ဝိနည်းပဒေသာသင်တန်း/သပ္ပါဏကဝဂ်လာ သိက္ခာပုဒ်များ

3320ဝိနည်းပဒေသာသင်တန်းသပ္ပါဏကဝဂ်လာ သိက္ခာပုဒ်များဘဒ္ဒန္တကောဝိဒါဘိဝံသ သာသနာ့လင်းရောင်ကြည် (ပဲခူး)

သပ္ပါဏကဝဂ်လာ သိက္ခာပုဒ်များ အကျဉ်းချုပ်

၁။ သတ္တဝါဟု သိသော အမှတ်သညာနှင့်တကွ စေ့ဆော်၍ တိရစ္ဆာန် သတ္တဝါကို အသက်မှခွဲခြင်း, ချခြင်း, သတ်ခြင်းကြောင့် သဉ္စိစ္စပါဏပါစိတ်။

၂။ ပိုးကောင်ရှိသော ရေဟု သိလျက် ပိုးကောင်ရှိသောရေကို သုံးစွဲခြင်းကြောင့် သပ္ပါဏကပါစိတ်။

၃။ တရားသဖြင့် ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းဟု သိလျက် တရားနည်းလမ်းအတိုင်း ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းကို ထပ်မံ၍ ကံပြုဖို့ရာ လှုံ့ဆော်ပေးခြင်းကြောင့် ဥက္ကောဋနပါစိတ်၊

၄။ သိလျက် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ဖုံးထားပေးသောကြောင့် ဒုဋ္ဌုလ္လပါစိတ်။

၅။ သိလျက် အသက်နှစ်ဆယ် မပြည့်သေးသော ပုဂ္ဂိုလ်ကို ပဉ္စင်းခံပေးလျှင် ပဉ္စင်းလောင်းသည် ရဟန်းမဖြစ်၊ ရဟန်းခံရာတွင် ပါဝင်သော ရဟန်းတို့သည် ဒုက္ကဋ်၊ ဥပဇ္ဈာယ်ဆရာရဟန်းအား ဦနဝီသတိဝဿပါစိတ်။

၆။ သိလျက် ခိုး၍လာသည့် ကုန်သည်, ခိုး၍သွားမည့် ကုန်သည်အပေါင်းတို့နှင့် တိုင်ပင်ညီညွတ်၍ တစ်ကြောင်းတည်းသော ခရီးကို (ရွာ မရှိသော် တစ်ယူဇနာဝက်၊ ရွာရှိသော် အခြားတစ်ရွာ၏ ဥပစာ) ဒုတိယခြေလှမ်း လွန်အောင် သွားလျှင် ထေယျသတ္ထပါစိတ်။

၇။ မာတုဂါမနှင့်အတူ တိုင်ပင်ညီညွတ်၍ တစ်ကြောင်းတည်းသော ခရီးကို (ရွာမရှိသော် တစ်ယူဇနာဝက်၊ ရွာရှိသော် အခြားတစ်ရွာ၏ ဥပစာ) ဒုတိယခြေလှမ်း လွန်အောင်သွားတိုင်း သံဝိဓာနပါစိတ်။

၈။ အရိဋ္ဌမည်သော ရဟန်း၏ ပြောဆိုပုံမှာ “မေထုန်အကျင့်ကို မှီဝဲသော ရဟန်း၏ ထိုမေထုန်အကျင့်တို့သည် လွန်လွန်မင်းမင်း မသာယာလျှင် ပါရာဇိက ဖြစ်လောက်အောင် အပြစ်မကြီးသဖြင့် နတ်ရွာနိဗ္ဗာန် စျာန် မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုခြင်းငှာ မစွမ်းနိုင်၊ ထိုအပြားအားဖြင့် ငါသည် ဘုရားရှင်သည် ဟောတော်မူအပ်သော တရားကြောင်းနည်းလမ်းကို သိ၏”ဟု ပြောဆို၏၊ ထိုသို့ ပြောသော ရဟန်းကို မြင်ကုန်ကြားကုန်သော ရဟန်းတို့သည် ဤသို့ ပြောဆို၏၊ “အရှင်သည် ဤသို့ မပြော ပါနှင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါနှင့် မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်း၊ မြတ်စွာဘုရားရှင်သည် ဤငါ့ရှင်ပြောသည့်အတိုင်း မဟော တန်ရာ။ ငါ့ရှင် ပရိယာယ်အမျိုးမျိုးဖြင့် နတ်ရွာနိဗ္ဗာန် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော မေထုန်အကျင့်တို့ကို နတ်ရွာနိဗ္ဗာန် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူအပ်ပြီ။ ထိုမေထုန်အကျင့်တို့ကို မှီဝဲသော ရဟန်း၏ ထိုမေထုန်အကျင့်တို့သည် နတ်ရွာနိဗ္ဗာန် စျာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုခြင်းငှာ စွမ်းနိုင်ကုန်သည်သာလျှင်တည်း ဤသို့ ပြောဆိုထိုက်၏၊ ဤသို့လျှင် ထိုရဟန်းကို မြင်ကုန်ကြားကုန်သော ရဟန်းတို့သည် ပြောဆို အပ်သည်ရှိသော် ထိုရှေးနည်းအတူသာလျှင် ချီးမြှောက် ပြောဆိုနေအံ့၊ ထိုရဟန်းကို မြင်ကုန်ကြားကုန်သော ရဟန်းတို့သည် ထိုအယူကို စွန့်ဖို့ရာ သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ပြောဆိုထိုက်၏၊ သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် အဖန်ဖန် ပြောဆိုအပ်စဉ် ထို အယူဝါဒကို အကယ်၍ စွန့်အံ့၊ ကောင်း၏၊ အကယ်၍ ထိုအယူဝါဒကို မစွန့်အံ့၊ ထို ပြောဆို အယူဝါဒ စွဲယူသော ရဟန်းအား အရိဋ္ဌပါစိတ် အာပတ်သင့်၏၊

၉။ မိစ္ဆာအယူကို မစွန့်၍ ဉတ်ကမ္မဝါစာဖြင့် နှင်ထုတ်ထားသော ဥက္ခိတ္တက ရဟန်းဟုသိလျက် အရိဋ္ဌရဟန်းကဲ့သို့ တထာဟံ ဘဂတာ အစရှိသော စကားကို ပြောလေ့ရှိသော သံဃာဘောင်သို့ ပြန်၍သွင်းသော ဩသာရဏကံ မပြုအပ်သေးသော ထိုမိစ္ဆာအယူကို မစွန့်သော ရဟန်းနှင့် အတူတကွ အာမိသသမ္ဘောဂ ဓမ္မသမ္ဘောဂကို ပြုခြင်း၊ ဥပုသ် ပဝါရဏာ စသော သံဝါသကို ပြုခြင်း၊ တစ်မိုးတစ်ရံတည်းသော ကျောင်း၌ အိပ်ခြင်းကိုပြုသော ရဟန်းအား ဥက္ခိတ္တသမ္ဘောဂပါစိတ်။

