အာပတ် (၇) ပုံ

မြတ်စွာဘုရားရှင်သည် ပညတ်တော်မူအပ်သော ဝိနည်းဒေသနာတော်လာ သိက္ခာပုဒ် ကုဋေကိုးထောင်ကျော်တို့ကို ကျူးလွန်၍ ခြောက်ပါးသော အကြောင်းကြောင့် သင့်ရောက်သော အာပတ်တို့မှာ --

၁။ ပါရာဇိကအာပတ်
၂။ သံဃာဒိသေသ်အာပတ်
၃။ ထုလ္လစ္စဉ်းအာပတ်
၄။ ပါစိတ်အာပတ်
၅။ ပါဋိဒေသနီအာပတ်
၆။ ဒုက္ကဋ်အာပတ်
၇။ ဒုဗ္ဘာသီအာပတ်ဟု (၇)မျိုး ဖြစ်သည်။

အာပတ်သင့်ခြင်းအကြောင်း (၆) ပါး

၁။ အလဇ္ဇိတာ = အရှက်မရှိခြင်း၊
၂။ အညာဏတာ = မသိတတ်ခြင်း၊
၃။ ကုက္ကုစ္စပကတတ္တာ = အပ်သလော မအပ်သလောဟု ကုက္ကုစ္စ နှိပ်စက်ခြင်း၊
၄။ အကပ္ပိယေ ကပ္ပိယသညိတာ = မအပ်သော အရာ၌ အပ်၏ဟု ထင်မှတ်ခြင်း၊
၅။ ကပ္ပိယေ အကပ္ပိယသညိတာ = အပ်သော အရာဌာ၌ မအပ်ဟု ထင်မှတ်ခြင်း၊
၆။ သတိသမ္မောသာ = သတိကင်းလွတ် မေ့လျော့ခြင်းဟု - အာပတ် (၇)ပုံ သင့်ရခြင်း၏ အကြောင်း (၆)ပါးကို အထူးသတိထား မှတ်သားသင့်၏၊

(ဆောင်) အလဇ်-အညာ, ကုက္ကုစ္စာနှင့်, အကပ္ပာထည့်, နောက်ကပ္ပိတည်း, သတိမောသတ်, ဤခြောက်ရပ်, အာပတ်သင့်ကြောင်းတည်း။

(ပါတိမောက်ဘာသာဋီကာ)

ပါရာဇိကအဓိပ္ပာယ် (၃) မျိုး

၁။ ပရာဇိယတီတိ ပါရာဇိကော (ပုဂ္ဂလော) - သာသနာတော်ထမ်း ရဟန်းအဖြစ်မှ ဆုံးရှုံးစေတတ်သူကို ရစေ။
၂။ ပရာဇေတီတိ ပါရာဇိကံ (သိက္ခာပဒံ) - ဝီတိက္ကမရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော သိက္ခာပုဒ်ကို ရစေ။
၃။ အဇ္ဈာစာရဘိက္ခုံ ပရာဇေတီတိ ပါရာဇိကာ (အာပတ္တိ) - လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော အာပတ်ကို ရစေ။

ထို (၃)မျိုးတို့တွင် ပုဂ္ဂိုလ်သည် ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးစေခြင်းဟူသော အကြောင်းကြောင့် ရဟန်းအဖြစ်ဟု ဆိုအပ်သော သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ရကား ပုဂ္ဂိုလ်ကို ပါရာဇိကဟု ခေါ်သည်။ သိက္ခာပုဒ်ကို လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် သိက္ခာပုဒ်ကို ပါရာဇိကဟု ခေါ်သည်။ ပါရာဇိကအာပတ်သို့ ရောက်သော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် အာပတ်ကိုလည်း ပါရာဇိက ခေါ်သည်။

ရဟန်းတော်တို့၏ အသက် ပါရာဇိက (၂၄) ပါး

ဝိနီတဝတ္ထုစသော ထိုထို ဝိဘင်းပါဠိတော်တို့၌လာသော အလုံးစုံသော ပါရာဇိကတို့ကို ပေါင်းသော် ပါရာဇိက ၂၄-ပါး ဖြစ်၏၊

