနပဒကလျာဏီ သာကီဝင်မင်းသမီးကို အမှီပြု၍ သာသနာတော်ဝယ် မမွေ့လျော် မပျော်ပိုက်သော အရှင်နန္ဒကိုစဉ်လျက် မြတ်စွာဘုရားသည် နတ်သမီးများကို ငါးစာသဖွယ်ပြုလုပ်၍ ဆုံးမတော်မူအပ်လေပြီ”ဟူ၍ မြတ်စွာဘုရား၏ အံ့ဩဖွယ် ကျေးဇူးဂုဏ်နှင့်စပ်သော စကားကို ပြောကြားနေဆဲ ရှိကြကုန်၏။ မြတ်စွာဘုရားသည် ထိုဓမ္မာရုံကျောင်းဆောင်သို့ ကြွရောက်တော်မူလာ၍ “ရဟန်းတို့.. ယခု ငါဘုရား ကြွရောက်လာသောအခါ၌ သင်တို့သည် အဘယ်မည်သောစကားဖြင့် ညီမူစည်းဝေး၍ နေကြကုန်သနည်း”ဟူ၍ မေးမြန်းတော်မူလေသော် ရဟန်းတို့သည် “ဤမည်သော (=အရှင်နန္ဒကို ရှင်တော်ဘုရား ယဉ်ကျေးအောင် ဆုံးမပုံနှင့်စပ်သော) စကားဖြင့် ညီမူစည်းဝေး၍ နေကြပါကြောင်း” ပြန်ကြား လျှောက်ထားကြလေကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့.. ယခုအခါ၌သာ မဟုတ်သေး၊ ရှေးအခါကလည်း ငါဘုရားသည် ဤနန္ဒရဟန်းကို
၂၃၅
မာတုဂါမဖြင့် ဖြားယောင်း၍ ဆုံးမအပ်ဘူးသည်သာတည်း”ဟု မိန့်တော်မူ၍ ထိုရဟန်းတို့ တောင်းပန်အပ်ရကား အတိတ်ဖြစ်ရပ် ကပ္ပဋဇာတ်ကို ဟောကြား ထုတ်ဆောင်တော်မူသည်မှာ-
ရဟန်းတို့.. ရှေး လွန်လေပြီးသောအခါ ဗာရာဏသီပြည်အရပ်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ထိုဗာရာဏသီပြည်၌ နေလေ့ရှိသော ကပ္ပဋ-အမည်ရှိသော ကုန်သည်တဦး ရှိလေသည်။ ထိုကပ္ပဋကုန်သည်မှာ တကုမ္ဘအချိန်စီးသည့် ဝန်ကို ထမ်းဆောင်နိုင်သော မြည်း (=လား)တကောင် ရှိလေသည်။ ထိုမြည်းသည် တနေ့ချင်းဖြင့်ပင် ခုနစ်ယူဇနာတို့တိုင်တိုင် သွားရောက်နိုင်၏။
အခါတပါး၌ ကပ္ပဋကုန်သည်သည် မြည်းဝန်တင် (လားဝန်တင်) ကုန်သည်တို့နှင့် အတူတကွ တက္ကသိုလ်ပြည်သို့ သွားရောက်၍ မိမိ၌ပါလာသော ကုန်များကို စွံအောင် မရောင်းရသေးမီ မိမိ၏မြည်းကို လွတ်လပ်စွာ အစာရှာ ကျက်စားရန် လွှတ်၍ထားလေသည်။ ထိုအခါ ကပ္ပဋကုန်သည်၏ ထိုမြည်း (=လား)သည် ကျုံးဘေး မြေနုအပြင်၌ လှည့်လည်ကျက်စားလေသော် မြည်းမတကောင်ကို တွေ့မြင်၍ အနီးသို့ ချဉ်းကပ်လေ၏။ ထိုအခါ မြည်းမနှင့် မြည်းဖိုတို့ အတုံ့အလှယ် မေတ္တာစကား နှီးနှော ပြောကြားကြသည်မှာ-