၁၀။ ကဏ္ဋကမည်သော သာမဏေသည် ပြောဆိုပုံမှာ မေထုန်အကျင့်ကို။ ပ။ မြင်ကုန် ကြားကုန်သော ရဟန်းတို့သည် ဤသို့ ပြောဆိုထိုက်၏၊ “ငါ့ရှင်သာမဏေ ယနေ့ကို အစပြု၍ သင်သည် ထို ငါတို့မြတ်စွာဘုရားကို ဆရာဟူ၍ မညွှန်ပြထိုက်သည်သာ မကသေး သင်မှ တစ်ပါးသော အခြားသာမဏေတို့သည် ရဟန်းတို့နှင့် အတူတကွ နှစ်ညဉ့်သုံးညဉ့်ပတ်လုံး အတူတကွ အိပ်ခြင်းကို ရကြကုန်၏၊ ထိုကဲ့သို့ အိပ်ခွင့်သည် သင့်အတွက်မှာ မရှိတော့ပြီ၊ ပြင်ပသူစိမ်း ဟဲ့ လူပြိန်း သွားလော၊ တော်ရာ ချောင်ကြား ပျက်ပြားလေလော့၊” ဤသို့ ပြောဆို နှင်ထုတ်လိုက်၏၊ ရဟန်းသည် ဖျက်ဆီးအပ်ပြီးသော နှင်ထုတ်ထားသော သာမဏေဟု သိလျက် ထိုဆိုအပ်ပြီးသော နည်းဖြင့် ဖျက်ဆီးအပ် နှင်ထုတ်အပ်သော သာမဏေကို သွေးဆောင်ခြင်း, လုပ်ကျွေးစေခြင်း, အာမိသသမ္ဘောဂ ဓမ္မသမ္ဘောဂပြုခြင်း တစ်မိုးတစ်ရံတည်း အတူတကွ အိပ်ခြင်းကြောင့် ကဏ္ဋက ပါစိတ်အာပတ် သင့်၏၊

၁။ သဉ္စိစ္စပါဏသိက္ခာပုဒ် အဓိပ္ပာယ်

သတ္တဝါဟူသော အမှတ်နှင့်တကွ သတ်လိုသော စေတနာဖြင့် စေ့ဆော်ခြင်းကို သဉ္စစ္စဟု ဆိုသည်။ ပါဏန္တိ ဇီဝန္တိ သတ္တာ ဧတေနာတိ ပါဏာ၊ သတ္တဝါတို့၏ အသက်ရှည်ကြောင်း ဇီဝိတိန္ဒြေတည်း။ ပါဏံ အဿ အတ္ထီတိ ပါဏော၊ အသက် ဇီဝိတိန္ဒြေရှိသော သတ္တဝါတည်း။ တတိယပါရာဇိက၌ လူကို သတ်ခြင်းကြောင့် ပါရာဇိကအာပတ် ပညတ်တော်မူခဲ့ပြီး ဖြစ်၏၊ ထို့ကြောင့် ဤ၌ ပါဏ-အရ တိရစ္ဆာန်သတ္တဝါကိုသာ ယူရတော့သည်။ တိရစ္ဆာန်ကို သတ်လျှင် ငယ်သည်ဖြစ်စေ, ကြီးသည်ဖြစ်စေ ဝိနည်းအရ ပါစိတ်အာပတ် ချည်းသာ၊ သို့ရာတွင် ကြီးသော သတ္တဝါ တိရစ္ဆာန်ကို သတ်ရာ၌ လုံ့လပယောဂ များစွာစိုက်ရသောကြောင့် အဘိဓမ္မာနည်းအရ အကုသိုလ် အပြစ် ကား အငယ်ကို သတ်ခြင်းထက် ကြီးမား များပြားလေသည်။ အယုတ်ဆုံး ကြမ်းပိုးဥ, သန်းဥတို့သည်လည်း သတ္တဝါဟုပင် သိပါ။ သာဟတ္ထိက, နိဿဂ္ဂိယ, အာဏတ္တိက, ထာဝရ, ဝိဇ္ဇာမယ, ဣဒ္ဓိမယ, ပါဏာတိပါတ - ပယောဂ (၆)ပါး တို့တွင် တစ်ပါးပါးသော ပယောဂဖြင့် အသက်ဇီဝိတိန္ဒြေကို ဖျက်ဆီးသတ် ဖြတ်ခြင်းကြောင့် ပါစိတ်အာပတ် သင့်သည်။

သေစေလိုသော စေတနာမရှိသော ရဟန်း, သတိမထားမိသော ရဟန်း, မသိသော ရဟန်း, သေစေလိုသောသဘောမရှိသော ရဟန်း, ရူးသောရဟန်းတို့အား တိရစ္ဆာန်များ သေအောင် ပြုမိသော်လည်း အာပတ်မသင့်။

၂။ သပ္ပါဏကသိက္ခာပုဒ်အဓိပ္ပာယ်

သပ္ပါဏက = ပိုးကောင်နှင့် တကွသော (ဝါ) ပိုးကောင်ရှိသော၊

အရာဝတ္ထု နှစ်မျိုးကွဲရာ၌ (သဟယောဂ + သဟယောဂဝန္တ နှစ်မျိုးခွဲ၍ ရရာ၌) သ၏ အနက်ကို တကွဟု ပေးရ၏၊ အရာဝတ္ထုတစ်ခုတည်း ရှိရာ၌ သ၏ အနက်ကို ရှိ၏ဟု ပေးရ၏၊

ဥပမာ - သဝိတက္ကာ = ဝိတက်နှင့် တကွဖြစ်သော တရားတို့၊ သလောမကော = အမွေးရှိသော ငှက်ဟူသော ပုံစံကို ကြည့်လေ။ ဤ သပါဏကံ ပုဒ်၌လည်း ရေနှင့် ပါဏ နှစ်မျိုးပြားသောကြောင့် သအတွက် တကွဟူသော အနက်သာ မှန်သည်။ အများသုံး လိုက်၍ သပါဏကံ ပိုးကောင်ရှိသောဟု တစ်နည်း အနက်ပေးသည်။

ပရိဘုဉ္ဇေယျ

သုံးဆောင်ငြားအံ့ဟု ပေးကြ၏၊ သုံးစွဲငြားအံ့ ဤသို့ဆိုလျှင် သောက်ခြင်း တစ်မျိုးသာမက ဆေးခြင်း, မီးငြိမ်းခြင်း, ရေချိုးခြင်းစသော အားလုံးကို ယူပါ။ ပိုးရှိ၏ဟု သိသော်လည်း သေလတ္တံ့ဟု မစိစစ်မူ၍ သောက်သော ရဟန်းအား အနာပတ္တိ၊ အာပတ်မသင့်ဟု ဝဇီရဗုဒ္ဓိဋီကာ ဆို၏၊

ပါဏနှစ်ခု အထူး

ရှေ့သိက္ခာပုဒ်၌ ပါဏ-အရ တိရစ္ဆာန်, သတ္တဝါ အားလုံးကို ယူ။ဤ သိက္ခာပုဒ်၌ ပါဏအရ ရေပိုးသတ္တဝါငယ်လေးများကို ယူ။ ဤကား ပါဏနှစ်ခု အထူးတည်း။ ဘူတဂါမဝဂ် ၁၀-နံပါတ်၊ သပ္ပါဏကသိက္ခာပုဒ်၌လည်း သပါဏကံ ဥဒကံ = ပိုးရှိသော ရေဟု ဆိုသဖြင့် ရေပိုးလေးများကိုပင် ပါဏ-အရ ယူရမည်ပင် ဖြစ်သည်။ ဤသိက္ခာပုဒ်နှင့် သုံးစွဲခြင်းနှင့် သွန်လောင်း ခြင်းသာ ထူး၏၊

