မဟာဗုဒ္ဓဝင်
by မင်းကွန်းဆရာတော်
အခန်း- ၂၃
2608မဟာဗုဒ္ဓဝင် — အခန်း- ၂၃မင်းကွန်းဆရာတော်

၄၁၄

အခဏ်း-၂၃

ဝေသာလီပြည်၌ ပဉ္စမဝါ ကပ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည် သာကီဝင်မင်းသား ရဟန္တာငါးရာတို့၏ မဟာသမယ အစည်းအဝေး၌ ရှေးဆိုအပ်ပြီးသောအတိုင်း မဟာသမယသုတ္တန်, သမ္မာပရိဗ္ဗာဇနီယသုတ္တန် စသည်တို့ကို ဟောကြားတော်မူလျက် ကုဋေခုနစ်သိန်းသော နတ်ဗြဟ္မာတို့ကို အရဟတ္တဖိုလ်၌ တည်စေခြင်း, မရေမတွက်နိုင်သော နတ်ဗြဟ္မာ အပေါင်းတို့ကို အောက်မဂ် အောက်ဖိုလ်တို့၌ တည်စေခြင်း- အစရှိသော ဗုဒ္ဓကိစ္စတို့ကို ပြုလုပ် ရွက်ဆောင်တော်မူ၍ ပဉ္စမမြောက်ဖြစ်သော ဝါကို ဝေသာလီပြည်၏အနီး မဟာဝုန်တောကြီးအတွင်းဝယ် စုလစ်မွန်ချွန် အထွတ်တပ်သော (အပြောက်ချယ်သော) ကူဋာဂါရကျောင်းတိုက်၌ ဝါကပ်ဆိုတော်မူ၏။

မဟာဝုန်တောနှစ်မျိုး

(ဤ၌။ ။ကပိလဝတ်ပြည်၏အနီး မဟာဝုန်တော, ဝေသာလီပြည်၏အနီး မဟာဝုန်တောဟူ၍ မဟာဝုန်တော နှစ်မျိုးရှိရာ ကပိလဝတ်ပြည်၏အနီး (မဟာသမယသုတ်ကို ဟောရာဌာနဖြစ်သည့်) မဟာဝုန်တောကား ဟိမဝန္တာနှင့် တစပ်တည်း ဆက်စပ်လျက် အပိုင်းအခြားမရှိပဲ မဟာသမုဒြာသို့ခိုက်လျက် တည်၏။ ဝေသာလီပြည်၏အနီး မဟာဝုန်တောသည် ထိုကဲ့သို့မဟုတ် အပိုင်းအခြားရှိသည့် ကြီးစွာသော တောအုပ်ကြီးဖြစ်သည်။)

ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ထိုဝါတွင်းမှာပင် ကပိလဝတ်ရွှေနန်းတော် ထီးဖြူတော်အောက်၌ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံခြင်း

     ထိုသို့ မြတ်စွာဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော၌ ပဉ္စမမြောက် ဝါကပ်တော်မူသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ကပိလဝတ်ပြည် ရွှေနန်းတော်အတွင်း



၄၁၅

မင်္ဂလာထီးတော်အောက်၌ အရဟတ္တဖိုလ်သို့ရောက်၍ ထိုနေ့မှာပင် ပရိနိဗ္ဗာန် ဝင်စံလေသည်*

မိထွေးတော် မဟာပဇာပတိဂေါတမီ တောင်းပန်၍ ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူခြင်း

(မြတ်စွာဘုရားရှင် ပဌမအကြိမ် ကပိလဝတ်ပြည်သို့ ကြွတော်မူလာသော အခါကပင် မိထွေးတော် မဟာပဇာပတိဂေါတမီသည် နိဂြောဓာရုံကျောင်းတော်သို့ သွားရောက်ကာ မာတုဂါမ အမျိုးသမီးများ ဘုရားသာသနာတွင်းသို့ ဝင်ရောက်၍ ရှင်ရဟန်းပြုခွင့် ရရှိဖို့ရန် တောင်းပန်ခဲ့လေသည်။ ထိုစဉ်က မြတ်စွာဘုရားရှင်သည် မိထွေးတော်၏ တောင်းပန်ချက်ကို သုံးကြိမ်တိုင်တိုင် ဟန့်တား၍ ပယ်ရှားတော်မူခဲ့လေသည်။

ထိုသို့ ပယ်ရှားတော်မူခြင်းမှာလည်း “အပင်ပန်းခံ၍ အကြိမ်များစွာ တောင်းပန်မှ အမျိုးသမီးများ ရှင်ရဟန်းပြုရန် ခွင့်ပြုတော်မူမည်။ ယင်းသို့ ခွင့်ပြုအပ်သော ရှင်ရဟန်းမ-အဖြစ်ကိုမှ “ဆင်းရဲငြိုငြင် ခဲယဉ်းစွာ တောင်းပန်မှ ရအပ်သော ရှင်ရဟန်းမ အဖြစ်ပေတကား”ဟု အောက်မေ့ကြကာ မာတုဂါမများသည် ကောင်းမွန်ရိုသေစွာ စောင့်ထိန်းကြပေလိမ့်မည်”ဟု ဆင်ခြင်တော်မူ၍ အလေးပြုကာ ခွင့်ပြုတော်မူလိုသည့်အတွက် ပယ်ရှား မြစ်တားတော်မူခြင်းဖြစ်သည်။

ထိုသို့ ပဌမအကြိမ် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းတော်၌ မဟာပဇာပတိ ဂေါတမီသည် သုံးကြိမ်တိုင်တိုင် တောင်းပန်ပါသော်လည်း အခွင့်မရပဲ ရွှေနန်းတော်သို့ (လက်လျော့ကာ) ပြန်ခဲ့ရလေသည်)။

     ယခု မြတ်စွာဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော၌ ပဉ္စမဝါ ကပ်တော်မူသော အခါ၌ကား ဒုတိယအကြိမ် တောင်းပန်ဖို့ရန် အကြောင်းဖန်ခဲ့ပြန်လေပြီ၊ ထိုအကြောင်းကား-


     * ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံဝင်ခဏ်းကို တထာဂတဥဒါနဒီပနီကျမ်း၌ အကျယ်တဝင့် ဖွင့်ပြ ရေးသားထားလေသည်။ ဤကျမ်း၌ကား “တသ္မိံ သမယေ သုဒ္ဓေါဒနမဟာရာဇာ သေတစ္ဆတ္တတဿ ဟေဋ္ဌာ အရဟတ္တံ သစ္ဆိကတွာ ပရိနိဗ္ဗာယိ”ဟူ၍ အံ ဋ္ဌ၊ ၁၊ စာမျက်နှာ ၂၆၃-၌ အကျဉ်းမျှ လာရှိသောကြောင့် အကျဉ်းမျှပင် ရေးသားအပ်ပါသည်။



၄၁၆

     သာကီဝင်မင်းသား ရဟန်းငါးရာတို့ ရှေး ဆိုအပ်ပြီးသောနည်းအတိုင်း ရဟန္တာဖြစ်ကြပြီးသောအခါ ထိုရဟန်းငါးရာတို့၏ လူဖြစ်စဉ်အခါ ကြင်ယာဇနီးဟောင်း ငါးရာတို့သည် ထိုရဟန်းတို့၏ စိတ်သဘောကို သိရှိရန် ရှေးနည်းအတူ လူထွက်ခဲ့ကြရန် သတင်းစကား သဝဏ်လွှာ ပါးကြပြန်လေသည်။ ထိုရဟန်းငါးရာတို့သည် “ငါတို့သည် အိမ်ရာတည်ထောင် လူ့ဘောင်၌နေရန် မဖြစ်နိုင်ကြတော့ပြီ၊ မထိုက်တန်ကြတော့ပြီ”ဟူ၍ သတင်းအတုံ့ကို ပြန်ကြားကြလေသည်။

     ထိုကြင်ယာဇနီးဟောင်း ငါးရာတို့သည် “ယခုအခါ ငါတို့မှာ သူတပါးအိမ်သို့ သွားရန် (=အိမ်ထောင်သစ်ပြုရန်) မသင့်လျော်တော့ချေ။ မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီအထံသို့ သွားရောက်ကြပြီးလျှင် မြတ်စွာဘုရားက မာတုဂါမများကို ရှင်ရဟန်းမ-ပြုလုပ်ရန် ခွင့်မပြုပြုအောင် တောင်းပန်စေ၍ ရှင်ရဟန်းမ ပြုလုပ်ကြကုန်အံ့”ဟု ကြံစည်ကြ၍ မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီထံသို့ သွားရောက်ကြလျက် “အိုမိထွေးတော် အရှင်မကြီးဘုရား.. ကျွန်တော်မတို့ကို မြတ်စွာဘုရားရှင်က သာသနာတွင်းသို့ဝင်၍ ရှင်ရဟန်းမ-ပြုလုပ်ရန် အခွင့်မပြုပြုအောင် တောင်းပန်လျှောက်ထား ပေးပါကုန်ဘုရား”ဟူ၍ တညီတညွတ်တည်း ပြောဆိုကြလေသည်။

     မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီသည် (မြတ်စွာဘုရားရှင် နိဂြောဓာရုံကျောင်း၌ သီတင်းသုံး နေထိုင်တော်မူစဉ်က) ပဌမတကြိမ် မြတ်စွာဘုရားရှင်ကို မာတုဂါမ မင်းမိန်းမများ ဤဘုရားသာသနာတော်၌ ရှင်ရဟန်းမ-ပြုလုပ်ရန် ခွင့်တောင်း လျှောက်ထားသော်လည်း အခွင့်မရခဲ့သဖြင့် ယခု ဒုတိယအကြိမ်၌ကား ဆေတ္တာသည်ကို ခေါ်စေ၍ (မိမိနှင့်တကွ သာကီဝင်မင်းသမီး ငါးရာတို့၏) ဆံများကို ပယ်ရှား ရိတ်ဖြတ်စေပြီးလျှင် ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ရုံကြကာ ရွှေနန်းတော်အတွင်းမှာပင် မြတ်စွာဘုရားရှင်ကို ရည်ညွှန်း၍ ရဟန်းမိန်းမအသွင်ကို ကိုယ်တိုင်လည်းယူ သာကီဝင်မင်းသမီး ငါးရာတို့ကိုလည်း



၄၁၇

ယူစေပြီးလျှင် ထိုသာကီဝင်မင်းသမီး (ရဟန်းမလောင်း) ငါးရာတို့နှင့် အတူတကွ ကပိလဝတ် ရွှေနန်းတော်မှသည် ဝေသာလီပြည် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ မဟာဝုန်တောသို့ သွားရောက်ရန် စီမံကြလေ၏။

     ကပိလဝတ်ပြည်နှင့် ဝေသာလီပြည်ကား (၅၁) ငါးဆယ့်တယူဇနာ ခရီးအလွန်ဝေးကွာလှဘိ၏။ သွားရောက်ရန် စီမံကြံသောအခါ၌ “ထိုမင်းသမီး မင်းမိန်းမတို့သည် အလွန်သိမ်မွေ့သူများ ဖြစ်ကြသဖြင့် ခြေလျင်သွားရန် စွမ်းနိုင်ကြမည် မဟုတ်ကုန်ချေ”ဟု တိုင်ပင်ကြံစည်ကြပြီးလျှင် သာကီဝင်မင်း ကောလိယမင်းတို့သည် ထိုမင်းမိန်းမများ စီးနင်းလိုက်ပါကြရန် ရွှေထမ်းစင် ငါးရာကျော်တို့ကို စီမံကြလေသည်။

     ထိုမင်းမိန်းမတို့သည်ကား “ငါတို့သည် ယာဉ်စီး၍ သွားကြကုန်လျှင် မြတ်စွာဘုရား၌ မရိုသေမှု ပြုအပ်သည်မည်၏”ဟု ဆင်ခြင်စဉ်းစားကြကာ (၅၁) ငါးဆယ့်တယူဇနာ ဝေးကွာသော ခရီးကို ခြေလျင်သာလျှင် သွားကြလေကုန်၏။ နှစ်ပြည်ထောင် မင်းတို့သည်လည်း ထိုမင်းမိန်းမတို့အတွက် ရှေ့နောက် အစောင့် အရှောက်ကို လုံလောက်အောင် စီမံကြ၍ စားနပ်ရိက္ခာ အပြည့်တင်သော လှည်းများကို တပါတည်း ထည့်လိုက်ကြပြီးလျှင် “စခန်းတထောက်တထောက် ရောက်ရာရောက်ရာဌာန၌ မင်းမိန်းမများ စားသောက်ရန် အစာအာဟာရကို စီမံကြရမည်”ဟု အမိန့်ထုတ်ဆင့်ကြကာ မင်းချင်းယောက်ျားများကို တပါတည်း စေလွှတ်လိုက်ကြကုန်၏။

     ငါးဆယ့်တယူဇနာ ဝေးလှစွာသောခရီးကို ခြေလျင်လာခဲ့ကြရသဖြင့် အလွန်နူးညံ့သူများ ဖြစ်ရကား ထိုမင်းမိန်းမတို့၏ ခြေတို့၌ အဖုအလုံးကြီးများ တလုံးပေါက်လိုက် တလုံးကွဲလိုက်ဖြင့် ခြေနှစ်ဖက်လုံးပင် ခပေါင်းရေကြည်စေ့များဖြင့် ကြဲဖြန့်၍ထားသည့်ပမာ ဖူးဖူးရောင်ကြွလျက် ရှိကုန်၏။ သို့ရကား မိထွေးတော် မဟာပဇာပတိဂေါတမီသည် သာကီဝင်မင်းသမီး ငါးရာတို့နှင့်တကွ ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်



၄၁၈

တံခါးမုခ်သို့ ရောက်လတ်သောအခါ ဖူးဖူးရောင်သော ခြေရှိလျက်, မြူလိမ်းကျံသော ကိုယ်ရှိလျက်, ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲလှစွာ မျက်ရည်ဖြင့်ပြည့်သော မျက်နှာရှိလျက် ငိုကြွေး၍သာလျှင် တံခါးမုခ်၏ အပြင်ဖက်၌ ရပ်တည်နေလေ၏၊ (ကျောင်းတိုက်အတွင်းသို့ ရုတ်တရက်ဝင်၍ မသွားဝံ့ချေ)။

(ဤ၌။ ။မိထွေးတော် မဟာပဇာပတိဂေါတမီ၏ စိတ်သန္တာန်ဝယ် “ငါသည် မြတ်စွာဘုရားက ခွင့်မပြုအပ်ပါပဲလျက် မိမိဘာသာ ရဟန်းမအသွင်ကို ယူခဲ့မိလေပြီ။ ဤသို့ ငါ၏ ရဟန်းမိန်းမအသွင် ယူခဲ့သော အကြောင်းကား ဇမ္ဗူဒိပ်တကျွန်းလုံး ထင်ရှား ကျော်ကြားခဲ့လေပြီ။ မြတ်စွာဘုရားက ရှင်ရဟန်းအဖြစ်ကို ခွင့်ပြုတော်မူပါလျှင် တော်ပါသေး၏။ အကယ်၍ ခွင့်ပြုတော်မမူခဲ့ပါလျှင် အကြီးအကျယ် အကဲ့ရဲ့ခံရချေတော့မည်”ဟု စဉ်းစားမိကာ ကျောင်းတိုက်အတွင်း မဝင်ဝံ့ပဲ တံခါးမုခ်၏ အပြင်ဖက်၌သာ ငိုကြွေးလျက် ရပ်တည်နေလေသည်)။

     ထိုသို့ ဖူးဖူးရောင်သောခြေ, မြူလိမ်းကျံသော ကိုယ်ရှိလျက် ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲလှစွာ မျက်ရည်ဖြင့်ပြည့်သော မျက်နှာရှိလျက် တံခါးမုခ်၏အပြင်ဖက်၌ ငိုကြွေးလျက်သာ ရပ်တည်နေသော မိထွေးတော် မဟာပဇာပတိဂေါတမီကို အရှင်အာနန္ဒာမထေရ်သည် တွေ့မြင်တော်မူလေလျှင် “အိုမိထွေးတော်.. အသို့နည်း၊ သာကိယ, ကောလိယ မင်းမျိုးတို့၏ ပျက်စီးခြင်းပင် ဖြစ်ခဲ့လေသလော၊ အဘယ့်ကြောင့် မိထွေးတော်သည် ဤသို့ ရုပ်ပျက်ဆင်းပျက်အဖြစ်သို့ ရောက်ရှိရသနည်း၊ အဘယ့်ကြောင့် မိထွေးတော်သည် ဖူးဖူးရောင်သောခြေ, မြူလိမ်းကျံသော ကိုယ်ရှိလျက် ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲလှစွာ မျက်ရည်ဖြင့်ပြည့်သော မျက်နှာရှိလျက် တံခါးမုခ်၏အပြင်ဖက်၌ ငိုကြွေးလျက်သာ ရပ်တည်နေရပါသနည်း”ဟူ၍ မေးမြန်းတော်မူလေ၏။

     ထိုအခါ မိထွေးတော် မဟာပဇာပတိဂေါတမီက “အိုအရှင်ဘုရားအာနန္ဒာ.. မြတ်စွာဘုရားရှင်က မာတုဂါမ မင်းမိန်းမများ ဤဓမ္မဝိနယ သာသနာတော်၌ ရှင်ရဟန်းမ-ပြုလုပ်ရန် ခွင့်ပြုတော်မမူသောကြောင့် ဤကဲ့သို့ ဆင်းရဲကြီးစွာ တံခါးမုခ်၏အပြင်ဖက်၌



၄၁၉

ငိုကြွေးလျက်သာ ရပ်တည်နေရပါသည်”ဟု ပြန်ကြား လျှောက်ထားလေသော် အရှင်အာနန္ဒာမထေရ်သည် “မိထွေးတော်.. ထိုသို့ဖြစ်ခဲ့လျှင် မြတ်စွာဘုရားကို မာတုဂါမ မင်းမိန်းမများ ဤဓမ္မဝိနယ သာသနာတော်၌ ရှင်ရဟန်းမ-ပြုလုပ်ခွင့်ရရန် တောင်းပန်လျှောက်ထား၍ မပြီးသေးမီ ဤနေရာ၌ပင် တခဏမျှ ဆိုင်းတွ ငံ့လင့်ပါဦး”ဟူ၍ အားပေးစကား ပြောကြားပြီးလျှင် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ရှိခိုးကာ သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေလျက် မြတ်စွာဘုရားရှင်ကို-

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရားက မာတုဂါမ မင်းမိန်းမများအား ဤဓမ္မဝိနယ သာသနာတော်၌ ရှင်ရဟန်းမ-ပြုလုပ်ရန် ခွင့်ပြုတော်မမူသည့်အတွက် မိထွေးတော် မဟာပဇာပတိဂေါတမီသည် ဖူးဖူးရောင်သောခြေ, မြူလိမ်းကျံသော ကိုယ်ရှိလျက် ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲလှစွာ မျက်ရည်ဖြင့်ပြည့်သော မျက်နှာရှိလျက် တံခါးမုခ်၏အပြင်ဖက်၌ ငိုကြွေးလျက်သာ ရပ်တည်နေရှာပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တောင်းပန်စကား လျှောက်ထားပါရစေ၊ မာတုဂါမ မင်းမိန်းမများသည် ဤဓမ္မဝိနယ သာသနာတော်၌ ရှင်ရဟန်းမ-ပြုလုပ်ခွင့် ရကြပါစေ-

ဟူ၍ လျှောက်ထား တောင်းပန်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “မသင့်လျော်ဘူး ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် မာတုဂါမ မင်းမိန်းမများ၏ ဤဓမ္မဝိနယ သာသနာ၌ ရှင်ရဟန်းမ-ပြုလုပ်ခြင်း (ပြုလုပ်ခွင့်ရခြင်း)ကို မနှစ်သက်ပါလင့်”ဟု မိန့်ကြား တားမြစ်တော်မူလေလျှင် အရှင်အာနန္ဒာသည် စိတ်အားကို မလျှော့ပဲ ဒုတိယအကြိမ်လည်း ထိုနည်းတူပင် တောင်းပန်ပြန်သည်၊ မြတ်စွာဘုရားရှင်ကလည်း ရှေးနည်းအတူပင် မိန့်ကြား တားမြစ်တော်မူပြန်လေသည်။ တတိယအကြိမ်လည်း အရှင်အာနန္ဒာသည် ရှေးနည်းအတူပင် တောင်းပန်ပြန်လေသည်။



၄၂၀

မြတ်စွာဘုရားရှင်ကလည်း ထိုနည်းအတူပင် မိန့်ကြား တားမြစ်တော်မူပြန်လေသည်။

တနည်းပြောင်း၍ တောင်းပန်ခြင်း

     ထိုအခါ အရှင်အာနန္ဒာ၏ စိတ်သန္တာန်ဝယ် “မြတ်စွာဘုရားသည် မာတုဂါမ မင်းမိန်းမများ၏ ဤဓမ္မဝိနယ သာသနာ၌ ရှင်ရဟန်းမ ပြုလုပ်ရန်အရေး ခွင့်ပေးတော်မမူချေ။ ငါသည် အခြားအကြောင်း တနည်းပြောင်း၍ မြတ်စွာဘုရားကို မာတုဂါမ မင်းမိန်းမများ၏ ဤဓမ္မဝိနယ သာသနာ၌ ရှင်ရဟန်းမ-ပြုလုပ်ခွင့်ရရန် တောင်းပန် လျှောက်ထားရမူ ကောင်းလေစွာ့”ဟု အကြံအစည်သစ် ဖြစ်ပြန်လေ၏။ ထို့နောက် အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို-

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. မာတုဂါမ မင်းမိန်းမများသည် ဤဓမ္မဝိနယ သာသနာတော်၌ ရှင်ရဟန်းမ ပြုလုပ်ပြီးလျှင် သောတာပတ္တိဖိုလ်ကို၎င်း, သကဒါဂါမိဖိုလ်ကို၎င်း, အနာဂါမိဖိုလ်ကို၎င်း, အရဟတ္တဖိုလ်ကို၎င်း မျက်မှောက်ပြုရန် ထိုက်တန်ပါ၏လော (=ဖြစ်နိုင်ပါ၏လော)—

ဟူ၍ လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. မာတုဂါမ မင်းမိန်းမများသည် ဤဓမ္မဝိနယ သာသနာတော်၌ ရှင်ရဟန်းမ ပြုလုပ်ကြပြီးလျှင် သောတာပတ္တိဖိုလ်ကို၎င်း, သကဒါဂါမိဖိုလ်ကို၎င်း, အနာဂါမိဖိုလ်ကို၎င်း, အရဟတ္တဖိုလ်ကို၎င်း မျက်မှောက်ပြုရန် ထိုက်တန်ပေ၏ (=ဖြစ်နိုင်ပေ၏)”ဟု ပြန်ကြား မိန့်ဆိုတော်မူလေ၏။ ထိုအခါ အရှင်အာနန္ဒာသည်-

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. မာတုဂါမ မင်းမိန်းမများသည် ဤဓမ္မဝိနယ သာသနာတော်၌ ရှင်ရဟန်းမ ပြုလုပ်ကြပြီးလျှင် အရိယဖိုလ်လေးပါးတို့ကို မျက်မှောက်ပြုရန် အကယ်၍ ထိုက်တန်ငြားအံ့။



၄၂၁

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. မဟာပဇာပတိ ဂေါတမီသည် ရှင်တော်ဘုရား၏အပေါ်မှာ အလွန် ကျေးဇူးများသူ ဖြစ်ပါသည်၊ ရှင်တော်ဘုရား၏ မိထွေးတော်အရင်းလည်း ဖြစ်ပါသည်၊ အရှင်ဘုရားတို့ကို ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် ဖွားသစ်စအချိန်ကပင် အစပြုကာ ယုယပိုက်ထွေး ကျွေးမွေးခဲ့သူ ဖြစ်ပါသည်၊ တနေ့ နှစ်ကြိမ် သုံးကြိမ် နံ့သာရေမိုး ချိုးပေးပြီးလျှင် ကျွေးမွေးသုတ်သင်ခဲ့သူ ဖြစ်ပါသည်။ အရှင်ဘုရား၏မယ်တော် မဟာမာယာဒေဝီ နတ်ရွာစံသောအခါ အရှင်ဘုရားကို နို့ချိုအေးကို ကိုယ်တိုင်တိုက်ကျွေး မွေးမြူခဲ့သူ ဖြစ်ပါသည်။ (ဘုရားအလောင်းတော်ကို မဟာမာယာဒေဝီက ဖွားမြင်ပြီးနောက် နှစ်ရက် သုံးရက်မြောက် မိထွေးတော် မဟာပဇာပတိဂေါတမီက နန္ဒမင်းသားကို ဖွားမြင်လေသည်။ ထိုအခါ မိထွေးတော်သည် သားတော်အရင်းဖြစ်သော နန္ဒမင်းသားကို အထိန်းတော်များအား ပေးအပ်ပြီးလျှင် မိမိကိုယ်တိုင်ကမူ ဘုရားအလောင်းတော်၏ အထိန်းတော်ကြီး ပြုလုပ်ကာ မိမိ၏ နို့ချိုအေးကို တိုက်ကျွေးလေသည်၊ ထို့ကြောင့် ထိုကဲ့သို့ လျှောက်ထားခြင်းဖြစ်သည်)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တောင်းပန်စကား လျှောက်ထားပါရစေ၊ မာတုဂါမ မင်းမိန်းမများသည် ဤဓမ္မဝိနယ သာသနာတော်၌ ရှင်ရဟန်းမ-ပြုလုပ်ခွင့် ရကြပါစေ-

ဟူ၍ လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သောအတိုင်း ဂရုဓံရှစ်ပါး တရားကိုဟော၍ ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူလေ၏-

ချစ်သားအာနန္ဒာ.. မိထွေးတော် မဟာပဇာပတိဂေါတမီသည် ဂရုဓံရှစ်ပါး လိုက်နာရမည့်တရားများကို အကယ်၍ ခံယူလိုက်နာခဲ့လျှင် ထိုဂရုဓံရှစ်ပါး



၄၂၂

လိုက်နာကျင့်သုံးရမည့် တရားများကို ခံယူလိုက်နာခြင်းသည်ပင် မိထွေးတော်၏အဖို့ရာ ရှင်အဖြစ် ရဟန်းမအဖြစ် ဖြစ်စေရမည်၊ ဂရုဓံတရား ရှစ်ပါးတို့ဟူသည်မှာ-

(၁) အဝါ (၁၀၀) တရာရရှိပြီးသော ရဟန်းမ-သည် ယနေ့မှ ရဟန်းပြုသစ်စဖြစ်သော ရဟန်းငယ်အား ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီခြင်း, အရိုအသေပြုခြင်း အမှုများကို ပြုရမည်၊ ဤကျင့်ဝတ်တရားကိုလည်း ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။

(၂) ရဟန်းမ-သည် ရဟန်းယောက်ျားတို့နှင့် မနီးသော ကျောင်းတိုက်၌ ဝါမကပ်ရ၊ ဤကျင့်ဝတ်တရားကိုလည်း ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။

(၃) ရဟန်းမ-သည် လခွဲတကြိမ် ရဟန်းသံဃာမှ (က) ဥပုသ်မေးခြင်း, (ခ) အဆုံးအမခံယူရန် ကပ်ရောက်ခြင်း ဤတရားနှစ်ပါးတို့ကို လိုချင်တောင့်တ လိုက်နာရမည်၊ ဤကျင့်ဝတ်တရားကိုလည်း ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။

