ဝိနည်းပဒေသာသင်တန်း/ပါတိမောက္ခသံဝရသီလ အကျယ်

3296ဝိနည်းပဒေသာသင်တန်းပါတိမောက္ခသံဝရသီလ အကျယ်ဘဒ္ဒန္တကောဝိဒါဘိဝံသ သာသနာ့လင်းရောင်ကြည် (ပဲခူး)

ပါတိမောက္ခသံဝရသီလ အကျယ်

သီလ (၄)မျိုးတို့ကို ရှေ့တွင် တင်ပြခဲ့သည်။ ပါတိမောက္ခသံဝရသီလကို နောက်မှ အကျယ် ထပ်မံဝေဖန်ပြဦးမည်ဟု ရေးခဲ့သည့်အတိုင်း ယခု ပြန်လည်၍ ရှင်းပြပါမည်။ အခြားသီလ (၃)မျိုးတို့ကို သိသာအောင် ရှင်းပြခဲ့သော်လည်း ပါတိမောက္ခသံဝရသီလကို အနည်းငယ်မျှသာ ပြဆိုခဲ့သည်။

စောင့်ထိန်းကျင့်ကြံအားထုတ်သူကို အပါယ်လေးပါးဆင်းရဲ သံသရာဝဋ်ဆင်းရဲ, အတ္တာနုဝါဒဘေး, ပရာနုဝါဒဘေး, ဒဏ္ဍဘေး, ဒုဂ္ဂတိဘေးတို့မှ လွတ်စေတတ်သောကြောင့် ပါတိမောက္ခ မည်၏၊ ကိုယ်နှုတ်တို့ကို မလွန်ကျူးခြင်းဟူသော စောင့်ထိန်းခြင်းသည် သံဝရ မည်၏၊ ကုဋေကိုးထောင်ကျော်သိက္ခာပုဒ်တို့သည် သီလမည်၏၊

အပါယ်လေးပါးဆင်းရဲ

အပါယ်၌ (အပ+အယ) လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဖြစ်ကြောင်း ကုသိုလ်ကောင်းမှုတို့ကို အယဟု ခေါ်သည်။ အပ-သဒ္ဒါကား အပဂတ ကင်းခြင်းအနက် ဟော၏၊ (အယတော အပဂတောတိ အပါယော) အယတော = ချမ်းသာဖြစ်ကြောင်း ကုသိုလ်ကောင်းမှုမှ။ အပဂတော = ကင်းသော (ဝါ) ကုသိုလ်ကောင်းမှုပြုခွင့် များစွာ မရ၊ အကုသိုလ် မကောင်းမှုတွေ များပြားလှသော ဘုံဌာနကို အပါယ (= အပါယ်)ဟု ခေါ်သည်။

အပါယ် (၄) ဘုံ

အပါယ်ဘုံသည် ၁။ ငရဲဘုံ၊ ၂။ တိရစ္ဆာန်ဘုံ၊ ၃။ ပြိတ္တာဘုံ၊ ၄။ အသူရကာယ်ဘုံဟု လေးဘုံ ရှိသည်။

၁။ ငရဲဘုံ = နိရယ = (နိ+အယ) ဤ၌ အယ-သဒ္ဒါသည် ချမ်းသာသုခဟူသော အနက်ကို ဟောသည်။ နိကား မရှိခြင်း နတ္ထိအနက်ကို ဟော၏၊ နတ္ထိ အယော ဧတ္ထာတိ နိရယော၊ ဤငရဲဘုံ၌ ချမ်းသာသုခ လုံးဝ ခံစားခွင့် မရှိ၊ အမြဲတမ်း ဆင်းရဲဒုက္ခတွေ ခံစားနေရသောကြောင့် နိရယ (= ငရဲဘုံ)ဟု ခေါ်ဆိုရသည်။ အပါယ်၌ ရှိသော အယသဒ္ဒါ, နိရယ၌ ရှိသော အယသဒ္ဒါ ဤ အယသဒ္ဒါ နှစ်ခုတို့ကို ကွဲပြားအောင် မှတ်ပါ။

၂။ တိရစ္ဆာန် = တိရော အဉ္စန္တီတိ တိရစ္ဆာနာ၊ တိရစ္ဆာနာနံ ယောနိ တိရစ္ဆာနယောနိ။ တိရော = ဖီလာကန့်လန့် (ဝါ) အလျားလိုက်။ အဉ္စန္တိ = သွားတတ်ကုန်၏၊ ဣတိ = ထို့ကြောင့်။ တိရစ္ဆာနာ = တိရစ္ဆာန် မည်၏၊ လူနတ်တို့ကဲ့သို့ မတ်မတ်ရပ် မသွားတတ်ဘဲ ဖီလာ (= အလျားလိုက်) သွားတတ်သော (ဝါ) နတ်ရွာနိဗ္ဗာန်အထက်သို့ သွားကြောင်း ကုသိုလ်တရားတွေ မပြုတတ်၊ ဖီလာကန့်လန့်ဖြစ်သော အပါယ်လေးပါး သွားကြောင်းဖြစ်သော အကုသိုလ်တရားတွေသာ ပြုတတ်သော သတ္တဝါများကို တိရစ္ဆာန်ဟု ခေါ်သည်။ ခွေး, ဝက်, ကြက်, ငှက်, မြွေ, ငါး, လိပ်စသော သတ္တဝါများတည်း။

တိရစ္ဆာနာနံ ယောနိ တိရစ္ဆာနယောနိ = တိရစ္ဆာန်တို့၏ အမျိုးဇာတ် ဖြစ်၏၊ ဘုံဟု သီးခြားမရှိ၊ အမျိုးဇာတ်ကိုပင် တိရစ္ဆာန်ဘုံဟု ဆိုရသည်။

၃။ ပြိတ္တာ = သုခသမုဿယတော ပကဋ္ဌံ ဧန္တီတိ ပေတာ၊ ပေတာနံ သမူဟော ပေတ္တိ၊ ပေတ္တိယာ ဝိသယော ပေတ္တိဝိသယော။ သုခသမုဿယတော = သုခအပေါင်းမှ။ ပကဋ္ဌံ = ဝေးသောအရပ်သို့။ ဧန္တိ = ရောက်ကုန်၏၊ ဣတိ = ထို့ကြောင့်။ ပေတာ = ပေတတို့မည်၏၊ (ပ + ဣ+ တ) ပေတ-သဒ္ဒါသည် တမလွန်ဘဝသို့ သွားသောသူ (သေသူ) ဟူသမျှကို ဟောသော်လည်း ဤနေရာ၌ ချမ်းသာသုခမှ ဝေးသော ပြိတ္တာကို ဟောသည်။ ပေတာနံ = ပြိတ္တာတို့၏၊ သမူဟော = အပေါင်းသည်။ ပေတ္တိ = ပေတ္တိ မည်၏၊ ပေတ္တိယာ = ပြိတ္တာအပေါင်း၏၊ ဝိသယော = နေရာသည်။ ပေတ္တိဝိသယော = ပေတ္တိဝိသယ မည်၏၊ ဘုံသီးခြား မရှိ။ ပြိတ္တာတို့၏ နေရာအရပ်ဖြစ်သော တော တောင် မြစ် ချောင်း သုသာန်စသော အရပ်များကိုပင် ပြိတ္တာဘုံဟု ခေါ်ရလေသည်။

