မဟောသဓဇာတ်တော်ကြီး/အခန်း-၂၈
ဥဒုမ္ဗရဒေဝီမိဖုရားသည် “မဟောသဓသုခမိန်ကို မှီ၍သာလျှင် သေနကအစရှိသော သုခမိန်တို့သည် အဖြေဂါထာကို ရကုန်သည်”ဟု သိသဖြင့်၊ မင်းကြီးသည် သုခမိန် ၅-ယောက်တို့ကို ထပ်တူပြု၍ချီးမြှောက်ကြောင်းကို ဥဒုမ္ဗရဒေဝီမိဖုရားကြားလေသော် ဤသို့အကြံဖြစ်၏။ “မင်းကြီးသည် ပဲနောက်နှင့်ပဲကြီးကို ထပ်တူပြုသကဲ့သို့လည်းကောင်း၊ ကောက်စပါးနှင့်သလေးစပါးကို ထပ်တူပြုသကဲ့သို့လည်းကောင်း၊ ကာဠာဝကဆင်နှင့် ဥပေါသထဆင်ကို ထပ်တူပြုသကဲ့သို့လည်းကောင်း၊ ငါ့မောင်၏ပညာကိုမှီ၍ အသက်ရှင်သော သုခမိန်၄-ယောက်တို့နှင့် ငါ့မောင်ကိုထပ်တူပြု၍ မင်းကြီး ချီးမြှောက်တော် မမူသင့်။ ငါ့မောင် မဟောသဓသုခမိန်အား အထူးသဖြင့် ချီးမြှောက်တော်မူထိုက်သည်တကား”ဟု ကြံပြီးလျှင်၊ ဝိဒေဟရာဇ်မင်းကြီးထံသို့သွား၍ “အရှင်မင်းကြီး။ ကိုယ်တော်၏ပြဿနာကို အဘယ်သုခမိန် ဖြေပေသနည်း”ဟု လျှောက်၏။ မင်းကြီးလည်း “အဘယ်။ သုခမိန် ၅-ယောက်လုံးပင် ဖြေနိုင်ကြပေ၏”ဟု ဆို၏။
ဥဒုမ္ဗရဒေဝီသည် ထိုစကားကိုကြားလျှင်“အရှင်မင်းကြီး။ မဟောသဓသုခမိန်ကို မှီ၍သာလျှင် ထို၄-ယောက်ကုန်သော သုခမိန်တို့သည် ဖြေနိုင်ပါသည်။ မိမိတို့၏အစွမ်းဖြင့် ဖြေဆိုနိုင်သည် မှတ်တော်မမူလင့်”ဟု လျှောက်၏။ မင်းကြီးလည်း “အဘယ်။ သင် ယခုပြောမှ သိရ၏။ ငါ ဤစကားကို မကြားချေ။ သေနကအစရှိသော သုခမိန်၄-ယောက်တို့လည်း ရဲရင့်စွာဝန်ခံ၍ သူတို့ဉာဏ်စွမ်းနှင့်ပင် ဖြေနိုင်ဟန်ရှိပေသည်”ဟုဆို၏။ ဥဒုမ္ဗရဒေဝီသည် ထိုစကားကိုကြားလျှင် “အရှင်မင်းကြီး။ သေနကအစရှိသော သုခမိန်တို့သည် ပညာရှိအယောင်ဆောင်၍ လျှောက်သည်ကိုသာ ကြားသိတော်မူရသဖြင့် ဟုတ်နိုးထင်တော်မူပါသည်။ ထိုသူတို့၏အကြောင်းမူကား အကျွန်ုပ် ကြားသိရ၏။ မိမိတို့သည် ပြဿနာတော်၏အနက်ကို မကြံနိုင်ဘဲလျှင် ဝန်ခံမိသောရာဇဝတ်ရေးကြောင့် နှလုံးသွေးမငြိမ်သဖြင့် တစ်ဦးအိမ်သို့တစ်ဦး ကူးသန်းသွားလာကာ မျက်နှာညှိုးငယ် ကိုးကွယ်ရာမရသည်နှင့် မဟောသဓအိမ်သို့ လာရောက်ကြ၍ ခယတောင်းပန်ပြုသည်တွင် မဟောသဓသုခမိန်က ထိုသူတို့၏ စည်းစိမ်,အသက် ပျက်စီးလိမ့်မည်တစ်ကြောင်း၊ ထီးဖြူဆောင်းခြင်း မင်းတစ်ပါးတို့က “ဤပြည်တော်၌ ၅-ယောက်သော သုခမိန်အမတ်ကောင်းရှိ၏”ဟူသောစကားနှင့် ခံ့ညားလောက်ပေသော အရှင့်ဘုန်းကျက်သရေတော် ပျက်စီးလိမ့်မည်တစ်ကြောင်း ကောင်းမြတ်သောဆန္ဒနှင့် ထောက်ဆစာနာ၍ တစ်ဂါထာစီ သင်ချလိုက်သောကြောင့်သာ ထိုပညာရှိ၄-ယောက်တို့ ရှေ့တော်၌ လျှောက်ထားဖြေဆိုစရာ ရပါသည်။ ထိုသို့ဖြစ်၍ မဟောသဓသုခမိန်၌ ဂုဏ်အထူးရှိပေသူ စင်စစ်မှန်လျက် မဟောသဓအသက်ကိုသာအမှီပြု၍ အသက်ရှူရသော အမတ်၄-ယောက်တို့နှင့် ထပ်တူပြုသဖြင့် ချီးမြှောက်တော် မမူသင့်ပါ။ ဂုဏ်အမြင့်အနိမ့်လိုက်၍ ထိုက်ရာသာ ချီးမြှောက်သင့်ပါသည်”ဟု လျှောက်၏။
ဝိဒေဟရာဇ်မင်းကြီးသည် မိဖုရားစကားကိုကြားလျှင် “အဘယ်။ ဤသို့သောအခြင်းအရာကို ငါ အလျင်အစက မသိရပါလေ။ ယခု သင့်စကားကိုကြားရပြန်လျှင် ငါ့သားမဟောသဓအား အလွန် နှစ်သက်မြတ်နိုးခြင်း ငါ၌ဖြစ်၏။ ဤသို့ ဂုဏ်အထူးရှိပေသောသူကို ထူး၍မြတ်နိုးသည်နှင့်အညီ ယခုထူး၍ပြုပြင်ရမည်လည်း ထပ်တူပြုမိချေပြီးဖြစ်သောကြောင့် ငါတို့မင်းဣန္ဒြေကို မဖျက်သာပြီ။ သည်တစ်ကြိမ်တွင် ထပ်တူပင် ဖြစ်စေဦးတော့။ အထူးနောက်တစ်ဖန် ငါကြံ၍ ပြဿနာပြဦးအံ့။ ထိုပြဿနာ အဖြေပွဲကြိမ်ခါမှ စည်းစိမ်အထူးအခြားဖြင့် ငါ့သား မဟောသဓကိုသာ ချီးမြှောက်အံ့”ဟုဆိုပြီးသော်၊ ဝိဒေဟရာဇ်မင်းကြီးသည် ပြဿနာအထူးကို ရှာကြံပြန်သဖြင့် သိရီမန္တပြဿနာကို ကြံမိလေ၏။
တစ်နေ့သ၌ သုခမိန်၅-ယောက်တို့သည် နန်းတော်သို့ဝင်၍ မင်းကြီးအား ခစားကြလေသော် ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ်ကို “ဆရာအမတ်ကြီး။ သင့်အား ငါ ပြဿနာမေးမည်။ သင် ဖြေနိုင်အံ့လော”ဟု မေး၏။ သေနကအမတ်လည်း “အရှင်မင်းကြီး။ အမေးတော်ရှိလျှင် အကျွန်ုပ်မှတစ်ပါး အဘယ်သူ ဖြေနိုင်အံ့နည်း”ဟု လျှောက်လျှင်၊ မင်းကြီးသည် သိရီမန္တပြဿနာကို မေးလိုသည်ဖြစ်၍ ဂါထာ၂-ဆယ်တို့တွင် ရှေးဦးဖြစ်သော-
“ပညာယုပေတံ သိရိယာ နိဟီနံ၊ ယသဿိနံ ဝါပိ အပေတပညံ။
ပုစ္ဆာမိ တံ သေနက ဧတမတ္ထံ၊ ကမေတ္ထ သေယျော ကုသလာ ဝဒန္တိ။”
ဟူသော ဂါထာဖြင့် ဆို၏။
သေနက၊ သေနကအမတ်။ တံ၊ သင့်ကို။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ ပုစ္ဆာမိ၊ ငါမေးအံ့။ ပညာယ၊ ပညာနှင့်။ ဥပေတံ၊ ပြည့်စုံ၏။ သိရိယာ၊ စည်းစိမ်မှ။ နိဟီနံ၊ ယုတ်၏။ ယသဿိနံဝါပိ၊ စည်စိမ်းချမ်းသာနှင့်သော်ကား ပြည့်စုံ၏။ အပေတပညံ၊ ပညာမူကား မရှိ။ ဧတ္ထ၊ ဤ၂-ယောက်သောသူတို့တွင်။ ကိံ၊ အဘယ်သူကို။ သေယျော၊ မြတ်၏ဟူ၍။ ကုသလာ၊ ပညာရှိတို့သည်။ ဝဒန္တိ၊ ဆိုကုန်သနည်း။
အဓိပ္ပာယ်ကား-
“သေနကသုခမိန်အမတ်ကြီး။ ထိုသို့ သင်ဖြေနိုင်တပြီးကား ငါမေးအံ့။ ဤလောက၌ ၂-ယောက်သောသူတို့တွင် တစ်ယောက်ကား ပညာရှိ၏။ စည်းစိမ်သော်ကား ထိုသူ၌ မရှိ။ တစ်ယောက်ကား စည်းစိမ်ရှိ၏။ ပညာသော်ကား ထိုသူ၌မရှိ။ ထိုသူ၂-ယောက်တို့တွင် အဘယ်သူကို ပညာရှိတို့သည် အမြတ်ဆိုကုန်သနည်း”ဟု မေး၏။
