ဝိနည်းပဒေသာသင်တန်း/သံဃာဒိသေသ်အာပတ် ကုစားရန်

3332ဝိနည်းပဒေသာသင်တန်းသံဃာဒိသေသ်အာပတ် ကုစားရန်ဘဒ္ဒန္တကောဝိဒါဘိဝံသ သာသနာ့လင်းရောင်ကြည် (ပဲခူး)

သံဃာဒိသေသ်အာပတ် ကုစားရန် အစီအစဉ်

သံဃာဒိသေသ်အာပတ် စင်ကြယ်လိုသော ရဟန်းသည် ဝိနည်း တတ်ကျွမ်းနားလည်သူထံ မိမိ၏ လွန်ကျူးသောဝတ္ထု, အာပတ်, ဖုံးလွှမ်းသော နေ့ရက်၊ လ၊ နှစ်တို့ကို အဖြစ်မှန် သိရှိမှတ်မိသမျှ ပြောပြ၍ အစစ်ခံရမည်။ ဝိနည်းတတ်ကျွမ်းနားလည်ပါက မိမိဘာသာ ဆုံးဖြတ်နိုင်သည်။

ဝိနည်းတတ်ကျွမ်းသူ ဆရာဝိနည်းဓိုရ်က (၁)အပ္ပဋိစ္ဆန္နဝတ် ထိုက်သည် (၂)ပဋိစ္ဆန္နဝတ် ထိုက်သည် (၃)သုဒ္ဓန္တပရိဝါသ် ယူသင့်သည် (၄) သမောဓာန ပရိဝါသ်ယူသင့်သည်ဟု တစ်ခုခု (အကျယ်ရေးခဲ့ပြီး) ပြောဆိုသည့်အတိုင်း ကျင့်အပ်၏၊ အနိက္ခိတ္တဝတ်ကျင့်လိုက နေ့စဉ် ဝတ်ဆောက်တည်ခြင်း၊ ဝတ်ကြားခြင်း ပြုရန်မလို။ နိက္ခိတ္တဝတ်ကျင့်က အရုဏ်ယူပြီး ဝတ်ချထား ရသည်။

ရှေးဦးစွာ သိမ်အတွင်း၌ အနည်းဆုံးလေးပါး သို့မဟုတ် ထို့ထက်ပိုသော သံဃာထံ၌ ဝတ်တောင်းအပ်၏၊ သံဃာက ကမ္မဝါဖတ်၍ ဝတ်ပေးပြီး ဝတ်ဆောက်တည်ပြီးသောအခါမှစ၍ ပဋိညာဝန်ခံချက်အတိုင်း ကမ္မာရဟ ပုဂ္ဂိုလ်ဖြစ်၏၊ ဒဏ်သားအရာ၌ တည်၏၊

ကမ္မဝါစာဖတ်သောအခါ သံဃာအစွန် ဟတ္ထပါသ်၌ နေအပ်၏၊ အချို့ သံဃာ့အလယ်သို့ဝင်၍ ကမ္မဝါအဖတ်ခံကြ၏၊ ဘုရားရှင်၏ အမိန့်ကို လွန်ကျူးရာကျသည်။ သတိပြုကြလော့။ ကမ္မဝါအဆုံး၌ (၁၂)တောင်တွင်း နေ၍ ဝတ်ဆောက်တည် ဝတ်ကြားအပ်၏၊ ဝတ်ဆောက်တည်ပြီးသော အခါမှစ၍ ဒဏ်သားအစစ်ဖြစ်၏၊

နိက္ခိတ္တဝတ်ကျင့်လိုလျှင် ထိုဝတ်ကိုချအပ်၏၊ ထိုအခါ ပကတတ်အရာ၌ တည်၏၊ ထို့နောက် ရက်ယူရန် အရုဏ်မတက်မီ ဝတ်ဆောက်တည်၍ ကြား အပ်၏၊ အဆင်းမြင်ရ အသံကြားရသော အဝေးရဟန်းအားလည်းကောင်း, မမြင်ရ မကြားရသော်လည်း မိမိကကျောင်းဝိုင်းအတွင်းဖြစ်လျှင် ကျောင်းဝိုင်း အတွင်း ဖြတ်သွားသော, ကျောင်းဝိုင်းအတွင်း ရောက်လာသော, ကျောင်း ဥပစာအတွင်း (ကျောင်းခြံစည်းရိုးပြုသင့်ရာမှ ၁၂-တောင်ကွာအတွင်း) ရောက်လာသော အာဂန္တုကရဟန်းအားလည်းကောင်း၊ ကျောင်းဝိုင်းပြင်ပ ဖြစ်လျှင် (၁၂)တောင်တွင်းသို့ ရောက်လာသော ရဟန်းအားလည်းကောင်း ဝတ်ကို ကြားအပ်၏၊ သိလျက်နှင့် မကြားလျှင် ဝတ္တဘေဒဒုက္ကဋ် သင့်၍ ရတ္တိစ္ဆေဒ ညဉ့်ပြတ်၏၊ မသိလျှင်ကား အာပတ်မသင့်သော်လည်း ညဉ့်ပြတ် ၏၊ ထို့ကြောင့် ရက်ပိုဆောက်တည်သင့်ကြ၏၊

(ဝတ်တောင်းပုံ, ကမ္မဝါနှင့် ဝတ်ဆောက်တည်ပုံ, ဝတ်ကြားပုံ, ဝတ်ချပုံ များ သီးခြား ရေးထားပါသည်။)

ဝတ်ချပြီးသောအခါ ပကတတ်အရာ၌ တည်သောကြောင့် ပကတတ် ရဟန်းများရှိရာ ရှေ့နားသို့ကြွ၍ နောက်မှဆက်ကာ တန်းစီ နေရာယူရမည် ဖြစ်သည်။

ဒဏ်သားချင်းအားလည်း ဝတ်မကြားမိခဲ့လျှင် ရတ္တိစ္ဆေဒဖြစ်၏၊ ဝတ်ကြားသောအခါ ရဟန်းတစ်ပါးအထံ၌ “မံ အာယသ္မာ ဓာရေတု”၊ နှစ်ပါးထံ ၌ “မံ အာယသ္မန္တာ ဓာရေန္တု၊” သုံးပါးထံ၌ “မံ အာယသ္မန္တော ဓာရေန္တု”၊ သုံးပါးအထက်သံဃာအထံ၌ “မံ သံဃော ဓာရေတု”ဟု အဖျားသတ် ပါဠိ ပြင်၍ ဝတ်ကြားအပ်၏၊

