လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ဝိသေသ စောဒနာ တင်သွင်းလွှာ

3138လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၂-၄။ ဝိသေသ စောဒနာ တင်သွင်းလွှာသာသနာရေးဝန်ကြီးဌာန

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့
အမှတ် (၂)
လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယအတွက်
ဝိသေသစောဒနာ တင်သွင်းလွှာ
၁၃၄၃-ခု၊ ဝါဆိုလဆန်း ၃-ရက်၊ စနေနေ့
(၄-၇-၈၁)

ဝိသေသနိဒါန်း

အမှတ် (၂) နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်မြတ်တို့ ဘုရား။
၁။ ၁၃၄၃-ခုနှစ်၊ နယုန်လပြည့်ကျော် (၁၃)ရက်၊ (၃၀-၆-၈၁)နေ့က ဤသီးခြားဝိနိစ္ဆရုံးတော်၌ လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာဝါဒဆိုသည်တို့နှင့် ပတ်သက်၍ ထိုကာယကံရှင်တို့ ရေးသားထုတ်ဝေ ဖြန့်ချီသော စာအုပ်၊ စာတမ်း၊ စာစောင်၊ တိတ်ခွေတို့ကို သက်သေခံပစ္စည်းများအဖြစ် တင်ပြလျက် ယင်း စာအုပ် စာစောင် တိတ်ခွေ တို့မှ အရေးကြီးသော စာပိုဒ် စကားရပ်တို့ကို ကောက်နုတ်ဖော်ပြပြီး ထိုဝါဒများသည် ဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်သော အဓမ္မဝါဒများသာ ဖြစ်ကြောင်း ဤရုံးတော်က အဆုံးအဖြတ်ပေးတော်မူပါရန် အချက်ပေါင်း(၂၁)ချက်တို့ဖြင့် စောဒနာလွှာ တင်သွင်းခဲ့ပါသည် ဘုရား။

ထိုသို့ စောဒနာလွှာ တင်သွင်းခဲ့ရာတွင် စုဒိတကပုဂ္ဂိုလ်(၇)ဦးအနက် ပိဋကတ်ကျမ်းဂန်ကို လေ့လာဖူးသော ဆရာတော် ဦးဥဇ္ဇောတိက (ဒေးဒရဲ)၊ တောင်တွင်းကြီးမှ ဆရာတော် ဦးဇဝန (နေရှင်နယ်) နှင့် ဆရာတော် ဦးဇဝန (ငါးဆင့်)တို့က တပည့်တော်များ စောဒနာသည့်အတိုင်း ထိုလူသေလူဖြစ်ဝါဒ စသည်ကို အဓမ္မဝါဒဖြစ်ပါကြောင်း ဤရုံးတော်၌ဝန်ခံသွားကြပြီး ဖြစ်ပါသည် ဘုရား၊ သို့ရာတွင် ကျန်စုဒိတက (၄)ဦးတို့မှာ ဝန်မခံလိုကြသဖြင့် စောဒကပုဂ္ဂိုလ်ဖြစ်ကြသော တပည့်တော်များက မိမိတို့ စောဒနာချက်များအပေါ် ကျန်ရှိသော စုဒိတကပုဂ္ဂိုလ်များ ပိုမိုသဘောပေါက် နားလည်ကြစေရန် ပိဋကတ်ကျမ်းဂန် သက်သေသာဓကများဖြင့် ထပ်မံ၍ ဝိသေသစောဒနာတင်ရန် ရုံးတော်၏ခွင့်ပြုချက်အရ ယခု ဝိသေသစောဒနာကို တင်သွင်းကြပါသည် ဘုရား။

၂။ အမှတ်(၂) နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ဝင် ဆရာတော်အရှင်မြတ်တို့ ဘုရား-‎
“အဓမ္မကို ဓမ္မဟူ၍ ညွှန်ပြကြသော ရဟန်းများ, ဓမ္မကို အဓမ္မဟူ၍ ညွှန်ပြသော ရဟန်းများ, မြတ်စွာဘုရား ‎မဟောအပ်သည်ကို မြတ်စွာဘုရားဟောအပ်သည်ဟူ၍ ညွှန်ပြသော ရဟန်းများနှင့် မြတ်စွာဘုရား ဟောအပ်သည်ကို ‎မြတ်စွာဘုရား မဟောအပ်ဟူ၍ ညွှန်ပြသော ရဟန်းများသည် လူရောနတ်ပါ သတ္တတို့၏ အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှာ ‎ကျင့်ကြသူတို့ဖြစ်ကြကုန်၏၊ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်တရားကိုလဲ ဖြစ်ပွားစေကုန်၏၊ ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေကုန်၏” ဟူ၍ လည်းကောင်း၊ “အဓမ္မကို အဓမ္မဟူ၍ ညွှန်ပြကြသော ‎ရဟန်းတော်များ, ဓမ္မကို ဓမ္မဟူ၍ ညွှန်ပြကြသော ရဟန်းတော်များ, မြတ်စွာဘုရား မဟောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်ဟူ၍ ညွှန်ပြကြသော ရဟန်းတော်များနှင့် မြတ်စွာဘုရား ဟောအပ်သည်ကို မြတ်စွာဘုရား ဟောအပ်၏ဟု ညွှန်ပြကြသော ရဟန်းတော်များသည် လူရောနတ်ပါ သတ္တဝါတို့၏ အစီးအပွားဖြစ်ခြင်း ချမ်းသာခြင်းငှာ ကျင့်ကြကုန်၏၊ ထိုရဟန်းတော်တို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေကုန်၏၊ ဤသာသနာတော်ကိုလည်း တည်တံ့စေကုန်၏” ဟူ၍ လည်းကောင်း၊ အင်္ဂုတ္တိုရ်ပါဠိတော်(ပ-၁၈-၁၉) တို့၌ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောတော်မူထားသော ဒေသနာတော်ကို ဦးထိပ်ထားကာ တပည့်တော်များသည် အဓမ္မကို အဓမ္မဟူ၍ လည်းကောင်း၊ ဘုရား မဟောသည်ကို ဘုရား မဟောဟူ၍ လည်းကောင်း၊ ညွှန်ပြကြပါသည်၊ ‎‎ဝိနည်းဓိုရ်ဆရာတော်ကြီးများက လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒါတို့ကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပေးတော်မူကြရန် စောဒနာလွှာ တင်သွင်းကြခြင်း ဖြစ်ပါသည် ဘုရား။‎

၃။ တပည့်တော်များ၏ စောဒနာပုံကို အချို့က သဘောမပေါက်ကြပါ ဘုရား၊ ထို့ကြောင့် နားလည်သဘောပေါက်အောင် အနည်းငယ် ရှင်းလင်းလျှောက်ထားပါရစေ ဘုရား၊ တပည့်တော်များ စောဒနာကြရာ၌ “အဓမ္မဝါဒ” တည်းဟူသော မူကိုသာ အခြေပြု၍ စောဒနာကြခြင်းဖြစ်ပါသည် ဘုရား၊ လူပုဂ္ဂိုလ်များ စာအုပ်စာတမ်း စာစောင် တိတ်ခွေများကို ထည့်သွင်းပြောကြားရခြင်းသည် ထို “အဓမ္မဝါဒ” နှင့် သက်ဆိုင်သောကြောင့်သာ မလွှဲသာ မရှောင်သာ ပြောရခြင်း ဖြစ်ပါသည် ဘုရား။‎

၄။ ဥပမာ “၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ” ဆိုသော ကိစ္စမျိုးနှင့် ပတ်သက်၍ ဦးဥက္ကဋ္ဌ ဖြစ်စေ ဦးဝါသဝ ဖြစ်စေ ‎သခင်မြတ်ဆိုင် ဖြစ်စေ သမ္မာဒိဋ္ဌိသုတေသန အသင်းသားများ ဖြစ်စေ ရွှေအဘိဓမ္မာအသင်းသားများ ဖြစ်စေ ‎ပါဝင်ပတ်သက်သည်သာ ဖြစ်ပါသည် ဘုရား၊ “ဒို့နှင့် မဆိုင်”ဟူ၍ ခွဲထွက်၍ မရပါ ဘုရား၊ အခြားသော ‎စောဒနာချက်များ၌လည်း ဤနည်းအတူပင် ဖြစ်ပါသည် ဘုရား၊ ယခု သီးခြား ဝိနိစ္ဆယအမှတ်(၂) ရုံးတော်၌ ‎စုဒိတကပုဂ္ဂိုလ်များအဖြစ် ထည့်သွင်းထားသူများမှာ တပည့်တော်များ စောဒနာသည့် အချက်များကို ‎ဖြေဆိုနိုင်ကြစေခြင်းငှာသာ ဖြစ်ပါသည်၊ အမှန်စင်စစ် ရုံးတော်က “အဓမ္မဝါဒီ” ဟု ဆုံးဖြတ်လျင် ထို “အဓမ္မဝါဒ” နှင့် ‎ပတ်သက်သူအားလုံး “အဓမ္မဝါဒီ” များသာ ဖြစ်ကြရပါမည် ဘုရား၊ သို့ဖြစ်သောကြောင့် ဝါဒနှင့်ပတ်သက်သူ မှန်သမျှ ‎တပေါင်းတစည်းတည်း ပါဝင်ပြီး ဖြစ်ပါသည် ဘုရား။‎

၅။ စောဒနာ၏ခေါင်းစဉ် တင်ရာ၌ ထုံးစံအတိုင်း စကားကျဉ်းစိမ့်သောငှာ လူသေလူဖြစ်ဦးဥက္ကဋ္ဌဝါဒ သမ္မာဒိဋ္ဌိသုတေသနဝါဒ ရွှေအဘိဓမ္မာဝါဒ ဟူ၍ သုံးနှုန်းခြင်း ဖြစ်ပါသည် ဘုရား၊ ဤအထဲက ဘုရားတပည့်တော်များက ‎အချက်ပေါင်း (၂၁)ချက်ကို တင်ပြပြီး “ဓမ္မ” “အဓမ္မ” စောဒနာခြင်းဖြစ်ပါသည် ဘုရား၊ ဤစောဒနာသော ‎အချက်(၂၁)ချက် သည်သာလျှင် ဤရုံးတော်၌ တရားဝင် သက်ဆိုင်သောအချက် ဖြစ်ပါသည် ဘုရား။ ဤသဘောကို‎နားလည်လျှင် မိမိတို့သည် ဦးဥက္ကဋ္ဌဝါဒကို အားလုံးလက်ခံသည် မဟုတ်၊ လက်ခံသင့်သည်ကိုသာ လက်ခံသည် စသည်ဖြင့် ‎ပြောဖွယ်မရှိပါ ဘုရား၊ “ဓမ္မ” “အဓမ္မ” ပြဿနာ မဖြစ်သောအချက်များ ကျန်ရှိသေးသည်ဆိုက မိမိတို့သဘောအတိုင်းပင်ဖြစ်သည်။ တပည့်တော်တို့၏ စောဒနာချက်နှင့် မသက်ဆိုင်ပါ ဘုရား။‎

၆။ လူသေလူဖြစ် ဦးဥက္ကဋ္ဌ စသည်တို့အပေါ် စောဒနာရခြင်း အကြောင်းကိုလည်း ဤနေရာတွင် ရှင်းလင်း လျှောက်ထားပါရစေ ဘုရား၊ ဘုရားတပည့်တော်များ တင်သွင်းခဲ့သော ပထမစောဒနာနိဒါန်း၌ ဖော်ပြခဲ့သည့်အတိုင်း ပုဂ္ဂိုလ်တစ်ဦး၏ လွတ်လပ်စွာ ယုံကြည်မှုကို မည်သို့မျှပြောဖွယ် မလိုပါ ဘုရား၊ ဝိနိစ္ဆယတင်၍ စောဒနာဆိုသည်ကား အိပ်မက်ပင် မက်ဖို့ကိစ္စ မဟုတ်ပါ ဘုရား၊ သို့ရာတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရာနှုန်း(၈၀)ကျော်မျှဖြစ်သော ‎ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတစ်ရပ်လုံးနှင့် တစ်သိန်းကျော် သံဃာတော်တို့၏ အမြတ်တနိုး ကိုးကွယ်ရာဖြစ်သော သံဂါယနာ(၆)တန်တင် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးသွယ်တို့နှင့်တကွ ထိုဗုဒ္ဓဘာသာရဟန်းရှင်လူတို့၏ ဓလေ့ထုံးစံများကို ဘောင်ကျော်၍ ထိပါး ပုတ်ခတ်လာခြင်း, မိမိထင်ရာ ပြုလုပ်ခြင်းများအတွက်ကိုမူ သက်ဆိုင်ရာ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့က ခုခံကာကွယ်ကြရမည့် တာဝန်ရှိပါသည် ဘုရား။‎

၇။ ပို၍ ထင်ရှားစွာလျှောက်ထားရပါလျှင် ဦးဥက္ကဋ္ဌတို့လူစုက (၃၁)ဘုံကို လက်မခံဟု ဆိုလျှင် ‎ဘုရားတပည့်တော်များ အနေဖြင့် မည်သို့မျှပြောဖွယ် မရှိပါ ဘုရား၊ ကျန်ဗုဒ္ဓဘာသာဝင်များကလည်း မည်သို့မျှပြောကြမည် ‎မဟုတ်ပါ ဘုရား၊ သူတို့ဟာသူတို့ (၃၁)ဘုံမကလို့ (၃၀၃)ဘုံကိုပင် လက်မခံခံ, အနေသာကြီးဟု တွက်ဆကြမည် ‎ဖြစ်ပါသည် ဘုရား။‎

၈။ သို့သော် ...‎

၉။ ဤ “သို့သော်ကား” အလွန် အရေးကြီးပါသည် ဘုရား၊ (၃၁)ဘုံကို မိမိ လက်မခံသည်ကို ဗုဒ္ဓဘာသာရဟန်းရှင်လူအများ အမြတ်တနိုး ကိုးကွယ်ရာဖြစ်သည့် ဗုဒရရှင်တော်ဘုရားကို ဆွဲထည့်ပြီး “၃၁-ဘုံဝါဒ ဗုဒ္ဓလက်မခံ” ဟူ၍ ‎လုပ်လာသောအခါ လွတ်လပ်စွာယုံကြည်မှုဘောင်ကို ကျော်လွန်ပြီး နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာ ရဟန်းရှင်လူများ၏ ယုံကြည်မှုကို ထိပါးစော်ကားလာခြင်း ဖြစ်ပါသည် ဘုရား၊ ဤကဲ့သို့ မိမိယုံကြည်ရုံတွင် မနေဘဲ ဗုဒ္ဓဘုရားရှင်ကို ခုတုံး လုပ်ပြီး သူတပါးယုံကြည်မှုကို စော်ကားလားခြင်းသည် အခြေခံဥပဒေက ပေးထားသော အခွင့်အရေးကို အလွဲသုံးစားပြု‎ခြင်းဖြစ်၍ ရာဇဝတ်မှု ကျူးလွန်ခြင်းတစ်မျိုးပင် ဖြစ်ပါသည် ဘုရား။‎

ထိုနည်းအတူ ဘုရားရှင် မဟောသည်ကို အဟော, ဘုရားရှင် ဟောသည်ကို မဟောပြုလုပ်၍ ပိဋကတ်သုံးပုံကို ကမောက်ကမ ပြောင်းဆန်အောင် လုပ်ခြင်း, အစဉ်အလာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ ထုံးစံများကိုပြက်ရယ်လှောင်ပြောင် ‎စော်ကားခြင်း စသည်တို့ကို ပြုလုပ်ကြခြင်းသည်လည်း ဘောင်ကျော်၍ ပြစ်မှုကျူးလွန်ခြင်း တစ်မျိုးပင် ဖြစ်ပါသည် ဘုရား။‎

၁၀။ ဤကဲ့သို့ ဦးဥက္ကဋ္ဌနှင့်တကွ သမ္မာဒိဋ္ဌိသုတေသနလူတစ်စုတို့၏ တိုင်းပြည်အတွက် စီးပွားရေးလည်း မဟုတ်၊ ‎ကြီးပွားရေးလည်း မဟုတ်၊ သက်သက် အပိုလုပ်သော ဗုဒ္ဓဘာသာဆန့်ကျင်ရေး အလုပ်များကို လုပ်သည့်အတွက်ကြောင့် တစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူ ပြည်သူများ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ခဲ့ကြရသည်၊ တပည့်တော်များလည်း ဗုဒ္ဓဘာသာဝင်တို့နှင့်အတူ ခံစားခဲ့ကြရပါသည် ဘုရား။‎

၁၁။ သို့ဖြစ်ပါသောကြောင့် နိုင်ငံတော်အတွင်း၌ ရဟန်းရှင်လူ ပြည်သူလူထုတို့အား ဒုက္ခပေးနေသော ဘေးဆိုး အန္တရာယ်ဆိုးမှ ကင်းငြိမ်းချမ်းသာပါစေဟု ရည်သန်လျက် ဘုရားတပည့်တော်များက အများကိုယ်စား ယခုလို စောဒနာ‎ရခြင်း ဖြစ်ပါသည် ဘုရား၊ ဤသို့ စောဒနာသည့်အမှုကို ပြုသည့်အတွက် တစ်ဘက်က မုန်းတီးခြင်း ခံရမှု, လုပ်ငန်း ‎ဆောင်ရွက်ရသည့်အတွက် ပင်ပန်းမှုများ ရှိလျှင်လည်း “ငါတို့သည် ကိုယ်ကျိုးအတွက် မဟုတ်၊ အများအကျိုးအတွက် သာသနာတော်အကျိုးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပေသည်တကား” ဟူ၍ နှလုံးထားကြမည် ဖြစ်ပါသည် ဘုရား။‎

၁၂။ ယခုအချိန်ကစ၍ ဘုရားတပည့်တော်များအား တစ်ဘက်စုဒိတကပုဂ္ဂိုလ်များ ပိုမို သဘောပေါက်စေရန် ရည်သန်၍ ဝိသေသစောဒနာသမှု အခွင့်ပြုတော်မူပါတော့ ဘုရား။‎

ဝိသေသစောဒနာ အမှတ် (၁)‎

‎၁။ ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့သည် ဘာသာမဲ့ ရုပ်ဝါဒီများ ဖြစ်ကြောင်းနှင့် ပတ်သက်၍ ဝိသေသစောဒနာပါ ‎ဘုရား။

‎ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-‎
၁။ အထက်ပါ စကားရပ်၌-‎
(က) ဘာသာသည် ဘိန်းနှင့် တူသည်ဟူသော စွပ်စွဲချက်၊‎
(ခ) ကာရက, ဝေဒက=ပြုလုပ်သူ, ခံစားသူသည် ရုပ်ဖြစ်သည် ဟူသော အချက်၊‎
(ဂ) နာမ်တရားသည် ရုပ်၏ အခိုးသတ္တိ, ရုပ်၏ အဟုန် ဟူသောအချက်၊
(ဃ) ရုပ်လည်း နာမ်, နာမ်လည်း ရုပ် အပြန်အလှန် ဒွန်တွဲနေသည် ဟူသော အချက် -
အားဖြင့် အဓိက အချက်လေးချက် ပါဝင်ပါသည် ဘုရား၊ ထိုအချက်လေးချက်မှာ တရားတော်နှင့် မလျော်သော ‎အဓမ္မဝါဒများသာ ဖြစ်ကြောင်း သာဓကဖြင့် တင်ပြလျှောက်ထားပါမည် ဘုရား။

၂။ ပထမဦးစွာ ဗုဒ္ဓဘာသာသည် ဘိန်းနှင့်မတူပုံကို လျှောက်ထားပါရစေ ဘုရား။

၃။ ဘာသာသည် ဘိန်းနှင့်တူသည်ဟူသော အချက်၌ ဘိန်းသည် စွဲစေသကဲ့သို့ ဘာသာသည်လည်း စွဲစေသည်၊ ‎ဘိန်းသည် အကျိုးမဲ့ကို ဖြစ်စေသကဲ့သို့ ဘာသာသည်လည်း အကျိုးမဲ့ကို ဖြစ်စေသည်၊ ဘိန်းသည် တွေဝေထိုင်းမှိုင်းစေ ‎သကဲ့သို့ ဘာသာသည်လည်း တွေဝေထိုင်းမှိုင်းစေသည်ဟု ဦးဥက္ကဋ္ဌကဆိုရာ ရောက်ပါသည် ဘုရား။

၄။ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ်၌ စိတ်ရောက်၍ သက်ဝင်ယုံကြည်မှုသည် တဏှာဖြင့် စွဲယူသကဲ့သို့ ‎စွဲယူမှုမျိုး မဟုတ်ပါ၊ မတုန်မလှုပ် သက်ဝင်ကြည်လင်သော သဒ္ဓါတရားသာ ဖြစ်ပါသည်၊ ထိုသဒ္ဓါတရားမှာ ဉာဏ်နှင့်ယှဉ်၍ ‎ရင့်ကျက် မြင့်မားလာသောအခါ ခြိမ်းခြောက်ဖျက်ဆီး၍လည်း မရသည်မှာ ဓနဉ္ဇာနီဝတ္ထုဖြင့် ထင်ရှားသကဲ့သို့ ဖြားယောင်း၍ ‎မရသည်မှာလည်း သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထုဖြင့် ထင်ရှားစေပါသည် ဘုရား၊ ဤသို့ မတုန်မလှုပ် သက်ဝင်ခြင်းကို ညစ်နွမ်းသော ‎တဏှာပေမအစွဲဟု မခေါ်ရပါ၊ ထက်သန်သော ယုံကြည်မှု, သန့်ရှင်းသော သဒ္ဓါတရားဟုသာ ခေါ် ဆိုရပါသည် ဘုရား။

၅။ ထိုသို့ သက်ဝင်ယုံကြည်၍လည်း အကျိုးယုတ်စေသည် မဟုတ်ပါ၊ လောကဓာတ်တစ်ရပ်လုံးတွင် အမြတ်ဆုံးရတနာများဖြစ်၍ သက်ဝင်ယုံကြည်သူများအား အမြတ်ဆုံးကောင်းကျိုးများ တိုးပွားစေသည်မှာ ရတနာသုံးပါးကို တကယ်ဆည်းကပ်သူများ လက်တွေ့ သိရှိကြပါသည်၊ ထို့ပြင်-‎

အင်္ဂုတ္တရနိကာယ်၊ အဂ္ဂပသာဒသုတ်(၃၄၃)လာ ဗုဒ္ဓမြတ်စွာ ဒေသနာတော် အရလည်း ထင်ရှားလှပါသည် ဘုရား။

ယေ ဘိက္ခဝေ ဗုဒ္ဓေ ပသန္နာ၊ အဂ္ဂေ တေ ပသန္နာ၊ အဂ္ဂေ ခေါ ပန ပသန္နာနံ အဂ္ဂေါ ဝိပါကော ဟောတိ။
ယေ ဘိက္ခဝေ ဝိရာဂေ ဓမ္မေ ပသန္နာ၊ အဂ္ဂေ တေ ပသန္နာ၊ အဂ္ဂေ ခေါ ပန ပသန္နာနံ အဂ္ဂေါ ဝိပါကော ဟောတိ။
ယေ ဘိက္ခဝေ သံဃေ ပသန္နာ၊ အဂ္ဂေ တေ ပသန္နာ၊ အဂ္ဂေ ခေါ ပန ပသန္နာနံ အဂ္ဂေါ ဝိပါကော ဟောတိ။ (အံ၊၁၊၃၄၃။)

ရဟန်းတို့ အကြင်သူတို့သည် ဗုဒ္ဓမြတ်စွာရတနာ၌လည်းကောင်း၊ ရာဂကင်းကြောင်း ကောင်းသော တရား၌ ‎လည်းကောင်း၊ သံဃာတော်၌လည်းကောင်း ကြည်ညိုကုန်အံ့၊ ထိုသူတို့သည် လောကဓာတ်တစ်ရပ်လုံးတွင် အမြတ်ဆုံး ‎ရတနာပေါ်၌ ကြည်ညိုသူ မည်ကုန်၏၊ အမြတ်ဆုံး ဘုရားရတနာ၌ ကြည်ညိုသူတို့အား အမြတ်ဆုံးအကျိုးတရား ဖြစ်၏၊

၆။ ဘိန်းသည် တွေဝေထိုင်းမှိုင်းစေသကဲ့သို့ ဘုရား တရား သံဃာ ရတနာသုံးပါးကို အောက်မေ့မှု ကိုးကွယ်မှုသည် တွေဝေထိုင်းမှိုင်းစေသည် မဟုတ်ပါ၊ အမှန်မှာ ဖြောင့်မတ်ဖြူစင် ကြည်လင်ရွှင်ပျ သုခချမ်းသာ နန်းအမတာသို့ပင် ‎ရောက်စေနိုင်ကြောင်း အင်္ဂုတ္တရနိကာယ၊ မဟာနာမသုတ်အရ သိသာလှပါသည် ဘုရား၊ ယခု ထိုသုတ်တော်ကို သာဓက အဖြစ် ထုတ်ဆောင်ပြပါမည် ဘုရား။

ဣဓ မဟာနာမ အရိယသာဝကော ထထာဂတံ အနုဿရတိ။ပ။ နေဝဿ တသ္မိံ သမယေ ရာဂပရိယုဋ္ဌိတံ ‎စိတ္တံ ဟောတိ၊ န ဒေါသပရိယုဋ္ဌိတံ စိတ္တံ ဟောတိ၊ န မောဟပရိယုဋ္ဌိတံ စိတ္တံ ဟောတိ၊ ဥဇုဂတမေဝဿ တသ္မံ သမယေ ‎စိတ္တံ ဟောတိ တထာဂတံ အာရဗ္ဘ။ ဥဇုဂတစိတ္တော ခေါ ပန မဟာနာမ အရိယသာဝကော လဘတိ အတ္ထဝေဒံ၊ လဘတိ ‎‎ဓမ္မဝေဒံ၊ လဘတိ ဓမ္မူပသံဟိတံ ပါမောဇ္ဇံ၊ ပမုဒိတဿ ပီတိ ဇာယတိ၊ ပီတိမနဿ ကာယော ပဿမ္ဘတိ၊ ပဿဒ္ဓကာယော ‎သုခံ ဝေဒိယတိ၊ သုခိနော စိတ္တံ သမာဓိယတိ။ အယံ ဝုစ္စတိ မဟာနာမ အရိယသာဝကော ဝိသမဂတာယ ပဇာယ ‎သမပ္ပတ္တော ဝိဟရတိ၊ သဗျာပဇ္ဇာယ ပဇာယ အဗျာပဇ္ဇော ဝိဟရတိ၊ ဓမ္မသောတံ သမာပန္နော ဗုဒ္ဓါနုဿတိံ ဘာဝေတိ။ (အံ၊၂၊၂၅၂။)

‎[မှတ်ချက်။‎ ‎။ဓမ္မ သံဃ တို့လည်း နည်းတူပါ ဘုရား။]‎

မဟာနာမ် ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏၊ပ။

မဟာနာမ် အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကိုအောက်မေ့သော အခါ၌ ထိုအရိယာတပည့်အား ‎ရာဂထကြွ သောင်းကျန်းသော စိတ် မဖြစ်၊ ထိုအခါ ထိုပုဂ္ဂိုလ်အား မြတ်စွာဘုရား၏ ဂုဏ်တော်ကို အာရုံပြု၍ ဖြောင့်မတ်‎သော စိတ်သာလျှင် ဖြစ်၏၊‎

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် ဂုဏ်တော်၏ အနက်အဓိပ္ပါယ်ကို မှီ၍ ဖြစ်သော ‎‎ဝမ်းမြောက်မှုကို ရ၏၊ ပါဠိကို မှီ၍ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ နှစ်သက်သော စိတ်ရှိသော သူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသောကိုယ် ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသောသူ၏ စိတ်သည် တည်ကြည်၏၊‎

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ‎ရောက်လျက်နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည်ဖြစ်၍ နေသူ (ဝိပဿနာဉာဏ်ဟု ‎ဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း= ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ‎ပွားများသူဟု ဆိုအပ်ပါ၏၊ (အင်၊ မြန်၊၂၊၃၂၇။)

၇။ ဤ ဘုရားဟောဖော် ပါဠိတော်များအရ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုးကွယ်မှုဆိုင်ရာ ‎ဗုဒ္ဓဘာသာသည် -
(က) တဏှာပေမစွဲကို မဖြစ်စေဘဲ ကြည်လင်မှုသဒ္ဓါတရားကိုသာ တိုးပွားစေခြင်း၊‎
(ခ) အကျိုးမဲ့ကို မဖြစ်စေဘဲ အကျိုးစီးပွားကိုသာ ဖြစ်စေခြင်း၊‎
(ဂ) တွေဝေထိုင်းမှိုင်းမှုကို မဖြစ်စေဘဲ ကြည်လင်ရွှင်ပျမှုကို ဖြစ်စေခြင်း၊

ထို့ကြောင့် ဗုဒ္ဓဘာသာသည် ဘိန်းနှင့်တူသော အရာမဟုတ်ပေ၊ ဗုဒ္ဓဘာသာကို ဘိန်းနှင့်တူသည်ဟု ဆိုပါက ‎သာသနာတော်ကို ဖျက်ဆီးလိုသော ပဒုဋ္ဌစိတ်ထားဖြင့် လူမျိုးခြား ဘာသာခြားတို့၏ “ရီလီးဂျင့်” ဟူသော စကားကို ‎ပါးစပ်အငှါး ထည့်မိရာမှ ပေါက်ဖွားလာသော အဓမ္မဝါဒသာ ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။

ဤအချက်ကို ထောက်လျှင် ဦးဥက္ကဋ္ဌနှင့် ၎င်း၏ တပည့်များသည် သင်္ကန်းဝတ်၍ ဗုဒ္ဓဘာသာ အမည်ခံထားသော်လည်း ဘာသာမဲ့များပင် ဖြစ်သည်မှာ ထင်ရှားပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-‎
၈။ ရုပ်ဝါဒီများ ဖြစ်ပုံ ဆက်လက် လျှောက်ထားပါရစေ ဘုရား၊ ကာရက, ဝေဒက သည် ရုပ်ဖြစ်သည်ဟူသော ‎အယူအဆမှာ-‎
ကမ္မဿ ကာရကော နတ္ထိ၊ ဝိပါကဿ စ ဝေဒကော။
သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝမေတံ သမ္မဒဿနံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)
‎ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာလာ ဂါထာကို ရုပ်ဝါဒနှင့် ညီအောင် လိုသလိုဆွဲယူထားခြင်းသာ ဖြစ်ပါသည် ဘုရား။‎

၉။ ထိုဂါထာ၏ ဆိုလိုရင်းအချက်မှာ “ကံကို ပြုလုပ်သူ အတ္တမရှိ၊ အကျိုးကို ခံစားသူ အတ္တလည်းမရှိ အမှန်မှာ ‎‎ရုပ်-နာမ် ဓမ္မ ပရမတ္ထတရားတို့ သက်သက်သာ (ကြောင်းကျိုးဆက်ကာ) ဖြစ်ကြကုန်၏၊ ဤသို့ရှုမြင်မှုသည် မှန်ကန်သောအမြင်ဖြစ်၏” ဟူ၍သာ ဆိုလိုရင်း ဖြစ်ပါသည်၊ ပြုလုပ်သူ ကာရက, ခံစားသူ ဝေဒကသည် ရုပ်တုံးရုပ်ခဲဖြစ်၏ဟု ‎‎ယူလျှင် ရုပ်တရားကို အတ္တဟု ယူရာရောက်၍ “ရူပံ အတ္တတော သမနုပဿတိ= ရုပ်ကို အတ္တဟု ရှုမြင်၏” ဟူသော ‎အတ္တဒိဋ္ဌိ (သက္ကာယဒိဋ္ဌိ)သာ ဖြစ်ရကား အဓမ္မဝါဒသာ ဖြစ်ပါသည် ဘုရား။‎

၁၀။ ထို့ပြင် နာမ်တရားသည် ရုပ်၏အခိုးသတ္တိ ရုပ်၏အဟုန် ဟူသောအချက်၊ ရုပ်လည်း နာမ်, နာမ်လည်း ‎‎ရုပ်ဟူသော အချက်သည်လည်း အမှားသက်သက်သာ ဖြစ်ပါသည် ဘုရား၊ ပရမတ္တတရားမှန်သမျှသည် ကြောင်းကျိုး ‎ဆက်သွယ်ရုံမျှ ဆက်သွယ်ပြီး ကိုယ့်သဘာဝ ကိုယ့်သတ္တိ ကိုယ်စီရှိနေကြပါသည် ဘုရား၊ နာမ်သည် ရုပ်၏ အခိုးသတ္တိ မဟုတ်သလို ရုပ်သည်လည်း နာမ်၏ အခိုးသတ္တိ မဟုတ်ကြပါ၊ နာမ်သည် ရုပ်မှ သီးခြား ဖြစ်သကဲ့သို့ ရုပ်လည်း နာမ်မှ ‎တသီးတခြားပင် ဖြစ်ပါသည် ဘုရား၊ သို့ပါ၍ နာမ်တရားသည် ရုပ်၏အခိုးသတ္တိ ရုပ်၏အဟုန်ဟူသော်၏ ပြောဆိုချက်သည်လည်းကောင်း၊ ရုပ်လည်း နာမ် နာမ်လည်း ရုပ် ဟူသော ပြောဆိုချက်သည်လည်းကောင်း အမှားသက်သက် အဓမ္မ‎‎ဝါဒ သာဖြစ်ပါကြောင်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယအုပ်လာ စကားဖြင့် ပိုမိုထင်ရှားလှပါသည် ဘုရား။‎

ယထ စ ဒဏ္ဍာဘိဟတံ ဘေရိံ နိဿာယ သဒ္ဒေ ပဝတ္တမာနေ အညာ ဘေရီ၊ အညော သဒ္ဒေါ၊ ဘေရိသဒ္ဒါ ‎အသမ္မိဿာ၊ ဘေရီ သဒ္ဒေန သုညာ၊ သဒ္ဒေါ ဘေရိယာ သုညော၊ ဧဝမေဝံ ဝတ္ထုဒွါရာရမ္မဏသင်္ခါတံ ရူပံ နိဿာယ နာမေ ‎ပဝတ္တမာနေ အညံ ရူပံ၊ အညံ နာမံ၊ နာမရူပါ အသမ္မိဿာ၊ နာမံ ရူပေန သုညံ၊ ရူပံ နာမေန သုညံ၊ အပိ စ ခေါ ဘေရိံ ‎ပဋိစ္စ သဒ္ဒေါ ဝိယ ရူပံ ပဋိစ္စ နာမံ ပဝတ္တတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၀။)

တုတ်ဖြင့် ခေါက်အပ်သော စည်ကိုမှီ၍ အသံ ဖြစ်ပေါ်ရာ စည်တခြား အသံတခြား ဖြစ်သကဲ့သို့၊ စည်နှင့် အသံတို့ ‎သဘာဝချင်း မရောယှက်သကဲ့သို့၊ စည်သည် အသံမှ ဆိတ်သုဉ်းပြီး အသံသည် စည်မှ ဆိတ်သုဉ်းသကဲ့သို့ ဤအတူ ဝတ္ထု ‎‎ဒွါရ အာရုံ ရုပ်ကို မှီ၍ နာမ် ဖြစ်ပေါ်လာသော်လည်း ရုပ်တခြား နာမ်တခြားသာ ဖြစ်၏၊ နာမ်နှင့်ရုပ်တို့သည် သဘာဝချင်း ‎မရောယှက်ကြ၊ နာမ်သည် ရုပ်မှ ဆိတ်သုဉ်းခဲ့၏၊ ရုပ်သည် နာမ်မှဆိတ်သုဉ်း၏၊ စင်စစ်ကား စည်ကိုစွဲ၍ အသံ ဖြစ်သကဲ့သို့ ‎‎ရုပ်ကို စွဲ၍ နာမ်ဖြစ်ပေါ်ခြင်းသာ ဖြစ်လေသည်။

ရူပံ ပဋိစ္စ နာမံ ပဝတ္တတိ (ရုပ်ကို အစွဲပြု၍ နာမ် ဖြစ်၏) ၌ အညဝါဒီတို့ ပြောသကဲ့သို့ ရုပ်က နာမ်ကို ဖြစ်စေသည် မဟုတ်ပါ၊ ပဋိစ္စ ဟူသော ပါဠိစကားလုံးကို နားလည်လျှင် ဤပြဿနာ မရှုပ်ပါ၊ ပဋိစ္စ ဟူသော ပါဠိစကားလုံးကို ‎နားမလည်ရာမှ အမြင်မှားခြင်း ဖြစ်ပါသည်၊ ဝတ္ထုရုပ် ဒွါရရုပ်များသည် နာမ်တရား၏ တည်မှီရာ နိဿယသတ္တိ၊ အာရုံ ရုပ်များက အာရမ္မဏသတ္တိများဖြင့် နာမ်ဖြစ်လာအောင် ထောက်ပံ့ကူညီ ကျေးဇူးပြုသည် ကိုသာ ဆိုလိုရင်း ဖြစ်ပါကြောင်း ‎သိစေအပ်ပါသည် ဘုရား။

ဤအရာသည်ကား ဆရာတော် သံဃာတော်များထံမှ ပဋ္ဌာန်းကျမ်းအထိ သေချာစွာ လေ့လာသင်ယူ ဆည်းပူးပြီးမှ နားလည်နိုင်မည့်အရာ၊ သို့မဟုတ် ယင်းသို့ လေ့လာဖူးသူတို့က သေသေချာချာ အကျယ်တဝင့် ရေးပြ ပြောပြမှ နားလည်နိုင်မည့်အရာ ဖြစ်ပါသည်၊ ဤတွင်ကား ရုံးတော်ဖြစ်၍ ရုပ်လည်း နာမ် နာမ်လည်း ရုပ်ဟူသော အယူသည် ဓမ္မစည်းမျဉ်းနှင့် မညီကြောင်း သိသာရုံ လိုရင်းကိုသာ အကျဉ်းမျှ လျှောက်ထားပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၂)

၂။ လူသေလူဖြစ်ဟူ၍ စိတ်ကူးပေါက်ရာ လိုက်လံဟောပြော ရေးသားမှုနှင့် ပတ်သက်၍ ‎‎ဝိသေသစောဒနာချက် ပါ ဘုရား။

‎နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-‎
တောင်တွင်းကြီး ဦးဥက္ကဋ္ဌနှင့် နောက်လိုက်နောက်ပါတို့သည် “လူသေလျှင် လူသာ ဖြစ်သည်” ဟူသော ဝါဒကို ဟောပြောရေးသားလျက် ဘုရားရှင် သာသနာတော်ကြီးကို ဖျက်ဆီးနေကြကြောင်းကို (၃၀-၆-၈၀) နေ့က ဤ သီးခြား ဝိနိစ္ဆယရုံးတော်၌ ဘုရားတပည့်တော်များ သာမညအားဖြင့် စောဒနာ တင်သွင်းခဲ့ပြီး ဖြစ်ပါသည် ဘုရား။‎

ယခု ထိုသာမညစောဒနာချက်ကို ပါဠိတော်သာဓကတို့ဖြင့် ဝိသေသစောဒနာအဖြစ် တင်သွင်း လျှောက်ထား ပါရစေ ဘုရား။

“လူသေလျှင် လူသာ ဖြစ်သည်” ဟူသော ဝါဒသည် အောက်ပါ မနုဿစုတိနိရယသုတ် စသော ပါဠိတော် များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည် ဘုရား။‎

အထ ခေါ ဘဂဝါ ပရိတ္တံ နခသိခါယံ ပံသုံ အာရောပေတွာ ဘိက္ခူ အာမန္တေသိ “တံ ကိံ မညထ ဘိက္ခဝေ၊ ‎ကတမံ နု ခေါ ဗဟုတရံ၊ ယော ဝါယံ မယာ ပရိတ္တော နခသိခါယံ ပံသု အာရောပိတော၊ အယံ ဝါ မဟာပထဝီ” ‎တိ။‎

ဧဝမေဝ ခေါ ဘိက္ခဝေ အပ္ပကာ တေ သတ္တာ ယေ မနုဿာ စုတာ မနုေဿသု ပစ္စာဇာယန္တိ။ အထ ခေါ ‎‎ဧတေဝ ဗဟုတရာ သတ္တာ၊ ယေ မနုဿာ စုတာ နိရယေ ပစ္စာဇာယန္တိ။ပ။ တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ။ပ။ ‎ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။ပ။ ဒေဝေသု ပစ္စဇာယန္တိ။ပ။ နိရယေ ပစ္စာဇာယန္တိ။ပ။ တိရစ္ဆာနယောနိယာ ‎ပစ္စာဇာယန္တိ။ပ။ ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။‎ (သံ၊၃၊၄၁၂)

မြန်မာပြန်

ထိုအခါ မြတ်စွာဘုရားသည် လက်သည်းဖျားပေါ်၌ မြေမှုန့်အနည်းငယ်ကို တင်ထား၍ “ရဟန်းတို့ ‎ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လက်သည်းဖျားပေါ်၌ ငါတင်ထားသော မြေမှုန့်နှင့် ဤ(ကမ္ဘာ) မြေကြီးသည် ‎အဘယ်က ပို၍ များသနည်း” ဟု ရဟန်းတို့ကို မိန့်တော်မူ၏၊ အရှင်ဘုရား ဤ(ကမ္ဘာ)မြေကြီးကသာ ပို၍ များပါ၏၊ ‎လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်သည် အနည်းငယ်သာတည်း၊ (ကမ္ဘာ) မြေကြီးကို ‎ထောက်ဆ၍ လက်သည်းဖျားပေါ်၌ မြတ်စွာဘုရား တင်ထားတော်မူသော မြေမှုန့်သည် မရေမတွက်လောက် ‎မနှိုင်းယှဉ်လောက် အစိတ်အပိုင်းသို့လည်း မရောက်နိုင်ပါဟု(လျှောက်ကုန်၏) ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ ‎လူ့ဘဝ၌ ပြန်ဖြစ်ကြသော သတ္တဝါတို့သည် နည်းပါကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ ငရဲ၌ဖြစ်ကြသော သတ္တဝါတို့သည်သာ ပို၍ များကုန်၏၊ ပ။ တိရစ္ဆာန်မျိုး၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏၊ပ။ ပြိတ္တာဘဝ၌ ‎ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍များကုန်၏၊ (သံ၊မြန်၊၃၊၄၁၈။)

ဤနည်းအတူ နတ်ဘုံ, ငရဲဘုံ, ပြိတ္တာဘုံတို့မှ စုတေ၍ လူ့ဘုံ၌ လူလာဖြစ်သူ နည်းပါး၍ ငရဲ, တိရစ္ဆာန်, ‎ပြိတ္တာဘုံတို့၌ ဖြစ်ကြသူတို့သာ များလှပုံတို့ကိုလည်း မဟာဝဂ္ဂသံယုတ္တပါဠိ၊ ပဉ္စဂတိပေယျာလဝဂ် ၌ ရှင်တော်မြတ်ဘုရားကိုယ်တော်တိုင် ဟောကြားတော်မူထားပေသည်။‎ (သံ၊၃၊၄၁၂၊၄၁၃၊၄၄။)

လူသေလူဖြစ်ပြဿနာ စာမျက်နှာ (၁၉၁၊၁၉၂)တို့၌ ဦးဥက္ကဋ္ဌ၏ သာဝကကြီး သခင်မြတ်ဆိုင်က “အေး... ‎ဘာသာရေးဆရာတွေ ပြောသလို လူ့အဖြစ် လူ့ဘဝ ရင်းစားပြန်ရဖို့တောင် ဘယ်လောက် ခဲယဉ်းသလေး, ဘယ်အကျင့် ‎သီလရှိမှလေး, ဘယ်ဒါန ပါမှ ဆိုဒါတွေမျိုး မင်းက ယုံချင်သေးသလားကွ၊ ဒါတွေက စားလမ်းပဲ” ဆိုသော စကားသည် ‎ဘုရားရှင် ဒေသနာတော်ကို မည်မျှ ကျူးကျော်စော်ကားထားသည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည် ဘုရား။‎

ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-‎
“ယတော စ ခေါ ဘိက္ခဝေ မာတာပိတရောစ သန္နိပတိတာ ဟောန္တိ၊ မာတာ စ ဥတုနီ ဟောတိ၊ ‎‎ဂန္ဓဗ္ဗောစ ပစ္စုပဋ္ဌိတော ဟောတိ။ ဧဝံ တိဏ္ဏံ သန္နိပါတာ ဂဗ္ဘဿဝက္ကန္တိ ဟောတိ” (မ၊၁။ ၃၃၂)
‎ဟူသော မူလပဏ္ဏာသပါဠိတော်၊ မဟာတဏှာသင်္ခယသုတ်၌-‎
(၁)‎ မိဘလောင်း နှစ်ဦး ဆုံဆည်းခြင်း၊‎
(၂)‎ မိခင်လောင်း ဥတုလာပြီးစ ဖြစ်ခြင်း၊‎
(၃)‎ ပဋိသန္ဓေနေမည့် သတ္တဝါက ရှေးရှုတည်ခိုက် ကြုံခြင်း‎

‎ဟူ၍ ပဋိသန္ဓေတည်နေခြင်း၏ အကြောင်းသုံးပါးကို ပြရာပါဠိတော်၌ “ဂန္ဓဗ္ဗ” ၏ အရ ကိုလည်း လူသေလူဖြစ်ဝါဒနှင့် ‎ကိုက်ညီအောင် ကြံဆောင်၍ လူသေမှ ထွက်လာသော ဥသ္မာဓာတ်ပျက် ဝါယောဓာတ်ဟု ယူပြီး ထိုဂန္ဓဗ္ဗဓာတ်က ၎င်းကို ‎‎ရှုမိတဲ့ မိဘလောင်းတို့ရဲ သွေးနဲ့ ရောစပ်ပြီး လူဖြစ်လာသည်ဟု ရေးသားပုံများသည်လည်း ဘုရားရှင်အာဘော်နှင့် မိုးနှင့် ‎မြေလောက် ကွာနေပါသည် ဘုရား။‎

အမှန်မှာ “ဂန္ဓဗ္ဗောတိ တြုတပဂသတ္တော” (မ၊ဋ္ဌ၊၂၊၁၀။) ဟူသော အဋ္ဌကထာနှင့်အညီ အမိဝမ်းတိုက်သို့ ကပ်ရောက်ထိုက်သော စုတေခါနီး သတ္တဝါကိုသာ ဂန္ဓဗ္ဗအရ ယူရမည် ဖြစ်ပါသည် ဘုရား။‎

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-‎
ဦးဥက္ကဋ္ဌတို့သည် ဓမ္မစကြာ အနတ္တလက္ခဏ ပဋိစ္စသမုပ္ပါဒ်-ဤသုံးမျိုးလောက်သာ ဘုရားဟောဟု ‎‎ယုံကြည်ချင်သည်ဆိုပေမဲ့ လူသေလူဖြစ်ဝါဒဘက်သို့ ဆွဲငင်၍ ရမည်ထင်သည့် သုတ်တချို့ကိုမှ ဘုရားဟောဆိုပြီး ‎ခပ်တည်တည်ဖြင့် ခုတုံးလုပ်ပြန်ပါသည် ဘုရား၊ ဤတွင် သံယောဂသုတ်ကို အသုံးချထားပုံကို ကြည့်တော်မူပါ ဘုရား။‎

သံယောဂသုတ်၌ ဘုရားရှင်ကပင် လူသေလူဖြစ် ဟောလေဟန် မဟုတ်မမှန် လုပ်ကြံ စွပ်စွဲထားပါသည် ‎ဘုရား၊ သို့သော် သံယောဂသုတ်အမှန်ကို ထင်ရှားသိသာအောင် ပါဠိမှ ထုတ်ဆောင် တင်ပြပါမည် ဘုရား။‎

ဣတ္ထိ ဘိက္ခဝေ အဇ္ဈတ္တံ ဣတ္ထိန္ဒြိယံ မနသိ ကရောတိ ဣတ္ထိကုတ္တံ ဣတ္ထာကပ္ပံ ဣတ္ထဝိဓံ ဣတ္ထိစ္ဆန္ဒံ ဣတ္ထိဿရံ ဣတ္ထာလင်္ကာရံ။ သာ တတ္ထ ရဇ္ဇတိ၊ တတြာဘိရမတိ၊ သာ တတ္ထ ရတ္တာ တတြာတိရတာ ဗဟိဒ္ဓါ ပုရိသိန္ဒြိယံ ‎မနသိ ကရောတိ ပုရိသကုတ္တံ ပုနံသာကပ္ပံ ပုရိသဝိဓံ ပုရိသစ္ဆန္ဒံ ပုရိသဿရံ ပုရိသာလင်္ကာရံ သာ တတ္ထ ရဇ္ဇတိ၊ ‎တတြာဘိရမတိ။ သာ တတ္ထ ရတ္ထာ တတြာဘိရတာ ဗဟိဒ္ဓါ သံယောဂံ အာကင်္ခတိ၊ ယဉ္စဿာ သံယောဂပစ္စယာ ဥပ္ပဇ္ဇတိ ‎သုခံ သောမနဿံ၊ တဉ္စ အာကင်္ခတိ။ ဣတ္ထတ္တေ ဘိက္ခဝေ အဘိရတာ သတ္တာ ပုရိသေသု သံယောဂံ ဂတာ။ ဧဝံ ခေါ ‎ဘိက္ခဝေ ဣတ္ထီ ဣတ္ထတ္တံ နာတိဝတ္တတိ။ (အံ၊၂၊၄၄၁)

မြန်မာပြန်

ရဟန်းတို့ မိန်းမတို့သည် မိမိသန္တာန်၌ မိန်းမဣန္ဒြေကို နှလုံးသွင်း၏၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ ‎မိန်းမ၏ဟန် မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏အသံ မိန်းမ၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊ ထိုမိန်းမသည် ဣတ္ထိန္ဒြေ ‎စသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့‎၌ တပ်နှစ်သက်သည် မွေ့လျော်သည် ဖြစ်၍ အပသန္တာန်၌ ရှိသော ပုရိသိန္ဒြေကို နှလုံးသွင်း၏၊ ယောက်ျားအမူအရာ၊ ‎ယောက်ျားအသွင်အပြင်၊ ယောကျ်ား၏ဟန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏အသံ၊ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊ ထိုမိန်းမသည် ပုရိသိန္ဒြေ စသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌(မေထုန်နှင့်) ‎‎ယှဉ်မှုကို အလိုရှိ၏၊ ထိုမိန်းမအား (မေထုန်နှင့်) ယှဉ်မှုဟူသော အကြောင်းကြောင့်ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှု ကိုလည်း အလိုရှိ၏၊ ရဟန်းတို့ မိန်းမအဖြစ်၌ မွေ့လျော်ကုန်သော သတ္တဝါတို့သည် ယောက်ျားတို့၌ မေထုန်နှင့် ယှဉ်မှု ‎သို့ရောက်၏၊ ရဟန်းတို့ ဤသို့လျှင် မိန်းမသည် မိန်းမ၏ အဖြစ်ကို မလွန်မြောက်နိုင်။ (အင်မြန်၊၂၊၅၅၆)

ထို့ပြင် အမသတ္တဝါသည် အမသတ္တဝါအဖြစ်မှ လွန်မြောက်၍ အဖိုဖြစ်လာပုံ၊ အဖိုသတ္တဝါသည် ‎အဖိုသတ္တဝါအဖြစ်မှ လွန်မြောက်၍ အမဖြစ်သွားပုံကိုလည်း ပြောင်းပြန်အားဖြင့် ဟောကြားတော်မူပါသည် ဘုရား။

