လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ဓာတ်တော်မွေတော်စသည်ကို ပယ်ခြင်းနှင့်စပ်သည့် ဝိနိစ္ဆယ

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၅-၁၂။ ဆုံးဖြတ်ချက် အမှတ်(၁၂) ဓာတ်တော်မွေတော်စသည်ကို ပယ်ခြင်းနှင့်စပ်သည့် ဝိနိစ္ဆယ
3120လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၅-၁၂။ ဆုံးဖြတ်ချက် အမှတ်(၁၂) ဓာတ်တော်မွေတော်စသည်ကို ပယ်ခြင်းနှင့်စပ်သည့် ဝိနိစ္ဆယသာသနာရေးဝန်ကြီးဌာန

လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)
စောဒနာအမှတ် (၁၂)

ဓာတ်တော်မွေတော် စသည်ကို ပယ်ခြင်းနှင့် စပ်သည့် ဝိနိစ္ဆယ

ဓာတ်တော် မွေတော် စေတီ ပုထိုး ရုပ်ပွားဆင်းတုတော်များကိုစော်ကား ရေးသားဟောပြောခြင်းနှင့် ပတ်သက်၍ စောဒနာ-သောဓနာနှစ်ရပ်ကို ဝိနည်းဓိုရ်ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်

၁။ စောဒကပုဂ္ဂိုလ်များက လူသေလူဖြစ် စာအုပ် စာမျက်နှာ ၈၁-၌ ရေးသားထားသော-

“ဝတ်ထည်ဖျဉ်စင်းကို သင်္ကန်းဟု မခွဲခြားတော့ဘဲ အဝတ်ဟူ၍ တစ်သားတည်း မြင်ကြလေပြီ။ သူတော်ကောင်းတို့ရဲ့ ဆံပင်တည်းဟူသော အမွေးသည် မြင်းမြီးထက် ပို၍ အနာရောဂါကို ပျောက်ကင်းစေနိုင်သည်ဟူသော ဥပါဒါန်ကိုလည်း ယခုခေတ်၌ တော်လှန်ကြလေပြီ။ ယခုအခါ၌ မြင့်မြတ်သောဓာတ်တော်မွေတော် စသည်တို့ကို ဘာသာရေး အမှိုက်သရိုက်များ ဖြစ်သည်ဟု ကျွန်ုပ်တို့ သေချာထင်ထင် သိမြင်ကြကုန်ပြီ”

ဟူသော စကားကိုလည်းကောင်း-

ဦးဝါသဝက ၁၆-၄-၇၆ နေ့ည မြောင်းမြမြို့ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် ဦးစစ်တင်၏ နေအိမ်တရားပွဲ၌ ဟောပြောသော “ရွှေတိဂုံဟာ ဘုရားမဟုတ်ဘူးကွ။ အမှန်တော့ သချႌုင်းကုန်းကွ” ဟူသော ဟောပြောချက်ကိုလည်းကောင်း ထုတ်ပြကြ၍ ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက်တို့သည် ဓာတ်တော်မွေတော် စေတီပုထိုးများကို ဘာသာရေးအမှိုက်သရိုက်များအဖြစ် ကဲ့ရဲ့ရှုတ်ချ ဟောပြောရေးသားကြကြောင်း၊ သာသနာတော် မသန့်ရှင်း မတည်တံ့ မပြန့်ပွားအောင် ဖျက်ဆီးသော မိစ္ဆာဝါဒသာ ဖြစ်ကြောင်း စောဒနာကြသည်။

၂။ ၎င်းစောဒနာနှင့် ပတ်သက်၍ စုဒိတကဆရာတော် (၄) ပါးတို့ကလည်းကောင်း၊ ဦးရွှေပြည့်နှင့် ဦးခင်ဟန်တို့ကလည်းကောင်း ချေပခြင်း မပြုဘဲနေခဲ့ကြသည်။ သခင်မြတ်ဆိုင်က သောဓနာတင်သွင်းရာတွင် “အရိုးကောက်ပွဲသည် ရွာသူတို့ အလုပ်၊ ပုထုဇဉ်တို့ အလုပ်သာဖြစ်၍ အရိယာတို့ အလုပ် မဟုတ်” စသည်ဖြင့်လာသော အင်္ဂုတ္တိုရ် ဓောဝနသုတ်၊ “တောတောင် အရံ ကိုးကွယ်ရာဟူသမျှတို့သည် ဘေးကင်းသော ကိုးကွယ်ရာမဟုတ်။ ယင်းတို့ကို ကိုးကွယ်ဆည်းကပ်ခြင်းဖြင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်” ဟူသော ဓမ္မပဒ၊ ဓာတ်လေးပါးအစု သက်သက်သာဖြစ်သော အရာတို့ကို နှစ်သက်ခြင်းသည် ဒုက္ခကို နှစ်သက်သည်မည်၏ စသည်ဖြင့် လာသော နိဒါနသံယုတ်၊ “ဝက္ကလိ ... ငါ၏ ဤအပုပ်ကောင်တည်းဟူသော ကိုယ်ကို ဖူးမြော်ခြင်းသည် မသင့်လျော်” စသော ခန္ဓဝဂ္ဂသံယုတ် ဝက္ကလိသုတ်၊ “မြင်ရုံမျှဖြင့် သတ္တဝါအား စင်ကြယ်၏ဟု ဆိုသော်။ပ။ ထိုသို့ဆိုသူကို မိစ္ဆာဒိဋ္ဌိဟု ဆိုရာ၏” ဟူသော သုတ္တနိပါတ် သုဒ္ဓဋ္ဌကသုတ်တို့ကို ထုတ်ပြထား၏၊

ထိုသို့ ထုတ်ပြခြင်းဖြင့် ထိုသုတ်တို့အရ ဓာတ်တော်မွေတော် စေတီတော်များကို ပူဇော်ခြင်းသည် အကျိုးမရှိ၊ ဘာသာရေး အမှိုက်သရိုက်များဟုပင် ဆရာ့နည်းတူ တပည့်ကလည်း ထင်မြင်ယူဆဟန် ရှိပေသည်။

ဓောဝနသုတ် အဓိပ္ပာယ်မှန်

၃။ အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် ဓောဝနသုတ် ၄၃၁-၂ ၌ “တဉ္စခေါ ဧတံ ဘိက္ခဝေ ဓောဝနံ ဟီနံ ဂမ္မံ ပေါထုဇ္ဇနိကံ အနရိယံ” စသည်ဖြင့် ဟောတော်မူရာ “ထိုအရိုးဆေးပွဲသည် ယုတ်ညံ့၏။ ရွာသူတို့၏ အလုပ်ဖြစ်၏” ဟု မြန်မာပြန်ရမည်။ အင်္ဂုတ္တိုရ်မြန်မာပြန် ၄၂၄-၌လည်း “အရိုးဆေးပွဲ” ဟု မြန်မာပြန်သည်။ သခင်မြတ်ဆိုင်တို့၏ မြန်မာပြန်ကား “အရိုးကောက်ပွဲ” ဟု ဖြစ်နေ၏။ ထိုအရိုးဆေးပွဲ ကျင်းပပုံကို အင်္ဂုတ္တရအဋ္ဌကထာ၊ တတိယ၊ ၃၃၅-၌-