(ဆောင်) တစ်ပါးမှာ မာ၊ နှစ်ပါး န္တာ၊ သုံးပါးမှာ န္တော၊ လေးပါး ဃော၊ သဘောမိပါစေ။

အရုဏ်တက်သောအခါ ဝတ်ချအပ်၏၊ ပရိဝါသ်ယူထားသောရက် စေ့သောအခါ သိမ်တွင်း၌ လေးပါး လေးပါးအထက် သံဃာထံ မာနတ် တောင်းရန် ပရိဝါသ်ဆောက်တည်အပ်၏၊ (ရတ္တိစ္ဆေဒညဉ့်ပြတ်ခဲ့လျှင် ရက်ပို ထား၍ ဝတ်ဆောက်တည်သင့်၏၊) ထိုပရိဝါသ်ဆောက်တည်ပြီးသောအခါမှ စ၍ မာနတ်ထိုက်သူဖြစ်၏၊ ဝတ်ကိုကြားပြီး မာနတ်တောင်းအပ်၏၊ မာနတ် တောင်းပြီးသောအခါ သံဃာအစွန် ဟတ္ထပါသ်သို့ ရွှေ့လာပြီး နေအပ်၏၊ ကမ္မဝါအဆုံး၌ (၁၂)တောင်တွင်း ထွက်ခွာနေ၍ မာနတ်ဆောက်တည် မာနတ်ကြား၍ ချအပ်၏၊

ရက်ယူရန် အရုဏ်မတက်မီ မာနတ်ဆောက်တည်၍ အနည်းဆုံး ပကတတ်ရဟန်းလေးပါးထံ ဝတ်ကြား၍, မြင်, ကြား, ကျောင်းဝိုင်းတွင်း, ပြင်ပ ၁၂-တောင်တွင်း ဝတ်မကြားရသေးသော ရဟန်းအားလည်းကောင်း, ဒဏ်သားချင်းအားလည်းကောင်း ကြားအပ်၏၊ အရုဏ်တက်သည်တိုင်အောင် အနည်းဆုံး ပကတတ်လေးပါးနှင့် အတူနေ၍ အရုဏ်တက်သောအခါ မာနတ်ကြား၍ မာနတ်ချအပ်၏၊

မာနတ်ခြောက်ညဉ့် စေ့သောအခါ သိမ်တွင်း၌ နှစ်ကျိပ်အနည်းဆုံးရှိ သံဃာထံ အဗ္ဘာန်တောင်းရန် မာနတ်ဆောက်တည်အပ်၏၊ အဗ္ဘာန်ထိုက်သူ ဖြစ်၍ မာနတ်ကြား အဗ္ဘာန်တောင်းအပ်၏၊ မာနတ်မကြားလျှင်လည်း အပြစ် မရှိ။ သံဃာစွန် ဟတ္ထပါသ်၌ နေအပ်၏၊ အဗ္ဘာနကမ္မဝါစာအဆုံး၌ စင်ကြယ် လေတော့၏၊

ပရိဝါသ်, မာနတ် ရက်အပိုထား ကျင့်သင့်သည်။ အဗ္ဘာန်သွင်းပြီးသော အခါ၌ မာနတ်ချသင့်သည်။ တစ်ချို့က အပိုထင်၍ မပြုကြချေ။ နောင် တစ်ချိန်တွင် သိမ်၌လည်းကောင်း, ကမ္မဝါစာ၌လည်းကောင်း, ရတ္တိစ္ဆေဒ (ရက်မစေ့)ဖြစ်ခဲ့သည်ဟူ၍လည်းကောင်း သံသယဖြစ်ခဲ့သော် သုတ်သင်ရ လွယ်ကူ၏၊ ထိုအတွင်း သံဃာဒိသေသ်အာပတ်ထပ်သင့်ခဲ့သော် ကံမအောင် ခဲ့သေးက မူလာယပဋိကဿန ထိုက်နေပေမည်။ ထို့ကြောင့် သံသယ ကင်းရှင်းစေရန် ပရိဝါသ်မာနတ် ရက်ပိုထားကျင့်ခြင်း, မာနတ်ယူပြီး အဆုံး၌ မာနတ်ချပြီးနောက် ပရိဝါသ်ထပ်ချခြင်း၊ အဗ္ဘာန်အဆုံး၌ မာနတ် ချခြင်းတို့ကို ပြုသင့်သည်။

နောင်တစ်ချိန် သံသယဖြစ်ခဲ့သော် ဒဏ်သားအဖြစ်၌ မတည်သူဖြစ်၍ သုတ်သင်ရလွယ်ကူခြင်း အကျိုးရှိ၏၊ ကံအောင်လျှင်ကား အပိုသာတည်းဟု ဝေဖန်အပ်၏၊ ယခုသံသယ, နောင်သံသယအတွက် ဤနည်း ထိုနည်း ဉာဏ် သက်ရာ တစ်နည်းနည်းဖြင့် အပိုအားထုတ်ခြင်းသည် ဝိနယကုက္ကုစ္စငြိမ်း ကြောင်း, သမာဓိခိုင်မြဲကြောင်းတည်းဟု ညောင်လေးပင်တောရဆရာတော် ရေး ဝိနည်းစူဠဝါအရသာ၌ ဖော်ပြထားပေသည်။

ပရိဝါသ်ဆောက်တည်ရာ၌ အကျဉ်းမှတ်ရန်

ပရိဝါသ်ဆောက်တည်ရာ၌ အရုဏ်တက်ပြီး နေ့အခါ ဝတ်ကိုချထား သော နိက္ခိတ္တဝတ်နှင့် ဝတ်ကိုမချဘဲ အမြဲတမ်း နေ့ရောညပါ ဆောက်တည် ကျင့်သုံးရသော အနိက္ခိတ္တဝတ်ဟု (၂)မျိုး အကျဉ်းအားဖြင့် မှတ်ပါ။

နိက္ခိတ္တဝတ်ဆောက်တည်ရာ၌လည်း (၁) အပ္ပဋိစ္ဆန္နမာနတ်, (၂) ပဋိစ္ဆန္န ပရိဝါသ်, (၃) အဂ္ဃသမောဓာနပရိဝါသ်, (၄) မိဿကသမောဓာနပရိဝါသ်, (၅) ဩဓာနသမောဓာနပရိဝါသ်, (၆) သုဒ္ဓန္တပရိဝါသ်ဟု (၆)မျိုးပင် ပြားသွား နိုင်သည်။

