ဝိနည်းဥပဒေတော်ကြီး/အာပတ်သင့်ခြင်း အကြောင်း ၆-ပါး
၅၄။ အာပတ်သင့်ခြင်း အကြောင်း ၆-ပါး
ထေရ, နဝ, မဇ္ဈိမ ဖြစ်ကုန်သော ရဟန်းတို့အား ခြောက်ပါးသော အကြောင်းတို့ကြောင့် အာပတ်တို့သည် သင့်ကုန်၏၊ ၎င်း ၆-ပါးကား —
၁။ အရှက် မရှိသည်၏ အဖြစ်၊
၂။ မသိသည်၏ အဖြစ်၊
၃။ အလို့လို့နှိပ်စက်သည်၏ အဖြစ်၊
၄။ မအပ်သောဝတ္ထု၌ အပ်၏ဟု အမှတ်ရှိသည်၏ အဖြစ်၊
၅။ အပ်သော ဝတ္ထု၌ မအပ်ဟု အမှတ်ရှိသည်၏ အဖြစ်၊
၆။ သတိမေ့လျော့သည်၏ အဖြစ်တို့တည်း၊ ဤခြောက်ပါးကုန်သော အကြောင်းတို့ဖြင့် အာပတ်သို့ ရောက်၏၊
(၁) အရှက်မရှိသည်၏ အဖြစ်ဖြင့် အဘယ်သို့ အာပတ်သို့ ရောက်သ နည်း။ အကြင်ရဟန်းသည် မအပ်သည်၏ အဖြစ်ကို သိလျက်ပင်လျှင် သိက္ခာပုဒ် ကို ကျော်နင်း၍ ကျူးလွန်ခြင်းကို ပြု၏၊ ထိုရဟန်းတို့သည် အရှက် မရှိသည်၏ အဖြစ်ဖြင့် အာပတ်သို့ ရောက်၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် ပရိဝါပါဠိတော်၌ — “သဉ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ၊ အာပတ္တိံ ပရိဂူဟတိ အဂတိ ဂမနဉ္စ ဂစ္ဆတိ၊ ဧဒိသော ဝုစ္စတိ အလဇ္ဇီပုဂ္ဂလော”ဟူ၍ ဟောတော်မူ၏၊ ယော ပုဂ္ဂလော = အကြင်ပုဂ္ဂိုလ်သည်။ သဉ္စိစ္စ = သိက္ခာပုဒ်ကို လွန်ကျူးလိုသော စိတ်ရှိသည် ဖြစ်၍၊ အာပတ္တိံ = အာပတ်သို့။ အာပဇ္ဇတိ = ရောက်၏၊ အာပတ္တိံ = အာပတ်ကို။ ပရိဂူဟတိ = ဖုံးလွှမ်း၏၊ အဂတိဂမနဉ္စ = မလားအပ်သည်ကို လားခြင်းသို့လည်း။ ဂစ္ဆတိ = ရောက်၏၊ ဧဒိသော = ဤသို့သဘော ရှိသော။ ပုဂ္ဂလော = ပုဂ္ဂိုလ်ကို။ အလဇ္ဇီပုဂ္ဂလော = အလဇ္ဇီပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊
(၂) မသိသည်၏ အဖြစ်ဖြင့် အဘယ်သို့ အာပတ်သို့ ရောက်သနည်း။ သိက္ခာပုဒ်ကို မသိသော ပုဂ္ဂိုလ်သည် တွေဝေသည်ဖြစ်၍ ပြုအပ်သည်ကို မသိ သည်ဖြစ်၍ မပြုအပ်သော အမှုကို ပြု၏၊ ပြုအပ်သော အမှုကို ချွတ်ယွင်းစေ၏၊ ဤသို့ မသိသည်၏ အဖြစ်ဖြင့် အာပတ်သို့ ရောက်၏၊
(၃) အဘယ်သို့ အလို့လို့ နှိပ်စက်သည်၏ အဖြစ်ဖြင့် အာပတ်သို့ ရောက် သနည်း။ အပ် မအပ်ကို မှီ၍ အလို့လို့ဖြစ်သည်ရှိသော် ဝိနည်းဓိုရ် ပုဂ္ဂိုလ်ကို မေး၍ အပ်သည်ဖြစ်အံ့ ပြုအပ်၏၊ မအပ်သည်ဖြစ်အံ့ မပြုအပ်။ ယုံမှား သံသယ (ကုက္ကုစ္စ)ရှိလျက် ပြုလျှင် အပ်သည်ကို ပြုသော်လည်း ဒုက္ကဋ်အာပတ် သင့်၏၊ ဤသို့ အလို့လို့ နှိပ်စက်သည်၏ အဖြစ်ဖြင့် အာပတ်သို့ ရောက်၏၊ [မအပ်သည် ကို ပြုမိလျှင်ကား လွန်ကျူးသော သိက္ခာပုဒ်တော်အလိုက် အာပတ်သို့ ရောက် ၏၊]
(၄) အဘယ်သို့ မအပ်သည်၌ အပ်၏ဟူသောအမှတ်ဖြင့် အာပတ်သို့ ရောက်သနည်း။ ဝံသားကို ဝက်သားဟူ၍ စား၏၊ မွန်းလွဲသောအခါ၌ မလွဲသေး ဟူသော အမှတ်ဖြင့် စား၏၊ ဤသို့ မအပ်သည်၌ အပ်၏ဟူသော အမှတ်ဖြင့် အာပတ်သို့ ရောက်၏၊
(၅) အပ်သည်၌ မအပ်ဟူသော အမှတ်ဖြင့် အဘယ်သို့ အာပတ်သို့ ရောက်သနည်း။ ဝက်သားကို ဝံသားဟူ၍ စား၏၊ မွန်းမလွဲသေးပဲလျက် မွန်းလွဲပြီဟူသော အမှတ်ဖြင့် စား၏၊ ဤသို့ အပ်သည်၌ မအပ်ဟူသော အမှတ်ဖြင့် အာပတ်သို့ ရောက်၏၊
(၆) သတိမေ့လျော့ခြင်းဖြင့် အဘယ်သို့ အာပတ်သို့ ရောက်သနည်း။ သဟသေယျ သိက္ခာပုဒ်၊ စီဝရဝိပ္ပဝါသ သိက္ခာပုဒ်တို့ကို သတိမေ့လျော့သည်၏ အဖြစ်ဖြင့် အာပတ်သို့ ရောက်၏၊
ဤခြောက်ပါးသော အခြင်းအရာတို့တွင် တစ်ပါးပါးသော အခြင်းအရာ အားဖြင့် အာပတ်သို့ ရောက်ကုန်၏၊ [အဓိပ္ပာယ် မရှင်းလင်းလျှင် ပါတိမောက် ဘာသာဋီကာ၏ အဆိုနှင့် ညှိ၍ ယူတော်မူကြပါကုန်။]
အာပတ်သင့်ခြင်းအကြောင်း ၆-ပါး ပြီးပြီ။