(၄) ဝါကျွတ်ပြီးသော ရဟန်းမ-သည် ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ဖက်၌ မြင်ခြင်း, ကြားခြင်း, ရွံရှာခြင်း ဤသုံးဌာနတို့ဖြင့် (အပြစ်ရှိခဲ့သော် ပြောဆိုဆုံးမရန်) ဖိတ်ကြားမှု (=ပဝါရဏာ) ပြုရမည်၊ ဤကျင့်ဝတ်တရားကိုလည်း ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။

(၅) သံဃာဒိသိသ် အာပတ်သို့ရောက်သော ဘိက္ခုနီမ-သည် ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ဖက်၌ တဆယ့်ငါးရက် (=တပက္ခ)ကြာ မာနတ်အကျင့်ကို ကျင့်ရမည်။ ဤကျင့်ဝတ်တရားကိုလည်း ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။



၄၂၃

(၆) ရဟန်းမ-သည် (မိမိထံ၌) နှစ်နှစ်တို့ပတ်လုံး သိက္ခာပုဒ်ခြောက်ပါးတို့၌ မကျိုးမပေါက် မကျားမပြောက်ရအောင် ကျင့်သုံးပြီးသော သိက္ခာရှိသော သိက္ခမာန်အား ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ဖက်၌ ရဟန်းမ-ပြုပေးရန် ကြောင့်ကြစိုက်ကာ ရှာမှီးရမည်၊ ဤကျင့်ဝတ်တရားကိုလည်း ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။

(၇) ရဟန်းမ-သည် ရဟန်းယောက်ျားကို တစုံတခုသော အကြောင်းဖြင့်မျှ မဆဲရေးရ မရေရွတ်ရ၊ ဤကျင့်ဝတ်တရားကိုလည်း ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။

(၈) ယနေ့ကစ၍ ရဟန်းမများက ရဟန်းယောက်ျားတို့အပေါ်၌ အဆုံးအမ ဩဝါဒစကား ပြောကြားမှုကို တားမြစ် ပိတ်ဆို့အပ်သည်၊ (မပြောကြားရ-ဟု ဆိုလိုသည်)၊ ရဟန်းယောက်ျားတို့က ရဟန်းမတို့အပေါ်၌ အဆုံးအမ ဩဝါဒစကား ပြောကြားမှုကို မတားမြစ် မပိတ်ဆို့အပ် (ပြောကြားရမည်ဟု ဆိုလိုသည်)၊ ဤကျင့်ဝတ်တရားကိုလည်း ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်၊ (လိုက်နာရမည်)။

(ဤကား ဂရုဓံတရား ရှစ်ပါးတို့တည်း။)

ချစ်သားအာနန္ဒာ.. မိထွေးတော် မဟာပဇာပတိ ဂေါတမီသည် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို အကယ်၍ ခံယူလိုက်နာခဲ့ပါလျှင် ထိုသို့ ဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို ခံယူလိုက်နာခြင်းသည်ပင် မိထွေးတော်၏အဖို့ရာ ရှင်အဖြစ် ရဟန်းမ-အဖြစ် ဖြစ်စေရမည်-

ဟူ၍ ဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို ဟောကြားတော်မူကာ ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူလေ၏။



၄၂၄

     ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်၏ အထံတော်၌ ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို သင်ကြားတော်မူခဲ့ပြီးလျှင် မိထွေးတော် မဟာပဇာပတိ ဂေါတမီထံ တဖန် ပြန်ကြွခဲ့၍ မိထွေးတော် မဟာပဇာပတိဂေါတမီကို-

မိထွေးတော်ကြီး.. အကယ်၍ မိထွေးကြီးသည် ဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို ခံယူလိုက်နာခဲ့ပါလျှင် ထိုသို့ ခံယူလိုက်နာခြင်းသည်ပင် မိထွေးတော်၏အဖို့ရာ ရှင်အဖြစ် ရဟန်းမ-အဖြစ် ဖြစ်ပါလိမ့်မည်၊ (ဂရုဓံတရား ရှစ်ပါးတို့ဟူသည်မှာ)-

(၁) အဝါ (၁၀၀) တရာရရှိပြီးသော ရဟန်းမ-သည် ယနေ့မှ ရဟန်းပြုသစ်စဖြစ်သော ရဟန်းငယ်အား ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီခြင်း, အရိုအသေပြုခြင်း အမှုများကို ပြုရမည်၊ ဤကျင့်ဝတ်တရားကိုလည်း ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (လိုက်နာရမည်)။

(ပေယျာလ)

(၈) ယနေ့ကစ၍ ရဟန်းမများက ရဟန်းယောက်ျားတို့အပေါ်၌ အဆုံးအမ ဩဝါဒစကား ပြောကြားမှုကို တားမြစ်ပိတ်ဆို့အပ်သည်၊ (မပြောကြားရ)၊ ရဟန်းယောက်ျားတို့က ရဟန်းမတို့အပေါ်၌ အဆုံးအမ ဩဝါဒစကား ပြောကြားမှုကို မတားမြစ် မပိတ်ဆို့အပ် (ပြောကြားရမည်)၊ ဤကျင့်ဝတ်တရားကိုလည်း ရိုသေ လေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်၊ (=လိုက်နာရမည်)။

မိထွေးတော်ကြီး.. အကယ်၍ မိထွေးတော်ကြီးသည် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို ခံယူလိုက်နာခဲ့ပါလျှင်



၄၂၅

ထိုသို့ ခံယူလိုက်နာခြင်းသည်ပင် မိထွေးတော်၏အဖို့ရာ ရှင်အဖြစ် ရဟန်းမ-အဖြစ် ဖြစ်ပါလိမ့်မည်-

ဟူ၍ ပြန်ကြားပြောဆိုလေသည်။

     ထိုအခါ မိထွေးတော် မဟာပဇာပတိ ဂေါတမီသည် “အရှင်ဘုရားအာနန္ဒာ.. ငယ်ရွယ်နုပျိုလျက် တန်းဆာဆင်လေ့ရှိသော ဦးခေါင်းဆေးလျှော်ပြီးသည့် မိန်းမသည်၎င်း, ယောက်ျားသည်၎င်း ကြာပန်းကိုဖြစ်စေ မိုးစွေပန်းကိုဖြစ်စေ စစ်သိမ်ပန်း (လန်ဘူးပန်း = လယ်တူပန်း)ကိုဖြစ်စေ ရသည်ရှိသော် (ဝမ်းမြောက်ဝမ်းသာ) လက်နှစ်ဖက်တို့ဖြင့် ခံယူလျက် ဦးခေါင်းတွင်မှတ် အင်္ဂါအမြတ်၌ (ရိုသေစွာ) ထားရာ ပန်ဆင်ရာသကဲ့သို့၊ ထို့အတူပင် အကျွန်ုပ်သည် ဤဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို အသက်ထက်ဆုံး မလွန်ကျူးအပ်သည့် (=လိုက်နာရမည့်) ကျင့်ဝတ်တရားတို့ဟူ၍ (ဝမ်းမြောက်ဝမ်းသာ ရိုသေစွာ) ခံယူလိုက်နာပါအံ့”ဟူ၍ လျှောက်ဆိုလေသည်။

     ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ထံသို့ သွားရောက်ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီသည် ဂရုဓံရှစ်ပါး ကျင့်ဝတ်တရားတို့ကို အသက်ထက်ဆုံး မလွန်ကျူးအပ်သည့် (=လိုက်နာရမည့်) ကျင့်ဝတ်တရားတို့ဟူ၍ (၀မ်းမြောက်ဝမ်းသာ ရိုသေစွာ) ခံယူအပ်ပါပြီဘုရား”ဟူ၍ လျှောက်ထားလေသည်။ ။(ဤ၌ “ဂရုဓံရှစ်ပါး ကျင့်ဝတ်တရားများကို အသက်ထက်ဆုံး မလွန်ကျူးအပ်သည့် (=လိုက်နာရမည့်) ကျင့်ဝတ်တရားတို့ဟူ၍ ဝမ်းမြောက်ဝမ်းသာ ရိုသေစွာ ခံယူလိုက်ခြင်း”သည်ပင်လျှင် မိထွေးတော်၏အဖို့ရာ ရဟန်းခံခြင်း ဖြစ်လေသည်။ သိမ်ဝင်၍ ကမ္မဝါဖတ်ရွတ်ရန် မလို၊ ခံယူလိုက်သည်နှင့် တပြိုင်နက်ပင်လျှင် မိထွေးတော် မဟာပဇာပတိ ဂေါတမီသည် ဘိက္ခုနီမ ဖြစ်သွားလေတော့၏။ ဤပဉ္စင်းခံခြင်းမျိုးကို “အဋ္ဌဂရုဓမ္မပဋိဂ္ဂဟဏဥပသမ္ပဒါ”ဟူ၍ ခေါ်သည်)။



၄၂၆

ဘိက္ခုနီမရဟန်းပြုခြင်းကို ခွင့်ပြုတော်မူခြင်း

     ထိုအခါ မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီမသည် မြတ်စွာဘုရားရှင်ထံသို့ သွားရောက်ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ ရပ်တည်နေပြီးသော် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. အကျွန်ုပ်သည် ဤသာကီဝင်မင်းသမီး ငါးရာတို့နှင့် စပ်လျဉ်း၍ အဘယ်သို့ ပြုကျင့် စီမံရပါမည်နည်း”ဟူ၍ လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် မိထွေးတော် မဟာပဇာပတိ ဂေါတမီကို တရားစကားကို ဟောကြားတော်မူလေသည်။ ထိုအခါ မဟာပဇာပတိ ဂေါတမီသည် တရားစကား နာကြားပြီးသော် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲသွားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် မိထွေးတော် မဟာပဇာပတိဂေါတမီ တောင်းပန် လျှောက်ထားသော ထိုအကြောင်းဝတ္ထု၌ တရားစကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတော်တို့ကို-

ရဟန်းတို့.. ရဟန်းယောက်ျားများသည် ရဟန်းမတို့ကို ပဉ္စင်းခံပေးရန် (ငါဘုရား) ခွင့်ပြု၏-

ဟူ၍ သိက္ခာပုဒ် ပညတ်တော်မူလေသည်။

     ဤသိက္ခာပုဒ်တော်အရ ရဟန်းတော်များသည် သာကီဝင်မင်းသမီး ငါးရာတို့ကို မဟာပဇာပတိဂေါတမီ၏ သဒ္ဓိဝိဟာရိနီ (ဥပဇ္ဈာယ်ယူသည့်) တပည့်များ ပြုလုပ်ကြ၍ ပဉ္စင်းခံပေးကြလေကုန်သည်။ ဤသို့လျှင် ထိုသာကီဝင်မင်းသမီး ရဟန်းမငါးရာတို့သည် (ထိုအချိန်မှာ ဘိက္ခုနီသံဃာ အပြည့်အဝ မရှိသေးသည့်အတွက်) ဘိက္ခုသံဃာ တဖက်ဖြင့်သာ ရဟန်းမ-အဖြစ်သို့ ရောက်ကြရသောကြောင့် “ဧကတောဥပသမ္ပန္န” ဘိက္ခုနီမတို့ မည်ကြလေကုန်သည်။

     ထိုသို့ ရဟန်းမ ပြုလုပ်ပြီးကြသောအခါ မဟာပဇာပတိ ဂေါတမီထေရီမသည် (အံ၊ ၃၊ ၁၀၆-လာ) သံခိတ္တသုတ်ဒေသနာကို



၄၂၇

ကြားနာရသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည်။ သာကီဝင်မင်းသမီး ရဟန်းမငါးရာတို့ကား နောက်အခါ၌ နန္ဒကောဝါဒသုတ္တန် (မ၊ ၃၊ ၃၁၄)ကို ကြားနာရသဖြင့် မိမိတို့ အလိုဆန္ဒအတိုင်း အချို့ သောတာပန်, အချို့ သကဒါဂါမ်, အချို့ အနာဂါမ်, အချို့ ရဟန္တာ ဖြစ်ကြလေကုန်၏။

(ဤ၌။ ။မဟာပဇာပတိဂေါတမီ ရဟန်းမပြုလုပ်ခြင်းနှင့် တဆက်တည်းပင် ယသောဓရာဒေဝီမိဖုရား, ဇနပဒကလျာဏီ မင်းသမီး, ခေမာမိဖုရား, ဓမ္မဒိန္နာသူဌေးကတော်, ဘဒ္ဒကာပိလာနီ ထေရီမ-တို့၏ ရဟန်း ပြုကြခြင်းအကြောင်း စသည်ကို ရေးသားရန်ဖြစ်သော်လည်း ထိုထေရီမကြီးများ၏ အကြောင်းအရာကို သံဃရတနာအခဏ်းသို့ရောက်မှ ရေးသားပြဆိုပေအံ့။)

သစ္စကပရိဗိုဇ်ကို ဆုံးမနှိမ်နင်းတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာ ကျောင်းတိုက်အရာမ်၌ သီတင်းသုံး နေတော်မူစဉ် သစ္စကပရိဗိုဇ်ကို ဆုံးမ နှိမ်နင်းတော်မူ၍ အောင်ပွဲသဘင် ခံယူတော်မူလေသည်။ ဤသစ္စကပရိဗိုဇ်၏ အထ္ထုပ္ပတ္တိ အကြောင်းအရာကို စတုက္ကနိပါတ် စူဠကာလိင်္ဂဇာတ် အဋ္ဌကထာ, မူလပဏ္ဏာသ စူဠသစ္စကသုတ် အဋ္ဌကထာတို့မှ ထုတ်နုတ်ဖော်ပြပေအံ့။

     ရှေးအခါဝယ် ဝေသာလီပြည်၌ (၇၇၀၇) ခုနစ်ထောင် ခုနစ်ရာ ခုနစ်ယောက်ကုန်သော လိစ္ဆဝီမင်းတို့သည် အလှည့်ကျ မင်းပြုလုပ်၍ နေထိုင်ကြကုန်၏။ ထိုလိစ္ဆဝီမင်း အားလုံးတို့သည်ပင် ဝါဒအထူးအဆန်းကို မေးမြန်းစိစစ်လိုစိတ် ပြင်းထန်သူတို့ ဖြစ်ကြလေသည်။ ထိုအခါ အယူဝါဒငါးရာတို့၌ လိမ္မာကျွမ်းကျင်သော ပရိဗိုဇ် တက္ကတွန်း တယောက်သည် ဝေသာလီပြည်သို့ ရောက်ရှိလာလေသည်၊ လိစ္ဆဝီမင်းတို့သည် ထိုပရိဗိုဇ်တက္ကတွန်းအား ချီးမြှောက်၍ ထားကြလေသည်။ ထို့အတူပင် အယူဝါဒငါးရာတို့၌ လိမ္မာကျွမ်းကျင်သော ပရိဗိုဇ်မ- တက္ကတွန်းမ တယောက်သည်လည်း ဝေသာလီပြည်သို့ ရောက်ရှိလာလေသည်။



၄၂၈

     လိစ္ဆဝီမင်းတို့သည် ထိုသူနှစ်ဦးတို့ကို ဝါဒအချေအတင်ပြောဆိုပွဲ ကျင်းပ၍ ပေးကြလေကုန်၏။ နှစ်ဦးလုံးပင် ပညာစွမ်းချင်း တူမျှကြသဖြင့် မည်သူကမျှ မည်သူ့ကို မအောင်နိုင်ပဲ သရေပွဲဖြစ်၍ နေလေ၏။ ထိုအခါ လိစ္ဆဝီမင်းတို့၏ စိတ်သန္တာန်ဝယ် “ဤသူနှစ်ယောက်တို့ကို စွဲ၍ဖြစ်သော သားသည် ဝါဒအရာ၌ လိမ္မာကျွမ်းကျင်သူ ဖြစ်ပေလိမ့်မည်”ဟု အကြံဖြစ်လေသည်၊ ထို့နောင်မှ “သင်တို့နှစ်ဦးသားသည် ဝါဒအရာ ထပ်တူညီမျှ ဖြစ်ကြကုန်သည်။ ထိုထိုမြို့ရွာ အရပ်ဌာနသို့ လှည့်လည်၍ အဘယ်မူစကုန်အံ့နည်း၊ ဤငါတို့နေရာ ဝေသာလီပြည်၌ပင် နေထိုင်ကြကုန်လော့”ဟု ပြောဆိုကြပြီးလျှင် ထိုသူနှစ်ဦးတို့အား ထိမ်းမြားလက်ထပ်လျက် နေအိမ်ကိုပါပေး၍ ပူဇော်သက္ကာရမှုကို ပြုကြလေကုန်၏။

     ထို့နောက် ထိုပရိဗိုဇ်နှင့် ပရိဗိုဇ်မ-တို့၏ အတူတကွ ပေါင်းသင်းဆက်ဆံမှုကို အစွဲပြု၍ အစဉ်သဖြင့် သမီးလေးယောက်နှင့် သားတယောက် ဖွားမြောက်လာလေသည်။ သမီးလေးယောက်တို့၏ အမည်ကို အစဉ်အတိုင်း (၁) သစ္စာ (၂) လောလာ (၃) အဝဓာရိကာ (၄) ပဋိစ္ဆာဒါဟူ၍ မှည့်ခေါ်ကြကုန်၏။ သားငယ်၏ အမည်ကိုကား သစ္စက-ဟူ၍ မှည့်ခေါ်ကြကုန်၏။ (စူဠသစ္စကသုတ် အဋ္ဌကထာ၌မူ ၁-သစ္စာ ၂-လောလာ ၃-ပဋာစာရာ ၄-အာစာရဝတီဟူ၍ သမီးလေးယောက်တို့၏ အမည်အစဉ်ကို ပြဆိုသည်)

     ထိုအစ်မနှင့်မောင် ငါးဦးသားတို့သည် သိကြားလိမ္မာသော အရွယ်သို့ ရောက်ကြသည်ရှိသော် အမိဖက်မှ ဝါဒငါးရာ, အဖဖက်မှ ဝါဒငါးရာ ဤသို့အားဖြင့် အယူဝါဒ (၁၀၀၀) တထောင်ကို သင်ကြား တတ်မြောက်ကြလေကုန်၏။ မိဖနှစ်ဦးတို့သည် သမီးလေးယောက်တို့အား-

ချစ်သမီးတို့.. အကြင် လူဖြစ်သူ တဦးတယောက်သည် သင်ချစ်သမီးတို့၏ အယူဝါဒကို ပြေလည်အောင် ဖြေဆိုလျက် ချေဖျက်နိုင်ငြားအံ့၊ ထိုသူ၏အထံ၌ မိမိကိုယ်ကို ဆောင်နှင်းလျက် ခြေရင်းအလုပ်အကျွေး (မယား)ပြု၍



၄၂၉

နေကြပါကုန်လော့။ ရဟန်းဖြစ်သူ အကြင် တဦးတယောက်သည် သင်ချစ်သမီးတို့၏ အယူဝါဒကို ပြေလည်အောင် ဖြေဆိုလျက် ချေဖျက်နိုင်ငြားအံ့၊ ထိုရဟန်း၏အထံ၌ ရှင်ရဟန်း ပြုကုန်လော့-

ဟူ၍ ဆုံးမစကား ပြောကြားကြလေကုန်၏။

     နောက်တချိန်၌ မိဖနှစ်ပါးတို့ ကွယ်လွန်ကြသောအခါ မောင်ငယ်ဖြစ်သော သစ္စကပရိဗိုဇ်သည် အစ်မကြီး လေးယောက်တို့ထက် ဉာဏ်ပညာ သာလွန်သည်ဖြစ်ရကား မိဖတို့၏အထံမှ အယူဝါဒ (၁၀၀၀) တထောင်ကို၎င်း, ထို့ထက်များစွာသော သာသနာပြင်ပ ဝါဒများကို၎င်း သင်ယူပြီးလျှင် အရပ်တပါးသို့ မသွားပဲ မင်းသားငယ်များကို အတတ်ကို သင်ပြလျက် ဝေသာလီပြည်၌ပင် နေထိုင်လေ၏။ “ပညာဖြင့် (မဆံ့နိုင်လောက်အောင်ပင်) အလွန်ပြည့်နေသောကြောင့် ဝမ်းဗိုက်သည် ကွဲပေါက်လေရာ၏”ဟု တွေးတောကြောက်ရွံ့ကာ သံပြားဖြင့် ဝမ်းဗိုက်ကို ရစ်ပတ်၍ လှည့်လည်နေထိုင်၏။

     သစ္စကပရိဗိုဇ်၏ အစ်မကြီးဖြစ်ကြသော ပရိဗိုဇ်မ လေးယောက်တို့သည် “ဤဇမ္ဗူဒိပ်ကျွန်းသည် ဇမ္ဗုသပြေပင်ဖြင့် ထင်ရှားသော ကျွန်းဖြစ်သည်”ဟု သပြေခက်ကို ကိုယ်စီကိုယ်င ကိုင်ယူကြကာ ဝါဒယှဉ်ပြိုင်ရန်အလို့ငှါ တမြို့မှတမြို့ တနယ်မှတနယ်သို့ လှည့်လည်ကြလျက် ရောက်လေရာရာ မြို့ရွာတံခါးဝ၌ သဲပုံ၌ဖြစ်စေ, မြေပုံ၌ဖြစ်စေ သပြေခက်ကို စိုက်ထူကြ၍ “အကြင်သူသည် ငါတို့၏ အယူဝါဒအပေါ်မှာ အပြစ်တင်ခြင်းငှါ စွမ်းနိုင်၏။ ထိုသူသည် ဤသပြေခက်ကို နင်းနယ် ချေဖျက်လော့”ဟု ပြောဆိုမှာကြား၍ မြို့တွင်းရွာတွင်းသို့ ဝင်သွားလေ့ရှိကြကုန်၏။

     ဤသို့လျှင် တရွာမှတရွာ တမြို့မှတမြို့သို့ လှည့်လည်ကြကုန်သည်ရှိသော် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ရောက်၍ မြို့တံခါးဝ၌ သပြေခက်ကို စိုက်ထူကြပြီးလျှင်“လူဖြစ်စေ, ရဟန်းဖြစ်စေ ငါတို့၏ အယူဝါဒအပေါ်မှာ အပြစ်တင်ပြနိုင်စွမ်းသောသူသည် ဤမြေပုံကို



၄၃၀

ခြေဖြင့်ကန်ကျောက် ပြန့်ကြဲအောင်ပြု၍ ခြေဖြင့်ပင်လျှင် သပြေခက်ကို နင်းနယ်ချေဖျက်စေသတည်း”ဟု အနီးအနားသို့ ရောက်ရှိလာသော ကလေးသူငယ်တို့အား မှာကြားပြောဆိုခဲ့ပြီးလျှင် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံဝင်ကြလေကုန်၏။

အရှင်သာရိပုတ္တရာ၏ စွမ်းရည်တော်

     ထိုအခါ မြတ်စွာဘုရား၏ လက်ျာရံ အဂ္ဂသာဝကကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဇေတဝန်ကျောင်းတိုက်တော်အတွင်း တံမြက်မလှည်းရသေးသော အရပ်များကို တံမြက်လှည်းတော်မူပြီးလျှင် ရေမရှိသော အိုးများ၌ သောက်ရေ သုံးဆောင်ရေကို အပြည့်တည်ထားလျက် မမာမကျန်းသော ရဟန်းများကိုလည်း ပြုစုလုပ်ကျွေးတော်မူခဲ့၍ အလွန်နေမြင့်မှ သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံဝင်ရန် ကြွလာတော်မူလတ်သော် မြို့တံခါးဝ၌ စိုက်ထားသော ထိုသပြေခက်ကို မြင်တော်မူ၍ ကလေးသူငယ်များကို ထိုသပြေခက်အကြောင်းကို မေးမြန်းတော်မူလေ၏။ ကလေးသူငယ်တို့သည်လည်း ထိုအကြောင်းကို အပြည့်အစုံ ပြန်ကြား လျှောက်ထားကြလေကုန်၏။

     ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ကလေးသူငယ်တို့ကို “သူငယ်တို့.. ထိုသို့ဖြစ်လျှင် ထိုသပြေခက်ကို နင်းနယ် ချေဖျက်ကြကုန်လော့”ဟူ၍ မိန့်တော်မူ၏။ သူငယ်တို့သည် “အရှင်ဘုရား.. မနှင်းနယ် မချေဖျက်ဝံ့ကြပါ။ ကြောက်ပါကုန်၏”ဟု ဆိုကြလေ၏။ “သူငယ်တို့.. မကြောက်ကြလင့်၊ ‘အဘယ်သူက ငါတို့၏သပြေခက်ကို ချေဖျက်စေအပ်သနည်း’ဟု မောင်တို့ကိုမေးလျှင် ‘မြတ်စွာဘုရား၏ တပည့်သာဝကကြီးဖြစ်သော သာရိပုတ္တရာမထေရ်က နင်းနယ် ချေဖျက်စေအပ်သည်၊ ပရိဗိုဇ်မတို့ အယူဝါဒ ယှဉ်ပြိုင်လိုကြလျှင် ဇေတဝန်ကျောင်းတိုက်တော်၌ နေထိုင်တော်မူသော မထေရ်မြတ်၏အထံသို့ သွားကြလော့’ဟု (ရဲရဲဝံ့ဝံ့သာ) အမောင်တို့ ပြောလိုက်ကြ”ဟူ၍ အရှင်သာရိပုတ္တရာ မထေရ်မြတ်က ပြောဆိုတော်မူလတ်သော် သူငယ်တို့သည် မထေရ်၏စကားကို



၄၃၁

ကြားကြလေလျှင် (အားတက်သရော ဖြစ်ရှိကြကာ) သပြေခက်ကို နင်းနယ်ချေဖျက်၍ စွန့်ပစ်လိုက်ကြ လေကုန်၏။ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဆွမ်းခံလှည့်လည်တော်မူပြီးနောက် ဇေတဝန်ကျောင်းတိုက်တော်သို့ ပြန်ကြွတော်မူလေ၏။

     ပရိဗိုဇ်မ လေးယောက်တို့သည်လည်း မြို့မှထွက်ခဲ့ကြ၍ ကလေးများကို “မောင်တို့ကို အဘယ်သူက ငါတို့၏သပြေခက်ကို ချေဖျက်စေအပ်သနည်း”ဟူ၍ မေးကြကုန်၏၊ သူငယ်တို့သည် ထိုအကြောင်းကို ပြန်ကြား ပြောဆိုကြလေကုန်၏။

     ပရိဗိုဇ်မ လေးယောက်တို့သည် မြို့တွင်းသို့ တဖန် ပြန်ဝင်သွားကြပြီးလျှင် တယောက်လျှင် တလမ်းကျစီ တာဝန်ယူကြ၍ “မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော သာရိပုတ္တမည်သောသူသည် ငါတို့နှင့် ဝါဒယှဉ်ပြိုင်မှုကို ပြုလုပ်မည်တဲ့၊ နားထောင်လိုသူ မြို့သူမြို့သားတို့သည် ထွက်ကြကုန်လော့”ဟု ကြွေးကြော် ပြောကြားကြလေကုန်၏။ မြို့နေလူအပေါင်းသည် အုတ်အုတ်ကျက်ကျက် ထွက်ခဲ့လေပြီ၊ ထိုလူအပေါင်းနှင့် အတူတကွ ပရိဗိုဇ်မ လေးယောက်တို့သည် ဇေတဝန်ကျောင်းတိုက်သို့ သွားကြလေကုန်၏။