ပြိတ္တာများကား --- တဇ္ဇေ တစ္ဆေ မှင်စာ သူရဲ ဘီလူးစသည်ဖြင့် အမျိုးမျိုး ခေါ်ကြ၏၊ နှစ်ပေါင်းများစွာ လပေါင်းများစွာ မစားရ မသောက်ရ အချို့မှာ လူအများ၏ သလိပ် ချွဲ တံတွေး မစင်များနှင့် ဖိတ်စင်ကျရောက်နေသော ထမင်းလုံး ဟင်းစက် ဟင်းပေါက်စသည်တို့ကိုသာ လုယက်တိုးဝှေ့ စားသောက်ရလေသည်။ လက္ခဏသံယုတ်ပါဠိတော်၌ ပြထားသော ဂိဇ္ဈကုဋ်တောင်က ပြိတ္တာတို့ကား မစားရ မသောက်ရရုံမျှမက ငရဲသူ ငရဲသားများ ကဲ့သို့ပင် လွန်စွာ ဆင်းရဲကြောင်း ဟောကြားထားတော်မူလေသည်။

၄။ အသူရကာယ် = န သုရန္တိ န ဒိဗ္ဗန္တီတိ အသုရာ၊ အသုရာနံ ကာယော အသုရကာယော။ န သုရန္တီ န ဒိဗ္ဗန္တိ = အစိုးရမှု မြူးထူးပျော်ပါးမှု စသည်တို့ဖြင့် နတ်များကဲ့သို့ မတောက်ပနိုင်ကုန်။ ဣတိ = ထို့ကြောင့် အသုရာ = အသူရာတို့ မည်၏၊ အသုရာနံ = အသူရာတို့၏၊ ကာယော = အပေါင်းသည်။ အသုရကာယော = အသူရကာယ် မည်၏၊

အသူရကာယ်ဘုံဟု သီးခြား မရှိ၊ အသူရာတို့၏ နေရာအရပ်ကိုပင် အသုရကာယ်ဘုံဟု ခေါ်သည်။ ဤအသူရာဟူသည် ပြိတ္တာအကြီးစားမျိုးနှင့် နတ်အို နတ်ဗလချာတို့တည်း။ နှစ်ရှည်လများ ဆင်းရဲခံကြရ၏၊ တချို့ အသူရာတို့မှာ ဘုရားနှစ်ဆူသုံးဆူ ပွင့်အောင် ကြာသော်လည်း တစ်ကြိမ်မျှ မစားသောက်ကြရလေကုန်၊ ထို အသူရာတို့သည် သမုဒြာ၊ ဂင်္ဂါမြစ်ကမ်း စသည်တို့၌ နေတတ်ကြ၏၊ အလွန် ဆာလောင်မွတ်သိပ်ကြလေသည်။ ပြိတ္တာ အသူရာအပြင် နတ်အသူရာတွေလည်း ရှိသေး၏၊

(သင်္ဂြိုဟ်ဘာသာဋီကာ၊ ၂၅၈။)

ငရဲကြီး (၈) ထပ်နှင့် ငရဲငယ် (၁၆၀)

ဥပရိပဏ္ဏာသပါဠိတော် ဒေဝဒူတသုတ်လာ ငရဲကြီး (၈)ထပ်နှင့် ငရဲငယ် (၁၆၀)တို့ကို သင်္ဂြိုဟ်ဘာသာဋီကာ (၂၅၆)မှာ ပါသည့်အတိုင်း ရေးသားဖော်ပြ အပ်ပါသည်။

၁။ သဉ္ဇိုဝ်းငရဲ = သံ (ပုနပ္ပုနံ) ဇီဝန္တိ ဧတ္ထာတိ သဉ္ဇီဝေါ။ ငရဲထိန်း နတ်ဘီလူးကြီးတွေက သေလောက်အောင် ခုတ်ထစ်သတ်ဖြတ် ညှဉ်းဆဲအပ်ပါကုန်သော်လည်း ငရဲသူ ငရဲသားတို့သည် အဖန်ဖန်အထပ်ထပ် အသက်ရှည်ကြ အသက်ရှင်ကြကုန်သောကြောင့် သဉ္ဇိုဝ်းငရဲဟု ခေါ်သည်။

၂။ ကာဠသုတ်ငရဲ = ကာဠသုတ္တံ ထပေတွာ တစ္ဆေန္တိ ဧတ္ထာတိ ကာဠသုတ္တော။ ငရဲထိန်းနတ်မင်းကြီးတို့က အတင်းလိုက်ကြ၍ ပြေးရင်းလွှားရင်း မောဟိုက်မူးမိုက် လဲကျသွားကုန်သော ငရဲသူငရဲသားတို့ကို သစ်ရွေ လက်သမားတို့သည် တံမျဉ်းချည် မဲကြိုးတို့ဖြင့် တိုင်းကာ ထွာကာ ခုတ်ကြ, ရွေကြသကဲ့သို့ အခုတ်အရွေခံရသောကြာင့် ကာဠသုတ်ငရဲဟု ခေါ်သည်။

၃။ သံဃာတငရဲ = သံဃာဋေန္တိ ဧတ္ထာတိ သံဃာတော။ အလျှ့ပြောင်ပြောင် တောက်လောင်နေသော သံတောင်သံတုံးကြီးတို့သည် ငရဲသူ ငရဲသားတို့ကို ကြိတ်ခြေ ထိခိုက်နေကြကုန်သောကြောင့် သံဃာတငရဲဟု ခေါ်သည်။

၄။ ဇာလရောရုဝငရဲ = ဇာလာဟိ ဍယှမာနာ မဟာရဝံ ရဝန္တိ ဧတ္ထာတိ ဇာလရောရုဝေါ။ အရှိန်ပြင်းစွာ တဟုန်းဟုန်း တောက်လောင်နေကြကုန်သော မီးတောက်မီးလျှံတို့သည် လောင်ကျွမ်းအပ်ကုန်သည်ဖြစ်၍ ငရဲသူ ငရဲသားတို့သည် ကယ်ပါယူပါ တစာစာဖြင့် ကြီးမားထန်သီး အသံကြီးတို့ကို ဟစ်အော်ကာ ခံစားရကုန်သောကြောင့် ဇာလရောရုဝငရဲဟု ခေါ်သည်။ ရောရုဝငရဲဟုလည်း ခေါ်ကြသည်။

