လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/၃၁-ဘုံပယ် ဝိနိစ္ဆယ
၃၁-ဘုံပယ်ဝါဒ ဝိနိစ္ဆယ
၁။ စောဒကဆရာတော်များက အမှတ်(၃) စောဒနာအဖြစ်ဖြင့် လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် (၃၁)ဘုံကို ဘုရားဟောခဲ့ပါလျက် မဟောလေဟန် လုပ်ကြံစွပ်စွဲမှု အမျိုးမျိုး ပြုလုပ်ခဲ့ကြပါသည်ဟု စောဒနာတင်သွင်း ထားကြသည်။ ထိုစောဒနာ၌ စုဒိတကတို့၏ အမှားများကို ထောက်ပြလျက် သက်သေခံ အဖြစ်-
(က) လူသေလူဖြစ် စာအုပ်၊ နှာ-၇-ပါ စာပိုဒ်
(ခ) လူသေလူဖြစ် စာအုပ်၊ နှာ-၁၁-ပါ စာပိုဒ်
(ဂ) လူသေလူဖြစ် စာအုပ်၊ နှာ-၉၉-၁၀၀-ပါ စာပိုဒ်
(ဃ) လူသေလူဖြစ် စာအုပ်၊ နှာ-၁၅၅-ပါ စာပိုဒ်
(င) ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ်၊ နှာ-၁၄၇-ပါ စာပိုဒ်
(စ) ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ စာအုပ်၊ နှာ-၂၁၀-၂၁၁-ပါ စာပိုဒ်
(ဆ) အစွဲပြုတ်တဲကုတ် ရွှေနန်းတော် စာအုပ်၊ နှာ-၅၄-ပါ စာပိုဒ်
(ဇ) နတ်နှင့်ငရဲ ဘယ်မှာလဲ စာအုပ်၊ နှာ-၁၀-ပါ စာပိုဒ်
ပါ စာများကို ထုတ်ဆောင်တင်ပြရုံသာမက ထိုစာအုပ် အားလုံးကိုလည်း ဤရုံးတော်သို့ သက်သေခံအဖြစ် တင်ပြကြလေသည်။
၂။ ဤအချက် ၉-ချက်အပြင် “ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ၃၁-ဘုံသည် တကယ်မရှိ စိတ်ကူးယဉ် ဥပါဒါန်အစွဲမျှသာ ဖြစ်သည်ဟု ဆိုသည့်အပြင် ဘုရားမဟောသော (လောကသမုဒယဉ္စ အတ္ထိ၊ လောက နိရောဓဉ္စ နတ္ထိ)ဟူသော လက်ဖြစ်ပါဠိမှား၊ လက်ဖြစ်အဓိပ္ပါယ် အယူအဆမှားတို့ကို ဘုရားဟော ဖြစ်လေဟန်ပင် လိမ်ညာ၍ ဆိုထားကြပါသည်ဘုရား”ဟူသော စွဲချက်ကိုလည်း တင်သွင်းကြလေသည်။
၃။ ထို့နောက် ထပ်ဆင့်တင်သွင်းအပ်သော ဝိသေသစောဒနာ၌ ဆဋ္ဌမူ ဧကနိပါတ်၊ အင်္ဂုတ္တရပါဠိ၊ နှာ-၃၉-နှင့် ယင်းပါဠိ၏ မြန်မာပြန်ကိုလည်းကောင်း၊ ဝိဘင်းပါဠိတော် နှာ-၄၂၇-၄၃၇-နှင့် ယင်းပါဠိ၏ မြန်မာပြန်ကို လည်းကောင်း၊ သဋ္ဌိနိပါတ်၊ သံကိစ္စဇာတ်၊ နှာ-၆၀ ကို လည်းကောင်း ထုတ်ဆောင်ကိုးကား၍ ၃၁-ဘုံ ရှိကြောင်း သက်သေထူသွားလေသည်။
၄။ သို့ဖြစ်၍ ၃၁-ဘုံကို လက်မခံသော စုဒိတကတို့၏ ဝါဒမှာ ဘုရားဟော ဒေသနာများနှင့် ဆန့်ကျင်သောကြာင့် စင်စစ် အဓမ္မဝါဒသာဖြစ်ကြောင်း စွဲချက်တင်ထားကြပေသည်။
၅။ အဓမ္မဝါဒီအဖြစ် စွဲဆိုခြင်းခံရသော စုဒိတက(တရားခံ) ၇-ဦးအနက် ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်မှ ဦးဥဇ္ဇောတိက၊ တောင်တွင်းကြီးမြို့၊ နေရှင်နယ်ကျောင်းမှ ဦးဇဝန၊ တောင်တွင်းကြီးမြို့၊ ငါးဆင့်ကျောင်းမှ ဦးဇဝနနှင့် တောင်တွင်းကြီးမြို့၊ နတ်မှီကျောင်းမှ ဦးဆန္ဒာဓိက လေးဦးသားတို့က ဤ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော စောဒနာကို သောဓနာခြင်း (ခုခံခြေပခြင်း) လုံးဝမပြုခဲ့ကြချေ၊ ဤသို့ချေပမှုမပြုခြင်းအားဖြင့် ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူ၍ ဦးဥက္ကဋ္ဌဝါဒီအချို့ ဟောပြောရေးသားချက်သည် မှားယွင်းကြောင်း ဝန်ခံပြီးဖြစ်သည်။ ထို့ပြင် စောဒကဆရာတော်များ တင်သွင်းသည့်အတိုင်း ၃၁-ဘုံကို ဘုရားဟောခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံပြီးလည်း ဖြစ်ပေသည်။
၆။ ဤကဲ့သို့ စာပေပရိယတ်ကို သင်ကြားဖူးကြသော ဆရာတော်များက (အမှားကို အမှား၊ အမှန်ကို အမှန်) ဝန်ခံကြသော်လည်း ဗုဒ္ဓစာပေ ပရိယတ်ကို အခြေခံမှစ၍ ဆရာကောင်းထံ ချဉ်းကပ်၍ ဖြစ်ဖြစ်မြောက်မြောက် မသင်ဖူးကြသော သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ လူဝတ်ကြောင်များကသာ ဤစောဒနာချက်ကို ချေပကြပေသည်။
၇။ ယင်းသို့ချေပရာတွင်လည်း သခင်မြတ်ဆိုင်နှင့် သုတေသနအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးခင်ဟန်တို့သည် အချင်းချင်း မညီညွတ်မူ၍ တသီးတခြားစီ ချေပလျှောက်ထားခဲ့ကြသည်။
သခင်မြတ်ဆိုင် ချေပလွှာကို စိစစ်သုံးသပ်ခြင်း
၈။ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော ကိစ္စနှင့်ပတ်သက်၍ သခင်မြတ်ဆိုင်က အင်္ဂုတ္တိုရ် ဆက္ကနိပါတ်၊ ဘဝသုတ် စသည်များကို ကိုးကားတင်ပြ၍ ချေပခဲ့လေသည်။ သခင်မြတ်ဆိုင်၏ ချေပချက်များကို ဝိနည်းဓိုရ်ဆရာတော်များက စိစစ်သုံးသပ်၍ ကောက်ချက်ချကြည့်ရာတွင် “မြတ်စွာဘုရားသည် ဘဝကို အားမပေးကြောင်း”ဟူသော အချက်တစ်ခုကိုသာ တွေ့ရပေသည်။
၉။ သခင်မြတ်ဆိုင်၏ စကားအရဆိုသော် “ဤကဲ့သို့သော သုတ္တန်အထောက်အထားများအရ ဗုဒ္ဓဘုရားရှင်သည် လူနတ်ဗြဟ္မာ တည်းဟူသော ဘဝကို အားမပေးကြောင်း”ဟူ၍ပင်ဖြစ်သည်။
၁၀။ သခင်မြတ်ဆိုင်၏ ချေပချက်ဖြစ်သော အထက်ပါ လိုရင်းစကားရပ်ကို သေချာစွာ စိစစ်၍ ကောက်ချက်ချကြည့်သောအခါ ၃၁-ဘုံ၊ ၃၁-ဘဝသည် ရှိကြောင်း၊ သို့သော်လည်း ဗုဒ္ဓဘုရားရှင်က ထိုဘဝတို့ကို အားပေးခြင်းမရှိကြောင်း အဖြေထွက်လျက် ရှိပေသည်။ တစ်ဆက်တည်းပင် ၃၁-ဘုံဝါဒကို ဗုဒ္ဓလက်မခံဟူသော အယူဝါဒ (သို့တည်းမဟုတ်) နတ်ဘုံ၊ ငရဲဘုံမရှိဟူသော အယူဝါဒသည်လည်း မှားယွင်းသော အယူဝါဒပင်ဖြစ်ကြောင်း ဆိုရာရောက်ပေသည်။
၁၁။ သခင်မြတ်ဆိုင် ကိုးကားတင်ပြသော ဘာသာပြန်စကားရပ်များကို သုံးသပ်ရာတွင် အချက် ၂-ချက်ကို ထင်ရှားစွာ တွေ့ရပြန်သည်။ ပထမအချက်မှာ သခင်မြတ်ဆိုင်သည် ပါဠိတော်မြန်မာပြန်စာအုပ်များမှ ရေးကူးရာ၌ပင် မှန်ကန်စွာ မရေးကူးနိုင်ခဲ့သည်ကို တွေ့ရသည်။ ပါဠိမြန်မာပြန် မူရင်းနှင့် ချွတ်ယွင်းနေသည်ကို တွေ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ အမှုစစ်ဆေးရာ၌ ၎င်းကိုယ်တိုင် အကြိမ်ကြိမ် ဝန်ခံခဲ့သည့်အတိုင်း ပိဋကတ် မကျွမ်းကျင်ရှာ၍ ဖြစ်ရသည်ဟု ဆရာတော်တို့ သုံးသပ်တော်မူကြသည်။
၁၂။ ဒုတိယအချက်မှာ ဘဝနှင့်တဏှာ သရုပ်မကွဲသည့် အချက်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သခင်မြတ်ဆိုင် အကိုးအကားပြု၍ တင်ပြသော သုတ်တော်များ၏ ဟောကြားချက်များသည် ဘဝကိုတွယ်တာမှုနှင့် ပတ်သက်၍ ဝေဖန်ဟောကြားသော သုတ်များသာ ဖြစ်ပေသည်။ ဘဝမရှိ (ဘုံမရှိ) ဟူ၍ ဟောကြားသော သုတ်များ မဟုတ်ချေ။ နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ်တို့တွင် ၃၁-ဘုံ မရှိဟု ဟောကြားချက် လုံးဝမရှိချေ။
၁၃။ ဘဝနှင့်တဏှာ သီးသန့် ကြားကန့်၍ သဘောပေါက်နားလည်နိုင်မှုသည်လည်း လွယ်ကူသော အရာမဟုတ်ပေ၊ သဘောရိုးဖြင့် ဆရာကောင်း သမားကောင်းထံ ချဉ်းကပ်၍ သင်ယူကြားနာလေ့လာဆည်းပူးမှသာ သိနိုင်စကောင်းသော အရာဖြစ်သည်။ သခင်မြတ်ဆိုင်မှာမူ (ထွက်ဆိုချက်အရ) ဦးဥက္ကဋ္ဌမှတစ်ပါး အခြားသော ဆရာကောင်း သမားကောင်းများထံ ဖြစ်ဖြစ်မြောက်မြောက် ဆည်းကပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့ကြောင့်ပင် ဘဝတဏှာ ကင်းပြတ်ရေးအတွက် ဟောသော တရားတော်များကို ဘဝမရှိဟု ဟောသော တရားတော်များဟု အထင်ရောက်ကာ ယခုလို ကိုးကားချေပမိခြင်း ဖြစ်ပေသည်။
၁၄။ အထောက်အထား တင်ပြသော သုတ်တရားတော်များအရ မြတ်စွာဘုရားသည် ဘဝဟူက လူ့ဘဝအပါအဝင် မည်သည့်ဘဝကိုမျှ ချီးမွမ်းခြင်း မပြုကြောင်း ထင်ရှားပေသည်။ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ရှင်ဖြစ်၍ ဘဝတဏှာမှ ကင်းလွတ်ရေးတရားကို ဟောရာ၌ ဘဝအားလုံးကို ရှုတ်ချရမည်မှာ သဘာဝကျပေသည်။ ဤကဲ့သို့ တဏှာပယ်သတ်ရေး တရားတော်များကို နတ်ဘုံ ငရဲဘုံများကို သုတ်သင်ရှင်းလင်းရေး လက်နက်အဖြစ် အသုံးချမိခြင်းသည် မှားခြင်းကြီးတစ်ရပ်ပင် ဖြစ်ပေသည်။
ဘဝသုတ်ကို သုံးသပ်ချက်
၁၅။ ယခုအခါ သခင်မြတ်ဆိုင် အကိုးအကားတင်ပြသော သုတ္တန်ပါဠိတော် မြန်မာပြန်များနှင့် စပ်လျဉ်း၍ တစ်သုတ်စီ တစ်သုတ်စီ သုံးသပ်ဖော်ပြသွားမည် ဖြစ်ပေသည်။
၁၆။ ရှေးဦးစွာ သခင်မြတ်ဆိုင်က အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဆက္ကနိပါတ်၊ ဘဝသုတ်ကို “ရဟန်းတို့ ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ အဘယ်ဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန် သနည်းဟူမူ ကာမ၊ ရူပ၊ အရူပ ဤဘဝ သုံးပါးတို့ကို ပယ်အပ်ကုန်၏”ဟု ဤသို့ တင်ပြကိုးကား ထားလေသည်။
၁၇။ ထိုဆက္ကနိပါတ်၊ ဘဝသုတ်ပါဠိတော်၏ ဆဋ္ဌမူမြန်မာပြန် အပြည့်အစုံမှာ ဤသို့ဖြစ်ပေသည်။
ရဟန်းတို့ ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ သိက္ခာသုံးမျိုးတို့၌လည်း ကျင့်အပ်၏၊ အဘယ်ဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်သနည်းဟူမူ . . . ကာမဘဝကိုလည်းကောင်း၊ ရူပဘဝကိုလည်းကောင်း၊ အရူပဘဝကိုလည်းကောင်း ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊
