2750မဟောသဓဇာတ်တော်ကြီး — ၄၄။ ဥမင် စီရင်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဤသို့ မဟောသဓသုခမိန်သည် ကျေးသားကိုစေလွှတ်ပြီး၍ ပဉ္စာလရာဇ်မင်း, ကေဝဋ်အမတ်တို့၏ အတိုင်အပင် အကြံအစည်အလုံးစုံကို သိရပြီးသော် ဤသို့ အကြံဖြစ်လေ၏။

“ဤမင်းကြီးသည် ငါအလိုမရှိသော်လည်း မိန်းမရမ္မက်ကြောင့် ထိုပဉ္စာလရာဇ်ပြည်သို့ မချွတ်လျှင် သွားလတ္တံ့။ ထိုသို့သွားလျှင်လည်း မင်းကြီးအား ကြီးစွာသောပျက်စီးခြင်းသို့ ရောက်လတ္တံ့။ ထိုမင်းကြီး ပျက်စီးလတ္တံ့သည်ကိုမြင်လျက် ငါ မထောက်ပံ့ ကြောင့်ကြမဲ့နေချင်သော် ငါ့အားလည်း သူတော်ကောင်းတို့ ကဲ့ရဲ့ဖွယ်ဖြစ်လတ္တံ့။ ငါသို့သော ပညာရှိသုခမိန် ထင်ရှားရှိလျက် စည်းစိမ်အခြံအရံကို ပေးတော်မူသော ငါ၏ကျေးဇူးရှင်မင်းကြီးသည် အဘယ့်ကြောင့် ပျက်စီးရအံ့နည်း။

“ထို့ကြောင့် မင်းကြီးမကြွမီ ငါ ရှေးဦးစွာ ပဉ္စာလရာဇ်ပြည်သို့သွား၍ စူဠနီဗြဟ္မဒတ်မင်းနှင့် စကားလျောက်ပတ်အောင်ပြောဆိုပြီးမှ လက်ထပ်နန်းဆောက်ရာ မြို့တည်လုပ်လျက် တစ်ဂါဝုတ်မျှလောက် အကွေ့အကောက်သွားရသော ခရီးဥမင်နှင့် ၂-ဂါဝုတ်မျှသော ဥမင်ကြီးကိုတူးစီရင်ပြီး မင်းကြီးကိုကြွလာစေ၍၊ စူဠနီဗြဟ္မဒတ်မင်း၏ သမီးတော်ကိုလည်း ဆောင်ယူစေသဖြင့် မင်းကြီး၏ ခြေရင်းအလုပ်အကျွေး ဖြစ်စေလျက် အဘိသိက်သွန်း၍ ထိမ်းမြားမင်္ဂလာဆောင်ပြီးသော်၊ ရာဟုခံတွင်းမှလွတ်သော လပြည့်ဝန်းကဲ့သို့ ၁၈-ခေါဘဏီမျှလောက်သော စစ်သည်ဗိုလ်ခြေနှင့်တကွ ဝန်းရံလျက်နေသော ထီးဆောင်းမင်းအပေါင်းတို့ မြင်စဉ်ပင်လျှင် မင်းသမီးကိုယူ၍ ဤနေပြည်တော်သို့ မင်းကြီးကိုပြန်လည်စေရမည်ကား ငါ၏ ဝန်သာတည်း”ဟုကြံ၏။

ဤသို့ကြံမိသော ဘုရားလောင်း၏ကိုယ်တော်၌ နှစ်သက်ခြင်းတည်းဟူသော ခုဒ္ဒကာပီတိသည် အခါခါတက်၍ ပြန့်၏။ ထိုနှစ်သက်ခြင်းပီတိအဟုန်ဖြင့် စိတ်အာရုံမသတ်နိုင်၍-

“ယဿေဝ ဃရေ ဘုဉ္ဇေယျ ဘောဂံ၊ တဿေဝ အတ္ထံ ပုရိသော စရေယျ။”

ဟု ထက်ဝက်သောဂါထာဖြင့် ဥဒါန်းရင့်ကျူးတော်မူလေ၏။

ဘော၊ အိုအချင်းတို့။ ယဿေဝ၊ အကြင်သူ၏သာလျှင်။ ဃရေ၊ အိမ်၌။ ပုရိသော၊ ခစားသော ယောက်ျားသည်။ ဘောဂံ၊ စည်းစိမ်ချမ်းသာကို။ ဘုဉ္ဇေယျ၊ ခံစားသုံးဆောင်ငြားအံ့။ သော၊ ထိုသူခစားသည်။ တဿ၊ ထိုမိမိကျေးဇူးရှင်၏။ အတ္ထံ ဧဝ၊ အကျိုးစီးပွားကိုသာလျှင်။ စရေယျ၊ ကျင့်ဆောင်ထိုက်လှပေ၏။

အဓိပ္ပာယ်ကား-

“အချင်းတို့။ အကြင်မင်း၏ထံ၌ ခစားလျက် ကျေးဇူးကိုခံစား၍နေကုန်သော မင်းခယောက်ျားတို့သည် မိမိအရှင် အမျက်ထွက်၍ ဆဲဆိုကြိမ်းမောင်း မကောင်းသဖြင့်ကျိန်ဆဲလျက် လည်ကိုကိုင်ညှစ်၍ တွန်းပစ်ထုတ်ငင်ငြားသော်လည်း စည်းစိမ်ကိုပေးပေတတ်သော ကျေးဇူးရှင်အား အမျက်ရန်ငြိုး မထားအပ်။ ကိုယ်နှုတ်နှလုံး ၃-ပါးတို့ဖြင့် အခွင့်နှင့်လျော်စွာ အရှင်၏အကျိုးစီးပွားကိုသာ ဆောင်ထိုက်လှပေသည်”ဟု နှစ်သက်ရွှင်လန်းစွာ ဥဒါန်းကျူးရင့်တော်မူ၏။

ဤသို့ ကြံစည် ဥဒါန်းကျူးပြီးလျှင် ရေချိုးခြင်း, တန်ဆာဆင်ခြင်း စသည်တို့ကိုပြီးစေသဖြင့် များစွာသော အခြံအရံနှင့်တကွ နန်းတော်သို့သွား၍ တင့်အပ်သောနေရာ၌ မင်းကြီးအား ရှိခိုးလျက်နေပြီးလျှင် “အရှင်မင်းကြီး။ ဥတ္တရပဉ္စာလရာဇ်ပြည်သို့ အလျင်တဆောပင် ကြွမည် အကြံတော်ရှိသလော”ဟုလျှောက်၏။ ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန်၏စကားကို ကြားလျှင် “ကြိမ်းမောင်းလိုက်သောစကားနှင့် ခံ့ညား၍ ငါသားလည်း ငါ၏အလိုသို့ ပါပြီ”ထင်သဖြင့်၊ “ချစ်သား။ ယခု မကြာမြင့်မီပင် ပဉ္စာလရာဇ်ပြည်သို့ ငါ ကြွသွားတော်မူမည်”ဟုဆို၍ “ငါ့အား ပဉ္စာလစန္ဒီမင်းသမီးကိုမရချေသော် မင်းဖြစ်ကျိုး ရှိတော့မည်မဟုတ်။ ငါ့သားသုခမိန်လည်း ဤမိထိလာပြည်၌ မနေရစ်ပါလင့်။ ငါနှင့်အတူ ပဉ္စာလရာဇ်ပြည်သို့ လိုက်ခဲ့လော့။ ထိုပဉ္စာလရာဇ်ပြည်သို့ သွားခြင်း၌ ငါ့သည် ၂-ပါးသောအကျိုးနှင့် ပြည့်စုံမည်ကို မြင်၏။ အကျိုး ၂-ပါးဟူသည်မှာ ငါ့အား ပဉ္စာလစန္ဒီမင်းသမီးကိုလည်း ရအံ့။ စူဠနီဗြဟ္မဒတ်မင်းနှင့်လည်း အဆွေခင်ပွန်းဖြစ်လတ္တံ့။ ဤအကျိုး ၂-ပါးကိုမြင်သောကြောင့် မကြာမီပင် ငါသွားအံ့”ဟုဆို၏။

မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် မိမိ ရှေးဦးစွာ သွားလိုသောအကြောင်းကို ဆိုလို၍ “ဟန္ဒဟံ ဂစ္ဆာမိ ပုရေ ဇနိန္ဒ” အစရှိသောဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ထိုသို့ ကြွတော်မူမည်မှန်လျှင် အရှင်မင်းကြီးမကြွမီ ကျွန်ုပ် အလျင်သွား၍ နှလုံးမွေ့လျော်ဖွယ်ရှိသော ပဉ္စာလရာဇ်ပြည်၌ လက်ထပ်မင်္ဂလာဆောင်ရန် တဲနန်းတော် ဆောက်လုပ်စီရင်ပါမည်။ တဲနန်းတော် စီရင်ခင်းကျင်းပြီးလျှင် အကျွန်ုပ်က နေ့ရက်အချိန်းအချက်နှင့် အလျှောက်အထား စေလွှတ်လိုက်ပါမည်။ ထိုစေလွှတ်သူရောက်မှ ပဉ္စာလရာဇ်ပြည်သို့ အရှင်မင်းကြီး ကြွတော်မူခဲ့ပါ”ဟု လျှောက်ထား၏။ မဟောသဓာစကားကိုကြားလျှင် “ငါ့သားကား ငါ့ကို မပစ်မစွန့်ပေ”ဟု စိတ်လိုရာရောက်သဖြင့် ဝမ်းမြောက်ခြင်းဖြစ်၍ “ငါ့သား သုခမိန်။ သင် အလျင်သွားနှင့်မည်ဟူသော် အဘယ်ကို ငါဆောင်ရွက်ရမည်နည်း”ဟု ဆို၏။ မဟောသဓ သုခမိန်သည်လည်း “အရှင်မင်းကြီး တစ်ပါးသော ဆောင်ရွက်ခြင်းကို ကျွန်ုပ် အလိုမရှိပါ။ စစ်သည်ဗိုလ်ပါကိုသာ ပေးတော်မူစေချင်ပါသည်”ဟု လျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးလည်း “ချစ်သား။ သင် အလိုရှိတိုင်း ယူလေလော့”ဟု ဆိုလျှင် မဟောသဓသုခမိန်သည် “အရှင်မင်းကြီး ၄-မျက်နှာသော ထောင်တန်းနှောင်အိမ်တို့၌ မင်းပြစ်သင့်ကုန်သော လူဆိုးလူသွမ်းတို့သည် များစွာရှိကုန်၏။ ထိုသူတို့ကိုလည်း ပေးသနားတော်မူစေချင်ပါသည်”ဟု လျှောက်၏။ ဝိဒေဟရာဇ်မင်းကြီးသည် “ချစ်သား။ ငါနှင့် မိဖုရားသာ လွတ်စေ။ မည်သူမဆို သင်အလိုရှိရာ ခေါ်ဆောင်လေလော့” ဟု ဆိုလတ်သော် မဟောသဓ သုခမိန်သည် ၄-မျက်နှာသောထောင်တန်းတို့၌ အနှောင်အဖွဲ့ အကျဉ်းအမြောင်းခံရသောသူ ဟူသမျှကို လွှတ်စေပြီးလျှင် အမှုကိုထမ်းရွက်စေခြင်းငှာ ရဲစွမ်းရှိကုန်သော သူရဲကောင်းတို့ကို ရွေးချယ်ကောက်ယူသဖြင့် “ငါ့ဝယ် သင်တို့ခစားလျက် အရှင့်အမှုကို မြဲစွာဆောင်ရွက်ကြရမည်”ဟုဆို၍၊ ထိုသူရဲကောင်းတို့အား ရွှေ, ငွေ, အဝတ်ပုဆိုး, မျိုးရိက္ခာ များစွာဆုလာဘ် ပေးချ၏။

ထိုမှတစ်ပါး မြို့ရွာနိုင်ငံ၌ရှိကုန်သော လက်သမား, ဗိသုကာ, ပန်းပွတ်, ပန်းပု, ပန်းချီ, ပန်းပဲ, ပန်းရန်, ပန်းထိမ်, သားရေနယ်သမား အစရှိသောအားဖြင့် လက်အတတ်၌ ကျွမ်းကျင်ကုန်သော သူတို့ကိုလည်း ရွေးကောက်သိမ်းယူ၍ အစုစုဗိုလ်ထုအပေါင်း ၁၈-ကုဋေခန့် ရှိ၏။ ထို ၁၈-ကုဋေမျှလောက်သော ဗိုလ်ပါအပေါင်းတို့အား ဓား,လှံ အစရှိသော လက်နက်၊ ပဲခွပ်, ပုဆိန်, ပေါက်တူး, တူးရွင်း အစရှိသော အဆောက်အဦတို့ကိုလည်း ကိုယ်စီ ဆောင်ယူခဲ့စေလျက်၊ အလုံးစုံကို စီရင်ခန့်ထားပြီးသော် ဘုရားလောင်း မဟောသဓသုခမိန်သည် များစွာသော ဗိုလ်ပါအခြံအရံနှင့်တကွ ဝိဒေဟရာဇ်မင်းကြီးအား ပန်ကြားပြီးလျှင် မိထိလာပြည်မှထွက်၍ ပဉ္စာလရာဇ်ပြည်သို့ ရှေးရှုချီသွားလေ၏။

(ဤစကားတွင် ဗိုလ်ထုပေါင်း ၁၈-ကုဋေဟု အဓိပ္ပာယ်ဆိုလိုက်သည်မှာ ဤဇာတ်တော်ပါဌ်၌ အဋ္ဌာရသသေနိယောဟုရှိသော သင်္ချာမျှကို ဆိုသည်။ သင်္ချာ၏ အဘိဓာနဖြစ်သော အမည်ကို မဆို။ နိဿယဆရာမူကား ၁၈-ခေါဘိဏီဟူ၍ပင် အနက်ပေး၏။ ထိုစကားကို ရှေ့နောက်အလားအလာနှင့် နှိုင်းယှဉ်ထောက်စာသော် စူဠနီဗြဟ္မဒတ်မင်းသည် ဝိဒေဟရာဇ်ပြည်ကို နင်းနယ်အံ့ဟူသော ရာဇမာန်ဖြင့် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ၁၀၀-သော တိုင်းကြီးပြည်ကြီးတို့ကို သိမ်းရုံးသည်ဖြစ်လျက်လည်း ၁၈-ခေါဘိဏီမျှသော ဗိုလ်ထုကိုသာ ရနိုင်သည်ကိုလည်းကောင်း၊ စင်စစ် ဝိဒေဟရာဇ်မင်းကြီး၌ ၁၈-ခေါဘဏီခန့် ဗိုလ်ထုရှိသည်မှန်လျှင် ထိုဥမင်မတူးဘဲ မြို့က နေကာပင်လည်း ဝိဒေဟရာဇ်မင်း၏ အခြံအရံလက်ရုံး ဘုန်းအာဏာ, ဘုရားလောင်း၏ ပညာလက်ရုံး ဘုန်းအရှိန်ဖြင့် ဝိဒေဟရာဇ်မင်းသို့ ဇမ္ဗူဒိပ်ကျွန်းအလုံး ညွတ်ရုံးခဝပ်ဖွယ်ရှိသည်ကိုလည်းကောင်း၊ ရှေး၌ဆိုခဲ့ပြီးသော စစ်စခန်း၌ ငါတို့စစ်သည်ကား အနည်းငယ်သာတည်း။ ပဉ္စာလရာဇ် စစ်သည်ကား များစွာရှိ၏။ ဤသို့ ဘုရားလောင်း အကြံဖြစ်သည်ဟုဆိုသော ရှေ့စကားနှင့်အညီ၊ ဆန့်ကျင်ရာသည်ကိုလည်းကောင်း ထောက်၍၊ နိဿယဆိုတိုင်းမဆိုဘဲ မြို့အားတိုင်းအားနှင့်လည်းကောင်း၊ ထိုဆောင်ရွက်လတ္တံ့သောအမှုနှင့်လည်းကောင်း တော်လျော်အောင် နှိုင်းယှဉ်၍သာ ၁၈-ကုဋေဟု ဆိုလိုက်သည်။)

မဟောသဓသုခမိန်သည် များစွာသောဗိုလ်ပါအခြံအရံနှင့် ပဉ္စာလရာဇ်ပြည်သို့သွားလေသော် တစ်ယူဇနာကြားတို့၌ ရောက်တိုင်းရောက်တိုင်း တစ်ရွာတစ်ရွာတည်ထားပြုစုလျက် အမတ်တစ်ယောက်စီ အကြီးအအုပ်ထားပြီးလျှင် “နောင် ပဉ္စာလစန္ဒီ မင်းသမီးကိုယူ၍ နေပြည်တော်သို့ မင်းကြီးပြန်တော်မူသောအခါ သင်၏ရွာသို့ရောက်လျှင် ဆင်ယာဉ် မြင်းယာဉ်၊ ရထားယာဉ်တို့ကို ကောင်းစွာက,၍ ဘေးရန်မရှိစေဘဲ နေပြည်တော်သို့ အလျင်တဆောရောက်အောင် မင်းကြီးကို ပို့ဆောင်ရမည်”ဟု အသီးအသီးမှာထားခဲ့သဖြင့် အစဉ်အတိုင်းသွား၍ ဂင်္ဂါမြစ်နားသို့ ရောက်လေ၏။

မိထိလာပြည်နှင့် ပဉ္စာလရာဇ်ပြည်ကား ယူဇနာ ၁၀၀-ကွာ၏။ ထိုဂင်္ဂါမြစ်နားသို့ရောက်သောအခါ မဟောသဓသုခမိန်သည် အာနန္ဒာအမည်ရှိသော ဖွားဖက်တော် လုလင်ပျိုတစ်ယောက်ကိုခေါ်စေ၍၊ “အာနန္ဒာ။ သင်သည် လက်သမား ၃၀၀-တို့ကို အုပ်ချုပ်လျက် မြစ်ညာသို့ ဆန်တက်ပြီးလျှင် စင်းရေလှေပေါင်း ၃၀၀-ရအောင် လုပ်စေပြီးသော်၊ ယခုလုပ်အံ့သော ငါ၏မြို့မှာသုံးရန် အကာစင် ရွေဖျင်ပြီးသော အလုံးအရပ်တောင်ထွာ ဤမျှခန့်ရှိသောသစ်ပျဉ်တို့ကို ထို၃၀၀-သောလှေမှာ အပြည့်တင်၍ အလျင်အမြန် ငါရှိရာရောက်အောင် လာခဲ့”ဟု လက်သမား ၃၀၀-နှင့် အာနန္ဒာအမည်ရှိသောလုလင်ပျိုကို မြစ်ညာသို့စေခန့်လိုက်ပြီးလျှင် လှေဖြင့် ဂင်္ဂါမြစ်တစ်ဘက်သို့ များစွာသောအခြံအရံနှင့်တကွ ကူးလေ၏။

မြစ်တစ်ဘက်သို့ရောက်ပြီးလျှင် မဟောသဓသုခမိန်သည် မြစ်နားမှ ပဉ္စာလရာဇ်မင်း၏ နန်းတော်တိုင်အောင် ခရီးအကွာ တာပေါင်းကိုသိလို၍ ခြေလှမ်းမှန်လှမ်းသဖြင့် အလှမ်းတွင်တာဖွဲ့၍ မြစ်ဆိပ်မှ တက်သွားလေသော် ၂-ဂါဝုတ်မျှလောက်သောအရပ်သို့ ရောက်သောအခါ ရပ်တန့်လျက် မြစ်ဆိပ်မှသည် ဤအရပ်တိုင်အောင် ဥမင်လိုဏ်ကျယ်ကို တူးဖောက်စီရင်၍။ “ဤအရပ်၌ မြို့နန်းစီရင်ရသော် သင့်၏။ ဤအရပ်မှ မင်းကြီးနန်းတော်တိုင်အောင် တစ်ဂါဝုတ်ခန့်သောအရပ်ကိုကား ဥမင်ကွေ့ စီရင်အံ့”ဟု မြို့နန်းဥမင် တည်ထားရန်ကို ပိုင်းခြားသတ်မှတ်ခဲ့ပြီးမှ မြို့တွင်းသို့ဝင်လေ၏။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း မဟောသဓလာကြောင်းကို ကြားရလေသော် “ယခု မကြာမြင့်မီ ငါ၏နှလုံးအလို ပြည့်တော့မည်။ မဟောသဓလာလျှင် ဝိဒေဟရာဇ်မင်းသည်လည်း နောက်မကြာမြင့်မီပင် လာလတ္တံ့။ ထိုသို့ အညီရောက်ကြသောအခါမှ ထိုသူ၂-ယောက်တို့ကို ဖမ်းယူကွပ်မျက်ပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ဧကရာဇ်မင်း ပြုအံ့”ဟုကြံလျက်၊ အလွန်နှစ်သက်ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။ ပဉ္စာလရာဇ်ပြည်သူပြည်သား အပေါင်းတို့ကလည်း ခရီးလမ်းနားစသည်တို့၌ စုရုံးကြည့်ရှုကြကုန်လျက် “ဝိဒေဟရာဇ်ပြည်၌ မဟောသဓ သုခမိန်ဟူသည်ကား ဤသူပင်တည်း။ ဤမဟောသဓသုခမိန်သည် ၁၀၀-သော ထီးဆောင်းမင်းနှင့်တကွ ၁၈-ခေါဘဏီခန့်သော စစ်သည်ဗိုလ်ခြေတို့ကို အုတ်ခဲဖြင့်လှန့်ခြောက်လိုက်သော ကျီးအပေါင်းတို့ကဲ့သို့ ပြေးစေသတတ်”ဟု အုတ်အုတ်ကျက်ကျက် ထိတ်လန့်ချောက်ချားကုန်၏။

ထိုသို့ ပြည်သူပြည်သားတို့ ကြည့်ရှုကြစဉ်ပင်လျှင် ဘုရားလောင်းသည် နန်းတော်တံခါးဝသို့ ရောက်လေ၍၊ မင်းကြီးအား တံခါးဝသို့ရောက်ကြောင်းကို လျှောက်ကြားစေသဖြင့် “မဟောသဓသုခမိန်ကို နန်းတော်သို့ဝင်စေ”ဟု မင်းမိန့်ပြန်သောအခါမှ မဟောသဓသုခမိန်သည် နန်းတော်သို့ဝင်ပြီးလျှင် တင့်အပ်သောနေရာ၌ မင်းကြီးအားရှိခိုးလျက် နေလေ၏။ စူဠနီဗြဟ္မဒတ်မင်းသည် မဟောသဓသုခမိန်အား နှုတ်ဆက်မေးမြန်းပြီးလျှင် “မဟောသဓ သုခမိန်။ သင်ကား ယခုရောက်ပြီ။ သင်၏အရှင် ဝိဒေဟရာဇ်မင်းကား အဘယ်အခါမှ ရောက်မည်နည်း”ဟု မေး၏။

မဟောသဓသုခမိန်လည်း “အရှင်မင်းကြီး။ အကျွန်ုပ်က ကြွတော်မူချိန်သင့်ကြောင်းကို အလျှောက်အထား စေလွှတ်လိုက်သောအခါမှ အကျွန်ုပ်သခင် အရှင်မင်းကြီး ကြွလာပါမည်”ဟုလျှောက်လျှင် စူဠနီဗြဟ္မဒတ်မင်းသည် “သုခမိန်။ သင်ကား အဘယ့်ကြောင့် ယခု အလျင်လာခဲ့သနည်း”ဟု မေး၏။ မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ အကျွန်ုပ်တို့ အရှင်မင်းကြီးရောက်တော်မူလျှင် တည်းနေရန် နန်းတော်ဆောက်လုပ် စီရင်အံ့သောငှာ အလျင်လာခဲ့ပါသည်”ဟု လျှောက်လျှင်၊ စူဠနီဗြဟ္မာဒတ်မင်းသည် သုခမိန် ထိုသို့တပြီးကား “ကောင်းပြီ”ဟုဆို၍ ဗိုလ်ပါအခြံအရံနှင့်တကွ မဟောသဓသုခမိန်နေရန် သံတဲစီရင်စေပြီးသော် များစွာလုံလောက်အောင် အိပ်ရာ, နေရာ, စားနပ်ရိက္ခာစသည်တို့ဖြင့်ချီးမြှောက်လျက် “သုခမိန်။ သင်သည် ဤငါ၏ပြည်တွင် နေသမျှကာလပတ်လုံး စိတ်နှလုံးချမ်းသာပျော်မွေ့စွာ လိုရာအမှုကို ဆောင်ရွက်၍နေလော့”ဟု ဆို၏။

