လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/လူသေလူဖြစ် ဝိနိစ္ဆယ

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၅-၂။ ဆုံးဖြတ်ချက် အမှတ်(၂) လူသေလူဖြစ် ဝိနိစ္ဆယ
3134လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၅-၂။ ဆုံးဖြတ်ချက် အမှတ်(၂) လူသေလူဖြစ် ဝိနိစ္ဆယသာသနာရေးဝန်ကြီးဌာန

လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ ဆုံးဖြတ်ချက်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)
စောဒနာ အမှတ် (၂)

လူသေလူဖြစ် ဝိနိစ္ဆယ

၁။ ဤ လူသေလူဖြစ်ဝါဒနှင့် ပတ်သက်၍ စောဒကဆရာတော်တို့က “လူသေလူဖြစ်ဟူ၍ စိတ်ကူးပေါက်ရာ လိုက်လံဟောပြော ရေးသားမှုနှင့် ပတ်သက်၍ စောဒနာချက်ပါ ဘုရား”ဟု ခေါင်းစဉ်တပ်ကာ-

တောင်တွင်းကြီး ဦးဥက္ကဌ၏ လူသေလူဖြစ် အစရှိသော စာအုပ်စာတမ်းများ ရေးသားထုတ်ဝေခြင်း သင်တန်းပေးခြင်း ဟောပြော စည်းရုံးခြင်း စသော လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ရုံသာမက ဗုဒ္ဓပိဋကတ်တော်လာ ဘုရားဟောတရားများကိုပင် မဟုတ်မမှန် အသုံးချထားလျက် ရှိကြောင်း သက်သေ အထောက်အထားများကို ထုတ်နုတ်တင်ပြ လျှောက်ထားသွားကြသည်။

(က) လူသားဆိုတဲ့ သတ္တဝါ သေဆုံးသွားပြီးနောက် အကယ်စင်စစ် ဖြစ်ခွင့်ဖြစ်စရာ ဖြစ်ဖို့ အလားအလာများရှိခဲ့သေးလျှင် လူမှတစ်ပါး အခြားဘာမျှဖြစ်စရာမရှိ။ (လူသေလူဖြစ် စာအုပ်-ဒု-အကြိမ်ရိုက် ၄)

(ခ) လက်ရှိ ကမ္ဘာလောကတွင် အထွတ်အထိပ်ဖြစ်သော အန္တိမအခြေအနေသို့ ရောက်၍နေသော လူသားသည် နောက်သို့ ပြန်ဆုတ်၍ ဖုတ်နှင့် ပြိတ္တာ, တစ္ဆေနှင့်မင်စာ, ငရဲကောင်နှင့် တိရစ္ဆာန်သတ္တဝါများ ဖြစ်ရန်အကြောင်း လုံးဝ မရှိတော့ချေ။ (ယင်းလူသေလူဖြစ်၃၃၁)

(ဂ) သံယောဂသုတ်၌ ဘုရားပင် လူသေလူဖြစ်ဝါဒ ဟောလေဟန် လုပ်ကြံစွပ်စွဲသောအားဖြင့် “ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီး ဦးထိပ်ထားပြီး ဥပါဒါန် မပြတ်သေးတဲ့လူ သေလျှင် လူပဲဖြစ်မယ်ဆိုတာ ကျုပ်ကချည်းဟောတာ မဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တိုင် သံယောဂသုတ်ကြီးနဲ့ ဖွင့်ပြီးဟောထားတာ အထင်အရှား ပါဠိတော်မှာ ပါရှိတယ်။ (သစ္စာဓမ္မစာစောင်၊ အတွဲ၊၁၊အမှတ် ၁)

၂။ (က) ဦးဥက္ကဌ၏ သာဝကကြီး သခင်မြတ်ဆိုင်သည် လူသေလူဖြစ် ပြဿနာ ၁၆၂-၁၆၃ ၌ မှတ်တမ်းတင်ခဲ့သည်မှာ-

ဒီလိုကွ. . . ကိုယ့်ရုပ်ကိုယ့်နာမ်အပေါ်မှာ တကယ်စွဲတဲ့ ရုပ်နာမ်သဏ္ဍာန် အရှိကို စွဲတဲ့ အတ္တဝါဒုပါဒါန် အတိုင်း လူဟာလူပဲဖြစ်တယ်။ ကုသိုလ်, အကုသိုလ်ကိစ္စက သူနဲ့ မဆိုင်သေးဘူး၊ ဒါပေမဲ့ ကာယကံ, ဝစီကံ, မနောကံ စတဲ့ ကိုယ်နှုတ်နှလုံး မကောင်းတဲ့ ရုပ်ပျက်က ပြန်ပေါ်လာတဲ့ ဘူတရုပ် ဆိုတော့ ရုပ်ဆိုး ဖြစ်လာမယ်၊ ဆိုပါတော့ကွာ ခြေတိုချင် တိုမယ်၊ လက်မပါချင် မပါဘူး၊ မနောကံ ကြပ်ကြပ်ဆိုးတဲ့ ရုပ်ကျတော့ တော်တော်အကျည်းတန်တဲ့ ရုပ်ဆိုး ရုပ်ဝါးမျိုးပေါ့ကွာ၊ ဒီဆိုးလာတဲ့ ရုပ်ပျက်က ပြန်ပေါင်းစပ်တဲ့ ရုပ်သစ်မှန်ရင် မျက်စိယင်လည်း ချို့ယွင်းမယ်၊ ပါးစပ်ပြဲ မျက်ပြူးယင်လည်းဖြစ်မယ်၊ ခေါင်းယင် ကြီးမယ်၊ ဒါမှမဟုတ် ကိုယ်တွင်းက အသဲတို့ နှလုံးတို့ပါ ညံ့ဖျင်းလာယင် အသက်ပါတိုမယ်

(ခ) အေး. . . ဘာသာရေးဆရာတွေ ပြောသလို လူ့အဖြစ် လူ့ဘဝ ရင်းစားပြန်ရဖို့တောင် ဘယ်လောက် ခဲယဉ်းသလေး၊ ဘယ်အကျင့်ရှိမှလေး၊ ဘယ် ဒါနပါမှ ဆိုတာမျိုးတွေ မင်းက ယုံချင်သေးသလားကွ၊ ဒါတွေက စားလမ်းပဲ။ (ယင်းနှာ-၁၉၁)

ဤသို့ စသည် သက်သေသာဓကများ ထုတ်၍ စောဒနာခဲ့ကြသည်။

၃။ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)ရုံးတော်သို့ တောင်တွင်းကြီး ဦးဥက္ကဌနှင့်တကွ ၎င်း၏ နောက်လိုက်နောက်ပါ ပုဂ္ဂိုလ်များ ရေးသား ပြောဟောချက်များနှင့် ပတ်သက်၍ ဗုဒ္ဓဝါဒနှင့် လုံးဝဆန့်ကျင်သော အဓမ္မဝါဒများသာ ဖြစ်ကြောင်း စောဒနာ ၂၁-ချက်ကို စောဒကဆရာတော်များက တင်သွင်းခဲ့ကြသည်၊ ထိုစောဒနာ ၂၁-ချက်တို့တွင် ဦးဥက္ကဋ္ဌနှင့်တကွ ၎င်း၏ တပည့်လက်သားတို့သည် ဘာသာမဲ့ သာသနာမဲ့ ဘာသာရေး သာသနာရေး အရေခြုံ ရုပ်ဝါဒီများသာ ဖြစ်ကြောင်း ပထမစောဒနာချက်နှင့် ယခု ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒသည် စိတ်ကူးယဉ် အဓမ္မဝါဒများသာ ဖြစ်ကြောင်း စောဒနာအမှတ် (၂) ဤစောဒနာ ၂-ရပ်သည် ကျန်စောဒနာအားလုံး၏ အခြေခံ ရေသောက်မြစ် ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ရုပ်ဝါဒီများဖြစ်၍ ဘုရားတရားတော်မှ လမ်းပြောင်းကာ လူသေလူဖြစ်ဝါဒကို စိတ်ကူးဖြင့် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ ရုပ်ဝါဒအခြေခံနှင့် တည်ဆောက်သော လူသေလူဖြစ်ဝါဒကို ယုတ္တိတန်စေရန် အတွက် ၃၁-ဘုံ ပယ်ခြင်း, ကံ, ကံ၏အကျိုးပယ်ခြင်း, အတိတ်အနာဂတ် ပယ်ခြင်း, အဘိဓမ္မာကို ပုတ်ခတ်ခြင်း, သဗ္ဗညုတဉာဏ်တော်ကို စော်ကားခြင်း, သမထ ဝိပဿနာလမ်းစဉ်ကို ဖျက်ဆီးခြင်း, ဝိနည်းကျင့်ဝတ်ကို ကျော်နင်းခြင်း, ရဟန်းကောင်း ရှင်ကောင်းများကို တိုက်ခိုက်ခြင်း, ပရိတ်ရွတ်မှု, ဓာတ်တော်ဆံတော် ကိုးကွယ်မှု, သီလဆောက်တည်မှု စသော ဗုဒ္ဓဘာသာ ဓလေ့ထုံးစံတို့ကို ပြက်ရယ်ပြုခြင်း, နေရာတကာ၌ ဥပါဒါန်လက်နက်ကို အသုံးပြုခြင်း, နိဗ္ဗာန်နှင့် ဓမ္မစကြာအမှန်ကို လုပ်ကြံခြင်း, ပါဠိတော်အတုများ ပြုလုပ်၍ ဝါဒဖြန့်ခြင်း, ဗုဒ္ဓဝင်ကို ရှုတ်ချခြင်း, သံဂါယနာ ၆-တန်ကို ပေါ့ပျက်စေရန် အားထုတ်ခြင်း, ပါဠိတော်အစစ်များကို ဗြာဟ္မဏဝါဒဟု စွပ်စွဲပြီး ဖြုတ်ထုတ်သတ်ဖြတ်ခြင်း အလုပ်တို့ကို ပြုလုပ်ကြခြင်း ဖြစ်ပေသည်၊ သို့ဖြစ်သောကြောင့် ယခုရုံးတော်သို့ စွဲချက်တင်ထားသော အချက် ၂၁-ချက်တို့တွင် ယခုလူသေလူဖြစ် စောဒနာသည် ဒုတိယ ရေသောက်မြစ် ဖြစ်သော အခြေခံစောဒနာ ဖြစ်ပေသည်။

၄။ ဤစောဒနာချက်နှင့် ပတ်သက်၍ စောဒကဆရာတော်တို့သည် တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့် ၎င်း၏ တပည့်သာဝကများ ရေးသားထုတ်ဝေဖြန့်ချိထားသည့် လူသေလူဖြစ်စာအုပ်, လူသေလူဖြစ် ပြဿနာစာအုပ်, သစ္စာဓမ္မာစာစောင် စသည်တို့ကို သက်သေခံ ပစ္စည်းအဖြစ် တင်ပြထားကြပြီး ထိုသက်သေခံပစ္စည်းများမှ စာပိုဒ် (၆)ပိုဒ်တို့ကို ထုတ်ပြ၍ စုဒိတကပုဂ္ဂိုလ်တို့အနေဖြင့် လူသေလူဖြစ်ဝါဒကို အမှန်ရေးသားထုတ်ဝေ ဟောပြောလျက် ရှိကြောင်း သက်သေထူခဲ့ကြသည်။

စောဒကဆရာတော်များသည် ထိုလူသေလူဖြစ်ဝါဒ၏ ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်လှပုံတို့ကို မဟာဝဂ္ဂသံယုတ်ပါဠိတော် မနုဿစုတိနိရယသုတ်၊ မူလပဏ္ဏာသပါဠိတော် မဟာတဏှာသင်္ခယသုတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် သံယောဂသုတ်၊ ပါဠိတော်၊ အဋ္ဌကထာ၊ သီဟသုတ် စသည်တို့ကို ကိုးကား၍ လျှောက်ထားကြပြီး သို့စဉ်ကလောက် ဘုရားတရားနှင့် ဆန့်ကျင်ပြီး ဗုဒ္ဓသာသနာတော်အတွင်း ဝင်၍ ဖျက်ဆီးနေသော လူသေလူဖြစ်ဝါဒကို အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ပေးရန် စောဒကဆရာတော်များက (၃၀.၆.၈၁)နေ့က တစ်ကြိမ်၊ (၄.၇.၈၁)နေ့က တစ်ကြိမ် ၂-ကြိမ်တင်ပြ လျှောက်ထားသွားခဲ့လေသည်။

၅။ ယင်းလူသေလူဖြစ် အဓမ္မဝါဒ စောဒနာနှင့် ပတ်သက်၍ စုဒိတကများ ဖြစ်ကြသော ဦးဥဇ္ဇောတိက (ဒေးဒရဲ)၊ ဦးဇဝန (နေရှင်နယ်) တောင်တွင်းကြီး၊ ဦးဇဝန (ငါးဆင့်) တောင်တွင်းကြီးတို့က လုံးဝ ချေပခြင်း မပြုဘဲ အဓမ္မဝါဒဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်၊ ဦးဆန္ဒဓိက (နတ်မှီ) ကလည်း “လူသေလူဖြစ်ဆိုသည်မှာ ဒုက္ခသစ္စာ နယ်အတွင်းမှ မလွတ်ကင်းနိုင်သော သဘောတရားမျိုး” ဖြစ်၍ လက်သင့်မခံကြောင်း လျှောက်ထားခဲ့သည်၊ သမ္မာဒိဋ္ဌိသုတေသန အဖွဲ့ချုပ်မှလည်း ဤလူသေလူဖြစ် စောဒနာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ချေပလျှောက်ထားခြင်း မပြုခဲ့ကြပေ။

စောဒကဆရာတော်များ စွဲချက်တင်သည့် စောဒနာ ၂၁-ချက်ထဲမှ အားလုံးကို ဖြစ်စေ, အချို့ကိုဖြစ်စေ, မည်သည့်စုဒိတကကိုမဆို ချေပနိုင်သည့် အခွင့်အရေးကို ရုံးတော်က ပေးခဲ့သည်၊ ဦးဥက္ကဋ္ဌဝါဒရေးရာနှင့် ပတ်သက်၍ အခြေခံကျပြီး အလွန်တရာ အရေးကြီးလှသည့် ဤလူသေလူဖြစ် စောဒနာချက်ကို ဦးဥက္ကဋ္ဌ၏ တပည့်အသိုင်းအဝိုင်း နောက်လိုက်ဖြစ်ကြသော မည်သည့်စုဒိတကပုဂ္ဂိုလ်ကမျှ မိမိတို့နှင့် လုံးဝ မသက်ဆိုင်ဟု ရှောင်ကြဉ်ထွက်ပြေးရန် မဖြစ်နိုင်ပေ၊ သို့ဖြစ်၍ ဝါဒသဘောတရားရေးရာအားဖြင့် ကွင်းဆက်ဖြစ်နေသော ဤ လူသေလူဖြစ်ပြဿနာကို သောဓနာမှု မပြုခြင်းသည် စောဒကဆရာတော်များ စွဲဆိုသည့် အတိုင်း အဓမ္မဝါဒအဖြစ် ဝန်ခံရာ ရောက်သည်၊ သို့တည်းမဟုတ် မိမိတို့ အနေဖြင့် မည်သို့မျှ ဖြေရှင်းနိုင်စွမ်း မရှိပါ၊ ရုံးတော်၏ အဆုံးအဖြတ်အတိုင်းသာ ဖြစ်ပါသည်ဟု ဝန်ခံရာ ရောက်ပေသည်။

၆။ ဤ လူသေလူဖြစ် စောဒနာနှင့် ပတ်သက်၍ စုဒိတက သခင်မြတ်ဆိုင် တစ်ဦးသာလျှင် မြန်မာပြန်သုတ်ပေါင်း ၂၂-သုတ်ခန့် ကိုးကား၍ ဖြေဆိုလျှောက်ထားသည်ကို တွေ့ရသည်၊ သို့သော် သခင်မြတ်ဆိုင် ကိုးကားတင်ပြသော သုတ္တန်မြန်မာပြန်များကို ကြည့်ရှုသုံးသပ်ရာတွင် အလွန် စိတ်ပျက်ဖွယ်ကောင်းသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထို ကိုးကားချက်များမှာ အများအားဖြင့် အမှုဖြစ်စောဒနာနှင့် မသက်ဆိုင်ခြင်း, ကိုးကားတင်ပြချက်များ မမှန်ကန်ခြင်း, အဓိပ္ပာယ်ကောက်ယူချက်များ အလွဲလွဲ အမှားမှား ဖြစ်နေခြင်းတို့ကြောင့် ဖြစ်ပေသည်။

သို့ရာတွင် ဝိနည်းဓိုရ်ဆရာတော်တို့သည် တာဝန်ဝတ္တရားရှိသည့်အတိုင်း စောဒနာချက်များကို စိစစ်သုံးသပ်ခြင်း, သောဓနာချက်များကို စိစစ်သုံးသပ်ခြင်းနှင့် မိမိတို့ ဝိနိစ္ဆယချမှတ်ရမည့် အထည်ကိုယ် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် စိစစ်သုံးသပ်ခြင်းတို့ကို ပြုလုပ်ရမည်သာ ဖြစ်ပေသည်။

ယင်းသို့ ပြုလုပ်ရာတွင် စောဒကဆရာတော်များ တင်ပြသော စာအုပ်စာတမ်း တိတ်ခွေအထောက်အထားတို့မှာ တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့်တကွ ၎င်း၏ တပည့်လက်သား လူတစ်စုတို့၏ လက်ရာအမှန် ဖြစ်ကြောင်း သက်သေခံ အထောက်အထား ခိုင်လုံသည်ကို တွေ့ရပေသည်။ ထို့ပြင် စောဒကဆရာတော်များ၏ ထို သက်သေခံစာအုပ်စာတမ်းတို့မှ ကောက်နုတ်ဖော်ပြသော အချက်တို့အရ စုဒိတကတို့သည် မိမိတို့ဘာသာ မည်သူ့ကိုမျှ မထိခိုက်စေဘဲ လွတ်လပ်စွာ ယုံကြည်မှုမျိုးမဟုတ်ဘဲ ဘုရားဟော ပါဠိတော်များကို မေးတင်၍ ဆန့်ကျင်ကာ ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့၏ ကိုးကွယ်ယုံကြည်မှုကို ထိပါးစေလျက် ရှိသည့် အချက်ကိုလည်း တွေ့ရပေသည်။

ထို့ပြင် လူသေလူဖြစ်ဝါဒသည် ဘုရားတရားတော်နှင့် မည်သို့မည်ပုံ ဆန့်ကျင်သည်ဟု စောဒကဆရာတော်များက ကိုးကားလျှောက်ထားသော ပါဠိတော် အဋ္ဌကထာ စကားရပ်များသည်လည်း သူ့အရှိအတိုင်းပင် ဖြစ်၍ သာဓကမြောက်ကြောင်း တွေ့ရပေသည်။ စုဒိတက သခင်မြတ်ဆိုင် ချေပလျှောက်ထားသော အချက်များနှင့် စပ်လျဉ်း၍ကား မည်သို့မည်ပုံ စောဒနာနှင့် မသက်ဆိုင်ကြောင်း၊ ကိုးကားတင်ပြချက်များ မမှန်ကန်ကြောင်း၊ အဓိပ္ပာယ်ကောက်ယူချက် လွဲမှားကြောင်းတို့ကို သိသာရုံမျှ ဆက်လက်၍ စိစစ်ဖော်ပြထားသည်ကိုလည်းတွေ့ရပေသည်။

စုဒိတက သခင်မြတ်ဆိုင်၏ သောဓနာချက်ကို စိစစ်ချက်

၇။ သခင်မြတ်ဆိုင်သည် သောဓနာတင်လွှာ၌ လူသေလူဖြစ်ဝါဒ ခိုင်လုံကြောင်း သူ၏ဆရာ ဦးဥက္ကဋ္ဌ၏ဘက်မှ ရှေ့နေလိုက်သောအားဖြင့် သံယောဂသုတ်အပြင် သုတ်ပေါင်း ၂၂-သုတ်ခန့် ဖော်ပြ ဖြေရှင်းခဲ့သည်၊ ဗဖြရှင်းရာ၌ အဘိဓမ္မာသဘောအားဖြင့် စဉ်းစားခြင်း မပြုပါဟု ဆိုပြီး အဘိဓမ္မာသဘောနှင့် မလွတ်ကင်းသော၊ တစ်နည်းဆိုသော် အဘိဓမ္မာသဘောကို အခြေခံသော သုတ်တို့ကို ဖော်ပြသွားလေသည်၊ ဤသည်မှာ အဘိဓမ္မာဟုတ်, မဟုတ် ခွဲဝေတတ်သော ပညာ မရှိ၍ ဆိုမိဆိုရာ ဆိုမိခြင်း ဖြစ်၏၊ သုတ်များများ ဖော်ပြနိုင်လျှင် ဂုဏ်ရှိသည်၊ လူအထင်ကြီးမည်ဟု နှလုံးသွင်းဖြင့် ဤမျှ သုတ်တွေ များများထုတ်၍ ပြသွားခြင်း ဖြစ်ဟန်တူသည်၊ အချို့သုတ်များသည် မိမိထင်သလို မိမိဘက်က မရပ်တည်ဘဲ မိမိချေပချက်ကို ပြန်လည် ချေဖျက်နေသည်ကို သတိပြုမိဟန် မရှိပေ၊ သခင်မြတ်ဆိုင်ဖော်ပြသော အချို့သုတ်များကား လူသေလူဖြစ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိ၊ ခုတ်ရာတပါး ရှရာတခြားပေတည်။

၈။ သခင်မြတ်ဆိုင်သည် ဓမ္မစကြာသုတ်ကို ကိုးကားရာ၌ “ယာယံ တဏှာပေါနောဗ္ဘဝိကာ” စသော အပိုဒ်ကလေးကိုမျှသာ ကွက်ယူပြီးလျှင် အဓိပ္ပာယ်ကိုလည်း “အကြင်တဏှာသည် ဘဝကို ဖြစ်စေတတ်သော နှစ်သက်စွဲကပ်မှုနှင့် တကွ ထိုထိုဘဝကို နှစ်သက်တတ်၏၊ အဘယ်သို့နည်း ကာမကို ဆာလောင်ခြင်း, ဘဝကို ဆာလောင်ခြင်း, မရှိသော ဘဝကို ဆာလောင်ခြင်း, ဤသို့ ဆာလောင်ခြင်း ဖြစ်နေရာမှ အစွဲဥပါဒါန်အဆင့်သို့ ရောက်ရပြန်၏”ဟု ဖော်ပြ လျှောက်ထားခဲ့၏၊

“တဏှာ” ကို ဘာသာပြန်ရာ၌လည်း သူတို့ဆရာ ညွှန်ပြထားသည့်အတိုင်း “ဆာလောင်မှု”ဟူ၍သာလျှင် ဘာသာပြန်သည်၊ ဘုရားဟော ဓမ္မသင်္ဂဏီပါဠိတော် နိက္ခေပကဏ္ဍပါဠိတော်၌ တဏှာကို ပိပါသာ=ရေငတ်သလို ငတ်သော တရား၊ ဧဇာ=တုန်လှုပ်တတ်သော တရား၊ ဇာလိနီ=ပိုက်ကွန်နှင့်တူသော တရား၊ သုတ္တံ=ကြိုးကဲ့သို့ ချည်နှောင်တတ်သော တရား။ သိနေဟော=အစေးကဲ့သို့ စေးကပ်တတ်သော တရား။ လတာ=နွယ်ကဲ့သို့ ဖက်တွယ် ဖျက်ဆီးတတ်သော တရား စသည်ဖြင့် တဏှာ၏ သရုပ်သဘောများကို များစွာ ဆိုထားပါလျက်မှ တဏှာဟူသော စကားလုံးဖလှယ်မှုဖြင့် ထွက်လာသော အနက် တစ်ချက်တည်းကိုသာ ကောက်ယူ ဘာသာပြန်နေကြသည်။

ဝိဘဝတဏှာကိုလည်း “မရှိသော ဘဝကို ဆာလောင်ခြင်း”ဟု အလွန်လွဲမှားစွာ ဘာသာပြန်ထား၏၊ မရှိသော ဘဝကိုမည်သည့်နည်းနှင့်မျှ ဆာလောင်၍ မဖြစ်နိုင်၊ အမှန်စင်စစ် ဝိဘဝတဏှာဟူသည်ကား သေပြီး နောက်ဘဝ မရှိ၊ ဘဝပြတ်၏ ဟူသော ဥစ္ဆေဒဒိဋ္ဌိအယူကို သာယာသော တဏှာ ဖြစ်ပေသည်၊ ဤ အနက်မှန်ကို ဖော်ပြခဲ့သည်ရှိသော် သခင်မြတ်ဆိုင်သည် မိမိ ဥစ္ဆေဒဒိဋ္ဌိ အယူ ရှိနေကြောင်း ပေါ်လွင်သွားမည်စိုး၍ လှီးလွဲပြီး ယခုလို “မရှိသော ဘဝကို ဆာလောင်ခြင်း”ဟု သူ့ဆရာ၏ အာဘော်အတိုင်း မြန်မာပြန်လိုက်ခြင်း ဖြစ်ဟန်တူပေသည်၊ ဤသို့လျှင် ဓမ္မစကြာသုတ်ကို ကိုးကားသော်လည်း လိုရာကွက်၍ ယူကာ အဓိပ္ပာယ်ကို ဖျက်လျက် လွဲမှားစွာ ဆိုခဲ့သည်။

ပဋိစ္စသမုပ္ပါဒ်ကို ကိုးကားပြန်သောအခါ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ ဤနှစ်ပုဒ်မျှကို ယူ၍ စွဲလမ်းမှုဥပါဒါန်ကြောင့် ဘဝဖြစ်ပုံ၊ ဘဝကြောင့် ဇာတိဖြစ်ပုံ ဤနှစ်ကွင်း ဤနှစ်ဆက်ကိုသာ ကွက်၍ ဆို၏၊

ဓမ္မစကြာနှင့် ပဋိစ္စသမုပ္ပါဒ်သည် ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ကို မည်သို့မျှ ထောက်ခံချက် မပေးပေ၊ ဓမ္မစကြာသုတ်တော်က တဏှာသုံးမျိုးသည် ဒုက္ဓသစ္စာ ဆင်းရဲအမှန်ကို ဖြစ်စေခြင်းကိုသာ ပြသည်၊ လူသေလျှင် လူပဲ ပြန်ဖြစ်သည်ဟူသော အနက်ကို မပြချေ၊ ပဋိစ္စသမုပ္ပါဒ်ပါဠိတော်ကလည်း ဥပါဒါန်လေးပါးတွင် တစ်ပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ၊ သုံးပါး ဖြစ်စေ ရှိနေသေး၍ စွဲလမ်းမှု မကုန်သော မည်သူမဆို သတ္တဝါတစ်ဦးဦးသည် သုံးဆယ့်တစ်ဘုံတွင် မိမိကံအားလျော်စွာ တစ်ခုခုသောဘုံ၌ ဖြစ်ရဦးမည်၊ ဖြစ်တတ်သည်ဟူ၍ ပြသည်၊ ကမ္မဘဝတည်းဟူသော ကုသိုလ်ကံ အကုသိုလ်ကံကို ပြုလုပ်မိနေပါက ထိုကံလည်း ကိလေသာဥပါဒါန်တို့ ခြံရံနေပါက ပဋိသန္ဓေနေရဦးမည်၊ ပဋိသန္ဓေ နေရတတ်သည်ဟူသော အနက်ကိုသာ ပြသည်၊ လူသေလူဖြစ်နှင့် မည်သို့မျှ မသက်ဆိုင်၊ သခင်မြတ်ဆိုင်သည် မယောင်ရာ ဆီမန်းလိမ်းခြင်းသာ ဖြစ်သည်။

၉။ ဗဟုဓာတုကသုတ်, ဟီနာဓိမုတ္တိကသုတ်, အသဒ္ဓသံသန္ဒနသုတ်, ဣတိဝုတ် ဓာတုသော သံသန္ဒနသုတ်တို့ဖြင့် သခင်မြတ်ဆိုင်နှင့် သူ၏ဆရာ ဦးဥက္ကဋ္ဌတို့ ဆိုလိုသော အနက်အဓိပ္ပါယ်မှာ လူသည် လူချင်းသာလျှင် နှီးနှောသည်၊ ဆက်စပ်သည်၊ စွဲလမ်းစရာရှိလျှင် လူ့အဖြစ်ကိုသာ စွဲလမ်းမည်၊ အိပ်မက် မက်လျှင်သော်မှ လူ့အဖြစ် လူ့အသုံးအဆောင် လူ့အတွေ့အကြုံကိုသာ မက်သည်၊ ယင်းသို့ လူ့အဖြစ်ကို စွဲလမ်း၍ သေလျှင် လူသာ ပြန်ဖြစ်ရမည် ဟူ၍ ဖြစ်သည်၊ သို့သော် ဤသုတ်တော်တို့က သခင်မြတ်ဆိုင်တို့ဆွဲယူသော ဤအနက်အဓိပ္ပာယ်ကို လုံးဝမပြချေ။

ယုတ်ညံ့သော နှလုံးသွင်းရှိသူသည် ယုတ်ညံ့သော နှလုံးသွင်းရှိသူနှင့် သဘောချင်းတူသည်၊ စိတ်ချင်း ဆက်စပ်သည်၊ သွားအတူ, လာအတူနေသည်၊ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဟူသော မြန်မာစကားပုံကဲ့သို့ အကျင့်ချင်း စိတ်နေသဘောထားချင်း အမူအရာချင်း တူရာတူရာ ပေါင်းဆုံမိတတ်သည် ဟူသော အနက်ကိုသာ ပြသည်။

အခြား ပါဠိတော် အဋ္ဌကထာများ၌ လာသော “အဿဒ္ဓဿ သဒ္ဓကထာ ဒုက္ကထာ၊ ဒုဿီလဿ သီလကထာ ဒုက္ကထာ” (အံ၊၂၊၁၅၉။) သဒ္ဓါတရားမရှိသော သူအား သဒ္ဓါတရား အကြောင်းနှင့် စပ်၍ ပြောလျှင် မကောင်းသော စကား၊ ရန်စသော စကား ဖြစ်သွားသည်၊ အကျင့်ပျက်သော သူအား အကျင့်သီလနှင့် ပတ်သက်၍ ဂုဏ်ကျေးဇူး စသည်များကို ပြောဆိုလျှင် ထိုစကားသည် ထိုသူအဖို့ နားခါးစရာ ဖြစ်သည်၊ ဤအဓိပ္ပာယ်မျိုးကိုသာ ရည်ရွယ်၍ “အဿဒ္ဓေါ အဿဒ္ဓေဟိ သဒ္ဓိံ သံသန္ဒေန္တိ သမေန္တိ” စသည်ဖြင့် သဒ္ဓါတရား မရှိသူသည် သဒ္ဓါတရား မရှိသူနှင့် သဘောချင်း နှီးနွယ်စပ်ဟပ်သည်၊ အရှက်အကြောက် မရှိသော သူသည် အရှက်အကြောက် မရှိသော သူနှင့် သဘောချင်း နှီးနွယ်စပ်ဟပ်သည်၊ ပြောင်းပြန်အားဖြင့် ပညာရှိနှင့် ပညာမဲ့သောသူ စပ်ဟပ်၍ မရ၊ ပျင်းရိသော သူသည် ဇွဲကောင်းသော လုံ့လရှိသော သူနှင့် မတဲ့ ဟူသော အနက်အဓိပ္ပာယ်မျိုးကို အသဒ္ဓသံ သန္ဒနသုတ် စသည်တို့က ပြဆိုပေသည်။

၁၀။ သခင်မြတ်ဆိုင်သည် ဤသုတ်တို့ကို ဖော်ပြ၍ ဓာတ်နည်းအားဖြင့် လူသေလူဖြစ်ကို ရှင်းလင်းပြမည်ဟု ခန့်ခန့်ကြီးဆို၏၊ သို့သော် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း သုတ်တော်တို့၏ အနက်သွားကား တခြား၊ သခင်မြတ်ဆိုင်တို့ ရည်ညွှန်းသော အနက်ကား တခြား ဖြစ်၍ နေသည်ကိုသာ တွေ့ရပေသည်။

အာယတနနည်းဖြင့် ရှင်းလင်းမည် ဟူ၍ သဠာယတနဝဂ္ဂသံယုတ် ပါဠိတော်၊ ဥပရိပဏ္ဏာသ မဟာသဠာယတနသုတ်, ကုလ္လူပမသုတ် စသည်တို့ကို ကိုးကားပြန်၏၊ သို့ရာတွင် မဟာသဠာယတနသုတ်တော်က အာယတနခြောက်ပါးကို သေချာစွာ နားမလည်လျှင် သတ္တဝါသည် စွဲလမ်းတပ်မက်တတ်၏၊ စွဲလမ်းတပ်မက်သော သူအား ဥပါဒါနက္ခန္ဓာတို့သည် ပွားစီးခြင်းသို့ ရောက်ကုန်၏၊ ကိုယ်စိတ်တို့၏ ပူပန်ခြင်း, အတွင်းက ပူလောင်ခြင်း, ကိလေသာ ပူအိုက်ခြင်းတို့သည် တိုးပွားကုန်၏၊ ထိုသတ္တဝါသည် ဒုက္ခဝေဒနာကို ခံစားရ၏၊ ဤအနက်အဓိပ္ပာယ်မျိုးကိုသာ ဟောထားပေသည်။

သုံးဆယ့်တစ်ဘုံတွင် မည်သည့် သတ္တဝါမဆို အာယတနခြောက်ပါးကို သေချာစွာ သဘောမပေါက်သေးပါက ဥပါဒါနက္ခန္ဓာငါးပါး ပွားစီးနေမည်သာ၊ ပူပန်ခြင်း စသည်တို့ တိုးပွားနေမည်သာ၊ ဒုက္ခဝေဒနာကို ခံစားရမည်သာ ဖြစ်သည်ဟု ဆိုလိုသည်၊ ထို့ကြောင့် စဉ်းစားတတ်သော သူအဖို့ သုတ်၏ အဓိပ္ပာယ်ကို အနည်းငယ် သုံးသပ်ရုံမျှဖြင့် လူသေလူဖြစ်နှင့် မသက်ဆိုင်ကြောင်း တွေ့ရမည် ဖြစ်၏၊

ရာဂရှိနေသော သူသည် ရာဂကို အကြောင်းပြု၍ အကြောင်းအားလျော်စွာ ကုသိုလ် အကုသိုလ် လုပ်နေပေမည်၊ အကုသိုလ် လုပ်လျှင် ကမ္မနိယာမသဘောအတိုင်း အကုသိုလ်ကံ၏ အကျိုးကို ခံစားရာ အပါယ်လေးဘုံသို့ ရောက်မည်၊ ဤအနက်အဓိပ္ပာယ်မျိုးကိုသာ ထွက်သည်၊ ကုသိုလ် ပြုမိလျှင်လည်း အလားတူပင် သုဂတိဘုံသို့ ရောက်မည်။

၁၁။ တစ်ဖန် နိဒါနဝဂ္ဂသံယုတ် အတ္ထိရာဂသုတ်ကို ကိုးကား ဖော်ပြပြန်၏၊ ထိုသုတ်၏ မူရင်း အဓိပ္ပာယ်မှန်ကို စိစစ်ကြည့်ပြန်သောအခါ ဤသို့ တွေ့ရပေ၏၊ “ရဟန်းတို့ ကဗဠီကာရ အာဟာရဟု ဆိုစပ်သော စားဖွယ်သောက်ဖွယ်၌ နှစ်သက်တတ်, ခုံမင်တတ်, စွဲလမ်းတတ်သော တဏှာရှိလျှင် ထိုတေဘူမကဝဋ်၌ ဝိညာဏ်သည် တည်တံ့ကြီးပွားလာတတ်သည်၊ ဝိညာဏ် တည်တံ့ကြီးပွားရာ တေဘူမကဝဋ်၌ နာမ် ရုပ် သက်ရောက်လေတော့သည်၊ နာမ်, ရုပ် သက်ရောက်ရာ တေဘူမကဝဋ်၌ သင်္ခါရတရားတို့ ပွားစီးကြသည်၊ သင်္ခါရတရားတို့ ပွားစီးရာ တေဘူမကဝဋ်၌ တစ်ဖန်ဘဝသစ် ဖြစ်ရတတ်သည်၊ တစ်ဖန် ဘဝသစ်ဖြစ်ပေါ်လာသည်ရှိသော် ပဋိသန္ဓနေခြင်း, အိုခြင်း သေခြင်းသည် ဖြစ်လေတော့၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းရှိသော သဘောတရားကို စိုးရိမ်ခြင်း ပူလောင်ခြင်း ပြင်းစွာ ပင်ပန်းခြင်းနှင့်တကွ ဖြစ်၏ဟု ငါ ဆို၏၊ ရဟန်းတို့. . .ဥပမာအားဖြင့် ပန်းဆိုးသမားတစ်ယောက် ပန်းချီဆရာတစ်ယောက်သည် အဝတ်ဆိုးစရာ ဆေးရေးခြယ်စရာ ရှိခဲ့သော် အနီရောင်, အဝါရောင်, အညိုရောင်, မောင်းသောအရောင်ဖြင့် ပျဉ်ပြားပေါ်၌ ဖြစ်စေ နံရံ၌ ဖြစ်စေ ပိတ်ပေါ်၌ ဖြစ်စေ အင်္ဂါကြီးငယ် အပြည့်အစုံပါသော မိန်းမရုပ် ယောကျ်ားရုပ်ကို ဖန်တီးရာသကဲ့သို့ ထိုနည်းအတူ တဏှာ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သင်္ခါရ၊ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း, အနာဂတ်၌ ပဋိသန္ဓ နေခြင်း, အိုခြင်း, နာခြင်း ရှိခဲ့သော် (ဧကန်ပင်) စိုးရိမ်ခြင်း, ပူပန်ခြင်း, ပြင်းစွာပင်ပန်းခြင်းကို ဖြစ်စေလိမ့်မည်ဟု ငါဘုရား ဟောတော်မူ၏ ဤသို့ တွေ့ရ၏၊ ဤအတ္ထိရာဂသုတ်တော်သည် လူသေလျှင် လူ ဖြစ်၏ ဟူသော အနက်အဓိပ္ပာယ်ကို မည်သို့ ပြပါသနည်း၊ မည်သို့မျှ မပြ၊ မည်သို့မျှ မသက်ဆိုင်ပါဘဲ ပါဠိတော်အသံပေးလို၍ သခင်မြတ်ဆိုင်က ဆွဲထည့်ထားခြင်း ဖြစ်ပေသည်။

၁၂။ အာဟာရလေးပါးတွင် တစ်မျိုးမျိုး၌ တပ်မက်မှု ရှိနေသမျှ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဥပါဒါန် ဘဝ ဇာတိ ဇရာ မရဏဟူသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး လည်၍ နေလိမ့်မည်၊ ဤသို့ စက်ရဟတ်လည်နေသမျှ စိုးရိမ်ခြင်း ပူပန်ခြင်း ပြင်းစွာ ပင်ပန်းခြင်းကို ဖြစ်စေလိမ့်မည်ဟူ၍သာ ဤအတ္ထိရာဂသုတ်က ဆိုလိုပေသည်။