၅။ ဓူမရောရုဝငရဲ = ဓူမေဟိ သေဒမာနာ မဟာရဝံ ရဝန္တိ ဧတ္ထာတိ ဓူမရောရုဝေါ။ မီးအခိုးအငွေ့တို့သည် နူးနပ်မွန်းကြပ်အပ်ကုန်သည် ဖြစ်၍ ငရဲသူငရဲသားတို့သည် ကယ်ပါယူပါ တစာစာဖြင့် ကြီးမားထန်သီး အသံကြီးတို့ကို ဟစ်အော်ကြကုန်သောကြောင့် ဓူမရောရုဝငရဲဟု ခေါ်သည်။ မဟာရောရုဝငရဲဟုလည်း ခေါ်ကြသည်။

၆။ တာပနငရဲ = တာပေတိ ဧတ္ထာတိ တာပနော။ ငရဲသူ ငရဲသားတို့ကို ကိုယ်လုံးရဲရဲ မီးလျှံစွဲ၍ ပူလောင်စေတတ်သောကြောင့် တာပနငရဲဟု ခေါ်သည်။

၇။ ပတာပနငရဲ = အတိဝိယ တာပေတိ ဧတ္ထာတိ ပတာပနော၊ တာပနထက် နှစ်ဆတက်အောင် အလွန်အကဲသာလျှင် ပူလောင်စေတတ်သောကြောင့် ပတာပနငရဲဟု ခေါ်သည်။ မဟာတာပနငရဲဟုလည်း ခေါ်ကြ သည်။

၈။ အဝီစိငရဲ = နတ္ထိ ဝီစိ ဧတ္ထာတိ အဝီစိ၊ ကျည်တောက်အတွင်း၌ နှမ်းမုန့်ညက်တို့ကို ပြည့်တင်းကြပ်သိပ်နေအောင် ထည့်သိပ်ထားသကဲ့သို့ ပြည့်တင်းကြပ်လှောင် ငရဲသူငရဲသားအပေါင်းတို့သည် ဆင်းရဲဒုက္ခ တစ်မိနစ်မျှ အကြားမကျန်ရအောင် ခံကြရသောကြောင့် အဝီစိငရဲဟု ခေါ်သည်။

ဤသဉ္ဇိုဝ်းငရဲ စသော ငရဲကြီးရှစ်ထပ်တို့သည် တစ်ထပ်နှင့် တစ်ထပ် ယူဇာနာတစ်သောင်းငါးထောင်စီ ကွာခြားသည်။ အကုသိုလ်အကြွင်းအကျန်တို့ကို ခံရသော ဥဿဒငရဲငယ် (၅)ခုတို့သည် ငရဲကြီး ရှစ်ထပ်ကိုအရပ်လေးမျက်နှာတို့မှ ထပ်ကာထပ်ကာ ရံနေကြသောကြောင့် သဉ္ဇိုဝ်းငရဲမှာ အရပ်လေးမျက်နှာ နှစ်ဆယ်ဖြစ်၍ ငရဲကြီး (၈)ထပ်၊ ငရဲငယ် (၁၆၀)ရှိသည်ဟု မှတ်ပါ။

ဥဿာဒငရဲငယ် (၅) ခု

၁။ ဘင်ပုပ်ငရဲ = အလွန်ကြီးမားသော ပိုးကောင် လောက်ကောင်တို့ ရောပြွမ်း၍ မစင်ဘင်ပုပ်နံ့ လွှမ်းလျက် ဆိုးသွမ်းသော ဘင်ပုပ်ငရဲ။
၂။ ပြာပူငရဲ = လွန်မင်းစွာ ပြင်းပြပူလောင်လှသည့် အောက်က မီးခဲနှင့် အလွန်တရာ နီရဲနေသော ပြာပူငရဲ။
၃။ လက်ပံတောငရဲ = (၁၆)လက်မခန့် ရှည်သော လက်ပံဆူးတို့သည် ငရဲသူ ငရဲသားတို့ အထက်တက်လျှင် အောက်ဖက်သို့ အဖျားလှည့်၏၊ အောက်သို့ ဆင်းပြန်လျှင် အထက်ဖက်သို့ လှည့်နေကြသော လက်ပံတောငရဲ။
၄။ သန်လျက်ရွက်တောငရဲ = ဓား သံလျက်ပမာ ထက်သည့် အရွက်တွေပေါ တော၏သဖွယ် ငရဲသူငရဲသားတို့၏ ခန္ဓာကိုယ်ပေါ်သို့ သံလျက် ဓားသွားပမာ သစ်ရွက်များက ကြွေကျသဖြင့် ထိရှပြတ်ကြေခံရသော သန်လျက်ရွက်တောငရဲ။
၅။ ကြိမ်ပိုက်ချောင်းငရဲ = ကြိမ်ဆူးတွေရံ စပ်ခါးငန်သည့် သံရေပူလှောင် မြစ်ချောင်းအတွင်း ထက်အောက်စုန်ဆန် မျောသွားလျက် စပ်ခါးစူးရှ ခံစားရသော ကြိမ်ပိုက်ချောင်းငရဲဟု ဥဿဒငရဲငယ် (၅)ခုတို့သည် ငရဲအထပ်တိုင်း၏ အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာတို့၌ (၅)ခု (၅)ခုစီ ခြံရံနေကြသည်။ ထို့ကြောင့်[(၅_၄ =၂၀)_၈ =၁၆၀] ဥဿဒငရဲငယ်သည် (၁၆၀)ရှိလေသည်။

(ဆောင်) သဉ္ဇိုဝ်းကာလ၊ သံဃာတနှင့် ရောရုဝနှစ်၊ တာပန်နှစ်၊ တွက်စစ်အဝီစိ။
အထပ်တိုင်းမှာ၊ ဘင်ပြာလက် သန်ကြိမ်ပိုက်ရံ၊ ငါးတန်ဥဿဒရှိ။
သောင်းငါးထောင်စီ၊ သင်္ချာညီ ရှစ်လီငရဲရွာ၊ ဝေးရင် ယူဇနာ။

ဤသို့လျှင် အပါယ်လေးပါး၌ ဆင်းရဲဒုက္ခကြီးမားပုံ လူချမ်းသာ နတ်ချမ်းသာစသည်တို့၏ဖြစ်ကြောင်း ကုသိုလ်ကောင်းမှု ပြုခွင့် မရကြပုံ၊ အကုသိုလ် မကောင်းမှု များပြားလှပုံ၊ အပါယ်ဆင်းရဲသို့ ရောက်ရှိလျှင် လွတ်ဖို့ရာ ခဲယဉ်းပုံများကို သိရှိကာ အပါယ်ဆင်းရဲသို့ မကျမရောက်ရအောင် သတိဆောင်၍ ကြိုးစားအားထုတ်သင့်သည်ဟု သိရှိပါလေ။

