မဟာဗုဒ္ဓဝင်
by မင်းကွန်းဆရာတော်
အခန်း- ၂၄
2609မဟာဗုဒ္ဓဝင် — အခန်း- ၂၄မင်းကွန်းဆရာတော်

၄၈၁

အခဏ်း-၂၄

မြတ်စွာဘုရားရှင် ခြောက်ခုမြောက်ဝါကို မကုဠတောင်၌ ဝါဆိုတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် (ဆိုအပ်ခဲ့ပြီးသောအတိုင်း) ငါးခုမြောက် (=ပဉ္စမ)ဝါကို ဝေသာလီပြည် မဟာဝုန်တော၌ ဝါကပ်ဆိုတော်မူ၍ ထိုဝါတွင်းဝယ် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၍ ထိုပဉ္စမဝါ ကျွတ်သောအခါ သတ္တလောကကို ချီးမြှောက်ရန်အလို့ငှါ သာဝတ္ထိ, ရာဇဂြိုဟ် အစရှိသော ထိုထိုမြို့ရွာအရပ်တို့သို့ ခရီးဒေသစာရီ ကြွချီတော်မူ၍ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူလေသည်။

ဒေသစာရီနှစ်မျိုး

မြတ်စွာဘုရား၏ ခရီးဒေသစာရီ ကြွချီတော်မူခြင်းသည် (၁) တုရိတစာရိကာ = အဆောတလျင် ကြွချီတော်မူခြင်း၊ (၂) အတုရိတစာရိကာ = မြို့စဉ်ရွာစဉ်အတိုင်း နေ့စဉ်မှန်မှန် တယူဇနာ နှစ်ယူဇနာ စသည်ဖြင့် ခရီးဒေသစာရီ ကြွချီတော်မူခြင်းဟူ၍ နှစ်ပါးရှိ၏။

ထိုတွင် ခရီးယူဇနာ ဝေးကွာသော အရပ်၌သော်လည်း ချေချွတ်ထိုက်သောပုဂ္ဂိုလ်ကို မြင်တော်မူလျှင် ထိုပုဂ္ဂိုလ်ကို ချေချွတ်ရန် အဆောတလျင် ခရီးယာယီ ကြွချီတော်မူခြင်းမျိုးကို “တုရိတစာရိကာ”ဟူ၍ ခေါ်သည်။ ထိုတုရိတစာရိကာခေါ်သော ဒေသစာရီ ကြွချီတော်မူခြင်းကို အရှင်မဟာကဿပကို ခရီးကြို ကြွရောက်တော်မူခြင်း စသောအရာ၌ သိမှတ်အပ်၏။ မှန်၏- မြတ်စွာဘုရားသည် မဟာကဿပမထေရ်ကို ခရီးကြို ကြွရောက်တော်မူသောအခါ တမုဟုတ်အတွင်းမှာပင် သုံးဂါဝုတ်ဝေးကွာသော ခရီးသို့ ကြွရောက် စောင့်ကြိုတော်မူလေသည်။ အာဠဝကဘီလူးကို ချေချွတ်တော်မူရန်အတွက်



၄၈၂

ယူဇနာသုံးဆယ် ဝေးကွာသောခရီးကို တမုဟုတ်အတွင်းမှာပင် အရောက် ကြွသွားတော်မူလေသည်။ အင်္ဂုလိမာလခိုးသားကို ချေချွတ်ရန်အတွက်လည်း ၎င်းနည်းပင်။ ပက္ကုသာတိမင်း (ရဟန်းပြု၍ လာသည်)ကို ချေချွတ်ရန်အတွက်ကား လေးဆယ့်ငါးယူဇနာ ဝေးကွာသောခရီးကို တမုဟုတ်အတွင်းမှာပင် အရောက် ကြွသွားတော်မူလေသည်။ မဟာကပ္ပိနမင်းကို ချေချွတ်တော်မူရန် ယူဇနာ တရာ့နှစ်ဆယ် ဝေးကွာသောခရီးကို တမုဟုတ်အတွင်းမှာပင် အရောက် ကြွသွားတော်မူလေသည်။ ဓနိယ နွားသူဌေး ဇနီးမောင်နှံတို့ကို ချေချွတ်ရန်အတွက်ကား ယူဇနာ ခုနစ်ရာဝေးကွာသော ခရီးကို တမုဟုတ်အတွင်း အရောက် ကြွသွားတော်မူလေသည်။ ဤသို့ အစရှိသော အဆောတလျင် ခရီးဒေသစာရီ ကြွချီတော်မူခြင်းမျိုးကို တုရိတစာရိကာဟူ၍ ခေါ်၏။

မြတ်စွာဘုရားသည် ထိုထိုမြို့ရွာ၌ ဝါကပ်ဆိုတော်မူ၍ ဝါကျွတ်သောအခါ ဝါကပ်ဆိုရာ ထိုထိုမြို့ရွာမှ ထွက်တော်မူ၍ ရွာနိဂုံးအစဉ်အတိုင်း တနေ့လျှင် တယူဇနာ နှစ်ယူဇနာ ကြွတော်မူကာ ထိုထိုရွာနိဂုံးတို့၌ ဆွမ်းခံလှည့်လည်တော်မူခြင်း, တရားဟောခြင်းဖြင့် လူအပေါင်းကို ချီးမြှောက်တော်မူလေသည်။ ထိုသို့ ချီးမြှောက် ကြွသွားတော်မူခြင်းကို အတုရိတစာရိကာဟူ၍ ခေါ်၏။

ခရီးအဝန်း သုံးမျိုး

ဤအတုရိတ ဒေသစာရီကို ကြွချီတော်မူသော မြတ်စွာဘုရားသည်.. (၁) မဟာမဏ္ဍလ = အကျယ်ဝန်းဆုံးသော ခရီးအဝန်း၊ (၂) မဇ္ဈိမမဏ္ဍလ = အလယ်အလတ်ဖြစ်သော ခရီးအဝန်း၊ (၃) အန္တောမဏ္ဍလ = အငယ်ဆုံး အနည်းဆုံးသော ခရီးအဝန်း၊ ဤခရီးအဝန်း သုံးမျိုးတို့အနက် တပါးပါးသော ခရီးအဝန်း၌ ကြွချီတော်မူလေသည်။



၄၈၃

ထိုခရီးအဝန်း သုံးမျိုးတို့တွင် (၁) မဟာမဏ္ဍလ ခရီးအဝန်းသည် ယူဇနာ (၉၀၀) ကိုးရာရှိ၏။ (၂) မဇ္ဈိမမဏ္ဍလ ခရီးအဝန်းသည် ယူဇနာ (၆၀၀) ခြောက်ရာရှိ၏။ (၃) အန္တောမဏ္ဍလ ခရီးအဝန်းသည် ယူဇနာ (၃၀၀) သုံးရာရှိ၏။

(၁) ထင်ရှားစေဦးအံ့.. မြတ်စွာဘုရားရှင်သည် ထိုထိုမြို့ရွာ၌ ဝါကပ်ဆိုတော်မူ၍ ဝါကျွတ်သောအခါ ထိုဝါဆိုရာ မြို့ရွာ၌ ကျွတ်ထိုက်သော သတ္တဝါတို့အတွက် စောင့်ဆိုင်းရန် အကြောင်းထူးမရှိလျှင် သီတင်းကျွတ် လပြည့်နေ့၌ ပဝါရဏာပြုပြီးနောက် လပြည့်ကျော် တရက်နေ့၌ များစွာသော ရဟန်းအပေါင်း ခြံရံလျက် ခရီးဒေသစာရီ တနေ့လျှင် တယူဇနာ နှစ်ယူဇနာ ကြွချီတော်မူလေသည်၊ နောက်နှစ် ဝါဆိုလပြည့်တိုင်အောင် ဒေသစာရီ ကြွချီတော်မူခြင်းဖြစ်၍ လပေါင်း (၉) ကိုးလကြာသည်။

ထိုသို့ ခရီးဒေသစာရီ ကြွချီတော်မူသောအခါ မြတ်စွာဘုရားရှင် ရောက်တော်မူရာ မြို့ရွာနိဂုံးကို အလယ်ဗဟိုထား၍ ရှေ့နောက်ဝဲယာ ထက်ဝန်းကျင် လေးမျက်နှာမှ ယူဇနာ တရာတိုင်တိုင် တခဲနက် အုတ်အုတ်ကျက်ကျက် ဖြစ်လျက်ရှိ၏။ အလျင်လက်ဦး ရောက်လာသော ပုဂ္ဂိုလ်များသာလျှင် မြတ်စွာဘုရားကို ပင့်ဖိတ်နိုင်ခွင့် ရကုန်၏။ ကျန်သော အဝန်းနှစ်ပါး၌ ပူဇော်သက္ကာရသည် ဤမဟာမဏ္ဍလအဝန်း၌ သက်ရောက်လေသည်။ ထိုမဟာမဏ္ဍလ ခရီးအဝန်း၌ မြတ်စွာဘုရားသည် ထိုထိုရွာနိဂုံးတို့၌ တရက် နှစ်ရက် နေတော်မူကာ လူများအပေါင်းကို ဆွမ်းစသော အာမိသကို ခံယူတော်မူခြင်းဖြင့် ချီးမြှောက်တော်မူလျက်၎င်း, တရားဟောခြင်းဖြင့် ထိုလူအပေါင်း၏ ဝိဝဋ္ဋနိဿိတ ကုသိုလ်တရားကို တိုးပွါးစေလျက်၎င်း ကိုးလကြာ အချိန်ကာလဖြင့် ဒေသစာရီ ကြွချီမှုကို ပြီးဆုံးစေတော်မူ၏



၄၈၄

(=ကိုးလကြာအောင် ဒေသစာရီ ကြွချီတော်မူသည်ဟု ဆိုလိုသည်)။

ထို (၉) ကိုးလကြာကြွသော ခရီးအဖြောင့်မှာ ယူဇနာ (၃၀၀) သုံးရာတိတိ ရှိလေသည်၊ ပေါက်ရောက်လေသည်၊ ထိုယူဇနာသုံးရာကို အလယ်ဗဟိုထား၍ လက်ဝဲမှ ယူဇနာ သုံးရာ, လက်ျာမှ ယူဇနာသုံးရာအတွင်းရှိ လူများအပေါင်းသည် မြတ်စွာဘုရားအား ဆွမ်းစသော အာမိသကို လှူဒါန်းခြင်း, မြတ်စွာဘုရား ဟောကြားအပ်သည့် တရားကို နာကြားခြင်း ကောင်းမှုကို ပြုလုပ်ကြရသဖြင့် ထိုလက်ဝဲမှ ယူဇနာသုံးရာ, လက်ျာမှ ယူဇနာသုံးရာ ခရီးအရပ်သို့လည်း ဒေသစာရီ ကြွချီတော်မူပြီးသား ဖြစ်လေသည်။ ထို့ကြောင့် “(၁) မဟာမဏ္ဍလ ခရီးအဝန်းသည် ယူဇနာ (၉၀၀) ကိုးရာရှိ၏”ဟူ၍ ရှေး၌ ဆိုအပ်လေသည်။

(၂) ဝါကပ်ဆိုတော်မူရာ ဝါတွင်းကာလ၌ ရဟန်းတော်တို့၏ သမထနှင့် ဝိပဿနာ = သမာဓိနှင့် ပညာတို့ အကယ်၍ မရင့်ကျက်ကြသေးလျှင် သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာ ပြုတော်မမူသေးပဲ ပဝါရဏာကို တန်ဆောင်မုန်းလပြည့်နေ့တိုင် ငင်တော်မူ၍ ထိုတန်ဆောင်မုန်း လပြည့်နေ့ကျမှ ပဝါရဏာပြုပြီးလျှင် ထိုလပြည့်ကျော်(၁) တရက်နေ့၌ ရဟန်းအပေါင်း ခြံရံလျက် ခရီးဒေသစာရီ ထွက်တော်မူကာ မဇ္ဈိမမဏ္ဍလ ခရီးအဝန်း၌ သက်တော်မူ၏။ အခြားတပါးသော အကြောင်းကြောင့်လည်း မဇ္ဈိမမဏ္ဍလ ခရီးအဝန်း၌ ဒေသစာရီ ကြွချီတော်မူလိုသော မြတ်စွာဘုရားသည် ဝါကပ်တော်မူရာ ထိုထိုရွာနိဂုံးတို့၌ (တန်ဆောင်မုန်း လပြည့်နေ့တိုင်အောင်) လေးလပတ်လုံး နေတော်မူပြီးမှသာ ခရီးယာယီ ထွက်ချီ ကြွမြန်းတော်မူလေသည်။ ဆိုအပ်ပြီးသောအတိုင်း ကျန်ခရီးအဝန်း နှစ်ပါး၌ဖြစ်သော ပူဇော်သက္ကာရသည် မဇ္ဈိမမဏ္ဍလခရီး အဝန်း၌ သက်လေသည်။



၄၈၅

မြတ်စွာဘုရားသည် ရှေးနည်းအတူ လောက (=လူအပေါင်း)ကို ချီးမြှောက်တော်မူလျက် ရှစ်လကြာ အချိန်ကာလဖြင့် ဒေသစာရီ ကြွချီမှုကို ပြီးဆုံးစေတော်မူ၏ (=ရှစ်လကြာအောင် ဒေသစာရီ ကြွချီတော်မူသည်ဟု ဆိုလိုသည်)။

ထိုသို့ ရှစ်လကြာ ကြွသောခရီး အဖြောင့်မှာ ယူဇနာ (၂၀၀) နှစ်ရာတိတိ ရှိလေသည်၊ ပေါက်ရောက်လေသည်။ ထိုယူဇနာနှစ်ရာကို အလယ်ဗဟိုထား၍ လက်ဝဲမှ ယူဇနာ နှစ်ရာ, လက်ျာမှ ယူဇနာနှစ်ရာအတွင်းရှိ လူများအပေါင်းသည် အာမိသကို လှူဒါန်းရခြင်း, တရားတော်ကို နာကြားရခြင်း ကောင်းမှုကို ပြုလုပ်ကြရသဖြင့် ထိုလက်ဝဲလက်ျာ ယူဇနာနှစ်ရာစီသော ခရီးအရပ်သို့လည်း ဒေသစာရီ ကြွချီတော်မူပြီးသား ဖြစ်လေသည်၊ ထို့ကြောင့် “(၂) မဇ္ဈိမမဏ္ဍလ ခရီးအဝန်းသည် ယူဇနာ (၆၀၀) ခြောက်ရာ ရှိ၏”ဟူ၍ ရှေး၌ ဆိုအပ်လေသည်။

(၃) မိုးလေးလပတ်လုံး (တန်ဆောင်မုန်း လပြည့်နေ့တိုင်) မြတ်စွာဘုရားရှင် ဝါကပ် သီတင်းသုံး နေထိုင်တော်မူသော်လည်း ထိုထိုဝါကပ်ဆိုရာ မြို့ရွာနိဂုံး၌ ချေချွတ်ရမည့် သတ္တဝါတို့ အကယ်၍ ဣန္ဒြေမရင့်ကျက်သေးလျှင် ယင်း ဣန္ဒြေရင့်ကျက်ချိန်ကို စောင့်ဆိုင်း ငံ့လင့်တော်မူကာ နောက်ထပ်ဆက်၍ (နတ်တော်လပြည့်တိုင်အောင်) တလသော်၎င်း, (ပြာသိုလပြည့်တိုင်အောင်) နှစ်လသော်၎င်း, (တပိုတွဲလပြည့်တိုင်အောင်) သုံးလသော်၎င်း, (တပေါင်းလပြည့်တိုင်အောင်) လေးလသော်၎င်း ထိုဝါကပ်ဆိုရာ မြို့ရွာနိဂုံး၌ပင် နေတော်မူပြီးမှ များစွာသော ရဟန်းအပေါင်း ခြံရံလျက် (အန္တောမဏ္ဍလ ခရီးအဝန်း၌) ခရီးယာယီ ထွက်ချီကြွမြန်းတော်မူလေသည်။ ဆိုအပ်ပြီးသောအတိုင်း ကျန်ခရီးအဝန်း နှစ်ပါး၌ဖြစ်သော ပူဇော်သက္ကာရသည် အန္တောမဏ္ဍလ ခရီးအဝန်း၌ သက်လေသည်။



၄၈၆

မြတ်စွာဘုရားသည် ရှေးနည်းအတူ လောက (=လူအပေါင်း)ကို ချီးမြှောက်တော်မူလျက် ခုနစ်လ (သို့မဟုတ်) ခြောက်လ (သို့မဟုတ်) ငါးလ (သို့မဟုတ်) လေးလကြာ အချိန်ကာလဖြင့် ဒေသစာရီ ကြွချီမှုကို ပြီးဆုံးစေတော်မူ၏ (=ခုနစ်လ, သို့မဟုတ် ခြောက်လ, ငါးလ, လေးလကြာအောင် ဒေသစာရီ ကြွချီတော်မူသည်ဟု ဆိုလိုသည်)။

ထိုသို့ ခုနစ်လကြာ (သို့မဟုတ်) ခြောက်လ, ငါးလ, လေးလကြာ ကြွသော ခရီးအဖြောင့်မှာ အချိန်ကာလ နည်းလှသဖြင့် ယူဇနာ ၁၀၀-ရှိလေသည်၊ ရှေးနည်းအတူ လက်ဝဲလက်ျာ ယူဇနာတရာစီသော ခရီးအရပ်သို့လည်း ဒေသစာရီ ကြွချီတော်မူပြီးသား ဖြစ်လေသောကြောင့် “(၃) အန္တောမဏ္ဍလ ခရီးအဝန်းသည် ယူဇနာ (၃၀၀) သုံးရာရှိ၏”ဟူ၍ ရှေး၌ ဆိုအပ်လေသည်။

ဤသို့လျှင် ဤအဝန်းသုံးပါးတို့အနက် တပါးပါး၌ ခရီးဒေသစာရီ ကြွချီတော်မူသော မြတ်စွာဘုရားသည် သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး (=ပစ္စည်းလေးပါး)တို့ကို ရဖို့ရန် ကြွချီတော်မူသည်မဟုတ်၊ စင်စစ်သော်ကား “ဆင်းရဲသောသူ, မသိမလိမ္မာသောသူ, အိုမင်းသောသူ, မမာမကျန်းသော သူတို့သည် ငါဘုရားထံမှောက်သို့ လာရောက်ကြကာ ဘယ်အခါမှာမှ ဖူးမြော်နိုင်ကြမည်မဟုတ်၊ ငါဘုရား ဒေသစာရီ ကြွချီလျှင်ကား ဖော်ပြရာပါ လူများအပေါင်းသည် မြတ်စွာဘုရားကို ဖူးမြော်ခွင့် ရကြလိမ့်မည်၊ ထိုလူများအနက် အချို့လူများသည် ငါဘုရား၌ စိတ်ကို ကြည်လင်စေကြလိမ့်မည်၊ အချို့ကား ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်ကြလိမ့်မည်၊ အချို့ကား တယောက်မ-မျှသော ဆွမ်းကို လှူဒါန်းကြလိမ့်မည်၊ အချို့ကား မိစ္ဆာအယူကို ပယ်ဖျောက်စွန့်ပစ်၍ သမ္မာဒိဋ္ဌိအယူရှိသူတို့ ဖြစ်ကြလိမ့်မည်။ ထိုသို့ ဖြစ်ခြင်းသည် ထိုလူများအဖို့ရာ ကာလရှည်ကြာ



၄၈၇

စီးပွါးချမ်းသာတရား တိုးပွါးရန် ဖြစ်ပေလိမ့်မည်”ဟူ၍ ဆင်ခြင် ကြံစည်တော်မူကာ လူများအပေါင်းကို သနားစောင့်ရှောက်ရန်အတွက်သာ ခရီးဒေသစာရီ ကြွချီတော်မူလေသည်။ (ဒီ ဋ္ဌ၊ ၁၊ ၂၁၆-မှ)။

   မြတ်စွာဘုရားသည် ငါးခုမြောက်ဝါကို ဝေသာလီပြည် မဟာဝုန်တော၌ ဝါကပ်ဆိုတော်မူပြီးနောက် ၀ါကျွတ်သောအခါ သတ္တလောကကို ချီးမြှောက်ရန်အလို့ငှါ သာဝတ္ထိ, ရာဇဂြိုဟ် ထိုထိုမြို့ရွာနိဂုံးတို့သို့ (ဖော်ပြရာပါ ခရီးအဝန်း သုံးပါးတို့အနက် တပါးပါးသော ခရီးအဝန်းဖြင့်) ခရီးဒေသစာရီ ကြွချီတော်မူ၍ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြီးလျှင် ခြောက်ခုမြောက်ဖြစ်သော ဆဋ္ဌဝါကို သမုဒြာ၏အနီးဝယ် ချယားတော တံတိုင်းအရာမ်ရှိသည့် မကုဠတောင်ကျောင်း၌ ဝါကပ်ဆိုတော်မူ၍ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးနေထိုင်တော်မူ၏။

ရာဇဂြိုဟ်သူဌေး၏ စန္ဒကူးသပိတ်အကြောင်း

     မြတ်စွာဘုရားရှင်သည် မကုဠတောင်ကျောင်း၌ ဆဋ္ဌဝါ ဆိုတော်မူပြီးနောက် ထိုဝါမှ ထတော်မူ၍ အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူလတ်ရာ ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူ၏။

     ယင်းသို့ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူစဉ် တနေ့သ၌ ရာဇဂြိုဟ်သူဌေးသည် ဂင်္ဂါမြစ်၌ ရေကစားလိုရကား မိမိရေကစားမည့်နေရာ ဌာန၏ အထက်အောက် ဂင်္ဂါမြစ်အတွင်း၌ ဘေးရန်ကင်းစိမ့်သောငှါ၎င်း, မတော်တဆ မေ့လျော့သဖြင့် လျှောပြုတ် ထွက်ကျွတ်ကျသော အဆင်တန်းဆာတို့ မဆုံးရှုံးအောင် စောင့်ရှောက်ရန်အလို့ငှါ၎င်း ပခြုပ်ကြုတ်ပုံဟန် လေးမျက်နှာဝန်းရံ၍ ပိုက်ကွန်တို့ကို ချထားပြီးလျှင် ဂင်္ဂါမြစ်အတွင်း၌ လွတ်လပ်စွာ မိမိ၏ အခြံအရံများနှင့်တကွ ရေကစား၍ နေလေ၏။



၄၈၈

     ထိုအခါ ဂင်္ဂါမြစ်ညာ အထက်ကမ်းနား၌ ပေါက်ရောက်သော စန္ဒကူးနီပင်တပင်၏ အမြစ်ကို ဂင်္ဂါရေတိုက်စားသဖြင့် အမြစ်ပါတိမ်းလည်း၍ မျောပါလာခဲ့ရာ လမ်းခရီးအကြား ထိုထိုရေပြင် ကျောက်ဆောင် ကျောက်စွန်းတို့၌ တိုက်ခိုက်သဖြင့် ကျိုးပဲ့ပွန်းပြတ်ကာ ဖရိုဖရဲ ကစဉ့်ကရဲ အပိုင်းပိုင်းဖြစ်ခဲ့ရာမှ ရေအိုးပမာဏရှိသော စန္ဒကူးနီနှစ်တုံးတခုသည် ကျောက်ဆောင် ကျောက်စွန်းတို့၌ တိုက်ခိုက်ထိပါးလျက် ရေလှိုင်းတံပိုး အမျိုးမျိုးတို့ဖြင့် ပုတ်ခတ်အပ်ပြန်သည်ဖြစ်၍ ချောမွတ်ပြေပြစ်သော အသားတုံးဖြစ်ကာ အစဉ်သဖြင့် မျောလာခဲ့ရာမှ မှော်ညှင်းမှော်သေးများ မြှေးယှက်ကာ ထိုရာဇဂြိုဟ်သူဌေး ရေချိုးရာအရပ်၌ ဝန်းရံဆည်းကာလျက် ထားအပ်သော ပိုက်ကွန်ဝယ် ငြိတွယ်တန့်ရပ်လေ၏။ သူဌေး၏ အခြံအရံ အစေအပါး ယောက်ျားတို့သည် ထိုစန္ဒကူးနီနံ့သာတုံးကို ယူဆောင်ခဲ့ကြ၍ သူဌေးအား ပေးဆက်ကြကုန်၏။

     ထိုအချိန်၌ ရာဇဂြိုဟ်သူဌေးကား သမ္မာဒိဋ္ဌိအယူ ရှိသူလည်းမဟုတ်၊ မိစ္ဆာဒိဋ္ဌိအယူ ရှိသူလည်းမဟုတ်၊ ဘာသာရေး လက်လွတ်နေသည့် အလယ်အလတ်သဘောရှိသော သူတယောက်သာ ဖြစ်၏။ သို့ရကား ထိုသူဌေးသည် ထိုစန္ဒကူးတုံးကို အိမ်သို့ ယူဆောင်ခဲ့စေ၍ ပဲခွပ်သွားအဖျားဖြင့် ခုတ်ထစ်ရွေစေလတ်သည်တွင် ချိတ်ရည်အဆင်း သင်းပျံ့မွှေးကြူသော ရနံ့ရှိသည့် စန္ဒကူးနံ့သာနီဖြစ်ကြောင်း ကောင်းစွာ သိရှိပြီးသော် “ငါ့အိမ်မှာ စန္ဒကူးနံ့သာမျိုးကား များလှပေ၏၊ ဤယခုရရှိသော စန္ဒကူးတုံးဖြင့် အဘယ်သို့သော အသုံးအဆောင်ကို ပြုလုပ်ရပါမည်နည်း”ဟု ကြံစည် စဉ်းစားမိပြီးနောက် တဖန်ဆက်၍ ဤသို့ အကြံဖြစ်ပြန်လေသည်-

“ဤလောက၌ ‘ငါတို့သည် ရဟန္တာဖြစ်ကုန်၏။ ငါတို့သည် ရဟန္တာဖြစ်ကုန်၏’ဟု ပြောဆိုဝန်ခံသူတို့ကား များလှကုန်၏၊ ငါကား တဦးတယောက်သော သူကိုမျှလည်း ရဟန္တာစင်စစ် ဖြစ်သည် ဟုတ်သည်ကို ဝေဘန်ပိုင်းခြား၍ မသိချေ၊ ငါ၏အိမ်၌ ပွတ်ခုံကို ဆင်စေပြီးလျှင်



၄၈၉

ဤစန္ဒကူးနီ နံ့သာတုံးကို သပိတ်ဖြစ်အောင် ပွတ်ခံစေမည်၊ (ပွတ်စာကိုသုံး၍ သပိတ်ကိုကား ငါလှူဒါန်းမည်)။ ယင်း စန္ဒကူးနံ့သာနီ သပိတ်ကို ဆိုင်း၌ ထည့်ပြီးနောက် ၀ါးအဆင့်ဆင့် အဆက်ဆက် စပ်ဆက်စိုက်ထောင်ကာ အတောင် (၆ဝ) ခြောက်ဆယ်ခန့်မျှ မြင့်မားသော ကောင်းကင်၌ တွဲလျားဆွဲထားစေပြီးသော် “ရဟန္တာစင်စစ် အမှန်ဖြစ်သော ပုဂ္ဂိုလ်သည် ကောင်းကင်ခရီးဖြင့် ကြွလာကာ (=ဈာန်ပျံကာ) ဤစန္ဒကူးသပိတ်ကို ယူဆောင်စေသတည်း”ဟု ကျေညာပြောဆိုအံ့။ ဤစန္ဒကူးသပိတ်ကို (ငါကျေညာ ပြောဆိုသည့်အတိုင်း) ကောင်းကင်ခရီး ဈာန်ယာဉ်စီး၍ ပျံကြွယူဆောင်နိုင်သော ရဟန္တာပုဂ္ဂိုလ်အား ငါသည် သားမယားနှင့်တကွ ကိုးကွယ်အံ့”—

