ဝိနည်းဥပဒေတော်ကြီး/ကာလိကလေးပါး အမြွက်

ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၃၉။ ကာလိကလေးပါး အမြွက်
3345ဝိနည်းဥပဒေတော်ကြီး — ၃၉။ ကာလိကလေးပါး အမြွက်အရှင်သြဘာသ

၃၉။ ကာလိက ၄-ပါး အမြွက်

ကာလိကလေးမျိုး

ယာဝ, ယာမ, သတ္တာဟ၊ ယာဝဇီဝိကာ။

ကာလိကမျိုးသည် —
၁။ ယာဝကာလိကမျိုး၊
၂။ ယာမကာလိကမျိုး၊
၃။ သတ္တာဟကာလိကမျိုး၊
၄။ ယာဝဇီဝိကမျိုး -- ဟူ၍ ၄-မျိုး အပြားရှိ၏၊

ကပ်ပြီးသည်မှ၊ ထိုလေးဝ၊ ကာလ ပိုင်းခြားရာ။

အဓိပ္ပာယ်။ ။ ကပ်ပြီးသော အခါမှာ ဤဝတ္ထုကား ယခုနေ့ မွန်းမလွဲမီ အတွင်း၌သာ ရဟန်းတို့ မျိုခြင်းငှာ အပ်သည်၊ မွန်းလွဲသည်မှ စ၍ ယနေ့, နက်ဖြန် စသည်တို့၌ မအပ်ပြီ၊ ဤသို့ စသည်ဖြင့် ပိုင်းခြားခြင်းသို့ ရောက်၏၊

ထိုနေ့ နံနက်၊ ယံသုံးချက်၊ ရက်ခွန်, ထက်ဆုံးသာ။

ကာလိကအသက်။ ။ အကပ်ခံသော နေ့ကို ထိုနေ့ ဆိုသည်။ ထိုနေ့ မွန်းမလွဲမီကာလ။ ထိုနေ့ ညဉ့် ၃-ယံ ကာလ၊ ထိုနေ့မှစ၍ ရက်ပေါင်း ၇-လီ ကာလ၊’ ထိုနေ့မှ စ၍ အသက်ထက်ဆုံး အစဉ်အတိုင်း ယှဉ်လေ။

ယာဝကာလိကာမျိုး

အရပ်တိုင်းမှာ၊ အာဟာရကိစ္စ၊ စားရိုးကျ၊ ယာဝကာလိကာ။

အကြင်ဝတ္ထုမျိုးသည် ထိုထို အရပ်တို့၌ ပကတိ အာဟာရကိစ္စနှင့် အစဉ်အဆက် စားရိုးကျ၏၊ ထိုဝတ္ထုမျိုးသည် ယာဝကာလိကမျိုး မည်၏၊

ဘောဇဉ်, ခဲဖွယ်၊ အသွယ်သွယ်၊ အကျယ် များလှစွာ။ (သိသာပြီ)

ယာမကာလိကမျိုး

သပြေ, သရက်၊ မုဒြက်၊ ဖက်သက် သစ်မည်စည်။
ငှက်ပျောနှစ်မျိုး၊ ကြာစွယ်တိုး၊ ရှစ်မျိုး အဖျော်ရည်။

၁။ သပြေသီးအဖျော်၊
၂။ သရက်သီးအဖျော်၊
၃။ မုဒြက်သီးအဖျော်၊
၄။ ဖက်သက်တရော်သီးအဖျော်၊
၅။ သစ်မည်စည်ပွင့်အဖျော်၊
၆။ အိမ်ငှက်ပျောသီးအဖျော်၊
၇။ တောငှက်ပျောသီးအဖျော်၊
၈။ ကြာစွယ်အဖျော် -- ဟူ၍ ယာမကာလိကဝတ္ထု၌ ဟောတော်မူရင်း အဖျော် မျိုး ၈-ပါး။




မှတ်ချက်။ ။ သစ်မည်စည်ပွင့်သည် အလွန်အရည်ပေါ၏၊ ရေမရောဘဲ နှင့်ပင် သောက်လောက်အောင် ရနိုင်သော ဇာတိရသ ရှိ၏၊ ဇာတိရသအတိုင်း အဖျော်ကိစ္စနှင့် နေလွဲသောအခါ သောက်ခြင်းငှာ မအပ်၊ ရေနှင့် ရောမှအပ် သည်။ ယာဝကာလိကဝတ္ထုတို့မှ ဖြစ်သော ဇာတိရသတို့၌ ဤနည်းချည်းမှတ်။ ကြံရည်, တင်လဲရည်, ပျားရည်တို့၌လည်း ရေရောမှ အဖျော်ရည်ကိစ္စ၌ အပ်သည်။ ရေမရောလျှင် သတ္တာဟကာလိက အတိုင်းပင်။

