3382ဝိနည်းဥပဒေတော်ကြီး — ၄၆။ ဝါဆိုခန်းအရှင်သြဘာသ

၄၆။ ဝါဆိုခန်း

ပုရိမိကာ၊ ပစ္ဆိမာ၊ နှစ်ဖြာ ဝါကပ်နည်း။
ဝါနှစ်လတွင်၊ လဆုတ်တစ်ရက်၊ ဝါကပ်ရက်၊ နှစ်ချက် စဉ်တိုင်းတည်း။

အဓိပ္ပာယ်။ ။ ပုရိမိကာ ဝါကပ်ခြင်း, ပစ္ဆိမိကာ ဝါကပ်ခြင်းဟူ၍ ဝါကပ်ခြင်း နှစ်ပါး ရှိ၏၊ ဝါဆို, ဝါခေါင် နှစ်လသည် ဝါကပ်လ မည်၏၊ ဝါဆိုလပြည့် ကျော် ၁-ရက်နေ့, ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့၊ ဤနှစ်ရက်တို့သည် အစဉ်အတိုင်း ပုရိမ, ပစ္ဆိမ ၂-ချက် ဝါကပ်ရက်တည်း။

ဝါထပ်ကြုံတွေ့၊ တစ်လရွေ့၊ ရှေ့သို့ တိုးသတည်း။

အဓိပ္ပာယ်။ ။ ဝါထပ်သည့်နှစ် ဖြစ်ခဲ့သော် တစ်လရွေ့၏၊ ဒုတိယဝါဆို လဆုတ် ၁-ရက်နေ့၌ ပုရိမဝါ၊ ဝါခေါင်လဆုတ် ၁-ရက်နေ့၌ ပစ္ဆိမဝါ ကပ်ရသည်။ ဝါကပ်ရက်ငင်မှုမည်သည် မင်းစိုးရာဇာတို့နှင့် စပ်၏၊

ထို့ကြောင့် “အနုဇာနာမိ ဘိက္ခဝေ ရာဇာနံ အနုဝတ္တိတုံ — ရဟန်းတို့ မင်းတို့၏ အလိုသို့ လိုက်ခြင်းငှာ ခွင့်ပြု၏”ဟူ၍ ဟောတော်မူသည်။

မင်းစိုးရာဇာတို့က နိုင်ငံအဝန်းနှင့်တကွ ယခုနှစ် ဝါထပ်ရမည်ဟု ပြဋ္ဌာန်း ခဲ့လျှင် ရဟန်းသံဃာတော်တို့ကလည်း ထပ်ကြရမည်။ မင်းစိုးရာဇာတို့က ဝါထပ်မှု မရှိခဲ့လျှင် သံဃာတော်တို့ကလည်း ဝါထပ်မှု မပြုရ ဟူလိုသည်။

လှည်း, လှေ, နှစ်ဖြာ၊ နွားခြံမှာ၊ ဝါကပ်ရသည်ချည်း။

အဓိပ္ပာယ်။ ။ လမ်းခရီးသွားဆဲ ဖြစ်သော လှည်းဝိုင်း, သွားဆဲဖြစ်သော လှေ, သင်္ဘော, နွားကျောင်းသားတို့နေရာ နွားခြံဌာနတို့၌လည်း ဝါကပ်ရ၏၊

ရွာ၌ကပ်ရာ၊ ရွာသွားရာ၊ မကွာလိုက်သတည်း။

အဓိပ္ပာယ်။ ။ ရွာ၌ ဝါကပ်ပြီးမှ တစ်စုံတစ်ခုသော ဘေးရန်ကြောင့် ဝါတွင်းမှာပင် ဌာနတစ်ပါးသို့ ထိုရွာ ပြောင်းရွှေ့၍ သွားခဲ့သော် ရဟန်းသည် လည်း ထိုရွာသွားရာသို့ လိုက်၍ နေရ၏၊ ဝါ မပျက်။

ဝစီဘေဒ၊ အာလယ၊ ဒွယ ဝါကပ်နည်း။

အဓိပ္ပာယ်။ ။ ဝါကပ်နည်းသည် ဝစီဘေဒက မြွက်ဆို၍ ကပ်နည်း, စိတ္တုပ္ပါဒ အာလယမျှ ပြု၍ ကပ်နည်းဟူ၍ နှစ်ပါးရှိ၏၊

စကားပြည့်စုံ၊ မပြည့်စုံ၊ နှစ်ပုံ နှုတ်မြွက်နည်း။

အဓိပ္ပာယ်။ ။ (၁) ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ။ ဤကျောင်း၌ ဤဝါတွင်း သုံးလပတ်လုံး နေခြင်းသို့ ရောက်၏၊ တစ်နည်း — ဤကျောင်း တိုက်တာ အရံအတွင်း၌ ဤဝါတွင်း သုံးလပတ်လုံး ကပ်ပါ၏၊ (ဝါ) ဝါဆိုပါ၏၊ [စကားပြည့်စုံနည်း။]

(၂) ဝိဟာရ, တေမာသသဒ္ဒါ မပါစေဘဲ “ဣဓ ဝဿံ ဥပေမိ” ဤမျှဆို၍ ကပ်သည်ကား စကားမပြည့်စုံနည်း။

မှတ်ချက်။ ။ (၁) အမိုးနှင့် ပြည့်စုံခြင်း၊ (၂) အကာနှင့် ပြည့်စုံခြင်း၊ (၃) တံခါးအိမ်, တံခါးဘွဲ့, တံခါးရွက်နှင့် ပြည့်စုံခြင်း။ (၄) ဝါတွင်း ၃-လ အမြဲနေရန် ကျောင်း ဖြစ်ခြင်း၊ ဤအင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော ကျောင်းမျိုး၌သာ ပြည့်စုံသော ဝစီဘေဒကို မြွက်ဆို၍ ကပ်ရမည်။