သေနကသုခမိန်သည် မင်းကြီးစကားကိုကြားလျှင် မိမိမှူးရိုးမတ်နွယ် ပြန့်ကြွယ်သောစည်းစိမ်ကြီးသား ဖြစ်သည်နှင့်အညီ အနွယ်အမျိုးသို့လိုက်သဖြင့် ပြဿနာ၏အနက်သဘောကို ကြာမြင့်စွာမကြံ၊ လျင်မြန်စွာပင်လျှင်-
“ဓီရာ စ ဗာလာ စ ဟဝေ ဇနိန္ဒ၊ သိပ္ပူပပန္နာ စ အသိပ္ပိနော စ။
သုဇာတိမန္တောပိ အဇာတိမဿ၊ ယသဿိနော ပေသကာရာ ဘဝန္တိ။
ဧတမ္ပိ ဒိသွာန အဟံ ဝဒါမိ၊ ပညော နိဟီနော သိရိမာဝ သေယျော။”
ဟူသော ဂါထာခွဲဖြင့် ဖြေဆို၏။
ဇနိန္ဒ၊ လူအပေါင်းတို့ကို အစိုးရတော်မူသော အရှင်မင်းကြီး။ ဓီရာ စ၊ ပညာရှိတို့သည်လည်းကောင်း။ ဗာလာ စ၊ သူမိုက်တို့သည်လည်းကောင်း။ သိပ္ပူပပန္နာ စ၊ နှုတ်အတတ် လက်အတတ်ကိုတတ်ကုန်သော သူတို့သည်လည်းကောင်း။ အသိပ္ပိနော စ၊ နှုတ်အတတ် လက်အတတ်ကို မတတ်ကုန်သောသူတို့သည်လည်းကောင်း။သုဇာတိမန္တောပိ၊ အမျိုးမြတ်ကုန်သော သူတို့သည်လည်းကောင်း။ အဇာတိမန္တာပိ၊ အမျိုးယုတ်ကုန်သော သူတို့သည်လည်းကောင်း။ ယသဿိနော၊ စည်းစိမ်ဥစ္စာရှိသောသူ၏။ ပေသကာရာ၊ အစေအပါးတို့သည်။ ဟဝေ၊ စင်စစ်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧတံပိ၊ ဤအကြောင်းကိုလည်း။ ဒိသွာန၊ မြင်သောကြောင့်။ ပညော၊ ပညာရှိသည်။ နိဟီနော၊ ယုတ်၏။ သိရိမာဝ၊ စည်းစိမ်ဥစ္စာရှိသော သူသာလျှင်။ သေယျောတိ၊ မြတ်၏ဟူ၍။ အဟံ၊ အကျွန်ုပ်သည်။ ဝဒါမိ၊ ဆို၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ ဤလောက၌ ပညာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဓမ္မသတ်ကျမ်း, ဆေးကျမ်း, ဗေဒင်, ယတြာကျမ်းအစရှိသော နှုတ်အတတ်၊ ပန်းချီပန်းပု,ဗိသုကာ အစရှိသော လက်အတတ်၊ ဤသိပ္ပမျိုးအတတ်ကိုပင် တတ်သည်ဖြစ်စေ, မတတ်သည်ဖြစ်စေ, အမျိုးမြတ်သည် ဖြစ်စေ, ယုတ်သည်ဖြစ်စေ၊ အလုံးစုံကုန်သော သူအပေါင်းတို့သည် စည်းစိမ်ဥစ္စာအခြံအရံနှင့် ပြည့်စုံသောသူ၏ အစေအပါးသာ ဖြစ်ရကုန်၏။ ဤသို့ လူတို့၌ဖြစ်သော အထင်အမြင်ကိုထောက်သဖြင့်ပင် ပညာရှိသောသူထက် စည်းစိမ်ရှိသောသူ မြတ်ကြောင်းကို သိရပါသည်”ဟုဆို၏။
သေနကသုခမိန်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် ပက္ကုသအစရှိသော အမတ်၃-ယောက်တို့ကို မမေးမူ၍၊ သုခမိန် ၅-ယောက်တို့တွင် အငယ်နေရာ ၅-သွယ်တွင်အဆုံးနေရာဖြစ်သော ဘုရားလောင်း မဟောသဓသုခမိန်ကိုသာလျှင် “တုဝမ္ပိ ပုစ္ဆာမိ အနောမပည” အစရှိသောဂါထာဖြင့် “မယုတ်မလျော့သော ပညာဂုဏ်နှင့် အလုံးစုံသောတရားကိုသိမြင်တတ်သော မဟောသဓသုခမိန်။ သင့်ကိုလည်း ငါ မေးတော်မူအံ့။ “ပညာသာ ရှိသောသူနှင့် စည်းစိမ်သာ ရှိသောသူ၊ ဤသူ၂-ယောက်တို့တွင် အဘယ်သူမြတ်သနည်း”ဟု သေနကသုခမိန်အား ငါမေးတော်မူလျှင် “စည်းစိမ်ရှိသောသူသာ မြတ်ကြောင်း”ကို ဆို၏။ သင်ကား အဘယ်သို့ထင်သနည်း”ဟု မေး၏။
ဘုရားလောင်း မဟောသဓသုခမိန်သည် မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ အမေးတော်မြတ်ကို ဖြေလျှောက်ပါမည်။ သတိတော်စွဲ၍ နာတော်မူပါ”ဟု လျှောက်ပြီးလျှင်-
“ပါပါနိ ကမ္မာနိ ကရောတိ ဗာလော၊ ဣဒမေဝ သေယျာ ဣတိ မညမာနော။
ဣဓလောကဒဿီ ပရလောကမဒဿီ၊ ဥဘယတ္ထ ဗာလော ကလိမဂ္ဂဟေသိ။
ဧတမ္ပိ ဒိသွာန အဟံ ဝဒါမိ၊ ပညောဝ သေယျော န ယသဿိ ဗာလော။”
ဟူသော ဂါထာဖြင့်ဖြေလျှောက်၏။
မဟာရာဇ၊ အရှင်မင်းကြီး။ ဗာလော၊ သူမိုက်သည်။ ဣဒမေဝ၊ ဤစည်းစိမ်သာလျှင်။ သေယျာဣတိ၊ မြတ်၏ဟူ၍။ မညမာနော၊ အောက်မေ့လျက်။ ပါပါနိ ကမ္မာနိ၊ မကောင်းမှုတို့ကို။ ကရောတိ၊ ပြု၏။ ဗာလော၊ သူမိုက်သည်။ ဣဓလောကဒဿီ၊ ဤပစ္စုပ္ပန်လောကကိုသာ ရှုလေ့ရှိသည်ဖြစ်၍။ ပရလောကမဒဿီ၊ တမလွန်လောကကို ရှုလေ့မရှိသည်ဖြစ်၍။ ဥဘယတ္ထ၊ ၂-ပါးစုံသောလောက၌။ ကလိံ၊ အရှုံးကို။ အဂ္ဂဟေသိ၊ ယူ၏။ ဧတမ္ပိ၊ ထိုအကြောင်းကိုလည်း။ ဒိသွာန၊ မြင်သောကြောင့်။ ပညောဝ၊ ပညာရှိသောသူသည်သာလျှင်။ သေယျော၊ မြတ်၏။ ယသဿီဗာလော၊ စည်းစိမ်ရှိသောသူမိုက်သည်။ နသေယျော၊ မမြတ်။ ဣတိ၊ ဤသို့။ အဟံ၊ အကျွန်ုပ်သည်။ ဝဒါမိ၊ ဆို၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ ကောင်းမှု,မကောင်းမှု၌ အကျိုး,အပြစ်ကို မသိမမြင်ကုန်သော ပညာမဲ့သူလူအပေါင်းတို့သည် စည်းစိမ်ဥစ္စာကိုသာ အမြတ်တနိုး တိုးပွားစေခြင်းငှာ ဥစ္စာရမ္မက်ကြောင့် သူ့အသက်, သူ့ဥစ္စာ, သူ့အိမ်ရာ မရှောင်ရှား၊ စကားအမှန်မဆို၊ ယဇ်မျိုးကိုသောက်စားခြင်းအစရှိသော အကုသိုလ် ၁၀-ဖြာကို မလိမ္မာသည်အလျောက် ပြုကျင့်ကုန်၏။ ထိုသူမလိမ္မာသည် ဥစ္စာရှင် ခံရတုံသော်လည်း ဤပစ္စုပ္ပန်၌ ဂုဏ်သရေညှိုးနွမ်း၍ ချီးမွမ်းဖွယ် မရှိ။ နောက်ပြီးတစ်ဖန် သေလွန်ပြန်လည်း ၄-တန်သောအပါယ်တို့၌ ကိုးကွယ်ရာမရ ခံရ၍၊ တစ်ဖန် လူဖြစ်ပြန်လည်း ဆိုးညစ်ယုတ်မာ ညံ့သောအမျိုးတို့၌ ဖြစ်လတ္တံ့မှန်သဖြင့် ၂-တန်စလုံး အရှုံးကိုသာ ယူရ၏။ ထိုသို့ သူမိုက်တို့၌ အပြစ်ကိုမြင်သောကြောင့် ဥစ္စာမရှိသော်လည်း ပညာရှိသောသူသည် သာလျှင် ဥစ္စာရှိသောသူမိုက်ထက် မြတ်၏”ဟု အကျွန်ုပ် ဆိုပါသည်”ဟု လျှောက်၏။
