ဝိနည်းပဒေသာသင်တန်း/ပထမပါရာဇိက
ပါရာဇိက (၄) ပါး အကျယ်
ပါရာဇိက (၄) ပါး
၁။ မေထုန = မေထုန်မှီဝဲခြင်း၊
၂။ အဒိန္နာဒါန = တစ်မတ်, တစ်မတ်အထက် တန်ဖိုးရှိသော ပစ္စည်းကို ခိုးယူခြင်း၊
၃။ မနုဿဝိဂ္ဂဟ = လူဇာတ် ဖြစ်သောသတ္တဝါကို သတ်ခြင်း၊
၄။ ဥတ္တရိမနုဿဓမ္မ = အလွန်မြင့်မြတ်သော စျာန်မဂ်ဖိုလ် နိဗ္ဗာန်တရားတို့ကို မသိမမြင်ဘဲ လိမ်ညာ၍ သိမြင်၏ဟု ပြောခြင်းဟူ၍ အကျဉ်းအားဖြင့် မှတ်သားသင့်သည်။
ပထမပါရာဇိက
မေထုနဓမ္မသိက္ခာပုဒ် - ဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် သိက္ခာမချဘဲလျက် ဝစ္စမဂ် = ကျင်ကြီးလမ်းကြောင်း၊ ပဿာဝမဂ် = ကျင်ငယ်လမ်းကြောင်း၊ မုခမဂ် = ခံတွင်းလမ်းကြောင်းဟူ၍ မဂ်ပေါက်သုံးပါး အကျယ်အားဖြင့် မဂ်ပေါက် (၃၀)တို့တွင် တစ်ခုခုသော မဂ်ပေါက်၌ အဝတ်, သစ်ရွက်, သားရေ, ရာဘာ, ခဲပုတ် စသဖြင့် ပါးလှပ်သော အပြားတို့ဖြင့် ဖုံးလွှမ်းရစ်ပတ် သွင်းခံထားသည်မူလည်းဖြစ်စေ, မထားသည်မူလည်းဖြစ်စေ, ပကတိလေ မထိအပ် စိုစိုဖတ်ဖတ် လတ်ဆတ်သော အရပ်၌ မိမိအင်္ဂါဇာတ်ကို နှမ်းတစ်စေ့ခန့်မျှ အတွင်းသို့ ရောက်အောင် သွင်းခြင်း သူတစ်ပါးတို့က အတင်းချုပ်ကိုင်သွင်းစေရာ၌လည်းကောင်း၊ သွင်းခြင်း, သွင်းပြီးခြင်း, တန့်ရပ်ခြင်း, နုတ်ခြင်းတို့တွင် တစ်ခုခု၌ သာယာအံ့၊ ပါရာဇိကအာပတ်သင့်၏၊ သာသနာတော်မှ ဆုံးရှုံး၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ကံကြီးကံငယ်ပြု၍ ပေါင်းသင်းခွင့် မရတော့ပေ။ နောက်တစ်ကြိမ် (သို့) အကြိမ်တစ်ရာ ကမ္မဝါဖတ်သော်လည်း ရဟန်းမဖြစ်နိုင်တော့ချေ။
အင်္ဂါ (၂) ပါး -
၁။ ပဋိသေဝေယျ = မှီဝဲလိုသော စိတ်ရှိခြင်း၊
၂။ မေထုနဓမ္မ = သူ၏ မဂ်အတွင်းသို့ ကိုယ့်မဂ်ကို သွင်းခြင်းဟူ၍ အင်္ဂါ (၂)ပါး ဖြစ်၏၊
(ဆောင်) မှီဝဲလိုဘိ စိတ်ကူးရှိလျက်၁ သူ၏မဂ်တွင်း ကိုယ့်မဂ်သွင်းဟု၂ ကြောင်း ရင်း နှစ်လီ, အင်္ဂါညီ, ကျပြီ ပါရာဇိက်။
မူလပညတ်
ယော ပန ဘိက္ခု မေထုနံ ဓမ္မံ ပဋိသေဝေယျ၊ ပါရာဇိကော ဟောတိ အသံဝါသော။ ဤကား မူလပညတ်တော် ဖြစ်သည်။ ဝေသာလီပြည်သား ကာလန္ဒပုတ္တ အရှင်သုဒိန္နမထေရ်ကို အကြောင်းပြု၍ ပညတ်တော်မူသည်။
ပထမအနုပညတ်
အန္တမသော တိရစ္ဆာနဂတာယပိ၊ ဤကား ပထမအကြိမ် ထပ်မံ၍ တိုးကာ ပညတ်တော်မူသော အနုပညတ် ဖြစ်သည်။ ဝေသာလီပြည် မဟာဝုန်တော၌ နေသော တောနေရဟန်းကြီးတစ်ပါးကို အကြောင်းပြု၍ ပညတ်တော်မူသည်။
ဒုတိယထပ်ဆင့် အနုပညတ်
ဘိက္ခူနံ သိက္ခာသာဇီဝသမာပန္နော သိက္ခံ အပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ။ ဤသို့ ဒုတိယထပ်ဆင့်၍ အနုပညတ် ထည့်သွင်းပညတ် တော်မူသည်။ ဝဇ္ဇီတိုင်းသား ရဟန်းတော်များအား အကြောင်းပြု၍ ပညတ်တော်မူသည်။ ဤသို့လျှင် သုံးကြိမ်သုံးခါ ပညတ်ပြီးသောအခါ ယခု ပါတိမောက် သိက္ခာပုဒ် အပြည့်အစုံဖြစ်လာသည်။
