2749မဟောသဓဇာတ်တော်ကြီး — ၃။ ဒုတိယကျေးစေခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဥတ္တရပဉ္စာလရာဇ်ပြည်၌ စူဠနီဗြဟ္မဒတ်မင်းသည် ထီးဆောင်းမင်းအပေါင်းခြံရံလျက် မိထိလာပြည်ကို သိမ်းယူခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အားယုတ်ခြင်းသို့ ရောက်လေ၏။ ကေဝဋ်အမတ်သည်လည်း ကြေးမုံပြင်၌ မျက်နှာရိပ်ကိုကြည့်တိုင်း မိမိနဖူး၌ အမာရွတ်ကိုမြင်လျှင် “ဤအမာရွတ်သည် တစ်ပါးသောသူကြောင့် မဖြစ်။ သူကြွယ်သား မဟောသဓကြောင့် ဖြစ်၏။ သူကြွယ်သားသည် မင်းအမတ် ပရိသတ်အလယ်၌ ငါ့ကို အရှက်ခွဲဘိ၏။ ထိုသူကြွယ်သားကို အဘယ်အခါ၌ အဘယ်အကြောင်းဖြင့် လက်စားချေရအံ့နည်း”ဟု ပြင်းစွာအမျက်ထွက်၍၊ နှိပ်စက်အံ့သောအကြောင်းကိုသာ အခါခပ်သိမ်းကြံလျက် ထိုစစ်ရှုံးသည်မှ ၁-နှစ်ရောက်သောအခါ ဤသို့သော အကြောင်းကို ကြံမိလေ၏။

“ငါတို့အရှင်မင်းကြီးသမီးတော် ပဉ္စာလစန္ဒီမင်းသမီးသည် ယခု အရွယ်ရောက်ဦးစ အချိန်လည်းဖြစ်သည်နှင့် နတ်သမီးကဲ့သို့ ရှု၍မငြီးသောအဆင်းကို ဆောင်၏။ ထိုမင်းသမီးဖြင့် ဝိဒေဟရာဇ်မင်းကိုဖြားယောင်း၍ အစာဖြင့်မွမ်းမံသော သံမျှားချိတ်ကို မျိုသည့်ငါးကဲ့သို့ မဟောသဓနှင့်တကွ ဝိဒေဟရာဇ်မင်းကို ဖမ်းယူကွပ်မျက်ပြီးလျှင် ၁၀၀-သော ထီးဆောင်းမင်းအပေါင်းခြံရံလျက် ငါတို့အရှင်မင်းကြီးအား အောင်သေ သောက်ခြင်းမင်္ဂလာကိုဆောင်စေအံ့”ဟု စိတ်ထဲအမြဲ စွဲမှတ်ကြံစည်ပြီးသော် နန်းတော်သို့ဝင်လေ၍ စူဠနီဗြဟ္မဒတ်မင်းအား “အရှင်မင်းကြီး။ အကျွန်ုပ်တစ်ခုသော တိုင်ပင်စကား လျှောက်ထားဖွယ် ရှိပါသည်”ဟု လျှောက်တင်၏။

ကေဝဋ်အမတ်စကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “အမတ်ပုရောဟိတ်။ သင်၏အတိုင်အပင်ကိုမှီ၍ငါတို့အား ခါးတွင် ပုဆိုးကိုမျှ အစိုးမရဖြစ်ကြကုန်ပြီ။ ယခု အဘယ်ကို သင် တိုင်ပင်ဦးမည်နည်း။ ငါ အလိုမတူ”ဟု ဆို၍ ဆိတ်ဆိတ်နေလေ၏။

ထိုအခါ ကေဝဋ်အမတ်သည် “အရှင်မင်းကြီး။ ယခု အကျွန်ုပ်ကြံမိသောအကြောင်းသည် အတုမရှိသောကြောင့်တည်း။ ဤဥပါယ်တံမျဉ်ဖြင့် ကြံဆောင်ရလျှင် အရှင်မင်းကို မညွတ်သောသူမည်သည် မရှိနိုင်ရာ”ဟု လျှောက်၏။ ထိုစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းက မိန့်တော်မူသည်မှာ “ဆရာပုရောဟိတ်။ ထိုသို့တပြီးကား သင်ကြံမိသောအကြောင်းကို လျှောက်လော့”ဟု ဆို၏။ ကေဝဋ်အမတ်ကလည်း “အရှင်မင်းကြီး။ အကျွန်ုပ်ကြံမိသော ဥပါယ်တံမျဉ်ကို အကျွန်ုပ်နှင့် အရှင်မင်းကြီးသာ သိကြားစေအပ်၏”ဟု လျှောက်လျှင် စူဠနီဗြဟ္မဒတ်မင်းသည် “ဆရာပုရောဟိတ်။ ကောင်းပြီ။ အဘယ်အရပ်၌ တိုင်ပင်ကြရသော် သင့်မည်နည်း”ဟု ဆို၏။

ကေဝဋ်အမတ်သည် “အရှင်မင်းကြီး နန်းတော်ပြာသာဒ် အထက်ဆင့်သို့တက်၍ တိုင်ပင်ရသော် ကောင်းပါ၏”ဟု လျှောက်ထားသဖြင့် မင်း,ပုရောဟိတ်တို့သည် နန်းတော်အထက်ဆင့်သို့ တက်ကြပြီးသော် ကေဝဋ်အမတ်သည် မင်းကြီးအား ဤသို့ တိုင်ပင်စကားလျှောက်ထား၏။

“အရှင်မင်းကြီး၊ အကျွန်ုပ်တို့သည် ဝိဒေဟရာဇ်မင်းကြီးကို ကိလေသာဖြင့် ဖြားယောင်းလျက် ဤနေပြည်တော်သို့ မဟောသဓနှင့်တကွ ခေါ်ဆောင်၍ လုပ်ကြံပယ်ဖျောက်ပြီးလျှင် အောင်သေသောက်ခြင်းမင်္ဂလာကို ဆောင်အံ့ဟု အကျွန်ုပ်ကြံမိပေသည်”ဟုလျှောက်၏။

ထိုစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “ဆရာပုရောဟိတ်။ သင်၏အကြံအစည် ဥပါယ်တံမျဉ်ကား ကောင်း၏။ ထိုသူတို့ကို အဘယ်ကိလေသာဖြင့် ဖြားယောင်း၍ ဤပြည်သို့ဆောင်ယူမည် သင်ကြံသနည်း”ဟု မေး၏။ မင်းကြီးမေးတော်မူသောစကားကိုကြားလျှင် ကေဝဋ်အမတ်သည် “အရှင်မင်းကြီး။ ဤနေပြည်တော်သို့ ထိုသူတို့ မရောက်မည်ကို စိုးရိမ်တော်မမူသင့်။ ဝိဒေဟရာဇ်မင်းကြီးသည် ကိလေသာငြိမ်းပြီးသောသူ ဧကန်ဖြစ်မူကား လွတ်နိုင်၏။ ကိလေသာ၏ကျွန်သာမှန်လျှင် နေရမည်မဟုတ်။ အကျွန်ုပ်အကြံမှာ “အရှင့်သမီးတော်သည် အလွန်တင့်တယ်သော အရွယ်အဆင်းနှင့် ပြည့်စုံ၏။ သမီးတော်၏ အရွယ်အဆင်းနှင့်ပြည့်စုံခြင်းကို လည်းကောင်း၊ ကိုယ်သဏ္ဌာန်အလုံးအရပ် တင့်တယ်နုနယ် စံပယ်ခြင်းကိုလည်းကောင်း၊ တေး, ဘွဲ့, ရတု, ရကန်, အဲ, အန်, သာချင်း, ပျို့ကဗျာ ဖွဲ့ဆိုတတ်သောသူများကို ဖွဲ့ဆိုစီကုံးစေပြီးလျှင် သာယာချိုအေးသောအသံဖြင့် သီတတ်ကုန်သောသဘင်များကို မိထိလာပြည်သို့ စေလွှတ်၍ သီချင်းကို ပွဲပရိသတ်အလယ်၌ သီစေအံ့။ ထိုသို့သီသဖြင့် ပြည်တစ်ပါးကရောက်လာသော ရတု, ရကန်စသည်တို့ကို အပျောင်းအနွဲ့ အဖွဲ့အဆိုကောင်းကြောင်းကို မင်းကြီးနားကြားလျှင် နန်းတော်သို့ခေါ်၍ သီဆိုစေလတ္တံ့။

“ထိုသီချင်းသံကို ကြားရသောအခါ ဝိဒေဟရာဇ်မင်းကြီးသည် စိတ်တွင်းနှလုံးနေ မသေခွေနိုင်ဘဲ စွဲလမ်းကပ်ငြိသဖြင့် ပီတိညွတ်နူးလျက် ကူးယှက်သော ဆန္ဒအာသာကိုမှီ၍ “ဤသို့သော လက္ခဏာနှင့်ပြည့်စုံစွာသော ဧကရာဇ်မင်း၏ သမီးကညာရတနာကို ငါထီးနန်းရှင်ဖြစ်လျက်နှင့် မရချေသော် ဝိဒေဟရာဇ်ပြည်ကို အစိုးရခြင်းသည် အကျိုးရှိတော့မည် မဟုတ်”ဟု နှုတ်မမြွက်သော်လည်း ဝိတက်အကြံအစည်နှင့်သာ မတည်မတံ့နိုင်ဖြစ်လတ္တံ့။

“ဤသို့ ရှေးဦးစွာ သဒ္ဒါရုံဖြင့် ဖျောင်းဖျညွတ်နူး၍ မူးယစ်စေပြီးသောအခါ မိထိလာပြည်သို့ အကျွန်ုပ်သွား၍ စကားအချိုအဆိမ့် နှစ်သိမ့်ဖွယ်ပျူငှာနှင့် လာအံ့သောနေ့ရက်ကို ချိန်းချက်ပြောဆိုခဲ့အံ့။ ထိုသို့ချိန်းချက်ခဲ့သောနေ့ရောက်၍ ဝိဒေဟရာဇ်မင်းတို့လာသောအခါမှ တံငါတို့၏သံမျှားကွေးကို အစာကျွေးသည်ထင်၍ မျိုမှားသောငါးကဲ့သို့ သူကြွယ်သားနှင့် ဝိဒေဟရာဇ်မင်းတို့ သေခြင်းမလှ သေစေရပါမည်”ဟု တိုင်ပင်လျှောက်ထား၏။

ကေဝဋ်အမတ်ကြီးစကားကို မင်းကြီးကြားလျှင် နှစ်သက်ခြင်းရှိသဖြင့် “ဆရာပုရောဟိတ်။ ယခု သင်ကြံမိသော ဥပါယ်တံမျဉ်ကား အလွန်သင့်မြတ်၏။ ဆောင်ရွက်ရန်မူကား ကြီးကျယ်လှချေသည်။ ဤအကြံအတိုင်း ဆောင်ရွက်နိုင်သော် ဆိုဖွယ်ရာမရှိ ကောင်းလှ၏။ ဖြစ်မြောက်အောင် ကြံကြကုန်အံ့”ဟုဝန်ခံ၏။ ထိုမင်း,ပုရောဟိတ်တို့ တိုင်ပင်ကြသောအခါ စူဠနီဗြဟ္မဒတ်မင်း၏ အိပ်ရာစောင့်ဖြစ်သော သာလိကာမတစ်ကောင်သာ မင်းပုရောဟိတ်တို့၏အနီးတွင် ရွှေချိုင့်ထဲ၌ရှိသဖြင့် မင်းအမတ်တို့၏ အတိုင်အပင် စကားအလုံးစုံကို ကြားသိရ၏။

ဤသို့ တိုင်ပင်ပြောဆိုကြပြီးလျှင် အထက်နန်းပြာသာဒ်ဆင့်မှ ဆင်းသက်ခဲ့ကြ၍ စူဠနီဗြဟ္မဒတ်မင်းသည် မင်းအမတ်တို့ ညီလာခံရာနန်းတော်ဦး၌နေလျက် ကဗျာဗန္ဓ ဖွဲ့ သီတတ်ကုန်သော ပညာရှိတို့ကို ခေါ်တော်မူစေပြီးသော် များစွာသော ဆုလာဘ်ပေးလျက်၊ သမီးတော်ပဉ္စာလစန္ဒီမင်းသမီးကိုလည်းခေါ်၍ မင်းကြီး၏အနီး၌ ထားပြီးလျှင် “အချင်းတို့။ ဤငါ၏သမီးတော်ကိုဖွဲ့၍ ရတု,ရကန် ဉာဏ်သက်သမျှ စီကုံးပြီးလျှင် ငါ့အား အသီးအသီး ဆက်ကြရမည်”ဟု ဆို၏။

မင်းကြီး မိန့်တော်မူသောစကားကိုကြားလျှင် စာဆိုတော်ပညာရှိတို့သည် “ကောင်းပါပြီ”ဟု ဝန်ခံကြ၍ မင်းသမီး၏မျက်လုံးမျက်ဖန်, ကိုယ်သဏ္ဌာန်အနေအထား, သွားဟန်, လာဟန်, ဆံထုံးနေ, လည်နေ, အယူအသိမ်း, အတိမ်း အငဲ့, အနွဲ့, အပျောင်း ကောင်းမြတ်သော လက္ခဏာအမူအရာဟူသမျှကို ကဗျာမှု၌ လေ့ကျက်ကျွမ်းကျင်ကြသည့် ပညာရှိချည်း ဖြစ်ခြင်းကြောင့် တစ်ကြိမ်တည်းမျှ မျက်ရိပ်စောင်းလှည့်ကြည့်လိုက်ရုံမျှဖြင့် မြင်ထိုက်သမျှအလုံးစုံကို အကုန်အစင် သိမြင်မှတ်သားကြပြီးလျှင် မိမိတို့အိမ်သို့သွား၍ အချို့သောပညာရှိက ပတ်, စောင်း, ညှင်းတို့၌တီးမှုတ်ရန် မင်းသမီးဖွဲ့ တေးလိုက်တေးခံကို၊ အချို့သောပညာရှိက မင်းသမီးနှင့်ထိုက်လိုက်သော အတမ်း, အလွမ်း, အဲ, အန်ကို၊ အချို့သောပညာရှိက မင်းသမီးဖွဲ့အနွဲ့အပျောင်း နားမညောင်း နာပျော်ဖွယ်ဆန်းကြယ်သော သာချင်း, ရကန်ကို၊ အချို့သောပညာရှိက နှလုံးနှစ်သိမ့် သူကြားတိုင်း နားစိမ့်အောင် ချိုအိမ့်နက်လေးသော ဧချင်း, ရတု, ပျို့, ကဗျာကို၊ ဤသို့သောအားဖြင့် ဉာဏ်သက်ရာ အသီးအသီး ဖွဲ့ဆိုစီကုံးကြပြီးသော် စူဠနီဗြဟ္မဒတ်မင်းကြီးအား ဆက်ကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည် ထိုပညာရှိတို့ ပျို့ကဗျာဟူသမျှကိုကြားရလျှင် အလွန်နှစ်သက်ခြင်းဖြစ်၍ စာဆိုတော်ပညာရှိတို့အား များစွာသော ရွှေ၊ ငွေ၊ ဥစ္စာ ဆုလာဘ်ပေးချလိုက်ပြီးလျှင် နန်းတွင်းနန်းပြင် မြို့ထက်ဝန်းကျင် ပွဲသဘင်၌ နား၏တန်ဆာ သာယာနူးညွတ်ကြောင်း အပျောင်းအဖွဲ့ သီတတ်သော သဘင်သည်တို့ကိုခေါ်စေ၍၊ မိမိတို့အသံနှင့်ထိုက်တန်ရာ သာချင်း, ရတု, ရကန်, အဲ, အန်, ပျို့, ကဗျာတို့ကို စာဆိုတော်ပညာရှိတို့ထံ အသံနေအသံထားနှင့် စကားအယူအပြင်ကို အသီးအသီး သင်ကြားလေ့ကျက်စေပြီးသော် ပွဲသဘင်မင်္ဂလာဆောင် ပရိသတ်အစည်းအဝေးတို့၌ သင့်ရာဆိုင်ရာ ထိုကဗျာတို့ကို အသီးအသီး အပျောင်းအနွဲ့ ဖွဲ့သီစေ၏။ ထိုသို့ သဘင်သည်တို့ သီဆိုဖွဲ့နွဲ့ကြသဖြင့် ပဉ္စာလစန္ဒီမင်းသမီး၏ အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ ပြည့်စုံစွာ တင့်တယ်စံပယ် ရှုချင်ဖွယ်ရှိကြောင်းကို အမြို့မြို့အရပ်ရပ်တို့၌ အဆင့်ဆင့်ကြားနှံ့၍ ပွားပျံ့ထင်ရှားခြင်းသို့ ရောက်လေ၏။

ထိုမင်းသမီးဖွဲ့ ကဗျာသည် အရပ်ရပ်တို့၌ ထင်ရှားပျံနှံ့ သော် စူဠနီဗြဟ္မဒတ်မင်းသည် ဤသို့အကြံ ဖြစ်ပြန်၏။ “ယခု ငါ့သမီးတော်၏အဆင်းသဏ္ဌာန် ဂုဏ်အထူးရှိကြောင်းကို မြို့ရွာအရပ်ရပ်တို့၌ ရတု, ရကန်, အဲ, အန်, သာချင်းဖြင့်သာ ထင်းရှားခြင်းဖြစ်သေးသည်။ ထို့ထက်လွန်စွာလည်း လူ့ပြည်၌သာ ကျော်စောသည်မဟုတ်။ နတ်ပြည်ကပင် ပဉ္စာလစန္ဒီမင်းသမီး လှကြောင်းကို ကျော်စောထင်ရှားရှိ၏ဟု မိထိလာပြည်သူ,ပြည်သားလူအပေါင်းတို့ကို မှတ်စေဦးအံ့”ဟု ကြံ၍၊ ထိုရတု, ရကန်, အဲ, အန်,သာချင်း ဆိုသောသူ သဘင်သည်တို့ကို ခေါ်စေပြီးလျှင်

“အချင်းတို့။ သင်တို့သည် မိထိလာပြည်သို့ သွားကြပြီးသော် ငှက်ကြီးများကို မနာမကျင်ရအောင်ဖမ်းယူ၍ ညဉ့်အခါတိုင်း ကျေးငှက်တို့ကို နားရာသစ်ပင်ထက်သို့တက်၍ မင်းသမီးဖွဲ့ ကဗျာများကို သီဆိုရင့်ရူ ကျူးအေးကြလျက် မိုးသောက်သောအခါ လူမနိုးမီ နံနက်စောစောက ထိုငှက်ကြီးတို့ကို လည်၌ ချူဆည်းလည်းဆွဲ၍ လွှတ်လိုက်ပြီးလျှင် ထိုသစ်ပင်ထက်မှ ဆင်းသက်ကြလော့”ဟု ဆို၏။

(ဤအကြံသည်ကား “ညဉ့်အခါ၌အိပ်၍ နိုးကုန်သောသူတို့သည် သစ်ပင်ထက်က ရင့်ရူကျူးအေးသော သီချင်းသံကို ကြားရသော်လည်းကောင်း, နံနက်စောစောက သစ်ပင်မှ အိမ်ပေါ်သို့ကျော်၍ ပျံကုန်သောငှက်ကြီးတို့၏ လည်က ချူးဆည်းလည်းအသံကို မိထိလာပြည်သားတို့ ကြားရသော်၊ ၎င်းပဉ္စာလစန္ဒီမင်းသမီး လှကြောင်းကို ဤလူ့ပြည်၌သာ ကျော်စောသည် မဟုတ်။ နတ်ပြည်တိုင်အောင် ကျော်စောခြင်းဖြစ်၍ နတ်တို့ပင်လည်း သာယာချိုအေးသောသီချင်းသံဖြင့် ရင့်ရူကျူးအေး လာကြကုန်၏”ဟု လူအပေါင်းတို့အား ထင်မှတ်စေခြင်းငှာ စီရင်ကြံဆောင်သတည်း။)