အဘယ်သိက္ခာသုံးမျိုးတို့၌ ကျင့်အပ်သနည်း၊ အဓိသီလသိက္ခာ၌ လည်းကောင်း၊ အဓိစိတ္တသိက္ခာ၌ လည်းကောင်း၊ အဓိပညာသိက္ခာ၌လည်းကောင်း ဤသိက္ခာသုံးမျိုးတို့၌ ကျင့်အပ်၏၊
ရဟန်းတို့ အကျင်အခါ၌ ရဟန်းသည် ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ ဤသိက္ခာသုံးမျိုးတို့၌လည်း ကျင့်အပ်သောအကျင့်ရှိ၏၊ ရဟန်းတို့ ထိုအခါ ဤရဟန်းကို တဏှာဖြတ်ပြီးသူ၊ သံယောဇဉ်ကို လွန်မြောက်ပြီးသူ၊ ကောင်းစွာ မာနကိုပယ်ခြင်းကြောင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသူ ဟူ၍ ဆိုအပ်၏၊ (အင်မြန်၊၂၊၄၈၈။)
၁၈။ ဤဘဝသုတ်တော်၌ ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝဟူသော စကားရပ်သည် ဥပစာအားဖြင့် ဟောသော စကား ဖြစ်၏၊ မုချအားဖြင့်မူကား ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံတို့၌ တပ်မက်သော တဏှာကိုသာ ဟောတော်မူသော စကားဖြစ်သည်။
၁၉။ ဤသုတ်တော်လာ “ပယ်အပ်ကုန်၏”ဟူသော စကားအရ ပယ်စရာ ရှိနေကြောင်း သိနိုင်၏၊ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံတို့သည် ရှိကုန်၏၊ ထိုဘုံတို့၌ စွဲလမ်းသော ကာမတဏှာ ရူပတဏှာ အရူပတဏှာတို့သည်လည်း ရှိကုန်၏၊ ထိုတဏှာတို့ကို ပယ်အပ်ကုန်၏ ဟူ၍ ဟောတော်မူခြင်း ဖြစ်သည်။
၂၀။ အမှန်အားဖြင့် တဏှာစသော အကုသိုလ်တရားတို့သည် ပယ်အပ်သော (ပဟာတဗ္ဗ) တရားတို့ဖြစ်ကုန်၏၊ ဘဝတို့၌ တပ်မက်သော တဏှာစသော အကုသိုလ်တရားတို့ကို ပယ်ရန်အတွက်သာ မြတ်စွာဘုရား ဟောတော်မူခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ဘဝသုတ်၏ နိဂုံးစကားရပ်၌ “ရဟန်းတို့ ထိုအခါ ဤရဟန်းကို တဏှာဖြတ်ပြီးသူ၊ သံယောဇဉ်ကို လွန်မြောက်ပြီးသူ၊ ကောင်းစွာ မာနကိုပယ်ခြင်းကြောင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသူ ဟူ၍ ဆိုအပ်၏”ဟု တဏှာပယ်ခြင်းကို ထင်ရှားစွာ ဟောတော်မူခဲ့ခြင်း ဖြစ်ပေသည်။
၂၁။ အကယ်၍ သခင်မြတ်ဆိုင် တင်သည့်အတိုင်း ကာမဘဝ ရူပဘဝ အရူပဘဝတို့ကို ပယ်ရမည်ဟု မုချအနက်ယူလျှင်လည်း ကာမဘဝ ရူပဘဝ အရူပဘဝ ရှိနေသည်ဟု အဓိပ္ပါယ် သက်ရောက်သည်ပင် ဖြစ်၏၊ အဘယ့်ကြောင့်ဆိုသော် ရှိနေသောအရာကိုသာလျှင် အပယ်ခိုင်းရန် လိုအပ်၏၊ မရှိသော အရာကိုမူ အပယ်ခိုင်းရန် မလိုအပ်သောကြောင့်ပေတည်း။
၂၂။ ထို့ကြောင့် သခင်မြတ်ဆိုင်တင်ပြသော ဤဘဝသုတ်သည် ၃၁-ဘုံကို ပယ်သောသုတ် မဟုတ်၊ ၃၁-ဘုံဝါဒကို လက်မခံဟူ၍ ဟောကြားသော သုတ်လည်းမဟုတ်၊ အမှန်စင်စစ် ၃၁-ဘုံရှိကြောင်းကိုပင် အတ္ထာပန္န စကားကျနည်းအားဖြင့် ညွှန်ပြသော သုတ်ဖြစ်နေပေသည်။
ဟာလိဒ္ဒိကာနိသုတ် သုံးသပ်ချက်
၂၃။ သခင်မြတ်ဆိုင်က ဒုတိယချေပချက်အဖြစ် ဟာလိဒ္ဒိကာနိသုတ်ကို ထုတ်ဆောင်၍ “သူကြွယ် အနာဂတ်ကာလ၌ ဤသို့သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏရှိသူ ဖြစ်ရလို၏၊ ဤကဲ့သို့ အနာဂတ်ဘဝကို ကြံသူသည် ဝဋ်ကို ရှေ့သွားပြုသူ မည်၏”ဟု တင်ပြထားလေသည်။
၂၄။ ဤသုတ်၌ပါသော အနာဂတမဒ္ဓါနံ ပုရက္ခာရော-အနာဂတ်ဘဝကို ကြံသူသည် ဝဋ်ကို ရှေ့သွားပြုသူ မည်၏ ဟူသော စကားကိုထောက်၍ အနာဂတ်ကာလ (အနာဂတ်ဘဝ) ရှိကြောင်းမှာ ထင်ရှားလေသည်။ သခင်မြတ်ဆိုင် ယူဆသကဲ့သို့ ၃၁-ဘုံ မရှိသည်မဟုတ်၊ ၃၁-ဘုံရှိသည်ဟူသော အဓိပ္ပါယ်ပင် သက်ရောက်၍နေပေသည်။
အဇ္ဈတ္တိကာယတနသုတ် သုံးသပ်ချက်
၂၅။ သခင်မြတ်ဆိုင်က တတိယချေပချက်အနေဖြင့် “ထေရဝါဒ ပိဋကတ် အင်္ဂုတ္တိုရ်၊ မဟာဝဂ္ဂသံယုတ်၊ သစ္စသံယုတ်၊ အဇ္ဈတ္တိကာယတနသုတ်တွင် . . .
“ဘဝသစ်ကို ဖြစ်စေသော သမုဒယသစ္စာဟူသည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတို့တည်း၊ ထိုတဏှာတို့ကို ပယ်အပ်ကုန်၏၊ မဂ်ဖြင့်ပယ်လော”ဟု ချေပထားလေသည်။ ဆဋ္ဌမူ မြန်မာပြန်နှင့် ကိုက်ညီမှု မရှိချေ။
၂၆။ ဤ၌ အဇ္ဈတ္တိကာယတနသုတ်ကို သခင်မြတ်ဆိုင်က ထေရဝါဒပိဋကတ် အင်္ဂုတ္တိုရ် ဟူ၍လည်းကောင်း၊ မဟာဝဂ္ဂသံယုတ်-ဟူ၍လည်းကောင်း လုံးထွေးရောနှောပြီး ဖော်ပြထားလေသည်။ ဤအဇ္ဈတ္တိကာယတနသုတ်သည် သခင်မြတ်ဆိုင် ညွှန်ပြသကဲ့သို့ ထေရဝါဒပိဋကတ် အင်္ဂုတ္တိုရ်တွင် မပါရှိချေ။ မဟာဝဂ္ဂသံယုတ်တွင်မူ အမှန်ပင် ပါရှိပေသည်။ ထိုသုတ်၏ အဓိပ္ပါယ် အပြည့်အစုံမှာ-
“ရဟန်းတို့ ဆင်းရဲဖြစ်ပေါ်ကြောင်း ဖြစ်သော အရိယာတို့၏ အမှန်တရားဟူသည် အဘယ်နည်း၊ ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း, တပ်မက်ခြင်းနှင့်တကွဖြစ်သော ထိုထိုအာရုံ၌ လွန်စွာနှစ်သက်တတ်သော တပ်မက်မှုတဏှာပင်တည်း။ ဤသည်ကား အဘယ်နည်း၊ ကာမတို့၌တပ်မက်မှု ကာမတဏှာ၊ သဿတဒိဋ္ဌိနှင့်တကွဖြစ်သော ဘဝတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော ဝိဘဝတဏှာတို့တည်း။ ရဟန်းတို့ ဤတရားကို ဆင်းရဲဖြစ်ပေါ်ကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားဟု ဆိုအပ်၏” (သံမြန်၊၃၊၃၇၉၊၃၈၀။)
၂၇။ ဤအထက်ပါ မြန်မာပြန်စကားရပ်သည် သမုဒယသစ္စာအကြောင်းကို ပြဆိုသော ဒေသနာဖြစ်သည်။ ဤဒေသနာ မူရင်း ပါဠိတော်၌-
“ပေါနောဗ္ဘဝိကာ=ဘဝသစ်၌ ဖြစ်စေတတ်သော”
ဟူသော စကားရပ်ပါရှိသည်ကို သတိပြုသင့်၏၊ ထိုစကားဖြင့် တဏှာမကင်းသမျှ (မပယ်ရသေးသမျှ) ဘဝသစ်၌ ဖြစ်ရပေဦးမည်ဟုသော အဓိပ္ပါယ်မှာ ရှင်းလျက်နေသည်။ ဘဝသစ်ဟူသော စကားကိုထောက်၍ ဘဝဟောင်းဟူသော အတိတ်ဘဝ ရှိနေမှုသည်လည်း ပေါ်လွင်လာပြန်၏၊ ဤသို့အားဖြင့် ဤသုတ်လာစကားရပ်သည် သခင်မြတ်ဆိုင် ယူဆသကဲ့သို့ ဘဝမရှိပုံကို မပြ၊ ဘဝရှိပုံကိုသာ ပြဆိုလျက်ရှိသောကြောင့် ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော စုတိဒကတို့၏ သဘောထားသည် လုံးဝမှားယွင်းကြောင်း ထင်ရှားနေပေသည်။
လောကသုတ် သုံးသပ်ချက်
၂၈။ သခင်မြတ်ဆိုင်က စတုတ္ထသာဓကအဖြစ် ဥဒါန်းလာ လောကသုတ်ကို ထုတ်၍ “ဘဝသည် နှိပ်စက်၏၊ ထိုဘဝကိုပင် နှစ်သက်ကြ၏၊ ဘဝဟူသည် ဘေး ဖြစ်၏၊ ဇရာ မရဏသည် ဖြစ်၏၊ ဘဝကို ပယ်ခြင်းငှာ ကျင့်ရ၏၊ ဘဝဖြင့်ဘဝမှ မလွတ်၊ ဘဝပြတ်လိုခြင်းဖြင့်လည်း ဘဝမှ မလွတ်”ဟု ချေဆိုကိုးကားလေသည်။ သူ၏တင်ပြချက်သည် ဆဋ္ဌမူမြန်မာပြန်နှင့် ကိုက်ညီခြင်းမရှိချေ၊ ဆဋ္ဌမူ မြန်မာပြန် အပြည့်အစုံမှာ-
“ဘဝ၌ကပ်ငြိသော လောကသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေ့ရှိကာ ဘဝဖြင့် နှိပ်စက်အပ်သည်ဖြစ်လျက် ဘဝကိုပင် နှစ်သက်၏၊ အကြင်ဘဝကို နှစ်သက်၏၊ ထိုဘဝသည် ဘေး ဖြစ်၏၊ အကြင်ဇရာစသည်မှ ကြောက်၏၊ ထိုဇရာသည်လည်း ဆင်းရဲမည်၏၊ ဘဝကိုပယ်ခြင်းငှာသာလျင် ဤဗြဟ္မစရိယကို ကျင့်သုံး၏၊ ဘဝဖြင့် ဘဝမှ လွတ်ခြင်းကို ဆိုကြသူ သမဏဗြာဟ္မဏ အချို့တို့သည် ဘဝမှ မလွတ်မြောက်ကုန်ဟု (ငါဘုရား)ဆို၏၊ ဘဝကင်းပြတ်မှုဖြင့် ဘဝမှထွက်မြောက်ခြင်းကို ဆိုကြသူ သမဏ ဗြာဟ္မဏ အချို့တို့သည် ဘဝမှ မထွက်မြောက်ကုန်ဟု (ငါဘုရား)ဆို၏” (ခုမြန်၊၁၊၁၀၅။) (ဥဒါန်းပါဠိ၊ လောကသုတ် ဆဋ္ဌမူ မြန်မာပြန်)
၂၉။ ဤလောကသုတ်၌လည်း ဘဝတဏှာကို ပယ်သတ်ရန် ပဓာနထား၍ ဟောကြားခြင်းပင် ဖြစ်သည်။ ဘဝမရှိဟု မပြဆို၊ ဘဝအမှန်ပင်ရှိနေသောကြောင့် ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော စုတိဒကတို့၏ သဘောထားသည် ပိဋကတ်နှင့်မညီဟု သုံးသတ်တော်မူကြသည်။
မဟာနိဒါနသုတ် သုံးသပ်ချက်
၃၁။ သခင်မြတ်ဆိုင်က “အလားတူပင် ဘဝကို ဗုဒ္ဓလက်မခံကြောင်း သုတ်ပေါင်းများစွာ ရှိနေပါသေးသည်ဘုရား”ဟု လျှောက်ထားပြီး ပဉ္စမမြောက် ချေပချက်အဖြစ် ဒီဃနိကာယ်၊ မဟာဝဂ်၊ မဟာနိဒါနသုတ် “ဥပါဒါန်သည်လျှင် ဖြစ်မှုဘဝ၏ အကြောင်းရင်းဟိတ်ပေတည်း၊ အခြေခံနိဒါန်းပေတည်း”ဟု တင်ပြလျှောက်ထားလေသည်။
၃၁။ ဤဒေသနာပါ စကားရပ်သည် “ဥပါဒါနပစ္စယာ ဘဝေါ”ဟူသော ပဋိစ္စသမုပ္ပါဒ် တရားတော် ဖြစ်ပေသည်။ ထိုပဋိစ္စသမုပ္ပါဒ်ပါဠိ၏ အဓိပ္ပါယ်မှာ “ဥပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်၏”ဟု အဓိပ္ပါယ် ထွက်ရှိသည်။ ဘဝမရှိဟု အဓိပ္ပါယ်မထွက်၊ ဘဝရှိဟုသာ အဓိပ္ပါယ်ထွက်သောကြောင့် ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော စကားမှာ ပိဋကတ်စာပေနှင့် ဆန့်ကျင်ကြောင်း ထင်ရှား၍ နေပေသည်။
သင်္ဂီတိသုတ် သုံးသတ်ချက်
