မဟာဗုဒ္ဓဝင်
by မင်းကွန်းဆရာတော်
အခန်း- ၂၂
2607မဟာဗုဒ္ဓဝင် — အခန်း- ၂၂မင်းကွန်းဆရာတော်

၂၈၉

အခဏ်း-၂၂

ဝေသာလီပြည် တည်ခြင်းအကြောင်း

     ရှေးလွန်လေပြီးသောအခါ ဗာရာဏသီမင်း၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဝမ်း၌ ပဋိသန္ဓေ တည်နေလေ၏။ မိဖုရားကြီးသည် ထိုအကြောင်းကိုသိ၍ မင်းကြီးအား ကြားလျှောက်လေ၏။ မင်းကြီးသည် သန္ဓေတော် အစောင့်အရှောက်များကို မိဖုရားကြီးအား ပေးသနားလေ၏။ မိဖုရားကြီးသည် မင်းကြီးပေးသော အစောင့်အရှောက်ဖြင့် မပင်မပန်း ချမ်းချမ်းသာသာ သန္ဓေတော်ကို ထိန်းသိမ်း စောင့်ရှောက်ခဲ့၍ သန္ဓေတော် ရင့်ကျက်သောအခါ၌ သားဖွားရာတိုက်ခန်းသို့ ဝင်လေ၏။

ဘုန်းကံကြီးသော အမျိုးသမီး မင်းမိန်းမတို့သည် မိုးသောက်အားကြီး လင်းခါနီး၌ မီးရှူးသန့်စင် သားဖွားမြင်ကြမြဲဓမ္မတာ ဖြစ်လေသည်။

     မိဖုရားကြီးသည်လည်း ဘုန်းကံကြီးသော အမျိုးသမီး မင်းမိန်းမတို့တွင် တယောက်အပါအဝင် ဖြစ်ရကား မိုးသောက်အားကြီး လင်းခါနီးအချိန်၌ ချိပ်ခဲအဆင်း, လယ်ခေါင်ရန်းပန်း အဆင်းကဲ့သို့ ခြင်းခြင်းနီမြန်းသော သားတစ်စိုင်ကို ဖွားမြင်လေ၏။ ထိုအခါ၌ မိဖုရားကြီးသည် “တပါးသော မိဖုရားတို့ကား ရွှေစင်ရုပ်တုနှင့်တူသော သား တို့ကို ဖွားမြင်ကုန်၏။ အဂ္ဂမဟေသီ = မိဖုရားခေါင်ကြီးသည်ကား သားတစ်ကို ဖွားမြင်ဘိ၏”ဟူ၍ မင်းကြီး၏ရှေ့မှောက်၌ ငါ၏ ဂုဏ်ကျေးဇူးမဲ့သည် ဖြစ်လေရာ၏”ဟု ကြံစည်စဉ်းစားမိ၍ ထိုဂုဏ်ကျေးဇူးမဲ့ မကောင်းသတင်း ဖြစ်မည့်အခင်းမှ ကြောက်ရွံ့လှသဖြင့် ထိုသားတစ်စိုင်ကို ဖလားခွက်တခု၌ ထည့်၍ အခြားဖလားတခုဖြင့် ဖုံးအုပ်ပြီးလျှင် မင်းတံဆိပ် ခတ်နှိပ်ကာ ဂင်္ဂါမြစ်ရေအယဉ်၌ ပစ်ချမျောလွှင့်စေလေ၏။

     ထူးခြားချက်ကား လူတို့လက်မှ စွန့်ပစ်လိုက်လျှင်ပင် နတ်တို့သည် အစောင့်အရှောက်ကို စီမံကြလေကုန်၏၊ ထို့ပြင်လည်း



၂၉၀

ရွှေပြား၌ ဟင်းသပြဒါးစစ်ဖြင့် “ဗာရာဏသီမင်းကြီး၏ အဂ္ဂမဟေသီ = မိဖုရားခေါင်ကြီးမှ ဖွားမြင်သောသားတော်များဖြစ်သည်”ဟူ၍ ရေးသားပြီးလျှင် ထိုရွှေပြားကို ဖလားခွက်၌ ဖွဲ့ချည်လိုက်ကြကုန်၏။

     ထိုသို့ နတ်တို့ စီမံ စောင့်ရှောက်ချက်အရ ထိုဖလားခွက်သည် လှိုင်းတံပိုးဘေး- စသည်တို့ဖြင့် အနှိပ်အစက်မခံရပဲ ဂင်္ဂါမြစ်ရေကျော မျောလေ၏။

     ထိုအခါ ရသေ့တဦးသည် နွားကျောင်းသားရွာတခုကို အမှီဂေါစရဂံပြု၍ ဂင်္ဂါမြစ်ကမ်းအနီး၌ နေထိုင်ဆဲရှိလေသည်။ ထိုရသေ့သည် နံနက်စောစော ဂင်္ဂါမြစ်သို့ သက်ဆင်းလတ်သော် ဖလားခွက် မျောလာသည်ကို တွေ့မြင်ရ၍ ပံသုကူအမှတ်ဖြင့် ဆယ်ယူလေ၏။ ထို့နောင်မှ ထိုဖလားခွက်၌ ဖွဲ့ချည်လိုက်သော ရွှေပြား (ရွှေပေလွှာ)နှင့် မင်းတံဆိပ်ကို မြင်၍ အဖုံးကို ဖွင့်လှပ်လိုက်သော် ထိုသားတစ်ကို တွေ့မြင်ရလေ၏။ ထိုသို့ တွေ့မြင်ရလျှင်ပင် ရှင်ရသေ့၏ စိတ်သန္တာန်၌ “ဤသားတစ်စိုင်ကား ကိုယ်ဝန်သား ဖြစ်ပေလိမ့်မည်၊ ထိုသို့ ကိုယ်ဝန်သားဖြစ်သောကြောင့်သာ ဤသားတစ်စိုင်အား ရနံ့မကောင်းခြင်း, ပုပ်ခြင်း အလျှင်းမရှိ”ဟူ၍ ဆင်ခြင်စဉ်းစားပြီးလျှင် ထိုသားတစ်စိုင်ကို သင်္ခမ်းကျောင်းသို့ ယူဆောင်ပြီးလျှင် စင်ကြယ်သောအရပ်၌ ထားရှိလေ၏။

     ထို့နောက် လဝက် (=၁၅-ရက်) လွန်သောအခါ မူလ သားတစ်စိုင် တခုတည်းမှ အံ့ဩဖွယ်ရာ သားတစ်စိုင်နှစ်ခုတို့ ဖြစ်၍လာကုန်၏။ ရှင်ရသေ့သည် ထိုအံ့ဖွယ်ကို မြင်ရ၍ ရှေးကထက် ကောင်းမွန်စွာ ထားရှိလေ၏။ ထို့နောက် တဖန် လဝက် (=၁၅-ရက်) လွန်ပြန်သောအခါ သားတစ်စိုင် တခုတခုမှ လက်နှစ်ဖက် ခြေနှစ်ဖက် ဦးခေါင်းတို့ ဖြစ်ပေါ်ရန် အဖုလေး ငါးခုစီ (= ခက်မငါးဖြာ)တို့ အံ့ဩဖွယ်ရာ ဖြစ်ပေါ်လာကြပြန်လေသည်။ ရှင်ရသေ့သည် ထိုအံ့ဖွယ်ကို မြင်ရပြန်၍ တဖန် ရှေးကထက် ကောင်းမွန်စွာ ထားရှိလေ၏။ ထို့နောက် လဝက် (=၁၅-ရက်) လွန်မြောက်သောအခါ တခုသော သားတစ်စိုင်သည် ရွှေစင်ရုပ်တုနှင့်တူသော



၂၉၁

သူငယ်ကလေးဖြစ်၍ လာလေ၏။ အခြား သားတစ်စိုင်တခုသည် ရွှေစင်ရုပ်တုနှင့်တူသော သူငယ်မကလေးဖြစ်၍ လာလေ၏။

     ထိုသတို့သားငယ် သတို့သမီးငယ်တို့အပေါ်၌ ရှင်ရသေ့၏ သားသမီးဟူသော ချစ်ခြင်းသည် ပြင်းထန်စွာ ဖြစ်၍လာလေ၏။ သို့ရကား ရှင်ရသေ့၏ လက်မနှစ်ဖက်တို့မှ နို့ရည်များ ဖြစ်ပွါးလာလေသည်။ ထိုအခါမှ အစပြု၍ (သူငယ် သူငယ်မတို့၏ ဘုန်းကံနှိုးပင့်ချက်အရ) နွားနို့နှင့်ရောသော ဆွမ်းကိုလည်း ဆွမ်းခံရွာ (=နွားကျောင်းသားရွာ)မှ ရရှိလေ၏။ ရှင်ရသေ့သည် ဆွမ်းကို ကိုယ်တိုင်စားပြီးလျှင် နို့ရည်ကိုကား သူငယ်တို့၏ခံတွင်း၌ သွန်းလောင်း ထည့်ပေးလေ၏။ ထိုသူငယ် သူငယ်မတို့၏ ဝမ်းတွင်းသို့ ဝင်ဝင်သမျှသော အရာဝတ္ထုကို ဖလ်ပေါင်းချောင်အတွင်းသို့ဝင်သော အရာဝတ္ထုကဲ့သို့ အပြင်မှ မြင်ရလေသည်။ ထိုသို့ နူးညံ့ပါးလျသော အရေရှိမှုကို အစွဲပြု၍ ထိုသူငယ် သူငယ်မတို့သည် လိစ္ဆဝီဟူသော အမည်ကို ရရှိကြလေကုန်သည်။

(နိ=ပါးလျနူးညံ့သော + ဆဝိ=အရေရှိသောသူများ = နိစ္ဆဝိ = ပါးလျနူးညံ့သော အရေရှိသောသူများဟု ဆိုလိုလျက် (န) အက္ခရာမှ (လ) အက္ခရာသို့ ပြောင်းလွဲကာ လိစ္ဆဝီဟူ၍ ခေါ်ဆိုလေသည်။ ။ဤကား လိစ္ဆဝိမည်ခြင်း အကြောင်းရင်းတည်း)။

     ရှင်ရသေ့သည် ကလေးများကို မွေးကျွေး သုတ်သင်ပေးနေရသဖြင့် အလွန်နေမြင့်မှ ရွာတွင်းသို့ ဆွမ်းခံဝင်ရလေသည်။ အလွန်ကြီးနေမြင့်မှ ဆွမ်းခံရွာမှ အရေးတကြီး ပြန်လည်ဖဲခွါရလေသည်။ ရှင်ရသေ့၏ ထိုကြောင့်ကြဗျာပါရကို သိရှိကြ၍ နွားကျောင်းသားတို့သည် “အရှင်ဘုရား.. သူငယ်ကလေးကို မွေးမြူနေရခြင်းသည် ရသေ့ရဟန်းတို့အဖို့ရာ ရဟန်းတရား အားမထုတ်နိုင်အောင် နှောက်ယှက်တားမြစ်မှု = ပလိဗောဓကြီးတခုပင် ဖြစ်ချေသည်။ ထို့ကြောင့် ကလေးများကို တပည့်တော်တို့အား ပေးကြပါကုန်။ တပည့်တော်တို့သည်ပင် ထိုကလေးများကို ကျွေးမွေး



၂၉၂

သုတ်သင်ကြပါမည်၊ အရှင်ဘုရားတို့သည် မိမိ၏ ရဟန်းအလုပ်ကိုသာ အားထုတ် ပြုကျင့်တော်မူကြပါကုန်”ဟူ၍ လျှောက်ထားကြလေသော် ရှင်ရသေ့သည် “ကောင်းပြီ ဒါယကာတို့..”ဟူ၍ သဘောတူ ဝန်ခံစကား မိန့်ကြားလေ၏။

     နွားကျောင်းသားတို့သည် ဒုတိယနေ့ (=နောက်တနေ့)၌ လမ်းခရီးကို ညီညွတ်စွာ သုတ်သင်ပြီးလျှင် ပန်းများဖြင့် ကြဲဖြန့်၍ တံခွန်ကုက္ကားများကို စိုက်ထူကြပြီးနောက် တူရိယာမျိုးစုံတို့ကို တီးမှုတ်ကြကုန်လျက် ရှင်ရသေ့၏ သင်္ခမ်းကျောင်းသို့ လာရောက် စုဝေးကြလေကုန်၏။ ရှင်ရသေ့သည် “ဒါယကာတို့.. ကလေးများသည် ဘုန်းကံကြီးမားသောသူများ ဖြစ်ကြလေသည်၊ မမေ့မလျော့ မပေါ့မတန် အရွယ်ရောက်အောင် မွေးမြူကြကုန်လော့၊ မွေးမြူကြပြီးလျှင် အရွယ်သို့ရောက်က အချင်းချင်း လက်ထပ်ထိမ်းမြားမှုကို ပြုကြကုန်လော့၊ နို့ရည်, နို့ဓမ်း = နွားနို့ခဲ, ထောပတ်, ရက်တက်, ဆီဦး တည်းဟူသော ဂေါရသငါးမျိုးဖြင့် ဗာရာဏသီမင်းကို နှစ်သိမ့်စေကြပြီးလျှင် မြို့တည်ရန် မြေအဖို့ကို မင်းကြီးထံမှ တောင်းခံရယူကြ၍ မြို့သစ် တည်ကြကုန်လော့၊ ထိုမြို့သစ်၌ သတို့သားကို ရာဇအဘိသိက် သွန်းလောင်းကာ မင်းမြှောက်ကြကုန်လော့”ဟူ၍ စကားအပြည့်အစုံ မှာကြားပြောဆိုပြီးလျှင် ထိုကလေးနှစ်ယောက်တို့ကို နွားကျောင်းသားတို့အား ပေးအပ်လိုက်လေ၏။ နွားကျောင်းသားတို့သည် “ကောင်းပါပြီ ရှင်ရသေ့..”ဟူ၍ ဝန်ခံစကား ပြောကြားကြပြီးလျှင် ကလေးနှစ်ယောက်တို့ကို နွားကျောင်းသားရွာသို့ ယူဆောင်ခဲ့ကြ၍ ရှင်ရသေ့မှာလိုက်သည့်အတိုင်း မွေးမြူကြလေကုန်၏။

     ကလေးနှစ်ယောက်သည် ကြီးပြင်းခြင်းသို့ ရောက်ကြကုန်လတ်သော် အခြားကလေးများနှင့် အတူတကွ ကစားကြသည်တွင် ငြင်းခုံမှုဖြစ်ရာဌာနတို့၌ အခြား နွားကျောင်းသား ကလေးသူငယ်များကို လက်ခြေတို့ဖြင့် ပုတ်ခတ် ကန်ကျောက်ကြကုန်၏။ ထိုအခြား နွားကျောင်းသား ကလေးသူငယ်များတို့ ငိုကြွေးကြသောအခါ အမိအဖတို့က “အဘယ့်ကြောင့် သင်တို့ ငိုကြွေးကြသနည်း”ဟု



၂၉၃

မေးမြန်းအပ်ကုန်သည်ရှိသော် “မိဖမဲ့ဖြစ်ကြသော ရသေ့မွေးသည့် ဤကလေးနှစ်ယောက်တို့သည် ငါတို့ကို အလွန်လျှင် လက်ခြေတို့ဖြင့် ပုတ်ခတ် ကန်ကျောက်ကြကုန်၏”ဟူ၍ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရသေ့မွေးသည့် ကလေးနှစ်ယောက်တို့ကို ကျွေးမွေး သုတ်သင်ကြသည့် မိခင်ဖခင်တို့ကသော်မှလည်း “ဤကလေးနှစ်ယောက်တို့သည် အခြားကလေးများကို ညှဉ်းပန်း နှိပ်စက်ကြကုန်၏၊ ဒုက္ခပေးကြကုန်၏၊ ဤမောင်နှမနှစ်ယောက်ကို မချီးမြှောက်သင့်ကုန်၊ ဤမောင်နှမ နှစ်ယောက်တို့ကို ရှောင်ကြဉ်သင့်ကုန်၏”ဟူ၍ ရေရွတ်စကား အပြစ်တင်စကား ပြောကြားကြကုန်၏။ ထိုအချိန်မှ အစပြု၍ အတိုင်းအရှည်အားဖြင့် ယူဇနာ သုံးရာမျှရှိသော ထိုအရပ်ကို “ဝဇ္ဇီ”အရပ်ဟူ၍ ခေါ်စမှတ် ပြုကြလေကုန်၏။

(အခြားကလေးများ၏ မိဖများနှင့်တကွ ထိုရသေ့မွေးသည့် ကလေးနှစ်ယောက်တို့ကို ကျွေးမွေးသုတ်သင် ပြုစုကြသည့် (=ပေါသာဝနိက) မိဖတို့က “ဝဇ္ဇေတဗ္ဗာ ဣမေ = ဤမောင်နှမ နှစ်ယောက်တို့ကို ရှောင်ကြဉ် သင့်ကုန်၏”ဟူ၍ ရေရွတ်ပြောဆိုကြသော စကားကို အစွဲပြု၍ ထိုအရပ်ကား “ဝဇ္ဇီ”တိုင်းဟု တွင်လေသည်။ အကျယ်အဝန်းအားဖြင့် ယူဇနာ သုံးရာမျှ ကျယ်ဝန်းသည်ဟု ဆိုလိုသည်)။

     ထို့နောက် ထိုမြေအရပ်ကို နွားကျောင်းသားတို့သည် ရှင်ရသေ့ မှာတမ်းလိုက်သည့်အတိုင်း မင်းကြီးကို ဂေါရသငါးပါးဖြင့် နှစ်သိမ့်စေကြပြီးလျှင် တောင်းယူကြပြီးနောက် ထိုအရပ်၌ မြို့သစ်တည်ပြီးလျှင် တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်ပြီဖြစ်သော သတို့သားကို အဘိသိက်ရေချမ်း သွန်းဖျန်းကြ၍ မင်းမြှောက်ကြလေကုန်၏။ မင်းမြှောက်ကြပြီးနောက် ထိုသတို့သမီးနှင့်ပင် ထိမ်းမြားမင်္ဂလာမှု ပြုကြပြီးလျှင် “အပြင်အပ တိုင်းတပါးမှ သတို့သမီးများကို မိဖုရားမြှောက်ရန် မယူဆောင်အပ်ကုန်၊ ဤငါတို့ပြည်မှ သတို့သမီးကိုလည်း တိုင်းတပါးသား မည်သူအားမျှ မပေးအပ် = မပေးစတမ်း”ဟူ၍ ကတိကဝတ် ထားခြင်းအမှု ပြုကြလေကုန်၏။



၂၉၄

     ထိုသို့ အဘိသိက်သွန်းဖျန်း ထိမ်းမြားလက်ထပ် မင်းအဖြစ်သို့ တင်မြှောက်အပ်သော မင်းမိဖုရားတို့၏ ဆက်ဆံပေါင်းသင်း ချစ်တင်းနှီးနှောခြင်းဖြင့် သမီးတော်တပါး သားတော်တပါး ပဌမအကြိမ် ထွန်းကားခဲ့လေသည်။ ဤနည်းနှင်နှင် တဆယ့်ခြောက်ကြိမ်တိုင်တိုင် သားတော် သမီးတော် အစုံအစုံ ထွန်းကားခဲ့ လေသည်။ ထိုသားသမီးတို့ အရွယ်ရောက်ကြသောအခါ၌လည်း မိဖတို့နည်းတူ လက်ထပ်ထိမ်းမြားကြပြန်လျှင် ရှေးနည်းအတူပင် သမီးတော် သားတော် အစုံအစုံ တဆယ့်ခြောက်ကြိမ်စီ ဖွားမြင်ကြသဖြင့် မင်းသမီးမင်းသားတို့ လွန်စွာ တိုးပွါး စည်ကား ဖြစ်ထွန်းကြလေကုန်၏။

     ထို့နောက် အစဉ်သဖြင့် ကြီးပွါးတိုးတက် စည်ကား၍လာကြသော ထိုမင်းသမီး မင်းသားတို့အတွက် အရာမ်ဥယျာဉ် နေထိုင်ရန် နန်းအိမ် စည်းစိမ်အခြံအရံ မြေနေရာအရပ်ကို မြို့တွင်း၌ ယူရန် မလောက်နိုင်ရကား မူလမြို့တော်ရင်းကို ဗဟိုပြု၍ မူလမြို့တော်၏ အရပ်လေးမျက်နှာဝယ် တဂါဝုတ်စီ လှည့်ပတ်၍ မြို့ရိုး တထပ် တိုးချဲ့ကာ တည်ရပြန်လေ၏။

     ထို့နောက် တဖန် မြင့်ရှည်ပြန်လျှင် ရှေးနည်းတူပင် သားသမီး အခြံအရံ အဆောင်အယောင် အခမ်းအနား မြို့မဆန့်အောင်ပင် တိုးပွါးစည်ပင်ပြန်သဖြင့် ဒုတိယအကြိမ် အရပ်လေးမျက်နှာဝယ် တဂါဝုတ်စီ လှည့်ပတ်၍ မြို့ရိုးတထပ် တိုးချဲ့ကာ တည်ရပြန်လေ၏။

     ထို့နောက် တဖန် မြင့်ရှည်ပြန်လျှင် ရှေးနည်းအတူပင် တိုးပွါးစည်ပင်ပြန်သဖြင့် တတိယအကြိမ် အရပ်လေးမျက်နှာဝယ် တဂါဝုတ်စီ လှည့်ပတ်၍ မြို့ရိုးတထပ် တိုးချဲ့ကာ တည်ရပြန်လေ၏။

     ဤသို့လျှင် သားသမီး အခြံအရံ အဆောင်အယောင် အခမ်းအနား မြို့မဆန့်အောင်ပင် တိုးပွါးစည်ပင်သဖြင့် သုံးကြိမ်တိုင်တိုင် မူလမြို့တော်၏ အရပ်လေးမျက်နှာဝယ် တဂါဝုတ်ခြား တဂါဝုတ်ခြား လှည့်ပတ်၍ မြို့ရိုးအထပ်ထပ် တိုးပွါးစေခြင်းဖြင့် တစထက်တစ ကျယ်ပြန့်သည်ဖြစ်ရကား ထိုမြို့၏အမည်မှာ “ဝေသာလီ”ပြည်ဟူ၍ ဇမ္ဗူဒိပ်အပြင်ဝယ် ထင်ရှားလေတော့သတည်း။



၂၉၅

     ဤကား လိစ္ဆဝီမင်းများဟု မည်ခြင်းအကြောင်း, ဝဇ္ဇီတိုင်းဟု မည်ခြင်းအကြောင်း, ဝေသာလီပြည် မည်ခြင်းအကြောင်းတို့ကို ဖော်ပြချက်တည်း။ (ခုဒ္ဒကပါဌ အဋ္ဌကထာ မျက်နှာ-၁၃၃ (နှင့်) သာရတ္ထဒီပနီဋီကာ၊ ဒုတိယအုပ် မျက်နှာ ၁၆၉-မှ)

ဝေသာလီပြည် တည်ခြင်းအကြောင်း ပြီး၏။

**********

ဝေသာလီပြည်၌ ဘေးကြီးသုံးပါး ဖြစ်ပွါးသည်ကို မြတ်စွာဘုရားရှင် ရတနသုတ်တရားတော်ဖြင့် ငြိမ်းအေးစေတော်မူခြင်း

     ဤဖော်ပြရာပါ ဝေသာလီပြည်သည်လည်း ရာဇဂြိုဟ်ပြည်, သာဝတ္ထိပြည်တို့ နည်းတူပင် မြတ်စွာဘုရားသခင် ပွင့်ထွန်း ဖြစ်ပေါ်တော်မူသောအခါ၌ လွန်စွာ ပြည့်စုံစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရှိလေသည်။ မှန်၏- ထိုဝေသာလီပြည်၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူသော အခါဝယ် ဘုရင်ထီးဆောင်း မင်းအပေါင်းတို့သည်ပင် (၇၇၀၇) ခုနစ်ထောင် ခုနစ်ရာ ခုနစ်ယောက် ရှိကြလေသည်။ ထို့အတူ အိမ်ရှေ့မင်းသားပေါင်း, စစ်သေနာပတိပေါင်း, ဘဏ္ဍာစိုး အစရှိသော အရာရှိမင်း အပေါင်းတို့သည်လည်း (၇၇၀၇) ခုနစ်ထောင် ခုနစ်ရာ ခုနစ်ဦးစီပင် ရှိကြသဖြင့် ထိုမင်းတို့ နေထိုင်သုံးစွဲရာ ပြာသာဒ်ရှည်ပေါင်း ခုနစ်ထောင် ခုနစ်ရာ ခုနစ်, ထိုမျှလောက်သော တရားလွှတ်ရုံး, ထိုမျှလောက်သော စုလစ်မွန်ချွန် အထွတ်တင်သည့် ခန်းမဆောင်များ, ထိုမျှလောက်သော အရာမ်ဥယျာဉ် ရေကန်များလည်း ထင်ရှားရှိကုန်၏။ လူနေစည်ကား အစာအာဟာရလည်း ပေါများဝပြောလှပေ၏။

     ထိုဝေသာလီပြည်သည် နောက်တချိန်၌ အပရိဟာနိယတရား ပျက်ပြားသဖြင့် မိုးရေဆွံ့ရှား ကောက်ပဲစပါးတို့လည်း သီးနှံမထွက် ရိုးတံချက်မျှသာဖြစ်လျက် အစာအာဟာရ ငတ်မွတ်ခေါင်းပါးခြင်း ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ရောက်လေ၏။

(ဤကား ပဌမဘေးတည်း။)



၂၉၆

     ယင်းသို့ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်လာသောအခါ ဆင်းရဲနွမ်းပါးသောသူတို့ ရှေးဦးစွာ အသေအပျောက် များကြလေသည်။ ထိုသူသေကောင်တို့ကို မြို့၏ပြင်ပ၌ ဖြစ်ကတတ်ဆန်း စွန့်ပစ်ကြရကုန်၏။ ထိုသူသေကောင်တို့၏ စက်ဆုပ်ဖွယ်သော အနံ့ကြောင့် ဘီလူးတို့သည် မြို့တွင်းသို့ ဝင်ရောက်ကြကာ လူတို့ကို ပူးဝင်နှိပ်စက်မှု ပြုကြပြန်လေသည်။

(ဤကား ဒုတိယဘေးတည်း။)

     ယင်း ဒုဗ္ဘိက္ခဘေး, ဘီလူးဘေး ရောထွေး ဆိုက်ရောက်လာသောအခါ ရှေးကထက်တိုး၍ လူများ သေကြေပျက်စီးကြပြန်ကုန်၏။ ထိုဘေးနှစ်ပါးကြောင့် လူအများ တိုး၍ သေကြေပျက်စီးသောအခါ “မြွေပူရာ ကင်းမှောင့်သည်” ဟူသကဲ့သို့ နှလုံးထိတ်လန့် စိတ်မသန့်ကြရကား အဟိဝါတရောဂါခေါ်သော ကူးနာ (=ယဉ်းနာ) ရောဂါဆိုက်ရောက်၍ သတ္တဝါတို့ ရှေးကထက်တိုး၍ သေကြေပျက်စီးကြကုန်၏။

(ဤကား တတိယဘေးတည်း။)

     ဤသို့လျှင် ဝေသာလီပြည်အရပ်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး, ဘီလူးဖမ်းစား နှိပ်စက်ခြင်းဘေး, အဟိဝါတရောဂါဘေး တည်းဟူသော ဘေးဆိုးကြီးသုံးပါးတို့ဖြင့် ဖိစီး နှိပ်စက်အပ်ကုန်သည်ဖြစ်ရကား ဝေသာလီပြည်သူပြည်သား လူအများတို့သည် ဘုရင်မင်းမြတ် ထံတော်မှောက်သို့ သွားရောက် ချဉ်းကပ်ကြကုန်၍ မင်းကြီးကို-

“မြတ်သောမင်းကြီး.. ဤဝေသာလီပြည်အရပ်၌ ဘေးကြီးသုံးပါး ဖြစ်ပွါး၍နေပါသည်။ ဤအခါမှ ရှေးအထက် မင်းခုနစ်ဆက်တိုင်အောင် ဤသို့သဘောရှိသော ဘေးဆိုးကြီးများ မဖြစ်ပွါးခဲ့စဘူးပါ၊ ယခုအခါ၌ အရှင်မင်းမြတ်တို့ တရား မစောင့်ရှောက်ခြင်းကြောင့် ထိုဘေးကြီးသုံးပါး ဖြစ်ပွါးလာသည်ဟု အောက်မေ့ကြပါကုန်သည်ဘုရား”-



၂၉၇

ဟူ၍ လျှောက်ထားကြလေကုန်၏။ မင်းကြီးသည် အလုံးစုံသော လူအပေါင်းတို့ကို တရားလွှတ်ရုံး၌ စုရုံးစည်းဝေးစေပြီးလျှင် “အို လူအပေါင်းတို့.. ငါ၏ တရားမစောင့်သောအချက်ကို စိစစ်ကြကုန်လော့”ဟူ၍ ပြောဆိုလေသော် လူများအပေါင်းသည် ပြည့်ရှင်မင်းကြီး၏ အလုံးစုံသော နေ့စဉ်လုပ်ငန်းရပ် အစဉ်အဆက်ကို စိစစ်ကြသည်တွင် အနည်းငယ် စိုးစဉ်းမျှပင် မင်းကြီး၏အပြစ်ကို မတွေ့မမြင်ကြရကုန်။ ထို့နောင် မင်းကြီး၏အပြစ်ကို မတွေ့ရ၍ “ငါတို့၏ပြည်ဝယ် ယခု ဖြစ်ပွါးဆိုက်ရောက်နေသော ဘေးကြီးသုံးပါးသည် အဘယ်နည်းဖြင့် ငြိမ်းအေးပါမည်နည်း”ဟူ၍ ကြံစည် တိုင်ပင်ကြကုန်၏။

     ထိုလူများအပေါင်းတွင် အချို့သော (တိတ္ထိတပည့်) လူများက “တိတ္ထိဆရာကြီး ခြောက်ဦးတို့ ငါတို့ဝေသာလီပြည်သို့ သက်ဝင်မိလျှင်ပင် ဘေးကြီးသုံးပါး ငြိမ်းအေးပေလိမ့်မည်”ဟူ၍ ညွှန်ကြား ပြောဆိုကြလေကုန်၏။ အချို့သော (ရတနာသုံးပါးကို ကြည်ညိုကြသူ) လူအများကမူ-

“အို အချင်းတို့.. လောက၌ မြတ်စွာဘုရားသခင် ပွင့်ထွန်းတော်မူပြီတဲ့၊ ထိုမြတ်စွာဘုရားသည် ခပ်သိမ်းသော သတ္တဝါတို့ အစီးအပွါး ဖြစ်စိမ့်သောငှါ တရားဟောတော်မူသတဲ့၊ တန်ခိုးအာနုဘော် ကြီးမြတ်တော်မူလှသတဲ့။ ထိုမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ငါတို့နေရာ ဝေသာလီပြည်သို့ ကြွရောက် သက်ဝင်တော်မူမိလျှင်ပင် ဘေးခပ်သိမ်းတို့ ငြိမ်းအေးကုန်လေရာ၏”-

ဟူ၍ ပြောဆိုကြလေကုန်၏။ ထိုသို့ တင်ပြပြောဆိုချက်ဖြင့် လူများအပေါင်းသည် နှစ်ထောင်းအားရ သဘောတူညီကြကာ “ယခုအခါ ထိုမြတ်စွာဘုရား ကိုယ်တော်မြတ်သည် အဘယ်အရပ်၌ သီတင်းသုံး နေတော်မူသနည်း၊ ငါတို့က ပင့်လျှောက်စေကာမူ မကြွရောက်ပဲများ ရှိတော်မူမည်လား”ဟူ၍ ယုံမှားသံသယရှိသောစကား တချို့က ပြောကြားကြလေသော် အမြော်အမြင် ပညာရှိသူ အချို့လူများက-



၂၉၈

“မြတ်စွာဘုရားရှင်တို့မည်သည် သတ္တလောကကို သနားစောင့်ရှောက်တော်မူကြကုန်၏။ အဘယ့်ကြောင့် မကြွရောက်ပဲ ရှိပါကုန်အံ့နည်း၊ အထူးကား (=အထူး စဉ်းစားရန်က-တော့) ထိုမြတ်စွာဘုရားရှင်သည် ယခုအခါ ရာဇဂြိုဟ်ပြည်၌ သီတင်းသုံး နေတော်မူဆဲ ရှိပေသည်။ ထိုမြတ်စွာဘုရားကို ဗိမ္ဗိသာရ (သောတာပန် ကျောင်းဒါယကာ) မင်းကြီးသည် ပစ္စည်းလေးပါးတို့ဖြင့် လိုလေသေးမရှိရအောင် ပြုစုနေဆဲဖြစ်ပေသည်၊ ထိုဗိမ္ဗိသာရမင်းကြီးကသာ မြတ်စွာဘုရားရှင် ကြွလာရန်အခွင့်ကို မပေးသော်မူ မပေးပဲ ရှိလေရာ၏”-

ဟူ၍ ရှင်းလင်းတင်ပြ ပြောဆိုကြလေကုန်၏။ ထိုတင်ပြပြောဆိုချက်ကို အားလုံး သဘောတူညီကြကာ “ထိုသို့ဖြစ်လျှင် ငါတို့သည် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရ မင်းတရားကို အကြောင်းအကျိုး ခွင့်ပြုနိုင်လောက်အောင် ပြောဆိုပန်ကြား သိစေပြီးလျှင် မြတ်စွာဘုရားရှင်ကို ငါတို့နေရာ ဝေသာလီပြည်သို့ ပင့်ဆောင်ကြကုန်အံ့”ဟု တညီတညွတ်တည်း စည်းဝေးတိုင်ပင် ဆုံးဖြတ်ကြပြီးလျှင် “ဗိမ္ဗိသာရမင်းတရားကို ခွင့်ပြုနိုင်လောက်အောင် ပြောဆိုပန်ကြား အကြောင်းအကျိုးကို သိစေပြီးလျှင် မြတ်စွာဘုရားရှင်ကို ပင့်ဆောင်ခဲ့ကြကုန်လော့”ဟူ၍ အမှာစကား ပြောကြားကြ၍ လိစ္ဆဝီမင်းနှစ်ဦးတို့ကို များစွာသော စစ်သည်ဗိုလ်ပါနှင့်တကွ များစွာသော လက်ဆောင်ပဏ္ဏာများကို အပ်နှင်းပေးလိုက်၍ ဗိမ္ဗိသာရမင်းတရားထံသို့ စေလွှတ်လိုက်လေကုန်၏။

     ထိုလိစ္ဆဝီမင်း နှစ်ဦးတို့သည် ရာဇဂြိုဟ်ပြည်သို့ သွားရောက်ကြ၍ ဗိမ္ဗိသာရမင်းတရား လက်ဆောင်ပဏ္ဏာများကို ပေးအပ် ဆက်သကြပြီးလျှင် ထိုအကြောင်းဖြစ်ရပ် အလုံးစုံကို ဗိမ္ဗိသာရမင်းကြီးအား ပြောကြားသိစေကြပြီးနောက် “မြတ်သောမင်းကြီး.. မြတ်စွာဘုရားရှင်ကို အကျွန်ုပ်တို့၏နေရာ ဝေသာလီပြည်သို့ ပင့်ဆောင်ပေးစေချင်ပါသည်”ဟူ၍ ပြောဆိုကြလေသော် ဗိမ္ဗိသာရမင်းကြီးသည် ထိုမင်းနှစ်ဦးတို့ ပြောဆိုချက်ကို



၂၉၉

လက်မခံ (တာဝန်မယူ)ပဲ “အမောင်တို့သည်ပင် မြတ်စွာဘုရားရှင် ကြွလို မကြွလိုသည်ကို သိအောင် စုံစမ်းကြစေချင်ပါသည်”ဟု ပြောဆိုလေ၏။

     ထိုလိစ္ဆဝီမင်း နှစ်ဦးတို့သည် မြတ်စွာဘုရားရှင်ထံမှောက် သွားရောက်ဝပ်လျှိုး ရှိခိုးကြပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်တို့၏နေရာ ဝေသာလီပြည်အရပ်၌ ဘေးကြီးသုံးမျိုးတို့ လွှမ်းမိုးဖြစ်ပွါး ရှိနေကြပါကုန်သည်၊ အကယ်၍ မြတ်စွာဘုရား သနားသဖြင့် ကြွလာတော်မူပါလျှင် အကျွန်ုပ်တို့၏ ဝေသာလီ ပြည်သူပြည်သား လူများအဖို့ရာ ချမ်းသာသုခ ဖြစ်ပွါးပါလိမ့်မည်”ဟူ၍ လျှောက်ထားကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည် ဆင်ခြင် စဉ်းစားတော်မူလတ်သော် “ဝေသာလီပြည်၌ ငါဘုရား ရတနသုတ်ကို ဟောကြားအပ်သည်ရှိသော် ထိုအစောင့်အရှောက် အရံအတားသည် စကြဝဠာတိုက်ပေါင်း ကုဋေတသိန်းတိုင်အောင် ပြန့်နှံ့ပေလိမ့်မည်၊ ရတနသုတ်တရား ဟောကြား ပြီးဆုံးသောအခါ၌ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်းသည် ဖြစ်ပေလိမ့်မည်”ဟု ပိုင်းခြား သိမြင်တော်မူရကား ထိုလိစ္ဆဝီမင်းနှစ်ဦးတို့ လျှောက်ထားပင့်ဖိတ်ချက်ကို လက်ခံ သာယာတော်မူလိုက်လေ၏။

ဗိမ္ဗိသာရမင်းတရား အခမ်းအနားစီမံခြင်း

     ထိုအခါ ဗိမ္ဗိသာရမင်းတရားသည် မြတ်စွာဘုရားရှင် ဝေသာလီပြည်သို့ ပင့်လျှောက်ချက်ကို လက်ခံတော်မူကြောင်း သတင်းစကားကို ကြားသိလေလျှင် “အို လူအပေါင်းတို့.. မြတ်စွာဘုရားရှင်သည် ဝေသာလီပြည်သို့ ကြွရောက်ရန် လက်ခံတော်မူအပ်ပြီ”ဟု မြို့တော်အတွင်း၌ ကြွေးကြော်စည်လည်မှု ပြုစေတော်မူပြီးနောက် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဆည်းကပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဝေသာလီပြည်သို့ ကြွရောက်တော်မူရန် လက်ခံတော်မူလိုက်ပါသလော”ဟု



၃၀၀

မေးလျှောက်လေ၏။ “အိမ်း.. လက်ခံလိုက်သည် မြတ်သောမင်းကြီး..”ဟူ၍ မြတ်စွာဘုရားက ပြန်ကြား မိန့်ဆိုတော်မူလေသော် ဗိမ္ဗိသာရမင်းတရားသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုသို့ဖြစ်လျှင် ကြွတော်မူရန် လမ်းခရီးကို စီမံပြုပြင်၍ မပြီးမီ စောင့်ဆိုင်း ငံ့လင့်တော်မူပါဦးဘုရား”ဟူ၍ လျှောက်ထားလေ၏။

     ထိုအခါ ဗိမ္ဗိသာရ မင်းတရားသည် ရာဇဂြိုဟ်ပြည်နှင့် ဂင်္ဂါမြစ်၏အကြား ငါးယူဇနာ အလျားရှိသော မြေအရပ်ကို ညီညွတ်အောင် ပြုပြီးလျှင် တယူဇနာ တယူဇနာ၌ စံကျောင်းတော် တဆောင် တဆောင် ဆောက်လုပ်စေပြီးမှ မြတ်စွာဘုရားအား ကြွရောက်တော်မူရန် အခါကြား လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်သည် ရဟန်းငါးရာ ခြံရံအပ်လျက် ခရီးထွက်ကြွတော်မူလေ၏။

     ဗိမ္ဗိသာရမင်းတရားသည် ငါးယူဇနာရှည်သော လမ်းခရီးကို အဆင်းငါးမျိုးရှိသော ပန်းတို့ဖြင့် ပုဆစ်ဒူးမြုပ်မျှ ကြဲဖြန့်စေ၍ တံခွန်, ကုက္ကား, ရေပြည့်အိုး, ငှက်ပျောပင်ရှင် စသည်တို့ကို စိုက်ထောင် တည်ထားစေလျက် မြတ်စွာဘုရားရှင်အတွက် ထီးဖြူတော် (ဝဲ-ယာ) နှစ်လက်တို့ကို၎င်း, ရဟန်းတော် တပါးတပါးအတွက် ထီးဖြူတော် တလက်စီ တလက်စီကို၎င်း ဆောင်းမိုးစေ၍ မိမိ၏ ဗိုလ်ပါပရိသတ် အခြံအရံနှင့်တကွ ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်မှုကိုပြုလျက် စံကျောင်းတော် တဆောင် တဆောင်၌ မြတ်စွာဘုရားရှင်ကို ခရီးပန်းဖြေ နားနေတော်မူစေ၍ အလှူကြီးများကို ပေးလှူ၍ ငါးရက်ခရီးဖြင့် သက်သက်သာသာ ဂင်္ဂါမြစ်ကမ်းသို့ ရောက်အောင် ပင့်ဆောင်လေ၏။

     ဂင်္ဂါမြစ်ကမ်း၌ အလုံးစုံသော အဆင်တန်ဆာတို့ဖြင့် မင်္ဂလာလှေဖောင်တော်ကို တန်းဆာဆင်နေစဉ်ပင် ဝေသာလီမင်းများထံသို့ “မြတ်စွာဘုရားရှင် ကြွလာတော်မူပါပြီ၊ လမ်းခရီးကို ပြုပြင် တန်းဆာဆင်ကြပြီးလျှင် လိစ္ဆဝီမင်းအားလုံးတို့ပင် မြတ်စွာဘုရားရှင်အား ကြိုဆိုမှု ပြုလုပ်ကြစေချင်သည်”ဟူ၍ သတင်းစကား



၃၀၁

သဝဏ်လွှာ ပါးလိုက်လေ၏။ လိစ္ဆဝီမင်းတို့သည် ထိုသတင်းကို ကြားသိရ၍ “ငါတို့သည် ဗိမ္ဗိသာရမင်းတရားထက် နှစ်ဆတိုး ပူဇော်မှုကို ပြုကုန်အံ့”ဟု တိုင်ပင်ညီညွတ်ကြကာ ဝေသာလီပြည်နှင့် ဂင်္ဂါမြစ်၏အကြား သုံးယူဇနာ အလျားရှိသော မြေအရပ်ကို ညီညွတ်အောင် ပြုကြပြီးလျှင် မြတ်စွာဘုရားရှင်အတွက် ထီးဖြူတော်လေးလက်, ရဟန်းတော် တပါးတပါးအတွက် ထီးဖြူတော် နှစ်လက်စီ နှစ်လက်စီတို့ကို စီမံကြ၍ ပူဇော်သဘင်ပွဲကြီးယင်လျက် ဂင်္ဂါမြစ်ကမ်းသို့ လာရောက်ကြကာ မြတ်စွာဘုရားရှင်ကို ကြိုဆို စောင့်တည် နေကြလေကုန်၏။

     ထိုအခါ ဗိမ္ဗိသာရမင်းတရားသည် လှေကြီးနှစ်စင်းကို ပေါင်းစပ် (ပေါင်းကူး)၍ ထိုအထက်ဝယ် မဏ္ဍပ်ကို ဆောက်လုပ်ပြီးလျှင် ပန်းဆိုင်း နံ့သာဆိုင်း ကြာယပ် စသည်တို့ဖြင့် တန်းဆာဆင်ပြီးနောက် ထိုလှေဖောင်တော်၌ အလုံးစုံသော ရတနာခုနစ်ပါးဖြင့်ပြီးသော ဘုရားနေရာ ရတနာပလ္လင်တော်ကို ခင်းထား၏။ မြတ်စွာဘုရားသည် ထိုရတနာပလ္လင်ထက်၌ ထိုင်နေတော်မူ၏။ ရဟန်းတော် ငါးရာတို့သည်လည်း လှေဖောင်တော်သို့ တက်ပြီးလျှင် သင့်လျော်ရာ မိမိတို့နေရာ၌ နေထိုင်ကြကုန်၏။

     ဗိမ္ဗိသာရ မင်းတရားသည် လှေဖောင်တော် ထွက်သောအခါ မြတ်စွာဘုရားရှင်ကို လိုက်ပါပို့ဆောင်လတ်သည်ရှိသော် လည်မျိုပမာဏ နက်ဝှမ်းသော ရေအရပ်သို့တိုင်အောင် သက်ဆင်းလိုက်ပါ၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. မြတ်စွာဘုရား ပြန်ကြွတော်မူလာသည်တိုင်အောင် တပည့်တော်သည် ဤဂင်္ဂါမြစ်ကမ်း၌ စောင့်မျှော်နေပါမည်ဘုရား”ဟူ၍ လျှောက်ထားပြီးမှ လှေဖောင်တော်ကို လွှတ်လိုက်၍ ကမ်းသို့ ပြန်နစ်လေသည်။

     အထက်ကောင်းကင်၌ နတ်ဗြဟ္မာတို့သည် အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် ပူဇော်မှု ပြုကြလေသည်၊ အောက်အရပ်၌ ဂင်္ဂါမြစ်ဝယ် နေကြသည့် ကမ္ဗလနဂါးမင်း, အဿတရနဂါးမင်း အစရှိကုန်သော နဂါးမင်းတို့သည် ပူဇော်မှု ပြုကြလေကုန်သည်။



၃၀၂

     ဤသို့လျှင် ကြီးကျယ်ခမ်းနားလှစွာသော အပူဇော်ဖြင့် မြတ်စွာဘုရားရှင်သည် ဂင်္ဂါမြစ်အတွင်း တယူဇနာမျှသော ခရီးကို ကြွသွားတော်မူ၍ ဝေသာလီမင်းတို့၏ နယ်အတွင်းသို့ သက်ဝင်တော်မူမိလေ၏။

လိစ္ဆဝီမင်းတို့ နှစ်ဆတက် ပူဇော်ကြခြင်း

     ထိုအခါ၌ ဂင်္ဂါမြစ်ကမ်းဝယ် အသင့်စောင့်ကြိုလျက် ရှိနေကြသော လိစ္ဆဝီမင်းအပေါင်းတို့သည် ဗိမ္ဗိသာရမင်းတရား ပြုလုပ်အပ်သော ပူဇော်မှုထက် နှစ်ဆတိုး ပူဇော်မှုကို ပြုကြကုန်လျက် လည်မျိုပမာဏ နက်ဝှမ်းလှသော ဂင်္ဂါမြစ်အတွင်း သက်ဆင်းကြကာ မြတ်စွာဘုရားကို ကြိုဆိုကြလေသည်။

ပေါက္ခရဝဿမိုး ရွာသွန်းခြင်း

     ထိုသို့ မြတ်စွာဘုရားရှင် စီးနင်းလိုက်ပါလာသော လှေဖောင်တော် ဝေသာလီပြည်ဖက် ဂင်္ဂါမြစ်ကမ်းသို့ ဆိုက်ရောက်သော ခဏမှာပင် အရပ်လေးမျက်နှာတို့၌ တဂျုန်းဂျုန်း ထစ်ချုန်းလျက် လျှပ်စစ်လျှပ်ပန်းများ ပြက်သန်းထွက်ပေါ်ကာ ကောင်းကင်အပြည့် အမိုက်မှောင်အတိဖြစ်အောင် မြှေးယှက်ညိုမှောင် မိုးတိမ် တောင်တိမ်လိပ်တို့ တရိပ်ရိပ်ထလျက် ကြီးစွာသောမိုးကြီး တက်၍လာလေ၏။ ထို့နောက် မြတ်စွာဘုရားရှင်၏ ပဌမလက်ျာခြေတော်ကို ဂင်္ဂါမြစ်ကမ်း၌ ချအပ်လျှင်ပင် ပေါက္ခရ၀ဿမိုးကြီး ရွာသွန်းလေသည်၊ မိုးရေစိုစွတ်လိုသော သူများသာလျှင် မိုးစွတ်ကြ၍ မစိုစွတ်လိုသောသူများ မိုးတပေါက်မျှ မစိုစွတ်ကြကုန်။ ဝေသာလီပြည်အလုံး၌ အချို့နေရာဝယ် ပုဆစ်ဒူးဝန်းနစ်လုမျှ, အချို့နေရာဝယ် ပေါင်လည်မျှ, အချို့နေရာဝယ် ခါးနစ်လုမျှ, အချို့နေရာဝယ် လည်မျိုနစ်မျှ မိုးရေအယဉ်ကြီး တသွင်သွင် စီးသွားလေ၏။ ထိုမိုးရေအယဉ်သည် ပင်ကိုယ်ပကတိက မသိမ်းနိုင် မဆည်းနိုင်ပဲ ထိုထိုအရပ်ဝယ် စွန့်ပစ်အပ်သော သူသေကောင်ပုပ်များကို ဂင်္ဂါမြစ်ရေအယဉ်အတွင်းသို့ ပို့သွင်း တိုက်မျှောအပ်ကုန်၏။ သို့ရကား ဝေသာလီပြည် မြေတပြင်လုံး သန့်ရှင်းစင်ကြယ်၍ သွားလေသည်။



၃၀၃

     လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားရှင်ကို ဂင်္ဂါမြစ်နှင့် ဝေသာလီပြည်အကြား သုံးယူဇနာ ဝေးကွာသော ခရီးဝယ် တယူဇနာ တယူဇနာ၌ အသင့်ဆောက်လုပ်ပြီးရှိနှင့်သော စံကျောင်းတော်များတွင် တညဉ့်တည့်စီ ကိန်းစက်တော်မူစေပြီးလျှင် ကြီးစွာသော အလှူကြီးများကို ပေးလှူကြ၍ နှစ်ဆတက် ပူဇော်ကြကာ သုံးရက်ခရီးဖြင့် ဝေသာလီပြည်သို့အရောက် ပင့်ဆောင်ကြလေကုန်၏။

     မြတ်စွာဘုရားရှင် ဝေသာလီပြည်သို့ ရောက်တော်မူလျှင်ပင် သိကြားနတ်မင်းသည် နတ်အပေါင်းခြံရံအပ်လျက် မြတ်စွာဘုရားရှင်ရှိရာ ဝေသာလီပြည်သို့ သက်ဆင်း လာရောက်လေသည်။ သိကြားနတ်မင်း အမှူးပြုသော တန်ခိုးကြီးမြတ်သည့် နတ်အပေါင်းတို့ ဝေသာလီပြည်ဝယ် စည်းဝေးမိကြသဖြင့် (နဂိုရ်က ဝေသာလီပြည်ဝယ် ဖမ်းစား နှောက်ယှက်နေကြသော) ဘီလူးတို့သည် များသောအားဖြင့် ထွက်ပြေး တိမ်းရှောင်ကြကုန်၏။