ကျောင်းမဟုတ်သော ခရီးသွားဆဲ လှည်း, လှေ, သင်္ဘောတို့မှာ အမိုး အကာ တံခါးတို့နှင့်တကွ ယာယီကုဋီ ပြုလုပ်၍ ဝါကပ်ရာ၌ “ဣဓ ဝဿံ ဥပေမိ” ဤမျှသာ ဆို၍ ကပ်ရမည်။

ထိုကဲ့သို့သော ကုဋီကိုမျှ မရခဲ့သော် လှည်း, လှေ အမိုးတွင်းသို့ ဝင်၍ “ဣဓ ဝဿံ ဝသိဿာမိ - ဤအရပ်၌ ဝါကပ်သီတင်းသုံး ပါ၏”ဟု စိတ္တုပ္ပါဒ အာလယမျှကို ပြု၍ ကပ်ရသည်။ ကျောင်းမဟုတ်သောကြောင့် ဝိဟာရသဒ္ဒါကို မဆိုရ။

လှည်း လှေ သင်္ဘောတို့၌ ဝါဆို၍ လိုက်သွားရာ ဝါတွင်းမှာပင် မိမိ အလိုရှိရာ ရပ်ရွာသို့ ရောက်ခဲ့လျှင် ဆင်း၍ နေရစ်ရ၏၊ ထိုရွာမှာ ဝါကျွတ်စေရ၏၊ ထို့ကြောင့် “တေမာသံ” သဒ္ဒါကို မဆိုရ၊ လှည်း, လှေ, သင်္ဘောတို့၌ပင် ဝါကျွတ်သည်တိုင်အောင် နေရလိမ့်မည်ဖြစ်လျှင် “တေမာသံ” သဒ္ဒါကို ဆိုသင့်၏၊

အင်္ဂါနှင့်ပြည့်စုံသော ကျောင်းမှာ ကပ်ရာ၌ နှုတ်မြွက်၍ မဆိုမိသော်လည်း ဤကျောင်း၌ ၃-လ ပတ်လုံး ငါနေမည်ဟု စိတ်ဖြစ်ခဲ့လျှင် ဝါကပ်ခြင်း မြောက်သည် ဟူ၍ မိုးထိမူနှင့် ဦးဗုဓ်မူ ဝိနည်းငယ်လေးစောင် နိဿယ၊ ခုဒ္ဒသိက္ခာ နိဿယ၊ ဝိဿူပနာယိက နိဒ္ဒေသတို့၌ လာသည့် — “ဝဿူပနာယိကာ စေဝါတိ = ကား။ ပုရိမိကာ = နွယ်တာ လပြည့်ကျော် တစ်ရက်နေ့ ရှေ့ဝါကပ်ခြင်း။ ပစ္ဆိမိကာ = နံကာ လပြည့်ကျော် တစ်ရက်နေ့ နောက်ဝါကပ်ခြင်းဟူ၍။ ဝဿူပနာယိကာ = ဝါကပ်ခြင်းတို့သည်။ ဒုဝေ = နှစ်ပါးတို့တည်း။ တတ္ထ = ထို ပုရိမဝါ ပစ္ဆိမဝါ နှစ်ပါးတို့၌။ အာလယ ပရိဂ္ဂါဟော = အာလယပြုခြင်း၊ အာလယ နှင့် တကွ ကျောင်းခံခြင်းလည်းကောင်း။ (ဝါ) ဝဇ, သတ္ထ, နာဝါ၌ အာလယပြု ခြင်း။ အာလယရှိလျက် သတိမရ၍ ဝါမဆိုဘဲ ကျောင်းခံခြင်းလည်းကောင်း။ ဝစီဘေဒေါ စ = ကျောင်း၌ ဝစီဘေဒပြုလုပ်ခြင်း၊ သတ္ထ, နာဝါ၌ ဝစီဘေဒ ပြုခြင်းလည်းကောင်း။ ဣတိ = ဤသို့။ ဒုဝေ = နှစ်ပါး နှစ်ပါးစီတို့တည်း” ဟူသော စကားတို့ဖြင့် သိအပ်၏၊။ [ဤကျောင်း၌ ဝါဆိုအံ့ဟု ဝန်ခံပြီးမှ ဝါမဆိုလျှင် ပဋိဿဝဒုက္ကဋ်အာပတ်သင့်၏၊]

ဝဿ, ရတ္တိ၊ ဆေဒဒွိ၊ ကြောင်းရှိ အသီးသီး။

အဓိပ္ပာယ်။ ။ ဝဿစ္ဆေဒအကြောင်း, ရတ္တိစ္ဆေဒအကြောင်း အသီးသီး ရှိသည်။ ဝဿစ္ဆေဒ ဆိုသည်ကား — ကပ်ဆိုပြီးသော ဝါကို ဖျက်ဆီးမှုတည်း။ ရတ္တိစ္ဆေဒ ဆိုသည်ကား — သတ္တာဟ ဆောင်၍ သွားမှုတည်း။ [ဝဿံ ဥပဂန္တွာ ပန အရုဏံ အနုဋ္ဌာပေတွာပိ တဒဟေဝ သတ္တာဟကရဏီယေန ပက္ကမန္တဿပိ အန္တောသတ္တာဟေ နိဝတ္တန္တဿ အနာပတ္တိ။ ပန = အထူးကို ဆိုဦးအံ့။ ဝဿံ = ဝါသို့ဥပဂန္တွာ = ကပ်ပြီး၍။ အရုဏံ = အရုဏ်ကို။ အနုဋ္ဌာပေတွာပိ = မတက်စေဘဲလျက်လည်း။ တဒဟေဝ = ထိုဝါကပ်သောနေ့၌ပင်လျှင်။ သတ္တာဟ ကရဏီယေန = ခုနစ်ရက်အတွင်း၌ ပြုအပ်သော အမှုကိစ္စဖြင့်။ ပက္ကမန္တဿ = ဖဲသွားသော။ အန္တောသတ္တာဟေ = ခုနစ်ရက်အတွင်း၌။ နိဝတ္တန္တဿပိ = ပြန်လာ သော ရဟန်းအားလည်း။ အနာပတ္တိ = အာပတ်မသင့် —ဟူ၍ ဆဋ္ဌမူ ဝိနယသင်္ဂဟဋ္ဌကထာ၊ ဝဿူပနာယိက ဝိနိစ္ဆယကထာ နှာ-၂၁၆၊ ဒု-စာပိုဒ်၌ ဆို၏၊၊]