၂၃၆
(တိရစ္ဆာန်တို့မှာ ခြေဆုပ်လက်နယ်မှု ပြုစုသောသူမည်သည် မရှိသော်လည်း ကာမအနှောင်အဖွဲ့ဖြင့် ဖွဲ့စပ်မိရန် ထိုသို့သောစကားကို ပြောကြားခြင်းဖြစ်သည်)။
မြည်းဖိုသည် မြည်းမ၏ ယင်းသို့ (ရှိသဲ့သဲ့ ကနွဲ့ကရ) ပြောကြားသော စကားကြောင့် အလုပ်၌ မပျော်ပိုက်နိုင် တမှိုင်တွေတွေဖြစ်၍ နေလေပြီ။ ကပ္ပဋကုန်သည်လည်း မိမိပါလာသော ကုန်များကို စွံအောင် ရောင်းချပြီးလတ်သော် ထိုမြည်းအနီးသို့ လာရောက်၍ “ချစ်သား.. လာလော့၊ သွားကြကုန်စို့”ဟူ၍ ပြောကြားလေ၏။ “သင်တို့သာ သွားကြလော့၊ ငါကား မလိုက်ပါနိုင်”ဟူ၍ မြည်းက ပြန်ကြား ငြင်းဆန်လေသည်။
ထိုအခါ ကပ္ပဋကုန်သည်သည် အဖန်ဖန် လိုက်ပါရန်အကြောင်း တောင်းပန် ပြောဆိုသော်လည်း မလိုက်ပါလိုသော ထိုမြည်း (=လား)ကို “ခြိမ်းချောက်ပြီးမှ ထိုမြည်းကို ဆောင်ယူရတော့မည်”ဟု ကြံစည်စဉ်းစားပြီးလျှင်-
၂၃၇
(၁) ပတောဒံ တေ ကရိဿာမိ၊
သောဠသင်္ဂုလိကဏ္ဋကံ။
သဉ္ဆိန္ဒိဿာမိ တေ ကာယံ၊
ဧဝံ ဇာနာဟိ ဂဒြဘ။
ဂဒြဘ = စိတ်ထားသေးနုပ် ဟယ် မြည်းယုတ်..။ တေ = သင်မြည်းယုတ်အား။ အဟံ = ငါသည်။ သောဠသင်္ဂုလိကဏ္ဋကံ- သောဠသင်္ဂုလိကဏ္ဋကေန = ဆယ့်ခြောက်လက်မ ပမာဏရှည်ဖြူး သံဆူးတပ်သည့် ကြိမ်လုံးဖြင့်။ ပတောဒံ = ထိုးဆွရိုက်နှက်ခြင်းကို။ ကရိဿာမိ = ပြုရပေလတ်အံ့။ တေ = သင် မြည်းယုတ်၏။ ကာယံ = ကိုယ်ကို။ သဉ္ဆိန္ဒိဿာမိ = ပေါက်ပြတ်စုတ်ကွဲအောင် ဖြတ်ခွဲရပေတော့အံ့။ ဧဝံ = ဤသို့။ (တွံ = သင် မြည်းယုတ်သည်)။ ဇာနာဟိ = သိမှတ်လေလော့။ -
ဟူသော ဤဂါထာကို ရွတ်ဆိုပြောကြားလေသည်။
ထိုစကားကိုကြား၍ မြည်းသည် “ယင်းသို့ဖြစ်လျှင် ငါကလည်း သင့်အပေါ်မှာ ပြုလုပ်ရမည့်အလုပ်ကို သိရမှာပေါ့”ဟူ၍ ပြောကြားပြီးလျှင်-
(၂) ပတောဒံ မေ ကရိဿသိ၊
သောဠသင်္ဂုလိကဏ္ဋကံ။
ပုရတော ပတိဋ္ဌဟိတွာန၊
ဥဒ္ဓရိတွာန ပစ္ဆတော။