     မြတ်စွာဘုရားရှင်သည် ဝေသာလီပြည် တံခါးဝ၌ ရပ်တည်တော်မူ၍ အရှင်အာနန္ဒာမထေရ်ကို-

“ချစ်သားအာနန္ဒာ.. ဤရတနသုတ္တန်ကို သင်ချစ်သား သင်ကြားပြီးလျှင် ဗလိနတ်စာ ပူဇော်ဖွယ်ရာများကို အသီးသီး ယူဆောင်စေလျက် လိစ္ဆဝီမင်းသားတို့နှင့် အတူတကွ ဝေသာလီပြည်၏ တံတိုင်းသုံးထပ်အကြား၌ လှည့်လည်၍ ပရိတ်အရံအတားကို ပြုလုပ်ရမည်”-

ဟူ၍ မိန့်ကြားတော်မူပြီးလျှင် ရတနသုတ္တန်ကို ဟောကြားတော်မူလေ၏။

အရှင်အာနန္ဒာမထေရ် ပရိတ်အရံအတား ပြုတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင် ဝေသာလီပြည်သို့ ဆိုက်ရောက်တော်မူသော နေ့၌ပင် ဝေသာလီပြည်တံခါးဝယ် ဘေးကြီးသုံးပါးတို့ကို ပယ်ရှားနိုင်ရန် ဟောကြားတော်မူအပ်သော



၃၀၄

ဤရတနသုတ်ကို သင်ကြားတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်သည် ပရိတ်အရံအတားအလို့ငှါ နှုတ်တော်ရွရွ ဌာန်ကရိုဏ်းပီသစွာ ရွတ်ဆိုတော်မူလျက် မြတ်စွာဘုရား၏ သပိတ်တော်ဖြင့် ရေအပြည့်ထည့်ကာ ယူဆောင်တော်မူပြီးလျှင် ဝေသာလီပြည်အလုံးကို ရေစင်ရေပေါက်များ ကြဲဖျန်းတော်မူလျက် လှည့်လည်တော်မူလေ၏။

     အရှင်အာနန္ဒာ မထေရ်သူမြတ်က “ယံကိဉ္စိ ဝိတ္တံ”ဟူ၍ ပဌမဂါထာပိုဒ်ကို စ၍ရွတ်လိုက်လျှင်ပင် ရှေးက ထွက်ပြေးတိမ်းရှောင်မှု မပြုမိကြပဲ အမှိုက်ပုံ နံရံအရပ် စသည်တို့၌ မှီတွယ်ကပ်ယပ်နေကြသော ဘီလူး သဘက် ဘုတ် ပြိတ် တစ္ဆေတို့သည်လည်း မြို့တံခါးလေးပေါက်မှ ထွက်ပြေး တိမ်းရှောင်ကြလေကုန်၏။ တံခါးလေးပေါက် မဆန့်သဖြင့် အချို့မှာ တံတိုင်းကို ချိုးဖောက်၍ ထွက်ပြေး တိမ်းရှောင်ကြကုန်၏။ ဘီလူး သဘက် ဘုတ် ပြိတ် တစ္ဆေတို့ ထွက်ပြေး တိမ်းရှောင်ကြလျှင်ပင် (နဂိုရ်က ရောဂါကပ်ငြိနေသော) လူတို့၏ကိုယ်၌ အနာရောဂါသည် ငြိမ်းအေးလေတော့၏။ ထိုလူအများသည် မိမိတိုအိမ်မှ ထွက်ကြ၍ အလုံးစုံသော ပန်းနံ့သာ စသည်တို့ဖြင့် အရှင်အာနန္ဒာမထေရ်ကို ပူဇော်ကြလေကုန်၏။

မြို့လယ်ခန်းမဆောင်၌ မြတ်စွာဘုရားရှင် ရတနသုတ်ကို ဟောတော်မူခြင်း

     မင်းနှင့်တကွသော ဝေသာလီ ပြည်သူပြည်သား လူအများသည် မြို့တော်အလယ် လွှတ်ရုံးခန်းမဆောင်ကို နံ့သာမျိုးတို့ဖြင့် အထုံအခိုး မွမ်းမံ လိမ်းကျံကြပြီးလျှင် ဗိတာန်မျက်နှာကြက် ကြက်ကြ၍ တန်းဆာမျိုးစုံ ဆင်ယင်ကြပြီးနောက် ထိုခန်းမဆောင်၌ ဘုရားနေရာ ဗုဒ္ဓါသန ဓမ္မပလ္လင်ကို ခင်းထားကြပြီးလျှင် မြတ်စွာဘုရားရှင်ကို ပင့်ဆောင်ခဲ့ကြလေသည်။ မြတ်စွာဘုရားရှင်သည် မြို့လယ် လွှတ်ရုံးခန်းမဆောင်သို့ ဝင်တော်မူ၍ ခင်းထားအပ်သော ဗုဒ္ဓါသန ဓမ္မပလ္လင်၌ ထိုင်နေတော်မူ၏၊ ရဟန်းသံဃာ အပေါင်းသည်၎င်း, မင်းတို့သည်၎င်း, တိုင်းသားပြည်သူ လူအပေါင်းတို့သည်၎င်း မိမိတို့နှင့် သင့်လျော်ရာ သင့်လျော်ရာ နေရာအသီးသီး၌



၃၀၅

ထိုင်နေကြလေကုန်၏။ သိကြားနတ်မင်းသည်လည်း စတုမဟာရာဇ်နှင့် တာဝတိံသာ နတ်နှစ်ရွာမှ နတ်ပရိသတ်အပေါင်းနှင့်တကွ ဆည်းကပ်လာလေ၏။ အခြားသော နတ်ဗြဟ္မာတို့သည်လည်း ဆည်းကပ်လာကြကုန်၏။

     အရှင်အာနန္ဒာ မထေရ်သည်လည်း ဝေသာလီ တပြည်လုံးကို လှည့်လည်တော်မူကာ ပရိတ်အရံအတားကို ပြုတော်မူပြီးလျှင် ဝေသာလီ ပြည်သူပြည်သား လူအများတို့နှင့်တကွ ကြွလာတော်မူ၍ သင့်လျော်ရာ အရပ်၌ ထိုင်နေတော်မူလေ၏။

     ထိုပရိသတ်အစည်းအဝေး၌ မြတ်စွာဘုရားရှင်သည် ခပ်သိမ်းသော လူနတ်တို့အား ထို (အရှင်အာနန္ဒာအား သင်ကြား ဟောပြတော်မူအပ်သည့်) ရတနသုတ်တော်*မြတ်ကိုပင် ဟောကြားတော်မူလေ၏။

ယနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ပရိတ်ကြီးပါဠိတော်၌ တွေ့မြင်နေရသော ရတနသုတ်ပါဠိတွင် “ပဏိဓာနတော ပဋ္ဌာယ”မှ စ၍ “ပရိတ္တံ တံ ဘဏာမ ဟေ”တိုင်အောင်သော စကားရပ်စုကား ရှေးဆရာတို့ ရေးသားတော်မူအပ်သော (အမွှန်း) စုဏ္ဏိယနှင့် နှစ်ဂါထာတို့ ဖြစ်သည်။ “ယာနီဓ ဘူတာနိ သမာဂတာနိ” ဂါထာမှစ၍ “ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ” ဂါထာတိုင်အောင်သော ၁၅-ဂါထာတို့သည် ဘုရားဟော ဂါထာတို့ဖြစ်သည်။ နောက်ဆုံး “ယာနီဓ ဘူတာနိ သမာဂတာနိ”စသော ၃-ဂါထာတို့ကား ထိုတရားပွဲ၌ သိကြားနတ်မင်း ရွတ်ဆိုသော ဂါထာတို့ ဖြစ်ကုန်သည်။

     ပဌမနေ့ ရတနသုတ္တန် ဒေသနာတရား ဟောကြားပြီးဆုံး နိဂုံးသတ်သောအခါ ဝေသာလီပြည် လိစ္ဆဝီမင်း အပေါင်း၏ တိုင်းသားပြည်သူ ဗိုလ်လူတိုနှင့်တကွ ဆင်းရဲလွတ်ကင်း


     * ဤရတနသုတ်တော်အတွက် နာပျော်ကြည်ညိုဖွယ်ရှိသော ပါဠိအနက်ကို အထက် ဓမ္မရတနာအခဏ်း၌ ဖော်ပြထားပါသည်။



၃၀၆

ချမ်းသာခြင်းသည် ဖြစ်လေ၏၊ အလုံးစုံသော ဘေးရန် ဥပဒ်တို့သည်လည်း ငြိမ်းအေးကြပေကုန်၏၊ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်းသည်လည်း ဖြစ်လေ၏။

     ထိုအခါ သိကြားနတ်မင်းသည် “မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသည် ရတနာသုံးပါး၏ ကျေးဇူးဂုဏ်ကို အမှီပြု၍ သစ္စာစကား ဟောကြား မိန့်ဆိုတော်မူသဖြင့် တိုင်းသားပြည်သူ ဗိုလ်လူအပေါင်း ချမ်းသာကြောင်းကို ကောင်းစွာ ပြုတော်မူအပ်လေပြီ။ ငါသည်လည်း တိုင်းသားပြည်သူ ဗိုလ်လူအပေါင်း ချမ်းသာကြောင်းအနေဖြင့် ရတနာသုံးပါး၏ ကျေးဇူးဂုဏ်ကို အမှီပြု၍ တစုံတခု ရွတ်ဆိုမှုကို ပြုသင့်လှပေ၏”ဟု ကြံစည်၍ အဆုံး၌(လာသည့်) “ယာနီဓ ဘူတာနိ” အစရှိသော ၃-ဂါထာကို ရွတ်ဆိုလေ၏။

မြတ်စွာဘုရားရှင်သည် ခုနစ်ရက်တိုင်တိုင် ရတနသုတ်တရားကို ဟောကြားတော်မူခြင်း

     ဆိုအပ်ခဲ့ပြီးသောအတိုင်း သိကြားမင်းသည် ဂါထာ ၃-ခုတို့ကို ရွတ်ဆိုပြီးသောအခါ မြတ်စွာဘုရားကို လက်ျာရစ် လှည့်လည်ရှိခိုး၍ နတ်ပရိသတ်နှင့်တကွ နတ်ပြည်သို့သာလျှင် ပြန်သွားလေ၏။

     မြတ်စွာဘုရားရှင်သည်ကား ထိုရတနသုတ်ကိုပင် ဒုတိယနေ့၌လည်း ဟောကြားတော်မူ၏။ ထိုအခါ တဖန် သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်းသည် ဖြစ်ပြန်၏။ ဤနည်းအတူ ခုနစ်ရက်မြောက် နေ့တိုင်အောင် ရတနသုတ်ကိုပင် ဟောတော်မူ၏။ နေ့တိုင်း နေ့တိုင်းပင် ပဌမနေ့ ဒုတိယနေ့တို့အတူ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင် ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။



၃၀၇

(ဤနေရာ၌။ ။သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြသော သတ္တဝါအပေါင်းသည် ရှစ်သောင်းလေးထောင် ခုနစ်လီဖြစ်၍ (၈၄၀၀၀ x ၇ = ၅၈၈ဝဝဝ) ငါးသိန်း ရှစ်သောင်း ရှစ်ထောင် အရေအတွက်ရှိ၏ဟု အပေါင်းသင်္ချာကို မှတ်ယူရာ၏)။

ပရိတ်ရွတ်ခြင်း အစီအရင်အကြောင်း

     ပရိတ် ဟူသည်ကား.. ထက်ဝန်းကျင်မှ ဘေးရန် အန္တရာယ် အသွယ်သွယ်ကို ကာကွယ်စောင့်ရှောက်တတ်သော ဘုရားစကားတော်မြတ်များ ဖြစ်သည်။ ဖြစ်ဆဲ ဘေးရန်အန္တရာယ်, ဖြစ်ပေါ်လတ္တံ့သော ဘေးရန်အန္တရာယ်တို့ကို ငြိမ်းစဲပပျောက် မဖြစ် မရောက်အောင် စောင့်ရှောက် ကာကွယ်တတ်သော ဘုရားစကား သုတ္တန်များသည် “ပရိတ်”မည်၏ဟု ဆိုလိုသည်။

[ပရိ = သမန္တတော ဘယံ တာယတိ = ရက္ခတီတိ ပရိတ္တံ၊ ပရိ = သမန္တတော = ထက်ဝန်းကျင်မှ။ ဘယံ = ဘေးအန္တရာယ် အသွယ်သွယ်ကို။ တာယတိ = ရက္ခတိ = ငြိမ်းစဲပပျောက် မဖြစ် မရောက်အောင် စောင့်ရှောက်ကာကွယ်တတ်၏။ ဣတိ = ထို့ကြောင့်။ ပရိတ္တံ = ပရိတ္တမည်၏။ (ပရိတ္တဟူသော ပါဠိမှ ပရိတ်ဟူသော မြန်မာစကား ဖြစ်ပွါးလာလေသည်)။]

     မင်္ဂလသုတ်, ရတနသုတ် အစရှိသော ဘုရားဟောသုတ်တော်များသည် ထိုသုတ်တော်များကို ရွတ်ဖတ်သည်ရှိသော် ရွတ်ဖတ်သောသူ, ကြားနာသောသူ နှစ်ဦးလုံးအားပင် မဖြစ်သေးသော (ဖြစ်လတ္တံ့သော) ဘေးအန္တရာယ်တို့ကို မဖြစ်ပေါ်ရအောင် ကာကွယ် စောင့်ရှောက်ခြင်း, ဖြစ်ပေါ် ရောက်ရှိနေဆဲဖြစ်သော ဘေးအန္တရာယ်တို့ကို ငြိမ်းစဲပပျောက်အောင် စောင့်ရှောက် ကာကွယ်ခြင်း, ကောင်းကျိုးချမ်းသာ မင်္ဂလာ ကြက်သရေတို့ကို ဖြစ်ပွါးစေခြင်းစသော ဂုဏ်ကျေးဇူး အထူးရှိကြသောကြောင့် (ပရိတ္တ-ဟူ၍) “ပရိတ်”ဟူ၍ အမည်ထူးကို ရရှိသည်။

     ထိုပရိတ်တော်များကို ရွတ်ဖတ်ရာ၌ ဖော်ပြရာပါ အကျိုးအာနိသင်တို့ကို ရရှိခြင်းမှာ (က) ပရိတ်ရွတ်ဖတ်သော ပုဂ္ဂိုလ်၏



၃၀၈

အင်္ဂါ ၃-ပါး (သို့မဟုတ်) ၄-ပါး၊ (ခ) ပရိတ်နာယူသော ပုဂ္ဂိုလ်၏ အင်္ဂါ ၃-ပါး (သို့မဟုတ်) ၄-ပါး၊ ဤသို့ နှစ်ဖက်အင်္ဂါ ၃-ချက်စီ ၄-ချက်စီ ညီညွတ်မှ ပြည့်စုံရရှိနိုင်ရာသည်။

(က) ပရိတ်ရွတ်ဖတ်သော ပုဂ္ဂိုလ်၏ အင်္ဂါများ

     ပရိတ်ရွတ်ဖတ်သော ပုဂ္ဂိုလ်၏ အင်္ဂါတို့မှာ ၃-ပါး (တနည်း) ၄-ပါးတို့ ရှိလေသည်။ ထိုတွင်-

(၁) ပရိတ်ပါဠိတော်၏ ပုဒ်ပါဌ်အက္ခရာကို ကျနမှန်ကန်စွာ ရွတ်ဆိုနိုင်ခြင်း၊

(၂) ပရိတ်ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို တိကျမှန်ကန်စွာ သိခြင်း၊

(၃) လာဘ်ပူဇော်သက္ကာရကို မငဲ့ကွက်ပဲ မေတ္တာကရုဏာတရားကို ရှေ့သွားပြုကာ စင်ကြယ်စွာသော စိတ်ဖြင့် ပရိတ်တော်ကို ရွတ်ဖတ်ခြင်း-

ဤသည်တို့ကား ပရိတ်ရွတ်ဖတ်သော ပုဂ္ဂိုလ်၏ အင်္ဂါ ၃-ပါးတို့တည်း။

     တနည်းသော်ကား ပရိတ်ရွတ်ဖတ်သော ပုဂ္ဂိုလ်၏ အင်္ဂါတို့မှာ-

(၁) ပရိတ်ပါဠိတော်၏ ပုဒ်ပါဌ်အက္ခရာကို ကျနမှန်ကန်စွာ ရွတ်ဆိုနိုင်ခြင်း၊ (၂) ပရိတ်ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို တိကျမှန်ကန်စွာ သိခြင်း၊ (၃) လာဘ်ပူဇော်သက္ကာရကို ငဲ့ကွက်သောစိတ် မရှိခြင်း၊ (၄) မေတ္တာကရုဏာတရားကို ရှေ့သွားပြုကာ စင်ကြယ်စွာသောစိတ်ဖြင့် ပရိတ်တော်ကို ရွတ်ဖတ်ခြင်း-

ဤသို့အားဖြင့် ၄-ပါးရှိ၏ ဟူ၍လည်း ဆိုသင့်ပေ၏။



၃၀၉

အကျဉ်းမှတ်ရန် လင်္ကာကား-

က။ (၁) သဒ္ဒါလည်းစင်၊ (၂) အနက်ထင် (၃) သက်ဝင် မေတ္တာထား။

ခ။ ရွတ်ဖတ်သူမှာ၊ အင်သုံးဖြာ၊ မှတ်ပါ ကျမ်းစကား။

ဂ။ (၄) လာဘ်မငဲ့ကွက်၊ ထည့်ကာစွက်၊ မှတ်ချက် အင်လေးပါး။

     ဤသို့လျှင် ဖော်ပြရာပါ အင်္ဂါ ၃-ပါး, အင်္ဂါ ၄-ပါးတို့နှင့် ပြည့်စုံစွာ ရွတ်ဖတ်မှသာလျှင် ပရိတ်တော်၏ တန်ခိုးအာနုဘော်မှာ လွန်စွာကြီးမား၍ နာကြားသောသူတို့၏ မျက်မှောက် ပစ္စက္ခဝယ် ဘေးအန္တရာယ် ငြိမ်းပြယ် ကင်းပျောက်လျက် ချမ်းသာခြင်းသို့ ရောက်နိုင်၏။ ထိုပြဆိုခဲ့ပြီးသော အင်္ဂါ ၃-ပါး, ၄-ပါးတို့နှင့် မပြည့်စုံလျှင် အလိုရှိအပ်သော အကျိုးများ မပြီးစီးနိုင်ဟူ၍ မှတ်ယူသင့်သည်။

[ဤဆိုအပ်ပြီးသော စကားရပ်များ၏ မှီရာကား.. သုဂ္ဂဟိတာတိ အတ္ထဉ္စ ဗျဉ္ဇနဉ္စ ပရိသောဓေတွာ သုဋ္ဌု ဥဂ္ဂဟိတာ။ သမတ္တာ ပရိယာပုတာတိ ပဒဗျဉ္ဇနာနိ အဟာပေတွာ ပရိပုဏ္ဏံ ဥဂ္ဂဟိတာ၊ အတ္ထမ္ပိ ပါဠိမ္ပိ ဝိသံဝါဒေတွာ သဗ္ဗသော ဝါ ပန အပ္ပဂုဏံ ကတွာ ဘဏန္တဿ ဟိ ပရိတ္တံ တေဇဝန္တံ န ဟောတိ၊ သဗ္ဗသော ပဂုဏံ ကတွာ ဘဏန္တဿေဝ တေဇဝန္တံ ဟောတိ။ လာဘဟေတု ဥဂ္ဂဟေတွာ ဘဏန္တဿာပိ အတ္ထံ န သာဓေတိ၊ နိဿရဏပက္ခေ ဌတွာ မေတ္တံ ပုရေစာရိကံ ကတွာ ဘဏန္တဿေဝ အတ္ထာယ ဟောတီတိ ဒဿေတိ။ ။(ဒီဋ္ဌ ၃၊ ၁၄၉, ၁၅ဝ-မှ)

သုဂ္ဂဟိတာ- ဟူသည်မှာ ပါဠိတော်၏ အနက်ကို၎င်း, ပုဒ်ပါဌ်အက္ခရာကို၎င်း အဖန်ဖန် သုတ်သင်ပြီးလျှင် ကောင်းစွာ သင်ယူအပ်ကုန်၏။ သမတ္တာ ပရိယာပုတာ- ဟူသည်မှာ ပုဒ်အက္ခရာတို့ကို မယုတ်စေမူ၍ ပြည့်စုံစွာ သင်ယူအပ်ကုန်၏၊ မှန်ပါသည်- အနက်ကို၎င်း, ပါဠိကို၎င်း ချွတ်ယွင်းစေ၍ဖြစ်စေ (သို့မဟုတ်) လုံးဝ မလေ့လာ မနိုင်နင်းမှုကို ပြု၍ဖြစ်စေ ရွတ်ဖတ်သောသူ၏ ပရိတ်သည် တန်ခိုးအာနုဘော်ရှိသည် မဖြစ်နိုင် (=တန်ခိုးမရှိနိုင်)၊ ခပ်သိမ်းသော အခြင်းအရာဖြင့် လေ့လာ နိုင်နင်းအောင်ပြု၍ ရွတ်ဖတ်သောသူ၏ ပရိတ်သည်သာလျှင် တန်ခိုးအာနုဘော်ရှိသည် ဖြစ်နိုင်၏ (=တန်ခိုးရှိ၏)။ လာဘ်ဟူသော အကြောင်းကြောင့် သင်ယူ၍ ရွတ်ဖတ်သူ၏ ပရိတ်သည်လည်း အလိုရှိအပ်သောအကျိုးကို မပြီးစေနိုင်၊ သံသရာဝဋ်မှ ကျွတ်လွတ်ကြောင်းအဖို့၌ တည်၍ မေတ္တာတရား ရှေ့သွားပြုကာ ရွတ်ဖတ်သူ၏ ပရိတ်သာလျှင်



၃၁၀

အကျိုးရှိဖို့ရန် ဖြစ်၏၊ ဤအနက်ကို “သုဂ္ဂဟိတာ သမတ္တာ ပရိယာပုတာ” ပုဒ်တို့ဖြင့် ပြ၏။ ။(ဤကား အဋ္ဌကထာ၏ မြန်မာပြန်တည်း)။

မှတ်ချက်။ ။ပရိတ်ရွတ်ဖတ်သော ပုဂ္ဂိုလ်သည် ပရိတ်ပါဠိတော်ကို အဖွင့်အဋ္ဌကထာနှင့်တကွ ဆရာ၏အထံ၌ ပုဒ်ပါဌ်အက္ခရာ ကျနမှန်ကန်အောင် ကောင်းစွာ သင်ယူလျက် ရွတ်ပုံရွတ်နည်းပါ လေ့လာပြီးလျှင် ပုဒ်ပါဌ်အက္ခရာ ဖောက်ပြန်ချွတ်ယွင်း ကျပျောက်ခြင်း အလျှင်းမရှိစေပဲ သဒ္ဒါ,အနက် နှစ်ပါးကို ပိုင်းခြားသိမြင်ကာ ရွတ်ဆိုမှသာ ပရိတ်တော်၏ တန်ခိုးအာနုဘော် ရှိသည်ဖြစ်၍ အလိုရှိအပ်သော ဘေးအန္တရာယ် ကင်းငြိမ်းခြင်းစသော အကျိုးကို မချွတ်ပြီးစေနိုင်၏။

ရွတ်ဆိုသောအခါ ပုဒ်ပါဌ်အက္ခရာ ချွတ်ယွင်းကျပျောက်ခြင်း, သဒ္ဒါအနက်ကို မသိခြင်း, လာဘ်ပူဇော်သက္ကာရကို ငဲ့ကွက်ခြင်းများ ရှိခဲ့ပါမူ ပရိတ်တော်၏ တန်ခိုးအာနုဘော် နည်းပါးသည်ဖြစ်၍ ဘေးအန္တရာယ် ကင်းငြိမ်းခြင်းစသော အလိုရှိအပ်သော အကျိုးကို ပြီးစေနိုင်မည်မဟုတ်။

စင်စစ်အားဖြင့် သံသရာဝဋ်မှ ကျွတ်လွတ်ထွက်မြောက်ရန် ရည်သန်တောင့်တလျက် မေတ္တာကရုဏာတရား ရှေ့သွားပြုသော စိတ်ကိုထား၍ လာဘ်ပူဇော်သက္ကာရကို မငဲ့ကွက်ပဲ ပရိတ်တော်ကို ရွတ်ဆိုမှသာ တန်ခိုးအာနုဘော် ကြီးမြတ်သည်ဖြစ်၍ ဘေးအန္တရာယ် ကင်းငြိမ်းခြင်းစသော အလိုရှိအပ်သော အကျိုးကို ပြီးစေနိုင်သည်ဟူ၍ မှတ်ယူသင့်သည်၊ ထို့ကြောင့် ပရိတ်ရွတ်ဆိုသောသူသည် လာဘ်ပူဇော်သက္ကာရကို မငဲ့ကွက်ပဲ သံသရာဝဋ်မှ ကျွတ်လွတ်ရန် ရည်သန်တောင့်တသော သဘော၌သာ တည်၍ မေတ္တာကရုဏာပြဋ္ဌာန်းသော မဟာကုသိုလ်စိတ်ဖြင့် ပုဒ်ပါဌ်အက္ခရာ ကျနမှန်ကန်စွာနှင့် သဒ္ဒါအနက်ကိုလည်း ကောင်းစွာသိရှိကာ ရွတ်ဆိုအပ်ပေ၏။]

ပရိတ်ရွတ်သောပုဂ္ဂိုလ်၏ ဝိပတ္တိ,သမ္ပတ္တိတို့ကို ပြဆိုခြင်း

     ပရိတ်ရွတ်သောပုဂ္ဂိုလ်၏ ပျက်စီးခြင်း (=ဝိပတ္တိ)သည်-

(၁) ပယောဂဝိပတ္တိ၊

(၂) အဇ္ဈာသယဝိပတ္တိ-

ဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင်-



၃၁၁

     (၁) ပယောဂဝိပတ္တိဟူသည် လုံ့လအားထုတ်မှု၏ ပျက်စီး ဖောက်ပြန်ခြင်းတည်း။ ပရိတ်ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို မသိခြင်း, ပုဒ်ပါဌ်အက္ခရာ ကျနမှန်ကန်စွာ မရွတ်ဆိုနိုင်ခြင်းများသည် လုံ့လအားထုတ်မှု၏ ပျက်စီး ဖောက်ပြန်ခြင်း (=ပယောဂဝိပတ္တိ) မည်၏။

     (၂) အဇ္ဈာသယဝိပတ္တိဟူသည် အလိုဆန္ဒ၏ ပျက်စီး ဖောက်ပြန်မှုတည်း။ လာဘ်ပူဇော်သက္ကာရကို လိုလားတပ်မက် ငဲ့ကွက်လျက် ရွတ်ဆိုခြင်းသည် အလိုဆန္ဒ၏ ပျက်စီးဖောက်ပြန်မှု (=အဇ္ဈာသယဝိပတ္တိ) မည်၏။

     ပရိတ်ရွတ်သောပုဂ္ဂိုလ်၏ ပြည့်စုံခြင်း (=သမ္ပတ္တိ)သည်-

(၁) ပယောဂသမ္ပတ္တိ၊

(၂) အဇ္ဈာသယသမ္ပတ္တိ-

ဟူ၍ နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတို့တွင်-

     (၁) ပယောဂသမ္ပတ္တိဟူသည် လုံ့လအားထုတ်မှု၏ ပြည့်စုံခြင်းတည်း။ ပရိတ်ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို သိခြင်း, ပုဒ်ပါဌ်အက္ခရာ ကျနမှန်ကန်စွာ ရွတ်နိုင်ခြင်းများသည် လုံ့လအားထုတ်မှု၏ ပြည့်စုံခြင်း (=ပယောဂသမ္ပတ္တိ) မည်၏။

     (၂) အဇ္ဈာသယသမ္ပတ္တိဟူသည် အလိုဆန္ဒ၏ ပြည့်စုံမှုတည်း။ လာဘ်ပူဇော်သက္ကာရကို လိုလားတပ်မက် ငဲ့ကွက်ခြင်းမရှိပဲ သံသရာဝဋ်မှ ကျွတ်လွတ်ထွက်မြောက်ကြောင်း အဖို့၌တည်၍ မေတ္တာကရုဏာပြဋ္ဌာန်းသော မဟာကုသိုလ်စိတ်ဖြင့် ရွတ်ဆိုခြင်းသည် (=အဇ္ဈာသယသမ္ပတ္တိ) မည်၏။

[ဤဝိပတ္တိ, သမ္ပတ္တိတို့ကို အာဋာနာဋိယသုတ်ဋီကာမှ ထုတ်နုတ်ဖော်ပြသည်။

မှတ်ချက်။ ။ပရိတ်ရွတ်ဖတ်သော ပုဂ္ဂိုလ်သည် ရှေးဖော်ပြရာပါ ဝိပတ္တိနှစ်ပါးကို ပယ်ရှားစွန့်ပစ်၍ သမ္ပတ္တိနှစ်ပါးနှင့် ပြည့်စုံညီညွတ်စွာ ပရိတ်တော်ကို ရွတ်ဆိုအပ်၏။ ထိုသို့ ရွတ်ဆိုမှသာလျှင် ပရိတ်တော်တန်ခိုး



၃၁၂

အကျိုးအာနိသင်ကို နာယူသောသူတို့ မချွတ် ရရှိနိုင်၏ဟု မှတ်ယူရာ၏။]

အကျဉ်းမှတ်ရန် လင်္ကာ

(၁) သဒ္ဒါအနက်၊ ယိုယွင်းကွက်၊ ပျက်ဘိ ပယောဂ။

(၂) စိတ်နေယွင်းကွက်၊ လာဘ်ကိုမက်၊ ပျက်ဘိ အာသယ။

(၃) သဒ္ဒါနက်ပုံ၊ နှုတ်အာဂုံ၊ ပြည့်စုံ ပယောဂ။

(၄) လာဘ်မငဲ့တုံ၊ မေတ္တာထုံ၊ ပြည့်စုံ အာသယ။

(၅) ပရိတ်ရွတ်သူ၊ အင်္ဂါဟူ၊ မှတ်ယူ ပဏ္ဍိတ။

ပရိတ်ရွတ်သောပုဂ္ဂိုလ်၏အင်္ဂါ ပြီး၏။

**********

(ခ) ပရိတ်နာယူသောပုဂ္ဂိုလ်၏ အင်္ဂါများ

     ပရိတ်နာယူသော ပုဂ္ဂိုလ်၏ အင်္ဂါတို့မှာ ၃-ပါး (တနည်း) ၄-ပါးတို့ ရှိလေသည်၊ ထိုတွင်-

(၁) ပဉ္စာနန္တရိယကံ ငါးပါးတည်းဟူသော ကမ္မန္တရာယ် မရှိခြင်း၊

(၂) နိယတမိစ္ဆာဒိဋ္ဌိ တည်းဟူသော ကိလေသန္တရာယ် မရှိခြင်း၊

(၃) ပရိတ်ပါဠိတော်၏ ဂုဏ်ကျေးဇူးကို မတုန်မလှုပ် သက်ဝင်ယုံကြည်သော သဒ္ဓါတရားနှင့် ပြည့်စုံခြင်း-

ဤသည်တို့ကား ပရိတ်နာယူသောပုဂ္ဂိုလ်၏ အင်္ဂါ ၃-ပါးတို့တည်း။

     တနည်းကား ပရိတ်နာယူသော ပုဂ္ဂိုလ်၏ အင်္ဂါတို့မှာ-

(၁) ပဉ္စာနန္တရိယကံငါးပါး တည်းဟူသော ကမ္မန္တရာယ် မရှိခြင်း၊



၃၁၃

(၂) နိယတမိစ္ဆာဒိဋ္ဌိ တည်းဟူသော ကိလေသန္တရာယ် မရှိခြင်း၊

(၃) ပရိတ်ပါဠိတော်၏ ဂုဏ်ကျေးဇူးကို မတုန်မလှုပ် သက်ဝင်ယုံကြည်သော သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊

(၄) ပရိတ်ပါဠိတော်ကို ရိုသေလေးစားစွာ နာယူခြင်း-

ဤသို့အားဖြင့် ၄-ပါးရှိ၏ဟူ၍လည်း ဆိုသင့်ပေ၏။ ထို့ကြောင့် မိလိန္ဒပဉှာပါဠိတော် (မေဏ္ဍကပဉှခဏ်း) စာမျက်နှာ ၁၅၅၊ မစ္စုပါသမုတ္တိပဉှခဏ်း၌-

တီဟိ မဟာရာဇ ကာရဏေဟိ ပရိတ္တံ န ရက္ခတိ ကမ္မာဝရဏေန ကိလေသာဝရဏေန အသဒ္ဒဟနတာယ = မြတ်သောမင်းကြီး.. (၁) ပဉ္စာနန္တရိယကံ တည်းဟူသော ကမ္မန္တရာယ်၏ တားမြစ်ခြင်းကြောင့်၎င်း၊ (၂) နိယတမိစ္ဆာဒိဋ္ဌိ တည်းဟူသော ကိလေသန္တရာယ်၏ တားမြစ်ခြင်းကြောင့်၎င်း၊ (၃) ပရိတ်တရားတော်၌ မယုံကြည်ခြင်းကြောင့်၎င်း၊ ဤအကြောင်းသုံးပါးတို့ကြောင့် ရွတ်ဆိုအပ်သော ပရိတ်တော်သည် နာယူသူတို့အား ဘေးအန္တရာယ်ကင်းရှင်းရန် မစောင့်ရှောက်နိုင်ချေ-

ဟူ၍ အရှင်နာဂသေနမထေရ် ဟောကြားတော်မူအပ်လေသည်။ ဤပါဠိတော်ကိုထောက်၍ ထိုပါဠိတော်လာ အကြောင်းသုံးပါးမှ လွတ်ကင်းသောသူတို့အား ပရိတ်တော်သည် ဘေးအန္တရာယ် ကင်းရှင်းအောင် စောင့်ရှောက်နိုင်၏ဟူ၍ မှတ်ယူရာ၏။

အကျဉ်းမှတ်ရန် လင်္ကာ-

(၁) အာနန္တရိ၊ ကံပဉ္စိ၊ မရှိ တအင်္ဂါ။

(၂) နိယတဒိဋ္ဌိ၊ ကိလေသိ၊ မရှိ တအင်္ဂါ။

(၃) သဒ္ဓါတရား၊ ပြည့်စုံငြား၊ မှတ်သား တအင်္ဂါ။

(၄) ရိုသေလေးစား၊ နာယူငြား၊ မှတ်သား တအင်္ဂါ။

(၅) ဤသည့်လေးပါး၊ ပြည့်စုံငြား၊ နာကြား ဘေးကင်းစွာ။



၃၁၄

ပရိတ်နာယူသောပုဂ္ဂိုလ်၏ ဝိပတ္တိ,သမ္ပတ္တိတို့ကို ပြဆိုခြင်း

     ပရိတ်နာယူသောပုဂ္ဂိုလ်၏ ပျက်စီးခြင်း (=ဝိပတ္တိ)သည်-

(၁) ပယောဂဝိပတ္တိ၊

(၂) အဇ္ဈာသယဝိပတ္တိ-

ဟူ၍ နှစ်မျိုးရှိ၏၊ ထိုတွင်-

     (၁) ပယောဂဝိပတ္တိဟူသည် လုံ့လအားထုတ်မှု၏ ပျက်စီးခြင်းပင်တည်း။ ပရိတ်ပါဠိတော်ကို ရိုသေလေးမြတ်စွာ လက်အုပ်ချီမိုး ရှိခိုးမှုပြုကာ မနာယူခြင်း, ပရိတ်အာရုံမှတပါး အခြားအာရုံသို့ မိမိစိတ်ကို မသွားစေပဲ ကောင်းမွန် တည်ကြည် ငြိမ်သက်စွာ မနာယူခြင်းများသည် လုံ့လအားထုတ်မှု၏ ပျက်စီးခြင်း (=ပယောဂဝိပတ္တိ) မည်၏။

     (၂) အဇ္ဈာသယဝိပတ္တိဟူသည် အလိုဆန္ဒ၏ ပျက်စီးဖောက်ပြန်မှုတည်း။ ပရိတ်တော်၏ ဂုဏ်ကျေးဇူး တန်ခိုးအာနုဘော်တို့ကို မယုံကြည်ခြင်း, ပရိတ်တရားတော်နာ ဖိတ်ကြားလာသူ၏ မျက်နှာကိုသာ ငဲ့ကွက်ထောက်ထားကာ နာယူခြင်းများသည် အလိုဆန္ဒ၏ ပျက်စီးဖောက်ပြန်မှု (=အဇ္ဈာသယဝိပတ္တိ) မည်၏။

     ပရိတ်နာယူသောပုဂ္ဂိုလ်၏ ပြည့်စုံခြင်း (=သမ္ပတ္တိ)သည်—

(၁) ပယောဂသမ္ပတ္တိ၊

(၂) အဇ္ဈာသယသမ္ပတ္တိ-

ဟူ၍ နှစ်မျိုးရှိ၏၊ ထိုတွင်-

     (၁) ပယောဂသမ္ပတ္တိဟူသည် လုံ့လအားထုတ်မှု၏ ပြည့်စုံခြင်းပင်တည်း။ ပရိတ်ပါဠိတော်ကို ရိုသေလေးမြတ်စွာ လက်အုပ်ချီမိုး ရှိခိုးကာ နာယူခြင်း, ပရိတ်အာရုံမှတပါး အခြားအာရုံသို့ မိမိစိတ်ကို မသွားစေပဲ ကောင်းမွန်တည်ကြည် ငြိမ်သက်စွာ နာယူခြင်းများသည် လုံ့လအားထုတ်မှု၏ ပြည့်စုံခြင်း (=ပယောဂသမ္ပတ္တိ) မည်၏။



၃၁၅

     (၂) အဇ္ဈာသယသမ္ပတ္တိဟူသည် အလိုဆန္ဒ၏ ပြည့်စုံမှုတည်း။ ပရိတ်တော်၏ ဂုဏ်ကျေးဇူး တန်ခိုးအာနုဘော်တို့ကို ယုံကြည်ခြင်း, ပရိတ်တရားတော်နာ ဖိတ်ကြားလာသောသူ၏ မျက်နှာကို ငဲ့ကွက်ထောက်ထား၍ မဟုတ်ပဲ ကောင်းမွန်သော ကုသိုလ်သမ္မာဆန္ဒဖြင့် နာယူခြင်းများသည် အလိုဆန္ဒ၏ ပြည့်စုံမှု (=အဇ္ဈာသယသမ္ပတ္တိ) မည်၏။

     ပရိတ်တရားတော်ကို နာယူသော ပုဂ္ဂိုလ်များသည် ရှေးဖော်ပြရာပါ ဝိပတ္တိနှစ်ပါးကို ပယ်စွန့်ပစ်၍ သမ္ပတ္တိ နှစ်ပါးနှင့် ပြည့်စုံညီညွတ်စွာ နာယူအပ်၏၊ ထိုသို့ နာယူမှသာလျှင် ဘေးအန္တရာယ်ကင်းခြင်း အစရှိသော ပရိတ်တော်၏ အကျိုးအာနိသင်ကို မချွတ် ရရှိနိုင်ရာ၏ဟု မှတ်ယူရာ၏။

     ပရိတ်ရွတ်ဖတ်သော ပုဂ္ဂိုလ်၌ ဝိပတ္တိနှစ်ပါးနှင့် သမ္ပတ္တိနှစ်ပါး ဖြစ်ခြင်းကို ရနိုင်ဘိသကဲ့သို့၊ ထို့အတူ ပရိတ်နာယူသော ပုဂ္ဂိုလ်၌လည်း ဝိပတ္တိနှစ်ပါးနှင့် သမ္ပတ္တိနှစ်ပါး ဖြစ်ခြင်းကို ရနိုင်၏။

ပရိတ်ရွတ်ခြင်း အစီအရင်အကြောင်း ပြီး၏။

**********

အာဏာတန်ခိုး ထူးခြားထက်မြက်သော ပရိတ်တော်များ

     (၁) ရတနသုတ် ပရိတ်တော်သည် စကြဝဠာ ကုဋေတသိန်းတိုင်အောင် အာဏာစက် ပြန့်နှံ့လျက် တရားနာယူသူ နတ်လူဗြဟ္မာ ပရိသတ်ပေါင်း ငါးသိန်း ရှစ်သောင်း ရှစ်ထောင်တို့ကို မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ရစေ ရောက်စေ၏။ ထို့ကြောင့် ဤရတနသုတ် ပရိတ်တော်မှာ လွန်စွာ အာဏာတန်ခိုး ထက်မြက်ထူးခြား ကြီးမားလှသော ပရိတ်တော်ဖြစ်၏။

     (၂) မင်္ဂလသုတ်ပရိတ်တော်သည် စကြဝဠာ ကုဋေတသိန်းတိုင်အောင် အာဏာစက် ပြန့်နှံ့လျက် မရေမတွက်နိုင်လောက်အောင် များပြားလှစွာသော တရားနာယူသူ နတ်လူဗြဟ္မာအပေါင်းကို မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ရစေ ရောက်စေ၏။



၃၁၆

ထို့ကြောင့် ဤမင်္ဂလသုတ် ပရိတ်တော်မှာလည်း လွန်စွာ အာဏာတန်ခိုး ထက်မြက်ထူးခြား ကြီးမားလှသော ပရိတ်တော်ဖြစ်၏။

     (၃) မေတ္တသုတ် ပရိတ်တော်သည် စကြဝဠာ ကုဋေတသိန်းတိုင်အောင်ပင် အာဏာစက် ပြန့်နှံ့လျက် တောကျောင်းနေ ရဟန်းငါးရာတို့ကို အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ရစေ ရောက်စေ၏။ မေတ္တသုတ်အတွင်း၌ ပါဝင်သည့် (၁၆) တဆယ့်ခြောက်ပါး ကျင့်ဝတ်များကို ပြည့်စုံအောင် ကျင့်ခဲ့ပါလျှင် မချွတ်ပင် မဂ်ဖိုလ်တရားထူးကို ရရှိနိုင်၏၊ ထို့ကြောင့် ဤမေတ္တသုတ် ပရိတ်တော်မှာလည်း လွန်စွာ အာဏာတန်ခိုး ထက်မြက်ထူးခြား ကြီးမားလှသော ပရိတ်တော်ဖြစ်၏။

     (၄) ခန္ဓသုတ် ပရိတ်တော်သည် စကြဝဠာ ကုဋေတသိန်းတိုင်အောင်ပင် အာဏာစက် ပြန့်နှံ့လျက် အလုံးစုံသော အဆိပ်အမျိုးမျိုးနှင့် ဘေးရန်ဥပဒ်အန္တရာယ်ကို အခါခပ်သိမ်း ပယ်ရှားတားမြစ်နိုင်၏။ ထိုခန္ဓသုတ်အတွင်း၌ ဘုရားဂုဏ်, တရားဂုဏ်, သံဃဂုဏ် မေတ္တာတရားများလည်း ပါဝင်နေသဖြင့် ထူးကဲမြင့်မြတ် လှပေ၏။ ထို့ကြောင့် ဤခန္ဓသုတ် ပရိတ်တော်မှာလည်း လွန်စွာ အာဏာတန်ခိုး ထက်မြက်ထူးခြား ကြီးမားလှသော ပရိတ်တော်ဖြစ်၏။

     (၅) ဓဇဂ္ဂသုတ် ပရိတ်တော်သည် စကြဝဠာ ကုဋေတသိန်းတိုင်အောင်ပင် အာဏာစက် ပြန့်နှံလျက် ဘေးရန်အန္တရာယ်မှ လွတ်ကင်းစေနိုင်၏။ ဓဇဂ္ဂသုတ်အတွင်း၌ ပါဝင်သော ဘုရားဂုဏ်, တရားဂုဏ်, သံဃဂုဏ်တော်များကို အာရုံပြု၍ အောက်မေ့ပွါးများလျှင် စိတ်ဉာဏ်ကြီးထွားခြင်း, နတ်ပြည်မှာ ကမ္ဘာသုံးသောင်း ဖြစ်ရခြင်း, သိကြားနတ်မင်း အကြိမ်ပေါင်းရှစ်ဆယ် ဖြစ်ရခြင်း, စကြဝတေးမင်း အကြိမ်တထောင် ဖြစ်ရခြင်း, ပဒေသရာဇ်မင်း ဧကရာဇ်မင်း အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဖြစ်ရခြင်း, ဖြစ်လေရာဘဝတို့၌ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလျက် ရရှိပြီး ပစ္စည်းဥစ္စာများ မပျက်စီးနိုင်ခြင်း, ကမ္ဘာတသိန်းတိုင်တိုင်



၃၁၇

အပါယ်လေးပါးသို့ မလားမရောက်ရခြင်း, နောက်ဆုံး ပစ္ဆိမဘဝ၌ အရဟတ္တဖိုလ်တိုင်မြောက်အောင် ရောက်ရခြင်း, ထိတ်လန့် ကြောက်ရွံ့မှု မဖြစ်ခြင်း, ကိုယ်တုန်လှုပ်မှု မဖြစ်ခြင်း, မွှေးညှင်းရွှင်ပျ ကြက်သီးထမှု မဖြစ်ခြင်းစသော အကျိုးများကို ပေးစွမ်းနိုင်၏။ ထို့ကြောင့် ဤဓဇဂ္ဂသုတ် ပရိတ်တော်မှာလည်း လွန်စွာ အာဏာတန်ခိုး ထက်မြက်ထူးခြား ကြီးမားလှသော ပရိတ်တော်ဖြစ်၏။

     (၆) ဗောဇ္ဈင်သုတ် ပရိတ်တော်သည် စကြဝဠာ ကုဋေတသိန်းတိုင်အောင်ပင် အာဏာစက် ပြန့်နှံ့လျက် ဘေးရန်အန္တရာယ်များကို ပျောက်ကင်းစေနိုင်၏။ ဗောဇ္ဈင်သုတ်အတွင်း၌ ပါဝင်သော ဗောဇ္ဈင်ခုနစ်ပါး တရားတို့ကို ပြည့်စုံအောင် ထူထောင်ပွါးများခဲ့လျှင် ယခုဘဝမှာပင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ရနိုင်ရောက်နိုင်၏။ ထို့ကြောင့် ဤဗောဇ္ဈင်သုတ် ပရိတ်တော်မှာလည်း လွန်စွာ အာဏာတန်ခိုး ထက်မြက်ထူးခြား ကြီးမားလှသော ပရိတ်တော်ဖြစ်၏။

     (၇) အာဋာနာဋိယသုတ် ပရိတ်တော်မှာလည်း စတုမဟာရာဇ်နတ်မင်းကြီး လေးပါးတို့ကိုယ်တိုင် အာဋာနာဋ-မည်သော နတ်မြို့တော်၌ စည်းဝေးကြလျက် ခုနစ်ဆူသော ဘုရားရှင်တို့၏ ကျေးဇူးဂုဏ်ကို အာရုံပြု၍ ရှိခိုးပြီးမှ ဤအာဋာနာဋိယသုတ် ပရိတ်တော်ကို ဆိုကြပြီးလျှင် “မြတ်စွာဘုရား၏ ဓမ္မစက်, ငါတို့၏ အာဏာစက်ကို မနာယူကုန်သော နတ်ဆိုးနတ်ကြမ်းတို့အား ဤမည်ဤမည်သော နတ်တို့၏ အပြစ်ဒဏ်ထားမှုကို ပြုကုန်အံ့”ဟူ၍ ရာဇအမိန့်တော် ထုတ်ပြန်ပြီးနောက် မြတ်စွာဘုရား ထံတော်မှောက်သို့ ကြီးစွာသော အစောင့်အရှောက် နတ်စစ်သည် ဗိုလ်ပါတို့ဖြင့် လာရောက်ကြလျက် မြတ်စွာဘုရားအား လျှောက်ထား အပ်နှင်းအပ်သည့် နတ်မင်းကြီးလေးပါး၏ တရားမန္တာန်ဖြစ်သည့်အပြင် ဘုရားရှင်ကိုယ်တော်တိုင်လည်း ရဟန်းတို့အား တဖန်ပြန်ကြား ဟောဆိုအပ်သည့် ကြီးစွာသော အရံအတား ပရိတ်တော် မြတ် ဖြစ်လေသည်။ တန်ခိုးအာဏာလည်း ကြီးမား ပြင်းထန်လှသည်၊ ထို့ကြောင့်ပင် အဋ္ဌကထာ၌ ဤဆိုလတ္တံ့သောအတိုင်း



၃၁၈

အာဋာနာဋိယသုတ်ကို ရွတ်ဆိုရမည့် အစီအရင်ကို ဖော်ပြထားလေသည်။ ၎င်းမှာ-

ဘုတ်ပြိတ်နတ်ကြမ်း ဖမ်းစားထားသူ လူနာအတွက် အစဦးစွာ အာဋာနာဋိယသုတ်ကို မရွတ်ဆိုရ၊ မေတ္တသုတ်, ဓဇဂ္ဂသုတ်, ရတနသုတ် ဤသုတ်တို့ကို ခုနစ်ရက်တိုင်တိုင် ရွတ်ဆိုရမည်၊ ထိုသို့ ရွတ်ဆိုသဖြင့် အဖမ်းအစားမှုမှ လွတ်လျှင်လည်း အပြစ်မရှိ ကောင်းမြတ်လှ၏၊ အာဋာနာဋိယသုတ်ကို ရွတ်ဖွယ်မလို။

မေတ္တသုတ်, ဓဇဂ္ဂသုတ်, ရတနသုတ်တို့ကို ခုနစ်ရက်တိုင်တိုင် ရွတ်ဆို၍မှ မလွတ်သော်သာ အာဋာနာဋိယသုတ်ကို ရွတ်ဆိုရမည်။ ထိုအာဋာနာဋိယသုတ်ကို ရွတ်ဆိုမည့် ရဟန်းသည် မုံ့ညက်ဖြင့် ပြုလုပ်အပ်သော မုံ့ကို၎င်း, သားငါးကို၎င်း မစားရ၊ သုသာန်၌ မနေရ၊ အကြောင်းကား ထိုသို့ မုံ့ညက်မုံ့ကို စားလျှင်၎င်း, သားငါးကို စားလျှင်၎င်း, သုသာန်၌ နေလျှင်၎င်း ဘုတ် ပြိတ် နတ်ကြမ်းတို့ ထိုရဟန်းကိုပင် ပူးဝင်ခွင့်ရမည် ဖြစ်သောကြောင့်တည်း။ ပရိတ်ရွတ်ရမည့်နေရာကို နနွင်းဖြင့် လိမ်းပြီးလျှင် နေရာထိုင်ခင်း သန့်ပြန့်စွာ ခင်းထားရမည်။

ပရိတ်ရွတ်မည့်ရဟန်းကို ကျောင်းမှ အိမ်သို့ပင့်ဆောင်သော လူများသည် လေးမြား ကာ လက်နက် ဓားလှံတို့ဖြင့် ဝန်းရံလျက် ပင့်ဆောင်ရမည်။ (အိမ်သို့ ရောက်သောအခါ ပရိတ်ရွတ်သော ရဟန်းသည်) ဟင်းလင်းအပြင် လွင်တီးခေါင်၌နေ၍ ပရိတ်မရွတ်ရ၊ ဝင်တံခါး လေသာတံခါးများကို ပိတ်၍ ထိုင်နေလျက် လက်နက်စွဲကိုင်သော သူများဖြင့် ဝန်းရံအပ်လျက် မေတ္တာနှင့်ယှဉ်သော စိတ်ကို ရှေ့သွားပြုပြီးလျှင် ပရိတ်ကို ရွတ်ရမည်။ အစီအစဉ်မှာ..