သိက္ခာပုဒ် အပြည့်အစုံ
ယော ပန ဘိက္ခု ဘိက္ခူနံ သိက္ခာသာဇီဝသမာပန္နော သိက္ခံ အပစ္စက္ခာယ ဒုဗ္ဗလျံ အနာဝိကတွာ မေထုနံ ဓမ္မံ ပဋိသေဝေယျ။ အန္တမသော တိရစ္ဆာနဂတာယပိ၊ ပါရာဇိကော ဟောတိ အသံဝါသော။
မြတ်စွာဘုရားရှင်သည် ဝိနည်းစည်းကမ်း ဥပဒေပုဒ်တို့ကို ကြိုတင်ရေးဆွဲ ဥပဒေပညတ်ထားသည် မဟုတ်ဘဲ အကြောင်းပေါ်လာသောအခါမှသာလျှင် သိက္ခာပုဒ်ပညတ်တော်မူကြောင်း သိသာစေရန် အထက်ပါအတိုင်း ခွဲခြား၍ အကျဉ်းချုပ်မျှ တင်ပြအပ်ပါသည်။ အကျယ်သိလိုသော် ပါရာဇိကဏ်ပါဠိတော်သို့ ကြည့်ရှုကြရန် သိစေအပ်ပါသည်။ အဓိပ္ပာယ်များကို နောက်အခန်းမှာ ထပ်မံဖွင့်ဆိုရေးသားမည် ဖြစ်ပါသည်။
ပထမပါရာဇိက မေထုနဓမ္မသိက္ခာပုဒ်
သီလ, အဓိသီလ, သိက္ခာ, သာဇီဝတို့ သိရန် --
၁။ သီလ = လူတို့ စောင့်ထိန်းရသော ငါးပါး ရှစ်ပါး ဆယ်ပါး အာဇီဝဋ္ဌမက စသော သီလကို သီလဟု ခေါ်သည်။
၂။ အဓိသီလ = ရဟန်းတော်တို့ စောင့်ထိန်းကျင့်သုံးရသော ပါတိမောက္ခသံဝရသီလခေါ် ကုဋေကိုးထောင်ကျော် သိက္ခာပုဒ်သီလကို ပိုလွန်၍ ကျင့်ရသောကြောင့် အဓိသီလဟု ခေါ်သည်။
၃။ သိက္ခာ = ထိုအဓိသီလကိုပင် သိက္ခာဟုလည်း ခေါ်၏၊
၄။ သာဇီဝ = မြတ်စွာဘုရားရှင် ပညတ်တော်မူအပ်သော သိက္ခာပုဒ်အပေါင်းကို သာဇီဝဟု ခေါ်သည်။
သိက္ခာတင်အင်္ဂါ (၅) ပါးနှင့် သိက္ခာချအင်္ဂါ (၆) ပါး
သိက္ခာတင် ပဉ္စင်္ဂ၊ သိက္ခာချ ဆဠင်္ဂါဟု ဆိုသည့်အတိုင်း ရဟန်းတော်များ သိက္ခာတင်သောအခါ ရဟန်းအဖြစ် ခံယူသောအခါ အင်္ဂါ (၅)ပါးနှင့် ပြည့်စုံမှသာလျှင် ရဟန်းအဖြစ်ကို ရရှိနိုင်ခွင့်ရှိသည်။ ရဟန်းဘောင်၌ မပျော်ပိုက်တော့၍ လူထွက်သောအခါ၌လည်း လူဝတ်လဲရုံမျှဖြင့် သိက္ခာမကျ၊ လူမဖြစ်နိုင်သေးပါ။ သိက္ခာချသော အင်္ဂါ (၆)ပါးနှင့် ပြည့်စုံအောင် သိက္ခာ ချပြီးမှ လူဖြစ်လေသည်။
သိက္ခာတင် အင်္ဂါ (၅) ပါး
၁။ ဝတ္ထုသမ္ပတ္တိ = ရဟန်းလောင်းဝတ္ထု၏ ပြည့်စုံခြင်း၊
၂။ ဉတ္တိသမ္ပတ္တိ = ဒေါသအပြစ်လွတ်သော ဉတ်၏ ပြည့်စုံခြင်း၊
၃။ သီမာသမ္ပတ္တိ = ရဟန်းခံသော သိမ်၏ ပြည့်စုံခြင်း၊
၄။ ကမ္မဝါစာသမ္ပတ္တိ = အပြစ်လွတ်သော ကမ္မဝါစာ၏ ပြည့်စုံခြင်း၊
၅။ ပရိသာသမ္ပတ္တိ = သိမ်ဝင်ရဟန်းပရိသတ်၏ ပြည့်စုံခြင်းဟု အင်္ဂါ (၅)ပါးပြည့်စုံမှ ရဟန်း ဖြစ်သည်။
(ဆောင်) ဝတ်, ဉတ်, သိမ်, ကမ်, ပရိသံ၊ ငါးတန် သမ္ပတ္တိ။
၁။ ဝတ္ထုသမ္ပတ္တိ
ရဟန်းမဖြစ်ထိုက်သူ ရဟန်းမခံကောင်းသူ (၁၃)ယောက်တို့ကို ဖယ်ထား၍ ပဋိသန္ဓေမှ စကာ အသက်နှစ်ဆယ် တင်းတင်းပြည့်ပြီးသော ရှေးက ပါရာဇိက မကျဖူးသေးသော ရဟန်းလောင်းဟူသော ဝတ္ထု ပြည့်စုံရမည်။
(ဆောင်) အသက်မပြည့်၊ ပါရာဇိက၊ အဘဗ္ဗ၊ တေရ ပုဂ္ဂလာ။
၂။ ဉတ္တိသမ္ပတ္တိ
