3398ဝိနည်းဥပဒေတော်ကြီး — ၄၀။ အကပ်ခံနည်းအရှင်သြဘာသ

၄၀။ အကပ်ခံနည်း

နှစ်တောင့်ထွာမှတ်၊ ဟတ္ထပါသ်၊ ပညတ် ဝိနည်းလာ။

အဓိပ္ပာယ်။ ။ နှစ်တောင့်ထွာ ပမာဏကို အမှတ်ပြု၍ ဝိနည်းပညတ်တော် အရာ၌ ‘ဟတ္ထပါသ်’ဟူ၍ လာ၏၊

ပေး, ယူ လက်-နှစ်၊ ကြဉ်ပယ်ပစ်၊ ကြွင်းလစ် ကိုယ်အင်္ဂါ။
ဟတ္ထပါသ်တွင်း၊ ဝင်တုံလျှင်း၊ ကပ်ခြင်း မြောက်ထိုက်စွာ။

အဓိပ္ပာယ်။ ။ ပေးသော သူ၏ ပေးသော လက်ကိုလည်းကောင်း၊ ခံယူ သော သူ၏ ခံသော လက်ကိုလည်းကောင်း ကြဉ်ပယ် လွှတ်ထား၍ ကြွင်းသော ကိုယ်အင်္ဂါ တစ်ခုခုသည် တစ်ဦးနှင့် တစ်ဦး၏ နှစ်တောင့်ထွာ ဟတ္ထပါသ် အတွင်း၌ ဝင်သည်ဖြစ်အံ့၊ ကပ်ခြင်းမြောက်၏၊

မှတ်ချက်။ ။ ပေးသောလက်, ခံသောလက် နီးမှုသည် အင်္ဂါမဟုတ်၊ စားပွဲခုံကြီး, ဗျပ်ခွက်ကြီးများနှင့် ကပ်ကြရာ၌ စားပွဲခုံကြီး, ဗျပ်ခွက်ကြီးခြား၍ နေသဖြင့် ကပ်သူနှင့် ခံသူ ကွာလှမ်း၍ နေတတ်၏၊ [သတိရှိတော်မူကြပါကုန်၊၊]

ပေးခြင်းသုံးတန်၊ ခံခြင်း (၂)ပါး၊ စိတ် (၂)ပါး၊ စုံငြား ကပ်အင်္ဂါ။

အဓိပ္ပာယ်။ ။ ‘ပေးခြင်းသုံးတန်’ဆိုသည်ကား -- ၁။ ကိုယ်အင်္ဂါဖြင့် ကပ်ခြင်း၊ ၂။ ကိုယ်အင်္ဂါနှင့် စပ်သော ပန်းကန် ခွက်ယောက်ဖြင့် ကပ်ခြင်း၊ ၃။ ခံသူ၏ လက်တွင်း, သပိတ်တွင်းသို့ ကျရောက်အောင် ပစ်လွှတ်၍ ကပ်ခြင်း၊ ဤ ၃-ပါးတည်း။

‘ခံခြင်းနှစ်ပါး’ဆိုသည်ကား — ၁။ ကိုယ်အင်္ဂါဖြင့်ခံခြင်း၊ ၂။ ကိုယ်နှင့် ထိစပ်သော သပိတ်ခွက်ယောက်ဖြင့် ခံခြင်း၊ ဤ ၂-ပါးတည်း။

‘စိတ်နှစ်ပါး’ဆိုသည်ကား — ၁။ ပေးသူကလည်း ပေးမည်ဟု စိတ်ရှိခြင်း၊၂။ ခံသူကလည်း ခံမည်ဟု စိတ်ရှိခြင်း၊ ဤ ၂-ပါးတည်း။