     သာရိပုတ္တရာ မထေရ်မြတ်သည် “ငါတို့၏ နေရာဌာန၌ မာတုဂါမ၏ လာရောက်ခြင်းမည်သည် မချမ်းသာ”ဟု ဆင်ခြင်တော်မူကာ ကျောင်းတိုက်အလယ်၌ အသင့် နေတော်မူနှင့်၏။ ပရိဗိုဇ်မတို့သည် သွားရောက်ကြ၍ သာရိပုတ္တရာမထေရ်မြတ်ကို “သင်တို့သည် ငါတို့၏သပြေခက်ကို ချေဖျက်စေအပ်သလော”ဟု မေးကြကုန်၏။ “အိမ်း.. ငါသည် ချေဖျက်စေအပ်သည်”ဟူ၍ အရှင်သာရိပုတ္တရာမထေရ်မြတ်က မိန့်တော်မူလတ်သော် ပရိဗိုဇ်မတို့သည် “ငါတို့သည် သင်တို့နှင့် ဝါဒယှဉ်ပြိုင်မှု ပြုကြကုန်အံ့”ဟု ပြောဆိုကြကုန်၏။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က “ကောင်းပြီ ဝါဒယှဉ်ပြိုင်မှုကို ပြုကြကုန်လော့၊ အဘယ်သူက (ပဌမ)မေး၍ အဘယ်သူက ဖြေဆိုစေလိုသနည်း”ဟု မေးတော်မူလေလျှင် ပရိဗိုဇ်မတို့သည် “အမေးပုစ္ဆာမည်သည် ငါတို့အား



၄၃၂

ရောက်၏”ဟူ၍ ဆိုကြကုန်၏။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် “သင်တို့ကား မာတုဂါမများ ဖြစ်ကြသည်။ ရှေးဦးစွာ သင်တို့ မေးကြကုန်လော့”ဟူ၍ မိန့်တော်မူလေ၏။

     ပရိဗိုဇ်မ လေးယောက်တို့သည်လည်း အရပ်လေးမျက်နှာတို့၌ ရပ်တည်ကြ၍ မိဖတို့၏အထံ၌ သင်ကြားအပ်ခဲ့သော ဝါဒ (၁၀၀၀) တထောင်ကို မေးကြလေကုန်၏။ မထေရ်မြတ်သည် သန်လျက်ဖြင့် ကြာရိုးကို တိကနဲပြတ်အောင် ဖြတ်သကဲ့သို့ မေးတိုင်း မေးတိုင်းသော ပြဿနာကို အရှုပ်အထွေး အဖုအထစ်မရှိအောင် ဖြေကြားတော်မူလေ၏။ ထိုသို့ ဖြေကြားတော်မူပြီးလျှင် “နောက်တဖန် မေးကြဦးလော့”ဟု ဖိတ်မန်စကား ထပ်၍ မိန့်ကြားတော်မူလေသည်။ ထိုအခါ ပရိဗိုဇ်မ လေးယောက်တို့သည် (မာန်မာန ကျိုးနွံကြကာ) “အရှင်ဘုရား.. အကျွန်ုပ်တို့သည် ဤမျှသာ သိကြပါကုန်၏”ဟူ၍ လျှောက်ထားကြလေသည်။

     ထိုအခါ) အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်“ပရိဗိုဇ်မတို့.. သင်တို့ မေးမြန်းအပ်သော ဝါဒ (၁ဝဝဝ) တထောင်ကို ငါဖြေဆိုအပ်ပြီးပြီ၊ ငါကား သင်တို့ကို ပြဿနာတခုကိုသာလျှင် မေးပေအံ့၊ ထိုပြဿနာကို သင်တို့ ဖြေဆိုကြမည်လော”ဟူ၍ မိန့်တော်မူလေလျှင် ပရိဗိုဇ်မ လေးယောက်တို့သည် မထေရ်၏အရာကို မြင်ကြ၍ “မေးကြပါကုန် အရှင်ဘုရားတို့..၊ တပည့်တော်မ-တို့ ဖြေကြားကြပါမည်”ဟု ရဲရဲဝံ့ဝံ့ မလျှောက်ဝံ့ကြပဲ “ဆိုတော်မူကြပါကုန် အရှင်ဘုရားတို့.. တပည့်တော်မတို့ သိကြပါကုန်မူ ဖြေကြားကြပါမည်”ဟုသာ လျှော့၍ လျှောက်ထားကြလေသည်။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် “ပရိဗိုဇ်မတို့.. ဤယခု ငါမေးမည့်ပြဿနာသည် (အထက်တန်းစား ပြဿနာကြီး မဟုတ်သေးချေ) မောင်ရှင်သာမဏေ လောင်း အမျိုးကောင်းသားကလေးများကို ရှင်ပြုပြီးလျှင် အစဆုံး သင်ကြားပေးအပ်သော ပြဿနာဖြစ်သည်”ဟု စကားပလ္လင် ခံတော်မူပြီးလျှင် “ဧကံ နာမ ကိံ = တခုသော တရားမည်သည် အဘယ်တရား ဖြစ်သနည်း”ဟူ၍ မိန့်ကြား မေးမြန်းတော်မူလေ၏။



၄၃၃

     ပရိဗိုဇ်မ လေးယောက်တို့သည် မထေရ်မြတ်မေးသော ပြဿနာ၏ အဖြေကို အစွန်းအစမျှ မမြင်ကြပဲ ရှိကြလေသည်။ မထေရ်မြတ်သည် “ပရိဗိုဇ်မတို့.. ဖြေကြလော့”ဟူ၍ မိန့်တော်မူပြန်လေ၏။ “အရှင်ဘုရား.. တပည့်တော်မတို့သည် ထိုပြဿနာ၏ အဖြေကို အစွန်းအစမျှ မမြင်ကြပါကုန်”ဟူ၍ ပရိဗိုဇ်မတို့က ဝန်ခံစကား လျှောက်ထားကြလေသော် အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် “သင်တို့မေးအပ်သော ဝါဒတထောင်ကို ငါကား ဖြေဆိုအပ်ပြီ၊ သင်တို့ကား ငါ၏ အမေးပုစ္ဆာ ပြဿနာတခုကိုမျှ မဖြေဆိုနိုင်ကြကုန်၊ ဤသို့ဖြစ်ခဲ့လျှင် အဘယ်သူကနိုင်၍ အဘယ်သူက ရှုံးသနည်း”ဟု မေးတော်မူ၏။ “အရှင်ဘုရား.. အရှင်ဘုရားတို့က အောင်နိုင်၍ တပည့်တော်မတို့က ရှုံးနိမ့်ခြင်း ဖြစ်ပါသည်ဘုရား”ဟူ၍ ပရိဗိုဇ်မတို့က ပြန်ကြား လျှောက်ထားကြလေသော် “ထိုသို့ဖြစ်လျှင် ယခုအခါ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း”ဟု မထေရ်မြတ်က မေးမြန်းတော်မူလေ၏။ ပရိဗိုဇ်မတို့သည် (ရှေး၌ ပြဆိုအပ်ခဲ့သည့်အတိုင်း) မိဖတို့က မှာကြားအပ်သည့် ဩဝါဒစကားကို မထေရ်မြတ်အား လျှောက်ထားကြ၍ “အရှင်မြတ်တို့၏အထံ၌ ရှင်ရဟန်းမ ပြုကြပါကုန်အံ့ဘုရား”ဟူ၍ ပြန်ကြား လျှောက်ထားကြလေသည်။

     ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် “သင်တို့ မာတုဂါမများမည်သည် ငါတို့အထံ၌ ရှင်ရဟန်းမ-ပြုရန် မအပ်စပ်၊ စင်စစ်သော်ကား ငါတို့၏ အမှာသတင်းစကားကို ယူဆောင်၍ ဘိက္ခုနီမကျောင်းတိုက်သို့ သွားရောက်ကြပြီးလျှင် ရှင်ရဟန်းမ ပြုကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ပရိဗိုဇ်မ လေးယောက်တို့သည် “ကောင်းပါပြီ”ဟု ဝန်ခံကြ၍ မထေရ်မြတ်၏ အမှာသတင်းစကားကို ယူဆောင်ကြပြီးသော် ဘိက္ခုနီသံဃာအထံသို့ သွားရောက်ကြပြီးလျှင် ရှင်ရဟန်းမ ပြုကြလေကုန်၏။ (ဇာတ်အဋ္ဌကထာအလို ဥပ္ပလဝဏ်ထေရီမ၏ အထံ၌ ရှင်ရဟန်းမ ပြုကြလေကုန်၏)။ ရှင်ရဟန်းမ ပြုလုပ်ကြပြီးသော် မမေ့မလျော့ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ကြသဖြင့် မကြာမြင့်မီပင်



၄၃၄

အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေကုန်၏။ (ဤအကြောင်းရပ် အဋ္ဌုပ္ပတ်၌ မြတ်စွာဘုရားသည် စတုက္ကနိပါတ်လာ စူဠကာလိင်္ဂဇာတ်ကို ဟောတော်မူသည်။ ထိုဇာတ်ကို ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု၌ ကြည့်ရှုမှတ်ယူကုန်ရာ၏)။

(မှာထားချက်။ ။ဤပရိဗိုဇ်မ လေးယောက်တို့၏ အဋ္ဌုပ္ပတ် ဖြစ်ရပ်ကား မြတ်စွာဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်းသုံး နေတော်မူစဉ် မိထွေးတော် မဟာပဇာပတိဂေါတမီ တောင်းပန်ချက်အရ ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူပြီးသည့် နောက်တချိန်ဝယ် မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူသောအခါ ဖြစ်ပေါ်သော အဋ္ဌုပ္ပတ်ဖြစ်လေသည်။ သို့သော် သစ္စကပရိဗိုဇ်၏ အကြောင်းအရာနှင့် စကားဆက်စပ်နေသဖြင့်သာ ဤနေရာ၌ ရေးသား ဖော်ပြခြင်းဖြစ်သည်)။

သစ္စကပရိဗိုဇ်အကြောင်း

     ဆိုအပ်ပြီးသည့် ပရိဗိုဇ်မ လေးယောက်တို့၏ မောင်အငယ်ဖြစ်သော သစ္စကပရိဗိုဇ်သည်ကား (ရှေး၌ ဆိုအပ်ပြီးသောအတိုင်း) ဝေသာလီပြည်ဝယ် မင်းညီမင်းသားတို့ကို အတတ်ပညာ သင်ကြားပြသလျက် အကြီးတော် (=မင်းဆရာ)တဦးအနေဖြင့် ဝေသာလီပြည်၌ပင် နေထိုင်လေသည်။

     မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း သာလီပြည် မဟာဝုန်တောအတွင်း ကူဋာဂါရကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူဆဲအချိန် ဖြစ်လေသည်။ ထိုအခါ နိဂဏ္ဌ = တက္ကတွန်း၏ သားဖြစ်၍ စကားပြိုင်ဆိုင် ပြောဆိုတတ် သော, ငါသည် ပညာရှင်တယောက် ဖြစ်သည်ဟု ပြောဆိုတတ်သော, လူအပေါင်းကလည်း သူတော်ကောင်းဟု သမုတ်အပ်သော သစ္စကပရိဗိုဇ်သည် ဝေသာလီပြည် ပရိသတ်၌-

“ဝါဒလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုလျှင် မတုန်မလှုပ် မယိမ်းယိုင်မည့် လက်ကတီးကြား (ချိုင်းကြား)တို့မှ ချွေးမထွက်မည့် ရဟန်းအပေါင်းရှိသူ ဂိုဏ်းရှိသူ ဂိုဏ်းဆရာဖြစ်သူ



၄၃၅

သမဏဗြာဟ္မဏဟု ဝန်ခံသူကို၎င်း, အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဟု ဝန်ခံသူ ဘုရားကို၎င်း ငါ မတွေ့မမြင်ချေ။ စိတ်စေတနာမရှိသော တုံးတိုင်ကိုသော်လည်း ဝါဒလမ်းစဉ်ဖြင့် ငါ အပြစ်တင်ဆိုလျှင် ထိုတုံးတိုင်သော်မှလည်း တုန်လှုပ်ယိမ်းယိုင်လေရာ၏၊ လူဖြစ်သောသူမှာကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း”–

ဟူ၍ ကြုံးဝါးစကား ပြောကြားလေသည်။ (သစ္စကပရိဗိုဇ်ကား “ငါသည် ရဟန်းဂေါတမ၏ အယူဝါဒကို အပြစ်တင်ဆိုမည်”ဟု ကြံစည်ကာ လှည့်လည်နေသူတယောက် ဖြစ်လေသည်။) ထိုအခါ အရှင်အဿဇိ မထေရ်သူမြတ် နံနက်အခါ ဝေသာလီပြည်အတွင်း ဆွမ်းခံကြွဝင်တော်မူလာသည်ကို အညောင်းပြေ လမ်းလျှောက် လှည့်လည်လာသော သစ္စကပရိဗိုဇ်သည် အဝေးကပင် မြင်လတ်၍-

“ငါကား ရဟန်းဂေါတမ၏ အယူဝါဒအပေါ်ဝယ် အပြစ်တင်ဆိုမည်ဟု ကြံစည်ကာ လှည့်လည်နေသူတယောက် ဖြစ်လေသည်။ သို့သော် ‘ထိုရဟန်းဂေါတမ၏ အယူဝါဒကို မသိရသေး’ဟု စဉ်းစားမိကာ အပြစ်တင်ဆိုမှု မပြုခဲ့သေးချေ။ မှန်၏- သူတပါး၏ အယူဝါဒကို မိမိကိုယ်တိုင် သိရှိပြီးမှ တင်အပ်သော အပြစ်သည်သာ ကောင်းစွာတင်အပ်သော အပြစ် ဖြစ်နိုင်ချေသည်။ ငါ ယခုမြင်ရသော ဤသူသည်ကား ရဟန်းဂေါတမ၏ တပည့်ဖြစ်သူ အဿဇိမထေရ်ဟု ထင်ရှားသူဖြစ်သည့်ပြင် မိမိ၏ဆရာ (ရဟန်းဂေါတမ)၏ အယူဝါဒလမ်းစဉ်၌ လိမ္မာသူတယောက် ဖြစ်လေသည်၊ ငါသည် ဤအဿဇိမထေရ်ကို မေးမြန်း၍ (ချင်းတို့၏) အယူဝါဒစကားကို ခိုင်မြဲစွာ တည်စေပြီးမှ ရဟန်းဂေါတမ၏အပေါ်၌ အယူဝါဒနှင့်စပ်၍ အပြစ်တင်စကား ပြောကြားအံ့”—

ဟု ကြံစည်၍ အရှင်အဿဇိထံ ချဉ်းကပ်ပြီးနောက် ဝမ်းမြောက်ဖွယ်စကား ပြောကြား ပြီးဆုံးစေပြီးလျှင် သင့်တင့်လျောက်ပတ်သော



၄၃၆

အရပ်၌ ရပ်တည်လျက် သစ္စကပရိဗိုဇ်သည် အရှင်အဿဇိမထေရ်ကို “အိုအဿဇိ.. ရဟန်းဂေါတမသည် တပည့်သာဝကတို့ကို အဘယ်သို့ ဆုံးမသနည်း၊ တပည့်သာဝကတို့အပေါ်၌ ရဟန်းဂေါတမ၏ အဘယ် အစိတ်အပိုင်းရှိသော ညွှန်ကြားချက် (=အနုသာသနီ)သည် များစွာဖြစ်သနည်း”ဟူ၍ မေးမြန်းလေ၏။

     ထိုအခါ အရှင်အဿဇိမထေရ်မြတ်သည် သစ္စကပရိဗိုဇ်ကို-

အို အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော သစ္စကပရိဗိုဇ်.. မြတ်စွာဘုရားသည် တပည့်သာဝကတို့ကို ဤသို့ ဆုံးမ၏။ မြတ်စွာဘုရား၏ တပည့်သာဝကတို့အပေါ်၌ ဤဆိုလတ္တံ့သော အစိတ်အပိုင်းရှိသည့် ညွှန်ကြားချက် (=အနုသာသနီ)သည် များစွာဖြစ်၏-

“ရဟန်းတို့.. ရုပ်သည် အမြဲမရှိ၊ ဝေဒနာသည် အမြဲမရှိ၊ သညာသည် အမြဲမရှိ၊ သင်္ခါရတို့သည် အမြဲမရှိကုန်၊ ဝိညာဏ်ခြောက်ပါးသည် အမြဲမရှိ။ ရုပ်သည် အတ္တမဟုတ်၊ ဝေဒနာသည်, သညာသည်, သင်္ခါရကိုသည်, ဝိညာဏ်ခြောက်ပါးသည် အတ္တမဟုတ်။ အလုံးစုံသော သင်္ခါရတို့သည် အမြဲမရှိကုန်၊ အလုံးစုံသော တရား တို့သည် အတ္တမဟုတ်ကုန်”။

အို အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော သစ္စကပရိဗိုဇ်.. မြတ်စွာဘုရားသည် တပည့်သာဝကတို့ကို ဤသို့ ဆုံးမတော်မူ၏၊ မြတ်စွာဘုရား၏ တပည့်သာဝကတို့အပေါ်၌ ဤဆိုအပ်ပြီးသော အစိတ်အပိုင်းရှိသည့် ညွှန်ကြားချက် (=အနုသာသနီ)သည် များစွာဖြစ်၏-

ဟူ၍ ဖြေကြားတော်မူလေသည်။

[အထူးမှတ်သားဖွယ်။ ။ဤ၌ အရှင်အဿဇိမထေရ်သည် သစ္စကပရိဗိုဇ်အား အနိစ္စအချက်နှင့် အနတ္တအချက်ကိုသာ ဖြေကြားတော်မူသည်၊



၄၃၇

ဒုက္ခအချက်ကိုကား ဖြေကြားတော်မမူ၊ (အဖြေကို ပြန်၍ ဖတ်ကြည့်ပါ)။ ထိုသို့ ဒုက္ခအချက်ကို ချန်လှပ်၍ ဖြေကြားခြင်း၏အကြောင်းကို အဋ္ဌကထာ၌ ဤဆိုလတ္တံ့သောအတိုင်း ထင်ရှား ဖွင့်ပြထားလေသည်-

အရှင်အဿဇိမထေရ်သည် “ရုပ်သည် ဒုက္ခ၊ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်ခြောက်ပါးသည် ဒုက္ခ”ဟူ၍ ဟောဆိုကြောင်း ပြောကြားခဲ့လျှင် စွပ်စွဲဖွယ်အခွင့် ရသွားမည်ဖြစ်၏။ မဂ်ဖိုလ်တို့သည်လည်း သင်္ခါရဒုက္ခ အနေအားဖြင့် ဒုက္ခဟူ၍လာသော အရာတို့လည်း ရှိကုန်၏၊ ဤသစ္စကပရိဗိုဇ်သည်လည်း ဒုက္ခဟူ၍ ဖြေကြားခဲ့လျှင် (=ဒုက္ခအချက်ကိုပါ ထည့်သွင်း ဖြေကြားခဲ့လျှင်) အရှင်အဿဇိ မထေရ်ကို “အိုအဿဇိ.. သင်တို့သည် အဘယ်အကျိုးငှါ ရဟန်းပြုကြကုန်သနည်း”ဟူ၍ မေးလေရာ၏။ ထိုအခါ အရှင်အဿဇိမထေရ်က “မဂ်ဖိုလ်အလို့ငှါ ရဟန်းပြုကြကုန်၏”ဟူ၍ ဖြေဆိုခဲ့သော် “အိုအဿဇိ.. သင်တို့၏ သာသနာသည် (သံသရာဝဋ်မှ ကျွတ်လွတ်စေတတ်သည့်) သာသနာမဟုတ်၊ စင်စစ်သော်ကား ဤသင်တို့၏ သာသနာဆိုသော အရာသည် အကြီးအကျယ် သတ်ဖြတ်နှိပ်စက်ရာ ဌာနသာဖြစ်၏၊ ဤသင်တို့၏ သာသနာဆိုသောအရာသည် ဥဿဒငရဲတမျိုးသာ ဖြစ်ချေ၏။ (သို့ရကား) သင်တို့၏ စိတ်သန္တာန်ဝယ် သုခကို လိုလားတောင့်တမှုမည်သည် မရှိတော့ချေ။ သင်တို့သည် ထကြွလုံ့လ ကြောင့်ကြစိုက်ထုတ်ကြကာ ဒုက္ခကိုသာ ခံစားကုန်လျက် လှည့်လည်ကြပါကုန် တကား”ဟူ၍ အပြစ်တင်စကား ပြောကြားလေရာ၏။ ထို့ကြောင့် သာသနာပြင်ပ အယူဝါဒရှိသူ ဤသစ္စကပရိဗိုဇ်အား “ပရိယာယကထာ စကားကို ဟောကြားခြင်းငှါ မသင့်ချေ၊ ချင်းအား (အပြစ်တင်စကား ပြောကြားရန်အတွက် ထောက်တည်ရာမရနိုင်အောင်) နိပ္ပရိယာယ = မုချဖြစ်သော တရားစကားကိုသာ ဟောကြားပေအံ့”ဟု ကြံတော်မူ၍ “ရူပံ ဘိက္ခဝေ အနိစ္စံ” အစရှိသည်ဖြင့် အနိစ္စအချက်နှင့် အနတ္တအချက်ကိုသာ ဖြေကြားတော်မူလေသည်။ (မဋ္ဌ၊ ၂၊ ၁၇၂-၃၊ မှ)။]

     ထိုအခါ သစ္စကပရိဗိုဇ်သည် အရှင်အဿဇိမထေရ်ကို “အိုအဿဇိ.. ကြားဖို့ရန် မသင့်လျော်သောစကားကို ကြားရကုန်ပြီတကား၊ ငါတို့သည် ရဟန်းဂေါတမကို ဤသို့ ဟောပြောလေ့ရှိသည်ကို ကြားရကုန်၏။ ငါတို့သည် တချိန်ချိန်၌ ထိုအရှင်ဂေါတမနှင့် တွေ့ဆုံကောင်း တွေ့ဆုံတန်ရာ၏၊ တစုံတရာသော



၄၃၈

စကားအပြန်အလှန် ပြောဆိုခြင်းသည် ဖြစ်ကောင်း ဖြစ်တန်ရာ၏၊ (ထိုသို့ တွေ့ဆုံ ပြောဆိုကြသောအခါမှာ) ထိုယုတ်ညံ့သော မိစ္ဆာအယူမှ ကင်းဆိတ်စေနိုင်ကောင်းတန်ရာ၏”ဟု (တင်စီးစကား) ပြောကြားလေ၏။

     ထိုအခါ လိစ္ဆဝီမင်း ငါးရာတို့သည် ဆွေးနွေးတိုင်ပင်ရာ လွှတ်ရုံး (=မင်းကွန်း ဗိုလ်တဲ)၌ ကိစ္စတခုဖြင့် စည်းဝေးနေကြဆဲ ဖြစ်ကုန်၏။ ထိုအခါ သစ္စကပရိဗိုဇ်သည် “ငါကား ရှေးအခါက (ရဟန်းဂေါတမ၏) အယူဝါဒကို မသိသေးသည့်အတွက် ရဟန်းဂေါတမ၏အပေါ်၌ အယူဝါဒနှင့်စပ်၍ အပြစ်တင်စကား မပြောကြားခဲ့သေးချေ။ ယခုမူ သူ၏ မဟာသာဝကကြီးဖြစ်သူ (ရှင်အဿဇိ) ရဟန်းက ပြောကြားအပ်သည့်အတွက် သူ၏အယူဝါဒကို ကောင်းစွာ သိရလေပြီ။ ငါ၏ တပည့်များဖြစ်ကြသည့် ဤလိစ္ဆဝီမင်း ငါးရာတို့သည်လည်း လွှတ်ရုံး၌ စည်းဝေးနေကြကုန်ပြီ၊ ထိုငါ့တပည့် လိစ္ဆဝီမင်းငါးရာတို့နှင့်တကွ သွားရောက်၍ ရဟန်းဂေါတမ၏အပေါ်၌ အယူဝါဒနှင့်စပ်၍ အပြစ်တင်စကား ပြောကြားပေအံ့”ဟူ၍ ကြံစည်ကာ လိစ္ဆဝီမင်းငါးရာတို့ စည်းဝေးရာ လွှတ်ရုံးသို့ သွားရောက်ပြီးလျှင် ထိုလိစ္ဆဝီမင်းများကို-

“အို လိစ္ဆဝီမင်းတို့.. ထွက်ကြကုန်လော့၊ အို လိစ္ဆဝီမင်းတို့.. ထွက်ကြကုန်လော့။ ယနေ့ ရဟန်းဂေါတမနှင့် ငါ၏ ဝါဒစကား အချေအတင်ပြောကြားခြင်း (ပွဲကြီးပွဲကောင်း) ဖြစ်လိမ့်မည်။ ထင်ရှားသော ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့အနက် တပါးအပါအဝင်ဖြစ်သည့် ရဟန်းဂေါတမ၏တပည့် အဿဇိရဟန်း ငါ့အား (အနိစ္စ, အနတ္တဟု) ဝန်ခံသည့်အတိုင်း ရဟန်းဂေါတမသည် ငါ့အား (အနိစ္စ, အနတ္တဟု) ဝန်ခံခဲ့လျှင်-

(၁) အားကောင်းသော ယောက်ျားသည် အမွေးရှည်ရှိသော သိုးကို အမွေးကဆွဲကိုင်၍ ငင်လည်း ငင်, တွန်းလည်း တွန်းသကဲ့သို့ ဤအတူပင် ငါသည်



၄၃၉

ရဟန်းဂေါတမကို ဝါဒလမ်းစဉ်ဖြင့် အပြစ်ကိုတင်ဆို၍ ငင်လည်းငင်ပေအံ့, တွန်းလည်းတွန်းပေအံ့, ငင်လိုက် တွန်းလိုက်လည်း ပြုလုပ်ပေအံ့။

(၂) သေတင်းကုပ် (=အရက်ဆိုင်)၌နေသူ အားကောင်းသော အလုပ်သမားသည် သေတင်းကုပ် (=အရက်ဆိုင်)၌ ခင်းထားအပ်သည့် ဖျာကြမ်းကြီးကို နက်စွာသော ရေအိုင်၌ ပစ်ချကာ အနားစွန်းကဆွဲကိုင်၍ ငင်လည်းငင်, တွန်းလည်း တွန်းသကဲ့သို့ ဤအတူပင် ငါသည် ရဟန်းဂေါတမကို ဝါဒလမ်းစဉ်ဖြင့် အပြစ်ကို တင်ဆို၍ ငင်လည်း ငင်ပေအံ့, တွန်းလည်းတွန်းပေအံ့, ငင်လိုက် တွန်းလိုက်လည်း ပြုပေအံ့။

(၃) အားကောင်းသော သေသောက်ကြူး ယောက်ျားသည် သေရည်စစ်သောအိတ် (တနည်း- သေပေါင်းအိုး)ကို ဆေးကြောသုတ်သင်လိုသည်ဖြစ်၍ အနားစွန်းက ကိုင်ပြီးလျှင် မှောက်၍ ခါ, လှန်၍ ခါ, အကြိမ်ကြိမ်လှုပ်၍ ခါသကဲ့သို့ ဤအတူပင် ငါသည် ရဟန်းဂေါတမကို ဝါဒလမ်းစဉ်ဖြင့် အပြစ်ကိုတင်ဆို၍ မှောက်၍လည်း ခါပေအံ့, လှန်၍လည်း ခါပေအံ့, အကြိမ်ကြိမ်လည်း လှုပ်၍ခါပေအံ့။

