ဝိနည်းဥပဒေတော်ကြီး/ကျောင်းဟူသော မှီရာနိဿယအမြွက်

ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၄၅။ ကျောင်းဟူသော မှီရာနိဿယအမြွက်
3350ဝိနည်းဥပဒေတော်ကြီး — ၄၅။ ကျောင်းဟူသော မှီရာနိဿယအမြွက်အရှင်သြဘာသ

၄၅။ ကျောင်းဟူသော မှီရာနိဿယ အမြွက်

ကုဋိ ၄-မျိုး

ဂဟပတိ၊ သမ္မုတိ၊ ဂေါနိသာဒိကာ။
ဥဿာဝနန္တိ၊ အမည်ရှိ၊ ကုဋိ လေးပါးဖြာ။

ရဟန်းတို့နေရာ ကျောင်းကို ကုဋိ ဆိုသည်၊ ထို ကုဋိမျိုးကား — ၁။ ဂဟပတိကုဋိ၊ ၂။ သမ္မုတိကုဋိ၊ ၃။ ဂေါနိသာဒိကာကုဋိ၊ ၄။ ဥဿာဝနန္တိကာကုဋိ ဟူ၍ ၄-မျိုး ရှိ၏၊

ကပ္ပိယကုဋိအင်္ဂါ

ရဟန်းဥစ္စာ၊ နေဖို့ငှာ၊ လောက်ရာ သဟသေး။
ကပ္ပိယမှု၊ ညီစွာပြု၊ ကုဋိအင်္ဂါလေး။

၁။ ရဟန်းသံဃာတို့၏ အပိုင်ဥစ္စာလည်း ဖြစ်စေ၊ ၂။ ရဟန်းသံဃာတို့ အမြဲနေဖို့ရာ ကျောင်းလည်းဖြစ်စေ၊ ၃။ သဟသေယျအာပတ် သင့်လောက်သော အမိုး, အကာနှင့် ပြည့်စုံသည်လည်းဖြစ်စေ၊ ၄။ ကပ္ပိယဝေါဟာရနှင့် လှူဒါန်းခြင်း၊ ဉတ်ကမ္မဝါစာနှင့် သမုတ်ခြင်း စသည်ဖြင့် ထိုထို ကုဋိအားလျော်စွာ ကပ္ပိယ အစီအရင်ကို နေရာကျ ပြုလုပ်သည်လည်းဖြစ်စေ၊ ဤကား ကပ္ပိယကုဋိ၏ သာမညအင်္ဂါ ၄-ပါးတည်း။

ပဉ္စမကပ္ပိယကုဋိ

၁။ ပထမအင်္ဂါ မရှိသော လူတို့၏ အိမ်ရာတိုက်တာများသည်လည်း ကောင်း၊ ၂။ ဒုတိယအင်္ဂါ မရှိသော ရဟန်းတို့ နေဖို့ မဟုတ်၊ အခိုက်အတန့်မျှ သုံးဆောင်ဖို့ဖြစ်သော ဝစ္စကုဋိ, ပဿာဝကုဋိ, ဥပုသ်အိမ်, သိမ်, တန်ဆောင်း စသည်များသည်လည်းကောင်း၊ ၃။ တတိယအင်္ဂါ မရှိသော ရဟန်းတို့ နေဖို့ရာ ပင် ဖြစ်သော်လည်း သဟသေယျအာပတ် သင့်လောက်အောင် အမိုးမရှိသော ကျောင်း, အကာမရှိသော ကျောင်း, အမိုးအကာ ပျက်၍နေသော ကျောင်းများ သည်လည်းကောင်း ကပ္ပိယကုဋိ ၄-ပါးမှ အလွတ်ဖြစ်သော ပဉ္စမကပ္ပိယကုဋိ ဟူ၍ ဆိုအပ်၏၊ [ဤ ပဉ္စမကပ္ပိယကုဋိ၌ ခဲဖွယ် စသည်ကို သိုမှီးခြင်းငှာ အလိုလိုအပ်သည်ဟူ၍ သိ။]

ဂဟပတိကုဋိ

လူ့သန္တက၊ ကပ္ပိယဟူ၊ ဆို၍လှူ၊ မှတ်ယူ ဂဟပတိ။

မလှူမီရှေးအဖို့၌ လူတို့၏ အပိုင်ဥစ္စာလည်းဖြစ်စေ၊ ကျောင်းပြီး၍ လှူဒါန်း သော အခါ၌ ကပ္ပိယစကား (အပ်စပ်သော စကား)ကို မြွက်ဆို၍ လှူဒါန်းသည် လည်းဖြစ်စေ၊ ဤ အင်္ဂါနှစ်ပါးရှိသော ကျောင်းကုဋိသည် ဂဟပတိကုဋိ မည်၏၊