ဤကဲ့သို့ အကြံဖြစ်လေသည်။ ထိုသူဌေးသည် မိမိကြံစည်သောအတိုင်း စန္ဒကူးနီနှစ်တုံးကို ပွတ်ခုံသို့တင်ကာ သပိတ်ထွင်းစေပြီးနောက် ထိုသပိတ်ကို ဆိုင်း၌ ထည့်ပြီးလျှင် ဝါးလုံးအဆင့်ဆင့် စိုက်ထောင်ကာ အတောင်ခြောက်ဆယ် မြင့်မားသော ကောင်းကင်၌ သပိတ်ကို တွဲလျားချိတ်ထားစေ၍ “ဤလောက၌ ရဟန္တာစင်စစ် ဖြစ်သောသူသည် ကောင်းကင်ခရီးဖြင့် ကြွလာကာ ဤသပိတ်ကို ယူစေသတည်း”ဟူ၍ ကျေညာ ပြောဆိုလေသည်။

တိတ္ထိဆရာကြီးခြောက်ဦး

     ထိုအချိန်၌ ရာဇဂြိုဟ်ပြည်ဝယ် တိတ္ထိဆရာကြီး ခြောက်ဦးတို့ကား မိမိတို့ကိုယ်ကို ရဟန္တာဟူ၍ ဝန်ခံပြောဆိုကာ ဂိုဏ်းဆရာကြီးများအဖြစ် နေထိုင်သောအခါ ဖြစ်လေသည်၊ ထိုတိတ္ထိဆရာကြီး ခြောက်ဦးတို့မှာ-

(၁) ပူရဏကဿပဆရာကြီး = အမည်ရင်းကား ပူရဏဟူ၍ ဖြစ်သည်။ သူ၏အနွယ်ကား ကဿပအနွယ် ဖြစ်သည်။ အမည်နှင့်အနွယ် နှစ်မျိုးစပ်၍ ထိုဆရာကြီးကို ပူရဏကဿပဆရာကြီးဟူ၍ ခေါ်သည်။



၄၉၀

ထိုဆရာကြီး၏ အကြောင်းအရာ အကျဉ်းချုပ်ကား သူဌေးတဦးမှာ အိမ်ပေါက်ကျွန် (၉၉) ကိုးဆယ့်ကိုးယောက် ရှိနေရာမှ သူကား (၁ဝဝ) တရာမြောက်၌ ဖွားမြောက်သူ ဖြစ်သည်၊ ထို့ကြောင့် သူ၏အမည်ကို ပူရဏဟူ၍ မှည့်ခေါ်ကြသည် (=ရာပြည့်ကျွန် မောင်ရာပြည့် ဟူလို၏)။ အထူးအားဖြင့် သူကား မင်္ဂလာကျွန် ဖြစ်သောကြောင့် အလုပ်ကို မကောင်းသဖြင့် ပြုလုပ်သည်ကိုလည်း ထိုအကြောင်းကို ပြောဆိုမည့်သူ မရှိချေ၊ အလုပ်မလုပ်လျှင်လည်း အလုပ်မလုပ်ဟူ၍ မည်သူမျှ ပြောဆိုသူမရှိချေ။

သို့စေကာမူ သူသည် “ငါ ဤသူဌေးအိမ်မှာ ဘာ့ကြောင့် နေရမည်နည်း”ဟု ရောင့်တက်ကာ ထွက်ပြေးလေသော် သူခိုးတို့သည် ထိုသူ၏အဝတ်ကို လုယက်ကြလေ၏။ သူသည် သစ်ရွက်ဖြင့်ဖြစ်စေ, မြက်ဖြင့်ဖြစ်စေ ဖုံးလွှမ်းရမည်ကိုမျှ နားမလည်သူ မသိသူဖြစ်ရကား မိမွေးတိုင်းအသွင်ဖြင့်ပင် (အဝတ်မပါပဲ) ရွာတခုသို့ ဝင်လေသည်။ ရွာနေလူတို့သည် သူ့ကို မြင်ကြ၍ အကြည်ညိုမှားကြကာ “ဤရဟန်းကား ရဟန္တာတည်း၊ အလိုနည်းသူတည်း၊ ဤရဟန်းနှင့် တူသောသူ မရှိ”ဟူ၍ ချီးမွမ်းပြောဆိုကြကာ မုံ့ဆွမ်းစသည်တို့ကို ယူခဲ့ကြ၍ သူ၏အထံသို့ ချဉ်းကပ် လာရောက်ကြလေ၏။ သူသည် “ငါ့မှာ အဝတ်မဝတ်သောကြောင့် ဤလာဘ်လာဘများ ဖြစ်သည်”ဟု ကြံစည်မိကာ ထိုအခါမှစ၍ အဝတ်ပုဆိုးကို ရသော်လည်း လုံးဝမဝတ်တော့ချေ။ ထို အဝတ်မဝတ်ခြင်းကိုပင် ပူရဏသည် ရဟန်းအဖြစ်ဟူ၍ စွဲယူလေတော့သည်။ ထိုပူရဏ၏အထံ၌ အခြားအခြားသော လူငါးရာတို့သည်လည်း တပည့်ခံကြကာ အဝတ်မဝတ်ခြင်း တည်းဟူသော ရဟန်းအဖြစ်ကို ခံယူကြလေကုန်၏။ ဤသို့လျှင် ဤပူရဏကဿပသည် ဂိုဏ်းဆရာကြီးဖြစ်ကာ လောက၌



၄၉၁

ဆရာကြီးတဦး ဘုရားကြီးတဆူ အနေဖြင့် ထင်ရှား ကျော်ကြားလေတော့၏။

(မှတ်ချက်။ ။ဤပူရဏကဿပ ဆရာကြီး၏ ဖြစ်ရပ်အကျဉ်းကို စိစစ်ဝေဘန်ကြည့်လျှင် မူလပဌမ၌ သူပြုလိုရာပြုပြီး ခိုးသူဘေးနှင့် တွေ့သဖြင့် အဝတ်မဝတ်ရခြင်း ဖြစ်သည်၊ ထိုအဝတ်မဝတ်ခြင်းကိုပင် ပညာဉာဏ်နုံ့နှေးသူ လူများက အထင်ကြီးကြကာ ရဟန္တာဟူ၍ သမုတ်ကြခြင်း ဖြစ်လေသည်။ လူအများက ဝိုင်းဝန်း၍ ရဟန္တာဟု သမုတ်ကြသောအခါ ပူရဏကဿပသည်လည်း မိမိ၌ အကျင့်ကောင်း တစုံတခုမျှ မရှိပါပဲလျက် လူအများ သမုတ်သည့်အတိုင်း မိမိကိုယ်ကို ဆရာကြီးတဆူ ဘုရားကြီးတဆူ အနေဖြင့် စွဲယူလေတော့သည်။ ထိုအခါ ဂိုဏ်းဆရာဖြစ်သည့်အလျောက် ကိုယ်ပိုင်ဝါဒတခုရှိဖို့ရန် လိုလာပြန်သောကြောင့် ကြံမိကြံရာ အလွဲလွဲအချော်ချော် ဝါဒအသစ် စိတ်ကူးရရာ ထွင်လေတော့သည်။ ကျန်သော ဂိုဏ်းဆရာကြီး ငါးဦးတို့လည်း ဤနည်းအတူပင်တည်း။ ထိုဂိုဏ်းဆရာကြီး ခြောက်ဦးတို့၏ စိတ်ကူးရရာ တီထွင်ကြသော ဝါဒခြောက်မျိုးတို့ကို သုတ်သီလက္ခန် ပါဠိတော် ၂-သာမညဖလသုတ်မှ ထုတ်နုတ်မှတ်ယူရာ၏။)

(၂) မက္ခလိဂေါသာလ ဆရာကြီး = သူ၏ အမည်ရင်းကား မက္ခလိဟူ၍ ဖြစ်သည်။ ဂေါသာလမည်သော ရွာ၌ (တနည်း မိုးဥတုအခါ နွားအုပ်ကို လှောင်ထားရာ စရပ်၌) မွေးဖွားသောကြောင့် ဂေါသာလဟူ၍ ဒုတိယအမည်တခု တွင်ပြန်သည်၊ အမည်နှစ်ရပ် ပေါင်းစပ်၍ “မက္ခလိဂေါသာလ”ဟူ၍ ခေါ်ဆိုသည်။

သူ၏ အကြောင်းအရာ အကျဉ်းချုပ်ကား သူသည်လည်း ပူရဏကဲ့သို့ပင် ကျွန်တဦး ဖြစ်လေသည်၊ တနေ့သ၌ ရွှံ့ညွန်ထူထပ်သော မြေအရပ်ဝယ် ဆီအိုးကိုထမ်းယူ၍ သွားရသော ထိုကျွန်ကို အရှင်သခင်ဖြစ်သူက “တာတ မာ ခလိ = အမောင်.. မချော်လဲစေနှင့် (သတိပြု)”ဟု ပြောဆို သတိပေးနေရင်းကပင် သူသည် မေ့လျော့သဖြင့် ချွတ်ချော်တိမ်းလဲကာ အရှင်သခင်ဖြစ်သူကို ကြောက်လန့်သဖြင့် အလွတ်ပြေးရန် စီမံအားထုတ်လေသည်။



၄၉၂

အရှင်သခင်ဖြစ်သူက သူ၏အနီးသို့ ပြေးလာ၍ ပုဆိုးစွန်း၌ ဆွဲကိုင်ထားလေသော် သူသည် ပုဆိုးကိုချွတ်၍ အဝတ်မပါ လွတ်ရာ ထွက်ပြေးလေတော့၏။ (ကြွင်းကျန်သော ဖြစ်ရပ်မှာ ပူရဏကဿပ၏ ဖြစ်ရပ်နှင့် တူ၏)။

(၃) အဇိတကေသကမ္ဗလ ဆရာကြီး = သူသည်လည်း ဂိုဏ်းဆရာကြီးတဦးပင် ဖြစ်သည်၊ သူ၏ အမည်ရင်းမှာ အဇိတဟူ၍ ဖြစ်သည်။ သူကား လူ့ဆံပင်ဖြင့် ရက်လုပ်အပ်သော ကမ္ဗလာအဝတ်ကို ဝတ်ဆင်သောကြောင့် ကေသကမ္ဗလဟု တွင်ပြန်သည်၊ အမည်နှစ်ရပ် ပေါင်းစပ်ပြီးလျှင် ထိုဂိုဏ်းဆရာကြီးကို “အဇိတကေသကမ္ဗလဆရာကြီး”ဟူ၍ ခေါ်ဆိုလေသည်။

(၄) ပကုဓကစ္စာယန ဆရာကြီး = သူသည်လည်း ဂိုဏ်းဆရာကြီးတဦးပင် ဖြစ်သည်။ သူ၏ အမည်ရင်းမှာ ပကုဓဟူ၍ ဖြစ်သည်။ အနွယ်ကား ကစ္စာယနအနွယ် ဖြစ်သည်၊ ဤသို့ အမည်နှင့်အနွယ် နှစ်ရပ်ပေါင်းစပ်၍ ထိုဆရာကြီးကို “ပကုဓကစ္စာယန ဆရာကြီး”ဟူ၍ ခေါ်ဆိုအပ်လေသည်။ သူကား ရေအေးကို လုံးဝစွန့်ပယ်သောသူ ဖြစ်သည်၊ ကျင်ကြီးစွန့်ပြီးသော အခါမှာသော်၎င်း, အစာစားပြီးသော အခါမှာသော်၎င်း, တစုံတခု အညစ်အကြေး လူးလည်းသော အခါမှာသော်၎င်း သူသည် ရေအေးဖြင့် ဆေးကြောသုတ်သင်မှုကို မပြုချေ၊ ရေနွေးကိုဖြစ်စေ, ပုန်းရည်ကိုဖြစ်စေ ရမှသာ ဆေးကြောသုတ်သင်မှုကို ပြုလေသည်။ မြစ်ချောင်းကိုဖြစ်စေ, လမ်းခရီး၌ ရေကိုဖြစ်စေ ကူးမိကျော်မိလျှင် “ငါ၏သီလကား ပျက်လေပြီ”ဟု အောက်မေ့ မှတ်ယူလျက် သဲပုံအစုကို ပြုလုပ်ကာ သီလကို ဆောက်တည်၍ သွားလေ့ရှိ၏။

(၅) သဉ္စယဗေလဋ္ဌပုတ္တဆရာကြီး = သူသည်လည်း ဂိုဏ်းဆရာကြီးတဦးပင် ဖြစ်သည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ပရိဗိုဇ်အဖြစ်ဖြင့် နေခဲ့စဉ်က



၄၉၃

ထိုဆရာကြီးနှင့်အတူ နေခဲ့လေသည်။ သူ၏ အမည်ရင်းကား သဉ္စယ (=သိဉ္စည်း)ဖြစ်၍ ဗေလဋ္ဌမည်သောသူ၏ သားဖြစ်သောကြောင့် အမည်နှစ်ရပ်ပေါင်းစပ်ကာ “သဉ္စယဗေလဋ္ဌပုတ္တ ဆရာကြီး”ဟူ၍ ခေါ်တွင်လေသည်။

(၆) နိဂဏ္ဌနာဋပုတ္တ ဆရာကြီး = သူသည်လည်း ဂိုဏ်းဆရာကြီးတဦးပင် ဖြစ်သည်။ “ငါတို့မှာ ထုံးဖွဲ့နှောက်ယှက်တတ်သော ကိလေသာဟူ၍ မရှိ၊ ငါတို့သည် ကိလေသာတည်းဟူသော အထုံးအဖွဲ့ အနှောက်အယှက်မှ ကင်းစင်သူများ ဖြစ်ကြသည်”ဟူ၍ သူ၏ထင်ရာမြင်ရာ အယူ၀ါဒအတိုင်း ပြောဆိုလေ့ရှိသောကြောင့် နိဂဏ္ဌဟူ၍ တွင်လေသည်။ (တကယ်စင်စစ် ကိလေသာအထုံးအဖွဲ့ အနှောက်အယှက်မှ ကင်းစင်သူကား မဟုတ်ချေ။ သူ၏ဖခင်ကား နာဋ-အမည်ရှိလေသည်။ ဤသို့ နာဋ၏သား ဖြစ်သောကြောင့် သူ့ကို အဖနှင့်စပ်၍ နာဋပုတ္တ-ဟု ခေါ်ဆိုပြန်လေသည်။ အမည်နှစ်ရပ် ပေါင်းစပ်ပြီးလျှင် ထိုဆရာကြီးကို “နိဂဏ္ဌနာဋပုတ္တ ဆရာကြီး”ဟူ၍ ခေါ်တွင်လေသည်။

(ဤကား သီလက္ခန်အဋ္ဌကထာ စာမျက်နှာ ၁၃၀, ၁၃၁-နှင့် ဝိနည်း သာရတ္ထဒီပနီဋီကာ တတိယအုပ် စာမျက်နှာ ၃၈၂, ၃၈၃-မှ ထုတ်ဆောင်ဖော်ပြချက် ဖြစ်သည်)။

     ထိုသို့ ရာဇဂြိုဟ်သူဌေးက စန္ဒကူးသပိတ်ကို ဝါးလုံးအဆင့်ဆင့် အတောင်ခြောက်ဆယ်မြင့်သော ကောင်းကင်၌ ချိတ်ဆွဲစေပြီးလျှင် “လောက၌ ရဟန္တာစင်စစ် ဖြစ်သောသူသည် ကောင်းကင်ခရီးဖြင့် ဈာန်ယာဉ်စီး၍ ကြွလာကာ ဤသပိတ်ကို ယူစေသတည်း”ဟူ၍ ကျေညာပြောဆိုသောအခါ ရှေးဦးစွာ ပူရဏကဿပ ဆရာကြီးသည် ရာဇဂြိုဟ်သူဌေးထံ လာရောက်၍ “သူဌေး.. ငါသည် ရဟန္တာလည်း ဟုတ်ပေ၏၊ တန်ခိုးရှိသူလည်း ဟုတ်ပေ၏။ ငါ့အား သပိတ်ကိုပေးလော့”ဟူ၍ အသားလွတ် ပြောဆိုလေသော် ရာဇဂြိုဟ်သူဌေးသည် “အရှင်ဘုရား.. အရှင်ဘုရားသည်



၄၉၄

ရဟန္တာလည်း ဟုတ်, တန်ခိုးရှိသူလည်း ဟုတ်ပါမူ တပည့်တော်၏သပိတ်ကို ရဟန္တာတန်ခိုးရှင်အား လှူပြီးဖြစ်ပါသည်၊ တန်ခိုးဖြင့်သာ ချယူတော်မူပါလော့”ဟူ၍ ပါးနပ်လိမ္မာစွာ ဖြေကြား ပြောဆိုလေ၏။ (ပူရဏကဿပ ဆရာကြီးကား ရဟန္တာလည်း မဟုတ်၊ တန်ခိုးရှင်လည်း မဟုတ်သောကြောင့် ထိုသပိတ်ကို မချယူနိုင်ပဲ လက်လျှော့ကာ ပြန်သွားလေ၏)။

     ဒုတိယနေ့၌ မက္ခလိဂေါသာလ ဆရာကြီး, တတိယနေ့၌ အဇိတကေသကမ္ဗလ ဆရာကြီး, စတုတ္ထနေ့၌ ပကုဓကစ္စာယန ဆရာကြီး, ပဉ္စမနေ့၌ သဉ္စယဗေလဋ္ဌပုတ္တ ဆရာကြီးတို့ အစဉ်အတိုင်း လာရောက်၍ ရှေး ပူရဏကဿပ ဆရာကြီးနည်းတူ ပြောဆိုကြလေသော် ရာဇဂြိုဟ်သူဌေးသည်လည်း ရှေးနည်းအတူပင် ပါးနပ်လိမ္မာစွာ ဖြေကြား ပြောဆိုသဖြင့် ထိုဆရာကြီးတို့လည်း ရှေးနည်းအတူ သပိတ်ကို မချယူနိုင်ပဲ လက်လျှော့ကာ ပြန်သွားကြလေ၏။

     ခြောက်ရက်မြောက်သောနေ့ (=ဆဋ္ဌနေ့)၌ နိဂဏ္ဌနာဋပုတ္တ ဆရာကြီးသည် မိမိတပည့်များကို “အမောင်တို့.. သွားကြလော့၊ ရာဇဂြိုဟ်သူဌေးကို ‘ဤသပိတ်ကား ငါတို့၏ ဆရာကြီးအားသာ လျော်လျောက်ပတ်သော သပိတ်ဖြစ်သည်၊ အနည်းငယ်မျှ မပြောပလောက်သည့် သစ်သားသပိတ်ကလေးဟူသော အကြောင်းကြောင့် ငါတို့ဆရာကြီး ကောင်းကင်ခရီးဖြင့် လာရောက်ခြင်းကို မပြုပါစေလင့်၊ သင်၏သပိတ်ကို ငါတို့ဆရာကြီးအား ပေးလှူပါလော့တဲ့’ဟု ပြောဆိုကြလေ”၊ ဤကဲ့သို့ မှာကြားပြီးလျှင် မိမိတပည့်များကို ရာဇဂြိုဟ်သူဌေးထံသို့ စေလွှတ်လိုက်လေ၏။

     တပည့်များသည် သွားကြ၍ သူဌေးကို ဆရာကြီး မှာကြားလိုက်သည့်အတိုင်း ပြောကြားကြလေသော် ရာဇဂြိုဟ်သူဌေးသည် “ကောင်းကင်ခရီးဖြင့် ကြွလာ၍ ယူစွမ်းနိုင်သော သူသည်သာလျှင် ယူစေသတည်း”ဟူ၍ တင်းတင်းပင် ပြောဆိုလေ၏။ နာဋပုတ္တ ဆရာကြီးသည် ကိုယ်တိုင်ပင် သွားလိုရကား တပည့်များအား ဤဆိုလတ္တံ့သောအတိုင်း အမှတ်အချက် ပေးထားလေသည်-



၄၉၅

“ငါသည် လက်တဖက် ခြေတဖက်ကို မြှောက်၍ ကောင်းကင်သို့ ပျံတက်တော့မည်ကဲ့သို့ ဟန်ပြုမည်။ သင်တို့က ‘ဆရာကြီး.. ဘာလုပ်ကြမလို့နည်း၊ သစ်သားသပိတ်ဟူသော အကြောင်းကြောင့် လျှို့ဝှက်အပ်သည့် အရဟတ္တဖိုလ်ကျေးဇူးကို လူများအား မပြကြပါကုန်လင့်’ဟု ပြောဆိုကြကာ ငါ့ကို လက်ခြေတို့၌ ဆွဲငင်ကြလျက် မြေကြီး၌ တိမ်းလည်းအောင် ပြုကြကုန်လော့”-

ဟူ၍ အမှတ်အချက် ပေးထားလေသည်။

     နာဋပုတ္တဆရာကြီးသည် ထိုကဲ့သို့ အချက်အမှတ်ပေးပြီးလျှင် သူဌေးထံသို့ သွားရောက်၍ သူဌေးကို “သူဌေးကြီး၏ သပိတ်သည် အခြားသူတို့အား လားလားမျှ မသင့်လျော်၊ သင်သူဌေးကြီးသည် အနည်းငယ်မျှ မပြောပလောက်သည့် သစ်သားသပိတ်ဟူသော အကြောင်းကြောင့် ငါ၏ ကောင်းကင်သို့ ပျံတက်မှုကို မနှစ်သက်ပါလင့် (=မပြောပလောက်သည့် သစ်သားသပိတ်ကလေးကြောင့် ငါ့ကို ကောင်းကင်သို့ မပျံတက် စေချင်ပါနှင့်ဟု ဆိုလိုသည်)၊ ငါ့အား သပိတ်ကို ပေးပါလော့”ဟူ၍ ပြောဆိုလေသော် ရာဇဂြိုဟ်သူဌေးသည် “အရှင်ဘုရား.. ကောင်းကင်သို့ ပျံတက်၍သာ ယူတော်မူကြပါ”ဟု တိုတိုတင်းတင်း ကျဉ်းကျဉ်းပင် ပြောဆိုလေ၏။

     ထိုအခါ နာဋပုတ္တဆရာကြီးသည် “ထိုသို့ဖြစ်လျှင် ဖယ်ကြ ဖယ်ကြ”ဟု မိမိ၏ တပည့်များကို ဖယ်ရှားစေပြီးလျှင် “ကောင်းကင်သို့ ပျံတက်အံ့”ဟု လက်တဖက် ခြေတဖက်ကို မြှောက်ချီလေ၏။ ထိုအခါ သူ၏တပည့်များက “အိုဆရာကြီး.. ဘယ်လိုအလုပ်တွေကို ပြုလုပ်နေကြဘိသနည်း၊ အဖိုးမတန်သည့် သစ်သားသပိတ်ဟူသော အကြောင်းကြောင့် လျှို့ဝှက်အပ်သည့် အရဟတ္တဖိုလ်ကျေးဇူးကို လူများအား ပြသဖြင့် ဆရာကြီးတို့မှာ ဘာအကျိုးရှိမည်နည်း”ဟူ၍ (နဂိုရ်က အချက်ပေးထားသည့်အတိုင်း ပြောကြားကြပြီးလျှင် သူတို့၏ဆရာကြီးကို လက်ခြေတို့၌ ဆွဲငင်ကြကာ မြေ၌ တိမ်းလည်းစေကုန်၏။ နာဋပုတ္တဆရာကြီးသည် တိမ်းလည်းနေရာမှပင်



၄၉၆

ရာဇဂြိုဟ်သူဌေးကို “အိုသူဌေးကြီး.. ဤတပည့်များက ငါ့အား ကောင်းကင်သို့ ပျံတက်ခွင့်ကို မပေးကြပါ။ (သင်အမြင်ပဲ)၊ ငါ့အား သပိတ်ကို ပေးသာပေးပါလော့”ဟူ၍ ပြောဆိုလေသော် သူဌေးသည် ဣန္ဒြေမပျက်ပင် “ကောင်းကင်သို့ တက်၍သာ ယူတော်မူကြပါဘုရား”ဟု လျှောက်ထား ပြောဆိုလေသည်။

     ဤသို့လျှင် တိတ္ထိဆရာကြီး ခြောက်ဦးတို့သည် ခြောက်ရက်တိုင်တိုင် အားထုတ်ကြသော်လည်း သပိတ်ကို မရရှိကြလေကုန်။

အရှင်မောဂ္ဂလာန်နှင့် အရှင်ပိဏ္ဍောလ

     ထို့နောက် ခုနစ်ရက်မြောက်သောနေ့၌ အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်မြတ်နှစ်ပါးတို့ “ရာဇဂြိုဟ်ပြည်အတွင်းသို့ ဆွမ်းခံဝင်ကြကုန်အံ့”ဟု ဝေဠုဝန်ကျောင်းတိုက်မှ ထွက်ကြွတော်မူခဲ့ကြ၍ ရာဇဂြိုဟ်ပြည်၏အနီး တခုသော ကျောက်ဖျာအပြင်၌ သင်္ကန်းရုံနေတော်မူကြသောအခါ သေသောက်ကြူး (=ထန်းရေသမား)တို့သည် ဤသို့သောစကား ထိပါးပြောဆိုကြကုန်၏-

“အချင်းတို့.. ရှေးအခါက တိတ္ထိဆရာကြီး ခြောက်ဦးတို့သည် ‘ငါတို့ကား ရဟန္တာများ ဖြစ်ကြကုန်၏’ဟုပြောဆို လှည့်လည်ခဲ့ကြလေပြီ၊ ‘အကယ်၍ ရဟန္တာရှိခဲ့လျှင် ကောင်းကင်ခရီးဖြင့် လာလတ်၍ ယူစေသတည်း’ဟု ပြောဆိုကာ ရာဇဂြိုဟ်သူဌေးမင်း ဝါးအဆင့်ဆင့် အတောင်ခြောက်ဆယ် မြင့်အောင် စိုက်ထူကာ စန္ဒကူးသပိတ်ကို ထားခဲ့သည်မှာ ယနေ့ ခုနစ်ရက်မြောက် ရောက်ခဲ့လေပြီ၊ တဦးတယောက်မျှ ‘ငါ ရဟန္တာ’ဟု ပြောဆိုဝန်ခံကာ ကောင်းကင်သို့ ပျံတက်နိုင်သူ မရှိချေ၊ ယနေ့မှ ငါတို့သည် လောက၌ ရဟန္တာများမရှိကြောင်း ကောင်းကောင်း သိရပေပြီ”-

ဟူ၍ ပွတ်ချုပ်ထိပါး ပြောကြားကြလေကုန်၏။ ထိုစကားကိုကြား၍ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်ကို “ငါ့ရှင်ဘာရဒွါဇ.. ဤသေသောက်ကြူး



၄၉၇

(=ထန်းရေသမား)တို့ ပြောသောစကားကို ကြားရဲ့လား၊ ဤသေသောက်ကြူး ထန်းရေမူးတို့သည် မြတ်စွာဘုရားရှင်၏ သာသနာတော်ကိုပါ သိမ်းကျုံးယူငင်ကြသည့်ပမာ ထိပါးစကား ပြောကြားကြကုန်၏၊ ငါ့ရှင်သည်လည်း တန်ခိုးရှင် အာနုဘော်ရှင် ဖြစ်ပေသည်၊ သွားပါလော့ ထိုစန္ဒကူးသပိတ်ကို ကောင်းကင်ခရီးဖြင့်ပင် သွားရောက်ကာ ယူဆောင်ခဲ့ပါလော့”ဟူ၍ တိုက်တွန်းစကား မိန့်ကြားတော်မူလေ၏။

     အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်မြတ်သည် အရှင်မဟာမောဂ္ဂလာန်ကို “ငါ့ရှင်မောဂ္ဂလာန်.. ငါ့ရှင်သည် တန်ခိုးရှင်တို့အနက် အသာဆုံး အမြတ်ဆုံးဟူ၍ ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးထင်ပေါ် ကျော်စောသူ ဖြစ်ပါသည်၊ ငါ့ရှင်ပင် ထိုသပိတ်ကို ယူစေချင်ပါသည်။ ငါ့ရှင် မယူမှသာ ငါယူပါမည်”ဟူ၍ ပြန်ကြား ပြောဆိုလေသည်၊ (ထိုသို့ ပြောဆိုခြင်းမှာ အရှင်မဟာမောဂ္ဂလာန် မထေရ်ကို ဦးစားပေး အရေးထားသောအားဖြင့် ပြောဆိုခြင်း ဖြစ်လေသည်)။ ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်က “ငါ့ရှင်ပင် ယူဆောင်လော့”ဟူ၍ ကြည်ဖြူစွာ ခွင့်ပြုစကား မိန့်ကြားတော်မူလေ၏။

အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ် တန်ခိုးဖြင့် စန္ဒကူးသပိတ်ကို ယူဆောင်တော်မူခြင်း

     ထိုသို့ အရှင်မဟာမောဂ္ဂလာန် မထေရ်သူမြတ်က ခွင့်ပြုစကား မိန့်ကြားတော်မူလတ်သော် အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် အဘိညာဏ်၏ အခြေပါဒဖြစ်သော စတုတ္ထဈာန်ကို ၀င်စား၍ ထိုဈာန်မှ ထပြီးလျှင် အဘိညာဏ်ဇောဝီထိဖြင့် အစွန်းအနား သားနားသပ်ယပ် တိတိဖြတ်အပ်သော လဲဝါစိုင်ပမာ (ထို) သုံးဂါဝုတ်မျှ ပမာဏရှိသော (မိမိတို့ သင်္ကန်းရုံနေရာ) ကျောက်ဖျာကြီးကို ကောင်းကင်၌ တက်စေကာ ရာဇဂြိုဟ်မြို့၏ အထက်၌ ခုနစ်ကြိမ် ခုနစ်ပတ် လှည့်လည်စေတော်မူ၏။ ထိုကျောက်ဖျာကြီးသည် သုံးဂါဝုတ် ပမာဏရှိသော ရာဇဂြိုဟ်မြို့ကြီး၏ အပိတ်အဖုံးကြီးကဲ့သို့ ထင်ရလေသည်။



၄၉၈

     မြို့နေလူအပေါင်းတို့သည် “ကျောက်ဖျာကြီးကား ငါတို့အပေါ် လွှမ်းပိခဲ့လေပြီ”ဟု ကြောက်ရွံ့ထိတ်လန့်ကြကာ ဗန်းစကော စသည်တို့ကို ဦးခေါင်း၌ ဆောင်းကြ၍ ဦးတည်မိရာ ထိုထိုအရပ်၌ ပုန်းအောင်းကြလေသည်။ သတ္တမအကြိမ်၌ အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် ကျောက်ဖျာကိုခွဲ၍ ကိုယ်ထင်ပြတော်မူလေ၏။ လူများအပေါင်းသည် မထေရ်ကို မြင်လတ်၍ “အို ပိဏ္ဍောလဘာရဒွါဇ အရှင်မြတ်ဘုရား.. အရှင်ဘုရား၏ ကျောက်ဖျာကြီးကို မြဲမြံစွာ ကိုင်ထားတော်မူပါ၊ တပည့်တော်တို့ လူအလုံးကို မပျက်ပြုန်းပါစေလင့်”ဟူ၍ လျှောက်ထားကြလေ၏။ မထေရ်သည် (လူအများကြည့်နေစဉ်ပင်) ကျောက်ဖျာကို ခြေစွန်းဖြင့် တွန်းကန် ပစ်လွှင့်လိုက်လေသည်။ ကျောက်ဖျာသည် သွားလတ်၍ မူလနေရာ၌ပင် တည်လေ၏။

     အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် သူဌေး၏အိမ်အထက် ကောင်းကင်၌ ရပ်တည်တော်မူလေလျှင် ရာဇဂြိုဟ်သူဌေးသည် မထေရ်ကို မြင်လတ်၍ ရင်ဖြင့် မြေ၌ တွားဝပ်ပြီးလျှင် “သက်ဆင်းတော်မူပါ အရှင်ဘုရား..”ဟု လျှောက်ထားကာ ကောင်းကင်မှ သက်ဆင်းလာသော မထေရ်ကို မိမိအိမ်၌ ထိုင်နေစေပြီးနောက် သပိတ်ကို ကောင်းကင်မှချ၍ စတုမဓု အပြည့်ထည့်ပြီးလျှင် ပိဏ္ဍောလဘာရဒွါဇ မထေရ်အား ဆက်ကပ်လှူဒါန်းလေ၏။

လူအများ စုရုံးလိုက်ပါလာကြခြင်း

     အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် သပိတ်ကို ခံယူ၍ ဝေဠုဝန်ကျောင်းတိုက်တော်သို့ရှေးရှူ ကြွတော်မူလေလျှင် မထေရ်မြတ် တန်ခိုးပြာဋိဟာ ပြတော်မူစဉ် ယာတော လယ်တောသို့ ခရီးလွန်နေသဖြင့် ပြာဋိဟာကို မမြင်လိုက်ရသော လူအလုံးတို့ စုရုံးစည်းဝေးကြ၍ “အရှင်ဘုရား.. တပည့်တော်တို့အားလည်း တန်ခိုးပြာဋိဟာကို ပြတော်မူပါဦး”ဟူ၍ လျှောက်ဆိုကြကာ မထေရ်နောက်သို့ ကောက်ကောက် လိုက်ပါလာကြကုန်၏။ မထေရ်မြတ်သည် ထိုထို လိုက်ပါလာသူတို့အားလည်း



၄၉၉

တန်ခိုးပြာဋိဟာကို ပြတော်မူလျက် ဝေဠုဝန်ကျောင်းတိုက်သို့ ဆိုက်ရောက်တော်မူလာလေ၏။

တန်ခိုးပြာဋိဟာမပြရန် သိက္ခာပုဒ် ပညတ်တော်မူခြင်း

     မြတ်စွာဘုရားသည် အုတ်ကျက်ဆူညံ ထိုလူတို့၏အသံကို ကြားတော်မူ၍ အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. အုတ်ကျက်စီညံ ယခုအသံကား အဘယ်သူ၏ အသံနည်း”ဟု မေးတော်မူ၍ အရှင်အာနန္ဒာ မထေရ်မြတ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် ကောင်းကင်သို့ ပျံတက်၍ ရာဇဂြိုဟ်သူဌေး၏ စန္ဒကူးသပိတ်ကို ချယူအပ်ခဲ့ပါပြီ၊ ထိုသတင်းစကားကို လူအများကြား၍ အရှင်ပိဏ္ဍောလဘာရဒွါဇ၏ နောက်သို့ လူအများ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါလာခဲ့ကြပါပြီ၊ ယခုအသံကား ထိုလူများ၏ အုတ်ကျက်စီညံ ပြောဆိုကြသော အသံပါတည်း”ဟူ၍ လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ထိုအကြောင်းနိဒါန်း၌ ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်ကို “ချစ်သားဘာရဒွါဇ.. သင်ချစ်သားသည် ရာဇဂြိုဟ်သူဌေး၏ သပိတ်ကို ဣဒ္ဓိပြာဋိဟာဖြင့် ချယူအပ်ပြီဟူသည် မှန်သလော”ဟု မေးမြန်းတော်မူ၍ မှန်ကန်ကြောင်း ပြန်ကြား လျှောက်ထားလေသော် များစွာသောအကြောင်းဖြင့် အရှင်ပိဏ္ဍောလဘာရဒွါဇကို ကဲ့ရဲ့တော်မူပြီးနောက် တရားစကား ဟောကြားတော်မူပြီးလျှင် “န ဘိက္ခဝေ ဣဒ္ဓိပါဋိဟာရိယံ ဒဿေတဗ္ဗံ၊ ယော ဒဿေယျ၊ အာပတ္တိ ဒုက္ကဋဿ = ရဟန်းတို့ တန်ခိုးပြာဋိဟာကို မပြအပ်၊ ပြသောရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ”ဟူ၍ သိက္ခာပုဒ်ကို ပညတ်တော်မူပြီးလျှင် “ရဟန်းတို့.. ထိုစန္ဒကူး သစ်သားသပိတ်ကို အစိတ်စိတ်အမြွာမြွာ ခွဲကြကုန်လော့၊ ခွဲကြပြီးလျှင် မျက်စဉ်းကြိတ်ဖို့ရန် ရဟန်းတို့အား ခွဲဝေပေးကြလော့။ “ရဟန်းတို့.. သစ်သားသပိတ်ကို မဆောင်ယူအပ် မသုံးစွဲအပ်၊



၅၀၀

ဆောင်ယူသုံးစွဲသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ”ဟူ၍ တဖန် ဆက်ကာ သိက္ခာပုဒ် ပညတ်တော်မူပြန်လေ၏။

တိတ္ထိတို့ ထောင်ထားထကြွစကား ပြောကြခြင်း

     တိတ္ထိတို့သည် “မြတ်စွာဘုရားက တပည့်ရဟန်းများအား တန်ခိုးပြာဋိဟာ ပြသမှုမပြုရန် သိက္ခာပုဒ်ကို ပညတ်အပ်ပြီ”ဟူသော သတင်းစကားကို ကြားသိကြလေလျှင် “ရဟန်းဂေါတမ၏ တပည့်များသည် ရဟန်းဂေါတမက ပညတ်အပ်သော သိက္ခာပုဒ်ကို အသက်ဟူသော အကြောင်းကြောင့်ပင်သော်လည်း မလွန်ကျူးကြကုန်၊ ယခုအခါ ငါတို့သည် အခွင့်ကောင်းကို ရအပ်ချေပြီ”ဟု ကြံစည် တိုင်ပင်ကြပြီးလျှင် မြို့တွင်း လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့၌ “ငါတို့သည် ရှေးအခါက မိမိ၏ဂုဏ်ကို စောင့်ထိန်းသောအားဖြင့် သစ်သားသပိတ်ကို အကြောင်းပြုကာ မိမိ၏ တန်ခိုးဣဒ္ဓိပါဒ် ကျေးဇူးဂုဏ်ကို လူအများအား မပြခဲ့ကြပေ။ ရဟန်းဂေါတမ၏ တပည့်များကသာ (အရှက်မရှိကြပဲ) ပြသခဲ့ကြလေကုန်သည်၊ ရဟန်းဂေါတမကား ကိုယ်တိုင်က ပညာရှိသူ ဖြစ်သောကြောင့် ထိုသပိတ်ကို (အစပျောက်အောင်) အစိတ်စိတ် အမြွာမြွာ ခွဲစေပြီးလျှင် သူ့တပည့်ရဟန်းများအား သိက္ခာပုဒ်ကို ပညတ်အပ်ပြီတဲ့၊ ယခုအခါ ငါတို့သည် ရဟန်းဂေါတမနှင့် တန်ခိုးပြာဋိဟာကို ပြိုင်ဆိုင် ပြသကြကုန်အံ့”ဟူ၍ လှည့်လည်ဝါကြွား ပြောကြားကြ လေကုန်၏။

တန်ခိုးပြာဋိဟာပြရန် ဘုရားရှင် မိန့်ကြားတော်မူခြင်း

   ထိုအကြောင်းကို ဗိမ္ဗိသာရမင်းတရား ကြားသိလေသော် မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်၍ အပြန်အလှန် မေးမြန်းလျှောက်ထား ဖြေဆိုတော်မူကြသည်မှာ-

(ဗိမ္ဗိသာရမင်း)။ ။

ဘုန်းတော်ကြီးသောမြတ်စွာဘုရား အရှင်ဘုရားများသည် တန်ခိုးပြာဋိဟာ မပြဖို့ရန် တပည့်သာဝကများအား သိက္ခာပုဒ် ပညတ်အပ်ပါသလော။



၅၀၁

(မြတ်စွာဘုရား)။ ။

အိမ်း ... ပညတ်အပ်ပေသည် မြတ်သောမင်းကြီး..။

(မင်း)။ ။

ယခုအခါ တိတ္ထိတို့သည် အရှင်မြတ်ဘုရားတို့နှင့်ပင် တန်ခိုးပြာဋိဟာကို ပြိုင်ဆိုင် ပြသကုန်အံ့ဟူ၍ လှည့်လည် ပြောကြားနေကြပါကုန်ပြီ၊ ယခု အဘယ်သို့ ပြုလုပ်ကြမည်နည်းဘုရား။

(မြတ်စွာ)။ ။

ထိုတိတ္ထိတို့က တန်ခိုးပြာဋိဟာပြမှု ပြုကြမည်ဆိုလျှင် ငါဘုရားသည် တန်ခိုးပြာဋိဟာပြမှု ပြုပေအံ့ (=ပြုဒါပ)။

(မင်း)။ ။

အရှင်မြတ်ဘုရားတို့သည် သိက္ခာပုဒ်ကို ပညတ်ထားအပ်ပြီ မဟုတ်ပါလော။

(မြတ်စွာ)။ ။

မြတ်သောမင်းကြီး.. ငါဘုရားသည် မိမိအတွက် သိက္ခာပုဒ်ကို မပညတ်၊ သာဝကတို့အတွက်သာ သိက္ခာပုဒ်ကို ပညတ်အပ်ပေသည်။

(မင်း)။ ။

အရှင်မြတ်ဘုရားတို့ကို ဖယ်ရှား၍ အခြားသူတပါး တပည့်သာဝကများအတွက်သာ (ကွက်၍) သိက္ခာပုဒ်ကို ပညတ်မှု ဖြစ်နိုင်ပါသလော။

(မြတ်စွာ)။ ။

မြတ်သောမင်းကြီး.. ထိုသို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် တဖန်ပြန်၍ မေးအံ့၊ သင်၏ဥယျာဉ်၌ သရက်ပင် သရက်သီးများ ရှိသည်မဟုတ်လော။

(မင်း)။ ။

ရှိပါသည် မြတ်စွာဘုရား..။

(မြတ်စွာ)။ ။

မြတ်သောမင်းကြီး.. ထိုဥယျာဉ်တော်မှာရှိသော သရက်သီးကို အခြားလူများ ဆွတ်ခူးစားခဲ့သော် အဘယ်သို့ ပြုမည်နည်း။

(မင်း)။ ။

မင်းပြစ်စိုးဒဏ် ခတ်ရပါမည်ဘုရား။

(မြတ်စွာ)။ ။

သင်မင်းကြီး ကိုယ်တိုင်ကတော့ ထိုသရက်သီးကို စားနိုင်ခွင့် ရပါသလော။



၅၀၂

(မင်း)။ ။

ရပါသည် အရှင်ဘုရား.. တပည့်တော်အား ဒဏ်ခတ်ရန်မလိုပါ၊ တပည့်တော်သည် မိမိ၏ ပစ္စည်းဥစ္စာကိုသာ ခဲစားမည်ဖြစ်ပါသည်။

(မြတ်စွာ)။ ။

မြတ်သောမင်းကြီး.. ယူဇနာသုံးရာကျယ်ဝန်းသော ဤပြည်အဝန်း၌ သင်မင်းကြီး၏ အာဏာစက်ပြန့်နှံ့ ဖြစ်ထွန်းသကဲ့သို့ ထို့အတူပင် ငါဘုရား၏ အာဏာသည်လည်း (အာဏာခေတ်) စကြဝဠာ ကုဋေတသိန်း၌ ပြန့်နှံ့ဖြစ်ထွန်းသည်၊ ငါဘုရားအတွက် သိက္ခာပုဒ်ပညတ်မှု မရှိ၊ အခြားတပည့် သာဝကများအတွက် သိက္ခာပုဒ်ပညတ်မှု ရှိသည်။ ငါဘုရားသည် တန်ခိုးပြာဋိဟာပြသမှုကို ပြုပေအံ့။

(မင်း)။ ။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်အခါ၌ တန်ခိုးပြာဋိဟာ ပြသမှုကို ပြုတော်မူကြမည်နည်း။

(မြတ်စွာ)။ ။

မြတ်သောမင်းကြီး.. ယနေ့မှနောက် လေးလလွန်မြောက်သောအခါ ဝါဆိုလပြည့်နေ့၌ တန်ခိုးပြာဋိဟာ ပြသမှုကို ပြုပေအံ့။

(မင်း)။ ။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်အရပ်၌ ပြုတော်မူကြမည်နည်း။

(မြတ်စွာ)။ ။

မြတ်သောမင်းကြီး.. သာဝတ္ထိပြည်ဝယ် ကဏ္ဍမ္ဗသစ်ပင်အနီး၌ ပြုတော်မူမည်။

(ကဏ္ဍမ္ဗသဒ္ဒါသည် ရိုးရိုးအနေအားဖြင့် သရက်ဖြူပင်ဟူ၍ အနက်ထွက်သည်။ မြတ်စွာဘုရားရှင် မိန့်တော်မူသည့် ကဏ္ဍမ္ဗရုက္ခဟူသည်မှာ ကဏ္ဍမည်သော ဥယျာဉ်မှူး စိုက်ပျိုးသည့် သရက်ပင်ကို ဆိုတော်မူလိုရင်းဖြစ်သည်။ ဤ၌။ ။သာဝတ္ထိပြည်အရပ်မှာ ဘုရားရှင်တိုင်း၏ တန်ခိုးပြာဋိဟာ ပြတော်မူရာဌာန ဖြစ်သောကြောင့်၎င်း, လူများများ စည်းဝေးနိုင်စေလိုသောကြောင့်၎င်း အချိန်ဝေးကြာ လေးလကွာနှင့် ခရီးဝေးကွာ ၄၅-ယူဇနာအရပ်ကို မြတ်စွာဘုရား ညွှန်ပြတော်မူသည်ဟု အထူးမှတ်ရာ၏)။



၅၀၃

တိတ္ထိတို့၏ ဟန်ဆောင်မှု ပြုမူချက်များ

     ထိုသို့ မြတ်စွာဘုရား ကိုယ်တော်မြတ်က ဗိမ္ဗိသာရမင်းတရားအား (ယနေ့မှနောက် လေးလမြောက် ဝါဆိုလပြည့်နေ့ဝယ် သာဝတ္ထိပြည် ကဏ္ဍသရက်ပင်အနီး၌ တန်ခိုးပြာဋိဟာပြမှုကို ပြုလုပ်မည်ဟူသော) ရဲရဲတောက်စကား မိန့်ကြားတော်မူချက်ကို တိတ္ထိများ ကြားသိကြလေသော် “ငါတို့ကား ယခုအခါ ပျက်ခြင်း မလှ ပျက်စီးကြလေပြီ၊ သို့သော်လည်း (ဟန်အမူအရာ မပျက်ပဲ) သာဝတ္ထိပြည်သို့ သွားရောက်သော ရဟန်းဂေါတမနောက်သို့ မျက်ခြေမပျောက် ကောက်ကောက်လိုက်ကြကုန်အံ့။ ထိုအခါ လူများက ငါတို့ကိုမြင်၍ ‘ဤသို့ ပြုမူခြင်းသည် အဘယ့်ကြောင့်နည်း’ဟု မေးကြလိမ့်မည်။ ထိုအခါ ထိုလူများကို ‘ငါတို့က ရဟန်းဂေါတမနှင့် တန်ခိုးပြာဋိဟာကို ပြိုင်ဆိုင်ပြသမှု ပြုကုန်အံ့’ဟူ၍ ပြောခဲ့ကြသည်၊ ရဟန်းဂေါတမသည် (ယခုအခါ ငါတို့မှ ကြောက်၍) ထွက်ပြေးလေသည်၊ ငါတို့သည် သူ့အား ထွက်ပြေးခွင့်မပေးပဲ မျက်ခြေမပျောက် ကောက်ကောက်လိုက်ကြသည်ဟူ၍ ပြောဆိုကြကုန်အံ့၊ ဤသို့ ပြုမူ ပြောဆိုသည်ရှိသော် ငါတို့အား များစွာသော လာဘ်ပူဇော်သက္ကာရသည် ဖြစ်ပေလိမ့်မည်”ဟူ၍ တိုင်ပင် ပြောဆိုကြလေကုန်၏။

မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိသို့ ကြွတော်မူခြင်း

     ထိုသို့ တန်ခိုးပြာဋိဟာပြသရန် ပြဿနာပေါ်ပေါက်လာသော အချိန်မှာ မဟာသက္ကရာဇ် (၁၀၈) တရာ့ရှစ်ခုနှစ် တပေါင်းလပြည့်နေ့လောက်မှာ ဖြစ်သည်။ ထိုတပေါင်းလပြည့်ကျော် ၁-ရက်နေ့လောက် အချိန်မှာ မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အတွင်း ဆွမ်းခံလှည့်လည်တော်မူပြီး ထိုပြည်မှထွက်ခဲ့၍ ရဟန်း အပေါင်းခြံရံကာ သာဝတ္ထိပြည်ဖက်သို့ ခရီးဒေသစာရီ ကြွချီတော်မူခဲ့လေသည်။

     တိတ္ထိတို့သည်လည်း မြတ်စွာဘုရား၏နောက်မှ တပါတည်း ထွက်ခဲ့ကြ၍ မြတ်စွာဘုရား ဆွမ်းကိစ္စပြုသောနေရာ၌ သူတို့လည်း



၅၀၄

ဆွမ်းကိစ္စပြုကြလေသည်။ မြတ်စွာဘုရား ခရီးဆက်ကြွလျှင် သူတို့လည်း ခရီးဆက်ကြလေသည်။ မြတ်စွာဘုရားရှင် ညဉ့်ကျိန်းစက်သော နေရာ၌ သူတို့လည်း အိပ်စက်ကြ၍ နောက် တနေ့ နံနက်စာစားပြီး အတူတကွ ခရီးထွက်ကြလေသည်။ လမ်းခရီးအကြား လူအများက “ဤကဲ့သို့ ဘုရားရှင်နောက်က ကောက်ကောက် လိုက်နေခြင်းသည် အဘယ့်ကြောင့်နည်း”ဟု မေးမြန်းအပ်ကုန်သည်ရှိသော် ရှေး ဖော်ပြရာပါ ကြံစည်တိုင်ပင်ကြသည့်အတိုင်း ဟန်ဆောင်မှုစကား ပြောကြားကြလေသည်။ များစွာသော လူအပေါင်းတို့သည် “တန်ခိုးပြာဋိဟာကို ဖူးမြော်ကြကုန်အံ့”ဟု အစဉ်တစိုက် လိုက်ပါလာကြကုန်၏။

သာဝတ္ထိပြည်၌ နှစ်ဖက်မှ အစီအမံများ

     မြတ်စွာဘုရားရှင်သည်လည်း အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူခဲ့ရာ သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်သို့ ဆိုက်ရောက် သီတင်းသုံးနေတော်မူ၏။ တိတ္ထိတို့သည်ကား မြတ်စွာဘုရားနှင့် အတူတကွ လိုက်ပါခဲ့ကြ၍ သာဝတ္ထိပြည်သို့ ရောက်ကြလေလျှင် မိမိတို့ဆိုင်ရာ ဒကာဒကမများကို ပြောဆိုဟောကြား အလှူခံကြ၍ တသိန်းသော အသပြာကို ရကြလေသော် ထိုအသပြာတသိန်းကို အရင်းအနှီးပြုကာ ရှားနှစ်သားတိုင်တို့ဖြင့် မဏ္ဍပ်ဆောက်လုပ်ကြပြီးလျှင် ထိုမိမိတို့မဏ္ဍပ်ကို ကြာညိုပန်းတို့ဖြင့် အဆန်းတကြယ် ခြယ်လယ်ဖုံးလွှမ်းကြ၍ “ဤမဏ္ဍပ်၌ ငါတို့သည် တန်ခိုးပြာဋိဟာကို ပြသကြကုန်အံ့”ဟု ဝါကြွားပလွှား ပြောဆိုကြကာ နေထိုင်ကြလေကုန်၏။

     ပသေနဒီ ကောသလမင်းတရားသည် မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက် ချဉ်းကပ်ပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တိတ္ထိတို့သည် ပြာဋိဟာမဏ္ဍပ်ကို ဆောက်စေအပ်ပါပြီ၊ တပည့်တော်သည်လည်း အရှင်မြတ်ဘုရားတို့အတွက် ပြာဋိဟာမဏ္ဍပ်ကို ဆောက်လုပ်ပါရစေဘုရား”ဟူ၍ လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “မြတ်သောမင်းကြီး.. သင် မဆောက်လေလင့်၊ ငါဘုရားအတွက် မဏ္ဍပ်ဆောက်လှူမည့်



၅၀၅

ဒါယကာ အသင့်ရှိသည်”ဟူ၍ မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်ကိုထား၍ အခြား အဘယ်သူသည် ရှင်တော်ဘုရားအတွက်တာ မဏ္ဍပ်ဆောက်လုပ်ရန် စွမ်းနိုင်ပါမည်နည်း”ဟူ၍ ပသေနဒီ ကောသလမင်းတရားက လျှောက်ထားလေလျှင် “မြတ်သောမင်းကြီး.. သိကြားနတ်မင်း ဆောက်လုပ်လိမ့်မည်”ဟူ၍ မြတ်စွာဘုရားရှင်က မိန့်ကြားတော်မူလေ၏။ “အဘယ်အရပ်၌ တန်ခိုးပြာဋိဟာ ပြသမှုကို ပြုတော်မူကြမည်နည်း”ဟူ၍ မင်းကြီးက မေးလျှောက်သောအခါ မြတ်စွာဘုရားရှင်က “မြတ်သောမင်းကြီး.. ကဏ္ဍမ္ဗသရက်ဖြူပင်အနီး၌ ပြသကြကုန်အံ့”ဟူ၍ မိန့်ကြားတော်မူလေ၏။

     တိတ္ထိတို့သည် “သရက်ပင်၏အနီး၌ မြတ်စွာဘုရားရှင်သည် တန်ခိုးပြာဋိဟာ ပြသမှုကို ပြုတော်မူလိမ့်မည်တဲ့”ဟူသော သတင်းစကားကို ကြားကြလျှင်ပင် အလွန် ကြောက်ရွံ့ တုန်လှုပ်ကြကာ မိမိတို့၏ အလုပ်အကျွေး ဒကာများအား ပြောကြား တိုင်ပင်ကြ၍ သာဝတ္ထိပြည်၏ ပတ်ဝန်းကျင် တယူဇနာအတွင်းဝယ် သရက်ပင်ရှိသမျှကို အရဝယ်ယူကာ ခုတ်လှည်းကြကုန်၏။ အယုတ်သဖြင့် ထိုနေ့မှ ပေါက်သစ်စဖြစ်သော သရက်ပင်ပေါက်ကိုပင်သော်လည်း နုတ်ပယ်၍ ပစ်ကြလေကုန်၏။

ကဏ္ဍမ္ဗသရက်ဖြူပင်အကြောင်း

     ထိုအခါ မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့၌ ရဟန်းအပေါင်း ခြံရံတော်မူကာ သာဝတ္ထိပြည်အတွင်းသို့ ဆွမ်းခံဝင်ရန် ဇေတဝန်ကျောင်းတော်မှ ထွက်ကြွတော်မူခဲ့လေ၏။

     ကောသလမင်းကြီး၏ ဥယျာဉ်မှူးကား ကဏ္ဍ-အမည်ရှိလေသည်၊ ထိုဥယျာဉ်မှူး မောင်ကဏ္ဍသည် မင်း၏ ဥယျာဉ်တော်အတွင်း သရက်ပင်တပင်၌ ခါချဉ်ထုပ်ဟောင်းအတွင်း ရွက်အုပ်သီး ကြီးစွာသော သရက်သီးမှည့်တလုံးကို တွေ့မြင်ရ၍ ထိုသရက်သီး၏ အနံ့အရသာ လောဘဖြင့် တသောသော ကျရောက်နေသော ကျီးများကို ချောက်လှန့်ပြေးစေပြီး ထိုသရက်သီးကို



၅၀၆

မင်းကြီးအား ဆက်သမည်ဟူသော အကြံဖြင့် ခူးဆွတ်ယူဆောင်၍ လာခဲ့ရာ လမ်းခရီးအကြား၌ မြတ်စွာဘုရားကို ဖူးတွေ့ရ၍—

“မင်းကြီးသည် ဤသရက်သီးကို ပွဲတော်စာတည်ရလျှင် (=စားသုံးရလျှင်) ငါ့အား ရှစ်ကျပ် (သို့မဟုတ် အများဆုံး တဆယ့်ခြောက်ကျပ်)သော ဆုလာဘ် ငွေအသပြာကို ပေးလေရာ၏၊ ထိုမင်းကြီးပေးသော ဆုလာဘ် ငွေအသပြာ ရှစ်ကျပ် (သို့မဟုတ် တဆယ့်ခြောက်ကျပ်)သည် ငါ့အတွက်တာ တသက်စာ စားသုံးလောက်မည် မဟုတ်ချေ။ ငါသည် ဤသရက်သီးကို မြတ်စွာဘုရားအား လှူဒါန်း ဆက်ကပ်လိုက်လျှင် ငါ့အတွက်တာ အပိုင်းအခြားမရှိသော ဘဝသံသရာ ကာလပတ်လုံး စီးပွါးချမ်းသာကို ရွက်ဆောင်နိုင်ပေလိမ့်မည်-