(က) ဘိက္ခုပါရာဇိက၌လာသော ပါရာဇိက ၄-ပါး၊
( ခ ) ဘိက္ခုနီ အသာဓာရဏပါရာဇိက ၄-ပါး၊
( ဂ ) ပဏ္ဍုက်စသော အဘဗ္ဗပုဂ္ဂိုလ် ၁၁-ယောက်၊ ပါရာဇိက ၁၁-ပါး၊
(ဃ) လူထွက်သော လူဝတ်လဲသော ဘိက္ခုနီမ ပါရာဇိက ၁-ပါး၊
( င ) လိင်ရှည်၍ မိမိအင်္ဂါဇာတ်ကို ခံတွင်းသို့ဖြစ်စေ, ဝစ္စမဂ်သို့ဖြစ်စေ သွင်းသော ပါရာဇိက ၁-ပါး၊
( စ ) ကျောက်ကုန်းနူးညံ့၍ မိမိအင်္ဂါဇာတ်ကို ခံတွင်းဖြင့် စုပ်သော ပါရာဇိက ၁-ပါး၊
(ဆ) သူတစ်ပါးအင်္ဂါဇာတ်ကို ခံတွင်းဖြင့် စုပ်သော ပါရာဇိက ၁-ပါး၊
( ဇ ) သူတစ်ပါးအင်္ဂါဇာတ်ပေါ်မှာ မိမိဝစ္စမဂ်ဖြင့် ဖိထိုင်သော ပါရာဇိက ၁-ပါး၊
စုစုပေါင်း ပါရာဇိက (၂၄)ပါးဖြစ်သည်။
နောက်ဆုံး (၄)ပါးကို အနုလောမပါရာဇိကဟု ခေါ်သည်။

(ဆောင်) ရှစ်ပါး ပါရာ၊ ဘဗ္ဗာ ဆယ့်တစ်၊ လူဝတ်သည့် နီ၊ လိင်ရှည် ကျောက်နူ၊ (လမ္ဗီ မုဒု)၊ စုပ်မှု ထိုင်ကာ၊ ပြုတုံပါ၊ ပါရာ နှစ်ဆယ့်လေး။ နောက်ဆုံး လေးမှာ၊ နုလောမာ၊ ပါရာ မှတ်ကုန်သေး။

အဘဗ္ဗပုဂ္ဂိုလ် (၁၁) ယောက်

၁။ ပဏ္ဍုက် = ရဟန်းမပြုကောင်းသော ပဏ္ဍုက်။
၂။ ထေယျသံဝါသက = အသွင်အပေါင်းအဖော် ခိုးသူ။
၃။ တိတ္ထိယပက္ကန္တက = အယူမတူသော တိတ္ထိတို့ဘောင် ကူးပြောင်းသွားသူ၊ တခြားဘာသာပြောင်းသူ။
၄။ တိရစ္ဆာန် = ရဟန်းမခံဖို့ရန် ပယ်ရှားထားသော တိရစ္ဆာန်။
၅။ မာတုဃာတက = အမိကို သတ်သောသူ။
၆။ ပိတုဃာတက = အဖကို သတ်သောသူ။
၇။ အရဟန္တဃာတက = ကိလေသာကင်းကွာ လူဇာတ်ရဟန္တာကို သတ်သောသူ။
၈။ လောဟိတုပ္ပါဒက = ဘုရားရှင်ကို သွေးစိမ်းတည်အောင် သွေးထွက်သံယိုဖြစ်အောင် လုပ်သူ။ (ဘုရားရုပ်တု ရိုက်ချိုးသူများ၊ ဗောဓိပင် ခုတ်လှဲသူများ အလားတူ၏၊)
၉။ သံဃဘေဒက = သံဃာအချင်းချင်း အသင်းကွဲအောင် သိမ်တစ်ခုတည်း၌ ကံခွဲဆောင်ရန် အားထုတ်သူ။
၁၀။ ဘိက္ခုနီဒူသက = ဘိက္ခုနီမကို မေထုန်ကျူးလွန်၍ ဖျက်ဆီးသူ။
၁၁။ ဥဘတောဗျည်း = မိန်းမ ယောက်ျား နိမိတ်နှစ်ခု ပါရှိသူ။