ရှေးဦးစွာ မကျန်းမာသူကို သိက္ခာပုဒ်များကို ဆောက်တည်စေ၍ သီလ၌တည်ပြီးသော သူနာအား ပရိတ်အရံအတားကို



၃၁၉

ပြုရမည် (=ပရိတ်ရွတ်ပေးရမည်)။ ဤနည်းဖြင့်လည်း ဘုတ်ပြိတ်နတ်ကြမ်း ဖမ်းစားသူကို လွတ်စေရန် မတတ်နိုင်က မကျန်းမာသူကို ကျောင်းတိုက်သို့ ယူဆောင်သွားပြီး စေတီတော်ယင်ပြင်၌ လျောင်းစေရမည်၊ စေတီတော်အား နေရာတော်ဖြင့် ပူဇော်ခြင်း, ဆီမီးညှိထွန်း ပူဇော်ခြင်း, စေတီတော်ယင်ပြင်ကို တံမြက်လှည်းခြင်း အမှုများ ပြုလုပ်ပြီးလျှင် ရှေးဦးစွာ “ဒိဝါ တပတိ အာဒိစ္စော” အစရှိသည့် သဗ္ဗမင်္ဂလိကဂါထာ- အစရှိသော မင်္ဂလာရှိသည့် တရားဂါထာ, စုဏ္ဏိယများကို ရွတ်ဆိုရမည်။ သံဃာတော်အားလုံး စည်းဝေးညီမူမိကြောင်း ကြွေးကြော်ရမည်။

ကျောင်းတိုက်၏ အနီးရှိ တောအုပ်၌ အကြီးအကဲသစ်ပင် (=တောစိုးသစ်ပင်) ရှိလိမ့်မည်။ ထိုတောစိုးသစ်ပင်သို့ သွားရောက်၍ “ရဟန်းသံဃာတော်သည် သင် ရုက္ခစိုးနတ်မင်းတို့၏ လာရောက်ခြင်းကို တောင့်တနေပေ၏”ဟူ၍ ပြောဆို ဖိတ်ခေါ်ရမည်၊ (ခပ်သိမ်းသော ရဟန်းတို့ စည်းဝေးရာအရပ်၌ မလာရောက်ပဲ မနေနိုင်)။

ထို့နောင်မှ ဘုတ်ပြိတ် ဖမ်းစားအပ်သော သူနာကို “သင်သည် အဘယ်အမည် ရှိသူနည်း”ဟူ၍ မေးရမည်။ အမည်ကို ဖြေကြား ပြောဆိုအပ်သည်ရှိသော် ချင်းပြောသောအမည်ဖြင့်ပင် ခေါ်ဝေါ်ကာ (ဥပမာ ပူးဝင်သူ နတ်ကြမ်းသည် နရဒေဝ-အမည်ရှိသူ ဖြစ်ခဲ့လျှင်)-

“အချင်းနရဒေ၀.. သင့်အား ပန်းနံ့သာ ပူဇော်ခြင်းစသော ကောင်းမှုကုသိုလ်အဖို့, နေရာတော်ပူဇော်ခြင်း ကောင်းမှုကုသိုလ်အဖို့, ဆွမ်းလှူခြင်း ကောင်းမှုကုသိုလ် အဖို့များကို ပေးအပ်၏၊ ရဟန်းသံဃာတော်များက သင့်အား တရားလက်ဆောင်အလို့ငှါ မင်္ဂလာတရားစကားများ ဟောကြား ရွတ်ဆိုအပ်လေပြီ၊ ရဟန်းသံဃာတော်၌



၃၂၀

ရိုသေလေးစားသောအားဖြင့် သင်သည် ဤသူနာကို လွှတ်လော့”-

ဟူ၍ မေတ္တာရပ်ခံကာ လွှတ်စေရမည်၊ ဤနည်းဖြင့်မှ မလွှတ်ခဲ့သော် သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များအား “အသင် သမ္မာဒေဝ နတ်မင်းများ အသိဖြစ်ကုန်၏၊ ဤနတ်ကြမ်းသည် ငါတို့၏ မေတ္တာစကား ပြောကြားသည်ကို မလိုက်နာ၊ သို့အတွက် ငါတို့သည် မြတ်စွာဘုရား၏ အာဏာတော်မြတ်ကို ပြုကြရတော့မည်”ဟု တိုင်ကြား ပြောဆိုပြီးလျှင် အာဋာနာဋိယသုတ် ပရိတ်တော်ကို ရွတ်ဆိုရမည်။

ဤဆိုအပ်ပြီးသည်ကား လူတို့အတွက် အစီအရင်ဖြစ်သည်။ ဘီလူးနတ်ကြမ်း အဖမ်းခံရသောသူသည် အကယ်၍ ရဟန်းဖြစ်ခဲ့လျှင် နေရာများကို ဆေးကြောသုတ်သင် စင်ကြယ်အောင် ပြုပြီးလျှင် ရဟန်းသံဃာတော်အားလုံး စည်းဝေးညီမူရန် ဖိတ်မန်ကြွေးကြော်၍ နံ့သာပန်း ပူဇော်ခြင်းအစရှိသော ကောင်းမှုကုသိုလ်အဖို့ကို အမျှပေးဝေပြီးလျှင် ရှေးနည်းအတူ အာဋာနာဋိယပရိတ်တော်ကို ရွတ်ဆိုရမည်။ ဤကား ရဟန်းလူနာတို့အတွက် အစီအရင်တည်း။

     ဤဆိုအပ်ပြီးသည့်အတိုင်း အာဋာနာဋိယသုတ် အဋ္ဌကထာ၌ ပရိကံအစီအရင်ကို ခမ်းနား ကျယ်ပြန့်စွာ ဖော်ပြထားလေသည်။ ထို့ကြောင့် ဤအာဋာနာဋိယသုတ် ပရိတ်တော်မှာလည်း လွန်စွာ အာဏာတန်ခိုး ထက်မြက်ထူးခြား ကြီးမားလှသော ပရိတ်တော်ဖြစ်၏။

     ထို့အတူ ကြွင်းကျန်သောသုတ်ပရိတ်တော်များမှာလည်း အသီးအသီး လွန်စွာ အာဏာတန်ခိုး ထက်မြက်ထူးခြား ကြီးမားကြကုန်၏။ ဤအရာ၌ အချုပ်အားဖြင့် ရေးသားဖော်ပြရလျှင် မြတ်စွာဘုရား ဟောကြားတော်မူအပ်သည့် နိကာယ်ငါးရပ် ပိဋကတ်စကားတော်သည် စကြဝဠာ ကုဋေတသိန်းတိုင်အောင်



၃၂၁

အာဏာစက် ပြန့်နှံ့လျက် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ပွါးတိုးစည်ပင်စေနိုင်၏။ ဘေးရန်အန္တရာယ်များကို ပယ်ရှားတားမြစ်နိုင်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ရောက်အောင် ကျေးဇူးပြုနိုင်သဖြင့် စကားတကာတို့ထက် အမြတ်ဆုံးလည်း ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော နိကာယ်ငါးရပ် ပိဋကတ်စကားတော်မှာ လွန်စွာ အာဏာတန်ခိုး ထက်မြက်ထူးခြား ကြီးမားတော်မူ၏ဟု မမှိတ်မသုန် ယုံကြည်မှတ်သားရာ၏။

ယံ ဗုဒ္ဓေါ ဘာသတေ ဝါစံ၊

ခေမံ နိဗ္ဗာနပတ္တိယာ။

ဒုက္ခဿန္တကိရိယာယ၊

သာ ဝေ ဝါစာနမုတ္တမာ။

ဗုဒ္ဓေါ = သဗ္ဗညုဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်စွာဘုရားသည်။ နိဗ္ဗာနပတ္တိယာ = နိဗ္ဗာန်ထုတ်ချောက် ရောက်စိမ့်သောငှါ။ ဒုက္ခဿ = စက်သံသာရ ဝဋ်ဒုက္ခ၏။ အန္တကိရိယာယ = ကမ္ပတ်ပိတ်ဖုံး အဆုံးကိုပြုခြင်းငှါ။ ခေမံ = ဘေးနှင့်မစပ် ဥပဒ်ကင်းစင်သော။ ဝါစံ = နိကာယ်ငါးရပ် ပိဋကတ်တွင်ခေါ် အကြင် စကားတော်ကို။ ဘာသတေ = ကရုဏာရှေ့ထား ဟောကြားတော်မူ၏။ သာ ဝါစာ = ပိဋကသုံးသွယ် နိကာယ်ငါးပါး ထိုဘုရားစကားတော်သည်။ ဝေ = စင်စစ်။ ဝါစာနံ = စကားတကာတို့ထက်။ ဥတ္တမာ = အပြစ်ကင်းလတ် ချီးမွမ်းအပ်၍ မြတ်ထွတ်လှပါပေ၏။ ။(သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ မျက်နှာ ၁၉၁-မှ)။

အလောင်းတော် သင်္ခပုဏ္ဏားဝတ္ထုကို ဟောတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် လဝက် (=တဆယ့်ငါးရက်)ပတ်လုံး ဝေသာလီပြည်၌ သီတင်းသုံး နေထိုင်တော်မူပြီးနောက် လိစ္ဆဝီမင်းအပေါင်းတို့အား “ငါတို့ သွားတော့ကုန်အံ့”ဟူ၍



၃၂၂

ခွင့်ပန်စကား မိန့်ကြား သိစေတော်မူလေ၏။ ထိုအခါ လိစ္ဆဝီမင်းအပေါင်းတို့သည် ဗိမ္ဗိသာရမင်းတရားထက် နှစ်ဆတက်လွန်ကဲသော ပူဇော်သက္ကာရမှုဖြင့် တဖန် သုံးရက်ခရီးဖြင့်ပင် မြတ်စွာဘုရားကို ဂင်္ဂါမြစ်ဆိပ်သို့အရောက် ပင့်ဆောင်ကြလေကုန်၏။

     ထိုအခါ ဂင်္ဂါမြစ်၌ ဖြစ်ပွါးနေထိုင်ကြကုန်သော နတ်နဂါးမင်းတို့သည် “လူတို့သည် မြတ်စွာဘုရားအား ကြီးစွာသော ပူဇော်သက္ကာရမှုကို ပြုကြကုန်၏၊ ငါတို့သည် အဘယ့်ကြောင့် မပြုလုပ်ပဲ ရှိကုန်အံ့နည်း၊ ပြုလုပ်ကြကုန်အံ့သည်သာ”ဟု ကြံစည် တိုင်ပင်ကြကုန်လျက် ရွှေလှေ ငွေလှေ ပတ္တမြားလှေတို့ကို ဖန်ဆင်းကြပြီးလျှင် ထိုလှေတို့၌ ရွှေပလ္လင် ငွေပလ္လင် ပတ္တမြားပလ္လင်တို့ကို ခင်းထားကြ၍ ဂင်္ဂါမြစ်ရေ တပြင်လုံးကို အဆင်းငါးပါးရှိသော ကြာမျိုးတို့ဖြင့် ဖုံးလွှမ်းသည်ကို ပြုကြပြီးနောက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်တို့အား သနားချီးမြှောက်မှု ပြုတော်မူပါကုန်ဘုရား”ဟူ၍ မြတ်စွာဘုရားကို လျှောက်ထား တောင်းပန်ကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည် နဂါးမင်းတို့ လျှောက်ထား တောင်းပန်ချက်ကို လက်ခံတော်မူပြီးလျှင် နဂါးမင်းတို့ ဖန်ဆင်းအပ်သော ရတနာလှေတော်ထက်သို့ တက်တော်မူလေ၏၊ ရဟန်းငါးရာတို့သည်လည်း ရတနာလှေ ငါးရာထက်သို့ အသီးအသီး တက်စီးတော်မူကြလေကုန်၏။ နဂါးမင်းတို့သည် မြတ်စွာဘုရားရှင်ကို ရဟန်းသံဃာနှင့်တကွ နဂါးပြည်သို့ ပင့်ဆောင်ကြလေကုန်၏။ ထိုနဂါးပြည် ဘုံဗိမာန်၌ မြတ်စွာဘုရားသည် ညဉ့်သုံးယံပတ်လုံး နဂါးပရိသတ်အား တရားဟောတော်မူ၏။ နောက်တနေ့၌ နဂါးမင်းတို့သည် နတ်၌ဖြစ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ကြီးစွာသော အလှူဒါနကို ပေးလှူကြကုန်၏။ မြတ်စွာဘုရားရှင်သည် အနုမောဒနာတရား ဟောကြားတော်မူပြီးလျှင် နဂါးပြည်မှ ထွက်ကြွတော်မူခဲ့လေ၏။

     ဘုမ္မဇိုဝ်းနတ်တို့သည် “လူတို့သည်၎င်း, နဂါးတို့သည်၎င်း မြတ်စွာဘုရားအား ကြီးစွာသော ပူဇော်သက္ကာရမှုကို ပြုကြကုန်၏။



၃၂၃

ငါတို့သည် အဘယ့်ကြောင့် မပြုလုပ်ပဲ ရှိကုန်အံ့နည်း၊ ပြုလုပ်ကြကုန်အံ့သည်သာ”ဟု ကြံစည် တိုင်ပင်ကြကုန်လျက် တောအုပ် သစ်ပင် တောင် စသည်တို့၌ အလွန့်အလွန် ကောင်းမွန်သော ထီးတို့ကို စိုက်ထောင်လွှင့်ထူကာ ပူဇော်ကြလေကုန်၏။ ဤနည်းဖြင့်ပင် အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် ကြီးစွာသော ပူဇော်သက္ကာရအထူးသည် ဖြစ်လေ၏။ ဗိမ္ဗိသာရ မင်းတရားသည်လည်း လိစ္ဆဝီမင်းတို့က မြတ်စွာဘုရား ပြန်ကြွတော်မူသောအခါ ပြုလုပ်အပ်သော ပူဇော်သက္ကာရထက် နှစ်ဆတက် ပြုလုပ်ပူဇော်ကာ ရှေး ဆိုအပ်ပြီးနည်းအတိုင်း ငါးရက်ခရီးဖြင့် မြတ်စွာဘုရားရှင်ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်သို့အရောက် ပင့်ဆောင်လေ၏။

(ဤ၌။ ။ရာဇဂြိုဟ်မှ ဂင်္ဂါမြစ်သို့အရောက် ၅-ယူဇနာ, ဂင်္ဂါမြစ်ရေပြင် ၁-ယူဇနာ, ဂင်္ဂါမြစ်မှ ဝေသာလီပြည်သို့အရောက် ၃-ယူဇနာ = ပေါင်းလျှင် ၉-ယူဇနာခရီး ရှိသည်ကို သတိပြု မှတ်သားထားရာ၏)။

     မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်သို့ ရောက်တော်မူလတ်သည်ရှိသော် နေလွဲအခါ၌ ညီမူရာ တန်ဆောင်းဝန်း (=ခန်းမဆောင်)၌ စည်းဝေးညီမူကြသော ရဟန်းတို့၏ ကမ္မဋ္ဌာန်းစကား အကြားအကြား၌-

“ငါ့ရှင်တို့.. ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ အာနုဘော်တော်ကား အံ့ဖွယ်ရှိပါပေစွာ့၊ ယင်းသည့် မြတ်စွာဘုရားကို ရည်ညွှန်း၍ ဂင်္ဂါမြစ်၏ ဤမှာဖက်ကမ်း ငါးယူဇနာ, ထိုမှာဖက်ကမ်း သုံးယူဇနာ ဤသို့ ရှစ်ယူဇနာရှိသော မြေအဖို့ကို နိမ့်ရာအရပ် မြင့်ရာအရပ် နှစ်ရပ်လုံး ညီညွတ်အောင်ပြု၍ သဲဖြူခင်းထားပြီးလျှင် ပန်းများဖြင့် ဖုံးလွှမ်းအပ်ပေ၏။ ဂင်္ဂါမြစ်အတွင်း၌လည်း တယူဇနာ ပမာဏရှိသော ရေအပြင်ကို အဆင်းငါးပါးရှိသော ကြာပန်းတို့ဖြင့် ဖုံးလွှမ်းအပ်ပေ၏၊ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် အလွန့်အလွန် ကောင်းမွန်သော နတ်ထီးဖြူ ဗြဟ္မာ့ထီးဖြူတို့ကို စိုက်ထောင် လွှင့်ထူအပ်ပေကုန်၏”-



၃၂၄

ဟူ၍ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးမှုနှင့်စပ်သော ကျေးဇူးစကား ဖြစ်ပွါးခဲ့လေသည်။ (ကမ္မဋ္ဌာန်းစကား၏ အကြားအကြား၌ ရဟန်းတော်များသည် ဆိုအပ်ပြီးသည့်အတိုင်း မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူး စကားကို ပြောကြားနေကြသည်ဟု ဆိုလိုသည်)။

     မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို သိတော်မူ၍ ဂန္ဓကုဋီတိုက်တော်မှ ထွက်ကြွတော်မူကာ ထို ခဏအား လျော်စွာသော တန်ခိုးပြာဋိဟာဖြင့် ညီမူရာ တန်ဆောင်းဝန်း (=ခန်းမဆောင်)အတွင်း အသင့်ခင်းထားအပ်သော ဘုရားနေရာတော်၌ ထိုင်နေတော်မူပြီးလျှင် “ချစ်သားရဟန်းတို့.. သင်ချစ်သားတို့သည် ယခု ငါဘုရား ကြွလာသောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးညီမူ၍ နေကြကုန်သနည်း”ဟူ၍ မေးတော်မူလေ၏။ ရဟန်းများက အကြောင်းအလုံးစုံကို ပြန်ကြား လျှောက်ထားကြသောအခါ မြတ်စွာဘုရားရှင်သည်-

“ချစ်သားရဟန်းတို့.. ဤပူဇော်သက္ကာရမှုအထူးသည် ငါဘုရား၏ ဗုဒ္ဓအာနုဘော်ကြောင့် ဖြစ်သည်လည်း မဟုတ်၊ နဂါး, နတ်, ဗြဟ္မာတို့၏ အာနုဘော်ကြောင့်လည်း ဖြစ်သည်မဟုတ်၊ စင်စစ်သော်ကား ရှေးအတိတ်အခါ၌ အနည်းငယ်မျှ စွန့်ကြဲလှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်၏ အာနုဘော်ကြောင့် ဖြစ်ပေါ်လာပေ၏”-

ဟူ၍ အရိပ်အမြွက်စကား မိန့်ကြားတော်မူလေ၏။ ရဟန်းတော်များက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်တို့သည် ထိုအနည်းငယ်မျှ စွန့်ကြဲလှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်ကို မသိကြပါကုန်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်များ တောင်းပန်ပါကုန်၏။ ဘုန်းတော်သခင် ရှင်တော်ဘုရားသည် တပည့်တော်တို့အား ထိုအကြောင်းကို ကွဲကွဲပြားပြား ပိုင်းခြားသိနိုင်အောင် ဟောကြားတော်မူပါလော့”ဟူ၍ တောင်းပန်စကား လျှောက်ထားသဖြင့် မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သောအတိုင်း အတိတ်ဝတ္ထုကို ဟောကြားတော်မူ၏-



၃၂၅

     ရဟန်းတို့.. ရှေး၌ဖြစ်ဘူး အကြောင်းထူးကား တက္ကသိုလ်ပြည်၌ သင်္ခအမည်ရှိသော ပုဏ္ဏားတဦးသည် ရှိ၏။ ထိုသင်္ခပုဏ္ဏား၏ အရွယ်အားဖြင့် တဆယ့်ခြောက်နှစ် အရွယ်ရှိသော သုသီမမည်သော သားလုလင် တယောက်သည် ရှိ၏။ ထိုသုသီမမည်သော သားသည် တနေ့သ၌ ဖခင်ထံသို့ ကပ်ရောက်ပြီးလျှင် ရိုသေမြတ်နိုး ရှိခိုးရပ်တည်လေ၏။ ထိုသုသီမသားကို ဖခင် သင်္ခပုဏ္ဏားက “ချစ်သားသုသီမ.. အကြောင်းထူး အသို့ ရှိသနည်း”ဟု မေးမြန်းလတ်သော် သုသီမသားလုလင်သည် “အို ဖခင်.. အကျွန်ုပ်သည် ဗာရာဏသီပြည်သို့သွား၍ အတတ်ပညာများကို သင်ကြားလိုပါသည်”ဟု ပြန်ကြား ပြောဆိုလေ၏။ ထိုအခါ ဖခင်သင်္ခပုဏ္ဏားသည် “ချစ်သားသုသီမ.. ထိုသို့ဖြစ်ခဲ့လျှင် ဗာရာဏသီပြည်ဝယ် ဤအမည်ရှိသော ပါမောက္ခ ပုဏ္ဏားဆရာကြီးသည် ငါ၏သူငယ်ချင်း ဖြစ်ပေသည်၊ ထိုပါမောက္ခ ပုဏ္ဏားဆရာကြီးထံသို့ သွားရောက်၍ အတတ်ပညာများကို သင်ကြားလော့”ဟု ပြောဆို၍ သုသီမ သားလုလင်အား အသပြာတထောင်ကို ပေးအပ်လိုက်လေသည်။

     သုသီမလုလင်သည် ထိုအသပြာတထောင်ကို ယူဆောင်ပြီးလျှင် မိဖနှစ်ပါးကို ရိုသေမြတ်နိုး ရှိခိုးခဲ့၍ အစဉ်သဖြင့် ခရီးထွက်ခဲ့ရာ ဗာရာဏသီပြည်သို့ရောက်၍ ဆရာ့ထံပါး ခစားဆည်းကပ်သူတို့ လိုက်နာကျင့်သုံးရမည့် အစီအရင်အတိုင်း ပါမောက္ခ ပုဏ္ဏားဆရာကြီးထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေမြတ်နိုး ရှိခိုးပြီးနောက် မိမိကိုယ်ကို (တက္ကသိုလ်ပြည်မှ သင်္ခပုဏ္ဏား၏ သားဖြစ်ကြောင်း) ပြောကြား အပ်နှင်းလေ၏။ ပါမောက္ခဆရာကြီးသည် “ငါ့သူငယ်ချင်း၏ သားပေတကား”ဟု သုသီမလုလင်ကို လက်ခံပြီးလျှင် အလုံးစုံသော ဧည့်သည်ဝတ်ကို ပြုလုပ်ဧည့်ခံလေ၏။

     သုသီမလုလင်သည် ခရီးပန်းခြင်းကို ပယ်ဖျောက်ပြီးလျှင် ပါလာသော ငွေအသပြာ တထောင်ကို ပါမောက္ခဆရာကြီး၏ ခြေရင်း၌ ချထား၍ အတတ်ပညာများ သင်ကြားရန်အခွင့်ကို တောင်းခံလေ၏။ ဆရာကြီးသည် အခွင့်ပြုကာ



၃၂၆

အတတ်ပညာများကို သင်ကြားစေ၏။ သုသီမလုလင်သည် ပါရမီရှင်ပီပီ လျင်မြန်စွာလည်း သင်ယူလျက်, များများလည်း သင်ယူလျက်, သင်ယူပြီးတိုင်းသော အတတ်ပညာများကိုလည်း ရွှေခွက်၌ထည့်အပ်သော ခြင်္သေ့ဆီပမာ မပျောက်မပျက်ရအောင် ဆောင်ယူလျက် (သူတပါးတို့) ဆယ့်နှစ်နှစ်ကြာအောင် သင်ယူရသော အတတ်ပညာများကို နှစ်လ သုံးလဖြင့်ပင် ပြီးဆုံးတတ်မြောက်အောင် သင်ကြားလေ၏။

     သုသီမလုလင်သည် ဝေဒကျမ်းများကို ရွတ်အံသရဇ္ဈာယ်မှု ပြုလတ်သည်ရှိသော် အစနှင့် အလယ်ကိုသာ တွေ့မြင်ရ၍ အဆုံးကိုကား မတွေ့မြင်ရပဲ ရှိလေသည်။ ထိုအခါ ပါမောက္ခဆရာကြီးထံသို့ ချဉ်းကပ်ပြီးလျှင် “အို ဆရာကြီး.. ဤဝေဒကျမ်းလာ အတတ်ပညာ၏ အစနှင့် အလယ်ကိုသာ အကျွန်ုပ် တွေ့မြင်ရပါသည်၊ အဆုံးကို မကွေ့မြင်ရပါ”ဟူ၍ ပြောဆိုလေသော် ပါမောက္ခ ဆရာကြီးကလည်း “ချစ်သား.. ငါသည်လည်း သင်ကဲ့သို့ပင် အစနှင့် အလယ်ကိုသာ တွေ့မြင်ရ၍ အဆုံးကိုကား မတွေ့မြင်ရပါ”ဟူ၍ ပြန်ကြားပြောဆိုလေ၏။ “ဆရာကြီး.. ထိုသို့ဖြစ်ခဲ့လျှင် အဘယ်သူသည် ဤအတတ်ပညာ၏ အဆုံးကို သိမြင်ပါသနည်း”ဟူ၍ သုသီမလုလင်က တဖန် ပြန်၍မေးလေသော် ပါမောက္ခ ဆရာကြီးသည်လည်း “ချစ်သားသုသီမ.. ဣသိပတန မိဂဒါဝုန်တော၌ ရှိနေကြသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဤအတတ်ပညာ၏ အဆုံးကို သိတော်မူကြကုန်လေရာ၏ = သိတော်မူကြလိမ့်မည် ထင်ပါ၏”ဟူ၍ ဖြေကြားပြောဆိုလေသည်။ သုသီမလုလင်က “ဆရာကြီး.. ထိုသို့ဖြစ်လျှင် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ချဉ်းကပ်၍ အကျွန်ုပ် မေးလျှောက်ပါရစေ”ဟူ၍ ခွင့်ပန်စကား ပြောကြားလတ်သော် ပါမောက္ခဆရာကြီးသည်လည်း “ချစ်သားသုသီမ.. အမောင်အလိုရှိတိုင်း ချမ်းသာသလို မေးလျှောက်ပါလေ”ဟူ၍ ခွင့်ပြုစကား ပြောကြားလေ၏။

     သုသီမလုလင် ပါရမီရှင်သည် ဣသိပတန မိဂဒါဝုန်တောသို့ သွားရောက်ကာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ထံ ချဉ်းကပ်ပြီးလျှင် “အရှင်ဘုရားတို့သည် အစ အလယ် အဆုံးကို



၃၂၇

သိတော်မူကြပါကုန်သလော”ဟု မေးလျှောက်လေသော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် “အိမ်း.. သိကြကုန်၏ ဒါယကာ သုသီမ..”ဟူ၍ မိန့်ကြားကုန်၏။ “အဆုံးကို သိနိုင်သည့် ထိုအတတ်ပညာကို တပည့်တော်ကိုလည်း သင်ကြားပေးတော်မူကြပါကုန်”ဟူ၍ သုသီမလုလင်က လျှောက်ဆိုလတ်သည်တွင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် “ဒါယကာသုသီမ.. ထိုသို့ဖြစ်ခဲ့လျှင် သင်သည် ရဟန်းပြုလော့၊ ရဟန်းမဟုတ်သောသူသည် ထိုအတတ်ပညာကို မသင်ယူနိုင်”ဟူ၍ မိန့်ဆိုတော်မူကြလေကုန်၏။ “ကောင်းပါပြီ အရှင်ဘုရားတို့.. တပည့်တော်ကို ရဟန်းပြုလိုလျှင်လည်း ပြုပေးတော်မူကြပါကုန်၊ ရဟန်းပြုရုံတွင်မက အရှင်ဘုရားတို့ အလိုရှိရာကို ပြုတော်မူကြပြီးလျှင် အဆုံးကိုသာ သိအောင် သင်ကြား ပေးသနားတော်မူကြပါကုန်လော့”ဟူ၍ သုသီမလုလင် ပါရမီရှင်က လျှောက်ဆိုလတ်သော် ပစ္စေကဗုဒ္ဓါသခင် အရှင်မြတ်တို့သည် သုသီမလုလင်ကို ရဟန်းပြုပေးကြပြီးလျှင် ကမ္မဋ္ဌာန်းအမှု၌ ယှဉ်စေခြင်းငှါ မတတ်နိုင်ကုန်ရကား (=ပစ္စေကဗုဒ္ဓါများသည် သဗ္ဗညု မြတ်စွာဘုရားများကဲ့သို့ သူတပါးတို့ကို ဝိပဿနာကမ္မဋ္ဌာန်း ဤသို့ စီးဖြန်းရမည်ဟု ညွှန်ကြားဟောပြခြင်းငှါ မစွမ်းနိုင်ကြကုန်၊ သို့ရကား) “သင်သည် သင်းပိုင်ကို ဤသို့ အဝန်းညီစွာ ဝတ်ရမည်၊ သင်သည် အပေါ်ရုံ ကိုယ်ဝတ်သင်္ကန်းကို ဤသို့ အဝန်းညီစွာ ရုံရမည်” ဤသို့ အစရှိသည်ဖြင့် ဝတ်ကြီးဝတ်ငယ် တည်းဟူသော အာဘိသမာစာရိက သီလကိုသာ သင်ကြား ညွှန်ပြကြလေကုန်သည်။

     သုသီမလုလင် ရဟန်းသစ်သည် ပစ္စေကဗုဒ္ဓါအရှင်တို့ သင်ကြား ညွှန်ပြအပ်သည့်အတိုင်း အာဘိသမာစာရိကသီလကို ကျနစွာ ဖြည့်ကျင့်လတ်သည်ရှိသော် ပစ္စေကဗောဓိဉာဏ်ကို ရင့်သန်စေကြောင်း ရှေးကောင်းမှု ဥပနိဿယည်းနှင့် ပြည့်စုံသူဖြစ်သောကြောင့် မကြာမြင့်မီပင် ပစ္စေကဗောဓိခေါ်သည့် မဂ်ဉာဏ်လေးပါးသို့ ဆိုက်ရောက်တော်မူလေ၏ (=ပစ္စေကဗုဒ္ဓါ ဖြစ်တော်မူလေ၏)။ ဗာရာဏသီ တပြည်လုံး၌ သုသီမပစ္စေကဗုဒ္ဓါဟူ၍



၃၂၈

ထင်ရှား ကျော်ကြားပြီးလျှင် အခြံအရံ တပည့်ပရိသတ်နှင့် ပြည့်စုံကာ လာဘ်ပူဇော်သက္ကာရ ကျော်စောခြင်း အထွတ်အထိပ်သို့ ရောက်ရှိလေ၏။ ထိုသုသီမပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အသက်တိုစေတတ်သည့် မကောင်းမှု အကုသိုလ်ကံကို ရှေးက ပြုအပ်ခဲ့လေသောကြောင့် မကြာမြင့်မီပင် ပရိနိဗ္ဗာန် စံတော်မူလေ၏။ ထိုသုသီမ ပစ္စေကဗုဒ္ဓါ၏ ဥတုဇရုပ်ကလာပ်ကို မြို့သူမြို့သားတို့နှင့်တကွ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဖုတ်ကျည်းသင်္ဂြိုဟ်မှု ပြုလုပ်ကြပြီးလျှင် ဓာတ်တော်များကို ကောက်ယူကြကာ ဗာရာဏသီမြို့တံခါး အနီး၌ ဓာတ်တော်များကို သွင်းထားဌာပနာ၍ စေတီတည်ထား ကိုးကွယ်ကြလေကုန်၏။

     ထိုအခါ ဖခင်ဖြစ်သော သင်္ခပုဏ္ဏားကြီးသည် “ငါ့သားသုသီမ သွားသည်မှာ ကြာလှပြီ၊ ထိုသား၏ သတင်းစကားကိုလည်း မကြားမသိရ”ဟူ၍ ကြံစည်စဉ်းစားကာ သားကို တွေ့မြင်လိုသည်ဖြစ်၍ တက္ကသိုလ်ပြည်မှ ထွက်ခဲ့ပြီးလျှင် အစဉ်သဖြင့် ဗာရာဏသီပြည်သို့ရောက်၍ (သုသီမ ပစ္စေကဗုဒ္ဓါ၏ အရိုးအိုးစေတီတော်အနီး၌) လူအများ စုရုံး စည်းဝေးနေသည်ကို မြင်လတ်၍“မချွတ်ပင် များစွာသော လူတို့အနက် တယောက်ယောက်သည် ငါ့သား၏ ဖြစ်ပုံအခင်း သတင်းကို သိပေလိမ့်မည်”ဟု ကြံစည်စဉ်းစားကာ ထိုလူများ စည်းဝေးရာအရပ်သို့ ချဉ်းကပ်သွားရောက်၍ “အရှင်တို့.. ဤဗာရာဏသီပြည်အရပ်သို့ (ပညာသင်ကြားရန်) လာရောက်သည့် သုသီမအမည်ရှိသော လုလင်ငယ်တယောက် ရှိပါသည်။ အရှင်တို့သည် ထိုသုသီမလုလင်ငယ်၏ ဖြစ်ပုံသတင်းကို သိကြပါသလော”ဟူ၍ မေးမြန်းလေသော် များ စွာသောလူတို့က-

“အိမ်း.. သိကြပါသည် ဆရာပုဏ္ဏားကြီး..၊ (သုသီမ လုလင်ငယ်သည်) ဤဗာရာဏသီပြည်၌ ပါမောက္ခ ပုဏ္ဏားဆရာကြီး၏အထံ၌ ဝေဒကျမ်း သုံးပုံတို့၏ အဆုံးရောက် တတ်မြောက်သူဖြစ်ပြီးလျှင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏အထံ၌ ရဟန်းပြုပြီးနောက် ပစ္စေကဗောဓိဉာဏ်



၃၂၉

ပေါက်ရောက်ကာ ပစ္စေကဗုဒ္ဓါ (=ဘုရားငယ်တဆူ) ဖြစ်တော်မူပြီးလျှင် အနုပါဒိသေသပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းလေပြီ၊ (စေတီကို လက်ညှိုးညွှန်ပြကုန်လျက်) ဤစေတီသည်ကား ထိုသုသီမ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ ဓာတ်တော်များ သွင်းနှံရာ စေတီတော်ဖြစ်သည်”-

ဟူ၍ ပြောဆိုကြလေကုန်၏။

     ဖခင် သင်္ခပုဏ္ဏားကြီးသည် ထိုစကားကို ကြားရလျှင် မြေကို လက်ဖြင့် ပုတ်ကာပုတ်ကာ သည်းစွာ ငိုကြွေး မြည်းတမ်းလေသည်။ အားရအောင် ငိုကြွေးမြည်းတမ်းပြီးမှ ထိုစေတီတော်ယင်ပြင်သို့ သွားရောက်ပြီးလျှင် မြက်ပင်များကို ပယ်နုတ်၍ အပေါ်ရုံ စုလျားတဘက်ဖြင့် သဲဖြူများကို ဆောင်ယူခဲ့ပြီးလျှင် စေတီတော်ယင်ပြင်၌ ကြဲဖြန့်လေသည်၊ မြူမှုန်မထရန် ကရားမှရေဖြင့် ထက်ဝန်းကျင်မြေကို ဆွတ်ဖျန်းလေသည်၊ ထို့နောက် ရသမျှသော တောပန်းတို့ဖြင့် စေတီတော်အား တင်လှူပူဇော်ပြန်လေသည်၊ မိမိ၌ပါလာသော အပေါ်ရုံ စုလျားတဘက်ဖြင့် တံခွန်ပြုလုပ် လွှင့်ထူကာ စေတီတော်၏အထက်၌ မိမိ၏ထီးကို ဖွဲ့ချည်တင်လှူပြီးလျှင် ဖဲသွားလေ၏။

     ဤသို့ မြတ်စွာဘုရားသည် အတိတ်အကြောင်းကို အကျယ် ဟောပြီးနောက် အတိတ်ဖြစ်ရပ် ထိုသည့်ဇာတ်ကို ပစ္စုပ္ပန်ဝတ္ထုနှင့် ဆက်စပ်ပြတော်မူလိုသည်ဖြစ်၍ ရဟန်းတော်တို့အား ဆိုလတ္တံ့သောအတိုင်း တရားစကား ဟောကြားတော်မူလေသည်-

“ရဟန်းတို့.. သင်တို့၏ စိတ်သန္တာန်ဝယ် ‘ထိုစဉ်အခါ အခြားတပါးသောသူသည် သင်္ခပုဏ္ဏား ဖြစ်ခဲ့လေသလော’ဟူ၍ အကြံအစည် ဖြစ်လေရာ၏။ ဤအကြောင်းကို ဤသို့ မမှတ်အပ်ချေ၊ ငါဘုရားသည်ပင် ထိုစဉ်အခါ သင်္ခပုဏ္ဏား ဖြစ်ခဲ့လေပြီ။ (၁) ငါဘုရားအလောင်းသည် သုသီမပစ္စေကဗုဒ္ဓါ၏ စေတီယင်ပြင်၌ မြက်များကို ပယ်ရှားနုတ်ထွင်



၃၃၀

သုတ်သင်အပ်ခဲ့လေပြီ။ ငါဘုရားအလောင်းတော်၏ ထိုသို့ စေတီယင်ပြင်ဝယ် မြက်သုတ်သင်ခဲ့ခြင်းဟူသော ကောင်းမှုကံ၏ အကျိုးဆက်အနေဖြင့် ယခုအခါ လူများအပေါင်းတို့သည် ဂင်္ဂါမြစ်၏ ဤမှာဖက်၌ ငါးယူဇနာ, ထိုမှာဖက်၌ သုံးယူဇနာ = ဤသို့ ရှစ်ယူဇနာရှိသော လမ်းခရီးကို သစ်ငုတ်ဆူးငြောင့် ကင်းရှင်းအောင် ပြုလုပ်ကြကာ ညီညွတ်သန့်စင်အောင် ပြုလုပ်ကြလေပြီ၊

(၂) ငါဘုရားအလောင်းသည် ထိုသုသီမ ပစ္စေကဗုဒ္ဓါ၏ စေတီယင်ပြင်၌ သဲဖြူအပြည့် ခင်းခဲ့လေပြီ၊ ထို ကောင်းမှုကံ၏ အကျိုးဆက်အားဖြင့် ဖော်ပြရာပါ ရှစ်ယူဇနာရှိသော လမ်းခရီး၌ လူများအပေါင်းတို့ သဲဖြူကို ခင်းကြလေပြီ၊

(၃) ငါဘုရားအလောင်းသည် ထိုသုသီမ ပစ္စေကဗုဒ္ဓါ၏ စေတီ၌ ရကတတ်ဆန်း တောပန်းများဖြင့် ပူဇော်မှု ပြုအပ်ခဲ့လေပြီ၊ ငါ၏ ထိုကောင်းမှုကံ၏ အကျိုးဆက်အားဖြင့် ကိုးယူဇနာရှိသော ခရီး၌ ကြည်းကုန်း၌၎င်း, ရေ၌၎င်း လူနတ်အပေါင်းတို့သည် ပန်းအမျိုးမျိုးတို့ဖြင့် ပန်းမွေ့ရာ ကြဲကြ ခင်းကြလေကုန်ပြီ၊

(၄) ဘုရားအလောင်းသည် ထိုသုသီမ ပစ္စေကဗုဒ္ဓါ၏ စေတီယင်ပြင်၌ (မြူမှုန်မထစေရန်) ကရားမှရေဖြင့် မြေအပြင်ကို သွန်းလောင်း ပက်ဖျန်းအပ်ခဲ့လေပြီ၊ ထိုသို့ ပြုလုပ်ခဲ့သော ကောင်းမှု၏ အကျိုးဆက်အားဖြင့် ယခုအခါ ဝေသာလီပြည်အရပ်သို့ ငါဘုရား၏ဖဝါးတော် ချလျှင်ချခြင်း ပေါက္ခရဝဿမိုး (=ကြာရွက်မျှသော တိမ်တိုက်မှ တခဏချင်းကြီးပွါးကာ ရွာသွန်းသည့်မိုး) ဖြိုးဖြိုးရွာသွန်းခဲ့လေပြီ၊

(၅) ငါဘုရားအလောင်းသည် ထိုသုသီမ ပစ္စေကဗုဒ္ဓါ၏ စေတီ၌ တံခွန်ပြားကို တင်လှူအပ်ခဲ့လေပြီ၊



၃၃၁

ထီးကိုလည်း ဖွဲ့ချည်အပ်ခဲ့လေပြီ။ ထိုသို့ ငါပြုလုပ်ခဲ့သော ကောင်းမှု၏ အကျိုးဆက်အားဖြင့် ယခုအခါ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် တံခွန်တို့ကိုလည်း စိုက်ထောင် တင်လှူအပ်ကြလေပြီ၊ လူ့ထီးဖြူ နတ်ထီးဖြူ ဗြဟ္မာ့ထီးဖြူတို့ကိုလည်း လူနတ်ဗြဟ္မာတို့ အဆင့်ဆင့် စိုက်ထူ ဆောင်းမိုးအပ်ကြလေကုန်ပြီ၊

ရဟန်းတို့.. ဤသို့လျှင် ဤပူဇော်သက္ကာရမှု အထူးသည် ငါဘုရား၏ ဗုဒ္ဓအာနုဘော်ကြောင့် ဖြစ်သည်လည်း မဟုတ်၊ နဂါး နတ် ဗြဟ္မာတို့၏ အာနုဘော်ကြောင့် ဖြစ်သည်လည်း မဟုတ်၊ စင်စစ်သော်ကား (ဆိုအပ်ပြီးသည့်အတိုင်း ငါဘုရားအလောင်းတော်သည် သင်္ခပုဏ္ဏားဖြစ်စဉ်အခါ၌) အနည်းငယ်မျှ စွန့်ကြဲလှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်၏ အာနုဘော်ကြောင့် ဖြစ်ပေါ်လာပေ၏”-

ဟူ၍ တရားစကား ဟောကြားတော်မူပြီးသည်၏အဆုံး၌ ဤဂါထာကို ရွတ်ဆို ဟောကြားတော်မူပြန်၏-

မတ္တာသုခပရိစ္စာဂါ၊

ပဿေ စေ ဝိပုလံ သုခံ။

စဇေ မတ္တာသုခံ ဓီရော၊

သမ္ပဿံ ဝိပုလံ သုခံ။

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ မတ္တာသုခပရိစ္စာဂါ = အနည်းငယ်မျှ ခံစံရမည့် သုခချမ်းသာ ဝေဒနာကို အာသာမကွက် ရက်ရက်ကြည်ဖြူ စွန့်လှူလိုက်ခြင်းကြောင့်။ ဝိပုလံ သုခံ = ပြန့်ပြောကြီးကျယ်လှစွာ နိဗ္ဗာန်ချမ်းသာကို။ စေ ပဿေ = ရလိမ့်ဧကန် စင်စစ်မှန်ဟု ဉာဏ်ပညာမျက်စိဖြင့် တိတိထင်ထင် အကယ်၍ သိမြင်ငြားအံ့။ ဝိပုလံ သုခံ = ပြန့်ပြောကြီးကျယ်လှစွာ နိဗ္ဗာန်ချမ်းသာကို။ သမ္ပဿံ- သမ္ပဿန္တော = ကောင်းစွာထင်ထင်



၃၃၂

ဉာဏ်မျက်စိဖြင့် သိမြင်သော။ ဓီရော = ပညာရှိသည်။ မတ္တာသုခံ = အနည်းငယ်မျှ ခံစံရမည့် သုခချမ်းသော ဝေဒနာကို။ စဇေ–စဇေယျ = အာသာမကွက် ရက်ရက်ကြည်ဖြူ စွန့်လှူရာ၏။

ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသော သတ္တဝါတို့ သောတာပတ္တိဖိုလ် အစရှိသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။

အလောင်းတော်သင်္ခပုဏ္ဏားဝတ္ထုကို ဟောတော်မူခြင်းအကြောင်းပြီး၏။

**********

သူဌေးသား ဂျွမ်းသမား ဥဂ္ဂသေနအကြောင်း

     မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ငါးရာသော ကခြေသည် ဇာတ်အဖွဲ့ကြီးသည် တနှစ် (သို့မဟုတ်) ခြောက်လမြောက် ရောက်လတ်သောအခါ ရာဇဂြိုဟ်ပြည်သို့ သွားရောက်၍ မင်းကြီး၏ ရှေ့တော်မှောက်ဝယ် ခုနစ်ရက်တိုင်တိုင် ကပွဲသဘင် ကျင်းပ၍ များစွာသော ရွှေငွေဆုလာဘ်တို့ကို ရရှိလေသည်။ ကပွဲ အခဏ်း အခဏ်းတို့၏ အကြားအကြား၌ ပွဲကြည့်သူ လူအများတို့က အားရနှစ်သက်လှသဖြင့် ပေးချအပ်သော ဆုလာဘ်တို့၏ အပိုင်းအခြားကား မရှိ၊ အလွန်များလှ၏။ ထိုသို့ ပွဲကျင်းပသောအခါ မြို့သူမြို့သား လူအပေါင်းသည် ညောင်စောင်းခဋင်, မြင့်သော ညောင်စောင်းခဋင်, ထိုထက်မြင့်သော ညောင်စောင်းခဋင် (အစဉ်သဖြင့် မြင့်၍ မြင့်၍သွားသော ညောင်စောင်းခဋင်)များ၌ ရပ်တည်ကြကာ ပွဲလမ်းသဘင်ကို ကြည့်ရှုကြကုန်၏။

     ထိုအခါ ဘားဂျွမ်းဆရာကြီး၏သမီး ဘာဂျွမ်းကခြေသည်မ တဦးသည် ဝါးတန်းဂျွမ်းစင်သို့ တက်၍ ထိုဝါးတန်းဂျွမ်းစင်ပေါ်၌ ဂျွမ်းထိုးပြီးလျှင် ထိုဝါးတန်းဂျွမ်းစင်၏ အစွန်းအဖျား ကောင်းကင်၌ပင် လူးလာတုံ့ခေါက် စင်္ကြံလျှောက်ကာ ယဉ်ကျေးသိမ်မွေ့စွာ က-လည်း က-ခုန်၏၊ သာယာစွာသော အသံဖြင့် သီလည်း သီဆို၏။



၃၃၃

ဥဂ္ဂသေနသူဌေးသား

     ထိုအခါ ဥဂ္ဂသေန-မည်သော သူဌေးသားသည် သူငယ်ချင်းတဦးနှင့်အတူ ပွဲကြည့်စင်၌ ရပ်တည်ကာ ထိုဘားဂျွမ်းကခြေသည်မကလေးကို စူးစူးစိုက်စိုက် တအံ့တဩ ကြည့်ရှု၍ သူမ၏ လက်ခြေချပုံ မြှောက်ပုံ ကွေးပုံ ဆန့်ပုံ အမူအရာတို့၌ အလွန်နှစ်သက် တပ်မက်ချစ်ခင်သော စိတ်ရှိလျက် အိမ်သို့ပြန်ပြီးလျှင် “ထိုဘားဂျွမ်း ကခြေသည်မကလေးကို ငါရလျှင် အသက်ရှင်ပေလိမ့်မည်၊ မရလျှင် ငါ့အား ဤညောင်စောင်း ခဋင်ပေါ်၌ပင် သေရလိမ့်မည်”ဟု ပြောဆိုကြံစည်ကာ အစာငတ်ခံ၍ ညောင်စောင်းခဋင်ပေါ်၌ လည်းလျောင်းလေ၏။

     မိဖတို့က “ချစ်သား.. သင့်မှာ ဘာရောဂါများ ဖြစ်သနည်း”ဟု မေးသောအခါမှာလည်း “အို-မိခင် ဖခင် ကျေးဇူးရှင်တို့.. ရွှေနန်းတော်ယင်ပြင် ကပွဲသဘင်မှာ ကျွန်ုပ်တွေ့မြင်ခဲ့ရသည့် ဘားဂျွမ်းကခြေသည်မကလေးကိုရလျှင် ကျွန်ုပ်၏ အသက်ရှင်ပါလိမ့်မည်၊ မရလျှင် ဤညောင်စောင်းခဋင်ပေါ်မှာပင် အကျွန်ုပ် သေရပါလိမ့်မည်”ဟု ပွင့်လင်းစွာ ပြောဆိုလေသည်။ မိဖတို့က “ချစ်သား.. ဤကဲ့သို့ မပြုပါလင့် (=ဒီလိုမလုပ်ပါနှင့်)၊ သင်ချစ်သားအတွက် (ထိုကခြေသည်မမှ) အခြားတပါး ငါတို့၏ အမျိုး အနွယ် စည်းစိမ်ဥစ္စာတို့နှင့် သင့်လျော်လျောက်ပတ်သည့် သတို့သမီးကို ဆောင်ယူ ပေးစားပါကုန်အံ့”ဟု နားချ ပြောဆိုအပ်သော်လည်း ဥဂ္ဂသေန သူဌေးသားသည် စကားမပြောင်းပဲ ရှေးနည်းအတူပင် ပြောဆို၍ အိပ်ရာညောင်စောင်း၌ လျောင်းမြဲ လျောင်း၍သာ နေလေ၏။

     ထိုအခါ ဥဂ္ဂသေန၏ ဖခင်ကြီးသည် သားကို တိုးတိုးတိတ်တိတ် ကြိတ်ကာ တောင်းပန်ဆုံးမစကား များစွာပင် ပြောဆိုအပ်သော်လည်း သားကို နားချရန် မစွမ်းနိုင်ရကား ဥဂ္ဂသေန၏သူငယ်ချင်းကို အခေါ်ခိုင်းပြီးလျှင် အသပြာကျပ်တထောင်ကို ပေးအပ်၍ “ဤအသပြာတထောင်တို့ကို လက်ခံပြီးလျှင် ဂျွမ်းဆရာကြီး၏ သမီးကို ကျွန်ုပ်သား ဥဂ္ဂသေနအား ပေးစေချင်ပါသည်”ဟု



၃၃၄

မှာကြားပြောဆိုကာ ဘားဂျွမ်းဆရာကြီးထံသို့ စေလွှတ်လိုက်လေ၏။ ဘားဂျွမ်းဆရာကြီးသည် “ကျွန်ုပ်ကား အသပြာများကို လက်ခံယူကာ သမီးကို မပေးနိုင်ပါ။ အကယ်၍ ဥဂ္ဂသေန သူဌေးသားသည် ကျွန်ုပ်၏သမီးကို မရလျှင် အသက်ရှည်ရန် မစွမ်းနိုင်ပါက ထိုသို့ဖြစ်လျှင် ကျွန်ုပ်တို့နှင့် အတူတကွသာလျှင် သွားလေရာရာ လိုက်ပါခဲ့ပါလော့၊ ယင်းသို့ ကျွန်ုပ်တို့နှင့် အတူတကွ လိုက်ပါနိုင်မှသာ ဥဂ္ဂသေန သူဌေးသားအား ကျွန်ုပ်သမီးကို ပေးစားနိုင်ပါမည်”ဟူ၍ ပြန်ကြား ပြောဆိုလေ၏။

ဥဂ္ဂသေနသူဌေးသား ကခြေသည်မနောက်သို့ လိုက်ပါသွားခြင်း

     မိခင်ဖခင်တို့က သားဥဂ္ဂသေနအား ထိုအကြောင်းကို ပြန်ကြား ပြောဆိုကြလေသော် ဥဂ္ဂသေနသည် “အို မိခင်ဖခင်တို့.. ကျွန်ုပ်သည် ထိုကခြေသည်တို့နှင့် အတူပင် လိုက်ပါ လှည့်လည်တော့မည်”ဟု ပြောဆို၍ မိဖဆွေမျိုးတို့က အကြိမ်ကြိမ် တောင်းပန်ကြသော်လည်း မနာယူပဲ အိမ်မှထွက်ကာ ဘားဂျွမ်းဆရာကြီးထံသို့ သွားလေတော့၏။ ဘားဂျွမ်းဆရာကြီးသည် ဥဂ္ဂသေန သူဌေးသားအား မိမိ၏ မူလစကားအတိုင်း သမီးကို ပေးစားပြီးလျှင် ဥဂ္ဂသေန သူဌေးသားနှင့် အတူတကွပင် ရွာနိဂုံး မင်းနေပြည်တို့၌ ဘားဂျွမ်းအတတ်ကို ပြသကာ လှည့်လည် သွားလာလေ၏။

     ကခြေသည်မကလေးသည်လည်း ဥဂ္ဂသေနနှင့် ဆက်ဆံပေါင်းသင်းမှုကို အကြောင်းပြု၍ မကြာမြင့်မီပင် သားတယောက်ကို ဖွားမြောက်ရရှိလတ်၍ ထိုသားကို ကစားကျီစယ်လတ်သော်..

