လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/သံဂါယနာ ပေါ့ပျက်သေးသိမ်အောင် ပြောခြင်းနှင့်စပ်သော ဝိနိစ္ဆယ

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
ဆုံးဖြတ်ချက် အမှတ်(၂၀) သံဂါယနာ ၆-တန်ကို ပေါ့ပျက်သေးသိမ်အောင် ပြောခြင်းနှင့်စပ်သော ဝိနိစ္ဆယ
3150လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ဆုံးဖြတ်ချက် အမှတ်(၂၀) သံဂါယနာ ၆-တန်ကို ပေါ့ပျက်သေးသိမ်အောင် ပြောခြင်းနှင့်စပ်သော ဝိနိစ္ဆယသာသနာရေးဝန်ကြီးဌာန

အမှတ်(၂၀) စောဒနာတင်လွှာ (သင်္ဂါယနာ ၆ တန်ကို ပေါ့ပျက်သေးသိမ်အောင် ဟောပြောခြင်း)။

သံဂါယနာ ၆-တန်ကို ပေါ့ပျက်သေးသိမ်အောင် ဟောပြောရေးသားချက်နှင့်စပ်၍ ဝိနည်းဓိုရ်ဆရာတော်များ၏ စိစစ်ချက်

၆၃။ စောဒကပုဂ္ဂိုလ်တို့ တင်ပြချက်အရ ဦးဥက္ကဋ္ဌ၏ အစွဲပြုတ်ကဲကုတ်ရွှေနန်းတော် နှာ ၆၈-၉ ၌-

“သူတို့သည် မိမိတို့နှင့် သက်ဆိုင်ရာ မုခပါဌ်တော်များကို သံဂါယနာ အထပ်ထပ်တင်ခြင်းဖြင့် မွမ်းမံပြင်ဆင်ရန် ကြိုးပမ်းခဲ့ ကြကုန်ပြီ။” ဒါပေမယ်လို့ ထိုထို သံဂါယနာတင်ပွဲတို့ကို အယူသည်း ခေါင်းမာသော တစ်ယူသန်ပုဂ္ဂိုလ်ကြီးများက ကြီးစိုး လွှမ်းမိုးလျက် နေတဲ့အပြင် အမှားကို ပြင်ဆင်ရန် ထည့်ပါဌ်ကို နုတ်ပယ်ပစ်ရန် (ဝါ) ပိုဖျက် လိုစွက် ပြုလုပ်ရန် စွမ်းရည်သတ္တိ သူတို့မှာ အပြည့်အစုံမရှိခြင်းကြောင့် သူတို့၏ကြိုးပမ်းမှုများသည် စိတ်ကူးအဆင့်၌သာ စုတေခဲ့ကြရလေပြီ” ဤစကားကို တွေ့ရ၏၊

သံဂါယနာတင်ခြင်း၏ ရည်ရွယ်ချက်ကို စူဠဝါပါဠိတော်မှတ်တမ်းတွင် အဓမ္မဝါဒများ ခေါင်းမထောင်နိုင်အောင်၊ ဓမ္မဝါဒများ မတိမ်းမစောင်း ကောင်းစွာတည်တံ့အောင် ရွတ်ဆိုသံဂါယနာတင်ကြမည်ဟု ဖော်ပြခဲ့သည်။ ထိုရည်ရွယ်ချက်အတိုင်းပင် ပထမ၊ ဒုတိယ သံဂါယနာများကို တင်တော်မူခဲ့ကြသည်။ ထိုတွင် ပထမသံဂါယနာတွင် ပါဝင်ခဲ့သော ထေရ်ကြီးများကို ဒီပဝင် အခန်း (၄)၌ အောက်ပါအတိုင်း မှတ်တမ်းပြုစုထားခဲ့ကြသည်။

ဂါထာ(၇)မြတ်စွာဘုရား သာသနာတော်၌ ဓုတဝါဒီတို့တွင် အတော်ဆုံးဖြစ်သူ အရှင်မဟာကဿပသည် လည်းကောင်း၊ ဗဟုသုတပုဂ္ဂိုလ်တို့တွင် အတော်ဆုံးဖြစ်သူ အရှင်အာနန္ဒာ၊ ဝိနယအရာ၌ ပညာရှိသော အရှင်ဥပါလိသည် လည်းကောင်း၊

(ဓုတဝါဒီနမဂ္ဂေါ သော၊ ကဿပေါ ဇိနသာသနေ၊ ဗဟုဿုတာနမာနန္ဒော၊ ဝိနယေ ဥပါလိ ပဏ္ဍဘော။)

(၈) ဒိဗ္ဗစက္ခုအဘိညာဉ်အရာ၌ အတော်ဆုံးဖြစ်သော အရှင်အနုရုဒ္ဓါ၊ ပဋိဘာန်ဉာဏ် ထူးလှသော အရှင်ဝင်္ဂီသ၊ ဓမ္မကထိကပုဂ္ဂိုလ်တို့တွင် အတော်ဆုံးဖြစ်သူ အရှင်ပုဏ္ဏ၊ ဆန်းကြယ်သော တရားစကားကို ပြောဟောတတ်သူ အရှင်ကုမာရကဿပသည် လည်းကောင်း၊

(ဒိဗ္ဗ စက္ခုမှိ အနုရုဒ္ဓေါ၊ ဝင်္ဂီသော ပဋိဘာနဝါ၊ ပုဏ္ဏော စ ဓမ္မကထိကာနံ၊ ဝိစိကြတကထကုမာရကဿပေါ။)

(၉) အကျယ်ခွဲဝေ ဖြေဆိုရာ၌ အတော်ဆုံးဖြစ်သူ အရှင်မဟာကစ္စည်း၊ ပဋိသမ္ဘိဒါအရာ၌ အတော်ဆုံးဖြစ်သူ အရှင်ကောဋ္ဌိကသည်လည်းကောင်း၊ အခြားများစွာသော ဧတဒဂ်အရာ၌ ထားခြင်းခံရသူ မထေရ်ကြီးတို့သည်လည်းကောင်း ပါရှိကြကုန်၏၊

(ဝိဘဇ္ဇမှိ ကစ္စာယနော၊ ကောဋ္ဌိကော ပဋိသမ္ဘိဒါ။ အညေပတ္တိ မဟာထေရာ၊ အဂ္ဂနိက္ခိတ္တကာ ဗဟူ။)

(၁၀) အဆိုပါ ထေရ်ကြီးများသည်လည်းကောင်း၊ သူတော်ကောင်းဖြစ်ကြသော ရဟန်းကိစ္စ ပြီးပြီးသူ အခြား ထေရ်ကြီးတို့သည်လည်းကောင်း ငါးရာသော ထိုထေရ်တို့သည် စုပေါင်းရွတ်ဆိုခြင်း ပြုအပ်သော ဓမ္မဝိနယသံဂါယနာကို ထေရဝါဒဟူ၍ ဆိုအပ်၏၊

(တေဟိ စညေဟိ ထေရေဟိ၊ ကတကိစ္စေဟိ သာဓူဟိ။ ပဉ္စသတေဟိ ထေရေဟိ၊ ဓမ္မဝိနယသင်္ဂဟော။ ထေရေဟိ ကတသင်္ဂဟော၊ ထေရဝါဒေါတိ ဝုစ္စတိ။)

ဤဒီပဝံသမှတ်တမ်းအရ ပထမသံဂါယနာတွင် ပါဝင်သော မထေရ်ကြီးတို့သည် ဦးဥက္ကဋ္ဌကဲ့သို့ အယူသည်းခေါင်းမာသူ တစ်ယူသန်များ မဟုတ်ကြပေ။ ကိလေသာမလိမ်း အပူငြိမ်းပြီးသော ထေရ်ကြီးများ ဖြစ်ကြပေသည်။ ထိုရဟန္တာထေရ်ကြီးများ အဖို့ အတ္တ အတ္တနိယ ဗြာဟ္မဏလမ်းစဉ်တွေကို ပြန်လည်အသက်သွင်း၍ ထေရဝါဒကျမ်းစာတွေထဲ ထည့်သွင်းဖို့ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားခြင်းမပြုဘဲ “နိကာယ်၏ နိကာယ်” နှာ ၆-ဗုဒ္ဓသာသနာ့သမိုင်း ခေါင်းစဉ်အောက်တွင်လည်းကောင်း၊ ဒေးဒရဲမြို့ ကွင်းကျောင်းတိုက်အတွင်း၌ စိုက်ထူထားသော ကျောက်စာတိုင်တွင်လည်းကောင်း အောက်ပါအတိုင်း မမှန်မကန် ရေးထိုးထားသည်ကို တွေ့ရပေသည်။

“ဤအချက်သည် ပထမသံဂါယနာတင်ပွဲကို ရဟန်းတော်အချို့ အာရုံပြုတော်မမူကြောင်း ထင်ရှားသည်။ အဘယ်ကြောင့်နည်း။ အတိတ် အနာဂတ်တရားစုများ အတ္တ အတ္တနိယ စသော ဝိညာဏဝါဒ ပြန်ပါလာသောကြောင့် ဤပထမသံဂါယနာ တင်ပွဲ၌ မပါဝင်ရသော ကျန်သံဃာတော်တို့က အရှင်မဟာကဿပစသော ထေရ်ကြီးတို့ သံဂါယနာတင်ရာ သတ္တပဏ္ဏိလိုဏ်ဂူ၏ အနောက် တစ်ယူဇနာအကွာ ပဏ္ဏဝလိုဏ်ဂူ၌ အပြိုင် သံဂါယနာတင်ကြပြန်သည်” ဟူ၍ မဟုတ်မမှန် လုပ်ကြံရေးသားထား လေသည်။

တရုတ်မှတ်တမ်း၌ တွေ့ရသော “ပထမသံဂါယနာ စင်ပြိုင်တင်သည်” ဟူသော အဆိုသည် ယုတ္တိမရှိကြောင်း ဤဆုံးဖြတ်ချက် တစ်နေရာ၌ စိစစ်ပြီးဖြစ်သည်။ ဒုတိယသံဂါယနာတွင် ဝိနယကို ဆန့်ကျင်ဘက်ပြုကျင့်ကြသော ရဟန်းများ၏ အဓမ္မဝါဒီ အဖော်အပေါင်းကို စုပေါင်းစည်းရုံး၍ အပြိုင်သံဂါယနာတင်ကြောင်းကိုလည်း အောက်၌ စိစစ်ပြီးဖြစ်သည်။ ယခု တတိယ သံဂါယနာနှင့် စတုတ္ထသံဂါယနာအကြောင်းကို စိစစ်ဦးအံ့။

၆၄။ ဦးဥက္ကဋ္ဌအမှူးပြု၍ ဒေးဒရဲမြို့၌ ပြုလုပ်ကျင်းပသော ပဉ္စနိကာယ ဓမ္မသာကစ္ဆာအဖွဲ့မှ ထုတ်ဝေသည့် “နိကာယ်၏ နိကာယ်” ခေါ် စာအုပ် နှာ-၉ ၌ အောက်ပါအတိုင်း ရေးသားထား၏၊

ဗုဒ္ဓဝါဒသည် အနတ္တကမ္မဝါဒ ဖြစ်၍ ဟိန္ဒူဗြဟ္မဏဝါဒသည် အတ္တကမ္မဝါဒဖြစ်သော်လည်း အနတ္တနှင့် အတ္တဟူသော အခြေခံ ခြားနားချက်ကို မျက်ကွယ်ပြုကာ ကမ္မဝါဒဟူသော တူညီသည့် ဝေါဟာရ တစ်စိတ်တစ်ဒေသကို ယူ၍ ဟိန္ဒူဗြာဟ္မဏဝါဒီ ဘုရားနှင့် ဗုဒ္ဓဝါဒီဘုရား အတူတူပင်ဟု ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ဝါဒဖြန့်ကြ၏၊ စာဏကျ စသော ဗြာဟ္မဏ ပညာရှင်ကြီးများကလည်း ဗုဒ္ဓဝါဒအတွင်းသို့ ရောနှောထည့်သွင်းကာ ဗုဒ္ဓဝါဒအတွင်းကဝင်၍ ဖျက်ဆီးကြလေသည်။