(၄) အနှစ်ခြောက်ဆယ်ရှိမှ အားအင်ဗလ ယုတ်လျော့လေ့ရှိသော ဆင်ပြောင်ကြီးသည် နက်စွာသော ရေကန်အတွင်းသို့ သက်ဆင်း၍ ပိုက်ဆံချည်မျှင် ဖွပ်လျှော်သည်နှင့်တူသော ကစားခြင်းမျိုးကို ကစားသကဲ့သို့ ဤအတူပင် ငါသည် ရဟန်းဂေါတမကို “ပိုက်ဆံချည်မျှင် ဖွပ်လျှော်သည်နှင့်တူသော ကစားခြင်းမျိုး”ကို ကစားပေအံ့။

(အမှာ။ ။ဤ၌ လူများသည် ပိုက်ဆံချည်မျှင် ပြုလုပ်ရန် ပိုက်ဆံပင် ရိုးတံတို့ကို အဆုပ်အဆုပ် (အစည်း) ဖွဲ့ပြီးလျှင် ရေ၌စိမ်၍



၄၄၀

ထားကုန်၏၊ သုံးရက်ရှိသောအခါ ထိုပိုက်ဆံပင်ရိုးတို့သည် ကောင်းစွာ ရေနူးကြကုန်၏။ ထိုအခါ လူများသည် ယာဂုချဉ် သေရည်အရက်စသော စားဖွယ် သောက်ဖွယ်တို့ကို ယူဆောင်ကြ၍ ထိုအရပ်သို့ သွားကြကာ ပိုက်ဆံပင်ရိုး အဆုပ် (အစည်း)တို့ကို မြဲစွာကိုင်ကြ၍ လက်ျာဖက်, လက်ဝဲဖက်, ရှေ့တည့်တည့် သုံးဌာနတို့၌ အသင့်ထားရှိပြီးသော ပျဉ်ချပ်သုံးခုတို့အနက် လက်ျာပျဉ်ချပ်၌ တကြိမ်, လက်ဝဲပျဉ်ချပ်၌ တကြိမ်, ရှေ့တည့်တည့်ပျဉ်ချပ်၌ တကြိမ် ပြောင်းကာလှည့်ကာ ရိုက်နှက်ပုတ်ခတ်လျက် ယာဂုချဉ် သေရည်အရက် စသည်တို့ကို တပျော်တပါး စားသောက်ကြကာ ဖွပ်လျှော်ကြကုန်၏။ ထိုအခါ ထိုလူများအဖို့ရာ ကြီးစွာသော မြူးထူးပျော်ပါး ကစားခြင်း ဖြစ်လေသည်။

မင်း၏ ဆင်ပြောင်ကြီးသည် ထိုကစားမှုကို မြင်ရ၍ အားကျအတုယူကာ နက်စွာသော ရေအတွင်းသို့ သက်ဆင်းပြီးလျှင် နှာမောင်းဖြင့် ရေကိုယူ၍ ဦးကင်း၌ တကြိမ်, ကျောက်ကုန်း၌ တကြိမ်, နံပါးနှစ်ဖက်တို့၌ တကြိမ်, ပေါင်ကြား၌ တကြိမ် ပြောင်းကာ လှည့်ကာ ပက်ဖျန်း၍ ကစားလေသည်၊ ထိုကို အစွဲပြု၍ ထိုကဲ့သို့သော ကစားခြင်းမျိုးကို “သာဏဓောဝိက = ပိုက်ဆံချည်မျှင် ဖွပ်လျှော်သည်နှင့်တူသော ကစားခြင်း မျိုး”ဟူ၍ ခေါ်ဆိုအပ်၏)။

အို လိစ္ဆဝီမင်းတို့.. ထွက်ကြကုန်လော့၊ အို လိစ္ဆဝီမင်းတို့.. ထွက်ကြကုန်လော့၊ ယနေ့ ရဟန်းဂေါတမနှင့် ငါ၏ ဝါဒစကား အချေအတင် ပြောကြားခြင်း (ပွဲကြီးပွဲကောင်း) ဖြစ်လိမ့်မည်”-

ဟူ၍ ပြောဆို ခေါ်ငင်လေ၏။

     ထိုသို့ ပြောဆို အခေါ်ခံရသော လိစ္ဆဝီမင်းတို့အနက် (၁) အချို့သော ပညာမဲ့သူ လိစ္ဆဝီမင်းတို့သည် “ရဟန်းဂေါတမသည် သစ္စကပရိဗိုဇ်၏အပေါ်၌ ဝါဒနှင့်စပ်၍ အဘယ်မှာ အပြစ်တင်နိုင်လိမ့်မည်နည်း၊ သစ္စကပရိဗိုဇ်ကသာ ရဟန်းဂေါတမ၏အပေါ်၌ ဝါဒနှင့်စပ်၍ အပြစ်ကို တင်ဆိုနိုင်ပေလိမ့်မည်”ဟူ၍ ပြောဆိုကြကုန်၏။ (၂) အချို့သော ပညာရှိသူ လိစ္ဆဝီမင်းတို့သည်ကား “သစ္စကပရိဗိုဇ်သည် ဘယ်လိုလူစားဖြစ်၍ မြတ်စွာဘုရား၏အပေါ်၌ ဝါဒနှင့်စပ်၍ အပြစ်ကို တင်ဆိုနိုင်ချိမ့်မည်နည်း၊




၄၄၁

စင်စစ်သော်ကား မြတ်စွာဘုရားကသာလျှင် သစ္စကပရိဗိုဇ်၏အပေါ်၌ ဝါဒနှင့်စပ်၍ အပြစ်ကို တင်ဆိုတော်မူနိုင်လိမ့်မည်”ဟူ၍ ပြောဆိုကြကုန်၏။

     ထိုအခါ သစ္စကပရိဗိုဇ်သည် လိစ္ဆဝီမင်းငါးရာတို့ ခြံရံလျက် မဟာဝုန်တောအတွင်း ကူဋာဂါရကျောင်းတိုက်ရှိရာ အရပ်သို့ သွားရောက်လေ၏။ ထိုအချိန်ကား မွန်းတည့်ရှိန်ရှိန် အချိန်ဖြစ်လေသည်။ ထိုအချိန်၌ များစွာသော ရဟန်းတို့သည် ပဏီတဘောဇဉ်ကို စားသုံးရသည်ဖြစ်၍ ထိုဘောဇဉ်ကြောင့် ဖြစ်ပေါ်မည့် ထိနမိဒ္ဓတရားကို ပယ်ရှားဖျောက်လွှင့်ရန် စင်္ကြံကြွနေတော်မူကြဆဲ ဖြစ်ကုန်၏။ (တနည်းကား- ထိုရဟန်းတို့သည် နေ့အခါ ပဓာနအလုပ်ကို အားထုတ်တော်မူကြသည့် (=ဒိဝါပဓာနိက)ရဟန်းတို့ ဖြစ်ကြ၏။ ထိုကဲ့သို့သော ဒိဝါပဓာနိကရဟန်းတို့ အဖို့ရာ နေလွဲအခါ၌ စင်္ကြံလျှောက်၍ ရေချိုးပြီးလျှင် မိမိကိုယ်ကို အပူငွေ့ရအောင် ပြုလုပ်ပြီးနောက် ထိုင်နေကြကာ ရဟန်းတရား အားထုတ်ကုန်သည်ရှိသော် အလွန် စိတ်တည်ကြည်မှု ဖြစ်နိုင်သည်။ ထို့ကြောင့် ထိုဒိဝါပဓာနိက ရဟန်းတို့သည် နေမွန်းတည့်ရှိန်ရှိန် အချိန်ကြီး၌ ဟင်းလင်းအပြင် လွင်တီးခေါင်ဝယ် စင်္ကြံကြွနေတော်မူကြလေသည်)။

     ထိုအခါ သစ္စကပရိဗိုဇ်သည် ထိုရဟန်းတို့ ရှိရာအရပ်သို့ သွားရောက်ပြီးလျှင် “အချင်းတို့.. ယခုအခါ ထို အရှင်ဂေါတမသည် အဘယ်အရပ်၌ နေသနည်း၊ ငါတို့သည် ထိုအရှင်ဂေါတမကို တွေ့မြင်လိုကြပါကုန်၏”ဟူ၍ ရဟန်းတို့ကို မေးမြန်း ပြောဆိုလေသည်။

ထိုနေ့အဖို့ရာ မြတ်စွာဘုရားသည် မိုးသောက်အခါ၌ မဟာကရုဏာ သမာပတ်ကို ၀င်စားတော်မူပြီးနောက် စကြဝဠာပေါင်း တိုက်တသောင်း၌ သဗ္ဗညုတရွှေဉာဏ်တော် ကွန်ရက်ကို ဖြန့်တော်မူ၍ ကျွတ်ထိုက်သော သတ္တဝါ ဝေနေယျကို ကြည့်ရှုတော်မူလေလျှင် “နက်ဖြန် သစ္စကပရိဗိုဇ်သည် များစွာသော လိစ္ဆဝီမင်းပရိသတ်ကို



၄၄၂

ခေါ်ဆောင်၍ ငါဘုရား၏အပေါ်၌ အယူဝါဒနှင့်စပ်၍ အပြစ်တင် ပြောဆိုလို၍ လာလိမ့်မည်”ဟု မြင်တော်မူပြီး ဖြစ်လေသည်။ ထို့ကြောင့် စောစောကပင် ကိုယ်လက်သုတ်သင်မှု ပြုတော်မူ၍ ရဟန်းအပေါင်း ခြံရံကာ ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်တော်မူပြီးလျှင် ဆွမ်းခံရာမှ ပြန်တော်မူလတ်၍ “ငါဘုရားသည် ပရိသတ်အများ ထိုင်နေရန် ချမ်းသာမည့်အရပ်၌ ယနေ့ နေအံ့”ဟု ကြံတော်မူ၍ ဂန္ဓကုတိုက်တော်သို့ မဝင်ပဲ မဟာဝုန်တောအတွင်း အရိပ်ကောင်းသော သစ်ပင်ရင်းတခု၌ နေ့သန့်နေထိုင်တော်မူလေသည်။

ယခု သစ္စကပရိဗိုဇ် အမေးခံရသော ပံသုကူဓုတင်ဆောင် ဒိဝါပဓာနိက ရဟန်းတို့ကား မြတ်စွာဘုရားအား ဝတ်ပြု၍ ပြန်ရောက်ခါစသာ ဖြစ်ကြသေးသည်။ ထို့ကြောင့် သစ္စကပရိဗိုဇ်က မေးလျှောက်လိုက်လျှင်ပင် အဝေး၌ နေတော်မူသော မြတ်စွာဘုရားကို ဘုရားရှိတော်မူရာဖက်သို့ လက်အုပ်မြှောက်ချီ ညွှန်ပြကြကုန်လျက် “အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော အို သစ္စကပရိဗိုဇ်.. ဘုန်းတော်ကြီးသော ထိုမြတ်စွာဘုရားသည် မဟာဝုန်တောသို့ ဝင်တော်မူ၍ တခုသောသစ်ပင်ရင်း၌ နေ့သန့် နေထိုင်တော်မူလျက်ရှိသည်”-

ဟူ၍ သစ္စကပရိဗိုဇ်အား ပြန်ကြား ပြောဆိုတော်မူကြလေသည်။

     ထိုအခါ သစ္စကပရိဗိုဇ်သည် အပိုင်းအခြားမရှိ များပြားလှစွာသော လိစ္ဆဝီပရိသတ် (မင်းနှင့်တကွသော ဝေသာလီပြည်သူ လူပရိသတ်ကြီး)နှင့် အတူတကွ မဟာဝုန်တောအတွင်းသို့ သက်ဝင်ပြီးသော် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ သစ်ပင်အနီးသို့ သွားရောက်၍ ဝမ်းမြောက်ဝမ်းသာစကား ပြောကြားပြီးလျှင် သင့်တင့်လျောက်ပတ်သော အရပ်၌ ထိုင်နေလေ၏။ ။(ရှေးက လိစ္ဆဝီမင်းငါးရာဟု ဆိုခဲ့လေသည်၊ ထိုလိစ္ဆဝီမင်း ငါးရာတို့ကား သစ္စက၏တပည့်များ ဖြစ်ကြလေသည်၊ အထူးအားဖြင့်



၄၄၃

ဝေသာလီပြည်အတွင်း၌ “သစ္စကသည် လိစ္ဆဝီမင်းငါးရာတို့ကို ခေါ်ဆောင်၍ ဝါဒပြိုင်ဆိုင်လိုသည့်အတွက် မြတ်စွာဘုရားထံသို့ သွားရောက်ပြီ”ဟု သတင်းစကား ကြားသိရ၍ “ပညာရှင်ကြီးနှစ်ဦးတို့၏ ဝါဒအချေအတင်စကား ပြေကြားအပ်သည်ကို နားထောင်ကြကုန်အံ့”ဟု ကြံစည်ကြကာ များသောအားဖြင့် ဝေသာလီပြည်သူပြည်သား လူအပေါင်းတို့သည် သစ္စကနှင့် အတူတကွ ထွက်၍ လိုက်ပါခဲ့ကြလေကုန်သည်။ ဤသို့လျှင် ထိုပရိသတ်ကား အပိုင်းအခြားမရှိ များပြားလှလေသည်)။

     ထို(သစ္စကနှင့် အတူပါလာကြသူ) ပရိသတ်တို့အနက် (၁) အချို့တို့သည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးကြ၍ အပြစ်မြောက်ပါး ကင်းစင်ရာအရပ်၌ ထိုင်နေကြကုန်၏။ (၂) အချို့တို့သည် မြတ်စွာဘုရားနှင့် ဝမ်းမြောက်ဝမ်းသာ တသက်ပတ်လုံး အောက်မေ့ထိုက်သော စကားကို ပြောကြားပြီးလျှင် အပြစ်ခြောက်ပါး ကင်းစင်ရာအရပ်၌ ထိုင်နေကြကုန်၏။ (၃) အချို့တို့သည် မြတ်စွာဘုရား ရှိတော်မူရာဖက်သို့ လက်အုပ်ကို ညွှတ်ကိုင်းပြီးလျှင် အပြစ်ခြောက်ပါး ကင်းစင်ရာအရပ်၌ ထိုင်နေကြကုန်၏။ (၄) အချို့တို့သည် မြတ်စွာဘုရား၏အထံ၌ မိမိ၏ အမည်အနွယ်ကို လျှောက်ထား ပြောကြားကြပြီးလျှင် အပြစ်ခြောက်ပါး ကင်းစင်ရာအရပ်၌ ထိုင်နေကြကုန်၏၊ (၅) အချို့တို့ကား စကားမပြော တုဏှိဘောသာ နေထိုင်ကြကုန်၏။ (ထိုလူ ၅-စုတို့၏ သဘောထား အထူးအပြားကို အောက် “ဗိမ္ဗိသာရမင်းတရား ဘုရားထံမှောက်သို့ သွားရောက်ဖူးမြော်သော အခဏ်း” (မဟာဗုဒ္ဓဝင်၊ ဒု၊ ၅၈၁, ၅၈၂)၌ ပြဆိုခဲ့ပြီ)။

     သစ္စကပရိဗိုဇ်သည် အပြစ်ခြောက်ပါးလွတ်၍ သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်လျက် “အကယ်၍ အရှင်ဂေါတမက အကျွန်ုပ်အား ပြဿနာကို မေးမြန်း လျှောက်ဆိုရန် အခွင့်ပြုပါမူ အကျွန်ုပ်သည် အရှင်ဂေါတမကို တစုံတခုသော အကြောင်းကို မေးလိုပါ၏”ဟု မြတ်စွာဘုရားကို လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် “အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော သစ္စကပရိဗိုဇ်..



၄၄၄

သင်အလိုရှိအပ်ရာကိုပင် မေးလေလော့”ဟူ၍ (ပစ္စေကဗုဒ္ဓါ သာကဝတို့နှင့် မဆက်ဆံသော) သဗ္ဗညု မြတ်စွာဘုရားတို့၏ ဖိတ်ကြားခြင်းဖြင့် ဖိတ်ကြားတော်မူလေ၏။

     ထိုအခါ သစ္စကပရိဗိုဇ်သည် “အရှင်ဂေါတမသည် တပည့်သာဝကတို့ကို အဘယ်သို့ ဆုံးမသနည်း၊ တပည့်သာဝကတို့အပေါ်၌ အရှင်ဂေါတမ၏ အဘယ်သို့ အစိတ်အပိုင်းရှိသော ညွှန်ကြားချက် (=အနုသာသနီ)သည် များစွာဖြစ်သနည်း”ဟူ၍ မေးမြန်းလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် သစ္စကပရိဗိုဇ်ကို-

အို အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော သစ္စကပရိဗိုဇ်.. ငါသည် တပည့်သာဝကတို့ကို ဤသို့ ဆုံးမ၏။ ငါ၏တပည့် သာဝကတို့အပေါ်၌ ဤဆိုလတ္တံ့သော အစိတ်အပိုင်းရှိသည့် ညွှန်ကြားချက် (=အနုသာသနီ)သည် များစွာဖြစ်၏-

“ရဟန်းတို့.. ရုပ်သည် အမြဲမရှိ၊ ဝေဒနာသည် အမြဲမရှိ၊ သညာသည် အမြဲမရှိ၊ သင်္ခါရတို့သည် အမြဲမရှိကုန်၊ ဝိညာဏ်ခြောက်ပါးသည် အမြဲမရှိ။ ရဟန်းတို့.. ရုပ်သည် အတ္တမဟုတ်၊ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရတို့သည်၊ ဝိညာဏ်ခြောက်ပါးသည် အတ္တမဟုတ်။ အလုံးစုံသော သင်္ခါရတို့သည် အမြဲမရှိကုန်။ အလုံးစုံသော သင်္ခါရတို့သည် အတ္တမဟုတ်ကုန်”။

အို အဂ္ဂိဝေဿနအနွယ်ဖြစ်သော သစ္စကပရိဗိုဇ်.. ငါသည် တပည့်သာဝကတို့ကို ဤသို့ ဆုံးမ၏။ ငါ၏ တပည့်သာဝကတို့အပေါ်၌ ဤဆိုအပ်ပြီးသော အစိတ်အပိုင်းရှိသည့် ညွှန်ကြားချက် (=အနုသာသနီ)သည် များစွာဖြစ်၏-

ဟူ၍ မိန့်တော်မူလေ၏။



၄၄၅

     ထိုအခါ သစ္စကပရိဗိုဇ်သည် “အို အရှင်ဂေါတမ.. ကျွန်ုပ်၏ဉာဏ်၌ ဥပမာတခု ထင်လာပါ၏”ဟူ၍ ဆိုလေသော် မြတ်စွာဘုရားက “အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော သစ္စကပရိဗိုဇ်.. သင်၏ဉာဏ်၌ ထင်လာသော ဥပမာကို ထင်ရှားပါစေ (=ထိုဥပမာကို ရဲရဲဝံ့ဝံ့ ထုတ်ဆောင်လော့)”ဟူ၍ အခွင့်ပြုလတ်သည်တွင် သစ္စကပရိဗိုဇ်သည် မြတ်စွာဘုရားကို-

“အို အရှင်ဂေါတမ.. ဥပမာအားဖြင့် မျိုးစေ့အပေါင်း သစ်ပင်အပေါင်းတို့သည် ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကြမည်ဆိုလျှင် မြေကြီးကိုမှီ၍ မြေကြီး၌ တည်၍သာလျှင် ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကြကုန်သကဲ့သို့၎င်း၊ ဥပမာ တနည်းသော်ကား လက်ရုံးအားဖြင့် ပြုလုပ်ရမည့် အမှုခပ်သိမ်းတို့ကို ပြုလုပ်ကြမည်ဆိုလျှင် မြေကြီးကိုမှီ၍ မြေကြီး၌ တည်၍သာလျှင် ပြုလုပ်အပ်ကုန်သကဲ့သို့၎င်း၊ အို အရှင်ဂေါတမ.. ဤအတူပင်လျှင် ရုပ်တည်းဟူသော အတ္တရှိသော (=ရုပ်ကို အတ္တဟူ၍ စွဲယူသော) ဤသတ္တဝါ ပုဂ္ဂိုလ်သည် ရုပ်၌တည်၍ ကုသိုလ် အကုသိုလ် နှစ်ပါးကို ဖြစ်ပွါးစေ၏။ ဝေဒနာတည်းဟူသော အတ္တရှိသော (=ဝေဒနာကို အတ္တဟူ၍ စွဲယူသော) ဤသတ္တဝါ ပုဂ္ဂိုလ်သည် ဝေဒနာ၌တည်၍ ကုသိုလ် အကုသိုလ် နှစ်ပါးကို ဖြစ်ပွါးစေ၏။ သညာတည်းဟူသော အတ္တရှိသော (=သညာကို အတ္တဟူ၍ စွဲယူသော) ဤသတ္တဝါ ပုဂ္ဂိုလ်သည် သညာ၌တည်၍ ကုသိုလ် အကုသိုလ် နှစ်ပါးကို ဖြစ်ပွါးစေ၏။ သင်္ခါရတည်းဟူသော အတ္တရှိသော (=သင်္ခါရတို့ကို အတ္တဟူ၍ စွဲယူသော) ဤသတ္တဝါ ပုဂ္ဂိုလ်သည် သင်္ခါရတို့၌တည်၍ ကုသိုလ် အကုသိုလ် နှစ်ပါးကို ဖြစ်ပွါးစေ၏။ ဝိညာဏ်ခြောက်ပါး တည်းဟူသော အတ္တရှိသော (=ဝိညာဏ်ခြောက်ပါးတို့ကို အတ္တ ဟူ၍ စွဲယူသော) ဤသတ္တဝါ



၄၄၆

ပုဂ္ဂိုလ်သည် ဝိညာဏ်ခြောက်ပါး၌တည်၍ ကုသိုလ် အကုသိုလ် နှစ်ပါးကို ဖြစ်ပွါးစေ၏”—

ဟူ၍ မိမိ၏ အတ္တဝါဒကို ဥပမာနှင့်တကွ ပြောဆိုလေသည်။ (ဤစကားရပ်ဖြင့် သစ္စကပရိဗိုဇ်သည် “ဤခန္ဓာငါးပါးတို့သည် ဤသတ္တဝါတို့အတွက် မြေကြီးကဲ့သို့ တည်ရာဖြစ်ကုန်၏၊ ထိုသတ္တဝါတို့သည် ဤခန္ဓာငါးပါးတို့၌ တည်ကြ၍ ကုသိုလ် အကုသိုလ်ကံ နှစ်ပါးကို အားထုတ်ကြကုန်၏၊ အရှင်ဂေါတမတို့သည် ဤသို့သော လောကမျက်မြင် အလွန်ထင်ရှားရှိသည့် အတ္တကို ပယ်မြစ်ကြလျက် အနတ္တဟူ၍ ပြကုန်ဘိ ပြောကုန်ဘိ၏”ဟူ၍ လွန်လွန်မင်းမင်း အကြောင်းခိုင်လုံအောင်ပြု၍ ဥပမာကို ထုတ်ဆောင်ခြင်း ဖြစ်လေသည်)။

ဤသစ္စကပရိဗိုဇ် ထုတ်ဆောင်အပ်သော ဥပမာကား မှတ်လောက်သားလောက် ခိုင်မြဲလှဘိ၏၊ သူ၏စကားကို သဗ္ဗညုမြတ်စွာဘုရားမှတပါး အခြားသူ တဦးတယောက်သည် ဖြတ်တောက်ဖျက်ဆီး၍ သူ၏ဝါဒ၌ အပြစ်ဒေါသကို တင်ဆိုနိုင်မည် မဟုတ်ချေ။ မှန်၏- ပုဂ္ဂိုလ်တို့သည် (၁) ဗုဒ္ဓဝေနေယျ = မြတ်စွာဘုရားရှင် ဆုံးမရမည့်ပုဂ္ဂိုလ်၊ (၂) သာဝကဝေနေယျ = တပည့်သာဝကတို့ ဆုံးမရမည့် ပုဂ္ဂိုလ်ဟူ၍ နှစ်မျိုးရှိသည်တွင် ၂-အမှတ်ပါ သာဝကဝေနေယျ ပုဂ္ဂိုလ်တို့ကို သာဝကတို့သည်၎င်း, ဘုရားရှင်တို့သည်၎င်း အသိမှန်ရအောင် ဆုံးမနိုင်ကုန်၏။ ၁-အမှတ်ပါ ဗုဒ္ဓဝေနေယျ ပုဂ္ဂိုလ်တို့ကား တပည့်သာဝကတို့သည် အသိမှန်ရအောင် မဆုံးမနိုင်ကုန်၊ မြတ်စွာဘုရားရှင်တို့သည်သာလျှင် ဆုံးမတော်မူနိုင်ကုန်၏။ ဤသစ္စက ပရိဗိုဇ်သည်ကား ဗုဒ္ဓဝေနေယျပုဂ္ဂိုလ် ဖြစ်လေသည်။ ထို့ကြောင့် သူ၏ဝါဒကို ဖြတ်တောက်၍ မြတ်စွာဘုရားမှတပါး အခြား မည်သူတဦးတယောက်မျှ အပြစ်ကို တင်ဆိုခြင်းငှာ မစွမ်းနိုင်၊ ထို့ကြောင့် မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ပင် သစ္စက၏ဝါဒ၌ အပြစ်ကိုပြဆိုရန်-



၄၄၇

“အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော သစ္စကပရိဗိုဇ်.. ‘ရုပ်သည် ငါ၏ ကိုယ်အတ္တတည်း၊ ဝေဒနာသည် ငါ၏ ကိုယ်အတ္တတည်း၊ သညာသည် ငါ၏ ကိုယ်အတ္တတည်း၊ သင်္ခါရတို့သည် ငါ၏ ကိုယ်အတ္တတို့တည်း၊ ဝိညာဏ်ခြောက်ပါးသည် ငါ၏ ကိုယ်အတ္တတည်း’ဟု သင် ဤသို့ဆိုသလော”ဟု မေးတော်မူလေ၏။

     ထိုအခါ သစ္စကပရိဗိုဇ်သည် “ရဟန်းဂေါတမသည် ငါ၏ (အတ္တ)ဝါဒကို အလွန်အမင်း (မတိမ်းမရှောင်နိုင်အောင်) ပရိသတ်ဘောင်ဝယ် ပြောဆိုစေ, တည်တံ့စေ, ဝန်ခံစေ၏။ အကယ်၍ အထက်မှာ အပြစ်တစုံတရာ ဖြစ်ပေါ်လာလျှင် တဦးတည်းကိုသာလျှင် ဖိနှိပ်ပေလိမ့်မည်။ ယခုအခါ ငါသည် (အတ္တ)ဝါဒကို ဝေသာလီပြည်သူ လူများအပေါင်း၏ ခေါင်းပေါ်၌လည်း ပစ်ချပေအံ့”ဟု ကြံစည်ပြီးလျှင်-

“အို အရှင်ဂေါတမ.. ‘ရုပ်သည် ငါ၏ ကိုယ်အတ္တတည်း၊ ဝေဒနာသည် ငါ၏ ကိုယ်အတ္တတည်း၊ သညာသည် ငါ၏ ကိုယ်အတ္တတည်း၊ သင်္ခါရတို့သည် ငါ၏ ကိုယ်အတ္တတို့တည်း၊ ဝိညာဏ်ခြောက်ပါးသည် ငါ၏ ကိုယ်အတ္တတည်း’ဟု အကျွန်ုပ်လည်း ဤသို့ ဆိုပါ၏၊ ဤများလှစွာသော ဝေသာလီပြည်သူ လူအပေါင်း ကလည်း ဤသို့ပင် ဆိုပါ၏”-