“လှည်းစောင့်ကြီးရဲ့သား.. (အိပ်ပါတော့လား)

ဆုလာဘ်ဘဏ္ဍာထမ်း လူသွမ်းကြီးရဲ့သား.. (အိပ်ပါတော့လား)

တစိုးတစိ အတတ်ပညာကို မသိသူရဲ့သား.. (အိပ်ပါတော့လား)”

ဟု ပြောင်လှောင်ကျီစယ် ပြက်ရယ်စကား ပြောကြားသီဆိုလေ၏။



၃၃၅

မှန်၏– ဥဂ္ဂသေနကား ကခြေသည်များ လှည်းဝိုင်းချကာ တန့်နားသောအရပ်၌ နွားများအတွက် မြက်ကို ရှာကြံကျွေးမွေး၍ လှည်းဝန်းကို စောင့်ရှောက်ရလေသည်။ ပွဲကသောအရပ်၌ ရသောဆုလာဘ်ဥစ္စာကို ထမ်းဆောင် သိမ်းဆည်းရလေသည်၊ ထိုအချက်များကို ရည်ရွယ်၍ပင် ကခြေသည်မသည် ကစားကျီစယ်လတ်သော် ဆိုအပ်ခဲ့ပြီးသောအတိုင်း ပြောင်လှောင်ကျီစယ် ပြက်ရယ်စကား ပြောကြားသီဆိုလေသည်။

     ဥဂ္ဂသေနသည် မိမိကို စောင်းချိတ်၍ ကခြေသည်မ၏ ကျီစယ် သီဆိုသောအဖြစ်ကို သိရှိ၍ “ငါ့ကိုရည်ရွယ်၍ ဤနှယ် သီဆိုသလော”ဟု ကခြေသည်မကို တိုက်ရိုက် မေးမြန်းလေသော် “အိမ်း ဟုတ်ပါသည်၊ ရှင့်ကိုရည်ရွယ်၍ ဤနှယ် သီဆိုပါ၏”ဟု ကခြေသည်မက ဖြေကြားလေသည်။ “ဤသို့ဖြစ်လျှင် ငါသည် သင့်ကို စွန့်ပစ်၍ မိဖရပ်ထံ ပြန်လည်ပြေးသွားလိမ့်မည်”ဟု ဥဂ္ဂသေနက (မခံနိုင်သည့်စကား) ပြောကြားသော အခါ ကခြေသည်မသည် “ရှင် သွားသဖြင့်၎င်း, လာသဖြင့်၎င်း ကျွန်မအား အဘယ်မူစအံ့နည်း (=ရှင် သွားသွား မသွားသွား၊ ကျွန်မ မဖြုံပါ)”ဟု ပြောဆိုလျက် (ဥဂ္ဂသေန မနှစ်သက်မှန်းသိ၍) ထိုသီချင်းကိုပင် အဖန်ဖန် သီဆိုလေ၏။ (ထိုကခြေသည်မကလေးကား မိမိ၏ ရုပ်ရည်အဆင်း ပြည့်စုံမှုနှင့် ဥစ္စာရလွယ်မှုကို အမှီပြုကာ ဥဂ္ဂသေနကို အနည်းငယ်မျှပင် ပမာမထား ဤသို့ ပြောကြားလေသည်)။

ဥဂ္ဂသေန သူဌေးသား ဂျွမ်းသမားကခြေသည်ဖြစ်ခြင်း

     ဥဂ္ဂသေနသည် “အဘယ်ကို အမှီပြု၍ ဤကခြေသည်မ၏ တက်ကြွသော မာန်မာနသည် ဖြစ်လေသနည်း”ဟု ဆင်ခြင် ကြံစည်လတ်သော် “ဘားဂျွမ်းအတတ်ကိုမှီ၍ ဤကခြေသည်မ၏ တက်ကြွသော မာန်မာနသည် ဖြစ်၏”ဟု ရိပ်မိသိရှိ၍ “ရှိစေဦး၊ ငါသည်လည်း ဘားဂျွမ်းအတတ်ကို သင်ယူပေအံ့”ဟု ကြံစည်ကာ ယောက္ခမဖြစ်သူ ဘားဂျွမ်းဆရာကြီးထံသို့ ချဉ်းကပ်၍



၃၃၆

ထိုဆရာကြီးတတ်သိသော ဘားဂျွမ်းအတတ်ကို တတ်မြောက်အောင် သင်ယူပြီးလျှင် ရွာနိဂုံးစသည်တို့၌ ဘားဂျွမ်းအတတ်ကို ပြသကာ အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်သို့ တဖန်လာရောက်၍ “ယနေ့မှနောက် ခုနစ်ရက်မြောက်၌ ဥဂ္ဂသေန သူဌေးသားသည် မြို့သူမြို့သားတို့အား ဘားဂျွမ်းအတတ်ကို အဆန်းတကြယ် ပြသပေလိမ့်မည်”ဟု (မြို့တွင်းသို့ လှည့်လည်ကာ) ကြွေးကြော် ကျေညာစေလေ၏။

     မြို့နေလူအပေါင်းတို့သည် မြင့်သော ညောင်စောင်း, ထိုထက်မြင့်သော ညောင်စောင်း စသည်တို့ကို ဖွဲ့ချည်ခင်းထားစေ၍ ခုနစ်ရက်မြောက်သောနေ့၌ စည်းဝေးကြလေကုန်၏။ ဥဂ္ဂသေနသည်လည်း အတောင်ခြောက်ဆယ်အမြင့် (အဆင့်ဆင့်ဆက်၍) စိုက်ထူအပ်သော ဝါးပိုးလုံးသို့ တက်၍ ထိုဝါးပိုးလုံးထိပ်၌ (ဘားဂျွမ်းအတတ်ကို) ပြသရန် ရပ်တည်နေလေ၏။

မြတ်စွာဘုရား၏ ဉာဏ်တော်ကွန်ရက်၌ ဥဂ္ဂသေန သူဌေးသား ကျွမ်းသမား ထင်လာခြင်း

     ထိုဥဂ္ဂသေန ဘာဂျွမ်းအတတ်ကို ပြသမည့်နေ့၌ မြတ်စွာဘုရားရှင်သည် မိုးသောက်အားကြီး လင်းခါနီးအချိန်ဝယ် သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် ကိုယ်တော်မြတ်၏ သဗ္ဗညုတ ရွှေဉာဏ်တော်ကွန်ရက်၌ ဥဂ္ဂသေနသူဌေးသား ငါးနှယ်ပုံသွင် ဝင်လာသည်ကို မြင်တော်မူ၍ “အဘယ်သို့ ဖြစ်လိမ့်မည်နည်း”ဟု ဆင်ခြင်တော်မူသောအခါ-

“နက်ဖြန် နံနက်မိုးသောက် ရောက်သောအခါ ဥဂ္ဂသေန သူဌေးသားသည် ဘားဂျွမ်းအတတ်ကို ပြအံ့ဟူ၍ အတောင်ခြောက်ဆယ်မြင့်သော ဝါးပိုးလုံးထိပ်၌ ရပ်တည်လိမ့်မည်။ ထိုဥဂ္ဂသေနသူဌေးသား ဂျွမ်းသမားကခြေသည်ကို ကြည့်ရှုအံ့သောငှါ လူများအပေါင်းသည် စည်းဝေးလိမ့်မည်။ ထိုအစည်းအဝေး၌ ငါဘုရားသည် လေးပဒ (လေးပိုဒ်)ရှိသော တရားဂါထာကို ဟောရလိမ့်မည်။ ထိုတရားဂါထာကို ကြားနာရ၍ ရှစ်သောင်းလေးထောင်သော



၃၃၇

သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလိမ့်မည်။ ဥဂ္ဂသေန သူဌေးသားသည်လည်း အရဟတ္တဖိုလ်၌ တည်ပေလိမ့်မည်”-

ဟု ပိုင်းခြားထင်ထင် သိမြင်တော်မူလေ၏။

     မြတ်စွာဘုရားရှင်သည် နောက်တနေ့ (ဥဂ္ဂသေန ဂျွမ်းအတတ်ပြမည့်နေ့) နံနက်ခင်းဝယ် ဆွမ်းခံဝင်ရန် သင့်လျော်သောအချိန်ကို မှတ်သားတော်မူ၍ ရဟန်းအပေါင်း ခြံရံလျက် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံ ကြွဝင်တော်မူလေ၏။ ဥဂ္ဂသေနသည်လည်း မြတ်စွာဘုရားရှင် မြို့တွင်းသို့ ဆွမ်းခံမဝင်မီ ပဲ့တင်ထပ်မျှ ချီးမွမ်းသောအသံကို ကြွေးကြော်ကြစေရန် ပွဲကြည့်သူ လူအပေါင်းအား လက်ညှိုးဖြင့် အချက်ပြပြီးလျှင် ဝါးပိုးလုံးထိပ်၌ ရပ်တည်၍ ကောင်းကင်၌ပင်လျှင် ခုနစ်ပတ်လည်အောင် ဂျွမ်းပစ်လျက် ကောင်းကင်မှ သက်ခဲ့ကာ ဝါးပိုးလုံးထိပ်၌ပင် ရပ်တည်ကာ နေလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် မြို့တွင်းသို့ ဝင်ရောက်တော်မူလာကာ ပရိသတ်များ ဥဂ္ဂသေနကိုမကြည့်အောင် တန်ခိုးအစီအရင်ကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်မြတ်ကိုသာ တယောက်မကျန် ကြည့်ရှုစေလေ၏။ ဥဂ္ဂသေနသည် ဝါးလုံးထိပ်မှ ရပ်တည်ရင်း ပရိသတ်ကို အကဲခပ်ကြည့်ရှုလေရာ ပရိသတ်များ ဘုရားကိုသာ ဖူးမြော်ကြည့်ရှုနေကြသည်ကို မြင်၍ “ငါ့ကို ပရိသတ်က မကြည့်ပါတကား”ဟု နှလုံးမသာယာခြင်းသို့ ရောက်လျက် “ငါသည် တနှစ်မှ တကြိမ်သာ ဘားဂျွမ်းအတတ်ပညာကို ပြသမှု ပြုရပေ၏၊ မြတ်စွာဘုရားရှင် မြို့တွင်းသို့ ဝင်တော်မူလတ်သော် ပွဲကြည့်ပရိသတ်သည် ငါ့ကို မကြည့်ရှုပဲ မြတ်စွာဘုရားရှင်ကိုသာ ကြည့်ရှုဖူးမြင်ကာ နေကြ၏။ ငါ၏ တပင်တပန်း ဘားဂျွမ်းအတတ်ပညာကို ပြသရခြင်းသည် ဩ.. အကျိုးမပြီး အချည်းနှီးသာ ဖြစ်ချေပေါ့တကား”ဟု ကြံစည်လေ၏။

     မြတ်စွာဘုရားရှင်သည် ဥဂ္ဂသေန၏ စိတ်အကြံကို သိတော်မူ၍ အရှင်မဟာမောဂ္ဂလာန် မထေရ်ကို ခေါ်တော်မူပြီးလျှင်



၃၃၈

“သွားလော့ ချစ်သားမောဂ္ဂလာန်.. ‘ဘားဂျွမ်း အတတ်ပညာကို ဆက်၍ ပြစေချင်သတဲ့’ဟု သူဌေးသားကို ပြောကြားပါချေ”ဟု စေလွှတ်တော်မူလိုက်၏။ အရှင်မောဂ္ဂလာန် မထေရ်သည် သွားရောက်၍ ဝါးပိုးလုံး၏အောက်၌ ရပ်တည်တော်မူလျက် ဥဂ္ဂသေန သူဌေးသားကို ခေါ်တော်မူ၍-

ဣင်္ဃ ပဿ နဋပုတ္တ၊

ဥဂ္ဂသေန မဟဗ္ဗလ။

ကရောဟိ ရင်္ဂံ ပရိသာယ၊

ဟာသယဿု မဟာဇနံ။

မဟဗ္ဗလ = လွန်စွာကြီးမား ခွန်အားရှိသော။ ဥဂ္ဂသေန နဋပုတ္တ = ဥဂ္ဂသေနမည်ငြား အမောင်ဂျွမ်းသမား..။ ဣင်္ဃ = ငါတိုက်တွန်းပါ၏။ ပဿ = ရှုလော့။ ပရိသာယ = စည်းဝေးရောက်လတ် ပရိသတ်အား။ ရင်္ဂံ = အမောင်တတ်ကျွမ်းသည့် ဘားဂျွမ်းသဘင် ဆင်ယင်ကျင်းပမှုကို။ ကရောဟိ = စိတ်ချမ်းသာစွာ ပြုလုပ်ပါလော့။ မဟာဇနံ = လူများအပေါင်းကို။ ဟာသယဿု = အံ့ဩကြီးစွာ ထောမနာဥဒါန်း သံထင်လွှမ်းအောင် ရွှင်လန်း ဝမ်းမြောက်စေပါလော့ -

ဟူသော ဤ(အားပေး)ဂါထာကို ရွတ်ဆိုတော်မူလေ၏။

     ဥဂ္ဂသေန သူဌေးသားသည် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်၏ စကားကို ကြားရလေလျှင် အလွန်ပင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်စိတ်ရှိလျက် “မြတ်စွာဘုရားရှင်သည် ငါ၏ ဘားဂျွမ်းအတတ်ပညာကို ကြည့်ရှုတော်မူလိုသည် ထင်ပါရဲ့”ဟု အောက်မေ့ကြံစည်ကာ ဝါးလုံးထိပ်၌ ရပ်တည်ရင်းကပင်-

ဣင်္ဃ ပဿ မဟာပည၊

မောဂ္ဂလ္လာန မဟိဒ္ဓိက။

ကရောမိ ရင်္ဂံ ပရိသာယ၊

ဟာသယာမိ မဟာဇနံ။



၃၃၉

မဟာပည = ကြီးမြတ်လှစွာ ဉာဏ်ပညာ ရှိတော်မူသော။ မဟိဒ္ဓိက = အခေါင်လွှမ်းမိုး တန်ခိုးရှင်ဖြစ်တော်မူသော။ မောဂ္ဂလ္လာန = မောဂ္ဂလာန်မည်တွင် အို အရှင်ဘုရား..။ ဣင်္ဃ = တိုက်တွန်းစကား (တပည့်တော်) လျှောက်ထားပါ၏။ ပဿ = ရှုတော်မူပါလော့။ (အဟံ = ဥဂ္ဂသေနတွင်ခေါ် တပည့်တော်သည်။) ပရိသာယ = စည်းဝေးရောက်လတ် ပရိသတ်အား။ ရင်္ဂံ = ဘားဂျွမ်းသဘင် ဆင်ယင်ကျင်းပမှုကို။ ကရောမိ = စိတ် ချမ်းသာစွာ ပြုလုပ်ပါအံ့။ မဟာဇနံ = လူများအပေါင်းကို။ ဟာသယာမိ = အံ့ဩကြီးစွာ ထောမနာဥဒါန်း သံထင်လွှမ်းအောင် ရွှင်လန်း ဝမ်းမြောက်စေပါအံ့ဘုရား -

ဟူသော ဤဂါထာကို ရွတ်ဆိုပြီးလျှင် ရပ်တည်နေရင်း ဝါးပိုးလုံးထိပ်မှ ကောင်းကင်သို့ ခုန်တက်ကာ ကောင်းကင်၌ပင် (၁၄) တဆယ့်လေးပတ်လည်အောင် ဂျွမ်းပစ်လျက် ကောင်းကင်မှ သက်ခဲ့ကာ ဝါးပိုးလုံးထိပ်၌ပင် ရပ်တည်ကာ နေလေ၏။

မြတ်စွာဘုရား တရားဟောတော်မူခြင်း

     ထိုအခါ ဥဂ္ဂသေနသူဌေးသားကို မြတ်စွာဘုရားရှင်သည် “ချစ်သား ဥဂ္ဂသေန.. ပညာရှိသောသူမည်သည် ဖြစ်ပြီးသော ခန္ဓာငါးပါး, ဖြစ်လတ္တံ့သော ခန္ဓာငါးပါး, ဖြစ်ဆဲသော ခန္ဓာငါးပါးတို့၌ တွယ်တာငြိကပ် တပ်မက်မှုကို ပယ်စွန့်၍ ဇာတိဒုက္ခ ဇရာဒုက္ခ မရဏဒုက္ခ စသည်တို့မှ လွတ်မြောက်အောင် ကြိုးကုတ် အားထုတ်သင့်လှပေ၏”ဟု မိန့်ဆိုတော်မူပြီးလျှင်-

မုဉ္စ ပုရေ မုဉ္စ ပစ္ဆတော၊

မဇ္ဈေ မုဉ္စ ဘဝဿ ပါရဂူ။

သဗ္ဗတ္ထ ဝိမုတ္တမာနသော၊

န ပုနံ ဇာတိဇရံ ဥပေဟိသိ။



၃၄၀

(ဥဂ္ဂသေန = ချစ်သား ဥဂ္ဂသေန..။) ပုရေ = ရှေးကဖြစ်ငြား ခန္ဓာငါးပါး ရုပ်နာမ်တရား၌။ (အာလယံ = တွယ်တာငြိကပ် တပ်မက်မှု = တဏှာလောဘကို။) မုဉ္စ = ပယ်ရှားဖျောက်ခွါ စွန့်လွှတ်ပါလော့။ ပစ္ဆတော = နောင်အနာဂတ် ဖြစ်လတ္တံ့ငြား ခန္ဓာငါးပါးတို့၌လည်း။ (အာလယံ = တွယ်တာငြိကပ် တပ်မက်မှု = တဏှာလောဘကို။) မုဉ္စ = ပယ်ရှားဖျောက်ခွါ စွန့်လွှတ်ပါလော့။ မဇ္ဈေ = အလယ်ခေါ်ငြား ပစ္စုပ္ပန် ခန္ဓာငါးပါးတို့၌လည်း။ (အာလယံ = တွယ်တာငြိကပ် တပ်မက်မှု = တဏှာလောဘကို။) မုဉ္စ = ပယ်ရှားဖျောက်ခွါ စွန့်လွှတ်ပါလော့။ (ဧဝံသတိ = ဤကာလသုံးပါးဝယ် ဖြစ်ပွါးသော ခန္ဓာအစု၌ တွယ်တာမှု = လောဘတဏှာကို ပယ်ခွါ စွန့်လွှတ်ရသည်ရှိသော်။) ဘဝဿ = ကာမ, ရူပ, အရူပဟု ဘဝသုံးပါး ၀ဋ်ရထား၏။ ပါရဂူ = အဘိညာပါရဂူ, ပရိညာပါရဂူ, ပဟာနပရဂူ, ဘာဝနာပါရဂူ, သစ္ဆိကိရိယာ ပါရဂူ = ဤပါရဂူငါးထောက် ကမ်းဆုံးရောက်သည်ဖြစ်၍။ သဗ္ဗတ္ထ = ခပ်သိမ်းဥဿုံ အလုံးစုံသော သင်္ခတတရားတို့၌။ ဝိမုတ္တမာနသော = ကျွတ်လွတ်သောစိတ်ရှိကာ နေထိုင်ရသည်ဖြစ်၍။ ဇာတိဇရံ = ပဋိသန္ဓေ တည်နေရခြင်း အိုခြင်း နာခြင်း သေခြင်း ဘေးဒုက္ခခပင်းသို့။ န ပုန ဥပေဟိသိ = တဖန်ထပ်လှောက် သင်ချစ်သား မကပ်ရောက်ရလတ္တံ့ -

ဟူသော ဤတရားဂါထာကို ဟောကြားတော်မူလေ၏။

     ဒေသနာနိဂုံး ကမ္ပတ်ဖုံးသောအခါ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေကုန်၏။ ဥဂ္ဂသေန သူဌေးသားသည်လည်း ဝါးလုံးထိပ်၌ ရပ်တည်ရင်းပင် ပဋ္ဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ရှိ၍ (=ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်၍) ဝါးလုံးမှ သက်ဆင်းကာ မြတ်စွာဘုရားရှင် အထံတော်သို့ လာရောက်ပြီးလျှင်



၃၄၁

တည်ခြင်းငါးပါးဖြင့် မြတ်စွာဘုရားကို ရှိခိုး၍ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုအခါ ဥဂ္ဂသေန သူဌေးသားကို မြတ်စွာဘုရားရှင်သည် လက်ျာလက်တော်ကို ဆန့်တန်းတော်မူ၍ “ဧဟိ ဘိက္ခု”ဟူ၍ ခေါ်တော်မူလိုက်လေလျှင် ထိုခဏ၌ပင် ဥဂ္ဂသေန သူဌေးသားသည် ကခြေသည် ဂျွမ်းသမား၏ အသွင်ပျောက်ကာ ပရိက္ခရာရှစ်ပါး ဝတ်ရုံဆင်မြန်းပြီးဖြစ်ကာ ဝါတော်ခြောက်ဆယ် (=သက်တော်ရှစ်ဆယ်)ရှိပြီး မထေရ်ကြီးကဲ့သို့ အပြီးတိုင် ရဟန်းဖြစ်၍ သွားလေတော့၏။

ရဟန်းများက ကြောက်,မကြောက် မေးမြန်းကြခြင်း

     ထိုအခါ ဥဂ္ဂသေနရဟန်းကို အဖော်ရဟန်းတို့က “ငါ့ရှင်ဥဂ္ဂသေန.. အတောင်ခြောက်ဆယ် မြင့်မားသော ဝါးလုံးထိပ်မှ သက်ဆင်းလာသောအခါ သင့်မှာ ကြောက်ရွံ့ခြင်းမည်သည် မဖြစ်ဘူးလော”ဟု မေးမြန်းကြသည်တွင် “ငါ့ရှင်တို့.. ငါ့မှာ ကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိချေ”ဟု ဥဂ္ဂသေနရဟန်းက ဖြေဆိုသောအခါ အဖော်ရဟန်းတို့သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဥဂ္ဂသေနရဟန်းသည် စိုးစဉ်းမျှ မကြောက်ဟူ၍ ပြောဆိုပါသည်၊ မဟုတ်မမှန် ပြောကြား၍ အရဟတ္တဖိုလ်ကို ရရှိကြောင်း ပြောဆိုဝန်ခံမှု ပြုပါသည်”ဟု လျှောက်ထားကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည် “ချစ်သားရဟန်းတို့.. ငါ၏သားတော် ဥဂ္ဂသေနရဟန်းနှင့် တူကုန်သော သံယောဇဉ်ဆယ်ပါးကို ပယ်ရှား ဖြတ်တောက်ကြပြီးသော အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြသည့် ရဟန်းတို့သည် တစိုးတစိ ကြောက်ရွံ့ထိတ်လန့်ခြင်း အလျှင်းပင် မရှိကြကုန်”ဟူ၍ ထောက်ခံစကား မိန့်ကြားတော်မူပြီးလျှင် ဓမ္မပဒပါဠိတော် ဗြာဟ္မဏဝဂ် (ခု၊ ၁၊ ၇၀)၌-

သဗ္ဗသံယောဇနံ ဆေတွာ၊ ယော ဝေ န ပရိတဿတိ။

သင်္ဂါတိဂံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။



၃၄၂

(ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။) ယော = အကြင် အာသဝေါကုန်ခန်း ရဟန္တာဖြစ်သော ရဟန်းသည်။ ဝေ = စင်စစ်။ သဗ္ဗသံယောဇနံ = သံယောဇဉ်ဆယ်မျိုး လွန်ရှည်ကြိုးကို။ ဆေတွာ = အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ပယ်ဖျက်လွှင့်ဖျောက် အကြွင်းမဲ့ ဖြတ်တောက်၍။ န ပရိတဿတိ = လောဘဟိတ်ဖြင့် မကြောက်မထိတ်ချေ။ သင်္ဂါတိဂံ = ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ကိလေသ, ဒုစ္စရိတအား = ခုနစ်ပါးသော သင်္ဂတရားကို ကျော်လွှား လွန်မြောက်ပြီးသော။ ဝိသံယုတ္တံ = ယောဂလေးသင်း ယှဉ်စပ်ခြင်းတို့ အလျှင်းမရှိသော။ တံ = ထိုရဟန္တာပုဂ္ဂိုလ်ကို။ အဟံ = ငါဘုရားသည်။ ဗြာဟ္မဏံ = ထိုထိုပါပ မကောင်းမှုဟူသမျှကို အပပြုပြီး ပယ်စွန့်ပြီး၍ ဘုန်းမီးလျှံပ ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ဟူ၍။ ဗြူမိ = ချီးမွမ်းနှုတ်ဖျား ဟောကြားပေ၏။-

ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။

     ဒေသနာနိဂုံး ကမ္ပတ်ဖုံးသောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့သို့ ရောက်ကြလေကုန်၏။

ဥဂ္ဂသေန၏ ရှေးအတိတ်ကံအကြောင်း

     ထိုနောက်တဖန် တနေ့သ၌ ရဟန်းတော်အပေါင်းတို့သည် တရားဆွေးနွေးရာ ဓမ္မသဘင် (=ခန်းမဆောင်)၌ “ငါ့ရှင်တို့.. ဤသို့ အရဟတ္တဖိုလ်ရခြင်း၏အကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသော အရှင်ဥဂ္ဂသေနရဟန်း၏ ကခြေသည်မကို အမှီပြုကာ ကခြေသည်တို့နှင့် အတူတကွ လှည့်လည်ရခြင်း၏ အကြောင်းကား အဘယ်သို့လေနည်း၊ အရဟတ္တဖိုလ်၏ ဥပနိဿယည်း အားကြီးသော အကြောင်းကား အဘယ်သို့လေနည်း”ဟု ဆွေးနွေးစကား ဖြစ်ပွါးစေကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် တရားသဘင်သို့ ကြွလာတော်မူ၍ “ရဟန်းတို့.. သင်တို့သည် ယခုအခါ



၃၄၃

အဘယ်စကားဖြင့် စည်းဝေးညီမူ၍ နေကြကုန်သနည်း”ဟု မေးတော်မူ၍ ရဟန်းများက ဤမည်သော စကားဖြင့် စည်းဝေးညီမူကြကြောင်း ပြန်ကြား လျှောက်ထားအပ်လေသော် “ရဟန်းတို့.. ကခြေသည်တို့နှင့် အတူတကွ လှည့်လည် ကပြရခြင်း၏အကြောင်း, အရဟတ္တဖိုလ်ကို ရခြင်း၏အကြောင်း နှစ်ပါးစုံကို ဤဥဂ္ဂသေနသည်ပင် ပြုအပ်ခဲ့လေပြီ”ဟု အကျဉ်းစကား မိန့်ကြားတော်မူ၍ ထိုအကြောင်းကို အကျယ်ပြတော်မူအံ့သောငှါ အတိတ်ဖြစ်ရပ်ကို၏ ဆိုလတ္တံ့သောအတိုင်း ထုတ်ဆောင် ဟောကြားတော်မူလေ၏။

     ရှေးလွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား၏ ရွှေစေတီတော်မြတ် တည်ထား ပြုလုပ်အပ်သည်ရှိသော် ဗာရာဏသီပြည်၌ နေထိုင်ကြသော အမျိုးသား အမျိုးသမီးတို့သည် များစွာသော ခဲဖွယ်ဘောဇဉ်ကို ကိုယ်စီကိုယ်င လှည်းယာဉ်ငယ်များ၌ တင်ဆောင်ကြ၍ “လက်အမှုကို ငါတို့ ပြုကြကုန်အံ့ = လုပ်အားဖြင့် ပူဇော်ကြကုန်အံ့”ဟု စေတီတော် တည်ရာအရပ်သို့ သွားကြကုန်သည်ရှိသော် လမ်းခရီးအကြား၌ ဆွမ်းခံဝင်သော မထေရ်တပါးကို ဖူးတွေ့ကြရလေကုန်၏။

     ထိုအခါ အမျိုးသမီးတယောက်သည် ဆွမ်းခံဝင်သော မထေရ်ကို ဖူးမြင်ရလေသော် ကြည်ညိုသော စိတ်ရှိရကား “အရှင်.. မထေရ်မြတ်သည် ဆွမ်းခံဝင်တော်မူဆဲဖြစ်၏။ ငါတို့၏ လှည်းယာဉ်၌လည်း ခဲဖွယ်ဘောဇဉ်ကား များလှပါ၏၊ ထိုမထေရ်မြတ်၏ သပိတ်ကို သွားရောက် ယူဆောင်ပါလော့၊ ဆွမ်းလှူကြပါစို့”ဟူ၍ လင်ယောက်ျားအား ပြောကြားလေ၏။ ထိုအမျိုးကောင်းသား လင်ယောက်ျားသည် မထေရ်၏သပိတ်ကို သွားရောက် ယူဆောင်ခဲ့၍ ခဲဖွယ်ဘောဇဉ် အပြည့်ထည့်ပြီးလျှင် မထေရ်၏လက်၌ သပိတ်ကို ကပ်ပြီးနောက် ဇနီးမောင်နှံ နှစ်ယောက်လုံးပင် “အရှင်ဘုရား.. ဤကောင်းမှုကြောင့် အကျွန်ုပ်တို့ ဇနီးမောင်နှံ နှစ်ဦးသားတို့သည် အရှင်ဘုရားတို့ သိမြင်အပ်သော



၃၄၄

လောကုတ္တရာတရား အဖို့ဝေစု ရသည့်ကိုယ် ဖြစ်ပါလိုကုန်၏”ဟူ၍ ဆုတောင်းပန်ထွာမှု ပြုကြလေကုန်၏။

     ဆွမ်းခံသော မထေရ်မြတ်ကား သာမန်ရဟန်းမဟုတ်၊ အာသဝေါကုန်ခန်း ရဟန္တာဖြစ်သည်၊ ထို့ကြောင့် ထိုသူတို့ဆုတောင်း ပြည့်မည် မပြည့်မည်ကို အနာဂတံသဉာဏ်တော်ဖြင့် ကြည့်ရှုတော်မူလေလျှင် ထိုသူနှစ်ဦးတို့၏ တောင့်တပန်ထွာမှု ဆုတောင်းချက် ပြည့်စုံမည်ကို သိရှိတော်မူ၍ ပြုံးရွှင်မှုကို ပြုတော်မူလေ၏။ ထိုသို့ ရဟန္တာမထေရ်မြတ် ပြုံးတော်မူသည်ကို မြင်လတ်၍ ထိုအမျိုးသမီးသည် မိမိ၏ လင်ယောက်ျားကို “အို အရှင်.. အကျွန်ုပ်တို့၏ ဆွမ်းအလှူခံ အရှင်မြတ်သည် ပြုံးရွှင်မှုကို ပြုတော်မူ၏၊ ကခြေသည်တဦး ဖြစ်ပေလိမ့်မည်”ဟု ပြောဆိုလေသော် လင်ယောက်ျားဖြစ်သူကလည်း “ရှင်မ.. အေး ဟုတ်ပေသည်။ ရှင်မပြောသည့်အတိုင်း ကခြေသည်တဦး ဖြစ်ပေလိမ့်မည်”ဟု စိတ်သဘောတူစွာ ပြောကြား၍ ဖဲသွားလေ၏။ ဤသည်ကား ထိုဥဂ္ဂသေနတို့ ဇနီးမောင်နှံ နှစ်ဦးသား၏ ရှေးအတိတ်ကံပေတည်း။

     ထိုဇနီးမောင်နှံ နှစ်ဦးသားတို့သည် ထိုဘဝ၌ အသက်တမ်းအတိုင်း တည်နေကြပြီး ထိုဘဝမှ စုတေ သေလွန်ကြလေသော် နတ်ပြည်၌ဖြစ်ကြ၍ ထိုနတ်ပြည်မှ စုတေ နတ်သက်ကြွေခဲ့၍ ထိုအိမ်ရှင်မ အမျိုးသမီးသည် ယခုနောက်ဆုံး ပစ္ဆိမဘဝ၌ ဘားဂျွမ်းဆရာကြီး၏သမီး ဘားဂျွမ်းကခြေသည်မကလေး ဖြစ်လာလေသည်။ အိမ်ရှင် ယောက်ျားဖြစ်သူသည် ယခုနောက်ဆုံး ပစ္ဆိမဘဝ၌ ရာဇဂြိုဟ်ပြည်ဝယ် သူဌေးသား ဥဂ္ဂသေန ဖြစ်လာလေသည်။ ဥဂ္ဂသေနသည် ထိုစဉ်အခါ၌ “ရှင်မ.. အေး ဟုတ်ပေသည်။ ရှင်မပြောသည့်အတိုင်း ကခြေသည်တဦး ဖြစ်ပေလိမ့်မည်”ဟု အိမ်ရှင်မအား စိတ်သဘောတူ အဖြေစကား ပေးမှားခဲ့လေသောကြောင့် သူဌေးသားဖြစ်ပါလျက် ယခုဘဝဝယ် ကခြေသည်တို့နှင့်အတူ လှည့်လည်ကပြရလေသည်။ အာသဝေါကုန်ခန်း ရဟန္တာအရှင်မြတ်အား သဒ္ဓါကြည်ဖြူ ဆွမ်းလှူခဲ့သော ကောင်းမှုကို အမှီပြု၍ ရဟန္တာအဖြစ်သို့ ရောက်ရလေသည်။



၃၄၅

ကခြေသည်မကလေးလည်း ရဟန္တာထေရီမဖြစ်ခြင်း

     သူဌေးသား ဘားဂျွမ်းသမား ဥဂ္ဂသေန ရဟန္တာဖြစ်၍ ဧဟိဘိက္ခု ရဟန်းပြုလေသော် ဥဂ္ဂသေန၏ ဇနီးဖြစ်သော ကခြေသည်မကလေးသည်လည်း “ငါ့အရှင် လင်ယောက်ျား ဥဂ္ဂသေနသူဌေးသား ဂျွမ်းသမား၏ အကြင်ဉာဏ်အလားသည် ရှိ၏၊ ငါ၏ ဉာဏ်အလားသည်လည်း အရှင်လင်ယောက်ျား၏ ဉာဏ်အလား အတိုင်းပင် ဖြစ်ပေလိမ့်မည်”ဟု ရှေးကုသိုလ်နှိုးဆော် အကြံကောင်းဖြစ်ပေါ်၍ ဘိက္ခုနီမတို့ထံ ရဟန်းမ ပြုလေ၏။ ထိုသို့ ရဟန်းမပြုပြီးနောက် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်သဖြင့် အာသဝေါကုန်ခန်း ရဟန္တာထေရီမအဖြစ်သို့ ရောက်လေ၏။

ဥဂ္ဂသေန၏ ရှေးအတိတ်ကံအကြောင်း ပြီး၏။

**********

ကပိလဝတ်သာကီဝင်မင်းတို့နှင့် ကောလိယသာကီဝင်မင်းတို့ ရောဟိဏီမြစ်ကို အမှီပြု၍ ရန်စစ်ဖြစ်ကြခြင်းအကြောင်း

     ကပိလဝတ် သာကီဝင်မင်းတို့နှင့် ကောလိယ သာကီဝင်မင်းတို့သည် ကပိလဝတ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်တို့အကြား ရောဟိဏီမည်သော မြစ် (=ရောဟိဏီမည်သော ချောင်း)ကို ကန်ဘောင်ဆည်ရိုး တခုတည်းဖြင့် ဆို့ပိတ်ဆီးတားကြလျက် နှစ်ဦးနှစ်ဖက် သင့်တင့်ညီညွတ်စွာ သူတခါကိုယ်တလှည့် ရေကို ဆောင်သွင်း၍ လယ်လုပ်ခြင်းအမှုကို ပြုကြကုန်၏။

     ထိုအခါ နယုန်လ၌ ရေအင်အား နည်းပါးသဖြင့် ကောက်စပါးပင်များ ညှိုးနွမ်းကုန်လတ်သော် နှစ်ပြည်ထောင်သား လယ်သမားတို့သည် အစည်းအဝေး ပြုလုပ်ကြ၍ ထိုအစည်းအဝေး၌ ကောလိယပြည်သား လယ်သမားတို့က-

“အချင်းတို့.. ဤဆည် (ဆယ်)အတွင်းရှိ အနည်းငယ်သော ရေကို နှစ်ဦးနှစ်ဖက် ခွဲဝေ ယူဆောင်ကြလျှင်



၃၄၆

သင်တို့အတွက်လည်း လုံလောက်လိမ့်မည်မဟုတ်၊ ငါတို့အတွက်လည်း လုံလောက်လိမ့်မည် မဟုတ်၊ ငါတို့၏ ကောက်ပင်များကား ရေတကြိမ်သွင်းသဖြင့်ပင် မှည့်ရင့် အောင်မြင်ပါလိမ့်မည်၊ ထို့ကြောင့် ဤအနည်းငယ်သော ရေကို ငါတို့အား ပေးကြပါကုန်”-

ဟူ၍ တင်ပြပြောဆိုကြလေသည်။ ကပိလဝတ်ပြည်သား လယ်သမားတို့ကလည်း-

“အချင်းတို့.. သင်တို့သည် မိမိတို့၏ စပါးကျီကြတို့ကို စပါးအပြည့်ထည့်ကြကာ စိတ်အေးလက်အေး တည်နေကြသည့်အခါ ငါတို့သည် (မျက်နှာငယ်ဖြင့်) ရွှေ ငွေ အသပြာ ရတနာတို့ကို ယူဆောင်ကြကာ တင်းတောင်း အိတ်ခွံ စသည်တို့ကို လက်စွဲကြကုန်လျက် သင်တို့၏အိမ်ပေါက်ဝ၌ လှည့်လည်၍ မဝယ်နိုင်ကြပါ၊ ငါတို့၏ ကောက်ပင်များသည်လည်း ရေတကြိမ်သွင်းသဖြင့်ပင် မှည့်ရင့် အောင်မြင်ပါလိမ့်မည်၊ ထို့ကြောင့် ဤအနည်းငယ်သော ရေကို သင်တို့မယူကြပဲ ငါတို့အား ပေးကြပါကုန်”-

ဟူ၍ တင်ပြ ပြောဆိုကြလေသည်။ ထိုအခါ တဖက်နှင့် တဖက် အကြိတ်အနယ်ဖြစ်ကြကာ “ငါတို့က ဘယ်နည်းနှင့်မျှ ပေးမည်မဟုတ်၊ (အခြားတဖက်ကလည်း) ငါတို့ကလည်း ဘယ်နည်းနှင့်မျှ ပေးမည်မဟုတ်”ဟူ၍ အငြင်းပွားကြပြီးလျှင် လယ်သမားတယောက်က တဖက်မှ လယ်သမားတယောက်အား ရိုက်နှက် ပုတ်ခတ်လေ၏။ အရိုက်ခံရသော လယ်သမားကလည်း အခြားတဖက် လယ်သမားအား ရိုက်နှက်ပြန်လေ၏၊ ဤနည်းဖြင့် လယ်သမားအချင်းချင်း အပြန်အလှန် ရိုက်နှက်ပုတ်ခတ်ရာမှ အစပြုကာ (အမှိုက်ကစ၍ ပြာသာဒ်ကို မီးလောင်သည့် အလား) မင်းတို့၏ အမျိုးဇာတ်ကို ထိခိုက်ပြောဆိုကြကာ ခိုက်ရန်ပွါးကြလေကုန်၏။ ပွါးကြပုံမှာ-



၃၄၇

“အမောင်တို့က ကပိလဝတ် သာကီဝင်မင်းတို့ကို အားကိုးတခု အမှီပြုယူကြကာ ကြိုးဝါးကြဘိ၏၊ မောင်တို့အားကိုးသည့် ယင်း ကပိလဝတ် သာကီဝင်မင်းတို့ကား အိမ်ခွေး တောခွေးများပမာ မိမိ၏ နှမရင်းများနှင့် အိမ်ထောင်ဖက် ပြုကြကုန်၏။ ထိုသာကီဝင်မင်းတို့၏ ဆင်များ, မြင်းများ, ကာလက်နက်များသည် ငါတို့အဖို့ရာ ဘာများ ပြုလုပ်နိုင်စွမ်းမည်နည်း”-

ဟု ကောလိယမင်းတို့၏ လယ်သမားများက ထိပါး ပြောဆိုကြလေသော် ကပိလဝတ် သာကီဝင်မင်းတို့၏ လယ်သမားများကလည်း-

“အမောင်တို့က ရောဂါကြီးစွဲသူ အနူကလေးတွေကို လက်ကိုင်ထားပြီး ငါတို့အား ယခု ကြုံး၀ါးကြခြင်းဖြစ်သည်၊ မောင်တို့အားကိုးသည့် ယင်း ကောလိယမင်းတို့ကား ပြည်နှင်ဒဏ် ခံရသဖြင့် ကိုးကွယ်ရာမရှိကြပဲ တိရစ္ဆာန်တို့ကဲ့သို့ ကလောပင်ခေါင်း၌ ခိုအောင်း နေထိုင်ကြရသူများ ဖြစ်သည်၊ ထိုကောလိယမင်းတို့၏ ဆင်များ, မြင်းများ, ကာလက်နက်များသည် ငါတို့အဖို့ရာ ဘာများ ပြုလုပ်နိုင်စွမ်းမည်နည်း”-

ဟု အညံ့မခံ ရန်တွေ့စကား ပြောကြားကြပြန်လေသည်။ ထိုနှစ်ဖက်သော လယ်သမားတို့သည် မြို့သို့ အသီးအသီး ပြန်သွားကြပြီးလျှင် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အမတ်ကြီးတို့အား တိုင်ကြား ပြောဆိုကြသဖြင့် မင်းတို့၏နားအထိ ထိုသတင်း ပေါက်ရောက်လေသော် “နှမတို့နှင့်အတူ အိမ်ထောင်ဖက်ပြုကြသော ငါတို့၏ စွမ်းရည်နှင့် အင်အားကို ထင်ရှားပြကုန်အံ့”ဟု ကြိုးဝါးကာ သာကီဝင်မင်းတို့က စစ်ဆင်ကြလျက် ပြည်မှ ထွက်ခဲ့ကြကုန်၏။ ကောလိယမင်းတို့လည်း “ကလောပင်ခေါင်းအောင်းသော ငါတို့၏ စွမ်းရည်နှင့် အင်အားကို ထင်ရှားပြကြကုန်အံ့”ဟု ကြုံးဝါးကာ စစ်ကြီးဆင်လျက် ပြည်မှ ထွက်ခဲ့ကြကုန်၏။



၃၄၈

     ထိုအချိန်၌ကား မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်သည်။ သာကီဝင်မင်း ကောလိယမင်း နှစ်ပြည်ထောင်မင်းတို့ ညနေချမ်းအချိန် စစ်ဆင်၍ ထွက်ကြတော့မည့် ထိုနေ့၌ မြတ်စွာဘုရားသည် မိုးသောက်အားကြီး လင်းခါနီး၌ သတ္တလောကကို ကြည့်ရှုတော်မူလတ်သည်တွင် ဤနှစ်ပြည်ထောင်မင်းတို့ စစ်ကြီးခင်းလျက် ထွက်ကြမည့်အရေးကို မြင်တော်မူပြီးလျှင် “ငါဘုရား ကြွသွားသော် ဤခိုက်ရန်မှုသည် ငြိမ်းလိမ့်မည်လော မငြိမ်းလိမ့်မည်လော”ဟု ဆင်ခြင်တော်မူသောအခါ “ငါဘုရားသည် နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းကြမည့်အရပ်သို့ သွားရောက်ပြီးလျှင် ခိုက်ရန်မှု ငြိမ်းစိမ့်သောငှါ ဖန္ဒနဇာတ်, ဒုဒ္ဒုဘဇာတ်, လဋုကိကဇာတ် = ဤဇာတ် သုံးဇာတ်တို့ကို ဟောဆိုရလိမ့်မည်၊ ထိုအခါ ခိုက်ရန်မှုသည် ငြိမ်းအေးပေလိမ့်မည်။ ထို့နောက် ညီညွတ်ခြင်း၏အကျိုးကို ပြဆိုရန် ရုက္ခဓမ္မဇာတ်, ဝဋ္ဋကဇာတ် = ဤနှစ်ဇာတ်တို့ကို ဟောပြီးလျှင် အတ္တဒဏ္ဍသုတ်ကို ဟောဆိုရလိမ့်မည်။ တရားဒေသနာကို ကြားနာကြပြီးလျှင် နှစ်ပြည်ထောင်မင်းတို့သည် တဖက်တဖက်လျှင် နှစ်ရာ့ငါးဆယ် နှစ်ရာ့ငါးဆယ်စီသော မင်းသားတို့ကို ငါဘုရားအား ရဟန်းပြုရန် ပေးကြလိမ့်မည်။ ငါဘုရားသည် ထိုမင်းသား ငါးရာတို့ကို ရဟန်းပြုပေးရလိမ့်မည်၊ ထိုအခါ မဟာသမယ အစည်းအဝေးကြီး ဖြစ်လိမ့်မည်”ဟု ဆုံးဖြတ်ပိုင်းခြား ထင်ရှားစွာ သိတော်မူလေ၏။

     ထိုသို့ ဆုံးဖြတ်တော်မူပြီးလျှင် စောစောပင် ကိုယ်လက်သုတ်သင်ခြင်းအမှု ပြုပြီးနောက် သာဝတ္ထိပြည်အတွင်း ဆွမ်းခံ လှည့်လည်တော်မူ၍ ဆွမ်းခံရာမှ ပြန်ကြွတော်မူလာသောအခါ ညနေချမ်းအချိန်ဝယ် ဂန္ဓကုဋီတိုက်တော်မှ ထွက်ကြွတော်မူ၍ တဦးတယောက်အားမျှ ပန်ကြားပြောဆိုမှု ပြုတော်မမူပဲ ကိုယ်တော်တိုင်ပင် သပိတ်သင်္ကန်းကို ယူဆောင်ကာ ကြွတော်မူ၍ နှစ်ဖက်သော စစ်တပ်တို့၏အကြား အထက် ကောင်းကင်၌ ထက်ဝယ် (တင်ပလ္လင်)ဖွဲ့ခွေ နေတော်မူပြီးလျှင်



၃၄၉

ထိုနှစ်ပြည်ထောင်မင်းတို့အား သံဝေဂဖြစ်စေရန် နေ့ခင်းကြောင်တောင် အမှောင်ကြီး ကျရောက်စေရန် ဆံတော်မှ နီလရောင်ခြည်တော်များကို လွှတ်တော်မူလျက် ထိုင်နေတော်မူ၏။

     ထိုအခါ နှစ်ပြည်ထောင်မင်းတို့ ထိတ်လန့်ကြစဉ်ပင် ကိုယ်တော်ကို ထင်စွာပြ၍ အဆင်းခြောက်ပါးရှိသော ဗုဒ္ဓရောင်ခြည်တော်တို့ကို လွှတ်တော်မူလေ၏။

နှစ်ပြည်ထောင်မင်းတို့ လက်နက်များကို စွန့်ပစ်ကြခြင်း

     ကပိလဝတ် သာကီဝင်မင်းတို့သည် မြတ်စွာဘုရားကို ဖူးမြင်ရလျှင်ပင် “ငါတို့၏ ဆွေမျိုးမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကြွတော်မူလာပြီ၊ မြတ်စွာဘုရားသည် ငါတို့၏ ခိုက်ရန်မှု ပြုကြကြောင်းကို ကောင်းစွာ မြင်အပ်လေသလော”ဟု ကြံစည်ကြ၍ “ငါတို့သည် မြတ်စွာဘုရား ကြွလာတော်မူစဉ် ဘုရား မျက်မှောက်၌ သူတပါး၏ကိုယ်ပေါ်၌ လက်နက်ကို ပစ်ချဖို့ရန် လုံးဝမလျော်ကန် မထိုက်တန်။ ကောလိယမင်းတို့သည် ငါတို့ကို သတ်လိုမူ သတ်ကြကုန်စေ၊ ဖမ်းလိုမူ ဖမ်းကြကုန်စေ”ဟု တိုင်ပင်ဆုံး ဖြတ်ကြကာ လက်နက်များကို စွန့်ပစ်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးနေထိုင်ကြလေကုန်၏။

     ကောလိယမင်းတို့သည်လည်း ထိုနည်းအတူပင် ကြံစည်ကြ၍ လက်နက်များကို စွန့်ပစ်ကြကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးနေထိုင်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကောင်းကင်မှ သက်ဆင်းတော်မူ၍ မွေ့လျော်ဖွယ်ကောင်းသော သောင်ပြင်အရပ်ဝယ် ခင်းထားအပ်သော ဘုရားနေရာတော်၌ အတုမရှိသော ဘုရားအသရေတော်ဖြင့် တင့်တယ်တော်မူလျက် ထိုင်နေတော်မူလေ၏။

ရန်ငြိမ်းကြောင်း တရားဒေသနာ

     မြတ်စွာဘုရားသည် သိတော်မူလျက်ပင် “မြတ်သော မင်းအပေါင်းတို့.. သင်တို့သည် အဘယ့်ကြောင့် ဤအရပ်သို့