မှတ်ချက်။ ။ရှေ့အဖို့၌ သပိတ်နှင့် ခံမည်ဟု အသင့်ပြင်ဆင်၍ နေ၏၊ ပေးဆဲအခါ၌ အိပ်ပျော်နေ၍ မသိလိုက်၊ အကပ်မြောက်၏၊ ပရိဝါ၌လည်း ကောင်း၊ ခုဒ္ဒသိက္ခာ၌လည်းကောင်း စိတ်နှစ်ပါးကို အင်္ဂါပြု၍ မဆိုလိုသော ကြောင့် အကပ်မြောက်ရာ အင်္ဂါ ၅-ပါးဟု လာသတည်း။

ထာမမဇ္ဈ၊ ချီကြွနိုင်ဖွယ်၊ မြူရထရ်၊ အတွယ် မရှိရာ။

အဓိပ္ပာယ်။ ။ ကပ်အပ်သော ဝတ္ထုနှင့် ထည့်ရာ, ခံရာဖြစ်သော စားပွဲ, ခုံ အစရှိသော ဝတ္ထုသည် အလေးဆုံးအားဖြင့်အား အလယ်အလတ် ရှိသော ထာမမဇ္ဈိမ ဖြစ်သူ တစ်ယောက်အားနှင့် ချီကြွနိုင်ကောင်းသော ဝတ္ထုဖြစ်မှ အကပ်မြောက်သည်၊ ထိုထက် လေးမူ အကပ်မမြောက်။ အငယ်ဆုံးအားဖြင့် ရထေရေဏုမြူခန့် ရှိမှ ကပ်ရသည်၊ ထိုအောက်ငယ်သော တဇ္ဇာရီမြူ, အဏုမြူ, ပရမာဏုမြူများမှာ ကပ်ဖွယ်ကိစ္စ မရှိ။

တဇ္ဇာရီမြူ။ ။ တဇ္ဇာရီမြူ ဆိုသည်မှာ နံရံပေါက် စသည်မှာ ဝင်သော နေရောင်နှင့် ပေါင်းမိမှ ထင်မြင်ရသော မြူမျိုးတည်း။

ရထေရေဏုမြူ။ ။ လေပြင်းတိုက်၍, တံမျက်လှည်း၍, လှည်းနွား စသည် သွား၍ ထကြွထင်ရှားသော မြူမျိုးသည် ရထရေဏုမြူ မည်၏၊ ဆွမ်းခံစဉ်အခါ, ဆွမ်းစားစဉ်အခါတို့မှာ သပိတ်စသည်တို့၌ ထိုမြူမျိုးကျခဲ့သော် အကပ်ခံပြီးမှ ခံရ, စားရမည်။

အတွယ်မရှိရာဆိုသည်ကား —- အပင်၌ ပေါက်ရောက်ဆဲသော ဝတ္ထု, သစ်ပင်, တိုင် စသည်တို့၌ ကြိုးလွန်နှင့် ဖွဲ့ချည်လျက်ရှိသော ဝတ္ထုသည် အကပ် မမြောက်၊ ထိုကဲ့သို့ အဖွဲ့အတွယ် မရှိမှ မြောက်သည်။

အဓိဋ္ဌာန်ပျက်၊ အင် ရှစ်ချက်၊ ကပ်ပျက်ကြောင်း အင်္ဂါ။

အဓိပ္ပာယ်။ ။ သင်္ကန်း, သပိတ်အဓိဋ္ဌာန်ကျခဏ်း၌ [ပေးစွန့်, ခိုးယူ၊ ကျွမ်းဝင်ယူ၊ လူထွက်, ချသိက္ခာ၊ သေဆုံး, လိင်ပြန်၊ ပစ္စုဒ္ဓံ၊ ရှစ်တန် ကျဓိဋ္ဌာ] ဟူ၍ ဆိုခဲ့သော အင်္ဂါရှစ်ပါးသည် အကပ်ပျက်ကြောင်း အင်္ဂါလည်း ဖြစ်၏၊ ဤ၌ ‘ပစ္စုဒ္ဓံ’ အရကို ပစ္စုဒ္ဓိုရ်ပြုသည်နှင့် အလားတူ ကပ်၍ထားသော ဝတ္ထု၌ အကပ်ကို စွန့်၏ဟု စိတ်ဖြင့် အကပ်စွန့်မှုကို ယူ။

