လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/သဗ္ဗညုတဉာဏ်ကို ပယ်ခြင်းနှင့်စပ်သည့် ဝိနိစ္ဆယ

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၅-၇။ ဆုံးဖြတ်ချက် အမှတ်(၇) သဗ္ဗညုတဉာဏ်ကို ပယ်ခြင်းနှင့်စပ်သည့် ဝိနိစ္ဆယ
3141လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၅-၇။ ဆုံးဖြတ်ချက် အမှတ်(၇) သဗ္ဗညုတဉာဏ်ကို ပယ်ခြင်းနှင့်စပ်သည့် ဝိနိစ္ဆယသာသနာရေးဝန်ကြီးဌာန

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့အမှတ် (၂)
စောဒနာ အမှတ် (၇)

သဗ္ဗညုတဉာဏ်ကို ပယ်ခြင်းနှင့် စပ်သည့် ဝိနိစ္ဆယ

ဗုဒ္ဓမြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ထိပါးမှုနှင့် စပ်လျဉ်း၍ တင်ပြလျှောက်ထားသော စောဒနာ သောဓနာ ၂-ရပ်ကို နိုင်ငံတော် သီးခြားဝိနည်းဓိုရ်ဆရာတော်များ၏ ဝေဖန်သုံးသပ်ချက်။

၁။ စောဒကဆရာတော်များသည် အမှတ် (၇) စောဒနာ အဖြစ်ဖြင့် “ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတ ဉာဏ်တော်ကို ထိပါးစေလျက် ဗုဒ္ဓဘာသာ ပျက်စီးရာပျက်စီးကြောင်း ဟောပြောရေးသားမှုနှင့်ပတ်သက်၍ စောဒနာချက်ပါ ဘုရား” ဟူသော လျှောက်ထားလွှာကို ဤဝိနည်းဓိုရ်ရုံးတော်သို့ တင်သွင်း၍ ဤအကြောင်းကို သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ အဘိဓမ္မာပညာပေးတာဝန်ခံ (အဘိဓမ္မာဆရာစိန်)က ဝေဖန်ပုတ်ခတ် ရေးသားထားပါသည်ဟု စွဲဆိုထားပေသည်။

၂။ ဤစွဲဆိုချက်တွင် အဘိဓမ္မာဆရာစိန် ရေးသားထားသော အချက် ၅-ချက်ကို စောဒကဆရာတော်များက သက်သေခံ အဖြစ် ဖော်ပြထားပေသည်။

(က) တိတ္ထိဆရာကြီးတို့ကို အညံ့မခံလို၍သာ အဋ္ဌကထာဆရာများက ဗုဒ္ဓကို သဗ္ဗညုတဉာဏ် ရသည်ဟု ဆိုကြကြောင်း။
(ခ) သဗ္ဗညုတဉာဏ် ရပါလျက် မိမိ၏ ရန်သူဖြစ်သော ဒေဝဒတ်ကို အဘယ့်ကြောင့် ရဟန်းပြုခွင့် ပေးရသနည်း။
(ဂ) သဗ္ဗညုတဉာဏ်ရသည်ဆိုပါလျက် သေးနုပ်သောသိက္ခာပုဒ်များကို ပယ်နုတ်ကြလော့ဟု အဘယ်ကြောင့် မိန့်ဆိုရသနည်း။
(ဃ) ဝိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်းရရှိသော အသိဉာဏ်ဖြစ်၏၊ ဤသို့ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာပုဂ္ဂိုလ်သည် မည်သို့ ခြားနားပါသနည်း။
(င) ဗုဒ္ဓ ရရှိအပ်သော သဗ္ဗညုတဉာဏ်သည် ဝိဇ္ဇာသုံးပါးတို့ကို ကြွင်းကျန်မရှိ ထိုးထွင်းပြီး သိမြင်ရရှိခဲ့သော ဉာဏ်ဖြစ်၏၊ (ဤကား အဘိဓမ္မာဆရာစိန်၏ ရေးသားချက်မှ ဖြစ်၏)

၃။ စောဒကဆရာတော်များသည် ပထမဦးစွာတင်သွင်းသော သာမည စောဒနာ၌ အဆိုပါ အဘိဓမ္မာဆရာစိန်၏ ရေးသားချက် မူရင်းများကို သက်သေခံစာအုပ်များဖြင့် တင်ပြ၍ စည်းကမ်းစနစ်တကျ စောဒနာကြသည်။ ဒုတိယ ထပ်ဆင့်တင်သွင်းသော ဝိသေသစောဒနာ၌ အဆိုပါ အဘိဓမ္မာဆရာစိန် ရေးသားချက်များသည် ဘုရားဟော ပိဋကတ်ကျမ်းဂန်များနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် အဘိဓမ္မာ အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပေးပါရန် လျှောက်ထားသွားကြလေသည်။

၄။ ဤသဗ္ဗညုတဉာဏ်နှင့် ပတ်သက်သော စောဒနာတင်ချက်ကို စုဒိတကများ ဖြစ်ကြသော တောင်တွင်းကြီးမှ ဦးဇဝန (နေရှင်နယ်)၊ ငါးဆင့်ကျောင်း ဦးဇဝန၊ နတ်မှီ အရှင်ဆန္ဒာဓိက၊ ဒေးဒရဲမှ ဦးဥဇ္ဇောတိက၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးခင်ဟန်နှင့် ရခိုင်ပြည်နယ် ဦးရွှေပြည့်တို့ လုံးဝချေပခြင်း မပြုခဲ့ကြပေ။ စောဒကပုဂ္ဂိုလ်တို့၏ စွဲဆိုချက် (၂၁)ချက်လုံးကို စုဒိတကပုဂ္ဂိုလ်ထဲက မည်သူမဆို ချေပနိုင်သည့်အခွင့်အရေးကို ဝိနည်းဓိုရ်ရုံးက ပေးအပ်ထားပေသည်။ သို့ပါလျက် ဤစောဒနာ တင်ချက်ကို မချေပကြခြင်းဖြင့် စောဒကဆရာတော်တို့၏ စွဲဆိုချက်ကို ဝန်ခံရာသို့ ရောက်ပေသည်။

၅။ စုဒိတကပုဂ္ဂိုလ်များအနက် သခင်မြတ်ဆိုင် တစ်ဦးတည်းကသာ ချေပလျှောက်ထားခဲ့သည်။ ယင်းသို့ လျှောက်ထားရာ၌ “ကိုယ်တိုင်ရေးသားခဲ့သော ဆရာစိန်နှင့် ဆွေးနွေးကြည့်ရာတွင်” ဟု စကားခင်းပြီး လျှောက်ထားသည်ကို ထောက်ချင့်ခြင်း အားဖြင့် သခင်မြတ်ဆိုင်သည် မိမိဉာဏ်စွမ်းဉာဏ်စဖြင့် ချေပနိုင်ရှာခြင်းမဟုတ်ဘဲ ဉာဏ်အငှားဖြင့် ဝံ့ဝံ့စားစား လျှောက်ထား ခြင်းဖြစ်ကြောင်း တွေ့ရှိရပေသည်။

စောဒကဆရာတော်များ၏ စောဒနာကို သုံးသပ်ချက်

၆။ သဗ္ဗညုတဉာဏ်တော်ကို ထိပါးမှုနှင့် ပတ်သက်၍ စောဒက စုဒိတကတို့ နှစ်ဦးနှစ်ဘက် တင်ပြလျှောက်ထားချက်များ အနက်မှ ပထမဦးစွာ စောဒကဆရာတော်တို့၏ တင်ပြချက်ကို သုံးသပ်ပေအံ့-

၇။ စောဒကဆရာတော်များ တင်သွင်းသော သာမညစောဒနာချက်ကို ကြည့်ရှုရာတွင် စွဲဆိုလိုသော အချက်ပေါ်လွင်ပြီး သက်သေခံ အထောက်အထား ခိုင်လုံသည်ကို တွေ့ရပေသည်။ သက်ဆိုင်ရာစာစောင်ကိုလည်း ဝိနည်းဓိုရ်ဆရာတော်များထံ သက်သေခံအဖြစ် တင်ပြထားပေသည်။ ထပ်ဆင့် စောဒနာချက်ကို သုံးသပ်ရာတွင်လည်း ဆဋ္ဌသံဂါယနာတင် ပါဠိတော်များကို အကိုးအကားပြု၍ တင်ပြထားသည်ကို တွေ့ရပေသည်။ စောဒကဆရာတော်များ၏ အကြောင်းပြချက်များကို သိသာရုံ ဖော်ပြ အပ်ပေသည်။

၈။ သဗ္ဗညုတဉာဏ်တော်သည် မည်သည့်သာဝကတို့နှင့်မျှ မဆိုင်သော ဗုဒ္ဓဘုရားရှင်တစ်ဦးတည်းသာ ပိုင်သည့် အသာဓာရဏ ဉာဏ်တော်ဖြစ်ကြောင်း လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီတော်တို့ကို ဖြည့်ဆည်းပူးတော်မူခဲ့သောကြောင့် ထိုဉာဏ်ကို ရတော်မူခြင်းဖြစ်ကြောင်း၊ သဗ္ဗညုတဉာဏ်တော်ကြီး၌ စွမ်းရည်သုံးပါးရှိကြောင်း စသည်တို့ကို ကျမ်းဂန်နှင့်အညီ ဖော်ပြထားသည်ကို တွေ့ရပေသည်။

၉။ ဗုဒ္ဓမြတ်စွာဘုရားသည် မဟာကရုဏာရှင်ဖြစ်သောကြောင့် ဒေဝဒတ်ကို ရဟန်းပြုခွင့် ပေးခဲ့ကြောင်း၊ ဒေဝဒတ်သည် အာဃာတကြီးလွန်းသူဖြစ်၍ ရဟန်းပြုခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဗုဒ္ဓဘုရားကို ပြစ်မှားမည်သာဖြစ်ကြောင်း၊ ရဟန်းပြုခွင့်ရသည့်အတွက် ဒေဝဒတ်မှာ ပစ္စေကဗောဓိဉာဏ် အခြေခံရ၍ အကျိုးရှိခဲ့ကြောင်း၊ သူတော်ကောင်းတို့၏ သဘောသည် မိမိ၏ရန်သူဖြစ်စေကာမူ ဖျက်ဆီးခြင်းမပြုကြောင်းကို ဗိမ္ဗိသာရနှင့် အဇာတသတ်တို့၏ဖြစ်ရပ်ကို သက်သေထူ၍ လျှောက်ထားခဲ့ ကြသည်။

၁၀။ ထို့ပြင် ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်ခါနီးက သေးငယ်သော သိက္ခာပုဒ်များကို သံဃာက ပယ်နုတ်လိုလျှင် ပယ်နုတ် ပါလေဟု မှာကြားခဲ့ခြင်းသည် တပည့်သား သံဃာများ၏နှစ်သက်မှုကို ဖြစ်စေခဲ့ကြောင်း၊ တပည့်သား သံဃာများအနေဖြင့်လည်း တစ်စုံတစ်ခုကိုမျှ ပယ်နုတ်ခြင်းမပြုဘဲ ဘုရားရှင် သက်တော်ထင်ရှား ရှိသည်နှင့် မခြား လေးစားလိုက်နာကြသောကြောင့် နှစ်သက်အားရဖွယ် ဖြစ်ခဲ့ကြောင်းတို့ကို ဖော်ပြ လျှောက်ထားခြင်းများသည် ယထာဓမ္မ ယထာဝိနယသဘောသို့ သက်ဝင်လျက် ရှိသည်ကို တွေ့ရပေသည်။

သခင်မြတ်ဆိုင်၏ ချေပချက်ကို သုံးသပ်ချက်

၁၁။ တစ်ဖန် စုဒိတက သခင်မြတ်ဆိုင်၏ချေပချက်ကို သုံးသပ်ပေအံ့၊ သခင်မြတ်ဆိုင်သည် “မြတ်စွာဘုရား သဗ္ဗညုတ ဉာဏ်ရှင်မဟုတ်” ဟူသောအချက်ကို ဦးတည်၍ချေပထားပေသည်။ ဤသို့ချေပရာ၌ သခင်မြတ်ဆိုင် အကိုးပြုသော သာဓကမှာ မဇ္ဈိမပဏ္ဏာသ တေဝိဇ္ဇဝစ္ဆသုတ် မြန်မာပြန်ပင် ဖြစ်သည်။ ထိုသုတ် မြန်မာပြန်ကို သခင်မြတ်ဆိုင်က-

“အရှင်ဘုရား ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှု ထင်၏ဟု အကြွင်းမဲ့ဉာဏ်အမြင်ကို ဝန်ခံ၏ဟု ကြားဖူးပါသည်။ ဤကဲ့သို့ ပြောဆိုမှုများတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်၏လော မေးမြန်းလျှောက်ထား၏၊ ဝစ္ဆ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏၊ ငါသွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်း မဲ့ဉာဏ်အမြင်ကို ဝန်ခံ၏ဟူ၍ ပြောဆိုသော သူတို့သည် ငါ၏စကားအရ ပြောဆိုသူများ မဟုတ်ကုန်၊ ငါ့ကို မဟုတ် မမှန်သောအားဖြင့်လည်း စွပ်စွဲကြကုန်၏၊ ဗုဒ္ဓရှင်ကိုယ်တော်တိုင် ဟောကြားထားသည်ကို တွေ့ရပါသည် ဘုရား”