သစ်သီးကြီး ၉-မျိုး

ထန်း, အုန်း နှစ်ကွဲ၊ ပိန္နဲ နှစ်ပါး၊ သုံးသခွား၊ နှစ်ပါး ဗူး, ဖရုံ။

၁။ ထန်းသီး၊
၂။ အုန်းသီး၊
၃။ အိမ်ပိန္နဲသီး၊
၄။ တောင်ပိန္နဲသီး၊
၅။ သခွား ငဆစ်သီး၊
၆။ သခွား ငပြုတ်သီး၊
၇။ သခွားငကြောင်သီး၊
၈။ ဗူးသီး၊
၉။ ဖရုံသီး — ဤကား သီးကြီး ၉-မျိုးတည်း။





သီးကြီး ကိုးပါး၊ ပဲမျိုးများ၊ စပါးခုနစ်မည်။
အလျော်စပါး၊ လေးမျိုးအား၊ ရှောင်ရှား အဖျော်ရည်။

အဓိပ္ပာယ်။ ။ ပြဆိုခဲ့ပြီးသော သီးကြီး ၉-ပါး တစ်ရပ်၊ အလုံးစုံသော ပဲမျိုးတစ်ရပ်၊ စပါးမျိုး ၇-ပါး တစ်ရပ်၊ ကြိတ်စပါး အစရှိသော အနုလောမ စပါးမျိုး တစ်ရပ်၊ ဤ ၄-ရပ်တို့ကို နေလွဲသောအခါ သောက်မျိုရန် အဖျော်ရည် ပြုလုပ်မှု၌ ရှောင်ကြဉ်အပ်ကုန်၏၊

မှတ်ချက်။ ။ အဖျော်ရည်လုပ်နည်းမှာ အကပ်မခံသေးသော သပြက်သီး, သရက်သီး စသည်ကို ရေအေး၌ စိမ်စေ၍ သောက်ချိန်ကျသောအခါ လူ, သာမဏေတို့ကို ကောင်းစွာ စစ်စေပြီးမှ အကပ်ခံ၍ သောက်အပ်၏၊

ကောင်းစွာ စစ်ခြင်းဆိုသည်ကား ယာဝကာလိကဝတ္ထုတို့၏ အဖတ်, အနည် ဟူ၍ မပါစေရ၊ အရည်ကြည်သက်သက် ရအောင် ရေစစ်ပုဝါထူထူနှင့် စစ်ရမည်၊ အဖတ်ဟူ၍ မုန်ညင်းစေ့ခန့်မျှ ပါရှိလျှင် မသောက်အပ်ပြီ၊ ဇီးဖြူ, သျှိသျှား, သဖန်းခါး အစရှိသော ယာဝဇီဝိကဝတ္ထုတို့နှင့် ပြုလုပ်သော အဖျော်ရည်၌မူကား အဖတ်ပါသော်လည်း ကိစ္စမရှိ။

သတ္တာဟကာလိကမျိုး

ထော, ဆီ, ဆီ, ပျား၊ တင်လဲအား၊ ငါးပါး သတ္တာဟာ။

၁။ ထောပတ်မျိုး၊
၂။ ဆီဦးမျိုး၊
၃။ ဆီမျိုး၊
၄။ ပျားရည်မျိုး၊
၅။ သကာတင်လဲဟူသော တင်လဲမျိုး — ဤဝတ္ထု ၅-မျိုးသည် သတ္တာဟ ကာလိက မည်၏၊ အကပ်ခံပြီးနောက် ၇-ရက် သုံးဆောင်ရ၏၊ [ဆီဦးမျိုး၌ လူဆီ မပါ။]