၃၅၀

လာရောက်ကြသနည်း”ဟု မေးတော်မူလေလျှင် နှစ်ပြည်ထောင်မင်းတို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်များသည် မြစ်ကိုကြည့်ရန်လည်း လာကြသည်မဟုတ်ပါ၊ ရေကစားရန်လည်း လာကြသည်မဟုတ်ပါ၊ စင်စစ်သော်ကား ဤသဲသောင်ပြင်၌ စစ်ကြီးခင်းရန် လာကြပါကုန်သည်ဘုရား”ဟု ပြန်ကြား လျှောက်ထားကြလေကုန်၏။

     တဖန် မြတ်စွာဘုရားက “မြတ်သော မင်းအပေါင်းတို့.. အဘယ်ဝတ္ထုကို အမှီအကြောင်းပြု၍ သင်မင်းတို့၏ ခိုက်ရန်မှုသည် ဖြစ်သနည်း”ဟု မေးတော်မူလေလျှင် နှစ်ပြည်ထောင်မင်းတို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရောဟိဏီဆည် ချောင်းရေကို အမှီအကြောင်းပြု၍ ခိုက်ရန်ဖြစ်ပါသည်ဘုရား”ဟူ၍ ပြန်ကြား လျှောက်ထားကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရားက “မြတ်သော မင်းအပေါင်းတို့.. ရောဟိဏီဆည် ချောင်းရေသည် အဘယ်မျှ အဖိုးထိုက်သနည်း”ဟု မေးတော်မူလေလျှင် နှစ်ပြည်ထောင်မင်းတို့က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရောဟိဏီဆည် ချောင်းရေမှာ အနည်းငယ်မျှသာ အဖိုးထိုက်တန်ပါသည်”ဟု ပြန်ကြား လျှောက်ထားကြသဖြင့် တဆင့်တက်၍ မြတ်စွာဘုရားက “မြတ်သော မင်းအပေါင်းတို့.. မြေကြီးသည် မည်မျှ အဖိုးထိုက်တန်သနည်း”ဟု မေးတော်မူလေသော် နှစ်ပြည်ထောင်မင်းတို့သည် “အဖိုးအတိုင်းမသိ ထိုက်တန်ပါသည် ဘုရား”ဟူ၍ ပြန်ကြား လျှောက်ထားကြလေသည်။

     ထိုအခါ မြတ်စွာဘုရားက တိုက်ရိုက်အားဖြင့် “မြတ်သောမင်းအပေါင်းတို့.. ခတ္တိယနွယ်ရိုး မင်းအမျိုးတို့သည် အဖိုးမည်မျှ ထိုက်တန်ကုန်သနည်း”ဟု မေးတော်မူလေလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ခတ္တိယနွယ်ရိုး မင်းအမျိုးတို့သည် အဖိုးအတိုင်းမသိ ထိုက်တန်ပါကုန်သည်ဘုရား”ဟူ၍ နှစ်ပြည်ထောင် မင်းတို့က တညီတညွတ်တည်း ဖြေကြား လျှောက်ထားသောအခါ မြတ်စွဘုရားသည်-



၃၅၁

“မြတ်သော မင်းအပေါင်းတို့.. အဖိုး အနည်းငယ်မျှသာ ထိုက်တန်သော ရောဟိဏီဆည်ချောင်းရေကို အမှီပြု၍ အဘယ့်ကြောင့် အဖိုးအနဂ္ဃ ထိုက်တန်လှသည့် ခတ္တိယနွယ်ရိုး မင်းအမျိုးတို့ကို ဖျက်ဆီးလိုကြဘိသနည်း၊ မှန်၏- ခိုက်ရန်ငြင်းပွါး အချင်းများခြင်း၌ တစိုးတစိ သာယာဖွယ်မရှိချေ၊ မြတ်သော မင်းအပေါင်းတို့.. ခိုက်ရန်ငြင်းပွါး အချင်းများသောအားဖြင့် တဦးသော ရုက္ခစိုးနတ်၏ ဝက်ဝံတကောင်နှင့် ဖွဲ့အပ်သော ရန်ငြိုးသည် ဤဘဒ္ဒကပ်ကမ္ဘာတခုလုံး အစဉ်တစိုက် လိုက်ပါ ရောက်ရှိခဲ့ဘူးလေပြီ”-

ဟူ၍ မိန့်တော်မူပြီးလျှင် (တေရသကနိပါတ်လာ) ဖန္ဒနဇာတ်ကို ဟောတော်မူလေ၏။ ဖန္ဒနဇာတ် အကျဉ်းချုပ်ကား-

ဖန္ဒနဇာတ်ကို ဟောတော်မူခြင်း

     မြတ်သော မင်းအပေါင်းတို့.. ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်အရပ်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် မြို့ပြင်ပ၌ လက်သမားရွာတခု ရှိလေသည်။ ထိုရွာ၌ ပုဏ္ဏားလက်သမား တယောက်သည် တောမှ သစ်ပျဉ်တို့ကို ယူဆောင်ပြီးလျှင် ရထားပြုလုပ် ရောင်းချကာ အသက်မွေးမှု ပြုလုပ်၏။

     ထိုအခါ ဟိမဝန္တာအရပ်၌ ကြို့ပင်ကြီးတပင် ရှိလေသည်။ ဝက်ဝံတကောင်သည် တောအရပ်ဝယ် အစာရှာမှီး စားသောက်ပြီးလျှင် လာလတ်၍ ထိုကြို့ပင်ကြီးအောက်၌ ချမ်းသာစွာ အိပ်နေလေ၏။ တနေ့သ၌ လေပြင်းတိုက်လတ်သော် ကြို့ပင်ကိုင်းခြောက်တခုသည် ကျိုးပြတ်၍ ဝက်ဝံ၏ ကျောက်ကုန်းထက်၌ ဖိမိလေ၏။ ဝက်ဝံသည် ကျောက်ကုန်း အနည်းငယ်နာကျင်ကာ အလန့်တကြား ထ၍ ပြေးသွားပြီးလျှင် တဖန်ပြန်လှည့်၍ လာလမ်းကို ကြည့်ရှု စုံစမ်းသည်ရှိသော် ရန်သူတစုံတရာကို မမြင်သဖြင့်-

“ငါ့ကို လိုက်ပါဖမ်းအုပ်သည့် ရန်သူ ခြင်္သေ့, သစ်, ကျား တဦးသားမျှ မရှိချေ။ စင်စစ်သော်ကား ဤကြို့ပင်၌



၃၅၂

ဖြစ်ပွါးနေထိုင်သော ရုက္ခစိုးနတ်သည် ငါ ကြို့ပင်အောက်၌ အိပ်နေသည်ကို မနာလို မနှစ်သက်လေယောင် တကား၊ ရှိစေဦးတော့၊ ငါကား စဉ်းစား၍ လက်စားချေအံ့”ဟု အရာမဟုတ်သည်၌ ရန်ငြိုးဖွဲကာ ကြို့ပင်ကို အစွယ်ဖြင့်ထိုး လက်သည်းဖြင့်ကုပ် ပုတ်ခတ်ပြီးလျှင် “ငါသည် သင့်သစ်ပင်၏ အရွက်ကိုလည်း မစား၊ အကိုင်းကိုလည်း ငါမချိုး၊ ဤကြို့ပင်အောက်၌ ငါမှတပါး နေကြသည့် သားကောင်များကို သင်ကား နာလို၏၊ ငါ့ကိုကား သင် မနာလို၊ ငါ့မှာ ဘာအပြစ်ရှိသနည်း၊ နှစ်ရက်သုံးရက်မျှ ဆိုင်းတွငံ့လင့်ဦး၊ (နှစ်ရက်သုံးရက်ကြာလျှင်) သင်ရုက္ခစိုး၏ ကြို့ပင်ကို အမြစ်ပါမကျန် နုတ်စေပြီးလျှင် အပိုင်းအပိုင်း ဖြတ်စေမည်”–

ဟု ရုက္ခစိုးနတ်ကို ခြိမ်းချောက် ကြိမ်းမောင်းပြီးလျှင် သစ်ပင်ကို ဖျက်ဆီးနိုင်မည့် ယောက်ျားတယောက်ကို စုံစမ်းရှာဖွေ စောင့်မျှော်လျက် ကြို့ပင်၏ အနီးအပါးမှာပင် ကျက်စားနေလေ၏။

     ထိုအခါ ပုဏ္ဏားလက်သမားသည် အဖော် လူနှစ်ယောက် သုံးယောက်တို့ကို ခေါ်ယူခဲ့ကာ ရထားပြုလုပ်ရန် သစ်သားရှာလိုသည့်အတွက် ယာဉ်ငယ်ဖြင့် ထိုတောအရပ်သို့ သွားရောက်၍ တနေရာ၌ ယာဉ်ငယ်ကိုထားခဲ့ပြီး ပဲခွပ် (ဓားမ) ပုဆိန်တို့ကို လက်စွဲကိုင်ဆောင်ကာ ရထားပြုလုပ်၍ကောင်းမည့် သစ်ပင်များကို စုံစမ်းရှာဖွေလျက် ကြို့ပင်၏အနီးသို့ ရောက်ရှိလာလေ၏။

     ဝက်ဝံသည် ထိုပုဏ္ဏား လက်သမားကို မြင်လေလျှင် “ယနေ့ ငါသည် ရန်သူ့ကျောက်ကုန်းကို ရှုကြည့်မှ သင့်တော်တော့မည်”ဟု ကြံစည်လျက် သွားပြီးလျှင် ကြို့ပင်ရင်း၌ ရပ်တည်ကာ နေလေ၏၊ လက်သမားသည်လည်း ထိုထိုဤဤ ကြည့်ရှုကာ ကြို့ပင်အနီးမှ သွားလေသော် ဝက်ဝံသည် “ပုဏ္ဏားလက်သမား ကျော်လွန်၍မသွားမီ ပြောကြားပေအံ့”ဟု ကြံစည်၍-



၃၅၃

(၁) ကုဌာရိဟတ္ထော ပုရိသော၊

ဝနမောဂယှ တိဋ္ဌသိ။

ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊

ကိံ ဒါရုံ ဆေတုမိစ္ဆသိ။

အမောင်ယောက်ျား.. ဓားမလက်စွဲကာ အမောင်ယောက်ျားသည် ဤတောအတွင်း သက်ဝင်ရပ်တည်နေ၏။ အို အဆွေ.. ငါမေးအပ်သောသင်သည် ငါ့အား အမှန်အတိုင်း ဖြေကြားပါလော့၊ သင်သည် အဘယ်သစ်ကို ဖြတ်တောက်လိုပါသနည်း-

ဟူသော ဤပဌမ (အမေး)ဂါထာကို ရွတ်ဆိုလေ၏။

     ပုဏ္ဏားလက်သမားသည် ဝက်ဝံ၏စကားကို ကြားလေလျှင် “အမောင်တို့.. အံ့ဖွယ်ရှိစွာ့၊ ငါသည် ဤအခါမှ ရှေးအခါတုန်းက သားကောင်က လူ့စကား ပြောကြားသည်ကို မမြင်ဘူး မကြားဘူးချေ၊ ထူးထူးခြားခြား လူစကားပြောသော ဤဝက်ဝံသည် ရထားပြုလုပ်ရန် ကောင်းမွန်သော သစ်သားကို သိပေလိမ့်မည်။ ထို ဝက်ဝံကို ငါမေးဦးအံ့”ဟု ကြံစည်ပြီးလျှင်-

(၂) ဣဿော ဝနာနိ စရသိ၊

သမာနိ ဝိသမာနိ စ။

ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊

ကိံ ဒါရုံ နေမိယာ ဒဠှံ။

အိုဝက်ဝံမင်း.. အသင် ဝက်ဝံမင်းသည် မြေညီမညီ တောထိုဤသို့ လှည့်လည်ကျက်စားသူ ဖြစ်ပါသည်။ အဆွေတော်ဝက်ဝံမင်း.. ငါမေးအပ်သော သင်သည် ငါ့အား အမှန်အတိုင်း ဖြေကြားပါလော့၊ အဘယ်သစ်သည် ရထားအကွပ် ပြုလုပ်ရန် အခိုင်ခံ့ဆုံး ဖြစ်ပါသနည်း-

ဟု ဤဒုတိယ (အမေး)ဂါထာကို ရွတ်ဆိုလေ၏။ ထိုစကားကိုကြား၍ ဝက်ဝံသည် “ယခုအခါ ငါ၏ စိတ်နှလုံးအလိုဆန္ဒကား



၃၅၄

အထွတ်အထိပ်ရောက် ပြီးမြောက် အောင်မြင်တော့မည်”ဟု ကြံစည်၍-

(၃) နေဝ သာလော န ခဒိရော၊

နာဿကဏ္ဏော ကုတော ဓဝေါ။

ရုက္ခော စ ဖန္ဒနော နာမ၊

တံ ဒါရုံ နေမိယာ ဒဠှံ။

အို အဆွေတော်ပုဏ္ဏား.. ပိတောက်သားသည်လည်း ရထားအကွပ် ပြုလုပ်ရန် မခိုင်မာ၊ ရှားသားသည်လည်း ထိုနည်း၎င်းပင်၊ အင်ကြင်းသားသည်လည်း ထိုနည်း၎င်းပင်၊ မျောက်ငိုသားမှာ အဘယ်ဆိုဖွယ် ရှိအံ့နည်း (မခိုင်မာသည်သာ)။ စင်စစ်သော်ကား ကြို့ပင်ခေါ်သော သစ်ပင်တမျိုးရှိ၏။ ထိုကြို့သားသည် ရထားအကွပ် ပြုလုပ်ရန် အခိုင်ခံ့ဆုံး ဖြစ်ပါသည်-

ဟူသော သုံးခုမြောက်ဂါထာကို ရွတ်ဆိုလေ၏။ လက်သမား ပုဏ္ဏားသည် ထိုစကားကို ကြားရ၍ အားရဝမ်းမြောက်ဖြစ်ရှိကာ “ငါကား ယနေ့ နေ့ကောင်းရက်သာဖြင့် တောသို့ ဝင်ခဲ့မိချေပြီတကား၊ တိရစ္ဆာန်ဖြစ်သော ဝက်ဝံကပင် ငါ့အား ရထားပြုလုပ်ရန် ကောင်းမွန်သော သစ်သားကို ပြောကြားပေ၏။ ဩ.. ကောင်းလေစွာ့”ဟု ကြံစည်ပြီးလျှင် ကြို့ပင်အကြောင်းကို မေးလိုရကား-

(၄) ကီဒိသာနိဿ ပတ္တာနိ၊

ခန္ဓော ဝါ ပန ကီဒိသော။

ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊

ယထာ ဇာနေမု ဖန္ဒနံ။

အဆွေတော်ဝက်ဝံ.. ကြို့ပင်၏ အခက်အရွက်များကား အဘယ်သို့ပါနည်း၊ ထို့ပြင် ကြို့ပင်၏ ပင်စည်ကား အဘယ်သို့ပါနည်း၊ အဆွေတော်ဝက်ဝံ.. ငါမေးအပ်သော



၃၅၅

သင်သည် ကြို့ပင်အကြောင်း ကောင်းကောင်းသိနိုင်အောင် ငါ့အား ဖြေကြားစေချင်ပါသည်-

ဟူသော ဤစတုတ္ထဂါထာကို ရွတ်ဆိုမေးမြန်းလေ၏။ ထိုအခါ ဝက်ဝံသည် ပုဏ္ဏားအား ဖြေကြားလိုသည်ဖြစ်၍-

(၅) ယဿ သာခါ ပလမ္ဗန္တိ၊

နမန္တိ န စ ဘဉ္ဇရေ။

သော ရုက္ခော ဖန္ဒနော နာမ၊

ယဿ မူလေ အဟံ ဌိတော။


(၆) အရာနံ စက္ကနာဘီနံ၊

ဤသာနေမိရထဿ စ။

သဗ္ဗဿ တေ ကမ္မနိယော၊

အယံ ဟေဿတိ ဖန္ဒနော။

အဆွေတော်ပုဏ္ဏား.. အကြင်သစ်ပင်၏ အကိုင်းအခက်များသည် ညွတ်ကွေးလျက် တွဲလျားကျကုန်၏။ ကျိုးလည်း မကျိုးလွယ်ကုန်၊ (မျှင်း၍ ခံကုန်၏)၊ အကြင်သစ်ပင်၏ အရင်း၌ ငါသည် ရပ်တည်နေ၏၊ ထိုသစ်ပင်သည်ပင် ကြို့ပင်ဖြစ်ပါတော့၏။ ဤကြို့ပင်သည် သင့်အဖို့ရာ ထောက်အကန့်, ဘီး, ပုံတောင်း, ဝင်ရိုး, ရထားအကွပ်, (ထိုမှကြွင်းသည့်) အလုံးစုံသော ရထားအစိတ်အင်္ဂါ ပြုလုပ်ရန် အလွန် ကောင်းပါလိမ့်မည်-

ဟူသော နှစ်ဂါထာကို ရွတ်ဆို ပြောကြားပြီးလျှင် ဝက်ဝံသည် ဝမ်းမြောက်နှစ်သက်သော စိတ်ရှိကာ သင့်လျောက်ပတ်သော အရပ်၌ ကျက်စားသွားလာလေ၏။

     ပုဏ္ဏားလက်သမားသည်လည်း သစ်ပင်ကို ဖြတ်ရန် စီမံအားထုတ်လေ၏။ ထိုအခါ ကြို့ပင်စောင့်နတ်သည် “ငါသည် ထိုဝက်ဝံအပေါ်၌ တစုံတရာကိုမျှ မပစ်ချမိပါပဲလျက် ဤဝက်ဝံသည် အရာမဟုတ်သည်၌ ရန်ငြိုးကို ဖွဲ့ပြီးလျှင် ငါ၏ဗိမာန်ကို ပျက်စီးအောင်



၃၅၆

ကြံဆောင်စီမံလေပြီ၊ ငါ၏ဗိမာန် ပျက်စီးလျှင် ငါလည်း ပျက်စီးရချေတော့မည်၊ ဥပါယ်တမျဉ်ဖြင့် ဤဝက်ဝံကိုလည်း ပျက်စီးစေတော့အံ့”ဟူ၍ ကြံစည်ပြီးလျှင် ကြို့ပင်စောင့်နတ်သည် အလုပ်သမား ယောက်ျားအသွင် ဖန်ဆင်း၍ လက်သမားပုဏ္ဏား၏ အနီးသို့ လာရောက်ကာ “အို ယောက်ျား.. သင်သည် နှစ်သက်ဖွယ်သော ကြို့ပင်ကြီးကို ရအပ်ခဲ့လေပြီ၊ ဤကြို့ပင်ကြီးကို ဖြတ်တောက်ပြီးလျှင် အဘယ်ဝတ္ထုကို အသင် ပြုမည်နည်း”ဟူ၍ မေးလေ၏။ “ရထားအကွပ်ကို ပြုလုပ်ပါအံ့”ဟု လက်သမားပုဏ္ဏားသည် ဖြေကြားလေ၏။

     “ဤကြို့သားဖြင့် ရထားပြုလုပ်လျှင် ကောင်းသည်ဟူ၍ သင့်အား အဘယ်သူက ပြောကြားအပ်သနည်း”ဟု ကြိုပင်စောင့်နတ်က မေးလတ်သည်တွင် လက်သမား ပုဏ္ဏားသည် “ဝက်ဝံတကောင်က ပြောကြားအပ်ပါသည်”ဟု ဆိုလေ၏။ ထိုအခါ ကြို့ပင်စောင့်နတ်သည် “အိုယောက်ျား.. ကောင်း၏၊ ထိုဝက်ဝံသည် သင့်အား ကောင်းသည်ကို ညွှန်ကြား ပြောဆိုအပ်ပေပြီ။ ဤကြို့သားဖြင့် သင်တည်ဆောက်မည့် ရထားသည် ထိုဝက်ဝံပြောသည့်အတိုင်း တင့်တယ် ကောင်းမြတ်ပါလိမ့်မည်။ ကျွန်ုပ် အကြံတခု ပေးလိုပါသည်မှာ.. ဝက်ဝံ၏ လည်ပင်းရေကို ခွါ၍ လက်လေးသစ် (လေးလက်မ)ခန့်အရပ်၌ သံပြားဖြင့် ပတ်အပ်သကဲ့သို့ ရထားအကွပ်အဝန်းကို ရစ်ပတ်ခဲ့သော် ရထားအကွပ်လည်း ပို၍ခိုင်ပါလိမ့်မည်။ များစွာသော ဥစ္စာကိုလည်း ရပါလိမ့်မည်”ဟူ၍ အကြံပေးစကား ပြောကြားလေ၏။

     “အိုအမောင်.. ဝက်ဝံရေကို ဘယ်က ရနိုင်ပါမည်နည်း”ဟု လက်သမားပုဏ္ဏားက မေးလေသော် ကြို့ပင်စောင့်နတ်သည်-

“အိုယောက်ျား.. အမောင်သည် ကလေးသူငယ် ဖြစ်သလား၊ သင့်အတွက်တာ ဤကြို့ပင်ကြီးကား အသက်မရှိသည့်အတွက် ဤတောထဲမှာ တည်မြဲ တည်နေကာ အရပ်တပါး ထွက်ပြေးသွားလိမ့်မည် မဟုတ်ပါ၊ အမောင်သည်



၃၅၇

ကြို့ပင်အကြောင်း ပြောကြားသည့် ဝက်ဝံ၏အထံသို့ သွားပြီးလျှင် “အိုအရှင်ဝက်ဝံ.. အရှင်ညွှန်ပြအပ် သည့် ကြို့ပင်ကို အဘယ်နေရာက ဖြတ်ရပါမည်နည်း”ဟု လှည့်ဖြားခေါ်ဆောင်ခဲ့ပါလော့။ ထိုအခါ ကြောက်လန့်ရွံရှာခြင်း အလျင်းမရှိပဲ “ဤနေရာ ဤနေရာ၌ ဖြတ်လော့”ဟု နှုတ်သီးရှည်ကြီးကို ဆန့်တန်းကာ ညွှန်ကြားပြသမည့် ထိုဝက်ဝံကို ထက်လှစွာသော ပုဆိန်ဖြင့် ခုတ်သတ်လျက် အသက်ကုန်ခြင်းသို့ ရောက်စေ၍ အရေကို ခွါယူပြီးလျှင် ဆူဖြိုးသောအသားကို စားပြီးမှ ဤကြို့ပင်ကို ဖြတ်တောက်လော့”-

ဟု ရန်အမှုကို ဖြစ်စေလေတော့၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သော သုံးဂါထာတို့ကို ဟောကြားတော်မူလေ၏။

(၇) ဣတိ ဖန္ဒနရုက္ခောပိ၊

တာဝဒေ အဇ္ဈဘာသထ။

မယှမ္ပိ ဝစနံ အတ္ထိ၊

ဘာရဒွါဇ သုဏောဟိ မေ။


(၈) ဣဿဿ ဥပက္ခန္ဓမှာ၊

ဥက္ကစ္စ စတုရင်္ဂုလံ။

တေန နေမိံ ပသာရေသိ၊

ဧဝံ ဒဠှတရံ သိယာ။


(၉) ဣတိ ဖန္ဒနရုက္ခောပိ၊

ဝေရံ အပ္ပေသိ တာဝဒေ။

ဇာတာနဉ္စ အဇာတာနံ၊

ဣဿာနံ ဒုက္ခမာဝဟိ။

(၇) မင်းအပေါင်းတို့.. ဤသို့လျှင် ကြို့ပင်စောင့်နတ်သည်လည်း ထိုခဏ၌ ဤသို့ ပြောဆို၏- (ပြောပုံမှာ) ဘာရဒွါဇနွယ်ဖွား အိုပုဏ္ဏား.. ငါ့မှာလည်း (သင့်အား)



၃၅၈

အကြံပေးစကား ပြောကြားရန်ရှိပါ၏၊ ငါ၏စကားကိုလည်း နာပါဦးလော့။

(၈) ဝက်ဝံ၏ ပခုံး (လည်ကုပ်)မှ လက်လေးသစ်ခန့် အရေကို ဖြတ်ယူပြီးလျှင် ထိုဝက်ဝံရေဖြင့် ရထားဘီး အကွပ်ကို ရစ်ပတ်ဝန်းရံပါလော့၊ ဤသို့ ပြုသည်ရှိသော် ရထားဘီးအကွပ်သည် ပို၍ ခိုင်မာပါလိမ့်မည်။

(၉) မင်းအပေါင်းတို့.. ဤသို့လျှင် ကြို့ပင်စောင့်နတ်သည်လည်း ထိုခဏ၌ ရန်အမှုကို ဖြစ်စေလေပြီ။ ဖြစ်ပြီး ဖြစ်လတ္တံ့သော ဝက်ဝံအပေါင်းတို့၏ ဆင်းရဲဒုက္ခကို ဆောင်လေပြီ။ (ဤဂါထာတို့ကား အဘိသမ္ဗုဒ္ဓဂါထာ = မြတ်စွာဘုရားရှင် ဟောတော်မူအပ်သော ဂါထာတို့တည်း)။

     ပုဏ္ဏားလက်သမားသည် ကြို့ပင်စောင့်နတ်၏ အကြံပေးစကားကို ကြားရ၍ “ဩ.. ယနေ့ကား ငါ့အတွက်တာ မင်္ဂလာရှိသော နေ့ပေတည်း”ဟု အံ့ဩစကား ပြောကြား မြွက်ဆိုပြီးလျှင် ဝက်ဝံကိုလည်းသတ် ကြို့ပင်ကိုလည်း ခုတ်ဖြတ်၍ မိမိနေရပ်သို့ ပြန်လေ၏။ ထိုအကြောင်းကို ပြတော်မူကာ ဩဝါဒစကား မိန့်ကြားတော်မူလို၍ ဤဆိုလတ္တံ့သော အဘိသမ္ဗုဒ္ဓဂါထာတို့ကို မြတ်စွာဘုရား ဟောကြားတော်မူ၏-

(၁၀) ဣစ္စေဝံ ဖန္ဒနော ဣဿံ၊

ဣဿော စ ပန ဖန္ဒနံ။

အညမညံ ဝိဝါဒေန၊

အညမညမဃာတယုံ။

မင်းအပေါင်းတို့.. ဤသို့လျှင် ကြို့ပင်စောင့်နတ်ကလည်း ဝက်ဝံကို, ဝက်ဝံကလည်း ကြို့ပင်စောင့်နတ်ကို အချင်းချင်း အပြန်အလှန် ခိုက်ရန်မှု ပြုကြသဖြင့် အချင်းချင်း အပြန်အလှန် သတ်ဖြတ်ကြလေပြီ။



၃၅၉

(၁၁) ဧဝမေဝ မနုဿာနံ၊

ဝိဝါဒေါ ယတ္ထ ဇာယတိ။

မယူရနစ္စံ နစ္စန္တိ၊

ယထာ တေ ဣဿဖန္ဒနာ။

မင်းအပေါင်းတို့.. ဤအတူပင်လျှင် အကြင်အရပ်၌ လူတို့၏ ခိုက်ရန်ငြင်းပွါး အချင်းများမှုသည် ဖြစ်၏။ ထိုအရပ်၌ လူတို့သည် ဝက်ဝံနှင့် ကြို့ပင်စောင့်နတ်တို့ပမာ ဒေါင်းက-သကဲ့သို့ က-ကြကုန်၏။ (ဥဒေါင်းများ က-ကုန်သည်ရှိသော် လျှို့ဝှက်အပ်သော အင်္ဂါဇာတ်ကို ထင်ရှားပြကုန်ဘိသို့ ဤအတူ လူများသည်လည်း ခိုက်ရန်မှု ဖြစ်ကုန်လတ်သော် အချင်းချင်း လျှို့ဝှက်ရမည့်အကြောင်းကို ထင်ရှား ဖော်ပြကြသဖြင့် ဥဒေါင်းက က-ကြသည် မည်ကုန်၏ဟု ဆိုလိုသည်)။

(၁၂) တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ၊

ယာဝန္တေတ္ထ သမာဂတာ။

သမ္မောဒထ မာ ဝိဝဒထ၊

မာ ဟောထ ဣဿဖန္ဒနာ။

မင်းအပေါင်းတို့.. သို့ရကား သင်မင်းအပေါင်းတို့ကို ငါဘုရား ဆုံးမစကား ဟောကြားလိုသည်မှာ သင် မင်းအပေါင်းတို့အဖို့ရာ ကောင်းခြင်း = မင်္ဂလာ ဖြစ်ပါစေသတည်း၊ ဤရောဟိဏီမြစ် (ချောင်း)အတွင်း စည်းဝေးမိကြသော သင် မင်းအပေါင်းတို့သည် ဂင်္ဂါ,ယမုနာ မြစ်ရေနှစ်ဖြာကဲ့သို့ ကောင်းစွာနှီးနှော မေတ္တာချင်းရောကြပါကုန်လော့၊ ခိုက်ရန်ငြင်းပွါး အချင်းမများကြပါကုန်လင့်၊ ဝက်ဝံနှင့် ကြို့ပင်စောင့်နတ်တို့နှင့် တူကြသောသူများ မဖြစ်ကြပါကုန်လင့်။



၃၆၀

(၁၃) သာမဂ္ဂိမေဝ သိက္ခေထ၊

ဗုဒ္ဓေ ဟေတံ ပသံသိတံ။

သာမဂ္ဂိရတော ဓမ္မဋ္ဌော၊

ယောဂက္ခေမာ န ဓံသတိ။

မင်းအပေါင်းတို့.. ညီညွတ်ရန်ကိုသာ ကျင့်ကြံ အားထုတ်ကြကုန်လော့။ မှန်၏- ဤညီညွတ်ခြင်းကို အဆူဆူသော ဘုရားရှင်တို့သည် ချီးမွမ်းအပ်ပေ၏။ ညီညွတ်ခြင်း၌ မွေ့လျော်ပျော်ပိုက်ကာ သုစရိုက်ဆယ်ပါး တရား၌တည်သောသူသည် ယောဂလေးတန် ကုန်ရာမှန်သည့် နိဗ္ဗာန်ချမ်းသာမှ မလျှောကျ မဆုံးရှုံးချေ။

     နှစ်ဖက်သော သာကီဝင် မင်းအပေါင်းတို့သည် မြတ်စွာဘုရား ဟောကြားအပ်သည့် တရားစကားကို ကြားနာကြရ၍ အချင်းချင်း ညီညွတ်ကြလေကုန်၏။

     မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဆောင်တော်မူပြီးလျှင် “ထိုစဉ်အခါ ထိုကြို့ပင်စောင့်နတ်နှင့် ဝက်ဝံတို့၏ ခိုက်ရန်ပြုကြခြင်းအကြောင်းကို ကိုယ်တိုင်တွေ့ရှိ သိမြင်ကာ ထိုတောအုပ်၌ စိုးအုပ်နေထိုင်သော နတ်မင်းသည် ယခုအခါ ငါဘုရား ဖြစ်လာပြီ”ဟူ၍ ဇာတ်တော်ကို ပေါင်းတော်မူ၏။

ဖန္ဒနဇာတ်ပြီး၏။

**********

ဒုဒ္ဒုဘဇတ်ကို ဟောတော်မူခြင်း

     ထို့နောင်မှ မြတ်စွာဘုရားရှင်သည် “မြတ်သော မင်းအပေါင်းတို့.. သူတပါးပြောသည့်စကားကို မစဉ်းမစားယုံကြည်သောသူ မဖြစ်သင့်ချေ။ မှန်၏- သူတပါးပြောသည့်စကားကို မစဉ်းမစား ယုံကြည်ကြကုန်သောကြောင့် ယုန်တကောင်၏ (မြေပြိုပြီ မြေပြုပြီဟူသော) စကားဖြင့် ယူဇနာသုံးထောင် အပြန့်ကျယ်သော ဟိမဝန္တာတော၌ အခြေလေးချောင်း သားကောင်အပေါင်းတို့သည် မဟာသမုဒြာအတွင်းသို့ သက်ဆင်း ကျရောက်ကြလုမတတ်



၃၆၁

ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရလေပြီ၊ ထို့ကြောင့် သူတပါးပြောသည့်စကားကို မစဉ်းမစား ယုံကြည်သူ မဖြစ်သင့်”ဟု မိန့်တော်မူ၍ စတုက္ကနိပါတ်လာ ဒုဒ္ဒုဘဇာတ်*ကို ဟောတော်မူ၏။

လဋုကိကဇာတ်ကို ဟောတော်မူခြင်း

     ထို့နောင်မှ မြတ်စွာဘုရားရှင်သည် “မြတ်သော မင်းအပေါင်းတို့.. တရံတခါ၌ အားနည်းသောသူကပင်သော်လည်း အားကြီးသောသူ၏ ပျက်စီးရာ ပျက်စီးကြောင်း အခွင့်အပေါက်ကို တွေ့မြင်နိုင်လေသည်။ တရံတခါ၌ အားကြီးသောသူကလည်း အားနည်းသောသူ၏ ပျက်စီးရာ ပျက်စီးကြောင်း အခွင့်အပေါက်ကို တွေ့မြင်လေသည်။ မှန်၏- ဗီလုံးငှက်မကလေးကပင်သော်လည်း ဆင်ပြောင်ကြီးကို သတ်ဖြတ်ခဲ့ဘူးလေပြီ”ဟု မိန့်တော်မူ၍ ဤဆိုလတ္တံ့သောအတိုင်း (ပဉ္စကနိပါတ်လာ) လဋုကိကဇာတ်ကို ဟောတော်မူလေ၏။

     မင်းအပေါင်းတို့.. ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်အရပ်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းတော်သည် ဆင်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကြည်ညိုဖွယ်ရှိ၏။ ကြီးမားသော ကိုယ်ကာယလည်း ရှိ၏။ ဆင်ပေါင်းရှစ်သောင်း အခြံအရံရှိလျက် ဆင်အုပ်ကြီး၏ အရှင်သခင်ဖြစ်ကာ ဟိမဝန္တာအရပ်၌ နေတော်မူ၏။


     *ဒုဒ္ဒုဘဇတ်ဟူသည်မှာ ဥသျှစ်ပင်အောက်၌ ထန်းလက်ရိပ်ကိုခို၍ ယုန်ငယ်တကောင် ဝပ်၍နေရာ ဥသျှစ်သီး ထန်းလက်ပေါ်သို့ ကြွေကျသဖြင့် “မြေပြိုပြီ မြေပြိုပြီ”ဟု ပြောဆိုမြည်တမ်းကာ အလန့်တကြား ပြေးသွားသော ယုန်ငယ်၏စကားကို မစဉ်းမစား ယုံကြည်ကြ၍ ဟိမဝန္တာတောအတွင်းရှိ အခြေလေးချောင်း သားကောင်အပေါင်းတို့ သမုဒြာသို့ ရှေးရှုစုပေါင်း ပြေးလွှားလာကြသည်တွင် အလောင်းတော် ခြင်္သေ့မင်းနှင့်တွေ့မှ အဖြစ်မှန်ကို အလောင်းတော်ကိုယ်တိုင် စုံစမ်းသိရှိရ၍ သားကောင်အပေါင်းတို့ သမုဒြာအတွင်း သက်ဆင်း ကျရောက်ကြမည့်ဘေးမှ လွတ်မြောက်ကြကြောင်းကို ဟောပြသော ဇာတ်တော်ဖြစ်သည်။ ဝတ္ထုအကျယ်ကို ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၌ ကြည့်ရှု မှတ်ယူကုန်ရာ၏။



၃၆၂

     ထိုအခါ ဗီလုံးငှက်မငယ် တကောင်သည် ဆင်တို့သွားရာလမ်း၌ မိမိဥများကို ဥ၍ထားလေ၏။ ထိုဥတို့မှ ဗီလုံးငှက်ငယ်များ ပေါက်သစ်စ အတောင်မရင့်သေး၍ မပျံနိုင်သေးသော အချိန်တွင် ဘုရားအလောင်း ဆင်မင်းသည် ဆင်ရှစ်သောင်း ခြံရံလျက် အစာရှာထွက်လတ်သော် ထိုအရပ်သို့ ရောက်လေ၏။

     အလောင်းတော်ဆင်မင်းကို မြင်လေလျှင် ဗီလုံးငှက်မငယ်သည် “ငါမတောင်းပန်က ဤဆင်မင်းသည် ငါ့သား ငှက်ငယ်တို့ကို ကြိတ်နင်း၍ သတ်ချေတော့မည်၊ ယခုပင် ငါသည် ထိုဆင်မင်းကို သားငယ်တို့အတွက် စောင့်ရှောက်ကာကွယ်ရန် တရားသော အစောင့်အရှောက်ကို တောင်းပေအံ့”ဟု ကြံစည်ကာ အတောင်ကလေးနှစ်ဖက်ကို (လက်အုပ်ပမာ) ယှက်ပြီးလျှင် အလောင်းတော်ဆင်မင်း၏ ရှေ့တည့်တည့်မှ ရပ်တည်၍-

(၁) ဝန္ဒာမိ တံ ကုဉ္ဇရ သဋ္ဌိဟာယနံ၊

အာရညကံ ယူထပတိံ ယသဿိံ။

ပက္ခေဟိ တံ ပဉ္ဇလိကံ ကရောမိ၊

မာ မေ ဝဓီ ပုတ္တကေ ဒုဗ္ဗလာယ။

အိုအရှင်ဆင်မင်း.. အနှစ်ခြောက်ဆယ်ရှိမှ အားအင်လျော့ပါးသော တော၌ပျော်ရွှင် ဆင်အုပ်၏အရှင်သခင်ဖြစ်၍ များစွာသော အခြံအရံရှိသော အရှင်ဆင်မင်းကို အကျွန်ုပ် ရှိခိုးပါ၏။ အရှင်ဆင်မင်းကို အတောင်နှစ်ဖက်တို့ဖြင့် (ယှက်ကာ) လက်အုပ်ချီမှု အရိုအသေပြုပါ၏။ အားငယ်လျသူ ကျွန်တော်မ၏ သားငယ်များကို ကြိတ်ချေနင်းဖြတ် သတ်တော်မမူပါလင့်-

ဟူသော ဤတောင်းပန်တိုးလျှိုးသည့် ဂါထာကို ရွတ်ဆို တောင်းပန်လေ၏။ အလောင်းတော်သည် “ဗီလုံးငှက်မလေး.. ထွေရာလေးပါး အကြံများ၍ စိတ်အားမငယ်လင့်၊ ငါသည် သင့်သားငယ်များကို ဘေးမရောက်ရအောင် စောင့်ရှောက်မည်”ဟု အားပေးစကား ပြောကြားပြီးလျှင် ငှက်ငယ်တို့၏အပေါ်၌



၃၆၃

ကိုယ်တော်ဖြင့် ဖုံးအုပ်ကာ ရပ်တည်တော်မူနေလေ၏။ ဆင်ရှစ်သောင်းတို့ အလောင်းတော်ကို တိမ်းရှောင်၍ သွားကြကုန်ပြီးမှ အလောင်းတော် ဆင်မင်းသည် ဗီလုံးငှက်မကလေးကိုခေါ်၍ “ဗီလုံးငှက်မလေး.. ငါတို့၏နောက်မှ အပေါင်းအသင်းမရှိ တကောင်တည်း ကျက်စားလေ့ရှိသော ဆင်ကြမ်းကြီးတကောင် လာလိမ့်မည်၊ ထိုဆင်ကြမ်းသည် ငါတို့စကားကို လိုက်နာလိမ့်မည်မဟုတ်၊ ထိုဆင်ကြီး လာလတ်သော် ထိုဆင်ကြီးကိုလည်း တောင်းပန်၍ သားငယ်တို့၏ အသက်ချမ်းသာရေး သင် ပြုရစ်လေလော့”ဟု မှာကြားပြီးလျှင် ဖဲသွားတော်မူလေ၏။

     ဗီလုံးငှက်မငယ်ကလေးသည်လည်း ထိုဆင်ကြမ်းကြီးလာသောအခါ အလောင်းတော်ဆင်မင်း မှာတမ်းခဲ့သည့်အတိုင်း ခရီးဦးကြိုဆို၍ အတောင်နှစ်ဖက်တို့ဖြင့် လက်အုပ်ချီမှု ပြုပြီးလျှင်-

(၂) ဝန္ဒာမိ တံ ကုဉ္ဇရ ဧကစာရိံ၊

အာရညကံ ပဗ္ဗတသာနုဂေါစရံ။

ပက္ခေဟိ တံ ပဉ္ဇလိကံ ကရောမိ၊

မာ မေ ဝဓီ ပုတ္တကေ ဒုဗ္ဗလာယ။

အိုဆင်မင်း.. တကိုယ်တည်း လှည့်လည်လျက် တောအရပ်၌ မွေ့လျော်ကာ ကျောက်တောင် မြေတောင် လျှိုမြှောင်တို့၌ ကျက်စားသော အရှင်ဆင်မင်းကို အကျွန်ုပ် ရှိခိုးပါ၏။ အရှင်ဆင်မင်းကို အတောင်နှစ်ဖက်တို့ဖြင့် (ယှက်ကာ) လက်အုပ်ချီမှု အရိုအသေပြုပါ၏။ အားငယ်လျသူ ကျွန်တော်မ၏ သားငယ်များကို ကြိတ်ချေနင်းဖြတ် သတ်တော်မမူပါလင့်-

ဟူသော ဤတောင်းပန်တိုးလျှိုသည့် ဂါထာကို ရှေးနည်းအတူ ရွတ်ဆို တောင်းပန်လေ၏။ ထိုဆင်ကြမ်းကြီးသည် ဗီလုံးငှက်မငယ်၏ တောင်းပန်သောစကားကို ကြားလေလျှင်-



၃၆၄

(၃) ဝဓိဿာမိ တေ လဋုကိကေ ပုတ္တကာနိ၊

ကိံ မေ တုဝံ ကာဟသိ ဒုဗ္ဗလာသိ။

သတံ သဟဿာနိပိ တာဒိသီနံ၊

ဝါမေန ပါဒေန ပပေါထယေယျံ။

ဟယ် ဗီလုံးငှက်မ.. (နင်ဘာ့ကြောင့် သွားလမ်း၌ သားတို့ကို ထားဘိသနည်း၊ စော်စော်ကားကားနှင့် သားများကို သွားလမ်းမှာ ထားဘိရကား) ငါသည် သင်၏ သားငယ်များကို ကြိတ်ချေနင်းဖြတ် သတ်ပေတော့အံ့။ သင်သည် ငါ၏အပေါ်ဝယ် မာန်ထော်ခုလု ဘယ်သို့သော ရန်တုံ့မှု ပြုနိုင်ချိမ့်မည်နည်း။ သင်ကား အားနွဲ့သူ ဖြစ်ချေ၏။ သင်ကဲ့သို့သော ဗီလုံးငှက်မပေါင်း တသိန်းကိုပင်သော်လည်း ငါသည် လက်ဝဲဖက်ခြေတချောင်းဖြင့် ထောင်းထောင်းကြိတ်ချေ သတ်ဖြတ်နိုင်ပေ၏-

ဤကဲ့သို့ ပြောဆိုပြီးလျှင် ထိုဆင်ကြမ်းကြီးသည် ဗီလုံးငှက်မငယ်၏ သားငယ်ကလေးများကို ခြေဖြင့် မှုန့်မှုန့်ညက်ညက် နင်းချေကာ မိမိ၏ကျင်ငယ်ရေကျော မျောစေပြီးလျှင် ကြိုးကြားသံဟစ်လျက် ဖဲသွားလေ၏။

      ဗီလုံးငှက်မငယ်သည် သစ်ကိုင်းထက်၌ နားနေပြီးလျှင်“ဟယ် ဆင်မိုက်.. ယခုအခါ သင်က အရေးသာခိုက် ကြိုးကြာသံဟစ်၍ သွားဘိဦးလော့၊ နှစ်ရက်သုံးရက်အတွင်းမှာပင် ငါ့အလုပ်ကို နင်မြင်ရချိမ့်မည်၊ ကိုယ်အားထက် ဉာဏ်အားက ကြီးမားသောအဖြစ်ကို နင်ကား မသိလေ၊ ရှိစေဦး၊ နင့်ကို နှစ်ရက်သုံးရက်အတွင်း သိစေမည်”ဟု ဆင်ကြမ်းကြီးကို ခြိမ်းချောက်လျက်ပင်-

(၄) န ဟေဝ သဗ္ဗတ္ထ ဗလေန ကိစ္စံ၊

ဗလံ ဟိ ဗာလဿ ဝဓာယ ဟောတိ။

ကရိဿာမိ တေ နာဂရာဇာ အနတ္ထံ၊

ယော မေ ဝဓီ ပုတ္တကေ ဒုဗ္ဗလာယ။



၃၆၅

အိုဆင်မင်း.. အရာခပ်သိမ်း၌ ပြုဖွယ်ကိစ္စ ဟူသမျှကို ကိုယ်အားတမျိုးတည်းဖြင့် ပြုအပ်သည်မဟုတ်။ မှန်ပေသည်- လူမိုက်၏ခွန်အားသည် မိမိကိုယ်ကို အသတ်ခံရန်သာ ဖြစ်ချေ၏။ သင်ဆင်မင်းကား အားငယ်လျသော ငါ၏သားငယ်များကို ကြိတ်ချေနင်းဖြတ် သတ်ခဲ့ချေပြီ။ အိုဆင်မင်း.. ငါသည် သင်၏အကျိုးမဲ့ကို (နှစ်ရက်သုံး ရက်အတွင်း) ပြု၍ပြပေအံ့-

ဤကဲ့သို့ ဗီလုံးငှက်မသည် ကြိမ်းဝါး ပြောဆိုပြီးလျှင် နှစ်ရက်သုံးရက်ခန့် ကျီးတကောင်ကို ခစားလုပ်ကျွေး မိတ်ဖွဲ့၍ ထိုကျီးက သဘောကျ နှစ်သက်သဖြင့် “အဆွေတော် ဗီလုံးမ.. သင့်အတွက်တာ အဘယ်မည်သော အရေးကြီးသည့်ကိစ္စကို ဆောင်ရွက်ရမည်နည်း”ဟု မေးအပ်သဖြင့် ဗီလုံးငှက်မသည် “အိုအရှင်ကျီး.. ကျွန်တော်မအား အခြားပြုဖွယ်ကိစ္စ မရှိပါ၊ ကျွန်တော်မ အကူအညီ တောင်းလိုသည်မှာ တကောင်တည်း သွားလေ့ရှိသော ဆင်ကြမ်းကြီးတကောင်၏ မျက်လုံးနှစ်ဖက်တို့ကို အရှင်ကျီးတို့သည် နှုတ်သီးဖြင့် ထိုးဆိတ် ဖောက်ဖျက်အပ်သည်တို့ကို အကျွန်ုပ် လိုလားတောင့်တပါသည်”ဟု အကူအညီတောင်းခံစကား ပြောကြားလေ၏။

     ကျီးက “ကောင်းပါပြီ”ဟု ဝန်ခံလတ်သော် ဗီလုံးမငယ်သည် ယင်မမဲရိုင်းတကောင်ထံသို့ သွားရောက်၍ ရှေးနည်းအတူ ခစားလုပ်ကျွေး မိတ်ဖွဲ့ပြီးသော် ထိုယင်မမဲရိုင်းကလည်း “သင့်အတွက်တာ အဘယ်မည်သော အရေးကြီးသည့်ကိစ္စကို ဆောင်ရွက်ရမည်နည်း”ဟု မေးမြန်းအပ်လေသော် ဗီလုံးငှက်မငယ်သည် “ဤငါ့အဆွေတော်ကျီးက ဧကစာရီဆင်ကြမ်းကြီး၏ မျက်စိများကို ဖောက်ဖျက်ပြီးသည်ရှိသော် အရှင်ယင်မမဲရိုင်းတို့သည် ထိုဆင်ကြမ်းကြီး၏ မျက်လုံးကာဏ်းထဲ၌ ယင်ဥ (တနည်း-ပိုးလောက်)များ ချထားခဲ့ရန် လိုလားတောင့်တပ၏”ဟု အကူအညီတောင်းခံစကား ပြောကြားလေ၏။



၃၆၆

     ယင်မမဲရိုင်းကလည်း “ကောင်းပါပြီ”ဟု ဝန်ခံစကား ပြောကြားအပ်လေသော် ဗီလုံးငှက်မငယ်သည် ဖားတကောင်ထံသို့ သွားရောက်၍ ရှေးနည်းအတူ ခစားလုပ်ကျွေး မိတ်ဖွဲ့ပြီးသော် ထိုဖားက “သင့်အတွက်တာ အဘယ်မည်သော အရေးကြီးသည့်ကိစ္စကို ဆောင်ရွက်ရမည်နည်း”ဟု မေးမြန်းအပ်သည်တွင် ဗီလုံးငှက်မငယ်သည် “ငါ၏အဆွေတော် ကျီးနှင့် ယင်မမဲရိုင်းတို့၏ ကူညီချက်အရ ထိုဧကစာရီ ဆင်ကြမ်းကြီးသည် မျက်စိနှစ်ဖက် စုံလုံးပျက်ကာ ရေသိပ်လှသဖြင့် သောက်ရေကို ရှာသောအခါ၌ အဆွေတော်ဖားသည် ရှေးဦးစွာ တောင်ထိပ်မှနေ၍ အသံပြုစေချင်ပါသည်၊ ထိုအသံကိုကြား၍ ထိုဆင်ကြမ်းကြီး တောင်ထိပ်သို့ တက်ရောက်သောအခါ အဆွေတော်ဖားသည် တောင်ထိပ်မှဆင်း၍ ချောက်ကမ်းပါးထဲမှနေ၍ အသံပြုစေချင်ပါသည်၊ အကျွန်ုပ်သည် အဆွေတော်တို့၏အထံမှ ဤမျှလောက်သော အကူအညီကို ရယူလိုပါသည်”ဟူ၍ အကူအညီတောင်းခံစကား ပြောကြားလေ၏။ ဖားသည်လည်း ဗီလုံးငှက်မငယ်၏ အကူအညီတောင်းခံစကားကို ကြား၍ “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။

     ထို့နောက် တနေ့သ၌ ကျီးငှက်သည် ဧကစာရီဆင်ကြီး၏ မျက်စိနှစ်ဖက်တို့ကို (ဗီလုံးငှက်မငယ်၏ တောင့်တချက်အတိုင်း) နှုတ်သီးဖြင့် ထိုးဆွ ဖောက်ဖျက်လေ၏။ ထိုပျက်စီးကာ အနာဖြစ်၍နေသော မျက်လုံးနှစ်ဖက်၌ ယင်မမဲရိုင်းသည် ယင်ဥ (တနည်း- ပိုးလောက်အရှင်)များကို ချထားလေတော့၏။ ထိုဧကစာရီ ဆင်ကြမ်းကြီးသည် ပိုးလောက်တို့က ကိုက်ခဲအပ်ရကား ဆင်းရဲဒုက္ခဝေဒနာသို့ ရောက်ရှိကာ ရေသိပ်ခြင်း အပြင်းနှိပ်စက်အပ်သည်ဖြစ်၍ သောက်ရေကို ရှာမှီးကာ ထိုထိုဤဤ တစမ်းစမ်းဖြင့် လှည့်လည်လေ၏။