သံသရာဝဋ်ဆင်းရဲ

ခန္ဓာအာယတနဓာတူနံ ပုနပ္ပုနံ သံသရန္တီတိ သံသာရော။ အပါယ်ဘုံ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့၌ အပါယ်ခန္ဓာ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓာ အာယတနဓာတ်တို့၏ အဖန်ဖန်အထပ်ထပ် ကျင်လည်ပြေးသွားကြရသောကြောင့် သံသရာဟု ခေါ်သည်။ အဖန်ဖန် အခါခါ အထပ်ထပ် ပဋိသန္ဓေနေရခြင်း အိုရခြင်း နာရခြင်း သေရခြင်း ချစ်သူခင်သူတွေနှင့် ကွဲကွာရခြင်း မချစ်မခင်သူတွေနှင့် ရောနှောနေရ, ပေါင်းသင်းနေရခြင်း စားဝတ်နေရေးအတွက် လုပ်ရကိုင်ရ ရှာဖွေရ စားရ သောက်ရ စသည်တို့သည်လည်း မဆုံးနိုင်သော သံသရာဒုက္ခကြီးများပင် ဖြစ်သည်။

လူ့ဘုံလောက

ယခုခေတ် မျက်မြင်အားဖြင့် တွေ့ကြုံနေကြရသည်ကား လူအမျိုးမျိုးတို့၏ နေထိုင်ရာ တောင်ကျွန်းသာတည်း။ အနောက်ကျွန်း အရှေ့ကျွန်း မြောက်ကျွန်းများလည်း ရှိသေး၏၊ ထို့အတူ သမုဒြာလေးစင်း ရှိ၏၊ ထိုကျွန်းကြီးလေးကျွန်းတို့၏ သမုဒြာလေးစင်းအလယ်၌ မြင်းမိုရ်တောင်ကြီးနှင့် တောင်ရံ (၇)လုံး (၇)ထပ် ရှိ၏၊ ကျွန်းလေးကျွန်းတို့၏ တည်ရာ ကမ္ဘာကြီးကို ပတ်လျက် စကြဝဠာတောင်ကြီး ကာဆီးလျက် ရှိပြန်သည်။

(သပြေကန်ပရိတ်ကြီးနိဿယသစ်၊၄၈၃။)

တိုက်ကြီး (၆) တိုက်နှင့် သမုဒ္ဒရာကြီး (၅) စင်း

ယခုခေတ်အခေါ်အဝေါ်များမှာ အာရှတိုက်, ဥရောပတိုက်, တောင်အမေရိကတိုက်, မြောက်အမေရိကတိုက်, အာဖရိကတိုက်, ဩစတေးလျတိုက်ဟု တိုက်ကြီး (၆)တိုက် ရှိသည်။ သမုဒ္ဒရာမှာလည်း အာတိတ်သမုဒ္ဒရာ, အန္တာတိတ်သမုဒ္ဒရာ, အတ္တလန္တိတ်သမုဒ္ဒရာ, ပစိဖိတ်သမုဒ္ဒရာ, အိန္ဒိယသမုဒ္ဒရာဟု (၅)စင်းရှိသည်။ ကမ္ဘာ့မြောက်ခြမ်း အန္တာတိတ်သမုဒ္ဒရာအတွင်း၌ နေနှင့် အလွန် ဝေးကွာနေ၍ ရေခဲတောင်များ ရေခဲတုံးများ ရှိနေသည်။ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်လည်း ရှိနေသည်။ ဧဝရက်တောင်သည် မြင်းမိုရ်တောင် မဟုတ်သည်ကို သတိပြုပါ။

မြင်းမိုရ်တောင်ကြီးကို တောင်စဉ်(၇)ထပ် ရံပတ်လျက် ရှိသည်။ ၎င်းတို့မှာ - ယုဂန္ဓိုရ်တောင်, ဤသံသရတောင်, ကရဝိကတောင်, သုဒဿနတောင်, နေမိန္ဓရတောင်, ဝိနာသကတောင်, အဿကဏ္ဏတောင်တို့ ဖြစ်သည်။ မြေပြင်မှ ယုဂန္ဓိုရ်တောင်ထိပ်အထိ စာတုမဟာရာဇ်နတ်ဘုံ တည်ရှိ၏၊ ယုဂန္ဓိုရ်တောင်ထိပ်မှ မြင်းမိုရ်တောင်ထိပ်အထိ တာဝတိံသာနတ်ဘုံ တည်ရှိ၏၊ တာဝတိံသာ ဘုံမှ အထက်ကောင်းကင်၌ ယာမာဘုံ၊ တုသိတာဘုံ၊ နိမ္မာနရတိဘုံ၊ ပရနိမ္မိတဝသဝတီနတ်ဘုံဟု နတ်ပြည် (၆)ထပ်တည်ရှိလေသည်။ ထိုနတ်ဘုံ (၆)ဘုံ နတ်ပြည် (၆)ထပ်တို့သည် ယူဇနာပေါင်း (၄၂၀၀၀)ယူဇနာစီ ဝေးကွာကြလေသည်။ လူ့ပြည်မှ စာတုမဟာရာဇ်နတ်ဘုံသို့လည်း ယူဇနာ (၄၂၀၀၀)ပင် ကွာဝေးသည်ဟု ဆိုပါသည်။ သို့ရာတွင် လူ့ပြည် လူ့လောကတွင် တည်ရှိသော တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံကုန်သော ဘုမ္မစိုးနတ် ရုက္ခစိုးနတ် အာကာသစိုးနတ်တို့ကိုလည်း စာတုမဟာရာဇ်နတ်မင်းကြီးများ အုပ်ချုပ်ခံရသော စာတုမဟာရာဇ်နတ်ဘုံတို့တွင် ပါဝင်ကြလေသည်။ မိမိတို့ အနီးရှိ နတ်များကို မမြင်ရသကဲ့သို့ မြင်းမိုရ်တောင်ကို မမြင်နိုင်ကြောင်း သိပါလေ။

(ဆောင်) လေးသောင်းနှစ်ထောင် သင်္ချာဆောင်၊
လူ့ဘောင် နတ်ခြောက်ရွာ။

စာတုမဟာရာဇ်ဘုံ

နတ်မင်းကြီးလေးပါးက အုပ်ချုပ်ခံရသော နယ်မြေ ဖြစ်၍ စာတုမဟာရာဇ်ဘုံဟု ခေါ်သည်။ မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာ ယုဂန္ဓိုရ်တောင်ထိပ်မှ အောက်ဘက်ပိုင်းနယ်မြေများတွင် ဂန္ဓဗ္ဗနတ်တို့ ရှိကြလေသည်။ ထိုဂန္ဓဗ္ဗနတ်တို့ကို ဓတရဋ္ဌနတ်မင်းကြီး အုပ်ချုပ်လေသည်။