ဤသို့ သဘင်သည်တို့အား မှာထားပြီးမှ တစ်ဖန် စာဆိုတတ်သူပညာရှိများကို ခေါ်ပြန်၍ “အချင်းတို့။ အလျင်စီကုံးသော ကဗျာများသည် အရပ်တိုင်း ပျံ့နှံ့၍ရှိပြီ။ ယခု မင်းသမီးဖွဲ့ အသစ်ကဗျာစီကုံးရမည်မှာ ငါ၏ဘုန်းအာဏာစည်းစိမ် အကြီးအကျယ် အနွယ်အမျိုးအစိုးရခြင်း နန်းရိပ်နန်းသံနှင့်တကွ ငါ့သမီးတော်၏အဆင်းသဏ္ဌာန် ထူးမြတ်တင့်တယ်ကြောင်း၊ ၁-သောင်းယူဇနာ ကျယ်စွာသောဤဇမ္ဗူဒိပ်ကျွန်းအပြင် ၁၀၀-သော တိုင်းကြီးပြည်ကြီးတို့၌ ငါ့သမီးတော်နှင့် ထိုက်တန်ရာမင်းကိုရွေးချယ်လျှင် ဝိဒေဟရာဇ်မင်းသည်သာ ငါ့သမီးတော်နှင့် တိုက်တန်သူဖြစ်ကြောင်းများကို သာယာချိုအေးအောင် စီကုံးဖွဲ့နွဲ့ ၍ အသီးအသီး ဆက်ကြရဦးမည်”ဟု မိန့်ဆိုတော်မူ၏။

မင်းကြီး မိန့်ဆိုတော်မူသောစကားကို ကြားလျှင် စာဆိုတော်ပညာရှိတို့သည် “ကောင်းပါပြီ”ဟု ဝန်ခံ၍၊ မိမိတို့အိမ်သို့ သွားကြပြီးလျှင် ပဉ္စာလရာဇ်ပြည်၌ မိရိုးဘမျိုးမှ ထီးရိုးနန်းစဉ်မပျက် ဆင်းသက်၍ဆက်ခံသော နန်းညွန့်နန်းလျာဖြစ်ကြောင်း၊ ဘေးတော်, ဘိုးတော် မင်းအဆက်ဆက် မစိုးမစံရဖူးသော တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းအပေါင်းတို့၏ ကောင်းမြတ်ရာ, ပဏ္ဏာကာရနှင့် ပျပ်ဝပ်ကျိုးနွံရာ ပဉ္စာလရာဇ်အမည်ရှိသော ရာဇဌာနီ မင်းနေပြည်ကြီး၌ ထီးဆောင်းမင်းအပေါင်းတို့ခြံရံလျက် နတ်စည်းစိမ်နှင့်တူသော ဧကရာဇ်မင်း၏ စည်းစိမ်တော်ကို စိုးစံရကြောင်းများကိုလည်းကောင်း၊ စူဠနီဗြဟ္မဒတ်မင်း၏ ဘုန်းတန်ခိုး အစိုးရခြင်းကိုလည်းကောင်း၊ မင်းသမီး၏ မယ်တော်ဖြစ်သော နန္ဒာဒေဝီမိဖုရားအားလည်းကောင်း၊ မိန်းမကောင်း မိန်းမမြတ်ပေါ်ထွန်းရာ မဒ္ဒရာဇ်ပြည်၌ ထီးရိုးနန်းစဉ်မပျက် ဆင်းသက်၍ ဆက်ခံစိုးစံသော မဒ္ဒရာဇ်မင်းကြီးသမီးတော် ပဉ္စာလရာဇ်ပြည်၌ ဧကရာဇ်မင်းကြီး၏မိဖုရားကြီး တောင်ညာ နန်းမရှင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုသို့ ဘုန်းအာဏာတန်ခိုး အစိုးရခြင်း စည်းစိမ်ကြီးရှင်ဖြစ်သော ဧကရာဇ်မင်း,မိဖုရားတို့၏ အသက်ကဲ့သို့ ချစ်ခင်ကြင်နာမြတ်လေးသော ရင်သွေးရင်နှစ် သမီးတော်စစ်ဖြစ်၍ လူ့ပြည်၌ အတုမရှိသော အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာဖြင့် နတ်သမီးတမျှလှကြောင်း ပဉ္စာလစန္ဒီမင်းသမီး၏ဂုဏ်ကိုလည်းကောင်း၊ နန်းရိပ်နန်းသံနှင့် ထိုက်တန်အောင် ချီးမြှောက်ပြီးလျှင်၊ ထိုသို့သောဧကရာဇ်မင်း၏သမီးတော်နှင့် ထိုက်တန်ရာ ဇမ္ဗူဒိပ်ကျွန်းအပြင်၌ မင်းအပေါင်းတို့ကိုရွေးချယ်လျှင် တစ်ပါးသောမင်းတို့သည် ပဉ္စာလရာဇ်မင်းကြီး၏လက်နက်နိုင်ငံ အခွန်ပဏ္ဏာဆက်သွင်း၍ ကျွန်တော်မျိုးခံချည်းဖြစ်ခြင်းကြောင့် သမီးတော်နှင့်မထိုက်။ ဝိဒေဟရာဇ်မင်းမူကား ဧကရာဇ်မင်း၏ လက်နက်နိုင်ငံ အခွန်သွင်းမဟုတ်ဖြစ်၍ အနွယ်အမျိုး အစိုးရချင်းတူမျှသော ထိုဝိဒေဟရာဇ်မင်းကြီးနှင့်သာ ပြည်ထောင်ဖက်ချင်း ဖြစ်သည်နှင့်အညီ ထိုက်တန်ကြောင်းကို ကောင်းမြတ်ချိုသာ နာပျော်ဖွယ် ဖွဲ့စီကုံးပြီးသော် ပဉ္စာလရာဇ်မင်းကြီးအား ရှေးနည်းအတူ အသီးအသီး ဆက်ကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည် စာဆိုတော်ပညာရှိတို့အား များစွာသော ရွှေ၊ ငွေ ဆုလာဘ် ပေးချေလိုက်ပြီးသော် သီချင်းသီတတ်ကုန်သော သဘင်သည်တို့ကို ခေါ်စေ၍ ဆုလာဘ်ပေးချေပြီးလျှင် “အချင်းတို့။ ယခု မိထိလာပြည်သို့သွား၍ ငါမှာလိုက်တိုင်း ဤမင်းသမီးဖွဲ့ကဗျာကို သီဆိုကြ”ဟု စေလိုက်၏။

သဘင်သည်တို့လည်း မင်းကြီးဆိုတိုင်း မိထိလာပြည်သို့ သွားကြလေသော် ခရီးအကြား မြို့, ရွာ, နိဂုံး, ဇနပုဒ်တို့၌ ရောက်တိုင်း ထိုမင်းသမီးဘွဲ့ကဗျာကို သီဆိုကြကုန်၏။ ငှက်တို့ကိုဖမ်းယူ၍လည်း ညဉ့်အခါ သစ်ပင်ထက်သို့တက်၍ သီကြပြီးလျှင် လူမနိုးမီ မိုးသောက်ထ၍ ထိုငှက်တို့ကို လည်၌ ဆည်းလည်းဆွဲ၍ လွှတ်လိုက်ကုန်၏။

ဤသို့ မြို့,ရွာရောက်တိုင်း သီလျက် အစဉ်သဖြင့် မိထိလာပြည်သို့ရောက်သောအခါ၌လည်း ဤနည်းအတူပင်လျှင် ပွဲသဘင်အလယ်၌ မင်းသမီးဖွဲ့ကဗျာကိုသီ၍၊ ညဉ့်အခါ၌ ငှက်တို့ကို လည်၌ ချူဆည်းလည်းဆွဲလျက် လွှတ်လိုက်ကုန်၏။

မိထိလာပြည်သူပြည်သားအပေါင်းတို့သည် သာယာချိုအေးသော သီချင်းသံဖြင့် နားညွတ်နူးသည်ဖြစ်၍ ကူးယှက်သောအာသာဆန္ဒ ရှိကြကုန်သဖြင့် ညဉ့်အခါ ထိုသဘင်သည်တို့လွှတ်လိုက်သော ငှက်တို့၏လည်မှ ချူဆည်းလည်းသံကိုကြားကြလျှင် “ပဉ္စာလစန္ဒီမင်းသမီး လှကြောင်းကို လူ့ပြည်၌သာ ကျော်စောခြင်းရှိသည် မဟုတ်။ နတ်ပြည်ကလည်း ကျော်စောခြင်းဖြစ်၍ နတ်တို့ပင် သီချင်း သီလာကြကုန်၏”ဟု တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက် အချင်းချင်း ပဉ္စာလစန္ဒီမင်းသမီးဂုဏ်ကို ချီးမွမ်းပြောဆိုသောစကားသည် ဖြစ်၏။ ထိုသဘင်သည်တို့သည်လည်း များစွာသော ဥစ္စာဆုလာဘ်တို့ကို ရကုန်၏။

ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည် ပြည်တစ်ပါးက ရောက်လာသောသဘင်သည်တို့ အဖွဲ့,အသီကောင်းကြောင်းကို ကြားလေသော် ထိုသဘင်သည်တို့ကို နန်းတော်သို့ခေါ်စေပြီးလျှင် ကြီးစွာသောပွဲသဘင်ခံ၍ မင်းသမီးဖွဲ့ကဗျာကိုသီစေသဖြင့် ဝိဒေဟရာဇ်မင်းကြီးနှင့်သာ ထိုက်တန်ကြောင်းများနှင့် သီဆိုသော ကဗျာများကိုကြားရလျှင် စည်းစိမ်ကြီးရှင်ဖြစ်၍ စိတ်နှလုံးနုပျိုဟောင်းတွင် သဒ္ဒါရုံကောင်း ဆော်လှုံ့သဖြင့် ခေါက်တုံ့ပြန်စိတ် ယှက်ကူးလျက် ညွတ်နူးသောစေတနာဆန္ဒနှင့် အဝေးကရည်ငံခြင်းဖြစ်၍ “စူဠနီဗြဟ္မဒတ်မင်းသည် မိမိသမီးတော် ပဉ္စာလစန္ဒီမင်းသမီးကို ငါ့အားဆက်လိုသောကြောင့် ရှေးဦးစွာ သီချင်းဖြင့် သတင်းလွှင့်လိုက်သည်ထင်၏”ဟု လွန်စွာသောနှစ်သက်ခြင်းဖြင့် ထိုသဘင်သည်တို့အား များစွာသော ရွှေ၊ ငွေ ဆုလာဘ်တို့ကို ပေးချလိုက်၏။

(ဤစကား၌ ပဉ္စာလရာဇ်ပြည်သားတို့ အပျောင်းအနွဲ့ ဖွဲ့စီကုံးသော ကဗျာတို့ကို မိထီလာပြည်သားတို့ နားလည်ကြသည်ကိုထောက်လျှင် ထို၂-ပြည် ၂-တိုင်းလည်း လူမျိုးပင်ခြားသော်လည်း စကားဘာသာ ကွဲကြဟန်မရှိ။)

ထိုပဉ္စာလရာဇ်ပြည်သား သီချင်းသည်, သဘင်သည်တို့သည် ဝိဒေဟရာဇ်မင်းကြီးကို သဒ္ဒါရုံကဗျာပျောင်းဖြင့် ဖျောင်းဖျ၍ညွတ်နူးစေပြီးသော် ပဉ္စာလရာဇ်ပြည်သို့ ပြန်သွားကြလေ၍၊ ပဉ္စာလရာဇ်ပြည်သို့ ရောက်သောအခါ ဝိဒေဟရာဇ်မင်းကြီး စိတ်ညွတ်ပျောင်းကြောင်းနှင့်တကွ စကားအလုံးစုံကို စူဠနီဗြဟ္မဒတ်မင်းကြီးအား လျှောက်ကြသဖြင့် ကြားတော်မူလျှင် စူဠနီဗြဟ္မဒတ်မင်းသည် ကေဝဋ် အမတ်ကြီးကို ခေါ်တော်မူ၍ ထိုအကြောင်းကို ပြန်ကြားပြောဆို၏။

ကေဝဋ်အမတ်သည်လည်း မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ ထိုသို့တပြီးကား နေ့ရက်အချိန်းအချက်နှင့် မေတ္တာဆက်စကားကို ပြောဆိုခြင်းငှာ အကျွန်ုပ် မိထိလာပြည်သို့ သွားချေအံ့”ဟု လျှောက်၏။ ကေဝဋ်အမတ်စကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “ဆရာပုရောဟိတ်။ “ကောင်းပြီ သွားချေလော့။ သွားမည့်အခွင့်၌ ဆရာပုရောဟိတ် အလိုရှိသည်ကိုသာ ဆိုလော့”ဟုဆို၏။ ကေဝဋ်အမတ်ကြီးသည် “အရှင်မင်းကြီး။ လျောက်ပတ်ရုံမျှသော ပဏ္ဏာလက်ဆောင်ကိုသာ ပေးတော်မူလိုက်ပါလော့”ဟုလျှောက်၏။

စူဠနီဗြဟ္မဒတ်မင်းသည် ကေဝဋ်အမတ်စကားကိုကြားလျှင် အဝတ်တန်ဆာ ထိုက်လျောက်ရာသော လက်ဆောင်ကို ကေဝဋ်အမတ်အားပေး၏။ ကေဝဋ်အမတ်စကားကို ကြားလျှင် အဝတ်တန်ဆာထိုက်လျောက် ကေဝဋ်အမတ်ကြီးသည် ထိုမင်းဘဏ္ဍာ ပဏ္ဏာလက်ဆောင်တို့ကိုယူ၍ များစွာသောအခြံအရံနှင့်တကွ မိထိလာပြည်သို့သွားလေသော် ဝိဒေဟရာဇ်တိုင်း နိုင်ငံစွန်းသို့ရောက်သဖြင့်၊ တိုင်းနိုင်ငံစွန်း စောင့်နေသောသူတို့က ကေဝဋ်အမတ် ဆက်သရန် ပဏ္ဏာလက်ဆောင်နှင့် တိုင်းနိုင်ငံစွန်းသို့ရောက်ကြောင်းကို ဝိဒေဟရာဇ်မင်းကြီးအား လျှောက်ထားသဖြင့် ဝိဒေဟရာဇမင်းကြီးနှင့် မဟောသဓာသုခမိန်တို့သည် ကြားသိကြလေကုန်၏။

မိထိလာပြည်သူပြည်သား အပေါင်းတို့သည်လည်း ထိုအကြောင်းကို ကြားသိကြသော် “ငါတို့အား စစ်မက်အမှုကြောင့် ဥပဒ်ရန်ဘေး မရှိနိုင်ပြီ။ ပဉ္စာလရာဇ်မင်းကြီးသည် ငါတို့အရှင်မင်းကြီးအား အမျက်ရန်ငြိုး မသို၊ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ သမီးကညာရတနာနှင့် ပဏ္ဏာလက်ဆောင် ဆက်သလိုသောကြောင့် ပုရောဟိတ် အမတ်ကြီးကို ယခု မေတ္တာအနှောင်အဖွဲ့ စေလွှတ်လိုက်သတတ်”ဟု မိထိလာပြည်အလုံး အချင်းချင်း ဝမ်းမြောက် ဝမ်းသာ ပြောဆိုကြသောအသံဖြင့် အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်၏။

ဘုရားလောင်း မဟောသဓသုခမိန်သည်ကား ဤသို့ကြံ၏။ “ပဉ္စာလရာဇ်မင်း, ကေဝဋ်အမတ်တို့သည် ငါ၏ပညာအစွမ်းကြောင့် ထီးဆောင်းမင်းပရိသတ် ဗိုလ်‌ခြေတို့၏အလယ်၌ ကွယ်ရာကိုးရာမရ ဒုက္ခကြီးစွာနှင့် အရှက်ကြီးတွေ့ရလေပြီးသော ရန်သူစင်စစ်မှန်လျက် ငါတို့အရှင်မင်းကြီးအား အမျိုးဆက်လို၍ ယခု လာသည်ဆိုသည်မှာ အကြောင်းရှိရာ၏။ ထိုအကြောင်းကို သိအောင် ငါ စုံစမ်းဦးအံ့”ဟု ကြံပြီးလျှင် ပဉ္စာလရာဇ်ပြည်၌ သူလျှိုထားသောအမတ်ထံသို့ “ငါတို့ပြည်သို့ ယခု ကေဝဋ်အမတ်လာသည်မှာ မင်းပုရောဟိတ်တို့ မည်သို့ အတိုင်အပင် အကြံစည်ရှိ၍လာကြောင်းကို ကြားမြင်တိုင်းသိသာအောင် လျှောက်ထားလိုက်ရမည်”ဟု စာနှင့်စေလွှတ်လိုက်၏။

သူလျှိုထားသောအမတ်သည် မဟောသဓသုခမိန်ထံက စာရောက်လျှင် “အရှင်သုခမိန်။ ကေဝဋ်အမတ်ကြီးကို စေလွှတ်လိုက်သည်မှာ မည်သို့အကြောင်းနှင့် စေလွှတ်လိုက်သည်ဟု ကျွန်ုပ် တပ်အပ်မသိနိုင်ပါ။ ဆင်ခြင်ရန်မူကား တစ်နေ့သ၌ ကေဝဋ်အမတ်သည် ပဉ္စာလရာဇ်မင်းနှင့် နန်းတော်ပြသာဒ် အထက်ဆင့်သို့တက်၍ မင်းကြီးအိပ်ရာ တိုက်ခန်း၌ ၂-ယောက်တည်းသာ အကြာအရှည်နေလျက် တိုင်ပင်ပြောဆိုကြသောအခါ မင်းကြီးအိပ်ရာစောင့်ဖြစ်သော သာလိကာမ တစ်ကောင်သာလျှင် ရှိ၏။ ထိုမှတစ်ပါး တစ်ယောက်သောသူမျှ မရှိ။ ထို့ကြောင့် မင်းပုရောဟိတ်တို့ အတိုင်အပင်ကို သာလိကာမ ကြားသိရလိမ့်မည် ထင်ပါသည်”ဟု စာနှင့် မဟောသဓထံသို့ ပြန်လျှောက်လိုက်၏။

ထိုသူလျှိုအမတ်က လျှောက်ထားလိုက်သောစကားကိုကြားလျှင် မဟောသဓသုခမိန်သည် ဤသို့ အကြံဖြစ်၏။ “ပဉ္စာလရာဇ်မင်း, ကေဝဋ်အမတ်တို့သည် ငါတို့အရှင်မင်းကြီး၏ အဆွေခင်ပွန်းမဟုတ်။ ရန်သူတည်း။ ယခုလာသည်မှာလည်း မေတ္တာဆက်လို၍ လာသည်မဟုတ်။ ကိလေသာကျော့ကွင်းဖြင့် ငါတို့မင်းကြီးကို ကျော့ဖမ်းအံ့သောငှာလာသော ကေဝဋ်အမတ်အား ဧည့်သည်အဆွေခင်ပွန်းတို့ကို ပြုသကဲ့သို့ ဧည့်သည်တို့ဝတ် အိပ်ရာ,နေရာစသည်ဖြင့် ပေးကမ်းချီးမြှောက်ခြင်းကို ပြုငြားသော်လည်း ကျေးဇူးတုံ့ကို မသိရာ။ “မဟောသဓသည် ပညာရှိလျက် ငါတို့အကြံကိုမျှ မဆင်ခြင်မိလေ။ ပညာနည်းစွတကား”ဟူ၍သာ ကျေးဇူးမဲ့ကို ပြုရာ၏။