စူဠသုဒ္ဓန္တ, မဟာသုဒ္ဓန္တပရိဝါသ်နှစ်မျိုးတို့သည် ကမ္မဝါစာ, ဝတ်ကြားပုံ, ဝတ်ဆောက်တည်ပုံတူကြ၍ သုဒ္ဓန္တပရိဝါသ်တစ်မျိုးသာမှတ်ပါ။ အန္တရာ ပတ်သင့်ခဲ့သော် ညဉ့်မဖုံးလွှမ်းလျှင် မူလာယပဋိကဿနကံကို ပြုရမည်။ ညဉ့်ဖုံးလွှမ်းခဲ့လျှင်မူကား အရင်းသို့ငင်ခြင်း မူလာယပဋိကဿနကိုသာမက ဩဓာနသမောဓာနပရိဝါသ်ပါ ပေးရမည်ဖြစ်သည်။

ဆောက်တည်ရမည့်ဝတ် ရွေးချယ်ခြင်း

၁။ နိက္ခိတ္တဝတ်+အနိက္ခတ္တဝတ် (၂)မျိုးတို့တွင် ကျင့်မည့်သူ၏ ဆန္ဒအတိုင်း ရွေးချယ်ရန်ဖြစ်သည်။
၂။ အပ္ပဋိစ္ဆန္နဝတ် = အာပတ်သင့်သည့်နေ့ အရုဏ်မတက်မီ ဒေသနာကြား သော ရဟန်းသည် ဖုံးလွှမ်းခြင်း မရှိသောကြောင့် အပ္ပဋိစ္ဆန္နမာနတ်ဝတ် ကို ပေးရမည်။ ပရိဝါသ်ဆောက်တည်ရန်မလို မာနတ်ကျင့်ပြီး အဗ္ဘာန် သွင်းရုံသာ ဖြစ်သည်။
၃။ ပဋိစ္ဆန္နပရိဝါသ် = မိမိသင့်ရောက်သော သံဃာဒိသေသ်အာပတ်ကို ၁-ရက်ဖုံး, (သို့) ၂-ရက်ဖုံး, (သို့) ၃-ရက်ဖုံး, (သို့) ၄-ရက်ဖုံးစသည် ဧကန် အတိအကျသိသောသူ ပြောပြနိုင်သောသူကို ပေးသင့်ပါသည်။ ဖုံးလွှမ်း သောရက်အတိုင်း ပေးရမည်။
၄။ အဂ္ဃသမောဓာနပရိဝါသ် = ၁-ရက်ဖုံး, ၂-ရက်ဖုံး, ၃-ရက်ဖုံး, ၄-ရက်ဖုံး, တစ်လဖုံး, နှစ်လဖုံး, သုံးလဖုံး စသည် အာပတ်များရှိနေရာ ရက်အကြာဆုံး ဖုံးထားသောအာပတ်သို့ ရက်အနည်းငယ် ဖုံးလွှမ်းအပ်သော အာပတ် တို့ကို ထည့်ပေါင်းပေးရမည် ဖြစ်သောကြောင့် အာပတ်များ၍ ဒေသနာ ကြားရက် မမှန်သူ, အချို့ကို ရက်ပေါင်းများစွာကြာမှ အချို့ကို လပေါင်း များစွာကြာမှ ဒေသနာကြားမိသူအား ပေးသင့်သည်။
၅။ မိဿကသမောဓာနပရိဝါသ် = သုက္ကဝိဿဋ္ဌိ, ကာယသံသဂ္ဂစသော နာနာဝတ္ထုများစွာပါဝင်သော သမ္ဗဟုလာသင့်သောရဟန်းအား ရောပေါင်း၍ ပေးသောပရိဝါသ်ဖြစ်သည်။ အဂ္ဃသမောဓာနပရိဝါသ် ဆောက် တည်လျှင် မိဿကသမောဓာနပရိဝါသ် ပြီးစီးနိုင်သည်။
၆။ ဩဓာနသမောဓာနပရိဝါသ် = ပရိဝါသ်ဆောက်တည်၍ ကျင့်နေစဉ် အကြားကာလ အန္တရာပတ်သံဃာဒိသေသ် ထပ်မံသင့်၍ ညဉ့်ဖုံးလွှမ်း သော ရဟန်းအား ကျင့်သုံးပြီး နေ့ညဉ့်တို့ကို ချေဖျက်၍ ရှေ့အာပတ်၏ မူလ ဖုံးလွှမ်းသော နေ့၌ နောက်သင့်သော အာပတ်ကိုထည့်၍ ပေါင်းပေး ရသော ပရိဝါသ်ဖြစ်သည်။
၇။ သုဒ္ဓန္တပရိဝါသ် = မဟာသုဒ္ဓန္တ, စူဠသုန္ဓန္တဟု နှစ်မျိုးရှိသော်လည်း ဆောက် တည် ကျင့်သောအခါ အတူတူပင်ဖြစ်သည်။ စင်ကြယ်သည့်ကာလ မတူ သောကြောင့် ခွဲထားခြင်းဖြစ်သည်။ အာပတ်အပိုင်းအခြား ညဉ့်အပိုင်းအခြား မသိ မမှတ်မိ၊ စင်ကြယ်သမျှ ကာလကိုသာ သိသော ရဟန်းအား ပေးရသည်။ စင်ကြယ်ရာကာလ မရှိလျှင် ရဟန်းဝါ ရရှိသမျှ မဟာသုဒ္ဓန္တ ကျင့်ရသည်။
၈။ မူလာယပဋိကဿန = အန္တရာပတ်သင့်၍ ညဉ့်မဖုံးလွှမ်းခဲ့လျှင် အရင်းသို့ ငင်ခြင်း မူလာယပဋိကဿနကိုသာ ပြုရသည်။

ဤ (၈)ချက်ကို ရွေးချယ် စိစစ်ရမည် ဖြစ်သည်။

ရဟန်းဘဝမှ လူထွက်ပြီး တစ်ဖန်ပြန်ရဟန်းခံသူများသည် အကယ်၍ ယခင်အကြိမ် ရဟန်းဝတ်ခဲ့စဉ်က သံဃာဒိသေသ်အာပတ်များ သင့်ခဲ့၍ (မကုစားရသေးဘဲ လူထွက်ခဲ့လျှင်) ယခု ရဟန်းပြန်ခံပြီးသောအခါ၌ ဆိုင်ရာ ပရိဝါသ်ကို ဆောက်တည်ကုစားရဦးမည်သာ ဖြစ်သည်။