ဟု ကောက်နုတ်တင်ပြ လျှောက်ထားခဲ့သည်။ သခင်မြတ်ဆိုင်၏ မြန်မာပြန်သည် အရေးကြီးသော စကားရပ်များကို ဝကွက် ချန်ထားခဲ့ပြီး မိမိလိုချင်သလောက်ကိုသာ ကောက်နုတ်ဖော်ပြထားသော မြန်မာပြန်ဖြစ်ကြောင်းကို မူရင်း (ဆဋ္ဌမူပိဋကတ်) မြန်မာပြန်နှင့် တိုက်ဆိုင်ကြည့်သောအခါ ထင်ရှားစွာ တွေ့ရှိခဲ့ရသည်။ ထိုသုတ် မြန်မာပြန်၌ သခင်မြတ်ဆိုင် ဝကွက်၍ တမင် ချန်ထားခဲ့သော အရေးကြီးသော စကားရပ်မှာ “အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည် ဖြစ်စေ” ဟူသော စကားရပ်ပင် ဖြစ်ပေသည်။

၁၂။ သခင်မြတ်ဆိုင်၏ချေပချက်သည် ဤကဲ့သို့ အရေးကြီးသော မူရင်းဒေသနာပါစကားရပ်ကို တမင်ဖြုတ် ဘာသာပြန်ဆိုထားခြင်း၊ သဘောမသက်ရောက်ခြင်း၊ သာဓကမမြောက်ခြင်းများကြောင့် ပိဋကတ်ကျမ်းဂန်နှင့် မညီညွတ်ရကား စောဒကပုဂ္ဂိုလ်တို့၏ စွဲဆိုချက်ကို ချေပနိုင်ခြင်း မရှိကြောင်း တွေ့ရပေသည်။

တေဝိဇ္ဇဝစ္ဆသုတ် သုံးသပ်ချက်

၁၃။ စောဒကနှင့် စုဒိတကတို့၏ တင်လွှာ ချေလွှာတို့ကို သုံးသပ်ပြီးနောက် သဗ္ဗညုတဉာဏ်တော်ကို ထိပါးသောအချက်နှင့် ပတ်သက်၍ ဝိနည်းဓိုရ်ဆရာတော်များ၏ သုံးသပ်ချက်ကို ဖော်ပြပေအံ့။

သခင်မြတ်ဆိုင် တင်ပြသော စကားရပ်တွင် မည်သည့်စကားလုံးကို ဖြုတ်ထားခဲ့ကြောင်း သိနိုင်စေရန် တေဝိဇ္ဇဝစ္ဆသုတ် မူရင်း ပါဠိနှင့် ယင်း၏ မြန်မာပြန်ကို ထုတ်ပြလိုက်ပေသည်။

တစ်ခါက ဝစ္ဆနွယ်ဝင်ပရိဗိုဇ်တစ်ဦးသည် မြတ်စွာဘုရားနှင့် သွားရောက်တွေ့ဆုံပြီး ဤသို့သောစကားကို လျှောက်ထား လေသည်။

သုတံ မေတံ ဘန္တေ သမဏော ဂေါတမော သဗ္ဗညု သဗ္ဗဒဿာဝီ အပရိသေသံ ဉာဏဒဿနံ ပဋိဇာနာတိ၊ စရတော စ မေ တိဋ္ဌတော စ သုတ္တဿ စ ဇာဂရဿ စ သတတံ သမိတံ ဉာဏဒဿနံ ပစ္စုပဋ္ဌိတန္တိ။ (မ၊၂၊၁၄၈။)

မြန်မာပြန်

“အရှင်ဘုရား ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ငါ သွားနေသည်ဖြစ်စေ၊ ရပ်နေသည် ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည် ဖြစ်စေ၊ အမြဲမပြတ် ဉာဏ်အမြင်သည် ရှေးရှုထင်၏ဟု အကြွင်းမဲ့ ဉာဏ်အမြင်ကို ဝန်ခံ၏ ဟူ၍ ကြားဖူးပါ၏” (မ၊မြန်၊၂၊၁၅၇။)

၁၄။ ဝစ္ဆပရိဗိုဇ်က ဆက်လက်၍ “ဉာဏ်အမြင်ကို ဝန်ခံ၏ဟူ၍ ပြောဆိုသောသူတို့သည် မြတ်စွာဘုရား၏ စကားအရ ပြောဆိုသူများ ဖြစ်ပါကုန်၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သောအားဖြင့် မစွပ်စွဲဘဲ ရှိပါကုန်၏လော” စသည်ဖြင့် လျှောက်ထားလေသည်။

၁၅။ မြတ်စွာဘုရား၏ ဖြေကြားချက်ကို မဖော်ပြမီ ဤပရိဗိုဇ် လျှောက်ထားသော စကားကို စိစစ်ရန် လိုအပ်ပေသည်။ ဤပရိဗိုဇ်သည် သဿတဝါဒကို အခြေခံ၍ မေးနေခြင်းဖြစ်သည်။ ဤသုတ်၌ သဗ္ဗညုတဉာဏ်တော်နှင့် ပတ်သက်၍ အရေးကြီး သောအချက်မှာ “သတတံ သမိတံ ဉာဏဒဿနံ” ဟူသော အချက်ပင် ဖြစ်သည်။ ဉာဏဒဿနံ=ဉာဏ်အမြင်ဟူသော စကားကို မည်သို့သော ဉာဏ်အမြင်မျိုး ဖြစ်ကြောင်း “သတတံ သမိတံ” ဟူသော စကားအရ ဖော်ပြလျက် ရှိသည်။

သတတံ သမိတံ၏ အနက်မှာ = အမြဲမပြတ် အခါခပ်သိမ်း နိစ္စ ထာဝရဟူ၍ပင် ဖြစ်သည်။ စိန်တုံးကြီးများ ထာဝရ လင်းနေ သကဲ့သို့ မည်သည့်အချိန်အခါ၌မဆို အမြဲတန်း မြင်နေသော ဉာဏ်အမြင်မျိုးပင် ဖြစ်သည်။ ဤအချက်ကို ထင်ရှားစေသော စကားရပ်မှာ သုတ္တဿ စ=အိပ်ပျော်နေသည်ဖြစ်စေဟူသော စကားရပ်ဖြစ်သည်။ အိပ်ပျော်နေစဉ်မှာလည်း မြင်နေသောဉာဏ်ဟု ပရိဗိုဇ်က ဆိုလိုပေသည်။

၁၆။ ထိုခေတ်အခါက မဇ္ဈိမဒေသတဝိုက်တွင် အတ္တဝါဒလည်း ထွန်းကားလျက် ရှိပေသည်။ လူ၏ကိုယ်အတွင်း၌ ချမ်းသာ သုခကို ခံစားသော အတ္တသည် အမြဲရှိနေ၏၊ အတ္တသည် အရာအားလုံးကို မြင်၏၊ သိ၏၊ ဤသို့သော အယူအဆမျိုး ရှိပေသည်။ တိတ္ထိ ဆရာကြီးတို့သည် ဤအတ္တဝါဒကို အခြေခံလျက် မိမိတို့သည်-

သဗ္ဗညူ=တရားအားလုံးကို သိသည်
သဗ္ဗဒဿာဝီ=တရားအားလုံးကို မြင်သည်-

ဟူ၍ ဝန်ခံကြသောအခါ အမြဲမပြတ်မြင်နေသည် သိနေသည်ဟူ၍ ကြွေးကြော် ဝန်ခံကြလေသည်။ ဤဝစ္ဆပရိဗိုဇ်သည် ထိုကဲ့သို့ နိစ္စသဗ္ဗညုတဉာဏ်ဝန်ခံသူတို့၏ စကားကို ကြားနာမှတ်သားရသူ ဖြစ်သည့်အလျောက် မြတ်စွာဘုရားအားလည်း ဤသို့သော နိစ္စသဗ္ဗညုတ ဉာဏ်အမြင်မျိုးဖြင့် သဗ္ဗညုအဖြစ် ဝန်ခံပါသလော မေးလိုရင်း ဖြစ်ပေသည်။

မှတ်ချက်။ ။ ဤ ဝစ္ဆပရိဗိုဇ်၏ အမေးမျိုးကို အင်္ဂုတ္တိုရ် နဝကနိပါတ်၊ လောကာယတိက သုတ်တွင်လည်း အလားတူ တွေ့ရှိနိုင်သည်။

၁၇။ ဗုဒ္ဓမြတ်စွာဘုရား ထုတ်ဖော်ဟောကြားသော အဘိဓမ္မာဒေသနာအရ မည်သည့်ရုပ် မည်သည့်နာမ်မျှ နိစ္စဟူ၍ မရှိချေ။ အကြောင်းအားလျော်စွာ ဥပါဒ်၊ ဌီ၊ ဘင် ဖြစ် တည် ချုပ်ပျက် အနိစ္စအချက်ချည်းသာ ဖြစ်ပေသည်။ ဉာဏ်ဆိုသည်မှာလည်း နာမ်တရားတို့တွင် အခေါင်ချုပ် ဖြစ်စေကာမူ အကြောင်းအားလျော်စွာ ဥပါဒ် ဌီ ဘင် စနစ် ဖြင့်သာလျှင် ပေါ်သော သဘာဝ တစ်ရပ်ဖြစ်ပေသည်။ ထို့ပြင် အိပ်ပျော်နေစဉ်အခါ၌ မည်သည့်ဉာဏ်ထူးမျှမဖြစ် ဘဝင်(အိပ်စိတ်)သာလျှင် ဖြစ်လျက် ရှိသည်။ ဤသည်မှာ အဘိဓမ္မာဆရာကြီးများကို မဆိုထားဘိ လူသာမန်တို့ပင် သိနိုင်သော လက်တွေ့သဘာဝ ဖြစ်ရပ်ပေတည်း။ သို့ဖြစ်၍ ဗုဒ္ဓမြတ်စွာဘုရားနှင့် အခြားသော တိတ္ထိဘုရားတို့သည် အဘိဓမ္မာအမြင်ချင်း လုံးဝကွဲပြားလျက် ရှိချေသည်။ ဤသို့ ကွဲပြားပါလျက် စုဒိတက သခင်မြတ်ဆိုင်သည် ၎င်း၏ မြန်မာပြန်၌-

သုတ္တဿ စ=အိပ်ပျော်နေသည်ဖြစ်စေ၊
ဇာဂရဿ စ=နိုးကြားနေသည်ဖြစ်စေ-

ဟူသော ဘုရားဟော မူရင်းပါဠိတော်မြန်မာပြန်ကို တမင်ဖြုတ်၍ ပေယျာလကန် ဝကွက်၍ ချန်ထားခဲ့ခြင်းမှာ ကြားနာသူများ အနေဖြင့် ဗုဒ္ဓအဘိဓမ္မာနှင့် တိတ္ထိတို့၏ အဘိဓမ္မာ မတူသော အချက်ကို ရိပ်မိသွားမည် စိုးသောကြောင့် ဖြစ်တန်ရာသည်။

၁၈။ ဗုဒ္ဓမြတ်စွာဘုရားသည်ကား ဤကဲ့သို့သော အနိစ္စအဘိဓမ္မာ အမြင်ရှိသူဖြစ်၍ ပရိဗိုဇ်၏ “အိပ်ပျော်နေတုန်းမှာပင် မြင်၍နေသော ဉာဏ်အမြင်မျိုး ရှိသည့် သဗ္ဗညုပုဂ္ဂိုလ် ဟုတ်ပါသလော” ဟူသော မေးခွန်းကို ပြတ်ပြတ်သားသား ပယ်ချတော်မူခြင်း ဖြစ်သည်။

“ငါသည်ကား ယင်းကဲ့သို့ အိပ်ပျော်နေတုန်းမှာပင် မြင်နေသည်ဆိုသော သဿတဉာဏ်မျိုးရှိသည့် သဗ္ဗညုမျိုး မဟုတ်” ဟူ၍ ဖြေဆိုတော်မူလိုရင်း ဖြစ်သည်။

၁၉။ ဤကဲ့သို့ မြတ်စွာဘုရားက တိတ္ထိတို့၏ သဗ္ဗညုမျိုးကို ဝန်မခံသောအခါ ပရိဗိုဇ်က မြတ်စွာဘုရားကို မည်သို့ပြောလျှင် အမှန်ပြောရာ ရောက်မည်နည်းဟု ဆက်လက် မေးလျှောက်ပေသည်။ ဤတွင်မှ မြတ်စွာဘုရားက မေးမြန်းသူ ပရိဗိုဇ်နှင့် တန်လောက်ရုံ ဤသို့ အဖြေပေးတော်မူသည်။

“တေဝိဇ္ဇော သမဏော ဂေါတမောတိ ခေါ ဝစ္ဆ ဗျာကရမာနော ဝုတ္တဝါဒီ စေဝ မေ အဿ” (မ၊၂၊၁၄၉။)

