ဝိနည်းဥပဒေတော်ကြီး/ဆေးဟူသော မှီရာနိဿယ အမြွက်
၄၃။ ဆေးဟူသော မှီရာနိဿယ အမြွက်
သတ္တာ, ဇီဝ၊ ကာလိက၊ ဒွယ ဆေးပစ္စည်း။
ဆေးပစ္စည်း ၂-မျိုး။ ။ ဆေးပစ္စည်းသည် — ၁။ ထောပတ်, ဆီဦး, ဆီ, ပျားရည်, တင်လဲဟူသော သတ္တာဟကာလိကမျိုး၊ ၂။ ငရုတ်, ပိတ်ချင်း, ချင်း, ဇီးဖြူ, သျှိသျှား, သဖန်းခါး စသော ယာဝဇီဝိကမျိုး ဟူ၍ ၂-မျိုး ရှိ၏၊
အနာကြီးငယ်၊ ရောဂါသယ်၊ မှီဖွယ် နိဿယည်း။
အဓိပ္ပာယ်။ ။ ဆေးပစ္စည်းသည် နေလွဲသော အခါ၌ အနာ-ဟူသော ဂေလည အကြောင်းရှိမှ သုံးဆောင်ရသည်၊ ဂေလည အကြောင်းမှာလည်း လျော်ရာလျော်ရာ သူ့အနာနှင့် သူ့ဆေးကိုသာ လိုအပ်၏၊ မိမိသန္တာန်၌ ရှိသော အနာကို အမြွက်ထောင်၍ ထိုအနာနှင့် မဆိုင်ဘဲ စားလိုရာရာ ဆေးကို မစားမသောက်အပ်။
အတွင်း အပြင်၊ နှစ်မျိုး ထင်၊ မျိုလျှင် အတွင်းတည်း။
အတွင်း ဂရု၊ ပြင် လဟု၊ နှစ်ခု ခွဲဝေနည်း။
တစ်နည်း - ဆေးပစ္စည်း ၂-မျိုး။ ။ ဆေးပစ္စည်းသည် — ၁။ အတွင်း အသုံးအဆောင်မျိုး၊ ၂။ အပ အသုံးအဆောင်မျိုး —ဟူ၍ (၂)မျိုး ထင်၏၊
လည်ချောင်းတွင်းသို့ မျိုရန် ဝတ္ထုမျိုးသည် အတွင်းအသုံးအဆောင်မျိုး မည်၏၊ လည်ချောင်းပေါက်မှ အပဖြစ်သော ကိုယ်အင်္ဂါတို့၌ လိမ်းကျံခြင်း စသည်ဖြင့် သုံးဆောင်အပ်သော ဝတ္ထုမျိုးသည် အပအသုံးအဆောင်မျိုး မည်၏၊
မှတ်ချက်။ ။ ခံတွင်းသည်လည်း ဤအရာ၌ အပအင်္ဂါပင် ဖြစ်၏၊ ဝမ်းတွင်းသို့ မျိုရန် မဟုတ်ဘဲ ခံတွင်းထဲ၌သာ ဝါးရန်, ငုံရန် ဝတ္ထုမျိုးသည်လည်း အပအသုံးအဆောင်မျိုးပင် ဖြစ်၏၊ လည်ချောင်းတွင်းသို့ မဝင်အောင် တတ်နိုင် ပေမူကား အကပ်မခံသော ဝက်သား, ကြက်သား, ငါး, အမဲတို့ကိုပင် နေလွဲသောအခါ၌ ခံတွင်းမှာ ထည့်သွင်း၍ ငုံခြင်း ဝါးခြင်း လျှာအရသာကို ခံစားခြင်း ငှာ အပ်၏၊ ဗာဟိရ သုံးဆောင်မှု ဖြစ်သောကြောင့် အကပ်မခံသည့်အတွက် နေလွဲသည့် အတွက်နှင့် အပြစ်မရှိ။ [ဤကား အလျော်အားဖြင့်သာ ဆိုခြင်း တည်း။ အပ်၏၊ အပြစ်မရှိဟု ဆိုသော်လည်း အကျိုးမရှိသော အလုပ်မျိုးဖြစ်၍ မပြုလုပ်သင့်ပေ။]
