2735မဟောသဓဇာတ်တော်ကြီး — ၂၉။ အမရာဒေဝီ ပရိယေသနခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုမဟောသဓသုခမိန်အိမ်၌ အိမ်ထောင်မှုပစ္စည်းဥစ္စာတို့ကို ထိန်းသိမ်းမည့်သူ အိမ်ရှင်မရှိသေးသည်ဖြစ်၍ ဥဒုမ္ဗရဒေဝီ မိဖုရားသည်သာလျှင် ကြည့်ရှုဝေဖန် စီမံခွဲခြမ်းသဖြင့် အုပ်ချုပ်စောင်မရ၏။

ဤသို့ မဟောသဓသုခမိန်သည် များမြတ်သော စည်းစိမ်အခြံအရံဖြင့် ပျော်စံလျက်ကြီး၍၊ အသက်၁၆-နှစ် အရွယ်ရောက်လတ်သော် ဥဒုမ္ဗရဒေဝီသည် ဤသို့ အကြံဖြစ်၏။ “ငါ့မောင်ငယ် မဟောသဓသည် ယခု အရွယ်ရောက်ပြီ။ ငါ့မောင်အိမ်၌ မင်းပေးစည်းစိမ်သည်လည်း များစွာဖြစ်ခဲ့၏။ စောင့်ရှောက် ထိန်းသိမ်းမည့်သူမရှိသေး။ ယခု ငါ့မောင်အား ထိုက်တန်သောသတို့သမီးနှင့် ထိမ်းမြားရသော် ကောင်း၏”ဟု ကြံပြီးသော်၊ ဝိဒေဟရာဇ်မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားတိုင်ပင်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း “အဘယ်။ ကောင်းပြီ။ ငါတို့ တိုင်ပင်ကြံဆောင်ကြရအံ့။ ဤအကြောင်းကို သင့်မောင်အားသာ ကြားသိစေလော့”ဟုဆို၏။ ဥဒုမ္ဗရေဒေဝီသည်လည်း “ကောင်းပါပြီ”ဝန်ခံ၍ မဟောသဓသုခမိန်ကို ခေါ်စေပြီးလျှင် “မောင်ငယ်။ သင်၏ ယခုစည်းစိမ်ဥစ္စာတို့ကို ထိန်းသိမ်းမည့်သူ မရှိသေး။ သင်လည်း အရွယ်သို့ရောက်ပြီဖြစ်၍ သင့်အား ထိုက်တန်သောသတို့သမီးနှင့် ထိမ်းမြားရသော် ကောင်း၏ဟု မင်းကြီးနှင့်ငါတို့ အတိုင်အပင် အကြံအစည် ရှိကြသည်။ သင့်စိတ်ကား အသို့နည်း”ဟုမေး၏။ မိဖုရားစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “အရှင်မိဖုရား။ အကျွန်ုပ်ကို အထိန်းအသိမ်း အလုပ်အကျွေးရှိချိန် အရွယ်ရောက်ပြီးထင်၍ ကြံဆောင်တော်မူလိုကြလျှင် သခင်မတို့အလိုကိုပင် အကျွန်ုပ် လိုက်နာပါမည်”ဟု ဆို၏။

ဤသို့ ဝန်ခံစကားကိုကြားလျှင် ဥဒုမ္ဗရဒေဝီသည် “မောင်ငယ်။ ထိုသို့တပြီးကား ထိုက်တန်သောသတို့သမီးကိုရွေးချယ်၍ မည်သည့်နေ့ရက်ရောက်လျှင် ထိမ်းမြားလက်ထပ် မင်္ဂလာပြုအံ့”ဟုဆို၏။ ထိုစကားကိုကြားလျှင် မဟောသဓသုခမိန်သည် ဤသို့ကြံ၏။

“မင်းကြီး။ မိဖုရားတို့သည် ငါ့ကို အကျိုးယုတ်အောင် မပြုရာပေ။ ကောင်းစေချင်သည့်နှလုံးနှင့် မင်းသုံးစိုးထိုက် သိုက်မြိုက်ဖွယ်ရာ လက္ခဏာကောင်းခြင်း စုံညီသည့် အမျိုးအရိုးသမီးနှင့် ထိမ်းမြားရာစိမ့်မည်။ ထိုသို့ပင်ဖြစ်သော်လည်း တစ်ယောက်ဆန္ဒနှင့် တစ်ယောက်ဆန္ဒသည် တူမျှကြခဲသည်။ ဤအမှုဟူသည်လည်း သူတစ်ပါးဆန္ဒနှင့်သာ ပြီးသည့်အမှု မဟုတ်ချေ။

အကြင်သတို့သမီးကို မင်းကြီး, မိဖုရားတို့က ထိုက်ပြီတန်ပြီဟူ၍ သဘောတူမျှကြသဖြင့် ငါ့အားထိမ်းမြားလျှင် ငါနှစ်သက်သော မိန်းမဖြစ်မူကား ၃-ပါးလုံးပင် သင့်၏။ ငါမနှစ်သက်သော မိန်းမဖြစ်ချေသော် ငါ၌လည်း ဂုဏ်သရေမတောက်ပ,ထိုမိန်းမ၌လည်း အကျိုးမထင်, အရှင် ၂-ပါး၌လည်း မကောင်းရှိတော့မည်။ ထိုသို့ဖြစ်၍ ငါ့အလိုအလျောက် လှည့်ပတ်ရှာဖွေပြီးမှ မင်းကြီးအားလျှောက်ထားရသော် ကောင်း၏”ဟု ကြံပြီးလျှင်

“အရှင်မိဖုရား။ ဤ၂-ရက် ၃-ရက်ခန့်နေ့အတွင်းတွင် မင်းကြီးအား ဤစကားနှင့်စပ်သည်ကို တစ်ခွန်းမျှ မလျှောက်မထားပါနှင့်ဦး။ အကျွန်ုပ်အလိုအလျောက် လှည့်ပတ်ရှာဖွေ၍ နှစ်သက်ရာမိန်းမကိုရမှ အရှင်မိဖုရားအား လျှောက်ကြားပါမည်။ ၂-ရက်, ၃-ရက်ခန့် ငံ့တော်မူပါဦး”ဟုဆိုလျှင်, ဥဒုမ္ဗရဒေဝီသည် “မောင်ငယ်။ ကောင်းပြီ။ လှည့်ပတ်ရှာဖွေလိုသေးလျှင် ရှာဦးတော့”ဟုဆို၏။

မဟောသဓသုခမိန်သည် ဥဒုမ္ဗရဒေဝီမိဖုရားကို ရှိခိုးပြီးသော် နန်းတော်မှဆင်းသက်၍ မိမိအိမ်သို့သွားပြီးလျှင် ဖွားဖက်ရွေဖော် လုလင်ပျို ၁၀၀၀-တို့အား စကားအလုံးစုံကို ပြန်ကြားပြီးမှ “အချင်းတို့။ မင်းရေးမင်းမှု အစုစုကိစ္စကိုပင် ငါမရှိသည်ဟူ၍ မထူးရအောင် မလစ်မဟင်း လုံ့လပြုရစ်ကြ”ဟု မှာထားပြောဆိုပြီးသော် မင်းဝတ်မင်းတန်ဆာကိုချွတ်လဲ၍ မထင်မရှား ဆင်းရဲသား၏အသွင်ဖြင့် အပ်ချုပ်သမားတို့၏အဆောက်အဦ အပ်ကျည်, ချည်ခင် စသည်တို့ကိုယူလျက် တစ်ယောက်တည်းပင်လျှင် မြောက်တံခါးဖြင့်ထွက်၍ ဥတ္တရယဝမဇ္ဈဂုံးရွာသို့ သွားလေ၏။

ထိုအခါ ဥတ္တရယဝမဇ္ဈဂုံးရွာ၌ ဘိုးဘွားမိဘတို့လက်ထက် သူဌေးကြီးစည်းစိမ်မပျက်စီး၊ မိမိတို့လက်ထက်မှ စည်းစိမ်ပြုန်းတီးပျက်စီးသဖြင့် လယ်ယာလုပ်ဆောင်၍ အသက်မွေးရသော သူဌေးဟောင်းလင်မယားသည် ရှိ၏။ ထိုသူဌေးဟောင်းလင်မယားအား “အမရာ”အမည်ရှိသော သမီးတစ်ယောက်တည်းသာ ရှိ၏။ ထိုသူဌေးသမီးသည် မကြုံမဆူ မဖြူမညို ကိုယ်သဏ္ဌာန်မနိမ့်မမြင့် တင့်တယ်စွာ ကလျာ၅-ပါးနှင့် ပြည်စုံခြင်းဖြင့် အလွန်အဆင်းလှသည်ဖြစ်၍ နှစ်သက်ကြည်လင် ရှုချင်ဖွယ်လည်း ရှိ၏။ ခပ်သိမ်းသောမိန်းမတို့၏ လက္ခဏာကောင်း ဟူသမျှတို့နှင့်လည်း ပြည့်စုံ၏။ သံသရာဘဝဟောင်းက သူတော်ကောင်းနှင့် ပေါင်းဖူးဖော်ဖူးသော အထူးကုသိုလ်ကံ ဖွံ့သန်သည်နှင့်လျော်စွာ ဘုန်းပညာနှင့်လည်း ပြည့်စုံ၏။ ထိုအမရာသူဌေးသမီးသည် အဖလယ်လုပ်ရာသို့ ဆင်းရဲသောအလျောက် နံနက်စာ ယာဂုကိုချက်၍ နေ့တိုင်းမပြတ် ပို့ရ၏။