ဟု သဒ္ဓါဦးတည် ကြံစည်စဉ်းစားပြီးလျှင် ထိုသရက်သီးကို လမ်းခရီးအကြားမှာပင် မြတ်စွာဘုရားအား လှူဒါန်း ဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်ကို ကြည့်တော်မူလေလျှင် အရှင်အာနန္ဒာသည် မျက်ရိပ်မျက်ကဲ နားလည်ပါးနပ်သူ ဖြစ်ရကား စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့ လှူဒါန်းအပ်သည့် ကျောက်သပိတ်ကို မြတ်စွာဘုရားအား ပေးကပ်လိုက်လေသည်။ မြတ်စွာဘုရားရှင်သည် ထိုကျောက်သပိတ်ကို ညွတ်၍ ဥယျာဉ်မှူး မောင်ကဏ္ဍလှူဒါန်းသည့် သရက်သီးကို ခံယူတော်မူပြီးလျှင် ထိုနေရာ၌ပင် ထိုင်အံ့သောအခြင်းအရာကို ပြတော်မူ၏။

     အရှင်အာနန္ဒာမထေရ်သည် သင်္ကန်းကို ခင်း၍ပေး၏။ ထို့နောက် ထိုသင်္ကန်းအခင်း၌ ထိုင်နေတော်မူပြီးသော မြတ်စွာဘုရားအား အရှင်အာနန္ဒာ မထေရ်သည် ထိုသရက်သီးကို အဖျော်ယမကာပြုလုပ်၍ ဆက်ကပ်လေသည်။ မြတ်စွာဘုရားရှင်သည် သရက်သီးဖျော်ရည်ကို သောက်သုံးတော်မူပြီးလျှင် ကဏ္ဍဥယျာဉ်မှူးကို “ဒကာကဏ္ဍ.. ဤသရက်သီးစေ့ကို ဤနေရာ၌ပင် မြေကိုယက်၍ စိုက်ပျိုးလော့”ဟု မိန့်တော်မူ၏။ ကဏ္ဍဥယျာဉ်မှူးသည်



၅၀၇

မြတ်စွာဘုရား မိန့်တော်မူတိုင်း ပြုလေ၏။ မြတ်စွာဘုရားသည် ထိုသရက်စေ့၏ အထက်၌ လက်တော်ကို ဆေးကြောလေ၏။

ခဏအတွင်း သရက်ပင်ကြီး ပေါက်လာခြင်း

     မြတ်စွာဘုရားရှင် လက်တော်ကို ဆေးပြီးလျှင် ပြီးခြင်းပင် ထွန်တုံးဦးခန့်ပမာဏ ပင်စည်ရိုးတံရှိသော သရက်ပင်ညှောက်ကြီး မြေမှ တမုဟုတ်အတွင်း ပေါ်တက်လာလေသည်။ ကြည့်စဉ် ကြည့်စဉ်ပင် တရိပ်ရိပ်ကြီးထွားကာ အတောင်ငါးဆယ် အမြင့်အစောက်ရှိသော သရက်ပင်ကြီးဖြစ်၍ လာလေသည်။ အရှေ့, အနောက်, တောင်, မြောက် အရပ်လေးမျက်နှာ၌ အကိုင်းကြီးလေးကိုင်း အထက်၌ အကိုင်းကြီးတကိုင်း ဤသို့အားဖြင့် ခက်မငါးဖြာ အကိုင်းကြီး ငါးကိုင်းတို့သည် အတောင်ငါးဆယ်စီပင် ရှိကြကုန်၏။ ထို သရက်ပင်ကြီးသည် ထိုခဏမှာပင် အပွင့်အသီးများ တရိပ်ရိပ် ပွင့်သီးဖုံးလွှမ်းကာ သရက်သီးမှည့် အခိုင်တို့ဖြင့် တပင်လုံး ပြည့်နှက်လျက်ရှိလေ၏။

     နောက်မှလာသော ရဟန်းတို့သည် ထိုသရက်ပင်မှ သရက်သီးမှည့်တို့ကို စားသုံး လိုက်ပါလာကြရကုန်၏၊ (သို့စေကာ သရက်သီးတို့ကား မကုန်နိုင်)။ ပသေနဒီ ကောသလမင်းကြီးသည် “ဤသို့ အံ့ဖွယ်သရဲ ထူးကဲသော သဘောရှိသည့် သရက်ပင်ကြီး ငြီးငြီးထွန်းတောက် ပေါက်ရောက်လာပြီ”ဟူသော သတင်းစကားကို ကြားသိတော်မူ၍ “ထိုသရက်ပင်ကို မည်သူတဦးတယောက်မျှ မခုတ်ဖြတ်ရ”ဟု မင်းမိန့် ထုတ်ဆင့်ကာ အစောင့်အနေ ချထားစေတော်မူ၏။

ထိုသရက်ပင်ကြီးကား ကဏ္ဍမည်သော ဥယျာဉ်မှူး စိုက်ပျိုးအပ်သောကြောင့် “ကဏ္ဍမ္ဗရုက္ခ = ဥယျာဉ်မှူး မောင်ကဏ္ဍ စိုက်ပျိုးအပ်သည့် သရက်ပင်”ဟူ၍ ထင်ရှားလေသည်။ ထိုသရက်ပင်ကို ရည်ရွယ်တော်မူ၍ပင် မြတ်စွာဘုရားရှင်သည် ဗိမ္ဗိသာရမင်းတရား, ပသေနဒီ ကောသလမင်းတရားတို့ မေးလျှောက်သောအခါ၌



၅၀၈

“ကဏ္ဍမ္ဗ သရက်ပင်အနီး၌ တန်ခိုးပြာဋိဟာ ပြသတော်မူမည်”ဟု မိန့်တော်မူခြင်း ဖြစ်သည်။ တိတ္ထိတို့ကား ထိုအကြောင်းကို မသိကြသောကြောင့် သာဝတ္ထိပြည် ပတ်ဝန်းကျင် တယူဇနာအတွင်းရှိ သရက်ပင်တို့ကို အညှောက်မျှမကျန် မြတ်စွာဘုရား တန်ခိုးပြာဋိဟာ မပြနိုင်ရန် ဝယ်ယူလှည်းခုတ် နုတ်ပစ်ကြလေသည်။

     ထို့နောင်မှ သေသောက်ကြူးတို့သည်လည်း ကဏ္ဍဥယျာဉ်မှူး စိုက်ပျိုးအပ်သော ထိုသရက်ပင်မှ သရက်သီးမှည့်ကို နှစ်သက်အားရမ်း စားသုံးကြပြီးလျှင် “ဟယ် တိတ္ထိပျက်တို့.. ‘ရဟန်းဂေါတမသည် ကဏ္ဍမ္ဗသရက်ပင်အနီး၌ တန်ခိုးပြာဋိဟာပြသမှု ပြုလိမ့်မည်’ဟု စိုးရွံ့ကြကာ သင်တို့သည် သာဝတ္ထိပြည်၏ ပတ်ဝန်းကျင် တယူဇနာအတွင်း၌ ထိုနေ့ပေါက်သည့် သရက်ပင်ညှောက်ကိုမျှမချန် သရက်ပင်မှန်သမျှကို မြေလှန်နုတ်ပယ်အပ်ခဲ့လေပြီ၊ မြတ်စွာဘုရား မိန့်ကြားတော်မူသည့် ကဏ္ဍမ္ဗသရက်ပင်ဟူသည်မှာ (သင်တို့ထင်သည့် သရက်ဖြူပင်မဟုတ်) ဤယခု ကဏ္ဍဥယျာဉ်မှူး စိုက်ပျိုးအပ်သည့် သရက်ပင်ပင် ဖြစ်လေသည်”ဟု ရေရွတ်စကား ပြောဆိုကြကာ ထိုတိတ္ထိတို့ကို မိမိတို့စားသုံးပြီးသော သရက်စေ့တို့ဖြင့် ဝိုင်းဝန်း ပစ်ခတ်ကြလေကုန်၏။

တိတ္ထိတို့၏မဏ္ဍပ်ကို လေနတ်သား တိုက်ခတ်ဖျက်ဆီး၍ တိတ္ထိတို့ ရှုံးနိမ့်ပျက်စီးကြခြင်း

     သိကြားမင်းသည် လေနတ်သားကို “တိတ္ထိတို့၏မဏ္ဍပ်ကို လေဖြင့်တိုက်ဝှေ့ တိုင်ပါကျွတ်စေ၍ မသန့်ပြန့်သော မြေအရပ်၌ ပစ်ချလေလော့”ဟူ၍ စေခိုင်းလေ၏၊ လေနတ်သားသည် သိကြားမင်း စေခိုင်းသောအတိုင်း ပြုလုပ်လေ၏။

     တဖန် သိကြားမင်းသည် နေနတ်သားကို “နေဗိမာန်အဝန်းကို အောက်သို့ နှိမ့်ချလျက် ပူလောင်စေလော့”ဟု စေခိုင်းပြန်၏။ နေနတ်သားသည်လည်း သိကြားမင်း စေခိုင်းသောအတိုင်း ပြုလုပ်လေ၏။



၅၀၉

     တဖန် သိကြားမင်းသည် လေနတ်သားကို “လေပွေကို ထစေလျက် သွားလော့ = တိတ္ထိတို့၏ မဏ္ဍာပ်နေရာ၌ ကွက်၍ လေဗွေတိုက်ခတ်လော့”ဟု စေခိုင်းပြန်လေ၏၊ လေနတ်သားသည်လည်း သိကြားမင်း စေခိုင်းသောအတိုင်း ပြုလုပ်လေရကား တိတ္ထိတို့၏ ချွေးပေါက်ချွေးသီး တဒီးဒီးယိုစီးကျသော ကိုယ်အလုံးမှာ မြူမှုန်ဖုံလုံးတို့ လွှမ်းဖုံးစွဲကပ်လျက် ရှိချေ၏၊ ထိုအခါ တိတ္ထိတို့သည် တောင်ပို့နီကြီးများနှင့်တူ၍ နေကုန်၏။

     ထို့နောင်မှ သိကြားမင်းသည် မိုးနတ်သားကို “အလွန်ကြီးသည့် မိုးသီးမိုးပေါက်များကို ပြိုးပြိုးပြောက်ပြောက် ရွာသွန်းလော့”ဟု စေခိုင်းပြန်၏၊ မိုးနတ်သားသည်လည်း သိကြားမင်း စေခိုင်းသောအတိုင်း ပြုလုပ်လေ၏။ ထိုအခါ တိတ္ထိတို့၏ ကိုယ်အလုံးသည် နွားနီကျားနှင့်တူ၍ နေလေ၏။

     တိတ္ထိအပေါင်းတို့သည် မဏ္ဍပ်ကလည်း ပျက်ခဲ့ချေ, နေကလည်း ပူလှ, လေပွေကလည်း အလွန်ထ, မိုးသီးကလည်း တဖြောက်ဖြောက် ရွာသဖြင့် ကိုးကွယ်ရာမရ မာန်မာန လျှောကျကြကာ ဦးတည့်ရာရာအရပ်သို့ ထွက်ပြေးကြလေကုန်၏။

ပူရဏကဿပဆရာကြီး လည်ပင်း ကြိုးကွင်းတပ်လျက် ရေ၌ဆင်း၍သေခြင်း

     ထိုသို့ တိတ္ထိဆရာကြီး ခြောက်ဦးတို့ ဦးတည့်ရာရာအရပ်သို့ ပြေးသွားကြသည့်အနက် ပူရဏကဿပ ဆရာကြီး၏ အလုပ်အကျွေး တပည့်ဒါယကာ လယ်သမားတယောက်သည် “ယခုအခါ၌ ငါတို့အရှင်မြတ်များ တန်ခိုးပြာဋိဟာ ပြသရန် အချိန်တန်လေပြီ၊ ငါသွားရောက်၍ တန်ခိုးပြာဋိဟာကို ကြည့်ဦးအံ့”ဟု ကြံစည်ပြီးလျှင် နွားများကို ထွန်မှချွတ် လွှတ်ခဲ့၍ နံနက်စောစောက ယာဂုထည့်၍ ယူခဲ့သော အိုး, ကြိုး, နှင်တံတို့ကို ယူဆောင်ခဲ့၍ ပြာဋိဟာပွဲသို့ လာရောက်လေသော် ပူရဏကဿပဆရာကြီး ရေးကြီးသုတ်ပြာ ပြေးသွားနေသည်ကို မြင်ရ၍ “အရှင်ဘုရား.. တပည့်တော်သည် အရှင်မြတ်တို့၏ တန်ခိုးပြာဋိဟာကို ဖူးမြော်အံ့ဟူ၍



၅၁၀

လာခဲ့ပါသည်၊ အရှင်ဘုရားတို့ ယခု အဘယ်အရပ်သို့ ကြွကြမည်နည်း”ဟု မေးလေ၏။ ပူရဏကဿပ ဆရာကြီးသည် “သင့် (မင့်)ပြာဋိဟာဖြင့် ဘာအကျိုးရှိမည်နည်း၊ သင့်လက်ထဲမှာ ယူဆောင်လာသည့် ဤအိုးနှင့် ကြိုးကိုသာ ငါ့အား ပေးလော့”ဟု ပြောဆိုလေ၏၊ ထိုဆရာကြီးသည် ထိုတပည့် လယ်သမားပေးလိုက်သည့် အိုးနှင့် ကြိုးကို ယူဆောင်ကာ ရေစီးသော ချောင်းကမ်းထိပ်သို့ သွားရောက်၍ အိုးကို သဲအပြည့်ထည့်ပြီးလျှင် ယူဆောင်ခဲ့သော ကြိုးဖြင့် မိမိလည်ပင်း၌ဖွဲ့၍ ရေစီးသန်သော ချောင်းရေအိုင်အတွင်း ခုန်ဆင်းကာ ရေမြှုပ်တို့ကို တစီစီထစေလျက် စုတိပြတ်ကြွေ သေလွန်ပြီးသော် မဟာအဝီစိငရဲ၌ ပဋိသန္ဓေ တည်နေဖြစ်ပွါးလေတော့၏။

ယတ္တကံ ဒုက္ခမုပ္ပဇ္ဇိ၊

ဗာလာနံ အဝိဇာနတံ။

သတံ သုခံ တတ္တကံဝ၊

သာယံ လောကဿ ဓမ္မတာ။

အသိအလိမ္မာ၊ ဉာဏ်ပညာတို့၊ လွန်စွာခေါင်းပါး၊ သူတို့အားလျှင်၊ ရှည်လျားဒုက္ခ၊ ရောက်သမျှပင်၊ ပညာ့တံခွန်၊ ဉာဏ်ရည်ချွန်သည့်၊ သူမွန်မြတ်ဖျား၊ ရှင်တို့အားမူ၊ တရားလက်ကိုင်၊ ကျေးဇူးလှိုင်၍၊ ဖြိုင်ဖြိုင်သုခ၊ ကောင်းကျိုးရသည်၊ ၊လောက ဓမ္မတာတကား။

ပြာဋိဟာပွဲ၌ မြတ်စွာဘုရားရှင်ကို တပည့်များ လျှောက်ထားကြပုံ

     လူနတ်တို့၏ဆရာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား သဗ္ဗညူမြတ်စွာဘုရား၏ အတွက်သော်ကား သိကြားနတ်မင်းသည် ညနေချမ်းကာလဝယ် ဆင်ခြင် စဉ်းစားလတ်သော် “မြတ်စွာဘုရား၏အတွက် ရတနာမဏ္ဍပ် ဆောက်လုပ်ရန်ကား ငါတို့၏ တာဝန်ပေတည်း”ဟု သိ၍ ဝိသုကြုံနတ်သားကို စေလွှတ်ပြီးလျှင် တဆယ့်နှစ်ယူဇနာ ကျယ်ဝန်းလျက် ကြာညိုပန်းတို့ဖြင့် ဖုံးလွှမ်းအပ်သော ရတနာခုနစ်ပါးဖြင့်ပြီးသည့် မဏ္ဍပ်ကြီးကို ဖန်ဆင်းစေလေသည်၊ ယင်းမဏ္ဍပ်၌ မြတ်စွာဘုရား၏တပည့် ရဟန်းရှင်လူများတို့ စည်းဝေးညီမူကြလေသည်။



၅၁၁

     မြတ်စွာဘုရားရှင်သည် မွန်းလွဲပြီးနောက် ညနေပိုင်းအချိန်သို့ ရောက်သောအခါ တန်ခိုးပြာဋိဟာ ပြသမှု ပြုတော်မူရန် ဂန္ဓကုဋီကျောင်းတော်မှ ထွက်ကြွတော်မူ၍ ဝိသုကြုံဖန်ဆင်းအပ်သည့် ရတနာမဏ္ဍပ်အတွင်း တယူဇနာ ပမာဏရှိသော ရတနာပလ္လင်တော်၌ သုံးယူဇနာ ပမာဏရှိသော နတ်ထီးဖြူ ဆောင်းမိုးလျက် သီတင်းသုံး နေတော်မူလေ၏။

     လွန်ခဲ့သော တပေါင်းလပြည့်နေ့ကပင် “ဤနေ့မှနောက် လေးလလွန်မြောက် ဝါဆိုလပြည့်နေ့သို့ ရောက်သောအခါ သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ပင်အနီး၌ တန်ခိုးပြာဋိဟာကို ပြသမည်”ဟု ဗိမ္ဗိသာရမင်းတရားအား မိန့်ကြားတော်မူခဲ့သော မြတ်စွာဘုရား၏ စကားတော်ကို အဆင့်ဆင့် သတင်းကြားကြ၍ ယမိုက်ပြာဋိဟာကို ဖူးမြော်လိုကြသောကြောင့် သာဝတ္ထိပြည်သို့ ပေါင်းဆုံ စုဝေးမိကြသော ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာ, ဥပါသိကာ = ဤလူဇာတ် ပရိသတ်လေးပါးတို့ကား မြတ်စွာဘုရားကို အလယ်ဗဟိုထား၍ ရှေ့, နောက်, ၀ဲ, ယာ = လေးမျက်နှာတို့၌ (၁၂) တဆယ့်နှစ်ယူဇနာစီ ရှိကုန်၏။ တဖက်သော ပရိသတ်အစွန်းမှ အခြားတဖက်သော ပရိသတ်အစွန်းသို့တိုင်အောင် (၂၄) နှစ်ဆယ့်လေးယူဇနာ ရှိကုန်၏။ အဝန်းအဝိုင်းအားဖြင့် (၇၂) ခုနစ်ဆယ့်နှစ်ယူဇနာ ရှိကုန်၏။ ဇာတိခေတ် စကြဝဠာပေါင်း တိုက်တသောင်း တို့၌ နေထိုင်ကြသော နတ်ဗြဟ္မာအပေါင်းတို့သည် တပြိုင်နက်တည်း စည်းဝေး ပေါင်းစုကြလေကုန်၏။

ဃရဏီအမျိုးသမီး လျှောက်ထားပုံ

     ထိုအစည်းအဝေး၌ “ဃရဏီ”အမည်ရှိသော တန်ခိုးကြီးမြတ်သည့် အနာဂါမ်တည် ဥပါသိကာ ဒါယိကာမသည် မြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ ရပ်တည်လျက် လက်အုပ်ချီမိုး ရှိခိုး လျှောက်ထားသည်မှာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မကဲ့သို့သော သမီးတော်တယောက် ထင်ရှားရှိပါလျက် ရှင်တော်ဘုရားတို့ အပင်ပန်းခံ ပြုလုပ်ရန်ကိစ္စ မရှိပါ၊



၅၁၂

တပည့်တော်မသည် တန်ခိုးပြာဋိဟာ ပြသမှုကို ပြုပါရစေ”ဟူ၍ လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်က “ချစ်သမီးဃရဏီ.. သင်ချစ်သမီးသည် အဘယ်သို့သော ပုံပန်းဖြင့် တန်ခိုးပြာဟာ ပြသမှုကို ပြုမည်နည်း”ဟူ၍ မေးမြန်းလေသော် ဃရဏီမည်သော အနာဂါမ်တည် ဥပါသိကာ ဒါယိကာမက-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မသည် ဤစကြဝဠာတိုက်အတွင်း၌ ရှိရင်းစွဲ ပထဝီမြေကြီးကို ရေပြုလုပ်ကာ စကြဝဠာတတိုက်လုံး ရေတပြင်တည်းဖြစ်အောင် ဖန်ဆင်းပြီးနောက် ရေကြက်မကဲ့သို့ ရေ၌ ငုပ်လျှိုးပြီးလျှင် အရှေ့စကြဝဠာ အနားရေး၌ မိမိကိုယ်ကို ဖော်ပြပါမည်၊ ထို့အတူ အနောက်စကြဝဠာ အနားရေး, မြောက်စကြဝဠာ အနားရေး, တောင်စကြဝဠာ အနားရေးတို့၌လည်း မိမိကိုယ်ကို ဖော်ပြပါမည်၊ ထို့အတူ အလယ်၌လည်း မိမိကိုယ်ကို ဖော်ပြပါမည်။

(ထိုအခါ) ‘ဤသူမကား အဘယ်မည်သော သူနည်း’ဟု တဦးတယောက်က မေးမြန်းလတ်သော် အခြား သူများက ‘ဤသူမကား ဃရဏီအမည်ရှိသော (မြတ်စွာဘုရား၏ သမီးတော်) အနာဂါမ်တည် ဥပါသိကာ ဒါယိကာမ ဖြစ်ပေသည်’ဟု ပြောဆိုကြပါလိမ့်မည်။ (ထိုအခါ တွေ့မြင်သူ ပရိသတ်အားလုံးကပင်) ‘ဤအာနုဘော်ကား ပွဲဦးအစ (မြတ်စွာဘုရာ့းသမီးတော်) မိန်းကလေးတဦး၏ အာနုဘော်သာ ဖြစ်သေး၏။ ဘုရားရှင်၏ အာနုဘော်တော်မှာမူ အဘယ်သို့ ဖြစ်လိမ့်မည် မမှန်းဆနိုင်အောင် ရှိတော့သည်’ဟူ၍ ပြောဆိုကြပါလိမ့်မည်။ ဤသို့ ဖြစ်သည်ရှိသော် တိတ္ထိတို့သည် အရှင်မြတ်ဘုရားတို့ကို ပြန်စောင်းမျှ မကြည့်ဝံ့ပဲ ရှောင်လွှဲတိမ်းသွေ ပြေးကြပါကုန်လိမ့်မည်”-

ဟူ၍ လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ချစ်သမီးဃရဏီ.. သင်ချစ်သမီး ဤသို့သဘောရှိသော



၅၁၃

တန်ခိုးပြာဋိဟာပြသမှု ပြုစွမ်းနိုင်ကြောင်းကို ငါဘုရား ကောင်းစွာသိပေ၏။ သို့သော်လည်း ဤပန်းထုပ် (မုန်းတိုင် ပန်းစည်း)ကား သင်ချစ်သမီးအတွက် ဖွဲ့ချည်ထားအပ်သည်မဟုတ်”ဟူ၍ မိန့်ဆို ပယ်မြစ်တော်မူလေသော် ဃရဏီဥပါသိကာမသည် “ငါ့အား မြတ်စွာဘုရားသည် ခွင့်ပြုတော်မမူ၊ ငါ့ထက် သာလွန်မြင့်မြတ်သော တန်ခိုးပြာဋိဟာပြသမှုကို ပြုနိုင်စွမ်းသူ အခြားသူ တဦးတယောက် ရှိပေလိမ့်မည်”ဟု ကြံစည် ဆင်ခြင်မိကာ သင့်လျောက်ပတ်ရာအရပ်၌ တည်နေလေ၏။

     မြတ်စွာဘုရားရှင်သည် “ဤငါ၏သားတော် သမီးတော်များသည် ငါဘုရားကမေးလျှင် ဤနည်းဤပုံဖြင့် နှစ်ဆယ့်လေးယူဇနာ အလျားအနံရှိသော ပရိသတ်၏အလယ်၌ စံပယ်ရဲရင့်စွာ ခြင်္သေ့မင်းပမာ လျှမ်းလျှမ်းတောက်စကား လျှောက်ထားကြပေလိမ့်မည်။ ဤနည်းဖြင့် ထိုငါ့သားတော် သမီးတော်တို့၏ ဂုဏ်ကျေးဇူးကား ထင်ရှားပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်တော်မူကာ အခြားသော သာဝက သာဝိကာတို့ကိုလည်း အသီးအသီး “သင်တို့သည် အဘယ်သို့ တန်ခိုးပြာဋိဟာ ပြသမှုကို ပြုကြမည်နည်း”ဟု မေးတော်မူ၏၊ ထိုတပည့်သာဝက သာဝိကာတို့သည် ဤသို့ ဤသို့ ပြုကြပါမည်ဘုရားဟူ၍ အသီးအသီး အမျိုးမျိုးအဖုံဖုံ လျှောက်ထားကြကာ မြတ်စွာဘုရား ရှေ့တော်မှောက်၌ ရဲရဲတောက်စကား လျှောက်ထားကြလေကုန်၏။

စူဠအနာထပိဏ် လျှောက်ထားပုံ

     ထိုသို့ ရဲရဲတောက် လျှောက်ထားကြသော တပည့်သား သာဝက တပည့်မ သာဝိကာတို့အနက် စူဠအနာထပိဏ် ဒါယကာသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်ကဲ့သို့သော အနာဂါမ်တည် ဥပါသကာ သားကောင်းတယောက် ထင်ရှားရှိပါလျက် ရှင်တော်ဘုရားတို့ အပင်ပန်းခံ ပြုလုပ်ရန်ကိစ္စ မရှိပါ၊ တပည့်တော်သည် တန်ခိုးပြာဋိဟာပြသမှုကို ပြုပါရစေ”ဟူ၍



၅၁၄

လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်က “ချစ်သား အနာထပိဏ်.. သင်ချစ်သားသည် အဘယ်သို့သောပုံပန်းဖြင့် တန်ခိုးပြာဋိဟာ ပြသမှုကို ပြုမည်နည်း”ဟု မေးတော်မူ၍ အနာဂါမ်တည် ဥပါသကာ စူဠအနာထပိဏ်က-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် (၁၂) တဆယ့်နှစ်ယူဇနာရှိသော ဗြဟ္မာမင်း၏ ကိုယ်သဏ္ဌာန် အတ္တဘောကို ဖန်ဆင်းပြီးလျှင် ဤပရိသတ်၏အလယ်၌ မိုးကြီးထစ်ချုန်း မြည်ဟည်းသံနှင့်မခြား ကြီးမားပြင်းထန်သော အသံဖြင့် ဗြဟ္မာ၏ လက်ပမ်းပေါက် (=လက်ခမောင်း) ခတ်ခြင်းမည်သော လက်ပမ်းပေါက် (=လက်ခမောင်း)ခတ်မှုကို ပြုပါမည်။

ထိုအခါ လူများအပေါင်းက ‘ဤအသံကား အဘယ်မည်သော အသံနည်း’ဟု မေးမြန်းလတ်သော် (ပရိသတ်တို့က) ‘မြတ်စွာဘုရား၏သားတော် အနာဂါမ်တည် ဥပါသကာ စူဠအနာထပိဏ် သူဌေးကလေး၏ ဗြဟ္မာ့အဟန် လက်ပမ်းပေါက် (=လက်ခမောင်း) ခတ်သံတည်း’ဟု ဖြေကြား ပြောဆိုကြပါလိမ့်မည်၊ ထိုအခါ တိတ္ထိတို့သည် ‘ဤအာနုဘော်ကား ပွဲဦးအစ ဘုရာ့းသားတော် ဒါယကာကလေးတဦး၏ အာနုဘော်မျှသာ ရှိသေးသည်။ မြတ်စွာဘုရား၏ အာနုဘော်မှာမူ အဘယ်သို့ ဖြစ်လိမ့်မည် မမှန်းဆနိုင်အောင် ရှိတော့သည်’ဟူ၍ ပြောဆိုကြောက်ရွံ့ကြကာ အရှင်မြတ်ဘုရားတို့ကို ပြန်စောင်းမျှ မကြည့်ဝံ့ကြပဲ ရှောင်လွှဲတိမ်းသွေ ပြေးကြပါကုန်လိမ့်မည်”-