လူဖြစ်စေ နတ်ဖြစ်စေ တိရစ္ဆာန်ဖြစ်စေ ကဗဠီကာရ အာဟာရဟူသော စားဖွယ်သောက်ဖွယ်ကို လွန်စွာ တပ်မက်၏၊ အငန်းမရ လိုလား၏၊ ဘဝပေးအသိဖြင့် အစာမရလျှင် မနေတတ်၊ အစာမရရအောင် ရှာ၏၊ ရပြန်သောအခါ ထိုအစာကို လွန်စွာ ခုံမင်၏၊ ဘုရားရှင်၏ အဆိုဆုံးမ ဩဝါဒကို ရရှိ၍ အသင့်အားဖြင့် နှလုံးသွင်းတတ်သော ဗုဒ္ဓသာဝကများမှတပါး အခြားသော ပုဂ္ဂိုလ်များအဖို့ အာဟာရသည် သံသရာ၌ လည်ရာလည်ကြောင်း ကြီးမားသော အကြောင်း ဖြစ်၏၊

“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ-အလုံးစုံသော သတ္တဝါတို့သည် အာဟာရ ဟူသော တည်ကြောင်း ရှိကုန်၏” ဤသို့ စသည်ဖြင့် ဟောတော်မူသည်နှင့် အညီ အာဟာရ အကြောင်းကြောင့်သာလျှင် အသက်ဇီဝ တည်လျက် ရှိကြသည်၊ အသက် တည်မြဲရေးအတွက် သင့်,မသင့် မစဉ်းစား၊ တရားသည်, မတရားသည် နားမလည်၊ ကြီးနိုင် ငယ်ညှင်း, အားရှိသူက အားမဲ့သူကို ညှဉ်းပန်းနှိပ်စက်၍ မိမိအစာကို ရအောင် ယူ၏၊ ဤသို့ဆိုလျှင် ဤသတ္တဝါတို့မှာ အာဟာရကြောင့် ဖြစ်သော တဏှာလွန်ကဲမှုကြောင့် “ဒုစ္စရိတ ဒုရာဇီဝ” မကောင်းသော အကျင့်၊ မကောင်းသော အသက်မွေးခြင်း, မကောင်းသော ကာယကံ ဝစီကံ မနောကံတို့သည် ပြွမ်းပြွမ်းထ၍ နေလိမ့်မည်၊ ထိုသတ္တဝါတို့အဖို့ မိမိရောက်ရာ နေထိုင်ရာ ပေါင်းသင်းရာ အိုးအိမ်စည်းစိမ် ချစ်သူ ခင်သူ စသည်တို့အပေါ်၌ မည်မျှပင် စွဲလမ်းမှု ရှိသော်လည်း ကံက ခေါ်ဆောင်၍ သွားသဖြင့် ကံအားလျော်စွာ ကျရာ ဘုံဌာနသို့ ရောက်ကြမည် ဧကန်တည်း၊ ဤကား အတ္ထိရာဂသုတ်နှင့် ပတ်သက်၍ သိမှတ်စရာ တရားအချက်တည်း၊ လူသေလူဖြစ်နှင့်ကား ပြဒါးတစ်လမ်း သံတစ်လမ်းပေတည်း။

၁၃။ သခင်မြတ်ဆိုင်သည် လူသေလူဖြစ်စွဲချက်၌ စောဒကပုဂ္ဂိုလ်တို့၏ စောဒနာကို ဆက်လက်၍ ဤသို့ ချေပပြောဆိုသည်။ “သတ္တဝါတစ်ဦး၌ စွဲကပ်နေသော တဏှာ, ဥပါဒါန်သည် သတ္တဝါသေပြီးနောက် ရှိမြဲ ရှိလျက် ရှိသည် ဟူ၍ ဗုဒ္ဓဘုရားရှင်က ဟောပါသည် ဘုရား၊ ၎င်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်၊ “ဝစ္ဆ. . .သတ္တဝါသည် ဤကိုယ်ကို ပစ်ချပြီးနောက် တပါးကိုယ်ကို မကပ်ရောက်ရသေးစေကာမူ ထိုအခါ၌လည်း သတ္တဝါ၏ တဏှာ, ဥပါဒါန်သည် ရှိမြဲ ရှိ၏ဟု ငါဆို၏၊ ဥပမာ မီးသည် လောင်စာမရှိသော် လေကို ပင့်စွဲလျက် တည်သကဲ့သို့ တဏှာသည် လေကိုပင် မှီလျက် ဖြစ်၏ ဟု မိန့်တော်မူ၏၊ (သဠာယတနသံယုတ်-ကုတူဟလသာလာသုတ် ၅၅၄)ပါ ဘုရား”ဟု သခင်မြတ်ဆိုင်က ဆိုလေသည်။

ဆရာတော်တို့သည် ငယ်စဉ်တောင်ကျေး ကလေးဘဝမှ စ၍ ယနေ့ အသက် (၆၀) ကျော်ကာလအထိ ဗုဒ္ဓပိဋကတ်စာပေကို မပြတ် သင်အံ ပို့ချ ဟောပြောရေးသားလာခဲ့ကြ၏၊ အဘိဓဇ, အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးများထံ၌လည်း စာပေပရိယတ် ဆည်းပူးခဲ့ကြ၏၊ သို့စဉ်လောက် နှစ်ပေါင်း မြောက်မြားစွာ ပိဋကတ်ကျမ်းစာများကို သင်အံလေ့ကျက် ချပို့ကျင့်ကြံလာကြပါသော်လည်း တစ်ခါဖူးမျှ “တဏှာသည် လေကို မှီသည်”ဟု မတွေ့ဖူး မကြားဖူးခဲ့ပေ၊ ဆရာတော်တို့ကိုယ်တိုင် သံယုတ်ပါဠိတော်လာ ကုတူဟလသာလာသုတ်ကို အကြိမ်ကြိမ် ကြည့်ရှုသုံးသပ်ကြသောအခါမှာလည်း တဏှာသည် လေကို မှီသည်ဟု မတွေ့ကြရချေ။

သို့ဖြစ်၍ ထိုသို့ ဆဋ္ဌမူပါဠိတော်ကိုသာမက ဘာသာပြန်ကိုပါ ပြန်လည် ဖတ်ရှုသုံးသပ်သောအခါ ထိုသုတ်၌ အမှန်ပါသော စကားများကို ဤသို့တွေ့ရပေ၏၊

“ဝစ္ဆ . . . ဤကိုယ်ကို ပစ်ချ၍ သတ္တဝါသည် တပါးသော ကိုယ်သို့လည်း မကပ်ရောက်သောအခါ၌ ထိုသတ္တဝါသည် တဏှာဟူသော စွဲလမ်းမှု ရှိ၏ဟု ငါဆို၏၊ ဝစ္ဆ. . .မှန်၏၊ ထိုအခါ၌ တဏှာသည် ထိုသတ္တဝါ၏ စွဲလမ်းမှု ဖြစ်၏ဟု မိန့်တော်မူ၏” ဤသို့သာ ပါရှိပေသည်။

သခင်မြတ်ဆိုင်သည် ဘုရား မဟောသည်ကို အဟောလုပ်၍ ပြဝံ့ပါပေ၏၊ ကံ ကံ၏အကျိုး မရှိဟု ပယ်ထားသော သူမျိုးသည် မည်သည့်အကုသိုလ်ကိုမျှ ကြောက်မည် မဟုတ်ပေတကား။

၁၄။ တစ်ဖန် ဥပါဒါန်ကို ကံနှင့် တွဲ၍ ဖြစ်ကြောင်း ဥပါဒိန္နကံတရားနှင့် ဤသို့ဟောပါသည် ဘုရားဟု ဆိုကာ မဟာရာဟုလောဝါဒသုတ်ကို ကိုး၍ ချေပပြန်သည်။

“ရာဟုလာ. . . အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ကြမ်းတမ်းသော ကြမ်းတမ်းခြင်းသို့ ရောက်သော အကြင် အလုံးစုံသော ဥပါဒိန္န ကံတရားသည် ဥပါဒိန္န ရုပ်တရားကို အကျိုးပြု၏” ဤသို့ ဆိုထား၏၊

ဤနေရာ၌လည်း သခင်မြတ်ဆိုင် ဆိုသလို မဟုတ်ပေ၊ ထိုသုတ်၏ ဆဋ္ဌမူ မြန်မာပြန်ကို ကြည့်ရှုသော် “ရာဟုလာ. . .အဇ္ဈတ္တသန္တာန်၌ ဖြစ်သော, ကိုယ်ကို စွဲ၍ ဖြစ်သော, ကြမ်းတမ်းသော, ကြမ်းတမ်းခြင်းသို့ရောက်သော အကြင် အလုံးစုံသော ဥပါဒိန္နမည်သော ကံတရားသည် အကျိုး၏အဖြစ်ဖြင့် ယူအပ်သော ရုပ်တရားသည် ရှိ၏၊ ဤဥပါဒိန္န ရုပ်တရားသည် အဘယ်နည်း၊ ဆံပင်, မွေးညင်း စသည်တည်း၊ ဤသို့ တွေ့ရ၏၊

ဤသုတ် ဘာသာပြန်နှစ်မျိုးကို နှိုင်းယှဉ်ကြည့်သောအခါ သခင်မြတ်ဆိုင်၏ ဘာသာပြန်၌ ဥပါဒိန္နကံတရားသည် ဥပါဒိန္နရုပ်တရားကို အကျိုးပြု၏ဟု အကျဉ်းအဓိပ္ပာယ် ထွက်၏၊ ဆဋ္ဌမူ မြန်မာပြန်၌ အဇ္ဈတ္တကိုယ်ကို စွဲ၍ဖြစ်သော ဥပါဒိန္နကံ၏ အကျိုးဖြစ်သော ရုပ်တရား (ဝါ) ကမ္မဇရုပ်တရားဟု အဓိပ္ပာယ်ထွက်သည်၊ သခင်မြတ်ဆိုင်ကား ပဓာနအားဖြင့် ကံကို အရကောက်၏၊ ဆဋ္ဌဘာသာပြန်က ကမ္မဇရုပ်ကို ပြော၍ နေ၏၊ မည်မျှ ကွာခြားနေသည်ကို သတိပြုကြရာ၏၊ ဤသုတ် နှစ်သုတ်ဖြင့် သခင်မြတ်ဆိုင် ဆိုလိုသည်မှာ ဥပါဒါန်နှင့် ကံတရားသည် တွဲ၍ဖြစ်နေသည်၊ ဤမျှသာ ဆိုလို၏၊

၁၅။ တစ်ဖန် ဆက်လက်၍ လူသည် တစ်ချိန်တစ်ခါတွင် နှလုံးသွေးရပ်၍ သေဆုံးပါသည်၊ နှလုံးမီး ဥသ္မာတေဇော (ကမ္မဇတေဇော ခေါ်) နှလုံးအိမ်စောင့် မီးငြိမ်းသွားသောအခါ သေသည်ဟု ခေါ်ရပါသည် ဘုရား၊ ထိုသေသူမှ နောက်ဆုံးနှာခေါင်းမှ ထွက်သော လေသည် ၎င်း၏ နှလုံးတွင် စုဝေးသော ဓာတ်တို့၏ အပြင်လောကသို့ ပျံ့လွင့်လာပါသည်၊ ယင်းလေကို မဟာရာဟုလောဝါဒသုတ်အရ ဥပါဒိန္နဓာတ်ဟု ခေါ်ပါသည်၊ ဤသို့ ဆိုထားလေသည်။

ဤသောဓနာ၌ “လူသေခါနီး နှာခေါင်းမှ ထွက်သော လေသည် အပြင်လောကသို့ ပျံ့လွင့်သွား၏”ဟူသော စကားရပ်သည် လူသေလူဖြစ်ဝါဒ၏ မျိုးစေ့ဖြစ်သော ဂန္ဓဗ္ဗဓာတ်ဆိုသည်ကို ချိန်၍ ပြောသော စကား ဖြစ်၏၊ သို့သော် ယင်းလေကို မဟာရာဟုလောဝါဒသုတ်အရ ဥပါဒိန္နဓာတ်ဟု ခေါ်ပါသည်ဟု သခင်မြတ်ဆိုင်က “တို့” လိုက်ပြီး စကားသတ်ထားပုံမှာ ပညာသား ပါလှပေသည်၊ မဟာရာဟုလောဝါဒသုတ်မူရင်းကို မကြည့်နိုင်သူများအနေဖြင့် သခင်မြတ်ဆိုင်၏ ချေပချက်ကို ဖတ်လိုက်သောအခါ သေခါနီး နှာခေါင်းမှ ထွက်သောလေကို ဥပါဒိန္နဓာတ်ဟု သတ်မှတ်ပြီး ဘုရားရှင်ကပင် လက်ခံထားသလို နားလည်သွားနိုင်သည်၊ သို့မဟုတ် သေခါနီးထွက်သော ဂန္ဓဗ္ဗဓာတ်ဆိုတာ ဘုရားဟော တရားနှင့် အညီပါတကားဟု မှောက်မှားစွာ နားလည်သွားနိုင်သည်၊ သို့ဖြစ်၍ စုဒိတက သခင်မြတ်ဆိုင်၏ တင်ပြချက်သည် ပညာသား ပါလှသည်ဟု ဆိုခြင်း ဖြစ်ပေသည်။

သို့ရာတွင် ယခုအခါ ပါဠိတော် အဋ္ဌကထာ ဋိကာ မြန်မာပြန်ကျမ်းဂန် အပြည့်အစုံ ရှိနေပြီး ထိုကျမ်းတို့ကို ဖတ်တတ်သူ နားလည်သူ သင်အံပို့ချ နေကြသူ သာသနာစောင့်ပုဂ္ဂိုလ်များ ရှိနေကြသည်ဖြစ်၍ သခင်မြတ်ဆိုင်၏ “ပြုစားချက်”ကို ကုစားနိုင်ကြပေသည်။

အမှန်စင်စစ် သေခါနီး (နှာခေါင်းမှ ဖြစ်စေ၊ အောက်ဒွါရမှ ဖြစ်စေ) ထွက်သော လေနှင့် ပတ်သက်၍ သခင်မြတ်ဆိုင် တွန်းပို့ချင်သော အချက်နှင့် မဟာရာဟု လောဝါဒသုတ်၌ မြတ်စွာဘုရား ဟောသော ဥပါဒိန္နဓာတ်လေသဘောကား လုံးဝမတူချေ၊ ကြွက်နှင့် ဆင်ကဲ့သို့ အရာရာတွင် ကွဲပြားခြားနားပေသည်၊ ဤအချက်ကို ပို၍ ထင်ရှားစေရန် ဘုရားဟော မဟာရာဟုလောဝါဒသုတ် မြန်မာပြန် ကောက်နုတ်ချက်ကို ဖော်ပြအပ်ပေသည်။

“ရာဟုလာ. . .ဝါယောဓာတ်ဟူသည် အဘယ်နည်း၊ ဝါယောဓာတ်သည် အချို့ကား အဇ္ဈတ္တသန္တာန်၌ ဖြစ်၏၊ အချို့ကား ဗဟိဒ္ဓသန္တာန်၌ ဖြစ်၏၊ ရာဟုလာ. . .အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ဝါယောဓာတ်ဟူသည် အဘယ်နည်း၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ထောက်ပံ့ခိုင်မာသော ထောက်ပံ့ခိုင်မာခြင်းသို့ရောက်သော အကြင် ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ဤဥပါဒိန္နဓာတ်သဘောသည် အဘယ်နည်း ဟူမူ-အထက်သို့ ဆန်တက်သော လေ, အောက်သို့ စုန် ဆင်းသောလေ, ဝမ်း၌ တည်သောလေ, အူအတွင်း၌ တည်သောလေ၊ အင်္ဂါကြီးငယ်သို့ အစဉ်လျှောက် တတ်သောလေ, ထွက်သက် ဝင်သက်လေ, ထို့အပြင်အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ထောက်ပံ့ခိုင်မာသော ထောက်ပံ့ခိုင်မာခြင်းသို့ရောက်သော အခြားအလုံးစုံသော ဥပါဒိန္နဓာတ်သဘောသည် ရှိ၏၊ ရာဟုလာ. . .ဤအလုံးစုံသော ဓာတ်သဘောကို အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ဝါယောဓာတ်ဟူ၍ ဆိုအပ်၏၊

အမှန်အားဖြင့် အကြင် အဇ္ဈတ္တသန္တာန်၌ဖြစ်သော ဝါယောဓာတ်သည် လည်းကောင်း၊ အကြင် ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ဝါယောဓာတ်သည် လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော ဝါယောဓာတ်သည် ဝါယောဓာတ်ချင်း တူသည်သာတည်း၊ အလုံးစုံသော ဝါယောဓာတ်သည် ငါပိုင်ဥစ္စာ မဟုတ်၊ ထိုဝါယောဓာတ်သည် ငါမဟုတ်၊ ထိုဝါယောဓာတ်သည် မိမိကိုယ် အတ္တမဟုတ်ဟူ၍ ဤသို့ ထိုဝါယောဓာတ်သဘောကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာ ဉာဏ်ပညာဖြင့်ရှုအပ်၏၊ ဤသို့ ထိုဝါယောဓာတ်ကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ဝိပဿနာဉာဏ်ပညာဖြင့်ရှုပြီး၍ ဝါယောဓာတ်၌ ငြီးငွေ့၏၊ ဝါယောဓာတ်၌ စိတ်သည် တပ်ခြင်း ကင်း၏၊ (မ၊မြန်၊၂၊၉၂ ၉၃။) (မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန်)

ဤ ဘုရားဟောပါဠိတော် အထင်အရှား ဖော်ပြချက်မှာ ထိုဝါယောဓာတ်ကို ဝိပဿနာရှုရန် ဆုံးမခြင်းသာ ဖြစ်၏၊ ဝါယောဓာတ်ကို ငြီးငွေ့ပြီး ဝါယောဓာတ်၌ စိတ်တပ်ငြိခြင်း ကင်းစေရန် ဖြစ်၏၊ လူသေလူဖြစ် ဆရာတပည့်တို့ ဆွဲယူချင်သလို “သေခါနီး ထွက်သော ဝါယောဓာတ်က အာကာသထဲ ပျံ့လွင့်နေပြီး အချိန်အတန်ကြာသောအခါ လူတစ်ဦးဦး၏ နှာခေါင်းထဲ ပြန်ဝင်၍ သုက်တွေဖြစ်ပွားစေလျက် လူမျိုးစေ့ ကျပြန်ရာ” ဆိုသည့် လုံးဝ မဖြစ်နိုင်သော စိတ်ကူးအိပ်မက်ကို အထောက်အကူ မပြုချေ။

တစ်ဖန် သဂါထာဝဂ္ဂသံယုတ် မလ္လိကာသုတ် ၇၅-ကို အထောက်အထား ပြု၍ “ဤ၌ မြတ်စွာဘုရားက ဤသို့ ဟောပါသည် ဘုရား၊ အစွဲဆုံး အချစ်ဆုံးသည် မိမိကိုယ်ကိုသာတည်း၊ အဘယ်အရပ်သို့ လှည့်လည် ရှာဖွေစေကာမူ ဘယ်အရပ်တွင်မှ မိမိကိုယ်ထက် ပို၍ ချစ်အပ် နှစ်သက်အပ်သော သူကို မတွေ့နိုင်၊ ဤအတိုင်း သာတည်း၊ ဤသို့လျှင် အတ္တဝါဒုပါဒါန်သည် ရှေ့ဆောင်ဥပါဒါန် ဖြစ်နေသည်ဟု ဆရာတော် အရှင်ဥက္ကဋ္ဌ မိန့်ဆိုပါသည် ဘုရား၊ ဤဘုရားဟော တရားကို ကျော်ပြီး တိရစ္ဆာန်နှင့် မိုးပေါ်က နတ်ဗြဟ္မာ ဖြစ်နိုင်သည်ဆိုသော အယူကို ဆရာတော် အရှင်ဥက္ကဋ္ဌက စဉ်းစားခြင်း မပြုတော့ပါ ဘုရား”ဟု သခင်မြတ်ဆိုင်က သောဓနာတင်လွှာ၌ ဆို၏၊

၁၆။ ထို့ပြင် လူသေလူဖြစ်ပြဿနာ ၁၁၃-၌ သူတို့ဆရာတပည့်နှစ်ယောက် ဆွေးနွေးပုံကိုလည်း ဤသို့ ရေးသားထား၏၊

“ဆရာတော် ဆိုလိုတာက အတ္တဝါဒုပါဒါန်က လွဲရင် ကျန်တဲ့ ဥပါဒါန်တရား အကြောက်အကန် ကိုယ်ရေးကိစ္စ အကြီးအကျယ် အသက်နဲ့ ထိလာရင် ပြုတ်လို့ ရတယ်၊ ပြုတ်အောင် ပြတ်အောင် ဖြစ်နိုင်ကြတယ်၊ ဒီလို မဟုတ်လား-ဆရာတော်” “အေးလေ- ဒီ အတ္တဝါဒုပါဒါန်ဆိုတာက အသ္မိမာန တရားကြီးပဲကွ၊ အသ္မိမာနဆိုတာက ဒို့ ဥဒါန်းပါဠိတော်အရ စာစကားနဲ့ ပြောရရင် အရဟတ္တမဂ် အရိယာအဆင့် ရောက်မှ “ပြုတ်တဲ့ တရားကြီးပဲ၊ အလွန်ခိုင်တဲ့ အစွဲကြီးပဲကွ”

တစ်ဖန် စာမျက်နှာ ၁၁၈-၌ ..
“ကိုင်း ဒါဖြင့် ဒီ အတ္တဝါဒုပါဒါန်ကို ပုထုဇဉ်ကအစ အနာဂါမ်အထိ စွဲတဲ့ အစွဲအားလုံးရဲ့ အစွဲဘုရင် ထိပ်ခေါင်တင်ဆိုတာ ဒို့ အတည်ပြုယင် ကန့်ကွက်စရာ ရှိသေးသလား”ဟု ဆိုပုံကို ရေးသားထားသည်။

၁၇။ အထက်ပါ အဆိုသုံးရပ်တွင် ဦးဥက္ကဋ္ဌမှ အစ သူ၏တပည့် အဆက်ဆက်တို့သည် အတ္တဝါဒုပါဒါန်နှင့် ကာမုပါဒါန်ကို ရောထွေးထက်အောက် ဇောက်ထိုးပြောင်းပြန် ယူဆလျက် ရှိကြောင်း တွေ့ရ၏၊ အမှန်မှာ အတ္တဝါဒုပါဒါန်သည် အနာဂါမ်အထိ ခိုင်ခိုင်မြဲမြဲ မပြုတ်သေးဘဲ ရှိ၏၊ ဤသို့ အတ္တဝါဒုပါဒါန်နှင့် ကာမုပါဒါန်တို့သည် သရုပ်သဘောအားဖြင့် ကွဲပြားလျက် ရှိကြသည်။

တစ်ဖန် ကွဲပြားနေသော အတ္တဝါဒုပါဒါန်နှင့် အသ္မိမာနကို “ဒီအတ္တဝါဒုပါဒါန်ဆိုတာက အသ္မိမာနတရားကြီးပဲကွ”ဟု အတူထား၍ ဦးဥက္ကဋ္ဌ ဆို၏၊ အမှန်ကား မူလပဏ္ဏာသ သမ္မာဒိဋ္ဌိသုတ် စသည်၌ အသ္မိမာနနှင့် အသ္မိဒိဋ္ဌိ နှစ်မျိုးရှိကြောင်း၊ အသ္မိဒိဋ္ဌိခေါ် ဒိဋ္ဌုပါဒါန်သည် သောတာပန်ဘဝ၌ပင် ကင်းပြတ်ပြီး ဖြစ်သော်လည်း အသ္မိမာနကား အနာဂါမ်ပုဂ္ဂိုလ်အထိ ရှိနေသေးကြောင်း လာသည်ကို သတိမပြုမိခြင်းကြောင့် ဆိုမိခြင်း ဖြစ်၏၊ ထင်ရှားစေအံ့။

“ယတော ခေါ။ ပဋိယာနုသယံ ပဋိဝိနောဒေတွာ အသ္မိတိ ဒိဋ္ဌိမာနာ နုသယံ သမူဟနိတွာ အဝိဇ္ဇံ ပဟာယ ဝိဇ္ဇံ ဥပ္ပါဒေတွာ ဒိဋ္ဌေဝ ဓမ္မေ ဒုက္ခ ဿန္တကရော ဟောတိ” (မ၊၁၊၅၀၀။)

အကြင်အခါ၌။ ပ။ ထိုရဟန်းသည် ပဋိဃာနုသယကို ပယ်ခွာ၍ ငါဟူ၍ ဖြစ်သော ဒိဋ္ဌိနှင့်တူသော မာနာနုသယကို နုတ်ပယ်၍ အဝိဇ္ဇာကို ပယ်၍ ဝိဇ္ဇာဉာဏ်ကို ဖြစ်စေ၍ မျက်မှောက်ဘဝ၌ ဒုက္ခ၏ အဆုံးကို ပြု၏၊

ဤပါဠိတော်၌ ဒိဋ္ဌိ မာနာနုသယံ ဟူသော စကားတွင် အသ္မိဒိဋ္ဌိနှင့် အသ္မိမာနနှစ်မျိုး ပါဝင်နိုင်သောကြောင့် ဤ၌ အရဟတ္တမဂ်,ဖိုလ်ကို ဆိုလိုရကား အသ္မိမာနကိုသာ ယူစေလိုသည်ဖြစ်၍ အဋ္ဌကထာဆရာက. . .အသ္မိတိ ဒိဋ္ဌိမာနနုသ ယန္တိ ဒိဋ္ဌိသဒိသံ မာနာနုသယန္တိ ဝုတ္တံ ဟောတိ. . .ဟု ယင်းအဋ္ဌကထာ ၂၀၉-၌ အမှာအထား မိန့်ကြားတော်မူသည်၊ အဓိပ္ပာယ်ကား အတ္တဝါဒုပါဒါန်ခေါ် ဒိဋ္ဌာနုသယကို သောတာပတ္တိမဂ်ဖြင့် ပယ်ပြီးဖြစ်၍ ဤအရဟတ္တမဂ်အရာတွင် မာနာနုသယကိုသာ ယူရမည်ဟု ဆိုလိုပေသည်။

ဤအနက်အဓိပ္ပာယ်ကို မသိ၍ဖြစ်စေ သိလျက်အမှန်ကို မျက်ကွယ်ပြုလို၍ဖြစ်စေ အတ္တဝါဒုပါဒါန်ကို “အရဟတ္တမဂ် အရိယာအဆင့်ရောက်မှ ပြုတ်တဲ့ တရားကြီးပဲ၊ အလွန်ခိုင်တဲ့ အစွဲကြီးပဲ”ဟူ၍ လည်းကောင်း “အားလုံးရဲ့ အစွဲဘုရင် ထိပ်ခေါင်တင်”ဟူ၍လည်းကောင်း ဦးဥက္ကဋ္ဌသည် တစ်တစ်ခွခွ မှားမှားယွင်းယွင်း ဆိုထားပေသည်။

တပည့်ကြီး သခင်မြတ်ဆိုင်က “အတ္တဝါဒုပါဒါန်က လွဲရင် ကျန်တဲ့ဥပါဒါန်တွေဟာ ပြုတ်အောင် ပြတ်အောင် ဖြစ်နိုင်ကြတယ်၊ ဒီလိုမဟုတ်လား ဆရာတော်”ဟု သူကိုယ်တိုင်က နားမလည်သည့်အတိုင်း မေးရာ “အေးလေ”ဟု ဆရာကလည်း ရော၍ လိုက်၏၊ ဤသို့လျှင် ဆရာတပည့် နှစ်ဦးသားတို့၏ အမှားဒေသနာသည် ဤသောဓနာအဖြေလွှာ၌ လာ၍ ထင်ဟပ်လျက် ရှိနေပေသည်။

ထို့ပြင် မလ္လိကာသုတ်ကို ကိုးကား၍ အတ္တဝါဒုပါဒါန်က ရှေ့ဆောင်ဥပါဒါန် ဖြစ်နေသည်ဟု ဆရာတော် အရှင်ဥက္ကဋ္ဌက မိန့်ဆိုပါသည် ဟူသော စကားနှင့် စပ်၍ စိစစ်ရာတွင် ဤသို့တွေ့ရ၏၊ မလ္လိကာမိဖုရားက “အရှင်မင်းမြတ်. . . အကျွန်ုပ်အဖို့ မိမိထက်ပို၍ ချစ်ရမည့်သူ တစ်စုံတစ်ယောက်မျှ မရှိပါ”ဟူ၍ ဖြေဆိုပြီးနောက် ကောသမင်းကြီးအား “အရှင်မင်းကြီးမှာကော မိမိထက် ပို၍ ချစ်ရမည့်သူ တစ်စုံတစ်ယောက် ရှိပါသလား”ဟု မေးရာ “မယှမ္ပိ ခေါ မလ္လိကေ နတ္ထညော ကောစိ အတ္တနာ ပိယတရော=အဘယ်မလ္လိကာ. . . ငါ့မှာလည်း မိမိထက်ပို၍ ချစ်ရမည့်သူ မရှိ”ဟု ပြန်ပြောပြီး ကောသလမင်းကြီးသည် ဤအကြောင်းကို မြတ်စွာဘုရားထံ သွားရောက်၍ လျှောက်ထားသောအခါ မြတ်စွာဘုရားက သဂါထာဝဂ္ဂသံယုတ် ပထမ မလ္လိကာသုတ် ၇၅-၌ အောက်ပါအတိုင်း ဟောတော်မူခဲ့သည်။

“မိမိထက်ပို၍ ချစ်ရမည့်သူကို အလုံးစုံသော အရပ်ရှစ်မျက်နှာတို့၌ စိတ်ဖြင့် (ဝါ-စေ့စေ့ စပ်စပ်) လှည့်လှည်၍ ရှာသော်လည်း မည်သည့်နေရာမှ မတွေ့နိုင်၊ ဤနည်းအတိုင်း အခြားသော သတ္တဝါတို့သည်လည်း မိမိကိုယ်ကို အသီးအသီး ချစ်မြတ်နိုးကြသည်သာ ဖြစ်၏၊ ထို့ကြောင့် ကိုယ်ကျိုးကိုယ်စီးပွားကို အလိုရှိသော သူသည် သူတစ်ပါးကို မညှဉ်းပန်း မနှိပ်စက်ရာ” (မညှဉ်းပန်း မနှိပ်စက်ပါလေနှင့်)။

သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသော၊ နေဝဇ္ဈဝါ ပိယတရမတ္တနာ ကွစိ။
ဧဝံ ပိယော ပုထု အတ္တာ ပရေသံ၊ တသ္မာ န ဟိံ သေ ပရမတ္တကာမေ။ (သံ၊၁။ ၇၅။)

၁၈။ ဤနေရာ၌ ပေဿနဒီကောသလမင်း, မလ္လိကာမိဖုရားတို့ ပြောသောစကား, ဘုရားရှင် ဟောတော်မူသော တရားစကားတော်တို့၌ မိမိ-မိမိဟူသော အသုံးအနှုန်းသည် “အတ္တ” ကို ဆိုလိုသော မိမိ မဟုတ်၊ အတ္တဝါဒနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိချေ။ အမှန်ကား သမုတိသစ္စာ (Conventional Truth) ဟု ခေါ်ဆိုကြသော လောကဝေါဟာရ အသုံးအနှုန်းသာ ဖြစ်၏၊ မိမိကိုယ်ကို ညွှန်ပြသော စကားသာ ဖြစ်ပေသည်။

သဗ္ဗညုဘုရားရှင်တို့သည် ကိုယ်တိုင် ထိုးထွင်းသိမြင်တော်မူထားသော တရားဓမ္မများကို ပြန်လည် ဟောကြားသောအခါ သမုတိသစ္စာဖြစ်သော လောကဝေါဟာရများကို အသုံးပြု၍ ဟောကြားရပေသည်၊ ယင်းသို့ ဟောကြားရာ၌ မိစ္ဆာဉာဏ်ရှိသူတို့အနေဖြင့် မိမိလိုရာ ဆွဲ၍ အနက်ကောက်မယူနိုင်ရန် ပရိယာယ် စကားလုံးများစွာ ကူ၍ ပေးခဲ့သည်၊ သို့ရာတွင် စုဏ္ဏိယစကားပြေ မဟုတ်ဘဲ ပါဠိဂါထာများ၌မူ ပရိယာယ်တူ ကူ၍ မပေးနိုင်ပေ၊ မိစ္ဆာဉာဏ်ရှိသူတို့သည် ဤအချက်ကို အကွက်ကောင်းယူ၍ ပါဠိဝေါဟာရ၏ အနက်ကို မိမိလိုရာ ဆွဲယူဖော်ပြလေသည်။ အထူးသဖြင့် အနတ္တဝါဒက နှိမ်ထားခြင်း ခံနေရသော အတ္တဝါဒီတို့သည် အမြွက်ထောင်ရန် အကွက်ချောင်းနေသည့်အားလျော်စွာ ဆင်တူယိုမှား လုပ်၍ရမည့် နေရာမျိုး၌ ဝင်ပူးကြလေသည်၊ အထက်ပါ ပါဠိဂါထာ၌ ပါရှိသော အတ္တနာ, အတ္တာ, အတ္တနောဟူသော ပါဠိဝေါဟာရများ၏ “မိမိကိုယ်”ဟူသော အနက်မှန်ကို ဖယ်ပြီး ငါ ငါ ငါ ဟူသော အတ္တအနက်ကို သွတ်သွင်းယူကြလေသည်။

၁၉။ မစ္စစ် ရိုက်ဒေးဗစ်နှင့် သူမ၏နေရာကို ဆက်ခံသော မစ္စစ် အိုင်ဘီဟော်နာတို့က ဤသို့သော လောကဝေါဟာရ သမုတိသစ္စာအသုံးကို အမြွက်ထောင်ကာ ဓမ္မစကြာနှင့် တစ်ဆက်တည်း ဟောထားသော အနတ္တလက္ခဏသုတ်တော်ကြီးကို မသိဟန်ဆောင်၍ ဗုဒ္ဓသည် အတ္တကို မပယ်၊ အနတ္တဝါဒဆိုသည်မှာ ဗုဒ္ဓ၏ တပည့်သားမြေးတို့က နောက်မှထွင်သော ဝါဒဟု ဆိုကြသည်၊ ယင်းသို့ အနောက်နိုင်ငံက နာမည်ကြီးသော ပါဠိပညာရှင်ကြီးများ၏ အမှားကို မြန်မာပြန် မန္တလေးမြို့ ဗုဒ္ဓဘာသာအသင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဆိုနီက ၁၉၅၃ ခုနှစ်၊ မေလထုတ် အလယ်လမ်းမဂ္ဂဇင်း (The Middle Way) နှာ (၄၀)၌ ဤသို့ ချေပရေးသားခဲ့လေသည်။

I have read with great concern the article by Miss I.B.Homer on the above subject in your Journal of November 1952. She seems to be entertaining the impression that "early Buddhism of the Vinaya and the Suttapitaka does not exactly Teach not-self". In support of this view she has marshalled a number of extracts from the scriptures, but without any convincing results. Commenting on these quotations she strangely adds that some of these passages "have been too much overlooked" and that these mentin "the logical opposite of Anatta".

I was certainly suprised to see that a Pāli scholar of the eminence as Miss Horner understood the passages in the way she did. My shock is, however tempeered by the feeling that perhaps she is following in the footsteps of illustrous Pali scholar, the late Mrs.Rhys Davids, who towards the end of her days began to suggest similar ideas.

I humbly and respectfully suggest that most of the passages quoted by Miss Horner would be clearer in the meaining if understood in terms of the conventional of the word "self".

Yours R.L Soni
Burma.