ဖားအောက်တောရဆရာတော်၏ ဩဝါဒ

ဝတ်ဆောက်တည်တာကတော့ - အဆုံးအဖြတ်တွေကို ဆောက်တည် မယ့် ပုဂ္ဂိုလ်တွေ ကိုယ့်ဘာသာကိုယ်တော့ နည်းနည်းလေး လေ့လာကြပါ။ ပဋိစ္ဆန္န - ဖုံးလွှမ်းပါလျက် အပ္ပဋိစ္ဆန္နလို့ ဝါသ်ဆောက်တည်ခဲ့ရင်လည်း ဒီအာပတ်က မထပါဘူး။ သို့သော် အပ္ပဋိစ္ဆန္နဖြစ်နေတယ်၊ မဖုံးလွှမ်းဘူး၊ ပဋိစ္ဆန္နလို့ သဘောထားပြီး ဝတ်ဆောက်တည်ခဲ့ရင်တော့ မာနတ်တောင်းတဲ့ အခါမှာ ပဋိစ္ဆန္နာနဉ္စ အပ္ပဋိစ္ဆန္နာနဉ္စဆိုပြီး နှစ်ခု ပေါင်းတောင်းတဲ့အတွက် ဝါသ်မှ ထနိုင်တယ်လို့ ဒီလို အဆုံးအဖြတ်တွေတော့ ရှိပါတယ်။ ဖုံးလွှမ်းတာက ဖုံးလွှမ်းတဲ့ အင်္ဂါရပ်တွေ သီးသန့်ရှိပါတယ်။ အဲဒီအင်္ဂါရပ်တွေကို နည်းနည်း မှတ်သားပြီးတော့ ကိုယ့်မှာ ဒီအငြိအစွန်းရှိ မရှိ ကိုယ့်ဟာကိုယ် နည်းနည်း လေ့လာပါ။ ဖုံးလွှမ်းတဲ့ အပိုင်းမှာလည်း အာပတ်က တစ်ခုတွင် မကဘူး။ နှစ်ခု, သုံးခု, လေးခု, ငါးခု ဖြစ်မယ်၊ အာပတ်အမျိုးအစားကလည်း များမယ် ဆိုရင်တော့ - တစ်ခုထက် ပိုတယ်ဆိုရင်တော့ ဒါလည်း အဂ္ဃသမောဓာန်ပဲ ဆောက်တည်ကြပါတယ်။ ဒီတော့ - ရက်က ဖုံးလွှမ်းထားတာကလည်း (၁၅)ရက်ထက် မပိုဘူး၊ တစ်လထက် မပိုဘူးဆိုပြီး ဒီလိုသတ်မှတ်ချက် အတိအကျရှိပြီး အာပတ်က များနေခဲ့ရင်လည်း အမျိုးအစားလည်း များနေခဲ့ ရင်လည်း အဂ္ဃသမောဓာန်ပဲ ဆောက်တည်ကြပါတယ်။

မိဿကသမောဓာန်ဆိုတာကတော့ အာပတ်ကအမျိုးတူနေတယ်။ အာပတ်တစ်ခုထည်းကို အကြိမ်များစွာ ထပ်ကာထပ်ကာ လွန်ကျူးတာမျိုးကို တော့ မိဿကသမောဓာန် ဆောက်တည်ကြတယ်။ အာပတ်လည်းများတယ်။ လွန်ကျူးတဲ့ ရက်တွေကလည်း များနေတယ်။ အမျိုးမျိုးရှိတယ်ဆိုရင်တော့ အဂ္ဃသမောဓာန် ဆောက်တည်ကြပါတယ်။

သုဒ္ဓန်ကတော့ ကောင်းတာက ဘယ်လိုကောင်းလဲလို့ မေးရင်တော့ အာပတ်ကတော့ မသေချာဘူး။ တစ်ခုလား? နှစ်ခုလား? သုံးခုလား? ဒီလောက်ပဲရှိတယ်။ ဖုံးလွှမ်းတဲ့ ရက်ကလည်း မသေချာဘူး။ သို့သော် (၁၅)ရက် အရက် (၂၀)ထက်၊ (၁၅)ရက်ထက်တော့ မပိုနိုင်ဘူးလို့ ကိုယ်က သဘောပေါက်လို့ရှိရင်တော့ အဲဒီလို မသေချာဘူးတွေ များနေရင်တော့ သုဒ္ဓန်ဆောက်တည်ကြတာပဲ။ သုဒ္ဓန်ရဲ့ သဘောကျတော့ - ဆောက်တည် နေရင်းနဲ့ အာပတ်တစ်ခုအတွက် ရည်ရွယ်ပြီးတော့ ဝတ်တောင်းပြီး ဆောက်တည်လိုက်တယ်၊ ဒီအာပတ်ကလည်း ဖုံးလွှမ်းတဲ့ရက် မသေချာဘူး။ သို့သော် ဆယ်ရက်ထက်တော့မပိုဘူးလို့ ဒီလိုတော့ ဆုံးဖြတ်ချက်ချနိုင်လို့ရှိရင် ဒီဖုံးလွှမ်းတဲ့ အာပတ်တစ်ခုကို ရည်ရွယ်ပြီးတော့ မသေချာတဲ့ စာရင်းထဲ ပေါင်းပြီး အဲဒါ ဆယ်ရက်ဝါသ်ဆောက်တည်ရင်တော့ ကျွတ်တယ်။ သို့သော် ဆောက်တည်နေရင်းနဲ့ နောက်ထပ်အာပတ်တစ်ခုကို ထပ်ပြီး သတိရပြန် တယ်။ သတိရတဲ့ အချိန်အခါမှာ ဆက်ဆောက်တည်လို့ ရတယ်။ ထပ်ပြီး ကမ္မဝါဖတ်နေဖို့ မလိုဘူး။

ပထမဖုံးလွှမ်းတဲ့ အာပတ်က (၁၀)ရက်ဆို ပြီးသွားပြီ။ နောက်တစ်ခါ အာပတ်တစ်ခုသတိရတော့ ဒီအာပတ်ကလည်း (၁၀)ရက်လောက်ဖြစ်မယ် ဆိုရင် သူက ရက်နှစ်ဆယ်ဆောက်တည်ရမယ်။ ဆောက်တည်နေရင်းနဲ့ သူက နောက် တစ်ခါ အာပတ်တစ်ခု သတိရပြန်တယ်။ သတိရလိုက်လို့ရှိရင်တော့ ကမ္မဝါ ထပ်ဖတ်ဖို့ မလိုဘူး။ ဆက်ဆောက်တည်၊ ဆောက်တည်လို့ရတယ်။ နောက်အာပတ်ကလည်း အလားတူ ဆယ်ရက်ပဲ ဆိုလို့ရှိရင်တော့ ရက်ပေါင်း သုံးဆယ် ဖြစ်သွားတယ်။ အဲဒီလောက်ထိ ဆောက်တည်ရတဲ့ သဘော ရှိပါတယ်။ အာပတ်များ များသလိုပဲ။