“တသ္မိံ ဟိ ဇနပဒေ။ပ။ တတော နက္ခတ္တံ ကီဠန္တိ” ဟု ဖွင့်ပြ၏၊

အဓိပ္ပာယ်ကား- “ထိုဒက္ခဏိတိုင်း ဇနပုဒ်၌ လူတို့သည် မိမိတို့ ဆွေမျိုးသားချင်းများ သေလျှင် မီးမရှို့ဘဲ တွင်းတူးမြှုပ် ထားကြ၏။ ပုပ်သောအခါ အရိုးတို့ကို ဖော်ထုတ်ဆေးကြောကြ၍ ပန်းနံ့သာတို့ဖြင့် ပူဇော်ပသကြပြီး နက္ခတ်ပွဲသဘင် ရောက်သောအခါ ထိုအရိုးတို့ကို ယူ၍ ငိုကြွေးကြကုန်၏။ ထို့နောက် နက္ခတ်ပွဲသဘင် ကစားကြသည်” ဟု ဆိုလိုသည်။ ထိုသို့ ဖွင့်ပြချက်အရ အရိုးဆေးပွဲ၌ လူသာမန်ဖြစ်သော ဆွေမျိုးသားချင်းတို့၏ အရိုးဖြစ်၍ ဘုရား ရဟန္တာ သူတော်ကောင်းကြီးများ၏ ဓာတ်တော် မွေတော်များနှင့် မဆိုင်ပေ။ ထိုစကားမှန်၏။ ဒီဃနိကာယ မဟာဝဂ္ဂပါဠိ မဟာပရိနိဗ္ဗာနသုတ် ၁၁၇၊ အင်္ဂုတ္တရ နိကာယ စတုက္ကနိပါတ ထူပါရဟသုတ် ၅၆၇-တို့၌-

မြတ်စွာဘုရား၊
ပစ္စေကဗုဒ္ဓါ၊
မြတ်စွာဘုရား၏ အရိယာတပည့်၊
စကြဝတေးမင်း၊

ဤလေးဦးကိုသာ စေတီထိုက်သည်ဟု ဟောတော်မူ၍ သေဆုံးသူပုဂ္ဂိုလ်တိုင်းကို (သီလရှိသော ပုထုဇဉ်ရဟန်းကိုသော်မှ) စေတီထိုက်သည်ဟု မဟောခဲ့ရကား စေတီမထိုက်သော ဆွေမျိုးသားချင်းတို့၏ အရိုးနှင့် စေတီထိုက်သော ဘုရား ရဟန္တာ စသည်တို့၏ ဓာတ်တော်များကို ထပ်တူထပ်မျှ မယူဆသင့်ပေ။

၄။ စေတီမထိုက်သော လူသာမန်တို့၏ အရိုးကို ပူဇော်ရာ၌ အကျိုးမရှိသော်လည်း စေတီထိုက်သော ဓာတ်တော်မွေတော်တို့ကို ပူဇော်ရာ၌ကား အကျိုးမျိုးစွာ ရှိ၏။ အကျိုးရှိကြောင်းမှာ-

ယထာ ခေါ အာနန္ဒ ရညော စက္ကဝတ္တိဿ သရီရေ ပဋိပဇ္ဇန္တိ၊။ပ။ တေသံ တံ ဘဝိဿတိ ဒီဃရတ္တံ ဟိတာယ သုခါယ (ဒီ၊၂၊၁၁၇)
ဟူသော ဒီဃနိကာယ မဟာဝဂ္ဂပါဠိဖြင့် ထင်ရှား၏၊

မြန်မာပြန်

“အာနန္ဒာ ... စကြဝတေးမင်း၏ အလောင်း၌ ဆောင်ရွက်ကုန်သကဲ့သို့ ထို့အတူ မြတ်စွာဘုရား၏ အလောင်းတော်၌လည်း ဆောင်ရွက်အပ်ပေ၏၊ လမ်းမလေးခွဆုံရာ၌ မြတ်စွာဘုရား၏ စေတီကို တည်ထားအပ်ပေ၏၊ ထိုစေတီ၌ အကြင်သူတို့သည် ပန်းကိုဖြစ်စေ၊ နံ့သာကို ဖြစ်စေ၊ နံ့သာမှုန့်ကိုဖြစ်စေ တင်မူလည်း တင်ကုန်လတ္တံ့။ ရှိခိုးမူလည်း ရှိခိုးကုန်လတ္တံ့။ စိတ်ဖြင့်မူလည်း ကြည်ညိုကုန်လတံ့။ ထိုသို့ပြုခြင်းသည် ကြာမြင့်စွာသောကာလပတ်လုံး ထိုသူတို့အား စီးပွားချမ်းသာအလို့ငှာဖြစ်လတံ့” (ဒီ၊မြန်၊၂၊၁၃၆)

ထိုသို့ ဟောတော်မူသည့်အတိုင်းပင် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အဇာတသတ်မင်း စသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ စေတီတည်ထားကြပုံကို-

“အထ ခေါ ရာဇာ မာဂဓော” စသည်ဖြင့် မဟာဝဂ္ဂပါဠိတော် မဟာပရိနိဗ္ဗာနသုတ် ၁၃၇-၌ ဟောတော်မူ၏၊

၎င်းပါဠိတော်အရ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်-
(၁) ရာဇဂြိုဟ်ပြည်၌ အဇာတသတ်မင်း တည်ထားသော သရီရစေတီ၊
(၂) ဝေသာလီ၌ လိစ္ဆဝီမင်းတို့ တည်ထားသော သရီရစေတီ၊
(၃) ကပိလဝတ်၌ သာကီဝင်မင်းတို့ တည်ထားသော သရီရစေတီ၊
(၄) အလ္လကပ္ပ၌ ဗုလီမင်းတို့ တည်ထားသော သရီရစေတီ၊
(၅) ရာမရွာ၌ ကောလိယမင်းတို့ တည်ထားသော သရီရစေတီ၊
(၆) ဝေဋ္ဌဒီပတိုင်း၌ ၎င်းတိုင်းသား ပုဏ္ဏားတို့ တည်ထားသော သရီရစေတီ၊
(၇) ပါဝါပြည်၌ မလ္လာမင်းတို့ တည်ထားသော သရီရစေတီ၊
(၈) ကုသိနာရုံ၌ မလ္လာမင်းတို့ တည်ထားသော သရီရစေတီ၊
(၉) ဒေါဏပုဏ္ဏား တည်ထားသော တုမ္ဗစေတီ၊
(၁၀) မောရိယမင်းတို့ တည်ထားသော အင်္ဂါရစေတီ-