ဒန္တံ တေ ပါတယိဿာမိ၊
ဧဝံ ဇာနာဟိ ကပ္ပဋ။
ကပ္ပဋ = ကမ္မဋတွင်မည် အို..ကုန်သည်။ (တွံ = သင်သည်)။ မေ = ငါ့အား။ သောဠသင်္ဂုလိကဏ္ဋကံ- သောဠသင်္ဂုလိကဏ္ဋကေန = ဆယ့်ခြောက်လက်မ ပမာဏရှည်ဖြူး သံဆူးတပ်သည့် ကြိမ်လုံးဖြင့်။ ပတောဒံ = ထိုးဆွ ရိုက်နှက်ခြင်းကို။ ကရိဿသိ = အကယ်၍များ
၂၃၈
ပြုလုပ်ငြားအံ့။ (ဧဝံ = ဤသို့ ပြုလုပ်သည်ရှိသော်)။ အဟံ = ငါသည်။ ပုရတော = ရှေ့လက်နှစ်ဖက်ဖြင့်။ ပတိဋ္ဌဟိတွာန = မြေ၌ခိုင်ကျည် ကြံ့ကြံ့တည်၍။ ပစ္ဆတော = နောက်ခြေနှစ်ဖက်ဖြင့်။ ဥဒ္ဓရိတွာန = တအားသွန်ခုန်မြှောက် ကန်ကျောက်၍။ တေ = သင်၏။ ဒန္တံ = သွားအပေါင်းကို။ ပါတယိဿာမိ = မြေသို့ကျကြွေ ကျိုးအောင် ချိုးရပေလတ်အံ့။ ဧဝံ = ဤသို့။ (တွံ = သင် ကပ္ပဋကုန်သည်သည်)။ ဇာနာဟိ = သိမှတ်လေလော့။-
ဟူသော ဤ(ရန်တုံ့မူမည့်) ဂါထာကို ရွတ်ဆို ပြန်ကြားလေ၏။
ထိုမြည်း၏ ရဲရဲဝံ့ဝံ့ ရန်တုံ့မူမည့်စကား ပြောကြားလတ်သည်ကို ကြားသိရ၍ ကပ္ပဋကုန်သည်သည် “အဘယ်အကြောင်းကြောင့် ဤမြည်းသည် ဤသို့ ပြောဆိုသနည်း”ဟု ကြံစည်ဆင်ခြင်စဉ်းစား၍ ဤမှ ထိုမှ ကြည့်ရှုလတ်သည်ရှိသော် ထိုမြည်းမပျိုကို မြင်ရ၍ “ဤမြည်းမပျိုသည် ဤမြည်းဖိုကို ဤသို့ပြောကြားအောင် သင်ကြားပေးအပ်သည် ဖြစ်ပေလိမ့်မည်၊ (သို့ရကား) “ချစ်သား.. သင့်အတွက်တာ ဤသို့ သဘောရှိသည့် မြည်းမပျိုကို ငါဆောင်ပေးမည်”ဟု မာတုဂါမဖြင့် ထိုမြည်းဖိုကို ဖြားယောင်း၍ ငါခေါ်ဆောင်မှ သင့်တော့မည်”ဟု ကြံစည်ပြီးလျှင်-
(၃) စတုပ္ပဒိံ သင်္ခမုခိံ၊
နာရိံ သဗ္ဗင်္ဂသောဘိဏိံ။
ဘရိယံ တေ အာနယိဿာမိ၊
ဧဝံ ဇာနာဟိ ဂဒြဘ။
ဂဒြဘ = ငါ၏သားကြီး အမောင်မြည်း..။ တေ = သင့်အား။ (ဝါ) သင်၏အတွက်တာ။ စတုပ္ပဒိံ = အခြေလေးချောင်းရှိသော။ သင်္ခမုခိံ = ခရုသင်းအတူ စင်ဖြူသော မျက်နှာရှိသော။ သဗ္ဗင်္ဂသောဘိဏိံ = ခပ်သိမ်းသော ကိုယ်အင်္ဂါဖြင့် တင့်တယ်လှပသော။ နာရိံ ဘရိယံ = မြည်းမပျိုငယ် ဇနီးသယ်ကို။
၂၃၉
