လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံးစံပယ်ခြင်း ဝိနိစ္ဆယ
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံပယ် ဝိနိစ္ဆယ
၁။ စောဒကပုဂ္ဂိုလ်များက လူသေလူဖြစ် စာအုပ် စာမျက်နှာ ၁၂၇၊ ၁၂၈ တွင်ပါသော-
“ဆီမီးအခိုးတိုင် ညှိထွန်းခြင်း၊ ပူဇော်ခြင်း၊ ဒူးထောက်ရိုကျိုး ရှိခိုးခြင်း ကြေးစည် ခေါင်းလောင်း ထိုးခြင်း၊ ဓမ္မသီချင်း ကျူးရင့်ခြင်း၊ ဂုဏ်တော်ဖတ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ဆုတောင်းပတ္တနာ ပြုခြင်းဖြင့် ချဉ်းကပ်ရသော နတ်တို့၊ ဘုရားတို့ ကျွန်ုပ်တို့ ယုံကြည်ရန် မဖြစ်နိုင်တော့ချေ” ဟူသော ရေးသားချက်ကို ထုတ်ပြ၍ ၎င်းစကားအရ ဦးဥက္ကဋ္ဌနှင့် သူ၏ဩဇာခံ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများသည် ဆီမီးပူဇော်ခြင်း စသော ဘာသာရေးလုပ်ငန်းတို့၌ အကျိုးရသည်ဟု မယုံကြည်ဘဲ ပစ်ပယ်ခြင်းဖြင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖျက်ဆီးကြသည်ဟု စောဒနာကြ၏၊
၂။ ၎င်းစောဒနာကို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့က တိတိကျကျ ချေပ သောဓနာခြင်း မပြု။
သခင်မြတ်ဆိုင်၏ သောဓနာလွှာ၌ မူလပဏ္ဏာသ မူလပရိယာယသုတ် နှာ ၁-မှ ၁၀-အထိ အဆိုအမိန့်များကို ကြည့်၍ “၎င်းသုတ်အဆုံး၌ ရဟန်းတော်များက ကျေနပ်ခြင်း မရှိကြကြောင်းကို တွေ့ရသဖြင့် မြတ်စွာဘုရားမှာပင် မလွယ်သော အခက်အခဲများ ရှိသည်ဖြစ်ရာ သူ့အဖို့ မလျှောက်တတ်နိုင်ပါ။ သို့သော် တတ်စွမ်းသမျှ တင်ပြပါမည်” ဆို၍ တင်ပြသွားသည်။ ထိုစကားတွင် မြတ်စွာဘုရားမှာပင် မလွယ်သော အခက်အခဲများ ရှိသည်ဟု ပါရှိရာ ၎င်းစကားမှာ ချေပလိုရင်း ပဓာန မဟုတ်သေးသော်လည်း မြတ်စွာဘုရားအပေါ်၌ ယုံမှားသင်္ကာ ဝိစိကိစ္ဆာဖြစ်ဖွယ်ပါရှိ၍ စိစစ်ဝေဖန်ဦးအံ့-
၃။ မူလပဏ္ဏာသပါဠိ မူလပရိယာယသုတ် စာမျက်နှာ ၈-၌ “ဣဒမဝေါစ ဘဂဝါ၊ န တေ ဘိက္ခု ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ=မြတ်စွာဘုရားသည် ဤဒေသနာတော်ကို ဟောတော်မူပြီ။ ရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားဒေသနာတော်ကို မနှစ်သက်ကြကုန်” (မ၊မြန်၊၁၊၁၀) ဟု လာရှိ၏၊
ထိုသို့ မနှစ်သက်ခြင်းအကြောင်းကို မူလပဏ္ဏာသအဋ္ဌကထာ(ပ-၅၈-၌ “တေ ပဉ္စသတာ ဘိက္ခူ ဣဒံ ဘဂဝတော ဝစနံ နာနုမောဒိံသု၊ ကသ္မာ အညာဏကေန=ထိုရဟန်းငါးရာတို့သည် မသိသောကြောင့် မနှစ်သက်ကြခြင်းဖြစ်၍” ဟု ဖွင့်ဆိုထားသည်။ မိမိနားမလည်သော စကားကို မည်သူ နှစ်သက်ပါလိမ့်မည်နည်း။
မြတ်စွာဘုရားသည် အဘယ့်ကြောင့် သိမြင်အောင် (သိမြင်၍ နှစ်သက်အောင်) မဟောသနည်း၊ မလွယ်သော အခက်အခဲ ရှိသောကြောင့်လော-ဟု မေးအံ့၊ ထိုရဟန်းတို့၏မာနကို ချိုးဖျက်အောင် မူလပရိယာယသုတ်ကို ဟောတော်မူခြင်း ဖြစ်သောကြောင့် ထိုရဟန်းတို့ဉာဏ်ဖြင့် မလိုက်နိုင်အောင် မသိမြင်အောင် ဟောတော်မူခြင်းဖြစ်သည်ဟု ဖြေရာ၏။ ချဲ့ဦးအံ့၊ ထိုရဟန်းတို့သည် ဗြာဟ္မဏဇာတ်ရှိသူများဖြစ်၍ ဗေဒသုံးပုံတို့ကိုလည်း ပါရဂူရောက် တတ်မြောက်ကြလေရာ “မြတ်စွာဘုရား၏ ပရိယတ်တရားတော်ကိုလည်း ခဏချင်းပင် တတ်မြောက်ကြလိမ့်မည်။ မြတ်စွာဘုရားဟောသည်ကို ဘာမဆို ခဏချင်း သိလိမ့်မည်” ဟု မခန့်မလေး အထင်ရောက်ကာ မာနတက်နေသူများ ဖြစ်ကြသည်။ မြတ်စွာဘုရားသည် ထိုရဟန်းတို့ စိတ်ဖြစ်ပုံကိုသိ၍ “ဤရဟန်းများသည် သူတို့၏ မာနငြောင့်ကို မပယ်နုတ်လျှင် မဂ်ဖိုလ်ကို ရနိုင်ကြမည်မဟုတ်” ဟု ဆင်ခြင်တော်မူကာ ထိုရဟန်းတို့မာနကို ချိုးနှိမ်ရန်ပင် တမင်မသိအောင် ဉာဏ်မမီအောင် ဟောတော်မူခြင်းဖြစ်သည်။ ဤကား မူလပဏ္ဏာသအဋ္ဌကထာ(ပ-၁၈၊၅၈-၌ ဖွင့်ဆိုချက်ဖြစ်၏။ ထိုစကားအရ မြတ်စွာဘုရားအတွက် မလွယ်သောအခက်အခဲများ မရှိဟု သိရ၏။ ထို့ကြောင့် “မြတ်စွာဘုရားမှာပင် မလွယ်သော အခက်အခဲများ ရှိသည် ဖြစ်ရာ” ဟူသော သခင်မြတ်ဆိုင် စကားကို အမှားစင်စစ်ဟု မှတ်ရမည်။ ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို မကြည့်တတ်၍ ခြေခြေမြစ်မြစ် မသိနားမလည် သည့်အတွက်ကြောင့် လည်းကောင်း၊ မြတ်စွာဘုရားကို သေးသိမ်စေလိုသောကြောင့်လည်းကောင်း ပြောသောစကားသာ ဖြစ်သည် ဟု မှတ်ရပေသည်။
ယခုအခါ လူသေလူဖြစ်ဆရာ၏ စကားနှင့် ၎င်းကို ထောက်ခံတင်ပြသော သခင်မြတ်ဆိုင်၏ သောဓနာလွှာ စကားတို့ကို စိစစ်ဝေဖန်ပေအံ့-
ဆီမီးအခိုးတိုင် ညှိထွန်းခြင်း
၄။ ဆီမီးအခိုးတိုင် (အမွှေးတိုင်) ညှိထွန်းခြင်းကို လူသေလူဖြစ်ဆရာက ပယ်ဖျက်ခဲ့၏။ သခင်မြတ်ဆိုင်၏ သောဓနာလွှာ ၌လည်း သဂါထာဝဂ္ဂသံယုတ်၊ သုန္ဒရိကသုတ်၊ ၁၆၁-၌ ဟောတော်မူသော-
“ပုဏ္ဏား ... ထင်းကို မီးရှို့သော သင်သည် မီးရှို့ကာမျှဖြင့် စင်ကြယ်၏ဟု မအောက်မေ့လင့်၊ အဘယ့်ကြောင့်နည်း၊ ထိုထင်းကို မီးရှို့ခြင်းသည် အပ၌သာ ဖြစ်သည်။ ထိုစကားသည် မှန်၏။ အကြင်သူသည် အပဖြစ်သော မီးရှို့ခြင်းဖြင့် စင်ကြယ်ခြင်းကို အလိုရှိ၏။ ထိုသူကို ထိုမီးရှို့ခြင်းကြောင့် စင်ကြယ်၏ဟု ပညာရှိတို့ မဆိုကုန်” ဟူသော စကားရပ်ကို ကိုးကား၍ မီးပူဇော်မှုနှင့် ပတ်သက်၍ မြတ်စွာဘုရား အလိုမရှိဟု လည်းကောင်း၊ ရှေးခေတ် ထင်းမီးပူဇော်မှုတို့၏ နေရာတွင် ယခုခေတ် ဆီမီး ဖယောင်းတိုင်တို့ဖြင့် အကျုံးဝင်ပါသည်ဟု လည်းကောင်း ချေပလွှာတင်သွင်းကာ လူသေလူဖြစ် ဆရာ့ဝါဒကို ထောက်ခံခဲ့သည်။
ဤတွင် ရှေးခေတ် ထင်းမီးပူဇော်မှုနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ဆီမီးပူဇော်မှုတို့ တူ မတူ စိစစ်လျှင် လုံးဝမတူကြောင်း တွေ့ရပေမည်။ ရှေးက မီးပူဇော်မှု (တစ်နည်း) မီးလုပ်ကျွေးမှုမှာ ဖွားရာနေ့၌ဖြစ်သော မီးကိုယူထား၍ ၎င်းမီးကို မသေစေရအောင် အမြဲတစေ လောင်စာထည့်၍ ပေးပြီး ထောပတ်၊ အမဲသား၊ ငါး စသော စားဖွယ်တို့ကို မီးထဲသို့ထည့်ကာ ပူဇော်ခြင်းမျိုး ဖြစ်၏။ ဧကကနိပါတ် နင်္ဂုဋ္ဌဇာတ် အဋ္ဌကထာ၊ ပ၊ ၅၁၉၊ ၅၂၀-၌ ဘုရားအလောင်းတော် ဥဒိစ္စဗြဟ္မဏမျိုး ဖြစ်စဉ်က ထိုဘုရားအလောင်း ဖွားမြင်ရာနေ့၌ဖြစ်သောမီးကို ယူထားပြီး “အကယ်၍ အိမ်၌နေမည်ဆိုပါက ဗေဒသုံးပုံကို သင်ပါ။ ဗြဟ္မာ့ပြည်သို့ သွားလိုလျှင်ကား မီးကိုယူပြီး တောထဲသို့ဝင်ကာ မီးကိုလုပ်ကျွေးလျက် ဗြဟ္မာ့ပြည်သို့တက်ပါ” ဟု မိဘတို့က ပြောဆိုရာ ဘုရား အလောင်းတော်သည် မီးကိုယူ၍ မီးလုပ်ကျွေးလျက် နေခဲ့လေသည်။ တစ်နေ့တွင် နွားတစ်ကောင်ရ၍ မီးဘုရားကို နွားသား (အမဲသား) စားစေမည်ဟု အကြံဖြစ်၏။ ဆားမပါဘဲ စားနိုင်မည်မဟုတ်။ ဆားနှင့် စားစေမည်ဟု ကြံကာ ဆားရှာ ထွက်ခဲ့သည်။ မုဆိုးတို့က နွားကို သတ်စားထားလေရာ ဆားရှာရာမှအပြန် နွားကို သတ်စားထားသည်ကို တွေ့သောအခါ “ဤ မီးဘုရားသည် ကိုယ့်ဖို့ဖြစ်သော နွားကိုမျှ မစောင့်ရှောက်နိုင်၊ ငါ့ကို အဘယ်မှာ စောင့်ရှောက်နိုင်လိမ့်မည်နည်း” ဟု သတိရကာ မီးကို ငြိမ်းသတ်၍ ရသေ့ရဟန်း ပြုခဲ့ကြောင်း ပြဆိုထားသည်။