ဟူ၍ စေတီဆယ်ဆူ ရှိခဲ့ဖူးကြောင်း သိရသည်။ (မဟာဝဂ္ဂပါဠိတော် မြန်မာပြန် ၁၅၉-၁၆၀) ထို့ပြင် မိလိန္ဒပဥှာပါဠိတော်(၃၂၃)၊ (၎င်း-မြန်မာပြန် ၃၄၆)၌-

“မြတ်စွာဘုရား၏ အင်္ဂါကိုးပါးနှင့် ပြည့်စုံသော စကားတော်သည်လည်းကောင်း၊ ကိုယ်တော်စား ဖြစ်ကုန်သော ဥဒ္ဒိဿစေတီ ဓာတုစေတီတို့သည်လည်းကောင်း၊ သုံးဆောင်တော်မူအပ်သော သပိတ်၊ သင်္ကန်း စသော ပရိဘောဂစေတီတို့သည်လည်းကောင်း၊ သံဃာရတနာသည်လည်းကောင်း ကုန်မျိုးစုံရောင်းသော စျေးရုံ မည်၏။ ထိုစျေးရုံ၌ မြတ်စွာဘုရားသည် ဇာတိသမ္ပတ္တိအစ နိဗ္ဗာန်ချမ်းသာနှင့် ပြည့်စုံမှု ဟူသော နိဗ္ဗာနသမ္ပတ္တိတိုင်အောင်သော ကုန်မျိုးစုံတို့ကို ဖြန့်ခင်းထားအပ်၏။ ထိုစျေးရုံ၌ ထိုထို ကုန်တို့ကို အချို့သူတို့သည် သီလဆောက်တည်ခြင်းဖြင့် ဝယ်ယူကြကုန်၏။ အချို့က ဥပုသ်ကံဖြင့် ဝယ်ယူကြကုန်၏” ဟု စေတီတော်တို့ကို ကုန်စျေးရုံကြီးနှင့် နှိုင်း၍ ပြဆိုထားသည်။

ဤပါဠိတော်တို့ကို ထောက်ကလည်း ဓာတ်တော်ပူဇော်ခြင်းသည် အကျိုးရှိသည်။ ဒက္ခိဏဇနပုဒ်၌ ဆွေမျိုးသားချင်းများ သေပြီးနောက် ပြုလုပ်ကြသော အရိုးဆေးပွဲကဲ့သို့ အကျိုးမရှိမဟုတ်ကြောင်း ထင်ရှားသည်။ ဓောဝနသုတ်လာစကား အရိပ်အမြွက်မျှကို ယူ၍ လူသာမန်အရိုးနှင့် မြတ်စွာဘုရားဓာတ်တော်ကို တစ်တန်းစားတည်း အတူတူယူဆကာ ပစ်ပယ်ခြင်း မပြုသင့်၊ သဗ္ဗညုဘုရားရှင်နှင့် ပုထုဇဉ်လူသာမန်တို့ကို ထပ်တူထပ်မျှထားပြီး စဉ်းစားနေကြသဖြင့်သာ ယခုကဲ့သို့ ဓာတ်တော် မွေတော် မပူဇော်ကောင်းဟု အယူတိမ်းစောင်းကြခြင်းဖြစ်သည်။ ဘုရားရှင်သည် တစ်လောကလုံးထက်မြတ်သည်ဟု ယူဆလိုက်ရုံဖြင့်ပင် ဤပြဿနာ မရှိတော့ပေ။

၅။ ဓမ္မပဒ၌ လာသော အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထု အဓိပ္ပာယ်မှန်ကို ဆိုဦးအံ့-

“တောင်ကို ကိုးကွယ်ရာဟု ဆည်းကပ်ကြ။ တောကို အရံကို သစ်ပင်ကို ကိုးကွယ်ရာဟု ဆည်းကပ်ကြ။ ထို တောတောင် အရံ သစ်ပင်တို့ကို ကိုးကွယ်ရာဟု ဆည်းကပ်လျှင် ဒုက္ခခပ်သိမ်းမှ လွတ်မည်” ဟု ဆုံးမဩဝါဒ ပေးနေသော အဂ္ဂိဒတ္တပုဏ္ဏားအား မြတ်စွာဘုရားက ထိုတော တောင် အရံ သစ်ပင်တို့သည် ဘေးကင်းသော မြတ်သော ကိုးကွယ်ရာ မဟုတ်၊ ဒုက္ခခပ်သိမ်းမှ မလွတ်နိုင်ဟုလည်းကောင်း၊ ဘုရား တရား သံဃာတို့သည် ဘေးကင်းသော မြတ်သော ကိုးကွယ်ရာဖြစ်၏။ ဒုက္ခခပ်သိမ်းမှ လွတ်နိုင်၏ဟူ၍ လည်းကောင်း ဓမ္မပဒအဋ္ဌကထာ ဒု-၁၅၉-၌ ဟောတော်မူသည်။ ၎င်း ဒေသနာတော်၌-

(က) ၁၈၈-၁၈၉ ဂါထာတို့ဖြင့် ဘေးကင်းရာ မဟုတ်သော တောတောင် အရံ သစ်ပင် စသော ကိုးကွယ်ရာကို လည်းကောင်း၊

(ခ) ၁၉၀-၁၉၁-၁၉၂ ဂါထာတို့ဖြင့် ဘေးကင်းရာ ဖြစ်သော ဘုရား တရား သံဃာ- ဟူသော ကိုးကွယ်ရာကို လည်းကောင်း ဟောတော်မူသည်ကို တွေ့ရ၏၊

စုဒတိတကပုဂ္ဂိုလ်၏ သောဓနာလွှာ၌ (က) အမှတ်ပြ ဘေးကင်းရာ မဟုတ်သော ကိုးကွယ်ရာတို့ကိုသာ ထုတ်ပြ၍ (ခ) အမှတ်ပြ ဘေးကင်းရာ ဖြစ်သော ကိုးကွယ်ရာတို့ကို ချန်ထားခဲ့ပြီး “ဤသို့ ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းဖြင့် ဒုက္ခခပ်သိမ်းမှ မလွတ်နိုင်” ဟု ကိုးကွယ်ရာအားလုံး သိမ်းကျုံး၍ ဟောသည့်အနေဖြင့် မရိုးမသား ပြဆိုထားသည်။ အမှန်မှာ ဘုရား တရား သံဃာ ဟူသော ကိုးကွယ်ရာတို့သည် ဘေးကင်းသော မြတ်သော ကိုးကွယ်ရာတို့သာ ဖြစ်ကြသည်။ ဓာတ်တော် မွေတော်တို့ကို ရှိခိုးပူဇော်ခြင်းသည် (က) အမှတ်ပြ တော တောင် အရံ သစ်ပင်တို့ကို ကိုးကွယ်ခြင်းမျိုး မဟုတ်မူ၍ (ခ) အမှတ်ပြ ဘုရား တရား သံဃာ ကိုးကွယ်ခြင်းမျိုး၌သာလျှင် အကျုံးဝင်သည်။ အဘယ့်ကြောင့်ဆိုသော် ဓာတ်တော် မွေတော် တို့ကို ပူဇော်သူများသည် ဘုရားရှင်၏ ကျေးဇူးတော် ဂုဏ်တော်တို့ကိုသာ ရည်စူး၍ ပူဇော်ကြသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းဓမ္မပဒပါဠိတော်အရလည်း ဓာတ်တော်မွေတော် စေတီတော်တို့ကို မပူဇော်ရဟု အဓိပ္ပာယ်မထွက်၊ ပူဇော်သင့် သည်။ ပူဇော်ကောင်းသည်ဟူ၍သာ အဓိပ္ပာယ် ထွက်ပေသည်။