၁၉၅၂-ခုနှစ်၊ နိုဝင်ဘာလထုတ် မဂ္ဂဇင်းပါ မစ္စစ် အိုင် ဘီ ဟော်နာ ရေးသောဆောင်းပါးကို ဖတ်မိ၍ အတော် စိတ်မကောင်း ဖြစ်ခဲ့ပါသည်၊ ဝိနည်းပိဋကနှင့် သုတ္တန်ပိဋကပါဝင်သော ရှေးကျသော ဗုဒ္ဓဓမ္မသည် အနတ္တဝါဒကို တိကျစွာ မသင်ကြားဟူသော အမြင်ကို သူမ လက်ခံခဲ့ဟန် ရှိသည်။ မိမိ၏ အမြင်ကို ခိုင်မြဲစေရန် ပါဠိတော်များမှ ကောက်နုတ်ချက်များကို သူမထုတ်၍ ပြခဲ့လေသည်၊ သို့ရာတွင် သိသာသော အကျိုး တစ်စုံတစ်ရာမရှိ ဖြစ်ခဲ့လေသည်၊ သူမ၏ ကောက်နုတ်ချက်များကို ရှင်းလင်းရာ၌ ဤစာပိုဒ်များကို လူအများတို့က မျက်စိလျှံခဲ့သည်ဟူ၍ လည်းကောင်း၊ ဤစာပိုဒ်များက အနတ္တဝါဒကို ဆန့်ကျင်နေကြောင်း ဖော်ပြသည်ဟူ၍ လည်းကောင်း သူမက ထူးဆန်းစွာ ဆိုသည်၊ မစ္စစ်ဟောနာ ကဲ့သို့သော ထင်ရှားသည့် ပါဠိစကောလား တစ်ယောက်က ဤစာပိုဒ်များကို ဤနည်းအတိုင်း နားလည်ထားသည်ကို တွေ့ရ၍ အမှန်ပင် အံ့ဩမိပါသည်။ သို့ရာတွင် နာမည်ကျော် ပါဠိပညာရှင် ကွယ်လွန်သူ မစ္စစ်ရိုက်စ်ဒေးဗစ်သည် သူမကွယ်လွန်ခါနီးအခါ၌ အလားတူ အယူအဆများ ယူဆသွားခဲ့ရာ သူမ၏ ခြေရာကို မစ္စစ်ဟော်နာ လိုက်နေခြင်း ဖြစ်မည်ဟု တွေးမိ၍ စိတ်သက်သာရာ ရပါသည်။ မစ္စစ်ဟောနာ ကိုးကားထားသော (အတ္တဝေါဟာရ ပါသော) စာပိုဒ်အများမှာ လောကဝေါဟာရ အားလျော်စွာ “မိမိ”ဟူသော စကားလုံး၏ အနက်ကို နားလည်လိုက်ပါက အဓိပ္ပာယ် ရှင်းလင်းသွားမည်ဟု လေးစားစွာ အကြံပြုပါသည်။ သင်၏-အာရ် အယ်လ ဆိုနီ ဗမာပြည်။

၂၀။ ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တပည့်တို့သည် ငါ, ငါဟာ, ငါ့အိမ်, ငါ့ယာ, ငါနှင့်စပ်သောသူ စသော လောကဝေါဟာရ အသုံးအနှုန်း ဟူသမျှတို့ကို အတ္တဝါဒုပါဒါန် ဟု ထင်မှတ်၍ ယင်းကို လူသေလူဖြစ်ဝါဒ၏ အခြေခံပြုထားခြင်းသည်လည်း မှားယွင်းလှသည်။

သေဆုံးသူ လူတစ်ယောက်၏ ဥပါဒိန္နဓာတ်သည် လေထုတွင်းသို့ အခြားဓာတ်များနှင့် အရောအစပ် မရှိ သီးခြား လွင့်ပါးသွားပုံ, ထိုလွင့်သော ဓာတ်သည် မူလတူရာ ဓာတ်များနှင့် စပ်ရန် သတ္တဝါတို့၏ နှာခေါင်းအတွင်းသို့ ရှုလေနှင့်အတူ ပါသွားကြပုံ, ဓာတ်တူရာ လူ၌သာလျှင် ၎င်းတို့၏ သွေးနှင့် ရောစပ်ကာ သွေးမှ သုက်အဖြစ်သို့ ပြောင်း၍ လိုက်ပါသွားပုံကိုလည်း ဦးဥက္ကဋ္ဌက မည်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာမှာမှ အဆိုအလာ မရှိဘဲ မိမိထင်ရာမြင်ရာ အကြောင်းယုတ္တိပြု၍ ဆိုခဲ့သည်။

မဟာတဏှာသင်္ခယသုတ် ပဋိသန္ဓေနေခန်း၌ ဂန္ဓဗ္ဗဟူသော ပဋိသန္ဓေနေမည့် သတ္တဝါကိုလည်း ဂန္ဓဗ္ဗဓာတ်ဟု ရှာရှာဖွေဖွေ ထုတ်လုပ်တီထွင်ခဲ့သည်၊ ဤအဆို ဤယုတ္တိတို့ကား အတ္တဝါဒုပါဒါန်ဟူသော ကွင်းဆက်သည် ကျိုး, ဥပါဒိန္နဓာတ်ဟူသော ကွင်းဆက်လည်းပြတ်, ဂန္ဓဗ္ဗဓာတ်ဟူသော ကွင်းဆက်လည်း ပဲ့၍နေသဖြင့် လူသေလူဖြစ်တည်းဟူသော လိုအပ်သော အကျိုးကို ဆက်စပ်၍ မပေးနိုင်အောင် ရှိတော့၏၊ ထင်ရာ မြင်ရာ စပ်ဟပ်ဖာထေးထားသော ကွင်းဆက်များဖြစ်၍ လူသေလူဖြစ်ဝါဒအဖြစ်ဖြင့် ဆက်စပ်၍လည်း မရနိုင်ဘဲ ရှိလေတော့သည်။ (နောက်၌ အကျယ်ရှင်းဦးအံ့)

၂၁။ ဤတွင် သခင်မြတ်ဆိုင် ညွှန်ပြထားသော အကြောင်းယုတ္တိများအနက် လူနှင့် တိရစ္ဆာန်တို့သည် တစ်ဦးနှင့် တစ်ဦး အကြိုက်ချင်းလည်းမတူ, အသိချင်းလည်းမတူကြ၊ လူကပန်းကို လှမှန်း သိ၍ တိရစ္ဆာန်က စားဖွယ်ဟု ထင်သည် ဟူသော ယုတ္တိကို ပြ၏၊ ဤယုတ္တိသည် ခိုင်လုံခြင်း မရှိပေ၊ တိရစ္ဆာန်မှာလည်း အသိ ရှိသည်သာ ဖြစ်၏၊ သူတို့လည်း အလှအပ ကြိုက်သည်ပင်၊ တိရစ္ဆာန်တို့လည်း လူကဲ့သို့ပင် သာယာသောအသံကို ကြိုက်သည်၊ ပုလွေသံချိုချို တူရိယာသံ သာသာကို ကျွဲ, နွား, မြင်း, ကျေးငှက် အစရှိသော သတ္တဝါတို့သည် စိုက်၍ နားထောင်တတ်ကြသည်၊ လူသည် အချို, အဖန်, အငန်, အခါး ကြိုက်သလို သားကောင် ငှက်ကောင်တို့လည်း ကြိုက်သည်ပင်။

၂၂။ သခင်မြတ်ဆိုင်က သွေးသွင်းရာတွင် လူ-လူချင်းမှ သွေးသွင်း၍ ရသည်၊ တိရစ္ဆာန်သွေးကို သွင်းမရဟု ယုတ္တိတစ်ခု ပြ၏၊ ဤအကြောင်းပြချက်သည် လက်တွေ့ကျကျ မှားလေသည်၊ လူ-လူချင်းပင် ဖြစ်သော်လည်း တစ်မိပေါက်တည်းပင် သွေးချင်း တူပါသလော၊ သွေးအမျိုးအစား မတူလျှင် လူလူချင်းပင် သွေးသွင်း၍ မရပေ၊ တစ်ဖန်လည်း တိရစ္ဆာန်တို့၏ အသွေးအသားကို အမြဲမပြတ် စားသောက်မှီဝဲနေသော လူတို့၏ သွေးနှင့် မတည့်ခဲ့ပါလျှင် ထိုတိရစ္ဆာန်တို့၏ အသွေးအသားသည် အဆိပ်တောက်ဖြစ်လေရာ၏၊ ရောဂါ စွဲကပ်နေသော အချို့သူများသည် မျောက်သွေးနှင့် အရက်ကို သောက်ရမှ ရောဂါပျောက်၍ နာလံထူ၍ လာကြ၏၊ ကျန်းမာဝဖြိုး၍ လာကြ၏၊ ဤအချက်ကိုထောက်လျှင် လူ့သွေးနှင့် တိရစ္ဆာန်သွေးသည် ရောစပ်၍ မရလောက်အောင် မတည့်ဟု ဆိုနိုင်ဖွယ် မရှိကြောင်း သိသာလှပေသည်။

၂၃။ အိပ်မက် မက်ရာတွင် လူသည် လူ့အကြောင်းကိုသာ မက်သည်၊ တိရစ္ဆာန်အကြောင်းကို မမက်၊ နတ်ဗြဟ္မာအကြောင်းကို မမက်၊ ထို့ကြောင့် အောက်သို့လည်း မဆင်း၊ အထက်သို့လည်း မတက်ဟု ယုတ္တိပြပြန်၏၊ အိပ်မက်မက်ရာတွင်လည်း အကြောင်းအမျိုးမျိုးရှိရာ ဓာတ်ချောက်ချား၍ မက်ခြင်း, တစ်စုံတစ်ရာ ဖြစ်ပျက်ရန် နိမိတ်အဖြစ် အိပ်မက် မက်ခြင်း, တွေ့ကြုံခံစားဖူးသည်ကို စွဲ၍ မက်ခြင်း စသည်အကြောင်းများအနက် မိမိအတွေ့အကြုံကိုသာ အများအားဖြင့် မက်တတ်သည်မှာလည်း ဓမ္မတာလိုပင် ဖြစ်၏၊ သို့သော် တိရစ္ဆာန်အကြောင်း မမက်ဟု မည်သူ ဆိုနိုင်ပါသနည်း။

ထို့ကြောင့် ဤယုတ္တိလည်း ဖွဲစုပေါ်၌ တိုင်စိုက်ခြင်းကဲ့သို့ ခိုင်မြဲခြင်း မရှိ ဖြစ်ပေသည်၊ ဃောသကသူဌေးအလောင်းသည် ခွေးမကြီးအကြောင်းကို စဉ်းစားယင်း ကွယ်လွန်၍ ခွေးဖြစ်သွားကြောင်း၊ နွားသတ်သမား, ဝက်သတ်မားတို့သည် သေခါနီးသောအခါ နွားလိုအော် ဝက်လိုအော်သည်ကို ကြားသိနေကြ ရကြောင်း ဓမ္မပဒအဋ္ဌကထာ၌လာသည်၊ အိမ်၌ မွေးထားသော ခွေးကလေး ကြောင်ကလေး စသည်တို့ကို စိတ်မချနိုင်၍ အရပ်တပါး ခရီးသွားယင်း အိပ်မက်ထွေရာ မက်ကြသည်မှာလည်း မငြင်းသာသော အချက်ဖြစ်သည်။

၂၄။ အသံလွှင့်ရာတွင် မီတာချင်း တူမှ ဖမ်း၍ ရသည်ဟု ယုတ္တိတစ်ခု ဆို၏၊ သို့သော် ထိုယုတ္တိလည်း လူသေလူဖြစ်အတွက် ကျားကန်ပေးနိုင်ခြင်း မရှိပေ။၊ အဘိဓမ္မာ သဘောတရားအရ မဟာဘုတ် ဓာတ်ရုပ်တို့သည် ဘုတ်အဆက်ဆက်အားဖြင့် အရပ်ရပ်တွင် ပျံ့လွင့်နေရာ သတ္တဝါတစ်ဦးတစ်ယောက်သည် အာကာသဓာတ်, မနသိကာရ, သောတပသာဒ ဤသုံးမျိုးတို့တွင် တစ်မျိုးမျိုး ချို့တဲ့နေလျှင် ထိုဘုတ်အဆက်ဆက်မှလာသော အသံကို မကြားနိုင်ဟု ဆိုထားသည် မဟုတ်လော၊ အကြောင်းမစုံလင်လျှင် အနီးအနား၌ ကပ်လျက်ရှိသော အသံကိုပင် မကြားနိုင်၊ ဥပမာ-နားပင် ရှိသော်လည်း သောတပသာဒ အလွန်အားနည်းလျှင် မကြားနိုင်၊ အထူးပြုပြင်ထားသော ကိရိယာသော်လည်းကောင်း ဒိဗ္ဗသောတ အဘိညာဉ် စသော နာမ်ဓာတ် အထူးကိရိယာသော်လည်းကောင်း, မရှိခဲ့ပါလျှင် ဝေးကွာသော အရပ်မှ အသံ, သိမ်မွေ့သေးငယ်သော အသံများကို မကြားနိုင်ပေ။

ထိုနည်းအတိုင်း အဆင်း အရောင်အမျိုးမျိုး အနီးအနား၌ပင် ရှိသော်လည်း စက္ခုပသာဒ အလွန် အားနည်းနေလျှင် မမြင်နိုင်၊ အာရုံက အလွန် မှုန်မွှား သေးငယ်နေလျှင်လည်း စက္ခုပသာဒ အားကောင်းစေကာမူ မမြင်နိုင်၊ ထို့ကြောင့် သဘောစမှ ပိုမိုကဲလွန်သော အကူအညီဖြစ်သည့် မျက်မှန်မှ စ၍ မှန်ပြောင်းအထိ ရုပ်အကူအညီ ဒိဗ္ဗုစက္ခု စသော နာမ်အကူအညီ မပါလျှင် ထိုရူပါရုံကို ရှိပင် ရှိသော်လည်း မမြင်နိုင်သည်ကား လူတိုင်း လက်ခံထားသော သဘာဝဓမ္မပင် မဟုတ်လော၊ ထို့ကြောင့် ဤယုတ္တိလည်း မခိုင်လုံပေ။

၂၅။ ဤဆိုခဲ့ပြီးသော အကြောင်းအချက် သက်သေသာဓက မြောက်မြားစွာတို့ဖြင့် စိစစ်ချက်အရ ရုပ်ဝါဒကို အခြေခံ၍ ဟိုဟာပြင် သည်ဟာစွက်, ဖျက်လိုဖျက်, ဖြည့်လိုဖြည့်, အကြောင်းမတန် မခိုင်လုံသော ယုတ္တိတို့ကို ပြလိုပြ ဦးဥက္ကဋ္ဌ ဖန်တီးခဲ့သော လူသေလူဖြစ်ဝါဒဘက်က ရှေ့နေလိုက်သော သခင်မြတ်ဆိုင်၏ ချေပသောဓနာချက်သည် လောကီလောကုတ္တရာ နိယာမ ဓမ္မနှင့် မညီညွတ်သည်ဖြစ်၍ တရားမဝင်သည့်အပြင် အဓမ္မ လျှောက်လဲချက်များသာ ဖြစ်ကြောင်း အမှတ်(၂) သီးခြားဝိနည်းဓိုရ်ဆရာတော်များ စိစစ်သုံးသပ်၍ ဆုံးဖြတ်တော်မူကြသည်။

သံယောဂသုတ်နှင့် လူသေလူဖြစ်

၂၆။ စောဒကဆရာတော်များက သမ္မာဒိဋ္ဌိသုတသနအဖွဲ့ချုပ်၏ သစ္စာဓမ္မစာစောင် အတွဲ၁၊အမှတ် (၁)၌ တောင်တွင်းကြီး ဦးဥက္ကဋ္ဌက ဥပါဒါန် မပြတ်သေးတဲ့လူ သေလျှင် လူပဲဖြစ်မယ်လို့ သံယောဂသုတ်၌ ဘုရားဟောကြောင်း ဖော်ပြထားချက်သည် အမှန်တကယ် ရှိနေသော ဘုရားဟောပါဠိတော် သံယောဂသုတ်နှင့်လည်းကောင်း အခြား ဘုရားတရားတော်များနှင့်လည်းကောင်း ဆန့်ကျင်လျက်ရှိကြောင်း စောဒနာတင်ခဲ့ကြ၏၊ ယင်း စောဒနာကို စုဒိတက သခင်မြတ်ဆိုင်က ပြန်လည်ချေပရာတွင် ဦးဥက္ကဋ္ဌ၏ အာဘော်အတိုင်းပင် ယောကျ်ား မိန်းမတို့သည် ဥပါဒါန်ကြောင့် သေသောအခါ မူလ လူ့ဘဝ၌ပင် ပြန်ဖြစ်ကြောင်း ချေပ လျှောက်ထားခဲ့ပေသည်။

လူသေ လူဖြစ် မဖြစ်(ဝါ) လူသေလျှင် လူသာဖြစ် မဖြစ်ဟူသော အချက်နှင့် ပတ်သက်၍ စောဒက စုဒိတကနှစ်ဘက် လု၍ ပြောနေကြသော အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် သံယောဂသုတ်ကို ကြည့်ရာတွင် ဤသို့တွေ့ရပေသည်။

ဣတ္ထိ ဘိက္ခဝေ အဇ္ဈတ္တံ ဣတိန္ဒြိယံ မနသိကရောတိ ဣတ္ထိကုတ္တံ ဣတ္ထာကပ္ပံ။ ပ။ ဧဝံ ခေါ ဘိက္ခဝေ ဣတ္ထိ ဣတ္ထတ္တံ နာတိဝတ္တတိ၊ (အံ၊၂၊၄၄၀။) (အံ-သတ္တကနိပါတ် သံယောဂသုတ်)

မြန်မာပြန်

ရဟန်းတို့. . .အမသတ္တဝါသည် မိမိသန္တာန်၌ ဖြစ်သော အမသတ္တဝါတို့၏ ဣန္ဒြေ, အပြုအမူ။ ပ။ အသွင်အပြင်, အမသတ္တဝါတို့၏ မာန်, အလို, အသံ, အဆင်တန်ဆာကို နှလုံးသွင်း၏၊ သူမသည် ထိုခုနှစ်မျိုးတို့၌ တပ်မက်၏၊ အလွန်မွေ့လျော်၏၊ ထိုသူမသည် ထိုခုနှစ်မျိုးတို့၌ တပ်မက်သည် ဖြစ်၍ မွေ့လျော်သည် ဖြစ်၍ ထိုသူမသည် အပြင်ပ၌ ဖိုသတ္တဝါ၏ ဣန္ဒြေ။ ပ။ အဆင်တန်ဆာကို နှလုံးသွင်း၏၊ ထိုခုနှစ်မျိုးသော ဖိုသတ္တဝါ၏ ဣန္ဒြေစသည်တို့၌ တပ်မက်၏၊ အလွန်မွေ့လျော်၏၊ ထိုသူမသည် ထိုခုနှစ်မျိုးသော ပုရိသိန္ဒြေ စသည်တို့၌ တပ်မက်သည်ဖြစ်၍ အလွန် မွေ့လျော်သည်ဖြစ်၍ အပြင်အပ၌ ပေါင်းဖော်ယှဉ်တွဲခြင်းကို အလိုရှိ၏၊ ပေါင်းဖော် ယှဉ်တွဲခြင်းဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော သုခဝေဒနာ သောမနဿဝေဒနာတို့ကိုလည်း အလိုရှိ၏၊

ရဟန်းတို့. . . အမသတ္တဝါ၏ အဖြစ်၌ အလွန် မွေ့လျော်သော သတ္တဝါသည် အဖိုသတ္တဝါတို့၌ ပေါင်းဖော်ယှဉ်တွဲခြင်းသို့ ရောက်၏၊ ရဟန်းတို့ ဤသို့လျှင် အမသတ္တဝါသည် အမသတ္တဝါ၏ အဖြစ်ကို မလွန်မြောက်နိုင်။

ဖိုသတ္တဝါအတွက်လည်း ဤအတူပင် ဟောတော်မူပါသည်၊ ထို့ပြင် အမသတ္တဝါသည် အမသတ္တဝါအဆင့်မှ လွန်မြောက်၍ အဖိုဖြစ်လာပုံ အဖိုသတ္တဝါသည် အဖိုသတ္တဝါအဖြစ်မှ လွန်မြောက်၍ အမ ဖြစ်လာပုံကိုလည်း ပြောင်းပြန်အားဖြင့် ဟောကြားတော်မူပါသည်။

ဤသုတ်၌ သက္ကာယဒိဋ္ဌိနှင့် ဘဝတဏှာကို အခြေခံပြီး အဖိုအမ ဖြစ်တတ်ပုံ အကြမ်းစားကို ဒေသနာအစဉ် ရောက်သည်အားလျော်စွာ ဟောတော်မူခြင်း ဖြစ်သည်။

၂၇။ ဤသံယောဂသုတ်ကို အကျဉ်းချုပ်သော် ဤသို့ ရပေ၏၊

(၁) မိန်းမသည် မိမိဘဝကို သာယာ၏၊ မိမိဘဝကို သာယာယင်း ယောက်ျားတို့၏ သွင်ပြင်ဟန်ပန်ကို သဘောကျ၏၊ ယောက်ျားနှင့် တွဲယှဉ်ခြင်းကို မျှော်လင့်တောင့်တ၏၊ တွဲယှဉ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကြည်နူးမှုကို မျှော်လင့်တောင့်တ၏၊ မျှော်လင့်တောင့်တသည့်အတိုင်း တွဲယှဉ်ခြင်းသို့ ရောက်၏၊ ဤသို့ပြုလျှင် မိန်းမသည် မိန်းမဘဝကို မလွန်မြောက်နိုင်။

(၂) ယောကျ်ားသည် မိမိဘဝကို သာယာ၏၊ မိမိဘဝကို သာယာယင်း မိန်းမတို့၏ သွင်ပြင်ဟန်ပန်ကို သဘောကျ၏၊ မိန်းမနှင့် တွဲယှဉ်ခြင်းကို မျှော်လင့် တောင့်တ၏၊ တွဲယှဉ်မှုကြောင့် ဖြစ်ပေါ်လာမည့် ကြည်နူးမှုကို မျှော်လင့် တောင့်တ၏၊ မျှော်လင့်တောင့်တသည့်အတိုင်း တွဲယှဉ်ခြင်းသို့ ရောက်၏၊ ဤသို့ပြုလျှင် ဤယောကျ်ားသည် ယောကျ်ားဘဝကို မလွန်မြောက်နိုင်။

(၃) အထက်ပါ အချက်နှစ်ရပ်ကို ပြောင်းပြန် လှန်သောအားဖြင့် မိမိ မိန်းမဘဝကို မသာယာ၊ မိန်းမအသွင်အပြင်ကို သဘောမကျ၊ ဖိုနှင့်တွဲရန် မမျှော်လင့်၊ ယှဉ်တွဲကြည်နူးမှုကို မလိုလား၊ ဖိုနှင့် မယှဉ်တွဲသော မိန်းမသည် မိန်းမဘဝကို လွတ်မြောက်နိုင်သည်။

(၄) ထိုနည်းအတူ ယောကျ်ားဘဝကို မသာယာသူ, ယောကျ်ားသွင်ပြင်ကို သဘောမကျသူ, မနှင့်တွဲရန် မမျှော်လင့်သူ, ယှဉ်တွဲ ကြည်နူးမှုကို မမျှော်လင့်သူ, မနှင့် မယှဉ်တွဲသူ ယောကျ်ားသည် ယောကျ်ားဘဝကို လွန်မြောက်နိုင်သည်။

အထက်ပါ အချက်လေးချက်ကို ဤသံယောဂသုတ်က ဖော်ပြပေသည်။ ဤသံယောဂသုတ်၏ အဆိုအမိန့်သည် သက္ကာယဒိဋ္ဌိနှင့် ဘဝတဏှာအရ ဖိုမဖြစ်တတ်ပုံကို ယေဘုယျနည်းအားဖြင့် ဟောကြားသောသုတ် ဖြစ်ပေသည်၊ သတ္တဝါတို့၏ စိတ်ဆန္ဒအလိုက် ဖို မ ဖြစ်တတ်ပုံကိုသာ ဖော်ပြ၏၊ ယောကျ်ားသေ ယောက်ျားဖြစ် မိန်းမသေ မိန်းမဖြစ်ဟု မူသေ မရှိကြောင်းလည်း ဤသုတ်ကပင် ဖော်ပြ၏၊ ထိုနှင့် တစ်ဆက်တည်းပင် လူသေလျှင် လူဖြစ်ရမည်ဟူသော သတ်မှတ်ချက်မျိုး (ဝါ) သဿတဒိဋ္ဌိအယူမျိုးကိုလည်း ဤသုတ်က လုံးဝ မပြချေ။

ထို့ပြင် ဤသံယောဂသုတ်လာ အတိဝတ္တတိ လွန်မြောက်၏ ဟူသော စကားကို “အတိဝတ္တတီတိ အနဘိရတာတိ ဧဝံ ဝုတ္တာယ ဗလဝဝိပဿနာယ အရိယမဂ္ဂံ ပတွာ အတိဝတ္တဝိ”ဟု အဋ္ဌကထာဆရာတော် အနက်ဖွင့်ထား၏၊ မြန်မာလိုသော်ကား “လွန်မြောက်၏”ဟု ဆိုရာတွင် ရှေ့နားက “မမွေ့မလျော်”ဟူသော စကားနှင့်အညီ ခွန်အားရှိသော ဝိပဿနာဉာဏ်အမြင်ဖြင့် အရိယမဂ်ကို ရရောက်ခြင်းအားဖြင့် လွန်မြောက်ခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။

ယောကျ်ားဘဝ၌ မပျော်သောယောက်ျားသည် ယောက်ျားဘဝကို လွန်သည်၊ မိန်းမဘဝကို မတွယ်တာသော မိန်းမသည် မိန်းမဘဝကို လွန်သည်ဆိုရာ၌ လွန်ပုံလွန်နည်းကား အရေးကြီး၏၊ ယောကျ်ားဘဝကို မတွယ်တာ မစွဲလမ်းသူအနေဖြင့် ယောကျ်ားဘဝကို လွန်၏ ဆိုသည်ကား မိန်းမဖြစ်သွားသည်ဟု ဆိုလိုသည် မဟုတ်ပေ၊ သို့ဖြစ်လျှင် မည်သို့ လွန်သနည်း၊ အဓိပ္ပာယ်အတွင်းငုပ်နေ၏၊ ထို့ကြောင့် အဋ္ဌကထာဆရာမြတ်က လွန်သည်ဆိုသည်မှာ အရိယာမဂ်ကို ရသွားခြင်း ဖြစ်သည်ဟု အနက်မှန်ကို ဝင်ပြီး ဖော်ပေးခြင်း ဖြစ်ပေသည်။

စင်စစ် ဤသံယောဂသုတ်သည် သံသရာဝဋ်အတွင်း၌ လည်တတ်ပုံနှင့် သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ပုံကို ဖော်ပြသော သုတ်ပေတည်း၊ ဦးဥက္ကဋ္ဌတို့လူစု ဆိုလိုသကဲ့သို့ လူသေလူဖြစ် သဿတဒိဋ္ဌိအယူကို ဖော်ပြသောသုတ် မဟုတ်ချေ။ ဦးဥက္ကဋ္ဌတို့သည် မိမိတို့ လူသေလူဖြစ်အတွက် ပါဠိတော်များကို အသုံးချရန် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုပင် သဿတဒိဋ္ဌိအယူရှိသူ မိစ္ဆာဒိဋ္ဌိကြီးတစ်ဦး ဖြစ်အောင် စွပ်စွဲစော်ကားကြလေပြီ၊ သံသရာဝန်ကား လေးစွ။

၂၈။ ထို့ပြင် ဘုရားဟောပါဠိတော်ဟူသည် ဤသံယောဂသုတ် တစ်သုတ်တည်းသာ ရှိသည် မဟုတ်ပေ၊ အခြားသော ထောက်ထားဖွယ်ရာ သုတ်ပါဠိတော်များ ဝိနည်းတရားတော်များ အဘိဓမ္မာတရားများလည်း များစွာ ရှိပေသည်၊ ထိုထို ပါဠိတော် အဆိုအမိန့်များနှင့် ညှိနှိုင်းချိန်ဆတတ်ရန် လိုပေသည်၊ လူသေပြီးနောက် နတ်ဖြစ်ပုံ, လူသေပြီးနောက် ငရဲကျပုံ, လူသေပြီးနောက် ခွေးဖြစ်ပုံ, လူသေပြီးနောက် ပြိတ္တာဖြစ်ပုံ, လူသေပြီးနောက် အသူရကာယ်ဖြစ်ပုံ, လူသေပြီးနောက် နိဗ္ဗာန်ဝင်စံပုံ စသည်ဖြင့် ဟောကြားသော သုတ်ပေါင်းများစွာ ရှိလေသည်။

မဟာဝဂ္ဂပါဠိတော် ဇနဝသဘသုတ်၌ လူသေပြီးနောက် နတ်ဖြစ်ပုံကို ဤသို့ ဖော်ပြထား၏၊ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို ရှေးဦးစွာ အမ္ဗလဋ္ဌိဝနဥယျာဉ်၌ နာကြားရသည့် အချိန်မှ စ၍ သောတာပန်အရိယာဖြစ်ခဲ့သည်၊ မင်းကြီးသည် လူ့ဘဝမှ စုတေသောအခါ မိမိ အကြိမ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော စာတုမဟာရာဇ်နတ်ဘုံ၌ တွယ်တာမှုကြောင့် ထိုဘုံ၌ နတ်သား သွား၍ ဖြစ်လေသည်၊ ဇနဝသဘ နတ်သားဟု အမည်တွင်၏၊

နတ်သားသည် မြတ်စွာဘုရားထံမှောက် ရောက်သောအခါ ဤသို့ လျှောက်ထားလေသည်၊ ရှင်တော်မြတ်ဘုရား. . .ဘုရားတပည့်တော်သည် ရှေးအခါက တပည့်တော် နေခဲ့ဖူးသော ဘုံ၌ ဤနတ်ဘဝမှ လူ့ဘဝကို ခုနှစ်ကြိမ်၊ ထိုလူ့ဘဝမှ ဤနတ်ဘဝသို့ ခုနှစ်ကြိမ်၊ ပေါင်း ၁၄-ကြိမ်တိုင်တိုင် (နတ်အဖြစ်၊ လူအဖြစ်) ဖြစ်ခဲ့ရသည်ကို မှတ်မိပါသည်ဘုရား-ဟု လျှောက်ထားလေသည် (ဒီ၊၃၊၁၆၇။) (ဒီဃနိကာယ် မဟာဝဂ် ဇနဝသဘသုတ်)

အကယ်၍ လူ့ဘုံ လူ့ဘဝ လူမင်းစည်းစိမ်ကို တွယ်တာ၍ ဥပါဒါန်အစွဲအလမ်းကြောင့် ဖြစ်စတမ်းဆိုလျှင် ဗိမ္ဗိသာရမင်းသည် သေပြီးနောက် လူသာ ပြန်၍ ဖြစ်ရန်ရှိသည်၊ ယခုမူကား စာတုမဟာရာဇ်ဘုံ၌ ဇနဝသဘနတ်သားဟူ၍ အထင်အရှားဖြစ်လေသည်၊ ဤအချက်ကို ထောက်ရှုခြင်းဖြင့် သံယောဂသုတ်၌ ဟောကြားချက်သည် မုချဒေသနာ မဟုတ်၊ ဖြစ်တတ်သော သဘောမျှကိုသာ ယေဘုယျအားဖြင့် ဟောခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

၂၉။ လူမိန်းမဘဝမှ နတ်သား သွားဖြစ်သော သာဓကတစ်ခုကိုလည်း မဟာဝဂ္ဂပါဠိတော် သက္ကပဥှသုတ်၌ ဤသို့ ဖော်ပြထား၏၊ မြတ်စွာဘုရားလက်ထက်တော်အခါက ကပိလဝတ်မြို့၌ ဂေါပိကာမည်သော သကျသာကီဝင် အမျိုးသမီးတစ်ယောက် ရှိ၏၊ သူမသည် ရတနာသုံးပါး၌ ကြည်ညို၍ အကျင့်သီလနှင့် ပြည့်စုံသူ ဖြစ်၏၊ မိန်းမဘဝကို ရွံရှာစက်ဆုပ်၍ ယောကျ်ားဖြစ်ရာဖြစ်ကြောင်း တရားများကို ပွားများအားထုတ်၏၊ ထို့ကြောင့် သူမ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဂေါယကနတ်သားဟူသော အမည်ဖြင့် အထင်အရှား ဖြစ်လေသည်။

ဂေါပကနတ်သားက သူ၏ အတိတ် လူ့ဘဝအကြောင်းကို ဤသို့ ပြန်ပြောခဲ့၏၊ အကျွန်ုပ်သည် ထိုစဉ်အခါက မိန်းမသားဖြစ်လျက် ရတနာသုံးပါး၌ ကြည်ညို၍ သီလဖြည့်ကျင့်ပြီးလျှင် မိန်းမဘဝကို စက်ဆုပ်၍ ယောကျ်ားဘဝကို တောင့်တခဲ့သောကြောင့် သိကြားမင်း၏ သားအဖြစ်သို့ ရောက်ခဲ့ရပါသည်။ (ဒီ၊၂၊၂၁၆။)

အထက်ပါ ဂေါပိကာအမျိုးသမီး အကြောင်းအရာကို ထောက်၍ မိန်းမသေ မိန်းမဖြစ်ဟူ၍ အမြဲမရှိနိုင်ကြောင်း၊ လူသေလူဖြစ်ဟူ၍လည်း “မူ” မရှိကြောင်း သိသာထင်ရှားလေသည်၊ သံယောဂသုတ်သည်ကား ကိုင်းညွှတ်မှု အထူးရှိသူ အနည်းစုအတွက် ဖြစ်တတ်သော အခြေအနေမျှကိုသာ ဖော်ပြခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။

၃၀။ ထိုမှတစ်ပါး လူသေပြီးနောက် ငရဲကျရောက်ရပုံသည်လည်း မြတ်စွာဘုရားပါဠိတော်တို့၌ များစွာ ပါရှိ၏၊ အထင်ရှားဆုံး သာဓကမှာ ဒေဝဒတ်ပင် ဖြစ်၏၊ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုပြီး သံဃာသင်းခွဲသော ပဉ္စနန္တရိယကံကြောင့် သေပြီးသည့်နောက် အဝီစိငရဲသို့ ကျရောက်ရကြောင်း အခိုင်အမာ ဟောကြားထားချက် ရှိချေသည်၊ ဒေဝဒတ်သည် ယောက်ျားဖြစ်၍ လူယောကျ်ားပြန်ဖြစ်ဖို့ ဝေးစွ၊ အဝီစိငရဲသားတစ်ဦး သွား၍ ဖြစ်ရလေသည်၊ ဤသာဓကသည်လည်း သံယောဂသုတ်သည် ဦးဥက္ကဋ္ဌတို့ ဆိုလိုသကဲ့သို့ လူသေလူဖြစ် သာဓက မဟုတ်ကြောင်း သိနိုင်သည်။

၃၁။ ထို့ပြင် လူသေပြီး တိရစ္ဆာန် ဖြစ်ရပုံတို့သည် ပါဠိအဋ္ဌကထာတို့၌ အထင်အရှားပါရှိ၏၊ သီလက္ခန်ပါဠိတော် သုဘသုတ် အဖွင့်၌ သုဘဒါယကာ၏ ဖခင် တောဒေယျ ပုဏ္ဏားသည် သူ့သားအိမ်၌ ခွေး ပြန်ဖြစ်ကြောင်း အတိအလင်း ပါရှိသည်။ တောဒေယျပုဏ္ဏားသည် ဥစ္စာရမ္မက်ကြီး၍ ပစ္စည်းနှမြော၏၊ ဘုရားရှင်နှင့် အရိယာသံဃာများအား လှူဒါန်းလေ့ မရှိ၊ သေသောအခါ သားအိမ်၌ ခွေးကြီးဖြစ်နေပြီး ဘုရားရှင်ကို တွေ့မြင်သောအခါ ဝုတ်ဝုတ်ဟု ဟောင်၏၊ ထိုအခါ မြတ်စွာဘုရားက “တောဒေယျ. . . သင်သည် ယခင် လူဘဝတုန်းကလည်း ပစ္စည်းရမ္မက် လောဘတက်၍ သူတော်ကောင်းတို့ကို မပေးမလှူခဲ့၊ ယခုလည်း ငါဘုရားကို အဘယ်ကြောင့် ဟောင်ရဘိသနည်း”ဟု မိန့်ကြားလိုက်သောအခါ တောဒေယျမှ ဖြစ်လာသော ခွေးသည် စိတ်မချမ်းသာလှ၍ ပြာပုံ၌ ဝပ်၏၊

သုဘဒါယကာ သိ၍ သူ့ဖခင်အား ခွေး ဖြစ်နေသည်ဟု ပြောရပါမည်လားဟု မကျေမနပ်ဖြစ်ကာ မြတ်စွာဘုရားအား လျှောက်၏၊ ထိုအခါ မြတ်စွာဘုရားက ဤ ခွေး တိရစ္ဆာန်သည် သင့်ဖခင် လူဘဝ တောဒေယျမှ ဖြစ်လာပုံ၊ မှန်ကန်ကြောင်း လက်တွေ့သိလိုလျှင် မြှုပ်ထားသော ပစ္စည်းတို့ကို ဤခွေးအား အပြခိုင်းလော့ဟု မိန့်ကြား၏၊ ခွေးက သူ လူ့ဘဝတုန်းက လျှို့ဝှက်စွာ မြေ၌ မြှုပ်ထားသော ပစ္စည်းဥစ္စာတို့ကို သူ့သားအား ပြပေးသဖြင့် သုဘဒါယကာသည် ပစ္စည်းဥစ္စာ များစွာရမှ မြတ်စွာဘုရား မိန့်တော်မူသည့်အတိုင်း ဤခွေးကြီးသည် သူ့ဖခင် လူမှ ဖြစ်လာသော တိရစ္ဆာန်ပါတကားဟု လုံးဝ ယုံကြည်လက်ခံလေသည်။ (ဒီ၊ဋ္ဌ၊၁၊၃၁၇။)

ဤသို့သော ဖြစ်ရပ်နှင့် သာဓကတို့ကို ဘုရားဟောကျမ်းဂန်များ၌ အထင်အရှားတွေ့ရသောကြောင့် လူသေလူဖြစ်ကို ငါသာ ဟောတာ မဟုတ်၊ ဘုရားကပါ ဟောပါတယ်ဟု ဘုရားရှင်အား ဆွဲထည့်၍ မရနိုင်ကြောင်း ထင်ရှားပေသည်။

၃၂။ တစ်ဖန် လူသေပြီး ပြိတ္တာ ဖြစ်သော သူတို့ကား အနန္တပင်၊ ဝိနည်းပါဠိတော်တို့၌ လူသေပြီးနောက်ဖြစ်သော ပြိတ္တာတို့ကို မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်များစွာ ဖော်ပြပါရှိ၏၊ ရာဇြုဂိဟ်ပြည် ဝိဇ္ဈကုဋ်တောင်၌ အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်ကြီး သီတင်းသုံးစဉ် အရိုးစုပြိတ္တာကြီးကို (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၍ မြတ်စွာဘုရားထံ လျှောက်ထားရာ ငါဘုရားလည်း ထိုပြိတ္တာကြီးကို မြင်ခဲ့၏၊ ထုတ်ပြောသော် မယုံကြပါက အပြစ်ဖြစ်မည်စိုး၍ မပြောခဲ့ပေ၊ အမှန်စင်စစ် ထိုပြိတ္တာသည် ရာဇြုဂိဟ်မြို့တွင်းမှ နွားသတ်သမား တစ်ယောက်သေပြီး ဖြစ်နေသော ပြိတ္တာတည်းဟု မိန့်ကြားတော်မူလေသည်။ (ဝိ၊၁၊၁၄၄။)

ဤစကားသည် ပါရာဇိကဏ်ပါဠိတော် စတုတ္ထပါရာဇိက ဝိနီတဝတ္ထုပိုင်း၌ ဗုဒ္ဓမြတ်စွာဘုရား၏ ဟောကြားချက်ပင် ဖြစ်၏၊ ထိုနွားသတ်ယောကျ်ားသည် သူ၏ ယောကျ်ားဘဝကို ဥပါဒါန်မည်မျှ ကပ်သည် ဖြစ်စေ သူပြုသော အကုသိုလ်ကံက ကြီးလွန်းနေသဖြင့် သူသေပြီးနောက် လူဖြစ်ခွင့် မပေးဘဲ ပြိတ္တာကြီးဖြစ်လျက် ရှိပေသည်။

၃၃။ လူသေပြီး အသုရကာယ်ဖြစ်သော သာဓကလည်း ရှိပေ၏၊ သုတ်ပါထေယျပါဠိတော် ပါထိကသုတ်၌ ဤသို့ ပါရှိ၏၊ မြတ်စွာဘုရားနောက်က သပိတ်ထမ်းလိုက်သော သုနက္ခတ္တသည် စိတ်ဖောက်ပြန်ပြီး ဝတ်လစ်စလစ်နေ၍ ခွေးကဲ့သို့ လေးဘက်တွား သွားသော ကောရခတ္တိယကို ကြည်ညိုသွား၏၊ မြတ်စွာဘုရားကသိ၍ ကောရခတ္တိယတကတ္ကတွန်းကို သင်မကြည်ညိုနှင့်ဟု သုနက္ခတ္တအား တားမြစ်၏၊ မရပေ၊ ထို့ကြောင့် သင် ကြည်ညိုသော ကောရခတ္တိယသည် ယနေ့မှ ခုနှစ်ရက်မြောက်သောနေ့၌ စားပိုးနင့်၍ သေလိမ့်မည်၊ သေပြီးနောက် အယုတ်ညံ့ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာ ဖြစ်လိမ့်မည်၊ သူ့အလောင်းကို ပြိတ်မြက်တောရှိသော သင်္ချီုင်း၌ စွန့်ပစ်ကြလိမ့်မည်၊ သုနက္ခတ္တ. . . အကယ်၍ သင် မကျေနပ်သေးလျှင် အလောင်းကောင်ကို လက်ဖြင့်ပုတ်ပြီး ငါ့ရှင် ကောရခတ္တိယ. . .သင့် လားရာဘဝကို သိသလောဟု မေးလျှင် ကာလကဉ္စိကအသုရာ ဖြစ်နေကြောင်း ပြောလိမ့်မည်ဟု မြတ်စွာဘုရားက ဂနသေချာစွာ မိန့်တော်မူလိုက်၏၊ မြတ်စွာဘုရား မိန့်ကြားသည့်အတိုင်းပင် အားလုံး ဖြစ်လေသည်။ (ဒီ၊၃၊၄။)