ဉတ်ဒေါသအပြစ် (၅)ပါး လွတ်အောင် ဉတ်ထား၍ ကမ္မဝါဖတ်လျှင် ဉတ်နှင့် ပြည့်စုံ၏၊ ဉတ်ဒေါသ (၅)ပါးမှာ - (၁) ဝတ္ထုကို မသုံးသပ်ခြင်း၊ (၂) သံဃာကို မသုံးသပ်ခြင်း၊ (၃) ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း၊ (၄) ဉတ်ကို မထည့်သွင်းခြင်း၊ (၅)ကမ္မဝါစာကို ရှေ့ထား ဉတ်ကို နောက်ထား၍ ဖတ်ခြင်းဟု ဤ (၅)ပါး မမှန်ကန် လွဲချော်နေလျှင် ဉတ္တိသမ္ပတ္တိ မဖြစ်။ ပြည့်စုံမှန်ကန်မှ ဉတ္တိသမ္ပတ္တိ ဖြစ်လေသည်။
(ဆောင်) ဝတ္ထု, သံဃ, ပုဂ္ဂလ, ဉတ်၊ မသုံးသပ်ဘဲ၊ တရပ် နောက်ဖျား၊ ဉတ်ကို ထား၊ ငါးပါး ဉတ်ဒေါသ။
၃။ သီမာသမ္ပတ္တိ
သိမ်ပျက် (၁၁)လုံး၏ လက္ခဏာတို့မှ လွတ်သော သိမ်, ဝိနည်းစည်းကမ်းဥပဒေနှင့်အညီ မှန်ကန်တိကျစွာ သမုတ်သတ်မှတ်ထားသော သိမ်ဟူ၍ သိမ် (၂)မျိုး ရှိ၏၊ ထိုသိမ် (၂)မျိုး ဖြစ်ခြင်းသည်သာလျှင် သိမ်၏ ပြည့်စုံခြင်း အင်္ဂါ ဖြစ်သည်။
သိမ်ပျက် (၁၁) လုံး
၁။ သုံးယူဇနာထက် ကျယ်သော အလွန်ကြီးသော သိမ်၊
၂။ နှစ်ကျိပ်တစ်ပါး ကံမပြုနိုင် အလွန်ငယ်သော သိမ်၊
၃။ နိမိတ်ကျိုးပျက်သော သိမ်၊
၄။ အရိပ်ကို နိမိတ်လုပ်၍ သမုတ်အပ်သော သိမ်၊
၅။ နိမိတ်ရှစ်မျိုး တစ်မျိုးမျိုး မရှိသော သိမ်၊
၆။ သိမ်၏ ပြင်ပမှနေ၍ သမုတ်အပ်သော သိမ်၊
၇။ ဇာတဿရအိုင်၌ သမုတ်အပ်သော သိမ်၊ (အလိုလျောက် ဖြစ်နေသော အိုင်ကို ဇာတဿရအိုင်ဟု ခေါ်သည်။)
၈။ သမုဒ္ဒရာ၌ သမုတ်အပ်သော သိမ်၊
၉။ မိုးလေးလ ရေစီးသော မြစ်ချောင်း၌ သမုတ်အပ်သော သိမ်၊ ရေသိမ်၊ (မသမုတ်ရဘဲ သိမ်ဖြစ်နေ၍ သမုတ်သောအခါ သိမ်ပျက်ဖြစ်ရသည်)
၁၀။ နိမိတ်ချင်း ထိစပ်ဆက်စပ် သမုတ်အပ်သော သိမ်၊
၁၁။ ကံပြုလောက်အောင် ပထမသိမ်ဟောင်းပေါ်က ထပ်လွှမ်း၍ သမုတ်အပ်သောသိမ်ဟု သိမ်ပျက် (၁၁)လုံး ဖြစ်၏၊
(ဆောင်) ကြီး, ငယ်, ကျိုး, ရိပ်, အနိမိတ်၊ ဗဟိဒ်တည်သမုတ်။
အိုင်, သမုဒ်, မြစ်၊ စပ်, လွှမ်းလစ်၊ ဆယ့်တစ် သိမ်ပျက်ထုတ်။
သိမ် (၂) မျိုး
သိမ်သည် ကမ္မဝါစာဖြင့် သမုတ်အပ်သော ဗဒ္ဓသိမ်၊ ကမ္မဝါစာဖြင့် မသမုတ်ဘဲ အလိုလို သိမ်ဖြစ်နေသော အဗဒ္ဓသိမ်ဟု (၂)မျိုး ရှိသည်။
ဗဒ္ဓသိမ် (၃) မျိုး
၁။ ခဏ္ဍသိမ် - ဂါမနယ်မြေတစ်ခု အတွင်း၌ မြေတစ်ကွက် တစ်နေရာကို ပိုင်းခြားသတ်မှတ် ခွဲခြား၍ ဝိသုံဂါမ သိမ်မိန့်ခံကာ သမုတ်အပ်သော သိမ်ကို ခဏ္ဍသိမ်ဟု ခေါ်သည်။ သိမ်မိန့် မခံဘဲ နယ်သိမ်း၍ သမုတ်သည်လည်း ရှိသည်။
၂။ သမာနသံဝါသသိမ် - သမာနသံဝါသကမ္မဝါစာ ရွတ်ဖတ်၍ သမုတ်အပ်သောသိမ်ကို ခေါ်သည်။
၃။ အဝိပ္ပဝါသသိမ် - အဝိပ္ပဝါသကမ္မဝါစာ ရွတ်ဖတ်၍ သမုတ်အပ်သော သိမ်ကို ခေါ်သည်။ ထိုကမ္မဝါစာ (၂)မျိုးလုံး ရွတ်ဖတ်၍ သမုတ်ထားသည်ကို တွေ့ရသည်။
အဗဒ္ဓသိမ် (၃) မျိုး
၁။ ဂါမသိမ် - ကျေးရွာသူကြီးတစ်ပိုင် အခွန်ကောက်ရသော နယ်မြေတစ်ခုကို ဂါမသိမ်ဟု ခေါ်သည်။ အခွန်ကောက်ရန် အစိုးရမင်းတို့သည် နယ်နိမိတ် သတ်မှတ်ထားကြသည်။ မြို့ကြီးပြကြီးတို့၌ ရပ်ကွက်အလိုက် ပိုင်းခြား သတ်မှတ်ထားသည်ကိုလည်း ဂါမသိမ်ဟု ယူကြသည်။ နဂရသိမ်ဟု ယူသင့်သည်ထင်သည်။