ကြံရည်၌မူ၊ ရေစင် ကူ၊ မာသူ အပ်သည်သာ။

အဓိပ္ပာယ်။ ။ အနုဇာနာမိ ဘိက္ခဝေ ဥစ္ဆုရသံ၊ အနုဇာနာမိ ဘိက္ခဝေ ဂိလာနဿ ဂုဠံ အဂိလာနဿ ဂုဠောဒကံ —ဟူသော ပါဠိတော်နှင့်အညီ အကပ် ခံ၍ ထိုနေ့ မွန်းလွဲသော အခါမှစ၍ ကြံရည်, တင်လဲရည်, သကြားခဲ, သကာခဲ, ထန်းလျက်ရည်, ထန်းလျက်ခဲ, ထန်းလျက်တင်လဲ, ထန်းလျက်သကာတို့သည် ဂိလာနပုဂ္ဂိုလ်အား ရေမရောဘဲပင် အပ်ကုန်၏၊ မာကျန်းသူတို့အား ရေနှင့် ရော၍ အဖျော်ကိစ္စ၌ သုံးဆောင်အပ်၏၊။ [ထောပတ်, ပျား, ဆီတို့၌လည်း ထို့အတူ မှတ်။]

စဉ်းစားဖွယ်။ ။ နေလွဲသောအခါ၌ ကြံရည်ကို ရေမရောဘဲ ရေခဲရော၍ သောက်အပ်, မသောက်အပ် စိစစ်ဝေဖန် ဆုံးဖြတ်နိုင်ရန် အလို့ငှာ အောက်ပါ အချက်အလက်တို့ကို တင်ပြပါအံ့။

ဂိလာနပုဂ္ဂိုလ်တို့အား နေလွဲသောအခါ၌ ကြံရည်ကို ရေမရောဘဲ သောက် စေသည်။ မာကျန်းသူတို့ကိုမူကား ရေရော၍ သောက်စေသည်ဟု အထက်၌ ဆိုခဲ့ပြီ။ ယခုခေတ်တွင် ရေမရောဘဲ ရေခဲရော၍ သောက်ကြ၏၊

ရေခဲတုံးသည် တဖြည်းဖြည်း ပျော်သွား၍ ရေအဖြစ်သို့ ရောက်သည်၊ မှန်၏၊ ဤရေခဲရေကို ပကတိရေအဖြစ် မှတ်ယူအပ်, မယူအပ် စိစစ်ပါအံ့။

မာကျန်းသူတို့အား နေလွဲသောအခါ ကြံရည်ကို ရေရော၍ သောက်စေ ခြင်းသည် သဘာဝကျကျ ပြောမည်ဆိုလျှင် ကြံရည်၏ အရသာကို ပျက်ပြယ် စေလိုသောကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။ ကြံရည်သက်သက်သည်ပင် ရေခဲရောထားသော ကြံရည်လောက် အရသာမရှိသောကြောင့် ရေခဲရော၍ သောက်ခြင်းဖြစ်သည်ဟုဆိုလျှင် မည်သူမှ ငြင်းပယ်မည် မဟုတ်ပေ။ ထို့ကြောင့် ကြံရည်ကို ရေ မရောဘဲ ရေခဲရော၍ သောက်ခြင်းသည် ကြံရည်၏ အရသာကို မပျက်ပြယ်စေဘဲ ပို၍ အရသာရှိအောင်ပြုသည် မည်ရကား ရှင်တော်မြတ်ဘုရား၏ အလိုတော်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လေသည်။ သို့ဖြစ်၍ ရေခဲရေကို ပကတိရေအဖြစ် မှတ်ယူအပ်, မယူအပ် စဉ်းစားတော်မူကြပါကုန်။ [အကယ်၍ ရေခဲရေကို ပကတိရေအဖြစ် မမှတ်ယူပါက ကြံရည်၌ ရေခဲကိုလည်း ထည့်၍ ပကတိရေကိုလည်း ရော၍ သောက်အပ်ပေသည်။]

အကယ်၍ စာရေးသူ ယူဆသကဲ့သို့ မယူဆပါက သည်းခံခွင့်လွှတ်တော် မူကြပါကုန်။

ယာဝဇီဝိကမျိုး

အရပ်တိုင်းမှာ၊ အာဟာရကိစ္စ၊ မစားကြ၊ ယာဝ ဇီဝိကာ။
ဇီးဖြူ သျှိသျှား၊ သဖန်းခါး၊ များ၏ အနန္တာ။

အကြင် ဝတ္ထုမျိုးကို ထိုထို အရပ်ဒေသတို့၌ ပကတိသော အာဟာရကိစ္စနှင့် စားရိုးပင် မရှိ၊ ထိုဝတ္ထုမျိုးသည် ယာဝဇီဝိကဝတ္ထု မည်၏၊ ဇီးဖြူ, သျှိသျှား, သဖန်းခါး စသည်ဖြင့် ထိုယာဝဇီဝိကမျိုးသည် အသင်္ချေ အနန္တ များပြား၏၊