ဤသုတ်သည် သက္ကာယဒိဋ္ဌိနှင့် ဘဝတဏှာကို အခြေခံပြီး အဖိုအမ ဖြစ်တတ်ပုံအကြမ်းစားကို ဒေသနာ‎အစဉ် ရောက်သည်အားလျော်စွာ ဟောခြင်းဖြစ်သည်၊ ဤသုတ်က အခြားသော သုတ်တို့ကို ခြေဖျက်ခြင်းမဟုတ်၊ ‎ဤသုတ်၏ ဟောကြားချက်သည် “လူသေလျှင် လူသာဖြစ်ရမည်” ဟုဆိုကာ စိတ်ကူးယဉ်အတွက် သက်သေမခံ၊ ‎ထိုကြောင့် ဦးဥက္ကဋ္ဌအဖို့ အားကိုးမှားခြင်းသာ ဖြစ်ပေသည်။

ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
မြတ်စွာဘုရားလက်ထက်က နာမည်ကြီးခဲ့သော သီဟစစ်သူကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သောတာပန် အရိယာအဖြစ်သို့ ရောက်ပြီးနောက် ဘုရားရှင်သို့ ဆွမ်းဘုဉ်းပေး ပင့်လျှောက်ခန်း၌-

အထ ခေါ သီဟော သေနာပတိ ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော တိဏ္ဏဝိစိကိစ္ဆော ‎‎ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပ တ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ - (အံ၊၃၊၃၀။)

‎ဟု အင်္ဂုတ္တရနိကာယ်၊ သီဟသုတ်ပါဠိတော်၌ လာရှိပါသည် ဘုရား၊ ထိုနှင့်အလားတူ စကားရပ်များ ထိုထိုပါဠိတော်တို့၌ ‎လာရှိပါသည် ဘုရား။

အထက်ပါ ဒိဋ္ဌဓမ္မော၊ ပတ္တဓမ္မော စသောပါဠိကို ဦးဥက္ကဋ္ဌလို အနက်ပေးလျှင်ဖြင့် ဘုရားရှင်လက်ထက်က သီဟစစ်သူကြီးသည် ဤသာသနာ ၂၅၀၀-ကျော်မှ ပေါ်လာသော ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်စိတ်ကူးယဉ်ကို ဒိဋ္ဌမြင်၍ ‎သောတာပန်ဖြစ်သည်ဟု ဆိုစရာ ဖြစ်နေပါသည်၊ တကယ်တော့ ဦးဥက္ကဋ္ဌပြောစကားများကို စိစစ်ကြည့်လေ, ရယ်ဖွယ်ကောင်းလေဖြစ်ကြောင်းတွေ့ကြရပါသည် ဘုရား။

အမှန်စစ်စစ် အဋ္ဌကထာအဖွင့်နှင့်အညီ ဒိဋ္ဌဓမ္မော စသော ပုဒ်တို့သည် အရိယသစ္စာတရားကို ဉာဏ်ဖြင့်‎မြင်ပြီးသော အရိယသစ္စာ တရားသို့ ဉာဏ်ဖြင့် ဆိုက်ရောက်ပြီးသော အရိယသစ္စာတရားကို သိပြီးသော အရိယသစ္စာတရားသို့ သက်ဝင်ပြီးသော ဘုရား, တရား, သံဃာ, သိက္ခာသုံးရပ် စသည်တို့၌ ယုံမှားမှုတို့ကို လွန်မြောက်ပြီးသော ‎သို့လော, သို့လော တွေးတောမှု ကင်းပြီးသော ရွံ့ရှားခြင်းကင်း ရဲတင်းသူ၏အဖြစ်သို့ ရောက်သော ဘုရားရှင်သာသနာတော်၌ မိမိမှတပါး အခြားသူကို အားမကိုးတော့သော သောတာပန် အရိယာ၏ဂုဏ်ကို ဖော်ပြသောပုဒ်များ ဖြစ်ပါသည် ‎ဘုရား။

နိယတောတိ သမ္ဗောဓိပရာယနော ဟူသော ပုဒ်တို့ကိုလည်း-
နိယတောတိ ပဌမမဂ္ဂသင်္ခါတေန သမ္မတ္တနိယာမေန နိယတော။ သမ္ဗောဓိပရာယနောတိ ‎ဥတ္တရိမဂ္ဂတ္တယသင်္ခါတော သမ္ဗောဓိ ပရံ အယနံ မယှန္တိ သောဟံ သမ္ဗောဓိပရာယနော၊ တံ သမ္ဗောဓိံ အဝဿံ ‎အဘိသမ္ဗုဇ္ဈနကောတိ အတ္ထော။ (သံ၊ဋ္ဌ၊၂၊၆၈။)

သမ္မတ္တနိယာမဟု ဆိုအပ်သော ပဌမမဂ်သည် ခုနစ်ဘဝမှအထက် မဖြစ်ဖို့ရန် သတ်မှတ်အပ်သော (ဝါ) ခုနစ်ဘဝမှအထက် မဖြစ်ခြင်းသဘောအားဖြင့် မြဲသော သစ္စာလေးပါးကို သိပြီးသော သောတာပတ္တိမဂ်မှ တပါးသော အထက်မဂ်သုံးပါးဟူသော လဲလျောင်းရာရှိသော သောတာပန်ပုဂ္ဂိုလ် ဟုပင် ဖွင့်ပြခဲ့ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌသည် ထိုသောတာပန်ဂုဏ်ရည်များကို သူ၏ လူသေလူဖြစ်ဝါဒ၌ တပ်ဆင်၍ ခမ်းခမ်းနားနားကြီး ‎လုပ်ပြလိုက်ခြင်း ဖြစ်ပါသည် ဘုရား၊ သို့သော် အဓမ္မဝါဒ ဖြစ်ကြောင်းကိုမူ ပညာရှိဆရာတော်များက ဆုံးဖြတ်ပေးတော် မူကြပါ ဘုရား။

ဝိသေသစောဒနာ အမှတ် (၃)‎

၃။ ‎(၃၁)ဘုံကို ဗုဒ္ဓမြတ်စွာဘုရား လက်မခံဟူ၍ မှားယွင်းစွာ ရေးသားဟောပြောမှုနှင့် ပတ်သက်၍ ဝိသေသစောဒနာ ချက်ပါ ဘုရား။

‎ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-‎
စောဒနာအမှတ် (၃)တွင်-
(က) လူသေပြီးနောက် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် မဖြစ်နိုင် ဟူ၍လည်းကောင်း၊ နတ်နှင့်ဗြဟ္မာ ‎မဖြစ်နိုင် ဟူ၍လည်းကောင်း ဆိုထားခြင်း၊
(ခ) လူနှင့်တိရစ္ဆာန် (၂)ဘုံကိုသာလက်ခံခြင်း, ပြိတ္တာ အသူရကာယ် ငရဲဘုံတို့ကို မျက်တွေ့လက်တွေ့မဟုတ် စိတ်ကူးယဉ်ဟု ဆိုထားခြင်း၊
(ဂ) ကောင်းကင်ကိုကြည့်တဲ့ မှန်ပြောင်းကြီးများဖြင့် ကြည့်လိုက်တဲ့အခါ နတ်ပြည် ဗြဟ္မာပြည်တွေဆိုတာ ဘယ်ရောက်ကုန်မှန်းမသိဟု ဆိုထားခြင်း၊
(ဃ) နတ် ဗြဟ္မာ သိကြားဆိုတာ စိတ်ကူးယဉ်သတ္တဝါတွေဟု ဆိုထားခြင်း၊
တို့ကို တပည့်တော်များ ထောက်ပြခဲ့ပါသည် ဘုရား။‎

ဤရေးသား ဖွင့်ဆိုချက်များကို ကောက်ချက်ချလိုက်သောအခါ(၃၁)ဘုံကို လက်မခံဟု ပြောလိုက်ခြင်းပင် ‎ဖြစ်ပါသည် ဘုရား၊ ဤနေရာတွင် ဘုရားဟော (၃၁) ဘုံကို သိသာရုံမျှ ထုတ်ပြပါမည် ဘုရား၊‎

ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-‎
(က) လူသေပြီးနောက် လူအဖြစ် နည်းပါး၍ ငရဲတိရစ္ဆာန် ပြိတ္တာ အသူရကာယ် အဖြစ်များပုံအကြောင်းကို ‎ဘုရားသခင်က အင်္ဂုတ္တိုရ်ပါဠိတော်၌ ဤသို့ တိတိကျကျ ဟောထားပါသည် ဘုရား။‎

သေယျထာပိ ဘိက္ခဝေ အပ္ပမတ္တကံ ဣမသ္မိံ ဇမ္ဗုဒီပေ အာရာမ ရာမဏေယျကံ ဝနရာမဏေယျကံ ဘူမိရာမဏေယျကံ ပေါက္ခရဏိရာမဏေယျကံ။ အထ ခေါ ဧတဒေဝ ဗဟုတရံ၊ ယဒိဒံ ဥက္ကူလ ဝိကူလံ နဒီဝိဒုဂ္ဂံ ခါဏုကဏ္ဋကဋ္ဌာနံ ပဗ္ဗတဝိသမံ။ ဧဝမေဝံ ခေါ ဘိက္ခဝေ အပ္ပကာ တေ သတ္တာ၊ ယေ မနုဿာ စုတာ မနုေဿသု ‎ပစ္စဇာယန္တိ။ အထ ခေါ ဧတေဝ သတ္တာ ဗဟုတရာ၊ ယေ မနုဿာ စုတာ နိရယေ ပစ္စာဇာယန္တိ။ ပ။ တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ။ ပ။ ပေတ္တိဝိသယေ ပစ္စာဇာယန္တိ။ (အံ၊၁၊၃၉။)

မြန်မာပြန်

“ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသော အရံ၊ မွေ့လျော်ဖွယ်ကောင်းသော တော၊ မွေ့လျော်‎ဖွယ်ကောင်းသော မြေ အရပ်၊ မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်းမြင့်မောက်သောမြေ၊ သွားလာ ကူးခက်သော မြစ်၊ သစ်ငုတ်ဆူးငြောင့်ရှိသော အရပ်၊ မညီညွတ်သော တောင်တို့သာ များသကဲ့သို့ ... ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ လူပြည်၌ပင် တစ်ဖန် ပြန်ဖြစ်ကုန်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှစုတေ၍ ငရဲဘုံ၌ဖြစ်ကုန်သော။ပ။ တိရစ္ဆာန်ဘုံ၌ ဖြစ်ကုန်သော။ပ။ ပြိတ္တာဘုံ၌ဖြစ်ကုန်သော သတ္တဝါတို့သာ များကုန်၏၊” (အင်မြန်၊၁၊၄၈။)

ဝိနည်းဓိုရ်ဆရာတော်များ ဘုရား--‎
ဤ ဘုရားဟောတရားတော်များအရ လူသေလျှင် လူပြန်ဖြစ်သူ နည်းပါး၍ လူသေလျှင် ငရဲ တိရစ္ဆာန် ပြိတ္တာ ‎အပါယ်ဘုံ၌ အဖြစ်များကြောင်း သိရပါသည် ဘုရား။‎

ယခုတစ်ဖန် လူသေပြီးနောက် နတ်ပြည်၌ အဖြစ်နည်း၍ အပါယ်ဘုံ၌ အဖြစ်များကြောင်း သာဓကကိုလည်း ‎ထုတ်ဆောင်ပြပါမည် ဘုရား။‎

ဧဝမေဝံ ခေါ ဘိက္ခဝေ အပ္ပကာ တေ သတ္တာ၊ ယေ မနုဿာ စုတာ ဒေဝေသု ပစ္စာဇယန္တိ။ အထ ခေါ ဧတေဝ ‎သတ္တာ ဗဟုတရာ၊ ယေ မနုဿာ စုတာ နိရယေ ပစ္စာဇာယန္တိ၊ တိရစ္ဆာနယောနိယာ ပစ္စာဇာယန္တိ၊ ပေတ္တိဝိသယေ ‎ပစ္စာဇာယန္တိ။ (အံ၊၁၊၃၉။)

မြန်မာပြန်

“ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည် ‎နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော ပြိတ္တာဘုံ၌ ‎ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏”။ (အင်မြန်၊၁၊၄၈။)

အထက်ဖေါ်ပြပါ ဘုရားတရားတော် (စကားတော်)အရ လူသေပြီးနောက် နတ် အဖြစ်နည်း၍ အပါယ်ဘုံ ‎အရောက်များကြောင်း သက်သေသာဓကကို တွေ့နိုင်ပါသည် ဘုရား၊ ဤသို့တွေ့နိုင်သောကြောင့် နတ်ဘုံ ဗြဟ္မာဘုံနှင့် ‎အပါယ်ဘုံတို့ကို ပယ်ခြင်းသည် ရွှေတိဂုံစေတီကို လက်ဝါးစောင်းခုတ်ပြီး ဖျက်ရန် ကြိုးစားသကဲ့သို့ ဖြစ်ချေသည်။‎

(ခ) လူနှင့်တိရစ္ဆာန် ၂-ဘုံကိုသာ လက်ခံခြင်း၊ ပြိတ္တာ အသူရကာယ် ငရဲဘုံတို့ကို မျက်တွေ့ လက်တွေ့မဟုတ်၊ စိတ်ကူးယဉ် ဟု ဆိုခြင်းမှာလည်း (ဆိုလတ္တံ့သော ဝိဘင်းပါဠိတော်အရ) မှားယွင်းသော စကားဖြစ်ကြောင်း ‎ထင်ရှားပါသည် ဘုရား။‎

(ဂ) ပကတိမှန်ပြောင်းကြီးဖြင့် ကြည့်လို့ မမြင်ရတာနှင့် နတ်ပြည် ဗြဟ္မာပြည်တွေဆိုတာ ဘယ်ရောက်ကုန်‎မှန်းမသိဘူးဟု ဆိုသော စကားမှာလည်း ၃၁-ဘုံကို မှန်ပြောင်းနှင့် လိုက်ရှာနေသဖြင့် ရယ်ဖွယ် ဖြစ်ပါသည်၊ ရုပ်ဝါဒသမားတွေအဖို့ ကုသိုလ်ကံ အဆင့်အတန်းမြင့်သော နတ်ဘုံ ဗြဟ္မာဘုံတို့ကို မှန်ပြောင်းဖြင့် ဘယ်သောအခါမှ တွေ့မြင်နိုင်မည် မဟုတ်ပါ ဘုရား။‎

(ဃ) နတ် ဗြဟ္မာ သိကြားဆိုတာ စိတ်ကူးယဉ်သတ္တဝါတွေဟု ဆိုထားသော စကားမှာလည်း ဒေဝတာသံယုတ်၊ ဗြဟ္မသံယုတ်၊ သက္ကသံယုတ် ပါဠိတော်များနှင့် ဆန့်ကျင်ဘက် လုပ်ခြင်းသာ ဖြစ်ပါသည် ဘုရား။‎

‎ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-‎
၃၁-ဘုံဝါဒကို ဗုဒ္ဓလက်ခံရုံမျှမက အောက်ပါအတိုင်း ဓမ္မဟဒယဝိဘင်း ပါဠိတော်၌ ရေတွက်၍ ဟောကြားထားပါသည် ဘုရား။

ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿ ဧကာဒသာယတနာနိ ပါတုဘဝန္တိ။
ကာမာဝစရာနံ ဒေဝါနံ၊ ပဌမကပ္ပိကာနံ မနုဿာနံ၊ ဩပပါတိကာနံ ပေတာနံ၊ ဩပပါတိကာနံ အသုရာနံ၊ ဩပ ပါတိကာနံ တိရစ္ဆာနဂတာနံ၊ နေရယိကာနံ၊ ပရိပုဏ္ဏာယတနာနံ ဥပပတ္တိက္ခဏေ ဧကာဒသာယ တနာနိ ပါတုဘဝန္တိ။(ပ)
ကာမဓာတုယာ ဥပဝတ္တိက္ခဏေ ဧတေသံ ဣမာနိ ဧကာဒသာ ယတနာနိ ပါတုဘဝန္တိ။
(အဘိ၊၂၊၄၂၇။)

မြန်မာပြန်

ကာမဘုံ ပဋိသန္ဓေခဏ၌ အဘယ်ပုဂ္ဂိုလ်အား အာယတန(၁၁)ပါး ဖြစ်ကုန်သနည်း။ အာယတနပြည့်စုံသူ၊ ကာမာဝစရနတ်၊ ကမ္ဘာဦးသူလူ၊ ဥပပတ်ပြိတ္တာ၊ ဥပပတ်အသူရကာယ်၊ ဥပပတ်တိရစ္ဆာန်၊ ငရဲသားတို့အား ပဋိသန္ဓေခဏ၌ အာယတန(၁၁)ပါး ထင်ရှားဖြစ်ကုန်၏၊ ကာမဘုံပဋိသန္ဓေခဏ၌ ထိုသူတို့အား ဤအာယတန (၁၁)ပါးတို့ ထင်ရှား ဖြစ်ကုန်၏၊

ဤပါဠိတော်၌ နတ်ပြည် ၆-ထပ်, လူ့ဘုံ, အပါယ်လေးဘုံတို့ကို တိုက်ရိုက်ဟောပြထား၍ ကာမ(၁၁)ဘုံ ‎ရှိကြောင်း သိရပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
ရူပ ၁၆-ဘုံ ရှိကြောင်း အထောက်အထား သာဓကကို ဓမ္မဟဒယဝိဘင်းပါဠိတော်၌ပင် အောက်ပါအတိုင်း ‎ဖော်ပြလိုက်ပါသည် ဘုရား-‎

ကတမေ ဓမ္မာ ရူပါဝစရာ ဟေဋ္ဌတော ဗြဟ္မလောကံ ပရိယန္တံ ကရိတွာ ဥပရိတော အကနိဋ္ဌေ ဒေဝေ ‎အန္တောကရိတွာ ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထ ပရိယာပန္နာ သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌဓမ္မသုခဝိဟာရိဿ ‎‎ဝါ စိတ္တစေတသိကာ ဓမ္မာ၊ ဣမေ ဓမ္မာ ရူပါဝစရာ။ (အဘိ၊၂၊၄၃၆။)

မြန်မာပြန်

အဘယ်တရားတို့သည် ရူပါဝစရ မည်ကုန်သနည်း။ အောက်အဖို့အားဖြင့် ဗြဟ္မပါရိသဇ္ဇာဘုံကို အပိုင်းအခြား‎ပြု၍ အထက်အဖို့အားဖြင့် အကနိဋ္ဌဗြဟ္မာတို့ကို အတွင်းပြု၍ ဤအကြား၌ ဖြစ်ကုန်သော အကျုံးဝင်ကုန်သော သမာပတ်ဝင်စားသူ၊ ပဋိသန္ဓေနေသူ၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေလေ့ရှိသူများ၏ စိတ်စေတသိက်တရားတို့သည် ရူပါဝစရ မည်ကုန်၏၊

ဤပါဠိတော်၌ ရူပ ၁၆-ဘုံကို တိုက်ရိုက် ဟောပြထားပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
အရူပ ၄-ဘုံရှိကြောင်း အထောက်အထား သာဓကကိုလည်း ဓမ္မဟဒယဝိဘင်း ပါဠိတော်၌ အောက်ပါအတိုင်း ပါရှိသည်ကို ဖော်ပြလိုက်ပါသည် ဘုရား-

ကတမေ ဓမ္မာ အရူပါဝစရာ ဟေဋ္ဌတော အာကာသာနဉ္စာယတ နူပဂေ ဒေဝေ ပရိယန္တံ ကရိတွာ ဥပရိတော နေဝသညာနာသညာ ယတနူပဂေ ဒေဝေ အန္တော ကရိတွာ ယံ ဧတသ္မိံ အန္တေရေ ဧတ္ထာဝစရာ ဧတ္ထ ပရိယာပန္နာ ‎သမာပန္နဿ ဝါ ဥပပန္နဿ ဝါ ဒိဋ္ဌမ္မေသုခဝိဟာ ရိဿ ဝါ စိတ္တစေတသိကာ ဓမ္မာ၊ ဣမေ ဓမ္မာ၊ အရူပါဝစရာ။ (အဘိ၊၂၊၄၃၆။)

မြန်မာပြန်

အဘယ်တရားတို့သည် အရူပါဝစရ မည်ကုန်သနည်း၊ အောက်အဖို့အားဖြင့် အာကာသာနဉ္စာယတနဗြဟ္မာတို့ကို အပိုင်းအခြားပြု၍ အထက်အဖို့အားဖြင့် နေဝသညာနာသညာယတန ဗြဟ္မာတို့ကို အတွင်းပြု၍ ဤအကြား၌ ဖြစ်ကုန်သော အကြုံးဝင်ကုန်သော သမာပတ်ဝင်စားသူ၊ ပဋိသန္ဓေနေသူ၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေလေ့ရှိသူများ၏ ‎စိတ်စေတသိက် တရားတို့သည် အရူပါဝစရတို့ မည်ကုန်၏၊

ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-‎
ဤပါဠိတော်၌ အရူပ ၄-ဘုံကို တိုက်ရိုက်ဟောပြထားပါသည် ဘုရား၊ ဓမ္မဟဒယဝိဘင်း၌ လာရှိသော ‎အထက်ဖော်ပြပါ စကား(၃)ရပ်ကို ပေါင်းစပ်လိုက်သောအခါ-

(က) ကာမ ၁၁-ဘုံ၊
(ခ) ရူပ ၁၆-ဘုံ၊
(ဂ) အရူပ ၄-ဘုံ၊
အားဖြင့် (၃၁)ဘုံ စစ်စစ်ကြီး ဖြစ်ကြောင်း ကောင်းကောင်းကြီး မှတ်သားနိုင်ပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
ဒါနပြု၍ နတ်ပြည်ရောက်ပုံ ဘုရားဟောပါဠိကို ဓမ္မဟဒယဝိဘင်းပါဠိတော်မှပင် သာဓကအဖြစ် ထုတ်ဆောင်ပြပါမည် ဘုရား။

၁။ ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ အပ္ပေကစ္စေ စာတုမဟာရာဇိတာနံ ဒေဝါနံ ‎သဟဗျတံ ဥပပဇ္ဇန္တိ။
၂။ အပ္ပေကစ္စေ တာဝတိံသာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
၃။ အပ္ပေကစ္စေ ယာမာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
၄။ အပ္ပေကစ္စေ တုသိတာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
၅။ အပ္ပေကစ္စေ နိမ္မာနရတီနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။
၆။ အပ္ပေကစ္စေ ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ (အဘိ၊၂၊၄၃၇။)

မြန်မာပြန်

ဒါနကို ပြု၍၊ သီလကို စောင့်ထိန်း၍၊ ဥပုသ်ဆောက်တည်ခြင်း အမှုကိုပြု၍ အချို့သော သူတို့သည် စာတုမဟာရာဇ်နတ်တို့၏ ... တာဝတိံသာနတ်တို့၏ ... ယာမာနတ်တို့၏ ... တုသိတာနတ်တို့၏ ... နိမ္မာနရတိနတ်တို့၏ ... ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊

ဤဒေသနာတော်အရ ဒါနပြု၍ နတ်ပြည် ၆-ထပ်ရောက်နိုင်ပုံကို သိရသောကြောင့် နတ်နှင့်ငရဲ ဘယ်မှာလဲ စာအုပ်တွင် ဦးရွှေပြည့် ဖော်ပြသကဲ့သို့ (သစ်ခြောက်ပင်ကို ရေလောင်းခြင်းမဟုတ်ဘဲ) ရှင်သန်ဆဲ သစ်ပင်ကို ‎ဖွံ့ဖြိုးစည်ကားအောင် ပြုလုပ်ခြင်းနှင့် တူပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
နတ်ပြည်ရှိကြောင်း သာဓကကို ဖော်ပြပြီး၍ ငရဲရှိကြောင်းကို သံကိစ္စဇာတ်တော် ပါဠိတော်မှ သာဓကကိုလည်း ထုတ်ပြပါမည် ဘုရား။

သဉ္ဇီဝေါ ကာဠသုတ္တော စ၊ သင်္ဃာတော ဒွေ စ ရောရုဝါ။
အထာပရော မဟာဝီစိ၊ တာပနော စ ပတာပနော။
ဣစ္စေတေ အဋ္ဌ နိရယာ၊ အက္ခာတာ ဒုရတိက္ကမာ။
အာကိဏ္ဏာ လုဒ္ဒကမ္မေဟိ၊ ပစ္စေကာ သောဠသုဿဒါ။ (အဘိ၊၂၊၄၃၇။)
ဤဇာတ်တော်ပါဠိတော်အရ ငရဲဆိုတာ အထင်အရှားရှိကြောင်း သိနိုင်ပါပြီ ဘုရား။

ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
နတ်နှင့်ငရဲ ထင်ရှားရှိသည်ကို မရှိဟု ဆိုသော သူများသည်လည်းကောင်း၊ ၃၁-ဘုံကို လက်မခံသော သူတို့သည်လည်းကောင်း စင်စစ် အဓမ္မဝါဒီများဖြစ်၍ (အဓမ္မော နိရယံ တေနိ) ဟူသော သံကိစ္စဇာတ်တော်ပါဠိတော်အရ မလွဲမသွေ ငရဲသို့ ကျရမည်မှာ သေချာပါသည် ဘုရား၊ သို့ဖြစ်၍ ၃၁-ဘုံကို လက်မခံသော ၎င်းတို့၏ ဝါဒမှာလည်း ဘုရားဟော ဒေသနာများနှင့် ဆန့်ကျင်ပါသောကြောင့် စင်စစ် အဓမ္မဝါဒများ ဖြစ်ကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၄)‎

၄။ ဗုဒ္ဓဘာသာ၏ အခြေခံဖြစ်သော ကံ-ကံ၏ အကျိုးတရား၌ သက်ဝင်ယုံကြည်မှု ပျက်စီးအောင် ဖျက်ဆီးနေကြခြင်းနှင့် ပတ်သက်၍ ဝိသေသစောဒနာချက်ပါ ဘုရား။

နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အရှင်မြတ်တို့ ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌတို့သည် လူသေလူဖြစ်ဝါဒနှင့်အံဝင်ခွင်ကျဖြစ်အောင် ဘုရားဟော “ကမ္မဿကဝါဒ”ကို ဘုရား မဟောဟု ကံ-ကံ၏အကျိုးပေးတရားကို ပယ်ရှားလျက် အမှားမှားအယွင်းယွင်း ဟောပြောရေးသား၍ ဝါဒဖြန့်နေကြပါသည်ဘုရား။

၂။ ဗုဒ္ဓရှင်တော်မြတ်သည် ဥပရိပဏ္ဏာသ ပါဠိတော် စူဠကမ္မဝိဘဂ် သုတ်၌-
ကမ္မဿကာ မာဏဝ သတ္တာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပ္ပဋိသရဏာ၊ ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ။ (မ၊၃၊၂၄၄။)

[လုလင်-သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊ ကံ၏အမွေခံတို့သာ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရင်း ရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးစားထောက်တည်ရာ ရှိကုန်၏၊ ကုသိုလ်ကံ အကုသိုလ်ကံသည် သတ္တဝါတို့ကို အယုတ်အမြတ်၏ အဖြစ်ဖြင့် ခွဲခြမ်းဝေဖန်၏] ဟူ၍ အထင်အရှား ဟောထားပါသည် ဘုရား။

၃။ ခုဒ္ဒကနိကာယ် ဣတိဝုတ္တကပါဠိ တပနီယသုတ်၌လည်း-
ကာယဒုစ္စရိတံ ကတွာ၊ ဝစီ ဒုစ္စရိတာနိ စ။
မနောဒုစ္စရိတံ ကတွာ၊ယဉ္စညံ ဒေါသသဥှိတံ။
အကတွာ ကုသလံ ကမ္မံ၊ ကတွာနာ ကုသလံဗဟုံ။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။ (ခု၊၁၊၂၁၂။)

[ပညာမဲ့သူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုခြင်းကြောင့် ရာဂစသော အပြစ်နှင့်ယှဉ်သော အခြားအမှုတို့ကို ပြုခြင်းကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုဘဲ အကုသိုလ်ကံကိုသာ များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏] ဟူ၍ ဟောထားပါသည် ဘုရား။

၄။ ခုဒ္ဒကနိကာယ် ဣတိဝုတ္တကပါဠိ-အတပနီယသုတ်၌လည်း-
ကာယဒုစ္စရိတံ ဟိတွာ၊ ဝစီဒုစ္စရိတာနိ စ။
မနောဒုစ္စရိတံ ဟိတွာ၊ ယဉ္စညံ ဒေါသသဥှိတံ။
အကတွာ ကုသလံ ကမ္မံ၊ ကတွာန ကုသလံ ဗဟုံ။
ကာယဿ ဘေဒါ သပ္ပညော၊ သဂ္ဂံ သော ဥပပဇ္ဇတိ။ (ခု၊၁၊၂၁၃။)

[ပညာရှိသူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပယ်စွန့်ခြင်းကြောင့်လည်းကောင်း၊ ရာဂစသော အပြစ်နှင့်ယှဉ်သော အခြားအမှုတို့ကို ပယ်စွန့်ခြင်းကြောင့်လည်းကောင်း၊ အကုသိုလ်ကံကို မပြုဘဲ ကုသိုလ်ကံကိုသာ များစွာပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ် ပျက်စီးသောအခါ နတ်ပြည်သို့ရောက်ရ၏] ဟူ၍ ကုသိုလ်ကံ အကုသိုလ်ကံကြောင့် သတ္တဝါတို့ အယုတ်အမြတ်ကွဲပြားရပုံ၊ လူဆင်းရဲ လူချမ်းသာ ကွာခြားရပုံ၊ အရုပ်ဆိုး အကျည်းတန် ပုံဟန်ခြားနားပုံ၊ ဒုဂ္ဂတိ သုဂတိ လားရပုံ စသည်တို့ကို ကျနပိုင်းခြား ဟောကြားတော်မူခဲ့ပါသည်။

၅။ ကံတရား၏ အကျိုးပေးပုံ ကာလအမျိုးမျိုးကိုလည်း ဤသို့ ဟောကြားထားပါသည် ဘုရား။

ယံ ဘိက္ခဝေ လောဘပကတံ ကမ္မံ လောဘဇံ လောဘနိဒါနံ လောဘသမုဒယံ။ ယတ္ထဿ အတ္တဘာဝေါ နိဗ္ဗတ္တတိ။ တတ္ထ တံ ကမ္မံ ဝိပစ္စတိ။ ယတ္တ တံ ကမ္မံ ဝိပစ္စတိ၊ တတ္ထ တဿ ကမ္မဿ ဝိပါကံ ပဋိသံဝေဒေတိ ဒိဋ္ဌေ ဓမ္မေ ဥပပဇ္ဇ ဝါ၊ အပရေ ဝါ ပရိယာယေ။ (အံ၊၁၊၁၃၃။)

မြန်မာပြန်

ရဟန်းတို့ ... အကြင် ကံကို လောဘသည် ပြုအပ်၏၊ လောဘကြောင့် ဖြစ်၏၊ လောဘလျှင် အကြောင်း နိဒါန်းရှိ၏၊ လောဘလျှင် အကြောင်း သမုဒယရှိ၏၊ အကြင် ဘုံ၌ ထိုကံရှိသူ၏ အတ္တဘောသည်ဖြစ်၏၊ ထိုဘုံ၌ ထိုကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထိုကံသည် အကျိုးပေး၏၊ ထိုဘုံဝယ် မျက်မှောက်ဘဝ၌သော် လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထိုကံ၏ အကျိုးကို ခံစားရ၏၊ (အင် မြန်၊၁၊၁၅၁။)

၆။ ဤဒေသနာ၌ ကံသည် မျက်မှောက်ဘဝ၌ အကျိုးပေးသော ကံ၊ ဒုတိယဘဝကျမှ အကျိုးပေးသော ကံ၊ တတိယဘဝမှ တစ်ချိန်ချိန်မှာ အကျိုးပေးဖို့ကံ ဟူ၍ ကံ၏ သဘာဝဓာတ် ခြင်းရာဇာတ်ကို တပ်အပ်ထင်ထင် သိမြင်အောင် ဟောထားပါသည် ဘုရား။

၇။ သို့သော် လူသေလူဖြစ် ဦးဥက္ကဋ္ဌတို့သည် ထုံးအိုးထဲနှိုက်သော လက်သည် ချက်ချင်း ဖြူသလို, ကတ္တရာစေးပုန်းထဲ နှိုက်သောလက်သည် ချက်ချင်း နက်သလို, ငရုပ်သီးကို စားလျှင် ချက်ချင်း စပ်သလို ဗုဒ္ဓ၏ကမ္မဝါဒသည် ပုခက်နှင့် ခေါင်းကြားသာ ဖြစ်လေဟန် ရေးသားကြပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၈။ ကံ-ကံ၏အကျိုးတရားနှင့် ငရဲဘုံ နတ်ဗြဟ္မာဘုံ စသည်တို့ကို ပယ်ရှားသော အယူဝါဒသည် ယခုမှပေါ်လာသော ဝါဒအသစ်အဆန်း မဟုတ်ပါ၊ ဘုရားရှင်လက်ထက်၌ ပူရဏကဿပ တိတ္ထိဆရာကြီးသည် ဦးဥက္ကဋ္ဌကဲ့သို့ ပင် ကံ-ကံ၏ အကျိုးကို ပယ်ခဲ့ပါသည် ဘုရား။

တိတ္ထိဆရာကြီး၏ စကားမှာ-
“ဒါနေန ဒမေန သံယမေန သမ္မဝဇ္ဇေန နတ္ထိ ပုညံ နတ္ထိ ပုညဿ အာဂမော”၊ “ပေးလှူခြင်း၊ ဣန္ဒြေတို့ကို ဆုံးမခြင်း၊ သီလကို စောင့်ရှောက်ခြင်း၊ မှန်သော စကားကို ပြောဆိုခြင်းဖြင့် ကောင်းမှု မရှိ ကောင်းမှု ဖြစ်မလာ” ပါတဲ့ ဘုရား။

၉။ ထို့အပြင် ကမ္ဘာကျော် အဇိတဆရာကြီးကလဲ တိုင်းပြည်အုပ်ချုပ်နေသော အဇာတသတ်မင်းနှင့် သူ၏ မင်းချင်းတို့အား ဤကဲ့သို့ ခေတ်မီမီ သုတေသနဆန်ဆန် ဝေဖန်ပြပါသေးသည် ဘုရား။

နတ္ထိ မဟာရာဇ ဒိန္နံ= မင်းမြတ် ... ပေးလှူကြောင်းဖြစ်သော ဒါနစေတနာ၏ အကျိုးသည် မရှိ။
နတ္ထိယိဋ္ဌံ= ကြီးကျယ်သော ပူဇော်မှု၏အကျိုး မရှိ။
နတ္ထိဟုတံ= သေးငယ်သော ပူဇော်မှု၏အကျိုး မရှိ။
နတ္ထိ သုကတဒုက္တဋာနံ ကမ္မာနံ ဖလံ ဝိပါကော= ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံ၊ မကောင်းသဖြင့် ပြုအပ်သော အကုသိုလ်ကံတို့၏ အကျိုးဆက် အကျိုးရင်း မရှိ။
နတ္ထိ မာတာ= အမိကျေးဇူး မရှိ။
နတ္ထိ ပိတာ= အဖကျေးဇူး မရှိ။ 
[အမိအဖတို့၌ ပြုအပ်သော ကောင်းမှု မကောင်းမှု၏အကျိုး မရှိ]
နတ္ထိ သတ္တာ ဩပဝါတိကာ= ငရဲ မရှိ၊ နတ် မရှိ၊ ဗြဟ္မာမရှိ၊
နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ - (ဒီ၊၁၊၅၁။)
ဤပစ္စုပ္ပန်လောက တမလွန်လောကကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် (အဘိဉာဏ်ဖြင့်) မျက်မှောက်ပြု၍ ပြောဟောနိုင်ကြသည့် လမ်းမှန်သွား လမ်းမှန်ကျင့်ကြတဲ့ သမဏဗြဟ္မဏများ မရှိ။ပ။
ဘဿန္တာ အာဟုတိယော= ပေးလှူ ပူဇော်သမျှ နောက်ဆုံး ပြာကျကုန်တာပဲ၊ လှူတာအလကား၊ ဘုန်းကြီး စားတာပဲ။
ဒတ္တုပညတ္တံ ယဒိဒံ ဒါနံ= ယင်းဒါနကို လူအ-လူဖျင်းတွေက ပညတ်ကြတာ ဖြစ်တယ်။

တတ္ထ ကမ္မံ ပဋိဗာဟန္တေနာပိ ဝိပါကော ပဋိဗာဟိတော ဟောတိ၊ ဝိပါကံ ပဋိဗာဟန္တေနာပိ ကမ္မံ ပဋိဗာဟိတံ ဟောတိ၊ ဣတိ သဗ္ဗေပေတေ အတ္ထတော ဥဘယပ္ပဋိဗာဟကာ အဟေတုကဝါဒါ စေဝ အကိရိယဝါဒါ စ နတ္ထိကဝါဒါ စ ဟောန္တိ - (ဒီ၊ဋ္ဌ၊၁၊၁၅၀။)

ဟူသော အဋ္ဌကထာနှင့်အညီ အကြောင်းကံကို ပယ်လျှင် အကျိုးဝိပါက်ကို ပယ်ပြီးဖြစ်၍ အကျိုးဝိပါက်ကို ပယ်လျှင်လည်း အကြောင်းကံကို ပယ်ပြီးဖြစ်ရကား မက္ခလိဂေါသာလ တိတ္ထိဆရာကြီးနှင့် တူပြီး ဖြစ်ကြပါသည် ဘုရား။

၁၀။ ခေတ်လူတို့သည် ဘုရားလက်ထက်က ပူရဏကဿပနှင့် အဇိတကေသကမ္ဗလ အမည်ရှိသော တိတ္ထိဆရာကြီးတို့၏ အယူဝါဒ အပြောအဟောနှင့် ကမ္ဘာကျော်ဆိုသော ဦးဥက္ကဋ္ဌတို့၏ ရေးသားပြောဟောချက် များကို နှိုင်းယှဉ်လေ့လာ ကြည့်သင့်ကြပေသည်။

၁၁။ ကံ-ကံ၏အကျိုးတရားကို ပိဋကတ်တော်နှင့်အညီ လက်ခံယုံကြည်ပါက တိပိဋကဓရ အရှင်ဝိစိတ္တသာရာဘိဝံသမှ အထက် ရှင်အရဟံ ရှင်မောဂ္ဂလိပုတ္တတိဿ၊ ရှင်မဟာကဿပ စသော ထေရ်မြတ်တို့ဝါဒကို လက်ခံရာ ရောက်ပါသည်၊ ကံ-ကံ၏ အကျိုးကို လက်မခံပါက (ဝါ) ပယ်ပါက ဦးဥက္ကဋ္ဌမှ စတင်၍ ပုဂံခေတ် အရည်းကြီးများ, ဘုရားလက်ထက် တိတ္ထိကြီးများ၏ ဝါဒကို လက်ခံရာရောက်ပါသည်။

အချုပ်လျှောက်ထားရပါသော် ကံ-ကံ၏ အကျိုးတရားကို ပယ်သောဝါဒသည် ဆန်းသစ်သောဝါဒ မဟုတ်ဘဲ ဘုရားလက်ထက်က တိတ္ထိဆရာကြီးများက စတင်သွားသော ဝါဒသာဖြစ်၍ ထေရဝါဒ ဓမ္မဝိနယနှင့် မညီသော အဓမ္မဝါဒသာ ဖြစ်ကြောင်း ဆုံးဖြတ်ပေးပါရန် လျှောက်ထားပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၅)

၅။ အတိတ် အနာဂတ်ဘဝတို့ကို လုံးဝပစ်ပယ်ပြီး ဗုဒ္ဓဝါဒကို ပစ္စုပ္ပန်ဝါဒ ဖြစ်လေဟန် အမျိုးမျိုး လှည့်စားလျက် ရေးသား ‎ဟောပြောမှုနှင့် ပတ်သက်၍ ဝိသေသစောဒနာပါ ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဗုဒ္ဓဝါဒသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃-ပါးနှင့် ယှဉ်၍ ဟောတော်မူသော ဝါဒ ဖြစ်ပါသည်၊ ရုပ်ဝါဒီတို့သည် ပစ္စုပ္ပန်တစ်ဘက်မြင် ဝါဒဖြစ်ပါသည်၊ ဗုဒ္ဓဝါဒသည် ကေဝလ ပရိပုဏ္ဏ(ပြည့်စုံသော) ဒေသနာဖြစ်၍ ရုပ်ကြမ်းဝါဒသည် အပရိပုဏ္ဏ (မပြည့်စုံသော) စကား ဖြစ်ပါသည်၊ ဗုဒ္ဓတရားတော်၌ လောကီ လောကုတ္တရာပြည့်စုံ ပါသည်၊ လောကုတ္တရာရေးကို ဟောရာ၌ ပစ္စုပ္ပန်တည့်တည့်ကိုသာ ဝိပဿနာရှုရမည်ဟု ဝိပဿနာကို ရည်ရွယ်၍ ဟောတော်မူချက် (သန္ဓာယဘာသိတ) ကို နားမလည်၍ (ဝါ) လိုရာကိုကပ်ပြီး ဤဝိပဿနာစကားတစ်ရပ်ဖြင့် ကျန်သမျှ ဗုဒ္ဓဒေသနာအားလုံးကို ပယ်ရန် ကြိုးစားခြင်းသာ ဖြစ်ပါသည်။

ဝိပဿနာအရာ၌-
ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။
အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒွါ မနုဗြူဟယေ။ (မ၊၃၊၂၂၆။)
(ဥပရိပဏ္ဏာသ ဘဒ္ဒေက ရတ္တသုတ်)

ယော၊ အကြင် ယောဂီပုဂ္ဂိုလ်သည်။ ပစ္စုပ္ပန္နံ၊ ဖြစ်ဆဲဖြစ်သော။ ဓမ္မံ စ၊ ရုပ်နာမ်နှစ်ပါး သဘာဝတရားကိုသာ လျှင်။ တတ္ထ တတ္ထ၊ ထိုသို့ဖြစ်ပေါ်လာဆဲ ခဏ၌။ ဝိပဿတိ၊ ဝိပဿနာရှု၏။ ဝိဒွါ၊ ပညာရှိသော။ သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။ တံ ဓမ္မံ၊ ပစ္စုပ္ပန်ဆတ်ဆတ် ပရမတ်ဖြစ်သော ထိုသဘောကို။ အသံဟီရံ၊ တဏှာယှက်သို တွန့်တိုခြင်း မရှိရလေအောင်။ အသံကုပ္ပံ၊ ဒေါသမာနမစွက် ပျက်စီးခြင်း မရှိရလေအောင်။ အနုဗြူဟယေ၊ ဝိပဿနာဉာဏ်ဖြင့် ပွားစေရာ၏၊

ဤဂါထာအရ ဝိပဿနာအာရုံ ပစ္စုပ္ပန်တရားကိုသာ ယူရပါသည်၊ ထို့ကြောင့် သူ့ရှေ့နားက ဂါထာ ဖြစ်တဲ့-
အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ၊ အပတ္တဉ္စ အနာဂတံ။ (မ၊၃၊၂၂၆။)

ယောဂီ၊ ယောဂီပုဂ္ဂိုလ်သည်။ အတီတံ၊ အတိတ်အာရုံသို့။ နာနွာဂ မေယျ၊ အစဉ်မလိုက်ရာ။ အနာဂတံ၊ အနာဂတ်အာရုံကို။ နပ္ပဋိကင်္ခေ၊ မတောင့်တရာ။ (ကသ္မာ၊ အဘယ်ကြောင့်နည်း)။ ယံ၊ အကြင်တရားသည်။ အတီတံ၊ လွန်ခဲ့လေပြီ။ တံ၊ ထိုတရားသည်။ ပဟီနံ၊ ကင်းပခဲ့လေပြီ။ ယံ စ၊ အကြင်တရားသည်ကား။ အနာဂတံ၊ မရောက်လာသေး။ တံ၊ ထိုအနာဂတ်တရားသို့။ အပ္ပတ္တံ၊ ဝိပဿနာဉာဏ်ဖြင့် မရောက်အပ် မရောက်နိုင်။ တသ္မာ၊ ထို့ကြောင့်ပေတည်း။

ဤစကားအရ အတိတ်အနာဂတ်မှန်သမျှကို ပယ်ရမည်၊ လုံးဝ မစဉ်းစားရဟု ဆိုလိုသည်မဟုတ်၊ ဝိပဿနာရှုသောအခါ ပစ္စုပ္ပန်ကိုသာ ရှု အတိတ် အနာဂတ်ကို မရှုရဟု၍ ဆိုလိုပါသည်၊ အတိတ် အနာဂတ်မရှိ၊ အတိတ်တွင် ဘာမျှမဖြစ်ခဲ့၊ အနာဂတ်မှာ ဘာမျှ ဖြစ်မည်မဟုတ်ဟူသော အနက်အဓိပ္ပါယ် လုံးဝမထွက်ပါ ဘုရား။

ထို့ပြင် သာသနာတော်၌ ထင်ရှားသော အနတ္တလက္ခဏသုတ်၌-
တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊သဗ္ဗံ ရူပံ။ ပ။ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ (ဝိ၊၃၊၂၀။) စသည်။

ဘိက္ခဝေ၊ ရဟန်းတို့။ တသ္မာ၊ ထို့ကြောင့်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ အတီတာ နာဂတပစ္စုပ္ပန္နံ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော။ အဇ္ဈတ္တံ ဝါ၊ အတွင်းသဏ္ဌာန်၌ သော်လည်း ဖြစ်သော။ ဗဟိဒ္ဓါ ဝါ၊ အပသဏ္ဌာန်၌သော် လည်းဖြစ်သော။ ဩဠာရိကံ ဝါ၊ ကြမ်းတမ်းသည်လည်း ဖြစ်သော။ သုခုမံ ဝါ၊ နူးညံ့ပျော့ပျောင်းသည်သော်လည်း ဖြစ်သော။ ဟီနံ ဝါ၊ ယုတ်ညံ့သည်သော်လည်း ဖြစ်သော။ ပဏီတံ ဝါ၊ မြတ်သည်သော်လည်း ဖြစ်သော။ ဒူရေ ဝါ၊ ဝေးသည်သော်လည်း ဖြစ်သော။ သန္တိကေ ဝါ၊ နီးသည်သော်လည်း ဖြစ်သော။ ယံ ရူပံ၊ အကြင်ရုပ်သည်။ အတ္ထိ၊ ရှိ၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ ရူပံ၊ ထိုရုပ်ကို။ ပ။ ပညာယ၊ ပစ္စဝေက္ခဏာ ဉာဏ်ပညာဖြင့်။ သမ္မာ၊ ကောင်းစွာ။ ဒဋ္ဌဗ္ဗံ၊ ရှုမှတ်အပ်၏၊

ဤပါဠိတော်မှာ အတိတ်နှင့် အနာဂတ်ကို ပစ္စုပ္ပန်နှင့် တစ်ပြေးညီ ဟောဆိုထားပါသည်ဘုရား၊ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာဟူ၍ ကာလသုံးပါး သေချာစွာ ဟောထားပါသည် ဘုရား။

ဤနေရာတွင် သတိချပ်ဖို့လိုသည်မှာ ဦးဥက္ကဋ္ဌဝါဒီတို့သည် အနတ္တလက္ခဏသုတ်ကို ကြိုက်လှပါသည်ဟု ဆို၏၊ တစ်ခါ အနတ္တလက္ခသုတ်၌ ဟောသောအတိတ် အနာဂတ်ကိုမူ ပယ်ပြန်၏၊ ယင်းတို့၏ စကားများကို မျက်ခြေမပြတ် ခြေရာခံလိုက်လျှင် ဇာတိရုပ်ကို မြင်နိုင်ကြပေကုန်၏၊

သည်မျှမက ငါးပါးသီလအကျိုးအပြစ် ပြတော်မူရာမှာပင် ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးအပြစ်တို့ကို ပူးတွဲ၍ ပြတော်မူခဲ့ပါသည်။

သာဓကပါဠိတော်မှာ-
ဣဓ ဂဟပတယော ဒုဿီလော သီလဝိပန္နော ပမာဒါဓိကရဏံ မဟတိံ ဘောဂဇာနိံ နိဂစ္ဆတိ၊ အယံ ပဌမော အာဒီနဂေါ ဒုဿီလဿ သီလဝိပတ္တိယာ။ ပ။ ပုန စပရံ ဂဟပတယော ဒုဿီလော သီလ ဝိပန္နော ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇတိ၊ အယံ ပဉ္စမော အာဒီနဝေါ ဒုဿီလဿ သီလဝိပတ္တိ ယာ။ (ဒီ၊၂၊၇၂။) (ဒီဃနိကာယ်၊ မဟာဝဂ္ဂ မဟာပရိနိဗ္ဗာန သုတ်ပါဠိတော် ဖြစ်ပါသည်။)

မြန်မာပြန်

ဥပသကာတို့ ဤလောက၌ သီလမရှိသော သီလပျက်သော သူသည် မေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ် ဆုံးရှုံးခြင်းသို့ ရောက်၏၊ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ရှေးဦးစွာသော အပြစ်ပေတည်း။ပ။

ဥပသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲ၌ ဖြစ်ရ၏၊ ဤကား သီလမရှိသောသူ၏ သီလပျက် ခြင်း၌ ငါးခုမြောက် အပြစ်ပေတည်း။ (ဒီ၊မြန်၊၂၊၈၄။)

ဤသို့စသည်ဖြင့် ဘုရားရှင်ဒေသနာတော်သည် ဝိပသနာရှုရန်အတွက်သာ ပစ္စုပ္ပန်ကို ဦးစားပေး၍ ဟော၏၊ ကျန်သော ကိစ္စရပ်များ၌ အတိတ် အနာဂတ်ကို မပယ်သော အတိတ်အနာဂတ်က ရုပ်နာမ်သဘာဝနှင့် အကျိုးအပြစ်ကိုပြသော ဒေသနာတော် ဖြစ်၏၊

ထို့ကြောင့်အတိတ်နှင့် အနာဂတ်ကို ပယ်သောဝါဒသည် ဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်သော အဓမ္မဝါဒသာ ဖြစ်ကြောင်း လျှောက်ထားရပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၆)‎

၆။ ဗုဒ္ဓအဘိဓမ္မာကို ဗုဒ္ဓဘာသိတ(ဘုရားဟော) မဟုတ်၊ နောက်အလွန်ကျမှ သာဝကရဟန်းများ တီထွင်ဖေါ်ထုတ် လေဟန် မှားယွင်းစွာ ပြောဆိုဝေဖန်ခြင်းနှင့် ပတ်သက်၍ ဝိသေသစောဒနာချက်ပါ ဘုရား။

သီးခြားဝိနည်းဓိုရ် ဆရာတော်များ ဘုရား-
၁။ လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိသုတေသန အသင်းသားတို့သည် ဗုဒ္ဓရှင်တော်မြတ် ကိုယ်တိုင်ဟောတော်မူသော အဘိဓမ္မာကို ရှင်ဗုဒ္ဓဃောသက သီဟိုဠ်ကျမှ ပုံပြင်ကလေးတွေနှင့် တန်ဆာဆင် တီထွင်ခဲ့လေဟန် ပြောဆိုရေးသား ဖြန့်ဝေကြပါသည်။