အဂ္ဃသမောဓာန်ရဲ့ သဘောကျတော့ အာပတ်တွေများပေမဲ့လို့ ဒီ အာပတ်အားလုံးကို ခြုံလိုက်ရင် တစ်ခုချင်း ဆယ်ရက်ထက် မပိုဘူးဆိုရင် အဲဒီဆယ်ရက်ထက် မပိုတဲ့ အာပတ်အားလုံးကို စုပေါင်းပြီးတော့ ဆယ်ရက်ပဲ ပရိဝါသ်ယူလို့ ရတယ်။ ဆောက်တည်ရင်လည်း ဆယ်ရက်နဲ့ ပြီးသွားတယ်။ အာပတ်တစ်ထောင်ပဲ ရှိချင်ရှိပါစေ၊ သူက အာပတ်အားလုံး ကျွတ်တဲ့သဘော ရှိပါတယ်။ အဲဒါကြောင့် ဖုံးလွှမ်းတဲ့ရက်ကလည်း များတယ်။ သင့်တဲ့ အာပတ် တွေကလည်း များတယ်ဆိုရင်တော့ အများဆုံးရက်ထဲမှာ = နောက်ဆုံးပိတ် အများဆုံးရက် အာပတ်ထဲမှာ တခြားအာပတ်တွေကိုပါ စုပေါင်းပြီး ပေါင်း တောင်းတဲ့ဝါသ်ကိုတော့ အဂ္ဃသမောဓာန်လို့ ခေါ်ပါတယ်။

အဲဒါကတော့ ဆောက်တည်မဲ့ပုဂ္ဂိုလ်ကလည်း ဗဟုသုတ ရှိရမယ်။ ကိုယ်ဆောက်တည်မယ့် အာပတ်တွေ အနေအထားကို ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်တော့ ကိုယ့်ဘာသာကိုယ် လေ့လာပါ။ မိဿကသမောဓာန် ကောင်းလား? အဂ္ဃသမောဓာန် ကောင်းလား? သို့မဟုတ် ပဋိစ္ဆန္န-ဖုံးလွှမ်းတဲ့ အာပတ်ပဲလား? သို့မဟုတ် အပ္ပဋိစ္ဆန္န-မဖုံးလွှမ်းတဲ့ အာပတ်တွေလား? စသည်ဖြင့် - ဒါကတော့ ကိုယ့်ဘာသာကိုယ် ဆန်းစစ်ရမဲ့ သဘောရှိတယ်။

၁၃၆၃-ခုနှစ် ပထမဝါဆိုလဆန်း (၁၅)ရက်နေ့

နေ့လည် (၁၂း၃၀)နာရီ အချိန် ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ သင်ကြားပို့ချပေးသော-

ကမ္မဝါရွတ်ဖတ်နည်း သင်တန်းမှ သိရှိမှတ်သားဖွယ်များ

ဗျဉ္ဇနဗုဒ္ဓိ (၁၀) ပါး

သိထိလံ ဓနိတဉ္စေဝ၊ ဒီဃံ ရဿံ ဂရုံလဟုံ။
နိဂ္ဂဟိတံ ဝိမုတ္တဉ္စ၊ သမ္ဗန္ဓဉ္စ ဝဝတ္ထိတံ။

သိထိလ = ဌာန်, ကရိုဏ်း, ပယတ်တို့ကို လျော့လျော့ရွတ်ခြင်း။ ဓနိတ = ဌာန်, ကရိုဏ်း, ပယတ်တို့ကို ပြင်းပြင်းရွတ်ခြင်း။ ဒီဃ = နှစ်မတြာပြည့်အောင် ရှည်ရှည်ရွတ်ခြင်း။ ရဿ = တစ်မတြာကြာ တိုတိုရွတ်ခြင်း။ ဂရု = လေးလေး ရွတ်ခြင်း။ လဟု = ပေါ့ပေါ့ရွတ်ခြင်း။ နိဂ္ဂဟိတ = နှုတ်ခမ်းတို့ကို ပိတ်ရွတ်ခြင်း။ ဝိမုတ္တ = နှုတ်ခမ်းတို့ကို ဖွင့်ရွတ်ခြင်း။ သမ္ဗန္ဓ = ပုဒ်နှစ်ခုတို့ကို စပ်ရွတ်ခြင်း။ ဝဝတ္ထိတ = ပုဒ်နှစ်ခုတို့ကို ခွဲရွတ်ခြင်းဟု ဗျဉ္ဇနဗုဒ္ဓိ (၁၀)ပါး ရှိသည်။

ကမ္မဝါဖတ်ရာ၌ ကံပျက်စေတတ်သော ဗျဉ္ဇနဗုဒ္ဓိ (၄) ပါး

သိထိလဉ္စ ဓနိတဉ္စ၊ နိဂ္ဂဟိတဉ္စ ဝိမုတ္တကံ။
ဣစ္စေတေဟေဝ ကမ္မာနိ၊ ဝိပဇ္ဇန္တိ န စေတရာ။

အထက်ကဆိုခဲ့သော (၁၀)ပါးတို့တွင် သိထိလ, ဓနိတ, နိဂ္ဂဟိတ, ဝိမုတ္တ ဤလေးပါးလွဲမှားလျှင် ကံပျက်တတ်တယ်။

နာဂေါ၌ ဂေါသည် သိထိလ-လျော့လျော့ ရွတ်ရမယ်။ သံဃော၌ ဃောသည် ဓနိတ-ပြင်းပြင်းရွတ်ရမယ်။ သံဃော၌ သံ၊ ဥပသမ္ပဒံ၌ ဒံ စသည့်အပေါ်က အပြောက်အစက်လေးပါသော ပုဒ်သည် နိဂ္ဂဟိတသံဟု မှတ်၊ ပိတ်ရွတ်ရမယ်။ နိဂ္ဂဟိတသံကို ဖွင့်ရွတ်ရမလား? ပိတ်ရွတ်ရမလားဟု ဝါဒနှစ်မျိုးဖြစ်နေတယ်။ ပိတ်ရွတ်ရမယ်ဟု အများဆုံးဖြတ်ကြတယ်။ အစဉ်အလာဝါဒပါပဲ။ နောက်ဝါဒတစ်ခုက စဉ်းငယ် ပါးစပ်ဖွင့်ဖတ်ရမယ်၊ မပိတ်တပိတ် ရွတ်ရမယ်။ အဲဒီဝါဒကို လူကြိုက်နည်းတယ်။ ဥပသမ္ပဒါ ၌ ဒါ, ပရိသုဒ္ဓေါ ၌ ဒ္ဓေါ စသည်ဟာ ဝိမုတ္တတွေပဲ ဖွင့်ရွတ်ရမယ်။ အဲဒီ (၄)မျိုး ကွဲအောင်မှတ်ကြပါ။