မြန်မာပြန်

ဝစ္ဆ ရဟန်းဂေါတမသည် ဝိဇ္ဇာသုံးပါး ရှိ၏ဟု ပြောဆိုသောသူသည် အမှန်အားဖြင့် ငါ၏စကားအရ ပြောဆိုခြင်း ဖြစ်ရာ၏၊

၂၀။ ဤစကားအရလည်း သူတပါးက ဤသို့ ပြောလျှင် မှန်၏ဟုသာ မိန့်တော်မူသည်။ ငါသည် ဝိဇ္ဇာသုံးပါးကိုသာ ရသည်။ သဗ္ဗညုတဉာဏ်ကို မရဟူ၍ ဝန်ခံခြင်းမျိုး မဟုတ်ပေ။ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ် ရရှိတော်မူသည့် အကြောင်းကို အကြိမ်များစွာ ဝန်ခံတော်မူခဲ့ပေသည်။ ဤအကြောင်းနှင့် ပတ်သက်၍ စောဒကဆရာတော်များကလည်း သာဓက ထုတ်ဆောင် ၍ လျှောက်ထားခဲ့ပြီး ဖြစ်သည်။

အထက်ပါ စကားစဉ်အရ အကျဉ်းချုပ်ရသော် တေဝိဇ္ဇဝစ္ဆသုတ်၌ မြတ်စွာဘုရားက သဗ္ဗညုဟူ၍ ဝန်မခံခြင်းသည် မေးသူ ပရိဗိုဇ်က အိပ်ပျော်တုန်းမှာပင် သိနေသော နိစ္စသဗ္ဗညု၊ သတတသဗ္ဗညုမျိုးကို ဝန်ခံသလားဟု မေးသည့်အတွက် ဝန်မခံခြင်း ဖြစ်သည်။ သဗ္ဗညုတဉာဏ်ကို မရ၍ ဝန်မခံခြင်း မဟုတ်ပေ။ တေဝိဇ္ဇဉာဏ်ကို ရသည်ဟု ပြောလျှင် မှန်သည်ဟု ဆိုခြင်းသည်လည်း မေးသူနှင့် တန်ရုံသာ ပြောခြင်းဖြစ်သည်။ မြတ်စွာဘုရားအနေဖြင့် ဝိဇ္ဇာသုံးပါးကိုသာ ရသည် ဝိဇ္ဇာရှစ်ပါး သဗ္ဗညုတဉာဏ်တို့ကို မရ၍ မဟုတ်ပေ။ အခြားသုတ် ဒေသနာတော်များစွာတို့၌ မြတ်စွာဘုရားက မိမိ သဗ္ဗညုတဉာဏ်ရှင် ဖြစ်ကြောင်း ဝန်ခံဟောကြားထားချက် များစွာရှိပေသည်။

တေဝိဇ္ဇသုတ်ကို ကိုးကား၍ ဗုဒ္ဓဘုရားရှင်အား သဗ္ဗညုတဉာဏ်ရှင်မဟုတ်ဟု ပြောဆိုကြသူတို့သည် တေဝိဇ္ဇဝစ္ဆသုတ်၏ အဓိပ္ပာယ်ကိုပင် နားမလည်ကြသောကြောင့်လည်းကောင်း၊ ထိုသုတ်မှတစ်ပါး သဗ္ဗညုတဉာဏ်ကို ဝန်ခံဟောကြားထားသော သုတ် ဒေသနာများကို မတွေ့ဖူးကြသောကြောင့်လည်းကောင်း၊ ဗုဒ္ဓဘာသာတို့၏ ကိုးကွယ်အားထားရာ အထွတ်အမြတ်ဆုံးဖြစ်သော ဗုဒ္ဓမြတ်စွာဘုရားကို သေးသိမ်အောင်ပြုလုပ်လိုသည့် စေတနာဆိုးကြောင့်လည်းကောင်း ပြောဆိုကြခြင်းဖြစ်ပေသည်။

သဗ္ဗညုတဉာဏ် ဆင်ခြင်မှသိ

၂၁။ ဘုရားသခင် ကိုယ်တော်မြတ်သည် အလုံးစုံကိုသိသော သဗ္ဗညု၊ အလုံးစုံကို မြင်သော သဗ္ဗဒဿာဝီ ဖြစ်တော်မူ၏ ဆိုရာတွင် အိပ်ပျော်နေခိုက်၌ လည်းကောင်း၊ မဆင်ခြင်သော အခိုက်၌လည်းကောင်း သိမြင်တော်မူခြင်း မရှိပေ။ အိပ်ပျော်နေခိုက်၌ ဘဝင်စိတ်တို့သာ ဖြစ်နေကုန်၏၊ ထိုဘဝင်စိတ်တို့သည် အာရုံရှိသည် ဆိုရုံမျှသာ ဖြစ်ကုန်၏၊ တစ်စုံတစ်ရာကို ကွဲကွဲပြားပြား သိခြင်းငှာ မစွမ်းနိုင်ကုန်။ ထိုနည်းတူစွာ မဆင်ခြင်သော အခိုက်၌လည်း သိမြင်တော်မူခြင်း မရှိ။ သဗ္ဗညုတဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူမှသာ သိမြင်ခြင်းငှာ စွမ်းနိုင်၏၊

၂၂။ ဥပမာ အစွမ်းထက်မြက်သော မှန်ပြောင်းကြီးကို လက်ဝယ်ပိုင်ပိုင်ကိုင်ထားသူအား အိပ်ပျော်နေသော်လည်းကောင်း၊ အသုံးမပြုသော်လည်းကောင်း မှန်ပြောင်း၏ ထက်မြက်သောစွမ်းအားမှာ မထင်ရှားသော်လည်း မှန်ပြောင်းကို အစွမ်းထက်မြက်မှု မရှိဟု မဆိုသာသကဲ့သို့ ထို့အတူ အိပ်ပျော်နေခိုက် မဆင်ခြင်ခိုက်၌ မသိမမြင်သော်လည်း အလုံးစုံကိုမသိဟုလည်းကောင်း၊ အလုံးစုံကို မမြင်ဟုလည်းကောင်း မဆိုသာချေ။ ဤအကြောင်းကို တေဝိဇ္ဇဝစ္ဆသုတ်အဋ္ဌကထာ၌ အောက်ပါအတိုင်း ရှင်းလင်းပြထားပေသည်။

(က) သဗ္ဗညူ သဗ္ဗဒဿာဝီ အပရိသေသံ ဉာဏဒဿနံ ပဋိဇာနာတီတိ ဟိ ဣဒံ အနုဇာနိတဗ္ဗံ သိယာ၊
(ခ) စရတော စ မေ။ပ။ ပစ္စုပဋ္ဌိတန္တိ ဣဒံ ပန နာနုဇာနိတဗ္ဗံ၊
(ဂ) သဗ္ဗညုတညာဏေန ဟိ အာဝဇ္ဇိတွာ ပဇာနာတိ (မ၊ဋ္ဌ၊၃၊၁၃၆။)

အဓိပ္ပာယ်ဆိုလိုချက်

(က) အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ အကြွင်းမဲ့ဉာဏ်အမြင်ကို ဝန်ခံ၏ ဟူသော စကားကို မြတ်စွာဘုရားသည် ဝန်ခံတော်မူရာ၏၊
(ခ) သွားနေသည် ဖြစ်စေ ရပ်နေသည် ဖြစ်စေ အိပ်ပျော်နေသည် ဖြစ်စေ နိုးကြားနေသည် ဖြစ်စေ အမြဲမပြတ် အခါခပ်သိမ်း ဉာဏ်အမြင် ရှေးရှုထင်၏ ဟူသော စကားကိုသာ မြစ်ပယ်တော်မူ၏၊ (လက်ခံတော်မမူ)။
(ဂ) သဗ္ဗညုတဉာဏ်ဖြင့် ဆင်ခြင်မှသာ အလုံးစုံကို သိတော်မူ၏၊

တစ်ကြိမ်တည်းဖြင့် သိသူမရှိ

၂၃။ သဗ္ဗညုတဉာဏ်နှင့်စပ်၍ မဇ္ဈိမပဏ္ဏာသပါဠိ ကဏ္ဏကတ္ထလသုတ် နှာ ၃၂၈-၃၂၉-၌ လာသော သာဓကကို ထုတ်ဆောင်၍ ရှင်းလင်းပြရပေဦးမည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကဏ္ဏကတ္ထလ အမည်ရှိသော တောဝယ် နေတော်မူ၏၊ ထိုစဉ်က ပေဿနဒီကောသလမင်းကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ သဗ္ဗညုတဉာဏ်နှင့် ပတ်သက်သော အကြောင်းအရာများကို သံသယကင်းအောင် မေးဖူးလေပြီ။

“မြတ်စွာဘုရား တရားအလုံးစုံကို သိသော တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင် ရှိ၏ဟု ဝန်ခံနိုင်သော သမဏ သော်လည်းကောင်း ဗြာဟ္မသော်လည်းကောင်း မရှိနိုင်၊ ဤသို့ ဝန်ခံနိုင်သော အကြောင်းမျိုး မရှိနိုင်ဟု ရဟန်းဂေါတမက ပြောဆိုကြောင်း အကျွန်ုပ် ကြားသိရပါ၏၊ပ။ ဤသို့ ပြောဆိုကြသူများသည် ဘုရားစကားအတိုင်း ပြောဆိုခြင်း ဟုတ်ပါသလော၊ စွပ်စွဲရာ မရောက်ပါသလော၊ ကဲ့ရဲ့ရာ မရောက်ပါသလော”။

၂၄။ ဤကဲ့သို့ ပေဿနဒီကောသလမင်းက လျှောက်ထားသောအခါ မြတ်စွာဘုရားက အောက်ပါအတိုင်း ပြန်၍ဖြေကြားလေ သည်။

“မင်းကြီး တရားအလုံးစုံကိုသာ သိသော တရားအလုံးစုံကို မြင်သော အကြွင်းမဲ့ ဉာဏ်အမြင် ရှိ၏ဟု ဝန်ခံနိုင်သော သမဏသော်လည်းကောင်း ဗြာဟ္မဏသော်လည်းကောင်း မရှိနိုင်။ ဤသို့ ဝန်ခံနိုင်သော အကြောင်းမျိုး မရှိနိုင်ဟု ရဟန်းဂေါတမက ပြောဆိုကြောင်း (လိုက်လံ သတင်းလွှင့်နေကြသူများသည်) ငါ့စကားအတိုင်း ပြောခြင်းမဟုတ်၊ ငါ့ကို စွပ်စွဲရာ ရောက်၏၊ ကဲ့ရဲ့ရာ ရောက်၏”

၂၅။ ဘုရားရှင်၏အဖြေစကားကို ကြားသောအခါ ကောသလမင်းကြီးက အောက်ပါအတိုင်းဆက်၍ မေးလျှောက်ပြန်လေသည်။

“အရှင်ဘုရား လူတွေ နားလည်တာက တခြား၊ ဘုရားဟောတာက တခြားဖြစ်နေပါသည်။ ရှင်းပြတော်မူပါ ဘုရား”

ကောသလမင်း၏ အမေးစကားကို မြတ်စွာဘုရားက အောက်ပါအတိုင်း တိတိကျကျ ရှင်းပြတော်မူလေသည်။

“မင်းကြီး တစ်ကြိမ်တည်းဖြင့်သာလျှင် အလုံးစုံကို သိနိုင်သော၊ အလုံးစုံကို မြင်နိုင်သော သမဏသော်လည်းကောင်း ဗြာဟ္မဏ သော်လည်းကောင်း မရှိ၊ သိနိုင် မြင်နိုင်သော အကြောင်းမျိုးသည် မရှိနိုင်၊ ဤစကားကို ရည်၍ ငါ ပြောဆိုခြင်း ဖြစ်သည်”။

၂၆။ ဤသုတ်၌ ဘုရားသခင် မိန့်ကြားသော စကား၏ အဓိပ္ပာယ်ကို မိမိရရ ကောက်တတ်ဖို့ လိုသည်။ ဟောတော်မူလိုရင်းမှာ “အလုံးစုံသော တရားတို့ကို သိသောသူ မြင်သောသူ မရှိဟု ငါ မဟော၊ အလုံးစုံသော တရားတို့ကို သိသောသူ မြင်သောသူ ရှိ၏ဟု ငါ ဟောသည်။ သို့သော် တစ်ကြိမ်တည်းဖြင့် အလုံးစုံသော တရားတို့ကို သိနိုင်မြင်နိုင်သူ မရှိ၊ အကြိမ်ကြိမ် ဉာဏ်ဖြင့် ဆင်ခြင်မှ သိနိုင်မြင်နိုင်သည်” ဟု ဖြေတော်မူလိုရင်း ဖြစ်သည်။ ခြုံ၍ ဆိုရသော် “အလုံးစုံသော တရားတို့ကို သိမြင်သော သဗ္ဗညုပုဂ္ဂိုလ်အမှန် ရှိသည်။ အလုံးစုံကို သိသော်လည်း တစ်ကြိမ်တည်းဖြင့် အကုန်သိ အကုန်မြင်ဟူသော အနက်သဘောကို မမှတ်ရ” ဟု ဆိုလိုပေသည်။