တောင်ဘက်မျက်နှာ၌ ကုမ္ဘဏ်နတ်တို့ ရှိကြသည်။ ဝိရူဠှကနတ်မင်းကြီးက အုပ်ချုပ်လေသည်။ အနောက်ဘက် အရပ်တွင် နတ်နဂါးတို့ ရှိကြလေသည်။ ဝိရူပက္ခနတ်မင်းကြီးက အုပ်ချုပ်လေသည်။ မြောက်ဘက်အရပ်၌ နတ်ဘီလူးတို့ ရှိကြလေသည်။ ကုဝေရနတ်မင်းကြီးခေါ် ဝေဿဝဏ်နတ်မင်းကြီးက အုပ်ချုပ်လေသည်။

တာဝတိံသာနတ်ဘုံ

တာဝတိံသာနတ်ပြည်၌ ရှေးဟောင်းနတ်များ ရှိခဲ့၏၊ မဂဓတိုင်း မစလရွာက မာဃလုလင်သည် အပေါင်းအဖော် သုံးကျိပ်သုံးယောက်နှင့်အတူ ကောင်းမှုပြုခဲ့ရာ ထိုနတ်ဘုံသို့ ရောက်လာကြ၏၊ ဧည့်သည်တွေ ရောက်လာကြသည်ဟု ရှိရင်းစွဲနတ်များက ဂန္ဓပါနခေါ် မွှေးကြိုင်သည့်အနံ့ရှိသော နတ်အဖျော်ကို စီမံကြ၏၊ ခေါင်းဆောင်နတ်မင်းက မိမိအဖော်များအား ထို အဖျော်များကို များများမသောက်ကြဘဲ သောက်ဟန်ဆောင်ရုံမျှသာ ပြုကြဖို့ ကြိုတင်သတိပေးထားသောကြောင့် ထိုနတ် (၃၃)ယောက်တို့သည် များများ မသောက်ကြ ရှိရင်းစွဲနတ်များသည် အလွန်အကျွံသောက်ကြ၍ မူးလဲမေ့လျော့နေစဉ် ခြေထောက်များကို စွဲကိုင်ကာ မြင်းမိုရ်တောင်ခြေသို့ ပစ်ချကြကုန်၏၊ မြင်းမိုရ်တောင်ခြေမှာလည်း သူတို့ကံအရ နတ်ဘုံနတ်နန်းများ ပေါ်လာလေသည်။ ထို မြင်းမိုရ်တောင်ခြေ နတ်ဘုံများကို အသူရာနတ်ပြည်ဟု ခေါ်လေသည်။

ခေါင်းဆောင်နတ်မင်းမာဃသည် ရှိရင်းစွဲ တာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်လာပြီး အပေါင်းအဖော် (၃၃)ယောက်တို့သည် သိကြားမင်း၏ နတ်ပရိသတ် ဖြစ်လာလေသည်။ ထိုနတ်ဘုံကို တာဝတိံသ တေတ္တိံသအရ တာဝတိံသာနတ်ဘုံဟု ခေါ်ဆိုကြလေသည်။

သိကြားမင်းကြီးသည် ထိုတာဝတိံသာနတ်ပြည်၌ ပဇာပတိနတ်မင်း ဝရုဏနတ်မင်း ဤသာနနတ်မင်းဟု အဆင့်ဆင့်ထား၍ အုပ်ချုပ်လေသည်။ သိကြားမင်းသည် စာတုမဟာနတ်မင်းကြီး လေးပါးတို့ကိုလည်း အုပ်ချုပ်သည်ဟု ဆိုပါသည်။

အထက်ကောင်းကင်၌ တည်ရှိကြသော ယာမာနတ်ဘုံ, တုသိတာနတ်ဘုံ, နိမ္မာနရတီနတ်ဘုံ, ပရနိမ္မိတဝသဝတ္တီနတ်ဘုံတို့ကို မာရ်နတ်မင်းကြီးက အုပ်ချုပ်သည်ဟု ဆိုပါသည်။

ဗြဟ္မာပြည် (၂၀)

ရူပ (၁၆)ဘုံ အရူပ (၄)ဘုံ ရှိ၏၊ ရူပ (၁၆)ဘုံတို့မှာ ဗြဟ္မပါရိသဇ္ဇာ, ဗြဟ္မပုရောဟိကာ, မဟာဗြဟ္မာ-ဟု ပထမစျာန် (၃)ဘုံ၊ ပရိတ္တဘာ, အပ္ပမာဏဘာ, အာဘဿရာဘုံ-ဟု ဒုတိယစျာန် (၃)ဘုံ၊ ပရိတ္တသုဘာ, အပ္ပမာဏသုဘာ, သုဘကိဏှာ-ဟု တတိယစျာန် (၃)ဘုံ၊ ဝေဟပ္ဖိုလ်ဘုံ အသညသတ်ဘုံ သုဒ္ဓဝါသ (၅)ဘုံ-ဟု စတုတ္ထစျာန်ဘုံ (၇)ဘုံ ပေါင်း (၁၆)ဘုံတို့သည် ရူပဗြဟ္မာဘုံ (၁၆)ဘုံ ဖြစ်သည်။

သုဒ္ဓဝါသ (၅) ဘုံ

အဝိဟာဘုံ, အတပ္ပါဘုံ, သုဒဿာဘုံ, သုဒဿီဘုံ, အကနိဋ္ဌဘုံဟု သုဒ္ဓဝါသ (၅)ဘုံ ဖြစ်သည်။ ထိုသုဒ္ဓဝါသ (၅)ဘုံ၌ အနာဂါမ်ရဟန္တာ စင်ကြယ်သော ဗြဟ္မာကြီးများ ရှိသည်။

အရူပဗြဟ္မာဘုံ (၄) ဘုံ

အာကာသာနဉ္စာယတနဘုံ, ဝိညာဏဉ္စာယတနဘုံ, အာကိဉ္စညာယတနဘုံ, နေဝသညာနာသညာယတနဘုံဟု အရူပဗြဟ္မာ, နာမ်မျှသာ ရှိသော ဗြဟ္မာကြီးတို့ နေရာ အရူပ (၄)ဘုံ ဖြစ်သည်။

