ဝိနည်းပဒေသာသင်တန်း/ဘေသဇ္ဇသိက္ခာပုဒ်နှင့် စပ်၍ သိမှတ်ဖွယ်များ
ဘေသဇ္ဇသိက္ခာပုဒ်နှင့် စပ်၍ သိမှတ်ဖွယ်များ
ထောပတ် ဆီဦး ဆီ ပျားရည် တင်လဲ ဤဆေးငါးမျိုးတို့ကို အကပ်ခံပြီးနောက် (၇)ရက်အထိသာ သိမ်းဆည်း၍ ဆေးအဖြစ်ဖြင့် စားသောက်နိုင်၏၊ (၇)ရက် လွန်လျှင်ကား ထိုထောပတ် စသည်တို့ နိဿဂ္ဂိထိုက်၏၊ ရဟန်းမှာ ပါစိတ်အာပတ်သင့်၏၊
ထို သင့်သော အာပတ်ကို ဒေသနာကြား ကုစားလိုလျှင် ထိုထောပတ် စသည်ကို ရှေးဦးစွာ စွန့်ပြီးမှ ဒေသနာကြားရသည်။ မစွန့်ဘဲ ဒေသနာကြားလျှင်ကား ထိုအာပတ်မှ မထနိုင်။
ထိုထောပတ် စသည်ကို အကပ်ခံသည့်အခါ (၇)ရက်စာလောက် မှန်း၍ အကပ်ခံထားသင့်သည်။ (၇)ရက်တိုင်အောင် ကုန်ပုံမရလျှင် (၇)ရက် မလွန်ခင် ဤထောပတ်စသည် ဆေးတို့ကို ငါ မစားတော့ပြီ၊ ခြေနယ်ဆီ, ကိုယ်လိမ်းဆီ စသည် ပြုလုပ်၍ ခန္ဓာကိုယ်၏ အပြင်အပ၌သာ သုံးစွဲတော့မည်ဟု အဓိဋ္ဌာန် (စိတ်ကူး)လိုက်ရမည်။ ထိုအပြင်အပ၌ သုံးဖို့ဖြစ်လျှင်ကား (၇)ရက်လွန်သော်လည်း အပြစ်မရှိ။
(၇) ရက်အတွင်း သတ်မှတ်ချက်
ထောပတ် စသော ဆေးငါးပါးတို့ကို အကပ်ခံပြီး (၇)ရက်အတွင်းသာ စားကောင်းသည်ဟု ဆိုသော်လည်း ဂိလာန (= အနာရောဂါရှိသူ)အားသာ ခွင့်ပြုခြင်းကြောင့် ဆာလောင်ခြင်း မွတ်သိပ်ခြင်း အကြောင်းရှိရုံမျှဖြင့် မစားကောင်းသည်ကို သတိပြုပါ။ အားနည်းသောရောဂါ, အသွေးအသား ပိန်ခြောက်သောရောဂါ, လေနာရောဂါစသည် ရှိသူတို့သာ ထိုရောဂါအတွက် စားကောင်းသည်။ ဆာလောင်မွတ်သိပ်ရုံ အကြောင်းဖြင့်ကား ယာမကာလိက အဖျော်ရည် စသည်ကိုသာ သောက်ကောင်းသည်။
ရောဂါ ရှိပါက ဆေးငါးပါးနှင့် စတုမဓူကို နံနက်ခင်း အကပ်ခံပြီးလျှင် ဤနေ့အဖို့ နေလွဲ, မလွဲ စားကောင်းသည်။ သို့သော် မနက်ဖြန်စသော နောက်နေ့ (၆-ရက်)တို့၌ကား နံနက်ခင်း စားလိုလျှင် ယနေ့ အကပ်ခံထားသော ဆွမ်း, ခဲဖွယ်, ဘောဇဉ်များနှင့် ရောနှော၍ မစားရ၊ ထို့ပြင် ပါးစပ်၌ အာမိသများ ကပ်ငြိနေလျှင် ထိုအာမိသတို့ကို