(သုခမိန် ၂-ယောက်တို့ နောင်ဆိုလတ္တံ့သော အဖြေအတင်စကားမှာ ဂါထာများကို မရေးပြီ။ သိသာမှတ်လွယ်အောင် အဓိပ္ပာယ်စကားပြေကိုသာ အနေသင့်စီကုံး၍ ရေးလိုက်အံ့။)
ထိုသို့ မဟောသဓသုခမိန်စကားကိုကြားလျှင် မင်းကြီးသည် သေနကသုခမိန်ကိုကြည့်လျက် “သေနကအမတ်ကြီး။ သင်ကလည်း စည်းစိမ်ရှင်သူမိုက်ကို အမြတ်ဆိုသည်။ ယခု မဟောသဓကလည်း ပညာရှင်သူဆင်းရဲကို အမြတ်ထင်သည်။ သင်တို့ သုခမိန်၂-ယောက်ပင် စကားအယူ မတူမညီကြ”ဟုဆို၏။
မင်းကြီးစကားကိုကြားလျှင် သေနကအမတ်ကြီးသည် “အရှင်မင်းကြီး။ မဟောသဓကား အသက်အရွယ် ငယ်သေးသည်ဖြစ်၍ အကြားအမြင် ထုံးသက်သေကို မသိ။ မိမိခံတွင်းမှ နို့ရည်နံ့မျှ မစင်သေး။ ဤအရေးများမှာ သတို့သားမဟောသဓ သိရာစိမ့်မည်မဟုတ်။ အတ္ထုပ္ပတ္တိ သက်သေထုံးနှင့် နှလုံးတော်မြတ်နှိုင်းချိန်ရန် စည်းစိမ်ရှင်မြတ်ကြောင်းကို လျှောက်ပါမည်”ဆို၍ “န သိပ္ပမေတံ ဝိဒဓာတိ ဘောဂံ” အစရှိသောဂါထာဖြင့်လျှောက်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ နေပြည်တော်၌ ဂေါဝိန္ဒသူဌေးကြီးကို သက်သေထုတ်၍ အယုတ်အမြတ်ကို ဆင်ခြင်တော်မူပါ။ ဤဂေါဝိန္ဒသူဌေးသည် ကိုယ်သဏ္ဌာန် အရုပ်အဆင်းလည်း ရှုချင်ဖွယ် မရှိ။ မိမိစကားပြောလျှင် နှုတ်ခမ်း၂-ဘက်မှ ယိုထွက်သောလျှာရည်အရိဖြင့် ရွံဖွယ်လိခမန်း ရှိ၏။ ချစ်ခင် တွယ်တာစရာ မိမိမှာ သားသမီးတစ်ယောက်မျှလည်း မရှိ။ တစိုးတစိမျှသော အတတ်ပညာကိုမျှလည်း မတတ်။ ထိုသို့လျက် ကုဋေ၈၀-ဥစ္စာကြွယ်သော စည်းစိမ်ကြီးရှင်ဖြစ်ချေသောကြောင့် ဤမြို့တော်တွင် ပညာရှိသူဖြစ်စေ, မရှိသူဖြစ်စေ ဥစ္စာပစ္စည်းမကုံမလုံ ဆင်းရဲငြိုငြင်သောသူတို့သည် ထိုဂေါဝိန္ဒသူဌေးကို မှီ၍သာလျှင် အသက်မွေးကြကုန်၏။ ဤအခြင်းအရာကို မြင်၍ “ပညာရှိသောသူဆင်းရဲထက် စည်းစိမ်ရှိသောသူမိုက် မြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟု လျှောက်၏။
(ဤစကား၌ ဂေါဝိန္ဒသူဌေးသည် အဘယ်မျှလောက် စည်းစိမ်ကြီးလေသနည်းဟူမူကား ထိုသူဌေးစကားပြော၍ နှုတ်ခမ်း၂-ဘက်မှ လျှာရည်အရိယိုထွက်လျှင် နတ်သမီးတမျှလှသော အရွယ်တန်သတို့သမီး၂-ယောက် သူဌေးကြီး၏ နံပါး၂-ဘက် လက်ဝဲလက်ယာနေလျက် ကြာညိုပန်းကိုယ်စီနှင့် လျှာရည်အရိကိုခံပြီးလျှင် လေသာပြတင်းပေါက်ဖြင့် ထိုလျှာရည်ခံကြာညိုပွင့်ကို ပစ်စွန့်လိုက်၏။ သေသောက်ကြူးတို့သည် ကြာညိုပန်းလိုကြလျှင် ထိုဂေါဝိန္ဒသူဌေးကြီးအိမ်သို့သွား၍ ကြာညိုပွင့်ပစ်စွန့်ရာ ပြတင်းဝပြင်ကနေလျက် “အရှင်သူဌေးကြီး”ဟု အသံပေးကြကုန်၏။ ဂေါဝိန္ဒသူဌေးသည် “အဘယ်နည်း။ သင်တို့”ဟုမေးလတ်သော်၊ နှုတ်ခမ်း၂-ဘက်မှ လျှာရည်အရိတို့သည် စက်ဆုပ်ဖွယ်လိ ယိုထွက်ကုန်၏။ ထိုလျှာရည်အရိကို ကြာညိုပန်းဖြင့် သတို့သမီး၂-ယောက်ခံ၍ ပြတင်းပေါက်သို့ ပစ်ချလိုက်သဖြင့်၊ ကြာညိုပွင့်ကို သေသောက်ကြူးတို့ကောက်ယူ၍ နား၂-ဘက်တို့၌ ထိုးပန်လျက် သေတင်းကုပ်သို့သွားကြကုန်၏။ ဤသို့သော စည်းစိမ်ကြီးဖြစ်၍ သေနကသုခမိန်သည် ထိုဂေါဝိန္ဒသူဌေးကို သက်သေပြု၍ မင်းကြီးအား လျှောက်ထားသတည်း။)
ထိုသို့ သေနကအမတ်စကားကိုကြားလျှင် မင်းကြီးသည် “မဟောသဓသုခမိန်။ သေနကအမတ်ကြီးက စည်းစိမ်ရှင် မြတ်ကြောင်းကို သက်သေထုတ်၍ ဆိုချေသည်။ သင်ကား အသို့နည်း”ဟု မေး၏။
မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ သေနကအမတ်ကြီးအလို အဆိုစကားမှာ လေး,မြား,ညွှတ်, ကျော့ကွင်းကိုမမြင်၊ စားချင်သောအာသာနှိမ်နင်း၍ ထမင်းလုံးကြရာ ဝင်လာနားလာ စားလာသောကျီးကဲ့သို့လည်းကောင်း၊ ဦးခေါင်းပေါ်၌ လက်ရိုက်, ဆောက်ပုတ်, တုတ်, လှံတံကို မမျှော်လှမ်း၊ နို့ဓမ်းအိုး၌ဝင်၍စားသော အိမ်ခွေးကဲ့သို့လည်းကောင်း၊ ကောင်း,မကောင်း ရာ,မရာကို ပညာမရှိ၍ မသိတတ်သဖြင့် မကျင့်အပ်သောတရားကို ကျင့်မှားချေသော် သေလွန်ခါ၌ ချမ်းသာမရှိ ဒုဂ္ဂတိသို့လားကြောင်း မကောင်းမှုဖြစ်ရာပေသည့် အကြောင်းကိုကား သေနကဆရာ ဆင်ခြင်၍မဆို။ ထိုသူမလိမ္မာ၌ တစ်သက်လျာမျှ ချမ်းသာသောအကျိုးကိုသာ မျက်စိအမြင်အထင်နှင့် ဆိုခြင်းသာဖြစ်ပါသည်။ ပညာရှိသောသူသာလျှင် မြတ်ကြောင်းကို သိသာထင်ရှားအောင် လျှောက်ပါမည်” ဆို၍ “လဒ္ဓါသုခံ ပမဇ္ဇတိ အပ္ပပညော” အစရှိသောဂါထာဖြင့် ဖြေဆို၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ ပညာမရှိသောသူသည် ဘဝဟောင်းက ကောင်းမှုကံ တော်တော်ငြားငြား အခွင့်အသင့်ကြိမ်၍ စည်းစိမ်ဥစ္စာရှင် ခံရလျှင်ပင် ထိုစည်းစိမ်ဥစ္စာလည်း မကွာမပျက်၊ အသက်လည်း မသေနိုင်ပြီလောက်မှတ်ထင်လျက် ဥစ္စာရမ္မက်၌သာလျှင် နှစ်သက်မွေ့လျော်ခြင်း စည်းစိမ်ယစ်သဖြင့် ကုသိုလ်တရားတို့၌မေ့လျော့၍ စိတ်၏အလိုပါ ပျော်ရာရွှင်ရာ အမှုဒုစ္စရိုက်ကိုသာ ပြုကျင့်လေ့လာသဖြင့် ၄-ဖြာသော အပါယ်လားကြောင်း မကောင်းမှုဝန်ကို