အာနယိဿာမိ = ဗာရာဏသီပြည်မှောက် ရောက်လျှင်မနှေး ငါရှာဖွေယူဆောင်၍ ပေးပေလတ်အံ့။ ဧဝံ = ဤသို့။ (တွံ = ငါ၏သားကြီး အမောင်မြည်းသည်)။ ဇာနာဟိ = ပုံသေဆတ်ဆတ် သိမှတ်ပါလေလော့။-
ဟူသော ဤ(ဖြားယောင်းသည့်) ဂါထာကို ရွတ်ဆိုလေ၏။ ထိုစကားကို ကြားရ၍ မြည်းဖိုသည် အလွန်နှစ်သက် ဝမ်းမြောက်သော စိတ်ရှိရကား -
(၄) စတုပ္ပဒိံ သင်္ခမုခိံ၊
နာရိံ သဗ္ဗင်္ဂသောဘိဏိံ။
ဘရိယံ မေ အာနယိဿသိ၊
ဧဝံ ဇာနာဟိ ကပ္ပဋ။
ကပ္ပဋ ဘိယျော ဂမိဿာမိ၊
ယောဇနာနိ စတုဒ္ဒသ။
ကပ္ပဋ = ငါ့ကျေးဇူးရှင် သခင်ကပ္ပဋ..။ မေ = ငါ့အား၊ (ဝါ) ငါ့၏အတွက်တာ။ စတုပ္ပဒိံ = ဇာတ်တူမှန်ဘိ အခြေလေးချောင်းရှိသော။ သင်္ခမုခိံ = ခရုသင်းအတူ စင်သော မျက်နှာရှိသော။ သဗ္ဗင်္ဂသောဘိဏိံ = ခပ်သိမ်းသော ကိုယ်အင်္ဂါဖြင့် တင့်တယ်လှပစွာသော။ နာရိံ ဘရိယံ = မြည်းမပျိုငယ် ဇနီးသယ်ကို။ အာနယိဿသိ = ဗာရာဏသီပြည်မှောက် ရောက်လျှင်မနှေး သင် ရှာဖွေယူဆောင်၍ ပေးငြားအံ့။ ဧဝံ = ဤသို့ ဧကန် မှန်လတ်သည်ရှိသော်။ ကပ္ပဋ = ငါ့ကျေးဇူးရှင် သခင်ကပ္ပဋ..။ အဟံ = သင့်သားတော်ကြီး ငါ မြည်းလိမ္မာသည်။ ဘိယျော = ရှေးကထက်တိုး ဆထမ်းပိုးလျှင်။ စတုဒ္ဒသ ယောဇနာနိ = ခရီးရှည်ဝေး တဆယ့်လေးယူဇနာတို့တိုင်တိုင်။ ဂမိဿာမိ = တနေ့ချင်းပေါက် ငါရောက်အောင် သွားပေအံ့။ ဧဝံ = ဤသို့။ (တွံ = သင် ငါ့ကျေးဇူးရှင် သခင်ကပ္ပဋသည်)။ ဇာနာဟိ = ပုံသေဆတ်ဆတ် သိမှတ်တော်မူပါလော့။
၂၄၀
ဟူသော ဤ(အားတက်သည့် အကြောင်းကို ဖော်ပြသော) ဂါထာကို ရွတ်ဆိုလေ၏။
ထိုအခါ ကပ္ပဋကုန်သည်သည် ထိုမြည်းဖိုကို “ချစ်သား.. ထိုသို့ဖြစ်ခဲ့လျှင် လာလော့”ဟု ခေါ်ဆောင်ကာ မိမိ၏နေရာ ဗာရာဏသီပြည်သို့ အရောက်သွားလေ၏။ နှစ်ရက် သုံးရက် လွန်သောအခါ ထိုမြည်းသည် ကပ္ပဋကုန်သည်ကို “ငါ့ကျေးဇူးရှင် သခင်ကပ္ပဋ.. သခင်တို့သည် ‘သင့်အတွက်တာ မြည်းမပျိုငယ် ဇနီးသယ်ကို ဆောင်ယူ၍ပေးမည်’ဟု အကျွန်ုပ်ကို ပြောခဲ့ကြပြီ မဟုတ်လော”ဟူ၍ အရေးဆိုသော စကားကို ပြောကြားလေသည်။ ထိုအခါ ကပ္ပဋကုန်သည်သည်-