ဗြဟ္မပြည်တို့၏ အကွာအဝေး

ပထမစျာန် (၃)ဘုံ၊ ဒုတိယစျာန် (၃)ဘုံ၊ တတိယစျာန် (၃)ဘုံ၊ စတုတ္ထစျာန် (၇)ဘုံတို့သည် တပြင်တည်းတည်း ရှိကြသည့်အပြင် တစ်ခုနှင့်တစ်ခု ယူဇနာပေါင်း ငါးသန်းငါးသိန်းရှစ်ထောင် (၅၅၀၈၀၀၀)ယူဇနာ ဝေးကွာကြသည်။

(ဆောင်) ငါးသန်းငါးသိန်း, ရှစ်ထောင်ချိန်း, တွက်ကိန်း ဗြဟ္မာ့ရွာ။

အရူပဘုံသည်ကား နာမ်သာရှိသော ဘုံများ ဖြစ်၍ အကွာအဝေး မည်မျှ ရှိသည်ဟု မပြဆိုသင့်ပေ။

ဤသို့လျှင် အပါယ် (၄)ဘုံ, လူ့ဘုံ, နတ်ပြည် (၆)ထပ်, ဗြဟ္မာ (၂၀) ပေါင်းလိုက်သော် (၃၁)ဘုံ ဖြစ်သည်။

စကြဝဠာ

ဤ (၃၁)ဘုံ တည်ရှိရာ ကမ္ဘာလောကကြီးတစ်ခုကို စကြဝဠာဟု ဆိုရသည်။ ဤကဲ့သို့ ဆက်ကာဆက်ကာ တည်ရှိသော ထိုစကြဝဠာအပေါင်းမှာ မရေမတွက်နိုင်အောင် များပြားလှသည်။ စကြဝဠာပေါင်း အဆုံးမရှိတော့ပေ။

စကြဝဠာနှင့် ခေတ် (၃) ပါး

ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်ဟု ကျမ်းဂန်တို့၌ ခေတ် (၃)ပါး ပြဆိုကြသည်။

ဇာတိခေတ် = မြတ်စွာဘုရား အလောင်းတော် မွေးဖွားရာ ကာလ စသည်တို့၌ ဖွားမြင်တော်မူသည့်အချိန်၌ စကြဝဠာပေါင်း တိုက်တစ်သောင်း တိုင်အောင် တုန်လှုပ်ကျော်ကြား၏၊ ၎င်းကို ဇာတိခေတ်ဟု ခေါ်သည်။

အာဏာခေတ် = ကုဋေတစ်သိန်းကုန်သော စကြဝဠာတို့၌ နတ်ဗြဟ္မာတို့သည် ရတနသုတ်ပရိတ်တော်၏ တန်ခိုးအာဏာ အရှိန်အဝါကို ခံယူကြကုန်သည်ဟု ဆိုထားသည့်အတိုင်း မြတ်စွာဘုရားရှင်၏ တန်ခိုးအာဏာတော် ပျံ့နှံ့ရာ စကြဝဠာ ကုဋေတစ်သိန်းကို အာဏာခေတ်ဟု ခေါ်သည်။

ဝိသယခေတ် = မြတ်စွာဘုရားရှင် အာရုံပြုတော်မူနိုင်သော မရေမတွက်နိုင်သော စကြဝဠာအနန္တကို ဝိသယခေတ်ဟု ခေါ်သည်။ ဤသို့သောခေတ် (၃)ပါးကို မှတ်သားသင့်သည်။ ဤသို့လျှင် မြတ်စွာဘုရားရှင်သည် စကြဝဠာအနန္တ မရေမတွက်နိုင်အောင် စကြဝဠာတွေ ရှိနေကြောင်း နှစ်ပေါင်း (၂၅၀၀)ကျော်ကာလကပင် ထုတ်ဖော် ဟောကြားထားသည်ကို သိရှိနိုင်သည်။

နက်နဲလှစွာ စကြဝဠာ [မြန်မာစွယ်စုံကျမ်း၊အတွဲ-၃၊ ၃၁၇။]

ရှေးလူအများသည် စကြဝဠာအကြောင်းကို သူတို့သိသမျှ အမျိုးမျိုးရှင်းလင်းဖော်ပြခဲ့ကြသည်။ ရှေး သိုးဆောင်းနိုင်ငံများတွင် အချို့က စကြဝဠာသည် ကုန်းလိပ်ကြီးကျောပေါ်၌ တည်ရှိနေသည်။ ဂရိလူမျိုးတို့သည် ကမ္ဘာကို အက်တလတ်ဆိုသည့် နတ်က ပုခုံးပေါ်၌ တင်ထားသည်ဟု ယုံကြည်ကြ သည်။ ရှေးလူတို့သည် များသောအားဖြင့် စကြဝဠာဗဟို၌ ကမ္ဘာမြေ တည်ရှိ သည်ဟု ထင်မှတ်ကြသည်။ နေ, လ, ကြယ်တို့သည် ကမ္ဘာကို လှည့်ပတ်ကာ သွားကြသည်ဟု ယုံကြည်ကြ၍ အရှေ့, အနောက်, တောင်, မြောက်ဘက်သို့ ခရီးဝေးဝေးသွားလျှင် လိမ့်ကျလိမ့်မည်ဟု ယုံကြည်ကြသည်။

ခရစ် (၁၄၀၀)နှင့် (၁၅၀၀)ပြည့်နှစ်များအတွင်း၌ အနောက်နိုင်ငံသားတို့သည် နယ်မြေသစ်များကို ရှာဖွေတွေ့ရှိ ခဲ့ကြခြင်းကြောင့် ကမ္ဘာမြေကြီး၏ ပုံသဏ္ဌာန်အမှန်ကို လူတို့ သိရှိလာကြသည်။ နတ်က္ခတ္တဗေဒပါရဂူများ ဖြစ်ကြသော ကော့ပါးနိကပ်, ပိုက်သာဂိုရပ်(စ်), ဂယ်လီလီယို, ကက်ပလာ, နျူတန် တို့၏ လေ့လာတွေ့ရှိမှုများကြောင့် ကမ္ဘာမြေကြီးသည် စကြဝဠာ၏ ဗဟို၌ မရှိကြောင်းကို နားလည်လာကြသည်။ ကမ္ဘာမြေကြီးသည် မြောက်မြားစွာသော ဂြိုဟ်များအနက် တစ်ခုမျှသာ ဖြစ်၍ ထိုဂြိုဟ်များအားလုံးက နေကို လှည့်ပတ်လျက် သွားနေကြောင်းကိုပါ သိလာကြသည်။ စကြဝဠာတွင် ကြယ်တို့သည် အခရာဖြစ်ကြောင်း သူတို့ သိရှိလာကြသည်။ ကိုယ်ပိုင် အလင်း မရှိသော, နေမှ အရောင်အလင်းရသော, နေကို ပတ်နေရသော အရာဝတ္ထုများကို ဂြိုဟ်ဟု ခေါ်၍ ကိုယ်ပိုင်အလင်းရှိသော ကြယ်များကို နေများ ဖြစ်သည်ဟု ယူဆကြသည်။