ဟူ၍ (သူခိုး သေဖော်ညှိသည် ဟူ၏သို့) လူအပေါင်းကိုလည်း သိမ်းသွင်း၍ ပြောဆိုလေ၏။ မြတ်စွာဘုရားသည်ကား သစ္စကပရိဗိုဇ်ထက် အပြန်အရာ အပြန်အထောင် အပြန်အသိန်းအားဖြင့် ဝါဒအရာ၌ သာလွန်လိမ္မာပါးနပ်သူ မြတ်သူ ဖြစ်ပေ၏။ ထို့ကြောင့် “ဤသစ္စကပရိဗိုဇ်သည် မိမိကိုယ်ကိုလွှတ်၍ လူများအပေါင်း၏ ဦးခေါင်းပေါ်၌ အပြစ်ကို ပစ်ချလိုဘိ၏၊ ထိုသစ္စကပရိဗိုဇ်အား မိမိကိုယ်ကို လွှတ်ခြင်းငှါ (=ကိုယ်လွတ်ရုန်းခြင်းငှါ) ဘယ်နည်းဖြင့်မျှ ငါအခွင့်မပေး၊ လူများအပေါင်းမှ အသီးအခြားထုတ်၍



၄၄၈

ထိုသစ္စကပရိဗိုဇ် တယောက်တည်းကိုသာ နှိမ်နှင်းအံ့”ဟူ၍ ကြံစည်တော်မူပြီးလျှင်-

“အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော သစ္စကပရိဗိုဇ်.. များစွာသော လူအပေါင်းသည် သင်၏အဖို့ရာ အဘယ်သို့ ပြုလတ္တံ့နည်း၊ ငါ တိုက်တွန်းပါ၏၊ အဂ္ဂိဝေဿနအနွယ်၌ဖြစ်သော သစ္စကပရိဗိုဇ်.. မိမိဝါဒကိုသာလျှင် သင် ဖြေရှင်းလော့”-

ဟူ၍ မိန့်တော်မူလေ၏။ (အဓိပ္ပါယ်ကား ဤလူအပေါင်းသည် ငါ့အပေါ်၌ ဝါဒနှင့်စပ်၍ အပြစ်တင်ပြ ပြောဆိုရန် လာကြသည်မဟုတ်၊ သင်သည်သာလျှင် ဝေသာလီပြည်အလုံးရှိ လူများကို စုရုံး၍ ငါဘုရား၏အပေါ်၌ ဝါဒနှင့်စပ်၍ အပြစ်တင်ဆိုရန် လာရောက်သူဖြစ်သည်၊ သို့ရကား သင်သည် မိမိဝါဒကိုသာလျှင် ဖြေရှင်းလော့၊ မဆိုင်သူ လူများအပေါင်း၏ ခေါင်းပေါ်၌ အပြစ်ကို ပုံမချလင့်ဟူ၍ ဆိုလိုသည်)။ ထိုအခါမှ သစ္စကပရိဗိုဇ်သည် မလွှဲမရှောင်နိုင်တော့ပဲ-

“အို အရှင်ဂေါတမ.. ‘ရုပ်သည် ငါ၏ ကိုယ်အတ္တတည်း၊ ဝေဒနာသည် ငါ၏ ကိုယ်အတ္တတည်း၊ သညာသည် ငါ၏ ကိုယ်အတ္တတည်း၊ သင်္ခါရတို့သည် ငါ၏ ကိုယ်အတ္တတို့တည်း၊ ဝိညာဏ်ခြောက်ပါးသည် ငါ၏ ကိုယ်အတ္တတည်း’ဟု အကျွန်ုပ်သည် ဤသို့ ပြောဆိုပါ၏”-

ဟူ၍ ဖြောင့်ဖြောင့်ဝန်ခံလေ၏။ (ဤမှနောက်၌ သစ္စကပရိဗိုဇ်ဟူ၍သာ ရေးတော့အံ့)။

     ဤသို့လျှင် မြတ်စွာဘုရားသည် သစ္စကပရိဗိုဇ်၏ မိမိဝါဒကို ဝန်ခံစေပြီးလျှင်-

“သစ္စကပရိဗိုဇ်.. ထိုသို့ သင်ခန္ဓာငါးပါးကို အတ္တဟု ဝန်ခံသောကြောင့် ဤအရာ၌ သင့်ကိုပင် ပြန်၍မေးဦးအံ့၊ သင်နှစ်သက်သည့်အတိုင်း ထိုအမေးကို သင်ဖြေဆိုရာ၏၊



၄၄၉

သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ ထင်မှတ် (သဘောကျ)သနည်း၊ ပသေနဒီ ကောသလမင်းကဲ့သို့ (သို့မဟုတ်) မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ် မင်းကဲ့သို့ အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်း၏ (အဖို့ရာ) မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်၎င်း, ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်၎င်း, (တိုင်းပြည်မှ) နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်၎င်း အာဏာဖြစ်နိုင်ရာ၏လော”-

ဟူ၍ မေးတော်မူ၏။ ထိုအခါ သစ္စကပရိဗိုဇ်သည် မြတ်စွာဘုရားကို-

“အိုအရှင်ဂေါတမ.. ပသေနဒီ ကောသလမင်းကဲ့သို့ (သို့မဟုတ်) မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ်မင်းကဲ့သို့ အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်း၏ (အဖို့ရာ) မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်၎င်း, ဥစ္စာဆုံးရှုံးစေထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်၎င်း, (တိုင်းပြည်မှ) နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်၎င်း အာဏာသည် ဖြစ်နိုင်ရာပါ၏။

မှန်ပါသည်- အို အရှင်ဂေါတမ.. ဤအစည်းအရုံး အဖွဲ့ကြီးတခုဖြစ်ကြသည့် ဝဇ္ဇီတိုင်းအစိုးရ, မလ္လတိုင်းအစိုးရတို့၏သော်မှ မိမိနိုင်ငံ၌ သတ်ဖြတ်ညှဉ်းဆဲထိုက်သူကို သတ်ဖြတ်ညှဉ်းဆဲစေရန်၎င်း, ဥစ္စာဆုံးရှုံးစေ ထိုက်သူကို ဥစ္စာဆုံးရှုံးစေရန်၎င်း, (တိုင်းပြည်မှ) နှင်ထုတ်ထိုက်သူကို နှင်ထုတ်စေရန်၎င်း အာဏာသည် ဖြစ်နိုင်တုံသေး၏။ ပသေနဒီ ကောသလမင်းကဲ့သို့ (သို့မဟုတ်) မဂဓတိုင်းကို အစိုးရသော ဝေဒေဟီ (မိဖုရား)၏သား အဇာတသတ်မင်းကဲ့သို့သော အဘိသိက်သွန်းပြီးသော ရေမြေရှင်မင်း၏ (အဖို့ရာ)မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊



၄၅၀

အာဏာ ဖြစ်နိုင်ရာ၏၊ အို အရှင်ဂေါတမ.. အာဏာဖြစ်ရန်လည်း ထိုက်တန်ပါ၏”-

ဟူ၍ ပြန်ကြား ဖြေဆိုလေ၏။ (ဤ၌ မြတ်စွာဘုရားသည် သစ္စက၏ (အတ္တ)ဝါဒအယူကို ပြင်းထန်စွာ နှိမ်နင်းရန် ဤအကြောင်းကို စကားပလ္လင်ခံခြင်း, ထုတ်ဆောင်ခြင်း ဖြစ်သည်။ သစ္စကပရိဗိုဇ်ကား မလိမ္မာသူ ဖြစ်သည့်အတွက် မိမိဝါဒကို ဖြိုဖျက်ရန် ထုတ်ဆောင်အပ်သော အကြောင်းကိုပင် “မိမိကိုသတ်ရန် စီမံ အပ်သည့် လက်နက်ကို ထက်မြက်အောင် သွေးသောသူကဲ့သို့” ဝဇ္ဇီတိုင်းအစိုးရ, မလ္လတိုင်း အစိုးရများနှင့် ထောက်ထား သက်သေထူကာ (အာဏာဖြစ်ရန်လည်း ထိုက်တန်ပါ၏)ဟူ၍ပင် အထူးပြု၍ ပြဆိုလိုက်သေးသည်)။

     ထိုအခါ မြတ်စွာဘုရားသည် သစ္စကပရိဗိုဇ်ကို-

“သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင်အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ အကြင်ရုပ်ကို “ရုပ်သည် ငါ၏ ကိုယ်အတ္တတည်း”ဟု သင် ဤသို့ဆို၏၊ ထိုရုပ်၌ “ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်”ဟု သင်၏(အဖို့ရာ) အာဏာထားနိုင်သလော”-

ဟူ၍ အချက်ပိုင်ပိုင် မေးမြန်းတော်မူလိုက်လေ၏။ ဤသို့ မေးတော်မူအပ်သည်ရှိသော် သစ္စကပရိဗိုဇ်သည် အဖြေမပေးပဲ ဆိတ်ဆိတ်သာ နေလေ၏။

(ဤ၌။ ။သစ္စကပရိဗိုဇ်သည် ဤနေရာ၌ မှားယွင်းကြောင်းကို သိ၍ “ရဟန်းဂေါတမသည် ငါ၏ဝါဒကို ချိုးဖျက်ရန်အကြောင်းကို ဆောင်ခဲ့လေသည်၊ ငါကား မလိမ္မာသူ ဖြစ်သည့်အတွက် ထိုရဟန်းဂေါတမ ထုတ်ဆောင်အပ်သော အကြောင်းကိုပင် အထူးပြုကာ ပြဆိုမိလေပြီ။ ယခုမူ ငါကား ပျက်စီးခြင်းမလှ ပျက်စီးခဲ့လေပြီ။ ငါသည် အကယ်၍ “ရုပ်ပေါ်မှာ အာဏာထားနိုင်ပါ၏”ဟု ဖြေကြားလျှင် ဤလိစ္ဆဝီမင်းများသည် ထ၍ “အိုသစ္စကပရိဗိုဇ်.. သင်သည် ‘ငါ၏ရုပ်ပေါ်မှာ အာဏာထားနိုင်ပါ၏ဟု ဖြေဆို၏။ အကယ်၍ သင်၏အဖို့ရာ



၄၅၁

မိမိရုပ်ပေါ်မှာ အာဏာထားနိုင်ခဲ့ပါလျှင် ဤလိစ္ဆဝီမင်းတို့သည် တာဝတိံသာနတ်နှင့်တူသော ကိုယ်ခန္ဓာ အတ္တဘောတို့ဖြင့် အဆင်းလည်းလှကြ ကြည်ညိုဖွယ်လည်း ရှိကြကာ လွန်စွာ တင့်တယ်ကုန်သကဲ့သို့ ဤအတူပင် သင်သည် အဘယ့်ကြောင့် မတင့်တယ်ပါသနည်း”ဟူ၍ အပြစ်တင်စကား ပြောကြားကြပေလိမ့်မည်။ ငါသည် အကယ်၍ “ရုပ်ပေါ်မှာ အာဏာမထားနိုင်ပါ”ဟု ဖြေကြားလျှင်လည်း ရဟန်းဂေါတမက ထ၍ “အို သစ္စကပရိဗိုဇ်.. သင်သည် ရှေးအခါက ‘ငါ၏အဖို့ရာ ရုပ်ပေါ်မှာ ထားနိုင်ပါ၏’ဟု ပြောဆိုပြီးမှ ယခုအခါ၌ ပယ်ရှားဘိ၏”ဟု ပြောဆိုကာ အပြစ်တင်ချေတော့မည်။ ဤသို့လျှင် “အာဏာထားနိုင်၏”ဟု ပြောဆိုလျှင်လည်း အပြစ်တခု ရောက်ချေမည်၊ “အာဏာ မထားနိုင်ပါ”ဟု ပြောဆိုလျှင်လည်း အပြစ်တခု ရောက်ချေမည်ဟူ၍ ကြံစည်စဉ်းစားမိကာ အဖြေမပေးပဲ ဆိတ်ဆိတ်သာ နေလေ၏)။

     မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်လည်း သစ္စကပရိဗိုဇ်ကို-

“သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ အကြင်ရုပ်ကို ‘ရုပ်သည် ငါ၏ ကိုယ်အတ္တတည်း’ဟု သင် ဤသို့ ဆို၏၊ ထိုရုပ်၌ ‘ငါ၏ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်’ဟု သင်၏အဖို့ရာ အာဏာထားနိုင်သလော”-

ဟူ၍ မေးတော်မူပြန်လေသည်။ ထိုဒုတိယအကြိမ် မေးအပ်သောအခါမှာလည်း သစ္စကပရိဗိုဇ်သည် အဖြေမပေးပဲ ဆိတ်ဆိတ်သာ နေလေ၏။

အထူးအားဖြင့် မြတ်စွာဘုရားရှင်က သုံးကြိမ်တိုင်တိုင် မေးမြန်းအပ်ပါလျက် မဖြေကြားခဲ့လျှင် (အကြောင်းနှင့်တကွ မေးမြန်းအပ်ပါလျက် မဖြေကြားခြင်းဖြင့် မြတ်စွာဘုရားအား ညှဉ်းပန်းမှုကို ပြုအပ်သည်မည်သောကြောင့် ဓမ္မနိယာမ၏ အစွမ်းအားဖြင့်) မဖြေကြားသူ (ညှဉ်းပန်းသူ)၏ ဦးခေါင်းသည် ခုနစ်စိတ်ကွဲနိုင်၏၊ ဘုရားတို့မည်သည်လည်း သတ္တဝါတို့ အကျိုးရှိရန်သာလျှင်



၄၅၂

လေးအသင်္ချေ ကမ္ဘာတသိန်းကြာအောင် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူအပ်ပြီး ဖြစ်သောကြောင့် သတ္တဝါတို့အပေါ်၌ အလွန်အမင်း အားကြီးသော ကရုဏာရှင်ကြီးများသာ ဖြစ်တော်မူကြကုန်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် သုံးကြိမ်မြောက်အောင် မေးတော်မမူပဲ စကားအကြောင်းအရာ တမျိုးပြောင်းလဲ၍-

“သစ္စကပရိဗိုဇ်.. သင်သည် ယခုပင် ဖြေကြားလော့၊ သင့်အဖို့ရာ ယခု ဆိတ်ဆိတ်နေရန် အခါမဟုတ်တော့ပေ။ သစ္စကပရိဗိုဇ်.. မြတ်စွာဘုရားက သုံးကြိမ်တိုင်အောင် အကြောင်းအား လျော်ကန်သော ပြဿနာကို မေးအပ်ပါလျက် အကြင် တစုံတယောက်သောသူသည် မဖြေကြားငြားအံ့၊ ထိုသူ၏ဦးခေါင်းသည် ဤနေရာ၌ပင် ခုနစ်စိတ်ကွဲနိုင်၏”-

ဟူ၍ မိန့်တော်မူလေ၏။

     ထိုစဉ်အခါ သိကြားမင်းသည် ဘီလူးအသွင်ဖြင့် ရဲရဲပြောင်ပြောင် တောက်လောင်သော မီးအလျှံရှိသည့် သံဝဇိရစိန်လက်နက်ကို စွဲကိုင်၍ “ဤသစ္စကသည် သုံးကြိမ်တိုင်တိုင် အကြောင်းအား လျော်ကန်သော ပြဿနာကို မြတ်စွာဘုရားက မေးအပ်ပါလျက် အကယ်၍ မဖြေကြားပဲနေခဲ့လျှင် ဤနေရာ၌ပင် ထိုသစ္စက၏ ဦးခေါင်းကို ခုနစ်စိတ်ခွဲအံ့”ဟု ပြောဆို ခြိမ်းချောက်သည့်ပမာ သစ္စက၏အထက် ကောင်းကင်၌ ရပ်တည်လျက်နေ၏။ ထိုဘီလူးအသွင်ရှိသည့် ဝဇိရစိန်လက်နက် လက်စွဲသော သိကြားမင်းကို မြတ်စွာဘုရားနှင့် သစ္စကတို့သာ မြင်ကြရ၏။ (အခြားပရိသတ် တဦးတယောက်မျှ မမြင်ကြချေ)။

[မှတ်သားဖွယ်။ ။သိကြားမင်းသည် ၀ဇိရစိန်လက်နက်ကို လက်စွဲကာ အဘယ့်ကြောင့် လာရောက် ရပ်တည်သနည်းဟူမူ မြတ်စွာဘုရားရှင်ကဲ့သို့ပင် သစ္စက၏အပေါ်၌ သနားခြင်းကရုဏာ ရှိသည်ဖြစ်၍ “ကြောက်မက်ဖွယ်သော ရုပ်အဆင်းကို ဖန်ဆင်းပြသ ခြိမ်းချောက်ကာ ဤသစ္စကကို မိစ္ဆာအယူကို စွန့်စေအံ့”ဟု ကြံစည်၍



၄၅၃

သစ္စက၏ ရှေ့တည့်တည့် ကောင်းကင်၌ ရပ်တည်လာလေသည်၊ ဦးခေါင်းကို ခွဲစိတ်လိုသည်ဖြစ်၍ ရပ်တည်လာခြင်းမဟုတ်။ မှန်၏- မြတ်စွာဘုရား၏မျက်မှောက် ရှေ့တော်၌ တစုံတယောက်သော သူ၏မျှ အကျိုးမဲ့မည်သည် ဖြစ်ရိုးမရှိ။ (မ ဋီ၊ ၂၊ ၂၀၆-မှ)။

သိကြားမင်းသည် ဘီလူးအသွင်ဖြင့် အဘယ့်ကြောင့် လာသနည်းဟူမူ သစ္စကပရိဗိုဇ်ကို မှားသောအယူကိုစွန့်စေရန် လာခြင်းဖြစ်သည်။ (တနည်းသော်ကား) သဟမ္ပတိဗြဟ္မာမင်း တရားဟောရန် တောင်းပန်ဖို့အတွက် မြတ်စွာဘုရားထံသို့ လာရောက်စဉ်ကပင် သိကြားမင်းသည် သဟမ္ပတိဗြဟ္မာကြီးနှင့် အတူတကွ လိုက်ပါခဲ့၍ “မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် တရားကို ဟောတော်မူကြပါကုန်လော့။ အရှင်ဘုရားတို့၏ အာဏာ၌ မလိုက်ပါ မနာယူသောသူတို့ကို တပည့်တော်တို့ လိုက်ပါ နာယူစေကြပါမည်၊ အရှင်ဘုရားတို့၏ဖက်မှ ဓမ္မစက်သည် ဖြစ်ပါစေ၊ တပည့်တော်တို့၏ဖက်မှ အာဏာစက် ဖြစ်ပါစေမည်”ဟူ၍ ဝန်ခံခဲ့လေသည်။ ထို့ကြောင့် ယနေ့ သစ္စကပရိဗိုဇ်ကို ခြောက်လှန့်၍ ပြဿနာကို ဖြေစေအံ့ဟု ကြံစည်ကာ လာရောက်ခြင်း ဖြစ်လေသည်။ (မ ဋ္ဌ၊ ၂၊ ၁၇၉-မှ)။]

     ဘီလူးအသွင် ဖန်ဆင်းအပ်သော သိကြားမင်းကို မြင်ရလေလျှင် သစ္စက၏ တကိုယ်လုံးမှ ချွေးသီးချွေးပေါက်ကြီးများ ထွက်၍လာကုန်၏၊ ဝမ်းဗိုက်အတွင်း တခုလုံးသည် ပတ်ပတ်လည်လျက် ကြီးစွာသောအသံကို မြည်လေ၏။ သစ္စကသည် “အခြားသူများလည်း မြင်ကြသလော”ဟု ကြည့်ရှုလတ်သော် တဦးတယောက်၏ ကြက်သီးမွေးညှင်း ထခြင်းကိုမျှ မမြင်ရချေ။ ထိုအခါ “ဤလူများအပေါင်းသည် ဘီလူးကို မမြင်ကြရချေ၊ သို့ရကား ဤကြောက်ခြင်းသည် ငါတဦးတည်း၏ သန္တာန်မှာသာ ဖြစ်ချေသည်။ ငါသည် အကယ်၍ ‘ဘီလူးကြီး’ဟု ပြောချေက ‘သင့်အားသာလျှင် မျက်လုံးတို့ ရှိကြသလော၊ သင်သာလျှင် ဘီလူးကို မြင်ဘိ၏။ အစက ဘီလူးကို မမြင်ရပဲ ရဟန်းဂေါတမနှင့် ဝါဒပြိုင်ပွဲ ဆင်နွှဲမှသာလျှင် ဘီလူးကို မြင်ဘိ၏’ဟု ပြောကြကုန်လေရာ၏”ဟု ဆင်ခြင် စဉ်းစားမိပြီးလျှင် “ဤနေရာ၌ ယခုအခါ ရဟန်းဂေါတမကိုထား၍ အခြား ကိုးကွယ်ရာဖြင့် မရှိတော့ပြီ”ဟု ကြံစည် အောက်မေ့ကာ သစ္စကပရိဗိုဇ်သည် ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညှင်းထလျက်



၄၅၄

မြတ်စွာဘုရားကိုသာလျှင် မှီခိုရာ ပုန်းအောင်းရာ ကိုးကွယ်ရာဟု ရှာမှီးလျက် မြတ်စွာဘုရားရှင်ကို “အရှင်ဂေါတမသည် အကျွန်ုပ်ကို မေးပါလော့၊ ဖြေကြားပါအံ့”ဟူ၍ လျှောက်ထား၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် သစ္စကပရိဗိုဇ်ကို-

“သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင်အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ အကြင်ရုပ်ကို ‘ရုပ်သည် ငါ၏ ကိုယ်အတ္တတည်း’ဟု သင် ဤသို့ဆို၏။ ထိုရုပ်၌ ‘ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်’ဟု သင်၏အဖို့ရာ အာဏာထားနိုင်သလော”—

ဟု မေးတော်မူ၏။ “အရှင်ဂေါတမ .. အာဏာမထားနိုင်ပါ”ဟူ၍ သစ္စကသည် ပြန်ကြား လျှောက်ထားလေ၏။ “သစ္စကပရိဗိုဇ်.. ဆင်ခြင်စဉ်းစားလော့၊ ဆင်ခြင်စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်၎င်း, နောက်စကားနှင့် ရှေ့စကားသည်၎င်း အချင်းချင်း မဆက်စပ်ပါတကား”ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် သစ္စကပရိဗိုဇ်ကို-

“သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ အကြင်ဝေဒနာကို ‘ဝေဒနာသည် ငါ၏ ကိုယ်အတ္တတည်း’ဟု သင် ဤသို့ဆို၏၊ ထိုဝေဒနာ၌ ‘ငါ၏ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ဝေဒနာသည် ဤသို့ မဖြစ်စေလင့်’ဟု သင်၏အဖို့ရာ အာဏာထားနိုင်သလော”-

ဟု မေးတော်မူ၏။ “အရှင်ဂေါတမ.. အာဏာမထားနိုင်ပါ”ဟူ၍ သစ္စကသည် ပြန်လျှောက်ထားလေ၏။ “သစ္စကပရိဗိုဇ် ဆင်ခြင်စဉ်းစားလော့၊ ဆင်ခြင်စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်၎င်း, နောက်စကားနှင့် ရှေ့စကားသည်၎င်း အချင်းချင်း မဆက်စပ်ပါတကား”ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် သစ္စကပရိဗိုဇ်ကို-



၄၅၅

“သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ အကြင်သညာကို ‘သညာသည် ငါ၏ ကိုယ်အတ္တတည်း’ဟု သင် ဤသို့ဆို၏၊ ထိုသညာ၌ ‘ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏သညာသည် ဤသို့ မဖြစ်စေလင့်’ဟု သင်၏အဖို့ရာ အာဏာထားနိုင်သလော-

ဟု မေးတော်မူ၏။ “အရှင်ဂေါတမ.. အာဏာမထားနိုင်ပါ”ဟူ၍ သစ္စကသည် ပြန်ကြား လျှောက်ထားလေ၏။ “သစ္စကပရိဗိုဇ်.. ဆင်ခြင်စဉ်းစားလော့၊ ဆင်ခြင်စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်၎င်း, နောက်စကားနှင့် ရှေ့စကားသည်၎င်း အချင်းချင်း မဆက်စပ်ပါတကား”ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် သစ္စကပရိဗိုဇ်ကို-

“သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ အကြင် သင်္ခါရတို့ကို ‘သင်္ခါရတို့သည် ငါ၏ ကိုယ်အတ္တတည်း’ဟု သင် ဤသို့ဆို၏၊ ထိုသင်္ခါရတို့၌ ‘ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်စေကုန်၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်လင့်’ဟု သင်၏အဖို့ရာ အာဏာ ထားနိုင်သလော”-

ဟု မေးတော်မူ၏။ “အရှင်ဂေါတမ.. အာဏာမထားနိုင်ပါ”ဟူ၍ သစ္စကသည် ပြန်ကြား လျှောက်ထားလေ၏။ “သစ္စကပရိဗိုဇ်.. ဆင်ခြင်စဉ်းစားလော့၊ ဆင်ခြင်စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်၎င်း, နောက်စကားနှင့် ရှေ့စကားသည်၎င်း အချင်းချင်း မဆက်စပ်ပါတကား”ဟု မိန့်တော် မူပြီးလျှင် မြတ်စွာဘုရားသည် သစ္စကပရိဗိုဇ်ကို-

“သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ အကြင် ဝိညာဏ်ခြောက်ပါးကို ‘ဝိညာဏ်ခြောက်ပါးသည် ငါ၏ ကိုယ်အတ္တတည်း’ဟု သင် ဤသို့ဆို၏။



၄၅၆

ထိုဝိညာဏ်ခြောက်ပါး၌ ‘ငါ၏ ဝိညာဏ်ခြောက်ပါးသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်ခြောက်ပါးသည် ဤသို့ မဖြစ်စေလင့်’ဟု သင်၏အဖို့ရာ အာဏာထားနိုင်သလော”–

ဟု မေးတော်မူ၏။ “အရှင်ဂေါတမ.. အာဏာမထားနိုင်ပါ”ဟူ၍ သစ္စကသည် ပြန်ကြား လျှောက်ထားလေ၏။ “သစ္စကပရိဗိုဇ်.. ဆင်ခြင်စဉ်းစားလော့၊ ဆင်ခြင်စဉ်းစား၍ ဖြေကြားလော့၊ သင်၏ ရှေ့စကားနှင့် နောက်စကားသည်၎င်း, နောက်စကားနှင့် ရှေ့စကားသည်၎င်း အချင်းချင်း မဆက်စပ်ပါတကား”ဟု မြတ်စွာဘုရား သည် မိန့်ကြားတော်မူလေ၏။

     ထို့နောင်မှ မြတ်စွာဘုရားသည် “တေပရိဝဋ္ဋဓမ္မဒေသနာ = တရား တခု တခုအတွက် သုံးပြန်ကျော့၍ မေးမြန်းဖြေကြား ဟောကြားအပ်သည့် တရားဒေသနာဖြင့်” သစ္စကပရိဗိုဇ်ကို ဆုံးမတော်မူလိုသဖြင့်-

(က) “သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ ရုပ်သည် မြဲသလော။ မမြဲသလော”-

ဟု မေးတော်မူလေသော် သစ္စကပရိဗိုဇ်သည် “အရှင်ဂေါတမ.. မမြဲပါ”ဟု ဖြေကြား လျှောက်ထားလေ၏။ (I)