ထိုဥတ္တရယဝမဇ္ဈဂုံးရွာသို့ မဟောသဓသုခမိန် ထွက်သွားသောအခါ၌ အမရာသူဌေးသမီးသည်လည်း အဖရှိရာလယ်တောသို့ နံနက်စာ ယာဂုချက်၍ ပို့အံ့သောငှာ ယာဂုအိုးကိုရွက်လျက် ရွာမှထွက်၍ မဟောသဓ လာသောလမ်းကိုပင်လျှင် သွားလေ၏။

ထိုအခါ မဟောသဓသုခမိန်သည် ယာဂုအိုးကိုရွက်လျက် ခရီးရင်ဆိုင်လာသော အမရာသူဌေးသမီးကို မနီးမဝေးက ရှေးရှုမြင်လေသော် အဆက်ဆက်သောသံသရာက မေတ္တာချင်းလဲလှယ်ပေးယူ အတူတကွပြုဖူးကြသော ၂-ဦးလုံးကုသိုလ်ကံ ဆော်ဖန်စေ့စပ်သဖြင့်လည်းကောင်း၊ ကောင်း,မကောင်းကိုမြင်လျှင် လျော်စွာသိတတ်သော ပညာတော်အစွမ်းဖြင့်လည်းကောင်း ကောင်းမြတ်သော အဝတ်တန်ဆာကို မဆင်မဝတ်ရ၊ ဆင်းရဲမ၏အမူ လယ်တောသူ၏အသွင်အပြင်ကိုပင် မြင်သော်လည်း တော်ဖြောင့်သောနှလုံးဖြင့် ဘုန်းရှိမိန်းမဖြစ်သည်ဟုသိ၍ ဤသို့ကြံ၏။

“ဤငါသို့ရှေးရှုလာသောမိန်းမသည် ခပ်သိမ်းသောမိန်းမကောင်းတို့၏ ကြန်အင်လက္ခဏာနှင့် ပြည့်စုံ၏။ ဘုန်းရှိသော မိန်းမတည်း။ ဤမိန်းမ၌ အကယ်၍ မိတ်လင်ခင်ပွန်း မရှိသေးမူ ငါ၏အလုပ်အကျွေး ဖြစ်ထိုက်လှ၏”ဟုကြံ၏။

အမရာသူဌေးသမီးသည်လည်း ခရီးရင်ဆိုင်လာသော မဟောသဓသုခမိန်ကိုမြင်လျှင် သံသရာဘဝဟောင်းက ပေါင်းဖူးသောမေတ္တာအဟုန်သည် အကြုံသင့်လှနိုး၍ အကျိုးဆောင်မည့်သူ မဆောင်မည့်သူကို အမူအရာမြင်ကာမျှနှင့် တွေးဆဆင်ခြင်နိုင်သော ပညာအစွမ်းရှိသည်ဖြစ်၍လည်းကောင်း၊ နွမ်းနယ်သောအဝတ်အစား မထင်မရှားနှင့် ဆင်းရဲသား၏အသွင်အပြင်ကိုပင်သော်လည်း ကျော်စောထင်ရှားလောက်သော ဂုဏ်ပညာဘုန်းကျက်သရေရှိ ယောက်ျားမြတ်ဖြစ်သည်ဟုသိ၍ ဤသို့ကြံ၏။

“ငါသည် ဤလုလင်ပျို၏အိမ်သူဖြစ်ရလျှင် ခဏမကြာ ဥစ္စာစီးပွား များမြတ်တိုးတက် ခိုင်ဖြိုးစေလျက် သူကြွယ်ကြီးခံရအောင်သော်လည်း တတ်နိုင်ရာ၏”ဟု ကြံ၏။

ထိုအခါ မဟောသဓသုခမိန်သည် “ဤမိန်းမ၌ မိတ်လင်ခင်ပွန်း ရှိ,မရှိကို ငါ မသိရသေး။ နှုတ်ဖြင့် အနီးသို့ချဉ်း၍မမေးဘဲ အဝေးကပင် လက်ဆုပ်ဖြင့် ပြပေအံ့။ တွေးယူတတ်သောပညာရှိမူ သိလတ္တံ့။ ပညာမရှိ၍ မသိလျှင် စွန့်ပစ်၍ သွားအံ့”ဟုကြံပြီးလျှင် အဝေးကရပ်လျက် လက်ဆုပ်ကိုပြ၏။

အမရာသူဌေးသမီးသည်လည်း “ငါ့အား လင်ရှိ၊ မရှိကို ဤယောက်ျား မေးသည်ဖြစ်မည်”ဟု တွေးယူမိသဖြင့် လက်ဝါးဖြန့်ကာပြ၏။

မဟောသဓသုခမိန်သည် “ဤမိန်းမ လင်မရှိသေး”ဟု သိ၍ အမရာသူဌေးသမီးအနီးသို့ ချဉ်းပြီးလျှင် “အဘယ်။ သင်၏အမည် အသူဆိုသနည်း”ဟု မေး၏။

အမရာသူဌေးသမီးလည်း “သခင်။ အကျွန်ုပ်အမည်ကား ဖြစ်ဆဲ, ဖြစ်လတ္တံ့ဖြစ်ပြီး ကာလ၃-ပါးတို့၌ မရှိသောအမည် ဆိုပါသည်”ဟု ပြောဆိုလျှင်၊ မဟောသဓသုခမိန်သည် “အဘယ်။ လောက၌ “အမရာ”ဟူသော အမည်သည်ကား မရှိသောအမည် ဖြစ်တော့သည်။ ထို့ကြောင့် သင်၏အမည်ကို “အမရာ”ဆိုသလော”ဟုမေး၏။

(ဤစကား၌ “အမရာ”ဟူသည်ကား “မသေ” ဆိုလို၏။ သူဌေးသမီးစကား၌ မရှိသောအမည်ကိုရှာကြံသော် လောက၌ မသေသူမည်သည် မရှိတော့သည်”ဟု တွေးမိသဖြင့် “အမရာ ဆိုသလော”ဟု သူဌေးသမီးအမည်ကို ဖော်ထုတ်တော်မူသည်။)

အမရာသူဌေးသမီးလည်း “သခင်ဆိုတိုင်း အမည်မှန်ပေ၏”ဟု ဝန်ခံပြီးသော်၊ မဟောသဓသုခမိန်သည် “အဘယ်။ သင်ကား ဤယာဂုကို မည်သူ့ထံသို့ ပို့ဆောင်လိမ့်မည်နည်း”ဟု မေး၏။ အမရာလည်း “အရှင်။ အိမ်ရှေ့နတ်သို့ ပို့ဆောင်ပါမည်”ဟုဆိုလျှင်၊ မဟောသဓသုခမိန်သည် “အဘယ်။ “အိမ်ရှေ့နတ်”ဟူသည်ကား သင်၏အဖတည်း။ အဖထံသို့ ပို့မည်လော”ဟု မေး၏။ အမရာလည်း “မှန်ပေ၏” ဝန်ခံလျှင်၊ တစ်ဖန် မဟောသဓသုခမိန်သည် “အဘယ်။ သင်၏အဖကား အဘယ်အမှုကို ယခု လုပ်ဆောင်လေသနည်း”ဟု မေး၏။ အမရာလည်း “အရှင်။ တစ်ယောက်တည်းဖြင့် ၂-ကွဲသောအမှုကို ယခုပြုဆောင်ပါသည်”ဟု ဆိုလတ်သော် ဘုရားလောင်းသည် “တစ်ယောက်တည်းဖြင့် ၂-ကွဲသောအမှုကို ပြု၏”ဟူသော်ကား လယ်ထွန်ခြင်းသည် ထွန်သွားဖြင့် လယ်မြေကို ၂-ကွဲ ကွဲစေသောကြောင့် လယ်ထွန်သည်ဖြစ်မည်”ဟုသိ၍၊ “အဘယ်။ သင်၏အဖသည် ယခု လယ်ထွန်ခြင်းအမှုကို ပြုသလော”ဟု မေး၏။ အမရာလည်း “မှန်ပေ၏”ဟု ဝန်ခံပြန်လျှင်၊ တစ်ဖန် ဘုရားလောင်းသည် “အဘယ်။ သင်၏အဖ ယခု အဘယ်အရပ်၌ လယ်လုပ်သနည်း”ဟု မေး၏။

အမရာလည်း “အရှင်။ အကျွန်ုပ်အဖသည် ထိုအရပ်သို့ တစ်ကြိမ်ရောက်သောသူတို့ တစ်ခေါက်တစ်ဖန် မပြန်လာကြရသောအရပ်၌ လယ်လုပ်၏”ဟု ဆိုလတ်သော် ဘုရားလောင်းလည်း တစ်ကြိမ်ရောက်လျှင် တစ်ခေါက် မပြန်လာဟူသည်ကား “သင်္ချိုင်းတည်း”ဟုသိ၍၊ “သင့်အဖ သင်္ချိုင်းကုန်း၌ လယ်လုပ်သလော”ဟု မေး၏။ အမရာလည်း “မှန်ပေ၏”ဟုဝန်ခံပြီးလျှင် တစ်ဖန် ဘုရားလောင်းသည် “အဘယ်။ ယနေ့အိမ်သို့ သင် ပြန်လာမည်လော”ဟု မေး၏။ အမရာလည်း “အရှင်။ လာလျှင် အကျွန်ုပ် မလာရ။ မလာလျှင် အကျွန်ုပ် လာရပါအံ့”ဟု ဆိုလတ်သော် ဘုရားလောင်းသည် “မိုးရွာသောအခါ ရေကျသော် ချောင်းဆိုး၍ ရှိသည်ဖြစ်မည်။ ထိုချောင်းရေလာလျှင် မိမိ မလာရ ချောင်းရေမလာလျှင် မိမိ လာအံ့သည်ကို ရည်၍ဆိုသည်”ဟု သိပြီး၍၊ “အဘယ်။ သင်၏အဖသည် ချောင်းတစ်ဘက်၌ လယ်လုပ်သလော”ဟု မေး၏။ အမရာလည်း “မှန်ပေ၏”ဟု ဝန်ခံ၏။