၂။ အမှန်မှာ ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကပင် ရဟန်းတော်များသည် အဘိဓမ္မာကို သင်အံလေ့ကျက်ကြ၍ တစ်ပါးနှင့်တစ်ပါး အချင်းချင်း ဆွေးနွေးကြ သံဃာတော်များ စုံစုံညီညီ ရှိတဲ့အခါ သံဃာများအလယ်တွင် အဘိဓမ္မာဆိုင်ရာ ပြဿနာများကို မေးကြ ဖြေကြတဲ့အကြောင်း သုတ္တန်မှာရော ဝိနည်းပိဋကမှာပါ တွေ့ရပါသည်။

၃။ ဝိနည်းဆိုင်ရာ၌ ရှေးဦးစွာ လျှောက်ပါရစေဘုရား၊ ရဟန်းတော်များတွင် (၁၀)ဝါလည်းရမှ အဘိဓမ္မာရေးရာလည်း ဆုံးမသွန်သင်တက်မှ ဝိနည်းကြောင်းလည် ကျွမ်းကျင်ပါမှ သာမဏေများ ရဟန်းငယ်များ မွေးမြူပြီး ဥပဇ္ဈာယ် ပေးနိုင်ပါသည်၊ ဝိနည်းမဟာဝါ ပါဠိတော်၌ ယခုကဲ့သို့ အင်္ဂါရပ်နှင့် စပ်၍ ဤသို့ဟော တော်မူပါသည်။

ပဋိဗလော ဟောတိ အန္တေဝါသိံ ဝါ သဒ္ဓိဝိဟာရိံ ဝါ အဘိဓမ္မေ ဝိနေတုံ၊ အဘိဝိနယေ ဝိနေတုံ။ (ဝိ၊၃၊၉၃)

(သော ဘိက္ခု၊ ထို၁၀-ဝါ ရပြီးသော ရဟန်းသည်) အန္တေဝါသိံ ဝါ၊ အတွင်းနေတပည့်ကို သော်လည်းကောင်း။ သဒ္ဓိဝိဟာရိံ ဝါ၊ အတူနေတပည့်ကို သော်လည်းကောင်း။ အဘိဓမ္မေ၊ အဘိဓမ္မာ၌။ ဝါ၊ အဘိဓမ္မာနှင့်ဆိုင်ရာ ရုပ် နာမ်ဘုံ အထူး ခန္ဓာအထူး စသည်၌။ ဝိနေတုံ၊ ဆုံမခြင်းငှာ။ ပဋိဗလော၊ စွမ်းနိုင်သည်။ ဟောတိ၊ ဖြစ်၏၊ အဘိဝိနယေ၊ မရောမယှက်သောအားဖြင့် တည်နေသောဝိနည်း၌။ ဝါ၊ဝိနည်းကြောင်းဆိုင်ရာ ကံကြီး ကံငယ် အသွယ်သွယ်၌။ ဝိနေတုံ၊ သွန်သင်ဆုံးမ နည်းလမ်းပြခြင်းငှာ။ ပဋိဗလော၊ စွမ်းဆောင်နိုင်သည်။ ဟောတိ၊ ဖြစ်၏၊ စသည်ဖြင့် အထူးပြု၍ ဟောတော်မူပါသည်။

၄။ အဘိဓမ္မာသဘောတရားများသည် သိမ်မွေ့နက်နဲ ခက်ခဲသောကြောင့် ဉာဏ်နက်နဲတဲ့ ပုဂ္ဂိုလ်များသာ သင်ယူလိုကြပါသည်၊ သင်ယူ၍ သဘောပေါက်နားလည်နိုင်ကြပါသည်၊ သို့ဖြစ်၍ ဗုဒ္ဓလက်ထက်တော်က ရဟန်းတော်တိုင်း အဘိဓမ္မာ တက်ကြသည် မဟုတ်ပါ၊ ထို့ကြောင့် တစ်ချိန်တွင် အရှင်မဟာမောဂ္ဂလ္လာန် အရှင်သာရိပုတြာ အရှင်အနုရုဒ္ဓါ စသော ရဟန္တာထေရ်ကြီးများနှင့်အတူ အရှင်အာနန္ဒာသည် ဂေါသိင်္ဂအမည်ရှိသော တောကြီးသို့ သွားရောက်ကြစဉ် ဘယ်သို့ဘယ်ပုံ အချိန်ကုန်စေရရင် ကောင်းပါမည်လဲ ဘယ်သို့နေထိုင်ကြရင် ဤဂေါသိင်္ဂတောကြီးကို တင့်တယ်စေရာရောက်ပါမည်လဲလို့ ထေရ်ကြီးများကို မေးလျှောက်တဲ့အခါ အရှင်မဟာကဿပက ဓုတင်အကြောင်း ဆွေးနွေးရရင် ကောင်းမည်။ အရှင်အနုရုဒ္ဓါက ဒိဗ္ဗစက္ခုဉာဏ်နှင့်စပ်တဲ့ ပရိကမ်လုပ်ငန်းဆိုင်ရာတွေ ဆွေးနွေးအချိန်ကုန်စေရလျှင် ဂေါသိင်္ဂတောကြီးကို တန်ဆာဆင်ရာ တင့်တယ်စေရာ ရောက်မည် စသည်ဖြင့် အသီးသီး မိမိသန်ရာဘက်ကို ပြောကြပါသည်။

၅။ သမာဓိ ကြီးမားတော်မူသော အရှင်မဟာမောဂ္ဂလ္လာန်ကတော့-
ဣဓာဝုသော သာရိပုတ္တ ဒွေ ဘိက္ခူ အဘိဓမ္မကထံ ကထေန္တိ၊ တေ အညမညံ ပဥှံ ပုစ္ဆန္တိ၊ အညမညဿ ပဥှံ ပုဋ္ဌာ ဝိဿဇ္ဇန္တိ၊ နော စ သံသာရေန္တိ၊ ဓမ္မီ စ နေသံ ကထာ ပဝတ္တိနီ ဟောတိ၊ ဧဝရူပေန ခေါ အာဝုသော သာရိပုတ္တ ဘိက္ခုနာ ဂေါသိင်္ဂသာလဝနံ သောဘေယျ - (မ၊၁၊၂၇၅။)

အာဝုသော သာရိပုတ္တ၊ ငါ့ရှင် သာရိပုတြာ။ ဣဓ၊ ဤ သာသနာတော်၌။ ဒွေ ဘိက္ခူ၊ ရဟန်း ၂-ပါးတို့သည်။ အဘိဓမ္မကထံ၊ အဘိဓမ္မာနှင့် စပ်သော တရားစကားကို။ ကထေန္တိ၊ ပြောဟောကြကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ အညမညံ၊ အချင်းချင်း။ ပဥှံ ပုစ္ဆန္တိ၊ ပြဿနာမေးကြကုန်၏။ ပဥှံ ပုဋ္ဌာ၊ အပြန်အလှန် မေးအပ်ကုန်သည်ရှိသော်။ အညမညဿ၊ အချင်းချင်းအား။ ဝိဿဇ္ဇန္တိ၊ ဖြေဆိုကြကုန်၏။ နော စ သံသာရေန္တိ၊ စိတ်ဆုတ်နစ် မသွားစေကြကုန်။ နေသံ၊ ထိုရဟန်းတို့၏။ ဓမ္မီကထာ စ၊ တရားစကားသည်လည်း။ ပဝတ္တိနီ၊ အကြားမလပ် ဆက်စပ်ကာ ဖြစ်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ အာဝုသော သာရိပုတ္တ၊ ငါ့ရှင်သာရိပုတြာ။ ဧဝရူပေန၊ ဤသို့သဘောရှိသော။ ဘိက္ခူနာ၊ ရဟန်းဖြင့် တင့်တယ် စေနိုင်ရာပါ၏၊

ဤသို့ မူလပဏ္ဏာသ မဟာဂေါသိင်္ဂသုတ် ပါဠိတော်၌ ဖြေဆိုထားသည်ကို တွေ့ရပါသည် ဘုရား။

၆။ ယင်းအပြင် အခါတစ်ပါး များစွာသော ရဟန်းတို့သည် ပစ္ဆာဘတ်အခါ ဆွမ်းခံရာအရပ်မှ ပြန်လာကြပြီး စည်းဝေးညီမူရာ တန်ဆောင်းဝန်းမှာ စုဝေးနေထိုင်ကြကာ အဘိဓမ္မာတရားစကား ပြောဟောနေကြပါသည်၊ ထိုအခါ နောင် ရဟန္တာဖြစ်မည့် စိတ္တဟတ္ထိ သာရိပုတ္တမည်သော ရဟန်းတစ်ပါးသည် စိတ်မပါလှ၍ တစ်ကြောင်း၊ သဘောမပိုင်သောကြောင့်လည်းကောင်း၊ ကြိုးကြားကြိုးကြား စကားဝင်၍ ပြောပါသည်၊ ထိုအခါ မဟာပေါဋ္ဌိက မည်သော ရဟန္တာမထေရ်ကြီးက-

မာယသ္မာ စိတ္တော ဟတ္ထိသာရိပုတ္တာ ထေရာနံ ဘိက္ခူနံ အဘိဓမ္မကထံ ကထေန္တာနံ အန္တရန္တရာ ကထံ ဩပါတေသိ၊ ယာဝ ကထာ ပရိယောသာနံ အာယသ္မာ စိတ္တော အာဂမေတု။ (အံ၊၂၊၃၄၄-၅)

စိတ္တော၊ စိတ္တဟူသော ဘွဲ့အမည်ထူးရှိသော။ အာယသ္မာ ဟတ္ထိ သာရိပုတ္ထော၊ အရှင် ဟတ္ထိသာရိပုတ္တသည်။ ထေရာနံ ဘိက္ခူနံ အဘိဓမ္မကထံ ကထေန္တနံ၊ ထေရ်ကြီးရဟန်းတို့ အဘိဓမ္မာ တရားစကား ပြောဟောနေကြကုန်စဉ်။ အန္တရန္တရာ၊ အကြားကြား၌။ မာ ကထံ ဩပါတေသိ၊ စကားဝင်စွက် မနှောက်ယှက်ပါလင့်။ ယာဝ ကထာပရိယောသာနံ၊ ကထာတစ်ရပ် လက်စသတ် ကုန်ဆုံးသည့်တိုင်အောင်။ အာဂမေတု၊ ဆိုင်းငံ့ပါလော့။

ဤသို့ အင်္ဂုတ္တရနိကာယ ဟတ္ထိသာရိပုတ္တသုတ် ပါဠိတော်၌ ပြောဆိုထားသည်ကို တွေ့ရပါသည် ဘုရား။

သီးခြား ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ဘုရား-
၇။ သံဂါယနာ မှတ်တမ်းများဖြစ်သော စူဠဝဂ္ဂ ပဉ္စသတိကသင်္ဂီတိခန္ဓကနှင့် မဟာသင်္ဂီတိခန္ဓက ၂-ခုမှာ တိုက်ရိုက် အမေးအဖြေ မေးဖြေပုံ မပါသော်လည်း သုတ္တန်ပိဋကအပါအဝင် ဓုဒ္ဒကနိကာယ်တွင် အဘိဓမ္မာကို ထည့်သွင်း သံဂါယနာ တင်ကြောင်းမှာ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ စသော BUDDHIST TRADITION (ခေါ်) ထေရဝါဒ ဗုဒ္ဓသာသနာ အစဉ်အလာမှတ်တမ်းများတွင် အခိုင်အခံ့ ဆိုထားပါသည် ဘုရား။

၈။ ဗုဒ္ဓဘာသာဝင် မဟုတ်သော ပါဠိပညာရှင် အနောက်နိုင်ငံသားတို့၏ စာပေများကို အရမ်းပုံ၍ ယုံကြည်ကာ ဗုဒ္ဓရှင်တော်မြတ်အား အဘိဓမ္မာပင် မတတ်လေဟန် ပြောဆိုရေးသာခြင်းကား အလွန် ယုတ်ညံ့သိမ်ဖျင်းရာ ရောက်ပါသည်၊ ထို့ကြောင့် သူတို့၏ဝါဒသည် အဓမ္မဝါဒသာ စင်စစ်ဖြစ်ကြောင်း တင်သွင်း လျှောက်ထားရပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၇)‎

၇။ ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတဉာဏ်တော်ကို ထိပါးစေလျက် ဗုဒ္ဓသာသနာ ပျက်စီးရာပျက်စီးကြောင်း ဟောပြော ရေးသားမှုနှင့် ပတ်သက်၍ ဝိသေသစောဒနာချက်ပါ ဘုရား။

နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အရှင်မြတ်တို့ ဘုရား-
ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်သည် မည်သည့်သာဝကနှင့်မျှမဆိုင်သော အသာတရဏဉာဏ်တော် ဖြစ်သည်၊ သဗ္ဗညုတ ဉာဏ်တော် ရတော်မူသောကြောင့်သာ ဘုရားဟူသော ဂုဏ်ထူးကို ရတော်မူခဲ့သည်၊ ဤသို့ သဗ္ဗညုတဉာဏ်တော်ကို ရခြင်းသည် ပါရမီတော်ကို အပြည့်အဝ ဖြည့်တော်မူသောကြောင့်သာ ရတော်မူခဲ့ခြင်း ဖြစ်သည်၊ တခြားအကြောင်းကြောင့် သဗ္ဗညုတဉာဏ် ရသည်မဟုတ်ပေ၊ ဂေါတမဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ပါရမီတော်တရား အစားစားကို အားပါးတရ ဖြည့်တော်မူနိုင်ခဲ့သော ကြောင့်သာ သဗ္ဗညုတဉာဏ် ရတော်မူခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပါရမီတော်ဖြည့်ရာ၌ အသက်ကိုပင် ပဓာနမထား၊ ပါရမီတရားကိုသာ ကြိုးစားဖြည့်ရသည့် ပရမတ္တပါရမီများလည်း အများအပြား ဖြည့်ကျင့်ခဲ့သည်၊ ထို့ကြောင့်ပင် သိစရာမှန်က ဧကန္တသိသည့် သဗ္ဗညုတဉာဏ်ထူးကို ဆွတ်ခူးရရှိတော်မူခြင်း ဖြစ်ပါသည်၊ ကြာကြာ အသိဉာဏ် ရှာလေ အသိဉာဏ် ပိုမြင့်လေ ကြိုးစား အသိဉာဏ်ရှာလေ အသိဉာဏ် ပိုမြင့်လေ ဖြစ်ရခြင်းသည် သဘာဝတရား ပင်ဖြစ်ပါသည် ဘုရား။

ထိုသို့ သဗ္ဗညုတဉာဏ်တော်ကိုရအောင် ပါရမီတော်များကို စုဆောင်းတော်မူခြင်းသည် ဘုရားဟူသော ဂုဏ်ထူးဖြင့် အချီးကျူးခံ လို၍ မဟုတ်ပါ၊ သဗ္ဗညုတဉာဏ်တော်ကို ရလျှင်-
၁။ သိစရာတရား အစားစားကို ခွဲခြားပိုင်ပိုင် သိတော်မူနိုင်ခြင်း၊
၂။ ဟောပြစဖွယ် အသွယ်သွယ်သော တရားဆင်နည်းမျိုးစုံကို သိနိုင်ခြင်း၊
၃။ သတ္တဝါ အနန္တတို့၏ အလိုဆန္ဒ အဇ္ဈာသယ စသည်တို့ကို သိနိုင်ခြင်း

ဟူသော သဗ္ဗညုတဉာဏ်တော်၏ စွမ်းအားများကို ဧကန်ရရှိလာ၍ သတ္တဝါများ ကောင်းကျိုးကို အထွတ်အထိပ်ရောက် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါသည်၊ ထို့ကြောင့် သဗ္ဗညုတဉာဏ်တော် ရအောင် ပါရမီတော်များကို ဖြည့်တော်မူခဲ့ပါသည်၊ ထိုသဗ္ဗညုတဉာဏ်တော် နှင့်ဆက်၍ ရှင်းလင်းချက်များကို ဆက်လက် လျှောက်ထားပါမည် ဘုရား။

ဗုဒ္ဓရှင်တော်ဘုရားသည် ဒေဝဒတ်အကြောင်းကို ကောင်းကောင်းကြီးသိတော်မူပါသည်၊ မိမိကို သေကြောင်း ကြံမည်ကို လည်းကောင်း၊ သံဃာကို အသင်းခွဲမည်ကိုလည်းကောင်း အတိအကျ သိတော်မူပါသည်၊ သို့သိပါလျက် အဘယ့်ကြောင့် ဒေဝဒတ်ကို ရဟန်းပြုခွင့် ပေးရသနည်း၊ အဖြေကတော့ ရှင်းပါသည်၊ မဟာကရုဏာတော်သခင် ဘုရားရှင် ဖြစ်တော်မူသောကြောင့် ဖြစ်ပါသည်။

ဘုရားရှင်၏ ကရုဏာတော်သည် ကြီးမားလှပါသည်၊ ဘုရားရှင်၏ ကရုဏာတော်နှင့် တုယှဉ်နိုင်သော ကရုဏာတရား လောကတွင် မရှိပါ၊ ထို့ကြောင့် မိမိကိုသတ်မည့် ရန်သူကိုပင် ရန်သူလို သဘောမထား ကောင်းကျိုးရအောင်သာ အကျိုးဆောင်တော်မူပါသည်၊ ဒေဝဒတ်သည် ရဟန်းအဖြစ်သို့ မရောက်လည်း ဘုရားပေါ် ပြစ်မှားသော ယုတ်မာမှု ကြီးကို ဧကန်ပြုမည့်သူ ဖြစ်ပါသည်၊ ဒေဝဒတ်သည် လူသားတစ်ယောက်အနေဖြင့်ဆိုလျှင် သာသနာတော်၏ အဆုံးအမကို ရရှိဖို့ ခက်လှပါသည်၊ သို့သော် ရဟန်းပြုခွင့် ရသည့်အတွက် ဒေဝဒတ်သည် သမာဓိသာသနာကြီးကို ကြီးမားစွာ ထူထောင်နိုင်ခဲ့ပါသည်၊ မြေလျှိုးမိုးပျံ တန်ခိုးစျာန် ရရှိခဲ့ပါသည်။

ဤသို့ သမာဓိသာသနာကို မြင့်မားစွာ ထူထောင်နိုင်ခဲ့သည့်အတွက် သေခါနီးကာလ၌ ဒေဝဒတ် သတိရခဲ့ပါသည်၊ မေးအထိ မြေမြိုခံရသောအခါ အသက်ပါ ပုံအပ်ကာ ဘုရားကိုးကွယ်ခဲ့ပါသည်၊ အရိုးတို့ဖြင့် ပူဇော်ခဲ့လေသည်၊ ထို့ကြောင့်ပင် ဒေဝဒတ်သည် နောက်ကမ္ဘာတစ်သိန်းကြာသောအခါ၌ အဋ္ဌိဿရ မည်သော ပစ္စေကဗုဒ္ဓါ ဖြစ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရပေလိမ့်မည်။

ဤအကြောင်းကို သိမြင်တော်မူ၍ ဘုရားရှင်သည် ဒေဝဒတ်ကို ရဟန်းပြုခွင့် ပေးတော်မူခဲ့လေသည်၊ (ဓမ္မပဒ၊ဋ္ဌ၊၁၊၉၅) ကရုဏာတရား ကြီးမားတော်မူလှ၍ မိမိကိုသတ်မည့်သူကိုပင် သိလျက် ရဟန်းပြုခွင့်ပေးတော်မူသည့် ဘုရားရှင်၏ ကရုဏာတော်ကြီးကား အံ့အားသင့်စဖွယ် ကြည်ညိုဖွယ်ကြီးပါတကား။

ဤတွင် မိမိကို သတ်မည့်သူမှန်း အတတ်သိလျက်နှင့် ဗိမ္ဗိသာရမင်းသော်မှ ဤသို့စိတ်ထားနိုင်၏၊ သူ၏ဆရာ ဘုရားရှင်မူကား ဆိုဖွယ် မရှိပြီ။

ဘုရားရှင်သည် သေးငယ်သော သိက္ခာပုဒ်များကို နုတ်ပယ်ပစ်ကြလောဟူ၍ တစ်ထစ်ချ ခိုင်းတော်မမူခဲ့၊ နုတ်ပယ်လိုက နုတ်ပယ်ကြဟူ၍သာ ခိုင်းတော်မူခဲ့လေသည် (ဒီ၊ဋ္ဌ၊၂၊၁၈၄)၊ နုတ်ပယ်လိုက နုတ်ပယ်ကြဟူသော စကားသည် “မနုတ်ပယ်လိုကလည်း မနုတ်ပယ်ကြနှင့်” ဟူ၍လည်း အဓိပ္ပါယ်ရှိလာသည် (ဒီ၊ဋီ၊၂၊၁၈၅)၊ ဤသို့ နှစ်ခွအဓိပ္ပါယ်ရှိသော စကားကို ဘုရားရှင် မိန့်ကြားတော်မူခြင်းသည် ရည်ရွယ်ချက် (၂) မျိုးရှိပါသည်။

(က) တချို့ ရဟန်းတော်များသည် သေးငယ်သော သိက္ခာပုဒ်များကို မလိုက်နာလိုကြ၊ ထိုရဟန်းတော်များသည် ဘုရားရှင်အပေါ်၌ အားမလို အားမရ ဖြစ်စရာရှိသည်၊ ဘုရားရှင်က “သေးငယ်သော သိက္ခာပုဒ်များကို သံဃာက ပယ်နုတ်လိုလျှင် ပယ်နုတ်ပါလေ” ဟု လိုက်လျောစကား မိန့်ကြားခဲ့သောကြောင့် ထိုရဟန်းများသည် ဘုရားအပေါ်၌ ကျေနပ်ကြလိမ့်မည်။

(ခ) နောက်အကြောင်း တစ်မျိုးလည်း ရှိသေးသည်၊ သေးငယ်သော် သိက္ခာပုဒ်များကို နုတ်ပယ်လိုက နုတ်ပယ်ကြဟူ၍ ဘုရားရှင်က ပယ်နုတ်နိုင်သည့်လမ်းစ ပေးထားပါလျက် ဘုရားသားတော် သံဃာတော်များ မည်သည့် သိက္ခာပုဒ်ကိုမျှ မနုတ်မပယ် ဘုရားရှင်ပညတ်သမျှ သိက္ခာပုဒ်များကို အသေးအကြီး မခွဲမခြား လေးလေးစားစား လိုက်နာကြသည်၊ အသက်ပမာ မြတ်နိုးစွာ စောင့်ရှောက်ကြသည်၊ သေးငယ်သော သိက္ခာပုဒ်များကို ပယ်နုတ်လိုက ပယ်နုတ်နိုင်သည်ဟု ဘုရားရှင်ကိုယ်တိုင် အခွင့်ပြုပါလျက် သိက္ခာပုဒ်တစ်ပုဒ်တလေမျှ မပယ်နုတ်ကြ၊ ဘုရားပရိနိဗ္ဗာန်စံပြီးနောက်လည်း လေးလေးစားစား လိုက်နာကျင့်ကြံ ကြပါပေသည် ဟူ၍ ဗုဒ္ဓသာသနာနှင့် စပ်ဆိုင်သူများက အားရကြလိမ့်မည်၊ မဆိုင်သူများကလည်း လေးစားကြလိမ့်မည်။

ဤသို့ သဗ္ဗညုတဉာဏ်တော်ဖြင့် သိမြင်တော်မူသောကြောင့်သာ ဘုရားရှင်သည် သေးငယ်သော သိက္ခာပုဒ်များကို နုတ်လိုပါက နုတ်ပါလေ ဟူသောစကားကို လိမ္မာပါးနပ် ကျွမ်းကျင်စွာ မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ (ဒီ၊ဋီ၊၂၊၁၈၆)

မိမိကိုယ်တိုင် ကျမ်းစာ မနှံ့၍လည်းကောင်း၊ မူလကျမ်းရင်း မကြည့်နိုင်၍လည်းကောင်း နားမလည်ခြင်းကို သတိမထား၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးကိုသာ စော်ကားခြင်းမှာ အဓမ္မသမား ဖြစ်ကြောင်း သက်သေပြနေခြင်းသာ ဖြစ်ပါ၍ အဓမ္မဝါဒ ပေါ်လွင်အောင် ဆုံးဖြတ်ပေးတော်မူပါရန် လျှောက်ထားပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၈)‎

၈။ ဗုဒ္ဓဘာသာဝင်တို့၏ သမထလမ်းစဉ်နှင့် ဝိပဿနာလမ်းစဉ်တို့ကို ဖျက်ဆီးပြီး သံသရာမှ ထွတ်မြောက်ရာ လမ်းကို ပိတ်ပင်ဟန့်တား ဖျက်ဆီးနေကြပုံနှင့် ပတ်သက်၍ ကျမ်းဂန် အထောက်အထားများဖြင့် ဝိသေသစောဒနာပါ ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် ၎င်း၏ ဩဝါဒခံ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်များသည် ဗုဒ္ဓဘာသာဝင်တို့၏ သမထလမ်းစဉ်၊ ဝိပဿနာလမ်းစဉ်များကို ပျက်စီးအောင် နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးလျက် စာအုပ်စာတမ်းများ ရေးသားထုတ်ဝေခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သမထဝိပဿနာ အားထုတ်ကြသော ပုဂ္ဂိုလ်များအား ကဲ့ရဲ့ခြင်း၊ ၎င်းတို့၏ အခြေခံသင်တန်းများတွင် သမထဝိပဿနာလုပ်ငန်းများကို ဗုဒ္ဓဝါဒ မဟုတ်ဟု အတိအလင်း သင်ကြားခြင်းများကို လျှောက်ထားခဲ့ပါပြီ ဘုရား။

ယင်းသို့ လုပ်ဆောင်ချက်များသည် ထေရဝါဒနှင့် ဆန့်ကျင်သော အဓမ္မဝါဒများသာ ဖြစ်ကြောင်းကို တပည့်တော်များ အကိုး သာဓက ထုတ်ဆောင်လျှောက်ထား တင်ပြပါမည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဘုရားတပည့်တော်များ၏ ဗုဒ္ဓရှင်တော်မြတ်သည် “ဗုဒ္ဓေါ ဟေဿံ သဒေဝကေ” (ခု၊၄၊၃၁၀။)။ သဒေဝကေ၊ နတ်နှင့်တကွသော လောက၌။ ဗုဒ္ဓေါ၊ ဘုရားသည်။ ဟေဿံ၊ ငါဖြစ်အံ့။

“သန္တာရေဿံ သဒေဝကံ” (ခု၊၄၊၃၁၀။)။ သဒေဝကံ၊ နတ်နှင့်တကွသော လောကကို။ သန္တာရေဿံ၊ သံသရာမှ ကယ်တင်ထုတ်ဆောင်အံ့။ “ဗြဟ္မာလူနတ် ဘုံသုံးရပ်၌ ဘုရားဖြစ်အောင် ငါကျင့်ဆောင်မည်၊ ဘုရားဖြစ်လျှင် ဗြဟ္မာနတ် လူ သုံးဘုံသူတို့ကို သံသရာမှ ကယ်တင်ထုတ်ဆောင်မည်” ဟူသော ရည်ရွယ်ချက်တော်ကြီးဖြင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူလာရကား ဟောကြားတော်မူအပ်သော တရားတော်မြတ် အားလုံးသည် သံသရာမှထွက်မြောက်ရေးတည်းဟူသော ဝိမုတ္တိရသသို့ချည်းသာ ဦးတည်ကြပါကုန်သည် ဘုရား။

ထို ဝိမုတ္တိရသတည်းဟူသော သံသရာမှ ထွတ်မြောက်ရေးသည်လည်း ကျင့်ကြံအားထုတ်မှုရှိမှ ရပါမည်၊ ထိုကျင့်ကြံ အားထုတ်မှု အတွက်လည်း လမ်းစဉ် ရှိရပါမည်၊ ထိုလမ်းစဉ်ကို ဤသို့ ဟောကြားခဲ့ပါသည် ဘုရား။

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။ (ဒီ၊၂၊၂၁၃။)

ဘိက္ခဝေ၊ ရဟန်းတို့။ ယဒိဒံ-ယေ ဣမေ စတ္တာရော သတိပဋ္ဌာနာ၊ အကြင် သတိပဋ္ဌာန်တရား လေးပါးတို့သည်။ အတ္ထိ၊ ရှိကုန်၏။ အယံ၊ ဤသတိပဋ္ဌာန်လေးပါးသည်။ သတ္တာနံ၊ သတ္တဝါတို့၏။ ဝိသုဒ္ဓိယာ၊ စင်ကြယ်ခြင်းငှာ။ သောကပရိဒေဝါနံ၊ သောကပရိဒေဝတို့ကို။ သမတိက္ကမာယ၊ လွန်မြောက်ခြင်းငှာ။ ဒုက္ခဒေါမနဿနံ၊ ဒုက္ခဒေါမနဿ တို့၏။ အတ္ထင်္ဂမာယ၊ ချုပ်ငြိမ်းခြင်းငှာ။ ဉာယဿ၊ အရဟတ္တဖိုလ်ကို။ အဓိဂမာယ၊ ရခြင်းငှာ။ နိဗ္ဗာနဿ၊ နိဗ္ဗာန်ကို။ သစ္ဆိကိရိယာယ၊ မျက်မှောက်ပြုခြင်းငှာ။ ကောယနော မဂ္ဂေါ၊ တစ်ခုတည်းသော လမ်းကြောင်းပေတည်း။

“ချစ်သားတို့ သတိပဋ္ဌာန်လမ်းစဉ်သည် သတ္တဝါတွေ စင်ကြယ်ဖို့ သောကပရိဒေဝ လွန်မြောက်ဖို့ ဒုက္ခ ဒေါမနဿ ချုပ်ငြိမ်းဖို့ အရဟတ္တဖိုလ် ရဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တစ်ခုတည်းသော လမ်းကြောင်းကြီး ဖြစ်သည်” ဤသို့ စသည်ဖြင့် နေရာပေါင်းများစွာ ဒေသနာပေါင်းများစွာတို့၌ ဟောကြားတော်မူပါသည်၊ ထို ဟောကြားတော်မူချက်တို့သည် သမထလမ်းစဉ် ဝိပဿနာ လမ်းစဉ်တို့ ဖြစ်ကြပါသည် ဘုရား။

မူလပဏ္ဏာသပါဠိတော် ရထဝိနီတသုတ်၌ အောက်ပါအတိုင်း ဟောကြားထားပါသည် ဘုရား-
သီလဝိသုဒ္ဓိ ယာဝဒေဝ စိတ္တဝိသုဒ္ဓတ္တာ၊ စိတ္တဝိသုဒ္ဓိ ယာဝဒေဝ ဒိဋ္ဌိဝိသုဒ္ဓတ္တာ။ ဒိဋ္ဌိဝိသုဒ္ဓိ ယာဝဒေဝ ကင်္ခါဝိတရဏဝိသုဒ္ဓတ္တာ။ ကင်္ခါဝိတရဏဝိသုဒ္ဓိ ယာဝဒေဝ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓတ္တာ။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ယာဝဒေဝ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓတ္တာ။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ယာဝဒေဝ ဉာဏဒဿနဝိသုဒ္ဓတ္တာ။ ဉာဏဒဿနဝိသုဒ္ဓိ ယာဝဒေဝ အနုပါဒါပရိနိဗ္ဗနတ္ထာ။ (မ၊၁၊၂၀၄။)

မြန်မာပြန်

အကျင့်သီလ အထူးစင်ကြယ်ခြင်းသည် စိတ်သမာဓိ အထူးစင်ကြယ်ရုံမျှ အကျိုးရှိ၏၊ စိတ်သမာဓိ အထူးစင် ကြယ်ခြင်းသည် အမြင် အထူးစင်ကြယ်ရုံမျှ အကျိုးရှိ၏၊ အမြင် အထူးစင်ကြယ်ခြင်းသည် ယုံမှားခြင်းကို လွန်မြောက်မှု (ဉာဏ်) အထူး စင်ကြယ်ရုံမျှသာ အကျိုးရှိ၏၊ ယုံမှားခြင်းကို လွန်မြောက်မှု (ဉာဏ်) အထူးစင်ကြယ်ခြင်းသည် မဂ်ဟုတ်သည် မဟုတ်သည်၌ (ဉာဏ်) အမြင် အထူးစင်ကြယ်ရုံမျှသာ အကျိုးရှိ၏၊ မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းသည် အကျင့်(အနုလုံ) ဉာဏ်အမြင် အထူးစင်ကြယ်ရုံမျှသာ အကျိုးရှိ၏၊ အကျင့်(အနုလုံ) ဉာဏ်အမြင် အထူးစင်ကြယ်ခြင်းသည် မဂ်ဉာဏ်အမြင် အထူးစင်ကြယ်ရုံမျှသာ အကျိုးရှိ၏၊ မဂ်ဉာဏ်အမြင် အထူးစင် ကြယ်ခြင်းသည် စွဲယူမှု မရှိသော ထက်ဝန်းကျင် ငြိမ်းအေးရုံမျှသာ အကျိုးရှိ၏၊ (မ၊မြန်၊ ၁။ ၂၁၀-၁။)

ဝိသုဒ္ဓိခုနစ်ခန်း လမ်းစဉ်တို့တွင် သီလဝိသုဒ္ဓိသည် သီလကျင့်စဉ်၊ စိတ္တဝိသုဒ္ဓိသည် သမထကျင့်စဉ်၊ ကျန် ၅-ပါးသော ဝိသုဒ္ဓိတို့သည် ဝိပဿနာကျင့်စဉ်တို့ ဖြစ်ကြပါသည်၊ ၎င်းဝိသုဒ္ဓိတို့သည် နောက်ဆုံး၌ အနုပါဒါပရိနိဗ္ဗာန် အကျိုးဖြစ်ကြောင်း ဟောကြားတော်မူပါသည်၊ ဤသည်ကား ဘုရားသခင် မူလရည်ရွယ်ခဲ့သော သတ္တဝါတို့အား သံသရာမှ ကယ်တင်လွတ်မြောက် စေကြောင်း တရားတော်တို့ ဖြစ်ကြပါသည် ဘုရား။

ထိုမှတပါး စတုက္ကနိပါတ အင်္ဂုတ္တရပါဠိတော် ယုဂနဒ္ဓသုတ်၌-
သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝေတိ (အံ၊၁၊၄၇၅။)။ သမထပုဗ္ဗင်္ဂမံ၊ သမထရှေ့သွားရှိသော။ ဝိပဿနံ၊ ဝိပဿနာကို။ ဘာဝေတိ၊ ပွား၏။
ဝိပဿနာပုဗ္ဗင်္ဂမံ သမထံ ဘာဝေတိ (အံ၊၁၊၄၇၅။)။ ဝိပဿနာပုဗ္ဗင်္ဂမံ၊ ဝိပဿနာရှေ့သွားရှိသော။ သမထံ၊ သမထကို။ ဘာဝေတိ၊ ပွား၏။
သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ (အံ၊၁၊၄၇၅။)။ သမထဝိပဿနံ၊ သမထနှင့် ဝိပဿနာကို။ ယုဂနဒ္ဓံ၊ အစုံတွဲ၍။ ဘာဝေတိ၊ ပွား၏။
ဤကဲ့သို့ ဗုဒ္ဓသာသနာတော်၌ သမထဝိပဿနာ ပွားရမည့် ဩဝါဒနည်းလမ်းများကို ဟောကြားထားခြင်း ရှိပါသည် ဘုရား။

ထိုမှတပါးလည်း ပါထိကဝဂ္ဂ ပါဠိတော် ဒသုတ္တရသုတ်၌-
ကတမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ၊ သမထော စ ဝိပဿနာ စ၊ ဣမေ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ။ (ဒီ၊၃၊၂၂၈။)

အဘယ်တရားနှစ်ပါးတို့ကို ပွားစေအပ်ကုန်ပါသနည်း၊ သမထတရားကိုလည်းကောင်း၊ ဝိပဿနာတရားကို လည်းကောင်း ဤတရားနှစ်ပါးတို့ကို ပွားစေအပ်ပါကုန်၏ဟု ဟောကြားထားချက် ရှိပါသည် ဘုရား။

ဓမ္မစကြာဒေသနာတော်လာ မဇ္ဈမပဋိပဒါ လမ်းစဉ်သည်လည်း ဝိပဿနာလမ်းစဉ်တရားတို့ ဖြစ်ကြပါသည်၊ အနတ္တလက္ခဏသုတ်၌ ဟောကြားတော်မူခဲ့သော “နေတံ မမ၊ နေသောဟမသ္မိ၊ နှ မေသော အတ္ထာ” ငါ့ဟာ မဟုတ်၊ ငါမဟုတ်၊ ငါ့ကိုယ်မဟုတ်ဟူသော တရားတို့သည်လည်း ဝိပဿနာတရားတော်တို့သာ ဖြစ်ကြပါသည် ဘုရား။

ဓမ္မစကြာကို မြတ်နိုးသည် အနတ္တလက္ခဏကို အထင်ကြီးသည်ဆိုသော ဦးဥက္ကဋ္ဌတို့ လူစုသည် ဓမ္မစကြာနှင့် အနတ္တ လက္ခဏသုတ်တို့မှာ ပါသော ဝိပဿနာကိုကား ပယ်နေကြပြန်သည်၊ ထို့ကြောင့် သူတို့သည် ဘုရားဟောအစစ် ဓမ္မစကြာ အနတ္တ လက္ခဏသုတ်တို့ကို ပြောခြင်းမဟုတ်သည်မှာ ထင်ရှားလေသည်။

ဤကဲ့သို့ ဗုဒ္ဓပိဋက ထေရဝါဒ၌ သမထဝိပဿနာတို့သည် ဘုရားသခင်ကိုယ်တော်မြတ်၏ ပဓာန ရည်ရွယ်ချက်လမ်းစဉ် သံသရာမှ ကယ်တင်ရေးလမ်းစဉ်တို့ ဖြစ်ကြပါသည်၊ အလွန်အရေးကြီးသော ပဓာန ဖြစ်သောလမ်းစဉ်၊ သမထ ဝိပဿနာကျင့်စဉ်တို့ကို ဗုဒ္ဓဝါဒ၌ မပါဝင်ဟု ပြောင်ပြောင် တင်းတင်း ငြင်းပယ်နေကြခြင်းကြောင့် ထိုသူတို့၏ ဝါဒသည် ဗုဒ္ဓပိဋက ထေရဝါဒနှင့် မညီညွတ်သာ အဓမ္မဝါဒများ ဖြစ်ကြောင်း လျှောက်ထားရခြင်း ဖြစ်ပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၉)‎

၉။ ဗုဒ္ဓသာသနာတော်၏ အသက်ဖြစ်သော ဝိနည်းကျင့်ဝတ် တရားတော်များကို လုံးလုံးလျားလျား ပစ်ပယ်ပြီး သင်္ကန်းဝတ်၍ သာသနာအရေခြုံကာ မသိနားမလည်သောသူတို့အား လှည့်ဖျားလိမ်ညာ၍ ဆရာတစ်ဆူ လုပ်ခဲ့ ခြင်းနှင့် ပတ်သက်သည့် ကျမ်းဂန်အထောက်အထားများဖြင့် ထပ်မံစောဒနာသော ဝိသေသစောဒနာပါ ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ။ (ဝိ၊ဋ္ဌ၊၁၊၁၁။)
“ဝိနည်းသည် သာသနာတော်၏ အသက်၊ ဝိနည်းတည်မှ သာသနာတည်မည်” ဖြစ်သောကြောင့် ရဟန်းတော်တို့သည် ဝိနည်း သိက္ခာပုဒ်များကို မကဲ့ရဲ့ရ၊ ကဲ့ရဲ့ပါသော် ပါစိတ်အာပတ်သင့်စေဟု ပညတ်တော်မူထားကြောင်းကို “သိက္ခာ ပဒ ဝိဝဏ္ဏကေ ပါစိတ္တိယံ” ဟု ပါစိတ်ပါဠိတော်၌ လာရှိပါသည်၊ ဝိနည်း အရေးကြီးသောကြောင့် ဝိနည်းကို ကဲ့ရဲ့လျှင် ပါစိတ်အာပတ် ပညတ်ထားပါသည်။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဝိနည်းတရားတော်သည် အနုပါဒါပရိနိဗ္ဗာန်သို့ ဆိုက်ရောက်သည်အထိ အကျိုးကြီးမားကြောင်း ပရိဝါရပါဠိတော်၌ ညွှန်ပြထားတော်မူပုံကို တပည့်တော်များ တင်ပြလျှောက်ထားပါမည် ဘုရား။

ဝိနယော သံဝရတ္ထာယ (ဝိ၊၅၊၂၈၈။)။ ဝိနယော၊ ဝိနည်းသည်။ သံဝရတ္ထာယ၊ စောင့်စည်းခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (ဝိနည်း သည် စောင့်စည်းဖို့ ဖြစ်ပါသည် ဘုရား။)

သံဝရော အဝိပ္ပဋိသာရတ္ထာယ (ဝိ၊၅၊၂၈၈။)။ သံဝရော၊ စောင့်စည်းခြင်းသည်။ အဝိပ္ပဋိသာရတ္ထာယ၊ နှလုံးစိတ်ဝမ်း အေးချမ်းခြင်းအလို့ငှာ။ ဟောတိ၊ ဖြစ်၏၊ (စောင့်စည်းခြင်းသည် စိတ်နှလုံးချမ်းသာမှု ဖြစ်ဖို့ပါ ဘုရား။)

အဝိပ္ပဋိသာရော ပါမုဇ္ဇတ္ထာယ (ဝိ၊၅၊၂၈၈။)။ အဝိပ္ပဋိသာရော၊ နှလုံးမသာယာမှု မဖြစ်ခြင်းသည်။ ပါမုဇ္ဇတ္ထာယ၊ ဝမ်းသာဝမ်းမြောက် ဖြစ်ခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (စိတ်နှလုံးမသာယာမှု မဖြစ်ရခြင်းသည် ဝမ်းသာဝမ်းမြောက် ဖြစ်ဖို့ပါ ဘုရား။)

ပါမုဇ္ဇံ ပီတတ္ထာယ (ဝိ၊၅၊၂၈၈။)။ ပါမုဇ္ဇံ၊ ဝမ်းသာဝမ်းမြောက်ခြင်းသည်။ ပီတတ္ထာယ၊ နှစ်သက် ရွှင်လန်းခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (ဝမ်းသာဝမ်းမြောက်ခြင်းသည် နှစ်သက်ရွှင်လန်းဖို့ပါ ဘုရား။)

ပီတိ သုခတ္ထာယ (ဝိ၊၅၊၂၈၈။)။ ပီတိ၊ နှစ်သက်ရွှင်လန်းခြင်းသည်။ သုခတ္ထာယ၊ ချမ်းသာခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (နှစ်သက်ရွှင်လန်း ခြင်းသည် ချမ်းသာဖို့ပါ ဘုရား။)

သုခံ သမာဓတ္ထာယ (ဝိ၊၅၊၂၈၈။)။ သုခံ၊ ချမ်းသာခြင်းသည်။ သမာဓတ္ထာယ၊ တည်ကြည်ခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (ချမ်းသာခြင်းသည် တည်ကြည်ဖို့ပါ ဘုရား။)

သမာဓိ ယထာဘူတဉာဏဒဿနတ္ထာယ (ဝိ၊၅၊၂၈၈။)။ သမာဓိ၊ တည်ကြည်ခြင်းသည်။ ယထာဘူတဉာဏဒဿနတ္ထာယ၊ ယထာဘူတဉာဏ်အမြင်အကျိုးငှာ။ ဟောတိ၊ ဖြစ်၏၊ (တည်ကြည်ခြင်းသည် ယထာဘူတ-ဟုတ်တိုင်းမှန်ရာကိုသိတဲ့ ဉာဏ်အမြင် ဖြစ်ဖို့ပါ ဘုရား။)

ယထာဘူတဉာဏဒဿနံ နိဗ္ဗိဒတ္ထာယ (ဝိ၊၅၊၂၈၈။)။ ယထာဘူတဉာဏဒဿနံ၊ ယထာဘူတ ဉာဏ်အမြင်သည်။ နိဗ္ဗိဒတ္ထာယ၊ သံသရာ၌ ငြီးငွေ့ခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (ယထာဘူတဉာဏ်အမြင်သည် သံသရာမှာ ငြီးငွေ့ဖို့ ဖြစ်ပါသည် ဘုရား။)

နိဗ္ဗိဒါ ဝိရာဂတ္ထာယ (ဝိ၊၅၊၂၈၈။)။ နိဗ္ဗိဒါ၊ သံသရာ၌ ငြီးငွေ့ခြင်းသည်။ ဝိရာဂတ္ထာယ၊ တပ်ခြင်းကင်းခြင်းငှာ။ ဟောတိ၊ ဖြစ်၏၊ (သံသရာ၌ ငြီးငွေ့ခြင်းသည် တပ်ခြင်း ကင်းဖို့ ဖြစ်ပါသည် ဘုရား။)

ဝိရာဂေါ ဝိမုတ္တတ္ထာယ (ဝိ၊၅၊၂၈၈။)။ ဝိရာဂေါ၊ တပ်ခြင်း ကင်းခြင်းသည်။ ဝိမုတ္တတ္ထာယ၊ လွတ်မြောက်ခြင်းငှာ (ဝါ) အရ ဟတ္တဖိုလ်အလို့ငှာ။ ဟောတိ၊ ဖြစ်၏၊ (တပ်ခြင်းကင်းတယ်ဆိုတာ လွတ်မြောက်ဖို့ ဖြစ်ပါသည် ဘုရား။)

ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿနတ္ထာယ (ဝိ၊၅၊၂၈၈။)။ ဝိမုတ္တိ၊ လွတ်မြောက်ခြင်း(ဝါ)အရဟတ္တဖိုလ်သည်။ ဝိမုတ္တိဉာဏဒဿနတ္ထာယ၊ ဝိမုတ္တိဉာဏ် ဖြစ်ခြင်းအကျိုးငှာ။ ဟောတိ၊ ဖြစ်၏၊ (လွတ်မြောက်ခြင်းသည် ဝိမုတ္တိဉာဏဒဿန ဆိုတဲ့ ပေစ္စစေက္ခဏာဉာဏ် အမြင်ရဖို့ ဖြစ်ပါသည် ဘုရား။)

ဝိမုတ္တိဉာဏဒဿနံ အနုပါဒါပရိနိဗ္ဗာနတ္ထာယ (ဝိ၊၅၊၂၈၈။)။ ဝိမုတ္တိဉာဏဒဿနံ၊ ဝိမုတ္တိဉာဏ်ဒဿနဆိုတဲ့ ပစ္စဝေက္ခဏာဉာဏ် အမြင်သည်၊ အနုပါဒါပရိနိဗ္ဗာနတ္ထာယ၊ အနုပါဒါပရိနိဗ္ဗာန် အကျိုးငှာ။ ဟောတိ၊ ဖြစ်၏၊ (ဝိမုတ္တိဉာဏ ဒဿနဆိုတဲ့ ဉာဏ်အမြင်သည် အနုပါဒါပရိနိဗ္ဗာန် အကျိုးဖို့ ဖြစ်ပါသည် ဘုရား။)

ဤကဲ့သို့ ဝိနည်းသည် အဆင့်ဆင့် အဆက်ဆက်အားဖြင့် အနုပါဒါပရိနိဗ္ဗာန်တိုင်အောင် ဆိုက်ရောက်သည့် အကျိုးကြီးမားလှသော တရားတော် ဖြစ်ပါသည် ဘုရား။

အထက်ပါ ဒေသနာတော်ကို ချုပ်ကြည့်လျှင် ဝိနည်းသိက္ခာ လိုက်နာကျင့်သုံးပါမှ ယထာဘူတဉာဏ် ရနိုင်ဖို့အကြောင်း သိရပါသည် ဘုရား၊ လူဝတ်ကြောင်ဖြစ်ကလည်း ၅-ပါးသီလ၊ ၁၀-ပါးသီလ အစရှိသော လူ့ကျင့်ဝတ် ရှိမှ (ဝါ) ကိုယ်ကျင့်တရားရှိမှ အမြင်မှန် မြင်နိုင်သည်ဟု သိနိုင်ပါသည် ဘုရား။

ယခု ဝိနည်းသိက္ခာကို ပယ်သော ဦးဥက္ကဋ္ဌတို့သည် ဤဘုရားဟော ဒေသနာတော်အရ ယထာဘူတဉာဏ် အမြင်မှန်တို့ကို မရနိုင်ကြကြောင်း ထင်ရှားလှပါသည်၊ “မျက်စိကန်း တစ္ဆေမကြောက်” ဟူသောစကားပုံကဲ့သို့ ဟုတ်လိမ့်နိုးနိုး ဆင်ကန်းတောတိုး ပြောကြ ဟောကြ ဝေဖန်ကြခြင်းတို့သာ ဖြစ်သည်ဟု ဒေသနာတော်နှင့် ညှိ၍ သိနိုင်လောက်ကြပါပြီ ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ထိုဝိနည်းတရားတော်ကို ဘုရားသခင်ကိုယ်တော်မြတ် ပညတ်တော်မူတဲ့အခါ အကျိုးမရှိ အကြောင်းမဲ့ ပညတ်တော်မူခဲ့သည် မဟုတ်ပါ၊ ဆယ်ပါးသော အကျိုးတရားနဲ့ စပ်တဲ့ အကြောင်းတရားတို့ကို အစွဲပြု၍ ပညတ်တော်မူခြင်း ဖြစ်တယ်ဆိုတာ ပါရာဇိကဏ်ပါဠိတော်၌-

တေန ဟိ ဘိက္ခဝေ ဘိက္ခူနံ သိက္ခာပဒံ ပညပေဿာမိ ဒသ အတ္ထဝသေ ပဋိစ္စ သံဃသုဋ္ဌုတာယ, သံဃဖာသုတာယ, ဒုမ္ပင်္ကူနံ ပုဂ္ဂလာနံ နိဂ္ဂဟာယ, ပေသလာနံ ဘိက္ခူနံ ဖာသုဝိဟာရာယ, ဒိဋ္ဌဓမ္မိကာနံ အာသဝါနံ သံဝရာယ, သမ္ပရာယိကာနံ အာသဝါနံ ပဋိဃာတာယ အပ္ပသန္နာနံ ပသာဒါယ, ပသန္နာနံ ဘိယျောဘာဝါယ, သဒ္ဓမ္မဋ္ဌိတိယာ ဝိနယာနုဂ္ဂဟာယ။ (ဝိ၊၁။ ၂၄။)

ဤစကားရပ်တို့ကို ဆဋ္ဌသံဂါယနာ မြန်မာပြန် စကားအတိုင်း လျှောက်ထားပါမည် ဘုရား။

မြန်မာပြန်

ရဟန်းတို့ သို့ဖြစ်လျှင်-
(၁) သံဃာတော်၏ ကောင်းပါပြီဟု လွယ်ကူစွာ ကျင့်သုံးရန်၊
(၂) သံဃာတော်များ ချမ်းသာစေရန်၊
(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊
(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ကို ချမ်းသာစွာ နေနိုင်ရန်၊
(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကို စောင့်စည်းရန်၊
(၆) နောင်ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊
(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊
(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊
(၉) သူတော်ကောင်းတရား သာသနာသုံးရပ် တည်တံ့ရန်၊
(၁၀) ဝိနည်း စည်းမျဉ်းဥပဒေကို ချီးမြှောက်ရန်-
ဟူသော အကျိုး (၁၀) ပါးတို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်ဟု မိန့်တော်မူ၏၊
(ဝိ၊မြန်၁၊၂၉။)