ရွက်ဆောင်၏။ ထိုစည်းစိမ်ဥစ္စာ၏သဘောသည် အရိပ်ကောင်းကိုမြင်၍ ဝင်နားလာသော ဧည့်သည်သဖွယ်မျှ တစ်ခဏနားနေရုံ အခိုက်အတန့်သာ ဖြစ်ခြင်းရှိသဖြင့် မိမိ၌ရောက်သော စည်းစိမ်ဥစ္စာသည် အတည်မမြဲ ဖောက်လွဲပျက်ပြုန်း ဆုံးရှုံးလျော့ပါးခဲ့သော်လည်းကောင်း၊ စည်းစိမ်တည်ခိုက်ပင်ဖြစ်စေကာမူ ထိုသူမိုက်၌ ထိခိုက်ပေါက်ရောက်လာသော စိုးရိမ်ကြောင့်ကြရန် အမှုတစ်ခုခုကြောင့် ကိုယ်,စိတ်၏ဆင်းရဲခြင်း တွေ့ကြုံသော်လည်းကောင်း ထိုသူသည် နောင်အရေး, ယခုအရေးကိုပင် တွေးခေါ်မြင်မြော်တတ်သော ပညာမရှိချေ၍ ရေထဲမှထုတ်ယူလျက် သဲပူသောင်ပြင်သို့ တင်ပစ်လိုက်သော ငါးနှင့်အတူ အသစ်ထူထောင်၍ ချမ်းသာအောင်အကြံမရ။ ရှေးကချမ်းသာဖူးသည်ကိုသာ အောက်မေ့တမ်းဆိုလျက် ကိုယ်စိတ်လျော့ညံ့၍ တဆန့်ငင်ငင် ပူပင်ပြင်းပြ ဒုက္ခကြီးစွာကို သူယုတ်မာ၏ခံရခြင်းဖြင့် ခံရတတ်၏။ ဤသို့ သူမိုက်တို့၌ အပြစ်ကိုမြင်သောကြောင့် “စည်းစိမ်ပင်မရှိသော်လည်း ပညာရှိသောသူသာလျှင် မြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟု လျှောက်၏။
မဟောသဓသုခမိန်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် သေနကသုခမိန်မျက်နှာကို ကြည့်လျက် “သေနကဆရာအမတ်။ မဟောသဓသုခမိန်က ပညာရှိမြတ်ကြောင်းကို ယခု ပုံဆောင်၍ ဆိုပြန်ချေသည်။ ဆရာကား အသို့နည်း”ဟု မေး၏။
သေနကသုခမိန်သည် “အရှင်မင်းကြီး။ မဟောသဓကား အရာရာသော လူရေးလူမှုတို့၌ ငယ်နုသေးသည်ဖြစ်၍ မသိ။ အသက်ရှိသောသူကို မဆိုနှင့်ဦး။ တော၌ရောက်သော သစ်ပင်မှသော်လည်း ငှက်အပေါင်းတို့၏ မှီခိုရာဖြစ်ပါသေးသည်”ဟု လျှောက်ပြီးလျှင် “ဒုမံ ယထာ သာဒုဖလံ အရညေ” အစရှိသောဂါထာဖြင့်ဆို၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ တောအရပ်ဝယ် တင့်တယ်သောအရိပ်ကြီးနှင့် အသီးချိုဆိမ့်စွာ ပင်လုံးကျွတ်သီးသော သစ်ပင်ကြီး၌ အရပ်၈-မျက်နှာမှ ငှက်အပေါင်းတို့သည် လာကုန်၍ သစ်သီးအလို့ငှာ ခိုဝင်ဆည်းကပ်ကြကုန်သကဲ့သို့၊ ထို့အတူ စည်းစိမ်ဥစ္စာကြွယ်ဝသော သူတို့၌လည်း ခပ်သိမ်းသောလူအပေါင်းတို့သည် ဥစ္စာအလို့ငှာ မှီဝဲဆည်းကပ်ရကုန်သည်သာ ဖြစ်၏။ ဤသို့သောအကြောင်းကိုမြင်၍ ပညာရှိသောသူထက် ဥစ္စာရှိသောသူ မြတ်၏ဟု အကျွန်ုပ်ဆိုပါသည်”ဟု လျှောက်၏။
ထိုစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “ချစ်သား။ အသို့နည်း”ဟု မဟောသဓကို မေး၏။
မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ သေနကဆရာအမတ်အား အရှင်၏အချီးအမြှောက် စည်းစိမ်တော်ကိုမှီ၍ အဆီ, ဩဇာ, အရသာကောင်းများကို အစားကြူးသောကြောင့်သာ ဘီလူးကိုယ်ကဲ့သို့ မိုမောက်အိတွဲသော ဝမ်းဗိုက်,ရင်အုံ ရှိပါသည်။ ဝမ်းဗိုက်ကဲ့သို့ သူတစ်ပါး ထင်ရှားသိသာအောင် ပညာသတ္တိမူကား မိမိ၌ အဘယ်မှာရှိနိုင်အံ့နည်း။ ဤမျှလောက် လျှောက်ထား၍ စိတ်သဘောကျတော်မမူသေးပါလျှင် နာတော်မူဦးလော့”ဟုဆို၍ “န သာဓု ဗလဝါ ဗာလော၊ သာဟသံ ဝိန္ဒတေ ဓနံ” အစရှိသော ဂါထာဖြင့် လျှောက်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး၊ ပညာမရှိသောသူသည် ပစ္စုပ္ပန်, သံသရာ အကျိုးအပြစ်ဖြစ်လတ္တံ့သည်ကို မသိမမြင်ခြင်းကြောင့် သူတစ်ပါးတို့အား ကိုယ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း အနိုင်အထက်နှိပ်စက်၍ စည်းစိမ်ဥစ္စာကို ရ၏။ ထိုသူမိုက်၌ရသော စည်းစိမ်ဥစ္စာအပေါင်းသည် ကောင်းသောရခြင်း မဟုတ်။ ယုတ်မာသော ထိုဥစ္စာပင်လျှင် ပညာမရှိသောမိမိကို စုတိစိတ်ကျ၍ ဘဝပြောင်းလဲသော် ငရဲထိန်းတို့ခြောက်ခြိမ်းသံနှင့် ကြောက်ရွံ့မြည်တမ်းစဉ်ပင် မရှင်မသေ ရွှေရောင်ကဲ့သို့ ညီးညီးပြောင်ပြောင် တောက်လောင်သောငရဲမီးလျှံတွင်းသို့ ဆင်းဟု ငင်ဆွဲပစ်ချတတ်၏။ ဤသို့ သူမိုက်တို့၌ အပြစ်ကိုမြင်သောကြောင့် “ပညာရှိသော သူသာလျှင် မြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟု လျှောက်၏။
ထို မဟောသဓသုခမိန်စကားကို ကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “ဆရာသေနက။ မဟောသဓက သူမိုက်တို့၌ အပြစ်ကိုပြ၍ ဆိုချေသည်။ သင်ကား အသို့နည်း”ဟု သေနကသုခမိန်အား မေးပြန်၏။ သေနကအမတ်သည် “အရှင်မင်းကြီး။ နာတော်မူဦးလော့”ဟု ဆို၍ “ယာ ကာစိ နဇ္ဇော ဂင်္ဂမဘိဿဝန္တိ” အစရှိသောဂါထာဖြင့် လျှောက်ပြန်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး၊ အသွယ်သွယ်အခြားခြား များစွာကုန်သော မြစ်ငယ်တို့သည် မိမိတို့ အမည်အသီးအသီးဖြင့် စီးလာလတ်၍ ဂင်္ဂါမြစ်သို့ သက်ဝင်သည်ရှိသော် မိမိတို့အမည်ကို စွန့်သဖြင့် “ဂင်္ဂါ”ဟူသော အရေအတွက်သို့သာ ရောက်လေသကဲ့သို့လည်းကောင်း၊ ချောင်းငယ်မြစ်ငယ်တို့၏သက်ဝင်ရာ ဂင်္ဂါမြစ်သည်လည်း မဟာသမုဒ္ဒရာသို့ စီးဝင်လေသည်ရှိသော် ဂင်္ဂါဟူသောအမည်လည်း မထင်ရှားဘဲ “မဟာသမုဒ္ဒရာ”ဟူသော အမည်သို့သာ ရောက်လေသကဲ့သို့လည်းကောင်း အကြောင်းကြောင်းအသွယ်သွယ် ပရိယာယ်ဝေဝုစ်စသည်ဖြင့် နှုတ်တတ်သောသူ, လက်တတ်သောသူ လူအပေါင်းတို့သည် စည်းစိမ်ဥစ္စာရှိသောသူ၏အထံသို့ ရောက်လေသည်ရှိသော် မိမိတို့ပညာ မြတ်ရာမဝင် မထင်မရှား စေစားခံရရုံမျှသာ ဖြစ်လေ၏။ ဤသို့ စည်းစိမ်ရှင်၌ အကျိုးကိုမြင်သောကြောင့် “ပညာရှိသောသူထက် မြတ်၏”ဟု အကျွန်ုပ် ဆိုပါသည်”ဟု လျှောက်၏။
