မိဘစကား နားထောင်သော ဒီဃာဝု (ဆရာ)
သင်ခန်းစာ (၁၄)
သင်ခန်းစာခေါင်းစဉ်။ ။ မိဘစကားနားထောင်သော ဒီဃာဝု
သင်ယူမှုဦးတည်ချက်။ ။ မိဘစကားနားထောင်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်။
စာသင်ချိန် (၁)။ ။ ၃၀ မိနစ်
သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။
သင်ယူမှုလုပ်ငန်းစဉ်
֍ ကလေးများကို တစ်ဖွဲ့လျှင် ငါးယောက်ပါသော အုပ်စုများဖွဲ့ပါ။
֍ “သားတို့သမီးတို့ကို မိဘတွေက ဘာတွေလုပ်ပေးသလဲ။ ဘာကြောင့် လုပ်ပေးတာလဲ”ဟူသော မေးခွန်းကို အုပ်စုလိုက် စဉ်းစားဆွေးနွေးကြစေပြီးလျှင် စာရွက်ပေါ်တွင် ချရေးကြပါစေ။ ဆွေးနွေးနေစဉ် အချက်အလက် များများရအောင် ဆရာက ပံ့ပိုးကူညီပေးပါ။
֍ ရေးပြီးသောအချက်များကို အုပ်စုကိုယ်စားလှယ်တစ်ဦးစီက အလှည့်ကျ ပြောပြပါစေ။
֍ အဖွဲ့ကိုယ်စားလှယ်တစ်ဦးက ပြောပြသည်ကို အခြားအဖွဲ့များက နားထောင်ပြီးနောက် “ဘယ်အချက်ကို အကြိုက်ဆုံးလဲ၊ ဘာကြောင့်ကြိုက်သလဲ” ဆိုသည်ကို အလှည့်ကျ ပြန်လည်ပြောပြကြပါစေ။ ကလေးများ ပြောသော အဖြေများကို ဆရာက သင်ပုန်းပေါ်တွင် မှတ်သားထားပါ။
֍ ကလေးများ၏ အဖြေကို လက်ခံပေးပြီးနောက် ဆရာက “မိဘတွေက သားတို့သမီးတို့ကို ယဉ်ကျေးလိမ္မာဖို့အတွက် ကောင်းစေချင်တဲ့ဆန္ဒနဲ့ သွန်သင်ဆုံးမပေးတဲ့အတွက် သားတို့သမီးတို့ကလည်း မိဘတွေရဲ့ ဆုံးမစကားကို နား ထောင်ရမယ်” စသည်ဖြင့် ဖြည့်စွက်ပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။
စာသင်ချိန် (၂)
သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။
သင်ယူမှုလုပ်ငန်းစဉ်
֍ “သားတို့သမီးတို့ . အခု မိဘစကား နားထောင်တဲ့ မင်းသားလေးတစ်ပါးအကြောင်း လေ့လာကြမယ်”ဟု ဆိုကာ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းကို ဖတ်ကြပါစေ။
မိဘစကား နားထောင်သော ဒီဃာဝု
ရှေးအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းအုပ်ချုပ်နေတယ်။ ဗာရာဏသီပြည်ဟာ ကြွယ်ဝချမ်းသာပြီး စစ်အင်အားလည်း တောင့်တင်းတယ်။ အိမ်နီးချင်း ကောသလတိုင်းနိုင်ငံမှာတော့ ဒီဃီတိကောသလမင်း အုပ်ချုပ်တယ်။ ကောသလတိုင်းနိုင်ငံဟာ ဆင်းရဲတယ်။ စစ်အင်အားလည်း ချည့်နဲ့တယ်။ အင်အားနည်းပါးတာကို အခွင့် ကောင်းယူပြီး ဗြဟ္မဒတ်မင်းဟာ ကောသလတိုင်းကို တိုက်ခိုက်သိမ်းပိုက်တယ်။