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ထို့ပြင် ဘုရားသခင်ကိုယ်တော်မြတ်သည် ပရိနိဗ္ဗာန်ညောင်စောင်း၌ လျောင်းစက်တော်မူစဉ်အခါမှာ ဝိနည်းတရားကို လေးစားဖို့ကို ဟောကြားခဲ့ပါသည် ဘုရား။
ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနုယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ။ (ဝိ၊မြန်၁၊၂၉။) (ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော်၊ မဟာပရိနိဗ္ဗာနသုတ်)
အာနန္ဒာ ငါဟောကြားထား ပညတ်ထားသော တရားတော်နှင့် ဝိနည်းတော်သည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ဆရာဘုရားပင် ဖြစ်ပေ၏၊ (ဒီ၊၂၊၁၂၆-၇။)

ဤကဲ့သို့ ဝိနည်းတရားတော်ကို လေးလေးစားစား လိုက်နာရန် ဘုရားသခင်ကိုယ်တော်မြတ်က ဟောကြား ညွှန်ပြထားတော်မူပါလျက် ဝိနည်းတရားတော်ကို ပစ်ပယ်ရှုတ်ချ ပြောဆိုနေကြသောသူတို့သည် နိဗ္ဗာန်တရားတော်ကို ပယ်မြစ်တားဆီးရာ ရောက်နေသည်ကိုလည်း သိနားလည်ခြင်း မရှိကြပါကုန်။

ထို့ပြင် သံဂါယနာခြောက်တန်တင် ဝိနည်းပိဋကတော်၌ ဖြုတ်ပယ်စရာ ထည့်သွင်းစရာ မလိုအပ်၊ အပညတ္တံ န ပညာပေတဗ္ဗံ၊ ပညတ္တံ န သမုစ္ဆိန္ဒိတဗ္ဗံ၊ ဘုရားရှင် မပညတ်သည်ကို ထပ်မံ မပညတ်ရ မထည့်သွင်းရ၊ ပညတ်ပြီး ရှိပြီး သိက္ခာပုဒ်များကိုလည်း မည်သည့် အကြောင်းပြချက်ဖြင့်မျှ မပယ်ရ။

“ဂရုကလဟုကေသု ဂရုကေ ကာတဗ္ဗံ” သိက္ခာပုဒ်နှင့် စပ်လျဉ်း၍ အလေးအပေါ့ရှိလျှင် အလေးသို့ လိုက်ရမည်၊ ဤကဲ့သို့ ပညာရှိသော သူတော်ကောင်းတို့ လိုက်နာကျင့်သုံးခဲ့ကြသည်၊ ထို့ကြောင့်လည်း ဗုဒ္ဓသာသနာတော် ၂၅၀၀-ကျော်အထိ တည်တံ့လာခြင်း ဖြစ်သည်။

ဝိနည်းတစ်စိတ်တစ်ဒေသဖြစ်စေ အားလုံးကိုဖြစ်စေ ပစ်ပယ် မလိုက်နာသော်ကား သာသနာကို အသက်ထွက်အောင်လုပ်ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေရာ ဘာနဲ့မျှ ဖုံးကွယ်၍ရမည် မဟုတ်ပါပေ။

သို့ဖြစ်သောကြောင့် ဝိနည်းပယ် ဝိနည်းဖြတ် လုပ်ရပ်သည် သာသနာတော် သန့်ရှင်းတည်တံ့ရေးအတွက် အန္တရာယ်ကြီးမားလှပါသဖြင့် အဓမ္မဝါဒတံဆိပ် ခပ်နှိပ်ပေးတော်မူကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၁၀)‎

၁၀။ ဝိနည်းတရားတော်ကို မပစ်ပယ်ဘဲ ဘုရားရှင်၏ ဝိနည်းသိက္ခာ ပုဒ်တော်များကို အသက်တမျှ လိုက်နာကျင့်သုံး နေထိုင်ကြသော ရဟန်းကောင်း ရှင်ကောင်း သံဃာတော်တို့အား ပက်ပက်စက်စက် စွပ်စွဲပုတ်ခတ် ရေးသာပြီး သံဃာတော် ကို စော်ကားမှု ပြုခြင်းနှင့် ပတ်သက်၍ ဝိသေသစောဒနာပါ ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၁။ ဗုဒ္ဓဘာသာဝင်မှန်လျှင် ဘုန်းကြီးပင်ဖြစ်စေ၊ လူပင်ဖြစ်စေ သာသနာတော်၏တာဝန်ကို တကယ်တမ်း ထမ်းဆောင်နေကြသော ရဟန်းကောင်း ရှင်ကောင်း သံဃာတော်အပေါင်းကို ကဲ့ရဲ့ရှုတ်ချသောစကား မပြောကြားဝံ့ကြပါ ဘုရား၊ မာန ဒေါသ အလျောက် မောက်မောက်မာမာ ပြောမိကြပါလျှင်လည်း ဝန်ချတောင်းပန်လေ့ ရှိကြပါသည် ဘုရား၊ သံဃာတော်ကို မစော်ကားခြင်းသည် ဗုဒ္ဓဘာသာဝင် သူတော်စင်များ လေးလေးစားစား စောင့်ထိန်းထားရမည့် တာဝန်ဝတ္တရားကြီး ဖြစ်ပါသည် ဘုရား၊ မလေးမစား စော်ကားကြလျှင်လည်း အပြစ်ကြီးမားလှကြောင်း သူတော်ကောင်းများက ယုံကြည်ကြပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၂။ သံဃာတော်အား ဆဲရေးစော်ကားမိ၍ ပြိတ္တာ ဖြစ်ရရှာသော ကျောင်းဒါယကာတစ်ယောက်ကို အရှင်မဟာမောဂ္ဂလ္လာန် ရဟန္တာအရှင်မြတ်က မြင်တွေ့ရ၍ မေးသောအခါ ပြိတ္တာက ပြန်လည်ဖြေကြားပုံကို ပေတဝတ္ထု ပါဠိတော်၌ အောက်ပါအတိုင်း ပါရှိပါသည် ဘုရား။
တဿာဟံ ဝစနံ သုတွာ၊ ဘိက္ခဝေါ ပရိဘာသိသံ။
တဿ ကမ္မဝိပါကေန၊ ပေတလောကံ ဣတော ဂတော။ (ခု၊၂၊၂၁၃။)

အရှင်ဘုရား-တပည့်တော် ကိုးကွယ်ထားသော ထိုဆရာတော်ကြီး၏စကားကို ကြားရ၍ သူတော်ကောင်း ရဟန်းတော်တို့ကို တပည့်တော် ဆဲခဲ့မိပါသည်။ ထိုဆဲခဲ့သော ကံ၏ အကျိုးအားဖြင့် တပည့်တော်သည် ပြိတ္တာဘဝသို့ ရောက်ခဲ့ရပါသည် ဘုရား။

ဤစကားသည် သံဃာကို စော်ကားသဖြင့် ပြိတ္တာဘဝသို့ ရောက်ရရှာသော ကျောင်းဒါယကာဟောင်း ပြိတ္တာ၏စကား ဖြစ်ပါသည် ဘုရား။

သီးခြား ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၃။ ဘုရားရှင်၏ သာသနာတော်ကို ယုတ်လျော့စေအောင် ပြုလုပ်သဖြင့် ဗဟုသုတရှင် ရဟန်းကြီးနှင့် အသိုင်းအဝိုင်းများ အဝီစိ လားကြပုံများလည်း ကျမ်းစာများ၌ ပါရှိပါသည် ဘုရား။

သောပိ ကပိလော ဧဝံ တံ သာသနံ ဩသက္ကာပေတွာ ကာလံ ကတော အဝီစိမဟာနိရယေ နိဗ္ဗတ္တိ၊ သာပိဿ မာတာ စ ဘဂိနီ စ တေဿဝ ဒိဋ္ဌာနုဂတိံ အာပဇ္ဇိဟွာ ပေသလေ ဘိက္ခူ အက္ကောသမာနာ ပရိဘာသမာနာ ကာလံ ကတွာ နိရယေ နိဗ္ဗတ္တိံသု။ (သုတ္တနိ၊ဋ္ဌ၊၂၊၄၃။)

ဗဟုသုတကြီးမား သဒ္ဓါတရားမရှိသော ထိုကပိလ ရဟန်းကြီးသည်လည်း (ဓမ္မဟူ၍ လည်းမရှိ၊ ဝိနည်းဟူ၍လည်းမရှိ စသည်ဖြင့်) ဤသို့ပြောဆိုကာ ကဿပမြတ်စွာဘုရား၏ ထိုသာသနာတော်ကို ဆုတ်ယုတ်စေသောကြောင့် ကွယ်လွန်လေသော် မဟာအဝီစိငရဲ၌ ဖြစ်ခဲ့ရပြီ၊ ထိုကပိလရဟန်းဆိုး၏ မယ်တော်နှင့် နှမတို့သည်လည်း ထိုကပိလရဟန်းဆိုး၏ ဒိဋ္ဌာနုဂတိသို့လိုက်ကာ သီလမြတ်နိုးကြသော ရဟန်းကောင်းတို့ကို ဆဲကြမောင်းမဲကြသောကြောင့် သေသော် ငရဲ၌ ဖြစ်ခဲ့ကြပြီ။

ဤကျမ်းစာအရ ဗဟုသုတကြီးသော်လည်း လမ်းမှားလိုက်က နောက်လိုက်များပါငရဲလားရပုံကို သတိပြုစရာ ဖြစ်ပါသည်ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၄။ သံဃာတော်များကို စွပ်စွဲကဲ့ရဲ့လျှင် ဘဝသံသရာအဖြာဖြာ၌ ဘေးဒုက္ခများစွာ ကြုံလာမည့်အရေးကို သူတော်ကောင်းများသည် တွေးဆကြောက်လန့်ကြပါသည် ဘုရား၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၌ ပါရှိသော-
ယော နိန္ဒိယံ ပသံသတိ၊ တံ ဝါ နိန္ဒတိ ယော ပသံသိယော။
ဝိစိနာတိ မုခေန သော ကလိံ၊ ကလိနာ တေန သုခံ န ဝိန္ဒတိ။ (သံ၊၁၊၁၅၄။)

ကဲ့ရဲ့ထိုက်သူကို ချီးမွမ်းသူနှင့် ချီးမွမ်းထိုက်သူကို ကဲ့ရဲ့သူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးရှာဖွေ၏၊ ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်ဟူသော ဒေသနာအရ ဓမ္မလမ်းကြောင်း ဖြောင့်အောင် အထူးသတိထားကြရပါသည်၊ သူတော်ကောင်းတို့သည် သံဃာဆိုလျှင် ပုထုဇဉ်သံဃာကိုပင် မစွပ်စွဲလိုကြပါ။ အရိယာသံဃာကို စွပ်စွဲဖို့အရေးမှာ ဝေးလှပါသည်။ ပညာအရာ၌ ဧတဒဂ်ရတော်မူသော လက်ယာတော်ရံ ရဟန္တာ အရှင်သာရိပုတြာနှင့် ဝိနည်းအရာ ဧတဒဂ်ရတော်မူသော ရဟန္တာအရှင်ဥပါလိ တို့လို သူတော်ကောင်းကြီးများ အပေါ်၌ကား နှုတ်ဖြင့် ထုတ်ဖော်စွပ်စွဲရန် မဆိုထားဘိ စိတ်ဖြင့် မပြစ်မှားရဲကြပါ ဘုရား။

၅။ ယော သော ဘိက္ခဝေ ဘိက္ခု အက္ကောသကပရိဘာသကော အရိယူပဝါဒီ သဗြဟ္မစာရီနံ၊ တဿ ပဉ္စ အာဒီနဝါ ပါဋိကင်္ခါ၊ ကတမေ ပဉ္စ၊ ပါရာဇိကော ဝါ ဟောတိ ဆိန္ဒပရိဗန္ဓော၊ အညတရံ ဝါ သံကိလိဋ္ဌံ အာပတ္တိံ အာပဇ္ဇတိ၊ ဗာဠံ ဝါ ရောဂါတင်္ကံ ဖုသတိ၊ သမ္မူဠှော ကာလံ ကရောတိ၊ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပဇ္ဇဘိ၊ ယော သော ဘိက္ခဝေ ဘိက္ခု အက္ကော- သကပရိ ဘာသကော အရိယူပဝါဒီ သဗြဟ္မစာရီနံ၊ တဿ ဣမေ ပဉ္စ အာဒီနဝါ ပါဋိကင်္ခါ။ (အံ၊၂၊၂၂၀။)

ရဟန်းတို့ သီတင်းသုံးဖော်တို့ကို ဆဲရေးတတ် ရေရွတ်ကြိမ်းမောင်းတတ် အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲတတ် သော ရဟန်းသည် အပြစ်ငါးမျိုးတို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏၊

အဘယ်ငါးမျိုးတို့နည်းဟူမူ-
(၁) လောကုတ္တရာတရား ပြတ်၍ လောကုတ္တရာတရားမှ ဆုံးရှုံး၏၊
(၂) ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့မူလည်း ရောက်ကြ၏၊
(၃) ပြင်းထန်သော ရောဂါသို့မူလည်း ရောက်၏၊
(၄) တွေဝေလျက် သေရ၏၊
(၅) ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ, ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်၏၊
ရဟန်းတို့ သီတင်းသုံးဖော်တို့ကို ဆဲရေးတတ်၊ ရေရွတ် ကြိမ်းမောင်းတတ်၊ အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲတတ်သောရဟန်းသည် ဤအပြစ်ငါးမျိုးတို့ကို မချွတ် ရလိမ့်မည်ဟု မျှော်လင့်အပ်၏၊ (အင် မြန်၊၂၊၂၂၇။)

ဆရာတော်အရှင်မြတ်တို့ ဘုရား-
၆။ အရိယာကို ပြစ်မှားလျှင် လောကုတ္တရာတရားထူးမှ ဆုံးရှုံးခြင်း စသော ဤအပြစ်ငါးမျိုး ကြုံရသည်ကို သူတော်ကောင်းမှန်သမျှ ဘယ်သူမှ မလိုလားကြပါ၊ ကြုံလည်း မကြုံလိုကြပါ၊ ဘုရားကိုလည်း မယုံကြည်ကြသော အဓမ္မသမားများအနေအားဖြင့်ကား အရိယာသံဃာကို စော်ကားရဲခြင်းကိုပင် ဂုဏ်ထူးကြီးတစ်ခုဟု ထင်ချင် ထင်ကြပါ လိမ့်မည် ဘုရား၊ ထို့ကြောင့်ပင် အရိယာသံဃာကိုပါ စော်ကားကြခြင်း ဖြစ်ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား-
၇။ သက်တော်ထင်ရှား ဘုရားရှင်၏တပည့် ရဟန္တာကြီးများဖြစ်ကြသော အရှင်သာရိပုတ္တရာနှင့် အရှင်ဥပါလိတို့ ဓမ္မအခြေခံသဘောထား ဝိနည်းအခြေခံ သဘောထား ကွဲပြားကြလေဟန် သမ္မာဒိဋ္ဌိ သုသေတနဝါဒီတို့ ရေးသားကြခြင်းမှာ ရဟန္တာအရှင်မြတ်ကြီးများကို စော်ကားခြင်းသက်သက် ဖြစ်ပါသည် ဘုရား၊ ဘုရားတရားတော် မှန်လျှင် ဓမ္မအရာ၌ ဖြစ်စေ၊ ဝိနည်းအရာ၌ ဖြစ်စေ၊ ရဟန္တာမှန်သမျှ စိတ်တူသဘောတူ အယူသီလ တူမျှကြပါသည် ဘုရား၊ ယုံမှား သံသယ မရှိကြပါ ဘုရား၊ ဤကဲ့သို့ ရဟန္တာ အရှင်မြတ်ကြီးများနှင့်တကွ သံဃာတော်မှန်သမျှကို ရှုတ်ချစော်ကား ခြင်းသည် ဓမ္မလမ်း လိုက်လို ကြသူများ မလုပ်ရဲသော အလုပ်ဖြစ်ပါသည်၊ သာသနာတော်တစ်ရပ်လုံးကို စော်ကားသော သူတို့၏ သံဃာစော်ကားခြင်းသည် အဓမ္မသမားတို့၏ အဓမ္မလုပ်ရပ်သာ ဖြစ်ပါသဖြင့် အဓမ္မဝါဒအဖြစ် စိစစ် ဆုံးဖြတ် ပေးတော်မူကြပါရန် တပည့်တော်များက လျှောက်ထားကြပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၁၁)‎

၁၁။ ပရိတ်ဟု ခေါ်ဆိုသော ဘုရားဟောပါဠိတော်များကို မရွတ် ကောင်းဟုဆိုပြီး ပရိတ်ရွတ်မှုကို ဆန့်ကျင်၍ ဗုဒ္ဓဘာသာ ဆရာစဉ်ဆက် လိုက်နာကျင့်သုံးခဲ့သော လမ်းစဉ်ကို ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ဝိသေသစောဒနာပါ ဘုရား။

သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ပထမစောဒနာလွှာတွင် ဘုရားဟောပါဠိတော်များကို မရွတ်ကောင်းဟုဆိုပြီး ပရိတ်ရွတ်မှုကို ဆန့်ကျင်၍ ဗုဒ္ဓဘာသာ ဆရာစဉ်ဆက် လိုက်နာကျင့်သုံးခဲ့သော လမ်းစဉ်ကို ဖျက်ဆီးနေခြင်းအပေါ် အဓမ္မဝါဒ ဖြစ်ကြောင်း လျှောက်ထားခဲ့ပါသည်၊ ထို လျှောက်ထားချက်ကို ပိုမိုခိုင်ခံ့အောင် ထေရဝါဒ ပိဋကတ်တော်များ အထောက်အထားဖြင့် ယခု ထပ်မံ၍ တင်ပြ လျှောက်ထားပါရစေ ဘုရား။

ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
တပည့်တော်များသည် စောဒနာမှုကို ပြုရာတွင် စောဒနာနှစ်ရပ်လုံး၌ လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ, သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် လက်သစ်ရွှေအဘိဓမ္မာဝါဒရှင်တို့၏ ရေးသားဟောပြောချက်များ ပေးစာတိုင်စာ စသည်များကို အခိုင်အမာ အထောက်အထားပြု၍ အလေးအနက် စောဒနာမှု ပြုကြခြင်းဖြစ်ပါသည် ဘုရား၊ ယနေ့ နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အမှတ်(၂) ရုံးတော်သို့ ဓမ္မ အဓမ္မ စစ်ဆေး အဆုံးအဖြတ်ပေး ခံနိုင်ရန် တပည့်တော်များ လျှောက်ထားစောဒနာရာ၌ မခိုင်လုံ မတိကျသော အထောက်အထားများဖြင့် မစောဒနာကြပါ ဘုရား၊ အရပ်ပြော ရှင်ပြော လူပြောစကားမျှဖြင့်လည်းကောင်း ရိပ်ဖမ်းသံကြား စကားမြွက်မျှဖြင့် လည်းကောင်း မစောဒနာကြပါ ဘုရား၊ တပည့်တော်တို့သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဓမ္မ အဓမ္မ အတွက်မျှ မကြည့်မူပဲ သာသနာတစ်ရပ်လုံး၏ ဓမ္မ အဓမ္မ အရေးကိုသာ ဦးတည်၍ စောဒနာကြပါသည် ဘုရား၊ ဘုရားရှင်၏ ရွှေမျက်နှာတော် တစ်ခုတည်းကိုသာ ထောက်ထား၍ ဖြစ်ပေါ်နေသော သာသနာတော်၏ ဓမ္မန္တရာယ်များ ဖယ်ရှားရေး၊ နောင်မပေါ်ပေါက်ရေးတို့ဘက်မှ ရပ်တည်၍ သာသနာ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်ပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
တပည့်တော်များ အထက်ပါ စကားရပ်များကို လျှောက်ထားနေရခြင်းမှာ ပထမစောဒနာလွှာ တင်စဉ်က-
“နတ်မှီ၌ သီတင်းသုံးနေထိုင်ကြသော ရဟန်းတော်များသည် ပရိတ်မရွတ်ကြပါ” ဟု သခင်မြတ်ဆိုင်ကိုယ်တိုင်က ဝန်ခံထားပါသည် ဘုရား-
ဟု တပည့်တော်များ လျှောက်ထား စောဒနာသွားရာတွင် စုဒိတက ဦးစန္ဒာဓိက ကိုယ်တိုင်က စောဒနာများ၏ စောဒနာလွှာတွင်ပါဝင်သော ၎င်းတို့ ပရိတ်မရွတ်ဆိုသော စောဒနာမှုမှာ မဟုတ်ကြောင်း ငြင်းဆိုသွားပါသည် ဘုရား။
တပည့်တော်များသည် အောက်ပါ သခင်မြတ်ဆိုင်၏ ပေးစာအရ စောဒနာရခြင်း ဖြစ်ပါသည် ဘုရား၊ သခင်မြတ်ဆိုင်၏ပေးစာကို ဝိနည်းဓိုရ်ဆရာတော်များ နားဆင်တော်မူကြပါ ဘုရား။

သို့
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်။
နေ့စွဲ၊ ၂-၁-၈၁။

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် အရှင်သူမြတ်များ ဘုရား-
တပည့်တော်သည် ၁-၁-၈၁ နေ့က တောင်တွင်းကြီး နတ်မှီတောရသို့ ခေတ္တ ရောက်သွားပါသည် ဘုရား၊ ထိုအခါ နတ်မှီ၌ သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်းတော်များထံမှ အောက်ပါ အချက်များကို ကြားခဲ့ရပါသည် ဘုရား။

၎င်းတို့မှာ-
(၁) ဂိုဏ်းဂဏဝါဒစွဲ မထားကြပါ၊
(၂) အတ္တဒိဋ္ဌိယှဉ်သော အချက်များကို ရှောင်ကြဉ်ကြပါသည်၊
(၃) ရေစက်ချ၍ ပုဂ္ဂိုလ်ရေး အပိုင်ယူခြင်းမျိုး မပြုကြပါ၊
(၄) ပရိတ် မရွတ်ကြပါ၊
(၅) တဏှာဒိဋ္ဌိနှင့် ယှဉ်သော ဆုတောင်း ဆုပေးမှု မလုပ်ကြပါ၊
(၆) အတိတ် အနာဂတ်ဆိုင်ရာ ကမ္မဝါဒကို ရှောင်ကြဉ်ကြပါသည်။

သခင်မြတ်ဆိုင်
အမှတ်-၄၊ စိန်ချယ်လမ်း၊ကျိက္ကဆံရပ်
ရွှေဂုံတိုင်စာတိုက်၊ ရန်ကုန်။

ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
တပည့်တော်များသည် စုဒိတက ဦးဆန္ဒာဓိကကိုယ်တိုင် ချင့်ချိန်နိုင်ရန် နတ်မှီကိုယ်တော်များ ပရိတ်မရွတ်ကြပါဆိုသော အထောက်အထားကို တင်ပြလျှောက်ထားရပါသည် ဘုရား။

ဤကိစ္စနှင့် စပ်လျဉ်း၍ ဦးဆန္ဒာဓိကသည် ပရိတ်ရွတ် ရေစက်ချ စသည်လုပ်ပါက သခင်မြတ်ဆိုင်က မဟုတ်မမှန် ရေးသားခြင်းသာ ဖြစ်ပါသည် ဘုရား၊ ဦးဆန္ဒာဓိကနှင့် သခင်မြတ်ဆိုင်တို့ အပြင်မှာ ရှင်းကြရန်သာ ရှိပါသည် ဘုရား။

စုဒိတက ဦးဆန္ဒာဓိကကိုယ်တိုင် ပထမစောဒနာလွှာ တင်သွင်းစဉ်က ဤရုံးတော်ရှေ့တွင် ၎င်းတို့ ပရိတ်ရွတ်ကြကြောင်း ဝန်ခံပြောဆိုခြင်းကို တပည့်တော်များက ဝမ်းမြောက်နုမော် သာဓုခေါ်ပါကြောင်း လျှောက်ထားပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
တပည့်တော်များ ဆရာစဉ်ဆက် သင်ယူခဲ့ရသည်မှာ ပရိတ်ကြီး(၁၁)သုတ်သာ ဖြစ်ပါသည် ဘုရား၊ ပရိတ်တော်များ၌ ဘုရားဟော ပါဠိတော်များ ပါပါသည် ဘုရား၊ လူသေလူဖြစ် ဦးဥက္ကဋ္ဌကမူ ၎င်းဟောသော တိတ်ခွေတွင် ပရိတ်ကြီးများကို မယုံမကြည် ပစ်ပယ် ပုတ်ခတ်ထားပါသည် ဘုရား၊ မယုံကြည်ရုံမျှမက ပရိတ်ကြီး (၁၂)သုတ် ဟူ၍လည်း ကောင်း အရည်းကြီးလက်ကျန်ဟူ၍ လည်းကောင်း အမနာပ ပြောဟောထားပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
လူတိုင်း၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာမှုသည် ပယောဂ, ဥတု, အာဟာရ, စိတ္တ, ကမ္မ ဟူသော အခြေခံအကြောင်းများပေါ်တွင် တည်ရှိနေပါသည် ဘုရား။

အထက်ဖော်ပြပါ အခြေခံအကြောင်းတရားများ မညီမျှ၍ သဘာဝလမ်းကြောင်း ဖောက်ပြန်လျက် ဝေဒနာတစ်ခု ဖြစ်ပေါ်လာသော ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့သည် ခေတ်မီ ဆေးဆရာဝန်နှင့် ဆေးများကို မှီဝဲကြသည့်နည်းတူ ပရိတ်ချည် ပရိတ်ရေ စသော စိတ်ပြုပြင်နည်း, ကံမြှင့်တင်နည်း, နာမ် ဆေးတို့ဖြင့်လည်း ယထာဘူတ သဘာဝကျကျ ကုစားလျက် ရှိကြပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
မြတ်စွာဘုရားသခင်ကိုယ်တော်တိုင် နှုတ်တော်တွတ်တွတ် ရွတ်၍ ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ် ပိဋကသုံးသွယ် ပါဠိတော်များမှ အရှည်ကို မြော်မြင်တော်မူကြသော ရှေးခေတ် သာသနာတော်စောင့် မထေရ်မြတ်ကြီးများသည် ထိုပရိတ်တော်များကို တပေါင်းတည် စုပေါင်း ထုတ်နုတ်၍ ပရိတ်ကြီးဟူသော အမည်ဖြင့် သီးခြား ကျမ်းတစ်စောင်အဖြစ် စီစဉ်ထားခဲ့ကြပါသည် ဘုရား။

လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် သမ္မာဒိဋ္ဌိသုတေသန စသော အပေါင်းပါတို့သည် ပရိတ်တော်များကို မယုံကြည် ပုတ်ခတ်ဆဲရေး ထားသော်လည်း ဘုရားရှင်ကိုယ်တော်တိုင် ပရိတ်တော်များကို ခွင့်ပြုခဲ့ကြောင်း ပါဠိအထောက်အထားများ ရှိပါသည် ဘုရား။

ဒီဃနိကာယ် ပါထိကဝဂ် အာဋာနာဋိယသုတ်ပါဠိတော်၌ မြတ်စွာဘုရားသည် ရဟန်းတို့အား အောက်ပါအတိုင်း အာဋာနာဋိယ အရံအတားကို သင်ယူလေ့လာ ဆောင်ထားကြရန် တိုက်တွန်းတော်မူထားသည်ကို တွေ့ရပါသည် ဘုရား။

ဥဂ္ဂဏှာထ ဘိက္ခဝေ အာဋာနာဋိယံ ရက္ခံ ပရိယာပုဏာထ ဘိက္ခဝေ အာဋာနာဋိယံ ရက္ခံ၊ ဓာရေထ ဘိက္ခဝေ အာဋာနာဋိယံ ရက္ခံ၊ အတ္ထသံဟိတာ ဘိက္ခဝေ အာဋာနာဋိယာ ရက္ခာ ဘိက္ခူနံ ဘိက္ခူနီနံ ဥပါသကာနံ ဥပါသိကာနံ ဂုတ္တိယာ ရက္ခာယ အဝိဟိံသာယ ဖာသုဝိဟာရာယာတိ။ (ဒီ၊၃၊၁၇၄။)

မြန်မာပြန်

ရဟန်းတို့ အာဋာနာဋိယမည်သော ပရိတ်အရံအတားကို သင်ယူကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သောပရိတ်၏ အရံအတားကို အဖန်ဖန် လေ့လာကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော ပရိတ်အရံအတားကို ဆောင်ကြကုန်လော့၊ ရဟန်းတို့ အာဋာနာဋိယမည်သော ပရိတ်အရံအတားသည် အကျိုးစီးပွားနှင့်စပ်၏၊ အာဋာနာဋိယ မည်သော ပရိတ်အရံအတားသည် ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် ဖြစ်ခြင်းငှာ, မဆင်းရဲမပင်ပန်းခြင်းငှာ, ချမ်းသာစွာ နေရခြင်းငှာ ဖြစ်၏၊ (ဒီ၊မြန်၊၃၊၁၉၄။)

ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
ဝိနည်းပိဋက ပါစိတ်ပါဠိတော် ဘိက္ခုနီဝိဘင်း တိရစ္ဆာနကထာ သိက္ခာပုဒ် နှစ်ခု၏ အနာပတ္တိဝါရတို့၌လည်း-
အနာပတ္တိ ဂုတ္တတ္ထာယ၊ ပရိတ္တံ ပရိယာပုဏာတိ။
အနာပတ္တိ ဂုတ္တတ္ထာယ၊ ပရိတ္တံ ဝါစေတိ။ (ဝိ၊၂၊၄၀၂-၄၀၃။)
ဟု ဘေးရန်မှ လုံခြုံရေးအတွက် ပရိတ်ကို သင်ယူပို့ချသော ရဟန်းမိန်မအား အာပတ်မှ ကင်းလွတ်ခွင့်ပေးသော ပညတ်ချက်ကို တွေ့ရပါသည် ဘုရား။

ဤသိက္ခာပုဒ်၌ ခွင့်ပြုအပ်သော ပရိတ်ဟူသည်-
ပရိတ္တန္တိ ယက္ခပရတ္တနာဂမဏ္ဍလာဒိဘေဒံ သဗ္ဗမ္မိ ဝဋ္ဋတိ - (ဝိ၊ဋ္ဌ၊၃၊၂၁၅။)
ဟူသော အဋ္ဌကထာနှင့် အညီ တစ္ဆေသရဲနိုင်မန္တန်၊ မြွေနိုင်မန္တန် စသည်တို့ ဖြစ်ပါသည် ဘုရား။ ဘုရားဟော မဟုတ်သော ဤမန္တန်မျိုးကိုပင် သင်ယူခွင့် ပို့ချခွင့် ပြုတော်မူသည်ဆိုလျှင် ဘုရားဟောဖြစ်သည့် ပရိတ်တို့ကိုမူကား အထူးဆိုဖွယ်မရှိ ခွင့်ပြုပြီးပင် ဖြစ်ပါတော့သည် ဘုရား။ ထို့အပြင် ရဟန်းမိန်းမတို့အား ခွင့်ပြုသည် ဆိုထားသဖြင့် ရဟန်းယောက်ျားနှင့်တကွ လူဒကာ၊ ဒကာမတို့အားလည်း ခွင့်ပြုပြီးပင် ဖြစ်ပါတော့သည် ဘုရား။

ဝိနည်းဓိုရ် ဆရာတော်တို့ ဘုရား-
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော် မူပြီးနောက်၌လည်း ပရိတ်သည် အရေးကြီးသော ဘာသာရေးလုပ်ငန်းတစ်ရပ် ဖြစ်ခဲ့ပါသည် ဘုရား။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ် ပေါ်ထွန်းချိန်ဖြစ်သည့် သာသနာနှစ် ကိုးရာကျော် တစ်ထောင်ခန့်၌လည်း ပရိတ်ရွတ်ဖတ်မှုကို ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးခဲ့ကြကြောင်း သိရပါသည် ဘုရား။

ပါရာဇိကဏ်အဋ္ဌကထာ(ဒု၊ ၆၇) ၌လည်း လူတို့အတွက် ပရိတ်ရွတ်ပေးမှုနှင့် ပတ်သက်၍ ရဟန်းတော်တို့ လိုက်နာစရာများကို ပြဆိုထားပါသည် ဘုရား။ ၎င်းသည်လည်း ထိုအခါက လူတို့သည် မိမိတို့ အရေးကိစ္စ ပေါ်ပေါက်လာသောအခါ ရဟန်းတော်တို့ကို ပင့်၍ ပရိတ်တရား နာယူလေ့ရှိပုံ အထောက်အထားတစ်ရပ် ဖြစ်ပါသည် ဘုရား။ ထိုကျမ်း၌ပင် ပရိတ်ရေ၊ ပရိတ်ချည် အကြောင်းများကိုပါ တပါတည်း ပြဆိုထားသဖြင့် ပရိတ်ရေ၊ ပရိတ်ချည်တို့ကို ဘေးရန်တားဆီးရေးအတွက် ယုံကြည်စွာ အသုံးပြုခြင်းသည်လည်း ထိုအခါက အသားကျလျက်ရှိသော ဘာသာရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း သိနိုင်ပါသည် ဘုရား။

မြန်မာနိုင်ငံ၌လည်း ပုဂံခေတ်ဦးပိုင်းကပင် ပရိတ်ရွတ်ဖတ်မှု ရှိခဲ့ကြောင်း ကျောက်စာအထောက်အထားများ အရ သိရှိရပါသည် ဘုရား။ ကျန်စစ်သားမင်းကြီးသည် နန်းတော်ဆောက်လုပ်သောအခါ အရှင်အရဟံ အမှူးရှိသော ရဟန်းတော် (၄၁၀၈) ပါးတို့ကို ပရိတ်မင်္ဂလာ ရွတ်စေခဲ့သည်ဟု ကျန်စစ်သားမင်းတရားကြီး၏ နန်းတော် မွန်ကျောက်စာ မြန်မာပြန် စာမျက်နှာ (၄၇-၄၈) တွင် တွေ့ရှိရပါသည် ဘုရား။

ဝိနည်းဓိုရ် ဆရာတော်တို့ ဘုရား-
ပရိတ်တော်များသည် အတန်တန်သော ဘေးရန်အန္တရာယ်များကို ကာကွယ်တားဆီးနိုင်သည်ဟု ဆိုသော်လည်း ပရိတ်ရွတ်ဖတ်နာယူနည်းမကျပါက အကျိုးရမည် မဟုတ်ပါဘုရား။ ပရိတ်ရွတ်ဖတ် နာယူနည်း ကျစေရန် ပရိတ်ရွတ်သူတို့ ပြည့်စုံရမည့် အင်္ဂါ (၃) ပါးနှင့် ပရိတ်နာယူသူတို့ ပြည့်စုံရမည့် အင်္ဂါ (၃) ပါးကို သိထားရပါမည် ဘုရား။

ဒီဃနိကာယ် ပါထိကဝဂ်အဋ္ဌကထာ(၁၄၉)အာဋာနာဋိယသုတ် ၌လာသော ပရိတ်ရွတ်သူတို့ပြည့်စုံရမည့် အင်္ဂါ (၃) ပါးမှာ -
(၁) အနက်သဒ္ဒါတို့ကို သုတ်သင်၍ ကောင်းစွာ သင်ယူထားခြင်း၊
(၂) ပုဒ်ဗျည်းတို့ကို မယုတ်စေရ၊ ပြည့်စုံအောင် လေ့လာကျက်မှတ်ထားခြင်း၊
(၃) လာဘ်လာဘကို မငဲ့၊ ဗမတ္တာရှေ့ထား၍ ရွတ်ဆိုခြင်း၊
တို့ ဖြစ်ပါသည် ဘုရား။

မိလိန္ဒပဉှာ (၁၅၅) ၌လာသော ပရိတ်နာသူတို့ ပြည့်စုံရမည့် အင်္ဂါ (၃) ပါးမှာ
(၁) ပဉ္စာနန္တရိယကံ မရှိခြင်း၊
(၂) နိတယမိစ္ဆာဒိဋ္ဌိ မဟုတ်ခြင်း၊
(၃) ပရိတ်တန်ခိုးကို ယုံကြည်ခြင်း၊
တို့ ဖြစ်ပါသည် ဘုရား။

ဤစကားအရ သတိပြုရန် တစ်ချက်မှာ မိမိတို့ကိုယ်တိုင်က ဗုဒ္ဓဓမ္မ အယူမှန်မှ၊ တိမ်းယိမ်းနေသူများ ဖြစ်ပါက ပရိတ်အာနိသင် ပရိတ်အကျိုး မရနိုင်ပါဘုရား။ ထို့ကြောင့်ပင် ဦးဥက္ကဋ္ဌတို့က မိမိတို့မခံစားနိုင်သည့် အရသာဖြစ်၍ “မြေခွေးက သစ်ပင်ပေါ်က သပျစ်သီးချဉ်သည်” ဟု ပြောသော ပုံပြင်ကဲ့သို့ ပရိတ်တော်များကို ပယ်လေသလော စဉ်းစားဖွယ် ဖြစ်ပါသည် ဘုရား။

ဝိနည်းဓိုရ် ဆရာတော်တို့ ဘုရား-
တပည့်တော်များ လျှောက်ထားခဲ့သည့် ပရိတ်တော်များသည် ဘုရားကိုယ်တော်တိုင်ဟော ဗုဒ္ဓဘာသိတ ဖြစ်ခြင်း ဆရာစဉ်ဆက် လိုက်နာကျင့်သုံးအပ်သည့် ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူတို့၏ တန်ဖိုးမဖြတ်နိုင်သည့် ဘာသာရေးအမွေ၊ ယဉ်ကျေးမှု အမွေကြီးတစ်ခု ဖြစ်ခြင်း၊ ပရိတ်တော်များကို ရွတ်သူ၊ နာသူ နှစ်ဦးနှစ်ဖက် အင်္ဂါစုံစုံဖြင့် ရွတ်ဖတ်သရဇ္ဈယ် နာယူက ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ပွားတိုးကြောင်း ဖြစ်ခြင်းတို့ကို ထေရဝါဒ ပိဋကတ်တော် အထောက်အထားများဖြင့် လျှောက်ထားတင်ပြပြီး ဖြစ်ပါသည်။ ထိုဒေသနာတော်များအရ ပရိတ်တော်များနှင့် ပရိတ်ရွတ်ဖတ် သရဇ္ဈယ်တော်မူကြသော သံဃာတော်များ၊ ပရိတ်နာသူ ဗုဒ္ဓဘာသာဝင်များ အပေါ် ပုတ်ခတ်စွပ်စွဲ ပြောဆိုမှုများသည် အဓမ္မဝါဒများသာ ဖြစ်ကြောင်း၊ ထိုအဓမ္မဝါဒကို ရေးသားဟောပြောနေကြသူများသည်လည်း အဓမ္မဝါဒီများသာ ဖြစ်ကြောင်း ဝိနိစ္ဆယ ပြုပေးတော်မူကြပါရန် လျှောက်ထားအပ်ပါသည် ဘုရား။

ဝိသေသ စောဒနာ အမှတ် (၁၂)

၁၂။ ပထမစောဒနာလွှာတွင် ပါဝင်သော အမှတ် (၁၂) စောဒနာ (သင်္ကန်းနှင့် ဝတ်ထည်၊ ဆံတော်နှင့် မြင်းမြီး) ကိစ္စကို ထေရဝါဒ ပိဋကတ်တော်လာ သာဓကတို့ဖြင့် ထပ်မံလျှောက်ထားပါရစေ ဘုရား။

သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ ထိုအမှတ် (၁၂) စောဒနာလွှာတွင် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အထွတ်အမြတ်ထား၍ ဆည်းကပ်ကိုးကွယ်ရာ ဖြစ်သော ဓါတ်တော်၊ မွေတော်၊ စေတီပုထိုး၊ ရုပ်ပွားဆင်းတုတော်များကို ပူဇော်သမှု ပြုရာ၌ ဗုဒ္ဓဘာသာဝင်များ သဒ္ဓါတရားပျက်ပြားအောင် မတော်မတရား ရေးသား ပြောဟောခြင်းများကို စောဒနာထားခဲ့ပါသည် ဘုရား။

၂။ မတော်မတရား ရေးသားထားချက်များအနက်-
(က) သင်္ကန်းနှင့် လူတို့၏ အဝတ်ပုဆိုး ဘာမျှမထူးခြား၊ အတူတူဟု ဆိုထားခြင်း၊
(ခ) ဘုရားရှင်၏ ဆံတော်နှင့် မြင်းမြီး၊ မြင်းမြီးက ပို၍အသုံးဝင်သည်ဟု ဆိုထားခြင်း၊
(ဂ) ဓာတ်တော်၊ မွေတော် အစရှိသည်တို့ကို အမှိုက်သရိုက်များဟု ဆိုထားခြင်း၊
တို့သည် အရဟတ္တဒ္ဓဇသင်္ကန်းနှင့် ဓာတ်တော်မွေတော် စသည်တို့ကို မယုံမကြည် ပစ်ပယ်၍ အမနာပ ရေးထားခြင်း ဖြစ်ပါသည် ဘုရား။

၃။ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်တို့၏ ဩဝါဒါစရိယကြီးဖြစ်သော ဦးဥက္ကဋ္ဌသည် အသုံးဝင်မှုနှင့် တန်ဖိုးရှိမှုကို ခွဲခြားမသိနိုင်ရှာသောသူ ဖြစ်ပါသည်။ ရုပ်မျက်လုံးသည် အသုံးဝင်မှုကိုသာ ကြည့်တတ်ပြီး နာမ်မျက်လုံးက တန်ဖိုးကို သိတတ်ပါသည် ဘုရား။ သူ့မှာ ရုပ်မျက်လုံးသာ ရှိပါသည် ဘုရား။ ဥပမာ-တန်ဖိုးကို သိပ်မသိသော တောသားတစ်ယောက်အား စိန်တစ်ပွင့်နှင့် ပုဆိုးတစ်ထည်ကို ဘယ်ဟာယူမလဲ မေးလျှင် ပုဆိုးကိုပဲ ယူပါလိမ့်မည် ဘုရား။

သို့ဖြစ်၍တန်ဖိုးကို မသိသူပီပီ ဗုဒ္ဓဘာသာဝင်တို့က တန်ဖိုးထားသော အရဟတ္တဒ္ဓဇသင်္ကန်းနှင့် ဆံတော် စသည်တို့ကို ပုတ်ခတ်ဝေဖန်မိခြင်း ဖြစ်ရှာပါသည် ဘုရား။

သင်္ကန်းနှင့် ဝတ်ကြောင် ကွာခြားပုံ

၄။ ယင်းသို့ ပုတ်ခတ်ထားချက်များသည် အောက်ပါ ထေရဝါဒပိဋက၊ ဒေသနာတော်များနှင့် လုံးဝဆန့်ကျင်၍ အဓမ္မဝါဒများသာ ဖြစ်သည့်အပြင် ၎င်းအဓမ္မဝါဒကို ထူထောင်ခဲ့သော ဦးဥက္ကဋ္ဌနှင့်တကွ အပေါင်းအပါများသည် အဓမ္မဝါဒီများသာဖြစ်ကြောင်း စောဒနာအပ်ပါသည် ဘုရား။

၅။ သင်္ကန်းနှင့် လူတို့၏ အဝတ်ပုဆိုး၏ ခြားနားပုံကို ထေရာပဒါန် ပါဠိတော်၌ အောက်ပါအတိုင်း ဟောထားပါသည် ဘုရား။

ပန္ထေ ဒိသွာန ကာသာဝံ၊ ဆဍ္ဍိတံ မီဠှမက္ခိတံ။
သိရသ္မိံ အဉ္ဇလိံ ကတွာ၊ ဝန္ဒိတဗ္ဗံ ဣသိဒ္ဓဇံ။ (ခု၊၃၊၅၂။)

အရဟတ္တဒ္ဓဇ ခေါ် ရဟန်းသာမဏေတို့၏ သင်္ကန်းကို လမ်းကြိုလမ်းကြား မစင်များ အလိမ်းလိမ်း ကပ်ငြိနေသော်လည်း လူတို့ရှိခိုးပူဇော်အပ်၏၊ ပါရာဇိကဏ် အဋ္ဌကထာ၌-

ပဗ္ဗဇိတ ပရိဘောဂါ ဟိ အာဂါရိကာနံ စေတိယဠာနိယော (ဝိ၊ဋ္ဌ၊၂၊၆၇။)
ဟု ဖွင့်ဆို၏၊ မှန်၏၊ ရဟန်းတို့ အသုံးအဆောင်ဖြစ်သော သင်္ကန်းစသည်သည်၊ လူပုဂ္ဂိုလ်တို့အား စေတီထိုက်၏၊

ဤတွင် စုဒိတကပုဂ္ဂိုလ်များအား မေးလိုသည်မှာ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အလံကို လက်နှီးစုတ်ကဲ့သို့ အသုံးပြုထိုက်ပါသလော၊ ပြခဲ့ပါသလောဟု မေးလိုပါသည်။

၆။ တပည့်တော်များ၏ မြန်မာနိုင်ငံကို နှစ်ပေါင်းတစ်ရာကျော် အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်သဘောက် ဖြစ်နေရသည့်ဘဝမှ တိုင်းပြည်လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်သွားကြသော ဗိုလ်ချုပ်အောင်ဆန်း စသော အာဇာနည်ခေါင်းဆောင်ကြီးများ ရှိပါသည် ဘုရား။ ထိုအာဇာနည်ကြီးများ၏ တိုင်းပြည့်အပေါ် ပြုပေးဖူးသော ကျေးဇူးတရားကို ထောက်ထားဂုဏ်ပြုသည့်အနေဖြင့် ပြည်သူလူထုက အမြဲတန်း အမှတ်တရရှိစေရန် ရုပ်ထုကြီးများ၊ ဓာတ်ပုံ ပန်းချီကား စသည်များ ထုလုပ်ရေးဆွဲ မှတ်တမ်းတင်ကာ ကျေးဇူးဆပ် ဂုဏ်ပြုလျက် ရှိကြပါသည် ဘုရား။

၇။ ထိုနည်းပမာမက ဆံတော်ဓာတ်မြတ်သခင် သုံးလူ့ရှင်သည် သုံးလောကသားများ အို နာ သေ ဝဋ်ဒုက္ခဘေးဆိုးမှ ကယ်တင်တော်မူခဲ့ပါသည် ဘုရား၊ ယခုလည်း မြတ်ဗုဒ္ဓ၏ နည်းမှန် စနစ်မှန်တို့ဖြင့် ကယ်တင်နေဆဲ ဖြစ်ပါသည်ဘုရား။ နောင်ကိုလည်း မြတ်ဗုဒ္ဓသာသနာ မကွယ်မချင်း ကယ်တင်နေဦးမည် ဖြစ်ပါသည် ဘုရား။ ဤသို့သော မနှိုင်းယှဉ်အပ် ကျေးဇူးတော် ဂုဏ်တော် အနန္တအပေါင်းကို အောက်မေ့ယုံကြည်မှုဖြင့် ဆံတော် ဓာတ်တော် မွေတော် စသည်တို့ကို မြတ်နိုးသမှု ရိုသေသမှု ကိုးကွယ်သမှု ပြုနေကြရပါသည် ဘုရား။

၈။ ဆံတော် ဓာတ်တော် မွေတော် စသည်တို့ကို ဘုရားရှင်၏ ကိုယ်ပွားတော်အဖြစ် ရိုသေမြတ်နိုး ရှိခိုးပူဇော်ကြကုန်သော သတ္တဝါတို့သည် ဓာတ်တော် မွေတော်နှင့် စေတီရုပ်ပွားတော်များကို ပူဇော်ရာ၌ သက်တော်ထင်ရှား ဘုရား၌ကဲ့သို့ စိတ်ထားနိုင်လျှင် အကျိုးတရား အတူတူရနိုင်သည်။ စိတ်ထားမှုသာလျှင် လိုရင်းပဓာနဖြစ်သည်ဟု အောက်ပါအတိုင်း ဘုရားရှင်ဟော ဟောကြားထားခဲ့ပါသည် ဘုရား။

ယော စေ ပူဇေယ၊ သမ္ဗုဒ္ဓံ၊ တိဋ္ဌန္တံ လောကနာယကံ။
ဓာတုံ သာသပမတ္တမ္ပိ၊ နိဗ္ဗုတဿာပိ ပုဇယေ။
သမေ စိတ္တပ္ပသာဒမှိ၊ သမံ ပုညံ မဟဂ္ဂတံ။
တသ္မာ ထုပံ ကရိတွာန၊ ပုဇေဟိ ဇိနဓာတုယော။ (ခု၊၃၊၁၆၈။)

တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။ (ခု၊၂၊၆၆။)

မြန်မာပြန်

လူသုံးပါးတို့၏ အကြီးအမှူး နာယကဖြစ်တော်မူသော သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်သကဲ့သို့ ပရိနိဗ္ဗာန် စံလွန်တော် မူပြီးသော ဘုရားရှင်၏ မုန်ညင်းစေ့မျှလောက်သော ဓာတ်တော်ကိုလည်း ပူဇော်လေ။

ကြည်ညိုသော်စိတ် ယိုဖိတ်တူညီလျှင် ကောင်းမှုကုသိုလ်လည်း တူမျှသည်။ ထို့ကြောင့် စေတီပုထိုး ပြုလုပ်၍ ဘုရားဓာတ်တော်များကို ပူဇော်လေ။

သက်တော်ထင်ရှား ဘုရား၌ဖြစ်စေ၊ ပရိနိဗ္ဗာန် စံလွန်တော်မူသော ဘုရား၌ဖြစ်စေ၊ စိတ်ထားမှု တူမျှလျှင် အကျိုးရလာဒ်လည်း တူမျှပေသည်။ မှန်၏၊ စိတ်၏ တောင့်တမျှော်လင့်ချက် အရသာလျှင် သတ္တဝါတို့သည် သုဂတိဘုံသို့ ရောက်ကြရမြဲ ဖြစ်ပေသတည်း။

၉။ စေတီပုထိုး တည်ထားကိုးကွယ်ထိုက်သော ဘုရားမြတ်စွာ၊ ပစ္စေကဗုဒ္ဓါ၊ ဘုရားတပည့်သာဝက၊ စကြဝတေးမင်း၊ ဤလေးပါးတို့ကို ထူပါရဟ ထိုက်သည်ကိုလည်း ဘုရားမြတ်စွာ အောက်ပါအတိုင်း မိန့်တော်မူပါသည် ဘုရား။

စတ္တာရောမေ အာနန္ဒ ထူပါရဟာ။ ကတမေ စတ္တာရော။ တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ထူပါရဟော၊ ပစ္စေကဗုဒ္ဓါ သမ္ဗုဒ္ဓေါ ထူပါရဟော၊ တထာဂတဿ သာဝကော ထူပါရဟော၊ ရာဇာစက္ကဝတ္တီ ထူပါရဟောတိ။ (ဒီ၊၂၊၁၁၇။)

မြန်မာပြန်

အာနန္ဒာ ဤလေးပါးကုန်သော ပုဂ္ဂိုလ်တို့ကို စေတီတည်ထိုက်ကုန်၏၊ အဘယ်လေးပါးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို စေတီတည်ထိုက်၏၊ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏၊ မြတ်စွာဘုရား၏ သာဝကကို စေတီတည်ထိုက်၏၊ စကြဝတေးမင်းကို စေတီတည်ထိုက်၏၊ (ဤလေးပါးတို့တည်း)။ (ဒီ၊မြန်၊ ၂။ ၁၃၆။)