၂။ သတ္တဗ္ဘန္တရသိမ် - နေ့ချင်းပြန် မသွားရောက်နိုင်သော ဝဉ္ဈာတောအုပ်, ရေလယ်ကျွန်းစသည်တို့၌ ထက်ဝန်းကျင် အဗ္ဘန္တရ (၇)ခု (= ၁၉၆ တောင်) မြေအရပ်သည် သတ္တဗ္ဘန္တရသိမ် မည်၏၊
၃။ ဥဒကုက္ခေပသိမ် - မိုးလေးလ ရေမပြတ်အောင် စီးဆင်းသော မြစ်, ချောင်းအတွင်း၌ အားအလယ်အလတ်ရှိသူ ယောက်ျားတစ်ယောက်သည် လွှဲ၍ပစ်အပ်သော ရေတစ်ကျ သဲတစ်ကျ ပတ်လည်အတွင်း အရပ်သည် ဥဒကုက္ခေပသိမ် (ရေသိမ်) မည်၏၊ ထိုသိမ် (၃)လုံးတို့သည် ကမ္မဝါစာ ရွတ်ဖတ်၍ သိမ်သမုတ်ရန် မလိုဘဲ အလိုအလျောက်ပင် သိမ်ဖြစ်သည်။
၄။ ကမ္မဝါစာသမ္ပတ္တိ
ကမ္မဝါစာအပြစ် (၅)ပါး လွတ်အောင် ကမ္မဝါစာဖတ်နိုင်လျှင် ကမ္မဝါစာနှင့် ပြည့်စုံ၏၊ အပြစ် (၅)ပါးမှာ ဝတ္ထု, သံဃာ, ပုဂ္ဂိုလ်ကို မသုံးသပ်ခြင်း၊ (ဝါ) ကမ္မဝါစာ၌ ထည့်သွင်း၍ မဖတ်ခြင်း၊ ကမ္မဝါစာအက္ခရာစာလုံးများ ချွတ်ယွင်း မှားကျန်ကာ ကမ္မဝါစာ ယုတ်လျော့နေခြင်း၊ အခါမဟုတ်သည်၌ ကမ္မဝါဖတ်ခြင်းဟု ငါးပါး ဖြစ်၏၊
(ဆောင်) ဝတ္ထု သံဃ ပုဂ္ဂလ သုံးဝ မသုံးသပ်၊ ကမ္မဝါယုတ်၊ ခါမဟုတ် ရွတ်ထုတ် ပြစ်ငါးရပ်။
၅။ ပရိသာသမ္ပတ္တိ
ကံအောင်ဖို့ရာ သတ်မှတ်ထားသော ရဟန်းအရေအတွက် ပြည့်စုံလာအောင် သိမ်အတွင်းသို့ စည်းဝေးညီညာ ရောက်လာရခြင်း၊ ဥပမာ - ဥပသမ္ပဒ ကံဆောင်ရာတွင် မဇ္ဈိမဒေသ၌ အနည်းဆုံး ရဟန်း (၁၀)ပါး၊ ပစ္စန္တရာဇ် အရပ်၌ အနည်းဆုံး ရဟန်း (၅)ပါး၊ အဗ္ဘာနကံစသည်၌ အနည်းဆုံး ရဟန်း (၂၀) စည်းဝေးရောက်လာရ၏၊ ဆန္ဒပေးထိုက်သူ ဆန္ဒပေးသည်ကို ဆောင်ယူ လျှောက်ထားခြင်း၊ မျက်မှောက်ထင်ရှားရှိသော ရဟန်းတို့က မကန့်ကွက် မတားမြစ်ခြင်း၊ ဤသုံးပါး မပြည့်စုံလျှင် ပရိသတ်ဒေါသ ဖြစ်၏၊ ပြည့်စုံလျှင် ပရိသတ်သမ္ပတ္တိ ဖြစ်၏၊
(ဆောင်) ကံအားလျော်၊ ရဟန်းတော်၊ လာသော် မရှိခြင်း။
မျက်မှောက်ကိုတား၊ ဆန္ဒကား၊ ဆောင်ငြား မရှိခြင်း။
သုံးပါး ပရိ၊ ပြစ်ကင်းဘိ၊ ပရိ ပြည့်စုံခြင်း။
ဤသို့လျှင် သိက္ခာတင် ရဟန်းခံသောအခါ အင်္ဂါ (၅)ပါးနှင့် ပြည့်စုံအောင် အားထုတ်ဆောင်ရွက်ရလေသည်။
သိက္ခာချရာ၌ အင်္ဂါ (၆) ပါး
စိတ်, ခေတ်, ကာလ, ပယောဂ, ပုဂ္ဂလ, ဝိဇာနနဟု အင်္ဂါ (၆)ပါး ရှိသည်။ ရဟန်းအဖြစ်မှ လူထွက်လိုသောသူသည် ဤအင်္ဂါ (၆)ပါး ပြည့်စုံဖို့ အထူး လိုအပ်သည်။ သိက္ခာမချဘဲ လူဝတ်လဲထားသောသူသည် ပါရာဇိက သိက္ခာပုဒ်တွေ လွန်ကျူးပါက ပါရာဇိကကျနိုင်သောကြောင့် သိက္ခာချနည်း (၇၈)နည်း ခေတ်ပုဒ်တွေရှိရာ သုံးနည်း သုံးခါမျှ သိက္ခာချပေးနိုင်လျှင် ပိုကောင်းသည်။
၁။ စိတ် = တကယ်ကို လူထွက်လိုသော စိတ်ရှိပါမှ သိက္ခာကျသည်။ လူထွက်လိုသော စိတ် မရှိဘဲ, သိက္ခာချလိုသောစိတ် မရှိဘဲ ရွတ်ဆိုသိက္ခာချပါက သိက္ခာမကျဟု သိပါ။