မဟောသဓသုခမိန်သည် နန်းတော်ကို တက်စကပင်လျှင် နန်းတော်စောင်းတန်း လှေကားခုံ၌ရပ်လျက် “ဤလှေကားခုံအောက်၌ ငါ၏ဥမင်ကွေ့တံခါးဝကို ထားရသော်သင့်၏”ဟု မှတ်ခဲ့သဖြင့်၊ ဤသို့အကြံဖြစ်၏။ “စူဠနီ ဗြဟ္မဒတ်မင်းသည် ငါ့အား ယခု လိုရာအမှုကိုရွက်ဆောင်၍ ချမ်းသာစွာနေလော့ဟု ဆို၏။ ထိုမင်းဆိုတိုင်း ငါလိုအပ်သောအမှုကို ရွက်ဆောင်အံ့။ ရွက်ဆောင်ရမည်မှာ ဤနန်းတော်လှေကားသည် လှေကားရှင်ဖြစ်သောကြောင့် ရွေ့ရှားသဖြင့် ဥမင်ကွေ့တံခါးဝထားခြင်းငှာ မလျောက်ပတ်သေး။ ထိုနန်းတော် လှေကားဟောင်းကိုပယ်ပစ်၍ မလှုပ်မရှားအောင် လှေကားအသေအသစ်လုပ်ရသော် ကောင်း၏”ဟု ကြံပြီးလျှင်-

“အရှင်မင်းကြီး။ ဤနန်းတော်သို့ အကျွန်ုပ်တက်သောအခါ နန်းတော်လှေကားခုံ၌ရပ်၍ အလုပ်အဆောင် ကောင်းသည်, မကောင်းသည်ကို မျှော်လှည့်ရှုကြည့်လျှင် လှေကား၌ အပြစ်ရှိသည်ကိုမြင်သိခဲ့ပါသည်။ အကယ်၍ နှစ်သက်တော်မူပါသဖြင့် အသစ်ပြင်ရမူ အပြစ်မရှိ၊ ကောင်းစွာနှစ်လိုဖွယ် လှေကားသစ် ပြုလုပ်စီရင်၍ အကျွန်ုပ် ဆက်ပါမည်”ဟု လျှောက်၏။ စူဠနီဗြဟ္မဒတ်မင်းသည် “သုခမိန်၊ ကောင်းပြီ။ သင်စီရင်လိုလျှင် သစ်, ပျဉ် လိုရာရစေတော့မည်”ဟုဆို၍ လှေကားသစ် လုပ်စေ၏။ မဟောသဓသုခမိန်သည် “ဤအရပ်၌ ဥမင်တံခါးဝထားအံ့”ဟုမှတ်လျက် လှေကားဟောင်းကိုပယ်ပြီးလျှင် ဥမင်တံခါးဝထားစရာ လှေကားခုံအောက်၌ မြူမှုန့်မကျစိမ့်သောငှာ ခိုင်ခံ့ထူထပ်စွာ ပျဉ်ခင်းပြီးမှ ထိုပျဉ်ခင်းပေါ်၌ လှေကားခုံတည်၍ မလှုပ်မရှား ခိုင်ခံ့ပြေပြစ် ကျစ်လစ်တင့်တယ်စွာ နန်းတော်လှေကားကို ပြင်လုပ်စီရင်လေ၏။

စူဠနီဗြဟ္မဒတ်မင်းသည် မဟောသဓသုခမိန်၏ စိတ်တွင်းအကြံကို မသိသဖြင့် “မဟောသဓကား ငါ့ကို ချစ်ခင်မြတ်နိုးခြင်းရှိပေ၏”ဟု အောက်မေ့၏။ ဤသို့ နေ့ချင်းဖြင့်ပင်လျှင် နန်းတော်လှေကားကို စီရင်ပြီး၍ နံနက်မိုးသောက်ရောက်လတ်သော် မဟောသဓသုခမိန်သည် မိမိနေရာသံတဲမှ နန်းတော်သို့ဝင်ပြီးလျှင် စူဠနီဗြဟ္မဒတ်မင်းအား “အရှင်မင်းကြီး၊ အကျွန်ုပ်တို့အရှင် ဝိဒေဟရာဇ်မင်းကြီးတည်းနေရန် တဲနန်းကို မည်သည့်အရပ်၌ ဆောက်ရမည်ဟု အမိန့်တော်ခံ၍ ယနေ့ပင် သုတ်သင်ရှင်းလင်းခင်းကျင်းလိုပါသည်”ဟု လျှောက်၏။ စူဠနီဗြဟ္မဒတ်မင်းသည်ကား “သားတော်သုခမိန်။ တဲနန်းအသစ် ဆောက်လုပ်၍ ပင်ပန်းတော့မည်။ ငါ၏မြို့တော်တွင် သင် လှည့်လည်ကြည့်ရှု၍ နှစ်သက်ရာအိမ်ကိုသာ သိမ်းယူပြင်ဆင်လေတော့”ဟုဆို၏။

မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ယခု အမိန့်တော်ရှိတိုင်း မယူဝံ့ပါ။ အကျွန်ုပ်တို့ကား တစ်ပြည်တစ်နိုင်ငံသားဖြစ်၍ မျက်နှာငယ်သူ ဖြစ်ပါသည်။ ယခု သိမ်းယူ ပြင်ဆင်ရမည်လည်း မင်းထိုက်နေရာဖြစ်သောကြောင့် အိမ်သိမ်အိမ်ငယ်နှင့် မတန်။ မင်းစိုးတို့နေရာ အိမ်ကြီးအိမ်ကောင်းကိုပင် သိမ်းယူရမည် ဖြစ်ခဲ့သည်။ အကျွန်ုပ် နှစ်သက်သည်ဟူ၍ တစ်စုံတစ်ယောက်သော မင်းစိုးတို့အိမ်ကို သိမ်းယူချေလျှင် ထိုအိမ့်ရှင်မင်းတို့သည် အသိမ်းအယူ မခံ၊ ခိုက်ရန်ကြီးစွာ ပြုကြချေသော် အကျွန်ုပ်တို့ မျက်နှာထားရာ မရရှိမည်ကို စိုးရိမ်ပါသည်”ဟု လျှောက်၏။

မဟောသဓသုခမိန်စကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “သားတော်သုခမိန်။ ငါ အမိန့်တော်ရှိပြီးသည်ကို သင် အဘယ့်ကြောင့် စိုးရိမ်သနည်း။ ထိုသူတို့စကားကို နားမထောင်နှင့်၊ မည်သူ့အိမ်မဆို နှစ်သက်ရာ သင်ယူလေ”ဟုဆို၏။ မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “အရှင်မင်းကြီးအမိန့်တော်နှင့်ပင် အကျွန်ုပ် သိမ်းယူသော်လည်း ထိုအိမ့်ရှင်တို့ မတားမဟန့်ဘဲ မနေရာချေ။ အကျွန်ုပ်လည်း ထိုအိမ့်ရှင်တို့ တားဟန့်သည်ဟူ၍ မနေသာ။ အမိန့်တော်နှင့်ဖြစ်၍ ကြပ်တည်းနိုင်နင်းစွာပင် သိမ်းယူရချိမ့်မည်။ ဤသို့ အကျွန်ုပ်နိုင်နင်းအောင်ပြုလျှင် ထိုအိမ့်ရှင်တို့သည် အရှင်မင်းကြီးထံသွား၍ အကျွန်ုပ်၏အပြစ်ကိုသာရှာလျက် အခါခါအဖန်ဖန် မဟုတ်မမှန်စကားနှင့် လျှောက်ထားလေသော် ထိုအိမ်ရှင်တို့ လျှောက်ဖန်များသဖြင့် အရှင်မင်းကြီး နှလုံးမသာ ရှိမည်ကို စိုးလှပါသည်။ အရှင်မင်းကြီး အလိုတော်ရှိပါမူ မိန့်တော်မူရင်းအတိုင်း လိုရာအိမ်ကို အကျွန်ုပ်တို့ သိမ်းယူပြင်ဆင်၍ ပြီးရုံမျှကာလပတ်လုံး အကျွန်ုပ်တို့လူများကို တံခါးစောင့် ထားရပါလျှင် ထိုအိမ့်ရှင်တို့ကို အလျှောက်အထားမဝင်ရအောင် ဆီးဟန့်နိုင်မည်ဖြစ်၍ အရှင်မင်းကြီးလည်း နှလုံးတော်မသာ မရှိ၊ အကျွန်ုပ်လည်း နှလုံးကျကျ ဆန္ဒရှိရာအိမ်ကို သိမ်းယူဝံ့ပါမည်”ဟု လျှောက်၏။

စူဠနီဗြဟ္မဒတ်မင်းသည် သူ့စိတ်အကြံကို မသိ။ မိမိအကြံကိုသာ လိမ်မိပြီထင်လျက် “ဝိဒေဟရာဇ်မင်း၏ သားတော် သုခမိန်။ ကောင်းပြီ။ တံခါးမှာ သင်က အစောင့်ထား၍ပင် လိုရာအိမ်ကို သိမ်းယူပြင်ဆင်လေတော့”ဟု ဆို၏။ ထိုအခါ ဘုရားလောင်း မဟောသဓသုခမိန်သည် မင်းကြီးနန်းတော်လှေကားမှသည် လှေကားဦးတိုင်အောင်လည်းကောင်း, နန်းတော်တံခါးဝ၌လည်းကောင်း အလုံးစုံသောတံခါးတို့၌ မိမိအခြံအရံ ဗိုလ်ပါအပေါင်းတွင် ရဲရင့်သန်မာသောသူတို့ကို ရွေးကောက်၍ “တစ်စုံတစ်ယောက်သောသူမျှ မဝင်စေနှင့်။ အကြပ်အတည်း ဆီးတားစောင့်ရှောက်ကြ”ဟု မှာထားလျက်၊ အစောင့်အရှောက်ထားပြီးသော် စူဠနီဗြဟ္မဒတ်မင်း၏ မယ်တော်ဖြစ်သော စလာကဒေဝီအိမ်သို့သွား၍ မိမိနေသင့်ရာက နေပြီးလျှင် “အချင်းတို့။ ဤအိမ်ကို ဖျက်အံ့သော အခြင်းအရာကို ပြုချေ”ဟု စေခန့်လိုက်၏။ မင်းချင်းတို့လည်း ထိုစလာကဒေဝီအိမ်၌ တံခါးမုခ်ဦးမှစ၍ တိုက်နံရံ အခင်းအုတ်ချပ်အုတ်လွှာ, ရမတေ, အင်္ဂတေ မြေအခင်းအကျင်းတို့ကို အသီးအသီး ခွာလှန်တွန်းဖယ် ဖျက်ဆီးအံ့”ဟု ပြုကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်း၏မယ်တော် စလာကဒေဝီသည် အိမ်တွင်းတိုက်ခန်း၌နေလျက် အုတ်အုတ်ကျက်ကျက်သော ထိုအသံကိုကြားလေသော် တိုက်ခန်းမှထွက်၍ “အမောင်တို့။ အဘယ့်ကြောင့် ငါ့အိမ်ကိုဖျက်မည် ကြံကြသနည်း”ဟုဆို၏။ မင်းချင်းတို့လည်း “မိခင်။ အကျွန်ုပ်တို့အလိုအတိုင်း မဖျက်ဆီး။ မင်းမဟောသဓသုခမိန်သည် ဤအိမ်၌ မိမိအရှင်ဖြစ်သော ဝိဒေဟရာဇ်မင်းကြီး၏ တည်းနေရန် နန်းတော်ဆောက်လိုသည်ဖြစ်၍ ယခုအလျင်တဆော စေခန့်သောကြောင့် ကျွန်ုပ်တို့ ဖျက်ဆီးမည်လာရသည်”ဟု ဆိုကြကုန်၏။

စလာကဒေဝီလည်း “အမောင်တို့။ ဤငါ၏အိမ်ရာမြေ အကျဉ်းမျှ၌ အခြံအရံ ဗိုလ်ပါများစွာနှင့် ဝိဒေဟရာဇ်မင်း အဘယ်သို့ နေလောက်ပါမည်နည်း”ဟု ဆိုလျှင်၊ မင်းချင်းတို့သည် “မိခင်။ ဤအိမ်ရာနှင့်မဆံ့လျှင် ထက်ဝန်းကျင် အနီးအစပ်ရှိသောအိမ်တို့ကိုလည်း ဖျက်စီးချဲ့ဖွင့်ရတော့မည်”ဟု ဆိုကြကုန်၏။ ထိုစကားကိုကြားလျှင် စလာကဒေဝီသည် “အမောင်တို့။ ငါ့ကို မထင်မရှားမိန်းမ မှတ်ကြသလော။ ငါသည် ဧကရာဇ်မင်းကြီး၏ မယ်တော်တည်း။ သင်တို့ကို အသာတကြည် တောင်းပန်ပြောဆိုပါသည်ကိုလျက် မနာမယူ။ ဆိုလိုရာ ပြောလိုရာနှင့် မထီမဲ့မြင် ပြုကြသည်။ ယခုပင် ငါ၏သားတော်ထံသွား၍ သင်တို့ မခံ့မညား ပြုကြောင်းကို ပြောဆိုအံ့”ဟုဆို၏။ မင်းချင်းတို့လည်း “ရှင်မိဖုရား။ ယခုပင် မဟောသဓသုခမိန်က ဖျက်စေသည်မှာ ဧကရာဇ်မင်းကြီး၏အမိန့်တော်နှင့်ပင် ဖျက်ဆီးစေသည်ဖြစ်၍ ရှင်မိဖုရား မြစ်တားနိုင်ပါမည်လော။ မတားမြစ်နိုင်လျှင်လည်း မတားနှင့် အရှက်အကြောက် ရရုံမျှသာ ဖြစ်မည်။ အသာအကြည်ဆင်းသွား ပြောင်းလွှဲရမည်ကိုသာ ကြံ”ဟု ဆိုကြကုန်၏။

မင်းချင်းတို့စကားကိုကြားလျှင် စလာကဒေဝီမိဖုရားသည် အမျက်ခြောင်းခြောင်းထွက်သဖြင့် “သင်တို့ ငါ့ကို မထီမဲ့မြင်ပြုကြသည့်အကြောင်းကို ယခုပင်သွား၍ ငါ့သားတော်မင်းကြီးအား ကြားသိစေအံ့”ဟု ဆိုလျက် မိမိအိမ်မှ လျင်စွာသွား၍ နန်းတော်တံခါးဝသို့ရောက်လေသော် မဟောသဓသုခမိန်ကထားသော တံခါးစောင့်တို့သည် “မိန်းမကြီး။ မဝင်နှင့်”ဟု တားမြစ်ကြကုန်၏။ စလာကဒေဝီလည်း “အမောင်တို့။ ငါကား အခြားမဟုတ်။ မင်းကြီး၏ မယ်တော်ဖြစ်သည်။ ဝင်ပါရစေ”ဟုဆို၏။ တံခါးစောင့်တို့လည်း “မိန်းမကြီး။ ငါတို့ မသိချေ။ ငါတို့မှာ မင်းကြီးက မည်သူကိုမျှ မဝင်စေနှင့်။ အာဏာတော်ထားသောကြောင့် စောင့်နေရသည်။ သင် သွားလေ”ဟု ဆိုကြလတ်သော်၊ စလာကဒေဝီသည် နန်းတွင်းသို့ဝင်ရာသော အခွင့်ကိုမရ။ တစ်ယောက်မျှလည်း မျက်နှာသိမရှိ ဖြစ်၍၊ မိမိအိမ်သို့ ပြန်သွားရသဖြင့် အိမ်၏အနီး၌ရပ်လျက် မျှော်ကြည့်ကာနေလေ၏။

ထိုအခါ မင်းချင်းတစ်ယောက်သည် “မိန်းမကြီး။ မရှင်းသာမဖယ်သာ အဘယ့်ကြောင့် ဤအရပ်မှာ နေလာသနည်း။ သွားလေ”ဟုဆို၏။ စလာကဒေဝီလည်း “အဘယ့်ကြောင့် သွားရမည်နည်း”ဟုဆိုလျှင်၊ မင်းချင်းတစ်ယောက်သည် “မိန်းမကြီး သွားဆိုသည်ကို အဘယ့်ကြောင့် မသွားသနည်း”ဟု ကြိမ်းမောင်းလျက် နေရာမှထ၍ စလာကဒေဝီ၏လည်ကို ကိုင်ညှစ်သဖြင့် မြေ၌လဲစေ၏။ ထိုအခါ စလာကဒေဝီသည် လဲရာမြေမှထ၍ ဤသို့ကြံ၏။ “ဤသူတို့သည်လည်း ငါ့ကို မင်း၏မယ်တော်မှန်းသိလျက်နှင့် ဤသို့ မလေးမခံ့ ရဲဝံ့စွာပြုကြသည်မှာ စင်စစ်ပင် မင်းမိန့်ရှိသည် ဖြစ်ရာချိမ့်မည်။ ဤသူတို့တွင် ပြောဆိုသော်လည်း အမှုမကုန်ရာချေ။ မဟောသဓထံသွား၍ ပြောဆိုမှ ဖြစ်တော့မည်”ဟု ကြံပြီးလျှင်၊ မဟောသဓသုခမိန်ရှိရာသို့သွား၍ “ချစ်သား သုခမိန်။ အဘယ့်ကြောင့် မိခင်အိမ်ကို ဖျက်ဆီးစိမ့်ဟူ၍ လုလင်မင်းချင်းတို့ကို စေလွှတ်ဘိသနည်း”ဟု ဆို၏။

မိဖုရားကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “မိခင်။ ဝိဒေဟရာဇ်မင်းကြီးနေရန် တဲနန်းဆောက်လုပ်ရမည်ဟု ဧကရာဇ်မင်းကြီးက ခန့်ထားတော်မူသောကြောင့် ကျွန်ုပ် ဖျက်ရပါသည်”ဟုဆို၏။ စလာကဒေဝီလည်း “ချစ်သားသုခမိန်။ မိခင်အိမ်နေရာသာ တဲနန်းတော်ဆောက်ရန် သင့်သည် မဟုတ်ပါ။ ဤကျယ်စွာသောမြို့တွင်း၌ တဲနန်းဆောက်ခြင်းငှာ လျောက်ပတ်သောနေရာသည်လည်း များစွာရှိပါသေး၏။ တစ်ပါးသင့်ရာမှာ ဆောက်စေချင်ပါသည်။ မိခင်အိမ်ရာကို လွတ်ပါစေ။ အလွတ်စားလည်း အသပြာ ၁ သိန်းကို ချစ်သား ယူပါ”ဟု တောင်းပန်၏။

မဟောသဓသုခမိန်သည် “ရှင်မိဖုရား။ ကျွန်ုပ်မှာ အရှင့်အမိန့်တော်နှင့်ဖြစ်၍ တဲနန်းဆောက်ရန် အလျင်လိုလှသည်။ ထိုသို့ပင် အလျင်လိုသော်လည်း အရှင့်မယ်တော်စဉ်လျက် ၁-သိန်းသောဥစ္စာကို ပဏ္ဏာပြု၍ တောင်းပန်လာပေသည်ကို ပယ်၍ကောင်းတော့မည် မဟုတ်။ မိခင် နှုတ်စောင့်ပါမူ ပဏ္ဏာကိုသိမ်း၍ အိမ်ကိုလွတ်စေသဖြင့် တစ်ပါးသင့်ရာမှာ ရှာကြည့်ပြင်ဆင်ရတော့မည်။ မိခင်နှုတ်မစောင့်၍ ပဏ္ဏာဥစ္စာပေးသဖြင့် အိမ်လွတ်ကြောင်းကို သူတစ်ပါးအားပြောချေလျှင် ထိုသူတို့လည်း မိခင်နည်းတူပင် အိမ်ကို မဖျက်ဆီးပါမည့်အကြောင်းနှင့် ပဏ္ဏာတံစိုး ထိုးလာပြန်ချေသော် ကျွန်ုပ်မှာ ဤမြို့ထဲတွင် တဲနန်းတော်ဆောက်ရန် ရှာ၍ရနိုင်တော့မည် မဟုတ်”ဟုဆို၏။

မဟောသဓစကားကိုကြားလျှင် စလာကဒေဝီသည် “ချစ်သားသုခမိန်၊ အဘယ်မှာ ပြောပါအံ့နည်း။ စင်စစ် မိခင်ပြောချေသော် မင်း၏မယ်တော်ဖြစ်လျက် ပဏ္ဏာတံစိုး ထိုးလေသည်ဟု ကျွန်ုပ်အား ရှက်ဖွယ်မဖြစ်ပြီလော။ ထို့ကြောင့် တစ်စုံတစ်ယောက်ကိုမျှမပြောဘဲ နှုတ်စောင့်ပါအံ့။ ဤအသပြာ ၁-သိန်းကိုသာ သိမ်းယူပါ”ဟုဆို၏။ မဟောသဓသုခမိန်သည် “ထိုသို့တပြီးကား ကောင်းပြီ။ မိခင်အိမ်ကို လွတ်စေတော့” ဟုဆို၍ ပဏ္ဏာဥစ္စာကိုသိမ်းလျက် စလာကဒေဝီကိုလွှတ်လိုက်ပြီးသော် မိမိအခြံအရံ မင်းချင်းတို့နှင့်တကွ ကေဝဋ်အမတ်ကြီး၏အိမ်သို့ သွားပြန်လေ၏။

ထိုကေဝဋ်အမတ်ကြီးအိမ်၌လည်း ဘုရားလောင်းသည် သင့်ရာကနေ၍ မင်းချင်းတို့ကိုစေသဖြင့် ရှေးနည်းအတူပင် ပြုကြလတ်သော် ကေဝဋ်အမတ်သည် အမျက်ထွက်လျက် နန်းတော်သို့ အလျှောက်ထသွား၍ တံခါးဝသို့ရောက်လျှင် “တံခါးစောင့်တို့သည် မဝင်နှင့်” ဟု တားမြစ်ကြကုန်သဖြင့်၊ “ငါကား မင်း၏ပုရောဟိတ် အမတ်ကြီးတည်း။ အဘယ့်ကြောင့် သင့်တို့ကား တားမြစ်ကြကုန်သနည်း။ ဝင်အံ့”ဟု ဆိုလျှင် တံခါးစောင့်တို့သည် ကေဝဋ်အမတ်၏ကျောက်ကုန်းကို ဝါးခြမ်းစိတ်ဖြင့် အရေစုတ်ပြတ်အောင်ရိုက်နှက်လျက် “ပုဏ္ဏားကြီး။ မဝင်နှင့်ဆိုသည်ကို အဘယ့်ကြောင့် အနိုင်အထက် ဝင်ချင်ရသနည်း”ဟုဆို၍ တွန်းဖယ်လိုက်ကြကုန်၏။

