သုဒ္ဓိလေးပါး

၁။ ပါတိမောက္ခသံဝရသီလသည် ဒေသနာကြားခြင်းဖြင့် စင်ကြယ်သော သီလဖြစ်သောကြောင့် ဒေသနာသုဒ္ဓိ မည်၏၊ ဒေသနာကြားခြင်း ဝတ်ဆောက်တည်ခြင်း ပါရာဇိကကို ဝန်ခံခြင်းတို့သည်ပင် ဒေသနာလည်း မည်၏၊ စင်ကြယ်ကြောင်းဖြစ်သောကြောင့် သုဒ္ဓိလည်း မည်၏၊ ပုဂ္ဂိုလ်သည်ကား ထိုဒေသနာသုဒ္ဓိရှိသောကြောင့် ဒေသနာသုဒ္ဓိပင် မည်၏၊
၂။ ဣန္ဒြိယသံဝရသီလသည် နောင် ဤသို့ မပြုပါအံ့ “န ပုန ဧဝံ ကရိဿာမိဟူ၍ စိတ်ဆောက်တည်၍ စောင့်စည်းခြင်းဖြင့် စင်ကြယ်သောကြောင့် သံဝရသုဒ္ဓိ မည်၏၊
၃။ အာဇီဝပါရိသုဒ္ဓိသီလသည် မအပ်မရာ ပယ်စွန့်၍ တရားနှင့်အညီ ပစ္စည်းရှာမှီးခြင်းဖြင့် စင်ကြယ်သောကြောင့် ပရိယေဋ္ဌိသုဒ္ဓိ မည်၏၊
၄။ ပစ္စယသန္နိဿိတသီလသည် ပစ္စဝေက္ခဏာ ဆင်ခြင်ခြင်းဖြင့် စင်ကြယ်သောကြောင့် ပစ္စဝေက္ခဏာသုဒ္ဓိ မည်၏၊

သီလပျက်ခြင်း၏ အပြစ်, သုဒ္ဓိ နှင့် တရားကိုယ်

၁။ ပါတိမောက္ခသံဝရသီလပျက်စီးလျှင် အပြစ်ကား အာပတ်(၇)ပုံ သင့်ရောက်ရ၏၊ ဒေသနာသုဒ္ဓိဖြင့် စင်ကြယ်နိုင်၏၊ တရားကိုယ်ကား သဒ္ဓါတရား ပြဓာန်း၏၊
၂။ ဣန္ဒြိယသံဝရသီလ ပျက်စီးလျှင် အပြစ်ကား အဘိဇ္ဈာဒေါမနဿ စသော ကိလေသာတရားကိုယ်တွေ တိုးပွား၏၊ သံဝရသုဒ္ဓိဖြင့် စင်ကြယ်နိုင်၏၊ တရားကိုယ်ကား သတိပြဓာန်း၏၊
၃။ အာဇီဝပါရိသုဒ္ဓိ ပျက်စီးလျှင် အပြစ်ကား အသက်မွေးမှု မစင်ကြယ်ဖြစ်ရ၏၊ ယင်းကြောင့် ရသောပစ္စည်းကို သုံးစွဲတိုင်း ဒုက္ကဋ်အာပတ် သင့်ရ၏၊ ပရိယေဋ္ဌိသုဒ္ဓိဖြင့် စင်ကြယ်နိုင်၏၊ တရားကိုယ်ကား ဝီရိယ ပြဓာန်း၏၊
၄။ ပစ္စယသန္နိဿိတသီလ ပျက်စီးလျှင် အပြစ်ကား သံသရာကြွေး တင်တတ်၏၊ သံသရာဝဋ်က ရုန်းမထွက်နိုင်ဘဲ ကြွေးတို့ကို ပေးဆပ်ရ၏၊ ပစ္စဝေက္ခဏာသုဒ္ဓိဖြင့် စင်ကြယ်နိုင်၏၊ တရားကိုယ်ကား ပညာ ပြဓာန်း၏၊