၁၀။ ဘုရားရှင် ကိုယ်တော်မြတ်၏ ဓာတ်တော်၊ မွေတော်၊ ဆံတော် စသော စေတီပုထိုး ရုပ်ပွားဆင်းတုတော်များကို လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ ရှိခိုးပူဇော်ခြင်းကို ပြုခဲ့ရာ ပရိနိဗ္ဗာန် စံလွန်တော် မူပြီးသော ဘုရားရှင်ကိုယ်တော်မြတ်နှင့် ထပ်တူထပ်မျှ ကြည်လင်သော ပသန္နသဒ္ဓါဖြစ်မှုခြင်း တူညီလျှင် တူသောအကျိုးအာနိသင်များကို ရှိခိုးပူဇော်သောသူအား ခံစားထိုက်သည်ဟု ဘုရားမြတ်စွာ အောက်ပါဒေသနာတော်ဖြင့် မိန့်တော်မူပါသည် ဘုရား

ကိဉ္စာနန္ဒ အတ္ထဝသံ ပဋိစ္စ တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ထူပါရဟော၊ “အယံ တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ထူပေါ” တိ အာနန္ဒ ဗဟုဇနာ စိတ္တံ ပသာဒေန္တိ၊ တေ တတ္ထ စိတ္တံ ပသာဒေတွာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇန္တိ။ ဣဒံ ခေါ အာနန္ဒ အတ္ထဝသံ ပဋိစ္စ တထာဂတော အရဟံ သမ္မာသမ္ဗုဒ္ဓေါ ထူပါရဟော။ (ဒီ၊၂၊၁၁၈။)

မြန်မာပြန်

အာနန္ဒာ အဘယ်သို့သော အကျိုးထူးကိုစွဲ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို စေတီတည်ထိုက်သနည်း။

အာနန္ဒာ “ဤ (စေတီ) သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ စေတီတော်ဟု လူအများတို့သည် စိတ်ဖြင့်ကြည်ညိုကုန်၏၊ ထိုသူတို့သည် ထို (စေတီ) ၌ စိတ်ဖြင့်ကြည်ညိုပြီးသော ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရကုန်၏၊

အာနန္ဒာ “ဤအကျိုးထူးကို စွဲ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို စေတီတည်ထိုက်၏၊ (ဒီ၊မြန်၊၂၊၁၃၇။)

၁၁။ ကလိင်္ဂဗောဓိဇာတ်အဋ္ဌကထာ(၂၂၉) ၌လည်း ဘုရားရှင် ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ရူပကာယဖြစ်သော ခန္ဓာတော်ကို စွဲ၍ဖြစ်သော သာရီရိက ဓာတ်တော်၊ ဘုရားရှင်၏ အသုံးအဆောင်ဖြစ်သော သပိတ် ပရိက္ခရာ စသော ပရိဘောဂ၊ ဘုရားရှင်ကို ရည်မှတ်၍ ထုလုပ်အပ်သော ရုပ်ပွားဆင်းတုတော်တို့သည် စေတီထိုက်၏ ဟု ဖွင့်ဆိုမိန့်တော်မူထားပါသည် ဘုရား။

၁၂။ ဒီဃနိကာယ် ပါထိကဝဂ်အဋ္ဌကထာ(၈၁-၈၂) ၌လည်း ဓာတ်တော်တွေ ရှိနေသမျှ ဘုရားရှင်လည်း သက်တော်ထင်ရှား ရှိသည်မည်ပေ၏ ဟု ပြဆိုထားပါသည် ဘုရား။

၁၃။ ဤသို့ စသည်ဖြင့် သင်္ကန်းတော်၊ ဆံတော်၊ ဓာတ်တော် စသော ပူဇာရဟ ပူဇော်ထိုက်သည်တို့ကို ပူဇော်သမှုပြုရာ၌ အကျိုးရပုံ အဖုံဖုံကို အမြွက်မျှ လျှောက်ထားပြီးပါပြီ ဘုရား။

လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ ဓာတ်တော်မွေတော် စသည်များအပေါ် ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်ဆဲရေးမှုများသည် အဓမ္မဝါဒများသာဖြစ်၍ ထိုအဓမ္မဝါဒများကို လိုက်နာရေးသား ဖြန့်ဖြူးနေသူများသည်လည်း အဓမ္မဝါဒီများသာဖြစ်ကြောင်း ဆုံးဖြတ်ပေးတော်မူပါရန် လျှောက်ထားအပ်ပါသည် ဘုရား။

ဝိသေသ စောဒနာ အမှတ် (၁၃)

၁၃။ ဘာသာသာသနာ၏ တင့်တယ်မှုတစ်ခုဟု ဆိုထိုက်သော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် ဓလေ့ထုံးစံများကို အလိုဆိုးဖြင့် အမြစ်မှလှန်လျက် တူးဖြိုဖျက်ဆီးနေခြင်းနှင့် ပတ်သက်၍ ဝိသေသ စောဒနာချက်ပါ ဘုရား။

ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ ယင်းစောဒနာချက် အမှတ် (၁၃) တွင်
(က) ဘုရားရှိခိုးခြင်း၊ ပစ္စည်းအမျိုးမျိုးဖြင့် ပူဇော်ခြင်း၊ ဂုဏ်တော်ပွားခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း စသည်တို့၌ အကျိုးရှိသည်ဟု မယုံကြည်ခြင်း၊
(ခ) စေတီပုထိုးများကို အုတ်ခဲ ကျောက်ခဲများဟု မြင်ခြင်း၊
(ဂ) ပုဂံဘုရားပုထိုးများ ထိန်းသိမ်းစောင့်ရှောက် ထားခြင်းကို မနှစ်သက်ခြင်း၊
ဟူသော အချက်သုံးချက်ကို တွေ့ရပါမည် ဘုရား။

၂။ ရတနာသုံးပါးကို ပစ်ပယ်ထားကြသည့် လူကြမ်းလူရမ်းတို့ နေထိုင်ရာ အိမ်၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်းပြည်များမှာ အေးချမ်းသာယာမှု မရှိ ဒုက္ခအတိ ဖြစ်ကြမည်ကို သိမြင်ကြသော ဗုဒ္ဓဘာသာ မိကောင်းဖခင်များသည် မိမိတို့၏ သားသမီးများကို ငယ်စဉ်မှစ၍ ဩကာသ သင်ပေးခြင်း၊ ဆီမီးတော်၊ ဆွမ်းတော်၊ ပန်းတော် ကပ်လှူစေခြင်း၊ ဣတိပိ သော ဘဂဝါ စသည့် ဂုဏ်တော်တို့ကို သင်ပေးခြင်း စသည်ဖြင့် လူယဉ်ကျေးကလေးများဖြစ်အောင် ပြုပြင်ပေးတတ်ကြပါသည်။ ဗုဒ္ဓမြတ်စွာ၏ ကျောင်းဒကာ အနာထပိဏ်လည်း သူ၏သား ကာလကို ကလေးကြိုက် မုန့်ဖိုးပေး၍ပင် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်အောင် ပြုလုပ်ခဲ့ပါသည်။ အဘယ်ကြောင့်နည်းဆိုသော် ခုရောနောင်ပါ အေးချမ်သာယာ ချမ်းသာကြဖို့ပင် ဖြစ်ပါသည် ဘုရား။

၃။ ဘုရားရှင်ကိုယ်တော်မြတ်ကလည်း မိမိစကားကို နားထောင်မည့် စောင့်ရှောက်ထိုက်သူတို့ကို ရတနာသုံးပါး၌ သက်ဝင်ယုံကြည်ရေး သီလဆောက်တည်ရေးတို့၌ သွင်းပေးရမည်ဟု မဟာဝဂ္ဂသံယုတ် ပါဠိတော် ပဌမ မိတ္တာမစ္စသုတ်၌ နည်းညွှန်လမ်းပြ ထားပါသည် ဘုရား။

ယခုနည်းညွှန်ချက်ကို သာဓကအဖြစ် တင်ပြပါမည် ဘုရား။

ယေ တေ ဘိက္ခဝေ အနုကမ္ပေယျာထ၊ ယေ စ သောတဗ္ဗံ မညေယျုံ၊ မိတ္တာ ဝါ အမစ္စာ ဝါ ဉာတီ ဝါ သာလောဟိတာ ဝါ၊ တေ ဘိက္ခဝေ စတူသု သောတာပတ္တိမင်္ဂသု သမာဒပေတဗ္ဗာ၊ နိဝေသေတဗ္ဗာ၊ ပတိဋ္ဌာပေတဗ္ဗာ။

ကတမေသု စတူသု ဗုဒ္ဓေ အဝေစ္စပ္ပသာဒေ သမာဒပေတဗ္ဗာ နိဝေ သေတဗ္ဗာ ပတိဋ္ဌာ ပေတဗ္ဗာ “ဣတိပိ သော ဘဂဝါ။ ပ။ သတ္တာဒေဝ မနုဿာနံ ဗုဒ္ဓေါ ဘဂဝါ” တိ။ ဓမ္မေ။ ပ။ သံဃေ။ ပ။ အရိယကန္တေသု သီလေသု သမာဒပေတဗ္ဗာ နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ အခဏ္ဍေသု။ ပ။ သမာဓိ သံဝတ္တနိကေသု။

ယေ တေ ဘိက္ခဝေ အနုကမ္ပေယာထ၊ ယေ စ သောတဗ္ဗံ မညေယျုံ မိတ္တာဝါ အမစ္စာ ဝါ ဉာတီ ဝါ သာလောဟိတာ ဝါ၊ တေ ဘိက္ခဝေ ဣမေသု စတူသု သောတာပတ္တိမင်္ဂသု သမာဒပေတဗ္ဗာ နိဝေသေတဗ္ဗာ ပတိဋ္ဌာပေတဗ္ဗာ။ (သံ၊၃၊၃၁၇-၃၁၈။)

ပါဠိနားမလည်သူတွေအတွက် မြန်မာပြန်ကို ထုတ်နုတ်ဖော်ပြပါမည် ဘုရား။

မြန်မာပြန်

ရဟန်းတို့ ... အစဉ်သနား (စောင့်ရှောက်) ထိုက်ကုန်သော သူတို့ကိုလည်းကောင်း၊ မိမိစကားကို လိုက်နာလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေ၊ ခင်ပွန်း၊ ဆွေမျိုးသားချင်းတို့ကို လည်းကောင်း၊ သောတာပန် အင်္ဂါလေးမျိုးတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏၊ အဘယ်လေးပါးတို့နည်း။ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္တာဒေဝ မနုဿာန မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏-ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်း၌ ဆောက်တည်စေအပ်ကုန်၏ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏၊ တရားတော်၌။ ပ။ သံဃာတော်၌။ ပ။ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊ မကျိုးမပေါက် မပြောက်မကျားကုန်သော။ ပ။ တည်ကြည်မှု သမာဓိကို ဖြစ်စေတတ်သော အရိယာတို့ နှစ်သက်အပ်သော သီလတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏၊ ရဟန်းတို့ ... အစဉ်သနား (စောင့်ရှောက်) ထိုက်ကုန်သော သူတို့ကိုလည်းကောင်း၊ မိမိစကားကို လိုက်နာလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေ၊ ခင်ပွန်း၊ ဆွေမျိုးသားချင်းတို့ကို လည်းကောင်း၊ သောတာပန် အင်္ဂါလေးမျိုးတို့၌ ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏၊ (သံ၊မြန်၊၃၊၃၁၉။)

၄။ မြန်မာနိုင်ငံတော်၌ စေတီပုထိုးများသည် မြန်မာ့ကျက်သရေကိုဆောင်ကာ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဂုဏ်အရောင်ကို ထွန်းပြောင်စေသည့်အပြင် ဖူးမြင်ရသူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ရတနာသုံးပါးအပေါ် ကြည်ညိုခြင်းတည်းဟူသော ကောင်းမှုကုသိုလ်တရားများ တိုးပွားစေသည့်အပြင် ဘုရားစကားတော်ကို လိုက်နာပြုကျင့်ကြသဖြင့် လူ့ရွာနတ်ထံ နိဗ္ဗာန်တိုင်မြောက် ကောင်းကျိုးရောက်စေနိုင်ပါသည်။ ဥပမာ အမိအဖ ဓါတ်ပုံကို မြင်လျှင် မိဘဂုဏ်ကျေးဇူးကို ပြန်လည်အောက်မေ့နိုင်ခြင်း၊ မိဘ၏ဆုံးမစကားတို့ကို ပြန်လည်အမှတ်ရ၍ လိုက်နာခြင်း စသည်တို့ကဲ့သို့ပင် ဖြစ်ပါသည်။

၅။ အညဝါဒီ ပုဂ္ဂိုလ်တို့သည် ဦးဥက္ကဋ္ဌ၏ ဓာတ်ပုံကို ရင်၌ထိုး၍ အမြတ်တနိုး ပြုနေကြပါလျက် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ကိုးကွယ်ရာ စေတီပုထိုးကျကာမှ အုတ်ခဲကျောက်ခဲများကို အတုလုပ်ထားသည်ဟု စော်စော်ကားကား ပြောရက်ခြင်းမှာ လူယဉ်ကျေးတို့၏ အခြေခံတရားကလေးမျှ မရှိရာ ရောက်နေကြပါသည်။

စေတီပုထိုးကို အုတ်ခဲကျောက်ခဲများကို အတုလုပ်ထားသည်ဟူသော စကားသည် ထေရအပဒါန် ပါဠိတော်၌-
တံ ပုပ္ဖံ ဩစိနိတွာန၊ သုဂန္ဓံ ဂန္ဓိတံ သုတံ။
ထူပံ ကတွာန ပုလိနေ၊ ဗုဒ္ဓဿ အဘိရောပယိံ။ (ခု၊၃၊၃၁၆။)

စသည်ဖြင့် သဲပုံစေတီ ပြုလုပ်ကာ ပုန်းညက်ပန်းကို လှူဒါန်းခဲ့သော ကုသိုလ်ကြောင့် ရဟန္တာ အဖြစ်သို့တိုင်အောင် ရောက်ခဲ့သော ပုန္နာဂပုပ္ဖမထေရ်၏ ဖြစ်တော်စဉ် ဒေသနာနှင့် ဆန့်ကျင်ရကား အဓမ္မဝါဒသာ ဖြစ်ပါသည် ဘုရား။

၆။ နိုင်ငံတော်အစိုးရနှင့်တကွ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ပုဂံရှိ စေတီပုထိုးများကို ကြည်ညိုသဒ္ဓါပွား၍ ဘုရားကိုရည်မှန်းကာ အားထားကိုးကွယ်ရာဟု အသိအမှတ် ပြုကြသည့်အပြင် ရှေးအကျဆုံးသော မြန်မာ့ယဉ်ကျေးမှု တစ်ရပ်အနေဖြင့်လည်း အလွန်မြတ်နိုးကြပါသည်။ အလွန်နှစ်သက်ကြပါသည်။ အလွန်ခင်မင်ကြပါသည်။ အလွန်တန်ဖိုးထားကြပါသည်။ အလွန်ဂုဏ်ယူကြပါသည်။

ထို့ကြောင့် မပျက်မစီးအောင် ထိန်းကြ၊ သိမ်းကြ၊ စောင့်ကြ၊ ရှောက်ကြ၊ ပြုကြ၊ ပြင်ကြနှင့် ဤမျှကာလကြာအောင် တည်စေခဲ့ကြပါသည်။

၈။ ပုဂံဘုရားများ မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားကြောင်း သတင်းကြားရသောအခါ ယဉ်ကျေးသော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ဝမ်းနည်းပက်လက် စိတ်လက်မချမ်းမသာ လွန်စွာနှမြောမှု ဖြစ်ကြရပါသည်။ ပြုပြင်ပေးမည့်သူကို မှန်းဆ၍တမ်းတကြသည်။ နိုင်ငံတော်အစိုးရက ပုဂံဘုရားများ ပြင်ဆင်ဖို့ အလှူခံလိုက်သည်ဆိုလျှင် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ တစ်ရပ်ကွက်ချင်း အနေဖြင့်လည်းကောင်း၊ တစ်မြို့နယ်၊ တစ်သင်း၊ တစ်ဖွဲ့ချင်း အနေဖြင့်လည်းကောင်း သူသူငါငါ သဒ္ဓါဖြူဖွေးလျက် အလှူပေးကာ ယဉ်ကျေးမှု မြတ်နိုးသူတို့၏ တာဝန်ကို ကျေပွန်စေခဲ့ကြပါသည်။ နိုင်ငံရပ်ခြား တိုင်းပြည်များကပင် ပေးကြ၊ ကမ်းကြ၊ ကူကြ၊ လှူကြပါသည်။ ကိုယ်တိုင် မပေးလှူနိုင်သူတို့ကလည်း သူတစ်ပါး ပေးလှူသည်ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါသည် ဘုရား။

၉။ သို့သော် ကိုယ်တိုင် မပေးမလှူသည့်အပြင် ပေးကြ လှူကြသူများကိုပင် ငြူစူကြပြီး “ချိုးကပ်နေသော အတွေးအခေါ်ဟူသည် ပြောင်းလဲရန် ခဲယဉ်းပါဘိတောင်း” ဟု ကဲ့ရဲ့လျက် ဗုဒ္ဓဘာသာ မြန်မာတို့၏ ယဉ်ကျေးမှုသမိုင်းကိုဖြတ်၍ အရိုင်းဇာတ်သွင်းချင်သူများ အုံနဲ့ကျင်းနဲ့ အဖွဲ့နဲ့ အသင်းနဲ့ ရှိနေကြပါတကားဟု သတိထား၍ ဓမ္မသံဝေဂ ပွားကြရပါသည် ဘုရား။

၁၀။ ဩကာသ ကန်တော့ခန်းကို အသနားခံနေသည်ဟု ပြောခြင်းသည် ဗုဒ္ဓဘာသာစနစ်ကို နားမလည်ခြင်း၊ အခြားသော ဘာသာအယူများနှင့် ရောထွေးနေခြင်းကြောင့် ဖြစ်ပါသည်။ ဘာသာရေး အမြင်မရှိသူတို့၏ ဝေဖန်ချက်မျှ ဖြစ်ပါသည်။ စင်စစ် ဩကာသ ကန်တော့ခန်းသည် အစဉ်အလာ ကြီးမားသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို ထင်ဟပ်စေလျက် ရှိပါသည်။

၁၁။ ဗုဒ္ဓက ရွှေကို မကိုင်ရ ဆိုပါလျက် ဘုရားရွှေချရကောင်းလားဟု ပြောခြင်းသည်လည်း မဆီမဆိုင် စကားဖြစ်တန်း ပြောခြင်းသာ ဖြစ်ပါသည်။ ထိုသို့ ပြောသူမျိုးအား တရားပြရန် မလွယ်ပါ။ စကားကောင်း စကားဆိုးကိုပင် ခွဲခြားသိရန် လွယ်မည့်လူစားတွေ မဟုတ်ပါ ဘုရား။

“သိဒ္ဓတ္ထဖြစ်သော ဘုရား” ဟု စကားသုံးထားခြင်းသည် “သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရား” ဟူသော သုံးရိုးသုံးစဉ်ကို ဖျက်၍ (ဝါ) မြတ်စွာဘုရားကို လူသာမန် အနေအထားမျိုး ရောက်အောင် ပညာသားပါပါ နှိမ်၍ရေးထားသော စကားဖြစ်ပါသည် ဘုရား။ ထိုသက်ရှိဘုရားမှာ ဒရဝမ်မထားရပဲ ရွှေတိဂုံစေတီကြီးများ ဒရဝမ် ထားရမလားဟု ငေါ့ထားပါသည်။ ဤစကားကို အလေးအနက် မှတ်သားထားသင့်ပါသည်။ ရွှေတိဂုံမှာ ဒရဝမ်မရှိစေချင်၍ ဖြစ်ဟန်တူပါသည်။ ရွှေတိဂုံမှာက စစ်မှန်သော ဗုဒ္ဓဘာသာဝင်တို့က လှူဒါန်းထားသည့် ရတနာတွေက ရှိနေပေသကိုး ဘုရား။

၁၂။ အားလုံကို စုပေါင်း၍ ကောက်ချက်ချကြည့်လျှင် ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ စေတီပုထိုးဆိုင်ရာ ရှုတ်ချရေးသားမှုများသည် အာဂမယုတ္တိ သဘာဝယုတ္တိလုံးဝမရှိ။ ဗုဒ္ဓသာသနာ၏ သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အန္တရာယ်ပြုသည့် အဓမ္မစကားရပ်များသာ ဖြစ်ပါသဖြင့် သာသနာတော်အတွက် ထက်မြက်သော အဆုံးအဖြတ် ပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား။

ဝိသေသ စောဒနာ အမှတ် (၁၄)

၁၄။ ဗုဒ္ဓဘာသာဝင်တို့၏ သီလခံယူခြင်း၊ ဆုပေးဆုယူပြုခြင်း၊ သပိတ်သွတ်ခြင်း၊ စသော ဘာသာမှု ကုသိုလ်ရေးဆိုင်ရာ ကိစ္စများကို အပိုသက်သက် အဖြစ်ဖြင့် ဟောပြောရေးသား ဖျက်ဆီးခြင်း စောဒနာဆိုင်ရာ၌ ဝိသေသ စောဒနာ ပြုချက်ပါဘုရား။

ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌဝါဒီတို့သည် သီလခံယူခြင်း၊ ဆုပေးဆုယူပြုလုပ်ခြင်း စသော ကုသိုလ်ရေးလုပ်ငန်းများကို မပြုလုပ်ကြသည့်အပြင် ထိုလုပ်ငန်းများ လုပ်ဆောင်ကြသော ရဟန်းရှင်လူများကိုပင် အမျိုးမျိုး အဖုံဖုံ အမနာပ ပြောဆိုရေးသား၍ နေကြပါသည် ဘုရား။ ထိုကဲ့သို့ ပြောဆိုရေးသား ယူဆချက်များသည် ဗုဒ္ဓပိဋက ထေရဝါဒနှင့် မကိုက်မညီ ဖီလာဆန့်ကျင်နေသော အဓမ္မဝါဒများ ဖြစ်ကြောင်း တပည့်တော်များ တင်ပြလျှောက်ထား လိုပါသည် ဘုရား။

ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
တပည့်တော်တို့၏ ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘုရားဖြစ်ရန် ပါရမီတော်တို့ကို ဖြည့်ဆည်းပူးတော်မူတဲ့အခါ ဒါနပါရမီ၊ သီလပါရမီတို့ကို အစထားပြီး ဖြည့်ဆည်းပူးတော် မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ကိုယ်တော်တိုင် ဒါနမှု-သီလမှု စသည်တို့ကို ကျင့်သုံးတော် မူပြီးနောက် သံသရာမှ ကျွတ်လမ်းရှာကြသူတို့အားလည်း ဒါနမှု-သီလမှု စသည်တို့ကို ပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်သူတို့ လားရောက်ရမည့် ဂတိတို့ကို ဓမ္မဟဒယဝိဘင်း၌ ဤသို့ဟောကြားတော် မူပါသည်။

ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ ကတ္ထ ဥပပဇ္ဇန္တိ။ ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ အပ္ပေကစ္စေ ခတ္တိယမဟာသာလာနံ သဟဗျတံ ဥပပဇ္ဇန္တိ။ ပ။ အပ္ပေကစ္စေ ပရနိမ္မိတဝတဝတ္တီနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ (အဘိ၊၂၊၄၃၇။)

ဒါနကို ပေးလှူ၍ သီလကို ဆောက်တည်၍ ဥပုသ်သုံးခြင်း အမှုကိုပြု၍ အဘယ်ဘုံ၌ ဖြစ်ကုန်သနည်း၊ ဒါနကို ပေးလှူ၍ သီလကို ဆောက်တည်၍ ဥပုသ်သုံးခြင်း အမှုကို ပြု၍ အချို့တို့သည် ခတ္တိယမဟာသာလခေါ် မင်း သေဌေးတို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် ဗြာဟ္မဏ မဟာသာလခေါ် ပုဏ္ဏားသေဌေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် ဂဟပတိမဟာသာလခေါ် သူကြွယ်သေဠေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် စတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် တာဝတိံသာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် တုသိတာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် နိမ္မနရတိနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ အချို့တို့သည် ပရနိမ္မိတဝတဝတ္တိနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ကုန်၏၊ (အပေါင်းအဖော်အဖြစ်ဟူသည် အပါအဝင်ဟု ဆိုလိုသည်။)

ထိုမှတပါးလည်း ဗုဒ္ဓမြတ်စွာတို့၏ အနုပုဗ္ဗိကထာ ဟူသည် အစဉ်ဖြစ်သော တရားစကား (ဟောကြားရာ) တို့၌လည်း ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ စသည်တို့ကို အဦးမူ၍ ဟောတော်မူလေ့ ရှိပါသည်။

ဤ ဒါနကထာ သီလကထာနှင့် ပတ်သက်၍ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူချက်တို့သည် ထေရဝါဒ ပိဋကတ်တော်၌ အပြည့်အနှက် ရှိနေပါသည်။ သို့ပါလျက် ဦးဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့်တကွ အပေါင်းပါ နောက်လိုက်တစ်စုတို့က ဒါနမှု သီလခံမှုတို့ကို ဆန့်ကျင်ပြောဆိုနေကြပါသည်။ ယင်းတို့၏ ထိုသို့ ဆန့်ကျင်ပြောဆိုမှု ယူဆမှုတို့သည် ဗုဒ္ဓအလိုတော်ကျ ဓမ္မဝါဒီ ဖြစ်နိုင်ပါမည်လား ဘုရား။ စင်စစ်အားဖြင့် အဓမ္မဝါဒ မိစ္ဆာဝါဒသာလျှင်ဖြစ်ကြောင်း တင်ပြလျှောက်ထားပါသည် ဘုရား။

ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့် တကွ အပေါင်းပါ နောက်လိုက်တစ်စုတို့သည် ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းပတ္တနာပြုခြင်း၊ ဆုပေးခြင်းများကိုလည်း ဆန့်ကျင်ဘက်ပြု၍ ကဲ့ရဲ့ရှုတ်ချ ဝေဖန်ပြောဟော ကြပါကုန်သည်။

တပည့်တော်များ၏ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်ပင် ပါရမီဆယ်ပါး၊ စရိယသုံးပါး၊ စွန့်ခြင်းကြီး ငါးပါးတို့ကို ပြုလုပ်ဆည်းပူးတော်မူစဉ်က တိံသနိပါတ် ဆဒ္ဒန္တဇာတ်၌ -
“သဗ္ဗညုတဉာဏ ပဋိဝေဓာယ မေ ဣဒံ ပုညံ ပစ္စယော ဟောတုတိ ဒန္တေ ဒတွာ” (ဇာတက၊ဋ္ဌ၊၅၊၅၃။)

ကျွန်ုပ်၏ ဤကောင်းမှုသည် သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိရှိခြင်း၏ အကြောင်း ဖြစ်ပါစေသတည်းဟု အစွယ်တို့ကိုလှူ၍-

မဟာနိပါတ် ဝေဿန္တရာဇာတ်၌-
“သဗ္ဗညုတဉာဏဿ ပစ္စယော ဟောတုတိ ပတ္ထနံ ကတွာ ဥဒကံ ပါတေတွာ” (ဇာတက၊ဋ္ဌ၊၇၊၃၂၆။)

သဗ္ဗညုတဉာဏ်၏ အကြောင်း ဖြစ်ပါစေသတည်းဟု- ဆုတောင်းမှုကိုပြု၍ ရေစက်ချပြီး ဆုတောင်းပတ္ထနာမှု ပြုတော်မူပါသည် ဘုရား။ သံသရာဝဋ်မှ ကျွတ်လွတ်လိုသူတို့အားလည်း မိမိတို့ ကုသိုလ်လက်ကိုင် ရှိစဉ်တွင် ဆုတောင်းပတ္တနာပြုရန် ညွှန်ကြားတော် မူခဲ့ပါသည်။

တေရသနိပါတဇာတက အကိတ္တိဇာတ်၌ သိကြားမင်းက-
“ဝရံ ကဿပ တေ ဒမ္မိ။ ယံ ကိဉ္စိ မနသိစ္ဆသိ” (ခု၊၅၊၂၆၇။)

ကဿပနွယ်ဖြစ်သော အကိတ္တိရသေ့၊ သင်၏ စိတ်၌ အလိုရှိရာဆုမျိုးကို ငါပေးမည်ဟု ဆုပေးနိုင်ပုံကို လည်းကောင်း၊

ဗာလံ န ပေဿ န သုဏေ၊ န စ ဗာလေန သံဝသေ။
ဗာလေနလ္လာပ သလ္လာပံ၊ န ကရေ န စ ရောစယေ။ (ခု၊၅၊၂၆၇။)

ဗာလပုဂ္ဂိုလ်ကို ငါ မမြင်လို မကြားလို။ ဗာလပုဂ္ဂိုလ်နှင့် အတူမနေလို။ ဗာလပုဂ္ဂိုလ်နှင့် နှီးနှောပြောဆိုမှုကို ငါမပြုလို၊ ငါမနှစ်သက်လို- ဟူသော ဆုကို အကိတ္တိရသေ့က ဆုတောင်းပုံကိုလည်းကောင်း တွေ့မြင်ရပါသည်။

ဥဒါန်းပါဠိတော် သုပ္ပဝါသာသုတ်၌ သောတာပန် သာဝိကာ ဖြစ်သော သုပ္ပဝါသာသည် ဘုရားရှင်ကိုလည်းကောင်း၊ တရားတော်မြတ် (နိဗ္ဗာန်) ကိုလည်းကောင်း၊ သံဃာတော်တို့ကိုလည်းကောင်း မပြတ် အောက်မေ့ဆင်ခြင်လျက်နှင့်ပင် သားသန္ဓေကို ခုနစ်နှစ်တိုင် လွယ်ထားရခြင်း၊ ခုနစ်ရက်တိုင်တိုင် ဂဗ္ဘမုဠှဟူသော မွေးဖွားခက် ဝေဒနာကို ခံစားရခြင်း ရှိနေ၏၊

ထိုအကြောင်းကို ကောလိယမင်းသား သုပ္ပဝါသာ၏ ခင်ပွန်းအား လျှောက်စေခိုင်းသောအခါ ဘုရားသခင် ကိုယ်တော်မြတ်က -

သုခိနီ ဟောတု သုပ္ပဝါသာ ကောလိယဓီတာ အရောဂါ၊ အရောဂံ ပုတ္တံ ဝိဇာယတု-(ခု၊၁၊၉၄။)
ဟု မိန့်ကြားလိုက်လေသည်။ (ဆုပေးလိုက်ခြင်းပင် ဖြစ်သည်။) ဤသို့ ဆုပေးမိန့်ကြားခြင်း စကားနှင့် တစ်ပြိုင်နက်ပင် သုပ္ပဝါသာသည် ချမ်းသာလျက် ရောဂါကင်းသွားကာ ရောဂါကင်းသော သားတော်လေးကို ဖွားမြင်နိုင်လေသည်။

ထိုသို့ ဆုပေးခြင်း၊ ဆုခံယူနိုင်ခြင်းတို့မှာ ဆုခံယူလိုသူကလည်း ကုသိုလ်လက်ကိုင် ရှိနေလျက် ရှိသည်။ သုပ္ပဝါသာ၏ အတိတ်ကံဆိုးကလည်း ကုန်ခန်းချိန် ရောက်နေသည်။ ထို့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်က ဆုပေးလိုက်သည်နှင့် ချမ်းသာခြင်း၊ ရောဂါကင်းခြင်း ဖြစ်ရလေသည်။ အကယ်၍ ဘုရားသခင် ကိုယ်တော်မြတ်က ထိုသို့ ဆုမပေးမိပါက သုပ္ပဝါသာအား ထိုနောက်လည်း အထိုက်အလျောက်သော ကာလပတ်လုံး ထိုဆင်းရဲသည် မကျွတ်မလွတ် စွဲမြဲနေဦးမည်ပင် ဖြစ်ကြောင်းကို ဥဒါန်းအဋ္ဌကထာ၌ (အပရေဝါဒအားဖြင့်) ပြဆိုထားတော်မူခြင်း ရှိပေသည်။

သံဂါယနာတင် ထေရဝါဒပိဋကတ်တော် မဟာဝါပါဠိ အင်္ဂုတ္တရနိကာယ် ဓမ္မပဒ စသည်၌ ထိုသို့ ဆုပေးခြင်း၊ ဆုတောင်းခြင်းတို့ကို များစွာ တွေ့မြင်ရပါသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် သစ္စာလေးပါးကို အကျယ်အားဖြင့် ဟောပြတော်မူခြင်း မရှိကြပဲ “ဣစ္ဆိတံ ပတ္တိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု” ဟု ဆုပေးမှုကိုသာ ပြုတော်မူခဲ့ကြပါသည်။ ပေးအပ်သော သူသည်လည်း ပြည့်စုံစွာ ဆုယူသူ ကုသိုလ်ရှင်အတွက် လိုအပ်သော အကျိုး ရရှိသွားပါသည်။

ဘုရားအလောင်းတော် သုမေဓာသည် ဒီပင်္ကရာ မြတ်စွာဘုရား၏ ခြေတော်ရင်းဝယ် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံစွာ ဘုရားဆုကို တောင်းတော်မူခဲ့ရာ ဒီပင်္ကရာ ဘုရားသခင် ကိုယ်တော်မြတ်ကလည်း ဘုရားဖြစ်ဆုကို ပေးသောအားဖြင့် ဗျာဒိတ်စကား မြွက်ကြားတော်မူခဲ့ပါသည်။

ဤကဲ့သို့ ထေရဝါဒပိဋကတ်တော်၌ ဆုတောင်းပတ္တနာပြုခြင်း၊ ဆုပေးခြင်းတို့ကို ဗုဒ္ဓဝါဒလမ်းစဉ် (ကျင့်စဉ်) တစ်ခုအဖြစ် ဟောထားခွင့်ပြုထားပါလျက် ဦးဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့်တကွ အပေါင်းပါ နောက်လိုက်တစ်စုတို့က ဆန့်ကျင်ဖက်ပြု၍ ကဲ့ရဲ့ရှုတ်ချ ဝေဖန်ပြောကြားခြင်းသည် ဗုဒ္ဓဘာသာ ဆန့်ကျင်သော အဓမ္မဝါဒီ မိစ္ဆာဝါဒီတို့ ဖြစ်ကြသောကြောင့်သာတည်း ဟု တပည့်တော်များ တင်ပြလျှောက်ထားရခြင်း ဖြစ်ပါသည် ဘုရား။

ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိ သုတေသနအဖွဲ့ဝင်များနှင့် နောက်လိုက်နောက်ပါတို့သည် သေသူကိုရည်မှန်း၍ သပိတ်သွတ်ဆွမ်းကျွေးခြင်းကို အပိုအလုပ်ဟု ယူဆထားကြပါသည် ဘုရား၊ ရေစက်ချခြင်း၊ အမျှဝေခြင်းတို့ကိုလည်း ပစ်ပယ်ကြပါကုန်သည် ဘုရား။

ဘုရားသခင် ကိုယ်တော်မြတ်သည် တိရောကုဋ္ဋသုတ် ပါဠိတော်၌-
ဥန္နမေ ဥဒကံ ဝုဋ္ဌံ၊ ယထာ နိန္နံ ပဝတ္တတိ။
ဧဝမေဝံ ဣတော ဒိန္နံ၊ ပေတာနံ ဥပကပ္ပတိ။ (ခု၊၁၊၈၁။)

ကုန်းမြင့်၌ ရွာသွန်းအပ်သော မိုးရေသည် ချိုင့်ဝှမ်းရှိရာသို့ စီးဆင်းသကဲ့သို့ ဤအတူပင် ဤမှာဘက် ဘဝက ပေးလှူအပ်သော အလှူ၏အကျိုးသည် ထိုမှာဘက် ပေတဂတိ၌ ရှိသူ (ဘဝတသွန် ကွယ်လွန်သူ) တို့အား ဖြစ်ပေသည်ဟု ဟောတော်မူအပ်ပါသည်။

အင်္ဂုတ္တရ ဒသက နိပါတ ဇာဏုဿောဏိသုတ်၌ -
ဣဓ ပန ဗြာဟ္မဏ ဧကစ္စော ပါဏာတိပါတီ ဟောတိ။ ပ။ မိစ္ဆာဒိဋ္ဌိကော ဟောတိ၊ သော ကာယဿ ဘေဒါ ပရံ မရဏာ ပေတ္တိဝိသယံ ဥပပဇ္ဇတိ။ ယော ပေတ္တိဝိသယိကာနံ သတ္တာနံ အာဟာရော၊ တေန သော တတ္ထ ယာပေတိ။ တေန သော တတ္ထ တိဋ္ဌတိ။ ယံ ဝါ ပနဿ ဣတော အနုပဝေစ္ဆန္တိ မိတ္တာမစ္စာ ဝါ ဉာတိသာ လောဟိတာ ဝါ။ တေန သော တတ္ထ ယာပေတိ။ တေန သော တတ္ထ တိဋ္ဌတိ၊ ဣဒံ ခေါ ဗြာဟ္မဏ ဌာနံ၊ ယတ္ထ ဌိတဿ တံ ဒါနံ ဥပကပ္ပတီတိ။ (အံ၊၃၊၄၇၉။)

မြန်မာပြန်

ပုဏ္ဏား ဤလောက၌ အချို့သောသူသည် သတ္တဝါအသက်ကို သတ်လေ့ရှိ၏၊ ပ။ မှားယွင်းသော အယူရှိ၏၊ ထိုသူသည် ခန္ဓာပျက်ကြွေ သေလွန်သည်၏ နောက်၌ ပြိတ္တာဘုံဌာနသို့ ရောက်၏၊ ထိုသူသည် ပြိတ္တာဘုံသား ဖြစ်သော သတ္တဝါတို့၏ အစာအဟာရဖြင့် ထိုပြိတ္တာဘုံဌာန၌ နေထိုင်ရ၏၊ သို့မဟုတ် ထိုသူအတွက် အဆွေခင်ပွန်း အဖော်သဟဲတို့ကသော်လည်းကောင်း၊ ဆွေမျိုးသားချင်းတို့ကသော်လည်းကောင်း ဤလူ့ပြည်မှ ပေးလှူအပ်သော အလှူဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ မျှတနေရ၏၊ ထိုအလှူဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ တည်နေရ၏၊ ပုဏ္ဏား ဤပြိတ္တာဘုံဌာနသည် ဤလူ့ပြည်မှ အလှူဒါန ရောက်နိုင်သော ဘုံဌာန ဖြစ်၏၊ ယင်းပြိတ္တာဘုံဌာန၌ တည်နေသော ပြိတ္တာအတွက် ထိုအလှူဒါနသည် ရောက်၏၊ (အင် မြန်၊၃၊၄၆၉။)

ဗိမ္ဗိသာရမင်းကြီး၏ ဆွေတော်မျိုးတော်တို့သည် ဤမှာဘက် ဘဝက ပေးလှူလိုက်သော အလှူ၏ ရေစက်ချ အမျှဝေမှုကို သာဓုနုမော် ခေါ်ဆိုကြသည်ဖြစ်၍ ဆင်းရဲလှစွာသော ပေတဂတိမှ လွတ်မြောက်ကြပုံ အထင်အရှား ရှိပါသည် ဘုရား။

ဤကဲ့သို့သော ဘုရားဟော ထေရဝါဒပိဋကတ်တော်များအရ ယခုအခါ ဗုဒ္ဓဘာသာဝင်တို့က သေသူကို ရည်မှန်း၍ ဆွမ်းသွတ်ခြင်း အမျှဝေခြင်း စသည်တို့ ပြုလုပ်နေကြသည်တို့ကို လူသေလူဖြစ်ဆရာကြီး ဦးဥက္ကဋ္ဌဝါဒီတို့က ဆန့်ကျင်ဘက် ပြုမူဟောပြောနေသည်မှာ အဓမ္မဝါဒ မိစ္ဆာဝါဒသာ ဖြစ်ကြော်ငး တင်ပြလျှောက်ထား အပ်ပါသည် ဘုရား။

ဝိသေသ စောဒနာ အမှတ် (၁၅)

၁၅။ ဥပါဒါန စသော ဘုရားဟော ပါဠိတော် ဝေါဟာရ စကားလုံးများ၏ အနက်အဓိပ္ပါယ်မှန်ကို ပစ်ပယ်ပြီး ကိုယ်ထင်သလို အနက်အဓိပ္ပါယ် ကောက်လျက် ဟောပြောရေးသားခြင်းနှင့် ပတ်သက်၍ ဝိသေသ စောဒနာချက်ပါ ဘုရား။

ဥပါဒါန်၏ အဓိပ္ပါယ်မှန်

ဥပါဒါန်ဟူသော စကားကို အလွဲလွဲအချော်ချော် အဓိပ္ပါယ်ဖော်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း လျှောက်ထားပါမည် ဘုရား။

သီးခြားဝိနည်းဓိုရ် ဆရာတော်အရှင်သူမြတ်တို့ ဘုရား-
စတ္တာရိမာနိ အာဝုသော ဥပါဒါနာနိ၊ ကာမုပါဒါနံ၊ ဒိဋ္ဌုပါဒါနံ၊ သီလဗ္ဗတုပါဒါနံ၊ အတ္တဝါဒုပါဒါနံ- (မ၊၁၊၆၂။)
ဟူ၍ မူလပဏ္ဏာသ ပါဠိတော်မှာ ပါသည့်အတိုင်း ဥပါဒါန်ဟူသည်-

၁။ ကာမုပါဒါန်၊
၂။ ဒိဋ္ဌုပါဒါန်၊
၃။ သီလဗ္ဗတုပါဒါန်၊
၄။ အတ္တဝါဒုပါဒါန်-
ဟူ၍လေးမျိုး ရှိပါသည် ဘုရား။

“ဥပါဒါနန္တိ ဒဠှဂ္ဂဟဏံ” ဟူ၍ အဋ္ဌသာလိနီအဋ္ဌကထာ(၄၁၅) ၌ အဋ္ဌကထာ ဆရာတော် ရှင်းပြထားသည်နှင့်အညီ မစွန့်နိုင်၊ မလွှတ်နိုင်၊ ခိုင်ခိုင်မာမာ ဆွဲကိုင်ထားမှု အစွဲစုကို “ဥပါဒါန်” ဟူ၍ ခေါ်ပါသည် ဘုရား။ ဖားကို မြွေငန်း မြဲစွာဖမ်းသကဲ့သို့ အလွဲအမှား၌ အစွဲတရား အားကြီးခြင်းပင် ဖြစ်ပါသည် ဘုရား။ အမှားနှင့် အမှန် ဝေဖန်နိုင်သော ဉာဏ်ပေါ်အောင် ပါဠိတော် အဋ္ဌကထာ အတန်တန်ဖြင့် အမှန်ဖော်ပေးသည်ကိုလည်း အရေးမစိုက် မိုက်နေရသည်ကိုပင် ဂုဏ်ကြီးတစ်ခုထင်ကာ အမှားအမိုက်ကို တအားလိုက်နေခြင်းမျိုးသည်လည်း ဥပါဒါန်ဖြစ်ပါသည် ဘုရား။ ဤဥပါဒါန်လေးမျိုးတွင် ကာမုပါဒါန်၏ အဓိပ္ပါယ်အမှန်ကို ကျမ်းဂန်လာအတိုင်း လျှောက်ထားပါရစေဘုရား။

ကာမုပါဒါန်၏ အဓိပ္ပါယ်

တိပိဋက ပါဠိ-မြန်မာ အဘိဓာန် အတွဲ (၅) စာမျက်နှာ (၅၆၂) မှာ လိုချင်ဖွယ်ကာမကို မြဲမြံစွာ ယူတတ် စွဲလမ်းတတ်သော သဘော၊ လိုချင်ဖွယ် ကာမကို ပြင်းထန်စွာ ယူတတ် စွဲလမ်းတတ်သော သဘောဟု ကာမုပါဒါန= ကာမုပါဒါန်ကို ဘာသာပြန်ဆိုထားပါသည် ဘုရား။ မူလပဏ္ဏာသ ပါဠိတော် မြန်မာပြန် စာမျက်နှာ (၆၈) ၌ “ကာမဂုဏ်၌ စွဲလမ်းခြင်း၊ ကာမုပါဒါန်” ဟု ဘာသာပြန်ထားပါသည် ဘုရား။ ထိုသို့ မြန်မာပြန်ဆိုထားခြင်းသည် ကတ္ထ ကတမံ ကာမုပါဒါနံ၊ ယော ကာမေသု ကာမစ္ဆန္ဒော = ထိုဥပါဒါန် လေးပါးတို့တွင် လိုချင်ဖွယ် ကာမကို ပြင်းစွာယူမှု စွဲလမ်းမှုဟူသည် အဘယ်နည်း။ လိုချင်ဖွယ် ကာမတို့၌ အကြင်လိုချင် တောင့်တမှု ကာမစ္ဆန္ဒ စသည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော်(၂၄၁) စသည်တို့၌ ဘုရားရှင် ဟောတော်မူခြင်းနှင့် ညီညွတ်မှန်ကန် လှပါသည် ဘုရား။

“ကာမေသု ကာမစ္ဆန္ဒော= ကာမဂုဏ်တို့၌ လိုချင် တောင့်တမှု ကာမစ္ဆန္ဒ” ဟူ၍ ဘုရားရှင် မိန့်ကြားတော်မူခြင်းမှာ အဓိပ္ပါယ်လွန်စွာ ရှိပါသည် ဘုရား၊ လိုချင်မှုဆန္ဒသည် ကုသိုလ်ဆိုင်ရာ၌လည်း ရှိပါသည်။ အကုသိုလ်ဆိုင်ရာ၌လည်း ရှိပါသည်။ ကုသိုလ်ဆန္ဒကို ကာမုပါဒါန် ခေါ်၍ မရပါ။ အကုသိုလ်လောဘမူ စိတ်နှင့်ယှဉ်သော ဆန္ဒကိုသာ ကာမုပါဒါန် ခေါ်ရမည်ဟု ဘုရားရှင် ရှင်းပြတော်မူခြင်း ဖြစ်ပါသည်။

အဋ္ဌသာလိနီအဋ္ဌကထာ(၄၀၂) ၌ “ကာမစ္ဆန္ဒောတိ ကာမသင်္ခါတော ဆန္ဒော၊ န ကတ္တုကမျတာ ဆန္ဒော၊ န ဓမ္မစ္ဆန္ဒော = ကာမစ္ဆန္ဒ ဟူသည် စွဲမက်လိုလားတတ်သော တဏှာဟု ဆိုအပ်သော ဆန္ဒတည်း၊ ပြုခြင်းငှာ အလိုရှိအပ်သော ဆန္ဒ (ကတ္တုကမျတာ ဆန္ဒ) မဟုတ်၊ ကောင်းသောတရားကို လိုလားသော (ဓမ္မစ္ဆန္ဒ) မဟုတ်” ဟူ၍ အဋ္ဌကထာ ဆရာကလည်း ရှင်းပြထားပါသည် ဘုရား။

ကာမုပါဒါန်၏ အဓိပ္ပါယ်မှန်ကို လိုလားကြသူမှန်သမျှသည် ဘုရားရှင်နှင့် အဋ္ဌကထာဆရာတို့ ရှင်းပြထားသော ဤစကားများကို မလေးမစား ဘေးဖယ်ထား၍ မဖြစ်ပါ ဘုရား။ မလေးမစား ဘေးဖယ်ထားလျှင် အလွဲလွဲ အချော်ချော် အဓိပ္ပါယ်ဖော်မိကြမှာ ဧကန်ပင် ဖြစ်ပါသည်။

ဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ကာမဂုဏ် တရားတို့၌ သာယာစွဲလမ်းခြင်း သဘောသည် ကာမုပါဒါန် ဖြစ်ပါသည် ဘုရား၊ အဘိဓမ္မာ တရားကိုယ်အားဖြင့် အကုသိုလ်စင်စစ် ဖြစ်သော လောဘမူစိတ်နှင့် တွဲယှဉ်ဖြစ်ပေါ်သည့် လောဘစေတသိက်ကို ခေါ်ပါသည် ဘုရား။ ကုသိုလ်ကိစ္စပြုလုပ်ရန် လိုလားသော ဆန္ဒ၊ နိဗ္ဗာန်တရားကို လိုလားသော ဆန္ဒမျိုးသည် ကုသိုလ်ဆန္ဒသာ ဖြစ်ကြပါသည် ဘုရား၊ ကာမုပါဒါန်တရား မဟုတ်ပါဘုရား။

“မဟာဝိသယံ ဟိ တံ အဋ္ဌစိတ္တသမာယောဂါ = ထိုကာမုပါဒါန်သည် လောဘမူစိတ် ရှစ်ပါးနှင့် တွဲယှဉ်ခြင်းကြောင့် (ကျန် ဥပါဒါန်တရား သုံးပါးထက်) အရာကျယ်သည်” ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၂၀၅) ပါ စကားကို မေ့ထား၍ မဖြစ်ပါ ဘုရား၊ မေ့ထားလျှင် ဖြစ်စေ၊ မသိကြလျှင် ဖြစ်စေ၊ တစ်မျိုးမျိုး ဖြစ်နေလျှင် နိဗ္ဗာန်ချမ်းသာ လိုချင်မှုကိုပင် တဏှာလောဘအဖြစ် ကာမုပါဒါန်အဖြစ် ယူမှားတတ်ကြပါသည် ဘုရား။

ကုသိုလ်ဆန္ဒနှင့် အကုသိုလ်လောဘ ဤအခြေခံ သဘာဝနှစ်မျိုးကို ကွဲကွဲပြားပြား နားမလည်ကြပဲ အမြင်မှန်သဘာဝကို ရှာဖွေသည်ုဆိုလျှင် အမှန်မပေါ် အမှားကိုသာ ဖော်မိကြ၍ ဒိဋ္ဌုပါဒါန်ကြီးသာ ကြီးလာမည် ဧကန်ဖြစ်သည်ကို သတိပြုသင့်လှပါသည် ဘုရား။

ဒိဋ္ဌုပါဒါန်၏ အဓိပ္ပါယ်

သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဒိဋ္ဌုပါဒါန်ကို ဘုရားဟော ဒေသနာတော်နှင့်အညီ ယခုအခါ ရှင်းလင်းလျှောက်ထားပါမည် ဘုရား၊ စွဲစွဲလမ်းလမ်း ယူထားသော အယူမှားသည် ဒိဋ္ဌုပါဒါန်ဖြစ်ပါသည် ဘုရား။ (အယူမှား၌ စွဲလမ်းခြင်း၊ ဒိဋ္ဌုပါဒါန်) ဟူ၍ မူလပဏ္ဏာသပါဠိတော်(၆၈) ၌ ဘာသာပြန်ထားပါသည် ဘုရား။ အယူမှား၌ စွဲလမ်းခြင်း ဆိုသော စကားကို အထူးသတိပြုဖို့ အရေးကြီးပါသည် ဘုရား၊ အယူမှန်၌ စွဲမြဲခြင်းသည် ဒိဋ္ဌုပါဒါန် မဖြစ်၊ အယူမှား၌ စွဲလမ်းခြင်းသာ ဒိဋ္ဌုပါဒါန်ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည် ဘုရား။

