မိဘစကား နားထောင်သော ဒီဃာဝု
သင်ခန်းစာ (၁၄)
မိဘစကား နားထောင်သော ဒီယာဝုမင်းသား
ပြင်ဆင်ရန်ရှေးအခါက ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း အုပ်ချုပ်၏။ ဗာရာဏသီပြည်သည် ကြွယ်ဝချမ်း သာ၍ စစ်အင်အားလည်း တောင့်တင်း၏။ အိမ်နီးချင်း ကောသလတိုင်းနိုင်ငံ၌ ဒီဃီတိကောသလမင်း အုပ်ချုပ်၏။ ကောသလတိုင်းနိုင်ငံသည် ဆင်းရဲ၏။ စစ်အင်အားလည်း ချည့်နဲ့၏။ အင်အားနည်းပါးမှုကို အခွင့်ကောင်းယူ၍ ဗြဟ္မဒတ်မင်းသည် ကောသလတိုင်းကို စစ်တိုက်၍ သိမ်းပိုက်လေ၏။ ။
ထိုအခါ ဒီဃီတိကောသလမင်းသည် မိဖုရားကြီးကိုခေါ်၍ တိတ်တဆိတ် ထွက်ပြေးကာ ဗာရာဏသီပြည်၏ အစွန်အဖျားအရပ်ရှိ အိုးထိန်းသည်တစ်ဦး အိမ်၌ ပရိဗိုဇ်ရဟန်းအသွင်ဖြင့် မထင်မရှား နေလေ၏။ ထိုအိမ်သို့ ရောက်၍ မကြာမီပင် မိဖုရားကြီးသည် သားတစ်ယောက် ဖွားမြင်လေသည်။ ထိုသားလေးအား “ဒီဃာဝု”ဟု နာမည်မှည့်ကြ၏။ ဒီဃာဝုမင်းသားလေး အရွယ်ရောက်လာသောအခါ တတ်ပညာမျိုးစုံတို့ကို သင်ကြားပေးသည်။ ပင်ကိုယ်ဉာဏ်ကောင်းသည့် မင်းသားလေးသည် မကြာမီမှာပင် ပညာမျိုးစုံကို ကျွမ်းကျင် တတ်မြောက်လေ၏။ ဒီဃီတိကောသလမင်းသည် ဗြဟ္မဒတ်မင်း၏ ရန်မှ ကင်းလွတ်စေရန် ဒီဃာဝုမင်းသားကို မြို့ပြင်၌ ထားလေသည်။
တစ်နေ့တွင် ဒီဃီတိကောသလမင်း၏ “ဆတ္တာသည်”သည် ဗြဟ္မဒတ်မင်းထံ ချဉ်းကပ်၍ ဒီဃီတိ ကောသလမင်း၏ တည်နေရာကို သတင်းပေးလိုက်လေ၏။ ထိုအခါ ဗြဟ္မဒတ်မင်းသည် “ဒီဃီတိ ကောသလမင်းနှင့် မိဖုရားတို့ကို ဖမ်း၍ ခေါင်းတုံးရိတ်ပြီးလျှင် လက်ပြန်ကြိုးတုပ်ကာ တစ်လမ်းဝင်တစ်လမ်းထွက် လှည့်လည် ခေါ်ဆောင်လျက် မြို့၏တောင်တံခါးမှ ထုတ်၍ လေးပိုင်းဖြတ်ကာ ပစ်ကုန်လော့”ဟု မင်းချင်းယောက်ျားတို့အား အမိန့်ပေးလိုက်သည်။ မင်းချင်းတို့ကလည်း ဗြဟ္မဒတ်မင်းကြီး စေခိုင်းသည့်အတိုင်း ဆောင်ရွက်ကြ၏။ ထိုအချိန်၌ ဒီဃာဝုမင်းသားသည် မိဘတို့ကို တွေ့ဆုံရန် ဗာရာဏသီပြည်သို့ ပြန်လာ၏။ မြို့ အဝင်၌ မိဘနှစ်ပါးတို့အား မင်းချင်းယောက်ျားတို့ ခေါ်ဆောင်လာကြသည်ကို ရင်နင့်ဖွယ် တွေ့မြင်ရလေ သည်။ အသက်အန္တရာယ် စိုးရိမ်ရသည်ဖြစ်၍ မိဘတို့ထံသို့ တိုးတိုးတိတ်တိတ် ချဉ်းကပ်လေ၏။ ဒီဃီတိကောသလမင်းသည် အဝေးမှလာနေသော ဒီဃာဝုမင်းသားကို မြင်၍ “ချစ်သား ဒီဃာဝု ... ရန်တုံ့မူ သဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏”ဟု အဝေးက ပြောဆိုဆုံးမ ၏။ ဒီဃာဝုမင်းသားသည်လည်း အဝေးကပင် ဖခင်၏ ဆုံးမစကားကို နာယူမှတ်သားထားသည်။