ဤသို့ ၂-ဦးစလုံး ရပ်လျက် မေးမြန်းပြောဆိုကြပြီးလျှင် အမရာသူဌေးသမီးသည် “အရှင်။ အကျွန်ုပ်တွင်ပါသော ဤယာဂုကို အရှင်အားဆက်လျှင် သုံးဆောင်တော်မူပါမည် မသိ” ဟုဆို၏။ ဘုရားလောင်းမဟောသဓသုခမိန်သည်လည်း “ချစ်၍ပေးသည်ကို ပယ်ခြင်းသည် မင်္ဂလာမရှိ” ဟုကြံ၍ “အဘယ်။ ယုတ်မြတ်, ဆိုးကောင်းဟူသည် စားဖွယ်ဝတ်ဖွယ်တို့၌ ပမာဏမဟုတ်။ ယုတ်ညံ့သော အစား,အဝတ် ဖြစ်စေကာမူ ချစ်ကြင်နာသူပေးက လေးမြတ်ထိုက်လှပေသည်ဖြစ်လျက်၊ အသက်ကိုနှင်းရမည့်သူ သင်သို့စင်လျှင် ကြင်နာမြတ်လေး၍ ပေးကျွေးပေသည်ကို အဘယ့်ကြောင့် မသုံးဆောင်ချင်ဘဲရှိအံ့နည်း”ဟု ဆို၏။

ထိုစကားကိုကြားလျှင် အမရာသည် “ကောင်းပါပြီ သခင်”ဟုဆို၍ ဦးခေါင်းပေါ်မှ ယာဂုအိုးကို မြေ၌ချ၏။ မဟောသဓသုခမိန်သည်လည်း ဤသို့ကြံ၏။ “ဤမိန်းမသည် ငါ့အား လက်ဆေးရေမပေးဘဲ ယာဂုထည့်သည့် ခွက်ကိုလည်း မဆေးမကြောဘဲ မသန့်မရှင်း ပေးငြားတုံအံ့။ ဤမိန်းမကို ဤအရပ်၌ ထားခဲ့၍ စွန့်သွားအံ့”ဟုကြံ၏။

အမရာလည်း ယာဂုထည့်အံ့သောခွက်ဖြင့် ရေကိုဆောင်ယူပြီးလျှင် “အရှင် လက်ဆေးတော်ရေ”ဟုပေး၏။ မဟောသဓသုခမိန် လက်ဆေးပြီးမှ ထိုခွက်ကိုယူ၍ ယာဂုအိုး၌ ခွက်စောင်းမခပ်ဘဲ ခွက်ကို မြေ၌တည်ထားပြီးလျှင် ယာဂုအိုးကိုမွှေလှုပ်၍ ခွက်ပြည့်အခန့်တန်အောင် လောင်းထည့်၏။ ယာဂုသည်ကား ရေများ၍ ဆန်နည်းသဖြင့် သွက်၏။ ဤသို့ ယာဂုခွက်၌ ထည့်ပြီးသော် “အရှင်။ သုံးဆောင်တော်မူပါလော့”ဟု ပေး၏။

အမရာလည်း ယာဂုထည့်အံ့သောခွက်ဖြင့် ရေကိုဆောင်ယူပြီးလျှင် “အရှင် လက်ဆေးတော်ရေ”ဟုပေး၏။ မဟောသဓသုခမိန် လက်ဆေးပြီးမှ ထိုခွက်ကိုယူ၍ ယာဂုအိုး၌ ခွက်စောင်းမခပ်ဘဲ ခွက်ကို မြေ၌တည်ထားပြီးလျှင် ယာဂုအိုးကိုမွှေလှုပ်၍ ခွက်ပြည့်အခန့်တန်အောင် လောင်းထည့်၏။ ယာဂုသည်ကား ရေများ၍ ဆန်နည်းသဖြင့် သွက်၏။ ဤသို့ ယာဂုခွက်၌ ထည့်ပြီးသော် “အရှင်။ သုံးဆောင်တော်မူပါလော့”ဟု ပေး၏။

ထိုအခါ ဘုရားလောင်းသည် ယာဂု၌ ထမင်းလုံးနည်းသည်ကိုမြင်လျှင် “အဘယ်။ သင်၏ယာဂုကား အလွန်ပျစ်၏။ အဘယ့်ကြောင့်နည်း”ဟု မေး၏။ အမရာလည်း “အရှင်။ ရေရှားသောကြောင့် ယာဂုပျစ်ပါသည်”ဟု ဆိုလတ်သော်၊ မဟောသဓသုခမိန်သည် “အဘယ်။ ထိုသို့တပြီးကား သင့်ဖေလုပ်သည့် လယ်ကွက်များ၌ ရေရှား၍ စပါးမအောင်သည် ထင်၏”ဟု ဆို၏။ အမရာလည်း “အရှင်။ ရေရှားသည် မှန်၏”ဟုဆို၍၊ အဖဖို့တန်လောက်ရုံမျှ ဦးကိုချန်ထားပြီးလျှင် ဘုရားလောင်းအား ကောင်းမြတ်ရိုသေစွာ ကျွေးမွေးပေ၏။

ဘုရားလောင်းသည် အတန်ငယ် ယာဂုကိုသောက်၍ပြီးသော် အမရာသည်လည်း ထိုခွက်ကို စင်စွာဆေးကြော၍ ဆောင်ခဲ့ပြီးလျှင် “အရှင်။ လုတ်ဆေးတော်ရေ”ဟု ပေး၏။ ဘုရားလောင်းသည် လုတ်ဆေးပြီးသော် “အဘယ်။ သင်၏အိမ်သို့ ငါ သွားနှင့်လိုပါ၍ ငါ့အား ခရီးလမ်း ညွှန်ကြားလိုက်ပါ”ဟု ဆို၏။

အမရာလည်း “ကောင်းပြီ။ ညွှန်ကြားလိုက်အံ့”ဟု ဆို၍-

“ယေန သတ္တု ဗိလင်္ကာ စ၊ ဒိဂုဏပလာသော စ ပုပ္ဖိတော။

ယေန ဒဒါမိ တေန န ဒဒါမိ၊ ယေန န ဒဒါမိ တေန ဒဒါမိ။

ဧသမဂ္ဂေါ ယဝမဇ္ဈကဿ၊ ဧတံ ဆန္နပထံ ဝိဇာနာဟိ။”

ဟူ၍ ဧကနိပါတ်၌ လာသောဂါထာဖြင့် ညွှန်ပြလိုက်၏။

သာမိ၊ အရှင်။ ယေန မဂ္ဂေန၊ အကြင်ခရီးဖြင့်။ သတ္တု၊ မုန့်လုံးဈေးသည်လည်းကောင်း။ ဗိလင်္ကာ စ၊ ပုန်းရည်ဈေးသည်လည်းကောင်း။ ပုပ္ဖိတော၊ ပွင့်သော။ ဒိဂုဏပလာသော စ၊ အရွက် ၂ဆင့်ရှိသော ကသစ်ပင်သည်လည်းကောင်း။ အတ္တိ၊ ရှိ၏။ ယေန၊ အကြင်လက်ဖြင့်။ ဒဒါမိ၊ ပေး၏။ တေန၊ ထိုပေးသောလက်ဖြင့်။ န ဒဒါမိ၊ မပေး။ တေန၊ ထိုမပေးသောလက်ဖြင့်။ ဒဒါမိ၊ ပေး၏။ ဧသ ဧသော မဂ္ဂေါ၊ ဤခရီးသည်။ ယဝမဇ္ဈကဿ၊ ယဝမဇ္ဈဂုံးရွာ၏။ မဂ္ဂေါ၊ ခရီးတည်း။ ဧတံ ဆန္နပထံ၊ ဤလျှို့ဝှက်သောခရီးကို။ ဝိဇာနာဟိ၊ သိတော်မူလော့။

အဓိပ္ပာယ်ကား-

“အရှင်။ ဤလမ်းဖြင့် ကြွတော်မူလျှင် အကျွန်ုပ်တို့ ရွာသို့ ရောက်ပါလိမ့်မည်။ ရွာတွင်းသို့ဝင်မိလျှင် ရှေးဦးစွာ မုန့်လုံးဈေးကို တွေ့လတ္တံ့။ ထိုမုန့်လုံးဈေးမှ အစဉ်အတိုင်းသွားပြန်လျှင် ပုန်းရည်ဈေးကို တွေ့မြင်တော်မူလတ္တံ့။ ထိုပုန်းရည်ဈေးမှသွားပြန်လျှင် ပင်လုံးကျွတ်ပွင့်လျက် အရွက် ၂-ဆင့် ကသစ်ပင်ကို တွေ့တော်မူလတ္တံ့။ ထိုအရွက် ၂-ဆင့် ကသစ်ပင်သို့ရောက်လျှင် အကြင်လက်ဖြင့် အကျွန်ုပ်ပေး၏။ ထိုပေးသောလက်ဖြင့် မယူမူ၍၊ ထိုအကြင်လက်ဖြင့် အကျွန်ုပ်မပေး။ ထိုမပေးသောလက်ဖြင့်သာ ယူတော်မူပါ။ ဤသို့ ဆိုအပ်ပြီးသောခရီးသည် ထိုယဝမဇ္ဈဂုံးရွာ၌ အကျွန်ုပ်တို့အိမ်သို့ သွားသောလမ်းတည်း။ ဤသို့လျှို့ဝှက်၍ အကျွန်ုပ်ညွှန်ကြားလိုက်သောလမ်းကို အရှင် သိတော်မူပါလျှင် အကျွန်ုပ်၏အိမ်သို့ မချွတ်လျှင် ရောက်တော်မူလတ္တံ့”ဟု သူဌေးသမီးအမရာသည် ခရီးကိုညွှန်ကြားပြီးသော် ယာဂုအိုးကိုရွက်၍ အဖထံ လယ်တောသို့သွားလေ၏။

