3403ဝိနည်းဥပဒေတော်ကြီး — ၄၂။ အမှီ ၄-ပါးအရှင်သြဘာသ

၄၂။ အမှီ ၄-ပါး

ပယောဂမှု ၄-ပါး

နှစ်-ဝိညတ္တီ၊ ပရိကထာ၊ ဩဘာသာ၊ တစ်ဖြာ နိမိတ္တ။
တောင်းမှုကား-ဝိ၊ ပရိ-ရိပ်ရည်၊ ချိတ်သည် ဩဘာ၊ နိမိတ်မှာ၊ လိုရာ လုပ်၍ပြ။

ပစ္စည်းလေးပါးအတွက်နှင့် ပယောဂပြုမှုသည် ၄-ပါး ရှိ၏ — ၁။ ဝိညတ် ၁-ပါး၊ ၂။ ပရိကထာ ၁-ပါး၊ ၃။ ဩဘာသ ၁-ပါး၊ ၄။ နိမိတ် ၁-ပါး။

အဓိပ္ပာယ်။ ။ (၁) တိုက်ရိုက်တောင်းသည်ကား ဝိညတ်၊ ထိုဝိညတ်သည် ကာယဝိညတ်, ဝစီဝိညတ် (၂)ပါး ရှိ၏၊
(၂) စောင်းပါးရိပ်ခြည် ပြောဆိုသည်ကား — ပရိကထာ။
(၃) မရှောင်သာအောင် ချိတ်ငင်စကား ပြောဆိုသည်ကား ဩဘာသ။
(၄) လိုရာကို ပြုလုပ်၍ ပြသည်ကား နိမိတ္တ။

မှတ်ချက်။ ။ အလိုရှိရာကို လက်နှင့် ပြ၍ တောင်းသည်ကား - ကာယဝိညတ်မှုတည်း၊ ဘယ်သင်းကို လှူပါဟု နှုတ်မြွက်၍ တောင်းသည်ကား ဝစီဝိညတ်တည်း။

ဆွမ်း, သင်္ကန်းမှာ, ထိုလေးဖြာ၊ ဝေးစွာ ကြဉ်အပ်စွ။
ကျောင်းပစ္စည်းမှာ၊ မပြုရာ၊ နှစ်ဖြာ ဝိညတ္တ။
ဆေးပစ္စည်းမှာ၊ ဂိလာနာ၊ လေးဖြာ ကပ္ပိယ။

အဓိပ္ပာယ်။ ။ ဆွမ်းပစ္စည်း, သင်္ကန်းပစ္စည်းတို့မှာ ဆွေမတော်သော သူ, မဖိတ်မကြားသော သူတို့၌ ထို (၄)ပါးလုံး မအပ်၊ အလိုရှိမူ “ဥဒ္ဒိဿ အရိယာ တိဋ္ဌန္တိ၊ ဧသာ အရိယယာစနာ”ဟူသော ပါဌ်နှင့် အညီ ထိုသူတို့ ရှိရာ သွား၍ ကာယဝိညတ်ဖြင့် ရပ်ရာ၏၊ ‘ဘာကို အလိုရှိတော်မူပါသနည်း’ဟု မေးမှသာ ‘ဘာကို အလိုရှိသည်’ဟု ဝစီဝိညတ်ကို ပြုအပ်၏၊

ကျောင်းပစ္စည်းမှာ ဝိညတ် ၂-ပါး မအပ်၊ အကြွင်း ၃-ပါးအပ်၏၊ ဂိလာန ပုဂ္ဂိုလ်အား ဆေးပစ္စည်းမှာ ၄-ပါးလုံး အပ်၏၊

မှီရာ လေးသင်း၊ မာရ်ကျော့ကွင်း၊ ဝဋ်တွင်း နက်လေစွ။
ရဟန်းပြီရေး၊ အမှီလေး၊ မှီရေး လိမ်မာမှ။

အဓိပ္ပာယ်။ ။ ဤ ‘မှီရာ’ဟူသော ပစ္စည်းလေးပါးကို မာရ်နတ်မင်း ကျော့ ကွင်း-ဟူ၍ ဟောတော်မူ၏၊ သာယာတွယ်ငြိ၍ ကျော့ကွင်းမိခဲ့လျှင် ဝဋ်ဒုက္ခတွင်း နက်လှ၏၊ [ဤ အမှီ ၄-ပါး၌ မှီရေး လိမ်မာကြမှ ရဟန်းကောင်း ပီကြမည်-ဟူလိုသည်။]

အမှီ ၄-ပါး ပြီးပြီ။