ထို့ကြောင့် ကေဝဋ်အမတ်အား ချမ်းသာခွင့်ကို မပေးမူ၍ “ငါစီရင်အပ်သော ဤမြို့၌ အလုံးစုံသော အခင်းအကျင်း အနေအထားကိုမပြဘဲ ကိုယ်,စိတ်ဆင်းရဲစွာနှင့် မိထိလာပြည်သို့ ပြန်သွားစေအံ့”ဟုကြံပြီးသော် ကေဝဋ်အမတ်ဝင်ရာ တံခါးမှသည် နန်းတော်တံခါးတိုင်အောင်၊ နန်းတော်တံခါးဝမှသည် မိမိအိမ်တံခါးဝတိုင်အောင် မင်းလမ်းခရီးမှအိမ်ဈေးတန်း နံပါး-၂-ဘက်တို့၌လည်းကောင်း၊ အပေါ်၌လည်းကောင်း သရိုင်ဖျာ ကာမိုးပြီးလျှင် အမိုးနံကာအတွင်းတို့၌ ချောမွေ့ပြေပြစ်စွာလုပ်စေပြီးမှ ပန်းချီသမားတို့ကို ရုပ်စီ, ရုပ်ဆင့်, ပန်းပွင့်, ပန်းဖူး, အထူးထူးအဆန်းဆန်း, အခန်းခန်းအသွယ်သွယ် အတင့်အတယ်ရှိကြောင်း ကောင်းစွာသော ဆေးစုတ်တို့ဖြင့် ရေးခြယ်စေ၍ ထိုနံကာအတွင်းမြေအပြင်၌ သဲဖြူးခြင်း, ပန်းကြဲခြင်းတို့ကိုပြုစေ၏။ ရေချမ်းအိုး တည်ထားခြင်း၊ ငှက်ပျောပင် စိုက်ခြင်း၊ တံခွန်၊ မုလေးပွား, ကုက္ကား, ပုဆိုးဖြူ စိုက်ထူဖြန့်လွှားခြင်း တို့ကိုလည်း ပြုစေ၏။

မဟောသဓသည် ဤသို့ အလုံးစုံ ပြုရာဆောင်ရာသည်ကို ပြုပြင်စီရင်ပြီးမှ “ဝိဒေဟရာဇ်မင်းကြီးသည် ပဉ္စာလရာဇ်မင်း၏ပုရောဟိတ်ဖြစ်သော ကေဝဋ်အမတ်ကြီးကို လက်ဆောင်ပဏ္ဏာနှင့် မေတ္တာဆက်လို၍ ငါ၏နိုင်ငံသို့ ရောက်လာသည်ဟု ငါကြားသိတော်မူသည်။ မြို့တော်သို့လာ၍ မည်သည့်တံခါးက ငါ့ထံသို့ ဝင်စေ”ဟု မင်းမိန့်ပြန်သဖြင့်၊ ကေဝဋ်အမတ်ကြီးသည် မိထိလာပြည်သို့ လာရောက်၍ ထိုတံခါးဖြင့် မြို့တွင်းသို့ဝင်လေသော်၊ အဆန်းအကြယ် ရှုချင်ဖွယ်စီရင်အပ်သော မင်းလမ်းခရီးကိုမြင်လျှင် “ဝိဒေဟရာဇ်မင်းကား ငါတို့အကြံအစည်ကို မသိ။ မိမိနှစ်သက်ရာပြောဆိုသော အပေါ်စကားနှင့် နားနှစ်သိမ့်၍ တစ်ပြည်တစ်နိုင်ငံက သံကြီးတမန်ကြီး ပညာရှိတို့ရောက်လျှင် ပြုပြင်ထုံး ရှိသည့်အတိုင်း ခရီးကိုကောင်းစွာတန်ဆာဆင်၏”ဟု ကြံအောက်မေ့၏။

မြို့၏အနေအထား အခင်းအကျင်းကို မမြင်စိမ့်သောငှာ စီရင်ကြောင်းကိုကား မသိ။ ဤသို့ ကေဝဋ်အမတ်သည် များစွာသောအခြံအရံနှင့် ဆက်သရန်ပဏ္ဏာလက်ဆောင်ကို ကောင်းစွာ ပြင်ဆင်စီရင်ခင်းကျင်း၍ နန်းတော်သို့ ဝင်လေ၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း များစွာသောပဏ္ဏာလက်ဆောင်နှင့် ကေဝဋ်အမတ်ကြီးလာသည်ကို မြင်လျှင် နှုတ်ဆက်မေးမြန်း ပြောဆိုတော်မူ၍ တင့်အပ်သောနေရာ၌ နေစေ၏။ ကေဝဋ်အမတ်သည်လည်း မင်းပေးသောနေရာ၌နေ၍ နှုတ်ဆက်စကား လျှောက်ထားပြီးလျှင် ပဏ္ဏာလက်ဆောင်တို့ကို မင်းကြီးအား ဆက်သ၏။ ဝိဒေဟရာဇ်မင်းကြီးသည် လက်ဆောင်ပဏ္ဏာကို သိမ်းထားပြီးသော် ကေဝဋ်အမတ်အား ဝမ်းမြောက်ဝမ်းသာ နေရာ, အစားအသောက် တည်ကျွေး၍ ချီးမြှောက်၏။

ကေဝဋ်အမတ်လည်း မင်းကြီး၏အချီးအမြှောက်ခံရပြီးလျှင် မိမိလာကြောင်းကို မင်းကြီးအား လျှောက်တင်လို၍ “ရာဇာ သန္ထဝကာမော တေ”အစရှိသော ၂-ဂါထာတို့ဖြင့် လျှောက်ဆို၏။

အဓိပ္ပာယ်ကား-

“ဝိဒေဟရာဇ်တိုင်းကြီးကို အစိုးရတော်မူသော အရှင်မင်းကြီး။ အကျွန်ုပ်တို့အရှင် ပဉ္စာလရာဇ်မင်းကြီးသည် အရှင်မင်းကြီးနှင့် အဆွေခင်ပွန်း ဖွဲ့တော်မူလိုသည်ဖြစ်၍ ဆင်ရတနာ, မြင်းရတနာ အစရှိသော ရတနာတို့နှင့် သမီးကညာ ရတနာကို အရှင်မင်းကြီးအား ပေးအပ်ဆောင်နှင်းတော်မူလျက် ဂင်္ဂါမြစ်ရေနှင့် ယမုနာမြစ်ရေသည် မပြားမနား အခြားမရှိ ဂုဏ်တူ၍ တစ်စပ်တည်းစီးသကဲ့သို့ ဤတိုင်း ၂-တိုင်းသည်လည်း မပြားမနား အခြားမရှိ။ မင်း၂-ပါးတို့သည် နှစ်စဉ်မပြတ် ထိုက်လျောက်ရာ ပဏ္ဏာလက်ဆောင်နှင့် သာယာပြေပြစ် ချစ်နှစ်လိုဖွယ်စကားကို ဆိုတတ်ကုန်သော သံတမန်ပညာရှိတို့ကို တစ်ပြည်မှသည် တစ်ပြည်သို့ အချင်းချင်း စေလွှတ်တော်မူကြသဖြင့် ၂-ပါးသောပြည်ထဲရေး ငြိမ်းချမ်းသာယာစွာ မေတ္တာ ၂-တည် အရှည်မကွဲ ဆက်တွဲနှောင်ခြည်တော်မူလိုသောကြောင့် ယခု အကျွန်ုပ် ရောက်လာပါသည်”ဟု

၂-ဂါထာဖြင့် လျှောက်ထားပြီးလျှင် “အရှင်မင်းကြီး။ အကျွန်ုပ်တို့အရှင် ပဉ္စာလရာဇ်မင်းကြီးသည် တစ်ပါးသော မှူးကြီးမတ်ကြီး ပညာရှိတို့ကို အရှင်မင်းကြီးအထံသို့ စေလွှတ်တော်မူလိုလျက် မင်း၂-ပါးတို့ အထက် ရန်မူမိသောကြောင့် မငြိမ်မသက်ရှိကြသည်နှင့် ထိုအမတ်, တမန်တို့ မချေမငံလျှောက်ထား၍ စကားမနူးမည်ရှိချေလျှင် အရှင်မင်းကြီး မယုံမကြည် ရှိတော်မူလိမ့်မည်ကို စိုးရိမ်တော်မူသောကြောင့် အကျွန်ုပ်ကိုခေါ်တော်မူ၍ “ဝိဒေဟရာဇ်မင်းကြီးထံ ဆရာပုရောဟိတ်သွားမှ စကားပြေလည်မည် ဖြစ်သည်။ ဝိဒေဟရာဇ်မင်းကြီးအား စကားအလုံးစုံကို လျှောက်ထား၍ သဘောတူမျှလျှင် ဤငါ၏ပြည်သို့ အမျိုးဆက်အံ့သောငှာ ဆရာပုရောဟိတ်ပင် ဝိဒေဟရာဇ်မင်းကြီးကို ချီးပင့်ဆောင်ယူချေရမည်”ဟု စေလွှတ်တော်မူပါသည်။

“အကျွန်ုပ်တို့အရှင် ပဉ္စာလရာဇ်မင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ၁၀၀-သော ထီးဆောင်းမင်းအပေါင်းတို့တွင် အရှင်မင်းကြီးတစ်ပါးကိုသာ ပြည်ထောင်ဖက်ချင်း ထပ်တူထင်တော်မူသည်နှင့်အညီ အဆွေခင်ပွန်းဖွဲ့လျက် အမျိုးဆက်တော်မူလိုသည်ဖြစ်၍ အရှင်မင်းကြီး ကြွတော်မူပါလျှင် သမီးကညာရတနာနှင့် များစွာသောလက်ဆောင်လက်နက်တို့ကိုလည်း ရတော်မူလတ္တံ့။ ဤ၂-ပြည် ၂-တိုင်းလည်း မရိုင်းမခြား သားတော်အစဉ် မြေးတော်အဆက် မပျက်သော အဆွေခင်ပွန်းကြီး ဖြစ်တော်မူကြလတ္တံ့။ ထို့ကြောင့် ပဉ္စာလရာဇ်ပြည်သို့ အရှင်မင်းကြီး ကြွတော်မူမှ သင့်ပါမည်”ဟု လျှောက်ကြား၏။

ကေဝဋေအမတ်ကြီးစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် အလွန် နှစ်သက်ရွှင်လန်းစွာ “သမီးကညာ ရတနာကို ငါ မချွတ်လျှင် ရတော့မည်”ဟု ကြားကာမျှနှင့် ဆန္ဒအာသာကူးယှက်၍ မျက်စိအနီးသို့ မင်းသမီးရောက်ပြီးလောက်ထင်လျက် ကေဝဋ်အမတ်ကြီးအား “ဆရာ ပုရောဟိတ်။ ဆရာပုရောဟိတ်နှင့် ငါ၏သားတော် မဟောသဓသုခမိန် ပညာရှိ၂-ယောက်တို့ ယမန်နှစ်က တရားစစ်ထိုးရာ မြေတလင်း၌ အချင်းချင်း စိတ်မကြည်ဖြူ ရှိကြသည်။ ယခု ငါ၏သားတော် မဟောသဓအိမ်သို့ ဆရာပုရောဟိတ်သွား၍ အမျက်ရန်ပြေငြိမ်းကြောင်း ကောင်းသောစကားဖြင့် တစ်ယောက်အပြစ်ကို တစ်ယောက် တောင်းပန်သည်းခံ ကန်တော့ကြပြီးလျှင် ဤပြည်သို့ သင် ယခုလာကြောင်းကိုလည်း အလုံးစုံတိုင်ပင် ပြောဆိုကြလျက် ငါ့သားမဟောသဓနှင့် အညီအညွတ် ငါ၏အထံတော်သို့ လာခဲ့လော့”ဟု ဆို၏။

မင်းကြီးစကားကို ကြားလျှင် ကေဝဋ်အမတ်ကြီးသည် “ဤပြည်၌ ကျော်စောထင်ရှားစွာသော မဟောသဓပညာရှိကို ငါ ရှုကြည့်ချေအံ့”ဟု ကြံပြီးလျှင် “အရှင်မင်းကြီး၊ ကောင်းပါပြီ”ဟု လျှောက်တင်၍ နန်းတော်မှ သရိုင်ဖျာကာမိုးသော မင်းလမ်းခရီးဖြင့် မဟောသဓသုခမိန်အိမ်သို့ သွားလေ၏။

မဟောသဓသုခမိန်သည်လည်း “ထိုကေဝဋ်အမတ် နန်းတော်သို့ဝင်သည်နေ့၌ မချွတ်လျှင် ငါ၏အိမ်သို့လည်း ကေဝဋ်အမတ် လာလတ္တံ့။ ယုတ်မာသောအကြံနှင့် အန္တရာယ်ဖြစ်ကြောင်း မကောင်းသဖြင့်လာသော ထိုကေဝဋ်အမတ်နှင့် စကားမေးမြန်းပြောဆိုခြင်းကိုပြု၍ အဘယ်အကျိုး ရှိအံ့နည်း”ဟုကြံလျက် အတန်ငယ်သော ထောပတ်သစ်ကိုသောက်၍၊ အိမ်အတွင်း၌ မိမိအိပ်ရာတွင် ကာသိကရာဇ်တိုင်းဖြစ်ထည်မျိုး ပုဆိုးကောင်းတို့ဖြင့် စီရင်အပ်သော အဝတ်ညောင်စောင်းတစ်ခုကိုသာ ချန်ထား၍ ထိုမှကြွင်းသော ညောင်စောင်း, အင်းပျဉ်တို့ကို ပြင်သို့ထုတ်စေပြီးလျှင် အိမ်ကြမ်းပြင်၌ နွားချေးစုံတို့ဖြင့် လိမ်းကျံစေ၏။ အိမ်တိုင်တို့၌လည်း ဆီဖြင့် စိုအောင်လိမ်းသုတ်စေ၏။

ဤသို့စီရင်ပြီးမှ မိမိအခြံအရံဖြစ်သော မင်းချင်းတို့ကိုခေါ်၍ ဤသို့ အမှတ်ပေး၏။ “အချင်းတို့။ ငါ့အိမ်သို့ ကေဝဋ်ပုဏ္ဏားရောက်သောအခါ ထိုပုဏ္ဏားသည် ငါ၌ “စကားပြောဟောအံ့”ဟု ပြုလတ္တံ့။ ထိုသို့ ကေဝဋ်ပုဏ္ဏား စကားပြောမည်ပြုလျှင် သင်တို့က “ပုဏ္ဏားကြီး။ ယနေ့ ငါတို့ အရှင့်သားတော်သုခမိန်သည် ထက်စွာသောထောပတ်သစ်ကို သောက်တော်မူ၏။ အရှင့်သားတော် သုခမိန်နှင့် သင်ပုဏ္ဏား စကားပြောဟောခြင်းကို မပြုနှင့်”ဟု ဆိုကြကုန်။ ထိုကေဝဋ်အမတ်အား ငါပင် စကားပြောမည်ပြုငြားသော်လည်း သင်တို့က “အရှင့်သား။ ကိုယ်တော် ယနေ့ညဉ့် ထက်စွာသောထောပတ်သစ်ကို သောက်တော်မူ၏။ သူတစ်ပါးနှင့် စကားပြောဟောတော် မမူပါလင့်”ဟု ငါ့အား တားမြစ်လျှောက်ထားကြကုန်။ ဤသို့ မှာထားပြီးလျှင် မဟောသဓသုခမိန်သည် နီစွာသောပုဆိုးကိုဝတ်လျက် တံခါး၇-တန်တို့၏အတွင်း၌ ခင်းအပ်သော ပုဆိုးညောင်စောင်းပေါ်၌ အိပ်နေလေ၏။

ကေဝဋ်အမတ်သည် နန်းတော်မှလာလတ်၍ မဟောသဓသုခမိန်၏ အိမ်အပြင်တံခါးဝသို့ရောက်လျှင် တံခါးခုံ၌ ရပ်လျက် “မဟောသဓသုခမိန်၊ အဘယ်မှာနည်း”ဟု မေး၏။ ထိုအခါ ကေဝဋ်အမတ်ကို မဟောသဓသုခမိန်မင်းချင်းတို့သည် “ပုဏ္ဏား။ အဘယ့်ကြောင့် ငြီးငွေ့ဖွယ်သောအသံကို ပြုသနည်း။ စကားမပြောနှင့်။ လာလိုလျှင် အသာအယာ ဆိတ်ဆိတ်လာခဲ့။ ငါတို့အရှင်မင်းသည် ထက်လှစွာသော ထောပတ်သစ်ကို ယနေ့သောက်လျက် စက်တော်ခေါ်သည်ဖြစ်၍ မည်သည့်သူမျှ အသံပြင်းပြင်း မပြုကြရ”ဟု ငေါက်ငမ်းဆိုမြည်ကြသဖြင့် ကေဝဋ်အမတ်သည် အသံမပြုဘဲ ထိုတံခါးတွင်းသို့ ဝင်၏။ တစ်ဖန် ဒုတိယတံခါးသို့ ရောက်ပြန်လျှင်လည်း ရှေးနည်းအတူ ငေါက်ငမ်း ဆိုမြည်ကြကုန်၏။ ဤသို့သောနည်းဖြင့် တံခါး ၇-တန်တို့၌ စောင့်နေသူတို့က ငေါက်ငမ်းဆိုမြည်ကြသောကြောင့် အသံမပြုဘဲ အဖြည်းအသာသွား၍ တံခါး ၇-တန်ကိုလွန်မြောက်သဖြင့် မဟောသဓသုခမိန်အိပ်ရာ ပုဆိုးညောင်စောင်းအနီးသို့ ရောက်လေ၏။

မဟောသဓသုခမိန်သည် ကေဝဋ်အမတ်ကိုမြင်လျှင် မျက်နှာပြ၍ စကားပြောအံ့သကဲ့သို့ ပြု၏။ ထိုအခါ မင်းချင်းတို့က “အရှင့်သား။ ကိုယ်တော် ယနေ့ ထက်စွာသောထောပတ်သစ်ကို သောက်တော်မူ၏။ ဤပုဏ္ဏားညစ်နှင့် ဖက်ပြိုင်၍ စကားပြောတော် မမူထိုက်ပါ”ဟု တားမြစ်လျှောက်ထားကြကုန်၏။ ကေဝဋ်အမတ်သည် ထိုင်ခြင်းငှာ နေရာရှုကြည့်ပါသော်လည်း နွားချေးလွတ်ရာကိုမမြင်။ မှီ၍ရပ်ခြင်းငှာ မှီရာကြည့်ပါတုံသော်လည်း ဆီမလိမ်းမသုတ်သောတိုင်ကို မမြင်သည်ဖြစ်၍ နွားချေးစိုကို ခြေစုံနင်းလျက်သာလျှင် ရပ်နေရလေ၏။

ထိုသို့ ကေဝဋ်ပုဏ္ဏားရပ်နေစဉ် မဟောသဓသုခမိန်၏ မင်းချင်းတစ်ယောက်သည် ကေဝဋ်ပုဏ္ဏားကို မျက်နှာချင်းကြည့်လျက် မျက်စိမှိတ်၏။ တစ်ယောက်သောမင်းချင်းသည် ပုဏ္ဏားကိုကြည့်လျက် မျက်မှောင်ချီ၏။ တစ်ယောက်သောမင်းချင်းသည် ပုဏ္ဏားကိုကြည့်လျက် တံတောင်ဆစ်ကို ယား၍ဖျောက်ဟန်နှင့် ရွယ်၏။

ကေဝဋ်အမတ်သည် ထိုမင်းချင်းတို့၏ အမူအရာကိုမြင်လေသော် နှလုံးမသာ မျက်နှာမရွှင်ဖြစ်၍ မဟောသဓသုခမိန်အား “သုခမိန်၊ အကျွန်ုပ် သွားတော့မည်”ဟု ဆို၏။ ထိုအခါ အတွင်းတံခါးဝ၌နေသော မင်းချင်းတစ်ယောက်သည် “ဟယ်၊ ပုဏ္ဏားယုတ်။ အသံမပြုနှင့်ဟုဆိုသည်ကို အဘယ့်ကြောင့် အသံပြုသနည်း”ဟု နောက်ကနေ၍ ငေါက်၏။ ကေဝဋ်အမတ်သည် ထိုအသံဖြင့် ထိတ်လန့်လျက် ပြန်လည်၍ကြည့်၏။ ထိုသို့ကြည့်စဉ် မင်းချင်းတစ်ယောက်သည် ဝါးခြမ်းစိတ်ဖြင့် ကေဝဋ်ပုဏ္ဏား၏ကျောကို ရိုက်နှက်ပြန်လေ၏။ ထိုရိုက်သောသူကို လှည့်၍ကြည့်စဉ်ပင်လျှင် မင်းချင်း တစ်ယောက်သည် ကေဝဋ်ပုဏ္ဏား၏ကျောကို လက်ဆုပ်ဖြင့် တွန်းတိုးပုတ်ခတ်ပြန်၏။ ထိုပုတ်ခတ်သောဒဏ်ဖြင့် ဦးလွန်၍တိမ်းစဉ် မင်းချင်းတစ်ယောက်သည် ပုဏ္ဏား၏လည်ကိုကိုင်ညှစ်၍ တွန်းပစ်လိုက်ပြန်၏။ ကေဝဋ်အမတ်သည် သစ်,ကျားတို့၏ခံတွင်းမှလွတ်သော ခွေးသမင်ကဲ့သို့ ပြင်းစွာတုန်လှုပ်ကြောက်လန့်ခြင်းဖြင့် မဟောသဓသုခမိန်အိမ်မှထွက်ခဲ့၍ မင်းကြီးနန်းတော်သို့ သွားလေ၏။