     ထိုအခါ ဖားသည် တောင်ထိပ်မှနေ၍ အသံပြုလေ၏။ ဧကစာရီ ဆင်ကြမ်းကြီးသည် ဖားအော်သံကို ကြားရ၍ “ဤဖားအော်ရာအရပ်၌ ရေရှိလိမ့်မည်”ဟု မှတ်ထင်အားကိုးကာ



၃၆၇

တောင်ထိပ်သို့ တက်လေ၏။ တောင်ထိပ်သို့ ဆင်ကြမ်းကြီး ရောက်သောအခါ ဖားသည် တောင်ထိပ်မှဆင်း၍ ချောက်ကမ်းပါးထဲမှ နေပြီးလျှင် အသံကို ပြုပြန်၏။ ဧကစာရီဆင်ကြမ်းကြီးသည် “ဤဖားအော်ရာအရပ်၌ ရေရှိလိမ့်မည်”ဟု မှတ်ထင်အားကိုးကာ ချောက်ကမ်းပါးသို့ ရှေးရှုသွားလတ်သော် တောင်ပေါ်မှ လျှောကျကာ တောင်ခြေရင်းသို့ ဦးစိုက်ကျွမ်းပြန် ကျရောက်လျက် အသက်ကုန်ခြင်းသို့ ရောက်လေ၏။

     ဗီလုံးငှက်မငယ်သည် ထိုရန်သူဆင်ကြမ်းကြီး သေလွန်ကြောင်းကို ကောင်းစွာသိရ၍ “ငါသည် ရန်သူ၏ကျောက်ကုန်းကို မြင်အပ်လေပြီတကား”ဟု အားရဝမ်းမြောက်လျက် ကျောက်ကုန်းပေါ်၌ လူးလာတုံ့ခေါက် အားရအောင် စင်္ကြံလျှောက်ပြီးမှ မိမိလိုရာအရပ်သို့ ဖဲသွားလေတော့၏။

     မြတ်စွာဘုရားရှင်သည် နှစ်ပြည်ထောင်မင်းတို့ကို “အိုမင်းအပေါင်းတို့.. တစုံတယောက်သောသူနှင့်မျှ ရန်အမှုကို မပြုသင့်ချေ။ ဤဆိုအပ်ပြီးသည့်အတိုင်း အင်အားကြီးမားလှသော ဆင်ပြောင်ကြီးကိုပင်သော်လည်း အင်အားနည်းပါးကြသည့် ကျီး, ယင်မမဲရိုင်း, ဖား, ဗီလုံးငှက်မအားဖြင့် လေးဦးသားတို့သည် တပေါင်းတည်း ညီညွတ်ကြကုန်လျက် ဆင်ပြောင်ကြီးအား အသက်ကုန်ခြင်းသို့ ရောက်စေခဲ့ကြလေကုန်ပြီ”ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော အဘိသမ္ဗုဒ္ဓဂါထာကို ဟောကြားတော်မူ၏-

(၅) ကာကဉ္စ ပဿ လဋုကိကံ၊

မဏ္ဍူကံ နီလမက္ခိကံ။

ဧတေ နာဂံ အဃာတေသုံ၊

ပဿ ဝေရဿ ဝေရိနံ။

တသ္မာ ဟိ ဝေရံ န ကယိရာထ၊

အပ္ပိယေနပိ ကေနစိ။



၃၆၈

ရာဇာနော = သာကီနွယ်ကောင်း မင်းအပေါင်းတို့..။ ကာကဉ္စ = ကျီးငှက်ကို၎င်း။ လဋုကိကဉ္စ = ဗီလုံးငှက်မငယ်ကို၎င်း။ မဏ္ဍူကဉ္စ = ဖားကို၎င်း။ နီလမက္ခိကဉ္စ = ယင်မမဲရိုင်းကို၎င်း။ ပဿ- ပဿထ = ရှုကြကုန်လော့။ ဧတေ = ဤလေးဦးသားတို့သည်။ (ဧကတော ဟုတွာ = တပေါင်းတစုတည်း ညီညွတ်ကြကုန်သည် ဖြစ်၍။) နာဂံ = အားအင်ခိုင်ဖြီး ဆင်ပြောင်ကြီးကို။ အဃာတေသုံ = ဗုံးဗုံးယိုင်လဲ သေပွဲဝင်စေခဲ့ကြလေပြီ။ ဝေရီနံ = ရန်အမျက်ကို အလိုရှိသောသူတို့၏။ ဝေရဿ = မျက်မာန်ခုလု ရန်အမှု၏။ ဂတိံ = ဖြစ်ပုံအလား အကျိုးသွားကို။ ပဿ- ပဿထ = ရှုကြကုန်လော့။ တသ္မာ ဟိ = ထို့ကြောင့်သာလျှင်။ ကေနစိ = တစုံတယောက်သော။ အပ္ပိယေနပိ = မချစ် မနှစ်သက်အပ်သော သူနှင့်လည်း။ ဝေရံ = မျက်မာန်ခုလု ရန်အမှုကို။ န ကယိရာထ = မပြုရာ။

     မြတ်စွာဘုရားသည် ဤသို့ အဘိသမ္ဗုဒ္ဓဂါထာကို ဟောတော်မူပြီးလျှင် “ထိုစဉ်အခါ ဧကစာရီ ဆင်ကြမ်းကြီးသည် ယခုအခါ ဒေဝဒတ်ဖြစ်လာပြီ၊ ထိုစဉ်အခါ ဆင်အုပ်၏အရှင် သူတော်ကောင်း ဆင်မင်းသည် ယခုအခါ ငါဘုရား ဖြစ်လာပြီ”ဟူ၍ ဇာတ်တော်ကို ပေါင်းတော်မူ၏။

လဋုကိကဇာတ် ပြီး၏။

**********

ရုက္ခဓမ္မဇာတ်ကို ဟောတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဆွေတော်မျိုးတော်တို့၏ ငြင်းခုံခိုက်ရန်မှု ငြိမ်းအေးစေရန် ဖန္ဒနဇာတ်, ဒုဒ္ဒုဘဇာတ်, လဋုကိကဇာတ် = ဤသုံးဇာတ်ကို ဟောတော်မူပြီးလျှင် ညီညွတ်ခြင်း၏အကျိုးကို ပြတော်မူရန် ဇာတ်တော်နှစ်ရပ်ကို ဟောတော်မူပြန်လေသည်။ ဟောတော်မူပုံမှာ-



၃၆၉

မြတ်သော မင်းအပေါင်းတို့.. သင်တို့သည် ဆွေရင်းမျိုးချာ ဖြစ်ကြကုန်၏၊ ဆွေမျိုးတို့မည်သည် ညီညွတ်နှီးနှောမိကြမှသာ သင့်လျော်ပေသည်။ မှန်၏- ဆွေမျိုးတို့၏ ညီညွတ်မှုရှိခဲ့သော် ရန်သူတို့သည် အခွင့်အပေါက်ကို မရနိုင်ကြကုန်။ စိတ်စေတနာရှိသူ လူတို့ကိုကား ထားဘိဦး၊ စိတ်စေတနာမရှိသော သစ်ပင်တို့အဖို့ရာသော်မှလည်း ညီညွတ်မှုကိုရမှ သင့်လျော်၏။ ချဲ့ဦးအံ့.. ရှေးအခါ၌ ဟိမဝန္တာအရပ်ဝယ် အင်ကြင်းတောကြီးကို လေပြင်းမုန်တိုင်းသည် တိုက်ခတ်ခဲ့ဘူးလေပြီ၊ သို့သော်လည်း ထိုအင်ကြင်းတောကြီး၏ သစ်ပင် ကြီးငယ် ချုံနွယ်ပိပ္ပေါင်းတို့ဖြင့် အချင်းချင်း ဖွဲ့စပ်၍ တည်နေသောကြောင့် သစ်တပင်ကိုမျှလည်း လေပြင်း မုန်တိုင်းသည် မတိုက်လှည်းနိုင်ပဲ သစ်ပင်အပေါင်းတို့၏ ထိပ်မှ ထိပ်မှသာလျှင် လျှံကာ လျှံကာ သွားလေ၏။ လွင်ပြင်၌ တပင်တည်း ပေါက်ရောက်နေသော သစ်ပင်ကြီးကိုကား အကိုင်းအခက် ပင်စည်အခွတို့နှင့် ပြည့်စုံစေကာမူ အခြားသော သစ်ပင်ကြီးငယ် ချုံနွယ်ပိပ္ပေါင်းတို့ဖြင့် မြှေးယှက်ဖွဲ့စပ်ခြင်း အလျှင်းမရှိသောကြောင့် အမြစ်ပါကျွတ်၍ ဦးစိုက်ပြောင်းပြန် ဖြစ်စေကာ မြေအပြင်၌ တိမ်းလည်းစေခဲ့ဘူးလေပြီ။ ဤအကြောင်းကြောင့် သင် မင်းအပေါင်းတို့သည်လည်း ညီညွတ်နှီးနှောမှု ရှိကြမှသာ သင့်လျော် လျောက်ပတ်ပေမည်-

ဟု မိန့်တော်မူပြီးလျှင် ထိုမင်းအပေါင်းတို့ တောင်းပန်အပ်ရကား အတိတ်ဇာတ်အကျယ်ကို ထုတ်ဆောင်ဟောပြတော်မူလေ၏။

     အို မင်းအပေါင်းတို့.. ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်အရပ်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ရှေးဦးစွာဖြစ်သော ဝေဿဝဏ်နတ်မင်းသည် နတ်သက်ကြွေကာ စုတေလေ၏။ သိကြားမင်းသည် အခြားနတ်တဦးကို ဝေဿဝဏ်နတ်မင်းရာထူးကို ပေးအပ်ခန့်ထားလေ၏။ ဤဝေဿဝဏ်နတ်မင်း အပြောင်းအလဲတွင် နောက်မှဖြစ်သော ဝေဿဝဏ်နတ်မင်းသည်



၃၇၀

“သစ်ပင်ကြီးငယ် ချုံနွယ်ပိပ္ပေါင်းတို့ ရှိကြသည့်အနက် မိမိတို့နှစ်သက်ရာ ဌာန၌ ဘုံဗိမာန်ကို ယူကြကုန်လော့”ဟူ၍ အမိန့်သစ်တရပ်ကို ထုတ်ပြန် ကြေညာလေ၏။

     ထိုစဉ်အခါ ဘုရားအလောင်းတော်သည် ဟိမဝန္တာအရပ်ဝယ် အင်ကြင်းတောတခု၌ ရုက္ခစိုးနတ်မင်းဖြစ်၍ နေတော်မူဆဲဖြစ်၏။ ဘုရားအလောင်းတော် ရုက္ခစိုးနတ်မင်းသည် ဆွေမျိုးဖြစ်သော နတ်တို့ကို “အမောင်တို့သည် ဘုံဗိမာန်တို့ကို ယူကြကုန်လျှင် လွင်ပြင်ဝယ်တည်သော သစ်ပင်တို့၌ မယူကြကုန်လင့်၊ စင်စစ်သော်ကား ဤအင်ကြင်းတောဝယ် ငါယူအပ်ပြီးသော ဗိမာန်ကို ဝန်းရံ၍တည်သော သစ်ပင်ဗိမာန် တို့ကို ယူကြကုန်လော့”ဟူ၍ နည်းညွှန်းစကား မိန့်ကြားတော်မူလေ၏။

     ထိုနတ်အပေါင်းတို့တွင် ဘုရားလောင်း၏စကားကို လိုက်နာကြသော နတ်ပညာရှိတို့သည် ဘုရားအလောင်း၏ ဗိမာန်ကို ဝန်းရံ၍တည်သော ဗိမာန်တို့ကို ယူကြကုန်၏။ ပညာမဲ့သော နတ်တို့သည်ကား “လူသူမနီး တောကြီးခေါင်ခေါင်ဝယ် တည်ရှိသော ဗိမာန်တို့ဖြင့် ငါတို့အား အဘယ်အကျိုးရှိအံ့နည်း၊ ငါတို့သည် လူတို့လမ်းခရီးဝယ် ရွာနိဂုံး မင်းနေပြည် တံခါးအနီး၌တည်သော ဗိမာန်တို့ကိုသာ ယူကြကုန်အံ့၊ မှန်၏- ရွာနိဂုံး မင်းနေပြည်တို့ကို မှီ၍နေသော နတ်များသည် လာဘ်လာဘ အထွတ်အထိပ် ကျော်စောခြင်း အထွတ်အထိပ်သို့ ရောက်ကြကုန်၏”ဟု ကြံစည် တိုင်ပင်ကြကာ လူတို့လမ်းခရီးဝယ် လွင်ပြင်အရပ်၌ ပေါက်ရောက်တည်ရှိသော သစ်ပင်တို့၌ ဗိမာန်ကို ယူကြလေကုန်၏။

     ထို့နောက် တနေ့သ၌ မိုးသက်လေပြင်း ကြီးမားစွာ တိုက်ခတ် ရွာသွန်းလေ၏။ လေအဟုန် ပြင်းထန်လှသောကြောင့် လွင်ပြင်အရပ်ဝယ် ပေါက်ရောက်သော အမြစ်မြဲခိုင်လှသော တောစိုးသစ်ပင်ကြီးများသော်လည်း အကိုင်းအခက် ကျိုးပျက် ပြတ်ကျကုန်လျက် အမြစ်နှင့်တကွ (အမြစ်ပါကျွတ်၍) တိမ်းလည်းကြလေကုန်၏။ တပင်နှင့်တပင် ဆက်စပ်လျက် တည်ရှိသော (အလောင်းတော် စိုးအုပ်နေသည့်) အင်ကြင်း တောသို့



၃၇၁

ရောက်လတ်သော်ကား ထိုလေပြင်းမုန်တိုင်းသည် ထိုမှဤမှ တိုက်ခတ်သော်လည်း သစ်ပင်တပင်ကိုမျှ တိမ်းလည်းစေခြင်းငှာ မတတ်နိုင်ချေ။

     ဗိမာန်ပျက်စီးသော နတ်တို့သည် ကိုးကွယ်ရာမဲ့ ဖြစ်ကုန်လျက် သားငယ် သမီးငယ်တို့ကို လက်ဆွဲကြပြီးလျှင် ဟိမဝန္တာသို့ သွားရောက်ကြ၍ မိမိတို့၏ ကိုးကွယ်ရာမဲ့ဖြစ်ပုံကို အင်ကြင်းတောနေ မိတ်ဆွေနတ်တို့အား ပြောကြားကြလေကုန်၏။ အင်ကြင်းတောနေ မိတ်ဆွေနတ်တို့သည် ထိုဗိမာန်ပျက်စီးသော နတ်တို့၏ ဤသို့ဤပုံ ခိုကိုးရာမဲ့ဖြစ်ကြကာ လာရောက်ကြပုံကို ဘုရားအလောင်းတော် ရုက္ခစိုးနတ်မင်းအား ပြောကြားကြလေကုန်၏။

     ဘုရားအလောင်းတော်သည် “ပညာရှိတို့၏စကားကို မနာယူပဲ ကျေးဇူးမပြုနိုင်ရာအရပ်သို့ သွားရောက် နေထိုင်ကြသူတို့မည်သည် ဤသို့ သဘောရှိကုန်သည်သာ (=ဤသို့ ဆင်းရဲဒုက္ခ ရောက်ကြရမြဲ ဓမ္မတာ) ဖြစ်ကုန်၏”ဟူ၍ မိန့်တော်မူပြီးလျှင် တရားဟောတော်မူလိုရကား ဤဆိုလတ္တံ့သော ဂါထာကို မိန့်ဆိုတော်မူလေ၏-

သာဓု သမ္ဗဟုလာ ဉာတီ၊

အပိ ရုက္ခာ အရညဇာ။

ဝါတော ဝဟတိ ဧကဋ္ဌံ၊

ဗြဟန္တမ္ပိ ဝနပ္ပတိံ။

ဉာတယော = ဆွေမျိုးအပေါင်း အို နတ်ကောင်းတို့..။ သမ္ဗဟုလာ = လေးယောက်ကစ တသိန်းကျအောင် များလှကုန်သော။ ဉာတီ = အချင်းချင်း အမှီပြု၍ ပေါင်းစုနေထိုင်ကြသော ဆွေမျိုးတို့သည်။ အရညဇာ = တောမြိုင်တလျောက် ပေါက်ရောက်ကုန်သော။ ရုက္ခာ အပိ = အချင်းချင်း ထောက်ပံ့ကာ ကောင်းစွာ တည်နေကြသည့် သစ်ပင်တို့သော်မှလည်း။ သာဓု = ရန်သူတို့ မနှိပ်စက်အပ်သဖြင့် ကောင်းမြတ် တင့်တယ်လှကုန်၏။



၃၇၂

ဝါတော = အဟုန်ပြင်းစွာ တိုက်ခတ်လာသော လေမုန်တိုင်းသည်။ ဧကဋ္ဌံ = လွင်တီးပြင်ဝယ် တပင်တည်း ပေါက်ရောက်တည်နေသော။ ဝနပ္ပတိံ = တောစိုးသစ်ပင်ကြီးကို။ ဗြဟန္တမ္ပိ = အကိုင်းအခက် အရွက်စည်ကား လွန်စွာပင် ကြီးမားသော်လည်း။ ဝဟတိ = အမြစ်ပါမကျန် တွန်းလှန် တိုက်လှည်းလေတော့သတည်း။

     အလောင်းတော်သည် ဤအကြောင်းကို ဟောကြားတော်မူပြီးနောက် အသက်တမ်းကုန်သောအခါ ကံအားလျော်စွာ ဘဝတပါး လားတော်မူလေ၏။

     မြတ်စွာဘုရားရှင်သည်လည်း “အို မင်းအပေါင်းတို့.. ဤသို့လျှင် ဆွေမျိုးတို့သည် ညီညွတ်ခြင်းကို ရှေးဦးစွာ ရယူသင့်ကုန်၏။ ညီညွတ်မှုကို ရရှိကြပြီးလျှင် ဝမ်းမြောက်ဝမ်းသာ အချင်းချင်း မေတ္တာဓာတ် နှီးနှောကြ၍ ချစ်ကြည်သော နေခြင်းကိုသာ နေကြကုန်လော့”ဟု ဤတရားဒေသနာကို ထုတ်ဆောင် ဟောပြတော်မူပြီးလျှင် ရှေ့နောက်စကား အနုသန္ဓေ ဆက်စပ်တော်မူ၍ “ထိုစဉ်အခါ အင်ကြင်းတောနေ နတ်အပေါင်းတို့သည် ယခုအခါ ငါဘုရား၏ ပရိသတ်များ ဖြစ်ကြလေကုန်ပြီ၊ ထိုစဉ်အခါ ပညာရှိ ရုက္ခစိုးနတ်မင်းသည်ကား ယခုအခါ လူသုံးပါးတို့၏ဆရာ ငါဘုရားပင် ဖြစ်လာပြီ”ဟု ဇာတ်တော်ကို ပေါင်းတော်မူလေ၏။

ရုက္ခဓမ္မဇာတ် ပြီး၏။

**********

ဝဋ္ဋကဇာတ် (=သမ္မောဒမာနဇာတ်)ကို ဟောတော်မူခြင်း

     ထို့နောင်မှ မြတ်စွာဘုရားသည် “မင်းအပေါင်းတို့.. ဆွေမျိုးအချင်းချင်း ခိုက်ရန်ဖြစ်ခြင်းသည် အလျှင်းပင် မသင့်လျော်ချေ။ မှန်၏- လူတို့ကိုထား တိရစ္ဆာန်များပင်သော်လည်း ရှေးအခါဝယ် ညီညွတ်သောအချိန်၌ ရန်သူတို့ကို လွှမ်းမိုးအောင်နိုင်ကာ ချမ်းသာခြင်းသို့ ရောက်ရှိကြပြီးလျှင် ခိုက်ရန်ငြင်းခုံမှု ပြုသောအခါ၌ ကြီးစွာ ပျက်စီးခြင်းသို့ ရောက်ခဲ့ကြလေကုန်ပြီ”ဟု မိန့်ဆိုတော်မူပြီးလျှင်



၃၇၃

ဆွေတော် မျိုးတော် မင်းအပေါင်းတို့ တောင်းပန်အပ်ရကား အတိတ်ဖြစ်ရပ် ဝဋ္ဋကဇာတ် (=သမ္မောဒမာနဇာတ်)ကို ထုတ်ဆောင် ဟောပြတော်မူလေ၏။

     မင်းအပေါင်းတို့.. ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်အရပ်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းတော်သည် ငုံးငှက်မျိုး၌ ဖြစ်လတ်၍ ထောင်ပေါင်းများစွာသော ငုံးငှက်အပေါင်း ခြံရံလျက် တောအရပ်၌ ကျက်စားနေထိုင်လေ၏။

     ထိုအခါ ငှက်မူဆိုးတယောက်သည် ထိုငှက်အပေါင်းတို့၏ ကျက်စားသွားလာ နေထိုင်ရာအရပ်သို့ သွားရောက်၍ ငုံးငှက်အသံကဲ့သို့ မြည်တွန်ကာ (ထိုအသံဖြင့်) ငုံးငှက်များ စုဝေးရောက်ရှိလာသောအခါ ထိုငုံးအုပ်ပေါ်၌ ပိုက်ကွန်ကို ပစ်ချပြီးလျှင် ပိုက်ကွန် အစွန်းအနားကို လှည့်ပတ်နင်းနယ် ခြောက်လှန့်ကာ ပိုက်ကွန်အလယ်၌ ငုံးငှက်များ စုပေါင်းမိသောအခါ ခြင်းတောင်းအပြည့် ငုံးငှက်တို့ကိုထည့်၍ အိမ်သို့ယူဆောင် သွားရောက်ပြီးသော် ထိုငှက်များကို ရောင်းချကာ ထိုငှက်ရောင်း၍ရသော အဖိုးငွေဖြင့် အသက်မွေးမှုကို ပြုလုပ်နေထိုင်လေ၏။

     တနေ့သ၌ ဘုရားအလောင်းသည် အုပ်စုဝင် ငုံးငှက်တို့ကို-

“အို ငုံးငှက်အပေါင်းတို့.. ဤငှက်မူဆိုးသည် ငါတို့၏ဆွေမျိုး ငုံးငှက်များကို ပျက်စီးပြုန်းတီးခြင်းသို့ အကြိမ်ကြိမ် ရောက်စေခဲ့လေပြီ၊ ငါသည် ဤငှက်မူဆိုးကြီး ငါတို့ကို မဖမ်းယူနိုင်မည့် ဥပါယ်နည်းလမ်းကောင်း တခုကို စဉ်းစားမိ၏။ ထိုဥပါယ်နည်းလမ်းကောင်းမှာ ယခုအချိန်ကစ၍ ထိုငှက်မူဆိုးက ငါတို့အပေါ်၌ ပိုက်ကွန်ကို ပစ်ချလျှင် ပစ်ချခြင်း ငုံးငှက်တကောင် တကောင်လျှင် ပိုက်ကွန်မျက်ကွင်း တပေါက်တပေါက်၌ ဦးခေါင်းကို ထားပြီးလျှင် တညီတညွတ်တည်း ပိုက်ကွန်ကို (မ)ချီပျံတက်ကြလျက် အလိုရှိရာအရပ်သို့ ဆောင်သွားကြပြီးလျှင် ဆူးချုံတခုပေါ်၌ ပစ်ချကြကုန်လော့၊ ထို့နောင်မှ ငါတို့သည်



၃၇၄

ပိုက်ကွန်၏အောက်မှ ထွက်ကြကာ ထိုထိုအရပ်သို့ ပြေးသွားကြကုန်အံ့”-

ဟူ၍ အကြံပေးစကား ပြောကြားတော်မူလေ၏။ အုပ်စုဝင် ငုံးငှက်အားလုံးတို့သည် “ကောင်းပါပြီ”ဟူ၍ အလောင်းတော်၏ အကြံပေးချက်ကို သဘောတူ လက်ခံကြပြီးလျှင် ဒုတိယနေ့၌ ငုံးအုပ်၏အပေါ်သို့ ပိုက်ကွန်ကို ပစ်ချပြီးလျှင် ပစ်ချပြီးခြင်း အုပ်စုဝင် ငုံးငှက်အားလုံးတို့သည် ဘုရားအလောင်း ပြောကြားအပ်သည့် နည်းအတိုင်း တညီတညွတ်တည်း ပိုက်ကွန်ကို (မ)ချီပျံတက်ကြလျက် ဆူးချုံတခုပေါ်၌ ပစ်ချကြ ပြီးလျှင် မိမိတို့ကိုယ်တိုင်ကမူ ပိုက်ကွန်၏အောက်မှ ထွက်ကြကာ ထိုထိုအရပ်သို့ ပျံလွှား ပြေးသွားကြလေကုန်၏။

     ငှက်မူဆိုးသည် ဆူးချုံမှ ပိုက်ကွန်ကို ဖြုတ်ယူစဉ်ပင် အချိန်ကုန်ခဲ့လေပြီ။ သူသည် မပါငုံးငှက် လက်အချည်းနှီး အိမ်သို့ ပြန်သွားလေ၏။ နောက်တနေ့မှ စ၍လည်း ငုံးငှက်တို့သည် ထိုနည်းအတူပင် ပြုကြကုန်၏။ ငှက်မူဆိုးသည်လည်း နေဝင်သည့်တိုင်အောင် ပိုက်ကွန်ကို ဖြေဖြုတ်လျက် တစိုးတစိ မရရှိပဲ လက်အချည်းနှီးသာ အိမ်သို့ ပြန်ရလေ၏။ ထိုအခါ ငှက်မူဆိုး၏ အိမ်ရှင်မသည် အမျက်ထွက် (စိတ်ဆိုး)၍ “သင်သည် နေ့စဉ်နေ့တိုင်း လက်အချည်းနှီး ပြန်၍ ပြန်၍ လာ၏။ သင့်မှာ ငါမှတပါး အပြင်အပ၌ ကျွေးမွေးအပ်သောဌာန ရှိလေယောင်တကား”ဟု စွပ်စွဲရှုတ်ချစကား ပြောကြားဆူပူလေ၏။

     ငှက်မူဆိုးသည် “အိုရှင်မ.. ငါ့မှာ ရှင်မမှတပါး ကျွေးမွေးအပ်သော ဌာနဟူ၍ မရှိပါ၊ စင်စစ်သော်ကား ထိုငုံးငှက်အပေါင်းတို့သည် စည်းလုံးညီညွတ်ကြလျက် လှည့်လည် ကျက်စားကြကုန်ဆဲ ဖြစ်ပေ၏၊ ငါက ပိုက်ကွန်ကို ပစ်ချလိုက်လျှင် ပစ်ချလိုက်ခြင်း ငုံးငှက်တို့သည် ပိုက်ကွန်ကို တညီတညွတ်တည်း (မ)ချီပျံတက် ကြကာ ဆူးချုံပေါ်၌ ပစ်ချ၍ လွတ်ရာတပါး သွားကြကုန်၏။ တကယ်ဆိုတော့ ထိုငုံးငှက်များသည် အခါခပ်သိမ်း ညီညွတ်လျက်သာ နေနိုင်ကြမည် မဟုတ်ကုန်၊ ရှင်မသည် ထွေရာလေးပါး



၃၇၅

အကြံမများပါလင့်၊ တနေ့နေ့တွင် ထိုငုံးငှက်များ ခိုက်ရန်ငြင်းခုံမှုသို့ ရောက်ကြပါလိမ့်မည်၊ ထိုအခါ ထိုငှက်အားလုံးကို ဖမ်းဆီးယူဆောင်ခဲ့ကာ ရှင်မ၏မျက်နှာကို ပြုံးရွှင်စေလျက် ငါပြန်ခဲ့ပါမည်”ဟု ပြောဆို နှစ်သိမ့်စေပြီးလျှင် အိမ်ရှင်မအား-

သမ္မောဒမာနာ ဂစ္ဆန္တိ၊

ဇာလမာဒါယ ပက္ခိနော။

ယဒါ တေ ဝိဝဒိဿန္တိ၊

တဒါ ဧဟိန္တိ မေ ဝသံ။

ဘဒ္ဒေ = အိုရှင်မ..။ ပက္ခိနော = ငုံးငှက်အပေါင်းတို့သည်။ သမ္မောဒမာနာ = ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြကုန်လျက်။ (ဝါ) ညီညွတ်ကြသောကြောင့်။ ဇာလံ = ငါပစ်ချအပ်သော ပိုက်ကွန်ကို။ အာဒါယ = သယ်ပိုးယူဆောင်ကုန်၍။ ဂစ္ဆန္တိ = ဆူးချုံ၌ပစ်ချကာ လွတ်ရာအရပ်သို့ သွားကြကုန်၏။ တေ = ထိုငုံးငှက်တို့သည်။ ယဒါ = အမှတ်မထင် အကြင်တနေ့နေ့၌။ ဝိဝဒိဿန္တိ = အယူဝါဒ မတူမျှပဲ သူကတဖုံ ငါတဖုံဖြင့် ငြင်းခုံစကား ခိုက်ရန်ပွါးကြကုန်လတ္တံ့။ တဒါ = ဝါဒကွဲပြား အငြင်းပွါးသော ထိုနေ့၌။ တေ = ထိုငုံးငှက်အပေါင်းတို့သည်။ မေ = ၏။ ၀သံ = အလိုသို့။ ဧဟိန္တိ = လိုက်ပါကြရကုန်လတ္တံ့။-

ဟူသော ဤဂါထာကို ရွတ်ဆိုကာ အိမ့်ရှင်မကို သက်သာစေလေ၏။

မညီညွတ်သည့်အတွက် ငုံးငှက်တို့ ပျက်စီးကြခြင်း

     ထို့နောက် နှစ်ရက်သုံးရက် လွန်သောအခါ (ငှက်မူဆိုး တွက်ကိန်းချထားသည့်အတိုင်း) ငုံးတကောင်သည် စားကျက်မြေသို့ သက်ဆင်းလတ်သော် သတိမမူမိသည်ဖြစ်၍ အခြားငုံးတကောင်၏ ဦးခေါင်းကို မတော်တဆ နင်းမိလေ၏။ အနင်းခံရသော ငုံးငှက်သည် “ငါ့ကို ဦးခေါင်း၌ တက်နင်းသောသူကား



၃၇၆

အဘယ်သူနည်း = ငါ့ကို ဘယ်အကောင်က ခေါင်းတက်နင်းသနည်း”ဟု ကြိမ်းမောင်းပြောဆိုလျက် အမျက်ထွက်လေ၏။ နင်းသော ငုံးငှက်က “အဆွေ.. ငါသည် သတိမမူမိ၍ သင်၏ဦးခေါင်းကို မတော်တဆ နင်းမိပါသည်၊ အမျက်မထွက်ပါလင့် (=စိတ်မဆိုးပါနှင့်)”ဟု တောင်းပန်စကား ပြောကြားအပ်သော်လည်း အနင်းခံရသော ငုံးငှက်သည် အမျက်ထွက်မြဲသာလျှင် ထွက်၍နေ၏။ ထိုငုံးငှက်နှစ်ကောင်တို့သည် တကောင်နှင့် တကောင် အပြန်အလှန် အဖန်ဖန် ပြောဆိုကြသည်တွင် “မင်းက မင်းသာလျှင် ပိုက်ကွန်ကို (မ)ချီနိုင်သည်ဟု မှတ်ထင်သလား” ဤသို့ စသည်အားဖြင့် တကောင်နှင့်တကောင် ခိုက်ရန်စကား အငြင်းပွါးကြလေကုန်၏။

     ထိုငုံးငှက်များ တကောင်နှင့်တကောင် အငြင်းပွါးကြသောအခါ ဘုရားအလောင်းတော် ငုံးမင်းသည်-

“ငြင်းခုံမှု ပြုရာအရပ်၌ ချမ်းသာခြင်းမည်သည် မရှိနိုင်၊ ယခုပင်လျှင် ထိုငှက်တို့သည် ပိုက်ကွန်ကို အညီအညွတ် ချီသယ်ယူဆောင်မှု ပြုကြတော့မည် မဟုတ်ချေ။ ထိုအခါ ကြီးစွာသော ပျက်စီးခြင်းသို့ ငုံးငှက်များ ရောက်ကြတော့မည်။ ငှက်မူဆိုးသည် အခွင့်ကောင်းကို ရချေတော့မည်။ ငါသည် ဤအရပ်၌ နေ၍ဖြင့် မသင့်လျော်တော့ချေ”–

ဟု အမှန်အတိုင်း စဉ်းစား ကြံစည်တော်မူပြီးလျှင် မိမိ၏ ပရိသတ်ဖြစ်သော ငုံးငှက်အပေါင်းကို ခေါ်ယူကာ အရပ်တပါးသို့ ဖဲသွားတော်မူလေ၏။ ထို၌ကား ဒေဝဒတ်အလောင်း ငုံးမလိမ္မာအုပ်စိုးသည့် ငုံးအပေါင်းသာ ကျန်ရှိရစ်လေ၏။

     ငှက်မူဆိုးသည်လည်း နှစ်ရက် သုံးရက် လွန်လျှင်ပင် ထိုတောသို့ သွားရောက်၍ ငုံးမြည်သံကို မြည်လျက် (ထိုအသံဖြင့်) စုဝေးရောက်ရှိလာသော ဒေဝဒတ်အလောင်း ခေါင်းဆောင်သည့် ထိုငုံးငှက်တို့၏အပေါ်၌ ပိုက်ကွန်ကို ပစ်ချလေ၏။ ထိုအခါ ငုံးတကောင်က အခြားငုံးတကောင်ကို “ပိုက်ကွန်ကို (မ)ချီကာစမှာပင်



၃၇၇

သင်၏ ဦးခေါင်းမွေးများ ကျကုန်ပါပကော၊ (သတ္တိရှိလျှင်) ယခု (မ)ချီပါတော့လော”ဟူ၍ မခံသာအောင်စကား ပြောကြားလေ၏။ အပြောခံရသော ငုံးငှက်ကလည်း ပဌမပြောသော ငုံးငှက်ကို “ပိုက်ကွန်ကို (မ)ချီကာစမှာပင် သင်၏ အတောင်နှစ်ဖက်တို့၌ အမွေးများကား အမောဆို့ကာ လျှောကျကုန်လေပြီ၊ (သတ္တိရှိလျှင်) ယခုပင် အသင် ချီ(မ)ပါတော့လော”ဟူ၍ ရန်တုံ့စကား ပြောကြားလေ၏။

     ဤသို့လျှင် ထိုငုံးငှက်အပေါင်းတို့သည် “သတ္တိရှိလျှင် အသင် ချီ(မ)ပါတော့လော၊ သတ္တိရှိလျှင် အသင် ချီ(မ)ပါတော့လော”ဟု ရန်တွေ့စကား ပြောကြားကြကုန်စဉ်ပင် ငှက်မူဆိုးသည် ပိုက်ကွန်ကို ချီ(မ)၍ ထိုငုံးငှက်အားလုံးတို့ကိုပင် စုရုံးကာ ခြင်းတောင်းအပြည့် ထည့်ပြီးလျှင် အိမ်ရှင်မကို ရွှင်လန်း ဝမ်းမြောက်စေလျက် အိမ်သို့ ပြန်သွားလေ၏။

     မြတ်စွာဘုရားရှင်သည် “မင်းအပေါင်းတို့.. ဤဆိုအပ်ပြီးသောအတိုင်း ဆွေမျိုးတို့၏ ခိုက်ရန် ငြင်းခုံမှုမည်သည် အဘယ်နည်းဖြင့်မျှ မသင့်လျော်ချေ၊ ခိုက်ရန်ငြင်းခုံမှုသည် ပျက်စီးခြင်း၏ အကြောင်းရင်းဧကန် မှန်လှပေ၏”ဟု ဤတရားဒေသနာကို ထုတ်ဆောင် ဟောပြတော်မူပြီးလျှင် ရှေ့နောက်စကား အနုသန္ဓေ ဆက်စပ်၍ “ထိုအခါ ပညာမဲ့သော ခေါင်းဆောင်ငုံးငှက်သည် ယခုအခါ ဒေဝဒတ် ဖြစ်လာပြီ၊ ထိုအခါ ပညာရှိသော ခေါင်းဆောင်ငုံးငှက်သည်ကား ယခုအခါ ငါဘုရားပင် ဖြစ်လာပြီ”ဟူ၍ ဇာတ်တော်ကို ပေါင်းတော်မူ၏။

ဧကကနိပါတ်လာ

(သမ္မောဒမာနဇာတ်)ဟု ခေါ်သော ဝဋ္ဋကဇာတ် ပြီး၏။

**********

အတ္တဒဏ္ဍသုတ်ကို ဟောတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် နှစ်ပြည်ထောင်မင်းတို့အား ဤဖော်ပြရာပါ (၅) ငါးဇာတ်တို့ကို ဟောတော်မူပြီးလျှင်



၃၇၈

နောက်ဆုံး၌ (သုတ္တနိပါတ်ပါဠိတော်လာ) အတ္တဒဏ္ဍသုတ်*ကို ဟောတော်မူ၏။

နှစ်ပြည်ထောင်မင်းတို့ မြတ်စွာဘုရားအား မင်းသား ၂၅ဝ-စီလှူဒါန်း၍ ရဟန်းပြုစေကြခြင်း

     ထိုအခါ နှစ်ပြည်ထောင်မင်းတို့သည် အချင်းချင်း ညီညွတ်ကြကာ သဒ္ဓါကြည်ညိုသော စိတ်ရှိကြကုန်လျက် “မြတ်စွာဘုရားသာ အကယ်၍ ကြွလာတော်မမူလျှင် ငါတို့သည် အချင်းချင်း သတ်ဖြတ်၍ သွေးချောင်းစီးစေကြမည် အမှန်ပင်ဖြစ်ပေသည်။ မြတ်စွာဘုရားရှင်ကို အမှီပြု၍ ငါတို့သည် အသက်ရှင်ခြင်းကို ရအပ်ပေပြီ။ အထူးအားဖြင့် မြတ်စွာဘုရားသည် အကယ်၍ လူ့ဘောင်၌ နေတော်မူလျှင် ကျွန်းငယ်နှစ်ထောင် အရံရှိသော လေးကျွန်းသနင်း စကြာမင်းစည်းစိမ်သည် ရွှေလက်တော်ရောက် ဖြစ်လေရာ၏၊ နှလုံးရည် လက်ရုံးရည် စုံညီပြည့်ညောင်း သားတော်ပေါင်း အထောင် ထွန်းကားလျက် မင်းပရိသတ်ခြံရံကာ လှည့်လည်တော်မူလေရာ၏။ ဤငါတို့ ဆွေမျိုးမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ထိုစကြာမင်းစည်းစိမ်ကို စွန့်ပယ်လျက် တောထွက်၍ ရှင်ရဟန်းပြုပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေပြီ၊ ယခု ဘုရားဖြစ်သောအခါမှာလည်း မင်းသားရဟန်းများ ခြံရံလျက်သာလျှင် လှည့်လည် ကျက်စားသွားလာ နေထိုင်တော်မူပါစေသတည်း”ဟု တညီတညွတ်တည်း စည်းဝေးတိုင်ပင် ဆင်ခြင်ကြံစည်ကြပြီးလျှင် နှစ်ပြည်ထောင်မင်းတို့သည် နှစ်ရာ့ငါးဆယ်စီ နှစ်ရာ့ငါးဆယ်စီသော မင်းသားတို့ကို မြတ်စွာဘုရားအား လှူဒါန်းကြလေကုန်၏။

     မြတ်စွာဘုရားသည် ထိုမင်းသားငါးရာတို့ကို ဧဟိဘိက္ခု ရဟန်းပြုပေးပြီးလျှင် ကပိလဝတ်ပြည်၏အနီး မဟာဝုန်တောကြီးသို့ ထိုရဟန်းငါးရာတို့ကို ခေါ်ဆောင်ကာ ကြွတော်မူလေ၏။


     * ဤအတ္တဒဏ္ဍသုတ်ကို အကျယ်သိလိုပါက သုတ္တနိပါတ်ပါဠိတော် ပိဋကမြန်မာပြန်မှ ထုတ်ယူမှတ်သားကုန်ရာ၏။ ဤကျမ်း၌ကား ကျယ်အံ့စိုး၍ မရေးသားတော့ပြီ။



၃၇၉

နောက်တနေ့မှစ၍ မြတ်စွာဘုရားသည် ထိုမင်းသား ရဟန်းငါးရာ ခြံရံလျက် တရံတခါ ကလဝတ်ပြည်၌ တရံတခါ ကောလိယပြည်၌ ဆွမ်းခံလှည့်လည် ကြွချီတော်မူလေ၏။ နှစ်ပြည်ထောင်သား လူအများတို့သည် ကြီးစွာသော ပူဇော်သက္ကာရမှုကို ပြုကြလေကုန်၏။

ရဟန်းငါးရာတို့ သာသနာတော်၌ မမွေ့လျော်ကြခြင်း

     ထိုမင်းသားငါးရာတို့ကား မိမိတို့ အလိုဆန္ဒအတိုင်း ရဟန်းပြုလို၍ ပြုကြခြင်းမဟုတ်ပဲ မိဖဆွေမျိုးတို့၏စကားကို အလေးပြု မပယ်ရှားလို၍သာလျှင် ရဟန်းပြုကြခြင်း ဖြစ်သည်။ ထို့ကြောင့် ရက်များမကြာမီပင် ထိုမင်းသား ရဟန်းငါးရာတို့၏ သန္တာန်၌ သာသနာတော်ဝယ် မမွေ့လျော် မပျော်ပိုက်ခြင်း ပျင်းရိခြင်း (=အနဘိရတိ)တရား ထင်ရှား ဖြစ်ပေါ်လာလေတော့သည်။

     “မီးလောင်ရာ လေပင့်” ဟူသကဲ့သို့ ထိုမင်းသား ရဟန်းငါးရာတို့၏ ကြင်ယာဟောင်းများကလည်း “အရှင့်သားတို့သည် သာသနာတော်၌ မပျော်ပိုက်ကြပါလင့်၊ အရှင့်သားတို့ သွားသည့်နေ့က အစပြုကာ အိမ်ရာစီးပွါးတို့သည် တနေ့တခြား ပျက်ပြား ဆုတ်ယုတ်ကုန်ပါပြီ” ဤသို့ အစရှိသော စကားတို့ကို ရေးသား ပြောဆိုကြကာ သဝဏ်လွှာသတင်းစကား ပါးကြ ပို့ကြလေကုန်သည်။ သို့ရကား ထိုမင်းသား ရဟန်းငါးရာတို့သည် “မစွမ်းရင်းကလဲရှိ၊ ကဇွန်းခင်းကလဲငြိ” ဟူဘိသကဲ့သို့ ရှေးကထက်တိုး၍ သာသနာတော်၌ မမွေ့လျော် မပျော်ပိုက်ကြလေကုန်။

မြတ်စွာဘုရားသည် ရဟန်းငါးရာတို့အား ကုဏာလဇာတ်ကိုဟော၍

သောတာပန် ဖြစ်စေတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ကိုယ်တော်၏ တပည့်ရဟန်းများကို ညဉ့်၌ သုံးကြိမ် နေ့၌ သုံးကြိမ်အားဖြင့် တရက်အတွက် ခြောက်ကြိမ်တိတိ ကြည့်ရှု ဆင်ခြင်တော်မူကာ ရစ်မသည် မိမိအဥကို စောင့်ရှောက်သကဲ့သို၎င်း, စမရီသားကောင်သည် မိမိ၏မြီးဆံကို



၃၈၀

စောင့်ရှောက်သကဲ့သို့၎င်း, မိခင်သည် ချစ်လှစွာသော သားကို စောင့်ရှောက်သကဲ့သို့၎င်း, မျက်စိတဖက်သာရှိသော ယောက်ျားသည် ထိုမျက်စိကို အမြတ်တနိုး စောင့်ရှောက်သကဲ့သို့၎င်း အမြဲ စောင့်ရှောက်တော်မူ၏။ (ဇာ ဋ္ဌ၊ ၃၊ မျက်နှာ ၃၅၄-မှ)။ သို့ရကား မြတ်စွာဘုရားသည် ထိုရဟန်းငါးရာတို့ သာသနာ၌ ပျော်ပိုက်သည် မပျော်ပိုက်သည်ကို ဆင်ခြင်တော်မူသည်ရှိသော် မပျော်ပိုက်ကြကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူ၍ “ဤရဟန်းတို့သည် ငါကဲ့သို့သော ဘုရားနှင့် အတူတကွ နေကြကုန်လျက် ပျင်းရိကုန်ဘိ၏၊ ထိုရဟန်းတို့အား အဘယ်သို့သော တရားစကားသည် သင့်လျော် လျောက်ပတ်ပါမည်နည်း”ဟု စုံစမ်းဆင်ခြင်တော်မူသည်တွင် ကုဏာလဇာတ် တရားဒေသနာတော်မြတ်ကို မြင်တော်မူလေ၏။ ထို့နောက်မှ မြတ်စွာဘုရား၏ စိတ်သန္တာန်ဝယ်—

“ငါသည် ဤရဟန်းတို့ကို ဟိမဝန္တာသို့ ခေါ်ဆောင်သွားပြီးလျှင် ကုဏာလဇာတ် တရားစကားဖြင့် ထိုရဟန်းတို့အား မာတုဂါမ၏ အပြစ်ကို ထင်ရှားဖော်ပြကာ သာသနာတော်၌ မမွေ့လျော်ခြင်းကို ပယ်ရှားပြီးလျှင် သောတာပတ္တိ မဂ်ဉာဏ်အမြင်ကို ပေးတော့အံ့”-

ဟူ၍ အကြံဖြစ်လေသည်။ မြတ်စွာဘုရားသည် နံနက်အခါ ကပိလဝတ်ပြည်အတွင်း ဆွမ်းခံကြွတော်မူပြီးလျှင် နေလွဲအခါ ဆွမ်းခံရာမှ ဖဲကြွတော်မူခဲ့၍ ထိုရဟန်းငါးရာတို့ကို “ရဟန်းတို့.. သင်တို့သည် မွေ့လျော်ဖွယ်ကောင်းသည့် ဟိမဝန္တာတောအရပ်ကို ရှေးက မြင်ဘူးအပ်ကြသလော”ဟူ၍ မေးတော်မူ၏။ “မမြင်ဘူးကြပါ မြတ်စွာဘုရား..”ဟု ရဟန်းတို့က လျှောက်ထားကြလေသော် “သင်ချစ်သားတို့သည် ဟိမဝန္တာသို့ ခရီးယာယီ လှည့်လည် သွားလိုကြသလော”ဟု မေးတော်မူပြန်၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်များသည် တန်ခိုးဣဒ္ဓိ မရှိသူများ ဖြစ်ကြကုန်၏။ တပည့်တော်တို့သည် အဘယ်နည်းဖြင့် သွားနိုင်ကုန်အံ့နည်း”ဟု ရဟန်းတို့က လျှောက်ထားကြလေလျှင်



၃၈၁

“သင်ချစ်သားတို့ကို တန်ခိုးဣဒ္ဓိရှိသူ တဦးတယောက်က ခေါ်ဆောင်၍သွားလျှင် သင်ချစ်သားတို့သည် လိုက်ပါကြမည်လော”ဟူ၍ မေးတော်မူသဖြင့် “အာမ ဘန္တေ = လိုက်ကြပါမည်ဘုရား”ဟူ၍ ဝန်ခံစကား ရဟန်းတို့သည် လျှောက်ထားကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည် ထိုရဟန်းငါးရာလုံးတို့ကို ကိုယ်တော်မြတ်၏ တန်ခိုးဣဒ္ဓိဖြင့် ခေါ်ဆောင်၍ ကောင်းကင်၌ ပျံတက်တော်မူကာ ဟိမဝန္တာသို့ရှေးရှု ကြွတော်မူပြီးလျှင် ကောင်းကင်၌ တည်လျက်ပင် မွေ့လျော်ဖွယ်ကောင်းသော ဟိမဝန္တာအရပ်၌(ရှိသည့်) ရွှေတောင်, ငွေတောင်, ပတ္တမြားတောင်, ဟင်းသပြဒါးတောင်, မျက်စဉ်းတောင်, သာနုမည်သော တောင်, ဖလ်တောင် အစရှိသော တောင်အမျိုးမျိုးတို့ကို၎င်း, မြစ်ကြီး ငါးသွယ်တို့ကို၎င်း, အိုင်ကြီး ခုနစ်အိုင်တို့ကို၎င်း ပြတော်မူလေ၏။ ဟိမဝန္တာတောင်မှာ ယူဇနာငါးရာ အမြင့်ရှိလျက် ယူဇနာသုံးထောင် အကျယ်အပြန့်ရှိသဖြင့် လွန်စွာ ကြီးမားလှ၏၊ ထိုဟိမဝန္တာတောင်၏ မွေ့လျော်ဖွယ်ကို တစိတ်တဒေသမျှကိုသာ ကိုယ်တော်မြတ်၏ တန်ခိုးအာနုဘော်ဖြင့် ပြတော်မူခြင်း ဖြစ်လေသည်။ ထိုဟိမဝန္တာတောင်၌ နေထိုင်ကြသော ခြင်္သေ့ ကျား ဆင် အစရှိသော အခြေလေးချောင်းရှိသည့် သားကောင်တို့ကိုလည်း တစိတ်တဒေသအားဖြင့် ပြတော်မူ၏။ ထိုဟိမဝန္တာဝယ် မွေ့လျော်ဖွယ်သော အရာမ်ဥယျာဉ် စသည်တို့ကို၎င်း, အပွင့်မျိုးသစ်ပင် အသီးမျိုး သစ်ပင်တို့ကို၎င်း, ငှက်အမျိုးမျိုးတို့ကို၎င်း, ရေပန်း ကြည်း(=ကုန်း)ပန်း အမျိုးမျိုးတို့ကို၎င်း, ဟိမဝန္တာတောင်၏ အရှေ့ဖက်နံပါး ရွှေသားအပြင် ကို၎င်း, အနောက်ဖက်နံပါး ဟင်းသပြဒါးအပြင်ကို၎င်း ပြတော်မူ၏။

     ဤမွေ့လျော်ဖွယ်များကို မြင်ရသည့်အချိန်မှစ၍ ထိုရဟန်းငါးရာတို့၏ ကြင်ယာဟောင်းတို့၌ တပ်စွန်းသော ဆန္ဒရာဂကို ပယ်အပ်ပြီး ဖြစ်လေတော့သည်။ ထိုအခါ၌ မြတ်စွာဘုရားရှင်သည် ထိုရဟန်းငါးရာတို့ကို ခေါ်ဆောင်တော်မူ၍ ကောင်းကင်မှ သက်ဆင်းတော်မူပြီးလျှင် ဟိမဝန္တာတောင်၏ အနောက်ဖက်နံပါးရှိ