မဟောသဓသုခမိန်လည်း အမရာသူဌေးသမီး ညွှန်ကြားလိုက်သောလမ်းဖြင့်သွားလေသော် ယဝမဇ္ဈဂုံးရွာသို့ ရောက်လေ၏။ ရွာတွင်းသို့ဝင်မိလျှင် ရှေးဦးစွာ မုန့်လုံးရောင်းသောဈေးကို တွေ့လေ၏။ ထိုမှသွားပြန်လျှင် ပင်လုံးကျွတ်ပွင့်သော ပင်လယ်ကသစ်ပင်ကို တွေ့လေ၏။ ထိုကသစ်ပင်သို့ရောက်လျှင် အိမ်ကြားသို့ဝင်သော လမ်းလည်းရှိသောကြောင့် သစ်ပင်ရင်း၌ရပ်လျက် ဤသို့ကြံ၏။ “အမရာသည် ငါ့ကို “အကြင်လက်ဖြင့် အကျွန်ုပ် ပေး၏။ ထိုပေးသောလက်ဖြင့် မယူလင့်ဟု မှာလိုက်သည့်စကားမှာ မုန့်လုံးဈေးမှ ဤကသစ်ပင်ရင်းတိုင်အောင်သောလမ်းသည် မိမိပေးသောလက် ဖြစ်တော့သည်။ ထိုလမ်းဖြင့် ကသစ်ပင်သို့ရောက်လျှင် မသွားနှင့် ဆိုလိုချေသည်။ “အကြင်လက်ဖြင့် အကျွန်ုပ် မပေး။ ထိုမပေးသောလက်ဖြင့် ယူတော်မူပါ”ဟု မှာလိုက်သည့်စကားမှာ ဤအိမ်ကြားသို့ဝင်သောလမ်းသည် မိမိ မပေးလိုက်သောလမ်းကြောင်း ဖြစ်တော့သည်။ “ကသစ်ပင်သို့ရောက်လျှင် အိမ်ကြားသို့ဝင်သောလမ်းဖြင့် လိုက်ပါလေ”ဆိုလိုချေသည်”ဟု ကြံပြီးသော်၊ ကသစ်ပင်လမ်းကို လက်ဝဲထား၍ ထိုကသစ်ပင်မှ လက်ယာဘက်လမ်းဖြင့်လိုက်လျှင် ဆိုက်ဆိုက်လျင်စွာ အမရာသူဌေးသမီးမိဘအိမ်သို့ ဘုရားလောင်း ရောက်လေ၏။

အမရာ၏အမိဖြစ်သော သူဌေးဆင်းရဲမသည် အိမ်သို့တက်လာသော မဟောသဓသုခမိန်ကိုမြင်လျှင် “မကျွမ်းမကျင် မမြင်စဖူး ထူးထူးခြားခြား နုထွားသောကိုယ်နှင့် လုလင်ပျို ရောက်လာသည်။ အရပ်ဝေးသား ဖြစ်ဟန်တကား”ဟု အောက်မေ့၍ နေရာပေးခြင်းစသော ဧည့်သည်တို့ဝတ်ကိုပြုပြီးသော် “အမျိုးသား။ ထမင်းနံနက်စာ စားခဲ့ရပြီလော။ အမယ်တို့မှာ ဆင်းရဲသည်ဖြစ်၍ ယာဂုကိုသာ အမြတ်အလေး ပြုပါ၏။ ယာဂုကိုပေးလျှင် လုလင်ပျိုအမျိုးသား သုံးဆောင်ပါမည်လော”ဟု မေး၏။

သူဌေးမစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “မိခင်။ ကျွန်ုပ်နှမငယ် အမရာကို လမ်းတွင် တွေ့ကြိမ်ပေသောကြောင့် ကျွန်ုပ် ယာဂုကို သောက်ခဲ့ရပေပြီ။ မပေးပါလင့်။ ရှိပါစေတော့”ဟုဆို၏။ ထိုစကားကိုကြားလျှင် သူဌေးမသည် “ဤလုလင်ပျိုကား တစ်ပါးသောအကြောင်းကြောင့် ယခု ငါ့အိမ်သို့ ရောက်လာသည်မဟုတ်။ ငါ့သမီးအမရာကို လိုသောကြောင့် ရောက်လာချေသည်”ဟု သိလေ၏။

မဟောသဓသုခမိန်လည်း ထိုသူဌေးမတို့၏ ဆင်းရဲသောအဖြစ်ကို သိလျက်လည်း “မိခင်။ အကျွန်ုပ်ကား အပ်ချုပ်သမားတည်း။ မိခင်တို့တွင် တစ်စုံတစ်ခု ချုပ်စရာအဝတ်ပုဆိုး ရှိပါသလော”ဟု မေးလျှင် သူဌေးမက “ချစ်သား။ ချုပ်စရာအဝတ်ပုဆိုး ရှိပါ၏။ အချုပ်လက်ခ ပေးစရာ မရှိပါ”ဟုဆိုလျှင် မဟောသဓသုခမိန်လည်း “မိခင်။ အကျွန်ုပ်ကား အမယ်တို့ကို အမိအရင်းကဲ့သို့ မှတ်ပါသည်။ အဘယ့်ကြောင့် လက်ခယူပါအံ့နည်း။ ချုပ်စရာရှိမူ ထုတ်ဆောင်ခဲ့ပါ။ မေတ္တာနှင့်သက်သက် ချုပ်၍ပေးပါမည်”ဟုဆို၏။

သူဌေးမလည်း ဟောင်းနွမ်းစုတ်ပြတ်သည့် အဝတ်ပုဆိုးတို့ကို ထုတ်၍ပေးလျှင် ဘုရားလောင်းလည်း ယူခဲ့တိုင်းယူခဲ့တိုင်းသော အဝတ်ပုဆိုးတို့ကို ချုပ်၍ပေး၏။ သူဌေးမအိမ်၌ ပုဆိုးအဝတ် ချုပ်ထိုက်သမျှ အကုန်ချုပ်ပြီးလျှင် မဟောသဓသုခမိန်သည် “မိခင်။ ဤရွာတွင် မိခင်တို့နှင့် အဆွေခင်ပွန်း မိတ်ကျွမ်းဝင်သသူတို့အားလည်း အကျွန်ုပ်အကြောင်းကို ကြားလော့”ဟုဆို၏။

သူဌေးမလည်း မဟောသဓသုခမိန်ဆိုတိုင်း အိမ်ဈေးခရီးလမ်းသို့လှည့်လှည်၍ မိတ်ကျွမ်းဝင်သောသူတို့အား “ကျွန်ုပ်အိမ်၌ အပ်ချုပ်သမားတစ်ယောက် ရောက်လာသည်။ ချုပ်လိုလျှင် အဝတ်ပုဆိုးချုပ်ရန်များနှင့် လာရောက်ကြပါ”ဟု ပြောဆိုရာ ထိုရွာ၌နေသော သူအပေါင်းတို့သည်လည်း အဆင့်ဆင့်ကြားကြသဖြင့် များစွာ သူဌေးမအိမ်သို့ လာကြကုန်၏။ ဘုရားလောင်းလည်း ရောက်တိုင်းရောက်တိုင်းသော အဝတ်ပုဆိုးတို့ကိုချုပ်၍ ထိုနေ့တစ်ရက်တည်း ဖြင့်လျှင် အထောင်မျှလောက်သော အဝတ်ပုဆိုးတို့ကို ပြီးစေ၏။

(ဤသို့ပြီးစေခြင်းသည် “ပုညဝတော ကြိယာနာမ သမိဇ္ဈတိယေဝ”ဟူသော အဋ္ဌကထာပါဌ်နှင့်အညီ ဘုန်းကံရှိသောသူတို့ ပြုသောအမှုဟူသည် မပြီးသောမည်သည် မရှိ၊ ပြီးသည်သာလျှင်တည်း။)

သူဌေးမသည်လည်း မဟောသဓသုခမိန်အား “နံနက်စာထမင်းချက်၍ ကျွေးမွေးပြီးလျှင် ညစာထမင်း အဘယ်မျှလောက် ချက်ရမည်နည်း”ဟုမေး၏။ မဟောသဓသုခမိန်သည် “မိခင်။ သူများထက်ထူး၍ ကျွန်ုပ်စားနိုင်တော့မည် မဟုတ်။ ဤအိမ်တွင် စားကြသောသူတို့နည်းတူပင် ချက်ပါလော့”ဟုဆို၏။ သူဌေးမသည်လည်း “ဤသို့သော ဘုန်းပညာရှင်ဖြစ်လျက် သမက်ခံလို၍ ရောက်လာပေသည်” စိတ်စွဲနှင့် ဆင်းရဲသော်လည်း တော်ကြောင်းတင့်တယ်ကြောင်း ကောင်းမြတ်သောငါးအမဲ စားဖွယ်ဟင်းလျာနှင့် များစွာသောထမင်းကို ချက်၏။