ဟူ၍ လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ချစ်သား အနာထပိဏ်.. ငါဘုရားသည် သင်ချစ်သား၏ ဤသို့သဘောရှိသော အာနုဘော်ကို သိပေ၏၊ သင်ချစ်သားသည် ရပ်တည်ဦးလော့”ဟု မိန့်တော်မူကာ ခွင့်ပြုတော်မမူချေ။



၅၁၅

ခုနစ်နှစ်အရွယ်“စိရာ”သာမဏေရီမလေး လျှောက်ထားပုံ

     ထို့နောက် တယောက်သော ပဋိသမ္ဘိဒါဉာဏ်ရှင် ခုနစ်နှစ်အရွယ် “စိရာ”မည်သော သာမဏေရီငယ်မသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မ တန်ခိုးပြာဋိဟာ ပြသမှုကို ပြုပါရစေ”ဟူ၍ လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “ချစ်သ္မီးစိရာ.. သင်ချစ်သ္မီးသည် အဘယ်သို့သောပုံပန်းဖြင့် တန်ခိုးပြာဋိဟာ ပြသမှုကို ပြုမည်နည်း”ဟူ၍ မေးတော်မူလေလျှင် စိရာသာမဏေရီငယ်မက-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မသည် မြင်းမိုရ်တောင်, စကြဝဠာတောင်, ဟိမဝန္တာတောင် ဤတောင်ကြီး သုံးလုံးတို့ကို တန်ခိုးအာနုဘော်ဖြင့် ယူဆောင်ခဲ့၍ ဤပြာဋိဟာပွဲသဘင် ယင်ရာဌာန၌ အစဉ်လိုက် အတန်းလိုက် ချထားပါမည်။ ယင်းသို့ တန်းထားပြီးနောက် တပည့်တော်မသည် ဟင်္သာငှက်မငယ်ကလေးကဲ့သို့ ထိုထိုတောင်ကြီး သုံးလုံးတို့မှ ထွက်ခဲ့ကာ မငြိမကပ် လွတ်လပ်စွာ ပျံသန်း သွားလာမှုကို ပြုပါမည်။

လူများအပေါင်းသည် တပည့်တော်မကို မြင်ကြ၍ ‘ဤသူမကလေးကား အဘယ်သူနည်း’ဟု မေးကြသောအခါ (ပရိသတ်တို့က) ‘ဤသူမကလေးကား ‘စိရာ’မည်သော သာမဏေရီငယ်မကလေး ဖြစ်သည်’ဟု ဖြေကြား ပြောဆိုကြပါလိမ့်မည်။ ထိုစကားကိုကြားရ၍ တိတ္ထိတို့သည် ‘ဤအာနုဘော်ကား ပွဲဦးအစ ခုနစ်နှစ်ရွယ် သာမဏေရီငယ်မကလေး၏ အာနုဘော်သာ ဖြစ်ချေသေးသည်၊ မြတ်စွာဘုရား၏ အာနုဘော်ကား အဘယ်သို့ဖြစ်လိမ့်မည် မမှန်းဆနိုင်အောင်ပင် ရှိတော့သည်’ဟူ၍ ပြောဆိုကြောက်ရွံ့ကြကာ အရှင်မြတ်ဘုရားတို့ကို ပြန်စောင်းမျှ မကြည့်ဝံ့ကြပဲ ရှောင်လွှဲတိမ်းသွေ ပြေးကြပါကုန်လိမ့်မည်”-



၅၁၆

ဟူ၍ လျှောက်ထားလေ၏။ (ဤမှနောက်၌ တပည့်သာဝကတို့ ပြန်ကြား လျှောက်ထားကြသည့် ဤစကားမျိုးကို ဤနည်းအတူပင် မှတ်ယူရာ၏၊ အကျယ် မရေးတော့ပြီ၊ ထူးရာကိုသာ ရေးသားဖော်ပြတော့အံ့)။ ထို“စိရာ”မည်သော သာမဏေရီမလေးအားလည်း မြတ်စွာဘုရားသည် “ချစ်သမီး၏ အာနုဘော်ကို ငါဘုရား သိပေ၏”ဟု မိန့်တော်မူပြီးလျှင် ရှေးနည်းအတူပင် တန်ခိုးပြာဋိဟာ ပြသခွင့်ကို ပြုတော်မမူချေ။

ခုနစ်နှစ်အရွယ် “စုန္ဒ”မည်သော ရဟန္တာသာမဏေငယ်လေး လျှောက်ထားပုံ

     ထို့နောက် တပါးသော ပဋိသမ္ဘိဒါဉာဏ်ရှင် ခုနစ်နှစ်အရွယ် “စုန္ဒ”မည်သော သာမဏေငယ်သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် တန်ခိုးပြာဋိဟာပြသမှုကို ပြုပါရစေ”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “ချစ်သားစုန္ဒ.. သင်ချစ်သားသည် အဘယ်သို့သော ပုံပန်းဖြင့် တန်ခိုးပြာဋိဟာပြသမှုကို ပြုမည်နည်း”ဟူ၍ မေးတော်မူလေလျှင် စုန္ဒသာမဏေငယ်က-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် ဇမ္ဗူဒိပ်ကျွန်း၏ အောင်လံတံခွန်သဖွယ်ဖြစ်သော ဇမ္ဗုသပြေပင်ကြီးကို ပင်စည်မှကိုင်၍ လှုပ်ကာ ဇမ္ဗုသပြေသီးတို့ကို ယူဆောင်ခဲ့ပြီးလျှင် ဤယခုစည်းဝေးနေကြသည့် ပရိသတ်ကို ကျွေးပါမည်၊ တာဝတိံသာနတ်ပြည်ရှိ ပင်လယ်ကသစ်ပွင့်တို့ကို ယူဆောင်ခဲ့ပြီးလျှင် ဤပရိသတ်အား ပေးပါမည်”—

ဟူ၍ လျှောက်ထားလေ၏။ ထိုစုန္ဒသာမဏေငယ်ကိုလည်း မြတ်စွာဘုရားရှင်သည် ရှေးနည်းအတူ မိန့်ကြား၍ ခွင့်ပြုတော်မမူချေ။



၅၁၇

ဥပ္ပလဝဏ်ထေရီမ လျှောက်ထားပုံ

     ထို့နောက် ဥပ္ပလဝဏ်ထေရီမသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး၍ (ရှေးနည်းအတူ) မိမိ တန်ခိုးပြာဋိဟာပြသရန် ခွင့်ပန်စကား လျှောက်ထားသဖြင့် မြတ်စွာဘုရားက “အဘယ်သို့ ပြသမည်နည်း”ဟု မေးတော်မူ၍ ဥပ္ပလဝဏ်ထေရီမက-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မသည် (၁၂) တဆယ့်နှစ်ယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်ကို ဖန်ဆင်းယူဆောင်၍ (၃၆) သုံးဆယ့်ခြောက်ယူဇနာ အဝန်းအဝိုင်းရှိသော စကြဝတေးမင်း၏ ပရိသတ်ဖြင့် ခြံရံအပ်လျက် စကြာမင်းအသွင် ဖန်ဆင်းလာရောက်၍ အရှင်မြတ်ဘုရားတို့ကို ရှိခိုးပါမည်”-

ဟူ၍ လျှောက်ထားလေ၏။ ထိုဥပ္ပလဝဏ် ထေရီမကိုလည်း မြတ်စွာဘုရားရှင်သည် “သင်ချစ်သမီး၏ အာနုဘော်ကို ငါဘုရား သိပေ၏”ဟု မိန့်တော်မူပြီးလျှင် ရှေးနည်းအတူပင် တန်ခိုးပြာဋိဟာ ပြသခွင့်ကို ပြုတော်မမူချေ။

အရှင်မဟာမောဂ္ဂလာန်မထေရ်သူမြတ် လျှောက်ထားပုံ

     ထို့နောက် အရှင်မဟာမောဂ္ဂလာန် မထေရ်သူမြတ်နှင့် မြတ်စွာဘုရားရှင်တို့ တန်ခိုးပြာဋိဟာ ပြသရန်နှင့်စပ်၍ အပြန်အလှန် လျှောက်ထား မေးဖြေတော်မူကြပုံမှာ-

(အရှင်မောဂ္ဂလာန်)။ ။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် တန်ခိုးပြာဋိဟာ ပြသမှုကို ပြုပါရစေဘုရား။

(မြတ်စွာဘုရား)။ ။

ချစ်သား မောဂ္ဂလာန်.. သင်ချစ်သားသည် တန်ခိုးပြာဋိဟာပြသမှုကို အဘယ်သို့ ပြုမည်နည်း။

(အရှင်မောဂ္)။ ။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် မြင်းမိုရ်တောင်မင်းကို သွားကြား၌



၅၁၈

ထားပြီးလျှင် မုံညင်းစေ့ကလေးသဖွယ် ပရိသတ်အလယ်၌ စားဝါး၍ ပြပါမည်ဘုရား။

(မြတ်စွာ)။ ။

အခြား ဘယ်လိုများ တန်ခိုးပြသမှု ပြုဦးမည်နည်း။

(အရှင်မောဂ်)။ ။

ဤမဟာပထဝီမြေကြီးကို သင်ဖျာကလေးကဲ့သို့ ခေါက်လိပ်ပြီးလျှင် လက်ချောင်းကြား၌ထား၍ ပြပါမည်ဘုရား။

(မြတ်စွာ)။ ။

အခြား ဘယ်လိုများ တန်ခိုးပြသမှု ပြုဦးမည်နည်း။

(အရှင်မောဂ်)။ ။

မဟာပထဝီ ဤမြေကြီးကို အိုးထိန်းစက် (=အိုးဖုတ်သမားတို့၏ မြေကြိတ်သော ယန္တရားဘီး)ကဲ့သို့ အထက်အောက် လည်အောင်ပြုပြီးလျှင် လူများအပေါင်းကို ဤမြေကြီး၏ အောက်အပြင်၌ရှိသော မြေဆီမြေလွှာ မြေဩဇာကို စားပါစေမည် (=ကျွေးပါမည်)ဘုရား။

(မြတ်စွာ)။ ။

အခြား ဘယ်လိုများ တန်ခိုးပြသမှု ပြုဦးမည်နည်း။

(အရှင်မောဂ်)။ ။

မဟာပထဝီ ဤမြေကြီးကို လက်ဝဲလက်ဖဝါးပေါ်၌ ထားပြီးလျှင် ဤသတ္တဝါများကိုမူ အခြားကျွန်း၌ထား၍ ပြပါမည်ဘုရား။

(မြတ်စွာ)။ ။

အခြား ဘယ်လိုများ တန်ခိုးပြသမှု ပြုဦးမည်နည်း။

(အရှင်မောဂ်)။ ။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် မြင်းမိုရ်တောင်ကို ထီးရိုးသဖွယ် ပြုလုပ်ပြီးလျှင် မဟာပထဝီမြေကြီးကို ထီးရွက်ပမာ အထက်သို့ မြှောက်ချီကာ မြင်းမိုရ်တောင်၏ ဦးထိပ်၌ ထားပြီးလျှင် ထီးလက်စွဲသော ရဟန်းတပါးကဲ့သို့



၅၁၉

လက်တဖက်တည်းဖြင့် စွဲကိုင်၍ ကောင်းကင်၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်၍ ပြပါမည်ဘုရား။

     မြတ်စွာဘုရားရှင်သည် “ချစ်သားမောဂ္ဂလာန်.. သင်ချစ်သား၏ အာနုဘော်ကို ငါဘုရား သိပေ၏”ဟု မိန့်တော်မူပြီးလျှင် အရှင်မဟာမောဂ္ဂလာန် မထေရ်အားလည်း တန်ခိုးပြာဋိဟာ ပြသရန် ခွင့်ပြုတော်မမူချေ။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် လည်း “မြတ်စွာဘုရားရှင်သည် ဤပရိသတ်၌ ငါ့ထက် သာလွန်မြင့်မြတ်သည့် တန်ခိုးပြာဋိဟာ ပြသမှုပြုရန် သိမြင်တော်မူလေယောင်တကား”ဟု စဉ်းစား ဆင်ခြင်တော်မူပြီးလျှင် သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည်နေတော်မူလေ၏။

     ထို့နောင်မှ မြတ်စွာဘုရားရှင်သည် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို “ချစ်သားမောဂ္ဂလာန်.. ဤပန်းထုပ် (မုန်းတိုင်)ကား သင်ချစ်သားအတွက် ထားအပ်သော ပန်းထုပ်မဟုတ်၊ မှန်၏— ငါဘုရားကား သူမတူတန် ဝန်ကိုဆောင်နိုင်သူ ဖြစ်သည်၊ ငါဘုရား၏ဝန်ကို အခြား ဆောင်စွမ်းနိုင်မည့်သူ မရှိချေ။ ယခု ဘုရားဖြစ်သောအခါ ငါဘုရား၏ဝန်ကို အခြား ဆောင်နိုင်မည့်သူ မရှိခြင်းကား မအံ့ဩလောက်သေးပါပေ။ ပါရမီနုစဉ် အဟိတ်တိရစ္ဆာန်မျိုး၌ ငါဘုရား ဖြစ်သောအခါ၌သော်မှလည်း ငါဘုရား၏ဝန်ကို ဆောင်နိုင်သူမည်သည် မရှိခဲ့”ဟူ၍ မိန့်တော်မူပြီးလျှင် အရှင်မောဂ္ဂလာန်မထေရ် တောင်းပန်အပ်သည်ဖြစ်၍ (ဧကကနိပါတ်၊ ၃-ကုရုင်္ဂဝဂ်၊ ၉-ခုမြောက်၊ ဇာ ဋ္ဌ ၁၊ မျက်နှာ ၂၀၉-လာ) ကဏှဥသဘဇာတ်ကို အကျယ် ဟောကြားတော်မူလေ၏။

ရတနာစင်္ကြံ ဖန်ဆင်းတော်မူခြင်း

     ကဏှဥသဘဇာတ်ကို ဟောကြားတော်မူပြီးလျှင် အရှေ့နှင့် အနောက် စကြဝဠာတိုက်ပေါင်း တသောင်း အလျားရှိသော ရတနာစင်္ကြံကို ဖန်ဆင်းတော်မူလေ၏။ ဖန်ဆင်းတော်မူပုံမှာ.. အရှေ့ အနောက် တန်းလျက် စကြဝဠာတိုက်တသောင်းတို့၌ရှိသော



၅၂၀

မြင်းမိုရ်တောင်ပေါင်း တသောင်းတို့ကို အစဉ်လိုက် အတန်းလိုက် ထူစိုက်အပ်သော ရတနာစင်္ကြံတိုင်ကြီးများအဖြစ် ထားလျက် စကြဝဠာတိုက်တသောင်း အလျားရှိသော ရတနာစင်္ကြံကြီးကို ဖန်ဆင်းတော်မူ၏။ ထိုရတနာစင်္ကြံကြီး၏ အရှေ့ဖက်အစွန်းမှာ (စကြဝဠာ တိုက်တသောင်းအနက်) အရှေ့ဆုံး စကြဝဠာတိုက်၏ အနားရေး၌ ခိုက်လျက်တည်၏၊ အနောက်ဖက်အစွန်းမှာ အနောက်ဖျားဆုံး စကြဝဠာတိုက်၏ အနားရေး၌ ခိုက်လျက်တည်၏။ ထိုရတနာစင်္ကြံကြီး၏ အနံပမာဏမှာ (၁၂) တဆယ့်နှစ်ယူဇနာ ပြန့်ကျယ်လေသည်။ ဝဲယာ (တောင်ဖက် မြောက်ဖက်) နံပါးနှစ်ဖက်တို့၌ အလွန် မွေ့လျော်ဖွယ်ကောင်းသော စင်္ကြံတော် အပိုင်းအခြား ရွှေသားမြေကို ဖန်ဆင်းတော်မူ၏။ ထို၏အလယ်၌ ရတနာဆယ်ပါးဖြင့်ပြီးသော ထုပ်- လျောက်- ဒိုင်း- မြှားတို့၏ အပေါ်ဝယ် ရွှေပျဉ်ချပ် အမိုးများကို ဖန်ဆင်းတော်မူ၏။ စင်္ကြံ၌ရံသော ပွတ်လုံးများကား ရွှေအတိပြီး၏။ ပတ္တမြား ပုလဲတို့ကို ရတနာစင်္ကြံတော်အတွင်း သဲအဖြစ်ဖြင့် ခင်းထားအပ်ကုန်၏။

     ထိုအခါ ရှေ့နောက်ဝဲယာ လေးမျက်နှာတို့၌ ပရိသတ်(လူများ)ကား ဆယ့်နှစ်ယူဇနာစီ ရှိလေသည်၊ အဖြောင့်အားဖြင့် နှစ်ဆယ့်လေးယူဇနာရှိ၏။ နတ်ဗြဟ္မာ ပရိသတ်ကား အပိုင်းအခြားမရှိ များလှဘိ၏။ ထိုမျှများစွာသော လူနတ်ဗြဟ္မာ ပရိသတ်တို့၏ အလယ်၌ မြတ်စွာဘုရားသည် ယမိုက်ပြာဋိဟာကို ပြတော်မူ၏။ ထိုရတနာစင်္ကြံ၌ မြတ်စွာဘုရားရှင် ယမိုက်ပြာဋိဟာ ပြတော်မူပုံကို ဖော်ပြသည့် ပါဠိတော်မှ သိသာရုံ ထုတ်ဆောင်ပြဦးအံ့-

     (၁) အထက်ပိုင်း ကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အောက်ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင်စီးလျက် ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) အောက်ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အထက်ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။



၅၂၁

     (၂) ရှေ့ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ နေက်ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင်စီးလျက် ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) နောက်ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ ရှေ့ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင်စီးလျက် ရှိ၏။

     (၃) လက်ျာမျက်လုံးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲမျက်လုံးတော်မှ ရေအယဉ် တသွင်သွင်စီးလျက် ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ဝဲမျက်လုံးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာမျက်လုံးတော်မှ ရေအယဉ် တသွင်သွင်စီးလျက် ရှိ၏။

     (၄) လက်ျာနားတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲနားတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (တဖန် မျက်စိမှိတ်၍ ကြည့်လိုက်သောအခါ တမျိုးပြောင်းလဲ၍) လက်ဝဲနားတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာနားတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။

     (၅) လက်ျာနှာခေါင်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲနှာခေါင်းတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ဝဲနှာခေါင်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာနှာခေါင်းတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။

     (၆) လက်ျာပခုံးစွန်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲပခုံးစွန်းတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ဝဲပခုံးစွန်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာပခုံးစွန်းတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။

     (၇) လက်ျာလက်တော်မှ မီးအလျှံများတဖွားဖွားထွက်၍ လက်ဝဲလက်တော်မှ ရေအယဉ်တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုးပြောင်းလဲ၍) လက်ဝဲလက်တော်မှ မီးအလျှံများ



၅၂၂

တဖွားဖွားထွက်၍ လက်ျာလက်တော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။

     (၈) လက်ျာနံပါးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲနံပါးတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ဝဲနံပါးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာနံပါးတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။

     (၉) လက်ျာခြေတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲခြေတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ဝဲခြေတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာခြေတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။

     (၁၀) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ မီးအလျံများ တဖွားဖွားထွက်၍ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြားအကြားမှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြား အကြားမှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။

     (၁၁) မွေးညှင်းတော် တဆူတဆူမှ မီးအလျှံများ တဖွားဖွားထွက်၍ အခြားအခြားသော မွေးညှင်းတော်တဆူတဆူမှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။

     (၁၂) မွေးညှင်းတွင်း တတွင်း တတွင်းမှ မီးအလျံများ တဖွားဖွားထွက်၍ အခြားအခြားသော မွေးညှင်းတွင်း တတွင်းအတွင်း မှ ရေအယဉ် တသွင်သွင် စီးလျက် ရှိ၏။

     ထိုထို ဆိုင်ရာဆိုင်ရာ ကိုယ်တော်အစိတ်အပိုင်းမှ နီလ, ပီတ, လောဟိတ, ဩဒါတ, မဉ္ဇေဋ္ဌ, ပဘဿရ တည်းဟူသော = ရောင်ခြည်တော် ခြောက်သွယ်တို့သည် အစုံလိုက် အစုံလိုက်



၅၂၃

အသွယ်လိုက် အသွယ်လိုက် အစုလိုက် အစုလိုက် ကွန့်မြူး ထွက်ပေါ်ကြလေသည်။

[ဤ၌ အထူးမှတ်ရန်ကား။ ။မြတ်စွာဘုရား ကိုယ်တော်မြတ်မှာ တေဇောကသိဏဈာန် (=တေဇောကသိုဏ်းကို အာရုံပြုသောဈာန်) သမာပတ်အစွမ်းကြောင့် အထက်ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အာပေါကသိဏဈာန် (=အာပေါကသိုဏ်းကို အာရုံပြုသောဈာန်) သမာပတ်အစွမ်းကြောင့် အောက်ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင်စီး၍ထွက်သည်၊ (ဆိုလိုရင်းမှာ မီးအလျှံထွက်ဖို့ရန် တေဇော ကသိဏဈာန် သမာပတ်ကို ၀င်စားတော်မူရ၍ ရေအယဉ် တသွင်သွင် စီးထွက်ဖို့ရန် အာပေါကသိဏဈာန် သမာပတ်ကို ဝင်စားတော်မူရသည်ဟု ဆိုလိုသည်)။ ပြောင်းလဲ၍ ဖန်ဆင်းရာ၌လည်း ထိုနည်းအတူပင်တည်း။

ဤ၌ မီးအလျှံများသည် ရေအယဉ်နှင့် မရောနှောကုန်၊ ရေအယဉ်သည်လည်း မီးအလျှံများနှင့် မရောနှောချေ၊ သန့်လျက် သန့်လျက်ပင် တည်နေကြကုန်၏။ တချိန်တည်း၌ စိတ်နှစ်မျိုး တပြိုင်နက် မဖြစ်နိုင်သောကြောင့် မီးအလျှံကို ဖန်ဆင်းသည်ကား တကာလ၊ ရေအယဉ်ကို ဖန်ဆင်းသည်ကား တကာလ ဖြစ်၏။ ဤသို့ ကာလခြားကွာသော်လည်း မြတ်စွာဘုရားမှာ တဝီထိနှင့် တဝီထိအကြား ဘဝင်ခြားမှု နည်းပါး သောကြောင့်၎င်း, စိတ်တရား၏ ဖြစ်ပွါးမှု လျင်မြန်သောကြောင့်၎င်း, ဝသီဘော်ငါးပါး အထွတ်အထိပ်သို့ ရောက်တော်မူသောကြောင့်၎င်း ဖူးမြင်ရသော ဝေနေယျတို့၏ စိတ်သန္တာန်၌ မီးအလျှံနှင့် ရေအယဉ်တို့ တချိန်တည်း တခဏတည်း တပြိုင်နက်တည်း ဖြစ်သည်ဟု ထင်မှတ်ကြရသည်၊ သို့စဉ်ကလောက် လျင်မြန်လှပေ၏။

ထိုမီးအလျှံနှင့် ရေအယဉ် အစုံတို့သည် မြတ်စွာဘုရားကိုယ်တော်မှ ထွက်ပြီးလျှင် ဘဝဂ်တိုင်အောင် ပျံတက်၍ ဇာတိခေတ် စကြဝဠာ တိုက်တသောင်းတို့တွင် အစွန်းအဖျားဖြစ်သော စကြဝဠာတိုက်များ၏ အနားရေး၌ သက်ဆင်း ကျရောက်လေကုန်သည်။]

လောကဝိဝရဏတန်ခိုးပြခြင်း

     ထိုသို့ ရေ မီး အစုံ အစုံ တန်ခိုးပြာဋိဟာကို ပြုတော်မူသော မြတ်စွာဘုရားသည် လောကဝိဝရဏ ပြာဋိဟာကိုလည်း ပြုတော်မူ၏၊ ပြုတော်မူပုံမှာ.. ဩဒါတကသိုဏ်းလျှင် အာရုံရှိသော



၅၂၄

ရူပါဝစရကိရိယာ စတုတ္ထဈာန်ကို ၀င်စားတော်မူပြီးလျှင် “စကြဝဠာပေါင်း တိုက်တသောင်းတို့၌ အလင်းရောင်အတိ ဖြစ်စေသတည်း”ဟူ၍ အဓိဋ္ဌာန်တော်မူလေသည်။ ယင်းသို့ အဓိဋ္ဌာန်တော်မူသည်နှင့် တပြိုင်နက်ပင်လျှင် မဟာပထဝီ မြေကြီးမှစ၍ (မြေကြီးပါ အပါအဝင်) အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် တပြင်တည်း အလင်းရောင်အတိ ဖြစ်လေတော့သည်။

     ထိုအခါ လူ့ပြည်လူသား လူအများတို့သည် မိမိတို့ နေရင်းဌာန၌ ရပ်တည်ရင်း ထိုင်နေရင်းကပင် စတုမဟာရာဇ် နတ်ပြည်မှအစ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် အလုံးစုံသော နတ်ဗြဟ္မာတို့ကို ရှုမြင်ကြရကုန်၏။ မြင်ကြရပုံမှာ.. အမျိုးမျိုးသော နတ်ဗြဟ္မာတို့ မိမိ မိမိတို့၏ အထူးထူးအပြားပြား များလှစွာသော ဘုံပြည်နေရပ် ပြာသာဒ်ဗိမာန် ရေကန်ဥယျာဉ် ပလ္လင်ညောင်စောင်း ယာဉ်ကောင်း အဆောင်အယောင် စသည်တို့၌ အသီးအသီး တည်နေသွားလာ လှည့်ပတ်ကြကုန်လျက် နှစ်သက်ကြည်နူး မြူးထူးပျော်ပါး ကစားရွှင်လန်း နေကြသည်တို့ကို၎င်း, မိမိ မိမိတို့၏ နတ်အာနုဘော်တို့ဖြင့် ရတနာဘုံပျံ ဗိမာန်ကိုယ်ရောင်တို့ဖြင့် တပြောင်ပြောင် တဝင်းဝင်း ထွန်းလင်းတောက်ပ ရှိနေကြသည်ကို၎င်း, ကြီးစွာသော နတ်စည်းစိမ်ကို မြိန်ရှက်စွာ ခံစားသုံးဆောင် နေကြသည်တို့ကို၎င်း,

     ရူပါဝစရ ဗြဟ္မာပြည် တဆယ့်ခြောက်ဌာန၀ယ် ရှိကြသော ဗြဟ္မာတို့အနက် အချို့အချို့သော ဗြဟ္မာတို့ ရတနာအစုကို သွန်းထု ပြုလုပ်အပ်သည့် ရတနာရုပ်တုပမာ ငြိမ်သက်တည်ကြည်စွာ သမာပတ်ချမ်းသာကို ခံစား၍ နေကြသည်ကို၎င်း, အချို့အချို့သော ဗြဟ္မာတို့ သဘောတူရာ ပေါင်းစုကြလျက် သုခုမသဏှဓမ္မအရာ ပြဿနာအရေးရေးကို ဆွေးနွေးတိုင်ပင် နေကြသည်တို့ကို၎င်း မြတ်စွာဘုရားရှင်၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ပကတိသော မျက်စိဖြင့်ပင် ထင်ရှားစွာ ရှုမြင်ကြရကုန်၏။

     ထို့အတူ အောက် မဟာပထဝီမြေအတွင်း တည်ရှိကြသည့် ငရဲကြီးရှစ်ထပ်တို့၌၎င်း, တထပ်တထပ်၏ လေးမျက်နှာဝယ်