“မမြဲသော အရာသည် ဆင်းရဲမှု ဖြစ်လေသလော၊ ချမ်းသာမှု ဖြစ်လေသလော”–

ဟု မြတ်စွာဘုရားက မေးတော်မူသောအခါ သစ္စကပရိဗိုဇ်သည် “အရှင်ဂေါတမ.. ဆင်းရဲမှု ဖြစ်ပါ၏”ဟု ဖြေကြား လျှောက်ထားလေ၏။ (II)

“မမြဲခြင်း, ဆင်းရဲခြင်း, ဖောက်ပြန်ခြင်း သဘောရှိသော ထိုရုပ်ကို ‘ဤရုပ်သည် ငါ၏ ဥစ္စာဖြစ်၏(ဟု တဏှာဖြင့်၎င်း)၊ ဤရုပ်သည် ငါဖြစ်၏(ဟု မာနဖြင့်၎င်း)၊ ဤရုပ်သည် ငါ၏ ကိုယ်အတ္တဖြစ်၏(ဟု ဒိဋ္ဌိဖြင့်၎င်း)’ အလွဲလွဲ ရှုခြင်းငှါ လျော်ကန်မည်လော”-



၄၅၇

ဟု မြတ်စွာဘုရားက မေးတော်မူသောအခါ သစ္စကပရိဗိုဇ်သည် “အရှင်ဂေါတမ.. မလျော်ကန်ပါ”ဟု ဖြေကြား လျှောက်ထားလေ၏။ (III)

(ခ-ဂ-ဃ) သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း။ ခံစားမှု = ဝေဒနာသည် (ပ)၊ မှတ်သားမှု = သညာသည် (ပ)၊ ပြုပြင်စီရင်မှု = သင်္ခါရတို့သည် (ပ)၊

(င) “သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ မြင်မှု, ကြားမှု, နံမှု, လျက်မှု, ထိမှု, သိမှု တည်းဟူသော ဝိညာဏ်ခြောက်ပါးသည် မြဲသလော၊ မမြဲသလော”-

ဟု မေးတော်မူလေသော် သစ္စကပရိဗိုဇ်သည် “အရှင်ဂေါတမ.. မမြဲပါ”ဟု ဖြေကြား လျှောက်ထားလေ၏။ (I)

“မမြဲသောအရာသည် ဆင်းရဲမှု ဖြစ်သလော၊ ချမ်းသာမှုဖြစ်သလော”–

ဟု မြတ်စွာဘုရားက မေးတော်မူသောအခါ သစ္စကပရိဗိုဇ်သည် “အရှင်ဂေါတမ.. ဆင်းရဲမှု ဖြစ်ပါ၏”ဟု ဖြေကြား လျှောက်ထားလေ၏။ (II)

“မမြဲခြင်း, ဆင်းရဲခြင်း, ဖောက်ပြန်ခြင်း သဘောရှိသော ထိုဝိညာဏ်ခြောက်ပါးကို ‘ဤဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏(ဟု တဏှာဖြင့်၎င်း)၊ ဤဝိညာဏ်သည် ငါဖြစ်၏(ဟု မာနဖြင့်၎င်း)၊ ဤဝိညာဏ်သည် ငါ၏ ကိုယ်အတ္တဖြစ်၏(ဟု ဒိဋ္ဌိဖြင့်၎င်း)’ အလွဲလွဲ ရှုခြင်းငှါ လျော်ကန်မည်လော”–

ဟု မြတ်စွာဘုရားက မေးတော်မူသောအခါ သစ္စကပရိဗိုဇ်သည် “အရှင်ဂေါတမ.. မလျော်ကန်ပါ”ဟု ဖြေကြား လျှောက်ထားလေ၏။ (III)



၄၅၈

ဤသို့လျှင် မြတ်စွာဘုရားသည် ဥပမာအားဖြင့် လိမ္မာလှသော အလမ္ပာယ်ဆရာ (မြွေဆေးကုဆရာ)သည် ထိုထို မြွေကိုက်ခံရသူတို့၏ မြွေကိုက်ရာ ခန္ဓာအစိတ်အပိုင်း၌ ကျရောက် တည်ရှိနေသော မြွေဆိပ်ကို ထိုကိုက်သော မြွေကိုပင်လျှင် တဖန် စုပ်ယူစေသကဲ့သို့၊ ဤအတူ ထိုလိစ္ဆဝီပရိသတ်အလယ်၌ပင် သစ္စကပရိဗိုဇ်ကို “ခန္ဓာငါးပါးတို့သည် နိစ္စ, သုခ, အတ္တတည်း”ဟူ၍ ပြောဆိုခဲ့သောသူ၏ ခံတွင်းဖြင့်ပင် “ခန္ဓာငါးပါးတို့သည် အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်ကုန်၏”ဟူ၍ ဝန်ခံစေတော်မူ၏။ (သစ္စက၏ ခံတွင်းမှ နှုတ်မြွက်ထွက်ပေါ်လာသည့် “အတ္တ”ဝါဒတည်းဟူသော အဆိပ်ကို သစ္စက၏ ခံတွင်းဖြင့်ပင် ပရိသတ်အလယ်၌ “အနတ္တ”ဟု နှုတ်မြွက်ဝန်ခံစေ ထုတ်ယူစေတော်မူ၏)။

     ဤမျှသော စကားအစဉ်ဖြင့် မြတ်စွာဘုရားသည် သစ္စကပရိဗိုဇ်ကို ပရိသတ်၏ အလယ်၌ပင် “ခန္ဓာငါးပါးတို့သည် အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်ကုန်၏”ဟု အတိအလင်း နှုတ်မြွက် ဝန်ခံစေတော်မူပြီး၍ ယခုအခါ သစ္စကပရိဗိုဇ်ကို ဦးခေါင်းငိုက်စိုက်ကျ မျက်နှာကို အောက်ချအောင် ဆုံးမ နှိမ်နင်းတော်မူလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သောအတိုင်း မေးမြန်းတော်မူပြန်လေသည်-

“သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ အကြင်သူသည် ဆင်းရဲဒုက္ခကို တွယ်တာလျက် ဆင်းရဲဒုက္ခသို့ ကပ်ရောက်လျက် ဆင်းရဲဒုက္ခသို့ သက်ဝင်လျက် ဆင်းရဲဒုက္ခ (=ခန္ဓာငါးပါး)ကိုပင် ‘ဤဆင်းရဲဒုက္ခသည် ငါ၏ ဥစ္စာဖြစ်၏(ဟု တဏှာဖြင့်၎င်း )၊ ဤဆင်းရဲဒုက္ခသည် ငါဖြစ်၏(ဟု မာနဖြင့်၎င်း)၊ ဤဆင်းရဲဒုက္ခသည် ငါ၏ ကိုယ်အတ္တဖြစ်၏(ဟု ဒိဋ္ဌိဖြင့်၎င်း)’ အလွဲလွဲရှု၏၊ စင်စစ်သော်ကား ထိုသူသည် ကိုယ်တိုင် ဆင်းရဲဒုက္ခကို ပိုင်းခြား၍ (ပရိညာသုံးပါးဖြင့်) သိနိုင်ပါမည်လော၊



၄၅၉

ခန္ဓာငါးပါး တည်းဟူသော ဆင်းရဲဒုက္ခကို ကုန်ခန်းစေ၍သော်မူလည်း နေနိုင်ပါမည်လော”-

ဟူ၍ မေးတော်မူ၏။ သစ္စကပရိဗိုဇ်သည် “အရှင်ဂေါတမ.. ဤအချက်သည် အဘယ်မှာ ဖြစ်နိုင်ရာပါအံ့နည်း၊ အရှင်ဂေါတမ.. ဤအချက်သည် မဖြစ်နိုင်ရာသည်သာတည်း”ဟူ၍ ဖြေကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် သစ္စကပရိဗိုဇ်ကို တဖန်ဆက်၍-

“သစ္စကပရိဗိုဇ်.. ယခု ငါဘုရားမေးမည့်အချက်ကို သင် အဘယ်သို့ မှတ်ထင် (သဘောကျ)သနည်း၊ ဤသို့ဖြစ်သော် သင်သည် (ခန္ဓာငါးပါး တည်းဟူသော) ဆင်းရဲဒုက္ခကို တွယ်တာနေသူဖြစ်၍ (ခန္ဓာငါးပါး တည်းဟူသော) ဆင်းရဲဒုက္ခသို့ ကပ်ရောက်နေသူဖြစ်၍ (ခန္ဓာငါးပါးတည်းဟူသော) ဆင်းရဲဒုက္ခသို့ သက်ဝင်နေသူဖြစ်၍ ထို(ခန္ဓာငါးပါး တည်းဟူသော) ဆင်းရဲဒုက္ခကိုပင် ‘ဤဆင်းရဲဒုက္ခသည် ငါ၏ ဥစ္စာဖြစ်၏(ဟု တဏှာဖြင့်၎င်း)၊ ဤဆင်းရဲဒုက္ခသည် ငါဖြစ်၏(ဟု မာနဖြင့်၎င်း)၊ ဤဆင်းရဲဒုက္ခသည် ငါ၏ ကိုယ်အတ္တဖြစ်၏(ဟု ဒိဋ္ဌိဖြင့်၎င်း)’ အလွဲလွဲ ရှုရာရောက်သည် မဟုတ်လော”-

ဟူ၍ မေးမြန်းတော်မူလေသော် သစ္စကပရိဗိုဇ်သည် “အရှင်ဂေါတမ.. အဘယ်မှာ မရောက်ပဲ ရှိပါအံ့နည်း၊ အို အရှင်ဂေါတမ.. ရှုရာရောက်ပါ၏”ဟု ဝန်ခံ ဖြေကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် သစ္စကပရိဗိုဇ်ကို-

“သစ္စကပရိဗိုဇ်.. ဥပမာအားဖြင့် အနှစ်ကို အလိုရှိ၍ အနှစ်ကိုရှာမှီးသော ယောက်ျားသည် အနှစ်ရှာရန် လှည့်လည်လတ်သော် ထက်လှသော ဓားမကိုယူ၍ တောသို့ ဝင်လေရာ၏။ ထိုယောက်ျားသည် ထိုတော၌ နု၍ အတွင်း၌ ဖူးတံမရှိသော ဖြောင့်ဖြူးသည့် ငှက်ပျောတုံးကို တွေ့မြင်လေရာ ထိုငှက်ပျောတုံးကို အရင်း အဖျား



၄၆၀

ဖြတ်ပြီးသော် ငှက်ပျောပပ်ရစ်ကို ခွါလေရာ၏။ ထိုသို့ ခွါသည်ရှိသော် အကာကိုသော်မှလည်း မရနိုင်လေရာ၊ အနှစ်ကိုမူ အဘယ်မှာ ရနိုင်အံ့နည်း။

သစ္စကပရိဗိုဇ်.. ဤအတူပင် သင့်ကို မိမိဝါဒ၌ ငါဘုရားက စိစစ်အပ်သည်ရှိသော်, မေးမြန်းအပ်သည်ရှိသော်, အပြန်အလှန် မေးမြန်းအပ်သည်ရှိသော် သင်သည် အနှစ်တုံး၍ အသုံးမကျပဲ အကြီးအကျယ် ကျရှုံးသူ ဖြစ်လေပြီ။

သစ္စကပရိဗိုဇ်.. သင်သည် ဝေသာလီပြည် ပရိသတ်၌ ‘ဝါဒလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုလျှင် မတုန်မလှုပ် မယိမ်းယိုင်မည့် လက်ကတီးကြား (=ချိုင်းကြား)တို့မှ ချွေးမထွက်မည့် ရဟန်းအပေါင်းရှိသူ, ဂိုဏ်းရှိသူ, ဂိုဏ်းဆရာဖြစ်သူ, သမဏဗြာဟ္မဏဟု ဝန်ခံသူကို၎င်း၊ အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဟု ဝန်ခံသူ ဘုရားကို၎င်း ငါ မတွေ့မမြင်ချေ။ စိတ်စေတနာမရှိသော တုံးတိုင်ကိုသော်လည်း ဝါဒလမ်းစဉ်ဖြင့် ငါအပြစ်တင်ဆိုလျှင် ထိုတုံးတိုင်သော်မှလည်း တုန်လှုပ် ယိမ်းယိုင်လေရာ၏။ လူဖြစ်သောသူမှာကား အဘယ်ဆိုဖွယ်ရာ ရှိတော့နည်း’ဟု ဆိုခဲ့၏။ သစ္စကပရိဗိုဇ်.. ယခုမူ သင့်မှာသာလျှင် နဖူးမှကျကုန်သော ချွေးသီးချွေးပေါက် အချို့တို့သည် အပေါ်ရုံကိုဖောက်၍ မြေကြီး၌ တည်ကုန်၏။ သစ္စကပရိဗိုဇ်.. ငါ့မှာမူကား ယခု ကိုယ်၌ ချွေးမရှိ”-

ဟူ၍ မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ထိုပရိသတ်၌ ရွှေအဆင်းရှိသော ကိုယ်တော်ကို ဖွင့်လှစ်၍ ပြတော်မူ၏။

[မှတ်ဖွယ်။ ။ဤ၌ ဥပါဒိဏ္ဏက ကိုယ်ခန္ဓာဝယ် ချွေးမည်သည် မရှိဟူ၍ မဆိုနိုင်၊ ထို့ကြောင့် အချိန်ဖြင့်ပိုင်း၍ (ယခု ကိုယ်၌ ချွေးမရှိ)ဟု မိန့်ဆိုတော်မူခြင်း ဖြစ်လေသည်။

(ရွှေအဆင်းရှိသော ကိုယ်တော်ကို ဖွင့်လှစ်၍ ပြတော်မူ၏)ဟူသော စကားရပ်၌ မြတ်စွာဘုရားသည် ကိုယ်တော်တခုလုံးကို ဖွင့်၍



၄၆၁

ပြတော်မူသည်မဟုတ်၊ ဘုရားရှင်တို့မည်သည် ကမ္ပတ်သီးကို ကမ္ပတ်ကွင်း၌ တပ်ဆင်၍ ဖုံးလွှမ်းအပ်သော ကိုယ်တော်ရှိကုန်လျက် ပရိသတ်၌ တရားဟောတော်မူကြမြဲ ဖြစ်ကုန်၏။ ထိုအချိန်၌ကား မြတ်စွာဘုရားသည် ရေမျိုတော်နှင့် ရှေ့တည့်တည့်အရပ်၌ သင်္ကန်းတော်ကို ကိုင်တော်မူ၍ လက်လေးသစ်ခန့် ဖွင့်လှစ်၍ အောက်သို့ချလိုက်လေသည်။ သင်္ကန်းတော်ကို လက်လေးသစ်ခန့် အောက်သို့ လျှောချလိုက်လျှင်ပင် ရွှေရောင်အဆင်းရှိသော ပီတရောင်ခြည်တော်တို့သည် အစုလိုက် အစုလိုက် ဖြစ်ကြကာ ရွှေအိုးမှထွက်လာသော ရွှေနီဖလံရည်အယဉ်ကဲ့သို၎င်း, နီမြန်းသော တိမ်တိုက်မှ ထွက်ကွန့်သော လျှပ်စစ်နွယ်ကဲ့သို့၎င်း ထွက်ကြွ ကွန့်မြူးတော်မူကြ၍ ရွှေမုရိုးစည်နှင့်တူသော ဦးခေါင်းတော်မြတ်ကို လက်ျာရစ်လည်ကြ၍ ကောင်းကင်သို့ ပျံတက်၍ သွားကြလေကုန်သည်။

မြတ်စွာဘုရားသည် အဘယ့်ကြောင့် ဤသို့ ပြုတော်မူသနည်းဟူမူ လူများအပေါင်း၏ ယုံမှားသံသယကို ပယ်ဖျောက်ရန် ဤသို့ ပြုတော်မူခြင်းဖြစ်သည်။ ချဲ့ဦးအံ့.. လူများအပေါင်းသည် အကယ်၍ မြတ်စွာဘုရားက ထိုကဲ့သို့ ဖွင့်လှစ်၍ ပြတော်မမူလျှင် “ရဟန်းဂေါတမသည် ‘ငါ့မှာ ချွေးမရှိ’ဟု ဆို၏၊ သစ္စက၏ကိုယ်မှ ချွေးသီးချွေးပေါက်များ ထွက်ကြသည်ကိုကား ငါတို့မျက်မြင်ပင် ဖြစ်ကြ၏။ ရဟန်းဂေါတမသည်ကား ထူထဲသော နှစ်ထပ်သင်္ကန်းကြီးကို ရုံလျက်နေပေ၏၊ သင်္ကန်းအတွင်း၌ ချွေးရှိသည် မရှိသည်ကို အဘယ်နည်းဖြင့် သိနိုင်အံ့နည်း”ဟူ၍ ယုံမှားလေရာ၏။ ထိုလူများအပေါင်း၏ ယုံမှားသံသယကို ပယ်ဖျောက်ရန် ဤသို့ ပြုတော်မူခြင်းဖြစ်သည်။]

     ဤသို့ မြတ်စွာဘုရားက မိန့်တော်မူအပ်သည်ရှိသော် သစ္စကပရိဗိုဇ်သည် နှုတ်ဆိတ်၍ မျက်နှာမသာယာပဲ လည်ပင်းငိုက်စိုက်ကျကာ မျက်နှာကို အောက်ချပြီး မှိုင်တွေချလျက် ကြံရာမရပဲ ထိုင်နေလေ၏။

ဒုမ္မုခလိစ္ဆဝီမင်းသားပြောပုံ

     ထိုအခါ ဒုမ္မုခ-မည်သော လိစ္ဆဝီမင်းသားသည် သစ္စကပရိဗိုဇ်ကို နှုတ်ဆိတ်၍ မျက်နှာမသာယာပဲ လည်ပင်းငိုက်စိုက်ကျကာ မျက်နှာကိုအောက်ချပြီး မှိုင်တွေချလျက် ကြံရာမရပဲ ထိုင်နေသည်ကို သိ၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်၏ဉာဏ်မှာ ဥပမာတခု ထင်လာပါသည်”ဟူ၍



၄၆၂

မြတ်စွာဘုရားအား လျှောက်ထားလေသော် “ဒုမ္မုခ.. ထိုဥပမာကို သင်၏ဉာဏ်၌ ထင်စေလော့”ဟု မြတ်စွာဘုရားက မိန့်တော်မူလေ၏။ ထိုအခါ ဒုမ္မုခ-လိစ္ဆဝီမင်းသားသည် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဥပမာအားဖြင့် ရွာ၏ အနီး၌ဖြစ်စေ, နိဂုံး၏ အနီး၌ဖြစ်စေ ရေကန်သည် ရှိ၏၊ ထိုရေကန်၌ ပုဇွန်လုံးသည် ရှိရာပါ၏။ ထိုအခါ များစွာသော သူငယ် သူငယ်မတို့သည် ထိုရွာ ထိုနိဂုံးမှ ထွက်၍ ထိုရေကန်ရှိရာသို့ ချဉ်းကပ်ကြပြီးလျှင် ရေကန်တွင်းသို့ သက်ဆင်းကြ၍ ထိုပုဇွန်လုံးကို ရေမှ ထုတ်ဆောင်ကြကာ ကုန်း၌ တည်စေကုန်ရာ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထွက်လာတိုင်း ထွက်လာတိုင်းသော ထိုပုဇွန်လုံး၏ ခြေချောင်း လက်ချောင်း ဟူသမျှကိုပင် ထိုသူငယ် သူငယ်မတို့သည် ထင်းချောင်းဖြင့်ဖြစ်စေ, အိုးခြမ်းကွဲဖြင့်ဖြစ်စေ ဖြတ်ကုန်ရာ၏၊ ချိုးကုန်ရာ၏၊ ထက်ဝန်းကျင် ချိုးကုန်ရာ၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤသို့လျှင် ထိုပုဇွန်လုံးသည် ခြေချောင်းအားလုံး လက်ချောင်းအားလုံး အဖြတ်ခံရ အချိုးခံရ ထက်ဝန်းကျင် အချိုးခံရသဖြင့် ထိုရေကန်သို့ ရှေးကကဲ့သို့ ပြန်လည် သက်ဆင်းရန် မဖြစ်နိုင်တော့သကဲ့သို့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤအတူပင်လျှင် သစ္စက၏ ထောင်-ထ-လှုပ်ရှားနေသော အယူဝါဒ ခြေချောင်း လက်ချောင်း အားလုံးတို့ကို မြတ်စွာဘုရားသည် ဖြတ်ထားအပ်ပါကုန်ပြီ၊ ချိုးထားအပ်ပါကုန်ပြီ၊ ထက်ဝန်းကျင် ချိုးထားအပ်ပါကုန်ပြီ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခုအခါ သစ္စကသည် မြတ်စွာဘုရားထံသို့ အယူဝါဒ ယှဉ်ပြိုင်လိုသည်ဖြစ်၍ ပြန်လည် ချဉ်းကပ်ရန် မဖြစ်နိုင်တော့ပါ”-

ဟူ၍ လျှောက်ထားလေ၏။ ထိုအခါ သစ္စကပရိဗိုဇ်သည် ဒုမ္မခ လိစ္ဆဝီမင်းသားကို “ဒုမ္မုခ.. သင်သည် ရပ်ဆိုင်းဦးလော့၊



၄၆၃

ဒုမ္မုခ.. သင်သည် ရပ်ဆိုင်းဦးလော့ (ဒုမ္မခ.. သင်ကား နှုတ်ကြမ်းသူ တယောက်ဖြစ်ချေသည်။ သျာ၊ ကံ)။ ငါတို့သည် သင်နှင့် မပြောဆိုကြ မတိုင်ပင်ကြကုန်၊ ငါတို့သည် အရှင်ဂေါတမနှင့်သာ အတူတကွ ပြောဆိုကြ တိုင်ပင်ကြကုန်၏”ဟု တားမြစ်စကား ပြောကြားလေသည်။

(ဤ၌။ ။ဒုမ္မုခ-လိစ္ဆဝီမင်းသားက ဥပမာကို ထုတ်ဆောင်ကာ မြတ်စွာဘုရားအား ကြားလျှောက်နေစဉ်အခါ ကြွင်းကျန်သော လိစ္ဆဝီမင်းသားတို့သည်လည်း “ဤတက္ကတွန်းကြီးသည် အတတ်ပညာ သင်ကြားသောအခါ၌ ငါတို့အပေါ် မထီမဲ့မြင်မှု ပြုခဲ့သည်မှာ ကြာလှလေပြီ၊ ယခုအချိန်ကား ရန်သူ၏ ကျောက်ကုန်းကို ကြည့်ရှုရအံ့သော အခါပေတည်း။ ငါတို့သည်လည်း တယောက်လျှင် ဥပမာတခုစီ ဆောင်ကြ၍ လက်သီးဖြင့်ထိုးသဖြင့် လဲကျနေသောသူကို ကျည်ပွေ့ဖြင့် ထပ်၍ ရိုက်ဘိသကဲ့သို့ နောက်ထပ်တဖန် ပရိသတ်အလယ်၌ ဦးခေါင်းမထောင်ဝံ့အောင် ထိုသစ္စကပရိဗိုဇ်ကို ငါတို့ ပြုကြကုန်အံ့”ဟု ကိုယ်စီကိုယ်င ကြံစည်ကြပြီးလျှင် ဥပမာကို အသီးအသီး စဉ်းစားထားကြ၍ ဒုမ္မုခလိစ္ဆဝီမင်းသား၏ စကားပြီးဆုံးချိန်ကို စောင့်ဆိုင်းငံ့လင့်၍ နေထိုင်ကြကုန်၏။ သစ္စကသည် ထိုမင်းသားတို့၏ အလိုဆန္ဒကို ရိပ်မိသိရှိ၍ “ဤလိစ္ဆဝီမင်းသား အားလုံးတို့သည်ပင် (ငါ့ကိုနှိပ်ရန်) ဦးခေါင်းတထောင်ထောင် နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် အခွင့်ကို စောင့်မျှော် တည်နေကြကုန်၏။ အကယ်၍ ဤမင်းသားများ ကိုယ်စီကိုယ်င ဥပမာတို့ကို ထုတ်ဆောင်ပြောကြားခွင့်ကို ရကြကုန်လျှင် ငါသည် နောက်ထပ်တဖန် ပရိသတ်အလယ်၌ ဦးခေါင်း ထောင်နိုင်တော့မည် မဟုတ်ချေ။ ငါသည် ယခုပင် ဒုမ္မုခလိစ္ဆဝီမင်းသားကို မောင်းမဲပြောဆိုပြီးလျှင် အခြားသူတပါး စကားပြောဆိုခွင့် မရနိုင်အောင် စကားဆက်ကိုဖြတ်၍ ရဟန်းဂေါတမကို ပြဿနာမေးလျှောက်အံ့”ဟူ၍ ကြံစည်ပြီးလျှင် ဆိုအပ်ခဲ့သောအတိုင်း ဒုမ္မုခလိစ္ဆဝီမင်းသားကို မောင်းမဲတားမြစ်စကား ပြောကြားခြင်းဖြစ်သည်)။

     ထို့နောင်မှ သစ္စကပရိဗိုဇ်သည် အခြားသူတို့၏ အကြားစကား မဝင်နိုင်အောင် စကားဆက်ကိုဖြတ်၍ မြတ်စွာဘုရားရှင်ကို-

“အရှင်ဂေါတမ.. အကျွန်ုပ်တို့နှင့် အခြားများစွာသော သမဏဗြာဟ္မဏတို့၏ စကားသည် တည်ရှိပါစေ၊



၄၆၄

(ထားလိုက်ပါ)။ (ထိုစကားအားလုံးသည်) ဆိုမြည် ယောင်ယမ်းသကဲ့သို့ ပြောမိပြောရာ ပြောဆိုကြသော စကားများသာ ဖြစ်ပါသည်။ အဘယ်မျှလောက်သော (အသိဉာဏ်) အတိုင်းအရှည်ဖြင့် အရှင်ဂေါတမ၏ တပည့်သာဝကသည် အဆုံးအမကို လိုက်နာသူ ညွှန်ကြားချက်ကို လိုက်နာသူ ဖြစ်ပါသနည်း၊ ယုံမှားခြင်းကို လွန်မြောက်လျက်, သို့လော သို့လော တွေးတောခြင်းကင်းလျက်, ရဲရင့်ခြင်း (ဉာဏ်အမြင်)သို့ရောက်လျက် သူတပါးကို ယုံကြည်ရန် မလိုတော့သည်ဖြစ်၍ မြတ်စွာဘုရားသာသနာတော်၌ နေပါသနည်း”-

ဟူ၍ လျှောက်ထား မေးမြန်းလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် သစ္စကပရိဗိုဇ်ကို-