(ဆောင်) သီလ လေးဖြာ၊ ပါ-ဣံ-အာ၊ ပစ္စယာ သန္နိဿိ။
အပြစ်ကား လေး၊ ပတ်, ကိလေး၊ သက်မွေး ကြွေးတင်ဘိ။
သုဒ္ဓိလေးဝ၊ ဒေး, သံ, ပ၊ ပစ္စဝေက္ခဏာ။
ပြဓာန်းလေရှိ၊ သဒ္ဓါ သတိ၊ ဝီရိ ပညာသာ။ (ဝိသုဒ္ဓိမဂ်အရသာ၊၅၅။)

ပုဂ္ဂိုလ် (၄) မျိုး

(၁) စာမတတ် သီလမရှိသူ၊ (၂) စာမတတ် သီလရှိသူ၊ (၃) စာတတ် သီလ မရှိသူ၊ (၄) စာတတ် သီလရှိသူဟု - ပုဂ္ဂိုလ်လေးမျိုး ခွဲခြား မှတ်သားသင့်၏၊

(၁) စာမတတ် သီလ မရှိသူ
စာမတတ် သီလမရှိသူသည် လူများ နတ်များ၏ အကဲ့ရဲ့ခံရသည်။ ပညာရှိသူတော်ကောင်းတို့ကလည်း ကဲ့ရဲ့နိုင်သည်။ ဘုရားရှင်ကလည်း ကဲ့ရဲ့တော်မူသည်။
(၂) စာမတတ် သီလ ရှိသူ
စာမတတ် သီလရှိသူကို စာမတတ်သော်လည်း သီလရှိ၍ လောက၌ ချီးမွမ်းအပ်၏၊
(၃) စာတတ် သီလ မရှိသူ
စာတတ် သီလမရှိသူကို ကဲ့ရဲ့သင့် ကဲ့ရဲ့ထိုက် ကဲ့ရဲ့အပ်၏၊ ဗဟုသုတရှိ ဒုဿီလပုဂ္ဂိုလ်ထံ သိက္ခာလိုလားသူတို့ မချဉ်းကပ်ကြကုန်။
(၄) စာတတ် သီလ ရှိသူ
စာတတ် သီလရှိသူကိုမူကား ချီးမွမ်းအပ်၏၊ ဤစတုတ္ထပုဂ္ဂိုလ်ကို ဇမ္ဗူရစ် ရွှေစင်တုံးအတူ ကဲ့ရဲ့သူ မရှိ၊ လူ့ပြည် နတ်ပြည် ချီးမွမ်းထိုက်၏၊ ဗြဟ္မာကြီးတို့ကပင် ချီးမွမ်းကြကုန်၏၊ ထို့ကြောင့် စာတတ် သီလရှိသူ ဖြစ်အောင် ကြိုးစား အားထုတ်ကြပါလေ။

ပထမပဉ္စကသီလ

ပုဂ္ဂိုလ်အမျိုးအစားအလိုက် - (၁) ပရိယန္တပါရိသုဒ္ဓိသီလ၊ (၂) အပရိယန္တပါရိသုဒ္ဓိသီလ၊ (၃) ပရိပုဏ္ဏပါရိသုဒ္ဓိသီလ၊ (၄) အပရာမဋ္ဌပါရိသုဒ္ဓိသီလ၊(၅) ပဋိပဿဒ္ဓိပါရိသုဒ္ဓိသီလဟု (၅)မျိုး ခွဲခြားမှတ်သားသင့်သည်။

(၁) ပရိယန္တပါရိသုဒ္ဓိသီလ

သာမဏေတို့၏ သီလသည် ပရိယန္တပါရိသုဒ္ဓိသီလ မည်၏၊ လိင်ဆယ်ပါး ဒဏ်ဆယ်ပါး စုဒ္ဒသခန္ဓကဝတ် စသည်ဖြင့် အရေအတွက်အားဖြင့် အပိုင်းအခြားရှိသောကြောင့် ဖြစ်သည်။