၂၇။ မြတ်စွာဘုရားက ဤကဲ့သို့ သဗ္ဗညုတဉာဏ်အကြောင်းကို တိတိကျကျရှင်းပြသောအခါ ပေဿနဒီကောသလမင်းကြီးသည် လွန်စွာ သဘောကျ၍ ဝမ်းမြောက်ဝမ်းသာ လက်ခံပါကြောင်း-

“သဗ္ဗညုတံ မယံ ဘန္တေ ဘဂဝန္တံ အပုစ္ဆိမှာ၊ သဗ္ဗညုတံ ဘဂဝါ ဗျာကာသိ၊ တဉ္စ ပနမှာကံ ရုစ္စတိ စေဝ ခမတိ စ၊ တေန စမှာ အတ္တမနာ” (မ၊၂၊၃၃၃။)
ဟု လျှောက်ထားလေသည်။

မြန်မာပြန်

“အရှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို သဗ္ဗညုတဉာဏ်အကြောင်းကို မေးလျှောက်ပါကုန်၏၊ မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်အကြောင်းကို ဖြေကြားတော်မူ၏၊ ထိုဖြေကြားတော်မူချက်ကိုလည်း အကျွန်ုပ်တို့သည် သဘောလည်းကျပါ၏၊ နှစ်လည်း နှစ်သက်ပါ၏၊ ထိုအဖြေဖြင့်လည်း နှစ်လိုသောစိတ် ရှိကြပါကုန်၏၊”

၂၈။ ဤကဏ္ဏကတ္ထလသုတ်၌ ဗုဒ္ဓကိုယ်တိုင် သဗ္ဗညုတဉာဏ်အကြောင်းကို အတိအကျ အသေအချာ ဟောထားပါလျက် “အဋ္ဌကထာဆရာတို့က ဗုဒ္ဓသည် ဘာမဆို အကြားအမြင် အသိရှိသော သဗ္ဗညုတဉာဏ် ရရှိသည်ဟု ပြဆိုကြဟန်ရှိ၏” ဟူသော အဘိဓမ္မာဆရာစိန်ဆိုသူ၏ ရေးသားချက်သည် ဘုရားဟောကျမ်းဂန်များနှင့် လုံးဝဆန့်ကျင်နေသောကြောင့် အဓမ္မဝါဒသာ ဖြစ်သည်ဟု ဝိနည်းဓိုရ်ဆရာတော်များ သုံးသပ်တော်မူကြသည်။

ဗုဒ္ဓကိုယ်တော်တိုင် သဗ္ဗညုဟုဝန်ခံပုံ

၂၉။ သမ္မာသမ္ဗုဒ္ဓ (သဗ္ဗညု)နှင့်စပ်လျဉ်း၍ ဘုရားကိုယ်တိုင် ဝန်ခံထားပုံကိုလည်း သာဓကအဖြစ် ထုတ်ဆောင်ပြလိုက်ပေဦးမည်။ ကောသလသံယုတ်ဒဟာရသုတ်တွင် ပေဿနဒီကောသလမင်းကြီးက မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့ မေးလျှောက် ဖူးလေသည်။

“ဘဝမ္ပိ နော ဂေါတမော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပဇာနာတိ” (သံ၊၁၊၆၈။)

မြန်မာပြန်

“အရှင်ဂေါတမသည်လည်း အတုမရှိသော သဗ္ဗညုတဉာဏ်ကို သိသူဟူ၍ ဝန်ခံပါသလော”။

ထိုသို့မေးလျှောက်သောအခါ မြတ်စွာဘုရားက အတိအလင်းဝန်ခံကြောင်း အောက်ပါအတိုင်း မိန့်ကြားတော်မူသည်။

“အဟံ ဟိ မဟာရာဇ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” (သံ၊၁။ ၆၈။)

မြန်မာပြန်

“မင်းကြီး မှန်လှပေ၏၊ ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို သိတော်မူ၏”။

၃၀။ ဤကောသလသံယုတ် ဒဟရသုတ်၌ ဘုရားကိုယ်တိုင် (သဗ္ဗညု) ဖြစ်ကြောင်း ဝန်ခံထားချက် အတိအလင်းရှိပါလျက် အဘိဓမ္မာဆရာစိန်ဆိုသူက မယုံကြည်နိုင်ခြင်းမှာ မိစ္ဆာဒိဋ္ဌိ မိစ္ဆာသင်္ကပ္ပ သဘောမှလွဲ၍ အခြားသဘောမဖြစ်နိုင်ချေ။

၃၁။ ဗုဒ္ဓက ဤကဲ့သို့ သဗ္ဗညုဖြစ်ကြောင်း ဝန်ခံသောအခါ ပေဿနဒီကောသလက တိတ္ထိဆရာကြီးများနှင့် ကွာခြားပုံကို ဤသို့ လျှောက်ထားပြန်သည်။ “အရှင်ဂေါတမ ပူရဏကဿပ စသော ဆရာကြီးတို့ကို သဗ္ဗညုတဉာဏ်ရှင်အဖြစ် ဝန်ခံပါ သလောဟူ၍ အကျွန်ုပ် ကိုယ်တိုင်မေးရာ သဗ္ဗညုအဖြစ် သူတို့ဝန်မခံကြပါ။ အရှင်ဂေါတမသည် အရွယ်လည်းငယ်၏၊ ရဟန်း ပြုသစ်စလည်း ဖြစ်၏၊ သို့ဖြစ်လျက် အဘယ့်ကြောင့် သဗ္ဗညုဟု ဝန်ခံပါသနည်း”။

ကောသလမင်းက ဤသို့ မေးမြန်းသောအခါ ဗုဒ္ဓက “မင်းကိုလည်းကောင်း မြွေကိုလည်းကောင်း မီးကိုလည်းကောင်း ရဟန်းကိုလည်းကောင်း ဤ ၄-မျိုးကို ငယ်သည်ဟု အထင်မသေးသင့်ကြောင်း” မိန့်တော်မူ၏၊ ဤဒဟရသုတ်တော်၌ ဗုဒ္ဓသည် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏(ရ၏) ဟု အတိအလင်းဝန်ခံတော်မူသည်ကို တွေ့ရပေသည်။

၃၂။ ဤသုတ်၌ တိတ္ထိတို့က သဗ္ဗညုအဖြစ် ဝန်မခံ၊ ဂေါတမဘုရားကသာ သဗ္ဗညုအဖြစ် ဝန်ခံသည်ကို တွေ့ရှိရပေသည်။ ဤသို့ ဘုရားဟောပိဋကတ်ကျမ်းဂန် အထင်အရှား ရှိပါလျက် သမ္မာဒိဋ္ဌိအဖွဲ့ချုပ်၏ သဘောတရားရေးရာ တာဝန်ခံတစ်ဦးဖြစ်သော အဘိဓမ္မာဆရာစိန်၏ “အဋ္ဌကထာဆရာတို့သည် ဗုဒ္ဓ၏ အကြောင်းအရာများကို ချီးမြောက်ရေးသားရာ၌ ထိုသဗ္ဗညုတဉာဏ် ရရှိသည်ဆိုသော တိတ္ထိဆရာကြီးတို့ကို အညံ့မခံလိုသည်က တစ်ကြောင်း၊ ဗုဒ္ဓကို အခြားအရိယာပုဂ္ဂိုလ်တို့နှင့် ခွဲခြားထားလိုသောကြောင့် ဗုဒ္ဓသည် ဘာမဆို အကြားအမြင် အသိရှိသော သဗ္ဗညုတဉာဏ် ရရှိသည်ဟု ပြဆိုကြဟန် တူ၏” ဟူသော ရေးသားချက်သည် အဋ္ဌကထာဆရာတို့ကို ပြက်ရယ်ပြုခြင်း ဘုရားသခင်ကို စော်ကားခြင်းဖြစ်၍ အဓမ္မဝါဒီတို့၏ မတော်မတရား စွပ်စွဲရေးသားခြင်းသာ ဖြစ်သည်ဟူ၍ ဝိနည်းဓိုရ်ဆရာတော်များက သုံးသပ်တော်မူကြသည်။

ပါဠိတော်တို့၌ လာရှိပုံ

၃၃။ စုဒိတကအဖွဲ့သားတို့က ၎င်းတို့၏ ထင်မြင်ချက်သက်သက်ဖြင့် သဗ္ဗညုတဉာဏ်ဟူသည် အဋ္ဌကထာဆရာတို့ လုပ်ကြံ ထားသော ဂုဏ်ပုဒ် ဖြစ်လေဟန် ရေးသားထားရာ အဋ္ဌကထာတို့ လုပ်ကြံရေးသားချက် မဟုတ်မူ၍ အဘိဓမ္မာပါဠိတော်တို့၌ပင် လာရှိကြောင်းကို ထပ်မံ ဖော်ပြပေဦးအံ့။

“ကတမော စ ပုဂ္ဂလော သမ္မာသမ္ဗုဒ္ဓေါ၊ ဣဓေကစ္စော ပုဂ္ဂလော ပုဗ္ဗအနနုဿုတေသု ဓမ္မေသု သာမံ သစ္စာနိ အဘိသမ္ဗုဇ္ဈတိ၊ တတ္ထ စ သဗ္ဗညုတံ ပါပုဏာတိ၊ ဗလေသု စ ဝသီဘာဝံ၊ အယံ ဝုစ္စတိ ပုဂ္ဂလော သမ္မာသမ္ဗုဒ္ဓေါ” (အဘိ၊၃။ ၁၁၇။) (ပုဂ္ဂလပညတ္တိ ပါဠိတော်)

မြန်မာပြန်

သမ္မာသမ္ဗုဒ္ဓပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရှေးက မကြားဖူးကုန်သော တရားတို့၌ ကိုယ်တိုင် သစ္စာတို့ကို ထိုးထွင်း၍ သိ၏၊ ထိုသစ္စာတရားတို့၌ အကုန်အစင် သိမြင်ခြင်း (သဗ္ဗညုအဖြစ်) သို့လည်းကောင်း၊ အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးတို့၌ လေ့လာနိုင်နင်းခြင်းသို့လည်းကောင်း ရောက်၏၊ ဤပုဂ္ဂိုလ်ကို သမ္မာသမ္ဗုဒ္ဓဟု ဆိုအပ်၏၊

မှတ်ချက်။ ။ ပစ္စေကသမ္ဗုဒ္ဓပုဂ္ဂိုလ်အကြောင်း ဟောရာ၌ကား “န စ တတ္ထ သဗ္ဗညုတံ ပါပုဏာတိ=ထိုသစ္စာတရားတို့၌ သဗ္ဗညုအဖြစ်သို့ မရောက်” ဟု လာရှိ၏၊ ဤပါဠိတော်ကိုထောက်၍ သစ္စာလေးပါးကို သိခြင်းတူသော်လည်း မြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့ အသိချင်း ကွာခြားကြောင်း အခြားအရိယာတို့နှင့် မြတ်စွာဘုရားမှာ သာ၍ပင် ကွာခြားမည် ဖြစ်ကြောင်းကို မှတ်သားထားသင့်၏၊

သဘာဝယုတ္တိဖော်ပြချက်

၃၄။ ဘုရားဟောပါဠိ သောဓက အာဂမယုတ္တိအားဖြင့် သဗ္ဗညုတဉာဏ်ရှိပုံ ဂေါတမဘုရားရှင် သဗ္ဗညုတဉာဏ်ရရှိပုံတို့ကို ပြပြီးနောက် လောကသဘာဝယုတ္တိအားဖြင့် မြတ်စွာဘုရားအနေဖြင့် သဗ္ဗညုတဉာဏ် ရရှိပုံကို ပြဦးအံ့။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၌ အသိဉာဏ် ပညာရှိလာရန်မှာ (ထူးခြားသော ပါရမီရှင်များ မဟုတ်လျှင်) အချိန်ယူကာ ဆန္ဒ ဝီရိယ သမာဓိတို့ဖြင့် လေ့လာကြိုးကုတ် အားထုတ်ဆည်းပူးရမြဲ ဖြစ်ပေသည်။ မျက်မြင်လောက ပညာသင်ယူနေကြသော ကျောင်းသားဘဝကို လေ့လာလျှင် ၃-နှစ်၊ ၄-နှစ်သာ ပညာသင်ကြားနိုင်သူတို့သည် မူလတန်းအဆင့် ပညာလောက်သာ တတ်မြောက်ကြ၏၊ ၆-နှစ်၊ ၇-နှစ် သင်ကြားနိုင်လျှင် အလယ်တန်းအဆင့်၊ ထိုထက်အချိန်ယူကာ လေ့လာအားထုတ်ပါလျှင် အထက်တန်းအဆင့် တက္ကသိုလ်အဆင့် စသည့် အဆင့်မြင်ပညာကို ရရှိနိုင်ပေသည်။ ဤကား ယေဘုယျသဘောကို ခြုံငုံ သုံးသပ်ခြင်း ဖြစ်၏၊