ဤတတိယသံဂါယနာ၌ အပြိုင်ဟူ၍ ထင်ထင်ရှားရှား တင်ရန် အကြောင်းမပေါ်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် အသောကမင်းကြီးက အကွဲကွဲသော သံဃာများ၏ အလိုသို့လိုက်၍ အများကြိုက်ဖြစ်စေရန် စုပေါင်းပြီး တင်လိုက်သောကြောင့် ဖြစ်သည်။

ထေရဝါဒီဂိုဏ်းသားတို့က မကျေနပ်ကြသော်လည်း မင်းအာဏာကြောင့် မဆန့်ကျင်လိုသဖြင့် လိုက်လျောခဲ့ရ၏၊ “ဤအမှား၏ ဒဏ်သည် အစဉ်အဆက် သာသနာသမိုင်းတစ်လျှောက်၌ အမွေခံခဲ့ရ၏” (ဒေးဒရဲမြို့ ကွင်းကျောင်းတိုက်အတွင်းရှိ ကျောက်စာတိုင်တွင်လည်း ဤစာပိုဒ်ကို ရေထိုးထားလေသည်။)

အထက်ပါ ဦးဥက္ကဋ္ဌ ဦးဥဇ္ဇောတိကတို့၏ အရေးအသားများသည် ဟုတ်သည်ထက်ပို၍ မိမိလိုသလို ဆွဲယူကာ ရှေး သံဂါယနာများကို အရှိန်အစော်မဲ့စေရန် စေတနာယုတ်ဖြင့် ရေးသားထားသော အရေးအသားများ ဖြစ်လေသည်။ အကြောင်းမူကား တတိယသံဂါယနာ မတင်မီကာလက ယခု ဦးဥက္ကဋ္ဌတို့ကဲ့သို့ သာသနာတော်တွင်းသို့ မိစ္ဆာဒိဋ္ဌိ အယူအမျိုးမျိုးရှိသူတို့ ဝင်ရောက်ကာ အတွင်းမှနေ၍ ဖျက်နေစေကာမူ သာသနပါလက (သာသနာစောင့်) ထေရ်ကြီးများသည် မျက်ခြေပြတ်မခံဘဲ သာသနာတော်ကို ကာကွယ်စောင့်ရှောက်တော်မူခဲ့သောကြောင့် ဖြစ်ပေသည်။

၆၅။ မှန်လှ၏- အသောကမင်းကြီး နန်းမတက်မီကနှင့် နန်းတက်ပြီးသောအချိန်ပိုင်း အတန်ကြာအောင်ပင် အပြင်မှ အယူဝါဒ အမျိုးမျိုးတို့ဖြင့် ဗုဒ္ဓသာသနာတော်ကို ပုတ်ခတ်ထိပါးနေကြသော ဗြာဟ္မဏတို့သည်လည်းကောင်း စား ဝတ် နေရေး ပြေလည်မှု မရကြ၍ အယောင်ဆောင် သင်္ကန်းဝတ် ခေါင်းရိတ်လျက် မြောက်မြားလှစွာသော ဗုဒ္ဓတပည့်သား ရဟန်းတော်များကြားတွင် တိုးဝင်နေထိုင်ကာ အတွင်းမှ ဖျက်ဆီးနေကြသော အချောင်သမား လူတန်းစား အမျိုးမျိုးသည်လည်းကောင်း အမှန်ပင် ရှိနေကြ၏၊ ထိုအကြောင်းကို မဟာဝင်ကလည်းကောင်း သမန္တပါသာဒိကခေါ် ပါရာဇိကဏ်အဋ္ဌကထာကလည်းကောင်း မကွယ် မဝှက် ပွင့်လင်းစွာ ရေးသားထားခဲ့ကြ၏၊

ယင်းသို့ အပြင်ရောအတွင်းပါ အဖျက်အဆီး အနှောင့်အယှက်တွေ ရှိနေကြသော်လည်း ရဟန်းတော်တို့သည် အမှုမဲ့ အမှတ်မဲ့ နေကြသည် မဟုတ်၊ ဘယ်သင်းက အစစ် ဘယ်ဟာက အတုဟု ကောင်းကောင်းကြီး သိတော်မူခဲ့ကြ၏၊ သံဃာအများ ဥပုသ်ပြုမည် ကြံလျှင် သံဃာတုတွေက ဥပုသ်အိမ် သိမ်အတွင်း ရောက်နှင့်နေကြ၏၊ ကံကြီးကံငယ်တစ်ခုခုပြုမည် ကြံလျှင် သူတို့အရင်သိ၍ နေရာယူနှင့်ကြ၏၊ သံဃာတော်များသည် အခြေမလှပုံကို သိသောကြောင့် အန္တရာယ် ၁၀-ပါးတွင် ဗြဟ္မစရိယ၏ အန္တရာယ်ကို မြင်တော်မူသဖြင့် ဥပုသ်မပြုဘဲ ပဝါရဏာမပြုဘဲပင် ခုနစ်နှစ်တိုင်တိုင် နေတော်မူခဲ့ကြ၏၊ ဤသို့ သတိသမ္ပဇဉ် ရှိကြသော ရဟန်းတော် သံဃာတော်များသည် ဗြာဟ္မဏဝါဒ မိစ္ဆာအယူတို့ကို အဘယ်မှာလျှင် အရောအနှော ခံကြမည်နည်း။ သတိသမ္ပဇဉ် ကြီးမားတော်မူလှ၍ သာသနာတော်ကို အသက်နှင့်ထပ်တူ မြတ်နိုးတော်မူကြသော သံဃာ့ထေရ် အရိယာပုဂ္ဂိုလ်ကြီးများ အထင်အရှား ရှိတော်မူကြသည်။ နောင်အခါ အသောကမင်းတရားကြီးသည် အခြေအနေအရပ်ရပ်ကို သိတော်မူ၍ ဝိဘဇ္ဇဝါဒနှင့် အညာတိတ္ထိယဝါဒ ကွဲပြားခြားနားအောင် သင်ကြားလေ့လာကာ သာသနာတော်ကို သန့်ရှင်းအောင် အပန်းတကြီး အားထုတ်တော်မူခဲ့ရသည် မဟုတ်လော။

၆၆။ ဘိုးတော် စန္ဒဂုတ်မင်းကြီးလက်ထက်၌ တိုင်းပြုပြည်ပြု ဘုရင့်အတိုင်ပင်ခံဖြစ်သော စာဏကျအမတ်ကြီးသည် ကောဋိလျ အမည်ဖြင့် အတ္ထသတ္ထနိုင်ငံ အုပ်ချုပ်ပုံ ကျမ်းကြီးတစ်စောင် Kautilya’s Arthasastra ကို ရေးသားခဲ့သည်။ မှန်၏-ယင်းကျမ်း ၏ အဓျာယ အခန်း(၂)၌ သမဏ၊ ပရိဗ္ဗာဇက (ဗုဒ္ဓဝါဒီ ရဟန်းနှင့် အခြားရဟန်း) များအကြောင်းကို ရေးသားခဲ့သည်။ အဓိပ္ပာယ်မှာ အဆိုပါ သမဏ ပရိဗ္ဗာဇကတို့ အဘယ်ကိစ္စမှာ ပါဝင်သင့် အဘယ်နေရာ၌ မပါဝင်သင့် စသည်ဖြင့် ကဏ္ဍ ခွဲခြားချက်မျိုးမျှသာ ဖြစ်၏၊ ဘာသာရေးစည်းနှင့် နိုင်ငံရေးစည်း ခြားပေးခြင်းသာ ဖြစ်သည်။ အမှန်မှာ (မနုဿတိ) ကဲ့သို့သော ဝေဒ၏ အခြံအရံကျမ်းများ ခေတ်မမီတော့၍ မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက် ယောအတွင်းဝန်မင်းကြီး စီရင်သော ရာဇဓမ္မသင်္ဂဟကျမ်းကဲ့သို့ ခေတ်နှင့်လျော်အောင် နိုင်ငံကို ပြင်ဆင်ရေးကျမ်းကြီးတစ်စောင် ပြုခဲ့ပေသည်။ သာသနာတော်အတွင်းသို့ ဝင်ရောက်နှောင့်ယှက်ကြောင်း အထောက်အထား ဘာမျှမတွေ့ရသောကြောင့် “Everything is not given for that matter.” ဒီအချက်ကို ထောက်ခံသည့် သက်သေမရ ဟူ၍ E.J.Thomas ဆိုသလို ဆိုရမည်သာ ဖြစ်၏၊

၆၇။ “အသောကမင်းကြီးသည် အကွဲကွဲသောသံဃာများ၏ အလိုသို့လိုက်၍ အများအကြိုက်ဖြစ်စေရန် စုပေါင်းပြီး တင်လိုက်သောကြောင့် ဖြစ်သည်” ဤကား ဦးဥက္ကဋ္ဌနှင့် တပည့်သာဝကတို့ အကြိမ်ကြိမ်ရေးသား စော်ကားနေကြသော စကားဖြစ်သည်။ (နိကာယ်၏ နိကာယ် နှာ-၉၊ ဗုဒ္ဓသာသနသမိုင်းစာစောင် အကျဉ်း နှာ-၁၄၊ ဒေးဒရဲမြို့ ကွင်းကျောင်းတိုင်အတွင်း စိုက်ထူထားသော ကျောက်တိုင်ရှိ အနောက်ဖက်မျက်နှာမှ စာ)

အသောကမင်းကြီးသည် အများအကြိုက် ဖြစ်စေရန် ယခုကဲ့သို့ စုပေါင်းတင်လိုက်သော အကြောင်းအရာကို သာသနာတော် ကျမ်းများတွင်လည်းကောင်း၊ ကျောက်စာနှင့်တကွ လောကီမှတ်တမ်းစာအုပ်များ၌ လည်းကောင်း ယနေ့အထိ မတွေ့ရ။ ပညာရှိတို့ သဘောလက္ခဏာကား ထူးခြားသောအကြောင်းအရာ ကွဲလွဲသောအချက်ရှိလျှင် ခိုင်လုံသောအကိုးအကား အထောက်အထားပြ၍ ရေးသားမြဲဖြစ်သည်။ ဦးဥက္ကဋ္ဌတို့၏ နိကာယ်၏ နိကာယ်စာအုပ်၊ ဤသာသနာသမိုင်းစာတမ်းတို့ကား အကိုးအကား မဖော်ပြ၊ ငါ့စကား နွားရ၊ ကြမ်းပိုးကို လိပ်ဖြစ်အောင် စကားနိုင်လု ပြောရသော စကားရည်လုပွဲမျိုးကဲ့သို့သာ ဖြစ်၏၊ တစ်နည်း အရူးအနှမ်း ပြောသော စကားကဲ့သို့သာ ရှိပေတော့၏၊

၆၈။ တစ်ဖန်လည်း “ထေရဝါဒီဂိုဏ်းသားတို့ မကျေနပ်ကြသော်လည်း မင်းအာဏာကြောင့် မဆန့်ကျင်လိုသဖြင့် လိုက်လျောခဲ့ရ၏၊ ဤအမှား၏ဒဏ်သည် သာသနာသမိုင်းတစ်လျှောက်၌ အမွေခံခဲ့ရ၏” ဟု ဆိုလိုက်သေးသည်။