ဣမံ ဝိဟာရံ ကပ္ပိယကုဋိံ ကာတုံ သံဃဿ ဒေမ။ [သံဃိကဖို့]
အာယသ္မတော ဒေမ။ တိဿဿ ဒေမ။ [ပုဂ္ဂလိကဖို့]

ဤကား ကပ္ပိယစကားတစ်ရပ်တည်း။ ရေစက်ချရာ၌ ဤကပ္ပိယစကား ပါရှိမှ ကပ္ပိယကုဋိ ဖြစ်သည်။

ဥဿာဝနန္တိကကုဋိ

ချီကြွ, မြွက်ကြား၊ ဆုံးပြိုင်ငြား၊ နက်သွား ဥဿာမှာ။

အဓိပ္ပာယ်။ ။ ဥဿာဝနန္တိကပုဒ်၌ ဥ-ကား ချီကြွခြင်း အနက် ရှိ၏၊ သာဝန-ကား မြွက်ကြားခြင်း အနက် ရှိ၏၊ အန္တိက-၌ အန္တ-ကား အဆုံးဟူသော အနက်ရှိ၏၊ ချီကြွမှု၊ ကပ္ပိယစကား မြွက်ကြားမှု၊ အမှုနှစ်ပါးတို့၏ တစ်ပြိုင်နက် ပြီးဆုံးခြင်းရှိသော ကုဋိ-ဆိုလိုသည်။

ရဟန်းအပိုင် ရှေးဦးတိုင်ကို၊ ပွေ့ကိုင်ချီချ၊ မြေအကျနှင့်၊
ကပ္ပိယစကား၊ ဆုံးပြိုင်ငြား၊ မှတ်သား ဥဿာဝနန္တိကာ။

ရဟန်းသံဃာတို့၏ ပုဂ္ဂလိက သံဃိက ဖြစ်သော သစ်, ဝါး, အုတ်, ကျောက် တို့နှင့် ဆောက်လုပ်သည်လည်း ဖြစ်စေ၊ ရှေးဦးစွာ စိုက်ထူသော တိုင်, ရှေးဦးစွာ တက်သော အုတ်, ကျောက်တို့ကို ရဟန်းတို့ ပွေ့ကိုင်၍ မြေသို့ကျသည်နှင့် ကပ္ပိယစကားအဆုံး ပြိုင်မိသည်လည်း ဖြစ်စေ။ ဤအင်္ဂါနှင့် ပြည့်စုံသော ကုဋိသည် ဥဿာဝနန္တိကကုဋိ မည်၏၊

မှတ်ချက်။ ။ သစ်, ဝါးတို့ဖြင့် ဆောက်ရာ၌ ရှေးဦးစွာ စိုက်ထူသော တိုင်ကို ရဟန်းတို့ကိုယ်တိုင် ပွေ့ချီ၍ ထားပြီးလျှင် ‘ကပ္ပိယကုဋိံ ကရောမ’ဟု ကပ္ပိယစကားကို မြွက်ဆို၍ တိုင်ကို တွင်း၌ ချစိုက်ရမည်၊ မြေသို့ တိုင်အကျနှင့် ‘မ’အက္ခရာ ပြိုင်စေရမည်၊ မပြိုင်မိအံ့ ထင်လျှင် တစ်ဖန် ကြွချီ၍ ချရမည်၊ ပြိုင်မိပြီဟု စိတ်ချရမှ တန်။

တိုင်မပါဘဲ အုတ်နံရံ, ကျောက်နံရံတို့ကို ထစေ၍ ဆောက်လုပ်ရာ၌ အုတ်မြစ်ချသော ကျောက်, အုတ်တို့ကား မြေအလားရှိကုန်သည် ဖြစ်၍ အင်္ဂါ မလောက်ကုန်၊ မြေမှ အထက်သို့ ပေါ်တက်သော နံရံသည်သာ ကျောင်းအင်္ဂါ၌ ပါဝင်၏၊ ထို့ကြောင့် ရှေးဦးစွာ နံရံကိစ္စနှင့် မြေမှ အထက်သို့ တက်သော တစ်ခုသော အုတ်ချပ်, တစ်ခုသော ကျောက်ချပ်ကို ရဟန်းကိုယ်တိုင် ချီမ၍ “ကပ္ပိယကုဋိံ ကရောမ”ဟု ဆို၍ ချရမည်၊ မြေအကျနှင့် ကပ္ပိယ စကားအဆုံး ပြိုင်မိစေရမည်။ ပေါ့ပေါ့ပါးပါး ဖြစ်ခဲ့လျှင် ရဟန်းတစ်ပါးနှင့်ပင် ပြီးသင့်၏၊ အများ ချီကြွ၍ အများဆိုကြ၍ စိုက်ခြင်းသည် တစ်ယောက်တစ်ယောက် စကားအဆုံး နှင့် ဧကန်ပြိုင်မိရန် ပြုလုပ်မှုပေတည်း၊ ရဟန်းတို့ မနိုင်နိုင်ခဲ့လျှင် လူတို့ကို ချီကြွစေ၍ ရဟန်းတို့က မြွက်ဆိုရမည်။