“အပ္ပဝိသယာနိ ဣတရာနိ စတုစိတ္တသမာယောဂါ= ကျန် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်တို့သည် အကုသိုလ်လောဘမူ၊ ဒိဋ္ဌိဂတသမ္ပယုတ် စိတ် (၄) ပါးနှင့် တွဲယှဉ်ခြင်းကြောင့် ကာမုပါဒါန်လောက် အရာမကျယ်၊ အရာကျဉ်း၏” ဟူ၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၂၈၅) ၌ အဋ္ဌကထာဆရာက အသေအချာ ရှင်းပြထားပါသည် ဘုရား။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် သုံးမျိုးလုံးပင် အကုသိုလ်သက်သက် ဖြစ်ရုံမျှသာမက အမြင်မှားသော ဒိဋ္ဌိစေတသိက် တရား တစ်မျိုးတည်းကိုပင် နာမည်သုံးမျိုးခွဲကာ အသီးအခြား ခေါ်ဝေါ်ထားခြင်း ဖြစ်ပါသည် ဘုရား၊ ဤအကြောင်းနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ယူဆနိုင်အောင် မူလပဏ္ဏာသအဋ္ဌကထာ(ပ-၂၂၃) ၌ “သီလဗ္ဗတုပါဒါန၊ အတ္တဝါဒုပါဒါန ဝဇ္ဇဿ သဗ္ဗဒိဋ္ဌိကတေဿတံ အဓိဝစန = ဒိဋ္ဌုပါဒါန်ဟူသော ဝေါဟာရသည် သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဒိဋ္ဌိနှစ်မျိုးမှတစ်ပါး ကျန်မိစ္ဆာအယူမှားအားလုံး၏ ဝေါဟာရဖြစ်သည်။ (ကျန်မိစ္ဆာအယူမှားအားလုံးနှင့် ဆိုင်သော ဝေါဟာရဖြစ်သည်) ဟူ၍ ရှင်းပြထားပါသည် ဘုရား။

စွဲစွဲလမ်းလမ်း ယူထားသော အယူမှား ဒိဋ္ဌုပါဒါန်နှင့် ပတ်သက်၍ ဘုရားရှင်ကိုယ်တော်တိုင် ရှင်းလင်းဟောကြားထားပုံများကို ဆက်လက်လျှောက်ထားပါမည် ဘုရား။

ဒိဋ္ဌုပါဒါန်

ကတ္ထ ကတမံ ဒိဋ္ဌုပါဒါနံ = ထိုဥပါဒါန် လေးပါးတို့တွင် ပြင်းစွာ ယူတတ်၊ စွဲလမ်းတတ်သော အမြင်မှားမှု ဒိဋ္ဌုပါဒါန်ဟူသည် အဘယ်နည်း၊ ဘုရားရှင်သည် ဤသို့ မေးတော်မူပြီးလျှင် ကိုယ်တော်တိုင်ပင် ပြန်လည်ဖြေကြားခဲ့ပါသည်။

(၁) နတ္ထိဒိန္နံ - ပေးလှူရခြင်း အကျိုးသည် မရှိ။ (ဤသို့ ယူခြင်းသည် ဒိဋ္ဌုပါဒါန် ဖြစ်ပါသည်။)
(၂) နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော - ကောင်းစွာ ပြုအပ်၊ မကောင်းသဖြင့် ပြုအပ်သော ကောင်းမှု မကောင်းမှု ကံတို့၏ အကျိုးများ၊ အကျိုးဆက် ဖလ၊ အကျိုးရင်း ဝိပါက်သည် မရှိ။

(ဤသို့ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ခုဘဝ နောက်ဘဝ ဖြစ်ရမည့် အကျိုးတရားကို မယုံကြည်ခြင်းသည် ဒိဋ္ဌုပါဒါန် ဖြစ်ပါသည်။)

(၃) နတ္ထိ ပရော လောကော - တမလွန်လောကသည် မရှိ။

(သတ္တဝါများ သေဆုံးသွားပြီးနောက် ရောက်ရသော နတ်ဘုံ နတ်ဘဝကို မယုံကြည်ခြင်းသည် ဒိဋ္ဌုပါဒါန်၊ ဗြဟ္မာ့ဘုံ ဗြဟ္မာ့ဘဝကို မယုံကြည်ခြင်းသည် ဒိဋ္ဌုပါဒါန်၊ ငရဲဘုံ ငရဲဘဝ၊ ပြိတ္တာဘုံ ပြိတ္တာဘဝကို မယုံကြည်ခြင်းသည် ဒိဋ္ဌုပါဒါန်။)

သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခုတပည့်တော်များ လျှောက်ထားခဲ့သော ပါဠိတော်များမှာ ဓမ္မသင်္ဂဏီပါဠိတော်(၂၄၅) ၌ ရှိပါသည် ဘုရား။ တိုက်ရိုက်ဘာသာပြန်ဆိုချက်များမှာလည်း ဓမ္မသင်္ဂဏီ ပါဠိတော် မြန်မာပြန် စာမျက်နှာ (၄၄၄) မှ ဖြစ်ပါသည် ဘုရား။

သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
နတ် ဗြဟ္မာနှင့် ငရဲရှိသည်ဟု ယုံကြည်ခြင်းသည် ကုသိုလ်သဒ္ဓါတရား ဖြစ်ပါသည်ဘုရား။ အကုသိုလ်ဖြစ်သော ဥပါဒါန် အလွဲအမှား မဟုတ်ပါ။ ထေရဝါဒ ပိဋကတ်တော်များကို ဖြုတ်ထုတ်ပယ်နုတ်မှု မပြုပဲ ဆဋ္ဌသံဂါယနာအထိ သံဂါယနာ (၆) တန် တင်ထားပြီးသော ပါဠိပိဋကတ်တော်များနှင့် မြန်မာပြန်များကို မှန်ကန်သော သဒ္ဓါတရားဖြင့် ကြည့်လျှင် အတိအကျပင် သိကြမည် ဖြစ်ပါသည် ဘုရား။

သတ္တဝါများ သေဆုံးပြီးနောက် ရောက်ရသော နောက်ဘဝ (နတ်ဗြဟ္မာနှင့် ငရဲဘုံဘဝ) တို့ကို ယုံကြည်ခြင်းသည် ကုသိုလ်သဒ္ဓါတရား စစ်စစ်ဧကန် ဖြစ်နေကြောင်း အတိအကျ တွေ့ရသိရမည် ဖြစ်ပါသည် ဘုရား။

သီလဗ္ဗတုပါဒါန်၏ အဓိပ္ပါယ်

သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခု သီလဗ္ဗတုပါဒါန်၏ အကြောင်းကို လျှောက်ထားပါမည် ဘုရား-
တတ္ထ ကတမံ သီလဗ္ဗတုပါဒါနံ၊ ဣတော ဗဟိဒ္ဓါ သမဏဗြာဟ္မဏာနံ သီလေန သိဒ္ဓိ ဝတေန သုဒ္ဓိ သီလဗ္ဗတေန သုဒ္ဓီတိ ယာ ဧဝရူပါ ဒိဋ္ဌိ - ထိုဥပါဒါန်လေးပါးတို့တွင် နွား၊ ခွေး စသည်တို့၏ အလေ့အကျင့်ကို စင်ကြယ်၏ဟု ပြင်းစွာ ယူမှု စွဲလမ်းမှု သီလဗ္ဗတုပါဒါန် ဟူသည် အဘယ်နည်း။ ဤသာသနာတော်မှ အပြင်အပ ဖြစ်ကုန်သော ရဟန်း၊ ပုဏ္ဏား၊ သမဏ၊ ဗြာဟ္မဏတို့၏ နွား၊ ခွေး စသည်တို့၏ အလေ့သီလဖြင့် ကိလေသာမှ စင်ကြယ်၏၊ နွား၊ ခွေး စသည်တို့၏ အကျင့်ဝတ်ဖြင့် ကိလေသာမှ စင်ကြယ်၏၊ နွား၊ ခွေး စသည်တို့၏ အလေ့အကျင့် သီလဗ္ဗတဖြင့် ကိလေသာမှ စင်ကြယ်၏ဟု ဤသို့သဘောရှိသော အမြင်မှားမှုသည် သီလဗ္ဗတုပါဒါန် ဖြစ်ပါသည် ဘုရား။ (ဓမ္မသင်္ဂဏီ ပါဠိတော် မြန်မာပြန်-၄၄၅)

ဤပါဠိတော်၌ ဟောတော်မူထားသည့်အတိုင်း နွားလိုခွေးလို လေးဘက်ထောက်သွားခြင်း စသည်ကို ကိလေသာငြိမ်းကြောင့် အကျင့်ကောင်းအဖြစ် ယုံကြည်ခြင်းမျိုးသည် သီလဗ္ဗတုပါဒါန် ဖြစ်ပါသည်။ လွဲလွဲမှားမှား ကျင့်ခြင်းမျိုးဟု သာမညအားဖြင့် ပြောနိုင်ပါသည်။

ဘုရားရှင် ညွှန်ပြ ဆိုဆုံးမသည့်အတိုင်း နိဗ္ဗာန်ရောက်ကြောင်း ပါရမီကောင်းကို စုဆောင်းခြင်း၊ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း ဘာဝနာပွားများ အားထုတ်ခြင်းသည် ကုသိုလ်ပါရမီသာ ဖြစ်ကြောင်းကို သာသနာတော်ကို ကြည်ညိုသည့် သဒ္ဓါတရား နည်းနည်းပါးပါး ရှိသူပင်လျှင် သဘောပေါက်ပြီး ဖြစ်ပါသည်

လူ့ဘဝ၊ လူ့စည်းစိမ်၊ နတ်ဘဝ၊ နတ်စည်းစိမ် တောင့်တ၍ ဒါနပြုခြင်း သီလဆောက်တည်ခြင်းကိုပင် အကုသိုလ်ဟု မဆို၊ ဝဋ္ဋနိဿိတ ကုသိုလ် (သံသရာဝဋ်ကို မှီသော ကုသိုလ်) ဟုသာ ဆိုပါသည်။

ဝဋ္ဋနိဿိတ ကုသိုလ်၊ ဝဋ္ဋနိဿိတ ကုသိုလ် ဟူသော စကားများမှာ မြန်မာနိုင်ငံ တရားဟောလောက၌ မကြာမကြာ ထည့်ဟောထားသော စကားများ ဖြစ်ပါသည်။ သို့ပါလျက် နတ်စည်းစိမ်၊ နတ်ဘဝ၊ ဗြဟ္မာ့စည်းစိမ်၊ ဗြဟ္မာ့ဘဝ မှန်းဆ၍ ကုသိုလ်ပြုခြင်းကို အကုသိုလ်ဥပါဒါန် ဖြစ်လေဟန် ဟောပြောရေးသားခြင်းသည် မသိနားမလည်၍ ရမ်းရေးခြင်းလော၊ ဗုဒ္ဓဘာသာဝင်များက လှူဒါန်းပေးကမ်းမှု စသည်မပြုအောင် နည်းပရိယာယ်အားဖြင့် တားဆီးခြင်းလောဟု မေးစရာပင် ဖြစ်နေပါသည် ဘုရား။ လောလောဆယ် သူတို့လှုပ်ရှားမှုမျိုးစုံကို ကြည့်လျှင် နည်းပရိယာယ်အားဖြင့် တားဆီးခြင်းဟု ဆိုနိုင်ပါသည် ဘုရား။

သီးခြားဝိနည်းဓိုရ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် အဓမ္မဝါဒီသမား နောက်လိုက်များတို့သည် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့နှင့် ဆက်စပ်၍ ယုံကြည်မှုများစွာကို ဥပါဒါန်အစွဲဟုချည်း လွဲလွဲမှားမှား အဓိပ္ပါယ်တွေ ဖော်သွားကြခြင်းမှာ တစ်ခုတည်းသော ရည်ရွယ်ချက်မှ မြစ်ဖျားခံလာခြင်း ဖြစ်ပါသည် ဘုရား။ ထိုတစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဘုရားဟော ပါဠိတော် ဝေါဟာရမှန်များကို ဖျက်ဆီးပစ်ရေးပင် ဖြစ်ပါသည် ဘုရား။ ထို့ကြောင့် ဝေါဟာရမှန် အတော်များများကို သူတို့တစ်တွေ ကြိုးကြိုးစားစား ဖျက်ဆီးနေကြခြင်း ဖြစ်ပါသည် ဘုရား။ သူတို့ဖျက်ဆီထားသော အချို့သော ဝေါဟာရများကို တပည့်တော်များ ဆက်လက်လျှောက်ထားလိုပါသည် ဘုရား။

ဘဝတဏှာနှင့် ဝိဘဝတဏှာ

ရူပါရူပဘဝေ တဏှာ ဘဝတဏှာ = ရူပဗြဟ္မာဘဝ အရူပဗြဟ္မာဘဝ၌ တပ်မက်တတ်သော တဏှာသည် ဘဝတဏှာ ဖြစ်၏၊ အဋ္ဌသာလိနီအဋ္ဌကထာ(၃၉၈။)

ဥစ္ဆေဒ သင်္ခါတေ ဝိဘဝေတဏှာ ဝိဘဝတဏှာ = သတ္တဝါသေလျှင် ပြတ်သွားသည်။ ဘဝဆက်မဖြစ်တော့ဟု ယူဆသောအားဖြင့် ဘဝပြတ်ခြင်းဟု ဆိုအပ်သော ဝိဘဝ၌ တပ်မက်သော တဏှာသည် ဝိဘဝတဏှာမည်၏၊ (အဋ္ဌသာလိနီ၊ အဋ္ဌကထာ၊ ၃၉၈။)

သဿတဒိဋ္ဌိ သဟဂတော ဟိ ရာဂေ၊ ဘဝတဏှာတိ ဝုစ္စတိ = သဿတဒိဋ္ဌိ (လူသေလူဖြစ် မြဲ၏ စသော အယူမှား) နှင့် အတူတကွ ဖြစ်သော လောဘကို ဘဝတဏှာဟူ၍ ဆိုအပ်၏၊ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၀၂)

ဥစ္ဆေဒဒိဋ္ဌိ သဟဂတောတိ ရာဂေါ၊ ဝိဘဝတဏှာတိ ဝုစ္စတိ = ဥစ္ဆေဒဒိဋ္ဌိ (သေလျှင်ပြီးရော နောက်ဘဝမရှိဟု ယူသော အယူ) နှင့် အတူတကွဖြစ်သော လောဘကို ဝိဘဝတဏှာဟူ၍ ဆိုအပ်၏၊ (ဝိသုဒ္ဓိ၊ဋ္ဌ၊၂၊၂၀၂)

ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ ဟူသော ဝေါဟာရတို့၏ အနက်မှန်ကို ရှင်းလင်းတင်ပြပါမည် ဘုရား။

ကာမဘဝဟူသည်
(၁) ကာမဘုံ၌ ဖြစ်စေသော ကံ၊
(၂) ကံကြောင့် ဖြစ်သော အကျိုးဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်၊
(၃) ကာမ (၁၁) ဘုံ၊
(၄) ကာမဘုံ၌ အကျုံးဝင်သော စိတ်၊ စေတသိက်၊ ရုပ်များကို ခေါ်ပါသည် ဘုရား။
သာဓကသွင်း၍ ဆက်ရှင်းပါမည် ဘုရား။

တယော မေ အာဝုသော ဘဝါ ကာမဘဝေါ ရူပဘဝေါ အရူပဘဝေါ = ငါရရှင်တို့ ဘဝတို့သည် ကာမဘဝေ ရူပဘဝေ အရူပဘဝေဟု သုံးမျိုးတို့တည်း။ (မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ ပါဠိ၊ ၆၂) ကမ္မဉ္စ ဥပပတ္တိ စ ဥဘယမွေတမိဓ ကာမဘဝေါတိ ဝုတ္တံ။ ဧသနယော ရူပါရူပဘဝေသု (မ၊ဋ္ဌ၊၁၊၂၂၃) = ဤကံကို လည်းကောင်း၊ ကံကြောင့် ဖြစ်သော အကျိုးကိုလည်းကောင်း နှစ်ပါးစုံကို ကာမဘဝဟု ဆိုအပ်၏၊

ဤသာဓကများအရ ကာမဘုံ၌ ဖြစ်စေသော ကံနှင့် အကျိုးဝိပါက် နာမက္ခန္ဓာ ကဋတ္တာရုပ်များကို ကာမဘဝဟု ခေါ်ဆိုရပါသည် ဘုရား။

ယခု ကာမ (၁၁) ဘုံနှင့် ကာမဘုံ၌ အကျုံးဝင်သော စိတ် စေတသိက် ရုပ်များ ကာမဘဝမည်ကြောင်း သာဓကကို ထုတ်ပြပါမည် ဘုရား။

ကာမဘဝေတိ ကာမာဝစရေ။ ရူပဘဝေတိ ရူပါဝစရေ။ အရူပဘဝေတိ အရူပါဝစရေ။ (မဟာနိဒ္ဒေသ အဋ္ဌကထာ။ ၁၃၇)

ကာမဘဝဟူသည် ကာမဝစရတရား။ ရူပဘဝဟူသည် ရူပါဝစရ တရား။ အရူပဘဝဟူသည် အရူပါဝစရ တရားတို့တည်း။

ကာမဘဝဆိုတာ ဘာလဲ

“သော စတုန္နံ အပါယာနံ မနုဿာနံ ဆန္နဉ္စ ဒေဝလောကာနံ ဝသေန ဧကာဒသဝိဓော ပဒေသော “ကာမော ဧတ္ထ အဝစရတီ” တိ ကာမာဝစရော။ (အဘိ၊ဋ္ဌ၊၁၊၁၀၄) တတ္ထ ပရိယာပန္နေ ဓမ္မေ သန္ဓာယ သဗ္ဗေပိ ကာမာဝစရာ ဓမ္မာတိ ဝုတ္တံ။

အပါယ်လေးဘုံ လူ့ဘုံ နတ်ခြောက်ဘုံ တို့၏ အစွမ်းအားဖြင့် တစ်ဆယ့်တစ်ပါးသော အရပ်ကို “ကာမတရားနှစ်ပါး၏ ကျင်လည်ရာ ဖြစ်သောကြောင့် ကာမာဝစရဟု ဆိုအပ်၏” (ဘုံ-ကာမာဝစရ)

ထိုကာမဘုံ၌ အကျုံးဝင်သော စိတ် စေတသိက် ရုပ်တရားတို့ကို ရည်ရွယ်၍ အလုံးစုံသော ကာမာဝစရ တရားတို့ဟု ဆိုအပ်၏၊ (စိတ် စေတသိက် ရုပ်တို့ကို ကာမာဝစရ)

ဤပါဠိ အဋ္ဌကထာလာ စကားတို့ကို စစ်ထုတ် ညှိနှိုင်းယူလိုက်သောအခါ ကာမဘုံ၌ ဖြစ်စေတတ်သော ကံကိုလည်းကောင်း၊ ကံကြောင့် ဖြစ်သော အကျိုးဝိပါက် နာမက္ခန္ဓာ ကဋတ္တာရုပ်ကိုလည်းကောင်း၊ ကာမ (၁၁) ဘုံကိုလည်းကောင်း၊ ထို၌ အကျုံးဝင်သော စိတ် စေတသိက် ရုပ်များကိုလည်းကောင်း၊ ကာမဘဝဟူ၍ ခေါ်ဆိုရပါသည် ဘုရား။ ရူပဘဝ၊ အရူပဘဝတို့လည်း ထိုနည်းတူပင် ဖြစ်ပါ၍ အကျယ်သွင်း၍ ရှင်းမပြတော့ပါ ဘုရား။

ပု-ဒိ-အာ

ပုဗ္ဗေ နိဝါသောတိ ပုဗ္ဗေ အတီတဇာတီသု နိဝုတ္ထက္ခန္ဓာ။ (ပါရာဇိကဏ် အဋ္ဌကထာ၊ ပ။ ၁၂၈)
ပုဗ္ဗေ နိဝါသန္တိ သမနန္တရာတီတံ ဘဝံ အာဒိံ ကတွာ တတ္ထ တတ္ထ နိဝုတ္ထသန္တာနံ။
(ပါရာဇိကဏ် အဋ္ဌကထာ၊ ပ။ ၁၂၈)

ဤအဖွင့် သံဝဏ္ဏနာများအရ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော သတိနှင့်ယှဉ်သော ဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် မည်ပါသည်။

ဒိဗ္ဗသဒိသတ္တာ ဒိဗ္ဗံ။ပ။ ဣဒဉ္စပိ ဝီရိယဘာဝနာဗလနိဗ္ဗတ္တံ ဉာဏစက္ခု တာဒိသမေဝါတိ ဒိဗ္ဗသတ္တာ ဒိဗ္ဗံ။ ပါရဇိကဏ်အဋ္ဌကထာ(ပ-၁၃၂)

ဤအဖွင့် သံဝဏ္ဏနာများအရ နတ်မျက်စိကဲ့သို့ မြင်စွမ်းနိုင်သော ဉာဏ်သည် ဒဒိဗ္ဗစက္ခုဉာဏ် မည်ပါသည် ဘုရား။

အရဟတ္တမဂ္ဂေါ ဟိ အာသဝဝိနာသနတော အာသဝါနံ ခယောတိ ဝုစ္စတိ။ (ပါရဇိကဏ်အဋ္ဌကထာ(ပ-၁၃၆)

အာသဝတို့ကို ဖျက်ဆီးတတ်သော အရဟတ္တမဂ်ဉာဏ်သည် အာသဝတို့ကို ကုန်စေတတ်သောကြောင့် အသဝက္ခယဉာဏ် မည်ပါသည်။

သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ထုတ်ဝေသော “အမှန်တရားသုတေသန အမှတ် (၁) စာစောင်” စာမျက်နှာ (၇)လာ ပုဗ္ဗေနိဝါသ စသည့် ဖွင့်ဆိုချက်တို့မှာ အမှန်တရားကို ရှောင်ရှား၍ အမှားများကို သုတေသသနပြုထားသော စကားများသာ ဖြစ်ပါသည် ဘုရား။

နတ်နှင့်ငရဲ

နတ်ဆိုသည့်ပါဠိစကားမှာ မြန်မာလို စည်းစိမ်ခံစားခြင်းကို ခေါ်၏ဟု စုဒိတကပုဂ္ဂိုလ်တို့ဆိုခြင်းမှာ ကျမ်းဂန်ကို ကျကျနန မသိရှိဘဲ ပြောသံကြားနှင့် ဖြန်းတောရမ်းတော လုပ်ထားခြင်းဖြစ်ကြောင်း ကျမ်းတတ်ပုဂ္ဂိုလ်များက သိကြပါသည်၊ “နာထ” ပါဠိမှ နတ်ဟူသော မြန်မာဝေါဟာရ ရသည်ဟု ဝေါဟာရဗေဒပညာရှင်တို့က ဆိုပါသည်၊ “ဒိဗ္ဗ” ဟူသော ပါဠိသည် ကာမဂုဏ်ငါးပါးဖြင့် ထွန်းပခြင်းဟု အဓိပ္ပါယ် ရှိပါသည်၊ နတ်တို့သည် ဒါနရှင် သီလရှင် များဖြစ်၍ ချမ်းသာစွာ နေရသည်ကို ရည်ညွှန်းပါသည်။

ယခု ငရဲရှစ်ထပ် ဝေါဟာရမှန်ကို ဇာတကအဋ္ဌကထာ၊ ပဉ္စမအုပ်(၂၈၇)၌ လာသည့်အတိုင်း ရှင်းပြပါမည် ဘုရား။

(က) ပုနပ္ပုနံ သဉ္ဇီဝန္တိ ဧတ္ထာတိ သဉ္ဇဝေါ= ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံရသော်လည်း မသေနိုင်ဘဲ အဖန်ဖန် အသက်ရှင်သကဲ့သို့ ခံနေရသော ငရဲသည် သဉ္ဇီဝငရဲ မည်၏၊
(ခ) ဇလိတပထဝိယံ ပတိတေ ဇလိတကာလသုတ္တံ ပါတေတွာ။ ပ။ ကရောန္တာ ဧတ္ထ တစ္ဆန္တီတိ ကာဠသုတ္တော= အလျှံတောက်သောမြေ၌ လဲကျသူတို့ကို သစ်ရွေသမားတို့ မျဉ်းသား၍ ခုတ်သကဲ့သို့ ခုတ်ရွေခြင်း ခံရရာအရပ်သည် ကာဠသုတ်ငရဲ မည်၏၊
(ဂ) မဟန္တာ ဇလိတအယပဗ္ဗတာ ဃာတေန္တိ ဧတ္ထာတိ သံဃာတော = အလျှံပြောင်ပြောင် သံတောင်ကြီးတို့ ဖိညှပ်နှိပ်စက်ရာ အရပ်သည် သံဃာတ မည်၏၊
(ဃ) ဥဘယတ္ထပိ ပစ္စန္တာ သတ္တာ မဟာဝိရဝံ ဝိရဝန္တီတိ ဒွေပိ ရောရုဝါတိ ဝုတ္တာ = ဒွါရကိုးပေါက်မှ မီးလျှံများ ဝင်ရောက်လောင်ကျွမ်းသဖြင့် အော်ဟစ်ခံနေရသော အရပ်သည် ဇာလရောရုဝ မည်၏၊
(င) ဒွါရကိုးပေါက်မှ အခံရဆိုးသည့် မီးခိုးများ ဝင်ရောက် မွှေနှောက်သဖြင့် အော်ဟစ်ခံနေရသော အရပ်သည် ဓူမရောရုဝ မည်၏၊
(စ) နိစ္စလေ သတ္တေ တာပေတီတိ တာပနော = မတုန်မလှုပ် သံတံကျင်လျှို ထားသော သတ္တဝါတို့ကို ပူလောင်စေရာ အရပ်သည် တာပန မည်၏၊
(ဆ) အတိပိယ တာပေတီတိ ပတာပနော = အလွန်အကြူး အထူးပူလောင် စေရာ အရပ်သည် ပတာပန မည်၏၊
(ဇ) ဇာလာနံ ဝါ ပစ္စနသတ္တာနံ ဝါ တေသံ ဒုက္ခဿ ဝါ ဝီစိ အန္တရံ နတ္ထိ ဧတ္ထာတိ အဝီစိ= ငရဲမီးလျှံတို့၏ လည်းကောင်း၊ ငရဲသားသတ္တဝါတို့၏လည်းကောင်း၊ ငရဲသားသတ္တဝါတို့၏ ဆင်းရဲ၏လည်းကောင်း အပေါက်အကြား မရှိခြင်းကြောင့် အဝီစိ မည်၏၊
ဤကား ငရဲကြီးရှစ်ထပ်၏ အမှန်အကန် ဝေါဟာရ ဖော်ဆောင်ချက် ဖြစ်ပါသည် ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
စုဒိတကတို့ ဖျက်ဆီးထားသော ပါဠိဝေါဟာရများမှာ များစွာကျန်ပါသေးသည်၊ ထိုအဖျက်ခံ ဝေါဟာရများ၏ မှန်သောအဓိပ္ပါယ်ကို ဖော်ထုတ်ဖို့ လိုအပ်ပါကလည်း သာသနမာမက ဓမ္မမာမက ဖြစ်တော်မူကြသော ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်များက စီစဉ်ဆောင်ရွက်ပေးတော်မူကြပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

အချုပ်အားဖြင့် လျှောက်ထားရပါလျှင် ဥပါဒါန်ဟူသည် အကုသိုလ်ဖြစ်သော လောဘနှင့် ဒိဋ္ဌိတရားသာ ဖြစ်သည်၊ လောဘနှင့် လိုချင်မှု ဒိဋ္ဌိနှင့်အမြင်မှားမှု ဥပါဒါန် ဖြစ်သည်၊ အကုသိုလ် မဟုတ် ကုသိုလ်သာ ဖြစ်သော (ဝါ) အပြစ်မရှိ ကောင်းသော သဘောသာ ဖြစ်သော ဆန္ဒ(လိုချင်မှုမျိုး)ကား ဥပါဒါန်မဟုတ်၊ ဤသည်ကား သံဂါယနာ (၆) တန်တင် ပိဋကတ်တော်အရ အနက်မှန် အဓိပ္ပါယ်မှန် ဖြစ်ပါသည်၊ တစ်နည်းအားဖြင့် အဘိဓမ္မာတတ်သူတို့ သိသည့် အသိ ဖြစ်ပါသည်၊ ထို့ကြောင့် တွေ့ကရာ ဥပါဒါန် ဖြစ်နေခြင်းကား အဘိဓမ္မာအခြေခံမဲ့သော လမ်းပေါ်ကလူများ၏ တရားနှင့်ဆန့်ကျင်သော စကားသာဖြစ်ပါသည် ဘုရား၊ ဤအချက်ကိုပေါ်လွင်အောင် ဆုံးဖြတ်ပေးပါရန် လျှောက်ထားပါ သည် ဘုရား။

ဝိသေသစောဒနာ အမှတ်(၁၆)

၁၆။ ထေရဝါဒ ပိဋကတ်လာ အရိယာနှင့်နိဗ္ဗာန်ကို စိတ်ကူးယဉ် လူသေလူဖြစ် အယူအဆနှင့် ကိုက်ညီအောင် ပြင်ဆင်ဖွင့်ဆို ရေးသားခြင်း စောဒနာဆိုင်ရာ ဝိသေသစောဒနာပါ ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ထေရဝါဒ ပိဋကတ်တော်တို့၌ အရိယာဟူသော ပုဒ်ကို ဤကဲ့သို့ ဖွင့်ဆိုထားပါသည်-
အရိယ။ (တိ) [(၁) အာရကာသဒ္ဒါကို နိရုတ္တိနည်းဖြင့် အရိယပြု ကိလေသာနံ အာရကတ္တာ အရိယော နိရုတ္တိနယေန။ သာရတ္ထ၊၁၊၁၇၁၊(သီ၊ဋီ၊သစ်၊၂၊၂၉၀။) (ဒီ၊ဋီ၊၂၊၃၄၂။) (မ၊ဋီ၊၁၊၁၉၆။) ကိလေသေဟိ အရကာတိ အရိယော ယဒါဒိနာ အာရကာသဒ္ဒဿ အရိယာဒေသော။ သူစိ၊ ၃၉။
(၂) အယ+ဣရိယ+အ။ နိရုတ္ထိနည်းဖြင့် အရိယပြု၊ (မ၊ဋီ၊၁၊၆၂။) (သံ၊ဋီ၊၂၊၂၀၂-၃၊) (မူလ၊ဋီ၊၁၊၁၆၂။) ပါရာဇိကဏ် ဂဏသစ်၊၁၊၃၄၊ တို့ကြည့်။
(၃) အရိ+ ဟန+ ကွိ။ ကိလေသာရယော ဟနဟီတိ အရဟော။ သော ဧဝ အရိယော။ ဓာန်၊ ဋီ၊ ၄၃၅။
(၄) အရ+ဏျ။ အရ ဂမနေ ဝါ။ အရတိ အဓိဂစ္ဆတိ မဂ္ဂဖလဓမ္မေတိ အရိယော။ ဓာန်၊ ဋီ၊ ၄၃၅။ အရ ဂမနေ၊ ဏျော၊ ဣကာရာဂမော။ ဓာန်၊ ဋီ၊ ၆၉၃-၆၊ အာယီ-သံ]
ဤ ပြဆိုလျှောက်ထားချက်များသည် တိပိဋက ပါဠိ မြန်မာအဘိဓာန် အတွဲ-၃၊ စာမျက်နှာ ၅၃၀-မှ ဖြစ်ပါသည် ဘုရား။

ဤအဘိဓာန်အနေအားဖြင့် အရိယဆိုသောပုဒ်သည်
(၁) အာရကာသဒ္ဒါမှ အရိယ ဖြစ်လာသည်။
(၂) အယ ပုဒ်+ဣရိယ ပုဒ်+ အ ပစ္စည်းအားဖြင့် အရိယ ဖြစ်လာသည်။
(၃) အရဟ ပုဒ်က အရိယ ဖြစ်လာသည်။
(၄) အရပုဒ် ဏျပစ္စည်းအားဖြင့် အရိယ ဖြစ်လာသည်ဟု ဆိုပါသည်။
ထိုကဲ့သို့ ဖြစ်လာသော ထိုအရိယသဒ္ဒါ၏ အနက်များကို ထိုတိပိဋက ပါဠိ-မြန်မာအဘိဓာန်ကျမ်းကြီး၌ ဆက်လက် ပြဆိုထားပါသည်။

အရိယဆိုသည်မှာ
(၁) (က) အပြစ်မရှိ အပြစ်ကင်းသော၊ ကောင်းသော။
(ခ) ကိလေသာတို့မှ ကင်းဝေး-စင်ကြယ်-သော၊ ဖြူစင်သော မြင့်မြတ်သော။
(ဂ) နိဗ္ဗာန်ကို အလိုရှိသောသူတို့သည် သိအပ်-ရောက်အပ်-သော။
(ဃ) မချွတ်မယွင်း-မှန်ကန်-သော။
(င) ဆုတ်ယုတ်ပျက်စီးကြောင်း တရား၌ မဖြစ်တတ်သောသူ။
(စ) သတ္တဝါတို့အား ကောင်းသောကျင့်ဝတ်ကို သင်ယူစေတတ် သင်ပေးတတ်သောသူ။

(၂) အရိယာပုဂ္ဂိုလ်-
(က) ကိလေသာတို့မှ ကင်းဝေးသော, အကျိုးစီးပွားမဲ့ကို မဖြစ်စေတတ်သော, အကျိုးစီးပွားကို ဖြစ်စေတတ်သော သတ္တလောကသည် ကိုးကွယ်ရာဟူ၍ ဆည်းကပ်အပ်သော ကိလေသာရန်သူကို သတ်တတ်သော မဂ်ဖိုလ်တရားကို ရသော-ဖြူစင်သန့်ရှင်းသော ပုဂ္ဂိုလ်၊ ပဋိဝေဓအရိယာပုဂ္ဂိုလ်။
(ခ) ကောင်းသော အကျင့်ရှိသော, အကျင့်ကောင်းသော ပုဂ္ဂိုလ်၊ အာစာရ အရိယာပုဂ္ဂိုလ်
စသည်ဖြင့် ပြဆို ထားပါသည် ဘုရား။

အရိယာဆိုသည်မှာ အာစာရအရိယာ၊ ဒဿနအရိယာ၊ လိင်္ဂအရိယာ၊ ပဋိဝေဓအရိယာ ဟူ၍ လေးမျိုးရှိကြောင်း ကို ဇာတကဋ္ဌကထာ ဒုတိယအုပ် နှာ-၂၅၆ ၌ ဆိုထားပါသည်၊ ပဋိဝေဓအရိယာ ဆိုသည်မှာ အကျဉ်းအားဖြင့် မဂ္ဂဋ္ဌာန် လေးယောက်, ဖလဋ္ဌာန်လေးယောက်တို့ ဖြစ်ပါသည်။

ဤကဲ့သို့ မြင့်မြတ်သော သူတော်စင် အရိယာသခင်များကို ဗုဒ္ဓသာသနာတော်၌ အလေးဂရုပြု၍ တန်ဖိုးထားခဲ့ကြပါသည်၊ ဤကဲ့သို့ အလေးဂရုပြု၍ တန်ဖိုးထားအပ်သော အရိယာသခင်များကို ပံပျက်ပန်းပျက် ဖြစ်အောင် ကပ်သီး ကပ်သပ် ဖျက်ဆီးကြပါသည် ဘုရား၊ “အရိယာဆိုတဲ့ စကားကို ပုဒ်ခွဲလိုက်တော့ အရ+ဣယ+အာ ဆိုတဲ့ ပုဒ်သုံးခုကို စပ်ထားတာ ဖြစ်တယ်၊ ဒီသုံးပုဒ်မှာ အရ-က= လူအမေ၊ ဣယ-က= လူအဖေ၊ အာ= လုပ်တာ၊ လူအမေ လူအဖေတွေ လုပ်လို့ဖြစ်တာ အရိယာ” လို့ ဆိုလိုတယ်ဟု ရေးသားကြသည်မှာ ဗုဒ္ဓသာသနာအား တရားလွန် စော်ကားခြင်းသာဖြစ်ကြောင်း လျှောက်ထားလိုပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌဝါဒီ သမ္မာဒိဋ္ဌိအဖွဲ့သားများသည် အရိယာကိုသာ ဖျက်ဆီးရုံမက နိဗ္ဗာန်၏ သဘောတရားကိုလည်း မဟုတ်မမှန် လုပ်ကြံဖျက်ဆီး ရေးသားထားကြပါသည် ဘုရား၊ နိ+ဝါန အရ နိဗ္ဗာန်ဆိုသော ပုဒ်၌ ဤဘဝနှင့် ထိုဘဝ ချုပ်စပ်တတ်သော ဝါနမည်သော တဏှာ မရှိသောကြောင့် နိဗ္ဗာန်ဟု အမှန်ဖြစ်ပါသည်၊ “ဝါန” ကို အကြောက်-အလို၊ နိ-မရှိခြင်း၊ ကင်းခြင်းဟူသော အဓိပ္ပါယ်မှာ ငရဲကြောက်ခြင်း၊ နတ်ပြည်ကို လိုချင်ခြင်း မရှိတာလို့ ဆွဲယူထားပါသည်၊ ထေရဝါဒ ပိဋကတ်တော်နဲ့ အလွန် ဆန့်ကျင်တဲ့စကား ဖြစ်ပါသည် ဘုရား။

ထို့ပြင်လည်း ဤခန္ဓာကိုယ်တည်းဟူသော ရုပ်တရား ရူပက္ခန္ဓာတွင် ဝေဒနာသညာ သင်္ခါရ ဝိညာဏဟူသော အရူပက္ခန္ဓာဂုဏ်နှင့် နိဗ္ဗာန်ဟူသော ဂုဏ် ၂-မျိုး ရှိလေသည်ဟု ဆိုထားခြင်းသည်လည်း အလွန်မှပင် မဟုတ်တရုတ်နိုင်လှသောစကားများ ဖြစ်ပါသည်၊ ခန္ဓာကိုယ်ဟာ ရုပ်တရားချည်းသက်သက် မဟုတ်ပါ၊ ရူပက္ခန္ဓာချည်းသက်သက် မဟုတ်ပါ၊ ထိုရုပ်တရားတွင် ဝေဒနာ-သညာ သင်္ခါရ ဝိညာဏနှင့် နိဗ္ဗာန် တည်ရှိသည် ဆိုတာဟာလည်း ထိုနည်းတူ မဟုတ်တရုတ် ဗလုဿုက္ကစကားများ ဖြစ်ပါသည်။

ရုပ်တရားနှင့် နာမ်တရားတို့သည် အကြောင်းအားလျော်စွာ သဟဇာတ (အတူဖြစ်ဖက်)မျိုး, တည်ရာမှီရာ (နိဿယ)မျိုး, အားကြီးသော တည်ရာမှီရာ (ဥပနိဿယ)ဖြစ်ဖက်မျိုးတို့ ဖြစ်ကြပါကုန်သည် ဘုရား၊ နိဗ္ဗာန်တရားတော်မြတ်သည် ရုပ်တရားမှာ တည်နေခြင်းဆိုတာကတော့ လုံးဝ ထေရဝါဒပိဋကတ်တော်နှင့် မကိုက်ညီပါ ဘုရား၊ နိဗ္ဗာန် သည် သတ္တဝါတို့၏ အဇ္ဈတ္တ၌ ရရှိအပ်သောတရားမျိုး မဟုတ် အပ၌သာ ရရှိအပ်သော ဗဟိဒ္ဓတရားမျိုးသာဖြစ်ကြောင်း ဓမ္မသင်္ဂဏီပါဠိတော်၌ “ဗဟိဒ္ဓါ ဓမ္မာ” ဟု ဟောတော်မူထားပါသည် ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌနှင့် နောက်လိုက် သမ္မာဒိဋ္ဌိအဖွဲ့သားများသည် ထေရဝါဒပိဋကတ်တော်ကို လုံးဝ နားမလည်သူများသာ ဖြစ်ကြပါသည်၊ နားလည်အောင်လည်း သဒ္ဓါတရားဖြင့် သင်ကြားသူများ မဟုတ်ကြပါ၊ ထေရဝါဒ ပိဋကတ်ပါဠိတော်များကို အနည်းငယ်မျှ လေ့လာဖူးလျှင်လည်း ထိုသို့ လေ့လာကြခြင်းများသည် ချုပ်ချယ်လို၍ တစ်ဘက်ကို အပြစ်ရှာလို၍ လေ့လာသင်ကြားခြင်း အလဂဒ္ဒူပမပုဂ္ဂိုလ်များသာ ဖြစ်ကြပါသည်၊ အကြောင်းမှာ နိဗ္ဗာန်၏ ချမ်းသာကို တမင်တောင့်တခံစားလို၍ အားထုတ်ပါက (ဤနိဗ္ဗာန် အလိုသည် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ရပေမည်)ဟု ဆိုထားကြသောကြောင့် ဖြစ်ပါသည်။

အဘိဓမ္မာပိဋက ဓမ္မသင်္ဂဏီပါဠိတော်၌ နိဗ္ဗာန်ကို အနုပါဒိဏ္ဏအနုပါဒါနိယ ဓမ္မဟု ဟောကြားတော်မူခဲ့ပါသည်၊ တဏှာဒိဋ္ဌိတို့ ကပ်အပ်သော ကံသည် အကျိုး၏အဖြစ်ဖြင့်လည်း မယူအပ်၊ ဥပါဒါန်တို့၏ အစီးအပွား အာရုံလည်း မဟုတ်သော တရား-ဟု လာရှိပါသည်၊ ကာမဆိုသော တဏှာ၏ အလိုဖြင့် ရနိုင်သော နိဗ္ဗာန် မဟုတ်ပါ။

ထို အဘိဓမ္မာ ဓမ္မသင်္ဂဏီပါဠိတော်၌ပင်-
ကတမေ ဓမ္မာ အနုပါဒိဏ္ဏအနုပါဒါနိယာ၊ အပရိယာပန္နာ မဂ္ဂါ စ မဂ္ဂဖလာနိ စ အသင်္ခတာ စ ဓာတု၊ ဣမေ ဓမ္မာ အနုပါဒိဏ္ဏအနုပါဒါနိယာ။ (အဘိ၊၁။ ၂၀၆။)

မြန်မာပြန်

အဘယ်တရားတို့သည် အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံသည် (အကျိုး၏ အဖြစ်ဖြင့်) မစွဲယူလည်း မစွဲယူအပ်ကုန်သည်ဖြစ်၍ လွန်စွာ စွဲလမ်းတတ်သော ဥပါဒါန်တရားတို့၏ အစီးအပွား (အာရုံ) လည်း မဟုတ်သော အနုပါဒိဏ္ဏအနုပါဒါနိယတရားတို့ ဖြစ်ကုန်သနည်း၊ (တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏ အကျိုးလည်းမဟုတ်၊ ဥပါဒါန်တို့၏ အာရုံလည်းမဟုတ်သော တရားများကား အဘယ်နည်း) ဘုံသုံးပါး၌ အကျုံးမဝင် ကုန်သော (လောကုတ္တရာဖြစ်သော) မဂ်တို့သည်လည်းကောင်း ကိလေသာတို့ကိုသတ်လျက် နိဗ္ဗာန်သို့ သွားတတ်သော မဂ်၏ အကျိုး(ဖိုလ်) တို့သည်လည်းကောင်း (ကံ-စိတ်-ဥတု-အာဟာရ-ဟူသော အကြောင်းတရားတို့) မပြုပြင်အပ်သော သဘော “အသင်္ခတဓာတ်” (နိဗ္ဗာန်) သည်လည်းကောင်း ရှိ၏၊ ဤတရားတို့သည် (တဏှာဒိဋ္ဌိတို့ အာရုံပြုအပ်သည့် ကံ၏အကျိုးလည်း မဟုတ်၊ ဥပါဒါန်တို့၏ အာရုံလည်းမဟုတ်သော) အနုပါဒိဏ္ဏ အနုပါဒါနိယ တရားတို့ ဖြစ်ကုန်၏၊ (အဘိ၊မြန်၊၁၊၃၆၉။)

စတ္တာရော မဂ္ဂါ အပရိယာပန္နာ စတ္တာရိ စ သာမညဖလာနိ နိဗ္ဗာနဉ္စ။ (ကာမ၊ ရူပ၊ အရူပ) ဘုံသုံးပါး၌ အကျုံးမဝင်ကုန်သော မင်္ဂလေးပါး၊ ထို့ပြင် ဖိုလ်လေးပါး၊ ထို့ပြင်နိဗ္ဗာန်သည်ရှိ၏၊ ၎င်းဓမ္မသင်္ဂဏီပါဠိတော်၌ ဟောတော်မူပါသည် ဘုရား။ (အဘိ၊၁၊၂၆၇။)

ထိုမှတပါး နိဗ္ဗာန်၏ဂုဏ်တော်ပုဒ် တခုဖြစ်သော “အနုပါဒါပရိနိဗ္ဗာန” ဟူသောပုဒ်ကို တိပိဋက ပါဠိမြန်မာ အဘိဓာန်ကျမ်းကြီးက တစ်စုံတစ်ခုသောတရားကို တဏှာဒိဋ္ဌိတို့ဖြင့် မယူမူ၍ ချုပ်ငြိမ်းခြင်း ချုပ်ငြိမ်းသောတရား၊ နောင်အခါ ပဋိသန္ဓေ၏ အကြောင်းမဖြစ်သော ချုပ်ငြိမ်းခြင်း ချုပ်ငြိမ်းသောတရားဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည် ဘုရား။

ဤကဲ့သို့ ထေရဝါဒပိဋကတ်တော်များ၌ နိဗ္ဗာန်သည် တဏှာဒိဋ္ဌိတို့၏ အာရုံ မဟုတ်၊ တဏှာဒိဋ္ဌိတို့ဖြင့် မရအပ်၊ မသိအပ်သော တရားအဖြစ် ဟောကြားတော်မူပါလျက် ကာမနှင့်ယှဉ်သော အလိုသာ ဖြစ်ရပေမည်ဟု ဆိုထားခြင်းသည် မိစ္ဆာဝါဒီ အဓမ္မဝါဒီတို့၏ မိစ္ဆာဝါဒ အဓမ္မဝါဒသာဖြစ်ပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၁၇)

၁၇။ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ ဩဝါဒပေးဆရာကြီး လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာလက်သစ်နှင့် စပ်လျဉ်း၍ ဝိသေသ စောဒနာချက်ပါ ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ ဓမ္မစကြာလက်သစ်နှင့် ပတ်သက်၍ လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် မဟုတ်မဟတ် လုပ်ဇာတ်ခင်းကာ အနက်ပေးခဲ့ပုံများနှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ နာယကကြီးတစ်ဦးဖြစ်သူ အဘိဓမ္မာ ဆရာစိန် ဆိုသူ၏ ကိုယ်လိုရာကိုယ်ဆွဲ အနက်ပေးထားပုံများကို မူလစောဒနာလွှာ အမှတ်(၁၇)တွင် ဖော်ပြစောဒနာထားပြီးခဲ့ပါပြီ ဘုရား။

သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့၏ ဓမ္မစကြာ, အနတ္တလက္ခဏသုတ်, ပဋိစ္စသမုပ္ပါဒ် တစ်စိတ် တစ်ဒေသတို့ကိုသာ ဘုရားဟောဟု ဟောပြောဖြန့်ဝေထားသော စာအုပ်, စာတမ်း, စာစောင်, တိတ်ခွေ စသည်တို့ကို (စာပေစိစစ်ရေးသို့ မတင်ကြဘဲ တိတ်တဆိတ် ဖြန့်ဝေထားသော လက်ကမ်းစာစောင် စာအုပ်များပါ မကျန်) စုဆောင်းရှာဖွေ၍ ဤရုံးတော်သို့ သက်သေခံအထောက်အထားအဖြစ် တင်ပြပြီး မူလစောဒနာလွှာတွင် တင်ပြလျှောက်ထား စောဒနာပြီးပါပြီ ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဋ္ဌနှင့် အပေါင်းအပါတို့ နှစ်သက်လှပါသည်, မြတ်နိုးလှပါသည် ဆိုသော ဓမ္မစကြာကိုလည်း လူသေလူဖြစ်ဝါဒနှင့် ကိုက်ညီအောင် ဒိဋ္ဌဓမ္မော စသော ပါဠိပုဒ်များကို ကိုယ်လိုရာ ကိုယ်ဆွဲ အနက်ပေးထားကြကြောင်း လျှောက်ထားခဲ့ပြီး ဖြစ်ပါသည်၊ ဘုရားရှင်၏ အလိုတော်ကျ အနက်ပေးရမည်ကို အဘယ့်ကြောင့် ကြောက်ရွံ့၍ နောက်တွန့်နေကြကြောင်းများကို ၎င်းတို့၏ အဓမ္မဝါဒကို စစ်ဆေးဆုံးဖြတ်သောအခါ အထင်းသား ပေါ်လာမည် ဖြစ်ပါသည် ဘုရား။

ဤနေရာတွင်-
ဒိဋ္ဌဓမ္မော စသော ဓမ္မစကြာပါဠိပုဒ်များကို ဗုဒ္ဓမြတ်စွာ အလိုတော်ကျ ဆရာတော်ဦးဗုဓ် အနက်ပေးထားပုံများကို ဆက်လက်လျှောက်ထား ဖော်ပြခွင့်ပြုပါ ဘုရား။
(၁) ဒိဋ္ဌဓမ္မော၊ မြင်အပ်ပြီးသော သစ္စာတရား ရှိသည် ဖြစ်၍။
(၂) ပတ္တဓမ္မော၊ ရောက်အပ်ပြီးသော သစ္စာတရား ရှိသည် ဖြစ်၍။
(၃) ဝိဒိတဓမ္မော၊ သိအပ်ပြီးသော သစ္စာတရား ရှိသည် ဖြစ်၍။
(၄) ပရိယောဂါဠှဓမ္မော၊ ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရား ရှိသည် ဖြစ်၍။
(၅) တိဏ္ဏဝိစိကိစ္ဆော၊ ကူးမြောက်ပြီးသော တစ်ဆယ့်ခြောက်ပါးသော ယုံမှားခြင်း၊ ရှစ်ပါးသော ယုံမှားခြင်း ရှိသည် ဖြစ်၍။
(၆) ဝိဂတကထံကထော၊ သို့လော သို့လော တွေးတောယုံမှားခြင်း ကင်းသည် ဖြစ်၍။
(၇) သတ္ထုသာသနေ၊ မြတ်စွာဘုရား သာသနာတော်၌၊ ဝေသာရဇ္ဇပ္ပတ္တော၊ ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍။
(၈) အပရပ္ပစ္စယော၊ ကိုယ်တိုင်မျက်မှောက် သိမြင်အပ်သောကြောင့် သူတပါးတို့အား ယုံကြည်ခြင်း မဖြစ်မူ၍။
ဤ၌ “သစ္စာတရား” ဟူသည် အထက် ဓမ္မစကြာတရားစာကိုယ်၌ ဟောကြားထားသော ဒု-သ-နိ-မ သစ္စာ လေးပါး ဖြစ်ပါသည်။

ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
အထက်ဖော်ပြပါ ဒိဋ္ဌဓမ္မော စသော ပုဒ်တို့၏ ဘုရားရှင်အလိုကျအနက်များကို အောက်ပါ အဋ္ဌကထာဖွင့်နှင့်အညီ ဖော်ပြထားခြင်း ဖြစ်ပါသည် ဘုရား။

ဒိဋ္ဌော အရိယသစ္စဓမ္မော ဧတေနာတိ ဒိဋ္ဌဓမ္မော။ ဧသ နယော သေသပဒေသုပိ။ တိဏ္ဏာ ဝိစိကိစ္ဆာ အနေနာတိ တိဏ္ဏဝိစိကိစ္ဆော။ ဝိဂတာ ကထံကထာ အဿာတိ ဝိဂတကထံကထော။ ဝေသာရဇ္ဖပ္ပတ္တောတိ ဝေသာရဇ္ဇံ ပတ္တော၊ ကတ္ထ သတ္ထုသာသနေ။ နာဿ ပရော ပစ္စယော န ပရဿ သဒ္ဓါယ ဧတ္ထ ဝတ္တတီတိ အပရပ္ပစ္စယော။ (မ၊ဋ္ဌ၊၃၊၆၆။)

