မိဘကျေးဇူး -စ
သင်ခန်းစာ (၁၅)
မိဘကျေးဇူး
ပြင်ဆင်ရန်ရှေးအခါက သာဝတ္ထိပြည်၌ ငွေအသပြာ ရှစ်သိန်း ကြွယ်ဝချမ်းသာသော ပုဏ္ဏားကြီး ဇနီးမောင်နှံရှိ၏။ သူတို့တွင် သားလေးယောက် ရှိသည်။ သားလေးယောက်တို့ အိမ်ထောင်ပြု ကြသောအခါ တစ်ယောက်လျှင် အသပြာ တစ်သိန်းစီ ခွဲဝေပေးလိုက်၏။
ထို့နောက် မကြာမီ ပုဏ္ဏမကြီး ကွယ် လွန်သွား၏။ ထိုအခါ သားလေးယောက်တို့သည် “အဖေ နောက်အိမ်ထောင်ပြုသွားရင် ကျန်အသပြာ လေးသိန်းနဲ့ တခြားပစ္စည်းဥစ္စာတွေကို ငါတို့ ရမှာမဟုတ်တော့ဘူး”ဟု တွေးကာ စိုးရိမ်လာကြ၏။ ထို့ကြောင့် တစ်နေ့တွင် ဖခင်ပုဏ္ဏားကြီးကို “အဖေ ... သားတို့ တစ်သက်လုံး ပြုစုလုပ်ကျွေးပါ့မယ်၊ ကျန်တဲ့ အသပြာငွေလေးသိန်းနဲ့ တခြားပစ္စည်းဥစ္စာတွေကို သားတို့ကို ခွဲပေးပါ”ဟု တောင်းဆိုကြလေသည်။
ပုဏ္ဏားကြီးလည်း သားတို့စကားကို ယုံစားကာ ပစ္စည်းဥစ္စာတို့ကို ခွဲဝေပေးလိုက်ပြီး သားကြီး၏ အိမ်၌ ပထမဆုံး နေလေ၏။ သားကြီးနှင့် ချွေးမတို့လည်း ဖခင်ကြီးအား နှစ်ရက်သုံးရက် ကောင်းမွန်စွာ ပြုစုလုပ်ကျွေးကြသည်။ သို့သော် ရက်အနည်းငယ် ကြာလာသောအခါ မကြည်ဖြူကြတော့ပေ။ တစ်နေ့တွင် - ပုဏ္ဏားကြီး ရေချိုးရာမှ ပြန်လာသည်ကို မြင်လျှင် တံခါး၌ ရပ်လျက် ချွေးမက“ အဘ ... သင်ဟာ သားကြီးကို ငွေတစ်ရာ၊ တစ်ထောင် ပိုပေးခဲ့တာ ရှိလို့လား၊ ညီတူညီမျှပဲ ပေးခဲ့တာမဟုတ်လား၊ တခြားသားတွေရဲ့ အိမ်ကို မသွားတော့ဘူးလား”ဟု ကြိမ်းမောင်း ပြောဆိုလေ၏။
ချွေးမ၏ စကားကို မမျှော်လင့်ဘဲ ကြားရသောအခါ ပုဏ္ဏားကြီးသည် စိတ်မသက်မသာဖြင့် ထိုအိမ်မှထွက်ခဲ့ပြီး အခြားသားတစ်ယောက် အိမ်သို့သွားလေ၏။ ထိုအိမ်၌လည်း အလားတူ အပြော အဆိုခံရပြီး အခြားသားအိမ်သို့ ဆက်လက်သွားပြန်သည်။ နောက်ဆုံးတွင် သွားစရာနေစရာ အိမ်မရှိ တော့ဘဲ အိုးမဲ့အိမ်မဲ့ဘဝဖြင့် လှည့်လည်တောင်းရမ်း၍ စားသောက်နေရရှာလေ၏။