အချို့သော သူတို့၌ကား ထူးထူးခြားခြား အံ့ဩလောက်အောင် ပညာထူးချွန်သည်ကို တွေ့နိုင်ပေသည်။ ဥပမာ-

(က) မြန်မာပြည်တွင် အင်္ဂလိပ်အစိုးရလက်ထက်က ၆-နှစ်သားအရွယ် မောင်ထွန်းကြိုင်သည် ပိဋကတ်တော်များကို နှုတ်တက် အာဂုံဆောင်နိုင်၍ ပိဋကတ်မောင်ထွန်းကြိုင်ဟု ထင်ရှားခဲ့ဖူးသည်။ သူ၏အကြောင်းမှာ မြန်မာပြည်သာမက ကမ္ဘာသို့ပင် ကျော်ကြားခဲ့၏၊

(ခ) မုံရွာခရိုင် ကန္နီမြို့မှ ကျော်ကြားထင်ရှားသော ကန္နီဆရာတော်ကြီး၏ မယ်တော်ကြီး ဒေါ်ကောင်းသည် ပိဋကတ်တော် ပါဠိစာပေများကို တစ်ကြိမ်မျှ ဖတ်ရှုခြင်းဖြင့် နှုတ်တက်အာဂုံ ရရှိလေသည်။

(ဂ) ဗြိတိသျှ သံအမတ်တစ်ဦးဖြစ်သူ ဝီလျံဟာမီလ်တန်သည် ၃-နှစ်အရွယ်ကပင် ဟေဗြဲ (ဟီဘရူး) ဘာသာကို တတ်မြောက် ၏၊ ၇-နှစ်အရွယ်တွင် ဟေဗြဲဘာသာကို သင်ကြားနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးထက် ပို၍ တတ်မြောက်ပြီး ၁၂-နှစ်အရွယ်တွင် ပါရှန် အူရဒူ ဟင်ဒူစတန်နီ အပါအဝင် ဘာသာစကားပေါင်း ၁၂-မျိုးကို ပြောဆိုနိုင်၏၊

(ဃ) အမေရိကန်ပြည်မှ ဝီလျံဂျိမ်းဆစ်ဒစ်သည် အသက် ၂-နှစ်အရွယ်မှာပင် အရေးအဖတ် တတ်မြောက်၏၊

(င) သင်္ချာပညာဘက်တွင် အရွယ်နှင့်မလိုက်အောင် ထူးချွန်နေသောကလေးများကိုလည်း မကြာခဏ တွေ့မြင်ကြားသိနေရ၏၊

ဤထူးချွန်မှုများကား ဤဘဝ၌ လေ့လာဆည်းပူးသော ဝီရိယ စသည်ကြောင့်သာ မဟုတ်ဘဲ ရှေးရှေးဘဝက လေ့လာခဲ့သော ပါရမီကုသိုလ်အထုံတို့၏ အထောက်အပံ့က လွန်ကဲစွာပါဝင်နေသောကြောင့်လည်း ဖြစ်ပေသည်။ မြတ်စွာဘုရားသည် တစ်ဘဝ နှစ်ဘဝမက ဘဝပေါင်း ရာထောင်သိန်းသန်းဟု မရေတွက်နိုင်၊ လေးအင်္သချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဘဝမျိုးစုံ၌ ကျင်လည်ကာ သဗ္ဗညုတဉာဏ်ကို ရှာမှီးတော်မူခဲ့လေသည်။ သဗ္ဗညုတဉာဏ်ပညာရရှိရေးအတွက် ပဓာနဦးတည်ချက်ထားလျက် ဖြစ်လေရာရာ ဘဝများစွာတို့၌ ပေးကမ်းလှူဒါန်းခြင်း (ဒါနပါရမီ)၊ အကျင့်သီလစောင့်ထိန်းခြင်း (သီလပါရမီ)၊ ကာမအနှောင်အဖွဲ့ အိမ်အနှောင်အဖွဲ့တို့မှ ခွဲခွာထွက်မြောက်ခြင်း (နေက္ခမ္မပါရမီ)၊ အသိပညာအထူးထူးကို ဆည်းပူးလေ့လာခြင်း (ပညာပါရမီ) စသော ပါရမီတော်တို့ကို အများသူတို့ထက် ထူးကဲစွာဖြည့်ကျင့်တော်မူလျက် သဗ္ဗညုတဉာဏ်ပညာကို ရှာမှီးခဲ့လေသည်။

ထိုသို့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထူးထူးကဲကဲ ဖြည့်ကျင့်ဆည်းပူးခဲ့ခြင်းကြောင့် ရရှိလာသော ပညာမှာ မည်သည့်ပုဂ္ဂိုလ်၏ပညာနှင့်မျှ နှိုင်းယှဉ်တိုင်းတာ၍မရသော အလုံးစုံသိသောပညာ (ဝါ) သဗ္ဗညုတဉာဏ်တော်သာ ဖြစ်ရပေမည်။

၃၅။ ထို့ပြင် မြတ်စွာဘုရား ဟောကြားတော်မူသော တရားဒေသနာတော်တို့ကို ဆင်ခြင်လေ့လာလျှင် သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားဖြစ်ကြောင်း သိရှိနိုင်ပေသည်။ မြတ်စွာဘုရားသည် သစ္စာလေးပါး တရားတော်၊ ပဋိစ္စသမုပ္ပာဒ် တရားတော်တို့ကဲ့သို့ မှန်ကန်တိကျ ခက်ခဲနက်နဲလှသော တရားတော်များ၊ ဗြဟ္မဇာလသုတ်ကဲ့သို့ အယူဝါဒမျိုးစုံ မိစ္ဆာဒိဋ္ဌိအဖုံဖုံကို လွှမ်းခြုံ၍ ဟောကြားသော ဒေသနာများ၊ ပဋ္ဌာန်းကျမ်းကြီးအပါအဝင် အဘိဓမ္မာဒေသနာတို့ကဲ့သို့ ကြီးကျယ်လှသော ဒေသနာတော်တို့ကို ဟောကြားတော်မူရာ ၎င်းဒေသနာတော်တို့ကို ဖြစ်ပေါ်စေသောဉာဏ်မှာ သဗ္ဗညုတဉာဏ်မှတပါး အခြားဉာဏ် မဖြစ်နိုင်တော့ပေ။

ဗြဟ္မဇာလသုတ်ကဲ့သို့ လေးနက်ကျယ်ပြန့်သော သုတ်တရားတော်ကြီးများ ဓမ္မသင်္ဂဏီ ဝိဘင်း စသော အဘိဓမ္မာခုနစ်ကျမ်း တရားတော်များကို ဖတ်ရုံလောက် မဟုတ်ဘဲ ဆရာသမားနည်း ကျကျနန သင်ယူဆည်းပူး လေ့လာကျင့်ကြံဖူးသူ မှန်သမျှ အတိမ်အနက်ကို နားလည်ပြီး ဘုရားရှင်အား သဗ္ဗညုတဉာဏ်တော်မရှိဟု မည်သူမျှ မပြောရဲကြပေ။ ပိဋကသုံးပုံကို သဘော ရေးဖြေနှင့်တကွ နှုတ်ငုံဆောင်ကြသော မည်သည့်ဆရာတော်ကမျှ သဗ္ဗညုတဉာဏ်တော်အပေါ် သံသယမရှိသည်မှာ ထင်ရှားသော လက်တွေ့သာဓက ဖြစ်လေသည်။

၃၆။ ထို့ပြင် မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ထိုးထွင်းသိရှိသော တရားအားလုံးကို အကုန်အစင် ဟောတော်မူခဲ့သည် မဟုတ်ပေ။ သိရှိထားသောတရားတော်တို့အနက် သတ္တဝါတို့အကျိုးရှိမယ့် တရားအချို့ တစ်စိတ်တစ်ဒေသလောက်ကိုသာ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ သိတော်မူလျက် မဟောကြားခဲ့သော တရားတို့ကား ဟောကြားပြီးတရားတို့ထက် အဆပေါင်းများစွာ ကျန်ရှိနေသေး၏၊ ဤအချက်သည် အောက်ပါ မဟာဝဂ္ဂသံယုတ္တပါဠိ သီသပါဝနသုတ် -နှာ ၃၈၃-ဖြင့် ထင်ရှား၏၊

၃၇။ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ယင်းတိုက်တော၌ သီတင်းသုံးနေထိုင်တော်မူစဉ်က အနည်းငယ်သော ယင်းတိုက် ရွက်တို့ကို လက်ဖြင့်ကိုင်၍ “ရဟန်းတို့ ငါ လက်ဖြင့် ကိုင်ထားသော ယင်းတိုက်ရွက်တို့နှင့် (ကျန်သော) တောအတွင်းရှိ ယင်းတိုက်ရွက်တို့သည် အဘယ်က များသနည်း” ဟု မေးတော်မူ၏၊ ရဟန်းတို့က “အရှင်ဘုရား မြတ်စွာဘုရား လက်ဖြင့် ကိုင်ထားသော ယင်းတိုက်ရွက်တို့သည် နည်းလှပါ၏၊ စင်စစ်ကား တောအတွင်းရှိ ယင်းတိုက်ရွက်တို့သည်သာ များလှပါကုန်၏၊” ဟု လျှောက်ထားကြ၏၊ မြတ်စွာဘုရားက “ရဟန်းတို့ ဤအတူပင် ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ မဟောကြားသော တရားတို့သာ များကုန်၏၊ အဘယ့်ကြောင့် မဟောသနည်းဟူမူ မဂ်တည်းဟူသော အကျင့်မြတ်၏ အစ မဟုတ်။ပ။ တဏှာမှ ထွက်မြောက်ရန် မဖြစ်၊ ထို့ကြောင့် ငါ မဟောဟု မိန့်တော်မူ၏၊” (မဟာဝဂ္ဂ သံသုတ်ပါဠိတော် မြန်မာပြန် သီသပါ-ဝနသုတ်-၃၈၉)

ထိုမျှ များပြားလှသော တရားတို့ကို သိသောဉာဏ်မှာ အဆုံးအပိုင်းအခြားမရှိ သိမြင်သော သဗ္ဗညုတဉာဏ်တော်ပင် ဖြစ်ပေသည်။ ဤသို့ ဖြစ်နိုင်ချက် သဘာဝယုတ္တိကို ထောက်၍လည်း မြတ်စွာဘုရား၌ အလုံးစုံသိသော သဗ္ဗညုတဉာဏ်တော် ရှိကြောင်း သိနိုင်သည်။

ဒေဝဒတ်ကို ရဟန်းပြုပေးခြင်း

၃၈။ ဒေဝဒတ်ကို ရဟန်းပြုခွင့် ပေးခြင်းကြောင့် မြတ်စွာဘုရားသည် ဒေဝဒတ်၏ ရှေးအဖြစ်ကို မသိ၊ မြတ်စွာဘုရား၌ သဗ္ဗညုတဉာဏ်မရှိဟု သမ္မာဒိဋ္ဌိသုတေသနအဖွဲ့နာယက ဆရာစိန်က အမှန်တရားသုတေသန အမှတ်(၁) စာစောင်၌ စွပ်စွဲ ရေးသားခဲ့၏၊ ရှေးအဖြစ်ဟု ဆိုရာ၌ ဖြစ်လတ္တံ့သော အနာဂတ်ကို ဆိုလိုဟန် ရှိပေသည်။ ဆရာစိန်သည် ဒေဝဒတ်ကို ရဟန်းပြုခွင့် ပေးခြင်းအကြောင်းကို မသိသောကြောင့်လည်းကောင်း၊ မြတ်စွာဘုရား၏ တရားဒေသနာတို့ကို သဘောပေါက်နားလည်မှု မရှိ၊ မြတ်စွာဘုရားကို ကြည်ညိုသော သဒ္ဓါတရားနည်းပါးပြီး အပြစ်ရှာလိုသောကြောင့်လည်းကောင်း ထိုသို့ စွပ်စွဲရေးသားခြင်း ဖြစ်ပေမည်။

ဒေဝဒတ်အား ရဟန်းပြုခွင့်ပေးခြင်းအကြောင်းကို စောဒကပုဂ္ဂိုလ်တို့က ဓမ္မပဒအဋ္ဌကထာအကိုးအကားဖြင့် ဝိသေသစောဒနာ၌ တင်ပြခဲ့ကြပြီး ဖြစ်သည်။ မိလိန္ဒပဥှပါဠိတော်၌လည်း မိလိန္ဒမင်းကြီးက မေး၍ အရှင်နာဂသေနက အောက်ပါအတိုင်း ဖြေဆို တော်မူခဲ့၏၊

“ကာရုဏိကော မဟာရာဇ ဘဂဝါ သဗ္ဗညု စ၊ ကာရုညေန မဟာရာဇ ဘဂဝါ သဗ္ဗညုတညာဏေန ဒေဝဒတ္တဿ ဂတိံ ဩလောကေန္တော အဒ္ဒသ ဒေဝဒတ္တံ။ပ။ အပဗ္ဗဇိတောပိ အယံ မောဃပုရိသော ကပ္ပဋ္ဌိတိယ မေဝကမ္ပံ အာယူဟိဿတီတိ ကာရုညေန ဒေဝဒတ္တံ ပဗ္ဗာဇေသိ” (ခု၊၁၁၊၁၄။) (မိလိန္ဒပဥှပါဠိ)

