ဝိနည်းပဒေသာသင်တန်း/ကာလိကတို့ ရောနှောရာ၌ မှတ်ရန်
ကာလိကတို့ ရောနှောရာ၌ မှတ်ရန်
ထိုနေ့အကပ်ခံအပ်သော ယာဝကာလိကဝတ္ထုနှင့် ထိုနေ့ အကပ်ခံအပ်သော (ဝါ) ထိုနေ့မှ ရရှိသော ယာမ, သတ္တာဟ, ယာဝဇီဝိကဝတ္ထုတို့ ရောလျှင် ထိုရောရာ နံနက်၌သာ အပ်၏၊ ထိုညနေမှ စ၍ မအပ်၊ ရှေးနေ့တို့က အကပ်ခံထားသော သတ္တာဟ, ယာဝဇီဝိကတို့နှင့် ရောရာ၌ကား ယာဝကာလိက, ယာမကာလိကတို့ မအပ်ကြတော့၊ မသုံးဆောင်ကောင်းတော့ပြီ၊ ဥပမာ-- ရှေးနေ့က အကပ်ခံထားအပ်သော ထောပတ်, ဆီ, ဆားတို့နှင့် ထိုနေ့ (ယနေ့) အကပ်ခံအပ်သော ဆွမ်း, ဖျော်ရည်တို့ရော၍ မစားကောင်း၊ ရှေးနေ့က အကပ်ခံထားသော ဆွမ်း, အဖျော်ရည်တွေ ဖြစ်သွားတော့သည်ဟု သဘောပေါက်ပါ။
သတ္တာဟကာလိက ထောပတ်စသည်နှင့် ယာဝဇီဝိက ဆားစသည်တို့ ရောရာ၌ကား သတ္တာဟကာလိက၏ သက်တမ်းရှိသမျှ ဆားက လိုက်နိုင် သည်။ ဥပမာ-- သတ္တာဟကာလိကဝတ္တု ထောပတ်ကို အကပ်ခံ၍ နှစ်ရက်လွန်မှ ဆားနှင့် သို့မဟုတ် ယာဝဇီဝိကဆေး တစ်ခုခုနှင့် ရောလျှင် နောက်ထပ် ငါးရက်သာ အပ်၏၊ စသည်ဖြင့် သိလေ။ ကာလိကချင်း ရောရာ၌ ရက်တို ကာလိက၏ သဘောကို ရက်ရှည်ကာလိကက အမြဲလိုက်ရသည်။ ဆွမ်းစားပြီးစ အားဆေးပြားများ စားလိုလျှင် ပါးစပ်ကို စင်ကြယ်အောင် ဆေးကြောပြီးမှ စားသင့်သည်။ ပေကျံနေသော အာမိသနှင့် ရောနှောမိလျှင် အာပတ် သင့်နိုင်သည်။
(ဆောင်) ကာလိက လေးဖြာ၊ ရောနှောရာဝယ်၊ သတ္တာဟနှင့်၊ ယာဝဇီဝီ၊ ရှေ့နေ့ ဆီက၊ ကပ်ပြီးမှကို၊ ယာဝ, ယာမံ၊ ယနေ့ခံနှင့်၊ ရောပြန်သော်လည်း၊ မအပ်ချည်းသာ၊ တစ်နည်းမှာမူ၊ ယာဝဇီဝံ၊ ရှေးနေ့ခံနှင့်၊ ခုခံသတ္တာဟ၊ ရောတုံကလျှင်၊ သတ္တာဟ သက်၊ ခုနစ်ရက်ည၊ အခွင့်ပြုသည်၊ မှတ်ရှု နောင်လာ အချုပ်တည်း။
အန္တောဝုတ္ထ, အန္တောပက္က, သာမံပက္က ဒုက္ကဋ်များ
ပြဆိုခဲ့ပြီးသော အကပ္ပိယကုဋိလေးမျိုး တစ်မျိုးမျိုး၌ သဟသေယျလောက်သော အရပ်၌ မိမိ၏ ကာလလွန်အောင် သိုမှီးသိမ်းဆည်းထားအပ်သော သံဃိက, ပုဂ္ဂလိကဖြစ်သော ယာဝကာလိကနှင့် ယာမကာလိက နှစ်ပါးကို အန္တောဝုတ္ထ ခေါ်သည်။ ထိုဝတ္ထုကို စားသောက်သော ရဟန်းအား အန္တောဝုတ္ထဒုက္ကဋ်အာပတ် သင့်၏၊