သုံးဆဲ့နှစ်သာ၊ ပါဠိလာ၊ ဝါပြတ်အကြောင်းတည်း။

အဓိပ္ပာယ်။ ။ ဆိုပြီးသော ဝါကို ဖျက်ထိုက်သော အကြောင်း (၃၂)ပါး ရှိ၏၊ ထို (၃၂)ပါးသော အကြောင်းတို့တွင် တစ်ခုခုသော အကြောင်း ရှိနေခဲ့သော် ပုရိမဝါဆိုနေ့၌ ဝါမဆိုဘဲနေခြင်းငှာလည်း အပ်၏၊ ထိုအန္တရာယ် မရှိခဲ့ လျှင် ဒုတိယဝါ၌ ဆိုရ၏၊ ဒုတိယဝါ၌လည်း ထိုအန္တရာယ် ရှိခဲ့ပြန်သော် ဒုတိယဝါ၌ ဝါမဆိုဘဲလည်း နေအပ်၏၊

၃၂-ပါးသော အကြောင်းဆိုသည်ကား -၁။ သားရဲဘေး၊ ၂။ မြွေ, ကင်းဘေး၊ ၃။ ခိုးသူ, ဓားပြဘေး၊ ၄။ ဘီလူး, သားဘက်ဘေး၊ ၅။ ဆွမ်း မပြည့်စုံခြင်း၊ ၆။ ကျောင်း မပြည့်စုံခြင်း၊ ၇။ ဆေးပစ္စည်း မပြည့်စုံခြင်း၊ ၈။ မိမိ သပ္ပာယဖြစ်သော ဆွမ်းပစ္စည်း, ဆေးပစ္စည်းကို မရခြင်း၊ ၉။ ပတိရူပဖြစ်သော ဒကာဥပါသကာ အလုပ်အကျွေးကို မရခြင်း၊ ၁၀။ ဗြဟ္မစရိယန္တရာယ်မျိုး ၉-ပါး၊ ၁၁။ အရပ် တစ်ပါး၌ သံဃာကွဲပြားရန် အားထုတ်မှုကို ကြားသိရ၍ ညီညွတ်စေဖို့ ဆောင်ရွက်ရန် သွားခြင်း စသည်တို့တည်း။ ဤအကြောင်းစုတို့ တစ်ခုခု ရှိခဲ့လျှင် ဆိုပြီး သော ဝါကို ဖြတ်၍ အရပ်တစ်ပါးသို့ သွားရ၏၊ [ဝါပြတ်ခြင်းကြောင့် အာပတ် မသင့်။]

ဝါတွင်း၌ မိမိအတွက် ဆေးပစ္စည်းရှာရန် ဝါပန်၍ သွားအပ်, မသွားအပ်

ဆေးပစ္စည်း မပြည့်စုံခြင်း၊ မိမိနှင့် သပ္ပာယဖြစ်သော ဆေးပစ္စည်းကို မရခြင်းဟူသော အကြောင်းရှိခဲ့လျှင် ဆိုပြီးသော ဝါကို ဖြတ်၍ အရပ်တစ်ပါးသို့ သွားရ၏ဟု ဝိနယသံခိပ်ကျမ်း၌ ဆို၏၊။ ဝိနည်းမဟာဝဂ် ပါဠိတော် (မြန်မာပြန်) ဝဿူပနာယိကက္ခန္ဓက၊ စာမျက်နှာ-၂၀၇ ၌လည်း ‘ဝါကပ်ပြီးသော ရဟန်းတို့ သည် လျောက်ပတ်သော ဆေးတို့ကို မရကုန်၊ ဤသည်လျှင် အန္တရာယ်တည်းဟု (နှလုံးပိုက်၍) ဖဲသွားရမည်၊ ဝါပြတ်သော ရဟန်းအား အာပတ်မသင့်”ဟု ဆိုထား၏၊

ခုဒ္ဒသိက္ခာနှင့် ဝိနည်းမဟာဝဂ် ပါဠိတော် (မြန်မာပြန်) ဝဿူပနာယိကက္ခန္ဓက၌ မိဘနှစ်ပါးနှင့် သီတင်းသုံးဖော် ငါးယောက်တို့အတွက် ဆေးပစ္စည်းကို ရှာရန် ဝါပန်၍ သွားအပ်၏ဟု အဆိုရှိ၏၊ သို့သော် မိမိအတွက် ဆေးပစ္စည်း ကိုရှာရန် ဝါပန်၍ သွားနိုင်သည်ဟူသော အဆိုကို မတွေ့ရှိပါ။ အချို့က သူတစ် ပါးအတွက် ဆေးပစ္စည်းရှာရန် အလို့ငှာ ဝါပန်၍ သွားခြင်းကို ဘုရားရှင် ခွင့်ပြုတော်မူသည်ဟူသော အကြောင်းကို ထောက်၍ မိမိကိုယ်ကျိုးအတွက် ဆေးပစ္စည်းရှာရန် အလို့ငှာ သွားခြင်းသည် ဆိုဖွယ်ရာမရှိအောင် အပ်သည်ဟု ယူဆကြ၏၊ [ဤသို့ ယူခြင်းသည် တထစ်ချ မှန်သည်ဟု ဆိုသင့်, မသင့် စိစစ်ဝေဖန်နိုင်ရန်အလို့ငှာ အောက်ပါ အချက်အလက်များကို သတိပြုစေလိုသော စေတနာဖြင့် တင်ပြပါအံ့။]