ပြောင်စင်အောင် ဆေးပြီးမှ စားရသည်။ ဆေးစားပြီးလျှင်လည်း ပါးစပ်ကို ပြောင်စင်အောင် ဆေးပြီးမှ တခြား အာမိသတို့ကို စားကောင်းသည်။ ရှေးရှေးနေ့တို့က အကပ်ခံထားသော ယာဝဇီဝိကဆေးတို့ကို စားရာ၌လည်း ပါးစပ်ကို စင်ကြယ်အောင် ဆေးပြီးမှသာ စားကောင်းသည်။ ကာလိက မတူလျှင်, ကပ်သောနေ့လည်း မတူလျှင် ရောနှော၍ မစားကောင်းသည်ကိုလည်း သတိပြုသင့်သည်။ ကာလိကလေးပါးခွဲပုံ နောက်တွင် ပြဆိုပါမည်။
နိဿဂ္ဂိထိုက်၍ စွန့်ခြင်း
ခုနစ်ရက် လွန်စေသော ရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ်သင့်၏ ဟူသည် (၈)ရက်မြောက် အရုဏ်တက်လတ်သော် စွန့်ခြင်းဝိနည်းကံရှိ၏၊ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ် တစ်မျိုးမျိုးထံ စွန့်ရမည်။
သံဃာအား စွန့်ပုံ, ဂိုဏ်းအား စွန့်ပုံတို့ကို သင်္ကန်းစွန့်နည်း ပြသောအခါ ဖော်ပြပါမည်။ ယခု ပုဂ္ဂိုလ်ထံစွန့်ပုံကို ပြဆိုမည် ဖြစ်ပါသည်။ နိဿဂ္ဂိထိုက်နေသော ထောပတ်စသော ဆေးပစ္စည်းကို စွန့်လိုလျှင် ရဟန်းပုဂ္ဂိုလ် တစ်ပါးပါး ရှေ့၌ စွန့်ရမည်။
ပုဂ္ဂိုလ်ထံ စွန့်ပုံ
“အရှင်ဘုရား တပည့်တော်၏ ဤဆေးသည် ခုနစ်ရက် လွန်သည် ဖြစ်၍ စွန့်ထိုက်နေပါသည်ဘုရား၊ တပည့်တော်သည် ဤဆေးကို အရှင်ဘုရားအား စွန့်ပါ၏”ဟု ဆို၍ သီတင်းသုံးဖော် တစ်ပါးပါးထံ စွန့်ရမည်။ စွန့်ပြီးနောက် အာပတ်ကို ရည်ရွယ်၍ ဒေသနာကြားရမည်။ ထိုစွန့်ပြီးသော ဆေးကို သီတင်းသုံးဖော်ရဟန်းက “အရှင်ဘုရားအား ပြန်ပေးပါ၏”ဟု ဆို၍ ပြန်ပေးရမည်။
(သတိ) ခုနစ်ရက် လွန်၍ ဝိနည်းကံဖြင့် စွန့်ပြီး ပြန်ရသော ထောပတ်, ဆီ, ပျားရည် စသည်ကို အနာလိမ်းခြင်း စားသောက်သုံးဆောင်ခြင်း မပြုအပ်၊ မပြုကောင်း၊ သို့ရာတွင် ငဲ့ကွက်ခြင်းမရှိ အာလျပြတ် လူ, သာမဏေတို့အား စွန့်ပြီး၍ ပြန်ရသော ထောပတ်, ဆီ, ပျားရည် စသည်ကို သုံးဆောင်ခြင်း စားသောက်ခြင်းငှာလည်း အပ်သည်ဟု ဆိုပါသည်။
