ဝိနည်းဥပဒေတော်ကြီး/ပစ္စဝေက္ခဏာ ဆင်ခြင်ရန်

3363ဝိနည်းဥပဒေတော်ကြီး — ၅၃။ ပစ္စဝေက္ခဏာ ဆင်ခြင်ရန်အရှင်သြဘာသ

၅၃။ ပစ္စဝေက္ခဏာ ဆင်ခြင်ရန်

သင်္ကန်း, ကျောင်း, ဆေးတို့ကို သုံးဆောင်တိုင်း သုံးဆောင်တိုင်း ဆွမ်းကို လုတ်တိုင်း လုတ်တိုင်း ဆင်ခြင်မှ အပ်သလော ဟူမူ —-

“တထာ အသက္ကောန္တေန ယထာ ဝုတ္တကာလဝိသေသဝသေန ဧကဒိဝသေ စတုက္ခတ္တုံ တိက္ခတ္တုံ ဒွိက္ခတ္တုံ သကိံယေဝ ဝါ ပစ္စဝေက္ခိတဗ္ဗံ”ဟု ဝိသုဒ္ဓိမဂ် ဋီကာ၌ မိန့်သောကြောင့် ထိုဆိုတိုင်း မတတ်နိုင်သော ရဟန်းသည် တစ်နေ့ လေးကြိမ် ဆင်ခြင်အပ်၏၊ လေးကြိမ် မတတ်နိုင်သော် သုံးကြိမ်, သုံးကြိမ် မတတ်နိုင်သော် နှစ်ကြိမ်, နှစ်ကြိမ် မတတ်နိုင်သော် တစ်ကြိမ် ဆင်ခြင်အပ်၏၊ တစ်နည်း — ထိုဆိုတိုင်း မတတ်နိုင်သော ရဟန်းသည် ပုရေဘတ် ပစ္ဆာဘတ် ပုရိမယံ မဇ္ဈိမယံ ပစ္ဆိမယံတို့တွင် တစ်ခုခုသော အခါ၌ ဆင်ခြင်အပ်၏၊ သုံးဆောင်တိုင်း သုံးဆောင်တိုင်း လုတ်တိုင်း လုတ်တိုင်း ဟူသည်မှာ အနုရူပ (အလျော်)အားဖြင့် ဆိုသည်။ မတတ်နိုင်သော် လေးခေါက် သုံးခေါက် နှစ်ခေါက် တစ်ခေါက်မျှ ဆင်ခြင်သော် သင့်၏၊ ထိုနေ့ အရုဏ်မတက်မီ တစ်ခေါက်မှ မဆင်ခြင်မိသော် ဣဏပရိဘောဂ ဖြစ်၏၊ သူ့မြီကြောင့် အစေခံ ကျွန်အရာ နှင့် နေရသောသူသည် မြီကြောင့် မိမိလိုရာသို့ မသွားမလာရသကဲ့သို့ သီလ ရှိသော ရဟန်းသည်လည်း တရားသဖြင့်ရသော ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်မိခြင်းကြောင့် သီလဖြူစင်သည်ကို စွဲ၍ ရလတ္တံ့သော သဂ္ဂမောက္ခ (နတ်ရွာ နိဗ္ဗာန်) အကျိုးကို မရနိုင်။ ထို့ကြောင့် တရားသဖြင့် ရသော ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်ရာသည်။

ကုလဒူသန, အနေသန အကြောင်းတို့ကြောင့်ရသော ပစ္စည်း, ရောင်းခြင်း ဝယ်ခြင်း ကယဝိက္ကယကြောင့်ရသော ပစ္စည်း, ဝိညတ်မှု အဂ္ဂိယပ်မှု စသည်တို့ ကြောင့်ရသော ပစ္စည်း, ဘုရား စက်ဆုပ်တော်မူအပ်သော အကြောင်းတို့ကြောင့် ရသော ပစ္စည်းဟူသမျှသည် ပစ္စဝေက္ခဏာ မထိုက်ဖြစ်၍ ဣဏပရိဘောဂ မဆိုသာပြီ။ ပြုတိုင်း ပြုတိုင်း စားတိုင်း စားတိုင်း အပြစ်သာ ရောက်တော့သည်။ ဤ ပစ္စဝေက္ခဏာလေးပါးကို ဝိနည်းတော်မှာ မပညတ်၊ သဗ္ဗာသဝ အစရှိသော သုတ္တန် ပါဠိတို့၌သာ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝတိ ..” စသည်ဖြင့် ဟောတော်မူသည်။ [ယင်းသို့ ပဋိသေဝတိဟု ပစ္စုပ္ပန်ဝိဘတ် နာမယောဂဖြင့် ဟောတော်မူသော်လည်း ဆင်ခြင်သောအခါ ပဋိသေဝါမိဟု အမှယောဂဖြင့် ဆင်ခြင်အပ်၏၊]

ဆွမ်း, သင်္ကန်း, ကျောင်းတို့ကို သုံးဆောင်သော ကာလမှ စ၍ ထိုနေ့ နေအရုဏ် မတက်မီ ကာလသာ ပစ္စဝေက္ခဏာခေတ် ရှိ၏၊ ထိုနေ့မှ အတိတ်ဖြစ် သော နေ့တို့၌ အနာဂတ်ဖြစ်သော နေ့တို့၌ ပစ္စဝေက္ခဏာခေတ် မရှိသည်ဖြစ်၍ ထိုအရုဏ် မတက်မီအတွင်း၌သာ ပဋိသေဝါမိဟု ပစ္စုပ္ပန်ဝိဘတ်ဖြင့်ပင် ဆင်ခြင် ရာသည်။ မသုံးဆောင်မီ ရှေ့တစ်ရက်က ကြိုတင်၍ ဆင်ခြင်နှင့်ခြင်း, သုံးဆောင် ပြီး၍ နောက်တစ်ရက်သို့ ရောက်မှ ဆင်ခြင်ခြင်းကိုကား မပြုအပ်။ ယင်းသို့ ဆင်ခြင်လျှင် အနာဂတ်ဝိဘတ် အတိတ်ဝိဘတ်ဖြင့်ပင် ဆင်ခြင်သော်လည်း ဣဏပရိဘောဂမှ မလွတ်ဟု သိ။ [ဆေး၌ ဆင်ခြင်ပုံကို ထိုမှာအတိုင်းသိ။]

သင်္ကန်း၌ ဆင်ခြင်ပုံ

ချမ်းအေးခြင်းဘေးရန်ကို ပယ်ဖျောက်ရုံငှာသာလျှင် မီးပူကို ပယ်ဖျောက်ရုံ ငှာသာလျှင် မှက်, ခြင်, ယင်, လေ, နေပူ, မြွေ, ကင်း, သန်းတို့၏ အတွေ့အထိကို ပယ်ဖျောက်ရုံငှာသာလျှင် ဟိရီ (အရှက်)ဂုဏ်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီး ငယ်တို့ကို ဖုံးလွှမ်းခြင်းငှာသာလျှင် ဤသင်္ကန်းတို့ကို ဝတ်ရုံပါ၏၊ လှပစေခြင်း ယဉ်ကျေးစေခြင်းတို့ကို နှလုံးသွင်း၍ ဤသင်္ကန်းတို့ကို မဝတ်ရုံပါ။