ကေဝဋ်အမတ်လည်း ဝင်အံ့သောငှာ အခွင့်မရသည်ဖြစ်၍ အိမ်သို့ ပြန်သွားပြီးလျှင် ရှေးနည်းအတူပင်လျှင် မဟောသဓရှိရာသို့သွား၍ ၁-သိန်းသော ဥစ္စာပဏ္ဏာ တံစိုးထိုးလျက် မဖျက်မဆီးမည့်အကြောင်းကို တောင်းပန်သဖြင့် မဟောသဓသုခမိန်သည် ရှေးနည်းအတူပင်လျှင် နှုတ်ပိတ်၍၊ အသပြာ၁-သိန်းကို သိမ်းယူလျက် ကေဝဋ်အမတ်ကြီးကို လွှတ်လိုက်ပြီးသော် ထိုပဉ္စာလရာဇ်ပြည်၌ ဆွေတော်မျိုးတော်, မှူးတော်မတ်တော်မှစ၍ စည်းစိမ်ဥစ္စာ များစွာ ပြည့်စုံကုန်သောသူတို့၏အိမ်တို့ကို လှည့်လည်၍ ရှေး၌ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဖျက်ဆီးအံ့ဟုပြုလျက် တံစိုးဥစ္စာ ပဏ္ဏာလက်ဆောင်တို့ကို ယူလေ၏။ ထိုသို့ပြုသဖြင့် ရအပ်သော ဥစ္စာပေါင်းကား အချိန် ၉-ကုဋေခန့် ရှိ၏။ ဤသို့ ၉-ကုဋေခန့်ရှိသော ဥစ္စာတို့ကိုရပြီးသော် မဟောသဓသုခမိန်သည် နန်းတော်သို့ဝင်၍ မင်းကြီးအား ခစားလေ၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် “သုခမိန်။ သင်သည် တဲနန်းရာရှာကြည့်၍ ရခဲ့ပါ၏လော”ဟုမေး၏။ မဟောသဓသုခမိန်လည်း “အရှင်မင်းကြီး။ ဤသို့သောမြို့တော်တွင် တဲနန်းရာရှာ၍ ရနိုင်တော့မည်မဟုတ်ပါ။ ထိုသို့ရသော်လည်း အဖိုးများစွာထိုက်သော အိမ်ကောင်းရာကောင်းချည်းဖြစ်ခြင်းကြောင့် အိမ့်ရှင်တို့လည်း အိမ်ကိုစုံမက်ခြင်းနှင့် နှလုံးမသာ မျက်နှာမရွှင် ပင်ပန်းခြင်းဖြစ်ကြသဖြင့် အကျွန်ုပ်လည်း ထိုအိမ်ရှင်တို့ကို ထောက်ညှာသနား၍ပင် မဖျက်မဆီးရက်နိုင် ရှိပါသည်။ ထို့ကြောင့် ဤမြို့တော်ထဲတွင် မဆောက်မူ၍ မြို့တော်နှင့် ဂင်္ဂါမြစ်အကြားတွင် ဤမြို့တော်မှ တစ်ဂါဝုတ်ခန့်ကွာသော ဤမည်သောအရပ်၌ အကျွန်ုပ်တို့အရှင် ဝိဒေဟရာဇ်မင်းကြီးနေရာ မြို့နန်းကို လွတ်လွတ်မှာပင် တည်ဆောက်ချင်ပါတော့သည်”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် ဤသို့ကြံ၏။ “ဤမြို့တွင်း၌ ဝိဒေဟရာဇ်မင်းကို နေစေသည်ထက် မြို့ပြင်၌နေစေရသော် နောင် အဖမ်းအယူ လွယ်၏။ ဤမြို့တွင်း၌ဖြစ်မူ နောင် ဖမ်းယူသောအခါ သူ့လူ, ငါ့လူမှန်း မသိသဖြင့် အဖမ်းအယူ ခဲယဉ်းတော့မည်။ ထို့ကြောင့် မြို့ပြင်၌ပင်နေစေ၍ မဟောသဓနှင့် ဝိဒေဟရာဇ်မင်းကြီးကို ဖမ်းယူထောင်းသတ် ကွပ်မျက်ခြင်းကိုပြုအံ့”ဟု ကြံလျက်၊ နှစ်သက်ဝမ်းမြောက်စွာ “သုခမိန်။ သင်လျှောက်ချက်အတိုင်း ကောင်းပြီ။ အလိုရှိရာ မြို့နန်း တည်ဆောက်လေလော့”ဟုဆို၏။

မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “အရှင်မင်းကြီး။ ထိုမြို့ပြင်အရပ်၌ အကျွန်ုပ်တို့ မြို့နန်းတည်ဆောက်သောအခါ သစ်, ထင်း, ရေ, ဟင်းသီးဟင်းရွက် စသည်အလို့ငှာ လှည့်လည်သွားလာကြကုန်သော မြို့သူမြို့သားတို့ကို အကျွန်ုပ် ဆောက်လုပ်စီရင်ရာသို့ မလာမသွားရအောင် အာဏာထားတော်မူပါ။ စင်စစ် ထိုသူတို့ လာချေသည်ရှိသော် အကျွန်ုပ်တွင်လည်း လူအများဖြစ်၍ စိတ်ပျိုကိုယ်နု နှုတ်လျင်လက်လျင် သူတို့နှင့်တွေ့ကြိမ်သဖြင့် ခိုက်ကြီးရန်ကြီးဖြစ်ခဲ့လျှင် ထိုသူမလိမ္မာတို့ကြောင့် အရှင့်ကို မခံမညားရာ ရောက်တော့မည်။ အရှင်မင်းကြီးလည်း နှလုံးတော်မသာ ရှိပြန်တော့မည်။ ထို့ကြောင့် ပြည်သူပြည်သားတို့ကို အကျွန်ုပ်တို့နေရာသို့ အသွားအလာ ဆင်ခြင်ပါစေ”ဟုလျှောက်၏။ စူဠနီဗြဟ္မဒတ်မင်းသည် ထိုစကားကိုကြားလျှင် “သုခမိန်။ ကောင်းပြီ။ မြို့သူမြို့သားတို့ကို သင်တို့ရှိရာသို့ အသွားအလာ ဖြတ်စေအံ့”ဟု ဆို၏။

မဟောသဓသုခမိန်သည် တစ်ဖန် “အရှင်မင်းကြီး။ အကျွန်ုပ်တွင်ပါသော ဆင်အပေါင်းတို့သည်လည်း ရေထဲ၌သာလျှင် မွေ့လျော်ကုန်၏။ ထိုဆင်တို့သည် မြစ်၌ကစား၍ ရေနောက်ခဲ့သော် “မဟောသဓ လာသောအခါမှစ၍ ရေကြည်ကိုပင် ငါတို့ မသောက်,မချိုးရကုန်”ဟု မြို့သူမြို့သားတို့သည် အကျွန်ုပ်ကို အမျက်ထွက်ကြရာ၏။ ထိုအမျက်ကိုလည်း သည်းခံကြပါစေ။ အရှင်မင်းကြီး။ ရှေးဦးရှင်းမှ နောက်လင်းမည်ဖြစ်၍သာ အကြောင်းရှိသမျှကို လျှောက်ထားရပါသည်”ဟု လျှောက်၏။ ထိုစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “သုခမိန်။ မစိုးရိမ်လင့်။ သင်၏ဆင်တို့ကို အလိုရှိတိုင်းပင် မြစ်၌ ကစားစေတော့”ဟု ဆို၍၊ မြို့၌ စည်လည်စေ၏။

“ငါ၏ မြို့သူမြို့သားအပေါင်းတို့။ တစ်စုံတစ်ယောက်မျှ မည်သည့်အကြောင်း ရှိသည်ဟူ၍ မဟောသဓ မြို့နန်းတည်ရာသို့ မသွားကြနှင့်။ သွားသည်ဟူ၍ ငါ ကြားတော်မူရလျှင် ရာဇဒဏ်အချက် ၁၀၀၀-ခံကြရမည်”ဟု စည်လည်စေ၏။

မဟောသဓသုခမိန်သည်လည်း စူဠနီဗြဟ္မဒတ်မင်းကြီးအား ရှိခိုးပန်ကြားပြီးလျှင် မိမိအခြံအရံ ဗိုလ်ပါနှင့်တကွ မြို့ပြင်သို့ထွက်၍ “ပိုင်းခြားမှတ်သားခဲ့သောအရပ်၌ မြို့တည်အံ့ဟု သွားပြီးသော် မိမိမြို့မှပါသော ဆင်,မြင်း, နွားလားတို့ကို ရေစာအမှီအတည်း လွယ်စေခြင်းငှာ ဂင်္ဂါမြစ်နား၌ ရွာကြီးတစ်ခု တည်ဆောက်၍ ဆင်, မြင်း, နွားလားတို့ကို အထိန်းအကျောင်းနှင့်တကွ ထား၏။ ထိုရွာသည်ကား လက်အတတ်ပညာသည်, စစ်သည်ဗိုလ်ခြေတို့ကို အမှုနှင့်လျော်စွာ ဝေစုခွဲခန့်ရာဖြစ်သောကြောင့် ဝဂ္ဂလိအမည်ရှိ၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် ထိုစစ်သည်ဗိုလ်ခြေတို့ကို စုရုံးပြီးလျှင် ဥမင်ကွေ့၊ မြို့နန်း၊ ကျုံးခြောက်, ညွန်ကျုံး, ရေကျုံးအားဖြင့် ကျုံး ၃-ထပ်၊ ဥမင်ကြီး အစရှိသောအားဖြင့် အလုံးစုံ ပြုရာဆောင်ရာသည်တို့ကို အတောင်အတာပမာဏနှင့်တကွ နေရာကွက်မှတ်ခင်းကျင်းလျက် လျော်ရာ အသီးအသီး အကြီးအကြပ်ထား၍ စီရင်ခွဲခန့်၏။ ထိုဗိုလ်ခြေအပေါင်းတို့လည်း စီရင်ခွဲခန့်သည့်အတိုင်း ထိုက်လျော်ရာအမှုတို့ကို တညီတညွတ်တည်း အသီးအသီးဆောင်ရွက်ကြကုန်၏။ ထိုဆောင်ရွက်ကြသောအမှု အစုစုအရပ်ရပ်တို့တွင် လူဗိုလ်အရေအတွက် ၆-သောင်းတို့မှာ ဂင်္ဂါမြစ်နားမှသည် တည်လတ္တံ့သော မြို့တွင်းဥမင် တံခါးဝထားရာတိုင်အောင် အရှည် ၂-ဂါဝုတ်ခန့်ရှိသော ဥမင်ကြီးကို တူးဖောက်လုပ်ဆောင်ကြရကုန်၏။

ထိုဥမင်ကြီးမှ ပေါက်တူးစာသဲမြေမှုန့်တို့ကို သားရေအိတ်ဖြင့် ကျုံးယူထုတ်၍ ဂင်္ဂါမြစ်၌ချပြီးလျှင် ဆင်တို့ဖြင့် နင်းနယ်မွှေနှောက်စေ၏။ ထိုအခါ ဂင်္ဂါမြစ်ရေသည် နောက်နောက်ကျိကျိစီး၏။ မြို့သူမြို့သားအပေါင်းတို့သည် ရေနောက်ကိုသာ သောက်ကြရကုန်သဖြင့် “မဟောသဓ လာသည်မှစ၍ ငါတို့သည် ရေကြည်ကိုပင် မသောက်ရကုန်။ ဤမြစ်ရေသည် မနောက်စဖူး အဘယ့်ကြောင့် နောက်လေသနည်း”ဟု ဆိုကြကုန်၏။ ထိုမြို့သူမြို့သားတို့ ဆိုမြည်ကြသောစကားကို မဟောသဓသုခမိန်က သူလျှိုထားသောအမတ်တို့ ကြားလေသည်ရှိသော် “အချင်းတို့။ အဘယ့်ကြောင့် မနောက်မကျိ ရှိနိုင်မည်နည်း။ မဟောသဓတွင်ပါသော ဆင်အပေါင်းတို့သည် မြစ်ညာ၌ ကျွန်း, သောင်, ကမ်းပါးပြတ်တို့ကို ဖြိုနင်းတိုးဝှေ့၍ မြစ်၌ကျစေလျက် ရေကစားကုန်သည်ဟု ငါတို့ကြား၏။ ထို့ကြောင့် ရေနောက်သည် ဖြစ်မည်”ဟု ဆိုကြကုန်၏။

“ဗောဓိသတ္တာနံ အဓိပ္ပါယော နာမ သမိဇ္ဈတိ”ဟူသော ပါဌ်နှင့်အညီ ဘုရားလောင်းတို့အလိုရှိလျှင် မပြီးသောမည်သည် မရှိ။ ပြီးသည်သာဖြစ်၍ ထိုဥမင်တူးရာ မြေထဲ၌ အတူးအဖောက် အနုတ်အဖြတ်ခဲခက်သော ရေညွန်, ကျောက်လုံး, ကျောက်တုံး, သစ်မြစ်ကြီးဟူသမျှတို့သည် ပါရမီတော် ဘုန်းတော်ကြောင့် အလိုတော်ကိုသိသကဲ့သို့ လွတ်ရာမြေအောက်သို့သာလျှင် လျှိုးငုပ်တိမ်းဖယ်ကြကုန်၏။ ထိုဥမင်ကြီး မုခ်တံခါးဝကိုကား ဂင်္ဂါမြစ်နား၌လည်းကောင်း, တည်လတ္တံ့သောမြို့တွင်း၌လည်းကောင်း ထား၏။ ထိုမြို့တွင်း ဥမင်ကြီးတံခါးဝမှ စူဠနီဗြဟ္မဒတ်မင်း၏ နန်းတော်လှေကားခုံ တိုင်အောင်လည်း အရှည်တစ်ဂါဝုတ်ခန့်သော ဥမင်ကွေ့ကို တူးစေ၍ ပေါက်တူးစာမှုန့်တို့ကို သားရေအိတ်ဖြင့် ကျုံးယူထုတ်စေပြီးလျှင် မြို့လုပ်ခန့်စီရင်သူတို့အား ထိုပေါက်တူးစာမြေကို ရေဖြင့်နယ်၍ အမြင့် ၁၈-တောင်ရှိအောင် မြို့တည်စေ၏။ ထိုမှတစ်ပါးလည်း ခန့်ထားတိုင်းအသီးအသီးဆိုင်ရာ လုပ်ကြကုန်၏။

ထိုမြို့ကား ပဉ္စာလရာဇ်ပြည်၏အနီး၌ ကပ်၍တည်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ဝိဒေဟရာဇ်မင်း၏ ကျေးဇူးကိုဆောင်ရွက်ရာ ဖြစ်ခြင်းကြောင့်လည်းကောင်း ဥပကာရီမြို့ဟု ကမ္ပည်းမော်ကွန်း ထိုး၏။

ဥမင်ကွေ့ တံခါးသည်ကား စူဠနီဗြဟ္မဒတ်မင်း၏ နန်းတော်လှေကားခုံအောက်မှဝင်လျက် ဥပကာရီမြို့ထဲ၌ ဥမင်ကြီးတံခါးဝဖြင့်ထွက်၏။ ထိုဥမင်ကြီး၌ သင့်ရာသင့်ရာ ယန္တရားစက်နှင့်တကွ ချစီရင်အပ်သော တံခါးပေါင်းကား တံခါးမ ၈၀, တံခါးငယ် ၆၄-ခု, ဆီမီးတိုင်တံခါး ၁၀၁, မင်းနေရာတိုက်တံခါး ၁၀၁ ရှိ၏။

တံခါးမ ၈၀-တို့ကား အစောက်အားဖြင့် ၁၈-တောင် မြင့်ကုန်၏။ အဖွင့်အပိတ်အားဖြင့် ယန္တရားစက် ၂-သွယ်ကို ထိုတံခါးငယ်, တံခါးမတို့၌ တစ်စပ်တည်းထားခြင်းကြောင့် ပွင့်စေခြင်းငှာ တစ်ခုသောတံခါးဘောင်၌ အတွင်းကနေ၍ ဖွင့်စက်ကိုနင်းလျှင် ထိုတံခါးငယ်, တံခါးမတို့သည် တစ်ပြိုင်နက်တည်း ပွင့်ကုန်၏။ ပိတ်စေလို၍ ပိတ်စေတတ်သောစက်ကိုနင်းလျှင်လည်း တစ်ပြိုင်နက်တည်း ပိတ်ကုန်၏။ ဥမင်ကြီးတံခါးမုခ်ဝ ဂင်္ဂါမြစ်နား၌လည်း လက်ထပ်နန်း ဆောက်လုပ်စေ၏။ ထိုဥမင်ကြီး၏ နံရံ ၂-ဘက်တို့၌ ပန်းရန်သမားတို့ကို အုတ်,အင်္ဂတေတို့ဖြင့် အပြေအပြစ်ပြုစေ၏။ အပေါ်အမိုး၌ကား လက်သမားဗိသုကာတို့ကို ခိုင်ခံ့ထူထပ် ပြေပြစ်ကောင်းမွန်စွာ သစ်ပျဉ်ဖြင့် စီရင်လုပ်ဆောင်စေ၏။ အရာအထောင်မကသော လေသာရောင်လင်းပြတင်းတို့လည်း ကြာပဒုမ္မာပွင့်သဏ္ဌာန် အုတ်,အင်္ဂတေတို့ဖြင့် အပေါက်စီရင်စေ၏။ ၈၀-သော တံခါး, လိုဏ်ဝတို့၌လည်း အုတ်,အင်္ဂတေ, သစ်ပျဉ်တို့ဖြင့် စမုတ်ထုတ်စီရင်စေ၏။

ထိုတံခါးဝတစ်ခုတည်းကိုသာ ပိတ်စေ, ပွင့်စေလို၍ တံခါးရွက်ကို ဆွဲငင်ငြားသော်လည်း မပိတ်မပွင့်နိုင်ကုန်။ လိုရာစက်ကို နင်းမှသာလျှင် တစ်ပြိုင်နက်တည်း ပိတ်ကုန်ဖွင့်ကုန်၏။ ထိုဥမင်ကြီးတွင် အတွင်းနံပါး ၂-ဘက်တို့၌ ၁၀၁-ပါးသော မင်းတို့၏နေရာ တိုက်ခန်း ၁၀၁-ခု ဖွဲ့စီရင်စေ၏။ တစ်ခုတစ်ခုသော တိုက်ခန်း၌ အထူးထူးအပြားပြားဆန်းကြယ်သော အခင်းတို့ကိုခင်း၍ ဆောက်စိုက်အပ်သော ထီးဖြူ၊ မင်းနေရာ, ကောင်းမြတ်သောအခင်းနှင့်တကွ ရာဇပလ္လင်တစ်ခုစီ ပြုလုပ်စီရင်စေ၏။

ထိုထီးဖြူအောက် မင်းနေရာတစ်ခုတစ်ခု၌လည်း အရွယ်အဆင်းနှင့်ပြည့်စုံသော သတို့သမီး၏ သဏ္ဌာန်ပီပြင်စွာ အရုပ်ထုလုပ်စေပြီးလျှင် ပန်းချီသမားတို့ကို ဆေးခြယ်စေ၍ တစ်ခုစီထား၏။ ထိုမိန်းမရုပ်တို့ကား မျက်စိဖြင့်မြင်ကာမျှကို မဆိုနှင့်ဦး။ လက်ဖြင့်စမ်းသပ်၍မျှလည်း အရုပ်ဖြစ်သည်ဟု တစ်ရံသူတို့ မသိနိုင်ကုန်။ အသက်ရှိသောသတို့သမီးဟူ၍သာ ထင်ကြကုန်၏။

ဥမင်ကြီး, ဥမင်ကွေ့တို့၏ အမိုး,နံရံတိုက်ခန်း စသည်တို့၌လည်း ပန်းချီသမားတို့ကို စကြဝဠာတိုက်နေဟန် မြင်းမိုရ်တောင်ကို သီတာ ၇-တန် သတ္တရဗ္ဘန်တောင် ၇-လုံးတို့သည် ၇-ခွေ ၇-ထပ် ပတ်ရစ်၍နေဟန်၊ ဆားငန် သမုဒ္ဒရာရေပေါ်၌ ကျွန်းငယ် ၂၀၀၀-နှင့်တကွ ကျွန်းကြီး ၄-ကျွန်းတို့၏ နေဟန်၊ ဟိမဝန္တာတောင်, အိုင်ကြီး ၇-အိုင်တို့၏နေဟန့၊ အနာဝတတ်အိုင်၌ တောင် ၅-လုံးရံလျက် ပြွန် ၄-ဝမှထွက်သော အာဝဋ္ဋဂင်္ဂါ၊ သီဒါ ၁၂-ခွေနှင့်တကွ ဆေးဒန်းမြင်းသီလာ ကျောက်ဖျာနေဟန် မြင်းမိုရ်တောင် တံခါး ယုဂန္ဓိုရ် တောင်ဖျားနှင့်အမျှ ကျွန်းကြီး ၄-ကျွန်းထိပ်ပေါ်၌ နေ, လ, နက္ခတ်, တာရာတို့ လှည့်လည်ထွန်းပဟန်၊ စာတုမဟာရာဇ်, တာဝတိံသာ အစရှိသော နတ်ပြည် ၆-ထပ်တို့၏ တည်နေဟန်၊ ဤသို့စသောအားဖြင့် လောကတန်ဆာ အလုံးစုံတို့ကို အနေအထား သိုက်မြိုက်တင့်တယ်စွာ ရေးခြယ်စေ၏။ တံခါးမုခ်ဝတို့၌လည်း အဆန်းအကြယ် ရေးခြယ်စေ၏။ ဥမင်ကြီးတံခါးမုခ်ဝ ဂင်္ဂါမြစ်နား လက်ထပ်နန်းတော်၌လည်း အဆန်းအကြယ်ရေးခြယ်စေ၏။ လေသာရောင်လင်း ပြတင်းအပေါင်းတို့ကို တင့်တယ်စွာရေးခြယ်စေသဖြင့် ပဒုမ္မာကြာသည် အခါအချိန်သင့်၍ တစ်ပြိုင်တည်းပွင့်သကဲ့သို့ ထင်ကုန်၏။

ထိုဥမင်ကြီး ဥမင်ကွေ့တို့၏ အတွင်း၌ အရာအထောင်မကသော ဆီမီးတို့ကိုလည်း ညဉ့်နေ့မပြတ် ထွန်းစေကုန်၏။ ဥမင်ကြီးအတွင်း၌ ရောင်းပွဲ,ဝယ်ပွဲ ဈေးနာတို့ကိုလည်း ခင်းကျင်းရောင်းဝယ်စေ၏။ နံ့သာဆိုင်း, ပန်းဆိုင်းဆွဲခြင်း, သဲဖြူးခြင်းစသည်တို့ဖြင့် ဥမင်ကို သုဓမ္မာဇရပ်ကဲ့သို့ နှလုံးမွေ့လျော်ဖွယ် တန်ဆာဆင်စေ၏။

လက်သမား ၃၀၀-နှင့် မြစ်ညာသို့စေခန့်လိုက်သော အာနန္ဒာအမတ်သည်လည်း မိမိဆောင်ရွက်ရန် ကိစ္စပြီးသဖြင့်၊ ၃၀၀-သော လှေတို့၌ သစ်ပျဉ်အပြည့်တင်၍ လက်သမား ၃၀၀-နှင့်တကွ ဘုရားလောင်းရှိရာသို့ ရောက်လာကြလေကုန်၏။

မဟောသဓသုခမိန်သည် ထိုလှေတို့၌ပါသော သစ်ပျဉ်တို့ကို ဥပကာရီမြို့သို့တင်ပို့စေပြီးလျှင် အာနန္ဒာအမတ်ကိုခေါ်၍ “အာနန္ဒာ။ သင်သည် ဤလှေ, ဤလူတို့နှင့်ပင် မြစ်ညာသို့ဆန်သွားသဖြင့် လှေ၃၀၀-တို့ကို ပဉ္စာလရာဇ်တိုင်းသားတို့ မမြင်မသိရအောင် ပုန်းရှောင်၍ နေလေဦး။ ငါက အခေါ်အဆောင် စေလွှတ်လိုက်မှ ဤလှေ ၃၀၀-နှင့် ငါ့ထံ အလျင်တဆာရောက်အောင် သင် လာခဲ့ရမည်”ဆို၍ အာနန္ဒာအမတ်ကို မြစ်ညာသို့ပင် လွှတ်လိုက်ပြန်၏။

ဥပကာရီမြို့၌ကား ကျုံးခြောက် ညွန်ကျုံး, ရေကျုံးအားဖြင့် ကျုံး ၃-တန်တို့ကိုလည်း မြို့ထက်ဝန်းကျင်၌ တူးစေ၏။ တုတ်ခတ်၍ မြေဖို့ကာ ရေလောင်းကာ အထပ်ထပ်တည်းသော မြေတောင်မြို့တံတိုင်းကား ၁၈-တောင် အမြင့်ရှိ၏။ ထိုမြို့၌ မုခ်တံခါး, ပစ္စင်, ရင်တား, ပြ, တန်ဆောင်းအစရှိသော မြို့၏အဆောက်အအုံတို့ကိုလည်း ပြီးစေ၏။ ထိုမြို့တွင်း၌ မင်းကြီးနေရာ နန်းတော်ကိုလည်း ရာဇပလ္လင်ဥကင် ထီးဖြူနှင့်တကွ အလုံးစုံမကျန်မကြွင်းရအောင် ဆောက်လုပ်စီရင်စေပြီး၍၊ ဆင်တင်းကုပ်စသည်တို့ကိုလည်း ဆောက်လုပ်စီရင်စေ၏။ နန်းတော်နှင့်မနီးမဝေး သင့်ရာအရပ်၌ ရေကန်တစ်ခုကိုလည်း တူးစေ၏။