ထိုသို့ စားရမဲ့သောက်ရမဲ့ ဖြစ်လာချိန်တွင် မြတ်စွာဘုရားရှင်ကို သတိရလာပြီး “ငါ့ကို ကူညီကောင်း ကူညီနိုင်လိမ့်မယ်”ဟူသော မျှော်လင့်ချက်ဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ အသားအရေ ခြောက်ကပ် ညှိုးနွမ်းနေသော ပုဏ္ဏားကြီးကို မြင်လျှင် မြတ်စွာဘုရားရှင်သည် အကြောင်းရင်းကို မေးတော်မူ၏။ ပုဏ္ဏားကြီးလည်း သူကြုံခဲ့သမျှကို အစအဆုံး လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ပုဏ္ဏားကြီး ... ဒါဆိုရင် ဂါထာအချို့ကို ငါသင်ပေးမယ်၊ ဒီဂါထာတွေကို မှတ်ပြီးတော့ လူအများစည်းဝေးရာ တရားသဘင်သို့ သွား ရောက် ရွတ်ဆိုပါ”ဟု မိန့်တော်မူကာ သင်ပေးလိုက်၏။
ပုဏ္ဏားကြီးသည် ဂါထာတို့ကို သင်ယူ၍ လူအ များစည်းဝေးရာ တရားသဘင်သို့ သွားလေသည်။ ထိုတရားသဘင်၌ ပုဏ္ဏားကြီး၏ သားလေးယောက်တို့လည်း တက်ရောက်လျက်ရှိသည်ကို သိ၍ ပရိသတ်အလယ်၌ မတ်တတ်ရပ်လျက် အောက်ပါဂါထာတို့ကို ရွတ်ဆို၏။
“သားတို့ကို ငါသည် အလွန်အမင်း ချစ်ခဲ့၏။ သားတို့၏ ကြီးပွားချမ်းသာခြင်းကို လိုလား တောင့်တခဲ့၏။ ခွေးတို့သည် ဝက်ကို ဟောင်၍ နှင်ထုတ်ကြသကဲ့သို့ သားတို့သည် မယားတို့နှင့် တိုင် ပင်ကာ ငါ့ကို နှင်ထုတ်ကြ၏။”
“ဘီလူးတို့သည် သားအသွင် ဟန်ဆောင်၍ ငါ့ကို “ဖခင်၊ ဖခင် ́ဟု ခေါ်ခဲ့ကြ၏။ ယုတ်မာသော သားတို့သည် အိုမင်းလာသော ငါ့ကို စွန့်ပစ်ကြကုန်၏။”
“အိုမင်းပြီဖြစ်၍ အသုံးမကျသော မြင်းကို အစာမကျွေးဘဲ ဖယ်ထားသကဲ့သို့ သားမိုက်တို့သည် ငါ့ကို အိမ်မှ နှင်ထုတ်ကြ၏။ သားမိုက်တို့၏ ဖခင်အိုသည် အိမ်တကာလှည့်လည် တောင်းရမ်းစား သောက်နေရ၏။” “ငါ၏ သားတို့သည် လက်စွဲတောင်ဝှေးလောက်မျှ အသုံးမကျပေ။ တောင်ဝှေးသည် ကြမ်းတမ်း သော ခွေး၊ နွားရိုင်းတို့ကို တားမြစ်နိုင်၏။ အမှောင်ထဲ၌ အဖော်ဖြစ်နိုင်၏။ လဲကျသောအခါ တောင်ဝှေး ၏ အကူအညီဖြင့် ပြန်ထနိုင်၏။”
ထိုခေတ်အခါက သာဝတ္ထိပြည်တွင် “မိဘတို့အား ပြုစုလုပ်ကျွေးခြင်း မရှိသော သားဆိုး သမီး ဆိုးကို သတ်အပ်၏”ဟူသော ထုံးစံတစ်ခုရှိ၏။ ထို့ကြောင့် ပုဏ္ဏားကြီး ဂါထာရွတ်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် သားလေးယောက်တို့သည် သေရမည်ကို ကြောက်ရွံ့ကြသောကြောင့် ဖခင်ပုဏ္ဏား ကြီး၏ ခြေတို့ကို ဖက်၍ သူတို့အား ခွင့်လွှတ်ပါရန် တောင်းပန်ကြ၏။ ထိုအခါ၌ ပုဏ္ဏားကြီးလည်း ဖခင်မေတ္တာဖြင့် သားလေးယောက်တို့အား ကြည်ကြည်သာသာပင် ခွင့်လွှတ်စကား ပြောလေ၏။