သေနကသုခမိန်စကားကိုကြားလျှင် မင်းကြီးသည် မဟောသဓအား “ငါ့သားသုခမိန်ကား အသို့နည်း”ဟု မေးပြန်၏။ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ နာတော်မူဦးလော့”ဟုဆို၍ “ယမေတမက္ခာ ဥဒဓိံ မဟန္တံ” အစရှိသော ဂါထာဖြင့် လျှောက်ပြန်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ သေနကအမတ်သည် စည်းစိမ်ရှင်လူမိုက်ကို မဟာသမုဒ္ဒရာနှင့် ပုံပြု၍ ယခုဆိုသည့်စကားအတိုင်း မဟာသမုဒ္ဒရာနှင့်ပင် တူသည်ဖြစ်ပါစေ။ ၅-ထွေသောမြစ်ကြီး အသီးသီးအခြားခြား များစွာသောမြစ်ငယ် အသွယ်သွယ်သောချောင်းမြောင်း ပေါင်းဆုံသက်ဝင်ရာ ထိုမဟာသမုဒ္ဒရာသည် ယူဇနာ၄၀, ယူဇနာ ၅၀, ယူဇနာ ၆၀ ခန့် အမြင့်ဆောင်၍ တောင်ကြီးဆီးကာသကဲ့သို့ ကြီးမားလှစွာသော လှိုင်းတံပိုးရှိငြားသော်လည်း ကမ်းနားသို့ရောက်လျှင် ကြေပျောက်သဖြင့် မြင့်ခိုင်သောလမ်းကို မလျှမ်းမလွန်နိုင်သကဲ့သို့ စည်းစိမ်ရှင်ဖြစ်စေကာမူ သူမိုက်တို့စကားသည် ထောင်လွှား၍ပြောသော်လည်း သဘောလက္ခဏာအရာကို မသိခြင်းကြောင့် ပညာရှိကို မလွန်နိုင်ရာ။ ပညာရှိရှေ့ရောက်လျှင် ပျောက်ကွယ်ဆုံးရှုံး အသုံးမရ ဖြစ်တတ်၏။ တစ်စုံတစ်ယောက်သောသူ၌ ယုံမှားသင်္ကာ ပြဿနာမှုတစ်ခုခု ရှိသော်လည်းကောင်း၊ ခပ်သိမ်းသောသူ၌ ဥပဒ်ရန်ဘေး အရေးအခွင့် ပေါ်ထွက်သော်လည်းကောင်း ထိုသူတို့သည် ယုံမှားသင်္ကာပျောက်စေခြင်း, ဘေးရန်လွတ်ငြိမ်းခြင်းအကျိုးငှာ ပညာရှိသောသူ၏အထံ၌သာ ကျိုးနွံတုပ်ဝပ်၍ အဆုံးအဖြတ်စကားကို ကြားသိမှတ်နာရကုန်၏။ စည်းစိမ်ဥစ္စာရှင်ဖြစ်သော သူမိုက်၏အထံသို့ တစ်စုံတစ်ယောက်မျှ မသွားကုန်။ ဤသို့ ပညာရှိသောသူ၌ အကျိုးကိုမြင်၍ “သူမိုက်စည်းစိမ်ရှင်ထက် မြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟု လျှောက်၏။
မဟောသဓသုခမိန်စကားကိုကြားလျှင် မင်းကြီးသည် သေနကအမတ်အား “ဆရာသုခမိန် ပညာရှိဂုဏ်ကိုပြ၍ မဟောသဓက ဆိုပြန်ချေပြီ။ ဆရာကား အသို့နည်း”ဟု မေးပြန်၏။ သေနကအမတ်သည် “အရှင်မင်းကြီး။ နာတော်မူဦးလော့”ဟုဆို၍ “အသညတော စေပိ ပရေသမတ္ထံ” အစရှိသောဂါထာဖြင့် လျှောက်ပြန်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး၊ အကြင် ပညာမရှိသောစည်းစိမ်ရှင်သည် ကိုယ်,နှုတ်,နှလုံး ၃-ပါးကို မစောင့်မသိမ်း မထိန်းမကျင့်သည်ပင် ဖြစ်စေကာမူ လူအပေါင်းတို့၏အစည်းအဝေး၌ အဆုံးအဖြတ်ကြိမ်လျှင် မိမိအလိုရှိရာ မဟုတ်မမှန်ကိုပင် စီရင်ဆုံးဖြတ်ပြောဆိုသော်လည်း ထိုစည်းစိမ်ရှင် အလိုသို့သာလျှင် ခပ်သိမ်းကုန်သောသူတို့သည် နှစ်ခြိုက်သဖြင့် လိုက်နာရကုန်သည်။ ပညာရှိစေကာမူ သူဆင်းရဲသည် ထိုပွဲပရိသတ်၌ဝင်၍ စီရင်ဆုံးဖြတ်ပြောဆိုသော်လည်း ထိုသူဆင်းရဲစကားကို သူတစ်ပါးတို့ နားမျှမထောင်မငဲ့ မထီမဲ့မြင်သာ ပြုကုန်၏။ ထိုသို့ ပညာရှိသူဆင်းရဲ၌ အပြစ်ကိုသာမြင်သောကြောင့် “မိုက်သော်လည်း စည်းစိမ်ဥစ္စာရှင်သာ မြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟုလျှောက်၏။
သေနကအမတ်စကားကို ကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန်အား “ငါ့သားသုခမိန်။ သေနကဆရာက ဥစ္စာရှင်၌ ဂုဏ်ထူးရှိကြောင်းကို ထုတ်၍ဆိုသည်။ သင်ကား အသို့နည်း”ဟုမေးပြန်၏။ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ သေနကအမတ်သည် ပစ္စုပ္ပန်လောကကိုသာကြည့်၍ တမလွန်လောကကို မရှုမကြည့် မသိ။ မျက်စိတစ်ဘက်တွင် ပျက်ပြယ်သောစကားကိုသာ ဆို၏။ ထိုသို့ အကျွန်ုပ်လျှောက်သမျှ စကားနှင့် နားကျတော်မမူလျှင် နာတော်မူဦးလော”ဟုဆို၍ “ပရဿ ဝါ အတ္တနော ဝါပိ ဟေတု” အစရှိသောဂါထာဖြင့် လျှောက်ပြန်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ အကြင်ပညာမရှိသော သူမိုက်သည် ကိုယ့်အဖို့ ကိုယ့်အတွက်ကြောင့်လည်းကောင်း၊ သူ့အဖို့ သူ့အတွက်ကြောင့်လည်းကောင်း မကောင်းသောအကြံနှင့် မမှန်သောစကားကိုဆို၏။ ထိုသူမိုက်သည် ပရိသတ်အလယ်၌ မျက်နှာထားမရ ရှုတ်ချကဲ့ရဲ့ခြင်းကိုလည်း ခံရတတ်၏။ တစ်ဖန် မိမိစကားကို သူတစ်ပါးတို့ ယုံကြည်လေးမြတ်ခြင်း မရှိ။ နောက်ပြီးတစ်ဖန် သေလွန်ပြန်သောအခါ၌ ချမ်းသာမရှိ။ ဒုဂ္ဂတိ၄-ပါးသို့ လားလေရာ၏။ ဤသူမိုက်တို့၌ ပစ္စပ္ပန်အကျိုးလည်း မသန်။ တမလွန်အကျိုးလည်းပျက်, ၂-ချက်စလုံး၌ အရှုံးကိုသာ မြင်သောကြောင့် ပညာရှိသောသူသာမြတ်၏ဟု အကျွန်ုပ်ဆိုပါသည်”ဟုလျှောက်၏။