ဂေါနိသာဒိကာကုဋိ

နွားတို့နေဘိ၊ အနက်ရှိ၊ ဂေါနိသာဒိကာ။

ဂေါနိသာဒိက-သဒ္ဒါသည် နွားတို့နေရာ ဟူသော အနက်ရှိ၏၊ တိုက်တာ ကျောင်းကန် အရံအကာ မရှိသည်ကို ဆိုလိုရင်း ဖြစ်သည်။

တိုက်တာအရံ၊ ကျောင်းအရံ၊ နှစ်တန် မရှိရာ။
အာရာမ, ဝိဟာရ၊ နှစ်ပါးပြ၊ ရာမ လိုရင်းသာ။
လုံးလုံး မရှိ၊ အနည်းရှိ၊ တိုက်၏ အရံမှာ။


ဂေါနိသာဒိကာကုဋိ ၂-မျိုး။ ။ (၁) တိုက်တာ အကာအရံ မရှိလျှင် အာရာမဂေါနိသာဒိကာ ခေါ်၏၊ (၂) တိုက်တွင်းရှိ ကျောင်းများမှာ အကာအရံ မရှိခဲ့လျှင် ဝိဟာရဂေါနိသာဒိကာ မည်၏၊

မှတ်ချက်။ ။ ထို ၂-ပါးတွင် တိုက်တာ အကာအရံ မရှိမှုသာ လိုရင်းဖြစ်၏၊ တိုက်တွင်းရှိ ကျောင်းများ၌ ကျောင်းအောက်မှာ နွား, မဝင်နိုင်ရန် အကာအရံ ရှိမှု, မရှိမှုသည် လိုရင်းမဟုတ်။

အရံဆိုသည်မှာ နွားတို့ကို ကာဆီးနိုင်ရန် အမြင့် ၂-တောင် ၆-သစ်ခန့် ရှိ၍ တစ်ကိုယ်လုံးကို ဝန်းဝိုင်းမိအောင် ရှိခဲ့သော်လည်းကောင်း၊ ထက်ဝက်, ထက်ဝက်ထက် များခဲ့သော်လည်းကောင်း အရံရှိသည် မည်၏၊ ထက်ဝက်ခန့် ရှိခဲ့သော်လည်းကောင်း, ‘ထက်ဝက်’အောက် နည်းခဲ့သော်လည်းကောင်း အရံ မရှိသည် မည်၏၊ ဤအရံ မရှိမှုသည် ဂေါနိသာဒိကာကုဋိ၏ အင်္ဂါပင်တည်း။

ဤကုဋိ၌ အရံအမြင့် ပမာဏကို ကျမ်းဂန်တို့မှာ မဆို၊ သဟသေယျ အရာ၌ တစ်တောင့်ထွာအမြင့် လာ၏၊ ဝိနိစ္ဆယဋီကာ၌ ထိုတစ်တောင့်ထွာကို မဇ္ဈိမပုရိသ တစ်တောင့်ထွာဟု ဆို၏၊ ပကတိပုရိသ ၂-တောင် ၆-သစ် ရှိ၏၊ ထိုကို နည်းမှီ၍ ဤ၌ အမြင့် ၂-တောင် ၆-သစ်ခန့်ဟု ဆိုလိုက်ပေသည်။ [မဇ္ဈီမဝဍ္ဎုကီတွက်နည်းဖြင့် ယူသော် ၃-ပေ မြင့်သည်။]

သမ္မုတိကုဋိ

သမုတ်တုံဘိ၊ သမ္မုတိ၊ ဉတ္တိဒုတိယာ။
ပန်ကြားမှုလည်း၊ အပ်သတည်း၊ နှစ်နည်း အဆိုလာ။
အကပ္ပိယ၊ ဖြစ်နေက၊ မုချ သမုတ်ရာ။


ကပ္ပိယကုဋိအင်္ဂါ ချို့တဲ့သဖြင့် အကပ္ပိယကုဋိဖြစ်၍နေသော ကျောင်းကို ကပ္ပိယကုဋိ ဖြစ်စေခြင်းငှာ ဉတ္တိဒုတိယကမ္မဝါစာဖြင့် သမုတ်ရသည်၊ ထိုကုဋိကို သမ္မုတိကုဋိ ခေါ်သည်၊ အဋ္ဌကထာ၌ကား ပန်ကြားမှုဟူသော အပလောကနကံ ဖြင့်လည်း သမုတ်အပ်၏ဟု လာသည်။