၆။ နိဒါနသံယုတ် အဘိနန္ဒနသုတ်၌ “ပထဝီဓာတ်ကို နှစ်သက်သောသူသည် ဒုက္ခကို နှစ်သက်သည် မည်၏။ ဒုက္ခကို နှစ်သက်သောသူသည် ဒုက္ခမှ မလွတ်” ဟု ဟောတော်မူ၏။ အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ကို နှစ်သက်သူကိုလည်း ထိုနည်းအတိုင်း ဟောတော်မူ၏၊

ထိုသို့ ဓာတ်လေးပါးကို နှစ်သက်သူများကိုသာ ထိုသို့ ဟောသည်မဟုတ်။ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးတို့ကို နှစ်သက်သူတို့ကိုလည်း ထိုကဲ့သို့ပင် ဟောတော်မူ၏။ ခန္ဓဝဂ္ဂသံယုတ်(၂၆) အဘိနန္ဒနသုတ်။

စက္ခု သောတ ဃာန ဇိဝှါ ကာယ မန ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ ဓမ္မ ဟူသော အာယတန ၁၂-ပါးတို့ကို နှစ်သက်သူတို့ကိုလည်း ထိုကဲ့သို့ပင် ဒုက္ခမှ မလွတ်ဟု ဟောတော်မူ၏။ သဠာယတနဝဂ္ဂသံယုတ်(၂၄၆)။

စုဒိတကပုဂ္ဂိုလ် သခင်မြတ်ဆိုင်သည် မြတ်စွာဘုရားဓာတ်တော် ပူဇော်ခြင်းကို မလိုလားသဖြင့် ဓာတ်တော်ပူဇော်ခြင်း၌ အပြစ်ပြလိုရကား ဓာတ်တော်နှင့် ဆင်တူရိုးမှား ဖြစ်အောင် ဓာတ်လေးပါးကို ဟောသောသုတ်ကိုသာ ထုတ်ပြထားဟန် တူပေသည်။ မြတ်စွာဘုရား အလိုတော်မှာ ပထဝီ စသော ဓာတ်လေးပါးသာမက ခန္ဓာငါးပါး အာယတန ၁၂-ပါးကို နှစ်သက်သူများကိုပါ ဟောထားပေ၏။ အမှန်စင်စစ်အားဖြင့် နှစ်သက်ခြင်း (တစ်နည်း) တပ်မက်စွဲလမ်းခြင်းဟူသမျှသည် တဏှာရာဂသာဖြစ်၍ မည်သည့်တရားကိုမျှ နှစ်သက်စွဲလမ်းမှု မပြုသင့်ပေ။ ဓာတ်တော်တို့ကို ရှိးခိုးပူဇော်ခြင်းကား ခန္ဓာ အာယတနဓာတ်တို့ကို တဏှာရာဂဖြင့် နှစ်သက်စွဲလမ်းခြင်းမျိုး မဟုတ်၊ ဓာတ်တော်တို့၌ သဒ္ဓါတရားဖြင့် စိတ်ကို ကြည်လင်စေ၍ ပူဇော်ခြင်း ကြည်ညိုခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အဘိနန္ဒနသုတ်အရလည်း ဓာတ်တော်များကို မပူဇော်ကောင်း၊ မပူဇော်သင့်ဟူသော အနက် အဓိပ္ပာယ် မထွက်ပေ။

၇။ တစ်ဖန်လည်း ခန္ဓဝဂ္ဂသံယုတ် ဝက္ကလိသုတ်၌ “ဝက္ကလိ ... သင့်မှာ ဤအပုပ်ကောင်ကို ကြည့်ရှုနေခြင်းဖြင့် အဘယ် အကျိုးရှိအံ့နည်း” စသည်ဖြင့် ဟောတော်မူသည်မှာ ဤသို့ ဖြစ်သည်-

ဝက္ကလိသည် မြတ်စွာဘုရား ဆွမ်းခံကြွစဉ် ဖူးမြင်ရ၍ မြတ်စွာဘုရား၏ ရူပကာယတော် ပြည့်စုံ တင့်တယ်မှုကို ကြည့်ရှု၍ အားမရနိုင်ဖြစ်ကာ မြတ်စွာဘုရားကို အမြဲတစေ ကြည့်ရှုနေရခြင်းငှာ ရဟန်းပြုခဲ့သည်။ ရဟန်းပြုပြီးနောက် အစာအာဟာရ စားသုံးချိန်ကိုထား၍ ကျန်အချိန်များ၌ သရဇ္ဈာယ်ခြင်း ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်း စသည်မပြုဘဲ မြတ်စွာဘုရားကို မြင်နိုင်လောက်သောအရပ်၌နေ၍ ကြည့်ရှုဖူးမြင်လျက်သာ နေလေသည်။ မြတ်စွာဘုရားသည် သဒ္ဓါလွန်ကဲ၍ ပညာဉာဏ်နည်းပါးလှသော ဝက္ကလိရဟန်းအား အသိဉာဏ် မရင့်ကျက်သေးမီ တစ်စုံတစ်ရာ မဟောပြောသေးဘဲ အသိဉာဏ် ရင့်ကျက်လာသောအခါမှ “ကိံ တေ ဝက္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန၊ ဝက္ကလိ ... သင့်မှာ ဤအကောင်ပုပ်ကို ကြည့်ရှုနေခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း” စသည်ဖြင့် ဟောတော်မူခြင်း ဖြစ်သည်။ (ဓမ္မပဒအဋ္ဌကထာ၊ ဒု၊ ၃၈၀၊ အင်္ဂုတ္တရအဋ္ဌကထာ၊ ပ၊ ၁၉၅။)