ဤဘုရားလက်ထက်တော်ကြီးက ဖြစ်ခဲ့သော တစ်ကယ့်ဖြစ်ရပ်မှန် မှုခင်းကိစ္စကို လေ့လာကြည့်လျှင် လူသေပြီးနောက် လူပြန်ဖြစ်ရုံမျှမက အပါယ်လေးပါး အဝင်အပါ အသုရာ ဖြစ်ကြောင်း အထင်အရှား သိရပေသည်။

ဤသို့ လူသေပြီးနောက် နတ်, ငရဲ, တိရစ္ဆာန်, ပြိတ္တာ ဖြစ်သည့်ပြင် ကုသိုလ်ကံအလိုက် လူလည်း ပြန်ဖြစ်သူ ရှိ၏၊ ဤသည်ကား ဂတိငါးပါး လားရာငါးထွေ ဟူသော ဗုဒ္ဓဝါဒအတိုင်း ဖြစ်မှုပေတည်း။

ထို့ပြင် လူသေပြီးနောက် ဂတိ ၅-ပါး မလားဘဲ ဘဝဇာတ် ချုပ်ငြိမ်းတော်မူကြသော သက်သေသာဓကတို့သည် ဘုရားဟောပါဠိတော်တို့၌ များစွာ ပါရှိ၏၊ စိတ်ဝင်စားဖွယ်တစ်ရပ်ကို ပြဆိုရသော် ဘုရားရှင်လက်ထက်တော်ကြီးက ဂေါဓိက အမည်ရှိသော ရဟန်းတစ်ပါးသည် တရားကို ကြိုးစား အားထုတ်တော်မူစဉ် ခြောက်ကြိမ်တိုင်တိုင် စျာန်လျှောရရှာ၏၊ ထို့ကြောင့် ခုနှစ်ကြိမ်မြောက် စျာန်ပြန်ရသောအခါ လည်ပင်းကို သင်တုန်းဓားဖြင့် လှီးရန် ညောင်စောင်းငယ်ပေါ်၌ လှဲလိုက်၏၊

ထိုခဏလေးတွင် မာရ်နတ်က သိပြီး ဤရဟန်းသည် မိမိကိုယ်မိမိ သေကြောင်းကြံပြီး ထိုဝေဒနာကို ဝိပဿနာတင်လိုက်ပါက ရဟန္တာ ဖြစ်သွားလိမ့်မည်၊ ရဟန္တာ မဖြစ်အောင် ငါတားမှပဲဟု ကြံပြီး ချက်ချင်း မြတ်စွာဘုရားထံ ဝင်၍ ဂေါဓိကရဟန်း သူ့ကိုယ်သူ သတ်သေတော့မည်၊ တားမြစ်တော်မူပါ ဘုရားဟု လျှောက်လေ၏၊ ထိုခဏမှာပင် မထေရ်သည် မိမိလည်ပင်းကို ဓားဖြင့် လှီး၍ ထိုဝေဒနာကို ဝိပဿနာရှုကာ မသေခင်ကလေး အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရပြီး ပရိနိဗ္ဗာန်စံတော်မူသည်။

မာရ်နတ်သည် ဂေါဓိကမထရ် သေပြီး ဘယ်ဘဝသွား၍ ဖြစ်သလဲဟု သူ၏ နတ်မျက်စိဖြင့် ရှာဖွေရာ ဘယ်ဘဝမှာမှ ရှာမတွေ့၍ ဂေါဓိကမထေရ် ရုပ်အလောင်းကို ဩုင်္ဂီလ်ရန် ရောက်လာသည့် မြတ်စွာဘုရားအား မေးလျှောက်၏၊ မြတ်စွာဘုရားက မာရ်နတ်. . .သင်လိုပုဂ္ဂိုလ်သည် ပရိနိဗ္ဗာန်စံသော ရဟန္တာ၏ ဝိညာဏ်ကို မမြင်နိုင်ဟု မိန့်ကြားတော်မူခဲ့လေသည်။

ဤဖြစ်ရပ်ကို ထောက်ရှုပါကလည်း လူသေပြီးနောက် လူပြန်ဖြစ်၍လည်း မဖြစ်၊ မည့်သည့်ဘုံဘဝ၌မျှ မဖြစ်တော့ဘဲ ပရိနိဗ္ဗာန် စံယူတော်မူသော အရိယာရဟန္တာ ပုဂ္ဂိုလ်မြတ်များလည်း ရှိကြောင်း သိရပေသည်။

၃၅။ ဤသို့လျှင် သံယောဂသုတ်တော်၏ အဓိပ္ပာယ်မှန်ကို ချေချေငံငံ တတ်သိနားလည်သူတို့သည် လည်းကောင်း၊ ဤကဲ့သို့ ပါဠိအဋ္ဌကထာတို့ကို မွှေနှောက်ချောက်ချား၍ လူသေပြီးနောက် ဂတိ ၅-ပါး လားရာ ၅-ထွေသို့ သွားရောက်ဖြစ်နိုင်ပုံ သာဓကတို့ကို ရှာဖွေ ကြည့်ရှုနိုင်သူတို့သည်လည်းကောင်း၊ လူသေပြီးနောက် မည်သည့်ဂတိ မည့်သည့်ဘဝတွင်မျှ မဖြစ်တော့သော နိဗ္ဗူစံအရိယာတို့၏ အကြောင်းကို ယုံကြည့်သူတို့သည် လည်းကောင်း သံယောဂသုတ်၌ မြတ်စွာဘုရားက လူသေလူဖြစ်တရားကို ဟောခဲ့သည်ဟု ရေးကြပြောကြမည် မဟုတ်ပေ။

အမှန်စင်စစ် သံယောဂသုတ်က ဝဋ်နှင့် ဝဋ်ကင်းရာကို ပြသည့် အနှစ်သာရကိုလည်း မဆုပ်မိ၊ ပိဋကတ်စာပေတို့ကို စုံလင်အောင် မကြည့်တတ်၊ မိမိတို့ ထူထောင်လိုသည့် လူသေလူဖြစ်ဝါဒအတွက် မဟုတ်မမှန် လုပ်ကြံဆွဲယူ၍ ရမည့်သုတ်မျိုးကိုသာ ရှာပြီး အကိုးပြချင်သည့် မမှန်ကန်သော သဘောထားကြောင့် လူသေလူဖြစ်ကို ငါသာ ပြောသည် မဟုတ် သံယောဂသုတ်မှာ ဘုရားကပါ ဟောထားသည်ဟု ဘုရား မဟောသည်ကို အဟောလုပ်ကာ ဝိဝါဒါဓိကရုဏ်းဖြစ်အောင် ဖန်တီးခြင်းမျှသာ ဖြစ်လေသည်။

ဤကား သံယောဂသုတ်နှင့် စပ်လျဉ်း၍ မူလဝတ္ထုသည်ဖြစ်သော ဦးဥက္ကဋ္ဌ၏ ပြောစကား, ဝေစုဆက်ခံသော စုဒိတက သခင်မြတ်ဆိုင်၏ ချေပစကားတို့ကို ပိဋကတ်မျဉ်းသား၍ အမှားကြီး မှားသည့်အကြောင်း စီစစ်ဖော်ပြချက် ဖြစ်၏၊ အမှန်စင်စစ် လူသေလူဖြစ်မှုကို ခိုင်မြဲစေရန် သံယောဂသုတ်ဖြင့် ကျားကန်လိုက်ခြင်းသည် အကန်မှားသည့်အတွက် မတရားလုပ်ဆောင်ချက် အဓမ္မဝါဒသက်သက်သာ ဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော် အားလုံးက သုံးသပ်တော်မူကြပေသည်။

လူသေလူဖြစ် ကွင်းဆက်များ

၃၆။ ယခုအခါတွင် စောဒနာ၏ အထည်ကိုယ်ဖြစ်သော လူသေလူဖြစ်ဝါဒကို တည်ဆောက်ရာ၌ ဦးဥက္ကဋ္ဌ အသုံးပြုသွားသော အုတ်ချပ်များကို စာရင်းတင်လိုက်သော် ရုပ်ဝါဒကို အုတ်မြစ်ခံ၍-

(၁) ကံကို ပယ်ခြင်း,
(၂) ၃၁-ဘုံတည်းဟူသော အကျိုးတရား ခံ.စံရာဌာနကို ပစ်ပယ်ခြင်း,
(၃) ဘာသာ သာသနာကို ပယ်ခြင်း,
(၄) အတိတ်အနာဂတ်ကို ပယ်ခြင်း, (ပစ္စုပ္ပန်တစ်ဘဝ သန္ဒိဋ္ဌိကဟုဆိုခြင်း)
(၅) ရုပ်ဝါဒတို့ပင် အရိယာလမ်းစဉ်ပြုလုပ်ခြင်း,
(၆) စိတ်ပြုပြင်မှုကို ပယ်ခြင်း,
(၇) ဗုဒ္ဓဓမ္မ၊ ဗုဒ္ဓယဉ်ကျေးမှု အားလုံးကို ပယ်ခြင်း,
(၈) ရုပ်သာ အရှိ နာမ်ကို အဖြစ်မျှသာ ထားခြင်း, (ဧကစ္စသဿတမိစ္ဆာဝါဒ)
(၉) အဘိဓမ္မာပိဋကကို လိုသလို ဖျက်ခြင်း, စွက်ခြင်း, အခြားဝိနည်း သုတ္တန်ပိဋကကိုဖျက်ဆီးခြင်း,
(၁၀) ပဋိသန္ဓေနေခန်းကို မိမိစိတ်ကူးဖြင့် ထင်သလို ပြင်ဆင်ခြင်း စသော
အုတ်ချပ်တို့ကို အသုံးပြုထားကြောင်း တွေ့ရပေသည်။

ထိုလူသေလူဖြစ် ယဇ်ပလ္လင်၏ အုတ်ချပ်များသဖွယ်ဖြစ်သော ကံကံ၏အကျိုးကို ပယ်ခြင်းစသော အချက်တို့ကို ရှေ့လာမည့် စောဒနာရပ်တို့၌ မကျဉ်းမကျယ် ဝေဖန်စိစစ်ပြသွားမည် ဖြစ်ပေသည်၊ ယခုစောဒနာ၌မူ ခိုင်မြဲမခိုင်မြဲ သိသာစေရန် လူသေလူဖြစ် ပလ္လင်အုတ်ချပ်များကို အနည်းငယ်စီ စိစစ် သုံးသပ်အပ်ပေသည်။

ကံပယ်မှု

အထက်ပါ အုတ်ချပ်များကို တစ်ခုစီ စိစစ်ကြည့်လိုက်သောအခါ သတ္တဝါတို့သည် ကံအားလျော်စွာ ၃၁-ဘုံ လျော်ရာဘဝ၌ ဖြစ်ကြရ၍ ကံကို မပယ်လျှင် လူသေလူဖြစ်ကို တည်ဆောက်၍ မရနိုင်၊ ထို့ကြောင့် ဦးဥက္ကဋ္ဌသည် ကံကို ပစ်ပယ်လိုက်သည်၊ တစ်ဖန် ကံ၏ အကျိုးဆက်အဖြစ်ဖြင့် သွားရောက် ခံ-စံရမည့် ဘုံဌာနများကို ယုံကြည်မှု ရှိနေသေးလျှင်လည်း လူသေပြီးနောက် လူပြန်ဖြစ်ခြင်းကို ယုံကြည်ဖို့ရန် မဖြစ်နိုင်ပေ၊ ထို့ကြောင့် ၃၁-ဘုံတည်းဟူသော ကံ၏ အကျိုးဖြစ်ရာဌာနကိုလည်း ဦးဥက္ကဋ္ဌ ပယ်လိုက်ပြန်သည်၊ ယင်းနောက် ဘာသာသာသနာတရားဟူသမျှသည် ကျင့်ဝတ်တရားကို အဦးထားကာ ယဉ်ကျေးမှု အဖုံဖုံပြ၍ ဆုံးမကြရာ ဘာသာ သာသနာရှိနေလျှင် ပထမအုတ်ချပ်ဖြစ်သော ကံကို ပယ်ခြင်းကိစ္စ မပြီးမြောက်နိုင်ရာ၊ ထို့ကြောင့် ဘာသာ သာသနာကိုလည်း ပယ်လိုက်ပြန်သည်၊ ကံကို ပယ်ခဲ့သည် ဖြစ်၍ ကံကို ဝေပုံချထားရာ အချိန်အပိုင်းအခြား တည်းဟူသော အတိတ်-အနာဂတ်ကိုလည်း ပယ်ရမည်ဖြစ်၍ ပယ်ပြန်သည်၊ ဦးဥက္ကဋ္ဌသည် ဗုဒ္ဓတရားတော်ကို လက်မလွတ်သေးသည့်အနေဖြင့် သင်္ကန်းအရေခြုံထားသည် ဖြစ်၍ ဗုဒ္ဓလမ်းစဉ်ဖြစ်သော အရိယာလမ်းစဉ်ကို မျက်ကွယ်မပြုသာသောကြောင့် ရုပ်ဝါဒကို အရိယာလမ်းစဉ်အဖြစ် ပြုလုပ်ပြန်သည်။

၃၇။ ဗုဒ္ဓဓမ္မတွင် “စိတ်သာရှင်စော ဘုရားဟော”ဟူသည်နှင့်အညီ စိတ်ကို ရှေးဦးစွာ ထိန်းကျောင်းပြုပြင်ရမည်ဖြစ်ရာ စိတ်ကို ပြုပြင်နေပါက ကံကိုပယ်၍ မရနိုင်၊ မနောကံသည် ဗုဒ္ဓမြတ်စွာဘုရား အလိုအားဖြင့် အရေးအကြီးဆုံးဖြစ်နေပေသည်၊ ထို့ကြောင့် စိတ်ကို တွန်းဖယ်၍ ထုတ်ပစ်လိုသဖြင့် နိဗ္ဗာန်ကို သွားရာတွင် စိတ်မလို၊ သတိသာ လိုသည်၊ စိတ်ကား ပဟာတဗ္ဗပယ်ရမည့် တရားသာတည်းဟု ခြောက်ခုမြောက် အုတ်ချပ်တစ်ချပ်ကို ဦးဥက္ကဋ္ဌဖန်တီးရပြန်သည်၊ ပဉ္စမအုတ်ချပ် အဖြစ်ဖြင့် ရုပ်ဝါဒကို အရိယာလမ်းစဉ် ပြုလုပ်ခဲ့ပြီး ဖြစ်၍ ရုပ်ဝါဒနှင့်ဆန့်ကျင်သော ဗုဒ္ဓဓမ္မ ဗုဒ္ဓယဉ်ကျေးမှုအားလုံးကို ပယ်ဖို့လိုသည်၊ ထို့ကြောင့် ဗုဒ္ဓယဉ်ကျေးမှုကို ပယ်ခြင်းဟူသော သတ္တမမြောက်အုတ်ချပ်ကို ဖန်တီးပြန်သည်၊ ဦးဥက္ကဋ္ဌသည် လူသေလူဖြစ်တည်ဆောက်ရာ၌ ရုပ်ဝါဒကို အုတ်မြစ်ချ ရုပ်ဝါဒကိုပင် အုတ်ချပ်ပြုလုပ်ခဲ့သည့် အားလျော်စွာ နာမ်၏ အရေးပါ အရာရောက်ပုံကို အနည်းငယ်မျှ အသိအမှတ်မပြုဘဲ ရုပ်သာပရမတ်အရှိတရား၊ နာမ်ကား အရိပ်အရောင်ဖြစ်သည်ဆိုရုံမျှ ဖြစ်ပေါ်လာသော ဖြစ်ကာမတ္တ အဖြစ်တရားဟု အဋ္ဌမမြောက် အုတ်ချပ်ကို ဖန်တီးပြန်သည်၊ လူသေလူဖြစ်ဟု ဆိုသော်လည်း အမှန်စင်စစ်မှာ ပုခက်နှင့် ခေါင်းကြားကိုသာ ဘဝဟု နားလည်ထားသော ပစ္စုပ္ပန်ကိုသာ အခိုင်အမာ ပြုထားသောကြောင့် ဗုဒ္ဓအဘိဓမ္မာကို ဖျက်ဆီးပစ်မှဖြစ်တော့မည်ဖြစ်၍ အဘိဓမ္မာနှင့်တကွ အခြားပိဋကတ်များကို မိမိလိုသလိုဖျက်ခြင်း ဖြည့်စွက်ခြင်းတည်းဟူသော အုတ်ချပ်တစ်လွှာကို စီမံလေသည်၊ ရုပ်ဝါဒအရ ပဋိသန္ဓေနေခြင်းကိစ္စကို မိမိ၏ အတ္တနောမတိဖြင့် ထင်ရာမြင်ရာစီရင်၍လည်း မဖြစ်ကောင်းသောကြောင့် ဗုဒ္ဓဟော ပဋိသန္ဓေနေခန်းကို ထင်သလို ပြင်ဆင်ဖြည့်စွက်လျက် ဒသမအုတ်ချပ်တစ်လွှာ စီမံထုတ်လုပ်ပြန်လေသည်၊ ဤသည်ကား လူသေလူဖြစ် အဆောက်အအုံကို တည်ဆောက်ရာ၌ ဦးဥက္ကဋ္ဌ စီမံထုတ်လုပ်သော အဓမ္မအုတ်ချပ်များပေတည်း။

၃၈။ စောဒကဆရာတော်တို့ ဆောင်ပြသော သက်သေသာဓက-
(က) “လူသားဆိုတဲ့ သတ္တဝါ သေဆုံးပြီးတဲ့နောက် အကယ်၍ ဖြစ်အုံးမည်ဆိုလျှင် လူမှတစ်ပါး အခြားဘာကောင်မှ ဖြစ်စရာ မရှိ”ဟူသော အချက်ပါရှိ၏၊ ထိုအချက်နှင့် ပတ်သက်၍ အောက်ပါ ဦးဥက္ကဋ္ဌ၏ စကားရပ်တို့ကိုလည်း ဆက်စပ်သုံးသပ်နေရမည် ဖြစ်၏၊

(ခ) လောကဓမ္မသည် တမလွန်လောက လုပ်တိုင်းကုန်း၏ ဟိုမှာဘက်မှာရှိသော ဘဝနှင့်လည်း ဆက်စပ်ခြင်းမရှိဘဲ ယခု ပစ္စက္ခသန္ဒိဋ္ဌိက မျက်မှောက်ဖြစ်သော ဤဘဝနှင့်သာ လုံးဝသက်ဆိုင်သည် ဟူ၍ ပြတ်ပြတ်သားသား နားလည်ကြကုန်ရာ၏၊ (လူသေလူဖြစ်စာအုပ် စာမျက်နှာ ၁၅၁)

(ဂ) သေပြီးသည့်နောက်ကာလ (ဝါ) လုပ်တိုင်းကုန်း၏၊ ဟိုမှာဘက်ကို လက်ညှိုးညွှန်သော အယူကား ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်းနှစ်ရာကျော်မှ ဗုဒ္ဓဝါဒနယ်ပယ်အတွင်းသို့ ဝင်ရောက်လာသော ဧည့်သည်ဝါဒဖြစ်ခဲ့လေသည်။ (ဗုဒ္ဓစာချွန်တော် ၂၂-၂၃)

(ဃ) “အယံ ဓမ္မော သန္ဒိဋ္ဌိကော- ငါ ဟောသော ဤတရားသည် ယခုပစ္စက္ခမျက်မှောက်ဘဝနှင့်သာ ဆိုင်၏”ဟူ၍ အကြိမ်ကြိမ် အထပ်ထပ် မပြတ်မမော ဒလစပ်ဟောခဲ့သော ဒေသနာကို ထောက်ခြင်းအားဖြင့် ဗုဒ္ဓ၏ ကမ္မဝါဒသည် ပုခက်နှင့်ခေါင်းအကြား တွင်သာ ကျက်စားကြောင်းကို အပြတ်အသတ် မှတ်ယူအပ်လေသည်၊ လုပ်တိုင်းကုန်း၏ ဟိုမှာဘက်၌ ရှိသည်ဟူ၍ လက်ညှိုးထိုးကာ ညွှန်ပြအပ်သော မနောဒွါရ တိုက်ထွက် အနုမာနများကို ပက်ပက်စပ်စပ် တိုက်ဖျက်ပစ်ရန် မုချလိုလားအပ်လေသည်။ (လူသေလူဖြစ်-၅၁)

(င) ကောင်းမှု ကောင်းတာကို နေ့မကွာ ညမလပ် ဒလစပ် အားထုတ်၍ ပြုလုပ်ကြိုးပမ်းသူ လူသားအတွက် အဖိုးတန် အမျိုးမှန် ဆုလာဘ်များနှင့် ဘုံခန်းများကို တခမ်းတနားစီမံ၍ ထားခဲ့ကြကုန်၏၊ ဖန်တီး၍ ထားခဲ့ကြကုန်၏၊ သို့ရာတွင် မကောင်းမှုဟု ဆိုအပ်သော ဒုစရိုက်အယုတ်တရားများကို လိုက်မှား ကျုးလွန်သော လူသားအတွက်လည်း စူးရှထက်မြက် တကယ်အခံရခက်သည့် ပက်ပက်စက်စက် အပြစ်ဒဏ်များကို အပြင်းအထန် ချမှတ်၍ ထားခဲ့ကြကုန်၏၊ ရက်ရက်စက်စက် အပြစ်ဒဏ်ခတ်ခဲ့ကြကုန်၏၊ စင်စင်လိုရင်းမှာ စိတ်ကူးသက်သက်ဖြင့် လူသား၏ စိတ်ဓာတ်ကို ဖြားယောင်း သွေးဆောင်ခဲ့ကြကုန်၏၊ ခြောက်လှန့်ခဲ့ကြ၏၊ (လူသေလူဖြစ်-၁၄)

အထက်ပါဖော်ပြပါ (က) အမှတ်မှ (င) အမှတ်အထိ ဦးဥက္ကဋ္ဌ၏ စကားရပ်များကို သေသေချာချာစိစစ် ကြည့်သောအခါ ဤသို့ အဓိပ္ပာယ်ရပေသည်။
လူသေပြီးနောက် အကယ်၍ ဖြစ်အုံးမည်ဆိုလျှင် လူပဲပြန်ဖြစ်မည်။
အကယ်၍ မဖြစ်တော့ဘူးဆိုလျှင် ဘာမှမဖြစ်တော့ပေ။
“အကယ်၍”ဟူသော သံသယနစကားသည် အဓိပ္ပာယ်နှစ်ချက်ထွက်သည်၊ အကယ်၍ ဖြစ်အုံးမည်ဆိုလျှင်၊ အကယ်၍ မဖြစ်တော့ဘူးဆိုလျှင် ဤသို့ နှစ်ချက်ထွက်ပေသည်။

အထက်ပါ(က) အမှတ်ပြစကားထဲက အကယ်၍ မဖြစ်တော့ဘူးဆိုလျှင် ဟူသော ဒုတိယအဓိပ္ပာယ်ချက်ကို (ခ) (ဂ) (ဃ) (င) အမှတ်ပြစကားတို့ဖြင့် ထောက်ခံချက်ပေးထား၏၊ မှန်၏-
(ခ) က-လောကဓမ္မသည် ဤဘဝနှင့်သာ လုံးဝဆိုင်သည်၊ (နောက်ဘဝနှင့်မဆိုင်ဟူလို)။
(ဂ) က-သေပြီး ဟိုဘက် လက်ညှိုးညွှန်သော အယူကား၊ ဘုရားအယူ မဟုတ်၊ နောက်မှပေါ်သော အယူ၊ (နောက်ဘဝမရှိ ဟူလို)
(ဃ) က-လုပ်တိုင်းကုန်း (သချုႌင်း)၏ ဟိုမှာဘက်မှာ ဘဝမရှိ၊ (နောက်ဘဝ မရှိဟူလို)၊
(င) က-ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးပေးရာ ဘုံနန်းဆိုသည်တို့မှာ စိတ်ကူးယဉ်မျှသာ၊ (နောက်ဘဝ နောက်ဘုံဘဝ မရှိဟူလို)၊

၃၉။ အထက်ပါ ဦးဥက္ကဋ္ဌ စကားများထဲ၌ “ဗုဒ္ဓ”ဟူသော စကား “သန္ဒိဋ္ဌိက”ဟူသော စကားနှစ်လုံးကို နုတ်လိုက်လျှင် ဦးဥက္ကဋ္ဌ ဝါဒစစ်စစ် တွေ့ရ၏၊ “ဗုဒ္ဓ” “သန္ဒိဋ္ဌိက”ဟူသော စကားလုံးတို့ကို ထည့်ထားခြင်းကား လုပ်ကြံဖန်တီးရန် ခုတုံးလုပ်ခြင်းမျှသာ ဖြစ်ပေသည်၊ ထို့ကြောင့် ဦးဥက္ကဋ္ဌ၏ ဝါဒစစ်စစ်ကား “နောက်ဘဝ” မရှိဟူသတည်း။

မှန်လှ၏၊ ဦးဥက္ကဋ္ဌသည် နေရာများစွာ၌ အကြိမ်ကြိမ် ကြွေးကြော်ထားသည့်အတိုင်း စ-သ-ဃ-ဇ-က (ပဉ္စပသာဒရုပ်) ငါးပါးကိုသာ ဆုပ်ကိုင်ထားသော ရုပ်ဝါဒီစစ်စစ်ကြီး ဖြစ်ပေရာ နောက်ဘဝဆိုသော အချက်သည် မျက်စိဖြင့် မြင်၍မရသော နားထောင်၍ မကြားနိုင်သော ကိုယ်ဖြင့်ထိတွေ့၍ မရသာသော ရုပ်လွန်သဘာဝ ဖြစ်နေသဖြင့် မည့်သည့်နည်းနှင့်မျှ လက်ခံ၍ မရချေ၊ ထို့ကြောင့် ဦးဥက္ကဋ္ဌသည် ပုခက်နှင့် ခေါင်းကြားဟူသော ပစ္စုပ္ပုန်တစ်ဘဝကိုသာ တဖွဖွ ကြွေးကြော်နေခြင်းဖြစ်ပေသည်။

သို့သော် ဦးဥက္ကဋ္ဌသည် နောက်ဘဝမရှိဟူသော ရုပ်ဝါဒအမြင်ကိုလည်းပိုင်ပိုင်ကြီး မကိုင်ဝံ့သူ ဖြစ်သောကြောင့် “အကယ်၍”ဟူသော စကားကို သုံး၍ “သေပြီးနောက်” အကယ်၍ ဖြစ်ဦးမည် ဆိုလျှင်”ဟူသော စကားဝါကျကို တက်လေသည်၊ လုပ်တိုင်းကုန်း၏နောက် ဟိုဘက်မှာ ဘာမျှမရှိ၊ ပုခက်နှင့် ခေါင်းကြားပါဟု ဆိုပါလျက် အကယ်၍ ဖြစ်ဦးမည်ဆိုလျှင်”ဟု လာပြန်ချေသေးသည့်အတွက် အော်. . ဦးဥက္ကဋ္ဌနှယ် ကိုယ့်ကိုယ်ကို သစ္စာပြန်ဖောက် နေချေသည်တကားဟု သတိထားမိလိုက်ကြသည်။

ကောင်းပါပြီ၊ “သေပြီးတဲ့နောက် အကယ်၍ ဖြစ်ဦးမည်ဆိုလျှင် လူမှတစ်ပါး အခြားဘာမှဖြစ်စရာမရှိ၊ လူပဲဖြစ်ရမည်” ဆိုသော စကားအရ “လူသေလူဖြစ် လူဖြစ်လူသေ” သံသရာ လည်ရပေမည်၊ သူ၏ စာအုပ် တစ်နေရာ၌လည်း ဤအတိုင်း ရေးထားလေသည်။

အထက်ပါ အချက်တို့ကို ပိဋကတ် ကျမ်းဂန်နှင့် ညှိ၍ ကောက်ချက်ချသည် ရှိသော် နောက်ဘဝမရှိဟု ယူသောအယူသည် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏၊ ဝိဘဝတဏှာ၏ စားကျက် ဖြစ်၏၊ လူသေလူဖြစ် မြဲသည်ဟူသော အယူသည် သဿတဒိဋ္ဌိ ဖြစ်၏၊ ဘဝတဏှာ၏ စားကျက် ဖြစ်၏၊ သို့ဖြစ်သောကြောင့် တောင်တွင်းကြီး ဦးဥက္ကဋ္ဌသည် ဥစ္ဆေဒဒိဋ္ဌိကိုရော သဿတဒိဋ္ဌိကိုပါ ဘယ်ညာနှစ်ဖက်လုံး ဆုပ်ကိုင်ထားသော ထူးခြားသော မိစ္ဆာဝါဒရှင် ဖြစ်ကြောင်းတွေ့ရပေသည်၊ ဗုဒ္ဓသာသနာ့သမိုင်းနှင့် ယှဉ်၍ သိရသော မိစ္ဆာဒိဋ္ဌိသမိုင်းတွင် ဦးဥက္ကဋ္ဌလို တစ်ပြိုင်နက်ထဲ ဥစ္ဆေဒဒိဋ္ဌိကိုရော သဿတဒိဋ္ဌိကိုပါယူသူ အတော်ကလေး ရှားပေသည်၊ ထို့ကြောင့် ထူးခြားသော မိစ္ဆာဝါဒရှင်ဖြစ်ကြောင်း သူ့စကား သူ့ဝါဒအရ သိရပေသည်။

သန္ဒိဋ္ဌိက စိစစ်ချက်

၄၀။ ယခုဆက်လက်၍ သန္ဒိဋ္ဌိကနှင့် စပ်လျဉ်းသော ဦးဥက္ကဋ္ဌ၏ စကားတို့ကို စဉ်းစားကြကုန်အံ့ “အယံ ဓမ္မော သန္ဒိဋ္ဌိကော-ငါ ဟောသော ဤတရားသည် ယခုပစ္စက္ခ မျက်မှောက်ဘဝနှင့်သာ ဆိုင်၏ဟူ၍ အကြိမ်ကြိမ်ဟောခဲ့သော ဒေသနာကို ထောက်ထားခြင်အားဖြင့် ဗုဒ္ဓ၏ ကမ္မဝါဒသည် ပုခက်နှင့် ခေါင်းအကြားတွင်သာ ကျက်စားကြောင်းကို အပြတ်အသတ် မှတ်ယူအပ်၏၊ လုပ်တိုင်းကုန်း၏ ဟိုမှာဘက်၌ ရှိသည်ဟု လက်ညှိုးထိုးကာ ညွှန်ပြအပ်သော မနောဒွါရတိုက်ထွက် အနုမာနများကို တိုက်ဖျက် ပစ်ရန် လိုအပ်သည်”ဟု ဦးဥက္ကဋ္ဌက ဆိုခဲ့၏၊ ဤစကားရပ်တွင် “အယံ ဓမ္မော သန္ဒိဋ္ဌိကော- ငါ ဟောအပ်သော ဤတရားသည် ယခုပစ္စက္ခမျက်မှောက် ဘဝနှင့်သာ ဆိုင်၏”ဟု အနက် အဓိပ္ပာယ်ထွက်သော စကားမျိုးကို ပိဋကတ်တော်၏ မည်သည့်အစိတ်အပိုင်းမှာမှ မတွေ့ရ၊ ဗုဒ္ဓမြတ်စွာက ဤကဲ့သို့ မည်သည့်အခါမှ မဟော၊ မြတ်စွာဘုရားမဟောသည်ကို အဟောလုပ်၍ ရေးခြင်းဖြင့် မြတ်စွာဘုရားအား စွပ်စွဲခြင်းသာ ဖြစ်ပေသည်၊ ဘုရားဟော သန္ဒိဋ္ဌိက အမှန်ကို သိသာစေရန် “သန္ဒိဋ္ဌိကော”ဟူ၍ ဟောတော်မူသည့် နေရာများစွာ အနက်မှ ပါဠိတော်အချို့ကို ထုတ်ပြရှင်းလင်းဦးအံ့။

၄၁။ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ သန္ဒိဋ္ဌိကသုတ်ပါဠိတော် ၃၁၃-၌ မောဠိယသိဝက ပရိဗိုဇ်အား မိမိ၏ အတွင်းသန္တာန်၌ လောဘဖြစ်လျှင် လောဘဖြစ်ကြောင်း သိသလောဟု မြတ်စွာဘုရားက မေးတော်မူသောအခါ၊ သိပါသည်ဟု ဖြေဆိုလျှောက်ထားသည်၊ ထို့အတူ ဒေါသ မောဟ မိမိအတွင်း သန္တာန်၌ ဖြစ်ပေါ်လာလျှင် ဒေါသ, မောဟ ဖြစ်ကြောင်း သိသလောဟု မေးတော်မူသောအခါလည်း မောဠိယသိဝကပရိဗိုဇ်က သိပါသည်ဟု ဖြေဆိုရာ ဤသို့ သိခဲ့လျှင် သန္ဒိဋ္ဌိကဓမ္မဖြစ်တော့သည်ဟု မိန့်တော်မူ၏၊

ဒုတိယသန္ဒိဋ္ဌိကသုတ်၌လည်း ပုဏ္ဏားတစ်ယောက်က သန္ဒိဋ္ဌိက ကိုယ်တိုင် မြင်အပ်သော သဘော၊ အကာလိက-တစ်ပါးအချိန်၌ မဟုတ်မူ၍ ယခုချက်ခြင်း သိနိုင်သော သဘော၊ ဧဟိပဿိက လာစမ်းပါ ကြည့်စမ်းပါဟု ဖိတ်ခေါ်ပြနိုင်လောက်သော သဘော၊ ဩပနေယျိက မိမိစိတ်၌ ကပ်၍ ဆောင်ထိုက်, အစွမ်းကုန်စိတ်၌ သွင်းထားထိုက်သော သဘော၊ ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ပညာရှိတို့ ကိုယ်တိုင်သိနိုင် ခံစားနိုင်သော သဘောဟူသည် အဘယ်နည်းဟု မေးလာ၏၊ ဗုဒ္ဓမြတ်စွာက မိမိသန္တာန်၌ ရာဂ, ဒေါသ, မောဟ, ကိုယ်, နှုတ်, စိတ်ကို ဖျက်ဆီးတတ်သော အပြစ်တစ်စုံတစ်ရာဖြစ်နေလျှင် ဖြစ်မှန်းသိသလောဟု မေးတော်မူရာ ပုဏ္ဏားက သိပါသည်ဟု ဖြေဆို၏၊ ဤသို့ သိလျှင် သန္ဒိဋ္ဌိက စသည်ဖြစ်တော့၏ဟု ဗုဒ္ဓမြတ်စွာ မိန့်တော်မူ၏၊

၄၂။ ဤသုတ်တော်တို့၏ အနက်အဓိပ္ပာယ်ကို စဉ်းစားကြည့်လျှင် ဦးဥက္ကဋ္ဌနှင့်တကွ တပည့်နောက်လိုက်တို့ အားကိုးတကြီး သုံးစွဲနေကျဖြစ်သော အနက်အဓိပ္ပာယ်မျိုး မဟုတ်ကြောင်း အတတ်သိနိုင်ပေသည်။ သာမာန်လူတစ်ယောက်သည် မိမိသန္တာန်၌ လောဘဖြစ်နေသည်ကို ဖြစ်မှန်းမသိ ဒေါသဖြစ်နေသည်ကို ဖြစ်မှန်းမသိပေ၊ မြတ်ဗုဒ္ဓအဆုံးအမကိုရ၍ စိတ္တာနုပဿနာ, ဓမ္မာနုပဿနာကို ရှုမှတ် ပွားများသော သူသည်သာလျှင် မိမိသန္တာန်၌ ဘာဖြစ်၍ နေသည်ကို သိနိုင်ပေသည်။ ရှေ့စိတ်အစဉ်၌ ပါဝင်ဖြစ်ပျက်နေသော သဘောတစ်ခုခုကို နောက်စိတ် အစဉ်ဖြင့် သိအောင် လေ့ကျင့်ပွားများနိုင်ခြင်းသည် ဗုဒ္ဓဓမ္မအလိုကျ ပစ္စဝေက္ခဏာဉာဏ်၏ စွမ်းရည်သည်သော်လည်းကောင်း၊ ဝိပဿနာဉာဏ်၏ စွမ်းရည် သည်သော်လည်းကောင်း ဖြစ်ပေသည်၊ ထို့ကြောင့် ဤသုတ်တို့၏ အဖွင့် အဋ္ဌကထာဆရာက ပစ္စဝေက္ခဏာဉာဏ်ကို ရည်ရွယ်၍ ဘုရားရှင်ဟောတော်မူသည်ဟု မှတ်ချက်ချ ပေးတော်မူထားပေသည်။

၄၃။ ဤသန္ဒိဋ္ဌိကသုတ် နှစ်သုတ်၌ ဗုဒ္ဓမြတ်စွာသည် ကိုယ်တိုင်သိနိုင်သော ပစ္စုပ္ပန်ဖြစ်သည့် တရားတော်ကို ဟောတော်မူသည်၊ သို့ရာတွင်-

၁။ ခဏပစ္စုပ္ပန်=ပရမတ္ထစစ်စစ် ဥပါဒ်ဆဲဖြစ်သော ခဏ၊
၂။ သန္တတိပစ္စုပ္ပန်=ဇောဝါရ လေးငါးကြိမ်မျှ ဆက်၍ ဖြစ်ဆဲခဏ၊
၃။ အဒ္ဓါပစ္စုပ္ပန်=ပဋိသန္ဓေစုတိဖြင့် ပိုင်းခြားအပ်သော တစ်ဘဝတည်း ဟူသော ပစ္စုပ္ပန်၊
၄။ သမယပစ္စုပ္ပန်=နံနက်ပိုင်း ညနေပိုင်း တစ်နေ့တာစသည် လောကဝေါဟာရအလိုက်ပိုင်းခြားသတ်မှတ် ခေါ်ဝေါ်အပ်သော ဖြစ်ဆဲခဏ