(၂) အပရိယန္တပါရိသုဒ္ဓိသီလ

သာမန်ရဟန်းတော်တို့၏ သီလသည် အပရိယန္တပါရိသုဒ္ဓိသီလ မည်၏၊ ထိုသာမန်ရဟန်းတော်တို့၏ သီလသည် ကုဋေကိုးထောင်ကျော် (၉၁၈၀၅၀၃၆၀၀၀) ဖြစ်သည်ဟု ပိုင်းခြားအပ်သော်လည်း တစ်ခုခုကိုပင် အကြွင်းမထင်အောင် ဆောက်တည်ရခြင်းကို ရည်ရွယ်၍ အပရိယန္တဟု ဆိုသည်။ ဉာတိ အင်္ဂ ဇီဝိတ လာဘ ယသတို့၏ အစွမ်းဖြင့် မပျက်စီးခြင်းကိုလည်း ရည်ရွယ်၍ ဆိုသည်။

(၃) ပရိပုဏ္ဏပါရိသုဒ္ဓိသီလ

ကလျာဏပုထုဇဉ်တို့၏ သီလသည် ပရိပုဏ္ဏပါရိသုဒ္ဓိသီလ မည်၏၊ ကလျာဏပုထုဇဉ်သည် ဝိပဿနာတရား လွန်စွာ အားထုတ်၏၊ သေက္ခပရိယန္တ၌ ဖြည့်ကျင့်၏၊ ကိုယ်အသက်မငဲ့ အသက်စွန့်၍ သီလကို စောင့်၏၊ ထိုပုဂ္ဂိုလ်၏ သီလသည် ပတ္တမြားစစ်ကဲ့သို့, ရွှေစင်ကဲ့သို့ အလွန် စင်ကြယ်၏၊ စိတ္တုပ္ပါဒ်အပြစ်မျှ မရှိ။ အရဟတ္တဖိုလ်၏ နီးကပ်သော အကြောင်း ဖြစ်၏၊ ထို့ကြောင့် ပရိပုဏ္ဏပါရိသုဒ္ဓိသီလ မည်၏၊

(၄) အပရာမဋ္ဌပါရိသုဒ္ဓိသီလ

သေက္ခပုဂ္ဂိုလ်တို့၏ သီလသည် အပရာမဋ္ဌပါရိသုဒ္ဓိ မည်၏၊ ဒိဋ္ဌိ ရာဂ စသည်တို့၏ အစွမ်းဖြင့် မသုံးသပ်အပ်သောကြောင့်တည်း။ ရာဂ၏ အစွမ်းဖြင့် မသုံးသပ်အပ်သော ပုထုဇဉ်သီလသည်လည်း အပရာမဋ္ဌပါရိသုဒ္ဓိသီလ မည်၏၊ ပေါင်ကို ကျောက်ခဲဖြင့် ရိုက်ချိုး၍ ကျင့်သော တိဿမထေရ်၏ သီလကဲ့သို့တည်း။

ပေါင်ရိုက်ချိုးသော မထေရ်ဝတ္ထု

သူကြွယ်သား အစ်ကိုမဟာတိဿသည် ညီဖြစ်သူ စူဠတိဿအား ပစ္စည်းဥစ္စာအားလုံး လွှဲအပ်၍ တောထွက်ကာ တရားအားထုတ်နေသည်။ ညီ၏မယား မရီးသည်က ပစ္စည်းအမွေလောဘဖြင့် ခဲအိုဖြစ်သူ အစ်ကို မဟာတိဿမထေရ်ကို သတ်ရန် လူဆိုးတို့ကို ပစ္စည်းပေး၍ စေလွှတ်၏၊ မထေရ်ကြီးသည် မိမိ၏ အပရာမဋ္ဌသီလ ရာဂမစွန်းငြိသည်ကို မှီ၍ ရဟန္တာ ဖြစ်လိုသောကြောင့် ခေတ္တ ဆိုင်းကြပါဦး။ ရာဂနှင့် သေရခြင်းသည် ရှက်ဖွယ် ဖြစ်သည်ဟု သတ်လိုသူ လူဆိုးတို့ကို ဆိုပြီးလျှင် ဆိုင်းငံ့ခွင့် ပေးစိမ့်သောငှာ ပေါင်တို့ကို ကျောက်ခဲဖြင့် ရိုက်ချိုး၏၊ တစ်ညလုံး ဝေဒနာကို ခွာ၍(= ဒုက္ခဝေဒနာကို နှလုံးမသွင်းမူ၍) ဝိပဿနာ ပွား၏၊ အရုဏ်တက်သောအခါ ရဟန္တာအဖြစ်သို့ ရောက်လေ၏၊