မှတ်ချက်။ ။ ငှက်ပျောမျှင်ဖြင့်လည်းကောင်း, ပြိတ်မျှင်ဖြင့်လည်းကောင်း, သင်ပန်းမျှင်ဖြင့်လည်းကောင်း, ပေမျှင်ဖြင့်လည်းကောင်း ရက်သောသင်္ကန်းကို ဖြစ်စေ၊ အလုံးစုံညိုသော အလုံးစုံရွှေသော အလုံးစုံနီသော အလုံးစုံဖြူသော အလုံးစုံမောင်းသော အလုံးစုံမည်းသော သင်္ကန်းကို ဖြစ်စေ မဝတ်ရုံရ။ [ဝတ်ရုံ လျှင် ဒုက္ကဋ်အာပတ်သင့်၏၊]

အများအကျိုးကို ရည်၍ အကပ္ပိယဆိုးရည် ၉-ပါးနှင့် ပတ်သက်၍ စာရေးသူ၏ ထင်မြင်ယူဆပုံကို တင်ပြပါအံ့။

အကပ္ပိယဆိုးရည် ၉-ပါးကား — ၁။ နနွင်း၊ ၂။ ထန်းကျင့် (ခေါ်) တိန်ညက် နှစ်၊ ၃။ ဆူးပန်းပွင့်၊ ၄။ ပေါက်ပွင့်၊ ၅။ ပိန္နဲနွယ်။ ၆။ ကြာပိုင်ခေါက်၊ ၇။ ဒေါက်ရပ် ခေါက်၊ ၈။ မဲရွက်၊ ၉။ ဒန်းရွက်တို့တည်း။

‘ကဏ္ဍုလ’ဟု ဆိုသော ကြာပိုင်

ဤ ၉-ပါးတို့တွင် ပါဝင်သော ပါဠိဘာသာဖြင့် ကဏ္ဍုလဟု ဆိုအပ်သော ပင်စည်အခေါက်ကို ဆရာတော် ဦးဗုဓ်နှင့် ဆရာတော် အရှင်ဇာဂရမထေရ် စီရင်တော်မူသော ဝိနည်းငယ်လေးဆောင်ပါဌ်၊ ခုဒ္ဒသိက္ခာ နိဿယကျမ်း နှစ် စောင်စလုံး၌ ‘ကြာပိုင်ခေါက်’ဟု မြန်မာဘာသာဖြင့် ပြန်ဆိုထားသည်။ ကျေးဇူး ရှင် လယ်တီဆရာတော်ဘုရားကြီး စီရင်တော်မူသော ဝိနယသံခိပ်ကျမ်း၌မူ ‘ကြပိုင်ခေါက်’ဟု ဖော်ပြထားသည်။ [ဤအပင်ကို မှည့်ခေါ်ရေးသားရာ၌ စာလုံး ပေါင်း သတ်ပုံသတ်ညွှန်း မတူငြားသော်လည်း ပင်စည်အမျိုးအစားမှာမူ တစ်မျိုး တည်းဖြစ်သည်ဟူ၍ သိအပ်၏၊]

ပါဠိဘာသာဖြင့် ကဏ္ဍုလဟုဆိုသော အပင်နှင့် မြန်မာဘာသာဖြင့် ကြာပိုင် ဟုဆိုသော အပင်သည် ဘာသာအခေါ်အဝေါ်အားဖြင့်သာလျှင် အမည် ကွဲပြား သည်။ ပင်စည် အမျိုးအစားမူကား တစ်မျိုးတည်း ဖြစ်သည်။ ထို့ကြောင့် ဤ အပင်ကို ကဏ္ဍုလ (ခေါ်) ကြာပိုင်ဟု ခေါ်ပါအံ့။

ဤကဏ္ဍုလ (ခေါ်) ကြာပိုင်အပင်သည် အဘယ်မြေမျိုး၌ ပေါက်ရောက် လေသနည်းဟု စိစစ်ဖို့ လို၍ စိစစ်ပါအံ့။

ဘုရားရှင်သည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ပွင့်တော်မူသည်ဖြစ်၍ သဘာဝ ကျကျ ယူလျှင် ထိုခေတ် ရဟန်းတော်များ သင်္ကန်းဆိုးသော သစ်ခေါက်ဆိုး ရည်သည် ထိုမဇ္ဈိမဒေသ၌ ပေါက်သော အပင်များ၏ အခေါက်ဆိုးရည်သာလျှင် ဖြစ်ရပေမည်ဟု ရာခိုင်နှုန်းအပြည့် ဆိုရပေမည်။ ထို့ကြောင့် အကပ္ပိယဆိုးရည် အဖြစ် ဘုရားရှင် ပညတ်တော်မူသော ကဏ္ဍုလ (ခေါ်) ကြာပိုင်အပင်သည် ထိုမဇ္ဈိမဒေသ၌ ပေါက်သော အပင်ဖြစ်သည်ဟု သန္နိဋ္ဌာန်ချ မှတ်ယူအပ်၏၊ ထို မဇ္ဈိမဒေသသည် ပင်လယ်နှင့် အလွန်ဝေးကွာ၍ ၎င်းအတွင်းရှိ မြစ်, ချောင်း များမှာ ရေငံဓာတ် မရှိ၊ ရေချိုသက်သက်ဖြစ်သော မြစ်, ချောင်းများဖြစ်ရကား ကဏ္ဍုလ (ခေါ်) ကြာပိုင်အပင်သည် ရေငံမြေများ၌ ပေါက်မည် မဟုတ်၊ ရေချို သက်သက်ဖြစ်သော မြေများ၌သာလျှင် ပေါက်သည်ဟု ဆိုလျှင် မှားအံ့ မထင်။ အဘယ်ကြောင့်ဆိုသော် အများသိရှိကြသည့်အတိုင်း ကိုးဆယ့်ငါးရာခိုင်နှုန်းထက် မနည်း၊ ရေချိုသက်သက်ဖြစ်သော မြေများ၌ ပေါက်သော အပင်သည် ရေငံမြေများ၌ ပေါက်လေ့ မရှိ။ ထို့အတူ ရေငံမြေများ၌ ပေါက်သော အပင် သည်လည်း ရေချိုမြေများ၌ ပေါက်လေ့မရှိ ဟူသောကြောင့်တည်း။

ဤ ကဏ္ဍုလ (ခေါ်) ကြာပိုင်အပင်သည် မြန်မာပြည်တွင် အဘယ်ဒေသ မျိုး၌ ပေါက်လေသနည်းဟု သိဖို့လို၍ စိစစ်ပါအံ့။