ဟူ၍ ပစ္စုပ္ပန် ၄-မျိုးရှိရာတွင် သန္တတိပစ္စုပ္ပန်ကိုသာ ရည်ရွယ်၍ ဤသုတ်၌ ဟောတော်မူခြင်း ဖြစ်သည်၊ ထို့ကြောင့် ပုခက်နှင့် ခေါင်းကြားဟူသော ယခု ပစ္စက္ခ မျက်မှောက်ဘဝနှင့်သာ ဆိုင်သည်ဟူသော အနက် ဤသုတ်တို့မှ မထွက်ပေ၊ “သန္ဒိဋ္ဌိက”ဟူသော စကားနှင့် ပတ်သက်၍ အဋ္ဌကထာပါဠိ အောက်ထက်ညှိ၍ သိသာရုံဖော်ပြဦးအံ့၊ “သန္ဒိဋ္ဌိက” ပုဒ်ကို ဤသို့ဖွင့်ဆိုပေ၏၊

အင်္ဂုတ္တိုရ် ပါဠိတော်၊ တိကနိပါတ်၊ အညတရဗြဟ္မဏသုတ်အဋ္ဌကထာ၌ ဤသို့ ဖွင့်ပြ၏-

(က) သန္ဒိဋ္ဌိကော ဓမ္မော ဟောတီတိ သာမံ ပဿိတဗ္ဗော ဟောတိ။ သန္ဒိဋ္ဌိကော ဟောတိ၊ ကိုယ်တိုင်မြင်ထိုက်သော သဘော ဖြစ်၏ ဟူလို။ အင်္ဂုတ္တိုရ်၊ တိကနိပါတ်အဋ္ဌကထာ(၁၄၁)၊ အညတရဗြာဟ္မဏသုတ်၊

(ခ) သန္ဒိဋ္ဌိကော အယံ ဓမ္မောတိ အယံ လောကုတ္တရဓမ္မော ယေန ယေန အဓိဂတော ဟောတိ၊ တေန တေန ပရသဒ္ဓါယ ဂန္တဗ္ဗတံ ဟိတွာ ပစ္စဝေက္ခဏဉာဏေန သယံ ဒဋ္ဌဗ္ဗောတိသန္ဒိဋ္ဌိကော။

“သန္ဒိဋ္ဌိကော အယံ ဓမ္မော”ဟူသည်ကား ဤလောကုတ္တရာတရားသည် ကိုယ်ပိုင်လက်ကိုင်ရသည့် မည်သူမဆို သူတစ်ပါးအပေါ် ယုံကြည်ခြင်းဖြင့် ချည်းကပ်ခြင်းကိုစွန့်ပယ်၍ ကိုယ်တိုင် သိမြင်အပ်သောကြောင့် သန္ဒိဋ္ဌိကမည်ပေသည် ဟူလို။ သဂါထာဝဂ္ဂအဋ္ဌကထာ(၄၁-၄၂)၊ ဒေဝတာသံယုတ် သမိဒ္ဓသုတ်၊

(ဂ) အရိယမဂ္ဂေါ တာဝ အတ္တနော သန္တာနေ ရာဂါဒီနံ အဘာဝံ ကရောန္တေန အရိယပုဂ္ဂလေနသာမံ ဒဋ္ဌဗ္ဗောတိ သန္ဒိဋ္ဌိကော။

ရှေးဦးစွာ အရိယာမဂ်သည် မိမိသန္တာန်၌ ရာဂစသည်တို့၏ မရှိခြင်းကို ပြုတတ်သော အရိယပုဂ္ဂိုလ်က ကိုယ်တိုင် မြင်ထိုက်သောကြောင့် သန္ဒိဋ္ဌိက မည်၏ ဟူလို။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ-၂၀၉)

(ဃ) အပိ စ နဝဝိဓော ပိ လောကုတ္တရဓမ္မော ယေန ယေန ဟိ အဓိဂတော ဟောတိ၊ ဗတနတေန ပရသဒ္ဓါယ ဂန္တဗ္ဗတံ ဟိတွာ ပစ္စဝေက္ခဏဉာဏေန သယံ ဒဋ္ဌဗ္ဗောတိ သန္ဒိဋ္ဌိကော။

တစ်နည်းမှာ လောကုတ္တရာတရား ကိုးပါးလုံးပင် ကိုယ်ပိုင်ရရှိထားသူ မည်သူမဆို သူတစ်ပါးအပေါ် ယုံကြည်ခြင်းဖြင့် ချဉ်းကပ်ခြင်းကို စွန့်ပယ်၍ ပစ္စဝေက္ခဏာဉာဏ်ဖြင့်ကိုယ်တိုင် မြင်ထိုက်သောကြောင့် သန္ဒိဋ္ဌိက မည်၏၊ (ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ-၂၀၉)

(i) ဒိဋ္ဌန္တိ ဒဿနံ ဝုစ္စတိ၊ ဒိဋ္ဌမေဝ သန္ဒိဋ္ဌံ။ ပ။ အရဟတီတိ သန္ဒိဋ္ဌိကော။ လောကုတ္တရာဓမ္မောဟိ ဘာဝနာဘိသမယဝသေန သစ္ဆိကိရိယာဘိသမယဝသေနစ ဒိဿမာနောယေဝ ဝဋ္ဋဘယံနိဝတ္တေတိ။ မြင်ခြင်းကို ဒိဋ္ဌဟု ဆိုအပ်၏၊ ဒိဋ္ဌနှင့် သန္ဒိဋ္ဌိကအတူတူပင်၊ မြင်ခြင်းကို ထိုက်သောကြောင့်သန္ဒိဋ္ဌိက မည်၏၊ ထင်စွာပြအံ့-လောကုတ္တရာတရားသည် ဘာဝနာဘိသမယ (ပွားစေသောအားဖြင့် သိတတ်သော အသိဉာဏ်) သစ္ဆိကိရိယာဘိသမယ (မျက်မှောက်ပြုသောအားဖြင့် သိတတ်သော အသိဉာဏ်) အစွမ်းအားဖြင့် မြင်မှသာလျှင်သံသရာ ဝဋ်ဘေးကို ကင်းစေတတ် ဆုတ်နစ်စေတတ်၏၊ (ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ-၂၀၉)

အလွန်ခိုင်မာလှသော ဤအထောက်အထားများအရ ကိုယ်တိုင် မြင်အပ်သောသဘောကို သန္ဒိဋ္ဌိကခေါ်သည်၊ လက်တွေ့ မျက်တွေ့တရားဟု ခေါ်လိုက ခေါ်နိုင်သည်၊ တရားကိုယ်အားဖြင့် လောကုတ္တရာတရားကိုးပါးကို သော်လည်းကောင်း၊ ပစ္စဝေက္ခဏာ ဉာဏ်ကိုသော်လည်းကောင်း သန္ဒိဋ္ဌိက၏ အရကောက်ရသည်ဟု မုချဆတ်ဆတ် မှတ်အပ်၏၊ ဤစကားအရ သန္ဒိဋ္ဌိကကို ပုခက်နှင့် ခေါင်းကြားဟူ၍ သတ်မှတ်ခြင်းသည် ဆန့်ကျင်ဘက် အယူသာဖြစ်ကြောင်း ထင်ရှားပေသည်။

၄၄။ ထို့ပြင် “သန္ဒိဋ္ဌိကဓမ္မ” တစ်မျိုးကို ပြဦးအံ့၊ အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ အညတရဗြဟ္ဓဏသုတ်၌ ဤသို့ လာရှိ၏၊ ဗြဟ္ဓဏတစ်ဦးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ “သန္ဒိဋ္ဌိက ကိုယ်တွေ့တရားဟု ပြောနေကြပါသည်၊ ဘယ်အကြောင်း ဘယ်အချက်ဖြင့် ကိုယ်တွေ့တရား, အခါမဲ့တရား, လက်တွေ့စမ်းသပ်နိုင်သောတရား, စိတ်ပါလက်ပါ ဝင်စားထိုက်သောတရား, အသိကြွယ်သူတို့ ကိုယ်တိုင် ခံစားထိုက်သောတရား မည်ပါသနည်း”ဟု မေးလျှောက်သည်။

မြတ်စွာဘုရားသည် ရှင်းရှင်းကလေး ဝေဖန်ပြတော် မူသည်မှာ- “ဗြာဟ္မဏ. . . ရာဂ အထိုးအကျင့်, အနှိပ်စက်ခံရ၍ တပ်တတ်သော ယောကျ်ားသည် မိမိ, သူတစ်ပါးပျက်စီးအောင် အားထုတ်တတ်သည်၊ စိတ်ဆင်းရဲခြင်းကို ခံစားရတတ်သည်၊ ယင်း ရာဂ ကင်းပျောက်သွားသောအခါ မိမိသူတစ်ပါးကို နှိပ်စက်ခြင်းငှာ အားမထုတ်တော့၊ စိတ်ဆင်းရဲခြင်းကို မခံစားရတော့ချေ၊ ထိုနည်းအတိုင်း တပ်တတ်သော ယောကျ်ားသည် ကိုယ်နှုတ် စိတ်တို့ဖြင့် မကောင်းမှု ပြုမိတတ်၏၊ မိမိအကျိုး သူတစ်ပါးအကျိုးကိုလည်း သိတတ်သော ဉာဏ်မပေါ်၊ ယင်း ရာဂ ကင်းသွားသော်ကား ကိုယ်, နှုတ်, စိတ်တို့ဖြင့် မကောင်းမှုကို မပြုဖြစ်၊ မိမိအကျိုး သူတစ်ပါးအကျိုးကို သိနိုင်သော ဉာဏ်ပေါ်လာတတ်၏၊ ဗြဟ္မာဏ. . .ဤသို့သော အကြောင်းကြောင့် ကိုယ်တွေ့တရား (သန္ဒိဋ္ဌိက) ဖြစ်သည်ဟု ဆိုနိုင်လေတော့၏၊ (ဒေါသအနှိပ်စက်ခံရသူ၊ မောဟအနှိပ်စက်ခံရသူ အထက်နည်းအတိုင်းပင်)။ (တိက-အံ၊ အညတရ ဗြဟ္မဏသုတ်၊ ၁၅၆) (ချုံး၍ မြန်မာပြန်ဆိုချက် ဖြစ်သည်)၊ ယင်း တိက-အံ-ပရိဗ္ဗာဇာကသုတ် ၁၅၇-၁၅၈ ၌လည်း အလားတူ ဟောတော်မူသည်။

၄၅။ ဤဗြဟ္မဏသုတ်နှင့် ပရိဗ္ဗာဇာကသုတ်နှစ်သုတ်၌ လောကီလောကုတ္တရာ လက်တွေ့မျက်တွေ့ တရားကို ဗုဒ္ဓမြတ်စွာ ဟောတော်မူသည်၊ လောကီလက်တွေ့မျက်တွေ့တရားကား အရိယမဂ်လမ်းကြောင်း ပေါ်သို့ လျှောက်၍နေသော ဗုဒ္ဓသာဝက အရိယမဂ်အယဉ်သို့ ဝင်ဆဲ ဝင်ပြီးဖြစ်သော ပုဂ္ဂိုလ်တို့ကို ရည်ရွယ်၍ ဟောသော တရားတည်း၊ ဤ၌လည်း၊ “သန္ဒိဋ္ဌိကဓမ္မ” ကို “သာမံ ပဿိတဗ္ဗော” ကိုယ်တိုင်မြင်အပ်သော တရားဟူ၍သာလျှင် အဋ္ဌကထာဆရာရှင်နှင့်တကွ သာသနာ့အစဉ်အလာက အနက်အဓိပ္ပာယ် ကောက်ယူလေ့ ရှိကြသည်၊ ဦးဥက္ကဋ္ဌဆိုသကဲ့သို့ သန္ဒိဋ္ဌိကသည် ယခုပစ္စက္ခ မျက်မှောက်ဘဝနှင့်သာ ဆိုင်၏ ဟူသောအနက် အဓိပ္ပာယ်မထွက်ပေ။

နောက်အင်္ဂုတ္တိုရ်ပါဠိတော်၊ သန္ဒိဋ္ဌိကဓမ္မသုတ်၊ တစ်သုတ်၌လည်း ဤသို့ တွေ့ရ၏၊ အရှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ရှိစဉ် အရှင်ဥဒါယီနှင့် တရားစကားဆွေးနွေးကြသောအခါ အဘယ်မျှလောက်သော အကြောင်းဖြင့် လက်တွေ့မျက်တွေ့တရားကို ဘုရားရှင် ဟောတော်မူပါသနည်းဟု အမေးရှိလာ၍ ဖြေဆိုသည်မှာ- ငါ့ရှင်. . . ပဌမစျာန်ဝင်စား၍ နေခြင်းဖြင့်လည်း ဗုဒ္ဓမြတ်စွာက ပရိယာယ်အားဖြင့် လက်တွေ့ မျက်တွေ့တရား (သန္ဒိဋ္ဌိက)ဟု ဟောတော်မူပါသည်၊ ထို့အတူ ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်, အာကာသာနဉ္စယတနစျာန်, ဝိညာဏဉ္စာယတနစျာန်, အာကိဉ္စညာယတနစျာန် နေဝသညာနသညာယတနစျာန်ကို ဝင်စား၍ နေခြင်းအားဖြင့်လည်း ဗုဒ္ဓမြတ်စွာက ပရိယာယ်အားဖြင့် လက်တွေ့မျက်တွေ့တရားဟု ဟောတော်မူပါသည်၊ မုချစင်စစ်အားဖြင့်မူကား နေဝသညာနသညာယတနစျာန်ကို ကျော်လွန်၍ နိရောဓသမာပတ်ကို ဝင်စားလျက် ကိလေသာ အာသဝေါတို့ကို ကုန်စေလျက် နေခြင်းဖြင့် သန္ဒိဋ္ဌိကဓမ္မ လက်တွေ့မျက်တွေ့တရားကို ဗုဒ္ဓမြတ်စွာ ဟောတော်မူပါသည်ဟု ဖြေဆိုလေသည်။ (နဝက-အံ၊ သန္ဒိဋ္ဌိကဓမ္မသုတ် ၂၄၅-၂၄၆)

အထက်ပါ သုတ်တော်၌ “ပရိယာယ်” ဟူသောစကား မုချဟူသောစကားနှစ်ရပ်ကို ကွဲကွဲပြားပြား မှတ်ယူရမည်၊ မုချအနက်ဟူသည်မှာ နှစ်နည်းနှစ်လမ်း မရှိ၊ တစ်ထစ်ချနည်းလမ်း တစ်လမ်းအားဖြင့်သာ ဖြစ်နိုင်သော အနက်အဓိပ္ပာယ်မျိုး ဖြစ်သည်၊ ပရိယာယ်ဟူသည်ကား တစ်နည်းတစ်ဖုံအားဖြင့် ထိုသဘောရှိ၍ တစ်နည်းတစ်ဖုံအားဖြင့် ထိုသဘောလည်းမရှိသော အနက်အဓိပ္ပာယ် (Relatively Senseful-Thing) ဖြစ်သည်။

ဤသန္ဒိဋ္ဌိကသုတ်တော်ကို ထောက်ဆလျှင် လက်တွေ့ မျက်တွေ့ဟူသော သန္ဒိဋ္ဌိကဓမ္မသည် ဗုဒ္ဓသာသနာတော်၌ နေ့စဉ်တွေ့ကြုံနေကျ စာခြင်း-သောက်ခြင်း-အိပ်ခြင်း-မြင်-ကြား-နံ-လျက်-ထိတွေ့ခြင်းကို ဆိုလိုသည်မဟုတ်၊ ပုခက်နှင့် ခေါင်းကြားကို ဆိုလိုသည် မဟုတ်၊ သမာဓိ ပညာတို့ဖြင့် အတော်အထက်တန်း ကျနေသော တရားများကို ပွားများရယူထားခြင်းသာ ဖြစ်သည်ဟု သိနိုင်ပေသည်။

သို့ရာတွင် အရှင်သမိဒ္ဓိထေရ် တောအုပ်အတွင်း၌ ရေချိုးပြီးစ ကိုယ်သန့်စင်နေစဉ်တွင် နတ်သမီးတစ်ဦးက အရှင်သမိဒ္ဓိထေရ်၏ ရူပကာယ ပြည့်ဝတင့်တယ်မှုကို ကြည့်ရှုကာ “အရှင်ရဟန်း. . . သင်သည် ငယ်ရွယ်နုပျို၍ နက်သောဆံပင်ဖြင့် ပဌမအရွယ်၌ အရွယ်ကောင်းခြင်းနှင့် ပြည့်စုံနေစဉ် လူ့ကာမဂုဏ်တို့ကို ခံစားပါဦးလား၊ (မာ သန္ဒိဋ္ဌိကံ ဟိတွာ ကာလိကံ အနုဓာဝီ)- ကိုယ်တွေ့ ကာမဂုဏ်ကို ပယ်ခွာ၍ ကိုယ်တွေ့မဟုတ်သော နောင်အခါမှ ရမည့် ကာမဂုဏ်နောက်သို့ မလိုက်ပါလင့်”ဟူ၍ ဆိုလေသည်၊ ဤစကားရပ်၌ နတ်သမီး၏ အလိုမှာ ယခုလက်ငင်း ခံစားနိုင်သော ကာမဂုဏ်သည် သန္ဒိဋ္ဌိက၊ နောက်ဘဝ နတ်ပြည်ကျမှ ခံစားရမည့် ကာမဂုဏ်သည် ကာလိက၊ ဤသို့သော ထင်မြင်ချက်ဖြင့် ဤစကားကို ဆိုခြင်း ဖြစ်သည်၊ ထိုစဉ်အခါက လူရောနတ်ပါ အရည်အချင်းညံ့သော သတ္တဝါတို့သည် ရဟန်းတရားအားထုတ်ခြင်းကို နတ်ပြည်စည်းစိမ် ခံစားရန်, တမလွန်ကာလ၌ ချမ်းသာရရန်, အမျိုးကောင်းသားတို့ ပြုလုပ်ကြသည်ဟု အမြင်မှားလျက် ရှိကြသည်။

ထိုနတ်သမီး၏ စကားကို သမိဒ္ဓိထေရ်က ပြန်ကြားရာ၌ အိုနတ်သမီး. . . ငါသည် တမလွန်လောက ချမ်းသာနောက်သို့ လိုက်နေသည်မဟုတ်၊ တမလွန်လောကချမ်းသာကို ပယ်စွန့်ကာ သန္ဒိဋ္ဌိက မျက်မှောက်ချမ်းသာကို လိုက်စား ရှာဖွေနေ၏၊ တမလွန်လောက၌ ရရှိမည့် ကာမဂုဏ်တို့ကို ဆင်းရဲပင်ပန်းခြင်းများလှ၏ဟု ဘုရားရှင် ဟောတော်မူသည်၊ မနှစ်သက်ဖွယ် အပြစ်တို့လည်း လွန်စွာ များ၏ဟု ဟောတော်မူသည်၊ ယခု ငါလိုက်စားကျင့်ကြံနေသော တရားကား သန္ဒိဋ္ဌိက ကိုယ်တိုင်မြင်နိုင်သော တရား၊ အကာလိက-အချိန်မလင့် အကျိုးရသော တရား၊ ဧဟိပဿိက-လက်ကိုကိုင်ဆွဲ ရဲရဲကြီး စမ်းကြည့်စမ်းပါဟု ဖိတ်ခေါ်နိုင်သော တရား၊ ဩပနေယျိက-နိဗ္ဗာန်ကို ပို့ဆောင်တတ်သော အရိယမဂ်တည်း ဟူသောတရား၊ မျက်မှောက်ပြုထိုက်သည့် အဖြစ်သို့ ကပ်ဆောင်ရမည့် အရိယာဖိုလ်နှင့် နိဗ္ဗာန်တရား၊ ဝိညူဟိ ပစ္စတ္တံ ဝေဒိတဗ္ဗ ပညာရှိတို့ ကိုယ်တိုင်ကိုယ်ကျ သိရှိခံစားထိုက်သောတရား ဖြစ်သည်ဟု မိန့်ဆိုလေသည်။

နတ်သမီး၏ သန္ဒိဋ္ဌိကဓမ္မနှင့် အရှင်သမဒ္ဓိထေရ်၏ သန္ဒိဋ္ဌိကဓမ္မတို့သည် ဤသဂါထာဝဂ္ဂ၊ ဒေဝတာသံယုတ်၊ သမိဒ္ဓိသုတ် ၉-တွင် သိသိသာသာ ထူးခြားကွဲလွဲ၍ နေပေသည်၊ ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တပည့် သားမြေးတို့၏ သန္ဒိဋ္ဌိကဓမ္မကား ဤသုတ်၌ နတ်သမီးပြောဆိုသော သန္ဒိဋ္ဌိကမျိုးဖြစ်သည်၊ သာသနာတော်၏ အနှစ်သာရဖြစ်သော သန္ဒိဋ္ဌိကဓမ္မကား အရှင်သမိဒ္ဓိထေရ် ရည်ညွှန်းပြောဆိုအပ်သော အရိယာမဂ်ဖိုလ် နိဗ္ဗာန်တရားမျိုး ဖြစ်ပေသည်။ သို့ဖြစ်သောကြောင့် ဘုရားဟောသော “သန္ဒိဋ္ဌိက”သည်ကား သမာဓိ ပညာ, မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်တို့၏ အရသာဖြစ်ပေသည်၊ “သန္ဒိဋ္ဌိက”သည် ပုခက်နှင့် ခေါင်းကြား တစ်ဘဝအတွင်း ဟူသည်ကား ဘုရားအလို မဟုတ်ပေ။ ဘုရားနှင့် မည်သို့မျှ မသက်ဆိုင် ဖြစ်ပေသည်။

“အနုမာန” သုံးသပ်ချက်

၄၆။ ယခုအခါ ဦးဥက္ကဋ္ဌ၏ “မနောဒွါရတိုက်ထွက် အနုမာနများကို ပက်ပက်စက်စက် တိုက်ဖျက်ပစ်ရမည်”ဟူသောစကားကို စိစစ်ဦးအံ့၊ ဦးဥက္ကဋ္ဌအနေဖြင့် အနုမာနကို လက်မခံခြင်းမှာ “ပစ္စက္ခမေဝ ပမာဏံ”ဟူသော ရုပ်ဝါဒီတို့၏ အဆိုအမိန့်အရ လက်တွေ့ မျက်တွေ့ ပစ္စက္ခတစ်ခုတည်းကိုသာ ဦးဥက္ကဋ္ဌ လက်ခံခြင်းကြောင့် ဖြစ်ပေသည်၊ အနုမာနကို ဦးဥက္ကဋ္ဌက ပယ်စွန့်သည်ဆိုသော်လည်း “လူသေလူဖြစ်” သည် သူ၏မျက်တွေ့ လက်တွေ့မဟုတ်၊ သူ့တပည့် တစ်ဦးဦး၏ လက်တွေ့လည်း မဟုတ်၊ အနုမာန မျက်ရမ်းဆမျှသာဖြစ်ကြောင်း သတိပြုမိဟန် မရှိချေ၊

ပါဠိတော် အဋ္ဌကထာ ဋီကာကြီးတို့၌ ပစ္စက္ခသိဒ္ဓိ၊ အနုမာနသိဒ္ဓိ၊ ဥပမာနသိဒ္ဓိ၊ သဒ္ဓေယျသိဒ္ဓိဟူ၍ ပြီးမြောက်စေမှု သိဒ္ဓိ ၄-မျိုးကို လက်ခံ အသုံးပြုပေသည်၊ အိန္ဒိယ ဒဿနဗေဒ၌ ရှေ့သွားတစ်ဦးဖြစ်ဟန်ရှိသော ဂေါတမက ရသေ့သည်လည်း အနက်အဓိပ္ပာယ်ကို သိရှိပုံနည်းလမ်း လေးမျိုးရှိကြောင်း ဤသို့ ဖော်ပြထားသည်-

၁။ ပစ္စက္ခ = မျက်မြင်အားဖြင့် တွေ့ကြုံခံစား၍ သိရှိနားလည်ခြင်း, (Perception)
၂။ အနုမာန = ခန့်မှန်းစဉ်းစား၍ အနက်အဓိပ္ပာယ်ကို သိရှိနားလည်ခြင်း, (Inference)
၃။ ဥပမာန = နှိုင်းယှဉ်ချိန်ထိုး၍ သိရှိနားလည်ခြင်း, (Comparism)
၄။ သဒ္ဓေယျ = ယုံကြည်ထိုက်သော သူ၏စကားကို အထောက်အထားပြု၍ အနက်အဓိပ္ပာယ်ကို သိရှိနားလည်ခြင်း, (Understanding through the statement of trustworthy person)

ဤကိုရည်၍ ဂေါတမကဉာယသုတ်၌ ဤသို့ဆို၏၊ प्रत्यक्षानुमानोपमानशब्दाः प्रमाणानि =(မြန်မာ)မျက်မြင်အားဖြင့် သိခြင်း, ခန့်မှန်းသော အားဖြင့်သိခြင်း, နှိုင်းယှဉ်၍ သိခြင်း, ယုံကြည်ထိုက်သော သူ၏ စကားအရ သိခြင်း-ဟူ၍ သိခြင်း ၄-မျိုးတို့ ရှိကုန်၏ (တက္ကဘာသာ နှာ-၃၂ ဂေါတမ ကဉာယသုတ် ၁၁၃)

အမှတ် ၁-ပစ္စက္ခသိဒ္ဓိမှာ ဦးဥက္ကဋ္ဌနှင့်တကွ လောကာယတဝါဒီ (ဝါ) ရုပ်ဝါဒီတို့၏ လက်တွေ့မျက်တွေ့ ဟူသော ဝါဒပင် ဖြစ်သည်၊ စပျစ်သီးကို ချိုသည်ဟူသော သူတစ်ပါးပြောသော စကားကို ကိုယ်တိုင်မြည်းစမ်း၍ မကြည့်ရသမျှ မယုံကြည်ခြင်း, ကရိဝိက်ငှက်၏ အလွန်သာယာ ချိုမြိန်သော အသံဟူသည်ကို ကိုယ်တိုင်မကြားဘူး၍ မယုံကြည်ခြင်းမျိုးပေတည်း (Seeing is beliveing)ဟု ယခုခေတ်၌ ပြောဆိုသုံးနှုန်း နေကြသော စကားကဲ့သို့ ကိုယ်တွေ့မဟုတ်လျှင် မယုံကြည်ခြင်းမျိုးတည်း။

အမှတ် ၂-အနုမာနသိဒ္ဓိဟူသည်မှာ တစ်နှင့်တစ်ခု ချိန်ထိုး၍ ခန့်မှန်းလျက် သိခြင်း ဖြစ်သည်၊ လွန်ခဲ့သော ညက ပင်လယ်ရေတက်လာသည်ကို မျက်စိဖြင့် ကိုယ်တိုင်မတွေ့လိုက်ရ၊ သို့သော် နံနက်မိုးလင်းသောအခါ အောက်ထပ်အိမ်တိုင်များ၌ ရေတက်လာစဉ်က ရေရောက်ခဲ့သည့်အထိမ်းအမှတ် ရေစိုနေသည့်နေရာကို ကြည့်၍လည်းကောင်း ငြိတင်ကျန်ရစ်ခဲ့သော ဒိုက်သရော မြက်သစ်ရွက်တို့ကို မြင်ရ၍လည်းကောင်း လွန်ခဲ့သော ညက ပင်လယ်ရေတက်ခဲ့ကြောင်းကို သိရ၏၊ ဤနည်းအတိုင်း မီးခိုးတွေ့လျှင် မီးကို မမြင်ရသော်လည်း မီးရှိကြောင်း သိရ၏၊ အစေ့မှ အပင်ပေါက်ကြောင်း နိယာမကို ထောက်ထား၍ အစေ့ကို ကိုယ်တွေ့ပင် မမြင်ရသော်လည်း သရက်ပင်ကြီး မန်ကျည်းပင်ကြီးများကို မြင်သောအခါ အစေ့မှ ပေါက်လာသော အပင်ကြီးများဖြစ်ကြောင်း သိရသည်၊ ဤသို့မှန်းဆ၍ သိခြင်းမျိုးကို အနုမာနသိဒ္ဓိ ခေါ်သည်၊ लिङ्गपरामशो ऽ नुमानम् အမှတ်အသားတစ်ခုခုကို သုံးသပ်နားလည်ခြင်းသည် အနုမာနမည်၏ဟု အိန္ဒိယ ဒဿနဂေါတမက ရသေ့က ဆိုသည်။

အမှတ် ၃-ဥပမာသိဒ္ဓိဟူသည်မှာ နှိုင်းယှဉ်ချိန်ထိုး၍ သိခြင်း, အဆင်တူအသွင်တူကို မြင်၍ သိခြင်းမျိုးတည်း၊ နွားနောက်သတ္တဝါကို မမြင်ဖူးသော လူတစ်ယောက်သည် နွားနောက်ဆိုသည်မှာ နွားနှင့်သဏ္ဍန်တူသော သတ္တဝါတစ်ကောင်ဖြစ်ကြောင်း ကြားနာ မှတ်သားဖူး၍ တောသို့ ရောက်သောအခါ နွားနောက်ကို တွေ့မြင်လျှင် ဤသတ္တဝါကား နွားနှင့်တူသည်၊ နွားနောက် ဧကန်ဖြစ်ရမည်ဟု သိသည်၊ ယင်းကို ရည်ရွယ်၍ गौसादृश्य विशिष्ठ पिण्डज्ञानमुपमानम् अतिदेशवाक्यार्थस्मरण सहकृतंဂေါတမကသုတ်၌ ဆိုသည်၊ အဓိပ္ပာယ်မှာ တစ်စုံတစ်ယောက် ညွှန်ကြားပြောဆိုလိုက်သော စကား၏အနက်ကို အမှတ်ရခြင်းနှင့်တကွ ဖြစ်စေအပ်သော နွားနှင့်တူညီမှုသည် အထူးပြုအပ်သော အထည်ဒြဗ်ကို သိခြင်းကို ဥပမာနဟု ခေါ်သည်။

အမှတ် ၄-သဒ္ဓေယျသိဒ္ဓိဟူသည်မှာ आप्तवाक्यं शब्दः ဟူသည်နှင့် အညီ ဗြဟ္မာကြီး၏ စကားဟု အသိအမှတ်ပြုကြသော ဝေဒဆိုင်ရာ ကျမ်းစာများ, ခရစ်တော်၏ မုခပါဌ်တော်များ, အလ္လာဘုရားသခင်၏ မုခပါဌ်တော်ဖြစ်သော ကိုရ်အန်ကျမ်းစာများကို ယုံကြည်ခြင်းမျိုးတည်း၊ အကျယ်ဖြန့်၍ အနက်ကောက်သော် ဗုဒ္ဓဘာသာဝင်တို့၏ မြတ်စွာဘုရားအပေါ်၌ စွဲမြဲထက်သန်စွာ ယုံကြည်မှုကို အကြောင်းပြု၍ ဘုရားဟော ဒေသနာတော်များကို အမှန်ဟု ယုံကြည်ခြင်း, ဓာတ်ခွဲခန်း၌ အထက်တန်းကျသော ဓာတ်ခွဲကြိယာများ အသေးကြည့် အဝေးကြည့် မှန်ပြောင်းစသည်တို့ဖြင့် ကြည့်ရှုသုံးသပ်၍ ပြောဆိုအပ်သော သိပ္ပံပညာရှင်တို့၏ သိပ္ပံပညာနှင့်စပ်သော စကားများကို သိပ္ပံပညာနားမလည်သော သာမာန်လူတန်းစားတို့က အမှန်ဟု ယုံကြည်ခြင်းမျိုး ပါဝင်သည်၊ ဥပမာ-သိပ္ပံ ပညာရှင်တို့၏ စကားကို ယုံ၍ လကမ္ဘာသို့ လူရောက်သည်ကို ယုံကြည်ခြင်း, ရေတစ်စက်-ဖုံတစ်မှုန့်လျှင် ပိုးမွှားငယ်ကလေးများ မြောက်မြောက်မြားမြား ပါဝင်ခြင်းကို ယုံကြည်ခြင်းမျိုးတည်း။

၄၇။ အနုမာနကို လက်မခံဆိုသော ဦးဥက္ကဋ္ဌသည် ဥပမာန နှိုင်းယှဉ်ခြင်း, သဒ္ဓ=ယုံကြည်ထိုက်သော သူတို့၏ စကားကို အထောက်အထားပြု၍ ယုံကြည်ခြင်းတို့ကို လက်မခံဟု တွေးထင်စရာရှိသည်။ သို့ရာတွင် ဤသို့ကား မဟုတ်ချေ၊ သိပ္ပံပညာရှင်တို့၏ စကားကိုမူ ဘုရားဟောထက် အလေးပို၍ထားသဖြင့် ဒါဝင်၏ ဝါဒနှင့် အခြားရုပ်ဝါဒတို့ကို ဦးဥက္ကဋ္ဌ လက်ခံယုံကြည်လှပေသည်။

ထို့ပြင် ယနေ့ ဆိုင်ကော်လော်ဂျီက လက်ခံထားသော-
၁။ ရိုးရိုး မြင်သိ ကြားသိ စသော ပဉ္စဝိဉာဏ်သိ (Perception)
၂။ အကြားအမြင် မပါ၊ တွေးတော ကြံဆသိ(Bare sensation or imagination)
၃။ တွေးကြံယင်း အဆင့်ဆင့်သိသော အသိ (ဝိပဿနာအသိ အပါအဝင်) (Speculation)
၄။ ပြန်လည်တွေးကြံသိ (Rememberance) များ ပါဝင်သည်။

ထိုတွင် ၁-မှာ အာရုံ Hk (Sense-object) နှင့် မနသိကာရ (Attention) ကို အခြေခံသည်၊ ၂-မှာ မနောဒွါရ သက်သက်သာဖြစ်သည်၊ အာရုံ (Object) နှင့် သတိကပ်မှု (Impression) များ မပါဝင်ပေ၊ ဤနှစ်မျိုးတွင် ဦးဥက္ကဋ္ဌသည် ၁-ကိုသာ လက်ခံ၍ ၂-ကို လက်မခံလိုပေ၊ (ဝါ) ပဉ္စဝိညာဏ်သိ ရုပ်သိကိုသာ လက်ခံ၍ မနောဝိညာဏ်သိ နာမ်သိ စိတ်သိကို လက်သင့်မခံပေ၊ ဤကား ရုပ်ဝါဒီတိုင်း ထားရှိသော သဘောထားတည်း။ သို့သော် ဦးဥက္ကဋ္ဌသည် ငယ်ငယ်က စာကျက်၍ ပညာသင်ခဲ့ဖူး၏၊ အမြင် အကြားမပါသည့်အသိ (Bare sensation) ကို နားမလည်၍ လက်မခံခြင်းသာ ဖြစ်ရမည်၊ ဦးဥက္ကဋ္ဌသန္တာန်၌ ထိုအသိမျိုးပေါင်း အဆများစွာ ရှိခဲ့ဖူး ဖြစ်ခဲ့ဖူးသည်မှာကား အမှန်ပင်တည်း။

၄၈။ တစ်ဖန်တုံ နယာယဒဿနက

၁။ लौकिकज्ञान အာရုံနှင့်ဆက်စပ်၍ သိရသော အသိ၊

၂။ अलौकिकज्ञाम အာရုံထင်လာခြင်း မရှိ၊ တစ်စုံတစ်ရာ ထူးခြားသော အကြောင်းတစ်ခုခုက အာရုံနှင့် အာရမ္မဏိကကို ဆက်စပ်ပေးသော အသိ၊ ယင်းကို Extra - sensory - per - ception. ဟု ခေါ်ကြသည်၊ ဤသို့ အသိနှစ်မျိုးခွဲခြားဖော်ပြ၏၊ ယင်းနှစ်မျိုးတွင် ၁-ကိုသာ ဦးဥက္ကဋ္ဌက လက်ခံ၍ ၂-ကို လက်မခံလိုပေ။ ထို့ကြောင့် ဗုဒ္ဓတရားတော်က ပြညွှန်သော စျာန်ဝိမောက္ခ မဂ်ဖိုလ် နိဗ္ဗာန်တို့ကို ဦးဥက္ကဋ္ဌ မယုံကြည်ပေ၊ ရုပ်ဝါဒီဖြစ်နေ၍ လက်မခံ-မယုံကြည်သည်မှာလည်း ဆန်းတော့ မဆန်းပေ။

၄၉။ ဤနေရာ၌ တက္ကဗေဒSylogismခေါ် အနုမာနတစ်ခု ထုတ်ကြည့်လျှင် ဤသို့ တွေ့ရမည်-

ဦးဥက္ကဋ္ဌ အလို

(က) ဗုဒ္ဓဟောသော တရားများသည် ယခုဘဝ ပစ္စက္ခနှင့်သာ ဆိုင်သည်။
(ခ) ကမ္မဝါဒသည် ဘုရားဟော ဖြစ်သည်။
(ဂ) ထို့ကြောင့် ဗုဒ္ဓ၏ ကမ္မဝါဒသည် ယခုဘဝ ပစ္စက္ခနှင့်သာ ဆိုင်သည်။

အဋ္ဌကထာ ဋီကာ ဆရာများနှင့်တကွ ဗုဒ္ဓဝါဒီတို့၏အလို

(က) ဗုဒ္ဓဟောသော တရားများသည် ယခုဘဝ ပစ္စက္ခနှင့်သာ ဆိုင်သည် မဟုတ်၊ အတိတ် အနာဂတ်နှင့်လည်း ဆိုင်သည်။
(ခ) ကမ္မဝါဒသည် ဘုရားဟောဖြစ်သည်။
(ဂ) ထို့ကြောင့် ဗုဒ္ဓ၏ကမ္မဝါဒသည် ယခုဘဝ ပစ္စက္ခနှင့်သာ ဆိုင်သည် မဟုတ်၊ အတိတ် အနာဂတ်နှင့်လည်း ဆိုင်သည်။

ဤတက္ကဗေဒစနစ်အရ ဦးဥက္ကဋ္ဌ၏ အနုမာနသည် အခြေခံမှစ၍ လွဲမှားနေသည်၊ ထို့ကြောင့် အကြောင်းပြချက်နှင့် နိဂုံးသည်လည်း အမှားစင်စစ်ဖြစ်တော့သည်။ ဗုဒ္ဓဝါဒီတို့၏ အဆိုသည်သာလျှင် ဗုဒ္ဓဘာသိတ စကားတော်တို့နှင့် ညီညွတ်၍ ယုတ္တိနှင့်လည်း ပြည့်စုံသောကြောင့် အခြေခံ မှန်လျက် ရှိသည်၊ ထို့ကြောင့် အကြောင်းပြနှင့် ဆုံးဖြတ်ချက်တို့သည်လည်း ပရဝါဒီတို့ လှုပ်ရှားမယိုင် မြဲခိုင်သော အနုမာန ဖြစ်ပေသည်။