အမရာသည်လည်း ညချမ်းသောအခါ လယ်တောမှ ထင်းစည်းကို ဦးခေါင်း၌ရွက်လျက် ဟင်းရွက်ကို တဘက်မြိတ်ဖြင့်ပိုက်၍ အိမ်သို့ပြန်လာလတ်သဖြင့်ရောက်လျှင် အိမ်မျက်နှာစာတံခါးဝ၌ ထင်းစည်းကိုချထားပြီးသော် အိမ်အနောက်တံခါးပေါက်ဖြင့် တက်ဝင်လေ၏။ အဖသူဌေးလည်း ညချမ်းသောအခါ လယ်တောမှ အိမ်သို့ လာလတ်၏။ အမရာသူဌေးသမီးလည်း မဟောသဓသုခမိန်အား ကောင်းမြတ်သော ဘောဇဉ်ခဲဖွယ်တို့ဖြင့် ညစာထမင်းကျွေးမွေး၍ပြီးလျှင် အမိအဖတို့အား နေ့တိုင်းဝတ်ဖြင့် ကျွေးမွေး၍ နောက်မှ မိမိစား၏။ ထိုသို့ ညစာထမင်းစားကြပြီးသော် အမရာသည် အမိအဖတို့အား နေ့တိုင်းဝတ်ဖြင့် ခြေဆေးခြင်း, ဆုပ်နယ်ခြင်း စသောဝတ်ကိုပြုပြီးမှ မဟောသဓသုခမိန်၏ခြေ၌ ဆေးခြင်း, ဆုပ်နယ်ခြင်းကို ပြု၏။

မဟောသဓသုခမိန်သည် အမရာသူဌေးသမီး၏ အမူအရာအကျင့်အလေ့ကို ရှုကြည့်ဆင်ခြင်လိုသဖြင့် ထိုအိမ်၌ ၂-ရက်,၃-ရက်ပတ်လုံး နေ၏။

တစ်နေ့သ၌ မဟောသဓသုခမိန်သည် အမရာကို ပညာစမ်းလို၍ “အဘယ်အမရာ။ ကျွန်ုပ် ဆန်တစ်ခွက်ကို နက်ဖြန်နံနက်စောစော မုန့်ကြွပ်, ယာဂု, ထမင်း၊ ဤ ၃-မျိုးကိုရအောင် ချက်၍ပေးပါ”ဟုဆို၏။ အမရာလည်း “သခင်။ ကောင်းပါပြီ။ ချက်ပါမည်”ဆို၍ ထိုတစ်ခွက်သောဆန်ကို ဆုံ၌ဖြူစင်စွာဖွပ်သဖြင့် ဆန်ရင်းကို ထမင်းချက်၏။ ဆန်လတ်ကို ယာဂုကျို၏။ ဆန်ကွဲကိုကား အမှုန့်ဖြစ်အောင် ဆုံ၌ထောင်း၍ မုန့်ကြွပ်လုပ်၏။ ထို ထမင်း,ယာဂု,မုန့်ကြွပ်တို့နှင့်လျော်သော အမဲဟင်းလျာကိုလည်း ပြီးစေပြီးသော် နံနက်စောစော၌ အမဲနှင့်တကွ ယာဂုကို ကောင်းစွာပြင်ဆင်၍ မဟောသဓအား ပေး၏။

မဟောသဓသုခမိန်သည် ထိုယာဂုကို ခံတွင်းလျှာပေါ်၌ ချခါမျှလျှင် ယာဂု၏ကောင်းမြတ်သော ဩဇာသည် ၇၀၀၀-ကုန်သော လျှာအကြောတို့ကို ဆောင်၍တည်၏။ ထိုယာဂုသည် လျှာကြောစိမ့်မျှ ကောင်းသော်လည်း မဟောသဓသုခမိန်သည် အမရာအား စုံစမ်းလိုသောကြောင့် “အဘယ်။ သင်သည် ယာဂုမျှ မချက်တတ်ဘဲလျက် ငါ့ဆန်ကို အဘယ်ကြောင့် ဖျက်စီးဘိသနည်း”ဟုဆို၍ မစင်ကဲ့သို့ ရွံရှာဟန်ပြုလျက် ခံတွင်းသို့ရောက်သောယာဂုကို တံတွေးလျှာရည်နှင့်တကွ မြေပေါ်သို့ ထွေးပစ်လိုက်၏။

အမရာသည် ထိုသို့သောအခြင်းအရာကို မြင်သော်လည်း နှလုံးမသာရုံမျှမရှိမူ၍ “အရှင်။ ယာဂုမကောင်းလျှင် မုန့်ကြွပ်ကို သုံးဆောင်တော်မူပါဦး”ဟု မဟောသဓအား မုန့်ကြွပ်ကိုပေးပြန်၏။ ထိုမုန့်ကြွပ်ကို မဟောသဓသည် လျှာပေါ်တွင်တင်ရုံမျှလျှင် အကြော ၇၀၀၀-ဆောင်၍ နှစ်သိမ့်ခြင်းရှိသော်လည်း၊ ယာဂုမှာကဲ့သို့ပင်ဆိုလျက် ထွေးပစ်လိုက်ပြန်၏။

အမရာသည် “အရှင်။ မုန့်ကြွပ်မကောင်းလျှင် ဤထမင်းကိုသုံးတော်မူပါ” ဟု အမဲဟင်းလျာနှင့်တကွ ကောင်းစွာပြင်ဆင်၍ ထမင်းကိုပေး၏။ မဟောသဓသုခမိန်လည်း ရှေးအတူပင်လျှင် ထွေးပစ်လိုက်ပြီးသော် “သင်သည် ထမင်းမျှမချက်တတ်ဘဲလျက် ငါ့ဆန်ကို ဖျက်ရမည်လော”ဟု စိတ်ဆိုးယောင်ဆောင်လျက်၊ ထိုယာဂု,မုန့်ကြွပ်, ထမင်း ၃-မျိုး တစ်ပေါင်းတည်းနယ်ပြီးလျှင် အမရာ၏ဦးခေါင်းမှစ၍ ကိုယ်အလုံးကို သွန်းလောင်းလိမ်းကျံပြီးလျှင် “သင် ယခုသွား။ တံခါးဝမှာ နေချေ”ဟု မပိုင်မီခင်ကပင် နိုင်သံနှင့် ဆို၏။

အမရာလည်း ဘုရားလောင်းအား စိုးစဉ်းမျှ စိတ်မသာခြင်း မရှိမူ၍ “အရှင်။ ကောင်းပါပြီ။ နေစေချင်လျှင် နေပါမည်”ဆိုလျက် တံခါးဝ၌ သွား၍နေ၏။ မဟောသဓသုခမိန်သည် “ဤမိန်းမကား အမျက်စောင်မာန် မရှိ။ မိန်းမကောင်း, မိန်းမမြတ်ပေတည်း”ဟု သိပြီးလျှင်၊ “အဘယ်။ လာလှည့်”ဟုခေါ်၏။ အမရာလည်း အမျက်ဒေါသ မာန်မရှိခြင်းကြောင့် တစ်ခွန်းတည်းဖြင့်ပင်လျှင် ရိုသေစွာလာ၍ အနီး၌နေ၏။

ဘုရားလောင်းလည်း ကွမ်းအစ်ထည့်သောအိတ်၌ အသပြာ ၁၀၀၀-နှင့် ထဘီကောင်းတစ်ထည်ကိုထည့်၍ မိမိအိမ်ကပင် ဆောင်ယူခဲ့သတည်း။ ထိုသို့ အမရာကိုခေါ်၍ အနီးသို့ရောက်သောအခါ အိတ်ထဲမှ တဘီကောင်းကိုထုတ်ပြီးလျှင် “အဘယ်။ သင် ဤထဘီကိုယူလျက် သင့်အဖော်များနှင့် ရေဆိပ်သို့သွား၍ ရေချိုးပြီးလျှင် ဤထဘီကိုဝတ်၍ လာခဲ့”ဟုဆို၏။

အမရာသည် မဟောသဓသုခမိန်ဆိုတိုင်း ရေချိုးပြီးသော် ထဘီသစ်ကို ဝတ်၍လာ၏။ မဟောသဓသုခမိန်သည် ဤမဇ္ဈဂုံးရွာ၌ အဝတ်ပုဆိုးချုပ်ခ ရသောဥစ္စာတို့ကိုလည်းကောင်း၊ အိမ်ကပါလာသော အသပြာ ၁၀၀၀-ကိုလည်းကောင်း သူဌေးလင်မယားတို့အားပေးပြီးလျှင် “ဦးရီးမှ အရီးတို့။ ကျွန်ုပ်သည် ရှေးရှေးသောဘဝဟောင်းက ပေါင်းခဲ့ဖူးသောဝါသနာဖြင့် မေတ္တာ ၂-ဦးလုံး ပူးတွယ်မိကြသည်နှင့်အညီ ဤသတို့သမီးကို ဇနီးအိမ်သူအဖြစ် နှင်းလိုပါသည်။ ဤဥစ္စာအသပြာ ၁၀၀၀-ကျော်ကိုလည်း ထမင်းတစ်နပ်စာမျှ ကျွေးမွေးပေသော ဦးရီးတို့၏ကျေးဇူးအဖို့မျှသာ ကျွန်ုပ်ထင်ပါသည်”ဆို၍ အမရာကို တောင်းသတည်း။