ဒုကနိပါတ်အဋ္ဌကထာ(ဒု-၃၉) သန္ထဝဇာတ်၌လည်း ဘုရားအလောင်းပုဏ္ဏားသည် မိဘတို့က ဖွားသောနေ့တွင် ယူထားသော မီးကို ပေးလိုက်၍ ထိုမီးကိုယူကာ လုပ်ကျွေးပူဇော်နေလေသည်။ တစ်နေ့တွင် နို့ဃနာကိုရ၍ ဤနို့ဃနာကို မဟာဗြဟ္မာအား ပူဇော်မည်အကြံဖြင့် မီးထဲသို့ ထည့်ခဲ့ရာမှ “မိမိ သစ်ရွက်မိုးကျောင်း မီးလောင်သောကြောင့် သတိရကာ မီးဟူသော သင် သူယုတ်ကို ငါ မလိုချင်တော့ပြီ” ဟု ဆိုကာ ငြိမ်းသတ်ခဲ့ကြောင်း ပြဆိုထားသည်။
စုဒိတက သခင်မြတ်ဆိုင် တင်ပြသော သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ သုန္ဒရိကသုတ်လာ သုန္ဒရိကဘာရဒွါဇ မီးပူဇော်ပုံမှာလည်း ဗြာဟ္မဏဝါဒအရ မီးဘုရားပူဇော်မှုသာ ဖြစ်၏။ ထင်ရှားစေအံ့-
အဂ္ဂိံ ဇုဟတီတိ အာဟုတိံ ပက္ခိပနေ န ဇာလေတိ။ပ။ သုဝိသေဓိ-တော စဿ ဗြဟ္မလောကဂါမိ မဂ္ဂေါတိ (သံ၊ဋ္ဌ၊၁၊၂၁၄)။
၎င်းအဋ္ဌကထာအရ သုန္ဒရိကဘာရဒွါဇသည် မီးထဲသို့ ပူဇော်ဖွယ်ရာ၊ စားသောက်ဖွယ်ရာတို့ကိုထည့်၍ မီးရှို့ခဲ့ လေသည်။ ထိုသို့ ပူဇော်ပြီးနောက် ကြွင်းကျန်သော ဃနာထမင်းကို မြင်၍ ကြံစည်သည်မှာ “မီးထဲသို့ထည့်အပ်သော ဃနာထမင်းကို မဟာဗြဟ္မာသည် သုံးဆောင်အပ်လေပြီ။ ဤ ကြွင်းကျန်သော ဃနာထမင်းကို ဗြဟ္မာ၏ ပါးစပ်မှဖြစ်သော ဗြာဟ္မဏအား ပေးလှူရလျှင် အဖရော၊ သားကိုပါ ရောင့်ရဲစေရာ ကျွေးမွေးရာ ရောက်ပေမည်။ ဗြဟ္မာ့ပြည်ခရီးကိုလည်း ကောင်းစွာ သုတ်သင်ပြီးဖြစ်မည်” ဟုကြံကာ ဗြာဟ္မဏကိုရှာခဲ့ရာမှ မြတ်စွာဘုရားနှင့် တွေ့ခြင်းဖြစ်သည်။ ထို့နောက် မြတ်စွာဘုရားက “ပုဏ္ဏား..ထင်းကိုမီးရှို့သော သင်သည် မီးရှို့ကာမျှဖြင့် စင်ကြယ်၏ ဟု မအောက်မေ့လင့်” စသည်ဖြင့် ဟောတော်မူသည်။
ဤကား ရှေးခေတ် ဗြာဟ္မဏတို့ မီးပူဇော်ပုံ၊ မီးလုပ်ကျွေးပုံနှင့် သုန္ဒရိကဘာရဒွါဇ မီးပူဇော်ပုံတည်း။ သူတို့၏ ပူဇော်ခြင်းကား မီးကိုပူဇော်ခြင်း ဖြစ်လေသည်။
ဗုဒ္ဓဘာသာဝင်တို့ ဆီမီးညှိထွန်းပူဇော်ခြင်းမှာ ဆီမီးထဲသို့ တစ်စုံတစ်ရာသောစားသောက်ဖွယ် ပူဇော်ဖွယ်တို့ကို ထည့်ကာ မီးရှို့နေခြင်းမျိုး မဟုတ်၊ မီးကို ပူဇော်သည် မဟုတ်၊ မီးထဲသို့ထည့်၍ ရှို့လိုက်သော ပစ္စည်းကို မဟာဗြဟ္မာကြီး သုံးဆောင်လေပြီစသည့် အယူမျိုးလည်း မရှိ။ စင်စစ်သော်ကား အရောင်အလင်းကို ပေးလှူသည့် အနေဖြင့် ဆီမီးကို ညှိထွန်း ပူဇော်ကြခြင်း ဖြစ်ပေသည်။ မီးအရောင်အလင်းဖြင့် ပူဇော်ထိုက်သော သူတို့ကို ပူဇော်ကြခြင်း ဖြစ်ပေသည်။
အထူးမှတ်ရန်ကား - ဗြာဟ္မဏဝါဒီတို့က မီးကို ပူဇော်ခြင်းဖြစ်သည်။ ဗုဒ္ဓဝါဒီတို့က မီးအလင်းရောင်ဖြင့် ဘုရားကို ပူဇော်ဖြင်း ဖြစ်သည်။ မီးကို ပူဇော်ခြင်း မဟုတ်ပေ၊ ဤသို့ ခြားနားသည်။
မီးထွန်းရန် ဆီ၊ဆီမီးခွက်၊ဖယောင်းတိုင် စသည်တို့သည် သုတ္တန်ပါဠိတော်တို့၌ လာသော လှူဖွယ်ဝတ္ထု (လှူကောင်းသော ပစ္စည်းဝတ္ထု) ဆယ်မျိုးအနက် တစ်မျိုးဖြစ်ပေသည်။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌-
သော အန္နံ ဒေတိ။ပ။ ပါနံ ဒေတိ၊ ဝတ္ထံ ဒေတိ၊ ယာနံ ဒေတိ၊ မာလံ ဒေတိ၊ ဂန္ဓံ ဒေတိ၊ ဝိလေပနံ ဒေတိ၊ သေယျံ ဒေတိ၊ အာဝသထံ ဒေတိ၊ ပဒီပေယျံ ဒေတိ။ (သံ၊၂၊၂၁၂)
ထိုသူသည် ထမင်းကို ပေးလှူ၏၊ပ။ အဖျော်ကို အဝတ်ကို ယာဉ်ကို ပန်းကို နံသာခဲကို နံသာပျောင်း နံသာရည်ကို၏ အိပ်ရာနေရာကို အိမ်, ကျောင်း, ဇရပ်ကို ဆီမီးထွန်းရန် ဆီ, ဆီမီးခွက်, ဆီမီးစာ ဖယောင်းတိုင်ကို ပေးလှူ၏၊ (၎င်းမြန်မာပြန်) ထိုဆီမီးထွန်းရန် ဆီမီးခွက် ဖယောင်းတိုင် စသည်ကို ညှိထွန်း၍ ပူဇော် လှူဒါန်းသည် ဖြစ်စေ၊ မညှိထွန်းဘဲ လှူဒါန်းသည် ဖြစ်စေ ဆီမီးအလှူပင်ဖြစ်၏၊ ညှိထွန်းမှု မညှိထွန်းမှုကား အခါအခွင့်ကို ထောက်ချင့်၍ သင့်သလို ဆန္ဒအလျောက် ပြုလုပ်ရန်ပင်ဖြစ်သည်။ ထို့ကြောင့် ဝိမာနဝတ္ထု အဋ္ဌကထာ-၄၇ ၌
“ဒဒါတိ ပဒီပန္တိ ပဒီပံ ဥဇ္ဇာလေန္တော ဝါ အနုဇ္ဇာလေန္တော ဝါ ပဒီပဒါနံ ဒဒါတိ” -
ဟု မိန့်ဆို၏၊
ဒဒါတိ ပဒီပန္တိ ဒဒါတိ ပဒီပံ(ဆီမီးအလှူပေး၏)ဟူသည် ပဒီပံ၊ ဆီမီးကို။ ဥဇ္ဇာလေန္တော ဝါ၊ ထွန်းညှိ၍သော်လည်းကောင်း။ အနုဇ္ဇာလေန္တော ဝါ၊ မထွန်းညှိဘဲသော်လည်းကောင်း။ ပဒီပဒါနံ၊ ဆီမီးအလှူကို။ ဒဒါတိ၊ ပေးလှူ၏၊
သဂါထာဝဂ္ဂသံယုတ်ပါဠိ၊ ကိံဒဒသုတ် ၂၉-၌ “ကိံ ဒဒေါ ဟောတိ စက္ခုဒေါ = အဘယ်ကို ပေးလှူသော သူသည် မျက်စိကိုလှူသည် မည်ပါသနည်း”ဟု နတ်သားတစ်ယောက်မေးလျှောက်သည်ကို မြတ်စွာဘုရားက “ဒီပဒေါ ဟောတိ စက္ခုဒေါ=ဆီမီးကို ပေးလှူသော သူသည် မျက်စိကို ပေးလှူသည်မည်၏”ဟု ဖြေဆိုတော်မူသည်။
သံယုတ်အဋ္ဌကထာ၊ပ၊၇၈-၌ “အမိုက်မှောင်ဝယ် မျက်စိကောင်းသူတို့ပင် အဆင်းကို မြင်ရခြင်း မရှိသောကြောင့် အရောင်အလင်းဆီမီးကို ပေးလှူသူသည် မျက်စိကိုလှူသည်မည်၏၊ အရှင်အနုရုဒ္ဓါကဲ့သို့ ဒိဗ္ဗစက္ခုနှင့် ပြည့်စုံခြင်းကိုပင် ရတတ်သည်”ဟု ဖွင့်ပြထားသည်။
အမွှေးတိုင် အခိုးအထုံပေးလှူရခြင်း အကျိုးကိုလည်း ထေရာပဒါန်ပါဠိတော် မြန်မာပြန် ၃၇၉-၌-
“မြတ်စွာဘုရားအားလည်းကောင်း၊ အမြတ်ဆုံးသော ဂိုဏ်းသံဃာအားလည်းကောင်း အခိုးအထုံကို ပေးလှူခဲ့ရသောကြောင့် ငါသည် ကံအားလျောက်ပတ်ကုန်သော အကျိုးဆက်ဆယ်ပါးတို့ကို ခံစားရပေ၏၊ ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် ကိုယ်အနံ့မွှေးသူ၊ အခြံအရံများသူ၊ လျင်သော ပညာရှိသူ၊ ကျော်စောခြင်းရှိသူ၊ ထက်သောပညာရှိသူ၊ မြေကြီးအထုနှင့်တူသော ပညာရှိသူ၊ ရွှင်သောပညာရှိသူ၊ နက်နဲသောပညာရှိသူ၊ ပြန့်ပြောသောပညာရှိသူ၊ လျင်မြန်သောပညာရှိသူဖြစ်၍ အခိုးအထုံအလှူ၏ အစွမ်းကြောင့်သာလျှင် ယခုအခါ အေးမြသော နိဗ္ဗာန်ချမ်းသာသို့ ရောက်ရပေ၏”ဟု ပြဆိုထား၏၊
ဤမျှစကားဖြင့် ဗုဒ္ဓဘာသာဝင်တို့ ဆီမီးအမွှေးတိုင် ညှိထွန်းပူဇော်ခြင်းသည် ရှေးခေတ် ဗြာဟ္မဏတို့၏ မီးလုပ်ကျွေးပူဇော်ခြင်းနှင့် တစ်မျိုးတစ်ခြားစီသာဖြစ်၍ ရှေးခေတ် ထင်းမီးပူဇော်မှုနေရာတွင် ယခုခေတ် ဆီမီး ဖယောင်းတိုင်တို့ အကျုံးမဝင်ကြောင်း၊ ဆီမီးပူဇော်မှုသည် ဘုရားအလောင်း စသော သူတော်ကောင်းတို့ ဖြည့်ဆည်းပူးသော ဒါနပါရမီတစ်မျိုးဖြစ်ကြောင်း ထင်ရှားသည်။ သခင်မြတ်ဆိုင်သည် သဂါထာဝဂ္ဂသံယုတ်၊ သုန္ဒရိကသုတ်၏ ယထာဘူတကျနသော အဓိပ္ပါယ်ကို မသိမြင် မယူဆတတ်၊ ဘာသာပြန်ကိုဖတ်တတ်ရုံမျှသာရှိ၍ ဆီမီးပူဇော်ခြင်းသည် အရောင်အလင်းလှူသော ပဒီပဒါနမျိုးဖြစ်သည်ကို မသိသောကြောင့်သာလျှင် ရှေးခေတ် ဗြာဟ္မဏတို့ မီးပူဇော်မှုနှင့် ယခုခေတ် ဆီမီး ဖယောင်းတိုင် ပူဇော်မှုကို ရောထွေးယှက်တင် မှတ်ထင် ယူဆမိခြင်း ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