ပါဠိဘာသာဖြင့် ကဏ္ဍုလဟု ဆိုသောစကားကို မြန်မာဘာသာဖြင့် ကြာပိုင် ဟု ပြန်ဆိုသော ဆရာတော်ဘုရားကြီး (၃)ပါးစလုံးသည် အထက်မြန်မာပြည် သားများဖြစ်ကြသည့်အလျောက် သစ်ပင်များနှင့် ပတ်သက်၍ သဘာဝကျကျ ပြောမည်ဆိုလျှင် ၎င်းတို့၏ ဗဟုသုတမှာလည်း အထက်မြန်မာပြည်၌ ပေါက်သော အပင်များကိုသာလျှင် သိရှိနားလည်ကြပေမည် ဟူသောကြောင့်လည်းကောင်း၊ အထက်မြန်မာပြည်သည် ပင်လယ်နှင့် ဝေးကွာ၍ ၎င်းအတွင်းရှိ မြစ်, ချောင်းများသည် ရေငံဓာတ် မရှိ၊ ရေချို သက်သက်ဖြစ်သော မြစ်, ချောင်း များဖြစ်၍ အထက်မြန်မာပြည်၌ မြေဩဇာသည်လည်း ရေချိုသက်သက်ဖြစ် သော မြေဩဇာဖြစ်သည် ဟူသောကြောင့်လည်းကောင်း၊ ကဏ္ဍုလ (ခေါ်) ကြာပိုင်အပင်သည်လည်း အထက်၌ ဖော်ပြခဲ့သည့်အတိုင်း ရေငံမြေများ၌ မပေါက်၊ ရေချိုသက်သက်ဖြစ်သော မြေများ၌သာလျှင် ပေါက်သည်ဟူသော ကြောင့်လည်းကောင်း၊ ဤအကြောင်းတို့ကို ထောက်၍ ကဏ္ဍုလ (ခေါ်) ကြာပိုင် အပင်သည် အထက်မြန်မာပြည်၌ ပေါက်သည်ဟု ဆိုရပေမည်။ [အောက်မြန်မာ ပြည်၌ ပေါက်လျှင်လည်း ရေချိုဒေသများ၌သာလျှင် ပေါက်ဖွယ်ရာရှိသည်။]

ဤကဏ္ဍုလ (ခေါ်) ကြာပိုင်အပင်သည် အဘယ်အပင်မျိုး ဖြစ်လေသနည်း ဟု စာရေးသူ ကိုယ်တိုင်လည်း မသိ၍ စုံစမ်းမေးမြန်းဖူးပါသည်။ မေးမြန်းပြီးသလောက်ဆိုလျှင် မည်သူမှ တိကျသော အဖြေမပေးနိုင်ပါ။

မြန်မာဘာသာဖြင့် ကြာပိုင်ဟု ပြန်ဆိုသော ဆရာတော်ဘုရားကြီးသုံးပါးတို့ ပျံလွန်တော်မူပြီးသည်နောက် တဖြည်းဖြည်းနှင့် မဒမခေါက်ကို ကြပိုင်ခေါက်ဟု ထင်မှတ်၍ တစ်ပါးမှ တစ်ပါး တစ်ဆင့်မှ တစ်ဆင့် ပြောကြားရာ အချို့က ကြပိုင်ဟူ၍လည်းကောင်း၊ အချို့က ‘မဒမ’ဟူ၍လည်းကောင်း၊ အချို့က ကြပိုင် (မဒမ)ဟူ၍လည်းကောင်း ခေါ်ဆိုကြ၏၊ (ဝါ) အကပ္ပိယဆိုးရည်ခေါက်ဟု မှတ်ယူကြ၏၊

အထက်၌ ပြဆိုခဲ့ပြီးသော ကဏ္ဍုလ (ခေါ်) ကြပိုင်ခေါက်နှင့် ယခုခေတ် ခေါ်ဆိုကြသော ကြပိုင် (မဒမ) ခေါက်သည် တစ်မျိုးတည်း ဟုတ်, မဟုတ် စိစစ်ဖို့ လို၍ စိစစ်ပါအံ့။

ကဏ္ဍုလ (ခေါ်) ကြာပိုင်အပင်သည် ဘာသာအခေါ်အဝေါ်အားဖြင့်သာ လျှင် အမည်နှစ်မျိုး ဖြစ်သည်။ အမျိုးအစားမှာမူကား တစ်မျိုးတည်းဖြစ်၍ ၎င်း အပင်သည် ရေငံမြေ၌ မပေါက်၊ ရေချိုသက်သက်ဖြစ်သော မြေများ၌သာလျှင် ပေါက်သည်ဟု အထက်၌ ဖော်ပြခဲ့ပြီ။ ကြပိုင် (မဒမဆိုသော အပင်သည်ကား တနင်္သာရီတိုင်း၌ နေထိုင်ကြကုန်သော လူအများ သိရှိကြသည့်အတိုင်းဆိုလျှင် ထားဝယ်နယ်, မြိတ်နယ်ရှိ ပင်လယ်ကမ်းခြေများနှင့် ရေငံဓာတ်ရှိသော မြစ်, ချောင်းကမ်းနဖူးများ၌ အများအပြား ပေါက်လေ့ရှိသည်။ မော်လမြိုင်နယ်၌ ဆိုလျှင် ပင်လယ်ကမ်းခြေများ၌ အနည်းအကျဉ်း ပေါက်လေ့ရှိသည်။ [ဤ အပင်သည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌လည်းကောင်း၊ အထက်မြန်မာပြည်၌ လည်းကောင်း ပေါက်မည် မဟုတ်ဟု ရဲရဲဝံ့ဝံ့ ဆိုအပ်ပါသည်။] ဤအပင်သည် ရေငံမြေများ၌သာလျှင် ပေါက်သည်ဖြစ်၍ ရေချိုသက်သက်ဖြစ်သော မြေများ၌ ပေါက်သည့် ကဏ္ဍုလ (ခေါ်) ကြာပိုင်အပင်နှင့် အမျိုးအစားချင်း မတူနိုင်၊ တစ်ပင်တစ်မျိုးစီ ဖြစ်သည်ဟူ၍ သိနားလည်လောက်ပြီ။ ထို့ကြောင့် ဤ ကြပိုင် (မဒမ)ခေါက် ဆိုးရည်သည် အကပ္ပိယဆိုးရည် ၉-ပါး၌ အကျုံးမဝင်ဟု သန္နိဋ္ဌာန် ချ မှတ်ယူအပ်ပေသည်။