သူတစ်ပါးအတွက် ဆေးပစ္စည်းရှာရန် အလို့ငှာ ဝါပန်၍ သွားခြင်းကို ခွင့်ပြု တော်မူသည်၊ မှန်၏၊ သို့သော် ဝါပြတ်ခံ၍ ရှာရန် ခွင့်ပြုတော်မမူ။ [ခုနစ်ရက် အတွင်း မိမိ ဝါကပ်သော ကျောင်းသို့ ပြန်မလာလျှင် ဒုက္ကဋ်အာပတ် သင့်မည်ဟူလို။] မိမိအတွက်မူကား ဝါပြတ်ခံ၍ ရက်အကန့်အသတ်မရှိဘဲ ရှာရန် ခွင့်ပြုတော်မူသည်။ [မိမိအား ပို၍ အခွင့်အရေး ပေးတော်မူသည်။] အကယ်၍ ဝါပန်၍ သွားခြင်းသည်လည်း အပ်သည်ဟုဆိုလျှင် အဋ္ဌကထာဆရာ ဋီကာဆရာတို့ ဖွင့်ဆိုကြပေမည်။ [ဤသို့ ထိုအရာတို့ မဖွင့်ဆိုသည်ကို ထောက်လျှင် မိမိအတွက် ဆေးပစ္စည်းရှာရန် အလို့ငှာ ဝါပန်၍ သွားခြင်းသည် အပ်ပဲအပ်ပါလေစဟု သံသယ ဖြစ်သင့်သည် မဟုတ်ပါလော။]

ဝါပန်၍ သွားခြင်း, ဝါပြတ်ခံ၍ သွားခြင်း၊ ဤသွားခြင်း နှစ်မျိုးတို့၏ အကျိုး အပြစ်ကို စိစစ်ဝေဖန်ပါအံ့။

ဝါပန်၍ သွားခြင်းကြောင့် ဝါမပြတ်ရကား ကထိန်ကိုလည်း ခံနိုင်သည်၊ ကထိန်အာနိသင်ကိုလည်း ခံစားနိုင်သည်ဟု ယူဆပြီး ဝါပန်၍ သွားသည်ဟု ဆိုကြပါစို့။ ဤသို့ ယူဆပြီး သွားခြင်းသည် ဘုရားရှင်၏ အလိုတော်နှင့် ကိုက်ညီ လျှင် ကောင်း၏၊ မကိုက်ညီလျှင်ကား ဝါပန်၍ သွားခြင်းအတွက် ဒုက္ကဋ်အာပတ် လည်း သင့်ချိမ့်မည်၊ ကထိန်ခံ၍ ကထိန်အာနိသင်ကို ခံစားခြင်းကြောင့် ထိုထို သိက္ခာပုဒ်တို့ဖြင့် ပါစိတ်အာပတ်လည်း သင့်ချိမ့်မည်၊ ကထိန်အလှူရှင် ခမျာများသည်လည်း ကထိန်ခံသော ပုဂ္ဂိုလ်ကိုယ်တိုင်က ကထိန်မခံထိုက်ပါဘဲလျက် ကထိန်ခံခြင်းကြောင့် ကထိန်အလှူ၏ အကျိုးကျေးဇူးကို ရာခိုင်နှုန်းအပြည့် ခံစားရမည် မဟုတ်ပေ။

လိုရင်းအချက်မှာ မိမိကိုယ်ကျိုးအတွက် ဆေးပစ္စည်းရှာရန်အလို့ငှာ သွား ရာ၌ အာပတ်သင့်ခြင်းမှ သံသယ အလျှင်းမရှိစေဘဲ ကင်းလွတ်အောင်ပြုရမည် ဖြစ်သည်။ သို့ဖြစ်၍ ဝါပန်၍ မသွားဘဲ ဝါပြတ်ခံ၍ သွားခြင်းသည်သာလျှင် အာပတ်သင့်ခြင်းမှ သံသယ အလျှင်းမရှိစေဘဲ ကင်းလွတ်အောင်ပြုခြင်း ဖြစ်သည် ဟူ၍ ဆိုရပေမည်။ [တစ်ညဉ့်ပင် ဖြစ်စေကာမူ ဝါပြတ်ခံ၍ သွားရမည် ဟူလို။] ဝါပန်၍ သွားခြင်းသည် လဟု ဖြစ်သည်၊ ဝါပြတ်ခံ၍ သွားခြင်းကား ဂရုဖြစ်သည်။ ဤသို့ အတိအကျ ဆုံးဖြတ်ရန် ခဲယဉ်းသော အရာမျိုး၌ (ဝါ) အာပတ် သင့်, မသင့် အတိအကျ ဆုံးဖြတ်ရန် ခဲယဉ်းသော အရာမျိုး၌ ဂရုဘက် သို့ လိုက်၍ ပြုထိုက်, မပြုထိုက် နက်နက်နဲနဲ စဉ်းစားတော်မူကြပါကုန်။

ဝါတွင်း၌ တရားအားထုတ်ရန်အလို့ငှာ ဝါပန်၍ သွားအပ်, မသွားအပ်

ဤ၌ဟပ်မိနေ၍ အထက်ပါ ပြဿနာကဲ့သို့ ဤပြဿနာကိုလည်း သတိ ပြုစေလိုသော စေတနာဖြင့် ဓမ္မဓိဋ္ဌာန်အားဖြင့် ဆိုပါအံ့။