၂။ ခေတ် = သိက္ခာချနည်း ပြဆိုထားသော ဗုဒ္ဓံ ပစ္စက္ခာမိ စသော ပစ္စုပ္ပုန်ကာလ ဂိဟီတိ မံ ဓာရေဟိ စသော(ပစ္စုပ္ပုန်ကာလ) “အလံ မေ ဗုဒ္ဓေန” စသော (အနာမဋ္ဌကာလ) တစ်ခုခုသော ခေတ်ပုဒ်ကို ရွတ်ဆိုပြီး သိက္ခာချရသည်။ (၇၈)ပုဒ် ရှိသည်။
၃။ ကာလ = ပစ္စုပ္ပုန်ကာလဟော ခေတ်ပုဒ် (၂၂)ပုဒ်၊ အနာမဋ္ဌကာလ (၅၆)ပုဒ်၊ ပုဒ်ပေါင်း (၇၈)ပုဒ်ဖြင့် ကာလမှန်အောင်ဆို၍ သိက္ခာချ ရသည်။
၄။ ပယောဂ = နှုတ်မြွက်ရွတ်ဆိုခြင်းဟူသော ဝစီပယောဂ - ဗုဒ္ဓံ ပစ္စက္ခာမိ စသည်ဖြင့် ဆိုမှ သိက္ခာကျသည်။ စာရေး၍ ဖြစ်စေ၊ လက်ဟန်ခြေဟန် ပြ၍ဖြစ်စေ သိက္ခာချလျှင် မကျ။
၅။ ပုဂ္ဂလ = သိက္ခာချသူ နားထောင်သူ နှစ်ဦးစလုံး စိတ်မနှံ့ ရူးနေသူ ဘီလူးဖမ်းစား၍ စိတ်ပြန့်လွင့်နေသူ ရောဂါပြင်းစွာ ခံစားနေရသူ မဟုတ်မှ သိက္ခာကျသည်။
၆။ ဝိဇာနန = ဗုဒ္ဓံ ပစ္စက္ခာမိ စသော သိက္ခာပုဒ် ခေတ်ပုဒ်ကို ဆိုပြီးသည်နှင့် တစ်ပြိုင်နက် နားထောင်သူက ဤသူဟာ လူထွက်ပြီးပေါ့ဟု သိနားလည်မှ သိက္ခာကျသည်။
(သတိ) သိက္ခာမကျဘဲ လူဝတ်လဲနေသော ရဟန်းလူထွက်သည် အာပတ်တွေ သင့်၏၊ ကုစား၍ မရကောင်းသော ဂရုကအာပတ်ကြီးများ သင့်လျှင် ထပ်မံ ရဟန်းခံ၍ မရတော့ပြီ။ သတိရှိသင့်ကြသည်။ သံဃာဒိသေသ် အာပတ်သင့်လျှင်လည်း နောင် ရဟန်း ပြန်ဝတ်လျှင် ဝါသ်ဆောက်တည်ကြရမည် ဖြစ်သည်။
(ဆောင်) စိတ်, ခေတ်, ကာလ၊ ပယောဂနှင့်၊ ပုဂ္ဂလ, ဝိဇာ၊ ဤခြောက်ဖြာ၊ သိက္ခာကျကြောင်းတည်း။
သိက္ခာချရာတွင် အင်္ဂါတစ်ပါးဖြစ်သော ခေတ်ပုဒ်များ နားလည်ထားရန် အရေးကြီးသည်။ သိက္ခာချနိုင်သော ခေတ်ပုဒ် (၇၈)ပုဒ် ရှိသည်။
ခေတ်ပုဒ် (၇၈) ပုဒ်
ဗုဒ္ဓံ ပစ္စက္ခာမိ စသော (၁၄) ပုဒ်
ဗုဒ္ဓံ = မြတ်စွာဘုရားရှင်ကို။ ပစ္စက္ခာမိ = စွန့်ပါ၏၊ ထို့အတူ - ဓမ္မံ၊ သံဃံ၊ ဝိနယံ၊ ပါတိမောက္ခံ၊ ဥဒ္ဒေသံ၊ ဥပဇ္ဈာယံ၊ အာစရိယံ၊ သဒ္ဓိဝိဟာရိကံ၊ အန္တေဝါသိကံ၊ သမာနုပဇ္ဈာယကံ၊ သမာနာစရိယကံ (= တူသော ဆရာရှိသူ)ကို။ ပစ္စက္ခာမိ = စွန့်ပါ၏ဟု ပစ္စက္ခာမိနှင့် တွဲ၍ ရွတ်ဆိုရသော ပုဒ်ပေါင်း (၁၄)ပုဒ် ရှိသည်။
မံ ဓာရေဟိ (၈) ပုဒ်
ဂိဟီတိ = လူဟူ၍။ မံ = ဘုရားတပည့်တော်ကို။ ဓာရေဟိ = မှတ်တော်မူပါဘုရားဟု မံ ဓာရေဟိနှင့် တွဲ၍ ဆိုရသော ပုဒ် (၈)ပုဒ် ရှိသည်။ ဥပါသကောတိ၊ အာရာမိကောတိ၊ သာမဏေရောတိ၊ တိတ္ထိယောတိ၊ တိတ္ထိယသာဝကောတိ၊ အသမဏောတိ၊ အသကျပုတ္တိယောတိ မံ ဓာရေဟိ။
မံ = ဘုရား တပည့်တော်ကို။ အသကျပုတ္တိယောတိ = သာကီဝင်မင်းသား ဘုရားသားတော် မဟုတ်ဟူ၍။ ဓာရေဟိ = မှတ်တော်မူပါဘုရား။ စသည်ဖြင့် အနက်ပေး အာရုံပြု ဆိုရသည်။
မြှောက်ပွားပုံ
(က) ဗုဒ္ဓံ ပစ္စက္ခာမိ စသော ၁၄-ပုဒ် (ပစ္စုပ္ပန်ကာလ)
( ခ ) ဂိဟီတိ မံ ဓာရေဟိ စသော ၈-ပုဒ် (ပစ္စုပ္ပန်ကာလ)
( ဂ ) အလံ မေ ဗုဒ္ဓေန၊ ကိံ နု မေ ဗုဒ္ဓေန၊ န မမတ္ထော ဗုဒ္ဓေန၊ သုမုတ္တောဟံ ဗုဒ္ဓေန၊ (အနာမဋ္ဌကာလ) (၄)ဝါကျရှိသည်တွင် -