(ဆောင်) ပဏ်, ထေ, ပက်, ဆန်၊ ပဉ္စန္နံ၊ ဒူသံ, ဥဘောပါ၊
ဆယ့်တစ်ယောက်ပင်၊ ရဟန်း ရှင်၊ ပြုလျှင် မအပ်ပါ။
ထို့ကြောင့်သာပ၊ အဘဗ္ဗ၊ ခေါ်ရလေသည်သာ။

ပဏ္ဍုက် (၅) မျိုး

၁။ အာသိတ္တကပဏ္ဍုက် - အာသဉ္စီယတေတိ အာသိတ္တံ၊ အာသိတ္တံ ယဿ အတ္ထီတိ အာသိတ္တကော။ ပန်းစုပ်ကုလားများကဲ့သို့ သူတစ်ပါးတို့၏ သုက်သွေးကို ပါးစပ်၌ သွန်းလောင်းအပ်သည့်အခါ (ဝါ) စုပ်သည့်အခါ (မေထုနသံဝါသ ပြုရသလို) ကိလေသာအပူငြိမ်းသော ပဏ္ဍုက်ကို အာသိတ္တကပဏ္ဍုက်ဟု ခေါ်သည်။
၂။ ဥဿူယပဏ္ဍုက် - ဥဿူယတီတိ ဥဿူယော။ သူတစ်ပါးတို့ မေထုနသံဝါသပြုနေသည်ကို ချောင်းမြောင်းကြည့်ရှုရလျှင် ကိလေသာအပူ ငြိမ်းသော ပဏ္ဍုက်ကို ဥဿူယပဏ္ဍုက်ဟု ခေါ်သည်။
၃။ ဩပက္ကမိကပဏ္ဍုက် - ဥပက္ကမေန နိဗ္ဗတ္တံ ဩပက္ကမိကံ။ လုံ့လဖြင့်ထုတ်အပ်သော ဝှေးစေ့ရှိသောသူတည်း။ နန်းတော်တွင်း၌ မိန်းမဆောင်ကို အုပ်ထိန်းရသော အမတ်များကဲ့သို့ တမင်ထုတ်ပစ်အပ်သော ဝှေးစေ့ရှိသူကို (ဝါ) ဝှေးစေ့အထုတ်ခံရသူကို ဩပက္ကမိကပဏ္ဍုက်ဟု ခေါ်သည်။
၄။ ပက္ခပဏ္ဍုက် - လဆန်းပက္ခ၌ဖြစ်စေ, လဆုတ်ပက္ခ၌ဖြစ်စေ တစ်ပက္ခ တစ်ပက္ခ၌ ကာမစိတ်ဓာတ် အထူးထကြွလျက် သံဝါသပြုရမှ ကျေနပ်သူကို ပက္ခပဏ္ဍုက်ဟု ခေါ်သည်။
၅။ နပုံသကပဏ္ဍုက် - မိန်းမအင်္ဂါဇာတ်, ယောက်ျားအင်္ဂါဇာတ် နှစ်မျိုးစလုံးပင် အထင်အရှားမပါရှိသူကို နပုံသကပဏ္ဍုက်ဟု ခေါ်သည်။

(ဆောင်) အာ-ဥ-ဩ-ပက်၊ နပုံးစွက်၊ မှတ်ချက် ပဏ္ဍုက် ငါး။
ရဟန်းပြုကောင်း မပြုကောင်း ပဏ္ဍုက်အခွဲ