ဂရု, လဟု ဝေဖန်ချက်။ ။ (၁) ထို နှစ်မျိုးတို့တွင် အတွင်းအသုံး အဆောင်မျိုးသည် ဘောဇနဝဂ်၌ လာသော သန္နိဓိ, အဒိန္န (ဒန္တပေါန), ဝိကာလ ဘောဇန စသော ပါစိတ်အာပတ်ကြီးတို့၏ အရာဖြစ်၍ ဂရု ဖြစ်၏၊ လေး၏၊(၂) အပအသုံးအဆောင်မျိုးသည် ထိုသိက္ခာပုဒ်ကြီးတို့၏ အရာမဟုတ်သောကြောင့် လဟု ဖြစ်၏၊ ပေါ့၏၊
မှတ်ချက်။ ။ ထိုအာပတ်တို့တွင်လည်း ဝိကာလဘောဇန အာပတ်သည် သန္နိဓိ အာပတ်, အဒိန္န (ဒန္တပေါန) အာပတ်တို့ထက် ပေါ့၏၊ ရှေးရှေးနေ့က အကပ်ခံ၍ထားသော တံပူကို နောက်နောက်နေ့၌ စားရာ တံပူရည်နှင့် ယာဝကာလိကဝတ္ထု ရောနှော၍ လည်ချောင်းသို့ ဝင်သည်ဖြစ်အံ့၊ သန္နိဓိပါစိတ် အာပတ်သင့်၏၊ နေလွဲသော အခါ၌ ထိုတံပူရည်သည် အဖျော်ရည်နှင့် ရောနှော ၍ လည်ချောင်းသို့ ဝင်သည်ဖြစ်အံ့၊ သန္နိဓိပါစိတ်အာပတ်သင့်၏၊ ဝိကာလဘောဇန အာပတ်မူကား မသင့်။
သွားခံတွင်းကို စင်ကြယ်စေခြင်းငှာ အရုဏ်မတက်မီအခါ၌ အကပ်မခံသော တံပူကို စားကြရာ တံပူရည်သည် လည်ချောင်းသို့ ဝင်ခဲ့သော် အဒိန္န (ဒန္တပေါန) ပါစိတ်အာပတ်သင့်၏၊ ဝိကာလဘောဇနအာပတ် မသင့်။
အဘယ်ကြောင့်နည်းဆိုသော် သွား, ခံတွင်းကို စင်ကြယ်စေရန် အကြောင်း အမြွက် ထင်ရှား ရှိပေသောကြောင့်တည်း။
နောက် ကာလိကနှစ်ပါးတို့၌ ထိုကဲ့သို့သော အကြောင်းအမြွက် ရှိပေလျှင် ပင် ဝိကာလဘောဇနအာပတ်သည် လွတ်ကင်းတတ်၏၊ အာဗာဓ, ဂေလည အကြောင်းရှိမှသာ လွတ်ကင်းတတ်သည် မဟုတ်ဟု အဋ္ဌကထာနည်းအားဖြင့် သိအပ်၏၊ သက်သက်သော အခိုးမျိုး အနံ့မျိုးတို့သည်ကား ကာလိက (၄)ပါးမှ လွတ်ကုန်၏၊
ပစ္စုပ်, နာဂတ်၊ နာ, နှစ်ရပ်၊ ရအပ်ပါသည်ချည်း။