ဤသို့ ရဟန်းတရား ကမ္မဋ္ဌာန်း မပွားများဘဲ အချိန်ဖြုန်းနေသည်ကို တားမြစ်၍ တရားရှုမှတ်ပွားများစေရန် ဟောသောသုတ် ဖြစ်ပေသည်။ ပုဂ္ဂိုလ်အားလုံးအား ဘုရားမဖူးရ တားမြစ်တော်မူသည် မဟုတ်ပေ။ မြတ်စွာဘုရားကို မဆိုထားဘိ သီလ သမာဓိ ပညာ ရှိသော ဖူးမြင်ခြင်းသည်ပင် အကျိုးကျေးဇူး များစွာ ရှိကြောင်းကို-

ယေ တေ ဘိက္ခဝေ ဘိက္ခူ သီလသမ္ပန္နာ သမာဓိသမ္ပန္နာ ပညာသမ္ပန္နာ။ပ။ ဒဿနမ္ပာဟံ ဘိက္ခဝေ တေသံ ဘိက္ခူနံ ဗဟုပကာရံ ဝဒါမိ (ခု၊၁၊၂၆၇)
ဟု ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသည်။

ထို့ပြင် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် မဟာနာမသုတ် နှာ-၅၆-နှင့် ဇီဝကသုတ် နှာ-၅၈ ၌ “မိမိလည်း ရဟန်းတို့ကို ဖူးမြင်ခြင်းငှာ အလိုရှိ၍ သူတစ်ပါးတို့ကိုလည်း ရဟန်းတို့ကို ဖူးမြင်ရန် တိုက်တွန်းသော ဥပါသကာ (ဒါယကာ)သည် မိမိအကျိုး သူတပါးအကျိုး နှစ်မျိုးလုံးကို ကျင့်ဆောင်သူမည်၏” (အင်၊မြန်၊၃၊၅၇-၈) ဟု ဟောတော်မူ၏၊

အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ တိဋ္ဌာနသုတ်၌လည်း-
ဒဿနကာမော သီလဝတံ၊ သဒ္ဓမ္မံ သောတုမိစ္ဆတိ။
ဝိနယေ မစ္ဆေရမလံ၊ သ ဝေ သဒ္ဓေါတိ ဝုစ္စတိ (အံ၊၁၊၁၄၉)။
ဟု ဟောတော်မူ၏၊

မြန်မာပြန်

(အကြင်ပုဂ္ဂိုလ်သည်) သီလနှင့် ပြည့်စုံသူတို့ကို ဖူးမြင်လို၏။ သူတော်ကောင်းတရားကို နာကြားလို၏။ ဝန်တိုခြင်းဟူသော အညစ်အကြေးကို ပယ်ဖျောက်၏။ ထိုသူကို စင်စစ် သဒ္ဓါတရားနှင့် ပြည့်စုံသောသူဟု ဆိုအပ်၏ (အင်၊မြန်၊၁၊၁၆၇)။

ရဟန်းတော်တို့ကို ဖူးမြင်ရခြင်းကို ကောင်းကျိုးတရား တိုးပွားကြောင်း မင်္ဂလာတစ်ပါးအနေဖြင့် သမဏာနဉ္စ ဒဿနံ (ရဟန်းတို့အား ဖူးမြင်ခြင်းသည် မင်္ဂလာမည်၏) ဟု ခုဒ္ဒကပါဌပါဠိတော်(၄) မင်္ဂလသုတ်၊ သုတ္တနိပါတ်ပါဠိတော်(၃၁၉) မင်္ဂလသုတ်တို့၌ ဟောတော်မူ၏၊ ထို့ကြောင့် ဘုရားရှင်ကို ထားဘိဦး၊ ဘုရား တပည့်အရိယာသာဝက သီလဝန္တ ပုထုဇဉ်ဖြစ်သော ရဟန်းတော်တို့ကို ဖူးမြင်ရခြင်းသည်ပင် ကောင်းကျိုးချမ်းသာကို ဖြစ်စေတတ်သော မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဟောတော်မူ၏၊ ဤအတူပင် အင်္ဂုတ္တရပါဠိ ဆက္ကနိပါတ အနုတ္တရိယသုတ် နှာ ၂၈၆-၌ မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သား သာဝက ရဟန်းတော်တို့ကိုလည်းကောင်း ဖူးမြော်ရခြင်းသည် ဒဿနာနုတ္တရိယ (မြင်ရခြင်းတကာတို့တွင် အမြတ်ဆုံးသော မြင်ရခြင်း) ဖြစ်၍ သတ္တဝါတို့အဖို့ စင်ကြယ်ကြောင်း၊ သောကပရိဒေဝ ကင်းငြိမ်းကြောင်း၊ ဒုက္ခဒေါမနဿငြိမ်းကြောင်းနှင့် မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုရကြောင်း ကောင်းမြတ်သောတရား ဖြစ်သည်ဟု ဟောတော်မူထားပေသည်။

၈။ ဓာတ်တော် မွေတော် စေတီတော်တို့ကို ဖူးမြော်ခြင်းသည် မြင်ရုံမျှ အဆင်းသဏ္ဌာန်ကို သိရုံမျှဖြင့် စင်ကြယ်၏။ ဆင်းရဲကို လွန်မြောက်နိုင်၏ဟု ယူဆသည် မဟုတ်၊ ထိုသို့ ယူဆ၍ ဖူးမြင်ခြင်း ပူဇော်ခြင်း မဟုတ်သောကြောင့် သုတ္တနိပါတ် သုဒ္ဓဋ္ဌကသုတ်နှင့်လည်း မဆန့်ကျင်ပေ။

စင်စစ် ဓာတ်တော် စေတီတော် ပူဇော်ခြင်းကား-

အသာဒိယန္တေဿဝ တထာဂတဿ ဒေဝမနုဿာ ဓာတုရတနံ ဝတ္ထုံ ကရိတွာ ဝထာဂတဿ ဉာဏရတနာရမ္မဏေန သမ္မာပဋိပတ္တိံ သေဝန္တာ တိဿော သမ္ပတ္တိယော ပဋိလဘန္တိ (ခု၊၁၁၊၁၀၃)။

မြန်မာပြန်

“မသာယာသည်ဖြစ်၍ မြတ်စွာဘုရား၏ ဓာတ်တော်ရတနာကို နတ်လူတို့သည် တည်ရာမှီရာ ပြုလျက် မြတ်စွာဘုရား၏ ဉာဏ်တော်ရတနာကို အာရုံပြုသဖြင့် ကောင်းသော အကျင့်ကို မှီဝဲကုန်သည်ဖြစ်၍ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာ စည်းစိမ်တို့ကို ရရှိကုန်၏” (ခု၊မြန်၊၁၁၂) မိလိန္ဒပဥှာ ပါဠိတော် မြန်မာပြန်၌ ပြဆိုထားသည့်အတိုင်း မြတ်စွာဘုရား၏ ဓာတ်တော်ရတနာကို အမှီပြုကာ ဉာဏ်တော် ဂုဏ်တော်တို့ကို အာရုံပြုလျှင် ကောင်းမြတ်သော သမ္မာပဋိပတ်ဖြစ်၍ နိဗ္ဗာန်တိုင် အကျိုးရသည်သာ ဖြစ်ပေသည်။