ဤကြပိုင် (မဒမ)ခေါက်ဆိုးရည်ဖြင့် ငါးဖမ်းသော ပိုက်များနှင့် ရက်ကန်း ချည်များကို ဆိုးလေ့ရှိကြသည်။ [ငါးဖမ်းသော ပိုက်များသည် မကိုင်ကောင်း သော အနာမာသဝတ္ထုဖြစ်၍ ကြပိုင် (မဒမ) ခေါက် ဆိုးရည်ဖြင့် ပိုက်များကို ဆိုးခြင်းကြောင့် ဤကြပိုင် (မဒမ)ခေါက် ဆိုးရည်သည်လည်း အကပ္ပိယဆိုးရည် ဖြစ်သည်ဟု ရဟန်းတစ်ပါးဆိုသည် ဟူ၍ ကြားသိရ၏၊] ဤသို့ မမှတ်ယူ သင့်ပေ၊ ဤသို့ မှတ်ယူလျှင် ခုတ်ရာတခြား ရှရာတခြား ဖြစ်ချိမ့်မည်။ အဘယ်ကြောင့်နည်းဟူမူ ငါးဖမ်းသော ပိုက်များသည် သတ္တဝါများအား ညှဉ်းဆဲသတ် ဖြတ်သော လက်နက် အမျိုးအစား၌ အကျုံးဝင်သည်ဖြစ်၍ ၎င်းကို မကိုင်ကောင်းသော အနာမာသဝတ္ထုအဖြစ် ဘုရားရှင် ပညတ်တော်မူသည်၊ မှန်၏၊ သို့သော် ဆိုးရည်အခေါက်ကိုမူ ပိုက်ဆိုးသော ဆိုးရည်အခေါက်ဖြစ်၍ အာပတ်ဝတ္ထုအဖြစ် ဘုရားရှင် ပညတ်တော်မူခြင်း မဟုတ်၊ ထိုခေတ်က အချို့ရဟန်းတော်များသည် မလျောက်ပတ်သည့် အရောင်အဆင်း ဖြစ်စေတတ်သော၊ ယားနာ စသော ရောဂါဝေဒနာ ဖြစ်စေတတ်သော သစ်ခေါက် သစ်မြစ် စသော ဆိုးရည်ဖြင့် ဆိုးသော သင်္ကန်းများကို ဝတ်ရုံခြင်းကြောင့် သင်္ကန်းဆိုးရည်နှင့် ပတ်သက်၍ ဆိုးရည်အခေါက်ကို ပညတ်တော်မူခြင်း ဖြစ်သည် - ဟူသော ကြောင့်တည်း။ [ဤသို့ ဆိုခြင်းသည် အထက်၌ ပြဆိုခဲ့ပြီးသော ဘုရားရှင် ပညတ် တော်မူသော သင်္ကန်းအရောင်အဆင်းတို့ကို ထောက်သောအားဖြင့်လည်း ကောင်း, ကဏ္ဍုလဆိုသော အပင်နှင့် ပတ်သက်၍ အောက်၌ ပြလတ္တံ့သော အမရကောသကျမ်း၏ အဆိုကို ထောက်သောအားဖြင့်လည်းကောင်း ဆိုခြင်း ဖြစ်သည်။]

စာရေးသူကိုယ်တိုင်လည်း ဤကြပိုင် (မဒမ) ခေါက်ကို အကပ္ပိယဆိုးရည် အခေါက်ဟု အချို့ မှတ်ယူကြသည့်အတိုင်း ယခင်က မှတ်ယူခဲ့သည့်အလျောက် ဤအခေါက်ဆိုးရည်ဖြင့် သင်္ကန်းဆိုးသော ပုဂ္ဂိုလ်များကိုလည်း မနောကံဖြင့် ပြစ်မှားမိခဲ့ပါသည်။ သို့သော် လွန်ခဲ့သည့်နှစ်က (ဝါ) ၁၃၃၂- ခုနှစ်က အထက်၌ ဖော်ပြပြီးခဲ့သော အချက်အလက်များကို စဉ်းစားမိ၍ ဤ ကြပိုင် (မဒမ)ခေါက် ဆိုးရည်ဖြင့် သင်္ကန်းဆိုးခြင်းသည် လုံးဝ အာပတ်မသင့်ဟု စွဲစွဲမြဲမြဲ ထင်မြင်လေရ ကား ထိုအချိန်မှ စ၍ သင်္ကန်းများကို ပိန္နဲနှင့် ညောင်ခေါက်ဆိုးရည်ဖြင့် မဆိုးတော့ဘဲ ပိန္နဲနှင့် ကြပိုင် (မဒမ)ခေါက်ကို ဆတူရော၍ ပြုတ်ကြိုပြီး ဆိုးလေ တော့သည်။ ဆိုဦးအံ့ — ဤကြပိုင် (မဒမ)ခေါက်ကို လှူသော ကျိုက္ခမီမြို့နေ ဒါယကာ(ဦးချစ်စံ)သည် ဤအခေါက်နှင့် ပတ်သက်၍ “အရှင်ဘုရား ဤ မဒမခေါက်၌ ရေငံဓာတ် ပါနေ၍ သင်္ကန်းဆွေးမြေ့ခြင်းမှ ကာကွယ်သောအားဖြင့် ဤအခေါက်ကို မပြုတ်မီ ရေအေးနှင့် တစ်ညဉ့်ခန့် စိမ်ပြီးမှ ပြုတ်ကြို၍ ဆိုးပါ ဘုရား”ဟု စာရေး၍ သတိပေးရှာသည်။

နိဂုံးချုပ်အားဖြင့် အကပ္ပိယဆိုးရည် ၉-ပါး၌ ပါဝင်သော ပါဠိဘာသာဖြင့် ကဏ္ဍုလဟု ဆိုသော ဆိုးရည်အပင်သည် အထက်၌ ပြဆိုခဲ့သော အချက်အလက်များအရ ရေချိုသက်သက်ဖြစ်သော အရပ်ဒေသများ၌သာလျှင် ပေါက်ရောက်နိုင်သည်ကို ထောက်သောအားဖြင့် ကြပိုင် (မဒမ) အပင်ကဲ့သို့ ရေငံမြေများ၌ ပေါက်သော အပင်ဟူသမျှသည် အကပ္ပိယဆိုးရည် ၉-ပါး၌ အကျုံးမဝင်ဟု သန္နိဋ္ဌာန်ကျ မှတ်ယူအပ်ပေသည် ဟူ၍ ပြောလိုပါ၏၊ ထို့ကြောင့် ဤ ကြပိုင် (မဒမ)ခေါက်ဆိုးရည်ဖြင့် သင်္ကန်းဆိုးခြင်းသည် လုံးဝ အပြစ်မရှိ၍ ဤဆိုးရည်ကို အသုံးပြုသော ထိုပုဂ္ဂိုလ်များအား ယခင်က မနောကံဖြင့် ပြစ်မှားမိသမျှကို သည်းခံ ခွင့်လွှတ်ပါရန် ရှိခိုးတောင်းပန်ပါ၏၊

ဤဝိနည်းဥပဒေတော်ကြီးကျမ်းကို ကောဇာသက္ကရာဇ် ၁၃၂၅-ခုနှစ်တွင် ရေးပြီးသည် မှန်၏၊ သို့သော် သင်္ကန်းဆိုးရည်နှင့် ပတ်သက်၍ အထက်၌ ဖော်ပြ ခဲ့သော အချက်အလက်အကြောင်းအရာများကို ၁၃၃၃-ခုနှစ်ကျမှ စဉ်းစားသိရှိ ရ၍ ဖြည့်စွက်ရေးသားခြင်း ဖြစ်သည်။

၁၃၃၃-ခု၊ တန်ဆောင်မုန်းလဆန်း ၁၂-ရက်နေ့တွင် ဤသင်္ကန်းဆိုးရည် အခေါက် ပြဿနာကို ရေး၍ ဖြည့်စွက်ထည့်သွင်းပါသည်။ [ဤပြဿနာနှင့် ပတ်သက်၍ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ဩဝါဒကို နာခံလို၍ အထက်ပါ စာရေးသူ၏ “ထင်မြင်ယူဆပုံ” မိတ္တူစာမူကို ၎င်းထံသို့ ပို့ဆက်ပါသည်။ စာရေးသူ ယူဆသကဲ့သို့ ယူဆကြောင်း ၎င်းထံမှ ပြန်စာရရှိပါသည်။]

