ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၄။ မျှဝေသုံးစွဲခြင်း (ကျောင်းသားကိုင်သို့)
2861ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂၄။ မျှဝေသုံးစွဲခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄)

မျှဝေသုံးစွဲခြင်း

သင်ယူမှုဦးတည်ချက် ။ ။ လူအများကို မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ နေကြာစေ့/ပဲကြီးလှော် (သို့မဟုတ်) မုန့်တစ်မျိုးမျိုး။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများကို မေးပါ။

[သတိပြုရန် ၁]

-သားတို့၊ သမီးတို့ စားစရာတစ်ခုခု စားတဲ့အခါ ဘယ်လိုစားသလဲ၊ တစ်ယောက် တည်း စားတာလား။ ဒါမှမဟုတ် ဘယ်သူ့ကို ကျွေးသေးလဲ။
-သူငယ်ချင်းကိုရော ကျွေးလား။ ဘာကြောင့်လဲ။ တောင်းလို့ ကျွေးတာလား။ ကျွေးချင်လို့ ကျွေးတာလား။
-နောက်ပြီး ဘယ်သူ့ကို ကျွေးချင်သေးလဲ။
-အဲဒီလို သူများကိုကျွေး/ပေးလိုက်ရတဲ့အချိန်မှာ သားတို့၊ သမီးတို့ရဲ့ စိတ်ထဲမှာ ဘယ် လို ခံစားရသလဲ။
-သားတို့၊ သမီးတို့ ပေးလိုက်/ကျွေးလိုက်တဲ့ သူတွေရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားရမယ် ထင်သလဲ။
-တကယ်လို့ သားတို့၊ သမီးတို့က သူငယ်ချင်းစားနေတဲ့ စားစရာကို စားချင်လို့ တောင်းလိုက်တဲ့အချိန်မှာ သူငယ်ချင်းက မပေးရင် စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ။ အဲဒီသူငယ်ချင်းကိုလည်း ဘယ်လိုထင်မလဲ။

֍ထို့နောက် ဆရာက နေကြာစေ့ သို့မဟုတ် ပဲကြီးလှော် သို့မဟုတ် အခြားအဆင်ပြေရာ တစ်မျိုးမျိုးကို ဗန်းတစ်ခုထဲတွင် ထည့်ပေးထားပြီး ကလေးများ လက်နှင့်ဆုပ်ကာ ယူ ကြပါစေ။ (ချက်ချင်း စားမပစ်ကြရန် သတိပေးပါ။)

֍နေကြာစေ့ သို့မဟုတ် တစ်မျိုးမျိုးကို ကလေးအရေအတွက်နှင့်မမျှအောင် လျှော့ထားရန် လိုပါသည်။

֍ကလေးအရေအတွက်က များပြီး နေကြာစေ့က နည်းနေသည့်အတွက် မယူလိုက်ရ သောကလေးများ ကျန်နေပါလိမ့်မည်။ ရရှိသောသူများနှင့် မရလိုက်ရသောသူများမှ နေရာခွဲ၍ ထိုင်ကြပါစေ။ ပြီးနောက် ဆရာက “(နေကြာစေ့ယူပြီးသော ကလေးများဘက် ညွန်ပြလျက်) သားတို့၊ သမီးတို့ကတော့ နေကြာစေ့တွေ လက်တစ်ဆုပ် ရသွားကြပြီ။ (မရသောကလေးများဘက် ညွန်ပြလျက်) . ဟိုဘက်က သားတွေ၊ သမီးတွေကတော့ မရကြသေးဘူး။ အဲဒီတော့ လက်တစ်ဆုပ်စာရသွားတဲ့ ကလေးတွေက မရတဲ့သူတွေကို ဝေမျှ မပေးချင်ကြဘူးလားဟု မေးမြန်းပါ။

֍စားစရာပဲဖြစ်ဖြစ်၊ အခြားအရာတစ်မျိုးမျိုးဖြစ်ဖြစ် သူငယ်ချင်းအချင်းချင်း မျှဝေသုံးစွဲရမည် ဖြစ်ကြောင်း၊ မျှဝေသုံးစွဲတတ်သောအကျင့်သည် လူလိမ္မာကလေးများ၏ အမူအကျင့်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပေးပြီး နေကြာစေ့ရထားသူကလေးများက မရသေး သော ကလေးများအတွက် အနည်းငယ်စီ ပြန်လည်ခွဲဝေပေးကြပါစေ။