၃။ ဥက္ကောဋနသိက္ခာပုဒ် အဓိပ္ပာယ်

စူဠဝါ သမထက္ခန္ဓက ပါဠိတော်၌ အဓိကရုဏ်းငြိမ်းကြောင်း တရားနည်းလမ်းများကို ဘုရားရှင် ပြထားတော်မူ၏၊ ထို တရားနည်းလမ်းအတိုင်း ဝိနည်းဓိုရ်ပုဂ္ဂိုလ်တို့ ငြိမ်းစေအပ်သော အဓိကရုဏ်းကို (တရားနည်းလမ်းအတိုင်း ငြိမ်းစေပြီးမှန်း)သိလျက် နောက်ထပ် ကံပြုဖို့ရာ “အဓိကရုဏ်း မငြိမ်းအေးသေးဘူး မကြာမီက ငြိမ်းစေသည်ဆိုသော်လည်း မတရားငြိမ်းစေခြင်း ဖြစ်သည်။ အဓိကရုဏ်းငြိမ်းအောင် ပြီးပြတ်အောင် နောက်ထပ် ကံပြုသင့်သည်”ဟု ထိုထိုရဟန်းများထံ သွား၍ လှုံ့ဆော်ပေးလျှင် ပါစိတ်အာပတ် သင့်၏၊ နိဟတာဓိကရဏံ-အရ ငြိမ်းပြီးသော အဓိကရုဏ်းလေးပါးတို့ကို ယူပါ။ ဝိဝါဒါဓိကရုဏ်း, အနုဝါဒါဓိကရုဏ်း, အာပတ္တာဓိကရုဏ်း, ကိစ္စာဓိကရုဏ်းဟု လေးပါးတို့တည်း။

အဓိကရုဏ်း လေးပါး

ဓမ္မ-အဓမ္မ, ဝိနယ-အဝိနယ စသည် ငြင်းခုံကွဲပြားနေခြင်းသည် ဝိဝါဒါဓိကရုဏ်း၊ သီလဝိပတ္တိ, အာစာရဝိပတ္တိ, အာဇီဝဝိပတ္တိ, ဒိဋ္ဌိဝိပတ္တိ တစ်မျိုးမျိုးဖြင့် စွပ်စွဲမှုကို အနုဝါဒါဓိကရုဏ်း၊ အာပတ်(၇)ပုံ သင့်ရောက်နေမှုကို အာပတ္တာဓိကရုဏ်း၊ အပလောကနကံ, ဉတ္တိကံ စသော ကံလေးပါး တစ်ခုခုကို ပြုကြခြင်းသည် ကိစ္စာဓိကရုဏ်း၊ ဤသို့ အဓိကရုဏ်းလေးပါး ရှိ၏၊ ထို အဓိကရုဏ်လေးပါးကို သမထ (၇)ပါးနှင့် ငြိမ်းစေပုံများကို အဓိကရဏသမထအခန်း၌ စုံလင်အောင် သိရှိနိုင်မည် ဖြစ်သည်။

အာပတ်သင့်ပုံများ

သံဃာ့ကံဖြင့် ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းကို ထိုရဟန်း၏ မျက်မှောက်၌သာ လှုံ့ဆော်ပေးအံ့ ပါစိတ်၊ မျက်ကွယ်လှုံ့ဆော်အံ့ ဒုက္ကဋ်၊ ဓမ္မကံဖြင့် ငြိမ်းစေပြီးသား အဓိကရုဏ်းကား ကောင်းစွာ ငြိမ်းခြင်း ဖြစ်၏၊ ကံမပြီးမီ တားမြစ်အံ့၊ ထိုတားမြစ်သော ရဟန်းကို ပြောကြား၍ ကံပြုရမည်။ မပြောကြားဘဲ ကံပြုအံ့၊ ကံလည်းပျက် ကာရကသံဃာအား အာပတ်လည်း သင့်သည်။

ဓမ္မကံ၌ ပါစိတ်၊ ယုံမှားအံ့ ဒုက္ကဋ်၊ ဓမ္မကံ အဓမ္မကံ နှစ်ပါးလုံး၌ အဓမ္မကံဟု အမှတ်ရှိသော ရဟန်းအား အာပတ်မသင့်၊ အဓမ္မကံဖြင့်လည်းကောင်း, ဝဂ်ဖြင့်လည်းကောင်း, ကံမထိုက်သောသူအားလည်းကောင်း ကံပြု၏ဟု သိသောရဟန်း လှုံ့ဆော်ခြင်းကြောင့် အာပတ်မသင့်။

၄။ ဒုဋ္ဌုလ္လသိက္ခာပုဒ် အဓိပ္ပာယ်

ဤ၌ ဒုဋ္ဌုလ္လအရ သံဃာဒိသေသ်အာပတ်ကို ယူ၊ ထို ဒုဋ္ဌုလ္လအာပတ်ကို တခြားသော ရဟန်း၏ အာပတ်ကိုသိလျက် ထိုရဟန်း အရှက်တကွဲ အကျိုးနည်း ဖြစ်မည်စိုး၍ မပြောကြားဘဲ ဖုံးလွှမ်းပေးထားသော ရဟန်းအား ပါစိတ်။

ရဟန်း ရာ, ထောင် အဆင့်ဆင့် အာပတ်သင့်

ဤသို့ ဖုံးထားရာ၌ မပြောတော့ဘူးဟု ကြံစည်ဆုံးဖြတ်လိုက်လျှင်ပင် အာပတ်သင့်ပြီ၊ ထိုသို့ ဆုံးဖြတ်ပြီးမှ ပြောသော်လည်း အာပတ်မှ မလွတ်တော့ချေ။ ပထမ အာပတ်သင့်သောရဟန်းက ဒုတိယရဟန်းကို ဒေသနာပြော၍ ဒုတိယ သိသောရဟန်းက ဖုံးထားလျှင်လည်း ဒုတိယရဟန်းမှာ အာပတ်သင့်ပြန်၏၊ ဤနည်းအတိုင်း ဖုံးထားသော ရဟန်းတို့မှာ အာပတ်သင့်၏၊ ဒုတိယရဟန်းက တတိယရဟန်းအား ပြောသော်လည်း ကိုယ်တော်သာ သိပါ စေ, သူများ မပြောလိုက်ပါနှင့်ဟု ဖုံးပြော, ပြောလျှင် ဒုတိယရဟန်းမှာ အာပတ် မှ မလွတ်၊ ဤနည်းအတိုင်း ဖုံးပြော, ပြောသွားလျှင် ရဟန်း ရာ, ထောင်ပင် အာပတ်မှ မလွတ်ကြချေ။

အာပတ် အဆက်ဖြတ်ပုံ

မိမိကို လာပြောသော ရဟန်းအား (သူ ဖုံးထားလျှင် အာပတ်သင့်မည်စိုး၍) ပြန်ပြောလိုက်သော်သာလျှင် အာပတ် အဆက်ပြတ်၍ အာပတ်မှ လွတ်နိုင်သည်။

အာပတ်များသင့်ပုံ

ဒုဋ္ဌုလ္လ၌ ဒုဋ္ဌုလ္လဟု သိ၍ မပြောဘဲ နေအံ့ ပါစိတ်၊ ဒုဋ္ဌုလ္လ၌ ဝေမတိက, အဒုဋ္ဌုလ္လဟု မှတ်၍ မပြောနေအံ့ ဒုက္ကဋ်၊ အဒုဋ္ဌုလ္လ၌ တိကဒုက္ကဋ်၊ သံဃာငြင်းခုံခြင်း စသည်ဖြစ်လတ္တံ့ ဟူ၍ မပြောအံ့ အာပတ်မသင့်။ ထို့အတူ ဤရဟန်း ကြမ်းတမ်းသည် အသက်အန္တရာယ် သာသနာ့အန္တရာယ် ပြုအံ့ဟူ၍ မပြောကြားဘဲနေသော ရဟန်း၊ လျောက်ပတ်သော ရဟန်းကို မရ၍ မပြောကြားဘဲနေသော ရဟန်း၊ မဖုံးလွှမ်းလိုသော ရဟန်း၊ မိမိအမှုဖြင့် ထင်ရှားလတ္တံ့ဟု မပြောကြားဘဲ နေသောရဟန်းတို့အား အာပတ်မသင့်။ သာမဏေတို့၏ ဒုဋ္ဌုလ္လ အဒုဋ္ဌုလ္လအပြစ်ကို ဖုံးလွှမ်းပေးအံ့၊ ဒုက္ကဋ်အာပတ်ဟု သိ။