အနုပသမ္ပန္နဿ စတ္တေန ဝန္တေန မုတ္တေန အနပေက္ခော ဒတွာ ပဋိလဘိတွာ ပရိဘုဉ္ဇတိ။ (အနာပတ္တိ) ပါရာဇိကဏ်ပါဠိတော်(၃၆၄။)
ဗဟုသုတအဖြစ် မှတ်ရန်
ဖာဏိတံ နာမ ဥစ္ဆုမှာ နိဗ္ဗတ္တံ - ပါဠိတော်နှင့်အညီ “ကြံမှဖြစ်သောဝတ္ထုတည်း”ဟု ဆိုသည့်အားလျော်စွာ အဖတ်မပါအောင် စစ်ပြီးသောကြံရည်မှ စ၍ ကြံထွက်ပစ္စည်းမှန်သမျှ ကြိုချက်ပြီးသော အရည်, အပြစ်, အခဲ အားလုံးကို “ဖာဏိတ”ဟု ဆိုသည်။ ယခုအခါ ကြံမှ တစ်ပါးသော အခြားသော ဝတ္ထုများမှ ထွက်သော သကြားများ, ထန်းရည်, သကာရည်, ထန်းလျက်, ကြံသကာ စသည်များကိုလည်း ဖာဏိတ၌ သွင်းယူကြ၏၊ (ရှေးခေတ်က ထန်းရည် အသုံးမရှိ၍ ကျမ်းဂန်တို့၌ မပါခြင်း ဖြစ်မည်။)
ဤပြဆိုခဲ့ပြီးသော စကားစဉ်အရ ကြံမဟုတ်သော ထန်းရည်, ထန်းလျက်ရည်များသည်လည်းကောင်း, သကြားအမျိုးမျိုးသည်လည်းကောင်း (ယာဝကာလိကအသီးများနှင့် စပါးခုနစ်မျိုး, ပဲအမျိုးမျိုးတို့၏ အရည်ကို မယူရ၊) သံပုရာ, ရှောက်စသော အသီးအရည်တို့နှင့် ရောစပ်ထားသော ဖျော်ရည်, လမနစ်ရည် (ဘိလပ်ရည်) စသည်တို့သည်လည်းကောင်း သတ္တာဟကာလိကတို့တည်း။
ထိုသတ္တာဟကာလိက အရည်, အခဲတို့ကို ဆာလောင်မွတ်သိပ်ရုံ ပိပါသ အကြောင်းမျှဖြင့် နေလွဲသောအခါ မသောက်ကောင်းပါ၊ အနာရောဂါရှိမှ စားကောင်း သောက်ကောင်း၏၊
ဘေသဇ္ဇခန္ဓက၌ ခွင့်ပြုချက်
သို့သော် ဘေသဇ္ဇခန္ဓက၌ “အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဂုဠံ, အဂိလာနဿ ဂုဠောဒကံ”ဟု ဂိလာနအတွက် ကြံသကာ, ထန်းလျက်, သကြားအခဲကိုလည်းကောင်း၊ ဂိလာနမဟုတ်သူ လူကောင်းများအတွက် ရေအေးနှင့် ဖျော်စပ်ထားသော ကြံရည်, ထန်းလျက်ရည်, သကြားရည်, သကာခဲအရည်ကိုလည်းကောင်း ခွင့်ပြုတော်မူ၏ဟု မိန့်ဆိုတော်မူသောကြောင့် ဂိလာနမဟုတ်သူ ကျန်းမာသူတို့အားလည်း ထိုအဖျော်ရည်များကို ဆာလောင်မွတ်သိပ်ခြင်း ပိပါသအကြောင်းရှိလျှင် သောက်ကောင်း၏ဟု သိပါ၊ မွန်းလွဲသောအခါဖြစ်လျှင် မဆာဘဲ မသောက်ကောင်းဟု မှတ်ပါ။
မိမိ၏ ထင်မြင်ချက်