ပြန်ခုခံရင် မနိုင်မှန်းသိလို့ ဒီဃီတိကောသလမင်းဟာ မိဖုရားကြီးကိုခေါပြီး တိတ်တဆိတ် ထွက်ပြေးကာ ဗာရာဏသီပြည်ရဲ့ အစွန်အဖျားအရပ်မှာရှိတဲ့ အိုးထိန်းသည်တစ်ဦးရဲ့ အိမ်မှာ ပရိဗိုဇ်ရဟန်းအသွင်နဲ့ မထင်မရှား နေပါတယ်။ အဲဒီအိမ်ကိုရောက်ပြီး မကြာမီမှာ မိဖုရားကြီးဟာ သားတစ်ယောက် ဖွားမြင်တယ်။ အဲဒီ သားလေးကို “ဒီယာဝု”လို့ နာမည်ပေးလိုက်တယ်။ ဒီယာဝုမင်းသားလေး အရွယ်ရောက်လာတဲ့အခါ အတတ်ပညာမျိုးစုံတို့ကို သင်ကြားပေးတယ်။ ပင်ကိုက ဉာဏ်ကောင်းတဲ့ မင်းသားလေးဟာ မကြာမီမှာပဲ ပညာမျိုးစုံကို ကျွမ်းကျင်တတ် မြောက်လာတယ်။ ဒီဃီတိကောသလမင်းဟာ သူ့ရဲ့ သားတော် ဒီဃာဝုမင်းသားကို ဗြဟ္မဒတ်မင်းရဲ့ရန်က ကင်းလွတ် အောင် မြို့ပြင်မှာထားတယ်။
တစ်နေ့မှာ ဒီဃီတိကောသလမင်းရဲ့ ဆတ္တာသည်က ဗြဟ္မဒတ်မင်းထံကို ချဉ်းကပ်ပြီး ဒီဃီတိကောသလမင်း ရှိတဲ့နေရာကို သတင်းပေးလိုက်တယ်။ အဲဒီအခါ ဗြဟ္မဒတ်မင်းက “ဒီဃီတိကောသလမင်းနဲ့ မိဖုရားတို့ကိုဖမ်းပါ။ ပြီးရင် လက်ပြန်ကြိုးတုပ် ခေါင်းတုံးရိတ်ပြီး တစ်လမ်းဝင် တစ်လမ်းထွက် လှည့်လည်ကာ မြို့ ရဲ့တောင်တံခါးက ထွက်ပြီး လေးပိုင်းဖြတ်ကာ ပစ်ကုန်လော့”လို့ မင်းချင်းယောက်ျားတွေကို အမိန့်ပေးလိုက်တယ်။ မင်းချင်းတွေကလည်း ဗြဟ္မဒတ်မင်းကြီး စေခိုင်းတဲ့အတိုင်း ဆောင်ရွက်ကြတယ်။
အဲဒီအချိန်မှာ ဒီဃာဝုမင်းသားဟာ မိဘတွေကို တွေ့ဆုံဖို့ ဗာရာဏသီပြည်ကို ပြန်လာတယ်။ မြို့ အဝင်မှာ မိဘနှစ်ပါးကို မင်းချင်းယောက်ျားတွေက ခေါ်ဆောင်လာကြတာကို ရင်နင့်ဖွယ်တွေ့မြင်ရတယ်။ သူ့အသက်အန္တရာယ် စိုးရိမ်ရလို့ မိဘတို့ထံ တိုးတိုးတိတ်တိတ် ချဉ်းကပ်တယ်။ ဒီဃီတိကောသလမင်းက ဒီဃာဝုမင်းသားကို “ချစ်သား ဒီဃာဝု ... ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏”လို့ ခပ်လှမ်းလှမ်း က ပြောဆိုဆုံးမတယ်။ ဒီယာဝုမင်းသားလည်း ခပ်လှမ်းလှမ်းကပင် ဖခင်၏ ဆုံးမစကားကို နာယူမှတ်သားခဲ့တယ်။
မကြာမီပင် မင်းချင်းယောက်ျားတို့က ဒီဃီတိကောသလမင်းနဲ့ မိဖုရားတို့ကို လေးပိုင်းပိုင်း ကွပ်မျက်ပြီး အရပ် လေးမျက်နှာသို့ စွန့်ပစ်ကာ အစောင့်အရှောက်တွေကို စောင့်ကြည့်နေစေပြီး ပြန်သွားကြတယ်။ ဒီယာဝုမင်းသားဟာ အခြေအနေအရပ်ရပ်ကို အကဲခတ်ပြီး ဗာရာဏသီမြို့တွင်းသို့ဝင်ကာ . အစောင့်တွေကို သေရည်တိုက်တယ်။ အစောင့်တွေ မူးလဲနေစဉ်မှာ ထင်းတွေကို စုပုံပြီး မိဘနှစ်ပါးတို့ရဲ့ အလောင်းတွေကို မီးသင်္ဂြိုဟ်ကာ လက်အုပ်ချီပြီး လက်ယာရစ် သုံးကြိမ် လှည့်လည်ပူဇော်တယ်။