၅။ ဦနဝီသတိဝဿသိက္ခာပုဒ် အဓိပ္ပာယ်

“အနုဇာနာမိ ဘိက္ခဝေ ဂဗ္ဘဝီသံ ဥပသမ္ပာဒေတုံ” ပဋိသန္ဓေနှင့် တကွ အနှစ်နှစ်ဆယ် ရှိသောသူကို ရဟန်းခံပေးခြင်းငှာ ငါဘုရား ခွင့်ပြုတော်မူ၏၊ အမိဝမ်းတွင်း (၁၂)လ ပဋိသန္ဓေနေခဲ့ပြီးမူ ၁၉-နှစ် တင်းတင်းပြည့်သောနေ့ ရဟန်းခံပေးကောင်းသူ ဖြစ်ပြီ။

ရဟန်းခံရက် တွက်ပုံ

အမိဝမ်းခေါင်း ကိန်းအောင်းသန္ဓေတည်နေသူတို့တွင် အချို့ကား (၇)လ အချို့ကား (၈)လ၊ (၉)လ၊ (၁၀)လ၊ (၁၁)လ၊ (၁၂)လ အမျိုးမျိုး ရှိ၏၊ သို့သော် (၈)လ မွေးဖွားသူကား အသက်မရှင်ဟု အဆိုရှိ၏၊ (၇)လ ဖွားသောသူကား ကိုယ်ခန္ဓာ သေးငယ်၏၊ စသည်ဖြင့် ဆိုကြ၏၊ အမိဝမ်းတွင်း (၇)လ ပဋိသန္ဓေ နေသူကား မွေးဖွားပြီးနောက် (၁၉)နှစ်နှင့် (၅)လပြည့်မှ အသက်နှစ်ဆယ် ပြည့်သည်။ (၉)လ ပဋိသန္ဓေနေမူ မွေးဖွားပြီးနောက် (၃)လ စွန်းလာမှ အသက်နှစ်ဆယ် ပြည့်သည်။ ဤသို့ စသည်ဖြင့် အတိုးအဆုတ်များကို သိရမည်။ သို့ရာတွင် အမိဝမ်း၌ သန္ဓေတည်နေသောလကို သေချာစွာ သိရန် ခဲယဉ်းလှ၏၊ ထို့ကြောင့် အယုတ်ဆုံး (၇)လထားပြီး ယူပါမှ သာ၍ စိတ်ချ ရ၏၊ ဤနည်းအတိုင်း အနှစ်နှစ်ဆယ်မှ တစ်ရက်မျှ ယုတ်လျော့နေမူ အသက် နှစ်ဆယ် မပြည့်သောသူဖြစ်၍ ရဟန်းမခံကောင်းဟု သိပါ။

ဝါထပ်ရက်ငင်၍ နှစ်လထည့်ယူကြပုံ

သုံးနှစ်တစ်ကြိမ် ဝါထပ်လေ့ရှိရာ (၁၉)နှစ်ကြာလျှင် ဝါထပ်သည့်အတွက် လပေါင်း (၆)လ ပိုလာ၏၊ သို့ရာတွင်(၁၉)နှစ်အတွင်း၌ (တစ်နှစ်လျှင် ရက်မစုံ ၆-လအတွက် ၆-ရက်ကျ လျှော့ခဲ့သောကြောင့်) (၃)လနှင့် (၂၄)ရက် လျော့ခဲ့လေ၏၊ လျှော့ခဲ့သော ရက်များကို ယခင် (၆)လ အပိုမှ နုတ်လျှင် (၂)လနှင့် (၆)ရက်သာ အပို ကျန်တော့၏၊ (၁၉)နှစ်နှင့် အမိဝမ်းတွင်းက (၁၀)လ၊ အပို (၂)လနှင့် (၆)ရက်နှင့် ပေါင်းသော် အသက်(၂၀)နှင့် (၆)ရက် ရှိလာ၍ ရဟန်းခံကောင်းပြီဟု ဆိုကြ၏၊ ပါတိမောက္ခမေဒိနီ၌ ရက်မစုံ (၆)လမှ (၆)ရက်၊ အနှစ်(၂၀) မှ (၄)လ ဖြစ်သည်။ (၆)လမှ (၄)လ နုတ်သော် ဝါထပ်လငင် (၂)လဟု ဆိုသည်။ ဘာသာဋီကာ၌ ပေါရာဏဝါဒ, ယခုခေတ်ဝါဒဟု ပြထားသေး၏၊ ဘုရားရှင်သည် လောကသုံးစွဲရိုးကို လိုက်၍ အသက် နှစ်ဆယ်ဟု ပညတ်တော်မူရကား အသက်နှစ်ဆယ် မပြည့်ပြည့်အောင် ဝါထပ် ရက်ပိုကို ထည့်၍ထည့်၍ တွက်ခြင်းကို ဘုရားရှင်၏ အလိုတော်ကျမည် ဟုလည်း မထင်မိပေ။ [ပေါရာဏ ထေရဝါဒ၌ ရက်ပိုကို ယူ၍ တွက်ထား သော်လည်း အမိဝမ်း၌ အောင်းခဲ့ရာ လများကို မယူသောကြောင့် သံသယ ဖြစ်ဖွယ်မရှိဟု ဆို၏၊ (ဘာသာဋီကာ)]

ရဟန်း မဖြစ်နိုင်

ဆိုအပ်ခဲ့ပြီးသော တွက်နည်းများအတိုင်း အသက်နှစ်ဆယ် မပြည့်ဘဲ ရဟန်းခံသော ပုဂ္ဂိုလ်သည် အသက်နှစ်ဆယ်မပြည့်ဟု သိသည်ဖြစ်စေ, မသိသည်ဖြစ်စေ ရဟန်း မဖြစ်နိုင်။

ရဟန်း မဖြစ်သော်လည်း အကျိုးရှိ

ထိုသူက မိမိ ရဟန်းအစစ်မဖြစ်ဟု မသိဘဲ ဆယ်ဝါ ရသဖြင့် ဥပဇ္ဈာယ်ဆရာ ကမ္မဝါစာဆရာပြုလုပ်၍ သူတစ်ပါးကို ရဟန်းခံပေးအံ့၊ ထိုရဟန်း မဖြစ်သူကို ဖယ်ထား၍ တခြားရဟန်းများဖြင့် ရဟန်းခံခြင်းကိစ္စ ပြီးပြည့်စုံသော် ရဟန်းလောင်းမှာ ကောင်းစွာ ရဟန်းဖြစ်သည်။ ထိုဥပဇ္ဈာယ်ဆရာ ဖြစ်သူသည် မိမိ ရဟန်း မဖြစ်ဟု မသိသေးသမျှကာလပတ်လုံး နတ်ရွာနိဗ္ဗာန် စျာန်, မဂ်, ဖိုလ်၏ အန္တရာယ်မဖြစ်။ သို့သော် ရဟန်းမဖြစ်မှန်း သိအံ့၊ ရဟန်း တစ်ဖန် ပြန်ခံရမည်။

ရဟန်း, ဦးပဉ္စင်း ခေါ်တွင်လာပုံ

ပုဂံပြည် အနော်ရထာမင်းလက်ထက်၌ ကြွရောက်လာသော ရှင်အရဟံကို အစပြု၍ နောက်နောက် ပုဂ္ဂိုလ်များကို အရဟံ - ရဟံ - ရဟန်းဟု အဆင့်ဆင့် အသံပြောင်း ခေါ်လာကြသည်။

