ရေဝတဘုရားရှင်
၈။ ရေတဝဗုဒ္ဓဝင်
ပြင်ဆင်ရန်ဘုရားရှင်လေးဆူပွင့်သော သာရမဏ္ဍကမ္ဘာတွင် ဒုတိယမြောက် ပွင့်တော်မူသည့် သုမနဘုရားရှင် ပရိနိဗ္ဗာန်စံလွန် တော်မူပြီးနောက် လူတို့၏ သက်တမ်းကိုးသောင်းမှ ဆယ်နှစ်တမ်းအထိ ဆုတ်ယုတ် ခဲ့ပြီး တစ်ဖန် ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းထိ တိုးတက်ခဲ့ပြန်သည်။ ထိုအသင်္ချေယျ တမ်းမှ ဆုတ်ယုတ်ခဲ့ပြန်ရာ အသက်တမ်းခြောက်သောင်းသို့ ရောက်လေလျှင် ရေဝတဘုရားရှင် ပွင့်တော်မူ ခဲ့သည်။
ရေတဝဘုရားအလောင်း ဖွားမြင်တော်မူခြင်း
ပြင်ဆင်ရန်ရေဝတဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ ပြီးသည့်အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား လောကတွင် ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ ဆင်းရန် တောင်းပန်ခဲ့ကြသည်။ အလောင်းတော်သည် နတ်ဗြဟ္မာ တို့၏ တောင်းပန်ချက် အရ တုသိတာနတ်ပြည်မှ နတ်သက်ချွေ၍ လူ့ပြည် သုဓညဝတီနေပြည်တော် ဝိပုလမင်းကြီး၏ အဂ္ဂမဟေသီ ဝိပုလာမည်သော မိဖုရားကြီး၏ သန့်ရှင်း သိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံပျော် ကိန်း အောင်းတော် မူခဲ့သည်။ ဆယ်လလွန်မြောက် အချိန်ရောက်သောအခါ စိတ္တကုဋ်တောင်မှ ရွှေဟင်္သာမင်း ထွက်တော်မူ သကဲ့သို့ မယ်တော်၏ ဝမ်းကြာတိုက်မှ မီးရှုးသန့်စင်ဖွား မြင်တော်မူခဲ့သည်။ အလောင်းတော်မင်းသား ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူ သောအခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်း တော်ဟူသမျှတို့၌ ဖြစ်ပေါ်ရသည့် ဓမ္မတာအတိုင်း အထူးအံ့ဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့သည်။
ထီးနန်းစိုးစံတော်မူခြင်း
ပြင်ဆင်ရန်အလောင်းတော် ရေဝတမင်းသားသည်တရွေ့ရွေ့ကြီးမြောက် အရွယ် ရောက်လာသောအခါ သုဒဿနာအမည်ရှိသော မင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ အထူးထူး အပြားပြား တင့်တယ် လှပသော သုဒဿန ရွှေနန်းဆောင်၊ ရတနဂ္ဃိရွှေနန်းဆောင်၊ အာဝေဠ ရွှေနန်းဆောင်ဟူသော နန်းပြာသာဒ်သုံးဆောင်တို့၌ သုဒဿနာမိဖုရား အမှူးရှိသော ရံရွေတော် သုံးသောင်းသုံးထောင်တို့၏ ခယလုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်းခြောက်ထောင်တို့ ပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူခဲ့သည်။ အလောင်းတော် မင်းသား၏ သားတော်မှာ ဝရုဏမင်းသား ဖြစ်ခဲ့၏။