ဝိဒေဟရာဇ်မင်းကြီးသည်ကား ဤသို့ အကြံဖြစ်၏။ “ပဉ္စာလရာဇ်မင်းက သမီးကညာဆက်မည့်အကြောင်းကို ကေဝဋ်အမတ်ကပြော၍ ငါ့သားသည် ယနေ့ ဝမ်းမြောက်ဝမ်းသာ ရှိလိမ့်သတတ်။ ငါ့သားအိမ်၌ ယနေ့ သုခမိန် ၂-ယောက် တွေ့ဆုံမိကြသဖြင့် အကြောင်းအကျိုးနှင့်စပ်သော တရားစကားကို အချင်းချင်း ဆွေးနွေးမေးမြန်းတိုင်ပင်ကြလျက် အထက်က တစ်ယောက်ကိုတစ်ယောက် လွန်ကျူးမိကြသည့် အပြစ်ကိုလည်း တောင်းပန်ကန်တော့ကြ၍ အမျက်ပြေငြိမ်းကြသဖြင့် အချင်းချင်း မိတ်ဆွေခင်ပွန်း ဖြစ်ကြလိမ့်သတတ်။ ငါ့အား ဤသို့သော မင်းအဖြစ်ကို အရတော်စွတကား”ဟု အောက်မေ့ကြံစည်လျက် နေတော်မူစဉ် ကေဝဋ်အမတ် လာသည်ကိုမြင်လျှင် မဟောသဓသုခမိန်နှင့် စကားအနှီးအနှော ပြောဆိုခဲ့ရသောအကြောင်းကို မေးတော်မူ၍ “ကထံ နု ကေဝဋ္ဋ မဟောသဓေန” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ကေဝဋ်အမတ်ကြီး။ အသို့နည်း။ ငါ့သားမဟောသဓနှင့် သင်သည် တရားစစ်ထိုးကြသောအခါ၌ တစ်ယောက်ကိုတစ်ယောက် မကြည်ဖြူ ရှိဖူးကြသောအပြစ်များကို အချင်းချင်း တောင်းပန်ကန်တော့၍ ပြေငြိမ်းကြသဖြင့် အကျွမ်းတဝင် ရှိခဲ့ပါ၏လော။ ယခု သင်လာသောအကြောင်းကို ငါ့သားမဟောသဓအားပြောလျှင် မဟောသဓသည် နှစ်သက်ဝမ်းသာ ရှိပါ၏လော”ဟု ဆီး၍မေး၏။

ဝိဒေဟရာဇ်မင်းကြီး စကားကိုကြားလျှင် ကေဝဋ်အမတ်သည် မဟောသဓသုခမိန်အား အမျက်ထွက်သောအားဖြင့် မသူတော်ဖြစ်ကြောင်းကို ဆိုလို၍ “အနရိယရူပေါ ပုရိသော ဇနိန္ဒ”အစရှိသော ဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ မဟောသဓကို ပညာရှိသူတော်ကောင်း ထင်မှတ်၍ သုခမိန်အရာ၌ ထားတော်မူ၏။ ထိုမဟောသဓသည် သူတော်ကောင်း မဟုတ်။ ပညာရှိသဘော မသက်။ အကျွန်ုပ်သည် အရှင်မင်းကြီးစကားနှင့် ပညာရှိသူတော်ကောင်းပင် ထင်မှတ်၍ စကားနှီးနှော ပြောဆိုလိုသဖြင့် သွားပါသည်ကိုလျက် ဝမ်းမြောက်ဝမ်းသာရှိကြောင်း ကောင်းမြတ်စွာ ဧည့်သည်တို့အား နှုတ်ဆက်မေးမြန်းခြင်း, နေရာပေးခြင်း စသည်တို့ကိုမျှ မပြု။ အလွန် မာနခက်ထန်၏။ အကျွန်ုပ်ကို ကြည့်လျက်သာလျှင် နားပင်း နှုတ်အသောသူကဲ့သို့ အကြောင်းအကျိုးနှင့် စပ်သည်ကိုထား၍ တစ်ပါးသောစကားကိုပင်လည်း တစ်ခွန်းမျှ မပြောမဆို နေ၏။ “ထို့ကြောင့် ထိုသူ၌ ပညာရှိဟုထင်မှတ်ဖွယ် ဂုဏ်ကျေးဇူး တစ်စိုးတစ်စိမျှမရှိ”ဟုလျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည် ကေဝဋ်အမတ်စကားကိုကြားလျှင် နှလုံးမသက်မသာရှိသော်လည်း မထင်ရှားစေဘဲ ကေဝဋ်အမတ်ကို တည်းနေရန် သင့်ရာအရပ်၌ သံတဲစီရင်စေပြီးသော် ကေဝဋ်အမတ်အားလည်းကောင်း၊ ကေဝဋ်အမတ်၏ အခြံအရံ မင်းချင်းတို့အားလည်းကောင်း “အချင်းတို့။ သင်တို့ ညောင်းညာ ပင်ပန်းကြတော့မည်။ သံတဲသို့သွား၍ အညောင်းအညာ အပင်ပန်း ဖြေကြဦးလော့”ဟုဆို၍ ကောင်းသောအိပ်ရာ, နေရာ, စားနပ်ရိက္ခာနှင့်တကွ များစွာချီးမြှောက်လျက် သံတဲသို့သွား၍ တည်းနေစေ၏။

ထိုကေဝဋ်အမတ်တို့ သံတဲသို့ ဆင်းသွားသောအခါမှ ဝိဒေဟရာဇ်မင်းသည် ဤသို့ကြံ၏။ “ငါ့သား မဟောသဓသုခမိန်ကား နှုတ်ဆက်မေးမြန်းခြင်းစသော ဧည့်သည်တို့၏ဝတ်ကိုပြုခြင်း၌ အလွန်လိမ္မာသောသူဖြစ်လျက် ကေဝဋ်အမတ်ကို ယခု မလောက်မလေးပြုလိုက်သည်မှာ လာလတ္တံ့သောဘေးကိုမြင်၍ ငါ့သား ပြုသည်ဖြစ်ရာ၏”ဟုကြံလျက်၊ မိမိအလိုအလျောက်ပင်လျှင် “အဒ္ဓါ ဣမံ မန္တပဒံ သုဒုဒ္ဒသံ” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“သူတစ်ပါးတို့လျှို့ဝှက်အပ်သော အတိုင်အပင်နှင့် အကောက်ကြံသည်ကို ပညာနည်းသောသူတို့ အလွန်သိနိုင်မြင်နိုင်ခဲ၏။ ငါ့သားသုခမိန်သာ အတုမရှိသော ပညာ, သတိ, ဝီရိယနှင့် ပြည့်စုံခြင်းကြောင့် ထိုသို့ လျှို့ဝှက်ခက်ခဲသော အကြံအစည် အတိုင်အပင်ကို သိမြင်တတ်၏။ ယခု ငါတို့ပြည်သို့ ကေဝဋ်အမတ်လာသည်မှာ မိတ်ဖွဲ့လို၍ လာသည်မထင်။ မင်းသမီးဖြင့်ဖြားယောင်း၍ ငါ့ကို ပဉ္စာလရာဇ်ပြည်သို့ ခေါ်ဆောင်ပြီးလျှင် ဖမ်းဆီး၍ ဖျက်ဆီးမည်အကြံနှင့် လာသည်ဖြစ်၏။ ထို့ကြောင့် ကေဝဋ်အမတ် ရောက်စကပင် ငါ၏ကိုယ်,စိတ်သည်လည်း တုန်တုန်လှုပ်လှုပ် ရှိ၏။ ထိုကေဝဋ်အမတ်တို့၏ အတိုင်အပင် အကြံအစည်ကို ငါ့သားသုခမိန်သိသဖြင့် နောင်လာလတ္တံ့သောဘေးကို မြင်သည်ဖြစ်၍ ကေဝဋ်အမတ်အား မလောက်မလေး ပြုလိုက်သည်ဖြစ်ရာ၏။ မဖြောင့်မမှန် အကြံအစည်နှင့် ဖြားယောင်းလာသော ကေဝဋ်အမတ်၏စကားကို နာယူလျက် ဤငါ၏ပြည်ကိုစွန့်၍ ရန်သူလက်သို့လိုက်သဖြင့် ငါ့အား အဘယ်အကျိုး ရှိအံ့နည်း”ဟု

ထိုအကြောင်းကို အဖန်တလဲလဲ ဆင်ခြင်လျက် ကြောက်လန့်ခြင်းဖြစ်နေစဉ် သေနကအစရှိသော အမတ်သုခမိန် ၄-ယောက်တို့သည် နန်းတော်သို့ဝင်၍ မင်းကြီးအား ခစားလာကြကုန်၏။

ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ်ကို “အမတ်ကြီးသေနက။ ယခု ပဉ္စာလရာဇ်မင်းက သမီးတော်နှင့် အမျိုးဆက်လိုပါသည်။ ပဉ္စာလရာဇ်ပြည်သို့ ကြွတော်မူခဲ့ပါဟု ကေဝဋ်အမတ်ကြီးကို စေလွှတ်လိုက်၍ ငါ့အား လျှောက်ထားစေလာ၏။ ထိုပဉ္စာလရာဇ်ပြည်သို့သွား၍ စူဠနီဗြဟ္မဒတ်မင်း၏ သမီးတော်ရတနာကို ဆောင်ယူချေရသော် ကောင်းမည်လော၊ မကောင်းမည်လော။ သင် အသို့ထင်သနည်း”ဟု မေး၏။

သေနကအမတ်သည် မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ အသို့ အမိန့်ရှိတော်မူသနည်း။ ရှေ့သို့ရောက်ပြီးသော စည်းစိမ်ကို တုတ်, လှံတံဖြင့် တွန်းပစ်ရိုက်ခတ်ဘိသကဲ့သို့ ဘုန်းတော်ကြောင့် ရောက်လာသော စည်းစိမ်တော်ကို မပယ်သင့်။ ပဉ္စာလရာဇ်ပြည်သို့ ကြွတော်မူ၍ စူဠနီဗြဟ္မဒတ်မင်း၏ သမီးတော်ကို အရှင်မင်းကြီးရတော်မူလျှင် ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ စူဠနီဗြဟ္မဒတ်မင်းမှတစ်ပါး အရှင်မင်းကြီးနှင့်တူသော ထီးဆောင်းမင်းမည်သည် မရှိနိုင်ရာ။ အဘယ့်ကြောင့်နည်းဟူမူ ထိုစူဠနီဗြဟ္မဒတ်မင်းသည် မိမိသမီးတော်နှင့်ထိုက်တန်ရာ ဇမ္ဗူဒိပ်ကျွန်းအပြင်၌ရွေးချယ်လျှင် တစ်ပါးသော ထီးဆောင်းမင်းတို့သည် မိမိ၏လက်နက်နိုင်ငံချည်း ဖြစ်ခြင်းကြောင့် သမီးတော်နှင့် မထိုက်။ အရှင်မင်းကြီးကိုမူကား ပြည်ထောင်ဖက်ချင်း ဖြစ်သည်ဟု မိမိနှင့်ထပ်တူပြု၍ သမီးတော်ကိုစင်လျက် အမျိုးဆက်လိုသောကြောင့် ပညာရှိအမတ်ကြီးကိုစေလွှတ်၍ လေးလေးမြတ်မြတ် ပြုပေသည်။ ထို့ကြောင့် ပဉ္စာလရာဇ်ပြည်သို့ ကြွတော်မူမှ သင့်မည်ထင်ပါသည်။ အရှင်မင်းကြီး ကြွတော်မူပါလျှင် အကျွန်ုပ်တို့မှစ၍ မှူးတော် မတ်တော်တို့အားလည်း ဘုန်းတော်ကို မှီလျက် အဝတ်တန်ဆာ ဥစ္စာဆုလာဘ် ရကြပါမည်ဖြစ်ပါသည်”ဟု လျှောက်ထား၏။

သေနကအမတ်စကားကို ကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် ပက္ကုသအစရှိသော အမတ်၃-ယောက်တို့အားလည်း ရှေးနည်းအတူ တိုင်ပင်မေးမြန်းပြန်၏။ ထိုပက္ကုသ အစရှိသော အမတ်၃-ယောက်တို့သည်လည်း သေနကအမတ်ကြီး လျှောက်သည်နှင့်အတူပင်လျှင် ကြွတော်မူမှသင့်မည်အကြောင်းကို အသီးအသီးလျှောက်ထားကြကုန်၏။

ထိုအမတ် ၄-ယောက်တို့နှင့် စကားပြော၍နေစဉ် ကေဝဋ်အမတ်သည် မိမိနေရာသံတဲမှ နန်းတော်သို့လာပြီးလျှင် မိမိပြည်သို့ ပြန်သွားအံ့သောငှာ ဝိဒေဟရာဇ်မင်းကြီးအား “အရှင်မင်းကြီး။ အကျွန်ုပ် ယနေ့ ပဉ္စာလရာဇ်ပြည်သို့ ပြန်သွားပါတော့မည်။ အရှင်မင်းကြီးလည်း နေ့ရက်အရှည်အကြာ မနေသင့်။ လိုအပ်သောကိစ္စကို ပြီးလွယ်မှ ကောင်းပါမည်ဖြစ်၍ မကြာမမြင့်မီ ကြွတော်မူခဲ့ပါ”ဟု လျှောက်ထား၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း ကေဝဋ်အမတ်ကြီးအား များစွာသော လက်ဆောင်ပဏ္ဏာအချီးအမြှောက်နှင့် မျိုးရိက္ခာပေး၍ လွှတ်လိုက်လေ၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် ကေဝဋ်အမတ် ပြန်သွားကြောင်းကိုသိလျှင် ရေချိုးခြင်း, အဝတ်တန်ဆာဆင်ခြင်း စသည်တို့ကိုပြီးစေလျက် မင်းကြီးအား ခစားအံ့သောငှာ နန်းတော်သို့ဝင်၍ တင့်အပ်သော စစ်သူကြီးနေရာ၌နေလျက် မင်းကြီးအားခစား၏။ ထိုအခါ ဝိဒေဟရာဇ်မင်းသည် ဤသို့ကြံ၏။

“ငါ့သား မဟောသဓသည် ကြီးကျယ်သောပညာ ရှိသည်ဖြစ်၍ အဆုံးတိုင်အောင်မြင်နိုင်သော အကြံအစည်လည်း ရှိ၏။ ဖြစ်ဆဲ, ဖြစ်ပြီး ဖြစ်လတ္တံ့သောအမှုတို့၌ အကျိုးရှိမည်, မရှိမည်ကိုလည်း သိတတ်၏။ ယခု ပဉ္စာလရာဇ်ပြည်သို့ ငါ့အား သွားထိုက်သည်, မသွားထိုက်သည်ကိုလည်း ရှေးမဆွကပင် သိနှင့်ရာ၏”ဟု ကြံပြီးလျှင်

ဝိဒေဟရာဇ်မင်းကြီးသည် သားတစ်ကို တပ်မက်မောခြင်းပြင်း၍ ကျော့ညွတ်ကွင်းကို မြင်လျက်နှင့် ဆင်းဝင်အံ့ကြံသော ငှက်ကဲ့သို့ ကိလေသာကာမဂုဏ်၌ တပ်မက်မောခြင်းလောဘကြောင့် မောဟဖုံးလွှမ်းသဖြင့် မိမိအကြံအစည်ကို မပြောဆိုဘဲ မဟောသဓသုခမိန်၏အလိုကိုသာ သိလို၍ “ဆန္ဒဉှိ ဧကာဝမတိ သမေတိ” အစရှိသော ဂါထာဖြင့် မဟောသဓသုခမိန်အား မေး၏။

အဓိပ္ပာယ်ကား-

“မဟောသဓ သုခမိန်။ ငါသည်လည်းကောင်း, ကေဝဋ်အမတ်သည်လည်းကောင်း, ဤသုခမိန်အမတ်ကြီး ၄-ယောက်တို့သည်လည်းကောင်း, ဤငါတို့ ပညာရှိ ၆-ယောက်တို့သည် ဂင်္ဂါမြစ်ရေနှင့် ယမုနာမြစ်ရေကဲ့သို့ တူမျှသော အယူဆန္ဒရှိကြသည်ဖြစ်၍၊ ပဉ္စာလရာဇ်ပြည်သို့ ငါတို့သွားမည့်အခွင့်ကို နှစ်သက်ကြပြီ။ သင် သုခမိန်သာ ပဉ္စာလရာဇ်ပြည်၌ စူဠနီဗြဟ္မဒတ်မင်း၏သမီးတော်နှင့် ငါ့အား ထိမ်းမြားမင်္ဂလာဆောင်သွားလျှင် သင့်မည်,မသင့်မည်ကိုလည်းကောင်း၊ ဤမြို့တော်၌ပင်နေမှ သင့်မည်, မသင့်မည်ကိုလည်းကောင်း၊ အလျင်တဆောသွားမှ သင့်မည်,မသင့်မည်, ငံ့လင့်ဦးမှ သင့်မည်, မသင့်မည်ကိုလည်းကောင်း, ငါတို့ ပညာရှိ ၆-ယောက်တို့၏ အယူအတိုင်းပင် သင့်မည်, မသင့်မည်ကိုလည်းကောင်း ကြံ၍၊ သင်၏အလိုကို ဆိုဦးလော့”ဟုဆို၏။

မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “ဤမင်းကား အထူးအမြတ်ဖြစ်သော ကိလေသာဖြင့် နှောင်ဖွဲ့ဖြားယောင်းခြင်းကြောင့် စိတ်နှလုံးမဆည်နိုင် ရှိသည်တွင် အမတ် ၄-ယောက်တို့ ဆော့်တိုက်တွန်းပြန်သဖြင့် လွန်စွာသော ကာမဂုဏ်ယစ်မူး၍ ကျေးဇူးအပြစ်ကို မသိမမြင်နိုင်အောင် ယခုရှိချေပြီ။ ထိုမင်းအား ပဉ္စလရာဇ်ပြည်သို့သွားခြင်း၌ အပြစ်ကိုထင်စွာပြ၍ မသွားရအောင် ငါ၏ ပညာတည်းဟူသောဆေးဖြင့် ကုနိုင်ပါဦးမည် မသိ”ဟု ကြံ၍ “ဇာနာသိ ခေါ ရာဇာ မဟာနုဘာဝေါ”အစရှိသော ၄-ဂါထာတို့ဖြင့် လျှောက်ကြား၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ဆင်ခြင်တော်မူဦးလော့။ စစ်သည်ဗိုလ်ပါ အခြံအရံ များစွာသော စူဠနီဗြဟ္မဒတ်မင်းသည် ဤမိထိလာပြည်ကိုဝန်းရံ၍ ဗိုလ်ပါအားနှင့် မတတ်နိုင်ခြင်းကြောင့် ကာမဂုဏ်အားနှင့် ဖြားယောင်းမည်ဟု ယခု အကြံရှိပါသည်။ စင်စစ် အရှင်မင်းကြီး ပဉ္စာလရာဇ်ပြည်သို့ ကြွတော်မူချေလျှင် သမင်တိန်ညင်မနှင့်မျှား၍ မုဆိုးလက်သို့ရောက်သော သမင်နှင့် တူတော်မူရာ၏။”