ဤရဟန်းတော်များကို ဥပသမ္ပန္နပုဒ်သို့ လိုက်၍ သီဟိုဠ်၌ ဥပသမ် (= သီဟိုဠ်သံဖြင့် ဥပစမ်)ဟု ခေါ်၏၊ ဥပစမ်သို့ လိုက်၍ မြန်မာတို့က ဦးပစင်း ဦးပဉ္ဇင်း = ဦးဇင်းဟု ခေါ်ဝေါ်ရေးသားလာကြသည်။(ဘာသာဋီကာ၊၃၂၅။)

လူကိုပင် ရဟန်းခံပေးကောင်းပုံ

ဦနဝီသတိဝဿံ သာမဏေရံဟု မဆိုဘဲ ပုဂ္ဂလံဟု ပုဂ္ဂိုလ်သာမန် အဖြစ်ဖြင့် ဆိုသောကြောင့်လည်းကောင်း, ရဟန်းဖြစ်ကြောင်းအင်္ဂါ (၅)ပါးတွင် ဝတ္ထုသမ္ပတ္တိ၌ သာမဏေဖြစ်ရမည်ဟု မဆိုဘဲ အသက်(၂၀) ပြည့်ခြင်းနှင့် အဘဗ္ဗပုဂ္ဂိုလ် မဟုတ်ခြင်းဟုသာ ဆိုသောကြောင့်လည်းကောင်း ရဟန်းခံခါနီး သင်္ကန်းပေး၍ သရဏဂုံ မယူဘဲ သင်္ကန်းဝတ်ထားသူ လူကိုပင် ရဟန်းခံပေးကောင်းသည်ဟု မှတ်။

အာပတ် အဆုံးအဖြတ်

အသက်နှစ်ဆယ် မပြည့်သေးသည်၌ သိလျက် ပဉ္စင်းခံအံ့၊ ပါစိတ်။ အသက်နှစ်ဆယ်မပြည့်သေးသည်၌ ယုံမှားခြင်း ရှိသည်ဖြစ်၍ ပဉ္စင်းခံအံ့ ဒုက္ကဋ်၊ အသက်နှစ်ဆယ် မပြည့်သေးသည်၌ ပြည်၏ဟု အမှတ်ရှိသည်ဖြစ်၍ ပဉ္စင်းခံအံ့၊ အာပတ်မသင့်၊ အသက်နှစ်ဆယ်ပြည့်သည်၌ မပြည့်သေးဟု အမှတ်ရှိအံ့ ဒုက္ကဋ်၊ ရူးသော ရဟန်း, အစလက်ဦးလွန်ကျူးသော ရဟန်းတို့ အား အာပတ်မသင့်။

၆။ ထေယျသတ္ထသိက္ခာပုဒ် အဓိပ္ပာယ်

ထေနေတိ စောရေတီတိ ထေနော၊ ခိုးပြီး, ခိုးဆဲ, ခိုးလတ္တံ့သူတည်း။ ထေနော ဧဝ ထေယျော၊ သွတ္ထ ဏျ ၌ ဏ-ချေ၊ ယ-ဒွေဘော်လာ၊ သဟ အတ္ထေန ယော ဝတ္တတီတိ သတ္ထော၊ ဥစ္စာနှင့် တကွဖြစ်ခြင်းရှိသော ကုန်သည်၊ ထေရော စ သော သတ္ထော စာတိ ထေယျသတ္ထော၊ ခိုးသူ ကုန်သည်ကို ရ၏၊ မင်းအား ပေးထိုက်သော ဘုရင့်အခွန် အစိုးရအခွန်ဘဏ္ဍာတော်တို့ကို မပေးရအောင် ခိုးလာပြီး ခိုးလာဆဲ ခိုးလတ္တံ့ ဖြစ်သောသူကို ထေယျသတ္ထဟု ခေါ်၏၊ ထိုခိုးသူ ကုန်သည်တို့နှင့် (ခိုးသူမှန်း)သိလျက် နေ့ရက် ချိန်းချက်၍ (အချိန် အခါ နေ့ရက် ရထား ကား သင်္ဘောများကို သဘောတူ စီစဉ်၍) သွားလျှင် ပါစိတ်။

အာပတ်သင့်ပုံ

ခိုးသူလူက မတိုင်ပင်ဘဲ မိမိရဟန်းဘက်ကသာ တိုင်ပင်ချိန်းချက်သော ရဟန်း၊ ခိုးသူ ကုန်သည်လေလားဟု ယုံမှားရှိသော ရဟန်းအား ဒုက္ကဋ်၊ ခိုးသူ ကုန်သည် မဟုတ်သည်၌ ဒုကဒုက္ကဋ်၊ နှစ်ပါးစုံ၌ ခိုးသူ ကုန်သည် မဟုတ်ဟု အမှတ်ရှိသော ရဟန်း၊ မတိုင်ပင်ဘဲ သွားသောရဟန်း၊ ကာလချွတ်ယွင်း၍ သွားသောရဟန်း၊ ဘေးရန်ကြောင့် သွားသောရဟန်း၊ ဥမ္မတ္တကရဟန်းတို့၌ အာပတ်မသင့်။

၇။ သံဝိဓာနသိက္ခာပုဒ် အဓိပ္ပာယ်

မာတုဂါမနှင့် ချိန်းချက်တိုင်ပင်၍ အတူခရီးသွားသော ရဟန်းအား ပါစိတ်။ မချိန်းဘဲ သင်္ဘော ရထားတွင် တွေ့ဆုံကြ၍ အတူသွားရလျှင် အာပတ်မသင့်၊ မာတုဂါမက ချိန်းစေကာမူ ရဟန်းက ပြန်၍ သဘောမတူ မချိန်းလျှင်လည်း အာပတ်မသင့်။ နှစ်ဦးသဘောတူ ချိန်းချက်တိုင်ပင်၍ ခရီးသွားမှသာ အာပတ်သင့်သည်။

ဘိက္ခုနောဝါဒဝဂ်၌ ဥဘတောဥပသမ္ပန္နဘိက္ခုနီကိုသာ ယူခဲ့သောကြောင့် မိထွေးတော်ဂေါတမီနှင့်အတူ ဘိက္ခုနီပြုကြသော သာကီဝင်မင်းသမီး ကဲ့သို့ ဘိက္ခုသံဃာထံ၌သာ ဘိက္ခုနီဖြစ်သော ဧကတောဥပသမ္ပန္နာ ဘိက္ခုနီ များနှင့် သိက္ခမာန်, သာမဏေမ သုံးမျိုးကို ဤသိက္ခာပုဒ်၌ မာတုဂါမ အရ၌ သွင်းယူရမည်။

သို့ရာတွင် ထိုဘိက္ခုနီ သိက္ခမာန် သာမဏေမများနှင့် သာသင်္ကသပ္ပဋိဘယခရီးကို သွားရာအခါ၌ အတူသွားခွင့်ရသေး၏၊ မာတုဂါမနှင့်ကား မည်သည့်အခါမျှ တိုင်ပင်ချိန်းချက်၍ ဘုရားဖူး စသည် အတူမသွားရ၊ ယုတ်စွ အဆုံး ရွာမရှိလျှင် ယူဇနာဝက်, ရွာရှိလျှင် အခြားတစ်ရွာသို့ နှစ်ဦး သဘောတူ ချိန်းသွားလျှင် ပါစိတ်အာပတ် သင့်၏၊