ထို့နောက် သားလေးယောက်တို့သည် ဖခင်ပုဏ္ဏားကြီးကို အိမ်သို့ ထမ်း၍ ခေါ်လာကြပြီး ကောင်းစွာ ပြုစုလုပ်ကျွေးကြလေသည်။ ဖခင်ကြီးအား ကောင်းစွာ ပြုစုလုပ်ကျွေးကြရမည်၊ မလုပ် ကျွေးလျှင် ပြင်းပြင်းထန်ထန် ဒဏ်ပေးခံရမည်ဟု မယားတို့ကိုလည်း ခြိမ်းခြောက် ပြောဆိုကြ၏။ ထိုနေ့ မှစ၍ ပုဏ္ဏားကြီးသည် သားလေးယောက်ထံမှ ထမင်းလေးအုပ် ရသည်။ အဝတ်အထည် အများအပြား ကိုလည်း ရလေသည်။
ပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို အလွန်ကျေးဇူးတင်သဖြင့် ပုဆိုးတစ်စုံ လှူဒါန်း၏။ မြတ်စွာဘုရားရှင်သည် ပုဏ္ဏားကြီး၏ အလှူဒါနကို လက်ခံတော်မူပြီး တရားဟောကြားရာ တရား တော်၏ အဆုံး၌ ပုဏ္ဏားကြီး သရဏဂုံ တည်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်အပေါ် ပို၍ ကြည်ညို လာပြီး ထမင်းနှစ်အုပ်ကို မြတ်စွာဘုရားရှင်အား လှူဒါန်းလိုကြောင်း လျှောက်ထား၏။
တစ်နေ့သ၌ သားကြီးသည် အလှူမင်္ဂလာတစ်ခု ပြုလုပ်လိုကြောင်း ဖခင်ကြီးကို ပြောရာ ဖခင်ကြီးက မြတ်စွာဘုရားရှင်နှင့် ရဟန်းတော် ၅၀၀ ကို ပင့်ဖိတ်၍ အလှူပေးလိုကြောင်း ပြောဆို ၏။ သားကြီးကလည်း သဘောတူ၏။ ထို့ကြောင့် နောက်နေ့နံနက်၌ မြတ်စွာဘုရားရှင်နှင့် ရဟန်း သံဃာတော်တို့ကို ပင့်ဖိတ်၍ ရေမရောသော ဃနာနို့ဆွမ်းနှင့် မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို ဆက်ကပ် လေသည်။
ဆွမ်းဘုဉ်းပေးပြီးသောအခါ မြတ်စွာဘုရားရှင်သည် “သင်တို့၏ အလုပ်သည် ကောင်းမွန် ပါပေ၏။ အမိအဘတို့ကို ပြုစုလုပ်ကျွေးခြင်းသည်ကား ရှေးပညာရှိတို့၏ အလေ့အကျင့်ပင် ဖြစ်၏”ဟု တရားတော်ကို ဟောတော်မူသည်။ ပုဏ္ဏားကြီးနှင့် သားလေးယောက်တို့လည်း ထိုနေ့မှစ၍ ဘုရားရှင်၏ အဆုံးအမနှင့်အညီ ပျော်ရွှင်စွာ နေထိုင်သွားကြလေ၏။