၅၂၅

ပတ်ကာဝန်းလည် တည်ရှိကြသော ဥဿဒငရဲငယ် တဆယ့်ခြောက်စီတို့၌၎င်း, စကြဝဠာတိုက် သုံးခုသုံးခုတို့၏ အကြားအကြား၌ တည်ရှိကြသည့် မှောင်အတိသာလျှင် ဖြစ်၍နေသော လောကန္တရိက် ငရဲတို့၌၎င်း ဘုံအလိုက် ကံအလိုက် ထိုက်သင့်ရာရာ ကြီးမားလှစွာသော ငရဲဒုက္ခ ခံစား၍နေကြရသည့် ငရဲသူ ငရဲသား ငရဲသတ္တဝါများကိုလည်း လူတို့သည် ပကတိမျက်စိဖြင့်ပင် မြတ်စွာဘုရားရှင်၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် ထင်ရှားစွာ ရှုမြင်ကြရကုန်၏။

     ထို့ပြင် ဇာတိခေတ်ပေါင်း စကြဝဠာ တိုက်တသောင်း၌ နေထိုင်ကြသည့် နတ်ဗြဟ္မာအပေါင်းတို့သည် ကြီးစွာသော နတ်ဗြဟ္မာတို့၏ အာနုဘော်ဖြင့် မြတ်စွာဘုရားရှင်ထံမှောက်သို့ ချဉ်းကပ်ရောက်ရှိကြပြီးလျှင် အလွန် အံ့ဩယိုဖိတ် ကြည်ညိုစိတ် ဖြစ်ရှိကြကာ လက်အုပ်အဉ္ဇလီ တင်ချီထိပ်မိုး ဦးညွှတ်ကျိုးလျက် ရှိခိုးပူဇော်ကြကုန်၏။ ဘုရားဂုဏ်ကျေးဇူးနှင့် စပ်ယှဉ်သော ဂါထာဗန္ဓတို့ကို ဖွဲ့ဆိုကျူးရင့်ကြကာ ချီးမွမ်းကြ လက်ပမ်းပေါက်ခတ်ကြ (=လက်ခမောင်းခတ်ကြ) မြူးထူးရယ်ရွှင်ကြ နှစ်သက်ဝမ်းမြောက်စကား ပြောကြားကြလေသည်။

     ထိုအလုံးစုံနှင့်တကွ ရေမီး အစုံ အစုံသော တန်ခိုးပြာဋိဟာ ရောင်ခြည်တော်ခြောက်သွယ် အံ့ဩဖွယ်တို့ကိုပါ လူအများ ကြည်ညိုစွာ ဖူးမြင်ကြရလေကုန်၏။

ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခြင်း

     (၁) နီလရောင်ခြည်တော်၊ ၊ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြုတော်မူသော မြတ်စွာဘုရား၏ ယမကပါဋိဟာရိယဉာဏ်တော် အစွမ်းအာနုဘော်ကြောင့် ရောင်ခြည်တော်ခြောက်သွယ်တို့ ကွန့်မြူးထွက်ပေါ်ကြရာ ဆံတော် မုတ်ဆိတ်တော် ပေါက်ရာနေရာနှင့် မျက်နက်တော်တို့မှ နီလရောင်ခြည်တော်များ ကွန့်မြူး ထွက်ပေါ်ကြလေလည်၊ ယင်း နီလရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ကောင်းကင်တပြင်လုံး မျက်စဉ်းဓာတ်



၅၂၆

ကျောက်ညိုမှုန့်ဖြင့် ကြဲဖျန်း၍ထားအပ်သကဲ့သို့၎င်း, အောင်မဲညိုပန်း ကြာညိုပန်းတို့ဖြင့် ဖုံးလွှမ်း၍ ထားအပ်သကဲ့သို့၎င်း, တလွှဲလွှဲယပ်အပ်သည့် ပတ္တမြားယပ်ညိုဝန်းကဲ့သို့၎င်း နီလာရောင်တို့ဖြင့် ဖုံးအုပ်လျက် ရှိလေသည်။

     (၂) ပီတရောင်ခြည်တော်၊ ၊အရေတော်နှင့် မျက်လုံးအတွင်း ဝါဝင်းရာရာ အရပ်တို့မှ ပီတရောင်ခြည်တော် (=ရွှေသော အဆင်းရှိသည့် ရောင်ခြည်တော်)တို့ ကွန့်မြူး ထွက်ပေါ်ကြလေသည်၊ ယင်း ပီတရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ဝန်းကျင်ပတ်ခြုံ အလုံးစုံသော အရပ်မျက်နှာတို့သည် ရွှေရည်ဖြင့်လောင်း၍ ထားအပ်ကုန်သကဲ့သို၎င်း, ရွှေပုဆိုးဖြင့် ဖြန့်ခင်းအပ်ကုန်သကဲ့သို့၎င်း, ကုင်္ကုမံမှုန့် မဟာလှေကားပန်းတို့ဖြင့် ကြဲဖျန်း၍ ထားအပ်ကုန်သကဲ့သို့၎င်း ရွှေရောင်လွှမ်းလျက် အဆန်းတကြယ် တင့်တယ်ကြလေကုန်သည်။

     (၃) လောဟိတရောင်ခြည်တော်၊ ၊အသားတော် အသွေးတော်တို့နှင့် မျက်လုံးတော်အတွင်း နီမြန်းရာရာ အရပ်တို့မှ လောဟိတရောင်ခြည်တော် (=နီသောရောင်ခြည်တော်)တို့ ကွန့်မြူး ထွက်ပေါ်ကြလေသည်၊ ယင်း လောဟိတရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ဝန်းကျင်ပတ်ခြုံ အလုံးစုံသော အရပ်မျက်နှာတို့သည် ဆုန်းမှုန့် (=ဟင်္သပြဒါးမှုန့်)တို့ဖြင့် တပ်ဆိုး၍ ထားအပ်ကုန်သကဲ့သို့၎င်း, ကောင်းစွာကျက်သော ချိပ်ရည်တို့ဖြင့် သွန်းလောင်း၍ ထားအပ်ကုန်သကဲ့သို့၎င်း, ကမ္ဗလာနီ အလွှာထည်တို့ဖြင့် ထက်ဝန်းကျင် ဝန်းရံခြုံရုံ၍ ထားအပ်ကုန်သကဲ့သို့၎င်း, မိုးစွေပန်း ကသစ်ပန်း လယ်ခေါင်ရမ်းပန်းတို့ဖြင့် ကြဲဖျန်း၍ ထားအပ်ကုန်သကဲ့သို့၎င်း အဆန်းတကြယ် တင့်တယ်ကြလေကုန်သည်။

     (၄) ဩဒါတရောင်ခြည်တော်၊ ၊အရိုးတော် သွားတော် စွယ်တော် မျက်ဖြူတော်တို့မှ ဩဒါတရောင်ခြည်တော် (=ဖြူသော အဆင်းရှိသော ရောင်ခြည်တော်)တို့ ကွန့်မြူး ထွက်ပေါ်ကြလေသည်။ ယင်း ဩဒါတရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ဝန်းကျင်ပတ်ခြုံ အလုံးစုံသော အရပ်မျက်နှာတို့သည် ငွေအိုးတို့မှ



၅၂၇

နို့ရည်အယဉ်ကို တသွင်သွင်သွန်းလောင်း ကြဲဖျန်းအပ်ကုန်သကဲ့သို့၎င်း, ငွေမျက်နှာကြက် ငွေရွက် ငွေပြား ငွေလွှာများကို အလွှားအလွှား ဖြန့်ထားသိုင်းခြုံအပ်သကဲ့သို့၎င်း, ငွေယပ်ဝန်းကို တလွှဲလွှဲ ခပ်အပ်ကုန်သကဲ့သို့၎င်း, သင်းခွေပန်း ကုမုဒြာကြာပန်း ရေဥနှဲပန်း မုလေးပန်း ကြက်ရုံးပန်း (စပယ်ပန်း) အစရှိသော ပန်းတို့ဖြင့် ဖုံးလွှမ်း၍ ထားအပ်သကဲ့သို့၎င်း အဆန်းတကြယ် တင့်တယ်ကြလေကုန်သည်။

     (၅) မဉ္ဇေဋ္ဌရောင်ခြည်တော်၊ ၊လက်ဖဝါးအပြင် ခြေဖဝါးအပြင် အစရှိသော စဉ်းငယ်နီမြန်းရာ အရပ်တော်တို့မှ မဉ္ဇေဋ္ဌရောင်ခြည်တော် (=မှည့်မောင်းသော ရောင်ခြည်တော်)တို့ ကွန့်မြူး ထွက်ပေါ်ကြလေသည်၊ ယင်း မဉ္ဇေဋ္ဌရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ဝန်းကျင်ပတ်ခြုံ အလုံးစုံသော အရပ်မျက်နှာတို့သည် သန္တာကွန်ရက် ဖြန့်ကြက်၍ ထားအပ်ကုန်သကဲ့သို့၎င်း၊ လိပ်ဆူးရွှေ (=လိပ်စရွေဟု ခေါ်ကြသည့် ) အနီပန်းတို့ဖြင့် ကြဲဖျန်း၍ ထားအပ်ကုန်သကဲ့သို့၎င်း အဆန်းတကြယ် တင့်တယ်ကြလေကုန်သည်။

     (၆) ပဘဿရ ရောင်ခြည်တော်၊ ၊ဥဏ္ဏလုံမွေးရှင်တော် လက်သည်း ခြေသည်းတော် အစရှိသော အရောင် တလက်လက် ထွက်ရာအရပ်တို့မှ ပဘဿရရောင်ခြည်တော် (=ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော ရောင်ခြည်တော်)တို့ ကွန့်မြူး ထွက်ပေါ်ကြလေသည်၊ ယင်း ပဘဿရရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ဝန်းကျင်ပတ်ခြုံ အလုံးစုံသော အရပ်မျက်နှာတို့သည် သောက်ရှူးကြယ်အစုတို့ဖြင့် ပြည့်၍ နေကုန်သကဲ့သို့၎င်း, လျှပ်စစ် လျှပ်စီးလွှာ စသည်တို့ဖြင့် ပြည့်၍ နေကုန်သကဲ့သို့၎င်း အဆန်းတကြယ် တင့်တယ်ကြလေကုန်သည်။ ။(ဤရောင်ခြည်တော် ခြောက်ပါးအကြောင်းကို ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာ၊ ဒုတိယအုပ်၊ စာမျက်နှာ ၁၃-မှ ထုတ်နုတ်ဖော်ပြပါသည်)။

     ဖော်ပြရာပါ ရောင်ခြည်တော် ခြောက်ပါးတို့သည် ယန္တရားပြွန်ဝမှ ရွှေရည် ငွေရည် ပတ္တမြားရည် အယဉ်တို့ တသွင်သွင်



၅၂၈

ထွက်ကြသကဲ့သို့ စကြဝဠာတိုက်မှသည် အထက် သို့ ပျံတက်ကြကာ ဘဝဂ်ဘုံကိုခိုက်ပြီးမှ တဖန်ပြန်နစ်၍ စကြဝဠာတိုက် အနားရေးသို့ ကျရောက်ကြလေကုန်သည်၊ သို့ရကား စကြဝဠာတိုက်အလုံးသည် ရတနာဒိုင်းမြှားတို့ဖြင့် သားနားဆန်းကြယ် အလွန်တင့်တယ်သော ရွှေအိမ်ကြီးသဖွယ်ဖြစ်ရှိကာ အရောင်အဝါ တစပ်တည်းလင်းလျက် ရှိပေ၏။

စင်္ကြံတော်ကြွရင်းက တရားဟောတော်မူခြင်း

     ထိုနေ့အဖို့ရာ မြတ်စွာဘုရားရှင်သည် အရှေ့ အနောက် စကြ၀ဠာ တိုက်တသောင်းပေါက်အောင် အလျားရှည်သော ထိုရတနာစင်္ကြံတော်၌ စင်္ကြံကြွတော်မူကာ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူရင်းကပင် အကြားအကြား၌ လူများအပေါင်းအား စရိုက်နှင့်လျော်ရာ တရားကိုလည်း ဟောတော်မူသည်။ ယင်းသို့ တရားဟောတော်မူလိုလတ်သော် မြတ်စွာဘုရားသည် လူများအပေါင်းအား အနားပေးသောအနေ တန်ခိုးတော်ကို ခေတ္တမျှ ရပ်စဲတော်မူလေသည်။ ထိုခဏ၌ လူများအပေါင်းကား သာဓုကောင်းချီး ပေးလေသည်။ ထိုလူအပေါင်းတို့ သာဓုကောင်းချီး ပေးနေသောအခါ၌ မြတ်စွာဘုရားသည် ထိုမျှများပြားလှသော ပရိသတ်၏ စိတ်ဖြစ်ပုံကို ကြည့်ရှု ဆင်ခြင်တော်မူလေသည်။ ကြည့်ရှု ဆင်ခြင်တော်မူသည်မှာ တယောက် တယောက်သောသူ၏ စိတ်ဖြစ်ပုံကို (စိတ္တာနုပဿနာ ဒေသနာ၌ လာသည့်အတိုင်း) တဆယ့်ခြောက်ပါးသော အခြင်းအရာ၏ အစွမ်းဖြင့် ကြည့်ရှု ဆင်ခြင်တော်မူလေသည်။ မြတ်စွာဘုရားရှင်တို့၏ စိတ်တော် ကား သို့စဉ်ကလောက် လျင်မြန်သော အပြန်ရှိပေ၏။

     ထိုသို့ လူအများ၏ စိတ်ဖြစ်ပုံကို ကောင်းစွာကြည့်ရှု ဆင်ခြင်တော်မူပြီးမှ ထိုထိုလူပရိသတ်၏ နှစ်သက်ကြည်ညိုအပ်သော တန်ခိုးပြာဋိဟာနှင့် ထိုထိုလူပရိသတ်၏ အလိုအဇ္ဈာသယဓာတ်နှင့် လိုက်လျောသင့်လျော်သော တရားဆင်ပုံဆင်နည်းကို ကောင်းစွာ သိရှိတော်မူ၍ ထိုထိုလူပရိသတ်တို့ ကြည်ညိုအပ်သည့် တန်ခိုးပြာဟာကိုလည်း တဖန် ပြသတော်မူပြန်လေသည်။



၅၂၉

ထိုထိုလူပရိသတ်တို့၏ အလိုအဇ္ဈာသယဓာတ်နှင့် လိုက်လျော သင့်လျော်သော တရားဒေသနာကိုလည်း ဟောတော်မူလေသည်။ ဤကဲ့သို့ သတ္တဝါတို့၏ အလိုအကြိုက် အဇ္ဈာသယဓာတ်သဘောနှင့် လိုက်လျော သင့်လျော်သည့် တရားဒေသနာကို ဟောတော်မူအပ်သော်၎င်း, တန်ခိုးပြာဋိဟာကို ပြတော်မူအပ်သော်၎င်း များစွာသော သတ္တဝါအပေါင်းတို့၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြခြင်း တည်းဟူသော ဓမ္မာဘိသမယအောင်ပွဲကြီး အကြီးအကျယ် ဖြစ်လေတော့သည်။

ကိုယ်တော်ပွါး နိမ္မိတဘုရားတို့ကို ဖန်ဆင်းတော်မူခြင်း

     မြတ်စွာဘုရားသည် ထိုမျှများပြားသော ပရိသတ်အစည်းအဝေးကြီး၌ ကိုယ်တော်မြတ်၏ စိတ်အလိုကို ရယူကာ ပြဿနာမေးလျှောက်မည့် ပုဂ္ဂိုလ်ကို ဆင်ခြင် ကြည့်ရှုတော်မူသည်တွင် ထိုသို့မေးနိုင်မည့်ပုဂ္ဂိုလ် တဦးတယောက်ကိုမျှ မတွေ့ရ၍ နိမ္မိတဘုရား ကိုယ်တော်ပွါးတို့ကို ဖန်ဆင်းတော်မူလေသည်။ ဖန်ဆင်းတော်မူသည်ရှိသော် တဆူ နှစ်ဆူ သုံးဆူ လေးဆူ စသည်ဖြင့် အစဉ်အတိုင်း တိုးပွါးစေကာ အရာမက များစွာသော နိမ္မိတရုပ်ပွါး မြတ်စွာဘုရားတို့ကို ဖန်ဆင်းတော်မူလေ၏။

     ထိုနိမ္မိတရုပ်ပွါး မြတ်စွာဘုရားတို့က မေးအပ်သော ပြဿနာကို ပကတိဓာတ်သား ရှင်တော်ဘုရားက ဖြေကြားတော်မူ၍ ပကတိဓာတ်သား ရှင်တော်ဘုရားက မေးအပ်သော ပြဿနာကို နိမ္မိတရုပ်ပွါး မြတ်စွာဘုရားက ဖြေကြားတော်မူလေသည်။ ဣရိယာပုထ် အနေအားဖြင့်လည်း နိမ္မိတရုပ်ပွါး မြတ်စွာဘုရားတို့မှာ အချို့ကား ရပ်တော်မူကြကုန်လျက်, အချို့ကား စင်္ကြံကြွတော်မူကြကုန်လျက်, အချို့ကား လျောင်းစက်တော်မူကြကုန်လျက်, အချို့ကား ထိုင်တော်မူကြကုန်လျက် ဣရိယာပုထ် လေးပါးလုံးပင် နိမ္မိတဘုရားပေါင်းများစွာ တည်ရှိကြလေကုန်သည်။

     ထိုအခါ ပကတိဓာတ်သား ကိုယ်တော်ဘုရား၏ ရောင်ခြည်တော် ခြောက်သွယ်တို့သည်၎င်း, နိမ္မိတရုပ်ပွါး မြတ်စွာဘုရားတို့၏



၅၃၀

ရောင်ခြည်တော် ခြောက်သွယ်တို့သည်၎င်း, မီးအလျှံ ရေအယဉ်တို့သည်၎င်း, နိမ္မိတရုပ်ပွါး အရာမကသော မြတ်စွာဘုရားတို့သည်၎င်း ကောင်းကင်တပြင်လုံး ရောထွေးပြွမ်းယှက်ကြကာ သာဝကတို့နှင့် မဆက်ဆံ နှိုင်းစံဖွယ်ရာမရှိအောင် ပြုကုန်၍ ကောင်းကင်အပြင်ကို လွန်စွာ တင့်တယ်စေကြလေကုန်၏။

     များစွာသော ဗြဟ္မာ နတ်လူတို့သည်လည်း ကောင်းချီးစကား မြွက်ကြား ပြောဆိုကြလေကုန်၏၊ ကောင်းကင်တပြင်လုံး၌ နတ်တို့၏ သီချင်းသံတို့ ဖုံးလွှမ်းလျက် ရှိကုန်၏၊ နတ်ဗြဟ္မာတို့သည် နတ်ပန်းမိုးကို ဖြိုးဖြိုး ရွာသွန်းကြကုန်၏၊ နတ်၌ဖြစ်သော တူရိယာ လူ၌ဖြစ်သော တူရိယာ ထောင်ပေါင်းများစွာတို့ဖြင့် တခဲနက် အုတ်အုတ်ကျက်ကျက်ဖြစ်ကာ တခုတည်းသော ပွဲလမ်းသဘင်ကို ဆင်ယင်ကျင်းပသကဲ့သို့ ဖြစ်၍နေပေ၏။

ဗြဟ္မာနတ်လူ ကုဋေနှစ်ဆယ် ကျွတ်တမ်းဝင်ကြခြင်း

     ဤကဲ့သို့ ပစ္စေကဗုဒ္ဓါ သာဝကတို့နှင့် မဆက်ဆံ ယမကပါဋိဟာရိယ = ခေါ်သော အသာဓာရဏ ရွှေဉာဏ်တော်မြတ်ဖြင့် မြတ်စွာဘုရားရှင် တန်ခိုးပြာဋိဟာကိုပြ၍ အကြားအကြား၌ စရိုက်နှင့်လျော်စွာ တရားဒေသနာကို ဟောကြားတော်မူသောအခါ တန်ခိုးပြာဋိဟာကို ဖူးမြော်ရ, တရားတော်ကိုလည်း ကြားနာရသဖြင့် ထို“ယမိုက်ပြာဋိဟာပွဲသဘင်” အစည်းအဝေးကြီး၌ ကုဋေနှစ်ဆယ်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေကုန်၏။

     ဤအရာ၌ အခွင့်သင့်သဖြင့် သဒ္ဓါတရား ကြီးမားထက်သန်ကြသည့် ရှင်လူတို့အလို့ငှါ မဟာနမက္ကာရကျမ်းလာ “ယမကပါဋိဟာရိယဝန္ဒနာ” ဘုရားရှိခိုးဂါထာ ပါဠိအနက်ကို အကြားညှပ်၍ ရေးသားပြဆိုဦးအံ့-



၅၃၁

ယမကပါဋိဟာရိယဝန္ဒနာ ဘုရားရှိခိုးဂါထာ

ပါဠိအနက်

ကဏ္ဍမ္ဗမ္မူလေ ပရဟိတကရော ယော မုနိန္ဒော နိသိန္နော၊

အစ္ဆေရံ သီဃံ နယနသုဘဂံ အာကုလန္နဂ္ဂိဇာလံ။

ဒုဇ္ဇာလဒ္ဓံသံ မုနိဘိဇဟိတံ ပါဋိဟေရံ အကာသိ၊

ဝန္ဒေ တံ သေဋ္ဌံ ပရမရတိဇံ ဣဒ္ဓိဓမ္မေဟုပေတံ။

(၁၈-လုံးဖွဲ့ ကုသုမိတလတာဝေလ္လိတာဂါထာ)

ပရဟိတကရော = ဝေနေယျများ သူတပါးတို့ စီးပွါးချမ်းသာ ဖြစ်စိမ့်ငှါလျှင် ဝါလေးဆယ့်ငါး ကာလလျားအောင် ဘုရားတို့ငြမ်း ကိစ္စတော်ငါးခန်းကို ကြိုးပမ်းမယုတ် ပြုလုပ်ပြီးပြေတော်မူစေတတ်ထသော။ ယော မုနိန္ဒော = အာဂါရိက စသည်အပြား မုနိများ၏ ဦးဖျားပရမေ သုံးလူ့ဆွေဖြစ်တော်မူသော အကြင် မြတ်စွာဘုရားသည်။ ကဏ္ဍမ္ဗမ္မူလေ = ကဏ္ဍဟူသည် လူအမည်ဖြင့် ဂုဏ်ရည်လျှံညီး သရက်ပင်၏အနီး၌။ နိသိန္နော = တိတ္ထိတဝေး ရန်အလှေးကို ဝေးရပ်ထိုဤ ပြေးစိမ့်မည်ဟု မျှညီယာပိုက် နှစ်ခြိုက်ရွှင်ပြုံး သီတင်းသုံးနေတော်မူလျက်။ အစ္ဆေရံ = မကြုံစဘူး မမြင်ဘူးကို အထူးတွေ့ကြုံ သို့ဖြစ်ပုံကြောင့် လူ့ဘုံနတ်ရွာ ကောင်းတင်းငြာလျက် ဗြဟ္မာမဟဂ္ဂုတ် ဘဝဂ်လှုပ်အောင် လက်ခုပ်ငြာဟည်း လက်ဖျစ်တီး၍ အံ့ချီးခြင်းငှါ ထိုက်တန်စွာထသော။ သီဃံ = ရေအယဉ်ကို ဖန်ဆင်းသည်ကား တကာလ, မီးအလျှံကို ဖန်ဆင်းသည်ကား တကာလ ဤသို့လျှင် ကာလခြားကွာ ဖြစ်တုံပါလည်း ဗြဟ္မာနတ်လူ ဖူးမြင်သူတို့ စွဲယူမှတ်သား “တချိန်တည်း တခဏတည်း ဖြစ်သည်”ဟု အထင်မှားရအောင် လျင်လျားလည်း လျင်လျားစွာထသော။ နယနသုဘဂံ = နတ်လူရှိရှိ ဖူးကြသူမျက်စိဝယ် ပီတိဟုန်ဆင့်လွှမ်းအောင် အဆန်းတကြယ် တင့်တယ်သပ္ပါယ်စွာထသော။ ဒုဇ္ဇာလဒ္ဓံသံ = နိယျာနိက သာသနာမှလျှင် ပြင်ပဗာဟီ ဝိတဏ္ဍီတို့



၅၃၂

ထိုဤမြှေးယှက် မိစ္ဆာအယူတည်းဟူသော ကွန်ရက်ကို ချိုးဖျက်ခြင်းငှါ စွမ်းနိုင်စွာထသော။ မုနီဘိ = ကဿပမြတ်စွာ အစဖြာသား မဟာပရမေ ပွင့်တော်မူကြပြီးသော သုံးလူ့ဆွေတို့သည်။ အဇဟိတံ = ဤနေရာ ဤဌာနဝယ် ပြမြဲပြုမြဲ မှန်မလွဲသဖြင့် မစွန့်ဖဲအပ်သော တရားတမျိုးလည်း ဖြစ်ပေထသော။ အာကုလန္နဂ္ဂိဇာလံ ပါဋိဟေရံ = ရောယှက်ထွေးအံ့ ရေမီးအစုံအစုံ တည်းဟူသော တန်ခိုးပြာဋိဟာကို။ (ဝါ) အာကုလန္နဂ္ဂိဇာလံ ပါဋိဟေရံ=

(၁) အထက်ဖြစ်သော ကိုယ်တော်အစိတ်မှ မီးအလျှံ၊ အောက်ဖြစ်သော ကိုယ်တော်အစိတ်မှ ရေအယဉ်။ (တဖန်) အောက်ဖြစ်သော ကိုယ်တော်အစိတ်မှ မီးအလျှံ၊ အထက်ဖြစ်သော ကိုယ်တော်အစိတ်မှ ရေအယဉ်။

(၂) ရှေ့ဖြစ်သော ကိုယ်အစိတ်မှ မီးအလျှံ၊ နောက်ဖြစ်သော ကိုယ်တော်အစိတ်မှ ရေအယဉ်။ (တဖန်) နောက်ဖြစ်သော ကိုယ်တော်အစိတ်မှ မီးအလျှံ၊ ရှေ့ဖြစ်သော ကိုယ်တော်အစိတ်မှ ရေအယဉ်။

(၃) လက်ျာမျက်လုံးတော်မှ မီးအလျှံ၊ လက်ဝဲမျက်လုံးတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲမျက်လုံးတော်မှ မီးအလျှံ၊ လက်ျာမျက်လုံးတော်မှ ရေအယဉ်။

(၄) လက်ျာနားတွင်းတော်မှ မီးအလျှံ၊ လက်ဝဲနားတွင်းတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲနားတွင်းတော်မှ မီးအလျှံ၊ လက်ျာနားတွင်းတော်မှ ရေအယဉ်။

(၅) လက်ျာနှာခေါင်းတော်မှ မီးအလျှံ၊ လက်ဝဲနှာခေါင်းတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲနှာခေါင်းတော်မှ မီးအလျှံ၊ လက်ျာနှာခေါင်းတော်မှ ရေအယဉ်။

(၆) လက်ျာပခုံးတော်မှ မီးအလျှံ၊ လက်ဝဲပခုံးတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲပခုံးတော်မှ မီးအလျှံ၊ လက်ျာပခုံးတော်မှ ရေအယဉ်။



၅၃၃

(၇) လက်ျာလက်တော်မှ မီးအလျှံ၊ လက်ဝဲလက်တော်မှ ရေအယဉ်။ (တဖန်) လက်ဝဲလက်တော်မှ မီးအလျှံ၊ လက်ျာလက်တော်မှ ရေအယဉ်။

(၈) လက်ျာနံပါးတော်မှ မီးအလျှံ၊ လက်ဝဲနံပါးတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲနံပါးတော်မှ မီးအလျှံ၊ လက်ျာနံပါးတော်မှ ရေအယဉ်။

(၉) လက်ျာခြေတော်မှ မီးအလျှံ၊ လက်ဝဲခြေတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲခြေတော်မှ မီးအလျှံ၊ လက်ျာခြေတော်မှ ရေအယဉ်။

(၁၀) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြားအကြားမှ မီးအလျှံ၊ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ ရေအယဉ်။ (တဖန်) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ မီးအလျှံ၊ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြား အကြားမှ ရေအယဉ်။

(၁၁) တခု တခုသော မွေးညှင်းတွင်းတော်မှ မီးအလျှံ၊ အခြား တခုတခုသော မွေးညှင်းတွင်းတော်မှ ရေအယဉ်။