အချို့က ဝါတွင်း၌ တရားအားထုတ်ရန် အလို့ငှာ ကမ္မဋ္ဌာန်းရိပ်သာကျောင်း များသို့ ဝါပန်၍ သွားကြ၏၊ ဤကိစ္စသည် တရားအားထုတ်ရန် အလို့ငှာ သွားသော ကိစ္စဖြစ်ရကား အလွန်ကောင်းသော ကိစ္စတစ်ရပ် ဖြစ်သည်၊ မှန်၏၊ သို့ သော် ဤကိစ္စသည် ဘုရားရှင် ခွင့်ပြုတော်မူသော ဝါပန်၍ သွားအပ်သော ကိစ္စတို့တွင် မပါဝင်ရကား ဤကိစ္စအတွက် ဝါပန်၍ သွားခြင်းသည် ဝိနည်းတော် နှင့်အညီ ဖြစ်, မဖြစ် (ဝါ) ဒုက္ကဋ်အာပတ် သင့်, မသင့် လေးလေးနက်နက် စဉ်းစားတော်မူကြပါကုန်။ ဆိုဦးအံ့ — ရဟန်း၏ သီလသည် ဝိနည်းတော် အပေါ် ၌ တည်နေရကား တရားအားထုတ်ရာ၌ သီလ, သမာဓိ, ပညာဟူသော မဂ္ဂင် ရှစ်ပါးနှင့် ကိုက်ညီရန် အလို့ငှာ အရေးအကြီးဆုံး ပြုကျင့်အပ်သော အမှုသည် ရှေးဦးစွာ ဝိနည်းတော်၌ အငြိအစွန်း အလျှင်းမရှိစေဘဲ လုံလုံခြုံခြုံ ထိန်းသိမ်း စောင့်ရှောက်မှုပင် ဖြစ်ပေသည်။

ညဉ့်ပြတ်ကြောင်းကား၊ အလွန်များ၊ ထင်ရှားကျမ်းဂန်လာ။ [သိသာပြီ]

သီတင်းသုံးဖော်၊ မိဘသော်၊ မခေါ်သွားထိုက်ပါ။

အဓိပ္ပာယ်။ ။ သီတင်းသုံးဖော် ငါးယောက်တို့နှင့် မိဘနှစ်ပါးတို့ အကျိုးငှာ ဂိလာနဘတ်, ဂိလာနုပဋ္ဌာကဘတ်ကိုလည်းကောင်း, ဆေးကိုလည်းကောင်း ရှာအံ့၊ လုပ်ကျွေးအံ့ စသော အကြောင်းတို့ကြောင့် ပင့်ခေါ်သည်ဖြစ်စေ၊ မပင့်ခေါ်သည်ဖြစ်စေ သတ္တာဟပြု၍ သွားရ၏၊

မမွေ့လျော်သော သီတင်းသုံးဖော်၏ မမွေ့လျော်ခြင်းကို ငြိမ်းစေခြင်းငှာ လည်းကောင်း, ဝိနယကုက္ကုစ္စကို ဖြေဖျောက်ခြင်းငှာလည်းကောင်း, မိစ္ဆာဒိဋ္ဌိကို ကင်းစေခြင်းငှာလည်းကောင်း, သံဃာဒိသေသ် စသည်ကို ထစေခြင်းငှာလည်း ကောင်း, ကြောင့်ကြစိုက်ခြင်းငှာလည်းကောင်း သွား၍ မိမိမူလည်းပြုအံ့၊ သူတစ်ပါးကိုမူလည်း ပြုစေအံ့၊ ဤသို့ အစရှိသော အကြောင်းကြောင့် သတ္တာဟ ပြုသဖြင့် ပင့်ခေါ်အပ်, မပင့်ခေါ်အပ်သော်လည်း သွားခြင်းငှာ ရအပ်၏၊

သံဃာ၏ ဥပုသ်အိမ် စသောအမှုကြောင့် သတ္တာဟပြု၍ သွားရ၏၊ တရား နာခြင်းငှာ ဖိတ်အပ်သော ကတိကဝတ်ပြုအပ်သည်ဖြစ်၍လည်းကောင်း၊ ဆရာတို့သည် စေအပ်သည် ဖြစ်၍လည်းကောင်း၊ ဆရာတို့ကို ဖူးမြော်ခြင်းငှာလည်း ကောင်း သတ္တာဟပြု၍သွားရ၏၊ (ဝိ၊ဋ္ဌ၊၃၊၃၅၁-၃၅၂။) ၇-ရက်ကို မလွန်စေမူ၍ ပြန်ရ၏၊

ထိုပြင် သေသ၊ ကြွင်းသမျှ၊ ပင့်မှ သွားထိုက်ရာ။
ကပ္ပိယစကား၊ ပါရှိငြား၊ သွားအပ်သည်ချည်းသာ။

အဓိပ္ပာယ်။ ။ ထို ၇-ယောက်တို့မှ ကြွင်းကျန်သော သူတို့ ဖြစ်ခဲ့ကြမူ ပင့်ခေါ်မှုရှိမှ ဝါပန်၍ သွားအပ်သည်။ ပင့်ခေါ်ရာ၌လည်း ကပ္ပိယစကားပါရှိမှ သွားအပ်သည်၊ ကပ္ပိယစကားနှင့် ပင့်ခဲ့လျှင် ဘယ်သူ့ထံသို့မဆို ဝါပန်၍ သွားလျှင် သွားအပ်သည်ချည်းတည်း။ [ဣစ္ဆာမိ ဒါနဉ္စ ဒါတုံ၊ ဓမ္မဉ္စ သောတုံ၊ ဘိက္ခူ စ ပဿိတုံ = သံဃာတော်အရှင်မြတ်တို့အား မည်သည့်ဝတ္ထုကို လှူဒါန်း လိုပါသည်၊ ဟောကြားတော်မူသော တရားတော်ကိုလည်း နာခံလိုပါသည်၊ ရွှေမျက်နှာတော်ကိုလည်း ဖူးမြော်လိုပါသည်။ ဤကား ကပ္ပိယစကားတည်း။]