မီးဖြင့် ကျိုချက်ထားသော သကာခဲ, တင်လဲအခဲကို ရေနှင့် ဖျော်စပ်၍ အရည်ဖျော်ရည်အဖြစ် သောက်ကောင်းလျှင် ယခုကာလ မီးဖြင့် ချက်ထားသော လမနစ်ရည်, ဘိလပ်ရည်စသည့် သတ္တာဟကာလိက အရည်တို့ကိုလည်း ရေအေးနှင့် ဖျော်စပ်၍ သောက်လျှင် သောက်ကောင်းဖွယ်ရှိသည်ဟု ထင်မြင်ယူဆပါသည်။ ယာမကာလိကအဖြစ် ညနေပိုင်း သောက်နိုင်မည်ဟု ထင်ပါသည်။
ယခုကာလ အခဲပါ စားနေကြပုံ
ဤဘေသဇ္ဇခန္ဓကလာ ပညတ်ချက်အရ ထန်းလျက်ခဲ, သကာခဲ, တင်လဲခဲ, ကြံသကာ, နုနယ်ပွဲရက်, သကြားအမှုန့် စသည်တို့သည် ယနေ့ အကပ်ခံ၍ နေလွဲသောအခါ ခုနစ်ရက်အတွင်း နောက်နောက်ရက်များ၏ နေလွဲ မွန်းလွဲအခါ လေနာခြင်း အားနည်းခြင်းစသော ရောဂါရှိ၍ သူနှင့် ဆေးဖက်ဖြစ်မှ စားကောင်း၏၊ ယခုကာလ၌ကား ရဟန်း, သာမဏေများနှင့် ဥပုသ်သည်များ အဆိုပါ ထန်းလျက်ခဲ, ကြံသကာခဲ, သကြားလုံးတို့ကို မွန်းလွဲပြီး စားကောင်းသည် ထင်၍ စားလေ့ရှိကြ၏၊ ဒကာ ဒကာမတို့ကလည်း ကပ်လေ့ ရှိကြ၏၊ အမှန်အားဖြင့်မူ ထိုအခဲများကို နေလွဲပြီးအခါ မစားကောင်း ဟု မှတ်ပါ။ မီးနှင့်ကျိုချက်ထားသော သတ္တာဟကာလိက အရည်များလည်း ဆာလောင်ရုံမျှဖြင့် မသောက်ကောင်းဟု မှတ်ပါ။
တေလ (= ဆီ)နှင့် စပ်၍ မှတ်ရန်
တေလ (= ဆီ)ဟူရာ၌ နှမ်းဆီ, ပဲဆီ, မုန်ညင်းဆီများနှင့် ဝက်ဆီ, ဝံဆီ, လပိုင်ဆီ, မြည်းဆီ, ငါးကြီးဆီစသော သားငါးဆီ အမျိုးမျိုးတို့ ပါဝင်၏၊ သစ်မည်စည်ဆီ, ကြက်ဆူဆီတို့လည်း ပါဝင်၏၊
တေလံ နာမ တိလတေလံ သာသပတေလံ မဓုကတေလံ ဧရဏ္ဍတေလံ ဝသာတေလံ။ ပါရာဇိကဏ်ပါဠိတော်(၃၆၃။)
သား, ငါးဆီများ၌ အရိုး, အသား, အဖတ် မပါအောင် စစ်ပြီးသား ဖြစ်ရမည်။ ယာဝကာလိကအသီး, အစားအစာ, မုယောစပါးမှုန့်, ဆန်မှုန့် စသည် ရောထားလျှင် ခုနစ်ရက် မအပ်။ အားနည်းသော ရောဂါရှိသော ရဟန်း, သာမဏေတို့သည် ထောပတ်, ငါးကြီးဆီ စသည်များကို ညအခါ ရေနွေးနှင့် စပ်၍ သုံးစွဲကောင်း၏၊ သတ္တာဟကာလိကဖြစ်၍ ခုနစ်ရက်သာ ထားကာ သုံးဆောင်ရမည် ဖြစ်သည်။ ထိုကြောင့် နိုင်ငံခြား အားဆေးတောင့်များ သား, ငါးဆီပါလျှင် ယာဝဇီဝိက မဟုတ်၊ သတ္တာဟကာလိက ဖြစ်၍ ခုနစ်ရက်သာ ထား၍ စားကောင်းသည်။ ယာဝကာလိကအသီး စပါးမျိုး, ပဲမျိုး ပါသော အဖျော်ရည်တို့သည်လည်း မွန်းမတည့်မီသာ သောက်ကောင်းသည် ဟု သိပါ။
ယာဝဇီဝိက
ယတ္တကော = အကြင်မျှလောက်သော။ ဇီဝေါ = အသက်တည်း။ ယာဝဇီဝံ = အသက်ရှည်သမျှ (အသက်ထက်ဆုံး)။
“ယာဝဇီဝံ ပရိဘုဉ္ဇိတဗ္ဗံ --- အသက်ရှည်သမျှကာလပတ်လုံး သုံးဆောင်အပ်၏အရ - အကပ်ခံပြီး၍ တစ်သက်ပတ်လုံး သုံးဆောင်ကောင်းသော အမြစ်, အဥ, အဖု, ဆား, ဂျင်း စသည်တို့ကို ယာဝဇီဝိကဟု ခေါ်သည်။
ပြပြီးသော ကာလိကသုံးမျိုးနှင့် ရေဒန်ပူတို့မှ ကြွင်းသော အကပ်ခံသော နေ့မှ အသက်ထက်ဆုံး အနာရောဂါဟူသော အကြောင်းရှိလျှင် ထပ်မံ အကပ်မခံရဘဲ ဘုဉ်းပေးကောင်းသည်။ လူတို့ ခဲဖွယ်, စားဖွယ်အဖြစ် အသုံးမပြုသော အမြစ်, အဥ, အဖု, ပင်စည်, အပွေး, အခေါက်, အကာ, အနှစ်, အသီး, အပွင့်, အရွက်, အညွန့်, (ငရုတ်ကောင်း, ပိတ်ချင်း, ချင်း, နွယ်ချို, ဆီးဖြူ, ဖန်းခါး, သျှိသျှား)စသော ဆေးပစ္စည်းအမျိုးမျိုးသည် ယာဝဇီဝိကဝတ္ထု မည်၏၊
(ဆောင်) အရပ်တိုင်းမှာ၊ အာဟာရကိစ္စ၊ မစားကြ၊ ယာဝဇီဝိကာ။
ဇီးဖြူ, သျှိသျှား၊ သဖန်းခါး၊ များ၏ အနန္တာ။ (ဝိနည်းဥပဒေ၊၂၆၃။)
ယာဝဇီဝိက အမြစ်များ
၉၂။ ဟလိဒ္ဒိ သိင်္ဂီဝေရဉ္စ၊ ဝစတ္တံ လသုဏံ ဝစာ။
ဥသီရံ ဘဒ္ဒမုတ္တဉ္စာတိဝိသာ ကဋုရောဟီဏိ။
ပဉ္စမူလာဒိကဉ္စာပိ၊ မူလံ တံ ယာဝဇီဝိကံ။
ဟလိဒ္ဒိ = နနွင်းသည်လည်းကောင်း။ သိင်္ဂီဝေရဉ္စ = ချင်းသည်လည်းကောင်း။ ဝစတ္တံ = ဆိတ်ဖူးသည်လည်းကောင်း။ လသုဏံ = ကြက်သွန်ဖြူသည်လည်းကောင်း။ ဝစာ =လင်းလေသည်လည်းကောင်း။ ဥသီရံ = ပန်းရင်းသည်လည်းကောင်း။ ဘဒ္ဒမုတ္တဉ္စ =နွားမြေရင်းသည်လည်းကောင်း။ အတိဝိသာ = တိဝုသ်သည်လည်းကောင်း။ ကဋုရောဟိဏီ =ကုလားဆောင်းမေးခါးသည်လည်းကောင်း။ ပဉ္စမူလာဒိကံ =ပဉ္စမူလအစရှိသော။ မူလဉ္စာပိ = အမြစ်သည်လည်းကောင်း။ တံ =ထိုအလုံးစုံသည်။ ယာဝဇီဝိကံ = ယာဝဇီဝိကတည်း၊ (ဝါ)အသက်အပိုင်းခြားတိုင်အောင် သုံးဆောင်ရာ ကာလရှိသော အမြစ်တည်း။