သမ္မုတိကုဋိတစ်မျိုး။ ။ ဝိနည်း မတတ်သော ရဟန်းတို့ အလှူခံ၍ရှိနေ သော ကျောင်းဟောင်း, ဝိနည်းမတတ်သော ရဟန်းတို့ ဆောက်လုပ်သော ကျောင်းသစ်, ဝိနည်းမတတ်သော ရဟန်းတို့ အမိုးဟောင်းကို ဖျက်၍ အသစ်မိုး သော ကျောင်းမျိုး၊ ဤကဲ့သို့သော ကျောင်းများကို နောက် ဆက်ခံ၍နေသော လဇ္ဇီပေသလရဟန်းသည် သမ္မုတိကပ္ပိယကုဋိ ဖြစ်အောင် ပြုလုပ်၍နေရမည်၊ ဉတ္တိဒုတိယ ကမ္မဝါစာဖြင့်သော်လည်း သမုတ်ရမည်၊ အပလောကနကံဖြင့် သော်လည်း သမုတ်ရမည် ဟူလို။

သမုတ်ပုံ။ ။ သမုတ်ပုံကား ၄-ပါး, ၄-ပါးထက် အလွန်ဖြစ်သော ရဟန်း တို့သည် ခဏ္ဍသိမ်၌ စည်းဝေးကြ၍ မည်သည့်ကျောင်းကို အဘယဝိဟာရဟူ၍ အမည်မှည့်ပါ၏ဟု မထေရ်ကြီးက ထိုကျောင်းကို အမည်ပေး၊ ဉတ်ကမ္မဝါတို့၌ ထိုအမည်နှင့် ဖတ်။

သမ္မုတိ ကမ္မဝါစာ

သုဏာတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော အဘယံ နာမ ဝိဟာရံ ကပ္ပိယဘူမိံ သမ္မန္နေယျ၊ ဧသာ ဉတ္တိ။

သုဏာတု မေ ဘန္တေ သံဃော၊ သံဃော အဘယံ နာမ ဝိဟာရံ ကပ္ပိယဘူမိံ သမ္မန္နတိ၊ ယဿာယသ္မတော ခမတိ အဘယဿ နာမ ဝိဟာရဿ ကပ္ပိယဘူမိယာ သမ္မုတိ၊ သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။

သမ္မတော သံဃေန အဘယော နာမ ဝိဟာရော ကပ္ပိယဘူမိ၊ ခမတိ သံဃဿ၊ တသ္မာ တုဏှီ၊ ဧဝမေတံ ဓာရယာမိ။ [သမ္မုတိကမ္မဝါ။]

ကျောင်းအမည် ထင်ရှားစေခြင်းငှာ နာမသဒ္ဒါ ထည့်ပေးသည်။

ဤ ကပ္ပိယဘူမိ သမ္မုတိကံသည် အသမ္မုခါကရဏီယကံ ၈-ပါး၌ မပါ ငြားသော်လည်း ကျောင်းမှ ခွာ၍ ခဏ္ဍသိမ်မှာ ပြုခြင်းငှာ အပ်သည်သာ မှတ်။

ယတ္ထ ယတ္ထ ကမ္မဝါစာယံ အယန္တိ ဝါ ဣမေတိ ဝါ သမ္မုခါနိဒ္ဒေသ နိယမော နတ္ထိ၊ သဗ္ဗံ တံ အသမ္မုခါကရဏီယံ —ဟူသော ပရိဝါ ဝဇိရဗုဒ္ဓိ ဋီကာနှင့် အညီတည်း၊ ထိုတိုက်၌ ခဏ္ဍသိမ် မရှိခဲ့သော် တိုက်တစ်ပါး၌ရှိသော ခဏ္ဍသိမ်မှာလည်း ပြုရပါ၏၊

“ကမ္မဝါစံ အဝတွာ အပလောကနေနပိ ဝဋ္ဋတိယေဝ”ဟူ၍ အဋ္ဌကထာ၌ ဆိုသောကြောင့် အပလောကနကံဖြင့်လည်း သမုတ်ရလေ၏၊

သမုတ်ပုံမှာ — ကမ္မဝါစာနှင့် သမုတ်နည်း အတိုင်းပင်၊ ကမ္မဝါစာဖတ်မည့် နေရာ၌ အပလောကန စာစီရေး၍ ဖတ်မှုမျှသာ ထူး၏၊

သံဃံ ဘန္တေ အာပုစ္ဆာမိ၊ အဘယော နာမ ဝိဟာရော၊ အကပ္ပိယဘူမိ ဇာတော၊ တဿ ဝိဟာရဿ ကပ္ပိယဘူမိယာ သမ္မုတိ ရုစ္စတိ သံဃဿ။ ဒုတိယမ္ပိ။ တတိယမ္ပိ။