ထို့ပြင်လည်း-

“စေတိယံ ဝါ ဗောဓိံ ဝါ ဒိသွာပိ ဟိ ဗုဒ္ဓါရမ္မဏံ သံဃဒဿနေန သံဃာရမ္မဏံ ပီတိံ ဥပ္ပါဒေတွာ တဒေဝ ခယတော ဝယတော သမ္မသန္တော အရဟတ္တံ ပါပုဏာတိ”-

ဟု သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ ၁၆၆၊ မူလပဏ္ဏာသအဋ္ဌကထာ၊ပ၊ ၂၅၈-တို့၌ ဖွင့်ပြ နည်းညွှန်ထားသည့်အတိုင်း စေတီကို ဖြစ်စေ၊ ဗောဓိပင်ကို ဖြစ်စေ၊ ဖူးမြင်၍ မြတ်စွာဘုရားလျှင် အာရုံရှိသော ပီတိ ဖြစ်ပေါ်လာ၏၊ ယင်းပီတိကို ခယဝယအနိစ္စ (ကုန်ဆုံး ပျက်စီးသော) အားဖြင့် သုံးသပ်သော်လည်းကောင်း၊ သံဃာတော်ကို ဖူးမြင်ရ၍ သံဃာ့ဂုဏ်လျှင် အာရုံရှိသော ပီတိကို ခယဝယအနိစ္စဟူ၍ သုံးသပ်သော်လည်းကောင်း အရဟတ္တဖိုလ်သို့ပင် ရောက်နိုင်၏၊ ဤသို့လျှင် စိတ်ထားကောင်း၍ ဖူးမြင်တတ်သူ ဉာဏ်ရှိသူတို့အတွက် အရဟတ္တဖိုလ်တိုင်အောင် အကျိုးရသည်မှာ ယုံမှားဖွယ် မလိုပေ။ စိတ်ထားမကောင်း၍ မဖူးမြင်တတ်သူ၊ ဉာဏ်မရှိသူအတွက်ကား အကျိုးမရသည်ပြင် အပြစ်ပင် ဖြစ်တတ်ပေသည်။

သာဝတ္ထိပြည်၌ တစ်ခါမျှ မပေးလှူဖူးသောကြောင့် အဒိန္နပုဗ္ဗက မည်သော ပုဏ္ဏား၏သား မဋ္ဌကုဏ္ဍလီသည် အနာရောဂါရ၍ သေခါနီး၌ မြတ်စွာဘုရားအား ဖူးမြင်ရ၍ ကြည်ညိုသောစိတ်ဖြစ်ကာ လက်အုပ်ချီမိုး ရှိခိုးခဲ့လေ၏၊ ထိုကုသိုလ်ကောင်းမှုကိုပြု၍ တာဝတိံသာနတ်ပြည်သို့ ရောက်ရကြောင်းကို ဝိမာနဝတ္ထုပါဠိတော် ၁၁၅၊ ဝိမာနဝတ္ထုအဋ္ဌကထာ ၃၀၃-၄ ၌ ပြဆို ထားသည်။

သည်မှတပါးလည်း ဤကမ္ဘာမှပြန်၍ရေတွက်သော် ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား ပွင့်တော်မူ၏၊ သုမေဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံရာအခါ၌ လူတို့သည် ဘုရားရှင်၏ ဓာတ်တော်တို့ကို ရတနာစေတီ တည်ထားကြ၏၊ အမျိုးသားတစ်ယောက်သည် ဓာတ်တော် စေတီတော်ကို ပူဇော်၍ သူတစ်ပါးတို့ကိုလည်း ပူဇော်ရန်တိုက်တွန်း၏၊ ထိုအမျိုးသား တာဝတိံသာနတ်ပြည်သို့ ရောက်ရကြောင်းကို ဝိမာနဝတ္ထုပါဠိတော်(၁၁၂-၃၊) ဝိမာနဝတ္ထုအဋ္ဌကထာ(၃၁၀-၁)၌ ပြဆိုထားသည်။ စေတီတော်သည် ကုသိုလ်ပြုလုပ်ရာဌာန ကုသိုလ်ရွှေအိုး မြှုပ်နှံရာဌာနတစ်ခုဖြစ်သည်ဟု ခုဒ္ဒကပါဌပါဠိ နိဓိကဏ္ဍသုတ်၌

စေတိယမှိ စ သံဃေ ဝါ၊ ပုဂ္ဂလေ အတိထီသု ဝါ။

မာတရိ ပိတရိ စာပိ၊ အထော ဇေဋ္ဌမှိ ဘာတရိ (ခု၊၁၊၁၀)

စေတီတော်၌ ဖြစ်စေ၊ သံဃာတော်၌ ဖြစ်စေ သီလရှိသော ပုဂ္ဂိုလ်၌ ဖြစ်စေ၊ ခရီးသွားဧည့်သည်များ၌ ဖြစ်စေ အမိ အဖ အသက်ကြီးသူ အစ်ကို ဦးကြီး ဦးလေး၌ ဖြစ်စေ ကုသိုလ်ရွှေအိုးကို မြှုပ်နှံလျှင် ကောင်းသော မြှုပ်နှံခြင်းမည်၏ဟု ဟောတော်မူ၏၊

စေတီတော် ဓာတ်တော်တို့ကို ပူဇော်သောသူတို့သည် ကောင်းကျိုးချမ်းသာရသကဲ့သို့ စေတီတော် ဓာတ်တော် ပူဇော်ခြင်းကို ကဲ့ရဲ့သောသူတို့သည်လည်း ဆင်းရဲဒုက္ခ ရောက်ကြရလေသည်။ ရာဇဂြိုဟ်ပြည်၌ သူကြွယ်တစ်ယောက်၏ မယား သမီးနှင့် ချွေးမတို့သည် ကြည်ညိုသောစိတ်ဖြင့် ဓာတ်တော်ပူဇော်မည်ဟု ပန်းနံ့သာ စသည်ယူ၍သွားရန် ပြင်ဆင်ရာ သူကြွယ်က “အရိုးတွေကို ပူဇော်ခြင်းဖြင့် ဘာအကျိုးရှိမည်နည်း” ဟု ခြိမ်းခြောက်တားမြစ်ကာ ဓာတ်တော်ပူဇော်ခြင်းကို ကဲ့ရဲ့ခဲ့လေသည်။ ထိုမိန်းမတို့သည် သူကြွယ်၏စကားကို မနာယူဘဲ ဓာတ်တော်ပူဇော်ခြင်းကို ပြုကြ၏၊ ကွယ်လွန်ကြသောအခါ သူကြွယ်က ပြိတ္တာဘုံ၌ဖြစ်၍ ၎င်း၏ မယား သမီးနှင့် ချွေးမတို့က နတ်ပြည်၌ ဖြစ်ရလေသည်။ (ပေတဝတ္ထု အဋ္ဌကထာ-၁၉၇) ထိုအကြောင်းကို ၎င်းပြိတ္တာက အရှင်မဟာကဿပအား “တပည့်တော်သည် ပန်းနံ့သာတို့ကို ဆောင်ယူကာ စေတီတော်သို့ သွားသော မယား သမီးနှင့် ချွေးမတို့ကို တားမြစ်၍ ဓာတ်တော်ပူဇော်မှုကို ကဲ့ရဲ့ခဲ့သောကြောင့် ငရဲနှင့်တူစွာ ပြိတ္တာဘုံ၌ ဖြစ်ခဲ့ရပါ၏” ဟု လျှောက်ထားလေသည်။