ဦးဥက္ကဋ္ဌသည် အနုမာကိုပယ်၍ မျက်တွေ့ လက်တွေ့ ဝါဒီလိုလို ထင်စရာရှိသော်လည်း အကယ်စင်စစ်ကား ဤသို့ မဟုတ်ပေ။ အနုမာနကို လက်ခံလိုသည့်အခါ လက်ခံ၍ ပယ်လိုသည့်အခါ ပယ်သည်၊ မျောက်က လူဖြစ်လာသည်ဆိုသော ဒါဝင်ဝါဒကဲ့သို့ အနုမာနမျက်ရမ်းဆသည်ကိုကား ဦးဥက္ကဋ္ဌ လက်ခံထားပေသည်၊ “အီဗော်လူရှင်းစနစ်” ဆိုသည်မှာ အနုမာနပင် ဖြစ်၏၊ ဤရုပ်ဝါဒ အနုမာနကို ဦးဥက္ကဋ္ဌ ကိုးကွယ်ပြန်သည်။ ပါဠိတော် အဋ္ဌကထာ ဋီကာလာ အနုမာနကိုမူ ပယ်ရှားပစ်လေသည်။

ဆိုအပ်ခဲ့ပြီးသော စကားစဉ်အရ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ် အကြောင်းပြတစ်ချက်ဖြစ်သော ဗုဒ္ဓ၏ ကမ္မဝါဒသည် ပုခက်နှင့် ခေါင်းအကြားတွင် ကျက်စားကြောင်းကို အပြတ်အသတ် မှတ်ယူအပ်၏ဟု ဆိုသောစကား, ဘုံခန်း ငရဲခန်းသည် မနောဒွါရတိုက်ထွက် အနုမာနဟူသော စကားတို့သည် ဓမ္မနှင့် မညီညွတ်သောကြောင့် အဓမ္မဝါဒသာ ဖြစ်ကြောင်း အမှတ်(၂) ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။

နခသီခသုတ်နှင့် လူသေလူဖြစ်ကို စိစစ်ချက်

၅၀။ လူသေလျှင် လူသာဖြစ်သည် ဟူသော ဝါဒသည် အောက်ပါ နခသီခသုတ် ပါဠိတော်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည် ဘုရား ဟု နိဒါန်းပျိုး၍ အောက်ပါ နခသီခသုတ်ကို စောဒကဆရာတော်များ တင်ပြကြသည်။

ထိုအခါ၌ ဘုရားရှင်သည် အနည်းငယ်သော မြေမှုန့်ကို လက်သည်းပေါ်၌ တင်တော်မူပြီးလျှင် “ရဟန်းတို့. . .ဒါကို ဘယ်လိုထင်ကြသလဲ။ လက်သည်းပေါ်၌ ငါ တင်ထားသော မြေမှုန့်နှင့် ဤမြေကြီးသည် အဘယ်က သာလွန်၍ များသနည်း”ဟု မေးတော်မူသည်။

ရှင်တော်မြတ်ဘုရား. . .ဤမြေကြီးကသာ ပို၍ များပါသည်၊ လက်သည်းပေါ်၌ ရှင်တော်မြတ်ဘုရား တင်ထားသော ဤမြေမှုန့်သည်ကား မပြောလောက်ဖွယ် အနည်းငယ်မျှသာ ရှိပါသည် ဘုရား၊ ဤမြေကြီးကို ထောက်ဆလျှင် လက်သည်းပေါ်၌ ရှင်တော်ဘုရား တင်ထားသော မြေမှုန့်သည် ရေတွက်ခြင်းသို့ မရောက်နိုင်ပါ၊ ထောက်ဆခြင်းသို့လည်း မရောက်နိုင်ပါ၊ အစိတ်အဖို့သို့လည်း မရောက်နိုင်ပါဟု လျှောက်ထားကြပါသည်။

ရဟန်းတို့. . .ဤအတူပင် လူ့ပြည်မှ စုတေကြ၍ လူ့ပြည်၌ဖြစ်သော သတ္တဝါတို့ကား နည်းပါးလှကုန်၏၊ စင်စစ်မှာမူ လူ့ပြည်မှာစုတေကြ၍ ငရဲ၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏၊ ပ။ တိရစ္ဆာန်မျိုး၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏၊ ပ။ ပြိတ္တာဘုံတို့၌ဖြစ်သော သတ္တဝါတို့သာ များကုန်၏၊ ပ။ နတ်ပြည်၌ဖြစ်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ ငရဲ၌ ဖြစ်ကြကုန် တိရစ္ဆာန်၌ ဖြစ်ကြကုန် ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ သာလွန်၍ များလှကုန်၏ဟု ဗုဒ္ဓမြတ်စွာဘုရားက မိန့်တော်မူသည်။

ဤနည်းအတူ နတ်ဘုံ, ငရဲဘုံ, ပြိတ္တာဘုံတို့မှ စုတေ၍ လူ့ဘုံ၌ လူလာဖြစ်သူနည်းပါး၍ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံတို့၌ ဖြစ်ကြသူတို့သာ များလှပုံကိုလည်း မဟာဝဂ္ဂသံယုတ်ပါဠိတော်(၄၁၂-၄၁၄)၊ ပဉ္စဂတိပေယျာလဝဂ်၊ တို့၌ ရှင်တော်မြတ်ဘုရား ကိုယ်တော်တိုင် ဟောကြားတော်မူထားပါသည်ဟု ထိုထိုသုတ္တန်များကို ထောက်၍ စောဒနာတင်ကြသည်။

၅၁။ ဤစောဒနာ စကားရပ်ဖြင့် အလွန်ခိုင်မာတိကျသော နခသီခသုတ်တည်းဟူသော မှတ်ကျောက်ပေါ်၌ တင်လိုက်သောအခါ လူသေလူဖြစ်ဝါဒတည်းဟူသော ရွှေရည်စိမ် မိုးကြိုးသည် ရွှေအစစ်မဟုတ်ဘဲ အတုဖြစ်နေကြောင်း ဘွားဘွားကြီး ပေါ်လာပေသည်။

ပါပသ္မိံ ရမတေ မနော ဘုရားဟော ဒေသနာတော်အရ သတ္တဝါတို့၏ စိတ်ဓာတ်သည် မကောင်းမှု၌ အစဉ်ညွတ်ယိမ်းလျက် ရှိသောကြောင့် ကိုယ် နှုတ် စိတ်တို့ဖြင့် ပြုသမျှ ပြောသမျှ တွေးကြံသမျှတို့သည် ဣဿာ မစ္ဆရိယ ဒေါသ မာန ငါစွဲ ဆရာစွဲ လူမျိုးစွဲ အစရှိသော တဏှာဒိဋ္ဌိအစွဲတို့ဖြင့် အမြဲဖုံးလွှမ်းအုပ်စိုးခြင်းကို ခံနေရသည်ဖြစ်၍ ယင်းတို့၏ ကာယကံ ဝစီကံ မနောကံသည် အကောင်းဖြစ်ဖို့ထက် အဆိုးဖြစ်ဖို့သာ များနေပေသည်၊ သုစရိုက်ဖြစ်ဖို့ထက် ဒုစရိုက် ဖြစ်ဖို့က များ၍ နေပေသည်။

ဦးဥက္ကဋ္ဌနှင့်တကွ နောက်လိုက် တပည့်တပန်းတို့သည် ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်သော်လည်း ကာယကံ ဝစီကံ မနောကံတို့ကို လက်ခံကြောင်း ဤနေရာ၌ သတိပြုရပေမည်၊ ထို့ကြောင့် မိုးကျရွှေကိုယ်ဟု ဦးဥက္ကဋ္ဌတို့ သမုတ်ထားသော အတိတ်ကံကို ချန်လိုက ချန်ထားစေဦးစေတော့ ယခု လောလောဆယ် ပစ္စုပ္ပန်၌ ပြုလုပ်ပြောဆိုတွေးကြံနေသော ကာယကံ ဝစီကံ မနောကံတို့ကား မိုးပေါ်ကျ ကံမဟုတ်မူ၍ လက်တွေ့ မျက်တွေ့ ကိုယ်တိုင်ပြုလုပ်အပ်သော ကံဖြစ်ပေသည်။

ထိုကံသည် “အက်ရှင်းနှင့် ရီအက်ရှင်း (Action and Reaction) အကြောင်းနှင့် အကျိုးတရား” သဘောတရားအရ နံရံဘက်သို့ ကန်လွှတ်လိုက်သော ဘောလုံးသည် နံရံကို ထိမှန်၍ ကန်သောလူထံသို့ ပြန်လာသည့်ပမာ၊ ရေထဲသို့ကျသွားသော ခဲလုံးကလေးသည် ကမ်းနားသို့အရောက် လှိုင်းအဆက်ဆက် ထစေသည့်ပမာ အကျိုးမပြုဘဲ မနေ၊ အကျိုးမဖြစ်စေဘဲ ပျောက်၍ မသွားပေ၊ ဤကား လောကနိယာမ ဓမ္မနိယာမ (The Universal Law, The Order of Norm) သာ ဖြစ်သည်၊ မျက်မှောက်ခေတ် ရူပဗေဒပညာတို့က လက်တွေ့စမ်းသပ် ထောက်ခံထားသော သဘာဝ ဖြစ်ပေသည်။

ယင်းသို့ဖြစ်လျှင် ထိုကံသည် ယခုဘဝ၌သာ အကျိုးပေးသည် မဟုတ်၊ ဘဝများစွာ၌လည်း အကြောင်းညီညွတ်လျှင် သင့်လျော်သော အလှည့်အကြိမ် အခါအခွင့်တစ်ခုခု၌ အကျိုးပြုသည်ဟု နားလည်နိုင်ပေတော့သည်၊ ထုံးအိုးထဲတွင် လက်ကိုနှိုက်၍ ဖြူလာသော လက်ကိုလည်းကောင်း၊ ကတ္တရာအိုးထဲသို့ လက်ကိုနှိုက်၍ နက်လာသော လက်ကိုလည်းကောင်း ကြည့်ကာ ယခုလုပ် ယခုအကျိုးပေးသည်၊ နောင်ဘဝ စောင့်ရန်မလို ဟူသော စကားမျိုးကို ပြောဆိုခြင်းသည် သဘာဝဥပဒေကို မပျံ့ မနှံ့ မခြုံမငုံမိသော အဆိုဖြစ်သည်။

မီးခဲကို ကိုင်မိ၍ ယခုချက်ချင်း ပူသည်မှန်သော်လည်း ယင်းအပူသည် ချက်ချင်းပျောက်၍ မသွား၊ မိမိရရ ကျကျနန ကိုင်မိခဲ့ပါက ညဘက်၌ဖြစ်စေ နောက်ရက်များ၌ဖြစ်စေ ဖူးယောင်ပေါက်ကွဲ ကိုက်ခဲနာကျင်၍ အကျိုးဆက် ဒုက္ခလှလှကြီး ပေးနေတတ်သည်ကို လူတိုင်းအသိပင် ဖြစ်သည်၊ နက်ရှိုင်းစွာ ဆူးစူးခံရသော သတ္တဝါတစ်ယောက်သည် ယင်း ဆူး၏ အဆိပ်ဒဏ်ကို ချက်ချင်း မခံရစေကာမူ ရက်ညောင်းသောအခါ အတွင်းဆွေး ဆွေးပုပ်၍ အရိုးခိုက်အောင် အနာဖြစ်လျက် ဒုက္ခပေးတတ်သည်မှာလည်း မျက်မြင်ထင်ရှားသော သက်သေတစ်ခုပင် ဖြစ်သည်၊ ငရုပ်သီးသည် ယခုစားလျှင် ယခုစပ်သည်ဟု ဆို၏၊ သို့သော် ယခု ချက်ချင်းစပ်ခြင်းထက် ကာလကြာမှ ဆီးပူရောဂါဖြစ်စေတတ်၊ မျက်စိမှုန်မွဲ ရင်ထဲပူလောင်စေတတ်သော ငရုပ်သတ္တိရှိသည်ကို မျက်ကွယ်ပြု၍ မရကောင်းပေ၊ ဝမ်းနှုတ်ဆေးစားလျှင် ချက်ချင်းဝမ်းနာ၍ ဓာတ်မသွားသော်လည်း အချိန်ကျလာသောအခါ ဝမ်းနာ၍ ဝမ်းသွားရသည်၊ ထိုနည်းအတိုင်းပင် မကျန်းမမာသော သူတစ်ယောက် သင့်လျော်သော ဆေးဝါးဓာတ်စာကို မှီဝဲနေရာ ယခု ချက်ချင်း ထိုဆေးသည် အစွမ်းမပြသော်လည်း ကာလကြာသောအခါ ရောဂါပျောက်ကင်းစေ၍ အသားအရေ စိုပြေဝဖြိုးခြင်း အသက်ရှည်ခြင်းအစရှိသော အကျိုးတရားကို ဖြစ်စေသည်မှာ လူတိုင်းပင် တွေ့ကြုံဖူးသော ခံစားချက်အတွေ့အကြုံဖြစ်သည်၊ ဤနည်းအတိုင်း အက်ရှင်းတစ်ခုသည် ရီအက်ရှင်းတစ်ခုကို ဖြစ်စေရာ၌ ယခုချက်ချင်းလက်ငင်းကိုသာ ကွက်၍ ကြည့်ကာ မဆုံးဖြတ်ရာ၊ ယခုချက်ချင်း လက်ငင်းကိုသာ ကြည့်၍ ဆုံးဖြတ်တတ်သည်ကား လူညံ့တို့၏ အရာမျိုးသာ ဖြစ်ပေသည်၊ ကံ၏ အကျိုးဆက်သည်ကား ယခုဘဝ၌သော်လည်းကောင်း၊ ဘဝသံသရာ တစ်ကွေ့၌သော် လည်းကောင်း ဖြစ်စေလိမ့်မည်ဟူသည်ကို သန္နိဋ္ဌာန်ကျ မှတ်သားကြရာသည်။

၅၂။ ယင်းသို့ဆိုလျှင် ထိုသတ္တဝါ၏ ထိုမကောင်းကံသည် ရာဇဝတ်မှု ကျူးလွန်သော သူကို ထိုသူ၏ ပြစ်မှုက အချုပ်ထောင်သို့ ပို့၍ ထောင်နန်းစံစေသကဲ့သို့ ငရဲစသော ဒုဂ္ဂတိတို့၌ ဒုက္ခလှလှခံစေမည် မချွတ်တည်း၊ ထိုငရဲစသော ဘုံကို ထာဝရစသော ဘုရားရှင်တို့က ဖန်တီးထားသည် မဟုတ်၊ သဘာဝကသာ ဖန်တီးသည်၊ သဘာဝဟူသည်မှာ နောက်ကဆိုခဲ့သော (The Universal Law.The Order of Norms) လောကနိယာမ ဓမ္မနိယာမ ပင်ဖြစ်သည်၊ ထိုငရဲစသော ဘုံသို့ မည်သူကမျှ ပို့သည်မဟုတ်၊ (The Law of Action And Reaction) ကမ္မနိယာမက ပို့သည်။ ထိုအခါမှာ လူသားသည် လူ့ဘဝကို သာယာလှပါသည်၊ တွယ်တာလှပါသည်၊ ဤသား ဤမယား ဤစည်းစိမ်နှင့် မခွဲနိုင်မခွာရက်ပါဟု ဥပါဒါန် အထောင်အသောင်း ရှိနေသော်လည်း ယင်းဥပါဒါန်ထက် အားရှိသော ဗလဝ အကုသိုလ်ကံက ရေများ ရေနိုင် မီးများ မီးနိုင်ပမာ ထိုလူသားကို အပါယ်သို့ ဆွဲခေါ်သွားမည် မချွတ်တည်း၊ လူသေလူမဖြစ်သည့်ပြင် ကြောင်ကလေး ခွေးကလေးသော်မှ မဖြစ်မူ၍ ငရဲကောင် ပြိတ္တာကောင် အဖြစ်သို့ ရောက်သွားမည် ဧကန်တည်း။

၅၃။ ထိုသို့မဟုတ် လူသားသည် မိတ်ဆွေကောင်း ဆရာကောင်းကို မှီရ၍ စိတ်ကောင်းဝင်ကာ ကောင်းမှုကောင်းရာ ပြုလုပ်ပြောဆိုတွေးကြံမိလျှင် လူ့ဘုံမှာ လူလည်းပြန်၍ ဖြစ်နိုင်သည်၊ လူ့ထက်အဆင့်မြင့်သော နတ်ဗြဟ္မာအဖြစ်ဖြင့်လည်း ဖြစ်လာနိုင်သည်၊ ယင်းကိုရည်ရွယ်၍ “

မိတ္တသမ္ပဒမာဂမ္မ၊ ယောနိသော စ ပယုဉ္ဇတော။
ဝိဇ္ဇာဝိမုတ္တိ ဝသီဘာဝေါ၊ သဗ္ဗမေတေန လဗ္ဘတိ။
မာနုဿိကာ စ သမ္ပတ္တိ၊ ဒေဝလောကေ စ ယာ ရတိ။
ယာ စ နိဗ္ဗာနသမ္ပတ္တိ၊ သဗ္ဗမေတေန လဗ္ဘတိ။ (ခု၊၁၊၁၀။)

မြန်မာအကျဉ်း

မိတ်ဆွေကောင်းနှင့် ပြည့်စုံမှုကို အကြောင်းပြု၍ နည်းမှန်လမ်းမှန်အားထုတ်မိသော သတ္တဝါသည် ဝိဇ္ဇာဉာဏ် အရဟတ္တဖိုလ် အဘိညာဉ် ဤတရားအားလုံးကို ရနိုင်ပေသည်။

လူ့ဘုံ လူ့ဘဝ၌ ပြည့်စုံသော စည်းစိမ်ဥစ္စာမျိုးကိုလည်းကောင်း၊ နတ်ပြည်၌ရှိသော ပြည့်စုံမှု ပျော်ရွှင်ချမ်းမြေ့မှု အမျိုးမျိုးကိုလည်းကောင်း၊ နိဗ္ဗာန်ချမ်းသာကိုလည်းကောင်း၊ ထိုသတ္တဝါသည် ဤအကျိုးအားလုံးကို ရရှိနိုင်ပေသည်ဟု ခုဒ္ဒကပါဌ၊ နိဓိကဏ္ဍသုတ်၌ ဗုဒ္ဓမြတ်စွာ ဟောတော်မူသည်။

လူသေပြီး လူဖြစ်သည်ကား အလွန်နည်း၍ လူ့ထက်အဆင့်နိမ့် သတ္တဝါသာ အဖြစ်များကြောင်း အမှားကို ညွှန်ပြတတ်သော မမှန်သည်ကိုပြု၍ အားပေးတိုက်တွန်းတတ်သော မိတ်ဆွေတုကို မှီခို ဆရာတုနှင့်ပေါင်းမိ နည်းမှားလမ်းမှားကို ပြုလုပ်မိသော သူများအဖို့ မိမိစိတ်ထင်တိုင်း ဖြစ်လိုသည့်ဘဝ ဖြစ်ချင်သည့်အဖြစ် အနေမျိုးမဖြစ်မူ၍ ဖရိုဖရဲပြိုကွဲပျက်စီးလျက် ကျခြင်းကို အခြားပါဠိတော်များစွာ၌ ဒုဂ္ဂတိံ ဝိနိပါတံဟု ဗုဒ္ဓမြတ်စွာ အထပ်ထပ် ဟောညွှန်တော်မူခဲ့သည်။

ယင်းသို့ အဆင့်နိမ့် ဘုံဘဝတို့၌ မည်ရွေ့မည်မျှ များစွာဖြစ်ပုံကို စံထိုးပြတော်မူလိုသဖြင့် မြေမှုန့်ကို လက်သည်းပေါ် တင်တော်မူကာ ကမ္ဘာမြေကြီးသည် ဤလက်သည်းပေါ်က မြေမှုန့်ထက် အဆပေါင်း မရေမတွက်နိုင်အောင် ကြီးမားဘိ သကဲ့သို့ ထိုအဆင့်နိမ့် ဘုံဘဝတို့၌ ဖြစ်ခြင်းသည် လူ့ဘုံဝယ် လူပြန်ဖြစ်ရခြင်းထက် အဆပေါင်းများစွာ ပိုမိုများပြားသည်ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူလေသည်။

အထက်ပါ သုံးသပ်ချက်မှာ လူတို့၏စိတ်, လူတို့၏ ကာယကံ ဝစီကံ မနောကံ တို့ကို အခြေခံ၍ ကမ္မနိယာမ ဓမ္မနိယာမ သဘာဝကျကျ နခသီခသုတ်တရားတော်ကို ဝေဖန်ဖော်ပြလိုက်ခြင်း ဖြစ်၏၊ ဤဘုရားဟော ပါဠိတော် နခသီခသုတ် ဒေသနာတော်နှင့် ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ကို ယှဉ်ကြည့်လိုက်သောအခါ “မိုးနှင့်မြေကြီး လင်းကွင်းတီး၍ မနီးသည့်နှယ်”ဟူသောစကားကဲ့သို့ ဘုရားစကားနှင့် ဦးဥက္ကဋ္ဌစကားသည် အကွာကြီး ကွာနေကြောင်း တွေ့ရပေသည်။ သို့ဖြစ်သောကြောင့် ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒသည် ဓမ္မမစစ် အဓမ္မသာဖြစ်ကြောင်း အမှတ်(၂) သီးခြား ဝိနည်းဓိုရ်ဆရာတော်တို့က သုံးသပ်တော်မူကြသည်။

အတ္တဝါဒုပါဒါန်နှင့် လူသေလူဖြစ်ဝါဒ စိစစ် သုံးသပ်ချက်

၅၄။ သခင်မြတ်ဆိုင်၏ လူသေလူဖြစ်ပြဿနာစာအုပ်၊ နှာ-၁၆၂၊ ၁၆၃ ၌

“ဒီလိုကွ ကိုယ့်ရုပ် ကိုယ့်နာမ်အပေါ်မှာ တကယ်စွဲတဲ့ ရုပ်နာမ်သဏ္ဌာန် အရှိကို စွဲတဲ့ အတ္တဝါဒုပါဒါန်အတိုင်း လူဟာ လူပဲဖြစ်တယ်၊ ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတာက လူနဲ့မဆိုင်သေးဘူး၊ “ဒါပေမယ့် ကာယကံ ဝစီကံ မနောကံစတဲ့ ကိုယ် နှုတ် နှလုံး မကောင်းတဲ့ ရုပ်ပျက်ကပြန်ပေါ်လာတဲ့ ဘူတရုပ်ဆိုတော့ ရုပ်ဆိုးဖြစ်လာမယ်”

ဟူ၍ ဦးဥက္ကဋ္ဌ ပြောပြချက်ကို မှတ်တမ်းတင်ခဲ့သည်၊ ဤစကားရပ်ကို စိစစ် သုံးသပ်ဦးအံ့။

ကိုယ့်ရုမ် ကိုယ့်နာမ်အပေါ်မှာ တကယ်စွဲတဲ့ အတ္တဝါဒုပါဒါန်, ရုပ်နာမ်သဏ္ဌာန်အရှိကို စွဲတဲ့ အတ္တဝါဒုပါဒါန် ဟူသည်, ဤဌပနာ စကားရပ်၌ အတ္တဝါဒုပါဒါန် ဟူသည် အဘယ်နည်း၊ ပါဠိတော်လာသည့်အတိုင်း ဆိုရလျှင် မိမိသဏ္ဌာန်၌ရှိသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို (ပန်းပွင့်၏ အရောင်အဆင်းနှင့် မွှေးကြိုင်သော အနံ့ကို တခြားစီယူ၍ ပန်းသည် အမွှေးနံ့နှင့် ပြည့်စုံသည်၊ ပန်းသည် လှသော အဆင်းနှင့် ပြည့်စုံသည်ဟု ပြောရာ၌ကဲ့သို့) အတ္တဟူ၍ လည်းကောင်း၊ အတ္တကို ရုပ်-ဝေ-သဉ်-သင်-ဝိ ရှိသည်ဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်-ဝေ-သဉ်-သင်-ဝိ ရှိသည်ဟူ၍လည်းကေားင်း၊ ရုပ်-ဝေ-သဉ်-သင်-ဝိ၌ အတ္တရှိသည်ဟူ၍လည်းကောင်း မြင်ခြင်း သုံးသပ်ခြင်း စွဲလမ်းခြင်းကို အတ္တဝါဒုပါဒါန်ဟု ဆိုရသည်။

ထိုတွင် မိမိရုပ်ကိုလည်းကောင်း၊ ဝေ-သဉ်-သင်-ဝိ ဟူသော မိမိနာမ်ကိုလည်းကောင်း အတ္တဟူ၍ စွဲယူခြင်းမှာ ဗုဒ္ဓဘုရားရှင်၏ တပည့်သားများဖြစ်ကြသော ဘုရား၏အဆိုအဆုံးမကို ရရှိသဖြင့် ရုပ်-နာမ် အပိုင်းအခြားကို ကွဲကွဲပြားပြား နားလည်နေကြသော သုတဝန္တ အရိယသာဝကများအဖို့ ယင်းသို့ အတ္တဝါဒုပါဒါန် ဟု ခေါ်ဆိုနိုင်လောက်အောင် စွဲယူခြင်း မရှိတတ်ပေ။ အကြောင်းမူကား အညတိတ္ထိယ ဟိန္ဒူဗြာဟ္မဏ စသူတို့ ယူဆသော အတ္တစွဲဟူသည် ထိုရုပ်၊ ထိုနာမ်တို့ကိစ္စကို ရုပ်ကိစ္စ နာမ်ကိစ္စ ရုပ်သဘော နာမ်သဘောဟု မထင်မြင်ဘဲ အတ္တ၏ကိစ္စ, အတ္တ၏ သဘော, အတ္တ၏လက္ဓဏာ, အတ္တ၏ အလုပ်ဟု ထင်မြင်ယူဆနေခြင်း ဖြစ်သောကြောင့်ပေတည်း။

ယင်းအတ္တကား ထိုဟိန္ဒူဗြာဟ္မဏ စသူတို့အလိုအရ ပျက်စီးခြင်း မရှိ၊ အမြဲတည်သည်၊ ပုတီးကုန်း၏ အတွင်း၌ ကြိုး၏သဏ္ဌာန်ကဲ့သို့ ဖြစ်၏၊ ပုတီးလုံးများ ရွေ့လျှားနေသော်လည်း ကြိုးသည်မရွေ့မလျား အတွင်းသားအနေဖြင့် တည်ရှိသကဲ့သို့ ခန္ဓာကိုယ် ပျက်စီးဖောက်ပြန် ရွေ့လျားနေသော်လည်း အတ္တသည် ဖောက်ပြန်ရွေ့လျားခြင်း မရှိဘဲ အမြဲတည်နေသည်ဟု ဆိုကြ၏၊ ထိုအတ္တ၏ဆိုခဲ့ပြီးသော သရုပ် သဘော လက္ခဏာကို အမှန်ဟု စွဲစွဲမြဲမြဲယူဆ၍ သွားတာ လာတာ အတ္တ၊ သိတာ မြင်တာ အတ္တ၊ စားတာ သောက်တာ အတ္တ စသည်ဖြင့် ရုပ်နာမ်ပရမတ်တရားတို့၏ ကိစ္စအမှန်ကို အတ္တကိစ္စတည်းဟု ထင်မြင်ယူဆ စွဲလမ်းခြင်းသည်သာလျင် အတ္တဝါဒုပါဒါန် ဖြစ်သည်။

၅၅။ ရုပ်နာမ် အရှိကို စွဲတိုင်း အတ္တဝါဒုပါဒါန် မဟုတ်ပေ၊ ရုပ်နာမ်အရှိကို အတ္တဟု စွဲလျှင်ဖြစ်စေ ရုပ်နာမ်တို့၏ကိစ္စကို အတ္တ၏ ကိစ္စဟု စွဲလျှင်ဖြစ်စေ အတ္တဝါဒုပါဒါန် ဖြစ်သည်။ ရုပ်နာမ်အရှိကိုပင် သာယာဖွယ်ဟု စွဲက ကာမုပါဒါန် ဖြစ်ပေသည်။

ဗုဒ္ဓဓမ္မ ဗုဒ္ဓအဆုံးအမကို မကြားနာ မမှတ်သားဖူး, မသင်ယူ မလေ့လာဖူးသော ဗာလတို့အဖို့ လူမှန်းသိသည့် အချိန်အခါမှစ၍ ထိုအတ္တစွဲ ရှိနေတတ်သည်။ ထို့ကြောင့် ပါဠိတော်၌ “သုတဝါ အရိယသာဝကော”ဟူ၍လည်းကောင်း၊ “အသုတဝါ ပုထုဇ္ဇနော”ဟူ၍လည်းကောင်း နှစ်ပိုင်းနှစ်ကဏ္ဍ ခွဲ၍ ဟောတော်မူသည်။

ယင်းသို့ ပုဂ္ဂိုလ်နှစ်မျိုးနှစ်စား ရှိရာတွင် ပထမအမျိုးအစား ဖြစ်သော သုတဝန္တအရိယသာဝကတို့၏ သန္တာန်၌ အတ္တဝါနုပါဒါန်ဟူ၍ မရှိ၊ အရိယမဂ်ကို မရသေးသမျှ ကာမုပါဒါန်ကား အနည်းအများရှိသည်။ ထိုကာမုပါဒါန်ဟူသည်ကား ငါးပါးအာရုံ ကာမဂုဏ်နှင့်တကွ မိမိ၏ ကိုယ်ခန္ဓာ မိမိ၏ သားမယား စည်းစိမ်ဥစ္စာ အခြွေအရံ ဘုံဗိမာန် အိုးအိမ်စသည်တို့၌ ငြိတွယ်တပ်မက် စွဲလမ်းလျက်ရှိသော ဆွဲတိုင်းရသည့် သရေကြိုးပမာ ဟိုဘုံ သည်ဘုံ ဟိုဘဝ သည်ဘဝ မိမိဖြစ်ရာဌာန မိမိဆိုင်ရာပိုင်ရာတို့၌ ငြိတွယ် တုပ်နှောင် ဆွဲချိတ်လျက်နေခြင်းတည်း။

ယင်း ကာမုပါဒါန်သည် ရဟန္တာ မဖြစ်သေးသမျှ အနာဂါမ် တိုင်အောင် လက်လှမ်းမီလျက် ရှိသည်။ အနာဂါမ်ပုဂ္ဂိုလ်များ၌ ကာမရာဂဟူ၍ မရှိသော်လည်း ဘဝရာဂ ရူပရာဂ အရူပရာဂ အမည်တွင်သော ကာမုပါဒါန်ကား ရှိနေသေးသည်။ ယင်းကာမုပါဒါန် ရှိနေသေးသမျှ ဘဝအနှောင် အဖွဲ့မှ မလွတ်သေး၊ သေပြီးနောက် လူ့ဘုံ လူ့ဘဝ၌ မည်သည့်အခါမျှ ပြန်၍ မဖြစ်တော့ချေ၊ ဗြဟ္မာ့ပြည်၌ ပဋိသန္ဓေနေမည် စင်းစင်းတည်း။

သာဓကကား -
ကတမော စ ပုဂ္ဂလော အနာဂါမီ၊ ဣဓေကစ္စော ပုဂ္ဂလော ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ ဩပပါတိကော ဟောတိ တတ္ထ ပရိနိဗ္ဗာယီ အနာဝတ္ထိဓမ္မော တသ္မာ လောကာ၊ အယံ ဝုစ္စတိ ပုဂ္ဂလော အနာဂါမီ။ (အဘိ၊၄၊၁၁၉။)

မြန်မာအကျဉ်း

အနာဂါမ် ပုဂ္ဂိုလ်ဟူသည် အဘယ်သို့ သဘောရှိသော ပုဂ္ဂိုလ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဩရမ္ဘာဂိယသံရောဇဉ်ငါးပါး ကုန်ခြင်းကြောင့် ဗြဟ္မာ့ပြည်၌ ဥပပတ်ပဋိသန္ဓေနေကာ ထိုဗြဟ္မာ့ပြည်မှ မပြန်လည်တော့ဘဲ ပရိနိဗ္ဗာန် စံတော့မည့်သူတည်း၊ ဤပုဂ္ဂိုလ်မျိုးကို အနာဂါမ်ဟု ခေါ်ဆိုအပ်၏၊ ပုဂ္ဂလပညတ်ပါဠိတော်(၁၁၉-စသည်)

ရှင်းလင်းချက်

ဩရမ္ဘာဂိယသံယောဇဉ် ငါးပါးတွင် အပါအဝင်ဖြစ်သော ကာမရာဂ သံယောဇဉ်ကို ပယ်ပြီးသောကြောင့် ထိုပုဂ္ဂိုလ်သည် လူ့ပြည်၌ ပဋိသန္ဓေနောက်ထပ်မနေဘဲ ဗြဟ္မာ့ပြည်သို့ကပ်ရောက်၍ ပဋိသန္ဓေနေသည်။ ထို့ကြောင့် ကိုယ့်ရုပ် ကိုယ့်နာမ်အပေါ်မှာ တကယ်စွဲတဲ့ အတ္တဝါဒုပါဒါန်, ရုပ် နာမ်အရှိကို စွဲတဲ့ အတ္တဝါဒုပါဒါန်ဟူသော ဦးဥက္ကဋ္ဌ၏ စကားသည် ကာမုဒပါဒါန်၏ သဘောသရုပ်ကိုပါ အတ္တဝါဒုပါဒါန်ဟု ဆိုမိချေသောကြောင့် ပရမတ္ထ ခွင်မကျ၊ အနက်ဓိပ္ပာယ် မပြတ်သား၊ မှားယွင်းချွတ်ချော်လျက် ရှိသည်။

၅၆။ တစ်ဆင့်တက်၍ လူဟာလူပဲဖြစ်တယ်ဆိုသော စကားကို ဆိုပြန်၏၊ ဤအဆို၏ အမှားကို ရှေ့နားက ဆိုခဲ့ပြီးသော နခသီခသုတ်ဖြင့်ပင် ရှင်းလင်းပယ်ရှားပြီးဖြစ်သည်။ လူသေတိုင်းလူမဖြစ်၊ အလွန်ရှားရှားပါးပါး အကြောင်းညီနိုင်မှ လူ့ဘုံသို့ ပြန်၍ ဖြစ်သည်။ သို့ပါလျက် လူသေလူဖြစ်ဟု ဆိုခြင်းသည် ဗုဒ္ဓဒေသနာတော် အရပ်ရပ်နှင့် ဆန့်ကျင်သော အလွန်လွဲမှားသော အဆိုဖြစ်သည်ဟု နိုင်ငံတော်အမှတ်(၂) သီးခြား ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။

ကံနှင့်လူမဆိုင် ရုပ်ပျက်နှင့်ဆိုင်သော လူသေလူဖြစ် စိစစ်ချက်

၅၇။ “ကုသိုလ် အကုသိုလ် ကိစ္စက သူနဲ့မဆိုင်သေးဘူး၊ ဒါပေမဲ့ ကာယကံ ဝစီကံ မနောကံစတဲ့ ကိုယ်နှုတ်နှလုံး၊ မကောင်းတဲ့ ရုပ်ပျက်က ပြန်ပေါ်လာတဲ့ ဘူတရုပ်ဆိုတော့ ရုပ်ဆိုးဖြစ်လာမယ်” ဤစကားရပ်၌ ရှေ့နှင့်နောက် အထက်နှင့်အောက် ဝိရောဓိဖြစ်သော စကားလုံးများ ပါဝင်လျက် ရှိသည်။

အထက်ပါ ဦးဥက္ကဋ္ဌစကား၌ ကုသိုလ် အကုသိုလ်ကံ ဆိုသည်မှာ စေတနာဖြစ်သော နာမ်သဘောဖြစ်၍ နာမ်ကြောက်သော ဦးဥက္ကဋ္ဌက ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်ခြင်းဖြစ်သည်။ ကာယကံ ဝစီကံ မနောကံဟု ဦးဥက္ကဋ္ဌက ဆိုရာ၌ “မနောကံ”ဟူသောစကားသည် ဗုဒ္ဓဝါဒအရ အများနားလည်သော မနောကံ မဟုတ်၊ သူက “မနော”ကို ဟဒယဝတ္ထုရုပ်ဟု ယူထားသူဖြစ်၍ ကိုယ်အမှု နှုတ်အမှု နှလုံးသားအမှုကို ဦးဥက္ကဋ္ဌက ကာယကံ ဝစီကံ မနောကံဟု ဆိုနေခြင်း ဖြစ်၏၊ ထို့ကြောင့် “ကာယကံ ဝစီကံ မနောကံစတဲ့ ကိုယ်နှုတ်နှလုံး မကောင်းတဲ့ ရုပ်ပျက်”ဟူသော စကားကို သူသုံးထားခြင်းဖြစ်ကြောင်း တွေ့ပေသည်။

မှန်ကန်သော ဗုဒ္ဓဝါဒအားဖြင့်မူ ကုသိုလ် အကုသိုလ်နှင့် ကာယကံ ဝစီကံ မနောကံ ဟူသည်မှာ ဘာမျှ ထူခြားသည် မဟုတ်၊ အမည်ကွဲသော်လည်း သဘောချင်းအတူတူပင်။ ကုသိုလ်မှာ ကာယကံ ဝစီကံ မနောကံသုံးပါး အကုသိုလ်မှာလည်း ယင်း သုံးပါးပင်။ သို့ဖြစ်လျက် နာမ်ကြောက်သော ဦးဥက္ကဋ္ဌသည် ကုသိုလ်ကံ အကုသိုလ်ကံကိုကား ကံဟုမမြင် မိုးပေါ်ကျကံဟုဆိုကာ ဗြာဟ္မဏဝါဒကံဟု တံဆိပ်တပ်လျက် ပယ်ထားခဲ့သည်။ ကာယကံ ဝစီကံ မနောကံ ကိုသာ ကံဟုမြင်၍ လက်ခံသည်။

သည်မျှမကသေး ဇနက, ဥပတ္ထမ္ဘက, ဥပပီဠက, ဥပဃာတက ဟူသော ကံလေးမျိုး၊ ဒိဋ္ဌဓမ္မဝေဒနိယ, ဥပပဇ္ဇဝေဒနိယ, အပရာပရိယဝေဒနိယ, အဟောသိကံ ဟူသော ကံလေးမျိုး၊ ဤကံတို့ကိုလည်း ဘုရားဟောမဟုတ်၊ ဗြာဟ္မဏတွေ ထည့်သွင်းထားသည့်ကံဟု သင်္ဂြိုလ်ဆရာ အရှင်အနုရုဒ္ဓါကို လက်ညှိုးငေါက်ငေါက်ထိုးလျက် သင်္ဂြိုလ်က ဗြာဟ္မဏဝါဒကို ဗုဒ္ဓဝါဒထဲသို့ ထည့်သွင်း လက်ခံထားသယောင်ဆိုကာ လက်မခံဘဲ ပယ်သည်၊ ကာယကံ ဝစီကံ မနောကံ သုံးမျိုးကိုသာ ဗုဒ္ဓဝါဒကံဟူ၍ ဆိုသည်။ အကြောင်းကား အထက်၌ ဖော်ပြခဲ့သည့်အတိုင်း ဇနကကံ, ဒိဋ္ဌဓမ္မဝေဒနိယကံ စသည်တို့မှာ နာမ်သဘာဝများဖြစ်၍ ဦးဥက္ကဋ္ဌက နာမ်ကြောက်သောကြောင့် ဇွတ်အတင်း ငြင်းကွယ်ခြင်းပြုသည်။ ကာယကံ ဝစီကံ မနောကံ၌မူ “မနော” ကို ဟဒယဝတ္ထုရုပ်ဟု ယူလျက် သုံးမျိုးလုံးကို ရုပ်ကံလုပ်ကာ လက်ခံခြင်း ဖြစ်လေသည်။ မှားယွင်းလှပေစွ။