ဝါပန်ဟူသည် ၇-ရက်အတွင်း ပြန်လာမည်ဟု အာဘောဂ (နှလုံးသွင်း) ပြုခြင်းပင်တည်း။ အချို့ကား ဘုရားရှေ့, ထေရ်ကြီးရှေ့ စသည်၌ “အန္တော သတ္တာဟေ ပဋိနိဝတ္တေဿာမိ = ၇-ရက် အတွင်း၌ ပြန်လာပါမည်”ဟု ခွင့်ပန်သလို ပန်ကြ၏၊ ကျမ်းဂန်မှာ မလာချေ ဟူ၍ ပါတိမောက် ဘာသာဋီကာ၊ ဘိက္ခုနီပါတိမောက်၊ တုဝဋ္ဋဝဂ်၊ အန္တောဝဿ သိက္ခာပုဒ်အဖွင့်၌ ဆို၏၊ [ဤ အဆိုကို အားမရလျှင် (ဝါ) နှလုံးသွင်းခြင်းဖြင့် ဝါပန်ခြင်းကို အားမရလျှင် ဝိနယသံခိပ်ကျမ်း၏ ‘မူ’ ဖြင့် “အန္တော သတ္တာဟေ ပဋိနိဝတ္တေဿာမိ၊ တစ်နည်း-’ သတ္တာဟဗ္ဘန္တရေ ပဋိနိဝတ္တေဿာမိ = ခုနစ်ရက်အတွင်း ပြန်လာပါအံ့”ဟု နှုတ်ဖြင့် မြွက်ဆို၍ အများ ဝါပန်ကြသကဲ့သို့ ပန်ပါလေ]။ ခုနစ်ရက်အတွင်း ပြန်လာပါအံ့ ဟူရာ၌ ဥပမာ လဆန်း ၁-ရက်နေ့၌ ဝါပန်၍ အရပ်တစ်ပါးသို့ သွားလျှင် ထို လဆန်း ၁-ရက်နေ့ညဉ့် လာလတ္တံ့သော အရုဏ်မှစ၍ ရေတွက်ကာ လဆန်း ၆-ရက် နေ့ ညဉ့်အရုဏ် လွန်ပြီးလျှင် လဆန်း ၇-ရက်နေ့ညဉ့် အရုဏ်မတက်မီ မိမိကျောင်းသို့ ပြန်လာပါအံ့ဟု ဆိုလိုသည်။ [ခြောက်အရုဏ် သာ နေခွင့်ရသည်ဟူ၍ သိ။]

သွားမည်ပြုသောနေ့၌ ယနေ့ပြန်ခဲ့မည် နက်ဖြန်ပြန်ခဲ့မည်ဟူ၍လည်း ကောင်း, ၇-ရက်အတွင်း ပြန်လာခဲ့မည်ဟူ၍လည်းကောင်း ရှေ့အဖို့၌ နှလုံးသွင်း ရှိသည်ဖြစ်အံ့၊ သွားခါနီး၌ မေ့လျော့၍ ဝါမပန်ဘဲ သွားသော်လည်း ဝါ မပျက်။ [ဝိနယသံခိပ်ကျမ်း။]

ဝါပန်၍ ထွက်သွားပြီးမှ ထီး မေ့ကျန်ခြင်း၊ ဖိနပ် မေ့ကျန်ခြင်း စသည်တို့ ကြောင့် တိုက်တွင်းသို့ တစ်ဖန် ပြန်ရောက်ခဲ့သော် ပန်ပြီးဝါ ပျက်၏၊ ထိုကဲ့သို့ ပြန်ဝင်မိသည်ရှိသော် သည်နေ့၌ မသွားရပြီ၊ တိုက်တွင်းမှာ နေပြီး၍ နက်ဖြန်မှ ဝါပန် သွားရမည်။ သည်နေ့၌ပင် တစ်ဖန် ဝါပန်၍ သွားမိခဲ့အံ့၊ ဝါပျက်၏ဟု ဆိုကြ၏၊ [ဆင်ခြင်။]

လဆန်းကိုးရက်၊ ဝါပန်ထွက်၊ ပြန်ရက် မရှိပြီ။

အဓိပ္ပာယ်။ ။ သီတင်းကျွတ်လဆန်း ၉-ရက်နေ့၌ သတ္တာဟဆောင်၍ ဝါပန်၍ ထွက်သွားသော ရဟန်းအား ရောက်ရာဌာနမှာ သတ္တမအရုဏ်၌ ဝါကျွတ်သည် ဖြစ်၍ သတ္တာဟ ကိစ္စအတွက်နှင့် ထိုတိုက်သို့ တစ်ဖန်ပြန်ခွင့် မရှိပြီ၊ မပြန်လိုလျှင် နေရ၏၊ ပြန်လိုလျှင် ပြန်ရ၏ ဟူလိုသည်။ [မဟာဝဂ် ပါဠိတော်မြန်မာပြန်၊ ဝဿူပနာယိကက္ခန္ဓက၌ ရှု။]