အနာ ၂-မျိုး။ ။ ယခု ကိုယ်ခန္ဓာ၌ ဖြစ်၍နေဆဲ ဖြစ်သော ပစ္စုပ္ပန်အနာ၊ ရှေ့သို့ ဖြစ်လာမည်ကို စိုးရိမ်ရသော အနာဂတ် အနာနှစ်မျိုးလုံးကိုပင် ရသင့်၏၊
ပုတီးစိပ် (ပစ္စဝေက္ခဏာ) ပါဠိ၌ ‘ဥပ္ပန္နာနံ ဝေယျာဗာဓိကာနံ ဝေဒနာနံ ပဋိဃာတာယ’ဟူသော ပါဌ်ဖြင့် ဥပ္ပန္န-ဖြစ်သော ပစ္စုပ္ပန်အနာအတွက် စားသောက်ရသော ဆေးမျိုး၌ ပစ္စဝေက္ခဏာ ဆင်ခြင်ပုံကို ပြတော်မူ၏၊
“အဗျာပဇ္ဈပရမတာယ” ပါဌ်ဖြင့် ရှေးသို့ ဖြစ်လာမည် စိုးရိမ်ရသော အနာဂတ် အနာအတွက် စားသောက်ရသော ပါဒရက်ဆေး, အာယုဝဍ္ဎုနဆေးတို့၌ ပစ္စဝေက္ခဏာ ဆင်ခြင်ပုံကို ပြတော်မူ၏၊
အကြွင်းဆိုဖွယ်၊ အသွယ်သွယ်၊ ရှေးဝယ် ဆိုပြီးနည်း။
အဓိပ္ပာယ်။ ။ ဤဆေးပစ္စည်းအရာ၌ အသွယ်သွယ် ဆိုဖွယ် အကြွင်းများ ကို ရှေးကာလိကလေးပါး အရာ၌ ဆိုခဲ့ပြီ။
ဆေးကု, ဆေးပေး၊ ဆေးနည်းပေး၊ ရွေးလေ အပ်, မအပ်။
အဓိပ္ပာယ်။ ။ ဆေးကုမှု, မိမိ၌ ရှိသော ဆေးကို ပေးမှု, ဆေးနည်းများကို ပြောကြားပေးမှုများ၌ အပ်, မအပ်ကို ရွေးချယ်ရာ၏၊ ဘယ်ဟာကို စားလော့, သောက်လော့, ရေချိုးလော့, ချွေးအောင်းလော့ စသည်ဖြင့် သူနာအား ဆေးဝါး ဓာတ်စာကို ပြောကြားမှု၊ ယာယီ ယတြာ, ဂါထာ မန္တရား, အင်းအိုင်များနှင့် ကုစားမှုတို့ကို ဆေးကုမှု အသီးအသီး ဆိုသည်။
သီတင်းဘော် ငါး၊ နှစ်ပါး မိ, ဘ၊ ကပ္ပိယ၊ မိ, ဘ လုပ်ကျွေးသူ။
ရှင်, ရဟန်းလောင်း၊ ကျောင်းမှီ, ကျောင်းကပ်၊ ဆယ့်နှစ်ရပ်၊ ကုအပ်, ပေးအပ်သူ။
ဆွေမျိုးနွယ်စပ်၊ မကျန်းလတ်၊ ကုအပ်, ပြောအပ်သူ။
ဆေးဝါးသူ့မှာ၊ မရှိရာ၊ ပေးပါ ခိုက်တန့်ဟူ။
ထိုမှ ကြွင်းငြား၊ သူစိမ်းများ သုံးပါး မအပ်ယူ။
အဓိပ္ပာယ်။ ။ (က) သီတင်းသုံးဖော် ၅-ဦး၊ (ခ) မိမိ၏ အမိ, အဘ ၂-ပါး၊ (ဂ) မိမိ၏ ကပ္ပိယ ကာရက၊ (ဃ) မိမိ၏ အမိ, အဘတို့ကို လုပ်ကျွေးတမူ ပြုပေသော သူ၊ (င) ကျောင်း၌ နေသော ရှင်လောင်း, ရဟန်းလောင်း၊ (စ) ရဟန်းတို့ကို မှီ၍ ကျောင်း၌နေသော ကျောင်းမှီ, ကျောင်းကပ်၊ ဤတစ်ကျိပ် နှစ်ယောက်တို့ မကျန်းမမာ ရှိသော် ဆေးကုမှု, မိမိ၌ ရှိသော ဆေးကို ပေးမှု, ‘ မရှိလျှင် ရှာကြံ၍ ပေးမှု, ဆေးနည်းပေးမှု ဆေးနည်းပြောမှု အလုံးစုံ အပ်ပါ၏၊