၃၂။ ဆဋ္ဌမမြောက် ချေပချက်အနေဖြင့် သခင်မြတ်ဆိုင်က သင်္ဂီတိသုတ်ကို ကိုးကား၍ “သူဌေး သူကြွယ် နတ်ဗြဟ္မာအဖြစ်ကို တောင့်တ၍ ငါသေလျှင် ထိုဘဝတို့ကို ရောက်ရသော်ကောင်းလေစွဟု ရည်မှန်း၍ လှူ၏၊ ထိုစိတ်ကိုထား၍ ထိုစိတ်ကို ပွား၏၊ ထိုစိတ်သည် ယုတ်ညံ့သော ကာမဂုဏ်တရားသို့ ညွတ်၏၊ မဂ်ဖိုလ်ကို မပွားစေကုန်” စသည်ဖြင့် ဗုဒ္ဓသည် ဘဝကို ပယ်ခဲ့ပါသည် ဘုရားဟု တင်ပြထားလေသည်။
၃၃။ သခင်မြတ်ဆိုင် တင်ပြသော စကားရပ်သည် ဘုရားဟော ပါဠိမူရင်းနှင့် ဆန့်ကျင်မှားယွင်းလျက် ရှိပေသည်။ သင်္ဂီတိသုတ်မြန်မာပြန် ကျမ်းရင်းအဓိပ္ပါယ် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
“ထိုသူသည် အကြင်ဝတ္ထုကို ပေးလှူ၏၊ ထိုဝတ္ထုကို တောင့်တ၏၊။ ပ။ ငါသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ မင်း, ဗြာဟ္မဏ, သူကြွယ် သူဌေးမျိုး, စတုမဟာရာဇ် တာဝတိံသာ, ယာမာ, တုသိတာ, နိမ္မာနရတိ, ပရနိမ္မိတ, ဝသဝတ္တိ ဗြဟ္မာတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွဟု စိတ် ဖြစ်၏၊ ထိုသူသည် ထိုစိတ်ကိုထား၏၊ ထိုစိတ်ကို အဓိဋ္ဌာန်၏၊ ထိုစိတ်ကို ပွားများ၏၊ ထိုသူ၏ ထိုစိတ်သည် ယုတ်မာသော ကာမဂုဏ်တရား၌ ညွတ်၏၊ လွန်မြောက်သော မဂ်ဖိုလ် အလို့ငှာ မပွားစေအပ်၊ ထိုမင်း။ ပ။ ဗြဟ္မာပြည်၌ ရောက်ခြင်းငှာ ဖြစ်၏၊ ထိုစကားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အား ဆို၏၊ သီလမရှိသော ပုဂ္ဂိုလ်အား ငါမဆို၊ ငါ့ရှင်တို့ သီလရှိသော ပုဂ္ဂိုလ်၏ စိတ်တောင့်တခြင်းသည် ဖြူစင်သောကြာင့် ပြည့်စုံ၏” (ဒီ၊မြန်၊၃၊၂၃၇၊၂၃၈။) (ဒီဃနိကာယ်၊ ပါထိကဝဂ်၊ သင်္ဂီတိသုတ် မြန်မာပြန်)
၃၄။ ဤသင်္ဂီတိသုတ်သည်လည်း သခင်မြတ်ဆိုင်ဆိုလိုသည့် ၃၁-ဘုံ မရှိကြောင်းကို မဖော်ပြ၊ မဖော်ပြရုံမျှမက ၃၁-ဘုံ ရှိခြင်းကိုပင် ပြနေသည်။ အကြောင်းမူကား ထိုသုတ်၌ ပေးလှူမှုကြောင့် လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံသို့ ရောက်ကြောင်းပြဆိုထားသည်ဖြစ်ရာ ထိုထိုဘုံများ ထင်ရှားရှိနေပုံကို (ဤသုတ်ကို ကိုးခြင်းအားဖြင့်) သခင်မြတ်ဆိုင်ကိုယ်တိုင် ဝန်ခံပြီးဖြစ်ချေသည်။
ဂဏိကာသုတ် သုံးသပ်ချက်
၃၅။ သတ္တမချေပချက်အနေဖြင့် သခင်မြတ်ဆိုင်က “ကာမဂုဏ်နှောင်ဘဝကို မျှော်ကိုးသူသည် ရာဂမြူမစင်သူ ဖြစ်၏၊ အတ္တကိလမထာနုယောဂနှင့် ကာမသုခလ္လိကာနုယောဂစသော အယုတ်တရားနှစ်ပါးကို ကျင့်ကြံသူ မည်၏၊ ကာမဘဝကို မျှော်ကိုးခြင်းသည် တဏှာအဝိဇ္ဇာကို ပွားစေ၏”ဟု ဤသုတ်တွင် ဘဝကိုမျှော်ကိုးသူသည် မိစ္ဆာဒိဋ္ဌိဟု ဆိုထားကြောင်း တွေ့ရပါသည်ဘုရားဟု တင်ပြလျှောက်ထားလေသည်။
၃၆။ ဤစကားရပ်သည်လည်း မူရင်းပါဠိတော်၏ အာဘော်နှင့်လွဲချော်နေကြောင်း တွေ့ရပေသည်။ ထိုဂဏိကာသုတ်၏ မူရင်းအဆိုမှာ ဤသို့ ဖြစ်၏၊
“ရအပ်ခံစားအပ်သော ကာမဂုဏ်နှင့် ရထိုက်ခံစားထိုက်သော ကာမဂုဏ်ဟူသော ဤနှစ်ပါးစုံသည် ကိလေသာနှိပ်စက်ခံရသူ နောက်နောင်အကျိုး မျှော်ကိုး ကျင့်ကြံသူ၏ (သန္တာန်၌) ရာဂစသောမြူတို့ဖြင့် ရောပြွမ်း၏၊ အကြင်သူတို့သည် သီလဗ္ဗတစသောအကျင့်ကို ကိလေသာစင်ကြယ်၏ဟု” ယူဆပြောဆိုကြကုန်၏၊ အကြင်သူတို့အား ရှောင်ကြဉ်မှု (သီလ) ဆင်းရဲ ြုငိငြင်စွာပြုကျင့်မှု (ဝတ) ဟင်းရွက်စားခြင်း စသည်ဖြင့် အသက်မွေးမှု (ဇိဝိတ) မေထုန်မှ ရှောင်ကြဉ်မှု (ဗြဟ္မစရိယ) ဗိဿနိုးနတ် စသည်တို့အား လုပ်ကျွေးမှု (ဥပဋ္ဌာန) စသည်တို့ဖြင့် သံသရာမှ စင်ကြယ်၏ဟု ယူဆပြောဆို ကုန်၏၊ ထိုသူတို့၏ သီလဗ္ဗတစသည်တို့၏ အစွမ်းဖြင့် ဖြစ်သော အတ္တကိလမထာနုယောဂဟူသော အကျင့်သည် အယုတ်တရား တစ်ပါးတည်း။
အကြင်သူတို့ကား ကာမဂုဏ်တို့၌ အပြစ်မရှိဟု ဆိုကြကုန်၏၊ ထိုသူတို့၏ ကာမဂုဏ်တို့၌ အပြစ်မရှိဟု ပြောဆိုကျင့်ကြံမှုဟူသော ကာမသုခလ္လိကာနုယောဂ အကျင့်သည် ဒုတိယမြောက်ဖြစ်သော အယုတ်တရားတည်း။ ဤသို့ အယုတ်တရားနှစ်ပါးတို့သည် (ကဋသိ)မည်သော တဏှာ အဝိဇ္ဇာတို့ကို ပွားစေတတ်ကုန်၏၊ ဤအယုတ်တရားနှစ်ပါးတို့ကို မသိခြင်းကြောင့် အချို့သောသူတို့သည် “ ဆုတ်နစ်ကုန်၏၊ အချို့သောသူတို့သည် လွန်၍ ပြေးကုန်၏၊ အကြင်သူတို့ကား ထိုအယုတ်တရားနှစ်ပါးတို့ကို သိသောကြောင့် ထိုအယုတ်တရား၌ မကျရောက်ကြကုန်၊ ထိုသို့ အယုတ်တရားနှစ်ပါး၌ မကျရောက်ခြင်းကြောင့် တဏှာ မာန ဒိဋ္ဌိတို့ဖြင့် (မိမိကိုယ်ကို) အထင်မမှားကြကုန်၊ ထိုပုဂ္ဂိုလ်တို့အား (လူနတ်စသည်) ပညတ်ရန် ဝဋ်မရှိတော့ပြီ” (ခု၊မြန်၊၁၊၁၅၁။) (ဥဒါန်းပါဠိ၊ ဂဏီကာသုတ် မြန်မာပြန်)
၃၇။ ဤသုတ်သည် အစွန်းနှစ်ပါး ရှောင်ကြဉ်ရန် ဟောသောသုတ် ဖြစ်သည်။ ၃၁-ဘုံ မရှိ၊ ၃၁-ဘုံကို ပယ်ကြောင်း ပြဆိုထားခြင်း မရှိပေ။
ပုဏ္ဏက မာဏဝပုစ္ဆာ
၃၈။ အဋ္ဌမချေပချက်အနေဖြင့် သခင်မြတ်ဆိုင်က ပုဏ္ဏကမာဏဝပုစ္ဆာကို ညွှန်၍ “လူနတ်ဗြဟ္မာ ဘဝကို တောင့်တ၍ လှူသူအားလုံးသည် ဘဝကို တပ်စွန်းလျက် တဏှာဖြင့် လှူသောကြောင့် ဇာတိ ဇရာ မရဏ ဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်”ဟု တင်ပြလျှောက်ထားပြန်သည်။ သခင်မြတ်ဆိုင်၏ တင်ပြချက်သည် မူရင်းပါဠိတော်အတိုင်း မဟုတ်ပေ၊ မူရင်းပါဠိတော်၏ မြန်မာပြန် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်၏၊
“ပုဏ္ဏက အကြင်သူတို့သည် လူနတ်ဗြဟ္မာ အဖြစ်ကို တောင့်တကုန်၏၊ လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ် အလှူ၏ အကျိုးအာနိသင်ကို ချီးမွမ်းကုန်၏၊ မြွက်ဆို တမ်းတကုန်၏၊ ပူဇော်ပသကြကုန်၏၊ လူနတ်ဗြဟ္မာအဖြစ် ရမှုကိုစွဲ၍ ကာမတို့ကို တမ်းတကုန်၏၊ ထိုသူတို့သည် ပူဇော်မှုကို အားထုတ်ကြကုန်သော်လည်း ဘဝကို တပ်စွန်းမှု “တဏှာဖြင့်” တပ်မက်ကုန်သောကြောင့် ပဋိသန္ဓေနေမှု အိုမှုစသော ဝဋ်ဆင်းရဲကို မလွန်မြောက်နိုင်ကုန်ဟု ငါဆို၏”။ (ခု၊မြန်၊၁၊၄၁၃။) (သုတ္တနိပါတ် မြန်မာပြန်)
၃၉။ ဤသုတ်သည်လည်း ဘဝတဏှာကြောင့် ဝဋ်ဆင်းရဲကို မလွန်မြောက်နိုင်ကြောင်း ဟောကြားတော်မူသော သုတ်ဖြစ်ပေသည်။ ၃၁-ဘုံ မရှိကြောင်း ဤသုတ်၌ ဆိုထားခြင်း မရှိရုံမျှမက ၃၁-ဘုံရှိကြောင်းကိုပင် ပြဆိုနေပေသည်။ လူနတ်ဗြဟ္မာအဖြစ်ရလိုမှုကို တမ်းတမြွက်ဆို၍ ပူဇော်အားထုတ်ခြင်း ဘဝတဏှာကြောင့် ဝဋ်ဆင်းရဲကို မလွတ်မြောက်နိုင်ဟု ဟောထားခြင်းဖြစ်ရာ ၃၁-ဘုံ ဘုရားဟောမရှိဟု ချေပလိုသော သခင်မြတ်ဆိုင်သည် ၃၁-ဘုံ ဘုရားဟောရှိနေကြောင်း သာဓကသုတ်များကို ထုတ်ဖော်ပြသလျက် ရှိနေပေသည်။
အင်္ဂုတ္တိုရ်၊ ဧကနိပါတ်၊ ဧကဓမ္မ၊ တတိယဝဂ်
၄၁။ နဝမမြောက် ချေပချက်အနေဖြင့် သခင်မြတ်ဆိုင်က အင်္ဂုတ္တိုရ်၊ ဧကနိပါတ်၊ ဧကာဒသမ၊ တတိယဝဂ် နှာ-၄၆ တွင် ပါသော-
“မကောင်းသော မစင်မှန်က အနည်းငယ်မျှပင်ဖြစ်စေ မကောင်းသော အနံ့အသက် ရှိသကဲ့သို့ ဘဝဟူသည် အနည်းငယ်သော ဘဝကိုပင် ငါမချီးမွမ်း၊ အယုတ်ဆုံး လက်တစ်ဖျစ်စာ အချိန်၌ပင် ထိုဘဝကို ငါမချီးမွမ်း” (အင်မြန်၊၁၊၄၆။)
ဟူသော စကားကို ကိုးကား၍ ဘဝသည် မစင်ကဲ့သို့တည်းဟူ တင်ပြထားလေသည်။
၄၁။ ဘဝသည် မစင်ကဲ့သို့ ရွံဖွယ်ကောင်းသည်မှာ မှန်လှပေ၏၊ ဤသို့မှန်သောကြောင့် ဘဝရှိသည်မှာ ထင်ရှားလှပေသည်။ စုဒိတကသည် ဤသုတ်ကို သာဓကပြုခြင်းအားဖြင့် ၃၁-ဘုံရှိကြောင်းကို ထုတ်ပြသကဲ့သို့ ဖြစ်နေပေသည်။
ဒိဋ္ဌိဂတသုတ် သုံးသပ်ချက်
၄၂။ ဒသမမြောက်ချေပချက် အနေဖြင့် သခင်မြတ်ဆိုင်က ဣတိဝုတ်၊ ဒိဋ္ဌိဂတသုတ်တွင် ပါရှိသော “ဘဝနှစ်သက်သူအားလုံး ဘဝချုပ်ရာဟောလျှင် တွန့်ဆုတ်၏၊ ဘဝမကြိုက်သူကလည်း ဘဝပြတ်ခြင်းကို အလိုရှိ၏၊ သေလျှင်ပြီး၏ဟု ထင်၏၊ စင်စစ်သော်ကား ခန္ဓာငါးပါး၌ စွဲလမ်းမှု (ဥပါဒါန်) ကင်းအောင် ကျင့်သူအား မဇ္ဈိမပဋိပဒါအကျင့်ဖြင့် ဘဝချုပ်ရာ၏”ဟူသော သာဓကကို ထုတ်၍ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဘက်မှ ခုခံကာကွယ်ပြန်လေသည်။
၄၃။ စုဒိတက ကိုးကားတင်ပြသော သုတ်သည်လည်း ဘဝမရှိပုံကို မပြဆို၊ ဘဝရှိနေပုံကိုသာ ပြဆိုခြင်းဖြစ်သည်။ ၎င်း၏ တင်ပြချက်သည် မူရင်းပါဠိတော်နှင် မညီရုံမျှမက အဓိပ္ပါယ်လည်း ပြည့်စုံမှု မရှိချေ၊ မူရင်းပါဠိတော် မြန်မာပြန် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်၏၊
“ရဟန်းတို့ နှစ်ပါးသော ဒိဋ္ဌိအယူတို့ဖြင့် နှိပ်စက်ခံရသော နတ်လူ အချို့တို့သည် တွန့်တိုဆုတ်နစ်ကုန်၏၊ အချို့တို့သည်ကား လွန်၍ပြေးသွားကုန်၏၊ စက္ခုအမြင်ရှိသူတို့သည်ကား မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုနိုင်ကုန်၏၊