အာသိတ္တကပဏ္ဍုက်နှင့် ဥဿူယပဏ္ဍုက်တို့သည် ရဟန်းပြုကောင်းကြ၍ ဩပက္ကမိကပဏ္ဍုက်နှင့် နပုံသကပဏ္ဍုက်တို့ကား ရဟန်းမပြုကောင်းကြကုန်၊ ပက္ခပဏ္ဍုက်သည်ကား ပဏ္ဍုက်ဖြစ်သော ပက္ခ၌သာ ရဟန်းမပြုရ၊ ပဏ္ဍုက်မဖြစ်သော ပက္ခ၌ကား ရဟန်းပြုနိုင်ကြသည်။ ရဟန်းပြုကောင်းသည်ဟု သိပါ။

(ဆောင်) အာ-ဥ-ဘဗ္ဗ၊ ဩနှင့် န၊ မှတ်ကြ အဘဗ္ဗာ။
ပဏ်ဖြစ် ပက္ခ၊ အဘဗ္ဗ၊ ကြွင်းထ ဘဗ္ဗသာ။

ထေယျသံဝါသကနှင့် စပ်၍ ထေနက (၃) မျိုး

အသွင်ကို ခိုးသော လိင်္ဂထေနက, ပေါင်းဖော်ခြင်းကို ခိုးသော သံဝါသထေနက, အသွင်နှင့် အပေါင်းအဖော် နှစ်ပါးစလုံးကို ခိုးသော ဥဘယထေနကဟု ထေနက (၃)မျိုးတို့ကို ပိုင်းခြား မှတ်သားသင့်သည်။

၁။ လိင်္ဂထေနက = ဆရာဥပဇ္ဈယ် မရှိဘဲ မိမိအလိုလို ကိုယ့်ဘာသာ သင်္ကန်းဝတ်၍ ရဟန်းဝါ ရှင်ဝါကိုလည်း မရေတွက်၊ ရဟန်း သာမဏေတို့၏ ရှိခိုးခြင်းကိုလည်း မသာယာ၊ ကံကြီး ကံငယ်ပြုရာ၌လည်း မပါဝင်သော သူသည် မစင်ကြယ်သော စိတ်ရှိသဖြင့် ရဟန်းအသွင် ရှင်အသွင်မျှလောက်ကိုသာ ခိုးခြင်းကြောင့် လိင်္ဂထေနက မည်၏၊

(မှတ်ချက်) မင်းဘေး ခိုးသူဘေး သူပုန်ဘေးစသည်တို့ကြောင့် မိမိကိုယ်တိုင် ကိုယ့်ဘာသာ သင်္ကန်းဝတ်၍ ရဟန်းယောင်ဆောင်သော်လည်း ရဟန်းဝါ ရေတွက်ခြင်း စသည်မပြုသော် လိင်္ဂထေနက မဖြစ်။

၂။ သံဝါသထေနက = ရှင်သာမဏေဖြစ်ပြီးသူသည် မိမိကို မသိကြသော တခြားအရပ်တစ်ပါးသို့ ရောက်သောအခါ ရဟန်း မဟုတ်ဘဲ ရဟန်းဝါ ရေတွက်ခြင်း, ဝါငယ်သော သာမဏေတို့၏ ရှိခိုးခြင်းကိုသာယာခြင်း, ဥပသမ္ပဒကံ ဥပုသ်ကံ စသည်တို့၌ ပါဝင်ခြင်းစသော အမှုကိုပြုအံ့၊ ထို သာမဏေသည် အပေါင်းအဖော်မျှသာ ခိုးသောကြောင့် သံဝါသထေနက မည်၏၊

၃။ ဥဘယထေနက = အကြင်သူသည် ဆရာဥပဇ္ဈာယ် မပါဘဲ မိမိဘာသာ သင်္ကန်းဝတ်၏၊ ရဟန်းဝါ ရေတွက်ခြင်း ကံကြီး ကံငယ်တို့၌ ပါဝင်ခြင်း စသည်ကိုလည်း ပြု၏၊ ထိုသူသည် အသွင်နှင့် ပေါင်းဖော်ခြင်း နှစ်ပါးစုံကို ခိုးခြင်းကြောင့် ဥဘယထေနက မည်၏၊