(က)အမှတ်ပြ ၁၄-ပုဒ်နှင့် (ခ)အမှတ်ပြ ၈-ပုဒ် (၁၄+၈ =၂၂) ပစ္စုပ္ပုန် ကာလဖြင့် သိက္ခာချနိုင်သော ခေတ်ပုဒ် ၂၂-ပုဒ် ရှိသည်။ နောက်တစ်ဖန် (က)အမှတ်ပြ ၁၄-ပုဒ်၌ (ဂ)အမှတ်ပြ ၄-ပုဒ် တွဲစပ်ပြောင်းလဲ၍ ဆိုသွားလျှင် (၁၄_၄ = ၅၆) ခေတ်ပုဒ်ပေါင်း (၅၆)ပုဒ်ရသည်။ စုစုပေါင်း (၂၂+၅၆ = ၇၈) ခေတ်ပုဒ်ပေါင်း (၇၈)ပုဒ် ရှိလေသည်။ အနက်ပေးပုံမှာ -
မေ = တပည့်တော်အား။ ဗုဒ္ဓေန = ဘုရားဖြင့်။ အလံ = မထိုက်တန်ပြီ။ မေ = တပည့်တော်အား။ ဗုဒ္ဓေန = ဘုရားဖြင့်။ ကိံနု = အဘယ်အကျိုးရှိအံ့နည်း။ မမ = တပည့်တော်အား။ ဗုဒ္ဓေန = ဘုရားဖြင့်။ န အတ္ထော = အကျိုး မရှိပြီ။ အဟံ = တပည့်တော်သည်။ ဗုဒ္ဓေန = ဘုရားမှ။ သုမုတ္တော = ကောင်းစွာ လွတ်ပြီ။ ဤသို့ စသည်ဖြင့် (က)အမှတ်ပြ (၁၄)ပုဒ်လုံး အနက် ပေးတတ်ပါစေ။
ဤသို့လျှင် (၇၈)ပုဒ် ရှိသည်တွင် မိမိသဘောကျသော ခေတ်ပုဒ်တစ်ပုဒ်ဖြင့် သိက္ခာချနိုင်သည်။
သိက္ခာချရာ၌ စဉ်းစားဖွယ်
“ဗုဒ္ဓံ ပစ္စက္ခာမိ = ဘုရားကို စွန့်ပါ၏”ဟု ရွတ်ဆိုရာ၌ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်သူသည် များသောအားဖြင့် တကယ်စွန့်သူ့များ မဟုတ်ကြသောကြောင့် သိက္ခာကျမည် မထင်ပါ။ ဓမ္မံ သံဃံ စသည်တို့၌လည်း နည်းတူပင် ယူဆသင့်သည်။ သိက္ခာကျနိုင်ကြောင်းသာ တင်ပြထားခြင်း ဖြစ်သည်။
သေချာသော သိက္ခာချနည်း
ခဏခေတ္တ သင်္ကန်းဝတ်ကြ ရဟန်းခံကြသော ဒုလ္လဘရဟန်းတို့ကို ဖြစ်စေ, အမြဲဝတ်မည်ဟု ကြံစည်ထားသော်လည်း ရဟန်းဘောင်၌ နေလိုသောစိတ် မရှိသော ရဟန်းကိုဖြစ်စေ သိက္ခာချလိုပါသည်ဟု လျှောက်ထားလာပါလျှင် လူထွက်လိုသော စိတ် တကယ်ရှိ, မရှိ စစ်ဆေးပြီးလျှင် “သာမဏေ”ရောတိ မံ ဓာရေဟိ = ဘုရားတပည့်တော်ကို ရှင်သာမဏေ ကိုရင်ကြီး ဟူ၍ မှတ်တော်မူပါ”ဟု (၃)ကြိမ် ဆိုပြီး၍ ကိုရင်ကြီးဟု မှတ်ထင်ပြီလားဟု မေးစိစစ်ပြီးမှ လူဝတ်လဲစေကာ ဒုတိယအကြိမ် “ဂိဟီတိ မံ ဓာရေဟိ = ဘုရားတပည့် တော်ကို လူဒါယကာဟူ၍ မှတ်တော်မူပါဘုရား”ဟု ဆိုစေရမည်။ လူဒါယကာဟု မှတ်ထင်ပြီလားဟု မေးစိစစ်ပြီးမှ တတိယအကြိမ် “ဥပါသကောတိ မံ ဓာရေဟိ = ဘုရားတပည့်တော်ကို ရတနာသုံးပါးအား ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟုဘုရား”ဟု ဆိုစေရမည်။ ထို့နောက် ဥပါသကာသီလ (ငါးပါးသီလ)ကို အကျဉ်း ပေးလိုက ပေးပါ။ မပေးလျှင်လည်း သိက္ခာကျပြီဟု ယူဆနိုင်ပါသည်။ (၃)ကြိမ် (၃)ဆင့် သိက္ခာချခြင်း ဖြစ်သည်။ သိက္ခာမကျလျှင် အာပတ်တွေ သင့်နိုင်၍ အထူးသတိထားစေလိုသောကြောင့် ယခုကဲ့သို့ သိက္ခာချနည်းကို တင်ပြခြင်း ဖြစ်ပါသည်။
ယော ပန ဘိက္ခု
ရဟန်းဟူသော မြန်မာစကားသည် အရဟန္တသဒ္ဒါမှ ရဟန်းဟု ခေါ်လာသည်။ ပါဠိနယ်တွင် ဘိက္ခု ပဗ္ဗဇ္ဇိတ သမဏဟု သုံးနှုန်းထားသည်။ “ဘိက္ခု = ရဟန်း”ဟု ဆိုရာတွင် ---