ရဟန်းတို့ အဘယ်သို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်သနည်း။ ရဟန်းတို့ နတ်လူတို့သည် ဘဝလျှင် မွေ့လျော်ရာရှိကုန်၏၊ ဘဝ၌ မွေ့လျော်တတ်ကုန်၏၊ ဘဝ၌ နှစ်သက်တတ်ကုန်၏၊ ထိုသူတို့အား ဘဝချုပ်ရန်အတွက် တရားဟောပြောသည်ရှိသော် စိတ်သည် မသက်ဝင်၊ မကြည်လင်၊ ကောင်းစွာမတည်၊ နှလုံးမသွင်း၊ ရဟန်းတို့ ဤသို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်၏၊
ရဟန်းတို့ အဘယ်သို့လျှင် အချို့သူတို့သည် လွန်၍ ပြေးသွားကုန်သနည်း။ အချို့သူတို့သည် ဘဝဖြင့်ပင်ငြီးငွေ့ကုန် ဘဝမှ ရှက်နိုးကုန် ဘဝ၌စက်ဆုပ်ကုန်သည်ဖြစ်၍ ဘဝကင်းပြတ်ခြင်းကို နှစ်သက်ကုန်၏၊ အချင်းတို့ အကျင့်ကြောင့် ဤအတ္တသည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ပြတ်၏၊ ပျက်စီး၏၊ သေသည်မှနောက် မဖြစ်တော့၊ ဤတရားသည် ငြိမ်း၏၊ ဤတရားသည် ပြတ်၏၊ ဤတရားသည် မဖောက်မပြန် မှန်ကန်သော သဘော ရှိ၏၊ ရဟန်းတို့ ဤသို့လျှင် အချို့သူတို့သည် လွန်၍ပြေးကုန်၏၊
ရဟန်းတို့ အဘယ်သို့လျှင် စက္ခုအမြင်ရှိသော သူတို့သည် မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုနိုင်ကုန်သနည်း။ ဤသာသနာတော်၌ ရဟန်းသည် ဟုတ်မှန်သော ခန္ဓာငါးပါးကို ဟုတ်မှန်သောအားဖြင့် မြင်၏၊ ဟုတ်မှန်သော ခန္ဓာငါးပါးကို ဟုတ်မှန်သောအားဖြင့် မြင်ခြင်းကြောင့် ဟုတ်မှန်သော ခန္ဓာငါးပါးကို ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန်ကျင့်၏၊ ရဟန်းတို့ ဤသို့လျှင် စက္ခုအမြင်ရှိသော သူတို့သည် ပဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏”။ (ခု၊မြန်၊၁၊၂၀၈။) (ဣတိဝုတ်၊ ဒိဋ္ဌိဂတသုတ် မြန်မာပြန်)
၄၄။ ဤဒိဋ္ဌိဂတသုတ် ဒေသနာတော်သည် မဇ္ဈိမပဋိပဒါဖြင့် ဘဝမှ လွန်မြောက်ပုံကို ပြဆိုသော ဒေသနာဖြစ်သည်။ ၃၁-ဘုံမရှိဟု ဟောတော်မူခြင်း မဟုတ်၊ ဘဝလျှင်မွေ့လျော်ရာ ရှိကုန်၏၊ ဘဝ၌ မွေ့လျော်တတ်ကုန်၏၊ ဘဝ၌ နှစ်သက်တတ်ကုန်၏၊ ဟူသော စကားရပ်များသည် ဘဝရှိနေပုံကို ထပ်တလဲလဲပြဆိုသော စကားရပ်များ ဖြစ်၏၊ ထို့ကြောင့် ဘုရားဟော ဒေသနာတွင် ၃၁-ဘုံ အမှန်ပါရှိနေသည်မှာ ယုံမှားသံသယ မရှိအပ်ပေ။
ဒုဋ္ဌဋ္ဌကသုတ် သုံးသပ်ချက်
၄၅။ ဧကာဒသမ သာဓကအဖြစ် သုတ္တနိပါတ်၊ ဒုဋ္ဌဋ္ဌကသုတ်တွင် လာရှိသော “မိစ္ဆာဒိဋ္ဌိအယူကို ပယ်ပြီးသော ရဟန္တာသည် ဘဝကြီး ဘဝငယ်တို့၌ ကြံစည်တတ်သော မိစ္ဆာဒိဋ္ဌိအယူမရှိ၊ ထို့ကြောင့် အဘယ်ဂတိသို့မျှ သွားရန်မရှိပြီ”ဟူသော စကားရပ်ကို သခင်မြတ်ဆိုင်က ထုတ်ဆောင်တင်ပြလာပြန်သည်။
ထိုသုတ်၏ မူရင်းမြန်မာပြန် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်၏၊
“တစ်စုံတစ်ခုသော လောက၌ မိစ္ဆာဒိဋ္ဌိအယူအားလုံးကို ခါတွက်ပစ်လွှင့်သော ရဟန္တာပုဂ္ဂိုလ်အား ဘဝကြီးငယ်တို့၌ အမျိုးမျိုးကြံစည်အပ်သော မိစ္ဆာအယူသည်မရှိ၊ တဏှာဒိဋ္ဌိကို မမှီသော ထိုမိစ္ဆာအယူအားလုံးကို ခါတွက်ပစ်လွှင့်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် လှည့်ပတ်မှု “မာယာ” ကိုလည်းကောင်း၊ ထောင်လွှားမှု “မာန”ကိုလည်းကောင်း ပယ်စွန့်ပြီး၍ အဘယ်လားရာဂတိဖြင့် သွားရာအံ့နည်း။” (ခု၊မြန်၊၁၊၃၉၇။) (သုတ္တနိပါတ်၊ ဒုဋ္ဌဋ္ဌကသုတ် မြန်မာပြန်)
၄၆။ ဤဒုဋ္ဌဋ္ဌကသုတ်၏ ဆိုလိုရင်းမှာ ရဟန္တာပုဂ္ဂိုလ်အား လားရာဂတိမရှိဟုပင် ဖြစ်ပေသည်။ ဗျတိရိတ် (အပြန်အလှန်) အားဖြင့် ရဟန္တာမဟုတ်သေးသော ပုထုဇဉ် အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့အား လားရာဂတိရှိသေးသည်ဟု ပြဆို၏၊ ၃၁-ဘုံမရှိဟု မပြဆိုပေ။
ဂုဟဋ္ဌကသုတ် သုံးသပ်ချက်
၄၇။ ဒွါဒသမ သာဓကအဖြစ် သခင်မြတ်ဆိုင်က သုတ္တနိပါတ်၊ ဂုဟဋ္ဌကသုတ်တော်လာ “တဏှာအရင်းခံ တဏှာအကြောင်းအရင်းဖြစ်သော ဘဝ၌ သာယာမှုဖြင့် ဘဝတဏှာ အချည်အနှောင်ခံရသူ သတ္တဝါတို့သည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဘဝတို့၏ ကာမကို လိုလားတောင့်တကုန်လျက် မိမိတို့ကိုယ်တိုင်လည်း မလွတ်လပ်၊ အခြားသူတို့ကိုလည်း မလွတ်မြောက်စေနိုင်ချေ”ဟူသော စကားကို ထုတ်ဆောင် လျှောက်ထားလေသည်။
၄၈။ ဤသုတ်၏ ဆိုလိုရင်းမှာ ဘဝတဏှာကြောင့် ဘဝမှ မလွတ်မြောက်နိုင်ပုံကို ဟောတော်မူသော ဒေသနာဖြစ်ပေသည်။ ၃၁-ဘုံမရှိဟု ငြင်းကွယ်ရန် သာဓကမမြောက်ပေ၊ ၃၁-ဘုံရှိနေသည်ဟု ထောက်ခံသော သာဓကသာ ဖြစ်နေပေသည်။
စေတောခိလသုတ် သုံးသပ်ချက်
၄၉။ တေရသမ သာဓကအဖြစ် သခင်မြတ်ဆိုင်က စေတောခိလသုတ်ကို အကိုးပြု၍တင်ပြထားသည်။ “ဤအကျင့် ဤသီလဖြင့် နတ်အမျိုးမျိုးသော်လည်းကောင်း၊ နတ်မင်းသော်လည်းကောင်း ဖြစ်ရတော့အံ့မည် ဟူ၍ နှလုံးသွင်းခြင်း ထိုနတ်ဖြစ်ရတော့အံ့ဟု နတ်စွဲဘုံဘဝဖြင့် ကျင့်သော် ဤသာသနာတော်သည် စည်ပင်ပြန့်ပြောခြင်းငှာ မဖြစ်ပြီ”ဟု တင်ပြပြီး ဤသည်မှာ သာသနာတော် မှေးမှိန်မည်ဟု ဆိုလိုပါသည်ဘုရားဟု လျှောက်ထားသွားလေသည်။
၅၀။ စေတောခိလသုတ်၏ မူရင်းမြန်မာပြန်မှာ သခင်မြတ်ဆိုင်တင်ပြ သကဲ့သို့ မဟုတ်ပေ၊ ထို့ကြောင့် အပြည့်အစုံကို ဖော်ပြအပ်ပေသည်။
“ရဟန်းတို့ ဤအကျင့်သီလဖြင့်သော်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊ ဤအားထုတ်မှုဖြင့်သော်လည်းကောင်း၊ ဤမေထုန်မှ ရှောင်ကြဉ်မှုဖြင့်သော်လည်းကောင်း ငါသည် နတ်သော်လည်း ဖြစ်ရအံ့, နတ်မျိုးတွင် အပါအဝင်သော်လည်း ဖြစ်ရအံ့ဟု နတ်အမျိုးအစား တစ်ပါးပါးကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်သောရဟန်း၏ စိတ်သည် စ၍ အားထုတ်ခြင်း အကြိမ်ကြိမ်အားထုတ်ခြင်း မပြတ်အားထုတ်ခြင်း လွန်စွာအားထုတ်ခြင်းငှာ မညွတ်ပေ၊ ဤသို့ဖြစ်ခြင်းသည် “ထိုရဟန်းမဖြတ်ရသေးသော ငါးခုမြောက်သော စိတ်၏အနှောင်အဖွဲ့ ဖြစ်၏” (မ၊မြန်၊၁၊၁၅၁။) (မူလပဏ္ဏာသ၊ စေတောခိလသုတ် မြန်မာပြန်)
၅၁။ ဤစေတောခိလသုတ်သည် နတ်အမျိုးကို တောင့်တ၍ ကျင့်သော ရဟန်း၏ စိတ်အနှောင်အဖွဲ့ဖြစ်နေပုံ ပြဆိုသောသုတ်ဖြစ်သည်။ ၃၁-ဘုံ ဘုရားပယ်ကြောင်း လုံးဝမပါပေ၊ နတ်အမျိုးအစား တစ်ပါးပါးကို ဖော်ပြပါရှိသော သုတ်တော်ကို အကိုးအကားသာဓက ပြုမိသောအားဖြင့် ၃၁-ဘုံ ဘုရားမပယ်ကြောင်း ၃၁-ဘုံ ရှိကြောင်းကိုပင် စုဒိတကတို့အဖို့ သွယ်ဝိုက်၍ ဝန်ခံရာ ရောက်နေပေသည်။
မေထုနသုတ် သုံးသပ်ချက်
၅၂။ စုဒ္ဒသမ သာဓကအဖြစ် သခင်မြတ်ဆိုင်က သတ္တကနိပါတ်၊ မေထုနသုတ်ကို ထုတ်ဆောင်၍ “နတ်အဖြစ်ကို သာယာခြင်း အလိုရှိခြင်းသည် ဤမြတ်သော သာသနာ၏ အကျင့်၌ ကျိုးပေါက်ခြင်းပင်တည်း။ ဇာတိ ဇရာ မရဏမှ မလွတ်၊ ဒုက္ခမှ မလွတ်မြောက်နိုင်”ဟု တင်ပြလျက် ၃၁-ဘုံ မရှိကြောင်း ကာကွယ်ထားလေသည်၊ မူရင်းမြန်မာပြန်နှင့်လည်း ကိုက်ညီမှု မရှိချေ။
၅၃။ မေထုနသုတ်၏ မူရင်းမြန်မာပြန် အဓိပ္ပါယ် အပြည့်အစုံမှာ ဤသို့ဖြစ်သည်။
“ထိုသမဏဗြဟ္မဏသည် ထိုနတ်၏အဖြစ်ကို သာယာ၏၊ ထိုနတ်၏ အဖြစ်ကို အလိုရှိ၏၊ ထိုနတ်၏ အဖြစ်၌သာလျှင် နှစ်သက်ခြင်းသို့ ရောက်၏၊ ပုဏ္ဏား ဤသို့သာယာမှုသည်လည်း မြတ်သောအကျင့်၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုပင်မည်၏၊ ပုဏ္ဏား ဤသမဏဗြဟ္မဏမျိုးကို မေထုန်စပ်ယှဉ်မှု၌ ယှဉ်သည်ဖြစ်၍ မစင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သူဟု ဆိုအပ်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်သူ ဆင်းရဲမှ မလွတ်ဟူ၍ ငါဆို၏”။ (အင် မြန်၊၂။ ၅၅၅။) (အင်္ဂုတ္တိုရ်၊ သတ္တကနိပါတ်၊ မေထုနသုတ် မြန်မာပြန်)
၅၄။ ဤမေထုနသုတ်၏ ဆိုလိုရင်းသည် နတ်အဖြစ်ကို သာယာသော် မြတ်သောအကျင့် ကျိုးပေါက်ပြောက်ကျားပုံကို ပြဆို၍ ဝဋ်ဒုက္ခမှ မလွတ်ကင်းနိုင်ပုံကို ဟောကြားသော ဒေသနာဖြစ်သည်။ နတ်အဖြစ်ဟု ဆိုသောကြောင့် ၃၁-ဘုံရှိနေကြောင်းမှာ ထင်ရှားပြန်ပေသည်။
ဒေဝလောကသုတ် သုံးသပ်ချက်
၅၅။ ပန္နရသမမြောက် နောက်ဆုံးသာဓကအဖြစ် သခင်မြတ်ဆိုင်က အင်္ဂုတ္တိုရ်တိကနိပါတ်၊ ဒေဝလောကသုတ် နှာ ၁၃၁-တွင်လာသော မြန်မာပြန်ကို ကိုးကားတင်ပြသွားလေသည်။
“တစ်ပါးရှိသော အယူရှိကုန်သော ပရိဗိုဇ်က သင်တို့သည် ရဟန်းဂေါတမထံဝယ် နတ်ပြည်၌ဖြစ်ခြင်း အကျိုးငှာ ဤမြတ်သောအကျင့်ကို ကျင့်သလောဟု မေးကုန်ငြားအံ့၊ ဤအမေးသည် ရှက်နိုးကုန်ရာသည် မဟုတ်လော၊ စက်ဆုပ်ကုန်ရာသည် မဟုတ်လော၊ ရဟန်းတို့ သင်တို့သည် နတ်ဖြစ်ခြင်း၌ ငြီးငွေ့ကုန်သော် ရှက်နိုးကုန်သော် စက်ဆုပ်ကုန်သော် နတ်၌ဖြစ်သော အဆင်း နတ်၌ဖြစ်သော ချမ်းသာ၌ ငြီးငွေ့ကုန်သော် ရဟန်းတို့ သင်တို့သည် ရှေးဦးကပင်လျှင် ကာယ ဝစီ မနော ဒုစရိုက်တို့ကိုပါ ငြီးငွေ့ရာ၏၊ စက်ဆုပ်ရာ၏၊ ရှက်နိုးရာ၏” (အင် မြန်၊၁၊၁၃၁။)