“အဘယ်သို့ တူမည်နည်းဟူမူကား အကြင်မုဆိုးသည် သင်အပ်ပြီးသော အတတ်ရှိသော သမင်တိန်ညင်မတစ်ကောင်ကို ခြေ၌ကြိုးချည်လျက် သမင်အပေါင်းတို့ ကျက်စားရာအရပ်၌ ထားပြီးလျှင် မိမိကား ထက်စွာသော လှံကိုထမ်း၍ သစ်ခက်အုံ ချုံကွယ်ရာမှ စောင့်နေလေ၏။”

“ထိုသမင်တိန်ညင်မသည် သင်အပ်ပြီးသော အတတ်ရှိသဖြင့် မိမိကိုယ်ကို လျှပ်ပေါ်လော်လည်ဟန်ပြုလျက် သမင်မတို့၏ဘာသာဖြင့် မက်မောသောအသံကိုပြုလျှင် ထိုအသံဖြင့် အန္တရာယ်ဖြစ်အံ့သည်ကို မမြင်သော သမင်ဖိုသည် သမင်မအား တပ်မက်ခြင်းဖြစ်၍ မိမိရွေဖော်အနီးအပါး၌ များစွာသောသမင်မတို့ရှိလျက် ထိုသမင်မတို့ကို အမှတ်မပြုဘဲ သမင်တိန်ညင်မသို့သာလျှင် ချဉ်းကပ်လေ၏။ ထိုတိန်ညင်မသည်လည်း သမင်ဖိုလာလျှင် မုဆိုးကို နံပါးတစ်ဘက်ပေး၍ နေလေ၏။”

“မုဆိုးသည်လည်း ချုံမှထွက်၍ ထက်စွာသောလှံဖြင့် သမင်တိန်ညင်မကိုကွယ်လျက် ထိုးလေသော် ထိုသမင်ဖိုသည် သမင်တိန်ညင်မကြောင့် အသက်ဆုံးရှုံးခြင်းသို့ ရောက်ရာ၏။ ဤဥပမာ၌ စူဠနီဗြဟ္မဒတ်မင်းကြီးသည် မုဆိုးနှင့် တူ၏။ ထိုမင်းသမီးတော်သည် သမင်တိန်ညင်မနှင့် တူ၏။ ကေဝဋ်အမတ်သည် မုဆိုးလက်နက်နှင့် တူ၏။ ဤဥပမာနှင့်တူစွာ အရှင်မင်းကြီးကိုလည်း ပဉ္စာလရာဇ်မင်းသည် အသက်အန္တရာယ်ပြုလို၍ သမီးတော်ဖြင့် ဖြားယောင်းခြင်းဖြစ်ပါသည်။”

“အရှင်မင်းကြီး။ ပုံဆိုဦးအံ့။ အကြင်တံငါသည် ငါးကိုဖမ်းလိုသောကြောင့် ရှည်စွာသောကြိုးဖျား၌ သံမျှားချိတ်ကိုချည်၍ ထိုသံမျှားချိတ်ပေါ်၌ အစာမွမ်းမံပြီးလျှင် ရေထဲသို့ ပစ်ချလိုက်၏။ ထိုရေထဲ၌ ကျက်စားသောငါးသည် သံမျှားချိတ်ကို မမြင်။ ပြင်၌ အစာကိုသာ တပ်မက်မောခြင်းဖြင့် ထိုသံမျှားချိတ်ကို မျိုမှားချေသောထိုငါးအား အသက်ဆုံးရှုံးခြင်းသို့ ရောက်ရာ၏။ ဤပုံ၌လည်း စူဠနီဗြဟ္မဒတ်မင်းသည် သံမျှားချိတ်နှင့် တူ၏။ ကေဝဋ်အမတ်သည် တံငါနှင့်တူ၏။ မင်းသမီးသည် သံများပေါ်၌မွမ်းမံသော အစာနှင့် တူ၏။ ဤပုံနှင့်တူစွာ အရှင်မင်းကြီးကို နှိပ်စက်လို၍ ပဉ္စာလရာဇ်မင်းသည် သမီးတော်နှင့်ဖြားယောင်းခြင်းသာဖြစ်ပါသည်။”

“အရှင်မင်းကြီး။ ပုံဆိုဦးအံ့။ တော၌ကျက်စားသော အကြင်သမင်သည် အစာ၌တပ်မက်မောခြင်းကြောင့် မိမိတို့ ကျက်စားရာအရပ် မဟုတ်သော မြို့ရွာခရီးဖြင့်သွား၍ ကျက်စားလွန်ချေအံ့။ သမင်ကိုအလိုရှိသော ရွာသားတို့နှင့်တွေ့ကြိမ်လေသော် ထိုသမင် အသက်အန္တရာယ် ရောက်ရာသကဲ့သို့ အရှင်မင်းကြီးသည်လည်း မင်းသမီးအား တပ်မက်မောခြင်းနှင့် ဤနေပြည်တော်မှ သူ့ပြည်, သူ့နိုင်ငံသို့ ကြွတော်မူမှားချေလျှင် များစွာသောအခြံအရံ ဗိုလ်ပါအားနှင့်ပြည့်စုံသော စူဠနီဗြဟ္မဒတ်မင်း၏လက်တွင် ကိုယ်,စိတ်ချမ်းသာမရ ဖြစ်မည်ထင်ပါသည်”ဟု လျှောက်၏။

ဤ၄-ဂါထာဖြင့် ဘုရားလောင်းမဟောသဓသုခမိန်သည် သိမြင်တိုင်း မင်းကြီးအား နှိပ်၍လျှောက်ထားလေသော် ဝိဒေဟရာဇ်မင်းကြီးသည် ပြင်းစွာအမျက်ထွက်လျက် “ဤမဟောသဓကား မိမိကျွန်လောက်မျှ ငါ့ကိုမမှတ်။ ပြည်ကြီးသခင် မင်းဖြစ်ပေသည်ဟူ၍မျှ ထောက်ထားခြင်း မရှိ။ ဧကရာဇ်မင်းပေစဉ်လျက် ငါ့အား ထပ်တူပြုလို၍ သမီးကညာရတနာကို ဆောင်နှင်းပေးအပ်မည်ဟု စေလွှတ်လိုက်ပေသည်ကို မဟောသဓသည် မင်္ဂလာရှိသောစကားကို တစ်ခွန်းမျှမဆိုဘဲ ငါ့အား သမင်, သား, ငါးအမိုက်များနှင့် ပုံပြု၍သာ အမင်္ဂလာစကားကို ပြောဆိုပေ၏”ဟု မင်းမာန်ဖြင့် အာဏာသံပေးလို၍ “မယမေဝ ဗာလမှသေ ဧဠမူဂါ”အစရှိသော ၂-ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

အမတ်တို့။ ထူးထူးလွန်လွန် ရတနာရရာသည့်အကြောင်း ကောင်းမြတ်သော မင်းရေးမင်းရာ မင်္ဂလာစကားကို ထွန်တုံးစွန်းတွင်ကြီးသော လယ်လုပ်သားအား ပြောဆိုတိုင်ပင်မှားချေသောကြောင့် ငါ့အား အမိုက်အရာ ရောက်ချေပြီ။”

“ထွန်တုံးစွန်းတွင်ကြီးသော လယ်လုပ်သား။ သင်သည် လယ်လုပ်မှုကိုသာ ကျွမ်းကျင်၏။ မင်းရေးမင်းရာကို သင် အဘယ်သို့ သိအံ့နည်း။ ကေဝဋ်အမတ်ကြီး, သေနက, ပက္ကုသ, ကာမိန္ဒ, ဒေဝိန္ဒဆရာ ငါ၏ သုခမိန်အမတ်ကြီးတို့ကား မှူးရိုး,မတ်ရိုးသား ဖြစ်သည်နှင့်အညီ ဤသို့သောမင်းရေးမင်းရာ၌ လိမ္မာကျွမ်းကျင်ကြကုန်၏။ ထိုမင်းတို့၏မင်္ဂလာအမှုကို မသိမလိမ္မာဘဲလျက် မြတ်သောမင်းသမီးရတနာကို ရခြင်း၏အန္တရာယ်စကားနှင့် ငါ့အားအကျိုးနည်းအောင် ကြံဆောင်သူဖြစ်သောကြောင့် ဤလယ်လုပ်အမျိုးသား၏လည်ကို ဆွဲငင်၍ချ။ ငါ၏တိုင်းနိုင်ငံမှ ရာဇဒဏ်ပေးလျက် နှင်ထုတ်လိုက်”ဟု အမျိုးဖြင့်ဆဲရေး၍ မင်းအာဏာ ထားလေ၏။

ထိုသို့ မင်းအမျက်ရှိသော်လည်း မင်းချင်းတို့သည် မင်းတို့၏အရိပ်အသံကို အလွန်သိနိုင်ခဲသည်တစ်ကြောင်း၊ မဟောသဓသုခမိန်သည် သူခပ်သိမ်းတို့၏ ချမ်းသာကိုဆောင်လျက် ပြည်ထဲရေးကို အုပ်ချုပ်စီရင်၍ ဘုန်းအာဏာ အရှိန်အစော်နှင့်တကွ စစ်သူကြီးဖြစ်ခြင်းကြောင့် ချစ်ကြောက်ရိုသေ ရှိသည်တစ်ကြောင်း၊ ယင်းသို့ဖြစ်၍ အလျင်တဆော ဆွဲငင်ခြင်းငှာ မဝံ့ကုန်။ ဘုရားလောင်း မဟောသဓသုခမိန်သည်လည်း ထိုမင်းအာဏာထားသော စကားကိုကြား၍ မင်းကြီးအမျက်ရှိကြောင်းကို သိလေသော် “စင်စစ်သဖြင့် ငါ့ကို တစ်စုံတစ်ယောက်သောသူသည် မင်းမိန့်ရှိတိုင်း ဆွဲငင်ခြင်းကိုပြုချေလျှင် ငါ့အား တစ်သက်ပတ်လုံး အရှက်ကြီးရရာ၏။ ထို့ကြောင့် မင်းချင်းတို့ မဆွဲမဝင်မီ အလိုအလျောက် ဆင်းသွားအံ့”ဟုကြံ၍ မင်းကြီးအား ရှိခိုးပြီးသော် မိမိအိမ်သို့သွားလေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် မိမိအလိုဆန္ဒနှင့် မပြိုင်မိ၍သာ အမျက်ထွက်သောအားဖြင့် ဆဲဆိုခြင်းကိုပြု၏။ ထိုသို့ဆဲဆိုသော်လည်း မဟောသဓသုခမိန်အား စိတ်ထဲအမြဲ ချစ်ခင်သနားခြင်းရှိခြင်းကြောင့် နန်းတော်မှထွက်သော မဟောသဓသုခမိန်အား မင်းချင်းတို့ကိုစေ၍ ဖမ်းယူခြင်းစသော ရာဇဒဏ်ကိုမပေးသတည်း။

မဟောသဓသုခမိန်သည်လည်း ထိုသို့ မင်းကြီး ဆဲဆိုရှုတ်ချခြင်းကို အမှတ်မပြုဘဲ မိမိအား ကျေးဇူးအထူး ရှိပေသောအဖြစ်ကိုသာ အဖန်တလဲလဲအောက်မေ့လျက် ဤသို့ကြံ၏။

“ဤမင်းသည် ကိလေသာကာမဂုဏ်ဖုံးလွှမ်း၍ ချမ်းသာဆင်းရဲကြောင်း ကောင်း,မကောင်း အကျိုးစီးပွားကို ထောက်ထား ဆင်ခြင်ခြင်းမရှိပြီ။ စူဠနီဗြဟ္မဒတ်မင်း၏သမီးကို စင်စစ် ငါရတော့မည်စိတ်စွဲနှင့်သာ နောင်လာလတ္တံ့သောဘေးကို မတွေးမမြော်ဘဲ သူ့ပြည်သို့သွားချေသော် မချွတ်လျှင် စည်းစိမ်,အသက် ပျက်စီးခြင်းသို့ရောက်လတ္တံ့။ ထိုအကြောင်းကိုမြင်၍ ဆင်ခြင်စိမ့်သောငှာ ငါ လျှောက်ထားပါသော်လည်း မနာမယူ ဖြစ်ခဲ့၏။

ထိုသို့ “ငါ့စကားကို မင်းကြီး မနာမယူဘဲနေဘိသော”ဟု ငါ ကြောင့်ကြမဲ့ပြုချေလျှင် မင်းကြီးပျက်စီးသဖြင့် ငါ့အား ပညာရှိအဆက်ဆက်တို့က ကဲ့ရဲ့ဖွယ်ဖြစ်ရာ၏။ ဤမင်းကြီးသည် ငါ့အား ရင်သွေးရင်သားကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းဖြင့် ကြီးစွာသော စည်းစိမ်အခြံအရံကိုပေး၍ ချီးမြှောက်တော်မူပေသော ကျေးဇူးရှင်ပေတည်း။ ထို ကျေးဇူးရှင်ဖြစ်သော မင်းကြီးပျက်စီးခြင်းကိုရှု၍ ငါ မနေထိုက်။ လုံ့လ ပြုသင့်လှပေ၏။ ထို့ကြောင့် မင်းကြီး၏အလိုသို့လိုက်၍ပင် ငါဆောင်ရွက်အံ့။ ဆောင်ရွက်ရမည်မှာ ရှေးဦးစွာ ငါ၏ကျေးသားကို စေလွှတ်လိုက်၍ ထိုအမှုတို့ အတပ်အမှန်သိရပြီးမှ ပဉ္စာလရာဇ်ပြည်သို့ ငါသွားအံ့”ဟု ကြံပြီးလျှင်၊ ကျေးသားကို စေလွှတ်လို၍ “ဧဟိ သမ္မ ဟရိတပက္ခ”အစရှိသော၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အတောင်အမြီး စိမ်းလဲ့နုဖပ်စွာနှင့် မာတရအမျိုးဖြစ်သော ငါ၏ ငယ်မွေးကျေးသား ပညာရှိ။ ဤသို့ လာလှည့်”ဟု မဟောသဓသုခမိန် ခေါ်တော်မူလျှင် ကျေးသားသည် မဟောသဓသုခမိန်၏ ရင်ခွင်ပေါ်၌ ရွှေချိုင့်ထဲမှထွက်၍ နားလေ၏။ ထိုရင်ခွင်ပေါ်၌ ကျေးသားနားနေသောအခါ မဟောသဓသုခမိန်သည် “ချစ်သား။ တစ်စုံတစ်ယောက်သောသူသည် လူပညာရှိဖြစ်သော်လည်း မဆောင်စွမ်းနိုင်။ သင်နှင့်သာ ထိုက်တန်သောအမှုသည် ယခု ငါ၌ ရောက်၏။ ထိုအမှုကို သင် ဆောင်ရွက်ရမည်”ဟု ဆိုလျှင်၊ ကျေးသားသည် “အရှင့်သား။ အဘယ်အမှုကို ကျွန်ုပ် ဆောင်ရွက်ရမည်နည်း”ဟု မေးလျှောက်၏။

မဟောသဓသုခမိန်သည် “ချစ်သား။ ပဉ္စာလရာဇ်ပြည်က ကေဝဋ်အမတ်သည် တမန်အမှုနှင့် ယခု ရောက်လာသည့်အခွင့်ကို မည်သို့အကြံအစည်ရှိ၍ လာသည်ဟု စူဠနီဗြဟ္မဒတ်မင်း, ကေဝဋ်အမတ်မှတစ်ပါး တစ်စုံတစ်ယောက်မျှ မသိကြကုန်။ ထိုမင်း,ပုရောဟိတ် ၂-ယောက်တည်းသာ နန်းတော်အဆင့်သို့ တက်ကြပြီးလျှင် မင်းကြီးအိပ်ရာတိုက်ခန်း၌ တိုင်ပင်ကြ၏။ ထိုသို့ တိုင်ပင်ကြသောအခါ မင်းကြီးအိပ်ရာတိုက်ခန်း၌ အိပ်ရာစောင့်ဖြစ်သော သာလိကာမတစ်ကောင်သာ ရှိသည်ဟု ကြားရ၏။ ထိုသာလိကာမသည် ခပ်သိမ်းသောအမှုတို့၌ လိမ္မာသည်ဖြစ်၍ စူဠနီဗြဟ္မဒတ်မင်း, ကောသိယအနွယ်ဖြစ်သော ကေဝဋ်အမတ်တို့၏ လျှို့ဝှက်အပ်သော အတိုင်အပင်ကို ကြားသိလေရာ၏။

ထို့ကြောင့် ပဉ္စာလရာဇ်ပြည်သို့သွား၍ သာလိကာမနှင့် ကိလေသာအနှောင်အဖွဲ့ဖြင့် အဆွေခင်ပွန်းဖွဲ့ပြီးလျှင် ဆိတ်ကွယ်ရာအရပ်၌ သူတစ်ပါး မကြားမသိရအောင် မင်း,ပုရောဟိတ်တို့၏အတိုင်အပင်ကို သင် မေးချေရမည်။ သာလိကာမအား ထိုအကြောင်းကို သင်မေးသောအခါ သူတစ်ပါး ကြားသည်ဖြစ်အံ့။ သင်၏အသက် မရှင်နိုင်ရာပြီ။ လုံ့လသတိပြု၍ ကိုယ်လည်းချမ်းသာ လိုရာလည်းပြည့်အောင် အရှင့်အရေးလည်းကုန်အောင် ဆောင်ရွက်လေ”ဟု မှာထားပြောဆိုလျက် ရှေးနည်းအတူ ကျေးသားအား ပြုရာသောဝတ်ကိုပြု၍ အရှေ့ပြတင်းဝမှ စေလွှတ်လိုက်၏။

ကျေးသားသည်လည်း “အရှင့်သား၊ ကောင်းပါပြီ။ စိုးရိမ်တော် မမူလင့်”ဟု ဝန်ခံလျက် မဟောသဓသုခမိန်အား လက်ယာရစ်လှည့်၍ရှိခိုးပြီးလျှင် အရှေ့လေသာပြတင်းဝဖြင့် ပျံလေသော် သိဝရာဇ်တိုင်း အရိဋ္ဌပူရပြည်သို့ ရောက်လေ၏။ ထိုပြည်၏ အနေအထားအလုံးစုံကို မှတ်သားခဲ့ပြီးမှ ပျံသွားပြန်သဖြင့် ပဉ္စာလရာဇ်ပြည်သို့ ရောက်လေသော် မင်းကြီးနန်းတော် ထုပိကာဘုံထွတ်ဖျား၌ နားပြီးလျှင် “ဤနန်းတော်ကြီးရှင် သာလိကာမ၏စိတ်ကို မသေမဝပ်နိုင်ဘဲရှိအောင် ဤကပင် ငါ အသံပေးလိုက်အံ့။ ထိုငါ၏အသံဖြင့် ညွတ်ပျောင်းသောနှလုံးရှိ၍ သာလိကာမသည် အတုံ့မြည်လတ္တံ့။ ထိုအခါမှ အခွင့်ကုန်အောင် ငါဆောင်အံ့”ဟု ကြံလျက် ကျေးတို့ဘာသာ ရာဂနှင့်ယှဉ်သောအသံဖြင့် သာယာချိုအေးစွာ ရင့်ရူကျူးကျော်လိုက်၏။ သာလိကာမသည် နန်းတော်၌ မင်းကြီးအိပ်ရာတိုက်ခန်းတွင် ရွှေချိုင့်၌နေလျက် ကျေးသား၏ ရာဂနှင့်ယှဉ်သောအသံကို ကြားလေသော် နန်းတွင်းသူဖြစ်၍ အာရုံမထိခိုက်နိုင်သဖြင့် စိတ်အိုက်လျက် နေရခြင်းကြောင့် ရွှင်မှုနှင့်သာယာစွာ သာလိကာတို့၏ဘာသာဖြင့် ၃-ကြိမ်တိုင်အောင် အသံတုံ့ပေးလေ၏။

ကျေးသားသည် သာလိကာမ၏အသံကိုကြား၍ ဘုံထွတ်ဖျားမှ အသံပေးကာ တရွေ့ရွေ့ဆင်းလျက် သာလိကာမ၏ ရွှေချိုင့်အနီးဖြစ်သော နန်းလေသာပြတင်းဝ၌ ဘေးရန် ရှိ,မရှိကို လှည့်လည်ကြည့်ရှု၍ နားပြီးလျှင် “ရွှေအိမ် ရွှေချိုင်ရှင် သူကောင်းမ။ ကိုယ်,စိတ်ချမ်းသာ အနာဆင်းရဲမရှိ ပကတိ ကျန်းခံ့ပါ၏လော။ ပျားရည်နှင့်ရောသော ပေါက်ပေါက်ကိုလည်း သုံးဆောင်ရပါ၏လော”ဟု လူတို့ဘာသာဖြင့် နှုတ်ဆက်မေးမြန်း၏။