(၁၂) တဆူ တဆူသော မွေးညှင်းတော်မှ မီးအလျှံ၊ အခြား တဆူတဆူသော မွေးညှင်းတော်မှ ရေအယဉ်-

တသွင်သွင်ပြောင်းလဲ ဖူးလိုက်တိုင်း အဆင်ကွဲသဖြင့် အံ့အဲ၍မဝ ချီးပ၍မကုန် ရောင်ခြည်တော် ခြောက်ပုံတို့နှင့်တကွ အစုံအစုံသော ရေမီးတန်ခိုးပြာဋိဟာကို။ အကာသိ = တိတ္ထိတဝန်း တက္ကတွန်းတို့ ဦးစွန်းဗွေလျှောက် ခြေတော်နှင့် ပေါက်သကဲ့သို့ နောက်တဖန် မာန်မတင်းဝံ့အောင်



၅၃၄

ဖန်ဆင်းပြသတော်မူခဲ့လေပြီ။ သေဋ္ဌံ = ချီးမွမ်းအပ်သူ နတ်လူဗြဟ္မာ သတ္တဝါဟူသမျှတို့ထက် ဆဆလွန်ကြူး အထူးသဖြင့် ချီးမွမ်းအပ် မြတ်တော်မူထသော။ ပရမရတိဇံ = နှလုံးအာရုံ စွဲမြဲထုံက ဘုံနန်းသီဝ နိဗ္ဗူကျအောင် ဖလကျေးဇူး လွန်ပျံ့ပျူးသဖြင့် အထူးနှစ်သက်စေတတ်သည့် အမြတ်ဥစ္စာ ရတနာတဆူ ဖြစ်တော်မူထသော။ ဣဒ္ဓိဓမ္မေဟိ = ဣဒ္ဓိအစိန္တေယျ ဓမ္မကျေးဇူး ဂုဏ်အထူးတို့နှင့်။ ဥပေတံ = လောက်ငကုံလုံ ပြည့်စုံတော်မူထသော။ တံ မုနိန္ဒံ = အာဂါရိက စသည်အပြား မုနိများ၏ ဦးဖျားပရမေ သုံးလူ့ဆွေ ဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို။ ဝန္ဒေ-ဝန္ဒာမိ = ယမကပါဋိဟာရိယာ ရွှေဘွဲ့သာသည့် အသာဓာရုဏ် မဟာဂုဏ်ကို အာရုံမျှော်ကိုး သဒ္ဓါဖြိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။

တာဝတိံသာနတ်ပြည်သို့ ကြွတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ယမိုက်ပြာဋိဟာကို ပြုတော်မူစဉ်ပင် “ရှေးရှေး နောင်တော့်နောင်တော် ဘုရားရှင်တို့သည် ယမိုက်ပြာဋိဟာကို ပြုတော်မူပြီးသောအခါ အဘယ်အရပ်၌ ဝါကပ်တော်မူကြကုန်သနည်း”ဟူ၍ ဆင်ခြင်တော်မူသည်ရှိသော် “တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူကြ၍ မယ်တော်နတ်သားအား အဘိဓမ္မာတရား ဟောကြားတော်မူကြမြဲ ဖြစ်ကုန်၏”ဟု သိမြင်တော်မူလတ်၍ လက်ျာခြေတော်ကို ချီမြှောက်၍ ယုဂန္ဓိုရ်တောင်ထိပ်၌ ချထားအံ့ဟူ၍ ကြံစည်တော်မူလေ၏။ ထိုခဏ၌ ယူဇနာပေါင်း လေးသောင်းနှစ်ထောင် အမြင့်ဆောင်သော ယုဂန္ဓိုရ်တောင်သည် ဖ၀ါးတော်အောက် အလိုလိုလာရောက်၍ လက်ျာခြေတော်ကို ခံလင့်လေ၏။ ထို့နောက် လက်ဝဲခြေတော်ကို ချီမြှောက်တော်မူသည်ရှိသော် မြေအပြင်မှသည် ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သည့် မြင်းမိုရ်တောင်ထိပ်သည် ဖ၀ါးတော်အောက် အလိုလိုလာရောက်၍ လက်ဝဲခြေတော်ကို ခံလင့်လေ၏။



၅၃၅

(ဤ၌။ ။ယုဂန္ဓိုရ်တောင်, မြင်းမိုရ်တောင်တို့ ဖဝါးတော်အောက်သို့ ညွတ်လာ ကိုင်းလာသည်ကိုလည်း တဦးတယောက်မျှ မမြင်ရချေ။ မြတ်စွာဘုရား ကိုယ်တော်မြတ်၏ အဖို့ရာမှာလည်း ထိုခရီးယူဇနာ ဝေးကွာလှသောအရပ်သို့ ခြေတော်ကို အမြင်မတော်အောင် ကျဲကျဲကြီး ကြွလှမ်းမှုဟူ၍လည်း မရှိချေ၊ ဤအရာအမျိုးကား တန်ခိုး၏အရာသာ ဖြစ်သည်၊ မကြံအပ် မကြံစည်ကောင်းပေ)။

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ခြေလှမ်း နှစ်လှမ်းတည်းဖြင့်ပင် လူ့ပြည်မှသည် တာဝတိံသာ နတ်ပြည်သို့ ရောက်တော်မူလေသည်။ (တာဝတိံသာနတ်ပြည်ကား မြင်းမိုရ်တောင်ထိပ်၌ တည်ရှိ၍ မြင်းမိုရ်တောင်ထိပ်သို့ရောက်လျှင် တာဝတိံသာနတ်ပြည်သို့ ရောက်လေတော့၏)။

သိကြားမင်း အကြံမှားခြင်း

     သိကြားနတ်မင်းသည် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရလျှင်ပင်-

“မြတ်စွာဘုရားရှင်သည် ဤတာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ဤယခုဝါကို ဆိုတော်မူလိမ့်မည်ထင်၏၊ များစွာသော နတ်ဗြဟ္မာတို့အား ဥပကာရကျေးဇူး အထူးများပေလိမ့်မည်။ အထူးအားဖြင့် ဤပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ဝါတွင်းသုံးလပတ်လုံး မြတ်စွာဘုရား ဝါဆိုသီတင်းသုံး နေတော်မူခဲ့သော် အခြားတဦးတယောက်သော နတ်ဗြဟ္မာမျှ လက်ကိုပင် တင်ထားနိုင်စွမ်းသောသူမည်သည် မရှိချေ။ ဤပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကား အလျားယူဇနာ ခြောက်ဆယ်, အနံအပြန့် ယူဇနာငါးဆယ်, အမြင့်ယူဇနာ တဆယ့်ငါးရှိ၍ ကြီးမားလှဘိ၏၊ မြတ်စွာဘုရားရှင် ထိုပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ (ဝါလပတ်လုံး) သီတင်းသုံး ထိုင်နေတော်မူသော်လည်း ဗန်းကြီး (စကောကြီး)အလယ်၌ စာဝတီးငှက်ငယ် နားနေသည့်ပမာ အသုံးဝင်သောနေရာကား အနည်းအပါး အသုံးမဝင်သောနေရာကသာ များသဖြင့် အချည်းနှီးကဲ့သို့ ဖြစ်ချေတော့မည်တကား”-



၅၃၆

ဟူ၍ ဆင်ခြင်စဉ်းစား အကြံမှားလေသည်။ မြတ်စွာဘုရားရှင်သည် သိကြားမင်း၏ စိတ်အလိုအကြံကို သိတော်မူ၍ ကိုယ်တော်မြတ်၏ နှစ်ထပ်သင်္ကန်းကြီးကို ကျောက်ဖျာတခုလုံး ဖုံးအုပ် ခင်းထားလိုက်လေသည်။ သိကြားမင်းသည် “သင်္ကန်းတော်ကို ကျောက်ဖျာတခုလုံး ဖုံးအုပ်၍ ချထားနိုင်သည် ရှိဦးတော့၊ မြတ်စွာဘုရား ကိုယ်တော်တိုင်ကမူ အနည်းငယ်မျှသော နေရာ၌သာ ထိုင်နေတော်မူပေလိမ့်မည်”ဟူ၍ ရိုးရိုးပင် ကြံစည်စဉ်းစားပြန်လေသည်။ မြတ်စွာဘုရားရှင်သည် သိကြားမင်း၏ စိတ်အလိုအကြံကို သိတော်မူ၍ အင်းပျဉ်ငယ် (ထိုင်ခုံငယ်)၌ ပံသုကူဓုတင်ဆောင် မထေရ်ကြီးတပါး ထိုင်နေတော်မူသည့်ပမာ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီးတခုလုံးကို တင်ပလ္လင်ခွေ၏ အတွင်း၌သာပြု၍ ထိုင်နေတော်မူလိုက်လေ၏။

     ထိုအခါ သိကြားမင်းသည် မိမိအပြစ်ကို သိမြင်လာကာ “ကိုယ့်ပမာဏကို မသိခြင်းကား ကြီးစွာသော အကျိုးမဲ့ကြီးပါတကား၊ မြတ်စွာဘုရားရှင်မည်သည် အဘယ်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ဟူ၍ အကုန်အစင် ငါတို့သည် မသိမြင်နိုင်ကုန်စွာ့တကား၊ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတို့သည် အဘယ်မျှ အတိုင်းအရှည်ရှိကုန်၏ဟူ၍ အကုန်အစင် ငါတို့သည် မသိမြင်နိုင်ကုန်စွာ့တကား၊ ဤသို့လျှင် မကြံအပ် မကြံစည်နိုင်သော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်အားပင်သော်မှ အကျွန်ုပ်သည် ဤကဲ့သို့ အကြံမှား အထင်မှားခဲ့လေပြီတကား”ဟု မိမိ၏ အပြစ်ဒေါသကို ထင်စွာပြု၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးကန်တော့လေသည်။

လူအများ ဘုရားရှင်ကိုမမြင်ကြရ၍ ငိုကြွေးမြည်တမ်းကြခြင်း စသည်

     ထိုစဉ်အခါ လူ့ပြည်လောက၌ “ငါတို့သည် ယမိုက်ပြာဋိဟာကို ဖူးမြော်ကြကုန်အံ့”ဟူ၍ ကြည့်ရှုဖူးမြော်ကြကုန်စဉ် လူများအပေါင်းသည် တခဏအတွင်း မြတ်စွာဘုရားရှင်ကို မမြင်ကြရ၍



၅၃၇

လအထောင် နေအထောင်တို့ ကွယ်ဝင်သောအခါကဲ့သို့ ဖြစ်လေ၏။ “အကြောင်း အသို့နည်း”ဟု အချင်းချင်း ပြောဆိုကြကာ—

ဂတော နု စိတ္တကူဋံ ဝါ၊ ကေလာသံ ဝါ ယုဂန္ဓရံ။

န နော ဒက္ခေမု သမ္ဗုဒ္ဓံ၊ လောကဇေဋ္ဌံ နရာသဘံ။

နော = ငါတို့သည်။ လောကဇေဋ္ဌံ = လောကသုံးပါး၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူပေထသော။ နရာသဘံ = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးကြီး ဖြစ်တော်မူပေထသော။ သမ္ဗုဒ္ဓံ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားကို။ န ဒက္ခေမု = ဖူးမြော်နေစဉ် ယခုပင် မမြင်ကြရကုန်တော့ချေ။ သော သမ္ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား ထိုမြတ်စွာဘုရားသည်။ စိတ္တကူဋံ ဝါ = စိတ္တကုဋ်တောင်သို့မူလည်း။ ဂတော နု = သောသောကြွက်ဆူ ဤမျှလောက် ပြောထူသည့် လူတို့နှင့်မနီး ဝေးရပ်ကို ငါခိုမှီးမည်ဟု ခရီးယာယီ ကြွချီတော်မူလေရော့သလား။ ကေလာသံ ဝါ = ကေလာသ ငွေတောင်သို့မူလည်း။ ဂတော နု = ခရီးယာယီ ကြွချီတော်မူလေရော့သလား။ ယုဂန္ဓရံ ဝါ = ယုဂန္ဓိုရ်တောင်သို့မူလည်း။ ဂတော နု = သောသောကြွက်ဆူ ဤမျှလောက် ပြောထူသည့် လူတို့နှင့်မနီး ဝေးရပ်ကို ငါခိုမှီးမည်ဟု ခရီးယာယီ ကြွချီတော်မူလေရော့သလား။-

ဟူသော ဤဂါထာကို ရွတ်ဆိုကြကာ လူတို့သည် ငိုကြွေးကြကုန်၏။

     အခြားတပါးသော လူအချို့တို့ကမူ “မြတ်စွာဘုရားမည်သည် ဆိတ်ငြိမ်ရာအရပ်၌ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်တော်မူ၏။ ထိုမြတ်စွာဘုရားသည် ‘ငါကား ဆိတ်ငြိမ်ရာ၌ မွေ့လျော်သူဖြစ်ပါလျက် ဤမျှ များပြားသော ပရိသတ်ဝယ် ဤသို့စဉ် ဆန်းကြယ်သော တန်ခိုးပြာဋိဟာ ပြသမှုကို ပြုမိလေပြီတကား’ဟု အရှက်အားကြီးကာ လူမမြင်ရာ အရပ်တပါးသို့ ကြွသွားတော်မူသည်



၅၃၈

ဖြစ်လိမ့်မည်၊ ယခု ငါတို့သည် ထိုမြတ်စွာဘုရားကို မဖူးမြော်ရတော့ကုန်”ဟု ပြောဆိုကြကာ-

ပဝိဝေကရတော ဓီရော၊ နယိမံ လောကံ ပုနေဟိတိ။

န နော ဒက္ခေမု သမ္ဗုဒ္ဓံ၊ လောကဇေဋ္ဌံ နရာသဘံ။

ဓီရော = သဗ္ဗညုတ ဉာဏသခင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ ပဝိဝေကရတော = အာရုံငါးထပ် ဆိတ်ငြိမ်ရာအရပ်၌သာ ချဉ်းကပ်မွေ့လျော် ပျော်ပိုက်တော်မူသည်ဖြစ်၍။ ဣမံ လောကံ = အာရုံငါးချက် စုံပြည့်နှက်၍ အေးကွက်မရ ပူပြင်းလှသား လောကဘုံပြင် ဤလူ့ခွင်သို့။ န ပုန ဧဟိတိ = နောက်ထပ်၍သော် ကြွလာတော်မူတော့မည် မဟုတ်ချေ။ နော = ငါတို့သည်။ လောကဇေဋ္ဌံ = လောကသုံးပါး၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူပေထသော။ နရာသဘံ = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးကြီး ဖြစ်တော်မူပေထသော။ သမ္ဗုဒ္ဓံ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားကို။ န ဒက္ခေမု = ဖူးမြော်နေစဉ် ယခုပင် မမြင်ကြရကုန်တော့ချေ။-

ဟူသော ဂါထာကို ရွတ်ဆို ငိုကြွေးကြလေကုန်၏။

     လူများ အပေါင်းသည် အရှင်မဟာမောဂ္ဂလာန် မထေရ်ကို “အရှင်ဘုရား.. ယခုအခါ မြတ်စွာဘုရားရှင်သည် အဘယ်အရပ်၌ ရှိတော်မူပါသနည်း”ဟု မေးမြန်းကြလေသည်။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ကိုယ်တိုင်က (ဘုရားရှင် တာဝတိံသာနတ်ပြည်၌ ရှိတော်မူနေသည်ကို) သိသော်လည်း “သူတပါးတို့၏ ဂုဏ်ကျေးဇူးများ ထင်ရှားကြပါစေ”ဟု နှလုံးပိုက်တော်မူကာ “အရှင်အနုရုဒ္ဓါကို မေးကြလော့”ဟူ၍ မိန့်ဆိုတော်မူလေ၏။ လူများအပေါင်းက အရှင်အနုရုဒ္ဓါကို မေးမြန်းကြသဖြင့် အရှင်အနုရုဒ္ဓါသည် “တာဝတိံသာ နတ်ပြည်ဝယ် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ဝါကပ်တော်မူ၍ မယ်တော်မိနတ်သား



၅၃၉

အမှူးပြုသော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာပိဋကကို ဟောကြားတော်မူရန် ကြွသွားတော်မူသည်”ဟု ဖြေကြားတော်မူ၏။ “အဘယ်အခါ၌ ပြန်ကြွတော်မူလာမည်နည်း”ဟု လူများအပေါင်းက မေးသဖြင့် အရှင်အနုရုဒ္ဓါ မထေရ်သူမြတ်သည် “ဝါတွင်းသုံးလတို့ပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူပြီးမှ သီတင်းကျွတ်လပြည့် = မဟာပဝါရဏာနေ့၌ ပြန်ကြွတော်မူလာလိမ့်မည်”ဟူ၍ ဖြေကြားတော်မူလေ၏။

     လူအပေါင်းတို့သည် “မြတ်စွာဘုရားကို မဖူးမြော်ကြရပဲ ငါတို့ကား မသွားကြကုန်”ဟု ကြံစည်တိုင်ပင်ကြကာ ထိုအရပ်မှာပင် သစ်ခက်တဲ (=ယာယီမဏ္ဍပ်) ဆောက်လုပ်ကြလေကုန်သည်။ ကောင်းကင်ကြီးကပင် ထိုလူများအဖို့ရာ အမိုးကြီးဖြစ်၍ နေတော့၏၊ မဟာပထဝီမြေကြီးကပင် ထိုလူများအပေါင်းတို့ စွန့်ပစ်သမျှသော ကိုယ်၏အညစ်အကြေးများကို သူ့အလိုလို မျိုပစ်သဖြင့် ထိုမျှများပြားစွာသော ပရိသတ်၏ ကိုယ်၏အညစ်အကြေးဟူ၍ မတွေ့ရချေ။ နေရာတိုင်းမှာပင် မြေအပြင်သည် စင်ကြယ်လျက် ရှိချေ၏။

     မြတ်စွာဘုရားရှင်သည်လည်း ပဌမရှေးဦးကပင် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို “သင်ချစ်သားသည် ဤပရိသတ်အား တရားဟောရစ်ရမည်၊ စူဠအနာထပိဏ် ဒါယကာက ထိုပရိသတ်အား အစာအာဟာရ ပေးလှူလိမ့်မည်”ဟူ၍ မိန့်ဆိုတော်မူပြီး ဖြစ်လေသည်၊ ထို့ကြောင့် ထိုဝါတွင်းသုံးလပတ်လုံး စူဠအနာထပိဏ် ဒါယကာသည် ထိုပရိသတ်အား စောစောပင်လျှင် ယာဂု, ဆွမ်း, ခဲဖွယ်, စားဖွယ်, ကွမ်း, ဆေး, လဖက်, နံ့သာ, ပန်းမာလ်, အဆင်တန်းဆာ အစရှိသော လူ့အသုံးအဆောင်များကို လိုလေသေး မရှိရအောင် စေ့ငစုံလင်စွာ ပေးလှူလေသည်။ မြတ်စွာဘုရားရှင်၏ ရှေးဦးပဌမ ကြိုတင် မိန့်မှာတော်မူချက်အတိုင်း အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ထိုပရိသတ်အား ဝါတွင်းသုံးလပတ်လုံး တရားဟောတော် မူလေသည်။



၅၄၀

စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့ မြတ်စွာဘုရားထံတော်သို့ ဆည်းကပ် ရောက်ရှိကြခြင်း

     အဘိဓမ္မာတရားကို ဟောကြားတော်မူရန် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ဝါကပ်တော်မူသော မြတ်စွာဘုရားထံမှောက်သို့ ဇာတိခေတ် စကြဝဠာပေါင်း တိုက်တသောင်းတို့မှ နတ်ဗြဟ္မာအပေါင်းတို့သည် အဘိဓမ္မာတရားကို နာယူကြရန် ဝန်းရံဆည်းကပ်ကြလေကုန်သည်။ ထိုမျှများစွာ နတ်ဗြဟ္မာတို့အနက် တဦးတယောက်သော နတ်ဗြဟ္မာမျှ ရုပ်ရည်အဆင်း အားဖြင့် မြတ်စွာဘုရားထက် သာလွန်၍ မတင့်တယ်နိုင်ချေ၊ စင်စစ်ကား မြတ်စွာဘုရားကသာလျှင် ခပ်သိမ်းသော နတ်ဗြဟ္မာတို့ကို လွှမ်းမိုးသာလွန် တင့်တယ်တော်မူလေသည်။

     ဤသို့လျှင် ခပ်သိမ်းသော နတ်ဗြဟ္မာတို့ကို ကိုယ်တော်မြတ်၏ ကိုယ်တော်ရောင်ဖြင့် လွှမ်းမိုးတင့်တယ်ကာ မြတ်စွာဘုရားသခင် ထိုင်နေတော်မူပြီးလတ်သော် မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုသိတနတ်သားသည် မိမိ၏စံရာ တုသိတာဘုံမှ ဆင်းသက်လာလတ်၍ မြတ်စွာဘုရားရှင်၏ ရှေ့တော်ဝယ် လက်ျာနံပါး၌ ရိုသေစွာ ထိုင်နေလာ၏။

အင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သားတို့၏အကြောင်း

     မယ်တော်မိနတ်သား ထိုင်နေပြီးသောအခါ ဣန္ဒကနတ်သားသည်လည်း မြတ်စွာဘုရားထံမှောက်သို့ လာရောက်၍ လက်ျာနံပါးဖက်၌ပင် ထိုင်နေလေသည်။ အင်္ကုရနတ်သားသည် လက်ဝဲဖက်နံပါး၌ ထိုင်နေလေသည်။ ထိုအင်္ကုရနတ်သားသည် တန်ခိုးကြီးသော နတ်ဗြဟ္မာတို့ လာတိုင်းလာတိုင်း နောက်သို့ ဆုတ်၍ ဆုတ်၍ နေရာပေးရသဖြင့် မြတ်စွာဘုရားမှ (၁၂) တဆယ့်နှစ်ယူဇနာ ဝေးကွာသောအရပ်၌ နေရာကို ရလေသည်။ ဣန္ဒကနတ်သားမူကား မူလရင်း နေရာ၌ပင် မရွှေ့မပြောင်းရပဲ နေမြဲ နေထိုင်ရလေသည်။



၅၄၁

အင်္ကုရနတ်သားအကြောင်း အကျဉ်းချုပ်

အင်္ကုရနတ်သား ဟူသည်မှာ.. သာသနာပြင်ပ ဗာဟီရကအခါ (ကဿပမြတ်စွာသာသနာ ကွယ်ပြီးသည့် နောက်အခါ) ဥတ္တရမဓုရာဇ်ပြည့်ရှင် မဟာသာဂရမင်းကြီး၏ သားတော် ဥပသာဂရမင်းသားနှင့် ဥတ္တရာပထတိုင်းဝယ် ကံသမင်း၏ စားကျေးမြို့ဖြစ်သော အသိတဉ္ဇနမြို့၌ မဟာကံသမင်းကြီး၏ သမီးတော် ဒေဝဂဗ္ဘာမင်းသမီးတို့ သင့်မြတ်ကြရာ သမီးတော် အဉ္ဇနဒေဝီမင်းသမီးတပါး သားတော် ဝါသုဒေဝမင်းသားစသော မင်းသား တကျိပ်အားဖြင့် သားတော် သမီးတော် တကျိပ်တပါး ထွန်းကားခဲ့ရာတွင် သားတော်အငယ်ဆုံးကား အင်္ကုရမင်းသား အမည်ရှိလေသည်။

ထိုအင်္ကုရမင်းသားသည် အရွယ်သို့ ရောက်လတ်သောအခါ (နောင်တော် ဝါသုဒေဝစသော မင်းသားတို့ စက်လက်နက်ဖြင့် ဇမ္ဗူဒိပ်တကျွန်းလုံးကို တိုက်ခိုက်သိမ်းယူကြပြီးနောက်) မိမိအတွက် ဝေပုံကျရရှိသော မြို့စားမင်းအဖြစ်ကို အစ်မကြီးဖြစ်သူ အဉ္ဇနဒေဝီမင်းသမီးအား ပေးစေ၍ မိမိကိုယ်တိုင်ကမူ နောင်တော် အစ်မတော်တို့၏ စိုးပိုင်ရာ မြို့နယ်အတွင်း၌ အကောက်အခွန် လွတ်ငြိမ်းခွင့်ကိုသာ တောင်းယူပြီးလျှင် အရောင်းအဝယ် ကုန်သွယ်ခြင်းအလုပ်ဖြင့်သာ ချမ်းသာစွာ နေထိုင်ခဲ့လေသည်။

နောက်တချိန်၌ အင်္ကုရမင်းသားသည် လှည်းအစီးငါးရာဖြင့် ကုန်ရောင်းသွားရာ သဲကန္တာရအတွင်း၌ မျက်စိလည် လမ်းမှား၍ စားနပ်ရိက္ခာပြတ်သဖြင့် ဒုက္ခကြီးစွာ ရောက်ရှိလေသည်။ ထိုသဲကန္တာရ၌ လက်ျာလက် တဖက်တည်းမှ လိုသမျှ အသုံးအဆောင်ခပ်သိမ်းကို ပေးစွမ်းနိုင်သော ညောင်စောင့်နတ်တဦး ရှိလေသည်။ ထိုညောင်စောင့်နတ်သည် ရှေး လူဖြစ်စဉ်ဘဝက အင်္ကုရမင်းသား ပြုစုစောင့်ရှောက်ခဲ့ဘူးသော ကျေးဇူးကို



၅၄၂

သိမြင်သူ ကတညူပုဂ္ဂိုလ်ဖြစ်ရကား မင်းသားနှင့်တကွ ပရိသတ်အား လိုသမျှသော အသုံးအဆောင်ကို လက်ျာဖက် လက်တချောင်းတည်းဖြင့် ညွှန်ပြပေးလှူလတ်သည်တွင် အင်္ကုရမင်းသားက ရှေးကောင်းမှုကို မေးသဖြင့် ညောင်စောင့်နတ်မင်းသည် “မိမိ ရှေးလူဖြစ်စဉ်ဘဝက ရောရုဝမြို့၌ အသယှသူဌေး၏ အိမ်အနီး ဆင်းရဲသား အပ်ချုပ်သမားဖြစ်ခဲ့၍ အသယှသူဌေး အလှူကြီးပေးသောအခါ ရောက်လာ ရောက်လာသော အလှူခံပုဂ္ဂိုလ်တို့အား ဝမ်းမြောက်ကြည်ညိုစွာ လက်ျာလက်ကို ဆန့်တန်း၍ အလှူမဏ္ဍပ်ရှိရာဌာနကို ညွှန်ပြခဲ့သော ကောင်းမှုကြောင့် ဤကဲ့သို့ လက်ျာလက်မှ အလိုရှိအပ်သမျှသော လူ့အသုံးအဆောင် စားဖွယ် သောက်ဖွယ် ဝတ်ဖွယ် အစရှိသည်တို့ တသွင်သွင် ယိုစီး၍ကျနေကြောင်းဖြင့်” ဖြေကြားခဲ့လေသည်။

ထိုညောင်စောင့်နတ်မင်းကို အားကျ၍ အင်္ကုရမင်းသားသည် ဒွါရာဝတီ နေပြည်တော်သို့ ရောက်သောအခါ ကြီးစွာသော အလှူကြီး ဇမ္ဗူဒိပ်ဘကျွန်းလုံး ထွန်တုံးပိတ် ပေးလှူသဖြင့် မင်းများ အခွန်အတုတ် မရရှိ၍ နောင်တော်မင်းတို့က အင်္ကုရညီတော်မင်းသားကို တိုင်းတိုင်းရှည်ရှည် လှူဖို့ရန် မေတ္တာရပ်ခံသောကြောင့် အင်္ကုရမင်းသားသည် ဒက္ခိဏာပထတိုင်းသို့ ပြောင်းရွှေ့သွားရောက်ကာ ဒမိဠနိုင်ငံ၌ သမုဒြာအနီးဝယ် ဆယ့်နှစ်ယူဇနာပေါက် မြေတလျောက်၌ ခုံလောက်ချင်းဆက်ကာ အနှစ်တသောင်းကြာ ကြီးစွာသော အလှူဒါနကို ပေး၍ ထို ဘဝမှ စုတေလတ်သော် တာဝတိံသာနတ်ပြည်၌ အင်္ကုရဟူသော ရှေးအမည်ရင်းဖြင့် နတ်သားဖြစ်လေသည်။