၅၆။ ဤအကိုးသာဓက ဒေဝလောကသုတ်၌ အဓိပ္ပါယ်သည်လည်း စုဒိတက အလိုရှိအပ်သော ၃၁-ဘုံကို ဗုဒ္ဓလက်မခံဟု ထွက်မလာပေ။ နတ်ဘဝ၌ တောင့်တခြင်း တပ်မက်ခြင်း မရှိသင့်ပုံကို ဟောပြတော်မူသောကြောင့် စုတိဒက၏ အလိုနှင့် ဆန့်ကျင်ဘက်ဖြစ်သော နတ်ဘဝရှိသည် (နတ်ဘဝအပါအဝင် ၃၁-ဘုံ ရှိသည်) ဟူသော အဓိပ္ပါယ်သို့သာ သက်ရောက်နေခြင်း ဖြစ်ပေသည်။
၅၇။ ဤအမှတ်-၃ စောဒနာ၌ စောဒကပုဂ္ဂိုလ်တို့က “ဦးဥက္ကဋ္ဌနှင့်နောက်လိုက်တို့သည် ၃၁-ဘုံကို ဘုရားဟောပါလျက် မဟောလေဟန် လုပ်ကြံစွပ်စွဲနေပါသည်”ဟု စွဲဆို တင်ပြခြင်း ဖြစ်သည်။ ထိုစွဲဆိုချက်ကို ချေပရာတွင် စုဒိတက သခင်မြတ်ဆိုင်သည် “ဗုဒ္ဓသည် ဘဝကို အားမပေး၊ ဘဝကို ပယ်သည်”ဟူသော ချေပချက်ကို လက်ကိုင်ပြု၍ ၁၅-ကြိမ်တိတိ ခုခံကာကွယ်သွားလေသည်။ ဤကဲ့သို့ သုတ်ပေါင်း အရာအထောင် ကိုးကားသော်လည်း သုတ်၏ဆိုလိုရင်း အဓိပ္ပါယ်ကို မသိဘဲ ကိုးမိမှားသောကြောင့် ကိုယ့်တွင်းကို တူးရာသာ ရောက်နေတော့၏၊
၅၈။ သခင်မြတ်ဆိုင် ကိုးကားတင်ပြသော သုတ်တော်များသည် ၃၁-ဘုံကို ဗုဒ္ဓလက်မခံဟု အဓိပ္ပါယ် မရရှိဘဲ ၃၁-ဘုံကို တွယ်တာ တပ်မက်နေလျှင် ဘဝမှ မလွတ်မြောက်နိုင်ဟူသော အဓိပ္ပါယ်မျိုးသာ ရရှိ၍ ၃၁-ဘုံ ထင်ရှားရှိနေကြောင်း ဘုရားဟောပါဠိတော်တွင် ၃၁-ဘုံ အမှန်ပင် ရှိနေကြောင်း အဖြေထွက်လေသည်။ ထို့ကြောင့် သခင်မြတ်ဆိုင်သည် စောဒကပုဂ္ဂိုလ်တို့၏ စွဲဆိုချက်ကို ပြေလည်အောင် ဖြေရှင်းချေပခြင်း မပြုနိုင်သည်ကို တွေ့ရပေသည်။
ဦးခင်ဟန်၏ ချေပလွှာကို သုံးသပ်ချက်
၅၉။ ယခုတစ်ဖန် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ ချေပချက်ကိုလည်း ကောက်နုတ်ဖော်ပြ၍ စိစစ်သုံးသပ်ရပေမည်။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ စုဒိတက ဦးခင်ဟန်က စောဒကပုဂ္ဂိုလ်များ မူလစွဲဆိုချက် အပိုဒ်ပေါင်း ရှစ်ခုရှိသည့်အနက် (က) (ခ) (ဂ) (ဃ) (င) (စ) နှင့် (ဇ) အမှတ်ပြ စာပိုဒ်များကို လုံးဝဖြေဆိုခြင်းမပြုဘဲ (ဆ)အမှတ်ပါ အချက်ကိုသာ ချေပ ရှင်းလင်းလေသည်။
၆၀။ ရှင်းလင်းပုံမှာ စောဒကအရှင်မြတ်တို့သည် အစွဲပြုတ်တဲကုပ်ရွှေနန်းတော်စာအုပ်မှ မိမိလိုရာ စာပိုဒ်ကို ဆွဲထုတ်ပြီး မှားယွင်းစွာ စောဒနာထားကြောင်း အညွန့်တက်ကာ အစွဲပြုတ်တဲကုပ်ရွှေနန်းတော်စာအုပ် စာမျက်နှာ-၅၂တွင် ရေးသားထားသော ဦးဥက္ကဋ္ဌ၏ စာအုပ်ကို ဖော်ပြလျှောက်ထားလေသည်။
(ဆ) တန်ခိုးပြာဋိဟာတို့ကိုလည်းကောင်း နတ်ဆိုးနတ်ဝါးနှင့် နတ်ကောင်း၊ နတ်မြတ်တို့ကို လည်းကောင်း၊ နတ်ပြည် ဗြဟ္မာပြည်နှင့် ယမမင်း၏ အင်ပိုင်ယာနိုင်ငံတော်ကြီးများကို လည်းကောင်း ယုံကြည်မှုသည် လူသား၏ ဦးနှောက်ကို ဖောက်ပြန် ချောက်ချားစေ၍ ဤကပ္ပာလောကကြီးကို အရူးထောင်အဖြစ်သို့ ရောက်စေခဲ့သည်။ (အစွဲပြုတ်တဲကုပ် ရွှေနန်းတော်စာအုပ် နှာ-၅၄)
ဤကား မူလစွဲချက် ဖြစ်လေသည်။
၆၂။ ယင်းစွဲချက်တွင်ပါသော တန်ခိုးပြာဋိဟာနှင့် ပတ်သက်၍ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့က-
“ဆရာတော် အရှင်ဥက္ကဋ္ဌ ရေးသားဖော်ပြသော တန်ခိုးပြာဋိဟာနှင့် အထက်အောက်ဘုံတို့သည် ထာဝရဘုရားသခင်၏ တန်ခိုးပြာဋိဟာနှင့် အထက်အောက်ဘုံတို့သာဖြစ်ကြောင်း အကွင်းအကွင်း မုန့်တီဟင်းကဲ့သို့ ရှင်းရှင်းလင်းလင်းကြီး ပေါ်လွင်နေပါသည် ဘုရား”
ဟူ၍ ဆင်ခြေပေးကြရုံမျှမက စောဒကပုဂ္ဂိုလ်များကိုပင် ထာဝရဘုရားဘက်က ရှေ့နေလိုက်သူများအဖြစ် ပြက်ရယ်ပြုသွားကြလေသည်။
၆၂။ ဤတွင် ဝိနည်းဓိုရ်ဆရာတော်များသည် စောဒကနှင့် စုဒိတကများ နှစ်ဖက် အကိုးအကားပြု၍ တင်ပြကြသော ဦးဥက္ကဋ္ဌ၏ “အစွဲပြုတ် တဲကုပ် ရွှေနန်းတော်”စာအုပ်ကို သေချာစွာ လေ့လာကြည့်ရှုရာတွင် အောက်ပါစာပိုဒ်ကို ထင်ရှားစွာ တွေ့ကြရလေသည်။
“ထိုမျှမက ထိုဘာသာကြီးလေးရပ်တို့သည် နှစ်သက်ဖွယ်ကောင်းလှသော ကောင်းကင်ဘုံနှင့် ကြောက်မက်ဖွယ်ကောင်းလှသော ငရဲတို့ကို ဖန်ဆင်းခဲ့ကြကုန်၏” (အစွဲပြုတ်တဲကုပ် ရွှေနန်းတော် ၆၂)
၆၃။ ဤအစွဲပြုတ်တဲကုပ်ရွှေနန်းတော်စာအုပ် စာမျက်နှာ ၆၂-ပါ ဤဘာသာကြီးလေးရပ်ဟူသော စကားကိုထောက်၍ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့က ဆင်ခြေပေးသကဲ့သို့ ထာဝရဘုရားသခင်၏ တန်ခိုးပြာဋိဟာတစ်ခုကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ယူဆနိုင်ဖွယ်မရှိချေ။ ဟိန္ဒူ, ခရစ်ယာန်, အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဟူသော ဘာသာကြီး လေးမျိုးလုံးကိုပင် ဦးဥက္ကဋ္ဌက မကျေမနပ်ဖြစ်ပြီး အမနာပရေးထားကြောင်းမှာ ထင်ရှားပေသည်။ ထို့ကြောင့် အစွဲပြုတ်တဲကုပ် ရွှေနန်းတော်စာအုပ်မှ ကောက်နုတ်ဖော်ပြသော စောဒကဆရာတော်တို့၏ စွဲဆိုချက်သည် မှန်ကန်တိကျသော စွဲချက်ဖြစ်ကြောင်း ထင်ရှားလှပေသည်။
လက်ဖြစ်ပါဠိအမှား
၆၄။ စောဒကပုဂ္ဂိုလ်များက “တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တို့သည် ၃၁-ဘုံသည် တကယ်မရှိ စိတ်ကူးယဉ် ဥပါဒါန်အစွဲမျှသာ ဖြစ်သည်ဟု ဆိုသည့်အပြင် ဘုရားဟောမဟုတ်သော (လောကသမုဒယဉ္စအတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ) ဟူသော လက်ဖြစ်ပါဠိမှာ လက်ဖြစ်အဓိပ္ပါယ် အယူအဆအမှားတို့ကို ဘုရားဟော ဖြစ်လေဟန်ပင် လိမ်ညာ၍ ဆိုထားကြပါသည် ဘုရား”ဟူ၍ စွဲချက်တင်ထားကြလေသည်။ ထိုစွဲချက်ကို ဤကဏ္ဍ၌ စုဒိတကတို့ဘက်မှ တစ်စုံတစ်ရာပြန်လည် ချေပခြင်း မပြုကြပေ။
၆၅။ ယင်းပါဠိကို ဤရုံးတော်သို့ တင်ပြထားသော သက်သေခံစာအုပ်များတွင် ရှာဖွေကြည့်ရှုရာ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးကိုကိုလေး ပြုစုသော “၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ” အမည်ရှိ စာအုပ်အတွင်းမျက်နှာဖုံးတွင် ရှေ့တန်းတင်၍ အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရပေသည်။
ကစ္စာယန . . .
လောကသမုဒယဉ္စ အတ္ထိ၊
လောကနိရောဓဉ္စ နတ္ထိ။ (ဗုဒ္ဓဂေါတမ)
၆၆။ ဤ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံစာအုပ်ကို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ သဘောတရားရေးတာဝန်ခံ နာယကကြီး (အဘိဓမ္မာ ဆရာစိန် တည်းဖြတ်သည်)ဟု ဖော်ပြထားပြီး ဗဟိုသဘာပတိအဖွဲ့ ဥက္ကဋ္ဌကြီး ဦးတင်က အမှာစာ နိဒါန်းရေးသားထားသည်ကို တွေ့ရပေသည်။ ဤပါဠိအမှားကို အဘိဓမ္မာ ဆရာစိန် ပြုစုသော “သမ္မာဒိဋ္ဌိသုတေသနနှင့် ရေနံချောင်း အရေးတော်ပုံ” စာအုပ်၊ နှာ ၆၂-တွင်လည်း ဘုရားဟောပါဠိ ဖြစ်လေဟန် မှားယွင်းစွာ ဖော်ပြထားပေသည်။
ထိုပါဠိကို အနက်မြန်မာ ပြန်ဆိုရပါလျှင်-
“အို ကစ္စာယန လောက၏ဖြစ်ကြောင်း တဏှာသည်လည်း ရှိ၏၊ လောက၏ ချုပ်ရာ နိဗ္ဗာန်သည်ကား မရှိ”
ဤသို့ အဓိပ္ပါယ်ဖြစ်နေ၍ ဆရာတော်တို့ အလွန်တုန်လှုပ်ချောက်ချားမိပေသည်၊ နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ် သံဂါယနာ ၆-တန်တင် ကျမ်းစာတို့၌ ပိုက်စိတ်တိုက်၍ ရှာဖွေကြည့်ရှုပါသော်လည်း မည်သည့်ကျမ်းဂန်တွင်မှ မတွေ့ရှိရ။ သို့ပါလျက် ထိုစုဒိတကတို့၏ လက်ဖြစ်ပုံမှားရိုက်ပါဠိ၏ အောက်မှ (ဗုဒ္ဓဂေါတမ)ဟု ထင်ထင်ရှားရှားကြီး ရေးပြထားသည်မှာလည်း ဘာသာရေးကို ရိုးရိုးသားသား လေ့လာသူများအဖို့ ကြီမားသော အန္တရာယ်ကြီးတစ်ခုပင် ဖြစ်နေပေသည်။
မှတ်ချက်။ ။ ဤအကြောင်းကို စောဒနာအမှတ် (၁၈)ကို သုံးသပ်သည့်အခါ အကျယ်ဝေဖန်၍ ရှင်းလင်းပြဆိုမည် ဖြစ်သည်။
ဝိသေသစောဒနာ စိစစ်သုံးသပ်ချက်
၆၇။ ယခုတဖန် စောဒကပုဂ္ဂိုလ်တို့၏ ဝိသေသစောဒနာကို စီစစ်သုံးသပ် ပြရပေဦးမည်။ ဝိနည်းဓိုရ်ဆရာတော်များသည် ဤအမှတ်(၃) စောဒနာနှင့် ပတ်သက်၍ ၃၁-ဘုံရှိကြောင်း ခိုင်လုံသော အကိုးသာဓကများကို ထုတ်ဆောင်ပေးရန် တောင်းဆိုခဲ့ရာ စောဒကဆရာတော်များက ဝိသေသစောဒနာအဖြစ် ဘုရားဟောကျမ်းဂန်များကို အခိုင်အမာ တင်သွင်းပြဆိုသွားပေသည်။
ယင်းသို့တင်သွင်းရာ၌ အင်္ဂုတ္တိုရ်ဧကနိပါတ်(၃၉) ဧကဓမ္မပါဠိ၊နှင့် ယင်း၏ မြန်မာပြန် နှာ ၄၈-ကို ထောက်၍-
(က) လူသေနတ်ဖြစ်နည်းပါး၍ အပါယ်ဘုံ၌ အဖြစ်များပုံကိုလည်းကောင်း၊
(ခ) လူသေလူဖြစ် နည်းပါး၍ အပါယ်ဘုံ၌ အဖြစ်များပုံကိုလည်းကောင်း၊
ဓမ္မဟဒယဝိဘင်းပါဠိ ဆဋ္ဌမူ, နှာ ၄၂၇-နှင့် ၄၃၆-ကို ထောက်၍-
(ဂ) ကာမ ၁၁-ဘုံ ရှိကြောင်းကိုလည်းကောင်း၊
(ဃ) ရူပ ၁၆-ဘုံ ရှိကြောင်းကိုလည်းကောင်း၊