ထို့နောက် “ပြိတ္တာဘုံဘဝမှ ကျွတ်လွတ်၍ လူ့ဘဝသို့ ရောက်ခဲ့လျှင် စေတီပူဇော်မှုကို မမေ့မလျော့ အထပ်ထပ်ပြုပါတော့မည်” ဟူ၍ လူမိုက်နောက်မှ နောင်တရသောစကားကို လျှောက်ပြန်သည် (ခု၊၂၊၁၈၀)။

ဓာတ်တော် မွေတော် စေတီတော်တို့ကို ပူဇော်၍ အကျိုးရှိကြောင်းဖြင့် စောဒကပုဂ္ဂိုလ်တို့က ဝိသေသစောဒနာ၌ တင်ပြသော “တိဋ္ဌန္တေ နိဗ္ဗူတေ စာပိ” စသော ဝိမာနဝတ္ထုပါဠိတော် ၆၆ “ယော စေ ပူဇေယျ သမ္ဗုဒ္ဓံ” စသော ထေရာပဒါနပါဠိ-၁၆၈ စသည်တို့သည်လည်း ခိုင်လုံသော သာဓကများ ဖြစ်ကြ၏။ ဓာတ်တော်ပူဇော်၍ အကျိုးမရှိသည့်အနေဖြင့် စုဒိတကပုဂ္ဂိုလ် တင်ပြသော ဓောဝနသုတ်၊ ဓမ္မပဒ အဘိနန္ဒနသုတ် စသည်တို့သည် ပါဠိတော်၌ တိုက်ရိုက်လာသည့်အတိုင်း မဟုတ်ဘဲ လိုရာဆွဲ၍ အဓိပ္ပာယ်ယူထားသောကြောင့် သာဓက မမြောက်ပေ။

ဝတ်ထည်နှင့် သင်္ကန်း

၉။ ဝတ်ထည်ဖျဉ်စင်းကို သင်္ကန်းဟု မခွဲခြားတော့ဘဲ အဝတ်ဟူ၍ တသားတည်း မြင်ကြပြီဟု လူသေလူဖြစ်ဆရာက ပရမတ်အမြင် ရင့်သန်နေသည့်နှယ် ရေးသားထား၏၊ (ဓာတ်လေးပါး အစုအဝေး၊ ရုပ်အစုအဝေးဟူ၍ မြင်ပြီဟု ဆိုမှ ပရမတ်အမြင် ပေါက်ဖွယ်ရာ ရှိပေသည်။)

ခန္ဓာ အာယတန ဓာတု, အနိစ္စ ဒုက္ခ အနတ္တ စသော စကားသည် ပရမတ်နယ်၌ မှန်ကန်၏၊ ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, မိန်းမ, ယောက်ျား-စသော စကားသည်လည်း သမုတိနယ်၌ မှန်ကန်သည်။ မြတ်စွာဘုရားသည်ပင် သမ္မုတိသစ္စာကို မပယ်ဘဲ ခေါ်ဝေါ်ပြောဆို သုံးနှုန်း ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ ၃၁၆-စသည်တို့၌ (သင်္ကေတဝစနံ သစ္စံ၊ လောကသမ္မုတိ ကရဏံ) ဟု ပြောဆိုထားကြသည်။

ထို့ကြောင့်ပင် အသိဉာဏ်ရှိသူတို့သည် လူချင်းတူစေကာ မိဘနှင့် သားမယားတန်းတူ မဆက်ဆံဘဲ ခွဲခြားကာ ဆက်ဆံကြလေသည်။ ဝတ်ထည်ဖျဉ်စင်းနှင့် သင်္ကန်းကို ခွဲခြားသိမြင်တတ်ကာ ဘုရား စသော အရိယာပုဂ္ဂိုလ်တို့ ဝတ်ရုံသောသင်္ကန်းကို ရိုသေမြတ်နိုးကြသည်။ ဘုရားအလောင်းတော် ဆဒ္ဒန်ဆင်မင်းသည်ပင် သောနုတ္တိုရ်မုဆိုး၏ထံ၌ သင်္ကန်းကို မြင်သောအခါ အရိုအသေ ပြုခဲ့ဖူးသည်။ ဇာတ်အဋ္ဌကထာ(ပဉ္စ-၅၁။)

စောဒကပုဂ္ဂိုလ်တို့ တင်ပြသော “ပန္ထေ ဒိသွာန ကာသာဝံ” စသော ထေရာပဒါန်ပါဠိတော် နှာ-၅၂-နှင့် “ပဗ္ဗဇိတ ပရိဘောဂေါ ဟိ အာဂါရိကာနံ စေတိယဋ္ဌာနိယော” ဟူသော ပါရာဇိကကဏ္ဍအဋ္ဌကထာ ဒု-၆၇ တို့သည်လည်း သင်္ကန်းကို ရိုသေလေးစား သင့်ကြောင်း ပြဆိုရာ၌ သာဓက မြောက်ကြပေသည်။

လူသေလူဖြစ်ဆရာ ရေးသကဲ့သို့ ဝတ်ထည်နှင့်သင်္ကန်း အတူတူဖြစ်လျှင် ထေရဝါဒရဟန်းတော်များသည် မည်သည့်အဝတ်မျိုးကိုမဆို ဝတ်ကောင်းပေလိမ့်မည်။ အမှန်ကား ရဟန်းသည် လူဝတ်ကြောင်၏ အဝတ်ပုဆိုး အင်္ကျီကို မဝတ်သင့်ပေ။ အမှန်စင်စစ်ကား အဝတ်ချင်းတူသော်လည်း မိန်းမသည် မိန်းမ၏ အဝတ်ကိုသာ၊ ယောက်ျားသည် ယောက်ျားအဝတ်ကိုသာ၊ ရဟန်းသည် ရဟန်းအဝတ်(သင်္ကန်း) ကိုသာ ဝတ်ရုံသင့်သည်။ ဝတ်ရုံမှ သဘာဝကျသည်။