֍ထို့နောက် နေကြာစေ့များ ခွဲဝေပေးခြင်းကဲ့သို့ အခြားပစ္စည်းများကိုလည်း သူငယ်ချင်း များနှင့်အတူတကွ ပျော်ပျော်ရွှင်ရွှင် ဝေမျှသုံးစွဲရမည်ဖြစ်ကြောင်း၊ နောက်အချိန်တွင် ကပ်စေးနှဲသော သူဌေးကြီးတစ်ယောက်အကြောင်းကို ပြောပြပေးမည် ဖြစ်ကြောင်း ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကပ်စေးနှဲသော သူဌေးကြီး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ၊

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား အုပ်စု (၅) စု ဖွဲ့ပြီး “ကပ်စေးနှဲသော သူဌေးကြီး” ဇာတ်လမ်းကို တစ်အုပ်စုလျှင် တစ်ပိုဒ်စီ ဖတ်ကြပါစေ။

[သတိပြုရန် ၂]

֍ဖတ်ပြီးလျှင် အုပ်စုတစ်စုချင်းစီ မိမိနားလည်သလို ဇာတ်လမ်းကို ပြန်၍ပြောပြကြပါစေ။

֍အုပ်စုအားလုံး ပြောပြီးသောအခါ ဆရာက ဇာတ်လမ်းတစ်ခုလုံးကို ကလေးများနားလည်အောင် ထပ်ပြောပြပါ။

ကပ်စေးနှဲသော သူဌေးကြီး

ဟိုးရှေးရှေးတုန်းက အလွန်ချမ်းသာပေမဲ့ ကပ်စေးနှဲတဲ့ သူဌေးကြီးတစ်ဦး ရှိတယ်။ သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေဟာ ဘယ်သူမှ အသုံးပြုခွင့်မရဘဲ ဘဏ္ဍာတိုက်ထဲမှာပဲ ရှိ်နေ တယ်။ တစ်နေ့ သူဌေးကြီး မြို့ထဲသွားနေတုန်း အစားအသောက်ကောင်းတွေ တည်ခင်းထား တဲ့ စားသောက်ပွဲကြီးကို တွေ့ မြင်သွားခဲ့တယ်။ သူဌေးကြီးဟာ အဲဒီစားသောက်ပွဲကြီးမှာ စား နေကြတဲ့ မုန့်တစ်မျိုးကို မျက်စိထဲမြင်ယောင်ပြီး စားချင်စိတ်တွေ တဖွားဖွား ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ သူဌေးကြီးဟာ နှမြောနေတဲ့အတွက် ကိုယ်တိုင်လည်း ဝယ်မစား၊ ဇနီးဖြစ်သူကိုလည်း ထုတ်မပြောဘဲ စိတ်ဆင်းရဲနေခဲ့တယ်။

ဒါပေမဲ့ အကြောင်းစုံကို သိသွားတဲ့ သူဌေးကတော်က “ဒီမုန့်လေး စားချင်တာများ စိတ်ညစ်မနေပါနဲ့၊ တစ်ရွာလုံး စားလောက်အောင် ကျွန်မ ကြော်ပေးပါ့မယ်”လို့ ပြောလိုက် တယ်။ အဲဒီအခါ သူဌေးကြီးက ရှင်မရယ်၊ အဲဒီရွာသားတွေက တို့ကျွေးတဲ့မုန့်ကိုစားပြီး သူ့တို့ အလုပ် သူတို့လုပ်ကြမှာ၊ သူတို့ကို ကျွေးလို့ ဘာအကျိုးမှမရှိပါဘူး”လို့ ပြောလိုက်တယ်။ “ဒါဆိုရင် ကျွန်မတို့လမ်းထဲက လူတွေ စားလောက်အောင် ကြော်လိုက်မယ်လေ”လို့ ပြောတော့ သူဌေးကြီးက “ဒါလည်း တို့အတွက် အကျိုးမရှိပါဘူး”လို့ ဆိုပြန်တယ်။ “ဒီလိုဆိုရင် တစ်အိမ်လုံးစားလောက်ရုံ ကြော်လိုက်မယ်” လို့ ပြောတဲ့အခါ သူဌေးကြီးက ငြင်းပြန်တယ်။ ဒါဆိုရင် သားသမီးတွေ စားလောက်ရုံပဲ ကြော်လိုက်မယ်”လို့ ပြောတော့ သူဌေးကြီးက လက်မခံပေ။ အဲဒီအခါ သူဌေးကတော်က “ရှင်နဲ့ကျွန်မ စားဖို့ပဲ ကြော်လိုက်မယ်”လို့ ဆိုတော့ သူဌေးကြီးက “ရှင်မက ဘာဖြစ်လို့ စားမှာလဲ” လို့ ပြောတဲ့အတွက် “ကဲ ဒါဆိုရင်လည်း အရှင်တစ်ယောက် စားလောက်ရုံပဲ ကြော်လိုက်ပါ့မယ်လို့ ပြောလိုက်ပါတယ်။