(င) အရူပ ၄-ဘုံ ရှိကြောင်းကိုလည်းကောင်း၊
ဓမ္မဟဒယဝိဘင်းပါဠိ ဆဋ္ဌမူ, နှာ ၄၃၇-ကို ထောက်၍-
(စ) ဒါန သီလ ဥပေါသထကြောင့် နတ်ပြည်ခြောက်ထပ် ရောက်နိုင်ပုံကို လည်းကောင်း၊
သဋ္ဌိနိပါတ်၊ သံကိစ္စဇာတ် နှာ ၆၀-ကို ထောက်၍-
(ဆ) ငရဲရှိကြောင်းကို လည်းကောင်း
အသီးသီး သက်သေသာဓက တင်ပြခဲ့ပေသည်။ ထိုစောဒက ဆရာတော်တို့ တင်ပြကိုးကားသော သာဓကတို့သည် ၃၁-ဘုံနှင့်ပတ်သက်၍ အလွန်ခိုင်မာသော သာဓကများ ဖြစ်ကြပေသည်။
၃၁-ဘုံဝါဒဟူသော စကားကို စိစစ်ချက်
၆၈။ ပြီးခဲ့သော စကားရပ်တို့ဖြင့် ၃၁-ဘုံဆိုင်ရာ ဤအမှတ် (၃)စောဒနာနှင့် စပ်လျဉ်း၍ စောဒကပုဂ္ဂိုလ်တို့၏ စွဲဆိုတင်ပြချက်ကို ချေပသော စုဒိတကပုဂ္ဂိုလ်တို့၏ ချေပချက်ကို ဝေဖန်စိစစ်ပြခြင်း, စောဒနာပုဂ္ဂိုလ်တို့၏ ဝိသေသစောဒနာကို ဝေဖန်စိစစ်ပြခြင်း ဤကိစ္စနှစ်ရပ် ပြီးပြတ်ခဲ့ပေပြီ။ ယခုတစ်ဖန် ဆက်လက်၍ ၃၁-ဘုံပြဿနာနှင့် စပ်လျဉ်းပြီး ဝိနည်းဓိုရ်ဆရာတော်များ၏ သီးခြားသုံးသပ်ချက်ကို ဖော်ပြပေအံ့။ “၃၁-ဘုံဝါဒ”ဟူသော စကားရပ်၌ ၃၁-ဘုံနှင့် ဝါဒဟူသော စကားနှစ်ရပ် ပါရှိသည်။ ၃၁-ဘုံအကြောင်းကို ရှေ့တွင်ဖော်ပြမည် ဖြစ်သည်။ ယခု ဝါဒဟူသော စကားကို ရှင်းလင်းပေအံ့။
၆၉။ ဝါဒဆိုသည်မှာ ယခုခေတ်၌ မြန်မာဝေါဟာရ စကားလုံးအဖြစ် တွင်ကျယ်နေသော်လည်း မူရင်းဘာသာအားဖြင့် ပါဠိစကားလုံး ဖြစ်သည်။ [ဝဒဓာတ်+ဏပစ္စည်းဖြင့် ပြီးသောပုဒ်တည်း]
ယင်းဝါဒဟူသော ပါဠိစကား၏ အနက်မှာ အရာဌာနသို့လိုက်၍ အနက် (၇)မျိုး ထွက်ရှိပေသည်၊ ယင်း အနက်(၇)မျိုးတို့ကား-
(က) စကားဟူသောအနက်၊
(ခ) ပြောဆိုခြင်းဟူသောအနက်၊
(ဂ) အပြစ်ဒေါသဟူသောအနက်၊
(ဃ) အယူဟူသောအနက်၊
(င) မိစ္ဆာဉာဏ်ဟူသောအနက်၊
(စ) ပြောဆိုသည့် အရင်းခံစေတနာ ဟူသောအနက်၊
(ဆ) အငြင်းအခုံစကားဟူသော အနက်တို့ ဖြစ်ပေသည်။
၇၀။ အင်္ဂလိပ်ဘာသာ အစ်ဇင် (ISM) ဟူသော စကားလုံးကို မြန်မာပြန်ဆိုသောအခါ ဝါဒဟူ၍ ပြန်ဆိုကြသည်၊ သာဓကအားဖြင့် (ဆိုရှယ်လစ်ဇင်း=ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဇင်း=ကွန်မြူနစ်ဝါဒ) စသည်တို့ ဖြစ်ပေသည်။ ယင်း အစ်ဇင်ဟူသော စကားကို ဖွင့်ဆိုကြရာ၌ လက်တွေ့ဆောင်ရွက်မှု စသည်တို့ဖြစ်သည်။
အထက်ပါ အဓိပ္ပါယ် ဖွင့်ဆိုချက်များအရ အသင့်လျော်ဆုံးကို ယူသည်ရှိသော် ဤ၌ ဝါဒဟူသောစကားလုံး၏ အနက်မှာ “စကား” သို့မဟုတ် “အယူ” ဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် ၃၁-ဘုံ ဝါဒဟူရာ၌ “၃၁-ဘုံဆိုင်ရာစကား” သို့မဟုတ် “၃၁-ဘုံဆိုင်ရာအယူ”ဟူ၍ ဖြစ်ပေသည်။
ဤအဓိပ္ပါယ်အရ ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော ရေးသားချက်၏ အနက်ကို ဖွင့်ဆိုသည်ရှိသော် ၃၁-ဘုံနှင့် စပ်သောစကား, အယူဟု ဆိုရာရောက်ပေသည်။ ဤသည်ကား ၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံဟူသော ဝေါဟာရနှင့် ပတ်သက်၍ ရှင်းလင်းချက်ပေတည်း။
၃၁-ဘုံစာရင်း
၇၁။ အထက်တွင် စောဒကဆရာတော်များ တင်ပြသည့် အကိုးသာဓကများကို သေချာစွာဖတ်ရှုပါလျှင် ၃၁-ဘုံကို ဗုဒ္ဓမြတ်စွာဘုရား လက်ခံသည့်အကြောင်း (ဘုရားဟောဒေသနာတွင် ၃၁-ဘုံ ထင်ရှားရှိကြောင်း)ကို သိသာနိုင်ပေပြီ၊ ပိုမို၍သိသာထင်ရှားစေရန် အနည်းငယ်စိစစ်၍ ဖော်ပြပေအံ့၊ ၃၁-ဘုံ ဆိုသည်မှာ အောက်ပါတို့ပင် ဖြစ်ကြပေသည်။
(၁) ငရဲဘုံ၊
(၂) တိရစ္ဆာန်ဘုံ၊
(၃) ပြိတ္တာဘုံ၊
(၄) အသုရကာယ်ဘုံ၊
(၅) လူ့ဘုံ၊
(၆) စာတုမဟာရာဇ် နတ်ဘုံ၊
(၇) တာဝတိံသာ နတ်ဘုံ၊
(၈) ယာမာ နတ်ဘုံ၊
(၉) တုသိတာ နတ်ဘုံ၊
(၁၀) နိမ္မာနရတိ နတ်ဘုံ၊
(၁၁) ပရနိမ္မိတဝသဝတ္တိ နတ်ဘုံ၊
(၁၂) ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မာဘုံ၊
(၁၃) ဗြဟ္မပုရောဟိတာ ဗြဟ္မာဘုံ၊
(၁၄) မဟာဗြဟ္မာ ဗြဟ္မာဘုံ၊
(၁၅) ပရိတ္တာဘာ ဗြဟ္မာဘုံ၊
(၁၆) အပ္ပမာဏာ ဗြဟ္မာဘုံ၊
(၁၇) အာဘဿရာ ဗြဟ္မာဘုံ၊
(၁၈) ပရိတ္တသုဘာ ဗြဟ္မာဘုံ၊
(၁၉) အပ္ပမာဏသုဘာ ဗြဟ္မာဘုံ၊
(၂၀) သုဘကိဏှာ ဗြဟ္မာဘုံ၊
(၂၁) ဝေဟပ္ဖိုလ် ဗြဟ္မာဘုံ၊
(၂၂) အသညသတ် ဗြဟ္မာဘုံ၊
(၂၃) အဝိဟာ ဗြဟ္မာဘုံ၊
(၂၄) အတပ္ပာ ဗြဟ္မာဘုံ၊
(၂၅) သုဒဿာ ဗြဟ္မာဘုံ၊
(၂၆) သုဒဿီ ဗြဟ္မာဘုံ၊
(၂၇) အကနိဋ္ဌ ဗြဟ္မာဘုံ၊
(၂၈) အကာသာနဉ္စာယတန ဗြဟ္မာဘုံ၊
(၂၉) ဝိညာဏဉ္စာယတန ဗြဟ္မာဘုံ၊
(၃၀) အာကိဉ္စညာယတန ဗြဟ္မာဘုံ၊
(၃၁) နေဝသညာနာသညာယတန ဗြဟ္မာဘုံ။
၇၂။ ဤ ၃၁-ဘုံစာရင်းမှာ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော ပါဠိတော်မှ ကောက်နုတ်ဖော်ပြထားသော စာရင်းဖြစ်ပေသည်။ ယင်းပါဠိတော်ကြီးများကို မမီမကမ်း မကြည့်မရှုနိုင်သူများက-
“၎င်း ၃၁-ဘုံသည် ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန် စံလွန်တော်မူပြီး နှစ်ပေါင်း ၉၅၆-နှစ် အကြားတွင်မှ သီဟိုဠ် အရှင်အနုရုဒ္ဓါပြုစုရေးသားသော အဘိဓမ္မတ္ထသင်္ဂဟကျမ်း (ဝါ) သင်္ဂြိုလ်ကျမ်း၌သာ လာသည်”
ဟု မှတ်ချက်ပြု၍ တာဝန်မဲ့ ပြောဆိုရေးသားကြလေသည်။
၃၁-ဘုံနှင့် ပတ်သက်၍ အချက်သုံးချက်
၇၃။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များကို ခြုံ၍လေ့လာကြည့်လျှင် ၃၁-ဘုံနှင့်ပတ်သက်၍ အချက်သုံးချက်ကို တွေ့ရသည်။
(က) ပထမအချက် ၃၁-ဘုံ ၃၁-ဘဝ ဧကန်မုချရှိသည့် အကြောင်းကို ဟောကြားခြင်း ဖြစ်သည်။
(ခ) ဒုတိယအချက် ၃၁-ဘုံသားတို့အဖို့ အထိုက်အလျောက် ကြီးပွားချမ်းသာရေး နည်းလမ်းများကို ဟောကြားခြင်းဖြစ်သည်။
(ဂ) တတိယအချက် ၃၁-ဘုံ၊ ၃၁-ဘဝတို့ကို မတွယ်တာစေဘဲ လွတ်မြောက်မှု နည်းလမ်းကို ဟောကြားတော်မူခြင်း ဖြစ်သည်။
၇၄။ ရှင်းဦးအံ့၊ ၃၁-ဘုံ၊ ၃၁-ဘဝရှိကြောင်း ဟောကြားခြင်းသည်ကား ဗုဒ္ဓမြတ်စွာသည် လောကဝိဒူဂုဏ်တော်နှင့်အညီ အရှိကိုအရှိအတိုင်း ဟောတော်မူခြင်းပင် ဖြစ်သည်။ ထို ၃၁-ဘုံ၊ ၃၁-ဘဝသည် ဤကမ္ဘာ၌သာမက ယခင့်ယခင် ကမ္ဘာ့ကမ္ဘာတို့၌လည်း ရှိခဲ့ဖူးပြီး ဖြစ်သည်။ ယခုလက်ရှိ ကမ္ဘာ၌လည်း ရှိနေသည်ပင် ဖြစ်သည်။ နောင် အတောမသတ် လာလတ္တံ့သော ကမ္ဘာ့ကမ္ဘာတို့၌လည်း ရှိနေလိမ့်မည်သာ ဖြစ်သည်။ သာဓကအားဖြင့် လောကအတွင်း၌ မြေသည်လည်းကောင်း, ရေသည်လည်းကောင်း, လေသည်လည်းကောင်း, မီးသည်လည်းကောင်း ရှိပြီး ရှိဆဲ ရှိလတ္တံ့ ဖြစ်သကဲ့သို့ပေတည်း။ တစ်နည်းအားဖြင့်ဆိုသော် ၃၁-ဘုံသည် ဩကာသလောကကြီး ဖြစ်သောကြောင့်ပေတည်း။
၇၅။ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူလာသောအခါ လောကနှင့် ဘဝမှ ထွက်မြောက်ရေးအတွက် အဓိကဦးတည်ချက် ထားသော်လည်း ရှိနှင့်နေသော လောကနှင့် ဘဝကို အကြောင်းတိုက်ဆိုင်သလို ထုတ်ဖော်ဟောကြားရသည်မှာ သဘာဝကျသော အချက်ပင် ဖြစ်သည်။ အထူးသဖြင့် ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်ပြုပြင်ပြောင်းလဲနေသော ကြောင်းကျိုးဆက် သဘာဝဓမ္မ (အဘိဓမ္မာ)ပညာကို ဖော်ထုတ်ရာ၌ ၃၁-ဘုံ၊ ၃၁-ဘဝတို့သည် ပညာရပ်၏ အသုံးခံပစ္စည်းများ ဖြစ်လာပေသည်။
၇၆။ ၃၁-ဘုံသားတို့ အနေဖြင့် ပါရမီ အနုအရင့်လိုက်၍ ဘဝမှ လုံးဝမထွက်မြောက်နိုင်သေးသည့် ကြားကာလတွင် အထိုက်အလျောက် ကြီးပွားချမ်းသာရေး နည်းလမ်းများကိုလည်း ဗုဒ္ဓက ဟောကြားထုတ်ဖော်တော် မူခဲ့ရပေသည်။ ဥပမာ- သမ္ပဒါတရား, မင်္ဂလာတရား, သိင်္ဂါလောဝါဒသုတ်စသော တရားမျိုးကို ဟောကြားတော်မူခြင်းပင် ဖြစ်သည်။ ထိုတရားများကို လိုက်နာကျင့်သုံးသူတိုင်း အထိုက်အလျောက် အမှန်ပင် ကြီးပွားချမ်းသာမှုကို ရရှိကြပေသည်။ မည်သည့်ကျမ်းဂန်ပိဋကတ်တွင်မှ “ဘုရားဟူက ဝိမုတ္တိကိုသာ ဟောသည်”ဟု အဆိုမရှိချေ။
၇၇။ ဤတွင် အလျဉ်းသင့်၍ ဆိုရပေဦးမည်၊ ဗုဒ္ဓမြတ်စွာကို သစ္စာလေးပါးတရား, အနတ္တတရား, ပဋိစ္စသမုပ္ပါဒ်တရား ဤတရားသုံးမျိုးလောက်ကိုသာ ဟောကြားခဲ့သော ဘုရားအဖြစ် ပြောဟောရေးသား ဝါဒဖြန့်၍ နေသူများသည် ကျွန်ုပ်တို့၏ မြတ်စွာဘုရားကို-
(က) မပြည့်စုံသော ဘုရားအဖြစ်သို့လည်းကောင်း၊
(ခ) တစ်ယူသန် ဘုရားအဖြစ်သို့လည်းကောင်း၊
(ဂ) လောကသားအားလုံးတို့၏ ကျေးဇူးရှင်မဟုတ်၊ နိဗ္ဗာန်ရရာရကြောင်း တစ်ခုတည်းကိုသာ အားထုတ်သူ (လူနည်းစု) တို့၏ ကျေးဇူးရှင် ဘုရားအဖြစ်သို့လည်းကောင်း၊
တွန်းပို့လျက် ရှိပေသည်။
ဤသို့ပြုလုပ်ခြင်းသည် မြတ်စွာဘုရားကိုလည်း အကြီးအကျယ် ပြစ်မှားရာရောက်သည်၊ ပိဋကတ်ကျမ်းဂန်များကိုလည်း ဖျက်ဆီးရာရောက်ပေသည်။
၇၈။ စိရံ တိဋ္ဌတု သဒ္ဓမ္မော ဟူ၍ ဗုဒ္ဓဘာသာဝင်အားလုံး တောင့်တလျက်ရှိသော သဒ္ဓမ္မ (သူတော်ကောင်းတရား)သည်-