(ဆောင်) လိင်္ဂ, သံဝါသ၊ ဥဘယ၊ သုံးဝ ထေနကာ။ ကိုယ်တိုင်သင်္ကန်း၊ ဝတ်ဆင်မြန်း၍၊ ရဟန်းအသွင်၊ ခိုးတုံလျှင်၊ သူပင် လိင်္ဂသာ။ သာမဏေပင်၊ ရဟန်းဝန်ခံ၊ ပေါင်းဖော်ပြန်၊ ဆိုရန် သံဝါသာ။ နှစ်ပါးစုံ ခိုး၊ ထိုသူမျိုး၊ ခေါ်ရိုး ဥဘယာ။

ရှင်သာမဏေများ သတိထားဖွယ်

သာမဏေစစ်စစ် ဖြစ်ပြီးသော သူသည် လူထွက်လို၍(ဓာတ်ပုံ စသည် ရိုက်လို၍) အတွင်း၌ သင်္ကန်းခံထားသည်ဖြစ်စေ, ခံမထားသည်ဖြစ်စေ လူတို့၏ အဝတ်အထည်ကို လူတို့ဝတ်သောနည်းဖြင့် ဝတ်၍ ငါ၏ လူ့အသွင်သည် တင့်တယ်လေသလော, မတင့်တယ်လေသလောဟု စုံစမ်းရုံ စုံစမ်းအံ့၊ လိင်္ဂထေနက မဖြစ်သေး၊ ငါ၏ လူ့အသွင်သည် တင့်တယ်၏ဟု လူအဖြစ်ကို သဘောကျကျေနပ်ပြီးမှ တစ်ဖန် သာမဏေဝတ်နည်းအတိုင်း သင်္ကန်းကို ပြန်ဝတ်အံ့၊ လိင်္ဂထေနက ဖြစ်၏၊ ယခုခေတ် လူဝတ်ဖြင့် ဓာတ်ပုံရိုက်ကြသော သာမဏေတို့ အထူးသတိထားသင့်သည်။

လိင်္ဂထေနက နောက်တစ်နည်း

သာမဏေဖြစ်ပြီးသူသည် သင်္ကန်းကို ပြန်ဝတ်ဦးမည်ဟု သင်္ကန်း၌ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ သင်္ကန်းကို ချွတ်ပယ်ကာ တခြားအဝတ်ကို ဝတ်၍ ဖြစ်စေ မဝတ်ဘဲဖြစ်စေ မေထုန်မှီဝဲပြီးနောက် မိမိဘာသာ သင်္ကန်းပြန်ဝတ်အံ့၊ သင်္ကန်း၌ ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ ဆရာဥပဇ္ဈာယ်ရဟန်းသည် ပေးအပ်သောအသွင်ကို မစွန့်သောကြောင့် လိင်္ဂထေနက မဖြစ်၊ လိင်ကျသည်။ သီလပြန်ယူ ဥပဇ္ဈယ်ပြန်ယူ ရှင်သာမဏေဖြစ်နိုင်၏၊ သင်္ကန်း၌ ငဲ့ကွက်ခြင်း မရှိဘဲ မေထုန်မှီဝဲပြီးနောက် ယခင်အတိုင်း မိမိဘာသာ သင်္ကန်းပြန်ဝတ်က လိင်္ဂထေနက ဖြစ်၏၊ ရှင်အဖြစ် နေခွင့်မရ၊ ရဟန်းခံခွင့် မရတော့။

ရဟန်းကျိုးထက် ရှင်ကျိုးခက်

လိင်္ဂထေနက (= လိင်ခိုးသူ)အား နောင်သာမဏေဖြစ်ခွင့် မရတော့ပေ။ ရှင်ပါရာဇိကဟု ခေါ်သည်။ ရဟန်းများ ပါရာဇိကကျလျှင် ကိုရင်ကြီးဘဝ ရှင်သာမဏေ အဖြစ်နေလျှင် နေခွင့်ရသေး၏၊ ရှင်သာမဏေလိင်္ဂထေနက ဖြစ်က ရှင်သာမဏေအဖြစ်ပင် နေခွင့်မရတော့ချေ။ ထို့ကြောင့် ရှေးဆရာတို့ သည် “ရဟန်းကျိုးထက် ရှင်ကျိုးခက်သည်”ဟု မိန့်ဆိုတော်မူကြသည်။ ရှင်သာမဏေတို့ အထူးသတိထားသင့်သော အချက်ဖြစ်၏၊