၅။ ပဋိပဿဒ္ဓိပါရိသုဒ္ဓိသီလ

ရဟန္တာစသည်တို့၏ သီလသည် ပဋိပဿဒ္ဓိပါရိသုဒ္ဓိသီလ မည်၏၊ ကိလေသာပူပန်ခြင်းအားလုံးမှ ငြိမ်းသောကြောင့် ပဋိပဿဒ္ဓိ ထက်ဝန်းကျင် စင်ကြယ်သောကြောင့် ပါရိသုဒ္ဓိမည်၏၊ (ဝိသုဒ္ဓိမဂ်အရသာ၊ ၅၅။)

အမ္ဗခါဒကမဟာတိဿမထေရ်ဝတ္ထု

အမ္ဗခါဒကမဟာတိဿမထေရ်သည် သပ္ပုရိသာနုဿတိကို မစွန့်၊ ဉာတိ အင်္ဂ ဇီဝိတ လာဘ ယသတို့၏ အစွမ်းဖြင့် အပရိယန္တပါရိသုဒ္ဓိသီလ မပျက်စီး၊ အစာငတ်၍ သေလုနီးပါးဖြစ်သော်လည်း သရက်ပင်အောက် ကြွေကျနေသော အကပ်မခံရသေးသော သရက်သီးမှည့်ကို ကောက်မစား၊ သိက္ခာပုဒ်တော်ကို မလွန်ကျူးဘဲ ကျင့်၏၊ ဒုဗ္ဘိက္ခအခါ အာဟာရ ပြတ်၍ သရက်ပင် အောက်၌ လဲနေခြင်း ဖြစ်၏၊

ဥစ္စာနှင့် အင်္ဂါ အန္တရာယ်ရောက်လျှင် ဥစ္စာကုန်ပါစေ အင်္ဂါအထိမခံနှင့်၊ အင်္ဂါနှင့် အသက် အန္တရာယ်ရောက်လျှင် အင်္ဂါကြီးငယ် ပျက်လျှင် ပျက်ပါစေ အသက် မထိခံနှင့်၊ အသက်နှင့် သီလ အန္တရာယ်ရောက်လျှင် အသက်သေပါစေ၊ သီလ အထိမခံနှင့်၊ ဤသုံးချက်သော သပ္ပုရိသာနုဿတိကို မစွန့်မူ၍ နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့် အသေခံ ကျင့်တော်မူ၏၊ ဥပါသကာတစ်ယောက် မြင်လတ်သော် သရက်သီးဖျော်ပြု၍ ကပ်ပြီးလျှင် နေရာကျောင်းသို့အရောက် ကျောပိုး၍ ပို့၏၊

န ပိတာ နာပိ တေ မာတာ၊ န ဉာတိ နာပိ ဗန္ဓဝါ၊
ကရောတေ တာဒိသံ ကိစ္စံ၊ သီလဝန္တဿ ကာရဏာ။

အယံ = ဤဥပါသကာသည်။ တေ = သင်၏၊ န ပိတာ = ဖခင်လည်း မဟုတ်။ နာပိ မာတာ = မိခင်လည်း မဟုတ်။ န ဉာတိ = ဦးကြီး ဦးလေး ဘကြီး ဘထွေး အစ်ကိုတော်စပ်သော ဆွေမျိုးလည်း မဟုတ်။ နာပိ ဗန္ဓဝါ = အကျွမ်းတဝင် ချစ်ခင်သော မိတ်ဆွေလည်း မဟုတ်။ သီလဝန္တဿ = သီလရှိသော သင်၏၊ ကာရဏာ = သီလရှိခြင်းဟူသော အကြောင်းကြောင့်။ တာဒိသံ ကိစ္စံ = ထိုသို့ အဖျော်ရည်ကပ်၍ ကျောပိုးချီ သယ်ဆောင်ခြင်း ကိစ္စကို။ ကရောတေ = ပြုပေ၏၊

ဤသို့ မထေရ်သည် ဆင်ခြင်၍ ဝိပဿနာပွားများအပ်သော် ကျောက်ကုန်းထက်၌ပင် ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူလေသည်။
(ဝိသုဒ္ဓိမဂ်အရသာ၊၄၉၊၅၅၊၁၉၁။)