(က) လောကိယသဒ္ဓမ္မ=လောကီဆိုင်ရာ သူတော်ကောင်းတရား၊
(ခ) လောကုတ္တရာသဒ္ဓမ္မ=လောကမှ လွတ်မြောက်ရေးဆိုင်ရာ သူတော်ကောင်းတရား
ဟူ၍ ၂-မျိုး ရှိပေသည်။
လောကိယသဒ္ဓမ္မဆိုသည်မှာ ဒါန သီလတရားများ, ဗြဟ္မစိုရ်တရားများ, မင်္ဂလာ သိင်္ဂါလောဝါဒ စသည်တို့ ပါဝင်ပေသည်။ လောကမှ လွတ်မြောက်ရေးနှင့် စပ်လျဉ်း၍ ဟောကြားတော်မူသော လောကုတ္တရာသဒ္ဓမ္မ တရားတော်များသည်လည်း ထိုထိုဘုရားဟော ပါဠိတော်များ၌ အမြောက်အများ ပါရှိပေသည်။ အထူးသဖြင့် မဟာသတိပဋ္ဌာနသုတ်တော်သည် ဘဝမှ လွတ်မြောက်ရေးအတွက် လက်တွေ့လမ်းညွှန်ပြသော ကျင့်လမ်း ကြံလမ်းတရားတော်ပင် ဖြစ်ပေသည်။ သတိပဋ္ဌာန်တရားကို ဘုရားရှင်အလိုတော်အတိုင်း ပွားများအားထုတ်သူသည် မဂ္ဂသစ္စာလမ်းစဉ်ပေါ်သို့ အမှန်ပင် ရောက်ရှိနိုင်ပေသည်။ ဤကား ၃၁-ဘုံနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာ အချက်သုံးချက်ပေတည်း။
၃၁-ဘုံရှိကြောင်း သာဓကများ
၇၉။ နိကာယ်ငါးရပ်, ပိဋကတ်သုံးပုံတွင် ၃၁-ဘုံ, ၃၁-ဘဝ ရှိကြောင်း ဟောထားသော ပါဠိတော် အမြောက်အများကို ပိဋကတ်ကျမ်းဂန် သင်ကြားဖူးသူတိုင်း တွေ့ရှိမှတ်သား နိုင်ကြပေသည်။ သိသာရုံ ကောက်နုတ်ဖော်ပြရသော်-
ဣတိဝုတ် ပါဠိတော်တွင်-
တေ ဝဋ္ဋုယန္တိ နိရယံ၊ တိရစ္ဆာနဉ္စ ယောနိယော၊
အသုရံ ပေတ္တိဝိသယံ၊ အမုတ္တာ မာရဗန္ဓနာ။ (ခု၊၁၊၂၅၇။)
ဟူ၍လည်းကောင်း
နေတ္တိပါဠိတော်တွင်-
နိရယဂါမီ မဂ္ဂေါ တိရစ္ဆာနယောနိဂါမီ မဂ္ဂေါ ပေတ္တိဝိသယဂါမီ မဂ္ဂေါ အသုရယောနိယော မဂ္ဂေါ သဂ္ဂဂါမိယော မဂ္ဂေါ မနုဿဂါမီ မဂ္ဂေါ။ (ခု၊၁၀၊ ၆၂။)
ဟူ၍လည်းကောင်း
ဟောထားသည်ကို တွေ့ရပေသည်၊ ဤ ဣတိဝုတ် ပါဠိတော်နှင့် နေတ္တိပါဠိတော်လာ ဒေသနာတော်များအရ အပါယ်လေးဘုံ နတ်ပြည် ၆-ထပ် လူ့ဘုံအားဖြင့်-ကာမ ၁၁-ဘုံ အထင်အရှားရှိကြောင်း သိနိုင်ပေသည်။
တစ်ဖန် အင်္ဂုတ္တရပါဠိ၊ တိကနိပါတ်(၂၁၃၊၂၁၄၊၂၁၅ တွင်လည်းကောင်း၊ ဝိဘင်းပါဠိတော်(၄၃၇၊ ၄၃၈၊ ၄၃၉ တွင်လည်းကောင်း နတ်ပြည် ၆-ထပ်ကို အမည်နှင့်တကွ သက်တမ်းကိုပါ ယှဉ်တွဲ၍ ဟောကြားထားသည်ကို တွေ့ရှိနိုင်ပေသည်။
ဝိဘင်းပါဠိတော်(၄၃၉၊ ၄၄၀၊ ၄၄၁ တွင် ဗြဟ္မာ ၂၀-တို့၏ အမည်ကို သက်တမ်းနှင့်တကွ ဟောကြားထားသည်ကို တွေ့ရှိနိုင်ပေသည်။ ဤပါဠိတော်အရ ၃၁-ဘုံ အမှန်ပင်ရှိနေသည် ဆိုသောအချက်ကို သံသယကင်းစွာ လက်ခံယုံကြည်ထိုက်ပေသည်။
ယမိုက်ပါဠိတော်လာ ၃၁-ဘုံများ
၈၀။ အထက်ဖော်ပြပါ ပါဠိတော်များအပြင် ယမိုက်ပါဠိတော်၊ ဩကာသဝါရ၊ ပုဂ္ဂလောကာသ ဝါရများ၌လည်း ၃၁-ဘုံတို့၏အမည်ကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ ဟောထားသည်ကို တွေ့ရှိနိုင်ပေသည်။ အနည်းငယ် ထုတ်ဖော်၍ ပြရပါလျှင်-
(က) ခန္ဓယမိုက်ပါဠိတော်(ပ-၃၁၊၃၂) တွင် (အသညသတ္တေ) (ပဉ္စဝေါကာရေ) (အရူပေ) ဟူသော အမည်နာမတို့ကို တပ်၍ ဟောထားသောကြောင့် အသညသတ်ဘုံ၊ ပဉ္စဝေါကာရဘုံ၊ အရူပဘုံတို့ ရှိကြောင်းကို သိနိုင်ပေသည်။
(ခ) အာယတနယမိုက်ပါဠိတော်(ပ-၄၈-တွင် (ရူပါဝစရေ) (ကာမာဝစရေ) (အသညသတ္တေ) ဟူသော အမည်နာမတို့ကိုတပ်၍ ဟောထားသောကြောင့် ရူပဗြဟ္မာဘုံ၊ ကာမဝစရဘုံ၊ အသညသတ် ဗြဟ္မာဘုံတို့ ရှိနေကြောင်းကိုလည်း အာယတနယမိုက်ကို ထောက်၍ သိနိုင်ပေသည်။
(ဂ) သစ္စယမိုက်ပါဠိတော်(ပ-၂၁၃၊၂၁၅-တွင် (အသညသတ္တေ) (စတုဝေါကာရေ) (ပဉ္စဝေါကာရေ) (အပါယေ) ဟူသော အမည်နာမများကို တပ်၍ ဟောထားသောကြောင့် အသညသတ် ဗြဟ္မာဘုံ၊ ခန္ဓာလေးပါး ရှိသောဘုံ၊ ခန္ဓာငါးပါးရှိသောဘုံ၊ အပါယ်ဘုံတို့ ရှိနေကြောင်းကိုလည်း သစ္စယမိုက်ကိုထောက်၍ သိနိုင်ပေသည်။
(ဃ) သင်္ခါရယမိုက်ပါဠိတော်(ဒု-၇-တွင် (ပဌမဇ္ဈာနေ) (ရူပါဝစရေ) (အရူပါဝစရေ) ဟူသော အမည်နာမတို့ကို တပ်၍ဟောထားသောကြောင့် ရူပါဝစရဘုံ၊ အရူပါဝစရဘုံများ ရှိနေသည်ဆိုသော အချက်ကို သင်္ခါရယမိုက်ကို ထောက်ဆ၍ သိနိုင်ပေသည်။
(င) ဓမ္မယမိုက်ပါဠိတော်(တ-၉-တွင် (အသညသတ္တေ) (စတုဝေါကာရေ) (ပဉ္စဝေါကာရေ) ဟူသော အမည်နာမတို့ကို တိုက်ရိုက် ဟောထားသောကြောင့် အသညသတ် ဗြဟ္မာဘုံ၊ ခန္ဓာငါးပါးရှိသောဘုံ ခန္ဓာ လေးပါး ရှိသောဘုံများကိုလည်း ဓမ္မယမိုက်ကို ထောက်စ၍ သိနိုင်ပေသည်။
(စ) ဣန္ဒြိယယမိုက်ပါဠိတော်(တ-၁၂၄-တွင် (အသညသတ္တေ) (အရူပေ) (ပဉ္စဝေါကာရေ) ဟူသော အမည်တို့ကို တိုက်ရိုက် ဟောထားသောကြောင့် ခန္ဓာတစ်ပါးရှိသော အသညသတ်ဘုံ၊ ခန္ဓာလေးပါးရှိသော အရူပဘုံ၊ ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံတို့ ရှိနေကြောင်းကိုလည်း ဣန္ဒြိယ ယမိုက်ကို ထောက်ဆ၍ သိနိုင်ပြန်ပေသည်။
(ဆ) အနုသယယမိုက်ပါဠိတော်(တ-၆၁-တွင် (ရူပဓာတုယာ) (အရူပဓာတုယာ) (ကာမဓာတုယာ) ဟူသော အမည်ကို သုံးသပ်၍ ဟောထားသောကြောင့် ရူပ ၁၆-ဘုံ၊ အရူပ ၄-ဘုံ၊ ကာမ ၁၁-ဘုံ အားဖြင့် ၃၁-ဘုံ အမှန်ပင် ရှိကြောင်းကို အနုသယယမိုက်ကို ထောက်ဆ၍ သိနိုင်ပေသည်။
ဤကား ၃၁-ဘုံ ရှိကြောင်း အမြွက်မျှဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။ ယမိုက် ပါဠိတော် တစ်ကျမ်းလုံးတွင် ၃၁-ဘုံ အမည်များကို အကြိမ်များစွာ ဟောထားခဲ့ပေသည်၊ အထူးသဖြင့် မူလပဏ္ဏာသ ပါဠိတော်၊ သာလေယျကသုတ်တွင် ၃၁-ဘုံတို့၏ အမည်များနှင့် ရောက်ကြောင်းတရားများကို အတိအလင်း ဟောကြားထားခဲ့ပေသည်။
၃၁-ဘုံရောက်ကြောင်းတရားများ
၈၁။ ၃၁-ဘုံရှိကြောင်းကို ပြဆိုပြီးနောက် ယခုတဖန် ၃၁-ဘုံရောက်ကြောင်း တရားများကိုလည်း ပြဆိုရပေဦးမည်။ ၃၁-ဘုံကို အမျိုးအစား ခွဲခြားကြည့်လျှင် ဒုဂ္ဂတိဘုံ၊ သုဂတိဘုံဟူ၍ ၂-မျိုး ၂-စား ကွဲပြားသည်ကို တွေ့ရပေသည်။ အပါယ်လေးဘုံကို ဒုဂ္ဂတိဘုံဟု ခေါ်၍၊ ကျန်ဘုံများကို သုဂတိဘုံဟု ခေါ်ဆိုသည်။
(က) အဓမ္မစရိယာ=မတရားကျင့်ခြင်း (အကုသိုလ်စေတနာ)
(ခ) ဝိသမစရိယာ=မညီမမျှကျင့်ခြင်း (အကုသိုလ်စေတနာ)
တို့ကြောင့် အပါယ်ဘုံသို့ ကျရောက်နိုင်ကြောင်း မူလပဏ္ဏာသပါဠိတော်၊ သာလေယျကသုတ်တွင် အောက်ပါအတိုင်း ဟောထားခဲ့ပေသည်။
“အဓမ္မစရိယာဝိသမစရိယာဟေတု ခေါ ဂဟပတယော ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ” (မ၊၁၊၃၅၄။)
မြန်မာပြန်
“သူကြွယ်တို့ မတရားမှု၊ မမျှတမှုကို ပြုလုပ်ခြင်း အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော၊ မကောင်းသော လားရာ ပျက်စီး၍ ကျရာငရဲသို့ ရောက်ကြရကုန်၏”။ (မမြန်၊၁၊၄၆၇။)
၈၂။ သုဂတိဘုံဘဝသို့ ရောက်နိုင်ခြင်း၏ အကြောင်းမှာလည်း-
(က) ဓမ္မစရိယာ=တရားသဖြင့် ကျင့်ခြင်း (ကုသိုလ်စေတနာ)
(ခ) သမစရိယာ=ညီမျှစွာ ကျင့်ခြင်း (ကုသိုလ်စေတနာ)
တို့ကြောင့် ဖြစ်ကြောင်း မူလပဏ္ဏာသပါဠိတော်တွင် အောက်ပါအတိုင်း ဟောထားခဲ့ပေသည်။
“ဓမ္မစရိယာသမစရိယာဟေတု ခေါ ဂဟပတယော ဧဝမိဓေကစ္စေ သတ္တာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ” (မ၊၁၊၃၅၅။)
မြန်မာပြန်
“သူကြွယ်တို့ တရားမှု၊ မျှတမှုကို ပြုလုပ်ခြင်း အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ကောင်းသောသူတို့၏ လားရာ နတ်ပြည်သို့ ရောက်ကြကုန်၏”။ (မမြန်၊၁၊၃၆၆-၇။)
မှတ်ချက်။ ။ ဤမူလပဏ္ဏာသ ပါဠိတော်၊ သာလေယျကသုတ်တွင် အပါယ်ဘုံ၊ နတ်ပြည် ၆-ထပ်၊ ဗြဟ္မာဘုံ ၂၀-တို့၏ အမည်နှင့်တကွ ရောက်ကြောင်း တရားများကိုပါ အတိအလင်း ဟောကြားထားပေသည်။
၃၁-ဘုံပယ် ဝါဒကို စိစစ်ခြင်း
ဤ ၃၁-ဘုံပယ်ဝါဒသည် လူသေလူဖြစ်ဝါဒီ ဦးဥက္ကဋ္ဌနှင့် သူ၏နောက်လိုက် တပည့်အချို့၏ ဝါဒဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့သည် ၃၁-ဘုံဝါဒ၊ ဗုဒ္ဓလက်မခံသော စာအုပ်စာတမ်းများကို ရေးသားဖြန့်ဝေခြင်း, ဟောပြောခြင်းများ ပြုလုပ်နေကြသော်လည်း စင်စစ်မူ ဗုဒ္ဓပိဋကတ်တော်များကို အခြေခံကျကျ လေ့လာသင်ကြားဖူးကြသော သူများကား မဟုတ်ကြပေ။ မြန်မာပြန် ပိဋကတ်နှင့် အင်္ဂလိပ်ဘာသာပြန် အနည်းငယ်မျှကိုသာ လေ့လာခဲ့ကြသူတို့ ဖြစ်သည်။ (ဤအကြောင်းကို နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်ဆရာတော်များ မေးမြန်းစိစစ်စဉ်က စုဒိတကတို့ကိုယ်တိုင် ရဟန်း၊ ရှင်၊ လူ ပရိတ်သတ်များ၏ရှေ့ ဤရုံးတော်တွင် ဝန်ခံခဲ့ကြပြီး ဖြစ်သည်။)
၃၁-ဘုံကို အဘယ့်ကြောင့် ပယ်ကြသနည်း
၈၄။ စုဒိတကပုဂ္ဂိုလ်များသည် အဘယ့်ကြောင့် ၃၁-ဘုံကို သဲသဲမဲမဲ ပယ်နေကြသနည်း။ ဤအချက်ကို စူးစမ်းရှာဖွေသောအခါ အောက်ပါ ဦးဥက္ကဋ္ဌ၏ သဘောတရား ခံယူချက်ကို တွေ့ရပေသည်။