ပဋိဂ္ဂဟဏံ နာမ လိင်္ဂပရိဝတ္တနေန ကာလံ ကိရိယာယ သိက္ခာ ပစ္စက္ခာနေန ဟီနာယာဝတ္တနေန အနုပသမ္ပန္နဿ ဒါနေန အနပေက္ခဝိဿဇ္ဇနေန အစ္ဆိန္ဒိတွာ ဂဟဏေန စ ဝိဇဟတိ။ [အဋ္ဌကထာ၊]

အဓိပ္ပာယ်။ ။ ဤပါဌ်၌ ပေးမှုနှင့် စွန့်မှု ခွဲ၍လာ၏၊ အကျွမ်းဝင်၍ ယူမှုသည် ‘အစ္ဆိန္ဒိတွာ ဂဟဏေန’၌ ပါဝင်လေ၏၊ ခုဒ္ဒသိက္ခာ၌ လူထွက်မှု ကျန်ရှိ ၏၊ ‘သိက္ခာကျ’၌ သင်္ဂြိုဟ်လိုရိပ် ရှိ၏၊ အကပ်စွန့်မှုကား သာရတ္ထဒီပနီ အလို။

မှတ်ချက်။ ။ ကပ်ပြီး ဝတ္ထုကို လူ, သာမဏေတို့ ကိုင်မိ, ထိမိသော်လည်း အကပ် မပျက်၊ ကိုင်မိ, ထိမိသော် အကပ်ပျက်သည်ဟု ထင်မှတ်ကြ၏၊ အကပ် ခံပြီး သပိတ်ကို မစွန့်ဘဲ လူ, သာမဏေတို့အား အခြားတစ်နေရာသို့ အရွှေ့ (အထား)ခိုင်းလိုက်သော်လည်း အကပ်မပျက်၊ သို့ရာတွင် ၎င်းတို့ ကိုယ်မှ မြူမှုန်များ အကပ်ခံပြီးသော အာဟာရ၌ ကျနေရစ်လျှင်ကား ထိုမြူမှုန်အတွက် ထပ်၍ အကပ်ခံရမည်။

မရွေ့ ဌာန၊ ကိုင်ရုံမျှ၊ ဒုရုပစိဏ္ဏာ။
တည်ရာဌာန၊ ရွေ့စေက၊ ဥဂ္ဂဟိတကာ။

ဒုရုပစိဏ္ဏ = မကောင်းသဖြင့် ပြုကျင့်မှု။ ။ ရဟန်းတို့ စားသောက်ရန် အကပ်မခံသေးသော ဆွမ်းသပိတ် စသည်ကို သိလျက်နှင့် ထိအံ့, ကိုင်အံ့, နေရာ မှ မရွေ့စေမူ၍ လှုပ်ရှားစေအံ့၊ ဒုရုပစိဏ္ဏဒုက္ကဋ်အာပတ်သင့်၏၊ ထိုဝတ္ထုကို ထိုရဟန်း မစားအပ်ပြီ၊ တစ်ပါးသော ရဟန်းတို့၌ အပ်သေး၏၊

ဥဂ္ဂဟိတက = ကြွချီမြှောက်ယူမှု။ ။ လှုပ်ရှားစေရုံမျှ မကဘဲ တည်ရာဌာနမှ ရွေ့စေငြားအံ့၊ ထိုဝတ္ထုသည် ဥဂ္ဂဟိတကဝတ္ထု မည်၏၊ မကောင်းသဖြင့် ကိုင်ယူအပ်သော ဝတ္ထု မည်၏၊ တစ်ပါးသော ရဟန်းတို့လည်း မစားအပ်ပြီ။ [ဒုရုပစိဏ္ဏဒုက္ကဋ်နှင့် ဥဂ္ဂဟိတကဒုက္ကဋ် ခွဲခြားပုံ။]

အကပ်ခံနည်း ပြီးပြီ။