၈။ အရိဋ္ဌသိက္ခာပုဒ် အဓိပ္ပာယ်

အရိဋ္ဌရဟန်းကို အကြောင်းပြု၍ ပညတ်အပ်သောကြောင့် အရိဋ္ဌသိက္ခာပုဒ်ဟု နာမည်တပ်သည်။ အရိဋ္ဌရဟန်းသည် သုတ်, အဘိဓမ္မာတို့၌ ကျွမ်းကျင်၍ ဝိနည်း၌ မကျွမ်းကျင်သော ဓမ္မကထိက ဗဟုသုတရှိသူတည်း။ ထို့ကြောင့် အန္တရာယ်ငါးပါးရှိသည်တွင် ရှေ့အန္တရာယ် (၄)ပါးကိုသာ နားလည် “၍ ပညတ္တိ (အာဏာ) ဝီတိက္ကမန္တရာယ်ကို နားမလည်ချေ။ ဘုရားရှင်၏ အမိန့်အာဏာ ပညတ်တော်ကို ကျူးကျော်ခြင်းကြောင့် ပါရာဇိကကျလျှင် ကိုရင်ပြု၊ လူမထွက်သေးသမျှ၊ သံဃာဒိသေသ်သင့်လျှင် ပရိဝါသ်မဆောက်တည်သေးသမျှ၊ ကြွင်းအာပတ် (၅)ပုံသင့်လျှင် စေတနာနှင့်တကွ အာပတ် သင့်ထားလျှင် ဒေသနာမပြောသေးသမျှ စျာန်မဂ်ဖိုလ်ကိုလည်း မရနိုင်အောင်, သေလျှင် လူ့ပြည် နတ်ပြည် မရောက်နိုင်အောင် နိဗ္ဗာန်လည်း မရနိုင်အောင် ထိုအာပတ်က အန္တရာယ်ပြုကြောင်းကိုလည်း နားမလည်ချေ။ သို့ဖြစ်၍ တစ်နေ့သ၌ တစ်ဦးတည်း စဉ်းစားသည်မှာ “လူတို့သည် ကာမဂုဏ်ခံစားရင်း ပင် (ကာမဂုဏ် မစွန့်ကြဘဲ) သောတာပန် စသည် ဖြစ်ကြ၏၊ ရဟန်းတော် များလည်း ကောင်းမွန်လှပသော အဆင်း, အနံ့, အရသာ, ဖဲမွေ့ရာ, ကမ္ဗလာ စသည်တို့ကို သုံးစွဲကြ၏၊ ဤအားလုံးအပ်လျှင် ဘာကြောင့် သာယာသော ရာဂချင်း အတူတူ မာတုဂါမ၏ အဆင်းအနံ့စသည်ကျမှ မအပ်ဘဲ ရှိရမည်နည်း၊ ဘုရားရှင်သည် မဟာသမုဒ္ဒရာကို ကန်သင်း(ကဇင်း) ဆည်သကဲ့သို့ မဖြစ်နိုင်သော ပထမပါရာဇိကအမှုကို ဘာကြောင့် ကြိုးစားမင်းစား ပညတ်တော်မူရသတဲ့နည်း”ဟု စဉ်းစားမိလေသည်။

ဖဲမွေ့ရာ, ကမ္ဗလာစသော အနူးအညံ့ကို သုံးစွဲရာ၌ အလွန်သာယာစွာ သုံးစွဲလျှင် အပြစ်မကင်းသကဲ့သို့ ထို့အတူ မေထုန်ကိုလည်း အလွန်သာယာစွာ မှီဝဲမှ အပြစ်ကြီးသည်။ ဖဲမွေ့ရာစသည်ကို သင့်တော်သလို နှလုံးသွင်းကာ လွန်မင်းစွာ မသာယာလျှင် အပြစ် မကြီးသကဲ့သို့ သင့်တော်သလို မေထုန်ကိုလည်း လွန်လွန်မင်းမင်း မသာယာလျှင် ပါရာဇိက ဖြစ်လောက်အောင် အပြစ် မကြီးသင့်၊ မေထုန်အမှုကို မှီဝဲသော ရဟန်းတော်မှာ အကြင်နည်းဖြင့် မှီဝဲလျှင် အန္တရာယ်မပြုနိုင်။ ထို အန္တရာယ်မပြုနိုင်သော နည်းဖြင့် ဘုရားရှင် ဟောတော် မူထားသော နည်းကို ငါသိသည်ဟု ဆိုလိုသည်။

အရိဋ္ဌရဟန်း စဉ်းစားသည့်အတိုင်း ဖဲမွေ့ရာစသည်ကို တော်သလို နှလုံး သွင်းကာ ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးစွဲနိုင်သလို မေထုန်ကို ပစ္စဝေက္ခဏာဆင်ခြင်၍ သိပ်မသာယာဘဲ မမှီဝဲနိုင်၊ မေထုန်မှီဝဲမှဖြင့် အလွန်အမင်း သာယာတော့မည်သာ။ ထို့ကြောင့် မေထုန်အရသာနှင့် ဖဲမွေ့ရာတို့၏ အရသာကို အဘိဓမ္မာသဘောအားဖြင့် တန်းတူထား၍ စဉ်းစားခြင်းသည် ဆီးစေ့နှင့် မြင်းမိုရ်တောင်ကို နှိုင်းယှဉ်ခြင်းနှင့် တူလေရကား အရိဋ္ဌရဟန်း၏ စဉ်းစားမှုအားလုံးသည် မှားယွင်းသော မိစ္ဆာအယူမျှသာ ဖြစ်၍ ပထမပါရာဇိက သိက္ခာပုဒ်ကို ပယ်ရှားခြင်းမှာလည်း ဘုရားရှင်ကို နားမလည်ရာ ရောက်စေကာ သဗ္ဗညုတဉာဏ်တော်ကို သူ့ဉာဏ်လောက် မလေးနက်ဟု ပယ်ဖျက်ရာ ရောက်လေတော့သည်။

အန္တရာယ်မပြုနိုင်လောက်အောင်သော နည်းဖြင့် ဘုရားဟောထားသော တရားကို ငါသိ၏ဟု ဆိုခြင်းမှာလည်း ဓမ္မကထိကပီပီ ပိဋကတ်ကို မလေ့လာဘဲ သက်သက် အခြောက်ကြွား ကြွားလိုက်ခြင်းပင်တည်း။ အမှန်မှာ ထိုကဲ့သို့ မေထုန်ကို အန္တရာယ် မပြုနိုင်သော နည်းဖြင့် ဘုရားရှင် ဟောထားအပ်သော တရား မရှိချေ။

(သတိပြုဖွယ်) ဤအရိဋ္ဌရဟန်း၏ ဖြစ်ထွေကို မူလပဏ္ဏာသ အလဂဒ္ဒူပမသုတ်အဖွင့် ကြည့်ပါမှ သာ၍ သနားဖွယ် ကောင်းသည်။ ငရဲမှ လွတ်တော့မည် မဟုတ်၊ ထို့ကြောင့် ဘုရားရှင်နှင့် ဘုရားဟော တရားတော်တွေကို မစွပ်စွဲမိရန် ဓမ္မကထိကများနှင့် လူတိုင်း သတိထားသင့်ကြပေသည်။

(ဘာသာဋီကာ၊၃၃၀။)

အန္တရာယ်ငါးပါး

သဂ္ဂမောက္ခာနံ အန္တရာယံ ကရောန္တီတိ အန္တရာယိကာ၊ နတ်ရွာ နိဗ္ဗာန် စျာန် မဂ် ဖိုလ်တို့၏ အန္တရာယ်ကို ပြုတတ်သော ပဉ္စာနန္တရိယကံစသော အန္တရာယ်တို့တည်း။

၁။ ပဉ္စာနန္တရိယကံဟူသော အန္တရာယ်တစ်ပါး (ဘိက္ခူနီဒူသကကံကိုလည်း ယူကြသည်။ ဤဘိက္ခူနီဒူသကကံကား မဂ်ဖိုလ်၏ အန္တရာယ် ဖြစ်၏၊ နတ်ရွာ၏ အန္တရာယ် မဖြစ်။) ပဉ္စာနန္တရိယကံကား နှစ်ပါးစုံ ဖြစ်သည်။