အမရာ၏မိဘတို့သည်လည်း အရည်အသွား, ယောက်ျားတို့၏ ကြံရည်ဆောင်ရည်, မျိုးကောင်းဆွေကောင်းသား အမူအရာလက္ခဏာနှင့် ပြည့်စုံသည်ကို သိသည်ဖြစ်၍ နှစ်သက်သဖြင့် အမျိုးအမည်ကိုမျှ မမေးမဆေးပြီ။ “ချစ်သား။ သမီးတစ်ယောက်တည်းသာ ရှိသည်ဖြစ်၍ အသက်တမျှ ချစ်သည်နှင့်အညီ စည်းစိမ်ဥစ္စာရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ ကိုယ်စိတ်ချမ်းသာကြောင်း ကောင်းမြတ်စွာ သမီးကိုကြင်နာလေးမြတ် ရှိပါသူဖြစ်လျှင် နှစ်သက်ပါတော့သည်။ တူမောင်သည်လည်း အိမ်တွင် ၂-ရက်မှ ၃-ရက်တည်းနေသဖြင့် ၂-ဦးလုံးစိတ်ကိုပင် ဦးရီး အရီးတို့ချင့်ယူမိသည်နှင့်အညီ အမရာကို တူမောင့်အား ဆောင်နှင်းပါ၏။ သို့ရာတွင် သူ့ရွာသူ့အိမ်၌ သမီးမလိမ္မာ၍ ကျင့်ရာဆောင်ရာဝတ်မကုန်သဖြင့် တဖျင်းသုန်ရှိမည်များကိုသာ သမီးဖြစ်၍ စိုးရိမ်ပါသည်”ဟု ဆိုပြီးလျှင် မဟောသဓသုခမိန်အား သမီးအမရာကို ပေးသတည်း။

မဟောသဓသုခမိန်ကလည်း “ဦးရီးတို့။ မည်သည့်အခွင့်ကိုမျှ စိုးရိမ်တော်မမူကြလင့်”ဟု နှစ်သိမ့်စေ၏။ ဤသို့ မိဘတို့အား ခွင့်တောင်းပြီးသော် မဟောသဓသုခမိန်သည် ယောက္ခမ ၂-ယောက်ကိုပန်ကြား၍ အမရာသူဌေးသမီးကိုခေါ်လျက် မိမိနေရာမြို့ကို ဆောင်သွားလေ၏။

ထိုသို့ ဥတ္တရယဝမဇ္ဈဂုံးရွာမှ မြို့သို့ အမရာကိုခေါ်၍ လာလတ်သောအခါ မဟောသဓသုခမိန်သည် အမရာ၏ပညာကိုစမ်းလိုသဖြင့် အမရာအား “အဘယ်။ ဤဖိနပ်ကိုစီး၍၊ ဤထီးကို ဆောင်းခဲ့လော့”ဟု ထီး,ဖိနပ်ကို ပေး၏။ အမရာသည်လည်း ထိုထီး, ဖိနပ်ကို လက်ဖြင့်ကိုင်ဆောင်၍ သစ်ပင်သစ်ခက်စသည် မရှိသောလွင်ပြင်၌ နေပူသော်လည်း ထီးကိုမဆောင်း, သစ်ပင်သစ်ခက်အောက်စသည်၌ သွားရသောအခါ နေမပူသော်လည်း ထီးကိုဖွင့်လှစ်၍ဆောင်း၏။ ရေမရှိသော မြေအပြင်၌ ဖိနပ်ကို မစီး၊ ရေရှိရာရောက်မှသာလျှင် ဖိနပ်ကိုစီး၍ သွား၏။

ဤသို့ သွားကြသောအခါ လယ်လုပ်ချိန်၏ လယ်ပြင်သို့သွားကြရသည်ဖြစ်၍ ရွံ့ရေဆင်းရလတ်သော် အမရာသည် ဖိနပ်ကိုစီးလျက် ရေထဲသို့ဆင်းသွား၏။ ထိုအကြောင်းကို မဟောသဓသုခမိန် မြင်လျှင် “အဘယ် အမရာ။ သင်သည် ရေမရှိရာ၌ ဖိနပ်ကို မစီး၊ ယခု ရေထဲသို့ဆင်းမှ အဘယ့်ကြောင့် ဖိနပ်ကို စီးသနည်း”ဟုမေး၏။ ထိုစကားကို အမရာကြားလျှင် “အရှင်။ ရေမရှိရာ မြေအပြင်၌ကား ခလုတ်,ဆူးငြောင့်ကို မြင်သာသည်ဖြစ်၍ ဖိနပ်မစီးသော်လည်း မစူးမရှရာ။ ရေထဲ၌မူကား ငါး, လိပ်, ဆူးငြောင့်ခလုတ်ရှိ၍ မမြင်နိုင်သဖြင့် နင်းမိခဲ့သော် ဖိနပ်မစီးလျှင် မစူးမရှပြီလော”ဟုဆို၏။ ထိုစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “ဤသတို့သမီးကား မိန်းမတို့၏ အရွယ်ရောက်စသာဖြစ်၍ ငယ်သေးလျက် အလွန်ပညာရှိပေစွ” ဟု အောက်မေ့လျက် သွားပြန်သော် လယ်ပြင်မှလွန်၍ မြို့သို့မရောက်မီအကြား၌ တောရှိသဖြင့်၊ ထိုတောအတွင်းသို့ဝင်မိလျှင် အမရာသူဌေးသမီးသည် ထီးကိုဖွင့်လှစ်၍ ဆောင်းလျက်သွား၏။

ထိုအခြင်းအရာကိုမြင်လျှင် မဟောသဓသုခမိန်သည် “အဘယ်အမရာ။သူတစ်ပါးမှာ လွင်ပြင်၌ နေပူသောအခါမှ ထီးကိုဆောင်း၏။ သင်မူကား လွင်ပြင်၌ နေပူသောအခါ ထီးကိုမဆောင်း၊ ယခုသစ်ပင်ရိပ်ကိုခိုလျက် သစ်ခက်အောက်သို့သွားနေမှ အဘယ့်ကြောင့် ထီးကို ဆောင်းရသနည်း”ဟုမေး၏။ ထိုစကားကိုကြားလျှင် အမရာသည် “အရှင်။ တောရိပ်သို့ သွားရခြင်းမည်သည်ကား သစ်ပင်သစ်ခက်တို့၌ သစ်ဟောင်း ဝါးဟောင်းစသည်တို့ များစွာရှိကုန်၏။ ထို သစ်ဟောင်းဝါးဟောင်း စသည်တို့သည် ထိပ်ပေါ်၌ကျမည်ကို အဘယ်သူ မြင်နိုင်အံ့နည်း။ ထိုသစ်ဟောင်းဝါးဟောင်းစသည်တို့ ဦးခေါင်း၌ကျခဲ့သော် မစုတ်မရှပြီလော။ ဤသို့သောအပြစ်ကို မြင်၍ ကျွန်ုပ် ထီးဆောင်းလျက်သွားသည်”ဟု ဆို၏။

ထိုစကားကို မဟောသဓသုခမိန်ကြားလျှင် အလွန်နှစ်သက်ခြင်းဖြစ်လျက် သွားပြန်လတ်သော် လမ်းနား၌ အသီးသီးသော ဆီးပင်တစ်ခုကိုမြင်၍ ထိုဆီးပင်သို့ ဝင်ကြလေ၏။ ထိုအခါ အမရာသည် “အရှင်။ ဆီးပင်ပေါ်သို့တက်၍ ဆီးသီးကိုဆွတ်ယူ သုံးဆောင်တော်မူပါလော့”ဟု ဆို၏။ မဟောသဓသုခမိန်သည် “အဘယ်။ ငါခရီးမောပန်း၍ ဆီးသီးကိုပင် စားချင်ပါသော်လည်း မတတ်နိုင်။ သင်စွမ်းနိုင်သဖြင့် ငါ့အားစားစေလိုလျှင် တက်၍ပေးပါတော့လော့”ဟုဆို၏။ ထိုစကားကိုကြားလျှင် အမရာသည် ဆီးပင်သို့တက်၍ သစ်ခွကြား၌နေလျက် ဆီးသီးကိုဆွတ်ယူ၏။ မဟောသဓသုခမိန်သည် “အဘယ် အမရာ။ ငါ့အား ဆီးသီးကို ချလိုက်ပါလော့”ဟုဆို၏။