အရှင်မောဂ္ဂလိပုတ္တတိဿ ကဲ့သို့သော ရဟန္တာကြီးများကို စော်ကားလိုက်သော စကားသည်သာ ဖြစ်၏၊ ဓမ္မမဟုတ်သည်ကို ဓမ္မဟု ဆိုမည့်အစား အသေခံသွားမည့် အရိယာများ ဖြစ်၏၊ မင်းအာဏာကို ကြောက်သောကြောင့် မင်းနှင့် ဆန့်ကျင်ရမှာ စိုး၍ ထိုအရိယာပုဂ္ဂိုလ်ကြီးများသည် မတော်မတရား ကျောက်အရောရော သဲအရောရော သံဂါယနာ တင်ဖြစ်ခဲ့ကြသည်ဟု ဆိုရက် ဆိုဝံ့သည်မှာ အလွန်အံ့ဩစရာ ကောင်းလှ၏၊ သံဂါယနာကိစ္စသည် ရဟန်းတော် သံဃာတော်တို့၏ အလုပ်ဖြစ်သည်။ မင်းနှင့် မည်သို့မျှ မဆိုင်။ မင်း၏အထောက်အပံ့ကို ရယူခြင်းကား နေရာထိုင်ခင်း ဆွမ်းကွမ်းနှင့်တကွ လုံခြုံရေး စသော အပြင်အပကိစ္စအတွက်သာ ဖြစ်၏၊ ဓမ္မ ဟုတ်သည် မဟုတ်သည်ကို စိစစ်၍ ဤကား ဓမ္မ၊ ဤကား ဝိနယဟု ဓမ္မဝိနယတို့ကို စိစစ်ပြီးမှ ပေါင်းစုရွတ်ခြင်း သံဂါယနာတင်ခြင်းသည် သံဃာတော်တို့၏ကိစ္စ ဖြစ်သည်။ တင်ပြီးနောက်လည်း ထိုခေတ် ထိုအခါ၌ ပေါ်ပေါက်၍နေသော ဓမ္မရေးရာ အရှုပ်အထွေးတို့ကို နောင်လာနောက်သားများအတွက် ကထာဝတ္ထုကျမ်းကြီးကို ဟောထားတော်မူခဲ့သည်။ ဤကျမ်း၌ပေးသော အဆုံးအဖြတ်တို့မှာလည်း ဗုဒ္ဓစကားတော်ကို ကိုယ်ထည်ပြု၍ ဗုဒ္ဓပေးတော်မူခဲ့သည့် နည်းလမ်းအတိုင်းသာ ဖြစ်ပေသည်။ ထို့ကြောင့် အဘိဓမ္မာခုနစ်ကျမ်းတွင် တစ်ကျမ်းအဖြစ် စာရင်းတင်တော်မူခဲ့ခြင်း ဖြစ်သည်။ ဤဆောင်ရွက်တော်မူချက်မှ ဖြစ်ပွားလာသော အသီးအပွင့်တို့ကို ယနေ့တိုင်အောင် တောင်ပိုင်း ထေရဝါဒသာသနာ မှာသာမက မြောက်ပိုင်း မဟာယာနသာသနာမှာလည်း ခံစားစံစားလျက်ပင် ရှိကြပေသည်။ ပြဿနာတစ်ရပ်ရပ်ကို ကထာဝတ္ထု အဆိုနှင့် ညှိ၍ ဆုံးဖြတ်ကြရပေသည်။ သို့ကလောက် ကြီးကျယ်သော ကောင်းမွေကြီးကို ဆိုးမွေကြီး ဖြစ်လေဟန်-

“ဤအမှား၏ ဒဏ်သည် အစဉ်အဆက် သာသနာ့သမိုင်းတစ်လျှောက်၌ အမွေခံခဲ့ရ၏”-

ဟု ဆိုခဲ့ကြ၏၊ ဤအဆိုသည် လူတို့၏ ဉာဏ်မျက်စိထဲသို့ သံသယနှင့် အမှားတည်းဟူသော သဲကို ပက်လိုက်ခြင်းသာ ဖြစ်၏၊ ပညာရှိတို့၏ အလယ်၌ အလွန်ရှက်ဖွယ် ကောင်းလေစွ။

၆၉။ ထို့ပြင် သီဟိုဠ်ကျွန်းသာသနာကိုလည်း ဂုဏ်သိန် ပျက်စေလိုသောကြောင့် တတိယသံဂါယနာတင်၏ အမှားကို သီဟိုဠ်ကျွန်းက ဆက်၍ခံယူပုံ၊ အိန္ဒိယမှ သီဟိုဠ်ကျွန်းသို့ ဂိုဏ်းအမျိုးမျိုး ဝင်ရောက်လာသဖြင့် ပိုမိုရှုပ်ထွေး၍ သွားပုံ၊ ကျွန်းသား ရဟန်းတော်များ၏ လက်ချက်ကြောင့် ယက်ချည်ထက် ချုပ်ချည်က များနေပုံ စသည်ဖြင့် ဟုတ်သည်ထက် အဆမတန် ပိုမို ချဲ့ကား၍ မြန်မာနိုင်ငံသာသနာထိ ဂုဏ်ပျက် သရေပျက် ဖျက်ဆီးလျက် ဆိုခဲ့ကြသည်မှာ-

“သီဟိုဠ်သို့ ရောက်လာသော ပိဋကတ်သည် တတိယသံဂါယနာမှ အတည်ပြုခဲ့သော ဒေသနာများပင် ဖြစ်ရာ မူလကပင် ဂိုဏ်းအမျိုးမျိုးတို့၏ အဆိုအမိန့်များ အယူအဆများ ရောထွေးယှက်တင် ပါဝင်လျက် ရှိနေ၊ နောက်ထပ် ပိဋကတ်ဆောင် စာပေပညာရှင်တို့၏ အဖွင့် သံဝဏ္ဏနာ၊ အဋ္ဌကထာ၊ ဋီကာ စသည်တို့က ထပ်လောင်း၍ ကွန့်လိုက်ကြပြန်သဖြင့် ပို၍ပင် ရောထွေးကာ ဗုဒ္ဓ၏ အနတ္တဓမ္မများ မှေးမှိန်ခဲ့ရပြန်သည်” ဟု နိကာယ်၏ နိကာယ် နှာ(၁၀)၌ လည်းကောင်း၊ ဗုဒ္ဓသာသနာသမိုင်း နှာ(၁၆)၌ လည်းကောင်း ဦးဥက္ကဋ္ဌကိုယ်တိုင်နှင့်တကွ အခြားနောက်လိုက်တို့၏ ပဉ္စနိကာယဓမ္မသာကစ္ဆာအဖွဲ့ဝင် စသူတို့ (သွားပုပ်လေလွင့်) ဆိုခဲ့ကြသည်။ ဤနေရာ၌ သီဟိုဠ်ကျွန်းသား သာသနာစောင့် သာသနာပြု ရှေးဆရာတော်ကြီးများ၏ ဗုဒ္ဓ သာသနာတော်ကို အသက်ပမာ မြတ်နိုးကာကွယ် စောင့်ရှောက်ခဲ့ကြပုံကို အကျဉ်းမျှ ပြလိုပေသည်။

၇၀။ ဘီစီ ၅၀ မှ ၄၃-အထိ ဗြာဟ္မဏတိဿခိုးသူကြီးဟု သမိုင်းတွင် ထင်ကျန်ရစ်ခဲ့သော ဗြာဟ္မဏအမျိုးသား တိဿ သူပုန်ကြီးကြောင့် သီဟိုဠ်တစ်ကျွန်းလုံး မင်းနှင့်ပြည်သူ ရှင်လူအများတို့ အလွန်အတိဒုက္ခရောက်၍ ဖရိုဖရဲဖြစ်နေကြစဉ် အိန္ဒိယ တောင်ပိုင်းမှ တမိလ်လူမျိုး သူပုန်ခေါင်းဆောင် ခုနစ်ဦးတို့လည်း သီဟိုဠ်ကျွန်းသို့ ဝင်ရောက်တိုက်ခိုက် လုယက် သတ်ဖြတ်၍ နေစဉ် မိုးခေါင်ရေရှားခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဟူသော ဘေးရန်ကြီးကလည်း ဆယ့်နှစ်နှစ်ကြာမျှ ဆက်လျက်ပင် ကျရောက်လျက် ရှိနေသော အချိန်အခါဖြစ်သည်။ ထိုအချိန်သည် တိုင်းပြည်ကို အုပ်ချုပ်လျက်နေသော ဝဋ္ဋဂါမဏိမင်းပင် ရင်မဆိုင်ရဲ လောက်အောင် အင်အားနည်းပါးနေသည်ဖြစ်၍ ရှောင်ပုန်းနေသော အချိန်အခါလည်း ဖြစ်သည်။ သမ္မောဟဝိနောဒနီအဋ္ဌကထာ အဆိုအရ သိကြားမင်းကပင်-

“မဟာ ဘန္တေ ဥပ္ပန္နေ စောရော န သက္ကာ ပဋိဗာဟိတုံ၊ သံဃော ပရသမုဒ္ဒံ ဂစ္ဆတု၊ အဟံ သမုဒ္ဒါရက္ခံ ကရိဿာမိ” (အဘိ၊ဋ္ဌ၊၂၊၄၂၇။)

အရှင်ဘုရားတို့ ယခုဖြစ်ပေါ်နေသော ခိုးသားသူပုန်ကို တပည့်တော် မတားဆီးနိုင်ပါ။ သံဃာတော်များ သမုဒ္ဒရာတစ်ဘက် အိန္ဒိယသို့ ကြွတော်မူကြပါ။ တပည့်တော်က သမုဒ္ဒရာအတွင်းမှာ ဘေးမသီ ရန်မခအောင် စောင့်ရှောက်ပါမည်” ဟု လျှောက်ထားရပေသည်။ ဤမျှလောက် တိုင်းသူပြည်သားလူအများတို့ ကံဆိုးမိုးမှောင်ကျလျက်ရှိစဉ် သာသနာတော်သည်လည်း ထောက်ပံ့မည့်သူ ကူညီမည့်ဒါယကာမရှိ၍ အလွန်မျက်နှာပန်းမလှ အောက်တန်းကျသောအခြေအနေသို့ ရောက်၍နေဆဲဖြစ်သော အခါကြီးပင်။ သာသနပါလက (သာသနာစောင့်) မထေရ်ကြီးများ၏ အမြော်အမြင်ကြီးစွာဖြင့် စောင့်ရှောက်ပုံကို ရှုပါလော့။

၇၁။ သောင်းနှစ်ထောင်ခန့် သံဃာတော်တို့သည် အိန္ဒိယဘက်သို့ ကူးသွား၍ ရေကြည်ရာ ဝမ်းပြည့်ရာအရပ်၌ လျော်သလို နေကြရစဉ် ကျန်ခဲ့သော ခြောက်ကျိပ်မျှသောရဟန်းတော်တို့သည် ငါတို့ အသက်နှင့်ကိုယ်တည်မြဲသမျှ ငါတို့ဆောင်၍ထားသော အဋ္ဌကထာဋီကာနှင့်တကွ ပါဠိတော်များကို တစ်လုံးတစ်လျှေ အကျအပေါက် အယိုအဖိတ် မရှိရအောင် အစွမ်းကုန် စောင့်ထိန်း ကြမည်ဟု သန္နိဋ္ဌာန် ခိုင်ခိုင်ချလျက် ရသမျှသော အသီး၊ အခေါက်၊ အရွက်တည်းဟူသော အာဟာရဖြင့် မျှတတော်မူလျက် ထိုင်နိုင်သောအချိန်အခါ ထိုင်၍လည်းကောင်း၊ မထိုင်နိုင်လောက်အောင် ပင်ပန်းလာသောအခါ အိပ်၍လည်းကောင်း ဤပိဋကတ် စာပေများကို အစမှအဆုံး အဆုံးမှအစ ခေါက်တုံ့ခေါက်ပြန် အဖန်ဖန်အထပ်ထပ် စိတ်မှတ်ဖြင့်ပင် ပြန်လှန်သုံးသပ်တော်မူ ကြရသည်။ တစ်ခါတစ်ရံတွင် လူတို့က မယ်ဇယ်သီးအဆံများကို ချွတ်၍ အခွံကိုပစ်သွားကြရာ ထိုအခွံကိုပင် အကပ်ခံ၍ ရေစိမ် ကာ ဘုဉ်းပေးတော်မူကြရသည်။