အကပ္ပိယကုဋိ၌ သိုမှီးအပ်သော သတ္တာဟကာလိက ယာဝဇီဝိကနှစ်ပါးနှင့် ယနေ့ အကပ်ခံအပ်သော ကြွင်းကာလိကနှစ်ပါး ရောစားသော် မအပ်၊ မုခသန္နိဓိ ဖြစ်သည်။ ၎င်းမုခသန္နိဓိကိုပင် မဟာပစ္စရီ၌ အန္တောဝုတ္ထဟု ဆို၏၊ မုခနှင့် အန္တောကား ပရိယာယ်ဖြစ်၍ အမည်မျှသာ ထူးသည်။ ဒုက္ကဋ်အာပတ် ချင်းကား တူ၏၊ ကြွင်းကာလိက နှစ်ပါးကား အကပ္ပိယကုဋိ၌ သိုမှီးထားသော် လည်း အပြစ်မရှိ၊ သန္နိဓိမဖြစ်ကောင်းဟု သိပါ။
(ဆောင်) အကပ္ပိကု၊ သိုမှီးပြု၊ ထားမှု အန္တောဝုတ္ထတည်း။
ယာဝ, ယာမ၊ ကာလိက၊ နှစ်ဝ ယူလေတည်း။
ကြွင်း ကာလိက၊ ရောစားက၊ မုခသန္နိတည်း။
ကြွင်း ကာလိက၊ သိုမှီးကြ၊ ထားက အပ်သတည်း။
အန္တောပက္က
အကပ္ပိယကုဋိ၌ သဟသေယျလောက်သော အရပ်၌ ချက်အပ်သော ယာဝကာလိက, ယာမကာလိကနှစ်ပါးကို အန္တောပက္ကဟု ခေါ်သည်။ ထိုဝတ္ထုကို စားသောက်သော ရဟန်းအား အန္တောပက္ကဒုက္ကဋ်အာပတ် သင့်၏၊ ထိုအန္တောပက္ကဖြစ်နေသော ကာလိကနှစ်ပါးနှင့် ယနေ့ အကပ်ခံအပ်သော ကြွင်းကာလိကနှစ်ပါး (သတ္တာဟ, ယာဝဇီဝိက)တို့ ရောစားသော် မအပ်၊ မုခသန္နိဓိဖြစ်သည်။ ကြွင်းကာလိက နှစ်ပါးကို ချက်သော်လည်း အန္တောပက္က မဖြစ်၊ ချက်ကောင်း, စားကောင်းသည်ဟု သိပါ။
(ဆောင်) အကပ္ပိယာ၊ ကုဋီမှာ၊ ချက်ပါ အန္တောပက္ကတည်း။
ယာဝ-ယာမ၊ ကာလိက၊ နှစ်ဝ ယူလေတည်း။
ကြွင်း ကာလိက၊ ချက်တုံက၊ အန္တောပက္က မဖြစ်တည်း။
သာမံပက္က
အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌ ကိုယ်တိုင်ချက်အပ်သော ကာလိက လေးပါးစလုံးကို သာမံပက္ကဟု ခေါ်သည်။ ထိုသာမံပက္ကဖြစ်နေသော ကာလိကများနှင့် သာမံပက္က မဟုတ်သော ကာလိကများ ရော၍မစားကောင်း၊ မုခသန္နိဓိ ဖြစ်သည်။ ဒုက္ကဋ်အာပတ်မှ မလွတ်၊ ယာဂု (ဆန်ပြုတ်)ပူပူ၌ ကြက်သွန်မိတ်, ကြက်သွန်စိမ်း, ဆားစိမ်း, နို့စိမ်းများကို ကိုယ်တိုင် ထည့်၍ မသောက်ကောင်း၊ လက်ဖက်ရည်ပူပူ၌လည်း နို့စိမ်း, ဆားစိမ်း ထည့်မွှေ၍ မသောက်ကောင်း၊ လူ, သာမဏေများကို အထည့်ခိုင်းပြီးမှ အကပ်ခံပြီး မွှေသောက်မူကား သာမံပက္က မဖြစ်။ (ပါတိမောက္ခမေဒိနီ၊၃၃၆။)