ထိုစကားကို ကြားလျှင် အမရာသူဌေးသမီးလည်း “ဤယောက်ျားကား ပညာရှိ၏လော, မရှိ၏လောဟု ငါစမ်းအံ့”ဟု ကြံပြီးသော်၊ “အရှင်။ ဆီးသီးအေးကိုတည်း သုံးလိုသလော။ ဆီးသီးပူကိုတည်း သုံးလိုသလော”ဟု မေး၏။ မဟောသဓသုခမိန်သည် စမ်းမှန်းကို မသိလေယောင်ပြု၍ “အဘယ်။ ဆီးသီးပူကို စားလို၏”ဟုဆို၏။ အမရာသည် ဆီးသီးကို ဆွတ်ယူပြီးလျှင် မြေပူရာမြူဖုတ်ထဲသို့ “အရှင်။ ကောက်ယူတော်မူပါ”ဟု ဆို၍ ချလိုက်၏။ မဟောသဓသုခမိန်သည်လည်း ထို ဆီးသီးပူကိုကောက်ယူပြီးလျှင် လက်ဖြင့် မြူမှုန့်ကိုသုတ်ပွတ်၍ စား၏။ တစ်ဖန် မဟောသဓသည် အမရာကို စမ်းလိုပြန်သောကြောင့် “အဘယ်။ ဆီးသီးအေးကို စားလိုသည်။ ချလိုက်ပါလော့”ဟု ဆို၏။ အမရာလည်း ဆီးသီးကိုဆွတ်ယူပြီးလျှင် မြက်ပင်ပေါ်သို့ “အရှင်။ ကောက်ယူတော်မူပါ”ဟုဆို၍ ချလိုက်၏။ ဘုရားလောင်းသည်လည်း ထိုဆီးသီးကိုကောက်ယူ၍ စားလျက် “ဤသတို့သမီးသည် အလွန်ပညာရှိစွ” ဟု နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်၏။ မဟောသဓသုခမိန်သည် “အဘယ်။ ဆီးပင်မှ ဆင်းသက်ခဲ့လော့”ဟုဆို၏။ ထိုစကားကို အမရာကြားလျှင် ဆီးပင်မှဆင်းသက်၍ ရေသောက်အိုးကိုယူပြီးသော် မြစ်သို့သွား၍ ရေခပ်ခဲ့ပြီးလျှင် “အရှင်။ သောက်တော်မူပါ”ဟု ပေး၏။ မဟောသဓသုခမိန်သည်လည်း ရေကိုသောက်၍ လုတ်ကျင်းပြီးလျှင် ထိုဆီးပင်မှထ၍ အမရာနှင့်လာကြလတ်သော် မြို့သို့ရောက်လေ၏။

မြို့သို့ရောက်သောအခါ အမရာကို စုံစမ်းလိုသောကြောင့် မဟောသဓသုခမိန်သည် တံခါးမှူးအိမ်၌ အမရာကို “သင်သည် ဤအိမ်၌ ခဏမျှနေရစ်ဦး”ဟုဆိုပြီးလျှင်၊ တံခါးမှူးမယားအားလည်း “အကျွန်ုပ်မယားကို မိခင်တို့အိမ်တွင် ခဏမျှနေပါစေ”ဟု အပ်ထားခဲ့ပြီးသော် မိမိအိမ်သို့သွား၍၊ လုလင်ပျို မင်းချင်းတို့ကိုခေါ်ပြီးလျှင် “ငါသည် မြောက်တံခါးမှူးအိမ်၌ မိန်းမတစ်ယောက်ကို ထားခဲ့၍လာသည်။ ထိုမိန်းမအား ဤအသပြာ ၁၀၀၀-ထုပ်နှင့်သွား၍ သင်တို့ စုံစမ်းကြချေ”ဟု စေလိုက်၏။

မင်းချင်းတို့သည်လည်း မဟောသဓဆိုတိုင်း အသပြာ ၁၀၀၀-ထုပ်ကိုယူ၍ အမရာသူဌေးသမီးအား မင်းကြီး၏သားတော်က စေလွှတ်ကြောင်းနှင့် ပြောဆိုစုံစမ်းကြ၏။

အမရာသည် အသပြာ ၁၀၀၀-ထုပ်နှင့်လာ၍ ပြောဆိုလာသောလုလင်တို့အား “မောင်ကြီးတို့၊ ဤအသပြာ ၁၀၀၀-သည်ကား ကျွန်ုပ်လင်၏ ခြေဖဝါး၌ကပ်သော မြူလုံးလောက်မျှ အဖိုးမထိုက်။ နှစ်ခြိုက်ရာသွား၍ တစ်ပါးမှာသာ ရှာကြပါလေ။ အကျွန်ုပ်မှာ လွတ်လပ်သူ မဟုတ်”ဟုဆို၏။

ထိုမင်းချင်းတို့လည်း အမရာဆိုလိုက်သော အကြောင်းစကားအလုံးစုံကို မဟောသဓထံပြန်၍ ပြောကြကုန်၏။ မဟောသဓသုခမိန်သည်လည်း “အချင်းတို့။ သင်တို့စကား မချေငံသောကြောင့် ရှိသည်ဖြစ်မည်။ တစ်ကြိမ်သွား၍ စကားလှည့်လည် ချေငံစွာ ဖြားယောင်းပြောဆိုချေဦး”ဟု လွှတ်ပြန်၏။ မင်းချင်းတို့လည်း ရှေးနည်းတူ အသပြာ ၁၀၀၀-ထုပ်နှင့်သွား၍ စကားလှည့်လည်ချေငံစွာ ဖြားယောင်းပြောဆိုသော်လည်း အမရာသည် ရှေးနည်းအတူပင်လျှင် ပယ်လိုက်ပြန်၏။ မင်းချင်းတို့လည်း ထိုအကြောင်းကို မဟောသဓထံသို့သွား၍ ပြန်ကြားလေ၏။ မဟောသဓသုခမိန်လည်း “တစ်ကြိမ်သွား၍ စုံစမ်းချေဦး”ဟု လွှတ်လိုက်ပြန်၏။ အမရာလည်း ရှေးနည်းအတူလျှင် ပယ်ဆိုလိုက်၏။ ဤသို့ ၃-ကြိမ်တိုင်အောင်စေလွှတ်၍ စကားမရလျှင် မင်းချင်းတို့ကို “တစ်ဖန် သင်တို့သွားချေဦး။ မင်းအာဏာထား၍ ခေါ်ချေ။ မလိုက်လျှင် လက်ကိုဆွဲ၍ ခေါ်ခဲ့”ဟု စေလွှတ်လိုက်၏။

မင်းချင်းတို့သည်လည်း ဘုရားလောင်းဆိုတိုင်း တံခါးမှုးအိမ်သို့သွား၍ အမရာကို “အမိငယ် အသက်ဦးလည်ကိုပိုင်သော အရှင့်သားတော်က သူကောင်းပြုတော်မူလို၍ ၃-ကြိမ်တိုင်အောင် အသပြာလက်ဆောင် အထိုက်အလျောက်နှင့် ယုံမှတ်တော်မူသည့် သူငယ်ဖော်များကို အသာအယာ စေလွှတ်တော်မူသည်ကိုလျက် တစ်ပါးတခြား ဆင်းရဲသားများမှာကဲ့သို့ မလောက်မလေး ပြောဆိုငြင်းပယ်နေသောကြောင့် သခင်က အမျက်တော်ဝင်၍၊ “အလျင်တဆော အပါခေါ်ခဲ့” စေလွှတ်တော်မူသဖြင့် ကျွန်ုပ်တို့ ယခုလာခဲ့ကြရသည်။ သင် အသို့နည်း။ လိုက်မည်လော, မလိုက်မည်လော”ဟုမေးလျှင်၊ အမရာကလည်း “မောင်ကြီးတို့။ အရှင့်သားတော်စင်ကို မလောက်မလေးပြုဝံ့မည့် ကျွန်မ မဟုတ်ပါ။ အရှင် သူကောင်းပြုလိုသော်လည်း ဘုန်းကံနည်းသည့် ကျွန်မဖြစ်၍ ကံထားရာလင်နှင့် ရှိချေပြီဖြစ်သောကြောင့်သာ သူကောင်းမပြုထိုက်။ ကံနည်းမိန်းမဖြစ်ကြောင်းကို လျှောက်ဆိုခြင်းဖြစ်ပါသည်”ဟု ဆို၏။ မင်းချင်းလုလင်ပျိုတို့လည်း “သင် မလိုက်ဘဲ မနေသာ အပါခေါ်ခဲ့ရမည် အမိန့်တော်နှင့် ဖြစ်သည်”ဟု လက်ကို ဆွဲငင်လျက် မဟောသဓသုခမိန်ထံသို့ ခေါ်သွားကြလေ၍၊ အတွင်းသား, အပြင်သား ထွက်ဝင်သွားလာကြလျက် များစွာသောအခြံအရံဖြင့် မင်းသားစည်းစိမ်အိမ်ကြီးထက်၌ အဆောင်အရွက်များစွာနှင့် မင်းသား၏တင့်တယ်ခြင်းဖြင့် တင့်တယ်စွာနေသော မဟောသဓထံသို့ ရောက်လေ၏။

အမရာသူဌေးသမီးသည် “ငါ့လင် အပ်ချုပ်သမားပင်လော”ဟု တွေးတောဖွယ်အကြောင်း မပေါင်းမဆိုင်လာသဖြင့် သတိမမူ။ “မင်းသား”ဟူသော အမှတ်သာရှိ၍ မသိမမြင် ဖူးယောင်ထင်လျက် ကြီးမြင့်တင့်တယ်စွာသော မင်းသားကိုမြင်လေသော် ရှုကြည့်လျက် ပြုံးရယ်ခြင်းကိုလည်း ပြု၏။ မျက်ရည်စီးယို ငိုခြင်းကိုလည်း ပြု၏။ ထိုသို့ ရယ်မြူးခြင်း,ငိုကြွေးခြင်းကို မဟောသဓသုခမိန်မြင်လျှင် “သင် အဘယ့်ကြောင့် ငါ့ကိုကြည့်၍ ရယ်ယောင် ငိုယောင်ပြုဘိသနည်း” ဟုမေး၏။