အောက်ပါစာမူမှာ ၎င်းထံမှ ရရှိသော မိတ္တူစာမူ ဖြစ်သည်။

“ကဏ္ဍုလ-မဒမနှင့် စပ်၍ မဒမ မဟုတ်နိုင်ဟု အကြောင်းပြချက်ကို သဘောကျပါသည်။ ‘မဒမ’အစား အခြားအနက် ဖြစ်သင့်ရာကို ရှာသင့်ပါသည်။ အမရကောသ၌ ‘ကဏ္ဍုရာ-ခွေးလေးရိုင်း’ဟု တွေ့ရ၏၊ ထိုအပင်၌ အခေါက် မရလျှင် အခွံ ရပါလိမ့်မည်၊ ထိုအခွံကိုကား ယား တတ်သောကြောင့် ပယ်သည်ဟု ကြံလျှင် ဖြစ်နိုင်ပါသည်။ သို့သော် ထပ်၍ သုတေသန ပြုသင့်ပါသည်။”

အထက်ပါ “စာမူ”ကို ထောက်၍ ဆိုဦးအံ့။ မဒမခေါက်ဆိုးရည်၌ ယားစေ တတ်သော အန္တရာယ် အလျှင်းမရှိ၍ အမရကောသ၏ အဆိုကို ထောက် သောအားဖြင့် မဒမအပင်သည် “ကဏ္ဍုလ”ဟူသော အပင်၌ လုံးဝ အကျုံးမဝင် ဟု စွဲစွဲမြဲမြဲ မှတ်ယူအပ်၏၊ သို့ဖြစ်လျှင် “ကဏ္ဍုလ”ဟူသော အပင်သည် ဘယ်အပင်မျိုး ဖြစ်လေသနည်းဟု ရှာကြံသော် ယားစေတတ်သော အပင်မျိုးထဲမှ ရွေးချယ်ယူရမည် ဖြစ်သည်။

သင်္ကန်းဆင်ခြင်ပုံ ပြီးပြီ။

ဆွမ်း၌ ဆင်ခြင်ပုံ

ရွာသူသားငယ်တို့ကဲ့သို့ မြူးတူးပျော်ပါး ကစားခြင်းငှာလည်းကောင်း၊ လက်ဝှေ့လက်ပန်းသည်တို့ကဲ့သို့ ‘အား’ဟူသော မာန်ယစ်ခြင်းငှာလည်းကောင်း၊ နန်းတွင်းသူ ပြည့်တန်ဆာမတို့ကဲ့သို့ ကိုယ်အင်္ဂါ ပြည့်ဖြိုးခြင်းငှာလည်းကောင်း၊ ဂျွမ်းသမား (ကျွမ်းသမား) ကချေသည်တို့ကဲ့သို့ အရေအဆင်း ကြည်လင်ခြင်းငှာ လည်းကောင်း၊ ဤဆွမ်းကို မမှီဝဲပါ။ ဤရူပကာယ တည်ရုံငှာသာလျှင် မျှတရုံငှာ သာလျှင် ပင်ပန်းခြင်း ငြိမ်းရုံငှာသာလျှင် သာသနဗြဟ္မစရိယ, မဂ္ဂဗြဟ္မစရိယနှစ်ပါးကို ချီးမြှောက်ရုံငှာသာလျှင် ဤဆွမ်း အစရှိသော အာဟာရကို မှီဝဲပါ၏၊ ဤသို့ သုံးဆောင်မှီဝဲသဖြင့် အဟောင်းဖြစ်သော ဆင်းရဲဝေဒနာကို ပယ်ဖျောက်အံ့၊ အသစ်ဖြစ်သော ဆင်းရဲဝေဒနာကိုလည်း မဖြစ်စေအံ့။ ဤရူပကာယအား မျှတခြင်း အပြစ်မရှိခြင်း ချမ်းသာစွာနေရခြင်း ဖြစ်လတ္တံ့။ ဤသို့ နှလုံးသွင်း၍ ဆွမ်း အစရှိသော အာဟာရကို သုံးဆောင် မှီဝဲပါသတည်း။

ကျောင်း အိပ်ရာ နေရာ၌ ဆင်ခြင်ပုံ

ချမ်းအေးခြင်းကို ပယ်ဖျောက်ရုံငှာသာလျှင် မီးပူကို ပယ်ဖျောက်ရုံငှာသာ လျှင် မှက်, ခြင်, ယင်, လေ, နေပူ, မြွေ, ကင်း, သန်းတို့ အတွေ့အထိကို ပယ်ဖျောက် ရုံငှာသာလျှင် ဥတုဘေးရန်ကို ပယ်ဖျောက်ခြင်း, ကိန်းအောင်း မွေ့လျော်ခြင်း အကျိုးငှာသာလျှင် အိပ်ရာ နေရာ ကျောင်းကို မှီဝဲပါသတည်း။

ဆေး၌ ဆင်ခြင်ပုံ

အနာ၏ ဆန့်ကျင်ဘက် အသက်၏ အရံအကာ တန်ဆာအဆောက်အဦ ဖြစ်သော ဆေးကို မှီဝဲပါ၏၊ ဖြစ်ပြီးဖြစ်ဆဲ ဖြစ်ကုန်သော ဓာတ်ချောက်ချားခြင်း ကြောင့် ဖြစ်ကုန်သော ဆင်းရဲဝေဒနာတို့ကို ပယ်ဖျောက်ရုံငှာသာလျှင် အနာကြောင့်ဖြစ်သော ဆင်းရဲခြင်း၏ မရှိခြင်း အကျိုးငှာသာလျှင် ဤဆေးကို မှီဝဲပါသတည်း။

မှတ်ချက်။ ။ နေလွဲသည့်ကာလ ဆေးကို သုံးဆောင်မူ အကပ်ခံစဉ် ကာလ သုံးဆောင်စဉ်ကာလ ဆင်ခြင်အပ်၏၊ အကပ်ခံစဉ်ကာလ မဆင်ခြင်မိ သော် သုံးဆောင်စဉ်ကာလ ဆင်ခြင်အပ်၏၊ သုံးဆောင်စဉ်ကာလ မဆင်ခြင်မိသော် အာဟာရအကျိုးငှာ ခံသည်မည်သောကြောင့် ဝိကာလဘောဇနဒုက္ကဋ် အာပတ်သင့်၍ ပါတိမောက္ခသံဝရသီလ ပျက်၏၊ အရုဏ်မတက်မီကာလ အတွင်း၌ မဆင်ခြင်မိပြန်လျှင် ပစ္စယသန္နိဿိတသီလလည်း ပျက်၏၊ အရုဏ် မတက်မီ ကာလအတွင်း၌ ဆင်ခြင်မိမူကား ပစ္စယသန္နိဿိတသီလ မပျက်။ ပါတိမောက္ခသံဝရသီလ ပျက်၏၊ အကပ်ခံစဉ်ကာလ၌ မဆင်ခြင်မိခြင်းကြောင့် အာပတ်မသင့်။ သုံးဆောင်စဉ်ကာလ၌ မဆင်ခြင်မိခြင်းကြောင့်သာ အာပတ် သင့်၏၊ ထို့ကြောင့် နေလွဲပြီး ဆေးကို သုံးဆောင်လိုမူ ကာလနှစ်ပါးတွင် တစ်ပါးပါး၌ ဆင်ခြင်ပါလေ ဟူ၍ သီလဝိသောဓနီကျမ်း၌ ဆို၏၊ [နောက်ဆုံး ဝါကျအရ ဆိုလျှင် နေလွဲသောအခါ၌ ဆေးပစ္စည်းကို သုံးဆောင်လိုမူ အကပ်ခံစဉ် ကာလ၌ဖြစ်စေ၊ သုံးဆောင်စဉ် ကာလ၌ဖြစ်စေ ပစ္စဝေက္ခဏာ ဆင်ခြင် လျှင် အာပတ်မသင့် ဟူသော အဓိပ္ပာယ်မှာ ပေါ်လွင်ပါသည်။ သတိလစ်ပြီး မှားရေးမိသည်ဟု ဆိုအပ်ပါသည်။]