“သစ္စကပရိဗိုဇ်.. ဤသာသနာတော်၌ ငါ၏ တပည့်သာဝကသည် ဖြစ်ပြီး, ဖြစ်လတ္တံ့, ဖြစ်ဆဲ, အတွင်း, အပ, အကြမ်း, အနု, အညံ့, အကောင်း, အဝေး, အနီး = ဤသို့အားဖြင့် တဆယ့်တမျိုးပြားသော ရုပ်တရားအားလုံးကို ‘ဤရုပ်အစုသည် ငါ၏ ဥစ္စာမဟုတ်၊ ဤရုပ်အစုသည် ငါမဟုတ်၊ ဤရုပ်အစုသည် ငါ၏ ကိုယ်အတ္တမဟုတ်’ဟု ဤသို့ ဤရုပ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာဉာဏ်ပညာ မဂ်ပညာဖြင့် ရှုမြင်၏။ ခံစားခြင်း = ဝေဒနာကို (ပ)၊ မှတ်သားခြင်း = သညာကို (ပ)၊ ပြုပြင်စီရင်ခြင်း = သင်္ခါ ရတို့ကို (ပ)၊ ဖြစ်ပြီး, ဖြစ်လတ္တံ့, ဖြစ်ဆဲ, အတွင်း, အပ, အကြမ်း, အနု, အညံ့, အကောင်း, အဝေး, အနီး = ဤသို့အားဖြင့် တဆယ့်တမျိုး ပြားသော ဝိညာဏ်ခြောက်ပါး တရားအားလုံးကို ‘ဤဝိညာဏ်အစုသည် ငါ၏ ဥစ္စာမဟုတ်၊ ဤဝိညာဏ် အစုသည် ငါမဟုတ်၊ ဤဝိညာဏ် အစုသည် ငါ၏ ကိုယ်အတ္တမဟုတ်’ဟု ဤသို့ ဤဝိညာဏ်ခြောက်ပါး တရားအစုကို အမှန်အတိုင်း ဝိပဿနာဉာဏ်ပညာ မဂ်ပညာဖြင့် ရှုမြင်၏။



၄၆၅

သစ္စကပရိဗိုဇ်.. ဤမျှသော အသိဉာဏ် အတိုင်းအရှည်ဖြင့် ငါဘုရား၏ တပည့်သာဝကသည် အဆုံးအမကို လိုက်နာသူ ညွှန်ကြားချက်ကို လိုက်နာသူ ဖြစ်၏။ ယုံမှားခြင်းကို လွန်မြောက်လျက်, သို့လော သို့လော တွေးတောခြင်းကင်းလျက်, ရဲရင့်ခြင်း (ဉာဏ်အမြင်)သို့ ရောက်လျက် သူတပါးကို ယုံကြည်ရန် မလိုတော့သည်ဖြစ်၍ မြတ်စွာဘုရား သာသနာတော်၌ နေ၏”-

ဟူ၍ ဖြေကြားမိန့်ဆိုတော်မူ၏။

(သာသနာဝေါဟာရ = သာသနာသုံး ဝေါဟာရအားဖြင့် လောကုတ္တရာ အောက်ဖိုလ်သုံးပါးကို။ သေက္ခဘူမိ = သေက္ခ အရိယာပုဂ္ဂိုလ်တို့၏ ဖြစ်ပွါးနေထိုင်ရာဟူ၍ ခေါ်သည်။ အရဟတ္တဖိုလ်ကို အသေက္ခဘူမိ = ရဟန္တာပုဂ္ဂိုလ်၏ ဖြစ်ပွါးနေထိုင်ရာဟူ၍ ခေါ်သည်။ မှန်၏- ဖိုလ်လေးပါးကို။ အရိယဘူမိ = အရိယာပုဂ္ဂိုလ်တို့၏ နေထိုင်ရာဟူ၍ ခေါ်သည်။ ဆိုခဲ့ပြီးသော စကားရပ်ဖြင့် “ရှုမြင်၏”ဟု ရှုမြင်မှုကြိယာ မပြီးဆုံးသေး သည်ကို ပြဆိုသဖြင့် သေက္ခဘူမိကို ဟောတော်မူသည်။ ယခုအခါ အသေက္ခဘူမိကို မေးလိုသဖြင့် သစ္စကသည် ဤဆိုလတ္တံ့သော အမေးကို မေးလျှောက်၍ မြတ်စွာဘုရားက ဖြေဆိုတော်မူခြင်း ဖြစ်လေသည်။ ဤဆိုလတ္တံ့သော အမေးအဖြေ၌ သစ္စကပရိဗိုဇ် အနေအားဖြင့် သေက္ခဘူမိ, အသေက္ခဘူမိ တည်းဟူသော သာသနာသုံး ဝေါဟာရကို နားမလည်ချေ။ သို့သော် “ရှုမြင်၏ = ရှုမြင်ဆဲ”ဟု ရှုမြင်ခြင်း အသိဉာဏ်အတိုင်းအရှည်ဖြင့်တော့ ရဟန်းတို့၏ အလုပ်ကိစ္စ မပြီးဆုံးသေး”ဟူ၍ ရိပ်မိသိရှိလေသည်။ ထို့ကြောင့် တဖန်ဆက်၍ ဤဆိုလတ္တံ့သောအတိုင်း အသေက္ခဘူမိကို မေးလျှောက်ပြန်လေသည်)။

“အရှင်ဂေါတမ.. အဘယ်မျှသော (အသိဉာဏ်) အတိုင်းအရှည်ဖြင့် ရဟန်းသည် အာသဝေါ ကုန်ပြီးသူ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ ပြုဖွယ်ကိစ္စကို ပြုကျင့်ပြီးသူ (ခန္ဓာ, ကိလေသာ, အဘိသင်္ခါရ = တည်းဟူသော) ဝန်ထုပ်သုံးမျိုးကို ချထားပြီးသူ မိမိ၏ (အရဟတ္တဖိုလ်) အကျိုးစီးပွါးသို့ ရောက်ပြီးသူ ဘဝအနှောင်အဖွဲ့ သံယောဇဉ်



၄၆၆

ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ လွတ်မြောက်ပြီးသူ ရဟန္တာပုဂ္ဂိုလ် ဖြစ်ပါသနည်း”-

ဟူ၍ လျှောက်ထား မေးမြန်းလေသည်။ ထိုအခါ မြတ်စွာဘုရားသည် သစ္စကပရိဗိုဇ်ကို-

“သစ္စကပရိဗိုဇ်.. ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပြီး, ဖြစ်လတ္တံ့, ဖြစ်ဆဲ, အတွင်း, အပ, အကြမ်း, အနု, အညံ့, အကောင်း, အဝေး, အနီး = ဤသို့အားဖြင့် တဆယ့်တမျိုးပြားသော ရုပ်တရားအားလုံးကို ‘ဤရုပ်အစုသည် ငါ၏ ဥစ္စာမဟုတ်၊ ဤရုပ်အစုသည် ငါမဟုတ်၊ ဤရုပ်အစုသည် ငါ၏ ကိုယ်အတ္တမဟုတ်’ဟု ဤသို့ ဤရုပ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုမြင်ပြီး၍ မစွဲလမ်းပဲ လွတ်မြောက်ပြီ။ ခံစားခြင်း = ဝေဒနာကို (ပ)၊ မှတ်သားခြင်း = သညာကို (ပ)၊ ပြုပြင်စီရင်ခြင်း = သင်္ခါရတို့ကို (ပ)။ ဖြစ်ပြီး, ဖြစ်လတ္တံ့, ဖြစ်ဆဲ, အတွင်း, အပ, အကြမ်း, အနု, အညံ့, အကောင်း, အဝေး, အနီး = ဤသို့အားဖြင့် တဆယ့်တမျိုးပြားသော ဝိညာဏ်ခြောက်ပါး တရားအားလုံးကို ‘ဤဝိညာဏ်အစုသည် ငါ၏ ဥစ္စာမဟုတ်၊ ဤဝိညာဏ်အစုသည် ငါမဟုတ်၊ ဤဝိညာဏ်အစုသည် ငါ၏ ကိုယ်အတ္တမဟုတ်’ဟု ဤသို့ ဤဝိညာဏ်ခြောက်ပါး တရားအစုကို အမှန်အတိုင်း ဝိပဿနာဉာဏ်ပညာ မဂ်ပညာဖြင့် ရှုမြင်ပြီးလျှင် မစွဲလမ်းပဲ လွတ်မြောက်ပြီ။

သစ္စကပရိဗိုဇ်.. ဤမျှသော (အသိဉာဏ်) အတိုင်းအရှည်ဖြင့် ရဟန်းသည် အာသဝေါကုန်ပြီးသူ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ ပြုဖွယ်ကိစ္စကို ပြုကျင့်ပြီးသူ (ခန္ဓာ, ကိလေသာ, အဘိသင်္ခါရ = တည်းဟူသော) ဝန်ထုပ်သုံးမျိုးကို ချထားပြီးသူ မိမိ၏ (အရဟတ္တဖိုလ်) အကျိုးစီးပွါးသို့ ရောက်ပြီးသူ ဘဝအနှောင်အဖွဲ့ သံယောဇဉ်



၄၆၇

ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ လွတ်မြောက်ပြီးသူ = ရဟန္တာပုဂ္ဂိုလ်ဖြစ်ပေ၏”-

ဟူ၍ ဖြေကြားတော်မူပြီးနောက် ထိုရဟန္တာပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးကို တဖန်ဆက်၍-

“သစ္စကပရိဗိုဇ်.. ဤသို့ လွတ်မြောက်ပြီးသော စိတ်ရှိသော ရဟန်းသည် အသိဉာဏ်အမြင် ထူးခြားခြင်း, အကျင့်ပဋိပဒါ ထူးခြားခြင်း, လွတ်မြောက်မှု ထူးခြားခြင်းဟူသော ထူးခြားခြင်း သုံးပါးတို့နှင့် ပြည့်စုံ၏။ သစ္စကပရိဗိုဇ်.. ဤသို့ လွတ်မြောက်ပြီးသော စိတ်ရှိသော (ရဟန္တာ) ရဟန်းသည်-

‘ထိုငါတို့ဆရာ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် သစ္စာလေးပါးတရားကို ထိုးထွင်း သိမြင်တော်မူပြီးဖြစ်၍ ဝေနေယျကြာ သတ္တဝါတို့အားလည်း သစ္စာလေးပါးတရားကို သိစေခြင်းငှါ တရားကို ဟောကြားတော်မူ၏။

ထိုငါတို့ဆရာ မြတ်စွာဘုရားသည် ကိုယ်တိုင် ယဉ်ကျေးတော်မူပြီးဖြစ်၍ ဝေနေယျကြာ သတ္တဝါတို့အားလည်း ယဉ်ကျေးစေခြင်းငှါ တရားကို ဟောကြားတော်မူ၏။

ထိုငါတို့ဆရာ မြတ်စွာဘုရားသည် ကိလေသာခပ်သိမ်း ငြိမ်းတော်မူပြီးဖြစ်၍ ဝေနေယျကြာ သတ္တဝါတို့အားလည်း ကိလေသာခပ်သိမ်း ငြိမ်းစေခြင်းငှါ တရားကို ဟောကြားတော်မူ၏။

ထိုငါတို့ဆရာ မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ဩဃလေးပါးကို ကူးမြောက်တော်မူပြီးဖြစ်၍ ဝေနေယျကြာ သတ္တဝါတို့အားလည်း ဩဃလေးပါးကို ကူးမြောက်နိုင်ကြစေရန် တရားကို ဟောကြားတော်မူ၏။

ထိုငါတို့ဆရာ မြတ်စွာဘုရားသည် ကိုယ်တော်တိုင်က ကိလေသပရိနိဗ္ဗာန် ဝင်စံ အေးငြိမ်းတော်မူပြီးဖြစ်၍



၄၆၈

ဝေနေယျကြာ သတ္တဝါတို့အားလည်း ကိလေသပရိနိဗ္ဗာန် ဝင်စံအေးငြိမ်းကြစေရန် တရားကို ဟောကြားတော်မူ၏’-

ဟု မြတ်စွာဘုရားကိုသာလျှင် ရိုသေလေးနာ မြတ်နိုးပူဇော်မှုကို ပြုလေ၏”-

ဟူ၍ မိန့်တော်မူ၏။

ဗုဒ္ဓေါ ဗောဓာယ ဒေသေသိ။

ဒန္တော ယော ဒမထာယ စ။

သမထာယ သန္တော ဓမ္မံ၊

တိဏ္ဏောဝ တရဏာယ စ။

နိဗ္ဗုတော နိဗ္ဗာနတ္ထာယ၊

တံ လောကသရဏံ နမေ။

ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား ငါတို့ မြတ်စွာဘုရားသည်။ ဗုဒ္ဓေါ = သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူပြီးသည်ဖြစ်၍။ ဗောဓာယ စ = ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း သိကြစေခြင်းငှါ၎င်း။ ဒန္တော = ကိုယ်တိုင်ကပင် ယဉ်ကျေးတော်မူပြီးဖြစ်၍။ ဒမထာယ စ = ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ယဉ်ကျေးကြစေခြင်းငှါ၎င်း။ သန္တော = ကိလေသာခပ်သိမ်း ကိုယ်တော်တိုင် ငြိမ်းတော်မူပြီးဖြစ်၍။ သမထာယ စ = ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ငြိမ်းကြစေခြင်းငှါ၎င်း။ တိဏ္ဏောဝ = ဩဃလေးခဏ်း ရေပြင်ကြမ်းကို ကူးသန်းထုတ်ချောက် ကိုယ်တော်တိုင် လွန်မြောက်ပြီးဖြစ်၍သာလျှင်။ တရဏာယ စ = ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ကူးမြောက်နိုင်ကြစေခြင်းငှါ၎င်း။ နိဗ္ဗုတော = ကိလေသပရိနိဗ္ဗာန် ဝင်စံအေးငြိမ်းတော်မူပြီးဖြစ်၍။



၄၆၉

နိဗ္ဗာနတ္ထာယ စ = ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း အေးငြိမ်းကြစေခြင်းငှါ၎င်း။ ဓမ္မံ = သစ္စာလေးချက် တရားနက်ကို။ ဒေသေသိ = ကရုဏာရှေးရှူ ဟောကြားတော်မူခဲ့လေပြီ။ လောကသရဏံ = လောကသုံးပါး၏ ကိုးစားမှီခိုရာတဆူ ဖြစ်တော်မူထသော။ တံ ဗုဒ္ဓံ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား ထိုမြတ်စွာဘုရားကို။ နမော-နမာမိ = ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့မြတ်နိုး လက်စုံမိုးလျက် ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား..။

မြတ်စွာဘုရားကို ဆွမ်းစားပင့်ခြင်း

     ဤသို့ မြတ်စွာဘုရားရှင်က အရဟတ္တဖိုလ် အထွတ်တပ်၍ ဟောကြား မိန့်ဆိုတော်မူအပ်လေသော် သစ္စကပရိဗိုဇ်သည် မြတ်စွာဘုရားကို-

“အို အရှင်ဂေါတမ.. အကျွန်ုပ်တို့သည် အရှင်ဂေါတမကို ဝါဒလမ်းစဉ်ဖြင့် အပြစ်တင်ဆို ပုတ်ခတ်ထိုက်၏ဟု ထင်မှားမိခဲ့ပါကုန်ပြီ၊ (သို့ရကား) အကျွန်ုပ်တို့သည်သာလျှင် ဂုဏ်ကိုချေဖျက်သူများ ဖြစ်ကြပါကုန်၏။ အကျွန်ုပ်တို့သည် နှုတ်ထွက်ကြမ်းကာ စကားမောက်မာသူများ ဖြစ်ကြပါကုန်၏။

အို အရှင်ဂေါတမ.. ဥပမာဆောင် ထင်အောင်ဖော်ပြရပါမူ အမုန်ယစ်သောဆင်ကို ပုတ်ခတ်ထိပါး၍ ယောက်ျားမှာ ချမ်းသာခြင်းဖြစ်သော်မူ ဖြစ်ရာပါသေး၏။ အရှင်ဂေါတမကို ပုတ်ခတ်ထိပါး၍ကား ယောက်ျားမှာ ချမ်းသာခြင်းသည် အလျှင်းပင် မဖြစ်နိုင်သည်သာတည်း။ (၁)

အို အရှင်ဂေါတမ.. အလျှံတပြောင်ပြောင် တောက်လောင်၍နေသော မီးပုံကြီးကို ပုတ်ခတ်ထိပါး၍ ယောက်ျားမှာ ချမ်းသာခြင်းဖြစ်သော်မူ ဖြစ်ရာပါသေး၏။



၄၇၀

အရှင်ဂေါတမကို ပုတ်ခတ်ထိပါး၍ကား ယောက်ျားမှာ ချမ်းသာခြင်းသည် အလျှင်းပင် မဖြစ်နိုင်သည်သာတည်း။ (၂)

အို အရှင်ဂေါတမ.. လျင်သော အဆိပ်ရှိသော မြွေ, ကြမ်းသော အဆိပ်ရှိသော မြွေကို ပုတ်ခတ်ထိပါး၍ ယောက်ျားမှာ ချမ်းသာခြင်းဖြစ်သော်မူ ဖြစ်ရာပါသေး၏။ အရှင်ဂေါတမကို ပုတ်ခတ်ထိပါး၍ကား ယောက်ျားမှာ ချမ်းသာခြင်းသည် အလျှင်းပင် မဖြစ်နိုင်သည်သာတည်း။ (၃)

အိုအရှင်ဂေါတမ.. အကျွန်ုပ်တို့သည် အရှင်ဂေါတမကို ဝါဒလမ်းစဉ်ဖြင့် အပြစ်တင်ဆို ပုတ်ခတ်ထိုက်၏ဟု ထင်မှားမိခဲ့ပါကုန်ပြီ၊(သို့ရကား) အကျွန်တို့သည်သာလျှင် ဂုဏ်ကိုချေဖျက်သူများ ဖြစ်ကြပါကုန်၏၊ အကျွန်ုပ်တို့သည် နှုတ်ထွက်ကြမ်းကာ စကားမောက်မာသူများ ဖြစ်ကြပါကုန်၏”-

ဟူ၍ လျှောက်ထားလေသည်။

[မှတ်ချက်။ ။ဤ၌ (အရှင်ဂေါတမကို ပုတ်ခတ်ထိပါး၍ကား ယောက်ျားမှာ ချမ်းသာခြင်းသည် အလျှင်းပင် မဖြစ်နိုင်သည်သာတည်း။)ဟူသော စကားရပ်ဖြင့် “အရှင်ဂေါတမကို ဝါဒပြိုင်ဆိုင် ပုတ်ခတ်ထိပါး၍ တဦးတယောက်သောသူမှာမှ ဖရိုဖရဲ မကြဲသော မိမိ၏ဝါဒကို မူလရင်းအတိုင်း အပြည့်အစုံယူ၍ ဖဲသွားနိုင်စွမ်းမည်သည် မရှိ၊ မိမိ၏ဝါဒ ဖရိုဖရဲ ကြဲပြန့်ပျက်စီး၍သာ ပြန်သွားကြရသည်”ဟူသော အဓိပ္ပါယ်ကို ဖော်ပြသည်။ မှန်၏- မြတ်စွာဘုရားသည် ဆင်ပြောင်ကြီး, မီးပုံကြီး, မြွေဆိုးကြီးများကဲ့သို့ တဦးတယောက်သောသူ၏ အသက်အန္တရာယ်ကို ပြုတော်မမူ။

အထူးအားဖြင့် ဤသစ္စကပရိဗိုဇ်သည် မြတ်စွာဘုရားကို ချီးပင့်လို၍ ဤဥပမာသုံးပါးကို ဆောင်သည်မဟုတ်၊ စင်စစ်သော်ကား မိမိကိုယ်ကို ချီးပင့်လို၍သာလျှင် ထုတ်ဆောင်လေသည်။ (ဥပမာအားဖြင့်) မင်းသည် ရန်သူတဦးတယောက်ကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီးလျှင် ထိုသတ်ဖြတ်အပ်သော ရန်သူကို “ထိုယောက်ျားကား ဤသို့စဉ် ရဲရင့်သူ



၄၇၁

ဤသို့စဉ် အစွမ်းသတ္တိနှင့် ပြည့်စုံသူ ဖြစ်ဘိ၏”ဟူ၍ ရန်သူကို ချီးမွမ်းသော်လည်း တဖက်လှည့်အားဖြင့် မိမိကိုယ်ကိုသာလျှင် ချီးမွမ်းသကဲ့သို့၊ ဤအတူပင်လျှင် သစ္စကပရိဗိုဇ်သည်လည်း ဥပမာသုံးရပ်ဖြင့် မြတ်စွာဘုရားကို ချီးပင့်သော်လည်း “ဤသို့စဉ် အမုန်ယစ်သော ဆင်ပြောင်ကြီးကဲ့သို၎င်း, ရဲရဲပြောင်ပြောင် တောက လောင်သော မီးပုံကြီးကဲ့သို့၎င်း, ပါးပျဉ်းထောင်လျက်ရှိသော အဆိပ်ထန်သည့် မြွေကြီးကဲ့သို၎င်း လူသာမန်တို့ ချဉ်းကပ်ရန် ခဲယဉ်းစွာသော မြတ်စွာဘုရားရှင်ကို ငါတို့သည် အယူဝါဒ ပြိုင်ဆိုင်လိုကြသည်ဖြစ်၍ ချဉ်းကပ်ခဲ့ကြကုန်ပြီ၊ (သို့ရကား) လောက၌ ငါတို့သာလျှင် ရဲရင့်သူများ ပညာရှိသူများ အကြားအမြင် များသူများ ဖြစ်ကြကုန်၏”ဟူ၍ တဖက်လှည့်အားဖြင့် မိမိကိုယ်ကိုသာလျှင် ချီးပင့်ခြင်း ဖြစ်လေသည်။ ။ဤကား အထူးမှတ်ဖွယ်တည်း။]

     ဤသို့ သစ္စကပရိဗိုဇ်သည် တဖက်လှည့်အားဖြင့် မိမိကိုယ်ကို ချီးပင့်ပြီးလျှင် မြတ်စွာဘုရားရှင်ကို “အရှင်ဂေါတမသည် နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ အကျွန်ုပ်၏ (ပင့်ဖိတ်အပ်သော) ဆွမ်းကို ရဟန်းသံဃာနှင့်အတူ ခံယူတော်မူပါ”ဟူ၍ ပင့်ဖိတ် လျှောက်ထားလေသော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် ထိုသစ္စကပရိဗိုဇ်၏ ပင့်ဖိတ်လျှောက်ထားချက်ကို လက်ခံတော်မူလေ၏။

     ထိုအခါ သစ္စကပရိဗိုဇ်သည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ လိစ္ဆဝီမင်းတို့ကို “အမောင်လိစ္ဆဝီမင်းတို့.. ငါ၏စကားကို နားထောင်ကြကုန်လော့၊ ငါသည် ရဟန်းဂေါတမကို ရဟန်းသံဃာနှင့်အတူ နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ပင့်ဖိတ်အပ်ပြီးပြီ၊ ရဟန်းဂေါတမအား လျောက်ပတ်၏ဟု (အမောင်တို့) ထင်မှတ်ကြသော ဝတ္ထုကို ငါ့ထံသို့ ရှေးရှု ဆောင်ယူခဲ့ကြကုန်လော့”ဟူ၍ ပြောဆိုလေ၏။ ထိုအခါ လိစ္ဆဝီမင်းတို့သည် ထိုညဉ့် ကုန်လွန်လတ်သော် သစ္စကပရိဗိုဇ်၏အထံသို့ ပို့ဆွမ်း ဆွမ်းအိုးငါးရာမျှကို ပို့သကြလေကုန်၏။ ထိုအခါ သစ္စကပရိဗိုဇ်သည် မိမိ၏အရံ၌ မွန်မြတ်သော ခဲဖွယ် စားဖွယ်များကို စီရင်စေ၍ မြတ်စွာဘုရားအား “အရှင်ဂေါတမ ဆွမ်းစားချိန်တန်ပြီ၊ ဆွမ်းပြင်၍ ပြီးပါပြီ”ဟု အချိန်တန်ကြောင်းကို ကြားလျှောက်စေလေ၏။



၄၇၂

     ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ သစ္စကပရိဗိုဇ်၏ အရံရှိရာအရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားအပ်သောနေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူ၏။ ထိုအခါ သစ္စကပရိဗိုဇ်သည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ် စားဖွယ်ဖြင့် ရောင့်ရဲသည်တိုင်အောင် တားမြစ်သည်တိုင်အောင် ကိုယ်တိုင် ပြုစုလုပ်ကျွေးလေ၏။

     ထိုအခါ သစ္စကပရိဗိုဇ်သည် မြတ်စွာဘုရား ဆွမ်းစားတော်မူပြီးသည်ကို သိ၍ သင့်တင့်လျောက်ပတ်သော အရပ်၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားကို-

“အို အရှင်ဂေါတမ.. ဤ အလှူဒါန၌ ကောင်းမှု၏ အကျိုးရင်း (=အနာဂတ် ဝိပါက်ခန္ဓာများ)နှင့် ကြီးမြတ်သော ကောင်းမှု၏ အကျိုးဆက် အကျိုးဖျား (မင်းမြှောက်တန်းဆာငါးပါး စသည်)များသည် အလှူဒါယကာ (လိစ္ဆဝီမင်း)တို့၏ ချမ်းသာခြင်းငှါ ဖြစ်ပါစေ”-

ဟူ၍ လျှောက်ထားလေ၏။ (ဤစကားရပ်ကို သစ္စကပရိဗိုဇ်သည် “ငါကား လိစ္ဆဝီမင်းများ ပို့သအပ်သော ခဲဖွယ် စားဖွယ်ဖြင့် ရဟန်းဂေါတမကို တပည့်သံဃာနှင့်တကွ ပြုစုလုပ်ကျွေးအပ်လေပြီ၊ ထို့ကြောင့် ထိုကောင်းမှုသည် လိစ္ဆဝီမင်းတို့၏ ကောင်းမှုသာလျှင် ဖြစ်၏”ဟု စဉ်းစား ဆင်ခြင်ကာ လျှောက်ဆိုခြင်းဖြစ်သည်)။ သို့သော်လည်း မြတ်စွာဘုရားအား၎င်း, ရဟန်းသံဃာအား၎င်း, သစ္စကပရိဗိုဇ်က ဆွမ်းအလှူကို ပေးလှူအပ်လေသည်၊ လိစ္ဆဝီမင်းတို့က ပေးလှူအပ်သည်မဟုတ်၊ (လိစ္ဆဝီမင်းတို့ကား သစ္စကအား ပေးအပ်သော ဆွမ်းဖြစ်သည်၊ သစ္စကကမှတဆင့် ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူအပ်သော ဆွမ်းဖြစ်သည်)။ ထို့ကြောင့် မြတ်စွာဘုရားသည် သစ္စက၏ အယူအဆ စဉ်းစားဆင်ခြင်ချက်ကို အမှန်သို့ရောက်အောင် ပြောင်းလဲစေတော်မူပြီးလျှင်-

“သစ္စကပရိဗိုဇ်.. သင်ကဲ့သို့ ရာဂ, ဒေါသ, မောဟ မကင်းသေးသူ အလှူခံပုဂ္ဂိုလ်ကိုစွဲ၍ (လိစ္ဆဝီမင်းတို့)



၄၇၃

ပေးလှူသော ဒါနမှုသည် ပေးလှူသူ (လိစ္ဆဝီမင်း)တို့အတွက် ဖြစ်ပေလိမ့်မည်။

သစ္စကပရိဗိုဇ်.. ငါကဲ့သို့ ရာဂ, ဒေါသ, မောဟ ကင်းပြီးသူ အလှူခံပုဂ္ဂိုလ်ကိုစွဲ၍ (သင်က) ပေးလှူသော ဒါနမှုသည်ကား ပေးလှူသူ (သင်)၏အတွက် ဖြစ်ပေလိမ့်မည်”-