မှတ်ချက်။ ။ မိမိ၏ ဆွေ ၇-ဆက် မျိုး ၇-ဆက်တွင် ပါဝင်သော သူဖြစ်အံ့၊ မိမိ၏ ဆေးကို မပေးအပ်၊ ပါးစပ်ပြောနှင့် ကုရ၏၊ ဆေးနည်း ပြောရ၏၊ သူ့မှာ မရှိခဲ့သော် နောင် အနာ ပျောက်ငြိမ်းသောအခါ၌ အစားပေးရလိမ့်မည် ဆို၍ အခိုက်အတန့် အနေအားဖြင့် မိမိဆေးကို စိုက်ထုတ်၍ ပေးနှင့်ရ၏၊ နောင်အခါ မပေးသော်လည်း တောင်းဖွယ်ကိစ္စ မရှိ။
ဤသူသို့မှ ကြွင်းသော သူစိမ်းပြင်ပဖြစ်သူတို့ မကျန်းမမာ ရှိရာ၌ကား ကုလည်း မကုအပ်၊ ပေးလည်း မပေးအပ်၊ ဆေးဝါး ဓာတ်စာ နည်းလမ်းများကိုပင် မပြောအပ်၊ ပြောလိုသော် တစ်စုံတစ်ယောက်သော သူကို မိမိနေရာ၌ တံမြက်လှည်းမှု, အမှိုက်ကျုံးမှု, ရေခပ်မှု စသည်ကို ပြုစေ၍ ဝေယျာဝစ္စကရ အရာ၌ တည်သောအခါ ထိုသူအား ပေးရာ၏၊ ပြောရာ၏၊ ထိုသူက တစ်ဆင့် ပေးသော်, ပြောသော် ရဟန်းမှာ အပြစ်မရှိ။
သူနာတင်းလင်းနှင့် မဟုတ်ဘဲ မိမိမျက်မှောက်သို့ ရောက်လာသူတို့အား ကျန်းမာရန် အခွင့်အလမ်းများကို သင်ကြားဆုံးမသောအားဖြင့် နည်းကို ပြောကြားရာ၌ကား အပြစ်မရှိ။ [ဝိနယသံခိပ်ကျမ်း၏ အလို။]
ခွင့်မပြုပါ၊ မလျော်ရာ၌၊ သဒ္ဓါလှူရေး၊ ပစ္စည်းလေး၊ ပေးလျှင် ဒုက္ကဋ်ဟူ။
အဓိပ္ပာယ်။ ။ သဒ္ဓါဒေယျ ပစ္စည်းဝတ္ထုတို့ကို ဘုရား ခွင့်မပြုသော သူအား ပေးခဲ့သော်လည်းကောင်း၊ ရဟန်းတော်တို့အား မလျော်သော အမှုတို့၌ သုံးစွဲခဲ့ သော်လည်းကောင်း သဒ္ဓါဒေယျဝိနိပါတန ဒုက္ကဋ်အာပတ်သင့်၏၊ အာပတ်ပင် ငယ်သော်လည်း သံသရာပြစ် ဆိုးဝါးလှ၏၊ ငါပိုင်သော ဝတ္ထုဖြစ်သည်ဟု မတော် ရာ၌ ဖြုန်းတီး၍ မပစ်ရာ။ [သတိရှိတော်မူကြပါကုန်။]
ဆေးဟူသော မှီရာနိဿယအမြွက် ပြီးပြီ။