ဘိက္ခူတိ ဘိက္ခကောတိ ဘိက္ခု၊ ဘိက္ခာစရိယံ အဇ္ဈုပဂတောတိ ဘိက္ခု၊ ဘိန္နပဋဓရောတိ ဘိက္ခု၊ သမညာယ ဘိက္ခု၊ ပဋိညာယ ဘိက္ခု၊ ဧဟိ ဘိက္ခူတိ ဘိက္ခု၊ တီဟိ သရဏဂမနေဟိ ဥပသမ္ပန္နောတိ ဘိက္ခု၊ ဘဒြော ဘိက္ခု၊ သာရော ဘိက္ခု၊ သေခေါ ဘိက္ခု၊ အသေခေါ ဘိက္ခု၊ သမဂ္ဂေန သံဃေန ဉတ္တိစတုတ္ထေန ကမ္မေန အကုပ္ပေန ဌာနာရဟေန ဥပသမ္ပန္နောတိ ဘိက္ခု၊ တတြ ယွာယံ ဘိက္ခု သမဂ္ဂေန သံဃေန ဉတ္တိစတုတ္ထေန ကမ္မေန အကုပ္ပေန ဌာနာရဟေန ဥပသမ္ပန္နော၊ အယံ ဣမသ္မံ အတ္ထေ အဓိပ္ပေတော ဘိက္ခူတိ။ ပါရာဇိကဏ်ပါဠိတော်(၂၈။)
ရဟန်းဟု ခေါ်ဆိုရခြင်း (၁၂) ပါး
ရဟန်းဟူသည် ---
၁။ (အရိယာသူတော်ကောင်းတို့၏ တောင်းခြင်းဖြင့်) တောင်းတတ်သောကြောင့် ရဟန်း၊
၂။ ဆွမ်းခံခြင်းအကျင့်သို့ ကပ်ရောက်တတ်သောကြောင့် ရဟန်း၊
၃။ ဆုတ်ဖြတ်ကွဲပြတ်ပြီးသော အဝတ်ကို ဝတ်ရုံတတ်သောကြောင့် ရဟန်း၊
၄။ ရဟန်းဟု သမုတ်ခြင်းကြောင့် ရဟန်း၊
၅။ ရဟန်းဟု ဝန်ခံခြင်းကြောင့် ရဟန်း၊
၆။ “ဧဟိ ဘိက္ခု” (= ရဟန်းလာလော့)ဟူသော ဘုရားရှင်၏စကားတော်ဖြင့် ဖြစ်သောကြောင့် ရဟန်း၊
၇။ သရဏဂုံသုံးပါးတို့ဖြင့် ပဉ္စင်းဖြစ်သောကြောင့် ရဟန်း၊
၈။ ကောင်းသော (သီလစသည်နှင့် ပြည့်စုံသော)ကြောင့် ရဟန်း၊
၉။ (သီလစသော) အနှစ်သာရ ရှိသောကြောင့် ရဟန်း၊
၁၀။ (သိက္ခာ)ကို ကျင့်ဆဲ ဖြစ်သောကြောင့် ရဟန်း၊
၁၁။ (သိက္ခာ)ကို ကျင့်ပြီးဖြစ်သောကြောင့် ရဟန်း၊
၁၂။ ညီညွတ်သော သံဃာသည် (သိမ်ထဲ၌) သိစေခြင်း ဉတ်လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာ ပဉ္စင်းဖြစ်အပ်သောကြောင့် ရဟန်းမည်၏၊ ထို (၁၂)မျိုးသော ရဟန်းတို့တွင် နောက်ဆုံး (၁၂)နံပါတ်ကို ဤ (ပါရာဇိက)အရာ၌ ရဟန်းဟူ၍ အလိုရှိအပ်၏၊
ရဟန်းဟု ခေါ်တွင်လာပုံ
မြန်မာပြည်၌ ပုဂံပြည် အနော်ရထာမင်းလက်ထက်တွင် သုဝဏ္ဏဘူမိ သထုံပြည်မှ ကြွလာသော အရှင်အရဟံကို အစပြု၍ နောက်နောင် သာသနာဘောင်သို့ ဝင်ရောက်လာသော ပုဂ္ဂိုလ်များကို “အရဟံ = ရဟံ = ရဟန်း”ဟု အဆင့်ဆင့် အသံပြောင်းကာ ခေါ်လာခဲ့ကြသည်။ အရှင်အရဟံကိုလည်း အရဟန္တပုဒ်ကို စွဲ၍ အရဟံဟု ခေါ်တွင်လာဟန် တူသည်။
(ပါတိမောက်ဘာသာဋီကာ၊၃၂၅။)
ဥုးပဉ္စင်း ခေါ်တွင်ပုံ
ဤရဟန်းတော်များကို ဥပသမ္ပန္နပုဒ်သို့ လိုက်၍ သီဟိုဠ်၌ ဥပသမ် (သီဟိုဠ်သံဖြင့် ဥပစမ်း)ဟု ခေါ်၏၊ ထိုဥပစမ်းကို လိုက်၍ မြန်မာတို့က ဥပစင်းဟု ခေါ်ခဲ့ရာ ကာလကြာသဖြင့် ဦးပစင်း = ဦးပဉ္စင်းဟု ခေါ်ဝေါ်ရေးသားကြသည်။ (ပါတိမောက်ဘာသာဋီကာ၊၃၂၅။)
ကိုရင်, ဦးဇင်း, ဘုန်းကြီး, ဆရာတော်ဟူသော မြန်မာအသုံးအနှုန်းများကိုလည်း စဉ်းစားကြံစည်ကြပါလေ။
မေထုန၌ မေထုန် ခေါ်ပုံနှင့် မေထုနဝတ္ထု (၅) မျိုး
မိထုနာနံ အယံ မေထုနော။ မိထုနာနံ = အချင်းချင်းတို့၏၊ အယံ = ဥစ္စာတည်း, ကိစ္စတည်း။ မေထုနော = အချင်းချင်းတို့၏ ဥစ္စာ။