ထေယျသံဝါသကနှင့် တိတ္ထိယပက္ကန္တက အထူး

သာသနာဝန်ထမ်း ရဟန်းဖြစ်ပါလျက် တိတ္ထိတို့၏ အယူဝါဒကို နှစ်သက်၍ တိတ္ထိဘောင် (တိတ္ထိအဖြစ်)သို့ ပြောင်းရွှေ့ကာ တိတ္ထိတို့၏ အဝတ်ကို ဝတ်နေသူ, တိတ္ထိတို့၏ အဝတ်ကို မဝတ်ဘဲနေသူကို တိတ္ထိယပက္ကန္တကဟု ခေါ်သည်။

ထေယျသံဝါသကသည် လူနှင့် သာမဏေများ၌သာ ဖြစ်ခွင့်ရှိ၏၊ တိတ္ထိယပက္ကန္တကား ရဟန်းများ၌သာ ဖြစ်ခွင့်ရှိသည်။ ဤသို့ အထူးကို သိပါ။

တိရစ္ဆာန်နှင့် စပ်၍ ရှေ့၌ ရေးခဲ့ပြီး၊ အပါယ်လေးပါး၌ ပြန်ကြည့်ပါ။ ဤ၌ ရဟန်းမခံဖို့ရန် ပယ်ရှားထားသော လူယောင်ဆောင်တတ်သော နဂါး, ဂဠုန်, နတ်, သိကြားတို့ကိုပါ တိရစ္ဆာန်အရ ယူပါ။

သံဃဘေဒက ဗဟုသုတ

သံဃာသင်းကွဲအောင်ပြုသည်ဆိုရာတွင် သိမ်တစ်ခုတည်း၌ (ဂါမသိမ် သတ္တဗ္ဘန္တရသိမ် ဥဒကုက္ခေပသိမ်)တစ်ခုခု အတွင်း၌ ရဟန်းသံဃာတော်များ အချင်းချင်း အတူတကွ ကံမပြုဘဲ ဥပုသ်ပဝါရဏာ စသည် မပြုဘဲ သူ့ဘက် ငါ့ဘက် နှစ်ဘက်ခွဲ၍ တစ်ပြိုင်နက် ကံပြုအောင် အားထုတ်စီမံ၍ အထမြောက်လျှင် ထိုကဲ့သို့ ကွဲပြားအောင် စီမံသော ပုဂ္ဂိုလ်မှာ သံဃဘေဒကကံ ထိုက်၏၊

ဘိက္ခုပါရာဇိက (၄) ပါးသာ ဟောခြင်း

ဘိက္ခုနီပါရာဇိက (၅)ပါးသည် ရဟန်းမိန်းမများနှင့်သာ ဆက်ဆံ၍ ဘိက္ခနီပါတိမောက်၌ ဖွင့်ဆိုလတ္တံ့ ဖြစ်သည်။ အဘဗ္ဗပုဂ္ဂိုလ် (၁၁)ယောက်တို့သည် ရဟန်းပြုခွင့် မရ၍ သာသနာတော်မှ ဆုံးရှုံးရသောကြောင့် ပါရာဇိက ဟု ဆိုရသည်။ ဘိက္ခုနီဒူသကနှင့် နောက်ဆုံးပါရာဇိက (၄)ပါး (= အနုလောမ ပါရာဇိက ၄-ပါး)တို့ကို ပထမပါရာဇိက၌ သွင်းယူသင့်ကုန်၏၊ မာတုဃာတက စသော သုံးယောက်တို့ကို တတိယပါရာဇိက၌ သွင်းယူသင့်ကုန်၏၊ ထိုသို့ ယူသင့်သော်လည်း ကံကြိယာထူးသည်၏ အဖြစ်ကြောင့် အသီးအခြား ယူရသည်။