ဘဝသစ်ယူသူ သီလပျက်

မထေရ်တစ်ပါးသည် ပြင်းထန်သော ရောဂါ နှိပ်စက်၍ မိမိလက်ဖြင့် အစာကို မယူနိုင်။ မိမိ၏ ကျင်ကြီး ကျင်ငယ် အတွင်း၌ ကျွံနစ်လူးပေကာ လိမ့်ကာ နေရသည်။ ထိုဘေးနားက ရဟန်းငယ်တစ်ပါးမြင်၍ “အဟော ဒုက္ခာ ဇီဝိတသင်္ခါရာ - အသက်နှင့် စပ်သော သင်္ခါရတို့သည် (ဝါ) အသက်ရှိသော ခန္ဓာငါးပါးတို့သည် ဩော် ..လွန်စွာ ဆင်းရဲကုန်စွတကား”ဟု ဆို၏၊ “ငါ့ရှင် ငါ ယခု သေသွားလျှင် နတ်ပြည်အတွက် စိတ်ချရ၏၊ သီလပျက်မှ ရသော နတ်စည်းစိမ်သည် သိက္ခာချ၍ လူဖြစ်ရသည်နှင့် တူ၏”ဟု ဆို၍ သီလအပျက် မခံဘဲ သီလနှင့်တကွ သေမည်။ သီလကို မစွန့်လိုဟု လျောင်းစက်လျက် ထို ရောဂါကို ဝေဒနာမှစ၍ နာမ်တရား ရုပ်တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်လတ်သော် ရဟန္တာအဖြစ်သို့ ရောက်လေ၏၊ (ဘဝအသစ် ယူလျှင် သီလခါးဝတ် ကင်းလွတ်သည်။ သီလ မကင်းလွတ်စေတော့ဘဲ နိဗ္ဗာန် ယူမည် ဟူလို။)

ဒုတိယ ပဉ္စကသီလ

ပရိယန္တ, အပရိယန္တ, ပရိပုဏ္ဏ, အပရာမဋ္ဌ, ပဋိပဿဒ္ဓိဟု ပထမ ပါရိသုဒ္ဓိသီလငါးပါး, ပဉ္စကကို သိပြီးနောက် ဒုတိယဖြစ်သော ---

(၁) ပဟာနသီလ၊ (၂) ဝေရမဏိသီလ၊ (၃) စေတနာသီလ၊ (၄) သံဝရသီလ၊ (၅) အဝီတိက္ကမသီလဟု သီလငါးပါးအပေါင်းကိုလည်း မှတ်သားသင့်သည်။ ပါဏာတိပါတကိလေသာ အစ အရဟတ္တမဂ်ပယ်သတ်သော ကိလေသာ အဆုံးရှိသော ဤကိလေသာတို့ကိုပယ်ခြင်း, ရှောင်ကြဉ်ခြင်း, ဆန့်ကျင်ခြင်း, ပိတ်ဆို့ခြင်း, မကျူးလွန်ခြင်း ဤသို့ ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူး အားဖြင့် ငါးပါးစီ ရှိ၏၊

၁။ ပါဏာတိပါတကို ပယ်ကြောင်း စိတ္တုပ္ပါဒ်သည် ပဟာနသီလ မည်၏၊ (ဟိရီ, ဩတ္တပ္ပ, ကရုဏာ, အလောဘစသည် အမှူးရှိသော စိတ္တုပ္ပါဒ် ရ၏၊)
၂။ ပါဏာတိပါတမှ ရှောင်ကြဉ်ကြောင်း ဝိရတီသည် ဝေရမဏိသီလ မည်၏၊
၃။ ပါဏာတိပါတ၏ ဆန့်ကျင်ဘက်စေတနာသည် စေတနာသီလ မည်၏၊
၄။ ပါဏာတိပါတ၏ ဝင်ပေါက်ကို ပိတ်ဆို့သော တရားသည် သံဝရသီလ မည်၏၊
၅။ ပါဏာတိပါတကို မလွန်ကျူးကြောင်းတရားသည် အဝီတိက္ကမသီလ မည်၏၊ ဤသို့လျှင် ပဟာနသီလ, ဝေရမဏိသီလ, စေတနာသီလ, သံဝရသီလ, အဝီတိက္ကမသီလဟု ငါးပါးစီ ဖြစ်ကုန်၏၊ အဒိန္နာဒါန စသည်တို့၌လည်း ဤအတူ ငါးပါးစီတည်း။