သူဌေးလင်မယားဟာ တခြားသူတွေကို ကျွေးရမှာကြောက်လို့ ခုနစ်ထပ်မြောက်တိုက်ခန်းမှာ မုန့်ကြော်ကြပါတယ်။ အဲဒီအချိန်မှာ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ဟာ ကောင်းကင်ခရီးကနေ ကြွလာပြီးတော့ တိုက်ခန်းပြတင်းပေါက်မှာ ရုပ်တော်မူပါတယ်။ မထေရ်မြတ်ကိုမြင်တော့ သူဌေးကြီးက “ကောင်းကင်မှာ မတ်တတ်ရပ်နေရုံနဲ့တော့ ဘာမှ ရမှာမဟုတ်ဘူး” ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ပြောပါတယ်။ အဲဒီအခါ မထေရ်မြတ်က လျှောက်ပြပါတယ်။ မထေရ်မြတ်က တန်ခိုးအမျိုးမျိုးပြပေမဲ့ သူဌေးကြီးဟာ ဘာမှလှူဒါန်း လိုစိတ်မရှိဘူး။ မထေရ်မြတ်ကလည်း တန်ခိုးနဲ့ကောင်းကင်မှာ ရပ်နေတော်မူပါတယ်။ နောက် ဆုံးမှာ သူဌေးကြီးက “ငါ တစ်ခုခုမလှူရင် ဒီရဟန်းဟာ ပြန်ကြွမှာမဟုတ်ဘူး”လို့ တွေးပြီး “ရှင်မ ... ဒီရဟန်းကို အသေးဆုံးမုန့်တစ်ခု လှူလိုက်ပါ”လို့ ပြောတယ်။

သူဌေးကတော်က အသေးဆုံးမုန့်တစ်ခုကို ယူလိုက်တဲ့အခါ အသေးဆုံးမုန့်က အကြီးကြီး ဖြစ်သွားတယ်။ အဲဒါကို သူဌေးကြီးက မြင်တော့ “ရှင်မ၊ ဘာဖြစ်လို့ မုန့်အကြီးကြီး ကို လှူရတာလဲ”လို့ မေးတယ်။ “အစက သေးသေးလေးပဲ၊ နောက်မှ ကြီးကြီးသွားတာလို့ ပြောလိုက်တဲ့အခါ သူဌေးကြီးက ကိုယ်တိုင်ကြော်ပြီး ပေးတယ်။ ဒီအခါမှာလည်း အသေးဆုံး မုန့်က အကြီးကြီး ဖြစ်သွားပြန်တယ်။ ကပ်စေးနှဲလွန်းတဲ့ သူဌေးလင်မယားဟာ အသေးဆုံး မုန့်ဖြစ်အောင် မလုပ်နိုင်တဲ့အတွက် စိတ်ညစ်လာတယ်။ ဒါနဲ့ “ကဲ မထူးပါဘူး ရှင်မရာ၊ မုန့် တစ်ခုကိုသာ ပေးလိုက်ပါတော့” ဆိုပြီး မုန့်တစ်ခုကို ကိုင်လိုက်ရာ မုန့်အားလုံးက တစ်ဆက် တည်း ဖြစ်သွားကြတယ်။ မုန့်တစ်ခုတည်းကို ယူလို့မရဘူး ဖြစ်နေတယ်။ သူဌေးလင်မယား နှစ်ယောက်ဟာ မုန့်တစ်ခုကို အမျိုးမျိုး ဆွဲထုတ်ကြပေမဲ့ မရတဲ့အတွက် မောပန်းပြီး ချွေးတွေ တောင် ထွက်နေကြတယ်။ နောက်ဆုံးတော့ “မထူးတော့ပါဘူး ရှင်မရေ၊ ခြင်းတောင်းတစ်ခု လုံးသာ လှူလိုက်ပါတော့” ဆိုပြီး မုန့်ခြင်းကြီးတစ်ခုလုံးကို ပေးလှူလိုက်တော့တယ်။