၂။ နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကြိယဒိဋ္ဌိဟူသော ကိလေသန္တရာယ် တစ်ပါး (ဤကိလေသန္တရာယ်ကား မဂ် ဖိုလ်သာ တားသည်။)

၃။ ပဏ္ဍုက်, တိရစ္ဆာန်, ဥဘတောဗျည်း, ဇစ္စန္တ စသည်တို့၏ ပဋိသန္ဓေဟူသော ဝိပါကန္တရာယ် တစ်ပါး၊ (ဤ ဝိပါကန္တရာယ်ကား မဂ် ဖိုလ်သာ တားမြစ်သည်။)

၄။ အရိယာပုဂ္ဂိုလ်တို့ကို (ဘုရားပစ္စေကဗုဒ္ဓါပါ) စွပ်စွဲကဲ့ရဲ့သော ကံဟူသော အရိယူပဝါဒန္တရာယ် တစ်ပါး၊ စွပ်စွဲကဲ့ရဲ့သော အရိယာပုဂ္ဂိုလ်ကို မကန်တော့သရွေ့ နတ်ရွာ မဂ်ဖိုလ် နှစ်ပါးစုံ တားမြစ်သည်။ ကန်တော့ပြီးသော် မတားမြစ်။ (တရားအားထုတ်သူတို့ သတိထားသင့်သည်။)

၅။ စေတနာနှင့်တကွ သိက္ခာပုဒ်တော်ကို လွန်ကျူးခြင်းဟူသော ပညတ္တိဝီတိက္ကမန္တရာယ် တစ်ပါး၊ အာပတ်(၇)ပုံ သင့်ရောက်နေသော် ဆိုင်ရာ ဝိနည်းကံဖြင့် မကုစားသေးသမျှ နတ်ရွာ မဂ်ဖိုလ်ကို တားမြစ်၏၊ ကုစားပြီးမှ နတ်ရွာ မဂ်ဖိုလ်ကို မတား။ (ဤသိက္ခာပုဒ်၌ ၅-နံပါတ် အာဏာဝီတိက္ကမန္တရာယ်ကို ယူ။)

(ဆောင်) ကံ ကိလေသ၊ ဝိပါက၊ ဝါဒ တိက္ကမာ။
နတ်ရွာချို့သွား၊ မဂ်ဖိုလ်တား၊ ငါးပါး အန္တရာ။

ဒေသနာကို စွပ်စွဲကဲ့ရဲ့သည်ရှိသော် ဒေသနာရှင် (မြတ်စွာဘုရား)ကိုလည်း စွပ်စွဲကဲ့ရဲ့ရာ ရောက်သည်။ မာ ဘဂဝန္တံ အဗ္ဘာစိက္ခိကို ထောက်ပါ။

ကာမသည် အရိုးတစ်, သားတစ်, မြက်မီးရှူး, မီးကျီးစု, အိပ်မက်, အငှားဥစ္စာ, သစ်သီး, စဉ့်နှီးတုံး, တံကျင်, လှံမ, မြွေဦးခေါင်းတို့နှင့် တူသည်ဟု အနေကပရိယာယ များစွာသော အကြောင်းတို့ဖြင့် ကာမ၏ အပြစ်များကို ဟောကြားထားတော်မူသည်။

အာပတ်သင့်ပုံများ

သုံးကြိမ်တိုင်အောင် ဆိုဆုံးမအပ်သည် ဖြစ်လျက် အယူကို မစွန့်သော ရဟန်းအား ဒုက္ကဋ်၊ မြင်ကုန် ကြားကုန်လျက် မဆိုဆုံးမသော ရဟန်းအားလည်း ဒုက္ကဋ်၊ သီးခြားဆိုလျက် မစွန့်အံ့၊ ဒုက္ကဋ်။ တစ်ဖန် သံဃာ့အလယ်သို့ ခေါ်ငင်၍ မဆိုဆုံးမသူ ရဟန်းအားလည်း ဒုက္ကဋ်၊ ဆိုဆုံးမလျက် အယူကို မစွန့်သေးအံ့ ဒုက္ကဋ်၊ သံဃာ့အလယ်သို့ ခေါ်ငင်၍ ဆိုဆုံးမပါလျက် အယူ မစွန့်သေးမူ တစ်ဖန် ဉတ္တိစတုတ္ထကံ ပြုရမည်။ ဉတ်အဆုံး ကမ္မဝါစာနှစ်ကြိမ် အဆုံး၌ မစွန့်အံ့၊ ဒုက္ကဋ်။ သုံးကြိမ်မြောက် ကမ္မဝါစာ အဆုံး၌ မိစ္ဆာအယူကို မစွန့်အံ့၊ ပါစိတ်အာပတ် သင့်၏၊

ဓမ္မကံ၌ တိကပါစိတ်၊ အဓမ္မကံ၌ တိကဒုက္ကဋ်။ မဆုံးမအပ်သောရဟန်း, အယူမစွန့်သောရဟန်း, ဥမ္မတ္တကရဟန်းတို့အား အာပတ်မသင့်။

၉။ ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ် အဓိပ္ပာယ်

အရိဋ္ဌရဟန်း ယူအပ်သော မိစ္ဆာအယူမျိုးကို ယူလျှင် ထိုရဟန်းကို ဉတ်ကမ္မဝါစာဖြင့် နှင်ထုတ်ရ၏၊ ထိုနှင်ထုတ်အပ်သော ရဟန်းကို ဥက္ခိတ္တက ရဟန်းဟု ခေါ်၏၊ ထိုရဟန်းနှင့် သိလျက် အာမိသသမ္ဘောဂ, ဓမ္မသမ္ဘောဂ စသည်ကို ပြုလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်၏၊

မပြုအပ်သေးသော ဩသာရဏကံ ရှိသူ

ထိုဥက္ခေပနီယကံ အပြုခံရသဖြင့် မာန်မာနကျ၍ ဆိုင်ရာ ကျင့်ဝတ်များကို ကျင့်ပြီးနောက် ထိုကံကို ငြိမ်းပါစေမည့်အကြောင်း တောင်းပန်သောအခါ သံဃာ့ဘောင်သို့ ပြန်၍ သွင်းသော ဩသာရဏကံ ပြုရသည်။ ထိုဩသာရဏကံ မပြုရသေးသော ဥက္ခိတ္တကရဟန်းကို အကတာနုဓမ္မ ဟု ခေါ်သည်။

အနုဓမ္မော (= အနုရူပေါ + ဓမ္မော)၊ အကတော အနုဓမ္မော ယဿာတိ အကတာနုဓမ္မော။ အနုရူပေါ = ဥက္ခေပနီယကံအားလျော်သော။ ဓမ္မော = ဩသာရဏကံဟူသော ဝိနည်းတရားသည်။ အနုဓမ္မော = အနုဓမ္မ မည်၏၊ ယဿ = အကြင်သူ၏၊ အကတော = မပြုအပ်သေးသော အနုဓမ္မောသည်။ အတ္ထိ = ရှိ၏၊ ဣတိ = ထို့ကြောင့်။ အကတာနုဓမ္မော = အကတာနုဓမ္မ မည်၏၊

ဩသာရဏကံ မပြုရသေးသော်လည်း မိစ္ဆာဝါဒကို စွန့်ပြီးပြီဟု သိလျှင် သမ္ဘောဂ စသည်ကို ပြုနိုင်ပြီ၊ ထို့ကြောင့် တံ ဒိဋ္ဌိံ အပ္ပဋိနိသဋ္ဌေန = ထိုအယူကို မစွန့်သေးသူဟု ထပ်၍ ဝိသေသန ကူမ, ပေးရသည်။