ပူဇော်ခြင်း
၅။ ပူဇော်ခြင်းကိုလည်း လူသေလူဖြစ်ဆရာက ပယ်ခဲ့၏၊ သောဓနာလွှာ၌ သခင်မြတ်ဆိုင်က မဟာပရိနိဗ္ဗာနသုတ်ဝယ် ဟောတော်မူသော “ပန်း နံ့သာ တူရိယာဖြင့် ပူဇော်ခြင်းထက် လောကုတ္တရာတရား အားလျော်စွာ ကျင့်သုံးခြင်းသည်သာ အမြတ်ဆုံးပူဇော်သက္ကာရမည်၏” ဟူသော စကားရပ်ကို တင်ပြထား၏၊
လူသေလူဖြစ်ဆရာက ပန်း နံ့သာ စသည်ဖြင့် ပူဇော်ခြင်းဟု လည်းကောင်း၊ အကျင့်ဖြင့် ပူဇော်ခြင်းဟု လည်းကောင်း အထူးမခွဲခြားဘဲ ပူဇော်ခြင်းဟု သာမညဆိုထားသောကြောင့် (အာမိသပူဇာ၊ ဓမ္မပူဇာ) နှစ်မျိုးလုံးကိုပင် ပယ်ရာရောက်၏၊ ထို့ကြောင့် စုဒိတက သခင်မြတ်ဆိုင် တင်ပြလာသော မဟာပရိနိဗ္ဗာနသုတ်လာ အကျင့်ဖြင့် ပူဇော်ခြင်း ဟူသည်ကိုလည်း လူသေလူဖြစ်ဆရာက ပယ်သည်ဟုပင် ဆိုရပေသည်။
၎င်းမဟာပရိနိဗ္ဗာနသုတ်၌ ဟောတော်မူသည်မှာလည်း အမြတ်ဆုံးဖြစ်သော ပူဇော်သက္ကာရကိုသာ ဟော၍ ဆီမီး၊ အမွှေးတိုင်၊ ပန်းနံ့သာစသည်ဖြင့် ပူဇော်မှုကို လုံးဝမပြုရဟု တားမြစ်တော်မူသည် မဟုတ်ပေ။ အင်္ဂုတ္တရပါဠိ၊ လိစ္ဆဝိကုမာရကသုတ် ၆၈၊ ၎င်းမြန်မာပြန် ၈၃-၌
“လက်ရုံးအားကိုးဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော၊ တရားနှင့်လျော်ကုန်သော၊ တရားသဖြင့် ရအပ်ကုန်သော၊ ထကြွလုံလဖြင့် ရအပ်ကုန်သော စည်းစိမ် ဥစ္စာတို့ဖြင့် သမဏ ဗြာဟ္မဏတို့ကို အရိုအသေ အလေးအမြတ်ပြုသော ပူဇော်သော အမျိုးကောင်းသားအား ကြီးပွားတိုးတတ်ခြင်းကိုသာ မျှော်လင့်အပ်၏၊ ဆုတ်ယုတ် ပျက်ဆီးခြင်းကို မမျှော်လင့်အပ်”ဟု ဟောတော်မူသည်ကို ထောက်၍ ပစ္စည်းဖြင့် ပူဇော်မှု အာမိသ ပူဇာသည်လည်း အကျိုးများသော အကျင့်ကောင်းတစ်ခုဖြစ်ကြောင်း သုံးသပ်တော်မူကြသည်။
ဒူးထောက် ရိုကျိုး ရှိခိုးခြင်း၊ ဂုဏ်တော်ရွတ်ဖတ်ခြင်း
၆။ ရှိခိုးခြင်း၊ အရိုအသေပြုခြင်း၊ ဂုဏ်တော် ရွတ်ဖတ်ခြင်းတို့ကိုလည်း လူသေလူဖြစ်ဆရာက ပယ်ခဲ့၏၊
စုဒိတက သခင်မြတ်ဆိုင်က အင်္ဂုတ္တိုရ် ရူပသုတ် မြန်မာပြန် ၃၉၇-ကို အကျဉ်းချုံးတင်ပြပြီး “သာသနာယဉ်ကျေးမှု အစပိုင်းတွင် အဆင်း, အသံတို့၏ အရင်းခံဖြစ်သော လူများစု၏ အလိုဆန္ဒအလျောက် ဆွဲဆောင်ကြရသည်မှာ တစ်နည်းအားဖြင့် အမျိုးသား ယဉ်ကျေးမှုပင် ဖြစ်ရခြင်းပါဘုရား။ သာသနာ၏ ဆိုလိုရင်းနှင့်ကား တခြားစီသာ ရှိကြောင်း” ဖြင့် သောဓနာလွှာ တင်သွင်း၏၊ ရှိခိုးခြင်း၊ ဂုဏ်တော် ရွတ်ဖတ်ခြင်းတို့သည် ၎င်း ရူပသုတ်အရ သာသနာ၏ ဆိုလိုရင်းနှင့် တခြားစီဟု ချေပ၍ လူသေလူဖြစ်ဆရာ့စကားကို ထောက်ခံခဲ့လေသည်။
ထိုသုတ်၌ဆိုလိုသည်မှာ-
(၁) အဆင်းသဏ္ဌာန်ကိုကြည့်၍ အဆင်းသဏ္ဌာန်ကောင်းသောကြောင့် ကြည်ညိုသူ၊
(၂) သူတပါးတို့၏ချီးမွမ်းသံကို ကြားရ၍ အသံကြားကြည်ညိုသူ၊
(၃) ခေါင်းပါးစွာ ကျင့်ကြံနေထိုင်သည်ကို မြင်၍ ကြည်ညိုသူ၊
(၄) သီလ သမာဓိ ပညာတရားကို သိမြင်၍ ကြည်ညိုသူ
ဟု ပုဂ္ဂိုလ် ၄-မျိုး ၄-စားရှိသည်။
ထို ၄-မျိုးတို့တွင် အဆင်း၊ အသံကို ပမာဏပြုသူ (ပမာဏပြု၍ကြည်ညိုသူ)တို့သည် ဆန္ဒရာဂ အလိုသို့ လိုက်ပါရ၍ အဇ္ဈတ္တသန္တာန်၌ဖြစ်သော ဂုဏ်၊ ဗဟိဒ္ဓ၌ဖြစ်သော အကျင့်ကို မသိကုန်၊ သူတပါးတို့ ချီးမွမ်းသော ချီးမွမ်းသံဖြင့်သာ မျောပါရတော့၏၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓဖြစ်သောဂုဏ်ကို သိသူတို့သည်ကား အဆီးအတားမရှိ သိမြင် သည်ဖြစ်၍ သူတပါးတို့ ချီးမွမ်းသံဖြင့် မမျောရတော့ဟု ဆိုလိုသည်။
ထိုသုတ်အရ “သင်တို့သည် သင်တို့ကြည်ညိုနေသော အကြည်ညိုခံပုဂ္ဂိုလ်၏ ရုပ်အဆင်းသဏ္ဌာန်ကို မြင်ရရုံ၊ ထိုပုဂ္ဂိုလ်အား သူတပါးတို့ ချီးမွမ်းသံကို ကြားရရုံမျှဖြင့် (ရုပ်မြင်၊ သံကြားမျှဖြင့်) နှစ်သက် ကျေနပ်အားရ မနေကြလင့်ဦး။ ထိုပုဂ္ဂိုလ်၏ အတွင်းသန္တာန်၌ဖြစ်သော သီလ သမာဓိ ပညာဂုဏ်နှင့် အပ၌ဖြစ်သော အကျင့်ကိုသိအောင် ပြုပါဦး” ဟု မြတ်စွာဘုရား ဆုံးမတော်မူလိုရင်း ဖြစ်ပေသည်။ ဘုရားရှိမခိုးလင့်၊ ဂုဏ်တော် မရွတ်ဖတ်လင့်ဟု ဆုံးမတော်မူလိုရင်း မဟုတ်ပေ။ အကြည်ညိုခံပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌ ဖြစ်သောဂုဏ်၊ ဗဟိဒ္ဓသန္တာန်၌ဖြစ်သော အကျင့်ကို မသိမြင်ဘဲ သူတပါးတို့ ပြောသံကြားမျှဖြင့် ကြည်ညိုသော သူတို့ကိုသာ အသံဖြင့်မျောသူဟု ဆိုရသည်။ ဘုရားရှိခိုးသူ၊ ဂုဏ်တော် ရွတ်ဖတ်သူတို့ကို အသံဖြင့်မျောသူဟု ဆိုသည်မဟုတ်။ ထို့ကြောင့် “သာသနာ၏ ဆိုလိုရင်းနှင့် တခြားစီ” ဟု မဆိုလင့်။ သခင်မြတ်ဆိုင်သည် ရူပသုတ်၏ အနက်အဓိပ္ပါယ်ကို ကျနစွာ မယူတတ် သောကြောင့်သာ ထိုကဲ့သို့ ဆိုမိခြင်း ဖြစ်လေသည်။
မှတ်ချက်။ ။ အသံအရ သူတပါးတို့ ချီးမွမ်းကြသောအသံကို ယူခြင်းမှာ ပုဂ္ဂလပညတ္တိပါဠိတော် ၁၆၂-လာ ဃောသပ္ပမာဏပုဂ္ဂိုလ်ကို အကျယ်ပြသောပါဠိအရ ဖြစ်သည်။
ရှိခိုးခြင်း၊ အရိုအသေပြုခြင်း အစဉ်အလာသည် ရတနာသုံးပါးကို ရိုသေလေးစားကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ပြုလေ့ရှိသော အစဉ်အလာကောင်းတစ်ရပ် ဖြစ်ပေသည်။
မြတ်စွာဘုရား သာဝတ္ထိပြည်နေစဉ်က အလွန်မာနကြီးသဖြင့် မာနတ္ထဒ္ဓမည်သော ပုဏ္ဏားသည်ပင် မြတ်စွာဘုရား ခြေတော်ရင်း၌ ဝပ်စင်းဦးခိုက်ကာ ရှိခိုးပြီးလျှင် မြတ်စွာဘုရားအား “အဘယ်ပုဂ္ဂိုလ်တို့၌ မာနကို မပြုရာသနည်း၊ အဘယ် ပုဂ္ဂိုလ်တို့၌ ရိုသေမှု၊ ကောင်းစွာ ပူဇော်မှုကို ပြုရသနည်း” ဟု မေးလျှောက်ရာ မြတ်စွာဘုရားက “အမိ၊ အဖ၊ အစ်ကိုကြီး (အစ်မကြီး)၊ ဆရာတို့၌ မာနကို မပြုရာ၊ ၎င်းပုဂ္ဂိုလ်တို့၌ ရိုသေမှု၊ ကောင်းစွာပူဇော်မှုကို ပြုရာ၏”ဟု ဟောတော်မူသည်။(သဂါထာဝဂ္ဂသံယုတ္တပါဠိ၊ မာနတ္ထဒ္ဓသုတ်-၁၈၀)
ပေါက္ခရသာတိပုဏ္ဏားကြီးသည်လည်း မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်သူ ဥပါသကာဖြစ်ပြီးနောက် အောက်ပါအတိုင်း လျှောက်ထားခဲ့သည်။
“ယထာစ ဘဝံ ဂေါတမော ဥက္ကဋ္ဌာယ အညာနိ ဥပါသကကုလာနိ ဥပသင်္ကမတိ။ပ။ တေသံ တံ ဘဝိဿတိ ဒီဃရတ္တံ ဟိတာယ သုခါယ” (ဒီ၊၁၊၁၀၃)
“အရှင်ဂေါတမသည် ဥက္ကဋ္ဌမြို့၌ အခြားသော ဥပါသကာအိမ်တို့သို့ ကြွရောက်တော် မူသကဲ့သို့ ပေါက္ခရသာတိပုဏ္ဏား အိမ်သို့လည်း ကြွရောက်တော်မူပါ။ ထို ပေါက္ခရသာတိပုဏ္ဏားအိမ်၌ အကြင် လုလင်ပျို၊ လုံမပျိုတို့သည် အရှင်ဂေါတမကို အရိုအသေ ရှိခိုးမူလည်း ရှိခိုးကုန်လတံ။ ခရီးဦးကြိုပြုမူလည်း ပြုကုန်လတံ။ နေရာကို ပေးလှူမူလည်း ပေးလှူကုန်လတံ။ ရေကို ပေးလှူမူလည်း ပေးလှူကုန်လတံ။ စိတ်ကိုကြည်လင်စေမူလည်း ကြည်လင်စေကုန်လတံ။ ထို (သို့ပြုခြင်း)သည် ကြာမြင့်စွာသော ကာလပတ်လုံး ထိုလုလင်ပျို၊ လုံမပျိုတို့၏ စီးပွား ချမ်းသာ အလို့ငှာ ဖြစ်ပါလတံ”ဟု လျှောက်၏၊