ဤမျှလောက် ကွဲပြားချက်ကို အသိဉာဏ်အသင့်အတင့်ရှိသူများပင် သိနိုင်ပေသည်။ ထေရဝါဒ ရဟန်းတော်တို့၏ သင်္ကန်းသည် မြတ်စွာဘုရား ပညတ်တော်မူသည့် ဝိနည်းဒေသနာတော်နှင့်အညီ ဖြတ်ရ ချုပ်ရ ဆိုးရသော အဝတ်မျိုး ဖြစ်သည်။ သင်္ကန်း၌ ရှိသင့်သော ပမာဏ၊ ဆိုးသင့်သော ဆိုးရည်၊ ရက်သင့်သော ချည်အမျိုးအစား စသည်တို့ကို ဝိနည်း၌ ပညတ်ချက်ရှိရာ ဝိနည်းကို လေ့လာဖူးပါလျှင်လည်း လူ့အဝတ်နှင့် သင်္ကန်းကို တစ်သားတည်း မြင်မည်မဟုတ်ပါ။

၁၀။ သောတာပန် လူဒါယကာက ပုထုဇဉ် ရဟန်းသာမဏေတို့ကို ရှိခိုးထိုက်သော အကြောင်းတို့မှာ ရဟန်းအဖြစ်ကို ပြုတတ်သော အကျင့်တရားနှစ်ဆယ်နှင့် အသွင်အပြင် နှစ်မျိုးကြောင့် ဖြစ်ကြောင်း၊ အကျင့်တရား နှစ်ဆယ်မှာ (၁) မြတ်သော တရား၌ မွေ့လျော်ခြင်း၊ (၂) မြတ်သော ဥပုသ်ပြုမှု အမြဲရှိခြင်း၊ (၃) မြတ်သော ဆွမ်းခံမှုစသော အကျင့်ရှိခြင်း၊ (၄) ကောင်းမွန်စွာ ဝတ်ရုံနေထိုင်ခြင်း၊ (၅) စက္ခု စသော ဣန္ဒြေကို စောင့်စည်းခြင်း စသည်များတည်း၊ အသွင်အပြင်နှစ်မျိုးမှာ (၁) ဖန်ရည်ဆိုးသော သင်္ကန်းကို ဝတ်ရုံခြင်း၊ (၂) ဦးပြည်းခေါင်း တုံးရိတ်ခြင်းတို့ ဖြစ်ကြောင်း မိလိန္ဒပဥှာပါဠိ ၁၆၁ (၎င်းမြန်မာပြန်၊ ၁၇၅-၆) ၌ ပြဆိုထားသည်။

ထို့ပြင် မိလိန္ဒပဥှာ မြန်မာပြန် ၂၇၅-၌ပင်-

“မင်းမြတ် ... လူ၏ အသွင်အပြင်သည် မညီညွတ်၊ လူပုဂ္ဂိုလ်သည် အသွင်အပြင် အားနည်းသောကြောင့် အရဟတ္တဖိုလ်သို့ ရောက်လျှင် ရောက်သော ထိုနေ့၌ပင် ရဟန်းသော်လည်း ပြုရ၏။ ပရိနိဗ္ဗာန်သော်လည်း ပြုရ၏” ဟု မိန့်တော်မူ၏၊ ဤစကားရပ်ကို ထောက်၍လည်း သင်္ကန်း၌ ထူးခြားသော ဂုဏ်ရှိကြောင်း၊ သင်္ကန်းနှင့် ဝတ်ထည် ခြားနားကြောင်း သိနိုင်ပေ၏၊

ဖုဿထေရ်သည် နောင်အနာဂတ်၌ ရဟန်း ရဟန်းမတို့ အမူအကျင့်ကို သံဝေဂဖြစ်ဖွယ်ရာ ဟောကြားထားသည်တွင် “အဂါရဝေါစ စ ကာသာဝေ၊ တဒါ တေသံ ဘဝိဿတိ” (ထေရဂါထာပါဠိ၊ ၃၄၂) နောင်အခါ၌ (ရဟန်း ရဟန်းမတို့သည်) အရဟတ္တဓဇသင်္ကန်း၌ ရိုသေကြလိမ့်မည် မဟုတ်ဟု ဟောတော်မူခဲ့သည်။

ယခုအခါ၌ လူသေလူဖြစ်ဆရာက သင်္ကန်းကို မရိုသေလိုကြသူတို့၏ ရှေ့ဆောင်လမ်းပြသဖွယ် ဝတ်ထည်ဖျဉ်စင်းကို သင်္ကန်းဟု မခွဲခြားတော့ဘဲ တစ်သားတည်းမြင်ပြီဟု လမ်းမှားကို ပြသွားခဲ့လေသည်။ လူသေလူဖြစ်ဆရာသည် ရိုက်စ်ဒေးဗစ် စသော ဗုဒ္ဓဝါဒီ မဟုတ်သည့် ပါဠိပညာရှင် ပုဂ္ဂိုလ်များက ဘုရားအမြတ်ဆုံးဝါဒ၊ ဘုရား ၆-ဆူဝါဒ၊ ဘုရား ၂၅-ဆူဝါဒများ ပေါ်လာခြင်းသည် ဗုဒ္ဓ၏ စစ်မှန်သော အနတ္တဝါဒထဲတွင် ဝိရဏခေါ် ပေါင်းမြက်များ ထူထပ်စွာ ပေါက်လာခြင်းနှင့် တူသည်ဟု Introduction to Mahapadana Sutta စသည်၌ ရေးသားထားသော စကားလုံးကို တိုက်ရိုက်နီးပါး ဘာသာပြန်၍ ဘာသာရေးအမှိုက်သရိုက်ဟု သုံးနှုန်းခြင်းမှာ ဗုဒ္ဓဝါဒ တစ်သာသနာလုံး ဗုဒ္ဓဝါဒီ အားလုံးတို့ကို ပမာမခန့် စော်ကားလိုက်ခြင်း သာ ဖြစ်ပေသည်။

ခြုံငုံသုံးသပ်၍ ဆုံးဖြတ်ခြင်း

ဆိုအပ်ခဲ့ပြီးသော အချက်အလက်များကို ခြုံငုံ၍ သုံးသပ်သော်-

မြတ်စွာဘုရား၏ ဝါဒသည် ဓာတ်တော် မွေတော် စေတီပုထိုးတော်များကို ရှိခိုးပူဇော်ရသော ကိုးကွယ်ရသော ဝါဒဖြစ်၍ လူသေလူဖြစ်ဆရာနှင့် တပည့်တို့၏ ဝါဒသည် ဓာတ်တော်မွေတော် စေတီပုထိုးတော်များကို မရှိခိုး မပူဇော်ရ၊ အမှိုက်သရိုက်ဟု ယူဆသော ဝါဒဖြစ်သဖြင့် မြတ်စွာဘုရားဝါဒနှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ အညီအညွတ် ဆုံးဖြတ်တော်မူကြသည်။