မြန်မာပြန်

မြင်အပ်ပြီးသော အရိယသစ္စာတရား ရှိသည်၏ အဖြစ်ကြောင့် သောတာပန်သည် ဒိဋ္ဌိဓမ္မ မည်၏၊ ကြွင်းသော ပတ္တဓမ္မ, ဝိဒိတဓမ္မ, ပရိယောဂါဠှဓမ္မ ပုဒ်တို့၌လည်း ဤအစီအရင်အတိုင်းပင်တည်း၊ လွန်မြောက်အပ်ပြီးသော ဝိစိကိစ္ဆာ ရှိသည်၏ အဖြစ်ကြောင့် သောတာပန်သည် တိဏ္ဏဝိစိကိစ္ဆာ မည်၏၊ ကင်းသော အဘယ်သို့ပါလိမ့်ဟု ပြောဆိုကြောင်း ဝိစိကိစ္ဆာ ရှိသည်၏ အဖြစ်ကြောင့် သောတာပန်သည် ဝိဂတကထံကထ မည်၏၊ ဝေသာရဇ္ဇပ္ပတ္တ ဟူသည်ကား ကင်းသော ရွံ့ရှားခြင်းရှိသူ၏ အဖြစ်သို့ ရောက်သနည်း၊ မြတ်စွာဘုရား၏ သာသနာတော်၌ ကင်းသော ရွံ့ရှားခြင်းရှိသူ၏ အဖြစ်သို့ ရောက်ပြီ၊ သောတာပန်၏ သူတပါးဟူသော စွဲ၍ ဖြစ်ရာသည် (ဝါ) ယုံကြည်ထိုက်သူသည် မရှိ၊ သူတပါးကို ယုံကြည်ခြင်းကြောင့် ဤသာသနာတော်၌ ကျင့်သည် မဟုတ်သောကြောင့် သောတာပန်သည် အပရပ္ပစ္စယ မည်၏၊

ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
အထက်ဖော်ပြပါ ပါဠိ အဋ္ဌကထာများအရ ဘုရားရှင်သည် ဒိဋ္ဌဓမ္မော စသော ပုဒ်များကို သစ္စာလေးပါးတရားကို သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များကို ရည်ရွယ်၍ ဟောထားခြင်းဖြစ်ကြောင်း သိနိုင်ပါသည် ဘုရား။

ဓမ္မစကြာကို ဘုရားဟောပါဠိ၊ အဋ္ဌကထာ၊ ဋီကာနှင့်အညီ ပေးရသော အနက်နှင့် ဦးဥက္ကဋ္ဌပေးထားသော အနက် ဘယ်လိုကွာခြားနေသည်ကို အမှန်တရား စူးစမ်းလိုသည့် လူငယ်များ နှိုင်းယှဉ်ကြည့်သင့်ပါသည်။

ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
အဘိဓမ္မာဆရာစိန်ဆိုသူရေးသော အတ္တဝါဒနှင့် တာဝတိံသာအဘိဓမ္မာ စာအုပ်တွင် ဓမ္မစကြာ ဒေသနာတော်လာ ဒုက္ခသစ္စာ ဟောပုဒ်များကို သူထင်ရာ မြင်ရာ ပေါက်တတ်ကရ အနက်ပေးထားပုံများကို မူလ စောဒနာလွှာ၌ လျှောက်ထား စောဒနာပြီးပါပြီ ဘုရား။

အဘိဓမ္မာဆရာစိန် ရမ်းကားစွာ အနက်ပေးထားသော ဒုက္ခသစ္စာ ဟောပုဒ်များကို ဆရာတော် ဦးဗုဓ်က ဘုရားရှင်အလိုတော်ကျ အနက်ပေးထားပုံများကို လျှောက်ထား ဖော်ပြပါရစေ ဘုရား။

ဇာတိပိ၊ ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏။
ဇရာပိ
၊ ဆိုးရွားဟောင်းမြင်း အိုမင်းရင့်ရော်ရခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏
ဗျာဓိပိ၊ ဖျားနာရခြင်းသည်လည်း။ ဒုက္ခော၊ ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏။
မရဏမ္ပိ
၊ သေရခြင်းသည်လည်း။ ဒုက္ခံ၊ ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏။
အပ္ပိယေဟိ
၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့်။ သမ္ပယောဂေါ၊ အတူတကွ ပေါင်းယှဉ်ရခြင်းသည်လည်း။ ဒုက္ခော၊ ဆင်းရဲ၏။
ပိယေဟိ
၊ ချစ်နှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ၊ ကွေကွင်း ကင်းကွာ ရှဲခွာဖဲကြည် မပေါင်းယှဉ်ရခြင်းသည်လည်း။ ဒုက္ခော၊ ဆင်းရဲ၏။
ယံ ပိစ္ဆံ
၊ အကြင် ပဋိသန္ဓေနေရခြင်း စသော သဘောတရား ငါ့အား မဖြစ်ပါမူ ကောင်းလေစွ စသည် ဖြင့် တောင့်တခြင်းကို။ န လဘတိ၊ မရအပ်။ တမ္ပိ၊ ထို တောင့်တတိုင်း မရခြင်းသည်လည်း။ ဒုက္ခံ၊ ဆင်းရဲ၏။
သံခိတ္တေန
၊ အကျဉ်းအားဖြင့်။ ပဉ္စ၊ ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာပိ၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်လည်း။ ဒုက္ခာ၊ ဆင်းရဲကုန်၏၊

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဆရာတော်ဦးဗုဓ်၏ ဘုရားအလိုတော်ကျ အနက်များသည် (ဝိနယပိဋကသာရတ္ထဒီပနီဋီကာ(၁၇၁-၁၇၅) မဟာခန္ဓက၊ ပဉ္စဝဂ္ဂယကထာ၊ ဓမ္မစက္ကပ္ပဝတ္တနသုတ် အဖွင့်တို့မှ ဖွင့်ဆိုထားချက်များနှင့် အညီ အနက်မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည် ဘုရား။

ဤနေရာတွင် ခေတ်လူငယ်များ မြင်သာအောင် အစစ်နှင့်အတု နှိုင်းယှဉ် ပြပါရစေ ဘုရား။
ဇာတိပိ - ငန်းငန်းတက် စွဲလမ်းခြင်း ဖြစ်၍လာခြင်းကြောင့်။ ဒုက္ခာ၊ ဆင်းရဲခြင်း အကျိုးတရား ဖြစ်ရချေ၏၊ (ဆရာစိန်) (အတု)
ဇာတိပိ - ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏၊ (ဆရာတော် ဦးဗုဓ်) (အစစ်)

ဝိနည်းဓိုရ်ဆရာတော်တို့ ဘုရား-
အဘိဓမ္မာဆရာစိန် ဆိုသူသည် သူ၏ အတ္တဝါဒနှင့် တာဝတိံသာ အဘိဓမ္မာစာအုပ်၌ပင် “အယမေဝ သော အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ” ပါဠိကို လိင်ဝုစ်မမှန် သဒ္ဒါဟန်အနေမကျ အနက်ပေးထားသည်ကိုလည်း မူလ စောဒနာလွှာ၌ တင်ပြလျှောက်ထားခဲ့ပါသည် ဘုရား၊ “အရိယော၊ မြတ်သော။ အယ မေဝ မဂ္ဂေါ၊ ဤမဂ်သည်လျှင်။ အဋ္ဌင်္ဂီကော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏” ဟူသော အနက်သည် သဒ္ဒါမှန် ပုဒ်မှန် အနက်မှန် ဖြစ်ပါသည်၊ ခိုင်ခံ့သော ဘာသာစကား မှန်သမျှ စည်းကမ်းရှိပါသည်၊ ပါဠိ, သက္ကတ စသော ဘာသာစကားကြီးများသည် စည်းစနစ်ရှိသော ဘာသာများ ဖြစ်ပါသည်၊ ထို့ကြောင့် ပါဠိဘာသာကို သဒ္ဒါမမှန် ပေါက်တတ်ကရ လုပ်ပစ်ပါက အဓိပ္ပာယ်မှန် မရနိုင်တော့ပါ၊ စက်ဘီးစီးတတ်သူသည် လဲအောင် ဘယ်လိုလုပ်လုပ် မလဲပါ၊ ပါဠိတတ် ပညာရှင်များသည်လည်း မှားအောင် တမင်လုပ်တာတောင် မမှားပါ၊ ဦးဥက္ကဋ္ဌတို့ ဆရာစိန်တို့မှာကား ပါဠိသဒ္ဒါနှင့် ပါဠိစာပေကို ကောင်းစွာ မတတ်၍ စက်ဘီးမစီးတတ်သော သူကဲ့သို့ ဖြစ်နေပေသည်။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
လူသေလူဖြစ် ဦးဥက္ကဋ္ဌနှင့် အဘိဓမ္မာဆရာစိန်တို့၏ ဘုရားဟော ဓမ္မစကြာဒေသနာအပေါ် ဘုရားရှင်၏ အလိုတော်ကို ဆန့်ကျင်လျက် အနက်မြန်မာပြန်ဆိုထားကြပုံသည် တပည့်တော်များ လျှောက်ထားခဲ့သော ဘုရားရှင်၏ အလိုတော်ကျ ထေရဝါဒပိဋကတ်တော်များနှင့်အညီ ရှေးဆရာစဉ်ဆက် အနက်မြန်မာ ပြန်ဆိုထားကြသော ဓမ္မစကြာဒေသနာတော်များနှင့် လုံးဝဆန့်ကျင်နေသောကြောင့် ဓမ္မစကြာလက်သစ် အနက်ပေးပုံသည် အဓမ္မဝါဒများသာ ဖြစ်ကြောင်း လျှောက်ထားပါသည် ဘုရား၊ ထိုအဓမ္မဝါဒများကို လိုက်နာနေကြသော သူတို့သည်လည်း အဓမ္မဝါဒီများသာဖြစ်ကြောင်း အဆုံးအဖြတ် ပေးတော်မူပါရန် လျှောက်ထားပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၁၈)

၁၈။ အတ္တနောမတိ- မိမိထင်ရာပြောဆိုသည့် လက်ဖြစ်စကားများဖြင့် ဘုရားမဟောသည်ကို ဘုရားဟော ဖြစ်လေ ဟန် လိမ်ညာရေးသား ပြောဟောမှုနှင့်ပတ်သက်၍ ဝိသေသစောဒနာချက်ပါ ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ အတ္တနောမတိ= မိမိထင်ရာ ပြောဆိုသည့် လက်ဖြစ်စကားများဖြင့် ဘုရားမဟောသည်ကို ဘုရားဟောဖြစ်လေဟန် လိမ်ညာရေးသား ပြောဟောမှုနှင့် ပတ်သက်၍ “ဘုရားမဟောသည်ကို ဘုရားဟော လုပ်မှုသည်” ဘာသာသနာဖျက် အပြုအမူမျိုး ဖြစ်ကြောင်း သက်သေသာဓကများဖြင့် လျှောက်ထားပါရစေ ဘုရား။

၂။ ပိဋကသုံးသွယ် နိကာယ်ငါးဖြာ ဒေသနာတော်သည် သူလိုငါလို သာမန်ပုဂ္ဂိုလ်တစ်ယောက်က တွေးတောကြံစည်ပြီး ဟောထားသော ဒေသနာမဟုတ်၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတော်များကို ဖြည့်ဆည်းပူးပြီးမှ သုံးလောကထွဋ်ထား ဘုရားအဖြစ်သို့ ရောက်ပြီးသော တရားအားလုံးကို အကုန်အစင် သိမြင်တော်မူသည့် ဘုရားရှင်က သဗ္ဗညုတရွှေဉာဏ်တော်ကြီးဖြင့် သိမြင်ပြီး ဟောကြားထားသော တရားဒေသနာတော်များ ဖြစ်ပါသည် ဘုရား၊ ထိုတရားဒေသနာတော်များမှာ ဖြည့်ဖွယ် စွက်ဖွယ် ပယ်ဖွယ် နုတ်ဖွယ် မရှိကြောင်းကို သီလက္ခန်ပါဠိတော် သာမညဖလသုတ်၌ ဤသို့ ဟောကြားထားပါသည် ဘုရား။

သော ဓမ္မံ ဒေသေတိ အာဒိကလျာဏံ မဇ္ဈေကလျာဏံ ပရိယောသောနကလျာဏံ၊ သာတ္ထံ သဗျဉ္စနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ ပကာသေတိ။ (ဒီ၊၁၊၅၉။)

ဤပါဠိတော်ကို အောက်ပါအတိုင်း ရှင်းလင်း ဖော်ပြအပ်ပါသည် ဘုရား-

ကလျာဏဂုဏ်

ဗုဒ္ဓမြတ်စွာ ဒေသနာတော်များသည် ပထမပါဒဖြင့် အစ၌ ကောင်းခြင်း၊ ဒုတိယ, တတိယပါဒဖြင့် အလယ်၌ ကောင်းခြင်း၊ စတုတ္ထပါဒဖြင့် အဆုံး၌ ကောင်းခြင်းဂုဏ်။

နိဒါန်းဖြင့် အစ၌ ကောင်းခြင်း၊ အလယ်စကားရပ်ဖြင့် အလယ်၌ကောင်းခြင်း၊ နိဂုံးစကားရပ်ဖြင့် အဆုံး၌ ကောင်းခြင်း ဂုဏ်။

ပထမအနုသန္ဓေဖြင့် အစ၌ ကောင်းခြင်း၊ အလယ်အနုသန္ဓေဖြင့် အလယ်၌ကောင်းခြင်း၊ အဆုံးအနုသန္ဓေဖြင့် အဆုံး၌ ကောင်းခြင်း ဂုဏ်။

သီလသမာဓိဖြင့် အစ၌ ကောင်းခြင်း၊ ဝိပဿနာမဂ်တို့ဖြင့် အလယ်၌ကောင်းခြင်း၊ ဖိုလ်, နိဗ္ဗာန်တို့ဖြင့် အဆုံး၌ ကောင်းခြင်းဂုဏ်၊ ဤသို့ အစ, လယ် အဆုံး သုံးပါးလုံး ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသော ဒေသနာတော်များ ဖြစ်ကြပါသည် ဘုရား။

သတ္ထဂုဏ်

ဗုဒ္ဓမြတ်စွာ ဒေသနာတော်သည် မျက်မှောက်အကျိုး တမလွန်အကျိုး လောကီအကျိုး လောကုတ္တရာ အကျိုး နှင့် ပြည့်စုံပါ၏၊

သင်္ကာသန = အကျဉ်းအားဖြင့် ပြဆိုအပ်သော အနက်၊
ပကာသန = ရှေးဦးစွာ ပြဆိုအပ်သော အနက်၊
ဝိဝရဏ = အကျဉ်းကို အကျယ်ဖွင့်ဆိုအပ်သောအနက်၊
ဝိဘဇန = ပြဆိုအပ်ပြီးသည်ကို တဖန်ဝေဖန်အပ်သော အနက်၊
ဥတ္တာနီကရဏ = ဖွင့်ဆိုပြီးသည်ကို အထူးတလည် အကျယ်တဝင့် ဖွင့်ဆိုအပ်သော အနက်၊
ပညာပန = ဝေဖန်အပ်ပြီးကို (ပေါ်လွင်သည်ထက် ပေါ်လင်အောင်) ပြည့်ပြည့်စုံစုံ
သိစေအပ်သော အနက်။
ဤဆိုခဲ့ပြီးသော အကျိုးစီးပွား အနက်များနှင့် ပြည့်စုံကြွဝသော ဒေသနာတော် ဖြစ်ပါသည် ဘုရား။

သဗျဉ္ဇနဂုဏ်

ဗုဒ္ဓမြတ်စွာ ဒေသနာတော်သည်-
အက္ခရ = တစ်လုံး တစ်လုံးသော အက္ခရာ၊
ပဒ = ဝိဘတ်အဆုံးရှိသော နာမ်ပုဒ်၊ အာချာတ်ပုဒ်၊ ဥပသာရပုဒ်၊ နိပါတ်ပုဒ်၊
ဗျဉ္ဇန = အနက်အဓိပ္ပာယ်ကို ပြတတ်သော ဝါကျ၊
အာကာရ = ဝါကျကို များစွာသော အပြားတို့ဖြင့် ဝေဖန်မှု ပြုကြောင်း စကား၊
နိရုတ္တိ = အပြားအားဖြင့် ဝေဖန်ပြီးသည်ကို ထုတ်ဆောင်၍ အကျယ်ဆိုအပ်သော ဝိဂ္ဂဟ အကျဉ်းစကား။
နိဒ္ဒေသ = အကြွင်းအကျန်မရှိအောင် ညွှန်ပြအပ်သော ဝိဂ္ဂဟ အကျယ်စကား။
ဤဆိုခဲ့ပြီးသော သဒ္ဒါများနှင့် ပြည့်စုံကြွယ်ဝသော ဒေသနာတော် ဖြစ်ပါသည် ဘုရား။

ကေဝလပရိပုဏ္ဏဂုဏ် စသည်

ဗုဒ္ဓမြတ်စွာ ဒေသနာတော်သည်-
ထည့်သွင်းဖြည့်စွက်ဖွယ်ရာ မလိုအောင် ပြည့်စုံနေသည် ဖြစ်ပါ၍ ကေဝလ ပရိပုဏ္ဏဂုဏ်၊
အပြစ်မကင်းသဖြင့် တစ်စုံတစ်ရာ ထုတ်နုတ်ပယ်ဖျက်ရမည့် တရားမပါရှိ၍ အလွန်သန့်စင်သော ပရိသုဒ္ဓဂုဏ်၊
သီလ သမာဓိ ပညာ သိက္ခာသုံးအင် မြတ်သော တရားအစဉ်ကို ထင်မြင်အောင် ဖော်ပြနိုင်သည့် ဗြဟ္မစရိယ, ပကာသနဂုဏ်၊
ဤဂုဏ်တော်တို့နှင့် လောက်လုံပြည့်ဝ တင့်တယ်လှသော ဒေသနာတော် ဖြစ်ပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်မြတ်တို့ ဘုရား-
၃။ ဆိုခဲ့ပြီးသော ကျေးဇူးဂုဏ်တို့နှင့် ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာ ဒေသနာတော်သည်-

(၁) ပါဠိဝေါဟာရ စကားလုံး အသုံးအနှုန်း၏ နက်နဲခြင်း = ဓမ္မဂမ္ဘီရ၊
(၂) အနက်သဘော၏ နက်နဲခြင်း = အတ္ထဂမ္ဘီရ၊
(၃) ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်း = ဒေသနာဂမ္ဘီရ၊
(၄) ပါဠိအနက်တို့ကို ထိုးထွင်၍ သိနိုင်သော ဉာဏ်၏ နက်နဲခြင်း = ပဋိဝေဓဂမ္ဘီရ-

ဟူသော နက်နဲခြင်းလေးမျိုးတို့နှင့် ပြည့်စုံသော ဒေသနာတော် ဖြစ်ပါသည်၊ သို့ဖြစ်ရကား အစောက်လည်းနက်, အပြောလည်းကျယ်သော သမုဒ္ဒရာဝယ် ယုန်သူငယ်သည် ထောက်တည်ရာ မရသကဲ့သို့ ဖြည့်ကျင့် ဆည်းပူးအပ်သော ကုသိုလ် အဆောက်အဦး မရှိသူတို့ သက်ဝင်ကျက်စားရန် ခက်ခဲပြီး ထောက်မီရန်လည်း မလွယ်သော ဒေသနာတော် ဖြစ်ပါသည် ဘုရား။

ဤမျှလောက် အဖက်ဖက်က ဂုဏ်ပေါင်းစုံနေတဲ့ ဘုရားဟော ပါဠိတော်၌ မည်သူကမျှ မဟုတ်မဟတ် လုပ်ဇတ် ပါဠိကို ထည့်၍ ဘုရားဟော မလုပ်သင့်ပါ ဘုရား၊ လုပ်ခဲ့လျှင်လည်း ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက အရိဋ္ဌရဟန်း၏ လမ်းသို့သာ မြန်းရဖို့ရှိပါသည် ဘုရား။

အရိဋ္ဌ ရဟန်း

ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါ၌ အရိဋ္ဌမည်သော ဓမ္မကထိက ရဟန်းတစ်ပါး ရှိခဲ့ဖူးပါသည် ဘုရား၊ သူက အဘိဓမ္မာပိဋကနှင့် သုတ္တန်ပိဋကကို တတ်ကျွမ်းပြီး ဝိနည်းပိဋကကို နားမလည်ပါ၊ သို့ပါ၍ ဗုဒ္ဓမြတ်စွာ ဓမ္မဒေသနာ၌ အောက်ပါ လုပ်ပါဠိကို ထည့်လိုက်ပါသည် ဘုရား။

တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ။ ယထာ ယေ မေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ၊ တေ ပဋိသေဝတော နာလံ အန္တရာယာယ။ (မ၊၁၊၁၈၄။)

မေထုန ပဋိသေဝနတရားတို့ကို စျာန် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်၏ ဟု ဘုရားဟောထားသော်လည်း အကြင် နည်းလမ်းဖြင့် မှီဝဲသူအား အန္တရာယ်မဖြစ်နိုင်၊ ဘုရား ဟောထားသော စျာန် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော မေထုနပဋိသေဝနတရားတို့သည် အန္တရာယ်မဖြစ်နိုင်သော နည်းလမ်းကို ငါသိထားသည်။

ရဟန်းတို့က မဟုတ်မှန်ကြောင်း ဘုရားရှင်က ဤသို့မဟောကြောင်း ရှင်းလင်းပြသော်လည်း လက်မခံ၊ မှန်မှန် မှားမှား ဆိုပြီးသားစကားကို မစွန့်နိုင်ဟု စွဲစွဲမြဲမြဲ ယူဆနေသည်၊ ဘုရားရှင်က ခေါ်ယူဆုံးမရာ၌-

အထ စ ပန တွံ မောဃပုရိသ အတ္တနာ ဒုဂ္ဂဟိတေန အမှေ စေဝ အဗ္ဘာစိက္ခသိ၊ အတ္တာနဉ္စ ခနသိ၊ ဗဟုဉ္စ အပုညံ ပသဝသိ။ တံ ဟိ တေ မောဃပုရိသ ဘဝိဿတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယ။ (မ၊၁၊၁၈၅။)
(မူလပဏ္ဏာသပါဠိတော်၊ အလဂဒ္ဒူပမသုတ်)

မြန်မာပြန်

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ထိုသို့ ဟောထားပါလျက် သင်သည်, မိမိသည် မကောင်းသော စွဲယူ ခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲဘိ၏၊ မိမိကိုယ်ကိုလည်း တူးဖြိုဖျက်ဆီးဘိ၏၊ အကုသိုလ်တရားတို့ကိုလည်း များစွာပွား စေဘိ၏၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား သင့်အား ထိုယုတ်ညံ့သော မိစ္ဆာအယူသည် ကာလရှည်မြင့်စွာ အစီး အပွားမဲ့ခြင်း, ဆင်းရဲခြင်းငှာ ဖြစ်လတ္တံ့။

ဤကဲ့သို့ မိန့်ဆိုပြီး ရဟန်းတို့အား အောက်ပါအတိုင်း မေးတော်မူ၏၊

“ရဟန်းတို့... ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ လင်းတသတ်မျိုး၌ ဖြစ်ဖူးသော ဤအရိဋ္ဌ ရဟန်းသည် သာသနာတော်၌ ဉာဏ်အငွေ့အသက်မျှ ရှိသေးသလော” ဟု မေးတော်မူ၏၊

“မြတ်စွာဘုရား အဘယ်မှာ ရှိနိုင်ပါအံ့နည်း၊ မရှိနိုင်ပါ ဘုရား” ဟု ရဟန်းတို့က လျှောက်ထားကြကုန်၏၊

ထိုသို့ ဆုံးမသော်လည်း အရိဋ္ဌရဟန်းသည် မတုန်မလှုပ် ငုတ်တုတ်ထိုင်ကာ အယူမစွန့်ဘဲ ဇွတ်ပေနေပါသည် ဘုရား။

ထိုအခါ မြတ်စွာဘုရားက-
ပညာယိဿတိ ခေါ တွံ မောဃပုရိသ ဧတေန သကေန ပါပကေန ဒိဋ္ဌိဂတေန၊ (မ၊၁၊၁၈၅။)

မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား၊ သင်သည် မိမိ၏ ယုတ်ညံ့လှသော ဤအယူဖြင့် ငရဲ စသည်တို့၌ ထင်ရှားလတ္တံ့။

ဤသို့ မိန့်ဆိုတော်မူပြီး အရိဋ္ဌကို သံဃာ့ဂိုဏ်းမှ နှင်ထုတ်လိုက်ပြီး ရဟန်းကောင်းတို့အားလည်း အရိဋ္ဌရဟန်းကဲ့သို့ မပြုကြရန် အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသက အောက်ပါအတိုင်း သတိပေးပြန်ပါသည်။

အရိဋ္ဌေန ဝိယ န တုမှေဟိ မယှံ သာသနေ ကလလံ ဝါ ကစဝရံ ဝါ ပက္ခိပိတဗ္ဗံ။ (မ၊ဋ္ဌ၊၂၊၁၆။)

“ရဟန်းတို့ သင်တို့သည် အရိဋ္ဌရဟန်းကဲ့သို့ ငါ၏ သာသနာတော်၌ ရွှံ့ညွန်နှင့် အမှိုက်သရိုက်ကို မထည့်သွင်းရ” ဟု သတိပေးပါသည်။

ကဏ္ဍကသာမဏေ

ထိုသို့ သတိပေးနေသည့်အကြားမှ အရိဋ္ဌရဟန်း၏ သံယောင်နောက်လိုက် အရိဋ္ဌရဟန်း၏ မိစ္ဆာအယူကို အလံထူပေးမည့် ကဏ္ဍကသာမဏေဆိုတဲ့ ကိုရင်ကြီးတစ်ဦး ပေါ်လာပြန်ပါသည်၊ သူကလည်း မေထုနပဋိသေဝနအမှုသည် စျာန်မဂ်ဖိုလ်၏ အန္တရာယ်မပြုနိုင်ဟု ဆက်လက်ဟောပြန်သည်၊ သူ့ဝါဒကို လူကြိုက်လည်း များသည်၊ လူသေလူဖြစ်ကဲ့သို့ ဆန်းသစ်တဲ့ အဘိဓမ္မာပဲဆိုပြီး အသစ်အဆန်းကြိုက်သူတို့ ဝိုင်းဝိုင်းလည်နေကြသည်၊ ဒီအထဲ သာသနာတော်သမိုင်းမှာ တစ်လျှောက်လုံးရှုပ်လာသော ဆဗ္ဗဂ္ဂီကိုယ်တော်ကြီးတို့က ရှေ့ဆုံးမှ ပါဝင်နေသည်၊ ဒီကိုရင်ကို ကျွေးကြသည်၊ ပေးကြသည် အတူအိပ် အတူစား နေထိုင်ကာ မသူတော်ချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်မွေ့နေကြသည်၊ ကဏ္ဍက သာမဏေကို အယူမှန်အောင် ဟော၍လည်း မရ။

ထိုအကြောင်း ဘုရားရှင် သိသောအခါ ရဟန်းတို့ကို ခေါ်၍ အောက်ပါ အတိုင်း နှင်ထုတ်ခိုင်းလိုက်သည်။

အဇ္ဇတဂ္ဂေ တေ အာဝုသော ကဏ္ဍက န စေဝ သော ဘဂဝါ သတ္ထာ အပဒိသိတဗ္ဗော၊ ယံပိ စညေ သမဏုဒ္ဒေသာ လဘန္တိ ဘိက္ခူဟိ သဒ္ဓိံ ဒိရတ္တတိရတ္တံ သဟသေယျံ၊ သာပိ တေ နတ္ထိ၊ စရ ပိရေ ဝိနဿ။ (ဝိ၊၂၊၁၈၂။)

ဟေ့ မောင်ကဏ္ဍက သင်သည် ငါတို့ဆရာ ဘုရားမြတ်စွာကို ယနေ့ကစပြီး ဆရာလို့ မညွှန်ပြရ၊ အခြား ကိုရင်ကောင်းများလို အတူ နှစ်ညသုံးည အိပ်ခွင့်လည်း မရတော့၊ သူစိမ်းပြင်ပ ဟေ့ လူအ တော်ရာသွား၍ ပျက်စီးပါလေ။

ဤစကားကိုပြော၍ သာသနာတော်မှ သန့်ရှင်းရေးလုပ် ထုတ်ပစ်ရမည်ဟု ရဟန်းတို့ကို မိန့်တော်မူပါသည် ဘုရား။

အပေါင်းအသင်းလုပ်သော ဆဗ္ဗဂ္ဂီရဟန်းတို့ကိုလည်း ခေါ်၍ ကဲ့ရဲ့ရှုတ်ချပြီး နောင် အပေါင်းအသင်းလုပ်လျှင် ပါစိတ်အာပတ်သင့်စေဟု အာဏာတော်မှတ်၍ သိက္ခာပုဒ်ကိုပင် ပညတ်ခဲ့ရပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဗုဒ္ဓမြတ်စွာသည် မိမိ၏ သာသနာ၌ မဟုတ်မဟတ် လုပ်ဇတ်ပါဠိ မဟုတ်မတရား ဝါဒအမှား ထည့်သွင်းခြင်းကို ဤမျှပင် ပြင်းပြင်းထန်ထန် ကိုယ်တော်တိုင် အရေးယူခဲ့ပါသည် ဘုရား။

လူသေလူဖြစ် ဦးဥက္ကဋ္ဌ၏ တပည့်ကြီး သခင်မြတ်ဆိုင်နှင့် သမ္မာဒိဋ္ဌိသုတေသီဆိုသူတို့သည် ပါဠိအနေအထားမမှန်၍ သဒ္ဒယုတ္တိလည်းမရှိ၊ အနက်အဓိပ္ပါယ်မမှန်၍ အတ္ထယုတ္တိလည်းမရှိသော-

“လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ” ဟူသော စကားကို ဘဒ္ဒေကရတ္တသုတ်၌ ဟောခဲ့သည်ဟုလည်းကောင်း သီလက္ခန်၌ ဟောခဲ့သည်ဟုလည်းကောင်း၊ သံယုတ်၌ ဟောခဲ့သည်ဟုလည်းကောင်း လိမ်လည်ရေးသား၍ အနက်ဖော်ရာမှာလည်း သူတို့ချင်းပင် မညီညွတ်ကြပါ ဘုရား၊ နိဒါနဝဂ္ဂသံယုတ်၊ ကစ္စာနဂေါတ္တသုတ်၌ ထိုသည့် လောကသမုဒယဉ္စ အတ္ထိ၊ လောကနိရောဓဉ္စ နတ္ထိ ဆိုတဲ့စကား မပါသည့်အပြင် အနက်အဓိပ္ပါယ်လည်း မပါပါ ဘုရား၊ ယင်း ကစ္စာနဂေါတ္တသုတ်လာ ပါဠိမှန် အနက်မှန်ကို တင်ပြ လျှောက်ထားပါမည် ဘုရား။

လောကသမုဒယံ ခေါ ကစ္စန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ နတ္ထိတာ၊ သာ န ဟောတိ။ လောကနိ ရောဓံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ အတ္ထိတာ၊ သာ န ဟောတိ။

မြန်မာပြန်

ကစ္စနသင်္ခါရလောက၏ ဖြစ်ကြောင်းဖြစ်ရာ (အနုလောမ ပဋိစ္စသမုပ္ပါဒ်) ကို မှန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ မြင်သောသူ၏ (သန္တာန်၌) လောက၌ မရှိသည်၏အဖြစ်, ပြတ်သည်၏ အဖြစ်ဟူသော ဥစ္ဆေဒ အယူမဖြစ်၊ ကစ္စာန သင်္ခါရလောက၏ ချုပ်ခြင်း ချုပ်ရာ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ကို မှန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ မြင်သောသူ၏ (သန္တာန်၌) လောက၌ ရှိသည်၏အဖြစ် မြဲသည်၏အဖြစ် ဟူသော သဿတ အယူ မဖြစ်။

ဤစကားရပ်များမှာ ကစ္စာနဂေါတ္တသုတ် မြန်မာပြန် အမှန် ဖြစ်ပါသည် ဘုရား၊ အမှန်ကို အမှန်အတိုင်း ထုတ်ပြလိုက်သဖြင့် အမှားကိုလည်း အမှားဟု သိသာခြားနား ကွဲပြားစွာ မြင်တွေ့ရပါသည် ဘုရား။

ဘုရား မဟောသည်ကို ဘုရားဟောဟု လိမ်ရဲ ညာရဲခြင်းနှင့် ပတ်သက်၍-
ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။

လိမ်ညာရဲပြီး တမလွန်ဘဝကို ပယ်ရှားသူသည် မပြုရဲသော အကုသိုလ် ဒုစရိုက် ဟူ၍ မရှိ၊ လိမ်ရဲသူသည် ဘာမဆို လုပ်ရဲသည် ဟူသော ဓမ္မပဒပါဠိတော်လာ စကားနှင့်အညီ ရတနာသုံးပါးကိုလည်း စော်ကားရဲကြပါသည် ဘုရား။

ထို့ကြောင့် ဘုရားမဟောသည်ကို အဟောလုပ်ပြီး အပြောရှုပ်သည်ကို သဘောဟုတ် ပေါ်လွင်အောင် ဓမ္မက္ခန်နှင့်ညှိ၍ ဆုံးဖြတ်ပေးတော်မူကြပါ ဘုရား။

ဝိသေသစောဒနာ အမှတ် (၁၉)

၁၉။ ဗုဒ္ဓ၏ဖြစ်တော်စဉ် ဗုဒ္ဓဝင်များကို မထေမဲ့မြင်ပြု၍ ပြောင်လှောင်ပြက်ချော် သရော်စော်ကား ရေးသားခြင်းနှင့် ပတ်သက်သည့် ဝိသေသစောဒနာချက်ပါ ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရာတော်များ ဘုရား-
သာမညစောဒနာအမှတ် ၁၉-တွင် စုဒိတကတို့၏ စာအုပ်စာတမ်း စသည်တို့မှ ကောက်နုတ် ဖော်ပြထားသော စာပိုဒ်အမှတ် (က) မှ (န) အထိ စကားရပ်များသည် ဗုဒ္ဓဘုရားသခင်အား မရိုမသေ ဂါရဝကင်းမဲ့စွာ ပြောင်လှောင်ပြက်ချော် သရော်စော်ကား ရေးသားထားသော စကားများဖြစ်၍ ထိုစကားရပ်များသည် အင်္ဂုတ္တရနိကာယ်၊ ပဉ္စမပဏ္ဏာသက၊ ကိမိလဝဂ် ကိမိလသုတ် ဒေသနာတော်အရ အဂါရဝ ၅-မျိုးတွင် အကျုံးဝင်နေပါသည် ဘုရား၊ သူတော်ကောင်းတရား ပျက်စီးအောင် (အရှည်ခိုင်ခံ့ မတည်တံ့အောင်) ဖျက်ဆီးရာ ရောက်နေပါသည် ဘုရား။

အဂါရဝ ၅-မျိုး ဆိုသည်မှာ-
၁။ ဘုရား၌ မရိုသေခြင်း၊
၂။ တရား၌ မရိုသေခြင်း၊
၃။ သံဃာ၌ မရိုသေခြင်း၊
၄။ သိက္ခာ၌ မရိုသေခြင်း၊
၅။ အချင်းချင်း၌ မရိုသေခြင်း-

ဤငါးမျိုး ဖြစ်ပါသည် ဘုရား၊ ဤအဂါရဝ ၅-မျိုးကြောင့် ဘုရားသခင် ပရိနိဗ္ဗာန်စံလွန်ပြီးနောက် သူတော် ကောင်းတရားများ ပျက်စီးရခြင်း ဖြစ်ပါသည် ဘုရား၊ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး ပျက်စီးရခြင်းမှာလည်း အဂါရဝ ၅-မျိုး ထွန်းကားအောင် လုပ်ဆောင်နေခြင်းပင် အရင်းခံ ဖြစ်ပါသည် ဘုရား။

အဂါရဝ ၅-ပါး ပါဠိတော်

ကော နု ခေါ ဘန္တေ ဟေတု ကော ပစ္စယော ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော န စိရဋ္ဌိတိကော ဟောတီတိ။

(၁) ဣဓ ကိမိလ တထာဂတေ ပရိနိဗ္ဗုတေ ဘိက္ခု ဘိက္ခုနိယော ဥပါသကာ ဥပါသိကာယော သတ္ထရိ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ။
(၂) ဓမ္မေ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ၊
(၃) သံဃေ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ၊
(၄) သိက္ခာယ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ၊
(၅) အညမညံ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿာ၊

အယံ ခေါ ကိမိလ ဟေတု အယံ ပစ္စယော ယေန ထထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော န စိရဋ္ဌိတိတော ဟောတီတိ။ (အံ၊၂၊၂၁၆။) (ပဉ္စင်္ဂုတ္တရပါဠိတော်၊ ကိမိလသုတ်)

အဂါရဝ ၅-ပါး မြန်မာပြန်

“အရှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်၏၊

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် ဤသာသနာတော်၌ ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည်-
(၁) မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏၊
(၂) တရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏၊
(၃) သံဃာ၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏၊
(၄) သီလသိက္ခာ၌ ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏၊
(၅) အချင်းချင်း ရိုသေမှု တုပ်ဝပ်မှု မရှိကုန်မူ၍ နေကြကုန်၏၊

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာမြင့်စွာ မတည်တံ့နိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။ (အင် မြန်၊၂၊၂၁၇။)

ဤနေရာတွင် ယင်းတို့၏ ဝေဖန်ချက်သည် တရားလမ်းကြောင်းမကျကြောင်းကို သာမညစောဒနာ (ပထမစောဒနာ)၌ ပါသော ကောက်နုတ်ချက် အစဉ်လိုက် အနည်းငယ်စီ ဖော်ပြပါမည် ဘုရား။

(က) အလောင်းတော်နတ်သားအား စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က ဘုရားဖြစ်ရန် တောင်းပန်ရသည်မှာ လောက၏ ထုံးတမ်းစဉ်လာအရ ကိစ္စအတိုင်းအတာကြီးလျှင် ကြီးသည့်အလျောက် ပတ်ဝန်းကျင်က တိုက်တွန်းတောင်းပန်ကြခြင်းသည် ဓမ္မတာပင် ဖြစ်သည်၊ ဗုဒ္ဓဝင် မူရင်းစကား၌ စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့က အသင် ဘုရားဖြစ်မည်ဟု လာပြောသည် မဟုတ်ပါ၊ ဘုရားဖြစ်ရန် လူ့ပြည်သို့ဆင်းပြီး သန္ဓေယူပါဟု တောင်းပန်ခြင်း ဖြစ်ပါသည်၊ ဝေဖန်သူက အလောင်းတော်က မသိ၊ နတ်ဗြဟ္မာတို့က ကြိုတင်သိနှင့်သည်ဟု ဝေဖန်ခြင်းမှာ ဗုဒ္ဓဝင်စာသားကို နားလည်အောင် မဖတ်နိုင်၍ ဖြစ်ပါလိမ့်မည်။

(ခ) လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်ရန် တောင်းပန်ခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေဖို့ တောင်းပန်ခြင်းဖြစ်ကြောင်း ဝေဖန်ချက်မှာလည်း ဗုဒ္ဓဝင်ကိုကျကျနန ဖတ်ဖူးသူများအဖို့ ရယ်စရာပြက်လုံးမျှသာ ဖြစ်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် အလောင်းတော်နတ်သားသည် သူ့ပါရမီအရ သူ့အချိန်အခါ ကျရောက်၍သာ သေတကေတုနတ်သားဘဝမှ စုတေ၍ မယ်တော်မာယာဝမ်း၌ သန္ဓေယူခြင်း ဖြစ်ပါသည်၊ ဤဝေဖန်ချက်သည် ဝေဖန်သူ၌ မှန်ကန်သော သဘောထား မရှိကြောင်း ပေါ်လွင်စေပါသည်။

(ဂ) မယ်တော်မာယာ အိပ်မက်ခန်း၌ ဆင်ဖြူတော် အိပ်မက်ပေးသည်ကိုလည်း အဟိတ်တိရစ္ဆာန်ကြီး ပေးရမလားဟု ဝေဖန်ပြန်သည်၊ အကယ်၍ ဝေဖန်စာ၌ပါသည့်အတိုင်း နတ်သားလှလှလေးကို အိပ်မက်ပေးပါက ဝေဖန်သူတို့က မယ်တော်မာယာသည် နတ်သားနှင့် အိပ်မက်ထဲမှာ ဖောက်ပြန်သည်ဟု ဝေဖန်ကြမည်သာ ဖြစ်ပါသည်၊ အကောင်းမမြင်ချင်သူတို့သည် အဘက်ဘက်က အပြစ်ရှာမည်သာ ဖြစ်ပါသည်။

(ဃ) သဂါထာဝဂ္ဂသံယုတ်လာ နတ်သုတ်တွေက ဗုဒ္ဓရှင်တော်အား အစော်ကားဆုံးဟု ဝေဖန်စွပ်စွဲချက်ကို ပိဋကတ်တတ် ပညာရှိသူတော်ကောင်းတို့က ပြုံးတော်မူကြပါသည်။

(င) နတ်၏တရားကို ဘုရားရှင်က လိုက်နာရလေဟန် ဤအမှတ်ပြဝေဖန်ချက်သည်လည်း မဟုတ်ပါ၊ စင်စစ် နတ်ကို အြုငိးကြီးလှစွာဖြင့် အပြစ်ရှာနေခြင်းသာ ဖြစ်ပါသည်။

(စ) တာဝတိံသာမှာ အဘိဓမ္မာတရားဟောသော မြတ်စွာဘုရားအား မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားက တစ်ကြိမ်မျှ ဆွမ်းမကျွေးရကောင်းလားဟု ဝေဖန်ထားပါသည်၊ ဤဝေဖန်ချက်ကား မဆိုးလှပါ၊ တာဝတိံသာမှာ ဘုရားရှင် အဘိဓမ္မာဟောသည်ကို သွယ်ဝိုက်လက်ခံရာ ရောက်ပါသည်။

(ဆ) ဤအမှတ်ပြစကားရပ်၌ မြတ်စွာဘုရား အဘိဓမ္မာတရား တာဝတိံသာမှာ ဟောတော်မူစဉ် နေ့တိုင်း မြောက်ကျွန်းသို့ကြွပြီး ဆွမ်းခံ၍ ဆွမ်းဘုဉ်းပေးနေရသည်ကို ကြည့်နေနိုင်ရက်ရန်ကောဟု မယ်တော်မိနတ်သားအား သမ္မာဒိဋ္ဌိသုတေသနအဖွဲ့သားများက ရန်တွေ့ထားပါသည်၊ သူတို့သာဆိုလျှင် ဒီလိုကြည့်မနေရက်ပါဘူးဟု ဆိုရာရောက်သဖြင့် ဘယ်ဆိုးလို့တုန်းဟု မှတ်ချက်ပြုလိုပါသည် ဘုရား။

(ဇ) ဦးရွှေပြည့်ကလည်း ယခုအခါမှာ အရိမေတ္တေယျဘုရားအလောင်းနှင့် ပတ်သက်၍ အံ့ဖွယ်သရဲ ထူးကဲသောဖြစ်ရပ်များကို မတွေ့ရ၍ မချင့်မရဲဖြစ်နေကြောင်း သိရပါသည်၊ မတွေ့ဟုဆိုသည်မှာ တိုတောင်းလှတဲ့ လူ့ဘဝကာလလေးအတွင်း၌ ဦးရွှေပြည့် မတွေ့တာလား၊ ယနေ့ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးခြား ဘာသာခြားတွေက မတွေ့တာလား၊ အံ့ဖွယ်သရဲကို တွေ့ရရင်လည်း ဒါဘုရားအလောင်းကြောင့်ပဲဟု ဘယ်သူ သိနိုင်သလဲ၊ ၅၅၀- ဇာတ်နိပါတ်တော်များကို ဒဏ္ဍာရီတွေပဲဟု စွဲလမ်းမှတ်ထင်နေတဲ့ ဥပါဒါန်ကလေးကိုဖြုတ်ပြီး စဉ်းစားလျှင် အမြင်မှန် ပြန်ရပါလိမ့်မည် ဘုရား။

(စျ) ညောင်ပင်တစ်ပင်မှာ အမည်မသိသူတစ်ဦးက မယ်တော်မာယာအား အလောင်းတော်သိဒ္ဓတ္ထ သန္ဓေရအောင် ပေးလိုက်ကြောင်း ဗုဒ္ဓဝင်ကဆိုသတဲ့၊ ထေရဝါဒ ဗုဒ္ဓဝင် အစောင်စောင်မှာ ဒီလိုမပါပါဘုရား။

(ည) အလောင်းတော်နတ်သားသည် နတ်ဗြဟ္မာတို့၏ တောင်းပန်ချက်အရ မယ်တော်မာယာဝမ်း၌ သန္ဓေယူခဲ့သည် ဆိုသည့်အတွက် ဖခင်သုဒ္ဓေါဒနသည် ဖခင်ရင်းမဟုတ်ဟု ရွှေအဘိဓမ္မာက ဆိုပါသည်၊ ဒါ့ကြောင့်လဲ ရွှေအဘိဓမ္မာဟု အမြတ်တနိုး နာမည်ပေးကြသည် ထင်ပါ၏ ဘုရား။

(ဋ) ဘုရားအလောင်း ဖွားမြင်တုန်းက အကျိုးအကန်းတွေ ကောင်းသည်၊ နတ်ပြည်ငရဲပြည် မြင်ရသည်ဆိုတာကို ကမ္ဘာ့သမိုင်းမှာ မပါ၍တဲ့၊ ရွှေအဘိဓမ္မာက မကျေနပ်၊ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀-က တကယ့်အဖြစ်အပျက်ကို မှတ်တမ်းမတင်နိုင်တဲ့ ကမ္ဘာ့သမိုင်းဆရာများကို ရွှေအဘိဓမ္မာဆရာတို့က ဆက်လက် အရေးယူကြရန် တိုက်တွန်းပါသည် ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဤစောဒနာအမှတ် ၁၉-တွင် ဖော်ပြထားသော (က)မှ (ဋ)အထိ စကားရပ်များသည် ဘာသာရေးပြက်လုံးများပင် ဖြစ်ကြသော်လည်း ဗုဒ္ဓနှင့်ဗုဒ္ဓဝံသကို ပြောင်လှောင်ပြက်ချော် သရော်စော်ကား၍ ဂါရဝကင်းမဲ့စွာ ပြုမူထားသောကြောင့် မသိနားမလည်ရှာသူများအနေဖြင့် အထင်အမြင် လွဲမှားပြီး သွားနိုင်ပါသဖြင့် ဘုရားဖျက်, တရားဖျက်, သံဃာဖျက်, အချင်းချင်း ဖျက်ဆီးသော စကားရပ်များသာ ဖြစ်နေပါသောကြောင့် ဓမ္မလမ်းကြောင်း မစောင်းရအောင် တည့်မတ်ပေးတော်မူပါမည့်အကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။

ဝိသေသစောဒနာ အမှတ် (၂၀)

၂၀။ ထေရဝါဒလာ သံဂါယနာ (၆)တန်ကို ပေါ့ပျက်သေးသိမ်အောင် ဟောပြောဆွေးနွေး ရေးသားထိုးနှက်လျက် သာသနာဖျက်လုပ်ရပ်များကို လုပ်ကိုင်နေကြမှုနှင့် ပတ်သက်၍ ဝိသေသစောဒနာချက်ပါ ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရားတော်များ ဘုရား-
၁။ သံဂါယနာ (၆)တန် တင်တော်မူလာခဲ့ကြတဲ့ ရှင်မဟာကဿပ အစရှိသော ဘုရားသားတော် ထေရ်မြတ်ကြီးများသည် ဗုဒ္ဓမြတ်စွာ ၄၅-ဝါ ကာလကြာအောင် ဟောဖော်ညွှန်ပြ ဆုံးမတော်မူခဲ့သော စကားတော်ဒေသနာ အနှစ်များကို မပေါ့ပျက် မသေးသိမ် မတည်ငြိမ် မချောက်ချား ဖောက်ပြား ရွေ့လျော၍ မသွားရလေအောင် တစ်ပွင့်စီ ကြွေလင်နေသော ပန်းများကို စီကာ စဉ်ကာ ကုံးသီထားသကဲ့သို့ စုစည်းကုံးသီ အစီအစဉ်ကျအောင် ကဏ္ဍခြား ပိုင်းကာရွတ်ဆို ထားတော်မူခဲ့ကြပါသည် ဘုရား။

၂။ ပထမသံဂါယနာသမိုင်းကို နောက်ကြောင်းပြန်၍ကြည့်လျှင် ခေါင်းဆောင်သံဃထေရ် ဖြစ်တော်မူသော ရှင်မဟာကဿပထေရ်သည် သုဘဒ္ဒရဟန်းကြီး၏ ထိတ်လန့်ဖွယ်ကောင်းသော ဝိနည်းတရားတော်ကို ရှုတ်ချကဲ့ရဲ့သည့် စကားကိုကြားရ၍ “ဝိနည်းကျင့်ဝတ်သည် သာသနာတော်၏ ရေသောက်မြစ် ဖြစ်သည်၊ ရေသောက်မြစ် ပုပ်ဆွေးလျှင် သာသနာတော်ပင်မ သွေ့ခြောက် ပျက်စီးတော့မည်” ဟု မြင်တော်မူသောကြောင့် ဆန္ဒဝီရိယကြီးမားလှစွာဖြင့် သံဃာ ၅၀၀-လက်ရွေးစင် ရွေးကောက်တော်မူကာ သံဂါယနာတင်ပွဲကြီးကို ကျင်းပတော်မူခဲ့ပါသည်၊ ယင်းသို့ သံဂါယနာတင်ခြင်း၏အကျိုးမှာ လွန်စွာ ကြီးမားလှပါသည်၊ ကိလေသာဘေးရန်တို့မှ ကင်းငြိမ်းပြီး၍ စျာန်ချမ်းသာ ဖိုလ်ချမ်းသာဖြင့် အေးအေး လူလူ နေတော်မူ၍ သာသနာတော် သက်ရှည်ရေးအတွက် ဗျာပါရကင်းမဲ့နေသော ရဟန္တာကြီးများကို ကြောင့်ကြတစ်ခုပြုကာ သာသနာတည်မြဲရေးအတွက် တာဝန်ယူစေနိုင်ခဲ့ပါသည် ဘုရား။