မြတ်စွာဘုရားက “ကလျာဏံ ဝုစ္စတိ ဗြာဟ္မဏ=ပုဏ္ဏား ကောင်းသောစကားကို သင်ဆိုပေ၏”ဟု မိန့်တော် မူသတည်း။ (ဒီ၊မြန်၊၁၊၁၀၄)
ဗြဟ္မာယုပုဏ္ဏားကြီး အရိုအသေပြုပုံကိုလည်း မဇ္ဈိမပဏ္ဏာသပါဠိ၊ ဗြဟ္မာယုသုတ်၌-
“ဧဝံ ဝုတ္တေ ဗြဟ္မာယု ဗြာဟ္မဏော ဥဋ္ဌာယာသနာ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ဘဂဝတော ပါဒေသု သိရသာ နိပတိတွာ ဘဂဝတော ပါဒါနိ မုခေန ပရိစုမ္ဗတိ၊ ပါဏီဟိ စ ပရိသမ္ဗာဟတိ” (မ၊၂၊၃၄၅)။
ဤသို့မိန့်တော်မူသည်ရှိသော် ဗြဟ္မာယုပုဏ္ဏားသည် နေရာမှထ၍ လက်ဝဲတစ်ဖက် ပုခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်သည်ကိုပြု၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးတိုက်ကာ ခြေတော်တို့ကို ခံတွင်းဖြင့်လည်း စုပ်၏၊ လက်တို့ဖြင့်လည်း သုံးသပ်၏”ဟု မိန့်ဆိုထားသည်။
မူလပဏ္ဏာသပါဠိတော် မြန်မာပြန် နှာ-၂၄၂- ၌လည်း “ဤသို့ ပြောဆိုသော် ဇာဏုေဿာဏိပုဏ္ဏားသည် အလုံးစုံဖြူသော မြည်းကသောရထားမှ သက်ဆင်း၍ ပုခုံးတစ်ဖက်၌ ကိုယ်ဝတ်ကိုတင်၍ မြတ်စွာဘုရားရှိရာအရပ်သို့ လက်အုပ်ကိုညွတ်၍ သုံးကြိမ်ဥဒါန်းစကားကို မြွက်ဆို၏”ဟု မိန့်ဆိုသည်။ ထိုပုဏ္ဏားမြွက်ဆိုသော ဥဒါန်းစကားမှာ ယခုအခါ ဗုဒ္ဓဘာသာ သူတော်စင် အများတို့၏နှုတ်ဖျား၌ မကြာခဏ ရွတ်ဆိုကြသော “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟူသော ဘုရားရှိခိုးပင်ဖြစ်သည်။ ဂုဏ်တော်သုံးပုဒ်ကို ရွတ်ဆို၍ ဘုရားရှိခိုးခြင်းပင် ဖြစ်ပေသည်။
အာဠာဝကဘီလူးသည် မြတ်စွာဘုရားနှင့် တရား(သံဃာ)တို့ကို ရှိခိုးလျက် လှည့်လည်မည် ဖြစ်ကြောင်းကို သုတ္တနိပါတပါဠိ၌-
“သော အဟံ ဝိစရိဿာမိ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။” (ခု၊၁၊၃၀၇)
ဟူသောဂါထာဖြင့် ပြောဆိုကြုံးဝါးခဲ့လေသည်။
မြန်မာပြန်
“ထိုငါသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်၏ ကောင်းသောတရား၏ အဖြစ်ကိုလည်းကောင်း ရှိခိုးလျက် တစ်ရွာမှ တစ်ရွာ၊ တစ်မြို့မှ တစ်မြို့သို့ လှည့်လည်ပါတော့အံ့။” (ခု၊မြန်၊၁၊၂၉၁)
အရှင်သာရိပုတ္တရာထေရ်၏အလောင်း သရဒလုလင် (သုရုစိရသေ့)သည် လည်းကောင်း၊ သောမကထေရ်သည် လည်းကောင်း၊ ခေမာထေရီသည် လည်းကောင်း မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ရွတ်ဆို ပူဇော်ခဲ့ကြောင်း အပဒါနပါဠိ။ ပ၊ ၂၂၊၂၂၅။ ထေရီအပဒါနပါဠိ ၂၂၇-တို့၌ လာရှိသည်။
နိဂဏ္ဌနာဋပုတ္တ၏ တပည့်ဖြစ်ခဲ့ဖူးသော ဥပါလိသူကြွယ်သည်လည်း -
“ဓီရဿ ဝိဂတမောဟဿ၊ ပဘိန္နခီလဿ ဝိဇိတဝိဇယဿ။
အနီဃဿ သုသမစိတ္တဿ၊ ဝုဒ္ဓသီလဿ သာဓုပညဿ။
ဝေသမန္တရဿ ဝိမလဿ၊ ဘဂဝတော တဿ သာဝကောဟမသ္မိ။” (မ၊၂၊၄၈)
“အကျွန်ုပ်သည် မြဲမြံသော ပညာရှိတော်မူသော၊ မောဟကင်းဝေးတော်မူပြီးသော၊ ငြောင့်တံသင်းတို့ကို ဖျက်ဆီးတော်မူပြီးသော၊ အောင်ပြီးသောအောင်ပွဲရှိတော်မူသော၊ ဆင်းရဲကင်းဝေးတော်မူပြီးသော၊ ညီမျှသောစိတ် ရှိတော်မူသော၊ ကြီးပွားသောအကျင့်သီလ ရှိတော်မူသော၊ ကောင်းမြတ်သောပညာ ရှိတော်မူသော၊ ရာဂအစရှိသော အဆိပ်ကို လွန်မြောက်တော်မူပြီးသော၊ ရာဂ အညစ်အကြေး ကင်းဝေးတော်မူပြီးသော ထိုမြတ်စွာဘုရား၏တပည့် ဖြစ်ပေ၏ (မ၊မြန်၊၂၊၅၃)” စသည်ဖြင့် သုံးပါဒရှိ ဂါထာ ဆယ်ဂါထာတို့ဖြင့် မြတ်စွာဘုရားဂုဏ်တော်တို့ကို ရွတ်ဆိုခဲ့လေရာ သူ့ဆရာဖြစ်ခဲ့ဖူးသော နိဂဏ္ဌက “သူကြွယ်..သင်သည် ရဟန်းဂေါတမ၏ ဤဂုဏ်ကျေးဇူးတို့ကို ဘယ်အခါက ဖွဲ့ဆိုသီကုန်းထားသနည်း”ဟုပင် မေးမြန်းခဲ့လေသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံပြီးနောက်၌လည်း အဋ္ဌကထာ၊ ဋီကာစသော ကျမ်းပြုပုဂ္ဂိုလ်ကြီးများသည် လည်းကောင်း၊ ကျမ်းပြုမဟုတ်သော ဗုဒ္ဓဘာသာဝင် သူတော်စင် အများသည်လည်းကောင်း ဘုရားစသော ရတနာသုံးပါးတို့အား လေးစားစွာပင် ရှိခိုးခဲ့ကြပေသည်။ ရှိခိုးခြင်းကိုပယ်သော လူသေလူဖြစ်ဆရာနှင့် နောက်လိုက် တစ်စုတို့သည်ကား မာနစသော အကုသိုလ်တရားဆိုးများ နှိပ်စက်ခံနေရသောကြောင့်သာ ဤသို့ ပယ်မိပေသည်ဟု သုံးသပ်တော်မူကြသည်။
အရိုအသေပြုခြင်း
၇။ ရိုသေထိုက်သော သူတို့ကို အရိုအသေ ပြုခြင်းသည် “ဂါရဝေါ စ၊ နိဝါတော စ၊ သန္တုဋ္ဌိ စ၊ ကတညုတာ” စသော မင်္ဂလသုတ် ပါဠိအရ ကောင်းကျိုးတရား တိုးပွားကြောင်း မင်္ဂလာတစ်ရပ် ဖြစ်ပေသည်။ ပုညကိရိယဝတ္ထု ဆယ်ပါးတို့တွင်လည်း တစ်ပါးအပါအဝင် ဖြစ်ပေသည်။ မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် သစ္စာလေးပါးတရားကို သိပြီးစ(ဘုရားဖြစ်ပြီးစ) ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း ဆိတ်ကျောင်းညောင်ပင်ရင်း၌ နေတော်မူစဉ် “ရိုသေစရာ၊ မှီခိုစရာမရှိဘဲနေခြင်းသည် ဆင်းရဲလှ၏၊ ငါသည် အဘယ်သို့သော သမဏဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရပါအံ့နည်း”ဟု အကြံဖြစ်၏၊
ထို့နောက် ကိုယ်တော်မြတ်ထက် သာလွန်၍ သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ ဂုဏ်တို့နှင့် ပြည့်စုံသော တစ်စုံတစ်ယောက်သောသူကို မတွေ့မြင်ရကား “ငါသည် (ငါ)ထိုးထွင်း၍ သိအပ်သော တရားကိုပင်လျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရမူကား ကောင်းပေရာ၏”ဟု အကြံဖြစ်၏၊ အကြံဖြစ်ပြီးနောက် ကိုယ်တော်မြတ်သည် ကိုယ်တိုင်ထိုးထွင်းသိမြင်သော တရားကိုပင် အလေးအမြတ်ပြု၍ နေတော်မူခဲ့လေသည်။ (သဂါထာဝဂ္ဂသံယုတ်ပါဠိ၊ ဂါရဝသုတ်၊ ၁၄၀၊ ၁၄၁-၂။ အင်္ဂုတ္တရနိကာယပါဠိ၊ပ၊ ၃၂၈-၃၂၉။ မြန်မာပြန်၊ စတုက္ကနိပါတ်၊ ပဌမဥရုဝေလသုတ်၊ ၃၄၃-၅)။
ထို့ပြင် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ အဋ္ဌကနိပါတ်၊ သပ္ပုရိသသုတ် ၇၇-၌ “အိမ်၌နေသော ပညာရှိသည် စင်စစ်အားဖြင့် များစွာသော လူတို့၏ အကျိုးငှာ ဖြစ်၏၊ နေ့ညဉ့်တို့ပတ်လုံး ပျင်းရိခြင်းမရှိသော ပညာရှိသည် ရှေးဦးစွာ အမိအဖတို့အား ရှေး၌ပြုဖူးသောကျေးဇူးကို အဖန်တလဲလဲ အောက်မေ့သည်ဖြစ်၍ အကြောင်းအားလျော်စွာ ပူဇော်၏၊ အိမ်ရာမထောင်ဘဲ ရဟန်းပြုသော မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို အရိုအသေပြု၏၊။ပ။ သူတော်ကောင်းတရား၌ ကောင်းစွာတည်သော ထိုသူသည် အလုံးစုံသော သူတို့၏ အစီးအပွားကို ဆောင်၏၊ ထိုသူသည် ဝန်တိုမှု “မစ္ဆေရ”အညစ်အကြေးကို ပယ်ဖျောက်၍ အေးငြိမ်းသော လောကသို့ ရောက်ရ၏” ဟုဟောတော် မူ၏၊
ထို့ပြင်လည်း ဝိနယပိဋက၊ စူဠဝဂ္ဂပါဠိ၌-
“ယေ ဝုဍ္ဎ မပစာယန္တိ၊ နရာ ဓမ္မဿ ကောဝိဒါ။
ဒိဋ္ဌေ ဓမ္မေစ ပါသံသာ၊ သမ္ပရာယေ စ သုဂ္ဂတီတိ။
တေ ဟိ နာမ ဘိက္ခဝေ တိရစ္ဆာနဂတာ ပါဏာ အညမညံ သဂါရဝါ သပ္ပတိဿာ သဘာဂဝုတ္တိတာ ဝိဟရိဿန္တိ။ ဣဓ ခေါ တံ ဘိက္ခဝေ သောဘေထ၊ ယံ တုမှေ ဧဝံ သွာက္ခာတေ ဓမ္မဝိနယေ ပဗ္ဗဇိတာ သမာနာ အညမညံ အဂါရဝါ အပ္ပတိဿာ အသဘာဂဝုတ္တိကာ ဝိဟရေယျာထ။။ပ။ အနုဇာနာမိ ဘိက္ခဝေ ယထာ ဝုဍ္ဎ အဘိဝါဒနံ ပစ္စုဋ္ဌာနံ အဉ္ဇလိကမ္မံ သာမီစိကမ္မံ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍံ” (ဝိ၊၄၊၃၁၁)
ဟု ဟောတော်မူ၏၊
မြန်မာပြန်
ရဟန်းတို့ ... တရား၌ လိမ္မာ၍ ကြီးသူကို ရိုသေသောလူတို့သည် မျက်မှောက်ဘဝ၌လည်း ချီးမွမ်းခံရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း ကောင်းရာဂတိရှိ ကုန်၏၊
ရဟန်းတို့ ... တိရစ္ဆာန်ဖြစ်သော သတ္တဝါတို့သည်ပင်လျှင် အချင်းချင်း ရိုသေခြင်း၊ ကိုင်းညွတ်ခြင်း၊ သဘောတူ အသက်မွေးခြင်းရှိလျက် နေကုန်သေး၏၊ ရဟန်းတို့ ... ဤသို့ ကောင်းစွာဟောအပ်သော ဓမ္မဝိနယ၌ ရဟန်းပြုကြကုန်လျက် အချင်းချင်း မရိုမသေ၊ မကိုင်းမညွတ်၊ သဘောတူ အသက်မမွေးဘဲ နေကြခြင်းသည် တင့်တယ်ပါ မည်လော။။ပ။
ရဟန်းတို့ ... သီတင်းကြီး အစဉ်အတိုင်းရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း၊ နေရာဦး ရေဦး ဆွမ်းဦးတို့ကို ခွင့်ပြုတော်မူ၏၊(စူဠဝဂ်ပါဠိတော်၊ မြန်မာပြန်-၃၁၆)
ဓမ္မပဒပါဠိတော်၌လည်း ရှိခိုးခြင်း၊ အရိုအသေပြုခြင်း၏ အကျိုးကို-
အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎ ပစာယိနော။
စတ္တာရော ဓမ္မာ ဝဋ္ဋ၂၃၂၃န္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။ (ခု၊၁၊၂၉)
ဟုဟောတော်မူ၏၊
မြန်မာပြန်
အမြဲ ရှိခိုးလေ့ရှိ၍ မိမိထက် ဂုဏ် အသက် သိက္ခာအားဖြင့် ကြီးသောသူတို့၌ အရိုအသေပြုလေ့ရှိသူ တို့အား အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤအကျိုးထူးတရား လေးပါးတို့သည် တိုးပွားကုန်၏၊
ဤပါဠိတော် မြန်မာပြန်များကိုထောက်၍ မိမိထက် အသက် သိက္ခာ ဂုဏ်ကြီးမားသော သူတို့ကို အရိုအသေ ပြုခြင်းသည် ဘုရားအလောင်းစသော သူတော်ကောင်းတို့၏ ကောင်းသောအစဉ်အလာ၊ အကျိုးများသော အကျင့် တစ်ပါး ဖြစ်သည်။ လူသေလူဖြစ်ဆရာနှင့် သူ၏ တပည့်တို့သည်ကား ထိုအရိုအသေပြုခြင်း အစဉ်အလာ ဓလေ့ ထုံးစံကို တွန်းလှန်ပယ်ဖျက်ခဲ့သဖြင့် အစဉ်အလာကောင်းတစ်ရပ်ကို ချိုးဖြတ်သောသူများဖြစ်သည်ဟု ဝေဖန်တော် မူကြသည်။
ကြေးစည်၊ ခေါင်းလောင်းထိုးခြင်း
၈။ လူသေလူဖြစ်စာအုပ် ၁၂၈-လာ ကြေးစည်၊ ခေါင်းလောင်းထိုးခြင်းကို ပြစ်တင်ပြောဆိုခြင်းနှင့် ပတ်သက်၍လည်း ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ကြေးစည်တီးခြင်း၊ ခေါင်းလောင်းထိုးခြင်းတို့၌ ရည်ရွယ်ချက် ၃-ချက် ပါဝင်ကြောင်း သိထားကြရန် သင့်သည်။ ယင်းတို့မှာ-
(က) ရဟန်းတော်တို့အတွက် သံဃာစည်းဝေးခြင်း၊
(ခ) ရဟန်း၊ ရှင်၊ လူ၊ ကုသိုလ်ရှင်တို့အတွက် ပတ္တိဒါန ပုညကိရိယဝတ္ထုပြုခြင်းနှင့်
(ဂ) သဒ္ဒဒါနပြုခြင်းတို့ပင် ဖြစ်သည်။
(က) မြတ်စွာဘုရားလက်ထက်က ရဟန်းတော်တို့သည် နေ့အချိန်တွင် မိမိတို့၏ ဒိဝါဌာနခေါ် နေ့သန့်ရာ နေရာတို့၌ တစ်ပါးချင်းနေ၍ တရားအားထုတ်ကြသည်။ တစ်ပါးနှင့်တစ်ပါး စကားပြောဆိုခြင်း မရှိကြချေ။ တစ်စုံတစ်ရာ အကြောင်းကိစ္စရှိလျှင် သို့မဟုတ် တစ်ပါးပါး မကျန်းမမာဖြစ်လျှင် ကျောင်းတလင်းအလယ်တွင် ဆွဲထားသော ကျောက်စည်၊ စည်ကြီး၊ ခေါင်းလောင်းစသည်တို့ကို တီးရသည်၊ ထိုးရသည်။ ထိုကျောက်စည် ခေါင်းလောင်းသံကို ကြားရလျှင် မိမိ၏ဒိဝါဌာနတို့မှ ထွက်ကာ စည်းဝေးရာ ညီမူရာ တန်ဆောင်းသို့ အားလုံးကြွလာ ကြရသည်။ ဤအကြောင်းကို ဓမ္မပဒအဋ္ဌကထာ၊ ပထမအုပ်၊ အညတရဘိက္ခုဝတ္ထု (နှာ-၁၈၄)၊ သံကိစ္စသာမဏေရဝတ္ထု (နှာ-၄၂၇)တို့၌ အကျယ် ကြည့်ရှုနိုင်ပေသည်။
ယင်းတို့ကို အမှီပြု၍ ယခုအခါ၌လည်း သံဃာစည်းဝေး ညီမူရာဖြစ်သော စာချခြင်း၊ ဘုရားဝတ်တတ်ခြင်း၊ သံဃာစည်းဝေးခြင်းတို့၌ ကြေးစည်၊ ခေါင်းလောင်း၊ အုန်းမောင်း၊ ကျောက်စည်တို့ကို တီးခေါက်ထိုးနှက်ခြင်း အစဉ်အလာ ဖြစ်နေရပေသည်။
(ခ) ထိုမှတစ်ပါး ဗုဒ္ဓဘာသာ သူတော်စင်တို့သည် မိမိတတ်အားသမျှ ဒါန ပြုကြသောအခါ ထိုဒါန၏ အကျိုးအာနိသင်ကို မိမိမှတစ်ပါး မိဘ၊ ဆရာသမားအစထား၍ သတ္တဝါဝေနေယျတို့အား အမျှဝေကြရမြဲဖြစ်သည်။ ယင်းမှာလည်း ပုညကိရိယဝတ္ထုတို့တွင် တစ်ပါးပါဝင်သည့် ပတ္တိဒါနပုညကိရိယဝတ္ထု ဖြစ်ပေသည်။ ဤသို့ အမျှဝေရာ၌ နှုတ်ဖြင့် မြွက်ဆိုရုံမျှနှင့် အားမရကြဘဲ ကြေးစည်၊ ခေါင်းလောင်း၊ အုန်းမောင်း၊ ကျောက်စည်တို့ကို တီးခတ် ထိုးနှက်ကြမြဲပင် ဖြစ်လေသည်။ သူတော်စင်ပုဂ္ဂိုလ်တိုင်းပင် ကြေးစည်၊ ခေါင်းလောင်းသံတို့ကို ကြားရလျှင် ပတ္တာနုမောဒနာမှု သာဓုအနုမောဒနာ ပြုကြမြဲပင်ဖြစ်ရာ ဗုဒ္ဓသာသနာတော်၏ ထုံးတမ်းစဉ်လာ လွန်စွာသိမ်မွေ့သော ဓမ္မသဘောများဖြစ်သဖြင့် အညဝါဒီတို့နှင့်မဆိုင်၊ ကိုယ်ပိုင် ဗုဒ္ဓယဉ်ကျေးမှု စစ်စစ်ပင် ဖြစ်ပေသည်။
(ဂ) ထို့ပြင်လည်း ဒါနဝတ္ထုတို့ကို ခွဲဝေဖော်ပြရာ၌ အဘိဓမ္မာလာ ဒါနဝတ္ထု ၆-မျိုးရှိရာ၊ ဒုတိယမြောက် သဒ္ဒဒါန နေရာ၌ ဤကြေးစည်၊ ခေါင်းလောင်း လှူဒါန်းခြင်း၊ စည် ခေါင်းလောင်း ကြေးစည် စသည်များကို ဘုရားရင်ပြင်တော်၌ တီးခတ် ထိုးနှက် အသံထွက်ပေါ်စေခြင်း စသည်များကို ဆိုထားပေသည်။ ထိုအကြောင်းကို စရိယာပိဋကအဋ္ဌကထာ၏ ဖွင့်ဆိုချက်တွင်-
ယဒါ သဒ္ဒဒါနံ ဒဿာမီတိ ဘေရိမုဒိင်္ဂါဒီသု အညတရေန တူရိယေန တိဏ္ဏံ ရတနာနံ ဥပဟာရံ ကရောတိ ကာရေတိ စ၊ သဒ္ဒဒါနံ မေ တိ ဘေရီအာဒီနိ ဌပေတိ ဌပါပေတိ စ။ (စရိယာပိဋက၊ဋ္ဌ၊၂၉၉)
အကြင်အခါ၌ သဒ္ဒဒါနကို ပေးလှူအံ့ဟု ကြံစည်ကာ စည်ကြီး၊ မုရိုးစည်၊ ကြေးစည်၊ ခေါင်းလောင်းစသည် တို့တွင် တစ်မျိုးမျိုးသော တူရိယာဖြင့် ရတနာ သုံးပါးတို့အား ပူဇော်ခြင်းကို ပြုအံ့၊ ပြုစေအံ့။ ငါ၏ သဒ္ဒဒါန ဖြစ်ပါစေ ဟူ၍ စည်ကြီး၊ မုရိုးစည်၊ ကြေးစည်၊ ခေါင်းလောင်းတို့ကို ထားအံ့၊ ထားစေအံ့စသည်ဖြင့် ဖော်ပြထား ပေသည်။
ထို့ကြောင့် ကြေးစည် ခေါင်းလောင်းထိုးခြင်းစသော ကိစ္စများသည် ယခုမှပေါ်ပေါက်လာသော ကိစ္စများမဟုတ်၊ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိစဉ်ကပင် ပြုလုပ်လာခဲ့သော ဗုဒ္ဓဘာသာ သာသနာတော်၏ ထုံးတမ်းစဉ်လာ ကိစ္စရပ်များ ဖြစ်သဖြင့် စင်စစ် ကောင်းမြတ်သော ကိစ္စများဖြစ်၍ အပြစ်ဆိုသူတို့သာလျှင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုမှ သွေဖီ ပျက်ပြယ်နေသူများ ဖြစ်ကြောင်း ထင်ရှားပေသည်။