၃၈၂

ယူဇနာခြောက်ဆယ် အပြန့်ကျယ်သော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာအပြင်၌ ခုနစ်ယူဇနာအမြင့် အကျယ်အဝန်းရှိသော (ကမ္ဘာပတ်လုံးတည်မည့်) အင်ကြင်းပင်ကြီး၏အောက်ဝယ် သုံးယူဇနာ အကျယ်အဝန်းရှိသော ဆေးဒန်းမြင်းသီလာအပြင်ဝယ် ထိုရဟန်းငါးရာတို့ ခြံရံအပ်လျက် ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်တော်မူကာ သမုဒြာဝမ်း (ရေအပြင်)ကို ချောက်ချားစေလျက် အရောင်ပဝင်း ထွန်းလင်း တောက်ပကာ ထွက်ပေါ်လာသော နေမင်းကဲ့သို့ တင့်တယ်စွာ ထိုင်နေတော်မူပြီးလျှင် ရဟန်းတို့ကို “ရဟန်းတို့.. ဤဟိမဝန္တာအရပ်၌ သင်တို့ မမြင်အပ်စဘူးသော အရာဝတ္ထုကို မေးမြန်းကြကုန်လော့”ဟူ၍ အခွင့်ပြု ဖိတ်မန်စကား မိန့်ကြားတော်မူလေ၏။

     ထိုခဏ၌ ဆန်းကြယ်သော အတောင်အမွေးရှိသည့် ဥဩငှက်ပျိုမ နှစ်ကောင်တို့သည် ဒုတ်တချောင်း၏ အစွန်းတဖက်စီတို့၌ ကိုက်ချီပြီးလျှင် အလယ်၌ မိမိတို့၏ အရှင်သခင် ဥဩငှက်မင်းကို လိုက်ပါထိုင်နေစေ၍ ဝဲယာရှေ့နောက် အထက်အောက် ခြောက်ဌာနတို့၌ ရှစ်ကောင် ရှစ်ကောင်စီသော ဥဩငှက်ပျိုမတို့ ခြံရံလိုက်ပါကြလျက် ကောင်းကင်ထက်မှ ပျံလာကြလေကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် မမြင်စဘူး ထူးဆန်းလှစွာသော ထိုငှက်အပေါင်းကို မြင်ကြရ၍ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုငှက်တို့ကား အဘယ်အမည် ရှိပါကုန်သနည်း”ဟူ၍ မေးလျှောက်ကြလေသော် မြတ်စွာဘုရား သည်-

“ရဟန်းတို့.. ဤသကုဏဝင် ငှက်မျိုးအစဉ်သည် ငါဘုရား၏ ရှေး၌ဖြစ်ဘူးသော အမျိုးအစဉ်ပင်ဖြစ်၏၊ ငါဘုရားထားခဲ့သော ပဝေဏီအစဉ်အဆက် ဖြစ်ပေသည်။ ရှေးအခါက အစပကတူး လက်ဦးအမွန် ငါ့ကို ဤနည်းနှင်နှင် ပြုစုလုပ်ကျွေး မှုယုခဲ့ကြဘူးကုန်ပြီ၊ ထိုစဉ်အခါ၌ကား ဤငှက်အပေါင်းသည် ယခုထက်ပင် များပြားလှ၏၊ သုံးထောင့်ငါးရာကုန်သော ငှက်ပျိုမတို့သည် ငါ့ကို ပြုစုလုပ်ကျွေး မှုယုခဲ့ကြကုန်ပြီ။ အစဉ်သဖြင့် ယုတ်လျော့၍



၃၈၃

ယခုအခါ၌ အနွယ်မပျောက်ရုံ ဤမျှလောက်သာ ဖြစ်ရှိလေပြီ”-

ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းတို့က “ဤသို့သဘောရှိသော တောအုပ်ကြီး၌ ထိုသုံးထောင့်ငါးရာသော ငှက်ကညာမတို့သည် အရှင်ဘုရားတို့ကို ဘယ်ပုံဘယ်ပန်း ပြုစု မှုယုခဲ့ကြပါကုန်သနည်း”ဟူ၍ လျှောက်ထားကြသောအခါ မြတ်စွာဘုရားသည် “ရဟန်းတို့.. ထိုသို့ဖြစ်လျှင် နားထောင်ကြကုန်”ဟု ရဟန်းတို့အား သတိတရား ဖြစ်ပွါးစေပြီးလျှင် ဂါထာသုံးရာတို့ဖြင့် တန်းဆာဆင်၍ အသီတိနိပါတ် ကုဏာလဇာတ်*ကို ဟောတော်မူ၏။

ရဟန်းများ သောတာပန်ဖြစ်ကြခြင်း

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ သာကီဝင်မင်းသား ရဟန်းငါးရာလုံးပင် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ အထူးအားဖြင့် ထိုရဟန်းငါးရာတို့အား မဂ်ကိုရလိုက်သည်နှင့် တပြိုင်နက် မြေလျှိုးမိုးပျံ တန်ခိုးဈာန်သည်လည်း ရပြီး ရောက်ပြီး ဖြစ်လေတော့သည်။

ဤအရာ၌။ ။ပုထုဇန်ပုဂ္ဂိုလ်တို့မှာ လောကီ ဈာန်သမာပတ် အဘိညာဏ်များကို ကသိုဏ်းအစရှိသော သမထကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်မှသာလျှင် ရရှိနိုင်ကြလေသည်။

အရိယာပုဂ္ဂိုလ်တို့မှာကား အချို့သော အရိယာပုဂ္ဂိုလ်တို့မှာ အရိယမဂ်ဖိုလ်ကို ရပြီးမှ သမထကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သဖြင့် လောကီ ဈာန်သမာပတ် အဘိညာဏ်တို့ကို ရကြသည်လည်းရှိ၏။ ပုထုဇန်အခိုက်ကပင် လောကီ ဈာန်သမာပတ် အဘိညာဏ်တို့ကို ရခဲ့ပြီးဖြစ်၍ အရိယာဖြစ်ပြီးသောအခါ သမထကမ္မဋ္ဌာန်းကို အသစ်စီးဖြန်းမှု မပြုရတော့ပဲ ထိုပုထုဇန်အခိုက်က ရပြီးသော လောကီဈာန်သမာပတ်တို့ကို အလွယ်တကူပင် ဝင်စားနိုင်ကြသည်လည်းရှိ၏။

အချို့သော အရိယာပုဂ္ဂိုလ်တို့မှာ ပုထုဇန်အခိုက်ကလည်း လောကီ ဈာန်သမာပတ် အဘိညာဏ်တို့ကို မရရှိခဲ့ကြပဲ


* ဤကုဏာလဇာတ်ကို ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုမှ အကျယ်ထုတ်ယူ မှတ်သားကုန်ရာ၏။



၃၈၄

လောကုတ္တရာ အရိယာမဂ်ဖိုလ်သို့ ရောက်သည်နှင့် တပြိုင်နက် လောကီဈာန်သမာပတ် အဘိညာဏ်တို့ကို ရပြီး ရောက်ပြီးသား ဖြစ်ကြကာ အလိုရှိသောအချိန်မှာပင် အလွယ်တကူ ဝင်စား သုံးဆောင်တော်မူနိုင်ကြလေသည်။ ထိုကဲ့သို့သော ဈာန်သမာပတ် အဘိညာဏ်မျိုးကို “မဂ္ဂသိဒ္ဓဈာန်, မဂ္ဂသိဒ္ဓအဘိညာဏ်”ဟူ၍ ခေါ်၏။

ယခု သာကီဝင်မင်းသား ရဟန်းငါးရာတို့မှာလည်း ရှေးကောင်းမှု ကုသိုလ်ထူးရှိကြသူများ ဖြစ်သည်အားလျော်စွာ မဂ္ဂသိဒ္ဓဈာန်, မဂ္ဂသိဒ္ဓအဘိညာဏ်တို့ကို ရရှိသူများ ဖြစ်ကြသဖြင့် လောကီ ဈာန်သမာပတ် အဘိညာဏ်တို့ကို ရဖို့ရန် သမထကမ္မဋ္ဌာန်းကို အထူးစီးဖြန်း အားထုတ်ရမှု မရှိတော့ပဲ “အလိုရှိသောအချိန်မှာပင်လျှင် ထိုလောကီ ဈာန်သမာပတ် အဘိညာဏ်တို့ကို ဝင်စား သုံးဆောင်တော်မူနိုင်ကြလေသည်။ (မဂ္ဂသိဒ္ဓဈာန် = အရိယမဂ်ဖြင့် ပြီးမြောက် ရရှိလာသော ဈာန်။ မဂ္ဂသိဒ္ဓအဘိညာဏ် = အရိယမဂ်ဖြင့် ပြီးမြောက် ရရှိလာသော အဘိညာဏ်)။]

     မြတ်စွာဘုရားသည် “ဤရဟန်းငါးရာတို့အတွက် ဤသောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်လောက်ပင် ရှိစေဦးတော့”ဟု ကြံစည်တော်မူပြီးလျှင် ကောင်းကင်ခရီးဖြင့် မဟာဝုန်တောသို့ ပြန်ကြွတော်မူခဲ့လေ၏။ ထိုရဟန်းငါးရာတို့သည်လည်း အသွားတုန်းက မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ဖြင့် သွားကြ၍ ပြန်လာသောအခါ မိမိ မိမိတို့၏ တန်ခိုးအာနုဘော်ဖြင့် မြတ်စွာဘုရားကို ခြံရံကြလျက် ကောင်းကင်ခရီးဖြင့်ပင် ပြန်ကြွတော်မူခဲ့ကြ၍ မဟာဝုန်တောအတွင်းသို့ သက်ဆင်းတော်မူကြလေကုန်၏။

ရဟန်းငါးရာတို့ ရဟန္တာဖြစ်ကြ၍ (မဟာသမယ) ကြီးစွာသော အစည်းအဝေးကြီးဖြစ်ခြင်း

     မြတ်စွာဘုရားရှင်သည် မဟာဝုန်တောအတွင်း ခင်ထားအပ်သော ဗုဒ္ဓါသန = ဘုရားနေရာတော်၌ ထိုင်နေတော်မူပြီးလျှင် ထိုရဟန်းငါးရာတို့ကို ခေါ်တော်မူ၍-

“ချစ်သားရဟန်းတို့.. လာကြကုန်၊ ထိုင်ကြကုန်လော့၊ သင်ချစ်သားတို့အား ငါဘုရားသည် အထက်မဂ်သုံးပါးဖြင့်



၃၈၅

ပယ်ရှား သတ်ဖြတ်အပ်သော ကိလေသာတို့ကို ပယ်စွန့်နိုင်ရန် ကမ္မဋ္ဌာန်းတရား ဟောကြားမည်”-

ဟု မိန့်တော်မူပြီးလျှင် ထိုရဟန်းတို့အား အထက်မဂ်ဖိုလ်ကို ရရှိရန် ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူလေ၏။ ရဟန်းငါးရာတို့သည်-

“မြတ်စွာဘုရားရှင်သည် ငါတို့၏ သာသနာတော်၌ မမွေ့လျော်ကြောင်းကို ကောင်းကောင်းကြီး သိတော်မူကာ ငါတို့ကို ကုဏာလအိုင်သို့ ခေါ်ဆောင်ပြီးလျှင် မမွေ့လျော်ခြင်းကို အလျှင်း ပယ်ဖျောက်ပေးရုံမျှမက ထိုအိုင်၌ သောတာပတ္တိဖိုလ်သို့ ရောက်ရှိခဲ့ကြပြီးသော ငါတို့အား ယခုအခါ ဤမဟာဝုန်တောအရပ်၌ အထက်မဂ်သုံးပါးတို့အတွက် ကမ္မဋ္ဌာန်းတရားကို ဟောကြား ပေးသနားတော်မူ၏။ ငါတို့သည် ‘တို့တတွေကား သောတာပန် အရိယာများတည်း’ဟု ပေါ့ပေါ့တန်တန် အချိန်ကို ကုန်လွန်စေရန် မသင့်လျော်ကြချေ။ ငါတို့သည် ငါတို့၏ ရှေ့သွားယောက်ျား အာဇာနည်ပုဂ္ဂိုလ်တို့နှင့် တူညီမှသာ သင့်လျော် လျောက်ပတ်ကြတော့မည်”-

ဟု ကြံစည်ဆင်ခြင်ကြပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်အစုံ ကြာပဒုံတို့ကို ကြည်ယုံမြတ်နိုး ရှိခိုးကြပြီးသော် နေရာမှထကြ၍ နိသီဒိုင် ထိုင်စရာ အခင်းကလေးများကို ခါတွက်ကြကာ အသီးအသီး တောင်မျှောင်ချောက်ကြား သစ်ပင်ရင်းများ၌ ရဟန်းတရား ပွါးများအားထုတ်ကာ ထိုင်နေကြလေကုန်၏။

     ထိုရဟန်းငါးရာတို့ သွားကြသောအခါ မြတ်စွာဘုရားသည်-

“ဤရဟန်းငါးရာတို့ကား ပကတိအားဖြင့်ပင် ကမ္မဋ္ဌာန်းတရားကို လက်မလွှတ်ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်၊ (ဤရဟန်းငါးရာတို့သည် သောတာပန် အရိယာများ ဖြစ်ကြပြီးသဖြင့် မဂ်ဖိုလ်ရကြောင်း



၃၈၆

အကျင့်ပဋိပတ်တည်းဟူသော နည်းလမ်းဥပါယ်ကောင်းကို ရရှိပြီးသူများသာ ဖြစ်ကြသည်)၊ မဂ်ဖိုလ်ရကြောင်း အကျင့်ပဋိပတ်နည်းလမ်း ဥပါယ်ကောင်းကို ရရှိပြီးသော ရဟန်းအဖို့ရာ အထက်မဂ်ဖိုလ်ကို ရရှိရန် ငြိုငြင်ပင်ပန်းဖွယ်အကြောင်း လုံးဝမရှိချေ။ သွားတိုင်း သွားတိုင်းသော ထိုရဟန်းငါးရာတို့သည် ဝိပဿနာတရား ပွါးများကြ၍ အရဟတ္တဖိုလ်သို့ အသီးအသီး ရောက်ရှိကြပြီးလျှင် မိမိ မိမိတို့ ရအပ်ပြီးသော အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးကို ကြားလျှောက်ကြကုန်အံ့ဟု ကြံစည်ကြကာ ညနေချမ်းအခါ၌ ငါဘုရားထံမှောက်သို့ လာရောက်ကြလိမ့်မည်။ ထိုရဟန်းငါးရာတို့ လာရောက်ကြသည်ရှိသော် စကြဝဠာပေါင်း တိုက်တသောင်း၌ နေကြသော နတ်ဗြဟ္မာတို့သည် ဤစကြဝဠာတိုက် တခုတည်း၌ စည်းဝေးကြလိမ့်မည်။ (ထိုအခါ) ကြီးစွာသော အစည်းအဝေးကြီး (=မဟာသမယ) ဖြစ်လိမ့်မည်။ ငါဘုရားသည် စောစီးကကြိုတင်ကာ ဆိတ်ငြိမ်ရာအရပ်၌ နေနှင့်မှ သင့်လျော် လျောက်ပတ်ပေမည်”-

ဟု ကြံစည် ဆင်ခြင်တော်မူကာ ထိုနေရာမှ ထတော်မူခဲ့၍ ဆိတ်ငြိမ်ရာအရပ်၌ ဘုရားနေရာကို ခင်းထားတော်မူ၍ ဖလသမာပတ်ကို ဝင်စားတော်မူကာ နေထိုင်တော်မူလေ၏။

ရဟန်းငါးရာတို့ ရဟန္တာဖြစ်ကြလေပြီ

     ထိုရဟန်းငါးရာတို့အနက် အလျင်လက်ဦး (ကမ္မဋ္ဌာန်းကို ယူ၍သွားသော မထေရ်သည် (ရဟန်းတရား ပွါးများအားထုတ်တော်မူသဖြင့်) ပဋိသမ္ဘိဒါဉာဏ် လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။ ထို့နောက် ဒုတိယမထေရ်သည် ထို့အတူ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။ ထို့နောက် တတိယ မထေရ်သည် ထို့အတူ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။ ဤသို့လျှင် ရဟန်းငါးရာလုံးပင် ပဒုမာ ကြာရုံ၌ ပဒုမာကြာပွင့်တို့



၃၈၇

ရှေ့ဆင့်နောက်ဆင့် ပွင့်ကြသကဲ့သို့ သစ္စာလေးဆင့် ကားကားစွင့်၍ ရှေ့ဆင့်နောက်ဆင့် အရဟတ္တဖိုလ်ရောက် ပွင့်တော်မူကြလေကုန်ပြီ။

     အလျင်လက်ဦး အရဟတ္တဖိုလ်သို့ ရောက်ပြီးသော မထေရ်သည် “မြတ်စွာဘုရားအား ကြားလျှောက်တော့မည်”ဟု ကြံစည်၍ တင်ပလ္လင်ခွေကိုဖျက်ကာ နိသီဒိုင်ကို ပုတ်ခါ၍ ထိုင်နေရာမှ ထပြီးလျှင် မြတ်စွာဘုရားရှင်သို့ရှေးရှု လာရောက်တော်မူလေ၏။ ဤနည်းအတူ ဒုတိယမထေရ်သည်လည်း လာရောက်တော်မူလေ၏။ တတိယမထေရ်သည်လည်း လာရောက်တော်မူလေ၏၊ ဤသို့လျှင် ရဟန္တာငါးရာတို့သည် ဆွမ်းစားကျောင်းသို့ ထေရ်စဉ်ဝါလိုက် ဝင်လာကြကုန်သကဲ့သို့ အစဉ်လိုက် အတန်းလိုက် မြတ်စွာဘုရား ထံတော်မှောက်သို့ လာရောက်ကြလေကုန်၏။

     ရှေးဦးစွာ လာရောက်သော မထေရ်သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် နိသီဒိုင်အခင်းကို ခင်း၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးနောက် မိမိရအပ်သော အရဟတ္တဖိုလ်ကျေးဇူး တရားထူးကို မြတ်စွာဘုရားအား လျှောက်ထားလိုသည်ဖြစ်၍ “ငါမှတပါး အခြားရဟန်းတဦးဦး ရှိလေသလော၊ မရှိလေသလော”ဟု ဦးခေါင်းကို ပြန်လှည့်၍ မိမိလာခဲ့သောလမ်းကို မျှော်မှန်း ကြည့်ရှုလေသော် ဒုတိယမထေရ်ကိုလည်း မြင်လေပြီ၊ နောက်တပါးကိုလည်း မြင်လေပြီ၊ ဤနည်းဖြင့် ငါးရာသော ရဟန်းတို့၏ အစဉ်အတန်းကို မြင်ရလေပြီ။

     ဤသို့လျှင် ထိုရဟန်းငါးရာလုံး မြတ်စွာဘုရား ထံတော်မှောက်သို့ လာရောက်ကြကာ အပြစ်လွတ်ရာအရပ်၌ နေထိုင်တော်မူကြလျက် တပါးသည် တပါးကို အကဲခပ် ကြည့်ရှုကြသည်တွင် “ဤရဟန်းသည် ဤရဟန်းအား ရှက်နိုးလှ၍ မလျှောက်ထားပဲရှိ၏။ ဤရဟန်းသည် ဤရဟန်းအား ရှက်နိုးလှ၍ မြတ်စွာဘုရားအား မလျှောက်ထားပဲ ရှိ၏”ဟူ၍ ရိပ်မိ သိရှိကြလေကုန်သည်။



၃၈၈

ရဟန္တာပုဂ္ဂိုလ်တို့၏ အခြင်းအရာနှစ်ပါး

(၁) ရဟန္တာသခင် အရှင်သူမြတ်များအား “ငါရရှိသော အရဟတ္တဖိုလ်ကျေးဇူး တရားထူးကို နတ်ဗြဟ္မာနှင့် တကွသော လူအပေါင်းတို့သည် (=လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည်) လျင်မြန်စွာ ထိုးထွင်းသိမြင် ရရှိကြပါမူကား ကောင်းလေစွာ့”ဟူ၍ သတ္တဝါတို့၏အကျိုးကို လိုလားသော စိတ်အစဉ်သည် ဖြစ်မြဲတည်း။

(၂) မိမိ အရဟတ္တဖိုလ် ရရှိကြောင်းကိုကား ရွှေအိုးရသော ယောက်ျားကဲ့သို့ သူတပါးအား (ပကာသန ပြုရာကျမည်ဖြစ်၍) မပြောကြားလို။

(ဤကား ရဟန္တာပုဂ္ဂိုလ်တို့၏ အခြင်းအရာ နှစ်ပါးတည်း။)

**********

မဟာသမယသုတ်များကို ဟောကြားတော်မူခြင်း

     ထိုသို့ ရဟန္တာငါးရာတို့ စည်းဝေးမိသောနေ့ကား နယုန်လပြည့်နေ့ ဖြစ်သည်၊ အချိန်ကား ညနေချမ်းကာလဖြစ်သည်။ သို့ရကား ထိုရဟန္တာငါးရာတို့ စုဝေးညီမူ ထိုင်နေတော်မူမိကြလျှင်ပင် အရှေ့လောကဓာတ် ယုဂန္ဓိုရ်တောင်ထိပ်ထက်မှ ဆီးနှင်း, မြူ, တိမ်, အသူရိန်, မီးခိုး တည်းဟူသော အညစ်အကြေး ငါးမျိုးတို့မှ ကင်းလွတ်သော လပြည့်ဝန်းသည် မြတ်စွာဘုရား ပွင့်ထွန်းတော်မူခြင်းဖြင့် တန်းဆာဆင်အပ်သော လောကကြီး၏ မွေ့လျော်ဖွယ်ရှိသောအဖြစ်ကို ထင်စွာပြခြင်းငှါ အရှေ့အရပ်မျက်နှာ၌ မြှောက်ချီစိုက်ထောင်၍ ထားအပ်သော ငွေကြေးမုံ မှန်ပြင်ဝန်းကြီးကဲ့သို့ အကွပ်အဝန်း၌ ဆွဲကိုင်ကာ လှည့်အပ်သော ငွေဘီး၏ အသရေကိုဆောင်လျက် ထွန်းပြောင်ထိန်လက် အရှေ့လောကဓာတ်အချက်မှ တက်လတ်သတည်း။ ဤသို့လျှင် ကြက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အချိန်အခါ၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည်၏အနီး မဟာဝုန်တောကြီး၌ ရဟန္တာငါးရာ ခြံရံလျက် သီတင်းသုံး နေထိုင်တော်မူဆဲဖြစ်၏။



၃၈၉

နတ်ဗြဟ္မာများ စည်းဝေးကြခြင်း

     ထိုအချိန်၌ မဟာဝုန်တော ပတ်ဝန်းကျင်၌ နေထိုင်ကြသော နတ်တို့သည် လှုပ်လှုပ်ရှားရှားဖြစ်ကြကာ “အချင်းတို့.. လာ သွားကြစို့၊ ဘုရားဖူးရခြင်းမည်သည် ကျေးဇူးများလှပေ၏။ တရားနာရခြင်းသည် ကျေးဇူးများလှ၏။ ရဟန်းသံဃာကို ဖူးမြော်ရခြင်းသည် ကျေးဇူးများလှ၏၊ လာ သွားကြစို၊ လာ သွားကြစို့”ဟု ကျယ်စွာသောအသံကို ပြုကြကုန်လျက် လာရောက်ကြပြီးလျှင် မြတ်စွာဘုရားကို၎င်း, ထိုခဏမှာပင် အရဟတ္တဖိုလ်သို့ ရောက်သစ်ပြီးစဖြစ်သော ရဟန္တာငါးရာတို့ကို၎င်း ရှိခိုးကြ၍ အပြစ်လွတ်ရာအရပ်၌ ရပ်တည်ကြလေကုန်၏။

     ထိုနည်းဖြင့်ပင် ထိုနတ်တို့၏ အုတ်အုတ်ကျက်ကျက် ကြွေးကြော် နှိုးဆော်ကြသော အသံကို ကြားကြရ၍ တခေါ်လောက်, ဂါဝုတ်ဝက်လောက်, တဂါဝုတ်လောက်, ယူဇနာဝက်လောက်, တယူဇနာလောက် အစရှိသည်ဖြင့် အစဉ်အတိုင်း ကျယ်ပြန့် ကျယ်ပြန့်ကာ ဤစကြဝဠာတိုက်ကို အလယ်ဗဟိုထား၍ ပတ်ဝန်းကျင် စကြဝဠာပေါင်း တိုက်တသောင်းတို့၌ နေကြသော နတ်ဗြဟ္မာအပေါင်းတို့သည် ဤစကြဝဠာတိုက်၌ လာရောက် စည်းဝေးကြကုန်၏။ အသညသတ်ဗြဟ္မာကြီးများ, အရူပဗြဟ္မာကြီးများနှင့် သမာပတ် ဝင်စားနေဆဲဖြစ်သော ဗြဟ္မာကြီးများ ဤအနည်းအပါးသော ဗြဟ္မာကြီးများသာ မလာရောက်နိုင်ပဲ ရှိကြကုန်၏။

     ထိုအချိန်၌ ဤစကြဝဠာတိုက်တခုလုံးသည် အပ်ကျည် (အပ်ဗူး)၏အတွင်း အကြားအလပ်မရှိ အပ်ချောင်းများကို ထည့်၍ထားအပ်သည့်ပမာ ဗြဟ္မာ့ပြည်တိုင်အောင်ပင် စည်းဝေးညီမူလာသော နတ်ဗြဟ္မာတို့ဖြင့် ပြည့်လျက်ရှိလေသည်။ သီဟိုဠ်ကျွန်း လောဟပါသာဒပြာသာဒ်၌ ဘုံခုနစ်ဆင့်ခန့် ပမာဏရှိသော ကျောက်တုံးကြီးကို ဗြဟ္မာ့ပြည်မှ အောက်သို့ ပစ်ချလိုက်လျှင် လူတို့အရေအတွက်အားဖြင့် လေးလကြာမှ မြေအပြင်သို့ ရောက်နိုင်၏၊ ဤမျှလောက် ကြီးကျယ်မြင့်မား ဝေးခြားလှသော (လူ့ပြည်မှ ဗြဟ္မာ့ပြည်တိုင် အောင်သော) အရပ်၌ အောက်မှရပ်တည်၍ အထက်သို့



၃၉၀

ပစ်မြှောက်အပ်သော ပန်းပွင့်များ အခိုးအထုံများ အထက်သို့ တက်ရောက်နိုင်ခွင့် အကြားအပေါက်ကို မရနိုင်အောင်၎င်း, အထက်မှ ရပ်တည်၍ အောက်သို့ ပစ်ချအပ်သော မုံညင်းစေ့များ အောက်သို့ သက်ဆင်းကျရောက်နိုင်ခွင့် အကြားအပေါက်ကို မရနိုင်လောက်အောင်ပင်၎င်း အကြားမလပ် နတ်ဗြဟ္မာတို့ ပြည့်ကြပ်လျက်ရှိကုန်၏။

     အထူးအားဖြင့် စကြဝတေးမင်းနှင့်တကွ မင်းအပေါင်းတို့ စည်းဝေးညီမူကြသောအခါ စကြဝတေးမင်း၏ နေထိုင်ရာအရပ်သည် မကျပ်တည်း မကျဉ်းမြောင်းသကဲ့သို့၊ လာတိုင်း လာတိုင်းသော တန်ခိုးကြီးသည့် မင်းအပေါင်းတို့သည် စကြာမင်း၏အနီး၌ နေထိုင်စရာကို ရကုန်၍ နောက်ကျ နောက်ကျသော အရပ်၌ကား အလွန်ကျပ်တည်း ကျဉ်းမြောင်းသကဲ့သို့၊ ထို့အတူ စကြာမင်းနှင့်တူသော မြတ်စွာဘုရား၏ နေထိုင်ရာအရပ်ကား မကျပ်တည်း မကျဉ်းမြောင်းချေ။ လာတိုင်း လာတိုင်းသော တန်ခိုးကြီးမားကြသည့် မဟေသက္ခ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရား၏ အနီးအပါး၌ နေထိုင်စရာကို ရကြကုန်၏။ စင်စစ်သော်ကား မြတ်စွာဘုရား၏ အနီးအပါး အရပ်များ၌ သားမြီးဖျားတထောက် ထိုးဆွလောက်ရုံသော အရပ်၌ တကျိပ်လောက် နှစ်ကျိပ်လောက် ထိုမှနောက်၌ သုံးကျိပ်လောက် လေးကျိပ်လောက် ငါးကျိပ်လောက် ခြောက်ကျိပ်လောက်သော နတ်ဗြဟ္မာတို့သည် သိမ်မွေ့ကုန် ထို့ထက်သိမ်မွေ့ကုန်သော အတ္တဘောတို့ကို ဖန်ဆင်း၍ ရပ်တည်ကြရကုန်၏။

သုဒ္ဓါဝါသဗြဟ္မာကြီးလေးယောက် နောက်ကျမှ ရောက်လာကြခြင်း

     မြတ်စွာဘုရားနှင့်တကွ ရဟန္တာငါးရာ စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့ (ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) စည်းဝေးမိကြသောအခါ သုဒ္ဓါဝါသဘုံသား (ရဟန္တာ)ဗြဟ္မာကြီး လေးဦးသည် သမာပတ်ကို ၀င်စား၍ ပိုင်းခြားအပ်သော ကာလအတိုင်း ထိုသမာပတ်မှ ထကုန်ပြီးလျှင် ဗြဟ္မာဘုံကို ကြည့်ရှုကုန်လတ်သော် (နေမွန်းလွဲသောအခါ လူမှဆိတ်သော



၃၉၁

ထမင်းကျွေးရုံကဲ့သို့) ဗြဟ္မာဘုံအလုံး ဗြဟ္မာတို့မှ ဆိတ်သုဉ်းနေသည်ကို မြင်ကြပြီးနောက် “ဗြဟ္မာတို့သည် အဘယ်အရပ်သို့ သွားရောက်ကြကုန်သနည်း”ဟု ဆင်ခြင်ကြသည်တွင် မဟာသမယ အစည်းအဝေးကြီးကို တွေ့မြင်သိရှိကြ၍-

“ဤအစည်းအဝေးကား ကြီးမားလှ၏၊ ငါတို့ကား နောက်ကျန်လျက် ရှိကုန်ပြီ၊ နောက်ကျသော သူတို့အဖို့ရာ နေရာရရန် ခဲယဉ်းလှ၏။ ထို့ကြောင့် ငါတို့သွားကြသောအခါ လက်အချည်းစီး မသွားကြပဲ တယောက်လျှင် တဂါထာစီ ဖွဲ့သီစီရင်၍ သွားကြကုန်အံ့။ ထိုလက်ဆောင်ဂါထာဖြင့် မဟာသမယ အစည်းအဝေးကြီး၌ မိမိ၏ လာရောက်ကြောင်းကိုလည်း သိစေကုန်အံ့၊ မြတ်စွာဘုရား၏ ကျေးဇူးကိုလည်း ချီးကျူး ပြောဆိုကြကုန်အံ့”–

ဟူ၍ ကြံစည် တိုင်ပင်ကြပြီးလျှင် ထိုရဟန္တာဗြဟ္မာကြီး လေးဦးတို့သည် ဗြဟ္မာ့ပြည်၌ တည်နေကြစဉ်ပင် တဦးလျှင် တဂါထာစီ သီကုံးစီရင်ခဲ့ကြ၍-

     (၁) တဦးသော ဗြဟ္မာကြီးသည် အရှေ့စကြဝဠာနခမ်းရေး၌ သက်ဆင်းလေသည်။ (၂) အခြားတဦးကား တောင်စကြဝဠာ နခမ်းရေး၌၊ (၃) အခြားတဦးကား အနောက်စကြဝဠာ နခမ်းရေး၌၊ (၄) အခြားတဦးကား မြောက်စကြဝဠာ နခမ်းရေး၌ သက်ဆင်းလေသည်။

     ထို့နောင်မှ (၁) အရှေ့စကြဝဠာ နခမ်းရေး၌ သက်ဆင်းသော ဗြဟ္မာကြီးသည် နီလကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ဝင်စား၍ စိမ်းညိုသော အရောင်တို့ကို တဖိတ်ဖိတ်ဖြန့်လွှတ်ကာ စကြဝဠာပေါင်း တိုက်တသောင်းမှ လာရောက်စည်းဝေးကြသော နတ်ဗြဟ္မာအပေါင်းတို့အား မြလွှာဝတ်လုံကို ခြုံရုံ၍ပေးသည့်အလား မိမိလာရောက်သောအဖြစ်ကို သိစေပြီးနောက် (မြတ်စွာဘုရားတို့၏ ရှေ့တော်မှောက်ဝယ် တဦး တယောက်မျှ ပိတ်ဆို့နေထိုင်ခွင့် မရနိုင်သော ဗုဒ္ဓဝီထိခေါ် လမ်းခရီး ရှိမြဲဖြစ်သည်။ ယင်းခရီးဖြင့်



၃၉၂

လာတိုင်း လာတိုင်းသော နတ်လူတို့ မြတ်စွာဘုရားအနီးသို့ ချဉ်းကပ် ဖူးမြော်ကြရသည်)၊ ထိုဗုဒ္ဓဝီထိ လမ်းခရီးဖြင့်ပင် ထိုပဌမဗြဟ္မာကြီးသည် လာရောက်ကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးရပ်တည်လျက်-

မဟာသမယော ပဝနသ္မိံ၊

ဒေဝကာယာ သမာဂတာ။

အာဂတမှာ ဣမံ ဓမ္မသမယံ၊

ဒက္ခိတာယေ အပရာဇိတသံဃံ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ပဝနသ္မိံ = မဟာဝုန်သမုတ် ဤတောအုပ်၌။ (အဇ္ဇ = ယနေ့)။ မဟာသမယော = နတ်ဗြဟ္မာတို့၏ ကြီးစွာသော အစည်းအဝေးသည်။ (အဟောသိ = ဖြစ်လေပြီ။ ဒေဝကာယာ = သောင်းစက္ကဝါ နတ်ဗြဟ္မာအပေါင်းတို့သည်။ အပရာဇိတသံဃံ = တစုံတယောက်သော ရန်သူသည် အောင်နိုင်အပ်သည်မဟုတ်ပဲ ယနေ့ပင်လျှင် မာရ်သုံးအင်ကို အောင်မြင်ပြီးတောင်း ရဟန္တာအပေါင်းကို။ ဒက္ခိတာယေ = သဒ္ဓါကြည်လင် ဖူးမြင်ခြင်းငှါ။ သမာဂတာ = အညီအညာ လာရောက်ကြပါကုန်ပြီ။ (မယံ = အကျွန်ုပ်တို့သည်လည်း)။ အပရာဇိတသံဃံ = ရှုံးတော်မမူ အောင်ပွဲယူတောင်း ရဟန္တာအပေါင်းကို။ ဒက္ခိတာယေ = သဒ္ဓါကြည်လင် ဖူးမြင်ခြင်းငှာ။ ဣမံ ဓမ္မသမယံ = ဤတရားနာရာ နတ်ဗြဟ္မာအစည်းအဝေးသို့။ အာဂတာ = အများနည်းတူ ကြည်ဖြူဝမ်းမြောက် လာရောက်ကုန်သည်။ အမှ = ဖြစ်ပါကုန်၏ဘုရား -

ဟူ၍ စီရင်ခဲ့သော ဂါထာကို ရွတ်ဆိုလျှောက်ထား၍ (ဘုရားအနီး၌ နေရာမရရှိသောကြောင့်) ပြန်သွားပြီးလျှင် အရှေ့စကြဝဠာ နခမ်းရေး၌ ရပ်တည်နေလေ၏။



၃၉၃

     ထိုနောက် (၂) တောင်စကြဝဠာ နခမ်းရေး၌ သက်ဆင်းသော ဗြဟ္မာကြီးသည်လည်း ပီတကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ဝင်စား၍ ဝါဝင်းသော ရွှေရောင်တို့ကို တဖိတ်ဖိတ်ဖြန့်လွှတ်ကာ စကြဝဠာပေါင်း တိုက်တသောင်းမှ လာရောက် စည်းဝေးကြသော နတ်ဗြဟ္မာအပေါင်းတို့အား ရွှေလွှာဝတ်လုံကို ခြုံရုံ၍ပေးသည့်အလား မိမိလာရောက်သောအဖြစ်ကို သိစေပြီးနောက် ထိုပဌမဗြဟ္မာကြီးနည်းတူပင်-

တတြ ဘိက္ခဝေါ သမာဒဟံသု၊

စိတ္တမတ္တနော ဥဇုကမကံသု။

သာရထီ၀ နေတ္တာနိ ဂဟေတွာ၊

ဣန္ဒြိယာနိ ရက္ခန္တိ ပဏ္ဍိတာ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ တတြ = ထိုနတ်ဗြဟ္မာတို့ စည်းဝေးရာအရပ်၌။ ဘိက္ခဝေါ = ရဟန်းတော်ငါးရာတို့သည်။ အတ္တနော = မိမိ မိမိ၏။ စိတ္တံ = စိတ်ကို။ သမာဒဟံသု = လောကုတ္တရာ အပ္ပနာသမာဓိဖြင့် ငြိမ်သက်တည်ကြည်စွာ ထားတော်မူနိုင်ကြကုန်ပြီ။ အတ္တနော = မိမိ မိမိ၏။ စိတ္တံ = စိတ်ကို။ ဥဇုကံ = နွားကျင်ကောက်, လရေးကောက်, ထွန်တုံးကောက် တည်းဟူသော အကောက်သုံးပါးမှလွတ်ကင်း ဖြောင့်စင်းအောင်။ အကံသု = ပြုတော်မူနိုင်ပေကုန်၏။ သာရထိ = သိန္ဓောမြင်းလိမ္မာတို့ ညီညာစွာ က- ယှဉ်အပ်သည့် ရထားကို မောင်းနှင်သော ရထားထိန်းသည်။ နေတ္တာနိ = မြင်းဇက်ကြိုးတို့ကို။ ဂဟေတွာ = မဆွဲမနှင် ညင်သာစွာကိုင်၍။ တိဋ္ဌတိ ဣဝ = နှလုံးချမ်းကြည် တည်ရသကဲ့သို့။ တထာ = ထိုရထားထိန်းနှင့် အလားတူစွာ။ ပဏ္ဍိတာ = မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံတော်မူကြသည့် ငါးရာသော ရဟန္တာ အရှင်မြတ်တို့သည်။ ဣန္ဒြိယာနိ = မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် ပိတ်သင့်သော ဣန္ဒြေခြောက်ပါးတို့ကို။ ရက္ခန္တိ = သတိတည်းဟူသော



၃၉၄

အစောင့်အရှောက်ဖြင့် ကိလေသာရန်သူ မဝင်ရောက်အောင် စောင့်ရှောက်တော်မူနိုင်ကြပါကုန်၏။ (ဘဂဝါ = မြတ်စွာဘုရား..။ မယံ = တပည့်တော်တို့သည်။ ဧတေ = ထိုရဟန္တာ ငါးရာတို့ကို။ ဒဋ္ဌုံ = ဖူးမြော်ခြင်းငှါ။ ဣဓ = ဤမဟာဝုန်တောသို့။ အာဂတာ = လာရောက်ကုန်သည်။ အမှ = ဖြစ်ပါကုန်၏)။-

ဟူ၍ မိမိစီရင်ခဲ့သော ဂါထာကို ရွတ်ဆိုလျှောက်ထား၍ ရှေးနည်းအတူ တောင်စကြဝဠာ နခမ်းရေး၌ ရပ်တည်နေလေ၏။

     ထို့နောက် (၃) အနောက်စကြဝဠာ နခမ်းရေး၌ သက်ဆင်းသော ဗြဟ္မာကြီးသည်လည်း လောဟိတကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ၀င်စား၍ နီမြန်းသော အရောင်တို့ကို တဖိတ်ဖိတ်ဖြန့်လွှတ်ကာ စကြဝဠာပေါင်း တိုက်တသောင်းမှ လာရောက် စည်းဝေးကြသော နတ်ဗြဟ္မာအပေါင်းတို့အား ကမ္ဗလာနီဝတ်လုံကို ခြုံရုံပေးသည့်အလား မိမိလာရောက်သော အဖြစ်ကို သိစေပြီးနောက် ထိုရှေးဗြဟ္မာတို့နည်းတူပင်-

ဆေတွာ ခီလံ ဆေတွာ ပလိဃံ၊

ဣန္ဒခီလံ ဦဟစ္စ မနေဇာ။

တေ စရန္တိ သုဒ္ဓါ ဝိမလာ၊

စက္ခုမတာ သုဒန္တာ သုသုနာဂါ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ယေ သုသုနာဂါ = အကြင် ရွယ်တော်နုပျို ရဟန္တာပုဂ္ဂိုလ်တို့သည်။ စက္ခုမတာ = ဗုဒ္ဓ,ဓမ္မ, သမန္တတည့်, မံသ,ဒိဗ္ဗာ ငါးဖြာသော မျက်စိနှင့် ပြည့်စုံတော်မူသော ရှင်ပင်မြတ်ဘုရားသည်။ (ဒမိတာ = ဆုံးမအပ်ကုန်သည်ဖြစ်၍)။ သုဒန္တာ = ဣန္ဒြေခြောက်ပါး မဖောက်ပြားပဲ တရားဖြင့်သိမ်းဆည်း လွန်စွာ ယဉ်ကျေးပြီး ဖြစ်တော်မူကုန်၏။ တေ သုသုနာဂါ = ရွယ်တော်နုပျို ထိုရဟန္တာပုဂ္ဂိုလ်တို့သည်။ ခီလံ = ရာဂဒေါသ မောဟခပင်း ငြောင့်တံသင်းကို။ ဆေတွာ = မဂ်ဉာဏ်လေးပါး သန်လျက်ဓားဖြင့်



၃၉၅

ပယ်ရှား ခုတ်ဖြတ်တော်မူကြပြီး၍။ ပလိဃံ = ရာဂဒေါသ မောဟတည်းဟူသော တံခါးကျည်မင်းတုပ်ကို။ ဆေတွာ = မဂ်ဉာဏ်လေးပါး သန်လျက်ဓားဖြင့် ပယ်ရှား ခုတ်ဖြတ်တော်မူကြပြီး၍။ ဣန္ဒခီလံ = သက္ကာယမြို့တံခါးဝယ် မားမားစိုက်ပြိုင် ရာဂဒေါသ မောဟတည်းဟူသော တံခါးတိုင်ကို။ ဦဟစ္စ = အမြစ်မကျန် လေးမဂ်ဉာဏ်ဖြင့် ပယ်လှန် နုတ်ပယ်တော်မူကြကုန်ပြီး၍။ အနေဇာ = တုန်လှုပ်တတ်စွာ တဏှာလောဘ ရှိတော်မမူကြကုန်သည်ဖြစ်၍။ သုဒ္ဓါ = ကိလေသာအန္တရာယ် စင်ကြယ် သန့်ရှင်းကုန်သည်ဖြစ်၍။ ဝိမလာ = ကိလေသာအညစ်အကြေးမှ ကင်းဝေးတော်မူကြကုန်သည်ဖြစ်၍။ စရန္တိ = စတုဒိသာ လေးမျက်နှာ၌ ကိလေသာအပိတ်အဆီးမရှိ လှည့်လည်ကျက်စား သွားလာတော်မူနိုင်ကုန်၏။ (တေသံ = ရွယ်တော်နုပျို ထိုရဟန္တာပုဂ္ဂိုလ်တို့ကို။ ဒဿနာယ = ဖူးမြော်ခြင်းငှါ။ မယံ = တပည့်တော်တို့သည်။ အာဂတာ = လာရောက်ကုန်သည်။ အမှ = ဖြစ်ပါကုန်၏)။-

ဟူ၍ မိမိစီရင်ခဲ့သော ဂါထာကို ရွတ်ဆို လျှောက်ထား၍ ရှေးနည်းအတူ အနောက်စကြဝဠာ နခမ်းရေး၌ ရပ်တည်နေလေ၏။

     ထို့နောက် (၄) မြောက်စကြဝဠာ နခမ်းရေး၌ သက်ဆင်းသော ဗြဟ္မာကြီးသည် ဩဒါတကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ဝင်စား၍ ဖြူဖွေးသောအရောင်တို့ကို တဖိတ်ဖိတ်ဖြန့်လွှတ်ကာ စကြဝဠာပေါင်း တိုက်တသောင်းမှ လာရောက်စည်းဝေးကြသော နတ်ဗြဟ္မာအပေါင်းတို့အား မုလေးပန်းဝတ်လုံကို ခြုံရုံပေးသည့်အလား မိမိလာရောက်သောအဖြစ်ကို သိစေပြီးနောက် ထိုရှေးဗြဟ္မာတို့နည်းတူပင်-

ယေ ကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊

န တေ ဂမိဿန္တိ အပါယဘူမိံ။

ပဟာယ မာနုသံ ဒေဟံ၊

ဒေဝကာယံ ပရိပူရေဿန္တိ။



၃၉၆

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ယေ ကေစိ = အမှတ်မထင် အကြင်လူတို့သည်။ ဗုဒ္ဓံ = မြတ်စွာဘုရားကို။ သရဏံ = ကိုးကွယ်ရာဟူ၍။ ဂတာသေ = လောကုတ္တရာ သရဏဂုံဖြင့် ကြည်ယုံလေးမြတ် ဆည်းကပ်ကြကုန်၏။ တေ = ထိုလူတို့သည်။ အပါယဘူမိံ = ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် အပါယ်လေးဘုံသို့။ န ဂမိဿန္တိ = ဧကန်မုချ မလားမရောက်ကြရကုန်လတ္တံ့။ မာနုသံ ဒေဟံ = လူ့ဘဝခေါ်ဆို ဤခန္ဓာကိုယ် အတ္တဘောကို။ ပဟာယ = ပယ်စွန့်ကြကုန်၍။ ဒေဝကာယံ = နတ်အပေါင်းကို (=နတ်ပြည်ကို)။ ပရိပူရေဿန္တိ = မုချပုံသေ ပြည့်စေကြကုန်လတ္တံ့။-

ဟူ၍ မိမိစီရင်ခဲ့သော ဂါထာကို ရွတ်ဆို လျှောက်ထားပြီးလျှင် ရှေးဗြဟ္မာကြီးများနည်းတူ မြောက်စကြဝဠာ နခမ်းရေး၌ ရပ်တည်နေလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဆင်ခြင် ကြည့်ရှုတော်မူလတ်သည်ရှိသော် မြေအပြင်မှ အပြန့်အားဖြင့် စကြဝဠာအနားရေးတိုင်အောင် အမြင့်အားဖြင့် အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် နတ်ဗြဟ္မာတို့ စည်းဝေးနေကြသည်ကို သိမြင်တော်မူ၍ “ဤနတ်ဗြဟ္မာ အစည်းအဝေးကား ကြီးမားလှပေ၏၊ ရဟန်းငါးရာတို့သည်ကား ဤမျှလောက် ကြီးမားများပြားလှသော နတ်ဗြဟ္မာတို့၏ အစည်းအဝေးကြီးဟူ၍ သိကြမည်မဟုတ်၊ ယခုပင် ထိုရဟန်းငါးရာတို့အား ပြောကြားပေအံ့”ဟူ၍ ကြံစည် ဆင်ခြင်တော်မူပြီးလျှင် “ယေဘုယျန ဘိက္ခဝေ ဒသသု လောကဓာတူသု ဒေ၀တာ သန္နိပတိတာ ဟောန္တိ- အစရှိသည်ဖြင့် = ရဟန်းတို့.. ရှေးဘုရားတို့အတူ လာခြင်းကောင်းတော်မူသော သဗ္ဗညုမြတ်စွာဘုရားနှင့်တကွ ရဟန်းအပေါင်းကို ဖူးမြော်ရန် သဟဿီလောကဓာတ် ဆယ်ခု (=စကြဝဠာ တိုက်တသောင်း)တို့၌ နေထိုင်ကြသော နတ်ဗြဟ္မာတို့ စည်းဝေးရောက်လာကြကုန်ပြီ။



၃၉၇

     ရဟန်းတို့.. ယခုအခါ ငါဘုရား၏ နတ်ဗြဟ္မာအစည်းအဝေးကြီး ဖြစ်သကဲ့သို့ အတိတ်ကာလ ပွင့်တော်မူကြပြီးသော မြတ်စွာဘုရားတို့၏လည်း ဤမျှ အတိုင်းအရှည်ရှိကြသည့် နတ်ဗြဟ္မာများ စည်းဝေးခဲ့ကြကုန်လေပြီ။ (ဤထက် မပိုလွန်ချေ)။

     ရဟန်းတို့.. ယခုအခါ ငါဘုရား၏ နတ်ဗြဟ္မာအစည်းအဝေးကြီး ဖြစ်သကဲ့သို့၊ အနာဂတ်ကာလ ပွင့်တော်မူကြမည့် မြတ်စွာဘုရားတို့၏လည်း ဤမျှပင် အတိုင်းအရှည်ရှိကြသည့် နတ်ဗြဟ္မာများ စည်းဝေးကြကုန်လိမ့်မည် (ဤထက် မပိုမယုတ်ချေ)ဟူ၍ မိန့်ဆိုတော်မူလေသည်။

(ဤ၌။ ။ပစ္စုပ္ပန်ဆဲဆဲခဏဝယ် ကိုယ်တော်မြတ်မှတပါး အခြား မြတ်စွာဘုရားဟူ၍ ပွင့်ထွန်းနေဆဲ မရှိသောကြောင့် ပစ္စုပ္ပန္နဝါရကို မြတ်စွာဘုရား ဟောကြားတော်မမူပဲ ပစ္စုပ္ပန်အတွက် ကိုယ်တော်မြတ်ကိုသာ ဥပမာထား၍ အတိတ်ဘုရား, အနာဂတ်ဘုရားတို့နှင့် စပ်သော နှိုင်းယှဉ်ချက်ကိုသာ မြတ်စွာဘုရား ဟောကြားတော်မူ၏ဟု အထူး မှတ်ယူရာ၏။)

နတ်ဗြဟ္မာများနှင့် မြတ်စွာဘုရားရှင်၏ အကြံဖြစ်ပုံများ

     ထိုမဟာသမယ အစည်းအဝေး၌ နတ်ဗြဟ္မာတို့သည် “မြတ်စွာဘုရားသည် ဤမျှလောက် များပြားသော နတ်ဗြဟ္မာတို့၏ အစည်းအဝေးကြီး၌ တန်ခိုးကြီးမားသော နတ်ဗြဟ္မာတို့၏ အမည်အနွယ်တို့ကိုသာ ထုတ်ဖော် ဟောကြားတော်မူပေလိမ့်မည်။ တန်ခိုးနည်းပါးသော နတ်ဗြဟ္မာတို့၏ အမည်အနွယ်တို့ကိုကား အဘယ်မှာလျှင် ထုတ်ဖော် ဟောကြားတော်မူလိမ့်မည်နည်း၊ (ဟောကြားတော်မူလိမ့်မည်မဟုတ်)”ဟူ၍ ကြံစည်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ဤနတ်ဗြဟ္မာတိုသည် အဘယ်အရာကို ကြံစည်စဉ်းစား၍ နေကြသနည်း”ဟု ဆင်ခြင်တော်မူလတ်သော် ခံတွင်းမှ လက်ကိုသွင်းကာ နှလုံးသားကို ဆုပ်ကိုင်မိသော သူကဲ့သို၎င်း, ခိုးထုပ်ခိုးထည်နှင့်တကွ ခိုးသူကို ဖမ်းယူမိသော