ယာဝဇီဝိကအသီးများ
၉၃။ ဗိဠင်္ဂံ မရိစံ ဂေါဋ္ဌ-ဖလံ ပိပ္ဖလိ ရာဇိကာ။
တိဖလေ-ရဏ္ဍကာဒီနံ၊ ဖလံ တံ ယာဝဇီဝိကံ။
ဗိဠင်္ဂံ =အိပ်မွေ့သီးသည်လည်းကောင်း။ မရိစံ = ငရုတ်သီးသည်လည်းကောင်း။ ဂေါဋ္ဌဖလံ = သမင်စာသီးသည်လည်းကောင်း။ ပိပ္ဖလိ = ပိတ်ချင်း သီးသည်လည်းကောင်း။ ရာဇိကာ = မုန်ညင်းသီးသည်လည်းကောင်း။ တိဖလေရဏ္ဍကာဒီနံ =ကနခို, ကြက်ဆူအစရှိသည်တို့၏၊ ဖလံ = အသီးသည် လည်းကောင်း။ ယာဝဇီဝိကံ = ယာဝဇီဝိကတည်း။ (ဝါ) အသက်အပိုင်းအခြားတိုင်အောင် သုံးဆောင်ရာကာလရှိသော အသီးတည်း။ (ဝိ၊၃၊၂၉၃။ ဝိ၊ဋ္ဌ၊၃၊၁၀၂၊)
ယာဝဇီဝိက အရွက်များ
၉၄။ ကပ္ပါသနိမ္ဗကုဋဇ-ပဋောလသုလသာဒိနံ။
သူပေယျပဏ္ဏံ ဝဇ္ဇေတွာ၊ ပဏ္ဏံ တံ ယာဝဇီဝိကံ။
သူပေယျပဏ္ဏံ =ဟင်း၏ အစီးအပွားဖြစ်သော ဟင်းရွက်ကို။ (ဝါ) ဟင်းချက်၍ စားကောင်းသော အရွက်ကို။ ဝဇ္ဇေတွာ = ကြဉ်၍။ ကပ္ပါသနိမ္ဗကုဋဇ-ပဋောလသုလသာဒိနံ =ဝါ, တမာ, လက်ထုတ်, ဗြူးတား, ရုံး အစရှိသည် တို့၏၊ ယံ ပဏ္ဏံ =အကြင်အရွက်သည်။ အတ္ထိ =ရှိ၏၊ တံ =ထိုအရွက်သည်။ ယာဝဇီဝိကံ =ယာဝဇီဝိကတည်း။ (ဝါ) အသက်အပိုင်းအခြားတိုင်အောင် သုံးဆောင်ရာကာလရှိသော အရွက်တည်း။
(ဝိ၊၃၊၂၉၂။ ဝိ၊ဋ္ဌ၊၃၊၁၀၀၊၃၇၂-၃၇၃။)
အစေး, အခွံနှင့် ဆား စသည်
၉၅။ ဌပေတွာ ဥစ္ဆုနိယျာသံ၊ သရသံ ဥစ္ဆုဇံ တစံ။
နိယျာသော စ တစော သဗ္ဗော၊ လောဏံ လောဟံ သိလာ တထာ။
၉၆။ သုဒ္ဓသိတ္ထဉ္စ သေဝါလော၊ ယဉ္စ ကိဉ္စိ သုစျာပိတံ။
ဝိကဋာဒိပ္ပဘေဒဉ္စ၊ ဉာတဗ္ဗံ ယာဝဇီဝိကံ။