အိမ်း ငါပြောခဲ့သည် မှန်ပေ၏၊ ငါသည် ငါ့စကားကို မဖျက်ပါ။ သင့်အတွက်တာ မြည်းမပျိုငယ် ဇနီးသယ်ကို ငါ ရှာဖွေယူဆောင်၍ ပေးပါမည်။ သို့သော်လည်း စားနပ်ရိက္ခာကိုကား သင်တကောင်အတွက်သာလျှင် ငါပေးနိုင်မည် (သင့်ဇနီးသယ် မြည်းမငယ်အတွက်ကိုကား ငါမပေးနိုင်)။ သင့်အတွက်တာ ငါပေးအပ်သော စားနပ်ရိက္ခာသည် သင်၏ ဇနီးသယ်အတွက်ပါ လောက်သည်မူလည်း ဖြစ်စေ၊ မလောက်သည်မူလည်းရှိစေ သင်သည်ပင် စဉ်းစားဆင်ခြင် အသိဉာဏ်ဝင်လေလော့၊ အထူး ငါပြောလိုသည်မှာ.. သင်တို့နှစ်ဦး ပျော်မြူးဆက်ဆံမှုကို အကြောင်းပြု၍ သားသမီးများ မွေးဖွားလာကြပေဦးမည်၊ ထိုများစွာသော သားသမီးတို့နှင့်တကွ သင့်အတွက်တာ ငါပေးအပ်သော စားနပ်ရိက္ခာသည် လောက်ငသည်မူလည်း ဖြစ်စေ၊ မလောက်ငသည်မူလည်း ဖြစ်စေ (ငါ့တာဝန် မဟုတ်ပေ။) သင်သည်ပင် ထိုစားနပ်ရိက္ခာအရေးကို တွေးတောဆင်ခြင် အသိဉာဏ်ဝင်လေလော့ ချစ်သား”–
ဟူ၍ အဆုံးအမ ဩဝါဒစကား ပြောကြားလေ၏။ မြည်းသည် ထိုကပ္ပဋကုန်သည် ဩဝါဒစကား မိန့်ကြား ပြောဆိုစဉ်ပင်
၂၄၁
မြည်းမပျိုအပေါ်မှာ တွယ်တာငဲ့ကွက်ခြင်း ကင်းပြတ်၍ သွားလေတော့၏။
မြတ်စွာဘုရားသည် ဤကပ္ပဋဇာတ် တရားဒေသနာမြတ်ကို ဆောင်တော်မူ၍ “ရဟန်းတို့.. ယခုအခါ ဇနပဒကလျာဏီ သာကီဝင်မင်းသမီးသည် ထိုစဉ်အခါ မြည်းမပျို ဖြစ်ခဲ့လေပြီ။ ယခုအခါ နန္ဒရဟန်းသည် ထိုစဉ်အခါ မြည်းဖိုဖြစ်ခဲ့လေပြီ၊ ယခုအခါ ငါဘုရားသည်ပင် ထိုစဉ်အခါ ကပ္ပဋကုန်သည် ဖြစ်ခဲ့လေပြီ၊ ဤသို့လျှင် ရှေးအခါကလည်း ထိုနန္ဒရဟန်းကို ငါဘုရားသည် မာတုဂါမဖြင့် ဖြားယောင်း၍ လိမ္မာအောင် ဆုံးမအပ်ခဲ့လေပြီ”ဟူ၍ မိန့်ဆိုတော်မူကာ ဇာတ်တော်ကို အပြီးအဆုံး နိဂုံးသတ်တော်မူလေ၏။
ကပ္ပဋဇာတ် ပြီး၏။
**********
အမှာစကားရပ်။ ။မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်အရပ်ဝယ် ဒုတိယဝါ တတိယဝါ စတုတ္ထဝါ ကပ်တော်မူသော အခါနှင့်စပ်၍ “ရှေး ဝါဆိုစဉ်ဝတ္ထုကျမ်း”၌-