မဟောသဓသုခမိန်၏ စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် သေနကသုခမိန်အား “သေနကဆရာကား အသို့နည်း”ဟု မေးပြန်၏။ သေနကအမတ်သည် “အရှင်မင်းကြီး။ ခံတွင်းမှာ အမိနို့ရည်နံ့မျှ မစင်သေးသော သူငယ်စကားကြောင့် နားကျတော်မမူသေးလျှင် လျှောက်ပါဦးမည်”ဟု ဆို၍ “အတ္ထမ္ပိစေ ဘာသတိ ဘူရိပညော” အစရှိသော ဂါထာဖြင့် လျှောက်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ အကြင်သူဆင်းရဲသည် မြေကြီးအထုကဲ့သို့ ထူထပ်ကြီးကျယ်သော ပညာရှိသည်ဖြစ်စေကာမူ၊ ထိုသူဆင်းရဲသည် ပရိသတ်အတွင်း၌နေ၍ မိမိပညာအစွမ်းဖြင့် အကျိုးအကြောင်း ကောင်း,မကောင်း သင့်,မသင့် ကျင့်ရာဆောင်ရာကို သိသာစေကြောင်း ထုံးဟောင်းဥပဒေ သက်သေပုံစံနှင့် ပြညွှန်ပြောဆိုငြားသော်လည်း ထိုသူစကားကို မတည်မကြည်မယုံ ဂုဏ်ကျက်သရေမဲ့ အကဲ့အရဲ့မှမလွတ် ဖြစ်တတ်၏။ ထိုပညာရှိသည် စည်းစိမ်ရှိသောသူ၏အထံသို့ ရောက်သည်ရှိသော်လည်း နေထွက်သောအခါ ပိုးစုန်းကြူးအရောင် မထွန်းနိုင်သကဲ့သို့ ဖြစ်၏။ ဤသို့ ပညာရှိသူဆင်းရဲ အပြစ်ကိုမြင်သောကြောင့် “စည်းစိမ်ရှင် သူမိုက်သာလျှင် မြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟုလျှောက်၏။
သေနကအမတ်စကားကို ကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန်အား “ငါ့သားကား အသို့နည်း”ဟု မေးပြန်၏။ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ယခု သေနကသုခမိန် လျှောက်သမျှစကားသည် တမလွန်လောကကို မျှော်ဆရှုကြည့်သံ တစ်ခွန်းမျှမပါ။ ပစ္စုပ္ပန်တွင်သာ သူယုတ်မာတို့ပြုသောအမှုကို ရှုမျှော်၍ သူတော်ကောင်းတို့ မနှစ်သက်သော စကားကိုသာ ဆို၏။ ထိုသုခမိန်စကားကို နားတော်မယောင်သာအောင် နာတော်မူဦးလော့”ဟုဆို၍ “ပရဿ ဝါ အတ္တနော ဝါပိ ဟေတု” အစရှိသောဂါထာဖြင့် လျှောက်ပြန်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ အကြင်ပညာရှိသောသူသည် ကိုယ့်အဖို့ ကိုယ့်အတွက်ကြောင့်လည်းကောင်း၊ သူ့အဖို့ သူ့အတွက်ကြောင့်လည်းကောင်း အပါယ်လားကြောင်း မကောင်းသဖြင့်ကြံ၍ မမှန်သော စကားကိုမဆို။ ထိုပညာရှိသည် ရောက်လေရာရာအရပ် ပရိသတ်တို့၏အလယ်၌ ချီးမွမ်းဖွယ်သော ဂုဏ်ကျက်သရေတိုးတက်လျက် မြတ်နိုးတနာ မေတ္တာပွား၍ သူတစ်ပါးတို့ ပူဇော်ချီးမြှောက်ခြင်းကိုလည်းခံရ၏။ တမလွန်၌လည်း လူ့ပြည်နတ်ရပ် မြတ်သော သုဂတိဘဝသို့လားရအံ့။ ဤပစ္စုပ္ပန်သံသရာ ၂-ဖြာစလုံး ဘုန်းကျက်သရေဖြစ်ကြောင်း ကောင်းကျိုးကိုသာ မြင်သောကြောင့် စည်းစိမ်ရှင်သူမိုက်ထက် “ပညာရှိ သူဆင်းရဲမြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟုလျှောက်၏။
ထိုမဟောသဓသုခမိန်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ်အား “သေနကသုခမိန်ကား အသို့နည်း”ဟု မေးပြန်၏။ သေနကအမတ်သည်လည်း “အရှင်မင်းကြီး။ နာတော်မူဦးလော့”ဟု ဆို၍ “ဟတ္ထီ ဂဝဿာ မဏိကုဏ္ဍလာ စ”အစရှိသောဂါထာဖြင့် လျှောက်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး၊ ဆင်, မြင်း, ကျွဲ, နွား, ဆိတ်ကုလား, ဆိတ်မြန်မာ အစရှိသော ကောင်းမြတ်သော အသုံးအဆောင်တို့သည်လည်းကောင်း၊ ပတ္တမြားမျိုးမျက်မြတ် စီတပ်အပ်သော ရွှေလည်ရွဲ, ရွှေလက်ကောက်, ရွှေနားတောင်း စသည်တို့ဖြင့် နှစ်လိုဖွယ်သော သတို့သမီးရတနာ ကောင်းစွာသော အခြံအရံတို့သည်လည်းကောင်း၊ ထိုမှတစ်ပါး များစွာသောလူအလုံး ဘုန်းကျက်သရေစည်းစိမ်ရှိသမျှ လူအပေါင်းတို့သည်လည်းကောင်း၊ ဤအလုံးစုံသည် စည်းစိမ်ဥစ္စာရှင်၏အသုံးအဆောင်သာ ဖြစ်ကုန်၏။ ဤသို့ စည်းစိမ်ရှင်၌ အကျိုးကိုမြင်သောကြောင့် “ပညာရှိသောသူဆင်းရဲထက် မြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟု လျှောက်၏။
သေနကအမတ်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓအား “ငါ့သားသုခမိန်။ အသို့နည်း”ဟု မေးပြန်၏။ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ သေနကသုခမိန်သည် အကြိမ်ကြိမ် ပေါ့ပြက်ရယ်ဖွယ်စကားနှင့် လျှောက်ထားနှောင့်ယှက်၍ အချက်ကျကျ စိတ်တော်ကမရှိလျှင် သိသာတော်မူအောင် ပုံဆောင်၍ လျှောက်ပါဦးမည်” ဆိုပြီးလျှင် “အသံဝိဟိတကမ္မန္တံ”အစရှိသော ဂါထာဖြင့်လျှောက်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ အကြင်သူမိုက်သည် မိမိ၌ကံဆိုက်၍ စည်းစိမ်ဥစ္စာနှင့်ပင် ပြည့်စုံသော်လည်း မတော်မမှန် ကြံစည်ပြုကျင့်မိ၍လည်းကောင်း၊ သူမကောင်းကို အကြောင်းအကျိုး၌ ကိုးကွယ်တိုင်ပင်မိ၍လည်းကောင်း၊ ထိုသို့သောအကြောင်းတို့ကြောင့် မိမိ၌ ဘုန်းကျက်သရေ စည်းစိမ်ဥစ္စာတို့သည် ပျက်စီးယုတ်လျော့ခြင်းဖြင့် မိမိကိုထားခဲ့၍ စွန့်သွားသောအဖြစ်သို့ ရောက်၏။ စည်းစိမ်ပြုန်းတီးပြီးသော် ထိုသူမိုက်သည် ဆွေးဟောင်းမမြဲ ခွာလဲစွန့်ပစ်သော မြွေ၏အရေကဲ့သို့ ကျက်သရေတစ်ဖန် ပြန်၍မဝင် ပူပန်ဆင်းရဲခြင်းသို့ ရောက်၏။ ဤသို့ သူမိုက်၌ မြွေရေလဲနှင့်တူသော အပြစ်ကိုမြင်သောကြောင့် “ပညာရှိသောသူသာလျှင် မြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟု လျှောက်၏။