(ဆောင်) သိ-ဓ-နိဂ်-ဝိ၊ ပြန်လှန်ဘိ, ပျက်၏ ဉတ်ကမ္မဝါ။ ဗိန္ဓုနိဂ္ဂဟိတ်, ခံတွင်းပိတ်, မပိတ်ဝိမုတ်ပါ။

သိထိလ ဓနိတအက္ခရာခွဲပုံ

ဗျည်း (၃၃)လုံးမှာ ငါးလုံးတစ်စု, ငါးလုံးတစ်စု က, ခ, ဂ, ဃ, င စသည် တို့သည် ဝဂ်အက္ခရာတွေပဲ။ ယ, ရ, လ, ဝ, သ, ဟ, ဠ, အံ-တို့ဟာ အဝဂ် အက္ခရာတွေပဲ။ အဲဒီငါးလုံးတစ်စု အက္ခရာတွေထည်းမှာ ဒုတိယနှင့် စတုတ္ထ အက္ခရာတွေဟာ ဓနိတတွေပဲ။ ဥပမာ - ကဝဂ်မှာ ခ, ဃ၊ စဝဂ်မှာ ဆ, စျ၊ ဋဝဂ်မှာ ဌ, ဎ၊ တဝဂ်မှာ ထ, ဓ၊ ပဝဂ်မှာ ဖ, ဘ-တို့ဖြစ်တယ်။ ကျန်အက္ခရာ တွေက သိထိလအက္ခရာတွေပဲ၊ လျော့လျော့ ရွတ်ဖတ်ရတယ်။

နိဂ္ဂဟိတကတော့ သံ, ဃံ, ဒံ - စသည် အပေါ်က သေးသေးတင် အပြောက်အစက်ပါတဲ့ အက္ခရာတွေပဲ၊ ပိတ်ရွတ်ဖတ်ရတယ်။ ကျန်ပိတ်မရွတ် ရတဲ့ အက္ခရာတွေက ဝိမုတ္တပဲ။ ဖွင့် ရွတ်ဖတ်ရတယ်။ အဲဒီတော့ ဓနိတနှင့် နိဂ္ဂဟိတအက္ခရာတွေကို ဂရုစိုက် မှတ်သားထားပါ။ အဲဒါတွေ မှတ်မိလျှင် သိထိလ, ဝိမုတ္တတွေ သိသွားပါလိမ့်မယ်။

နောက်သရတွေ ဗျည်းတွေ ဖတ်ပုံအမျိုးမျိုးရှိကြတယ်။ စ, ဆ, ဇ, စျ, ည, သ-တို့ကို ကျ, ချ, ဂျ, ဃျ, ည, စ- ဟုဖတ်ကြတယ်။ ကမ္ဘာသုံးပဲ။ မွန်တွေ, သီဟိုဠ်, ယိုးဒယားတွေ အဲဒီလိုဖတ်ကြတယ်။ ဗမာတွေ ဖတ်တာ အများနှင့် မတူဘူး။ ဘယ်လိုကြောင့် ကွဲလွဲခဲ့ကြတယ်ဆိုတာ မသိဘူး။

ဌာန် နှင့် အက္ခရာတွဲစပ်ပုံ

နောက်တစ်ခု - အက္ခရာဖြစ်ရာအရပ် ဌာန်တွေ ကိုက်အောင် ဖတ်ကြရမယ်။ ဌာန်မကိုက်ညီလျှင် သိထိလ, ဓနိတလွဲတာပဲ။

၁။ ကဏ္ဌဌာန် = က, ခ, ဂ, ဃ, င, အ, အာ, ဟ, ဧ, ဩ (၁၀)လုံးဟာ လည်ချောင်းအရပ်မှာဖြစ်တဲ့ ကဏ္ဌဇအက္ခရာတွေပဲ။ ဆိုကြည့်ပါ။ လည်ချောင်းအရပ်မှာ ဖြစ်တယ်။
၂။ တာလုဌာန် = စ, ဆ, ဇ, စျ, ည, ဣ, ဤ, ယ (၈)လုံးဟာ အာစောက် အရပ်မှာ ဖြစ်တဲ့ တာလုဇအက္ခရာတွေပဲ။
၃။ မုဒ္ဓဋ္ဌာန် = ဋ, ဌ, ဍ, ဎ, ဏ, ရ, ဠ (၇)လုံးဟာ အာခေါင်မာ လျှာထိပ် အရပ်မှာ ဖြစ်တဲ့ မုဒ္ဓဇအက္ခရာတွေဟု မှတ်ပါ။
၄။ ဒန္တဌာန် = တ, ထ, ဒ, ဓ, န, လ, သ (၇)လုံးဟာ သွားအရပ်မှာ ဖြစ်တဲ့ ဒန္တဇအက္ခရာတွေပဲ။
၅။ ဩဋ္ဌဌာန် = ပ, ဖ, ဗ, ဘ, မ, ဥ, ဦ (၇)လုံးဟာ နှုတ်ခမ်းအရပ်မှာ ဖြစ်တဲ့ ဩဋ္ဌဇအက္ခရာတွေပဲ။
၆။ နာသိကဌာန် = ဝဂ္ဂန္တငါးလုံး င, ဉ, ဏ, န, မနှင့် နိဂ္ဂဟိတ် ဤ (၆)လုံးတို့သည် နှာခေါင်းမှာဖြစ်တဲ့ နာသိကဇအက္ခရာတွေပဲ၊ နှာခေါင်းသံ ပါအောင် ရွတ်ဖတ်ရတယ်။
၇။ ဥရဌာန် = ငှ, ညှ, ဏှ, မှ, ယှ, ရှ, လှ, ဝှ- ဆိုတဲ့ ဟထိုးပါတဲ့ အက္ခရာတွေဟာ ရင်ခေါင်းအရပ်မှာ ဖြစ်တဲ့ အက္ခရာတွေပဲ။
၈။ ဧ အက္ခရာသည် လည်ချောင်းအရပ်၌လည်းကောင်း၊ အာစောက် အရပ်၌ လည်းကောင်း ဖြစ်တတ်သောကြောင့် ကဏ္ဌတာလုဇ အက္ခရာ မည်၏၊ ဩအက္ခရာသည် လည်ချောင်းအရပ်၌လည်းကောင်း၊ နှုတ်ခမ်းအရပ်၌ လည်းကောင်း ဖြစ်တတ်သောကြောင့် ကဏ္ဌဩဋ္ဌဇ အက္ခရာ မည်၏၊ ဝ အက္ခရာသည် သွားအရပ်၌လည်းကောင်း နှုတ်ခမ်းအရပ်၌လည်းကောင်း ဖြစ်တတ်သောကြောင့် ဒန္တဩဋ္ဌဇ အက္ခရာမည်၏၊ ဤသို့ ဒွိဇအက္ခရာ သုံးလုံးကိုလည်း မှတ်သားထားပါ။