ကုမုဒြာကြာပန်းတွေကို ခူးဆွတ်ကြ၍ ကြာစွယ်ကြာရင်းများကို လူတို့ စွန့်ပစ်ခဲ့ကြရာတွင်လည်း အကပ်ခံ ဆေးကြော၍ သပိတ်ထဲထည့်ကာ ဘုဉ်းပေးတော်မူကြရသည်။ ရွတ်အံသရဇ္ဈယ်တော်မူနေကြသော ရဟန်းတော်များအား ဆက်ကပ်ကာ မျှတ စေကြရသည်။ ချင်ရွေးပင် တောငှက်ပျောပင် အခွံအခေါက်များကို ဘုဉ်းပေးတော်မူကြရသည်။ ဤကဲ့သို့ ခန္ဓာကမ္မဇရုပ်ကို မပျက်မစီးစေရန် တစ်ဘက်မှ ထိန်းလျက် ပိဋကတ်တော်များကို မေ့လျော့ပျောက်ပျက်၍ မသွားစေရန် စောင့်ထိန်းတော်မူခဲ့ကြရလေသည်။ အနုရာဓမြို့တော်၌ရှိသော ကျောင်းအဆောက်အအုံများသည်လည်း ကျီးနှင့်ဖုတ်ဖုတ် ရှိနေတော့ရာ အစာရေစာ ရနိုင်သော နေရာသို့ လူများပြောင်းရွှေ့သွားကြသောအခါ ရဟန်းတော်များသည်လည်း ထိုကျောင်းတော်ကြီးများကို စွန့်ပစ်ကာ လူတို့ပြောင်းရွှေ့ရာ တောင်ပေါ်ဒေသများသို့ လိုက်ပါပြောင်းရွှေ့ကြရသည်။ နေ့ဘက်တွင် အရိပ်ကောင်းသော နေရာများ၌ နေခို၍ ညဘက်တွင် သဲသောင်ကမ်းခြေများ၌ ဆာလောင်မွတ်သိပ်ခြင်းဒဏ်ကို အအေးဓာတ်ဖြင့် ဖြေဖျောက်၍ အောင့်အည်း သည်းခံကာ နေတော်မူခဲ့ကြသည်။ မြင့်မြတ်သော နှလုံးသွင်းအားလျော်စွာ စာပေများမပျောက်ရေးကို မည်မျှအရေးပေးတော်မူခဲ့ကြသည်ကို တွေး၍ ကြည့်လျှင် အလွယ်နှင့်ပင် သိနိုင်လောက်ပေသည်။

၇၂။ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် လူရောရဟန်းပါ သေဆုံးကွယ်လွန်ကြသည့်အနက် ကိုယ့်တာဝန်နှင့်ကိုယ် ပိဋကတ်ကို ဆောင်တော်မူခဲ့ကြသော မထေရ်ကြီးများ အမြောက်အမြားပင် ကွယ်လွန်ရာတွင် ပါတော်မူသွားကြလေသည်။ ၁၂-နှစ် ကြာသောအခါ ဘီစီ ၂၉-မှ ၁၇-အထိ ဝဋ္ဋဂါမဏိမင်းသည် ငတ်မွတ်ခေါင်းပါးခြင်းဘေးအပြီး မိုးလေဝသ ရာသီဥတုများ ပြန်လည်ကောင်းမွန်လာ၍ သီဟိုဠ်ကျွန်းကြီး တစ်ကျွန်းလုံးကို ပြန်လည်ပြုပြင်ရေးလုပ်ငန်း လုပ်ဆောင်ချိန်ကျရောက်လာသဖြင့် ထီးနန်းကို ပြန်ယူကာ လူမျိုးနှင့် သာသနာကယ်တင်ခြင်းတာဝန်ကို ပြည့်စုံစွာ ခံယူလေသည်။

မဟာဝံသကျမ်း၌ တမိလ်လူမျိုး သူပုန်ကြီးများ ဝင်ရောက်တိုက်ခိုက်ခြင်းကို ကမ္ပည်းမတင်ခဲ့သော်လည်း ဗြာဟ္မဏတိဿ ခိုးသူကြီးကို ယင်းတမိလ်သူပုန်များကပင် သတ်ဖြတ်လိုက်ကြောင်း အခြားသီဟိုဠ်သမိုင်းများအရ သိရသည်။ တမိလ်သူပုန် တစ်ယောက်က ဝဋ္ဋဂါမဏိဘုရင်၏မိဖုရားကြီး သောမာဒေဝီကို သယ်ဆောင်၍ပြေးလေသည်။ အခြားတစ်ဦးက မြတ်စွာဘုရား၏ သပိတ်တော်ကို ယူ၍ ကျေနပ်စွာ ပြည်တော်ပြန်လေသည်။ ဝဋ္ဋဂါမဏိမင်း ထွက်ပြေးတိမ်းရှောင်နေစဉ် ကျန် တမိလ်ငါးယောက် တို့သည် သီဟိုဠ်ထီးနန်းကို ဆက်ကာဆက်ကာ ခံယူအုပ်စိုးကြသည်။ တစ်ဦးကိုတစ်ဦးသတ်၍ နောက်ဆုံး ပဉ္စမမြောက် တမိလ် သူပုန်ကြီး ကျန်ရှိသောအခါ ယင်းကို ဝဋ္ဋဂါမဏိမင်းက သုတ်သင်ဖျောက်ဖျက်၍ တစ်နိုင်ငံလုံးကို မိမိအာဏာအောက်သို့ သိမ်းသွင်းယူလိုက်လေသည်။

၇၃။ အခြေအနေများကား တဖြည်းဖြည်း ပြန်လည်ကောင်းမွန်စ ပြုလာပြီဖြစ်၍ ဝဋ္ဋဂါမဏိအဘယမင်းသည် တိုင်းပြည်နှင့် သာသနာတော်ကို ထိုက်သလောက် ပြုပြင်ချီးမြှောက်လေသည်။ အိန္ဒိယပြည်မှ ပြန်လာသော ရဟန်းတော်များသည်လည်း မိမိတို့၏ သာသနာရေးလုပ်ငန်း တာဝန်များကို အသီးအသီး ဆက်လက်ဆောင်ရွက်နေကြပေသည်။ ထိုအကြောင်းကို ကြားသိရသောအခါ အဆိုပါ ခြောက်ကျိပ်သော ရဟန်းတော်တို့သည် နေပြည်တော်သို့ ပြန်လာကြ၍ မိမိတို့ဆောင်ထားသော ပိဋကတ်ကို အိန္ဒိယပြန် ရဟန်းတော်များနှင့် နှီးနှောတိုက်ဆိုင်၍ ကြည့်ကြလေရာ တစ်လုံးတစ်ပါဒမျှ တိမ်းယိမ်းဖောက်ပြန်ခြင်းမရှိ၊ ပကတိအတိုင်း ညီညွတ်၍ နေသည်ကို တွေ့ကြရသဖြင့် ဝမ်းမြောက်ကြည်နူးမှုကား နှိုင်းယှဉ်တိုင်းတာစရာပင် မရတော့ပါချေ။

၇၄။ သို့ရာတွင် ပါရာဇိကဏ်အဋ္ဌကထာ၌ မှတ်တမ်းတင်ထားသော အဖြစ်အပျက်ကလေး တစ်ခုသည်ကား သာသနာ သမိုင်းတွင် တင်လျက် ကျန်ရှိနေပေသည်။ မဟာတိဿထေရ်က မဟာရက္ခိတထေရ်ကို ငါ့ရှင် ဤမည်သော ရဟန်းထံမှာ မဟာနိဒ္ဒေကို သွား၍ သင်ပါလေ။ သင်ကား မှတ်ဉာဏ် အလွန်ကောင်းသောသူ ဖြစ်ပေသည်။ မဟာနိဒ္ဒေကို ဆောင်ထားသော မထေရ်ကြီးများသည် ဘေးဆိုးကြီးများတွင် လွန်တော်မူခဲ့ကြသဖြင့် ပျောက်လုနီးပါးဖြစ်နေသော ထိုမဟာနိဒ္ဒေကို သင် တာဝန် ယူပါချေဟု ဆိုကာ တိုက်တွန်းလေသည်။ တပည့်တော် မသွားလိုပါ။ မသင်ယူလိုပါ။ ထိုမထေရ်သည် သီလမရှိ၊ ယုတ်မာ သော ထေရ် ဖြစ်ပါသတဲ့- ဟူ၍ ပြန်လည်လျှောက်ထားသောအခါ ငါ့ရှင် သင်သွား၍သာ သင်ယူလော့။ သင်၏အနီး၌ ငါ ထိုင်၍နေမည်ဟုဆိုမှ မဟာဓမ္မရက္ခိတထေရ်သည် ထိုမထေရ်ထံ သွား၍သင်ယူလေသည်။ နေ့ရောညပါ သင်ယူပြီးသည် အဆုံး၌ ခုတင်ညောင်စောင်းအောက်မှ မာတုဂါမတစ်ယောက် ထွက်လာသည်ကို မြင်သောအခါ ဤအကြောင်းကြောင့်ပင် တပည့်တော် ဤမထေရ်ထံ၌ မသင်ယူလိုခဲ့ခြင်း ဖြစ်ပါသည် ဘုရားဟု ပြန်၍ လျှောက်လေသည်။ မည်သို့ရှိစေ ထို မဟာဓမ္မရက္ခိတထေရ်၏ အားထုတ်မှုကြောင့် မဟာနိဒ္ဒေသကျမ်းကြီး မပျောက်မပျက်ဘဲ အသက်ဝင်၍ နေသဖြင့် ထို မဟာဓမ္မရက္ခိတထေရ်မှ များစွာသော ထေရ်ကြီးတို့သည် ဆက်လက်သင်ယူကာ ယင်းမဟာနိဒ္ဒေသကို စဉ်ဆက်မပြတ် ဆောင်ထားတော်မူနိုင်ကြပေသည်။ (ဝိ၊ဋ္ဌ၊၂၊၂၇၄။)

သီဟိုဠ်ကျွန်းတွင် အက္ခရာစာတင်၍ ရေးခြင်းနှင့် စတုတ္ထ သံဂါယနာတင်ခြင်း

၇၅။ ယင်းသို့လျှင် ကြောက်မက်ဖွယ်ကောင်းသော ဘေးဆိုးကြီး ကြုံကြိုက်လိုက်ရသဖြင့် သာသနာစောင့် ထေရ်ကြီးများသည် “ဤနည်းအတိုင်း နှုတ်လွတ်ဆောင်ရုံမျှဖြင့် သာသနာ ကြာရှည်တည်မည် မဟုတ်။ ပေထက် အက္ခရာတင်၍ထားမှ ကြာရှည် လေးမြင့် တည်တော့မည်” ဤသို့ စဉ်းစားတော်မူကြသည်။ ဤအကြောင်းကို မဟာဝံသ အခန်း ၃၃၊ ဂါထာနံပါတ် ၁၀၀-၁ ၌ လည်းကောင်း၊ ဒီပဝံသ အခန်း ၂၀၊ ဂါထာ ၂၀-မှ ၂၁-၌လည်းကောင်း ဤသို့ မိန့်ဆိုထားလေသည်။