ဤသို့ ဆိုအပ်ခဲ့ပြီးသော ဥမင်ကြီး, ဥမင်ကွေ့, မြို့, ကျုံး, နန်း, ရေကန်တို့သည် အလုံးစုံအဆောက်အဦနှင့်တကွ ၄-လတိုင်လျှင် အပြီးသို့ရောက်လေ၏။

အလုံးစုံ ဆောင်ရာသောကိစ္စပြီး၍ ၄-လလွန်လတ်သော် ဘုရားလောင်း မဟောသဓသုခမိန်သည် ဝိဒေဟရာဇ်မင်းကြီးထံသို့ စေလွှတ်အံ့သောငှာ “အရှင်မင်းကြီး။ ကပိလတိုင်း မာတုလပြည်၌ အရှင်မင်းကြီးစံတော်မူရာ လက်ထပ်တဲနန်းကို အကျွန်ုပ် ဆောက်လုပ်စီရင်၍ ပြီးစေပါပြီ။ ယခု ဤပြည်သို့ ကြွချီတော်မူချိန် သင့်ပါတော့သည်”ဟု စာနှင့် အမတ်တစ်ယောက်ကို ဝိဒေဟရာဇ်မင်းကြီးထံသို့ စေလွှတ်လိုက်၏။

ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန်က လျှောက်သောစကားကိုကြားလျှင် အလွန်နှစ်သက် ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍၊ မကြာမြင့်မီပင်လျှင် များစွာသော မှူးမတ် ဗိုလ်ပါအပေါင်းခြံရံလျက် အမတ်သုခမိန် ၄-ယောက်နှင့်တကွ မိထိလာပြည်မှထွက်ချီသဖြင့် အလွန်ဝပြောစည်ပင်စွာသော ကပိလတိုင်း မာတုလမြို့သို့ ရှေးရှုခရီးစဉ်အတိုင်းသွား၍၊ ဂင်္ဂါမြစ်နားသို့ ရောက်လေ၏။

(ဤစကားသည် မာတုလမြို့ဟူသည်ကား ဥတ္တရပဉ္စာလရာဇ်မြို့၏ အမည်ပင်တည်း။)

ဝိဒေဟရာဇ်မင်းကြီး ဂင်္ဂါမြစ်နားသို့ရောက်သောအခါ မဟောသဓသုခမိန်သည် ခရီးဦးကြိုဆို၍ ဝိဒေဟရာဇ်မင်းကြီးကို ဥပကာရီမြို့တွင်းသို့ ဥမင်ကိုမမြင်မသိစေဘဲလျက် မှူးမတ်အခြအရံနှင့်တကွ ပင့်ဆောင်လေ၏။ ဝိဒေဟရာဇ်မင်းကြီးသည် ထိုဥပကာရီမြို့နန်းတော်၌ အထူးထူးအပြားပြား ကောင်းမြတ်သော ဘောဇဉ်ခဲဖွယ်တို့ကို သုံးဆောင်တော်မူပြီး၍ အတန်ငယ်အိပ်စက်လျက် အညောင်းဖြေပြီးသော် ညချမ်းသောအခါ မိမိရောက်ကြောင်းကို စူဠနီဗြဟ္မဒတ်မင်းအား ကြားလို၍-

“တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းအပေါင်းတို့ကို အစိုးရတော်မူသော ပဉ္စာလရာဇ်တိုင်းကြီးသခင် အရှင်မင်းမြတ်။ အကျွန်ုပ်သည် ဝေးလှစွာသော မိထိလာပြည်မှ အရှင်ဧကရာဇ်မင်းမြတ်၏ ခြေတော်စုံကို ရှိခိုးအံ့သောငှာ အမှာတော်ရှိတိုင်း ယခု ရောက်ပါသည်။ အကျွန်ုပ်အား အထိန်းအကြပ် ရွေဖော် သတို့သမီးအပေါင်းခြံရံလျက် ရွှေဝတ်ရွှေတန်ဆာတို့နှင့် တင့်တယ်စွာသောသမီးတော်ရတနာကို ဆောင်နှင်ပေးအပ် လက်ထပ်ထိမ်းမြားတော် မူစေချင်ပါသည်”ဟု အမတ်တစ်ယောက်ကိုစေလွှတ်၍ စူဠနီဗြဟ္မဒတ်အား လျှောက်ကြားစေ၏။

(ဤအရာ၌ ဝိဒေရာဇ်မင်းကြီးသည် အရွယ်အသက်အားဖြင့် စူဠနီဗြဟ္မဒတ်မင်းထက် အလွန်ကြီး၏။ စူဠနီဗြဟ္မဒတ်မင်းသည်ကား မိမိသားနှောင်းမျှသာ အရွယ်ရှိ၏။ ထိုသို့ မိမိ အရွယ်ကြီးသည်ဖြစ်၍ စူဠနီဗြဟ္မဒတ်မင်းအား ရှိမခိုးထိုက်ဘဲလျက် ဥမ္မတ္တက ၈-ပါးတွင် ကာမုမ္မတ္တကဖြစ်ခြင်းကြောင့် အထိုက်အလိုက်ကို မဆင်ခြင်နိုင်သဖြင့် “သမက်ဖြစ်ချေက ယောက္ခမကို ရှိခိုးထိုက်ပေသည်”ဟူသောအမှတ်ဖြင့်သာလျှင် ဤသို့သောစကားဖြင့် လျှောက်စေသတည်း။)

စူဠနီဗြဟ္မဒတ်မင်းသည် ထိုတမန်စကားကိုကြားလျှင် “ယခု ငါ၏ရန်သူဖြစ်သော ဝိဒေဟရာဇ်မင်းကြီး မဟောသဓတို့သည် ငါ့လက်တွင်းသို့ရောက်လာပြီ။ ထိုသူ၂-ယောက်တို့ကို ဖမ်းယူကွပ်မျက်၍ အောင်သေသောက်ခြင်းသဘင်ကြီးကို ပြုအံ့”ဟုကြံလျက်၊ ရွှင်လန်းဝမ်းမြောက်စွာ ထိုတမန်အမတ်အား ပြုရာဆောင်ရာသော ဝတ်ကိုပြုပြီးလျှင် “သွာဂတန္တေဝ ဝေဒေဟ”အစရှိသော ဂါထာခွဲဖြင့် ထိုအမတ်တွင်ပင် ပြန်ကြားလိုက်၏။

အဓိပ္ပာယ်ကား-

“ဝိဒေဟရာဇ်မင်းကြီး။ ယခု ငါ၏ပြည်တော်သို့ အမျိုးတောင်းလို၍ သင်ရောက်သည်ဟု ငါကြားတော်မူရလျှင် အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ရှိသည်နှင့်အညီ သင့်အား အပြစ်မရှိ။ ကောင်းသောလာခြင်း ဖြစ်စေခြင်းငှာ သင်တောင်းအပ်သောဆုကို ငါ ပေးတော်မူမည်။ ပုရောဟိတ်သုခမိန်တို့အား နက္ခတ်ကောင်းသည့် နေ့ရက်ကိုသာ ရွေးချယ်စစ်ဆေး မေးလေတော့”ဟု မှာကြားလိုက်၏။

တမန်အမတ်လည်း ဝိဒေဟရာဇ်မင်းကြီးထံ ပြန်ခဲ့ပြီးလျှင် စူဠနီဗြဟ္မဒတ်မင်း မှာလိုက်တိုင်းလျှောက်လို၍- “အရှင်မင်းကြီး။ စူဠနီဗြဟ္မဒတ်မင်းသည် အရှင်မင်းကြီးအား နှစ်သက်မြတ်နိုးစွာလည်း မေးမြန်းတော်မူ၏။ မိမိ၏သမီးတော်ကိုလည်း ပေးထိမ်းမြားလိုသောဆန္ဒ အားကြီးဟန်ရှိ၏”ဟု လျှောက်ထား၏။

ဝိဒေဟရာဇ်မင်းကြီးသည် တမန်အမတ်စကားကိုကြားလျှင် လွန်စွာနှစ်သက်ခြင်းဖြစ်သဖြင့် ပညာရှိပုရောဟိတ်တို့ကိုခေါ်၍ နက္ခတ်ကောင်းသည့်နေ့ရက်ကို ရွေးချယ်စေ၏။ ပညာရှိပုရောဟိတ်တို့လည်း နက္ခတ်ကောင်းသော နေ့ရက်စန်းလဂ်အခါကို ဆင်ခြင်ပြီးလျှင် မင်းကြီးအား “အရှင်မင်းကြီး။ ယနေ့ညအချိန်ပင် နက္ခတ်ကောင်းသောအခါ ရပါသည်”ဟု လျှောက်ကြားကြကုန်၏။

ဝိဒေဟရာဇ်မင်းကြီးသည် ပုရောဟိတ်တို့စကားကိုကြားလျှင် ဝမ်းမြောက်ခြင်းဖြစ်သဖြင့် တစ်ဖန် တမန်အမတ်ကိုခေါ်၍ “၁၀၀-သော ထီးဆောင်မင်းအပေါင်းတို့သခင် ဖြစ်တော်မူသော ဧကရာဇ်မင်းကြီး အမှာတော်ရှိလိုက်တိုင်း နက္ခတ်ကောင်းသောနေ့ရက်ကို ရွေးချယ်စေလျှင် ယနေ့ပင် အခါရကြောင်းကို ပညာရှိတို့ ထွက်ဆိုပါသည်ဖြစ်၍ ယခုညပင် အကျွန်ုပ်အား သမီးတော်နှင့် ထိမ်းမြားမင်္ဂလာကို ဆောင်တော်မူစေချင်ပါသည်”ဟု အလျှောက် အထားစေလွှတ်လိုက်ပြန်၏။

တမန်အမတ် လျှောက်ထားလာသောစကားကို စူဠနီဗြဟ္မဒတ်မင်းကြီးကြားလျှင် “ဒဒါမိ ဒါနိ တေ ဘရိယံ” အစရှိသော ဂါထာဖြင့် ထိုအမတ်တွင်ပင် ပြန်ကြားလိုက်၏။

အဓိပ္ပာယ်ကား-

“ဝိဒေဟရာဇ်မင်းကြီး၊ နက္ခတ်ကောင်းသော အခါရလျှင် မှူးမတ်ဗိုလ်ပါ အခြံအရံနှင့်တကွ လက်ထပ်နန်းသို့ ယခု ငါ ထွက်တော်မူ၍၊ သင့်အား သမီးတော်နှင့် ထိမ်းမြားတော်မူမည်”ဟု လှည့်ပတ်သောစကားဖြင့် မှာထားလိုက်၏။

ထို တမန်အမတ်လည်း ဝိဒေဟရာဇ်မင်းကြီးထံပြန်သွား၍ မှာလိုက်သောစကားကို လျှောက်ထားလျှင် ဝိဒေဟရာဇ် မင်းကြီးသည် နှစ်သက်မျိုးမက နှစ်သက်ခြင်းသို့ ရောက်လေ၏။

စူဠနီဗြဟ္မဒတ်မင်းသည် ဝိဒေဟရာဇ်မင်းကြီးအား မဟုတ်မမှန်သောစကားဖြင့် မှာထားလိုက်ပြီးသော် ထီးဆောင်းမင်းအပေါင်းမှစ၍ မှူးမတ်, ဗိုလ်မှူး, စစ်ကဲ, စစ်ကြပ်တို့ကိုခေါ်၍ စကားအမှတ်ပေးပြီးလျှင် ၁၈-ခေါဘဏီခန့်သော စစ်သည်ဗိုလ်ခြေတို့ကို အသီးအသီး စီရင်ခန့်ထား ရုံးစုစေ၏။ စစ်သည်ဗိုလ်ပါ အပေါင်းတို့သည်လည်း “ယနေ့ည မကြာမီပင်လျှင် ဝိဒေဟရာဇ်မင်း, မဟောသဓသုခမိန်တို့၏ ဦးခေါင်းကို သန်လျက်ပန်းပြု၍ အောင်သေကိုသောက်ကုန်အံ့”ဟု မြူးထူးရွှင်လန်းကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည် စစ်သည်ဗိုလ်ပါတို့ကို စုရုံးပြီးသော် မိမိနန်းတော်အထက်ဆင့် ကျက်သရေတိုက်၌ မယ်တော်ဖြစ်သော စလာကဒေဝီမိဖုရား, မိမိ၏မိဖုရားကြီးဖြစ်သော နန္ဒာဒေဝီမိဖုရား, သားတော်ပဉ္စာလစန္ဒာမင်းသား, သမီးတော် ပဉ္စာလစန္ဒီမင်းသမီး၊ ဤ၄-ပါးတို့ကို ကျွန်မိန်းမအခြံအရံ အစောင့်အရှောက်နှင့်တကွ တင်ထားခဲ့ပြီးလျှင် ထီးဆောင်မင်း မှူးမတ်အပေါင်းခြံရံလျက် ၁၈-ခေါဘဏီခန့်သော စစ်သည်ဗိုလ်ပါများစွာနှင့်တကွ ဝိဒေဟရာဇ်မင်းကြီး မဟောသဓသုခမိန်တို့ကို ဖမ်းယူအံ့သောငှာ မြို့မှထွက်လေ၏။

ဘုရားလောင်း မဟောသဓသုခမိန်သည်ကား ဝိဒေဟရာဇ်မင်းကြီးနှင့်အတူ မိထိလာပြည်ကပါကုန်သော စစ်သည်ဗိုလ်ပါတို့အား များစွာသောအစားအသောက်တို့ကို တည်ကျွေးစီရင်၍ နေသတည်း။ ထိုဝိဒေဟရာဇ်မင်း၏ အခြံအရံဗိုလ်ပါတို့သည်လည်း အချို့သောသူတို့သည် ထမင်းဟင်းလျာတို့ကို အချို့သောသူတို့သည် ငါးအမဲတို့ကို အချို့သောသူတို့သည် သေအရက်တို့ကို စားသောက်၍ နေကြကုန်၏။ အချို့သော သူတို့သည်ကား ခရီးဝေးစွာ လာခဲ့ရသည်ဖြစ်၍ ပင်ပန်းခြင်းကြောင့် ဦးခေါင်းလှဲရာ အိပ်ပျော်ကြကုန်၏။ ဝိဒေဟရာဇ်မင်းကြီးသည်ကား သေနကအစရှိသော အမတ်ကြီးသုခမိန် ၄-ယောက်တို့နှင့်တကွ မှူးမတ်အပေါင်းခြံရံလျက် ညီလာခံရာ တန်ဆာဆင်အပ်သော နန်းတော်ဦး၌ မင်း၏တင့်တယ်ခြင်းဖြင့် နေ၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် ၁၈-ခေါဘဏီ အရေအတွက်ရှိသော စစ်သည်ဗိုလ်ပါများစွာနှင့် လာလတ်၍ ဥပကာရီမြို့ကို ဆင် တစ်ထပ်, မြင်း တစ်ထပ်, ရထား တစ်ထပ်, ခြေသည် တစ်ထပ်အားဖြင့် မြို့ပြင်ထက်ဝန်းကျင်၌ ၄-ထပ်ဝန်းရံလျက် အသိန်းအသန်းမကသော မီးရှူးတို့ဖြင့်ထွန်းသည်ဖြစ်၍ နေခြည်ပျောက်ကာမျှ ညဦးကိုပင် နံနက်အရုဏ်တက်သကဲ့သို့ တစ်မြို့လုံးတစ်ပြိုင်နက် လင်းကုန်၏။ စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်အပေါင်းတို့သည် “ဤမြို့ကို ဖျက်ကြကုန် တက်ကြကုန်”၊ “ဝိဒေဟရာဇ်မင်းကြီးကို ဖမ်းကြကုန်”။ “မဟောသဓသသုခမိန်ကို ဖမ်းကြကုန်”။ စသည်ဖြင့် မြို့ထက်ဝန်းကျင်၌ တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက်သောအသံကို ဖြစ်စေကုန်၏။

မဟောသဓသုခမိန်သည် ထိုပဉ္စာလရာဇ်စစ်သည်တို့ မြို့ကိုဝန်းရံသောအခါ မြို့တံခါးကိုပိတ်စေ၍ မြို့စီး, မြို့စောင့်ခန့်ထားပြီးသော် သူရဲကောင်း ၃၀၀-တို့ကိုခေါ်၍ “သင်တို့သည် ဥမင်ကွေ့ဖြင့် စူဠနီဗြဟ္မဒတ်မင်း၏ နန်းတော်သို့သွားပြီးလျှင် စူဠနီဗြဟ္မဒတ်မင်း၏မယ်တော်, မင်း၏မိဖုရားကြီး မင်းသမီး, မင်းသား၊ ဤ၄-ယောက်တို့ကို ထိုဥမင်ကွေ့ဖြင့်ပင်လျှင်ဆောင်ခဲ့၍ ဥမင်တံခါးဝအတွင်း၌ထား။ တစ်ပါးပြင်လွင် မထွက်မသွားစေနှင့်။ နောင် မင်းကြီးနှင့်ငါတို့ လာသောအခါ ထိုသူတို့ကို ဥမင်မှပြင်ပ ဂင်္ဂါမြစ်နား တံခါးဝသို့ထုတ်ဆောင်၍ ထိုဥမင်ဝ ပြာသာဒ်စမုခ်ဦးပေါ်၌ ထားနှင့်ရမည်”ဟု မှာထား၍စေခန့်လိုက်၏။

ထိုသူရဲ ၃၀၀-တို့သည်လည်း “ကောင်းပါပြီ”ဝန်ခံ၍ ဥမင်ကွေ့ဖြင့်သွားကြလေသော်၊ နန်းတော်တံခါးခုံသို့ ရောက်ကြသောအခါ ပျဉ်အခင်းကို ဖွင့်လှစ်တွန်းလှန်လျက်ထွက်ကြပြီးလျှင် နန်းတော်လှေကားခုံ၌လည်းကောင်း၊ လှေကားဦး၌လည်းကောင်း, နန်းတော်ဦး၌လည်းကောင်း အစောင့်အရှောက်ထားခဲ့ကုန်သော အခြွေအရံ အလုပ်အကျွေးဖြစ်သော ကျွန်မိန်းမမှစ၍ နန်းတွင်း၌ရှိကုန်သော မိန်းမယောက်ျားတို့ကို တစ်ယောက်မကျန် ဖမ်းဆီးတုပ်နှောင်လျက် မအော်မဟစ်နိုင်အောင် ခံတွင်း၌ ပုဆိုးကြမ်းစသည်တို့ဖြင့် သိပ်ဆို့ပြီးလျှင် ပြင်လွင်လွတ်ရာထားပြီးမှ နန်းတော်ထဲ၌ မင်း,မိဖုရားတို့ သုံးဆောင်စားသောက်စေခြင်းငှာ စီရင်ခင်းကျင်းလျက်ရှိသော ခဲဖွယ်စားဖွယ်တို့ကို နှစ်သက်မြန်နိုးရာ ဝစွာစားကြ၍၊ ကြွင်းကျန်သည့် ခဲဖွယ်စားဖွယ်တို့ကို ဖရိုဖရဲကြဲဖြန့်သွန်မှောက် ဖျက်ဆီးပြီးသော် နန်းတော်အထက်ဆင့်သို့ တက်လေကုန်၏။

ထိုအခါ စလာကဒေဝီမှစ၍ မင်း၄-ပါးတို့သည်လည်း “ယခုညဉ့်အခါဟူသည် အကြောင်းအသို့ဖြစ်မည်ကို အသူသိနိုင်အံ့”ဟု အမှတ်ရှိသဖြင့် တစ်ခုတည်းသေ ကျက်သရေတိုက်ခန်း၌ တစ်စုတည်း အိပ်နေကြကုန်၏။ ထိုသူရဲသူခက်တို့သည် မင်း၄-ပါးတို့အိပ်ရာ ကျက်သရေတိုက်တံခါးဝပြင်၌ ရပ်လျက် “အရှင်, အရှင်မတို့”ဟု ခေါ်ကြကုန်၏။ ထိုအခါ စလာကဒေဝီသည် ကျက်သရေတိုက်တံခါးကိုဖွင့်လျက် ထွက်၍ “အမောင်တို့။ အဘယ်နည်း”ဟု မေး၏။

သူရဲတို့လည်း “အရှင်မိဖုရား။ အကျွန်ုပ်တို့ အရှင်မင်းကြီးသည် ဝိဒေဟရာဇ်မင်းကြီး, မဟောသဓသုခမိန်တို့ကို ဖမ်းယူကွပ်မျက်၍ ပြီးပါပြီ။ ယခုညဉ့်ပင် အခါတော်ရသည်ဖြစ်၍ ၁၀၀-သောထီးဆောင်းမင်း အပေါင်းခြံရံလျက် မှူးတော်, မတ်တော်, စစ်သည်ဗိုလ်ခြေတို့နှင့်တကွ အောင်သေသောက်ခြင်းကိုပြုပြီးလျှင် ဧကရာဇ်မင်း၏ အဘိသိက်မင်္ဂလာကို ခံတော်မူမည် အကြံတော်ရှိသောကြောင့် “ငါ၏မိဖုရားကြီး, သားတော်, သမီးတော်, မယ်တော်တို့ကိုလည်း ယခု သင်တို့ ချီပင့်ကြချေ”ဟု အကျွန်ုပ်တို့ကို စေလွှတ်တော်မူ၍ အရှင်မတို့ထံ လာရပါသည်”ဟု လျှောက်ကြကုန်၏။

ထိုစကားကိုကြားလျှင် မင်း၄-ပါးတို့သည် ယုံကြည်ကြသည်ဖြစ်၍ “ကောင်းပြီ။ လိုက်ကြကုန်အံ့”ဟု ဆိုလျက် နန်းတော်မှ ဆင်းသက်ကြသဖြင့် နန်းတော်တံခါးခုံသို့ ရောက်သောအခါ သူရဲတို့သည် မင်း၄-ပါးတို့ကို တစ်ယောက်စီထမ်း၍ ဥမင်ကွေ့ဖြင့် ဝင်သွားလေကုန်၏။ မင်း ၄-ပါးတို့လည်း “အချင်းတို့။ ငါတို့သည် ဤမျှလောက်သာ တိုင်တော့သည်။ ဤခရီးကို မသွားလည်း မသွားစဘူး။ မြင်လည်း မမြင်စဖူး”ဟု ဆိုကြကုန်၏။ သူရဲတို့လည်း “အရှင်တို့။ ဤယခု သွားသောခရီးသည် မင်္ဂလာရှိသောခရီးတည်း။ ယခု မင်္ဂလာအခါကြီး ဖြစ်သောကြောင့် အရှင်မင်းကြီးက “ငါ၏မယ်တော်, မိဖုရား သားသမီးတို့ကို ဤမင်္ဂလာခရီးဖြင့် ဆောင်ခဲ့ကုန်”ဟု အမိန့်တော်ရှိသည်ဖြစ်၍ အကျွန်ုပ်တို့ ဆောင်ရပါသည်”ဟု လျှောက်ဆိုကြကုန်၏။

မင်း၄-ပါးတို့သည်လည်း ထိုသူရဲတို့စကားကိုကြားလျှင် ယုံကြည်ကြပြန်ကုန်၏။ ဤသို့ အချို့သော သူရဲတို့သည် မင်း၄-ပါးတို့ကို ဆောင်ယူ၍သွားကြကုန်၏။ အချို့သောသူရဲတို့သည်ကား စူဠနီဗြဟ္မဒတ်မင်း၏ နန်းတော်သို့ပြန်လည်ကြ၍ မင်းကြီး၏ရွှေတိုက်, ငွေတိုက်, ရတနာတိုက်တို့ကို ဖွင့်လှစ်ဖောက်ခွဲပြီးလျှင် အလိုရှိတိုင်း ရွှေ၊ ငွေ၊ ဥစ္စာ ရတနာတို့ကို ယူဆောင်၍လာကြကုန်၏။ မင်း၄-ပါးတို့သည်လည်း ဥမင်ကွေ့ဖြင့် အစဉ်အတိုင်း သွားကြလေသော် ဥမင်ကြီးတံခါးဝသို့ ရောက်သောအခါ သုဓမ္မာနတ်သဘင့်ကဲ့သို့ တန်ဆာဆင်အပ်သော ဥမင်ကြီးကို မြင်ကြလေသဖြင့် နှလုံးမွေ့လျော်ကြလျက် “ဤသို့သော အခင်းအကျင်းကို ငါတို့မင်းကြီးစံရာအလို့ငှာ မှူးတော်မတ်တော် ပညာရှိတို့ စီရင်ပေသည်”ဟု ထင်မှတ်အောက်မေ့ကြကုန်၏။