ပထမစောဒနာ၌ ပြဆိုခဲ့သည့်အတိုင်း ဦးဥက္ကဋ္ဌသည် ရုပ်ဝါဒီစစ်စစ်တစ်ဦးဖြစ်၍ ဗုဒ္ဓဓမ္မ ဗုဒ္ဓဒေသနာတော်ထဲ၌ပါသော နာမ်ပိုင်းဆိုင်ရာကို အကြောင်းအမျိုးမျိုးပြပြီးပယ်သည်။ ရုပ်ဘက်ပါအောင် ဆွဲ၍ရသော အချက်ကို ရုပ်ဘက်ဆွဲ၍ လက်ခံသည်။ ထို့ကြောင့် ဗုဒ္ဓဝါဒကို ဦးဥက္ကဋ္ဌက ရုပ်ဝါဒဖြစ်အောင် လုပ်နေခြင်းသာ ဖြစ်ကြောင်း အထူးသတိထား၍ ကြည့်မြင်တတ်ရန် လိုအပ်လှပေသည်။

၅၈။ ဤနေရာ၌ ဇနက စသော ကံတို့ကို ရှင်း၍ ပြဦးအံ့၊ ထိုကံတို့သည် ဦးဥက္ကဋ္ဌ စွပ်စွဲသည့်အတိုင်း အရှင်အနုရုဒ္ဓါ၏ လက်ရာမဟုတ်၊ ဘုရားဟော ကံများပင်ဖြစ်ကြောင်း အမှန်အတိုင်း သိရှိကြစေရန် ဖြစ်ပေသည်။

ပဋ္ဌာန်းပါဠိတော်၊ ပဥှာဝါရ၊ အနုလုံ၊ ကမ္ပပစ္စယ၌ “နာနာက္ခဏိကာ ကုသလာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော”ဟူ၍ လည်းကောင်း၊ “နာနာက္ခဏိကာ အကုသလာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော”ဟူ၍ လည်းကောင်း ဟောတော်မူသည်။ အဓိပ္ပါယ်ကား ခဏ အသီးသီး၌ဖြစ်သော ကုသိုလ် စေတနာသည် ဝိပါက် နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့အား ကမ္မသတ္တိဖြင့် ကျေးဇူးပြုသည်။ ထို့အတူ ခဏ အသီးသီး၌ဖြစ်သော အကုသိုလ် စေတနာသည် ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့အား ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်။

ဤကံကား ဤပဋ္ဌာန်းပါဠိတော်၌ ဖော်ပြသော ဇနကကံပေတည်း။ ဇနကကံဟူသည်မှာ အပင် အသီး အရွက်ကို ဖြစ်စေတတ်သော မျိုးစေ့ကဲ့သို့ ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်ကို ဖြစ်စေတတ်သော စေတနာပင်တည်း။ ထိုစေတနာဖြင့် ကိုယ်ထိလက်ရောက် ကောင်းသည့်အမှုကိုပြုလျှင် သူ၏သန္တာန်၌ ကုသိုလ် ကာယကံ ဖြစ်သည်။ မကောင်းသော စကားကို ရှောင်ကြဉ်၍ စာပေပရိယတ် သင်အံလေ့ကျက်ခြင်း, ချပို့ခြင်း, တရားဟောခြင်း အကျိုးရှိသော အနက်အဓိပ္ပါယ်တို့ကို ဆုံးမသွန်သင်ခြင်း စသည်ဖြင့် ကောင်းသော စကားကို ပြောဆိုလျှင် သူ၏သန္တာန်၌ ကုသိုလ်ဝစီကံ ဖြစ်သည်။ ကိုယ်နှုတ်တို့ဖြင့် ပြုလုပ်ပြောဆိုခြင်း မရှိဘဲ စိတ်အတွင်းမှာပင် ကောင်းမှု ကောင်းရာတွေကို တွေးကြံစဉ်းစား ပွားများနေသောသူအား ကုသိုလ်မနောကံ ဖြစ်သည်။

ယင်းကာယကံ ဝစီကံ မနောကံ ကုသိုလ်သည် ကောင်းသော ဘုံဌာန၌ ကြည်လင်သော စိတ် စေတသိတ် နာမက္ခန္ဓာ, ကြည်လင်သော ရုပ်တည်းဟူသော အကျိုးတရားတို့ကို နာနာက္ခဏိကကမ္မသတ္တိဖြင့် ကျေးဇူးပြုလိုက်သည်။ ထိုနည်းအတိုင်း မကောင်းသော စေတနာဖြင့် ကိုယ်မှု နှုတ်မှု စိတ်မှုကို ပြုသောသူအား မကောင်းသော ကာယကံ ဝစီကံ မနောကံ ဖြစ်သည်။ ယင်းကံသည် အကုသိုလ်ကံပင်တည်း။ ယင်းအကုသိုလ်က မကောင်းသောဖြစ်ရာ ဘုံဌာန မကောင်းသော အခြေအနေ၌ မကြည်လင် မသန့်ရှင်းသော စိတ် စေတသိတ် နာမ်ခန္ဓာများနှင့် မကောင်းသော ရုပ်ခန္ဓာများကို နာနာက္ခဏိကကမ္မသတ္တိဖြင့် ကျေးဇူးပြုသည်။ ဤကား ပဋ္ဌာန်းဒေသနာ၏ အဓိပ္ပါယ်ပေတည်း။

ဤသို့လျှင် ကာယကံ ဝစီကံ မနောကံနှင့် ကုသိုလ် အကုသိုလ်ကံတို့သည် ဘုရားဟော ကံများဖြစ်ပြီး မကွဲမပြား တစ်သားတည်းဖြစ်ပါလျက် ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ဗြာဟ္မဏတို့၏ မိုးပေါ်ကျကံဟု သမုတ်၍ ကာယကံ ဝစီကံ မနောကံကိုသာ လက်ခံအသိအမှတ်ပြုခြင်းသည် ထူးထွေသည်ဟူ၍ ဆိုဖွယ်မလိုချေ၊ ရုပ်ဝါဒသမားပီပီ ရုပ်ကိုသာ အရေးပေးခြင်း ဖြစ်ပေသည်။

၅၉။ ဥပတ္ထမ္ဘကကံ ဥပပီဠကကံကို ရှင်းဦးအံ့၊ ဤကံနှစ်မျိုးနှင့် ပတ်သက်၍ အဘိဓမ္မာဝိဘင်း ပါဠိတော်ကြီး၌ ဤသို့ဟောတော်မူထား၏၊

(က) အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဝတိသမ္ပတ္တိ ပတိဗာဠာနိ န ဝိပစ္စန္တိ၊
(ခ) . . . . . . . ဥပတိသမ္ပတ္တိ ပတိဗာဠာနိ . . . . . . . .
(ဂ) . . . . . . .ကာလသမ္ပတ္တိ ပတိဗာဠာနိ . . . . . . . .
(ဃ) . . . . . . ပယောဂသမ္ပတ္တိ ပတိဗာဠာနိ န ဝိပစ္စန္တိ။ (အဘိ၊၂၊၃၈၀။) (အဘိဓမ္မာဝိဘင်း ပါဠိတော်)

မြန်မာပြန်

(က) ကောင်းသော ဘဝဟူသော ဂတိသမ္ပတ္တိ၏ အကာအကွယ်ပေးခြင်းခံရလျှင် မကောင်းမှုဟူသော အကုသိုလ်ကံတို့သည် မကောင်းကျိုး မပေးနိုင်ကုန်။
(ခ) ချောမော လှပတင့်တယ်ခြင်း, ရုပ်ဆင်းကြန်အင် လက္ခဏာပြည့်စုံ တင့်တယ်ခြင်း ဟူသော ဥပတိသမ္ပတ္တိ၏ အကာအကွယ်ပေးခြင်းခံရလျှင် . . . . .
(ဂ) ခေတ်ကောင်း အခါကောင်းဟူသော ကာလသမ္ပတ္တိ၏ အကာအကွယ်ပေးခြင်း ခံရလျှင် . . . .
(ဃ) ပစ္စက္ခဘဝ၌ လောလောဆယ်အားဖြင့် ကောင်းရာလုပ်, ကောင်းရာပြော, ကောင်းရာတွေးခြင်း ဟူသော ပယောဂသမ္ပတ္တိ၏ အကာအကွယ် ပေးခြင်းခံရလျှင် မကောင်းမှု အကုသိုလ်ကံတို့သည် မကောင်းကျိုး မပေးနိုင်ကုန်။

ထိုနည်းအတိုင်း -
ဂတိဝိပတ္တိံ အာဂမ္မ, ဥပဓိဝိပတ္တိံ အာဂမ္မ, ကာလဝိပတ္တိံ အာဂမ္မ, ပယောဂဝိပတ္တိံ အာဂမ္မ မကောင်းသော ဖြစ်ရာဘုံဌာန ဘဝတို့နှင့် တွေ့ကြုံလျှင် အရုပ်ဆိုး အကျည်းတန် အင်္ဂါခြေလက်မစုံ ခေါင်းသေးကိုယ်ကြီး ကိုယ်သေးခေါင်းကြီး ပုလွန်း ရှည်လွန်း စသည်ဖြင့် ညံ့ဖျင်းလွန်းလျှင်။ ပ။ မိုးမမှန် လေမမှန် ရာသီပျက် ဥတုပျက် ခေတ်ဆိုး ခေတ်ပျက်စသော ကာလဝိပတ္တိနှင့် တွေ့ကြုံနေရလျှင်။ ပ။ အပြုမှား အပြောမှား ညံ့ဖျင်းသော စိတ်နေစိတ်ထား မှားယွင်းသော မနောကံစသော ပယောကဝိပတ္တိနှင့် တွေ့ကြုံနေရလျှင် အကုသိုလ်ကံတို့သည် ထိထိခိုက်ခိုက် အကျိုးပေးကုန်၏ ဟူ၍ ပါဠိတော်၌ ဆက်လက်၍ ဟောတော်မူသည်။

၆၀။ ဤပါဠိတော် နှစ်ရပ်ကို ကောက်ချက်ချ ဆင်ခြင်လျှင် အကုသိုလ်ကံသည် လျော်သော အခြံအရံ အကြောင်းကိုရသောအခါ မကောင်းကျိုးပေး၏၊ ဆန့်ကျင်ဘက် အကြောင်းနှင့်တွေ့သောအခါ အကျိုးမပေးပေ၊ အကုသိုလ်ကံအား အကျိုးပေးဖို့ရန် လျော်ကန် သင့်မြတ်စွာ ကူညီထောက်ပံ့တတ်သော ယင်းအခြံအရံအကြောင်းသည် ဥပတ္ထမ္ဘကကံရှိကြောင်း သက်သေသာဓကပင် ဖြစ်၏၊ အကုသိုလ် အကျိုးမပေးနိုင်အောင် ဆန့်ကျင်နှိပ်စက်သော ကံသည် ဥပပီဠကကံ မည်၏၊

ကုသိုလ်ကံ ဘက်၌လည်း ထိုနည်းအတိုင်း ထိုဝိဘင်းပါဠိတော်၌ပင် ပြည့်စုံစွာ ဟောထားတော်မူသည်။ အဓိပ္ပါယ်မှာ ကောင်းသော ကုသိုလ်ကံသည် ကာလသမ္ပတ္တိ ဂတိသမ္ပတ္တိ ပယောဂသမ္ပတ္တိ ဥပဓိသမ္ပတ္တိဟူသော သင့်လျော်ကောင်းမြတ်သော အခြံအရံအကြောင်းကိုရလျှင် အကျိုးပေး၍ ထိုကဲ့သို့သင့်လျော် ကောင်းမြတ်သော အခြံအရံအကြောင်းမျိုးကို မရခဲ့လျှင် ကောင်းကျိုးမပေးပေ။ ဤပါဠိတော်၌လာသော ကုသိုလ်ကံအား အကျိုးပေးဖို့ရန် အထောက်အကူပြုတတ်သော သင့်လျော်ကောင်းမြတ်သော အခြံအရံအကြောင်းကြောင်းသည် ဥပတ္ထမ္ဘကကံမည်၏၊ အနှောက်အယှက် ဆန့်ကျင်ဘက် ပြုတတ်သော အကြောင်းကို ဥပပီဠကကံဟု ခေါ်၏၊

၆၁။ ဥပဃာတကကံ ဟူသည်ကား သတ္တဝါတစ်ဦးတစ်ယောက် အားထုတ်ပြုလုပ်ခဲ့ပြီးသော ကုသိုလ်ကံကိုဖြစ်စေ, အကုသိုလ်ကံကိုဖြစ်စေ အကျိုးမပေးနိုင်လောက်အောင် အစွမ်းကုန်လက်စသတ် ကပ်၍ဖြတ်တတ်သော ကံမျိုးတည်း။ အင်္ဂုလိမာလ မထေရ်အလောင်းသည် မြတ်စွာဘုရားနှင့် မတွေ့ရမီ တောပုန်းခိုးသူကြီးအဖြစ်ဖြင့် အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ထိုပါဏာတိပါတကံသည် လက်ရှိဘဝ၌လည်း အကျိုးပေးနိုင်သည်။ ယခုဘဝ၌ အကျိုးပေးခွင့်မရခဲ့သော် ဒုတိယဘဝ၌သော်လည်းကောင်း၊ တတိယဘဝမှ စ၍ သင့်လျော်သောဘဝတစ်ကွေ့တွင်သော် လည်းကောင်း အကျိုးပေးနိုင်သည့်သတ္တိ ဧကန်ရှိသည်။ သို့ရာတွင် မြတ်စွာဘုရားနှင့်တွေ့၍ တရားနာပြီးသည်၏အဆုံး၌ သီလကိုဆောက်တည်၍ ဘုရားရှင် ပေးသနားတော်မူသောနည်းအရ ဝိပဿနာဉာဏ်ဖြင့် အားထုတ်လိုက်သောအခါ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်သော အဆင့်သို့ ရောက်သွားလေသည်။ ထိုအခါ သူပြုခဲ့သော အကုသိုလ်ကံတို့၏ သတ္တိသည် ယင်းထက် အလွန်အားကြီးသော အရဟတ္တမဂ်ကံ၏ သတ္တိက ကပ်၍ ဖြတ်လိုက်သဖြင့် နောက်ဘဝ၌ အကျိုးပေးနိုင်သော အခွင့်အရေးမရရှိတော့ပေ။ ရဟန္တာဖြစ်ခြင်းကြောင့် နောက်ဘဝဟူ၍ပင် မဖြစ်တော့ပေ။ ထို့ကြောင့် နောက်နောက်ဘဝ၌ အကျိုးမပေးနိုင်တော့ခြင်း ဖြစ်ပေသည်။

သို့ရာတွင် ပဋိသန္ဓေကျိုး မပေးစေကာမူ ပဝတ္တိကျိုးပေးသောအားဖြင့် အင်္ဂုလိမာလထေရ် ရွာတွင်းသို့ ဆွမ်းခံဝင်သောအခါ တုတ် လှင်တန် ခဲကျောက် အစရှိသော လက်နက်မျိုးစုံတို့သည် အခြားအရာဝတ္ထုကို ရည်ရွယ်၍ ပစ်လွှင့်အပ်သော်လည်း အရှင်အင်္ဂုလိမာလထေရ်၏ ကိုယ်ပေါ်သို့သာ ကျရောက်လျက် ရှိကုန်၏၊ လက်ရုံး လက်မောင်း ခြေ အစရှိသော အင်္ဂါကြီးငယ်တို့နှင့် ဦးခေါင်းပါမကျန် ဒဏ်ရာရရှိလျက် ယိုစီးသော သွေးဖြင့် ဆွမ်းခံပြန်ရောက်လာ၍ ဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူရာ မြတ်စွာဘုရားက -

“အဓိဝါသေဟိ တွံ ဗြာဟ္မဏ၊ ယဿ ခေါ တွံ ဗြာဟ္မဏ ကမ္မဿ ဝိပါကေန ဗဟူနိ ဝဿာနိ ဗဟူနိ ဝဿသတာနိ ဗဟူနိ ဝဿသဟဿာနိ ဗဟူနိ ဝဿသတသဟဿာနိ နိရယေ ပစ္စေယျာသိ။ တဿ တွံ ဗြာဟ္မဏ ကမ္မဿ ဝိပါကံ ဒိဋ္ဌေဝဓမ္မေ ပဋိသံဝေဒေသိ” (မ၊၂၊၂၀၇။)

အင်္ဂုလိမာလ. . . သည်းခံလော့၊ သင်သည် အကြင်ကံ၏ အကျိုးဆက်အားဖြင့် နှစ်ပေါင်းများစွာ, နှစ်ရာပေါင်းများစွာ, နှစ်ထောင်ပေါင်းများစွာ, နှစ်သိန်းပေါင်းများစွာ ငရဲ၌ ခံရရာ၏၊ ထိုကံ၏ အကျိုးကို သင်သည် ယခုမျက်မှောက်ဘဝ၌ပင် ခံစား၍ နေရချေပြီဟု မိန့်တော်မူ၏၊ (မဇ္ဈိမပဏ္ဏာသ၊ အင်္ဂုလိမာလသုတ်)

၆၂။ ဤပါဠိတော်၌ နှစ်သိန်းပေါင်း မြောက်များစွာတိုင်အောင် ငရဲ၌ ကျခံစေမည့် ကံ၏ အကျိုးကို ဤဘဝ၌ မျက်မှောက်ပြုအပ်သော အရဟတ္တမဂ် ကမ္မသတ္တိက ပယ်ရှားတားမြစ်လိုက်သဖြင့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့စဉ်က ဖြစ်ခဲ့သော ပါဏာတိပါတ စေတနာကံသည် အကျိုးပေးစေတတ်သော သတ္တိကင်းပြတ်လျက် သွားတော့သည်။ ဤ၌ မဂ်စေတနာသည် ဥပဃာတကကံ မည်၏၊

ထိုနည်းအတိုင်းပင် ရှင်ဒေဝဒတ်သည် ယခုဘဝ၌ မြတ်သောရဟန်းအဖြစ်ကို ရ၍ မြတ်စွာဘုရားကို မဖြစ်မှားမီ သီလက္ခန္ဓနှင့် ပြည့်စုံခြင်း, တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံသည်အထိ သမာဓိက္ခန္ဓကို ရရှိခြင်းဟူသော ဤစေတနာကံတို့သည် မြတ်စွာဘုရား၏ ခြေမတော်၌ သွေးစိမ်းရှင်ရှင် တည်စေလောက်အောင် လောဟိတုပ္ပါဒကကံကို ပြုမိလိုက်သည့်အခါမှစ၍ အကျိုးပေးနိုင်သောသတ္တိ ကင်းပြတ်၍ သွားလေတော့၏၊ ဤနေရာ၌ လောဟိတုပ္ပါဒကကံသည် သီလက္ခန္ဓ သမာဓိက္ခန္ဓဖြည့်ကျင့်ခဲ့သော စေတနာကံကို ကပ်၍ ဖြတ်လိုက်သောကြောင့် ဥပဃာတကကံမည်၏၊ ဤကား ပါဠိတော်တို့၌လာသော ဗုဒ္ဓဘာသိတ ဘုရားဟော ကံလေးမျိုးပေတည်း။

ထိုကံလေးမျိုး၏ အကျဉ်းချုပ်အဓိပ္ပါယ်မှာ ဇနကကံသည် မျိုးစေ့နှင့်တူသည်၊ ဥပထမ္ဘကကံသည် ရေလောင်းခြင်း, ပေါင်းသင်ခြင်း, မြေဩဇာကျွေးခြင်းနှင့် တူသည်၊ ဥပပီဠကကံသည် ပိုထိုးခြင်း, ဖလံဖြူနာ ကျရောက်ခြင်းနှင့် တူသည်၊ ဥပဃာတကကံကား ထိုမျိုးစေ့ကို အပင်မပေါက်နိုင်လောက်အောင် ကြိတ်ချေပစ်ခြင်းနှင့်တူသည်ဟု မှတ်ယူရာ၏၊ ဦးဥက္ကဋ္ဌသည် ဘုရားဟောပါဠိတော်များကို မတွေ့မမြင်၍ သော်လည်းကောင်း, တွေ့မြင်လျက် ရုပ်ဝါဒ လွှမ်းမိုးခံရမှုကြောင့်သော်လည်းကောင်း မျက်ကွယ်ပြုကာ ထိုကံအားလုံးကို ဗြာဟ္မဏဝါဒဟု အကြောင်းမဲ့စွပ်စွဲပြီး ပယ်မိလေသည်။ အမှန်စင်စစ် လူသေလူဖြစ်ကို အဟုတ်ထင်ကြလေအောင် ကံတံတိုင်းကြီးကို ချိုးဖျက်ရန် ကြိုးစားခြင်းမျှသာ ဖြစ်ပေသည်။

၆၃။ “ဒါပေမယ့် ကာယကံ, ဝစီကံ, မနောကံစသော ကိုယ်နှုတ်နှလုံး မကောင်းတဲ့ ရုပ်ပျက်က ပြန်ပေါ်လာတဲ့ ဘူတရုပ်ဆိုတော့ ရုပ်ဆိုးဖြစ်လာမယ်၊ ဆိုပါတော့ကွာ-ခြေတိုချင် တိုမယ်၊ လက်မပါချင် မပါဘူး၊ မနောကံ ကြပ်ကြပ်ဆိုးတဲ့ ရုပ်ကျတော့ အကျည်းတန်တဲ့ ရုပ်ဆိုး ရုပ်ဝါးမျိုးပေါ့ကွာ၊ ဒီ ဆိုးလာတဲ့ ရုပ်ပျက်က ပြန်ပေါင်းစပ်တဲ့ ရုပ်သစ်မှန်ရင် မျက်စိလည်း ချွတ်ယွင်းမယ်၊ ပါးစပ်ပြဲ မျက်ပြူးရင် ဖြစ်မယ်၊ ခေါင်းရင်ကြီးမယ်၊ ကိုယ်တွင်းက အသဲတို့ နှလုံးတို့ပါ ညံ့ဖျင်းလာရင် အသက်ပါတိုမယ်” ဤဦးဥက္ကဋ္ဌ၏ စကားများကို သုံးသပ်သော် ကာယကံ, ဝစီကံ, မနောကံစသော ကိုယ်နှုတ်နှလုံး မကောင်းတဲ့ရုပ်ပျက်က ပြန်ပေါ်လာတဲ့ ဘူတရုပ်ဟူသော စကားသည် အခြေခံမှစ၍ လွဲမှားနေသည်။ ဤဘဝ၌ ကာယကံ, ဝစီကံ, မနောကံကြောင့် ဖြစ်ပေါ်သည့်ရုပ်သည် ဤဘဝမှာပင် လက်စတုံး ကုန်ဆုံးပျောက်ပျက်ပြီး ဖြစ်သည်။ ဘယ်ဘဝသို့မျှ မပြောင်း၊ ဘယ်ဘဝမှာမျှ ပြန်မခေါ်ချေ။ ရုပ်ပျက်က ဖြစ်ပေါ်လာတဲ့ ဘူတရုပ်ဟူ၍ ရုပ်မှ ရုပ်သို့ ပြောင်းလဲ ဖြစ်ပေါ်လာခြင်းကိုသာ ဆို၍ တကယ့်အကြောင်းအရင်းဖြစ်သော အတိတ်ကံကို တမင်သက်သက် သိုဝှက်၍ထားသည်။ ရုပ်ပျက်က ပြန်ပေါင်းစပ်တဲ့ ရုပ်သစ်မှန်ရင်ဟူသော စကားကို သတိထားရမည်။ ဦးဥက္ကဋ္ဌသည် ရုပ်ကို အရှိတရား နိစ္စထာဝရဟု ယူဆထားသူဖြစ်၍ မကောင်းသော ရုပ်ပျက်ရုပ်ညံ့တွေက သေပြီးနောက်ဘဝ၌ ပြန်ပေါင်းမိသောအခါ လူ၏ကိုယ်မှာ မျက်စိပျက်ခြင်း စသည်ဖြင့် မလှမပဖြစ်သည်ဟု ဆိုလိုပေသည်။ ဦးဥက္ကဋ္ဌဝါဒတွင် ကမ္မံ သတ္တေ ဝိဘဇ္ဇတိ- သတ္တဝါတွေကို ကံကဝေဖန်သည်ဟု မရှိပေ၊ သတ္တဝါတို့ကို ရုပ်ကသာ ဝေဖန်သည်ဟု ဆိုလိုသည်။

၆၄။ မွေးကတည်းက ကျိုးလာ, ကန်းလာသောသူ၊ ခြေတို၊ လက်တို၊ မျက်ပြဲ, ပါးစပ်ပြဲစသည် ရုပ်ပျက်ဆင်းပျက် မွေးဖွားလာသူ သတ္တဝါ၏ ကမ္မဇရုပ်အား မည်သည့် ရုပ်ပျက်ကမျှ အကြောင်းပြုသည် မဟုတ်၊ စင်စစ်မှာ အတိတ်ဘဝက ထိုထိုအချိန်ကာလတို့တွင် ကိုယ်တိုင်ပြုလုပ်ခဲ့ပြီးသော အကုသိုလ်ကံကသာ အကျိုးပေးသည်။

ထို့ကြောင့် ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ကမ္မပစ္စည်း၌ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော”ဟူ၍ လည်းကောင်း (နှာ-၇)။ ပဥှာဝါရ ကုသလတ္ထိက ဓမ္မာနုလောမ ပါဠိတော်၌ အကုသလေန အဗျာကတဝါရတွင် “နာနာက္ခဏိကာ အကုသလာ စေတနာ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော”ဟူ၍လည်းကောင်း ဟောတော်မူသည်။ (နှာ-၁၅၄)

မြန်မာပြန်

အတိတ်ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံသည် ကုသလဝိပါက်၊ အကုသလဝိပါက် ပဋိသန္ဓေ နာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့အား နာနာက္ခဏိက ကမ္မသတ္တိဖြင့် အကြောင်းပြုသည်။ အထူးထူးသော ခဏ၌ဖြစ်သော အကုသိုလ်စေတနာသည် အကုသလဝိပါက် နာမက္ခန္ဓာအားလည်းကောင်း (ဆိုးဝါးရုပ်ညံ့သော, ဖောက်ပြန် ချွတ်ယွင်းသော, ရုပ်ဆိုး ရုပ်ပျက်ဖြစ်သော) ကမ္မဇရုပ်တို့အားလည်းကောင်း နာနာက္ခဏိက ကမ္မသတ္တိဖြင့် အကြောင်းပြုပေသည်။

ဤကား မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည် သဗ္ဗညုတဉာဏ်တော်ဖြင့် အတိအကျပိုင်းခြား၍ ဟောတော်မူအပ်သော ဒေသနာ သာဓကပေတည်း။

၆၅။ မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော်(၂၄၄၊၂၄၅) စူဠကမ္မဝိဘင်္ဂသုတ်၌လည်း ဒေါသဗျာပါဒကြီးသောသူ, အနည်းငယ်မျှ ပြောဆိုရုံဖြင့် ဒေါသခက်ထန် အမျက်မာန်ကြီး၍ ကိုယ်နှုတ်တို့ဖြင့် ထိပါးပုတ်ခတ် သတ်ဖြတ်မှုကို ပြုလုပ်တတ်သောသူသည် သေပြီးနောက် အပါယ်ငရဲသို့ ကျရောက်တတ်သည်။ အကယ်၍ လူ့ဘဝရောက်လာခဲ့လျှင် ဖြစ်ရာဘဝ၌ အရုပ်ဆိုးသည်၊ အသက်တိုသည် စသည်ဖြင့် ဟောတော်မူသည်။

အမျက်ထွက်လေ့ရှိခြင်း, ပင်ပန်းမှုများခြင်း, မနှစ်သက်ဖွယ် အနည်းငယ်မျှ ပြောလာသည်ရှိသော် အလွန်ကပ်ငြိခြင်း, ဖောက်ပြန်ခြင်း, ရှေးရှုတည်ခြင်း, ဒေါသအမျက် မနှစ်သက်ခြင်းကို ထင်စွာပြခြင်းသည် အရုပ်ဆိုးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ သူ့အသက်ကို သတ်လေ့ရှိခြင်း, ကြမ်းကြုတ်ရက်စက်ခြင်း, သွေးစွန်းသောလက်ရှိခြင်း, ညှဉ်းဆဲသတ်ဖြတ်မှု၌ သက်ဝင်ခြင်း, သတ္တဝါတို့အပေါ်၌ သနားခြင်းသို့ မရောက်ခြင်းသည် အသက်တိုစေတတ်သော အကျင့်တည်း။ (အကျဉ်းချုံး၍ မြန်မာပြန်ဆိုချက်)

အထက်ပါ ပါဠိတော်များက အသက်တိုခြင်း အစရှိသော အကျိုးတရားများသည် ရုပ်ဆိုးရုပ်ပျက်က ဖြစ်စေအပ်သော အကျိုးတရားများမဟုတ်၊ အတိတ်ဘဝ ပစ္စုပ္ပန်ဘဝတို့၌ မှားယွင်းဖောက်ပြန် မမှန်သော ပြုမူလုပ်ဆောင်ချက် တည်းဟူသော ကံကြောင့်ဖြစ်သော အကျိုးတရားများသာ မုချစင်စစ်ဖြစ်ကြောင်း ဖော်ပြလေသည်။

၆၆။ ထို့ပြင် ဦးဥက္ကဋ္ဌနှင့်တကွ နောက်လိုက် တပည့်သားတို့က ဘုရားဟောမဟုတ်၊ နောက်မှ လုပ်ကြံဖန်တီးထားသော ကံများဖြစ်သည်ဟုဆိုသော ဒိဋ္ဌဓမ္မဝေဒနိကကံ အစရှိသော ကံလေးပါးတို့ကို ဘုရားဟောဖြစ်ကြောင်း အနည်းငယ်မျှ ထုတ်ပြပေဦးအံ့။

“ယံ ဘိက္ခဝေ လောကပကကံ ကမ္မံ လောဘဇံ လောဘနိဒါနံ လောဘသမုဒယံ၊ ယတ္ထဿ အတ္တဘာဝေါ နိဗ္ဗတ္တတိ၊ တတ္ထ တံ ကမ္မံ ဝိပစ္စတိ၊ ယတ္ထ တံ ကမ္မံ ဝိပစ္စတိ၊ တတ္ထ တဿ ကမ္မဿ ဝိပါကံ ပဋိသံဝေဒေတိ ဒိဋ္ဌေ ဝါ ဓမ္မေ ဥပပဇ္ဇ ဝါ အပရေ ဝါ ပရိယာယေ” (အံ၊၁၊၁၃၄။ ၂) စသည်- (တိက အင်္ဂုတ္တိုရ်ပါဠိတော်၊ နိဒါနသုတ်)

မြန်မာပြန်

ရဟန်းတို့ . . . လောဘဖြင့် ပြုအပ်သော, လောဘသည် ဖြစ်စေအပ်သော, လောဘလျှင် အကြောင်းရှိသော ကံသည် အတ္တဘောဖြစ်ရာဘုံဌာန၌ အကျိုးကို ရင့်ကျက်စေ၏၊ အကျိုးကို ရင့်ကျက်စေရာ ထိုဘုံဌာန၌ ယခုဘဝအတွင်းပင် ဖြစ်စေ, တမလွန်ဘဝသို့ ကပ်ရောက်၍ ဖြစ်စေ, တတိယဘဝမှစ၍ တစ်စုံတစ်ခုသော အလှည့်အကြိမ်၌ဖြစ်စေ ထိုကံပြုသော သတ္တဝါသည် ကံ၏အကျိုးကို ခံစားရပေသည်။

ဥပရိပဏ္ဏာသ ပါဠိတော်၊ မဟာကမ္မဝိဘင်္ဂသုတ်၌လည်း-
“ပုဗ္ဗေ ဝါဿ တံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနိယ ပစ္ဆာ ဝါဿ တံ ကတံ ဟောတိ ပါပကမ္မံ ဒုက္ခဝေဒနိယံ၊ မရဏကာလေ ဝါဿ ဟောတိ မိစ္ဆာဒိဋ္ဌိသမတ္တာ သမာဒိန္န၊ တေန သော ကာယဿ ဘေဒါ ပရမ္မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ ယဉ္စ သော ဣဓ ပါဏာတိပါတီ ဟောတိ။ ပ။ မိစ္ဆာဒိဋ္ဌိ ဟောတိ။ တဿ ဒိဋ္ဌေဝ ဓမ္မေ ဝိပါကံ ပဋိသံဝေဒေတိ ဥပပဇ္ဇ ဝါ အပရေဝါ ပရိယာယေ” (မ၊၁၊၂၅၇) -

စသည်ဖြင့် ဟောတော်မူသည်။

မြန်မာပြန်

ထိုသတ္တဝါသည် ရှေ့အဖို့၌သော်လည်းကောင်း၊ နောက်အဖို့၌သော်လည်းကောင်း ဆင်းရဲစွာ အကျိုးခံစားစေရမည့် အကုသိုလ်ကံကို ပြုခဲ့သည်။ သို့တည်းမဟုတ် ထိုသတ္တဝါသည် သေခါနီးကာလ၌သော်လည်း မိစ္ဆာအယူကို ပြည့်စုံစွာ ယူခဲ့သည်။ ထို့ကြောင့် ထိုသတ္တဝါသည် သေလွန်သောအခါ ငရဲသို့ကျရောက်သည်။ ဤလောက၌ ထိုသတ္တဝါသည် သူ့အသက်ကိုသတ်ခြင်း, သူ့ဥစ္စာကို ခိုးခြင်း။ ပ။ မိစ္ဆာအယူရှိခြင်းဟူသော ဒုစ္စရိတကံ၏ အကျိုးကို ယခုဘဝ၌ ဖြစ်စေ၊ တမလွန်ဘဝသို့ ကပ်ရောက်၍ဖြစ်စေ၊ တတိယဘဝမှ စ၍ တစ်စုံတစ်ခုသော အလှည့်အကြိမ်၌ဖြစ်စေ ခံစားရပေသည်။

၆၇။ ဤပါဠိတော်များကို ထောက်ထား၍ ဦးဥက္ကဋ္ဌက သူ၏လူသေလူဖြစ် စာအုပ် စာမျက်နှာ ၅၂-၌ “ဗုဒ္ဓ၏ ကမ္မဝါဒအလိုအားဖြင့် ဆိုရသော် ယခုစားလိုက်သော ငရုတ်သီးသည် ယခုပင်စပ်ရမည်၊ အိမ်ရောက်မှ စပ်မည်ဟူ၍ ငံ့၍ လင့်၍ နေရိုးမရှိ”ဟု ဆိုသော စကားသည်လည်းကောင်း သခင်မြတ်ဆိုင်၏ လူသေလူဖြစ်ပြဿနာ နှာ-၁၅၈-၉-၌ “အနို့-ဒီဘဝ ကောင်းစားချမ်းသာနေတာတွေဟာ ရှေးဘဝက ပရံပရဘဝါဘဝက ကုသိုလ်မဟုတ်ရဘူးပေါ့၊ ဟ-ဒါက ဘယ်ရှေးက ကံမှ မဟုတ်ဘူး၊ ခုဘဝ လိမ်လည်သွေးစုတ် အမြတ်ထုတ်လို့ရင်လည်း ဖြစ်ရမယ်၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးက သူ့အခြေအနေနဲ့ အဆင်ပြေအောင် ကောင်းအောင် မှန်အောင် လုပ်နိုင်လို့ရင်လည်း ဖြစ်ရမယ်။ ဒီပစ္စက္ခ အလုပ်ရဲ့ ကျေးဇူးသက်သက်ပဲ။ ယခုဘဝ ချမ်းသာတာ ဟိုးရှေးရှေးကုသိုလ်ကံကြောင့်လို့များ ယုံလိုက်ရင် အဲဒါကို ဘုရားက ပုဗ္ဗေကတဟေတုဒိဋ္ဌိလို့ ဆိုထားတာရှိတယ်။ ဘုရားအလိုတော့ အဓမ္မတဲ့၊ တရားမဟုတ်လို့ ဆိုတာပဲ”ဟု ဆိုသောစကားသည်လည်းကောင်း၊ ၎င်းစာအုပ် နှာ-၁၉၁-၂-၌ “အေး-ဘာသာရေးဆရာတွေ ပြောသလို လူ့အဖြစ် လူ့ဘဝရင်းစား ပြန်ရဖို့တောင် ဘယ်လောက်ခဲယဉ်းသလဲ, ဘယ်အကျင့်သီလ ရှိမှလေး, ဘယ်ဒါနပါမှ ဆိုတာမျိုးတွေ မင်းကယုံချင်သေးသလားကွ၊ ဒါတွေက စားလမ်းပဲ”ဟု ဆိုသောစကားသည်လည်းကောင်း၊ ဗုဒ္ဓ၏ ကမ္မဝါဒ လုံးဝမဟုတ်။ ဘုရားအလို အနည်းငယ်မျှမပါ။ ဦးဥက္ကဋ္ဌ၏ ကမ္မဝါဒ ဦးဥက္ကဋ္ဌ၏ အလိုသာဖြစ်ကြောင်း ထင်ရှားသိသာနိုင်ပေပြီ။ အမှန်စင်စစ် ရုပ်ဝါဒကိုမှီ၍ ဖော်ပြပါ ဗုဒ္ဓပါဠိတော်များကို တော်လှန်သော၊ ဗုဒ္ဓဝါဒနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်သော မိစ္ဆာဝါဒ အဓမ္မသာဖြစ်ကြောင်း ဝိနည်းဓိုရ် ဆရာတော်များ သုံးသပ်တော်မူကြသည်။

ဦးဥက္ကဋ္ဌသည် မိမိ၏ ဝါဒကို သတ္တိရှိရှိ ပြောင်ပြောင်ရှင်းရှင်း မရေးမပြောဘဲ “ဗုဒ္ဓ”ကို အကွယ်အကာ ယူလျက် ဘုရားကို ရှေ့တန်းတင်၍ ဘုရားတရားကိုပင် ပြန်လည်ဖျက်ဆီးနေသူ ဖြစ်သောကြောင့် ယခုလို ဝိဝါဒါဓိကရုဏ်းများ ပေါ်ပေါက်ပြီး သာသနာတော်အတွင်း၌ ရှုပ်ရှုပ်ထွေးထွေး ကြုံနေရခြင်း ဖြစ်ပေသည်။