ဥပုသ်စောင့်ခြင်း
၉။ ဥပုသ်စောင့်ခြင်းကိုလည်း လူသေလူဖြစ်ဆရာက မယုံကြည်ဟုဆိုကာ ပယ်ဖျက်ခဲ့ပြန်သည်။ စုဒိတကတို့ ချေပလွှာတွင် ပြန်လည်၍ချေပ သောဓနာထားသည်ကို မတွေ့ရ။ ဤ ဥပုသ်စောင့်ခြင်းနှင့် ပတ်သက်၍ လက္ခဏသုတ်၌-
“ယမ္ပိ ဘိက္ခဝေ တထာဂတော ပုရိမံ ဘဝံ ပုရိမံ ဇာတိံ ပုရိမံ နိကေတံ ပုဗ္ဗေ မနုဿဘူတော သမာနော ဒဠသမာဒါနော အဟောသိ၊ ကုသလေသု ဓမ္မေသု အဝတ္ထိတသမာဒါနော ကာယသုစရိတေ ဝစီသုစရိတေ မနောသုစရိတေ ဒါနသံဝိဘာဂေ သီလသမာဒါနေ ဥပေါသထုပဝါသေ” (ဒီ၊၃၊၁၁၉) စသည်ဖြင့် ဟောတော်မူ၏၊
မြန်မာပြန်
ရဟန်းတို့ ... မြတ်စွာဘုရားသည် ရှေး မွေးဖွားခဲ့ရာ ဇာတိ၊ ရှေး ဖြစ်ခဲ့ရာ ဘဝ၊ ရှေး နေခဲ့ရာ ဘုံဌာနတို့၌ လူဖြစ်စဉ်အခါက ကုသိုလ်တရားတို့၌ မြဲမြံစွာ ဆောက်တည်၏၊ မဆုတ်မနစ် ဆောက်တည်၏၊ ကာယသုစရိုက် ဝစီသုစရိုက်၊ မနောသုစရိုက်၌ လည်းကောင်း၊ ပေးကမ်းဝေဖန်ခြင်း၌ လည်းကောင်း၊ သီလဆောက်တည်ခြင်း၌ လည်းကောင်း၊ ဥပုသ်စောင့်သုံးခြင်း၌ လည်းကောင်း (မြဲမြံစွာဆောက်တည်၏၊ မဆုတ်မနစ်ဆောက်တည်၏၊ (ဒီ၊၃၊၁၉၉)
အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတပါဠိ၊ ဥပေါသထဝဂ်၊ သံခိတ္တူပေါသထသုတ် မြန်မာပြန် ၈၀-၌
“ရဟန်းတို့ ... အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင် ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏”စသည်ဖြင့် ဟောတော်မူ၏၊
ထို့အတူ ဝတ္ထတူပေါသထသုတ် ၈၄၊ ဝိသာခါသုတ် ၈၇၊ ဝါသေဋ္ဌသုတ်၊ ဗောဇ္ဈင်္ဂသုတ် ၉၀-တို့၌လည်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်၏ အကျိုးကြီးမားကြောင်းကို ဟောတော်မူပြီး နောက်ဆုံး၌-
“တသ္မာ ဟိ နာရီ စ နရော စ သီလဝါ။
အဋ္ဌင်္ဂုပေတံ ဥပဝဿုပေါသထံ။
ပုညာနိ ကတွာ န သုခုဒြယာနိ။
အနိန္ဒိတာ သဂ္ဂမုပေန္တိဌာနံ။ (အံ၊၃၊၉၀)
ဟုဟောတော်မူသည်။
မြန်မာပြန်
ထို့ကြောင့်သာလျှင် သီလရှိသော မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ တစ်စုံတစ်ယောက်သော သူသည် အင်္ဂါရှစ်မျိုးရှိသော ဥပုသ်ကို ကျင့်သုံးရာ၏၊ (ထိုမိန်းမ၊ ယောက်ျားတို့သည်) ချမ်းသာသော အကျိုးကို ဖြစ်စေ တတ်ကုန်သော ကုသိုလ်ကောင်းမှုတို့ကို ပြုကုန်သောကြောင့် မကဲ့ရဲ့အပ်ကုန်သည်ဖြစ်၍ နတ်ပြည်သို့ ကပ်ရောက် ရကုန်၏၊ (အင်၊မြန်၊၃၊၈၅-၈၈)
ဤပါဠိတော်တို့ကို ထောက်၍ ဥပုသ်စောင့်သုံးခြင်းအမှုသည် အကျိုးများသော အကျင့်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ဥပုသ်စောင့်ခြင်းကိုပယ်သော လူသေလူဖြစ်ဆရာတို့၏ ဝါဒသည် အစဉ်အလာကောင်းကို ချိုးဖျက် သောဝါဒဖြစ်သည်ဟု ဝေဖန်တော်မူကြသည်။
ဩကာသကန်တော့ခန်းနှင့် ရွှေစေတီ
၁၀။ ထို့နောက် စောဒက ပုဂ္ဂိုလ်တို့က ရွှေအဘိဓမ္မာ အမည်ခံ သူတို့၏ မေးခွန်းပေါင်း (၈၀) အနက်မှ-
(က) ဩကာသကန်တော့ခန်းနှင့် ပတ်သက်သောမေးခွန်း၊
(ခ) ဘုရားရွှေကပ်ခြင်းနှင့် ပတ်သက်သောမေးခွန်း၊
(ဂ) ရွှေတိဂုံစသည်တို့၌ အစောင့်ထားခြင်းနှင့် ပတ်သက်သောမေးခွန်း၊
(ဃ) ကျောက်ခဲ အုတ်ခဲများကို ဘုရားအတုလုပ်၍ ရှိခိုးခြင်းနှင့် ပတ်သက်သောမေးခွန်း။
ဤမေးခွန်း ၄-ချက်ကို ထုတ်ဖော်ပြလျက် ထိုကဲ့သို့ ရေးသားခြင်းသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို ပြောင်လှောင် စော်ကားထားသည်ဟု စောဒနာခဲ့ကြသည်။
၎င်းစောဒနာကို ချေပသော သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့မှ တင်သွင်းသော သောဓနာလွှာတွင်-သူတို့သည် စေတီပုထိုးများကို အုတ်ခဲ ကျောက်ခဲများကို အတုလုပ်ထားသည်ဟု မဟောပြော၊ မရေးသားခဲ့ ကြကြောင်း၊ ဦးရွှေပြည့်၏ လူ့အဘိဓမ္မာ စာစောင်တွင်ပါသော မေးခွန်းကိုကြည့်၍ ၎င်းတို့အား စွပ်စွဲခြင်းမျှသာဖြစ်ကြောင်း၊ မေးခွန်းသည် မေးခွန်းမျှသာဖြစ်၍ အဖြေမဟုတ်ကြောင်း သောဓနာ တင်သွင်းကြသည်။
သို့သော် ၎င်းမေးခွန်းပါ စကားအသုံးအနှုန်းများကို ထောက်ရှုခြင်းအားဖြင့် မေးခွန်းရှင်သည် အဖြေကိုသိလို၍ မေးသော ရိုးရိုးမေးခွန်း မဟုတ်မူ၍ စောဒကပုဂ္ဂိုလ်တို့တင်ပြသော စောဒနာသကဲ့သို့ ဩကာသဘုရားရှိခိုးစသော ဓလေ့ထုံးစံများကို မနှစ်သက်သဖြင့် ထိုသို့ပြုကျင့်သူများကို ပြောင်လှောင်လိုသောသဘောဖြင့် မေးခြင်းဖြစ်သည်ဟု ယူဆရသည်။
ထို့ပြင် “မေးခွန်းသည် မေးခွန်းမျှသာ ဖြစ်၍ အဖြေမဟုတ်ပါ”ဟု သမ္မာဒိဋ္ဌိ သုတေသနသမားတို့က ချေပရာ၌ မေးရုံသာဖြစ်၍ အပြစ်မရှိဟု ဆိုလိုဟန်ရှိ၏၊ ဤသို့ဆိုသော် ဦးဥက္ကဋ္ဌသည် လူကမွေးသူ ဟုတ်ရဲ့လား၊ သမ္မာဒိဋ္ဌိ သုတေသနသမားတို့သည် လူမှဟုတ်ကြရဲ့လား စသည်ဖြင့် မေးသည်ရှိသော် သင့်လျော် နိုင်ပါအံ့လော၊ မသင့်လျော်ချေ။ ထိုနည်းအတူ ဗုဒ္ဓဘာသာတို့ အလေးအမြတ်ပြုနေသော ကိစ္စတို့ကိုလည်း “မေးခွန်းပါ”ဟု ကာကွယ်၍ အမနာပ ပြောခြင်း မပြုထိုက်ကြောင်း သိနိုင်ပေသည်။
၁၁။ မည်သို့ပင်ဆိုစေ ဩကာသ ကန်တော့ခန်း စသည်၌ကား ကဲ့ရဲ့ဖွယ်ရာ အပြစ် တစ်စုံတစ်ရာ မထင်ပေ၊ အနည်းငယ်ရှင်းဦးအံ့။
(က) အရိယပုဂ္ဂိုလ်တို့အား ကဲ့ရဲ့စွပ်စွဲ ဆဲရေးမိလျှင် အရိယာဟု သိသည် ဖြစ်စေ မသိသည် ဖြစ်စေ အရိယူပဝါဒကံ ထိုက်၏၊ အနန္တရိယကံနှင့် တူ၏၊ နတ်ပြည်ကိုလည်း တားမြစ်၊ မဂ်ကိုလည်း တားမြစ်တတ်၏၊ သို့သော် ကုစား၍ကား ရကောင်းပါသည်။ ထို့ကြောင့် အရိယာပုဂ္ဂိုလ်တို့ကို ကဲ့ရဲ့စွပ်စွဲ ဆဲရေးမိခဲ့ပါက ထိုပုဂ္ဂိုလ်ထံသို့ သွား၍ “တပည့်တော်သည် အရှင်ဘုရားအား ဤသို့ ပြောမိခဲ့ပါသည်။ ထိုအပြစ်ကို သည်းခံပါ”ဟု သည်းခံ စေအပ်၏၊ ဝန်ချ တောင်းပန် အပ်၏၊ အကယ်၍ ပရိနိဗ္ဗာန် စံဝင်သွားလျှင် ပရိနိဗ္ဗာန်စံရာ အရပ်သို့ (သုသာန် တိုင်အောင်)ပင် သွား၍ သည်းခံစေအပ် တောင်းပန် အပ်၏”ဟု ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ-၁၃၄)။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ(ပ-၃၃၇-၈)။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၅၅-၆) တို့၌ ပြဆိုထားပေသည်။
ထိုသို့ ပြဆိုထားချက်အရ အကယ်၍ ပုထုဇဉ်တို့ သဘာဝအလျောက် ရတနာသုံးပါးတို့အား ပြစ်မှားမိသော် ထိုအပြစ်(အရိယူပဝါဒကံ)တို့မှ လွတ်မြောက်စေခြင်းငှာ ကန်တော့ရာ၌ အပြစ်တင်ရန် မရှိသည့်အပြင် ချီးမွမ်းဖို့ပင် ကောင်းပါပေ၏၊