သူရဲတို့သည်လည်း ထိုမင်း၄-ပါးတို့ကို ဥမင်ကြီးသို့ သွင်းဆောင်ပြန်သဖြင့် ၁၀၁-ပါးသောမင်းတို့၏နေရာ တိုက်ခန်းကိုလည်းကောင်း, ပန်းချီဆေးရေး အဆန်းအကြယ်တို့ကိုလည်းကောင်း အစဉ်အတိုင်းရှုကြည့်ကာ သွားစေလျက် ဂင်္ဂါမြစ်နှင့်မနီးမဝေး ဥမင်ကြီးထွက်လုနီးဖြစ်သော မင်းနေရာတိုက်ခန်းတစ်ခု၌ နေစေ၍ သူရဲအချို့တို့သည် မင်း၄-ပါးတို့အား နှလုံးမွေ့လျော်ရာ ညွှန်ပြပြောဆိုလျက် စောင့်နေကြကုန်၏။ သူရဲအချို့ကား မဟောသဓသုခမိန်ထံ သွားကြပြီးလျှင် “မင်း၄-ပါးတို့ကိုခေါ်၍ ဥမင်ကြီးထဲတွင် ဤမည်သော မင်းနေရာတိုက်ခန်း၌ အစောင့်အရှောက်နှင့်တကွ ထားခဲ့ကြောင်း”ကိုလျှောက်ကြားကြကုန်၏။

သူရဲတို့စကားကိုကြားလျှင် မဟောသဓသုခမိန်သည် “ငါ၏အလို ယခု အပြီးသို့ ရောက်တော့သည်”ဟု နှစ်သက်ရွှင်လန်းဝမ်းမြောက်စွာ ဝိဒေဟရာဇ်မင်းကြီးရှိရာ နန်းတော်သို့သွား၍ တင့်အပ်သောနေရာ၌ နေလေ၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း ကိလေသာဖြင့် ယစ်သည်ဖြစ်၍ များစွာသောစစ်အင်္ဂါနှင့်တကွ စူဠနီဗြဟ္မဒတ်မင်းလာသည်ကို ကြားလျှင် “ယခု စူဠနီဗြဟ္မဒတ်မင်းသည် ငါ့အား သမီးတော်ကို ထိမ်းမြားပို့ဆက်အံ့သောငှာ လာပြီထင်၏”ဟု မိမိနေရာ ဥကင်ရာဇပလ္လင်ပေါ်မှ ထ၍ရပ်လျက် အရှေ့စမုခ်ဝဖြင့် မျှော်ကြည့်ကာနေ၏။

ထိုသို့ ဝိဒေဟရာဇ်မင်းကြီး မျှော်ကြည့်စဉ်ပင်လျှင် စူဠနီဗြဟ္မဒတ်မင်းလာလတ်၍ အသိန်းအသန်းမကသော မီးရှူးတို့ဖြင့် တစ်ပြိုင်နက်ထွန်းလင်းစေလျက် မြို့ထက်ဝန်းကျင်တို့၌ ဆင်, မြင်း, ရထား, ခြေသည်အားဖြင့်၊ လေး, လွှား ၃-စပ် အထပ်များစွာ စစ်အင်္ဂါတို့ဖြင့် ကြောက်မက်ဖွယ်သောအသံကိုပြု၍ ဝန်းရံသည်ကို ဝိဒေဟရာဇ်မင်းကြီးမြင်လေသော် “ငါ့အား သမီးဆက်လော။ အဖျက်လော”ဟု တွေးတောရွံ့ရှာခြင်းဖြစ်၍ “ဟတ္ထီ အဿာ ရထာ ပတ္တိ” အစရှိသောဂါထာဖြင့် အမတ်သုခမိန်တို့အား တိုင်ပင်မေးမြန်း၏။

အဓိပ္ပာယ်ကား-

“ငါ၏သားတော်မှစ၍ သုခမိန်အပေါင်းတို့။ ယခု ပဉ္စာလရာဇ်မင်းသည် ဆင်, မြင်း, ရထား ခြေသည်တို့နှင့်တကွ ရွှေ၊ ငွေ၊ ရတနာတို့ဖြင့်ပြီးသော ချပ်ကာဝတ်လုံတို့ကိုဝတ်ဆင်စေ၍ များစွာသော စစ်သည်ဗိုလ်ခြေတို့ကို ဤမြို့ထက်ဝန်းကျင်၌ မီးရှူးရောင်ဖြင့် တပြောင်ပြောင်ထွန်းလျက် ဝန်းရံစေ၏။ ထိုသို့ ထက်ဝန်းကျင်ရံခြင်း၌ သင်တို့ အသို့ ထင်ကြသနည်း။ စူဠနီဗြဟ္မဒတ်မင်းသည် ငါ့အား သမီးနှင့် ထိမ်းမြားလို၍ပင်တည်း လာသလော။ ယင်းသို့မဟုတ်မူ အမျက်ငြူစူ ရန်သူပြုလို၍တည်း လာသလော။ ငါ့အား ထင်တိုင်း လျှောက်ကြလော့”ဟု တိုင်ပင်မေးမြန်း၏။

မင်းကြီးစကားကိုကြားလျှင် သေနကအမတ်သည် “အရှင်မင်းကြီး။ အထူးထူးအပြားပြား ကြံတော်မမူသင့်။ စိုးရိမ်ဖွယ် မရှိ။ ယခု စူဠနီဗြဟ္မဒတ်မင်းလာသည့်အခါ ညဉ့်မှောင်မိုက်သည်ဖြစ်၍ မင်းရေးမင်းကွက်ပေါ်ထွက်လျှင် နိုင်လောက်အောင် သူရဲသူခက် လက်နက်များစွာ ဗိုလ်ပါအခြံအရံနှင့် လာရပေသည်။ စစ်သည်ဗိုလ်ပါ များသည်ဟူ၍ အရှင်မင်းကြီး၌ ထိတ်လန့်ဖွယ် မရှိ။ မိမိသမီးတော်ကို အရှင်မင်းကြီးအား ထိမ်းမြားပို့ဆက်လို၍ပင် လာသည်ဟု အကျွန်ုပ်ထင်ပေသည်”ဟု လျှောက်၏။

သေနကအမတ် လျှောက်ဆိုပြီးလျှင် ပက္ကုသအမတ်သည်လည်း “အရှင်မင်းကြီး။ ယခု စူဠနီဗြဟ္မဒတ်မင်း လာသည်မှာ အရှင်မင်းကြီးအား သမီးတော်နှင့်ထိမ်းမြား၍ များစွာသော မင်း၏ပဏ္ဏာလက်ဆောင် အချီးအမြှောက်ဖြင့် ချီးမြှောက်ဆက်သလျက် ဤနေ့ညဉ့်ပတ်လုံး စိမ့်စိမ့်ပြေပြေ စံနေတော်မူစေလိုသောကြောင့် အစောင့်အရှောက်များစွာ ဗိုလ်ပါသင်းပင်း, ၄င်းကိုယ်ရံနှင့် လာသည်ဖြစ်မည် အကျွန်ုပ် ထင်ပါသည်”ဟုလျှောက်ကြား၏။ ဤသို့ သေနကအမတ်, ပက္ကုသအမတ်တို့သည် မိမိတို့အလိုရှိရာ လျှောက်ထားကြကုန်၏။

ဝိဒေဟရာဇ်မင်းကြီးသည် ထိုအမတ်သုခမိန်တို့ လျှောက်ထားကြသော်လည်း ပဉ္စာလရာဇ်စစ်သည်အပေါင်းတို့က “အချင်းတို့။ ဤအရပ်၌ စောင့်နေကြကုန်။ ဤအရပ်က မြို့ကိုဖြိုဖျက်နင်းနယ်၍ ဝိဒေဟရာဇ် မင်ကြီး, မဟောသဓသုခမိန်တို့ကို ဖမ်းကြကုန်။ မမေ့မလျော့လုံ့လပြုကြကုန်”ဟု ဆိုမြည်ကြွေးကြော်ကြသော အသံကိုသာ အဖန်တလဲလဲ နားမှာစွဲဝင်သဖြင့် မရွှင်မပျ သေအံ့သောဘေးဖြင့်လန့်၍ ထိုပဉ္စာလရာဇ်စစ်သည်တို့ကိုသာ မျှော်ကြည့်လျက် “ငါ့သားသုခမိန်ကား အသို့အကြံအစည် ရှိလိမ့်မည်မသိ”ဟု ဘုရားလောင်း၏ စကားကိုသာ နာခံချင်သောနှလုံး ရှိသည်ဖြစ်၍ “ဟတ္ထီ အဿာ ရထာ ပတ္တီ”အစရှိသောဂါထာဖြင့် ဘုရားလောင်းအား တိုင်ပင်မေးမြန်းပြန်၏။

အဓိပ္ပာယ်ကား-

“ငါ့သားသုခမိန်။ ယခု ပဉ္စာလရာဇ်မင်းသည် များစွာသောမီးရှူးတို့ဖြင့် ထွန်းစေလျက် များစွာသောစစ်သည်တို့ဖြင့် ဤမြို့ကို ဝန်းရံလာသည်မှာ ကောင်းသောလာခြင်း ဖြစ်မည်၊ မကောင်းသောလာခြင်း ဖြစ်မည်။ ငါတို့အား အသို့ပြုလို၍ လာသည်ဖြစ်မည်ကို ငါ့သားသုခမိန် သိမြင်တိုင်း လျှောက်ကြားပါလော့။ ယခု ငါတို့ အသို့ကြံရသော် ကောင်းပါမည်နည်း”ဟုမေး၏။

မင်းကြီးစကားကိုကြားလျှင် ဘုရားလောင်းမဟောသဓသုခမိန်သည် “ဤမင်းကြီးကား ဤအရာတွင်သာ ကာမဂုဏ်ယစ်၍ မလိမ္မာသည် မဟုတ်။ အရာတိုင်းမှာပင် မိမိအလိုသို့လိုက်၍ မလိမ္မာသော အမတ်တို့လျှောက်သည့်စကားကို နာယူသဖြင့် ချွတ်ယွင်းသည်လည်း များလှပြီ။ ထို့ကြောင့် ဤမင်းကြီးကို အတန်ငယ် ကိုးကွယ်ရာမရရှိနိုင်အောင် ခြိမ်းခြောက်ပြီးမှ ငါ၏ပညာအစွမ်းကိုပြ၍ ထိုမင်းကြီးအား သက်သာရာကို ရစေအံ့'ဟု ကြံပြီးလျှင်-

“ရက္ခတိ တံ မဟာရာဇ၊ စူဠနေယျာ မဟဗ္ဗလော။

ပဒုဋ္ဌော တေ ဗြဟ္မဒတ္တော၊ ပါတောဝ တံ ဃာတယိဿတိ။”

ဟူသော ဂါထာဖြင့် လျှောက်ကြား၏။

မဟာရာဇ၊ အရှင်မင်းကြီး။ မဟဗ္ဗလော၊ ဗိုလ်ပါအားနှင့်ပြည့်စုံသော။ စူဠနေယျာ၊ စူဠနီမင်းသည်။ တံ၊ အရှင်မင်းကြီးကို။ ရက္ခတိ၊ စောင့်၏။ တေ၊ အရှင်မင်းကြီးအား။ ပဒုဋ္ဌော၊ ပြစ်မှားလိုသော။ ဗြဟ္မဒတ္တော၊ စူဠနီဗြဟ္မဒတ်မင်းသည်။ ပါတောဝ၊ ယနေ့ညဉ့် နံနက်မိုးသောက်ရောက်လျှင်။ တံ၊ အရှင်မင်းကြီးကို။ ဃာတယိဿတိ၊ သတ်လတ္တံ့။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ စစ်သည်ဗိုလ်ပါများစွာနှင့် ပြည်စုံသော စူဠနီဗြဟ္မဒတ်မင်းသည် အရှင်မင်းကြီးကို ဖမ်းယူဖျက်ဆီးလို၍ ယခုမြို့ထက်ဝန်းကျင်၌ အထပ်ထပ် စောင့်နေဝန်းရံစေ၏။ ယနေ့ညဉ့်နံနက် မိုးသောက်ရောက်လျှင် ဤမြို့ကို ဖြိုဖျက်နင်းနယ်၍ အရှင်မင်းကြီးကို ဖမ်းယူလတ္တံ့သည်ကား မချွတ်ရာပြီဟု အကျွန်ုပ်ထင်ပါသည်”ဟု လျှောက်၏။

မဟောသဓသုခမိန်စကားကို ကြားလျှင် သေနက, ပက္ကုသ အစရှိသော မှူးမတ်ပရိသတ် ဗိုလ်ပါအပေါင်းတို့သည် သေအံ့သောဘေးမှ ပြင်းစွာကြောက်လန့်ခြင်းသို့ ရောက်ကြကုန်၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း ကိုယ်တွင်း၌ မီးဖြင့်တိုက်သကဲ့သို့ ပူလောင်ခြင်းဖြစ်၍ လည်ချောင်းခြောက်ကပ်သဖြင့် ခံတွင်းမှ တံတွေးသလိပ် မရနိုင်အောင် သေအံ့သောဘေးမှ ပြင်းစွာကြောက်လန့်လျက် “ဥဗ္ဗေဓတိ မေ ဟဒယံ၊ ကမ္မာရာနံ ယထာ ဥတ္တာ” အစရှိသော ၂-ဂါထာတို့ဖြင့် မြည်တမ်းပြန်၏။

အဓိပ္ပာယ်ကား-

“ချစ်သားသုခမိန်။ ယခု ငါ၏နှလုံးသည် ပြင်းစွာတုန်လှုပ် ပူပန်လှ၏။ ငါ၏ခံတွင်းသည်လည်း တံတွေးကပ်၍ ခြောက်ကပ်ခဲ့ပြီ။ ယခုဖြစ်ရသော ငါ၏ကိုယ်ကို ဥပမာဆိုချေလျှင် နွေကာလ ပူပြင်းခိုက်တွင် လွင်တီးခေါင်အရပ်၌ မီးတောက်မီးလျှံဝန်းရံ၍ ထွက်ပြေးရာမမြင်၊ ပင်ပန်းလျက် တုန်လှုပ်သော ယောက်ျားကဲ့သို့ ဖြစ်ခဲ့ပြီတကား။ ပန်းပဲတို့၏ဖိုသည် ပြင်၌လက်ဖြင့် စမ်းထိဝံ့သော်လည်း အတွင်း၌ မီးလျှံမီးခဲ တရဲရဲတောက်လောင်သကဲ့သို့ ငါ၏ကိုယ်သည်လည်း သူတစ်ပါးမြင်လျှင် မပူပင်ယောင် ထင်ရှားလိမ့်မည်။ ငါ၏နှလုံးမူကား သည်းအူပြတ်ကြွေ သေချင်လုလု ယခု ပူလောင်လှ၏တကား”ဟု မြည်တမ်း၏။

ဤသို့မြည်တမ်းသော မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “ဤမလိမ္မာလွန်းသော မင်းကြီးအား ဟုတ်မှန်တိုင်း အပြစ်ကိုပြ၍ တစ်ဖန်ခြိမ်းခြောက်ဦးအံ့”ဟုကြံပြီးလျှင် “ပမတ္တော မန္တနာတီတော” အစရှိသော ၇-ဂါထာတို့ဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ယခု အကျွန်ုပ် မကြံနိုင်ပါ။ အထက်က မြို့တော်မှာ ဤအရာကို တိုင်ပင်တော်မူသည်ကာလ၌ အကျွန်ုပ်ပညာသက်ရာ လာလတ္တံ့သောအရေးကို တွေးချင့်၍ ကြောက်သည်နှင့်အညီ လျှောက်ပါလျက် အယူတော်မပြိုင်မိ၍ ယခု တွေ့ကြိမ်ရချေသည်။ ဤအရေး၌ အမေးတော်ရှိသော်လည်း အကျွန်ုပ် အကြံကုန်ခဲ့ပြီဖြစ်သောကြောင့် ချမ်းသာရာကို မမြင်အောင်ရှိခဲ့၏။ ဆရာသေနက အစရှိသော အမတ်ကြီးသုခမိန်တို့မူကား အထက်တိုင်ပင်တော်မူစဉ်ကပင် ဖြစ်လတ္တံ့သော ဤဘေးရန်ကို မြင်သိကြသည်ဖြစ်သော်လည်း “ငါတို့ ပညာအစွမ်းဖြင့် ချမ်းသာအောင်ဆောင်ရွက်အံ့”ဟု ကိုယ့်အစွမ်းကိုယုံ၍ ကြံဆောင်လျှောက်ထားကြသည် ဖြစ်ရာ၏။ ထိုဆရာသုခမိန် အမတ်ကြီးတို့သာ ဤအရေးများကို ဘေးလွတ်အောင်ဆောင်နိုင်မည် ဖြစ်ပါသည်။”

“အရှင်မင်းကြီး။ အကျွန်ုပ်သည် အရှင်မင်းကြီး၏ စီးပွားတော်ကို လိုသည်ဖြစ်၍ အထက်လျှောက်ထားပါသောစကားကို နာယူတော်မမူခြင်းကြောင့် ယခု အရှင်မင်းကြီးသည် တိန်ညင်သမင်မရှိရာ မုဆိုး၏ကျော့ညွတ်ကွင်းသို့ ဝင်မှားသော သမင်ဖိုကဲ့သို့လည်းကောင်း၊ အစာကို တပ်မက်မောခြင်းနှင့် တံငါတို့၏သံမျှားချိတ်ကို မျိုမှားသော ငါးကဲ့သို့လည်းကောင်း၊ အစာ၌ လော်လည်ခြင်းဖြင့် ကျက်စားကြူး၍ မြို့တွင်းရွာတွင်းသို့ဝင်မိသော တောသမင်ကဲ့သို့လည်းကောင်း၊ ကိလေသာဖြင့် ဖြားယောင်းရာပါ၍ ပဉ္စာလရာဇ်မင်း၏လက်တွင်းသို့ ရောက်ခဲ့ပြီ။ အရှင်မင်းကြီးသည် အဆိပ်ထန်သောမြွေကို ရင်၌ပိုက်မှားသကဲ့သို့ သူတော်ကောင်း မဟုတ်၊ ယုတ်မာသောအကြံအစည်နှင့် ဖြားယောင်းလာသော ကေဝဋ်အမတ်ကို အဆွေခင်ပွန်း ဖွဲ့မှားချေသောကြောင့် ဤသို့သောဆင်းရဲကို ယခု တွေ့ကြိမ်တော်မူရချေသည်။”

“အရှင်မင်းကြီး။ လောက၌ ပညာရှိကုန်သောသူတို့သည် ကေဝဋ်အမတ်ကဲ့သို့ မဖြောင့်မမှန် အကောက်ကြံ၍ ယုတ်မာသောအကျင့်ကိုသာ ကျင့်တတ်ကုန်သောသူယုတ်တို့နှင့် တစ်ရံတစ်ဆစ်မျှ အဆွေခင်ပွန်းဖွဲ့ခြင်းကို မပြုကြကုန်။ အကြင်သူသည် မဖြောင့်မမှန် အကောက်ကြံတတ်သော ထိုသူယုတ်မာနှင့် အကယ်၍ အဆွေခင်ပွန်း ဖွဲ့ငြားအံ့။ ထိုသူသည် အဆိပ်ထန်သောမြွေကို ခါးပိုက်၌ ပိုက်မှားသကဲ့သို့ ပစ္စုပ္ပန်၌လည်း ကိုယ်,စိတ်၏ဆင်းရဲခြင်းသို့ ရောက်ရာ၏။ သံသရာ၌လည်း ကြီးစွာသောပျက်စီးခြင်းသို့ ရောက်ရာ၏။”

“အရှင်မင်းကြီး။ ဤလောက၌ အကြင်သူသည် ဤသူကား ဖြောင့်မှန်သောနှလုံး, ကျင့်သုံးအပ်သောတရား, မြတ်သောအကြားအမြင်, အဆင်အခြင်ပညာ, အရာရာတို့၌ လိမ္မာကျွမ်းကျင်ခြင်း ရှိ၏။ ဤသူကားမရှိဟု သိသာအောင်ပြုဦး၍၊ ဖြောင့်မှန်သောနှလုံး, ကျင့်သုံးအပ်သော သီလ, သုတ,ပညာ အရာရာ၌မြော်မြင်သော သူတော်ကောင်းကိုသာလျှင် အဆွေခင်ပွန်း ဖွဲ့ရာ၏။ ထိုသို့သော သူတော်ကောင်းတို့ကို အဆွေခင်ပွန်း ဖွဲ့သောသူသာလျှင် ပစ္စုပ္ပန်သံသရာ ၂-ပါးလုံး ကိုယ်,စိတ်ချမ်းသာစွာ မြင့်မြတ်တင့်တယ်ခြင်းသို့ ရောက်ရာ၏။ ယခု ဤအရေးမှာလည်း အကျွန်ုပ်တို့ထက်သာ၍ မြင်မြော်နိုင်သည်ဟု တိုင်ပင်ဖက်ပြုတော်မူသော ဆရာသုခမိန် အမတ်ကြီးတို့သာ တတ်နိုင်ရာမည် ဖြစ်ပါမည်။ ထိုဆရာအမတ်ကြီးတို့နှင့် တိုင်ပင်၍ ကြံဆောင်တော်မူပါလော့”ဟု လျှောက်ဆို၏။

ဘုရားလောင်းစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် ပြင်းစွာသောပင်ပန်းခြင်းသို့ရောက်ပြန်သည်ဖြစ်၍ “ချစ်သားသုခမိန်။ ဤသို့ မဆိုပါလင့်။ ဤဘေးရန်မှ လွတ်ကြောင်းကို သင်ကြံဆောင်မှ ချမ်းသာရာရပါမည်”ဟု ဆို၏။ မဟောသဓသုခမိန်သည်လည်း “ဤသို့သောအမှုကို နောင်မပြုဝံ့အောင် မင်းကြီးအား နှိပ်၍ဆိုဦးအံ့”ဟု ကြံပြီးလျှင်၊ “ဗာလော တုဝံ ဧဠမူဂေါသိ ရာဇ”အစရှိသော ဂါထာ၊ “ဣမံ ဂလေ ဂဟေတွာန” အစရှိသော ဂါထာတို့ဖြင့် လျှောက်ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ယခု အဘယ့်ကြောင့် အကျွန်ုပ်ကို “သင်ကြံဆောင်မှ ချမ်းသာရာ ရပါမည်”ဟု အမိန့်တော် ရှိပြန်သနည်း။ အထက်က စီးပွားတော်ကိုလို၍ အကျွန်ုပ်လျှောက်ထားသောအခါ အရှင်မင်းကြီးသည် အကျွန်ုပ်ကို “ထွန်တုံးစွန်းတွင်ကြီးသော သား။ အဘယ်ကို သင် သိဘိသနည်း။ ငါ့အား မိန်းမရတနာကို ရခြင်း၏အန္တရာယ်ကို သင် ပြုဘိ၏။ ဤထွန်တုံးစွန်းတွင်ကြီးသော လယ်လုပ်သား၏လည်ကို ကိုင်ငင်၍ နန်းတော်မှချ။ တိုင်းနိုင်ငံမှ နှင်ထုတ်လိုက်ကြ”ဟု ဆဲဆိုရေရွတ်ခြင်းအမျက်တော်ကို ခံရပါသည်။”