ပိဋကတ္တယပါဠိံ စ၊ တဿ အဋ္ဌကထမ္ပိ စ။
မုခပါဌေန အာနေသုံ၊ ပုဗ္ဗေ ဘိက္ခု မဟာမတီ။
ဟာနိံ ဒိသွာန သတ္တာနံ၊ တဒါ ဘိက္ခူ သမာဂတာ။
စိရဋ္ဌိတတ္ထံ ဓမ္မဿ၊ ပေါတ္ထကေသု လိခါပယုံ။

မြန်မာပြန်

ကြီးမားသော ပညာရှိသော ရဟန်းတော်တို့သည် ရှေးအခါက ပိဋကသုံးပုံနှင့်အဋ္ဌကထာကို နှုတ်မှရွတ်ဆိုခြင်းဖြင့် ဆောင်ခဲ့ကြကုန်ပြီ။ ထိုအခါ၌ စည်းဝေး ရောက်လာကြသောရဟန်းတို့သည် သတ္တဝါတို့၏ဆုတ်ယုတ်ခြင်းကို မြင်တော်မူကြ၍ သာသနာတော် ကြာရှည်လေးမြင့် တည်တံ့စေရန် ပေတို့၌ ရေးတင်စေတော်မူကြကုန်ပြီ။

၇၆။ ဤနေရာ၌ သီဟိုဠ်ကျွန်း ဗုဒ္ဓဓမ္မရှေးဦးသမိုင်း Early History of Buddhism in Ceylon ၌ အဓိကာရမ်က ပိဋကတ်ကို စတင်၍ ရေးသားခြင်း၏ အကြောင်းများကို အောက်ပါအတိုင်း စာရင်းချ၍ ပြသည်။

(၁) သီဟိုဠ်ကျွန်းသည် ဗုဒ္ဓဘာသာ မဟုတ်သော နိုင်ငံခြားသားတို့၏ မပြတ်မလပ် တိုက်ခိုက်ခြင်း၊ ဘေးရန်ခံနေရခြင်း၊ ယင်းတို့ အောင်မြင်မှုရသောအခါ ထိုအချိန်သည် ဗုဒ္ဓဓမ္မအတွက် အမှောင်ထု ကျရောက်သော အချိန်အခါဖြစ်ခြင်း၊ ထိုသည့်အခါမျိုး၌ မဟာဝိဟာရစသော စာပေသင်ရာ ဗဟိုဌာနကြီးများကိုပင် စွန့်ပစ်၍ ထားရခြင်း၊ ယင်းသို့ စွန့်ပစ်၍ ထားရသဖြင့် ဆရာနှင့် တပည့်ကို အဆက်ပြတ်သွားနိုင်ခြင်း။

(၂) ဗြာဟ္မဏတိဿဘေးရန်နှင့် ငတ်မွတ်ခေါင်းပါးခြင်း ဘေးရန်က နှုတ်လွတ်ဆောင်ခဲ့သည့် အစဉ်အလာကို အန္တရာယ်ရှိကြောင်း သတိပေးသကဲ့သို့ ရှိနေခြင်း၊ ယင်းသို့ အခက်အခဲ အကျပ်အတည်းကြုံရာအခါမျိုး၌ ပါဠိအဋ္ဌကထာများကို ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်းနှင့် ဆောင်ထားကြရသည်ကို ကိုယ်တွေ့ တွေ့ကြုံလာခြင်း။

(၃) အချိန်ကာလ ကြာညောင်းလာသောအခါ ဘာသာရေးစိတ်ဓာတ် မကိန်းအောင်းသူ တာဝန်မဲ့ ပုဂ္ဂိုလ်များ သာသနာတော်အတွင်းသို့ ဝင်လာကြ၍ ပိဋကတ်တော်များကို တပည့်စဉ်ဆက် လွှဲပြောင်းပေးရန် စိတ်ဝင်စားမှု နည်းပါးလာခြင်း။

၇၇။ အထက်အဆိုပါ အကြောင်းများကြောင့် ရဟန်းတော်များသည် အလယ်ပိုင်းပြည်နယ် အနုရာဓမြို့မှ ဝေးကွာသော မာတလေ့အရပ်၏ အနီးအနား တစ်နေရာဖြစ်သော အာလောကဝိဟာရ၌ ပိဋကတ်များကို ပေပေါ်၌တင်၍ ရေးသားရန် ဆုံးဖြတ် တော်မူကြသည်။ ဤနေရာ၌ သာသနာတော်အတွက် ကံဆိုးသည်ဟု ဆိုနိုင်သော အချက်တစ်ချက်မှာ အုပ်ချုပ်သူဘုရင်၏ စိတ်ပါလက်ပါ အားပေးခြင်းကို မခံရမှုပင်တည်း။ ထင်ရှားစေဦးအံ့-အခက်အခဲ အကျပ်အတည်းမှ လွတ်မြောက်၍ ထီးနန်းကို ပြန်၍ရလာသော ဝဋ္ဋဂါမဏိအဘယမင်းသည် မိမိ ပြေးလွှားပုန်းအောင်းနေစဉ်အခါ၌ မိမိအား ကူညီစောင့်ရှောက်ခဲ့သော ကုပိဂ္ဂလဝိဟာရနေ မဟာတိဿထေရ်အားလည်းကောင်း၊ ဟမ္ဗုဂလ္လကဝိဟာရနေ တိဿထေရ်အားလည်းကောင်း ကျေးဇူးဆပ်သော အနေအားဖြင့် ဂျိန်းဘာသာဝင် ဂိရိဆိုသူ၏ကျောင်းကို ဖျက်၍ ထိုနေရာ၌ အဘယဂိရိဝိဟာရမည်သော ကျောင်းတိုက်ကြီး တစ်ခုကို ဆောက်လုပ်၍ မဟာတိဿထေရ်အား တင်လှူလေသည်။ (ထိုအချိန်ကား ခရစ်မပေါ်မီ ၂၉-နှစ်ခန့်ဟု မဟာဝံသအလို ခန့်မှန်းရပေသည်) ဝဋ္ဋဂါမဏိမင်း၏ အခြားအမတ်ကြီးများကလည်း အခြားကျောင်းများကို ဆောက်လုပ်၍ တိဿထေရ်အား တင်လှူကြသည်။ ထိုစဉ်တွင် မဟာတိဿထေရ်သည် ဝိနည်းကို အလေးပြုသင့်သလောက် မပြု၊ လူတို့နှင့် ဆက်ဆံခြင်းများ ရွာအဝင်အထွက်များမှုကြောင့် မဟာဝိဟာရဝါသီရဟန်းများက ၎င်းအား နှင်ထုတ်လိုက်လေသည်။ သို့သော် မဟာဝိဟာရကျောင်းတိုက်နှင့် အဘယဂိရိဝိဟာရ ကျောင်းတိုက်ကြီး နှစ်တိုက်သည် ထိုအချိန်တွင် ဝါဒရေးရာအားဖြင့် ကွဲပြားမှု မရှိသေးပေ။

သီဟိုဠ်ကျွန်း၌ ဓမ္မရုစိဂိုဏ်းနှင့် သာဂလိယဂိုဏ်း ဖြစ်ပေါ်လာပုံ

၇၈။ ဓမ္မရုစိဂိုဏ်းသည် ဝဋ္ဋဂါမဏိမင်းလက်ထက် အဘယဂိရိဝိဟာရတွင် ဌာနချုပ်အဖြစ်ဖြင့် စတင်ပေါ်လာခဲ့သည်။ အရှင်မဟိန္ဒထေရ်မှ ဆင်းသက်လာသော ထေရဝါဒကို ရှေးဦးစွာ ထိုးနှက်ခြင်းဟု ဆိုနိုင်သည်။ ဝေါဟာရကတိဿ (နန်းတက် အေဒီ- ၂၀၄) လက်ထက်တွင် မဟာဝိဟာရကျောင်းတိုက်ကြီးနှင့် အဘယဂိရိကျောင်းတိုက်ကြီး နှစ်တိုက်တို့သည် ဝေတုလျ ပိဋကတ်ကို လက်ခံခြင်းနှင့်စပ်၍ ငြင်းခုံမှု ဖြစ်ပေါ်လာကြသည်။ ဘာတိကအဘယမင်း (အေဒီ-၃၈-၆၆) လက်ထက်မှ စ၍ တသီးတခြားစီ ပညာသင်ရန် ဌာနကြီးများဖြစ်ခဲ့ကြသော ထိုကျောင်းတိုက်ကြီးနှစ်တိုက်သည် ဝါဒရေးရာအယူအဆ ကွဲပြားမှုကြောင့် တစည်းတရုံးတည်း မရှိတော့ချေ။

၇၉။ ဝေတုလျဟူသည်ကား အသောကမင်းကြီးလက်ထက် ဗုဒ္ဓသာသနာကို ဖျက်ရန် ဝင်လာကြသော ဝေတုလျပုဏ္ဏားတို့ စီရင်ရေးသားသည့် ကျမ်းဖြစ်သည်။ ယင်းကို သူတို့က ဘုရားဟောကျမ်းဟု ကြေညာထားကြ၏၊ ထေရဝါဒရဟန်းတော်များက ထိုကျမ်းကို ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သည်ဟုဆိုကာ လက်မခံကြပေ။ ယင်းဝေတုလျဝါဒသည် နောင်အခါ မဟာယာနဂိုဏ်း ဝင်တို့၏ ဝေပုလ္လသုတ္တနှင့် အသွင်သဏ္ဌာန် တူဟန်ရှိသည်။

မှတ်ချက်။ ။ မဟာယာန စတင်ပေါ်လာသည့် အချိန်ကို ပညာရှင်များက ခရစ်သက္ကရာဇ် ပထမရာစု နှစ်စလောက်ဟု ခန့်မှန်းကြသည်။ အဿဃောသတို့၏ စာပေများ ထင်ရှားခေတ်စားလာရာ အချိန်ကို မှန်း၍ ပထမရာစုနှစ်ဟု ဆိုကြသောလည်း ထို့ထက်ပင် စော၍ ပေါ်လာဟန်ရှိသည်။

၈၀။ ယင်းသို့ ကျောင်းတိုက်ကြီးနှစ်တိုက် ငြင်းခုံမှုပေါ်လာသောအခါ ဝေါဟာရကတိဿမင်းသည် လက်ပိုက်၍ ကြည့်မနေသာ တော့ပေ။ ကပိလမည်သော အမတ်ကို စာပေအရပ်ရပ် လေ့လာစေ၍ အစီရင်ခံစေသောအခါ ဗုဒ္ဓဝါဒမဟုတ်ကြောင်းသိရ၍ ဝေတုလျကျမ်းစာများကို ရနိုင်သမျှ ရှာဖွေမီးတိုက်စေသည်။ ယင်းအယူကို မသိမသာလည်းကောင်း၊ သိသာစွာလည်းကောင်း လက်ခံသော ရဟန်းများကို နှင်ထုတ်စေသည်။ သိရိသင်္ဃဗောဓိမင်းကို သတ်၍ မင်းအဖြစ် ခံယူလာသော ဂေါဠာဘယမင်း (အေဒီ ၃၀၉-၃၂၂) လက်ထက်တွင် အဘယဂိရိကျောင်းတိုက်၌ ဝေတုလျအယူအဆ ခေါင်းထောင်လာပြန်သည်။ ဥဿိလိယတိဿမည်သော ထေရ်သည် ထိုဝါဒကို သဘောမကျ၍ အဘယဂိရိမှထွက်ခွာခဲ့ပြီး ဒက္ခိဏဂိရိကျောင်းသို့ သွားသည်။ ဒက္ခဏဂိရိကျောင်းသို့ ရောက်သောအခါ သာဂလမည်သော ထေရ်ကို ခေါင်းဆောင်ထား၍ သာဂလိယ မည်သော ဂိုဏ်းကို ဖန်တီးသည်။ သို့သော် ၎င်းတို့၏ ဝါဒကို အများစုက လက်မခံကြချေ။ ဂေါဠာဘယမင်းသည် ထိုအကြောင်းကို သိသောအခါ အမှန်တရားဝါဒကို အသေအချာ ထုတ်ဖော်မည်ဟု (၁) မဟာဝိဟာရ၊ (၂) ထူပါရာမ၊ (၃) ဣဿရသမဏာရာမ၊ (၄) ဝေဿဂိရိဝိဟာရ၊ (၅) စေတိယဝိဟာရ ကျောင်းတိုက်ကြီးငါးတိုက်မှ ထေရ်ကြီးများကို ပင့်ခေါ်စုဝေးစေပြီး ထိုထေရ်ကြီးများကို ဆုံးဖြတ်စေရာ ယင်းဝေတုလျဝါဒသည် မိစ္ဆာအယူသာ ဖြစ်သည်ဟု အဆုံးအဖြတ် ပေးတော်မူကြ၍ ဝေတုလျဝါဒနှင့် စပ်သော စာအုပ်စာပေများကို မီးတိုက်ပစ်စေသည်။ ယင်းဝါဒခေါင်းဆောင် ရဟန်းခြောက်ဆယ်တို့ကို ရွေးကောက်၍ အမှတ်အသားများ ထင်စေကာ တိုင်းပြည်မှ နှင်ထုတ်လိုက်သည်။