နေကို ဗဟိုပြု၍ ဂြိုဟ်များ လှည့်ပတ်နေပုံ

အလယ်ဗဟိုတွင် တည်ရှိသော နေကို ဂြိုဟ်တို့သည် လျင်မြန်သော အဟုန်ဖြင့် လှည့်ပတ်နေကြသည်။ နေနှင့် အနီးကပ်ဆုံး ပတ်နေသော ဂြိုဟ်ငယ်ကလေးမှာ မာကျူရီခေါ် ဗုဒ္ဓဟူးဂြိုဟ် ဖြစ်၏၊ ယင်းဂြိုဟ်သည် နေကို (၈၈)ရက်တွင် တစ်ပတ် ပတ်မိသည်။ ဒုတိယ ပတ်နေသော ဂြိုဟ်မှာ ဗီးနပ် (စ်)ဂြိုဟ် (ခေါ်) သောကြာဂြိုဟ် ဖြစ်၏၊ ယင်းဂြိုဟ်သည် နေကို (၇)လနှင့် ရက်အနည်းငယ် ကျော်လွန်မှသာ တစ်ပတ် ပတ်မိသည်။ တတိယ ပတ်နေသော ဂြိုဟ်မှာ ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်ခေါ် ရာဟုဂြိုဟ် ဖြစ်၍ ယင်းဂြိုဟ်၌ လတစ်လုံးက ပတ်နေပြန်သည်။ ကမ္ဘာဂြိုဟ်၏ အပြင်ဘက် စတုတ္ထမြောက် ပတ်နေသော ဂြိုဟ်သည် မား(စ်) (ခေါ်) အင်္ဂါဂြိုဟ် ဖြစ်၏၊ ယင်းဂြိုဟ်၌ လနှစ်ခု ရံပတ်လျက် ရှိသည်။ နက္ခတ္တဗေဒပညာရှင်များ၏ အဆိုအရ ယင်း အင်္ဂါဂြိုဟ် မျက်နှာပြင်တွင် တူးမြောင်းများ ယှက်သန်းလျက် ရှိသည်။ မား(စ်) ဂြိုဟ်၏ အပြင်ဘက် ပဉ္စမမြောက်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ လမ်းကြောင်းရှိသည်။ ယင်းတို့ကား အကြောင်းတစ်စုံတစ်ရာကြောင့် ကြေကွဲ ပျက်စီးသွားသော ဂြိုဟ်တစ်ခုမှ ကြွင်းကျန်ရစ်သည့် အစိတ်အပိုင်းများ ဖြစ်မည်ဟု ယူဆကြသည်။

ထိုဂြိုဟ်နောက် ဆဋ္ဌမြောက် ပတ်နေသော ဂြိုဟ်မှာ အကြီးဆုံးဖြစ်သော ဂျူပီတာ (ခေါ်) ကြာသပတေးဂြိုဟ် ဖြစ်သည်။ လ (၉)လုံး ခြံရံလျက်ရှိကြောင်း တွေ့မြင်နိုင်သည်။ ဂျူပီတာဂြိုဟ်နောက် သတ္တမမြောက် ပတ်နေသော ဂျူပီတာအောက် ဒုတိယအကြီးဆုံးဖြစ်သော ဆက်တန် (ခေါ်) စနေဂြိုဟ်က ပတ်နေသည်။ ယင်းဂြိုဟ်၏ ပတ်လည်တွင် ခါးပတ်ကဲ့သို့ ကွင်းများ ဝန်းရံ၍ ပတ်ထားသည်။ လ (၉)လုံးပင် ခြံရံလျက် ရှိကြသည်။ ထိုလများနှင့် ကွင်းများကို အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်မှသာ မြင်နိုင်သည်။ ဆက်တန် ဂြိုဟ်၏နောက် အဋ္ဌမမြောက် ပတ်နေသော ဂြိုဟ်မှာ ယူရေးနတ်ဂြိုဟ် ဖြစ်သည်။ လ (၄)ခု ခြံရံလျက် ရှိ၏၊ ယင်းနောက် နဝမမြောက် ပတ်နေသော ဂြိုဟ်မှာ လတစ်ခုသာရှိသော နက်ပကျွန်းဂြိုဟ်ကို တွေ့ရသည်။ နေမှ အဝေးဆုံး ဒသမမြောက် ပတ်နေသော ဂြိုဟ်မှာ ပလူတိုဂြိုဟ် ဖြစ်သည်။

(မြန်မာစွယ်စုံကျမ်း၊ အတွဲ-၃၊ ၃၁၈။)

ဤသို့လျှင် နေကို ဗဟိုထား၍ အစဉ်အတိုင်း 
၁။ မာကျူရီ 
၂။ ဗီးနပ်စ် 
၃။ ကမ္ဘာဂြိုဟ် 
၄။ မား (စ်) 
၅။ ဂြိုဟ်သိမ် ဂြိုဟ်မွှား 
၆။ ဂျူပီတာ၊ 
၇။ ဆက် တန် 
၈။ ယူရေးနတ်၊ 
၉။ နက်ပကျွန်း၊ 
၁၀။ ပလူတိုဟု ဂြိုဟ် (၁၀)လုံး လမ်းကြောင်းအတိုင်း လှည့်ပတ်နေကြသည်ဟု ဆိုသည်။

ဗေဒင်ကျမ်းအလို နေ့ ၇-နေ့နှင့် ဂြိုဟ်များ

၁။ တနင်္ဂနွေဂြိုဟ် နေ
၂။ တနင်္လာဂြိုဟ် လ
၃။ အင်္ဂါဂြိုဟ် မား(စ်)
၄။ ဗုဒ္ဓဟူးဂြိုဟ် မာကျူရီ
၅။ ကြာသပတေး ဂျူပီတာ
၆။ သောကြာ ဗီးနပ်စ်
၇။ စနေ ဆက်တန်
၈။ ရာဟု ကမ္ဘာ
၉။ ကိတ်
၁၀။ မိတ္တု

ပိဋကတ်စာပေ မြန်မာစာပေလာ စကြဝဠာနှင့် နက္ခတ္တဗေဒပါရဂူ သိပ္ပံပညာရှင်တို့ ယူဆကြသော စကြဝဠာတို့၏ အကြောင်း သိကောင်းစရာများ နှိုင်းယှဉ်ယူဆ သဘောပေါက်နိုင်ကြကုန်စေရန် ရေးသားတင်ပြအပ်ပါသည်။ ဤသို့ စကြဝဠာ ကမ္ဘာလောကဓာတ်ကြီးအတွင်း၌ တည်ရှိကြသော ရေနေသတ္တဝါ ကုန်းနေသတ္တဝါ ကောင်းကင်နေ သတ္တဝါတို့၏ ခန္ဓအာယတနဓာတ်တို့ အဖန်ဖန်အခါခါ အထပ်ထပ်ဖြစ်ကြ၍ ပဋိသန္ဓေနေ, အို, နာ, သေ စသော မဆုံးနိုင် မပြီးနိုင်သော သံသရာဝဋ် ဒုက္ခကြီးများကို အဇ္ဈတ္တ, ဗဟိဒ္ဓ ရှိရှိသမျှသော ဒုက္ခအပေါင်းတို့ကို သိရှိရအောင် ကြိုးစားသင့်သည်။