ဥစ္ဆုနိယျာသံ =ကြံအစေးကိုလည်းကောင်း။ သရသံ =အရည်နှင့်တကွ ဖြစ်သော။ ဥစ္ဆုဇံ = ကြံမှ ဖြစ်သော။ တစံ =အခွံကိုလည်းကောင်း။ ဌပေတွာ =ထား၍။ သဗ္ဗော =အလုံးစုံသော။ နိယျာသော စ = အစေးကိုလည်းကောင်း။ တစော = အခွံအခေါက်ကိုလည်းကောင်း။ လောဏံ = ဆားကိုလည်းကောင်း။ လောဟံ =သံကိုလည်းကောင်း။ (ဝါ) ကြေးကိုလည်းကောင်း။ သိလာ =ကျောက်ကိုလည်းကောင်း။ တထာ = ထိုမှတစ်ပါး။ သုဒ္ဓသိတ္ထဉ္စ =ပျားရည်မဖက် သက်သက်သော ပျားဖယောင်းကိုလည်းကောင်း။ သေဝါလော =မှော်ကိုလည်းကောင်း။ သုစျာပိတံ = ကောင်းစွာ မီးလောင်စေအပ်ပြီးသော။ ယဉ္စ ကိဉ္စိ = အမှတ်မထား တစ်ပါးပါးသော ပြာ, မီးသွေးကိုလည်းကောင်း။ ဝိကဋာဒိပ္ပဘေဒဉ္စ =မဟာဝိကဋဆေး အစရှိသော အပြားရှိသော။ ယဉ္စ ကိဉ္စိ =အမှတ်မထား တစ်ပါးပါးသော သစ်ဥ စသည်ကိုလည်းကောင်း။ ယာဝဇီဝိကံ = ယာဝဇီဝိကဟူ၍။ ဉာတဗ္ဗံ = သိ ထိုက်၏၊ (ဝိ၊၃၊၂၉၂-၂၉၃၊၂၉၅၊၂၉၈။ ဝိ၊ဋ္ဌ၊၂၊၂၉၅။ ဝိ၊ဋ္ဌ၊၃-၁၀၁။)
ချင်းသုပ် ဆုံးဖြတ်ချက်
ချင်း (ဂျင်း)ကို ယာဝဇီဝိကဟု ဆိုရာ၌ လက်သုပ်လုပ်ဖို့ရန် အချဉ်စိမ်ထားသော ချင်း မဟုတ်၊ နဂိုသဘောအတိုင်း ငရုတ်သီးကဲ့သို့ ပူစပ်သော အရသာရှိသော ချင်းကို ဆိုလိုသည်။ ထိုယာဝဇီဝိက အာဟာရတို့သည် မကျန်းမမာ၍ ထိုအာဟာရနှင့် သင့်တော်သော ရောဂါရှိမှသာ ဆေးအဖြစ်ဖြင့် သုံးကောင်းသော အာဟာရများ ဖြစ်ကြသည်။
ယခုခေတ်၌ သံဃာတော်တို့အား အချို့အရပ်၌ ညဘက် ကပ်လေ့ရှိသော ချင်းသုပ်ကား ကြက်သွန်, ဆီ, ဆား, ချင်းများကို တစ်ခုစီ ကြည့်လျှင် သတ္တာဟကာလိကနှင့် ယာဝဇီဝိကချည်း ဖြစ်၍ “အပ်၏”ဟု ထင်ဖွယ် ရှိ၏၊ သို့သော် ချင်းကို (ပင်ကို အကြမ်းအတိုင်း မဟုတ်ဘဲ) စားကောင်းအောင် ပြုပြင်ကာ လက်သုပ်တစ်မျိုးဖြစ်အောင် စီမံထားသဖြင့် ယာဝကာလိက ခဲဖွယ်တွင် ပါဝင်နေပြီဟု ဆရာတို့ ယူကြ၏၊
ယာဝကာလိကမဟုတ်ဟု ငြင်းစေကာမူ ထိုချင်းသုပ်ကြောင့် ကင်းပျောက်မည့် ရောဂါရှိမှ စားကောင်းမည်။ အကြောင်းမဲ့ဖြစ်စေ၊ မွတ်သိပ် ဆာလောင်၍ဖြစ်စေ စားလျှင်ကား မည်သည့်နည်းနှင့်မျှ လွတ်လပ်ခွင့် မရချေ။ အကပ်ခံလျှင် ဒုက္ကဋ်၊ မျိုးတိုင်းမျိုတိုင်း ဒုက္ကဋ်များစွာ မုချ သင့်ရတော့မည်။
မန်ကျည်းရွက်ကြမ်း ပြည်ပန်းချိုရွက်