သမ္ဘောဂ နှစ်မျိုး

ဆွမ်းစသော အာမိသပစ္စည်းကို (မိမိအား ပေးလျှင်) ခံယူသုံးစွဲခြင်း၊ မိမိက ထိုရဟန်းအား ချီးမြှောက်ပေးကမ်းခြင်းသည် အာမိသသမ္ဘောဂ၊ ပါဠိတော် အဋ္ဌကထာဓမ္မတို့ကို ပို့ချပေးခြင်း, ထိုရဟန်းအထံက သင်ယူခြင်းသည် ဓမ္မသမ္ဘောဂ မည်၏၊ ဆွမ်းအတူစားခြင်း, ပရိတ် အတူရွတ်ခြင်းသည် အာမိသသမ္ဘောဂ မဟုတ်ပါ။

သံဝသေယျ, သဟ ဝါ သေယျ

ဥက္ခိတ္တကရဟန်းနှင့် အတူတကွ ဥပုသ်, ပဝါရဏာစသော ကံအတူ ပြုခြင်းကို သံဝသေယျဟု ဆိုသည်။ အကာရံ ဥပစာပင် ခြားသော်လည်း တစ်ခုတည်းသော အမိုးရှိသော ကျောင်း၌ ဥက္ခိတ္တကရဟန်းနှင့် အတူတကွ အိပ်ခြင်းကို သဟ ဝါ သေယျဟု ဆိုသည်။

အာပတ်သင့်ပုံများ

အာမိသသမ္ဘောဂ၌ တစ်ကြိမ်သော ပယောဂဖြင့် များစွာ ပေးခြင်း, ယူခြင်း ပြုအံ့၊ ပါစိတ် တစ်ချက်၊ ဖြတ်၍ ဖြတ်၍ ပေးခြင်း, ယူခြင်းပြုသော် ပယောဂတိုင်း ပါစိတ်၊ ဓမ္မသမ္ဘောဂ၌ ပဒသောဓမ္မသိက္ခာပုဒ်အတိုင်း ပါစိတ်၊ သံဝါသ၌ ကံပြုအဆုံး ပါစိတ်၊ သဟဝါသေယျ၌ အိပ်ခြင်း ပယောဂတိုင်း ပါစိတ်။

ဥက္ခိတ္တက၌ ဝေမတိက၊ ဒုက္ကဋ်။ အနုက္ခိတ္တက၌ ဒုကဒုက္ကဋ်။ ဥက္ခိတ္တက, အနုက္ခိတ္တက နှစ်ယောက်လုံး၌ အနုက္ခိတ္တကဟု မှတ်ထင်သော ရဟန်းအား အာပတ်မသင့်၊ အယူကို စွန့်ပြီးပြီဟူ၍လည်းကောင်း, သွင်းအပ်ပြီးပြီဟူ၍ လည်းကောင်း အာပတ်မသင့်။

၁၀။ ကဏ္ဋကသိက္ခာပုဒ် အဓိပ္ပာယ်

ကဏ္ဋကသာမဏေကို အကြောင်းပြု၍ ပညတ်တော်မူအပ်သောကြောင့် ကဏ္ဋကသိက္ခာပုဒ်ဟု နာမည် တပ်သည်။ အရိဋ္ဌရဟန်းကဲ့သို့ ကဏ္ဋကသာမဏေမှာလည်း မိစ္ဆာအယူဖြစ်၍ တထာဟံ ဘဂဝတာ ဓမ္မံ စသည်ကို ပြောဆိုသည်၊ ယခုအခါ ဘုရားရှင်ကို စွပ်စွဲသော ထိုသာမဏေမျိုး ပေါ်လာလျှင် သိက္ခာပုဒ်အတိုင်း ဆုံးမရမည်၊ ဆုံးမ၍ ရခဲ့သော် ဆက်လက်၍ ပြောဆိုရမည်မှာ ---

အဇ္ဇတဂ္ဂေ။ ပ။ တေ နတ္ထိ။

ယနေ့ကစ၍ ငါတို့ဘုရားရှင်ကို သင်က ဆရာဟူ၍ မညွှန်ပြနှင့်တော့ “သင်က ဘုရားရှင်ကို စွပ်စွဲထားသောကြောင့် သင်လည်း ဘုရားရှင်၏ တပည့် မဟုတ်နိုင်တော့ပြီ”ဟူလို။ “အခြားသာမဏေများမှာ ရဟန်းတော်များနှင့်အတူ ၃-ညဉ့် အိပ်ခွင့်ရကြသေး၏၊ သင့်မှာ ထိုအိပ်ခွင့်မျိုး မရတော့ပြီ၊ သင်နှင့် အတူတကွ တစ်မိုးတည်းသော ကျောင်း၌ အိပ်သော ရဟန်းမှာ အာပတ် သင့်မည်” ဟူလို၊ “သင်သည် ငါတို့၏ မမြင်ကွယ်ရာ တော်ရာချောင်ကြားအရပ်သို့ သွား၍ ပျက်စီးလေတော့”ဟု ပြောဆိုရမည်။

နာသန = ဖျက်ဆီးမှု ၃-မျိုး

တထာနာသိတ-အရ ဖျက်ဆီးမှုဟူရာ၌ အရိဋ္ဌရဟန်းကို ဖျက်ဆီးသလို အပေါင်းအသင်း မလုပ်ရအောင် ဖျက်ဆီးခြင်းဟူသော သံဝါသနာသန၊ အသွင်ကိုဖျက် လူထွက်စေခြင်းဟူသော လိင်္ဂနာသန (မေတ္တိယဘိက္ခုနီမကို ဖျက်ဆီးကြ လူထွက်ပစေ) ဟူသကဲ့သို့တည်း။

“ငါ့ရှင် သာမဏေ ...ယနေ့မှစ၍ မြတ်စွာဘုရားကို သင့်ဆရာဟူ၍ မညွှန်ကြားနှင့်တော့” ဤသို့ အပြစ်ဒဏ် ပေး၍ ဖျက်ဆီးခြင်းဟူသော ဒဏ္ဍကမ္မနာသနဟု မှတ်၊ ထို ၃-ပါးတို့တွင် ဤသိက္ခာပုဒ်၌ ဒဏ္ဍကမ္မနာသနကို ယူရမည်။

(ဆောင်) သံဝါ, လိင်္ဂ၊ ဒဏ်ကမ္မ၊ သုံးဝ နာသနာ၊
ဒဏ္ဍကမ္မ၊ နာသန၊ ယူရ ဤသိက္ခာ။ (မေဒိနီ၊၃၉၇။)

အာပတ်သင့်ပုံ

သပိတ်ပေးမည်၊ သင်္ကန်းပေးမည်၊ စာချပေးမည် စသည်ဖြင့် ပြောဆို၍ ထိုနှင်ဒဏ်ပေးထားသော သာမဏေကို သွေးဆောင်ခေါ်ယူလျှင် ဥပလာပေယျ၊ သာမဏေ၏ ရေချိုးကသယ်မှုန့်, မြေမှုန့်စသည်ကို သာယာလျက် အလုပ်အကျွေးခံယူလျှင် ဥပဋ္ဌာပေယျ၊ ထိုသာမဏေနှင့် အာမိသသမ္ဘောဂ ဓမ္မသမ္ဘောဂပြုလျှင် သံဘုေဉ္ဇယျ၊ အမိုးတူသော ကျောင်း၌ တစ်ညဉ့်မျှဖြစ်စေ အတူအိပ်လျှင် သဟ ဝါ သေယျံ ကပ္ပေယျ ဖြစ်၍ ထိုရဟန်းမှာ ကဏ္ဋက ပါစိတ် သင့်၏၊