မုန့်ခြင်းတောင်းကြီးကို အလှူခံပြီးတဲ့အခါ မထေရ်မြတ်က သူဌေးလင်မယားကို တရားဟောတော်မူပါတယ်။ အဲဒီနောက် “သင်တို့ လှူတဲ့မုန့်ကို ဘုဉ်းပေးဖို့ ကျောင်းမှာ သံဃာတော်တွေ စောင့်နေကြတယ်လို့ မိန့်လိုက်ပြီး သူဌေးလင်မယားကိုပါ တန်ခိုးနဲ့ ကျောင်းကို ခေါ်သွားတယ်။ ကျောင်းရောက်တဲ့အခါ မြတ်စွာဘုရားက တရားဟောလိုက်တာ သူဌေးလင်မယားနှစ်ယောက်လုံး တရားထူးကရားမြတ် ရရှိသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူဌေးလင်မယားနှစ်ယောက်ဟာ ကပ်စေးမနဲတော့ဘဲ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို မရှိဆင်းရဲသားတွေကို စွန့်ကြဲ၊ ရဟန်းသံဃာတွေကို လှူဒါန်းပြီး အခါအားလျော်စွာ ကုသိုလ် ကောင်းမှုများ ပြုလုပ်ရင်း ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားခဲ့ကြပါတယ်။

မှီငြမ်း ။ ။ မစ္ဆရိယကောသိယသူဌေးဝတ္ထု ဓမ္မပဒဝတ္ထု မြန်မာပြန်၊ ဒုတိယတွဲ၊ ၆၂၊ ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂၃၂။

֍အောက်ပါမေးခွန်းများကို မေးပါ။

-ဇာတ်လမ်းမှာပါတဲ့ သူဌေးကြီးက ဘယ်လိုလူမျိုးလဲ။
-သူဌေးကြီးက ဘာစားချင်တာလဲ။
-သူဌေးကြီးတို့ လင်မယား မုန့်ကြော်နေတုန်း ဘယ်သူကြွလာတာလဲ။
-အဲဒီအခါ သူဌေးကြီးက လှူသလား။
-မထေရ်မြတ်က ဘာကြောင့်အလှူခံ ထွက်လာတာလို့ ထင်သလဲ။
-သူဌေးကြီးဟာ နောက်ဆုံးမှာ မုန့်တွေကို ဘာလုပ်လိုက်ရလဲ။
-သူဌေးကြီးက ပစ္စည်းဥစ္စာတွေကို ဘယ်အတွက်စုထားတယ်လို့ ထင်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မျှဝေရခြင်းအကျိုးများကို ရေးသားထားသော သစ်ပင်ပုံ၊

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ မျှဝေရခြင်းအကျိုးများကို ရေးသားထားသော သစ်ပင်ပုံကို ဆရာက နမူနာ ဆွဲပြပေးပါ။ (အကျိုးတရားများကို သစ်ပင်ပုံထဲတွင် ထည့်ရေးပြပါ။)

မျှဝေရခြင်းအကျိုး

-အဆင်းလှခြင်း၊
-ဉာဏ်ပညာကြီးခြင်း၊
-အခြွေအရံပေါ်ခြင်း၊
-လူချစ်လူခင် ပေါများခြင်း၊
-ကူညီသူများခြင်း၊
-ခွန်အားကြီးခြင်း၊
-မျက်နှာကြည်လင်ခြင်း၊
-နတ်ပြည်သို့ရောက်ခြင်း။

֍မျှဝေသုံးစွဲလျှင် အဆိုပါအကျိုးများကို ရရှိနိုင်ကြောင်း၊ အဆိုပါ အကျိုးတရားများအပြင် အခြားရရှိနိုင်သော အကျိုးတရားများလည်း ရှိနိုင်ကြောင်း၊ အခြားအကျိုးတရားများကို မိမိတို့ကိုယ်တိုင် စဉ်းစားပြီး ဖြည့်စွက်နိုင်ကြောင်း စသည်ဖြင့် ရှင်းပြထားပါ။