သာလိကာမသည် “အမောင် ကျေးသားသုခမိန်။ ကျွန်ုပ်မှာ ရွှေနန်းသခင် အရှင့်ဘုန်းတော်ကြောင့် အနာဆင်းရဲမရှိ၊ ပကတိ ကျန်းခံ့ပါ၏။ ပျားရည်နှင့်ရောသော ပေါက်ပေါက်ကိုလည်း သုံးဆောင်ရပေ၏”ဟု လူတို့ဘာသာဖြင့်ပင် စကားတုံ့ပြန်ပြောဆိုပြီးလျှင်၊ “ကျေးသားသုခမိန်။ မကျွမ်းကျင် မတွေ့မြင်ဘူးဘဲလျက် များစွာသော ရွှေလေး, ရွှေလှံ အစောင့်အရှောက်တို့ဖြင့် ကြောက်လန့်ဖွယ်ရှိသော ဤနန်းတော်သို့ ရဲရင့်စွာ ဝင်လာသည်ကား အဘယ်အရပ်နေ အဘယ်သူစေ၍ ဤနန်းမြေအောင်ချာသို့ ရောက်လာသနည်း”ဟု မေး၏။

သာလိကာမစကားကိုကြားလျှင် ကျေးသားသည် ဤသို့ကြံ၏။ “ဤသာလိကာမအား ငါသည် မိထိလာပြည်က ဝိဒေဟရာဇ်မင်းကြီး၏တမန် ဖြစ်သည်ဟုပြောချေသော် ဤသာလိကာမသည် အသက်ကို အသေခံရာ၏။ ငါ့ကို အကျွမ်းတဝင် မပြုရာ။ ထို့ကြောင့် ဝိဒေဟရာဇ်မင်း၏ တမန်ဖြစ်သည်ဟုမပြောဘဲ ငါမှတ်သား၍လာခဲ့ရသော သိဝရာဇ်တိုင်း အရိဋ္ဌပုရပြည်သားဖြစ်ကြောင်းကို မဟုတ်သော်လည်း ပြောရတော့မည်”ဟု ကြံပြီးလျှင် “အဟောသိ သိဝိရာဇဿ”အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ရွှေအိမ့်ရှင်မ။ ရွှေလေး, ရွှေလှံ, ကိုယ်ရံသင်းပင်း ဝင်းအစောင့်အရှောက်နှင့် ကြောက်လန့်ဖွယ်ရှိသော ဤနန်းတော်သို့ မကြောက်မရွံ့ ဝင်လာသည်ကို ထောက်ရှုစာနာသဖြင့် နန်းတွင်းသားဖြစ်သည်။ တောသားဖြစ်သည်ကို အရိပ်အခြည်နှင့်ပင် တွေးမိကောင်းပါပြီ၊ အတပ်သိချင်၍ ပြောစေလိုလျှင်သာ ပြောရဦးတော့မည်။ အကျွန်ုပ်လည်း သိဝရာဇ်တိုင်း အရိဋ္ဌပုရပြည်ကိုအစိုးရတော်မူသော သိဝရာဇ်မင်းကြီး၏ နန်းတော်အိပ်ရာတိုက်ခန်း၌ အိပ်ရာစောင့်ဖြစ်သော သာလိကာမနှင့် သင့်နေစေ၏။ ရွှေချိုင့်ဖြင့် အရှင်မင်းကြီးမွေးတော်မူသော ကျေးသားတည်း။”

“ကျွန်ုပ်တို့သခင် သိဝရာဇ်မင်းကြီးသည် တရား ၁၀-ပါးစောင့်တော်မူလျက် ရာဇပလ္လင် ဥကင်ဖွင့်လှစ်၍ ရာဇဘိသေကကို ခံတော်မူသော မင်္ဂလာသဘင်ကြီးကြိမ်သည်နှင့် ထောင်တန်း နှောင်အိမ်စသည်တို့၌ အကျဉ်းအမြောင်းနေရကုန်သော သူတို့ကိုလည်း လွှတ်တော်မူ၏။ “ငါ၏ အလိုတော် ပြည့်သည့်အတိုင်း သူခပ်သိမ်းတို့၏အလိုကိုလည်း ပြည့်စေတော်အံ့”ဟု နှလုံးတော်မြတ် ရှိသည်နှင့်အညီ ယခု ပြည်သူပြည်သားတို့၏ ကောင်းမြတ်သော အလိုကိုလည်း ပြည့်စေတော်မူ၏။ ကျွန်ုပ်ကိုလည်း အလိုပြည့်စိမ့်သောငှာ စေလွှတ်တော်မူသောကြောင့် အရိဋ္ဌပုရပြည်မှ သတင်းနာ၍ ဤပဉ္စာလရာဇ်နန်းတော်သို့ ယခု ကျွန်ုပ်ရောက်လာပါသည်”ဟု ဆို၏။

ကျေးသားစကားကိုကြားလျှင် သာလိကာမသည် စိတ်နှလုံး မစိမ်းမကျက်ရှိသည်ဖြစ်၍ ဧည့်သည်တို့ဝတ်ကိုလည်း ကောင်းစွာပြုလိုသဖြင့် “အမောင် ကျေးသားသုခမိန်။ နန်းတော်သားပေစဉ်လျက် ကျွန်ုပ်တို့သည် သင့်အား ထိုက်ရာသောဝတ်ကို မသိရာကျတော့မည်။ ဤပြတင်းဝ၌ နေတော်မမူသင့်။ ဤရွှေချိုင့်သို့ဝင်၍ ပျားရည်နှင့်ရောသော ဤပေါက်ပေါက်ကိုလည်းကောင်း, ဤပျားရည်ကိုလည်းကောင်း သုံးဆောင်တော်မူလှည့်ပါ။ တစ်ပြည် တစ်နိုင်ငံ ဝေးလံစွာသောအရပ်မှ ဤနန်းတော်သို့ ယခုကြွလာသည်မှာ အဘယ်အကြောင်းကြောင့်လာသည်ဟု သိသာအောင်လည်း အမိန့်ရှိစေချင်ပါသည်”ဟု ဆို၏။

သာလိကာမစကားကိုကြားလျှင် ကျေးသားသည် လိုအပ်သောဆန္ဒ ပြည့်စေခြင်းငှာ မဟုတ်မမှန်သော စကားဖြင့်ပြောဆို၍ “တဿ မေကာ ဒုတီယာသိ” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ရွှေအိမ့်ရှင်မ။ ဝေးလံစွာသောအရပ်မှ ဤနန်းတော်သို့ အသက်စွန့်၍ ကျွန်ုပ်လာသည်မှာ အထက်စကားနှင့်ပင် နားရိပ်မိသဖြင့် ကျွန်ုပ်ခင်ပွန်းသာလိကာမသည် သာသာချိုအေးသောအသံလည်း ရှိ၏။ မင်းကြီး၏အိပ်ရာစောင့်ဖြစ်၍ နန်းတွင်း၌ ကြီးရသူဖြစ်သည်နှင့်အညီ အလုံးစုံကျင့်ရာ,ဆောင်ရာသော ဝတ်တို့၌လည်း လိမ္မာကျွမ်းကျင်၏။ ထိုကျွန်ုပ်ခင်ပွန်း သာလိကာမသည် ကျွန်ုပ်နှင့်အတူ နန်းတော် စုလစ်အမွန်း တုရင်ခေါင်၌နားနေစဉ် မည်သည့်နေ့ရက်ကပင် စွန်သုတ်၍ အသက်ကိုယ်လုံး ဆုံးခြင်းသို့ ရောက်ချေသည်”ဟု ဆို၏။

ကျေးသားစကားကိုကြားလျှင် သာလိကာမသည် “အဆွေ ကျေးသားသုခမိန်။ သင်၏ခင်ပွန်းမကို အဘယ်သို့သောအကြောင်းဖြင့် စွန်သုတ်သနည်း”ဟု မေး၏။ ကျေးသားသည် သာလိကာမအား စွန်သုတ်လေသော အကြောင်းကို ကြားလို၍ “ရွှေအိမ့်ရှင်မ။ စွန်သုတ်သောအကြောင်းကို ကျွန်ုပ်ပြောပါမည်။ နာတော်မူလော့။ ကျွန်ုပ်တို့သခင် သိဝရာဇ်မင်းကြီးသည် တစ်နေ့သ၌ ကျွန်ုပ်တို့ဇနီးမောင်နှံကို ခေါ်ဆောင်၍ ရေသဘင်ကစားအံ့သောငှာ မြစ်ဆိပ်သို့ထွက်တော်မူလျှင် ကျွန်ုပ်တို့ဇနီးမောင်နှံလည်း ထိုနေ့ပတ်လုံး ရေသဘင်ကစား၍ ညချမ်းသောအခါ မင်းကြီးနှင့်အတူ နန်းတော်သို့ဝင်ပြီးသော် ကိုယ်၌စွတ်သောရေကို ခြောက်သွေ့စေလိုသဖြင့် ကျွန်ုပ်သည် ခင်ပွန်းသာလိကာမကိုခေါ်၍ နန်းတော်စုလစ်အမွန်း တုရင်ခေါင်၌ အမြီးအတောင်ကို ဖြန့်လှန်းလျက် နားနေစဉ် ထိုတုရင်ခေါင်၌ စွန်သိုက်ရှိမှန်း မသိရှိနှင့်သဖြင့် စွန်တစ်ကောင်သည် တုရင်ခေါင်မှထွက်လာ၍ ကျွန်ုပ်တို့ဇနီးမောင်နှံကို ဖမ်းသုတ်အံ့ဟုပြု၏။”

“ထိုအခါ ကျွန်ုပ်သည် ကိုယ့်အသက်ကိုမျှ မသိနိုင်သည်ဖြစ်၍ ခင်ပွန်းမကို မကယ်နိုင်ဘဲ လွတ်ရာပြေးရလေသော် ကျွန်ုပ်ခင်ပွန်း သာလိကာမသည် သန္ဓေအရင့်အမာနှင့်ဖြစ်ခြင်းကြောင့် အလျင်တဆော မပျံနိုင်သည်ဖြစ်၍ ကျွန်ုပ်မြင်စဉ်ပင် ထိုစွန်၏လက်တွင် အသက်ဆုံးခြင်းသို့ ရောက်ချေသည်။ ထိုခင်ပွန်းမဆုံးသည်ဖြစ်၍ ငိုကြွေးမြည်တမ်းလျက်နေသော ကျွန်ုပ်ကို မင်းကြီးမြင်သဖြင့် “အဘယ့်ကြောင့် ငိုကြွေးမြည်တမ်းသနည်း”ဟု အမေးတော်ရှိရာ ခင်ပွန်းမ ဆုံးကြောင်းကိုလျှောက်လျှင်၊ မင်းကြီးသည် “အချင်းကျေးသား။ သေလေပြီးသောသူကို ငိုကြွေးမြည်တမ်း၍ ရတော့မည်မဟုတ်။ မငိုကြွေးနှင့်။ သင့်အား အသစ်သာရှာ၍ ပေးရတော့မည်”ဟု အမိန့်တော်ရှိလတ်သော် “အရှင်မင်းကြီး၊ အသစ်ရှာတော်မူမည် အမိန့်တော်ရှိသည်မှာ ဘုန်းတော်ကြီးသော သခင်ဖြစ်၍ ကျေးမ, သာလိကာမကို ရှာနိုင်မည်မှန်ပါ၏။ ထိုသို့ရှာနိုင်သော်လည်း အရှင့်ဝတ်, လင့်ဝတ်ကိုမသိ၊ အကျင့်သီလမရှိသော လျှပ်ပေါ်လော်မာ ယုတ်ညံ့စွာနှင့်ကြိမ်ပြန်လျှင် အကျွန်ုပ်တစ်ယောက်တည်း နေရလောက်မျှ မကောင်းရှိမည်ကို စိုးရိမ်လှပါသည်”ဟု ကျွန်ုပ်လျှောက်ထားလျှင်၊ “အချင်းကျေးသား။ မစိုးရိမ်လင့်။ သင့်၏ခင်ပွန်း သာလိကာမနှင့် အဆင်းကဏ္ဌာန် အကျင့်သီလနှင့် တူမျှစွာသော သာလိကာမတစ်ကောင်ကို သင့်ကို ငါရွယ်စားလျက်ရှိပြီ။ ထိုသာလိကာမသည် တခြားမဟုတ်။ ပဉ္စာလရာဇ်ပြည်၌ ဧကရာဇ်မင်းကြီး၏အိပ်ရာစောင့်ဖြစ်သော သာလိကာမတည်း။ ထိုသာလိကာမသို့ ယခု သင်သွား၍ သိသာအောင် စုံစမ်းချေ။ အကယ်၍၂-ဦးလုံး သဘောတူမျှကြသည် ဖြစ်အံ့။ ငါ့ထံ သင်ပြန်ခဲ့သဖြင့် ငါ့အား အကြောင်းကိုကြားဦးလော့။”

“ထိုသို့ အကြောင်းကိုသိရသောအခါမှ ငါသည် မိဖုရားကြီးကိုခေါ်၍ များစွာသောအခြံအရံနှင့် ပဉ္စာလရာဇ်ပြည်သို့သွားပြီးလျှင် ဧကရာဇ်မင်းကြီးအား ခွင့်ကြား၍ ထိုသာလိကာမကို သင့်အား ဆောင်နှင်းစေအံ့”ဟု မိန့်တော်မူလျက် ဤပြည်သို့ ကျွန်ုပ်ကို စေလွှတ်တော်မူသောကြောင့် ယခု ရွှေအိမ့်ရှင်မအထံသို့ ကျွန်ုပ် ရောက်လာပါသည်”ဟု ဆိုပြီးလျှင် စကားခိုက်လွယ်အောင် တိုက်ရိုက်မေးလို၍ “တဿ ကာမေဟိ သမ္ဗဒ္ဓေါ”အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ရွှေအိမ့်ရှင်မ။ ကျွန်ုပ်လာခြင်းအကြောင်းကို ရွှေအိမ်ရှင်မက သိလို၍ မေးသောကြောင့် သိသာအောင် ကျွန်ုပ် ပြန်ပြောရပြီ။ ရွှေအိမ်ရှင်မထံသို့ ယခုလာရောက်ခြင်း၌ လိုအပ်သောအကျိုး ရှိမည်,မရှိမည်ကို သိလိုပါသည်။ ကျွန်ုပ်တို့မှာ အရှင်ရှိကျွန် ဖြစ်ချေသောကြောင့် အကြိမ်ကြိမ်အခေါက်ခေါက် မရောက်မလာသာဖြစ်၍ ယခုသိသာအောင် ပြောဆိုစေချင်ပါသည်”ဟု ဆို၏။

သာလိကာမသည် ကျေးသားစကားကိုကြားလျှင် အလွန် နှစ်လို့ ဝမ်းမြောက်ခြင်းရှိသော်လည်း မိန်းမတို့ဓလေ့အားဖြင့် ချစ်စိတ်ကို ပြင်မထွက်စေဘဲ အလိုမတူယောင်ဆောင်လို၍ “သုဝေါစ သုဝိ ကာမေယျ” အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“အဆွေ ကျေးသားသုခမိန်။ အသို့ မေးတော်မူသနည်း။ ကျေးသားသည် ကျေးမနှင့် သာလိကာဖိုသည် သာလိကာမနှင့်သာ ဇာတ်တူချင်းသင့်နေမူ တစ်သက်လုံး အရှည်မြဲကြသဖြင့် လျောက်ပတ်၏။ ကျေးသားသည် သာလိကာမနှင့် သင့်နေချေသော် ဇာတ်တူမဟုတ်ခြင်းကြောင့် ဇာတ်တူဖြစ်သောကျေးမကို တွေ့ကြိမ်ပြန်လျှင် ထိုကျေးမမှာသာ ကြင်နာမျိုးစု၍ သာလိကာမကို မေတ္တာအနှောင်အဖွဲ့ ပြတ်သဖြင့် စွန့်ပစ်ခဲ့သော် ထိုဇာတ်တူမဟုတ်သော သာလိကာမသည် ချစ်လျက်နှင့်ကွဲရသည်ဖြစ်၍ ကျေးသားကြောင့် ဆင်းရဲကြီးစွာ မရပြီလော။ ထိုသို့ ကျေးသားနှင့် သာလိကာမ ဇာတ်တူမဟုတ်ကြသည်ဖြစ်သောကြောင့် ချစ်ကြင်နာဖော် ရှာတော်မူလိုလျှင် နှစ်သက်ရာဇာတ်တူဖြစ်သော ကျေးမကိုသာ ရှာတော်မူသင့်ပါသည်”ဟု ရေစီးဖောင်ဆန်စကားကို ဆို၏။

သာလိကာမစကားကိုကြားလျှင် ကျေးသားသည် “ဤသာလိကာမကား ယခု ငါ့ကို ပြက်ရယ်မှုစကားနှင့် ပြောဆို၏။ ထိုသာလိကာမကို ယုံကြည်လောက်အောင် ငါ ပြောဆိုအံ့”ဟု ကြံပြီးသော် “ယော ယံ ကာမေ ကာမယတိ” အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ရွှေအိမ့်ရှင်မ။ ဇာတ်တူသည်,မတူသည်ဆိုရာမှာ ပမာဏ မဟုတ်။ ကျွန်ုပ်တို့ သားငှက်တိရစ္ဆာန်မျိုးကို မဆိုနှင့်ဦး။ လူတို့၌လည်း ဒွန်းစဏ္ဍာမပင်ဖြစ်စေ, တိရစ္ဆာန်မပင်ဖြစ်စေကာမူ စိတ်အလိုဆန္ဒတူမျှကြလျှင် ကာမဂုဏ်မှုဆိုသည်မှာ တူသည်ချည်းဖြစ်သည်။ မတူသော ကာမဂုဏ်မည်သည် မရှိ။ ထိုကြောင့် စိတ်သာလျှင် ပမာဏဖြစ်၍ ကျွန်ုပ်နှင့်တူမျှသော စိတ်ရှိသည်ကိုသာ ရွှေအိမ်ရှင်မက ဆိုသင့်ပါသည်။ ဇာတ်တူသည်,မတူသည်ကို မဆိုထိုက်ပါ။ လူတို့၌ ဇာတ်မတူကြဘဲ စိတ်တူမျှသဖြင့် စပ်ယှဉ်ဖူးသောအကြောင်းကို ထုံးသက်သေပြပါမည်”ဟုဆို၍

သာဓကဆောင်အံ့သောငှာ “အတ္ထိ ဇမ္ပာဝတီ နာမ” အစရှိသော ဂါထာဖြင့် ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“ရွှေအိမ်ရှင်မ ကျွန်ုပ် အစဉ်စကား ကြားဖူးသည်မှာ ဒွါရာဝတီ အမည်ရှိသောပြည်၌ သိဝိအမည်ရှိသော မင်း၏အမိသည် ဇမ္ပာဝတီ အမည်ရှိ၏။ ထိုဇမ္ပာဝတီမိဖုရားသည် ဒွန်းစဏ္ဍာအမျိုးတည်း။ ရှေးသောအခါ ဒွါရာဝတီပြည်၌ ကဏှယနအမျိုးဖြစ်သော ဝါသုဒေဝ, ဗလဒေဝ အစရှိသော ညီနောင်တစ်ကျိပ်တို့သည် ဇမ္ဗူဒိပ်ကျွန်းအလုံးကို သိမ်းရုံး၍ မင်းပြုကြကုန်၏။”