မှားယွင်းတတ်ပုံများ

အဲဒီမှာ မုဒ္ဓဇနှင့် ဒန္တဇအက္ခရာတွေ ရွတ်ဖတ်တဲ့အခါမှာ မှားတတ် ကြတယ်။ မုဒ္ဓဇ ဋ, ဌ, ဍ, ဎ, ဏ, ရ, ဠ-တို့ကို ဖတ်လျှင် အထက်အာခေါင်ကို လျှာထောက်ဖတ်ရတယ်။ အာခေါင်ကို လျှာထောက်မဖတ်ဘဲ လျှာတန်း လန်းထားဖတ်လျှင် ဒန္တဇအက္ခရာ တ, ထ, ဒ, ဓ, န, လ, သ-တွေ ဖြစ်ကုန်တယ်။ တစ်ဖန် ဒန္တဇအက္ခရာတွေကို ဖတ်လျှင် သွားနှင့် မလှမ်းမကမ်း လျှာထိဖတ် ရတယ်။ သွားနှင့် လျှာ မထိဘဲ အာခေါင်ထိ ဖတ်ပြန်လျှင် မုဒ္ဓဇအက္ခရာတွေ ဖြစ်တတ်ကြတယ်။

ဥပမာ- သုဏာတု မေ၌ ဏာကို ဖတ်ရာတွင် အထက်အာခေါင် လျှာထောက် ဖတ်ရတယ်။ အဲဒီလို မဖတ်လျှင် သုနာတု မေ ဟု ဒန္တဇအက္ခရာ ဖြစ်၍ မှားတတ်၏၊ ထို့ပြင် ပဋိစ္ဆန္နာနဉ္စ၌ ဋိစ်, ပရိပုဏ္ဏံ-၌ ဏ္ဏံ စသည်တို့၌ လျှာကို အာခေါင်ထောက်ဖတ်ရမည် စသည်ဖြင့် လေ့လာသိပါ။

တိဿဿ မှာ ဒန္တဇအက္ခရာကို မုဒ္ဓဇဖြင့် ဋိဋဿဟု မှားတတ်သေး၏၊ သွားနှင့် လျှာထိရမည်ကို မထိဘဲ ဖတ်သောကြောင့် မှားရသည်။

မတြာရွတ်ဖတ် မှားတတ်ခြင်း

နောက်တစ်ခု သတိထားစရာရှိသေးတယ်။ မတြာပြည့်အောင် မဖတ် ကြဘူး။ ရဿသရတွေ အ, ဣ, ဥ တို့က တစ်မတြာရှိတယ်။ အာ, ဤ, ဦ, ဧ, ဩ ဒီဃသရတို့က နှစ်မတြာရှိတယ်။ ဗျည်းတွေက မတြာဝက် ရှိတယ်။ သရနှင့် ဗျည်းပေါင်းလျှင် က, ကိ, ကု တစ်မတြာခွဲ၊ ကာ, ကီ, ကူ, ကေ, ကော စသည်မှာ နှစ်မတြာခွဲရှိတယ်။ အဲဒီအခြေခံ သိထားပါ။

ဥပမာ - ပရိသုဒ္ဓေါကို ပ+ရိသုဒ္ဓေါ၊ ပဋိစ္ဆန္နံကို ပ+ဋိစ္ဆန္နံဟု ပ-အက္ခရာ တစ်မတြာခွဲပြည့်အောင် အသံဖြတ်ဖတ်ပါ။ ထို့အတူ ပရိပုဏ္ဏံကို ပ+ရိပုဏ္ဏံ၊ အန္တရာယိကေဟိကို အန္တ+ရာယိကေဟိဟု, ဥပသမ္ပဒါကို ဥပ+သမ္ပ+ဒါဟု, စီဝရံကို စီဝ+ရံဟု, ယာစတိကို ယာစ+တိဟု, ယဒိ သံဃဿကို ယ+ဒိ သံဃဿဟု, ခမတိကို ခမ+တိဟု အသံဖြတ်ဖတ်မှ မတြာပြည့်သည်၊ အဲဒါဟာ မော်လမြိုင်မြို့ တောင်လေးလုံးဆရာတော်ကြီး ဝါဒပဲ။ အဲဒါလည်း သတိထား ဖတ်ဘို့ကောင်းတယ်။

ဝတ်ဆောက်တည် ကမ္မဝါတွေမှာ သတိထားရန်

သမ္ဗဟုလာကို သမ္ဗ+ဟုလာဟု ခွဲခြားဖတ်ပါ။ ထို့အတူ ဧကာဟပ္ပဋိစ္ဆန္နာ ယောကို ဧကာဟပ်ပ+ဋိစ္ဆန္နာယောဟု, သမောဓာနပရိဝါသံကို သ+မောဓာန ပ+ရိဝါသံဟု, စတူဟပ္ပဋိစ္ဆန္နာယောကို စ+တူဟပ်ပ+ဋိစ္ဆန္နာယောဟု ဖြတ်ဖတ် ရမယ်။ ဟကို ဟပ်ဟု သတိထား ဖတ်ပါ။ နောက်က ပ္ပသံယုတ်အဆင့် ရှိနေသည့်အတွက် သံယုတ်သံထွက်အောင် ဖတ်ပါ။

ထို့နောက် သင်တန်းတက် သံဃာတော်များကို ကမ္မဝါစာ လက်တွေ့ ဖတ်စေကာ သင်ကြားပို့ချလေသည်။

ပရိဝါသ်ဆောက်တည်မည့် ပုဂ္ဂိုလ်များ လိုက်နာရမည့် စည်းကမ်းများ

၁။ စိတ္တလတောင်ကျောင်း၌ စာရင်းဝင်(၁၅)ရက် တရားထိုင်ပြီးမှ သာလျှင် ကျွဲတညင်းကျောင်း အုပ်ချုပ်ရေးမှူးထံ အာပတ်, ဝတ္ထု, ဖုံးလွှမ်းသော ရက်, နေရပ်အပြည့်အစုံ ရေးသား၍ လျှောက်လွှာတင်သွင်းရမည်။

၂။ ကျွဲတညင်းကျောင်း တာဝန်ခံအုပ်ချုပ်ရေးမှူးဆရာတော်သည် နေထိုင် ရမည့် ကျောင်းဆောင်အနေအထားအားလျော်စွာ လျှောက်လွှာ လက်ခံခြင်း, ဆိုင်းထားခြင်းပြုပြီး၊ လက်ခံလျှင် ကျွဲတညင်းကျောင်း၌ ရှေးဦးစွာ ပကတတ်ရဟန်းအဖြစ် နေထိုင်စေရမည်။