“အရှင်မင်းကြီး အမိန့်ရှိတော်မူတိုင်း အကျွန်ုပ်လည်း ထွန်တုံးစွန်းတွင်ကြီးသော သူကြွယ်သားဖြစ်၍ ဆရာသေနကအစရှိသော အမတ်ကြီးသုခမိန်တို့ကဲ့သို့ မင်းရေးမင်းရာကို မသိနိုင်ပါ။ လယ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းစသော သူဌေးသူကြွယ်တို့၏အတတ်ကိုမူကား အကုန်အစင် အကျွန်ုပ် တတ်သိပါ၏။ ဤအရေးသည်ကား သူဌေးသူကြွယ်တို့အရေး မဟုတ်။ မင်းရေးဖြစ်ခြင်းကြောင့် ဆရာအမတ်ကြီး သုခမိန်တို့အရေးသာ ဖြစ်ချေသည်။ အကျွန်ုပ်၏အရာ မဟုတ်ပါ။ ဆရာသုခမိန်တို့ကိုသာ ကိုးကွယ်ရာ ပြုတော်မူလော့”ဟု လျှောက်ဆို၏။

မဟောသဓသုခမိန်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် ဤသို့ကြံ၏။ “ဤမဟော်သဓသုခမိန်သည် လာလတ္တံ့သောဘေးကိုမြင်၍ ငါ့အားပင် အသွယ်သွယ်ပုံဆောင်လျက် နှိပ်နယ်စကားနှင့် နာကျင်အောင် အထက်ကလျှောက်ကြားပေလျက် ငါသာ မိုက်သောအလျောက် ဖောက်ပြန်မိချေသည်။ ထိုသို့ ငါမှားဖောက်၍ အပြစ်ရောက်လျှင် ငါ့သားသည် ငါ့ကို ကြည့်၍မနေရာ။ ယခု ငါသည် ချမ်းသာမည့်အကြောင်းကို မဟောသဓသုခမိန်အား တိုင်ပင်မေးမြန်းပါသော်လည်း ပြောလိုရာ, ဆိုလိုရာနှင့်သာ ရှေးက ငါဆိုမိသောစကားများကို ဖော်ပြလျက် ကြောင့်ကြမဲ့နေသည်မှာ ငါ့အား ချမ်းသာရအံ့သောအကြောင်းကိုမြင်၍ နေသည်ဖြစ်မည် မချွတ်။ သင် ငါ့သား၏ပညာအစွမ်းဖြင့် ချမ်းသာရာရလတ္တံ့”ဟုကြံလျက် ဘုရားလောင်းအား ချီးမြှောက်လို၍ “မဟောသဓ အတီတေန”အစရှိသော ဂါထာ၊ “သစေ ပဿသိ မောက္ခံ ဝါ” အစရှိသော ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ချစ်သားသုခမိန်။ လောက၌ ပညာရှိကုန်သောသူတို့သည် ရှေး၌ ဆဲဆိုရေရွတ်ဖူးသော အပြစ်ကိုဖော်၍ အရှင်, မိဘတို့အား နှုတ်လှံထိုးခြင်းကို မပြုကုန်။ သင်မူကား ပညာရှိဖြစ်လျက် ကြိုးကတန်ဆာတို့ဖြင့် မြဲစွာဆွဲနှောင်အပ်ပြီးသောမြင်းကို လှံတံဖြင့်ထိုးဘိသကဲ့သို့ အဘယ့်ကြောင့် ငါ့ကို နှုတ်လှံထိုးဘိသနည်း။”

“ဤသို့ ကြံဆောင်ရသော် ဤရန်သူအပေါင်းမှ လွတ်မြောက်၏။ ဤသို့ကြံဆောင်ရသော် ဘေးရန်ကင်း၏”ဟူ၍ ချမ်းသာမည့်အကြောင်းကိုသာ ငါ့အား ပြညွှန်ဆုံးမလော့။ သင်မှတစ်ပါး ငါ၏ကိုးကွယ်ရာမည်သည် မရှိပြီ”ဟု ဆို၏။

မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် “ဤမင်းကြီးကား အလွန် ပညာနည်း၏။ ဂုဏ်အထူးရှိသော ပုရိသဝိသေသကို မသိတတ်။ ထို့ကြောင့် ဤမင်းကို အတန်ငယ် ပင်ပန်းစေဦး၍ နောင်မှ ကိုးကွယ်ရာကိုပြုအံ့”ဟု ကြံပြီးလျှင်၊ “အတီတံ မာနုသံ ကမ္မံ” အစရှိသော ၆ ဂါထာတို့ဖြင့်လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ကိုယ်တော်လည်း ဆင်ခြင်ပါဦးလော့။ ဤ ၁၈-ခေါဘဏီခန့်သော စစ်သည်ဗိုလ်ပါများစွာတို့သည် ဤမြို့အကျဉ်းခန့်၌ အထပ်ထပ်ဝန်းရံ၍နေသည်ကို အဘယ်လူပညာရှိ ထွင်းဖောက်လွတ်မြောက်အောင် ကြံဆောင်နိုင်ပါအံ့နည်း။ ယခုရောက်သော ဤဘေးရန်မှ လူတို့ ဆောင်ရွက်၍ လွတ်မြောက်အံ့သောအကြောင်းသည် လွန်ခဲ့ပြီ။ အလွန်ကြံနိုင်ခဲသော အရာသို့ ရောက်ခဲ့၏။”

“အကြောင်းတစ်မူကား ဘုန်းတော်ကြောင့် ကောင်းကင်ပျံခြင်း, ဖန်ဆင်းခြင်းတန်ခိုးနှင့်ပြည့်စုံစွာ ဆဒ္ဒန်မျိုးမှ ဥပေါသထမျိုးဖြစ်ကုန်သော ဆင်ပြောင်တို့သည်လည်းကောင်း၊ ကောင်းကင်ပျံခြင်းတန်ခိုးနှင့် ပြည့်စုံစွာ ဝလာဟကမျိုးဖြစ်သော မြင်းတို့သည်လည်းကောင်း၊ ကောင်းကင်ပျံခြင်း, ဖန်ဆင်းခြင်းတန်ခိုးနှင့်ပြည့်စုံစွာ ဂဠုန်ငှက်တို့သည်လည်းကောင်း, ကောင်းကင်ဖြင့်သွားခြင်း, ဖန်ဆင်းခြင်း တန်ခိုးနှင့်ပြည့်စုံစွာ သာတာဂိရိအစရှိသော နတ်ဘီလူးတို့ သည်လည်းကောင်း၊ ထို ဆင်, မြင်း, ဂဠုန်, နတ်ဘီလူးတို့တွင် တစ်ယောက်တစ်ယောက်သည် မိမိတို့အခြံအရံနှင့်လာလတ်သဖြင့် အရှင်မင်းကြီးမှစ၍ အကျွန်ုပ်တို့ မှူးမတ်ဗိုလ်ခြေအပေါင်းတို့ကိုချီဆောင်၍ မိထိလာပြည်သို့ ပို့ပါလျှင်ကား ဤဘေးရန်မှ လွတ်မြောက်တော့မည်။ အကျွန်ုပ်လည်း ထိုဆင်, မြင်း, ငှက်ဂဠုန်ကဲ့သို့ ကောင်းကင်သို့ပျံသွားခြင်းငှာ မတတ်နိုင်ချေသောကြောင့် ဤဘေးရန်မှ လွတ်မြောက်အောင် မဆောင်နိုင်ပါ။ ယခုရောက်သော ဘေးရန်သည် လူပညာရှိတို့ လွတ်မြောက်အောင် ဆောင်ခြင်းငှာ အမှုလွန်၍ရှိခြင်းကြောင့် ဆောင်နိုင်ခဲသောအရာသို့ ရောက်ခဲ့ပြီ”ဟု လျှောက်၏။

ထိုစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “မကြံနိုင်ပြီ"ဟူသောစကားကြောင့် ဘုရားလောင်းအား စကားတုံ့ပြန်လှန်၍ ဆိုရာမရှိခြင်းသို့ ရောက်လေ၏။

ထိုအခါ သေနကအမတ်သည် ဤသို့ကြံ၏။ “ယခု မင်းကြီးအားလည်းကောင်း, ငါတို့အားလည်းကောင်း, မဟောသဓသုခမိန်မှတစ်ပါး ကိုးကွယ်ရာမည်သည် မရှိ။ မင်းကြီးသည်လည်း မဟောသဓသုခမိန်၏ စကားကိုကြားပြန်လျှင် သေအံ့သောဘေးမှ ကြောက်သည်ဖြစ်၍ ယခု တစ်ခွန်းသောစကားကိုမျှ မဆိုနိုင်ဖြစ်ခဲ့၏။ ငါသည် မဟောသဓသုခမိန်အား တောင်းပန်အပ်၏”ဟုကြံပြီးလျှင် “အတီရဒဿီ ပုရိသော” အစရှိသော ဂါထာတို့ဖြင့် တောင်းပန်၏။

အဓိပ္ပာယ်ကား-

“မဟောသဓသုခမိန်။ မဟာသမုဒ္ဒရာ၌ သင်္ဘောလှေပျက်၍ ကမ်းကိုမမြင်နိုင်ဘဲ သမုဒ္ဒရာလှိုင်းတံပိုးထဲ၌ တပြောင်းပြန်ပြန် နစ်မွန်းမျောပါလေသော ယောက်ျားကို ထိုမဟာသမုဒ္ဒရာထဲမှ ကမ်းတစ်ဘက်သို့ ထုတ်ဆယ်ကယ်တင်သကဲ့သို့ ထို့အတူ အရှင်မင်းကြီးအားလည်းကောင်း, အကျွန်ုပ်တို့ အမတ်ဗိုလ်ပါတို့အားလည်းကောင်း ဤဘေးရန်ထဲမှ ထုတ်ယူကယ်ဆောင်ပါလော့။ သင်သုခမိန်သည် အကျွန်ုပ်တို့ ပညာရှိသုခမိန်တို့ထက် အရာအထောင်မက ကြီးကျယ်မြင့်မြတ်သောပညာနှင့် ပြည့်စုံပေ၏။ ထိုသင်၏ပညာအစွမ်းဖြင့် အထက်မိထိလာပြည်ကို ပဉ္စာလရာဇ်စစ်သည်တို့ ဝန်းရံသောအခါ၌လည်း အရှင်မင်းကြီးမှစ၍ အကျွန်ုပ်တို့ မှူးမတ်, ပြည်သူပြည်သား အပေါင်းတို့ကို သေဘေးမှ လွတ်စေဖူးပြီ။ ယခုလည်း သင်သုခမိန်မှတစ်ပါး အကျွန်ုပ်တို့အား ကိုးကွယ်ရာ မရှိပြီ။ သင်သုခမိန်သည် ဆင်းရဲမှလွတ်မြောက်အောင် ကြံဆောင်ပါလော့”ဟု တောင်းပန်၏။

မဟောသဓသုခမိန်သည် သေနကအမတ် တောင်းပန်သောစကားကိုကြားလျှင် “ဤသေနအမတ်ကိုလည်း နှိပ်၍ ခြိမ်းခြောက်ဆိုဦးအံ့”ဟုကြံ၍ “အတီတံ မာနုသံ ကမ္မံ” အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“သေနကအမတ်ကြီး။ သင်တို့ သုခမိန်အမတ်တို့သည် ပညာရှိသည်နှင့်အညီ လာလတ္တံ့သောဘေးရန်ကို မြင်သိလျက် မင်းကြီးအား ရှေးညွှန်ပြခြင်းကြောင့် ယခု ဆောင်ရွက်ရန်အမှု လွန်၍ရှိပြီ။ လွတ်မြောက်အောင် အကျွန်ုပ် မကြံနိုင်။ သင် သေနကသုခမိန်သာ အရှင်မင်းကြီးကို မိထိလာပြည်သို့ရောက်အောင် ကောင်းကင်ခရီးဖြင့် ပျံချီ၍ ဆောင်သွားပါလော့”ဟုဆို၏။

ထိုအခါ ဝိဒေဟရာဇ်မင်းကြီးသည် ကြံရာမသိ၊ ကိုးကွယ်ရာမဲ့ သေအံ့သော ဘေးမှကြောက်လန့်သည်ဖြစ်၍ ဘုရားလောင်းနှင့် စကားပြောဆိုခြင်းငှာ မဝံ့သဖြင့်၊ “သေနကအမတ်သည်လည်း ချမ်းသာအံ့သောအကြောင်း တစ်စုံတစ်ခုကို သိလေရာ၏”ဟုကြံလျက် သေနကအမတ်အား မေးမြန်းလိုသောကြောင့် “သုဏောဟိ မေတံ ဝစနံ အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“သေနကအမတ်ကြီး။ သင်သည် ငါ၏စကားကို နာလော့။ ယခု ပဉ္စာလရာဇ်စစ်သည်တို့သည် မြို့ထက်ဝန်းကျင် ဝန်းရံကုန်၏။ ထိုပဉ္စာလရာဇ်စစ်သည်ဘေးမှ အဘယ်အကြောင်းဖြင့် လွတ်မြောက်နိုင်အံ့ဟု သင်ကြံမိသနည်း။ ယခု မဟောသဓသည် ငါ့ကိုစွန့်ပစ်၍ ရှိခဲ့ပြီး၊ သင်တို့မှတစ်ပါး ကြံဆောင်ဖော်မရှိ”ဟု ဆို၏။

မင်းကြီးစကားကိုကြားလျှင် သေနကအမတ်သည် “ယခု ငါ့အား မေးအပ်သည်နှင့်အညီ အကြောင်းကို မေးတော်မူ၏။ ကောင်းသည်ဖြစ်စေ, မကောင်းသည်ဖြစ်စေ စကားဖြစ်ရုံမျှ ရှိစေတော့။ အကြောင်းတစ်ခုကို လျှောက်ထားရတော့မည်”ဟု ကြံပြီးလျှင် “အဂ္ဂိံ ဝါ ဒွါရတော ဒေမ” အစရှိသော ဂါထာဖြင့်လျှောက်ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ ယခု အကြံကုန်၍ ရှိကြပြီးသည်ကို တစ်ပါးချမ်းသာရာ ကြံနိုင်တော့မည် မဟုတ်။ မြို့တံခါး ၄-မျက်နှာကို ဆို့ပိတ်ပြီးလျှင် မြို့တွင်း၌ရှိသော ပြ,တန်ဆောင်း, နန်းတော်, ဆင်တင်းကုပ် စသည်တို့ကို မီးတိုက်ပြီးမှ ဓါး, လှံ လက်နက်တို့ဖြင့် တစ်ယောက်ကိုတစ်ယောက် အချင်းချင်း ထိုးခုတ်သတ်ပစ်ကြသဖြင့် ဤမြို့ကို တလားပြုလျက် ဤနန်းတော်ကိုထင်းပုံပြု၍ သေကြရသော် ပဉ္စာလရာဇ်စစ်သည်တို့လက်တွင် အသက်ကုန်ရသောထက် မြတ်၏။ သေကြရမည် ဧကန်မှန်လျက် ရန်သူ၏ညှဉ်းဆဲခြင်းကိုခံ၍ မသေမရှင် ပူပင်ဆင်းရဲခြင်းသာ ရှိတော့မည်။ ယခုအကြံအတိုင်း ဆင်းရဲအရှည်မခံ မြန်မြန်သေရသော် ကောင်းပါ၏”ဟုလျှောက်၏။

သေနကအမတ်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် အလွန် စိတ်နှလုံးမသာသည်ဖြစ်၍ “ဤသေနကအား ငါသည် အသက်ချမ်းသာမည့်အကြောင်းကိုသာ မေးသည်ဖြစ်လျက်၊ သေအံ့သောအခြင်းအရာကိုသာ နှလုံးထိတ်လန့်အောင် ပြောဆိုဘိ၏။ သင့်သားမယားနှင့်တကွ သင့်အိမ်ကို ထင်းပုံပြု၍သေလေ။ ငါတို့ မသေ”ဟု ဆိုပြီးလျှင်၊ ပက္ကုသ, ကာမိန္ဒ, ဒေဝိန္ဒ ဤအမတ်သုခမိန် ၃-ယောက်တို့အားလည်း “သုဏောဟိ မေတံ ဝစနံ” အစရှိသော ဂါထာဖြင့်ပင်လျှင် သေနကအမတ်ကိုမေးသကဲ့သို့ ဤဘေးရန်မှ လွတ်အံ့သောအကြောင်းကို တစ်ယောက်စီ မေးပြန်၏။ ပက္ကုသအမတ်သည် မိမိအလိုကို ကြားလို၍ “ဝိသံ ခါဒိတွာ မိယျာမ”အစရှိသော ဂါထာဖြင့်လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး၊ အကျွန်ုပ်အကြံမူကား သေရမည်ဧကန် မှန်ပြီဖြစ်သောကြောင့် ရန်သူ့လက်တွင် ကြီးစွာသောဆင်းရဲကိုခံ၍ သေရသည်ထက် ပူလောင်နာကျင်ခြင်းကို အရှည်မခံရ။ ခဏချင်းငြိမ်းလွယ်အောင် အဆိပ်သေဆေးကိုစား၍ သေကြရသော် ကောင်းပါ၏”ဟုလျှောက်၏။

ထို့နောက် ကာမိန္ဒအမတ်သည်လည်း မိမိအလိုကို ကြားလို၍ “ရဇ္ဇုယာ ဗဇ္ဈ မိယျာမ” အစရှိသော ဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကျွန်ုပ်၏အလိုမူကား သေရမည်ဧကန်မှန်လျက် ပြင်းပြစွာသောဆင်းရဲကိုခံ၍ ရန်သူ့လက်တွင် သေရသောထက် တောင်ကမ်းပါးပြတ်ပေါ်မှ ဆင်း၍သော်လည်းကောင်း၊ လည်ကြိုးဖွဲ့၍သော်လည်းကောင်း ခဏချင်းသေရသော် ကောင်းပါ၏”ဟု လျှောက်၏။

ထို့နောက် ဒေဝိန္ဒအမတ်သည်ကား ဤသို့ကြံ၏။ “မင်းကြီးသည် အဘယ်သို့ပြုလေသည် မသိ။ မီးတောက်မီးခဲ ထင်ရှားရှိလျက် ပိုးစုန်းကြူးကိုမီးမှုတ်ဘိသကဲ့သို့ မီးတောက်မီးခဲနှင့်တူစွာ ပညာရှိဖြစ်သော မဟောသဓသုခမိန် ထင်ရှားရှိလျက် ပိုးစုန်းကြူးနှင့်တူစွာ ဤအရာ၌ ချမ်းသာကြောင်းကိုမသိနိုင်သော ငါတို့အား မေးမြန်းခြင်းကို ပြုဘိ၏။ ဤဘေးရန်မှ လွတ်စေခြင်း၌ မဟောသဓသုခမိန်မှတစ်ပါး စွမ်းနိုင်သောသူမည်သည် မရှိ” ဟုကြံပြီးလျှင် “အဂ္ဂိံ ဝါ ဒွါရတော ဒေမ”အစရှိသော ဂါထာဖြင့်လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကျွန်ုပ်၏အကြံမှုကား အကျွန်ုပ်တို့ သုခမိန် အမတ် ၄-ယောက်တို့သည် မဟောသဓသုခမိန်အား ဤဘေးရန်မှလွတ်မြောက်အောင် ဆောင်ရွက်ပါမည့်အကြောင်းကို တောင်းပန်ကြဦး၍ မဟောသဓသုခမိန်သည် ဤဘေးရန်မှလွတ်မြောက်အောင် ရွက်ဆောင်နိုင်ပါလျှင်ကား အကျွန်ုပ်တို့ ချမ်းသာရတော့မည်။ ထိုသို့ မဟောသဓသုခမိန် မဆောင်ရွက်နိုင်ခဲ့သော် ရန်သူ့လက်မှာ အသက်သေရသောထက် သေနကဆရာအမတ်ကြီး၏ အကြံအတိုင်းပင် မြို့ကိုတလားပြုလျက် နန်းပြာသာဒ်စသည်တို့ကို ထင်းပုံပြု၍ သေကြရသော် ကောင်းပါ၏”ဟုလျှောက်၏။

ဒေဝိန္ဒအမတ်စကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန်အား ရှေးက မိမိဆဲဆိုဖူးသောအပြစ်ကိုသာ အဖန်တလဲလဲအောက်မေ့သဖြင့် ဘုရားလောင်းနှင့် စကားမပြောဆိုဝံ့၍ ဘုရားလောင်းကြားအောင် မြည်တမ်းလိုသောကြောင့် “ယထာ ကဒလိနော သာရံ” အစရှိသော ၅-ဂါထာတို့ဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“သုခမိန်အမတ်အပေါင်းတို့။ ငှက်ပျော,လက်ပံပင်တို့၌ အနှစ်ကိုရှာ၍ မရနိုင်သကဲ့သို့ ဤဘေးမှ လွတ်မြောက်ကြောင်းဖြစ်သော ပညာရှိသုခမိန် ၅-ယောက်တို့အား မေး၍ရှာပါသော် ငါ့အား ဘေးမှ လွတ်မြောက်ကြောင်းဖြစ်သော ပညာရှိကို မရပါ။ သုခမိန် ၅-ယောက်တို့သည်လည်း ဤဘေးမှ လွတ်အံ့သောအကြောင်းကို မသိနိုင်ကြကုန်သောကြောင့် ငါမေးသောစကားကို မကြားယောင်ဆောင်၍ နေကြကုန်၏။ ရေမရှိရာ မသင့်တင့်သောအရပ်၌နေမိသော ဆင်ပေါက်ကဲ့သို့ ဤဘေးမှလွတ်အံ့သော အကြောင်းကို မသိ၊ ငှက်ပျောပင်, လက်ပံပင်ကဲ့သို့ ပညာအနှစ်မရှိသော အမတ်တို့၏အပေါင်း၌ ငါ နေခဲ့မိ၏တကား။ ယခုဖြစ်သော ငါ၏ကိုယ်သည် ပန်းပဲဖိုကဲ့သို့ အလွန်ပူလောင်လှ၏တကား။ ငါ၏နှလုံးသည်လည်း နွေကာလနေပူခိုက် လွင်တီးခေါင်၌ အလျှံပြောင်ပြောင်တောက်လောင်သော မီးလျှံဝိုင်းမိသောသူကဲ့သို့ ပူလောင်ခြင်းပြင်းပြစွာဖြစ်၍ လည်ချောင်းခံတွင်းတို့၌ တံတွေး ခြောက်ကပ်ခဲ့ပြီတကား”ဟု မြည်တမ်း၏။

ထိုသို့ ဝိဒေဟရာဇ်မင်းကြီး ပင်ပန်းစွာမြည်တမ်းသောအခါမှ ဘုရားလောင်းမဟောသဓသုခမိန်သည် “ဤမင်းကြီးသည် ယခု သေအံ့သောဘေးမှ ကြောက်သည်ဖြစ်၍ နှလုံးပြတ်မျှရှိပြီ။ အကယ်၍ ငါသည် ထိုမင်းကြီးအား သက်သာရာကို မပေးသည်ဖြစ်အံ့။ နှလုံးကွဲ၍ သေရာ၏။ ထို့ကြောင့် ယခု ထိုမင်းကြီးအား သက်သာရာကို ပေးတော့မည်”ဟု ကြံပြီးလျှင်-

“မာ တွံ ဘာယိ မဟာရာဇ၊ မာ တွံ ဘာယိ ရထေသဘ။

အဟံ တံ မောစယိဿာမိ၊ ရာဟုဂ္ဂဟိတံဝ စန္ဒိမံ။”

“ရာဟုဂ္ဂဟိတံဝ သူရိယံ၊ ပင်္ကေ သန္နံဝ ကုဉ္ဇရံ။

ပဠာဗဒ္ဓံဝ ပန္နဂံ၊ ပက္ခိံ ပဒ္ဓံဝ ပဉ္ဇရေ။”

“မစ္ဆေ ဇာလဂတေရိဝ၊ သ ယောဂ္ဂံ ဗလဝါဟနံ။

ပဉ္စာလံ ဝါဟယိဿာမိ၊ ကာကသေနံဝ လေဋ္ဋုနာ။”

“အဒု ပညာ ကိမတ္ထိယာ၊ အမစ္စော ဝါပိ တာဒိသော။

ယော တွံ သမ္ဗာဓပက္ခန္ဒံ၊ ဒုက္ခာ န ပရိမောစယေ။”