“ထို မင်းညီနောင်တစ်ကျိပ်တို့တွင် အစ်ကိုကြီးဖြစ်သော ဝါသုဒေဝမင်းသည် တစ်နေ့သ၌ ဒွါရာဝတီမြို့၌ ဥယျာဉ်ကစားအံ့သောငှာ ထွက်လေသော် မြို့တံခါးဝသို့ ရှေးရှုဝင်လာသော ဒွန်းစဏ္ဍားမတစ်ယောက်ကိုမြင်လျှင် အရွယ်အဆင်းနှင့် ပြည့်စုံခြင်းကြောင့် တပ်မက်မောသောစိတ် ရှိသည်ဖြစ်၍ အမျိုးအနွယ်ကို စစ်မေးစေသဖြင့် ဒွန်းစဏ္ဍားမျိုးဖြစ်ကြောင်းကို ကြားသိရလေသော်လည်း တပ်စိတ်မပြေနိုင်သည်နှင့် ခင်ပွန်းရှိ မရှိကိုစစ်မေးစေပြန်၍၊ ခင်ပွန်းမရှိကြောင်းကိုကြားလျှင် ထိုဒွန်းစဏ္ဍာမကို ဆင်ကျောက်ကုန်းပေါ်သို့တင်ယူလျက် ထွက်ခဲ့သောတံခါးဝသို့ပင် ပြန်လည်၍ နန်းတော်သို့ဝင်ပြီးသော် ထိုန်းစဏ္ဍားမျိုးဖြစ်သော သတို့သမီးအား ဇမ္ပာဝတီဟူသောအမည်ဖြင့် နန်းမတောင်ညာနှင်း၍ မိဖုရားကြီးအရာ၌ ထားဖူးလေ၏။”

“ထို ဝါသုဒေဝမင်းကြီး၏ မိဖုရားဖြစ်သော ဇမ္ပာဝတီတွင် သိဝိမည်ရှိသောသားကို ဖွားမြင်သဖြင့် ထိုသိဝိမင်းသားသည် ခမည်းတော် ဝါသုဒေဝမင်းကြီး ဘဝပြောင်းလဲသောအခါ ဒွါရာဝတီပြည်၌ အဖအရိုက်အရာဖြစ်သော ထီးနန်းကိုရ၍ မင်းပြုလေ၏။ ဤသို့ လူတို့အမျိုးတွင် အမြတ်ဆုံးဟုသမုတ်အပ်သော မင်းမျိုးစဉ်လျက် ယုတ်ညံ့လှစွာသော ဒွန်းစဏ္ဍားမနှင့် သင့်နေကြကုန်သေး၏။ တိရစ္ဆာန်မျိုးဖြစ်သော ကျွန်ုပ်တို့မှာ ဆိုဖွယ်မရှိ။ စိတ်ဆန္ဒချင်း တူမျှသည်သာ ပမာဏဖြစ်တော့သည်။”

“ရွှေအိမ့်ရှင်မ။ သက်သေတစ်ဦးမှာလည်း ကျွန်ုပ်ကြားဖူးသည်ကား ရှေးသောအခါ ဝစ္ဆအမည်ရှိသော ပုဏ္ဏားတစ်ယောက်သည် ကာမဂုဏ်၌ငြီးငွေ့သဖြင့် များစွာသောစည်းစိမ်ဥစ္စာ အခြံအရံအိမ်ထောင် သား,မယားတို့ကို စွန့်ပြီးသော်၊ ရသေ့, ရဟန်းပြုလျက် ဟိမဝန္တာ၌ သင်္ခမ်းဆောက်လုပ်၍ နေသတတ်။ ထိုဝစ္ဆရှင်ရသေ့၏ ကျောင်းသင်္ခမ်းနှင့် မနီးမဝေးတွင်လည်း တစ်ခုသောလိုဏ်၌ များစွာကုန်သောကိန္နရာတို့သည် နေကြကုန်၏။ ထိုလိုဏ်ဥမင်တံခါးဝတွင်လည်း ပင့်ကူတစ်ကောင်သည် တွင်း၌နေလျက် ထိုလိုဏ်မှထွက်လာကုန်သော ကိန္နရီ ကိန္နရာတို့၏ဦးခေါင်းကို နေ့တိုင်းမပြတ်ဖောက်၍ သွေးကိုသောက်၏။”

(ကိန္နရာတို့သဘောကား အားနည်းခြင်းကြောင့် ကြောက်လန့်တတ်သောစိတ် ရှိကုန်၏။)

“ထိုပင့်ကူသည်ကား ကိုယ်သဏ္ဌာန် လှည်းဘီးစက်ပမာဏ ရှိ၏။ အလွန် တင့်တယ်ကြီးကျယ်သော ခွန်အားနှင့်လည်း ပြည့်စုံ၏။ ထိုကိန္နရာတို့သည် အပေါင်းအဖော်များစွာ ရှိကုန်သော်လည်း ကြောက်လန့်တတ်သော သဘောရှိခြင်းကြောင့် ထိုတစ်ကောင်တည်းသော ပင့်ကူကြီးကို နှိပ်နင်းခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ တစ်နေ့သ၌ ကိန္နရာတို့သည် ဝစ္ဆရှင်ရသေ့သို့ ချဉ်းကပ်ပြီးသော် ပဋိသန္ဓာရစကား ပြောဟော၍နေ၏။ ဝစ္ဆရှင်ရသေ့လည်း ပဋိသန္ဓာရစကား ပြောဟောပြီးလျှင် “သင်တို့ အဘယ့်ကြောင့် ယခု ငါ့ထံသို့ လာကြသနည်း”ဟုမေးလျှင်၊ ကိန္နရာတို့သည် “အရှင်သူမြတ်။ ကျွန်ုပ်တို့နေရာ လိုဏ်တံခါးဝ၌ တစ်ခုသော ပင့်ကူကြီးသည် အကျွန်ုပ်တို့အမျိုးအဆွေများကို တစ်နေ့မပြတ် သတ်ပုတ်ညှဉ်းဆဲခြင်းကို ပြုဘိ၏။ အကျွန်ုပ်တို့အား အရှင်ရသေ့မှတစ်ပါး ကိုးကွယ်ရာမရှိပြီ။ အရှင်သည် ထိုပင့်ကူကို ပယ်ဖျက်၍ အကျွန်ုပ်တို့၏ အသက်ချမ်းသာကြောင်းကို ဆောင်တော်မူပါ”ဟု ဆိုကြကုန်၏။”

“ဝစ္ဆရှင်ရသေ့သည် ကိန္နရာတို့စကားကိုကြားလျှင် “သင်တို့ ဖယ်ကြလေ။ ငါတို့ ရသေ့ရဟန်းမည်သည် သူ့အသက်ကို မသတ်ကောင်း”ဟု ပယ်ဆိုကြိမ်းမောင်းလိုက်သဖြင့် အခွင့်မရ၍ မိမိတို့နေရာ လိုဏ်သို့ပြန်ကြလေ၏။ ထိုကိန္နရီကိန္နရာအပေါင်းတို့တွင် ရဋ္ဌဝတီအမည်ရှိသော ကိန္နရီမ တစ်ခုသောအရွယ်လည်း အချိန်သင့်၊ ခင်ပွန်းလည်းမရှိသေးဖြစ်၍ တစ်နေ့သ၌ ကိန္နရာအပေါင်းတို့သည် ထိုရဋ္ဌဝတီအမည်ရှိသော ကိန္နရီမကို နတ်ဝတ်တန်ဆာဆင်စေပြီးသော် ဝစ္ဆရှင်ရသေ့ထံသို့ ဆောင်ယူသွား၍ “အရှင်သူမြတ်။ အကျွန်ုပ်တို့၏ရန်သူကို ပယ်ဖျက်နှိမ်နှင်း၍ အကျွန်ုပ်တို့၏ကိုးကွယ်ရာကို ပြုတော်မူပါ။ ဤကိန္နရီမကိုလည်း အရှင်ရသေ့၏ခြေရင်း၌ အလုပ်အကျွေး ထားတော်မူပါလော့”ဟု ဆိုကြကုန်၏။”

“ထိုဝစ္ဆရှင်ရသေ့သည် ရဋ္ဌဝတီအမည်ရှိသော ကိန္နရီမကိုမြင်လျှင် ကပ်ငြိသောစိတ် ရှိသည်ဖြစ်၍ “ကောင်းပြီ”ဟု ဝန်ခံလျက် ရဋ္ဌဝတီကိန္နရီမကို သိမ်းယူပြီးလျှင် အစာရှာအံ့သောငှာ တွင်းမှထွက်သော ထိုပင့်ကူကို ဆောက်ပုတ်ဖြင့်ရိုက်နှက်၍ အသက်ကုန်စေပြီးသော်၊ ထိုရဋ္ဌဝတီကိန္နရီမနှင့် အညီအညွတ် အသက်ထက်ဆုံး သင့်နေကြလျက် များစွာသောသား,သမီး ပြန့်ပွားခြင်းသို့ရောက်သဖြင့် ဟိမဝန္တာအရပ်၌ပင်လျှင် ဘဝပြောင်းလဲခြင်းသို့ ရောက်ကြဖူးလေ၏။”

“ထိုမှတစ်ပါး လူဖြစ်လာသောသူသည် သမင်မနှင့် သင့်နေကြဖူးသော ထုံးသက်သေတို့သည်လည်း အများရှိကုန်သေး၏။ ဤသို့ လူတို့သည်ပင်လည်း တိရစ္ဆာန်မနှင့် သင့်နေကြဖူးသော ထုံးသက်သေရှိပါလျက် တိရစ္ဆာန်ငှက်မျိုးချင်းတူသော အကျွန်ုပ်တို့မှာ အဘယ်ဆိုဖွယ် ရှိကောင်းအံ့နည်း။ ဆန္ဒတူမျှပါလျှင် သင့်နေထိုက်လှ တော့သည်”ဟု ဆို၏။

ကျေးသားစကားကိုကြားလျှင် သာလိကာမသည် “အရှင်ကျေးသား။ စိတ်မည်သည်ကား လျင်သောအပြန့်ရှိခြင်းကြောင့် အခါခပ်သိမ်း တူမျှခဲလှပါသည်။ ယခုသာ ချစ်ခင်မှုနှင့်ပြောဆို၍ လိုက်နာမှားသဖြင့် နောင်စွန့်ပစ်၍သွားခဲ့သော် အကျွန်ုပ်တို့မိန်းမဟူသည်မှာ ယောက်ျားကဲ့သို့ အဟုတ်ဖြစ်၍ ချစ်လျက်နှင့်ကွဲရမည်ကို အလွန်ကြောက်လှပါသည်”ဟု ဆို၏။

သာလိကာမစကားကိုကြားလျှင် ကျေးသားသည် မိန်းမမှု၌ လိမ္မာကျွမ်းကျင်သူဖြစ်၍ သာလိကာမ၏စိတ်ကို စမ်းလိုသည်ဖြစ်သောကြောင့် “ဟန္ဒခေါဟံ ဂမိဿာမိ” အစရှိသော ဂါထာဖြင့်ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“ရွှေအိမ်ရှင်မ။ ကျွန်ုပ်တို့အရှင် သိဝရာဇ်မင်းကြီးက ထိုက်သည်ဟု ညွှန်ကြားတော်မူလျှင် ကျွန်ုပ်လည်း ရွှေအိမ့်ရှင်မကို မမြင်ရမီကပင် ချစ်ကြင်နာမျိုးဟူသမျှ စုပေါင်းလျက် တစ်ချောင်းတည်းစိတ်ထား၍ ရောက်သည်နှင့်အညီ အသွယ်သွယ်စကားနှင့် လှုပ်ရှားသော်လည်း စိတ်ထားခိုင်မခိုင်ကိုသာ စမ်းသည်ထင်မှတ်၍ သေဝပ်သောနှလုံးနှင့် ချစ်ထုံးဖွဲ့ခွေသာအောင် သက်သေထုံးဟောင်း အကြောင်းကြောင်းကိုပြလျက် ပြောဆိုသဖြင့် အမှုကုန်လောက်ပါပြီကို အလိုမတူသံ ယခုပေါက်၍ နောက်နောင်အရေးများကို တွေးခေါ်မြော်ချင်ယောင်နှင့် ရှောင်ကာတိမ်းကာ ပြောဆိုပြန်သည်မှာ သဘောတူသည်, မတူသည်ကို အထက်မေးမြန်းစဉ်ကပင် စိတ်မမျှကြောင်းနှင့် သိသာအောင်ပြောဆိုပါလျှင် ဤမျှလောက် စကားတံငင်၍ ပြောရမည်မဟုတ်။ ယခု စကားချင်းပေါင်းကူးမိမှ စိတ်မတူသံစကားကို ကြားရသဖြင့် အထက်ပြောဆိုမိသမျှစကားကိုသာ သိမ်းနုတ်၍ ကျွန်ုပ်နေရပ် နေပြည်သို့ ပြန်သွား သင့်ပေသည်။”

“ရွှေအိမ်ရှင်မက ဆိုတိုင်းလည်း မှန်ပေသည်ပင်။ ကျွန်ုပ်တို့ယောက်ျားဟူသည်မှာ စိတ်လိုလျှင် ကိုယ်ပါတတ်ချေ၏။ အလိုတူရာ မေတ္တာညွတ်လျက် တပ်မက်မိသောစိတ်ကိုလည်း တွန့်လိပ်၍ မဖောက်မလဲတတ် ဖြစ်တော့သည်။ ယခု အကျွန်ုပ်ကို တောသားအရိုင်းနှင်နှင် ကျေးသားကဲ့သို့ တစ်ပါးမှာထိုက်ရာရှာ၍ မရနိုင်မည်လောက် မှတ်ရည်သဖြင့် မတည်မကျစကားနှင့် နားယောင်အောင် မထီမဲ့မြင်ပြုသည်မှာ အကျွန်ုပ်လည်း သိဝရာဇ်မင်းကြီး၏ အချီးအမြှောက်ကိုခံရသော တမန်အမတ်ပင်ဖြစ်၍ ဇမ္ဗူဒိပ်ကျွန်းအပြင်တွင် အရာမကသော ထီးနန်းရှင်မတို့၌ အကျွန်ုပ်နှင့်ထိုက်ရာ သာလိကာမကို ရှာ၍မရနိုင်ဘဲ ရှိတော့မည်မဟုတ်။ ဤရွှေအိမ်ရွှေချိုင့်၌ တစ်ယောက်တည်းသာပျော်လို၍ သင် စိတ်မတူလျှင် နေရစ်တော့။ ယခုပင် ပြန်သွားတော့မည်”ဟုဆို၏။

ကျေးသားစကားကိုကြားလျှင် သာလိကာမသည် ကျေးသားကိုတွေ့မြင်ဦးကပင် နူးညွတ်သောအာရုံ၌ ကာမဂုဏ်ဝီထိစိတ် ယိုဖိတ်ယှက်တင်၍ ဘဝင်မကျနိုင်ရှိသည်တွင် ဖဲကြဉ်သုန်မှုန်သံနှင့် နှောင့်ယှက်ပြန်သဖြင့် နှလုံးကွဲအံ့သကဲ့သို့ရှိသော်လည်း မိမိတို့မိန်းမမာယာဖြင့် လျင်စွာအခွင့်မပေးဘဲ အရည်အသွေးလိုပြန်၍ “န သိရီ တရမာနဿ”အစရှိသော ဂါထာခွဲဖြင့် ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“အရှင် ကျေးသားသုခမိန်။ အဘယ့်ကြောင့် အလျင်လိုတော်မူသနည်း။ လောက၌ ဂုဏ်သရေ၏ တင့်တယ်ခြင်းကို အလိုရှိအပ်သော အမှုဟူသည်၌ အချိန်ကိုမဆင်မခြင် အလျင်တဆော ဆောင်ရွက်၍ မတင့်တယ်ရာ။ လေးလေးမြတ်မြတ် ပြုရာသည်။ ပေါ့ပေါ့မြန်မြန် ပြုရာသည်၊ အတည်တည်အစုစု ဆောင်ရွက်ရန်များတွင်လည်း ဤ အိမ်ထောင်ခြင်းအမှုသည် ဆေးဆေးလေးလေး ပြုရာသည့်အမှုဖြစ်ခြင်းကြောင့် အချိန်အခါ အခါအခွင့် သင့်မသင့်ကိုမြော်ချင့်လျက် သိအပ်ကြားအပ်သောသူတို့ကိုလည်း သိကြားစေသဖြင့် နောင်တစ်ဖန်မရှိရအောင် ဆောင်ရွက်အပ်သည်နှင့်အညီ။”

“ယခု ဤရွှေချိုင့်ရွှေအိမ်၌ ပျားပေါက်ပေါက်တို့ကိုသုံးဆောင်လျက် ငံ့လင့်တော်မူဦး၍ ညချမ်းဆည်းဆာချိန်ရောက်သောအခါ ကျွန်ုပ်တို့သခင် ဧကရာဇ်မင်းကြီးသည် ဤနန်းတော်အထက်ဆင့်သို့ တက်တော်မူလျက် ဤကျက်သရေတိုက်၌ ကိန္နရီမကဲ့သို့ တင့်တယ်စွာအရွယ်အဆင်းရှိသော နန်းသူကိုယ်လုပ်တော် ရွေဖော်မိန်းမငယ်များစွာနှင့် တေးဖွဲ့, ရတု, ရကန်စသော သီချင်းမျိုး၊ စည်, စောင်း, ငြင်း စသော တီးမှုတ်မျိုးတို့ကို တီးမှုတ်စေလျက် ကခြင်း, သီခြင်း, တီးမှုတ်ခြင်း သဘင်အင်အပျော်ဖြင့် စံတော်မူသည်ကို မြင်ရပါလိမ့်မည်။”

“ထိုသို့ မင်းကြီးစံတော်မူသည့် အချိန်ရောက်မှ အကြောင်းသင့်အောင်လျှောက်ထား၍ အကျွန်ုပ် ကြံဆောင်ပါမည်။ ဆီ, ထောပတ်အရသာကို နေရာကျအောင်စီရင်၍ မသုံးဆောင်တတ်သကဲ့သို့ အရှင်ကျေးသားသုခမိန်သည် အဘယ့်ကြောင့် အခါမဟုတ်ဘဲ အလျင်လိုတော်မူဘိသနည်း။ ငံ့လင့်နေတော်မူဦးမှ သင့်ပါမည်”ဟု ဆို၏။

သာလိကာမစကားကိုကြားလျှင် ကျေးသားသည် စိတ်ဆန္ဒညီမညီကို တစ်လီတစ်ကြိမ်တည်းဖြင့် စုံစမ်းဆီးတန့် ဟန့်ကာဆို့ပိတ်၍ စကားမြိတ်ဆုံးကြောင်းကိုသိပြီးသော် “ကောင်းပြီ။ ငံ့လင့်ရဦးတော့မည်”ဆို၍ ထိုရွှေချိုင့်ထဲ၌ ညချမ်းအချိန်ရောက်သောအခါ ကျေးသားနှင့်သာလိကာမတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ လိုရာအမှုအပြီးသို့ ရောက်ကြလေကုန်၏။ ဤသို့ နှစ်သက်ဝမ်းသာ ပျော်ရွှင်ကြလျက် ဇနီးမောင်နှံဖြစ်ပြီးလျှင် ကျေးသားသည် ဤသို့ကြံ၏။

“ယခု ငါ၏အမှုမှာ အဆုံးသို့ ရောက်ပြီ။ အရှင့်အရေးဆောင်ရန်ကိစ္စ အပြီးမရောက်သေး။ သာလိကာမသည်လည်း ယခု ငါ၏ အချစ်မျိုးစုပုံ၍ ရှိပြီဖြစ်သောကြောင့် အရှင့်အရေးကို ဆောင်ချိန်အခါသင့်တော့သည်။ ယခု သာလိကာမအား လျှို့ဝှက်အပ်သောစကားကို ငါမေးလျှင် မချွတ်ဧကန် မှန်တိုင်းပြောဆိုလတ္တံ့။ ငါ့အရှင်၏ကိစ္စကို ယခုပင် သိအောင်မေး၍ မိထိလာပြည်သို့ ပြန်သွားအံ့”ဟု ကြံပြီးလျှင်၊ အာလုပ်သံပေး၍ “အဘယ် သာလိကာမ” ဟုခေါ်၏။ သာလိကာမလည်း “အသို့နည်း အရှင်”ဟုဆို၏။