֍ထို့နောက် သင်ပုန်းတွင် ဆရာ နမူနာပြထားသော သစ်ပင်ကဲ့သို့ သစ်ပင်ပုံတစ်ပုံ ရေးဆွဲ ရမည်ဖြစ်ကြောင်း၊ သင်ပုန်းတွင် ရေးပြထားသော အကျိုးတရားများနှင့် မိမိတို့ထင်မြင် သော အကျိုးတရားများကို ထိုသစ်ပင်၏ ပင်စည်နှင့်အကိုင်းများတွင် သင့်လျော်သလို ရေးဆွဲပြီး အလှပဆုံးဖြစ်အောင် ဆေးခြယ်ကြရမည်ဖြစ်ကြောင်း ရှင်းပြပြီး ကလေးများ အားလုံး စတင်ဆောင်ရွက်ကြပါစေ။

֍ပြီးလျှင် ကလေးများရေးဆွဲထားသော သစ်ပင်ပုံကို အတန်းပတ်လည်တွင် ချိတ်ဆွဲစေပြီး လှည့်လည်ကြည့်ရှုကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မျှဝေသုံးစွဲခြင်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရှေ့စာသင်ချိန်များကို ပြန်လည်ချိတ်ဆက်ပြောပြပြီး အောက်ပါကဗျာကို သင်ပေးပါ။

မျှဝေသုံးစွဲခြင်း

ကိုယ့်မှာရှိတာ မျှဝေပါ၊
ကိုယ်လည်းချမ်းသာ စိတ်ချမ်းသာ။
ခင်မင်စရာ သူငယ်ချင်း၊
ပေးကမ်းမှုသည် အောင်မြင်ခြင်း။
ပင်ကိုစိတ်ရင်း ဖြူဖြူစင်၊
အရာရာတွင် ကူညီလျှင်။
ပျော်ရွှင်ရမယ် တစ်သက်လုံး၊
ကြည်နူးပီတိ မျက်နှာပြုံး။
ဝမ်းသာလို့ မဆုံး။

֍ထို့နောက် “သားတို့၊ သမီးတို့က တခြားသူတွေကို မျှဝေရင် ရရှိတဲ့အကျိုးတွေကို သိသွား ကြပြီနော်။ မျှဝေတဲ့အခါမှာ တန်ဖိုးကြီးတာ၊ နည်းတာက အရေးမကြီးပါဘူး။ တခြား ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကိုယ့်ရှိတဲ့ထဲက မျှဝေပေးတတ်ဖို့ပဲ။ ဥပမာ - သားတို့၊ သမီးတို့ စား နေတဲ့မုန့်ထဲက သူငယ်ချင်းကို နည်းနည်းလေး ကျွေးလိုက်တာကလည်း မျှဝေတာပဲ။ ကြောင်တွေ၊ ခွေးတွေကို ကျွေးတာကလည်း မျှဝေတာပဲ။ ဒါ့အပြင် ပေးတဲ့အချိန်မှာ လည်း စိတ်ထဲက တွန့်ဆုတ်မနေဘဲ ကြည်ကြည်လင်လင်၊ ဝမ်းသာအားရ၊ ပေးချင်စိတ် လေးနဲ့ ကြည်ကြည်ဖြူဖြူ ပေးရမယ်။ ပေးပြီးရင်လည်း နှမြောတဲ့စိတ် မဖြစ်ရဘူး၊ ဟုတ်ပြီ လား။ အဲဒီစိတ်လေးနဲ့ မျှဝေပေးမယ်ဆိုရင် ခုနကပြောတဲ့ အကျိုးကျေးဇူးတွေရမှာ ဖြစ် တယ်။ ဒါ့ကြောင့် သားတို့၊ သမီးတို့အားလုံး လူချစ်လူခင်ပေါသော၊ ကူညီပေးသူများ သော၊ မျက်နှာကြည်လင်သော၊ အခြွေအရံပေါသော၊ ဉာဏ်ပညာကြီးသော၊ ခွန်အားကြီး သော၊ အဆင်းလှသောသူများ ဖြစ်ကြပါစေလို့ ဆရာက ဆုတောင်းပေးလိုက်ပါတယ်” စသည်ဖြင့် ရှင်းပြကာ ဆုတောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများ၏ ထင်မြင် ယူဆချက် အားလုံးကို လက်ခံထားပါ။
  2. စာပိုဒ်ဖတ်ရန် အချိန် သတ်မှတ်ပေးပါ။