တောထွက်တော်မူခြင်း
ပြင်ဆင်ရန်အလောင်းတော်သည် ထိုသို့ထီးနန်းစည်းစိမ်ကို ခံစားနေတော်မူရာတွင် သုဒဿနာမိဖုရားကြီးမှ ဝရုဏမင်းသားကို ဖွားမြင်တော်မူသောအခါ နတ်တို့ ဖန်ဆင်းပြသည့် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါး တို့ကို မြင်တော်မူပြီး အလောင်းတော်တို့၏ ဓမ္မတာအတိုင်း နတ်တို့ ဆင်ယင်ပေးအပ်သော အဝတ်တန်ဆာတို့ဖြင့် အာဇာနည် မြင်းကသော ရထားကို တက်စီးလျက် ဆင်၊ မြင်း၊ ရထား၊ ခြေလျင် ဟူသော အင်္ဂါလေးပါး ရှိသော စစ်တပ်ကြီးဖြင့် ကြီးကျယ်စွာ တောထွက် တော် မူခဲ့သည်။ ကိုယ်တော်မြတ် ဆင်ယင်လာခဲ့သော အဝတ်တန်ဆာတို့ကို ဘဏ္ဍာစိုး အား ပေးအပ်၍ ဆံတော်တို့ကို လက်သုံးတော်သန်လျက်ဖြင့် ပယ်ဖြတ်ကာ ကောင်းကင်သို့ ပစ်လွှင့် တော်မူခဲ့၏။ သိကြား မင်းသည် ဆံတော်တို့ကို ရွှေပန်းတောင်းဖြင့် ခံယူ၍ တာဝတိံသာ နတ်ပြည်၊မြင်းမိုရ်တောင်ထိပ်၌ စေတီတည်ထား ကိုးကွယ်ခဲ့သည်။ အလောင်းတော်သည် ဗြဟ္မာမင်း လှူဒါန်းသည့် ကြာသင်္ကန်းကို ဝတ်ရုံကာ ရဟန်းပြုတော်မူခဲ့၏။ အလောင်းတော် တောထွက်၍ ရဟန်းပြုကြောင်း ကြားမြင်သိရှိကြသည့်အခါ အလောင်းတော်ကို အတုလိုက်၍ တစ်ကုဋေ အရေအတွက်ရှိသော ပြည်သားတို့သည် ရဟန်းပြုတော်မူ ခဲ့ကြသည်။ အလောင်းတော်သည် ထိုရဟန်း တို့နှင့်အတူ ခုနစ်လကြာ ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသော အကျင့်မြတ်တို့ကို ကျင့်ကြံကြိုး ကုတ်အားထုတ် တော် မူခဲ့လေသည်။ ကဆုန်လပြည့် ဘုရားဖြစ်အံ့ သောနေ့တွင် သာဓုဒေဝီ အမည်ရှိသော သူဌေးသမီးလှူဒါန်း အပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော် မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတော၌ နေခိုတော်မူခဲ့သည်။
ဘုရားဖြစ်တော်မူခြင်း
ပြင်ဆင်ရန်အလောင်းတော်သည် အင်ကြင်းတောတွင် နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သော အခါ အခြွေအရံ ရဟန်းအပေါင်းကို စွန့်ခွါပြီး တစ်ပါးတည်း မဟာဗောဓိပင်ရှိရှာ အရပ်သို့ ကြွတော်မူခဲ့သည်။ လမ်းခရီးအကြား၌ မထင်ရှားသော တက္ကတွန်းတစ်ယောက် လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ ကံ့ကော် ပင်ရင်း ဖြန့်ခင်း လိုက်သည်နှင့် တစ်ပြိုင်နက် ငါးဆယ့်သုံးတောင် ပမာဏရှိသော အပရာဇိတ ပလ္လင်တော် ပေါ်ပေါက် တော်မူလာခဲ့သည်။ ထိုအပရာဇိတပလ္လင်တော်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ကမ္မဋ္ဌာန်းတရား အားထုတ်တော်မူပြီး ထိုနေ့ နေမဝင်မီ မာရ်စစ်သည် ဗိုလ်ပါတို့ကို အောင်မြင်တော်မူခဲ့သည်။ အလောင်းတော်သည် တစ်ဆက်တည်းပင် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်တို့ကို ရတော် မူခဲ့သည်။ မိုးသောက်ယံ၌ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံပဋိလုံ အစုန်အဆန် အားဖြင့် သုံးသပ်တော်မူခဲ့ရာ နေအရုဏ်တက်သည်နှင့် တစ်ပြိုင်နက် အရဟတ္တမဂ်ဉာဏ်နှင့်တကွ အာသဝက္ခယ ဉာဏ်တော် မြတ်ကို ထိုးထွင်း သိမြင်တော်မူကာ လောကသုံးပါး၌ အတုမရှိသော ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။
ဓမ္မစကြာတရားဦးဟောတော်မူခြင်း
ပြင်ဆင်ရန်ရေဝတဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ လေးဆယ့်ကိုးရက် အရဟတ္တဖိုလ်ချမ်းသာဖြင့် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူခဲ့ပြီး ဘုရားရှင် အလောင်းတော် ဘဝ တောထွက်စဉ်က လိုက်ပါတောထွက်ခဲ့ကြသော တစ်ကုဋေသော ရဟန်းတော်တို့ရှိရာ မဟာဗောဓိ ပင်မှ တစ်ဆယ့်ရှစ်ယူဇနာ ကွာဝေးသော ဝရုဏဥယျာဉ်သို့ ကောင်းကင်ခရီးဖြင့် တစ်ခဏ ချင်းကြွသွားတော်မူခဲ့၏။ တစ်ကုဋေသော ရဟန်းတော်တို့သည် ဘုရားရှင်အား ခရီးဦးကြိုဆို ကြကုန်လျက် သင့်တင့်လျောက်ပတ်သော အရပ်၌ နေထိုင်ကြကာ ဘုရားရှင်ကို ဆည်းကပ်ခဲ့ကြသည်။ ထိုအခါ ရေဝတဘုရားရှင်သည် ထိုရဟန်းတော်တို့အား ဘုရားရှင်တို့ ဟောကြား တော်မူမြဲဖြစ်သည့် ဓမ္မစက္က ပတ္တနသုတ် ဒေသနာတော်ကို ဟောကြားတော်မူခဲ့၏။ ဒေသနာတော်၏ အဆုံး၌ တစ်ကုဋေသော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့ ကြကုန်၏။ အောက်မဂ် အောက်ဖိုလ်၌ တည်သောသတ္တဝါ အရေအတွက် ကာလအပိုင်းအခြား မရှိ များပြားခဲ့ကုန်၏။
ဂေါတမဘုရား အလောင်းတော်ဗျာဒိတ်ခံခြင်း
ပြင်ဆင်ရန်ရေဝတဘုရားရှင်၏ လက်ထက်တော်၌ ဂေါတမဘုရားအလောင်းတော်သည် ပုဏ္ဏားတို့၏ အတတ်ပညာတို့၌ အထွတ် အထိပ်ရောက်သော အတိဒေဝပုဏ္ဏား ဖြစ်ခဲ့သည်။ ထိုပုဏ္ဏားသည် ရေဝတဘုရားရှင်ကို ဖူးတွေ့ခဲ့ရ၍ တရားတော်ကို နာကြားတော်မူခဲ့လေရာ လွန်စွာကြည်ညိုလှသဖြင့် သရဏဂုံ သုံးပါး၌ တည်ခဲ့သည်။ ဘုရားရှင်၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကို ဂါထာတစ်ထောင် ဖြင့် ချီးကျူးလျှောက်ဆိုခဲ့၏။ အဖိုးကျပ်တစ်ထောင် ထိုက်တန် သော အပေါ်ရုံ အဝတ်ကို ဘုရားရှင်အား လှူဒါန်းပူဇော်ခဲ့၏။ ထိုအခါ ရေဝတဘုရားရှင်သည် အလောင်းတော် အတိဒေဝပုဏ္ဏားကို “ဤကမ္ဘာမှနောက် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်သို့ရောက်သော် ဘဒ္ဒကမ္ဘာ၌ ဂေါတမ မည်သော ဘုရားစင်စစ် ဖြစ်တော်မူလတံ့”ဟု ဗျာဒိတ်စကား ကြားတော်မူခဲ့ သည်။ အလောင်းတော် အတိဒေဝ ပုဏ္ဏားသည် ဘုရားရှင်၏ ဗျာဒိတ်စကားကို ကြားရလေလျှင် အလွန်ဝမ်းမြောက် လက်ပမ်းပေါက်ခတ်လျက် ပါရမီတော် တို့ကို တိုးတက် ဖြည့်ကျင့်တော်မူရန် မြဲမြံစွာ ဆောက်တည်ခဲ့လေသည်။
ရေဝတဘုရားရှင်၏ တပည့်သာဝကများ
ပြင်ဆင်ရန်ရေဝတဘုရားရှင်၏(အဂ္ဂသာဝက)မြတ်သော တပည့်အစုံတို့ကား အရှင်ဝရုဏမထေရ်နှင့် အရှင် ဗြဟ္မဒေဝမထေရ်တို့ ဖြစ်ခဲ့ကြကုန်၍ အလုပ်အကျွေး ရဟန်းတော်မှာ အရှင်သမ္ဘဝ မထေရ်ဖြစ်ခဲ့ လေသည်။ (အဂ္ဂသာဝိကာ)တပည့်မအစုံ တို့ကား အရှင်မဘဒ္ဒါထေရီနှင့် အရှင်မ သုဘဒ္ဒါထေရီတို့ ဖြစ်ခဲ့ကြကုန်၍ ပွင့်တော်မူရာ ဗောဓိပင်ကား ကံ့ကော် ပင် ဖြစ်ခဲ့လေသည်။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေးဒါယကာတို့ကား ပဒုမသူဌေးနှင့် ကုဉ္ဇရသူဌေးတို့ ဖြစ်ခဲ့ကြကုန်၍ (အဂ္ဂဥပဋ္ဌိကာ) မြတ်သော အလုပ်အကျွေးဒါယိကာမတို့သည် သိရိမာနှင့် ယသဝတီတို့ ဖြစ်ခဲ့ကြ ကုန်၏။ ရေဝတ ဘုရားရှင်၏ အရပ်တော်မှာ အတောင်ရှစ်ဆယ် မြင့်တော်မူခဲ့၍ ကိုယ်တော်မှထွက်သော ပကတိ ရောင်ခြည်တော်သည် နေ့နေ့ညဉ့်ညဉ့် ပတ်ဝန်းကျင် တစ်ယူဇနာ တိုင်တိုင် ပျံ့နှံ့တော်မူခဲ့သည်။
(ဓမ္မာဘိသမယ)တရားပွဲကြီးများ
ပြင်ဆင်ရန်ရေဝတဘုရားရှင်၏ ဝရုဏဥယျာဉ်၌ ဓမ္မစက္ကပဝတ္တနသုတ်တော်ကို ဟောကြားတော်မူသော တရားပွဲသည် ရှေးဦးစွာ သော (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်တော်မူခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်ရာသော ရဟန်းတော်များ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့၍ အောက်မဂ်၊ အောင်ဖိုလ်၌တည်သော သတ္တဝါတို့ကား မရေမတွက်နိုင်အောင် များပြား ခဲ့သည်။ တစ်ဖန် ဥတ္တရမြို့၌ အရိန္ဒမမင်း မင်းပြုနေစဉ် ရေဝတဘုရားရှင်သည် ဒေသစာရီ ကြွချီတော်မူခဲ့၍ ဥတ္တရမြို့သို့ ရောက်တော်မူခဲ့ရာ အရိန္ဒမမင်းသည် လူပေါင်းသုံးကုဋေခြံရံလျက် ဘုရားရှင်အား ခရီးဦးကြိုဆိုခဲ့သည်။ ဘုရားရှင်အား ဖူးတွေ့ရသည့်အခါ လွန်စွာကြည်ညိုလှသဖြင့် ဘုရားရှင်နှင့် တကွ သံဃာတော်များအား ပင့်ဖိတ်၍ ခုနစ်ရက်တိုင်တိုင် ကြီးစွာသော အလှူကြီးကို ပေး၍ သုံးဂါဝုတ်ကျယ်ပြန့်သော ဆီမီးပူဇော်ပွဲကြီးဖြင့် ပူဇော်ခဲ့လေ သည်။ ထိုအခါ ရေဝတဘုရားရှင်က အရိန္ဒမမင်းကြီးနှင့် လိုက်လျောညီထွေဖြစ်သော ဆန်းကြယ်သော တရားတော်ကို ဟောကြား တော်မူခဲ့သည်။ ထိုတရားပွဲကြီးကား နှစ်ကြိမ်မြောက်(ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲ ကြီးတွင် နတ်လူပေါင်း ကုဋေတစ်ထောင်တို့ သစ္စာလေးပါးတရားကိုသိကာ ကျွတ်တမ်း ဝင်ခဲ့ကြကုန်၏။ ထို့နောက် တစ်ဖန် အခါတစ်ပါးဝယ် ရေဝတဘုရားရှင်သည် ဥတ္တရနိဂုံးကို အမှီပြု၍ သီတင်းသုံးနေတော်မူစဉ် ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ဝင်စားတော်မူခဲ့၏။ နိဂုံးနေ လူအပေါင်းတို့သည် ယာဂု၊ ဆွမ်းခဲဖွယ်စသည် တို့ကို ယူဆောင်၍ သံဃာတော်တို့အား ပေးလှူခဲ့ကြ သည့်အပြင် ဘုရားရှင်ကို မဖူးမြင်ခဲ့ရ၍ သံဃာတော်များအား မေးတော်မူခဲ့ကြရာ သံဃာတော်များက ဘုရားရှင်သည် နိရောဓသမာပတ်ဝင်စားနေကြောင်း ပြန်လည်အမိန့်ရှိ ခဲ့ကြသည်။ ခုနစ်ရက် မြောက်၍ နိရောဓသမာပါတ်မှ ထတော်မူလာသော ဘုရားရှင်ကို လူအပေါင်းတို့ ဖူးမြင်ရလေလျှင် လွန်စွာကြည်ညို ခဲ့ကြ၏။ ဘုရားရှင်အား ဆည်းကပ် လုပ်ကျွေးခဲ့ကြကုန်၏။ ထို့နောက် နိရောဓ သမာပတ်၏ ဂုဏ်ကျေးဇူးတို့ကို မေးမြန်း လျှောက်ထားခဲ့ကြကုန်၏။ ထိုအခါ ဘုရားရှင်က နိရောဓ သမာပတ်၏ အကျိုးအာနိသင်တို့ကို ဟောကြား တော်မူခဲ့သည်။ ထိုတရားပွဲသည် သုံးကြိမ် မြောက်(ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့လေသည်။ ထိုတရားပွဲကြီး၌ နတ်လူအပေါင်း ကုဋေတစ်ရာ သစ္စာလေးပါးကိုသိကာ ကျွတ်တမ်း ဝင်ခဲ့ကြသည်။
သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ
ပြင်ဆင်ရန်ရေဝတဘုရားရှင်လက်ထက်တော်တွင် သာဝကအစည်းအဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ ရေဝတ ဘုရားရှင်သည် သုဓညဝတီမြို့၌ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုတော်မူခဲ့ကြသည့် မရေ မတွက်နိုင်သော ရဟန္တာ အရှင်မြတ် တို့၏ အလယ်၌ သီတင်းသုံးတော်မူကာ ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးကား ရှေးဦးစွာ သော တပည့် သာဝက (သန္နိပါတ) အစည်းအဝေး ကြီးဖြစ်ခဲ့သည်။ ထိုမှတစ်ဖန် မေခလမြို့၌ ဧဟိဘိက္ခု ရဟန်း အဖြစ်ဖြင့် ရဟန်းပြုတော် မူခဲ့ကြ ကုန်သော ရဟန္တာကုဋေတစ်သိန်းတို့၏ အလယ်၌ သီတင်းသုံးတော် မူကာ ဒုတိယ အကြိမ်မြောက် ပါတိမောက်ပြတော်မူခဲ့ပြန်သည်။ ထိုအစည်းအဝေးကြီးကား ဒုတိယအကြိမ် မြောက် တပည့်သာဝက (သန္နိပါတ) အစည်းအဝေးကြီး ဖြစ်ခဲ့သည်။ အခါတစ်ပါး၌ ပညာအရာ ဧတဒဂ်ရ တော်မူသော လက်ယာတော်ရံ အဂ္ဂသာဝက ဝရုဏမထေရ်သည် ကြီးစွာ မကျန်းမမာ ဖြစ်တော်မူခဲ့ရာ သူနာလာမေးခဲ့ကြကုန်သော လူအပေါင်းတို့အား လက္ခဏာရေးသုံးပါးကို ပိုင်းခြား ဖော်ပြလျက် တရားတော်ကို ဟောတော်မူခဲ့၏။ ကုဋေတစ်သိန်းသော လူတို့သည် ဧဟိဘိက္ခု ရဟန်းတော်များ ဖြစ်ခဲ့ကြသည့်အပြင် အရဟတ္တဖိုလ်သို့လည်း ဆိုက်ရောက်တော်မူခဲ့ကြသည်။ ရေဝတ ဘုရားရှင်သည် ထိုရဟန်းတို့၏ အလယ်၌ သီတင်းသုံးတော်မူ၍ အင်္ဂါလေးပါးရှိသော သာဝက အစည်း အဝေးကြီး၌ ပါတိမောက်ကို ပြတော်မူခဲ့ပြန်သည်။ ထိုအစည်းအဝေးသည် သုံးကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေး ကြီးပင်ဖြစ်ခဲ့၏။
ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
ပြင်ဆင်ရန်ရေဝတဘုရားရှင်သည် လူနတ်ဗြဟ္မာသတ္တဝါတို့အား ဆယ်ပါးသော ဉာဏ်တော် အစွမ်းကို မြင်တော်မူစေကာ လောကကြီး၌ အမြိုက်တရားကို ဖော်ပြတော်မူ၍ မီးစာကုန်သဖြင့် ငြိမ်းစဲသွားသော မီးတောက် မီးလျှံကြီးပမာ ပရိနိဗ္ဗာန်ဝင်စံ ချုပ်ငြိမ်းတော်မူခဲ့လေသည်။ “ရေဝတဘုရားရှင်၏ ရူပကာယ ကိုယ်တော်သည်လည်းကောင်း၊ ဆယ်ပါးသောတရားတော်သည်လည်းကောင်း၊ ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ။ ခပ်သိမ်းသော သင်္ခါရတရားတို့သည် တည်မြဲသော အနှစ် မရှိကုန်။ အချည်း နှီးသာ ဖြစ်ကုန်စွ”။
ဓာတ်တော်များတည်ရှိခြင်း
ပြင်ဆင်ရန်ရေဝတဘုရားရှင်သည် ပရိနိဗ္ဗာန်စံဝင်တော်မူခါနီးတွင် “ငါဘုရား မရှိသည့်နောက် အလုံးစုံသော သတ္တဝါတို့ နတ်ရွာနိဗ္ဗာန်ရောက်ကြစေရန် ငါဘုရား၏ ဓါတ်တော်တို့သည် တစ်လုံးတစ်ခဲတည်း မတည်ဘဲ အစိတ်စိတ် အ>မာ>မာ ကွဲပြား ပျံ့နှံ့ကြစေကုန်သတည်း”ဟု ဓိဋ္ဌာန်တော်မူခဲ့ပြီး ကံ့ကော်တော ဥယျာဉ်ကြီး၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ ဘုရားရှင်၏ ဓါတ်တော်တို့သည် ဇမ္ဗူဒိပ်ကျွန်း တစ်ခွင်၌ ပျံ့နှံ့တည်ရှိ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူတော်မူခဲ့ လေသတည်း။