မြန်မာပြန်

မင်းမြတ် မြတ်စွာဘုရားသည် သနားခြင်း “ကရုဏာ”လည်း ရှိတော်မူ၏၊ အလုံးစုံသော တရားတို့ကိုလည်း သိတော်မူ၏၊ သနားတော်မူသောကြောင့် မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် ဒေဝဒတ်၏ လားရာ “ဂတိ” ကို ကြည့်တော်မူသည်ရှိသော် အပါယ်၌ ကျစေတတ်သော ကံကို အားထုတ်၍ ကုဋေတစ်သိန်းမက များစွာသော ကမ္ဘာတို့ပတ်လုံး ငရဲတစ်ခုမှ ငရဲ တစ်ခုသို့ ပျက်စီးကျ၊ ရောက်ရာတစ်ခုမှ ပျက်စီးကျ ရောက်ရာတစ်ခုသို့ လားရောက်လတ္တံ့သော ဒေဝဒတ်ကို မြင်တော်မူ၏၊ ထိုအကြောင်းကို မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် သိတော်မူ၍ ဤဒေဝဒတ်၏ အပိုင်းအခြားမရှိသော ကံသည် ငါဘုရား၏ သာသနာတော်၌ ရဟန်းပြုသည်ရှိသော် အဆုံးအပိုင်းအခြား ရှိသည် ဖြစ်လတ္တံ့။ ဆင်းရဲသည် ရှေးဆိုခဲ့ပြီးသော အပိုင်းအခြားမရှိသော ကံကိုထောက်၍ အဆုံးအပိုင်းအခြားရှိသည် ဖြစ်လတ္တံ့။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ဤသူသည် ရဟန်းမပြုသော်လည်း (ငရဲ၌) တစ်ကမ္ဘာပတ်လုံး တည်လိမ့်မည်သာ ဖြစ်သောကံကို အားထုတ်လတ္တံ့ဟု သိတော်မူ၍ သနားသောကြောင့် ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူ၏၊

(မိ မြန်၊ ၁၂၃။) (မိလိန္ဒပဥှပါဠိတော် မြန်မာပြန်)

၎င်းပါဠိတော်ကို အကျဉ်းချုပ်သော် သဗ္ဗပြုတဉာဏ်တော် အရင်းခံသော မဟာကရုဏာတော်ကြောင့် ဒေဝဒတ်အား ရဟန်းပြုခွင့်ပေးသည်ဟု မှတ်ယူအပ်၏၊ မြတ်စွာဘုရားသည် ဒေဝဒတ်၏ ရှေ့အဖြစ် နောက်အဖြစ်တို့ကို တစ်ဘဝသာမက ဘဝ များစွာတို့ကိုပါ သိမြင်တော်မူပေသည်။

၃၉။ မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူခါမှ မိမိအသက်ကို အန္တရာယ်ပြုမည့်သူတို့၏ အကျိုးစီးပွားကို ဆောင်တော်မူသည် မဟုတ်သေး။ ပါရမီဖြည့်ကျင့်ရင် နုစဉ်အခါတို့၌လည်း မိမိဦးခေါင်းကို ကျောက်ခဲဖြင့် ထုကာ အသက် ရန်ရှာသော မျက်စေ့လည် လမ်းမှားနေသော ပုဏ္ဏားတစ်ယောက်အား လမ်းမှန်ကို ညွှန်ကြားပြသကာ အကျိုးကို ဆောင်တော်မူခဲ့၏၊ ဇာတကအဋ္ဌကထာ(ပဉ္စ-၇၀) ပဉ္စမ မဟာကပိဇာတ်

ထိုသို့ အကျိုးကို ဆောင်ခဲ့သော ဘဝတို့မှာ များပြားလှကုန်၏၊ လက်ရှိ သမ္မာဒိဋ္ဌိသုတေသန အသိုင်းအဝိုင်း ပုဂ္ဂိုလ်မျိုးအနေဖြင့်ကား မိမိကို ရန်မူမည့်သူအား ကြိုတင်ကာကွယ် နှိမ်နင်းထားမည်သာ ဖြစ်သည်။ ဤသို့ ရန်သူကို အရေးယူခြင်းသည် လူသာမန်တို့အတွက် သဘာဝကျဟန် ရှိသော်လည်း အတုမရှိ ထိပ်တန်း သူတော်ကောင်းကြီးဖြစ်သော မြတ်စွာဘုရားအဖို့မူကား ရန်သူကို ကြိုတင်အရေးယူခြင်းသည် သဘာဝမကျပေ။ သမ္မာဒိဋ္ဌိသုတေသနသမားတို့သည် ဘုရားကိစ္စကို ဘုရားလို မစဉ်းစားဘဲ မိမိတို့ကဲ့သို့ ကိုယ်ချင်းစာပြီး စဉ်းစားနေမိကြသဖြင့် ယခုလို စွပ်စွဲမိခြင်း ဖြစ်ပေသည်။ ဘုရားကား ဘုရားပေတည်း။

သေးနုပ်သော သိက္ခာပုဒ်များ

၄၀။ သဗ္ဗညုတဉာဏ်ရပါလျက် အဘယ်ကြောင့် နုတ်ပယ်သင့်သော သေးနုပ်သော သိက္ခာပုဒ်များကို နုတ်ပယ်ကြပါဟု မိန့်တော်မူရပါသနည်းဟူ၍ ဆရာစိန်က စောဒနာထား၏၊ သဗ္ဗညုတဉာဏ် မရှိ၍သာ ထိုကဲ့သို့ မိန့်တော်မူခြင်းဖြစ်၏ဟု ဆရာစိန်တို့၏ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့က ယူဆခဲ့ကြခြင်း ဖြစ်သည်။ စောဒကဆရာတော်တို့က “မြတ်စွာဘုရားသည် သေးငယ်သော သိက္ခာပုဒ်များကို နုတ်ပယ်ပစ်ကြလော့” ဟု တစ်ထစ်ချ ခိုင်းတော်မမူဘဲ နုတ်ပယ်လိုက နုတ်ပယ်ကြဟုသာ ခိုင်းတော်မူခဲ့ကြောင်းနှင့် ထိုသို့ မိန့်ကြားတော်မူခြင်း၏ ရည်ရွယ်ချက်နှစ်မျိုးကိုပါ (ဒီ၊ဋီ၊၂၊၁၈၆) အကိုးအကားဖြင့် ဝိသေသစောဒနာ၌ တင်ပြခဲ့ကြပေသည်။

၄၁။ ဝိနည်းဓိုရ်ဆရာတော်များသည် မူရင်းဖြစ်သော ပါဠိတော်ကို ကြည့်ရှုသောအခါ ဒီဃနိကာယ မဟာဝဂ္ဂပါဠိ မဟာပရိနိဗ္ဗာနသုတ်၌-

“အာကင်္ခမာနော အာနန္ဒ သံဃော မမစ္စယေန ခုဒ္ဒါနုခုဒ္ဒကာနိ သိက္ခာပဒါနိ သမူဟနတု” (ဒီ၊၂၊၁၂၇။)
ဟု တွေ့ရှိရသည်။

မြန်မာပြန်

“အာနန္ဒာ သံဃာတော်သည် ငါ ကွယ်လွန်သောအခါ၌ အသေးအနုပ်သိက္ခာပုဒ်တို့ကို နုတ်ပယ်လိုသော် နုတ်ပယ်လေလော့” ဟု ဖြစ်၏၊

ဤတွင် ဆရာစိန်က “နုတ်ပယ်လိုခဲ့သော်” ဟူသော စကားကို ချန်ထား၍ “နုတ်ပယ်သင့်သော” ဟူသော စကားကို ထည့်သွင်း ထားရာ ဟောတော်မူရင်း စကားတော်နှင့် အာဘော်လွဲနေပေသည်။ ဆရာစိန် ရေးသားခဲ့သော (၈) အမှတ်ပြ စကားနှင့် နှိုင်းယှဉ်ကြည့်ပါ။

မူရင်းစကားတော်မှာ “နုတ်ပယ်လိုခဲ့သော် နုတ်ပယ်လေ” ဟု ဟောတော်မူရကား “မနုတ်ပယ်လိုသော် မနုတ်ပယ်နှင့်” ဟူသော အဓိပ္ပာယ်စကားကျ သက်ရောက်တော့သည်သာ ဖြစ်၏၊

ထိုသို့ မိန့်တော်မူခြင်း၏ အကြောင်းမှာလည်း သေးငယ်သော သိက္ခာပုဒ်များကို မကျင့်ကြံလိုကြသော ပုဂ္ဂိုလ်တို့၏ အလို(ပုဂ္ဂလဇ္ဈာသယ) အားဖြင့်လည်းကောင်း၊ သာသနာတော်နှင့် သံဃာတော်တို့၏ ကြီးကျယ်မြင့်မြတ်ပုံကို ထင်ရှားစေလိုသောကြောင့်လည်းကောင်း မိန့်ကြားခြင်း ဖြစ်ကြောင်းကို သာရတ္ထဒီပနီဋီကာ တတိယတွဲ (နှာ-၄၉၉) ၌ ပြဆိုထားသည်။ စောဒကပုဂ္ဂိုလ်တို့ကလည်း ဤအဓိပ္ပာယ်မျိုးကို ဝိသေသစောဒနာ၌ ပြဆိုပြီး ဖြစ်၏၊

၄၂။ “ဗုဒ္ဓကိုယ်တိုင် ပညတ်တော်မူခဲ့သည့် သိက္ခာပိုဒ်များ၌ နုတ်ပယ်သင့်သော သိက္ခာပုဒ်များ ပါရှိနိုင်ပါမည်လော” ဟု ဆရာစိန်က ထပ်ဆင့်၍ စောဒက တက်ထား၏၊ မြတ်စွာဘုရား၏ စကားတော်၌ “နုတ်ပယ်သင့်သော သေးနုပ်သော သိက္ခာပုဒ် များကို” ဟု မဆို၊ “သေးနုပ်သော သိက္ခာပုဒ်များကို” ဟုသာ ဝိသေသနမပြုဘဲ ဆိုသည်။ “နုတ်ပယ်သင့်သော” ဟူသော ဝိသေသနမှာ ဆရာစိန်က အပိုထည့်ထားခြင်း ဖြစ်ပြီး မိမိထည့်ထားသော စကားရပ်ကို မိမိကိုယ်တိုင် စောဒနာနေခြင်း ဖြစ်၏၊ ထို့ကြောင့် ဖြေရှင်းဖွယ်ပင် မလိုတော့ပြီ။

၄၃။ မြတ်စွာဘုရား၏ တပည့်သား သာဝကတို့သည် ၎င်းသိက္ခာပုဒ်တို့ကို နုတ်ပယ်လိုသော ဆန္ဒမရှိ၊ တိုး၍သာ ကျင့်ကြံ လိုကြရကား နုတ်ပယ်သင့်သော သိက္ခာပုဒ်များ ရှိ-မရှိကို ဝေဖန်ရန်ပင် အလိုမရှိကြပေ။ သဗ္ဗညုတဉာဏ်ဖြင့် သိ၍ မဟာကရုဏာတော်ဖြင့် ပညတ်ခဲ့သော သိက္ခာပုဒ်တို့၌ ပယ်နုတ်သင့်သော သိက္ခာပုဒ်ဟု မရှိလည်း မရှိပေ။

“ယာဝ ကီဝဉ္စ ဘိက္ခဝေ ဘိက္ခူ အပညတ္တံ န ပညပေဿန္တိ၊ ပညတ္တံ န သမုစ္ဆိန္ဒိဿန္တိ၊ ယထာ ပညတ္တေသု သိက္ခာပဒေသု သမာဒါယ ဝတ္တိဿန္တိ၊ ဝုဒ္ဓိယေဝ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ၊ နော ပရိဟာနိ။” (ဒီ၊၂၊၆၅။)

“ရဟန်းတို့ ရဟန်းတို့သည် (ဘုရား) မပညတ်သောအရာကို မပညတ်ဘဲ ပညတ်ပြီးသောအရာကို မပယ်ဖျက်ဘဲ ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ကို ကောင်းစွာဆောက်တည်၍ ကျင့်နေသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွားရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၎င်း မဟာဝဂ်ပါဠိတော် မြန်မာပြန် နှာ-၇၅)

ဤပါဠိတော်ကို ထောက်၍ မြတ်စွာဘုရား ပညတ်ခဲ့သော သိက္ခာပုဒ်တို့၌ ပယ်နုတ်ဖွယ်လည်း မရှိ၊ ဖြည့်စွက်ဖွယ်လည်း မလို၊ အတိအကျ ပြည့်ဝပြီးသားဟု မှတ်ယူရမည်။

ပြဆိုခဲ့ပြီးသော အကြောင်းများကို မသိသောကြောင့်သာ ဆရာစိန်သည် မြတ်စွာဘုရား၌ သဗ္ဗညုတဉာဏ် မရှိလေဟန် ဝေဖန် ရေးသားခဲ့ခြင်း ဖြစ်သည်။