ဘေးကြီး (၄) မျိုး

၁။ အတ္တာနုဝါဒဘေး = မိမိကိုယ်ကို မိမိပြန်၍ (ငါဟာ သီလပျက်စီးနေသူပါလား စသည်ဖြင့်) စွပ်စွဲခြင်း၊
၂။ ပရာနုဝါဒဘေး = သူတစ်ပါး (ပညာရှိ)တို့၏ ကဲ့ရဲ့ ပြစ်တင် စွပ်စွဲ ခံရခြင်း၊
၃။ ဒဏ္ဍဘေး = အစိုးရမင်းတို့၏ ငွေဒဏ် ကြိမ်ဒဏ် ထောင်ဒဏ် သေဒဏ် စသော ဘေးဒဏ် ပေးခံရခြင်း၊
၄။ ဒုဂ္ဂတိဘေး = အပါယ်(၄)ပါး ဒုဂ္ဂတိဘဝဘုံဌာနများ, မကောင်းသော အရပ်ဒေသများသို့ လားရရောက်ရခြင်း ဖြစ်ရခြင်း၊

ဤဆိုခဲ့ပြီးသော အပါယ် (၄)ပါးဆင်းရဲ သံသရာဝဋ်ဒုက္ခဆင်းရဲ အတ္တာနုဝါဒဘေး စသည်တို့မှ လွတ်စေတတ်သောကြောင့် ပါတိမောက္ခ မည်၏၊

ပါတိမောက် (၂) မျိုး

ပါတိမောက္ခအရ သီလပါတိမောက်, ဂန္ထပါတိမောက်ဟု နှစ်မျိုး ယူရ၏၊ အပါယ်ဒုက္ခ သံသရာဝဋ်ဒုက္ခ စသည်တို့မှ လွတ်စေတတ်သော ဝိရတီစေတနာ စသော သီလပါတိမောက်ကို မုချအားဖြင့် ရ၏၊ ဂန္ထကျမ်းဂန်သည် ထို သီလပါတိမောက်ကို ထွန်းပြတတ်သောကြောင့် ဂန္ထပါတိမောက်ကိုလည်း ဖလူပစာအားဖြင့် ရ၏၊

သီလပါတိမောက်ဟူသည် အဓိသီလသိက္ခာပင် ဖြစ်၏၊ ဝိရတီစေတနာ စသော တရားကိုယ်တို့တည်း။ ဂန္ထပါတိမောက်ဟူသည် “သုဏာတု မေ ဘန္တေ” စသော စိတ်ကြောင့်ဖြစ်သော အက္ခရပဘေဒ အက္ခရာအစဉ်အတန်း တည်း။ ထိုနှစ်ပါးတို့တွင် ဂန္ထပါတိမောက်သည်သာ ဥဒ္ဒိသနကြိယာ၏ ကံ ဖြစ်ကောင်းသောကြောင့် ပါတိမောက္ခံအရ ဂန္ထပါတိမောက်ကို ယူရ၏၊

ဂန္ထပါတိမောက် (၂) မျိုး

ထိုဂန္ထပါတိမောက်သည် အာဏာပါတိမောက်, ဩဝါဒပါတိမောက်ဟု နှစ်မျိုး ပြား၏၊ အာဏာပါတိမောက်သည် သာဝကတို့၏ အရာဖြစ်၍ ကျင့်ကြံလိုက်နာကြရသည်။ ဩဝါဒပါတိမောက်သည် မြတ်စွာဘုရားရှင်တို့၏အရာ၊ ပထမဗောဓိ (= ဝါ-၂၀)တိုင်အောင် ဘုရားရှင်တို့ ပြဆိုဩဝါဒ ပေးတော်မူသည်။ ဤနေရာ၌ သာဝကတို့အတွက်ဖြစ်၍ အာဏာပါတိမောက်ကို ယူပါ။

အာဏာပါတိမောက် (၂) မျိုး

ထိုအာဏာပါတိမောက်သည် ဘိက္ခုပါတိမောက်, ဘိက္ခုနီပါတိမောက်ဟု နှစ်မျိုး ပြား၏၊ ဒွေမာတိကာဟုလည်း ခေါ်၏၊ သိက္ခာပုဒ် မာတိကာ ခေါင်းစဉ်မျှသာ ပြဆိုထားသည်။ ဆောင်လွယ် မှတ်လွယ်စေရန် ပါဠိတော်မှ ထုတ်၍ ဥပုသ်ပြုသောအခါ ရွတ်ဆိုပြရသည်။ ဘိက္ခုပါတိမောက်၌ နိဒါနုဒ္ဒေသ စသော ဥဒ္ဒေသ (၅)မျိုး ပြဆိုထားပါသည်။ ဘိက္ခုနီပါတိမောက်၌ အနိယတုဒ္ဒေသ မပါ၊ ဥဒ္ဒေသ (၄)ပါး ဖြစ်၏၊

သင်တန်းပို့ချမည့် အစီအစဉ်

ဤ ဝိနည်းသင်တန်း၌ နိဒါနုဒ္ဒေသစသော ဥဒ္ဒေသအစဉ်ဖြင့် မသင်ပြဘဲ အာပတ် (၇)ပုံအစဉ်ဖြင့်သာ ခြုံ၍ သင်ပြသွားမည် ဖြစ်ပါသည်။ ထို့နောက် ရဟန်း သာမဏေတို့ လုပ်ကိုင်ဆောင်ရွက် လိုက်နာသင့်သော ဆရာဝတ် တပည့်ဝတ် စသော စုဒ္ဒသခန္ဓကဝတ်အကျယ် သင်္ကန်း, ကျောင်း, ဆွမ်း, ဆေးတို့၌ ကျင့်ဆောင်ဖွယ်များ၊ ကျောင်းထိုင်ဘုန်းကြီးများ သိထားသင့်သော ကံကြီး ကံငယ် အသွယ်သွယ်များ၊ ကံလေးပါး, ပရိက္ခရာ (၈)ပါးနှင့် စပ်၍ သိမှတ်ဖွယ်များကို သိသာရုံ အကျဉ်းချုပ်၍ သင်ကြားသွားမည်ဖြစ်ကြောင်း ကြိုတင် သိစေအပ်ပါသည်။