ဟု (သစ္စကအဖို့ရာ အနာဂတ်၌ ကောင်းမှုကုသိုလ် ဝါသနာ အထုံရစေရန်) မိန့်ဆိုတော်မူလေ၏။

မဟာသစ္စကသုတ္တန်ကို ဟောကြားတော်မူခြင်း

     ဤဆိုအပ်ခဲ့ပြီးသည်ကား စူဠသစ္စကသုတ္တန်ဖြစ်သည်။မြတ်စွာဘုရားရှင်သည် သစ္စကပရိဗိုဇ်အား ဤစူဠသစ္စကသုတ္တန်ကိုသာ ဟောကြားတော်မူသည်မဟုတ်၊ မဟာသစ္စကသုတ္တန်ကိုလည်း နောက်တချိန်၌ ဟောကြားတော်မူသည်။ ထိုမဟာသစ္စကသုတ္တန်၌ကား ကာယဘာဝနာ စိတ္တဘာဝနာ နှစ်ပါးတို့ကို၎င်း, သမ္မူဠှပုဂ္ဂိုလ် အသမ္မူဠှပုဂ္ဂိုလ်တို့ကို၎င်း အကျယ်ဝေဘန်၍ ဟောကြားတော်မူသည်။ ထိုမဟာသစ္စကသုတ္တန်ကိုမူ မူလပဏ္ဏာသပါဠိတော် ပိဋကတ်မြန်မာပြန် (စာမျက်နှာ ၃ဝ၈-မှ စ၍) အကျယ်ကို ကြည့်ရှုမှတ်သားရာ၏။

သစ္စက၏ ဝါသနာဘာဂိယအကျိုး

     မြတ်စွာဘုရားသည် ဤသစ္စကပရိဗိုဇ်အား စူဠသစ္စကသုတ်, မဟာသစ္စကသုတ် ဤနှစ်သုတ်တို့ကို ဟောကြားတော်မူအပ်၏။ စူဠသစ္စကသုတ်ကား တဘာဏဝါရရှိ၏၊ (သံဂါယနာတင်သောအခါ တကြိမ်ရွတ်စာ ရှိ၏)။ မဟာသစ္စကသုတ်ကား တဘာဏဝါရခွဲရှိ၏။ (သံဂါယနာတင်သောအခါ တကြိမ်ခွဲရွတ်စာရှိ၏)။ ဤသို့လျှင် နှစ်ဘာဏဝါရခွဲရှိသည့် များလှစွာသော တရားတို့ကို ကြားနာ၍လည်း ဤသစ္စကသည် မဂ်ဖိုလ်သို့လည်း မရောက်၊ ရဟန်းလည်းမပြု၊ (အယုတ်သဖြင့်) သရဏဂုံတို့၌သော်မှလည်း



၄၇၄

မတည်ချေ။ ထိုသို့ဖြစ်ပါလျက် မြတ်စွာဘုရားသည် ဤသစ္စကပရိဗိုဇ်အား အဘယ့်ကြောင့် ဤမျှ များပြားသော တရားတို့ကို ဟောကြားတော်မူပါသနည်းဟူ၍ မေးဖွယ်ရှိ၏။

     အဖြေကား.. နောင်အနာဂတ်ကာလ၌ တရားအထုံဝါသနာ ရစိမ့်သောငှါ ဟောကြားတော်မူသည်။ (ဤကား အဖြေအကျဉ်းတည်း)။ အကျယ်အဖြေကား.. မြတ်စွာဘုရားရှင်သည် “ဤသစ္စကပရိဗိုဇ်မှာ ယခု ငါဘုရားလက်ထက်၌ မဂ်ဖိုလ်ရနိုင်လောက်သည့် ဥပနိဿယည်း ပစ္စည်းအကြောင်း မရှိချေ။ အထူးအားဖြင့် ငါဘုရား ပရိနိဗ္ဗာန် စံလွန်ပြီးနောက် နှစ်ပေါင်း (၂၀၀) နှစ်ရာ ကျော်လွန်သောအခါ၌ သီဟိုဠ်ကျွန်းဝယ် သာသနာ တည်ထွန်းလိမ့်မည်၊ ထိုအခါ ဤသစ္စကပရိဗိုဇ်သည် သီဟိုဠ်ကျွန်းဝယ် အမတ်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ရဟန်းပြုပြီးလျှင် ပိဋကသုံးပုံတို့ကို သင်ကြားတတ်မြောက်၍ ဝိပဿနာတရား ပွါးများပြီးလျှင် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ကာဠဗုဒ္ဓရက္ခိတ အမည်ရှိသော ရဟန္တာမထေရ်မြတ်ကြီး ဖြစ်လိမ့်မည်”ဟူ၍ အနာဂတံသဉာဏ်တော်ဖြင့် သိမြင်တော်မူလေသည်။ ဤအနာဂတ်အကြောင်းကို မြင်တော်မူ၍ နောက်အခါ၌ တရားအထုံဝါသနာ ရပါစိမ့်သောငှါ မြတ်စွာဘုရားသည် သစ္စကပရိဗိုဇ်အား နှစ်ဘာဏဝါရခွဲစာ ကျယ်ဝန်းစွာသော တရားကို ဟောကြားတော်မူလေသည်။

     သစ္စကပရိဗိုဇ်သည်လည်း သီဟိုဠ်ကျွန်း၌ သာသနာနေဝန်း တည်ထွန်းလတ်သောအခါ နတ်ပြည်မှ စုတေခဲ့၍ ဒက္ခိဏာဂိရိ ကျောင်းတိုက်ကြီး၏ ဂေါစရဂံရွာဝယ် အမတ်မျိုး၌ဖြစ်၍ ရှင်ရဟန်းပြုနိုင်လောက်သော အရွယ်၌ ရှင်ရဟန်းပြုပြီးလျှင် ပိဋကသုံးပုံ တည်းဟူသော ဘုရားစကားကို သင်ကြားတတ်မြောက်ပြီး၍ ဂိုဏ်းဦးစီး ပုဂ္ဂိုလ်ကြီးဖြစ်ကာ များစွာသော တပည့်ရဟန်းအပေါင်း ခြံရံလျက် ဥပဇ္ဈာယ်ဆရာတော်ကို ဖူးမြော်ကန်တော့ရန် သွားရောက်လေ၏။



၄၇၅

     ထိုအခါ ထိုကာဠဗုဒ္ဓရက္ခိတ ဂိုဏ်းဆရာမထေရ်၏ ဥပဇ္ဈာယ်ဆရာတော်သည် မိမိ၏ သဒ္ဓိဝိဟာရိကတပည့်ကို အပြစ်တင်ဆိုအံ့ဟု ကြံစည်တော်မူကာ ပိဋကသုံးပုံတည်းဟူသော ဘုရားစကားကို သင်ကြားတတ်မြောက်ပြီး လာရောက်သူ ထိုကာဠဗုဒ္ဓရက္ခိတ ဂိုဏ်းဆရာမထေရ် (မိမိ၏ သဒ္ဓိဝိဟာရိကတပည့်)နှင့် မျက်နှာချင်းဆိုင်၍ စကားပြောဆိုမှုကိုမျှ မပြုပဲ နေတော်မူလေသည်။

     ကာဠဗုဒ္ဓရက္ခိတမထေရ်သည် မိုးသောက်အခါ၌ ထ၍ ဥပဇ္ဈာယ်ဆရာ မဟာထေရ်မြတ်၏အထံသို့ သွားရောက်၍ “အရှင်တို့ဘုရား.. အရှင်ဘုရားတို့သည် ကျမ်းဂန်သင်ကြားမှု ပြုပြီးလျှင် အရှင်တို့ထံမှောက် တပည့်တော် လာရောက်သည်ကို မျက်နှာချင်းဆိုင်၍ စကားပြောဆိုမှုကိုမျှ ပြုတော်မမူကြကုန်၊ တပည့်တော်မှာ အဘယ်သို့သောအပြစ် ရှိပါသနည်း”ဟူ၍ မေးမြန်းလေ၏။ ထိုအခါ ဥပဇ္ဈာယ်ဆရာ မဟာထေရ်မြတ်သည် “ဗုဒ္ဓရက္ခိတ.. သင်သည် နိကာယ်ငါးရပ် ပိဋကသုံးပုံတည်းဟူသော ဘုရားစကားတော်ကို သင်ကြားတတ်မြောက်ရုံမျှဖြင့် “ငါမှာ ရဟန်းကိစ္စ အထွတ်အထိပ်သို့ ရောက်ပြီဟု အမှတ်ပြုသလော”ဟူ၍ မေးမြန်းတော်မူလေသည်။ “အရှင်ဘုရား.. ထိုသို့ဖြစ်လျှင် တပည့်တော်သည် အဘယ်အမှု ပြုရပါမည်နည်း”ဟု ဗုဒ္ဓရက္ခိတ (=သဒ္ဓိဝိဟာရိက)တပည့်က မေးလတ်သည်တွင် ဥပဇ္ဈာယ် မဟာထေရ်မြတ်သည် “သင်သည် ဂဏပလိဗောဓကို ဖြတ်တောက်ပြီးလျှင် ကြွင်းကျန်သော ကိလေသာစု အကျယ်ချဲ့မှုကိုလည်း ပယ်ဖျောက်၍ စေတိယတောင်ကျောင်းသို့ သွားရောက်၍ ရဟန်းတရားကို အားထုတ်လော့”ဟူ၍ မိန့်ဆိုတော်မူလေ၏။

     ကာဠဗုဒ္ဓရက္ခိတ မထေရ်သည် ဥပဇ္ဈာယ်ဆရာ မဟာထေရ်မြတ်၏ အဆုံးအမ၌တည်၍ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်သဖြင့် ပဋိသမ္ဘိဒါပတ္တရ ဟန္တာဖြစ်၍ မင်းအပူဇော်ခံ ဘုန်းကံကြီးမား ထင်ရှားသော ပုဂ္ဂိုလ်တပါးဖြစ်၍ များစွာသော ရဟန်းအပေါင်း ခြံရံလျက် စေတိယတောင်ကျောင်း၌ပင် နေထိုင် သီတင်းသုံးတော်မူလေ၏။



၄၇၆

တိဿမင်းကြီး တရားနာယူခြင်းအကြောင်း

     ထိုအခါ၌ တိဿမင်းကြီးသည် ဥပုသ်စောင့်သုံးမှုပြုလျက် စေတိယတောင် ရာဇ-အမည်ရှိသော လိုဏ်ဂူ၌ နေဆဲဖြစ်၏။ မင်းကြီးသည် ကာဠဗုဒ္ဓရက္ခိတမထေရ်၏ အလုပ်အကျွေးဖြစ်သော ရဟန်းအား “အရှင်ဘုရား.. တပည့်တော်၏အရှင် ကာဠဗုဒ္ဓရက္ခိတမထေရ်သူမြတ် ပြဿနာကို ဖြေကြားလျှင်ဖြစ်စေ, တရားကို ဟောကြားလျှင်ဖြစ်စေ ထိုအခါ တပည့်တော်အား အသိပေးကြပါကုန်”ဟူ၍ မှာကြားထားလေသည်။ ကာဠဗုဒ္ဓရက္ခိတ မထေရ်သည်လည်း တရားပွဲကျင်းပမည့်နေ့တနေ့၌ များစွာသော ရဟန်းအပေါင်း ခြံရံလျက် “ကဏ္ဋက”မည်သော စေတီယင်ပြင်သို့ တက်ရောက်ကာ စေတီတော်ကို ရှိခိုးပြီးလျှင် တခုသော တည်နက်ပင်အရင်း၌ ရပ်တည်နေတော်မူ၏။

     ထိုအခါ ကာဠဗုဒ္ဓရက္ခိတမထေရ်ကို ပိဏ္ဍပါတ်ဓုတင်ဆောင် မထေရ်တပါးက (အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ်လာ) ကာဠကာရာမသုတ်၌ ပြဿနာကို မေးမြန်းလေ၏။ ထိုအခါ ကာဠဗုဒ္ဓရက္ခိတမထေရ်သည် ပိဏ္ဍပါတ်ဓုတင်ဆောင် မထေရ်ကို “ငါ့ရှင်.. ယနေ့ကား တရားနာရာနေ့ (=တရားပွဲကျင်းပရမည့်နေ့) မဟုတ်လော”ဟု မေးတော်မူလျှင် ပိဏ္ဍပါတ်ဓုတင်ဆောင် မထေရ်က ဟုတ်မှန်ကြောင်း ပြန်ကြား ပြောဆိုလေ၏။ ထိုအခါ ကာဠဗုဒ္ဓရက္ခိတ မထေရ်သည် “ငါ့ရှင်တို့.. ထိုသို့ဖြစ်လျှင် အင်းပျဉ်ငယ် = တရားဟောပလ္လင်ကို ဆောင်ယူခဲ့ကြကုန်လော့၊ ဤနေရာ၌ပင် နေထိုင်လျက် တရားနာမှု ပြုကြကုန်စို့ = တရားပွဲသဘင် ဆင်ယင်ကျင်းပကြစို့”ဟူ၍ ပြောကြား မိန့်ဆိုလေသည်။ ထိုအခါ ကာဠဗုဒ္ဓရက္ခိတမထေရ်မြတ်အား တည်နက်ပင်အရင်း၌ပင် ဓမ္မာသနပလ္လင်ကိုခင်း၍ ပေးကြလေကုန်၏။

     ကာဠဗုဒ္ဓရက္ခိတမထေရ်သည် ရှေ့ပိုင်း တရားနိဒါန်းဂါထာတို့ကို ရွတ်ဆိုပြီးလျှင် စတုက္ကနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော်၌လာသော ကာဠကာရာမသုတ္တန်ကို စတင်၍ တရားဟောတော်မူလေ၏။ မထေရ်၏ အလုပ်အကျွေးဖြစ်သော ရဟန်းငယ်သည်လည်း



၄၇၇

မင်းကြီးမှာထားချက်အတိုင်း မင်းကြီးအား အသိပေးစေလေ၏။

     တိဿမင်းကြီးသည် ရှေ့ပိုင်း တရားနိဒါန်းဂါထာများကို ရွတ်ဆို၍မပြီးမီပင် တရားပွဲကျင်းပရာအရပ်သို့ ရောက်လာလေ၏။ ရောက်လာပြီးနောက် မထင်ရှားသော သူတယောက်၏ အသွင်ဖြင့်ပင် ပရိသတ်အစွန်အဖျား၌ တည်နေ၍ ညဉ့်သုံးယံပတ်လုံး ရပ်လျက်ပင် တရားကို နာယူ၍ ကာဠဗုဒ္ဓရက္ခိတမထေရ်မြတ် တရားသိမ်းသောအခါ ကောင်းချီးနုမော် သာဓုခေါ်လေ၏။ ကာဠဗုဒ္ဓရက္ခိတမထေရ်သည် မင်းကြီးမှန်းသိ၍ “အဘယ်အချိန်က လာရောက်သနည်း မင်းကြီး..”ဟူ၍ မေးလေ၏၊ “ရှေ့ပိုင်း တရားနိဒါန်းဂါထာတို့ကို ရွတ်ဆိုတော်မူစကပင် ရောက်လာပါကုန်သည် အရှင်ဘုရား..”ဟူ၍ မင်းကြီးက လျှောက်ဆိုလေလျှင် “မြတ်သောမင်းကြီး.. သင်မင်းကြီးသည် ပြုနိုင်ခဲသည်ကို ပြုအပ်စွာ့တကား”ဟူ၍ ကာဠဗုဒ္ဓရက္ခိတ မထေရ်မြတ်က မိန့်တော်မူသောအခါ တိဿမင်းကြီးသည် “အရှင်ဘုရား.. ဤ(တညဉ့်လုံးရပ်၍ တရားနာခြင်း)အမှုသည် ပြုနိုင် ခဲသောအမှု မဟုတ်ပါ၊ စင်စစ်သော်ကား အရှင်သူမြတ် တရားစ၍ ဟောကြားသည်မှ အစပြုကာ တပည့်တော်မှာ တပုဒ် တပဒမျှလောက်၌သော်လည်း အာရုံတပါးသို့ စိတ်လွင့်ပါးခြင်းမရှိခဲ့ပါ။ အကယ်၍ ရှိခဲ့ငြားအံ့၊ တပည့်တော်မှာ သီဟိုဠ်ကျွန်းဝယ် နှင်တံတထောက် တို့လောက်ရုံမျှသော အရပ်၌လည်း အစိုးရခြင်းမည်သည် မဖြစ်ရပါစေသား”ဟူ၍ ကျိန်စာဆိုမှုကို ရဲရဲတောက် ပြုလေသည်။

ဘုရားရှင်၏ဂုဏ်တော်များ အသင်္ချေယျဖြစ်ကြောင်း

     ထိုကာဠကာရာမသုတ်၌ကား မြတ်စွာဘုရား၏ ဂုဏ်တော်များကို ဟောကြားပြသအပ်ကုန်၏၊ ထို့ကြောင့် တိဿမင်းကြီးသည် ကာဠဗုဒ္ဓရက္ခိတမထေရ်ကို “အရှင်ဘုရား.. မြတ်စွာဘုရား၏ ဂုဏ်တော်တို့သည် ဤမျှသာလျှင် ရှိပါကုန်သလော၊ သို့မဟုတ် အခြားတပါးသော မြတ်စွာဘုရား၏ ဂုဏ်တော်များလည်း ရှိပါကုန်သေးသလော”ဟူ၍ မေးလျှောက်လေ၏။ “မြတ်သောမင်းကြီး..



၄၇၈

ငါယခု ထုတ်ဖော် ဟောကြားအပ်သော ဘုရားဂုဏ်တော်များထက် မဟောကြားရသေးသော ဂုဏ်တော်များကသာ မနှိုင်းယှဉ်နိုင်လောက်အောင် များလှပေ၏”ဟူ၍ ကာဠဗုဒ္ဓရက္ခိတမထေရ်က ဖြေဆိုတော်မူလေသည်။

     ထိုအခါ မင်းကြီးက “အရှင်ဘုရား.. ဥပမာကို ပြုတော်မူပါ”ဟူ၍ လျှောက်ထားလေသော် ကာဠဗုဒ္ဓရက္ခိတ မထေရ်မြတ်သည် “မြတ်သောမင်းကြီး.. မင်းသုံး ပယ်တထောင်ခန့် ကျယ်ပြန့်သော သလေးစပါးခင်းကြီး၌ သလေးစပါးနှံတခုမှာ ပါရှိသော သလေးစပါးစေ့များထက် ကြွင်းကျန်ကြသည့် သလေးစပါးစေ့တို့ကသာ များကုန်သကဲ့သို့ ဤအတူ ငါယခု ထုတ်ဖော် ဟောကြားအပ်သော ဘုရားဂုဏ်တော်များကား (သလေးနှံတခု၌ ပါရှိသည့် စပါးစေ့များပမာ) အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ ကြွင်းကျန်သော ဂုဏ်တော် များကသာ (ကြွင်းကျန်သော သလေးခင်းတခုလုံး၌ရှိသည့် သလေးစပါးစေ့များပမာ) များလှစွာကုန်၏”ဟူ၍ မိန့်ဆိုတော်မူလေ၏။ (၁)

     တဖန်ထပ်၍ တိဿမင်းကြီးက “အရှင်ဘုရား.. အရှင်တို့သည် ထိုမှတပါး အခြားဥပမာတခုကိုလည်း ပြုတော်မူကြပါဦး”ဟူ၍ လျှောက်ထားပြန်လေသော် ကာဠဗုဒ္ဓရက္ခိတ မထေရ်မြတ်သည် “မြတ်သောမင်းကြီး.. ရေအယဉ် တသွင်သွင်စီးဆင်း ပြည့်လျှံလျက်ရှိသော ဂင်္ဂါမြစ်ကြီးအတွင်း၌ အပ်နဖားပေါက်ကို ရေအယဉ်နှင့် တည့်တည့် ချစိုက်ထားလျှင် အပ်နဖားတွင်းဖြင့် စီးဆင်း၍သွားသော ရေကား အနည်းငယ်သာဖြစ်၍ ကြွင်းကျန်သော ရေအယဉ်ကသာ များပြားလှသကဲ့သို့ ဤအတူပင် ငါယခု ထုတ်ဖော် ဟောကြားအပ်သော ဘုရားဂုဏ်တော်များကား (အပ်နဖားတွင်းမှ စီးသွားသော ရေပမာ) အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ ကြွင်းကျန်သော ဂုဏ်တော်များကသာ (ကြွင်းကျန်သည့် ဂင်္ဂါမြစ်ကြီးတခုလုံး၌ စီးဆင်းသွားသည့် ရေများပမာ) များလှစွာကုန်၏”ဟူ၍ မိန့်ဆိုတော်မူလေ၏။ (၂)



၄၇၉

     ထို့နောက်တဖန် မင်းကြီးက “အရှင်ဘုရား.. အခြားဥပမာတခုကိုလည်း ပြုတော်မူကြပါဦး”ဟူ၍ လျှောက်ထားပြန်လေသော် ကာဠဗုဒ္ဓရက္ခိတ မထေရ်မြတ်သည် “မြတ်သောမင်းကြီး.. ဤလောက၌ မိုးစာငှက် (တနည်း ပျံလွှားငှက်)ခေါ်သော ငှက်ကလေးများသည် ကောင်းကင်၌ မြူးထူးပျော်ပါး ပျံသွား လှည့်လည်ကြပေသည်၊ ထိုငှက်မျိုးကား အလွန်သေးငယ်လှ၏။ အသို့နည်း ထိုငှက်ကလေး၏ ကောင်းကင်၌ အတောင်ဖြန့်ရာအရပ်က များသလော၊ ကြွင်းကျန်သော ကောင်းကင်အရပ်က နည်းပါးသလော မင်းကြီး..”ဟူ၍ မေးတော်မူလေ၏။ မင်းကြီးက “အရှင်ဘုရား.. အရှင်တို့သည် ဘယ့်နှယ်ပြောလိုက်ကြသနည်း၊ ထိုငှက်ငယ်၏ အတောင်ဖြန့်ရာ ကောင်းကင်အရပ်ကား မပြောပလောက် နည်းလှစွာ၏၊ ကြွင်းကျန်သော ကောင်းကင်အရပ်ကသာ များလှစွာ၏”ဟူ၍ လျှောက်ဆိုလေသော် ကာဠဗုဒ္ဓရက္ခိတ မထေရ်မြတ်သည် “မြတ်သောမင်းကြီး.. ဤအတူပင် ငါယခု ထုတ်ဖော်ဟောကြားအပ်သော ဘုရားဂုဏ်တော်များကား (မိုးစာငှက် တနည်း ပျံလွှားငှက်ကလေး အတောင်ဖြန့်ရာ ကောင်းကင်ပမာ) အနည်းငယ်မျှသာ ဖြစ်ကုန်၏။ ကြွင်းကျန်သော ဂုဏ်တော်များကသာ (ကြွင်းကျန်သည့် ကောင်းကင်ကြီးပမာ) များလှစွာကုန်၏”ဟူ၍ မိန့်ဆိုတော်မူလေ၏။ (၃)

     ထိုအခါ တိဿမင်းကြီးသည် “အရှင်ဘုရား.. အရှင်ဘုရားတို့သည် အဆုံးအပိုင်းအခြားမရှိသော ဘုရားဂုဏ်တော်တို့ကို အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီးဖြင့် နှိုင်းယှဉ်အပ်ကုန်ရကား ကောင်းစွာ ဟောကြားအပ်ပါပေ၏။ တပည့်တော်တို့သည် အရှင်မြတ်အား ကြည်ညိုလှပါကုန်၏၊ သို့သော်လည်း အရှင်တို့နှင့် သင့်လျော် လျောက်ပတ်အောင် ပူဇော်မှုကို ပြုခြင်းငှါ မစွမ်းနိုင်ကြပါကုန်။ ဤသီဟိုဠ်ကျွန်း၌ ယူဇနာသုံးရာ အဝန်းရှိသော မင်းအဖြစ်ကို အရှင်မြတ်အား အကျွန်ုပ်တို့သည် လှူဒါန်းပါကုန်၏။ ဤအလှူဝတ္ထုသည်ကား အကျွန်ုပ်၏ ဆင်းရဲသားလက်ဆောင်



၄၈၀

ဖြစ်ပါသည်ဘုရား”ဟူ၍ လျှောက်ထားလေ၏။ (ဤ၌ တိဿမင်းကြီး၏ မင်းအဖြစ် = မင်းစည်းစိမ်ကား ပဒေသရာဇ်မင်းအဖြစ် = မင်းစည်းစိမ်ဖြစ်လေသည်၊ အရှင်ကာဠဗုဒ္ဓရက္ခိတ မထေရ်မြတ် ဟောကြားအပ်သော ဘုရားဂုဏ်တော်တို့နှင့်စပ်သည့် တရားစကားကား အဖိုးမပြတ်နိုင်အောင် ထိုက်တန်လှလေသည်။ ထို့ကြောင့် မင်းကြီးသည် မိမိ၏ မင်းအဖြစ် = မင်းစည်းစိမ်ကို “ဆင်းရဲသားလက်ဆောင် ဖြစ်ပါသည်ဘုရား”ဟူ၍ လျှောက်ထားလေသည်)။

     ကာဠဗုဒ္ဓရက္ခိတ မထေရ်မြတ်သည်လည်း “မြတ်သောမင်းကြီး.. သင်မင်းကြီးသည် မိမိ၏ သဒ္ဓါကြည်ညိုသော အပြုအမူကို ပြုအပ်ခဲ့လေပြီ၊ ငါတို့သည်ကား ငါတို့အား သင်မင်းကြီးလှူဒါန်းအပ်သည့် မင်းအဖြစ် = မင်းစည်းစိမ်ကို သင်မင်းကြီးတို့အားသာလျှင် တဖန်ပြန်၍ ပေးပါကုန်၏၊ တရားနှင့်အညီ တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ပါလော့”ဟူ၍ မိန့်တော်မူကာ မင်းစည်းစိမ်ကို တိဿမင်းကြီးအားပင် တဖန်ပြန်၍ ပေးအပ်တော်မူလေ၏။

(ဓမ္မုပဒေသ။ ။ဤကာဠဗုဒ္ဓရက္ခိတ ရဟန္တာမထေရ်မြတ်၏ ကျင့်ထုံးကို နှလုံးမူသောအားဖြင့် ရဟန်းတော်အရှင်မြတ်များအား တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သောသူတို့က တရားနှင့်စပ်၍ သဒ္ဓါတရား ကြီးမားလှသဖြင့် ရဟန်းတော်များနှင့် မသင့်လျော်သော လူ့အသုံးအဆောင် မင်းအသုံးအဆောင် မင်းစည်းစိမ်များကို လှူဒါန်းခဲ့သော် ထိုအလှူဝတ္ထုများကို အလှူရှင်ဒါယကာ မင်းများအားသာလျှင် တဖန်ပြန်၍ ပေးအပ်ဆောင်နှင်းရာ၏။

မှာထားချက်။ ။ဤပဉ္စမဝါ ကပ်ဆိုတော်မူသော အခဏ်း၌ မြတ်စွာဘုရားရှင်သည် သီဟိုဠ်ကျွန်းသို့ နှစ်ကြိမ်မြောက် ကြွရောက်တော်မူ၍ စူဠောဒရ, မဟောဒရ နဂါးမင်း တူအရီးတို့အား တရားဟောတော်မူကြောင်း ရေးသားရန်ဖြစ်သော်လည်း သီဟိုဠ်ကျွန်းသို့ မြတ်စွာဘုရား သုံးကြိမ် (၃-ခေါက်) ကြွရောက်တော်မူကြောင်းကို တပေါင်းတစုတည်း ဖော်ပြလိုသဖြင့် ဤ၌ မရေးသားသေးပဲ အဋ္ဌမဝါ ကပ်တော်မူသော အခဏ်းသို့ရောက်မှ အကြောင်းအရာသုံးရပ်ကို ပေါင်း၍ ပြဆိုပေအံ့)။

ဤတွင် အခဏ်း ၂၃-ပြီး၏။