ပါတိမောက္ခဝိနိစ္ဆယကျမ်းကား ရူပိယသိက္ခာပုဒ်အဖွင့်၌ “ဆေးကို အကပ်ခံသောအခါ၌လည်းကောင်း၊ သုံးဆောင်သောအခါ၌လည်းကောင်း သတိ အကြောင်းရှိသော အဖြစ်သည် အပ်၏၊ ဤသို့ နှစ်ပါးစုံ၌ ပစ္စဝေက္ခဏာသတိ ရှိရသော်လည်း အကပ်ခံသောအခါ၌ သတိပြု၍ သုံးဆောင်သောအခါ၌ ပစ္စဝေက္ခဏာ မပြုအပ်သော ရဟန်းအားသာလျှင် အာပတ်သင့်၏၊ အကပ်ခံသော အခါ၌ကား သတိမပြုမိသော်လည်း သုံးဆောင်သောအခါ၌ ပစ္စဝေက္ခဏာ ပြုသော ရဟန်းအား အာပတ်မသင့်”ဟု ပါရာဇိကဏ် အဋ္ဌကထာ၌လာသည့် ဘေသဇ္ဇဿ ပဋိဂ္ဂဟဏေပိ ပရိဘောဂေပိ သတိပစ္စယတာ ဝဋ္ဋတိ။ ဧဝံ သန္တေပိ ပဋိဂ္ဂဟဏေ သတိံ ကတွာ ပရိဘောဂေ အကရောန္တေဿဝ အာပတ္တိ၊ ပဋိဂ္ဂဟဏေ ပန သတိံ အကတွာ ပရိဘောဂေ ကရောန္တဿ အနာပတ္တိ။ —ဟူသော ပါဌ်ကို ကိုးကား၍ ဆို၏၊ [နေလွဲသောအခါ၌ အကပ်ခံ၍ သုံးဆောင် ခြင်းကို ဆိုသည် ဟူ၍ သိအပ်၏၊ ဆိုလိုရင်း အဓိပ္ပာယ်မှာ ကာလနှစ်ပါးတွင် အကပ်ခံစဉ်ကာလ၌ ပစ္စဝေက္ခဏာ ဆင်ခြင်ခြင်းအားဖြင့်သာလျှင် ဆိုလိုရင်း အာပတ်ကိစ္စပြီးသည် မဟုတ်။ သုံးဆောင်ဆဲကာလ၌ ပစ္စဝေက္ခဏာ ဆင်ခြင်ခြင်း အားဖြင့် သာလျှင် ဆိုလိုရင်း အာပတ်ကိစ္စပြီးသည် ဟူ၍ ဖြစ်သည်။ ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင် အရှင်နန္ဒမာလာ စီရင်တော်မူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (မြန်မာပြန်) ပထမတွဲ၊ သီလနိဒ္ဒေသပိုင်း၌လည်း ဤအတိုင်းပင် ဆို၏၊]

အထက်ပါ သီလဝိသောဓနီကျမ်းနှင့် ပါတိမောက္ခဝိနိစ္ဆယကျမ်း၊ ဤကျမ်း နှစ်ကျမ်းတို့၏ တစ်ခုနှင့်တစ်ခု သဘောချင်း ကွဲလွဲနေသည်ဖြစ်၍ အဘယ်အဆို ကို ယူသင့်သနည်းဟူမူ ပါရာဇိကဏ် အဋ္ဌကထာဆရာ၏ စကားကို ကိုးကား၍ ဆိုသော ပါတိမောက္ခဝိနိစ္ဆယကျမ်း၏ အဆိုမှာ ခိုင်မာလှသည်ဟု ဆိုအပ်သော ကြောင့် ၎င်း၏ အဆိုကို ယူအပ်ပေသည်။ သို့ဖြစ်၍ နေလွဲပြီးဆေးကို သုံးဆောင် လိုမူ အကပ်ခံစဉ်ကာလ၌ ဆင်ခြင်သည်ဖြစ်စေ၊ မဆင်ခြင်သည်ဖြစ်စေ သုံးဆောင်စဉ်ကာလ၌ ဆင်ခြင်မိအောင် အထူး သတိရှိစေအပ်၏၊

သောက်ရေ

သတိ။ ။သောက်ရေနှင့် ပတ်သက်၍လည်း သိသင့် သိထိုက်သော အကြောင်းအရာများကို စာရှုသူတို့အား သိစေလိုသောကြောင့် အောက်ပါအဆို သုံးရပ်တို့ကို ဖော်ပြပါအံ့။

၁။ ပထမအဆို

ညောင်လွန့်တောရကျောင်းတိုက် ဆရာတော်ဘုရား ဦးမေဓာဝီ စီရင်တော် မူသော ပကိဏ္ဏက ဒီပနီကျမ်း၊ ဒုတိယတွဲ၊ ကာလိကကဏ္ဍ။

“(က) သောက်ရေကို ကာလိက လေးပါးတို့တွင် အဘယ်ကာလိကဟူ၍ မှတ်ရပါမည်နည်း”ဟူ၍ မေးလျှောက်ရာ၌ — သောက်ရေသည် ကာလိက လေးပါးတို့တွင် ဘယ်ကာလိကသို့မှ မသက်ဝင်သည် ဖြစ်၍ ၎င်းသောက်ရေကို ကာလိကဝိမုတ်ဟူ၍ မှတ်ရာ၏၊ ထို့ကြောင့် ပါစိတျာဒိ အဋ္ဌကထာ ဒန္တပေါန သိက္ခာပုဒ် အဖွင့် ဝိမတိဝိနောဒနီဋီကာ၌ —

အာဟာရန္တိ အဇ္ဈောဟရိတဗ္ဗံ ကာလိကံ အဓိပ္ပေတံ၊ န ဥဒကံ၊ တဥှိ ဘေသဇ္ဇသင်္ဂဟိတမ္ပိ အကာလိကမေဝ၊ ပဋိဂ္ဂဟိတေဿဝ ကာလိကတ္တာ —ဟူ၍ မိန့်အပ်၏၊