ခဏ္ဍသိမ်အပြင် သံဃဟတ္ထပါသ်၌ ၃-ကြိမ် ဖတ်ကြားလေ။

ရှေးရှိ တိုင်အုတ်၊ ကုန်ပယ်နုတ်၊ ငြိမ်းချုပ် သာဝနာ။

အဓိပ္ပာယ်။ ။ ပွေ့ချီ၍ ကပ္ပိယစကားနှင့် စိုက်ထူအပ်သော တိုင်နှင့် ရက်မ, ခါးပန်း တဆက်တည်း ဆက်လက်၍ ထိုအခါ၌လည်းကောင်း နောက်မှ သော်လည်းကောင်း စိုက်ထူဆောက်လုပ်အပ်သော အလုံးစုံသော တိုင်စုသည် ကပ္ပိယချည်း ဖြစ်လေ၏၊ ထိုတိုင်စုကို တစ်ခုမကျန် အကုန်ပယ်၍ ပစ်သောအခါ ၌ ဥဿာဝနန္တိကာ ကပ္ပိယကုဋိ ပျက်၏၊ ထပ်မံ၍ ဆောက်လုပ်ပြန်သော် ကပ္ပိယ ဖြစ်အောင် အသစ်တစ်ဖန် ပြုရပြန်သည်။

လုံးလုံးထက်ဝက်၊ ကာရံချက်၊ ပျက်၏ ဂေါနိသာ။

အဓိပ္ပာယ်။ ။ တိုက်အကာအရံ မရှိ၍ ကပ္ပိယ ဂေါနိသာဒိကာအရံ ဖြစ်၍နေသော တိုက်တာကို အကုန်လုံး ရံပြန်သော်လည်းကောင်း၊ ထက်ဝက်မျှ ရံပြန်သော်လည်းကောင်း ဂေါနိသာဒိကာ ကပ္ပိယကုဋိ ပျက်၏၊ ထိုတိုက်တွင်း၌ ရှိသမျှသော ကျောင်းတို့လည်း အကပ္ပိယ ကုဋိကျောင်းတွေ ဖြစ်ကုန်၏၊ သမ္မုတိ ကပ္ပိယကုဋိဖြစ်အောင် ပြုလုပ်ကြရာ၏၊

အမိုးအကုန်၊ ဖျက်ပယ်တုံ၊ ပျက်ကုန် ကြွင်းနှစ်မှာ။

အဓိပ္ပာယ်။ ။ ဂဟပတိကုဋိနှင့် သမ္မုတိကုဋိကို ကြွင်းနှစ် ဆိုသည်၊ ထို ကုဋိတို့သည်မူကား ဝမ်းဘဲတောင် ခေါင်ဖုံးမျှ မကျန် အမိုးတို့ကို အကုန်ဖျက်ခဲ့ သော် ကပ္ပိယကုဋိအဖြစ်မှ ပျက်ကုန်၏၊ မိုးပြန်သော်လည်း အကပ္ပိယကုဋိ ဖြစ်မြဲ ပင်။

မှတ်ချက်။ ။ ထို့ကြောင့် ထိုကျောင်းတို့၌ အသစ်မိုးရန် အမိုးဟောင်းတို့ ကို ဖျက်ခဲ့သည်ရှိသော် အကုန် မဖျက်ရာ၊ သွပ်တစ်ချပ်, ပျဉ်တစ်ချပ်, ကပ်တစ်ချပ်, သက်ငယ်တစ်ချပ်မျှကိုသော်လည်း ချန်ထား၍ အသစ်ကို မိုးမိမှ ချန်ထား သည်ကို ပယ်ဖျက်ရာ၏၊ ဝမ်းဘဲတောင် ခေါင်ဖုံးများသည်လည်း အမိုးအရာ၌ တည်ကုန်၏၊ ထို့ကြောင့် ဝမ်းဘဲတောင် ခေါင်ဖုံး ကျန်ရှိလျှင်ပင် မပျက်ပြီ။

အဆောင်များစွာ ရှိခဲ့ရာ အဆောင်အချင်းချင်း အမိုးဆက်လက်သဖြင့် တစ်ခုသော သဟသေယျ ဥပစာ ဖြစ်ခဲ့အံ့၊ တစ်ဆောင်ကို အကုန်ဖျက်၍ မိုးသော်လည်း ကြွင်းသော အဆောင်တို့က စောင့်ရှောက်ကုန်၏ဟု ယူကြ၏၊

အင်္ဂါမညီ၊ ကျောင်းကုဋီ၊ အကပ္ပိယသာ။

အဓိပ္ပာယ်။ ။ ရှေး၌ ပြဆိုခဲ့ပြီးသော သာမည အင်္ဂါ, အသီးသီးသော ဝိသေသအင်္ဂါတို့နှင့် မညီညွတ်သော ကျောင်းများသည် အကပ္ပိယကုဋိ မည်၏၊