ပဉ္စကသီလ (၄၇) ပါး

ကမ္မပထသီလ (၁၀)ပါး၊ ပုဗ္ဗဘာဂသီလ (၅)ပါး၊ သဥပါယအဋ္ဌသမာပတ္တိသီလ (၁၀)ပါး၊ မဟာဝိပဿနာသီလ (၁၈)ပါး၊ မဂ်သီလ (၄)ပါးအားဖြင့် (၄၇)ပါး ဖြစ်၏၊ ပဉ္စကသီလ (၄၇)ပါးတည်း။

ကမ္မပထသီလ (၁၀) ပါး

ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပဝါစာ၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိတို့ကို ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူးအားဖြင့် ငါးပါးစီတည်း။ ဤကား ကမ္မပထဆယ်ပါးဖြင့် သီလပြုခြင်းတည်း။

စျာန်ရကြောင်း ပုဗ္ဗဘာဂပဋိပဒါ (၅) ပါး

၁။ အလောဘပြဓာန်းသော ကုသိုလ်စိတ္တုပ္ပါဒ်ဖြင့် ကာမစ္ဆန္ဒကို၊
၂။ မေတ္တာပွားများခြင်းဖြင့် ဗျာပါဒကို၊
၃။ အာလောကသညာဖြင့် (ဝါ) နှလုံးသွင်း၍ ထင်လာသော အလင်းကို သိခြင်းဖြင့် ထိနမိဒ္ဓကို၊
၄။ သမာဓိဖြင့် ဥဒ္ဓစ္စကို၊
၅။ အကုသိုလ်စသည်ကို ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူး ငါးပါးစီ ဖြစ်သည်။
ဤကား စျာန်ရကြောင်း ပုဗ္ဗဘာဂပဋိပဒါ ငါးပါးဖြင့် ပြခြင်းတည်း။

သဥပါယအဋ္ဌသမာပတ္တိသီလ (၁၀) ပါး

၁။ မဂ်ရကြောင်းဉာဏ်ဖြင့် အဝိဇ္ဇာကို၊
၂။ စျာန်ရကြောင်း ပါမောဇ္ဇဖြင့် အရတိကို၊
၃။ ပထမစျာန်ဖြင့် နီဝရဏတို့ကို၊
၄။ ဒုတိယစျာန်ဖြင့် ဝိတက် ဝိစာရတို့ကို၊
၅။ တတိယစျာန်ဖြင့် ပီတိကို၊
၆။ စတုတ္ထစျာန်ဖြင့် သုခ ဒုက္ခတို့ကို၊
၇။ အာကာသာနဉ္စာယတနသမာပတ်ဖြင့် ရူပသညာ (၁၅)ပါး၊ ပဋိသညာ (၁၀)ပါး၊ နာနတ္တသညာ (၄၄)ပါးကို (ဝါ) ရူပစိတ် (၁၅)ပါး၊ ဒွေပဉ္စဝိညာဉ် (၁၀)ပါးမှ ကြွင်းကာမစိတ် (၄၄)ပါးကို၊
၈။ ဝိညာဏဉ္စာယတနသမာပတ်ဖြင့် အာကာသသညာကို၊
၉။ အာကိဉ္စညာယတနသမာပတ်ဖြင့် ဝိညာဏသညာကို၊
၁၀။ နေဝသညာနာသညာယတနသမာပတ်ဖြင့် အာကိဉ္စညာယတနသညာကို ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူးအားဖြင့် ငါးပါးစီပင် ဖြစ်၏၊ မဟဂ္ဂုတ်တရားတို့၌ မုချအားဖြင့် သီလအနက် မရှိ၊ ဝိရတီ မရှိ၊ ဆန့်ကျင်ဘက်တို့ကို ပယ်ခြင်း ရှိ၏၊ ထို့ကြောင့် ပရိယာယ်အားဖြင့် ဆိုရ၏၊