ကျေးသားလည်း “သင့်အား တစ်ခုသောစကားကို ပြောလိုပါသည်”ဟု ဆို၏။ “အရှင်။ ပြောဆိုတော်မူပါလော့”ဟု ဆို၏။

ကျေးသားသည် စကားစပေါ်စေလို၍ “အဘယ် ထိုသို့ကား ဆို၏။ ယနေ့သည် ငါတို့အား မင်္ဂလာဆောင်သည့်နေ့ဖြစ်သောကြောင့် တစ်ပါးစကားကိုပြော၍ ကောင်းသေးမည်မထင်။ နက်ဖြန်မှ ပြောဆိုတော့မည်”ဟု ဆို၏။

သာလိကာမလည်း “အရှင်။ ယခုပြောဆိုလိုသောစကားသည် မင်္ဂလာရှိသော စကားဖြစ်မူကား ယနေ့ပင် ပြောဆိုတော်မူလော့။ မင်္ဂလာမရှိသော စကားဖြစ်မူ ယနေ့ပြောဆို၍ မသင့်”ဟု ဆို၏။

ကျေးသားလည်း “အဘယ် ယခုပြောဆိုလိုသောစကားသည် မင်္ဂလာရှိသော စကားပင်တည်း”ဟု ဆို၏။ သာလိကာမလည်း “အရှင်။ ထိုသို့တပြီးကား ပြောဆိုတော်မူလော့”ဟု ဆို၏။

ကျေးသားသည် ဤသို့ စကားစဖော်ပြီးသော် “အဘယ်။ သင် အကယ်၍နာလိုပါလျှင် ထိုစကားကို ငါပြောဆိုအံ့”ဟုဆို၍၊ လျှို့ဝှက်အပ်သောစကားကို မေးလိုသောကြောင့် “ယောနု ခွါယံ တိဗ္ဗော သဒ္ဒေါ”အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“အဘယ် သာလိကာမ။ ငါပြောဆိုလိုသော စကားမှာ တစ်ပါးမဟုတ်ပြီ။ ဤဧကရာဇ်မင်းကြီး၏သမီးတော် ပဉ္စာလစန္ဒီမင်းသမီးသည် သောက်ရှူးကြယ်ရောင်ကဲ့သို့ အရည်အဆင်း တင့်တယ်ခြင်းနှင့် ပြည့်စုံ၏။ ထိုပဉ္စာလစန္ဒီ မင်းသမီးကို ဝိဒေဟရာဇ်မင်းကြီးအား ပေးထိမ်းမြားမည်ဟု ငါတို့ပြည်မှစ၍ အရပ်ရပ်မြို့ရွာ ဇနပုဒ်တို့၌ နှံ့ပျံ့ထင်ရှားစွာ ကျော်စောခြင်းဖြစ်၏။ ထိုသို့ ကျော်စောသောစကားကို ကြားရ၍ ငါ၌ ဤသို့အကြံ ဖြစ်ပေသည်။”

“စူဠနီဗြဟ္မဒတ်မင်းကြီး၏ သမီးတော်သည် ထိုသို့ ကျော်စောထင်ရှားတိုင်း အရွယ်အဆင်းနှင့် ပြည်စုံသည်မှန်လျှင် ဝိဒေဟရာဇ်မင်းကြီးသည် စူဠနီဗြဟ္မဒတ်မင်းကြီး၏ရန်သူ ဖြစ်သည်။ စင်စစ် သမီးတော်ကို ချီးမြှောက်တော်မူလိုသော် ဝိဒေဟရာဇ်မင်းမှတစ်ပါးသော ထီးဆောင်းမင်းအပေါင်းတို့သည် မိမိအလိုသို့ချည်းလိုက်လျက် မိတ်ကျွမ်းဝင်ကြကုန်၏။ ထိုမိတ်ဆွေဖြစ်သော ထီးဆောင်မင်းအပေါင်းတို့တွင် ထိုက်တော်ရာ မင်းနှင့်သာလျှင် စုံဖက်တော်မူရာ၏။ ထိုသို့ကား မပြုမူ၍ ဘုန်းကြီးသော ဧကရာဇ်မင်းဖြစ်လျက် မဖက်မပြိုင်လောက်သော မိမိရန်သူ ဝိဒေဟရာဇ်မင်းအား အဘယ့်ကြောင့် သမီးတော်ကိုပေးမည် ကြံလေသည်မသိဟု မတွေးမယူနိုင်အောင်ရှိ၍ပင် သင့်အား ငါ မေးရတော့သည်”ဟု ဆို၏။

သာလိကာမသည် ကျေးသားစကားကိုကြားလျှင် “အရှင်။ အဘယ့်ကြောင့် မင်္ဂလာနေ့၌ အမင်္ဂလာစကားကို ဆိုတော်မူသနည်း။ ဤစကားကို အမိန့်မရှိပါနှင့်”ဟု ဆို၏။

သာလိကာမ စကားကိုကြားလျှင် ကျေးသားသည် “အဘယ်။ ငါကား ဤစကားကို “မင်္ဂလာရှိသောစကား ဖြစ်သည်”ဟူ၍ပင် ငါပြောဆိုသည်။ သင်ကား အဘယ့်ကြောင့် “မင်္ဂလာမရှိသော စကား”ဟုဆိုသနည်း”ဟုမေး၏။ သာလိကာမသည် “အရှင် ဤသို့သောရန်သူမင်းအား အဘယ့်ကြောင့် မင်္ဂလာရှိသောအမှုကို ပြုပါအံ့နည်း”ဟု ဆို၏။

သာလိကာမစကားကိုကြားလျှင် ကျေးသားသည် “အဘယ်။ ဝိဒေဟရာဇ်မင်းအား သမီးတော်နှင့် ထိမ်းမြားမင်္ဂလာ မပြုလိုဘဲလျက် အဘယ့်ကြောင့် အရပ်တိုင်းနှံ့အောင် ဤစကား ဖြစ်ရမည်နည်း။ ငါတို့မှာ အကျော်အစောဖြစ်၍သာ မေးရတော့သည်။ အကြောင်းမျိုးကိုမူကား သင်တို့ကဲ့သို့ သိနိုင်တော့မည် မဟုတ်ပြီ။ ထို့ကြောင့် မင်္ဂလာမရှိဟု သင်ဆိုသောစကား၏အနက်ကို ငါ့အား သင်ပြောဦးလော့”ဟုဆို၏။ သာလိကာမလည်း “အရှင်။ ဤစကားကို ကျွန်ုပ် မပြောဝံ့ပါ”ဟုဆို၏။

ကျေးသားသည် သာလိကာမစကားကိုကြားလျှင် “အဘယ်။ ငါသည် သင့်အား အသက်နှင့်အတူတူ ကြည်ဖြူလေးမြတ်ခြင်း ဖြစ်၏။ သင်မူကား ငါ့ကို အပေါ်စကားနှင့်သာ ချစ်ကြင်နာယောင်ပြု၍ စိတ်ထဲမကြည်မဖြူသဖြင့် ထိုလျှို့ဝှက်အပ်သောစကားကို ငါ့အားမပြောလျှင် ငါ့ကိုပင် သင် အကောက်ကြံသော်လည်း ငါသိနိုင်တော့မည် မဟုတ်။ ထို့ကြောင့် သင့်အား ခင်ပွန်းပြု၍ အကျိုးမရှိပြီ”ဟု ဆို၏။

ဤသို့ သာလိကာမအားနှိပ်၍ မနေသာအောင် ကျေးသားဆိုလျှင် သာလိကာမသည် အရှင့်ရေးထက် ကိုယ်ရေးပျက်မည်ကို စိုးသောကြောင့် ထိုလျှို့ဝှက်အပ်သောစကားကို အရိပ်ပြလို၍ “ဧဒိသော မာ အမိတ္တာနံ” အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“မာတရအမျိုးဖြစ်သော အရှင် ကျေးသားသုခမိန်။ ပဉ္စာလရာဇ်မင်းကြီးသည် ရန်သူဖြစ်သော ဝိဒေဟရာဇ်မင်းကြီးအား သမီးထိမ်းမြားခြင်းကို ပြုအံ့သကဲ့သို့ အရှင်ကျေးသားအားလည်း ဤသို့ဆိုသော ထိမ်းမြားခြင်းကို ဖြစ်စေလိုသလော”ဟု ဆို၏။

သာလိကာမစကားကိုကြားလျှင် ကျေးသားသည် “အဘယ်။ သင်သည် ငါ့ကို မလောက်မလေး အဘယ့်ကြောင့် ကလူစားသနည်း”ဟု ဆိုလျှင်၊ သာလိကာမသည် “အရှင်။ ထိုသို့တပြီးကား နာတော်မူလော့”ဟု ဆို၍ “အာနယိတွာန ဝေဒေဟံ” အစရှိသောဂါထာဖြင့် လျှို့ဝှက်အပ်သောစကားကို ပြန်ကြားပြောဆို၏။

အဓိပ္ပာယ်ကား-

“အရှင် ကျေးသားသုခမိန်။ ပဉ္စာလရာဇ်မင်းကြီးသည် ဝိဒေဟရာဇ်မင်းကြီးအား သမီးတော်နှင့် ထိမ်းမြားလို၍ မဟုတ်။ ထိုဝိဒေဟရာဇ်ပြည်၌ မင်း၏အကျိုးအကြောင်းကို ဆုံးမတတ်သော ပညာရှိသုခမိန်ကား မဟောသဓ အမည်ရှိ၏။ ကျွန်ုပ်တို့အရှင်မင်းကြီးသည် သမီးတော်နှင့်ဖြားယောင်း၍ ထိုမဟောသဓ သုခမိန်နှင့်တကွ ဝိဒေသဟရာဇ်မင်းကို ဤပြည်သို့ လာရောက်စေပြီးလျှင် ထိုသူတို့ကို ပယ်ဖျောက်သုတ်သင်၍ ၁၀၀-သော ထီးဆောင်းမင်းအပေါင်းတို့နှင့် အောင်သေသောက်ခြင်းကို ပြုကြကုန်အံ့ဟု ကေဝဋ်ပုဏ္ဏားသည် မင်းကြီးနှင့်တိုင်ပင်၍ မိထိလာပြည်သို့သွားခြင်းသာ ဖြစ်သည်။ မိတ်ဖွဲ့လို၍ မဟုတ်”ဟု ဆို၏။

သာလိကာမစကားကိုကြားလျှင် ကျေးသားသည် “အဘယ်။ ဆရာ ကေဝဋ်အမတ်ကြီးကား အလွန်ပညာရှိပေ၏။ သိမ်မွေ့ခဲခက်သော ဥပါယ်တံမျဉ်၌လည်း လိမ္မာပေ၏။ ဤသို့သော ဥပါယ်တံမျဉ်ဖြင့် ဝိဒေဟရာဇ်မင်းကြီးကို အသာတကြည်ဖမ်းယူခြင်းငှာ ကြံဆောင်ပေသည်။ အလွန် အံ့ဩဖွယ်ရှိပေစွ”ဟု ကေဝဋ်အမတ်အား ချီးမွမ်းပြီးလျှင် “အဘယ်။ ထိုသို့တပြီးကား ယနေ့သည် ငါတို့၏ မင်္ဂလာနေ့ဖြစ်သည်။ မင်္ဂလာမရှိသော ဤစကားကို ပြောဆို၍ အကျိုးမရှိ။ ဆိတ်ဆိတ်နေကြကုန်အံ့”ဟု ဆိုလျက်၊ မိမိလာအပ်သောကိစ္စ အပြီးသို့ရောက်သည်ကို သိသဖြင့် ထိုညဉ့်ပတ်လုံး သာလိကာမနှင့်အတူ ဝမ်းမြောက်ဝမ်းသာ အိပ်နေလေ၏။

နံနက်မိုးသောက် ရောက်လတ်သော် ကျေးသားသည် သာလိကာမအား မိမိပြည်သို့သွားအံ့သော အခွင့်ကို တောင်းပန်လို၍ “ဟန္ဒ မံ အနုဇာနာဟိ” အစရှိသောဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အဘယ် ရွှေအိမ်ရှင်မ ငါတို့သည် မိတ်လင်ခင်ပွန်း ဖြစ်ကြကုန်ပြီ။ စိတ်အပျော်အရွှင်သို့လိုက်၍ ဤမျှနှင့်သာနေလျှင် အမှုမကုန် ရှိတော့မည်။ ထို့ကြောင့် ယနေ့ သိဝရာဇ်ပြည်သို့သွား၍ ငါတို့အရှင်မင်းကြီးအားလည်းကောင်း, အရှင်မိဖုရားကြီးအားလည်းကောင်း ပဉ္စာလရာဇ်မင်းကြီး၏ အိပ်ရာစောင့်ဖြစ်သော ရွှေအိမ်ရှင် သာလိကာမကို စုံစမ်းပြောဆို၍ အခွင့်ရခဲ့ကြောင်းနှင့် လျှောက်ထားချေအံ့။ ယနေ့မှသည် ၇-ရက်တိုင်ရုံ ဤတွင် သင် နေရစ်ဦးလော့၊ ၈-ရက်မြောက်သောနေ့၌ များစွာသော လက်ဆောင်ပဏ္ဏာ အခြံအရံများစွာနှင့်တကွ ငါ၏အရှင်မင်းကြီး အရှင်မိဖုရားကြီးတို့ကိုခေါ်၍ ဤနန်းတော်သို့ လာခဲ့အံ့။ ခဏမျှ ငါနှင့်ကွဲရသည်ဟူ၍ ပူဆွေးခြင်း သင် မဖြစ်ရစ်နှင့်”ဟု ဆို၏။

ကျေးသား၏စကားကိုကြားလျှင် သာလိကာမသည် မိမိမှခွာ၍ မသွားစေလိုသော်လည်း ကျေးသား၏စကားကို မပယ်နိုင်သည်ဖြစ်၍ “ဟန္ဒ တံ အနုဇာနာမိ”အစရှိသော ဂါထာခွဲဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်ကေသားသုခမိန်။ ချစ်ကြင်နာစဖြစ်ပါသည်ကို အဘယ့်ကြောင့် အလျင်လိုတော်မူဘိသနည်း။ ကျွန်ုပ်သည် အရှင်ကျေးသားနှင့် တစ်ခဏမျှ ခွဲရမည်ကို အလိုမရှိပါ။ ထိုသို့ဖြစ်သော်လည်း အရှင်ကျေးသား ကြွတော်မူလိုလျှင် အလျင်တဆောသာ ဤသို့ပြန်တော်မူခဲ့ပါတော့။ ယနေ့မှ ၈-ရက်မြောက်သောနေ့၌ ဤသို့ရောက်အောင် ပြန်လာတော်မမူဘဲ နွှဲဖင့်၍အရှည်အကြာ ထိုပြည်မှာနေတော်မူလျှင် ကျွန်ုပ် အသက်မရှည်နိုင်ပြီ။ ရက်လွန်မှ ကြွလာတော်မူသော်လည်း နှလုံးကွဲ၍သေလေပြီးသော အကျွန်ုပ်၏ အလောင်းကိုသာ အရှင်ကျေးသား တွေ့မြင်ရလတ္တံ့။ ထို့ကြောင့် ကြာမြင့်စွာ နေတော်မမူပါလေနှင့်”ဟုဆို၏။

သာလိကာမ စကားကိုကြားလျှင် ကျေးသားသည် “အဘယ်။ အသို့ဆိုသနည်း။ ငါလည်း သင်နှင့် တခဏမျှကွဲရမည်ကို နှလုံးပြတ်မျှ ပူဆွေးလှ၏။ ထိုသို့ဖြစ်သော်လည်း မနေသာသည့်အမှုဖြစ်၍သာ ခေတ္တမျှ သွားရချေဦးတော့မည် ကြံပေသည်။ ၈-ရက်မြောက်၌ ရွှေအိမ်ရှင်မကိုမမြင်ရလျှင် ငါ၏အသက် ရှင်နိုင်တော့မည်မဟုတ်”ဟု အပေါ်စကားဖြင့်သာ လိုရာအခွင့်ရရုံ ချစ်ယောင်ပြုလျက် စိတ်ထဲ၌ကား “သေလိုသေ, ရှင်လိုရှင်၊ သင်သည် ငါ့အား အဘယ်အကျိုး ရှိအံ့နည်း”ဟုကြံ၍၊ ကောက်ပင်ရိတ်ဖြတ်စကားကိုဆိုပြီးသော် နန်းတော်ပြတင်းမှထွက်၍ အတန်ငယ် သိဝရာဇ်တိုင်းသို့ ရှေးရှုပျံပြီးလျှင် ထိုခရီးမှတုံ့လည်သဖြင့် မိထိလာပြည်သို့ ရှေးရှုပျံခဲ့လေ၏။

မိထိလာပြည် မိမိနေရာ မဟောသဓသုခမိန်အိမ်သို့ရောက်သောအခါ မဟောသဓသုခမိန်၏ ပခုံးစွန်း၌နား၏။ မဟောသဓသုခမိန်သည်လည်း ကျေးသား၏ ပြုမြဲဓလေ့ ရှိသည်ဖြစ်၍ ထိုပခုံးစွန်း၌နားသော အမှတ်ဖြင့် မိမိအိမ်ထက် ပြာသာဒ်ဆင့်သို့တက်ပြီးလျှင် ကျေးသားအား အကြောင်းကို မေး၏။ ကျေးသားလည်း မိမိဆောင်ရွက်ခဲ့သည့်အတိုင်း စကားအလုံးစုံကို မဟောသဓသုခမိန်အား လျှောက်ကြားလေ၏။ မဟောသဓသုခမိန်သည် ကျေးသားအား ထိုက်လျောက်ရာ များစွာသောပူဇော်သက္ကာတို့ဖြင့် ချီးမြှောက်ပူဇော်ခြင်းကိုပြုပေ၏။

(ဤအရာ၌ “ကျေးသားသည် ငှက်တိရစ္ဆာန်ဖြစ်လျက် လူပညာရှိ မတန်။ ထုံးပုံစံများနှင့် အဆန်းတကျယ်စကားကို ပြောဆိုနိုင်ရာအံ့လော”ဟု တွေးဆယုံမှား မဖြစ်ရာချေ။ အဘယ့်ကြောင့်နည်းဟူမူ ဂန္ဓာရုံကို မယူတတ်သော ဖက်ရွက်မျှလည်း မွှေးလှသောပန်းကိုထုပ်လျှင် ပန်းအနံ့ လှိုင်ထုံသေး၏။ ဤကျေးသားမူကား ဘဝအဆက်ဆက် ဖြည့်ဆည်းပူးအပ်သော ပုညသမ္ဘာရ အဆောက်အဦဖြင့် ပဝတ္တိဉာဏ် ဖွံ့သန်ကြီးရင့်ဟောင်းတွင် ဘုရားအလောင်းတော် မဟောသဓသုခမိန်တည်းဟူသော ဉာဏ်ပဒေသာကြီးနှင့် တွေ့ကြုံပေါင်းယှက်ရသဖြင့် မိမိကိုပင် သွန်သင်ဆုံးမ သြဝါဒမပေးငြားသော်လည်း သူတစ်ပါးတို့အား နေ့ညဉ့်မပြတ် အထူးထူးအပြားပြား မိန့်ကြားညွှန်ပြသော ထုံးဥပဒေ သက်သေပုံစံကို အဖန်ဖန်အခါခါ ကြားနာရခြင်းသည်ပင်လည်း ပညာရှိခံလောက်အောင်အမှုမျိုး၌ လိမ္မာကျွမ်းကျင်ရာ၏။ ထို့ကြောင့် ယုံမှားဖွယ် မရှိချေ။ ဤကား ဘုရားလောင်း မဟောသဓသုခမိန်၏ငယ်မွေး မာတရအမျိုးဖြစ်သော ကျေးသား၏ဂုဏ်ကို ပြုခြင်းတည်း။)

ပဉ္စာလရာဇ်မင်း, ကေဝဋ်အမတ်တို့သည် အကောက်ကြံ၍ တိုင်ပင်ဆောင်ရွက်ဟန် အစီအရင်၌လည်းကောင်း၊ ကျေးသားလိကာမတို့၏ စကားမာယာ လိမ္မာကြဟန်ကို လည်းကောင်း ပြဆိုသောအခန်းကား ဤတွင်ရွေ့ ပြီးပြီ။