ဟူသော ၉-ဂါထာတို့ဖြင့်လျှောက်၏။

မဟာရာဇ၊ အရှင်မင်းကြီး။ တွံ၊ အရှင်မင်းကြီးသည်။ မာဘာယိ၊ ကြောက်တော်မမူလင့်။ ရထေသဘ၊ တိုင်းသားတိုင်းသူ လူအပေါင်းတို့၏ ဦးစွန်းသဖွယ်ဖြစ်တော်မူသော အရှင်မင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ မာ ဘာယိ၊ ကြောက်တော်မမူလင့်။ အဟံ၊ အကျွန်ုပ်သည်။ ရာဟုဂ္ဂဟိတံ၊ ရာဟု ဖမ်းလေပြီးသော။ စန္ဒိမံ ဣဝ၊ လကိုကဲ့သို့။ တံ၊ အရှင်မင်းကြီးကို။ မောစယိဿာမိ၊ လွတ်စေအံ့။

ရာဟုဂ္ဂဟိတံ၊ ရာဟုဖမ်းလေပြီးသော။ သူရိယံ ဣဝ၊ နေကိုကဲ့သို့။

ပင်္ကေ၊ ညွန်ပျောင်း၌။ သန္နံ၊ ကပ်ငြိကျွံနစ်သော။ ကုဉ္ဇရံ ဣဝ၊ ဆင်ကိုကဲ့သို့။

ပေဠာဗဒ္ဓံ၊ ပခြုပ်ထဲ၌ လှောင်အပ်သော။ ပန္နဂံ ဣဝ၊ မြွေကိုကဲ့သို့။

ပဉ္ဇရေ၊ ချိုင့်၌။ ဗဒ္ဓံ၊ လှောင်အပ်သော။ ပက္ခိံ ဣဝ၊ ငှက်ကိုကဲ့သို့။

ဇာလဂတေ၊ ပိုက်ကွန်ထဲသို့ ရောက်ကုန်သော။ မစ္ဆေ ဣဝ၊ ငါးတို့ကိုကဲ့သို့။

သယောဂ္ဂံ၊ ဆင်ယာဉ်, မြင်းယာဉ်နှင့်တကွ။ သဗလဝါဟနံ၊ စစ်သည်ဗိုလ်ပါနှင့်တကွ။ တံ၊ အရှင်မင်းကြီးကို။ မောစယိဿာမိ၊ လွတ်စေအံ့။

လေဋ္ဋုနာ၊ ကျောက်ခဲဖြင့်။ ကာကသေနံ ဣဝ၊ ကျိုးစွန်ကိုကဲ့သို့။ ပဉ္စာလံ၊ ပဉ္စာလရာဇ်စစ်သည် အပေါင်းကို။ ဝါဟယိဿာမိ၊ နှင်ခြောက်လိုက်အံ့။

မဟာရာဇ၊ အရှင်မင်းကြီး။ ယောတွံ၊ အရှင်မင်းကြီးသည်။ သမ္ဗာဓပက္ခန္ဒံ၊ သေအံ့သော ကျဉ်းမြောင်းခြင်းသို့ ရောက်၏။ တံ၊ အရှင်မင်းကြီးကို။ ဒုက္ခာ၊ ဆင်းရဲမှ။ န ပရိမောစယေ၊ မလွတ်စေနိုင်ငြားအံ့။ ပညာ၊ ပညာသည်။ ကိမတ္ထိယာ၊ အဘယ်အကျိုး ရှိအံ့နည်း။ အဒု၊ ထိုမြို့။ တာဒိသော၊ ထိုသို့သဘောရှိသော။ အမစ္စော ဝါပိ၊ အမတ်သည်လည်း။ ကိမတ္ထိယော၊ အဘယ်အကျိုးရှိအံ့နည်း။

(ဤ၉-ဂါထာတို့တွင် အလယ် ၇-ဂါထာတို့၌ ရှေ့ ၃-ပါဒသည် ပထမဂါထာ၏ ရှေ့၃-ပါဒနှင့် ပုဒ်, အက္ခရာ, သဒ္ဒါ အနက်တူပြီဖြစ်၍ နောက်ပါဒတစ်ခုစီကိုသာ သဒ္ဒါ, အနက်ရေးလိုက်သည်။)

အဓိပ္ပာယ်ကား-

“ဝိဒေဟရာဇ်တိုင်းကြီးသခင် အရှင်မင်းကြီး။ စိုးရိမ်ကြောက်လန့်တော် မမူလင့်။ ရာဟု အသူရိန်ဖမ်းသော လစက်ဝန်း, နေစက်ဝန်းတို့ကို အသူရိန်၏ခံတွင်းမှ နုတ်ယူသကဲ့သို့လည်းကောင်း၊ ကြီးစွာသော ညွန်ပျောင်း၌ ကိုယ်လုံးမြုပ်အောင်ကျွံသော ဆင်ကို ထိုညွန်ပျောင်းမှနုတ်ယူ၍ ကုန်းထက်သို့ တင်သကဲ့သို့လည်းကောင်း၊ အိုး, ပခြုပ်စသည်တို့၌ ထွက်ရာအပေါက်မရှိ၍ ပင်ပန်းစွာနေရသောမြွေကို ထိုအိုး,ပဒြပ်စသည်တို့မှ ယူထုတ်၍ လွှတ်သကဲ့သို့လည်းကောင်း၊ ငှက်လှောင်ချိုင့်၌ ထွက်ပြေးရာမမြင် ပင်ပန်းစွာနေရသော ငှက်အပေါင်းတို့ကို ချိုင့်မှထုတ်ယူ၍ လွှတ်သကဲ့သို့လည်းကောင်း၊ တံငါတို့၏ပိုက်ကွန်၌ ဖမ်းမိသောငါးအပေါင်းတို့ကို ထိုပိုက်ကွန်မှထုတ်ယူ၍ လွှတ်သကဲ့သို့လည်းကောင်း၊ အရှင်မင်းကြီးကိုလည်း ဆင်, မြင်း, ရထား, မှူးမတ်, ဗိုလ်ပါနှင့်တကွ ဤဘေးရန်မှ လွတ်မြောက်စေအံ့။ ယခု မကြာမမြင့်မီပင် ဤပဉ္စာလရာဇ်စစ်သည်အပေါင်းတို့ကို ကျောက်ခဲ, တုတ်, အုတ်, လှံကန်ဖြင့် လှန့်ခြောက်လိုက်သောကျီးစွန်တို့ကဲ့သို့ ဖရိုဖရဲ ကွဲ၍ပြေးစေအံ့။”

“အရှင်မင်းကြီး။ ဤမျှလောက်သော ဘေးရန်ကိုပင် ကြောက်တော်မူသလော။ မိမိပညာဖြင့် မိမိကိုယ်ကိုမျှ ချမ်းသာလွတ်မြောက်အောင် မကြံဆောင်နိုင်လျှင် ထိုသူကို အဘယ်သို့ ပညာရှိခေါ်ရအံ့နည်း။ အကျွန်ုပ်သည် အရှင်မင်းကြီးမကြွမီကပင် အရှင်မင်းကြီးအား လျှောက်ထား၍ ဤပြည်သို့ အလျင်လာခဲ့သည့်အကြောင်းကို အရှင်မင်းကြီး သိတော်မူပါ၏လော။ ဤသို့သောဘေးကိုမြင်၍ ရှေးဦးစွာ လာခဲ့သည်ဖြစ်လျက် ကျွန်ုပ်လက်ထဲတွင် အရှင်မင်းကြီး ဆုံးရမည်ဟူသော် အလျင်လာခဲ့ရကျိုး ရှိတော့မည်မဟုတ်။ စိုးရိမ်ကြောက်လန့်တော် မမူလင့်။ ယခုပင် လွတ်စေအံ့”ဟု

ရေမရှိသောခရီးခဲ၌ ရေငတ်၍ ပန်းဟိုက်စွာနေစဉ် အလျင်ထန်စွာ အာကာသလုံးကြိုး၍ မိုးကြီးရွာသကဲ့သို့ မင်းကြီးအား သက်သာရာစကားကိုလျှောက်ထား၍ နှစ်သိမ့်စေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် ဘုရားလောင်းစကားကိုကြားလျှင် “ငါ၏အသက်ကို ယခု ရတော့မည်”ဟု နှလုံးချမ်းမြေ့၍ ထွက်သက်လှိုက်ဖို ပြင်းစွာရှိခြင်းမှာ ငြိမ်းလျက်သက်သာခြင်းသို့ ရောက်လေ၏။ ခပ်သိမ်းကုန်သော မှူးမတ်ဗိုလ်ခြေ အပေါင်းတို့သည်လည်း ကေသရာဇာခြင်္သေ့မင်း ဟောက်သောအသံကဲ့သို့ ရွံ့ရှာခြင်းကင်းသော ဘုရားလောင်း၏စကားကို ကြားရသဖြင့် မျက်နှာရွှင်လန်း ဝမ်းမြောက်ခြင်းသို့ ရောက်ကုန်၏။

ထိုအခါ သေနကအမတ်သည် မဟောသဓသုခမိန်အား “သုခမိန်။ အကျွန်ုပ်တို့ကို ဤရန်သူလက်မှ လွတ်မြောက်အောင် ထုတ်မည်ဟူသော် အဘယ်ခရီးဖြင့် ထုတ်ပါအံ့နည်း”ဟု မေး၏။ ဘုရားလောင်းသုခမိန်သည် “သေနကအမတ်ကြီး။ သင် အဘယ်ကို စိုးရိမ်ပြန်သနည်း၊ တန်ဆာဆင်အပ်သော ဥမင်ခရီးဖြင့် သင်တို့ကိုထုတ်အံ့။ သင်တို့ ယခုထွက်သွားရအောင် အဝတ်တန်ဆာ အဆောင်အရွက်များကိုသာ ပြင်ဆင်ကြ ”ဟုဆိုပြီးလျှင် မိမိသူရဲတို့ကိုခေါ်၍ ဥမင်တံခါးဝကို ဖွင့်လှစ်ပြင်ဆင်စိမ့်သောငှာ “ဧထ မာဏဝ ဥဋ္ဌေထ” အစရှိသောဂါထာဖြင့် မှာဆိုစေခန့်လိုက်၏။

အဓိပ္ပာယ်ကား-

“အချင်းတို့။ ဝိဒေဟရာဇ် တိုင်းကြီးသခင်ဖြစ်သော ငါတို့အရှင်မင်းကြီးသည် မှူးမတ်ဗိုလ်ပါအပေါင်းနှင့်တကွ ဥမင်ဖြင့် ထွက်စံတော်မူမည်ဖြစ်၍ ယခု သင်တို့ ဥမင်တံခါးကို လည်းကောင်း, လေသာရောင်လင်း ပြတင်းတို့ကိုလည်းကောင်း, ၁၀၁-ခုသော တိုက်တံခါးတို့ကိုလည်းကောင်း, အရာအထောင်မကသော ဆီမီးထွန်းရန် တိုက်တံခါးတို့ကိုလည်းကောင်း ဖွင့်လှစ်သုတ်သင် ခင်းကျင်းကြချေ”ဟု စေလိုက်၏။

ထိုသူရဲတို့သည်လည်း မဟောသဓသုခမိန်ဆိုတိုင်း ဥမင်သို့သွား၍ ဖုံးကာဆို့ပိတ်သမျှအလုံးစုံကို ဖွင့်လှစ်သုတ်သင်လိုက်သဖြင့် လေသာရောင်လင်း ပြတင်းတို့မှဖြစ်သော အရောင်, တံခါးဝမှဖြစ်သောအရောင်တို့ဖြင့် ထုတ်ချင်းလျှို တစ်ပြိုင်နက် လင်းစေလျက် တန်ဆာဆင်အပ်သော သုဓမ္မာဇရပ် နတ်သဘင်ကဲ့သို့ ခင်းကျင်းခဲ့ပြီးသော် မဟောသဓသုခမိန်ထံသွား၍ “ပြီးကြောင်း”ကို လျှောက်ကြားကြကုန်၏။

ထိုအခါ ဘုရားလောင်းသည် “အရှင်မင်းကြီး။ ယခုဥမင်ဖြင့် ထွက်သွားတော်မူချိန်အခါ ရောက်ပြီ။ ဤနန်းတော်မှ ဆင်းသက်တော်မူပါလော့”ဟုလျှောက်၏။ မဟောသဓသုခမိန်စကားကိုကြားလျှင် ဝိဒေဟရာဇ် မင်းကြီးသည်လည်း “ကောင်းပြီ။ ဆင်းသွားကုန်အံ့” ဟုဆို၍ နန်းတော်မှ မှူးမတ်အခြံအရံတို့နှင့်တကွ ဆင်းသက်လေ၏။ သေနကအမတ်သည်လည်း ဦးခေါင်းမှပေါင်းထုပ်ကိုချွတ်ပြီးလျှင် ပုဆိုးကိုမြဲစွာပြင်ဝတ်လျက် ကျစ်လိမ်၍ ခါးတောင်းကျိုက်၏။ ထိုအခါ မဟာသသုခမိန်သည် “အဘယ်သို့ သင်ပြသနည်း”ဟုမေး၏။ သေနကအမတ်သည်လည်း “သုခမိန်။ ဥမင်သို့ဝင်သောသူမည်သည်ကား ပေါင်းထုပ် ဦးရစ်ချခြင်း, ပုဆိုးကိုမြဲစွာပင့်လိမ်၍ ခါးတောင်းကျိုက်ခြင်းတို့ကို ပြုအပ်၏”ဟုဆိုလျက်သွားသဖြင့် ဥမင်တံခါးဝသို့ဝင်ကြသောအခါ သေနကအမတ်သည် ကျောက်ကုန်းညွတ်လျက် ပုဆစ်တုပ်၍ဝင်အံ့ ဟုပြု၏။

မဟောသဓသုခမိန်သည် “သေနကအမတ်ကြီး။ သင် အသို့ ပြုပြန်သနည်း။ ဥမင်ကို တိမ်သည်,ကျဉ်းသည် မှတ်သလော။ ဆင်စီး၍ဖြစ်စေ, မြင်းစီး၍ဖြစ်စေ အလိုရှိတိုင်းပင် ဝင်သွားလောက်အောင် အစောက်,အနံကျယ်၏။ တံခါးသည်လည်း အစောက် ၁၈-တောင် ရှိ၏။ သင်သည် မှူးကြီးမတ်ကြီးပီပီဝတ်ဆင်လျက် မင်းကြီး၏ရှေ့တော်မှ သွားလော့”ဟုဆို၍ သေနကအမတ်ကို မိမိအခြံအရံနှင့်တကွ မင်းကြီးရှေ့က သွားစေ၏။ မဟောသဓ သုခမိန်သည်ကား မိမိအခြံအရံနှင့်တကွ မင်းကြီးနောက်မှ လိုက်၏။ မင်းကြီးသည်လည်း မိမိအခြံအရံ မှူးမတ်တို့နှင့်တကွ ထိုသုခမိန် ၂-ယောက်တို့၏အလယ်၌ လိုက်၏။

(ဘုရားလောင်းသည် အဘယ့်ကြောင့် ဤသို့သော အခြင်းအရာဖြင့် သွားစေသနည်းဟူမူကား ထိုဥမင်ထဲ၌ များမြတ်သော ခဲဖွယ်စားဖွယ်တို့ကိုမြင်လျှင် မှူးမတ်ဗိုလ်ခြေတို့သည် ဥမင်မှ မထွက်မသွားချင်ဘဲ ထိုခဲဖွယ်စားဖွယ်တို့၌သာ မွေ့လျော်ကြသဖြင့်လည်းကောင်း၊ မင်းကြီးသည်လည်း ဥမင်၏အထူးအဆန်း အတင့်အတယ်ကို ရှုကြည့်ကာသာလျှင် မခွာမရွေ့ချင်ဘဲရှိသဖြင့်လည်းကောင်း, အကျိုးမဲ့ အချိန်လွန်၍ရှိသည်ကို စိုးသောကြောင့် လိုရာအရပ်သို့ လျင်စွာရောက်စေခြင်းငှာ မှူးမတ်ဗိုလ်ပါနှင့်တကွ မင်းကြီးအားနှိုးဆော်တိုက်တွန်း၍ မိမိလည်း မင်းကြီးနောက်က လိုက်သတည်း။)

ဤသို့ မင်းကြီးအား လျင်စွာသွားမည့်အကြောင်းကို တိုက်တွန်းသောအခါ သေနကအမတ် ရှိချေလျှင် ထိုသေနကအမတ်သည် အရာဟုတ်သည် မဟုတ်သည်ကို မသိ။ မိမိစိတ်လိုရာ ဝင်၍ပြောဆိုတတ်သောကြောင့် ထိုသေနကအမတ်စကားကို ပယ်လှန်ချေလဲရသဖြင့် အချိန်လွန်နှင့်မည်စိုးသည်ဖြစ်၍၊ သေနကအမတ်နှင့် စကားမပြောလိုသဖြင့် မင်းကြီး၏ရှေ့က သွားစေသတည်း။ ထိုသို့သောအစီရင်ဖြင့် ဝိဒေဟရာဇ်မင်းကြီးသည် ဥမင်သို့ဝင်သွားလေသည်ရှိသော် ဘုရားလောင်းသည်လည်း မင်းကြီးနောက်ကလိုက်၍ အလုံးစုံသောမုခ်တံခါး, လေသာပြတင်း, မင်းတို့နေရာတိုက်ခန်း၌ အဆန်းအကြယ်ဖြစ်သော ပန်းချီဆေးရေးခြယ်သည်တို့ကို ပြညွှန်လျှောက်ကြားပေ၏။

ထိုအဆန်းအကြယ်တို့ကိုကြည့်လျက် ကြာမြင့်စွာ မင်းကြီးရပ်တန့်၍ နေလျှင်လည်း “အရှင်မင်းကြီး။ ကြွတော်မူပါဦး”ဟု တိုက်တွန်း၍၊ များစွာသောခဲဖွယ်တို့ကို စားသောက်ပျော်ရွှင်ခြင်းဖြင့် နောက်ကျကုန်သော အခြံအရံမှူးမတ်တို့ကိုလည်း နှိုးဆော်၍၊ မင်းကြီးသို့ မီအောင်လိုက်စေ၏။

စူဠနီဗြဟ္မဒတ်မင်း၏ မယ်တော်, မိဖုရားကြီး, သားတော် သမီးတော်တို့ကို စောင့်ရှောက်လျက်နေကုန်သော သူရဲတို့သည်လည်း ဝိဒေဟရာဇ်မင်းကြီးလာကြောင်းကိုသိလျှင် ထိုမင်း၄-ပါးတို့ကို ဥမင်တိုက်ခန်းမှထုတ်ဆောင်၍ ဥမင်စမုခ်ဦး လက်ထပ်နန်း ပြာသာဒ်ထက်၌ တင်ထားနှင့်ကြလေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန်နှင့် စကားပြောဟောလျက် အစဉ်အတိုင်းလာလတ်၍ ဥမင်တံခါးဝမှ ထွက်ကြလေသော်၊ မင်း၄-ပါးတို့သည် ဝိဒေဟရာဇ်မင်းကြီးကိုလည်းကောင်း, မဟောသဓသုခမိန်ကိုလည်းကောင်း မြင်လျှင် “ငါတို့သည်။ ယခု ရန်သူ့လက်သို့ ရောက်ခဲ့ပြီ။ ငါတို့ကို ခေါ်ဆောင်လာသောသူတို့ကား ငါတို့မင်းကြီးက စေသောသူမဟုတ်။ မဟောသဓက စေသော သူဖြစ်ရာ၏”ဟု ကြံကြလျက် သေအံ့သောဘေးမှ ကြောက်လန့်ကုန်သည်ဖြစ်၍ သည်းစွာသောအသံဖြင့် ငိုကြွေးကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည်လည်း ဝိဒေဟရာဇ်မင်းကြီး ထွက်ပြေးမည်ကို စိုးသောကြောင့် ဥပကာရီမြို့မှ တစ်ဂါဝုတ်မျှလောက်ခြားရာ ဂင်္ဂါမြစ်နား၌ များစွာသော ဗိုလ်ပါနှင့်တကွ စောင့်နေလေ၏။ ထို၄-ယောက်တို့၏ ဥမင်တံခါးဝ လက်ထပ်နန်းပေါ်၌ ငိုကြွေးမြည်တမ်းကြသောအသံကို စူဠနီဗြဟ္မဒတ်မင်းသည် ထိုမိမိတပ်ချနေရာအရပ်က ညဉ့်အဖို့ဖြစ်၍ ကြားလေလျှင် “ဤအသံကား နန္ဒာဒေဝီအသံနှင့် တူ၏။ နန္ဒာဒေဝီ အဘယ်မှာနည်း"ဟု ဆိုချင်, မေးချင်ငြားသော်လည်း မှူးမတ်အခြံအရံတို့ ပြက်ရယ်မှု ပြုအံ့သည်မှစိုးသောကြောင့် မမေးမဆိုဘဲ နေ၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် ထိုဥမင်မုခ်ဦး လက်ထပ်နန်းပြာသာဒ်ထက် ရတနာစုပေါ်၌ ပဉ္စာလစန္ဒီမင်းသမီးကို နေစေပြီးလျှင် များစွာသော ပုရောဟိတ်ပုဏ္ဏား, အမတ်သုခမိန်, ဗိုလ်ပါပရိသတ်အပေါင်း ခြံရံလျက် ဝိဒေဟရာဇ်မင်းကြီးအား ကြီးကျယ်မြင့်မြတ်စွာသော အဘိသေကမင်္ဂလာဖြင့် ပဉ္စာလစန္ဒီမင်းသမီးကို မိဖုရားကြီးအရာ၌ အဘိသိက်သွန်း၍ ထိမ်းမြားလက်ထပ် ပေးအပ်ဆောင်နှင်းခြင်းကို ပြုလေ၏။ ဤသို့ ထိမ်းမြားမင်္ဂလာဆောင်ပြီးသော်၊ ဘုရားလောင်း မဟောသဓသုခမိန်သည် ဝိဒေဟရာဇ်မင်းကြီးအား “အရှင်မင်းကြီး။ ဤမင်းသမီးကို လိုသောကြောင့် ဤအရပ်သို့ အရှင်မင်းကြီး ကြွတော်မူလာသည်နှင့်အညီ ဤမင်းသမီးအား အလွန်ချစ်ခင်မြတ်နိုးခြင်းကို ဖြစ်စေတော်မူလျက် မိဖုရားကြီးအရာ၌ ထားတော်မူပါ”ဟု အဆုံးအမကို ပေး၏။

စူဠနီဗြဟ္မဒတ်မင်းကြီး ဝန်းရံစကပင် အာနန္ဒာအမတ်ဆီသို့ စေလွှတ်လိုက်သဖြင့် ထိုထိမ်းမြားမင်္ဂလာ ဆောင်သောအခါ အာနန္ဒာအမတ်သည် လှေ၃၀၀-တို့ကို မင်းကြီးနှင့်ထိုက်တန်အောင် ကောင်းစွာတန်ဆာဆင်၍ ဘုရားလောင်းထံသို့ ရောက်၏။ ဘုရားလောင်း မဟောသဓသုခမိန်သည်လည်း ဝိဒေဟရာဇ် မင်းကြီးအား “အရှင်မင်းကြီး။ မိထိလာပြည်သို့ ကြွတော်မူချိန်တန်ပြီ။ လှေပေါ်သို့ တက်တော်မူပါလော့”ဟု လျှောက်ကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် ဘွားတော်, ယောက္ခမတော်, မိဖုရားကြီး, ယောက်ဖတော်တို့နှင့်တကွ မှူးမတ်ဗိုလ်ပါ အပေါင်းခြံရံလျက် လက်ထပ်နန်းတော်မှဆင်းသက်၍ တန်ဆာဆင်အပ်သောလှေထက်သို့ တက်ကြလေ၏။