(ခ) “ဗုဒ္ဓက ရွှေမကိုင်ရဟု ဆိုထားပါလျက် ဘုရားကို ရွှေကပ်ခြင်း၊ ပန်းကပ်ခြင်း လုပ်နေကြသည်မှာ ဗုဒ္ဓဝါဒလား”ဟူသော မေးခွန်း၌ မြတ်စွာဘုရားသည် ရဟန်း သာမဏေတို့ကိုသာ ရွှေမကိုင်ရဟု တားမြစ်၍ လူဒါယိကာ ဒါယိကာမတို့ကို မတားမြစ်၊ တားမြစ်၍လည်းမဖြစ်။ ဤအကြောင်းမှာ သူသူငါငါသိသော အရာဖြစ်သည်။ ကျောင်း အသုံးအဆောင် (သေနာသနပရိဘေဂ)ဖြစ်လျှင်ကား ရဟန်း သာမဏေတို့သည်ပင် ရွှေငွေဖြင့် ပြုလုပ်ထားသော ကျောင်းအသုံးအဆောင်ကို ကိုင်အပ် သုံးသပ်အပ်ကြောင်းကို “သေနာသနပရိဘောဂေါပန သဗ္ဗကပ္ပိယော၊ တသ္မာ ဇာတရူပရဇတမယာ သဗ္ဗေပိ သေနာသနပရိက္ခာရာ အာမာသာ” ဟု ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ဒု၊ ၁၃၀။ ဝိနယသင်္ဂဟအဋ္ဌကထာ ၃၀-တို့၌ မိန့်ဆို၏၊
ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် ကဿပမြတ်စွာဘုရား၏ သရီရဓာတ်ကို ရွှေစေတီကြီး တည် ထားကြကြောင်းကို “အတီတေ ကိရကဿပဒသဗလဿ သုဝဏ္ဏစေတိယေ ကရိယမာနေ ဗာရာဏသိဝါသိနော။ပ။ ဧကံ ထေရံ ပိဏ္ဍာယ ပဝသန္တံ ပဿိံသု”စသည်ဖြင့် ဓမ္မပဒအဋ္ဌကထာ၊ ဒု၊ ၃၄၄-၌ မိန့်ဆိုသည်။ ၎င်းအဋ္ဌကထာ၊ ဒု၊ ၄၄၄-၌ပင် ကဿပမြတ်စွာဘုရား၏ စေတီတည်ကြစဉ်က ရွှေ မလောက်သဖြင့် ရဟန္တာတစ်ပါးက ရွာထဲဝင်၍ တိုက်တွန်း နှိုးဆော်ခဲ့ဖူးကြောင်းကို ပြဆိုထား၏၊
ဝိမာနဝတ္ထုအဋ္ဌကထာ ၁၄၂-၌လည်း -
“သာ ကိရ ကဿပဿ ဘဂဝတော ယောဇနိကာ ကနကထူပေ ကယိရမာနေ။ပ။ ဣမာဟံ စေတိယတ္ထာယ ဒမ္မီတိ”
ဟု ပြဆိုထား၏၊
မြန်မာပြန်
ထိုအမျိုးသမီးသည် ကဿပမြတ်စွာဘုရား၏ တစ်ယူဇနာရှိသော ရွှေစေတီ တည်ထားစဉ်အခါက သူငယ်မ ဖြစ်၍ အမိနှင့်အတူ စေတီတည်ရာ အရပ်သို့သွား၍ အမိကို “အမေ ဤသူတွေ ဘာလုပ်ကြတာလဲ”ဟု မေး၏၊ “စေတီတည်ရန် ရွှေအုတ်များ လုပ်ကြတာပေါ့”ဟု ဖြေဆိုရာ ကြည်ညိုစိတ် ဖြစ်၍ “အမေ ကျမလည်ပင်းက ဤဆွဲကြိုးလေးကို စေတီတည်ဖို့ လှူပါသည်”ဟု ဆို၍ လှူခဲ့လေသည်။
ဤ အဋ္ဌကထာတို့ကိုထောက်၍ ဘုရားစေတီကို ရွှေကပ်ရုံမက ရွှေစေတီပင် တည်ခဲ့သော ထုံးဟောင်းရှိ၏၊ ထို့ပြင် ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ဒု၊ ၂၅၇။ ဝိနယသင်္ဂဟအဋ္ဌကထာ၌ -
“သစေ ပန သံဃံ ဝါ ဂဏံ ဝါ ပုဂ္ဂလံ ဝါ အနာမသိတွာ ဣဒံ ဟိရညသုဝဏ္ဏံ စေတိယဿ ဒေမ၊ ဝိဟာရဿ ဒေမ၊ နဝကမ္မဿ ဒေမာတိ ဝဒန္တိ၊ ပဋိက္ခိပိတုံ န ဝဋ္ဋတိ၊ ဣမေ ဣဒံ ဘဏန္တီတိ ကပ္ပိယကာရကာနံ အာစိက္ခိတဗ္ဗံ။ (ဝိ၊သင်္ဂဟ၊ဋ္ဌ၊၅၆)
ဟု ဖွင့်ဆို၏၊
မြန်မာပြန်
အကယ်၍ သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်ကို မသုံးသပ်မူ၍ ဤရွှေ ငွေကို စေတီတော်အား လှူပါ၏၊ ကျောင်းအား လှူပါ၏၊ နဝကမ္မအား လှူပါ၏-ဟု ဆိုကုန်အံ့။ ပယ်ခြင်းငှာ မသင့်၊ ဤသူတို့သည် ဤသို့ပြောဆိုကြသည်ဟု ကပ္ပိယကာရကတို့အား ပြောကြားရမည်။ ဤသို့ ဖွင့်ဆိုသော အဋ္ဌကထာတို့ကို ထောက်၍ ဘုရားအား ရွှေကပ်ခြင်းသည် အပြစ်မထင်၊ အကျိုးပင် ဖြစ်ပေသည်။
အစောင့်ထားခြင်း
၁၂။ သိဒ္ဓတ္ထဖြစ်သော ဘုရားမှာ သူခိုး၊ ဓားပြရန်ကို ကာကွယ်ရန်ဟု ဒရဝမ် တစ်ဦးတစ်ယောက်မျှ မထားပါဘဲ ရွှေတိဂုံတို့၊ မဟာမြတ်မုနိတို့မှာ ဒရဝမ်ထားနေခြင်းမှာ ဗုဒ္ဓဝါဒလား ဗြာဟ္မဏဝါဒလားဟု မေးခွန်းထုတ်တား၏၊
ဤ မမေးသင့်သော မေးခွန်းအတွက် ဗုဒ္ဓဘာသာဝင် တစ်ယောက်ကို ဖြေဆိုစေလျှင် ဦးရွှေပြည့်တို့ကဲ့သို့ ဘုရား တရားအမှန်ကို မယုံကြည်သော ဗန်းပြဘာသာရေးသမား၊ ရုပ်ဝါဒီ သမ္မာဒိဋ္ဌိသုတေသနများ၏ ရန်ကိုကြောက်၍ ရွှေတိဂုံစသည်တို့၌ အစောင့်ထားရသည်ဟု ဖြေဆိုပေလိမ့်မည်။
အမှန်မှာ သက်တော်ထင်ရှား မြတ်စွာဘုရားနှင့် သက်မဲ့စေတီပုထိုးများသည် မတူပေ။ သက်တော်ထင်ရှား မြတ်စွာဘုရား၏ အသက်တော်၊ သဗ္ဗညုတဉာဏ်တော်၊ ကိုယ်ရောင်တော်နှင့် ပစ္စည်းလေးပါးတို့ကို အန္တရာယ် မပြုနိုင်သော်လည်း သက်မဲ့စေတီတော်၏ ပစ္စည်းများကို အန္တရာယ်ပြုနိုင်သူကား များပြားလှဘိ၏၊ ထိုသို့ မတူရကား သက်တော်ထင်ရှား မြတ်စွာဘုရားနှင့် သက်မဲ့စေတီတော်ကို အရာခပ်သိမ်း မနှိုင်းယှဉ်သင့်ပေ။ ထို့ကြောင့် သက်တော်ထင်ရှား မြတ်စွာဘုရား၌ အစောင့်မထားသော်လည်း စေတီတော်၌ကား အစောင့်ထားရမည်သာ ဖြစ်သည်။
ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ပ-၃၁၃။ ဝိနယသင်္ဂဟအဋ္ဌကထာ ၁၅၀-တို့၌လည်း -
“စေတိယဿ ဝါ သံဃဿ ဝါ သန္တကေန စေတိယဿ သန္တကံ ရက္ခာပေတုံ ဝဋ္ဋတိ၊ စေတိယဿ သန္တကေန သံဃဿ သန္တကံ ရက္ခာပေတုံ န ဝဋ္ဋတိ”
ဟု မိန့်ဆို၏၊
အဓိပ္ပါယ်ကား - စေတီ၏ဥစ္စာကို စေတီ၏ဥစ္စာဖြင့်လည်းကောင်း၊ သံဃာ၏ဥစ္စာဖြင့်လည်းကောင်း စောင့်ရှောက် စေအပ်၏၊ သံဃာ၏ဥစ္စာကို စေတီ၏ဥစ္စာဖြင့် မစောင့်ရှောက်စေအပ်-
ဟု ဆိုလိုသည်။
ထို့ပြင် ဝိနယသင်္ဂဟအဋ္ဌကထာ၌-
“ စေတိယဿ ပဒီပတ္ထာရ ဝါ ခဏ္ဍဖုလ္လပဋိသင်္ခရဏတ္ထာယ ဝါ ဒိန္နအာရာမောပိ ဇဂ္ဂိတဗ္ဗော၊ ဝေတနံ ဒတွာပိ ဇဂ္ဂါပေတဗ္ဗော။ ဝေတနဥပနေတ္ထ စေတိယသန္တကမ္ပိ သံဃသန္တကမ္ပိ ဒါတုံ ဝဋ္ဋတိ (ဝိနယသင်္ဂဟ၊ဋ္ဌ၊၄၃၃)”
ဟုမိန့်၏၊
မြန်မာပြန်
စေတီ၏ ဆီမီးအကျိုးငှာလည်းကောင်း၊ ကျိုးသည် ပျက်သည်ကို ပြုပြင်ခြင်းငှာ လည်းကောင်း၊ ပေးလှူအပ်သော အရံကို စောင့်ရှောက်အပ်၏၊ အဖိုးအခ ပေး၍သော်လည်းကောင်း စောင့်ရှောက်စေအပ်၏၊ အဖိုးအခကိုလည်း စေတီ၏ ဥစ္စာကို လည်းကောင်း၊ သံဃာ၏ ဥစ္စာကို လည်းကောင်း ပေးခြင်းငှာ အပ်၏၊
၁၃။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက် ကြွင်းကျန်ရစ်သော ဓာတ်တော်တို့ကို ကုသိနာရုံပြည်သား မလ္လာမင်းတို့က အစောင့်ထား၍ ပူဇော်ကြပုံကို -
“အထ ခေါ ကောသိနာရကာ မလ္လာ ဘဂဝတော သရီရာနိ သတ္တာဟံ သန္ဓာဂါရေ သတ္တိပဉ္ဇရံ ကရိတွာ ဓနုပါကာရံ ပရိက္ခိပါပေတွာ နစ္စေဟိ ဂီတေဟိ ဝါဒိတေဟိ မာလေဟိ ဂန္ဓေဟိ သက္ကရိံသု၊ ဂရုံ ကရိံသု မာနေသုံ ပူဇေသုံ (ဒီ၊၂၊၁၃၅)”
ဟူ၍ မဟာပရိနိဗ္ဗာနသုတ်၌ ပြဆိုထားသည်။
မြန်မာပြန်
“ထိုအခါ ကုသိနာရုံပြည်သား မလ္လာမင်းတို့သည် မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို မင်းကွန်း၌ (ထားလျက်) လှံကိုင်အစောင့်တို့ဖြင့် ကာရံ၍ လေးသည်တော်တပ်ဖြင့် ခြံရံစေပြီးလျှင် ခုနစ်ရက်ပတ်လုံး ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း အရိုအသေပြုကုန်၏၊ အလေးအမြတ် ပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏” (မဟာဝဂ်ပါဠိတော်၊ မြန်မာပြန်-၁၅၇။)
ဤပါဠိတော် အဋ္ဌကထာတို့ကို ထောက်၍ စေတီ ပုထိုး ဓာတ်တော်တို့ကို အစောင့်ထားခြင်းသည် တရားတော်နှင့် လျော်ကန်ညီညွတ်၏၊ စေတီပုထိုးတို့၌ အစောင့်ထားရပါမည်လောဟု စောဒနာသော ရွှေအဘိဓမ္မာ ဆရာတို့သည် ၎င်းတို့၏ မူမမှန်သော စေတနာကို ၎င်းတို့၏ မေးခွန်းကပင် ဖော်ပြနေသကဲ့သို့ ရှိ၏ဟု ဝေဖန်တော်မူကြသည်။