မကြာမီပင် မင်းချင်းယောက်ျားတို့သည် ဒီဃီတိကောသလမင်းနှင့် မိဖုရားတို့ကို လေးပိုင်းပိုင်းကာ ကွပ်မျက်၍ အရပ်လေးမျက်နှာတို့၌ ပစ်ထားခဲ့ပြီးလျှင် အစောင့်အရှောက်ထား၍ ပြန်သွားကြ၏။ ဒီဃာဝုမင်းသားသည် အခြေအနေအရပ်ရပ်ကို အကဲခတ်ကာ ဗာရာဏသီမြို့တွင်းသို့ ဝင်ပြီးလျှင် သေရည်ကို ဆောင်ယူခဲ့ပြီး အစောင့်တို့ကို တိုက်သည်။ အစောင့်တို့ မူးလဲနေစဉ် ထင်းတို့ကို စုပုံလျက် မိဘနှစ်ပါး တို့၏ အလောင်းတို့ကို မီးသဂြိုဟ်ကာ လက်အုပ်ချီ၍ လက်ယာရစ် သုံးကြိမ်လှည့်လည်ပူဇော်လေ၏။ မိဘတို့၏ အလောင်းတို့ကို ကောင်းမွန်စွာ သဂြိုဟ်ပြီးနောက် ဒီဃာဝုမင်းသားသည် ဗာရာဏသီ ပြည်သို့ဝင်၍ နန်းတော်အနီး ဆင်တင်းကုပ်သို့ သွားကာ ဆင်ဆရာ၏အိမ်၌ နေခွင့်တောင်း၍ နေလေသည်။ ဒီဃာဝုမင်းသားသည် ထိုအိမ်၌ နေလျက် သီချင်းသံနှင့် စောင်းသံကို ဗြဟ္မဒတ်မင်းကြီး ကြားအောင် သာယာစွာ တီးခတ်သီဆို၏။ ထိုအသံကို ဗြဟ္မဒတ်မင်းကြီး ကြား၍ အလွန်နှစ်သက် သဘောကျကာ အနီး အပါး၌ ခစားရန် ဆင့်ခေါ်သည်။ ဤသို့ ခစားလာရာ မကြာမီပင် ဒီဃာဝုမင်းသားသည် မင်းကြီး၏ လူယုံတော် ဖြစ်လာလေ၏။
တစ်နေ့သ၌ ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသားကို မြင်းရထား မောင်းစေ၍ တောကစားထွက်ခဲ့၏။ ဒီဃာဝုမင်းသားသည် မြင်းရထားကို မင်းကြီး၏ ကိုယ်ရံတော် စစ်တပ်နှင့် လမ်းကွဲသွားစေရန် အပြင်းမောင်းနှင်သည်။ ခရီးပေါက်လာသည်နှင့်အမျှ ဗြဟ္မဒတ်မင်းကြီး ပင်ပန်းလာသည်ဖြစ်ရာ ခေတ္တ အိပ်စက် အနားယူရန် ဒီဃာဝုမင်းသားအား မြင်းရထားကို အချွတ်ခိုင်း၏။ ဒီဃာဝုမင်းသားသည် မြင်း ရထားကို ချွတ်၍ မြေကြီးပေါ်၌ တင်ပျဉ်ခွေကာ ထိုင်နေသည်။ ထိုအခါ ဗြဟ္မဒတ်မင်းကြီးသည် ဒီဃာဝု မင်းသား၏ ရင်ခွင်၌ ဦးခေါင်းတင်၍ အိပ်၏။ မင်းကြီးသည် ပင်ပန်းနေသောကြောင့် မကြာမီပင် အိပ်ပျော် သွားလေသည်။ ထိုအခါ ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ်မင်းကို လက်စားချေရန် သန်လျက်အိမ်မှ သန်လျက်ကို ဆွဲထုတ်၏။ ထိုအချိန်၌ “ချစ်သားဒီဃာဝု ... ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ရန်တုံ့မမူမှသာလျှင် ( ရန်တို့သည် ငြိမ်းကုန်၏”ဟူသော ခမည်းတော်၏ ဆုံးမစကားကို နားထဲ၌ ကြားယောင်လာရာ သန်လျက်ကို ပြန်သွင်း၏။ ဤသို့ သွင်းလိုက် ထုတ်လိုက်ဖြင့် သုံးကြိမ်တိုင်တိုင် ချီတုံ ချတုံဖြစ်နေ၏။
ထိုအချိန်၌ ဗြဟ္မဒတ်မင်းကြီးသည် လန့်၍ နိုးလာရာ ဒီဃာဝုမင်းသားက “အဘယ့်ကြောင့် လန့်၍ နိုးပါသနည်း”ဟု မင်းကြီးအား မေး၏။ မင်းကြီးက “အိပ်မက်ထဲ၌ ငါ့ကို ဒီဃီတိကောသလမင်း၏ သား ဒီဃာဝုမင်းသားက သန်လျက်ဖြင့် လိုက်သောကြောင့် လန့်၍နိုး၏”ဟု ပြောလေသည်။ ထိုအခါ ဒီဃာဝုမင်းသားသည် လက်ဝဲလက်ဖြင့် ဗြဟ္မဒတ်မင်းကြီး၏ ဦးခေါင်းကို ကိုင်၍ လက်ယာလက်ဖြင့် သန်လျက်ကို ထုတ်ကာ “ဒီဃီတိကောသလမင်း၏သား ဒီဃာဝုမင်းသားသည် ကျွန်ုပ်ပင် ဖြစ်၏။ ယခု အရှင်မင်းကြီးကို လက်စားချေတော့မည်”ဟု အံကြိတ်ကာ ပြောဆို၏။ ထိုအခါ ဗြဟ္မဒတ်မင်းကြီးသည် အလွန်ကြောက်ရွံ့ ထိတ်လန့်သည်ဖြစ်၍ ဒီဃာဝုမင်းသား၏ ခြေတို့ကို ဦးခိုက်ကာ “ချစ်သားဒီဃာဝု ...။ ငါ့အသက်ကို ချမ်းသာပေးပါ”ဟု အကြိမ်ကြိမ် တောင်းပန်လေတော့သည်။ ထိုအခါ ဒီဃာဝုမင်းသားသည် မိဘစကားကို နားထောင်ကာ မင်းကြီး၏ အသက်ကို ချမ်းသာပေးလိုက်၏။ ထို့ပြင် ဒီဃာဝုမင်းသား ကလည်း သူ့အသက်ကို ချမ်းသာပေးပါရန် ဗြဟ္မဒတ်မင်းကြီးအား တောင်းပန်သည်။ မင်းကြီးကလည်း ချမ်းသာပေးပါမည်ဟု ကတိပြု၏။
ဤသို့ အချင်းချင်း အပြန်အလှန် ကတိပြုကြပြီးနောက် ဗြဟ္မဒတ်မင်းနှင့် ဒီဃာဝုမင်းသား တို့သည် ဗာရာဏသီမြို့တော်သို့ ပြန်လာခဲ့ကြ၏။ ဗာရာဏသီမြို့သို့ ပြန်ရောက်သောအခါ ဗြဟ္မဒတ် မင်းကြီးသည် ဒီဃာဝုမင်းသားအား သမီးတော်နှင့် လက်ထပ်ပေးကာ သူ့ခမည်းတော် ပိုင်ဆိုင်ခဲ့သော ကောသလတိုင်းပြည်ကိုလည်း ပြန်လည် အပ်နှင်းလိုက်လေသည်။
ကြည်နူးစရာ တို့ကမ္ဘာ
ပြင်ဆင်ရန်ကျေးဇူးကြီးလှ မိနဲ့ဘ
ဆိုဆုံးမတဲ့စကား မှတ်သားကြ
တန်ဖိုးကြီးလှ မိဘစကား
ရိုသေယုံကြည်စွာ အမြဲနားထောင်ပါ
ရန်ကိုရန်ချင်း မတုံ့ပြန်နဲ့ကွာ
စကားချိုသာ လိမ္မာယဉ်ကျေးပါ
မေတ္တာရှေ့ထား စိတ်နှလုံးချမ်းသာ
ချစ်သူခင်သူများ နှစ်သက်ကြည်နူးစရာ တို့ကမ္ဘာ။