(ဆောင်) မည်သည့်နေရာ၊ မဆိုသာပေ၊ ကိုယ်တိုင်လေ၊ ချက်ပေ သာမံပက္က တည်း။ လေးကာလိက၊ ကောက်ယူရ၊ မှတ်ကြလေကုန်တည်း။
ပုနပက္က
လူ, သာမဏေတို့ ချက်၍ ကျက်ပြီးသော ယာဝကာလိကနှစ်မျိုးတို့ကို တစ်ဖန်ချက်မှုသည် ပုနပက္ကမည်၏၊ ထိုတစ်ဖန်ချက်မှုကိုကား ရဟန်းကိုယ်တိုင် ပြုကောင်း၏၊ အပြစ် မရှိ၊ ကျက်ပြီးသော ထမင်းအေး, ဟင်းအေးကို ရဟန်းကိုယ်တိုင်ပင် မီး၌ နွှေးအပ်၏၊ ထို့ပြင် ကျက်ပြီးသော ထမင်းကို ယက်မန်း (ဆန်ပြုတ် )ဖြစ်အောင် ရဟန်းကိုယ်တိုင် ကျိုအပ်သော ဝတ္ထုကိုမူကား ရှေ့ကာလိကဝတ္ထုတို့နှင့် မရောယှက်စေ၍ သက်သက် စားသောက်အပ်၏၊ ရှေးကာလိက နှစ်မျိုးတို့နှင့် ရောနှော၍ စားသောက်ခဲ့သော် အပြစ်ရှိပြန်၏၊ ဒုက္ကဋ်အာပတ် သင့်ပြန်၏၊
ရှေ့ကာလိက နှစ်မျိုးတို့၌ အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က၊ ပုနပက္ကဟု လေးမျိုးရှိသည်ကို မှတ်ပါ။
အကျဉ်းမှတ်ရန်
၁။ အန္တောဝုတ္ထ = အကပ္ပိယကုဋိအတွင်း၌ အရုဏ်တက်သည့်တိုင်အောင် ထားအပ်သော ဝတ္ထု (ယာဝ, ယာမ)ကို အန္တောဝုတ္ထ ခေါ်သည်။
၂။ အန္တောပက္က = အကပ္ပိယကုဋိအတွင်း၌ ချက်ပြုတ်ကြော်လှော် အပ်သော ဝတ္ထုကို အန္တောပက္ကခေါ်သည်။
၃။ သာမံပက္က = ရဟန်းကိုယ်တိုင် ချက်အပ်သော ဝတ္ထုကို သာမံပက္က ခေါ် သည်။ ယင်းသုံးမျိုး စားသောက်လျှင် ဒုက္ကဋ်အာပတ် သင့်၏၊
၄။ ပုနပက္က = ရဟန်းကိုယ်တိုင် တစ်ဖန်ချက်မှု နွှေးမှုကို ပုနပက္ကဟု ခေါ်သည်၊ အပြစ်မရှိ၊ အာပတ်မသင့်။
(ဆောင်) ၁။ အင်္ဂါမညီ၊ ကျောင်းကုဋီ၊ အကပ္ပီယသာ။
၂။ အန္တောဝုတ္ထ၊အန္တောပက္က၊ သာမံပက္က၊ဤသုံးဝ၊ ယာဝ, ယာမမှာ။
၃။ သိုမှီးသည်ကို၊ ဝုတ္ထဆို၊ ကျိုချက် ပက္ကမှာ။
၄။ ကုဋီပျက်တွင်း၊ သိုမှီးခြင်း၊ အလျင်း မပြုရာ။
၅။ ထို၌ ချက်အပ်၊ ယင်းနှစ်ရပ်၊ မအပ်လေသည်သာ။
၆။ ဘယ်၌ မဆို၊ ယင်းနှစ်ကို၊ ကိုယ်တိုင် မချက်ရာ။
၇။ ကျက်ပြီးကိုလျက်၊ တစ်ဖန်ချက်၊ သက်သက်အပ်သည်သာ။
၈။ ရှေးကာလိ နှစ်၊ ရောပြန်လစ်၊ အပြစ်ရှိပြန်လာ။
၉။ သတ္တာ, ဇီဝိ၊ ကိုယ်ချက်မိ၊ သုဒ္ဓိအပ်သည်သာ။
၁၀။ အကပ္ပိယ၊ ကျောင်းဖြစ်က၊ များလှ ပြစ်နာဆာ။
၁၁။ ဝိနည်းမတတ်၊ ကျောင်းထိုင်လတ်၊ အာပတ်မဆုံးရာ။