၈၁။ ထိုအနှင်ခံ ရဟန်းခြောက်ဆယ်တို့သည် အိန္ဒိယတောင်ပိုင်း ကာဝေရသို့ သွားရောက် ရှောင်ပုန်းနေကြသည်။ ကာဝေရ တိုင်းသားတို့က ထိုရဟန်းများကို အမြတ်တနိုး ဆည်းကပ် ကိုးကွယ်ကြသည်။

၈၂။ ဤနေရာ၌ ဓမ္မရုစိဂိုဏ်း ဖြစ်ပေါ်လာပုံကို ဤသို့ သိအပ်၏၊ အဘယဂိရိကျောင်း၌ နေသော ရဟန်းအများစုသည် မဟာယာနအယူအဆများ၌ တိမ်းညွတ်ကြ၏၊ မဟာသံဃိကဂိုဏ်းသားများ ဖြစ်ကြသော အိန္ဒိယ ပလ္လာရာမအရပ်မှ ဝဇ္ဇီပုတ္တက ရဟန်းများ၏ဝါဒကို လက်ခံကြသည်။ ရိုးသားဖြောင့်စင်းသော ပါဠိဘာသာထက် အရေးအဖွဲ့ဆန်းကြယ် သက္ကတဘာသာ၌ ပို၍စိတ်ဝင်စားကြသည်။ ထိုစဉ်တွင် ဓမ္မရုစိမည်သော သက္ကတပညာရှိ ဝဇ္ဇီပုတ္တကဝါဒီပုဂ္ဂိုလ်၏ ပြောမှုဆိုမှု အယူအဆတို့ကို လက်ခံရာမှ အဘယဂိရိကျောင်းနေ ရဟန်းများကိုပင် ဓမ္မရုစိဂိုဏ်းဟူ၍ ခေါ်လာကြသည်ဟု သိမှတ်ရမည်။

၈၃။ ကာဝေရတိုင်းသို့ ရောက်ရှိသွားကြသော ရဟန်းတို့တွင် ဗြာဟ္မဏအမျိုးသား သံဃမိတ္တဆိုသူ ရဟန်းငယ်တစ်ပါး ပါဝင်သည်။ မိမိဆရာများအထံမှ ဝေတုလျဝါဒကို သင်ကြားတတ်မြောက်ခဲ့သည့်အပြင် သီဟိုဠ်ကျွန်းသို့သွားကာ အဘယဂိရိ ကျောင်းတိုက်ကြီးကို ထိုဝါဒ လက်မခံမနေရ၊ လက်ခံအောင် ဖြန့်ဖြူးဟောပြောမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ဇွဲကြီးစွာ စာပေပညာများကို လေ့လာသင်ကြား၍ သီဟိုဠ်ကျွန်းသို့ကူးကာ အဘယဂိရိကျောင်းတိုက်သို့ သွားရောက်နေထိုင်လေသည်။

၈၄။ ထူပါရာမကျောင်းတိုက်၌ ဘုရင်ကိုယ်တိုင် အရေးတယူပြု၍ သံဃာများကို စုဝေးစေလျက် ဝါဒရေးရာများကို ပြောဆိုစေသောအခါ အဆိုပါ သံဃမိတ္တသည် မဟာဝိရဝါသီရဟန်းတို့၏ အယူအဆနှင့် အမူအကျင့်တို့ ရှုတ်ချပြစ်တင်ကာ ဝေတုလျ အယူကို ဘုရင်သဘောကျလောက်အောင် အမွှမ်းတင်၍ ပြောပြလေသည်။ ထိုအစည်းအဝေးပွဲတွင် ဘုရင့်ဦးလေးတော်သူ မဟာဝိဟာရကျောင်းတိုက်နေ အဘယထေရ်လည်း ပါဝင်ဆွေးနွေးသည်။ သံဃမိတ္တ၏အယူအဆများကို ဖျက်ဆီး၍ ထေရဝါဒကို ရှင်းလင်းပြောပြသည်။ သို့သော် သံဃမိတ္တ၏ နှုတ်ရေးကြွယ်မှု ပရိယာယ်ပြည့်စုံမှုကြောင့် ဂေါဋ္ဌာဘယမင်းကိုယ်တိုင် ထေရဝါဒကို ဆန့်ကျင်၍ မိစ္ဆာဝါဒဘက်သို့ ပါသွားလေသည်။ ဤအကြိမ်ကား သီဟိုဠ်ဗုဒ္ဓဝါဒသမိုင်းတွင် အုပ်ချုပ်သူနှင့်တကွ ရဟန်းရှင်လူ အတော်များများ ထေရဝါဒကို ဆန့်ကျင်၍ မိစ္ဆာဝါဒဘက်သို့ ပထမဆုံး ယိမ်းယိုင်လိုက်ပါသွားသော အကြိမ် ဖြစ်လေသည်။ မဟာဝိဟာရရှုံးပွဲ၊ သံဃမိတ္တ အောင်လံစိုက်ပွဲဟု ဆိုနိုင်သည်။ မဟာဝိဟာရကျောင်းတိုက်ကြီးသည် အေဒီ ငါးရာစု နှစ်ထက်ဝက်တိုင်တိုင် အမှန်တရားဘက်မှ အစောင့်အရှောက်အနေမျှသာ ရပ်တည်နိုင်၍ ဘုရင်အားပေးမှု မခံရသောကြောင့် စိုးနှောင့်ဗျာဝေ အနေကြုံ့လျက် ရှိ၏၊ သို့သော် အရှုံးပေးအားလျော့၍ စိတ်ပျော့သော သူများကား မဟုတ်ကြပါပေ။

၈၅။ ဂေါဋ္ဌာဘယမင်းသည် မဟာဝိဟာရကို လုံးလုံးပစ်ပယ်၍ကား ထားသည်မဟုတ်။ လှိုက်လှိုက်လှဲလှဲ ရှေးကလို မမြဲစေကာမူ ဆက်လက် ထောက်ပံ့မြဲ ထောက်ပံ့နေပေသည်။ ထိုမင်း နတ်ရွာစံသောအခါ သားတော်ကြီး ဇေဋ္ဌတိဿ နန်းတက်သည်။ သံဃမိတ္တသည် မိမိကြိုးဆွဲတိုင်းမက၍ အချိန်ကောင်းကို စောင့်မျှော်သည့်အနေအားဖြင့် ထိုမင်းလက်ထက် တစ်လျှောက်လုံးတွင် အိန္ဒိယပြည် ကာဝေရသို့ ပြန်၍ အသာခိုနေလေသည်။ ဇေဋ္ဌတိဿမင်းကား သူ၏ နန်းစံ ဆယ့်လေးနှစ်ကာလပတ်လုံး မဟာဝိဟာရရဟန်းများကို ထောက်ပံ့စောင့်ရှောက်သွားလေသည်။

၈၆။ ထိုမင်း၏ ညီတော် မဟာသေန နန်းတက်သောအခါ သံဃမိတ္တသည် သီဟိုဠ်ကျွန်းသို့ ပြန်ရောက်လာသည်။ ဇေဋ္ဌတိဿ မဟာသေန ညီနောင်နှစ်ယောက်လုံး မင်းသားငယ်ဘဝက သံဃမိတ္တထံတွင် စာပေပညာ သင်ကြားဖူးသည်။ မဟာဝိဟာရဝါသီ ရဟန်းတို့အား သံဃမိတ္တသည် ဝေတုလျဝါဒကို လက်ခံရန် သွေးဆောင်သော်လည်း မရပေ။ ဘုရင်အား အခွင့်သင့်တိုင်း မဟာဝိဟာရဝါသီရဟန်းတို့၏ ဝိနယ မမှန်ကန်ကြောင်း ပြောဆိုသွေးဆောင်သောကြောင့် မဟာသေနမင်းသည် နောက်ဆုံး၌ လိုက်လျောသဘောတူချက် ပေးလေသည်။ မဟာဝိဟာရရဟန်းတို့အား ဆွမ်းလောင်းလျှင် ငွေဒဏ်တပ်မည်ဟူ၍ပင် အမိန့်ထုတ်သည်အထိ ဖြစ်လေသည်။ ဤကား ခြောက်ရာစုနှစ်အတွင်း မဟာဝိဟာရရဟန်းများ ပဌမဆုံးအကြိမ် ဆွမ်းငတ်ခြင်းပေတည်း။ သုံးရက်တိုင်တိုင် ဆွမ်းခံထွက်သော်လည်း ဆွမ်းမရ၍ သပိတ်ရေဆေး သောက်ကြရသည်။ စတုတ္ထနေ့၌ ငါတို့ကား မိစ္ဆာအယူကို မယူ၊ အသက်ကိုသာ အသေခံသည်ဟု သန္နိဋ္ဌာန်ချ၍ အနုရာဓမြို့မှ ထွက်ခွာကြလေသည်။ ထိုရဟန်းတော်တို့ကြောင့် နောင်အခါ သမိုင်းတွင် သီဟိုဠ်ကျွန်းသည် “Lanka is the home of Buddhism whose teachings are pure and unsullied and untainted by heresy.” မိစ္ဆာဝါဒများ မပေမလူး မလိမ်းမကျံလောက်အောင် စင်ကြယ်သန့်ရှင်းသော ဗုဒ္ဓဓမ္မ၏ တည်ရာဌာန ဖြစ်သည်ဟု ကျော်စောထင်ရှားခဲ့ခြင်း ဖြစ်လေသည်။