၃။ တာဝန်ကျ နာယကအဖွဲ့ဆရာတော်များထံသို့ ကျွဲတညင်းကျောင်း အုပ်ချုပ်ရေးမှူးဆရာတော်က လျှောက်လွှာတင်ပြ ညှိနှိုင်း မှတ်ချက် ပြုပြီး လျှောက်လွှာရှင်အား ဝါသ်မယူမီ (၃)ရက်ခန့် ကြိုတင်၍ မည်သည့်ဝတ်ဆောက်တည်သင့်ကြောင်း နာယကအဖွဲ့မှ လူတွေ့စစ်ဆေး ပြောပြ အတည်ပြုပြီး ဝါသ်တောင်း ဝါသ်ကြားစာများ အလွတ်ရအောင် ကျက်မှတ်စေရမည်။

၄။ ကမ္မဝါဖတ်ရာတွင် လွယ်ကူသက်သာစေရန် ရက်တူ, အရုဏ်တူသော ပုဂ္ဂိုလ်များတတ်နိုင်သမျှ စုပေါင်းစေပြီး လဆန်း (၇)ရက်၊ လဆုတ် (၇)ရက် နေ့များတွင် ဝတ်ယူစေရမည်။

၅။ မာနတ်ယူမည့် ပုဂ္ဂိုလ်များသည် (၇)ရက် သို့မဟုတ် (၁၄)ရက် အဖိတ်နေ့ များတွင် စုပေါင်း၍ မာနတ်ယူကြရန် အုပ်ချုပ်ရေးမှူးထံ ကြိုတင် အသိ ပေးရမည်။

၆။ အဗ္ဘာန်ဝင်ကြရမည့် ပုဂ္ဂိုလ်များသည် လဆန်း (၁၄)ရက်, လဆုတ် (၁၄) ရက် အဖိတ်နေ့တို့၌သာလျှင် အဗ္ဘာန်သွင်းခံကြရမည်ဖြစ်၍ အုပ်ချုပ်ရေးမှူးထံ ကြိုတင် အသိပေး လျှောက်ထားရမည်။

၇။ အဗ္ဘာန်မထွက်မီ (၂)ရက်ခန့် ကြိုတင်၍ ဆိုင်ရာဆရာတော်ထံ ကျောင်း ပစ္စည်းများ အပ်နှံ၍ ကျောင်းအသုံးအဆောင်များ သန့်ရှင်းထားခဲ့ကြပြီး အုပ်ချုပ်ရေးမှူးထံ သော့အပ်နှံကာ ပြန်ကြွရမည်။

၈။ ဝါသ်ဆောက်တည်ကြသော ရဟန်းတော်များသည် ကျောင်းစောင့်နှင့် ဂိလာနမှအပ ကျန်ပုဂ္ဂိုလ်များသည် စိတ္တလတောင်ကျောင်း၌ ဆွမ်းခံခြင်း၊ ဓမ္မဝိဟာရီသိမ်တော်ကြီး၌ တရားအားထုတ်, တရားလျှောက် ထားခြင်း ပြုကြရမည်။ စင်္ကြံကျောင်း၊ စိတ္တလတောင်ကျောင်း ဆွမ်းခံကြွ စာရင်း ပုံသေထားရမည်။ ဟိုတစ်လှည့် ဒီတစ်လှည့် ဆွမ်းခံခြင်း မပြုရ။

၉။ ကျောင်းတိုက်ပြင်ပ မြို့ရွာအတွင်းသို့ ခရီးသွားစရာရှိလျှင် အုပ်ချုပ်ရေးမှူး ဆရာတော်ထံမှ အခွင့်ရမှသွားပြီး ပြန်လာသည့်အခါ၌လည်း ရောက်ရှိပါကြောင်း အသိပေးလျှောက်ထားရမည်။

၁၀။ ကျွဲတညင်းကျောင်းရှိ ရဟန်းတော်အားလုံးတို့သည် ည (၆းဝဝ)နာရီ အချိန်တွင် ဘုရားဝတ်တက်, တရားနာ, ဝတ်ယူကြ၍ အုပ်ချုပ်ရေးမှူး ဆရာတော်က မကြာမကြာ ဩဝါဒပေး ဆုံးမညွှန်ကြားသည်များကို လိုက်နာဆောင်ရွက်ကြရမည်။ လပြည့် လကွယ် ဥပုသ်နေ့တိုင်း ဓမ္မဝိဟာရီသိမ်တော်ကြီးသို့ ကြွကာဥပုသ်ပြု၍ ဖားအောက်တောရ ဆရာတော်ဘုရားကြီးထံမှ အဆုံးအမဩဝါဒ၊ လမ်းညွှန်ချက်၊ စည်းကမ်း ချမှတ်ချက်များကို ခံယူလိုက်နာကြရမည်။

မှတ်ချက်။။ ဝါ (၂၀) အထက် မထေရ်ကြီးများကို ပကတတ်ရဟန်းအဖြစ် မနေစေဘဲ ဦးစားပေး၍ ဝတ်ဆောက်တည်ခွင့် ပြုမည်ဖြစ်သည်။

နာယကဆရာတော်များ
ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ
မော်လမြိုင်မြို့နယ်၊
မွန်ပြည်နယ်။

ပရိဝါသ် ဆောက်တည်ရာတွင် အရုဏ်တက်သောအချိန် သိထားရန် အထူးလိုအပ်ပါသည်။ အရုဏ်တက်ပြီးသောအခါမှသာ ဝတ်ချသင့်သော ကြောင့် ဖြစ်ပါသည်။

မှတ်ချက်။။ အရုဏ်တက်ချိန်ဇယား ရှေ့အကွက် ဥုးဩဘာသဟူသည်မှာ မွန်ပြည်နယ် မုဒုံမြို့နယ် တံခွန်တိုင်ရွာ သုသာန်ဗောဓိကျောင်းအရှင်ဩဘာသရေး ဝိနည်းဥပဒေတော်ကြီးစာအုပ်မှ ဖော်ပြပါသည်။ နောက်အကွက် ဥုးဓမ္မိန္ဒ ဟူသည်မှာ ဩစတေးလျနိုင်ငံမှ ရဟန်းတော် ဥုးဓမ္မိန္ဒ၏ DOWN and NOON စာအုပ်ငယ်မှ ကူးယူတင်ပြသော အချိန်ဇယား ဖြစ်ပါသည်။

ဝိနည်းပဒေသာသင်တန်း (ပထမတွဲ) ပြီး၏၊