မှတ်ချက်။ ။ အကပ္ပိယကုဋိဆိုသော်လည်း မနေအပ် မထိုင်အပ်သော ကျောင်းဟု ဆိုလိုသည် မဟုတ်၊ နောက်၌ ပြဆိုလတ္တံ့သော ကာလိကဝတ္ထုများနှင့် စပ်၍ အာပတ်အပြစ် ရှိသောကြောင့် ဆိုသတည်း။

အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က၊ ဤသုံးဝ၊ ယာဝ, ယာမမှာ။

ဒုက္ကဋ် ၃-မျိုး။ ။ (၁) အန္တောဝုတ္ထ ဒုက္ကဋ်၊ (၂) အန္တောပက္ကဒုက္ကဋ်၊ (၃) သာမံပက္ကဒုက္ကဋ်-ဟူ၍ ဒုက္ကဋ်အာပတ် ၃-မျိုး ရှိ၏၊ ထိုသုံးမျိုးသည် ယာဝကာလိက, ယာမကာလိက ဟူသော ရှေ့ကာလိက ၂-ပါး၌သာ ရှိ၏၊ နောက်ကာလိက ၂-ပါး၌ မရှိ။

သိုမှီးသည်ကို၊ ဝုတ္ထဆို၊ ကျိုချက် ပက္ကမှာ။

အဓိပ္ပာယ်။ ။ ဝုတ္ထဆိုသည်ကား — သိုမှီးသည်ကို ဆိုသည်၊ ပက္က ဆိုသည်ကား — ကျိုချက်သည်ကို ဆိုသည်။

အန္တောဝုတ္ထ။ ။ အကပ္ပိယကုဋိအတွင်း၌ အရုဏ်တက်သည်တိုင်အောင် ညဉ့်သိပ်၍ ထားသော ဝတ္ထုကို အန္တောဝုတ္ထ ခေါ်သည်။

အန္တောပက္က။ ။ အကပ္ပိယကုဋိအတွင်း၌ ချက်ပြုတ် ကြော်လှော်အပ်သော ဝတ္ထုကို အန္တောပက္က ခေါ်သည်။

သာမံပက္က။ ။ ရဟန်းကိုယ်တိုင် ချက်အပ်သော ဝတ္ထုကို သာမံပက္က ခေါ်သည်။

ကုဋိပျက်တွင်း၊ သိုမှီးခြင်း၊ အလျှင်း မပြုရာ။

အဓိပ္ပာယ်။ ။ ကုဋိပျက်ဆိုသည်ကား — အကပ္ပိယကုဋိဖြစ်သော ကျောင်းမျိုးကို ဆိုသတည်း။ ထိုအကပ္ပိယကုဋိတို့၌ သဟသေယျလောက် ကောင်းသော် အမိုးအရံတွင်း၌ ရှေ့ကာလိက ၂-မျိုးတို့ကို အရုဏ်တက်သည့်တိုင် အောင် သိုမှီး၍ ညဉ့်သိပ်ထားခြင်းကို အလျင်းမပြုရာ၊ ညဉ့်သိပ်ထားခြင်းကို ပြုခဲ့သော် ထိုဝတ္ထုသည် အန္တောဝုတ္ထ ဖြစ်၏၊ ထိုဝတ္ထုကို စားသောက်သော ရဟန်းအား အန္တောဝုတ္ထ ဒုက္ကဋ်အာပတ်သင့်၏၊

ထို၌ ချက်အပ်၊ ယင်း နှစ်ရပ်၊ မအပ်လေသည်သာ။

အဓိပ္ပာယ်။ ။ ထို အကပ္ပိယကျောင်းတွင်း၌ ထို ရှေ့ ကာလိက ၂-မျိုး တို့ကို လူ, သာမဏေတို့ ချက်ပြုတ် ကြော်လှော်ခဲ့သည်ရှိသော် ထိုဝတ္ထုသည် အန္တောပက္က မည်၏၊ ထိုဝတ္ထုကို စားသောက်သော ရဟန်းအား အန္တောပက္က ဒုက္ကဋ်အာပတ်သင့်၏၊

ဘယ်၌မဆို၊ ယင်းနှစ်ကို၊ ကိုယ်တိုင် မချက်ရာ။

အဓိပ္ပာယ်။ ။ ထိုရှေ့ ကာလိကနှစ်မျိုးတို့ကို မည်သည့်နေရာ၌မဆို (ဝါ) အကပ္ပိယကျောင်းတွင်း၌ ဖြစ်စေ၊ ကပ္ပိယ ကျောင်းတွင်း၌ဖြစ်စေ၊ တစ်ပါး သော အရပ်ဌာန၌ဖြစ်စေ၊ ရဟန်းကိုယ်တိုင် ကြော်, လှော်, ချက်, ပြုတ်, ဖုတ်, ကင်, ပေါင်းနွှေးခြင်းကို မပြုရာ။ ပြုခဲ့သော် ထိုဝတ္ထုသည် သာမံပက္က ဖြစ်၏၊ ထိုဝတ္ထုကို စားသောက်သော ရဟန်းအား သာမံပက္က ဒုက္ကဋ်အာပတ် သင့်၏၊