မဟာဝိပဿနာသီလ (၁၈) ပါး

၁။ အနိစ္စာနုပဿနာဖြင့် နိစ္စဟု ဖြစ်သော မိစ္ဆာသညာကို၊
၂။ ဒုက္ခာနုပဿနာဖြင့် သုခသညာကို၊
၃။ အနတ္တာနုပဿနာဖြင့် အတ္တသညာကို၊
၄။ သင်္ခါရတို့၌ ငြီးငွေ့ဖွယ်ဟု ရှုခြင်းဖြင့် ပီတိရှိသော တဏှာကို၊
၅။ တပ်ခြင်းကင်းသော ရှုခြင်းဖြင့် ရာဂကို၊
၆။ သင်္ခါရ ပြန်မဖြစ်အောင် ရှုခြင်းဖြင့် သမုဒယကို၊
၇။ သင်္ခါရစွန့်သော ရှုခြင်းဖြင့် နိစ္စစသည် စွဲလမ်းခြင်းကို၊
၈။ ကုန်ခန်းခြင်းကို ရှုခြင်းဖြင့် တစ်ခဲနက်သညာကို (သန္တတိ, သမူဟ, ကိစ္စ, အာရမ္မဏ, တစ်ခုတည်း တစ်လုံးတစ်ခဲတည်းဟု မှတ်ယူသော ဃနသညာကို)၊
၉။ ပျက်ခြင်းကို ရှုခြင်းဖြင့် ပြုပြင်စုရုံးခြင်းကို၊
၁၀။ ဖောက်ပြန်ခြင်းကို ရှုခြင်းဖြင့် ခိုင်ခံ့၏ဟု မှတ်သားခြင်းကို၊
၁၁။ အကောင်အထည်ဟူသော နိမိတ်မရှိဟု ရှုခြင်းဖြင့် နိမိတ်ကို၊
၁၂။ တောင့်တစရာသင်္ခါရမရှိဟု ရှုခြင်းဖြင့် ရာဂ (= တောင့်တခြင်း)ကို၊
၁၃။ အတ္တမှဆိတ်၏ဟု ရှုခြင်းဖြင့် အတ္တဟု နှလုံးသွင်းမှားကို၊
၁၄။ တေဘူမကကို လွန်သော အဓိပညာဓမ္မဝိပဿနာဖြင့် အနှစ်သာရဟု ယူခြင်း နှလုံးသွင်းခြင်းကို၊
၁၅။ ယထာဘူတဉာဏ်ဖြင့် လောကကို ဗြဟ္မာဖန်ဆင်းသည် စသည်ဖြင့် တွေဝေစွာ နှလုံးသွင်းခြင်းကို၊
၁၆။ အပြစ်ကို ရှုခြင်းဖြင့် တွယ်တာဖွယ်ဟု နှလုံးသွင်းခြင်းကို၊
၁၇။ ပညာဖြင့် ဆင်ခြင်၍ အဖန်ဖန် ရှုခြင်းဖြင့် မောဟဦးစီးသော အကုသိုလ် ကို၊
၁၈။ နိဗ္ဗာန်သို့ ညွတ်သော ရှုခြင်းဖြင့် (ဝါ) သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ်ဖြင့် ယှဉ်တွဲဖွယ်ရာ သင်္ခါရတို့၌ နှလုံးသွင်းခြင်းကို ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူးအားဖြင့် ငါးပါးစီပင် ဖြစ်၏၊ ဤကား မဟာဝိပဿနာသီလ (၁၈)ပါးဖြင့် ပြခြင်းတည်း။

မဂ်လေးပါးသီလ

၁။ သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာတစ်သင်းကို၊
၂။ သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်းသော ကိလေသာကို၊
၃။ အနာဂါမိမဂ်ဖြင့် သိမ်မွေ့သော ကိလေသာကို (ဝါ) ကာမရာဂသမ္ပယုတ်တရားကို၊
၄။ အရဟတ္တမဂ်ဖြင့် အလုံးစုံသော ကိလေသာကြွင်းကို ပယ်, ကြဉ်, ဆန့်, ပိတ်, မလွန်ကျူးအားဖြင့် ငါးပါးစီပင် ဖြစ်၏၊ ဤကား မဂ်လေးပါးဖြင့် သီလဖြစ်ခြင်းတည်း။ ဤသို့လျှင် ပဉ္စကသီလ (၄၇)ပါး ဖြစ်သတည်း။