အင်္ကုရမင်းသားသည် ထိုမျှကြီးစွာ အခါရှည်မြင့် လှူဒါန်းရသော်လည်း သာသနာပြင်ပဖြစ်၍ ဒုဿီလ အလှူခံများကိုသာ လှူဒါန်းခဲ့ရကား မြေညံ့၌ စိုက်ပျိုးအပ်သော



၅၄၃

မျိုးစေ့ကဲ့သို့ အကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းပဲ ရှိရလေသည်။ ။(ဤကား အင်္ကုရနတ်သား၏ အကြောင်းအရာ အကျဉ်းချုပ်တည်း။ အကျယ်ကို အလိုရှိမူ ပိဋကတ်တော်မြန်မာပြန် ပေတဝတ္ထုပါဠိတော်၊ ၂-ဥဗ္ဗိရိဝဂ်၊ ၉-အင်္ကုရပေတဝတ္ထုမှ မှတ်ယူရာ၏)။

ဣန္ဒကနတ်သားအကြောင်း အကျဉ်းချုပ်

ဣန္ဒကနတ်သား အကြောင်းကား ဤဆိုအပ်ခဲ့သည့်အတိုင်း အင်္ကုရနတ်သားသည် တာဝတိံသာနတ်ပြည်၌ဖြစ်၍ နတ်စည်းစိမ်ကို ခံစားနေစဉ် ငါတို့၏ မြတ်စွာဘုရား လက်ထက်တော်အခါ၌ ဣန္ဒကအမည်ရှိသော လုလင်သည် ဆွမ်းခံကြွလာတော်မူသော အရှင်အနုရုဒ္ဓါမထေရ်အား သဒ္ဓါကြည်ညိုသော စိတ်ရှိလျက် တယောက်ချိုမျှသော ဆွမ်းကို လှူဒါန်းခဲ့လေသည်။

ဣန္ဒကလုလင်သည် နောက်အခါ စုတိပြတ်ကြွေ သေလွန်ခဲ့၍ သာသနာတော်တည်းဟူသော လယ်မြေကောင်း၌ ဆွမ်းတယောက်ချို အလှူဒါနတည်းဟူသော ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးခဲ့သော အာနုဘော်ကြောင့် တာဝတိံသာနတ်ပြည်၌ တန်ခိုးအာနုဘော်ကြီးသော ဣန္ဒကအမည်ရှိသော နတ်သားဖြစ်ပြီးလျှင် နတ်၌ဖြစ်သော (၁) သုံးဆောင်ဖွယ်ရာ အဆင်းအာရုံ (၂) အသံအာရုံ (၃) အနံ့အာရုံ (၄) အရသာအာရုံ (၅) အတွေ့အထိအာရုံတို့နှင့်တကွ (၆) အသက်ရှည်ခြင်း (၇) အခြံအရံများခြင်း (၈) ပုံပန်းသဏ္ဌာန်တင့်တယ်ခြင်း (၉) ချမ်းသာကြီးခြင်း (၁၀) အစိုးရခြင်း ဤဆယ်ရပ်သော ဂုဏ်ကျေးဇူးတို့ဖြင့် အင်္ကုရနတ်သားကို လွှမ်းမိုးသာလွန် တင့်တယ်လေသည်။

ထို့ကြောင့် ဤယခု အဘိဓမ္မာအစည်းအဝေး၌ အင်္ကုရနတ်သားမှာ တန်ခိုးအာနုဘော် မကြီးမားလှသောကြောင့် တန်ခိုးကြီးသည့် နတ်ဗြဟ္မာတို့ လာတိုင်း လာတိုင်း



၅၄၄

နေရာဖယ်ရှားပေးရသဖြင့် မြတ်စွာဘုရားမှ ဝေးကွာသည့် (၁၂) တဆယ့်နှစ်ယူဇနာအရပ်၌ နေရာကို ရလေသည်။ ဣန္ဒကနတ်သားမူကား တန်ခိုးကြီးသူဖြစ်၍ မြတ်စွာဘုရား၏ အနီးမှာပင် ပဌမယူအပ်သော နေရာ၌ (အခြားသို့ မရွှေ့မပြောင်းရပဲ) နေနိုင်ခွင့်ကို ရရှိလေသည်။

     မြတ်စွာဘုရားရှင်သည် ထိုအင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သား နှစ်ဦးသားတို့ကို ကြည့်ရှုတော်မူ၍ ကိုယ်တော်မြတ်၏ သာသနာ၌ မြတ်သော အလှူခံပုဂ္ဂိုလ်တို့အား လှူအပ်သော အလှူဒါန၏ အကျိုးကြီးမြတ်ကြောင်းကို သိစေတော်မူလိုသည်ဖြစ်၍ “အင်္ကုရ.. သင်သည် အနှစ်တသောင်းကြာ အခါကာလပတ်လုံး ဆယ့်နှစ်ယူဇနာတလျောက် ခုံလောက်ချင်းဆက်ကာ ကြီးစွာသောအလှူဒါနကို ပေးလှူအပ်ခဲ့ပါလျက် ယခုအခါ ငါဘုရား၏ အဘိဓမ္မာတရားသဘင် အစည်းအဝေးသို့ လာရောက်ပြီးလျှင် ဆယ့်နှစ်ယူဇနာ ဝေးကွာသောအရပ်၌ အဘယ့်ကြောင့် နေထိုင်ခွင့်ကို ရသနည်း”ဟု မေးတော်မူလိုရကား-

မဟာဒါနံ တယာ ဒိန္နံ၊ အင်္ကုရ ဒီဃမန္တရေ။

အတိဒူရေ နိသိန္နောသိ၊ အာဂစ္ဆ မမ သန္တိကေ။

အင်္ကုရ = အင်္ကုရဟု နာမထင်ရှား အို ဒါယကာနတ်သား..။ တယာ = သင်သည်။ ဒီဃမန္တရေ = အနှစ် တသောင်း ရှည်ညောင်းမြင့်ကြာ အခါအတွင်း၌။ မဟာဒါနံ = ဆယ့်နှစ်ယူဇနာပေါက် မြေတလျောက်ဝယ် ခုံလောက်ချင်းဆက်ကာ ကြီးစွာသောအလှူဒါနကို။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်ခဲ့လေပြီ။ (ဣဒါနိ = အဘိဓမ္မာ ဒေသနာနက်လေး ဤယခုအစည်းအဝေး၌)။ အတိဒူရေ = ငါဘုရားနှင့် ဝေးခြားလှစွာ ဆယ့်နှစ်ယူဇနာအရပ်၌။ (ကသ္မာ = အဘယ့်ကြောင့်)။ နိသိန္နော = တန်ခိုးကြီးစွာ နတ်ဗြဟ္မာတို့ ရောက်လာတိုင်းနောက်သို့ဆုတ်၍ ပြောင်းရွှေ့နေထိုင်သည်။ အသိ = ဖြစ်သနည်း။ မမ သန္တိကေ = ငါဘုရား၏ ထံပါးမျက်မှောက် စက်ရိပ်အောက်သို့။



၅၄၅

အာဂစ္ဆ-အာဂစ္ဆာဟိ = သော့လျင်မကြာ သင်လာရောက်ပါတော့လော့။

     ဤဂါထာကို မိန့်ဆိုမြွက်ကြားတော်မူလေသည်။(ထိုသို့ မြတ်စွာဘုရားက အင်္ကုရနတ်သားကို မေးမြန်း မြွက်ဆိုသော အသံသည် အောက်မြေအပြင်သို့ ဆိုက်ရောက်လေသည်၊ ထိုအသံကို လူရပ်လူ့ပြည်၌ရှိသော ပရိသတ်များ ကြားရလေသည်။ ဓမ္မပဒ ဋ္ဌ-၂၊ ၁၄၃-မှ)

     ဤသို့ မြတ်စွာဘုရားရှင် မေးမြန်းအပ်သည်ရှိသော် အင်္ကုရနတ်သား ပြန်လည်ဖြေကြား လျှောက်ဆိုသော တဂါထာခွဲ (၆-ပါဒ)နှင့်တကွ သင်္ဂီတိကာရကမထေရ်တို့ ဖြည့်စွက် ဟောကြားအပ်သည့် ဂါထာဝက်ပါ (၂) နှစ်ဂါထာကို ပါဠိတော်၌ ဤသို့ သံဂါယနာတင်၍ ထားအပ်လေသည်-

စောဒိတော ဘာဝိတတ္တေန၊ အင်္ကုရော ဧတဒဗြဝိ။

ကိံ မယှံ တေန ဒါနေန၊ ဒက္ခိဏေယျန သုညတံ။


အယံ သော ဣန္ဒကော ယက္ခော၊ ဒဇ္ဇာ ဒါနံ ပရိတ္တကံ။

အတိရောစတိ အမှေဟိ၊ စန္ဒော တာရာဂဏေ ယထာ။

ဘာဝိတတ္တေန = ကာယစိတ္တာ ဘာဝနာနှစ်ပါး ပွါးများတော်မူပြီးသော မြတ်စွာဘုရားသည်။ စောဒိတော = စောဒနာစစ်ဆေး မေးမြန်းအပ်သည်ဖြစ်၍။ အင်္ကုရော = သာသနာပြင်ပ ဗာဟီရဝယ် ဒါနပြုပွါး အင်္ကုရနတ်သားသည်။ ဧတံ = ဤဆိုလတ္တံ့သော အဖြေစကားကို။ အဗြဝိ = လက်အုပ်ချီမိုး ရှိခိုးလျှောက်ဆိုလေပြီ။ (ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ဒက္ခိဏေယျန = သီလဝန္တခေါ်ဆို မြတ်သော အလှူခံပုဂ္ဂိုလ်မှ။ သုညတံ = မပါလုံးလုံး ကင်းဆိတ်သုဉ်းသော။ ယံ ဒါနံ = သာသနာပြင်ပ ဗာဟီရဝယ် လုံ့လဆည်းစု အကြင် ဒါနကောင်းမှုသည်။ အတ္ထိ = ရှိ၏။ မယှံ = အကျွန်ုပ်၏။ တေန ဒါနေန = သာသနာပြင်ပ ဗာဟီရဝယ် ကာလရှည်လျား



၅၄၆

ပွါးများအားထုတ်ခဲ့သော ထိုဒါနကောင်းမှုဖြင့်။ ကိံ = အဘယ်မူစအံ့နည်း။

အယံ သော ဣန္ဒကော ယက္ခော = ရှင်တော့်ထံပါး ဤဣန္ဒကနတ်သားသည်။ ပရိတ္တကံ ဒါနံ = ဆွမ်းတယောက်ချိုမျှ အနည်းငယ်သော အလှူဒါနကို။ ဒဇ္ဇာ = အနုရုဒ္ဓါ ထေရ်မဟာအား သဒ္ဓါထိန်လင်း ပေးလှူခဲ့ခြင်းကြောင့်။ စန္ဒော = ပြာဿာဒ်ငွေသား - ရထားသည်။ တာရာဂဏေ = နက္ခတ်များစွာ ကြယ်တာရာ အပေါင်းတို့ကို။ အတိရောစတိ ယထာ = အရောင်ဖြိုးဖြိုး လွှမ်းမိုးတင့်တယ်သကဲ့သို့။ အမှေဟိ-အမှေ = သာသနာပြင်ပ ဗာဟီရဝယ် ဒါနမျိုးချယ် တန်ခိုးငယ်သော အကျွန်ုပ်တို့ကို။ အတိရောစတိ = ဌာနဆယ်မျိုး နတ်တန်ခိုးဖြင့် လွှမ်းမိုးမြင့်ကယ် တင့်တယ် ထွန်းပပါပေ၏။

     ဤသို့ အင်္ကုရနတ်သားက လျှောက်ထားသောအခါ မြတ်စွာဘုရားသည် ဣန္ဒကနတ်သားကို “ဣန္ဒက.. သင်သည် ငါဘုရား၏ လက်ျာနံပါး၌ မရွှေ့မရှား ထိုင်နေ၏။ အဘယ့်ကြောင့် (တန်ခိုးကြီးသည့်နတ်များ လာရောက်ကြသောအခါ) မဖယ်ရှားရပဲ ထိုင်မြဲ ထိုင်နေနိုင်သနည်း”ဟူ၍ မေးတော်မူ၏။ ဣန္ဒကနတ်သား သည်လည်း “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် လယ်မြေကောင်း၌ မျိုးစေ့အနည်းငယ်ကို စိုက်ပျိုးသော လယ်သမားကဲ့သို့ အလှူခံပုဂ္ဂိုလ် တည်းဟူသော လယ်မြေကောင်း၏ ပြည့်စုံခြင်းကို ရရှိခဲ့သူဖြစ်ပါသည်”ဟူ၍ လျှောက်ဆိုပြီးလျှင် မြတ်သော အလှူခံပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးကို ထင်ရှားပြလိုသည်ဖြစ်၍-

ဥဇ္ဇင်္ဂလေ ယထာ ခေတ္တေ၊

ဗီဇံ ဗဟုမ္ပိ ရောပိတံ။

န ဖလံ ဝိပုလံ ဟောတိ၊

နပိ တောသေတိ ကဿကံ။



၅၄၇

တထေဝ ဒါနံ ဗဟုကံ၊

ဒုဿီလေသု ပတိဋ္ဌိတံ။

န ဖလံ ဝိပုလံ ဟောတိ၊

နပိ တောသေတိ ဒါယကံ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ဥဇ္ဇင်္ဂလေ ခေတ္တေ = ဩဇာဓာတ်ဆီ မသီဝေးလွင့် ဆပ်ပျာပွင့်သား ကုန်းမြင့်ခေါင်ဗွေ ကျတ်တီးမြေ၌။ ရောပိတံ = လုံ့လအားကြိုး စိုက်ပျိုးကြဲချအပ်သော။ ဗီဇံ = မျိုးစေ့သည်။ ဗဟုမ္ပိ = အရေအတွက်အား များပြားလှသော်လည်း။ ဝိပုလံ ဖလံ = ပြန့်ပြောခိုင်ဖြီး အသီးကို သီးနိုင်သည်။ န ဟောတိ ယထာ = မဖြစ်သကဲ့သို့။ ကဿကံ = ထွန်ယက်လုပ်စား လယ်သမားကို။ နပိ တောသေတိ ယထာ = ပီတိဝှန်တက် မနှစ်သက်လည်း မနှစ်သက်စေနိုင်သကဲ့သို့။

တထေဝ = ထို့အတူပင်လျှင်။ ဒုဿီလေသု = ဒုဿီလခေါ်ဆို အလှူခံပုဂ္ဂိုလ်တို့၌။ ပတိဋ္ဌိတံ = လှူဒါန်းသောအား စိုက်ပျိုးတည်ထားအပ်သော။ ဒါနံ = သာသနာပြင်ပ ဗာဟီရအလှူမျိုးသည်။ ဗဟုကံ-ဗဟုကမ္ပိ = သင်္ချာဆပွား မည်မျှပင်များသော်လည်း။ ဝိပုလံ ဖလံ = ပြန့်ပြောဝှန်ဖြိုး များမြတ်သော အကျိုးရှိသည်။ န ဟောတိ = မဖြစ်နိုင်။ ဒါယကံ = ပေးလှူတတ်စွာ ဒါယကာကို။ နပိ တောသေတိ = ပီတိဝှန်တက် မနှစ်သက်လည်း မနှစ်သက်စေနိုင်ပါဘုရား။

ယထာပိ ဘဒ္ဒကေ ခေတ္တေ၊

ဗီဇံ အပ္ပမ္ပိ ရောပိတံ။

သမ္မာ ဓာရံ ပဝေစ္ဆန္တေ၊

ဖလံ တောသေတိ ကဿကံ။



၅၄၈

တထေဝ သီလဝန္တေသု၊

ဂုဏဝန္တေသု တာဒိသု။

အပ္ပကမ္ပိ ကတံ ကာရံ၊

ပုညံ ဟောတိ မဟပ္ဖလံ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ဘဒ္ဒကေ ခေတ္တေ = ဓာတ်ဆီဩဇာ ရသာပြည့်ညောင်း လယ်မြေကောင်း၌။ ရောပိတံ = လုံ့လအားကြိုး စိုက်ပျိုးကြဲချအပ်သော။ ဗီဇံ = မျိုးစေ့သည်။ အပ္ပမ္ပိ = အနည်းငယ်မျှ မပြောပလောက်သော်လည်း။ ဓာရံ = မိုးရေအယဉ်ကို။ သမ္မာ = ကောင်းမွန်မှန်ကန်စွာ။ ပဝေစ္ဆန္တေ = (မြေကောင်းဖြစ်က) ဆယ့်ငါးရက်တကြိမ်၊ (မြေအလတ်စားဖြစ်က) ဆယ်ရက်တကြိမ်< ၊ (ထိုအောက်ညံ့သော မြေဖြစ်က) ငါးရက်တကြိမ် အချိန်သင့်နိုး ရွာသွန်းဖြိုးသည်ရှိသော်။ ဖလံ = အောင်မြင်ခိုင်ဖြီး ပြည့်စုံသည့်အသီးသည်။ ကဿကံ = ထွန်ယက်လုပ်စား လယ်သမားကို။ တောသေတိ ယထာပိ = ပီတိဝှန်တက် နှစ်သက်အားရစေသကဲ့သို့။

တထေဝ = ထို့အတူသာလျှင်။ သီလဝန္တေသု = သီလကျေးဇူး အထူးကုံလုံ ပြည့်စုံတော်မူကြကုန်သော။ ဂုဏဝန္တေသု = သမာဓိဟုန် ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်သော။ တာဒိသု = တာဒိဂုဏ်ရှင် အရိယာသခင်တို့၌။ ကတံ = ပေးလှူဆက်ကပ် ပြုလုပ်အပ်သော။ ကာရံ ပုညံ = ဥပကာရကျေးဇူး ကောင်းမှုအထူးသည်။ မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိသည်။ ဟောတိ = ဩဇာဝှန်ဖြိုး လယ်မြေမျိုးဝယ် စိုက်ပျိုးအပ်ငြား မျိုးစေ့အလားလျှင် ထင်ရှား ဖြစ်နိုင်ပါ၏ဘုရား။

     ဤ (၄) လေးဂါထာတို့ကို ရွတ်ဆို လျှောက်ထားလေသည်။ ဤသို့ ဣန္ဒကနတ်သား လျှောက်ထားအပ်သည်ရှိသော် မြတ်စွာဘုရားသည် အင်္ကုရနတ်သားကို “အင်္ကုရ.. အလှူဒါနမည်သည်ကို လှူဖွယ်ဝတ္ထုကောင်း, အလှူခံပုဂ္ဂိုလ်ကောင်း = ဤနှစ်ရပ်ကို



၅၄၉

ရွေးချယ်စိစစ်၍ လှူဒါန်းမှ သင့်လျော်လျောက်ပတ်ပေ၏။ ဤသို့ ရွေးချယ်စိစစ်၍ လှူသည်ရှိသော် ထိုဒါနသည် လယ်မြေကောင်း၌ စိုက်ပျိုးအပ်သော မျိုးစေ့ကဲ့သို့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိနိုင်သည်။ သင့်မှာမူကား (သာသနာပြင်ပ ကာလဝိပတ္တိနှင့် ကြုံကြိုက်သဖြင့်) ထိုကဲ့သို့ စိစိစစ်စစ်လှူဒါန်းမှုကို မပြုနိုင်ခဲ့ချေ။ ထို့ကြောင့် သင်၏အလှူဒါနသည် (ဣန္ဒကနတ်သား၏ အလှူလောက်) အကျိုးမကြီးပဲ ဖြစ်ရလေသည်”ဟူ၍ မိန့်တော်မူပြီးလျှင် ထိုအနက်သဘောကို ထင်ရှားစေတော်မူလိုသဖြင့်-

ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊

ယတ္ထ ဒိန္နံ မဟပ္ဖလံ။

ဝိစေယျ ဒါနံ ဒတွာန၊

သဂ္ဂံ ဂစ္ဆန္တိ ဒါယကာ။


ဝိစေယျ ဒါနံ သုဂတပ္ပသဋ္ဌံ၊

ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။

ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။

ဗီဇာနိ ဝုတ္တာနိ ယထာ သုခေတ္တေ။

အင်္ကုရ = အင်္ကုရဟု နာမထင်ရှား အို ဒါယကာနတ်သား..။ ယတ္ထ-ယေသု = သီလဝန္တခေါ်ဆို အကြင် အလှူခံပုဂ္ဂိုလ်တို့၌။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = များမြတ်သော အကျိုးရှိ၏။ (တေ = ထိုသီလဝန္တခေါ်ဆို အလှူခံပုဂ္ဂိုလ်တို့ကို)။ ဝိစေယျ = ရွေးချယ်စိစစ်၍။ ဒါနံ = အလှူဒါနကို။ ဒါတဗ္ဗံ = သဒ္ဓါရှေး၍ ပေးလှူသင့်ပေ၏။ ဝိစေယျ = ရွေးချယ်စိစစ်၍။ ဒါနံ = အလှူဒါနကို။ ဒတွာန = သဒ္ဓါရှေး၍ ပေးလှူခြင်းကြောင့်။ ဒါယကာ = အလှူဒါယကာတို့သည်။ သဂ္ဂံ = နတ်ရွာသို့။ ဂစ္ဆန္တိ = လားရောက်ရကုန်၏။

ဝိစေယျ = လှူဖွယ်ဝတ္ထု, အလှူခံပုဂ္ဂိုလ် ဤနှစ်ပါးတို့ကို ကောင်းနိုးရာရာ ရွေးချယ်စိစစ်၍။ ဒါနံ = သဒ္ဓါရှေး၍



၅၅၀

ပေးလှူခြင်းကို။ သုဂတပ္ပသဋ္ဌံ = အဆူဆူသော မြတ်စွာဘုရားတို့သည် ချီးမွမ်းအပ်ပေ၏။ ဣဓ ဇီဝလောကေ = အသက်ရှည်ထွေ တည်နေပါကြ ဤလောက၌။ ယေ ဒက္ခိဏေယျာ = သီလဝန္တခေါ်ဆို အကြင် မြတ်သော အလှူခံပုဂ္ဂိုလ်တို့သည်။ သန္တိ = ရှိကုန်၏။ ဧတေသု = သီလဝန္တခေါ်ဆို ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့၌။ ဒိန္နာနိ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနတို့သည်။ သုခေတ္တေ = ဩဇာပြည့်ညောင်း လယ်မြေကောင်း၌။ ဝုတ္တာနိ = ကြဲချစိုက်ပျိုးအပ်ကုန်သော။ ဗီဇာနိ ယထာ = မျိုးစေ့ငါးတန် ဗီဇဂံတို့ကဲ့သို့။ မဟပ္ဖလာနိ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သော အကျိုးရှိကုန်၏။

     ဤကဲ့သို့ မိန့်ကြားတော်မူပြီးလျှင် ထိုမှအထက် တဆင့်တက်၍ မဂ်ရောက်ဖိုလ်တည် ဖြစ်စေရန် တရားဒေသနာကို တိုးချဲ့ဟောတော်မူလိုရကား ဤဆိုလတ္တံ့သော လေးဂါထာတို့ကို ဆက်လက် ဟောကြားတော်မူလေသည်-

တိဏဒေါသာနိ ခေတ္တာနိ၊

ရာဂဒေါသာ အယံ ပဇာ။

တသ္မာ ဟိ ဝီတရာဂေသု၊

ဒိန္နံ ဟောတိ မဟပ္ဖလံ။

ခေတ္တာနိ = ဗီဇဂံငါးမျိုး စိုက်ပျိုးကြဲချရာ လယ်မြေယာတို့သည်။ တိဏဒေါသာနိ = ပေါင်းမြက်ဟူသောအပြစ် ပေါကြပေကုန်၏။ အယံ ပဇာ = လူနတ်ဗြဟ္မာ ဤသတ္တဝါအပေါင်းသည်။ ရာဂဒေါသာ = ရာဂဟူသော အပြစ်ပေါကြပေ၏။ တသ္မာ ဟိ = ထို့ကြောင့်သာလျှင်။ ဝီတရာဂေသု = ရာဂမအောင်း အရိယာသူတော်ကောင်းတို့၌။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သော အကျိုးရှိသည်။ ဟောတိ = ဖြစ်ပေ၏။



၅၅၁

တိဏဒေါသာနိ ခေတ္တာနိ၊

ဒေါသဒေါသာ အယံ ပဇာ။

တသ္မာ ဟိ ဝီတဒေါသေသု၊

ဒိန္နံ ဟောတိ မဟပ္ဖလံ။

ခေတ္တာနိ = ဗီဇဂံငါးမျိုး စိုက်ပျိုးကြဲချရာ လယ်မြေယာတို့သည်။ တိဏဒေါသာနိ = ပေါင်းမြက်ဟူသောအပြစ် ပေါကြပေကုန်၏။ အယံ ပဇာ = လူနတ်ဗြဟ္မာ ဤသတ္တဝါအပေါင်းသည်။ ဒေါသဒေါသာ = ဒေါသဟူသော အပြစ်ပေါကြပေ၏။ တသ္မာ ဟိ = ထို့ကြောင့်သာလျှင်။ ဝီတဒေါသေသု = ဒေါသမအောင်း အရိယာသူတော်ကောင်းတို့၌။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သောအကျိုးရှိသည်။ ဟောတိ = ဖြစ်ပေ၏။

တိဏဒေါသာနိ ခေတ္တာနိ၊

မောဟဒေါသာ အယံ ပဇာ။

တသ္မာ ဟိ ဝီတမောဟေသု၊

ဒိန္နံ ဟောတိ မဟပ္ဖလံ။

ခေတ္တာနိ = ဗီဇဂံငါးမျိုး စိုက်ပျိုးကြဲချရာ လယ်မြေယာတို့သည်။ တိဏဒေါသာနိ = ပေါင်းမြက်ဟူသောအပြစ် ပေါကြပေကုန်၏။ အယံ ပဇာ = လူနတ်ဗြဟ္မာ ဤသတ္တဝါအပေါင်းသည်။ မောဟဒေါသာ = မောဟဟူသော အပြစ်ပေါကြပေ၏။ တသ္မာ ဟိ = ထို့ကြောင့်သာလျှင်။ ဝီတမောဟေသု = မောဟမအောင်း အရိယာသူတော်ကောင်းတို့၌။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သောအကျိုးရှိသည်။ ဟောတိ = ဖြစ်ပေ၏။



၅၅၂

တိဏဒေါသာနိ ခေတ္တာနိ၊

ဣစ္ဆာဒေါသာ အယံ ပဇာ။

တသ္မာ ဟိ ဝိဂတိစ္ဆေသု၊

ဒိန္နံ ဟောတိ မဟပ္ဖလံ။

ခေတ္တာနိ = ဗီဇဂံငါးမျိုး စိုက်ပျိုးကြဲချရာ လယ်မြေယာတို့သည်။ တိဏဒေါသာနိ = ပေါင်းမြက်ဟူသောအပြစ် ပေါကြပေကုန်၏။ အယံ ပဇာ = လူနတ်ဗြဟ္မာ ဤသတ္တဝါအပေါင်းသည်။ ဣစ္ဆာဒေါသာ = ငါးပါးအာရုံ ကာမဂုဏ်ကို ခုံမင်နှစ်သက် တပ်မက်တတ်စွာ ဣစ္ဆာဟူသော အပြစ်ပေါကြပေ၏။ တသ္မာ ဟိ = ထို့ကြောင့်သာလျှင်။ ဝိဂတိစ္ဆေသု = ဣစ္ဆာမအောင်း အရိယာသူတော်ကောင်းတို့၌။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သောအကျိုးရှိသည်။ ဟောတိ = ဖြစ်ပေ၏။

     ဤ ဒေသနာနိဂုံး ဆုံးလတ်သောအခါ အင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ များစွာသော နတ်ဗြဟ္မာအပေါင်းတို့အတွက်လည်း အကျိုးရသော တရားဒေသနာ ဖြစ်လေသည်။

(ဤကား အင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သားတို့၏ အကြောင်းတည်း။)

ဤတွင် အခဏ်း၂၄-ပြီး၏။