ကျက်ပြီးကိုလျက်၊ တဖန်ချက်၊ သက်သက် အပ်သည်သာ။
ရှေ့ကာလိနှစ်၊ ရောပြန်လစ်၊ အပြစ်ရှိပြန်လာ။

အဓိပ္ပာယ်။ ။ လူ, သာမဏေတို့ ချက်၍ ကျက်ပြီးသော ကာလိကနှစ် မျိုးတို့ကို တစ်ဖန်ချက်မှုသည် ပုနပက္က မည်၏၊ ထို တစ်ဖန်ချက်မှုကိုကား ရဟန်း ကိုယ်တိုင်ပင် ပြုအပ်၏၊ အပြစ်မရှိ။ ကျက်ပြီးသော ထမင်းအေး, ဟင်းအေးကို ရဟန်းကိုယ်တိုင်ပင် မီး၌ နွှေးအပ်၏၊

ကျက်ပြီးသော ထမင်းကို ယက်မန်းဖြစ်အောင် ရဟန်းကိုယ်တိုင် ကျိုအပ် ၏၊ ရဟန်းကိုယ်တိုင် ကျိုအပ်သော ဝတ္ထုကိုမူကား ရှေ့ကာလိက ဝတ္ထုနှစ်မျိုး တို့နှင့် မရောယှက်စေ၍ သက်သက် စားသောက်အပ်၏၊ ရှေ့ကာလိကဝတ္ထု နှစ်မျိုးတို့နှင့် ရောနှော၍ စားသောက်ခဲ့သော် အပြစ်ရှိပြန်၏၊ ဒုက္ကဋ်အာပတ် သင့်ပြန်၏၊

[ရှေ့ကာလိကနှစ်မျိုးတို့၌ အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က၊ ပုနပက္က၊ ၄-ချက် ပြီး၏၊]

သတ္တာ, ဇီဝိ၊ ကိုယ် ချက်မိ၊ သုဒ္ဓိ အပ်သည်သာ။

အဓိပ္ပာယ်။ ။ နောက်ကာလိကနှစ်မျိုးတို့ကိုမူကား အကပ္ပိယ ကုဋိတွင်း၌ ညဉ့်သိပ်၍ တစ်သက်လုံး ထားသော်လည်း အန္တောဝုတ္ထဒုက္ကဋ် မရှိ၊ ထို အရပ် တွင်း၌ ကြော်လှော် ချက်ပြုတ်သော်လည်း အန္တောပက္ကဒုက္ကဋ် မရှိ၊ အစိမ်း သက်သက်ကို ရဟန်းကိုယ်တိုင် ချက်သော်လည်း သာမံပက္ကဒုက္ကဋ် မရှိ၊ ဒုက္ကဋ် ၃-မျိုး ကင်းလွတ်၏၊

မှတ်ချက်။ ။ ကင်းလွတ်၏ ဆိုသော်လည်း ထိုကဲ့သို့ အကပ္ပိယကုဋိ အတွင်း၌ ညဉ့်သိပ်ခြင်း, ချက်ပြုတ်ခြင်း, ကိုယ်တိုင် ချက်ပြုတ်ခြင်းတို့ကို ပြုပြီး သည်ရှိသော် ထိုဝတ္ထုကို ရှေ့ကာလိကနှစ်မျိုးတို့နှင့် ရောနှော၍ မစား, မသောက် အပ်၊ စားသောက်ခဲ့သော် ဒုက္ကဋ် ၃-မျိုး သင့်ပြန်၏၊

အကပ္ပိယ၊ ကျောင်းဖြစ်က၊ များလှ ပြစ်ဆာနာ။

အဓိပ္ပာယ်။ ။ ကပ္ပိယကုဋိအင်္ဂါ လက္ခဏာ မရှိသော အကပ္ပိယ ကုဋိကျောင်းဖြစ်ခဲ့သော် ထိုကျောင်းသည် ကာလိကလေးပါးနှင့် စပ်၍ အလွန် အပြစ် ဆာနာ များလှ၏၊

ဝိနည်းမတတ်၊ ကျောင်းထိုင်လတ်၊ အာပတ် မဆုံးရာ။

အဓိပ္ပာယ်။ ။ ဝိနည်း မတတ်ပါဘဲနှင့် ကျောင်းထိုင်ပုဂ္ဂိုလ် လုပ်ခဲ့သော် ကျောင်းသည် အကပ္ပိယကုဋိကျောင်းသာ ဖြစ်ရာ၏၊ အလုံးစုံသော ကာလိက ဝတ္ထုမျိုးကိုလည်း ထိုကျောင်းတွင်း၌ ထားလေရာ၏၊ ဆန်သည်လည်း အန္တောဝုတ္ထဆန် ဖြစ်၏၊ ငါးပိ, ငါးခြောက် စသည်တို့သည်လည်း အန္တောဝုတ္ထတို့သာ ဖြစ်ကုန်၏၊ ညဉ့်သိပ်၍ ထားအပ်သော အုန်း, ငှက်ပျော စသည်တို့သည်လည်း အန္တောဝုတ္ထတို့သာဖြစ်ကုန်၏၊