မိဘတို့ရဲ့ အလောင်းတွေကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးနောက် ဒီဃာဝုမင်းသားဟာ ဗာရာဏသီမြို့ထဲကို ဝင်ပြီး နန်းတော်အနီး ဆင်တင်းကုပ်ကိုသွားကာ ဆင်ဆရာရဲ့ အိမ်မှာ နေခွင့်တောင်းပြီး နေတယ်။ အဲဒီအိမ်မှာနေရင်း ဒီဃာဝု မင်းသားဟာ သီချင်းသံနဲ့ စောင်းသံကို ဗြဟ္မဒတ်မင်းကြီး ကြားအောင် သာယာဖွယ် တီးခတ်သီဆိုတယ်။ ဗြဟ္မဒတ်မင်းကြီး ကြားတော်မူတဲ့အခါ အလွန်နှစ်သက်သဘောကျလို့ အနီးအပါးမှာ ခစားဖို့ ဆင့်ခေါ်တယ်။ ဒီလိုနဲ့ ခစားရင်း မကြာမီမှာပဲ ဒီဃာဝုမင်းသားဟာ မင်းကြီးရဲ့ လူယုံတော် ဖြစ်လာခဲ့တယ်။
တစ်နေ့မှာတော့ ဗြဟ္မဒတ်မင်းကြီးဟာ ဒီဃာဝုမင်းသားကို မြင်းရထားမောင်းစေပြီး တောကစားထွက်ခဲ့တယ်။ ဒီယာဝုမင်းသားဟာ မြင်းရထားကို မင်းကြီးရဲ့ ကိုယ်ရံတော်စစ်တပ်နဲ့ လမ်းကွဲသွားအောင် အပြင်းမောင်းနှင်တယ်။ ခရီးပေါက်လာတာနဲ့အမျှ ဗြဟ္မဒတ်မင်းကြီးဟာ ပင်ပန်းလာတဲ့အတွက် ခေတ္တအိပ်စက်အနားယူဖို့ မြင်းရထားကို ဖြုတ်ခိုင်းတယ်။ ဒီဃာဝုမင်းသားဟာ မြင်းရထားကို ဖြုတ်ပြီး မြေကြီးပေါ်မှာ တင်ပျဉ်ခွေထိုင်ကာ ဗြဟ္မဒတ် မင်းကြီးကို ရင်ခွင်မှာ အိပ်စေတယ်။ မင်းကြီးဟာ ပင်ပန်းနေတဲ့အတွက် တခဏလေးနဲ့ အိပ်ပျော်သွားတယ်။
အဲဒီအခါ ဒီဃာဝုမင်းသားဟာ ဗြဟ္မဒတ်မင်းကို လက်စားချေဖို့ သန်လျက်အိမ်ကနေ သန်လျက်ကို ဆွဲထုတ် လိုက်တယ်။ အဲဒီအချိန်မှာပဲ “ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ရန်တုံ့မမူမှသာလျှင် ရန်တို့သည်ငြိမ်းကုန်၏”ဆိုတဲ့ ခမည်းတော်ရဲ့ ဆုံးမစကားကို နားထဲမှာ ကြားယောင်လာပြီး သန်လျက်ကို ပြန်သွင်း လိုက်တယ်။ ဒီလိုနဲ့ သွင်းလိုက် ထုတ်လိုက်နဲ့ သုံးကြိမ်တိုင်တိုင် ချီတုံချတုံ ဖြစ်နေတယ်။