၃။ ပထမသံဂါယနာ တင်ပြီးသည့်နောက် တာဝန်အသီးသီး ပေးထားတော်မူခဲ့သည့်အလျောက် ရှင်ဥပါလိသည် ဝိနည်းကို တာဝန်ယူကာ ဖြန့်ဖြူးခဲ့ရပါသည်၊ ရှင်အာနန္ဒာက ဒီဃနိကာယ်ကို တပည့်စဉ်ဆက် ဆောင်ရွက်ခဲ့ရပါသည်၊ ရှင်သာရိပုတ္တရာ၏ တပည့်ဖြစ်သော ထေရ်ကြီးများသည် မဇ္ဈိမနိကာယ်ကို သင်ယူပို့ချ ဖြန့်ဖြူးသောအားဖြင့် တာဝန်ယူစောင့်ရှောက်တော်မူခဲ့ရပါသည်၊ ရှင်မဟာကဿပသည် သံယုတ္တနိကာယ်ကို မတိမ်ကော မပျောက်ပျက်အောင် တပည့်စဉ်ဆက် ဆောင်ရွက်ခဲ့ရပါသည်၊ ရှင်အနုရုဒ္ဓါကား အင်္ဂုတ္တရနိကာယ်ကို အနက်အဓိပ္ပါယ် ပျောက်ကွယ်ဖောက်ပြား အမှားအယွင်း မရှိရလေအောင် ကြပ်မကွပ်ကဲ အမြဲ ရွတ်အံသရဇ္ဈာယ်ခြင်း, ပို့ချခြင်း, ဆွေးနွေးမေးမြန်းခြင်းများ ပြုခဲ့ရပါသည်၊ ထို့ကြောင့်ပင် ထိုသို့ ပထမသံဂါယနာပွဲက စေ့ဆော် ဖန်ပြုစီစဉ်ခဲ့မှုကြောင့် ယခု တပည့်တော်များခေတ်သို့ရောက်အောင် ထေရဝါဒနိုင်ငံများတွင် ထေရဝါဒ ပိဋကတ်တော်များ မပျောက်မပျက် တည်ရှိခဲ့ခြင်း ဖြစ်ပါသည် ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၄။ ဒုတိယနှင့် တတိယသံဂါယနာပွဲများမှာလည်း ဝိနည်းကြောင်းနှင့် ဓမ္မရေးရာများ၌ ယိမ်းယိုင်ဖောက်ပြား ချောက်ချားမည့် အန္တရာယ်ကို မြင်တော်မူကြ၍ ကျရောက်လာသော ဘေးရန်မှလည်း ကင်းစေ၊ နောင် အနာဂတ်အတွက်လည်း ဒိဋ္ဌာနုဂတိရ၍ သာသနာ့ဝန်ထမ်း ရဟန်းတော်များ ကြောင့်ကြမဲ့ မနေ သာသနာ့အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ကြစေ ဟူသော မြော်ခေါ်ချက်ဖြင့် ရှင်မဟာယသထေရ် ရှင်မောဂ္ဂလိပုတ္တတိဿထေရ်တို့သည် ပဋိဝေဓဂုဏ်လည်း ရှိ, ဗဟုသုတဂုဏ်လည်း ပြည့်တော်မူကြသော (၇၀၀-၁၀၀၀) အသီးသီးရှိသော သံဃာတော်များကို ရွေးကောက်၍ ဒုတိယအကြိမ်နှင့် တတိယအကြိမ် သံဂါယနာတင်တော်မူခဲ့ကြပါသည် ဘုရား။

၅။ ဒုတိယသံဂါယနာတင်ပွဲကြီး၏ အရှိန်အဝါကြောင့် ဝိနည်းရေးရာ၌ အလေးအနက်မထား ပေါ့လျော့စွာ နေထိုင်ကျင့်ကြံလိုကြသော သူများသည် တစ်ဂိုဏ်းခွဲ တစ်စင်ထောင်၍ ဂိုဏ်းသီးခြား ပြုသွားကြပါသည်၊ အရေအတွက် ပို၍များသော သံဃာအစုအဝေးဖြင့် သီးခြားသံဂါယနာ တင်ကြပါသည်၊ ယင်းကို မဟာသင်္ဂီတိဂုဏ်းဟု သမိုင်းတွင်စေခဲ့ပါသည်၊ နည်းသည် များသည် ပဓာနမဟုတ်၊ သန့်ရှင်းခြင်းသည်၊ ကောင်းသည် ဖြူစင်ခြင်းသည် မွန်မြတ်သည် အညစ်အကြေးကင်းသော ဗုဒ္ဓသာသနာကို အစွန်းအထင်း မရှိအောင် ငါတို့ ထိန်းကြမည်ဟု ထေရ်ကြီးများသည် ဆုံးဖြတ်တော်မူခဲ့ကြသည်၊ ဗစာင့်ရှောက်တော် မူခဲ့ကြသည်၊ ထို့ကြောင့်ပင် ထေရဝါဒဂုဏ်းဟူ၍ ထိုစဉ်ကစ၍ တွင်ခဲ့ခြင်း ဖြစ်ပါသည် ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၆။ တတိယသံဂါယနာ၏ ဂုဏ်ကျေးဇူးသည်လည်း အလွန် ထူးခြားလှပါသည် ဘုရား၊ မိစ္ဆာဝါဒ မြူအညစ်တို့ကို ဖြူသစ်အောင် ဆေးကြောပြီး၍ လောကဓာတ်အနှံ့ ဗုဒ္ဓသာသနာ ဖြန့်ဝေရန် ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွတ်နိုင်ခဲ့ခြင်းမှာ တတိယသံဂါယနာ၏ အကျိုးဆက် ဖြစ်ပါသည်၊ ယင်းဓမ္မဒူတ လုပ်ငန်းကြီး၏ မှန်ကန်မှု ထက်မြက်မှုကြောင့် ထေရဝါဒနိုင်ငံများဟု ယခုခေတ်တွင် ထင်ရှားကျော်ကြား၍နေသော မြန်မာ ယိုးဒယား ကမ္ဘောဒီးယား သီဟိုဠ် လာအို စသော ဒေသများတွင် တိပိဋက ဗုဒ္ဓအဆုံးအမများသည် ပျက်ပြားတိမ်ကော၍မသွားဘဲ သာသနာနှစ် ၂၅၂၅ ကျော်သည်အထိ ခိုင်ခိုင်ခံ့ခံ့တည်တံ့နေခဲ့ခြင်း ဖြစ်ပါသည်ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၇။ သို့စဉ်လျက် ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့က ဒုတိယ တတိယသံဂါယနာများသည် ဟိန္ဒူဗြာဟ္မဏဝါဒတိုနှင့် ရောနှောစက်ယှက် အနက် အဓိပ္ပါယ်မမှန် ဖောက်ပြန်နေသည်၊ မဖြူမဖွေး ညစ်ထေးနေသည်ဟု မဟုတ်မတရား စွပ်စွဲကြပါသည်၊ ဤသံဂါယနာများသည် မူလကပင် မယူမစင် အမြင်လွဲမှားမှုတို့ အနည်းငယ်မျှ ရောနှောဝင်စွက် သိရ်မပျက်ရအောင် ဆက်လက်ထိန်းသိမ်းခဲ့ခြင်းကြောင့် သူတို့ ဆိုသလို မဟုတ်၊ အလွန်တောက်ပြောင်ထိန်ဝင်း အသရေ လင်းခဲ့ပါပေသည်ဘုရား။

၈။ စတုတ္ထသံဂါယနာသမိုင်းကို ကြည့်ပြန်ပါလျှင်လည်း မဟာဝိဟာရဝါသီဂိုဏ်းဝင် အရှင်မြတ်တို့သည် အိန္ဒိယမှ ကူးစက်ရွေ့လျား ဖောက်ပြားလာသော ဓမ္မရုစိဂိုဏ်း ဝေတုလျဂိုဏ်း အယူအဆ သမယန္တများ မရောမစွက်ရအောင် အခက်အခဲ အမျိုးမျိုးကြားထဲမှာ စောင့်ရှောက်ကာကွယ် ထိန်းသိမ်းနိုင်ကြကြောင်း တွေ့ရမည်ဖြစ်ပါသည်၊ ယင်းသို့ ဖြူစင်သန့်ရှင်းနေပါလျက် ဘာကိုထုတ်၍ ဘာကို နုတ်ရမည်ဟု အချည်းနှီး မြည်တမ်းနေခြင်းသည် အဖျက်သဘောသက်သက်သာ ဖြစ်ပါသည်ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၉။ ပေထက်အက္ခရာ တင်လိုက်တဲ့အတွက် သီဟိုဠ်သာသနာ အရှည်တည်တံ့ခိုင်ခံ့၍သွားသလို ပဉ္စမသံဂါယနာ တင်လိုက်တဲ့အတွက် မြန်မာနိုင်ငံသာသနာတော်သည်လည်း ကမ္ဘာက အသိအမှတ်ပြုခြင်း ခံရလောက်အောင် သန့်လည်းသန့် ခန့်လည်းခန့်ပါပေသည်၊ အနှစ်တရာအတွင်း သင်္ခါရစက်ကွင်းက မလွတ်ကင်းနိုင်သောကြောင့် ဒုတိယကမ္ဘာစစ်ကြီးတွင် ကျောက်ထက်အက္ခရာတင်ခဲ့ပြီးသော ပိဋကတ်စာမူများသည် အချို့ပြိုလဲ ပျက်ကွဲခဲ့ရပါသည်၊ အစောင့်အရှောက် ကင်းမဲ့သည့်အလျောက် ကာလကြာလျှင် ထိုထက်ပင် ပျက်စီးရတော့မည့်ဘေးကို မြင်ကြ၍ မြန်မာနိုင်ငံတွင် ပြည်သူနှင့်အစိုးရ၊ သံဃာတော်များနှင့်တကွ တိုင်ပင်ညှိနှိုင်းကြပြီး ထေရဝါဒနိုင်ငံများမှ အကူအညီ အကြံဉာဏ်များရယူကာ ၆-ကြိမ်မြောက် သံဂါယနာတင်ခဲ့ကြပါသည်ဘုရား။

၁၀။ မူအစောင်စောင်နှင့် ညှိနှိုင်း အထပ်ထပ်သုတ်သင် အကြိမ်ကြိမ် ပြင်ဆင်၍ ပီပီပြင်ပြင်တင်ခဲ့သော ဆဋ္ဌသံဂါယနာကို အနိုင်နိုင်ငံက အသိအမှတ်ပြုကြသဖြင့် ဆဋ္ဌမူပိဋက စာပေတို့သည် ကမ္ဘာ့နိုင်ငံကြီးများ၏ စာကြည့်တိုက်ကြီးတိုင်းတွင် ခန့်ခန့်ညားညား ကြွားကြွားဝင့်ဝင့် ရှိနေရုံမျှမက ကမ္ဘာ့ပညာရှင် သိုက်ဆရာတို့၏ ပညာသိုက်တူးဖော်ရာ ဌာနကြီးများဖြစ်လျက်ရှိနေကြပါသည်။

သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁၁။ သံဂါယနာ (၆)တန်တင်ခဲ့သည့်ဘာသာစကားနှင့် ပတ်သက်၍သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ တင်ပြသလို ပါဠိနှင့်တင်သည်မဟုတ်၊ ပါဠိလည်းမပေါ်သေး ဟူသော အဆိုမှာရယ်ဖွယ်သက်သက်သာ ဖြစ်ပါသည်၊ နားမလည်သောကြောင့် အမှားမှားအယွင်းယွင်း ရေးသားပြောဆိုကြသည်မှာ သနားဖွယ်ပင်ဖြစ်ပါသည်။ အမှန်မှာ ယခုအခါ ပြာကရိတ်ဟု ထင်ရှားသော ဘာသာစကားကြီး၏ အကိုင်းအခက် (၆)မျိုး အနက် မာဂဓီခေါ်သော သာသာစကားရပ်သည်ပင်း ဒေသန္တရကူးပြောင်း လူအမျိုးမျိုးတို့ သုံးစွဲပြောဆိုရာမှ ဘုရားရှင်၏ စကားတော်အစဉ်ဟူသော အနက်အဓိပ္ပါယ်ကိုရည်ညွှန်းကား (text) ကို ပါဠိတော်၊ (text language) ကိုပါဠိဘာသာစကားဟို ဝေါဟာရ ကူးပြောင်းလာခြင်းမှ ဖြစ်ပါသည်ဘုရား။

သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁၂။ ယခုလျှောက်ထားခဲ့သော စကားအစဉ်ဖြင့် သံဂါယနာ (၆)တန်တင်ခဲ့သော ပိဋကတ်သည် ဦးဥက္ကဋ္ဌနှင့် နောက်လိုက်တစ်ယူသန်များ ပြောဆိုဖြန့်ဝေကြသလို ဟိန္ဒူဗြာဟ္မဏဝါဒလမ်းစဉ်၊ မနှော စင်းလုံးချောသော ပိဋကတ်များ ဖြစ်ပါသည်၊ ဝိမုတ္တိစခန်းသို့ ဖြောင့်တန်းစွာ ပို့တတ်သော လမ်းစဉ်မှန်များလည်းဖြစ်ပါသည်၊ မိစ္ဆာအယူရှိသောခေါင်းဆောင် ရှေ့ကသွားသဖြင့် နောက်လိုက်ဖြစ်သော ရဟန်းရှင်လူတို့လည်း သနားစဖွယ် မိစ္ဆာအယူမှားနောက်သို့ လိုက်ကြရှာပါသည်၊ သူတို့ကိုယ်တိုင်က ဆရာစွဲ ဥပါဒါန်ကြီးရှာသောကြောင့် အစွဲမရှိသော အနုပါဒါနပိဋကတ်ကိုပင် အစွဲနှင့် ပြည့်နှက်နေဟန် လုပ်ကြံ ပြောဆိုကြခြင်းသာ ဖြစ်ပါသည်၊ သို့ဖြစ်ပါ၍ ထို အစွဲရှင်များကို အစွဲပြုတ်အောင် ဖြုတ်ပယ်ရှင်းလင်းပေးတော်မူကြပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

ဝိသေသစောဒနာ အမှတ် (၂၁)

၂၁။ သံဂါယနာ ၆-တန်တင်ပြီး ဘုရားဟော ပါဠိတော်အမှန်များကို လူသေလူဖြစ်ဝါဒနှင့် မကိုက်ညီပါက ဘုရားဟော မဟုတ်ပါဟူ၍ လည်းကောင်း၊ ဟိန္ဒူဗြာဟ္မဏဝါဒဟူ၍လည်းကောင်း ဗုဒ္ဓဘာသာဝင်များ အမြင်မှားအောင် လှည့်စားလိမ်ညာ၍ ဝါဒဖြန့်ခြင်းနှင့် ပတ်သက်သော ဝိသေသစောဒနာချက်ပါဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား -
စောဒနာ အမှတ် ၂၁-တွင် ဖော်ပြထားသော (က) အမှတ်ပြ စကားရပ်၌ နိကာယ်၏နိကာယ် စာအုပ်တွင် ဒီဃနိကာယ် ဗြဟ္မဇာလသုတ်ကို ဘာသာပြန်ဆိုရာ၌ အပြည့်အစုံ မပြန်ဆိုသည့်အပြင် (မုသာဝါဒ) သိက္ခာပုဒ်နှင့် (ဖရုသဝါစာ) သိက္ခာပုဒ်များကို တမင်ဖြုတ်ခဲ့ကြောင်း စောဒနာခဲ့ပါပြီဘုရား။

ယင်းဖြုတ်ထားခဲ့သော သိက္ခာပုဒ် ၂-ခုအနက် မုသာဝါဒသိက္ခာပုဒ်နှင့် ဆိုင်သော ဘုရားဟောပါဠိတော်ကို မူရင်းအတိုင်းဖော်ပြပါမည်ဘုရား။

မုသာဝါဒံ ပဟာယ မုသာဝါဒါ ပဋိဝိရတော သမဏော ဂေါတမော သစ္စါဝါဒီ သစ္စသန္ဓော ထေတော ပစ္စယိကော အဝိသံဝါဒကော လောကဿာတိ။ ဣတိဝါဟိ ဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံဝဒမာနော ဝဒေယျံ။ (သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်)

ဒီပါဠိတော်ကတော့ ဦးဥက္ကဌဦးစီး၍ ဦးဥဇ္ဇောတိက တာဝန်ယူကျင်းပသော ဒေးဒရဲ ပဉ္စနိကာယဓမ္မသာကစ္ဆာအဖွဲ့သားများ အတည်ပြုထားသော နိကာယ်၏နိကာယ်စာအုပ်တွင် ဖြုတ်ထားခြင်းခံရသော ဘုရားဟောပါဠိတော်ပါဘုရား၊ ယခု ထိုပါဠိကို အနက်မြန်မာ ဖွင့်ဆိုပြပါမည်ဘုရား။

ဂေါတမော = ဂေါတမအနွယ်ရှိသော သမဏေ ရဟန်းသည်
မုသာဝါဒံ = မုသာဝါဒကို (ဝါ) ချွတ်ယွင်းဖောက်ပြန်မဟုတ်မမှန်သော ကာယပယောဂ, ဝစီပယောဂဖြင့် သိစေကြောင်းဖြစ်သော စေတနာကို။
ပဟာယ
= ဆောက်တည်ရာကာလ၏ အစွမ်းအားဖြင့် ပယ်တော်မူပြီး၍။
မုသာဝါဒါ
= မုသာဝါဒမှ (ဝါ) ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယပယောဂ, ဝစီပယောဂဖြင့် သိစေကြောင်း ဖြစ်သော စေတနာမှ။
ပဋိဝိရတော
= နောင်အခါ၌ ဝိပရီတဝတ္ထုဟု ဆိုအပ်သော လွန်ကျူးအပ်သော ဝတ္ထုနှင့်ပေါင်းဆုံးတွေ့ကြုံရာ ကာလ၏ အစွမ်းအားဖြင့် အသီးသီး ကင်းလျက် ရှောင်ကြဉ်တော်မူ၏။
သစ္စဝါဒီ
= မှန်ကန်သော စကားကိုသာ ပြောဆိုတော်မူတတ်၏
သစ္စသန္ဓော = မှန်ကန်သော ရှေ့စကားနှင့် မှန်ကန်သော နောက်စကားကို စေ့စပ်တော်မူတတ်၏။
ထေတော
= မြဲမြံတည်တံ့ အရှည်ခံသော စကားရှိတော်မူ၏။
ပစ္စယိကော
= သဒ္ဓါဖြင့် ဖြစ်စေအပ်သော စကားရှိတော်မူ၏။ (ဝါ) ယုံကြည်အပ်ယုံကြည်သင့် ယုံကြည်ထိုက်သော စကားရှိတော်မူ၏
လောကဿ = သတ္တလောကကို။ အဝိသံဝါဒကော= ချွတ်ယွင်းစေတော်မမူတတ်။
ဣတိ
= ဤသို့။ ဝဒေယျ၊ ဆိုရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣတိ ဝါ၊ ဤသို့သော မုသာဝါဒဝိရတီဟူသော သီလမျှဖြင့်၏သော်လည်း။ ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို။ ဝဒေယျ၊ ပြောဆိုရာ၏။ (ပခုက္ကူမူ သီလက္ခန် ပါဠိတော် နိဿယ၊ နှာ၊ ၄၀။)

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
နိကာယ်၏ နိကာယ်စာအုပ်တွင် ဖြုတ်ထားခဲ့သော (ဖရုသဝါစာ)သိက္ခာပုဒ်ကိုလည်း သီလက္ခန်ပါဠိတော်မှ ထုတ်နုတ်၍တင်ပြပါမည်ဘုရား၊

“ဖရုသံ ဝါစံ ပဟာယ ဖရုသာယ ဝါစာယ ပဋိဝိရတော သမဏော ဂေါတမော ယာသာ ဝါစာ နေလာ ကဏ္ဏသုခါ ပေမနီယာ ဟဒယင်္ဂမာ ပေါရီ ဗဟုဇနကန္တာ ဗဟုဇနမနာပါ၊ တထာရူပိံဝါစံ ဘာသိတာဓ တိ၊ဣတိ ဝါဟိဘိက္ခဝေ ပုထုဇ္ဇနော တထာဂတဿ ဝဏ္ဏံဝဒမာနော ဝဒေယျ။
(သီလက္ခန် ပါဠိတော်၊ ဗြဟ္မဇာလသုတ်) (ဒီ၊၁၊၄။)

ယခု ထိုပါဠိကို အနက်မြန်မာ ပြန်ဆိုပါမည်ဘုရား။

ဂေါတမော = ဂေါတမအနွယ်ရှိသော သမဏေ ရဟန်းသည်။
ဖရုသံ = တပါးသောသူကို ပူလောင်စေတတ်သော (ဝါ) မိမိသူတပါးနှစ်ဦးသားကို လွှသွားကဲ့သို့ ကြမ်းတမ်းသည်ကို ပြုတတ်သော။
ဝါစံ
= စကားကို (ဝါ) စကားကို ပြောဆိုကြောင်းဖြစ်သော စေတနာကို။
ပဟာယ
= ဆောက်တည်ရာကာလ၏ အစွမ်းအားဖြင့် ပယ်တော်မူပြီး၍။
၊ဖရုသာယ = တပါးသောသူကို ပူလောင်စေတတ်သော (ဝါ) မိမိသူတပါးနှစ်ဦးသားကို လွှသွားကဲ့သို့ကြမ်းတမ်းသည်ကို ပြုတတ်သော။
ဝါစာယ
= စကားမှ (ဝါ) စကားကို ပြောကြောင်းဖြစ်သော စေတနာမှ။
ပဋိဝိရတော
= နောင်အခါ၌ အက္ကောသိတဗ္ဗပုဂ္ဂိုလ်ဟု ဆိုအပ်သော လွန်ကျူးအပ်သော ဝတ္ထုနှင့် ပေါင်းဆုံတွေ့ကြုံရာ ကာလ၏ အစွမ်းအားဖြင့် အသီးသီး ကင်းလျက် ရှောင်ကြည်တော်မူ၏။
နေလာ
= အပြစ်မရှိသော။
ကဏ္ဏသုခါ
= ကြားနာရသော ပုဂ္ဂိုလ်၏နားတို့ကို ချမ်းသာစေတတ်သော။
ပေမနိယာ
= ချစ်ခြင်းကို ဖြစ်စေတတ်သော။
ဟဒယင်္ဂမာ
= မထိမခိုက် စိုက်စိုက်မတ်မတ် စိတ်နှလုံးသို့သက်ဝင်တတ်သော။
ပေါရီ
= ဂုဏ်၏ ပြည့်သည်၏အဖြစ်၌ဖြစ်သော။ (ဝါ) မြို့ကြီးသူတို့၏ အခေါ်အဝေါ် အသုံးအနှုန်း အပြောအဆိုဖြစ်သော။
ဗဟုဇနကန္တာ
= များစွာသော လူအပေါင်းသည် နှစ်သက်အပ်သော။
ဗဟုဇနမနာပါ
= များစွာသော လူအပေါင်း၏စိတ်ကိုတိုးပွားစေတတ်သော။
ယာသာဝါစာ
= အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ တထာရူပိံ၊ ထိုသို့သဘောရှိသော။
ဝါစံ
= စကားကို။ ဘာသိတာ၊ ပြောဆိုတော်မူတတ်၏။ ဣတဧဝံ၊ ဤသို့။
ဝဒေယျ
= ဆိုရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣတိဝါ၊ ဤသို့သော ဖရရုသဝါစာဝိရတိဟူသော သီလမျှဖြင့်သော်လည်း။ ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။ တထာဂတဿ၊ မြတ်စွာဘုရား၏။ ဝဏ္ဏံ၊ ဂုဏ်ကျေးဇူးကို။ ဝဒမာနော၊ ပြောဆိုလိုသည်ရှိသော။ ဝဒေယျ၊ ပြောဆိုရာ၏၊
(ပခုက္ကူမူ သီလက္ခန်ပါဠိတော် နိဿယ၊နှာ၊၄၃၊၄၄)

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
(ခ) အမှတ်ပြ(ဂ) အမှတ်ပြ(ဃ) အမှတ်ပြ(စ) အမှတ်ပြ စကားရပ်များတွင် နိကာယ်၏ နိကာယ်စာအုပ်၌ ဖြုတ်ထားခဲ့သော ဘုရားဟော ပါဠိတော်များကို မျက်နှာနံပါတ်များနှင့်တကွ အတိအကျ ထောက်ပြထားပြီးဖြစ်၍ ဝိသသစောဒနာ ပြုနေဖွယ် မလိုတော့ပါဘုရား။

(စ) အမှတ်ပြ စကားရပ်၌ နိကာယ်၏ နိကာယ်စာအုပ်တွင် (ကေသမုတ္တိ) သုတ်ကို ဘာသာပြန်ဖော်ပြရာ၌ ဗြဟ္မစိုရ်တရားလေးပါးကို ဖော်ပြသော ပါဠိတော်များကို တစ်ပုဒ်လုံးဖြုတ်၍ ဘာသာပြန်ဆိုကြောင်းကို မူလစောဒနာတွင် ထောက်ပြထားခဲ့ပါသည် ဘုရား၊ ယခု ဒေးဒရဲ ပဉ္စနိကာယ ဓမ္မသာကစ္ဆာအဖွဲ့မှ ဖြုတ်ထားခဲ့သော (ကေသမုတ္တိသုတ်)မှ လက်ကျန်ပါဠိကို ဖော်ပြပါမည် ဘုရား။

၁။ သ ခေါ သော ကာလာမ အရိယသာဝကော ဧဝံ ဝိဂတာဘိဇ္ဈော၊ ဝိဂတဗျာပါဒေါ အသမ္မူဠော သမ္ပဇာနော ပတိဿတော မေတ္တာ သဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထတတိယံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္ထတာယ သဗ္ဗဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။

၂။ ကရုဏာ သဟဂတေန စေတသာ။ပ။

၃။ မုဒိတာ သဟဂတေန စေတသာ။ပ။

၄။ ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထတတိယံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္ထတာယ သဗ္ဗဝန္တံ လောကံဥပေက္ခာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ၁။ (အင်္ဂုတ္တရပါဠိတော်။ တိကနိပါတ်။ ကေသမုတ္တိသုတ်) (အံ၊၁၊၁၉၂။)

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ယခု ထုတ်ပြလိုက်သော ပါဠိတော်ကတော့ ဦးဥက္ကဌ ဦးစီးသော ဒေးဒရဲ ပဉ္စနိကာယ ဓမ္မသာကစ္ဆာအဖွဲ့မှ ဖြတ်ထုတ်ပစ်ပယ်လိုက်သော သမ္မာဒိဌိတို့အကြိုက် ကေသမုတ္တိသုတ်မှ လက်ကျန်ပါဠိတော်ပါဘုရား၊ ထိုပါဠိတော်ကို ဗြာဟ္မဏဝါဒကြောင့် ဖြုတ်ပစ်သလော၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုသော တရားလေးပါးကို လိုက်နာကျင့်သုံးလိုစိတ် ကင်းမဲ့၍ ဖြုတ်ပစ်ခြင်းလော။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
အထက်ပါ ကေသမုတ္တိသုတ်မှ လက်ကျန်ပါဠိကို မြန်မာလို ဖော်ပြပေးလိုက်ပါတယ် ဘုရား။

ကာလာမမင်းတို့ အရိယာတပည့်တို့သည် ဤသို့ မက်မောခြင်း အဘိဇ္ဈာမှ ကင်းသည်၊ ပျက်စီးစေလိုခြင်း ဗျာပါဒမှ ကင်းသည်၊ တွေဝေခြင်း မရှိသည်၊ ဆင်ခြင်တုံတရား ရှိသည်၊ သတိနှင့် ပြည့်စုံသည် ဖြစ်၍ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံနှံ့စေ၍နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ သုံးခုမြောက်သော အရပ်မျက်နှာကို၊ လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍နေ၏၊

ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြင့်မြတ်သော၊ အတိုင်းအရှည်မရှိသော ရန်မရှိသော၊ ကြောင့်ကြမရှိသော သနားခြင်းကရုဏာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏၊ ပ။ ဝမ်းမြောက်ခြင်း မုဒိတာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏၊ပ။ လျစ်လျူရှူခြင်း ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် တခုသော အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို၊ လေးခုမြောက်အရပ်မျက်နှာကို ပျံ့နှံ့စေ၍နေ၏၊

ဤနည်းဖြင့် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြင့်မြတ်သော၊ အတိုင်းအရှည်မရှိသော ရန်မရှိသော၊ ကြောင့်ကြခြင်းမရှိသော၊ လျစ်လျူရှူခြင်း ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏၊
(အင်္ဂုတ္တရပါဠိတော်။ တိကနိပါတ်။ ကေသမုတ္တိသုတ်မြန်မာပြန်) (အင်မြန်၊၁၊၂၀၇၊၂၀၈။)

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
ဦးဥက္ကဌအပါအဝင် သူ၏တပည့်သာဝကအားလုံးက ဤ ကေသမုတ္တိသုတ်ကို လက်ကိုင်ထား၍ ဝါဒမတူသော ပုဂ္ဂိုလ်များ၏ စာ၊ စကား၊ တရားအားလုံးကို ဝေဖန်ကဲ့ရဲ့လေ့ရှိပါသည်ဘုရား၊ ဗုဒ္ဓမှတ်ကျောက်ဆိုပြီး အလွဲ အဓိပ္ပါယ်ဖော်ကာ သူတို့သဘောနှင့် မတွေ့တိုင်း ပါဠိတော်တွေကို အပြတ်ရှင်းရှင်းပစ်ကြပါသည်ဘုရား။

ဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
မဟာနာယက ဦးဥက္ကဌနှင့် စူဠနာယက ဦးဥဇ္ဇောတိကတို့ တာဝန်ယူတည်းဖြတ် သုတ်သင်ထားသော နိကာယ်၏နိကာယ် စာအုပ်တွင် ဘုရားဟောပါဠိတော်များကို မြောက်မြားစွာ နှုတ်ပယ်ထားပါသည်ဘုရား၊ ယခုတပည့်တော်များက ၎င်းတို့၏ ပိဋကတ်ပယ်ဝါဒကို သိသာရုံမျှ နမူနာအဖြစ် လောက်သာ တင်ပြထားခြင်းဖြစ်ပါသည်ဘုရား။

မြတ်စွာဘုရားသခင် ဟောကြားတော်မူခဲ့သော ဘုရားဟော ပါဠိတော်များသည်
(၁) အနက် အဓိပ္ပာယ် ပြည့်စုံပြီးဖြစ်သောကြောင့် သာတ္ထံ ဆိုသော ဂုဏ်အင်္ဂါမြောက်ပါသည်ဘုရား။
(၂) ပေါ်လွင်ပြေပြစ် ကျစ်လစ်ကောင်းမွန်သော သဒ္ဒါနှင့်ပြည့်စုံသောကြောင့် သဗျဉ္ဇနံ ဆိုသော ဂုဏ်အင်္ဂါလည်း မြောက်ပါသည်ဘုရား
(၃) ဖြည့်ဖွယ်စွက်ဖွယ် မရှိ အလုံးစုံ ပြည့်စုံသောကြောင့် ကေဝလပရိပုဏ္ဏံ ဂုဏ်အရင်္ဂါလည်း မြောက်ပါသည်ဘုရား
(၄) ပယ်ဖွယ် နုတ်ဖွယ် မရှိ အလုံးစုံ အပြစ်ကင်းသောကြောင့် ပရိသုဒ္ဓံ ဂုဏ်နှင့်လည်း ပြည့်စုံပါသည်ဘုရား
ပါရာဇိကဏ်အဋ္ဌကထာ(ပ-၉၉)

အမှတ် (၂၁) စောဒနာတွင် ဖော်ပြထားသော (က) မှ (ည) အထိ စာပိုဒ်များသည် ပါဠိတော်များကို ပယ်ထားသောစာပိုဒ်များ ဖြစ်ပါသည်ဘုရား။

အထက်ဖော်ပြပါ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဟူသော ဂုဏ်အင်္ဂါမြောက်သည့် ဘုရားဟောစာ ပါဠိတော်များကို ဖြုတ်ထုတ် လွှင့်ပယ်ထုနှက်ဖျက်ဆီး ပျက်စီးအောင် မည်သို့အကြောင်းပြချက်နှင့်မျှ မလုပ်ရပါဘုရား။ လူတစ်ကိုယ် ထင်တစ်လုံးစီးရှိ၍ ကိုယ်ထင် ထင်သလို မထင် မထင်သလို လုပ်တမ်းသာ ဆိုပါက တစ်ဖက်နှင့် တဖက် ပဋိပက္ခမှုကြီးတွေပေါ်လာပြီး လောကငြိမ်းချမ်းရေး ပျက်စီးသွားမည်သာ ဖြစ်ပါသည်ဘုရား။

ထို့ပြင် ဤသံဂါယနာခြောက်တန်တင် ပါဠိ အဋ္ဌကထာ ဋီကာများ သန့်ရှင်း တည်တံ့ ပြန့်ပွားအောင် ဘဝကို ပေးအပ်ပြီးနေ့စဉ် သင်အံ ချပို့နေကြသည့် သိန်းကျော် သံဃာတော်များအားလည်း စော်ကားရာ ရောက်ပါသည်ဘုရား။

ဘုရားဟောကို ဘုရားမဟောဟု ဖြုတ်ပယ်သည့်အတွက် ဝိဝါဒါဓိကရုဏ်းမှု၏ လက်သည်လည်း ဖြစ်လာပါသည်ဘုရား။

သို့ဖြစ်ပါသောကြောင့် ဤသို့ ဆရာတော်ဘုရားကြီးများပါ မနေရ၊ ညောင်းညာပင်ပန်းတော်မူရခြင်းသည် ငါထင်သလို ငါလုပ်မည် ဘယ်သူမှ မငဲ့ဘူးဆိုသော အဓမ္မသမားတစ်စု၏ အပြုအမူကြောင့် ဖြစ်သဖြင့် အဓမ္မဝါဒီနှင့် အဓမ္မဝါဒီများကို ဖော်ထုတ်ပေးပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။

ဝိသေသစောဒနာ ပြီးပါပြီ။

စောဒနာ နိဂုံး

အမှတ်(၂) သီးခြားဝိနည်းဓိုရ်ဆရာတော် အရှင်သူမြတ်တို့ ဘုရား-
၁။ ဆရာတော်ဘုရားများ ရုံးတော်၌ လူသေလူဖြစ် ဦးဥက္ကဌဝါဒ၊ သမ္မာဒိဌိသုတေသနဝါဒ၊ ရွှေအဘိဓမာဝါဒတို့မှ အချက်ပေါင်း (၂၁) ချက်ထုတ်ဆောင်၍ ဓမ္မ အဓမ္မ ပြဿနာကို အဆုံးအဖြတ်ခံရန် တင်ပြလျှောက်ထားပြီး ဖြစ်ပါသည်ဘုရား၊ ယခု နိဂုံးချုပ်အနေဖြင့် ပေါင်းရုံးသုံးသပ်ချက်ကို လျှောက်ထားပါရစေဘုရား။

၂။ ပထမသံဂါယနာမှစ၍ ဆဌသံဂါယနာအထိ ရာထောင်မကသော ပညာရှိသူတော်ကောင်း မထေရ်မြတ်ကြီးများက တညီတညွတ်တည်း ထိန်းသိမ်းစောင့်ရှောက် အတည်ပြုပေးတော်မူခဲ့ကြသည့်အတွက် ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့က ကျေကျေနပ်နပ် လက်ခံထားလျက်ရှိသော နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ်နှင့်တကွ ထို ပိဋကတ်ကျမ်းဂန်များအရ ကျင့်သုံးလိုက်နာလျက်ရှိသော အစဉ်အလာ တရားဓမ္မ ယဉ်ကျေးမှုများအပေါ် ထော်လော်ကန့်လန့်လုပ်လာသော ဦးဥက္ကဌနှင့်တရုံတည်း တစ်ခြုံတည်းသားများကို ခြုံ၍ကြည့်ရာတွင် ၎င်းတို့ အဓိက ကိုင်စွဲသော လက်နက် (၂)မျိုးကို တွေ့ကြရပါသည်။

ထိုလက်နက် (၂) မျိုးမှာ ရုပ်ဝါဒလက်နက်နှင့် ဥပါဒါန်လက်နက်ပင် ဖြစ်ပါသည်ဘုရား။

၃။ ဦးဥက္ကဌတို့သည် သူတို့ ရေးသားဟောပြောချက်များအရ နာမ်တရား၏ အခန်းကဏ္ဍကိုလုံးဝ ပစ်ပယ်ပြီး ရုပ်ကိုသာ အခြေခံကျကျ ကိုင်စွဲထားသည်ကို တွေ့ကြရပါသည်ဘုရား၊ ရုပ်ဝါဒ၏ အဆောင်အယောင်များမှာ ပကတိမျက်လုံးမှန်ပြောင်း စသည်နှင့် အခြားသော ရုပ်ကရိယာများ ဖြစ်ပါသည်ဘုရား၊ ရုပ်ဝါဒ၏ အကျယ်အဝန်းသည်လည်း သူတို့ပြောသည့် ပုခက်နှင့် ခေါင်းကြားပင်ဖြစ်ပါသည်ဘုရား၊ သတ္ထဝါတစ်ဦး ပုခက်တွင်းသို့ မရောက်မီ(ဝါ) သန္ဓေမတည်မီရှေ့ပိုင်းနှင့် ခေါင်းထဲရောက်ပြီးနောက်ပိုင်း(ဝါ) အနာဂတ် ဘဝပိုင်းသည် ရုပ်ဝါဒလက်လှမ်းမှီသော အပိုင်းမဟုတ်ပါဘုရား။

၄။ ဗုဒ္ဓဝါဒသည်ကား ဝိဘဇ္ဇဝါဒ ဖြစ်သည်အားလျော်စွာ ရုပ်နာမ်တရားတို့ကိုလည်းကောင်း၊ ပစ္စုပ္ပန် အတိတ် အနာဂတ်တို့ကိုလည်းကောင်း ကျယ်ကျယ်ဝန်းဝန်း ရှုမြင်သုံးသပ်ဖော်ပြထားသော ဝါဒဖြစ်ပါသည်ဘုရား၊ ဗုဒ္ဓဝါဒ၏ အဓိကလက်နက်မှာ သီလ သမာဓိကို အခြေခံသော ပညာဉာဏ် ဖြစ်ပါသည်ဘုရား။ ရုပ်မျက်စိနှင့် မှန်ပြောင်းမဟုတ်ပါဘုရား၊ ဤ ဗုဒ္ဓဝါဒကို ပိဋကတ်သုံးပုံ၌သေချာစွာ ဖော်ပြထားပါသည်ဘုရား။

၅။ ဦးဥက္ကဌတို့ လူစုသည် ၎င်းတို့ဆုပ်ကိုင်ထားသော ရုပ်ဝါဒပေတံဖြင့် ဗုဒ္ဓဝါဒကို တိုင်းတာကြည့်သောအခါ ပေမမီ ဒေါက်မမီ ဖြစ်နေပါသည်ဘုရား။ နာမ်တရားကိုလည်း တိုင်း၍မရ၊ အတိတ် အနာဂတ်ကိုလည်း မမီဖြစ်နေကြပါသည်ဘုရား၊ ဤတွင် ဥပမာအားဖြင့် ဖော်ပြရပါက ကမ္ဘာကို ရပ်မှတ်အဖြစ်ထားလျှင် နေသည် ထွက်ဝင်သွားလာနေသည်ဟု ဆိုရပါမည်ဘုရား၊ နေကို ရပ်မှတ်အဖြစ်ထားလျှင် ကမ္ဘာသည် လည်ပတ်နေသည်ဟု ဆိုရပါသည်ဘုရား၊ ဤဥပမာကဲ့သို့ပင် သူတို့ကိုင်စွဲထားသော ရုပ်ဝါဒကိုသာ အမှန်ဟူ၍ သတ်မှတ်ထားလျှင် ဗုဒ္ဓဝါဒ အမှားဖြစ်ရပါမည်ဘုရား၊ ဗုဒ္ဓဝါဒကို အမှန်ဟူ၍ လက်ခံလျှင် သူတို့ ဆုပ်ကိုင်ထားသော ရုပ်ဝါဒသည် အမှားဖြစ်ရပါမည်ဘုရား၊ ဤသည်ကား ဦးဥက္ကဌတို့ လူစုအတွက် ပြဿနာတက်စေသော အခြေခံ အချက်ဖြစ်ပါသည်ဘုရား။

၆။ ဦးဥက္ကဌတို့သည်ကား ရုပ်ဝါဒကိုသာ အမှန်ဟူ၍ အခြေခံအားဖြင့် ဆုပ်ကိုင်ထားကြသူများ ဖြစ်ပါသည်ဘုရား၊ သို့သော်သူတို့သည် လောကီရေးအားဖြင့် လူလည်လူပါးများဖြစ်ကြသည် အားလျော်စွာ ဤဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဝါဒတစ်ခုလုံးကို မှားသည်ဟူ၍မပြောကြဘဲ ဗုဒ္ဓဝါဒအမှန်ကို ဖော်ပြနေသော ပိဋကတ်တော်များကိုသာ ရှုပ်ထွေးအောင်လုပ်ခြင်း ဗုဒ္ဓဝါဒအမှန်ကို ဟောပြောနေကြသော ပုဂ္ဂိုလ်များကို ပုတ်ခတ်ခြင်းများပြုကြလျက် ဗုဒ္ဓရှင်တော်ကိုယ်တိုင်က သူတို့ဘက်သားဖြစ်လေဟန် ဝင်္ကန္တဉာဏ်အမျိုးမျိုးဖြင့် အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိကြခြင်း ဖြစ်ပါသည်ဘုရား။

၇။ ဦးဥက္ကဌတို့လူစု ကိုင်စွဲသော အခြားလက်နက်တစ်ခုမှာ ဥပါဒါန်လက်နက်ပင်ဖြစ်ပါသည်ဘုရား၊ “မျောက်မြီးနှင့် မျောက်ပြန်တုပ်” ဆိုဘိသကဲ့သို့ ဗုဒ္ဓဝါဒကိုဖျက်စီးရာတွင် ဗုဒ္ဓဝါဒထဲမှ ထက်မြက်စူးရှသော စကားတစ်လုံးကို အသုံးချခြင်းဖြစ်ပါသည်ဘုရား၊ ကမ္ဘာ့ကုလသမဂ္ဂ၌ ဗီတိုအာဏာဆိုသော အရာကဲ့သို့ ဦးဥက္ကဌတို့လူစုကလည်း “ဥပါဒါန်” ကို ဗီတိုအာဏာအပ်နှင်းထားကြပါသည်ဘုရား၊ ရုပ်ဝါဒအရ မမြင်နိုင်သော နတ်ဗြဟ္မာ ငရဲတို့ကို “ဥပါဒါန်” အစွဲတွေဟု သမုတ်ကြပါသည်ဘုရား၊ ထိုသို့ သုဂတိ ဒုဂ္ဂတိဘဝတို့ကို ရောက်စေနိုင်သည့် ကံ၊ ကံ၏အကျိုးဆိုင်ရာ ယုံကြည်မှုများကိုလည်း “ဥပါဒါန်” လုပ်ပစ်လိုက်ကြပါသည်ဘုရား၊ မည်သည့်အရာမဆို သူတို့၏ ရုပ်ဝါဒ အခြေခံအမြင်အရ မကြည်သော အရာမှန်သမျှ “ဥပါဒါန်” ပုဒ်မတပ်၍ ရှုတ်ချပစ်ကြပါသည်ဘုရာ၊ သို့သော် ထိုဥပါဒါန်သည် ဗုဒ္ဓဘုရားဟောသော ဥပါဒါန်မဟုတ်၊ ဦးဥက္ကဌပြောသော ဥပါဒါန်လက်သစ်သာ ဖြစ်ပါသည်ဘုရား၊

၈။ အကြောင်းသိသော သူများအတွက် ပြုမိသော အချက်တစ်ရပ်မှာ “ဥပါဒါန် ဥပါဒါန်” ဟူ၍တဖွဖွပြောပြီး သူတပါးကို ရှုတ်ချနေသူများက သူတို့ကိုယ်တိုင် ပို၍ဥပါဒါန်ကြီးနေသည်ကို တွေ့ကြရခြင်းပင် ဖြစ်ပါသည်ဘုရား၊ သူတို့၏ ဝါဒအပေါ်၌ အဘယ်မျှ အစွဲအလမ်းကြီးပါသနည်းဆိုသော် ရဟန်းရှင်လူ ပြည်သူလူထုတို့၏ နှာခေါင်းရှုံ့ခံပြီး ဇွတ်လုပ်နေခြင်းက သက်သေဖြစ်ပါသည်ဘုရား၊

၉။ အမှန်စင်စစ် သူတို့ဆုပ်ကိုင်ထားသော ဥပါဒါန်သည်သာလျှင် ဘုရားဟောသော အကုသိုလ်ဥပါဒါန်အစစ် ဖြစ်ကြောင်းတွေ့ရပါသည်ဘုရား၊ သို့ဖြစ်၍ သူတို့၏ ဥပါဒါန်သည် ပို၍ခိုင်မြဲကာ သူတို့ကို သံသရာ သစ်ငုတ်၌တုပ်ချီထားသည့် “ဂန္ထ” ဟူသော တုပ်နှောင်မှုအဆင့်သို့ ရောက်ရှိနေပါသည်ဘုရား။

၁၀။ သို့ရာတွင် မှားယွင်းသော အယူ (မိစ္ဆာဒိဌိ)သည် ဘုရားဟော၍သော်မှ မကျွတ်နိုင်သည့် အဆင့်ရောက်မှ မြဲသည်ဟုဆိုနိုင်သည်၊ သို့မဟုတ်ပါက အချိန်မရွေး အမြင်မှန်ရပြီး ပြုပြင်ပြောင်းလဲလာနိုင်သည်ပင် ဖြစ်ပါသည်၊ “အမှီမကောင်း ယှဉ်မိပေါင်းက၊ အလောင်းတို့လျက်၊ ကျင့်ကောင်းပျက်၏” ဆိုသကဲ့သို့ အပေါင်းအသင်းမှားရာမှ အယူမှားမှုလည်း ဖြစ်နိုင်ပါသည်။

၁၁။ ဤသို့ ဖြစ်သည်ရှိသော် ကေသမုတ္တိသုတ်၌ ဗုဒ္ဓဘာသာမဟုတ်သေးသော ကာလာမ အမျိုးသားတို့အား မြတ်စွာဘုရား နည်းပေးထားသော “မာ” ၁၀ ချက်တို့တွင် “မာ သမဏောနော ဂရု” “ငါတို့ရဲ့ဆရာ ကမ္ဘာကျော် အရှင်ကြီးပဲ” ဟူ၍ ဥပါဒါန်ပြင်းစွာ မကပ်ဘဲ နှလုံးသွင်း လိမ္မာခွင့်လည်းရှိပေသည်။

၁၂။ ဤနေရာ၌ သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်၌ပါသော ဗြဟ္မဒတ်လုလင် စိတ်ထားပုံသည် အတုယူစရာကောင်းလှပါသည်၊ ဗြဟ္မဒတ်လုလင်သည် အဓမ္မလမ်းမှားအတိုင်း တန်းတန်းကြီးသွားနေသော ဆရာဖြစ်သူ သုပ္ပိယပရိဗိုဇ်ကိုကြည့်ကာ ဤသို့တွေးနေပါသည်။

အာစရိယ ခေါပနဂူထံ ဝါအဂ္ဂိံ ဝါ ကဏ္ဍကံ ဝါကဏှသပ္ပံ ဝါအက္ကမန္တေ သူလံ ဝါ အဘိရုဟန္တေ ဟလာဟလံ ဝါ ဝိသံ ခါဒန္တေ ခရောဒကံ ဝါ ပက္ခလန္တေ နရကပပါတံ ဝါ ပပတန္တေ နအန္တေဝါသိနာ တံ သဗ္ဗမနုကာတဗ္ဗံဟောတိ။ ပ။ မဟာသာဝဇ္ဇော ခေါပနာရိယူပဝါဒေါတိ။ (ဒီ၊ဋ္ဌ၊၁၊၃၈။)

မြန်မာပြန်

ဆရာသည် မစင်ကိုသော်လည်းကောင်း၊ မီးကိုသော်လည်းကောင်း၊ ဆူးကိုသော်လည်းကောင်း၊ မြွေဟောက်ကိုသော်လည်းကောင်း တက်နင်းသော် တပည့်ရင်းသည် ထိုအားလုံးကို အတုလိုက်၍ မပြုထိုက်ပေ၊ ဆရာသည် မိမိ ကိုယ်ခန္ဓာကို ထိုးဖောက်မည့် တံကျင်ပေါ်သို့တက်သော်လည်းကောင်း၊ လတ်တလော သေစေတတ်သော အဆိပ်ကို စားသော်လည်းကောင်း၊ ကြမ်းတမ်းသော ရေအယဉ်ထဲသို့ ချော်ကျသော်လည်းကောင်း (နက်လှသော) နရက်ချောက်ထဲသို့ ခုန်ချသော်လည်းကောင်း တပည့်ရင်းသည် ထိုအားလုံးကို အတုလိုက်၍ မပြုထိုက်ပေ။ပ။ အရိယာတို့ကို စွပ်စွဲခြင်းသည် အပြစ်ကြီးလေးလှ၏၊

၁၃။ ဗြဟ္မဒတ်လုလင်သည် ဤသို့တွေးမိပါသည်၊ ဤသို့တွေးကာ အဓမ္မလမ်းကိုလိုက်သော ဆရာ သုပ္ပိယပရိဗိုဇ်နှင့် လမ်းခွဲခဲ့ပါသည်၊ လမ်းမှန်ရောက်အောင် ကိုယ်တိုင်ပင်ကြိုးစားပြုပြင်ခဲ့ပါသည်။

၁၄။ တပည့်တော်များမူကား ရုံးတော်၏ စည်းကမ်းနှင့်အညီ လူသေလူဖြစ် ဦးဥက္ကဌဝါဒ၊ သမ္မာ ဒိဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာဝါဒဆိုင်ရာ အချက်(၂၁)ချက်ကိုထုတ်၍ ဘုရားဟော ထေရဝါဒ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်နှင့်ဆန့်ကျင်သည့်အကြောင်း လျှောက်ထားစောဒနာပြီးဖြစ်ပါသည်ဘုရား၊ ဤသို့ စောဒနာခွင့် ရခြင်းသည်လည်း ရှေးကုသိုလ်ကံ ထောက်မ၍ သာသနာပြုခွင့် တာဝန်တစ်ရပ်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ပေပြီးတကားဟု နှလုံးထားကြမည်ဖြစ်ပါသည်ဘုရား။

၁၅။ သီးခြားဝိနည်းဓိုရ်ဆရာတော်များ အနေဖြင့်မူကား တပည့်တော်များ စောဒနာသော အချက် (၂၁) ချက်နှင့် စပ်လျဉ်း၍ စုဒိတကပုဂ္ဂိုလ်များ၏ သောဓနာချက်ကို နားဆင်တော်မူကြပြီး တရားသက်ရာ ဆုံးဖြတ်တော် မူကြရန် ဖြစ်ပါသည် ဘုရား။ စောဒနာ စုဒိတက မည်သူ့မျက်နှာကိုမျှ မငဲ့ကွက်ဘဲ ဘုရားရှင်သာသာနာတော် တစ်ခုတည်းကိုသာ ကြည့်တော်မူ၍ တိကျပြတ်သားရှင်းလင်းသော အဆုံးအဖြတ်ကို ချမှတ်ပေးတော်မူပါရန် လေးမြတ်ရိုသေစွာ လျှောက်ထားကြပါသည်ဘုရား။

၁။ ဦးစန္ဒိမာ (ပထမကျော်၊ ဓမ္မာစရိယ)
ဓမ္မာစရိယကျောင်းတိုက်၊ မိတ္ထီလာမြို့။

၂။ ဦးပညာသီဟ (ဓမ္မာစရိယ၊ ပါဠိပါရဂူ)
ရတနာမာရ်အောင်ကျောင်းတိုက်၊ မေမြို့။

၃။ ဦးဝိသုဒ္ဓ (ဓမ္မာစရိယ၊ ဝိသိဌဒီဃဘာဏက)
လောကမှန်ကင်းတိုက်၊ မန္တလေးမြို့။

၄။ ဦးပညာသာမိ(မာဂဓီ) (ဓမ္မာစရိယ)
ရေလည်ကျောင်းတိုက်၊ သာစည်မြို့။

ဝိသေသစောဒနာနိဂုံး ပြီးပြည့်စုံပြီ။