မှတ်ချက်။ ။ ပုဗ္ဗေကတဟေတုဒိဋ္ဌိနှင့် ပတ်သက်၍ စောဒနာလွှာ အမှတ် (၄)၌ အကျယ်သုံးသပ်၍ ဆုံးဖြတ်ကြကုန်အံ့။

ဂန္ဓဗ္ဗအကြောင်း သုံးသပ်ချက်

၆၈။ ပဋိသန္ဓေနေခြင်းနှင့် ပတ်သက်၍ မူလပဏ္ဏာသပါဠိတော်၊ မဟာတဏှာသင်္ခယသုတ်၌ ပဋိသန္ဓေတည်နေခြင်း၏ အကြောင်းသုံးပါးကို ပြရာတွင်-

၁။ မိဘလောင်းနှစ်ဦး ဆုံဆည်းခြင်း,
၂။ မိခင်လောင်း ဥတုလာပြီးစ ဖြစ်ခြင်း,
၃။ ပဋိသန္ဓေနေမည့် သတ္တဝါက ရှေးရှုတည်ခိုက်ကြုံခြင်း ဟူသော

အကြောင်း ၃-ချက်တို့တွင် နံပါတ် ၃-အကြောင်းတွင် ဂန္ဓဗ္ဗသဒ္ဒါဖြင့် ဟောတော်မူထားသည်။ ဂန္ဓဗ္ဗောတိ တြုတပဂသတ္တော ဟူသော အဋ္ဌကထာနှင့် အညီ အမိဝမ်းတိုက်သို့ ကပ်ရောက်ထိုက်သော စုတေကာနီး သတ္တဝါကိုသာ ဂန္ဓဗ္ဗအရ ယူမည်ဖြစ်ကြောင်း စောဒကတို့က တင်ပြကြသည်။

ဦးဥက္ကဋ္ဌကမူ လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် ကြံဆောင်လျက် “ဂန္ဓဗ္ဗ”ကို လူသေခါနီး နှာခေါင်းမှထွက်လာသော ဥသ္မာဓာတ်ပျက် ဝါယောဓာတ်ဖြစ်ကြောင်း ကောက်ယူပြီး ထိုဂန္ဓဗ္ဗဓာတ်သည် လေထဲ၌ပျံ့လွင့်နေပြီး သန္ဓေယူမည့် လူသား၏နှာခေါင်းထဲဝင်ကာ သုတ်သွေးတွေဖြစ်ပြီး လူသားသန္ဓေရသည်ဟု တော်တော်လေး ကြံကြံဖန်ဖန် အကွက်ဆင်ထားပေသည်။

ထိုဂန္ဓဗ္ဗနှင့်ပတ်သက်၍ စိစစ်သုံးသပ်ကြကုန်အံ့၊ “ဂန္ဓဗ္ဗော”ဟူသောပုဒ်ကို သဒ္ဒါနည်းအားဖြင့် (ဓာတုပစ္စယဝိဘာဂ) ဓာတ်ပစ္စည်းခွဲဝေခြင်းကို ရှေးဦးစွာ ပြုရသော် ဂန္ဓဗ္ဗော၌ ဂမုဓာတ်+တဗ္ဗပစ္စည်း ဖြစ်၏၊ ဂမု-သပ္ပ စ ဂတိမှိဟူသော ဓာတ်ကျမ်းများအရ ဂမုဓာတ်သည် သွားခြင်း ကပ်ရောက်ခြင်းအနက်ကို ဟောသည်။ တဗ္ဗပစ္စည်းသည် ယေဘုယျအားဖြင့် ဘောကံ အနက်တို့၌ ဟောရိုးရှိသော်လည်း အပ္ပကအားဖြင့် ကတ္တားအနက်ကိုလည်း ဟော၏၊ “ကိစ္စလျူဋာဗဟုလံ”ဟူသော ပါဏီနိသဒ္ဒါသုတ် ၃-၃-၁၁၃ ကို ရည်ညွှန်း၍ “ဤဒိသာနံ ဟိ ပဒါနံ ဗဟုလာ ကတ္တုသာဓနံ သဒ္ဒဝိဒူ မညန္တိ”ဟု မူလပဏ္ဏာသ သဗ္ဗာသဝသုတ် ဋီကာ၌ ဆို၏၊ ဗဟုလသဒ္ဒါကြောင့် ဤသို့သောပုဒ်များ၏ ကတ္တားအနက်၌ ပြီးစီးခြင်းကို သဒ္ဒါဆရာများ အလိုရှိကြသည်ဟု ဆိုခြင်း ဖြစ်၏၊ ဤ၌ တဗ္ဗပစ္စည်းသည် ကတ္တားဟောဖြစ်သည်။ ထို့ကြောင့် ဂစ္ဆတီတိ ဂန္ဓဗ္ဗောဟု ဝြိုဂိလ်ပြုရမည်။ ဂစ္ဆတိ-အမိဝမ်းတိုက်သို့ သွားရောက်ဆဲ (ဝါ) သွားရောက်ထိုက်သည် ယခုပင်သွားရောက်တော့မည်၊ ဣတိ တသ္မာ၊ ထို့ကြောင့်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗမည်၏၊ ဒေါဓဿစသုတ်အရ တဗ္ဗပစ္စည်း၏ တကို ဓပြုထားသည်။ ထို့ကြောင့် အဋ္ဌကထာဆရာ ဖွင့်ထားသည့်အတိုင်း အမိဝမ်းတိုက်သို့ ကပ်ရောက်တတ်သော (ဝါ) ကပ်ရောက်မည့်ဆဲဆဲဖြစ်သော သတ္တဝါကို “ဂန္ဓဗ္ဗ” အရ ကောက်ယူရမည်။

ယင်းသို့ဆိုလျှင် မိဘလောင်းနှစ်ဦး ဆုံဆည်းခြင်း, မိခင်လောင်း ဥတုလာပြီးစဖြစ်ခြင်း, ပဋိသန္ဓေနေမည့် သတ္တဝါက ရှေးရှုတည်လာခြင်း ဟူသော အင်္ဂါသုံးရပ်သည် မဟာတဏှာသင်္ခယသုတ်ပါဠိတော်၊ အဋ္ဌကထာ ဋီကာ အစဉ်အလာယူနည်းအရ အလွန်ယုတ္တိရှိသော အနက်အဓိပ္ပါယ် ဖြစ်ပေသည်။

၆၉။ ထိုဂန္ဓဗ္ဗ ဟူသော ပုဒ်နှင့် စပ်လျဉ်း၍ မြောက်ပိုင်း ဗုဒ္ဓဘာသာကျမ်းများက မည်သို့ဆိုသနည်းဟု ကြည့်ရှုသုံးသပ်သော် ဆရာအသင်္ဂရေးသည့် အဘိဓမ္မသမုစ္စယမည်သော အဘိဓမ္မာကျမ်း၊ သစ္စပရိစ္ဆေဒအခန်း၌ လည်းကောင်း၊ ဆရာအသင်္ဂ၏ ညီတော်ဖြစ်သူ ဆရာဝသုဗန္ဓု ရေးပြုသော အဘိဓမ္မကောသ မည်သော အဘိဓမ္မာကျမ်း အခန်း-၃၊ ဂါထာနံပါတ် ၁၄-၌ လည်းကောင်း အောက်ပါအတိုင်း ဆိုထားသည်။

अन्तराभवः कामधातौ रूपधातौ चोपपद्यमानस्य अरूपधः तोरच्य- वमानस्य । परं सप्ताहं तिष्ठत्यन्तरेण व्यवते
ကာမဘုံ၌လည်းကောင်း၊ ရူပဘုံ၌လည်းကောင်း ပဋိသန္ဓေ နေမည့်ဆဲဆဲဖြစ်သော သတ္တဝါ၊ အရူပဘုံမှ စုတေဆဲဖြစ်သော သတ္တဝါများအား ဘဝနှစ်ခုကြား သီးသန့်ဘဝတစ်ခုရှိသည်။ ထိုဘဝ၌တည်သော သတ္တဝါများသည် ကြားကာလ၌ ခုနှစ်ရက်တိုင်တိုင် တည်နေ၍ ရွေ့လျောသည်။ स च मनोयो गन्धर्व इत्यपि ထိုသတ္တဝါသည် ရုပ်ခန္ဓာမပါ၊ စိတ်ချည်းသက်သက် ဖြစ်သည်၊ အနံ့ကိုစားလျက်နေသည်။ (အဘိဓမ္မသမုစ္စယ၊ သစ္စပရိစ္ဆေဒ)
सजातिशद्रदिव्याक्षि णः कर्मेद्रिवेगवान्। सकला प्रतिधवान् अनिर्वत्यः स गन्धभुक

မြန်မာပြန်

ထိုကြားဘဝ၌ တည်သော သတ္တဝါသည် ဇာတ်တူဖြစ်သော သတ္တဝါတို့၏ သန့်ရှင်းသော နတ်မျက်စိဖြင့်သာ မြင်နိုင်သည်၊ ကမ္မဇိဒ္ဓိတန်ခိုးအဟုန် ရှိသည်။ မျက်စိ-နား-နှာ-လျှာ-ကိုယ် ဟူသော ပသာဒ အစုံရှိသည်။ အပိတ်အပင် အတားအဆီး မရှိ၊ မည်သူကမျှ မတားဆီးနိုင်၊ အနံ့(ဝါ) လေကိုသာ စားသည်။ (အဘိဓမ္မကောသ) ဤမြောက်ပိုင်းကျမ်းအလို ဂန္ဓဗ္ဗဟူသော ပုဒ်ကို “ဂန္ဓံအရ် ဝတိ ခါဒတီတိ ဂန္ဓဗ္ဗော”ဟု အဘိဓမ္မကောသ၏ အဖွင့်ဗျာချာဖြစ်သော ဆ္ဖုဋာရ်ထ၌ ဆို၏၊ ဂန္ဓံ၊ အနံ့ကို။ (ဝါ) လေကို။ အရ်ဝတီ ခါဒတိ၊ စားတတ်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ သော၊ ထိုသတ္တဝါသည်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗမည်၏၊ ထိုမြောက်ပိုင်းကျမ်းဆရာ အသင်္ဂ စသူတို့၏ အလိုအားဖြင့် ဂန္ဓဗ္ဗသည် ကြားခံဘဝဖြစ်သော စိတ်ချည်းသက်သက်ရှိသော သတ္တဝါဟု သိအပ်ပေသည်။

၇၀။ ဦးဥက္ကဋ္ဌသည် ဂန္ဓဗ္ဗကို လူသေခါနီး နှာခေါင်းမှထွက်သော ဥသ္မာဓာတ်ပျက် ဝါယောဓာတ်ဟု ယူဆပြီး ထိုဂန္ဓဗ္ဗဓာတ်သည် နောက်ပဋိသန္ဓေနေဖို့ လူတစ်ဦးဦး၏ နှာခေါင်းထဲ ပြန်ဝင်ပြီး သုတ်သွေးသန္ဓေမဖြစ်ခင် လေထဲ၌ ပျံ့လွင့်နေသည်ဟု ယူဆသဖြင့် ကြားခံဘဝ (အန္တရာဘဝ) ထားရှိကြောင်း သိရသည်။ သို့ရာတွင် မြောက်ပိုင်းဆရာများက စိတ်ကို ဂန္ဓဗ္ဗဟု ဆိုသည်၊ ဦးဥက္ကဋ္ဌက ရုပ်ကိုဂန္ဓဗ္ဗဟု ဆိုသည်။ ထို့ကြောင့် ကြားခံဘဝ ထားကြခြင်း တူသော်လည်း ကောက်ယူပုံခြင်း ကွဲသည်။ မြောက်ပိုင်းဆရာတို့က နာမ်ဝါဒီများဖြစ်ပြီး ဦးဥက္ကဋ္ဌက ရုပ်ဝါဒီဖြစ်ကြောင်းသိရပေသည်။

သို့ရာတွင် မြောက်ပိုင်းဆရာတို့ထက် ဦးဥက္ကဋ္ဌ၏ ထူခြားသော ပြုမူချက်မှာ ထေရဝါဒ ဗုဒ္ဓပိဋကတ်တော်များကို ဖျက်ဆီးပြီး သူ၏ ရုပ်ဝါဒဘောင်ထဲဝင်အောင် သွတ်သွင်းခြင်းပင် ဖြစ်သည်။ ထိုအချက်ကို ထင်ရှားစေရန် ဖော်ပြအံ့။

“ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ ဥပ္ပဇ္ဇတိ ကာယဝိညာဏံ” (မ၊၁၊၃၂၆။) ဟူသော မူလပဏ္ဏာသပါဠိတော်၊ မဟာတဏှာသင်္ခယသုတ် နှာ ၃၂၆-၌ လာသော ပါဠိတော်ကို ဖောက်လွဲဖောက်ပြန် အနက်သမ္ဗာန်၍ ပါဠိအဘိဓမ္မာ သမိုင်းတွင် ဘယ်တုန်းကမျှ မည်သည့်အဋ္ဌကထာ-ဋီကာဆရာကမျှ မဖွင့်ဘူးသော အနက်ကို ဤသို့ဖွင့်ဆိုလေသည်။

ကာယဉ္စ၊ ပုရိသဗီဇရုပ် အဖို၏ သုတ်သွေး၌ ပါရှိသော ကာယပသာဒရုပ်ကို လည်းကောင်း။ ဖောဋ္ဌဗ္ဗေ စ၊ ဣတ္ထိဗီဇရုပ် အမ၏သုတ်သွေး၌ ပါရှိသော ဖောဋ္ဌဗ္ဗရုပ်တို့ကိုလည်းကောင်း။ ပဋိစ္စ၊ အမှီသဟဲ အစွဲပြု၍။ ကာယဝိညာဏံ၊ ပဋိသန္ဓေဝိညာဏ် နာမ်၏ မျိုးစေ့သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ ဤပါဠိတော်အရ ပဋိသန္ဓေဝိညာဏ် ဆိုသည်ကား အခြားမဟုတ်၊ ကာယဝိညာဏ်သာ ဖြစ်၏ဟု သံသယကင်းစွာ မှတ်ယူကုန်ရာ၏ ဟူ၍ ဦးဥက္ကဋ္ဌသည် သူ၏ ဗုဒ္ဓအဘိဓမ္မာစာအုပ် ၁၃၄-၁၃၅ ၌ ပြောင်ပြောင်တင်းတင်း ရေးသားခဲ့သည်။

ဆက်လက်၍ “ထိုမှတစ်ပါး ပဋိသန္ဓေခဏ၌ ကာယ-ဘာဝ-ဝတ္ထုဟူသော ရုပ်ကလာပ် သုံးစည်းသာ ဖြစ်သည် ဟူသော အဘိဓမ္မာကျမ်းဂန်များ၏ အဆိုကို ထောက်၍လည်း အခြားသော ဝိညာဏဓာတ်များ ဖြစ်ထွန်းပေါ်ပေါက်ရန်အကြောင်း မလုံလောက်သေးကြောင်း ပိုမိုထင်ရှားချေသည်”ဟု ကွန့်လိုက်သေး၏၊ သူဆိုလိုသည်မှာ ပဋိသန္ဓေအခါမှာ ကာယဝိညာဏ်သာ ဖြစ်သည်ဟူလို။

ထေရဝါဒ ဗုဒ္ဓအဘိဓမ္မာသမိုင်း၌ ပဋိသန္ဓေအခါတွင် ပဋိသန္ဓေစိတ် ၁၉-ခု မှတစ်ပါး မည်သည့်ပဉ္စဝိညာဏ်ဝိပါက်စိတ်များမှ ဖြစ်သည်ဟု မရှိဘူးချေ။ ပဋ္ဌာန်းပါဠိတော်နှင့်တကွ သံဂါယနာ ခြောက်တန်တင်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌မျှ ပဋိသန္ဓေနေသော စိတ်သည် ကာယဝိညာဏ်စိတ်ဟူ၍ ဟောကြားဖွင့်ဆိုချက် မရှိချေ၊ မရှိသော အရာဖြစ်၍ မဟောခြင်း, မဖွင့်ခြင်း ဖြစ်ပေသည်။ လက်ရှိထေရဝါဒ ပိဋကတ်ကျမ်းစာများအပြင် အဘိဓမ္မ, ကောသ, အဘိဓမ္မသမုစ္စယပညတ္တိ မတ္တတာသိဒ္ဓိစရှိသော မြောက်ပိုင်းအဘိဓမ္မာကျမ်းများ၌လည်း ကာယဝိဉာဏ်စိတ်ဖြင့် ပဋိသန္ဓေနေသည်ဟု မည်သည့်အခါမျှ ဟောပြောရေးသား ဖွင့်ဆိုခြင်း မရှိဘူးချေ။ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ် အခြေခံအကြောင်းတစ်ချက်ဖြစ်သော ဂန္ဓဗ္ဗအယူဝါဒသည် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သော အဓမ္မဝါဒသာဖြစ်ကြောင်း အမှတ်(၂) သီးခြားဝိနည်းဓိုရ် ဆရာတော်များ သုံးသပ်တော်မူသည်။

အထည်ကိုယ် လူသေလူဖြစ်ဝါဒ စိစစ်ဆုံးဖြတ်ချက်

၇၁။ ရှေ့တွင် ဖော်ပြခဲ့ပြီးသော စိစစ်ချက်များဖြင့် လူသေလူဖြစ်ကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပေးရန် စောဒနာချက်ကို ချေပသောဓနာသော သခင်မြတ်ဆိုင်၏ အကိုးအထောက်များ မှားယွင်းဖောက်ပြန် မမှန်သည့် အကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်၏၊ ထို့ပြင် လူသေလူဖြစ်ကို နန်းတင်ရန် ပလ္လင်ခံသော အချက်များထံမှ “သန္ဒိဋ္ဌိက” ကိစ္စ, အနုမာနကိစ္စ, အတ္တဝါဒုပါဒါန်ကိစ္စ ကံပယ်သည့်ကိစ္စ စသည်တို့ကိုလည်း မည်သို့မှားယွင်းနေကြောင်း စိစစ်ဝေဖန်ပြခဲ့ပေပြီ။ လူသေလူဖြစ်ဝါဒကို တည်ဆောက်ရာ၌ ၃၁-ဘုံကိစ္စ ဘာသာ သာသနာပယ်ကိစ္စ, အတိတ် အနာဂတ်ပယ်ကိစ္စ အဘိဓမ္မာပယ်ကိစ္စ, စသည်တို့နှင့် ဘုရားဟောပါဠိတော်များကို အမျိုးမျိုးအဖုံဖုံ မညှာမတာ ဖျက်ဆီးသည့်ကိစ္စများကို ရှေ့လာမည့် ဝိနိစ္ဆယများတွင် ဆက်လက်စိစစ်ဝေဖန်သွားမည် ဖြစ်၏၊ ယခုအခါတွင်မူ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ အထည်ကိုယ်ကို ဝေဖန်စိစစ် ဆုံးဖြတ်ပေးအံ့။

ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒအထည်ကိုယ် တည်ဆောက်ချက်ကား ဘာမျှ ဟုတ္တိပတ္တိ မရှိချေ၊ “လူသေရင် လူဖြစ်မြဲသကွာ”ဟု အရပ်ထဲမှာ ပြောသော စကားလုံးထက် အနည်းငယ်မျှသာ အပိုအမိုပါသည်။ ဦးဥက္ကဋ္ဌတို့လူစူ အင်တိုက်အားတိုက် နှစ်ရှည်လများ ကြိုးစားနေကြရသည့် အချက်သည်ကား အခြားမဟုတ်၊ ဗုဒ္ဓဝါဒ ဖျက်ဆီးရေးပင် ဖြစ်၏၊ မှန်၏၊ ဗုဒ္ဓဝါဒ ကြံကြံခံရပ်တည်နေသမျှ လူသေလူဖြစ်ဝါဒ မရပ်တည်နိုင်သောကြောင့် ဖြစ်၏၊ ဤသို့ ဗုဒ္ဓဝါဒပျက်စီးအောင် ပြုလုပ်ရာ၌ ဦးဥက္ကဋ္ဌတို့ ဦးတည်တိုက်ရမည့် အရာနှစ်မျိုးမှာကား ပိဋကတ်စာပေနှင့် ထိုပိဋကတ်စာပေကို ထိန်းသိမ်းကာကွယ်နေကြသော ရဟန်း သံဃာများ (ဝါ) ဘုန်းကြီးများပင် ဖြစ်ပေသည်။ ထို့ကြောင့်ပင် ပိဋကတ်စာပေကို နည်းမျိုးစုံဖြင့် မွှေနှောက်ဖျက်ဆီးခြင်း, ရဟန်းသံဃာများနှင့် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများ အဆက်အသွယ်ပြတ်သွားအောင် ကြိုးစားခြင်းတို့ကို ပြုလုပ်ကြခြင်း ဖြစ်ပေသည်။

၇၂။ သို့သော် ဦးဥက္ကဋ္ဌသည် “လူသေလူဖြစ်ဝါဒ” ကို သဲသဲမဲမဲ တည်ထောင်လှလိုသူဟုလည်း မဆိုသာချေ။ သူ၏ရေးသားချက်များအရ လူသေလူဖြစ်သည် ဒုတိယအဆင့်၌သာ ရှိနေသည်။ သူ၏ ပထမဦးစားပေး ဝါဒမှာ ပုခက်နှင့်ခေါင်းကြားဟူသော ပစ္စုပ္ပန်တစ်ဘဝဝါဒသာ ဖြစ်ပေသည်။ ထို့ကြောင့် သေပြီး လုပ်တိုင်းကုန်း၏ နောက်မှာ မရေရာသည့်အကြောင်း တဖွဖွပြောခြင်း တပည့်များအား အပြောခိုင်းခြင်း ဖြစ်ပေသည်။ ဤကဲ့သို့ တစ်ဘဝဝါဒ ထူထောင်ခြင်းကား အခြားကြောင့်မဟုတ်၊ ရုပ်ဝါဒကို အသည်းခိုက်အောင် စွဲမြဲယုံကြည်ထားသောကြောင့် ဖြစ်ပေသည်။ သူသည် စ-သ-ဃ-ဇ-က ဟူသော ပသာဒရုပ်ငါးပါး၏ အမြင်တွေ့ကိုသာ ကိုယ်တိုင်လက်ခံပြီး သူတစ်ပါးတို့လည်း လက်ခံကြရန် အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သူဖြစ်ကြောင်း တွေ့နိုင်ပေသည်။

သို့ဖြစ်သောကြောင့် တောင်တွင်းကြီး ဦးဥက္ကဋ္ဌ၏ အဓိကဝါဒမှာ ရုပ်ဝါဒကို အခြေခံသော နောင်ဘဝမရှိ၊ ဥစ္ဆေဒဝါဒသာ ဖြစ်၏၊ “အကယ်၍ ဖြစ်အုံးမည်ဆိုလျှင်”ဟူသော သူ၏ စကားအရ ရုပ်ဝါဒကို အခြေခံသော လူသေလူဖြစ် မြဲသည်ဆိုသည့် သဿတဝါဒသည် ဦးဥက္ကဋ္ဌ၏ သာမညဝါဒဖြစ်ကြောင်း တွေ့ကြရပေသည်။ ထိုကဲ့သို့ ရုပ်ဝါဒကိုအခြေခံသော နောင်ဘဝမရှိ ဥစ္ဆေဒအယူ၊ လူသေလူဖြစ် မြဲသည်ဟူသော သဿတအယူတည်းဟူသော လက်နက်မျိုးစုံတို့ဖြင့် ဗုဒ္ဓသာသနာတော် တစ်ရပ်လုံးကို ပစ်ခွင်း ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ယခု နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)၏ ရှေ့မှောက်၌ ပြည်သူများ ရှင်းရှင်းလင်းလင်း သိခွင့်ရကြပြီး ဖြစ်ပေသည်။

၇၃။ ဦးဥက္ကဋ္ဌ၏ သာမညဖြစ်သော လူသေလူဖြစ်ဝါဒနှင့် စပ်လျဉ်း၌ သူ၏လူသေလူဖြစ်စာအုပ်နှင့် သခင်မြတ်ဆိုင်၏ လူသေလူဖြစ်ပြဿနာ စသော ဆိုင်ရာ စာအုပ်တို့ကို အသေးစိတ် သုံးသပ်ကြည့်ရာတွင် “လူသေလူဖြစ်”ကို တိုက်ရိုက်ဖော်ထုတ်သော ဘဘောတရားပိုင်းဆိုင်ရာ အချက်အလက်က များစွာမရှိဘဲ ဗုဒ္ဓသာသနာ တစ်သာသနာလုံးကို တိုက်ခိုက်ဖျက်ဆီးနေသည့်အချက် များစွာကိုသာ တွေ့ရပေသည်။

လူသေလူဖြစ်စာအုပ် ထက်ဝက်ကျော်လောက်သည် ဘာသာ သာသနာ ရဟန်း သံဃာ ဘုန်းကြီး စေတီပုထိုး ဓာတ်တော် ဆံတော် ကမ္မဝါဒစသည်တို့ကို ဝေဖန်တိုက်ဖျက်ချက်သာ ဖြစ်သည်ကို တွေ့ရသည်။ ကျန်ထက်ဝက်ခန့်သည် မျောက်မှ လူဖြစ်လာသည်ဆိုသော ဒါဝင်ဝါဒကို မျောက်ရုပ်ပုံကြီးများဖြင့် တစ်ခမ်းတစ်နား ပြထားချက်သာ ဖြစ်သည်။ လူသေလူဖြစ်ကို တိုက်ရိုက်ဖော်ပြသော စာမျက်နှာကား လုံး၍ဆုပ်လျှင် လက်တစ်ဆုပ်စာမျှ မရှိချေ။

၇၄။ လူသေလူဖြစ်ဝါဒကို ပြောရာ၌ အဓိကအားပြုသော အချက်မှာ ဒါဝင်ဝါဒပင်ဖြစ်သည်။ ဒါဝင်ဝါဒအရ လူသည် နောက်ဆုံးအဆင့်ရောက်နေသော သတ္တဝါမျိုးဖြစ်သည် ဆို၏၊ လူထက် နောက်တစ်ဆင့် တိုးတက်ဖြစ်စရာ မရှိတော့ဟု ဆို၏၊ လူအဆင့်မှ ပြန်ပြီး လျှောကျရန်လည်း မဖြစ်နိုင်တော့ဟု ဆို၏၊ ထိုအချက်ကို အခြေခံပြီး ဦးဥက္ကဋ္ဌက အကယ်၍ လူသေပြီးနောက် ဖြစ်အုံးမည်ဆိုလျှင် လူပင်ပြန်ဖြစ်ရမည်ဟု ဆိုပေသည်။ အကယ်၍ ဆိုသဖြင့် လူသေပြီးနောက် ဘာမှမဖြစ်ဘဲလည်း နေချင်နေမည်ဟု ဆိုရာရောက်ပေသည်။

ဤသို့ ဒါဝင်ဝါဒကို မူတည်ပြီး ဤအတိုင်းဖြစ်ပုံကို ဦးဥက္ကဋ္ဌက သူလက်လှမ်းမှီသမျှ ယုတ္တိပြ၏၊ ရွှေသည် အန္တိမဓာတ်ဖြစ်နေ၍ ရွှေပျက်လျှင် ရွှေသာပြန်ဖြစ်သည် ဆို၏၊ ထို့ကြောင့် သတ္တဝါလောကတွင် အန္တိမ နောက်ဆုံးအဆင့် ရောက်နေသော လူသည်လည်း အခြားပြောင်းလဲ ဖြစ်စရာမလိုဘဲ လူသာပြန်ဖြစ်ရမည် ဆို၏၊

၇၅။ တစ်ဖန် မန်ကျည်းပင်မျိုးမှ တမာပင်ပေါက်ရိုး မရှိ၊ မန်းကျည်းပင်သာ ပေါက်ရသည်၊ ထိုနည်းတူ လူမျိုးမှ လူပဲ ပြန်ဖြစ်ရမည်ဟု ကျားကန်ထားသည်ကို တွေ့ရသည်။ ရွှေနှင့် မန်ကျည်းပင်တည်းဟူသော သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတို့ကို သက်ရှိသတ္တဝါနှင့် ထပ်တူပြု၍ ဖော်ပြထားသည်ကို တွေ့ရပေသည်။

ဤတွင် ဒါဝင်ဝါဒ၏ စိတ်ကူယဉ်ဆန်လှပုံကိုလည်းကောင်း၊ ရွှေသည် အန္တိမဓာတ် မဟုတ်ပုံကိုလည်းကောင်း၊ လူနှင့်မတူသော ရွှေ သစ်ပင်တို့ကို နှိုင်းယှဉ်မှုမှားယွင်းနေသည်ကိုလည်းကောင်း ဤသို့သော အချက်တို့ကို ပညာရှင်တို့က စိစစ်ဝေဖန်ခဲ့ကြပြီးဖြစ်၍ လူသေလူဖြစ်သည် ဦးဥက္ကဋ္ဌ၏ တပည့်သာဝကများ၏ စွန့်ပစ်ခြင်းကိုပင် ခံနေရပြီ ဖြစ်သည်။ ယခုအခါ၌ နောင်ဘဝတွင် အပါယ်လေးပါး ကျရောက်ရန် အတော်ကလေး ကျိန်းသေနေသော ဒုစရိုက်သမား အနည်းငယ်မျှလောက်သာ လူသေလူဖြစ်ကို ယောင်ယမ်းမြည်တမ်းမိသော အဆင့်တွင်ရှိချေသည်။

၇၆။ သို့ရာတွင် ဝိနည်းဓိုရ် ဆရာတော်များအနေဖြင့် တာဝန်အရ အဆုံးအဖြတ်ပေးရမည် ဖြစ်ပေသည်။ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒသည် ဘုရားဟောပါဠိတော် အဋ္ဌကထာ ဋီကာအားလုံးနှင့်ပင် ဆန့်ကျင်သည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် လူသေလူဖြစ်တွင် ကြားခံဝါဒ (အန္တရာ ဘဝဝါဒ) ရုပ်တရားသာ မြဲပြီး နာမ်တရား မမြဲဟုယူသောဧကစ္စသဿတဝါဒ လူသေပြီး လူပြန်အဖြစ် မြဲသည်၊ ဤလူပင် နောက် လူပြန်ဖြစ်သည်။ ဤဘဝ ရုပ်သည်ပင် နောင်ဘဝသို့ လိုက်ပါပြီးပြန်ဖြစ်သည်ဟူသော သဿတဒိဋ္ဌိအယူတို့ ပါဝင်နေသောကြောင့် ဖြစ်ပေသည်။ မည်သည့် ဘုရားဟောပါဠိတော် အဋ္ဌကထာ ဋီကာတို့၌မျှ အန္တရာဘဝဝါဒ, ဧကစ္စသဿတဝါဒ, သဿတဒိဋ္ဌိ အယူတို့ကို လက်သင့်မခံသောကြောင့် ဖြစ်ပေသည်။

ဤတွင် လူသေလူဖြစ်မြဲသည်ဟူသော ဝါဒမှားယွင်းပုံကို သိသာရုံမျှ ဒိဗ္ဗစက္ခု ဉာဏကထာဖြင့် မီးမောင်းထိုး၍ ဖော်ပြအပ်ပေသည်။ မြတ်စွာဘုရား ရရှိသော ဝိဇ္ဇာသုံးပါးတို့တွင် ဒိဗ္ဗစက္ခုဉာဏ် ပါရှိသည်။ မြတ်စွာဘုရားသည် ထိုဒိဗ္ဗစက္ခုဉာဏ်ဖြင့် လောကကိုကြည့်သောအခါ ဤသို့တွေ့မြင်ရကြောင်း အထင်အရှား ဟောကြားထားတော်မူလေသည်။

ငါဘုရားသည် အလွန်သန့်စင်သော လူတို့၏ မျက်စိအမြင်ထက်ပို၍ မြင်နိုင်စွမ်းသော နတ်မျက်စိ အမြင်ဖြင့် သတ္တဝါတို့ကို ကြည့်ရာတွင် သေဆဲ၊ မွေးဆဲ သတ္တဝါတို့ကိုလည်း မြင်၏၊ ယုတ်, မြတ်, လှ, ဆိုး, သတ္တဝါ အမျိုးမျိုးကိုလည်း မြင်၏၊ ကံအားလျော်စွာ သုဂတိ ဒုဂ္ဂတိဖြစ်ကြသော သတ္တဝါတို့ကိုလည်း မြင်၏၊ ကာယဒုစရိုက်, ဝစီဒုစရိုက်, မနောဒုစရိုက်တို့ကို ပြုလုပ်ပြည့်စုံနေသူ၊ အရိယာသူတော်ကောင်းတို့ကို ပက်ပက်စက်စက် ဝေဖန်ပုတ်ခတ်သူ၊ အယူမှား အမြင်မှားနေသူ၊ တပည့်နောက်လိုက်တို့အား အယူမှားကို သွင်းပေးသူ၊ ဤသို့သောသူမျိုးသည် သေပြီးနောက် ချမ်းသာကင်းသော မကောင်းသောလားရာဖြစ်သော ဖောက်ပြန်ပျက်စီး၍ ကျရာဖြစ်သော ငရဲသို့ကျရောက်ကြရ၏၊ ထိုသို့မဟုတ်မူ၍ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တို့ကို ပြုလုပ်ပြည့်စုံနေသူ၊ အရိယာသူတော်ကောင်းတို့ကို မစော်ကား မပြစ်မှားသူ၊ အယူမှန် ယူသူ၊ မိမိအယူမှန်ကို သူတပါးတို့အား တည်ဆောက်စေသူ၊ ဤသို့သောသူတို့သည် သေပြီးနောက် ကောင်းသောလားရာဖြစ်သော တင့်တယ်သော လူ့ပြည်၊ နတ်ပြည်သို့ ရောက်ကြကုန်၏၊ ဤသို့လျှင် ကံအားလျော်စွာ ထိုထိုဘုံဘဝတို့သို့ ကပ်ရောက်ကြရသော သတ္တဝါတို့ကို ငါဘုရားမြင်တော်မူသည်။ (ဝိနည်းပါရာဇိကဏ်ပါဠိတော် စသည်)။

ဤဘုရားအမြင်နှင့် ဦးဥက္ကဋ္ဌ၏ စိတ်ကူးယဉ် အဘယ်မျှ ကွာခြားနေသည်ကို အထင်အရှား သိသာနိုင်ကြပေသည်။ တနည်းဆိုရသော် ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်သည် ဘုရားဟော ဓမ္မဝိနယနှင့် လုံးဝဆန့်ကျင်နေကြောင်း သိသာထင်ရှားပေသည်။ အမှန်စင်စစ် ဦးဥက္ကဋ္ဌ ကံမကောင်းသည့်အချက်မှာ လူသေလူဖြစ်သည် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ရုံမျှမက သူ့ကိုသူပင် ပြန်ဆန့်ကျင်နေသော အချက် ဖြစ်၏၊ သူသည် စ သ ဃ ဇ က ဟူသော ပသာဒရုပ်ငါးပါးကိုသာ အခိုင်အမာကိုင်သူ ဖြစ်ပါလျက် မျက်မြင် ကြားနာ ကိုယ်တွေ့မဟုတ်သော လူသေလူဖြစ်ဝါဒကိုမှ တည်ထောင်မိရက်သား ဖြစ်ရှာသောကြောင့်ပေတည်း။ ဘုရားကိုလည်း ဆန့်ကျင် ကိုယ့်ကိုယ်ကိုလည်း ဆန့်ကျင်သော ဦးဥက္ကဋ္ဌဖြစ်ကြောင်း တွေ့ရပေသည်။

၇၇။ [ဦးဥက္ကဋ္ဌနှင့် တပည့်နောက်လိုက်တို့အနေဖြင့် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သော ရုပ်ဝါဒကို ယုံကြည်ချင် ယုံကြည်၊ လူသေလူဖြစ်ကို ယုံကြည်ချင်ယုံကြည်၊ ထိုသို့ ယုံကြည်ရုံမျှဖြင့် သီးခြားဝိနိစ္ဆယရုံးတော်သို့ စုဒိတကအဖြစ် ရောက်လာမည်မဟုတ်၊ မှန်ပေ၏- အခြားသောရုပ်ဝါဒီများ ဘာသာခြားများ ဤရုံးတော်သို့ မရောက်ကြသည်မှာ ထင်ရှားသော အချက်တည်း။ ]

ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့်တကွ လက်ကြွင်းလက်ကျန် တပည့်လက်သားများ ဤရုံးတော်သို့ ရောက်လာပြီး စုဒိတကဖြစ်ကြသည်မှာ အခြားကြောင့်မဟုတ်၊ မိမိတို့ ယုံကြည်ထားသော ရုပ်ဝါဒ လူသေလူဖြစ်ဝါဒအတွက် လမ်းရှင်းပေးလိုသည့်အနေဖြင့် နှစ်ပေါင်း ၂၅၀၀-ကျော် ကာလတိုင်တိုင် အများပြည်သူ ရဟန်း ရှင်လူ သန်းပေါင်းများစွာတို့၏ ယုံကြည်ကိုကွယ်ရာဖြစ်သော ပိဋကတ်ကျမ်းဂန်များ၊ ပိဋကတ်ဆောင် ရဟန်းသံဃာများကို ဖျက်ဆီးရန် ကြိုးစားကြသည့်အတွက် ဖြစ်ပေသည်။ တနည်းဆိုရသော် သူတပါး၏ ယုံကြည်ချက်ကို ထိပါးစော်ကားကြသည့်အတွက် ဖြစ်ပေသည်။ ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့သည် သည်းခံမှုတရား ကြီးမားသောသူများ ဖြစ်ကြ၍သာ ဦးဥက္ကဋ္ဌတို့ လူစုအနေဖြင့် ယခုလောက် အတင့်ရဲခွင့် ရကြခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာနေရာ၌ အခြားသာသာ ပိဋကတ်တော်နေရာ၌ ဟိုဒီကျမ်းစာများကို အစားထိုးကြည့်ပါလျှင် ဦးဥက္ကဋ္ဌတို့လူစု ယခုလောက် အချိန်ကြာကြာ တိုက်ခိုက်ဖျက်ဆီးချိန် ရကြမည် မဟုတ်ပေ။

၇၈။ ဤသို့သော အကြောင်းများကြောင့် ဗုဒ္ဓသာသနာတော်တွင်း၌ မြွေပွေး ခါးပိုက်ပိုက် ဆိုဘိသကဲ့သို့ နှစ်ရှည်လများ ခံစားလာခဲ့ရသော လူသေလူဖြစ်ဆိုင်ရာ ဝိဝါဒါဓိကရုဏ်း ရောဂါဆိုးကြီး ကင်းငြိမ်းပျောက်ကွယ်စေရန် အလို့ငှာ ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့် ၎င်းကို ပံ့ပိုးထားသော အချက်အလက် ဟူသမျှသည် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ထေရဝါဒ ဗုဒ္ဓဝါဒနှင့် လုံးဝဆန့်ကျင်သော အဓမ္မဝါဒ စစ်စစ်ဖြစ်ကြောင်း နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အဖွဲ့အမှတ်(၂) ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော် မူကြသည်။