၈၇။ မဟာဝိဟာရမှ ထွက်ခွာခဲ့ကြသော မထေရ်တို့သည် အချို့က မာယာမည်သောနယ်၊ အချို့က ရောဟဏဇနပုဒ်သို့ သွားကြသည်။ မဟာဝိဟာရကျောင်းတိုက်ရှိ အသုံးအဆောင်အားလုံးနှင့် အဆောက်အအုံတို့ကို ဘုရင့်နာမည်ဖြင့် ဓမ္မရုစိဂိုဏ်းဝင်တို့သည် ထင်သလို အသုံးပြုကြလေသည်။ ပစ္စည်းများကို သယ်ပိုးကြ၍ အလုံးစုံ မြေလှန်ပစ်လိုက်ကြသည်။ သံဃမိတ္တနှင့် အပေါင်းပါတို့သည် ကိုးနှစ်တိုင်တိုင်ပင် အဘယဂိရိ၌ မင်းမူ၍နေကြလေသည်။ ဆယ်နှစ်မြောက်၌ မေဃဝဏ္ဏဘယမည်သော အမတ်ကြီး ဦးဆောင်သည့် သူပုန်တပ်နှင့် မဟာသေနမင်း၏ စစ်တပ်တို့သည် ဘာသာရေးအကြောင်းခံ၍ မဟာဂါမ၌ အလုံးအရင်းနှင့် တိုက်ခိုက်ကြရန် ရင်ဆိုင်ကြလေသည်။ သို့ရာတွင် စစ်မတိုက်လိုက်ရဘဲ ဘုရင်နှင့်ဘုရင့်အမတ်ကြီးတို့သည် နှစ်ဦးသား ပြေလည်စွာ ဆွေးနွေး၍ ညီညွတ်မှုရကာ စစ်တပ်နှစ်ခုလုံး ရုပ်သိမ်းလျက် နေပြည်တော်သို့ ပြန်ကြလေသည်။

၈၈။ ပြည်တွင်း၌ကား မိဖုရားတစ်ပါးသည် မိမိတည်ဆောက်နေသော ထူပါရာမကျောင်းတိုက်ကို သံဃမိတ္တက ဟန့်တားရန် ကြိုးစားသဖြင့် လက်သမားတစ်ဦး စေလွှတ်၍ သံဃမိတ္တကို အသတ်ခိုင်းလေသည်။ ယင်းမိဖုရားသည် ဝေတုလျကျမ်းစာ ဟူသမျှကို မီးရှို့ဖျက်ဆီးစေသည်။ မဟာသေနမင်းသည်လည်း မဟာဝိဟာရကျောင်းတိုက်ကြီးကို ပြန်လည် တည်ဆောက်ပေးရလေသည်။ သံဃာတော်များသည် ကိုးနှစ်လုံး ပုန်းအောင်းနေရာမှ ပြန်ရောက်လာကြသည်။ နှစ်အတန်ကြာအောင် ငြိမ်းချမ်း သာယာမှု ရလိုက်ကြသော်လည်း သာသနာတော်၏ ကံကြမ္မာကား အနှောက်အယှက်မှ မလွတ်သေးပေ။ မဟာသေနက ဘုရင်သည် မိစ္ဆာအယူဘက်၌ စိတ်မကုန်သေးဘဲ ရှိ၍ ဒက္ခိဏဂိရိ၌ နေသော ကိုဝှန်တိဿမည်သော သာဂလိဂိုဏ်းသား ရဟန်းတစ်ပါးကို အားပေးချီးမြှောက်သည်။ ထိုရဟန်းအတွက် ဘုရင်က ကျောင်းဆောက်ပေးရာတွင် မဟာဝိဟာရကျောင်း တိုက်အရာမ်အတွင်းမှာပင် ဇေတဝနဝိဟာရကို ဆောက်ဖြစ်အောင် ဆောက်သည်။ ထိုရဟန်းသည် သိက္ခာပုဒ်အာပတ်များဖြင့် စွပ်စွဲခြင်းခံရ၍ ရက်ရှည်လများ စစ်ဆေးပြီး လူဝတ်လဲရန် ဝိနိစ္ဆယချမှတ်ခြင်း ခံရသည်။ ဘုရင့်အမိန့်ဖြင့် ဓမ္မိကခေါ် တရားသူကြီးချုပ်ကို ထပ်မံစစ်ဆေးရာ ရှေးနည်းအတိုင်းပင် အမိန့်ပြန်ချ၍ လူထွက်စေသည်။ သံဃာ့ဘောင်မှ နှင်ထုတ်လိုက် ကြလေတော့၏၊ မဟာသေနဘုရင်သည် နောင်တရ၍ မဟာဝိဟာရကျောင်းတိုက်ကြီးကိုပင် ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့၍ အေဒီ ၃၀၀-နှစ်တွင် ကွယ်လွန်လေသည်။

၈၉။ ဤမျှလောက်သော ခေတ်ကာလအပိုင်းအခြားအတွင်း၌ သီဟိုဠ်ကျွန်းသာသနာသည် နိမ့်ချည်မြင့်ချည် ရှိခဲ့သော်လည်း ထေရဝါဒီ မဟာဝိဟာရဝါသီရဟန်းတို့၏ သာသနာစောင့်စိတ်ဓာတ်ကား ယိမ်းယိုင်ပြိုကွဲခြင်းမရှိ၊ ဝိနယနှင့်စပ်၍ သံဃာအတွင်း ကွဲပြားစေရန် လုံးပမ်းခြင်းကို ဗုဒ္ဓကိုယ်တော်မြတ်အား သွေးထွက်သံယိုပြုစေခြင်း သဘောထားကြသည်ဟု မာလာလာဆေကရ က ဆိုခဲ့လေသည်။

“In the Vinaya an attempt to bring about disunion among the Sangha is put in the same category as shedding the blood of the Buddha.” (Pali Literature of Ceylon by Malalaxekera p.54)

၎င်းပြင်လည်း မာလာလာဆေကရ က ဤသို့ ဆက်၍ ဆိုပြန်၏၊

“To the assaults of open opponents the Buddhist displays the calmest indifference, convinced that in its undiminished strength his a faith is firm and inexpugnable.”

အတိအလင်းဆန့်ကျင်လာသူများ၏ တိုက်ခိုက်ခြင်းအား ဗုဒ္ဓဝါဒီ ရဟန်းတော်များနှင့် ဒါယကာတို့သည် အတည်ငြိမ်ဆုံးသော လျစ်လျူရှုမှုကို ဖော်ပြနိုင်ကြသည်။ အကြောင်းမူကား ဗုဒ္ဓဓမ္မ၏ မကုန်ဆုံးနိုင် မပျက်စီးနိုင်သော ခွန်အားအပေါ်၌ ယင်းတို့၏ ယုံကြည်မှုသည် ဖယ်ရှား၍ မရနိုင်လောက်အောင် ခိုင်မြဲသည်ဟု သိရှိနားလည်ထားခြင်းကြောင့်ဖြစ်သည်။ မင်းနှင့်ပြည်သူတို့၏ ဗုဒ္ဓဓမ္မအပေါ်၌ ခံယူချက်မြင့်မားမှုကား စံတင်လောက်ပေသည်။ ဥပမာ အေဒီ ၆၂၃-ခုနစ်၌ ဇေဋ္ဌတိဿမင်းသည် တမိလ်တွေ နှင့် စစ်တိုက်ရာတွင် ရှုံးဖို့မြင်သဖြင့် မိမိ မိဖုရားထံ သဝဏ်စာဖြင့် မှာကြားသည်မှာ “ဤစစ်ပွဲ၌ မိမိသည် အောင်မြင်ဖို့လမ်း များစွာ မရှိ။ အကယ်၍များ တိမ်းပါးခဲ့သော် သီလရှင်အဖြစ်ဖြင့် အဘိဓမ္မာ သင်ကြားစေလိုသည်။ မိမိကိုလည်း ကုသိုလ်ဘာဂ အမျှဝေစေလိုသည်” ဟု မှာကြားလေသည်။ မိဖုရားကြီးသည် ဘုရာမှာကြားသည့်အတိုင်း ပြုလုပ်သောကြောင့် အဘိဓမ္မာနှင့် အဋ္ဌကထာကြီးများ၌ပင် ကျွမ်းကျင်ကြောင်း မဟာဝံသ၌ ဆိုသည်ဟု သီဟိုဠ်ကျွန်း ပါဠိစာပေသမိုင်းတွင် မာလာလာဆေကရ က ဖော်ပြထားပေသည်။ ထို့ပြင် ပဉ္စမမြောက် ကဿပဘုရင်၏ (အေဒီ ဆယ်ရာစုနှစ်ထိုး) ကျောက်စာတစ်ချပ်တွင် ကျမ်းစာများကို နှုတ်တက်ဆောင်ရွက်သော ရဟန်းတို့အား ဂုဏ်ပြုမှတ်တမ်းတင်ထားသည်ကို ယနေ့ကျွန်ုပ်တို့ တွေ့နိုင်သည်။ ထိုဘုရင်သည် ဓမ္မသင်္ဂဏီကျမ်းကို ဘာသာပြန်စေ၍ ရွှေပြားပေါ်၌ ရေးတင်စေခဲ့သည်ဟု သိရသည်။ အာလုဝိဟာရ သံဃာ့အစည်းအဝေးကြီးသည် ပါဠိတော်နှင့်အဋ္ဌကထာများကို စနစ်တကျစီစဉ်၍ ရဟန်းအသီးသီးအား ပိုင်း၍ပိုင်း၍ ခွဲဝေကျက်မှတ်စေကာ တပည့် တပန်းတို့အား သင်ပေးစေသည်။ သီဟိုဠ်ဘာသာဖြင့် ရှင်းလင်း ဖွင့်ပြစေသည်။ ဆောင်လွယ်မှတ်လွယ် အကျဉ်းလင်္ကာ သံပေါက်ကလေးများ၊ ဂါထာပါဠိများကို ရေးသားပေးခဲ့ကြသည်။ ထိုရဟန်းတော်ငါးရာတို့၏ ကျေးဇူးကား ဗုဒ္ဓဘာသာဝင်များအဖို့ ဆပ်မကုန်နိုင်လောက်အောင် ကြီးမားလှပေသည်။ အချုပ်အားဖြင့် အောက်ပါ မာလာလာဆေကရ၏ မှတ်ချက်ကလေးကို ထောက်ရှု၍ ဦးဥက္ကဋ္ဌနှင့် အပေါင်းပါတို့၏ စွပ်စွဲပြောဆိုချက် မမှန်ပုံကို သိရှိနိုင်ရာ၏၊

How far the Alu-vihara’s redaction agreed with or differed from the cannon and commenttaries settled by the third Council and introduced into Ceylon by Mahinda’s mission, whether after their introduction into the island any passapes previously considered unorthodox had creptinot the orthodox scriptures and whether the Alu-vihara Council separated such interpolations, and how far the Tipitaka and its commentary reduced to writing at Alu-vihara resembled them as they have come down to us now, no one can say.

အာလုဝိဟာရ၌ သုတ်သင်ပြင်ဆင် အက္ခရာတင်ခြင်း (စတုတ္ထသံဂါယနာ တင်ခြင်း)သည် တတိယသံဂါယနာက အတည်ပြုခဲ့ပြီးသော သီဟိုဠ်ကျွန်းသို့ အရှင်မဟိန္ဒ ခေါင်းဆောင်သော ဓမ္မဒူတအဖွဲ့က ယူဆောင်လာခဲ့သည့် ပါဠိအဋ္ဌကထာများနှင့် မည်မျှလောက် တူညီ၍ မည်မျှလောက် ကွဲပြားသည် ဆိုသည်ကို မည်သူမျှ မပြောနိုင်၊ ထေရဝါဒ မဟုတ်ဟု ရှေးအခါက ယူဆခဲ့သော စာပိုဒ်များ (အယူအဆများ) သည် ထေရဝါဒအတွင်းသို့ ပါဝင်လေခဲ့သလား၊ အာလုဝိဟာရ၌ သံဂါယနာ တင်သောအခါ ယင်းဝင်လာခဲ့ပြီးသော စာပိုဒ်များ (အယူအဆများ) ကို ထုတ်ပယ်ပစ်ခဲ့လေသလား ဆိုသည်ကို မည်သူမျှ မပြောနိုင်၊ အာလုဝိဟာရ၌ ရေးတင်ခဲ့သော ပါဠိအဋ္ဌကထာများသည် ယနေ့ (ကျွန်ုပ်တို့ခေတ် ကျွန်ုပ်တို့ထံသို့ ရောက်လာသောအခါ ထို ပါဠိ အဋ္ဌကထာများနှင့် မည်၍မည်မျှ တူညီသည် ဆိုသည်ကို မည်သူမျှ မပြောနိုင်။

ဤသို့ ဆွဲယူလုပ်ကြံဖန်တီး၍ ယူတတ်ပြောတတ်သောကြောင့် ဝိနည်းဓိုရ် ဆရာတော်များသည် မူရင်းအတိုင်း (Quotation) ကိုတေးရှင်းများကို ထုတ်ဆောင်တင်ပြရခြင်း ဖြစ်သည်။

This much, however, is certain that in the fifth century of the Christian era the present Pitakas, etc., were considered orthodox both on continet and in Ceylon, as is evidenced by the visits of Buddhaghosa and ta Hsian, and in view of the great care with which the orthodox monks attempted to preserve the purity of the Word there is not much probability that the canon underwent any material changes in the interval.