အဲဒီအချိန်မှာ ဗြဟ္မဒတ်မင်းကြီးဟာ လန့်နိုးလာတယ်။ ဒီယာဝုမင်းသားက “ဘာကြောင့် လန့်နိုးပါသလဲ”လို့ မင်းကြီးကို မေးတယ်။ မင်းကြီးက “အိပ်မက်ထဲမှာ ငါ့ကို ဒီယီတိကောသလမင်းကြီးရဲ့ သား ဒီဃာဝုမင်းသားက သန်လျက်နဲ့ လိုက်တဲ့အတွက် လန့်နိုးရခြင်းဖြစ်တယ်”လို့ ပြောတယ်။ အဲဒီအခါ ဒီဃာဝုမင်းသားဟာ လက်ဝဲလက်နဲ့ ဗြဟ္မဒတ်မင်းကြီးရဲ့ ခေါင်းကိုကိုင်ပြီး လက်ယာလက်နဲ့ သန်လျက်ကို ထုတ်ကာ “ဒီယီတိကောသလမင်းရဲ့ သား ဒီဃာဝုမင်းသားဟာ ကျွန်ုပ်ပဲဖြစ်တယ်။ ယခု အသင်မင်းကြီးကို လက်စားချေတော့မယ်”လို့ ဒေါသနဲ့ ပြောဆိုတယ်။ အဲဒီအခါ ဗြဟ္မဒတ်မင်းကြီးဟာ အလွန်ကြောက်ရွံ့ ထိတ်လန့်စွာနဲ့ ဒီယာဝုမင်းသားရဲ့ ခြေအစုံကို ဦးခိုက်ကာ “ချစ်သားဒီဃာဝု ... ငါ့အသက်ကို ချမ်းသာပေးပါ” လို့ အကြိမ်ကြိမ် တောင်းပန်ပါတော့တယ်။ အဲဒီအခါ ဒီဃာဝု မင်းသားဟာ မိဘစကားကို နားထောင်ပြီး မင်းကြီးရဲ့ အသက်ကို ချမ်းသာပေးလိုက်တယ်။ သူ့အသက်ကိုလည်း ချမ်းသာပေးဖို့ ပြန်ပြီး တောင်းပန်တယ်။ မင်းကြီးကလည်း ချမ်းသာပေးပါမယ်လို့ ကတိပြုတယ်။
အချင်းချင်း အပြန်အလှန် ကတိပြုကြပြီးနောက် ဗြဟ္မဒတ်မင်းနဲ့ ဒီဃာဝုမင်းသားတို့ဟာ ဗာရာဏသီပြည်ကို ပြန်လာခဲ့ကြတယ်။ ဗာရာဏသီမြို့ကို ပြန်ရောက်တဲ့အခါ ဗြဟ္မဒတ်မင်းကြီးဟာ ဒီဃာဝုမင်းသားကို သမီးတော်နဲ့ လက်ထပ်ပေးကာ သူ့ခမည်းတော်ပိုင်ဆိုင်ခဲ့တဲ့ ကောသလတိုင်းပြည်ကိုလည်း ပြန်လည်အပ်နှင်းလိုက်တယ်။
မှီငြမ်း။ ။ ဒီဃီတိကောသလဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ၊ ၈၉-၉၂။ ဝိ၊၃၊ပါ၊ ၄၈၇။ ဇာ၊ဋ္ဌ၊၃၊၁၉၇။
ခက်ဆစ်အဖွင့်
ပရိဗိုဇ်ရဟန်း = သာသနာပ ရဟန်းတစ်မျိုး
ဆတ္တာသည် = ဆံပင်မုတ်ဆိတ်၊ ခြေသည်း၊ လက်သည်းတို့ကို ရိတ်ဖြတ်ပြုပြင်ခြင်းဖြင့် အသက်မွေးသူ
֍ အောက်ပါမေးခွန်းများကို မေးပါ။
-ဇာတ်လမ်းထဲက မင်းသားလေးရဲ့ နာမည်ကို ပြောပြပါ။
-မင်းသားလေးရဲ့ မိဘတွေဟာ ဘာကြောင့် သေဆုံးသွားရတာလဲ။
-ဒီဃာဝုမင်းသားလေးကို သူ့မိဘတွေက မသေခင်မှာ ဘာတွေမှာကြားခဲ့သလဲ။
-မင်းသားလေးဟာ ရန်သူဘုရင်ကို သတ်ဖို့ အခွင့်အရေးရခဲ့ပေမဲ့ ဘာကြောင့် မသတ်တာလဲ။
-မင်းသားလေးက ရန်သူဘုရင်ကြီးကို သတ်လိုက်မယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်မယ်လို့ ထင်သလဲ။
-မင်းသားလေးဟာ မိဘစကားနားထောင်တဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိခဲ့သလဲ။
-မင်းသားလေးက မိဘစကားကို ဘာကြောင့် နားထောင်ခဲ့တာလို့ ထင်သလဲ။
စာသင်ချိန် (၃)
သင်ထောက်ကူပစ္စည်း။ ။ ကြည်နူးစရာ တို့ကမ္ဘာ တေးကဗျာ။