၃၉၈

သူကဲ့သို့၎င်း ထိုနတ်ဗြဟ္မာတို့၏ ထိုကဲ့သို့ စိတ်ဖြစ်ပုံကို သိရှိတော်မူပြီးလျှင်-

စကြဝဠာပေါင်း တိုက်တသောင်းမှ ခညောင်း ရောက်ဆိုက်လာကြသော တန်ခိုးကြီးသူ မကြီးသူ ခပ်သိမ်းသော နတ်ဗြဟ္မာတို့၏ အမည် အမျိုး အနွယ်ကို ပြည့်စုံစွာ ဟောကြားအံ့”–

ဟူ၍ ကြံစည် ဆုံးဖြတ်တော်မူလေသည်။

     ဘုရားရှင်တို့မည်သည် အလွန်ကြီးမြတ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူကြသည်။ နတ်နှင့်တကွသော လူအပေါင်းကို မြင်အပ် ကြားအပ် နံအပ် လျက်အပ် ထိအပ် သိအပ်သော အာရုံခြောက်ပါးတို့အနက် ဘုရားရှင်တို့၏ ဉာဏ်ဝဝယ် မထင်နိုင်သော အာရုံဟူ၍ တစိုးတစိ မရှိချေ။ ဤသို့လျှင် ခပ်သိမ်းသော အာရုံ၌ အပိတ်အပင် အဆီးအတားမရှိ ထိုးထွင်းသိမြင်သည့် ဉာဏ်ပညာရှင် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ထိုမျှ စကြဝဠာတိုက်အပြည့် စည်းဝေးရောက်ရှိကြသော နတ်ဗြဟ္မာတို့ကို (၁) ကျွတ်ထိုက်သူ (၂) မကျွတ်ထိုက်သူဟူ၍ နှစ်ဖို့နှစ်စု (ဉာဏ်တော်ဖြင့် ခွဲဝေစုပုံမှု) ပြုတော်မူပြီးလျှင် မကျွတ်ထိုက်သူတို့ကို ပယ်ရှား၍ ကျွတ်ထိုက်သူကိုသာ ဉာဏ်ဖြင့် သိမ်းဆည်း ယူငင်တော်မူပြီးနောက် ဤကျွတ်ထိုက်သူ နတ်ဗြဟ္မာတို့တွင်လည်း ဤမျှသော နတ်ဗြဟ္မာတို့သည် ရာဂစရိုက် ပြောများသူတို့ ဖြစ်ကုန်၏။ ဤမျှသော နတ်ဗြဟ္မာတို့သည် ဒေါသစရိုက် ပြောများသူတို့ ဖြစ်ကုန်၏၊ ဤမျှသော နတ်ဗြဟ္မာတို့သည် မောဟစရိုက် ပြောများသူတို့ ဖြစ်ကုန်၏၊ ဤမျှသော နတ်ဗြဟ္မာတို့သည် ဝိတက်စရိုက် ပြောများသူတို့ ဖြစ်ကုန်၏၊ ဤမျှသော နတ်ဗြဟ္မာတို့သည် သဒ္ဓါစရိုက် ပြောများသူတို့ ဖြစ်ကုန်၏။ ဤမျှသော နတ်ဗြဟ္မာတို့သည် ပညာစရိုက် ပြောများသူတို့ ဖြစ်ကုန်၏ဟု စရိုက်သဘော တူရာပေါင်း၍ ခြောက်ပုံ ခြောက်စုံ (ဉာဏ်တော်ဖြင့် ခွဲဝေမှု) ပြုတော်မူလေသည်။



၃၉၉

     ထို့နောင်မှ ထို ခြောက်ပုံ ခြောက်စု ပြုပြီးသော နတ်ဗြဟ္မာတို့အား သင့်လျော်လျောက်ပတ်မည့် တရားဒေသနာကို စူးစမ်း ဆင်ခြင်တော်မူလတ်သော်.. “ရာဂစရိုက် ပြောများသော နတ်ဗြဟ္မာတို့အား သမ္မာပရိဗ္ဗာဇနီယသုတ္တန်ကို ဟောရလိမ့်မည်၊ ဒေါသစရိုက် ပြောများသော နတ်ဗြဟ္မာတို့အား ကလဟဝိဝါဒသုတ္တန်ကို ဟောရလိမ့်မည်၊ မောဟစရိုက် ပြောများသော နတ်ဗြဟ္မာတို့အား မဟာဗျူဟသုတ္တန်ကို ဟောရလိမ့်မည်၊ ဝိတက်စရိုက် ပြောများသော နတ်ဗြဟ္မာတို့အား စူဠဗျူဟသုတ္တန်ကို ဟောရလိမ့်မည်၊ သဒ္ဓါစရိုက် ပြောများသော နတ်ဗြဟ္မာတို့အား တုဝဋ္ဋကပဋိပဒါ (တုဝဋ္ဋကသုတ်)ကို ဟောရလိမ့်မည်၊ ပညာစရိုက် ပြောများသော နတ်ဗြဟ္မာတို့အား ပုရာဘေဒသုတ်ကို ဟောရလိမ့်မည်”ဟု ကိုယ်တော်မြတ် ဟောကြားရမည့် ဒေသနာကို ဉာဏ်တော်ဖြင့် ပိုင်းခြား ဆုံးဖြတ်တော်မူလေသည်။

     တဖန် ထိုခြောက်ပုံခြောက်စု ပြုပြီးသော နတ်ဗြဟ္မာပရိသတ်ကို-

(၁) အတ္တဇ္ဈာသယသုတ္တနိက္ခေပ = ကိုယ်တော်မြတ်၏ အလိုတော်အတိုင်း တရားဟောခြင်း၊

(၂) ပရဇ္ဈာသယသုတ္တနိက္ခေပ = တရားနာမည့်သူ ပုဂ္ဂိုလ်၏ အလိုအတိုင်း တရားဟောခြင်း၊

(၃) အဋ္ဌုပ္ပတ္တိကသုတ္တနိက္ခေပ = ဖြစ်ပေါ်လာသည့် ဝတ္ထုကြောင်းတခုခုကိုစွဲ၍ တရားဟောခြင်း၊

(၄) ပုစ္ဆာဝသိကသုတ္တနိက္ခေပ = သူတပါး၏ အမေးပုစ္ဆာ ပြဿနာနှင့်စပ်၍ တရားဟောခြင်း -

ဟူ၍ သုတ္တနိက္ခေပ (=တရားဟောခြင်း) လေးမျိုးတို့ ရှိသည့်အနက် ထိုနတ်ဗြဟ္မာ ပရိသတ်သည် (၁) အတ္တဇ္ဈာသယ တရားဟောခြင်းဖြင့် ဟောကြားလျှင် သိမည်လော၊ သို့မဟုတ် (၂) ပရဇ္ဈာသယ တရားဟောခြင်းဖြင့် ဟောကြားလျှင် သိမည်လော၊ သို့မဟုတ် (၃) အဋ္ဌုပ္ပတ္တိက တရားဟောခြင်းဖြင့် ဟောကြားလျှင်



၄၀၀

သိမည်လော၊ သို့မဟုတ် (၄) ပုစ္ဆာဝသိက တရားဟောခြင်းဖြင့် ဟောကြားလျှင် သိမည်လောဟူ၍ နှလုံးသွင်း ဆင်ခြင်တော်မူပြန်လေသည်။

     ထိုအခါ “ဤနတ်ဗြဟ္မာ ပရိသတ်သည် ပုစ္ဆာဝသိက တရားဟောခြင်းဖြင့် ဟောကြားမှသာ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်လိမ့်မည်”ဟု သိတော်မူ၍ “နတ်ဗြဟ္မာတို့၏ အလိုဆန္ဒ အဇ္ဈာသယကို ရယူကာ စရိုက်နှင့် လိုက်လျောအောင် ပြဿနာကို မေးနိုင်သောသူ တဦးတယောက်များ ရှိလေ၏လော”ဟု ဆင်ခြင်တော်မူလတ်သော် ထိုရဟန်းငါးရာတို့အနက် တပါးမျှလည်း မစွမ်းနိုင်ဟု သိမြင်တော်မူလေ၏။ ထို့နောင်မှ မဟာသာဝကကြီး ရှစ်ဆယ်တို့ကို၎င်း, အဂ္ဂသာဝက နှစ်ပါးတို့ကို၎င်း “မေးနိုင်ကြလိမ့်မည်လော”ဟု နှလုံးသွင်း ဆင်ခြင်တော်မူပြန်သောအခါ “ထို မဟာ, အဂ္ဂသာဝကကြီးတို့လည်း မစွမ်းနိုင်ကြချေ”ဟု မြင်တော်မူ၍ “အကယ်၍ ပစ္စေကဗုဒ္ဓါ တဆူဆူရှိခဲ့လျှင် ထိုပစ္စေကဗုဒ္ဓါအရှင်သည် မေးနိုင်လိမ့်မည်လော”ဟု ကြံစည် ဆင်ခြင်တော်မူပြန်လေ၏။

     “ပစ္စေကဗုဒ္ဓါ သည်လည်း မစွမ်းနိုင်”ဟု သိတော်မူ၍ “သိကြားမင်း, သုယာမနတ်မင်း စသည်တို့တွင် တဦးဦးသည် မေးစွမ်းနိုင်မည်လော”ဟု နှလုံးသွင်း ဆင်ခြင်တော်မူပြန်လေသည်။ မှန်၏- ထိုသိကြားမင်း, သုယာမနတ်မင်း စသည်တို့တွင် တဦးဦးသည် အကယ်၍ မေးစွမ်းနိုင်ငြားအံ့၊ ထိုမေးစွမ်းနိုင်သူကို မေးစေပြီးမှ ဘုရားကိုယ်တော်မြတ်သည် ဖြေတော်မူလေရာ၏။ ထိုသိကြားမင်း, သုယာမနတ်မင်း စသည်တို့တွင်လည်း တဦးမျှ မေးလျှောက်ခြင်းငှါ မစွမ်းနိုင်ချေ။

     ထိုအခါ မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်ဝယ် ဤသို့ အကြံဖြစ်ပြန်လေသည် “ငါသို့သော ဘုရားရှင်သည်သာလျှင် ထိုနတ်ဗြဟ္မာတို့၏ အဇ္ဈာသယကို ရယူကာ စရိုက်နှင့် လိုက်လျောအောင် အမေးပုစ္ဆာ ပြဿနာကို မေးမြန်းခြင်းငှါ စွမ်းနိုင်လေရာ၏။ တစုံတခုသော လောကဓာတ်၌ ငါဘုရားမှတပါး အခြားသော



၄၀၁

ဘုရားတဆူဆူသည် ရှိလေသလော”ဟု အနန္တလောကဓာတ်တို့၌ အနန္တရွှေဉာဏ်တော်ကို ဖြန့်၍ ကြည့်ရှုတော်မူလတ်သော် ကိုယ်တော်မြတ်မှတပါး အခြား ဘုရားတဆူကိုမျှ (မရှိသည့်အတွက်) မြင်တော်မမူချေ။

(ယခု ဘုရားဖြစ်တော်မူသောအခါ ကိုယ်တော်မြတ်နှင့်တူသူ အခြားတပါးသော ဘုရားတဆူဆူကိုမျှ (မရှိသည့်အတွက်) တွေ့မြင်တော်မမူရခြင်းကား အထူးတဆန်း မဟုတ်ပါပေ၊ မြတ်စွာဘုရားသည် ယခု နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘဝ ဖွားသစ်စအခါကပင် ကိုယ်တော်မြတ်နှင့် တူတန်သူ နတ်လူတဦးတယောက်ကိုမျှ မတွေ့မမြင်ခဲ့ချေ။ ထို့ကြောင့်ပင် ဖွားသစ်စအခါက “အဂ္ဂေါဟမသ္မိ လောကဿ” အစရှိသော ရဲရဲတောက်စကားတို့ကို ကြုံးဝါးတော်မူခဲ့လေသည်။ ဖွားသစ်စအခါကပင် ကိုယ်တော်နှင့် တူတန်သူ တဦးတယောက်မျှ ရှိတော်မမူသော အလောင်းတော်သူမြတ်အဖို့ရာ ယခု ဘုရားဖြစ်တော်မူသော အခါ၌ကား အဘယ်မှာလျှင် ကိုယ်တော်မြတ်နှင့် တူတန်သူ အခြား ဘုရားတဆူဆူကို တွေ့မြင်နိုင်ချိမ့်မည်နည်း၊ မတွေ့နိုင်သည်သာလျှင်တည်း။)

နိမ္မိတရုပ်ပွါးတော်ကို ဖန်ဆင်းတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်နှင့်တူသူ အခြားတပါးသော ဘုရားတဆူဆူကိုမျှ (မရှိသည့်အတွက်)တွေ့မြင်တော်မမူ၍ “အကယ်၍ ငါဘုရားကိုယ်တိုင်ပင် မေးပြီး ငါဘုရားကိုယ်တိုင်ပင် ဖြေခဲ့သော် ဤနတ်ဗြဟ္မာအပေါင်းသည် ထိုးထွင်းသိမြင်နိုင်ကြမည် မဟုတ်ချေ၊ စင်စစ်သော်ကား အခြားဘုရားတဆူက မေး၍ ငါဘုရားက ဖြေကြားမှသာလျှင် အံ့ဩဖွယ်လည်း ဖြစ်ချိမ့်မည်၊ နတ်ဗြဟ္မာအပေါင်းတို့လည်း ထိုးထွင်း သိမြင်နိုင်ကြပေလိမ့်မည်။ သို့ရကား ငါဘုရားသည် နိမ္မိတရုပ်ပွါး ဘုရားတဆူကို ဖန်ဆင်းပေအံ့”ဟု ကြံစည် ဆုံးဖြတ်တော်မူပြီးလျှင် အဘိညာဏ်၏ အခြေပါဒဖြစ်သော ရူပါဝစရ(ကြိယာ) စတုတ္ထဈာန်ကို ၀င်စားတော်မူ၍ ထိုဈာန်မှ ထပြီးသော် “သပိတ်သင်္ကန်းကို ကိုင်ယူပုံ, တူရူကြည့်ပုံ, စောင်းငဲ့၍ကြည့်ပုံ, ကွေးပုံ, ဆန့်ပုံ အလုံးစုံပင် ငါဘုရားနှင့် တသားတည်းတူညီသော နိမ္မိတရုပ်ပွါး အခြားဘုရားတဆူ ဖြစ်စေသတည်း”ဟု မဟာကြိယာ ဉာဏသမ္ပယုတ် အဓိဋ္ဌာန်



၄၀၂

ဇောဝီထိစိတ်တို့ဖြင့် ပရိကံပြုပြီးလျှင် အရှေ့ ယုဂန္ဓိုရ်တောင်ထိပ်အပြင်မှ ထွန်းတက် ဥဒည်ဆဲဖြစ်သော လပြည့်ဝန်းကို ဖောက်ခွဲလျက် ထွက်ပေါ်လာသကဲ့သို့ ရူပါဝစရ(ကြိယာ) စတုတ္ထဈာန် အဘိညာဏ်ဈာန်စိတ်တော်ဖြင့် နိမ္မိတရုပ်ပွါး အခြားဘုရားတဆူကို ဖန်ဆင်းတော်မူလေ၏။

နတ်ဗြဟ္မာတို့ အထူးထူး အကြံဖြစ်ကြခြင်း

     နတ်ဗြဟ္မာအပေါင်းသည် ထိုနိမ္မိတရုပ်ပွါး ဘုရားကို မြင်ကြရလေလျှင် “အိုအချင်းတို့.. ပဌမလမှတပါး အခြားလဝန်းကြီးတခု ထွက်ပေါ်ခဲ့ပြန်ပြီတကား”ဟူ၍ ပြောဆိုကြလေသည်။ ထို့နောင်မှ နိမ္မိတရုပ်ပွါး ဘုရားကိုယ်တော်မြတ်သည် လဗိမာန်ကို စွန့်ထားခဲ့၍ တဖြည်းဖြည်း နီးကပ်လာလေသော် “အချင်းတို့.. လဗိမာန်မဟုတ်၊ နေဝန်းကြီး တက်ထွန်းလာလေပြီ”ဟု ပြောဆိုကြပြန်သည်။ တဖန် ရှေးကထက် နီးလာပြန်သော် “အချင်းတို့.. နေဝန်းကြီးမဟုတ်၊ နတ်ဗိမာန်ကြီးတခု ဖြစ်သည်”ဟု ပြောဆိုကြပြန်၏။ တဖန် နီးသည်ထက် နီးလာပြန်လျှင် “အချင်းတို့.. နတ်ဗိမာန်ကြီးလည်း မဟုတ်ချေ၊ နတ်သားတယောက် ဖြစ်သည်”ဟု ပြောဆိုကြပြန်၏။ တဖန် ရှေးကထက် နီးလာပြန်လျှင် “အချင်းတို့.. နတ်သားတယောက်မဟုတ်၊ မဟာဗြဟ္မာကြီးတဦး ဖြစ်သည်”ဟု ပြောဆိုကြပြန်၏။ တဖန် ရှေးကထက် နီးသည်ထက် နီးကပ်လာလေလျှင် “အိုအချင်းတို့.. မဟာဗြဟ္မာကြီးလည်း မဟုတ်၊ အခြားတပါးသော ဘုရားတဆူ ကြွလာတော်မူပြီ”ဟု ပြောဆိုကြကုန်၏။

     ထိုနတ်ဗြဟ္မာတို့အနက် ပုထုဇန် နတ်ဗြဟ္မာတို့သည် “အချင်းတို့.. ဘုရားတဆူအတွက် ဤမျှများပြားသော စကြဝဠာတိုက်အပြည့် နတ်ဗြဟ္မာတို့၏ အစည်းအဝေး ဖြစ်၍နေလျှင် နှစ်ဆူသော ဘုရားရှင်တို့အတွက်ကား အဘယ်မျှ များပြားလိမ့်မည်ကို မခန့်မှန်းနိုင်အောင်ပင် ရှိချေတော့၏”ဟူ၍ ကြံစည် စဉ်းစားကြကုန်၏။ အရိယာဖြစ်ကြသော နတ်ဗြဟ္မာတို့ကား “လောကဓာတ်တခု၌ ဘုရားနှစ်ဆူ ပွင့်မြဲမဟုတ်ချေ၊ ဧကန်ပင် မြတ်စွာဘုရားရှင်သည်



၄၀၃

ကိုယ်တော်မြတ်နှင့်တူသော အခြား နိမ္မိတဘုရားတဆူကို ဖန်ဆင်းတော်မူအပ်လေပြီ”ဟူ၍ ကြံစည်ကြလေ၏။

     ထို့နောက်မှ နိမ္မိတဘုရားရှင်သည် ထိုနတ်ဗြဟ္မာအပေါင်းတို့ ကြည့်ရှုနေကြစဉ်ပင် မြတ်စွာဘုရားကိုယ်တော်မြတ်၏ အနီးသို့ ကြွရောက်တော်မူလာလတ်၍ မြတ်စွာဘုရားကို ရှိမခိုးပဲ မျက်နှာတူရူမူရာ (မျက်နှာချင်းဆိုင်)အရပ်၌ အညီအမျှ ဖန်ဆင်းအပ်သော နေရာတော်ဝယ် ထိုင်နေတော်မူလေ၏။

  မြတ်စွာဘုရားရှင်၏ ကိုယ်တော်၌လည်း မဟာပုရိသလက္ခဏာတော်ကြီး ၃၂-ပါးတို့ ထင်ရှားရှိကုန်၏၊ နိမ္မိတဘုရားရှင်၏ ကိုယ်တော်၌လည်း မဟာပုရိသ လက္ခဏာတော်ကြီး ၃၂-ပါးတို့ ထင်ရှားရှိကုန်၏။ မြတ်စွာဘုရားရှင်၏ ကိုယ်တော်မှလည်း ရောင်ခြည်တော်ခြောက်ပါးတို့ ထွက်ပေါ်ကွန့်မြူးလျက် ရှိကုန်၏။ နိမ္မိတဘုရားရှင်၏ ကိုယ်တော်မှလည်း ရောင်ခြည်တော်ခြောက်ပါးတို့ ထွက်ပေါ်ကွန့်မြူးလျက် ရှိကုန်၏။ မြတ်စွာဘုရားရှင်၏ ကိုယ်တော်ရောင်တို့သည် နိမ္မိတဘုရားရှင်၏ ကိုယ်တော်၌ ခိုက်လျက် တည်ကုန်၏၊ နိမ္မိတဘုရားရှင်၏ ကိုယ်တော်ရောင်တို့သည်လည်း မြတ်စွာဘုရား၏ ကိုယ်တော်၌ ခိုက်လျက် တည်ကုန်၏။ ထိုရောင်ခြည်တော် ခြောက်သွယ်တို့သည် ပကတိဓာတ်သား မြတ်စွာဘုရား, နိမ္မိတရုပ်ပွါး မြတ်စွာဘုရား = ဤနှစ်ဆူသော ဘုရားရှင်တို့၏ ကိုယ်တော်တို့မှ ကွန့်မြူးထွက်ကြွကြ၍ အကနိဋ္ဌဗြဟ္မာ့ဘုံသို့ ခိုက်ပြီးလျှင် ထိုမှတဖန် ပြန်နစ်ခဲ့၍ နတ်ဗြဟ္မာတို့၏ ဦးခေါင်းစွန်း၌ သက်ဆင်းကြပြီးလျှင် စကြဝဠာတိုက် အနားရေး၌ တည်ကြလေကုန်၏၊ သို့ရကား စကြဝဠာတိုက်ကြီး တခုလုံးသည် ရွှေစင်အတိပြီးသော ကွေးညွှတ်သည့် အချင်ယနယ်တို့ဖြင့် မြှေးယှက်အပ်သော စေတီအိမ်ကဲ့သို့ တင့်တယ်လျက်ရှိပေ၏။

     စကြဝဠာပေါင်း တိုက်တသောင်း၌ နေထိုင်ကြသော နတ်ဗြဟ္မာတို့သည် ဤစကြဝဠာ တတိုက်ထည်း၌ စုဝေးကြကုန်လျက်



၄၀၄

နှစ်ဆူသော ဘုရားရှင်တို့၏ ရောင်ခြည်တော် တိုက်ခန်းအတွင်းသို့ ဝင်ရောက်တည်နေ ကြရလေကုန်၏။

     နိမ္မိတဘုရားရှင်သည် ထိုင်လျက်ပင်လျှင် မြတ်စွာဘုရားရှင်၏ ဗောဓိပလ္လင်ဝယ် ကိလေသာ ပယ်တော်မူခဲ့ပုံကို ချီးကျူးထောမနာလျက်-

ပုစ္ဆာမိ မုနိံ ပဟူတပညံ၊

တိဏ္ဏံ ပါရင်္ဂတံ ပရိနိဗ္ဗုတံ ဌိတတ္တံ-

အစရှိသော ဂါထာကို ရွတ်ဆို၍ ပြဿနာ မေးလျှောက်လေသည်။

     ပကတိဓာတ်သား မြတ်စွာဘုရားရှင်သည် “နိမ္မိတရုပ်ပွါး ဘုရားရှင် မေးအပ်သည့် ပြဿနာတို့ကို မဖြေကြားမီ (=သမ္မာပရိဗ္ဗာဇနီယသုတ္တန် စသည်တို့ကို မဟောကြားမီ) ရှေးဦးစွာ နတ်ဗြဟ္မာတို့၏ စိတ်နှလုံး ခံ့ကျန်းနူးညံ့ခြင်းစသည် ဖြစ်ရှိရန်အတွက် စည်းဝေးရောက်လာတိုင်းသော နတ်ဗြဟ္မာတို့၏ အမည် အမျိုးအနွယ်တို့ကို မျက်နှာကြီးငယ်မရွေး ဟောကြားပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် “အာစိက္ခိဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ” အစရှိသော ထိုမဟာသမယသုတ္တန်ကို ဟောကြားတော်မူ၏။

(ဤမဟာသမယသုတ် ပါဠိအနက်အကျယ်ကို ထိုထိုပညာရှင်တို့ သုတ်မဟာဝါပါဠိတော်မှ ထုတ်နုတ်ရေးသားအပ်ပြီး ဖြစ်သဖြင့် ဤကျမ်း၌ မထုတ်ဆောင်တော့ပြီ၊ အလိုရှိမူ ထိုထို မဟာသမယသုတ် ပါဌ်နိဿယများမှ ထုတ်ဆောင် မှတ်သားရာ၏။ ။အထူးအားဖြင့် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် တိုက်အုပ်ဆရာတော် အရှင်နန္ဒိယမထေရ် ရေးသားစီရင်အပ်သော “မဟာသမယသုတ်များ ပါဠိတော် နိဿယနှင့် အဓိပ္ပါယ်ဖွင့်ကျမ်း”၌ မဟာသမယသုတ်နှင့်တကွ ထိုသုတ်၏နောက်ပိုင်း၌ စရိုက်ခြောက်ပါးအားလျော်စွာ ဟောကြားတော်မူအပ်သော သမ္မာပရိဗ္ဗာဇနီယသုတ် အစရှိသော (၆) ခြောက်သုတ်တို့၏ ပါဠိ နိဿယ အဓိပ္ပါယ်တို့ကို အကျယ်တဝင့် ဖွင့်ပြ ရေးသားပြီးဖြစ်၍ ထိုကျမ်းမှ ထုတ်ဆောင် မှတ်သားကုန်ရာ၏)။



၄၀၅

များစွာသော နတ်ဗြဟ္မာတို့ ကျွတ်ကြခြင်း

     မဟာသမယသုတ် ဒေသနာနိဂုံး ပြီးဆုံးလတ်သောအခါ နတ်ဗြဟ္မာပေါင်း ကုဋေတသိန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏၊ သောတာပန်အရိယာ စသည်တို့၏ အရေအတွက်ကား ပိုင်းခြား၍ မရနိုင်အောင် များလှပေ၏။ (ဤကား သုတ်မဟာဝါ အဋ္ဌကထာ၊ စာမျက်နှာ ၂၈၇၊ ၂၈၈-၌ ဖွင့်ပြချက်တည်း)။

ဆရာတော်ဦးဗုဓ်၏ ရှင်းလင်းချက်

     ဤမဟာသမယသုတ် တသုတ်လုံးကိုခြုံ၍ ကြည့်ရှုဆင်ခြင်လျှင် နတ်ဗြဟ္မာတို့၏ အမည် အမျိုး အနွယ်ဟူသော နာမပညတ်ကိုသာ အဓိကအားဖြင့် ဟောကြားထားသည်ကို တွေ့ရှိနိုင်၏။ ထို့ကြောင့်-

“ပရမတ္ထတရားသားကို ဟောကြားချက် မရှိပါပဲလျက် နတ်ဗြဟ္မာများ၏ မျိုးမည်ထွေပြား ဟောကြားကာမျှဖြင့် ထိုနတ်ဗြဟ္မာတို့၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်မှု (=သောတာပန် အစရှိသော အရိယာဖြစ်မှု) အဘယ်သို့ ဖြစ်နိုင်မည်နည်း”-

ဟူ၍ မေးမြန်းဖွယ် စောဒကတက်ဖွယ်ရှိ၏။ အဖြေကား.. (၁) ထိုနတ်ဗြဟ္မာတို့၏ (မဟာသမယသုတ်ကို ကြားနာရသဖြင့်) ခံ့သောစိတ်, နူးညံ့သောစိတ်, နီဝရဏကင်းသောစိတ်, တက်ကြွသောစိတ်, ကြည်လင်သောစိတ် ရှိကြသည်ကို သိတော်မူ၍ မြတ်စွာဘုရားသည် သာမုက္ကံသိက ဓမ္မဒေသနာ သစ္စာလေးပါးတရားကို ဟောတော်မူသည်။ ထိုစတုသစ္စ ဓမ္မဒေသနာကို ကြားနာရသောကြောင့် နတ်ဗြဟ္မာတို့ အရိယာဖြစ်ကြသည်။ (၂) တနည်း ထိုနတ်ဗြဟ္မာတို့၏ သန္တာန်၌ မဟာသမယသုတ်ကို ကြားနာရသဖြင့် ပီတိ, ပဿဒ္ဓိ, သုခ, သမာဓိ, ယထာဘူတဉာဏ်, နိဗ္ဗိဒါဉာဏ်, ဝိရာဂဉာဏ်, ဝိမုစ္စနဉာဏ် = မဂ်ဉာဏ်, ဝိမုတ္တဉာဏ် = ဖိုလ်ဉာဏ်, ဝိမုတ္တိဉာဏဒဿနခေါ်သော ပစ္စဝေက္ခဏာဉာဏ်



၄၀၆

ဤတရားအစဉ်များ အကြောင်းအကျိုးဆက်ကာ ဖြစ်သောကြောင့် ထိုနတ်ဗြဟ္မာတို့ အရိယာဖြစ်ကြသည်။

     ထို့ကြောင့် ဆရာတော်ဦးဗုဓ်သည် မိမိရေးသားသော မဟာသမယသုတ် နိဿယအမွှန်း၌-

နာမက္ခာနေမှ ယဇ္ဇေဝံ၊

ဓမ္မာဘိသမော ကထံ။

ကလ္လာဒိံ သစ္စဒီပေန၊

နေသံ ပီတာဒိတောပိ ဝါ-

ဟူ၍ ရေးသားတော်မူအပ်လေသည်။ ထိုသို့ ရေးသားရှင်းလင်း ဖော်ပြရခြင်းအတွက် မှီရာသာဓကကိုလည်း-

“ကလ္လစိတ္တံ မုဒုစိတ္တံ ဝိနီဝရဏစိတ္တံ ဥဒဂ္ဂစိတ္တံ ပသန္နစိတ္တံ၊ အထ ယာ ဗုဒ္ဓါနံ သာမုက္ကံသိကာ ဓမ္မဒေသနာ၊ တံ ပကာသေသိ ဒုက္ခံ သမုဒယံ နိရောဓံ မဂ္ဂံ-ဟူသော ပါဠိတော်နည်းကို မှီ၍ (ဒေဝတာနံ စိတ္တကလ္လတာဇနနတ္ထံ)ဟူသော အဋ္ဌကထာ၌ စိတ္တကလ္လ၏ ဥပလက္ခဏဖြစ်ရကား ကလ္လာဒိံ သစ္စဒီပေန ဟူသည်တည်း”-

ဟူ၍ မှာထား ပြဆိုခဲ့လေသည်။

မဟာသမယသုတ်ကို နတ်တို့ ကြည်ညိုလေးမြတ်ကြခြင်း

     ဤမဟာသမယသုတ်ကို နတ်တို့သည် ကြည်ညိုလေးမြတ်ကြကုန်၏၊ ထို့ကြောင့် လောကီ လောကုတ္တရာ ချမ်းသာပွါးကြောင်း ကောင်းမြတ်သော မင်္ဂလာနှင့်စပ်သော တရားစကားကို ဟောကြားရွတ်ဆိုသော ပုဂ္ဂိုလ်သူမြတ်သည် အိမ်သစ်, ကျောင်းသစ်, ရွာသစ်- အစရှိသော နေရာဌာနတို့၌ ဤမဟာသမယသုတ်ကို အဦးအဓိကထား၍ ရွတ်ဆိုသင့်၏။ (အဋ္ဌကထာ)

(ဤ၌။ ။နတ်များ (မဟာသမယသုတ်ကို) ကြည်ညိုလေးမြတ်ကြခြင်း၏ အကြောင်းကို စဉ်းစားဆင်ခြင်သည်ရှိသော်..



၄၀၇

ဤမဟာသမယ အစည်းအဝေး၌ မြတ်စွာဘုရားရှင်သည် သဘာပတိ (အစည်းအဝေး၏ အကြီးအမှူး) ဖြစ်တော်မူ၏၊ ဤအစည်းအဝေး၌ တန်ခိုးအာနုဘော် သေးသိမ်လှသည့် ဘုမ္မစိုးနတ်တို့မှအစ တန်ခိုးအာနုဘော် အကြီးမားဆုံးဖြစ်သည့် ဟာရိတဗြဟ္မာတိုင်အောင် နတ်ဗြဟ္မာတို့ ပါရှိကြလေသည်။ ဤမဟာသမယသုတ်သည် သဘာပတိ ဖြစ်တော်မူသော မြတ်စွာဘုရားရှင်၏ အစည်းအဝေး စတင်ဖွင့်လှစ်သည့် နှုတ်ဆက် မိန့်ခွန်းတော်သဖွယ် ဖြစ်၏။

ဂုဏ်ကြီးသူ, ဂုဏ်အလယ်အလတ်ရှိသူ, ဂုဏ်သိရ်သေးငယ်သူ လူသုံးမျိုးပါဝင်သော အစည်းအဝေး၌ သဘာပတိဖြစ်သော ပုဂ္ဂိုလ်သည် လူသုံးမျိုးလုံး နှစ်သိမ့်ကျေနပ် အားရစေရန် အစည်းအဝေးဖွင့် နှုတ်ဆက်မိန့်ခွန်းစကား ပြောကြားလျှင် မျက်နှာဂုဏ်သိရ် သေးငယ်သူ လူအစုမှစ၍ အစဉ်သဖြင့် ပြောကြားမှသာ လူသုံးမျိုးလုံး နှစ်သိမ့်အားရ ကျေနပ်ကြပေမည်၊ မျက်နှာဂုဏ်သိရ် ကြီးမားသူမှစ၍ “ဤအမည်ရှိသော လူကြီးလူကောင်းတို့သည်လည်း ဤအစည်းအဝေးသို့ လာရောက်ကြပါသည်” အစရှိသည်ဖြင့် နှုတ်ဆက်မိန့်ခွန်းစကား ပြောကြားမိချေလျှင် ဂုဏ်သိရ် သေးငယ်သူတို့အဖို့ စောစီးကပင် စိတ်အားလျော့ခြင်း မနှစ်သိမ့်ခြင်း ဖြစ်နိုင်လေသည်။

ထို့အတူ တန်ခိုးကြီးသူ, တန်ခိုးအလယ်အလတ်ရှိသူ, တန်ခိုးသေးငယ်သူ နတ်ဗြဟ္မာသုံးမျိုးတို့ စည်းဝေးမိသော ဤမဟာသမယ အစည်းအဝေး၌ အစည်းအဝေး၏ သဘာပတိ ဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် နှုတ်ဆက် မိန့်ခွန်းစကားသဖွယ်ဖြစ်သော ဤမဟာသမယသုတ်ကို တန်ခိုးအကြီးအမားဆုံးဖြစ်သည့် ဟာရိတဗြဟ္မာမှစ၍ “ဤမဟာသမယ အစည်းအဝေးသို့ ဟာရိတဗြဟ္မာကြီးသည်လည်း ဗြဟ္မာ အပေါင်းခြံရံကာ လာရောက်လေပြီ” အစရှိသည်ဖြင့် တန်ခိုးဂုဏ်သိရ် မျက်နှာကြီးသည့် ဗြဟ္မာများ နတ်များကိုသာ အစအဦးထား၍ ဟောကြားတော်မူခဲ့သော် တန်ခိုးဂုဏ်သိရ် သေးငယ်ကြသည့် ဘုမ္မစိုးနတ်တို့ အဖို့ရာ စောစီးကပင် စိတ်အားလျော့ခြင်း မနှစ်သက်ခြင်း ဖြစ်လေရာ၏။

ယခုမူ ထိုသို့မဟုတ်ပဲ တန်ခိုးဂုဏ်သိရ် သေးငယ်ကြသည့် ဘုမ္မစိုးနတ်တို့ကစ၍ နှုတ်ဆက် မိန့်ခွန်းတော်စကား ဟောကြားတော်မူသောကြောင့် နတ်ဗြဟ္မာသုံးမျိုးလုံးကို နှစ်သိမ့်ကျေနပ် အားရမှုကို ရရှိကြလေသည်။ ဤမဟာသမယသုတ် ဒေသနာဖြင့် မြတ်စွာဘုရားရှင်သည်



၄၀၈

ထိုထိုအစည်းအဝေး သဘာပတိပြုလုပ်ရမည့် သူတို့အား “နှုတ်ဆက်မိန့်ခွန်းစကား ပြောကြားသောအခါ မျက်နှာဂုဏ်သိရ် သေးငယ်သူတို့မှစ၍ အစဉ်သဖြင့် အထက်သို့ တက်ကာ တက်ကာ မျက်နှာဂုဏ်သိရ် ကြီးသူတို့ကို နောက်ဆုံး၌ထား၍ ပြောကြားမှသာ အစည်းအဝေးပါ လူအားလုံးတို့ နှစ်သိမ့်အားရ ကျေနပ်မှုကို ရရှိကြပေမည်”ဟူသော ဥပဒေသကိုလည်း ပေးတော်မူ၏ဟု မှတ်ယူသင့်သည်။

ဆိုအပ်ပြီးသော စဉ်းစားဆင်ခြင် ဝေဘန်ချက်အရ ဤမဟာသမယသုတ်ကို တန်ခိုးကြီးကြသည့် မဟေသက္ခ နတ်ဗြဟ္မာတို့ကလည်း မိမိတို့အဖို့ရာ ပဓာနဖြစ်သည့် နောက်ပိုင်း၌ ပါရှိကြသဖြင့် နှစ်သိမ့်အားရ ကျေနပ်ကြ ကြည်ညိုလေးမြတ်ကြလေသည်။ တန်ခိုးသေးငယ်သည့် အပ္ပေသက္ခ နတ်တို့ကလည်း မိမိတို့အဖို့ရာ ပွဲဦး အထုတ်ခံရသဖြင့် နှစ်သိမ့်အားရ ကျေနပ်ကြ ကြည်ညိုလေးမြတ်ကြလေသည်။)

     ဆိုအပ်ပြီးသော အကြောင်းအရာများအရ နတ်တို့သည် ဤမဟာသမယသုတ်ကို ကြားနာကြကုန်အံ့ဟူ၍ နားစိုက်ထောင်ကြကာ အရပ်လေးမျက်နှာ လှည့်လည်ကျက်စား သွားလာနေထိုင်လျက် ရှိကြလေသည်။ ဤမဟာသမယသုတ်ကို နတ်တို့ ကြည်ညိုလေးမြတ်ကြခြင်း၌ ဤဆိုလတ္တံ့သည်ကား သက်သေဝတ္ထုဖြစ်သည်-

“ကောဋိပဗ္ဗတ”မည်သော တောင်စွန်း ကျောင်းတိုက်ကြီး၌ “နာဂလေဏ”ခေါ်သော ကံ့ကော်ပင်လိုဏ်ဂူတခု ရှိလေသည်။ ထိုလိုဏ်ဂူတံခါးဝအနီး ပေါက်ရောက်သော ကံ့ကော်ပင်ကြီး၌ နတ်သမီးတယောက်သည် နေထိုင်လျက် ရှိလေသည်။ တနေ့သ၌ ရဟန်းငယ်တပါးသည် ထိုလိုဏ်ဂူအတွင်း၌ နေထိုင်လျက် ဤမဟာသမယသုတ်ကို ရွတ်အံ သရဇ္ဈာယ်လေ၏။ နတ်သမီးသည် ရိုသေစွာ နာကြား၍ သုတ္တန်ပြီးဆုံးသောအခါ၌ ကျယ်စွာသောအသံဖြင့် ကောင်းချီးပေး (သာဓုခေါ်)လေသည်။ ထိုအခါ ဤဆိုလတ္တံ့သောအတိုင်း ရဟန်းငယ်နှင့် နတ်သမီးတို့သည် အပြန်အလှန် မေးကြ ဖြေကြလေ၏။



၄၀၉

(မေး) ယခု သာဓုခေါ်သူကား အဘယ်သူနည်း။

(ဖြေ) အရှင်ဘုရား.. တပည့်တော်မသည် နတ်သမီးဖြစ်ပါသည်ဘုရား။

(မေး) အဘယ့်ကြောင့် သာဓုခေါ်သနည်း။

(ဖြေ) အရှင်ဘုရား.. မြတ်စွာဘုရားသည် မဟာဝုန်တော၌ ထိုင်နေတော်မူကာ မဟာသမယသုတ်ကို ဟောကြားတော်မူသောနေ့၌ တကြိမ်ကြားနာခဲ့ပြီးနောက် ယနေ့မှတဖန် ကြားနာရပြန်ပါသည်။ အရှင်ဘုရားများသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်မှ အက္ခရာတလုံးမျှကိုသော်လည်း မယုတ်လျော့ မယိုယွင်းစေပဲ ဤတရားကို ကောင်းစွာ သင်ကြားအပ်ပါပေသည်။ (ထိုကြောင့် သာဓုခေါ်ပါသည်ဘုရား)။

(မေး) မြတ်စွာဘုရားရှင် ဟောကြားတော်မူစဉ်က သင်နတ်သမီးကိုယ်တိုင် ကြားနာခဲ့ရပါသလော။

(ဖြေ) ကိုယ်တိုင် ကြားနာခဲ့ရပါသည်ဘုရား။

(မေး) မဟာသမယသုတ်ကို မြတ်စွာဘုရား ဟောကြားတော်မူသောအခါက ကြီးစွာသော နတ်ဗြဟ္မာ အစည်းအဝေးကြီး ဖြစ်သည်တဲ့၊ သင်နတ်သမီးသည် အဘယ်အရပ်၌ တည်လျက် ကြားနာခဲ့ရသနည်း။

(ဖြေ) အရှင်ဘုရား.. တပည့်တော်မသည် ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီး၌နေသော နတ်သမီးဖြစ်ပါသည်။ သို့သော်လည်း တန်ခိုးကြီးသော နတ်ဗြဟ္မာတို့ လာရောက်ကြသောအခါ ဇမ္ဗူဒိပ်၌ နေရာကို မရနိုင်ပဲ ဤသီဟိုဠ်ကျွန်းသို့ လာခဲ့၍ ဇမ္ဗုကောလဆိပ်ကမ်း၌ ရပ်တည်လျက် တရားနာရန် အားထုတ်နေစဉ် ထိုဇမ္ဗုကောလ ဆိပ်ကမ်း၌လည်း တန်ခိုးကြီးသောနတ်တို့ လာရောက်ကြပြန်သော် အစဉ်သဖြင့် နောက်သို့ဆုတ်ကာ နေရာပေးခဲ့ရ၍ ရောဟဏဇနပုဒ် မဟာဂါမ၏ နောက်ဖက်မှာရှိသည့်



၄၁၀

သမုဒြာအတွင်း လည်ပင်းပမာဏရှိသော ရေသို့ သက်ဆင်းကာ ထိုအရပ်၌တည်လျက် နာခဲ့ရပါသည်ဘုရား။

(မေး) အိုနတ်သမီး.. သင်နတ်သမီး ရပ်တည်သော နေရာမှ အလွန်ဝေးကွာသော (မဟာဝုန်တော)အရပ်၌ နေတော်မူသော မြတ်စွာဘုရားကို သင်မြင်ရပါ၏လော။

(ဖြေ) အရှင်ဘုရား.. အဘယ်သို့ ပြောဆိုလိုက်သနည်း (=အို မြင်ရတာပ အရှင်ဘုရား.. ဘယ့်နှယ် အမိန့်ရှိလိုက်သည်နည်း) မြတ်စွာဘုရားသည် မဟာဝုန်တော၌ တရားဟောတော်မူစဉ် တပည့်တော်မကို အမြဲမပြတ် ကြည့်တော်မူသည်ဟုပင် ထင်ရပါသည်၊ တပည့်တော်မမှာ ကြောက်လည်း ကြောက်, ရှက်လည်း ရှက်နိုးကာ လှိုင်းတံပိုးတို့အကြား၌ ပုန်း၍နေရလုမတတ် ရှိပါသည်ဘုရား။

(မေး) အို နတ်သမီး.. ထို (မဟာသမယသုတ်ကို ဟောကြားတော်မူသော)နေ့၌ ကုဋေတသိန်းသော နတ်ဗြဟ္မာတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်သည်တဲ့။ သင်နတ်သမီးတို့သည်လည်း ထိုအခါက အရဟတ္တဖိုလ်သို့ ရောက်ခဲ့ကြပါသလော။

(ဖြေ) အရဟတ္တဖိုလ်သို့ ရောက်ခဲ့သည် မဟုတ်ပါဘုရား။

(မေး) သို့ဖြစ်လျှင် အနာဂါမိဖိုလ်သို့ ရောက်ခဲ့ကြသည်ထင်တယ်။

(ဖြေ) ရောက်ခဲ့သည် မဟုတ်ပါဘုရား။

(မေး) သို့ဖြစ်လျှင် သကဒါဂါမိဖိုလ်သို့ ရောက်ခဲ့ကြသည်ထင်တယ်။

(ဖြေ) ရောက်ခဲ့သည် မဟုတ်ပါဘုရား။

၄၁၁

(မေး) အို နတ်သမီး.. (မဟာသမယသုတ်ကို နာကြားရသည့်အတွက်) အောက်မဂ်သုံးပါးသို့ ရောက်ကြသော နတ်ဗြဟ္မာတို့ကား အရေအတွက်သင်္ချာကို လွန်မြောက်ကုန်၏ (=မရေတွက်နိုင်ဘူး)တဲ့၊ သင်နတ်သမီးတို့သည် သောတာပန် ဖြစ်ခဲ့ကြသည်ထင်တယ်။

(ဖြေ) (နတ်သမီးသည် ထိုနေ့က သောတာပတ္တိဖိုလ်သို့ ရောက်ခဲ့သူဖြစ်သောကြောင့် ရှက်နိုးကာ) အရှင်ဘုရားသည် မမေးသင့်သည်ကို မေးတော်မူဘိ၏-ဟု (မတင်မကျ ပြန်ကြား လျှောက်ထားလေသည်)။

ထို့နောင်မှ ရဟန်းငယ်က နတ်သမီးကို “အို နတ်သမီး.. သင်၏ကိုယ်ကို ငါတို့အား ပြနိုင်ပါမည်လော”ဟု ဆိုလေသော် နတ်သမီးသည် “အရှင်ဘုရား.. တကိုယ်လုံးကိုကား မပြနိုင်ပါ၊ လက်ချောင်း တဆစ်မျှကိုကား ပြပါမည်”ဟု ပြောဆိုကာ သံကောက်ပေါက် (သော့ပေါက်)ဖြင့် မိမိ၏လက်ချောင်းကို လိုဏ်အတွင်းသို့ ရှေးရှုသည်ကို ပြုလေ၏။ ထိုအခါ လအထောင် နေအထောင် ထွက်သောအခါကဲ့သို့ လိုဏ်တခုလုံး လင်း၍နေလေ၏။ (ဤ၌ နတ်သမီးသည် တကိုယ်လုံးကို ပြနိုင်စွမ်းရှိသော်လည်း တကိုယ်လုံးကို ပြလိုက်က ရဟန်းငယ်အား သာသနအန္တရာယ် ဖြစ်ဖွယ်ရှိသဖြင့် ထိုအန္တရာယ်ကို ကာကွယ် ပယ်ရှားလိုသောကြောင့် “အရှင်ဘုရား.. တကိုယ်လုံးကိုကား မပြနိုင်ပါ”ဟူ၍ လိမ္မာစွာ လျှောက်ထားခြင်းဖြစ်သည်)။

ထို့နောင်မှ နတ်သမီးသည် “အရှင်ဘုရားတို့.. ရဟန်းတရားကို မမေ့မလျော့ အားထုတ်တော်မူရစ်ကြပါဘုရား”ဟု လျှောက်ထားပြီးလျှင် ရဟန်းငယ်ကို ရှိခိုး၍ ဖဲခွါ ကွယ်ပျောက်သွားလေ၏။

     ဤသို့လျှင် ဤမဟာသမယသုတ်ကို နတ်ဗြဟ္မာတို့သည် လွန်စွာ ကြည်ညိုလေးမြတ်ကြကုန်၏။



၄၁၂

စရိုက်အားလျော်စွာ တရားကို ဟောကြားတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် မဟာသမယသုတ်ကို ဟောကြားတော်မူပြီးနောက် ထိုအစည်းအဝေးမှာပင်-

     (၁) ရာဂစရိုက် ပြောများသော နတ်ဗြဟ္မာတို့အတွက် သမ္မာပရိဗ္ဗာဇနီယသုတ်ကို (နိမ္မိတရုပ်ပွါး ဘုရားရှင်ကမေး၍ ပကတိဓာတ်သား မြတ်စွာဘုရားက ဖြေကြားလျက်) ဟောကြားတော်မူသည်။ ထိုသမ္မာပရိဗ္ဗာဇနီယသုတ္တန် ဒေသနာအဆုံး၌ ကုဋေတသိန်းသော နတ်ဗြဟ္မာတို့ အရဟတ္တဖိုလ်သို့ ရောက်ကြသည်။ သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်တို့သို့ ရောက်ကြသော နတ်ဗြဟ္မာတို့ကား မရေမတွက် နိုင်၊ များလှစွာကုန်၏။

     (၂) ဒေါသစရိုက် ပြောများသော နတ်ဗြဟ္မာတို့အတွက် ကလဟဝိဝါဒသုတ်ကို ရှေးနည်းအတူ ဟောကြားတော်မူ၍ ရှေးနည်းအတူပင် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။

     (၃) မောဟစရိုက် ပြောများသော နတ်ဗြဟ္မာတို့အတွက် မဟာဗျူဟသုတ်ကို ရှေးနည်းအတူ ဟောကြားတော်မူ၍ ရှေးနည်းအတူပင် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။

     (၄) ဝိတက်စရိုက် ပြောများသော နတ်ဗြဟ္မာတို့အတွက် စူဠဗျူဟသုတ်ကို ရှေးနည်းအတူ ဟောကြားတော်မူ၍ ရှေးနည်းအတူပင် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။

     (၅) သဒ္ဓါစရိုက် ပြောများသော နတ်ဗြဟ္မာတို့အတွက် တုဝဋ္ဋကပဋိပဒါကို ရှေးနည်းအတူ ဟောကြားတော်မူ၍ ရှေးနည်းအတူပင် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။

     (၆) ဗုဒ္ဓိစရိုက် (=ပညာစရိုက်) ပြောများသော နတ်ဗြဟ္မာတို့အတွက် ပုရာဘေဒသုတ်ကို ရှေးနည်းအတူ ဟောကြားတော်မူ၍ ရှေးနည်းအတူပင် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။



၄၁၃

(ဤသုတ္တန်ခြောက်မျိုး၏ အနက်အဓိပ္ပါယ် အကျယ်ကို ပိဋကတ်တော် မြန်မာပြန် သုတ္တနိပါတ် ပါဠိတော်မှဖြစ်စေ (အထူးအားဖြင့်) ပခုက္ကူဆရာတော် အရှင်နန္ဒိယမထေရ်မြတ် ရေးသားစီရင်တော်မူအပ်သော “မဟာသမယသုတ် ပါဠိတော် နိဿယနှင့် အဓိပ္ပါယ်ဖွင့်ကျမ်း”မှဖြစ်စေ ထုတ်နုတ်မှတ်ယူရာ၏)။

ဤတွင် အခဏ်း ၂၂-ပြီး၏။