သို့သော် အေဒီ ငါးရာစု၌ ရှင်ဗုဒ္ဓဃောသနှင့် တရုတ်ရဟန်းတော် ဖာဟီယန်တို့ လာရောက် (လေ့လာဆောင်ယူသွား) ခြင်း ဟူသော အချက်က ထင်ရှားစေသည့်အလျောက် အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်ကျွန်းကပါ လက်ရှိပိဋကတ်ကို ရှေးဟောင်းထေရဝါဒ အမှန်ဖြစ်သည်ဟု အသိအမှတ်ပြုကြသည်။ ဤအချက်က သေချာသောအချက်ဖြစ်သည်။ ထေရဝါဒရဟန်းတော်များသည် စကားတစ်လုံးတစ်လေ၏ သန့်ရှင်းမှု (အနက်အဓိပ္ပာယ် မချွတ်ယွင်း မဖောက်ပြန်စေမှု) ကိုပင် အထူးဂရုပြုကြသည် ဟူသော ရှုထောင့်မှနေ၍ ရှုလျှင် ပိဋကတ်ကျမ်းစာတော်များသည် တစ်စုံတစ်ရာ အထည်ကိုယ်အားဖြင့် ပြောင်းလဲခဲ့ခြင်း ဖြစ်နိုင်ဖွယ် မရှိပါပေ။ ဤမှတ်ချက်ရှေ့ပိုင်းကို ပုံကြီးချဲ့၍ ဗုဒ္ဓသာသနာသမိုင်းစာစောင် နှာ ၁၆-၌လည်းကောင်း နိကာယ်၏နိကာယ် နှာ ၁၀-၌လည်းကောင်း ဦးဥက္ကဋ္ဌ၏ အသိုင်းအဝိုင်း ပဉ္စနိကာယ ဓမ္မသာကစ္ဆာအဖွဲ့ဝင် စသည်တို့က “သီဟိုဠ်ပိဋကတ်ဆောင် ရဟန်းတော်တို့သည် ဟိုကထဲက ရောနှောရှုပ်ထွေးပြီးသားဖြစ်တဲ့ ပိဋကတ်ကို ရောထွေးပြီး မူအတိုင်းသာ မှတ်ဆောင်ကြရသည်ဟု ပညာရှိ မာလာလာဆေကရ က သူ၏ သီဟိုဠ်ကျွန်း ပါဠိစာပေသမိုင်းတွင် ရေးခဲ့သည်ဟု မဟုတ်မမှန်လုပ်ကြံ၍ ဆိုထားလေသည်။ ဤစကားရပ်များကို သမိုင်းဆရာတစ်ယောက်အနေဖြင့် သူတပါးတို့တွေးတောကြံဆမည့် သံသယကို ကြိုတင် ထုတ်ဖော် နိဒါန်းခင်းပေးထားလိုက်ခြင်းဖြစ်သည်။ ရှေ့ဆက်ဖတ်သော် ဤသို့တွေ့ရမည်ဖြစ်၏၊ ယင်းတို့၏ ရည်ရွယ်ချက်ကား သီဟိုဠ်ကျွန်းမှတစ်ဆင့် ရောက်လာသော မြန်မာပြည်သာသနာသည်လည်း ရောရောထွေးထွေး ဗြဟ္မဏဝါဒ လွှမ်းမိုးနေသော သာသနာဟု (သွားပုပ်လေလွင့်) သိက္ခာချလိုသော စေတနာဆိုးဖြင့် ရေးသားဖြန့်ဝေရန်သာ ဖြစ်သည်။

၉၀။ မြန်မာပြည်သာသနာသည် တတိယသံဂါယနာတင်ပြီးချိန် မထေရ်ကြီးများနှင့် အသောကမင်းကြီး၏ ဓမ္မဒူတအဖွဲ့တစ်ဖွဲ့ဖြစ်သော အရှင်သောဏ အရှင်ဥတ္တရ ဦးဆောင်သည့်အဖွဲ့မှ စတင်ဆင်းသက်လာသော သာသနာဖြစ်ပေသည်။ နောင်အခါ၌ အိန္ဒိယမှလည်းကောင်း၊ သီဟိုဠ်ကျွန်းမှလည်းကောင်း ခေတ်အမျိုးမျိုး၌ ကျမ်းစာအမျိုးမျိုး ရောက်ရှိလာကြသည်။ မြန်မာပြည် သာသနာ၏ ရှေ့ဆောင်ဖြစ်တော်မူကြသော ထေရ်ကြီးများသည် အများအားဖြင့် ပါဠိတော်နှင့် အဋ္ဌကထာဋီကာ အခြား ဂန္ထန္တရများကို မည်သည့်ကျမ်းဂန်က ဗုဒ္ဓဘာသိတ၊ မည်သည့်ကျမ်းဂန်က အညဘာသိတဟု ခွဲခွဲခြားခြား နားလည်တော်မူခဲ့ကြသည်။ သို့ဖြစ်သည့်အလျောက် အဆင့်အတန်းအလိုက် အလေးအမြတ်ပြုရာတွင်လည်း အနိမ့်အမြင့်အဆင့်ထား၍ မှတ်သား တော်မူကြသည်။ အဘိဓမ္မာကဲ့သို့ လေးနက်သော ကျမ်းဂန်များကို အထူးအာရုံစိုက် လေ့လာတော်မူခဲ့ကြသည်။ အဋ္ဌကထာ ဋီကာကျမ်းကြီးများကိုပင် ကျော်လွန်၍ အရကောက်များ နိဿယကျမ်းများကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ခန့်ညားထယ်ဝါ ပြည့်စုံစွာ ဖန်တီးတော်မူနိုင်ခဲ့ကြသည်။ သို့သော် ပါဠိတော် အဋ္ဌကထာနှင့် ဆန့်ကျင်ခြင်း မရှိကြချေ။

၉၁။ မြန်မာ့သာသနာသမိုင်းတွင် ကံဆိုးမိုးမှောင်ကျသော “ဂ-ငယ်သုံးခု၊ ဥသျှစ်ထု” ဟု အမှတ်ပြုခဲ့ကြသည့် မြန်မာသက္ကရာဇ် ၈၈၈-ခုနှစ် ရှမ်းသိုဟန်ဘွားလက်ထက်တွင် ပိဋကတ်တော်များ မီးရှို့ခြင်းခံရသော်လည်း အသက်နှင့်ထပ်တူ စောင့်ရှောက်တော် မူခဲ့ကြသဖြင့် စူဠဝါအဋ္ဌကထာ မူလပဏ္ဏာသအဋ္ဌကထာ ပေထုပ်နှစ်ထုပ်မှတပါး အလုံးစုံသော ပိဋကတ်ပါဠိ အဋ္ဌကထာများကို ရှာဖွေ စုစည်းတော်မူနိုင်ခဲ့ကြသည်။ အဆိုပါ အဋ္ဌကထာ ပေထုပ်နှစ်ထုပ်ကိုကား နှစ်အတန်ငယ်ကြာမှ အလွန်ချောင်ကျသော ရှမ်းပြည် ကျေးတောဇနပုဒ်များမှ ပြန်လည်၍ ဆင့်ပွားကူးယူနိုင်ခဲ့ကြသည်ဟု ဆရာစဉ်ဆက် ပြောဆိုသည်ကို မှတ်သားကြရသည်။ ဤနည်းအားဖြင့် မြန်မာတို့၏ သာသနာတော်ကို ချစ်မြတ်နိုး၍ တန်ဖိုးထားတတ်သော အလေ့ဝါသနာ သမ္မာဥဿာဟကြောင့် ခေတ်ကာလအမျိုးမျိုးနှင့် တွေ့ရသော်လည်း တိုင်းခြားပြည်ခြား ဘာသာခြားတို့၏ အုပ်ချုပ်မှုအောက်တွင်ပင် ဗျာပါရကို မုချ ထက်သန်သော လုံ့လဝီရိယ သတိသမ္ပဇဉ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူလာခဲ့ကြသည်မှာ ပဉ္စမသံဂါယနာနှင့် ဆဋ္ဌ သံဂါယနာ ခေတ်တိုင်အောင်ပင် ဖြစ်သည်။

၉၂။ ထို့ကြောင့် ထို တတိယသံဂါယနာသည်လည်းကောင်း၊ ထို တတိတယသံဂါယနာမှ ဆက်၍လာသော သီဟိုဠ်ကျွန်း အာလောကဝိဟာရ၌ စုပေါင်းရွတ်ဆိုခြင်း ပေထက်အက္ခရာတင်ခြင်း စတုတ္ထသံဂါယနာသည်လည်းကောင်း၊ မြန်မာနိုင်ငံ၌ ၂-ကြိမ်တိုင် နှုတ်ဖြင့် ရွတ်ဖတ်ရုံမျှမက ကျောက်စာတင်၍ လည်းကောင်း၊ အနိုင်နိုင်ငံသုံး ခိုင်ခံ့သားနား ထူးခြားသော စာအုပ်များ ရိုက်နှိပ်၍လည်းကောင်း၊ ပဉ္စမအကြိမ်၊ ဆဋ္ဌမအကြိမ်တင်အပ်သော သံဂါယနာတို့သည်လည်းကောင်း ညစ်ကြေးမတင် အပြစ်ကင်းစင်သော ဓမ္မာနုလောမ သံဂါယနာတို့သာ ဖြစ်ကြပေသည်။

ယင်းသို့ဖြစ်သည့်အားလျော်စွာ စောဒကဆရာတို့ တင်ပြထားအပ်သော စုဒိတကတို့၏ သံဂါယနာခြောက်တန် ပေါ့ပျက်သေး သိမ်အောင် ပြုလုပ်၍ ပြောဆိုရေးသား ထုတ်ဝေကြသော သံဂါယနာသမိုင်း၊ ဗုဒ္ဓသာသနာသမိုင်း၊ နိကာယ်၏ နိကာယ်စာအုပ်၊ ဒေးဒရဲကျောက်စာတိုင်တို့ပါ စကားရပ်တို့သည် အဓမ္မဝါဒများသာ ဖြစ်သည်ဟု သုံးသပ်တော်မူကြသည်။

ပြဆိုခဲ့ပြီးသော ယုတ္တိအာဂမ သာဓကအရပ်ရပ်တို့ကြောင့် အဘိဓမ္မာကို ဘုရားမဟောဟု စွပ်စွဲခြင်းသည် အဓမ္မဝါဒသာ ဖြစ်သည်ဟူ၍လည်းကောင်း၊ သံဂါယနာ ၆-တန်ကို သေးသိမ်ပေါ့ပျက်အောင် လုပ်ခြင်းသည် ဓမ္မကို အဓမ္မ၊ ဝိနယကို အဝိနယ ဖြစ်အောင် လုပ်ခြင်းသာဖြစ်၍ အဓမ္မဝါဒသာ ဖြစ်သည်ဟူ၍လည်းကောင်း နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ်(၂) ဆရာတော်များက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။