သင်ယူမှုလုပ်ငန်းစဉ်
֍ ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။
֍ “ကြည်နူးစရာတို့ကမ္ဘာ” တေးကဗျာကို မူဟန်အသွယ်သွယ်ဖြင့် သီဆိုပြနိုင်ရန် အုပ်စုလိုက် ဆွေးနွေးကြပါစေ။
֍ ဆွေးနွေးပြီးပါက တေးကဗျာကို အုပ်စုလိုက် ဟန်ပန်အမူအရာဖြင့် အလှည့်ကျ သီဆိုကြပါစေ။
ကြည်နူးစရာ တို့ကမ္ဘာ
ကျေးဇူးကြီးလှ | မိနဲ့ဘ | ဆိုဆုံးမတဲ့စကား | မှတ်သားကြ | တန်ဖိုးကြီးလှ | မိဘစကား |
ရိုသေယုံကြည်စွာ | အမြဲနားထောင်ပါ | ရန်ကိုရန်ချင်း | မတုံ့ပြန်နဲ့ကွာ | စကားချိုသာ | လိမ္မာယဉ်ကျေးပါ |
မေတ္တာရှေ့ထား | စိတ်နှလုံးချမ်းသာ | ချစ်သူခင်သူများ | နှစ်သက်ကြည်နူးစရာ | တို့ကမ္ဘာ။ |
֍ ကလေးများသီဆိုပြီးလျှင် ဆရာက တေးကဗျာကို အသံနေအသံထားဟန်ပန်အမူအရာဖြင့် သီဆိုပြပါ။ ထို့နောက် ကလေးများနှင့်အတူ သံပြိုင်သီဆို၍ စာသင်ချိန်ကို အဆုံးသတ်ပါ။
စာသင်ချိန် (၄)
သင်ထောက်ကူပစ္စည်း။ ။ စကားလုံးဖြတ်ပိုင်းများ။
သင်ယူမှုလုပ်ငန်းစဉ်
֍ ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။ စာလုံးဖြတ်ဆက်နည်းကို အသုံးပြုရန် “ကြည်နူးစရာ တို့ကမ္ဘာ” ကဗျာပါ ဖြတ်ပိုင်း ၁၇ ပိုင်းကို အုပ်စုတစ်စုစီ၏ ရှေ့တွင် ချထားပေးပါ။
ကျေးဇူးကြီးလှ မိနဲ့ဘ ဆိုဆုံးမတဲ့စကား မှတ်သားကြ တန်ဖိုးကြီးလှ မိဘစကား ရိုသေယုံကြည်စွာ
အမြဲနားထောင်ပါ ရန်ကိုရန်ချင်း မတုံ့ပြန်နဲ့ကွာ စကားချိုသာ လိမ္မာယဉ်ကျေးပါ မေတ္တာရှေ့ထား စိတ်နှလုံးချမ်းသာ ချစ်ခင်သူများ နှစ်သက်ကြည်နူးစရာ တို့ကမ္ဘာ
֍ စာရွက်ပိုင်းများအားလုံးကို ကလေးများဖတ်ပြီးပါက မိမိတို့ထင်မြင်ယူဆချက်အတိုင်း ရှေ့နောက်စီစဉ်ကြပါစေ။
֍ စီစဉ်ပြီးသော ကဗျာကို အုပ်စုအသီးသီးက အလှည့်ကျဖတ်ပြပါစေ။ ဖတ်ပြရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အသံနေ အသံထားပုံစံမတူအောင် တစ်ဖွဲ့က ကဗျာဆိုဟန်၊ အခြားတစ်ဖွဲ့က သီချင်းဆိုဟန်၊ အခြားတစ်ဖွဲ့က အနှေးဆို၊ တစ်ဖွဲ့က အမြန်ဆို စသည်ဖြင့် ဖတ်ပြပါစေ။
֍ နောက်ဆုံးတွင် ဆရာက “ဒီနေ့ကစပြီး သားတို့သမီးတို့ဟာ လိမ္မာယဉ်ကျေးတဲ့၊ မိဘတို့ရဲ့ ဆိုဆုံးမစကားတွေကို လိုက်နာတဲ့ ကလေးအလိမ္မာလေးတွေ ဖြစ်ကြပါစေ”ဟု ဆုတောင်းပေးပြီး သင်ခန်းစာကို အဆုံးသတ်ပါ။