မဟောသဓသုခမိန်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ်အား “အမတ်သုခမိန်ကား အသို့နည်း”ဟု မေးပြန်၏။ သေနကအမတ်သည် “နောက်ကိုတစ်ဖန်လှန်၍ မဟောသဓမဆိုနိုင်အောင် ဆိုအံ့”ဟုကြံလျက် “အရှင်မင်းကြီး။ လောကအမှုအခွင့်အရေး၌ ငယ်သေး၍ မသိမလိမ္မာသော မဟောသဓစကားကြောင့် စိတ်နှောင့်နှေးရှိတော်မူလျှင် သိသာအောင် လျှောက်ပါဦးမည်”ဆို၍ “ပဉ္စပဏ္ဍိတာ မယံ ဘဒ္ဒန္တေ”အစရှိသော ဂါထာဖြင့်လျှောက်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး ကိုယ်တော်သည် အကျွန်ုပ်တို့ သုခမိန် ၅-ယောက်တို့ကို ငါ့ထက်သာ၍ ပညာရှိသောသူဖြစ်သည်ဟု အကျိုးအပြစ်ကို လှစ်ပြလျှောက်ထားစေခြင်းငှာ သုခမိန်အရာ၌ခန့်ထား၍ ချီးမြှောက်တော်မူသည် မဟုတ်ပါလော။ ထိုအကျွန်ုပ် သုခမိန် ၅-ယောက်တို့သည် အလွန်ပညာရှိသောသူ စင်စစ်မှန်လျက် နတ်ပြည်၂-ထပ်ကိုအစိုးရသော သိကြားမင်း၏စည်းစိမ်ကဲ့သို့ မြို့ကြီးပြည်ကြီး တိုင်းကြီးအထွတ်အမြတ်ဖြစ်သော စည်းစိမ်တော်သခင် အရှင်မင်းကြီးကိုသာလျှင် အကျွန်ုပ်တို့ ပညာရှိ၅-ယောက်တို့သည် လက်အုပ်ချီ၍ ရှိခိုးရ၏။ ထိုသို့ ပညာရှိသောသူဖြစ်လျက် စည်းစိမ်တော်ရှင်၏ အစေအပါးဖြစ်ရသည်ကို မြင်သောကြောင့် “ပညာရှိသောသူထက် စည်းစိမ်ရှင်မြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟု လျှောက်၏။
ဤသို့ သေနကအမတ်ကြီးသည် အသက်စည်းစိမ်၏အန္တ ရာယ်ဖြစ်သော မင်းကြီးအား ခိုင်း၍ဆိုသောစကားကို ဘုရားလောင်းမဟောသဓမှတစ်ပါး ပျက်အောင် ဖျက်ဆီးနိုင်သောသူ မရှိရာ။)
သေနကအမတ်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “ယခု သေနကအမတ်ဆိုသောစကားမှာ ထင်ထင်ရှားရှား ခြားနားသိသာစွာ ရှိချေသည်။ ငါ့သား မဟောသဓက အကြောင်းတစ်ပါးဆောင်၍ ကျေအောင် ချေဆိုနိုင်ပါမည် မသိ”ဟု ကြံလျက် “ငါ့သားသုခမိန်။ ယခု သေနကသုခမိန်က ထင်ရှားသိသာအောင် ဥဒါဟရုဏ်ဆောင်၍ ဆိုသည်။ သင်ကား အသို့နည်း”ဟု မေးပြန်၏။ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ သေနကအမတ်စကားမှာ လူမလိမ္မာတို့ မျက်စိအမြင်အထင်နှင့်သာ ဆိုသောစကားကဲ့သို့ ဖြစ်ပါသည်။ မိမိ သုခမိန်ခံသူဖြစ်လျက် ပစ္စုပ္ပန်သံသရာ အကျိုးအကြောင်းကိုမြော်ထောက်၍ ရှေ့နောက်ညီလျော်စွာ ပညာရှိပီပီ မဆို၊ ထိုသေနကအမတ်သည် အတပ်သိသာအောင် လျှောက်ဆိုပါသော အကျွန်ုပ်စကားကိုမျှ နားမလည် မသိ။ ပညာရှိ၏ဂုဏ်ကို မထင်။ စည်းစိမ်ရှင်သူမိုက်ကိုသာ အမြတ်ယူလျှင် ထိုသူတစ်ဖန် မလှန်သာအောင် လျှောက်ပါမည်”ဆို၍ “ဒါသောဝ ပညဿ ယသဿိ ဗာလော”အစရှိသော ဂါထာဖြင့် လျှောက်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး၊ အကြင် ပညာမရှိသောစည်းစိမ်ရှင်သည် မိမိ၌ တစ်စုံတစ်ခုံ အမှုကြီးအမှုခက် ပေါ်ထွက်သည်ရှိသော် ပညာရှိသောသူဆင်းရဲကိုသာလျှင် မှီခိုကိုးကွယ်လျက် ထိုသူဆင်းရဲ ပညာရှိ၏ သားပေါက်ကျွန် ဥစ္စာဝယ်ကျွန်အစေခံကျွန်ကဲ့သို့ မိမိကိုယ်ကို ပြုရ၏။ မိမိတွင် ပေါက်ရောက်သောအမှု၌ တစ်ခုသော အကျိုးအပြစ်ကိုမျှ ထိုသူမိုက်စည်းစိမ်ရှင် မမြင်မသိနိုင်ရာ။ ဤသို့သော ပညာရှိ၏အကျိုးကို မြင်သောကြောင့် စည်းစိမ်ရှိသောသူမိုက်ထက် “ပညာရှိသောသူသာ မြတ်၏”ဟု အကျွန်ုပ်ဆိုပါသည်”ဟု လျှောက်၏။
ဤသို့ ဘုရားလောင်း မဟောသဓသုခမိန်သည် အကြိမ်ကြိမ်အတန်တန် အပြန်ပြန်အလဲလဲ ဖြေဆိုလျက် မြင်းမိုရ်တောင်ခြေ သီဒါရေအထဲမှ ရတနာသဲကို ထုတ်ယူဘိသကဲ့သို့လည်းကောင်း၊ ကောင်းကင်ပြင်၌ လျှံထင်ထွန်းပသော လပြည့်ဝန်းကို လှမ်းယူလျက် လက်ဝါးအပြင်၌ တင်ပြဘိသကဲ့သို့လည်းကောင်း၊ သူတစ်ပါးတို့ သိနိုင်ဆိုနိုင်ခဲသော စကားအလှယ်လှယ်ဖြင့် အံ့သြဖွယ်သော ကိုယ်တော်၏ပညာဂုဏ်ကို ထင်စွာပြလတ်သည်ရှိသော် ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ်အား “သုခမိန်အမတ်။ သင်တို့၂-ယောက် အစက တစ်ကြိမ် တင်မိကြလျှင်ပင် သင်က ပစ္စုပ္ပန်လောကတွင် တင့်တယ်ခြင်းမျှကိုသာ ဆိုသည်။ မဟောသဓသုခမိန်မှာ ပစ္စုပ္ပန်လောက, တမလွန်လောက ၂-ပါးလုံးတင့်တယ်ခြင်းကို ဆိုပေသည်ဖြစ်၍ စာနာချင့်ထောက်လျှင် “ပညာရှိသာ မြတ်ကြောင်း”ကို ကောက်ယူထိုက်လှပေသည်ပင်။ သင် နောက်ကို အသင့်ကြံ၍ ဖြေလှန်ချေဦးတော့ဆို၍ ငံ့နေတော်မူသည်ကို သင်က ထူး၍မဆိုနိုင်၊ မဟောသဓာမှာ ပညာရှိမြတ်ကြောင်းကို အပြောင်းပြောင်းအလှယ်လှယ် အသွယ်သွယ်ဥဒါဟရုဏ်နှင့် ယုံမှားကင်းလောက်အောင် ဆိုပေသည်။ ယခု သင် ရှေးကထက်သာ၍ ဆိုစွမ်းရှိသေးလျှင်လည်း ဆိုဦးတော့”ဟုဆို၏။
သေနကအမတ်သည် ဤကောက်တမ်းကိုပြ၍ မင်းကြီးကဆိုသောစကားကို ကြားလျှင် စပါးကျီ၌ တင်းတောင်းအခြင် အရေအတွက်နှင့်သွင်းထားအပ်သော စပါးသည် ကျီမှထုတ်ယူ၍ သုံးဖန်များသဖြင့် စပါးကုန်ခြင်းသို့ ရောက်လတ်သော် ကျီမျှသာကြွင်းကျန်၍၊ တစ်ဖန်ထုတ်ယူ၍ သုံးဆောင်စရာ မရှိတတ်သကဲ့သို့ မိမိပျိုရွယ်သောအခါက သင်ကြားသမျှသောအခွင့်၌ အတတ်သည် အထပ်ထပ်အဖန်ဖန် ချေဆိုဖန်များသဖြင့် မိမိ၌ အသစ်ထူး၍လည်း မကြံစွမ်း၊ ကုန်ခန်းခြင်းသို့ရောက်လေသော် နောက်ကိုတစ်ဖန် တုံ့လှန်၍မဆိုနိုင်၊ မှိုင်တွေညှိုးနွမ်း စိတ်ဝမ်းမသက်မသာ မျက်နှာလှည့်၍ နောက်ဘီတကိုင်းနေလေ၏။