မှတ်ချက်။ ။ အချို့ကား ဝါမပန်ဘဲပင် ထိုလဆန်း (၉)ရက်နေ့၌ ထွက် သွားကြ၏၊ ခြောက်ညဉ့် (ခြောက်အရုဏ်)ကို မဆိုထားဘိ၊ တစ်ညဉ့် (တစ်အရုဏ်)မျှသော်လည်း ဝါမပန်ဘဲ မသွားအပ်ဟူ၍ သန္နိဋ္ဌာန်ချ မှတ်အပ်၏၊ သီတင်းကျွတ်လပြည့်နေ့ ညဉ့် အရုဏ်တက်ပြီးမှ ဝါကျွတ်သည်ဖြစ်၍ ထိုလပြည့်နေ့ ညဉ့်အရုဏ်သည်လည်း ဝါပန်အပ်သော ရက်အတွင်း၌ အကျုံးဝင်သည် ဟူ၍ သိ။ ဆိုဦးအံ့ — သီတင်းကျွတ် လပြည့်နေ့တွင် ပဝါရဏာပြုကြကုန်၏၊ ပဝါရဏာ ပြုပြီးငြားသော်လည်း ထိုနေ့တွင် အကယ်၍ ဝါပန်၍ သွားအပ်သော အကြောင်းကိစ္စ တစ်ခုခုဖြင့် ညဉ့်အိပ်ခရီး သွားရပါမူ ဝါပန်၍သာ သွားအပ်၏၊ [ဝါ မပန်ဘဲသွားလျှင် ဝါလည်း ပြတ်မည်၊ ဒုက္ကဋ်အာပတ်လည်း သင့်မည် ဟူလို၊၊]

ဝါဆိုပြီး၍ ဝါမပန်ဘဲ တိုက်မှ ထွက်သွားခဲ့သော် တိုက်အရံကို လွန်သည်နှင့် တစ်ပြိုင်နက် ဝါပျက်၏၊ ယခုနေ့ပင် ပြန်ခဲ့မည် အကြံ နှင့် ဝါမပန်ဘဲ ထွက်သွားပြီး၍ တိုက်ပြင်သို့ရောက်မှ ယနေ့မပြန် သေးပြီဟု အကြံဖြစ်ခဲ့အံ့၊ အကြံဖြစ်ရာ ဌာန၌ ဝါပျက်၏၊

အရံမရှိသော ကျောင်းတိုက်၌ အဆုံးစွန်သော ကျောင်းမှ ခဲတစ်ကျ လွန်လျှင် ဝါပျက်၏၊ [မဟာအဋ္ဌကထာအလို။]

အရှင်မဟာဗုဒ္ဓဃောသ အလိုကား ဒုတိယ ခဲတစ်ကျကို လွန်မှ ဝါပျက်၏၊ အချို့သော သူတို့သည် အရံမရှိသော တောကျောင်း၌ ဝါဆိုကြသောအခါ အရှေ့အရပ်၌ မည်သည့်သစ်ပင်ထိ တောင်အရပ်၌ မည်သည့်သစ်ပင်ထိစသည်ဖြင့် အရုဏ် စောင့်ရှောက်ရန် အပိုင်းအခြားကို မှန်းထား၍ ဆိုကြကုန်၏၊ မှန်းထား၍ ရသည် မဟုတ်၊ ပြဆိုခဲ့ပြီးသော ခဲတစ်ကျအတိုင်းသာ အပိုင်းအခြား သွား၏၊

အကြင်ရဟန်းသည် ထို ဝါဆို, ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့၌ ဝါကပ်ခြင်းငှာ အလိုမရှိသည်ဖြစ်၍ ကျောင်း၏ ဥပစာကို လွန်ငြားအံ့၊ ထိုရဟန်း အားလည်းကောင်း၊ ဝါဆိုနေ့ဟု သိလျက် ဝါမကပ်သော ရဟန်းအားလည်း ကောင်း ဒုက္ကဋ်အာပတ် သင့်၏၊ [ကေနစိ အန္တရာယေန ပုရိမံ အနုပဂတေန ပစ္ဆိမိကာ ဥပဂန္တဗ္ဗာ --ဟူ၍ ဝိနည်းမဟာဝါ ဝဿူပနာယိကက္ခန္ဓက အဋ္ဌကထာ၌ လာသောကြောင့်လည်းကောင်း။ ပဋိဿုတော ဟောတိ ပစ္ဆိမိကာယာတိ အန္တရာ ပဗ္ဗဇ္ဇိတဘိက္ခုနာ ဆိန္နဝေဿန ဝါ ပဋိဿုတော၊ အညေန ပန ပုရိမံ အနုပဂန္တွာ ပစ္ဆိမိကာယံ ပဋိဿဝေါ န ကာတဗ္ဗော။

ပဋိဿုတော ဟောတိ ပစ္ဆိမိကာယာတိ = ဟူသည်ကား။ အန္တရာ = ပုရိမဝါ ပစ္ဆိမဝါနေ့တို့၏ အကြား၌။ ပဗ္ဗဇ္ဇိတဘိက္ခုနာ ဝါ = ရှင်ဖြစ်သောသူ, ရဟန်းဖြစ်သောသူသည်လည်းကောင်း။ ဆိန္နဝေဿန ဝါ = ပုရိမဝါ ပျက်သော ရှင်, ရဟန်းသည်လည်းကောင်း။ ပဋိဿုတော = ပစ္ဆိမဝါ၌ ဝါကပ်အံ့ဟု ဝန်ခံအပ်၏၊ အညေန ပန = အန္တရာပဗ္ဗဇ္ဇိတရဟန်း ဆိန္နဝဿရဟန်းမှ တစ်ပါးသော ရဟန်းသည်ကား။ ပုရိမံ အနုပဂန္တွာ = ပုရိမဝါ မကပ်မူ၍။ ပစ္ဆိမိကာယံ = ပစ္ဆိမဝါ၌။ ပဋိဿဝေါ = ဝါကပ်အံ့ ဟူသော ဝန်ခံခြင်းကို။ န ကာတဗ္ဗော = မပြုအပ် မပြုသင့်။ ဤသို့ မဟာဝါ ဝဿူပနာယိကက္ခန္ဓကအဖွင့် ဝဇိရဗုဒ္ဓိဋီကာ၌ လာသောကြောင့်လည်း ကောင်း။ ပုရိမဝါဆိုနေ့ မလွန်မီ ရှင်ရဟန်းပြုသူဖြစ်မူ အန္တရာယ်ရှိသော်သာ ပုရိမဝါ မကပ်ပဲ နေအပ်သည်။ အန္တရာယ် မရှိသော ရဟန်းဖြစ်မူကား ပစ္ဆိမဝါမှ ကပ်တော့မည်ဟု ပုရိမဝါ၌ ဝါမကပ်ဘဲ မနေအပ်ဟူ၍ တိပေဋက ဝိနိစ္ဆယကျမ်း၊ ပထမတွဲ၊ ဝဿူပနာယိကာဒိဝိနိစ္ဆယ၊ စာမျက်နှာ-၃၀၅ ၌ အထက်ပါ ကျမ်း နှစ်ခုတို့ကို ညွှန်ပြကိုးကား၍ ဆို၏၊]