ထောပတ်, ဆီဦး, သကာ, သကြား, ဆီ, ဆား, ဆေး, ကွမ်း စသော နောက် ကာလိကဝတ္ထုမျိုးတို့ကိုလည်း ထိုကျောင်းတွင်း၌ သိုမှီးပြီးလျှင် ထောပတ်, ဆီဦး, သကာ, သကြားတို့ကို သစ်သီးခဲဖွယ်, မုန့်ခဲဖွယ်တို့နှင့် ရောဖက်၍ စားခြင်း၊ ဆီ, ဆားတို့ကို ဟင်းခတ်ခြင်း၊ အကြော်အလှော် ပြုလုပ်ခြင်း၊ သကာ, သကြား, ဆားတို့ကို ညနေအခါ၌ အဖျော်ရည်မှာ ထည့်ခြင်း အစရှိသည်တို့ဖြင့် သက်တော်ရှည်၍ နေ့ရက်တွေ များသမျှကာလပတ်လုံး အန္တောဝုတ္ထ ဒုက္ကဋ်အာပတ် တွေ မဆုံးနိုင်ရှိလေရာ၏ ဟူလိုသည်။

ကျောင်းရေစက်ချ

ဣမံ ဝိဟာရံ ကပ္ပိယကုဋိံ ကာတုံ သံဃဿ ဒေမ၊ ကာယကာယပဋိဗဒ္ဓေဟိ ဖုသိတွာ ယထာသုခံ ပရိဘုဉ္ဇထ။ (သုံးခေါက်ဆို)

ဣမံ ဝိဟာရံ = ဤကျောင်းကို။ ကပ္ပိယကုဋိံ = ရဟန်းတော်မြတ်တို့အား သင့်လျော်လျောက်ပတ် အလွန်အပ်သော ကပ္ပိယကုဋိကို။ ကာတုံ = ပြုစိမ့်သောငှာ။ သံဃဿ = အရပ်ဒိသာ ရှစ်မျက်နှာမှ ရောက်လာသမျှ ဓမ္မမွေ့လျော် သံဃာတော်အား။ ဒေမ = လှူဒါန်းပါကုန်၏၊ တုမှေ = အရှင်ဘုရားတို့သည်။ ကာယကာယပဋိဗဒ္ဓေဟိ = ခြေဖဝါး, လက်ဖဝါး, တင်ပါး, ကျောက်ကုန်း အစရှိသော ကိုယ်အင်္ဂါ၊ ဖိနပ် သင်္ကန်း အပေါ်လွှမ်း အစကုန်ရှိသော ကိုယ်နှင့် စပ်သော ဝတ္ထုတို့ဖြင့်။ ယထာသုခံ = ချမ်းသာသည်အားလျော်စွာ (ဝါ) အလိုတော်ရှိတိုင်း။ ဖုသိတွာ = ထိပါး၍။ ပရိဘုဉ္ဇထ = ဣရိယာပထ မျှတမှီတင်း သီတင်းသုံးကာ သုံးဆောင်တော်မူပါကုန်ဘုရား။

မှတ်ချက်။ ။ ကပ္ပိယကုဋိမြောက်အောင် ကျောင်းရေစက်ချနည်း ဆိုနေကျ ရေစက်ချ၌ လောင်းစွက်ထည့်သွင်း၍ ဆိုရန်မှာ - မိမိပုဂ္ဂလိက ကျောင်းဖြစ်ခဲ့သော် ‘သံဃဿ နေရာမှာ “အာယသ္မတော”ဟု ထည့်လေ။ သူတစ်ပါးအဖို့ ချ၍ ပေးသူဖြစ်ခဲ့သော် “သံဃဿ” နေရာမှာ “အာယသ္မတော တိဿထေရဿ, အာယသ္မတော သုမနထေရဿ” စသည်ဖြင့် ကျောင်းရှင် ပုဂ္ဂိုလ်၏ ဘွဲ့အမည်ကို ထည့်လေ။

သတိ။ ။ မိမိနေထိုင်သော ကျောင်းသည် ကပ္ပိယကုဋိအင်္ဂါနှင့် ပြည့်စုံသည် မပြည့်စုံသည်ကို စိစစ်၍ အာပတ်မသင့်အောင် လိုအပ်သလို ပြုပြင်, နေထိုင်တော်မူကြပါကုန်။

ကျောင်းဟူသော မှီရာနိဿယအမြွက် ပြီးပြီ။