ထိုကိစ္စကို ပြုရာ၌ များသောအားဖြင့် မိန်းမ ယောက်ျားနှစ်ဦးလုံးပင် ရာဂထကြွမှုခြင်း တူကြ၏၊ အတူတူနှင့် အနူနူ ဖြစ်ကြသူ နှစ်ဦးတို့၏ ကိစ္စကို မေထုန်ဟု ခေါ်သည်။
လူမျိုး, နတ်မျိုး, ဘီလူးမျိုး, ပြိတ္တာမျိုး, တိရစ္ဆာန်မျိုးဟု မေထုန်မှုမြောက်ထိုက်သော မေထုနဝတ္ထု (၅)မျိုး ဖြစ်၏၊
ပုဂ္ဂိုလ်အပြား (၁၂) ပါးနှင့် မဂ်လမ်းကြောင်း (၃) ပါး
အမ, အထီး, ဥဘတောဗျည်း, ပဏ္ဍုက်ဟု ပုဂ္ဂိုလ် (၄)မျိုးတွင် လူ, နတ်, တိရစ္ဆာန်ဟု (၃)မျိုးစီပြားရကား ပုဂ္ဂိုလ် (၁၂)ယောက် ဖြစ်၏၊ ဘီလူးနှင့် ပြိတ္တာတို့ကို နတ်၌ သွင်းယူပါ။
၁။ ကျင်ကြီးလမ်းကြောင်းပေါက်၊
၂။ ကျင်ငယ်လမ်းကြောင်းပေါက်၊
၃။ ခံတွင်းလမ်းကြောင်းပေါက်ဟူ၍ မဂ်လမ်းကြောင်း (၃)ပါး ရှိ၏၊
ပါရာဇိကကျကြောင်း မဂ် (၃၀)
လူမ, နတ်မ, တိရစ္ဆာန်မ သုံးယောက်၌ ဝစ္စမဂ်, ပဿာဝမဂ်, မုခမဂ် (၃)ခုစီရှိ၍ (၉)မဂ် ဖြစ်၏၊ ဥဘတောဗျည်း (၃) ယောက်၌လည်း ထို့အတူ (၉)မဂ် ဖြစ်၏၊ လူထီး, နတ်ထီး, တိရစ္ဆာန်ထီးတို့၌ ဝစ္စမဂ်နှင့် မုခမဂ် (၂)ခုစီ ရ၍ (၆)မဂ် ရ၏၊ ပဏ္ဍုက် (၃)ယောက်တို့၌လည်း ထို့အတူ (၆)မဂ် ရ၏၊ (၉+၉+၆+၆)ဖြစ်၍ ပေါင်းသော် မဂ် (၃၀) ဖြစ်၏၊
(ဆောင်) လူ နတ် စ္ဆာန်မ၊ သုံးမဂ်ရ၊ ပေါင်းက (၉)မဂ်ဖြစ်။ ဥဘတောဗျည်း၊ သုံးယောက်လည်း၊ ထိုနည်း ကိုးမဂ်ဖြစ်။ ထီး၊ ပဏ် သုံးစီ၊ မဂ်နှစ်လီ၊ မြှောက်သည် ဆယ့်နှစ်ဖြစ်။ ကိုး ကိုး ဆယ့်နှစ်၊ ပေါင်းတုံလစ်၊ မဂ်ပေါင်း သုံးဆယ်ဖြစ်။
အာပတ်ပိုင်းခြားပုံ
ဖော်ပြပါ မဂ်သုံးဆယ်၌ - သေ၍ အင်္ဂါဇာတ်ထက်ဝက်ထိ ခွေး မစားရသေးသော အသေကောင်၌ မှီဝဲလျှင်ပင် ပါရာဇိက ကျ၏၊ အသက်ရှင်စဉ်၌ကား ပါရာဇိက ကျနိုင်တော့သည်သာ။ ထက်ဝက်, ထက်ဝက်ကျော်ကျော် ခွေးစားထားသော အသေကောင်၌ မှီဝဲလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏၊ အလုံးစုံ ပုပ်၍ ပျက်စီးနေသော အင်္ဂါဇာတ်နေရာ၌ ဖြစ်စေ, အရိုးစု၌ ဖြစ်စေ မှီဝဲလျှင် ဒုက္ကဋ်အာပတ် သင့်၏၊
(ဆောင်) ထက်ဝက်မပျက်၊ စပ်ယှက်ပါရာ၊ ထက်ဝက်ပျက်က၊ ထုလ္လစ္စယာ။
လုံးစုံပုပ်ပွ၊ ဖြစ်ထကောင်မှာ၊ မှီဝဲလတ်၊ ဒုက္ကဋ်အာပတ်သာ။
မိန်းမ၏ ပေါင်ကြား လက်ကတီးကြား လက်ချောင်းကြား ချက် ဝမ်းပြင် နားပေါက် ဆံထုံးတို့၌ မှီဝဲလျှင် သံဃာဒိသေသ် အာပတ်သင့်၏၊ လူယောက်ျားတို့၏ အသက်ရှင်ဆဲ ကိုယ်၌ မျက်လုံးပေါက် နားပေါက် နှာခေါင်းပေါက်တို့၌ မှီဝဲလျှင် ထုလ္လစ္စဉ်းအာပတ်၊ ပေါင်ကြား လက်ကတီးကြား စသည် တို့၌ မှီဝဲလျှင် ဒုက္ကဋ်အာပတ် သင့်၏၊ (ဘာသာဋီကာ၊ ၄၃၃။)
မိမိမဂ်အတွင်းသို့ သူတစ်ပါးက အတင်းအကြပ် မှီဝဲလာလျှင် သာယာမိက ပါရာဇိကအာပတ်သင့်၏၊ အိပ်ပျော်နေ၍ မသိလိုက်သူ, ရူးနေသူ, စိတ်ပျံ့လွင့်နေသူ, ဝေဒနာအနှိပ်စက်ခံနေရသူ၌ အနာပတ္တိ အာပတ်မသင့်။