၁၄။ အတုမရှိသော ဗုဒ္ဓဟု ဆိုထားပါလျက် အုတ်ခဲ ကျောက်ခဲများကို အတုလုပ်ပြီး ရှိခိုးဦးချ ဆုတောင်းနေခြင်းမှာ ဗုဒ္ဓဝါဒလားဟု ရွှေအဘိဓမ္မာဆရာက မေးခွန်းထုတ်ထား၏၊ ၎င်းမေးခွန်းကိုကြည့်ကာ မေးခွန်းရှင်နှင့် အပေါင်းပါတို့သည် စေတီပုထိုးများကို အုတ်ခဲ ကျောက်ခဲများအနေဖြင့် ကဲ့ရဲ့ကြသည်။ ထိုသို့ ကဲ့ရဲ့ခြင်းမှာ ထေရာပဒါနပါဠိတော်၊ ပ-၃၀၆-၌ လာသော ပုန္နာဂပုပ္ဖိယထေရ်၏ ဖြစ်စဉ်နှင့် ဆန့်ကျင်သဖြင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု စောဒနာပုဂ္ဂိုလ်တို့က စောဒနာကြရာ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ “၎င်းတို့သည် စေတီ ပုထိုးများကို အုတ်ခဲ ကျောက်ခဲများကို အတုလုပ်ထားသည်”ဟု မပြောဆို မရေးသားခဲ့ကြကြောင်း စသည်ဖြင့် သောဓနာလွှာ တင်သွင်းကြ၏၊
သို့သော် ဖော်ပြပါ ရွှေအဘိဓမ္မာ မေးခွန်းကိုလည်းကောင်း သမ္မာဒိဋ္ဌိသုတေသနအဖွဲ့မှ ထုတ်ဝေသော သစ္စာစာစောင်၊ အတွဲ (၁)၊ အမှတ်စဉ် (၉)၌ ရေးသားသော “ဤစာကို ရေးချိန်တွင် ပုဂံစေတီပုထိုးများကို ပြင်ဆင်ရေးအတွက် အလှူငွေပေါင်း ၁၆-သိန်းကျော် ရနေပြီဟု သိရသည်။ ဤသည်မှာ ၂-လကျော်မျှအတွင်း ရသောငွေဖြစ်သည်။ပ။ ချိုးကပ်နေသော အတွေးအခေါ်ဟူသည် ပြောင်းလဲရန် ခဲယဉ်းပါဘိတောင်း”ဟူသော စကားရပ်ကို လည်းကောင်း၊ ထောက်ထားကာ ချေပချက်သည် ဟန်ဆောင်ချက်မျှသာဖြစ်ပြီး၊ ဘုရားစင်ကို ဖြုတ်ချကြသော၊ စေတီပုထိုးများကို ကဲ့ရဲ့ကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့လည်း အလွန်မနည်းသော အရေအတွက် ရှိမည်မှာ သိသာပေသည်။
စေတီတည်ထားခြင်း
၁၅။ စေတီတည်ထား ကိုးကွယ်ခြင်းသည် ကောင်းကျိုးချမ်းသာကို ရရှိစေသော အမှုကိစ္စ တစ်ခုဖြစ်သည်။ မြတ်စွာဘုရားသည်ပင် ဗာဟိယ(ရဟန္တာ)၏ ဓာတ်တော်တို့ကို စေတီတည်ထားရန် ရဟန်းတို့ကို စေခိုင်းခဲ့ဖူး၏၊ (ဥဒါနပါဠိ၊ ဗာဟိယသုတ်၊ ၈၆)
အရှင်သာရိပုတ္တရာ၏ ဓာတ်တော်တို့ကိုလည်း ထိုနည်းတူ စေတီတည်ထား စေခဲ့ဖူး၏၊ (ဒီဃနိကာယ၊ မဟာဝဂ္ဂအဋ္ဌကထာ၊ ၁၄၄)
ကဿပဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးသောအခါ၌လည်း ရွှေစေတီကြီး တည်ထားကြောင်းကို ဓမ္မပဒအဋ္ဌကထာ(ဒု-၃၄၄၊၄၄၄။ ဝိမာနဝတ္ထုအဋ္ဌကထာ(၁၄၂-တို့၌ တွေ့ရ၏၊
ဝိပဿီမြတ်စွာဘုရား၏ စေတီအကြောင်းကိုလည်း မဟာဝဂ္ဂအဋ္ဌကထာ ၁၇၁-၌ တွေ့ရ၏၊
စေတီတော်၌ ပန်း နံ့သာစသည်ကို တင်ထားလှူဒါန်းသော ပုဂ္ဂိုလ်တို့အား အကျိုးများပုံကို ဒီဃနိကာယ၊ မဟာဝဂ္ဂပါဠိတော် ၁၁၇-၌ ဟောတော်မူ၏၊
အဇာတသတ်မင်း စသူတို့ မြတ်စွာဘုရား၏ ဓာတ်တော်တို့ကို စေတီတည်ထားကြပုံကို ဒီဃနိကာယ၊ မဟာဝဂ္ဂပါဠိ ၁၃၇-၌ ဟောတော်မူ၏၊
စေတီတော်ကို ကုန်မျိုးစုံရောင်းသော စျေးရုံကြီးနှင့် ဥပမာနှိုင်း၍ သမ္ပတ္တိအမျိုးမျိုး ရရှိစေနိုင်သော ဌာနကြီးအဖြစ် မိလိန္ဒပဥှာပါဠိတော် ၃၂၃-၌ ပြဆိုထား၏၊
စေတီတော်ကို ကုသိုလ်ရွှေအိုး မြှုပ်နှံရာ ဌာနတစ်ခုအဖြစ် ခုဒ္ဒကပါဌပါဠိတော်၊ နိဓိကဏ္ဍသုတ်၊ နှာ-၁၀-၌ ပြဆိုထား၏၊
ထိုသို့ ပြဆိုထားသော ပါဠိတော်၊ အဋ္ဌကထာတို့အရ စေတီတည်ထားခြင်း၊ ပြုပြင်ခြင်းတို့သည် ကောင်းကျိုးချမ်းသာ ရရှိစေသော အမှုကိစ္စတို့သာ ဖြစ်ကုန်၏၊ စုဒိတကတို့သည်ကား စေတီတည်ထား ပြုပြင်ခြင်းတို့ကို မနှစ်သက်ဖွယ်ဟု ပစ်ပယ်ခဲ့ကြလေသည်။
(စွဲဆိုချက် အမှတ် ၁၂၊ စောဒနာ သောဓနာ၌ အကျယ်စိစစ်ခဲ့ပြီး ဖြစ်၏၊)
၁၆။ ထို့နောက် စောဒကပုဂ္ဂိုလ်များက သစ္စာဓမ္မရေးရာစာစောင် အတွဲ (၁)၊ အမှတ် (၅)၌ ဦးဥက္ကဋ္ဌရေးသော-
“အခုကြည့်လေ၊ မူလတန်းကျောင်းက ၆-နှစ်၊ ၇-နှစ်အရွယ် လူမမယ်ကလေးငယ်ကစပြီး ဘုရားရှိခိုးကို ကျက်မှတ်ကြ၊ ချပေးကြနဲ့ လုပ်နေကြတော့” -စသောစကားကို ထုတ်ပြ၍ ဦးဥက္ကဋ္ဌသည် ဗုဒ္ဓဘာသာ သာသနာတော်၏ အခြေခံအုတ်မြစ်ကို တူးဖြိုခဲ့သည်ဟု စောဒနာကြ၏၊ သမ္မာဒိဋ္ဌိသုတေသနသောဓနာလွှာ၌ ၎င်းကို ချေပသည့် သောဓနာချက် မတွေ့ရ။
သခင်မြတ်ဆိုင်၏ သောဓနာလွှာ၌ “တပည့်တော်၏ သမီး၊ မြေးများကို ပန်းကပ်၊ ရေချမ်းကပ်စေခြင်း၊ ဘုရားရှိခိုးစေခြင်းစသည်တို့ကို တိုက်တွန်းညွှန်ကြားပေးလျက် ရှိပါသည်”ဟု တွေ့ရလေရာ သူ့ဆရာဦးဥက္ကဋ္ဌဝါဒကို သူပင် လက်မခံ၊ မလိုက်နာဟုဆိုရာ ရောက်နေသည်။ ဆရာနှင့်တပည့် ဆန့်ကျင်နေ၏၊
ဘုရားရှိခိုးသင်ပေးခြင်း
၁၇။ ဘုရားရှိခိုးခြင်း၊ သရဏဂုံဆောက်တည်ခြင်း၊ သီလဆောက်တည်ခြင်း စသည်တို့သည် ဗုဒ္ဓသာသနာ၏ အခြေမူလတို့ ဖြစ်သည်။ ၎င်းအမှုတို့ကို ပိတ်ပင်တားမြစ်က သာသနာတော်ကို ဖျက်သည်ဟုပင် ဆိုရသည်။ သားသမီး မိတ်ဆွေ သူငယ်ချင်းစသည်တို့ကို အမှန်တကယ် ချစ်သည် ခင်သည်ဆိုပါက ဘုရားရှိခိုးခြင်း၊ သရဏဂုံ သီလဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှုတို့၌ တိုက်တွန်းရပေမည်။
ထိုသို့ တိုက်တွန်းသင့်ကြောင်းမှာ စောဒကပုဂ္ဂိုလ်တို့ တင်ပြသော အနာထပိဏ်သူဌေးသား ကာလဝတ္ထု (ဓမ္မပဒအဋ္ဌကထာ၊ ဒု-၁၂၃)၊ မဟာဝဂ္ဂသံယုတ်၊ ၃၁၇-လာ မိတ္တာမစ္စသုတ်တို့ဖြင့် ထင်ရှားသည်။ ထို့ပြင် မိတ္တဝိန္ဒက၏ မိခင်သည်လည်း မိတ္တဝိန္ဒကကို ငွေကြေးပေး၍ ဥပုသ်စောင့် တရားနာရန် တိုက်တွန်းခဲ့ဖူး၏၊ ထိုသို့ တိုက်တွန်းခြင်းသည် “ပါပါနိဝါရေန္တ၊ ကလျာဏေ နိဝေသေန္တိ သိပ္ပံ သိက္ခာပေန္တိ၊ ပတိရူပေန ဒါရေန သံယောဇေန္တိ၊ သမယေ ဒါယဇ္ဇံ နိယျာဒေန္တိ”ဟု သိင်္ဂါလသတို့သားအား ဟောအပ်သော -
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ-
ဟူသော မိဘတို့ ကျင့်ဝတ်ကို ပြုကျင့်သည်လည်း မည်၏၊
ကောင်းရာညွှန်လတ်ဆိုသည်မှာ အနာထပိဏ်သူဌေးက သူ့သားကာလကို တိုက်တွန်းသကဲ့သို့ ဆုလာဘ် ပေးပြီးသော်မှလည်း သီလဆောက်တည်ခြင်း စသည်တို့၌ ဝါသနာထုံစေခြင်း ဖြစ်သည်။
ခြုံငုံသုံးသပ်၍ ဆုံးဖြတ်ခြင်း
၁၈။ ဆိုအပ်ခဲ့ပြီးသော အချက်အလက်များကို ခြုံငုံ၍ သုံးသပ် ဝေဖန်ပြီးနောက် ဆီမီးအခိုးတိုင် ညှိထွန်းခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပြုခြင်း၊ ကြေးစည် ခေါင်းလောင်းထိုးခြင်း၊ ဂုဏ်တော်ရွတ်ဖတ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ စေတီပုထိုးများကို တည်ထားခြင်း၊ ပြုပြင်ခြင်း၊ အစောင့် ဂေါပကထားခြင်း၊ ရွှေကပ်ခြင်း၊ ပန်းကပ်ခြင်းစသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် ဓလေ့ထုံးစံများကို ပယ်ရှားရန် ဟောပြော ရေးသား ဖြန့်ဝေနေကြသော ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့၏ ဝါဒသည် ထေရဝါဒပိဋကတ်တော်လာ ဒေသနာနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်သောကြောင့် ရုပ်ဝါဒီတို့၏ ဘာသာသာသနာ ဖျက်ဆီးမှုလုပ်ရပ် အဓမ္မဝါဒသာဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော်တို့ အညီအညွတ် ဆုံးဖြတ်တော်မူကြသည်။