အာဟာရန္တိ = အာဟာရဟူ၍။ အဇ္ဈောဟရိတဗ္ဗံ = မျိုခြင်းငှာ ထိုက်သော။ ကာလိကံ = ကာလိက လေးပါးလုံးကို။ အဓိပ္ပေတံ = အလိုရှိအပ်၏၊ ဥဒကံ = သောက်ရေကို။ အာဟာရန္တိ = အာဟာရဟူ၍။ န အဓိပ္ပေတံ = အလိုမရှိအပ်။ ဟိ သစ္စံ = ထိုစကားသည် မှန်၏၊ တံ ဥဒကံ = ထိုသောက်ရေသည်။ ဘေသဇ္ဇသင်္ဂဟိတမ္ပိ = ဆေး၌ သင်္ဂြိုဟ် ရေတွက်အပ်သော်လည်း။ အကာလိကမေဝ = ကာလိက မဟုတ်သည်သာလျှင်။ ဟောတိ = ဖြစ်၏၊ ကသ္မာ = အဘယ့်” ကြောင့်နည်းဟူမူကား။ ပဋိဂ္ဂဟိတေဿဝ = အကပ်ခံအပ်သော ဝတ္ထု၏သာ လျှင်။ ကာလိကတ္တာ = ကာလိက၏ အဖြစ်ကြောင့်တည်း။ (ဤကားအနက်)

ပထမပုစ္ဆာ အဖြေ ပြီး၏၊

(ခ) ၎င်းသောက်ရေကို ပစ္စည်းလေးပါးတို့တွင် အဘယ်ပစ္စည်းဟူ၍ မှတ်ရပါမည်နည်းဟူ၍ မေးလျှောက်ရာ၌ — သောက်ရေသည် ရေသိပ်ခြင်းဟူသော အနာကို ငြိမ်းစေတတ်သောကြောင့် ၎င်းသောက်ရေကို ဆေးပစ္စည်းဟူ၍ မှတ်ရာ၏၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ —

ပိပါသဂေလညဿ ဝူပသမနတော ပါနီယမ္ပိ ဂိလာနပစ္စယော — ဟူ၍ မိန့်အပ်၏၊

ပိပါသဂေလညဿ = ရေသိပ်ခြင်းဟူသော အနာကို။ ဝူပသမနတော = ငြိမ်းစေတတ်သောကြောင့်။ ပါနီယမ္ပိ = သောက်ရေသည်လည်း။ ဂိလာနပစ္စယော = ဂိလာနပစ္စည်း မည်သည်သာတည်း။ (ဤကားအနက်)

ဒုတိယပုစ္ဆာ အဖြေ ပြီး၏၊

(ဂ) ၎င်းသောက်ရေကို ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ကောင်းပါ မည်လော၊ ဆင်ခြင်၍ သုံးဆောင်ရမည်လော ဟူ၍ မေးလျှောက်ရာ၌ သောက်ရေကိုပင် ဖြစ်သော်လည်း ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်အပ်၏ဟု မှတ်ရာ၏၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌ —

ပိဏ္ဍံ ဝိဟာရံ သယနာသနဉ္စ၊ အာပဉ္စ သံဃာဋိရဇုပ္ပဝါဟဏံ။
သုတွာန ဓမ္မံ သုဂတေန ဒေသိတံ၊ သင်္ခါယ သေဝေ ဝရပညသာဝကော။

ဟူ၍ သုတ္တနိပါတ် ဓမ္မိကသုတ်လာ ဂါထာကို ဆောင်၍ ဆိုအပ်၏၊

သဗ္ဗာသဝသံဝရဒီသု = သဗ္ဗာသဝသံဝရ စသည်တို့၌။ ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝတိ သီတဿ ပဋိဃာတာယာတိအာဒိနာ =ပဋိသင်္ခါ။ ပ။ ပဋိဃာတာယ ဤသို့ အစရှိသော။ နယေန = နည်းဖြင့်။ (ဤကား အာကာရ ထည့်သည်။) သုဂတေန = မြတ်စွာဘုရားသည်။ ဒေသိတံ = ဟောတော်မူအပ်သော။ ဓမ္မံ = ပစ္စဝေက္ခဏာ ပါဠိတော်ကို။ သုတွာန = ကြားနာ ရ၍။ ဝရပညသာဝကော = မြတ်သော ပညာရှိသော မြတ်စွာဘုရား၏ တပည့် သားတော်သည်။ ပိဏ္ဍဉ္စ = ဆွမ်းကိုလည်းကောင်း။ ဝိဟာရဉ္စ = ကျောင်းကို လည်းကောင်း။ သယနာသနဉ္စ = ညောင်စောင်း အင်းပျဉ် စသော အိပ်ရာ နေရာကိုလည်းကောင်း။ သံဃာဋိရဇုပ္ပဝါဟဏံ = ဒုကုဋ်၌ ကပ်သော မြူအညစ် အကြေး စသည်ကို ဆေးလျှော်တတ်သော။ အာပဉ္စ = ရေကို ပဋ္ဌာနပြု၍ ဟောအပ်သော ဆေးပစ္စည်းကိုလည်းကောင်း။ (တစ်နည်း) ရဇုပ္ပဝါဟဏံ = မြူအညစ်အကြေး စသည်ကို ဆေးလျှော်တတ်သော။ အာပဉ္စ = ရေကိုလည်း ကောင်း။ ရဇုပ္ပဝါဟဏံ = မြူအညစ်အကြေး စသော ဘေးရန်ကို ဖျောက်လွှင့် ကွယ်ကာတတ်သော။ သံဃာဋိံ စ = ဒုကုဋ် စသော သင်္ကန်းကိုလည်းကောင်း။ သင်္ခါယ = ပညာဖြင့် ဆင်ခြင်၍။ ဝါ၊ ပစ္စဝေက္ခဏာ ဆင်ခြင်၍။ သေဝေ = မှီဝဲသုံးရာ၏၊ (ဤကားအနက်)

သင်္ခါယ သေဝေ ဝရပညသာဝကောတိ ပိဏ္ဍန္တိ ဝုတ္တံ ပိဏ္ဍပါတံ, ဝိဟာရာဒိပဒေဟိ ဝုတ္တံ သေနာသနံ, ပိပါသဂေလညဿ ဝူပသမနတော ပါနီယမ္ပိ ဂိလာနပစ္စယောတိ အာပမုခေန ဒဿိတံ ဂိလာနပစ္စယံ, သံဃာဋိယာဒိစီဝရန္တိ စတုဗ္ဗိဓပစ္စယံ ပစ္စဝေက္ခိတွာ — ဟူ၍ မိန့်အပ်သော ၎င်း၏ အဖွင့် ဝိသုဒ္ဓိမဂ် မဟာဋီကာဖြင့် သိအပ်၏၊

ဤသို့ အနက် ပေးရမည်ကိုလည်း —

သင်္ခါယ သေဝေ ဝရပညသာဝကောတိ = သင်္ခါယ သေဝေ ဝရပညသာဝကော ဟူသည်ကား။ ပိဏ္ဍန္တိ = ပိဏ္ဍံဟူ၍။ ဝုတ္တံ = ဟောတော်မူအပ်သော။ ပိဏ္ဍပါတဉ္စ = ဆွမ်းကိုလည်းကောင်း။ ဝိဟာရာဒိပဒေဟိ = ဝိဟာရ အစရှိ သော ပုဒ်တို့ဖြင့်။ ဝုတ္တံ = ဟောတော်မူအပ်သော။ သေနာသနဉ္စ = ကိုလည်း ကောင်း။ ပိပါသဂေလညဿ = ရေသိပ်ခြင်းဟူသော အနာကို။ ဝူပသမနတော = ငြိမ်းစေတတ်သောကြောင့်။ ပါနီယမ္ပိ = သောက်ရေသည်လည်း။ ဂိလာနပစ္စယော = ဂိလာနပစ္စည်း မည်သည်။ ဟောတိ = ဖြစ်၏၊ ဣတိ တသ္မာ = ထို့ ကြောင့်။ အာပမုခေန = ရေကို အဦးပြုသဖြင့်။ ဒဿိတံ = ပြတော်မူအပ်သော။ ဂိလာနပစ္စယဉ္စ = ဆေးပစ္စည်းကိုလည်းကောင်း။ သံဃာဋိယာဒိစီဝရဉ္စ = ဒုကုဋ် အစရှိသော သင်္ကန်းကိုလည်းကောင်း။ ဣတိ = ဤသို့။ စတုဗ္ဗိဓပစ္စယံ = လေးပါးအပြားရှိသော ပစ္စည်းကို။ ပစ္စဝေက္ခိတွာ = ပစ္စဝေက္ခဏာဆင်ခြင်၍။” (ဤကားအနက်)