(၁) ဓမ္မပဒအဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၄၂၂-၌ လာရှိသော သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထု (=အရှင်သာရိပုတ္တရာ မထေရ်၏ သူငယ်ချင်း ပုဏ္ဏားဝတ္ထု)၊
(၂) ဓမ္မပဒအဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၈၀-၌လာသော စုန္ဒသူကရိကဝတ္ထု (=စုန္ဒမည်သော ဝက်ထိုးသမားဝတ္ထု)၊
(၃) ဓမ္မပဒအဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၃၈၃-၌လာသော မဟာကဿပတ္ထေရဝတ္ထု-
ဤသုံးဝတ္ထုတို့ကို ထုတ်ဖော်ရေးသားပြီးလျှင် “ဤကဲ့သို့ ဒုတိယဝါကစ၍ စတုတ္ထဝါတိုင်အောင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌
၂၄၂
ဗိမ္ဗိသာရမင်းအားပေးသော ပဋိညာဉ်ကို အကြောင်းပြု၍ ဤသို့ အစရှိသော ဒေသနာကို များစွာသော နတ်လူတို့အား ဟောကြားတော်မူ၍ များစွာသော နတ်လူတို့အား မဂ်ဖိုလ်နိဗ္ဗာန်တရားကို ပေးတော်မူ၏”ဟူ၍ ရေးသားပြီးလျှင် ဒုတိယ တတိယ စတုတ္ထ ဝါဆိုစဉ်အခဏ်းကို သိမ်းလေသည်။
ထို “ရှေး ဝါဆိုစဉ်ဝတ္ထုကျမ်း”လာ သုံးဝတ္ထုတို့ကို ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်ကျမ်း၌ ကြည့်ရှုမှတ်သားကြကုန်ရာ၏။
ဤမဟာဗုဒ္ဓဝင်ကျမ်းကို ပဌမစီစဉ်သော ဆရာကြီး ဆရာလင်းကမူ ဤရာဇဂြိုဟ်ပြည်ဝယ် ဝါကပ်သောအခဏ်း၌-
(၁)
(က) ဇောတိကသူဌေးကြီးအကြောင်း၊
(ခ) ဇဋိလသူဌေးကြီးအကြောင်း၊
(ဂ) မေဏ္ဍကသူဌေးကြီးအကြောင်း၊
(ဃ) ကာက၀လိယသူဌေးကြီးအကြောင်း၊
(င) ပုဏ္ဏသူဌေးကြီးအကြောင်း၊ ဤသူဌေးကြီး ငါးဦးအကြောင်းနှင့်-
(၂) သုမနပန်းသည်အကြောင်း၊
(၃) အဂ္ဂိဒတ္တရသေ့စသော ရသေ့တထောင်အကြောင်း၊
(၄) အရှင်ဇမ္ဗုကမထေရ်အကြောင်း-
တို့ကို ရေးသားရန် မာတိကာထားခဲ့ပါသည်။ ထိုတွင် (၁)မှတ်ပါ သူဌေးကြီးငါးဦးတို့အကြောင်းကို သံဃရတနာအခဏ်းသို့ရောက်မှ ရေးသားဖော်ပြပေအံ့၊ ဤ၌ကား (၂) (၃) (၄) အကြောင်းအရာတို့ကိုသာ အစဉ်အတိုင်း (၂၁-ခုမြောက် အခဏ်းအနေဖြင့်) ရေးသားပေအံ့။