အကပ်နှင့်တကွ၊ သူ့ကာလ၊ လွန်က သန္နိဓာ။

အဓိပ္ပာယ်။ ။ အကပ်ခံပြီး၍ အကပ်နှင့်တကွ မိမိဥစ္စာအဖြစ်ဖြင့် ထားရာ ၇-ရက်ကို လွန်ခဲ့လျှင် ထိုဝတ္ထုလည်း နိဿဂ္ဂိ ဖြစ်၏၊ သန္နိဓိကာရက သုဒ္ဓပါစိတ် အာပတ်လည်း သင့်၏၊ ၇-ရက် မလွန်မီ လူ, သာမဏေတို့အား စွန့်၍ ထားရာ ၏၊

အတို, အရှည်၊ ရောမိချေ၊ အရှည် သူ့ဘက်ပါ။

အဓိပ္ပာယ်။ ။ ယာဝကာလိကသည် အတိုဆုံး ဖြစ်၏၊ ထိုထက် ယာမကာလိက ရှည်၏၊ ထိုထက် သတ္တာဟကာလိက ရှည်၏၊ ထိုထက် ယာဝဇီဝိက သည် ရှည်၍ အရှည်ဆုံးလည်း ဖြစ်၏၊

ကာလိကချင်း ရောပုံ

အတိုမျိုးနှင့် အရှည်မျိုး ရောမိကြသည်ရှိသော် အရှည်က အတိုဘက်သို့ ပါရ၏၊ ထိုနေ့၌ အကပ်ခံအပ်သော ရှည်သော နောက်ကာလိကဝတ္ထုတို့သည် တိုသော ရှေ့ကာလိကဝတ္ထုနှင့် ရောနှောမိကြကုန်သည်ရှိသော် မိမိတို့၏ ရှည်သော ကာလကို စွန့်၍ တိုသောကာလိက အဖြစ်သို့ ရောက်ကြလေကုန်၏၊ တိုသော ကာလိကအတိုင်းသာ အပ်ကြလေကုန်၏ ဟူလိုသည်။

ရှေးရှေးနေ့တို့၌ ကပ်ပြီးသော ရှည်သော နောက်ကာလိက နှစ်ပါးတို့နှင့် တိုသော ရှေ့ကာလိက နှစ်ပါးတို့ ရောနှောမိကြရာ၌ အရှည်, အတို နှစ်ပါးလုံး မျိုခြင်းငှာ မအပ်သော အကပ္ပိယအဖြစ်သို့ ရောက်ကြလေကုန်၏၊

အထူးမှတ်ချက်။ ။ အထူးမူကား ရှေးရှေးရက်, ရှေးရှေးလ, ရှေးရှေးနှစ် တို့က အကပ်ခံ၍ ရှိနေသော ဆား အစရှိသော ယာဝဇီဝိကဝတ္ထုနှင့် သတ္တာဟကာလိကဝတ္ထု ရောနှောမိကြရာ၌ ရှေးရှေးက အကပ်နှင့် လွန်ခဲ့သော အတွက် အထူးမရှိ၊ သတ္တာဟကာလိကအတိုင်း လိုက်လေ၏၊

ယမန်နေ့၌ စားသောက်၍ ခံတွင်း၌ ငြိကပ်ရှိနေသော ကွမ်း, ဆေး အစ ရှိသော အညစ်အကြေးများသည် နောက်နေ့၌ စားသော ဆွမ်း အစရှိသော ယာဝကာလိကဝတ္ထုများနှင့် ခံတွင်းမှာ ရောနှောမိခဲ့သည်ရှိသော် သန္နိဓိအာပတ် ကို ဖြစ်စေတတ်၏၊ ထို့ကြောင့် ခံတွင်း၌လည်းကောင်း, သပိတ်, ပန်းကန်, ခွက်ယောက်တို့၌လည်းကောင်း အဆီအစေး, အညစ်အကြေး အကပ်အငြိ မရှိစေရအောင် စင်ကြယ်စွာ ဆေးကြောမှုကို ဂရုစိုက်ကြကုန်ရာ၏၊

ကာလိကလေးပါး အမြွက် ပြီးပြီ။