သီလအနက်

ဤနေရာ၌ ပယ်ခြင်းဟူသည် ဘာဝသာဓနဖြစ်၍ ဓမ္မသဘာဝ တစ်စုံတစ်ခု မဟုတ် ပါဏာတိပါတစသည်တို့ကို မဖြစ်စေခြင်းမျှသာတည်း။ သီလဟု ခေါ်ဝေါ်ခြင်း ဝေါဟာရမျှသာတည်း။ ထိုမဖြစ်စေခြင်းမျှသည်ပင် ထိုထို မေတ္တာစသော ကုသိုလ်ဓမ္မ စာဂစသော ကုသိုလ်ဓမ္မတို့၏တည်ရာ ဥပဓာရဏသီလအနက်, ဖရိုဖရဲ မဖြစ်အောင် စောင့်စည်းခြင်းထားခြင်း သမာဓာနသီလအနက် ဖြစ်၍ သီလမည်၏၊ ဝေရမဏိသီလ, စေတနာသီလ, သံဝရသီလ, အဝီတိက္ကမသီလလေးပါးကား ထိုပါဏာတိပါတစသည်တို့မှ ရှောင်ကြဉ်စွမ်း ဆို့ပိတ်စွမ်း တံသမ္ပယုတ္တစေတနာစွမ်း မလွန်ကျူးစွမ်းဖြင့် စိတ်ဖြစ်ခြင်း ဖြစ်၏၊ တစ်ပြိုင်တည်းလည်း ဖြစ်ကုန်၏၊ ဥပဓာရဏသီလအနက် သမာဓာနသီလအနက် နှစ်ပါးသော သီလအနက်ဖြစ်၍ သီလမည်ကုန်၏၊

နိဗ္ဗာန်တိုင်အောင် အဆင့်ဆင့် သီလအကျိုးများ

ဆိုခဲ့ပြီးသော အမျိုးမျိုးသော သီလတို့သည် --
၁။ စိတ်သာယာခြင်းငှာ၊ 
၂။ နုသော ပီတိဖြစ်ခြင်းငှာ၊ 
၃။ ရင့်သော ပီတိ ဖြစ်ခြင်းငှာ၊ 
၄။ ကိုယ်စိတ် ငြိမ်းအေးခြင်းငှာ၊ 
၅။ သုခဖြစ်ခြင်းငှာ၊ 
၆။ သမာဓိကို မှီဝဲခြင်းငှာ၊ 
၇။ သမာဓိပွားများခြင်းငှာ၊ 
၈။ ကြိမ်ဖန်များစွာ ပြုခြင်းငှာ၊ 
၉။ သမာဓိတန်ဆာဆင်ခြင်းငှာ၊ 
၁၀။ သမာဓိအဆောက်အဦ ဖြစ်ခြင်းငှာ၊ 
၁၁။ သမာဓိအခြံအရံ ဖြစ်ခြင်းငှာ၊ 
၁၂။ သမာဓိပြည့်ခြင်းငှာ၊ 
၁၃။ စင်စစ် ငြီးငွေ့ခြင်းငှာ၊ 
၁၄။ ရာဂ ကင်းခြင်းငှာ၊ 
၁၅။ ချုပ်ခြင်းငှာ၊ 
၁၆။ ငြိမ်းခြင်းငှာ၊ 
၁၇။ ထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊ 
၁၈။ သစ္စာလေးပါးကို သိမြင်ခြင်းငှာ၊ 
၁၉။ မသေရာမှန် အမတမဟာနိဗ္ဗာန် အကျိုးငှာ၊ တစ်ဆယ့်ကိုးမျိုးသော သီလ၏ အကျိုးအဆင့်ဆင့်ကို မှတ်သားလေ့လာ ကျင့်ကြံအားထုတ်ကုန်ရာသတည်း။ (ဝိသုဒ္ဓိမဂ်အရသာ၊၆၀။)