“ထို့ကြောင့် လူသားသည် တွေးတောဆင်ခြင်ရပေမည်၊ အပြန်အလှန် စစ်ဆေးဝေဖန်ရပေမည် (စ-သ-ဃ-ဇ-က) ဆိုတဲ့ သူ၏ ပသာဒရုပ်ငါးခုကို အမြဲမပြတ် အသုံးပြု၍ နေရပေမည်။” (အစွဲပြုတ် တဲကုပ်ရွှေနန်းတော်၊ နှာ-၅၂-၅၃-မှ)
အထက်ပါ စကားရပ်သည် ဦးဥက္ကဋ္ဌစွဲကိုင်သော အခြေခံ သဘောတရားကို ဖော်ပြလျက် ရှိပေသည်။ ပသာဒရုပ်ငါးခုကို စဉ်းစား ဝေဖန်မှုအားလုံး၏ အခြေခံအဖြစ် ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်။ “ပသာဒရုပ် ငါးခုကို အမြဲမပြတ် အသုံးပြု၍နေရပေမည်။” ဟူသော ဦးဥက္ကဋ္ဌ၏ ညွှန်ကြားချက်သည် လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒီ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒီတို့၏ မဏ္ဍိုင်သဘောထားပင် ဖြစ်ပေသည်။
ဤကဲ့သို့ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်)ဟူသော လက်ရှိလူတို့၏ ပသာဒရုပ် ငါးခုကိုသာ အသုံးချ၍ ယင်းပသာဒရုပ် ငါးခုတို့ဖြင့် နေရာတကာ တိုင်းတာကြည့်နေကြပါက အဘယ်သို့လျှင် အမြင်မှန်ရနိုင်အံ့နည်း။ ဦးဥက္ကဋ္ဌ၏ အတွေးအခေါ်တွင် မနောဝိညာဏ်၏ အခန်းကဏ္ဍကား လုံးဝ ပျောက်ကွယ်လျက် ရှိပေသည်။
ဗုဒ္ဓတရားတော်၌ ပါရှိသော နတ်ဘုံ၊ ငရဲဘုံ၊ ၃၁-ဘုံနှင့် တန်ခိုးအဘိညာဉ် စသည်တို့မှာ မြတ်စွာဘုရားက ထူးသော မနောဝိညာဏ်ဖြင့် သိမြင်ရရှိ၍ ဟောကြားခဲ့သော အရာများသာ ဖြစ်သည်။ ထိုအရာများနှင့် ပတ်သက်၍ လက်ခံ ယုံကြည်ရေးသည်လည်း မနောဝိညာဏ်ကို အသုံးချမှသာလျှင် ဖြစ်နိုင်ပေသည်။
၈၅။ ယခု ဦးဥက္ကဋ္ဌနှင့် တပည့်တို့သည် ၎င်းတို့၏ (စ-သ-ဃ-ဇ-က)ဟူသော ပသာဒရုပ် ငါးပါးကိုသာ အမှန်တရား၏ တိုင်းတာမှု ပေတံတစ်ရပ်အဖြစ် အသုံးချပြီး ဖော်ပြပါ ဘုရားဟော တရားများကို တိုင်းတာ ကြည့်ကြခြင်း ဖြစ်သည်ကို တွေ့ရပေသည်။ နတ်ဘုံ၊ ငရဲဘုံ၊ ၃၁-ဘုံနှင့် တန်ခိုးအဘိညာဏ် စသည်တို့ကို မိမိတို့၏ လက်ရှိမျက်စိဖြင့် မမြင်ကြရသောကြောင့် လည်းကောင်း၊ နတ်သံ၊ ငရဲသံနှင့် တန်ခိုးအဘိညာဏ်သံတို့ကို မိမိတို့၏ ပကတိနားဖြင့် မကြားရသောကြောင့် လည်းကောင်း၊ နတ်ရနံ့၊ ငရဲရနံ့နှင့် တန်ခိုးအဘိညာဏ်ရနံ့တို့ကို မိမိတို့၏ မွေးရာပါ နှာခေါင်းဖြင့် အနံ့ခံ၍ မရသောကြောင့် လည်းကောင်း၊ နတ်အရသာ၊ ငရဲအရသာ၊ တန်ခိုးအဘိညာဏ် အရသာတို့ကို မိမိတို့၏ ပင်ကိုလျှာဖြင့် လျက်၍ မရသောကြောင့်လည်းကောင်း၊ နတ်အတွေ့၊ ငရဲအတွေ့၊ တန်ခိုး အဘိညာဏ်အတွေ့တို့ကို မိမိတို့၏ မိမွေးတိုင်း၊ ဖမွေးတိုင်းလက်များဖြင့် ကိုင်တွယ်စမ်းသပ်၍ မရကြသောကြောင့် လည်းကောင်း၊ ထို့ပြင် ပသာဒငါးပါးတို့၏ အကူဖြစ်သော မှန်ပြောင်းစသည်တို့ဖြင့် ကြည့်ရှု၍ မမြင်ကြသောကြောင့်လည်းကောင်း၊ နတ်ဘုံ၊ ငရဲဘုံမရှိ၊ ၃၁-ဘုံမရှိ၊ တန်ခိုးအဘိညာဏ်မရှိ စသည်ဖြင့် ရေးသား ဟောပြော နေကြခြင်းဖြစ်ကြောင်း တွေ့ရှိရပေသည်။
၈၆။ ဦးဥက္ကဋ္ဌနှင့် တပည့်တို့သည် ဤကဲ့သို့သော ပသာဒရုပ်ဝါဒီများဖြစ်ကြလေရာ သူတို့၏ဝါဒကို ထူထောင် ဖြန့်ဖြူးရာ၌ ကျားကန်ပေးရန်အလို့ငှာ ပိဋကတ်သုံးပုံထဲမှ သုတ်တရားအချို့ကို လွဲမှားစွာ ထုတ်ဆောင် ကိုးကားကြ၍လည်းကောင်း၊ မိမိတို့၏ လက်ဖြစ်ပါဠိများကို ဘုရားဟောပါဠိများအဖြစ် ဖန်တီးကြ၍လည်းကောင်း၊ ထိုထိုစာအုပ်များကို ထိုထိုနေရာများတွင် ဖော်ပြနေကြခြင်းဖြစ်ကြောင်း အတိအလင်းတွေ့ကြရပေသည်။ အမှန်စင်စစ် မျက်စိစသည်ဖြင့် မြင်တွေ့ရမှ (ဝါ) ပသာဒငါးပါးဖြင့် စမ်းသပ်၍ရမှ မှန်ကန်သည်ဟု ဘုရားဟောစာပေ လုံးဝ မရှိပေ။ ပသာဒငါးပါး ရုပ်တရားကိုသာ ဆုပ်ကိုင်ထားသောဝါဒသည် ဗုဒ္ဓဝါဒမဟုတ်ပေ။
၈၇။ လူသေလူဖြစ်ဝါဒကို တီထွင်သူ ဦးဥက္ကဋ္ဌကိုယ်တိုင် အယူဝါဒရေးရာ၌ ပြတ်သားမှု မရှိသည်ကို တွေ့ရပေသည်။ ၃၁-ဘုံပယ်ဝါဒနှင့် လူသေလူဖြစ်ဝါဒ နှစ်ခုအကြား၌ လှုပ်ရှား ယိမ်းယိုင်နေသည်ကို တွေ့ရပေသည်။ သာဓကကို ပြရပါမူ-
“ဗုဒ္ဓ၏ ကမ္မဝါဒသည် ပုခက်နှင့်ခေါင်းကြားတွင်သာ ကျက်စားကြောင်းကို အပြတ်အသတ် မှတ်ယူအပ်လေသည်။ လုပ်တိုင်းကုန်း၏ ဟိုမှာဘက်၌ ရှိသည်ဟူ၍ လက်ညှိုးထိုးကာ ညွှန်ပြအပ်သော မနောဒွါရတိုက်ထွက် အနုမာနများကို ပက်ပက်စက်စက် တိုက်ဖျက်ပစ်ရန် မုချ လိုလားအပ်လေသည်။”
လူသေလူဖြစ်စာအုပ်၊ ဒုတိယအကြိမ်ရိုက်၊ နှာ-၅၁-ဟူသော ရေးသားချက်သည် သေလျှင်ပြတ်၏ (နောက်ဘဝမရှိ) ဟူသော ဥစ္ဆေဒဝါဒကို လက်ခံကြောင်း သိသာပေသည်။
တဖန်-
“လူသားသည် သေပြီးနောက်၌ ဆက်လက်၍ ဖြစ်နေရဦးမည်ဆိုလျှင် လူမှတပါး အခြားသောသတ္တဝါအဖြစ်သို့ မရောက်နိုင်။” (လူသေလူဖြစ်စာအုပ်၊ နှာ-၃၀၆)
ဟုရေးသားထားပြန်ရာ ဤရေးသားချက်သည် သဿတသဘောကို လက်ခံကြောင်း ကြေငြာသည့်သဘော သက်ရောက် နေပြန်သည်။
၈၈။ ဦးဥက္ကဋ္ဌသည် လူသေလူဖြစ်စာအုပ်၊ စာမျက်နှာ ၅၁-၌ သေပြီးသည်မှနောက်၌ ပြတ်၏ဟူသော အယူအဆကို ရေးသားပြီး ဖြစ်ပါလျက်၊ ယင်းစာအုပ် စာမျက်နှာ ၃၀၆-တွင်မူ လူသေပြီးနောက် လူပင်ဆက်၍ ဖြစ်ရမည်ဟူသော သဿတသဘောကို ဆိုပြန်လေသည်။ သူ၏ရေးသားချက်အရ ဦးဥက္ကဋ္ဌသည် ၃၁-ဘုံပယ်ဝါဒနှင့် လူသေလူဖြစ်ဝါဒ ၂-ခုအကြား၌ စိတ်ထား မတည်မငြိမ် ရှိနေသည်ကို တွေ့ရပေသည်။ တနည်းဆိုသော် ဦးဥက္ကဋ္ဌသည် သဿတဝါဒလည်းရှိ၊ ဥစ္ဆေဒဝါဒလည်း ရှိနေပေသည်။ အယူဝါဒရေးရာ၌ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပြတ်သားရမည်ဖြစ်သည်။ ဦးဥက္ကဋ္ဌမှာမူ သဘောတရားရေးရာ၌ မပိုင်သောကြောင့် ယခုကဲ့သို့ ယောင်ဝါးဝါး ယူဆရေးသားခြင်းဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်မိပေသည်။ ဤကဲ့သို့ ဆရာ မပြတ်သားမှုကြောင့် ဘဝပြတ်ခြင်းနှင့် လူပြန်ဖြစ်ခြင်းဟူသော ဝါဒ ၂-ခုကို တစ်ပြိုင်နက် ကိုင်စွဲထားသော ဆရာကြီး၏ နောက်လိုက်တပည့်တို့လည်း ထိုထိုဤဤ အလီလီကွဲပြား၍ ယောင်ယောင်မှားမှား ဖြစ်နေကြသည်မှာ မထူးဆန်းလှပေ။
၈၉။ ၃၁-ဘုံပယ်ဝါဒီတို့အနက် အချို့တို့သည် လူသေလူဖြစ်ဝါဒကို လက်ခံကြ၍ အချို့တို့က လူသေလူဖြစ် ဝါဒကို လက်မခံကြချေ။ လူသေလူဖြစ်ဝါဒကို လက်မခံကြသူတို့သည် သေလျှင်ပြတ်၏ဟူသော အယူစွဲရှိ၍ ဥစ္ဆေဒဒိဋ္ဌိတို့ ဖြစ်ကြသည်။ လူသေလူဖြစ်ဝါဒကို လက်ခံကြကုန်သော သူတို့သည် ဘဝမပြတ် (ဘဝ တစ်ဆက်တည်း)ဟူသော သဿတဒိဋ္ဌိသို့ ယိမ်းသောသူများ ဖြစ်ကြကုန်သည်။ ဤသို့ ကွဲပြားကြသောကြောင့် စောဒကဆရာတော်များ၏ စွဲဆိုချက် ၂၁-ချက်တို့တွင် (လူသေလူဖြစ်ဝါဒ)စွဲချက်ကို အချို့ကသာ ဖြေရှင်း၍ အချို့က ပြန်လည်ဖြေရှင်းခြင်း မပြုကြချေ။ ဖြေရှင်းခြင်းမပြုကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့သည် မိမိတို့ ဆရာကြီး၏ ဝါဒကို(မနှစ်သက်သည့်တိုင်အောင်) ပစ်ပယ်ရန် ဝန်လေးနေကြကုန်ဟန်တူ၏၊ သို့ရာတွင် ယင်းသို့ ဖြေရှင်းခြင်း မပြုကြသောသူတို့သည် “ဆိတ်ဆိတ်နေ သဘောတူ”ထုံးဖြင့် စောဒကဆရာတော်တို့ စွဲဆိုသည့်အတိုင်း ဟုတ်မှန်၏ဟု ဝန်ခံသောသဘောသို့ သက်ရောက်နေပေသည်။
ဝိနည်းဓိုရ်ဆရာတော်များ၏ဆုံးဖြတ်ချက်
၉၀။ ဤ ၃၁-ဘုံနှင့်ပတ်သက်၍ ကုသိုလ်ကံ၊ အကုသိုလ်ကံတရားများကို ထည့်သွင်း စဉ်းစားရပေမည်။ ကုသိုလ်ကံ (သုစရိုက်တရား)ကြောင့် သုဂတိဘဝသို့ရောက်ရခြင်း, အကုသိုလ်ကံ (ဒုစရိုက်တရား)ကြောင့် ဒုဂ္ဂတိဘဝသို့ကျရောက်ရခြင်း ဟူသောအသိတရား မထားရှိသူ မှန်သမျှ ၃၁-ဘုံကို လက်မခံလိုဘဲ မကောင်းသောအကြံ၊ မကောင်းသောအပြော၊ မကောင်းသောအပြုအမူများ ပြုလုပ်ရန် ဝန်လေးကြမည်မဟုတ်ပေ။ သတ္တဝါတို့၏ စိတ်သည် “ပါပသ္မိံ ရမတိ မနော”ဟူသော ဗုဒ္ဓဒေသနာအရ အကုသိုလ်ဘက်၌သာ မွေ့လျော်တတ်သော သဘောရှိရကား မိစ္ဆာသင်္ကပ္ပရှိသူတို့အနေဖြင့် ကံပယ်၊ ဘုံပယ်ဝါဒများ ထွန်းကားခဲ့သော် ကုသိုလ်ကို ပစ်ပယ်ခြင်း, အကုသိုလ်ကို လက်ခံခြင်းစသော မလိုလားအပ်သော ဖြစ်ရပ်တို့သည် ပေါ်ပေါက်လာကုန်ရာ၏၊ ဤကဲ့သို့ ကံပယ်၊ ဘုံပယ်ဝါဒများ မထွန်းကား၊ မပြန့်ပွားစေရန်၊ ဗုဒ္ဓ၏ပိဋကတ်တော်များကို သဒ္ဓါတရား ခိုင်ခိုင်ထား၍ လေ့လာ အားထုတ်ရန် အလွန်အရေးကြီးပေသည်။
ဤအမှတ်(၃) စွဲဆိုချက်နှင့် ဖြေရှင်းချက်တို့ကို ခြုံငုံ၍ သုံးသပ်ကြည့်ရာတွင် စောဒကဆရာတော်များ၏ စွဲချက်ကို စုဒိတကတို့ဘက်မှ ပြေလည်အောင် မဖြေရှင်းနိုင်ကြောင်း တွေ့ရပေသည်။ ထို့ကြောင့် ၃၁-ဘုံကို ပယ်သောဝါဒသည် သံဂါယနာ ၆-တန်တင် ထေရဝါဒ ပိဋကတ်ဒေသနာတော်နှင့် ဆန့်ကျင်ရုံမျှမက လောက လူသားအပေါင်းတို့အားလည်း မကောင်းမှု ထွန်းကားရေးကို တွန်းအားပေးသော ဝါဒဖြစ်သောကြောင့် အဓမ္မဝါဒ စစ်စစ်ဖြစ်ကြောင်း ဝိနည်းဓိုရ်ဆရာတော်များ ဆုံးဖြတ်တော်မူကြသည်။