တတိယ ပုစ္ဆာ အဖြေ ပြီး၏၊

(ဃ) အကယ်၍ ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်ရပါလျှင် ပိဏ္ဍပါတ ဂိလာန ပစ္စဝေက္ခဏာနှစ်မျိုးတို့တွင် အဘယ်ပစ္စဝေက္ခဏာကို ဆင်ခြင်ရပါမည် နည်းဟူ၍ မေးလျှောက်ရာ၌ သောက်ရေကို ပြဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ဆေးပစ္စည်းသို့ ထည့်သွင်း၍ ယူရသည်ဖြစ်သောကြောင့် ၎င်းသောက်ရေကို သောက်သောအခါ ဂိလာနပစ္စဝေက္ခဏာကို ဆင်ခြင်၍ သုံးဆောင်ရမည်။ သာဓကကိုကား အောက်က ပြခဲ့သည့်အတိုင်း မှတ်။

စတုတ္ထ ပုစ္ဆာ အဖြေ ပြီး၏၊ ပထမအဆို ပြီးပြီ။

၂။ ဒုတိယအဆို

ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင် အရှင်နန္ဒမာလာ စီရင်တော်မူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (မြန်မာပြန်) ပထမတွဲ၊ သီလနိဒ္ဒေသပိုင်း။

မြတ်သော ပညာရှိဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်သည် ဆွမ်း ကိုလည်းကောင်း, ကျောင်းအိပ်ရာ နေထိုင်ရာတို့ကိုလည်းကောင်း, မြူအညစ် အကြေးစသော ဘေးရန်ကို ကာကွယ်ကြောင်းဖြစ်သော ဒုကုဋ်သင်္ကန်းကို လည်းကောင်း, ရေအစရှိသော ဆေးကိုလည်းကောင်း မြတ်စွာဘုရားသည် ဟောတော်မူအပ်သော တရားကို နာရ၍ ပညာဖြင့် ဆင်ခြင်ပြီးလျှင် မှီဝဲသုံးဆောင်ရာ၏၊

အကြင်ကြောင့် ပညာဖြင့် ဆင်ခြင်၍ မှီဝဲသုံးဆောင်လေ့ရှိ၏၊ ထို့ကြောင့် ကြာဖက်၌ ရေပေါက်သည် မလိမ်းကျံဘိသကဲ့သို့ ထို့အတူ ရဟန်းသည် ဆွမ်း၌ လည်းကောင်း၊ ကျောင်း အိပ်ရာ၌လည်းကောင်း၊ မြူအညစ်အကြေး အစရှိသော ဘေးရန်ကို ကာကွယ်ကြောင်းဖြစ်သော ဒုကုဋ်သင်္ကန်း၌လည်းကောင်း, ရေ အစရှိသော ဆေးပစ္စည်း၌လည်းကောင်း ဤပစ္စည်းလေးပါးတို့၌ တဏှာဖြင့် မလိမ်းကျံ မကပ်ငြိသည် ဖြစ်၏၊

ဒုတိယအဆို ပြီး၏၊

၃။ တတိယအဆို

ကဗျာပဏ္ဍိတဘွဲ့ ပထမဆု ရွှေတံဆိပ်ရ၊ ဆရာတော် ဦးနိဂြောဓ အရှင်မြတ် စီရင်တော်မူသော ဝိနယသမူဟဝိနိစ္ဆယကျမ်း - ဒုတိယတွဲ- ပစ္စဝေက္ခဏာဂဏ္ဌိကျမ်း။

ပိပါသဂေလညဿ ဝူပသမနတော ပါနီယမ္ပိ ဂိလာနပစ္စယောတိ အာပမုခေန ဒဿိတံ ဂိလာနပစ္စယံ။

ပိပါသဂေလညဿ = ရေသိပ်ခြင်းတည်းဟူသော အနာ၏၊ ဝူပသမနတော = ငြိမ်းခြင်းကြောင့်။ ပါနီယမ္ပိ = ရေကိုလည်း။ ဂိလာနပစ္စယောတိ = ဂိလာနပစ္စည်း ဟူ၍။ အာပမုခေန = ရေကို အရင်းမူသဖြင့်။ ဒဿိတံ = ပြအပ် သော။ ဂိလာနပစ္စယံ = ဆေးပစ္စည်းကို။ ဤသို့ ပြအပ်သည်နှင့်အညီ အချို့သော အရှင်တို့သည် ရေကို သုံးဆောင်သော ကာလ ဂိလာနကို ဆင်ခြင်၍ သုံးဆောင် ရမည် ဟူကုန်၏၊ ဆေးပစ္စည်းနှင့် တူသည်၏ အဖြစ်ကိုသာလျှင် သိအပ်၏၊ ပစ္စဝေက္ခဏာ မဆင်ခြင်ခြင်းကြောင့် အာပတ်လည်း မသင့်။ ဣဏပရိဘောဂလည်း မဖြစ်။ အဘယ်ကြောင့်နည်း ဟူမူကား ကာလိကလေးပါးတို့တွင် တစ်ပါးပါးမျှ၌ မပါဝင်သည်၏ အဖြစ်ကြောင့်တည်း။ ဆင်ခြင်လျှင် အကျိုးမရှိလော ဟူငြားအံ့၊ အကျိုး ရှိ၏၊ အကျိုးကို အလိုရှိ၍ ဆင်ခြင်လိုမူ “ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ”ဟူ၍ မဟာသတိပဋ္ဌာနသုတ်၌လာသော နည်းဖြင့် ဆင်ခြင်ရာ၏ဟု ဆရာကြီး ဆရာမြတ် ကျမ်းတတ်ပုဂ္ဂိုလ်ကျော်တို့ မိန့်ဆိုတော် မူကြကုန်သည်။

တတိယ အဆို ပြီးပြီ။

မှတ်ချက်။ ။ သောက်ရေကို ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ခြင်း ဖြင့် အာပတ်မသင့်သော်ငြားလည်း ဆင်ခြင်၍ သုံးဆောင်လျှင် အကျိုးရှိခြင်း ကြောင့် သောက်ရေကိုလည်း ဆာလောင်မွတ်သိပ်ခြင်းဟူသောအကြောင်းဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်၍ သုံးဆောင်အပ်၏၊

ပစ္စဝေက္ခဏာ ဆင်ခြင်ရန် ပြီးပြီ။