အမရာသည်လည်း မဟောသဓစကားကိုကြားလျှင် “ရွှေနန်းသခင် အရှင့်သားတော်ဘုရား အကျွန်ုပ်နှလုံး ပြုံးရွှင်ပေသည်မှာ အရှင့်သားကို မခံ့ညားလို၍ မဟုတ်ပါ။ ဤသို့သော စည်းစိမ်အိမ်တော်ကို အကျွန်ုပ် မမြင်စဖူး မြင်ရသဖြင့် “မြင့်မြတ်သောဤစည်းစိမ်သည် ဘုန်းကံနည်းသောသူတို့အား မထိုက်။ အကြောင်းမရှိဘဲ လုံ့လပြုကုန်သော်လည်း ဤသို့သောစည်းစိမ်ကို မရရာ။ ရှေးရှေးသောသံသရာက စင်ကြယ်စွာ ဒါန,သီလ စသည်ကိုပြု၍ ကုသိုလ်ကံ အရင်းသန်လှသောကြောင့်သာ ရအပ်၏။ ကုသိုလ်ကံ၏အကျိုးမည်သည်ကား အလွန် အံ့ဩဖွယ်ရှိစွတကား”ဟု ကြံမိ၍ နှစ်လိုသောနှလုံးဖြင့် ရွှင်ပြုံးမိပါသည်။

“မျက်ရည်စီးယို ငိုသည်မှာ ဤသို့သော စည်းစိမ်တော်ကြီးကို ရသောသခင်ဖြစ်ပါလျက် ပစ္စုပ္ပန်မှာလည်း တင့်တယ်စွာ သံသရာလည်းမရှုံး ဘုန်းတော်တိုးပွားကြောင်း သူတော်ကောင်းတို့အကျင့်အလေ့ဖြင့်သာ မွေ့လျော်ပျော်ပါးရမည်ကို စိတ်အလိုသို့လိုက်သဖြင့် ခွင့်ရစိုးပိုင် အနိုင်အနင်း စည်းစိမ်တော်ယစ်၍ အပြစ်ကိုမမြော်မိ လင်ရှိမိန်းမဖြစ်သူကို သိမ်းယူမည်။ ယခု ပြုကြံတော်မူသော မကောင်းမှုဝန်သည် တမလွန်သံသရာ၌ ကြီးစွာသောဆင်းရဲ ငရဲမီးလျှံသို့ပို့ဆောင်သဖြင့် နောင်ဘဝမှာ ချမ်းသာမမြဲ ဆင်းရဲရှာပြန်လိမ့်တကားဟု အရှင့်သားကို သနားခြင်းကရုဏာသက်၍ စိတ်စက်ကွဲပြိုသဖြင့် ငိုမိပါသည်”ဟု ဆို၏။

ဤသို့လျှောက်ထားသော အမရာသူဌေးသမီးစကားကို ကြားလျှင် မဟောသဓသုခမိန်သည် “ဤမိန်းမကား စိတ်ထားစိတ်နေ စင်ကြယ်ပေဟန် ရှိ၏”ဟု စုံစမ်းသဖြင့်သိရပြီးသော်၊ မင်းချင်းတို့ကိုခေါ်၍ “အချင်းတို့။ ဤမိန်းမကို သူ့နေရာအိမ်သို့ ပို့ကြပါချေတော့။ သူအလိုမရှိလျှင် ဖြစ်သာမည်မဟုတ်”ဟု ဆို၍ တံခါးမှူးအိမ်သို့ ပို့စေပြီးသော်၊ မဟောသဓသုခမိန်သည် မထင်မရှားသော အပ်ချုပ်သမား၏အသွင်ကိုပင် ဆောင်ပြန်၍ ထိုနေ့ည၌ တံခါးမှူးအိမ်၌ အမရာသူဌေးသမီးနှင့်အတူတကွ အိပ်နေပျော်ရွှင်ကြလျက်၊ နံနက်မိုးသောက် ရောက်လတ်သော် မဟောသဓသုခမိန်သည် အမရာကို တံခါးမှူးအိမ်တွင်ပင်ထားခဲ့၍၊ နန်းတော်သို့ဝင်ပြီးလျှင် ဥဒုမ္ဗရဒေဝီမိဖုရားအား စိတ်နှစ်သက်ရာ မိန်းမကောင်းရခဲ့ကြောင်းကို လျှောက်ကြား၏။

ဥဒုမ္ဗရဒေဝီသည်လည်း နှစ်သက်ဝမ်းမြောက်စွာ ဝိဒေဟရာဇ်မင်းကြီးထံသို့သွား၍ “အရှင်မင်းကြီး။ ယမန်နေ့ ၃-၄-ရက်က အကျွန်ုပ်လျှောက်ထားချက်ကို ဆောင်ရွက်တော်မူပါ။ ကိုယ်တော်က “မဟောသဓကို စုံစမ်းလေဦး” အမိန့်တော်ရှိ၍ အကျွန်ုပ်စုံစမ်းလေလျှင် လုလင်ပျိုဓလေ့ မိန်းမကောင်းကိုလှည့်လည်၍ နှစ်သက်ရာရှာကြံလိုသည့်အကြောင်းကို ပြောဆိုပါသည်။ ယခု ရှာကြံသဖြင့် ရောက်ပြီဖြစ်သောကြောင့် ကောင်းစွာယူဆောင်ရမည် မဟုတ်ပါလော”ဟု လျှောက်ကြား၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း မိဖုရားစကားကိုကြားလျှင် “ကောင်းပြီဟုဆို၍ မဟောသဓအား မြို့တွင်း မင်းညီမင်းသားတို့ ထိမ်းမြားမင်္ဂလာဆောင်ရွက်ရိုး အစဉ်ရှိသည့်အတိုင်း၊ အမရာအားလည်း မင်းသမီး,မိဖုရားတို့ ဝတ်ဆင်ထုံးရှိသည်နှင့်လျော်စွာ ထူးမြတ်သောအဝတ်တန်ဆာတို့ဖြင့် ဝတ်ဆင်စေပြီးလျှင် “အမရာဒေဝီ" ဟူသောအမည်ဖြင့် ထူးမြတ်သောယာဉ်ပေါ်၌ စီးစေလျက်၊ များစွာသော မိန်းမဖော်အခြံအရံနှင့်တကွ မြောက်တံခါးမှူးအိမ်မှသည် မဟောသဓသုခမိန်အိမ်သို့တိုင်အောင် တန်ဆာဆင်သောမင်းလမ်းခရီးဖြင့် ကြီးစွာသောပွဲသဘင် အချီးအမြှောက်ကိုပြု၍ ဆောင်ယူစေပြီးသော် မဟောသဓ၏အိမ်၌ ကြီးစွာသောထိမ်းမြားမင်္ဂလာကို ပြုစေ၏။

ထိုသို့ လက်ထပ်မင်္ဂလာဆောင်ပြီးသော် ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန်အား အဖိုး၁၀၀၀-ထိုက်သော ထူးထူးမြတ်မြတ် မင်းထိုက်စိုးသုံး ပဏ္ဏာလက်ဆောင်တို့ဖြင့် ပေးအပ်လက်ဖွဲ့ခြင်းကိုပြု၏။ တံခါးမှူးကိုအစပြု၍ မှူးတော်မတ်တော်, ပုဏ္ဏား, သူဌေးအလုံးစုံ ပြည်သူပြည်သားအပေါင်းတို့ကလည်း မိမိတို့အားနှင့်လျော်စွာ ပဏ္ဏာလက်ဆောင်တို့ဖြင့် မဟောသဓသုခခမိန်အား ပူဇော်စေ၏။

အမရာဒေဝီသည် ထိုရောက်ရောက်သမျှ အလုံးစုံသောပဏ္ဏာလက်ဆောင်တို့ကို မင်းကြီးက လက်ဖွဲ့သည့်ပဏ္ဏာမှလည်း တစ်ဝက်ခွဲ၍ မင်းကြီးအား ဆက်ပြန်၏။ တံခါးမှူးအစရှိသော အလုံးစုံသောသူတို့၏ပဏ္ဏာမှလည်း တစ်ဝက်စီခွဲ၍ ထိုသူတို့ကို လက်ဆောင်တုံ့ပြန်လိုက်၏။

ထိုသို့ ထိမ်းမြားမင်္ဂလာ ပြုပြီးသည့်နေ့မှစ၍ ဘုရားလောင်း မဟောသဓသုခမိန်သည် ဘုန်းပညာကျက်သရေ တိုးတက်သောအချိန်အရွယ်လည်း ရောက်သည်နှင့် လျှံတောက်ထွန်းပသော ပတ္တမြားမျက်ရစ်ကို လှော်သစ်သော သိင်္ဂီနိက်ရွှေစင်ပေါ်၌ တင်ထားဘိသကဲ့သို့ နှစ်လို့ရွှင်လန်း တင့်တယ်ပေါ်ထွန်းစွာ အမရာဒေဝီကို မင်းပေးစည်းစိမ် အိမ်လုံးနှင်း၍ မင်းကြီး၏အကျိုးစီးပွား ဘုန်းကျက်သရေတိုးတက်ကြောင်း ကောင်း,မကောင်း, ရာ,မရာကို မချာနေ့ည လုံ့လမြဲနှောင် ဆောင်ရွက်စီရင်လျက် အသက်ထက်ဆုံး နှလုံးချစ်ခင် ကြင်နာခြင်းမေတ္တာနှံ၍ စံပျော်ချမ်းငြိမ် စည်းစိမ်ကြီးသခင် ခံလေသတည်း။

ဤကား ဘုရားလောင်းမဟော်သဓအား ၇-ကြိမ်မြောက်သော မင်းကြီး၏အချီးအမြှောက်ကို ခံရခြင်းတည်း။