ထိုအခါ ဘုရားလောင်း မဟောသဓသုခမိန်သည် မြစ်ဆိပ်နား၌နေလျက် ဤသို့ကြံ၏။ “ဤမင်းကြီးသည် ပဉ္စာလစန္ဒာမင်းသားအား တစ်ရံတစ်ဆစ်အမျက်ထွက်၍ သတ်မည်ကိုမသိနိုင်။ နန္ဒာဒေဝီမိဖုရားသည်လည်း အရွယ်အဆင်းနှင့် ပြည့်စုံခြင်းကြောင့် ထိုနန္ဒာဒေဝီနှင့် မသူတော်အကျင့်ကို ကျင့်မည်လည်း မသိနိုင်။ ပဉ္စာလစန္ဒီဒေဝီအားလည်း မိမိစိတ်မမြဲ၍ မထီမဲ့မြင်ပြုမည်ကိုလည်း မသိနိုင်။ ထို့ကြောင့် မင်းကြီးအား အဆုံးအမ ပေးလိုက်အံ့”ဟု ကြံပြီးလျှင်- “အယန္တေ သသုရော ဒေဝ”အစရှိသောဂါထာတို့ဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ပဉ္စလစန္ဒီဒေဝီ၏မောင်ငယ် စူဠနီဗြဟ္မဒတ်မင်း၏ သားတော်ဖြစ်သော ပဉ္စာလစန္ဒာမင်းသားသည် ယခု အရှင်မင်းကြီး၏ ယောက်ဖတော်ဖြစ်ပြီ။ တစ်မိတစ်ဖတည်းဖြစ်သော ညီအား အစ်ကိုကျင့်သကဲ့သို့ “ညီ”ဟူသောအမှတ်ဖြင့် မြတ်နိုးကြင်နာတော်မူပါ။ ဤနန္ဒာဒေဝီ အရှင်မိဖုရားကြီးသည်လည်း ယခု အရှင်မင်းကြီး၏ယောက္ခမတော် ဖြစ်ပြီ။ သားတို့သည် အမိ၌ ရိုသေစွာ ဝတ်ကြီးဝတ်ငယ်ကိုပြုသကဲ့သို့ နန္ဒာဒေဝီ အရှင်မိဖုရားကြီးအားလည်း “အမိ” ဟူသောအမှတ်ကို မပြတ်သတိရှိတော်မူပါစေ။ တပ်သောစိတ်နှင့်မျှ ကြည့်တော်မမူပါလင့်။ ဤပဉ္စာလစန္ဒီဒေဝီမူကား အရှင်မင်းကြီးအား မိဖုရားကြီး၏အရာဖြင့် ကြီးကျယ်စွာ အဘိသိက်ကိုသွန်း၍ လက်ထပ်မင်္ဂလာ ဆောင်နှင်းအပ်ပြီးသော မိဖုရားကြီးဖြစ်ပေသည်။ တစ်ရံတစ်ဆစ်မျှ မထီမဲ့မြင်မပြုဘဲ နှမငယ်အား မောင်ကကျင့်သကဲ့သို့ ချစ်ခင်မြတ်နိုးတော်မူပါ”ဟု အဆုံးအမစကား လျှောက်ထားလိုက်၏။

စလာကဒေဝီကိုကား အရွယ်လွန်ပြီးဖြစ်သောကြောင့် ထိုနန္ဒာဒေဝီ, ပဉ္စာလစန္ဒီဒေဝီတို့၌ မင်းကြီးစိတ်နေရာမှန်လျှင် ဖောက်ပြန်ခြင်းမရှိရာဟု အောက်မေ့တော်မူ၍ တစ်ခွန်းသောစကားကိုမျှ မလျှောက်လိုက်သတည်း။

ဘုရားလောင်း၏ အဆုံးအမစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် “ချစ်သားသုခမိန်၊ ကောင်းပြီ။ ဤအမှုများမှာ မစိုးရိမ်ပါနှင့်။ သင်ဆိုတိုင်းပင် ငါ ကျင့်ဆောင်အံ့”ဟုဝန်ခံပြီးလျှင် မဟောသဓသုခမိန်အား မြတ်နိုးသောအခြင်းအရာအားဖြင့်အတူ မြို့သို့ပါအောင်ခေါ်လို၍ “အာရုဟ နာဝံ တရမာနော” အစရှိသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ချစ်သားသုခမိန်။ သင်သည် အဘယ့်ကြောင့် လှေထက်သို့မတက်ဘဲ မြစ်ကမ်းထိပ်က ရပ်နေဘိသနည်း။ ငါတို့သည် ဤကြောက်မက်ဖွယ်သောဘေးရန်မှ ငြိုငြင်စွာ လွတ်မြောက်ကြကုန်ပြီ၊ ယခု ငါတို့ပြည်သို့ သွားကြကုန်အံ့။ ဤလှေထက်သို့ သင် တက်ခဲ့လော့”ဟုဆို၏။

မင်းကြီးစကားကိုကြားလျှင် ဘုရားလောင်းသည် မိမိ စစ်ဘုရင်ဖြစ်သည်နှင့်အညီ နာယကဂုဏ်ကိုပြလျက် နေရစ်ဦးမည့်အကြောင်းကို လျှောက်ကြားလို၍ “နေသ ဓမ္မော မဟာရာဇ” အစရှိသော ၂-ဂါထာဖြင့် လျှောက်ဆို၏။

အဓိပ္ပာယ်ကား-

“ဝိဒေဟရာဇ် တိုင်းကြီးသခင်ဖြစ်တော်မူသော အရှင်မင်းကြီး။ အကျွန်ုပ်ကား စစ်သည်အပေါင်းတို့အား အမှူးအကြီး အချုပ်အအုပ်ဖြစ်ချေ၍ ယခု မလိုက်သာပါသေး။ အရှင်မင်းကြီးနှင့်တကွ မြို့တော်မှပါကုန်သော ဗိုလ်ပါအချို့တို့သည်လည်း ထိုဥပကာရီမြို့ထဲ၌ ခဲဖွယ်စားဖွယ် သေအရက်တို့ကို စားသောက်ယစ်ဝလျက် ပျော်ရွှင်မြူးထူး၍ ကျန်ရစ်ကုန်သောသူ, ခရီးဝေးစွာလာရသဖြင့် ပင်ပန်း၍ ဦးခေါင်းလှဲရာ အိပ်ပျော်လျက် ကျန်ရစ်ကုန်သောသူတို့သည် အကျွန်ုပ်ကိုယ်တိုင် ဥမင်ခရီးဖြင့် ထွက်လာမှန်းကိုမျှ မသိ။ သောက်စားအိပ်ပျော်ကာ ကျန်ရစ်ကြကုန်၏။ ကိုယ်လက်မကျန်းမမာ နာဖျား၍ မြို့ထဲ၌ကျန်ရစ်ကုန်သော သူတို့သည်လည်း များစွာရှိကုန်၏။”

“အကျွန်ုပ်နှင့် ၄-လပတ်လုံး အမှုကိုထမ်းရွက်၍ ဆင်းရဲဖက်ဖြစ်ကုန်သော ဗိုလ်ပါသူရဲအပေါင်းတို့သည်လည်း ထိုမြို့ထဲ၌ အစောင့်အရှောက်ခန့်ထားသဖြင့် နေရစ်ကြကုန်၏။ ထိုဆင်းရဲဖက်ဖြစ်ကုန်သော ဗိုလ်ပါတို့ကို သနားကြင်နာခြင်း မရှိ၊ မိမိနှင့် ထပ်တူမပြု၊ ရန်သူ့လက်တွင်ထားခဲ့၍ ကိုယ်ကိုသာ အလွတ်ရုန်းချေသော် အကျွန်ုပ်အား စစ်သူကြီးတို့ကျင့်ဆောင်အပ်သော တရား, ၆-ပါးသော နာယကဂုဏ် ပျက်စေသဖြင့် ဘုန်းကျက်သရေဆုတ်ယုတ်ခြင်းသို့ မရောက်ရာပြီလော။”

“တစ်ကြောင်းမှာလည်း စူဠနီဗြဟ္မဒတ်မင်းသည် သမီးတော်ကို အရှင်မင်းကြီးအား ပေးထိမ်းမြားအံ့ဟူသော မျက်ကွယ်စကားနှင့်သာ ယခု အကျွန်ုပ်ယူဆောင်၍ အရှင်မင်းကြီးအား ထိမ်းမြားခြင်းကိုပြုရသည်။ စူဠနီဗြဟ္မဒတ်မင်းနှင့် ထိုအကြောင်းကို အပြေအလည် မပြောမဆိုရသေး။ ထို့ကြောင့် အကျွန်ုပ်သည် စစ်သည်ဗိုလ်ပါတို့ကိုလည်း ချမ်းသာစေလျက်၊ စူဠနီဗြဟ္မဒတ်မင်းအားလည်း အပြေအလည်ပြောဆိုသဖြင့် အရှင်၂-ပါးတို့၏ မေတ္တာတော်၂-ပါးကို ၂-ပြားသောရွှေ၌ ဂဟေကောင်းဆော်သကဲ့သို့ သားတော် မြေးတော်ဆင်းသက်၍ မပျက်မကွဲအောင် တွဲနှောင်စေ့စပ်ခဲ့ပြီးမှ ထိုစူဠနီဗြဟ္မဒတ်မင်းက ဆက်သလိုက်သော ရွှေ၊ ငွေ, ဥစ္စာ, ပဏ္ဏာလက်ဆောင်တို့ကိုယူဆောင်လျက် နောက်မှ အကျွန်ုပ်လာပါမည်။”

“ယခု အရှင်မင်းကြီးသာ မြို့တော်သို့ အလျင်တဆောရောက်အောင် ကြွတော်မူပါလေ။ ခရီးစဉ်, ခရီးဆစ်ဆိုရာမှာ စိုးရိမ်ရန်မရှိပါ။ တစ်ယူဇနာ ခြားရာခြားရာအရပ်တိုင်း အကျွန်ုပ်လာစဉ်ကပင် ဆင်,မြင်း,ရထားနှင့်အစုံ အကြီးအအုပ်ခန့်ထားလျက် တစ်ရွာစီတည်ထား၍ အသင့်ရှိနှင့်ပါပြီ။ ပန်းမောသောဆင်မြင်းတို့ကို ရောက်ရာ၌ပစ်ခဲ့၍ တစ်ရွာရောက်လျှင်တစ်ယာဉ် ဆူလှယ်စီးနင်းလျက် အလျင်တဆောရောက်အောင် ကြွတော်မူပါလော့”ဟု လျှောက်ကြား၏။

ဘုရားလောင်းစကားကိုကြားလျှင် ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓ၏ပညာအစွမ်းကိုပင် ယုံသော်လည်း ချစ်ခင်သောအားဖြင့် စိုးရိမ်ခြင်းမကုန်နိုင်၍ “အပ္ပသေနော မဟာသေနံ”အစရှိသော ဂါထာဖြင့်ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“ချစ်သားသုခမိန်။ မြင်းမိုရ်တောင်လုံးခန့် လိမ့်၍လာသည်ကို လက်ဆုပ်ဖြင့်ဆီးကာမည် ပြုဘိသကဲ့သို့ စစ်သည်ဗိုလ်ပါ နည်းလှစွာသောသင်သည် စစ်သည်ဗိုလ်ပါ များလှစွာသောပဉ္စာလရာဇ်မင်းအား အဘယ်သို့ဆီးသို့ ရပ်ခံနိုင်ပါအံ့နည်း။ စစ်သည်ဗိုလ်ပါအားနည်းစွာသော သင့်ကို ပဉ္စာလရာဇ်မင်းသည် ဗိုလ်ပါအားနှင့်ဖိစီး၍ မနှိပ်စက်ပြီလော”ဟုဆို၏။

ဝိဒေဟရာဇ်မင်းကြီးစကားကိုကြားလျှင် မဟောသဓသုခမိန်သည် ပညာရှိတို့ဂုဏ်ကိုပြလို၍-

“အပ္ပသေနာပိ စေ မန္တီ၊ မဟာသေနံ အမန္တီနံ။

ဇိနာတိ ရာဇာ ရာဇာနံ၊ အာဒိစ္စောဝုဒယံ တမံ။”

ဟူသောဂါထာဖြင့် လျှောက်၏။

မဟာရာဇ၊ အရှင်မင်းကြီး။ မန္တီ၊ ဥပါယ်တံမျဉ်အကြံအစည်ပညာနှင့်ပြည့်စုံသော။ ရာဇာ၊ အရှင်မင်းကြီးသည်။ အပ္ပသေနော၊ စစ်သည်ဗိုလ်ပါနည်းသည်။ စေပိ ဟောတိ၊ အကယ်၍ဖြစ်သော်လည်း။ အမန္တီနံ၊ ဥပါယ်တံမျဉ် အကြံအစည်မရှိသော။ မဟာသေနံ၊ စစ်သည်ဗိုလ်ပါများစွာရှိသော။ ရာဇာနံ၊ မင်းကို။ ဇိနာတိ၊ အောင်နိုင်မြဲတည်း။ ကိမိဝ၊ အဘယ်ဥပမာကဲ့သို့နည်းဟူမူကား။ အာဒိစ္စော၊ နေမင်းသည်။ ဥဒယံ-ဥဒယန္တော၊ တက်လတ်သော်။ တမံ၊ အမိုက်တိုက်ကို။ ဝိဓမိတွာ၊ ဖျောက်၍။ ဒဿေတိဣဝ၊ အလင်းကိုပြသကဲ့သို့တည်း။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ပညာအကြံအစည် ဥပါယ်တံမျဉ်၌ လိမ္မာသောမင်းသည် တစ်ယောက်မျှတည်းပင် ဖြစ်သော်လည်း၊ ပညာအမြော်အမြင် အကြံအစည် ဥပါယ်တံမျဉ်၌ မလိမ္မာသောမင်း အထောင်အရာ များစွာသောစစ်သည်ဗိုလ်ပါတို့ကို အောင်လေမြဲတည်း။ ထိုသို့ ပညာမရှိသူ အဆောင်မှုအရာကို ပညာရှိသူတစ်ယောက်တည်းဖြင့် နိုင်ခြင်း၌ ဥပမာဆောင်လျှင် အမိုက်မှောင် အသိန်းအသန်းမကကို တစ်ခုတည်းမျှသော နေစက်ဝန်းဖြင့် ထွန်းလင်းနိုင်သကဲ့သို့ ဖြစ်၏။ ထိုနေစက်ဝန်းသည် မှောင်အပေါင်းကိုဖျောက်၍ တင့်တယ်စွာထွန်းပသကဲ့သို့ အကျွန်ုပ်သည်လည်း ပဉ္စာလရာဇ်စစ်သည်အပေါင်းတို့ကို နှိပ်နင်းလျက် အရှင်မင်းကြီး၏ ဘုန်းကျက်သရေကို ပေါ်ထွန်းပါစေအံ့”ဟု

လျှောက်ဆိုပြီးလျှင် ဝိဒေဟရာဇ်မင်းကြီးအားရှိခိုးလျက် “အရှင်မင်းကြီး ကြွတော်မူချိန် တန်ပါပြီ”ဟုလျှောက်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း “ငါ ယခု ရန်သူ့လက်မှ လွတ်မြောက်ပြီ။ ဤမင်းသမီးကိုလည်း ရအပ်ပြီ။ ငါ၏နှလုံးအလိုကား ပြည့်တော့သည်”ဟုကြံလျက်၊ ဘုရားလောင်း၏ ဂုဏ်ကျေးဇူးကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်သော် မင်းကြီးအား နှစ်သက်ခြင်း “ပီတိ”သည် ဖြစ်၏။ ထိုနှစ်သက်ခြင်းပီတိကို အစွဲပြု၍ ဝမ်းမြောက်ခြင်း ပါမောဇ္ဇဖြစ်သဖြင့် ဘုရားလောင်း၏ဂုဏ်ကျေးဇူးကို သေနကအမတ်အား ချီးမွမ်းပြောဆိုလို၍-

“သုသုခံ ဝတ သံဝါသော၊ ပဏ္ဍိတေဟီတိ သေနက။

ပက္ခီဝ ပဉ္ဇရေ ဗဒ္ဓေ၊ မစ္ဆေ ဇာလဂတေရိဝ။

အမိတ္တဿ ဟတ္ထဂတေ၊ မောစယိ နော မဟောသဓော။”

ဟူသော ဂါထာခွဲဖြင့်ဆို၏။

သေနက၊ သေနကအမတ်။ ပဉ္ဇရေ၊ ချိုင့်၌။ ဗဒ္ဓေ၊ ဖွဲ့အပ်ကုန်သော။ ပက္ခီဝ၊ ငှက်တို့ကိုကဲ့သို့လည်းကောင်း။ ဇာလဂတေ၊ ပိုက်ကွန်၌ရောက်ကုန်သော။ မစ္ဆေ ဣဝ၊ ငါးတို့ ကိုကဲ့သို့လည်းကောင်း။ အမိတ္တဿ ဟတ္ထဂတေ၊ ရန်သူ့လက်သို့ရောက်ကုန်ပြီးသော။ နော၊ ငါတို့ကို။ မဟောသဓော၊ မဟောသဓသည်။ ယသ္မာ၊ အကြင်ကြောင့်။ မောစယိ၊ လွတ်စေ၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ ပဏ္ဍိတေဟိ၊ ပညာရှိသူတော်ကောင်းတို့နှင့်။ သံဝါသော၊ ပေါင်းဖော်ရခြင်းသည်။ သုသုခံဝတ၊ အလွန်ချမ်းသာစွတကား။

အဓိပ္ပာယ်ကား-

“သေနကအမတ်။ ချိုင့်၊ ညွတ်, ပိုက်ကွန်တို့၌မိလေသော ငှက်, သား, ငါးတို့ကို အနှောင်အဖွဲ့မှထုတ်ယူ၍ လွှတ်သကဲ့သို့ မဟောသသုခမိန်သည် မိမိပညာအစွမ်းဖြင့် ငါတို့ကို ရန်သူ့လက်မှ လွတ်မြောက်စေ၏။ ထို့ကြောင့် ပညာရှိသောသူတို့နှင့် အတူတကွပေါင်းဖော်ရခြင်းသည် အလွန် ကိုယ်စိတ် ချမ်းသာခြင်း ဖြစ်စွတကား”ဟုဆို၏။

သေနကအမတ်သည်လည်း မင်းကြီးချီးမွမ်းသကဲ့သို့ပင်လျှင် မဟောသဓသုခမိန်၏ဂုဏ်ကို ချီးမွမ်းလို၍ “ဧဝမေဝ မဟာရာဇ” အစရှိသော ဂါထာခွဲဖြင့် ဆိုပြန်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ မဟောသဓသုခမိန်သည် ချိုင့်, ညွတ်, ပိုက်ကွန်တို့မှ ငှက်, သား, ငါးတို့ကို ထုတ်ယူ၍လွှတ်သကဲ့သို့ အကျွန်ုပ်တို့ကို ရန်သူ့လက်မှ လွတ်မြောက်စေ၏။ ထို့ကြောင့် ပညာရှိသောသူနှင့် အတူတကွနေရခြင်းသည် အလွန် ကိုယ်,စိတ်ချမ်းသာခြင်း ဖြစ်၏”ဟု လျှောက်ဆို၏။

ဤသို့ ဘုရားလောင်းဂုဏ်ကို ချီးမွမ်းကြပြီးလျှင် ဝိဒေဟရာဇ်မင်းကြီးသည် မှူးမတ်ဗိုလ်ပါ အခြံအရံနှင့်တကွ ထို၃၀၀-သောလှေတို့ဖြင့် မြစ်ကိုကူးပြီးမှ လှေကို မြစ်နား၌ပစ်ခဲ့၍၊ မိထိလာပြည်သို့ ရှေးရှုတက်သွားကြသော် တစ်ယူဇနာခန့်သောအရပ်၌ ဘုရားလောင်းတည်ထောင်ခဲ့သော ရွာသို့ရောက်လေ၏။

အကြီးအအုပ်နှင့်တကွ ထိုရွာသားတို့သည် မင်းကြီးလာသည်ဟုကြားလျှင် မိမိရွာ၌ရှိသော ဆင်,မြင်း,ရထားတို့ကို ကောင်းစွာပြင်ဆင်လျက် ခဲဖွယ်, စားဖွယ်, ပူဇော်သက္ကာရတို့ဖြင့် ခရီးဦးကြိုဆိုကြကုန်၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း ဥပကာရီမြို့မှဆောင်ခဲ့သော ဆင်မြင်းတို့ကို ထိုရွာ၌ထားခဲ့၍ အသစ်ဖြစ်သော ဆင်,မြင်း,ရထားတို့ကိုဆောင်ယူလျက် သွားပြန်လေ၏။ ဤသို့သောနည်းဖြင့် အစဉ်အတိုင်း ရောက်ရာရောက်ရာရွာတို့၌ အသစ်အသစ်ဖြစ်သော ဆင်, မြင်း, ရထားတို့ကိုဆောင်ယူလျက်သွားလေသော် ဘုရားလောင်းတည်ထောင်ခဲ့သော ရွာပေါင်း ၁၀၀-ကုန်၍ ယူဇနာ ၁၀၀-လွန်သဖြင့် မိုးသောက်သောနေ့၌ နံနက်အချိန်ကပင်လျှင် များစွာသော မှူးမတ်ဗိုလ်ပါအပေါင်းခြံရံလျက် မိထိလာပြည်သို့ ဝင်တော်မူလေ၏။

ဘုရားလောင်းမဟောသဓသုခမိန်သည် မြစ်ဆိပ်မှ ဥမင်တံခါးဝသို့သွားပြီးလျှင် ရတနာကျောက်စီအိမ်ဖြင့် ပခုံး၌လွယ်အပ်သော လက်စွဲသန်လျက်ကို အိမ်မှထုတ်၍ ဥမင်တံခါးဝယ် ဖြူးခင်းအပ်သောသဲအပြင်၌ မြှုပ်ထားခဲ့ပြီးလျှင် ဥမင်ခရီးဖြင့် ဥပကာရီမြို့သို့ ဝင်လေ၏။ ဥပကာရီမြို့ နန်းတော်သို့ရောက်သောအခါ နံ့သာရေဖြင့် ချိုးလိမ်း၍ အထူးထူးအပြားပြား ကောင်းမြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို သုံးဆောင်စားသောက်ပြီးသော် မြင့်မြတ်သော စက်မွေ့ရာပေါ်၌ လျောင်း၍ “ငါ၏နှလုံးအလိုသည် ယခု အပြီးသို့ရောက်ပြီ”ဟု နှလုံးသွင်းလျက် နှစ်သက်ခြင်းဖြင့် အိပ်ပျော်ခြင်းသို့ရောက်လေ၏။ ဤသို့ ဘုရားလောင်းသည် မြို့ထက်ဝန်းကျင်၌ ဝန်းရံသော စူဠနီဗြဟ္မဒတ်မင်း၏စစ်သည်ကို ပမာဏမပြုဘဲ မိမိနှလုံးအလို အပြီးသို့ရောက်သည်ကိုသာ ဆင်ခြင်လျက် နှစ်သက်ခြင်း “ပီတိ”ဖြင့် ချမ်းသာစွာ ထိုညဉ့်ပတ်လုံးအိပ်ပြီး၍ နံနက်မိုးသောက်ရောက်သောအခါ စူဠနီဗြဟ္မဒတ်မင်း မြို့သို့ကပ်လာသဖြင့် စစ်ပွဲတစ်ကြိမ် ဖြစ်ပြန်၏။

(ဤကား စူဠနီဗြဟ္မဒတ်မင်း ကေဝဋ်အမတ်တို့သည် ပညာချင်းမတူဘဲလျက် အကောက်ကြံမှားချေသောကြောင့် ကိုယ်၏စည်းစိမ်ပျက်၍ အရှက်အကြောက်ကြီးစွာရကြောင်း ယူဇနာ ၃၀၀-ခြားရာ ဝေးစွာအရပ်က ယုံမှတ်လောက်အောင်စကားဖြင့် ဖြားယောင်း၍ အကောက်ကြံသော အလွန်ခဲခက်စွာအရေးမှ အထွေးအရှုပ်ကို ထိုးထွင်းလျက်သိမြင်တိုင်း လိုအင်ပြည့်အောင်ဆောင်ရွက်တော်မူနိုင်ကြောင်း ဥမင်မြို့နန်းတည်ခြင်း အစရှိသောအားဖြင့် ချီးမွမ်းအံ့သြ ပြောဆို၍မကုန်နိုင်သော ဘုရားလောင်း၏ ပညာဂုဏ်တို့ကို ပြခြင်းတည်း။)