ဝိဇ္ဇာသုံးပါး

၄၄။ ဆရာစိန်က “ဝိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်း ရရှိသော အသိဉာဏ် ဖြစ်၏၊ ဤသို့ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာ မည်သို့ ခြားနားပါသနည်း” ဟု ရေးသားခဲ့ပြန်၏၊

ဝိဇ္ဇာသုံးပါးကို ရဟန္တာတိုင်း မရကြ။ အချို့သော ရဟန္တာပုဂ္ဂိုလ်တို့သာ ဝိဇ္ဇာသုံးပါးကို ရကြသောကြောင့် ဆရာစိန်၏ စကား သည် အစကပင် မှားယွင်းခဲ့လေပြီ။ ထင်ရှားစေဦးအံ့။

ဣတိဝုတ္တကပါဠိတော်(၂၆၁) တေဝိဇ္ဇသုတ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်(၂၄၉) တေဝိဇ္ဇဝစ္ဆသုတ်စသည်တို့အရ ဝိဇ္ဇာသုံးပါးဟူသည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်တို့ ဖြစ်ကြသည်။ ထိုသုံးမျိုးတို့တွင် အရဟတ္တမဂ်ကို အာသာဝက္ခယဟု ဆိုရသောကြောင့် အာသဝက္ခဉာဏ်ဟူသော ဝိဇ္ဇာသည် ရဟန္တာတိုင်း ရကြ၏၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်တို့ကား စျာန်အဘိညာဉ်ရမှ ဖြစ်ပေါ်နိုင်သောကြောင့် ၎င်းဉာဏ်နှစ်မျိုးကို ရဟန္တာတိုင်း မရကြ၊ စျာန် အဘိညာဉ် ရသော ရဟန္တာတို့သာ ရနိုင်ကြလေသည်။ ထိုစကားမှန်၏၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော် သုသိမသုတ်၌ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ အရဟတ္တဖိုလ်ရကြောင်း (ရဟန္တာဖြစ်ကြောင်း) လျှောက်ထားကြရာ သုသိမမည်သော ရဟန်းက အရှင်ဘုရားတို့ ထိုကဲ့သို့ သိမြင်ကြလျှင် (ရဟန္တာဖြစ်ကြလျှင်) တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်ပါသလား။ ပုဗ္ဗေနိဝါသကို အောက်မေ့နိုင်ပါသလား။ ဒိဗ္ဗစက္ခုဖြင့် သတ္တဝါတို့ကို မြင်နိုင်ပါသလား စသည်ဖြင့် မေးမြန်းရာ ထိုရဟန်းတို့က တန်ခိုး မဖန်ဆင်းနိုင်ကြောင်း၊ ပုဗ္ဗေနိဝါသကို မအောက်မေ့နိုင်ကြောင်း၊ ဒိဗ္ဗစက္ခုဖြင့် မမြင်နိုင်ကြောင်း မိမိတို့သည် ပညာဝိမုတ္တများသာ ဖြစ်ကြောင်း ဖြေဆိုကြသည်။ ထိုရဟန်းတို့သည် ထိုဝါတွင်း၌ အရဟတ္တဖိုလ်ရသူများ ဖြစ်ကြ၏၊ (၎င်းအဋ္ဌကထာ ၁၁၆)

၄၅။ သုသိမသည် ထိုရဟန်းတို့ ဖြေကြားချက်ကို နားမလည်သဖြင့် မြတ်စွာဘုရားထံ လျှောက်ထားမေးမြန်းရာ မြတ်စွာဘုရားက တရားဟောတော်မူသောအခါ ရဟန္တာအဖြစ်သို့ ရောက်လာ၏၊ သုသိမသည် သူကိုယ်တိုင် ရဟန္တာဖြစ်သော်လည်း ဣဒ္ဓိဝိဓ၊ ဒိဗ္ဗသောတ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခု စသည် မရဘဲ သုက္ခဝိပဿကပင် ဖြစ်ပေသည်။ ထိုအကြောင်းကို အဋ္ဌကထာ၌ “န ကေဝလံ တွမေဝ နိဇ္ဈာနကော သုက္ခဝိပဿကော၊ ဧတေပိ ဘိက္ခူ ဧဝရူပါယေဝ” ဟု မိန့်ဆိုလေသည်။ (နိဒါနသံယုတ်။ ဋ္ဌ-နှာ-၁၁၇)

၄၆။ ထို့ပြင် နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာ(၁၈၇) သဒ္ဓမ္မပတိရူပကသုတ် အဖွင့်၌-

“ဣဒါနိ ကာလေ ပစ္ဆန္တေ တိဿော ဝိဇ္ဇာ ပါပုဏိတုံ အသက္ကောန္တာ အာသဝက္ခယမတ္တံ ပါပုဏိဿန္တိ”-
ဟု ဖွင့်ဆိုထား၏၊

မြန်မာပြန်

ယခုအခါ၌ ကာလကြာလွန်သော် ဝိဇ္ဇာသုံးပါးသို့ ရောက်ခြင်းငှာ မစွမ်းနိုင်ကြသည် ဖြစ်၍ အာသဝက္ခယမျှသို့သာ ရောက်ကြ ကုန်လတ္တံ့။

ဤအဖွင့်ကို ထောက်၍လည်း ဝိဇ္ဇာသုံးပါးလုံး မရကြသော ရဟန္တာတို့လည်း ရှိကြောင်း ထင်ရှားသည်။ အချုပ်အားဖြင့် သုက္ခဝိပဿကရဟန္တာတို့သည် စျာန်၊ ဝိဇ္ဇာ၊ အဘိညာဉ်၊ ပဋိသမ္ဘိဒါတို့ကို မရကြ။ ထို့ကြောင့် ဝိဇ္ဇာသုံးပါးသည် ရဟန္တာတိုင်း ရသော အဘိညာဉ်ဖြစ်၏ဟူသော ဆရာစိန်၏ စကားသည် ထင်မိထင်ရာ ရေးသားသော အမှားသက်သက် ဖြစ်၏၊ အစကပင် မှားခဲ့ပြီးဖြစ်သောကြောင့် ဤသို့ဆိုပါမူ ဗုဒ္ဓနှင့် ရဟန္တာ မည်သို့ ခြားနားပါသနည်းဟူသော နောက်ဆက်တွဲပုစ္ဆာကို ဝေဖန်ရန်ပင် မလိုအပ်လှတော့ပေ။

မြတ်စွာဘုရားနှင့် ရဟန္တာတို့ ခြားနားပုံ

၄၇။ သို့သော် မြတ်စွာဘုရားနှင့် ရဟန္တာတို့ ကွာခြားပုံကို အမြွက်မျှ ပြဆိုဦးအံ့။ ရဟန္တာပုဂ္ဂိုလ်တို့သည် ကိလေသာအားလုံး ပယ်သတ်ပြီးကြချင်း တူသော်လည်း လောကီစျာန် အဘိညာဉ်အရာ၌ ပဋိသမ္ဘိဒါပတ္တရဟန္တာ၊ ဆဠဘိညရဟန္တာ၊ တေဝိဇ္ဇရဟန္တာ၊ သုက္ခဝိပဿကရဟန္တာ စသည်ဖြင့် ရဟန္တာချင်းလည်း ကွာခြားကြ၏၊ ဝိဇ္ဇာသုံးပါးကို ရသော တေဝိဇ္ဇရဟန္တာချင်းလည်း ကွာခြားကြ၏၊ ထင်ရှားစေဦးအံ့။ ဝိဇ္ဇာသုံးပါးတို့တွင် ပုဗ္ဗေနိဝါသာနုဿတိဝိဇ္ဇာကို-

(၁) တိတ္ထိများ၊
(၂) ပကတိသာဝကများ၊
(၃) မဟာသာဝကများ၊
(၄) အဂ္ဂသာဝကများ၊
(၅) ပစ္စေကဗုဒ္ဓါများ
(၆) မြတ်စွာဘုရားတို့ ရရှိနိုင်ကြ၏၊

ထိုပုဂ္ဂိုလ်တို့တွင်-
(၁) တိတ္ထိတို့သည် ကမ္ဘာလေးဆယ်သာ အောက်မေ့နိုင်ကုန်၏၊
(၂) ပကတိသာဝကတို့သည် ကမ္ဘာတစ်ရာ၊ တစ်ထောင် အောက်မေ့နိုင်ကုန်၏၊
(၃) မဟာသာဝကတို့သည် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏၊
(၄) အဂ္ဂသာဝကတို့သည် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏၊
(၅) ပစ္စေကဗုဒ္ဓါတို့သည် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း အောက်မေ့နိုင်ကုန်၏၊
(၆) မြတ်စွာဘုရားတို့သည် အပိုင်းအခြားမရှိ အောက်မေ့နိုင်ကုန်၏၊

၄၈။ ထို့ပြင်လည်း-
(၁) တိတ္ထိတို့သည် ခန္ဓာအစဉ်ကို လျှောက်၍သာ အောက်မေ့နိုင်ကုန်၏၊ အစဉ်ကို လွှတ်၍ စုတိပဋိသန္ဓေအားဖြင့် အောက်မေ့ခြင်းငှာ မစွမ်းနိုင်ကြကုန်။
(၂-၃) ပကတိသာဝကနှင့် မဟာသာဝကတို့သည် ခန္ဓာအစဉ်အားဖြင့်လည်းကောင်း စုတိပဋိသန္ဓေအားဖြင့် လည်းကောင်း အောက်မေ့နိုင်ကုန်၏၊
(၄) အဂ္ဂသာဝကတို့သည် ခန္ဓာအစဉ်အားဖြင့် အောက်မေ့ရန် မလိုဘဲ စုတိပဋိသန္ဓေအားဖြင့် အောက်မေ့နိုင်ကုန်၏၊
(၅) ပစ္စေကဗုဒ္ဓတို့လည်း ထို့အတူပင် ဖြစ်၏၊
(၆) မြတ်စွာဘုရားတို့သည်ကား ခန္ဓာအစဉ်သို့လည်း လျှောက်ဖွယ်မလို၊ စုတိပဋိသန္ဓေကိုလည်း ရှုဖွယ်မရှိဘဲ အလိုရှိသလို အောက်မေ့နိုင်၏၊”

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၄၁)၊ ဒီဃနိကာယမဟာဝဂ္ဂအဋ္ဌကထာ(၂။) ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ(ပ-၃၂၃)

ဤသို့လျှင် ပုဗ္ဗေနိဝါသအရာ၌ သာဝကဖြစ်သော ရဟန္တာချင်းလည်း ကွာခြားကြ၏၊ ရဟန္တာနှင့် မြတ်စွာဘုရားတို့သည်ကား သာ၍ပင် ကွာခြားတော့သည်သာ။

၄၉။ ယာဝတကံ ပန အာကင်္ခေယျ၊ တာဝတကံ ပေဿယျ၊ ဧဝံ ပရိသုဒ္ဓံ ဘဂဝတော ဒိဗ္ဗစက္ခု။ မဟာနိဒ္ဒေသပါဠိ(၂၇၇)။ စူဠိနိဒ္ဒေသပါဠိ(၁၇၄) တို့ကိုထောက်၍ မြတ်စွာဘုရား၏ ဒိဗ္ဗစက္ခုသည် အလိုတော်ရှိသလောက် ရှုမြင်နိုင်သော အလွန်စင်ကြယ်သော ဒိဗ္ဗစက္ခုဖြစ်၏၊ အခြားရဟန္တာတို့၏ ဒိဗ္ဗစက္ခုကား အလိုရှိသလောက် မမြင်နိုင်၊ ဤသို့ ကွာခြား၏၊

၅၀။ အရဟတ္တမဂ်ကို အာသဝက္ခယဝိဇ္ဇာဟု ခေါ်၏၊ မြတ်စွာဘုရားတို့၏ အာသဝက္ခယဝိဇ္ဇာ (အရဟတ္တမဂ်)သည် ကိလေသာတို့ကို ပယ်သတ်ရာ၌ ဝါသနာနှင့်တကွ ပယ်သတ်နိုင်၏၊ အခြားရဟန္တာတို့၏ အရဟတ္တမဂ်သည် ဝါသနာနှင့်တကွ မပယ်သတ်နိုင်၊ ဤသို့ အာသဝက္ခယဝိဇ္ဇာချင်း ကွာခြားကြ၏၊ ထို့ကြောင့် သာရတ္ထဒီပနီဋီကာ (ပ) ၂၁၇၊ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ (ပ) ၂၁၉ တို့၌ “န ဟိ ဌပေတွာ ဘဂဝန္တံ အညေ သဟဝါသနာယ ကိလေသေ ပဟာတုံ သက္ကောန္တိ” ဟု မိန့်ဆို၏၊ အနက်ကား-

ဟိ၊ မှန်၏။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဌပေတွာ၊ ချန်ထား၍။ အညေ၊ မြတ်စွာဘုရားမှတပါးကုန်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်။ သဟ ဝါသနာယ၊ ဝါသနာနှင့်တကွ။ ကိလေသေ၊ ကိလေသာတို့ကို။ ပဟာတုံ၊ ပယ်ခြင်းငှာ။ န သက္ကောန္တိ၊ မစွမ်းနိုင်ကြကုန်။”

