လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ဝိသေသစေဒနာအပြီး စုဒိတကများအား မေးခြင်း

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၂-၅။ ဝိသေသစေဒနာအပြီး စုဒိတကများအား မေးခြင်း
3139လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၂-၅။ ဝိသေသစေဒနာအပြီး စုဒိတကများအား မေးခြင်းသာသနာရေးဝန်ကြီးဌာန

ဝိသေသစောဒနာအပြီး၊ စုဒိတကများအား မေးခြင်း

နေ့စွဲ။ ၄-၇-၈၁

သဘာပတိ -အခု စောဒက ပုဂ္ဂိုလ်များရဲ့ ဝိသေသစောဒနာကို ဖတ်ကြားပြီးဆုံးသွားပါပြီ၊ ပြီးဆုံးသွားတော့ စုဒိတကပုဂ္ဂိုလ်များ၏ သောဓနာတင်သွင်းဖို့ ကျန်ပါတယ်။

ဦးရွှေပြည့် -နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အရှင်သူမြတ်တို့ဘုရား-

၃၀-၆-၈၁ နေ့က နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အရှင်သူမြတ်တို့၏ ရှေ့မှောက်တွင် ရွှေအဘိဓမ္မာ မေးခွန်းလွှာကိစ္စနှင့်ပတ်သက်၍ တပည့်တော်အပေါ်၌ စွပ်စွဲသော ရဟန်းတော်များက အချက်ပေါင်းများစွာတို့ဖြင့် သာသာနာတော်ကို ဆန့်ကျင်သူအဖြစ် စွပ်စွဲသွားကြပါသည်ဘုရား၊ ဤသို့ စွပ်စွဲထားချက်အပေါ် တပည့်တော်က ကျေနပ်မှုမရပါ၍ ချေပပါသည်ဘုရား။

ဗုဒ္ဓသာသနာတော် ဆန့်ကျင်သူများဟုပင် ယုံကြည်မိပါသည်ဘုရား၊ ဤသည်ကိုပင် အဓမ္မအမှုဟု ခေါ်ဆိုမှု ပြုနိုင်သည်ဟုလည်း တပည့်တော်ယုံကြည်မိပါသည်ဘုရား၊ သာသနာတော်ကို စောင့်ထိန်းသည်ဟု ဆိုရာ၌လည်း ဗုဒ္ဓမြတ်စွာဆိုဆုံးမခဲ့သော ထားခဲ့သော သစ္စာလေးပါးတရားအစွဲပြုတ်ရေး တရားအရ လိုက်နာကျင့်သုံးလျက် ၃၁-ဘုံဟူသော ဘဝထိုထိုအပေါ်မှာ မစွဲယူကြဘဲ ကျင့်သုံးနေထိုင်ကြမှုကိုပင် ဗုဒ္ဓ၏သာသနာတော်ကို စောင့်ထိန်းသူများဟု ခေါ်ဆိုခြင်း ပြုနိုင်သည်ဟု ယုံကြည်မိပါသည်ဘုရား။

ဦးဇဝန (ဝိနည်းဓိုရ်) -တင်ထားတဲ့ စောဒနာထဲမှာ ဒီသစ္စာလေးပါးတရားတွေမပါဘူး၊ သစ္စာလေးပါး တရားကို သောဓနာဖွယ်မလိုဘူး၊ မိမိအထင်ကို လုပ်ထားတာကိုသာဖြေဆိုပါ။

ဦးရွှေပြည့် -တပည့်တော်ကတော့ ဒီအတိုင်းပဲ သစ္စာလေးပါးနဲ့ ကိုက်ပြီးတော့ ပြောချင်ပါတယ်။

ဦးဇဝန -သစ္စာလေးပါးတွေ ဘာတွေမလိုပါဘူ၊ စောဒနာနဲ့ ကိုက်မိအောင်သာ ဖြေဆိုဖို့လိုပါတယ်။

ဦးဉာနိက (ဝိနည်းဓိုရ်) -အဓိပ္ပါယ်က ဒီလိုဆိုလိုပါတယ်၊ စောဒနာထားတဲ့ ၂၁ ချက်မှာပါတဲ့ဟာကိုသာ ဖြေရှင်းရမယ်၊ တခြားအပိုတွေ ဖြေစရာမလိုပါဘူး။

ဦးရွှေပြည့် -ဒီလိုဆိုရင် တပည့်တော်ရဲ့ ချေပလွှာကို သခင်မြတ်ဆိုင်ကိုပဲ လွှဲအပ်ချင်ပါတယ်၊ တပည့်တော်လဲ အချိန်မရလို့ တပည့်တော်ကလဲ ပြန်ဖို့လိုတယ်၊ ရခိုင်ကဆိုတော့ တာရှည်စောင့်မနေနိုင်လို့ တပည့်တော်ကိုယ်စား သခင်မြတ်ဆိုင်ကို စုဒိတကလုပ်ဖို့ လွှဲအပ်ခဲ့ပါတယ်။

ဦးဉာနိက -ဒါဆိုရင် ငဲ့ညှာတဲ့သဘောဖြစ်နိုင်ပါတယ်။

မှတ်ချက်။ ။ ဤနေရာ၌ ဦးရွှေပြည့် လွှဲစာ ထည့်ရပါသည်။

နေ့စွဲ။ ၄-၅-၈၁

တပည့်တော်၏ စုဒိတကအတွက် သခင်မြတ်ဆိုင်အား တပည့်တော်၏ ကိုယ်စား လွှဲအပ်ပါသည်၊ လက်ခံတော်မူပါ ဆရာတော် အရှင်သူမြတ်တို့ဘုရား။

ရွှေပြည့်

သဘောတူ လက်ခံ ဆောင်ရွက်ပါမည်။

သခင်မြတ်ဆိုင်