ယနေ့ပင်လျှင် ပြန်လာအံ့ဟု မဝေးသော ကျောင်းသို့ သွားသော ရဟန်း သည် အရုဏ်မတက်မီ မရောက်နိုင်ငြားအံ့၊ ဝါမပြတ် ဒုက္ကဋ် မသင့်ခြင်းဟူသော အပ်ခြင်းကို ရအပ်၏၊

လွင်တီးပြင်၌လည်းကောင်း၊ သစ်ခေါင်း၌လည်းကောင်း၊ သစ်ခွ၌လည်း ကောင်း၊ ဆဝကုဋိ, ထီး, အိုးစရည်းကြီးတို့၌လည်းကောင်း၊ အမိုးနှင့် တံခါးဘွဲ့ မရှိသော ကျောင်း၌လည်းကောင်း၊ ဝါကပ်ခြင်းငှာ မအပ်။ [ကျောင်း အိပ်ရာ နေရာ မရှိလျှင်ကား ဆိုဖွယ်ရာ မရှိပြီ။ ဆဝကုဋိ အကြောင်းကို သုသာန်၌ နေအပ်, မနေအပ် အဆုံးအဖြတ်တွင် ဖော်ပြထားသည်။]

“အမိုး”ဟူသည် အုတ်, ကျောက်, သစ်ရွက်, မြက်, အင်္ဂတေ (တစ်ခုခု)ဖြင့် မိုးသော အမိုးတည်း။

ဝါပြတ်သော ရဟန်းသည် ပဝါရဏာ မပြုရာ။ လှေ, လှည်း, နွားခြံ၌ ဝါ ကပ်သော ရဟန်းသည် ပဝါရဏာပြုခြင်းငှာ ရ၏၊

အရုဏ်ကို သတိပြု

သင်္ကန်းအဓိဋ္ဌာန်တင်နည်း အခန်း၌ ဖော်ပြထားသော အရုဏ်တက်ချိန် နှင့် အရုဏ်အချိန်ကို ဂရု, လဟု မူဖြင့် ရှင်းတမ်းတို့ကို ဖတ်၍ နှစ်သက်ရာမူဖြင့် အရုဏ်အချိန်ကို ယူလေ။ ဝါတွင်း၌ အထူးသဖြင့် မြို့စွန် ရွာစွန် တောကျောင်းတို့ ၌နေသော ပုဂ္ဂိုလ်တို့သည် မြို့ရွာတွင်း၌ အရုဏ်ဆွမ်းခံသွားခြင်း ဆွမ်းစားသွား ခြင်း စသော ကိစ္စမျိုးတို့ကို ဆောင်ရွက်ရာ၌ အရုဏ်မတက်မီ ကျောင်းအရံမှ ထွက်ခွာခဲ့လျှင် ဝါပြတ်၍ ဒုက္ကဋ်အာပတ်လည်း သင့်၏၊ ကထိန်ကိုလည်း မခံထိုက်ပေ။ သို့ဖြစ်၍ ဝါမပြတ်စေခြင်းငှာ ကာကွယ်စောင့်ရှောက်သောအားဖြင့် ထိုသတ်မှတ်ထားသော အရုဏ်အချိန်ထက် စော၍ မိမိတို့ ကျောင်းအရံမှ မထွက်ခွာမိဖို့ရန် အထူး သတိပြုကုန်ရာသည်။ [အရုဏ်ဆွမ်းစားရာ၌လည်း ထိုအချိန်ကိုသာလျှင် ယူရမည်သာ။] အရုဏ်မတက်မီ မြို့တွင်း ရွာတွင်း၌ ဆွမ်းခံခြင်း၊ မိမိတို့ကျောင်း၌ ဆွမ်းအကပ်ခံခြင်းသည် ဒုက္ကဋ်အာပတ်ကို သင့်စေ၍ စားခြင်းသည် နေလွဲသောအခါ၌ စားသည် မည်သောကြောင့် မျိုတိုင်းမျိုတိုင်း ဝိကာလဘောဇန သုဒ္ဓပါစိတ်အာပတ်ကို သင့်စေ၏၊ စားနေတုန်း အရုဏ်တက်၍ ဆက်စားခြင်းသည် ယမန်နေ့က အကပ်ခံ၍ သိုမှီးထားသော ဆွမ်းကို စားသည်မည်သောကြောင့် မျိုတိုင်းမျိုတိုင်း သန္နိဓိကာရက သုဒ္ဓပါစိတ်အာပတ် ကိုလည်း သင့်စေ၏ ဟူ၍ သိလေ။ [အရုဏ်ချိန်ကို ပေါ့ပေါ့ဆဆ မမှတ်လေလင့်၊ အလွန်အရေးကြီးသော အရာဖြစ်သည်။]

ဝါဆိုခန်း ပြီးပြီ။