၅၁။ ထို့ပြင် အရဟတ္တမဂ်မှန်သမျှ အရဟတ္တဖိုလ်ဟူသောအကျိုးကို ပေးနိုင်ကြသော်လည်း အချို့သူတို့၏ အရဟတ္တမဂ်သည် အရဟတ္တဖိုလ်ကိုသာ ပေးနိုင်၏၊ အချို့သူတို့၏ အရဟတ္တမဂ်သည် ဝိဇ္ဇာသုံးပါးကိုသာ၊ အချို့သူတို့၏ အရဟတ္တမဂ်သည် အဘိညာဉ်ခြောက်ပါးတို့ကိုသာ၊ အချို့သူတို့၏ အရဟတ္တမဂ်သည် ပဋိသမ္ဘိဒါလေးပါးတို့ကိုသာ ပေးနိုင်၏၊ (ပ) ပစ္စေကဗုဒ္ဓါတို့၏ အရဟတ္တမဂ်သည် ပစ္စေကဗောဓိဉာဏ်ကိုသာ ပေးနိုင်၏၊ မြတ်စွာဘုရားတို့၏အရဟတ္တမဂ်ကား အလုံးစုံသောဂုဏ်တို့နှင့် ပြည့်စုံခြင်းကိုပေးနိုင်၏၊ ထို့ကြောင့် မြတ်စွာဘုရားတို့၏ အရဟတ္တမဂ်ကိုသာ “အနုတ္တရ (အတုရှိသော) ဗောဓိ” ဟု ဆိုရသည်။ ပါရာဇိကကဏ္ဍအဋ္ဌကထာ ပ တွဲ ၁၁၀၊ ဤအဋ္ဌကထာကို ကောက်၍ အရဟတ္တမဂ်ဟူသော အာသဝက္ခယဝိဇ္ဇာချင်း ကွာခြားပုံကို သိအပ်၏၊

ဆရာစိန်သည် ပိဋကတ်စာပေကျမ်းဂန် မနှံ့စပ်ရှာသဖြင့် ဝိဇ္ဇာသုံးပါးကို ရဟန္တာတိုင်းရသည်ဟု မှားယွင်းစွာ ယူဆရေးသားပြီး ဘုရားနှင့် ရဟန္တာ မကွာခြားဟန်ဖြင့် ဘာသာခြားစာရေးဆရာတို့၏ လေသံကို နောက်ယောင်ခံလိုက်တတ်ရုံမျှဖြင့် ရေးသားခဲ့လေသည်။ ပြဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာ ဋီကာတို့အရ-

“ရဟန္တာတိုင်း ဝိဇ္ဇာသုံးပါး မရကြ၊ ဝိဇ္ဇာသုံးပါးကိုရသော ရဟန္တာချင်းသော်မှလည်း ခြားနားကြ၏၊ ရဟန္တာနှင့် မြတ်စွာဘုရား ကွာခြားပုံမှာကား နှိုင်းယှဉ်၍ပင် မရနိုင်” ဟု သိသာ ထင်ရှားပြီ။

အသာဓာရဏဉာဏ်တော်

၅၂။ ဤသို့ သာဝကတို့နှင့် ဆက်ဆံ၍ သာဝကတို့၌လည်းရှိသော ဝိဇ္ဇာသုံးပါးတို့၌ မြတ်စွာဘုရားနှင့် သာဝကရဟန္တာတို့ ကွာခြားကြသည်သာမက ရဟန္တာသာဝကတို့ လိုက်၍မမှီနိုင်, ရဟန္တာသာဝကတို့၌ မရှိ၊ မြတ်စွာ ဘုရားတို့၌သာရှိသော အာသာဓာရဏဉာဏ်တော်တို့လည်း ရှိသေး၏၊

၎င်းဉာဏ်တော်တို့မှာ-
(၁) သတ္တဝါတို့၏ ဣန္ဒြေအယုတ် အမြတ် အနုအရင့်ကိုသိသော ဣန္ဒြိယပရောပရိယတ္တဉာဏ်။
(၂) သတ္တဝါတို့၏ အာသယ အနုသယကို သိသော အာသယာနုသယဉာဏ်။
(၃) အစုံအစုံသော တန်ခိုးပြာဋိဟာကို ပြရာ၌ဖြစ်သော ယမကပါဋိဟာရိယဉာဏ်။
(၄) မဟာကရုဏာသမာပတ်နှင့်တကွ ဖြစ်သောဉာဏ်။
(၅) အလုံးစုံကိုသိသော သဗ္ဗညုတဉာဏ်။
(၆) အတားအဆီးမရှိ သိသော အနာဝရဏဉာဏ်တို့ဖြစ်၏၊ (ပဋိသမ္ဘိဒါမဂ်ဠိ၊ ၄။ ၎င်း အဋ္ဌကထာ၊ ပ-၅၄။)

ဤဉာဏ်တော်တို့ဖြင့်လည်း မြတ်စွာဘုရားနှင့် အခြားရဟန္တာတို့သည် ကွာခြားကြ၏၊

၅၃။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်-၃၇၅-၌ ရဟန္တာပုဂ္ဂိုလ်၏ပညာသည် ပစ္စေကဗုဒ္ဓါ၏ပညာနှင့် အလွန်ဝေးကွာ ခြားနားကြောင်း, ရဟန္တာကိုထောက်၍ ပစ္စေကဗုဒ္ဓါသည် ဝေးကွာခြားနားသော ပညာရှိသူ (အသာမန္တပညာ) မည်ကြောင်း, ပစ္စေကဗုဒ္ဓါနှင့် မြတ်စွာဘုရား၏ပညာသည် ဝေးကွာ၍ ပစ္စေကဗုဒ္ဓါနှင့် တစ်လောကလုံးကိုထောက်၍ မြတ်စွာဘုရားသည် အမြတ်ဆုံး အကွာခြားဆုံးဖြစ်သော ပညာရှိပုဂ္ဂိုလ် ဖြစ်ကြောင်း ပြဆိုထားသည်။

၅၄။ ပညာအရာ၌သာလျှင် ကွာခြားတော်မူသည် မဟုတ်သေး၊ သီလ, သမာဓိ, ဝိမုတ္တိ, ဝိမုတ္တိ ဉာဏဒဿန အရာတို့၌လည်း မြတ်စွာဘုရားသည် တစ်လောကလုံးကို လွှမ်းခြုံစိုးမိုးနိုင်၏၊ သာလွန် တော်မူ၏ (ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၊ ပ၊ ၂၀၁) မြတ်စွာဘုရားသည် သီလ, သမာဓိ, ပညာ စသော နာမကာယ (နာမ်တရားအပေါင်း) ဖြင့်သာ ကွာခြားတော်မူသည်မဟုတ်သေး။ ၃၂-ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာ, ခြောက်ဖြာသော ရောင်ခြည်တော် တို့ဖြင့် တင့်တယ်သော ရူပကာယတော်ဖြင့်လည်း ရဟန္တာတို့နှင့် ကွာခြားသေး၏၊ ဤကား မြတ်စွာဘုရားနှင့် ရဟန္တာတို့ မကွာခြားလှဟု ထင်နေသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင်တို့ကဲသို့သော သူများအတွက် အမြွက်မျှ ပြဆိုချက်တည်း။

၅၅။ “သဗ္ဗညုတဉာဏ်သည် ဝိဇ္ဇာသုံးပါးတို့ကို ကြွင်းကျန်မရှိ ထိုးထွင်းပြီး သိမြင်ရရှိခဲ့သော ဉာဏ်ဖြစ်၏”ဟု ဆရာစိန်က ဆိုပြန်သည်။ သဗ္ဗညုတဉာဏ်ဟူသည်-ဝိဇ္ဇာသုံးပါးဖြစ်သည်ဟု ဆိုလိုဟန် တူ၏၊

အမှန်မှာ-ဝိဇ္ဇာသုံးပါးသည် သာဝကတို့လည်း ဆက်ဆံ၏၊ သဗ္ဗညုတဉာဏ်ကား သာဝကတို့နှင့် မဆက်ဆံ၊ သီးခြားဖြစ်၏၊

ဝိဇ္ဇာသုံးပါးတို့တွင် ပုဗ္ဗေနိဝါသာနုဿတိသည် လွန်ခဲ့ပြီးသော အတိတ်တရားတို့ကို အာရုံပြု၏၊ ဒိဗ္ဗစက္ခုသည် ပစ္စပ္ပုန် ရူပါရုံကို အာရုံပြု၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၆၃-၆၄)။ အဘိဓမ္မာဝတာရ၊ ၁၁၄၇-၁၁၅၃-ဂါထာများ) အာသဝက္ခယသည် အပ္ပမာဏ, ဗဟိဒ္ဓ, န ဝတ္တဗ္ဗဖြစ်သော နိဗ္ဗာန်ကိုအာရုံပြု၏၊ (သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ၊ ၂၀၃။ ပဋ္ဌာန ပါဠိ (ပ)။ ၁၃၅။)

သဗ္ဗညုတဉာဏ်သည် အလုံးစုံကိုအာရုံပြု၏၊ (သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၊ ၉၃) ဤသို့ အာရုံအား ဖြင့်လည်း ဝိဇ္ဇာ သုံးပါးနှင့် သဗ္ဗညုတဉာဏ်တို့ မတူကြောင်း, သီးခြားခြင်းဖြစ်ကြောင်း သိသာ၏၊

၅၆။ ပဋိသမ္ဘိဒါမဂ္ဂပါဠိ ၁၂၅။၁၂၇ တို့၌ သဗ္ဗညုတဉာဏ်အကြောင်းကို “အလုံးစုံသော သင်္ခတ အသင်္ခတတရား, အလုံးစုံသော အတိတ် အနာဂတ် ပစ္စပ္ပုန်တရား” တို့ကို သိသောကြောင့် သဗ္ဗညုတ ဉာဏ်မည်၏ စသည်ဖြင့် အကျယ်ပြဆိုထားသည်။

ထို့ကြောင့် ဝိဇ္ဇာသုံးပါးကို သိမြင်သောဉာဏ်ကို သဗ္ဗညုတဉာဏ် ဖြစ်လေဟန်ဆိုသော ဆရာစိန်၏ဝါဒသည် အမှားသက်သက်သာ၊ အလုံးစုံသိသော သဗ္ဗညုတဉာဏ်ကို တစ်စိတ်တစ်ဒေသသာ သိသော ပဒေသဉာဏ်ဖြစ်အောင် ရေးသောစကားသာဟု ဝေဖန်သုံးသပ်တော်မူကြသည်။

ယနေ့မြန်မာနိုင်ငံ၌ ပေါ်ပေါက်နေသော တောင်တွင်းကြီးဦးဥက္ကဋ္ဌ၏ ဂိုဏ်းသားတို့သည် ရိုးသားသော ဗုဒ္ဓဘာသာ ရဟန်းရှင်လူအများအား မိစ္ဆာဒိဋ္ဌိ ချောက်ကမ်းပါးသို့ တွန်းချနေကြသူများသာ ဖြစ်ကြသည်၊ တနည်းအားဖြင့် လူ့အဖြစ်ကို ရခဲခြင်း, သဒ္ဓါတရားနှင့်ပြည့်စုံခဲခြင်း, ဘုရားရှင်နှင့် တွေ့ရခဲခြင်း, သူတော်ကောင်းတရား နာရခဲခြင်း, ရဟန်းဘဝကို ရခဲခြင်းဟူသော ဒုလ္လဘတရားငါးပါးကို ရထားသူများအား ဒုလ္လဘတရား လက်လွတ်သွားအောင် ဖြားယောင်း သွေးဆောင်နေကြသူများသာ ဖြစ်ပေသည်။

၅၇။ ဤသို့ ဝေဖန်ပြဆိုခဲ့သည့်အတိုင်း သဗ္ဗညုတဉာဏ်တော်သည် ပါဠိတော်တို့၌ အထင်အရှား လာရှိပါလျက် ပါဠိတော်တို့၌ မပါဘဲ အဋ္ဌကထာဆရာတို့ လုပ်ကြံ ရေးသားထားလေဟန်ဖြင့် ပုတ်ခတ်ရေးသားကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် စုဒိတကတို့၏ စကားရပ်များသည် လည်းကောင်း, မြတ်စွာဘုရားနှင့် ရဟန္တာတို့ များစွာကွာခြားပါလျက် မခြားနားလေဟန် ပုတ်ခတ်ဝေဖန်ကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ဝင် စုဒိတကတို့၏ စကားရပ်များသည်လည်းကောင်း၊ ထေရဝါဒ ပိဋကတ်ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် ဆန့်ကျင်သောကြောင့် အဓမ္မဝါဒသာဖြစ်သည်၊ ၎င်းဝါဒကို ပြောဆိုကြသော သမ္မာဒိဋ္ဌိသုတေသနအဖွဲ့နှင့် ပတ်သက်သမျှ စုဒိတကပုဂ္ဂိုလ်တို့သည် အဓမ္မဝါဒီတို့သာ ဖြစ်ကြသည်ဟု နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂) ဆရာတော်တို့က တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။