(အကယ်၍ သေနကအမတ်သည် ထပ်၍တစ်ဖန် ချေဆိုတုံအံ့။ ဘုရားလောင်း မဟောသဓသုခမိန်သည် သေနကဆိုတိုင်းလိုက်၍ ချေဆိုနိုင်သော ပညာအစွမ်းတော်ရှိသဖြင့် ဇာတ်တော်သည် ဤပြဿနာနှင့်ပင် အထောင်မကသော ဂါထာ ရှိသည်ဖြစ်ရာ၏။)
ဘုရားလောင်းမဟောသဓသုခမိန်သည် သေနကအမတ် စကားတုံ့လှန် ပြန်၍ဆိုစရာ မရှိသောအဖြစ်ကို သိလတ်သော် စကြဝဠာနားဝယ် သူတစ်ပါးတို့အပါးအနီးသို့မျှ မချဉ်းမရောက်ဝံ့။ အစောက်နက်စွာသော မဟာသမုဒ္ဒရာ၌ ဗလဝါမုခဝဲရေစက်ကို လက်ခုပ်နှင့်ကျုံးယူ၍ သူတစ်ဘက်သားမဝံ့အောင် လှန့်ခြောက်မြှောက်သွန်ဘိသကဲ့သို့ ပညာရှိသောသူသာလျှင် မြတ်ကြောင်းကို ရှေ့ထက်အလွန် ချီးမွမ်းလိုပြန်၍-
“အဒ္ဓါ ဟိ ပညာဝ သတံ ပသတ္ထာ၊ ကန္တာ သိရိံ ဘောဂရတာ မနုဿာ။
ဉာဏဉ္စ ဗုဒ္ဓါနမတုလျရူပံ၊ ပညံ န အစ္စေတိ သိရီ ကဒါစိ။”
ဟူသောဂါထာဖြင့် လျှောက်ဆို၏။
မဟာရာဇ၊ အရှင်မင်းကြီး။ ဟိသစ္စံ၊ မှန်၏။ အဒ္ဓါ၊ အကယ်မလွဲသဖြင့်။ ပညာဝ၊ ပညာရှိတို့ကိုသာလျှင်။ သတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ ပသတ္ထာ၊ ချီးမွမ်းအပ်ကုန်၏။ ဘောဂရတာ၊ စည်းစိမ်ချမ်းသာဖြင့် မွေ့လျော်ကုန်သော။ မနုဿာ၊ လူတို့သည်။ သိရိံ၊ စည်းစိမ်ချမ်းသာကို။ ကန္တာ၊ နှစ်သက်ကုန်၏။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ ဉာဏဉ္စ၊ ဉာဏ်တော်သည်ကား။ အတုလျရူပံ၊ အတုမရှိသောသဘောရှိ၏။ ပညံ၊ ပညာရှိသောသူကို။ သိရီ၊ စည်းစိမ်ရှိသောသူသည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်မျှ။ န အစ္စေတိ၊ မလွန်နိုင်။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ သဗ္ဗညုတဉာဏ် သံသရာအဆက်ဆက် ဖြည့်ကျင့်သဖြင့်ရအပ်သော, သူတော်ကောင်းတကာတို့၏အထွတ်ဖြစ်သော သူမြတ်ကို “ဘုရား” ဟု ဆိုအပ်၏။ ထိုမြတ်စွာဘုရားအစရှိသော သူတော်ကောင်းတို့သည် ပညာသာလျှင် လောကီ, လောကုတ္တရာအစီးအပွား ချမ်းသာခြင်း၏အကြောင်း ဖြစ်သောကြောင့် ပညာရှိသောသူကိုသာလျှင် ချီးမွမ်းအပ်ကုန်၏။ ပညာရှိကိုမှီ၍ ဒါန,သီလအစရှိသော ကုသိုလ်ကိုပြုသဖြင့် စည်းစိမ်ဥစ္စာကို ရအပ်၏။ ထိုရအပ်သောစည်းစိမ်ကိုသာခံစား၍ တရားမှန်းမသိသော စည်းစိမ်ရှင်လူမိုက်ကို ထိုဘုရားအစရှိသော သူတော်ကောင်းတို့သည် ရွံရှာကဲ့ရဲ့အပ်ကုန်၏။ လောက ၃-ပါး၌ အမြတ်တကာတို့၏အထွတ်ဖြစ်သော အမြတ်သည် သဗ္ဗညုတဉာဏ်တည်းဟူသော ပညာရှင် မြတ်စွာဘုရားသည်သာလျှင်တည်း။ အဘယ်စည်းစိမ်ရှင် လူမိုက်လျှင် ပညာရှင်ကို လွန်မြောက်နိုင်သည် မဖြစ်စဖူး။ ဤသို့ သဗ္ဗညုတဉာဏ်တည်းဟူသော ပညာရှင်မြတ်စွာဘုရားကိုသာလျှင် သက်သေပြု၍ စည်းစိမ်ရှင်လူမိုက်၌ သံသရာ, ပစ္စုပ္ပန် ၂-တန်စလုံး အသုံးမဝင်ဖြစ်သည်ကို နှလုံးတော်အမြဲ စွဲမှတ်တော်မူရပါမည်”ဟု လျှောက်၏။
ဤသို့ ဘုရားလောင်းမဟောသဓ၏ စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် အလွန်နှစ်သက် ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ တိမ်လိပ်တိမ်လွှာတက်လျက် တစ်ခဲနက်ထစ်ကြိုးသဖြင့် မိုးနတ်ရေစင်သွန်းဘိသကဲ့သို့ ဘုရားလောင်းအား များစွာသော ဆုလာဘ်အသီးသီးဖြင့် အချီးအမြှောက် ပူဇော်သက္ကာပြုလို၍ “ယံ တံ အပုစ္ဆိမှ အကိတ္တယိနော” အစရှိသောဂါထာဖြင့် နှစ်သက်ဝမ်းမြောက်စွာ ဆုပေး၏။
အဓိပ္ပာယ်ကား-
“ပစ္စုပ္ပန်သံသရာ ၂-ဖြာသောအကျိုးအကြောင်းကို ကောင်းစွာလျင်မြန် ဟုတ်မှန်သောအတိုင်း သိမြင်တတ်ပေသော ငါ့သားမဟောသဓ။ သင့်အား ငါသည် အလွန်သိမ်မွေ့သောပြဿနာကို မေးသည်ရှိသော် သင်သည် အထူးထူးအပြားပြား များစွာသောပုံသက်သေနှင့် ဖြေဆိုပေသည်ဖြစ်၍ အလွန် ငါနှစ်သက်တော်မူသည်နှင့်အညီ သင့်အား ဆုပေးအံ့။ နို့ညှစ်နွားမ ၁၀၀၀၊ နွားလားဥသဘ ၁၀၀၀၊ တန်ဆာအဆောင်အရွက်နှင့်တကွ စီးဆင် ၁၀၀၀၊ အာဇာနည်မြင်းကောင်းက,အပ်သော ရထား ၁၀-ဆူ၊ ကျေးစားအခွန်သွင်းရွာ ၁၆-ရွာ ဤအလုံးစုံကို ငါပေးတော်မူ၏”ဟု ဆို၍ ထိုအလုံးစုံကို မဟောသဓအိမ်သို့ ပို့သစေ၏။
ဤကား ဘုရားလောင်း မဟောသဓအား ၆-ကြိမ်မြောက်သော မင်း၏အချီးအမြှောက်ကို ခံရခြင်းတည်း။
(ဤသိရီမန္တပြဿနာခန်း၌ ဂါထာ ၂၀-သည် ပါဒါကုလက ဂါထာချည်းတည်း။ ဝီသတိနိပါတ်ကျမ်း၌ ဂါထာ၂၀-လာ၏။ ဤသို့ မဟောသဓသုခမိန်သည် မင်းကြီးထံရောက်ဦးစက မြည်းပြဿနာတွင် အချီးအမြှောက် တစ်ကြိမ်,ပတ္တမြားကို ရေကန်မှထုတ်ယူနိုင်သည်တွင် အချီးအမြှောက် တစ်ကြိမ်, ပုတ်သင်ပြဿာနာတွင် အချီးအမြှောက် တစ်ကြိမ်, ဥဒုမ္ဗရဒေဝီကို အကြောင်းပြု၍ဖြစ်သော ပြဿနာတွင် အချီးအမြှောက်တစ်ကြိမ်, ဆိတ်နှင့်ခွေးပြဿနာတွင် အချီးအမြှောက် တစ်ကြိမ်, ဤသို့သိရီမန္တပြဿနာတွင် အချီးအမြှောက် တစ်ကြိမ်အားဖြင့် သတို့သားငယ်လက်ထက်ကပင်လျှင် ၆-ကြိမ် ၆-ခါ များစွာသော မင်း၏အချီးအမြှောက်ကို ခံရသည်ဖြစ်၍ ဘုန်းကျက်သရေ, စည်းစိမ်ဥစ္စာ, အခြံအရံ တိုးတက်ပြန့်ပွား များမြတ်သည်ဖြစ်၏။