ဟင်းချက်စားကောင်းသော အရွက်ကို ကြဉ်၍ ကြွင်းသော အရွက်များကို ယာဝဇီဝိကဟု ဆိုသောကြောင့် မန်ကျည်းရွက်, ကင်ပွန်းရွက်, ပြည်ပန်းချိုရွက် အစရှိသော အရွက်တို့၌ နုသော (တချို့ မနုမရင့်) အရွက်များကို ဟင်းချက်၍ စားလေ့ရှိသောကြောင့် ရင့်သောအရွက်ကို ယာဝဇီဝိကဟု ယူရသည်။ ထို့ကြောင့် ညနေအခါ သင့်မြတ်သော ရောဂါရှိလျှင် (ချောင်းဆိုး အသံဝင်စသည်) ထန်းလျက်ရည် စသည်နှင့် ထိုအရွက်ကြမ်းတို့ ကျိုကာ သောက်နိုင်သည်။ (ခုဒ္ဒသိက္ခာဘာသာဋီကာ၊၁၄၇။)
ကောက်ပဲနှင့် အသား, အရိုးများ
ယဉ္စ ကိဉ္စိ သုစျာပိတံ (ခုဒ္ဒသိက္ခာဂါထာ၊၉၆။)၌ ဆိုထားသည်အရ - ကောက်ပဲတို့မှ ဖြစ်သောအစာနှင့် အသား, အရိုးပင် ဖြစ်စေကာမူ ကောင်းကောင်း မီးလောင်စေအပ်ပြီးဖြစ်၍ ကျွမ်းနေလျှင် (မီးသွေးခဲ ဖြစ်နေလျှင်, ပြာဖြစ်နေလျှင်) ယာဝဇီဝိကတည်း။
မဟာဝိကဋဆေး
ရဟန်းတစ်ပါး မြွေကိုက်သဖြင့် ဘုရားရှင် ခွင့်ပြုတော်မူအပ်သော မဟာဝိကဋဆေးဟု ခေါ်ဝေါ်အပ်သော ကျင်ကြီး, ကျင်ငယ်, မြေညက်, ပြာ အစရှိသော အလုံးစုံသည်လည်း ယာဝဇီဝိကတည်း။ အာဒိသဒ္ဒါဖြင့် ကန္ဒ ခါဒနီယ (အဥ ခဲဖွယ်) စသည်၌ ပြအပ်ခဲ့သော ဟင်းချက်၍ မရကောင်းသော သစ်ဥ, သစ်မြစ်, သစ်ပွင့်, အမှုန့်တို့ကိုပါ ယာဝဇီဝိကဟု ယူပါ။
အာပတ်သင့်ပုံ အချုပ်မှတ်ရန်
ယာဝကာလိက ခဲဖွယ်ဘောဇဉ်ကို နေလွဲအခါ စားသောက်လျှင် သုဒ္ဓပါစိတ်၊ ယာမကာလိကအဖျော်နှင့် သတ္တာဟကာလိကတွင် ပါဝင်သော ရေရောထားသော ကြံရည်, ထန်းရည်ချို, အချိုရည်စသည်ကို မွတ်သိပ်ခြင်း အကြောင်းရှိ၍ ဆာ၍ သောက်လျှင် အနာပတ္တိ၊ အကြောင်းမဲ့သက်သက် သောက်လျှင်ကား အာဟာရအကျိုးငှာ သောက်ရာရောက်၍ ဒုက္ကဋ်၊ သတ္တာဟကာလိကဆေးများနှင့် ယာဝဇီဝိက လျက်ဆားစသည်ကို ထိုအစာစားလျှင် ပျောက်ကင်းလောက်သော လေထခြင်း, လေနာခြင်း, အားနည်းခြင်းစသော ရောဂါကြောင့် စားလျှင် အနာပတ္တိ၊ အာပတ်မသင့်၊ အကြောင်းမဲ့ဖြစ်စေ, ဆာလောင်မွတ်သိပ်၍ဖြစ်စေ စားလျှင် ဒုက္ကဋ်တည်း။